Search This Blog

Saturday, January 31, 2009

ရှင်သန်နေထိုင်ခြင်းရဲ့ အဓိပ္ပါယ်

စာအုပ်တစ်အုပ်ရဲ့ စာမျက်နှာ တစ်မျက်နှာကို ဖတ်ဖို့ ၃ မိနစ်လောက် အချိန်ကြာပါတယ်။ အင်း ကောင်းပြီ။ စာရင်းဇယား တွေအရ ကြည့်မယ်ဆိုရင် အဲဒီအချိန်အတွင်းမှာ လူအယောက် ၃၀၀ဟာ သေဆုံးသွားပြီး ကလေးငယ် ၆၂၀ ဟာ မွေးဖွားလာ ကြပါတယ်။

အက်ဆေး စာမျက်နှာတစ်မျက်နှာကို ရေးဖို့ နာရီဝက်လောက် အချိန်ပေးရပါတယ်။ ကျွန်တော်ဟာ ကွန်ပြူတာရှေ့မှာ ထိုင်နေမယ်။ ကျွန်တော့်နံဘေးမှာ စာအုပ်တွေအားလုံး ရှိနေမယ်။ ကျွန်တော့် ခေါင်းထဲမှာ အတွေးတွေရှိနေမယ်။ အပြင်မှာ ကားတွေ ဖြတ်မောင်းနေကြမယ်။ အားလုံးဟာ ကြည့်လိုက်ရင်တော့ လုံးဝ ပုံမှန်ပါပဲ။ ဒါပေမယ့် အဲဒီမိနစ် ၃၀ အတွင်းမှာ လူ ၃၀၀၀ ဟာ သေဆုံးသွားကြပြီး ကလေးငယ် ၆၂၀၀ ကတော့ ကမ္ဘာလောကကြီးရဲ့ အလင်းရောင်ကို ပထမဦးဆုံးအကြိမ်အနေနဲ့ မြင်ဖူးကြပါတယ်။

အခုလတ်တလော ဆုံးရှုံးသွားတဲ့ လူတစ်ဦးတစ်ယောက်အတွက် စတင်ပြီး ဝမ်းနည်းကြေကွဲ နေကြတဲ့ ဒါမှမဟုတ် သားတစ်ယောက်၊ သမီးတစ်ယောက်၊ တူတစ်ယောက်၊ တူမတစ်ယောက်၊ ညီငယ်တစ်ယောက်၊ ညီမငယ်တစ်ယောက် စသည့်ဖြင့် တစ်စုံတစ်ယောက် လူ့လောက အလယ်ကို ရောက်လာလို့ ပြုံးရွှင်နေကြတဲ့ ထောင်ပေါင်းများစွာသော မိသားစုတွေဟာ ဘယ်မှာပါလဲ။

ကျွန်တော် ခဏတဖြုတ် နားပြီး တွေးကြည့်ပါတယ်။ ဖြစ်နိုင်တာက အဲဒီထဲက တစ်ချို့လူတွေကတော့ သူတို့ရဲ့ နစ်ရှည်လများ ခံစားနေရတဲ့ ဝေဒနာတွေ အဆုံးသတ် သွားကြတာ ဖြစ်မယ်။ တစ်ချို့ကတော့ သူတို့အတွက် ကယ်တင်ရှင် နတ်သမီး ရောက်ရှိလာ တဲ့အတွက် စိတ်သက်သာရာ ရသွားကြမယ်။ နောက်တစ်ခု ရှိတာက အခု လတ်တလောမှာ မွေးဖွားလာခဲ့တဲ့ ကလေးငယ်တွေထဲက ရာပေါင်းများစွာသော ကလေးငယ်တွေဟာ မကြာခင်မှာပဲ စွန့်ပစ်ခံကြရမယ်။ ကျွန်တော် ဒီစာမျက်နှာကို ရေးလို့မပြီးခင်မှာပဲ သူတို့ဟာ သေဆုံးသူတွေရဲ့ စာရင်းဇယားမှာ ပါဝင်သွားကြမယ်။

ဘယ်လောက်များ ထူးဆန်းပါသလဲ။ ကျွန်တော် ဖတ်မိတဲ့ စာရင်းအင်းက ရိုးရိုးရှင်းရှင်း ကလေးပါပဲ။ ဒါပေမယ့် ရုတ်တရက် ဆိုသလိုပဲ ကျွန်တော်ဟာ အဲဒီသေဆုံးမှုတွေ လူလောကထဲကို ရောက်ရှိလာမှုတွေ အပြုံးတွေနဲ့ မျက်ရည်တွေကို သတိပြုမိခဲ့ပါတယ်။ သူတို့တတွေထဲက ဘယ်နှစ်ယောက်ဟာ သူတို့နေထိုင်ရာ အခန်းတွေထဲမှာ တစ်ယောက်တည်း ရှိနေပြီး တစ်ဦးတစ်ယောက်မှ မသိလိုက်ရပဲ ဘဝကို စွန့်ခွာ သွားကြတာလဲ။ ဘယ်နှစ်ယောက်ကတော့ လျို့ဝှက်စွာ မွေးဖွားလာပြီး မိဘမဲ့ကလေး ဂေဟာတွေ ကွန်ဗင့်ကျောင်းတွေရဲ့ အပြင်မှာ စွန့်ပစ်ခံကြရတာလဲ။

ကိုယ့်ဘာသာကိုယ် ပြန်တွေးမိတာကတော့ ကျွန်တော်ဟာ တစ်ချိန်တုန်းက အဲဒီလို မွေးဖွာလာတဲ့ ကလေးငယ်တွေရဲ့ စာရင်းမှာ ပါဝင်ခဲ့ပြီး တစ်နေ့မှာတော့ သေဆုံးသူတွေရဲ့ ကိန်းဂဏန်းမှာ တစ်ခု အပါအဝင် ဖြစ်သွားမှာပါ။ ကျွန်တော်ဟာ သေမယ့်သူတစ်ယောက် ဆိုတာကို သတိပြုမိတာကတော့ ကောင်းတဲ့အချက် တစ်ချက်ပါ။ ကျွန်တော် စန်တီယာဂိုကိုသွားတဲ့လမ်း (ခရစ်ယာန် ဘုရားဖူးများ သွားလေ့ရှိသော စပိန်နိုင်ငံ စန်တီယာဂိုဒီ ကွန်ပိုစတယ်လာ သို့သွားသောလမ်း) မှာ လျှောက်ပြီးခဲ့တဲ့ အချိန်ကတည်းက ကျွန်တော်တို့ရဲ့ ဘဝတွေဟာ ပုံမှန်အတိုင်း ဆက်သွားနေမှာ ဖြစ်ပေမယ့်၊ ကျွန်တော်တို့ဟာ ထာဝရ တည်ရှိနေမှာ ဖြစ်ပေမယ့် ကျွန်တော်တို့ရဲ့ ရှင်သန်နေထိုင်မှုဟာ တစ်နေ့မှာတော့ အဆုံးသတ်ရမှာဖြစ်တယ် ဆိုတာကို နားလည် သဘောပေါက် ခဲ့ပါတယ်။

လူတွေက သေခြင်းတရားအကြောင်းကို များများစားစား တွေးလေ့မရှိကြပါဘူး။ သူတို့ရဲ့ ဘဝတွေကို ရယ်စရာ ကောင်းတဲ့ ကိစ္စတွေအတွက် စိုးရိမ်ပူပန်ရင်း ကုန်ဆုံးလေ့ ရှိကြတယ်။ သူတို့ဟာ လုပ်စရာရှိတာကို မလုပ်ပဲ ဟိုရွှေ့ဒီရွှေ့ လုပ်ကြတယ်။ အရေးပါတဲ့ အချိန်ကာလတွေကို သတိမပြုမိကြဘူး။ သူတို့ဟာ မစွန့်စားရဲ ကြဘူး။ ဘာဖြစ်လို့ လဲဆိုတော့ စွန့်စားတာဟာ အန္တရာယ် ရှိတယ်လို့ မြင်နေကြတယ်။ သူတို့ဟာ အရာ အတော်များများကို မကျေမနပ် ညည်းတွား နေကြတယ်။ ဒါပေမယ့် လုပ်သင့်တာကို လုပ်ဖို့ကြတော့ ကြောက်ရွံ့ နေကြတယ်။ သူတို့ဟာ အရာအားလုံးကို ပြောင်းလဲ စေချင်ကြတယ်။ ဒါပေမယ့် သူတို့ ကိုယ်တိုင်တော့ ပြောင်းလဲပစ်ဖို့ ငြင်းဆန်နေကြတယ်။

တကယ်လို့များ သူတို့ဟာ သေခြင်းတရားအကြောင်းကို နည်းနည်းလေး ပိုပြီး တွေးမိကြမယ် ဆိုရင်တော့ နေ့ရွှေ့ညရွှေ့ လုပ်ထားတဲ့ ခေါ်စရာရှိတဲ့ တယ်လီဖုန်းတွေကို ခေါ်ဖို့ ဘယ်တော့မှ မေ့ကြမှာ မဟုတ်ဘူး။ သူတို့ နည်းနည်းလေးပိုပြီး မိုက်မိုက်ကန်းကန်း ဖြစ်လာကြမယ်။ အခုလက်ရှိ အသက်ရှင်သန်နေထိုင်မှု အဆုံးသတ် သွားမှာကို ကြောက်ရွံ့ကြတော့မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးမှာ ဖြစ်လာမယ့် ကိစ္စတစ်ခု အတွက် သူတို့ဟာ ကြောက်ရွံ့မှာ မဟုတ်တော့လို့ပါ။

“ဒီနေ့ဟာ အခြားနေ့တွေလိုပဲ ဒီကမ္ဘာလောကကနေ ထွက်ခွာသွားဖို့ ကောင်းတဲ့ နေ့တစ်နေ့ဖြစ်တယ်။ ” ဆိုတဲ့ အိန္ဒိယလူမျိုးတွေရဲ့ ဆိုရိုးစကားတစ်ခု ရှိတယ်။ “သေခြင်းတရားဟာ မင်းရဲ့ဘေးနားမှာ အမြဲတမ်း ထိုင်နေတယ်။ မင်းအတွက် အရေးကြီးတဲ့ ကိစ္စတစ်ခု လုပ်စရာရှိတဲ့အခါမှာ လိုအပ်တဲ့ ခွန်အားနဲ့ သတ္တိတွေကို မင်းကိုပေးဖို့အတွက်။” လို့လည်း ပညာရှိတစ်ယောက်က ပြောဖူးတယ်။

ဒီလောက်အထိ ဖတ်ပြီးခဲ့တဲ့ စာဖတ်သူတွေအတွက် ကျွန်တော် မျှော်လင့်ပါတယ်။ သေခြင်းတရားကို ကြောက်ရွံ့တာဟာ ရူးသွပ်မှုတစ်ခုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အားလုံးဟာ မကြာခင် ဒါမှမဟုတ် ကာလတစ်ခုမှာ သေဆုံးကြရမှာ မို့ပါ။ ဒီအချက်ကို လက်ခံတဲ့သူတွေကပဲ ဘဝအတွက် ပြင်ဆင်ဖို့ အချိန်ရ ကြပါတယ်။

(Paulo Coelho ၏ Like the flowing River: Thoughts and Reflection မှ Living your own legend ကို ပြန်ဆိုထားပါသည်။)

ဒီလင့်ခ်ကလေးကို သွားကြည့်ဖို့ အကြံပေးလိုပါတယ်။
http://www.deathclock.com

Tuesday, January 27, 2009

ခံစားချက်တွေ နေတဲ့ကျွန်း

တစ်ခါတုန်းက ခံစားချက်တွေ စုပေါင်းနေထိုင်ကြတဲ့ ကျွန်းကလေး တစ်ကျွန်း ရှိတယ်။ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းကြေကွဲခြင်း၊ အသိပညာ နဲ့ ချစ်ခြင်းမေတ္တာ အပါအဝင် အခြားသော ခံစားချက်တွေဟာ အဲဒီကျွန်းမှာ နေထိုင်ကြတာပေါ့။ တစ်နေ့မှာတော့ အဲဒီကျွန်းကလေးဟာ သမုဒ္ဒရာရဲ့ ကြမ်းပြင်ကို မကြာခင်နစ်မြုပ်တော့မယ် ဆိုတဲ့ ကြေငြာချက်ကို ခံစားချက်တွေ အားလုံးကြားလိုက် ကြရတယ်။

အဲဒီအခါမှာ ခံစားချက်တွေအားလုံးက သူတို့ရဲ့ လှေတွေနဲ့အတူ ကျွန်းကလေးကနေ ခွာဖို့ ပြင်ဆင် တော့တာပေါ့။ ချစ်ခြင်းမေတ္တာကတော့ တစ်ဦးတည်း ကျန်နေခဲ့လေတယ်။ သူမကတော့ ကျွန်းကလေးကို တတ်နိုင်သမျှ နောက်ဆုံးအချိန်အထိ စောင့်ရှောက် သွားချင်တယ်။ ကျွန်းကလေးဟာ ရေအောက်ကို လုံးဝနီးပါး နစ်မြုပ် သွားတော့မယ့် အချိန်ကို ရောက်တော့ ချစ်ခြင်းမေတ္တာဟာ သူမထွက်ခွာဖို့ အချိန်ရောက်ပြီလို့ ဆုံးဖြတ်လိုက်တယ်။ အဲဒါနဲ့ သူမဟာ အကူအညီ တောင်းခံနိုင်မယ့် တစ်စုံတစ်ဦးကို လိုက်ရှာလေတော့တယ်။

အဲဒီအချိန်မှာပဲ ချမ်းသာကြွယ်ဝခြင်းဟာ သူ့ရဲ့ ခမ်းနားကြီးကျယ်တဲ့ လှေတစ်စင်းနဲ့ အတူ ဖြတ်သန်းသွားတယ်။ သူမက “ချမ်းသာကြွယ်ဝခြင်းရေ။ ကျွန်မ ရှင့်ရဲ့လှေနဲ့ အတူ လိုက်ခဲ့လို့ ရမလား။” လို့ လှမ်းမေးတယ်။ ချမ်းသာကြွယ်ဝခြင်းက “ဝမ်းနည်းပါတယ်။ ငါ့ရဲ့လှေထဲမှာ ရွှေတွေ ငွေတွေပြည့်နေလို့ မင်းအတွက် နေရာမရှိဘူး။ ” လို့ ပြန်ဖြေလေတယ်။

အဲဒါနဲ့ ချစ်ခြင်းမေတ္တာဟာ အနီးအနားကနေ လှပတဲ့ လှေတစ်စင်းနဲ့ ဖြတ်သန်းသွားတဲ့ ပကာသန ကို အကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ချစ်ခြင်းမေတ္တာက ငိုယိုရင်း “ပကာသနရေ။ ကျွန်မကို ကယ်ပါဦး။” လို့လှမ်းအော်တယ်။ အဲဒီအခါမှာ ပကာသနက “မင်းတစ်ကိုယ်လုံး စိုရွှဲနေတာပဲ။ ငါ့ရဲ့ လှေ မင်းကြောင့် ပျက်စီးသွားလိမ့်မယ်။ ” လို့ ပြန်ပြောလေတယ်။

နောက်တစ်ခါတော့ ချစ်ခြင်းမေတ္တာဟာ ဝမ်းနည်းကြေကွဲခြင်း ဖြတ်သန်းသွားတာကို မြင်ရတယ်။ “ဝမ်းနည်းကြေကွဲခြင်းရေ။ ငါမင်းနဲ့အတူ လိုက်ပါရစေ၊” လို့ ပြောတော့ ဝမ်းနည်းကြေကွဲခြင်းက “ဆောရီးပဲ ချစ်ခြင်း မေတ္တာရေ။ ဒါပေမယ့် ငါအခုအချိန်မှာ တစ်ယောက်တည်းနေဖို့ လိုအပ်နေတယ်။” လို့ ပြန်ပြောပါတယ်။

အဲဒီနောက်မှာ ချစ်ခြင်းမေတ္တာဟာ ပျော်ရွှင်ခြင်းကို လှမ်းမြင်တယ်။ ချစ်ခြင်းမေတ္တာက “ပျော်ရွှင်ခြင်းရေ။ ငါ့ကို မင်းနဲ့အတူ ခေါ်သွားပါ၊ ” လို့ လှမ်းအော်တယ်။ ဒါပေမယ့် ပျော်ရွှင်ခြင်းက အပျော်လွန်နေတာကြောင့် သူမခေါ်တာကို မကြားပဲ ဆက်ထွက်သွားတယ်။

ချစ်ခြင်းမေတ္တာဟာ စတင်ပြီး ငိုကြွေးပါတော့တယ်။ အဲဒီအချိန်မှာပဲ “ချစ်ခြင်းမေတ္တာရေ။ လာခဲ့။ မင်းကို ငါနဲ့အတူခေါ်သွားမယ်။” ဆိုတဲ့ အသံတစ်သံကို သူမကြားရတယ်။ အဲဒါဟာ အဖိုးအိုအရွယ် ခံစားမှုတစ်ခု ဖြစ်ပြီး ချစ်ခြင်းမေတ္တာဟာ အလွန်ပဲ စိတ်ချမ်းသာပြီး အပျော်လွန်သွားတာနဲ့ အဖိုးအိုရဲ့ နံမည်ကို မေးဖို့ မေ့သွားတယ်။ သူတို့ဟာ ကုန်းမြေကို ရောက်တဲ့အခါမှာ အဖိုးအိုက သူမကို ချခဲ့ပြီး ခရီးဆက် ထွက်သွားတယ်။ ချစ်ခြင်းမေတ္တာဟာလည်း သူမအပေါ် အဖိုးအိုရဲ့ ကျေးဇူးကြီးမားပုံကို အဲဒီအခါမှ သတိပြုမိလေတယ်။

အဲဒါနဲ့ ချစ်ခြင်းမေတ္တာဟာ အသိပညာ ကို ရှာပြီး “ကျွန်မကို ကူညီခဲ့တာ ဘယ်သူလဲရှင်။” လို့မေးတော့ “အဲဒါ အချိန်ပဲ။” လို့ အသိပညာက ပြန်ဖြေလေတယ်။ “ဒါပေမယ့် အခြား ခံစားမှုတွေအားလုံးက ကျွန်မကို မကယ်ဆယ်တဲ့ အချိန်မှာ သူက ဘာလို့ ကယ်ဆယ် ခဲ့တာလဲ။” လို့ ချစ်ခြင်းမေတ္တာက မေးပြန်တယ်။ အသိပညာက ပြုံးပြီး သူ့ရဲ့ လေးနက်တဲ့ အမြော်အမြင်နဲ့ “ဘာလို့လဲဆိုတော့ ချစ်ခြင်းမေတ္တာရဲ့ ကြီးကျယ် ခမ်းနားမှုကို နားလည်နိုင်တဲ့သူဟာ အချိန် တစ်ဦးတည်းပဲ ရှိလို့ပေါ့။” လို့ အရိုးခံအတိုင်း ပြန်ဖြေလိုက်လေတော့တယ်။

(Source: http://www.touchinglovestories.com/timeunderstandslove.htm)

