Search This Blog

Wednesday, December 31, 2008

ကြုံမှကြုံတတ်တယ် ၂၀၀၈ ခုနှစ်ဝယ်

Yahoo ထဲမှာ ဖတ်လိုက်ရတဲ့ “၂၀၀၈ ခုနှစ် သတင်းများ ထဲမှ ထူးဆန်းအံသြဖွယ် ကောင်းသောသတင်းများ” ဆိုတာကို သဘောကျလို့ ဘာသာပြန်လိုက်ပါတယ်။
  • ဗြိတိသျှ အမျိုးသမီးတစ်ဦးမှ သူမ၏ အိမ်ထောင်ဖက်သည် အွန်လိုင်းဂိမ်း တစ်ခု ဖြစ်သော "Second Life" တွင် အခြားမိန်းမ တစ်ယောက်နှင့် ဖောက်ပြန်ကြောင်း သိရသဖြင့် ကွာရှင်းရန် ကြိုးစားခဲ့သည်။ (သူတို့နှစ်ဦး၏ ဖူးစာမှာလည်း "Second Life" တွင်ပင် ဆုံခဲ့ခြင်းဖြစ်သည်။)
  • တရုတ်နိုင်ငံ တောင်ပိုင်းတွင် ရမ္မက်ပြင်းပြစွာ နမ်းခဲ့သော အနမ်းတစ်ခုကြောင့် အမျိုးသမီးတစ်ဦး၏ နားစည် ပေါက်ကွဲသွား စေသဖြင့် ထိုအနမ်းကို "နားကန်းလောက်တဲ့ အနမ်း (Kiss of Deaf)" ဟု တင်စား ခေါ်ဝေါ်ခဲ့ကြသည်။
  • အမေရိကန် ရီပတ်ဘလစ်ကင် သမ္မတလောင်း ဆာရာ ပါလင်း သည် ပြင်သစ်-ကနေဒီယန် လူရွှင်တော်များမှ ပြင်သစ်သမ္မတ နီကိုးလပ်စ် ဆာဇိုကီး ဟန်ဆောင်၍ နောက်ပြောင်သော ဖုန်းခေါ်မှု၏သားကောင် ဖြစ်ခဲ့သည်။ သူမ၏ ကမ်ပိန်းမှ ဝန်ထမ်းများ ပြန်လည် ပြောကြားချက်အရ ပါလင်းသည် သူမ နောက်ပြောင် ခံရကြောင်း သိသော အခါတွင် သဘောကျ ရယ်မောခဲ့ကြောင်း သိရသည်။ (အဲဒီ ဟာသကို နားထောင်ချင်ရင် ဒီမှာ နားထောင်နိုင်ပါတယ်။ )
  • ဆေးရုံမှ အမှားကြောင့် မွေးကတည်းက ကွဲကွာသွားခဲ့သော အမြွှာညီအစ်မ ၂ ယောက်သည် ၂ဂနှစ်အကြာတွင် မတော်တဆ ပြန်လည် ဆုံတွေ့ခဲ့ပြီး သူတို့ထဲမှ တစ်ဦးက အမှားလုပ်ရာတွင် တရားခံဖြစ်သော စပိန်ဆေးရုံကို တရားစွဲခဲ့သည်။
  • ရုရှားများသည် လုပ်ငန်းခွင်မှ စိတ်ဖိစီးမှုများကို အရက်သောက်ခြင်းဖြင့် ဖြေဖျောက်လေ့ ရှိကြသည်။ သူတို့ထဲမှ တစ်ယောက်မှာ အာရုံကြောများ အလွန်ပင် ထုံထိုင်းနေသဖြင့် သူ၏ လုပ်ဖော်ကိုင်ဖက် တစ်ယောက်မှ ကျောကုန်းကို ဓားနှင့်ထိုးသည်ကိုပင် သတိမပြုမိလိုက်ပေ။
  • ချီလီ ကျေးရွာကလေး တစ်ခုဖြစ်သော အန်ဂေါမှ ၈၁ နှစ်အရွယ် အဖိုးအိုသည် သူ၏အသုဘတွင် အခေါင်းထဲမှ ထလာခဲ့ခြင်းဖြင့် ဝမ်းနည်း ပူဆွေးနေသော ဆွေမျိုးများကို ထိတ်လန့်သွားစေခဲ့သည်။
  • အသက် ၁၀၂ နှစ်အရွယ် ဗြိတိသျှလူမျိုး အဲရစ် ကင်းတန်နာ သည် ကမ္ဘာ၏ အခြားတစ်ဖက်ခြမ်းတွင် အငြိမ်းစားယူချင်သော သူ၏စိတ်ကူးကို သတင်းမီဒီယာ များ၏ အပြင်းအထန် တိုက်ခိုက်မှု ကြားမှပင် အကောင်အထည် ဖော်ခဲ့သည်။ ဝယ်လင်တန်သို့ ပြောင်းရွှေ့နေထိုင်ခြင်းဖြင့် နယူးဇီလန်နိုင်ငံ၏ အသက်အကြီးဆုံး ရွှေ့ပြောင်းနေထိုင်သူ အသစ်စက်စက် အဖြစ်ခံယူခဲ့သည်။
  • ရှန်ဟိုင်းမြို့ အစိတ်အပိုင်းတစ်ခုမှ အာဏာပိုင်များသည် ထိုအရပ်တွင် နေထိုင်သူ များအား ညဝတ်အင်္ကျီဖြင့် အပြင်ထွက် လမ်းလျှောက်ခြင်းကို အားမပေးသည့် ကမ်ပိန်းတစ်ခု ပြုလုပ်ခဲ့သည်။ ထိုအမူအကျင့်မှာ တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှု နှင့်အတူ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပြီး ထိုအရပ်မှ လူများသည် ညဝတ်အင်္ကျီကဲ့သို့သော လူချမ်းသာသုံးပစ္စည်းများ သူတို့ ဝယ်သုံး နိုင်ကြောင်းကို ပြချင်သဖြင့် ထိုသို့ ပြုလုပ်ကြခြင်းဖြစ်သည်။
  • အမေရိကန်နိုင်ငံမှ လူ၏ အရိုးပြာများကို ကမ္ဘာပတ်လမ်းကြောင်း အတွင်းသို့ လွှတ်တင်သော လုပ်ငန်းကို လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်း တစ်ခုမှ အရိုးပြာများကို လကမ္ဘာသို့ ပို့လွှတ်ရန်အတွက် ကြိုတင် မှာကြားမှုများကို လက်ခံနေပြီ ဖြစ်ကြောင်း သိရသည်။
  • သတင်းမီဒီယာဆိုင်ရာ ကျွမ်းကျင်မှုရှိသော စိတ်ကူးယဉ်ဝါဒသမား ဗြိတိသျှ အမျိုးသား တစ်ယောက် မှ သူသည် မည်သို့သော ပိုက်ဆံအမျိုးအစားကို မှ မသုံးပဲ ဗြိတိန်မှ အိန္ဒိယ အထိ တောက်လျှောက် လမ်းလျှောက်မည်ဟု ကမ္ဘာကို ကြေငြာခဲ့သည်။ သို့သော် ပထမဆုံး အခက်အခဲတွင်ပင် သူသည် လက်လျှော့ခဲ့ပြီး ပြင်သစ်ရေလက်ကြား ဆိပ်ကမ်းတစ်ခု ဖြစ်သော ကာလိယာစ်(Calais) မှ အာဏာပိုင်များသည် အင်္ဂလိပ်စကားကို နားမလည်သဖြင့် ဒုက္ခတွေ့ရကြောင်း မကျေမနပ် ပြောကြားခဲ့သည်။
  • စွမ်းစီး (Swansea) ဟု အမည်ရသော မြို့တစ်မြို့မှ ဝေလနယ်သား ဘာသာစကား ပြောသူတို့သည် “အခုအချိန် ကျွနု်ပ်ရုံးတွင် ရှိမနေပါ။” ဆိုသော လမ်းပြဆိုင်းဘုတ် တစ်ခုကို နားမလည်နိုင်ပဲ ဇဝေဇဝါဖြစ်နေကြသည်။ အမှန်မှာ “ကုန်တင်ယာဉ်များ ဝင်ခွင့်မပြုပါ။” ဟု အဓိပ္ပါယ်ရသော ဆိုင်းဘုတ်ကို ဘာသာပြန်သူထံသို့ ပေးပို့လိုက်ရာတွင် ဘာသာပြန်သူမှာ ရုံးတွင်ရှိမနေသဖြင့် ထိုသို့ အဓိပ္ပါယ်ရသော ပြန်ကြားစာကို ရရှိခဲ့ခြင်း ဖြစ်သည်။
  • အသက် ၁၀၅ နှစ်ပြည့် မွေးနေ့ပွဲကို ကျင်းပခဲ့သော ဗြိတိသျှ အမျိုးသမီးကြီးတစ်ဦးမှ အသက်ရှည်ခြင်း၏ လျှို့ဝှက်ချက်မှာ လိင်မှုကိစ္စကို ရှောင်ကြဉ်ခြင်း ဖြစ်ပြီး လိင်မှုကိစ္စသည် ဒုက္ခများစွာကို ဖြစ်စေသည် ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
  • ကွာရှင်းပြတ်စဲမှု ပြုခဲ့ကြသော ကမေ္ဘာဒီးယား လင်မယား နှစ်ယောက်သည် သူတို့ တိုင်းပြည်၏ ရှုပ်ထွေးသော တရားရေးစနစ်ကြောင့် ကိုးယိုးကားယား ဖြစ်ခဲ့ရသည်။ သူတို့သည် သူတို့၏ အိမ်ကို လွှဖြင့် နှစ်ခြမ်း ဖြတ်ခဲ့ရသည်။
  • ကမ္ဘာ့ပထမဆုံး ဝှေးစေ့နှင့်သက်ဆိုင်သော ဟင်းချက်စာအုပ်ကို ဆားဘီးယား စာဖိုမှူးမှ ရေးသားထုတ်ဝေခဲ့ပြီး "Cooking with Balls" ဟူသော ခေါင်းစဉ်ငယ်ဖြင့် အရောင်းမြှင့်တင်ရေး ပြုခဲ့သည်။ “ဝှေးစေ့ အကုန်လုံးကို စားလို့ ရတယ်။ လူရဲ့ ဝှေးစေ့မှ လွဲလို့ပေါ့။” ဟု ထိုစာအုပ်ကို ရေးသော အမျိုးသားစာရေးဆရာက ပြောကြားခဲ့သည်။
  • ဆွစ်ဇ်လူမျိုး စွန့်စားသူတစ်ယောက်သည် ယောက်ျားလေး အများစု (မိန်းကလေး အချို့လည်း ပါဝင်နိုင်သည်။) စိတ်ကူးယဉ်အိပ်မက် မက်တတ်ကြသော အရာတစ်ခု ကို ပြုလုပ်ပြနိုင်ခဲ့ပြီး ထို စွန့်စားမှုမှာ ကောင်းကင်ပေါ်သို့ ဂျက် စွမ်းအားရှိသော အတောင်ပံဖြင့် ပျံတက်ခဲ့ခြင်းဖြစ်သည်။ သူသည် ဗြိတိန်မှ ပြင်သစ်သို့ ပျံသန်းခဲ့ ပြီးနောက် “ကျွန်တော် ငှက်လိုပဲ ခံစားခဲ့ရတယ်။” ဟု ထုတ်ဖော် ပြောကြားခဲ့သည်။
  • ဆေးခြောက်ကို ဆန့်ကျင်သော ဘူဂေးရီးယားတို့၏ ကမ်ပိန်းသည် အာဏာပိုင်များ ထံသို့ပင် ပျံ့နှံ့ခဲ့သည်။ ဆိုဖီယာရှိ အစိုးရ ရုံးချုပ်၏ အပြင်ဖက်ရှိ ပန်းအလှစိုက်ရာ နေရာတွင် ဆေးခြောက်ပင် များကို တွေ့ရှိခဲ့သည်မှ စ၍ဖြစ်သည်။
  • အသက် ၇၈ နှစ်အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦးသည် ဆွီဒင်နိုင်ငံ ပင်မလေဆိပ်မှ ညွှန်ကြားချက် စာတမ်းကို တလွဲဖတ်ကြားခဲ့ပြီး သူမ၏ ခရီးဆောင်အိတ်ကို တင်ရမည့် အစား သူမကိုယ်သူမ ပစ္စည်းသယ်ယူသည့် ရွေ့လျားစက်ခါးပတ် အပေါ်သို့ တက်ခဲ့ခြင်းကြောင့် ခရီးဆောင်အိတ် သယ်ယူသည့် ပြွန်အတွင်းသို့ ပြုတ်ကျခဲ့သည်။
  • အရေးပေါ် ခွဲစိတ် ကုသမှု တစ်ခုမှ ဂေါက်သီးဘောလုံး ၄ လုံးကို ဥဟု ထင်မှတ်၍ မျိုချခဲ့သော သြစတေးလျ စပါးကြီးမြွေ တစ်ကောင်ကို ကယ်ဆယ် နိုင်ခဲ့သည်။
(Source: http://sg.news.yahoo.com/afp/20081229/tts-year-2008-offbeat-c1b2fc3.html )

Monday, December 29, 2008

စန်တီယာဂိုဒီ ကွန်ပိုစတယ်လာ

စပိန်လို့ ပြောလိုက်ရင် ဘောလုံးပွဲ ကြည့်နေကြ သူတွေကတော့ မက်ဒရစ် (Madrid) ၊ ဘာစီလိုနာ (Barcelona) စတဲ့ နာမည်တွေနဲ့ ရင်းနှီးကြမှာပါ။ စန်တီယာဂိုဒီ ကွန်ပိုစတယ်လာ (Santiago De Compostella) ဆိုတဲ့ မြို့ကို ကြားဖူးတဲ့သူ နည်းပါလိမ့်မယ်။ ခရစ်ယာန် ဘုရားဖူးတွေ အတွက်တော့ ထင်ရှားတဲ့ မြို့တစ်မြို့ပါ။ တိုးတက်တဲ့ နိုင်ငံတွေမှာ စက်ရုံတွေက အလုပ်သမားခနဲ့ မြေနေရာ ဈေးသက်သာတဲ့ မြို့ငယ်လေးတွေမှာ ရှိတတ်တာ များပါတယ်။ ကျွန်တော်တို့လို စက်ရုံတွေနဲ့ ဆက်စပ်ပြီး အလုပ်လုပ် နေရတဲ့သူတွေ သွားဖြစ်ရင်လည်း အဲဒီလို မြို့ငယ်ကလေးတွေကို သွားဖြစ်တာ များပါတယ်။

ကျွန်တော် သွားခဲ့တုန်းက ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ် လေဆိပ်ကနေ စပိန်နိုင်ငံ မက်ဒရစ်ကို လေယာဉ်စီးပြီး မက်ဒရစ် ကမှတဆင့် ပြည်တွင်း လေကြောင်းလိုင်းကို ထပ်စီးပြီး သွားရပါတယ်။ အဲဒီမြို့ကလေးက တောင်ကုန်းတောင်တန်းတွေ ကြားမှာ ရှိတဲ့ မြို့ကလေးတစ်မြို့ပါ။




ကျွန်တော်တို့ ရောက်ရောက်ချင်း စတွေ့ရတဲ့ အခက်အခဲကတော့ ဘာသာစကား အခက်အခဲပါ။ ကျွန်တော်တို့ သွားတဲ့စက်ရုံက ဝန်ထမ်းတွေ အားလုံးနီးပါး စပိန်လိုပဲ ပြောကြပါတယ်။ အင်္ဂလိပ်လို လုံးဝမပြောကြပါဘူး။ ကျွန်တော်တို့နဲ့အတူ သွားခဲ့တဲ့ ဌာနေကိုယ်စားလှယ် ပေါ်တူဂီအင်ဂျင်နီယာ ဗက်စ်ကိုက စပိန်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တဲ့ အတွက် အဆင်ပြေ သွားပါတယ်။ ပထမဦးဆုံးနေ့ အစည်းအဝေးမှာ ကတည်းက အဲဒီကုမ္ပဏီက လူတွေ အားလုံးက စပိန်လိုပြောပြီး ကျွန်တော်တို့က အင်္ဂလိပ်လို ပြောကြပါတယ်။ ဗက်စ်ကို က ကျွန်တော်တို့ကြားမှာ ဘာသာပြန် ပေးပါတယ်။ ကျွန်တော်ကလည်း အဲဒီအချိန်က စပိန်စကား ဆိုရင် ဂရားဆိရ (Gracias) ဆိုတဲ့ ကျေးဇူးတင်ပါတယ် စကားတစ်လုံးကလွဲရင် ဘာမှ မတတ်ပါဘူး။ မယ်ဂူးစတာ့ (Me Gustas) တို့ တီရန်းနယ့် နိုဗီယို (Tienes novio)တို့ တယ်ကီရဲရို (Te quiero) တို့က နောက်မှ တတ်တာပါ။ :D
  • Me Gustas = I like you
  • Tienes novio = Do you have boyfriend?
  • Te quiero = I love you
အဲဒီစက်ရုံက ကျွန်တော်တို့ ရောက်သွားတော့ ဆောက်လက်စ အနေအထားမှာပဲ ရှိပါသေးတယ်။ အော်ပရေတာ ၃ ယောက်နဲ့အတူ စက်ရုပ်တွေ အများကြီး နဲ့ လည်ပတ်နေတဲ့ ကုန်ထုတ်လုပ်ရေးလိုင်း တစ်လိုင်း ရှိပါတယ်။ ကျွန်တော့်အတွက်တော့ အကြီးအကျယ် ပြသနာပါ။ ဘာလို့လဲ ဆိုတော့ အပူပေးစက်မရှိလို့ပါ။ အပြင်မှာ အပူချိန်က ၃ဒီဂရီ အောက်မှာပဲ အမြဲရှိတော့ ကျွန်တော့်မှာ အလုပ်ချိန် အပြည့် အနွေးထည် အင်္ကျီဝတ်ထားရပြီး ဒုက္ခအကြီးအကျယ် တွေ့နေပါတယ်။

ဒါပေမယ့် အဲဒီစက်ရုံက ဝန်ထမ်းတွေ အားလုံးက ပျော်တတ်ကြပါတယ်။ ကျွန်တော်တို့ ထရိန်နင်ကာလ တလျှောက်လုံး စပိန်လို ရယ်စရာတွေ ပြောလိုက် နောက်လိုက် ပြောင်လိုက်နဲ့ အတော် ပျော်စရာ ကောင်းပါတယ်။ ဗက်စ်ကိုကတော့ တပတ်လုံးလုံး ကျွန်တော်တို့နဲ့ စက်ရုံက ဝန်ထမ်းတွေ ကြားမှာ စကားပြန်ပေါ့။ သူတို့ကလည်း အံ့သြစရာ ကောင်းလောက်အောင်ကို အင်္ဂလိပ်လို တစ်ခွန်းမှကို မပြောကြတာပါ။ စက်ရုံမှာတွင် မကပါဘူး။ ဟိုတယ်မှာလည်း ပြသနာ တက်ပါတယ်။ ဟိုတယ်က ဧည့်ကြို ကောင်မလေးကို အင်တာနက် သုံးလို့ ရသလား မေးတော့ "Please speak Spanish." လို့ အင်္ဂလိပ်လို ပြောပါတယ်။ အဲဒါနဲ့ လက်လျှော့လိုက်ရပါတယ်။

အဲဒီမှာ ထူးထူးခြားခြား ယမကာ တစ်မျိုးကို မြည်းခွင့် ရခဲ့ပါတယ်။ အဲဒါကတော့ ဘလက်ကော်ဖီထဲကို ဝီစကီ လောင်းထည့်ထားတာပါ။ ညစာစားပြီးချိန် သောက်ရင် အရမ်းကို သောက်လို့ကောင်းပါတယ်။ သူတို့ အပြောအရတော့ ဝီစကီထဲကို ကော်ဖီ လောင်းထည့်တာနဲ့ ကော်ဖီထဲကို ဝီစကီလောင်းထည့်တာ မတူဘူးလို့ ဆိုပါတယ်။ စားသောက်ဆိုင် နံရံမှာ သူတို့ မြို့က နွားရိုင်းသတ်သမားတွေရဲ့ နာမည်ကို ပိုစတာအကြီးကြီးတစ်ခု အနေနဲ့ ချိတ်ထားပါတယ်။

စားသောက်ဆိုင်မှာ ထိုင်ပြီး စကားပြောရင်း စပိန်နိုင်ငံနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ပုဒ် ကြားခဲ့ရပါတယ်။ ကျွန်တော့် မိတ်ဆွေနဲ့ အခြားစပိန် အင်ဂျင်နီယာ တစ်ယောက် သိပ်မကြာသေးခင်က စက်ပြင်ဖို့ စပိန်နိုင်ငံမှာ ရှိတဲ့ GUIPUZCOA နယ် ကို ရောက်သွား ခဲ့ပါတယ်။ တစ်နေ့ စက်ရုံကနေ ဟိုတယ်ကို ပြန်လာတော့ လမ်းမှာ လူတစ်စုက သူတို့ ကားကို တားပါတယ်။ ကားကို တားတဲ့သူတွေ အကုန်လုံး မျက်လုံးနဲ့ ပါးစပ် ပဲ အပေါက်ဖောက်ထားတဲ့ အကြမ်းဖက်သမား တွေဝတ်တဲ့ ခေါင်းစွပ်မျိုး တွေဝတ်ထားကြပါတယ်။ ပိုဆိုးတာက သူတို့အထဲက ၂ယောက်က ကားကို စက်သေနတ်နဲ့ တည့်တည့်ချိန် ထားပါတယ်။ ရုတ်တရက် ဆိုတော့ သူတို့ အားလုံး လန့်ဖြန့်သွားပါတယ်။ ဒါပေမယ့် ကားရပ်ပေး လိုက်တော့မှ ကားမောင်းတဲ့သူကို အရက်သောက် လာသလား ဆိုတာ Alcohol Test လုပ်ဖို့တားတဲ့ ယာဉ်ထိန်းရဲတွေ ဆိုတာ သိရပါသတဲ့။ နယ်ခံတွေကတော့ သူတို့ နယ်မှာ ကြမ်းလွန်းလို့ ခေါင်းစွပ်စွပ်မထားရင် နောက်နေ့ သေနတ်နဲ့ ချောင်းပြီး အပစ်ခံရနိုင်လို့ ဒါမှမဟုတ် ကားထဲမှာ ဗုံးလာထည့်သွားနိုင်လို့ ယာဉ်ထိန်းရဲတွေ အားလုံး အဲဒီလို ဝတ်ရပါတယ် လို့ ရှင်းပြကြ ပါတယ်။




အပေါ်က ပုံတွေက စန်တီယာဂိုဒီ ကွန်ပိုစတယ်လာ မြို့ရဲ့ ဓာတ်ပုံတွေပါ။ အမှန်တကယ်ကတော့ အဲဒီမြို့ကလေးက ဒီထက်မက အများကြီး လှပါတယ်။ ပြန်ခါနီးမှ ဓာတ်ပုံရိုက်ဖို့ သတိရလို့ လေဆိပ်မဆင်းခင် နေ့လည်စာစားတဲ့ စားသောက်ဆိုင်နား လှည့်ပတ်ရိုက်လာတဲ့ ပုံတွေပါ။

Sunday, December 28, 2008

ပညာလျှိုတတ်သူများ

တစ်ခါက ကျွန်တော်နဲ့ ခရီးတွေ အတူတူ သွားနေကျ ဖြစ်တဲ့ ဒတ်ခ်ျအင်ဂျင်နီယာ မာ့က်ခ် စင်ကာပူကို ရောက်လာပါတယ်။ စပိန်ကို ပို့ရမယ့် စက်တစ်လုံးကို လာပြီး Buy-off လုပ်တာပါ။ Buy-off ဆိုတာက စက်ကို မပို့ခင် သူတို့ သတ်မှတ်ပေးထားတဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်မကိုက် နောက်ပြီး ဆော့ဖ်ဝဲအလုပ်လုပ်ပုံ စက်အလုပ်လုပ်ပုံ မှန်မမှန် သတ်မှတ်ထားတဲ့ အမြန်နှုန်းနဲ့ ကိုက်မကိုက် ဆိုတာတွေကို စစ်တာပါ။ ကျွန်တော်တို့တတွေ စက်ကိစ္စ အစည်းအဝေးခန်းထဲမှာ တိုင်ပင်ပြီး ထွက်လာတဲ့ အချိန်မှာ ကျွန်တော်တို့ဘေးက မှန်တွေချည်းကာထားတဲ့ အစည်းအဝေးခန်းမထဲမှာ အခြား အစည်းအဝေးတစ်ခု လုပ်နေပါတယ်။ အဲဒီ အစည်းအဝေးရဲ့ စားပွဲထိပ်ဆုံးခုံ မှာတော့ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ဥက္ကဌက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပါတယ်။ မာ့က်ခ်က ကျွန်တော့်ကို လက်ညှိုးထိုးပြပြီး ရယ်ပါတယ်။

ဒီလိုနဲ့ စက်မှာ ပြသနာပေါင်း မြောက်များစွာ ဖြစ်ပြီး ကျွန်တော် စက်ဆင်ဖို့နဲ့ Training ပေးဖို့ စပိန်ကို မာ့က်ခ်နဲ့အတူ လိုက်သွားရပါတယ်။ စပိန်မှာ ညနေစာ စားရင်းနဲ့ ကျွန်တော်တို့ အာရှသားတွေနဲ့ ဥရောပသားတွေ ကွဲပြားခြားနားပုံ အကြောင်း စကားစပ် မိကြပါတယ်။ မာ့က်ခ်ရယ် ကျွန်တော်ရယ် ကျွန်တော်တို့ရဲ့ စပိန် ဌာနေကိုယ်စားလှယ် ပေါ်တူဂီအင်ဂျင်နီယာ ဗက်စ်ကို ရယ် ၃ ယောက် စကားပြောဖြစ်တာပါ။ မာ့က်ခ်က ကျွန်တော်တို့ ဥက္ကဌ အစည်းအဝေးထဲ အိပ်နေတဲ့ အကြောင်း စကားစပြန်ဖော်ပြီး ဒါမျိုး ဥရောပမှာဆိုရင်တော့ ဘယ်လိုမှ လက်ခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အဲဒီ နောက်ပိုင်းမှာ ကျွန်တော်တို့ အာရှသားတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ခံစားချက်တွေ အတွေ့အကြုံတွေကို ဆွေးနွေးဖြစ်ပါတယ်။ အဓိကကတော့ ပညာလျှိုတဲ့ အကြောင်းပါ။

ဗက်စ်ကို က အရင်တုန်းက ပေါ်တူဂီမှာ ရှိတဲ့ စက်ရုံတစ်ရုံမှာ အင်ဂျင်နီယာအနေနဲ့ အလုပ်လုပ်ဖူးပါတယ်။ သူတို့ စက်ရုံကို ဖျက်ပြီး မလေးရှားကို ရွှေ့ဖို့လုပ်တဲ့အချိန်မှာ မလေးရှားက အင်ဂျင်နီယာတစ်စု ရောက်လာကြပါတယ်။ သူတို့က မလေးရှားက အင်ဂျင်နီယာတွေကို စက်တွေနဲ့ ပတ်သက်ပြီး သင်ပေးကြပါတယ်။ အဲဒီမှာ ရောက်လာတဲ့ အင်ဂျင်နီယာတွေက တရုတ်က တစ်စု၊ မလေးက တစ်စု၊ ကုလားက တစ်စု စသည်ဖြင့် ၃ စု ကွဲနေပြီး တစ်စုနဲ့ တစ်စု ပေါင်းပြီး အလုပ်မလုပ်ကြပါဘူး။ တစ်စုကို သင်ပေးရင် နောက်တစ်စု ကို ပြန်သင်ပေးလေ့မရှိပါဘူး။ စက်နဲ့ ပတ်သတ်တဲ့ လက်စွဲစာအုပ်တွေကို တစ်ယောက်ကို ပေးရင် နောက်တစ်ယောက်ကို ပေးဖတ်လေ့ မရှိပါဘူး။ အဲဒါကြောင့် ဗက်စ်ကိုက တအံ့တသြနဲ့ မင်းတို့ စက်ရုံမှာ အလုပ်လုပ်ရင် ဒီလိုပဲလုပ်ကြလားမေးတော့ သူတို့ က မဖြေကြပါဘူး လို့ ဆိုပါတယ်။ မာ့က်ခ်ကလည်း ပညာလျှိုတဲ့ ကိစ္စကို ငါတို့ဆီမှာတော့ လုံးဝလက်မခံပါဘူး။ ငါတို့ဆီမှာ ပညာလျှိုရင် အဲဒီလိုကောင်ကို ကုမ္ပဏီက ချက်ချင်းထုတ်ပစ်တာ။ မင်းတို့ဆီမှာတော့ ထုံးစံပဲလို့ ထင်ပါတယ် လို့ ပြောပါတယ်။

