Search This Blog

Friday, February 27, 2009

မ နောက်က ဘဲလိုက်တော့ ဘူးကျတယ်

ခေါင်းစဉ်မြင်လို့ အထင်မလွဲပါနဲ့။ အဲဒါ အခု ကွယ်လွန်သွားပြီ ဖြစ်တဲ့ ကျွန်တော်ရဲ့ မြန်မာစာဆရာ ဦးကြီးမြင့် ဆယ်တန်းနှစ်က သင်ပေးခဲ့တဲ့ “ပဲ” နဲ့ “ဘဲ” နောက်ပြီး “ဖူး” နဲ့ “ဘူး” ရဲ့ အသုံးအနှုန်း ကွဲပြားခြားနားပုံကို မှတ်တဲ့ စကားပါ။ ဆရာကတော့ မင်းတို့ကောင်တွေကို ပေါက်ကရ သင်ပေးထားရင် ဘယ်တော့မှ မေ့မယ့် ကောင်တွေ မဟုတ်ဘူး ဆိုပြီး အဲဒီလို သင်ပေးထားတာပါ။ အမှန်ပါပဲ။ အခု ဆယ်နှစ် ကျော်တဲ့ အထိ မှတ်မိနေတုန်းပါပဲ။

ဟုတ်သားပဲ။ မှန်သားပဲ။ တော်သားပဲ။ စတဲ့ ထောက်ခံပြီး ပြောဆိုတဲ့ အသုံးအနှုန်းတွေမှာ ပစောက်နဲ့ ရေးတဲ့ “ပဲ” ကို သုံးပါတယ်။မဟုတ်ဘဲ မလုပ်ဘဲ မစားဘဲ စတဲ့ အငြင်းပြ စကားလုံးတွေမှာ ဘကုန်းနဲ့ ရေးတဲ့ “ဘဲ” ကို သုံးရပါတယ်။ အဲဒါက “ပဲ” နဲ့ “ဘဲ” ရဲ့ အသုံးအနှုန်း ကွဲပြားချက်ပါ။

အလားတူ ပါပဲ။ စားဖူးတယ်။ လုပ်ဖူးတယ်။ ရေးဖူးတယ် စတဲ့ လုပ်ဖူးကိုင်ဖူးတဲ့ ကိစ္စတွေကို ပြောတဲ့နေရာမှာ ဖဦးထုပ် နဲ့ ရေးတဲ့ “ဖူး” ကို သုံးပါတယ်။ ဒါပေမယ့် မပြောဘူး၊ မလုပ်ဘူး၊ မစားဘူး၊ စတဲ့ ငြင်းတဲ့ ဝါကျတွေမှာ ဘကုန်းနဲ့ရေးတဲ့ “ဘူး” ကို သုံးပါတယ်။ အရှေ့မှာ “မ” ရှိ နေရင် နောက်က “ဘဲ” နဲ့ “ဘူး” လိုက်တာ ဖြစ်တဲ့ အတွက် မနောက်က ဘဲလိုက်တော့ ဘူးကျတယ် လို့ မှတ်ထားလိုက်တာ အလွယ်ဆုံးနည်း ပါပဲ။ ဘယ်တော့မှ မမေ့သလို ဘယ်တော့မှလည်း မမှားတော့ပါဘူး။

ဆရာ သင်ပေးခဲ့တာတွေထဲက မှတ်မိတာလေး တစ်ချို့ကို ပြန်ပြီး ဝေမျှ ချင်ပါတယ်။ မြန်မာစာမှာ တစ်ချို့စကား တွေမှာ အသံထွက်နဲ့ ရေးတဲ့နေရာ ကွဲပြားပါတယ်။ အများဆုံးမှား တတ်တဲ့ စကားလုံးကတော့ နေ့တဓူဝ ဆိုတဲ့ စကားလုံးပါ။ မြန်မာ စာလုံးပေါင်း သတ်ပုံကျမ်းထဲမှာ နေ့တဓူဝ ဆိုတာ မရှိပါဘူး။ နေ့တဓူဝ ဆိုတာက အသံထွက်ပါ။ ရေးတဲ့ အခါမှာတော့ နိစ္စဓူဝ လို့ ရေးရပါတယ်။ နောက်ပြီး တစ်ချို့တွေ မှားတတ်တဲ့ စကားလုံး နောက်တစ်လုံးက ယေဘုမ်ရ ပါ။ ယေဘုမ်ရ ဆိုတာ အသံထွက်ပါ ရေးရင်တော့ ယေဘုယျ လို့ ရေးရပါတယ်။ အင်ညမင်ည လို့ အသံထွက်တဲ့ စကားလုံး ကိုတော့ အညမည လို့ပဲ ရေးပါတယ်။

ဆရာ သင်ပေးခဲ့သမျှ ထဲက ကျွန်တော် အကြိုက်ဆုံး သင်ခန်းစာကတော့ သရုပ်ဖော် စာစီစာကုံးရေးနည်း ပဲ ဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ကို ရှိပြီးသား အကြံအစည်ကို အနည်းဆုံး ၃ မျက်နှာ ရှိတဲ့ စာတစ်ပုဒ်ဖြစ်အောင် ဘယ်လိုဆွဲဆန့်ရမယ် ဆိုတဲ့နည်းကို ဆရာက သင်ပေးပါတယ်။ အမှန်တကယ်ကတော့ စာကြောင်း တစ်ကြောင်းကို ဆွဲဆန့်ရတာ မခက်ပါဘူး။ ရှိပြီးသား စာကြောင်းတစ်ကြောင်းကို နာမဝိသေသနတွေ ကြိယာဝိသေသနတွေ နေရာပြပုဒ်တွေ ထည့်ရေးလိုက်ရင် ဆွဲဆန့်ပြီးသား ဖြစ်သွားတာပါပဲ။

ဥပမာအားဖြင့် ရေးပြပါမယ်။

၁။ စမ်းချောင်းကလေး စီးဆင်းနေသည်။

၂၊ စမ်းချောင်းကလေးသည် မြောက်မှတောင်သို့ စီးဆင်းနေသည်။

၃။ စမ်းချောင်းကလေးသည် မြောက်မှတောင်သို့ တသွင်သွင် စီးဆင်းနေသည်။

၄။ ကြည်လင်သော စမ်းချောင်းကလေးသည် မြောက်မှတောင်သို့ တသွင်သွင် စီးဆင်းနေသည်။

၅။ တောစပ်၌ရှိသည့် ကြည်လင်သော စမ်းချောင်းကလေးသည် မြောက်မှတောင်သို့ တသွင်သွင် စီးဆင်းနေသည်။

၆။ တောစပ်၌ရှိသည့် ကြည်လင်သော စမ်းချောင်းကလေး တစ်စင်းသည် မြောက်ဖက်အရပ်မှ တောင်ဖက်အရပ်သို့ ချိုမြိန်သာယာလှသော ရေစီးသံဖြင့် တသွင်သွင် စီးဆင်းနေသည်။

အဲဒီစာကြောင်း ၆ ကြောင်းကို ယှဉ်ကြည့်ပါ။ စမ်းချောင်း ရေစီးတဲ့ အကြောင်းပါပဲ။ ပထမ စာကြောင်းက ရိုးရိုးရှင်းရှင်းပါပဲ။ အဲဒီတော့ တိုပါတယ်။ နောက်စာကြောင်းတွေမှာတော့ နာမဝိသေသနတွေ ကြိယာဝိသေသနတွေ နေရာပြတဲ့ အညွှန်းတွေ ပါလာပါတယ်။ နောက်ဆုံးစာကြောင်းကတော့ ဖတ်လို့ ကောင်းအောင် အဖွဲ့အနွဲ့ကလေးပါ ထည့်ပေးထားပါတယ်။

နောက်တစ်ခု သိထားဖို့ ကတော့ ပတ်ဝန်းကျင်ကို သရုပ်ဖော်တဲ့ အခါမှာ ကိုယ့်အရေးအသားကို သတိထားမိစေချင်ရင် ပတ်ဝန်းကျင်ကို သူတစ်ပါး မတွေးတဲ့ အတွေးမျိုးနဲ့ မြင်ကြည့်ရပါတယ်။

နွေရာသီသို့ ရောက်ပြီ ဖြစ်သဖြင့် ပင်ယံထက်မှ တွန်သံချိုသည့် ရွှေဥသြသည် လွမ်းဆွတ်ဖွယ်ရာ တေးကို ဖွဲ့သီနေသည်။

ဒါက လူတိုင်း မြင်တဲ့ အမြင်ပါ။ လူတိုင်းက ဥသြငှက်ဆိုရင် တွန်သံချိုတယ် အသံကြားရင် လွမ်းစရာ ကောင်းတယ် လို့ပဲ မြင်နေကြပါတယ်။ အဲဒါကို နောက်အမြင်တစ်မျိုး နဲ့ ဒီလိုရေးကြည့်လို့ ရပါတယ်။

နွေရာသီ ပတ်ဝန်းကျင်က ပူပြင်းလှချိန်တွင် အလွန်တရာ အသံဆိုးလှသော ဥသြက အလိုက်ကမ်းဆိုးမသိ အော်မြည်နေသဖြင့် ပူပြင်းလှသည့် ကြားတွင် သူ့ အသံကို ကြားရသောကြောင့် ပို၍ စိတ်ညစ်စရာ ဖြစ်စေသည်။

ဒါကတော့ သူများနဲ့ မတူပဲ ဖောက်ထွက်ထားတဲ့ အတွေးမျိုးပါ။

နောက်ဆုံး သိဖို့ အကြောင်းအရာကတော့ ပတ်ဝန်းကျင်ကို မြင်အောင် ရေးတဲ့နည်းပါ။ ကိုယ့်တွေ့မြင်ရတဲ့ ပတ်ဝန်းကျင်ကို စာဖတ်သူတွေရဲ့ မျက်စိထဲမှာ ကွက်ကွက်ကွင်းကွင်း မြင်စေချင်ရင် Zoom ဆွဲတဲ့ နည်းကို သုံးရပါတယ်။ Zoom ဆွဲရာမှာ အဝေးက အနီးကို ဆွဲတဲ့နည်း နဲ့ အနီးက အဝေးကို ဆွဲတဲ့နည်း ၂ နည်းရှိပါတယ်။ ကျွန်တော်က အနီးက အဝေးကို ဆွဲတဲ့နည်းကို ပိုသဘောကျပါတယ်။

ဥပမာအားဖြင့် အောက်က စာပိုဒ်တွေကို ယှဉ်ပြီး ဖတ်ကြည့်ပါ။

စာပိုဒ်(၁)
ကျွန်တော်သည် အရိပ်အာဝါသကောင်းသော ကုက္ကိုပင်ကြီး တစ်ပင်၏ အောက်တွင် ထိုင်နေသည်။ ကောင်းကင်တွင် နေက ချစ်ချစ်တောက် ပူပြင်းနေသည်။ ကျွန်တော့်ရှေ့တွင် တမျှော်တခေါ်ရှုမဆုံး နိုင်သော လယ်ကွင်းများရှိသည်။ ကျွန်တော် ထိုင်နေသော နေရာ၏ ဘေးတွင် နွားလှည်းတစ်စင်း ရပ်ထားသည်။ မိုးကုတ်စက်ဝိုင်းဆီသို့ ဦးတည်၍ ပျံသန်းသွားသော ပျံလွှားငှက် နှစ်ကောင်ကို လှမ်းမြင်လိုက်ရသည်။ ကျွန်တော့်ဘေးနားက လှည်းလမ်းတွင် ဖုန်တထောင်းထောင်း ထနေသည်။ အဝေးဆီမှ တောင်စဉ်တောင်တန်းများက ညို့မှိုင်းနေကြသည်။

စာပိုဒ်(၂)
ကျွန်တော့်နံဘေးနားက လှည်းလမ်းတွင် ဖုန်တထောင်းထောင်းထနေသည်။ ကျွန်တော် ထိုင်နေသော နေရာ၏ ဘေးတွင် နွားလှည်းတစ်စင်း ရပ်ထားသည်။ ကျွန်တော်သည် အရိပ်အာဝါသ ကောင်းသော ကုက္ကိုပင်ကြီး တစ်ပင်၏ အောက်တွင် ထိုင်နေသည်။ ကျွန်တော့်ရှေ့တွင်မူ တမျှော်တခေါ်ရှုမဆုံး နိုင်သော လယ်ကွင်းများရှိသည်။ အဝေးဆီမှ တောင်စဉ်တောင်တန်းများက ညို့မှိုင်းနေကြသည်။ မိုးကုတ်စက်ဝိုင်းဆီသို့ ဦးတည်၍ ပျံသန်းသွားသော ပျံလွှားငှက် နှစ်ကောင်ကို လှမ်းမြင်လိုက်ရသည်။ ကောင်းကင်တွင် နေက ချစ်ချစ်တောက် ပူပြင်းနေသည်။

စာပိုဒ်(၃)
ကောင်းကင်တွင် နေက ချစ်ချစ်တောက် ပူပြင်းနေသည်။ မိုးကုတ်စက်ဝိုင်းဆီသို့ ဦးတည်၍ ပျံသန်းသွားသော ပျံလွှားငှက် နှစ်ကောင်ကို လှမ်းမြင်လိုက်ရသည်။ အဝေးဆီမှ တောင်စဉ်တောင်တန်းများက ညို့မှိုင်း နေကြသည်။ ကျွန်တော့်ရှေ့တွင်မူ တမျှော်တခေါ်ရှုမဆုံး နိုင်သော လယ်ကွင်းများရှိသည်။ ကျွန်တော်သည် အရိပ် အာဝါသ ကောင်းသော ကုက္ကိုပင်ကြီး တစ်ပင်၏ အောက်တွင် ထိုင်နေသည်။ ကျွန်တော် ထိုင်နေသော နေရာ၏ ဘေးတွင် နွားလှည်းတစ်စင်း ရပ်ထားသည်။ ကျွန်တော့်နံဘေးနားက လှည်းလမ်းတွင် ဖုန်တထောင်းထောင်းထနေသည်။

စာပိုဒ် (၁)၊ (၂) နဲ့ (၃) ကို ယှဉ်ပြီးတော့ ဖတ်ကြည့်ပါ။ သုံးထားတဲ့ စာကြောင်းတွေက အကုန်လုံး အတူတူပါပဲ။ စာပိုဒ်(၁) က မြင်တာကို မြင်သလို ရေးထားတာပါ။ မျက်စိထဲမှာ ကွင်းကွင်းကွက်ကွက် မပေါ်ပါဘူး။ စာပိုဒ်(၂) ကတော့ အနီးကနေ အဝေးကို Zoom ဆွဲတဲ့နည်းနဲ့ ရေးထားတာ ဖြစ်ပြီး စာပိုဒ်(၃)ကတော့ အဝေးကနေ အနီးကို Zoom ဆွဲတဲ့နည်းနဲ့ ရေးထားတာ ဖြစ်ပါတယ်။ စာပိုဒ်(၂) နဲ့ စာပိုဒ်(၃) က စာပိုဒ်(၁) ထက်စာရင် စာဖတ်တဲ့သူကို ပိုပြီး မြင်သာစေတယ် လို့ ထင်ပါတယ်။

အဲဒါတွေ ကတော့ ဆရာဦးကြီးမြင့် သင်ပေးခဲ့တာတွေထဲက မှတ်မိသလောက် အကုန်ပါပဲ။ ဆရာ သင်ပေးတဲ့ နည်းလမ်းတွေကြောင့် ဆယ်တန်းမှာ ၈၀ ကို တစ်မှတ်စွန်းနဲ့ မြန်မာစာဂုဏ်ထူး ထွက်ခဲ့ပါတယ်။ (ကြုံတုန်းမို့ ကြွားတာပါ။ ဟီးဟီး။ :P)

Tuesday, February 24, 2009

မန်နေဂျာတစ်ယောက် အကြောင်း

သူက ကျွန်တော့်ရဲ့ ဒုတိယမြောက် ကုမ္ပဏီမှာ အလုပ်ခန့်ဖို့ ဒုတိယအကြိမ် အင်တာဗျူးတဲ့ ပုဂ္ဂိုလ်ပါ။ သူ့ကို တွေ့တွေ့ချင်း စိတ်ထဲမှာ ပြေးပြီး သတိရမိတာက တရုတ်သိုင်းကား တွေထဲက မင်းသားတွေကိုပါပဲ။ သူ့ပုံစံက နဖူးပြောင်ပြောင် မုတ်ဆိတ်မွေး နှုတ်ခမ်းမွေး မရိတ်ပဲ အရှည်ထားတတ် ပါတယ်။ ခန္ဓာကိုယ်က ခပ်ဖိုင့်ဖိုင့်နဲ့ ထိုင်နေတဲ့အခါ တက်တက်ကြွကြွ မဟုတ်ပဲ သက်တောင့်သက်သာပဲ အမြဲ ထိုင်တတ်ပါတယ်။ သူ့နာမည်ကတော့ နစ်ခ် လို့ ခေါ်ပါတယ်။

သူက ကျွန်တော့်ကို အင်တာဗျူးမှာ PLC အကြောင်းတွေ မေးပါတယ်။ မင်း ဘာ PLC နဲ့ အတွေ့အကြုံ ရှိဖူးသလဲ ဆိုတော့ ကျွန်တော်က OMRON, National နှစ်မျိုးသုံးဖူးတယ် လို့ ပြန်ဖြေပါတယ်။ OMRON ဘယ် မော်ဒယ်လ် သုံးဖူးသလဲ မေးတော့ ကျွန်တော်က CS-2 လို့ ပြန်ဖြေ လိုက်ပါတယ်။ အဲဒီတော့ သူ ရုတ်တရက် ကြောင်သွားပါတယ်။ ပြီးမှ ငါအခုထက်ထိ CS-2 ဆိုတဲ့ မော်ဒယ်လ်ကို တစ်ခါ မှ မကြားဖူးဘူး။ CS-1 က အမြင့်ဆုံးပဲ လို့ ပြန်ပြောပါတယ်။ အမှန်တကယ်က မှားတဲ့သူက ကျွန်တော်ပါ။ CS-1 PLC ကို CX-Programmer Version 2 နဲ့ ရေးတာကို ရောပြီး CS-2 ဆိုပြီး ရမ်းတုတ်လိုက်တာပါ။ နောက်တော့ သူက ကျွန်တော့်ကို မေးခွန်းနည်းနည်း ပါးပါးထပ်မေးပြီး ဆက်မမေးတော့ ပါဘူး။ နောက်နေ့ အလုပ်ခန့်လိုက်ပြီ ဆိုတဲ့ အကြောင်းနဲ့ လခညှိဖို့ ဆိုတဲ့ အကြောင်းကို HR က ဖုန်းခေါ်လာပါတယ်။

နောက်မှ သူကျွန်တော့်ကို ပြန်ပြောပြတာက မင်းမြန်မာနိုင်ငံလို နိုင်ငံမျိုးက နေလာပြီး စင်ကာပူမှာ ကျောင်းပြီးတာ ဆိုတော့ အချဉ်တော့ မဟုတ်လောက်ဘူး ဆိုပြီး ငါမေးတာ တလွဲဖြေပေမယ့် အလုပ်ခန့်လိုက်တာ လို့ ပြောပါတယ်။ စင်ကာပူမှာ မြန်မာကျောင်းသားတွေ အများကြီး ရှိတာကို သူ သိပုံ မပေါ်ပါဘူး။ ကျွန်တော်က အဲဒီကုမ္ပဏီက ပင်မ အင်ဂျင်နီယာ ဌာနရဲ့ Control ဌာနခွဲမှာ လက်ထောက် အင်ဂျင်နီယာ အနေနဲ့ အလုပ်ဝင်ပါတယ်။ ရုံးခန်းထဲမှာ ထိုင်တဲ့သူတွေထဲမှာ ကျွန်တော်က ရာထူး အနိမ့်ဆုံးပါ။ နစ်ခ်ကတော့ ကျွန်တော်တို့ ဌာန တစ်ခုလုံးမှာ Vice President ပြီးရင် ရာထူးအကြီးဆုံး မန်နေဂျာ တစ်ယောက် ဖြစ်ပါတယ်။