Tuesday, January 20, 2009

လန်ဒန်မြို့မှာ တစ်နေ့တာ

တစ်ခါတုန်းက ခရီးသွားရင်း ပိုက်ဆံပြတ် သွားဖူးပါတယ်။ ဒါပေမယ့် ကံကောင်းချင်တော့ အဲဒီလို ပိုက်ဆံပြတ်နေတဲ့အချိန်မှာ ကိုယ့်ကို တာဝန်ယူ ပြုစုမယ့် သူငယ်ချင်း တစ်ယောက်ရဲ့ ကောင်းမှုကြောင့် လန်ဒန်ကို တစ်နေ့တာ လည်ပတ်ခွင့် ရခဲ့ပါတယ်။

အဲဒီတုန်းက အိုင်ယာလန်နိုင်ငံမှာ ရှိတဲ့ ဝက်စ်ဖို့ဒ်(Wexford) လို့ ခေါ်တဲ့ အရပ်ဒေသက စက်ရုံတစ်ရုံမှာ တစ်ပတ်လောက် အလုပ်သွားလုပ်ပြီး ပြန်ခဲ့ပါတယ်။ အရင်အခေါက်တွေ ခရီးထွက်တုန်းက ဟိုတယ်စရိတ်ကို အေးဂျင့်တွေက ရှင်းနေကျမို့ ဒီတစ်ခေါက်လည်း သူတို့ပဲ ပေးလိမ့်မယ် အထင်နဲ့ အိတ်ထဲမှာ သုံးစရာ စွဲစရာ ပိုက်ဆံပဲ ထည့်လာပါတယ်။ ဒါပေမယ့် သူတို့က မရှင်းဘဲ ကိုယ့်ဘာသာကိုယ် ပေးပြီး ကုမ္ပဏီ ကျမှ စာရင်းပြန်ရှင်းပါ ဆိုတော့ ခရက်ဒစ်ကဒ်ထဲ ကျန်သမျှ အကုန်ကုန်တဲ့ အပြင် အိတ်ဆောင်ထည့်လာတဲ့ ယူရိုဒေါ်လာတွေပါ ထည့်ရှင်းလိုက်ရပါတယ်။ အဲဒီတုန်းက ကျွန်တော့်မှာ ခရက်ဒစ်ကဒ် ကလည်း တစ်ကဒ်တည်းရှိတော့ အဲဒီကတ်ထဲ ပိုက်ဆံကုန်သွားရင် သုံးစရာ မရှိတော့ပါ။ အဲဒီနေ့က သောကြာနေ့လည်း ဖြစ်နေတော့ စင်ကာပူကိုလှမ်းပြီး ပိုက်ဆံဖြည့် ခိုင်းရင်လည်း တနင်္လာနေ့မှ သုံးလို့ရမှာ ဖြစ်လို့ ဘာမှ မထူးတော့ပါဘူး။

ကျွန်တော် ပြန်ရမယ့် ခရီးက ဘီအမ်မ်အိုင် လေကြောင်းနဲ့ အိုင်ယာလန် ဒပ်ဗလင် လေဆိပ်ကနေ လန်ဒန် ဟိသ်ရိုးလေဆိပ်၊ အဲဒီကမှတဆင့် စင်ကာပူ လေကြောင်းလိုင်းနဲ့ စင်ကာပူကို ပြန်ရမှာပါ။ ဒီညနေအတွက် လန်ဒန်ကနေ စင်ကာပူ ပြန်ဖို့ လေယာဉ်ပျံ ထိုင်ခုံမရတော့လို့ ဒပ်ဗလင်မှာ တစ်ညအိပ်ပြီး စောင့်ဖို့ ကျွန်တော့် ကုမ္ပဏီက ဖုန်းလှမ်းဆက်ထား ပါတယ်။ ဒပ်ဗလင်မှာ တစ်ညအိပ်ရမယ် ဆိုတော့ ဟိုတယ်ထဲမှာ တစ်နေ့နဲ့ တစ်ည အချိန်ဖြုန်းနေမယ့်အစား လန်ဒန်မှာ တစ်ညအိပ်စောင့်ရင် ပိုကောင်းမယ် ဆိုပြီးတော့ စဉ်းစားမိပါတယ်။

လန်ဒန်မှာ ကျွန်တော့်ရဲ့ သူငယ်ချင်း အရင်းခေါက်ခေါက် တစ်ယောက်ရှိပါတယ်။ အစကတည်းက သူနဲ့ ကျွန်တော် အပြန်ကျရင် ခဏပဲ ဖြစ်ဖြစ် လေဆိပ်မှာ တွေ့ဖို့တော့ ချိန်းထားပြီးသားပါ။ သူ့ဆီဖုန်းဆက်တော့ သူက ဒီညတည်းဖို့ အားလုံး အဆင်ပြေတယ်။ သူ့အိမ်မှာ နေရာရှိတယ် လို့ လှမ်းပြောပါတယ်။ အဲဒါနဲ့ လေဆိပ်က ကောင်တာမှာ သွားပြီး ဒပ်ဗလင်-လန်ဒန် လက်မှတ်ကို ဒီနေ့ချိန်းပေးဖို့ ပြောပါတယ်။ ကျွန်တော့်ရဲ့ လက်မှတ်က Transit လက်မှတ် ဖြစ်ပြီး Stopover မဟုတ်လို့ သူတို့ စည်းမျဉ်းအရ ချိန်းမပေးနိုင်ဘူးလို့ ပြန်ပြောပါတယ်။ Transit လက်မှတ်က လေယာဉ်ပြောင်းစီးဖို့သာ ဖြစ်ပြီး Stopover ကတော့ ညအိပ်ပြီးမှ နောက်တစ်နေ့ ဆက်သွားနိုင်တဲ့ လက်မှတ်မျိုးကို ခေါ်တာပါ။ လက်မှတ် အသစ်ဝယ်ချင်ရင် ဘယ်လောက် ပေးရမလဲမေးတော့ ၁၅၂ ယူရိုလို့ ပြောတယ်။ ကျွန်တော့်အိတ်ထဲမှာ ကျန်တာက ယူရို ၁၆၀ တောင် မပြည့်။ တစ်ခြား ဘတ်ဂျက်အဲယားလိုင်း လက်မှတ်တွေ လိုက်ကြည့်တော့လည်း ဘတ်ဂျတ် အဲယားလိုင်းက ပိုပြီး ဈေးကြီးနေတယ်။ အားလုံးက ယူရို ၂၀၀ ကျော်ချည်းပဲ။

အဲဒါနဲ့ ကျွန်တော့်သူငယ်ချင်းကို ဖုန်းဆက်ပြီး ပိုက်ဆံပြတ်သွားလို့ ဒီနေ့ မလာဖြစ် တော့ဘူးလို့ လှမ်းပြောလိုက်တယ်။ ကျွန်တော့် သူငယ်ချင်းကတော့ လန်ဒန်သာ ရောက်အောင်လာခဲ့ပါ။ ဟိုရောက်ရင် အားလုံး သူ့တာဝန်ထား လို့ ပြန်ပြောတယ်။ ကျွန်တော် သွားရကောင်းမလား မသွားရကောင်းမလား လေဆိပ်မှာ ထိုင်စဉ်းစား နေတယ်။ နောက်ဆုံးတော့ ဒပ်ဗလင်မှာ အိပ်လည်း ဘာမှ မထူးလို့ လန်ဒန်ပဲ သွားတော့မယ် ဆိုပြီး ကောင်တာကို ပြန်သွားပါတယ်။ ကောင်တာရောက်တော့ လေယာဉ်ပျံလက်မှတ်ဖြတ်တဲ့ အမျိုးသမီးက ကျွန်တော့် လက်မှတ်အဟောင်းအတွက် ၂၅ ယူရို ပြန်အမ်းပေးလို့ အိတ်ထဲမှာ သုံးစရာ ပိုက်ဆံတော့ နည်းနည်း ပြန်ရလိုက်ပါတယ်။

ဒီလိုနဲ့ တစ်နာရီလောက် လေယာဉ်ပျံစီးပြီးတော့ လန်ဒန်ကို ရောက်သွားတယ်။ အိုင်ယာလန်ကနေ လန်ဒန်ကို အဝင်မှာ လူဝင်မှုကြီးကြပ်ရေးကို ဖြတ်စရာမလိုပါဘူး။ လေဆိပ်မှာ ခဏထိုင်စောင့်ပြီးတော့ ကျွန်တော့်သူငယ်ချင်း ရောက်လာတယ်။ ကျွန်တော်တို့ နှစ်ယောက်သား ရှားလော့ဟုမ်း ဝတ္ထုထဲမှာ ဖတ်ဖူးနေတဲ့ လန်ဒန်ရထားနဲ့ မြို့ထဲကို သွားကြပါတယ်။ လန်ဒန်ရထားက စင်ကာပူ အမ်အာရ်တီလောက် မသားနား။ ဆစ်ဒနီက ရထားတွေနဲ့တော့ သိပ်မကွာပါဘူး။

ကျွန်တော့် သူငယ်ချင်းက ညစာ တရုတ်စာ စားမလားမေးတယ်။ တရုတ်စာ က စင်ကာပူမှာ စားနေကျ။ တစ်ခြားတစ်ခုခု စားရအောင် ဆိုပြီး လိုက်ရှာကြပေမယ့် နောက်ဆုံးမှာတော့ မစားဖူးတဲ့ Burger King ကို ရောက်သွားပါတယ်။

ညကျတော့ အိမ်ပြန်ရောက်ပြီး တော်တော်နဲ့ မအိပ်ဖြစ်ကြပါဘူး။ မတွေ့တာ ၆ နှစ်လောက်ရှိပြီ ဆိုတော့ ကျွန်တော်တို့မှာ ပြောစရာမကုန်။ ကျွန်တော့်သူငယ်ချင်းနဲ့ ရှေးဟောင်း နှောင်းဖြစ်တွေ၊ နေရာအနှံ့ ရောက်နေတဲ့ သူငယ်ချင်းတွေ အကြောင်း ကျွန်တော်တို့ လိုက်ပြီး မရခဲ့တဲ့ ကောင်မလေးတွေ အကြောင်း တော်တော် ညဉ့်နက်တဲ့ အထိ ပြောဖြစ်ကြပါတယ်။ မနက်ကျတော့ မထချင်။ ၈ နာရီ ထိုးခါနီးမှ သူငယ်ချင်းက ဟေ့ကောင် ဒီအချိန် မထရင်တော့ ငါတို့ ဘယ်မှ လည်လို့ရမှာ မဟုတ်ဘူး ဆိုတာနဲ့ ကုန်းရုန်းထလိုက်ရတယ်။

အိမ်ကထွက်လာတော့ တစ်နေ့စာ ကားရော ရထားပါ စီးလို့ရတဲ့ လက်မှတ် တစ်ခု ကျွန်တော့် သူငယ်ချင်းက ဝယ်ပေးတယ်။ ၆ ပေါင်လား မသိဘူး ပေးရတယ်။ ဘတ်စ်ကားနဲ့ပဲ မြို့ထဲကို ထွက်ခဲ့ကြတယ်။ လမ်းမှာ စာအုပ်ဆိုင် တစ်ဆိုင်ကို ခဏ ဝင်မွှေပြီးတော့ တရုတ်တန်းဘက် ဆက်သွားကြတယ်။ အဲဒီမှာ ဓာတ်ပုံနည်းနည်းပါးပါး ရိုက်ပြီး ကျွန်တော်တို့ ဘက်ကင်ဟမ် နန်းတော်ဘက်ကို ခရီးဆက်ခဲ့ပါတယ်။

ဘက်ကင်ဟမ် နန်းတော်မှာ လာပြီးလည်ပတ်တဲ့သူတွေက အများကြီးပါပဲ။ Mr Beam ရုပ်ရှင်ထဲကလို ဦးထုပ် အမြင့်ကြီးတွေ ဆောင်းထားတဲ့ အစောင့်တွေလည်း ရှိတယ်။ အစောင့်လဲတဲ့ အခမ်းအနားက နေ့လည်မှာ ရှိတယ်လို့ ပြောပေမယ့် အချိန် သိပ်မရတာနဲ့ ဓာတ်ပုံနည်းနည်းပါးပါး ရိုက်ပြီး ထွက်ခဲ့ပါတယ်။ အပြင်ဖက်မှာ စောင့်နေတဲ့ အစောင့်တစ်ယောက်နဲ့တောင် ဓာတ်ပုံတွဲရိုက်ခဲ့ပါသေးတယ်။ ကျွန်တော်တို့ နန်းတော်ရှေ့ ရောက်တော့ တော်ဝင်မိသားစုဝင် ကောင်လေး ၂ ယောက် အစောင့်အကြပ်တွေနဲ့ နန်းတော်ထဲက ထွက်လာတာကိုတော့ တွေ့လိုက်ရတယ်။ မကိုဋ်တွေ ဥသျှောင်တွေ စလွယ်တွေ မပါတဲ့ မင်းသားတော့ တွေ့ဖူးလိုက်တာပေါ့။




အဲဒီကနေ ပါလီမန် အဆောက်အဦးဖက် ဆက်ထွက်ခဲ့ကြတယ်။ မြစ်ဘေးကနေ ဖြတ်လျှောက်လာတော့ အခု စင်ကာပူ ဖလိုင်ယာလို ပုံစံ လန်ဒန်အိုင်း ကို တွေ့ခဲ့ရတယ်။



ပါလီမန် အဆောက်အဦးနဲ့ အဲဒီအနားက နာရီစင်ကြီးက အတော်ကို ကြည့်လို့လှပါတယ်။ Big Ben လို့ ခေါ်ကြတဲ့ နာရီစင်ကြီးပါ။ ရှေးခေတ်တုန်းက လက်ရာတွေ ဖြစ်ပေမယ့် ဘယ်နှစ်ရာစုက လက်ရာလဲတော့ မသိပါ။


(Image Source: wikimedia.org)

ပါလီမန် အဆောက်အဦးရှေ့မှာ ဆန္ဒပြနေတဲ့သူတွေ တွေ့ရတယ်။ ဘာရည်ရွယ်ချက်နဲ့ ဆန္ဒပြနေကြသလဲတော့ သေသေချာချာ မသိပါ။ တစ်ယောက်ကတော့ အဏုမြူ လက်နက်အတွက် ဆန္ဒပြနေကြောင်း မှန်းကြည့်လို့ရတယ်။ အဏုမြူဗုံးလို အရုပ်ကြီးကို တွေ့လို့ပေါ့။ စင်ကာပူမှာ ဒါမျိုးက မတွေ့ရဘူး ဆိုတော့ ဓာတ်ပုံတော့ အမှတ်တရ အနေနဲ့ ရိုက်ခဲ့တယ်။



အဲဒီကနေ ထွက်လာတော့ နေ့လည် ရောက်နေပြီ။ လန်ဒန်တာဝါ ဘက်ကို ဆက်ထွက်လာခဲ့တယ်။ လန်ဒန်တာဝါရှေ့မှာ ဓာတ်ပုံရိုက်ပြီး အဲဒီကနေမှ မလှမ်းမကမ်းမှာ ရှိတဲ့ တာဝါဘရစ်ခ်ျ ကို ဆက်လျှောက်လာခဲ့ ကြတယ်။


(Image Source: http://www.donniedid.com/img/EnglandLondonTower.jpg)

အဲဒီအချိန်တုန်းက Black Eyes Pea ရဲ့ London Bridge ဆိုတဲ့ သီချင်း မထွက်သေးပါဘူး။ အမှန်တကယ်ကတော့ သူ့သီချင်းထဲမှာ ရိုက်ပြတဲ့ တံတားက တာဝါဘရစ်ခ်ျပါ။ လန်ဒန်ဘရစ်ခ်ျ မဟုတ်ပါဘူး။ လန်ဒန်ဘရစ်ခ်ျဆိုတာ တာဝါဘရစ်ခ်ျနဲ့ မလှမ်းမကမ်း နေရာမှာ ရှိတာပါ။ တာဝါဘရစ်ခ်ျ ပေါ်ကနေ လှမ်းကြည့်ရင် မြင်ရပါတယ်။ တာဝါဘရစ်ခ်ျက သင်္ဘောတွေအောက်က ဖြတ်သွားရင် အပေါ်ကို လှန်ပြီးဖွင့်လို့ရတဲ့ တံတားမျိုးပါ။


(Image Source: Wikimedia.org)

လန်ဒန်ရဲ့ သိမ်းမြစ်က နာမည်ကျော်အောင်လည်း တကယ်လှပါတယ်။ တာဝါဘရစ်ခ်ျ ပေါ်ကနေ သိမ်းမြစ်ကို ကြည့်ရတဲ့ မြင်ကွင်းဟာ တကယ့်ကို အံ့မခန်းပါပဲ။





ကျွန်တော့် သူငယ်ချင်းက ဂရင်းဝစ်ခ်ျမျဉ်းကို သွားမလား ဘေကာလမ်းကို ဆက်သွားမလား မေးပါတယ်။ ဘေကာလမ်းက ရှားလော့ဟုမ်းအိမ်မှာ ဘာကြည့်စရာ ရှိသလဲတော့မသိပါ။ ကျွန်တော်ကတော့ စိတ်ထဲမှာ လောနေတာနဲ့ ငါတို့ ပြန်ရမှာလည်း အဝေးကြီး ညနေ လေယာဉ်မမီရင် ပြသနာတက်မယ် ဆိုပြီး ပြန်ဖို့ လောဆော်ပါတယ်။ စင်ကာပူ လေကြောင်းလိုင်းက လန်ဒန်-စင်ကာပူ ခရီးစဉ်မှာ ထိုင်ခုံတစ်နေရာစာ ရဖို့ မလွယ်ပါ။ ဒီတစ်ရက် ရတာတောင် ကံကောင်းလို့ ရတာပါ။ အဲဒါနဲ့ တာဝါဘရစ်ခ်ျရဲ့ စက်ခန်းထဲကို ဝင်ကြည့်ပြီးကျွန်တော်တို့ အိမ်ပြန်ခဲ့ကြပါတယ်။



အိမ်မှာ ညနေစာ စားသောက်ပြီး လေဆိပ်ကို သွားတာတောင် ကျွန်တော်တို့ လေဆိပ် ရောက်သွားတော့ လူတွေတန်းစီပြီး Check-in ဝင်နေကြပါပြီ။ အချိန်မီရုံလေးပါပဲ။ ကျွန်တော့်ရဲ့ သူငယ်ချင်းကြီးကို နှုတ်ဆက်ပြီး ကျွန်တော်တို့ လေဆိပ်အပြင်ဖက်ထွက် ဆေးလိပ်တစ်လိပ်စီ သောက်ပြီး လမ်းခွဲခဲ့ကြပါတယ်။ အဲဒီလိုနဲ့ပဲ ကျွန်တော် တက်သုတ်ရိုက် လည်ပတ်ခဲ့တဲ့ လန်ဒန်မြို့ရဲ့ တစ်နေ့တာ ခရီးစဉ် ပြီးဆုံးခဲ့ပါတယ်။

(မှတ်ချက်။ ။ တစ်ချို့ ဓာတ်ပုံတွေမှာ ကျွန်တော့်ပုံတွေ ပါနေလို့ Google ကနေပဲ ရှာပြီး တင်ပေးလိုက်ပါတယ်။ :D Image Source ရေးထားတဲ့ ဓာတ်ပုံတွေက Google က ဓာတ်ပုံတွေပါ။ ကျန်တာကတော့ ကျွန်တော်ရိုက်လာတဲ့ ပုံတွေပါ။)