မာ့က်ခ်မှာ အရင်တုန်းက ကျွန်တော့်နေရာမှာ လုပ်သွားတဲ့ ပြည်ကြီးတရုတ် အင်ဂျင်နီယာနဲ့ ပတ်သက်ပြီး မကျေနပ်မှုတွေ အတော်များများရှိပါတယ်။ ပညာလျှို လွန်းလို့ပါ။ တစ်ခုခု ပြသနာဖြစ်ရင် သူ့ဘာသာသူ ကြိတ်ရှင်းပြီး သူ့ကို အသိပေးလေ့ မရှိပါဘူး။ ဒါကမင်းကို ရှင်းပြလို့မဖြစ်ဘူး။ အရမ်း ရှုပ်ထွေးတယ် ဆိုပြီး အမြဲတမ်း လျှိုထားလေ့ ရှိပါတယ်။ ကျွန်တော်ကတော့ ကျွန်တော် တတ်သလောက် သူ့ကို အမြဲသင်ပေးလေ့ ရှိတဲ့အတွက် မာ့က်ခ်နဲ့ ကျွန်တော်က အလွန် အဆင်ပြေ ကြပါတယ်။ ကျွန်တော် မှားသွားရင်လည်း ပြုံးပြီး ငါဒီနေရာတော့ လွဲသွားပြီကွာ ဆိုပြီး ပြောရင် သူက လက်ခံပါတယ်။ အပြစ်တင်လေ့ မရှိပါဘူး။ ကျွန်တော့်ရဲ့ နားထဲမှာတော့ ကျွန်တော် အင်ဂျင်နီယာ ဖြစ်ခါစက ဆုံးမစကား ပြောသွားတဲ့ မြန်မာ အင်ဂျင်နီယာကြီး တစ်ယောက်ရဲ့ ဆုံးမစကားတွေ နားထဲစွဲနေပါတယ်။

ကျွန်တော် အင်ဂျင်နီယာဖြစ်ခါစက စက်ပြင်ဖို့ စင်ကာပူ တစ်ဖက်ကမ်း မလေးရှားနိုင်ငံမှာ ရှိတဲ့ ဂျဟိုး ဘာရူး ကို ရောက်သွားပါတယ်။ အဲဒီမှာ ကျွန်တော့်စက်က စောစောစီးစီး ပြင်လို့ ပြီးသွားပါတယ်။ စက်ရုံမှာ ရှိတဲ့ ကျွန်တော်နဲ့ ခင်နေတဲ့ လုံခြုံရေး ဝန်ထမ်းတွေက သူတို့ စက်ရုံကို ပိုင်တဲ့ စင်ကာပူ ကုမ္ပဏီက မြန်မာအင်ဂျင်နီယာ တစ်ယောက် ရောက်နေကြောင်းနဲ့ အခု ကင်တင်းန်မှာ ထိုင်နေကြောင်း သတင်းပေးပါတယ်။ အဲဒါနဲ့ ကျွန်တော် ကင်တင်းန်မှာ အဲဒီ အင်ဂျင်နီယာ အန်ကယ်လ်ကြီးနဲ့ သွားပြီး စကားပြော ဖြစ်ပါတယ်။

အဲဒီ အန်ကယ်လ်ကြီးက ကျွန်တော့်ကို လူမျိုးပေါင်းစုံနဲ့ အလုပ်လုပ်ခဲ့ဖူးတဲ့ သူ့ရဲ့ အတွေ့အကြုံတွေ ပြောပြပါတယ်။ စလုံးတွေက အလုပ်ထဲမှာ တခါတလေ ညစ်တတ်ပေမယ့် ပညာ မလျှိုတတ်တဲ့အကြောင်း ကုလားတွေက တော့ အဲဒီလို မဟုတ်ဘဲ အလွန်ပညာလျှိုတတ်တဲ့ အကြောင်း ပြောပြပါတယ်။ သူနဲ့ အတူတူ လုပ်ခဲ့တဲ့ ကုလားဆိုရင် သူပရိုဂရမ် ရေးနေတဲ့အချိန် အနားကနေ မသိမသာ သွားကြည့်ရင် ချက်ချင်း ရေးနေတာ ရပ်ပြီး အခြားအလုပ်ပြောင်းလုပ်ကြောင်း သူ့ကို မေးရင်လည်း ဘယ်တော့မှ သင်ပေးလေ့ မရှိကြောင်း ပြောပါတယ်။ ဒါပေမယ့် သူက ငါတို့ မြန်မာကို ဒါမျိုးလာလုပ်လို့တော့ ဘာရလိမ့်မလဲကွာ ဒီကောင် နေ့တိုင်း ရုံးတက်နိုင်တာမှ မဟုတ်တာ။ သူမရှိတဲ့အချိန် သူ့ရဲ့ HardDisk ကို အလုံးလိုက်ဖြုတ်ပြီး ကူးထား လိုက်တာပေါ့ဆိုပြီး ရယ်စရာအဖြစ် ပြန်ပြောပြပါတယ်။ အဲဒီကနေပဲ သူတို့ ဘယ်လို ပရိုဂရမ်ရေးတယ်ဆိုတာ လေ့လာခဲ့တယ် လို့ ဆိုပါတယ်။

နောက်တော့ သူက ကျွန်တော့်ကို ပညာဆိုတာ မလျှိုသင့်တဲ့အကြောင်း၊ တစ်ခုခုကို သူများကို သင်မပေးဘူး ဆိုရင် အဲဒီအလုပ်ကို အမြဲလုပ်ရမှာ ဖြစ်ပြီး အဲဒီထက် မြင့်တဲ့အလုပ်ကို ဘယ်တော့မှ လုပ်ဖို့ အခွင့်အလမ်းရှိမှာ မဟုတ်ဘူးဆိုတဲ့ အကြောင်းဆုံးမပါတယ်။ သူပြောတာ အကုန်မှန်ပါတယ်။ ကျွန်တော် ဆော့ဖ်ဝဲလ် အဖွဲ့ခေါင်းဆောင် ဖြစ်တဲ့အချိန်မှာ ကျွန်တော့်ရဲ့ အဖွဲ့ထဲမှာ အားလုံးကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြဖို့ ပြောထားပါတယ်။ ကျွန်တော်ကို်ယ်တိုင် မှားသွားရင် မှားသွားတဲ့ အကြောင်း ဝန်ခံတဲ့အတွက် ကျွန်တော့်အဖွဲ့ထဲက အင်ဂျင်နီယာအားလုံး သူတို့ မှားရင်မှားတဲ့ အကြောင်း ဝန်ခံရဲ ကြပါတယ်။ အဲဒီအတွက် ကျွန်တော်တို့မှာ မလိုလားအပ်တဲ့ ပြသနာတွေအတွက် အချိန်ဖြုန်းစရာ မလိုပဲ အခြားအလုပ်တွေ လုပ်ဖို့ အချိန်ပိုရကြပါတယ်။ မာ့က်ခ်တို့လို စက်ရုံတွေကို သွားပြီး အလုပ်လုပ်ကြတဲ့ အင်ဂျင်နီယာတွေကိုလည်း တစ်ခုခု ပြသနာဖြစ်ရင် အသေးအမွှားပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ဘယ်လို ဖြေရှင်းလိုက်တယ် ဆိုတာကို ရှင်းပြတဲ့အတွက် နောက်ထပ် ပုံစံတူ ပြသနာပေါ်ရင် သူတို့ဘာသာ ရှင်းနိုင်ကြပါတယ်။ ကျွန်တော်တို့ကို ညသန်းခေါင် ဖုန်းခေါ်ပြီး အနှောက်အယှက် မပေးကြပါဘူး။

အခုလို သတင်းအချက်အလက်တွေ အင်မတန်ကို ဖောင်းပွနေတဲ့ခေတ်ကြီးမှာ ပညာလျှိုတယ်ဆိုတာ အလွန်ကို အဓိပ္ပါယ် မရှိတဲ့ ကိစ္စပါ။ လူတိုင်း Google မှာ ရိုက်ပြီး ရှာရင် ကိုယ်လိုချင်တဲ့ သတင်းအချက်အလက်ကို အလွယ်တကူ ရနိုင်ပါတယ်။ အားလုံးမဟုတ်ပေမယ့် အတော်များများကို တွေ့နိုင်ပါတယ်။ အဲဒီတော့ ကျွန်တော် ကိုယ်တိုင်လည်း ပညာလျှိုတယ်ဆိုတာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စဆိုတာကို အကြွင်းမဲ့ လက်ခံထား မိပါတယ်။ ဒီနေရာတော့ ကျွန်တော်တို့ အာရှသားတွေမှာ ချို့ယွင်းချက် ဖြစ်နေသလားဆိုတာကို သူတို့ ပြောသလို ကျွန်တော် စဉ်းစားလိုက်မိပါတယ်။

Wednesday, December 24, 2008

အိမ်ငှားတုန်းက ကြုံခဲ့ရတယ်

စင်ကာပူမှာ အိမ်ငှားတဲ့ အခါ အဆင်မပြေမှု တစ်ခုမဟုတ် တစ်ခုကတော့ ဖြစ်တတ်တာပါပဲ။ လုံးဝ အဆင်ပြေတဲ့ အခါဆိုတာက တော်တော်ကို ရှားပါတယ်။ အဲဒီအထဲမှာ ကျွန်တော်တို့ စင်ကာပူ ရောက်ခါစက နေခဲ့တဲ့ အိမ်လို ပြသနာ များတာတော့ ထပ်ပြီး မကြုံဖူးသေး ပါဘူး။

ကျွန်တော်တို့ စင်ကာပူ ရောက်ခါစက သူငယ်ချင်း ၆ ယောက်ပေါင်းပြီး ဘူကစ်ပန်ဂျန်း (Bukit Panjang) အရပ်က အိပ်ခန်း ၃ ခန်းပါတဲ့ အိမ်ကို ငှားခဲ့ပါတယ်။ အိမ်ရှင်က စင်ကာပူနိုင်ငံသား ဖြစ်ပြီး သူ့ရဲ့မိန်းမကတော့ ဖိလစ်ပိုင်သူပါ။ အိမ်ရှင်တွေက ကျွန်တော်တို့ကို အိမ်ငှားပြီးရင် ဖိလစ်ပိုင်ကို သွားနေကြ တော့မယ်လို့ အိမ်စငှား ကတည်းက ပြောပါတယ်။ ဒါပေမယ့် ကျွန်တော့် သူငယ်ချင်းတွေ နေစရာ အခက်အခဲ ဖြစ်နေတာနဲ့ သူတို့ ဖိလစ်ပိုင် သွားတဲ့ အထိ မစောင့်ဘဲ ပြောင်းခဲ့ကြပါတယ်။ ကျွန်တော်တို့ ပြောင်းပြီး ၁ လလောက် ကြာတဲ့ အထိ အိမ်ရှင်က ဖယ်မပေးပါဘူး။ အဲဒီတော့ အိမ်ရှင်ကို ပြောင်းပေးဖို့ ပြောမယ့်သူ ရှာရပါတယ်။

ကျွန်တော်တို့ ၆ ယောက်ထဲမှာ အိမ်သူကြီးမရှိဘဲ အိမ်ကို ဒီမိုကရေစီ တစ်ဝက် Random Calculator တစ်ဝက်နဲ့ အုပ်ချုပ်ပါတယ်။ ဒီမိုကရေစီ ဆိုတာက ကျွန်တော်တို့ ၆ ယောက်ထဲမှာ ကိစ္စတစ်ခုခုအတွက် သဘောကွဲ ကြတယ်ဆိုရင် မဲလိပ် ၆ လိပ်ထဲမှာ Yes/No မဲထည့်ပြီး မဲရေ ဆုံးဖြတ်ပါတယ်။ လျှို့ဝှက် ဆန္ဒမဲ စနစ်ပါ။ ၃ ခု ၃ ခု ညီနေရင် No လို့ ယူပါတယ်။ အထူးသဖြင့် မျက်နှာပူစရာကောင်းတဲ့ ကိစ္စတွေ ကို ဆုံးဖြတ်တဲ့ အခါမှာ အဲဒီစနစ်ကို သုံးပါတယ်။ လျှို့ဝှက်ဆန္ဒမဲသာ ပြောရပေမယ့် စငြင်းကြကတည်းက ဘယ်သူ ထောက်ခံတယ် ဘယ်သူကန့်ကွက်တယ် ဆိုတာကို သိနေပါတယ်။ Random နှိပ်တာကတော့ ကံဆိုးသူ မောင်ရှင် ရွေးတဲ့ နေရာမှာ သုံးပါတယ်။ စက်မှုတက္ကသိုလ် ကျောင်းသားတွေတော့ Random နှိပ်တဲ့ အကြောင်းကို ကောင်းကောင်းသိမှာပါ။ Scientific Calculator မှာ Shift နဲ့ Decimal ကိန်း တွဲနှိပ်ရင် Random ဂဏန်း ၃ လုံးထွက်ပါတယ်။ အဲဒီဂဏန်း သုံးလုံးကို ပေါင်းပြီး ကိုးမီးဖဲ ရိုက်သလို အပေါက် အကြီးအသေး ပြိုင်ကြတာပါ။ ဥပမာ အားဖြင့် ဈေးဖိုးကို ၆ နဲ့ စားလို့ မပြတ်ဘူးဆိုရင် Random နှိပ်ပြီး အပေါက်သေး ကျတဲ့သူတွေက အစွန်းထွက်ကို ပေးရပါတယ်။ ကျွန်တော်တို့ တစ်အိမ်လုံး အင်ဂျင်နီယာ ကျောင်းသားတွေချည်း ရှိတာဆိုတော့ Scientific Calculator က ဘယ်အချိန်ဖြစ်ဖြစ် လက်တစ်ကမ်း အကွာမှာ ရှိပါတယ်။ အဲဒီနေ့ကလည်း အိမ်ရှင်ကို ဘယ်သူပြောမလဲ ဆိုတာကို ထုံးစံအတိုင်း Random နှိပ်ပြီး ကံဆိုးသူ မောင်ရှင်ရွေးကြပါတယ်။

အဲဒီမှာ အပေါက်အငယ်ဆုံးကျတဲ့ ကျွန်တော့် သူငယ်ချင်းက အိမ်ရှင်ကို စပြောပါတယ်။ ကျွန်တော်တို့ အိပ်ခန်း ၂ ခန်းမှာ လူ ၆ ယောက်နေတာ အဆင်မပြေတဲ့အကြောင်း၊ အိမ်ကို စငှားကတည်းက ၃ ခန်းစလုံး ငှားမယ်လို့ သဘောတူထားပြီး ၂ခန်းပဲ ရတဲ့အတွက် ကျွန်တော်တို့ဖက်က မကျေနပ်ကြောင်း ပြောကြပါတယ်။ အဲဒီတော့ အိမ်ရှင်က သူလည်း ဖိလစ်ပိုင်ကို သွားချင်ပေမယ့် လေယာဉ်လက်မှတ်ဖိုး မရှိလို့ မသွားရသေးကြောင်း၊ လေယာဉ်လက်မှတ်ဖိုး ရတာနဲ့ သွားမှာ ဖြစ်တဲ့ အကြောင်း ပြန်ပြောပါတယ်။ ကျွန်တော်တို့ ကတော့ အိမ်မှာ နေရာတာ ကျဉ်းကျပ်တဲ့အတွက် အိမ်ရှင်ကို အမြန်ဆုံးသွားစေချင်လှပါပြီ။ အဲဒီတော့ အားလုံးတိုင်ပင်ပြီး အိမ်ရှင်ကို တစ်လခွဲစာ လခ ကြိုပေးမယ် အဲဒါဆိုရင် သွားမလား မေးတော့ အိမ်ရှင်က သဘောတူပါတယ်။

အဲဒါနဲ့ ပထမဆုံး ကိစ္စ အဆင်ပြေသွားပါတယ်။ အိမ်ရှင်က သူဖိလစ်ပိုင်မှာ ရှိနေတဲ့ အချိန် ကျွန်တော်တို့ ဆီက အိမ်လခယူပြီး သူ့ဆီကို ငွေလွှဲပို့ပေးဖို့ ဆိုပြီး ပွဲစားတစ်ယောက် ငှားခဲ့ပါတယ်။ အိမ်ရှင်ငှားခဲ့တဲ့ ပွဲစားက စလုံးမ ငယ်ငယ်ချောချော ကလေးပါ။ အိမ်ရှင်က အဲဒီကောင်မလေးကို အိမ်ခေါ်ပြီး ကျွန်တော်တို့နဲ့ မိတ်ဆက်ပေးပါတယ်။ အဲဒီအခါမှာ ကျွန်တော်တို့ တစ်ယောက်ကို ခေါ်တော တစ်သိန်းအား မျက်လုံးတစ်စုံစီနဲ့ ၆ယောက်ပေါင်း ခေါ်တော ၆သိန်းအားနဲ့ ဝိုင်းငန်းလိုက်ကြတာ အဲဒီ စလုံးမ နောက်ပိုင်း အိမ်ကို မလာရဲ တော့ပါဘူး။ နောက်ပိုင်းမှာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် စလုံး ယောက်ျားလေးတွေ ကိုသာ အိမ်ကို လွှတ်ပြီး အိမ်လခ တောင်းခိုင်းပါတော့တယ်။

အိမ်ရှင်က ကျွန်တော်တို့ကို Town Council ဘီလ် မှန်မှန်ပေးဖို့မှာပြီး မီတာခနဲ့ ဖုန်းခကိုတော့ သူတို့ အကြွေးတွေ ချန်ထားပြီး ကျွန်တော်တို့ သုံးလို့ ကျသလောက်သာ ပုံမှန်ဆောင်ဖို့ မှာပြီး ဖိလစ်ပိုင်ကို ထွက်သွားပါတော့တယ်။ အိမ်ရှင်သွားပြီး တော့ ကျွန်တော်တို့ ဘီလ်တွေ ရတဲ့ အခါမှာ ကျွန်တော်တို့လည်း သူမှာထားခဲ့တဲ့ အတိုင်း ကိုယ်သုံးသလောက်ကို ပဲ ဆောင်ပြီး သူတို့ရဲ့ အကြွေးတွေကို ချန်ထားခဲ့ပါတယ်။ သတိပေးစာတွေ ခဏခဏ ရပေမယ့်လည်း ဂရုမစိုက်ကြပါဘူး။ အဲဒီလိုနဲ့ တစ်ရက် ကျွန်တော်တို့ ကျောင်းက အိမ်ပြန်လာတော့ အိမ်မှာ မီးပြတ်နေတာနဲ့ ကြုံရပါတယ်။ အိမ်ရှေ့မှာ တော့ လျှပ်စစ်ကုမ္ပဏီ (PUB) က ဘီလ်အကြွေးကျန်တဲ့ အတွက် မီးကြိုးကို လာဖြုတ်သွားကြောင်း၊ ကိုယ့်ဖာသာကိုယ် ပြန်ဆက်ပါက တရားစွဲခံရမှာ ဖြစ်တဲ့ အကြောင်း စာတစ်ရွက် ထားခဲ့ပါတယ်။ စင်ကာပူမှာ ပထမဦးဆုံးအကြိမ် မီးပြတ်ခြင်းနဲ့ ကြုံရတာပါ။ စင်ကာပူမှာ ရန်ကုန်လို မီးပြတ်လေ့မရှိတဲ့ အတွက် Emergency Lamp တွေ ဘာတွေ အလွယ်တကူ မရှိပါဘူး။ ဖယောင်းတိုင်လည်း ရှာဝယ်ရတာ အဆင်မပြေပါဘူး။ ဒါပေမယ့် တရုတ်တွေ ဘုရားမီးထွန်းတဲ့ ဖယောင်းတိုင်တွေ ဝယ်လို့ရတဲ့ အတွက် အဆင်ပြေ သွားပါတယ်။ အဲဒီလိုနဲ့ စင်ကာပူနိုင်ငံမှာ အမှောင်ထဲ သုံးရက်တိတိ နေရတဲ့ အဖြစ်နဲ့ ကြုံရပါတယ်။ ကွန်ပြူတာ သုံးမရ တီဗွီကြည့်မရနဲ့ ဒုက္ခအတော်ရောက်ပြီး စာမေးပွဲကလည်း ရှိတဲ့အတွက် တိုက်အောက်မှာ ဆင်းပြီး စာကျက်ရပါတယ်။ တယ်လီဖုန်းလည်း ပြတ်သွားတဲ့အတွက် တယ်လီဖုန်း ဘီလ်ကိုလည်း ကျွန်တော်တို့ စိုက်ပေးလိုက်ရပါတယ်။ နောက်လ အိမ်လခ လာတောင်းတော့မှ ကျွန်တော်တို့ ဘီလ်တွေ အကုန်စိုက်ပေးလိုက်ရတဲ့အတွက် အိမ်လခထဲက ဖြတ်ယူလိုက်ကြောင်း ပြောလိုက်ရပါတယ်။

မကြာခင်မှာ နောက်ထပ်ပြသနာတစ်ခု စပါတယ်။ ကျွန်တော်တို့ ရန်ကုန်မှာ အမြဲတမ်း ရှူးဖိနပ်စီးလေ့ မရှိတဲ့အတွက် ရှူးဖိနပ်နဲ့ ခြေအိတ်အကြောင်းကို သတိမထားမိကြပါဘူး။ ခြေအိတ်က နေ့တိုင်း လဲပြီး မဝတ်ရင် ခြေအိတ်မှာရော ဖိနပ်မှာပါ အနံ့အလွန်နံပါတယ်။ အဲဒီတော့ တစ်ယောက်ယောက်က အပြင်က ပြန်လာလို့ ဖိနပ်ကို အိမ်ထဲသွင်းရင် တစ်အိမ်လုံး အနံ့က နံနေတတ်ပါတယ်။ အဲဒီတော့ ဖိနပ်ကို အိမ်ထဲမသွင်းပဲ ဝရန်တာမှာပဲ ထားဖို့ အားလုံးက ဝိုင်းပြောတတ်ကြပါတယ်။

နောက်တစ်ခုက ကျွန်တော်တို့အိမ်မှာ ဘောလုံးဝါသနာအိုးတွေ များတဲ့အတွက် သူငယ်ချင်းတွေ စုပြီး ကေဘယ်လ် တယ်လီဗွီးရှင်းကို လျှောက်ထားကြပါတယ်။ အဲဒီတော့ ဘောလုံးပွဲကောင်းရင် တစ်ခြားမှာ နေတဲ့ သူငယ်ချင်းတွေပါ အိမ်မှာ လာကြည့်ကြပါတယ်။ ညသန်းခေါင် ဂိုးသွင်းလို့ ဂိုးဆိုပြီး အော်လိုက်ရင် ဘေးအိမ်က တရုတ်မက အိပ်မရလို့ လာပြီး ပြသနာ ရှာတတ်ပါတယ်။

အဲဒီလိုတွေ ဖြစ်ပြီး ၂ လ ၃ လလောက် အကြာမှာတော့ ညဖက် အိမ်ကို HDB လို့ခေါ်တဲ့ အိမ်ရာဌာနက အရာရှိတွေ အိမ်ကို ရောက်လာကြပါတော့တယ်။ သူတို့အပြောအရ ဘေးအိမ်တွေက တိုင်လို့လို့ ဆိုပါတယ်။ တစ်အိမ်က ကျွန်တော်တို့ ခြေအိတ်နဲ့ ဖိနပ်တွေကြောင့် နံလို့ဆိုပြီး တိုင်ပြီး နောက်တစ်အိမ် ကတော့ ညဖက်ဆူလို့ ဆိုပြီး တိုင်တယ် လို့ ဆိုပါတယ်။ HDB က ဓာတ်ပုံဆရာက တစ်အိမ်လုံးကို လှည့်ပတ်ပြီး ဓာတ်ပုံရိုက်ပါတယ်။ ကံကောင်းတာက အဲဒီနေ့က ရေချိုးခန်းမီးပျက်နေလို့ သူ့မှာ ရေချိုးခန်းကို တော့ ရိုက်လို့ မရပါဘူး။ အဲဒီလိုမဟုတ်ရင် ဓာတ်ပုံဆရာ မေ့လဲ သွားနိုင်ပါတယ်။ ကျွန်တော်တို့ အခန်းကလည်း ရှုပ်ပွနေလို့ ဓာတ်ပုံဆရာ မဝင်ရဲ ရှာပါဘူး။ HDB က ညဖက် ဂစ်တာမတီးဖို့ အသံကျယ်ကျယ် မလုပ်ကြဖို့နဲ့ အိမ်ကို သန့်သန့်ရှင်းရှင်း နေဖို့ ပြောပြီး ပြန်သွားပါတယ်။

အကြီးမားဆုံး ပြသနာ ကတော့ ကြမ်းပိုး ပြသနာပါ။ ကြမ်းပိုးက အိမ်ကို ဘယ်ကနေ ရောက်လာတယ် မသိပါ။ ကျွန်တော်တို့ နေပြီး နှစ်လ သုံးလလောက်ကြာတော့ အိမ်မှာ ကြမ်းပိုးတွေ အများကြီးဖြစ်လာပါတယ်။ ဘယ်လိုမှ သတ်လို့ မနိုင်ပါဘူး။ အဲဒီ ကြမ်းပိုးက ဘယ်လောက်ဆိုးလဲ ဆိုရင် ညဘက်အိပ်နေရင် တစ်ခါတစ်လေ နားရွက် အထိ တက်ကိုက်တတ်ပါတယ်။ ကွန်ပြူတာက မောက်စ် ထဲမှာ ဝင်နေပြီး မောက်စ်ရွှေ့ရင် လက်ကို ကိုက်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ကြမ်းပိုးကို အကောင်အထည်ရှိတဲ့ ကွန်ပြူတာ ဗိုင်းရပ်စ်လို့တောင် နာမည် ပြောင်ပေးထားကြပါတယ်။ ကြမ်းပိုးဆိုတဲ့ သတ္တဝါက သတ်ရင်လည်း အတော် နံတဲ့ သတ္တဝါမျိုးပါ။ အဲဒီတော့ အရှင်ဖမ်း အိတ်ထဲထည့်ပြီး လွှတ်ပစ်ရပါတယ်။ ကျွန်တော့်သူငယ်ချင်း တစ်ယောက်ကတော့ နံရံမှာ ကြမ်းပိုး ပြေးနေရင် မီးနဲ့လိုက်ရှို့တဲ့အတွက် အိမ်နံရံမှာ မီးလောင်ထားတဲ့ အကွက်တွေ မနည်းပါဘူး။