သူ့ရဲ့ ထူးခြားချက်က ရုံးကို ဘယ်တော့မှ စောစောစီးစီး မလာတတ်တာပါပဲ။ VP က မနက် ၈ နာရီ ဆိုရင် ရုံးရောက်နေတတ်ပါတယ်။ သူကတော့ ၉ နာရီခွဲ ၁၀ နာရီလောက်မှ ရုံးကို ရောက်လာတာ များပါတယ်။ ညနေဆိုရင်လည်း VP က ည ၈ နာရီ လောက်အထိ နေတတ်ပေမယ့် သူ့ကိုတော့ ၅ နာရီလောက်ဆိုရင် ရုံးမှာ မတွေ့ရတော့ပါဘူး။ တခါတလေ ရုံးမှာ ၁ ပတ် ၂ ပတ် မတွေ့ရပဲ ပျောက်နေတတ်ပါတယ်။ ရုံးလာရင်လည်း စာရွက်စာတမ်း လက်မှတ် ထိုးစရာ ရှိတာကို ထိုးပြီး ညနေဖက် အလုပ်မရှိတော့ရင် သူ ပြန်ပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ ဌာနက အင်ဂျင်နီယာ နဲ့ စီနီယာ အင်ဂျင်နီယာတွေ ကို မေးကြည့်တဲ့ အခါမှာတော့ သူ့ရဲ့ လုပ်ငန်း ကျွမ်းကျင်မှုကို ဘယ်သူမှ မယှဉ်နိုင်ဘူး လို့ အားလုံးက တညီတညွတ်တည်း ထောက်ခံကြပါတယ်။

ကျွန်တော်တို့ ဌာနမှာ ယူကေက ကျောင်းပြီးလာတဲ့ အင်ဂျင်နီယာ တစ်ယောက် ရှိပါတယ်။ သူ ပရိုဂရမ်ရေးရင် သူ့ပရိုဂရမ်ကို သူက လွဲပြီး ဘယ်သူမှ ပြင်လို့ မရအောင် ရေးတတ်ပါတယ်။ သူ့ကို အလုပ်ဖြုတ်လို့ မရအောင် ကုမ္ပဏီကို ညစ်တာပါ။ တစ်နေ့မှာတော့ အဲဒီအင်ဂျင်နီယာ ပရိုဂရမ် ရေးထားတဲ့ စက်တစ်လုံး အမေရိကန်က စက်ရုံမှာ ပြသနာ ဖြစ်နေပါတယ်။ နစ်ခ်က အဲဒီအချိန်မှာ အမေရိကန် ရောက်နေလို့ စက်ရုံက ပြင်ခိုင်းတာကြောင့် သူရေးထားတဲ့ ပရိုဂရမ်ကို ပြင်ဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် မအောင်မြင်ပါဘူး။ အဲဒီမှာ နစ်ခ်က ဘာမှ ပြောမနေဘဲ အဲဒီစက်အတွက် ပရိုဂရမ်ကို အစအဆုံး သူ့ဘာသာသူ ပြန်ရေးပါတယ်။ တစ်ရက်အတွင်းမှာ အကုန် ပြီးသွားပါတယ်။ ကျွန်တော်တို့ ဌာနက အင်ဂျင်နီယာတွေ အကုန်လုံးလည်း သူ့အစွမ်းကို လက်ဖျားခါ သွားပါတယ်။

နောက်ပိုင်းမှာတော့ သူ ကျွန်တော့်ကို ပွဲထုတ်ပေးပါတယ်။ VP က ကျွန်တော့်ကို သိပ် အယုံအကြည်မရှိပါဘူး။ ဒါပေမယ့် နစ်ခ် က ကျွန်တော့်ဖက်က ရပ်ပါတယ်။ မင်း သူ့ကို ကိုယ်တိုင် ကွင်းဆင်းပြီး မလုပ်ခိုင်းရင် သူဘယ်တော့မှ တိုးတက်လာမှာ မဟုတ်ဘူး။ ငါတို့ အတွက်လည်း အကျိုးမရှိဘူး ဆိုပြီး သူက VP ကို ပြောပါတယ်။ ကျွန်တော် တိုက်ရိုက် သတင်းပို့ရတဲ့ စီနီယာ အင်ဂျင်နီယာ ဒင်နီယယ်ကလည်း သူ့မိန်းမက နားပူလွန်းလို့ ခရီးမထွက်ချင်တာနဲ့ ဘေးကနေ ဝိုင်းပင့်ပေးပါတယ်။ ကံကလည်း စွတ်ကောင်းနေ ဒင်နီယယ်ကလည်း ကျွန်တော် လိုအပ်သမျှ အကုန်လုံးကို တယ်လီဖုန်းထဲကနေ လှမ်းပြီး ကူညီနေတာနဲ့ အဲဒီအချိန်တုန်းက ကျွန်တော် ထွက်ခဲ့သမျှ ခရီးတွေ အကုန်လုံး အဆင်ပြေ ပါတယ်။ အဲဒီတော့ ကျွန်တော်လည်း ထန်းပင်တက် လက်မှတ် ရသွားပါတယ်။ နောက်ပိုင်း ခရီးသွားဖို့ ပေါ်လာရင် ကျွန်တော့်ကိုပဲ ရွေးလွှတ်တော့တာပါပဲ။

ဒါပေမယ့် ၆ လလောက်ကြာတော့ နစ်ခ် ရော ဒင်နီယယ်ပါ နှစ်ယောက်စလုံး အလုပ်ထွက် သွားပါတယ်။ ဒင်နီယယ်က တစ်ခြားကုမ္ပဏီ တစ်ခုကို ပြောင်းသွားပြီး နစ်ခ်ကတော့ ကိုယ်ပိုင်စီးပွားရေး လုပ်ဖို့ ထွက်သွားတာပါ။ သူဘာလုပ်မှာလဲ မေးကြည့်တော့ လက်သည်း ခြေသည်း အလှပြင်တဲ့ လုပ်ငန်း လုပ်မယ် လို့ပြောပါတယ်။ သူ့မိန်းမက အဲဒီလုပ်ငန်း လုပ်နေတာ ကြာပြီး သူလည်း အဲဒီလုပ်ငန်းပဲ လုပ်တော့မယ် ဆိုပြီး ပြောပါတယ်။ အဲဒီလိုနဲ့ သူ အလုပ်ထွက်သွားပြီး ကျွန်တော်တို့ ၃-၄ လလောက် မတွေ့ဖြစ်ပါဘူး။

အရင်တုန်းက နစ်ခ် ကိုယ်တိုင် လုပ်ခဲ့တဲ့ စက်အချို့ ကျွန်တော့်ဆီကို ရောက်လာပါတယ်။ တစ်နေ့မှာတော့ စက်တစ်လုံးက ကျွန်တော့်ကို ကောင်းကောင်း ဒုက္ခပေးပါတယ်။ စက်ရဲ့ အစိတ်အပိုင်း တော်တော်များများကို ပရိုဂရမ် ပြင်ရေးလို့ ရပေမယ့် PID Control နဲ့ အလုပ်လုပ်တဲ့ အပူချိန် ထိန်းချုပ်တဲ့ စနစ် အပိုင်းကို ကျွန်တော် ဘယ်လိုမှ ပြင်လို့ မရပါဘူး။ အဲဒါနဲ့ နောက်ဆုံး VP က နစ်ခ်ကို အချိန်ပိုင်းနဲ့ တစ်ရက်လောက် လာကူဖို့ အကူအညီ တောင်းပါတယ်။ သူကလည်း သူ့ရဲ့ စီးပွားရေး လုပ်ငန်းကိစ္စနဲ့ အလုပ်များနေတာနဲ့ တော်တော်နဲ့ ရောက်မလာနိုင်ပါဘူး။ အဲဒီလိုနဲ့ နောက်ဆုံး သူအားမယ့် တစ်နေ့ ည ၉ နာရီကျော် လောက်ကို စောင့်ပြီး အဲဒီစက်ကို အပြီးသတ် ရပါတယ်။ နစ်ခ်ရောက်လာတော့ ကျွန်တော့်ကို ဘယ်လိုလုပ်ရမယ် ဆိုတာကို အကုန် သင်ပေးပါတယ်။ ည ၁၀ နာရီခွဲလောက် မှာတော့ အားလုံး ပြီးသွားပါတယ်။

သူက ကျွန်တော်နဲ့ နောက် အင်ဂျင်နီယာ တစ်ယောက်ကို သူ့ကားနဲ့ အိမ်အထိ ပြန်လိုက်ပို့ပါတယ်။ လမ်းမှာ ကျွန်တော်တို့ သုံးယောက်သား စကားတွေ အတော် ပြောဖြစ်ကြပါတယ်။ အဲဒီမှာ သူပြောခဲ့တဲ့ အကြောင်းအရာ တစ်ခု က ကျွန်တော်တို့ကို တော်တော်လေး စဉ်းစားစရာ ရစေပါတယ်။

နစ်ခ်ဟာ National University of Singapore (NUS) ကနေ အင်ဂျင်နီယာ ဘွဲ့ရထားတဲ့သူပါ။ ကျောင်းပြီးပြီးချင်း ကျွန်တော်တို့ ကုမ္ပဏီမှာ အလုပ်ဝင်ပါတယ်။ သူ ကျွန်တော်တို့ ကုမ္ပဏီကနေ ထွက်သွားတဲ့ အချိန်အထိ ဆိုရင် ၁၀ နှစ် နီးပါး ကြာပါတယ်။ သူနဲ့ ကျောင်းအတူတူ ပြီးတဲ့ သူငယ်ချင်းတစ်ယောက် ကတော့ အခြား ကုမ္ပဏီ တစ်ခုမှာ ပရိုဂရမ်မာ အနေနဲ့ အလုပ်ဝင်ပါတယ်။ နောက်တော့ စီးပွားရေး ကျတဲ့အချိန်မှာ သူ့သူငယ်ချင်းဟာ အလုပ်က လူလျှော့တဲ့ အထဲပါပြီး အလုပ် ပြုတ်သွားပါတယ်။ အလုပ်ပြန် ရှာလို့ မရတာနဲ့ နောက်ဆုံး ဆိုင်ဖွင့်ပြီး ကြက်ဆီထမင်း (Chicken Rice) ရောင်းစားတာ အခုတော့ BMW စီးနေပြီ လို့ ပြောပါတယ်။ တစ်ခုပဲ ရှိတယ်။ Chicken Rice ရောင်းလို့ ဘယ်မိန်းမကမှ သူ့မယူချင်လို့ အခုထက်ထိတော့ မိန်းမ မရသေးဘူးကွ လို့ ကျွန်တော်တို့ကို နစ်ခ်က ရယ်စရာ အနေနဲ့ ပြောပြပါတယ်။

ငါကတော့ Automation မှာ ၁၀ နှစ်လောက် အတွေ့အကြုံတွေ အများကြီး ရလိုက်ပေမယ့် ကားတောင် ကောင်းကောင်း ဝယ်မစီးနိုင်ဘူး။ အခုလုပ်နေတဲ့ လက်သည်း ခြေသည်း အလှပြင်တဲ့ လုပ်ငန်း ကမှ ပိုပြီး ဝင်ငွေကောင်းတယ်။ ငါ့မန်နေဂျာလခ ထက်စာရင် အများကြီး ပိုရတယ်လို့ ပြောပါတယ်။

သူက ကျွန်တော်တို့ကို အခြေအနေ ပေးတာနဲ့ အလုပ်က ထွက်ပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း လုပ်ဖို့ တိုက်တွန်းပါတယ်။ အခုလည်း စီးပွားရေးကျနေတာနဲ့ အလုပ်များ ပြုတ်ခဲ့ရင် ကျွန်တော်လည်း ဆော့ဖ်ဝဲလ် မရေးတော့ပဲ စင်ကာပူမှာ Chicken Rice ရောင်းစားရင် ကောင်းမလားလို့ စဉ်းစားနေကြောင်းပါ။

Sunday, February 15, 2009

ရွှေမင်းသမီးသို့ အိပ်မက်ခြင်း

တယ်လီဖုန်းခွက်ကို ကိုင်ရင်း သူ့စိတ်တွေ လှုပ်ရှားနေတယ်။
ဖုန်းက လိုင်းဝင်နေပေမယ့် တူ..တူ ဆိုတဲ့ အသံရှည်မြည်ပြီး တစ်ဖက်က ဖုန်းမကိုင်သေးပါ။
“ဟဲလို”
အသံချိုချို ကလေးကို ကြားလိုက်ရလို့ ဝမ်းသာသွားတယ်။
“ပပလား။”
“သြော်..ကိုကျော်လား။ ဟုတ်ပါတယ်။”
ပပ က သူ့အသံကို မှတ်မိနေလို့ ထပ်ပြီး ဝမ်းသာသွားတယ်။
“ပပ။ ဒီနေ့ ရှုတင်မရှိဘူးလား။”
“အင်း။ မရှိဘူး။”
“အခု ဘာတွေ လုပ်နေသလဲ။”
“ဘာမှ မလုပ်ပါဘူး။ ကိုကျော် အခု ဘယ်ရောက်နေလဲ။”
“ကိုယ်လား။ အခုပဲ သင်္ဘောဆိုက်လို့ စင်ကာပူ ရောက်နေတယ်။”

ဒီလိုနဲ့ပဲ သူတို့ နှစ်ယောက်ကြားက ဆက်ဆံရေးက အလွန်ကို ဖြောင့်ဖြူးနေတာပါ။ ရန်ကုန်က နာမည်ကျော် မော်ဒယ်ဂဲလ် တစ်ယောက်က သူ့ကို အရေးတယူ လက်ခံ စကားပြောနေလို့ သူအလွန်ပျော်နေပါတယ်။ သူသာ ရန်ကုန်မှာ ဆိုလျှင်တော့ ကောင်မလေးက အဖက်လုပ်ပြီး စကားပြောချင်မှ ပြောမှာပါ။ အခုတော့ နိုင်ငံခြားက ဆက်နေတာမို့ အထင်ကြီးပြီး စကားပြန် ပြောနေတာ ဖြစ်မှာပေါ့။

အမှန်တကယ်တော့ ဒီဇာတ်လမ်းကို စခဲ့တဲ့သူက သူတို့ သင်္ဘောပေါ်က ကဒက် အရာရှိလောင်း မောင်သက် ပါပဲ။ သူကလည်း သင်္ဘောသား ပေါက်စ ကဒက် အရာရှိလောင်း တစ်ယောက်ပါပဲ။ မောင်သက် သင်္ဘောပေါ် စရောက်လာတော့ သူ့ကို ရန်ကုန်က နာမည်ကြီး မော်ဒယ်လ်ဂဲလ် တစ်ယောက်ရဲ့ ဖုန်းနံပါတ် ကို ပေးပါတယ်။ အစကတော့ လက်တည့်စမ်းတဲ့ သဘောနဲ့ သင်္ဘော ကမ်းကပ်နေတုန်း ဖုန်းဆက်ကြည့် တာပါ။ သူက နိုင်ငံခြားက ဆက်နေတဲ့ အကြောင်း ပြောပြီး မိတ်ဆက်တော့ ကောင်မလေးက ကြည်ကြည်သာသာပဲ ပြန်ပြီး လက်ခံ စကားပြော ပါတယ်။

အဲဒီလိုနဲ့ပဲ သူကမ်းဆင်းတိုင်း ကောင်မလေးဆီကို ဖုန်းဆက် ဖြစ်တယ်။ ကောင်မလေးရဲ့ ဓာတ်ပုံတွေပါတဲ့ မဂ္ဂဇင်းတွေ ကိုလည်း ကြုံတိုင်းကြိုက်တိုင်း ဝယ်သိမ်း ထားရတာပေါ့။ ဒီလို နာမည်ကြီးတဲ့ စူပါမော်ဒယ်လ် တစ်ယောက်နဲ့ ဇာတ်လမ်း ဖြစ်ရတာ နည်းနည်းနောနော အခွင့် အရေးမှ မဟုတ်တာ။ ရှေ့မှာလည်း သာဓကတွေ ရှိတယ်လေ။ နာမည်ကြီးတဲ့ မင်းသမီးတွေ အဆိုတော်မတွေ ယူလိုက်ရင် နိုင်ငံခြားက ပြန်လာတဲ့ သူတွေနဲ့ ချည်းပဲ မဟုတ်လား။ သူ့သူငယ်ချင်းတွေကလည်း သူ့ကို နာမည်ကြီး မော်ဒယ်ဂဲလ် တစ်ယောက်နဲ့ အဆင်ပြေနေလို့ ကြိတ်ပြီး မနာလို ဖြစ်နေကြတယ်။

သူ့အတွက်တော့ သင်္ဘောကမ်းကပ်တိုင်း ဖုန်းကတ် ပြေးဝယ်ပြီး ကောင်မလေးဆီကို ဖုန်းဆက်ရတာ အမောပါ။ ရန်ကုန် ဖုန်းဆက်ဖို့ ဖုန်းကတ်ဝယ်ရတဲ့ ပိုက်ဆံက ကုန်လိုက်တာ သောက်သောက်လဲ ပါပဲ။ တစ်ခါတစ်လေ ဖုန်းကတ် မရှိရင်လည်း ဟင်းန်ဖုန်းနဲ့ပဲ ခေါ်ရတာပေါ့။ တစ်ခါတစ်ခါ ဖုန်းဆက်ရင်လည်း နာရီဝက်လောက် ကတော့ အနည်းဆုံး ကြာတာပါပဲ။ ဘာပဲဖြစ်ဖြစ်လေ။ နာမည်ကျော် မော်ဒယ်ဂဲလ် တစ်ယောက်ကို ရဖို့ ဒီလောက်တော့ ရင်းရမယ် ဆိုတာ သူနားလည် ပါတယ်။ သူကပဲ စကားပြော ကောင်းတာလား။ ကံကိုကပဲ သူ့ဖက်မှာ ရှိနေလို့လားတော့ မသိပါဘူး။ ကောင်မလေးနဲ့ သူနဲ့ ဇာတ်လမ်းက ခြောက်လ နီးပါးလောက် ကြာရှည်တဲ့ အထိ အဆင်ပြေနေတုန်းပါ။

ဒီလိုနဲ့ တစ်နေ့မှာတော့ ထုံးစံအတိုင်း ကမ်းဆင်းတာနဲ့ သူကောင်မလေးဆီကို ဖုန်းခေါ်ဖြစ်ပါတယ်။
“ဟဲလို၊”
“ပပလား။”
“ဟုတ်ပါတယ်။ အော်.. ကိုကျော်လား။”
“အင်း။ ဟုတ်တယ်။ အခု စင်ကာပူ ရောက်နေလို့ လှမ်းခေါ်လိုက်တာ။”
“ဒီမယ်။ ကျွန်မ ရှင့်ကို အတည် စကားပြောစရာ ရှိတယ်။”
“အင်း။ ပြော။”
“ကျွန်မ ပပဝင်းခင် မဟုတ်ဘူးရှင့်။ ရှင် နိုင်ငံခြားက ဆက်နေတယ် ဆိုတာလည်း ကျွန်မမယုံဘူး။”
“ဘာ။ ဘယ်လို။”
“ဟုတ်တယ်။ ရှင်က ဖုန်းဆက်ပြီး ကျွန်မကို ပပဝင်းခင် လားလို့ မေးတော့ ကျွန်မကလည်း နောက်ပြီး ဟုတ်တယ် လို့ ပြန်ဖြေတာ။ ရှင်က သိသိကြီးနဲ့ မဟုတ်မှန်း သိရက်နဲ့ မေးတာကိုး။ ဒါပေမယ့် ရှင်ကလည်း နိုင်ငံခြားက ဆက်နေတယ်လို့ ကျွန်မကို နောက်ပြီး ပြောတာပဲ မဟုတ်လား။”
“ပပ တကယ်ပြောနေတာလား။”
“သြော် ရှင့်ကို ပြောပြီးပြီပဲ။ ကျွန်မ ပပဝင်းခင် မဟုတ်ပါဘူးလို့။ ရှင်လည်း ကျွန်မကို ဘတ်ကီး မရိုက်နဲ့။ ရှင်နိုင်ငံခြားက ဆက်နေတယ် ဆိုတာ ဘယ်လိုပြောပြော ကျွန်မ မယုံဘူး။”