Saturday, January 17, 2009

မိမိကိုယ်ကို လှည့်ဖြားခြင်း

လူ့သဘာဝ၏ တစိတ်တဒေသမှာ အခြားသူများ အပေါ်တွင် ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိသော်လည်း မိမိတို့အလှည့်သို့ ရောက်သောအခါတွင် မိမိဘာသာ အလုပ်မဟုတ်ခြင်းအတွက် ကိုယ့်ဘာသာကိုယ် ဆင်ခြေဆင်လက်ရှာဖွေ တတ်ကြသည်။ သို့မဟုတ် အခြားသူများ အပေါ်တွင် အပြစ်တင်လေ့ရှိကြသည်။ အောက်ပါပုံပြင်သည် ကျွန်တော် ဆိုလိုချင်သော အကြောင်းအရာကို ခြယ်မှုန်းဖော်ပြထားသည်။

ခြေမြန်တော် တစ်ယောက်အား အလွန်အရေးကြီးသော တာဝန်တစ်ရပ်ဖြင့် အလွန် ဝေးလံသော မြို့တစ်မြို့သို့ စေလွှတ်ခဲ့သည်။ သူသည် သူ၏မြင်းကို ကုန်းနှီးပြင်ပြီး ဒုန်းစိုင်းထွက်ခဲ့လေသည်။ ပုံမှန်အားဖြင့် တိရိစ္ဆာန်များကို အစာကွေျးရန် ရပ်နားလေ့ရှိသော ညအိပ်ထမင်းဆိုင် အချို့ကို ဖြတ်သန်းပြီးသောအခါတွင် မြင်းက
“ငါတို့ဟာ ဘယ်မြင်းဇောင်းမှာမှ အစာစားဖို့မရပ်နားဘူး။ အဲဒါ ဘာကို ဆိုလိုသလဲ ဆိုတော့ ငါ့ကို မြင်းတစ်ကောင်လို့ သဘောမထားဘူး။ လူတစ်ယောက်လို့ သဘောထားတယ်။ အဲဒီတော့ အခြားလူတွေလိုမျိုးပဲ နောက်ထပ် မြို့ကြီးတစ်မြို့ကို ရောက်ရင် အစာစားရမှာပဲ။” ဟုတွေးသည်။

သို့သော် မြို့ကြီး အများအပြားကို တစ်ခုပြီးတစ်ခု ကျော်ဖြတ်ခဲ့သော်လည်း သူ့ကို စီးနှင်းလာသောသူသည် ဆက်လက်၍ ခရီးနှင်နေသည်။ ထိုအခါတွင် မြင်းက “တကယ်တော့ ငါလူအဖြစ်ကို ပြောင်းသွားတာ မဟုတ်လောက်ဘူး။ နတ်တစ်ပါး အဖြစ်ကို ပြောင်းသွားတာ ဖြစ်မယ်။ ဘာလို့လဲဆိုတော့ နတ်တွေက အစာစားစရာ မလိုဘူးလေ။” ဟု ဆက်၍ တွေးပြန်သည်။

နောက်ဆုံးတွင် သူတို့၏ ခရီးဆုံးသို့ရောက်ရှိပြီး မြင်းကို မြင်းဇောင်းသို့ ခေါ်သွားလေသည်။ မြင်းသည် ထိုနေရာတွင်တွေ့ရသော ကောက်ရိုးများကို လောဘတကြီးစားရင်း သူ့ဘာသာသူ ပြန်ပြောမိသည်မှာ
“ငါတို့ မျှော်လင့်ထားတဲ့ အရာတွေဟာ မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါမှာ ဒါတွေဟာ ပြောင်းလဲသွားပြီလို့ ဘာဖြစ်လို့ အလွယ်တကူ ယုံကြည်လိုက်ကြတာလဲ။ တကယ်တော့ ငါဟာ လူလည်း မဟုတ်ဘူး။ နတ်လည်း မဟုတ်ဘူး။ ဗိုက်ဆာနေတဲ့ မြင်းတစ်ကောင်ပါပဲ။” ဟူ၍ ဖြစ်လေသည်။

(Paulo Coelho ၏ Like the flowing River: Thoughts and Reflection မှ Self-Deception ကို ပြန်ဆိုထားပါသည်။)

Wednesday, January 14, 2009

ဒါမျိုးတွေလည်း ဖြစ်တတ်ပါတယ်။

နင်နွိုင်း အာကွီနိုလေဆိပ် လူဝင်မှု ကြီးကြပ်ရေး ကောင်တာက အမျိုးသမီးက ဘာမှ စစ်ဆေးမေးမြန်း မနေပဲ ကျွန်တော့် နိုင်ငံကူးလက်မှတ်ပေါ်မှာ သုံးပတ်နေထိုင်ခွင့် ရိုက်နှိပ်ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ သူတွေအတွက် ကမ္ဘာပေါ်မှာ ချစ်စရာ အကောင်းဆုံး အင်မီဂရေးရှင်း လို့ ပြောရင် ရလောက်ပါတယ်။ ဗီဇာမလို၊ ဘာစာရွက်စာတမ်းမှလည်း တောင်းမကြည့်၊ ယုတ်စွအဆုံး အပြန် လေယာဉ်လက်မှတ်တောင် တောင်းမကြည့်တဲ့ အင်မီဂရေးရှင်း ဆိုလို့ ဒီတစ်နေရာပဲ တွေ့ဖူးပါသေးတယ်။ ဒီတစ်ခေါက်ဟာ ၃ကြိမ်မြောက် ရောက်ရှိခြင်း ဖြစ်ပေမယ့် ဒီလေဆိပ်ကို ရောက်တဲ့ အခါတိုင်း အခုလို ချောချောမွေ့မွေ့ပါပဲ။

အပြင်မှာ ကျွန်တော့်ကို လာကြိုနေတဲ့ မနီလာ ရုံးက အင်ဂျင်နီယာနဲ့ အသင့်ပဲ တွေ့ပါတယ်။ နေ့လည်ခင်း ကွာလာလမ်ပူက လာတဲ့ လေကြောင်းလိုင်းနဲ့ မလေးရှားက အင်ဂျင်နီယာ ရာမက်ရှ် လာလိမ့်မယ်လို့ ကျွန်တော့်ကို ကြိုပြီး သတင်းပေးပါတယ်။ ကျွန်တော့် စိတ်ထဲမှာ နည်းနည်းတော့ အံ့သြသွားပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်သိထားသလောက် ရာမက်ရှ်က မလေးရှားက စက်တွေကိုပဲ ပြင်လေ့ရှိပြီး တစ်ခြားနိုင်ငံကို ခရီးထွက်ခဲ လို့ပါ။ ရာမက်ရှ် ဖိလစ်ပိုင် ရောက်လာတယ် ဆိုတော့ အခုလက်ရှိ ကျွန်တော်တို့ ဆင်နေတဲ့ စက်တွေမှာ ပြသနာ အကြီးအကျယ် ဖြစ်နေလို့ လူအင်အား လိုနေလို့လား ဆိုပြီး တွေးမိလိုက်လို့ပါ။

အဲဒီအချိန်က ဖိလစ်ပိုင်မှာ ရှိတဲ့ အမေရိကန်ပိုင် စက်ရုံတစ်ရုံမှာ ကျွန်တော်တို့ စက်တွေ ဆင်နေကြပါတယ်။ စက်က စုစုပေါင်း ၃ လုံးဖြစ်ပြီး အားလုံး အကြီးစားစက်တွေ ချည်းပါပဲ။ စင်ကာပူမှာ ရှိသမျှ အင်ဂျင်နီယာတွေ တစ်ယောက်ပြီး တစ်ယောက်လာပြီး ကိုယ်နဲ့ဆိုင်တဲ့ ပြသနာတွေ လာပြီး ရှင်းကြပါတယ်။ ကျွန်တော်နဲ့ စင်ကာပူရုံးက ဖိလစ်ပိုင်အင်ဂျင်နီယာ တစ်ယောက်ကတော့ ဖိလစ်ပိုင်မှာ ရေရှည် နေထိုင်ပြီး ပြသနာအားလုံးအတွက် တာဝန်ယူရပါတယ်။ ကျွန်တော်က ဆော့ဖ်ဝဲလ် တာဝန်ခံ ဖြစ်ပြီး ဖိလစ်ပိုင် အင်ဂျင်နီယာကတော့ စက်မှုနဲ့ လျှပ်စစ်ပိုင်းဆိုင်ရာ တာဝန်ခံပါ။

နေ့လည်ခင်းမှာတော့ ကျွန်တော့် မိတ်ဆွေကြီး ရာမက်ရှ် မလေးရှား လေကြောင်းလိုင်းနဲ့ ဖိလစ်ပိုင်ကို ရောက်လာပါတယ်။ သူ့ကို ဘာအတွက် လာတာလဲ မေးတော့မှ သူက ကျွန်တော်တို့ အခုစက်ဆင်နေတဲ့ စက်ရုံမှာ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဝယ်ထားတဲ့ စက်တစ်လုံးမှာ ပြသနာဖြစ်နေလို့ ရှင်းမရလို့ သူ့ကို လွှတ်လိုက်တာ လို့ ပြောပါတယ်။ အဲဒီစက်အမျိုးအစားမှာ ဆိုနီက ထုတ်တဲ့ စက်ရုပ်တစ်ရုပ်စီ ပါပါတယ်။ အခု ဖြစ်နေတဲ့ ပြသနာက စက်ရုပ်တစ်ရုပ်က စပြီး ခဏ အကြာမှ ရပ်သွားပြီး reset လုပ်လိုက်ရင်လည်း နောက် နာရီဝက်အကြာမှာ ပြသနာက ပြန်ပြန်တက်လာလို့ လို့ ပြောပါတယ်။

စက်ပြင်တဲ့ အခါမှာ စက်နဲ့ အကျွမ်းတဝင်မရှိသေးတဲ့ အင်ဂျင်နီယာတွေ လုပ်တတ်တဲ့ အလုပ်က တစ်ခုခြင်း ဖြုတ်လဲတာပါ။ ပျက်နေတဲ့စက်ကို မကောင်းမချင်း အစိတ်အပိုင်း တစ်ခုစီ ဖြုတ်လဲကြပါတယ်။ အခု ဒီတစ်ခါလည်း ဖိလစ်ပိုင်ရုံးက အင်ဂျင်နီယာတွေက အမြဲတမ်း တစ်ခုခု လွဲမှားနေကြောင်း သတိပေးနေတဲ့ စက်ရုပ်ရဲ့ ဆာဗိုထိန်းချုပ်ရေး ကိရိယာ (Servo Controller) တစ်ခုလုံးကို ဖြုတ်လဲမယ်ဆိုပြီး ပြောပါတယ်။ သူတို့မှာ အပိုပစ္စည်း အသင့်ရှိပေမယ့် စက်ရုံက လက်မခံပါဘူး။ ပြသနာကို အရင်တွေ့အောင် ရှာပါ လို့ ပြောပါတယ်။ အရင်တစ်ခါက ကျွန်တော်တို့ ရုံးက အင်ဂျင်နီယာတစ်ယောက် ဘုမသိ ဘမသိ ဖြုတ်လဲလို့ အဲဒီလို ကိရိယာ တစ်လုံး လောင်သွားပြီးပြီ။ နောက်တစ်ခေါက် ထပ်အဖြစ် မခံနိုင်ဘူး လို့ ပြောကြပါတယ်။

နောက်ဆုံးတော့ အဲဒီ အငြင်းပွားမှုတွေက စင်ကာပူရုံးက ဘော့စ် ရဲ့နားကို ရောက်သွားတာကြောင့် ဘော့စ်က ရာမက်ရှ်ကို လူစွမ်းကောင်းအနေနဲ့ လွှတ်လိုက်တာပါ။ ရာမက်ရှ်ရောက်လာပြီး မကြာခင်မှာပဲ ကျွန်တော်တို့ စက်ရုံထဲ ရောက်ခဲ့ကြပါတယ်။ ရာမက်ရှ်က ဆော့ဖ်ဝဲလ်နဲ့ ပတ်သက်ပြီး အကူအညီလိုရင် ကျွန်တော့်ကို လှမ်းခေါ်မယ် လို့ ပြောပြီး စက်ရုံထဲက အင်ဂျင်နီယာတွေနဲ့ အတူ သူ့စက်ကို စပြီး ပြင်နေပါ တော့တယ်။

ကျွန်တော်လည်း စက်အသစ်တွေရဲ့ အခြေအနေ လှည့်ပတ်ကြည့်ပြီး ဘာပြသနာရှိသလဲ ဟိုမေးဒီမေးနဲ့ စက်ရုံထဲ ပတ်နေပါတယ်။ ကျွန်တော်တို့ စက်အသစ် တွေထဲမှာ ၂ လုံးက အမှန်တကယ် ထုတ်လုပ်မှု အဆင့်မရောက်သေးပဲ စမ်းသပ်လည်ပတ်နေတဲ့ အချိန်ဆိုတော့ ကျွန်တော်ကတော့ အတော့်ကို အားနေပါတယ်။ ဒီစက်ရုံမှာ ၃ပတ်လောက် အလုပ်လုပ်ခဲ့ဖူးတော့ အသိအကျွမ်းကလည်း အများကြီး ရှိနေတော့ ဟိုလူနဲ့ စကားပြောလိုက် ဒီလူနဲ့ စကားပြောလိုက်နဲ့ပဲ အချိန်ကုန်ပါတယ်။

၂ နာရီ ၃ နာရီလောက် ကြာတော့ ရာမက်ရှ် စက်ပြင်နေတာ မတွေ့တော့ဘဲ စက်ရှေ့မှာ ဟိုလက်ညှိုးထိုးလိုက် ဒီလက်ညှိုးထိုးလိုက်နဲ့ လေပေးဖြောင့်နေတာပဲ တွေ့ရပါတယ်။ အဲဒါနဲ့ ကျွန်တော်သူ့ကို လှမ်းမေးပါတယ်။
“စက်က ဘယ်လိုလဲ ကောင်းသွားပြီလား။”
“အင်း။ ကောင်းသွားပြီ။”
“မြန်လှချည်လား။”
“မြန်မှာပေါ့။ ဘာမှ ကြီးကြီးကျယ်ကျယ် လုပ်စရာမှ မလိုတာ။”
“ဘာပျက်နေလို့လဲ။”
“ဘာမှ မပျက်ဘူး။ စက်ဆီမရှိလို့။”
“သူတို့ ပြောတော့ ဆာဗိုစနစ် ကပြသနာဖြစ်တာဆို။”
“မဟုတ်ဘူး။ အဲဒီစက်သွားမှာ စက်ဆီမရှိပဲ ကျပ်နေတော့ ဆာဗိုက သူ့ကို လိုသလို ထိန်းလို့မရဘူး။ အဲဒါကြောင့် တစ်ခုခုလွဲနေတယ် ဆိုပြီး အမြဲပြောနေတာ။”
“ကောင်းရော။ မလေးရှားကနေ ဖိလစ်ပိုင်အထိ တကူးတကန့်လေယာဉ်ပျံနဲ့လာပြီး စက်ဆီ လာထည့်ပေးရတယ် ဆိုတာ။”
“ဟားဟား။ ငါတို့ဘော့စ်တော့ အတော်ဒေါပွနေတယ်။ ဒါပေမယ့် ဒီက အင်ဂျင်နီယာတွေအတွက် ဖာဖာထေးထေးတော့ ပြောပေးလိုက်ပါတယ်။ အဲဒီ စက်သွားက စက်ရုပ် ရဲ့ အတွင်းပိုင်းမှာ ရှိတာမို့ အဖုံးတွေ အားလုံး ဖြုတ်ကြည့်မှ မြင်ရတာ။ ဒီအတိုင်းဆို မတွေ့ရဘူး ဆိုတဲ့ အကြောင်းပါ ပြောပြလိုက်ပါတယ်။”
“အဲဒါဆို ပြန်လို့ ရပြီပေါ့။”
“ပြန်လို့တော့ ရပြီ။ ဒါပေမယ့် ဘော့စ်ကတော့ လေယာဉ်ပျံလက်မှတ်ဖိုး ကုန်ထားရတာ နှမြောတယ် ထင်ပါတယ်။ ငါ့ကို နောက်တစ်ရက် ထပ်နေပြီး ဒီစက်ရုံက အင်ဂျင်နီယာတွေကို သင်တန်းပေးဦးလို့ လှမ်းပြောတယ်။”

အမှန်တကယ်ကတော့ ဖိလစ်ပိုင်က အင်ဂျင်နီယာတွေ အယူအဆလွဲ ကြတာပါ။ သူတို့မှာ ပြသနာကို ထဲထဲဝင်ဝင် ဖြေရှင်းဖူးတဲ့ အတွေ့အကြုံနည်းပြီး တစ်ခုခု ဖြစ်ရင် ဖြုတ်လဲမယ် ဆိုတဲ့ စိတ်ကပဲ စွဲနေကြပါတယ်။ အဲဒါကြောင့် မလိုလားအပ်တဲ့ အခြေအနေ တစ်ခုကို ရောက်သွားရတာပါ။ ကျွန်တော့်အတွက်လည်း ပြသနာဆိုတာ မထင်မှတ်ထားတဲ့ အသေးအဖွဲတစ်နေရာမှာ ရှိနေတတ်တယ် ဆိုတဲ့ သင်ခန်းစာတစ်ခုတော့ ရသွား ခဲ့ပါတယ်။

Tuesday, January 13, 2009

ဒဏ္ဍာရီဆန်ဆန် အချစ်ပုံပြင်

စန်တီယာဂိုသွား ဘုရားဖူးတစ်ဦးဖြစ်သော မာရီယာ အယ်မလီယာ ဗော့စ်က အောက်ပါပုံပြင်ကို ပြန်ပြောပြသည်။

ဘီစီ ၂၅၀ ခုနှစ်ခန့်က ရှေးခေတ်တရုတ်ပြည်တွင် သင်းဒါး (Thing-Zda) နယ်မှ မင်းသားတစ်ပါးကို ဘုရင်အဖြစ် တင်မြှောက်ခါနီး အချိန်ဖြစ်သည်။ ဥပဒေအရ မင်းသားသည် ပထမဆုံး အိမ်ထောင်ပြုရမည် ဖြစ်သည်။

အိမ်ထောင်ပြုခြင်းသည် အနာဂတ်အတွက် မိဘုရား ရွေးချယ်သည် ဆိုသည့် အဓိပ္ပါယ် ရသဖြင့် မင်းသားအနေနှင့် သူ့အတွက် လုံးဝ ယုံကြည် စိတ်ချရမည့် အမျိုးသမီးငယ် တစ်ဦးကို ရှာဖွေရန် လိုအပ်ပေသည်။ ပညာရှိကြီး တစ်ဦး၏ အကြံပေးချက်အရ အထိုက်တန် ဆုံးသော သတို့သမီးလောင်း ကို ရွေးချယ်နိုင်ရန် ထိုနယ်မြေမှ အမျိုးသမီးငယ် အားလုံးကို ဆင့်ခေါ်ရန် ဆုံးဖြတ်လိုက်သည်။