ကျွန်တော်တို့ အိမ်ငှားစာချုပ် ပြည့်ဖို့ ၂ လ ၃လလောက် အလိုမှာတော့ အိမ်ရှင် ပြန်ရောက်လာပါတယ်။ စစ်မှုထမ်းဖို့ ကိစ္စရှိလို့ ပြန်လာတာပါ။ အိမ်မှာ အိမ်ရှင်က လာပြီးနေလို့ ကျွန်တော့်သူငယ်ချင်းတွေနဲ့ ပြသနာ ထပ်တက်ကြပါတယ်။ ကျွန်တော်နဲ့ မဖြစ်ပေမယ့် ကျွန်တော့် သူငယ်ချင်းတွေနဲ့ ရန်ဖြစ်တာ ခဏခဏပါပဲ။ တီဗွီ ရီမု ကွန်ထရိုးလုတဲ့ ကိစ္စ အပါအဝင် တစ်ခြားကိစ္စတွေနဲ့ ပြသနာ တက်ကြပါတယ်။ အိမ်ရှင်က စာချုပ်ကလည်း မပြည့်သေး သူ့မှာလည်း လျော်စရာ ပိုက်ဆံ မရှိတော့ အောင့်သက်သက်နဲ့ ခံနေရပါတယ်။

အိမ်ရဲ့ စာချုပ်ပြည့်ခါနီး တစ်လ အလိုမှာတော့ ကျွန်တော့်ရဲ့ ပစ္စည်းတွေကို ထုတ်ပိုးပြီး တစ်ခြားတစ်အိမ် ပို့ခဲ့ကာ ရန်ကုန် ခဏ ပြန်ခဲ့ပါတယ်။ ကျွန်တော့် သူငယ်ချင်း တွေကတော့ ဆက်ပြီး နေခဲ့ပါတယ်။ စင်ကာပူ ပြန်ရောက်တော့ ကြားရတဲ့ သတင်းကတော့ စာချုပ်ပြည့်တဲ့နေ့က အိမ်ရှင်က စိတ်ဆိုးဆိုးနဲ့ အားလုံးကို အိမ်ပေါ်က နှင်ချတယ် ဆိုတဲ့ အကြောင်းပါပဲ။

Monday, December 22, 2008

ဒီကျွန်း ဒီတောင် ဒီအကောင်တွေ

ကျွန်တော်တို့ စင်ကာပူ ရောက်ရောက်ချင်း သူငယ်ချင်းတွေက စန်တိုဆာကျွန်း ကို အလည်သွားဖို့ ခေါ်ကြပါတယ်။ ဒါပေမယ့် ကျွန်တော် လိုက်မသွားဖြစ်ခဲ့ပါဘူး။ သူတို့ ပြန်လာတော့ ဘယ်လိုလဲလို့ မေးတဲ့ အခါ သူငယ်ချင်းတစ်ယောက်က “မမိုက်ပါဘူးကွာ။ ကျောက်တုံးကလဲ အတု။ သဲကလဲ အတု။ ဘာမှကို အစစ်မရှိဘူး။” လို့ ဝေဖန်ပါတယ်။ နောက်တော့ သိပ်မကြာခင်မှာ တောထဲမှာ သင်းခွေချပ် တစ်ကောင် တွေ့တယ် ဆိုတဲ့ အကြောင်း သတင်းစာမှာ မျက်နှာဖုံး သတင်း အနေနဲ့ ပါလာပါတယ်။ ကျွန်တော်တို့ အားလုံး အဲဒီ သတင်းကို ဖတ်ပြီး ရယ်ကြပါတယ်။ မြန်မာနိုင်ငံမှာသာ တောထဲ သင်းခွေချပ် တွေ့တာကို သတင်းစာထဲ ထည့်ရရင် သတင်းစာမှာ တစ်ခြား ရေးစရာ အကြောင်းကို ရှိမှာ မဟုတ်ဘူး ဆိုပြီး ဟားကြပါတယ်။

အဲဒီလို သတင်းစာထဲမှာ သင်းခွေချပ် တွေ့တဲ့ အကြောင်း သတင်းပါပြီးတဲ့ နောက်မှာ ကျွန်တော့် သူငယ်ချင်း ၃ ယောက်ကတော့ မနေနိုင်မထိုင်နိုင် ဘူကစ်တီးမား (Bukit Timah) တောထဲကို ဝင်ကြပါတယ်။ သင်းခွေချပ်ကို တွေ့လိုတွေ့ငြား သွားကြတာ လို့ ဆိုပါတယ်။ စင်ကာပူမှာ နေရာတကာ တိုက်တာတွေချည်း ရှိပေမယ့် ဘူကစ်တီးမား တောကတော့ သဘာဝကို ထိန်းသိမ်းတဲ့ အနေနဲ့ တောအတိုင်း ထားပါတယ်။ အမှန်တကယ် ကတော့ သင်းခွေချပ်ကို တိရိစ္ဆာန်ရုံထဲ သွားကြည့်ရင် ရရဲ့သားနဲ့ ဘာလို့ တောထဲ သွားရှာကြသလဲ ဆိုတာတော့ ကျွန်တော်လည်း စဉ်းစားလို့ မရပါဘူး။ သူတို့တစ်တွေ သင်းခွေချပ်နဲ့တော့ မတွေ့ခဲ့ ရပါဘူး။ ငါးမရတော့ ရေချိုးပြန် အမဲမရတော့ မှိုနှုတ်ပြန်ဆိုသလို သင်းခွေချပ် မတွေ့တော့လည်း ကွမ်းရွက်ခူးပြီးတော့ ပဲ ပြန်လာကြပါတယ်။ သူတို့ အပြောအရတော့ ကွမ်းပင်သာ မကပါဘူး။ ဒူးရင်းပင်လည်း တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ဒူးရင်းပင်ရဲ့ နေရာကို မှတ်ထားပြီးတော့ ညဖက် တစ်ခေါက်ပြန်ပြီး ဒူးရင်းသီး ကြွေတာ သွားစောင့် ကြသေးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒူးရင်းပင်အောက်မှာ သူတို့ထက် ဝီရိယ ကောင်းတဲ့ စလုံးတွေ ဓာတ်မီးလေးတွေ ကိုယ်စီနဲ့ စောင့်နေကြတာ တွေ့ရလို့ တပ်ခေါက်ပြန်ခဲ့ရပါတယ် တဲ့။

အမ်အာရ်တီ လို့ခေါ်တဲ့ စင်ကာပူ ရထားလမ်းမှာ ခရမ်းရောင်လိုင်းကို စပြီး ဖောက်ခဲ့တာ နှစ်မကြာသေးပါဘူး။ ခရမ်းရောင်လိုင်းရဲ့ မြောက်ဖက် ဂိတ်ဆုံးဖြစ်တဲ့ ပန်ဂေါ(Punggol) ရပ်ကွက်ဟာလည်း ခရမ်းရောင်လိုင်း ဖွင့်တာနဲ့ တိုးတက်လာခဲ့ပါတယ်။ ပန်ဂေါ အရပ် စတင် ဖွံ့ဖြိုးတဲ့အချိန်က အဲဒီမှာ ငါးဖမ်းလို့ ရတယ်လို့ ဆိုကြပါတယ်။ ပင်လယ်ကနေ ကျောက်တန်းလေးနဲ့ ကာဆီးထားပြီး ရေကျသွားတဲ့ အချိန် ရေကန်ကလေးလို ဖြစ်ကျန်နေခဲ့တဲ့ နေရာမှာ စလုံးတွေ ငါးလာမျှားကြပါတယ်။ မြန်မာတွေ ရောက်သွားတော့ ငါးမမျှားကြပါဘူး။ အဲဒီရေကန်ကို ဝိုင်းပြီး အိုင်ပက်လိုက်ကြတာနဲ့ စလုံးတွေ မျှားစရာ ငါးတောင် မကျန်ဘူး ဖြစ်သွား ပါတယ်။ ငါးလာမျှားတဲ့ စလုံးတွေ ခမျာတော့ မြန်မာတွေ အိုင်ပက်တာကို မမြင်ဘူးလို့ ပါးစပ် အဟောင်းသား လေးတွေနဲ့ပဲ ငေးကြည့်နေရပါတယ် လို့ ဆိုပါတယ်။

တစ်ခါက ကျွန်တော်တို့ ရုံးမှာ အမေရိကန်ရုံးက အင်ဂျင်နီယာတစ်ယောက် စက် လာယူပါတယ်။ ပုံမှန်အားဖြင့် သူတို့လာရင် အရောင်းမန်နေဂျာတွေက သူတို့ အကြိုက်ကိုမေးပြီး ဧည့်ဝတ်ကျေအောင် ဧည့်ခံကြပါတယ်။ ဒီတစ်ခါ လာတဲ့ အင်ဂျင်နီယာကတော့ သဘာဝ ချစ်သူ တစ်ယောက် လို့ ပြောပါတယ်။ အဲဒီတော့ စင်ကာပူက အရောင်းမန်နေဂျာတွေ ခေါင်းခြောက်ရပါတော့တယ်။ ဘူကစ်တီးမား တောထဲပဲ လိုက်ပို့ရမလို မရှိမဲ့ရှိမဲ့ သစ်ပင်ကလေးတွေပဲ လိုက်ပြရမလိုနဲ့ ကြံရာမရ ဖြစ်ကုန်ပါတယ်။ နောက်ဆုံးမှာတော့ ကံကောင်း ထောက်မစွာနဲ့ သူ့ရဲ့ အခြား ဝါသနာတစ်ခုကို သိလိုက်ရပါတယ်။ အဲဒါကတော့ ငါးမျှားတာပါ။ ကျွန်တော်နဲ့ သူ ကော်လိုရာဒိုမှာ ဆုံတုန်းက သူက ပြောပြဖူးပါတယ်။ သူတို့ ကော်လိုရာဒိုမှာ ဆိုရင် ရေခဲတွေကို လွန်နဲ့ဖောက်ပြီး အထဲက ငါးကို မျှားကြတာ ပျော်စရာ အလွန်ကောင်းတယ် ဆိုတဲ့ အကြောင်းပါ။

အဲဒီလိုနဲ့ အရောင်းမန်နေဂျာက သူ့ကို စနေ တနင်္ဂနွေ ပိတ်ရက်မှာ ငါးသွားမျှားဖို့ ဆိုပြီး ချိန်းပါတယ်။ စနေနေ့ နေ့လည်ကျရင် ဟိုတယ်မှာ လာခေါ်ပြီး ငါးသွားမျှားကြမယ်ပေါ့။ အမေရိကန်ကတော့ သူ့ကို နေ့လည် လာခေါ်မယ် ဆိုတော့ နည်းနည်း အံ့အားသင့် သွားပါတယ်။ သူက ဘာလို့ မနက်ခင်းမသွားတာလဲ။ မနက်ခင်းက သွားပြီး ငါးမျှားမယ် ဆိုရင် အေးအေးဆေးဆေး တနေကုန် မျှားရတာပေါ့။ မဟုတ်ဘူးလား။ လို့ မေးပါတယ်။ အဲဒီတော့ အရောင်းမန်နေဂျာက သူတို့ငါးသွားမျှားမယ့်ကန်မှာ ၁၂ နာရီလောက်မှ ငါးကို ကန်ထဲလွှတ်တာမို့ ၂ နာရီလောက် မျှားရင် အကောင်းဆုံးပဲ လို့ ဆိုပါတယ်။ အမေရိကန် ခမျာမှာတော့ အော် မင်းတို့ စင်ကာပူမှာ ငါးကို မျှားဖို့ ကန်ထဲအရင်လွှတ်ရတယ်လား ဆိုပြီး အတော်လေး အံအားသင့် သွားရ ရှာပါတော့တယ်။

Sunday, December 21, 2008

သူတို့တွေ နားမလည်တဲ့ ဘာသာစကား

တစ်ခါက ဟော်လန်မှာ ကျွန်တော့်မိတ်ဆွေ ဒတ်ခ်ျအင်ဂျင်နီယာက သူ့အိမ်ကို အလည်ခေါ်လို့ လိုက်သွားပါတယ်။ အဲဒီရောက်တော့ ကျွန်တော့်မိတ်ဆွေ နဲ့ သူ့ဇနီးက ကျွန်တော်နဲ့ အင်္ဂလိပ်လိုပဲ ပြောကြပါတယ်။ အဲဒီတော့ သူတို့ရဲ့ ၄ နှစ်အရွယ် သမီးကလေးက “ဒက်ဒီနဲ့ မာမီတို့ ဘာလို့ အင်္ဂလိပ်လို ပြောကြတာလဲ” လို့ သူ့အဖေနဲ့ အမေကို မေးပါတယ်။ ကျွန်တော့်မိတ်ဆွေက “ လူတစ်ယောက် ရှေ့မှာ သူနားမလည်တဲ့ ဘာသာနဲ့ စကားပြောတာ ယဉ်ကျေးတဲ့ အပြုအမူ မဟုတ်ဘူး။ ” လို့ သူ့သမီးကို ပြောပါတယ်။ အဲဒီတော့ ကောင်မလေးက “သူမှ အင်္ဂလိပ်လို နားမလည်တာ။ အဲဒီတော့ သူ့ရှေ့မှာ အင်္ဂလိပ်လို ပြောတာ ယဉ်ကျေးတဲ့ အပြုအမူ ဘယ်ဟုတ်မလဲ။ ” ဆိုပြီး ပြန်ပြောတော့ သူ့အဖေမှာ ဘာပြောရမှန်း မသိအောင် ဖြစ်သွားပါတယ်။

လူတစ်ယောက်ရဲ့ ရှေ့မှာ သူနားမလည်တဲ့ ဘာသာစကားနဲ့ ပြောတာ ရိုင်းတယ် လို့ ကျောင်းက သင်ပေးလိုက်ပါတယ်။ ဒါပေမယ့် အဲဒီထုံးစံကို တကယ် လိုက်နာကြသလား ဆိုတော့ ကျွန်တော် အခုထက်ထိ ကြုံဖူးသမျှတော့ အတော်များများ မလိုက်နာ ကြပါဘူး။

ကျွန်တော် အရင်က အလုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီတစ်ခုမှာ အားလုံးက တရုတ်လိုပဲ ပြောကြပါတယ်။ တရုတ်စာ မတတ်တဲ့ အမြဲတမ်း ဝန်ထမ်းဆိုတာ ကျွန်တော် အပါအဝင် ၅ ယောက် မပြည့်ပါဘူး။ အစည်းအဝေးတွေမှာ ကျွန်တော်ပါ ဝင်ထိုင်မှ "Channel 5 please" ဆိုပြီး အချင်းချင်း သတိပေးပြီး အင်္ဂလိပ်လို ပြောကြပါတယ်။ စင်ကာပူမှာ ချန်နယ် 5 ဆိုတာ အင်္ဂလိပ်ဘာသာနဲ့ လွှင့်တဲ့ ရုပ်မြင်သံကြား ချန်နယ် ကို ခေါ်တာပါ။ ချန်နယ် 5 ကို ပြောင်းခိုင်းတယ် ဆိုတာ အင်္ဂလိပ်လို ပြောဖို့ သတိပေးတာပါ။ ဒါပေမယ့် အစည်းအဝေးထဲမှာ အခြေအတင် ဆွေးနွေးစရာရှိရင် သူတို့ အချင်းချင်း တရုတ်လို ပြောကြပါတယ်။

ကျွန်တော့်အတွက်တော့ သိပ်ပြသနာမရှိပါဘူး။ တရုတ်စကားကို လုံးစေ့ပတ်စေ့ မဟုတ်ပေမယ့် သူတို့ ဘာပြောချင်သလဲ ဆိုတာလောက်တော့ ကျွန်တော် နားလည်ပါတယ်။ သူတို့တောင် ကျွန်တော့်ရှေ့ အချင်းချင်း တရုတ်လို ပြောကြသေးတာ ကျွန်တော်လည်း ကိုယ့်အလှည့် ရောက်လာရင် ဂရုမစိုက်ပါဘူး။ ကျွန်တော်တို့ ကုမ္ပဏီမှာ ကန်ထရိုက်နဲ့ လုပ်တဲ့ Technician မြန်မာ ၁၅ ယောက်လောက်ရှိပါတယ်။ ကျွန်တော် ကိုယ်တိုင် မန်နေဂျာတွေ ရှေ့မှာ မြန်မာတွေနဲ့ စကားပြောရင် မြန်မာလိုပဲ ပြောပါတယ်။ မြန်မာ အချင်းချင်းထဲမှာ မန်နေဂျာတွေ Supervisor တွေကို မြန်မာလို နာမည် မျိုးစုံ ပေးထားကြပါတယ်။ ဂျာလေး၊ ဂျာကြီး၊ သွားခေါမ ယောက်ျား၊ ခွေးဘီလူး၊ ဂျပု စသည်ဖြင့် အစုံခေါ်ကြပါတယ်။ အဲဒီတော့ သူတို့ရှေ့မှာ သူတို့ အကြောင်း ပြောရင်တောင် ဘယ်သူ့ကို ပြောသလဲ ဆိုတာ ကျွန်တော်တို့ အချင်းချင်းပဲ သိကြပါတယ်။

ဒါပေမယ့် ဒတ်ခ်ျအင်ဂျင်နီယာတွေနဲ့ ဆိုရင်တော့ ကျွန်တော်တို့ အချင်းချင်း ညီညွတ် ကြပါတယ်။ ဒတ်ခ်ျအင်ဂျင်နီယာတွေ ကလည်း သူတို့အချင်းချင်း ကျွန်တော်တို့ရှေ့မှာ ပြောရင် အင်္ဂလိပ်လို မပြောကြပါဘူး။ ဒတ်ခ်ျဘာသာစကားနဲ့ပဲ ပြောကြပါတယ်။ အဲဒီတော့ ကျွန်တော်အပါအဝင် ကျွန်တော်တို့အဖွဲ့က သူတို့နဲ့ တွေ့ရင် အချင်းချင်း တရုတ်လိုပဲ ပြောကြပါတယ်။ ကျွန်တော် တရုတ်စကား ကောင်းကောင်း မတတ်ပေမယ့် ဖျစ်ညှစ်ပြီး ပြောရင်တော့ ဆိုလိုတဲ့ အဓိပ္ပါယ် ရောက်အောင် ပြောနိုင်ပါတယ်။

အဲဒီလို ကိုယ့်ဘာသာစကားကို ဘယ်နေရာရောက်ရောက် ပြောကြတဲ့ နေရာမှာ ဂျပန်တွေ အဆိုးဆုံးလို့ ထင်ပါတယ်။ ဂျပန်တွေ အချင်းချင်း အခြားဘာသာစကားနဲ့ ပြောတာ ရှားပါတယ်။ ဂျပန်အချင်းချင်း အင်္ဂလိပ်လို ပြောကြတာဆိုလို့ အမေရိကန်မှာပဲ ကျွန်တော် ကြုံဖူးပါတယ်။ တစ်ခြားနေရာမှာ ဘယ်နေရာမှ မတွေ့ဖူးပါဘူး။

ဂျာမနီမှာ ဆိုလည်း မထူးပါဘူး။ အစည်းအဝေးထဲ ဝင်ထိုင်ရင် သူတို့ အချင်းချင်းက ဂျာမန်လိုပဲ ပြောကြတာပါ။ ကျွန်တော်တို့က ပါးစပ်အဟောင်းသားနဲ့ ဘေးကထိုင်ပြီး နားထောင်နေရုံပါပဲ။ ကျွန်တော်တို့ကို မေးစရာ ကိစ္စရှိမှသာ အင်္ဂလိပ်လို လှမ်းပြီး မေးပါတယ်။ ကျွန်တော်တင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကုမ္ပဏီက ရာထူးအတော်ကြီးတဲ့ မန်နေဂျာတစ်ယောက် ကိုယ်တိုင်လည်း အဲဒီလို ကြုံခဲ့ရကြောင်း ကျွန်တော့်ကို ပြန်ပြောပြဖူးပါတယ်။ ဒေါ်လာ သန်းကျော်တန်တဲ့ ပရော့ဂျက်တစ်ခု အတွက် သူ့ကို အစည်းအဝေးခေါ်လို့ သွားတဲ့ အချိန် ကြုံရတာပါ။ သူကတော့ ပြတ်ပါတယ်။ ဂျာမန်က ဌာနေကိုယ်စားလှယ်ကို “မင်းတို့ အစည်းအဝေး ခေါ်လို့ ငါလာတယ်။ မင်းတို့ ငါ့ရှေ့မှာ ဂျာမန်လိုပဲ ပြောကြတယ်။ အဲဒီတော့ အင်္ဂလိပ်လို ပြောတဲ့ အထဲက ငါနားလည်သလောက် Project Specification အနေနဲ့ ငါရေးထားတယ်။ ကျန်တာတော့ ငါလည်း မသိဘူး။ မင်းတို့ မကျေနပ်ရင် ကိုယ့်ဘာသာကိုယ် ထပ်ဖြည့်ရေး။ ” ဆိုပြီး ပြောခဲ့ပါတယ်တဲ့။

ကျွန်တော်နဲ့ အတူတူ အလုပ်လုပ်ခဲ့တဲ့ မြန်မာ အစ်ကိုကြီးတွေက သူတို့ ကြုံဖူးတဲ့ ရယ်စရာတွေ ပြောပြဖူးပါတယ်။ တစ်ခါက စင်ကာပူ ဆိပ်ကမ်းမှာ သင်္ဘောတစ်စီး လာကပ်ပါတယ်။ အဲဒီသင်္ဘောမှာ ရှိတဲ့ ထိန်းချုပ်ရေးခလုပ်ခုံ (Control Panel) တစ်ခု ပျက်နေလို့ ကမ်းပေါ်မှာ ရှိတဲ့ ကုမ္ပဏီကို လာပြင်ပေးဖို့ ခေါ်ပါတယ်။ ပထမနေ့က စင်ကာပူ တရုတ် အင်ဂျင်နီယာ တစ်ယောက်ကို ပြင်ဖို့ လွှတ်လိုက်ပါတယ်။ သူတစ်နေကုန် ကြိုးစားပေမယ့် ပြင်လို့ မရပါဘူး။ အဲဒါနဲ့ သူလက်လျှော့သွားပြီး ကုမ္ပဏီက မြန်မာ အင်ဂျင်နီယာ တစ်ယောက်ကို ပြင်ဖို့ လွှတ်လိုက်ပါတယ်။ မြန်မာ အင်ဂျင်နီယာ ပြင်လိုက်တာ သိပ်မကြာပါဘူး။ ကောင်းသွားပါတယ်။ ကုမ္ပဏီကတော့ မြန်မာ အင်ဂျင်နီယာကို အရမ်းတော်တယ် ဆိုပြီး သဘောကျ သွားပါတယ်။ မြန်မာ အင်ဂျင်နီယာကတော့ သူ့ရဲ့ လျှို့ဝှက်ချက်ကို အချင်းချင်း ပြန်ပြောပြပါတယ်။ “ အဲဒီ ခလုပ်ခုံမှာ တစ်ချို့ ဝိုင်ယာတွေက အလုပ်မလုပ်လို့ အရင် ပြင်သွားတဲ့ တစ်ယောက်က နေရာပြောင်း ချိတ်ထားတယ်ကွ။ အဲဒီတော့ Drawing ထဲက အတိုင်းကြည့်ရင် ဘယ်လိုမှ ပြင်လို့မရဘူး။ အဲဒီလို နေရာ ပြောင်းချိတ်ထားတယ် ဆိုတဲ့ အကြောင်းကို အပေါ်မှာ ခဲတံနဲ့ မြန်မာလို ရေးထားတယ်။ အဲဒီစာ ဖတ်လိုက်တာနဲ့ ဘယ်နေရာတွေ ကြိုးပြောင်း ချိတ်ထားတယ် ဆိုတာ ချက်ချင်းသိတော့ ပြင်လို့ရတာပေါ့။ တရုတ်ကတော့ မြန်မာစာမှ မဖတ်တတ်တာ ဘယ်သိမလဲ။” လို့ ဆိုပါတယ်။

နောက်တစ်ခါကလည်း Surveyor ကို သင်္ဘောပေါ်က မြန်မာတွေနဲ့ ကုန်းပေါ်က ကုမ္ပဏီက လာပြင်တဲ့ မြန်မာတွေ ပေါင်းပြီး ဘတ်ကီးရိုက် ကြပါတယ်။ ဖြစ်နေတဲ့ ပြသနာက သင်္ဘောမှာ ရှိတဲ့ အပေါ်ထပ်က ဒိုင်ခွက်နဲ့ အောက်ထပ်က ဒိုင်ခွက် နှစ်ခုက ဘယ်လိုချိန်ချိန် ဖတ်တဲ့ ဂဏန်းက အတူတူ ထွက်မလာပါဘူး။ လက်ခံနိုင်တဲ့ အတိုင်းအတာရဲ့ အပြင်ဖက်ကို နည်းနည်းလေးထွက်နေပါတယ်။ နောက်ဆုံး Surveyor တက်လာတဲ့ အချိန်အထိ ချိန်လို့ မရပါဘူး။ အဲဒီတော့ အပေါ်ထပ်နဲ့ အောက်ထပ် ဝေါ့ကီတော့ကီ နဲ့ မြန်မာလို ပြောပြီး ညှိကြပါတယ်။ Surveyor အပေါ်တက်သွားရင် အပေါ်ကလူက ဂဏန်းကို လှမ်းကြည့်ပြီး ဘား (Valve) အဖွင့်အပိတ် လုပ်တဲ့သူကို လှမ်းပြောတယ်။ ဘားဖွင့်တဲ့သူက လိုချင်တဲ့ ဂဏန်းအတိုင်း လိုက်လှည့်ပေးတယ်။ Surveyor အောင်ဆင်းသွားရင် အောက်ကလူက ဘားဖွင့်တဲ့သူကို ဂဏန်း လှမ်းပြောတယ်။ အဲဒီအခါ ဘားဖွင့်တဲ့သူက နောက်တစ်ခေါက် ထပ်လှည့်ပေးတယ်။ အဲဒီလိုနဲ့ Surveyor လည်း နှစ်ခါ သုံးခါလောက် အပေါ်တက် အောက်ဆင်းလုပ်ပြီးတော့ ကျေနပ်လို့ လက်ခံသွားပါတော့တယ်။

တစ်ခါတစ်လေတော့လည်း အင်္ဂလိပ်လို မတတ်မှ ပြသနာ ရှိတာ မဟုတ်ပါဘူး။ မြန်မာလို မတတ်ရင်လည်း ပြသနာရှိတာပဲ လို့တောင် ပြောရမလိုပါပဲ။

Friday, December 19, 2008

နိုင်ငံရပ်ခြား ဘာသာစကား

သင်္ဘောကျင်းမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်က ရယ်စရာ အဖြစ်အပျက်တစ်ခု ကို ပြန်ပြောပြဖူး ပါတယ်။ သူတို့ သင်္ဘောကျင်းမှာ အလုပ်လုပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်လူမျိုး တစ်ယောက် အကြောင်းပါ။ တစ်နေ့မှာ အဲဒီ ဘင်္ဂလားဒေ့ရှ်က သူ့ရဲ့ ပရိုဂျက်မှာ အလုပ်လုပ်နေတဲ့ အနောက်တိုင်းသား အင်ဂျင်နီယာကို "Can you speak English? " ဆိုပြီး မေးပါသတဲ့။ အနောက်တိုင်းသား အင်ဂျင်နီယာက "Yes" လို့ ဖြေတော့ သူက "My man No man today. " ဆိုပြီး ဆက်ပြောပါတယ်။ သူပြောချင်တာ ဒီနေ့ သူ့လူတွေမလာဘူးလို့ ပြောချင်တာပါ။ အဲဒါကို သူတတ်သလို ခြေတစ်ပေါင်ကျိုး အင်္ဂလိပ်စကားနဲ့ ပြောလိုက်တာ ဟိုအနောက်တိုင်းသားလည်း နောက်တော့ စဉ်းစားပြီး သူ ဘာကို ဆိုလိုချင်သလဲ သဘောပေါက်သွားပါတယ်။