အဲဒီတုန်းက ရန်ကုန်က ဖုန်းတွေမှာ Caller ID မပေါ်သေးပါဘူး။ သူ လေကုန်ခံ ရှင်းပြပေမယ့်လည်း ကောင်မလေးက သူနိုင်ငံခြားက ဆက်တယ် ဆိုတာကို ဘယ်လိုမှ မယုံပါဘူး။ တမင်တကာ ဇာတ်လမ်း လာလုပ်နေတယ် လို့ပဲ ထင်ပါတယ်။ သူ့မှာတော့ ပပဝင်းခင် ထင်လို့ ၆ လလုံးလုံး ဖုန်းခတွေ အကုန်ခံ ခဲ့ပါတယ်။ အခုတော့လည်း သူ့ကို ချောက်ချတဲ့ မောင်သက်ကို အမှုန့်ကြိတ်ပစ် ချင်စိတ် ပေါက်နေပါတယ်။

ဒါပေမယ့် မောင်သက်ကို သွားပြသနာရှာမိတာ သူ့ရဲ့ ဒုတိယမြောက် အမှားပါပဲ။ မောင်သက်က အဲဒီကိစ္စကို ဖွလိုက်လို့ ဒီကိစ္စက ဟားစရာ တစ်ခု အနေနဲ့ ပြန့်သွားပါတယ်။ ဒီလိုနဲ့ပဲ နောက်ဆုံးတော့ သူတို့ သူငယ်ချင်းတွေကြားမှာ မောင်ကျော်တစ်ယောက် ရန်ကုန်က ဘယ်သူမှန်းမသိတဲ့ ကောင်မလေး တစ်ယောက်ကို ပပဝင်းခင်လို့ ထင်ပြီး ၆ လတိတိ ဖုန်းခ အကုန်ခံ ဇာတ်လမ်း လုပ်ခဲ့တယ် ဆိုတဲ့ အဖြစ်က တွေ့တိုင်း ပြောစရာ ဟာသ တစ်ခုအဖြစ် ကျန်ခဲ့ပါတော့တယ်။

Saturday, February 14, 2009

Valentine Day အတွက် အမှတ်တရ စာသားများ

အကယ်၍ မင်းသာ နောက်ထပ် နှစ်ပေါင်းတစ်ရာ ဆက်ပြီး အသက်ရှင်နေဦးမယ် ဆိုရင်
ငါကတော့ နှစ်ပေါင်းတစ်ရာထက် တစ်ရက် လျော့ပြီး နေချင်ပါတယ်။
အဲဒါမှ မင်းမရှိတဲ့နေ့တွေကို ငါ မကြုံရမှာလေ။
(A. A. Milne)

ချစ်တတ်တဲ့ နှလုံးသားဟာ အမြဲတမ်း ပျိုမြစ် နုနယ်နေတယ်။
(ဂရိစကားပုံ)

အချစ်ရဲ့ အကြောင်းကို ငါတို့ တွေးကြတယ်။
အချစ်ရဲ့ အကြောင်းကို ငါတို့ တေးသီကြတယ်။
အချစ်ရဲ့ အကြောင်းကို ငါတို့ အိပ်မက် မက်ကြတယ်။
အချစ်အတွက် အိပ်မပျော်နိုင်အောင် သောကရောက်ကြတယ်။
ငါတို့မှာ အချစ်ရှိမှန်း မသိတဲ့အခါမှာ လိုက်လံရှာဖွေကြတယ်။
ရှာတွေ့ ပြန်တော့လည်း ဘာလုပ်ရမယ် ဆိုတာ ငါတို့မသိကြဘူး။
ငါတို့ အချစ်ကို ပိုင်ဆိုင်တဲ့အချိန်မှာ ဆုံးရှုံးသွားမှာကို ကြောက်ရွံ့ကြတယ်။
တကယ်တော့ အချစ်ဟာ ငါတို့ကို အမြဲတမ်း ပျော်ရွှင်မှုတွေ နာကျင်မှုတွေ ပေးနိုင်တဲ့ အရာပါ။
ဒါပေမယ့် ငါတို့ ပိုင်ဆိုင်တဲ့ တခဏတာမှာ ဘယ်အရာကို ရမယ်ဆိုတာ မသိကြဘူး။
တကယ်တော့ စာလုံးလေး ၂ လုံးထဲပါ။
စာလုံးပေါင်းရတာလည်း လွယ်ပါတယ်။
ဒါပေမယ့် အဓိပ္ပါယ်ဖွင့်ရခက်ပြီး အချစ်မရှိပဲ နေဖို့ကတော့ ခက်တယ်။
(အမည်မသိ)

ငါသာ မင်းခန္ဓာကိုယ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ခွင့်ရမယ်ဆိုရင်
မင်းရဲ့ မျက်ရည်ပဲ ဖြစ်ချင်ပါတယ်။
မင်းနှလုံးသားထဲမှာ သနေ္ဓတည်ပြီး
မျက်ဝန်းထဲမှာ မွေးဖွားမယ်။
မင်းရဲ့ ပါးပြင်ပေါ်မှာ နေထိုင်ပြီး
မင်းနှုတ်ခမ်းပေါ်မှာ သေဆုံးခွင့်ရမယ်လေ။
(အမည်မသိ)

တစ်ခုခု အမှားအယွင်းဖြစ်ခဲ့လို့
မင်းနှလုံးသားမှာ ဝမ်းနည်းမှုတွေနဲ့ ပြည့်နှက်နေပြီး
မင်းမျက်ဝန်းမှာ မျက်ရည်တွေ ပြည့်လျှံနေခဲ့ရင်
သတိရဖို့ အရာ (၃) ခုရှိတယ်။
(၁) ငါမင်းဘေးမှာ ရှိနေတယ်။
(၂) ငါမင်းနဲ့အတူ ရှိနေတုန်းပဲ
(၃) ငါမင်းအနားမှာ အမြဲတမ်း ရှိနေမယ်။
(အမည်မသိ)

ငါ့ရဲ့ နှလုံးသားကို မင်းကို ပေးခဲ့ပြီ။
မင်းရဲ့ နှလုံးသားကိုလည်း ငါ့ကိုပေးပါ။
ငါတို့ နှလုံးသားတွေကို အတူတူ သော့ခတ်လိုက်ကြမယ်။
ပြီးရင် သော့ကို လွှင့်ပစ်လိုက်ကြရအောင်။
(Frederick Saunders)

ချစ်မိတဲ့သူဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်ဘူး။
ဘာလို့လဲဆိုတော့ တကယ့်လက်ရှိဘဝဟာ အိပ်မက်ထက် ပိုကောင်းနေလို့ပေါ့။
(Dr Seuss)

ကမ္ဘာကြီး အတွက်တော့ မင်းဟာ လူတစ်ယောက်ပဲ။
ဒါပေမယ့် ငါ့အတွက်တော့ မင်းဟာ ကမ္ဘာကြီးတစ်ခုလုံးနဲ့ ညီမျှတယ်။
(Heather Cotez)

မင်းကို ချစ်မိတဲ့အတွက် ငါ့အတွက် နာကျင်မှုတွေ နဲ့ အဆုံးစွန် စတေးရမှုတွေ ရှိမယ်လို့ အခြားသူတွေက ပြောကြတယ်။
ငါကတော့ မင်းကို မချစ်ပဲနေဖို့ထက် နာကျင်မှုတွေနဲ့ စတေးရမှုတွေကို ပဲ ရယူလိုက်တော့မယ်။
(Aaron)

အချစ်ရဲ့ ညီမျှခြင်းမှာ ၁ နဲ့ ၁ ပေါင်းတာဟာ အရာအားလုံးနဲ့ ညီမျှတယ်။
၂ ထဲက ၁ နှုတ်တာကတော့ ဘာမှ မရှိတာနဲ့ ညီမျှတယ်။
(Mignon McLaughlin)

သစ်ကိုင်းအောက်က စာအုပ်တစ်အုပ်ရယ်
ဝိုင်တစ်ချိုင့် ပေါင်မုန့်တစ်လုံး ပြီးတော့ မင်းရယ်
ငါ့ဘေးနား ကန္တာရထဲ တေးသီလျက်ပ
ကန္တာရလည်း အခုတော့ နတ်ဘုံပါတကယ်။
(Verse 12 of Rubaiyat by Ommar Khayyam. မောင်သာနိုး ၏ ဘာသာပြန်)

အချစ်သာမရှိခဲ့ရင် ငါတို့ကမ္ဘာကြီးဟာ သင်္ချိုင်းဂူကြီးတစ်ခု ဖြစ်သွားလိမ့်မယ်။
(Robert Browning)

ကမ္ဘာကြီးရဲ့ တစ်နေရာမှာ မင်းရဲ့ အပြုံးကို အိပ်မက်မက်နေတဲ့သူ တစ်ဦးရှိတယ်။
(အမည်မသိ)

အချစ်ဆိုတာ ပျော်ရွှင်ခြင်းရဲ့ တံခါးပေါက်တွေ အားလုံးကို ဖွင့်လှစ်နိုင်တဲ့ မာစတာကီး တစ်ချောင်းပဲ။
(Oliver Wendell Holmes)

အချစ်ကြောင့် ကမ္ဘာကြီး လည်ပတ်နေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လည်ပတ်နေတဲ့ ကမ္ဘာကြီးထဲမှာ နေထိုင်တဲ့ အချိန်တွေကိုတော့ အချစ်က တန်ဖိုးရှိစေတယ်။
(Elizabeth Browning)

Friday, February 13, 2009

အမှတ်တရ ညနေစာ

နှစ်တစ်နှစ်ရဲ့ ဖေဖော်ဝါရီလ တစ်လမှာ အိုင်ယာလန်နိုင်ငံ ဝက်စ်ဖို့ဒ်ဒေသကို အလုပ်ကိစ္စနဲ့ ဒုတိယအကြိမ် ရောက်သွားခဲ့ပါတယ်။ အိုင်ယာလန်ကလည်း တစ်ခြား ဥရောပနိုင်ငံတွေလိုပါပဲ။ သူတို့ကို ကြည့်ရင် သြော် ကမ္ဘာပေါ်မှာ ငါတို့လို တစ်ချိန်လုံး အလုပ် မလုပ်ရဘဲ အလုပ် သက်သာတဲ့သူတွေ ရှိနေသေးပါလား ဆိုတဲ့ အတွေးမျိုး ဖြစ်စေပါတယ်။ ကျွန်တော်တို့ သွားပြီး အလုပ်လုပ်တဲ့ စက်ရုံမှာ ညနေ ၅ နာရီခွဲရင် အားလုံး ပြန်ကြပါတယ်။ အချိန်ပို လုပ်တဲ့သူဆိုတာ တစ်ယောက်မှ မရှိပါဘူး။ ကျွန်တော်နဲ့ ကျွန်တော်တို့ ဥရောပရုံးက အင်ဂျင်နီယာတစ်ယောက် ဖြစ်တဲ့ မာ့က်ခ် နှစ်ယောက်တည်းပဲ စက်တွေနဲ့ အတူ အမြဲ ကျန်ခဲ့တတ်ပါတယ်။

ပထမဆုံး အခေါက် ပထမဆုံးနေ့က ည ၁၀နာရီ ထိုးခါနီးတော့ ကျွန်တော်တို့ကို စက်ရုံထဲကနေ ထွက်ခိုင်းပါတယ်။ တံခါးပိတ်တော့မယ် ပြန်ပါဆိုမှ ကျွန်တော်တို့ ပြန်လာခဲ့တာပါ။ ည ၁၀ နာရီ အထိ အလုပ်လုပ်မိတဲ့ အကျိုးကတော့ ညစာငတ်တာပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ည၁၀နာရီ စက်ရုံက ပြန်လာတဲ့အချိန်မှာ စားသောက်ဆိုင်တွေ အားလုံး ပိတ်ကုန်ပါပြီ။ ဆိုင်အားလုံးက နောက်ဆုံး အော်ဒါကို ၉ နာရီ ကျော်ကျော် လောက်မှာ ယူပါတယ်။ မြို့ထဲမှာ ကားနဲ့ လှည့်ပတ်ပြီး စားသောက်ဆိုင် ရှာပေမယ့် တစ်ဆိုင်မှ မရှိတော့လို့ အဲဒီနေ့က ဓာတ်ဆီဆိုင်ကနေ ဆင်းဒဝစ် တစ်ယောက်တစ်ခုစီ ဝယ်ပြီး ညစာစားလိုက်ရပါတယ်။ နောက်နေ့က စပြီးတော့ နှစ်ယောက်စလုံး တိုင်ပင်စရာ မလိုပါဘူး။ ည၈နာရီ ကျော်တာနဲ့ ပြန်ကြတာပါပဲ။

ဒုတိယတစ်ခေါက်မှာ Whites of Ireland ဆိုတဲ့ ဟိုတယ်မှာ တည်းဖြစ်ပါတယ်။ ပထမဆုံးတစ်ခေါက် တည်းခဲ့တဲ့ ဟိုတယ်မှာ အခန်းလွတ် မရှိလို့ပါ။ Whites က အတော်လေး သားနားပါတယ်။ ဟိုတယ် အခန်းထဲမှာ Plasma Screen နဲ့ HDTV ရှိပြီး HD လိုင်းတွေ အမြဲတမ်း လွှင့်နေပါတယ်။ အမ်တီဗွီ လိုင်းက ကျွန်တော်တို့ ကြည့်နေကြ အမ်တီဗွီ အေးရှားလို ပေါက်တတ်ကရ အစီအစဉ်တွေ မလွှင့်ဘဲ သီချင်းအကောင်း တွေချည်းပဲ ဆက်တိုက် လွှင့်တတ်ပါတယ်။ အခန်းထဲမှာ ဝိုင်ယာလက်စ် အင်တာနက် လည်း သုံးလို့ရပါတယ်။ Whites ဆိုတဲ့ နာမည်နဲ့ လိုက်အောင် လားတော့ မသိပါဘူး။ ဟိုတယ်တစ်ခုလုံး ပြင်ဆင်ထားတာတွေ အတော်များများက အဖြူရောင် ချည်းပါပဲ။ ဟိုတယ်ရဲ့ စားသောက်ခန်းမ ကလည်း အတော်ကို သပ်သပ်ရပ်ရပ် ပြင်ဆင်ထား ပါတယ်။ ဒါပေမယ့် ဆိုးရွားတာက မီနူးထဲမှာ ရှိသမျှ အစားအသောက် အကုန်လုံး ယူရို ၂၀ ကျော်ချည်းပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ ညနေစာကို ဟိုတယ်မှာပဲ အမြဲလိုလို စားဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ညစာစားတဲ့အချိန် လူသိပ်မရှိတာ များပါတယ်။ အလွန်ဆုံး ၂ ဝိုင်း ၃ ဝိုင်းပါပဲ။

ကျွန်တော်တို့ ဝက်စ်ဖို့ဒ်ကို ရောက်ပြီး ၃ ရက်မြောက်နေ့မှာ စက်ရုံက ပြန်လာပြီးတဲ့နောက် ထုံးစံအတိုင်း ညစာစားဖို့ ဟိုတယ်က စားသောက်ခန်းမ ထဲကို ဆင်းလာခဲ့ပါတယ်။ အဲဒီနေ့ကတော့ နည်းနည်း ထူးခြားနေသလိုပါပဲ။ ခါတိုင်းလို လူရှင်းမနေဘဲ စားသောက်ခန်းမ တစ်ခုလုံး အပြည်ု့နီးပါး လူရှိနေပါတယ်။ ဒါ့အပြင် အရှေ့မှာ အဖိုးကြီးတစ်ယောက်က ကလပ်စစ်ဂစ်တာ တီးနေပါတယ်။ ပုံမှန် ကျွန်တော်တို့ စားနေကျ ဘားတွေထဲမှာ ဂစ်တာတီးတာ အထူးအဆန်း မဟုတ်ပေမယ့် ဒီဟိုတယ်မှာတော့ အရင်က အဲဒီလို ဂစ်တာတီးတဲ့သူ တစ်ခါမှ မမြင်ဖူးတဲ့ အတွက် နည်းနည်း ထူးဆန်းသလိုပါပဲ။

စားပွဲရဲ့ အပြင်အဆင်ကလည်း ခါတိုင်းနဲ့ မတူပဲ ထူးခြားနေပါတယ်။ ကျွန်တော်တို့ စားပွဲမှာ ထိုင်ပြီးတော့လည်း အရင်လို မဟုတ်ဘဲ စားပွဲထိုးတစ်ယောက်က ရှန်ပိန် လာငှဲ့ပေးပါတယ်။ အစားအသောက် မှာပြီးတဲ့အခါမှာတော့ မာက့်ခ်က ကျွန်တော့်ကို ပြောပါတယ်။

“ဒီနေ့ ထူးထူးခြားခြားပဲကွ။ စားသောက်ခန်းတစ်ခုလုံး လူပြည့်နေတယ်။ အဆင်အပြင်တွေလည်း ပြောင်းနေတယ်။”

သူသတိထားမိဟန် မတူပါဘူး။ ကျွန်တော်က အကြောင်းရင်းကို သိနေပါတယ်။

“ဒီနေ့ ဗယ်လင်တိုင်းဒေးလေ။ ကြည့်ပါလား။ တခန်းလုံး အကုန် အတွဲတွေချည်းပဲ။”

ကျွန်တော် ကျောင်းသားဘဝ တလျှောက်လုံး စားသောက်ဆိုင်မှာ အလုပ်လုပ်လာ ခဲ့တာပါ။ ဒီလိုနေ့မျိုး ဆိုရင် ဘယ်တော့မှ အလုပ်မလုပ်ပါဘူး။ ဘာလို့လဲဆိုတော့ ပိုက်ဆံလည်း ပိုမရ သူများအတွဲတွေကြည့်ပြီး စိတ်ညစ်ရ အလုပ်ကလည်း နှစ်ဆပင်ပန်း ဆိုတော့ ဒီလိုနေ့ဆိုရင် ကျွန်တော်တို့ အကြောင်းတစ်ခုခု ပြပြီး အလုပ်ဆင်းလေ့ မရှိပါဘူး။

အဲဒီတော့မှ သူက ခန်းမထဲ လှမ်းကြည့်ပြီး ရယ်ပါတယ်။ အခန်းထဲမှာ ရှိတဲ့ အတွဲတော်တော်များများက လူငယ်လူရွယ်ဆိုတာ မပါသလောက်ပါပဲ။ အသက် ၃၀ အရွယ်လောက်ကနေ ၆၀ ကျော်လောက်အထိ လူကြီးပိုင်းတွေများပါတယ်။ အားလုံးက ဗယ်လင်တိုင်းဒေးရဲ့ ညနေကို ကြည်ကြည်နူးနူး ခံစားနေတဲ့ ပုံပါပဲ။ သူတို့ကို ကြည့်ရတာ စိတ်ထဲမှာတော့ လွမ်းသလိုလို ဆွေးသလိုလို ကိုယ့်ဘာသာကိုယ် ဘာဖြစ်မှန်းမသိ ဖြစ်သွားစေပါတယ်။

မာ့က်ခ်က ကျွန်တော့်ကို ပြောပါတယ်။

“ငါတို့ ဘဝကလည်း ဆိုးလိုက်တာကွာ။ ဗယ်လင်တိုင်းဒေးတောင် မိန်းမနဲ့အတူ ညစာမစားရဘူး။ လမ်းမပေါ်မှာ ချည်းပဲ။ မင်းကြည့် ကြည့်စမ်းပါ။ အားလုံးအတွဲတွေချည်းပဲ။ အတွဲမဟုတ်တာ ဆိုလို့ ငါတို့ နှစ်ယောက်ပဲ ရှိတယ်။”

သူပြောတာလည်း မှန်ပါတယ်။ အဲဒီအခန်းထဲမှာ အတွဲမဟုတ်တဲ့ စားပွဲဆိုလို့ ကျွန်တော်တို့ နှစ်ယောက်ရဲ့စားပွဲပဲ ရှိပါတယ်။ သူအဲဒီလို ပြောပြီးတော့ ကျွန်တော်တို့ နှစ်ယောက် သဘောကျလို့ ရယ်မိကြပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ နှစ်ယောက် အဲဒီနေ့ညက ဗယ်လင်တိုင်း မီနူးနဲ့ အတူ ဝိုင်တွေ ရှန်ပိန်တွေတော့ အလကားနီးပါး သောက်လိုက်ရပါတယ်။

Tuesday, February 10, 2009

အချစ်တစ်ခုတည်းနှင့် (၃)

