Search This Blog

Monday, March 30, 2009

ကြွေချိန်မတန်ခင်ကြွေ

စစ်သား စုဆောင်းရေး တပ်ကြပ်ကြီးက သူ့ရှေ့မှာ ထိုင်နေတဲ့ လူငယ်ကို သံသယ မျက်လုံးတွေနဲ့ စိုက်ကြည့်နေတယ်။ ပုံစံက လူရည်သန့်။ သနားကမား ရုပ်ကလေးနဲ့။ ဒါပေမယ့် သူ့မျက်နှာက တစ်စုံတစ်ခုကြောင့် အလွန်အမင်း စိတ်ဓာတ် ပျက်ယွင်းနေတဲ့ ပုံစံ။ ဘယ်လောက်တောင် စိတ်ဓာတ် ကျနေလို့ စစ်ထဲကို ဝင်ဖို့ ဆုံးဖြတ်ရတာလဲ။ ဘာအကြောင်းတွေ ရှိနေသလဲ။ တပ်ကြပ်ကြီးရဲ့ စိတ်ထဲက ကြိတ်ပြီး စဉ်းစားနေရင်း နောက်ကွယ်က အကြောင်းအရာကို ရအောင် ဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။
“မင်းနာမည် ဘယ်သူလဲ။”
“----ပါ။”
“ပညာ အရည်အချင်းက”
“--- တက္ကသိုလ်မှာ ပထမနှစ် တက်နေပါတယ်။”
“ဘာကွ။ ဒါဆို မင်းကဘာလို့ စစ်ထဲဝင် ချင်ရတာလဲ။”
“ကျွန်တော် အခု ဖြစ်နေတာတွေ အားလုံးကို မေ့ပစ်လိုက်ချင်တယ်။ သေချင် သေပေ့စေ။ စစ်တိုက်ချင်တယ်။”
“မင်းက ဘာဖြစ်လာလို့လဲကွ။”
“ဒီလိုပါပဲ ဆရာကြီးရယ်။ ပြသနာက ပေါင်းစုံပါပဲ။”
“ငါ့ကို ပြောပြစမ်းပါ။”
“မပြောပါရစေနဲ့ ခင်ဗျာ။”
“ဒီလို လုပ်လို့ ဘယ်ရမလဲကွ။ မင်း အိမ်က ထွက်ပြေးလာတာလား။”
“အဲဒါတော့ ဟုတ်ပါတယ်။”
“တက္ကသိုလ် ကျောင်းသား အိမ်က ထွက်ပြေးလာပြီး စစ်ထဲဝင်တယ် ဆိုတာ နည်းနည်းတော့ ဆန်းတယ်။ မင်းရာဇဝတ်မှုတွေ ဘာတွေ ဖြစ်လာသလား။”
လူငယ်ရဲ့ မျက်နှာက ကွက်ကနဲ တစ်ချက် ပျက်သွားတယ်။ နောက် သူ့ဘာသာသူ ပြန်ထိန်းတယ်။
“မဟုတ်ရပါဘူး ခင်ဗျာ။”
တပ်ကြပ်ကြီး နည်းနည်းတော့ ရိပ်မိလိုက်ပါပြီ။ အဲဒါကြောင့် ဘေးက ရဲဘော်ကို အမိန့်ပေးလိုက်တယ်။
“ဟေ့ကောင်။ သူ့အိတ်ကို ရှာစမ်းကွာ။”
ရဲဘော်က မဆိုင်းမတွပဲ အမိန့်ပေးသလို လူငယ်ရဲ့ အိတ်ကို ဖွင့်ပြီး ရှာပါတော့တယ်။ လက်နက်တွေ ဘာတွေတော့ မတွေ့ရပါဘူး။ တွေ့ရတာက ရွှေထည်ပစ္စည်းတွေ ထည့်ထားတဲ့ အထုပ်တစ်ထုပ်ပါ။ သူတို့ ရွှေထုပ်ကို သေသေချာချာ ကြည့်ကြတယ်။ အထဲမှာ ပါတဲ့ ရွှေထည်တွေက ခေတ်ကာလ မိန်းကလေး တစ်ယောက် ဝတ်ဆင်တတ်တဲ့ ရွှေထည်ပစ္စည်းမျိုးတွေပါပဲ။ တပ်ကြပ်ကြီးရဲ့ စိတ်ထဲက သံသယတွေ အတော်ကို ကြီးထွားလာ ပါပြီ။ လူငယ်ရဲ့ နောက်ကွယ်က အကြောင်းက ရိုးရိုးရှင်းရှင်း ကိစ္စတော့ မဟုတ်ဘူး ဆိုတာ ရိပ်မိလိုက်ပါတယ်။ တပ်ကြပ်ကြီးက လူငယ်ကို ခြိမ်းခြောက်လိုက် ပါတယ်။
“ကဲ။ မင်းအမှန်အတိုင်း ပြောမလား မပြောဘူးလား။ မင်း ဓားပြတိုက်လာတာလား။ မိန်းကလေး တစ်ယောက်ကို သတ်ပြီး ပစ္စည်းယူလာတာလား။”
လူငယ်မှာ ဆက်လက်ပြီး ထိန်းချုပ်နိုင်တဲ့ စွမ်းအား ကုန်ဆုံးသွားသလိုပါပဲ။ ရှိုက်ကြီးတငင် ငိုချလိုက် ပါတယ်။
“ကျွန်တော် မသတ်ရပါဘူးဗျာ။ ကျွန်တော် သူ့ကို သေစေချင်တဲ့ စိတ်ဆန္ဒလည်း လုံးဝ မရှိရပါဘူး။ သူက ကျွန်တော့် ဘဝပါ။ ကျွန်တော့်ရဲ့ အချစ်ဆုံး မိန်းကလေးပါ။”
နောက်တော့ လူရွယ်က အခုလို သူ့ရဲ့ အဖြစ်အပျက် ကို ပြန်ပြောပြပါတယ်။