ဘာသာစကားတစ်ခုကို သင်ယူတဲ့ အခါမှာ ပြောရဲဆိုရဲ ရှိရင် တတ်လွယ်ပေမယ့် မကျွမ်းကျင်သေးတဲ့ အချိန်မှာ ရယ်စရာတွေ ဖြစ်တတ်ပါတယ်။ ကျွန်တော်တို့ ကျောင်းတက်တုန်းက မြန်မာနိုင်ငံက တရုတ်လူမျိုး သူငယ်ချင်းတစ်ယောက် ရှိပါတယ်။ သူက တရုတ်စကားကို နားလည်ပေမယ့် ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ပါဘူး။ တစ်နေ့တော့ သူက သူတို့ အခန်းထဲက ပြည်ကြီး တရုတ်မကို တတ်သလောက် မှတ်သလောက် တရုတ်စကားနဲ့ ထွေရာလေးပါး သွားပြောပါတယ်။ တစ်နေရာကျတော့ ငါ့မှာ ညီလေးတစ်ယောက်ရှိတယ် ဆိုပြီး တရုတ်မ ကို ပြောလိုက်ပါတယ်။ အဲဒီစကားကို ကြားတော့ တရုတ်မ မျက်နှာကြီးနီရဲပြီး ထွက်သွားပါတယ်။ ဘေးမှာ ရှိနေတဲ့ အင်ဒိုနီးရှား တရုတ်ကတော့ ဟက်ဟက်ပက်ပက် ရယ်ပါတယ်။ အဲဒါကို သူက သဘောမပေါက်ဘဲ ဘာရယ်တာလဲ မေးတော့မှ အင်ဒိုနီးရှား တရုတ်က မင်းပြောလိုက်တဲ့ စကားရဲ့ အဓိပ္ပါယ်က ငါ့မှာ ဝှေးစေ့တစ်လုံးပဲ ရှိတယ် ဆိုတဲ့ အဓိပ္ပါယ် ပေါက်သွားလို့ ကောင်မလေးက ရှက်သွားတာ လို့ ပြန်ရှင်းပြပါတယ်။

ကျွန်တော်တို့ ကျောင်းတက်နေစဉ်အခါက အချိန်ပိုင်း အလုပ်လုပ်ခဲ့တဲ့ ကိုရီးယား စားသောက်ဆိုင်မှာ မြန်မာစားပွဲထိုးတွေ အတော်များများရှိပါတယ်။ မြန်မာစားပွဲထိုးတွေ များတဲ့ အတွက် ဆိုင်က အခြားနိုင်ငံသား စားပွဲထိုး တော်တော်များများ မြန်မာစကားကို ပေါက်တတ်ကရ ပြောတတ်ကြပါတယ်။ ကျွန်တော် အလုပ်လုပ်ခဲ့တဲ့ ဆိုင်မှာ ဆိုရင် စားပွဲထိုးထဲမှာ မြန်မာ ယောက်ျားလေး ၇ ယောက်ရှိပြီး မလေးတရုတ် ယောက်ျားလေး တစ်ယောက်ရှိပါတယ်။ အဲဒီတရုတ်က ပေါက်တတ်ကရတွေ သင်ပြီးရင် ကျွန်တော်တို့ကို မြန်မာလို ပြန်ပြန် နှိပ်တတ်ပါတယ်။ တစ်ခါကတော့ သူက ကျွန်တော်တို့ကို "My Son" ကို မြန်မာလို ဘယ်လို ခေါ်သလဲ မေးတော့ ကျွန်တော်တို့က သူ့ကို အဖေ လို့ ခေါ်တယ် ဆိုပြီး သင်ပေးလိုက်ပါတယ်။ သူဘာရည်ရွယ်ချက်နဲ့ ဒီစကားကို လာသင်တယ် ဆိုတာ သိလို့ပါ။ အဲဒီနောက်ပိုင်းက စပြီး အဲဒီတရုတ်က ဆိုင်မှာ ကျွန်တော်တို့ အားလုံးကို အဖေ လို့ပဲ ခေါ်ပါတော့တယ်။

တစ်နေ့မှာ ကျွန်တော်တို့ ဆိုင်ကို အခြားဆိုင်ခွဲက မန်နေဂျာမ တရုတ်မ တစ်ယောက် ပြောင်းလာပါတယ်။ ကျွန်တော်တို့နဲ့ ထမင်းစားချိန် စကားပြောတော့ သူက အရင် အလုပ်လုပ်ခဲ့တဲ့ ဆိုင်ခွဲမှာ မြန်မာတွေ အများကြီး ရှိကြောင်း ၊ သူ မြန်မာစကားတွေလည်း သင်ထားကြောင်း ပြောပါတယ်။ နောက် ကျွန်တော်တို့ ထမင်းစားနေတဲ့ အချိန်မှာ "ငါ့မှာ အမွှေးတွေ အများကြီး ရှိတယ်။" ဆိုပြီး ရုတ်တရက် မြန်မာလို ပြောချလိုက်တာ ကျွန်တော်တို့ တတွေ ထမင်းသီးအောင် ရယ်မိကြပါတယ်။ ဘာအဓိပ္ပါယ်နဲ့ သင်ပေးပြီး ဟိုကောင်တွေ ချောက်ချလိုက် သလဲတော့ မသိပါဘူး။

အဲဒီလို သူများကို ချောက်ချတဲ့ နေရာမှာတော့ ကျွန်တော်တို့ မြန်မာတွေ သာမက ပါဘူး။ အခြားနိုင်ငံသား တွေလည်း လုပ်တတ်ပါတယ်။ တစ်ခါက ကျွန်တော့်ရုံးက ဒတ်ခ်ျ အင်ဂျင်နီယာတွေ ဂျာမနီမှာ စက်ပြပွဲအတွက် သွားကြပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီရဲ့ စက်ပြခန်းနဲ့ မျက်နှာချင်းဆိုင်မှာ အခြားကုမ္ပဏီတစ်ခု က အချိန်ပိုင်းနဲ့ ငှားထားတဲ့ ဂျာမန်မ ချောချောကလေး တစ်ယောက် ရှိပါတယ်။ အဲဒါကို သူတို့ထဲက တစ်ယောက်က အဲဒီပြခန်းကို သွားလည်ပြီး ဂျာမန်မကို သွားပွားပါတယ်။ ဂျာမန်စကားနဲ့ ဒတ်ခ်ျစကားက အချို့နေရာ တွေမှာတော့ ဆင်တူတယ်လို့ ပြောကြပါတယ်။ အဲဒီမှာ ဂျာမန်မက ကျွန်တော့်ရုံးက အင်ဂျင်နီယာကို ဒတ်ခ်ျစကား တစ်လုံးလောက် သင်ပေးပါ ဆိုပြီး နားပူပါတယ်။ အဲဒါကို ဟိုအင်ဂျင်နီယာက မင်းကို လွယ်တာ သင်ပေးခဲ့မယ်။ ငါမီးဖိုချောင်ထဲမှာ Eating လုပ်တယ် ဆိုတာကို ဒတ်ခ်ျလို ဒီလိုပြောရတယ် ဆိုပြီး သင်ပေးခဲ့ပါတယ်။ အဲဒီဂျာမန်မလည်း သူဒတ်ခ်ျစကား တစ်လုံးတတ်တယ်ဆိုပြီး ပြပွဲလာတဲ့ ဧည့်သည်တွေထဲက ဒတ်ခ်ျလူမျိုးတွေ့တာနဲ့ အဲဒီစကားကို ပြောပါတယ်။ ဒတ်ခ်ျတွေက အဲဒီစကားကို ကြားရင် ရယ်ကြပါတယ်။ လူတိုင်းက အဲဒီလို ဟားကြတော့ ကြာတော့ မသင်္ကာတော့ ပါဘူး။ ကျွန်တော့်ရုံးက အင်ဂျင်နီယာတွေ အကုန်လုံးကလည်း စပ်ဖြဲဖြဲ မျက်နှာတွေနဲ့ ဖြစ်နေကြတာကိုး။ အဲဒါနဲ့ နောက်ကျတော့မှ သူလိုက်စုံစမ်းပြီး သဘောပေါက်သွားတော့ အကြီးအကျယ် စိတ်ဆိုးပါတော့တယ်။ ကျွန်တော်တို့ ရုံးက အင်ဂျင်နီယာ သူ့ကို သင်ပေးခဲ့တဲ့ စကားက ငါမီးဖိုချောင်ထဲမှာ F*** လုပ်တယ် ဆိုတဲ့ အဓိပ္ပါယ် ပေါက်တယ် ဆိုတာကို သိသွားလို့ပါ။

Thursday, December 18, 2008

အုတ်စ်ဟောက်ကျေးရွာ (ဒီဇင်ဘာ ၂၀၀၆)

၂၀၀၆ ခုနှစ်က အခုလို ဒီဇင်ဘာအချိန်မှာ ကျွန်တော် ဟော်လန်နိုင်ငံကို ရောက်နေခဲ့ပါတယ်။ ဟော်လန်ကို ရောက်နေခဲ့တယ် ဆိုပေမယ့် ဟော်လန်မှာ အမြဲတမ်း နေဖြစ်တာတော့ မဟုတ်ပါဘူး။ အလုပ်လုပ်တဲ့ ရက်တွေမှာ တစ်ခြားနေရာတွေကို ရောက်နေလေ့ရှိပြီး စနေ တနင်္ဂနွေလို အားလပ်ရက်တွေမှာ အုတ်စ်ဟောက် (Oosterhout) ကျေးရွာကလေးမှာ နေဖြစ်ပါတယ်။ အဲဒီတုန်းက ရိုက်လာခဲ့တဲ့ ဓာတ်ပုံတွေနဲ့ ဗွီဒီယိုတွေကို အမှတ်တရအနေနဲ့ ပြန်တင်လိုက်တာပါ။

ကျွန်တော် တည်းခိုတဲ့ အင်း(Inn) ရဲ့ ရှေ့တည့်တည့်မှာ ခရစ်ယာန် ဘုရားရှိခိုးကျောင်း တစ်ခု ရှိပါတယ်။


အပေါ်က ဓာတ်ပုံကတော့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို ကျွန်တော် တည်းခိုခဲ့တဲ့ ဟိုတယ်ဘက်က မဟုတ်ဘဲ အခြားတစ်ဖက်က ရိုက်ထားတဲ့ ပုံပါ။ စနေနေ့ဆိုရင် အဲဒီ ဘုရားကျောင်းရဲ့ ရှေ့က မြေကွက်လပ်မှာ ဈေးပွဲလေး တစ်ခု ရှိပါတယ်။ အနီးအနား ပတ်ဝန်းကျင် နေရာတွေကနေပြီး ကားတွေ ကာရာဗင်တွေနဲ့ ဈေးလာရောင်း ကြတာပါ။ အသီးအရွက်တွေ စားစရာတွေ အသားငါးတွေ အစုံပါပဲ။


အဲဒီ ဈေးပွဲကလေးကို ရိုက်ထားတဲ့ ပုံပါ။ အဲဒီဈေးပွဲကလေး ရဲ့ အနီးမှာ Wok စားသောက်ဆိုင် လို့ ခေါ်တဲ့ တရုတ်အစားအစာ ရောင်းတဲ့ ဘူဖေးစားသောက်ဆိုင် တစ်ဆိုင် ရှိပါတယ်။ ညနေပိုင်းမှ ဖွင့်တယ်လို့ ထင်ပါတယ်။ Wok စားသောက်ဆိုင်လို့ ခေါ်ရတာက အဲဒီမှာ ကိုယ်ကြိုက်တဲ့ အသားငါး အသီးအရွက်ကို ရွေးယူပြီး ဘူဖေးကောင်တာ နောက်မှာ အသင့်စောင့်နေတဲ့ စားဖိုမှူးတွေကို ကိုယ်စားချင်တဲ့ ဟင်းပုံစံ ပြောပြီး ပေးလိုက်ရင် သူတို့က အဲဒီပုံစံအတိုင်း Wok ထဲမှာ ထည့်ပြီး ချက်ပေးပါတယ်။ ဥပမာ ဇီချွမ်စတိုင် လို ပူပူစပ်စပ်လား၊ သာမန် ချိုချဉ်အရသာလား စသည်ဖြင့် သူတို့ ရှိတဲ့ စာရင်းထဲက ပုံစံ တစ်မျိုးမျိုးကို ရွေးပေးလို့ရပါတယ်။ ခေါက်ဆွဲကြော်လို ဆူရှီလို ချက်ပြီးသား အစားအစာတွေလည်း ရနိုင်ပါတယ်။ တစ်ယောက်စာကို ၁၈ ယူရိုလောက် ပေးရပါတယ်။

တရုတ်စားသောက်ဆိုင်ကနေ ညာဘက်ကို ဆက်သွားမယ် ဆိုရင်တော့ လူနေအိမ်တွေပဲ ရှိပါတော့တယ်။

ဒါကတော့ အဲဒီအနားမှာ ခန့်ခန့်ကြီးနဲ့ စန့်စန့်ကြီး ထိုင်နေတဲ့ ခွေးကို သဘောကျလို့ ရိုက်လာတဲ့ပုံပါ။

အဲဒီကနေ ဆက်သွားရင် တွေ့ရတဲ့ လူနေအိမ်တွေပါ။ အရှေ့ကို ဆက်သွားရင် ကြည့်စရာ မရှိတော့ပါဘူး။ နောက်ကိုပြန်လှည့်ရင်တော့ ဈေးပွဲကလေးထဲကို ပြန်ရောက်ပါတယ်။ အဲဒီအချိန်က ခရစ်စမတ်စ် နီးနေတဲ့ အချိန်ဖြစ်လို့ ဈေးပွဲကလေးထဲမှာ လမ်းဘေး တီးဝိုင်းတစ်ဝိုင်းက ခရစ်စမတ်စ် သီချင်းတွေ သီဆိုပြီး အလှူခံ နေပါတယ်။ အမှတ်တရ ဖြစ်အောင် သူတို့ တီးမှုတ်နေတဲ့ သီချင်း နှစ်ပုဒ်ကို အပြည့်မဟုတ်ပေမယ့် တစ်စိတ်တစ်ပိုင်း ဒစ်ဂျစ်တယ် ကင်မရာနဲ့ ဗွီဒီယိုရိုက်ခဲ့ပါတယ်။






ဈေးပွဲကလေးရဲ့ အဆုံးလောက်မှာ အင်ဒိုနီးရှား စားသောက်ဆိုင်ကလေး တစ်ဆိုင်ရှိပါတယ်။ အင်ဒိုနီးရှား စားသောက်ဆိုင်ကတော့ ဟော်လန်မှာ နေရာတကာမှာ ရှိတယ်လို့ ပြောကြပါတယ်။ ရှေ့ကို ဆက်ပြီး သွားရင်တော့ ဈေးပွဲကလေးလို ပျံကျဈေးသည်တွေ မဟုတ်ပဲ အမြဲတမ်း ဆိုင်ခန်းတွေနဲ့ ရောင်းတဲ့ ဈေးတစ်ဈေး ရှိပါတယ်။ အဝတ်အထည်ဆိုင်၊ ကစားစရာဆိုင်၊ စာအုပ်ဆိုင် စတဲ့ ဆိုင်ကလေးတွေ အများအပြားရှိတဲ့ အပြင် မောလ်(Mall) တစ်ခုလည်း ရှိပါတယ်။ အဲဒီမောလ်မှာ ကျွန်တော် နေ့လည်စာ စားလေ့ရှိပါတယ်။

အဲဒီမောလ် ထဲမှာ ရှိတဲ့ဆိုင်ကတော့ Fast Food ရောင်းတဲ့ ဆိုင်ပါ။ အာလူးကြော် ကော်ဖီလို အစားအသောက်မျိုးကို ကောင်တာမှာ မှာရပြီး အသားလိပ်လိုလို ကော်ပြန့်လိပ်လိုလို ဘာခေါ်မှန်း မသိတဲ့ အစားအသောက်တွေကို တော့ အကြွေစေ့ ထည့်ပြီး မှန်ပုံးထဲက ဖွင့်ယူရပါတယ်။ ပုံမှန်အားဖြင့် နေ့လည်စာအတွက် ၈ ယူရို ဝန်းကျင်လောက် ကုန်လေ့ရှိပါတယ်။

ဈေးနေရာ ဆုံးသွားတော့ အမြင်ဆန်းတဲ့ မြင်းလှည်းတစ်စီးကို တွေ့ရပါတယ်။ အဲဒီဈေးကလေးကို ကျော်သွားရင်တော့ ဟိုဖက်မှာ ကျောက်ခင်းလမ်းကလေး တစ်ခု ရှိပါတယ်။


အပေါ်ကပုံကတော့ ကျောက်ခင်းလမ်းကလေး ပေါ်ကနေ ဈေးရဲ့ အဝင်ဝလမ်းကို ပြန်ရိုက်ထားတဲ့ ပုံပါ။


လမ်းရဲ့ ညာဘက် အခြမ်းမှာ ကျောက်ရုပ်တွေ ရှိတဲ့ ပန်းခြံလို နေရာကလေးတစ်ခု ရှိပါတယ်။

ကျောက်ခင်းလမ်း ကလေးရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ သစ်ပင်ကြီးတွေ ရှိပါတယ်။


ဆောင်းရာသီမို့ သစ်ပင်တွေက အရွက်တွေ လမ်းမပေါ်ကို ကြွေကျနေပါတယ်။ လမ်းကလေး ရဲ့ ဘေးတစ်ဘက် တစ်ချက်မှာ ရေကန်ကလေး တစ်ကန်စီရှိပြီး ဘဲတွေက ဟိုဘက်ရေကန်ကနေ ဒီဘက်ရေကန်ကို လမ်းကို ဖြတ်ပြီး ပျံသန်းကာ ကူးလေ့ရှိပါတယ်။

Wednesday, December 17, 2008

ပုံစံဖြည့် မှားတဲ့ အကြောင်းများ

ကျွန်တော် ရန်ကုန်ကနေ စင်ကာပူကို ကျောင်းတက်ဖို့ ပထမဦးဆုံး အကြိမ်လာတော့ လေယာဉ်ပျံပေါ်မှာ အခြားသူတွေ နည်းတူ White Card ဖြည့်ရပါတယ်။ ဒါပေမယ့် ကျွန်တော် ကွက်လပ်တစ်ခု ကို ဘယ်လို ဖြည့်ရမလဲ ဆိုတာကို စဉ်းစားလို့ မရပါဘူး။ စင်ကာပူမှာ ဘယ်နှစ်ရက်နေမှာလဲ မေးထားတဲ့ ကွက်လပ်ပါ။ ကျွန်တော် စဉ်းစားတာက ငါ စင်ကာပူမှာ ၃ နှစ်ကျောင်းတက်ရမှာ ။ ၃ နှစ်ကို ရက်နဲ့တွက်ရင် ရက်ပေါင်း ၁၀၀၀ ကျော်ရှိတယ်။ ပေးထားတဲ့ အကွက်က ၂ ကွက်တည်း။ ၁၀၀၀ ကို ၂ ကွက်နဲ့ ဖြည့်လို့ မရလို့ မဖြည့်ဘဲ ထားလိုက်ပါတယ်။ လူဝင်မှုကြီးကြပ်ရေး ဂိတ်ကို ရောက်တော့ အဲဒီက အရာရှိ အမျိုးသမီးက ဘယ်နှစ်ရက် နေမှာလဲ မေးတော့ SIR Letter (အဲဒီတုန်းက ICA ကို Singapore Immigration and Registration လို့ ခေါ်ပါတယ်။) ကို ပြပြီး ၃ နှစ် လို့ ပြန်ပြောလိုက်ပါတယ်။ အဲဒီတော့မှ အရာရှိ အမျိုးသမီးက SIR ကို သွား ၊ ပြီးမှ Student pass သွားပြောင်းချည် လို့ ပြောပြီး ၁၄ ရက် နေထိုင်ခွင့် ရေးပေးလိုက်ပါတယ်။

ICA နဲ့ ပတ်သက်ရင် တစ်ချို့လူတွေက ဖောင်အဖြည့်မှားမှာကို ကြောက်ကြပါတယ်။ ကျွန်တော့်သူငယ်ချင်း တစ်ယောက်ကတော့ ကျောင်းပြီးခါစက ပီအာရ် လျှောက်တဲ့ ပုံစံမှာ တလွဲတွေ ဖြည့်ပေးလိုက်ပါတယ်။ သူ ပြန်ပြောပြတာက မိဘတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာမှာ Present Whereabout ဆိုပြီး အခုဘယ်မှာ ရှိနေသလဲ ဆိုတာ ဖြည့်ရတဲ့ အကွက်တစ်ခု ရှိပါတယ်။ ဘယ်နိုင်ငံမှာ ရှိသလဲ ဆိုတာကို မေးတာပါ။ အဲဒါကို သူက Alive လို့ ဖြည့်ပေးလိုက်တယ် လို့ ဆိုပါတယ်။ ဘာအဓိပ္ပါယ်လည်း မေးတော့ မသေသေးဘူး လို့ ဆိုလိုချင်တာ လို့ ပြောပါတယ်။ ဒါ့အပြင် Occupation ဆိုတဲ့ နေရာမှာလည်း Diploma လို့ ဖြည့်ပေးလိုက်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ICA က အရာရှိတွေက သဘောပေါက်တယ် ထင်ပါတယ်။ ဘာမှ သိပ်မရစ်ဘဲ ပီအာရ် ချပေးလိုက်ပါတယ်။

ကျွန်တော်တို့ ကျောင်းက ကျောင်းသား ၂ ယောက် ပြန်ပြောပြဖူးတာကိုလည်း သတိရမိပါသေးတယ်။ စင်ကာပူကို လှမ်းပြီး ကျောင်းလျှောက်တုန်းက ဖြစ်တဲ့ အဖြစ်ပါ။ ကျောင်းက လျှောက်လွှာရဲ့ နောက်ဆုံး အပိုင်းမှာ ပြစ်မှု ကျူးလွန်ဖူးလား၊ တရားစွဲ ခံရဖူးလား၊ မသန်မစွမ်း တာတွေ ရှိသလား၊ ရောဂါတွေ ရှိသလား ဆိုပြီး Yes/No နဲ့ မေးထားတဲ့ မေးခွန်းတွေ ရှိပါတယ်။ အဲဒါကို အဲဒီ ၂ ယောက်စလုံးက Yes တွေချည်း ဖြည့်ထားတဲ့ အတွက် ကျောင်းက တစ်ခုခုတော့ မှားနေပြီဆိုပြီး သူတို့ကို အဲဒီဖောင် ကို ပြန်ပို့ပေးပြီး ပြန်ဖြေခိုင်းပါတယ်။ အဲဒီတော့မှ သူတို့လည်း No ပြန်ဖြေပြီး ကျောင်းကို ပြန်ပို့မှ ကျောင်းက လက်ခံလိုက်တယ် လို့ ဆိုပါတယ်။

ကျွန်တော့် သူငယ်ချင်း တစ်ယောက် ပြောပြဖူးတဲ့ ဟာသတစ်ခုကို ပြန်ပြီး သတိရမိ ပါသေးတယ်။ ရန်ကုန်က ကုမ္ပဏီတစ်ခုမှာ အလုပ်ခေါ်တဲ့ အချိန် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါ။ အဲဒီ ကုမ္ပဏီက အလုပ် လျှောက်လွှာမှာ မြန်မာလို မဖြည့်ရဘဲ အင်္ဂလိပ်လို ဖြည့်ရပါတယ်။ လျှောက်လွှာမှာ Sex ဆိုတဲ့ နေရာကို Male/Female ပေးမထားပဲ ကွက်လပ် အဖြစ် ချန်ထားပါတယ်။ အဲဒါကို အမျိုးသမီးတစ်ယောက်က Very Strong ဆိုပြီး ဖြည့်ထားလို့ အားလုံး ပွဲကျကုန်ပါတော့တယ်။

တခါတလေ ကျတော့လည်း ဖောင်ဖြည့်တဲ့ သူက မမှားဘဲ ဖောင်မှာကိုက တလွဲတွေ လုပ်ထားတာလည်း ရှိတတ်ပါတယ်။ ACE မှာ ကွန်ပြူတာ သင်တန်းတက်တော့ ဆရာ ဦးသိန်းဦး ပြောဖူးတဲ့ အကြောင်းပါ။ သူတို့ ရန်ကုန်တက္ကသိုလ်မှာ ကိစ္စတစ်ခုအတွက် ပုံစံဖြည့်တော့ အဲဒီပုံစံမှာ ဇနီး/ခင်ပွန်းများ ဆိုပြီး ဇယားကွက်ကြီးနဲ့ ပေးထားတယ် လို့ ဆိုပါတယ်။ အဲဒါတင်မကသေးဘူး။ သားသမီးများ ဆိုတဲ့ ဇယားကွက်မှာလည်း ဘေးမှာ မည်သူနှင့်ရသည် ဆိုပြီး ဖြည့်ဖို့ ကွက်လပ်တစ်ခု ပါသေးတယ်လို့ ဆိုပါတယ်။ ဆရာကတော့ ပုံစံထုတ်တဲ့သူက လူတိုင်းကို သူ့လိုများ မှတ်နေလား မသိဘူး ဆိုပြီး ရယ်စရာ အဖြစ်နဲ့ ပြန်ပြောပြတာပါ။

ကျွန်တော် ကိုယ်တိုင် ကြုံဖူးတဲ့ ဖောင်တွေထဲမှာတော့ အမေရိကန် ဗီဇာက အပိုဖြည့်ရတဲ့ ဖောင်တစ်ခုက အတော်ကို ရယ်စရာ ကောင်းတယ်လို့ ထင်ပါတယ်။ အဲဒီဖောင်မှာ စစ်ရေးကိစ္စနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ဖြည့်ရပါတယ်။ စစ်မှုထမ်းဖူးသလား စစ်သင်တန်း တက်ဖူးသလား ဆိုတဲ့ မေးခွန်းကိုတော့ လက်ခံနိုင်စရာ ရှိပါသေးတယ်။ ဒါပေမယ့် အကြမ်းဖက်သမား အဖွဲ့အစည်းမှာ ပါဖူးသလား၊ ဓာတုလက်နက် ၊ ဇီဝလက်နက် ၊ နျူးကလီးယား လက်နက်နဲ့ ပတ်သက်တဲ့ သင်တန်းတွေ တက်ဖူးသလား မေးထားတာကတော့ အတော်ကို ရယ်စရာ ကောင်းတယ် ထင်ပါတယ်။ ဘယ် အကြမ်းဖက်သမားကများ အမှန်အတိုင်း ဖြည့်လိမ့်မယ်လို့ မျှော်လင့်ထားသလဲတော့ မသိပါဘူး။ ဒါပေမယ့် အမေရိကန်ဗီဇာ ဖောင်ကတော့ အခုထက်ထိ ဖြည့်ဖူးသမျှ ဖောင်တွေထဲမှာ အလွယ်ဆုံး ဖြည့်လို့ရတဲ့ ဖောင်တစ်ခု ဖြစ်တယ် ဆိုတာကိုတော့ သတိထားမိပါတယ်။

Tuesday, December 16, 2008

ငွေစင်ရော်တွေလို အတောင်ပံတွေပါရင်

ကျွန်တော် ရန်ကုန်မှ လွဲ၍ မည်သည့်နေရာ ဒေသ ရောက်ရောက် ကားစီးတိုင်း အမြဲတမ်း လုံခြုံရေးခါးပတ်ကို ပတ်ပြီး စီးလေ့ရှိသည်။ လုံခြုံရေးခါးပတ် ပတ်သင့်သည့် အကြောင်းနှင့် ပတ်သက်၍ ကျွန်တော့်တွင် သည်းထိတ်ရင်ဖို အတွေ့အကြုံတစ်ခု ရှိခဲ့ဖူး၍ ဖြစ်သည်။