နန်းတော် အတွင်းတွင် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သော အမျိုးသမီးကြီး တစ်ဦးသည် ထိုသို့ စုဝေးရန် ပြင်ဆင်သည်ကို ကြားရသော အခါတွင် မင်းသားအား တိတ်တခိုး ချစ်မြတ်နိုးနေသော သူမ၏ သမီးအတွက် စိတ်မကောင်း ဖြစ်သွားရသည်။

အမျိုးသမီးကြီးသည် အိမ်သို့ ပြန်ရောက်ချိန်တွင် သူမ၏ သမီးအား ပြန်လည် ပြောပြသော အခါ သမီးဖြစ်သူက နန်းတော်သို့ သွားမည်ဟု ပြောသဖြင့် အံ့သြတုန်လှုပ် သွားသည်။

အမျိုးသမီးကြီးက စိတ်ဓာတ်ကျစွာ ပြောသည်။
“သမီး အဲဒီနေရာမှာ ဘာသွားလုပ်မှာလဲ။ နန်းတော်ထဲက အချမ်းသာဆုံး နဲ့ အချော အလှဆုံး ဆိုတဲ့ မိန်းကလေးတွေ အားလုံးက အဲဒီမှာ ရှိနေမှာ။ အတော်ရယ်ရတဲ့ အကြံအစည်ပဲ။ သမီး ဝမ်းနည်းပက်လက် ခံစားနေရတာ အမေ သိတယ်။ ဒါပေမယ့် အဲဒီလို ခံစားနေရ တာကို အရူးထတာ အဖြစ်တော့ ပြောင်းမပစ်နဲ့။”

“အမေရယ်။ သမီး ဝမ်းနည်းပက်လက် ခံစားနေရတာ မဟုတ်သလို အရူးထတာလဲ မဟုတ်ပါဘူး။ သမီးကို ရွေးချယ်မှာ မဟုတ်ဘူး ဆိုတာကို သိထားပါတယ်။ ဒါပေမယ့် အနည်းဆုံးကတော့ မင်းသားနဲ့ အနီးကပ်ဆုံး နေရာမှာ ခဏတဖြုတ် ကလေး နေနိုင်မှာပါ။ အဲဒီ အခွင့်အလမ်းက သမီးမှာ ဒီတစ်ခါတည်းပဲ ရမှာမို့ပါ။ အဲဒီအတွက် သမီးပျော်ရမယ်။ သမီးအတွက် ဆိုးရွားတဲ့ ကံကြမ္မာက စောင့်မျှော်နေတယ် ဆိုတာကို သိပါတယ်။” ဟု သမီးဖြစ်သူက ပြန်ပြောသည်။

ထိုညတွင် မိန်းကလေးသည် နန်းတော်သို့ ရောက်သွားသော အခါတွင် အချော အလှဆုံး ဆိုသော မိန်းကလေးများမှာ ထိုနေရာတွင် အမှန်တကယ်ပင် ရှိနေသည်။ သူတို့သည် အလှအပဆုံးသော အဝတ်အစားများနှင့် အလှအပဆုံးသော လက်ဝတ်ရတနာများကို ဝတ်ဆင် ထားကြပြီး အခွင့်အရေးကို ပေးအပ် လာပါက ရသည်နည်းဖြင့် မလွတ်တမ်း ရယူနိုင်ရန် ပြင်ဆင် ထားကြသည်။

မင်းသားက သူ၏ မှူးမတ်များကို ခြံရံ၍ ပြိုင်ပွဲကို အောက်ပါအတိုင်း ကြေငြာသည်။
”အခုလာသမျှ မိန်းကလေးတွေ အားလုံးကို သစ်စေ့ တစ်စေ့စီ ပေးမယ်။ နောက် ၆ လ ကြာတဲ့ အခါမှာ ကျွနု်ပ်ဆီကို ချစ်စရာ အကောင်းဆုံး ပန်းပွင့်တစ်ပွင့် ယူလာနိုင်တဲ့ မိန်းကလေးဟာ အနာဂတ် တရုတ်ပြည်ရဲ့ မိဖုရား ဖြစ်မှာပဲ။”

မိန်းကလေးသည် သူမ၏ သစ်စေ့ကို ယူသွားပြီး ပန်းအိုး တစ်အိုးတွင် စိုက်ပျိုးသည်။ သူမသည် ပန်းပင်စိုက်သည့် အနုပညာတွင် ကျွမ်းကျင်သူမဟုတ်ပေ။ သို့သော် သူမသည် မြေကြီးတို့ကို အလွန်ပင် စိတ်ရှည်စွာနှင့် နူးညံ့ ညင်သာစွာ ပြင်ဆင်သည်။ သူမအနေနှင့် ပန်းပွင့်သည် သူမ၏ အချစ်နှင့် ထပ်တူထပ်မျှ ကြီးထွား လာလိမ့်မည်ဟု ယုံကြည်၍ ရလာဒ်အတွက် စိတ်ပူစရာ မလိုဟု ယူဆသောကြောင့် ဖြစ်သည်။

သုံးလ ကုန်ဆုံးသွားသော်လည်း အညှောင့်တစ်ခုမျှပင် ထွက်မလာပေ။ မိန်းကလေးသည် သူမ တတ်နိုင်သမျှ ကြိုးစားသည်။ သူမသည် လယ်သမား ယာသမားတို့နှင့် တိုင်ပင် သောအခါ သူတို့က သူမအား စိုက်ပျိုးနိုင်မည့် နည်းလမ်းမျိုးစုံ တို့ကို ပြသကြသည်။ သို့သော် မည်သည့် နည်းလမ်းမျှ မအောင်မြင်ပေ။ သူမ အတွက် နေ့ရက်ကြာလာသည် နှင့်အမျှ သူမ၏ အိပ်မက်မှာ တစ်စထက်တစ်စ ဝေးကွာ သွားသလို ခံစားရသည်။ သို့သော် သူမ၏ အချစ်ကတော့ အမြဲတမ်း ရှင်သန်နေဆဲပင် ဖြစ်သည်။

နောက်ဆုံးတွင်တော့ ခြောက်လပြည့်သွားခဲ့သည်။ သို့သော် သူမ၏ ပန်းအိုးထဲတွင် မည်သည့် အပင်မျှ ပေါက်မလာခဲ့ပေ။ သူမတွင် ဘာမျှ ပြစရာမရှိသော်လည်း ထိုအချိန် ကာလအတွင်း ကြိုးစား အားထုတ်မှု နှင့် အာရုံစူးစိုက် နှစ်မြှုပ်မှု မည်ရွေ့မည်မျှ အသုံးချ ထားခဲ့သည်ကို သူမဘာသာပင် သိသည်။ ထို့ကြောင့် ချိန်းဆိုထားသောနေ့ နှင့် ချိန်းဆိုထားသော နာရီအချိန်တွင် နန်းတော်သို့ ပြန်သွားမည်ဟု သူမ၏ မိခင်ကို ပြောသည်။ သူမ၏ ရင်တွင်းကမူ ဤအချိန်သည် သူမ၏ အချစ်မြတ်နိုးဆုံးသောသူနှင့် နောက်ဆုံးအကြိမ် တွေ့ရမည့် အချိန်ဖြစ်သည်ကို သိနေသည်။ ကမ္ဘာပေါ်ရှိ မည်သည့် အရာနှင့်မျှ လဲလှယ်၍ မရသော အချိန်ဖြစ်၍ သူမအနေနှင့် လက်လွတ် မခံနိုင်ပေ။

ထိုနေ့အတွက် ဧည့်ပရိသတ်သည် စုဝေးရောက်ရှိ လာခဲ့သည်။ မိန်းမငယ်သည် သူမ၏ အပင်မပေါက်သော ပန်းအိုးနှင့်အတူ ရောက်လာခဲ့ပြီး အခြားယှဉ်ပြိုင်သူများ အားလုံးမှာမူ အံ့သြဖွယ်ရာကောင်းလောက်သော ရလာဒ်များ ရရှိလာခဲ့သည်ကို တွေ့မြင်ရသည်။ မိန်းကလေးတိုင်းသည် အခြား မိန်းကလေးများ၏ ပန်းပွင့်ထက် ပို၍ ချစ်စရာ ကောင်းသော ပန်းပွင့်များကို ယူဆောင် လာကြသည်။ ပန်းပွင့်များမှာ ပုံသဏ္ဌန် အမျိုးစုံ၍ အရောင်အသွေးလည်း စုံလှသည်။

နောက်ဆုံးတွင် အားလုံး မျှော်လင့်တောင့်တ နေကြသော အချိန်သို့ ရောက်ရှိလာခဲ့သည်။ မင်းသား ရောက်ရှိလာခဲ့ပြီး ယှဉ်ပြိုင်သည့် မိန်းကလေး အားလုံးတို့၏ ပန်းပွင့်များကို အလွန်ပင် ညင်ညင်သာသာနှင့် ဂရုတစိုက် စစ်ဆေးသည်။ အားလုံးကို စစ်ဆေးပြီးသော အခါတွင် သူသည် နောက်ဆုံး ရလာဒ်ကို ကြေငြာပြီး ထိုရလာဒ်မှာ နန်းတွင်းအမှုထမ်း၏ သမီး မိန်းကလေးကို သူ၏ ကြင်ယာတော ်အသစ်အဖြစ် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

ထိုနေရာတွင် ရှိနေသော အခြား မိန်းကလေးများ အားလုံးက စတင်၍ ကန့်ကွက် ကြသည်။ မင်းသားသည် မည်သည့်ပန်းကိုမှ ပေါက်အောင် မစိုက်ပျိုးနိုင်ခဲ့သော တစ်ဦးတည်းသော မိန်းကလေးကို ရွေးချယ်သည့် အတွက်ကြောင့် ဖြစ်သည်။

ထိုအခါမှ မင်းသားက သူပြုလုပ်သော ပြိုင်ပွဲ၏ နောက်ကွယ်မှ ကျိုးကြောင်းဆက်စပ် တွေးခေါ်ပုံကို ရှင်းပြသည်။
“ဒီမိန်းကလေးတစ်ယောက်တည်းကသာ အနာဂတ် မိဖုရားအတွက် ထိုက်တန်တဲ့ ပန်းပွင့်ကို စိုက်ပျိုး နိုင်ခဲ့တယ်။ အဲဒါကတော့ ရိုးသားမှု ပန်းပွင့်ပဲ။ ကျွနု်ပ်ပေးလိုက်တဲ့ သစ်စေ့တွေ အားလုံးဟာ မြုံနေတဲ့ သစ်စေ့တွေ ချည်းပဲ။ အဲဒီ သစ်စေ့တွေကနေ ဘာပင်မှ ပေါက်အောင် စိုက်လို့ ရမှာ မဟုတ်ဘူး။”

(Paulo Coelho ၏ Like the flowing River: Thoughts and Reflection မှ A Fairy Tale ကို ပြန်ဆိုထားပါသည်။)

Monday, January 12, 2009

လေလှိုင်းပေါ်မှ ဟာသများ

လေယာဉ်တင်သင်္ဘော

အမေရိကန် ရေတပ်သင်္ဘောတစ်စင်း နှင့် နယူးဖောင်လန် ကမ်းရိုးတန်းရှိ ကနေဒါ အာဏာပိုင်တို့ ၁၉၉၅ ခုနှစ် အောက်တိုဘာလက ပြောခဲ့သော စကားများ၏ မှတ်တမ်းမှာ အောက်ပါအတိုင်း ဖြစ်သည်။ ဤသို့ ရေဒီယိုလှိုင်း ပေါ်တွင် ပြောကြားခဲ့သော စကားများကို အမေရိကန် ရေတပ်ဦးစီးချုပ်မှ ၁၉၉၅ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ကနေဒါ။ ။“ငါတို့ နဲ့ မတိုက်မိအောင်လို့ မင်းတို့ရဲ့ လမ်းကြောင်းကို တောင်ဖက်ကို ၁၅ ဒီဂရီ ပြောင်းပါ။”

အမေရိကန်။ ။ “မတိုက်မိအောင် ဆိုရင် မင်းရဲ့ လမ်းကြောင်းကို မြောက်ဖက်ကို ၁၅ ဒီဂရီ ပြောင်းဖို့ အကြံပေးလိုပါတယ်။”

ကနေဒါ။ ။“မရဘူး။ မတိုက်မိအောင် ဆိုလို့ရှိရင် မင်းရဲ့ လမ်းကြောင်းကို မြောက်ဖက်ကို ၁၅ ဒီဂရီပြောင်းဖို့ လိုကို လိုလိမ့်မယ်။”

အမေရိကန်။ ။“အခုပြောနေတာ အမေရိကန် ရေတပ်သင်္ဘောက ကပ္ပတိန်ကွ။ ငါထပ်ပြောမယ်။ မင်းရဲ့ လမ်းကြောင်းကို ပြောင်းပါ။”

ကနေဒါ။ ။“ငါလည်း ထပ်ပြောမယ်။ မင်း လမ်းကြောင်းပြောင်းဖို့ လိုနေပြီ။”

အမေရိကန်။ ။“အခု ငါက အမေရိကန် အတ္တလန္တိတ် သင်္ဘောအုပ်စု မှာ ဒုတိယ အကြီးဆုံး လေယာဉ်တင် သင်္ဘော ယူအက်စ်အက် လင်ကွန်း ပေါ်ကနေ ခေါ်နေတာကွ။ ငါတို့ရဲ့ဘေးမှာ ဖျက်သင်္ဘော ၃ စီး၊ အမြန်တိုက်ရေယာဉ် ၃ စီး နဲ့ တစ်ခြား အထောက်အပံ့ သင်္ဘောတွေ အများကြီးပါတယ်။ မင်းရဲ့ လမ်းကြောင်းကို မြောက်ဖက် ကို ၁၅ ဒီဂရီ ပြောင်းဖို့ ငါတောင်းဆိုတယ်။ ငါထပ်ပြောမယ်။ မြောက်ဖက်ကို ၁၅ ဒီဂရီ။ ဒါမှမဟုတ်ရင် ငါတို့ သင်္ဘောရဲ့ လုံခြုံရေးအတွက် လုပ်သင့်လုပ်ထိုက်တာကို တန်ပြန်လုပ်ရလိမ့်မယ်။

ကနေဒါ။ ။ “မင်းနဲ့ အခုစကားပြောနေတာ မီးပြတိုက် ဆိုတာ မင်းသိလား။”

လေကြောင်းထိန်းသိမ်းရေးသမား

ဂျာမနီနိုင်ငံ ဖရန့်ဖွတ်လေဆိပ်မှ လေကြောင်းထိန်းသိမ်းရေးသမားများမှာ အလွန်စိတ်မရှည်တတ်သူများ ဖြစ်သည်။ သူတို့သည် လေယာဉ်မှူးများကို သူတို့ လေယာဉ်ရပ်ရမည့်နေရာကို သိရမည် ဟု မျှော်လင့်ထား ကြရုံသာမက ထိုနေရာသို့ သူတို့၏ အကူအညီမပါဘဲ မည်သို့ သွားရမည်ကို သိရမည် ဟုလည်း မျှော်လင့်ထားကြသည်။ အောက်ပါစကားများမှာ ပင်န်အမေရိကန် ဘိုးအင်း ၇၄၇ လေယာဉ်ပျံမှ ကြားခဲ့ရသော ဖရန့်ဖွတ် မြေပြင်လေကြောင်းထိန်းသိမ်းရေး စခန်းနှင့် ဗြိတိသျှလေကြောင်းလိုင်း ဘိုးအင်း ၇၄၇ လေယာဉ် (ရေဒီယိုသင်္ကေတ စပိဒ်ဘတ်ဒ် ၂၀၆) တို့ လေယာဉ် ဆင်းသက်ပြီးနောက် အပြန်အလှန် ပြောကြားခဲ့သော စကားများထဲမှ ဟာသ ဖြစ်သည်။

စပိဒ်ဘတ်ဒ် ၂၀၆။ ။ “ကောင်းသော နံနက်ခင်းပါ ဖရန့်ဖွတ်။ ငါတို့ ပြေးလမ်းပေါ်က နေ အမြန်ဆုံး ထွက်ချင်တယ်။”

မြေပြင်စခန်း။ ။ “ကောင်းသောနံနက်ခင်းပါ။ မင်းရပ်ရမယ့်နေရာကို သွားပါ။”

ဗြိတိသျှ လေကြောင်းလိုင်းမှ ဘိုးအင်း ၇၄ရ လေယာဉ်မှာ ပင်မ ပြေးလမ်းပေါ်သို့ တက်၍ ရပ်လိုက်သည်။

မြေပြင်စခန်း။ ။ “စပိဒ်ဘတ်ဒ် မင်းဘယ်နေရာကို သွားရမယ် ဆိုတာ မင်းမသိဘူးလား။”

စပိဒ်ဘတ်ဒ် ၂၀၆။ ။“ခဏစောင့်ပါဦး။ ငါတို့ရပ်ရမယ့် နေရာကို အခု ရှာနေတယ်။”

“စပိဒ်ဘတ် ၂၀၆၊ မင်း ဖရန့်ဖွတ်ကို အရင်တုန်းက တစ်ခါမှ လေယာဉ်ပျံနဲ့ မလာဖူးဘူးလားကွ။ ” မြေပြင်စခန်းမှ စိတ်မရှည်စွာ ပြောသည်။

ထိုအခါ စပိဒ်ဘတ် ၂၀၆မှ အေးဆေးစွာပင် ပြန်ပြောသည်။ “အေး။လာတော့ လာဖူးတယ်။ ၁၉၄၄ က။ အဲဒီတုန်းက ငါ့လေယာဉ်ပျံ မဆင်းခဲ့ဘူး။”

(၁၉၄၄ မှာ ဂျာမန် နှင့် ဗြိတိသျှတို့ စစ်ဖြစ်နေသော ဒုတိယကမ္ဘာစစ်ကာလ ဖြစ်သည်။)

ဆိုးလိုက်တဲ့ ခရီးစဉ်

အခု ကပ္ပတိန် စင်ကလဲယား စကားပြောနေပါတယ်။ ကျွန်တော်တို့ လေယာဉ်ဝန်ထမ်းတွေရဲ့ ကိုယ်စား လူကြီးမင်းတို့ကို နယူးယောက် မှ ပွန်တာ ကာနာ (ဒိုမီနီကန် ရီပတ်ဘလစ်) ကို ပျံသန်းတဲ့ xxx လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၆၀၂ ကနေ ကြိုဆိုပါတယ်။ အခုဆိုရင် ကျွန်တော်တို့ဟာ အမြင့်ပေ ၃ သောင်းခွဲကနေ တောင်ဖက်အရပ် အတ္တလန္တိတ် သမုဒ္ဒရာဖက်ကို ဦးတည်ပြီး ပျံသန်းနေပါတယ်။”

“ပြတင်းပေါက်ကနေ အပြင်ဖက် လေယာဉ်ရဲ့ ညာဖက်အခြမ်းကို လှမ်းပြီး ကြည့်လိုက်မယ် ဆိုရင် ညာဖက်က အင်ဂျင် ၂လုံး စလုံး မီးလောင်နေတာကို တွေ့ရပါလိမ့်မယ်။”