ပထမပိုင်းမှ စ၍ဖတ်ရန်

ကျွန်မလေ မဖြစ်နိုင်ဘူး၊မဟုတ်ဘူး။ လို့ အကျယ်ကြီးအော်ပြီး ရှော့ခ် ရိုက်တဲ့စက်က လက်ကိုင် နှစ်ခုကို ယူပြီး သူ့ကို အဆက်မပြတ် အရူးတပိုင်း ရှော့ခ် ရိုက်နေမိတယ်။ စိတ်ခြောက်ခြားပြီး လန့်ကုန်တဲ့ သူနာပြုဆရာမတွေ ကျွန်မကိုကြည့်ပြီး အလန့်တကြားနဲ့ ကျွန်မစိတ်ဖောက်ပြန်သွားပြီ ဆိုတာကို အကြောင်းကြားဖို့ တခြားဆရာဝန် တစ်ယောက်ကို ပြေးခေါ်ကြတယ်။ သူ့ရဲ့ ခန္ဓာကိုယ် ဟာ ကျွန်မရဲ့ ရှော့ခ်ရိုက်ချက်ကြောင့် မြောက် မြောက်သွားတယ်။

ကျွန်မကိုယ်တိုင် ရူးမရူးတော့ မသိပါ။ ကျွန်မ သိနေတာကတော့ ကျွန်မ ကျွန်မရဲ့ ချစ်သူကို အသက်ရှင် နေစေချင်တယ်။ တချိန်လုံး ကျွန်မတို့ အချင်းများ နေကြပေမယ့်လည်း သူကျွန်မကို ချစ်စကား မပြောရ သေးပေမယ့်လည်း ကျွန်မ သူ့ရဲ့ အသက်ကို ကယ်ချင်ပါတယ်။ သူကျွန်မကို ကဒ်ပေးဘို့အကြွေးကျန် ပါသေးတယ်။ သူသေလို့ မဖြစ်ဘူး။ ကျွန်မ ရှော့ခ်ရိုက်တဲ့ လက်ကိုင် နှစ်ခုကို လွှတ်ပစ်ပြီး သူ့နှလုံးသားရှိရာ ကို အမြန်ဆုံး လက်နှစ်ဖက်နဲ့ နှိပ်ပါတယ်။ ကျွန်မရဲ့ ရှိသမျှ အားအကုန်လုံးနဲ့ လက်အစွမ်း ဖိနိုင်သလောက် ဖိပြီး သူ့အသက်ရှူ ဖို့ကိုလည်း အဆက်မပြတ် ဆုတောင်းနေမိတယ်။ ဒါပေမဲ့ သူ မလှုပ်ဘူး။ နာတယ်လို့တောင် မပြောဘူး။ မျက်စိကိုပိတ်လို့ ဘာမှ မတုံ့ပြန်ခဲ့ဘူး။

ကျှွန်မမိတ်ဆွေ ဒေါက်တာ ကျန်း က ကျွန်မကို စိတ်ဆိုးဆိုးနဲ့တွန်းဖယ်လိုက် တယ်။ အဲဒီအချိန်မှာ ကျွန်မရဲ့ အမြင်အာရုံတွေ ဝေဝါးနေပါပြီ။ ကျွန်မ ငိုတယ်။ အော်တယ်။ နောက်ဆုံး အသံမထွက်နိုင်တော့တဲ့ အထိတောင် ကျွန်မ ဟစ်အော်မိပါတယ်။
“ဒေါက်တာရှု၊ သူအသက်မရှိတော့ဘူး၊ သိပ်နောက်ကျသွားခဲ့ပြီ။ ငါစိတ်မကောင်းပါဘူး။ ” လို့ ဒေါက်တာကျန်းက ကျွန်မရဲ့ ပုခုံးကိုပုတ်ရင်း ပြောတယ်။ ဒေါက်တာ ကျန်း က သူ့ကို ကောင်းကောင်း သိပြီး သူတို့ နှစ်ယောက် ထမင်းတောင် အတူတူစားဖူးကြပါတယ်။ ကျွန်မ မိတ်ဆက် ပေးဖူးတယ်။

“သူသေလို့မဖြစ်ဘူး။ မဖြစ်ဘူး။” ကျွန်မ ခေါင်းကို ရမ်းရင်း အော်မိပြန်တယ်။ သူရှိတဲ့နေရာကို ပြေးသွားနိုင်ဖို့ ရုန်းကန်နေမိတယ်။
“စိတ်ကိုထိန်းပါ မိန်းကလေးရယ်။ ငါမင်းဘယ်လို ခံစားနေရတယ် ဆိုတာကို နားလည်ပါတယ်။ ဒါပေမယ့် မင်းလည်း ဆရာဝန် တစ်ယောက်ပဲ။” ဒေါက်တာကျန်းက ကျွန်မကို ခပ်ဆတ်ဆတ် ပြန်ပြောတယ်။

ကျွန်မလည်း လူထဲက လူတစ်ယောက်ပါ။ ဒီအချိန်မှာ ဆရာဝန် မဟုတ်တော့ပါဘူး။ ဒေါက်တာကျန်းက ကျွန်မခံစားနေရတာကို ဘယ်လိုလုပ်ပြီး နားလည်နိုင်မှာလဲ။ ကျွန်မ သူ့ကို ချစ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီမို့ အခုဆိုရင် အလေ့အကျင့် တစ်ခုတောင် ဖြစ်နေပြီလေ။ အဲဒီအကျင့်တစ်ခုကို ကျွန်မ ဘယ်လိုလုပ်ပြီး စွန့်ပစ်ရမှာလဲ။ အဲဒါတွင် မကသေးဘူး။ သူကျွန်မကို ကတ်ဒ်တစ်ခု ပေးဖို့လည်း အကြွေးကျန် နေသေးတယ်လေ။

“သူမသေရဘူး။ သူမသေရဘူး။” လို့ ကျွန်မဟစ်အော်ရင်း သူ့ဆီကို ပြေးသွားကာ သူ့ရဲ့ ခန္ဓာကိုယ်ထဲကို အသက်ဝိညာဉ် ပြန်ဝင်လာဖို့ ဆွဲလှုပ်ပြီး ကြိုးစားနေမိတယ်။

“သူ့ကို ခေါ်သွားကြစမ်း။” လို့ အော်ပြောသံကို ကြားလိုက်ရတယ်။ ကျွန်မရဲ့ ချုပ်တည်းမှုတွေ ပညာရှင် တစ်ယောက်ရဲ့ အသိတရားတွေ လွတ်ထွက်သွားခဲ့တယ်။

အဲဒီနေ့က ချစ်သူများနေ့ဖြစ်နေခဲ့ပါတယ်။

နောင်ပိုင်း သူ့မိတ်ဆွေတွေကို အဲဒီနေ့က သူဘာလို့ အလုပ်ကစောစောစီးစီး ပြန်သွားရတာလဲ ဆိုတာကို မေးဖြစ်တော့ သူတို့က ပြန်ပြောပြတယ်။ အဲဒီနေ့က ကျွန်မဖုန်းချသွားပြီးတဲ့ နောက်မှာ သူ ကျွန်မကို ဆက်သွယ်ဖို့ အကြိမ်ကြိမ် ပြန်ကြိုးစားပေမယ့် မရခဲ့ဘူး။ အဲဒါကြောင့် သူဆေးရုံကို လိုက်လာပြီး ကျွန်မကို ရှာဖို့ ကြိုးစားတဲ့ အချိန်မှာ ကုန်ကားကြီးတစ်စင်းနဲ့ တိုက်မိပြီး အဲဒီလို ဖြစ်ရတယ် ဆိုတာ သိခဲ့့ရတယ်။ အဲဒီ အကြောင်းကို ကြားရတဲ့ အချိန်မှာတော့ ကျွန်မ မလှုပ်မရှက်နဲ့ ကျောက်ရုပ်လို ဖြစ်နေမိတယ်။ ကျွန်မရဲ့ ကလေးဆန်တဲ့ ဒေါသတွေက သူ့ကို သတ်ပစ်ခဲ့တယ်။ အီးမေးလ်နဲ့ မပို့ဖြစ်တဲ့ ကဒ်ကလေးတစ်ခု ကြောင့် သူသေဆုံးခဲ့ရတယ်။ အဲဒီနောက်မှာတော့ ကျွန်မအတွက် ကလေးဆန် ရမယ့်သူ မရှိတော့ဘူးပေါ့။

အခုတော့ ကျွန်မဟာ စွန့်ပစ်ခံထားရတဲ့ ကြောင်တစ်ကောင်လိုပါပဲ။ ထပ်ပြီးတော့တောင် မငိုနိုင်တော့ပါဘူး။ သူသေဆုံးပြီးတဲ့ နောက်မှာတော့ ဘယ်လောက်ပဲ ခံစားရတဲ့ ဇာတ်လမ်းမျိုးဖြစ်ပါစေ ဘယ်လောက်ပဲ မျက်ရည်လည်စရာ ကောင်းတဲ့ စကားပြောခန်းတွေ ဖြစ်ပါစေ ကျွန်မ မငိုနိုင်တော့ပါဘူး။ သူတို့ဟာ ကျွန်မအတွက် ခံစားချက် မပေးနိုင်တော့ ပါဘူး။

အခုတော့ ကျွန်မမှာ ကြောင်ကလေးတစ်ကောင်ရယ် သိပ်မသုံးဖြစ်တဲ့ ကွန်ပြူတာ တစ်လုံးရယ် ပဲ အဖော်ရှိပါတယ်။ ကြောင်ကလေးပေါ်က ကျော်ခွသွားပြီး ကျွန်မ ကွန်ပြူတာကို ဖွင့်လိုက်ပါတယ်။ ဘယ်သူမှ ကျွန်မဆီကို အီးမေးလ်ပို့မှာ မဟုတ်ဘူး ဆိုတာကို သိပေမယ့် တစ်စုံတစ်ဦးကများ ကျွန်မကို အီးမေးလ်ပို့ လေမလားလို့ ကျွန်မ မျှော်လင့်နေခဲ့မိပါသေးတယ်။

ညောင်..ညောင် ဆိုတဲ့ အော်သံကြားမိလို့ ကြောင်ကလေး ခရစ်စတင်းကို ဘာများ ဖြစ်နေသလဲလို့ လှမ်းကြည့်မိပါတယ်။ သူ နို့သောက်လို့ ကုန်သွားပါပြီ။ ကျွန်မ သူ့အတွက် မီးဖိုခန်းထဲမှာ နို့သွားထပ်ယူပြီး ပြန်အလာမှာတော့ ကွန်ပြူတာရဲ့ ဖန်သားပြင်ကို ကြည့်မိပါတယ်။

ကျွန်မအတွက် အီးမေးလ် အစောင် ၁၀၀။ ဘယ်သူကများ အလုပ်မရှိ အကိုင်မရှိ ဒီအမှိုက်သရိုက် အီးမေးလ် အစောင် ၁၀၀ ကို ပို့လိုက်ပါလိမ့်။

ကျွန်မ အဲဒီအီးမေးလ်တွေ အားလုံးကို ဖျက်ပစ်လိုက်ဖို့ လုပ်နေတုန်းမှာပဲ နောက်ထပ် အီးမေးလ်တစ်စောင်ကို ထပ်ရပါတယ်။ အဲဒီအီးမေးလ်ထဲမှာ ရေးထားတာကတော့ “နှောင့်နှေးကြန့်ကြာမှုများအတွက် တောင်းပန်အပ် ပါတယ်။ System Error ကြောင့်မို့လို့ ဒီအီးမေးလ်တွေကို အခုထက်ထိ မပို့နိုင်ခဲ့ခြင်းပါ။ ”တဲ့။ ဒီအီးမေးလ်က ကျွန်မရဲ့ အင်တာနက် ဝန်ဆောင်မှု ပေးတဲ့ ကုမ္ပဏီက ပို့လိုက်တာပါ။



ကျွန်မ ပထမဆုံး အီးမေးလ်ကို ကြည့်လိုက်မိပါတယ်။ အဲဒီအီးမေးလ်မှာ ပို့လိုက်တဲ့ ရက်စွဲဟာ မနှစ်က ဗယ်လင်တိုင်းဒေးလို့ ပြနေပါတယ်။ ကျွန်မရဲ့ နှလုံးခုန်သံတွေ မြန်လာပါတယ်။ သူ များ ဒီအီးမေးလ်တွေကို ပို့ခဲ့တာလား။

တုန်ရီနေတဲ့ လက်တွေနဲ့ ကျွန်မ အီးမေးလ်ကို ဖွင့်လိုက်ပါတယ်။ ပထမဆုံး ပေါ်လာတာကတော့ သစ်ရွက်စိမ်းစိမ်းတွေရဲ့ နောက်ခံနဲ့ စွင့်ကားနေတဲ့ အနီရောင် နှင်းဆီပန်းတစ်ပွင့်ပါ။ အဲဒီနောက်မှတော့ သာယာတဲ့ သီချင်းသံကလေး တစ်ခုက စတင် ထွက်ပေါ်လာပါတယ်။ “Only Love ” ဆိုတဲ့ သီချင်းပါ။ မယုံကြည်စရာ အဖြစ်အပျက်ပါပဲ။ နှင်းဆီပန်းက အလွန်ကို လှပပြီး ဂီတသံက အလွန်ကို အိပ်မက်ဆန် လွန်းပါတယ်။ ကျွန်မဟာ အိပ်မက်ကမ္ဘာထဲကိုများ ရောက်နေပြီလားလို့ တွေးမိမတတ်ပါပဲ။ ပိုပြီး ခံစားရတဲ့ အရာကတော့ နှင်းဆီပန်းရဲ့ အောက်မှာ ရေးထားတဲ့ စာသားတွေပါ။ ဘာလို့လဲဆိုတော့ အဲဒီစာသားတွေက လှပတဲ့ ကဗျာ တစ်ပုဒ်လို ဖြစ်နေလို့ပါ။

“ဟွေ။”

ဒါက ကျွန်မနာမည်ပါ။

“မင်းနဲ့ ငါနဲ့ သိခဲ့ကြတာ နှစ်တွေ အများကြီး ကြာပေမယ့် ငါမင်းကို တစ်ခါမှ ပန်း မပေးဖူးခဲ့ဘူး။ ဒီနေ့ မင်းအတွက် ငါ နှင်းဆီပန်း တစ်ပွင့် ပို့လိုက်တယ်။”

ကျွန်မ ရပါပြီ။ အဲဒီ နှင်းဆီပန်းက အလွန် ကို လှပါတယ်။

“ငါတို့တွေ အမြဲလိုပဲ ရန်ဖြစ်နေခဲ့ကြတာ။ ငါတို့ရဲ့ နှလုံးသားတံခါးတွေကို ဖွင့်ပြီး တစ်ယောက်ကို တစ်ယောက် ဘယ်လိုခံစားချက်တွေ ရှိနေကြတယ် ဆိုတာကို မပြောဖြစ်ခဲ့ဘူးနော်။”

ဟုတ်တယ်။ ကျွန်မတို့ သူစိမ်းတွေလို ဖြစ်နေခဲ့ကြတာအတွက် အားလုံးဟာ ကျွန်မတို့ရဲ့ အမှားတွေပါ။

“ငါပြောခဲ့တဲ့ စကားတွေက မင်းကို ဒေါသဖြစ်စေတယ် ဆိုတာ ငါသိတယ်။”

အင်း။ မဆိုးပါဘူး။ သူဒါကိုတော့ ဝန်ခံသားပဲ။

“ဒါပေမယ့် ဒီနေ့တော့ ငါမင်းကို ပြောချင်တာက အဲဒီအတွက် စိတ်မကောင်းပါဘူး။ ငါမင်းကို ချစ်တယ်။”

ကျွန်မ ဒီစကားကို ကြားရဖို့ စောင့်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာလှပါပြီ။

“နောက်ပြီး မင်းကို ပြောစရာ သတင်းကောင်း တစ်ခုရှိတယ်။ ငါပိုက်ဆံစုနေတာ အခု အလုံအလောက် ရပြီ။”

ရှင့်မှာ ပိုက်ဆံအလုံအလောက် ရှိသားပဲ။ ဘာအတွက်များ ရှင်ပိုက်ဆံတွေ အများကြီး လိုနေတာလဲ။

“အဲဒီတော့ ဟွေရေ။ ငါတို့ လက်ထပ်ကြပါစို့။ ငါမင်းကို လက်ထပ်ခွင့်တောင်းဖို့ ကြောက်နေခဲ့တယ်။ ဘာလို့လဲဆိုတော့ မင်းနဲ့ထိုက်တန်တဲ့ ကောင်းမွန်တဲ့ ဘဝတစ်ခုမှာ မင်းကို ထားပေးနိုင်ပါ့မလား ဆိုပြီး ငါ့ရဲ့ အစွမ်းအစကို မယုံကြည်ခဲ့မိလို့ပါ။ ဒါပေမယ့် ငါအခုတော့ ပိုက်ဆံအလုံအလောက် စုပြီးခဲ့ပြီ။ ငါတို့ ထပ်စောင့်ဖို့ မလိုတော့ဘူး။”

ဘယ်သူကများ ရှင့်ကို စောင့်ခိုင်းခဲ့လို့လဲ။ ကျွန်မက ရှင်ပိုင်တဲ့သူ ဖြစ်နေပြီးသား မဟုတ်လား။

“ဒီနေ့တော့ ဒီကတ်ဒ်နဲ့ မင်းကို လက်ထပ်ခွင့် တောင်းပါရစေ။ ဟွေ မင်းငါ့ကို လက်ထပ်မှာလားဟင်။ လက်ထပ်မယ် မဟုတ်လား။”

အဲဒါကတော့ ကတ်ဒ်ထဲမှာ ပါတဲ့ စာသားတွေ အကုန်လုံးပါပဲ။ အရူးတစ်ယောက်လိုပဲ ကျွန်မ သူ့ရဲ့ စကားလုံးတွေကို အထပ်ထပ် အခါခါ ပြန်ဖတ်နေမိပြီး သူ့ကို စကားတွေ ပြောနေခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ့ရဲ့ အသံကို ကြားနေရပြီး သူ့ကို မြင်နေရသလိုပါပဲ။

လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်မတို့ နှစ်ယောက် အမြဲတမ်း ရန်ဖြစ်နေကြတုန်းက လိုပါပဲ။

သီချင်းကလည်း ထပ်ခါတလဲလဲ လာနေပါတယ်။ အသည်းကွဲလောက်အောင် ခံစားရတဲ့ နာနာ့ရဲ့ အသံက ထပ်ခါထပ်ခါ ထွက်ပေါ်နေပါတယ်။

အချစ်ကပဲ အမှတ်တရတွေ ကို ဖြစ်စေတယ်။ အချစ်ကပဲ ခဏတာကို ကြာရှည်စေတယ်။ မင်းအဲဒီမှာ ရှိနေတဲ့အချိန်က တကမ္ဘာလုံး နုနယ်ပျိုမြစ်နေပြီး သူ့ရဲ့ သီချင်းတွေအားလုံးဟာ မဆိုညည်းရသေးတဲ့ သီချင်းအသစ်တွေလိုပဲ။ အဲဒီအချိန်မှာ ငါမင်းကို သတိရတယ်။ ငါ့အတွက် အရာအားလုံးဟာ မင်းအတွက်နဲ့ မင်းပေးတဲ့အချစ်အတွက် ရှင်သန်နေရတာပဲ။

သီချင်းရဲ့ စာသားဟာ ကျွန်မတို့ရဲ့ အချစ်နဲ့ ထပ်တူနီးပါး ကိုက်ညီနေပါတယ်။ သူရှိနေတဲ့ အချိန်တုန်းက ကျွန်မရဲ့ ကမ္ဘာဟာ ပျိုမြစ်နုနယ်နေပါတယ်။ နေ့တိုင်းလိုလိုပဲ သူနဲ့ ရန်ဖြစ်ဖို့ အရင်နဲ့မတူတဲ့ အကြောင်းအရာ တစ်ခုကို ရှာတွေ့နိုင်ပါတယ်။ ဒါပေမယ့် သူခွဲခွာသွားတဲ့ အချိန်မှာတော့ ကျွန်မရဲ့ ဘဝဟာ ဘယ်တော့မှ ဝေးလွင့်မသွားတော့မယ့် အမှတ်တရတွေ အေးစက်မှုတွေနဲ့သာ ကျန်ရစ်ခဲ့ပါတော့တယ်။

“မင်းငါ့ကို လက်ထပ်မှာလား။”