တစ်ခါတုန်းက မလေးရှားနိုင်ငံ အီပိုး(Ipoh) မြို့တွင် ကျွန်တော်နှင့် ကျွန်တော့် ကုမ္ပဏီမှ မလေးရှားနိုင်ငံ နယ်မြေခံ အိန္ဒိယလူမျိုး အင်ဂျင်နီယာ ရာမက်ရှ်တို့ ယာဉ်ထိန်းရဲ အဖမ်းခံ ခဲ့ရသည်။ ထိုညက စက်ရုံမှ ဟိုတယ်သို့ ပြန်လာသည့် အချိန်မှာ မိုးချုပ်နေပြီ ဖြစ်သည်က တစ်ကြောင်း၊ စက်ရုံနှင့်ဟိုတယ်မှာ သိပ်မဝေး လှသည်က တစ်ကြောင်းကြောင့် ကားထဲတွင် ကျွန်တော်တို့ နှစ်ယောက်စလုံး လုံခြုံရေးခါးပတ် ပတ်မထားကြပါ။ ယာဉ်ထိန်းရဲက ကားကို တားပြီး စစ်သည့်အချိန်ကျမှ ကပျာကယာ ခါးပတ်ပတ် ကြသော်လည်း မမီလိုက်တော့ပေ။ ယာဉ်ထိန်းက “မင်းတို့ ခုနက ခါးပတ်ပတ် မထားဘူး။” ဟုပြောတော့ ရာမက်ရှ်က ယာဉ်ထိန်းရဲကို ရယ်ပြပြီး မလေးရှား ရင်းဂစ် တစ်ဆယ် ထုတ်ပေးသည်။ ယာဉ်ထိန်းရဲက နောက်ဆို ခါးပတ်ပတ်စီးကြ ပြောပြီး ပိုက်ဆံယူ၍ ပြန်သွားသည်။ “ဒီမှာ ဒါမျိုးလုပ်လို့ ရတယ်ကွ။ ” ဟု ရာမက်ရှ်က ကျွန်တော့်ကို ပြောပြီး ရယ်နေသည်။ ရာမက်ရှ်သည် အီပိုးတွင် နေထိုင်ပြီး အီပိုး၊ ပီနန် နှင့် ကွာလာလမ်ပူ ရှိ စက်ရုံများမှ ကျွန်တော်တို့ ရောင်းထားသော စက်များကို ပြင်ဆင်မှု တပ်ဆင်မှုတို့အတွက် တာဝန်ယူထားသူ ဖြစ်သည်။

နောက်တစ်နေ့တွင်တော့ ကျွန်တော်တို့ အလုပ်အားလုံးပြီးစီး၍ ပီနန်မှ တဆင့် စင်ကာပူသို့ လေယာဉ်စီးရန် ပြန်လာခဲ့သည်။ အီပိုးသည် ကွာလာလမ်ပူ မှ ပီနန်သို့ သွားသော အဝေးပြေးလမ်းပေါ်တွင် ရှိပြီး တစ်ချိန်က သတ္တုဖြင့် ကြွယ်ဝချမ်းသာ ခဲ့သောမြို့ ဖြစ်သည်။ အခုအခါတွင်လည်း စက်ရုံများဖြင့် စည်ကားဆဲ ဖြစ်သည်။ ပုံမှန်အားဖြင့် အီပိုးနှင့် ပီနန်သွားရာတွင် ရုံးမှ ပရိုက်ဗိတ် တက္ကစီ စီစဉ်ပေးလေ့ ရှိသော်လည်း ထိုနေ့က မပြန်ခင် ရသမျှ အချိန်ကလေးအတွင်း ပီနန်ရှိ စက်ရုံ ၂ ရုံကို ခဏမျှ ဝင်ကြည့်ကြရန် စီစဉ်ထား သဖြင့် ရာမက်ရှ်က သူ၏ မာစီဒီး အိုးမော်ဒယ်လ် ကားကြီးဖြင့် ကျွန်တော့်ကို ပီနန်လေဆိပ်သို့ လိုက်ပို့သည်။

အီပိုးမြို့ ပတ်ဝန်းကျင်တွင် တောင်ကုန်းများ အမြောက်အများ ရှိသဖြင့် အီပိုး မှ ပီနန်သို့ ပြန်သော အဝေးပြေး လမ်းမ နံဘေးတွင် အလွန် သာယာလှပသော ရှုခင်းများရှိသည်။ ထိုလမ်းတလျှောက်တွင် ခရီးသွားလျှင် လမ်းဘေးရှုခင်းများကို ကြည့်ရသည်ကို အလွန်သဘောကျ သဖြင့် ပုံမှန်အားဖြင့် ကားပေါ်တွင် အိပ်လေ့မရှိပေ။ သို့သော် ထိုနေ့ကတော့ စကား များများစားစား မပြောဖြစ်ကြပေ။ အဓိက အကြောင်းရင်းကတော့ ထိုအချိန်က နေ့စဉ်ရက်ဆက် အိပ်ရေးပျက် နေခဲ့သဖြင့် ကျွန်တော် အလွန်ပင် အိပ်ငိုက် နေသောကြောင့် ဖြစ်သည်။ အိပ်ရေးပျက်ရသော အကြောင်းမှာ အလုပ်ကြောင့်တော့ မဟုတ်ပါ။ Dan Brown ၏ Da Vinci Code ဝတ္ထု ကြောင့် ဖြစ်သည်။

ထိုအချိန်က နယူးယောက်တိုင်း အရောင်းရဆုံး စာအုပ်စာရင်းတွင် ဒါဗင်ချီကုတ်က ပထမဆုံး ဖြစ်နေသည်မှာ ၃ ၄ လမျှ ကြာပြီဖြစ်သည်။ ထို့ကြောင့် ဘာရေးထားသလဲ သိချင်သဖြင့် စင်ကာပူ ချန်ဂီလေဆိပ်မှ တိုင်းမ်စာအုပ်ဆိုင်တွင် ဒါဗင်ချီကုတ်ကို ဝင်၍ ဝယ်လာခဲ့သည်။ ဒါဗင်ချီကုတ်မှာ ရုပ်ရှင်ကသာ သိပ်မကောင်းသော်လည်း ဝတ္ထု အနေနှင့်တော့ အတော်ပင် ဆွဲဆောင်မှု ရှိသည့် စာအုပ်ဖြစ်သည်။ ကျွန်တော်အလုပ်က ပြန်လာတိုင်း ဟိုတယ် အခန်းထဲတွင် ဒါဗင်ချီကုတ်ကို ထိုင်ဖတ်နေသည်မှာ ညစဉ်ညတိုင်း ၂ နာရီ ၃ နာရီ ထိုးသည်အထိပင် ဖြစ်သည်။ ထို့ကြောင့် အီပိုးတွင် နေသည့် ၂ ညလုံးလုံး အိပ်ရေးပျက်ပြီး ထိုနေ့က အလွန်ပင် အိပ်ချင်နေခဲ့သည်။ ပို၍ ဆိုးသည်မှာ ကျွန်တော်တို့ ပြန်လာသောအချိန်မှာ ထမင်းစား ပြီးခါစ နေ့လည် ၂ နာရီခန့် ဖြစ်သဖြင့် ပို၍ အိပ်ကောင်းသည့် အချိန်ဖြစ်ပြီး အပြင်တွင်လည်း မိုးက တစိမ့်စိမ့် ရွာနေသည်။

အီပိုးက ထွက်ခါစက နှစ်ယောက်သား စကားပြော၍ ကောင်းနေသော်လည်း မကြာခင် ကျွန်တော် အိပ်ငိုက်လာသည်။ မာစီဒီးမှာ အိုးမော်ဒယ်လ် ဆိုသော်လည်း စီးရတာကတော့ အတော်ငြိမ့်သည်။ မကြာခင်ပင် ကျွန်တော် အိပ်ပျော် သွားတော့သည်။ သို့သော် မနေ့က ပူပူနွေးနွေး ရဲအဖမ်းခံ ထားရသဖြင့် ခါးပတ်တော့ ပတ်ထားမိသည်။

မည်မျှကြာအောင် အိပ်ပျော်သွားသည်ကိုပင် မသိလိုက်ပေ။ ရုတ်တရက် ဆွဲဆောင့်ပြီး လှုပ်လိုက်သလို ခံစားရ၍ လန့်နိုးလာတော့ ကျွန်တော် ပထမဆုံးသိလိုက်သည်မှာ ကားက လေထဲမြောက်နေပြီ ဆိုတာ ဖြစ်သည်။ အိပ်မောကျနေရာမှ လန့်နိုးလာချိန်တွင် အက်ဆီးဒင့် တစ်ခုနှင့် ကြုံကြိုက်နေရကြောင်း ရုတ်တရက် သိလိုက်သောအခါ ကြောက်ရွံ့ တုန်လှုပ်ခြင်းထက် အံသြခြင်းက ပိုနေသဖြင့် ဘာဖြစ်သွားတာလဲ ဆိုတာကိုပင် ရုတ်တရက် စဉ်းစား၍မရပါ။ ကျွန်တော် မှင်သက်နေတုန်း ကားက လေထဲမှ နေ၍ အရှိန်ဖြင့် အောက်ကို ထိုးစိုက်ပြီး ကျလာသည်။ ရာမက်ရှ်ကို လှည့်ကြည့်တော့ သူလည်း အခုမှလန့်နိုးလာသလို စတီယာရင်ကို ဆုပ်ကိုင်ပြီး ပြူးကြောင်ကြည့်နေသည်။ ကားက အဝေးပြေး လမ်းမနံဘေးသို့ အရှိန်ဖြင့် ထိုးကျခြင်း ဖြစ်သည်။ သို့သော် အောက်က ရွှံ့ခံမြေဖြစ်သဖြင့် အောက်ပြန်ကျသော အခါတွင် အကျတော့ သိပ်မပြင်းပါ။ ရာမက်ရှ်က စတီယာရင်ကို ထိန်း၍ ကားကို ဟန်ချက်ပြန်ထိမ်းရန် ကြိုးစားသည်။ ကားက အောက်သို့ ရောက်သည့်တိုင် အရှိန်ဖြင့် ဆက်လိမ့်နေသေးသည်။ ကံကောင်း ထောက်မစွာပင် နောက်ထပ် ပေ ၂၀ ခန့်မျှ ဆက်သွားပြီး ကားက ရပ်သွားသည်။

ကျွန်တော်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး နှစ်ယောက်စလုံး စကား မပြောနိုင်ပဲ ဖြစ်နေကြသည်။ အမှန်တကယ်တော့ ရာမက်ရှ်မှာ ကားမောင်းနေစဉ် အိပ်ငိုက်သွားသဖြင့် ကားက ဟိုင်းဝေးလမ်းမ ပေါ်မှ လမ်းဘေးသို့ ထိုးကျခြင်း ဖြစ်သည်။ သို့သော် ဟိုင်းဝေးလမ်းမမှာ လမ်းဘေးထက် ငါးပေခန့် ပိုမြင့်သဖြင့် ကားမှာ အရှိန်ဖြင့် လေပေါ်မြောက်တက်သွားခြင်း ဖြစ်သည်။ ကျွန်တော်တို့ နှစ်ယောက်စလုံး လုံခြုံရေးခါးပတ် ပတ်ထားသဖြင့် ထိခိုက်ဒဏ်ရာတော့ ဘာမှ မရကြပါ။ ကားပေါ်မှ အောက်ဆင်းလိုက်တော့ ကား၏ အောက်ပိုင်းမှာ ဆက်၍ မောင်းမရနိုင်လောက်အောင် ပျက်စီးသွားပြီ ဖြစ်သည်။ ကားမှ ဘမ်ပါများ ဘီးကာများ အားလုံး ပြုတ်ထွက်နေသည်ကို လည်း တွေ့ရသည်။ မကြာခင်တွင်ပင် ဟိုင်းဝေးတစ်လျှောက် လှည့်ပတ်နေသည့် ဆွဲကားများ ရောက်လာသည်။ သူတို့ကားဖြင့် ကျွန်တော်တို့ကားကို ဆွဲတင်ရန် မဖြစ်နိုင်သဖြင့် တယ်လီဖုန်းနှင့် ဆက်၍ ကရိန်းကား ကို လှမ်းခေါ်ကြသည်။ ရာမက်ရှ်ကလည်း အီပိုးရှိ သူ့ညီဝမ်းကွဲကို ဖုန်းဆက်၍ ကျွန်တော်တို့ အတွက် ကားတစ်စင်း လာပို့ပေးရန် နှင့် သူ့ကားကို ဝပ်ရှော့သို့ ပြန်ယူသွားရန် အတွက် လှမ်းခေါ်သည်။

ထို့နောက် ကျွန်တော်တို့ ကားမှ ပြုတ်ထွက်သွားသော အစိတ်အပိုင်းများကို ပြန်ကောက်ရန် နောက်ကြောင်းပြန်၍ လမ်းလျှောက်ကြသည်။ ထိုအခါတွင် အံသြစရာကောင်းသည်ကို တွေ့ရသည်။ ကျွန်တော်တို့ ကား လမ်းဘေးသို့ကျသော နေရာမှ ၁၀ ပေခန့် ကျယ်သည့် မြောင်းတစ်ခု မတိုင်မီဖြစ်ပြီး ကားမှာ ထိုမြောင်းပေါ်မှ ဝဲပျံ၍ အခြားတစ်ဖက်ကမ်း ရောက်မှ အောက်သို့ ပြန်ကျခြင်း ဖြစ်သည်။ မြောင်းမတိုင်မီတွင် ကျွန်တော်တို့ကား လမ်းဘေးသို့ ကျခဲ့သည့် စွပ်ကြောင်းတစ်ခု ရှိပြီး ကားမှ ဘီးကာတစ်ခု ပြုတ်ကျ ကျန်နေခဲ့သည်။ ကားမှ ဘမ်ပါက မြောင်းနှုတ်ခမ်းတွင် တင်ကျန်နေခဲ့သည်။ နောက်ထပ်ပို၍ ကံကောင်းသည့် အချက်မှာ ကျွန်တော်တို့ကားက ကုန်းမြင့်တစ်ခုပေါ်သို့ တက်နေချိန်တွင် လမ်းဘေးထိုးကျခြင်း ဖြစ်သည်။ နောက်ထပ် တစ်မိနစ်ခန့်မောင်းပြီးမှ ပြုတ်ကျပါက လုံခြုံရေးခါးပတ် ပတ်ထားသော်လည်း နှစ်ယောက်စလုံး ထိုနေရာတွင်ပင် ကိစ္စချောနိုင်သည်။

ထိုစဉ်မှစ၍ ကျွန်တော် သင်ခန်းစာ ရလိုက်သည်မှာ ကားမောင်းသူနှင့် နှစ်ယောက်တည်း ခရီးသွားလျှင် ကားမောင်းမည့်သူကို မအိပ်အောင် ဘေးမှနေ၍ စကားပြော နေသင့်ကြောင်း ဖြစ်သည်။ နောက်တစ်ခုက လုံခြုံရေးခါးပတ်မှာ အလကား အပိုသက်သက် ထည့်ထားတာ မဟုတ် ကားစီးတိုင်း ပတ်သင့်ကြောင်း ဖြစ်သည်။ ထို့အပြင် ကျွန်တော့် စိတ်ထဲတွင် အသိတစ်ခု ရလိုက်သည်။ အခုအချိန် ငါ ရုတ်တရက် သေသွားရင် ဆိုပြီး စဉ်းစားမိ၍ ဖြစ်သည်။ သေခြင်းတရား ဆိုသည်မှာ ရုတ်တရက် အချိန်မရွေး ရောက်လာနိုင်သည်။ သို့သော် ကျွန်တော် အရေးကြီးသော လုပ်ချင်သော အလုပ်တွေ မလုပ်ရသေးပဲ အရေးမပါသော အလုပ်မဖြစ်သော ကိစ္စတွေဖြင့်သာ အချိန်ဖြုန်းနေမိသည်။ လုပ်စရာ ကိစ္စတွေ ရှိသော်လည်း ဘာမှ မလုပ်ဖြစ်သေးပဲ နေ့ရွှေ့ ညရွှေ့ လုပ်နေမိသည်။ နောက်ဆိုလျှင် အချိန်မဖြုန်းပဲ လုပ်စရာရှိတာ လုပ်ရမည် ဟုတော့ စဉ်းစားမိသည်။

ထိုနေ့က လေယာဉ်မမီသဖြင့် ပီနန်တွင်ပင် ညအိပ်လိုက်ရသည်။ ညဖက်ကျတော့ ကျွန်တော်တို့ နှစ်ယောက် ပီနန်ရှိ ဘူကစ်ဂျမ်ဘူရ်(Bukit Jumbul) မှာ နာဆီကန်ဒါ ဟုခေါ်သော ဟင်းရည်ပေါင်းစုံ ဆမ်းထားသော ထမင်းကိုစားရင်း လက်ဖက်ရည် သောက်ရင်းဖြင့်ပင် ညနေက ဖြစ်ပျက်ခဲ့သော အကြောင်းများကို ရယ်ရယ်မောမော ပြန်ပြောဖြစ်ခဲ့ကြသည်။

Monday, December 15, 2008

အသနားခံတဲ့ဆု

ဖြစ်ခြင်း...ပျက်ခြင်း
ဒင်းတို့ နှစ်ခုကြား
ဗျာများနေရမယ့်အတူတူ
လူဖြစ်နေရတာ
ဘာများ ထူးခြားသေးသလဲ။

အပြစ်ကင်းစင်တဲ့ ချစ်ခြင်း
မင်းယူလာပြီးတဲ့နောက်
လူမဖြစ်ချင်တဲ့စိတ် ပျောက်သွားတယ်။

မူယာ မာယာ
အာပလာတွေသုံးပြီး
အမုန်းတွေသာထားရစ်
အချစ်တွေယူပြီး မင်းပြန်ခဲ့ရင်
(ရင်ခွင်ဟောင်းဆီပဲ ဖြစ်ဖြစ်
ရင်ခွင်သစ်ဆီပဲ ဖြစ်ဖြစ်ပေါ့။)
ကိုယ့်ဝိဉာဉ်ဆွဲထုတ်
ရုပ်ချည်းပဲကျန်ကျန်
သနားသဖြင့်တော့
ခံစားမှုတွေ မချန်ခဲ့ပါနဲ့။

အောင်စွာ

(၁၉၉၅ ခုနှစ် ဝန်းကျင်လောက်က ရန်ကုန်တက္ကသိုလ် မြန်မာစာ မဟာဝိဇ္ဖာတန်း ကျောင်းသားတွေ စုပြီး ထုတ်ဝေခဲ့တဲ့ ကဗျာစာအုပ်ထဲက ကျွန်တော့်မိတ်ဆွေ ကိုအောင်စွာ ရေးခဲ့တဲ့ ကဗျာလေးပါ။ အားလုံး နှစ်သက်လိမ့်မယ် ထင်လို့ ဝေမျှ ပေးလိုက်ပါတယ်။)

Sunday, December 14, 2008

စင်းဂလစ်ရှ်ကို တူးဆွခြင်း

ကျွန်တော့်ကို အမေရိကန်ရှိ စက်ရုံတစ်ခုထဲမှ အင်ဂျင်နီယာများက စင်ကာပူတွင် အင်္ဂလိပ် စကား ပြောကြသလားဟု မေးဖူးသည်။ ကျွန်တော် မဖြေရသေးခင် မှာပင် အမေရိကန် ရုံးခွဲမှ အင်ဂျင်နီယာက “သူတို့ဆီမှာ သုံးတာ အင်္ဂလိပ်တော့ အင်္ဂလိပ်ပဲ။ ဒါပေမယ့် စင်းဂလစ်ရှ် လို့ ခေါ်တဲ့ အင်္ဂလိပ်စကားမျိုး။ ” ဟု ကျွန်တော့်ကိုယ်စား ဝင်ဖြေသည်။ “ဥပမာ ဆိုရရင် ဒေါ်လာ ၁၀၀ ကျော် ဆိုတဲ့ စကားကို စင်ကာပူမှာ 100 over dollars လို့ သုံးတယ်။ over 100 dollars လို့ ပုံမှန်အတိုင်း မသုံးဘူး။” ဟု သူက ဆက်ပြောသည်။ ထိုအခါမှ ကျွန်တော်တို့ နေ့စဉ် သုံးနေသော်လည်း သတိမထားမိသေးသော စင်းဂလစ်ရှ်များ ရှိသေးသည်ကို သိလိုက်ရသည်။

စင်းဂလစ်ရှ်တွင် စကားပြောရာတွင် One ဆိုသော စကားကို တွင်တွင်ကျယ်ကျယ် ပင် သုံးကြသည်။ Mine ဟု ပြောမည့် အစား My one ဟု ပြောကြသည်။ Yours ဟု ပြောမည့်အစား your one ဟု ပြောကြသည်။ ဒီလိုဟာမျိုး ဆိုသည်ကို ပင် "Like that one" ဟု သုံးကြသေးသည်။ "already" ဟု ပြောမည့်အစား "ready" ကို တွင်တွင် သုံးကြသည်။ "already finished" ကို "finished ready" ဟုပင် အလွယ် ပြောကြသည်။

အမှန်တကယ်တော့ စင်းဂလစ်ရှ်တွင် အင်္ဂလိပ်စာ ဝါကျတည်ဆောက်ပုံ မမှန်ရုံသာမက တရုတ်စကား၊ မလေးစကား၊ ဟောက်ကျန့်(Hokkien) တရုတ်စကား များ ရောထွေး ယှက်နွယ် နေသေးသည်။ အင်္ဂလိပ်စာတွင် တွေ့ရလေ့ မရှိသော အလွန်ထူးခြားသော အသုံးအနှုန်းများကိုလည်း တွေ့ရတတ်သည်။ ကျွန်တော် စင်ကာပူသို့ မလာခင်ကပင် အင်္ဂလိပ်စကားကို ကောင်းစွာ ပြောတတ်သော်လည်း စင်ကာပူ ရောက်ခါစက စင်းဂလစ်ရှ်နှင့် နားမယဉ်သဖြင့် နားထဲတွင် အလွန်ပင် ထော်လော်ကန့်လန့် ဖြစ်နေခဲ့သည်။

ကျောင်းသို့ ရောက်ရောက်ချင်း နေ့က မိတ်ဆက်ကစားပွဲတွင် "Wait Long Long" ဆိုသော စကားကို ကြားတော့ အထူးအဆန်း ဖြစ်နေသည်။ နောက်မှ "Wait Long Long" ဆိုသည်မှာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး ဟု ခနဲ့တဲ့တဲ့ ပြောသော စကား ဖြစ်ကြောင်း သဘောပေါက်သည်။ ဟောက်ကျန့်စကား "Tan Ku Ku" ကို အင်္ဂလိပ် ဝါကျအဖြစ် တိုက်ရိုက် ပြောင်းထားခြင်း ဖြစ်သည်။ ထို့နောက် ကျောင်းစတက်တော့ လက်တွေ့ခန်းထဲတွင် ဆရာက "Don't Play Play Lah." ပြောတော့ ဆရာ ဘာပြော လိုက်ပါလိမ့် ဟု အချိန်အတော်ကြာ စဉ်းစားယူရသည်။ နောက်မှ ဆရာက မဆော့နဲ့ ဟု ပြောချင်မှန်း သဘောပေါက်သည်။ ထိုစကားမှာလည်း ဟောက်ကျန့်စကား "Mai Sng-Sng" ကို အင်္ဂလိပ်လို တိုက်ရိုက် ပြောင်းထားခြင်း ဖြစ်သည်။

စင်းဂလစ်ရှ်တွင် စကား အဆုံး၌ လား ထည့် ပြောသည်ကို တော့ လူတိုင်း သတိထား မိကြသည်။ ရန်ကုန်ရှိ စင်ကာပူ ကုမ္ပဏီများတွင် အလုပ်လုပ် ဖူးသူများပင် သိကြသည်။ ကျွန်တော်တို့ ကုမ္ပဏီ၏ ဥရောပရုံးမှ အင်ဂျင်နီယာ များပင် တယ်လီဖုန်း ပြောလျှင် တစ်ခါတစ်လေ အိုကေလား Like That လား နှင့် နောက်တတ်သေးသည်။ လား မှာ မေးခွန်းအဓိပ္ပါယ် သက်သက်မဟုတ်ပဲ ဝါကျအဆုံးသတ် အနေဖြင့် သုံးခြင်းသာ ဖြစ်သည်။

စင်းဂလစ်ရှ်သုံးသော အနောက်တိုင်းသားများလည်း တစ်ခါတစ်ရံ တွေ့ရတတ်သည်။ စင်ကာပူရှိ နာမည်ကြီး အနောက်တိုင်း စားသောက်ဆိုင် တစ်ဆိုင်နာမည်မှာ Botak-Jones ဟူ၍ ဖြစ်သည်။ ဘိုတ (Botak) မှာ မလေးဘာသာဖြင့် ထိပ်ပြောင် ကို ခေါ်ခြင်းဖြစ်ပြီး ဆိုင်ပိုင်ရှင် အနောက်တိုင်းသား ထိပ်ပြောင်ကြီးက စင်းဂလစ်ရှ် နှင့် ရောယှက်၍ သူ့ဆိုင်နာမည်ကို ပေးထားခြင်း ဖြစ်သည်။ အနောက်တိုင်းသားများကို စင်းဂလစ်ရှ်တွင် အာမော ဟု ခေါ်ကြသည်။ အချို့က သူတို့ကို အာမော ဟု ခေါ်မှန်းသိသော်လည်း အဓိပ္ပါယ်ကို မသိသဖြင့်သာ စိတ်မဆိုးကြခြင်း ဖြစ်သည်။ အာမော ဆိုသည့် စကားမှာ ဟောက်ကျန့်စကားလုံး "Ang Moh Gao" မှ လာပြီး အမွှေးနီများရှိသော မျောက်ကို ခေါ်ခြင်းဖြစ်သည်။

မလေးစကားများထဲမှ စင်ကာပူတွင် အသုံးများဆုံး စကားလုံးတစ်လုံးကတော့ မာကန်း ဖြစ်သည်။ မာကန်း ဆိုသည်မှာ ထမင်းစားခြင်းကို မလေးလို ခေါ်ခြင်းဖြစ်သည်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်က “ငါစင်ကာပူ ရောက်စက အလုပ်ထဲက လူတွေ နေ့တိုင်းနေ့တိုင်း မာကန်း မာကန်း နဲ့ ငါ့ကို ထမင်းစား လာလာခေါ်တာ ငါမသိဘူးကွ။ အဲဒီ မာကန်းကို အဘိဓာန်ထဲမှာ လည်း ရှာလို့ မတွေ့ဘူး။ နောက်မှ မာကန်းဆိုတာ ထမင်းစားတာကို ခေါ်မှန်းသိတယ်။” ဟု မာကန်းကို အင်္ဂလိပ်စာ ထင်နေသော သူငယ်ချင်း တစ်ယောက်က ပြန်ပြောပြ ဖူးသည်။ နောက်ထပ် အသုံးများသော မလေးစကားတစ်လုံးက ကနား (kena) ဖြစ်သည်။ ကနားမှာ အင်္ဂလိပ်စကား "got" နှင့် နီးစပ်သည်။ ဥပမာ ဒဏ်တပ်ခံရပြီ "He got fined" ကို "He kena fined" ဟု ပြောလေ့ရှိသည်။

တစ်ခါတစ်လေတော့လည်း သူတို့ သုံးသော စကားလုံးများကို ရုတ်တရက် နားမလည် တတ်ပါ။ တစ်ခါက ကျွန်တော်နှင့် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများ ဖြစ်သော အင်ဂျင်နီယာ နှင့် အင်ဂျင်နီယာမ နှစ်ယောက်သား အပြင်တွင် ပုခုံးဖက်၍ တွဲခုတ် နေကြစဉ် ကျွန်တော်နှင့် ပက်ပင်းတိုးသည်။ ကျွန်တော့် သူငယ်ချင်းက ရှက်ရှက်နှင့် "Don't be Kaypoh lah." ဟု ပြောသွားသည်။ သူပြောသွားသော ကေပိုးကို ကျွန်တော် နားမလည်ပါ။ သူငယ်ချင်းတွေ လိုက်မေးကြည့်မှ ကေပိုးမှာ အလုပ်မရှိ သူများကိစ္စကို ဝင်ပါခြင်း (busybody) ကို ပြောခြင်းဖြစ်ကြောင်း တစ်ယောက်က ရှင်းပြသည်။ နောက်တစ်ခါ ရုံးမှာ ဆေးလိပ်ကုန်နေလျှင် ကျွန်တော့်ထံမှ တောင်းသောက်တတ်သော အင်ဂျင်နီယာ သူငယ်ချင်းက "I become Pai Seh already" ပြော၍ နားရှုပ်သွားသည်။ ဖိုင်းဆေ ကို ကြားနေကြ ဖြစ်သော်လည်း အဓိပ္ပါယ်ကို ကျွန်တော်မသိပါ။ ဖိုင်းဆေ မှာ ရှက်လာပြီ ဆိုသော အဓိပ္ပါယ်မျိုး ဖြစ်ကြောင်း သူကပင် ရှင်းပြသည်။