“ပြတင်းပေါက်ကနေ အပြင်ဖက် ဘယ်ဖက်အခြမ်းကို လှမ်းကြည့်မယ်ဆိုရင်တော့ ဘယ်ဖက် အတောင်ပံ မရှိတော့တာကို တွေ့ရပါလိမ့်မယ်။”

“အောက်ဖက် အတ္တလန္တိတ်သမုဒ္ဒရာထဲကို ငုံ့ကြည့်မယ်ဆိုရင်တော့ လူသုံးယောက်ပါတဲ့ အသက်ကယ်ဖောင် သေးသေးကလေးတစ်ခုပေါ်က နေ လက်လှမ်းပြ နေတာကို တွေ့ရပါလိမ့်မယ်။”

“အဲဒါကတော့ ကျွန်တော် ကပ္ပတိန်၊ လက်ထောက် လေယာဉ်မှူးနဲ့ လေယာဉ်မယ် တစ်ယောက်ပါပဲ။ အခု ကြားနေတာ ကတော့ အသံသွင်းထားတဲ့ ကြေငြာချက်ပါ။”


(အင်တာနက်ထဲက ရှာတွေ့တဲ့ ဟာသတစ်ချို့ကို ဘာသာပြန်ထားပါတယ်။)

Friday, January 9, 2009

မီးရောင်အောက်ကို ဝင်လျှင်

စင်ပေါ်တက်ချင်တဲ့ ပိုးဆိုတာ မွေးကတည်းက ပါတတ်တာမျိုးလား မသိပါ။ ကျွန်တော့်မှာလည်း စင်ပေါ်တက်ချင်တဲ့ ပိုးက နည်းနည်းတော့ပါပါတယ်။ ဒါပေမယ့် ရှေ့ထွက်ရတဲ့ အခေါက်က နည်းပြီး စင်ပေါ်မှာ သူများတွေ ကနေတဲ့အချိန် နောက်ကနေ လူမုန်းခံ ဦးနှောက်စားနေရတဲ့ အလုပ်မျိုးနဲ့ပဲ ကြုံရတာ များပါတယ်။

ကျွန်တော် ကျောင်းကပွဲ တွေတုန်းက ကြုံခဲ့တဲ့ အဖြစ်အပျက် တစ်ချို့ကို ပြန်သတိရ မိပါတယ်။ ကျွန်တော်တို့ ပထမဆုံးနှစ်က ကျောင်းသင်္ကြန်မှာ ပြဇာတ်ကကြပါတယ်။ ပြဇာတ်ထဲမှာ အခန်းတစ်ခန်းက စင်ကာပူမှာ ကျောင်းတက်နေတဲ့ သားက အိမ်က မိဘတွေဆီကို ရေးတဲ့စာကို ဟာသလုပ်ထားတဲ့ အခန်းပါ။ “အမေရေ၊ ကျွန်တော်တို့ စင်ကာပူမှာ ကျောင်းတက်နေရတယ် ဆိုပေမယ့် စားပွဲထိုးလိုက် ပန်းကန် ဆေးလိုက် နဲ့ပါပဲ။” တို့၊ “ဒီမှာ ၄ လ သင်တဲ့ စာကို ၄ ရက်နဲ့ ကျက်ပြီး ဂုဏ်ထူးတွေ ထွက်ထွက် နေကြတယ်။” တို့ ပြောပြီး ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ကျောင်းသားဘဝကို ဟာသလုပ် ထားတာပါ။ စီစဉ်တဲ့ အချိန်တုန်းက အဲဒီအချိန်က နာမည် ကြီးနေတဲ့ Eminem ရဲ့ Stan ဆိုတဲ့ သီချင်းကို ဖွင့်ပြီး တစ်ယောက်က စင်ပေါ်ကနေ သရုပ်ဆောင်၊ စင်ဘေးကနေ တစ်ယောက်က မိုက်ကရိုဖုန်းနဲ့ စာဖတ်ပြဖို့ စီစဉ်ထားကြပါတယ်။ ဒါပေမယ့် တကယ်ကတဲ့ နေ့မှာတော့ Control Room ထဲမှာ ထိုင်နေတဲ့သူက သီချင်းမှားပြီး Eminem သီချင်းအစား ထူးအိမ်သင် သီချင်းတစ်ပုဒ်ကို ဖွင့်ထည့်လိုက်ပါတယ်။ မိုက်ကရိုဖုန်းကလေးကိုင်ပြီး စင်ဘေးကနေ ပါးစပ်ပြင်နေတဲ့ ပုဂ္ဂိုလ်က သူ့လက်ထဲက မိုက်ကရိုဖုန်း ခလုတ်ဖွင့်ထားတာ မေ့ပြီး မအေနဲ့ ကိုင်ပြီး တုတ်ထည့်လိုက်ပါတယ်။ စပီကာထဲက နေ ဆဲသံ ရုတ်တရက် ထွက်လာတော့ ခန်းမတစ်ခုလုံး ပြက်လုံးမထုတ်ရပဲ ဝါးကနဲ ပွဲကျသွားရပါတယ်။

Control Room က တလွဲတချော် ဖြစ်တာ နောက်တစ်ခေါက် ကြုံဖူးပါသေးတယ်။ အဲဒီအခါက အသံကောင်းတဲ့ ကျောင်းသားတစ်ယောက်ကို သန်းမြတ်စိုးရဲ့ မြူမှောင်ဝေကင်းနဲ့ အဖွင့်သီချင်း ဆိုခိုင်းဖို့ စီစဉ်ထားကြပါတယ်။ ဒါပေမယ့် Control Room ထဲက ပုဂ္ဂိုလ်များက ကာရာအိုကေမှာ အဆိုတော်ရဲ့ အသံ မပိတ်လိုက်မိပါဘူး။ အဲဒီတော့ သီချင်းစဆိုတဲ့ အချိန်မှာ သန်းမြတ်စိုး ရဲ့ အသံနဲ့ ထွက်လာပါတယ်။ ပရိသတ်က မရိပ်မိတော့ အသံကောင်းတယ် ဆိုပြီး အားပါးတရ သြဘာပေးကြပါတယ်။ စင်ပေါ်မှာ ဆိုနေတဲ့သူကလည်း မသိချင်ယောင်ဆောင်ပြီး ဆက်ဆိုနေပါတယ်။ တစ်ဝက်တစ်ပျက် ရောက်မှ Control Room ကနေ ဘာမပြော ညာမပြောနဲ့ အဆိုတော်ရဲ့ အသံကို ပိတ်ထည့်လိုက်ပါတယ်။ အဲဒီမှာ သီချင်းဆိုနေတဲ့ အသံက ရုတ်တရက် ပြောင်းသွားပါတယ်။ ပရိသတ်က အစက ကြောင်သွားပေမယ့် နောက်တော့ သဘောပေါက်သွားပြီး ပွဲကျသွားပါတော့တယ်။

နောက်တစ်ခု မှတ်မိတာကတော့ မီးထိုးသမား ပညာပြတာပါ။ ကျွန်တော်တို့ ကျောင်းက ဇာတ်ရုံရဲ့ အနောက်ဖက် ထောင့်စွန်းနှစ်ခုမှာ မီးဆလိုက် တစ်ခုစီရှိပါတယ်။ အဲဒီ ဆလိုက်တွေက အရောင်မျိုးစုံ ပြောင်းပြီး ထိုးလို့ရပါတယ်။ ဘယ်ဖက်နဲ့ ညာဖက် ဝေါ့ကီတော့ကီနဲ့ ပြောပြီး ဘာရောင်ထိုးမယ် ဆိုတာ ညှိကြပါတယ်။ တစ်ခါတော့ ကျောင်းက ကောင်မလေးတစ်ယောက် တစ်ယောက်တည်း သင်္ကြန်သီချင်းနဲ့ ကနေတဲ့ အချိန် ဇာတ်ရုံထောင့်က ဆလိုက်သမားများ စိတ်ကူးပေါက်ပြီး လက်တည့်စမ်း ကြပါတယ်။ စင်ပေါ်ကို အရောင်တွေ တစ်ရောင်ပြီး တစ်ရောင် ပြောင်းပြီး ထိုးကြပါတယ်။ အစပိုင်းက ကြည့်ကောင်းသလိုရှိပေမယ့် အရောင်တစ်ရောင်ကို ထိုးလိုက်တဲ့ အချိန်မှာ ကောင်မလေး ဝတ်ထားတဲ့ အင်္ကျီအရောင် ပိတ်ကားအရောင်တွေနဲ့ အားလုံး ဟပ်သွားပြီး စင်ပေါ်မှာ ကနေတဲ့ ကောင်မလေး ရုတ်တရက် ပျောက်သွားပါတယ်။ ပရိသတ်ဆီက ရယ်သံကြီး ဝေါကနဲ ထွက်လာသလို ဝေါ့ကီတော့ကီထဲမှာလည်း ဆဲသံတွေ ညံသွားပါတော့တယ်။

ကျောင်းပွဲဆိုတော့လည်း တလွဲတချော်တွေက မျိုးစုံပါပဲ။ ပုံမှန် ကျောင်းထဲမှာ အရက်သောက်ခွင့် မရှိပေမယ့် ဇာတ်စင်ရဲ့ အနောက်ဖက်မှာ ပုလင်းကလေးတစ်လုံး ဒိုင်လျှိုထည့်ထားပြီး ရဲဆေးတင်ကြပါတယ်။ ကျောင်းသားတစ်ယောက်ကတော့ ရဲဆေးအတင် လွန်သွားလို့ ကောင်မလေးကဖို့ သင်္ကြန်သီချင်းဆိုရင်း တစ်ဝက်တစ်ပျက်မှာ စာသားမေ့သွားလို့ သူပါ ဝင်ကနေတာနဲ့ ပရိသတ်က အတော်ကို ပွဲကျသွားခဲ့ ပါတယ်။

ကျောင်းတုန်းက ကြုံခဲ့ဖူးတဲ့ အဖြစ်တွေကို သတိရလို့ ပြန်ရေးလိုက်တာပါ။

Wednesday, January 7, 2009

တောင်တွေကို ဘယ်လို တက်ကြမလဲ

သင်တက်ချင်သော တောင်ကို ရွေးချယ်ပါ

“ဒီတောင်က တော့ ပိုလှတယ်။” “ဒီတောင်ကတော့ ပိုလွယ်တယ်။” ဆိုတဲ့ အခြားသူတွေရဲ့ စကားကို နားမယောင် ပါနဲ့။ သင့်အနေနဲ့ သင့်ရဲ့ စွမ်းအားတွေ အများကြီးနဲ့ စိတ်အားထက်သန်မှုတွေ အများကြီးကို သင့်ရဲ့ ရည်မှန်းချက် အောင်မြင်ရေးအတွက် အသုံးချရမှာပါ။ နောက်ပြီး သင့်ရဲ့ ရွေးချယ်မှုအတွက် တာဝန်အရှိဆုံး လူတစ်ယောက်ဟာ သင်သာလျှင် ဖြစ်မှာပါ။ အဲဒါကြောင့် သင်ဘာလုပ်နေသလဲ ဆိုတာကို သင့်ဘာသာ လုံးဝ သေချာနေဖို့ လိုအပ်ပါတယ်။

တောင်ကို ဘယ်လိုတက်မလဲ ဆိုတဲ့ နည်းလမ်းကို ရှာဖွေပါ

အမြဲမကြာခဏ ဆိုသလို လှပတဲ့၊ စိတ်ဝင်စားစရာ ကောင်းတဲ့ ၊ စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ တောင်ကို သင်တွေ့ မြင်နေရမှာပါ။ ဒါပေမယ့် သင်တက်ရောက်ဖို့ ကြိုးစားမယ့် အချိန်မှာ ဘာတွေ ဖြစ်လာမလဲ။ လမ်းတွေက ပတ်ပတ်လည် ဝန်းရံနေမယ်။ သစ်တောတွေက သင်နဲ့ သင့်ရဲ့ ရည်မှန်းချက် အကြားမှာ တည်ရှိနေကြမယ်။ မြေပုံထဲမှာ ရှင်းရှင်းလင်းလင်း တွေ့နေရတဲ့ အရာတွေဟာ တကယ့်လက်တွေ့မှာ ပိုပြီး ရှုပ်ထွေး နေလိမ့်မယ်။ အဲဒါကြောင့် သင့်အနေနဲ့ ရှိသမျှ လမ်းကြောင်းတွေ လမ်းကြမ်းတွေ အားလုံးကို ကြိုးစားပြီး တစ်နေ့မှာ သင်တက်ရောက်ချင်တဲ့ တောင်ထိပ်ကို ရောက်တဲ့အထိ လုပ်ရမှာပါ။

အဲဒီနေရာကို ရောက်ခဲ့ဖူးသောသူတစ်ဦးထံမှ သင်ယူပါ

သင့်ဘာသာသင် ဘယ်လောက်ပဲ အခြားသူတွေနဲ့ မတူပဲ သီးခြားဖြစ်တယ်လို့ ယူဆ ထားပေမယ့် သင်မက်နေတဲ့ အိပ်မက်ကိုပဲ အရင်တုန်းက မက်ခဲ့ဖူးတဲ့ အခြားသူ တစ်ယောက် အမြဲတမ်း ရှိနေတတ် ပါတယ်။ သူက ချန်ထားခဲ့တဲ့ လမ်းညွှန်ချက် တွေကို ကြည့်မယ်ဆိုရင် ခက်ခဲ ကြမ်းတမ်းမှုတွေ လျော့နည်းစေမယ်။ ကြိုးကို ချည်နှောင်ရမယ့် အကောင်းဆုံး နေရာကို တွေ့နိုင်မယ်။ နင်းလျှောက်ပြီးသား လမ်းတွေ ရှိမယ်။ အလွယ်တကူ သွားနိုင်ဖို့ ချိုးဖျက်ခဲ့တဲ့ သစ်ကိုင်းတွေ ရှိမယ်။ ဒါပေမယ့် သင့်ရဲ့ တက်ရောက်မှု အတွက် သင့်မှာလည်း တာဝန်ရှိပါတယ်။ အခြားသူတွေရဲ့ အတွေ့အကြုံကနေ အကူအညီတွေ အများကြီး ရနိုင်တယ် ဆိုတာကိုတော့ ဘယ်တော့မှ မမေ့ပါနဲ့။

အန္တရာယ်တွေဟာ အနီးကပ် မြင်ရတဲ့အခါ သင့်အနေနဲ့ ချုပ်ထိန်းနိုင်လိမ့်မယ်

သင်အိပ်မက်မက်နေတဲ့ တောင်ကို တက်ရောက်တဲ့အခါမှာ သင့်အနားမှာ ရှိနေတဲ့ အရာတွေကို ဂရုစိုက်ပါ။ အလွန်ကို မတ်စောက်နေတဲ့ ကျောက်ချွန်းတွေ ရှိမှာကတော့ အမှန်ပါပဲ။ သင်လုံးဝမမြင်နိုင်တဲ့ အက်ကွဲကြောင်းတွေလည်း ရှိနေလိမ့်မယ်။ မိုးရေနဲ့ လေရဲ့ တိုက်စားမှုကြောင့် ရေခဲတမျှ ချော်နိုင်တဲ့ ကျောက်တုံးတွေလည်း ရှိနေလိမ့်မယ်။ ဒါပေမယ့် သင့်ရဲ့ ခြေကို ဘယ်မှာ ချမယ်ဆိုတာကို သိတဲ့အခါမှာ သင့်အနေနဲ့ ထောင်ချောက်တွေကို တွေ့မြင်ပြီး ရှောင်ရှားနိုင်မှာပါ။

ရှုခင်းတွေဟာ ပြောင်းလဲနေတယ်။ အကောင်းဆုံး ဖြစ်အောင် ခံစားပါ

ပုံမှန်အားဖြင့်တော့ သင့်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ထိပ်ဆုံးကို ရောက်ဖို့ဆိုတာကို သင့်အနေနဲ့ စိတ်ထဲမှာ အမြဲထားရှိ ရမှာပါ။ ဒါပေမယ့်လည်း သင်တက်နေတဲ့ အချိန်မှာ မြင်ကွင်းတွေဟာ ပြောင်းလဲသွားလိမ့်မယ်။ သင့်အနေနဲ့ မကြာခဏ ဆိုသလို ရပ်ပြီး အဝေးက မြင်ကွင်းတွေကို ခံစားပျော်မွေ့တာ ပြသနာမရှိပါဘူး။ တစ်မီတာတက်တိုင်း တက်တိုင်းမှာ သင့်အနေနဲ့ အဝေးကို တစ်စထက်တစ်စ ပိုပြီး မြင်နိုင်မယ်။ အဲဒါကြောင့် အချိန်ယူပြီး ယခင်က သင်မမြင်ဖူးခဲ့တဲ့ အရာတွေကို ရှာဖွေကြည့်ရှုပါ။

သင်၏ ခန္ဓာကိုယ်ကို အလေးထားပါ

သင့်အနေနဲ့ သင့်ရဲ့ ခန္ဓာကိုယ်ကို ထိုက်တန်သော ဂရုစိုက်မှုပေးမှသာ သင်တက်လိုတဲ့ တောင်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ သင့်မှာ တစ်ဘဝလုံး နေထိုင်ရမည့် အချိန်တွေ အများကြီးရှိနေပါတယ်။ အဲဒါကြောင့် သင့်ရဲ့ ခန္ဓာကိုယ်ကို အလွန်အကျွံ မတောင်းဆိုပါနဲ့။ သင့်အနေနဲ့ အလွန် မြန်မြန်ဆန်ဆန် လျှောက်ခဲ့ရင် ပင်ပန်းလာမှာ ဖြစ်ပြီး ခရီးတစ်ဝက်တွင် ရပ်နားချင်စိတ် ပေါက်လာပါလိမ့်မယ်။ သင့်အနေနဲ့ အလွန် နှေးနှေးကွေးကွေး လျှောက်ခဲ့ရင်လည်း ညမိုးချုပ်လာတဲ့ အချိန်မှာ လမ်းပျောက်နေ ပါလိမ့်မယ်။ ရှုမြင်ကွင်းတွေကို ပျော်မွေ့စွာ ခံစားပါ။ အေးမြတဲ့ တောင်ကျ စမ်းရေကို သောက်သုံးပါ။ သဘာဝက ရက်ရောစွာ ပေးထားတဲ့ သစ်သီးတွေကို စားသုံးပါ။ ဒါပေမယ့် လမ်းတော့ ဆက်လျှောက်နေဖို့ လိုပါလိမ့်မယ်။

သင်၏ စိတ်ဝိဉာဉ်ကို အလေးထားပါ

“ငါဒါကို လုပ်ကို လုပ်ရမယ်။” ဆိုပြီး ထပ်ခါတလဲလဲ ပြောမနေပါနဲ့။ သင့်ရဲ့ စိတ်ဝိဉာဉ်က သိပြီးသားပါ။ သင့်အနေနဲ့ လုပ်ရမှာက ရှည်လျားတဲ့ခရီးကို အသုံးချပြီး သင့်ရဲ့ စိတ်ဝိဉာဉ်ကို ဖွံ့ဖြိုးအောင်လုပ်ဖို့၊ မိုးကုပ်စက်ဝိုင်း တလျှောက်မှာ ဖြန့်ကျက်ဖို့နဲ့ မိုးကောင်းကင် အထိ ထိတွေ့ဖို့ပါ။ သင့်ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ဖို့အတွက် စိုးရိမ် ကြောင့်ကြမှုတွေက အကူအညီပေးမှာ မဟုတ်ပါဘူး။ သင့်ရဲ့ တောင်တက် နေရတဲ့ ပျော်ရွှင်မှုကိုတောင် ဖယ်ထုတ်သွားနိုင် ပါသေးတယ်။ သတိပြုရမှာ တစ်ခုက “ငါထင်ထားတာထက် ပိုခက်တယ်။” ဆိုတဲ့ စကားကို ထပ်ခါတလဲလဲ ပြောမနေဖို့ပါ။ အဲဒီလိုဆိုရင် သင့်ခန္ဓာကိုယ်ထဲက စိတ်ခွန်အားတွေ ပျောက်ကွယ်သွားစေနိုင်ပါတယ်။