အဲဒီ စကားလုံးတွေကို ဖတ်မိတဲ့ အချိန်မှာတော့ ကျွန်မ မသိလိုက်ရပဲ မျက်ရည်တွေ ယိုဆင်းကျလာပြီး ကီးဘုတ်ကို စိုရွှဲသွားစေပါတယ်။

“ကျွန်မသူ့ကို လက်ထပ်မှာလား။” တကယ်လို့ သူကျွန်မရှေ့မှာ ရှိမယ်ဆိုရင်တော့ ကျွန်မသူ့ကို ပိတ်ကန်ပြီး သူ့ကို အရူးကြီးလို့ ခေါ်မိမှာ သေချာပါတယ်။ ကျွန်မသာ တကယ်စိတ်မပါခဲ့ဘူး ဆိုရင် ဘာလို့ ရှင့်ကို ဒီနေ့အထိ စောင့်နေရမှာလဲ။

အဲဒါကြောင့် ကျွန်မဟာ Cursor ကို စာပြန်ရမယ့် နေရာကို ရွှေ့ပြီး ကျွန်မ နှစ်ပေါင်းများစွာ ပြင်ဆင်ထားခဲ့တဲ့ တုံ့ပြန်ချက်ကို ရိုက်ထည့် လိုက်မိပါတယ်။ “ကျွန်မ ရှင့်ကို လက်ထပ်မှာပါ။”

ကျွန်မရှင့်ကို လက်ထပ်မှာပါ။ ရှင့်ရဲ့ နံဘေးမှာ ဘဝတလျှောက်လုံ အတူရှိနေမှာပါ။ ရှင်နဲ့အမြဲတမ်း ရန်ဖြစ်နေမှာပါ။ ဒါက ကျွန်မ ပြန်ဖြေခဲ့တဲ့ အဖြေပါ။ ဒါပေမယ့် ကျွန်မကို တုံ့ပြန်မယ့် အရာကတော့ ထပ်ခါတလဲလဲ လာနေတဲ့ “Only Love” ဆိုတဲ့ သီချင်းပဲ ရှိပါတယ်။

ဒါပေမယ့်လည်း ကျွန်မ အီးမေးလ်တိုင်းကို ဖွင့်ပြီး အဲဒီထဲမှာ ပါတဲ့ နှင်းဆီပန်းတိုင်းကို လက်ခံခဲ့ပြီး “ကျွန်မ ရှင့်ကို လက်ထပ်မှာပါ။” ဆိုတဲ့ ပြန်ကြားချက်ကို ပဲ ရိုက်ထည့်နေမိပါတယ်။


ကျွန်မ စာအားလုံးအတွက် အခါ ၁၀၀ ပြန်ခဲ့ပြီး “Only Love” ဆို တဲ့ သီချင်းက လည်း အကြိမ် ၁၀၀ လာခဲ့ပါတယ်။ ဒီလို အေးမြတဲ့ ဗယ်လင်တိုင်း ညမှာ တစ်နှစ်တိတိ ပြတ်တောက်နေတဲ့ ကြိုးတစ်ချောင်း ပြန်လည် ချိတ်ဆက် မိခဲ့ပါတယ်။ ကျွန်မ လည်း ရှင့်ကို ပြန်ဖြေခဲ့ပါတယ်။ ရှင်ကရော ဘယ်လိုလဲ။

ပြီးပါပြီ။

(နောက်ဆုံးအပိုင်းကို ကူပြီး ဘာသာပြန်ပေးတဲ့ မခင်ဦးမေ ကို အထူးပဲ ကျေးဇူးတင်ပါတယ်။)

ဒီဝတ္ထုကိုပဲ နိုင်းနိုင်းစနေ ဘာသာပြန်ထားတာ ဒီမှာ ဖတ်လို့ရပါတယ်။ ကျွန်တော် အစအဆုံး ဘာသာပြန်ပြီးမှ သိတာပါ။

မူရင်းကတော့ ဒီမှာပါ။

http://www.lovefatedestiny.com/truelovestories.htm

Monday, February 9, 2009

အချစ်တစ်ခုတည်းနှင့် (၂)

ပထမပိုင်းမှ စ၍ဖတ်ရန်

သူက ကျွန်မရဲ့ ဆံပင်တွေကို ဆွဲရတာကို နှစ်သက်တတ်ပါတယ်။

“ဘာဖြစ်လို့ ဟင်းလင်းပြင်ထဲကို ငေးကြည့်နေရတာလဲ။ မင်းဟာ ဘာမှ မလုပ်ဘဲ နေတဲ့အချိန်ဆို အရမ်း အရုပ်ဆိုးတယ်။ ဒါပေမယ့် မင်းရယ်လိုက်ရင်လည်း မလှဘူး။” တစ်ခြားတစ်ဖက်က လှည့်တွေးမယ် ဆိုရင်တော့ ကျွန်မဟာ တကယ်ပဲ အရုပ်ဆိုးတယ်လို့ သူဆိုလိုချင်တာပါ။

“တကယ်တော့ ရှင်ကမှ အရုပ်ဆိုးတဲ့သူ။ ကျွန်မဒီလောက်တောင်မှ အရုပ်ဆိုးတယ် ဆိုရင် ရှင်ဘာလို့ ကျွန်မဆီ လာနေသေးသလဲ။” ကျွန်မက ကျွန်မရဲ့ ဆံပင်တွေကို ပြန်ဆွဲရင်း ပြန်ပြောမိပါတယ်။

“ဒါကတော့ မတတ်နိုင်ဘူးလေ။ မင်းအိမ်နဲ့ ငါ့အိမ်က ဘေးချင်းကပ်ရပ်ကိုး။ ” သူက အဲဒီလို ပြန်ငြင်းတတ်ပါတယ်။

“ဒါဆို ကျွန်မ အိမ်ပြောင်းတော့မယ်။” ကျွန်မက အဲဒီလို ပြန်ပြောမိပါတယ်။ နောက်နေ့ကစပြီး ကျွန်မ မြေဖြူခဲ တစ်ချောင်းနဲ့ မြေကြီးပေါ်မှာ လိုင်းတစ်လိုင်း ဆွဲထားလိုက်ပါတယ်။ သူ့ကို အဲဒီလိုင်းကို ဖြတ်ကျော်ပြီး မလာဖို့ ကျွန်မ တားမြစ်ထားတာပါ။

အဲဒီနှစ်က ကျွန်မတို့ နှစ်ယောက်စလုံး ၅ တန်းမှာပါ။ ကျွန်မတို့ တစ်ယောက်ကို တစ်ယောက် သည်းမခံနိုင်ကြပဲ တစ်ယောက်ယောက်ကတော့ တစ်နေ့နေ့မှာ အိမ်ပြောင်းသွားလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြပါတယ်။ ဒါပေမယ့် ၅ နှစ်ကြာတဲ့ အချိန်အထိ ကျွန်မတို့ နှစ်ယောက်စလုံး အိမ်မပြောင်းခဲ့ကြပါဘူး။ အဲဒါတင် မကသေးဘူး။ ကျွန်မတို့ နှစ်ယောက် စလုံးဟာ အထက်တန်းကျောင်း တစ်ခုထဲမှာ အတန်းတစ်တန်းတည်း အတူတူ တက်ခဲ့ကြ ပါသေးတယ်။

“မင်းတို့ကတော့ တကယ်ကို မလိုက်ဖက်တဲ့ အတွဲပဲ။” လို့ ကျောင်းမှာ ရှိသမျှ ကျောင်းသူ ကျောင်းသား တွေကရော ဆရာဆရာမ တွေကပါ ကျွန်မတို့ကို တွေ့တိုင်း အဲဒီလို မှတ်ချက်ပေး တတ်ပါတယ်။

“ကျွန်မတို့က အတွဲမဟုတ်ဘူး။ အိမ်နီးချင်း သက်သက်ပဲ။” လို့ ကျွန်မက အမြဲတမ်း ရှင်းပြဖို့ ကြိုးစားတတ်ပါတယ်။ အဲဒီအချိန်ကတော့ ကျွန်မဟာ ကျွန်မရဲ့ အဖေနဲ့ အမေကို သူ့ရဲ့ အိမ်ဘေးမှာ နေခဲ့တဲ့ အတွက်တောင် မုန်းမိပါသေးတယ်။

“ငါ့ အဆင့်က အဲဒီလောက် မနိမ့်သေးဘူး။ ဘယ်သူက သူ့ကို ရည်းစားအဖြစ် လိုချင်မှာလဲ။ ငါ့မှာလည်း မျက်စိ မရှိတာမှ မဟုတ်တာ။” လို့ သူက ပြောတတ်ပါတယ်။

ကျွန်မ သူ့ကို လုံးဝ ကြည့်လို့မရပါဘူး။ “ရှင့်မျက်လုံးက ခေါင်းပေါ်မှာ ရှိတာကိုး၊” လို့ ပြန်ပြောတတ်ပါတယ်။

အဲဒီအချိန်မှာ “မင်းလို မျက်လုံးက ခေါင်းရဲ့အောက်မှာ ရှိတာထက်တော့ တော်သေးတာပေါ့ကွာ။” လို့ သူက ပြန်ချေပပါတယ်။ သူဆိုလိုချင်တာက ကျွန်မဟာ ယောက်ျားလေးတွေကို အကဲမဖြတ်တတ်ဘူး ဆိုတဲ့ သဘောမျိုးပါ။ အဲဒီအချိန်တုန်းက ကျွန်မဟာ အတန်းကြီးက ကျောင်းသား တစ်ယောက်ကို နှစ်သက် သဘောကျ နေမိခဲ့ပါတယ်။

သူ့ရဲ့ ခနဲ့တဲ့တဲ့ စကားမှာ လျှို့ဝှက်တဲ့ အဓိပ္ပါယ်တွေ ရှိနေတယ်ဆိုတာ ကျွန်မ မတွေးမိခဲ့ပါဘူး။ နည်းနည်းလေး ကြာတော့မှ အဲဒီ အတန်းကြီး ကျောင်းသားမှာ ရည်းစားတွေ အများကြီး ရှိတယ် ဆိုတာကို ကျွန်မ သိလာခဲ့ရပါတယ်။ အဲဒီအတွက် ကျွန်မငိုမိတော့ သူက တိတ်တိတ်ဆိတ်ဆိတ်ပဲ ကျွန်မကို လက်ကိုင်ပုဝါကလေး တစ်ထည် ကမ်းပေးပြီး သူ့ရဲ့ ရင်ခွင်ထဲမှာ ကိုးရိုးကားယား ဖက်ထားခဲ့ပါတယ်။

“ငါမင်းကို ပြောသားပဲ။ အဲဒီအကောင်ဟာ ကောင်းတဲ့အကောင် မဟုတ်ပါဘူး ဆိုတာ။” သူက ကျွန်မကို အပေါ်ယံအပြောနဲ့ နှစ်သိမ့်ပါတယ်။ ကျွန်မ သူ့ရင်ခွင်ထဲမှာ တစ်ညလုံး ငိုနေခဲ့ပြီး အဲဒီနောက်ပိုင်း မှာတော့ သူ့ကို အမြင်တစ်မျိုးနဲ့ မြင်လာခဲ့ပါတယ်။ ကျွန်မတို့ နှစ်ယောက်ကြားက အနေအထားတွေက ပြောင်းလဲလာပါတယ်။ ကျွန်မတို့ အရင်တုန်းကလို တစ်ချိန်လုံး ရန်ဖြစ် နေကြသေးပေမယ့် သူက ကျွန်မအပေါ် ကြည့်တဲ့ အကြည့်တွေ ပြောင်းလာခဲ့ပါတယ်။ သူအနားမှာ ရှိတဲ့ အချိန်တွေမှာ ကျွန်မဟာ ရှက်သွေးဖြာပြီး ရင်ခုန်သံလည်း ပိုမြန်လာတတ် ပါတယ်။ ကျွန်မတို့ နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် ချစ်မိသွားပြီ ဆိုတာကို သိလိုက်ကြပါတယ်။

အဲဒီလို သိကြပေမယ့် ကျွန်မတို့ နှစ်ယောက်စလုံး ပါးစပ်က တစ်ခွန်းမှ ဖွင့်မပြောခဲ့ ကြပါဘူး။ ကျွန်မတို့ နှစ်ယောက်စလုံး ချစ်နေကြပြီ ဆိုတဲ့ အချက်ကို မငြင်းနိုင် ကြသလို အမြဲလိုလို တစ်ယောက်နဲ့တစ်ယောက် နမ်းဖြစ်ခဲ့ကြ ပါတယ်။ ကျွန်မတို့ဟာ တစ်ယောက်ရဲ့ ခြေလှမ်းတွေကို နောက်တစ်ယောက်က အမြဲလိုလို ဂရုတစိုက် စောင့်ကြည့် နေတတ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ ဟာ ကျွန်မတို့ရဲ့ အချစ်တွေကို ဖွင့်ဟ ဝန်ခံဖို့ ငြင်းဆန်ခဲ့ကြပါတယ်။

ဒီလိုနဲ့ပဲ အချိန်တွေဟာ အလျှင်အမြန် ကုန်ဆုံး သွားခဲ့ပြီး ကျွန်မတို့နှစ်ယောက် ခွဲခွာရမယ့် အချိန်ကို ရောက်လာခဲ့ပါတယ်။ ကျွန်မက ဆေးတက္ကသိုလ် တက်ဖို့ ရွေးခဲ့ပြီး သူကတော့ ရူပဗေဒ မေဂျာကို ရွေးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မတို့ နှစ်ယောက် မခွဲနိုင်ခဲ့ ကြပါဘူး။ ကျွန်မတို့ရဲ့ မိဘတွေက တိုင်ပေမှာ ကျွန်မတို့အတွက် အသိအကျွမ်း တစ်ယောက်မှ မရှိတဲ့အတွက် စိုးရိမ်ခဲ့ကြပါတယ်။ အဲဒါကြောင့်လည်း သူတို့ဟာ ကျွန်မတို့ကို အဆောက်အဦး တစ်ခုတည်းမှာ အတူနေဖို့ အတင်းအကြပ် စီစဉ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ ကျွန်မတို့ဟာ အိမ်နီးချင်းတွေ ဖြစ်လာကြ ပြန်ပါတယ်။ ကျွန်မတို့ အရင်လိုပဲ ရန်ဖြစ်ကြတုန်းပါ။ တစ်ခါတစ်လေ အိပ်ခန်းထဲမှာတောင် ရန်ဖြစ်ကြပါတယ်။ ဟုတ်ပါတယ်။ ကျွန်မတို့ နှစ်ယောက် ချစ်သူတွေ ဖြစ်နေကြပါပြီ။ ဒါပေမယ့် နှစ်ယောက်စလုံး ပါးစပ်ကနေ ချစ်တယ် ဆိုတဲ့ စကားကို ထုတ်မပြော ခဲ့ကြပါဘူး။ ကျွန်မတို့ဟာ ဗယ်လင်တိုင်းဒေးတွေမှာတောင် နှစ်ယောက်အတူတူ အချိန်မကုန်ဆုံး ဖြစ်ပါဘူး။ သူကျွန်မကို အခြား ယောက်ျားတစ်ယောက်နဲ့ ဗယ်လင်တိုင်းဒေး ညစာ အတူတူစားတာကို တွေ့သွားတဲ့ အချိန်အထိပဲ ဆိုပါတော့။ အဲဒီညက သူကျွန်မရဲ့ အခန်းတံခါးရှေ့မှာ စောင့်နေခဲ့ပြီး အခုအချိန်က စပြီး သူကျွန်မကို ဗယ်လင်တိုင်းဒေးတိုင်းမှာ ညစာစားဖို့ အပြင်ခေါ်သွားမယ် လို့ ပြောပါတယ်။ သူ ကျွန်မကို အထက်စီးကနေ အဲဒီလို ပြောတာပါ။ ဒါပေမယ့် ကျွန်မ ခေါင်းငြိမ့်ပြီး သူ့ရဲ့ တောင်းဆိုချက်ကို လိုက်လျောခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဗယ်လင်တိုင်းဒေးတိုင်းကို ကျွန်မတို့ နှစ်ယောက် အတူတူ ကုန်ဆုံး ခဲ့ကြပါတယ်။ ကျောင်းပြီးလို့ ဘွဲ့ရတဲ့ အချိန်မှာတော့ ကျွန်မက အလုပ်သင် ဆရာဝန် ဘဝကို စတင်ခဲ့ပြီး သူကတော့ ကွန်ပြူတာ ကုမ္ပဏီ သေးသေးကလေးတစ်ခုကို သူငယ်ချင်းတွေနဲ့ အတူ စပြီး ထောင်ခဲ့ကာ ပရိုဂရမ်မာ တစ်ယောက်အနေနဲ့ ရပ်တည်ခဲ့ပါတယ်။ ကျွန်မတို့ဟာ ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေခဲ့ကြပြီး ရည်းစားအတွက် အချိန် မပေးနိုင်ခဲ့ ကြပါဘူး။ နောက် ၃ နှစ်အကြာမှာတော့ ကျွန်မဟာ ဆရာဝန်တစ်ယောက် ဖြစ်လာခဲ့ပြီး သူ့ရဲ့ စီးပွားရေးလုပ်ငန်းဟာလည်း စတင် အောင်မြင်လာခဲ့ ပါတယ်။ ကျွန်မတို့ဟာ ပိုကြီးတဲ့ အိမ်ခန်းတွေကို အသီးသီး ရွှေ့ပြောင်းခဲ့ကြပြီး အိမ်နီးချင်း အနေနဲ့ ဆက်လက်ပြီး ရှိမနေကြတော့ပါဘူး။ အပေါ်ယံမှာတော့ ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် ဝေးကွာခဲ့ သလိုပါပဲ။ ဒါပေမယ့် တကယ်တမ်းမှာတော့ ကျွန်မတို့ နှစ်ယောက်ဟာ အတူတူ ရှိနေကြဆဲပါ။ ကျွန်မတို့ဟာ ဗယ်လင်တိုင်းဒေးတိုင်းကို အတူတကွ ကုန်ဆုံးခဲ့ကြပေမယ့် တစ်နှစ်ထက်တစ်နှစ် ဆိုသလို ပိုပြီး ငြီးငွေ့စရာကောင်းလာပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မ ဒီလောက် အခွင့်အလမ်းတွေ ပေးနေတာတောင်မှာ သူ့ရဲ့ ပါးစပ်က ချစ်တယ်ဆိုပြီး တစ်ခွန်းမှ ဖွင့်မပြောခဲ့လို့ပါ။

အခုထက်ထိ အီးမေးလ် တစ်စောင်မှ ရောက်မလာသေးတဲ့ ကျွန်မရဲ့ အီးမေးလ်ကို ကြည့်ရင်း ကျွန်မ ရုတ်တရက် ဒေါသထွက်လာပါတယ်။ သူ ငါ့ကို ပါးစပ်ကလည်း ဖွင့်မပြောဘူး။ ကတ်ဒ်လဲ မပို့ဘူး။ ဒါဘာသဘောလဲ။ သူ့ကိုယ်သူ ဘာကောင်များ ထင်နေသလဲ။ ကျွန်မ သူ့ရဲ့ ဟင်းန်ဖုန်းကို လှမ်းခေါ်လိုက်ပါတယ်။

“ဟဲလို” သူက ဖုန်းကို ကောက်ကိုင်ပါတယ်။

“ကျွန်မ အခုထက်ထိ ကတ်ဒ်မရသေးဘူး။”

“မင်း တကယ် မရသေးဘူး။ ဟုတ်လား။ ငါပို့လိုက်ပြီလေ။” သူ့ကြည့်ရတာ အတော် အလုပ်များနေတဲ့ ပုံပါ။

သူ တကယ်အလုပ်များနေပေမယ့် ကျွန်မ ဂရုမစိုက်နိုင်ပါဘူး။ “ဟုတ််တယ်။ မရသေးဘူး။ ထပ်ပို့ဦး။”

“ကောင်းပြီ။ ငါမင်းဆီကို အခါ ၁၀၀ ပို့လိုက်မယ်။ ကျေနပ်ပြီလား။” သူက စိတ်မရှည်သလို ပြောပါတယ်။ သူ့ရဲ့လေသံက ကျွန်မရဲ့ ဒေါသကို အထွတ်အထိပ် ရောက်စေပါတယ်။ ဒါ ချစ်သူတွေ တစ်ယောက်နဲ့ တစ်ယောက် ပြောကြတဲ့ လေသံတဲ့လား။