ကျွန်တော်တို့ ရောက်ခါစက စင်းဂလစ်ရှ် ပြောသံကြားလျှင် နှာခေါင်းရှုံ့ချင်သော်လည်း အခုတော့ တဖြည်းဖြည်း နားယဉ် လာပြီ ဖြစ်သည်။ သူ့အရပ် သူ့ဇာတ်နှင့် ဖြစ်ပေါ်လာသော ဘာသာစကားတစ်ခု အနေဖြင့် လက်ခံနိုင်လာပြီဖြစ်သည်။ စင်ကာပူ နိုင်ငံသား သူငယ်ချင်းများနှင့် တောင်စဉ်ရေမရ ပြောရာတွင် (စင်းဂလစ်ရှ် လိုတော့ တော့ကော့ (tok cok) ပေါ့။) စင်းဂလစ်ရှ် ဖြင့် ပြောပါက ပို၍ အဆင်ပြေသည်။ ကိုယ့်ဘာသာကိုယ် ဘယ်ဟာက စင်းဂလစ်ရှ် ဘယ်ဟာက အင်္ဂလိပ် ခွဲတတ်ပြီး သူ့နေရာနှင့် သူ ပြောတတ်လျှင် ဆက်ဆံရေးတွင် ပို၍ အံဝင်ခွင်ကျ ဖြစ်နိုင်မည်ဟု ထင်ပါသည်။

(Singlish ကို ထပ်မံ လေ့လာလိုပါက စင်ကာပူ ဟာသ ဝက်ဘ်ဆိုက်ဒ် http://www.talkingcock.com ရှိ ကောက်စဖို့ဒ် စင်းဂလစ်ရှ် အဘိဓာန် (Coxford Singlish Dictionary) နှင့် အစိုးရ ဝက်ဘ်ဆိုဒ် http://www.goodenglish.org.sg တွင် လေ့လာနိုင်ပါသည်။)

Saturday, December 13, 2008

ကြယ်ငါးပွင့် ဟိုတယ်ပေါ်မှာ (၃)

တခါတလေ ကျတော့လည်း စားပွဲထိုးများက ဧည့်သည်ကို ညစာစားပွဲ ထုံးစံများကို မသိမသာ ပြန်သင်ပေး ရသည်လည်း ရှိသည်။ ဟိုတယ် သို့လာသော ဧည့်သည် အများစုမှာ တရုတ် ညစာစားပွဲ နှင့် မစိမ်းကြသော်လည်း အနောက်တိုင်း ညစာစားပွဲ နှင့် ကြုံပါက ဧည့်သည် အတော်များများက ထုံးစံများကို မသိကြပေ။ အနောက်တိုင်း ညစာစားပွဲတွင် စားပွဲပေါ်တွင် ဇွန်း၊ခက်ရင်း၊ဓား စုစုပေါင်း ၃ စုံ နှင့် ဖန်ခွက်များမှာ အများအပြား ရှိသောကြောင့် ဧည့်သည်အချို့မှာ ဘယ်ဇွန်း ဘယ်ခွက်ကစ၍ ကိုင်ရမည်ကို မသိကြ။ ကျွန်တော်တို့က မသိမသာ ပြပေးရသည့် အခါလည်း ရှိတတ်သည်။

အနောက်တိုင်း ညစာစားပွဲတွင် Appetizer, Soup, Main Course နှင့် Dessert ဟူ၍ ဟင်းပွဲ ၄ မျိုးသာ ပါရှိတတ်သည်။ ပုံမှန်အားဖြင့် အသုံးပြုရမည့် ခက်ရင်း နှင့် ဇွန်း သို့မဟုတ် ဓားကို အပြင်မှ အတွင်းသို့ အစီအစဉ်တကျ စီထားလေ့ရှိသည်။ စားပွဲထိုးမှ ထို ဇွန်းခက်ရင်းကို ၄င်းနှင့် သက်ဆိုင်သော ဟင်းပွဲ ပြီးသည်နှင့် ရှင်းလင်းပေးရသည်။ တစ်ခါတစ်ရံ ဧည့်သည်မှ ဇွန်းခက်ရင်းကို မှား၍ ကိုင်တတ်သော်လည်း ကျွန်တော်တို့ က မသိချင်ယောင် ဆောင်၍ သိမ်းရသည်။ ဖန်ခွက် များမှာ ရေထည့်ရန်၊ ဝိုင်ထည့်ရန် နှင့် ရှမ်ပိန်ထည့်ရန် အတွက် ဖြစ်သည်။ ရှမ်ပိန်အတွက် ဖန်ခွက်မှာ အသေးဆုံး ဖြစ်ပြီး၊ ရေ အတွက် ဖန်ခွက်မှာ အကြီးဆုံး ဖြစ်သည်။ သို့သော် ဖန်ခွက် အတွက်မူ စားပွဲထိုးက တာဝန်ယူ၍ ယမကာ လောင်းထည့်ပေး သဖြင့် မှားစရာ မရှိပေ။

ဘန်ကွေး လုပ်ငန်းတွင် စားပွဲထိုးရသည့် အလုပ်က အပင်ပန်းဆုံးအလုပ် မဟုတ်သေးပေ။ အပင်ပန်းဆုံး အလုပ်မှာ ဧည့်ခံခန်းမ (Ballroom) များအတွင်း အခမ်းအနား ပြင်ဆင်ရခြင်း နှင့် ခန်းမကို ရှင်းလင်း ရခြင်း တို့ပင်ဖြစ်သည်။ ဟိုတယ်ရှိ ဧည့်ခံခန်းမ များမှာ လိုက်ကာအရှင် များကို ဖြုတ်ခြင်း တပ်ခြင်းအားဖြင့် တစ်ခန်းကို နှစ်ခန်း ဖြစ်အောင် လုပ်၍ ရသကဲ့သို့ နှစ်ခန်းကို တစ်ခန်း ပေါင်း၍လည်း ရသည်။ ပုံမှန်အားဖြင့် ည ၁၁ နာရီခန့်တွင် ညစာစားပွဲ ပြီး၍ အိမ်ပြန်ရလေ့ရှိသော်လည်း အတွေ့အကြုံရှိသော စားပွဲထိုးများမှာ စတေးဘက် ခေါ် နောက်ချန်နေရန် စာရင်းပေး ထား၍ ရသည်။ စတေးဘက် နေပါက ညစာစားပွဲခန်းမကို ရှင်းလင်းရလေ့ရှိပြီး တစ်ခါတစ်ရံတွင် နောက်တစ်နေ့ ပြုလုပ်မည့် ဧည့်ခံပွဲအတွက် ပြင်ဆင်ရလေ့ရှိသည်။ ညဘက်တွင် မင်္ဂလာဧည့်ခံပွဲ ရှိ၍ နောက်တစ်နေ့ နေ့လည်တွင် အစည်းအဝေးပွဲ ရှိသည်ဆိုပါက ဧည့်ခံခန်းမတွင်းမှ စားပွဲဝိုင်းများကို လှိမ့်ထုတ်ရပြီး နောက်တစ်နေ့ ပွဲအတွက် အစည်းအဝေးသုံး လေးထောင့်စားပွဲများကို နေရာချရသည်။ စတေးဘက် နေပါက ည ၂နာရီခွဲ အထိ နေရလေ့ရှိပြီး ပြီးမှ ကားငှား၍ အိမ်ပြန်ရသည်။ နေ့လည်ဖက်တွင် အခမ်းအနားပြင်ဆင်မည့်သူများက စောစောစီးစီး လာ၍ ပြင်ဆင်ရ လေ့ရှိသည်။

တစ်ခါက ဘန်ကွေး ဌာနရှိ မန်နေဂျာများနှင့် အတူ တစ်ပွဲနွှဲ ခဲ့ရဖူးသည်။ ထိုနေ့က အစည်းအဝေးမှာ နေ့လည် ၂ နာရီ ပြီးရန် စီစဉ်ထားပြီး ည ၇ နာရီတွင် ထိုခန်းမတွင် ညစာစားပွဲ တစ်ခု စီစဉ်ထားသည်။ သို့သော် အစည်းအဝေးမှာ အချိန်မီမပြီးနိုင်ပဲ ညနေ ၄ နာရီ ထိုးခါနီးမှ ပြီးသည်။ ကျွန်တော်တို့ အားလုံးအတွက် မင်္ဂလာ အခမ်းအနား ပြင်ဆင်ချိန် ၃ နာရီကျော် မျှသာ ကျန်သည်။ ထိုနေ့က ဘန်ကွေး ဌာနမှ ဒါရိုက်တာ အပါအဝင် မန်နေဂျာအားလုံး အခမ်းအနား ပြင်ရာတွင် ကျွန်တော်တို့ နှင့်အတူ ဝင်၍ လုပ်ကြသည်။ အံသြစရာ ကောင်းအောင်ပင် သူတို့ အလုပ်လုပ်သည့် အရှိန်မှာ ကျွန်တော်တို့ ထဲမှ အမြန်ဆုံး ကပ္ပတိန် ထက်ပင် ၂ ဆ ၃ ဆမျှ မြန်သည်။ စာပွဲဝိုင်း လှိမ့်ပုံ ၊ ပန်းကန်ချပုံ၊ စားပွဲ ပြင်ဆင်ပုံအားလုံးတွင် သူတို့၏ အောက်သက်ကြေမှုကို တွေ့နိုင်သည်။ ထိုနေ့က မန်နေဂျာများမှာ အမှာစကားပင် ပြောဖို့ အချိန်မရကြပေ။ ဧည့်ခံခန်းမ တံခါးဖွင့်ခါနီးမှ ပင် အားလုံး အလုပ်ကို လက်စသတ်နိုင်ကြသည်။ သို့သော် မဖြစ်နိုင်ဘူးဟု ထင်ရသော အလုပ်တစ်ခု ကို ဖြစ်အောင် လုပ်နိုင်ခဲ့သည့်အတွက် ကျွန်တော်တို့ အားလုံး ကျေနပ်ကြသည်။

ဘန်ကွေးအလုပ်မှာ ပုံမှန်အားဖြင့် အလွန်ပင်ပန်းသော အလုပ်ဖြစ်သော်လည်း တစ်ခါတစ်ရံတွင် သက်သာသည့် အလုပ်နှင့်လည်း ကြုံရတတ်သည်။ နေ့လည်ဖက် လုပ်သော အခမ်းအနားများမှာ ညနေဖက် လုပ်သော အခမ်းအနားများနှင့် နှိုင်းယှဉ်ပါက အလုပ် အလွန် သက်သာသည်။ အစည်းအဝေးပွဲ ဆိုပါက ခေတ္တနားသော အချိန်တွင်သာ ဧည့်သည်ကို ကော်ဖီ အအေး စသည်တို့ နှင့် ဧည့်ခံရပြီး တစ်ခါတစ်ရံတွင် အလုပ် လုပ်စရာ မရှိပဲ အစည်းအဝေး ခန်းမအတွင်း ရပ်စောင့်နေရ သည်လည်း ရှိသည်။ ဖက်ရှင်ရှိုးနှင့် ကြုံကြိုက်ပါက ခန်းမအတွင်း ရောယောင်ကာ ဝင်မော့နေလို့ ရသေးသည်။ ဖက်ရှင်ရှိုးများမှာ ဘူဖေး ဖြင့် ဧည့်ခံတတ်ကြပြီး မော်ဒယ်လ်များ လမ်းလျှောက် နေချိန်တွင် ဧည့်သည်များ အနှောက်အယှက် မဖြစ်စေရန် အတွင် ကျွန်တော်တို့ အားလုံး ဘေးမှာပင် ရပ်နေရလေ့ရှိသဖြင့် ကျွန်တော်တို့ပါ ဝင်ကြည့်လို့ ရတတ်သည်။

မှတ်မှတ်ရရ အလုပ်အလွန်သက်သာပြီး ပိုက်ဆံ အလကားနီးပါး ရသည့် နေ့မျိုးလည်း ကြုံဖူးသည်။ တစ်ရက်တွင် ကပ္ပတိန်က အတင်းခေါ်သဖြင့် အလွန်ပင်ပန်း နေသော်လည်း စတေးဘက် နေဖြစ်သည်။ ထိုညက ည ၁ နာရီ လောက် ရောက်တော့ လုပ်စရာ အလုပ်က ဘာမှ သိပ်မရှိတော့ပေ။ ကပ္ပတိန်ကို သွားမေးတော့ မင်းတို့ အတော်အတဲ့ ကောင်တွေပဲ။ ဆိုပြီး အလုပ်တစ်ခုပေးသည်။ တွန်းလှည်း တစ်စီးဖြင့် ကိတ်မုန့်များကို လိုက်သိမ်းခိုင်းခြင်း ဖြစ်ပြီး စားချင်သလောက်သာ အကုန်စား ဟု ဆိုသည်။ ထိုညက ပင်ပင်ပန်းပန်း မလုပ်ရပဲ ကိတ်မုန့် အဝစား၍ အိမ်ပြန်လာရသည်။

ဟိုတယ်အလုပ်တွင် စိတ်ဖိစီးမှုက အလွန်များသည်။ ထို့ကြောင့် တစ်ခါတစ်ရံတွင် ပုံမှန်သည်းခံနိုင်သော ကိစ္စပင် သည်းမခံနိုင်လောက်အောင် ဖြစ်ရသည့် အခါလည်း ရှိသည်။ တစ်ခါက ယောက်ျားလေး စားပွဲထိုး များနေ၍ ကျွန်တော်တို့ စားပွဲ အပါအဝင် အချို့ စားပွဲများတွင် ယောက်ျားလေး ၂ ယောက် တွဲ၍ တာဝန်ချပေးသည်။ ကျွန်တော်နှင့် အတူ တွဲလုပ်ရသော မလေးလူမျိုး စားပွဲထိုးက ဘာမဆိုင် ညာမဆိုင် ကျွန်တော့်ကို ကန်လန့်ကာ နောက်ကို ခေါ်၍ ဟောက်သည်။ ကျွန်တော် စိတ်ထဲတွင် ထောင်းခနဲ ဒေါသဖြစ်၍ ရင်ဘတ်ကို ဆောင့်ဆွဲတော့ အလန့်တကြားနှင့် တောင်းပန်သည်။ ငါအဲဒီလိုသဘောမျိုး ပြောတာမဟုတ်ပါဘူး ဘာညာ နှင့် လျောချသွားသည်။ နောက်မှ ကျွန်တော်အလုပ် မဆင်းဖြစ်သော နေ့က မြန်မာတစ်ယောက်က သူနှင့်အတူ တွဲလုပ်သော စားပွဲထိုးကို ဒေါသဖြစ်ဖြစ်ဖြင့် လက်သီးနှင့် ဆွဲထိုးသဖြင့် မြန်မာဆိုလျှင် အရှိန်နှင့် လန့်နေကြကြောင်း သိရသည်။ စင်ကာပူမှာ အလုပ်ထဲ အချင်းချင်း လက်သီးနှင့် ထိုးသော ကိစ္စမှာ ပေါ့ပေါ့တန်တန် ကိစ္စ မဟုတ်သော်လည်း ထိုနေ့က မန်နေဂျာများက တိတ်တဆိတ် ကြိတ်ရှင်း၍ ပြေလည်သွားကြောင်း သိရသည်။ ကျွန်တော်တို့ မြန်မာများမှာ ပုံမှန်အားဖြင့် အလွန်သည်းခံတတ်သော်လည်း ကိုယ့်ကို စော်ကားသည်ဟု ထင်ပါက ဒေါသအလွန် ထွက်တတ်ပြီး ဒေါသထွက်လျှင်လည်း အလွယ်တကူ လက်ပါတတ်ကြောင်း သတိထားမိသည်။

ကျွန်တော် ကျောင်းပြီး၍ လုပ်ငန်းခွင်ထဲ ရောက်သွားသော်လည်း အခုအချိန် ကုမ္ပဏီ ညစာစားပွဲ သို့မဟုတ် မင်္ဂလာဧည့်ခံပွဲ ရှိ၍ ကျွန်တော်တို့ အလုပ်လုပ်ခဲ့သော ဟိုတယ်သို့ ပြန်ရောက်သွားလျှင် လုပ်ဖော်ကိုင်ဖက် များနှင့် တစ်ခါတစ်ရံ ပြန်တွေ့တတ်သည်။ ကျွန်တော်တို့နှင့် အတူတူ စားပွဲထိုးခဲ့သော အချို့စားပွဲထိုးများ အခုအချိန် ကပ္ပတိန် အနေဖြင့် ပြန်တွေ့နေရသည်။ ဟိုတယ် စားပွဲထိုးများတွင် မြန်မာကျောင်းသားများ ကို တွေ့နေရဆဲ ဖြစ်သည်။ ကျွန်တော် ဖြတ်သန်းခဲ့ရသော ဘဝထဲမှ ခါးသီးသော အတွေ့အကြုံတစ်ခု ဖြစ်သော်လည်း အခုတော့ ရယ်စရာမောစရာ ပြန်ပြောဖို့သာ အမှတ်တရ ဘဝအစိတ်အပိုင်း တစ်ခု အဖြစ်သာ ကျန်ရစ် ပါတော့သည်။

Tuesday, December 9, 2008

ကြယ်ငါးပွင့် ဟိုတယ်ပေါ်မှာ (၂)

ဟိုတယ်တွင် စားပွဲထိုးစဉ်က အထူးသတိထားရသည့် အချက်မှာ ဧည့်သည်ပေါ်သို့ မည်သည့်အရာမှ မှောက်မကျရန် ဖြစ်သည်။ ဧည့်သည်၏ အင်္ကျီပေါ် ဝိုင်မှောက်ကျခြင်း ၊ ရေနွေး မှောက်ကျခြင်း တို့ကတော့ အတော် ရှင်းရခက်သည့် ကိစ္စများ ဖြစ်သည်။ တစ်ခါက အလွန် နမော်နမဲ့ နိုင်လှသော ကျွန်တော့် သူငယ်ချင်း တစ်ယောက်သည် ဧည့်သည်၏ အကျင်္ီ အဖြူရောင် ပေါ်သို့ ဝိုင် အနီရောင် မှောက်ကျခဲ့ ဖူးသည်။ သူက နမော်နမဲ့ လုပ်တတ်သော်လည်း အပြေးက အလွန်မြန်သည်။ ဧည့်သည်ကို မတောင်းပန်ပဲ တစ်ချိုးတည်း လစ်သည်။ ဧည့်သည်က လှည့်ကြည့်တော့ ကွဲနေသော ဖန်ခွက်ကလေးနှင့် သူ့အင်္ကျီပေါ်က ဝိုင်တွေသာ တွေ့ရသည်။ ဘယ်စားပွဲထိုး သူ့အပေါ်မှောက်ချ ခဲ့သလဲ ဆိုတာပင် ရှာမတွေ့တော့။ သူအနားကို လှည့်ပတ်ကြည့်တော့လည်း ဘယ်သူမှ မတွေ့။ ထို့ကြောင့် ဒေါသတကြီးဖြင့် ကပ္ပတိန်ကို လှမ်းခေါ်၍ ပြသနာရှာသည်။ ကပ္ပတိန်က ဧည့်သည်ကို တောင်းပန်ပြီး အနားမှာ လိုက်ရှာတော့ မြန်မာ ကောင်မလေး တစ်ယောက်ကိုသာ တွေ့ရ၍ ထိုကောင်မလေးကို ပြသနာ သွားရှာသည်။ ကောင်မလေးကလည်း သူမဟုတ်၍ ပြန်ချဲသည်။ တကယ်တော့ ကောင်မလေးက ကျွန်တော့် သူငယ်ချင်း မှောက်ကျသည်ကို တွေ့လိုက်သော်လည်း အချင်းချင်း ဖြစ်နေ၍ မပြောချင်းသာ ဖြစ်သည်။

ပုံမှန်အားဖြင့် ထိုသို့သော ကိစ္စဖြစ်ပါက ဟိုတယ်မှ ဧည့်သည် ကျေနပ်အောင် ရှင်းပေး ရလေ့ရှိသည်။ ဧည့်သည်အတွက် ယာယီဝတ်ဆင် နိုင်ရန် အဝတ်အထည် စီစဉ်ပေးရခြင်း၊ ဧည့်သည်၏ အဝတ်အထည်ကို ချက်ချင်း လျှော်ဖွတ်၍ အစွန်းချွတ် ပေးရခြင်း၊ အချိန်မီ မပြီးစီး နိုင်ပါက လျှော်ဖွတ်ပြီး အဝတ်အထည်ကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးရခြင်း စသည်ဖြင့် ဧည့်သည်ဘက်မှ စိတ်ကျေနပ်မှု ရသည်အထိ ဆောင်ရွက် ပေးရသည်။ တစ်ခါက ကပ္ပတိန် တစ်ယောက်က “မင်းတို့ မှောက်ချင်လွန်းတယ် ဆိုရင် လူကြီးတွေပေါ် မှောက်စမ်းပါကွာ။ ဟိုတစ်နေ့က ကလေးပေါ် ဝိုင်မှောက်ကျလို့ ငါတို့မှာ ပြသနာ အတော်တက် သွားတယ်။ အစားထိုး ပေးစရာ အဝတ်အစား ကလည်း မရှိတော့ အပြင်ထွက် ဝယ်ရတယ်။” ဟု ရယ်စရာ ပြောဖူးသည်။ အမှန်တကယ်တော့ ဘယ်သူမှ တမင်သက်သက် မှောက်ချခြင်းတော့ မဟုတ်ပါ။ အားလုံးမှာ မတော်တဆ သာ ဖြစ်ပါသည်။

သို့သော် ကျွန်တော်တို့ အလုပ်ဝင်ခါစက ထိုသို့ အဖြစ်အပျက်များ အလွန် အဖြစ်များ၍ ဘန်ကွေးဌာန၏ ကြော်ငြာသင်ပုန်းတွင် ထပ်ခါတလဲလဲ မှောက်တတ်သူများကို ခွက်မှောက်ဘုရင် (Spillage King) နှင့် ခွက်မှောက်ဘုရင်မ (Spillage Queen) ဟူ၍ ဘွဲ့ပေးပြီး နာမည်ရေးထား လေ့ရှိသည်အထိပင် ဖြစ်သည်။

နောက်တစ်ချက်မှာ ဟိုတယ်တွင် အလုပ်လုပ်ချိန်၌ တစ်ကိုယ်ရေ သန့်ရှင်းမှုကို အမြဲတမ်း ဂရုစိုက်ရသည်။ လက်သည်းကို အမြဲတမ်း ဂရုစိုက်၍ ညှပ်ထားရသည်။ နှုတ်ခမ်းမွှေး ထားလိုက ထားနိုင်သော်လည်း မုတ်ဆိတ်မွှေး ထားခွင့် မရှိပါ။ ဟိုတယ် မန်နေဂျာများ အမြဲတမ်း ပြောလေ့ရှိသော စကားမှာ နှုတ်ခမ်းမွှေးသည် ပုဂ္ဂလိကပိုင် ပစ္စည်း (Private Property) ဖြစ်၍ မုတ်ဆိတ်မွှေးမှာ အများပိုင် ပစ္စည်း (Public Property) ဖြစ်သည် ဟူ၍ ဖြစ်သည်။ စင်ကာပူ စစ်တပ်တွင်လည်း ဤစည်းကမ်း အတိုင်း ကျင့်သုံးသည် ဟု သိရသည်။ ဆံပင်ကို အမြဲတမ်း သပ်သပ်ရပ်ရပ် ဖြီးသွားရသည်။ တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိပါက တခါတရံတွင် အလုပ်မဆင်းခိုင်းပဲ ပြန်လွှတ်လေ့ ရှိသည်။

ကျွန်တော့်တွင် အလွန် ပိုက်ဆံနှမြောတတ်သော သူငယ်ချင်းတစ်ယောက် ရှိသည်။ ဘယ်လောက် နှမြောသလဲ ဆိုလျှင် ဆံပင် ညှပ်ရမှာကိုပင် ပိုက်ဆံ အကုန်မခံချင်၍ ညှပ်လေ့မရှိ။ ကျွန်တော်နှင့် အလုပ်လုပ်သော ဟိုတယ်ချင်း မတူသော်လည်း သူ၏ အကြောင်းကို အခြားသူငယ်ချင်းများ ထံမှ တဆင့် ပြန်ကြားရသည်။ သူဟိုတယ်မှာ အလုပ်ဆင်းတော့ ဟိုတယ် မန်နေဂျာတွေနှင့် ထိပ်တိုက် တွေ့ လေတော့သည်။ သူ့ကို ဟိုတယ်မှ နောက်တစ်နေ့ အလုပ်ဆင်းလျှင် ဆံပင်ကို သပ်သပ်ရပ်ရပ် ညှပ်လာဖို့ ပြောသည်။ သူက ဆံပင်ညှပ်ဆိုင် သွားရမှာ နှမြော၍ မှန်ကြည့်ပြီး ဆံပင်ကို ကိုယ့်ဘာသာကိုယ် ညှပ်သည်။ မှန်ကြည့်ပြီး ဆံပင်ညှပ်တော့ ဆံပင်က ဟိုတစ်ကွက် ဒီတစ်ကွက် ဖြစ်နေတော့သည်။ နောက်တစ်နေ့ ဟိုတယ်ရောက်တော့ အားလုံးက သူ့ပုံစံကို ကြည့်ပြီး ဝိုင်းရယ်ကြသည်။ သူက အိပ်နေတုန်း သူငယ်ချင်းတွေကပဲ သူ့ကို စပြီး ခေါင်းညှပ်လိုက်သလို ကြွက်ပဲ ကိုက်သွားသလို ပြောသည်။ နောက်နေ့ ဆံပင်မညှပ်လျှင် အလုပ်မဆင်းနဲ့ ဟု ပြောမှပင် သူဆံပင်ကို သွားညှပ် လေတော့သည်။

ဟိုတယ်ရှိ စားပွဲထိုးတစ်ယောက်၏ လုပ်ငန်း ကျွမ်းကျင်မှုကို Portioning ဟုခေါ်သည့် ဟင်းကို ဧည့်သည်များ၏ ပန်းကန်အတွင်း သို့ အချိုးကျစွာ ခွဲဝေခြင်း ပြုလုပ်ပုံကို ကြည့်၍ ခန့်မှန်းနိုင်သည်။ ထိုသို့ ခွဲဝေ ရန်အတွက် ဆားဗင်း ဂီယာ (Serving Gear) ဟု ခေါ်သည့် သာမန်ထက် အနည်းငယ် ကြီးသည့် ဇွန်းနှင့် ခက်ရင်းကို ကျွမ်းကျင်စွာ ကိုင်တွယ် တတ်ရသည်။ ပုံမှန်အတိုင်း လုပ်ရမည့် အလုပ်ကို သိ၍ အစီအစဉ် တကျ လုပ်ပါက ဟင်းပွဲကို တစ်ပွဲပြီး တစ်ပွဲ အချိန်မီထုတ်နိုင်သော်လည်း တစ်ခါတစ်ရံ ကတ်သီးကတ်သတ် တောင်းဆိုတတ်သော ဧည့်သည်မျိုးနှင့် တွေ့လျှင်တော့ အချိန်မီအောင် မလုပ်နိုင်ပဲ ဒုက္ခ ရောက်တတ်သည်။ တရုတ် ညစာစားပွဲအတွင်း ကော်ဖီသောက်ချင်သည် ဟု ပြော၍ နွားနို့၊ သကြားနှင့် ကော်ဖီကို ဟိုတယ်ပတ်၍ လိုက်ရှာရသည်ကို ကြုံဖူးသလို ငါးမန်းတောင် ဟင်းချိုထဲ ဘရန်ဒီ ထည့်သောက်ချင်သည် ပြော၍ ဘရန်ဒီ ရှာပုံတော် ဖွင့်ရသည် လည်း ကြုံခဲ့ဖူးသည်။