သူ တက္ကသိုလ်မှာ ပထမနှစ် စတက်တော့ သူ့ရဲ့ ချစ်သူနဲ့ ဆုံစည်းခဲ့ပါတယ်။ သူ့ချစ်သူက သူတို့မြို့က မြို့မျက်နှာဖုံး တစ်ယောက်ရဲ့ သမီးပါ။ အရွယ်ကလည်း ငယ်ကြသေးတော့ မိဘတွေကို အသိမပေးပဲ သူတို့ဘာသာ ခိုးကြောင်ခိုးဝှက်နဲ့ပဲ ပျော်စရာ ကြည်နူးစရာ ချစ်သူဘဝ နေ့ရက်တွေကို ကုန်လွန်ဖြတ်သန်း ခဲ့ကြပါတယ်။ တစ်နေ့မှာတော့ သူ့ချစ်သူက ပြောလာပါတယ်။
“မောင် ကျွန်မတို့တော့ ဒုက္ခရောက်ပြီ။”
“ဘာဖြစ်လို့လဲဟင်။“
“ကျွန်မ မသင်္ကာလို့ စစ်ကြည့်တာ အခု ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီ။”
သူတို့တတွေ ခေတ်လူငယ်တို့ရဲ့ သဘာဝအတိုင်း ခြေလွန်လက်လွန်တွေ ဖြစ်ခဲ့ကြ ပါတယ်။
“အဲဒါ ဘယ်လို လုပ်ကြမလဲ။ လူကြီးတွေကို အသိပေးကြမလား။”
“အဲဒါတော့ မဖြစ်ဘူးထင်တယ်။ အဖေက သိတဲ့အတိုင်း သိပ်စည်းကမ်းကြီးတာ။ အဖေသိရင် ကျွန်မကို သတ်လိမ့်မယ်။”
“အဲဒါဆို ကိုယ်တို့ ထွက်ပြေးကြမလား။”
“ကျွန်မတို့ နှစ်ယောက်စလုံး အခုမှ တက္ကသိုလ် ပထမနှစ်ပဲ ရှိသေးတယ်။ ဘာအလုပ်အကိုင်မှလည်း ရှိတာမဟုတ်ဘူး။ အိမ်ကလည်း သိရင် ပြန်လက်ခံမှာ မဟုတ်ဘူး။ထွက်ပြေးရင် နှစ်ယောက်စလုံး ဘဝပျက် သွားမှာပေါ့။”
အဲဒီလိုနဲ့ သူတို့ နှစ်ယောက် ပြသနာကို ဖြေရှင်းဖို့ နည်းလမ်းတွေကို ခေါင်းပူအောင် ရှာကြပါတယ်။ နောက်ဆုံးတော့ သူတို့တစ်တွေ ဥပဒေ ပြင်ပက အလုပ်တစ်ခု ကို လုပ်ဖို့ ဆုံးဖြတ်လိုက် ကြပါတယ်။ အဲဒီ ကိုယ်ဝန်ကို ဖျက်ချဖို့ပါပဲ။