“ကျွန်မဆီကို ပို့လည်း မပို့နဲ့တော့။ ဒီညလည်း ကျွန်မကို လာမခေါ်နဲ့တော့။ ဒီနေ့ ညစာကို ကျွန်မဘာသာပဲ စားတော့မယ်။”

“ကလေးမဆန် စမ်းပါနဲ့ကွယ်။ ငါတကယ်ကို အလုပ်များနေလို့ပါ။”

“ကျွန်မက ကလေးဆန်တယ်။ ဟုတ်လား။” ကျွန်မဖုန်းကို ချလိုက်ပါတယ်။ နောက်တော့ မျက်ရည်တွေ ကျွန်မရဲ့ ပါးပြင်ပေါ်ကို လိမ့်ဆင်းလာပါတယ်။

ကလေးဆန်သတဲ့လား။ သူ ဘာဖြစ်လို့ အခု လက်ရှိ အခြေအနေကို မစဉ်းစားရတာလဲ။ ကျွန်မတို့နှစ်ယောက် အတူ တွဲလာကြတာ နှစ်ပေါင်းများစွာလည်း ကြာခဲ့ပြီ။ ဗယ်လင်တိုင်းဒေးတွေကို အတူတူ ကုန်ဆုံးခဲ့ ကြတာလည်း မရေမတွက် နိုင်တော့ဘူး။ ကျွန်မ သူ့ဆီက ပန်းတွေ ကတ်ဒ်တွေ တစ်ခါမှ မရခဲ့ဖူးသေးဘူး။ အခုလည်း ကျွန်မလိုချင်တာက ဘာမဟုတ်တဲ့ အီးကတ်ဒ်ကလေး တစ်ခုပါ။ အဲဒီလို တောင်းဆိုတာဟာ သိပ်များနေလို့လား။

ကျွန်မ ဖုန်းပလပ်ကို နံရံကနေ ဆွဲဖြုတ်လိုက်ပါတယ်။ ကျွန်မရဲ့ ဟင်းန်ဖုန်းကိုလည်း ပိတ်လိုက်ပါတယ်။ ကျွန်မ သူ့ရဲ့ ဖြေရှင်းချက်တွေကို မကြားချင်တော့ပါ။ ကျွန်မ ဆေးရုံကို ပြန်ရောက်တဲ့ အချိန်မှာတော့ ဧည့်ကြိုကောင်တာက ကောင်မလေးကို ဘယ်သူ့ဆီက ဖုန်းခေါ်ခေါ် ကျွန်မဆီကို ချိတ်မပေးဖို့ မှာထားလိုက်ပါတယ်။ ကျွန်မ အလုပ်ထဲမှာပဲ အာရုံစိုက်ပြီး လုပ်ချင်ပါတော့တယ်။

အဲဒီနေ့မှာ အရေးပေါ် လူနာတွေ အရမ်းများတဲ့ အတွက် နောက်တစ်နာရီလောက် အကြာမှာတော့ ကျွန်မ ခွေျးပျံအောင် အလုပ်များနေပြီး ကျွန်မတို့ စကားများတာ ကိုတောင် မေ့သွားပါတယ်။

“ဒေါက်တာရှု။ ကျေးဇူးပြုပြီး ဒီလူနာကို ကြည့်ပါဦး။”

ကျွန်မ ပစ္စည်းကိရိယာတွေကို သိမ်းဆည်းနေတဲ့ အချိန်မှာ အရေးပေါ်လူနာဌာနရဲ့ အပြင်မှာ အရေးပေါ် လူနာတင်ကားရဲ့ အသံစူးစူးကို ကြားလိုက်ရပါတယ်။ ကျွန်မ တံခါးရဲ့ အပြင်ဖက်ကို ထွက်လိုက်တဲ့ အချိန်မှာတော့ အရေးပေါ် ဆေးဝန်ထမ်းတွေက လူနာတင် တွန်းလှည်းကို သုတ်သီးသုတ်ပြာ တွန်းရင်း ဝင်လာကြပါတယ်။

“သူဘာဖြစ်လာတာလဲ။” ကျွန်မက ပထမ ဆေးဝန်ထမ်းကို လှမ်းမေးလိုက်ပါတယ်။ အခြားသူတွေ အားလုံးကတော့ လူနာကို လူနာတင် တွန်းလှည်းပေါ်တင်ဖို့ ကြိုးစားနေကြပါတယ်။ လူနာရဲ့ တစ်ကိုယ်လုံးမှာ သွေးတွေ ပြည့်နေပါတယ်။

“ကား အက်ဆီးဒင့် ဖြစ်တာ။ တော်တော်ကို ဆိုးတယ်။ သူသေတောင် သေနိုင်တယ်။” လို့ ဆေးဝန်ထမ်းက ပြန်ဖြေပါတယ်။

ကျွန်မ ခေါင်းညိမ့်ပြီး သူတို့နဲ့အတူ ခွဲစိတ်ခန်းထဲကို ပြေးဝင်ခဲ့ပါတယ်။ ကျွန်မ ရောက်လာတဲ့ အချိန်မှာတော့ သူနာပြုတွေက လူနာဟာ အသက်မရှူတော့ဘူး နှလုံးလည်း မခုန်တော့ဘူး လို့ ပြောကြပါတယ်။

“ရှော့ခ်ရိုက်ဖို့ အသင့်ပြင်ထား။” ကျွန်မ တည်တည်ငြိမ်ငြိမ်ပဲ ညွှန်ကြားချက် ပေးလိုက်ပါတယ်။ လူတွေရဲ့ အသက်ကို ကယ်ရတာဟာ ကျွန်မတို့ရဲ့ တာဝန်ပါပဲ။ ကျွန်မတို့ မတည်မငြိမ် ဖြစ်နေလို့ မရပါဘူး။

ဒါပေမယ့် ခွဲစိတ်စားပွဲပေါ်မှာ လှဲလျောင်းနေတဲ့ လူနာကို မြင်လိုက်တဲ့ အချိန်မှာတော့ ကျွန်မရဲ့ တည်ငြိမ်မှုတွေ ပျောက်ဆုံးသွားပါတယ်။ အဲဒီ လူနာဟာ ကျွန်မရဲ့ ရည်းစားဖြစ်နေလို့ပါ။

ဇာတ်သိမ်းပိုင်းကို ဖတ်ရန်

Sunday, February 8, 2009

အချစ်တစ်ခုတည်းနှင့် (၁)

(ဒီဝတ္ထုကိုပဲ နိုင်းနိုင်းစနေ ဘာသာပြန်ထားတာ ဒီမှာ ဖတ်လို့ရပါတယ်။ ကျွန်တော် အစအဆုံး ဘာသာပြန်ပြီးမှ သိတာပါ။)

အဲဒီနေ့ဟာ ဖေဖော်ဝါရီလ ရဲ့ အေးမြတဲ့ ညတစ်ညပါ။ လူတွေဟာ လမ်းတွေပေါ်မှာ ပျားပန်းခတ်သလို လှုပ်ရှားသွားနေကြတယ်။ တစ်ချို့ကတော့ သူတို့ရဲ့ ကုတ်အင်္ကျီ ကော်လာတွေကို ဆွဲတင်လို့ တစ်ချို့ကတော့ လည်စည်းတွေကို လည်ပင်းမှာ ရစ်ပတ်လို့ သူတို့ဘာသာသူတို့ နွေးထွေးအောင် ကြိုးစားနေကြတယ်။

ဒီနေ့ဟာ အလွန်ကို အေးပါတယ်။ ကျွန်မကတော့ ပြတင်းပေါက်မှာ ရပ်ပြီး လူတွေ အစက်အပြောက် ကလေးတွေလို ရွေ့လျားနေတာကို ကြည့်နေမိတယ်။ နွေးထွေးတဲ့ အခန်းထဲမှာ ရပ်နေရင်း ကျွန်မဟာ အဲဒီလူတွေကို သနားမိတယ်။ ဘာလို့ သူတို့ အိမ်မပြန်ကြသေးတာလဲ။ သူတို့ မနက်အထိပဲ လျှောက်သွားဖို့ အစီအစဉ် ရှိကြတာလား လို့ တွေးနေမိတယ်။

“အိမ်ပြန်ဖို့ အချိန်ရောက်တော့မယ်။ အခုအချိန်လောက်ဆို ငါ့ရည်းစားတော့ ဒေါကန် နေလောက်ပြီ။ ဗယ်လင်တိုင်းဒေးမှာ အချိန်ပို လုပ်ရတယ်။ မတရားဘူး။” နပ်စ်မ တစ်ယောက်က သက်ပြင်း ချရင်း ပြောသံကို ကျွန်မ ကြားလိုက်ရတယ်။

အဲဒီတော့ အခြားတစ်ယောက်က ပြန်ပြောတယ်။ “နင်က ကံကောင်းပါသေးတယ်။ တစ်ချို့များဆို သူတို့ကို စောင့်နေမယ့်သူတောင် မရှိရှာဘူး။”

“နင်ဆိုလိုချင်တာက ဒေါက်တာ ရှု လား။”

ကျွန်မ နာမည်ကို ပြောသံကြားတော့ ကျွန်မ နားစိုက်ထောင်လိုက်မိတယ်။

“မနှစ်က ဒီလိုနေ့မှာ သူ ဘယ်လို ဆောက်တည်ရာမရ ဖြစ်နေတယ် ဆိုတာ နင်မှတ်မိလား။”

“သိပ်မှတ်မိတာပေါ့။ ငါ ဒေါက်တာရှုကို အဲဒီလို ဖြစ်တာ တစ်ခါမှ မတွေ့ဖူးဘူး။ အရူးတစ်ယောက်လိုပဲ။ ငိုလိုက် အော်လိုက်နဲ့။”

သူတို့ဟာ မနှစ်တုန်းက ကျွန်မ ဘယ်လို ဖြစ်နေတယ် ဆိုတာကို ပြန်ပြောနေကြပါတယ်။ သူတို့ ပြောတာ မှန်ပါတယ်။ သူတို့ ပြောသလိုပဲ ကျွန်မဟာ ဆောက်တည်ရာမရ ဖြစ်နေခဲ့ပါတယ်။

“နင်သူ့ကို အပြစ်တင်လို့တော့ မရဘူး။ ငါသာ သူ့နေရာမှာဆိုရင် ငါလည်း အဲဒီလိုပဲ အရူးတစ်ယောက်လို ဖြစ်နေမိမှာပဲ။”

“တိုးတိုးပြောပါဟ။ သူ အိမ်မပြန်သေးဘူး။ ကြားသွားဦးမယ်။”

နပ်စ်မနှစ်ယောက်တော့ နောက်ကျသွားခဲ့ပါပြီ။ ကျွန်မဟာ သူတို့ ပြောနေတဲ့စကား အစအဆုံးကို ကင်းဗတ်နံရံကို ဖောက်ပြီး ကြားခဲ့ပြီးပါပြီ။

“ဒေါက်တာရှု၊ ဒီမှာ ဘာရပ်လုပ်နေတာလဲဟင်။”

ကျွန်မ အရှေ့ကို ထွက်ပြီး လူလုံးထွက် ပြရရင် ကောင်းမလားလို့ စဉ်းစားနေတုန်းမှာပဲ တခြားနပ်စ်မ တစ်ယောက်က ကျွန်မ ရှိနေတာကို ဖော်ထုတ် လိုက်ပါတယ်။ ကျွန်မလည်း ကသိကအောက်နဲ့ ရှေ့ထွက် ခဲ့ရပါတယ်။ ကျွန်မအကြောင်း ပြောနေတဲ့ နပ်စ်မ နှစ်ယောက်လည်း မျက်နှာတွေ နီသွားကြပါတယ်။ သူတို့ရဲ့ မျက်နှာတွေက ဗယ်လင်တိုင်း ချော့ကလက်ပေါ်က ဖဲပြားထက်ကို ပိုပြီး နီသွားကြပါတယ်။

ကျွန်မလည်း ဘာကိုမှ မကြားခဲ့ချင်ယောင် ဆောင်ပြီး ပြောလိုက်ပါတယ်။

“ကျွန်မ အိမ်ပြန်ဖို့ စောင့်နေတာပါ။”

“ဒေါက်တာရှု။ ရှင် အလုပ်တွေ သိပ်များနေလို့ မသိလိုက်တာထင်တယ်။ အိမ်ပြန်ဖို့ အချိန်တောင်လွန်နေပြီ။ မနက်ဖြန်မှ ဆုံကြတာပေါ့။ ပျော်စရာကောင်းတဲ့ ဗယ်လင်တိုင်းဒေး ဖြစ်ပါစေ။” သူမက လက်ဝှေ့ယမ်း နှုတ်ဆက်ရင်း ပြောသွားပါတယ်။

“ပျော်စရာကောင်းတဲ့ ဗယ်လင်တိုင်းဒေး ဖြစ်ပါစေ။” ကျွန်မက သူမကို ပြန်ပြီး လက်ဝှေ့ယမ်းပြရင်း နပ်စ်မ နှစ်ယောက် သုတ်သုတ် ပြာပြာ ထွက်သွားတာကို ကြည့်နေမိပါတယ်။

ကောင်းပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ အိမ်ပြန်ဖို့ အသင့်ဖြစ်နေပါပြီ။ ကျွန်မအတွက် ချစ်သူတစ်ယောက်က စောင့်နေမှာ မဟုတ်ပေမယ့် ကျွန်မပြန်လာပြီး အစာကွေျးမှာကို စောင့်နေမယ့် ကြောင်ငပျင်းတစ်ကောင်တော့ ရှိပါသေးတယ်။

ကျွန်မ အိမ်ပြန်လာပြီး ပထမဆုံး လုပ်တဲ့အလုပ်ကတော့ ကြောင်ကို အစာကွေျးတာပါ။ ဒီကြောင်ကို ဘယ်တုန်းက စမွေးသလဲ ဆိုတာတော့ ကျွန်မမေ့နေပါပြီ။ မနှစ်က ဗယ်လင်တိုင်းဒေး အပြီးလောက်မှာ ဖြစ်မယ် ထင်ပါတယ်။ အဲဒီအချိန်က ကျွန်မလည်း စွန့်ပစ်ခံထားရတဲ့ ကြောင်တစ်ကောင်လိုပါပဲ။ ကျွန်မရဲ့ မျက်လုံးတွေမှာ စိတ်ဓာတ် ပျက်ပြား မှုတွေနဲ့ ပြည့်နှက် နေပါတယ်။ ကြောင်က မငိုပေမယ့် ကျွန်မက ငိုပါတယ်။ အဲဒီတစ်ခုပဲ ခြားနားတာရှိပါတယ်။

“နင် ဒီနို့တွေကို အကုန်သောက်ရင်သောက်။ မသောက်ရင် နင့်ကိုငါ အရေခွံ ဆုတ်ပစ်မယ်။” လို့ ကျွန်မ ကြောင်ကို ခြိမ်းခြောက်ပါတယ်။ သူမရဲ့ နာမည်က ခရစ်စတင်းပါ။ ကျွန်မ မကြိုက်ဆုံး အင်္ဂလိပ်နာမည် တစ်ခုပါ။ ကျွန်မဘာလို့ ကြောင်ကို ခရစ်စတင်းလို့ နာမည် ပေးမိသလဲတော့ မသိပါ။ ကြောင်က ညောင်လို့ တစ်ချက်အော်ပြီး ကျွန်မပြောတာကို ကြားတယ်လို့ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် သူမရဲ့ မျက်လုံးတွေ ကတော့ ကျွန်မရဲ့ တင်းကြပ်တဲ့ စကားလုံးတွေကို မကျေနပ်ကြောင်း ပြနေပါတယ်။ သူမရဲ့ မျက်လုံးတွေက ကျွန်မသိခဲ့ဖူးတဲ့ သူတစ်ယောက်ကို သတိပေးနေ သလိုပါပဲ။ ကျွန်မရဲ့ ရှေ့မာှ ပုန်ကန်တတ်တဲ့ မျက်လုံးတွေနဲ့ ရပ်နေတတ်တဲ့ သူတစ်ယောက်ကိုပေါ့။

လွန်ခဲ့တဲ့နှစ်က ဒီနေ့မှာ ကျွန်မဟာ ကျွန်မရဲ့ ရည်းစားနဲ့အတူ နေ့လည်စာ စားရင်း အဲဒီလို ရတဲ့ အခွင့်အရေးကို အသုံးပြုပြီး သူ့ကို မကျေမနပ် ပြောနေခဲ့ပါတယ်။

“ဒီနေ့ ဗယ်လင်တိုင်းဒေးလေ။ ရှင်ကျွန်မကို ပန်းတစ်ပွင့်မှတောင် မပေးတော့ဘူးလား။”

“မင်းကို ငါက ဘာလို့ ပေးရမှာလဲ။ မင်းက ငါ့ရဲ့ တစ်စုံတစ်ယောက်သောသူမှ မဟုတ်တာ။” သူက မျက်ခုံးကို ပင့်ရင်း ပြန်ပြောပါတယ်။

“အဲဒါဆိုရင် ရှင်ကျွန်မကို ကတ်ဒ် တစ်ကတ်ဒ်တော့ အနည်းဆုံး ပေးသင့်တာပေါ့။” သူ့ရဲ့ လေသံကြောင့် ကျွန်မ နှုတ်ခမ်းစူရင်း ပြန်ပြောမိပါတယ်။

“ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ နေ့လည်စာ စားချိန်ပြီးရင် ငါမင်းကို အီးကတ်ဒ် ပို့လိုက်ပါ့မယ်။”

အီးကတ်ဒ်တဲ့လား။ အလွန်ပဲ သူစိမ်းဆန် လွန်းသလိုပါပဲ။ ဒါပေမယ့် သူက အဲဒီပုံစံပါပဲ။

“ကျွန်မကို အီးမေးလ်ပို့လိုက်။ စောင့်နေမယ်နော်။” ကျွန်မ စိတ်လှုပ်ရှားစွာနဲ့ ပြုံးလိုက်ပြီး နေ့လည်စာ စားချိန်ပြီးရင် အိမ်ကို လစ်ထွက်ပြီး အီးမေးလ်စစ်ဖို့ စီစဉ်လိုက်မိပါတယ်။ သူက ရိုမန်းတစ် ဖြစ်တဲ့ စကားလုံး ကလေးတွေ သုံးမှာ မဟုတ်ပေမယ့် ကျွန်မကတော့ သူပို့မယ့်ကတ်ဒ် ကို စောင့်မျှော်နေမိပါတယ်။

“ငါ မင်းတို့ မိန်းမတွေကို သည်းမခံနိုင်ဘူး။ ဗယ်လင်တိုင်းဒေးကိုများ အလကား ရေးကြီးခွင်ကျယ် လုပ်လို့။” သူက သူ့ရဲ့ နေ့လည်စာကို စားနေရင်း မကျေမနပ် ညည်းတွားပါတယ်။ သူ့ရဲ့ မှတ်ချက်က ကျွန်မကို သူနဲ့ နောက်တစ်ခေါက် ရန်ဖြစ်အောင် ဆွပေးသလိုပါပဲ။

“ရှင်ဟာလေ ရိုမန်းတစ် မဖြစ်ဘူး။ ရှင် ဂျပန် ဒရာမာကားတွေ တစ်ခါမှ မကြည့်ဖူးဘူးလား။”

“ဂျပန် ဒရာမာ ဟုတ်လား။ ငါက Discovery Channel ပဲ ကြည့်တယ်။”

“ရှင့်ဘဝကလည်း ပျင်းစရာ ကောင်းလိုက်တာ။ အခု လောလောဆယ်ထွက်တဲ့ ဒရာမာကားက အရမ်းကို ကောင်းတယ်။ ရှင်ကြည့်ဖို့သင့်တယ်။” ကျွန်မက သူ့ကို မျက်နှာချင်းဆိုင်ရင်း ပြောမိပါတယ်။

“အဲဒီ ဒရာမာ က ဘာနာမည်လဲ။ ” သူဟာ တီဗွီတွေ ရုပ်ရှင်တွေထဲမှာ ချယ်မှုန်းပြထားတဲ့ အချစ်ကို ယုံကြည်တတ်တဲ့သူ မဟုတ်ပါဘူး။ အဲဒီဟာတွေက အလိမ်အညာတွေ လို့ပဲ သူအမြဲထင်နေတတ်တာပါ။