မိုင်အပိုတွေကို သွားဖို့ ပြင်ဆင်ထားပါ

တောင်ထိပ်ကို ရောက်ဖို့ခရီးဟာ သင်ထင်ထားတာထက် အမြဲတမ်း ရှည်လျားနေတတ်ပါတယ်။ သင့်ဘာသာသင် အရူးမလုပ်ပါနဲ့။ တကယ်တမ်း နီးနီးလေးလို့ ထင်တားတဲ့ အရာတွေက အရမ်းကို ကွာဝေးလွန်းနေတယ်ဆိုတာ သိရတဲ့ အချိန်ကာလတွေ ကြုံရပါလိမ့်မယ်။ သင့်အနေနဲ့ မျှော်မှန်းထားတာထက် ပိုပြီး သွားဖို့ အသင့်ပြင်ထားရင်တော့ အဲဒါဟာ တကယ့် ပြသနာမဟုတ်လောက်ပါဘူး။

တောင်ထိပ်ကို ရောက်တဲ့အခါမှာ ပျော်ရွှင်ပါ

ငိုကြွေးရင်း လက်ခုပ် လက်ဝါးတီးရင်း ပျော်ရွှင်လိုက်ပါ။ လေးဘက်လေးတန်က တိုက်ခတ်နေတဲ့လေတွေကို သင်ပြီးမြောက် အောင်မြင်ခဲ့ပြီ ဆိုတာကို အော်ပြောလိုက်ပါ။ အဲဒီမှာ အမြဲတမ်း တိုက်ခတ်နေတတ်တဲ့ လေတွေနဲ့ သင့်ရဲ့စိတ်ကို သန့်စင်လိုက်ပါ။ ညောင်းညာပြီး ခွေျးစိုနေတဲ့ သင့်ရဲ့ ခြေထောက်တွေကို အားသစ်လောင်းပါ။ သင့်ရဲ့ မျက်လုံးတွေကို ဖွင့်ထားပါ။ သင့်ရဲ့ နှလုံးသားက ဖုန်မှုန့်တွေကို သန့်ရှင်းရေး လုပ်လိုက်ပါ။ အဲဒါဟာ တစ်ကယ်ကို ကောင်းတဲ့ ခံစားမှုပါပဲ။ တစ်ချိန်တုန်းက အိပ်မက် တစ်ခုသာ ဖြစ်ခဲ့တဲ့ ဝေးကွာလွန်းတဲ့ စိတ်ကူးစိတ်သန်းတစ်ခုသာ ဖြစ်ခဲ့တဲ့ အရာဟာ အခုအခါမှာတော့ သင့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါပြီ။ သင်ပြီးမြောက် အောင်မြင်ခဲ့ပါပြီ။

သင့်ဘာသာသင် ကတိပေးပါ

သင်အရင်တုန်းက လုံးဝ သတိမမူ မိခဲ့တဲ့ သင့်ရဲ့အားတစ်ခုကို အခုအချိန်မှာ သင်ရှာဖွေ တွေ့ရှိ ခဲ့ပါပြီ။ အခုအချိန်ကနေစပြီး ကျန်ရှိနေတဲ့ နေ့တွေအားလုံးမှာ ဒီအားကို အသုံးပြုသွားမယ်လို့ သင့်ဘာသာ ပြန်ပြောလိုက်ပါ။ ပိုကောင်းတာကတော့ နောက်ထပ် တောင်တစ်လုံးကို ရှာဖွေဖို့ကတိပြုပြီး အခြား စွန့်စားမှု အသစ်ကို စတင်ပါ။

သင့်ရဲ့ ပုံပြင်ကို ပြန်ပြောပြပါ

ဟုတ်ပါတယ်။ သင့်ရဲ့ ပုံပြင်ကို ပြန်ပြောပြပါ။ သင့်ဘာသာ ဥပမာတစ်ခု အနေနဲ့ ပြပါ။ အားလုံးကို ဒီအရာဟာ ဖြစ်နိုင်ပါတယ် လို့ပြောပါ။ အဲဒါမှလည်း အခြားသူတွေဟာ သူတို့ရဲ့တောင်တွေကို တက်ဖို့အတွက် ခွန်အားသတ္တိတွေ ရရှိနိုင်ပါလိမ့်မယ်။

(Paulo Coelho ၏ Like the flowing River: Thoughts and Reflection မှ How to climb Mountains ကို ပြန်ဆိုထားပါသည်။)

Tuesday, January 6, 2009

ငှက်ပျောသီးများကပေးတဲ့ ဘဝရဲ့သင်ခန်းစာ

ကျွန်တော်သည် အစ်ဇဘယ်လာကို ကျွန်တော်တို့တွေ့နေကျ စားသောက်ဆိုင်မှာပင် တွေ့ဆုံခဲ့သည်။ ထိုဆိုင်မှာ အစားအသောက် ကောင်းသော်လည်း အမြဲတမ်း လူရှင်း နေတတ်သည်။ သူမ၏ နီပေါခရီးစဉ်တွင် ဘုန်းကြီးကျောင်း တစ်ကျောင်း၌ ရက်သတ္တပတ် အနည်းငယ်မျှ နေထိုင်ခဲ့သည် ဟု အစ်ဇဘယ်လာက ပြန်ပြောပြသည်။ နေ့လည်ခင်းတစ်ခုတွင် သူမသည် ဘုန်းကြီးတစ်ပါး နှင့်အတူ ဘုန်းကြီးကျောင်း အနီးတဝိုက်တွင် လမ်းလျှောက်ဖြစ်ခဲ့သည်။ ထိုအခါက ဘုန်းကြီးသည် သူသယ်ဆောင်လာသော အိတ်ကိုဖွင့်၍ အတွင်းတွင် ပါရှိသော အရာများကို ကြည့်ရင်း အချိန်အတန်ကြာမျှ ရပ်နေခဲ့သည်။

ထို့နောက် သူက “ငှက်ပျောသီးတွေကနေ မင်းကို ဘဝရဲ့ အဓိပ္ပါယ်ကို သင်ကြားပေးနိုင်တယ်ဆိုတာကို သိလား။” ဟု အစ်ဇဘယ်လာ အား မေးသည်။

သူသည် အိတ်အတွင်းမှ ပုတ်နေသော ငှက်ပျောသီး တစ်လုံးကို ဆွဲထုတ်၍ လွှင့်ပစ်ရင်း ပြောသည်။
“ဒါက ကုန်လွန်သွားတဲ့ ဘဝနဲ့ တူတယ်။ အပြည့်အဝ အသုံးမချခဲ့ရဘူး။ အခုတော့ အချိန်အတော် လွန်သွားပြီ။”

ထို့နောက် သူသည် စိမ်းနေသေးသော နောက်ငှက်ပျောသီး တစ်လုံးကို ဆွဲထုတ်ပြန်သည်။
“ဒါက ရောက်မလာ သေးတဲ့ ဘဝနဲ့တူတယ်။ စိမ်းနေတုန်းပဲ။ ငါတို့အနေနဲ့ အချိန်တန်တဲ့ အထိ စောင့်ဖို့လိုအပ်တယ်။”

နောက်ဆုံးတွင် သူသည် ငှက်ပျောသီးမှည့် တစ်လုံးကို ဆွဲထုတ်ကာ အခွံနွှာသည်။ ထို့နောက် အစ်ဇဘယ်လာ နှင့်အတူ မျှဝေစားရင်း ပြောသည်။
“ဒါကတော့ လက်ရှိ ပစ္စုပ္ပန် အချိန်ပဲ။ အပြစ်ဖြစ်နေတာတွေ အကြောက်တရားတွေ အားလုံးကို ဘေးဖယ်ပြီး ဘယ်လိုဝါးမျိုရမလဲ ဆိုတာကိုသာ သင်ခန်းစာ ယူပေတော့။”

(Paulo Coelho ၏ Like the flowing River: Thoughts and Reflection မှ Rome: Isabella Returns from Nepal ကို ပြန်ဆိုထားပါသည်။)

Blue Mountains က ကျောက်တုံး ၃ တုံး

ကျွန်တော် သြစတေးလျသို့ ရောက်ရှိပြီး နောက်တစ်နေ့မှာပင် ကျွန်တော်၏ ထုတ်ဝေသူက ဆစ်ဒနီမြို့အနီးရှိ သဘာဝဥယျာဉ် တစ်ခု သို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုနေရာရှိ သစ်တောအုပ်တစ်ခု၏ အလယ်တွင် Blue Mountains ဟု ခေါ်သော နေရာတစ်နေရာ ရှိပြီး ထိုနေရာတွင် မျက်နှာလေးဖက်ရှိ ထိပ်ချွန် မော်ကွန်းကျောက်တိုင် (Obelisk) ပုံဖြစ်နေသော ကျောက်တုံး ၃ တုံးရှိသည်။


(Image Source: wikimedia.org)

“သူတို့ဟာ တကယ်တော့ ညီအစ်မ ၃ ယောက်ဖြစ်တယ်။ ” ဟု ကျွန်တော်၏ ထုတ်ဝေသူက ဆိုသည်။ ထို့နောက် ကျွန်တော့်အား အောက်ပါ ပုံပြင်ကို ပြောပြသည်။

နတ်ဆရာတစ်ယောက်သည် သူ၏ ညီမသုံးယောက်နှင့်အတူ လမ်းလျှောက် ထွက်လာကြသည်။ ထိုအချိန်တွင် ထိုခေတ်ကာလက အကြော်ကြားဆုံးသော စစ်သည်တော်တစ်ဦးက သူတို့ကို ချဉ်းကပ်လာပြီး ပြောသည်။
“ ကျွန်တော် ဒီချစ်စရာကောင်းတဲ့ မိန်းကလေးတွေထဲက တစ်ယောက်ကို လက်ထပ်ပါရစေ။”
“အကယ်၍ သူတို့ထဲက တစ်ယောက်က လက်ထပ်မယ်ဆိုရင် အခြားနှစ်ယောက်က သူတို့ဘာသာ သူတို့ ရုပ်ဆိုးတယ်လို့ ထင်သွားကြမယ်။ ကျွန်တော်ရှာနေတာက စစ်သည်တော်တွေကို ဇနီး ၃ဦး ရှိခွင့်ပေးတဲ့ လူမျိုးစုပဲ။” ဟု နတ်ဆရာက ပြန်လည်ဖြေကြား၍ ဆက်လက်ထွက်ခွာသွားသည်။

နှစ်ပေါင်းများစွာ ကြာသည်အထိ နတ်ဆရာသည် သြစတေးလျတိုက်ကို လှည့်ပတ်သွားသော်လည်း သူရှာနေသော လူမျိုးစုကို မတွေ့ရှိခဲ့ပေ။

သူတို့အားလုံး အသက်ကြီးလာပြီး လမ်းများစွာ လျှောက်ရခြင်းကြောင့် ပင်ပန်းလာသော အချိန်တွင် ညီအစ်မ ၃ယောက်ထဲမှ တစ်ယောက်ကပြောသည်။

“တကယ်တော့ ငါတို့ထဲက တစ်ယောက်ယောက်တော့ အနည်းဆုံး ပျော်ရွှင်မှု ရခဲ့သင့်တယ်။”
“ငါမှားသွားတယ်။ ဒါပေမယ့် အခုတော့ သိပ်နောက်ကျသွားပြီ။ ” ဟု နတ်ဆရာက ပြန်ပြောသည်။

ထို့နောက်သူသည် ညီအစ်မ ၃ ယောက်ကို ကျောက်တုံးကြီး ၃ တုံးအဖြစ် ပြောင်းလဲလိုက်သည်။ တစ်စုံတစ်ယောက်၏ ပျော်ရွှင်မှုသည် အခြားသူတို့၏ စိတ်မချမ်းသာမှု မဟုတ်ကြောင်း အနီးအနားမှ ဖြတ်သွားသောသူတို့ သိရှိနားလည် စေရန်အတွက် ဖြစ်သည်။

(Paulo Coelho ၏ Like the flowing River: Thoughts and Reflection မှ In the Blue Mountains ကို ပြန်ဆိုထားပါသည်။)

Monday, January 5, 2009

ညဝတ်အကျင်္ီဖြင့် သေဆုံးနေသောသူ

အင်တာနက် ပေါ်ရှိ အွန်လိုင်းသတင်းစာ တစ်စောင်တွင် ဖတ်လိုက်ရသည်။ ၂၀၀၄ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် တိုကျို၌ လူတစ်ဦးသည် သူ၏ ညဝတ်အင်္ကျီဖြင့် သေဆုံး နေသည်ကို တွေ့ရှိရသည် ဟူ၍ ဖြစ်သည်။

သိပ်မဆိုးလှပါ။ ကျွန်တော့် အမြင်အရတော့ ညဝတ်အင်္ကျီဖြင့် သေဆုံးနေသူ များမှာ အောက်ပါ (၂) မျိုးမှ တစ်မျိုးမျိုး ဖြစ်နိုင်သည်။
(၁) အိပ်ပျော်နေစဉ် သေဆုံးခြင်း ဖြစ်သဖြင့် အလွန်ကောင်းသော သေခြင်း ဖြစ်သည်။
(၂) သူတို့၏ မိသားစုနှင့်အတူ ဆေးရုံတွင် ရှိနေသဖြင့် သေခြင်းတရားသည် ချက်ခြင်းလက်ငင်း ရောက်မလာပဲ သူတို့အတွက် ဘရာဇီး ကဗျာဆရာ မန်နျူရယ် ဘန်ဒေးရာ ပြောသလို ပြောရမည် ဆိုလျှင် “အလိုမရှိသော ဧည့်သည်” အတွက် ပြင်ဆင်ရန် အချိန်ရသည်။

သတင်းတွင် ဆက်၍ဖတ်ရသည်မှာ ထိုသူသည် သူ၏ အိပ်ခန်းအတွင်းတွင် သေဆုံးနေသည် ဟု ဆိုသည်။ ထို့ကြောင့် ဆေးရုံတွင် သေသည်ဆိုသော အယူအဆကို ပျက်ပြယ်သွား စေသည်။ သူသည် ဝေဒနာ မခံစားရပဲ နောက်တစ်နေ့မနက် အလင်းရောင်ကို ထပ်မံမြင်တွေ့ခွင့် မရတော့သည်ကိုပင် မသိရှိ လိုက်ရပဲ အိပ်နေရင်း သေဆုံးသည် ဆိုသည့် အယူအဆကိုသာ ကျန်ရှိစေသည်။

သို့သော် သူသည် တစ်စုံတစ်ယောက်၏ တိုက်ခိုက်မှုကို ခံရပြီး အသတ်ခံရသည် ဆိုသော အခြားဖြစ်နိုင်ခြေ တစ်ခု ကျန်ရှိနေသေးသည်။

တိုကျိုမြို့အကြောင်းကို သိသော လူများအနေနှင့် တိုကျိုသည် ကြီးမား ကျယ်ပြန့်သော မြို့တော်ဖြစ်သော်လည်း ကမ္ဘာပေါ်တွင် လုံခြုံ စိတ်ချရမှု အရှိဆုံး နေရာတစ်ခု ဖြစ်ကြောင်း သိကြသည်။ တစ်ခါက ကျွန်တော်၏ ဂျပန် စာအုပ်ထုတ်ဝေသူနှင့် ဂျပန်နိုင်ငံ အတွင်းပိုင်းသို့ မသွားရောက်မီ ညစာစားရန်အတွက် ရပ်နားခဲ့သည်ကို သတိရမိသည်။ ကျွန်တော်တို့၏ အိတ်များအားလုံးသည် ကားနောက်ခုံတွင် ကျန်ရှိသည်။ ကျွန်တော်က ချက်ချင်း သတိရ၍ ပြောမိသည်။ ဘေးနားမှ ဖြတ်သန်းသွားသော သူတစ်ယောက်က ကျွန်တော်တို့၏ အိတ်များ ကို မြင်၍ အဝတ်အထည်များ စာရွက်စာတမ်းများ အခြား ပစ္စည်းများ အားလုံးနှင့်အတူ အလစ်သုတ်ပြေးပါက အလွန် အန္တရာယ်များသည် ဟူ၍ ဖြစ်သည်။ သို့သော် ကျွန်တော်၏ ထုတ်ဝေသူက ပြုံးပြီး ကျွန်တော့်ကို စိတ်မပူရန် ပြောသည်။ သူ၏ ဘဝတလျှောက်လုံးတွင် ထိုသို့သော အဖြစ်အပျက်ကို တစ်ခါမှ မကြားဖူးကြောင်း ပြောသည်။ (အမှန်တကယ်ပင် ညလယ်စာ စားနေစဉ် ကျွန်တော် စိတ်ပူပန် နေမိသော်လည်း ဘာမှ မဖြစ်ခဲ့ပေ။)

ကျွန်တော်တို့ရဲ့ ညဝတ်အကျင်္ီဖြင့် သေဆုံးနေသောသူ အကြောင်း ဆက်ကြပါဦးစို့။ သူ့တွင် ရုန်းကန်ခြင်း အကြမ်းဖက် ခံရခြင်းစသည့် လက္ခဏာများ မရှိကြောင်း ဆိုသည်။ သတင်းစာနှင့် တွေ့ဆုံမေးမြန်းရာ တွင် မြို့တော်ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးမှ ထိုသူသည် ရုတ်တရက် နှလုံးရောဂါဖြင့် မဆိုင်းမတွ ဆိုသလိုပင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။ ထို့ကြောင့် ကျွန်တော်တို့သည် အသတ်ခံရသည် ဆိုသော အယူအဆကို ဖယ်ထုတ်၍ ရသည်။

အလောင်းကို တွေ့ရှိသောသူမှာ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး ဖျက်ခါနီးဆဲဆဲ အိမ်ရာ အဆောက်အအုံ တစ်ခု၏ ဒုတိယထပ်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထိုအရာအားလုံးမှ ကျွန်တော်တို့ကို စဉ်းစားမိစေသည်မှာ ကျွန်တော်တို့၏ ညဝတ်အင်္ကျီဖြင့် သေဆုံးနေသောသူသည် ကမ္ဘာပေါ်တွင် လူဦးရေ အထူထပ် အသိပ်သည်းဆုံးနှင့် ဈေးအကြီးဆုံး နေရာတစ်ခုတွင် အခြားနေထိုင်ရန် နေရာကို ရှာမတွေ့သဖြင့် အိမ်ငှားခ ပေးရန်မလိုသော အဆောက်အဦး တစ်ခုတွင် နေထိုင်ရန် ဆုံးဖြတ်ခဲ့သည် ဟူ၍ဖြစ်သည်။