သူတို့ အရပ်ဒေသမှာ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့ အရပ်လက်သည် တစ်ယောက် ရှိပါတယ်။ ဒီလိုနဲ့ပဲ သူတို့နှစ်ယောက်သား အရပ်လက်သည် ရဲ့ အိမ်ကို ရောက်သွားကြပါတယ်။ အဲဒီ အရပ်လက်သည်က သူတို့မြို့ရဲ့ တစ်နေရာမှာ ခြံနဲ့ ဝင်းနဲ့ နေတာပါ။ သူတို့ လက်သည်ရဲ့အိမ်ကို ရောက်သွားတော့ အရပ်လက်သည်က သူ့ချစ်သူကို စမ်းကြည့်ပါတယ်။ နောက်တော့
“ရပါတယ်။ သိပ်ရင့်သေးတာမှ မဟုတ်တာ။ ထားခဲ့။ အကုန်လုပ်ထားလိုက်မယ်။ ညနေကျမှ လာပြန်ခေါ်။” လို့ ပြောပါတယ်။

အဲဒီလိုနဲ့ သူ့ချစ်သူကို အဲဒီအိမ်မှာ ထားခဲ့ပြီး တစ်နေရာကနေ ထိုင်စောင့်နေမိပါတယ်။ စိတ်ထဲမှာတော့ စိုးရိမ်ပူပန်နေ ပါတယ်။ ညနေစောင်းတော့မှ အရပ်လက်သည် ရဲ့ အိမ်ကို သူပြန်ရောက် သွားပါတယ်။ သူ့ချစ်သူကို မတွေ့ရပါဘူး။ အရပ်လက်သည်က စိတ်မကောင်းတဲ့ ပုံနဲ့ ပြောတယ်။
“ဟဲ့ ကောင်လေး။ နင့်ရည်းစားတော့ သွေးလွန်ပြီး တိမ်းပါးသွားပြီ။ ငါတို့လည်း အတတ်နိုင်ဆုံး ကြိုးစားတာပဲ။ ဒါပေမယ့် ဘယ်လိုမှ မကယ်နိုင် လိုက်ဘူး။”
“ဘာ။ ဘာပြောတယ်။ ခင်ဗျားတို့ ဘယ်လို လုပ်လိုက်တာလဲ။”
“ဒီကိစ္စက ဘယ်လိုပဲ ဖြစ်ဖြစ် အန္တရာယ်များတယ်။ ငါတို့လည်း ရအောင်တော့ ကယ်သေးတာပဲ။ ဒါပေမယ့် မကယ်နိုင်ဘူး။”
“ခင်ဗျားတို့ကို ရဲတိုင်ရမယ်။”
“တိုင်ချင်လည်း တိုင်ပေါ့။ ဒီကိစ္စမှာ မင်းလည်း ကြံရာပါပဲ။ မင်းတို့ လုပ်ချင်တယ် ဆိုလို့ ငါလုပ်ပေးတာပဲ။”
သူ နည်းနည်းတွေ သွားတယ်။ အဲဒီမှာ အရပ်လက်သည်က ဆက်ပြောတယ်။
“ကဲ မင်းလည်း ကိုယ့်ဒုက္ခကိုယ် မရှာနဲ့။ ရော့ ဟော့ဒီမှာ။ မင်းကောင်မလေးရဲ့ လက်ဝတ်လက်စားတွေ။ အဲဒါတွေ ယူပြီး မင်းဘာသာမင်း လွတ်ရာ ကျွတ်ရာသာ ရှောင်နေပေတော့။ ကောင်မလေး အလောင်းကို ငါတို့ ကောင်းကောင်းမွန်မွန် မြှုပ်လိုက်မယ်။ ဒီကိစ္စကို မင်းနဲ့ ငါတို့ အပြင် ဘယ်သူမှ မသိဘူး။ ပြသနာဖြစ်ရင် မင်းလည်း အမှုပတ်မယ်။ နောက်ပြီး ကောင်မလေး ပျောက်နေတယ် ဆိုရင် မင်းကို အရင်ဆုံး ရှာကြမှာပဲ။ မင်းပဲ ရှင်းရမှာ။အဲဒီတော့ အတွေးမမှားနဲ့။”
နောက်ဆုံးတော့ သူလည်း ကြံရာမရ ဖြစ်ပြီး ကောင်မလေးရဲ့ လက်ဝတ်လက်စားထုပ်ကို ယူပြီး ထွက်ခဲ့ပါတယ်။ တောင်ပေါ်ကို တက်တဲ့ ကားတစ်ကားနဲ့ လိုက်လာခဲ့ပြီး တောင်ပေါ်မြို့ကလေးကို ရောက်လာခဲ့ပါတယ်။ နောက်ဆုံးတော့ စစ်သားစုဆောင်းရေး တွေ့တာနဲ့ စိတ်ဓာတ်ကျနေတဲ့ အဆုံး သေချင် သေပေ့စေကွာ စစ်ထဲ ဝင်မယ် ဆိုပြီး ရောက်လာခဲ့တာပါ။