“နာမည်က ရာစုနှစ်ရဲ့ ပုံပြင်တဲ့။” ကျွန်မက ဝမ်းမြောက်ဝမ်းသာ ပြန်ဖြေလိုက်ပါတယ်။

“သူ့ရဲ့ ဇာတ်လမ်းက ဘယ်လို အမှိုက်သရိုက်မျိုးလဲ။”

ကျွန်မက ဒေါသတစ်ကြီးနဲ့ ပြန်ပြောမိတယ်။ “ဘာ အမှိုက်လဲ။ နည်းနည်းတော့ လေးစားသမှုလေး ရှိပါဦး။”

“အဲဒီ ဒရာမာက အရမ်းကို ခံစားရတယ်။ နောက်ခံတေးကလည်း အရမ်းကို ချစ်စရာကောင်းတယ်။ “Only Love” လို့ ခေါ်တယ်။ နာနာ မော့စ်ကိုရီ ဆိုတာပေါ့။ ” အဲဒီလို ပြောရင်း သူဟာ နာနာဆိုတာ ဘယ်သူမှန်းတောင် သိရဲ့လားလို့ တွေးမိပါတယ်။

“နာနာလား။ ငါသိတာပေါ့။ အရမ်း ဈေးကြီးတဲ့ သီချင်းခွေတွေ ထုတ်တဲ့ ဂရိ အဆိုတော်မလေ။”

“သူ့ အသံနဲ့ ပေးရတာ တန်ပါတယ်။” ကျွန်မ စိတ်ထဲမှာ သူ့ကို ကြိတ်ပြီး သဘောတူမိပေမယ့် ကျွန်မ ဝန်မခံ နိုင်ပါဘူး။

“ဘာပဲ ဖြစ်ဖြစ်လေ။ ငါမင်းကို ဇာတ်လမ်းပြောဖို့ ငါးမိနစ် အချိန်ပေးမယ်။ နောက်ပြီးရင်တော့ ငါသွားတော့မယ်။” သူက သူ့ရဲ့ နာရီကို တစ်ချက် ကြည့်ရင်း ပြောပါတယ်။

ကျွန်မလည်း ၆ နာရီ ကြာတဲ့ ဇာတ်လမ်းကို ငါးမိနစ် အတွင်းမှာ ရှင်းပြ နိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားရပါတယ်။ အဲဒီဒရာမာက မျိုးဆက် ၃ ဆက်မှာရှိတဲ့ အမျိုးသမီးတွေရဲ့ အချစ်ဇာတ်လမ်းကို ချယ်မှုန်းပြ ထားတာပါ။ မျိုးဆက်အားလုံးအတွက် မင်းသမီး တစ်ယောက်တည်းကပဲ သရုပ်ဆောင်ပါတယ်။ မျက်ရည်ကျ လောက်တဲ့ ဇာတ်လမ်းပါ။

“ဘာများ ဒီလောက် ခံစားရလို့လဲ။” ဇာတ်လမ်းကို နားထောင်ပြီးတဲ့နောက်မှာ သူက မေးပါတယ်။

“မျိုးဆက်တိုင်းရဲ့ ဇာတ်လမ်းတွေက အံ့သြစရာကောင်းတယ်လို့ ရှင်မထင်မိဘူးလား။ ကျွန်မမှာသာ အဲဒီလောက် ကြီးကျယ်တဲ့ ဇာတ်ညွှန်းမျိုးကို ရေးနိုင်တဲ့ အစွမ်းအစရှိရင် ကျွန်မ ဆရာဝန် လုပ်မနေတော့ဘူး။ ဇာတ်ညွှန်းရေးဆရာပဲ လုပ်တော့မယ်။”

“မင်းသာ ဇာတ်ညွှန်းရေးဆရာ လုပ်မယ်ဆိုရင်တော့ ဘယ်သူမှ အဲဒီရုပ်ရှင်ကို ကြည့်မှာ မဟုတ်ဘူး ဆိုတာ ငါလောင်းရဲတယ်။ အသံလွှင့်ရုံတော့ စီးပွားရေး လုပ်မရပဲ ပိတ်လိုက်ရလိမ့်မယ့်။” သူက အမြန်ပဲ ကြားဖြတ်ပြောတယ်။

“ကျွန်မ အလုပ်ပြန်ဝင်တော့မယ်။ ကျွန်မကိုသာ ကတ်ဒ် မြန်မြန်ပို့လိုက်ပါ။” ကျွန်မလည်း ဒေါသတကြီး ပြောပြီး အိမ်ကို အမြန်ပြန်ခဲ့ပါတယ်။ ကော်ဖီကိုတောင် ကုန်အောင် မသောက်ခဲ့မိပါဘူး။

တံခါးဖွင့်ပြီး အိမ်ထဲဝင်လိုက်တာနဲ့ ကျွန်မ ကွန်ပြူတာကို ဖွင့်ပြီး အွန်လိုင်းတက်ခဲ့ပါတယ်။

ဘာမှ မရှိတဲ့ ကျွန်မရဲ့ အီးမေးလ် ကို ငေးစိုက်ကြည့်နေရင်း ကျွန်မတို့ နှစ်ယောက် ဘယ်လိုဆုံခဲ့သလဲ ဆိုတာကို ပြန်စဉ်းစား နေမိပါတယ်။ ပြောရရင်တော့ ဘယ်သူမှ ယုံမယ် မထင်ပါဘူး။ တကယ်တော့ ကျွန်မရည်းစားနဲ့ ကျွန်မဟာ အိမ်နီးချင်းတွေပါ။ ကျွန်မတို့ အိမ်အချင်းချင်းဟာ နံရံတစ်ချပ်ပဲ ခြားပါတယ်။ ကျွန်မတို့ ကလေးဘဝ ကတည်းက ကျွန်မတို့နှစ်ယောက်ဟာ တစ်နေကုန် ရန်ဖြစ်နေတတ်ပါတယ်။ ကျွန်မ နယ်မြို့ကလေးကို ပြောင်းလာခဲ့တဲ့ အဲဒီနှစ်ကို အခုထက်ထိ မှတ်မိနေပါသေးတယ်။ မြို့ပြနေထိုင်မှုမှာ အသားကျလာတဲ့ ကျွန်မဟာ နယ်မြို့ကလေးရဲ့ ရိုးရှင်းတဲ့ နေထိုင်မှုနဲ့ အံဝင်ခွင်ကျ မဖြစ်ခဲ့ပါဘူး။ ကျွန်မ ကျောင်းကနေ ဆင်းတာနဲ့ အိမ်ပြန်လာပြီး ဘာမှ မလုပ်ဘဲ ထိုင်နေတတ်ပါတယ်။ အဲဒီလို အချိန်တွေဆိုရင် သူက အမြဲတမ်းလိုလိုပဲ ကျွန်မကို လာပြီး စတတ်ပါတယ်။

အပိုင်း(၂) ကို ဖတ်ရန်

Saturday, February 7, 2009

စိတ်ညစ်ပျောက်ဖို့ ရေးတဲ့စာ (၁)

လူတိုင်း စိတ်ညစ်တတ်ကြတယ်။ စိတ်ညစ်စရာ အကြောင်းကလည်း အမျိုးမျိုး ရှိတယ်။ နောက်တစ်ပတ် ဖြေရမယ့် စာမေးပွဲအတွက် စိတ်ညစ်မယ်၊ အလုပ်က လူလျှော့တဲ့အထဲ ပါသွားမှာ စိုးလို့ စိတ်ညစ်မယ်၊ ပိုက်ဆံမရှိလို့ စိတ်ညစ်မယ် ၊ ရည်းစားနဲ့ ကွိုင်တက်လို့ စိတ်ညစ်မယ် စသည်ဖြင့် တစ်ယောက်တစ်မျိုး မရိုးနိုင်အောင် ရှိကြတယ်။

တစ်ချို့က အမြဲတမ်း ပါးစပ်က “စိတ်ညစ်ပါတယ်။” ဆိုတဲ့ စကားကို ထပ်ခါတလဲလဲ ရွတ်နေပြီး စိတ်ညစ်တာကို ဖျောက်ဖျက်ပစ်ဖို့ နည်းလမ်း မရှာကြဘူး။ တစ်ချို့ကတော့ စိတ်ညစ်စရာကို ခေါင်းထဲမှာ ခဏထားပြီး ဘာမှ မဟုတ်သလို ဆက်နေနိုင်တယ်။ အဲဒီတော့ စိတ်ညစ်စရာကို ခေါင်းထဲမှာ ထည့်မထားတတ်တဲ့ လူစားမျိုး မဖြစ်ချင် ဘူးလား။ နည်းလမ်းတွေ အလုံအလောက် ရှိပါတယ်။ အောက်မှာ ရေးထားတဲ့ နည်းလေးတွေ စမ်းကြည့်ပါလား။

ပထမဆုံးနည်းကတော့ တစ်နေ့တစ်ခါ နေဖို့ပဲ။ ဆိုလိုချင်တာက အတိတ်ဆိုတာ ပြီးသွားပြီ။ အတိတ်ကို ပြန်စဉ်းစားမနေနဲ့။ အနာဂတ်ဆိုတာ ရောက်မလာသေးဘူး။ အနာဂတ်အတွက် တွေးမပူနဲ့။ အခုလက်ရှိ ပစ္စုပ္ပန်က ကိုယ့်အတွက် အနာဂတ်ပဲ။

အလုပ်မှာ လူလျော့တဲ့အထဲ ပါမှာ စိုးရိမ်လား။ အရင်တုန်းက ငါသာ ကြိုးကြိုးစားစား လုပ်ခဲ့ရင် ပြုတ်ဖို့ စိုးရိမ်စရာမရှိဘူး ဆိုပြီး နောင်တ ရမနေနဲ့။ နောင်တရတော့ ရော ဘာတတ်နိုင်သလဲ။ ဘာမှ မတတ်နိုင်ဘူး မဟုတ်လား။ အတိတ်ဆိုတာကြီးကို ပြန်တွေးပြီး ညစ်မနေနဲ့။ ခေါက်ထားလိုက်။ နောက်ပြီး ပြုတ်တော့မယ် ဆိုတာကြီးကို တွေးပြီး စိတ်ပူမနေနဲ့။ ပြုတ်မယ် မပြုတ်ဘူး ဆိုတာ သေချာပေါက် ပြောလို့ရတာမှ မဟုတ်တာ။ အခု မပြုတ်သေးဘူး မဟုတ်လား။ တတ်နိုင်သလောက် အခု အကောင်းဆုံး လုပ်လိုက်ဦး။ အလုပ် မပြုတ်ရင် စိုးရိမ်တာ အလကားသက်သက် စိတ်အနှောင့်အယှက် ဖြစ်တယ်။

ရည်းစားနဲ့ ကွိုင်တက်လို့ စိတ်ညစ်နေသလား။ ဘာလုပ်လို့ ရသလဲ။ ပြန်ချော့လို့ ရသလား။ ချော့လိုက်ပေါ့။ ပြန်ချော့လို့ မရဘူးလား။ မရတော့လည်း မရဘူးပဲ ထားလိုက်ပေါ့။ ဒီလိုသာ မဖြစ်ခဲ့ရင် သူနဲ့ ကွိုင်မှာ မဟုတ်ဘူး ဆိုပြီး တွေးပြီး စိတ်ညစ် မနေနဲ့လေ။ ကွိုင်က တက်ပြီးပြီပဲ။ ပြန်မပြေလည်ရင် ဒုက္ခ ဆိုပြီးတော့လည်း တွေးမပူနဲ့။ မပြေလည်ကာမှ ရှိစေတော့ ။ အခုတော့ ဘာမှ တပ်အပ်ပြောလို့ ရတာမှ မဟုတ်တာ။ ပျော်ပျော်နေပေါ့။

ပိုက်ဆံ မရှိဘူးလား။ ရှာပေါ့။ နိုင်ငံခြားမှာ နေရင် ပိုက်ဆံရှာလို့ ရတဲ့နည်းလမ်းတွေ အများကြီး ရှိတာပဲ။ အရင်က မရှာမိခဲ့လေခြင်း ဆိုပြီး နောင်တ မရနဲ့လေ။ အသက်ကြီးလာတဲ့ အချိန် ပိုက်ဆံမရှိရင် ဒုက္ခဆိုပြီး တွေးပူမနေနဲ့။ အချိန်ကုန်တယ်။ အခုရှာလို့ရ သလောက်သာ ရှာပေတော့။ အဲဒါ လက်တွေ့ အကျဆုံးနည်းလမ်းပဲ။ လောလောဆယ် သုံးစရာမရှိရင်တော့ ခဏတဖြုတ် ချေးငှားပြီး သုံးလိုက်ဦးပေါ့။

အဲဒီလို အနာဂတ်ကို ပြင်ဆင်ရုံ ပြင်ဆင်ပြီး ကြိုတွေးမပူဘူး ဆိုရင် စိတ်ထဲမှာ ခွန်အား တွေပိုရှိလာမယ်။ အတွေးအခေါ်ကောင်းတွေ ဆုံးဖြတ်ချက်ကောင်းတွေ ပိုပြီး ထွက်လာမယ်။ အခု လက်ရှိပစ္စုပ္ပန်မှာ လုပ်နေတဲ့ အလုပ်တွေကို ပိုပြီး အောင်မြင်အောင် လုပ်နိုင်မယ်။

အဲဒီလို လုပ်လို့ မပြေလည်သေးဘူးလား။ ဒုတိယနည်း ရှိတယ်။ အဆိုးဆုံး ဘာဖြစ်နိုင်သလဲ ဆိုတာကိုတွေး။ အဲဒီ အခြေအနေကို ရင်ဆိုင်နိုင်အောင် အားမွေးကြည့်။ ပြီးရင် အခုကြုံနေရတဲ့ အခြေအနေကို ပြန်တွေးကြည့်။ အခု ကြုံနေရတာ ဘာမှမဟုတ်ဘူး ဆိုပြီး စိတ်သက်သာရာ ရသွားလိမ့်မယ်။

ခုန ဥပမာ တွေနဲ့ ပြန်စဉ်းစားကြည့်ပါ။ အလုပ်ပြုတ်မှာ တွေးပူနေသလား။ အဆိုးဆုံး အခြေအနေ တွေးကြည့်ပါ။ ဘာဖြစ်နိုင်မလဲ။ အလုပ် ပြုတ်ဖို့ ပေါ့။ အလုတ်ပြုတ်တော့ ဘာလုပ်မလဲ စဉ်းစားကြည့်။ အလုပ်အသစ် ရှာမှာပေါ့။ အခုလက်ရှိ အလုပ်ထက် ပိုကောင်းတဲ့ အလုပ်တောင် ရနိုင်သေးတယ်။ မရတော့ကော ဘာဖြစ်လဲ။ မရတော့ ရွာပြန် ခဏတဖြုတ် နားပြီး ပြန်လာပေါ့။ တစ်သက်လုံး အလုပ်ရှာလို့ မရတဲ့သူဆိုတာ မရှိပါဘူး။ ကဲ အခု အခြေ အနေ ပြန်စဉ်းစားကြည့်။ အခု အလုပ်လက်ရှိ ရှိနေသေးတယ်။ ခုန စဉ်းစားသလောက် အခြေအနေ ဆိုးသွားပြီလား။ ဟင့်အင်း။ အခု အဲဒီလောက် မဆိုးသေးဘူး မဟုတ်လား။ အလုပ်အကိုင်က လက်ရှိ ရှိနေသေးတယ် မဟုတ်လား။ အခု အခြေအနေက မဆိုးသေးပါဘူး လို့ ခံစားလို့ ရသွားပြီ မဟုတ်လား။

ရည်းစားနဲ့ ကွိုင်တက်လို့ စိတ်ညစ်တဲ့ ဥပမာ ကြည့်ကြည့်ပါ။ အဆိုးဆုံး ဘာဖြစ်နိုင်မလဲ ။ ကွဲရုံပေါ့။ စိတ်မကုန် သေးဘူးလား။ နောက်ကြုံရင် ထပ်ကြိုးစားကြည့်ဦးပေါ့။ စိတ်ကုန်ပြီလား။ အဲဒါဆို နောက်တစ်ယောက် ရှာပေါ့။ လွယ်လွယ်လေးပဲ။ ကံကောင်းရင် ဝတ်မှုန်ရွှေရည်တို့ Megan Fox တို့လို ကောင်မလေး ချောချောလေး တွေတောင် ရနိုင်သေးတယ်။ ကဲ ပြန်စဉ်းစားကြည့်။ အခု ရည်းစားနဲ့ ကွဲပြီလား။ မကွဲသေးဘူး မဟုတ်လား။ အဲဒါဆို သိပ် မဆိုးသေးဘူး မဟုတ်လား။

ပိုက်ဆံမရှိဘူးလား။ ဒါမှမဟုတ် အကြွေးတွေ လည်ပင်းခိုက်နေလား။ အဆိုးဆုံးက ဘာလဲ။ လူမွဲစာရင်း ခံလိုက်ရုံပေါ့။ လူမွဲစာရင်း ခံလည်း အလုပ်လုပ်လို့ ရသေးတာပဲ။ အကြွေးကို ဖြည်းဖြည်းချင်း ပြန်ဆပ်ပြီး လူမွဲစာရင်းက လွတ်အောင် လုပ်လို့ ရသေးတာပဲ။ ဟုတ်ပြီလား။ အဲဒီတော့ အခု အခြေအနေကို ပြန်စဉ်းစားကြည့်။ လူမွဲစာရင်း ခံတဲ့ အခြေအနေ ရောက်နေပြီလား။ မရောက်သေးပါဘူး။ လူမွဲစာရင်း ခံနေရတာနဲ့ စာရင် အခု လက်ရှိ အနေအထားက တော်သေးတယ် မဟုတ်လား။

(ဝန်ခံချက်။ ။ Dale Carnegie ၏ How to stop worrying and start living ထဲမှ နည်းလမ်းများကို ထပ်ဆင့် အတွေးပွား ထားခြင်း ဖြစ်ပါသည်။)

Thursday, February 5, 2009

Gtalk ကိုဖွင့်ပါလို့ အပြတ်ကိုတဲ့ Q လိုက်ရင်

အဲဒီနေ့က သူ ရုံးမှာ အတော်ကို ပျင်းနေတယ်။ အရေးတကြီး လုပ်စရာ အလုပ်ကလည်း မရှိ ရုံးမှာ မန်နေဂျာတွေ အတော်များများက အပြင်သွားနေတော့ လုပ်ချင်တာ လုပ်လို့ရနေတယ်။ အင်တာနက်မှာလည်း ကြည့်စရာ ကုန်သလောက် ရှိပြီ။ အဲဒါနဲ့ Gtalkပေါ်မှာ ဟိုသူငယ်ချင်းကို လှမ်းစလိုက် ဒီသူငယ်ချင်းကို လှမ်းစလိုက်နဲ့ အချိန်ဖြုန်းနေရတယ်။

ရုတ်တရက် ဆိုသလို သူ့ Gtalk ထဲကို နာမည်တစ်ခုက လာပေါင်းတယ်။ အိုင်ဒီက ခပ်ရှည်ရှည်ပါပဲ။ သီရိဘာဆိုလဲ မသိဘူး။ နောက်ဆုံးက ၈၃ နဲ့ ဆုံးတယ်။ အင်း အဲဒီတော့ ကောက်ချက်ဆွဲလို့ ရတာက အဲဒီ အိုင်ဒီ ပိုင်ရှင်သည် မိန်းကလေး။ ၈၃ ဆိုတော့ ၂၅ နှစ်ကျော်ပဲ ရှိဦးမယ် ပေါ့။ မဆိုးပါဘူး။ အပျင်းပြေ စကားပြောရတာပေါ့ ဆိုပြီး လက်ခံလိုက်တယ်။

မကြာခင် ဂျီတော့ခ်ထဲမှာ မီးအစိမ်းလင်း လာပြီး ကောင်မလေး တစ်ယောက် ပုံပေါ်လာတယ်။ အားပါး။ အလန် ကလေးပဲ။ မျက်နှာက မြန်မာနိုင်ငံက မော်ဒယ်လ် တွေလိုပုံစံ။ ကြည့်ရတာ သူတော်ကောင်းကလေး တစ်ယောက် ပျင်းနေတာ သိလို့ နတ်ကောင်းများက စကားပြောဖို့ နတ်သမီးကလေး တစ်ပါး လွှတ်လိုက်တယ် ထင်ပါရဲ့။ ထုံးစံအတိုင်း အပြန်အလှန် Hi ကြပြီးတဲ့နောက်မှာ တော့ သူပထမဆုံး ခြေလှမ်းကို စလိုက်တယ်။