ယခုအခါ ဇာတ်လမ်း၏ ဝမ်းနည်း ကြေကွဲဖွယ်ရာ အပိုင်းသို့ ရောက်လာပြီ ဖြစ်သည်။ ထိုသို့ သေဆုံးနေသော သူသည် ညဝတ်အင်္ကျီအတွင်းတွင် ကျန်ရှိနေသော အရိုးစု တစ်ခုသာ ဖြစ်သည်။ သူ၏ နံဘေးတွင် ၁၉၈၄ ခုနှစ် ဖေဖော်ဝါရီလ ၂၀ရက် ရက်စွဲဖြင့် သတင်းစာ တစ်စောင်ကို တွေ့ရသည်။ အနီးအနားရှိ စားပွဲပေါ်တွင်ရှိသော ပြက္ခဒိန် တွင်လည်း ထိုနေ့ကိုပင် ညွှန်ပြနေသည်။

သူသည် ထိုနေရာတွင် ရှိနေခဲ့သည်မှာ နှစ်ပေါင်း ၂၀ မျှပင် ကြာရှိခဲ့ပြီ။

သို့သော် တစ်စုံတစ်ယောက်ကမျှ သူပျောက်ဆုံးနေသည်ကို သတိမပြုမိကြပေ။

ထိုသူသည် ထိုအိမ်ရာ အဆောက်အအုံကို ဆောက်လုပ်သော ကုမ္ပဏီမှ ဝန်ထမ်းဟောင်း တစ်ဦးအဖြစ် သိရှိရသည်။ သူသည် ထိုနေရာသို့ ၁၉၈၀ ခုနှစ်များ၏ အစပိုင်း သူ၏ အိမ်ထောင်နှင့် ကွာရှင်းပြတ်စဲပြီး မကြာမီတွင် ရွှေ့ပြောင်းနေထိုင်ခဲ့ကြောင်း ကိုလည်း သိရှိရသည်။ သူသည် ထိုနေ့တွင် အသက် ၅၀ ကျော်ရုံမျှသာ ရှိသေးပြီး သတင်းစာကို ဖတ်နေစဉ်ပင် ရုတ်တရက် ဘဝပြောင်းသွားခဲ့သည်။

သူ၏ ဇနီးဟောင်းမှာလည်း သူနှင့် ဘယ်တုန်းကမျှ ထပ်မံ၍ ဆက်သွယ်ခြင်း မပြုခဲ့ပေ။ သတင်းစာဆရာများသည် သူအလုပ်လုပ်ခဲ့သော ကုမ္ပဏီသို့ သွားရောက်ရန် ကြိုးစားရာတွင် တွေ့ရှိရသည်မှာ ထိုကုမ္ပဏီသည် ထိုပရော့ဂျက် ပြီးပြီးချင်းပင် ဒေဝါလီခံခဲ့သည် ဟူ၍ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့ အနေနှင့် တိုက်ခန်း တစ်ခန်းမျှပင် ရောင်းချ မရခဲ့၍ ဖြစ်သည်။ ထို့ကြောင့် သူတို့အနေနှင့် ထိုသူ အလုပ်မတက်ခြင်းကို အထူးအဆန်း ဖြစ်မနေခဲ့သည့် အကြောင်းကို ရှင်းပြပြီး ဖြစ်သွားသည်။ သတင်းစာဆရာများသည် သူ၏ သူငယ်ချင်းများကို ခြေရာခံ လိုက်ကြသောအခါ သူတို့ကလည်း ထိုသူသည် သူတို့ထံမှ ပိုက်ဆံချေးထားပြီး ပြန်မဆပ် နိုင်သောကြောင့် ပေါ်မလာခြင်း ဖြစ်သည်ဟု မှတ်ယူကြကြောင်း သိရသည်။

သူ၏ ကျန်ရှိနေသော ရုပ်ကလာပ် အကြွင်းအကျန်များကို သူ၏ ဇနီးဟောင်းသို့ ပို့ဆောင်ပေးလိုက်ကြောင်းကို ရေးသားပြီး သတင်းမှာ အဆုံးသတ်ထားသည်။ ကျွန်တော် ထိုသတင်းဆောင်းပါးကို ဖတ်၍ ပြီးဆုံးသွား သောအခါတွင် နောက်ဆုံး စာကြောင်းကို ပင် ထပ်ပြန်တလဲလဲ တွေးမိသည်။ သူ၏ ဇနီးဟောင်းမှာ သက်ရှိထင်ရှား ရှိနေသေးသည်။ သို့သော် အနှစ် ၂၀ လုံးလုံး တစ်ခါမျှပင် သူ့ကို ဆက်သွယ်ရန် မကြိုးစားခဲ့ပေ။ သူမ၏ စိတ်ထဲတွင် ဘာတွေ ရှိနေမည်နည်း။ သူသည် သူမကို မချစ်တော့သဖြင့် သူ၏ ကောင်းရာကောင်းကြောင်း အတွက် သူမကို ဘဝအတွင်းမှ အပြီးအပိုင် ထုတ်ပစ်လိုက်ပြီ ဟု တွေးမည်လား။ သူသည် အခြားမိန်းမတစ်ယောက် ကိုတွေ့သဖြင့် ပျောက်ဆုံးသွားသည်ဟု တွေးမည်လား။ ဘဝဆိုသည်မှာ ထိုသို့ပင် တရားဝင် ကွာရှင်းပြတ်စဲခြင်း ပြီးမြောက်သွားသော အခါတွင် တရားဥပဒေကြောင်းအရ ပြီးစီးသွားသော ဆက်ဆံရေးတစ်ခုကို ရှေ့ဆက်ရန် မဖြစ်နိုင်တော့ပြီလား ။ သူမ၏ ဘဝအစိတ်အပိုင်း အတော်များများကို အတူတကွ ဖြတ်သန်းခဲ့သော သူတစ်ယောက်၏ ကံကြမ္မာကို သိရှိရသော အချိန်တွင် သူမမည်သို့ ခံစားရမည်ကို ကျွန်တော် စဉ်းစားကြည့်မိသည်။

ထို့နောက်တွင် လုံးဝ အထီးကျန်ဖြစ်နေသော ညဝတ်အကျင်္ီဖြင့် သေဆုံးနေသော သူအကြောင်းကို ဆက်၍ စဉ်းစားမိသည်။ အနှစ် ၂၀ လုံးလုံးပင် ကမ္ဘာပေါ်ရှိ လူတစ်ဦးတစ်ယောက်ကမျှ သူ၏ ခြေရာမျှမကျန်အောင် အလွယ်တကူ ပျောက်ဆုံးသွားမှုကို သတိမမူ မိကြပေ။ နောက်ဆုံးအနေနှင့် ကောက်ချက်ဆွဲမိသည်မှာ ဆာလောင်မွတ်သိပ်ခြင်း ရေငတ်ခြင်းတို့ ထက်ဆိုးသော၊ အလုပ်မရှိခြင်း ၊ အချစ်တွင် မပျော်ရွှင်ခြင်း၊ ရှုံးနိမ့်ခြင်း၊ စိတ်ပျက်အားငယ်သော အခြေအနေတွင် ရှိနေခြင်းတို့ထက် ဆိုးသော ထိုအရာများ အားလုံးထက် ဆိုးသော ခံစားချက်မှာ တစ်စုံတစ်ဦးကမျှ ကျွန်တော်တို့ကို ဂရုမစိုက်တော့သည့် ခံစားမှုပင်ဖြစ်သည် ဟူ၍ ဖြစ်သည်။

ထိုသူအတွက် ကျွန်တော်တို့ တိုးတိုးတိတ်တိတ်ဆုတောင်းရင်း ကျွန်တော်တို့ကို မိတ်ဆွေသူငယ်ချင်း၏ အရေးကြီးပုံကို စဉ်းစားမိစေသည့်အတွက် သူ့ကို ကျေးဇူးတင်ကြ ပါစို့။

(Paulo Coelho ၏ Like the flowing River: Thoughts and Reflection မှ The Dead Man Wore Pyjamas ကို ပြန်ဆိုထားပါသည်။)

Sunday, January 4, 2009

ဒီဒေါ်လာ၂၀တန်ကို ဘယ်သူလိုချင်သလဲ

ကာစန် ဆေ့ဒ် အေမာ က ဒေါ်လာ ၂၀ တန် တစ်ရွက်ကို ကိုင်မြှောက်ပြရင်း နှီးနှောဖလှယ်ပွဲ တစ်ခုကို စတင်ခဲ့သည့် သင်ကြားပို့ချသူ တစ်ယောက် အကြောင်း ဇာတ်လမ်းကို ပြောပြသည်။
“ဒီ ၂၀တန်ကို ဘယ်သူ လိုချင်သလဲ။” သူကမေးသည်။
လူအချို့ လက်ထောင်ပြကြသည်။ သို့သော် သူက ဆက်ပြောသည်။
“ခင်ဗျားတို့ကို မပေးခင် ကျွန်တော် တစ်ခုခု လုပ်ရလိမ့်မယ်။”
သူသည် ဒေါ်လာ ၂၀ တန်ကို လုံးချေ လိုက်ပြီး ဆက်မေးသည်။
“ဒီပိုက်ဆံကို ဘယ်သူ လိုချင်ကြသေးသလဲ။”
လူများက နောက်တစ်ကြိမ် လက်ထောင်ပြကြသည်။
“ကဲ အခု ကျွန်တော်ဒီလို လုပ်လိုက်ရင်ရော ဘယ်လိုလဲ။”
သူက ကြေမွနေသော ပိုက်ဆံကို နံရံသို့ ပစ်ပေါက်လိုက်သည်။ ကြမ်းပြင်ပေါ်သို့ ပစ်ချသည်။ နင်းခြေသည်။ စော်ကားသည်။ ထို့နောက် အခြားသူများကို တွန့်ကြေ၍ ညစ်ပတ်နေသော ထိုပိုက်ဆံကို ထပ်၍ပြသည်။ လက်များက မြောက်နေဆဲပင်ဖြစ်သည်။
“ဒီမြင်ကွင်းကို ဘယ်တော့မှ မမေ့ပါနဲ့။ ကျွန်တော် ဒီပိုက်ဆံကို ဘာပဲလုပ်လုပ် ကိစ္စမရှိဘူး။ ဒီပိုက်ဆံဟာ ဒေါ်လာ ၂၀တန် ဖြစ်နေသေးတယ်။ အဲဒီတော့ တစ်ခါတစ်လေ ကျွန်တော်တို့ ဘဝတွေမှာလဲ ခြေမွခံရတာ ရှိမယ်၊ ချနင်း ခံရတာ ရှိမယ်၊ ဆိုးဆိုးရွားရွား ဆက်ဆံခံရတာ ရှိမယ်၊ စော်ကား ခံရတာ ရှိမယ်။ အဲဒါတွေ လုပ်ခံရ ပေမယ့်လည်း ကျွန်တော်တို့ရဲ့ တန်ဖိုးဟာ ပြောင်းလဲသွားမှာ မဟုတ်ဘူး။” ဟု သူက ဆက်ပြောသည်။


(Paulo Coelho ၏ Like the flowing River: Thoughts and Reflection မှ Who Would Like This Twenty-Dollar Bill ကို ပြန်ဆိုထားပါသည်။)

Saturday, January 3, 2009

လူတို့၏ရယ်စရာ ကောင်းပုံများ

လူတစ်ယောက်က ကျွန်တော့်သူငယ်ချင်း ဂျိုင်မီကိုဟမ်ကို “လူတွေရဲ့ ရယ်စရာအကောင်းဆုံး သွင်ပြင်လက္ခဏာက ဘာလဲ။” လို့ မေးပါတယ်။
ကိုဟမ်ပြန်ဖြေလိုက်တာက ဒီလိုဖြစ်ပါတယ်။
“ ကျွန်တော်တို့ရဲ့ ရှေ့နောက်မညီခြင်းတွေပေါ့။ ကျွန်တော်တို့ဟာ အမြန်ဆုံး လူကြီး ဖြစ်ချင်ခဲ့ကြတယ်။ နောက်တော့ ကျွန်တော်တို့ဟာ ပျောက်ဆုံးသွားတဲ့ ကလေးဘဝကို ပြန်လည် တမ်းတကြတယ်။ ကျွန်တော်တို့ဟာ နေမကောင်း ဖြစ်တဲ့အထိ ပိုက်ဆံတွေကို ရှာကြတယ်။ နောက်တော့ အဲဒီပိုက်ဆံတွေ အားလုံးကို နေပြန်ကောင်းဖို့ အတွက် သုံးကြတယ်။ ကျွန်တော်တို့ဟာ အနာဂတ်အကြောင်းကိုချည်း တွေးနေပြီး လက်ရှိ ပစ္စုပ္ပန်ကာလ ကို လျစ်လျူရှုကြတယ်။ အဲဒါကြောင့်မို့ အနာဂတ်ကိုရော ပစ္စုပ္ပန်ကိုပါ ခံစားခွင့် မရကြဘူး။ ကျွန်တော်တို့ဟာ ကိုယ့်ဘာသာကိုယ် ဘယ်တော့မှ မသေဆုံး ကြတော့မယ့် အတိုင်းပဲ အသက်ရှင် နေထိုင်ကြတယ်။ နောက်တော့လည်း ဘယ်တုန်းက မှ အသက်ရှင် နေထိုင်ခြင်း မပြုခဲ့သလိုပဲ သေဆုံးကြတယ်။”

(Paulo Coelho ၏ Like the flowing River: Thoughts and Reflection မှ The Funny Thing about Human Beings ကို ပြန်ဆိုထားပါသည်။)

တရားထိုင်ခြင်းတွင် ကြောင်၏ အရေးပါပုံ

ပေါ်လိုကိုရယ်လ်ဟို(Paulo Coelho)ဟာ ရူးသွပ်ခြင်းအကြောင်း ရေးသားထားတဲ့ “ဗာရိုနီကာ သေဖို့ ဆုံးဖြတ်ခြင်း (Veronika Decide to Die)” ဆိုတဲ့ စာအုပ်ကို ရေးနေတဲ့ အချိန်တုန်းက သူ့ဘာသာသူ အတင်းအကြပ် မေးခွန်းတွေ ထုတ်ပါတယ်။ ကျွန်တော်တို့ အခုလက်ရှိ လုပ်နေတဲ့ အလုပ်တွေထဲက ဘယ်နှစ်ခုဟာ တကယ် လိုအပ်တဲ့ အရာတွေလည်း ဘယ်နှစ်ခုကတော့ ရယ်စရာ ကောင်းတဲ့ အပြုအမူ တွေလည်း ဆိုတာကိုပါ။ ကျွန်တော်တို့ ဘာဖြစ်လို့ နက်တိုင်တွေ ဝတ်ကြတာလဲ။ ဘာဖြစ်လို့ နာရီတွေဟာ လက်ယာရစ် လည်ရတာလဲ။ ကျွန်တော်တို့ဟာ ဆယ်လီစိတ် ဂဏန်းတွေနဲ့ အမြဲထိတွေ့နေပေမယ့်လည်း ဘာလို့ တစ်ရက်မှာ မိနစ် ၆၀ စီရှိတဲ့နာရီ ၂၄ နာရီ ရှိနေရတာလဲ စသည်ဖြင့်ပေါ့။

တကယ်တမ်းမှာတော့ ကျွန်တော်တို့ ဒီနေ့လိုက်နာနေတဲ့ လူမှုကျင့်ဝတ် အတော်များများမှာ အခြေအမြစ် ခိုင်ခိုင်မာမာ မရှိပါဘူး။ ဒါပေမယ့်လည်း ကျွန်တော်တို့ အဲဒီ ကျင့်ဝတ်တွေကို မလိုက်နာပဲ တစ်ခြားသောနည်းနဲ့ နေထိုင် ပြုမူမယ် ဆိုရင် အရူး ဒါမှမဟုတ် မရင့်ကျက်သူလို့ သမုတ်ခံရတတ်ပါတယ်။

ဒီအတိုင်း ဆက်သွားကြမယ် ဆိုရင်တော့ လူ့အဖွဲ့အစည်းဟာ နောင်အချိန်တွေ ကြာလာတဲ့အခါမှာ ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ စနစ်တစ်ခုကို ဖြစ်ပေါ်လာ စေမှာပါ။ ဒါပေမယ့်လည်း သူတို့ရဲ့ စည်းမျဉ်းစည်းကမ်း တွေကိုတော့ ကျွန်တော်တို့အပေါ်ကို ချမှတ်နေဦးမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာ ကောင်းတဲ့ ဂျပန် ပုံပြင်ကလေး တစ်ပုဒ်က သူ့ရဲ့ အယူအဆကို ခြယ်မှုန်းပြ ထားပါတယ်။

မာယုကာဂီ ဇင်ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင် ဇင်မာစတာကြီးမှာ သူ့ဘဝအတွက် အချစ်ရဆုံး ကြောင်တစ်ကောင် ရှိပါတယ်။ ကြောင်ကလေး သူ့နံဘေးမှာ ရှိနေရင် စိတ်ချမ်းသာတဲ့အတွက် သူ့နံဘေးမှာ အမြဲလိုလို ရှိနေအောင် တရားထိုင်တဲ့ သင်တန်းတွေမှာ သူဟာ ကြောင်ကို နံဘေးမှာ ခေါ်ထားလေ့ ရှိပါတယ်။

တစ်မနက်မှာတော့ အလွန်အိုမင်းနေပြီဖြစ်တဲ့ ဇင်မာစတာကြီးဟာ သေဆုံးနေတာကို တွေ့ရပါတယ်။ သူ့ရဲ့ အကြီးဆုံးတပည့်က သူ့နေရာကို ဆက်ခံပါတယ်။

“ငါတို့ ကြောင်ကို ဘယ်လိုလုပ်ကြမလဲ။” လို့ တစ်ခြား ဘုန်းကြီးတွေက ဝိုင်းပြီး မေးကြပါတယ်။ သူ့ရဲ့ အရင် ဆရာဟောင်းကို သတိရ အလေးအမြတ်ပြုတဲ့ အနေနဲ့ မာစတာ အသစ်ဟာလည်း ကြောင်ကို သူ့ရဲ့ ဇင်ဗုဒ္ဓဘာသာ သင်တန်းတွေမှာ ဆက်လက် တက်ရောက် စေပါတယ်။

အနီးအနားမှာ ရှိတဲ့ အခြား ဘုန်းကြီးကျောင်းတွေမှာ ဒေသအတွင်း လှည့်ပတ် သွားလာနေတဲ့ တပည့်ဘုန်းကြီးတွေ ရှိပါတယ်။ သူတို့ဟာ ဒီဒေသမှာ ရှိတဲ့ အကျော်ကြားဆုံး ဘုန်းကြီးကျောင်းမှာ တရားထိုင်တိုင်း ကြောင်တစ်ကောင် အမြဲပါနေတယ်ဆိုတာကို တွေ့သွားကြ ပါတယ်။ နောက်တော့ အဲဒီသတင်းစကားဟာ ပျံ့နှံ့သွားပါတယ်။