ဒီကိစ္စက သေမှုသေခင်းဖြစ်တော့ ရဲကို လွှဲရပါတယ်။ လူငယ်ကို သက်ဆိုင်ရာ မြို့နယ်ရဲ့ ရဲစခန်းကို လွှဲပြောင်းပေးပြီး အရပ်လက်သည်ရဲ့ အိမ်ကို ဝင်ရှာကြပါတယ်။ သူမရဲ့ အိမ်ကို မြေလှန်ပြီး ရှာတဲ့အခါမှာတော့ အဲဒီမြို့တစ်မြို့လုံး အရမ်းကို တုန်လှုပ် ခြောက်ခြားသွား စေတဲ့ အမှုတစ်မှုကို ကြုံတွေ့ ရပါတော့တယ်။ သူမရဲ့ အိမ်ဝင်းထဲမှာ ကိုယ်ဝန် ဖျက်ချရာကနေပြီး သေဆုံးခဲ့တဲ့ အမျိုးသမီးအလောင်းတွေ မြှုပ်နှံထားတာကို အများအပြား ရှာတွေ့ရတာပါပဲ။

-------------------------------------------------------------------------------------------------

သူရဲ့ ဇာတိမြို့ကို အလည်သွားရာကနေ ပြန်လာတဲ့ သူငယ်ချင်းက ဇာတ်လမ်း အရှည်ကြီး ပြောပြလိုက်ရလို့ မောသွားတဲ့ ပုံနဲ့ ရေနွေးကြမ်း တစ်ခွက်ကို ကောက်မော့လိုက်ပါတယ်။
“အဲဒါ ငါမြို့ပြန်ရင်းနဲ့ ကြားခဲ့တဲ့ ဇာတ်လမ်းပဲကွ။ ငါတို့နားက ---မြို့မှာ ဖြစ်ခဲ့တာ။ တနယ်လုံးကို ဟိုးလေး တကျော်ကျော်ပဲ။ ကြားရတာတော့ တကယ့်ကို စိတ်မကောင်း စရာ ပဲကွာ။”
သူတို့ နှစ်ယောက်သား စကားဆက် မပြောနိုင်ပဲ အတော်ကြာ ငိုင်နေကြပါတယ်။ ခဏကြာမှ သူက စကားကို ပြန်စလိုက်မိတယ်။
“အေးကွ။ ကိုယ်ဝန်ဖျက်ချတယ် ဆိုတဲ့ ကိစ္စက အနောက်နိုင်ငံတွေမှာ တရားဝင် လက်ခံနိုင်ပေမယ့် တို့နိုင်ငံမှာတော့ ဘယ်လိုမှ လက်ခံလို့ မရတဲ့ ကိစ္စပဲကွ။ အနောက်နိုင်ငံတွေမှာတောင်မှ အယူအဆက အမျိုးမျိုး ကွဲကြသေးတယ်။ တစ်ချို့ ခရစ်ယာန် ဘာသာဝင်တွေက ကမ္ဗဇလေ လှုပ်ရှားတာ မဖြစ်မခြင်း အသက်မဝင်သေးဘူး လို့ ယူဆကြတယ်။ တစ်ချို့ ရဟူဒီ ဘာသာဝင်တွေက မမွေးမချင်း အသက်မရှိဘူးလို့ ယူဆကြတယ်။ အဲဒီတော့ သူတို့က အဲဒီအချိန်မှာ ကိုယ်ဝန်ဖျက်ချတာကို ဘာသာရေး အမြင်အရ အပြစ်မရှိဘူးလို့ ယူဆကြတယ်။ လူသားဆန်မှုနဲ့ ပတ်သက်ရင်လည်း အယူအဆ အမျိုးမျိုး ကွဲကြတာပဲ။ တစ်ချို့က ဒီကိစ္စကို လူမဆန်တဲ့ ကိစ္စလို့ ထင်ပေမယ့် လူတိုင်းက ထင်တာတော့ မဟုတ်ဘူး။ တစ်ချို့က လူတစ်ယောက်ရဲ့ အသက်ရှင်မှုကို ပိတ်ပင်တာ လူမဆန်တာလို့ ပြောကြတယ်။ တစ်ချို့ကလည်း မိခင်ရဲ့ ရှေ့ရေးအတွက် ဒီကိစ္စကို သူ့ဘာသာသူ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်လို့ ပြောကြတယ်။ ငါတို့နိုင်ငံမှာလည်း ဘာသာရေး အမြင်တစ်ခုတည်းနဲ့ ပိတ်ပင်ထားတယ်လို့ မထင်ဘူး။ ဘာလို့လဲ ဆိုတော့ မိခင်အတွက် ကိုယ်ဝန်လွယ်ရတာ အသက်အန္တရာယ် ရှိတယ်လို့ ယူဆရင် ကိုယ်ဝန်ဖျက်ချဖို့ ဥပဒေက တရားဝင် ခွင့်ပြုထား သေးတာပဲ။ အဲဒီတော့ လူ့အဖွဲ့အစည်းက လက်မခံနိုင်တဲ့ စံနှုန်းတစ်ခု အနေနဲ့ ပိတ်ပင်ထားတယ် လို့ပဲ ထင်တယ်။”
“အေးလေကွာ။ ဒါပေမယ့် ဒီကိစ္စက ဘယ်သူမှန်တယ် ဘယ်သူမှားတယ် ဆိုတာ ပြောရခက်တယ်။ ငါတို့ အမြင်မှာ မှားတယ်ထင်လို့ လူတိုင်းကို မှားတယ်လို့ ပြောလို့မရဘူး။ လူတိုင်းမှာ သူ့အကြောင်းပြချက်နဲ့ သူ ရှိနေကြ တာပဲကွ။ လူ့အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခု နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ အကြောင်းအရာ တစ်ခုကို မြင်တဲ့ အမြင်ချင်းမှ မတူတာ။ စင်ကာပူ၊ ယူကေနဲ့ အမေရိကန်မှာ ဥပဒေအရ တရားဝင် ခွင့်ပြုထားတဲ့ ကိစ္စပဲ။ သူတို့မှာလည်း ဥပဒေအရ ခွင့်ပြုဖို့ လုံလောက်တဲ့ အကြောင်း အချက်တွေတော့ ရှိမှာပေါ့။ ကိုယ့်အယူအဆ တစ်ခုတည်းကို မှန်တယ်လို့ စွဲပြီး မျက်စိမှိတ် ဆွေးနွေး နေရင်လည်း လိုရင်း ရောက်မှာ မဟုတ်ဘူး။”

သူတို့ စကားဆက်မပြောဖြစ်ဘဲ ခဏ ငြိမ်သွားကြတယ်။ နောက်တော့ သူတို့ စကားဝိုင်းက စကားလမ်းကြောင်း ပြောင်းသွားတယ်။ သူက စကားပြန်စတယ်။