နောက်ကြောင်းရာဇဝင် စစ်ဆေးဖို့ပါ။ သူ့သူငယ်ချင်းထဲမှာ မိန်းကလေးနာမည်နဲ့ အခြားသူငယ်ချင်းတွေ ကို လိုက် ပြီး စားတတ်တဲ့သူ နှစ်ယောက် လောက်ရှိတယ်။ သူတို့ ဟုတ်မဟုတ် ဆိုတာ အရင်ဆုံး စုံစမ်းရမှာပေါ့။ တည့်တိုးနဲ့ အရိုးရှင်းဆုံး မေးခွန်းပါပဲ မေးလိုက်တယ်။ သူ့ အီးမေးလ် လိပ်စာကို ဘယ်က ရသလဲပေါ့။ အဲဒီတော့ ကောင်မလေးက မဆင့် ဖော်ဝပ်လုပ်လိုက်တဲ့ အီးမေးလ်ထဲမှာ တွေ့တာ။ သူက ရန်ကုန်မှာ မဆင့်နဲ့ တစ်ရုံးတည်း အတူတူ အလုပ်လုပ်တာ လို့ ပြန်ပြောတယ်။ အင်း ဒါဆိုရင်တော့ စိတ်ချရသလောက် ရှိပြီ။ သူ့သူငယ်ချင်းတွေ ထဲမှာ သူ့အစ်မဝမ်းကွဲ မဆင့်ကို သိတဲ့သူ အတော်နည်းတယ်။ ဒီကောင်တွေ မဟုတ်လောက်တာ သေချာပါတယ်။

အဲဒီတော့လည်း တတ်သည့်ပညာ မနေသာ ဆိုသလိုပါပဲ။ ကြူ ရတာပေါ့။ အခု ဘာလုပ်နေလဲ ဘာညာကနေ စပြီး သူပြောသမျှ လိုက်နင်းပြီး ပြောရတာပေါ့။ ကောင်မလေး အတော်များများက ကိုယ်ရေးကိုယ်တာ ကိစ္စ မေးခွန်းတွေ မဖြေချင် ကြပါဘူး။ အဲဒီတော့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ရှောင်ပြီး ကျောင်း အကြောင်း အလုပ်အကြောင်း သူပြောသမျှ နောက်ကနေ Water Follow Fish Follow (ရေလိုက်ငါးလိုက်) လိုက်ပြောရပါတယ်။ သူမက ရန်ကုန်မှာ ကွန်ပြူတာ တက္ကသိုလ်က ကျောင်းပြီးထားတဲ့ အကြောင်း၊ သူ့အစ်မဝမ်းကွဲနဲ့ တစ်ရုံးတည်း အလုပ်လုပ်ရင်း ညနေပိုင်း ကွန်ပြူတာ သင်တန်းတွေ လိုက်တက်နေတယ် ဆိုတဲ့ အကြောင်းတွေ ပြောပါတယ်။ နောက်လိုက် ပြောင်လိုက်နဲ့ တော်တော် စိုစိုပြည်ပြည်ပါပဲ။ အင်္ဂလိပ်လို ပြောရတာ အားမရလို့ မြန်မာလို ရိုက်ပြီး ပြောတယ်။ အဲဒီတော့ သူမကလည်း မြန်မာလိုပဲ ရိုက်ပြီး ပြန်ပြောတယ်။

တစ်နာရီလောက် ကြူပြီးတဲ့ နောက်မှာတော့ ကောင်မလေးက သွားစရာရှိတယ် ဘိုင် ဆိုပြီး နှုတ်ဆက် ထွက်သွားပါတယ်။ သူလည်း ခဏ အကြာမှာ ရုံးဆင်းတာနဲ့ အိမ်ပြန်လာခဲ့ပါတယ်။

နောက် ၂ရက် ၃ ရက်လောက်ကြာတော့ သူ အဲဒီကောင်မလေးနဲ့ နောက်တစ်ခေါက် ထပ်တွေ့ပါတယ်။ ကောင်မလေးက အရင်တစ်ခါ လို ဖော်ဖော်ရွေရွေ ပါပဲ။ သူတို့နှစ်ယောက် စကားပြောရတာ ပိုရင်းနှီးသလို ရှိလာပါပြီ။ စကားပြောလို့ ကောင်းနေတုန်းမှာ သူ့ဖုန်းကို မက်ဆေ့ဝင်လာတယ်။ တစ်ခြားသူတော့ မဟုတ်ပါဘူး။ ထုံးစံအတိုင်း သူ့ရည်းစားဆီက ဘာလုပ်နေသလဲ မေးတဲ့ မက်ဆေ့မျိုးပါ။ အင်း စကားပြောရတာ အာရုံနောက် သွားတယ်။ အခု အစည်းအဝေးထဲ ရောက်နေတယ်။ နောက်မှ ပြန်ခေါ်လိုက်မယ် ဆိုပြီး မက်ဆေ့ ပြန်ပို့လိုက်တယ်။ အစည်းအဝေးတော့ အစည်းအဝေးပါပဲ။ အွန်လိုင်းမှာ ကောင်မလေး ချောချောကလေး တစ်ယောက်နဲ့ လုပ်နေတဲ့ အစည်းအဝေးပါ။

အဲဒီကောင်မလေး နဲ့ ကြူလို့ အလွန်ကောင်းပါတယ်။ ကောင်မလေးက စင်ကာပူမှာ အလုပ်လာရှာချင်တဲ့ အကြောင်း၊ ဘယ်လို လုပ်ရမှန်း မသိလို့ အကြံပေးပါဦး ဆိုပြီး သူ့ကို မေးပါတယ်။ သူက စင်ကာပူမှာ ဘယ်လို အလုပ်ရှာရတယ် ဆိုတဲ့ အကြောင်း၊ ဘယ်လို အခြေအနေရှိတယ် ဆိုတဲ့ အကြောင်းတွေ ပြန်ဖြေပေး လိုက်ပါတယ်။ ပြောစရာမလိုတဲ့ အချက်ကတော့ စင်ကာပူ လာချင်ရင် အားလုံး အကူအညီ ပေးပါ့မယ်ပေါ့။ ကိုယ်ဖိရင်ဖိ စောင်မကြည့်ရှုဖို့ အသင့်ပါ ဆိုတဲ့ သဘောမျိုးပါပဲ။

နောက်တော့ ကောင်မလေးက သူ့ကို မေးလာတယ်။ အစ်ကို့မှာ ရည်းစား ရှိသလားတဲ့။ အင်း ဖြေရတာ အလွန်ခက်တဲ့ မေးခွန်းပါပဲ။ ဒီအရွယ်ကြီးမှ ရည်းစား မရှိဘူး ပြောရင်လည်း အတော်တုံးတဲ့ကောင်ဆိုပြီး ထောပနာ အပြုခံရရင် ဒုက္ခ။ ရည်းစားရှိတယ် ပြောပြန်ရင်လည်း ဂွင်ပိတ်သွားမယ်။ အဲဒီတော့ ရည်းစားတော့ ရှိဖူးတယ်။ အခုတော့ သူနဲ့ ပြတ်သွားလို့ ကိုယ့်မှာ တစ်ယောက်တည်း အဖော်မဲ့ နေပါတယ် ဆိုတဲ့ အကြောင်းကို ကောင်မလေးကို သနားလောက်အောင် ပြောပြ လိုက်ရတယ်။ ကောင်မလေးလည်း သူပြောတဲ့ စကားကို ကြားပြီး သနားသွားတဲ့ ပုံပါပဲ။ အစ်ကိုကြီး မှာ အဲဒီလောက်တောင် ကံဆိုးရလေခြင်း ပေါ့။ ခဏ အကြာမှာတော့ ကောင်မလေးက နှုတ်ဆက်ပြီး ထွက်သွားပါတယ်။ သူ့ မှာတော့ စိတ်လှုပ်ရှားစရာ ဇာတ်လမ်း တစ်ပုဒ်နဲ့ ဟတ်ကော့ကြီး ကျန်နေခဲ့ပါတယ်။

မကြာခင်မှာပဲ တီတီ ဆိုတဲ့ အသံနဲ့ အတူ သူ့ဖုန်းထဲကို မက်ဆေ့ ဝင်လာပြန်ပါတယ်။ ထုံးစံအတိုင်း သူ့ရည်းစားဆီက မက်ဆေ့ပါပဲ။ ရေးထားတာကတော့ ဒီလိုပါ။

“ရှင် ကျွန်မ ကွယ်ရာမှာ ဘယ်လို ခြေလှမ်းတွေ လှမ်းနေသလဲ သိချင်လို့ စုံစမ်းတာ။ သီရိဆိုတာ တစ်ခြားသူ မဟုတ်ဘူး။ ကျွန်မပဲ။ အဲဒီ ဓာတ်ပုံကလည်း မြန်မာနိုင်ငံက မော်ဒယ်လ်တစ်ယောက် ပုံကို Photoshop နဲ့ ပြင်ထားတာ။ အခုတော့ ရှင့်အကြောင်း သိသွားပြီ။ ရှင်ဟာ လူလိမ်ပဲ။ ရည်းစားကြီး ငုတ်တုတ် ရှင့်ဘေးမှာ ရှိရက်နဲ့ ရှင်က မျက်နှာပြောင်ပြောင်နဲ့ လိမ်ရဲတယ်။ ဒီနေ့က စပြီး ရှင်နဲ့ကျွန်မ လုံးဝ အပြတ်ပဲ။ ကျွန်မ ကို နောက်ထပ် မဆက်သွယ်ပါနဲ့။”

သူ့မှာတော့ အဲဒီမက်ဆေ့ကို ဖတ်ပြီး ရီရမလား ငိုရမလား တောင် မသိတော့ပါ။ ဂျီတော့ခ် ထဲမှာ ကိုယ့်ရည်းစားကိုယ် ပြန်ကြူမိတဲ့ အဖြစ်။ သူ့လောက် ဆိုးတဲ့သူ ရှိပါဦးမလား။ အင်း သူကိုယ်တိုင်ကလည်း လွန်တာပါ။ အင်္ဂလိပ်လို ပြောသမျှ ဘန်းစကားက အစ တစ်ခွန်းမကျန် နားလည်နေတာလည်း မရိပ်မိ၊ မြန်မာလို ကျွမ်းကျွမ်းကျင်ကျင် ရိုက်တတ်တာလည်း မရိပ်မိ၊ ပုံမှန်ထက် အလွန်အကျွံ ပိုပြီး လှနေတဲ့ ပုံကို လည်း မရိပ်မိ တစ်ခြား သဲလွန်စတွေကိုလည်း မရိပ်မိ ကိုယ့်ကိုယ်ကို လည်လွန်းတယ် ထင်ပြီး အဲဒီလောက် အတဲ့ကောင် ခံရတာတောင် နည်းသေး ဆိုပြီးတော့ပဲ သူ့ဘာသာသူ အပြစ်တင်မိပါတော့တယ်။

(တိုက်ဆိုင်မှု ရှိလျှင် ခွင့်လွှတ်ပါ။ ဟီးဟီး :D )

Tuesday, February 3, 2009

အင်ဒိုနီးရှား အပိုင်း(၄)

၂၀၀၃ ခုနှစ် နှစ်ဆန်းပိုင်းက အလုပ်ကိစ္စနဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာတမ် (Batam) ကျွန်းကို အရေးတကြီး သွားဖို့ အကြောင်းပေါ်လာပါတယ်။ ဘာတမ်ကျွန်းဆိုတာ စင်ကာပူ ဟာဘာဖရန့် (Harbour Front) ဆိပ်ကမ်းကနေ စပိဘုတ်နဲ့ သွားရတဲ့ အင်ဒိုနီးရှား ပိုင်တဲ့ ကျွန်းကလေး တစ်ကျွန်းပါ။ စပိဘုတ်က ဟာဘာဖရန့် တစ်ဖက်ကမ်းမှာရှိတဲ့ စင်တိုဆာကျွန်းကို တစ်ပတ်ပတ် ထွက် ပြီးတဲ့နောက် ပင်လယ်ထဲကို တစ်နာရီလောက် မောင်းရပါတယ်။ စက်ရုံ အလုပ်ရုံတွေ အများအပြားရှိလို့ ကျွန်တော်တို့လို အလုပ်ကိစ္စနဲ့ သွားတဲ့သူတွေ သွားလေ့ရှိကြသလို ပျော်ချင်ပါးချင်တဲ့ ယောက်ျားလေးတွေ သွားကြပါတယ်။ ဘာတမ်ဟာ မိသားစုနဲ့ အပန်းဖြေသွားဖို့ ကောင်းတဲ့ နေရာမျိုး မဟုတ်သလို ဈေးဝယ်လို့ ကောင်းတဲ့ နေရာလည်း မဟုတ်ပါဘူး။ မိသားစုနဲ့ သွားလည်ချင်ရင်တော့ ဘာတမ်နဲ့ မနီးမဝေးမှာ ရှိတဲ့ အင်ဒိုနီးရှားပိုင် ဘင်တမ်(Bintam) ကျွန်း က ပိုပြီး သင့်လျော်ပါတယ်။ ဘင်တမ်ကိုတော့ တစ်ခါမှ မရောက်ဖူးပါဘူး။

စင်ကာပူနဲ့ မလေးရှား နိုင်ငံသားတွေအတွက် အင်ဒိုနီးရှားကို ဗီဇာမလိုပေမယ့် မြန်မာနဲ့ ဖိလစ်ပိုင် နိုင်ငံသားတွေ အတွက်တော့ ဗီဇာ လျှောက်ရပါတယ်။ အင်ဒိုနီးရှား သံရုံးက ပြည်ဝင်ခွင့် ဗီဇာကို မလေးရှားလို အကြိမ်ကြိမ် ဝင်ထွက်ခွင့် (Multiple-Entries) ပေးလေ့မရှိပဲ တစ်ကြိမ်ဝင်ထွက်ခွင့် (Single-Entry) သာ ပေးလေ့ရှိပါတယ်။ တစ်နှစ်တည်းမှာ ၃ကြိမ်ဝင်ပြီးမှ အကြိမ်ကြိမ် ဝင်ထွက်ခွင့် ဗီဇာ ထုတ်ပေးလေ့ရှိပါတယ်။ ဗီဇာကြေးကလည်း ဈေးကြီးပါတယ်။ တစ်ကြိမ်ဝင်ဖို့ ဗီဇာအတွက် စင်ကာပူဒေါ်လာ ၇၀ ပေးရပါတယ်။ စီးပွားရေးကိစ္စနဲ့ ဗီဇာလျှောက်မယ် ဆိုရင်လည်း အင်ဒိုနီးရှား အုပ်ချုပ်ရေးပိုင်းက ထောက်ခံစာတွေ ဘာတွေ လိုအပ်လို့ အလုပ်အတော်ရှုပ်ပါတယ်။ အဲဒီအချိန် မတိုင်မီက ကျွန်တော့်နေရာမှာ အရင်အလုပ်လုပ်သွားတဲ့ အင်ဂျင်နီယာနဲ့အတူ အလုပ်တွေ လွှဲယူဖို့ ဘာတမ်ကျွန်းကို တစ်ခါတော့ ရောက်ဖူးပါတယ်။

ကျွန်တော် ဗီဇာသွားလျှောက်တဲ့ နေ့က တရုတ်နှစ်ကူး ရုံးပိတ်ရက်မတိုင်ခင် တစ်ရက်အလို မှာပါ။ ပုံမှန်အားဖြင့် ဗီဇာလျှောက်ပြီးရင် နောက်တစ်နေ့ ဆိုရင် ဗီဇာ ရပါတယ်။ ဒါပေမယ့် အဲဒီနေ့ကတော့ ကောင်တာက ပုဂ္ဂိုလ်က မနက်ဖြန်က စပြီး တရုတ်နှစ်ကူး အတွက် ၇ ရက် ရုံးပိတ်မှာ ဖြစ်တဲ့ အတွက် ရုံးပြန်ဖွင့်မှ ရမယ်လို့ ပြောပါတယ်။ ကျွန်တော့် အလုပ်ကိစ္စကလည်း အလွန်အရေးကြီးနေပါတယ်။ စက်ရုံမှာ စက်က လုပ်ချင်ရာ လုပ်နေတာမို့ ၇ ရက် အကြာမှ သွားရင် စက်ရုံကလူတွေနဲ့ အကြီးအကျယ် ပြသနာတက်မှာ သေချာပါတယ်။ လူစား သွားမယ့်သူလည်း လောလောဆယ် မရှိပါဘူး။ ဒါပေမယ့် သူက မရဘူး ပြောတော့လည်း ဘာမှ ပြန်မပြော တော့ဘဲ လှည့်ပြန်လာခဲ့ပါတယ်။

အဲဒါနဲ့ ကျွန်တော့်ရုံးက ဘော့စ်ဆီ ဖုန်းပြန်ဆက်ပြီး ဗီဇာ မရဘူး ။ ၇ ရက် ကြာမယ် လို့ ပြောလိုက်ပါတယ်။ ကျွန်တော့် ဘော့စ်ကတော့ “မင်းအခု ရောက်နေတာ အင်ဒိုနီးရှား သံရုံး။ နည်းလမ်းရှိရမယ်။ စင်ကာပူလို နေရာတကာ အတည့်မလုပ်နဲ့။ ဘေးက ပတ်သွားတဲ့ လမ်းရှိရမယ်။ နည်းနည်းပါးပါး မေးကြည့်။ ” လို့ ပြန်ပြောပါတယ်။ ကျွန်တော်လည်း မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ ခုနက ကောင်တာကို ပြန်သွားပြီး အရမ်း အရေးကြီးနေတဲ့ အကြောင်း၊ ဗီဇာ အမြန် ရနိုင်မယ့် နည်းလမ်းရှိမရှိ မေးရပါတယ်။ အဲဒီမှာ ခုနက ပုဂ္ဂိုလ်ကြီးက “မင်း ငါ့ကို စင်ကာပူ ဒေါ်လာ ၅၀ ပေး။ ညနေရအောင် လုပ်ပေးမယ်။ ” လို့ ပြောပါတယ်။ ရုတ်တရက်တော့ ကျွန်တော် ကြောင်သွားပါတယ်။ စင်ကာပူမှာ ဒါမျိုး မကြုံရတာ ကြာပြီ မဟုတ်လား။ ဒါနဲ့ ကျွန်တော် ဗီဇာကြေး ဒေါ်လာ ၇၀ အပြင် နောက်ထပ် ၅၀ အပိုပေးလိုက်တော့ ၂ နာရီ အကြာမှာ ဗီဇာထွက်လာပါတယ်။ လက်ခံ ဖြတ်ပိုင်းကတော့ ဒေါ်လာ ၇၀ ပါပဲ။ ဗီဇာ လျှောက်တဲ့နေ့ကို တစ်ရက်စောပြီး ရိုက်ထားပါတယ်။

အဲဒီလိုနဲ့ အောင်မြင်စွာ ဗီဇာရလာခဲ့ပါတယ်။ ဒါပေမယ့်လည်း စက်က ကျွန်တော်လာရင် ပိုပျက်သွားမှာ စိုးလို့လားတော့ မသိပါဘူး။တယ်လီဖုန်းနဲ့ လှမ်းပြောပြီး ဟိုစမ်းဒီစမ်း ပြင်လိုက်တာ ကောင်းသွားပါတယ်။ အဲဒါနဲ့ပဲ ဘာတမ်ကို မသွားဖြစ်လိုက်ပါဘူး။ နောက်တစ်လလောက် ကြာမှ ကျွန်တော့် ကုမ္ပဏီက အင်ဂျင်နီယာ တစ်ယောက် အခြားစက် တစ်လုံးကို သွားပြင်တဲ့အခါ အပိုပစ္စည်း အရေးတကြီးလိုတာနဲ့ သွားလိုက်ပေးရင်း အဲဒီ ဒေါ်လာ ၁၂၀တန် ဗီဇာကို သုံးဖြစ်လိုက်ပါတယ်။

ခေါင်းစဉ်ကို သဘောမပေါက်သူများ အပိုင်း(၄) ဆိုလို့ အပိုင်း(၁)၊ (၂) ၊ (၃) ကို လိုက်မရှာပါနဲ့။ အပိုင်း(၄) ဆိုတာ အပေးလိုင်းကို ပြောတာပါ။