နည်းနည်း အတွေ့အကြုံကလေး ရလာတော့ ကျွန်တော်တို့ တာဝန်ယူရသော စားပွဲဝိုင်းတွင် မွတ်ဆလင် စားပွဲ ညှပ်ထည့်ပေးခြင်း၊ သက်သတ်လွတ် စားသူပါသော စားပွဲဖြင့် ညှပ်ထည့်ပေးခြင်း စသည်တို့ ဖြစ်လာသည်။ မွတ်ဆလင် စားပွဲမှာ ကျွန်တော်တို့ တာဝန်ယူရသော ဝိုင်းများတွင် တစ်ဝိုင်းသတ်သတ် ပါလာပါက သိပ်ပြသနာ မရှိသော်လည်း မွတ်ဆလင် အစားအစာ စားသူ သို့မဟုတ် သက်သတ်လွတ် စားသူမှာ တစ်ဦး နှစ်ဦး စသည်ဖြင့် စားပွဲတွင်း ကြားညပ် ပါလာပါက ပို၍ အလုပ်ရှုပ်သည်။ သူတို့ အတွက် ဟင်းကို တစ်ခေါက်သတ်သတ် သွား၍ ယူပေးရ သောကြောင့် ဖြစ်သည်။

ဟိုတယ် အများစုတွင် တည်ခင်းသော မွတ်ဆလင် အစားအစာမှာ ဟာလာ မဟုတ်ပဲ "No Pork No Lard" သာ ဖြစ်သည်။ ဟာလာ အစားအသောက်မှာ ဟာလာ မဟုတ်သော အစားအသောက် နှင့် မထိတွေ့ရခြင်း အတူတကွ မထားရခြင်း စသည့် ပိုမို တင်းကျပ်သည့် စည်းကမ်း များကို လိုက်နာရသည်။ "No Pork No Lard" ကတော့ ဝက်သား သို့မဟုတ် ဝက်ဆီ မပါကြောင်း အာမခံသော အစားအစာ ဖြစ်သည်။ ထို့အပြင် ဤနိုင်ငံတွင် သက်သက်လွတ်စားသူကို Vegetarian နှင့် Strict-Vegetarian ဟု နှစ်မျိုး ထပ်၍ ခွဲခြား ထားသေးသည်။ သာမန် Vegetarian မှာ ကြက်ဥ နှင့် နွားနို့စသည်တို့ကို မရှောင်ဘဲ စားသုံးလေ့ ရှိသည်။ Strict-Vegetarian အမျိုးအစားကတော့ အသွေးအသားကို လုံးဝ မစားရုံမျှ မက ကြက်သွန်ဖြူကိုလည်း မစားပါ။ အရင်တုန်းက သူငယ်ချင်းတစ်ဦးက Strict-Vegetarian တွေ ဘာလို့ ကြက်သွန်ဖြူမစားတာလဲ မေးတော့ “ကြက်” ပါလို့ မစားတာဟု နောက်၍ ဖြေခဲ့ဖူးသည်။ အစကတော့ ဘာလို့မှန်း ကျွန်တော်လည်း မသိပါ။ နောင်တွင် သက်သတ်လွတ် စားသူတစ်ယောက်ကို မေးကြည့်သောအခါ တွင်မှ အသွေးအသား လုံးဝမစားသူ၏ အစာအိမ်သည် ကျန်းမာရေး ရှုထောင့်မှ ကြည့်လျှင် ကြက်သွန်ဖြူတွင် ပါဝင်သည့် ဓာတ်ကို မခံနိုင်သောကြောင့် ရှောင်ကြဉ်ကြခြင်း ဖြစ်ကြောင်း သိရသည်။

Friday, December 5, 2008

ကြယ်ငါးပွင့် ဟိုတယ်ပေါ်မှာ (၁)

ကြယ်ငါးပွင့် ဟိုတယ်ကြီးတစ်လုံး၏ ခန်းမဆောင် တစ်ခုအတွင်းတွင် ဧည့်သည်တို့၏ စကားသံများဖြင့် ဆူညံလျှက်ရှိသည်။ ထိုအချိန်တွင် ခန်းမကြီး အတွင်းရှိ မီးများ ရုတ်တရက် မှိတ်သွားသည်။ ဧည့်သည် အားလုံး၏ အသံတို့မှာ မီးကို ရေနှင့် ဖျန်းလိုက်သည့် ပမာ ရုတ်တရက် တိတ်ဆိတ်သွားသည်။ အသံများ တိတ်ဆိတ် သွားသည့် အတွက် နောက်ခံဖွင့်ထားသော တီးလုံး၏ အသံမှာ ပို၍ မြူးကြွ လာသည့် ပမာ ထင်ရသည်။ ထိုအချိန်တွင် ခန်းမဆောင်၏ တံခါးမကြီး နှစ်ချပ်က ရုတ်တရက် ပွင့်ထွက်သွားသည်။

လူတစ်စု စီတန်း၍ ခန်းမအတွင်းသို့ ဝင်လာသည်။ အကြမ်းဖက်သမားများ စက်သေနတ် ကိုင်၍ ဝင်ရောက်လာခြင်း မဟုတ်ပါ။ အနာဂတ် စင်ကာပူ နိုင်ငံတော်၏ အင်ဂျင်နီယာ အလောင်းအလျာ၊ ကွန်ပြူတာ ပညာရှင် အလောင်းအလျာ နှင့် စီးပွားရေး ပညာရှင် အလောင်းအလျာများ တဖြစ်လဲထားသော ကျွန်တော်တို့ မြန်မာကျောင်းသားများ အပါအဝင် အပေါ်အဖြူ အောက်အနက် ဆင်တူ ဝတ်ဆင်ထားသော စားပွဲထိုးများ ဟင်းပွဲကိုယ်စီ ထမ်း၍ ဝင်ရောက်လာခြင်း ဖြစ်ပါသည်။ ဟင်းပွဲများ၏ အလယ်ခေါင်တွင် ဖယောင်းတိုင်မီးများ ထွန်းညှိထားသည့် အတွက် မှောင်မိုက်နေသော အခန်းထဲတွင် မီးခွက်များ ရွေ့လျားလာနေသည်ကိုသာ မြင်ရသည်။

အရှေ့ဆုံးမှ ဦးဆောင်လာသူများမှာ ဗွီအိုင်ပီ ဆာဗာ ဟု ခေါ်သော အထူး ဧည့်သည်တော်များ၏ စားပွဲကို တာဝန်ယူထားသော ကျွမ်းကျင် အမျိုးသမီး စားပွဲထိုး ၂ ဦး ဖြစ်သည်။ သူတို့နှစ်ဦးက စင်မြင့်ပေါ်သို့တက်၍ ပရိသတ်ကို မျက်နှာမူလိုက်သည်။ ကျွန်တော်တို့ အားလုံးကလည်း လေ့ကျင့်ထားသော နေရာအသီးသီးသို့ ကိုယ်စီကိုယ်ငှ သွားရောက်၍ နေရာယူကြသည်။ အားလုံး အဆင်သင့် ဖြစ်သွားသောအခါတွင် မီးများ ပြန်လင်းလာပြီး ကျွန်တော်တို့ အားလုံး ဧည့်သည်များကို ဦးညွတ်၍ ဟင်းခွက်များကို စားပွဲပေါ်တွင် ချပေးလိုက်သည်။ ထိုထုံးစံမှာ ဧည့်ခံပွဲများတွင် ပထမဆုံး ဟင်းပွဲကို တည်ခင်းရာတွင် ပြုနေကြ ထုံးစံတစ်ခု ဖြစ်ပြီး Food Presentation ဟု ခေါ်သည်။ ထိုအချိန်မှ စ၍ နောက်ထပ် ၂ နာရီခွဲလုံးလုံး ကျွန်တော်တို့ မီးဖိုချောင်၊ ဘား နှင့် ဧည့်ခံ ခန်းမအကြား ခေါက်တုံ့ခေါက်ပြန် ပြေးလွှားနေရ လေတော့သည်။

ကျွန်တော်တို့ ဖြတ်သန်းခဲ့ရသော စင်ကာပူ ကျောင်းသားဘဝမှာ အမြဲတမ်း သက်တောင့်သက်သာ တော့မဟုတ်ပါ။ အဆိုးရွားဆုံး အတွေ့အကြုံမှာ ဟိုတယ်တွင် စားပွဲထိုး လုပ်ခဲ့စဉ်က ဖြစ်သည်။ စင်ကာပူရှိ မြန်မာကျောင်းသား အတော်များများ ဟိုတယ်အသီးသီးရှိ ဘန်ကွေး (Banquet) အလုပ်တွင် စားပွဲထိုးအဖြစ် လုပ်ဖူးကြသည်။ ဟိုတယ်များတွင် ကျင်းပသော မင်္ဂလာဧည့်ခံပွဲများ၊ ကုမ္ပဏီ ညစာစားပွဲများ နှင့် ဖက်ရှင်ရှိုးများကို စီစဉ်သော ဌာနကို ဘန်ကွေးဌာနဟု ခေါ်ပြီး ထိုဌာနတွင် အမြဲတမ်း အလုပ်သမား နည်းပါးပြီး အချိန်ပိုင်း အလုပ်သမားကသာ များသည်။ တစ်ခြားအလုပ်များနှင့် ယှဉ်လျှင် ဘန်ကွေး၏ အားသာချက်မှာ ပိုက်ဆံချက်ချင်းရခြင်း နှင့် နာရီအလိုက် ပိုက်ဆံပိုရခြင်း တို့ဖြစ်သည်။ ကျွန်တော်တို့ ဟိုတယ်တွင် လုပ်ခဲ့စဉ်က တစ်နာရီလျှင် ၆ ဒေါ်လာမျှ ရသည်။ ထိုအချိန်က အပြင်တွင် စားပွဲထိုးပါက ဆိုင်တော်တော်များများတွင် တစ်နာရီလျှင် ပုံမှန် ၅ ဒေါ်လာသာ ရနိုင်သော အချိန်ဖြစ်သည်။ သို့သော် ပေးထားသော ပိုက်ဆံများသလို အခြားအလုပ်များနှင့် ယှဉ်ပါက ပို၍ ပင်ပန်းပြီး စိတ်ဖိစီးမှုလည်း ပိုများသော အလုပ်ဖြစ်သည်။

ကျွန်တော်တို့၏ အလုပ်ချိန်သည် ပုံမှန်အားဖြင့် ညနေပိုင်းတွင် စတင်သည်က များသည်။ ညနေ ၅နာရီခွဲခန့်တွင် ဟိုတယ်၏ လုံခြုံရေးဌာနတွင် သတင်းပို့ရပြီး လုံခြုံရေးဌာနမှ ထမင်းစားလက်မှတ် တစ်စောင်နှင့် သတင်းပို့သည့် အချိန်ကို ရေးထားသည့် စာရွက်တစ်ရွက်ထုတ်ပေးသည်။ ဝန်ထမ်း ကင်န်တင်းတွင် ညစာကို အပြေးအလွှား စားပြီးနောက် ၆ နာရီခန့်တွင် ဘန်ကွေးဌာန ရှေ့တွင် တန်းစီရသည်။ ထိုအချိန်မှ စ၍ ကျွန်တော်တို့၏ စိတ်ပင်ပန်းစရာ ကောင်းသော အချိန်များ စတင်ပါတော့သည်။

F နှင့် စသော စကားလုံးများ ကို မိုးမွှန်နေအောင် ပြောသော မန်နေဂျာများ ကပ္ပတိန်များ၏ ရိုင်းရိုင်းစိုင်းစိုင်း သြဝါဒ ပေးမှုများကို မိနစ် ၂၀ ခန့် သည်းညည်းခံပြီး နားထောင်ရသည်။ ထို့နောက်တွင် ကိုယ်တာဝန်ကျရာ စားပွဲဆီသို့ သွားပြီး လိုအပ်သော ပြင်ဆင်မှုများ ပြုရသည်။ ခဏအကြာတွင် ကပ္ပတိန်၏ အစီအစဉ် အတိုင်း Food Presentation အတွက် လေ့ကျင့်ရသည်။ ပုံမှန်အားဖြင့် ၇ နာရီခန့်တွင် ကော့တေးဟု ခေါ်သော ဧည့်သည်များကို အအေး ဖြင့် ဧည့်ခံခြင်းစတင်သည်။ ည ၈ နာရီခန့်တွင် Food presentation စတင်ပြီး Food presentation ပြီးသည့်အချိန်မှ စ၍ ညစာစားပွဲ ပြီးသည့် ည ၁၁နာရီလောက်အထိ ကျွန်တော်တို့ မရပ်မနား အလုပ်လုပ်ကြရသည်။

ဧည့်ခံပွဲတွင် စားပွဲဝိုင်းများတွင် ဧည့်သည်များကို အဖျော်ယမကာ ပံ့ပိုးပေးခြင်း ပြုရသော Server နှင့် မီးဖိုမှ ဟင်းပွဲများ၊ ပန်းကန်များကို ထုတ်ယူခြင်းနှင့် စားပြီးသား ပန်းကန်များ၊ ဖန်ခွက်များကို ပန်းကန်ဆေးသော နေရာသို့ ပို့ပေးရသော Runner ဟူ၍ နှစ်မျိုးရှိသည်။ အစားအသောက် တည်ခင်းရာတွင်တော့ Runner ရော Server ပါ နှစ်ဦးစလုံး လုပ်ရသည်။ ကျွန်တော်တို့ အလုပ်လုပ်သော ဟိုတယ်တွင်တော့ ယောက်ျားလေးတိုင်း Runner အဖြစ် တာဝန်ယူရပြီး မိန်းကလေးများမှာ Server အဖြစ် တာဝန်ယူ ရသည်။ ပုံမှန်အားဖြင့် Server နှင့် Runner တစ်တွဲအတွက် စာပွဲဝိုင်း ၃ ဝိုင်းကို တာဝန်ယူရ သော်လည်း လူမရှိသည့်နေ့တွင် စာပွဲဝိုင်း ၄ ဝိုင်းအထိ တာဝန်ယူ ရတတ်သည်။

တရုတ် ညစာစားပွဲတွင် ဟင်းပွဲ ၈ မျိုး သို့မဟုတ် ၉ မျိုး ပါဝင်တတ်သည်။ ဟင်းတစ်မျိုးနှင့် တစ်မျိုး အကူးအပြောင်းတွင် Side Plate ဟုခေါ်သည့် ပန်းကန်ငယ်ကလေးများကို လဲလှယ်ပေးရသည်။ ပန်းကန်လဲသည် ဆို၍ လွယ်လွယ်တော့ မဟုတ်ပါ။ ကျွန်တော်တို့ စားပွဲ ၃ ဝိုင်းစာ အတွက် ပန်းကန်ပြား အချပ် ၃၀ ကို တစ်ခါတည်း သယ်ရသည်။ မီးဖိုသို့ ပြန်သိမ်းလျှင်လည်း ပန်းကန်ပြားအချပ် ၃၀ နှင့် ကုန်နေသော ဟင်းခွက်များ အအေးခွက်များကို တစ်ခါတည်း သိမ်းရသည်။ ထိုသို့မလုပ်လျှင် နောက်ဟင်းတစ်ပွဲ အတွက် အချိန်မမီနိုင်။ ထို့ကြောင့် ပန်းကန်သိမ်းပြီးသည်နှင့် ပန်းကန်များအားလုံးကို Oval Tray ဟုခေါ်သည့် ဘဲဥပုံဗန်းကြီးထဲတွင် ထည့်၍ ထမ်းကာ မီးဖိုဆောင်သို့ ပြေးရသည်။ ထိုဗန်းမှာ အလျား ၂ ပေခွဲ အနံ ၁ပေခွဲခန့် ရှိသော ပလတ်စတစ်ဗန်း ဖြစ်သည်။ ဗန်းကို စထမ်းခါစက ဆိုလျှင် ညဘက် အိမ်ပြန်ရောက်လျှင် ပုခုံးတွေရော ခါးတွေပါ နာနေတတ်သည်။ နောက်တော့လည်း သက်သက်သာသာပင် ထမ်းနိုင်လာသည်။

Thursday, December 4, 2008

တရုတ်တန်းဈေးက အဖြစ်အပျက်လေး

ဤအကြောင်းမှာ စိုင်းထီးဆိုင် သီချင်းထဲကလို မန္တလေး တရုတ်တန်းဈေးတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက် မဟုတ်ပါ။ စင်ကာပူ နိုင်ငံရှိ ချိုင်းနားတောင်းဟု ခေါ်သော တရုတ်တန်းတွင် ကြုံတွေ့ခဲ့သည့် ညတစ်ည အကြောင်း ဖြစ်ပါသည်။

ထိုအပတ်က ကျွန်တော်၏ ဆွေမျိုးသားချင်း တစ်ယောက် စင်ကာပူသို့ သင်္ဘောဖြင့် ရောက်လာပါသည်။ သူ၏ သင်္ဘောမှာ စင်ကာပူရှိ သင်္ဘောကျင်း တစ်ခုတွင် ဒေါက်တင် ပြင်ဆင်ခြင်း ပြုမည် ဖြစ်၍ အချိန်အတော်ကြာ ရပ်နားမည် ဖြစ်သည်။ သူတို့ သင်္ဘောမှာ တစ်ခိုင်လုံးရွှေ ဟု ခေါ်ကြသည့် သင်္ဘောတစ်စင်းလုံး မြန်မာ သင်္ဘောသားများသာ ပါသော သင်္ဘောမျိုး မဟုတ်သော်လည်း ကြီးလေးကြီး ဟု သူတို့ခေါ်ကြသည့် အကြီးဆုံး အရာရှိ လေးဦးမှ အပ ကျန်သင်္ဘောသားများ အားလုံးမှာ မြန်မာ သင်္ဘောသားများ ဖြစ်ကြသည်။

ကျွန်တော်တို့နှင့် ဆွေမျိုးတော်သော အစ်ကိုက ထိုနေ့ညနေစာကို သူတို့နှင့် အတူ ချိုင်းနားတောင်းမှာ ဘီယာသောက်ရင်း စားဖို့ လှမ်းခေါ်ပါသည်။ ချိုင်းနားတောင်းရှိ People Park အဆောက်အအုံ၏ အနောက်ဖက်တွင် မြန်မာ သင်္ဘောသားများ စတည်းချလေ့ရှိသော စားသောက်ဆိုင်တန်း တစ်ခု ရှိသည် ကို ကျွန်တော် သိထားသည်။ ကျွန်တော့် သူငယ်ချင်း သင်္ဘောသားများ အမြဲ ထိုင်လေ့ရှိသည့် ဆိုင်များ ဖြစ်သည်။ ထိုစားသောက်ဆိုင်တန်း မှာ မြန်မာမှန်း သိပါက “ဘဲကင်ရမယ်၊ ခေါက်ဆွဲကြော်ရမယ်၊ ကြာဇံကြော်ရမယ်။” စသည်ဖြင့် မြန်မာလို အော်၍ပင် ဈေးကြိုတတ် ကြသည်။

ကျွန်တော်တို့ ထိုစားသောက်ဆိုင်တန်းကို ရောက်သွားတော့ ပွဲက အတော်ပင် ကောင်းနေပါပြီ။ စားပွဲပေါ်တွင် ဘီယာပုလင်းများ စီနေပြီး သူတို့ သင်္ဘောသားများ နှင့်အတူ အသိမိတ်ဆွေများ အားလုံး ပျော်ပျော်ပါးပါး သောက်နေကြလေပြီ။ ကျွန်တော်တို့လည်း သူတို့ အုပ်စုနှင့် ဝင်ရောပြီး ဟိုအကြောင်း ဒီအကြောင်း စကားပြော ဖြစ်ကြသည်။

ခဏအကြာတွင် သူတို့သင်္ဘောမှ ဘိုဆင် ခေါ် သင်္ဘောသားခေါင်း မြန်မာ အစ်ကိုကြီးက “ ငါ ဂဏန်းစားချင်တယ် ကွာ။ မှာဦးမယ်။” ဟု ဆိုပြီး “ဟေး” ဟုဆိုကာ စားသောက်ဆိုင် ပိုင်ရှင် တရုတ်မကြီးကို လှမ်းခေါ်လိုက်သည်။ တရုတ်မကြီး ရောက်လာတော့ သူက “ဂဏန်းကို ငရုတ်သီးရယ်၊ ကြက်သွန်ရယ်၊ ဂျင်းရယ်၊ အာလူးရယ် နဲ့ ချက်ထားတာ စားချင်တယ်။” ဟု မြန်မာလို ပြော၍ လှမ်းမှာ လိုက်လေသည်။ တရုတ်မကြီးမှာ ဂဏန်းကို နားလည်သော်လည်း သူပြောသည့် စကားကို အပြည့်အစုံ နားမလည်ပါ။ “ဂဏန်း what? ဂဏန်း what?” နှင့် ပြန်၍မေးနေသည်။ သူက နောက်တစ်ခေါက် မြန်မာလို ထပ်ပြောပြန်သည်။ ထိုအခါမှ ကျွန်တော် သတိထား မိသည်မှာ စထိုင်ကတည်းက သူတို့ တစ်ဖွဲ့လုံး အင်္ဂလိပ်လို တစ်ခွန်းမျှ မပြောကြခြင်းပင် ဖြစ်သည်။

ကျွန်တော်တို့ ဝင်၍ အင်္ဂလိပ်လို ဘာသာပြန်ပေးလျှင် ရသော်လည်း သူတို့ ဘယ်လို ရှင်းကြမလဲ ဆိုတာ သိချင်၍ ခပ်တည်တည်နှင့်ပင် မသိချင်ယောင် ဆောင်၍ နေနေသည်။ နောက်ဆုံး မရမှ ဝင်ရှင်းမည် ဟု စိတ်ကူးထားသည်။ တရုတ်မကြီးမှာ အကြံအိုက် နေပုံနှင့် ခေါင်းကုတ်ရင်း မည်သို့လုပ်ရမည်ကို စဉ်းစားနေပုံ ရသည်။ သူ့ဆိုင်မှ မှာထားသည့် ဟင်းမှာလည်း မနည်းလှ၍ ဖောက်သည်ကောင်း များကို လက်လွတ်ခံချင်ပုံ မပေါ်ပါ။ သူမက ခဏ ဟု ဆိုပြီး တစ်ခြားတစ်ဘက်သို့ လျှောက်သွားပါသည်။ ခဏ အကြာတွင် အခြား တရုတ်မကြီး တစ်ယောက်နှင့် အတူ ပြန်ရောက်လာပါသည်။ အခြား တရုတ်မကြီးက သူ့ကို ထပ်မေးပြန်သည်။ သူက နောက်တစ်ခေါက် မြန်မာလို ထပ်ပြောပြန်သည်။ ထိုတရုတ်မကြီးကမူ ချက်ချင်းပင် “No Curry” ဟု ပြန်ပြောသည်။ ထို့နောက် သူတို့ နှစ်ဦး တစ်ယောက်က မြန်မာလို ပြော တစ်ယောက် က အင်္ဂလိပ်လို ပြော နှင့် ၅ မိနစ်ခန့် အကြာတွင် Chilli Crab ဖြင့် သဘောတူညီမှု ရသွားကြသည်။ ကျွန်တော်လည်း စိတ်ထဲက စဉ်းစားမိသည်မှာ အော် စင်ကာပူမှာလည်း အင်္ဂလိပ်စကား မပြောပေမယ့် ကိုယ့်ဘာသာကိုယ် အလုပ်ဖြစ် နေတာတွေတော့ ရှိသားပဲ ဟူ၍ ဖြစ်သည်။

ကျွန်တော်တို့လည်း ထိုဆိုင်မှာပင် ဆက်ထိုင်၍ နေကြပါသည်။ ခဏအကြာတွင် ပြည်ကြီး တရုတ်မများ စားသောက်ဆိုင်တန်း ထဲသို့ ပြေးဝင်လာသည် ကို တွေ့ရသည်။ သူတို့၏ ပြင်ဆင်ထားပုံကို ကြည့်ရုံမျှနှင့်ပင် ကြေးစားမှန်း သိနိုင်ပါသည်။ နောက်မှ အရပ်ဝတ်ဖြင့် ရဲများ လိုက်လာကြသည် ကိုလည်း တွေ့နေရသည်။ ရဲများက တရုတ်မများကို စားသောက်ဆိုင်တန်း အနီးတွင် လိုက်၍ ဖမ်းနေကြပါသည်မှာ ထိုအနီးတဝိုက်တွင် ဝုန်းဒိုင်းကြဲ နေပါသည်။ တရုတ်မတစ်ယောက်က ကျွန်တော်တို့ နံဘေးမှ ဖြတ်၍ ဆိုင်တစ်ဆိုင်၏ မီးဖိုခန်းအတွင်း သို့ ဝင်သွားသည်။ ခဏအကြာတွင် တရုတ်မ ၅ ယောက်ခန့်ကို ရဲများက ဖမ်းသွားကြသည်။ ရဲများ ထွက်သွားပြီး ၁၀မိနစ်ခန့် ကြာမှ ပုန်းနေသော တရုတ်မက မီးဖိုခန်းထဲမှ ထွက်လာသည်။ သူမဟုတ်သလိုပင် ခပ်တည်တည် နှင့်ပင် ဖြစ်သည်။ ဆိုင်ရှင်များကလည်း ဒါမျိုး အဖြစ်အပျက် တွေကို ရိုးနေသည့်ပမာပင် ဖြစ်သည်။ ဒီနားမှာလည်း ဒါမျိုးတွေ ရှိသေးသကိုး ဟူ၍ သိလိုက်ရသည်။

ညမိုးချုပ်တော့ တက္ကစီငှားပြီး အိမ်ပြန်ကြဖို့ လုပ်သည်။ ကျွန်တော်တို့ လမ်းမသို့ ထွက်လိုက်သည်နှင့် တရုတ် တက္ကစီသမား တစ်ယောက်က ဘယ်သွားမှာလဲ ဟု မေးသည်။ သူတို့က သင်္ဘောကျင်း နာမည် ပြောတော့ ၃၅ ဒေါ်လာ ကျမည်ဟု ဆိုသည်။ ကျွန်တော်တို့ အံအားသင့်စွာဖြင့်ပင် ကန့်ကွက်မည် ပြုစဉ် သူတို့က အိုကေ ဆိုပြီး ကားပေါ်တက်ကြသည်။ တက္ကစီမှာ ဘလက ်တက္ကစီ မဟုတ်။ Comfort တက္ကစီ အပြာရောင် ဖြစ်သည်။ ကားပေါ်ရောက်တော့ တက္ကစီမှာ မီတာမဖွင့်ဘဲ မောင်းသည်။ အခြားနိုင်ငံများတွင်မူ အထူးအဆန်း မဟုတ်သော်လည်း စင်ကာပူလို တက္ကစီတိုင်း မီတာ ဖွင့်မောင်းသော နိုင်ငံတွင်တော့ တက္ကစီကို ဈေးညှိပြီး စီးသည်ကို မြင်ဖူးသည်မှာ ဒီတစ်ခါ ပထမဆုံးပင် ဖြစ်သည်။ ကျွန်တော်တို့ စိတ်ထဲတွင် တက္ကစီသမားကို ဘာလို့ မီတာဖွင့် မမောင်းလဲ မေးချင်နေမိသည်။ သို့သော် သူတို့ အချင်းချင်း လေပေးဖြောင့် နေပြီ ဖြစ်သည်ကြောင့် မမေးဖြစ် ခဲ့ပါ။ သူတို့က တက္ကစီကို ကျွန်တော်တို့ အိမ်နားတွင် ရပ်၍ ချပေးခဲ့သည်။

အိမ်ပြန်ရောက်၍ အဲဒီနေ့က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ပြန်ပြောတော့ သူငယ်ချင်းတွေ အားလုံး ကလည်း စင်ကာပူမှာ ဒါမျိုးတွေ ရှိသေးသလား ဟု အံ့သြသံဖြင့် ပြောကြပါသည်။