“ဒီခေတ် လူငယ်တွေမှာ လက်မထပ်ခင် မစောင့်ထိန်းတာကို မဆန်းတဲ့ကိစ္စတစ်ခုလို ထင်နေကြတယ်ကွ။ မကောင်းဘူး ဆိုတာ သိပေမယ့်လည်း လူတိုင်းက မလိုက်နာ နိုင်ကြဘူး။ ဥပမာကွာ။ အရက်သောက်တာ မကောင်းဘူး ဆိုတာ လူတိုင်းသိနေတာပဲ။ ဒါပေမယ့် မကောင်းဘူး ပြောလို့ အရက်မသောက်ပဲ နေကြသလား ဆိုတော့ မနေကြဘူး။ အဲဒီလိုပဲ လူငယ်တွေကို လက်မထပ်ခင် စောင့်ထိန်းရမယ်လို့ သွန်သင်ကြတယ်။ အဲဒီလို သွန်သင် ပေမယ့်လည်း လူငယ်တိုင်းက မစောင့်ထိန်း နိုင်ကြဘူး။ ဝတ္ထုတွေ ရုပ်ရှင်တွေထဲမှာ လူ့အဖွဲ့အစည်းကြီးက ဘယ်လောက်ပဲ ကောင်းပါတယ်လို့ ရေးပြ ရိုက်ပြ နေပေမယ့် အပြင်လောကမှာက ရုပ်ရှင်တွေ ဝတ္ထုတွေထဲကလို မဟုတ်ဘူး။”

သူ့သူငယ်ချင်းက သူ့စကားကို ထောက်ခံပါတယ်။
“အဲဒါတော့ ဟုတ်တယ်ကွ။ အခုခေတ်ကြီးမှာ သမီးရည်စား အတော်များများက ဒီကိစ္စကို ထမင်းစား ရေသောက်လို ဖြစ်နေကြပြီ။ ၅၀ ရာခိုင်နှုန်း မကျော်ရင်တောင်မှ ၁၀ ရာခိုင်နှုန်း မကတာတော့ သေချာတယ်။ ငါအခုတစ်ခေါက် ရန်ကုန်ဆင်းလာတော့ ဦးလေးအိမ်မှာ ဧည့်သည်တွေ များနေတာနဲ့ ဟိုတယ်မှာ တည်းမယ်ဆိုပြီး သွားတယ်။ ဟိုတယ်ရောက်တော့ ငါ့ကို ဧည့်ကြိုကောင်တာက အခန်းမရှိဘူးလို့ ပြောတယ်။ အဲဒီအချိန် ငါ့ရှေ့မှာပဲ စုံတွဲတစ်တွဲ နာရီပိုင်းနဲ့ အခန်းလာငှားတော့ သူတို့က အခန်း ထုတ်ပေးတယ်။ နှစ်ယောက်စလုံးက သနားကမားလေးတွေ ပဲကွ။ ငါလည်း ဧည့်ကြိုကို ပြသနာ ရှာတာပေါ့။ အဲဒီတော့ အဲဒီကောင်လေးက စိတ်မရှိပါနဲ့ အစ်ကိုရာ။ ကျွန်တော်တို့မှာ နာရီပိုင်းနဲ့ ငှားတဲ့ အခန်းတွေက တစ်နေကုန် ငှားတဲ့ အခန်းတွေထက် ပိုပြီး တွက်ခြေကိုက်လို့ တစ်ချို့ အခန်းတွေကို နာရီပိုင်း ငှားဖို့ သီးသန့်ဖယ်ထားလို့ပါ ဆိုပြီး ငါ့ကို တောင်းပန်တယ်။ ငါလည်း အဲဒါနဲ့ သူ့ကို စပ်စုကြည့်တယ်။ အဲဒီလို အကြံအဖန်တွေ ချည်းပဲလား ဆိုတော့ သူက အကြံအဖန် မဟုတ်ပါဘူး အစ်ကိုရယ်။ တစ်ဝက်လောက်က လွတ်ရာ ကျွတ်ရာ လာခိုတဲ့ အတွဲလေးတွေပါ ဆိုပဲ။ ငါလည်း အတော် အံ့သြသွားတယ်။”

သူတို့နှစ်ယောက် ရှေ့ဆက်စကားပြောဖို့ စဉ်းစားနေကြတယ်။ နောက်တော့ သူကပဲ စကား ပြန်စတယ်။