နှစ်ပေါင်းများစွာကြာတဲ့ အခါမှာတော့ ကြောင်ကလေးဟာ သေဆုံးသွားပါတယ်။ ဒါပေမယ့် ဘုန်းကြီးကျောင်းက သင်တန်းသား ဘုန်းကြီးတွေက ကြောင်ကလေး တစ်ကောင် ရှိမနေရင် မနေတတ် တော့တဲ့ အတွက် နောက်ထပ် ကြောင်တစ်ကောင်ကို ထပ်မွေးကြပါတယ်။ အဲဒီအချိန်မှာ အခြားဘုန်းကြီးကျောင်း တွေကလည်း သူတို့ရဲ့ တရားထိုင်တဲ့ သင်တန်းတွေမှာ ကြောင်တွေကို စတင်ခေါ်ဆောင် လာကြပါတယ်။ သူတို့အနေနဲ့ မာယုကာဂီ ဘုန်းကြီးကျောင်းရဲ့ ထင်ရှားကျော်စောမှုနဲ့ အရည်အသွေး ကောင်းမွန်တဲ့ သင်ကြားမှုမှာ ကြောင်ဟာ တကယ်အရေးပါတဲ့ သတ္တဝါအနေနဲ့ ယုံကြည်ကြပါတယ်။ ယခင်ကရှိခဲ့တဲ့ ဇင်မာစတာကြီးဟာ အသင်အပြ အလွန်ကောင်းတဲ့ ဆရာကောင်းတစ်ယောက် ဆိုတာကို မေ့လျော့လာပါတယ်။

မျိုးဆက်တွေ အဆင့်ဆင့် ကူးပြောင်းလာပြီးတဲ့ နောက်မှတော့ ဇင်ဗုဒ္ဓဘာသာဝင် တွေရဲ့ တရားထိုင်ခြင်းမှာ ကြောင်ရဲ့ အရေးပါပုံကို နည်းလမ်းတကျ ရှာဖွေသဘောတူပြီး စတင် ရေးသားထုတ်ဝေ လာခဲ့ပါတယ်။ တက္ကသိုလ် ပါမောက္ခတစ်ယောက်က ပညာရှင် အသိုင်းအဝိုင်းက လက်ခံတဲ့ စာတမ်းတစ်ခု ကို ပြုစုပါတယ်။ အဲဒီစာတမ်းမှာ ကြောင်ဟာ အာရုံစူးစိုက်မှုကို ပိုကောင်းစေပြီး လူရဲ့ မကောင်းတဲ့ စွမ်းအင်တွေကို စွန့်ထုတ်ပေးဖို့ ဖြစ်တယ် လို့ ဆိုထားပါတယ်။

အဲဒါကြောင့် ရာစုနှစ်တစ်ခုလောက်အထိ အဲဒီဒေသမှာ ကြောင်ဟာ ဇင်ဗုဒ္ဓဘာသာကို လေ့လာတဲ့နေရာမှာ မရှိမဖြစ် အစိတ်အပိုင်းတစ်ခု အဖြစ် ယူဆထား ကြပါတယ်။

တစ်နေ့တော့ ကြောင်မွှေးတွေနဲ့ မတည့်ပဲ ယားယံတတ်တဲ့ ဇင်မာစတာတစ်ယောက် ရောက်လာပါတယ််။ သူဟာ သူ့တပည့်တွေနဲ့ နေ့စဉ်တရားကျင့်ရာမှာ ကြောင်ကို ဖယ်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အားလုံးက ဝိုင်းကန့်ကွက်ကြပေမယ့် မာစတာကြီးက အလျှော့မပေးပါဘူး။ ဒါပေမယ့် သူဟာ ဘုရားပေးတဲ့ ဆုလာဒ်လို အသင်အပြကောင်းတဲ့ ဆရာတစ်ပါး ဖြစ်တဲ့အတွက် တပည့်တွေဟာ ကြောင်မရှိပေမယ့်လည်း တိုးတက်မှုတွေရလာပါတယ်။

အဲဒီလိုနဲ့ပဲ အမြဲတမ်း အကြံအစည်အသစ်တွေကို ရှာဖွေနေပြီး ကြောင်တွေ အများကြီးကို ကွေျးမွေးရတာ သည်းမခံနိုင်တော့တဲ့ ဘုန်းကြီးကျောင်းတွေဟာ သူတို့ရဲ့ သင်တန်းတွေ ကနေ ကြောင်တွေကို ဖယ်ထုတ် လာကြပါတယ်။ နောင် နှစ်၂၀ ကြာတဲ့အခါမှာတော့ အတွေးအခေါ်အသစ်နဲ့ စာတမ်းအသစ်တွေကို ရေးသားပြုစု လာကြပါတယ်။ “ကြောင်မပါရှိပဲ တရားထိုင်ခြင်း၏ အရေးပါပုံ” ၊ “ဇင်စကြာဝဠာကို တိရိစ္ဆာန်၏ အကူအညီမပါပဲ စိတ်၏ စွမ်းအားသက်သက်ဖြင့် ဘက်မျှမှု ဖြစ်ပေါ်စေခြင်း” စသည်ဖြင့် ဆွဲဆောင်မှု ကောင်းတဲ့ ခေါင်းစဉ်တွေကို ပေးကြပါတယ်။

နောက်ထပ် ရာစုနှစ်တစ်ခု ကုန်လွန်ပြီးတဲ့အချိန်မှာတော့ အဲဒီဒေသက ဇင်ဗုဒ္ဓဘာသာတွေရဲ့ တရားထိုင်တဲ့ ထုံးစံမှာ ကြောင်တွေဟာ လုံးဝ ကွယ်ပျောက်သွား ပါတော့တယ်။ ဒါပေမယ့် အားလုံးကို ပုံမှန်ပြန်ဖြစ်ဖို့အတွက် စုစုပေါင်း နှစ်ပေါင်း ၂၀၀ လောက် ကြာမြင့်ခဲ့ပါတယ်။ ဘာဖြစ်လို့ အဲဒီလို ဖြစ်ရသလဲဆိုတော့ အဲဒီအချိန် တွေတုန်းက ဘယ်သူကမှ ကြောင်ဟာ ဘာဖြစ်လို့ အဲဒီနေရာမှာ ရှိနေသလဲ ဆိုတာကို မေးခွန်းထုတ်ဖို့ မတွေးခဲ့ကြလို့ပါ။

ကျွန်တော်တို့တစ်တွေအားလုံး အခုလက်ရှိနေထိုင်နေကြတဲ့ ဘဝထဲမှာ ဘာဖြစ်လို့ ငါဒါတွေကို လုပ်နေကြရသလဲလို့ မေးရဲတဲ့သူ ဘယ်နှစ်ယောက်များ ရှိပါသလဲ။ သူတို့လိုပဲ ကျွန်တော်တို့ကို အားလုံးကို ချောချောမွေ့မွေ့ဖြစ်စေဖို့အတွက် ကြောင်တွေဟာ လိုအပ်တယ်လို့ သင်ကြားထား တဲ့အတွက် ကြောင်တွေကို ဖယ်ထုတ်ဖို့ သတ္တိမရှိပဲ ကျွန်တော်တို့ လုပ်နေတဲ့ ကိစ္စတွေမှာလည်း အသုံးမဝင်တဲ့ ကြောင်လိုအရာ တွေကို ဘယ်လောက်အထိတောင်မှ သုံးနေကြဦး မှာပါလဲ။

ဘာဖြစ်လို့ ကျွန်တော်တို့တစ်တွေဟာ အခြားနည်းလမ်းနဲ့ ပြုမူဆက်ဆံဖို့ မရှာဖွေကြရတာပါလဲ။

(Paulo Coelho ၏ Like the flowing River: Thoughts and Reflection မှ The Importance of Cat In Meditation ကို ပြန်ဆိုထားပါသည်။)

Friday, January 2, 2009

တိမ်တိုက်ငယ်၏ အချစ်ဇာတ်လမ်း

မြေထဲပင်လယ် အပေါ်တွင် တိုက်ခတ်နေသော မုန်တိုင်းကြီးတစ်ခု၏ အလယ်တွင် တိမ်တိုက်ငယ်ကလေးတစ်ခု မွေးဖွားလာခဲ့သည်။ သို့သော် သူ့အတွက် ထိုနေရာတွင် ကြီးပြင်းရန်ပင် အချိန်မရလိုက်ပေ။ လေပြင်းတစ်ခု က တိမ်တိုက်များ အားလုံးကို အာဖရိကတိုက်ဖက်သို့ တွန်းပို့နေသောကြောင့် ဖြစ်သည်။

တိမ်တိုက်တို့သည် အာဖရိက တိုက်ကြီးပေါ်သို့ ရောက်သောအခါတွင် ရာသီဥတုက ပြောင်းလဲသွားသည်။ တောက်ပသောနေမင်းကြီးက သူတို့၏အထက် ကောင်းကင်ယံတွင် ထွန်းလင်းလျှက် ရှိပြီး သူတို့၏ အောက်တွင်မူ ရွှေရောင်လွှမ်းသော ဆာဟာရ သဲကန္တာရ၏ သဲမှုန်များက မျက်စိတစ်ဆုံး ဖြန့်ကျက်လျှက်ရှိသည်။ သို့သော် သဲကန္တာရတွင် ဘယ်သောအခါမှ မိုးရွာလေ ့မရှိသည့် အတွက် လေသည် တိမ်တိုက်များကို တောင်ဖက်ရှိ သစ်တောအုပ်များဆီသို့ ဆက်လက်တွန်းပို့ လျှက်ရှိသည်။ ထိုအချိန်အတွင်းမှာပင် တိမ်တိုက်ငယ်ကလေးသည် လူငယ်များတွင် ဖြစ်လေ့ဖြစ်ထရှိသည့် စိတ်သဘာဝ အတိုင်း သူ၏ မိဘများနှင့် အသက်အရွယ် ကြီးပြင်းသော မိတ်ဆွေများကို စွန့်ခွာ၍ ကမ္ဘာကို စူးစမ်းရှာဖွေရန် ဆုံးဖြတ်လိုက်သည်။

“မင်းဘာလုပ်တာလဲ။ သဲကန္တာရဆိုတာ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် အတူတူချည်းပဲ။ တခြား တိမ်တိုက်တွေ ဆီကို ပြန်သွားပါ။ ငါတို့တတွေ အံသြစရာ ကောင်းတဲ့ တောင်ကုန်းတွေ နဲ့ သစ်ပင်တွေ ရှိတဲ့ အာဖရိက အလယ်ပိုင်းဆီကို သွားကြမယ်။” လေပြင်းက သူ့ကို အော်ပြောသည်။

သို့သော် မွေးရာပါ ပုန်ကန်ချင်စိတ်ပါလာသော တိမ်တိုက်ငယ် ကလေးသည် နားထောင်ရန် ငြင်းဆန်ပြီး ရွှေရောင်တောက်ပနေသော သဲမှုန်များပေါ်တွင် သူ့ဘာသာသူ လှည့်ပတ် သွားလာနိုင်ရန် ခွင့်ပြုသည့် သိမ်မွေ့ရက်ရောသော လေညင်းကို တွေ့သည်အထိ အောက်သို့ တဖြည်းဖြည်း နိမ့်ဆင်းလာခဲ့သည်။ အတန်ကြာ လှည့်ပတ်သွားလာပြီးသော အခါ သဲတောင်ကုန်းများ ထဲမှ တစ်ခုမှာ သူ့ကို ပြုံး၍ ကြည့်နေသည်ကို သတိထားမိလိုက်သည်။

ထိုသဲတောင်ကုန်းကလေးမှာလည်း အလွန်ပင် သက်တမ်းငယ်ပြီး လတ်တလော ဖြတ်သန်း တိုက်ခတ်သွားသော လေကြောင့် မွေးဖွားလာခြင်း ဖြစ်ကြောင်းကိုလည်း သူတွေ့လိုက်ရသည်။ သူသည် သူမ၏ ရွှေရောင်တောက်ပသော ဆံပင်များကို ထိုနေရာ ထိုအချိန်မှာပင် ချစ်မိသွားသည်။

“ကောင်းသော မနက်ခင်းပါ။ အောက်မှာ နေရ ထိုင်ရတာ ဘယ်လိုနေသလဲ။” သူက လှမ်း၍ မေးသည်။
“ငါ့မှာ တစ်ခြား သဲတောင်ကုန်းတွေရယ် နေရယ် လေရယ် မကြာမကြာ ဆိုသလို ဖြတ်သွားတတ်တဲ့ လှည်းတန်းကြီးတွေရယ် အဖော်ရှိတယ်။ တစ်ခါတစ်လေတော့ အရမ်းပူတယ်။ ဒါပေမယ့် ငါခံနိုင်ပါတယ်။ အပေါ်မှာကရော နေရထိုင်ရတာ ဘယ်လိုလဲ။”
“ငါတို့မှာလည်း နေနဲ့ လေရှိတယ်။ ကောင်းတာက ငါ့အနေနဲ့ ကောင်းကင်ပေါ်မှာ လျှောက်သွားလို့ရပြီး အရာတွေ အများကြီးကို မြင်ရတာပဲ။”
“ငါ့အတွက်တော့ ဘဝက သိပ်တိုတယ်။ လေက သစ်တောအုပ်တွေ ဆီက ပြန်လာတဲ့ အချိန်ဆို ငါကွယ်ပျောက်သွားရတာပဲ” သဲတောင်ကုန်းငယ်မလေးကပြန်ပြောသည်။
“အဲဒီလို ဖြစ်တဲ့အတွက် မင်းဝမ်းနည်းလား။”
“ငါ့အတွက်တော့ ဘဝဟာ အဓိပ္ပါယ်မရှိသလိုပဲ။”
“ငါလည်း အဲဒီလိုပဲ ခံစားရတယ်။ နောက်ထပ် လေတစ်ခု လာရင် ငါလည်း တောင်ဖက်ကို သွားပြီး မိုးရေစက်တွေ အဖြစ် ငါ့ဘာသာငါ ပြောင်းလဲ လိုက်ရတာပဲ။ အဲဒါ ငါ့ဘဝရဲ့ ခရီးလမ်းဆုံးပဲ။”
သဲတောင်ကုန်းငယ်မ ကလေးသည် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ဆက်ပြောသည်။ “ငါတို့ သဲကန္တာရထဲမှာ မိုးရေစက်တွေကို နိဗ္ဗာန်ဘုံလို့ ခေါ်ကြတယ်။ အဲဒါကို မင်းသိလား။”
“ငါ့ကိုယ်ငါ ဒီလောက် အရေးပါတယ်လို့ ငါဘယ်တုန်းကမှ မတွေးမိဘူး။” ဟု တိမ်တိုက်ငယ် ကလေးက ဂုဏ်ယူ ဝင့်ကြွားစွာဖြင့် ပြောသည်။
“အသက်ကြီးတဲ့ သဲတောင်ကုန်းကြီးတွေ ပြောတဲ့ မိုးရေစက်တွေ အကြောင်း ပုံပြင်တွေကို ငါကြားဖူးတယ်။ မိုးရွာပြီးတဲ့နောက်မှာ ငါတို့ဟာ မြက်ခင်းတွေ ပန်းပွင့်တွေနဲ့ ဖုံးလွှမ်းသွားလေ့ရှိတယ် ဆိုပဲ။ ဒါပေမယ့် ငါတော့ တစ်ခါမှ မကြုံဖူးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကန္တာရမှာ မိုးရွာတာဟာ အလွန် ကြုံတောင့်ကြုံခဲ ကိစ္စ မို့ပဲ။”
ဒီတစ်ခါတော့ တိမ်တိုက်ငယ်ကလေးအတွက် တုံ့နှေးရမည့် အလှည့်ဖြစ်သည်။ ထို့နောက် သူသည် အားပါးတရ ပြုံးပြလိုက်ပြီး ပြောသည်။ “မင်းနှစ်သက်မယ်ဆိုရင် ငါမင်းအပေါ်ကို အခု မိုးရွာချပေးလို့ ရပါတယ်။ ငါဒီနေရာကို အခုမှ ရောက်တယ်။ ဒါပေမယ့် ငါမင်းကို ချစ်သွားပြီ။ ငါဒီနေရာမှာပဲ အမြဲနေချင်တယ်။”
“ငါလည်း မင်းကို ကောင်းကင်ပေါ်မှာ စမြင်ကတည်းက ချစ်မိသွားတယ်။ ဒါပေမယ့် မင်းရဲ့ ဆံပင်ဖြူဖြူတွေကို မိုးရေစက်တွေ အဖြစ်ပြောင်းလိုက်ရင် မင်းသေသွားမှာပေါ့။” ဟု သဲတောင်ကုန်း ငယ်မကလေးက ပြန်ပြောသည်။
“အချစ်ဆိုတာ ဘယ်တော့မှ သေဆုံးတယ်လို့ မရှိပါဘူး။ သူ့မှာ ပြောင်းလဲခြင်းပဲ ရှိတယ်။ နောက်ပြီး ငါမင်းကို နိဗ္ဗာန်ဘုံဆိုတာ ဘာနဲ့တူသလဲ ဆိုတာကို ပြချင်သေးတယ်။” ဟု တိမ်တိုက်ငယ်က ပြန်ပြောပြန်သည်။
ထို့နောက် တိမ်တိုက်ငယ် ကလေးသည် သူတို့ နှစ်ဦး အတူတကွ ကြာရှည်စွာ နေနိုင်ရန်အတွက် သဲတောင်ကုန်းငယ်မကလေးအား မိုးစက်မိုးပေါက်ငယ်ကလေးများဖြင့် ဖြည်းဖြည်းချင်းပွတ်သပ်ပေးသည်။ နောက်ဆုံး သက်တန့်ပေါ်ထွက်လာသည့် အချိန်အထိပင် ဖြစ်သည်။

နောက်တစ်နေ့တွင် သဲတောင်ကုန်းငယ်မကလေးမှာ ပန်းပွင့်များဖြင့် ဖုံးလွှမ်းနေသည်။ အပေါ်မှ ဖြတ်သန်းပြီး အာဖရိကသို့ ဦးတည်သွားနေသော တိမ်တိုက်များမှာလည်း ထိုနေရာသည် သူတို့ရှာဖွေနေသော သစ်တောအုပ်၏ အစိတ်အပိုင်းတစ်ခု ပင်ဖြစ်ရမည်ဟု ထင်မှတ်ကြ သည့်အတွက် မိုးစက်မိုးပေါက်များကို ထပ်မံရွာချ ကြပြန်သည်။ နှစ် ၂ဝမျှ ကြာသောအခါတွင် သဲတောင်ကုန်းငယ်မကလေးမှာ အိုအေစစ်အဖြစ် ပြောင်းလဲသွားပြီး ခရီးသွားများအား သူမ၏ သစ်ပင်ရိပ်များဖြင့် တဖန်ပြန်၍ လန်းဆန်း တက်ကြွ စေခဲ့သည်။

ထိုအရာအားလုံး၏ အရင်းခံမှာ တစ်နေ့သော အခါက တိမ်တိုက်ငယ်ကလေးတစ်ခုသည် အချစ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး သူ၏ အချစ်အတွက် ဘဝကို မကြောက်မရွံ့ ပေးဆပ်ခဲ့သော ကြောင့်ပင်ဖြစ်သည်။

(Paulo Coelho ၏ Like the flowing River:Thought and Reflection မှ The Cloud and the Sand Dune ကို ဘာသာပြန်ဆိုထားပါသည်။)