Wednesday, December 3, 2008

ဈေးဝယ်မှားတဲ့ ဟာသများ

ဆန်အကောင်းစား

ကျွန်တော်စင်ကာပူ ရောက်ခါစအချိန်က အိမ်တွင် ထမင်း ချက်စားဖြစ်သည်က များသည်။ ထိုအချိန်က ကျွန်တော်နှင့် တစ်အိမ်တည်းနေသော သူငယ်ချင်းများမှာ ပိုက်ဆံခွေျတာရန် ဈေးသက်သာသော ထိုင်း ဆန် အမျိုးအစားကိုသာ ဝယ်စားလေ့ရှိသည်။ ထိုဆန်ဖြင့် ထမင်းချက်ပါက ဆိုင်တွင် ရောင်းသော ထမင်းနှင့်မတူပဲ အနည်းငယ်မျှ ကြမ်းသည်။

တစ်နေ့တော့ ကျွန်တော်နှင့် သူငယ်ချင်းတစ်ယောက် ဈေးသွားပြီး ဆန်သွားဝယ် ကြသည်။ ကုန်စုံဆိုင်ရောက်တော့ ကျွန်တော်က “အိမ်မှာ နေ့တိုင်း စားနေရတဲ့ ဆန် တွေက မမိုက်ဘူးဗျာ။ တစ်ခါတစ်ရံ အပြောင်းအလဲလေး ဖြစ်သွားအောင် ကောင်းကောင်းလေး ဝယ်စားရအောင်။ ” ဟု ကျွန်တော့် သူငယ်ချင်းကို အဖော်ညှိမိသည်။ သူကလည်း သဘောတူ၍ နှစ်ယောက်သား ဖြူဖွေး ကော့စင်းနေသော ဆန်တစ်အိတ်ကို ရှာဝယ်၍ အိမ်ပြန်ခဲ့သည်။ စိတ်ထဲတွင်တော့ ဒီညနေ ကောင်းကောင်း စားရပြီပေါ့ ဟု တွေးလာကြသည်။ ထိုနေ့ညနေက ဟင်းချက် ထမင်းချက်ပြီး ထမင်းကျက်မည့် အချိန်ကို ဗိုက်ဆာဆာနှင့် ထိုင်စောင့်ကြလေသည်။ ထိုအချိန်တွင် အိမ်မှာ ကျန်ခဲ့သော သူငယ်ချင်း တစ်ယောက်က ထမင်းအိုးကို ဖွင့်၍ ကြည့်ရင်း ဟက်ဟက်ပက်ပက် ရယ်ကာ ပြောသည်။ “ဟေ့ကောင်တွေ။ မင်းတို့ဒီနေ့ဝယ်လာတာက ဆန်မဟုတ်ဘူး။ ကောက်ညှင်းတွေဟ။ ” ထိုအခါမှစ၍ Glutinous Rice ဆိုသည်မှာ ကောက်ညှင်းကို ခေါ်ကြောင်း အင်္ဂလိပ်စကားလုံး တစ်လုံးကို သင်ယူခဲ့ရလေသည်။

ဘာသီးကြီးလဲ

ကျွန်တော်တို့ ထိုစဉ်က အသားဟင်းချက်ရမည်ကို ပျင်းသဖြင့် အသီးအရွက် ကြော်စားသည်က များသည်။ တစ်နေ့တော့ ဈေးထဲသွားရင်း ဗုံလုံသီးလိုလို ဘူးသီးလိုလို အသီးအကြီးကြီး တစ်လုံးတွေ့သည်။ သေချာတာကတော့ ဤအသီးကြီးသည် ဖရဲသီးလို ဒီတိုင်း ကိုက်စားလို့ရမည့် အသီးတော့ ဟုတ်မည်မထင်။ ကြော်စားရသည့် အသီးသာ ဖြစ်သည်ဟု တွက်ကြသည်။ Gourd ဆိုတာ ဘူးသီးကို ခေါ်တာဆိုတော့ Bitter Gourd ဆိုလျှင် ဘူးသီးနှင့် နည်းနည်းတော့ နီးစပ်သည်ဟု တွေးမိကြသည်။ ထို့ကြောင့် ထိုသို့ ဘာမှန်းမသိသော အသီးကြီးကို ဝယ်၍ အိမ်ပြန်လာပြီး ကြော်စားကြလေသည်။ အသီးကိုကြော်ပြီးသည် အထိ ဘယ်သူမှ မြည်းမကြည့်ကြ။ ထမင်းဝိုင်းမှာ ထိုင်တော့မှ ပထမဆုံး စ၍ ဟင်းခွက်နှိုက်သည့် သူငယ်ချင်းက ချက်ချင်းပင် ပါးစပ်ထဲမှ ထွေးထုတ်ပြီး ထအော်သည်မှာ “ဟေ့ကောင်တွေ။ ဒါကြက်ဟင်းခါးသီး ဟ။ ” ဟူ၍ပင် ဖြစ်သည်။။ သိပ္ပံနည်းကျ ပြုပြင်ထားလို့ ကြက်ဟင်းခါးသီးတောင်မှ ဘာမှန်းမသိအောင် ဖြစ်သွားရခြင်း ဖြစ်ပါသည်။

Nike ဖိနပ် Discount ချခြင်း

ကျွန်တော်တို့ စင်ကာပူ ရောက်ခါစက ရှူးဖိနပ် စီးသူကစီး၊ ကက်တာပီလာ လို ကန်းထရီး လို မြန်မာနိုင်ငံမှာ ခေတ်စားသော ဖိနပ်စီးသူစီးနှင့် တောသားမြို့ရောက် သည့်ပမာ ပင်ဖြစ်သည်။ နောက်မှ အခန်းထဲမှ သူငယ်ချင်းများကို ကြည့်၍ Nike ဖိနပ် ရောဂါ ထလာကြသည်။ သို့သော် Nike ဖိနပ်တစ်ရံလျှင် ဒေါ်လာ ၁၀၀ ကျော်ဖြစ်သဖြင့် တော်ရုံတန်ရုံ ဝယ်မစီးကြ့ပဲ ပေသီးခေါက်နေကြဆဲ ဖြစ်သည်။

တစ်နေ့တော့ အိမ်အနီးရှိ ဈေးတွင် ဈေးပိတ်ခါနီး လမ်းဘေးဈေးဆိုင် တစ်ဆိုင်က Nike ဖိနပ်တွေ ဈေးလျော့ရောင်းနေသည်ကို တွေ့ရသည်။ တစ်ရံလျှင် ၃၉ ဒေါ်လာနှုန်းဖြင့် ရောင်းနေပြီး ဖိနပ်များမှာ ပုံစံအတော်လှသည်ကို သတိပြုမိသည်။ ကျွန်တော့်သူငယ်ချင်း တစ်ယောက်က “ဒါ။ ကိုရီးယားမှာ လုပ်တဲ့ ဖိနပ်တွေဟ။ အတော်တန်တယ်။ အတုလည်း မဟုတ်ဘူး။ အစစ်ပဲ။” ဟုပြောသည်။ ရောင်းနေသော တရုတ်ကလည်း ဆိုင်ပိတ်တော့မယ် ဆိုပြီး အရမ်းကို လောကြီးနေသည်။ ထို့ကြောင့် ကျွန်တော့်သူငယ်ချင်းမှာ ပိုက်ဆံပြေးထုတ်ပြီး ဘယ်ဘက်တစ်ဘက်သာ စမ်း၍စီးချိန် ရလိုက်သည်။ ဖိနပ်ရောင်းသူက ညာဘယ်ကို ဘူးထဲတွင် သာ ရှိကြောင်းဖွင့်ပြသည်။ ကျွန်တော့်သူငယ်ချင်းမှာ Nike ဖိနပ် အကောင်းစား ကလေးကို ၃၉ ဒေါ်လာဖြင့် ရလာသဖြင့် ပျော်နေသည်။ ထို့နောက် ဖိနပ်ကို ယူပြီး အိမ်ပြန်လာ ခဲ့ကြသည်။

အိမ်ရောက်တော့မှ ကျွန်တော်တို့ အားလုံး စိတ်ထဲတွင် နည်းနည်း သံသယ ဖြစ်လာသည်။ တစ်ခုခုတော့ လွဲနေတာ ဖြစ်မည် ဆိုပြီး မည်သူမျှ မယုံကြည်ကြ။ ဖိနပ်ကို ဖင်ပြန်ခေါင်းပြန် ကြည့်သော်လည်း အတု ဆိုတာ သံသယဖြစ်စရာ မတွေ့။ အဲဒါကြောင့် ကျွန်တော့်သူငယ်ချင်းက စမ်းပြီး စီးကြည့်သည်။ ထို့နောက် “ဟေ့ကောင်တွေ။ ငါ့ဖိနပ် တစ်ခုခုလွဲနေတယ်လို့ မထင်ဘူးလား။” ဆိုပြီး မေးတော့မှ တစ်ယောက်က သူသတိပြုမိတာကို ပြောလိုက်သည်မှာ “ဟေ့ကောင်။ မင်းဖိနပ်က ဘယ် ချည်းပဲ နှစ်ဖက်ဟ။ ညာဘက် မပါဘူး။” ဟူ၍ ပင်ဖြစ်သည်။ နောက်နေ့များတွင် ထိုဖိနပ်ဆိုင်ကို သွားရှာသော်လည်း အစအနတောင် မတွေ့သဖြင့် ဆိုင်မှ ဘယ်ဘက်ချည်း ခိုးလာသော ဖိနပ်များဖြင့် အလိမ်ခံ လိုက်ရကြောင်း သိလိုက် ရလေသည်။

Tuesday, December 2, 2008

ပထမကမ္ဘာ နိုင်ငံတစ်ခုမှ ထူးဆန်းသော အယူအဆများ

လွန်ခဲ့သောနှစ်က ကျွန်တော်တို့ ကုမ္ပဏီအတွက် ပစ္စည်းကိရိယာများ ရောင်းချနေသော စင်ကာပူနိုင်ငံအတွင်းရှိ အင်ဂျင်နီယာရင်း ကုမ္ပဏီတစ်ခုသို့ ကိစ္စတစ်ခုဖြင့် ရောက်ရှိသွားခဲ့သည်။ ကုမ္ပဏီအပေါက်ဝသို့ ရောက်ရောက်ချင်း တွေ့လိုက်ရသည်က အလွန်ကြီးမားသော ဘုရားစင်ကြီးတစ်ခု နှင့် တရုတ်နတ်ဘုရား ရုပ်ထုများ ဖြစ်သည်။ ကုမ္ပဏီအတွင်း ဝင်ရောက်သွားသော အခါတွင် ပို၍အံသြဖွယ်ရာ ကောင်းသည်များကို တွေ့မြင်ရသည်။ ထိုလမှာ တရုတ်ပြက္ခဒိန်၏ ၇ လပိုင်း ဖြစ်သဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများက တစ္ဆေကြီးပွဲလ ဟုခေါ်ပြီး စင်ကာပူတွင်တော့ Ghost Month ဟုခေါ်ကြသော လဖြစ်သည်။

ကုမ္ပဏီ အတွင်းရှိ စီအင်န်စီ စက်ဟုခေါ်သည့် ကွန်ပြူတာစနစ်ဖြင့် ထိန်းချုပ်သည့် တွင်ခုံများပေါ်တွင် အလံကလေးများ စိုက်ထားသည်ကို တွေ့ရသည်။ ကျွန်တော်နှင့် အတူပါလာသော စင်ကာပူ နိုင်ငံသား အင်ဂျင်နီယာများပင် ထိုအလံများကို ကြည့်၍ ပြုံးကြသည်။ သူတို့ အပြောအရဆိုလျှင် ဤလသည် သရဲ တို့၏ လဖြစ်သဖြင့် စက်များတွင် သရဲတို့၏ အနှောက်အယှက် ကင်းရန် သူတို့ ရိုးရာ အယူအဆဖြင့် အလံများ စိုက်ထားခြင်း ဖြစ်သည်ဟု ကျွန်တော့်ကို ရှင်းပြကြသည်။ ထို့နောက် နေ့လယ်စာ စားသောအချိန်တွင် ထိုကုမ္ပဏီမှ အရောင်းမန်နေဂျာ တစ်ယောက် ကျွန်တော်တို့ နှင့်အတူ စားသောက်ဆိုင်သို့ လိုက်လာသည်။ သူ၏ ပြောပြချက်များမှာ ပို၍ပင် အံသြစရာ ကောင်းသေးသည်။

သူတို့ ကုမ္ပဏီ တွင် မည်သူ့ကို မဆို အလုပ်ခန့်ရန် လူတွေ့ စစ်ဆေးပါက ပထမဆုံး မေးလေ့ရှိသော မေးခွန်းမှာ မွေးသက္ကရာဇ် ဖြစ်သည်။ အကယ်၍ ဗေဒင်ကိန်းခန်းအရ အလုပ်လာလျှောက်သူ၏ မွေးသက္ကရာဇ်နှင့် ကုမ္ပဏီနှင့် ကိုက်ညီခြင်း မရှိပါက သူတို့ သူဌေးက အလုပ်ခန့်လေ့ မရှိကြောင်း ပြောပြသည်။ ထိုထက်ပို၍ ထူးဆန်းသော အလေ့အထမှာ ကုမ္ပဏီအတွင်း ကားရပ်ပါက မည်သည့်ကားမှ ဝင်ပေါက်တံခါးကို ဦးတည်၍ ရပ်ခွင့်မရှိကြောင်း စည်းကမ်းသတ်မှတ်ထားသည် ဟု ဆိုသည်။ တစ်ခါက အင်ဂျင်နီယာ အသစ်တစ်ယောက် ထိုအလေ့အထကို သတိမပြုမိဘဲ ဝင်ပေါက်တံခါးကို ခေါင်းတည် ရပ်မိသဖြင့် ချက်ခြင်း အလုပ်မှ ထုတ်ပယ်ခြင်း ခံရကြောင်းလည်း သူက ပြောပြသည်။

ကျွန်တော်တို့ ထိုအကြောင်းအရာများကို နားထောင်ပြီး ဟက်ဟက်ပက်ပက် ရယ်မောမိကြသည်။ မိမိယုံကြည်ရာ ကိုးကွယ်လေ့ရှိသည်မှာ အပြစ်မဆိုသာသော်လည်း ကျွန်တော်တို့ကို နောက်ဆုံးပေါ် နည်းပညာ အသုံးပြုထားသည့် ကိရိယာအချို့ ရောင်းချနေသော ကုမ္ပဏီတစ်ခုတွင် ဤသို့ အယူသည်းမှုများ ရှိနေသည်ကို တွေ့ရတော့ အံ့သြမိသည်။

နောက်ပိုင်းတွင် ကျွန်တော် လေ့လာကြည့်မိတော့ ဤတစ်နေရာတည်းတွင်မဟုတ်။ စင်ကာပူ နိုင်ငံသား တော်တော်များများသည် သရဲလနှင့် ပတ်သက်၍ အယူသည်းကြသည်ကို တွေ့ရသည်။ လွန်ခဲ့သော ၃ လခန့်က စင်ကာပူနိုင်ငံသား သူငယ်ချင်း ၂ယောက်နှင့်အတူ စာမေးပွဲအတွက် စာအတူကျက်ကြရင်း သရဲလ နှင့် ပတ်သက်၍ စကားစပ်မိသည်။ စကားစပ်မိပုံမှာ ကျွန်တော့် သူငယ်ချင်း တစ်ယောက်၏ ရည်းစားက သူမ၏ကားအသစ် ဝယ်ထားသည်ကို သွားယူမည် ပြောတော့ ကျွန်တော့်သူငယ်ချင်းက တားသည်။ ဤလသည် သရဲလ ဖြစ်နေသည့်အတွက် သွားမယူသင့်ကြောင်း အခုအချိန်တွင် ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ မလုပ်ပဲထားသည်က နောင်တွင်မှ နောင်တရသည်ထက် ပို၍သင့်လျော်ကြောင်း စသည်ဖြင့် သူ့ရည်းစားကို နားချနေသည်ကို ကြားရသည်။

သူတို့၏ အပြောအရ စင်ကာပူတွင် ရုပ်ရှင်ရုံများ၏ ရှေ့ဆုံး ၃တန်းကို သရဲ တစ္ဆေများ ကြည့်နိုင်ရန်အတွက် နေရာချန်ထားလေ့ရှိကြောင်း၊ ထိုသို့ အယူရှိသူများက ရှေ့ဆုံး ၃ တန်းကို လက်မှတ်ဝယ် ကြည့်လေ့ မရှိကြောင်းလည်း ကြားရသည်။ ထို့အပြင် ကွင်းပြင်များအတွင်း၌ ဗလာဇာတ်ပွဲများကို ကပြလေ့ရှိသည်မှာ သရဲများ ကြည့်ရှုနိုင်ရန် အတွက် ဖြစ်ကြောင်း အကယ်၍ လူများက ဝင်ကြည့်လျှင်ပင် ရှေ့ဆုံး ၃တန်းတွင် ဝင်ကြည့်လေ့ မရှိကြောင်းလည်း သူတို့က ပြောပြကြသည်။

ထို့နောက် သူတို့က ကျွန်တော့်အား တရုတ်နတ်ဘုရားများ အကြောင်း၊ တရုတ်တို့၏ ဖုန်းရွှေ အယူအဆများ အကြောင်းနှင့် သရဲတစ္ဆေ ယုံကြည်မှုများ အကြောင်း ကျွန်တော့်ကို စိတ်ရှည်လက်ရှည် ရှင်းပြကြသည်။ ဥပမာ အပြင်တွင် ဒေါ်လာ ၂၀၀ ခန့်ဖြင့် ဝယ်၍ရသည့် အရက်ပုလင်းကို တစ်ခါတစ်ရံ လေလံပွဲတွင် ဒေါ်လာ ၄၀၀ ခန့်အထိ ပေး၍ လေလံဆွဲယူကြသည်။ သူတို့၏ အယူအဆမှာ လေလံဆွဲရာတွင် အဆုံးထိ လိုက်ဆွဲပါက ထိုနှစ်အတွက် လုပ်ငန်း ကိုင်ငန်းများ ကောင်းမွန်နိုင်သည် ဟု သူတို့ ယူဆကြကြောင်းကို လည်း ပြောပြကြသည်။

စင်ကာပူကဲ့သို့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အလွန်တိုးတက်နေသော နိုင်ငံတစ်ခုတွင် ဤသို့ အယူအဆများ ရှိနေသည် က အလွန်ပင် အံ့သြဖွယ်ရာကောင်းသည်။ မည်သို့ပင် ဖြစ်စေ စင်ကာပူသည် အာရှဓလေ့ထုံးစံများ ကြားတွင် တိုးတက်ကြီးပွားလာသော နိုင်ငံတစ်နိုင်ငံသာ ဖြစ်သည်။ ထို့ကြောင့် အာရှသားတို့၏ အယူဝါဒများ မပျောက်ပျက်နိုင်ဘဲ အရိုးစွဲနေသည်မှာတော့ ဖြစ်တတ်ပါသည် ဟုပင် ဆိုရမည်လား မသိပေ။

Monday, December 1, 2008

ကတ်သီးကတ်သတ် အတွေးများ

မြင်းမြင်းချင်း နွားနွားချင်း ချစ်ကြသည်ဟု ဆိုလျှင် အဆန်း ဖြစ်မည်မထင်ပါ။ တစ်ခါတစ်လေတော့လည်း မြင်းတွေ နွားတွေမှာကော ချစ်စိတ်ရှိသေးသလား၊ ချစ်ရင်တစ်ကောင်နဲ့ တစ်ကောင် ဘယ်နှယ့်လုပ်ပြီး ရည်းစားစကား ပြောကြလဲ ၊ မြင်းမက မြင်းထီးကို ပြန်မချစ်လို့ မြင်းထီးမှာ အသည်းကွဲနေတာတွေ ဘာတွေများ ရှိသလားဟု ကတ်သီးကတ်သတ် စဉ်းစားမိသည်။ အမှန်တကယ်တော့ ကျွန်တော် တကယ်ပြောလိုသည့် အကြောင်းအရာက မြင်းမြင်းချင်း ချစ်သည့် အကြောင်းမဟုတ်ဘဲ မြင်မြင်ချင်း ချစ်သည့် အကြောင်းသာ ဖြစ်ပါသည်။

Love at first Sight ဆိုသည့် စကားကို လက်ခံသူရှိသလို လက်မခံသူလည်း ရှိသည်။ ကျွန်တော်က မြင်မြင်ချင်း ချစ်သည် ဆိုသည့်အချက်ကို လက်ခံသည်။ အချစ်ကြောင့် မြင်မြင်ချင်း ချက်ချင်း သဘောကျသွားတတ်သလို တစ်စက်မှ ကြည့်မရခြင်းလည်း ဖြစ်သွားနိုင်သည်။ အမှန်တကယ်ကတော့ ဒုတိယအချက်မှာ လူလည်ကျခြင်း သာဖြစ်သည်။ ထိုသို့ပြော၍ ကိုယ့်ကို ကြည့်မရဟု ပြောသော ကောင်မကလေးများကို ကိုယ့်ကို ကြိုက်နေသည့် ပမာ ရောချ၍ ရသောကြောင့် ဖြစ်ပါသည်။ တစ်ခါကတော့ သူငယ်ချင်း တစ်ယောက်က ကျွန်တော့်ကို ပြန်၍ ကတ်တီးကတ်ဖဲ့ မေးခွန်းထုတ်ဖူးသည်။ မြင်တာနဲ့ ချစ်သွားပြီ ဆိုပါတော့။ နောက်မှ ဓာတ်ပုံတွေ ထဲကလို ရှီမေး(Shemale) ကြီးမှန်း သိရင် ချစ်နိုင်ပါဦးမလား ဟူ၍ ဖြစ်သည်။ အဲဒီတော့လည်း ဒါကတော့ ဒါပေါ့ကွာ ဟူ၍ လျှောချခဲ့ရသည်။

ကောင်မလေး တစ်ယောက် ကိုယ့်ကို အဖြေမပေးဘဲ စဉ်းစားဦးမည်ဟု မူလကျီ လုပ်နေသည်ဟု ထင်လျှင် အချစ်ဆိုသည်မှာ ရင်ထဲတွင် အလိုလို ဖြစ်ပေါ်လာသော ခံစားချက် တစ်ခုသာ ဖြစ်ကြောင်း၊ ထိုခံစားချက်ကို ဦးနှောက်ဖြင့် စဉ်းစားရန် မလိုဘဲ နှလုံးသားကပင် အလိုလို သိနိုင်သည့်အတွက် စဉ်းစားနေရန် မလိုကြောင်း စသည်ဖြင့် ထင်ယောင်ထင်မှား ဖြစ်သွားစေရန် လျှောက်ပြောရသည်။ ထိုသို့ ပြောခြင်းကြောင့် အချိန်ယူပြီး စဉ်းစားတယ် ဆိုတာပဲ သူတို့ဖက်က မူမမှန်သလို ဇဝေဇဝါ ဖြစ်သွားတတ်သော ကောင်မလေးများ ရှိသည်။

သို့သော် သိပ်လည်သော ကောင်မလေး များကတော့ “အစကတည်းက ဘာခံစားချက်မှ မရှိဘူး။ အဲဒီတော့ နောက်ကို ဘယ်တော့မှ စဉ်းစားစရာ မလိုတော့ဘူး ပေါ့နော်။” ဟု အခွင့်ကောင်းယူ၍ အပြတ်ငြင်းလွှတ် နိုင်သဖြင့် အခြားနည်းလမ်း တစ်လမ်းကို ကြိုတင် ပြင်ဆင် ထားရသည်။ “လူဆိုတာ တစ်ယောက် တစ်မျိုးပဲလေ၊ ကိုယ့်အတွက် ဒီလိုခံယူလို့ ရပေမယ့် မင်းအတွက် ဒီလို ခံယူလို့ ရချင်မှရမှာပေါ့။ ” ဟု စသည်ဖြင့် ခုနက ပြောခဲ့သူမှာ ကိုယ်မဟုတ်သလို လှည့်ပတ် ပြောတတ် ရသေးသည် ။ တစ်ခါတစ်လေ အဓိပ္ပါယ်ဖွင့်ဆိုချက် ဆိုတာ အချိန်နှင့် အမျှ ပြောင်းလဲတတ်တာမျိုး မဟုတ်လား။ Globalization ခေတ်ကြီးမှာ အပြောင်းအလဲအတွက် အဆင်သင့် မဖြစ်ရင် စောစောစီးစီး ဂိမ်းအိုဗာ ဖြစ်သွားမှာပေါ့။

အချစ်ဆိုသည်မှာ မဟာဗျူဟာဖြင့် ဒီကနေ ဒီလို ဟိုကနေ ဟိုလို သွားမယ် ဟု အကွက်ချ တိုက်ခိုက်လျှင် အောင်မြင်မည်ဟု မုချပြော၍ရသည်မဟုတ်။ အကောင်းဆုံးကတော့ ဟိုကွေ့ရောက်တော့ ဟိုတက်နဲ့လှော်မယ် ဒီကွေ့ရောက်တော့ ဒီတက်နဲ့လှော်မယ် ဟူ၍ ဖြစ်လာသည့် အခြေအနေပေါ် မူတည်၍ ရှိသည့်လက်နက်ကို ထုတ်၍ တိုက်ခြင်းက အောင်မြင်ဖို့ ပို၍ အခွင့်အလမ်းများသည်။ ဥပမာအားဖြင့် ကောင်မလေး သရဲ ကြောက်တတ်သည်ကို သိပါက “လူဆိုတာ ကွေးသောလက် မဆန့်မီ ဆန့်သောလက် မကွေးမီ သေဆုံးနိုင်တယ်။ အဲဒီတော့ အခုအချိန်သာ မင်းကို စွဲလမ်းတဲ့ စိတ်နဲ့ ငါသေသွားခဲ့ရင် မင်းနောက်က အရိပ်လို လိုက်နေမိမလား မသိဘူး။ ” စသည်ဖြင့် တရားပေါက် သလို ခြိမ်းခြောက်သလို ရူးချင်ယောင်ဆောင်၍ အဖြေရအောင် တောင်းတတ် ရသေးသည်။

တစ်ခါတစ်ရံတွင်တော့ မိန်းကလေးတစ်ယောက်၏ ပါးစပ်မှ ချစ်တယ်ဟူသော စကားထွက်လာရန် ကြိုးပမ်းခြင်းသည် ပုပ္ပါးတောင် က မျောက်အုပ်ထဲ ဝင်၍ ငှက်ပျောသီး လုစားရခြင်းထက်ပင် ပို၍ ခက်နိုင်သည်။ ထိုအခါတွင် ချစ်တယ်ဟူသော စကားကို အတင်းထွက်လာအောင် မလုပ်ပဲ အခြားနည်းဖြင့် အဖြေရအောင် တောင်းသင့်သည်။ ချစ်သည်နှင့် နီးစပ်သော အဓိပ္ပါယ်တစ်မျိုးမျိုးရှိသည့် စကားလုံး ကောင်မလေး၏ ပါးစပ်မှ ထွက်လာပါက “ဒါကိုယ့်ကို ချစ်တယ်လို့ ပြောတာမဟုတ်လားဟင်။ ” စသည်ဖြင့် အရှက်မရှိ မေးရဲဖို့လည်း လိုအပ်ပေသေးသည်။ ထိုသို့မဟုတ်ပဲ သူမက ပါးစပ်မှ မပြောလိုဟု ဇွတ်ငြင်းနေပါက အီးမေးလ်ဖြင့် လည်းကောင်း ၊ SMS သို့ Text ဖြင့်လည်းကောင်း၊ Gtalk Chat မှလည်းကောင်း တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ရသည့်နည်းဖြင့် တောင်းရာ၏။

(ဒီနေ့ ရုံးတွင် ပျင်းပျင်းရှိသဖြင့် လက်ဆော့ထားသော ပို့စ်ဖြစ်သည်။ :D )