“ငါတို့ဘက်က မဖြစ်သင့်ဘူးချည်းပဲ နင်းကန်ပြောနေလို့တော့ မပြီးသေးဘူး။ အခု အပြင်လောက မှာ လက်ရှိ ဖြစ်နေတာကို အရင်ဆုံး လက်ခံနိုင်အောင် ကြိုးစားရမယ်။ ပြသနာတစ်ခု ကို ဖြေရှင်းဖို့အတွက် ပေးချက် မှန်မမှန် ဆိုတာက အရေးအကြီးဆုံးပဲ။ ပေးထားတဲ့ အချက်အလက်မှားရင် အဖြေလည်း မှားမှာပဲ။ ရှိနေတဲ့ ပြသနာကို မရှိပါဘူးလို့ ဇွတ်ငြင်းလို့ မရဘူး။ ကဲ အဲဒီတော့ အခုခေတ် သမီးရည်းစားတွေ အားလုံး စောင့်ထိန်းနိုင်ကြသလား မေးမယ်။ အဖြေက နိုးပဲ။ အားလုံးတော့ မစောင့်ထိန်း နိုင်ဘူး။ အဲဒီတော့ မစောင့်ထိန်း နိုင်ခဲ့ရင် ဘယ်လို ကြိုတင် တားဆီးမှုတွေ လုပ်သင့်သလဲ ဆိုတာ သိထား သင့်တယ်။ မလိုလားအပ်တဲ့ ကိုယ်ဝန် ရှိမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေကို နားလည်အောင် ရှင်းပြ ထားသင့်တယ်။”

သူ့သူငယ်ချင်းက သူ့စကားကို နားထောင်ရင်း စဉ်းစားနေတယ်။ သူကပဲ ဆက်ပြောတယ်။

“နောက်တစ်ခုက မတော်တဆ ကိုယ်ဝန် ရှိသွားခဲ့ရင်လည်း ပတ်ဝန်းကျင် အသိုင်းအဝိုင်းက ကဲ့ရဲ့တာတွေ အပြစ်တင်တာတွေ လုပ်နေကြမယ့်အစား အားပေးမှုတွေ နှစ်သိမ့်မှုတွေ ပေးဖို့ ပိုပြီး လိုအပ်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မိန်းကလေးတစ်ယောက် မရည်ရွယ်တဲ့ ကိုယ်ဝန်တစ်ခုကို လွယ်မိပြီ ဆိုကတည်းက သူ့မှာ စိတ်ဓာတ်ကျမှာ အမှန်ပဲ။ အဲဒီလို စိတ်ဓာတ်ကျနေတဲ့သူကို သွားပြီး အပြစ်ဖို့မယ် ဆိုရင် ပိုဆိုးသွားဖို့ပဲ ရှိမှာပေါ့။ လူဆိုတာ မှားတတ်တဲ့ အမျိုးချည်းပဲ လေကွာ။ နောက်ပြီး ဖြစ်ခဲ့တဲ့ ကိစ္စက ဖြစ်သွားပြီ။ နောက်ပြန်လှည့်လို့ ရတာမှ မဟုတ်တာ။ ဒါတွေက ငါတို့ အခု ဆွေးနွေးနေတာထက် အများကြီး ပိုပြီး ကျယ်ပြန့်တယ်။ အားလုံး ဝိုင်းပြီး အဖြေရှာရမယ့် ကိစ္စ။”

သူတို့တွေ အတော်ကြာကြာ စကားဆက်မပြောနိုင်ပဲ ငြိမ်နေကြပါတယ်။ လေကြမ်းကြမ်း တစ်ချက်က ဝှေ့လိုက်လို့ သူတို့ အထက် သစ်ပင်ပေါ်က ပန်းတွေ ဖွာကနဲ မြေပြင်ပေါ်ကို လွင့်ကျလာပါတယ်။ ကြွေချိန်မတန်ခင် ကြွေကျလာတဲ့ ပန်းပွင့်တွေကို ကြည့်ရင်း အဲဒီလို ပန်းပွင့်တွေ ဘယ်လောက်များ များနေပြီလဲလို့ သူ စဉ်းစားကြည့် မိပါတယ်။

Reference:
Massachusetts Institute of Technology: Justice Lecture Notes on "Justice at Life's Inception"

Friday, March 27, 2009

အိပ်မက် အရောင်းအဝယ်

လက်ကိုင် တယ်လီဖုန်းရဲ့ မှန်သားပြင်မှာ မတွေ့ရတာကြာတဲ့ သူငယ်ချင်း တစ်ယောက်ရဲ့ နာမည်ပေါ်လာလို့ ကျော်စွာ ဖုန်းကို ဝမ်းသာအားရ ကောက်ကိုင် လိုက်တယ်။
“ဟဲလို”
“ဟဲလို ကျော်စွာလား။”
ဟုတ်ပါတယ်။ တစ်ဖက်က ကြားရတာ သူ့ရဲ့ ကျောင်းနေဖက် သူငယ်ချင်း နေလွင်ရဲ့ အသံပါ။
“အေး။ နေလွင် ပြော။ ပျောက်လှ ချည်လားဟ။”
“ဒီလိုပါပဲကွာ။ အလုပ်များနေလို့။ ငါတို့ မတွေ့ဖြစ်တာတောင် ကြာပြီ။”
“အေးလေကွာ။ မင်းဆီ ဖုန်းဆက်ရင်လည်း မင်းက မအားတာနဲ့ ဘာနဲ့။ အခုမှ ဘာစိတ်ကူး ပေါက်ပြီး ဖုန်းဆက် ရတာလဲ။”
“မင်းနဲ့ စီးပွားရေး ကိစ္စ တိုင်ပင်ချင်လို့။”
“အောင်မယ်။ ထူးထူးခြားခြား။ မင်းလိုကောင်က။”
“ဒါပေါ့ကွာ ပိုက်ဆံဆိုတာ ရှာရမှာပေါ့။”
“အေး။ အဲဒီလို စကားမျိုး မင်းဆီက ကြားရတာ ဝမ်းသာတယ်။ မင်းနဲ့ ငါနဲ့ ဘယ်တော့ တွေ့မလဲ။”
“လာမယ့် ကြာသပတေးနေ့ ညနေ မင်းအားလား။”
ကျော်စွာ ပြက္ခဒိန်ကို တစ်ချက်လှမ်းကြည့်ရင်း ပြန်ဖြေတယ်။
“အားပါတယ်။”
“အဲဒါဆို ငါမင်းကို ဆယ်မီနာ တစ်ခု ဖိတ်ချင်တယ်။ လာတက်လိုက်ကွာ။ မင်းလည်း တစ်ခါတည်း အကြောင်းစုံ သိသွားရတာပေါ့။”

အဲဒီလိုနဲ့ နေလွင်ဖိတ်တဲ့ ဆယ်မီနာကို ကျော်စွာ သွားတက် ဖြစ်ပါတယ်။ ဆယ်မီနာမှာ ပြောတာကတော့ မဆိုးပါဘူး။ Robert Kiyoski ရဲ့ Rich Dad Poor Dad စာအုပ်ထဲက တိုက်ရိုက်ဝင်ငွေ နဲ့ သွယ်ဝိုက်ဝင်ငွေ အကြောင်းတွေ ပြောပြီး သွယ်ဝိုက်ဝင်ငွေ ရှာပြီး ကိုယ့်အတွက် ပိုက်ဆံကို အလုပ်လုပ်ခိုင်းမှ ငွေဝင်အား (Cashflow) က ပိုကောင်းလာမှာ ဖြစ်လို့ ချမ်းသာဖို့ လွယ်ကူတယ် ဆိုတဲ့ အကြောင်းပါ။ ဒီအချက်ကို လက်ခံပါတယ်။ ရင်းနှီး မြှုပ်နှံမှု ဆိုတာ တကယ်ကို လိုအပ်တဲ့ ကိစ္စပါ။ ဒါပေမယ့် သူတို့ရဲ့ သွယ်ဝိုက် ဝင်ငွေ ရှာတဲ့နည်း ကတော့ အချိုးမကျ ပါဘူး။ ပိရိမစ် ရောင်းဝယ်ရေးလို့ အများ သိကြတဲ့ နည်းလမ်းပါ။ ပိရမစ် ရောင်းဝယ်ရေး ရဲ့ သဘောတရားက ပစ္စည်း ရောင်းတာကို အဓိက ထားပြီး ငွေရှာတဲ့ နည်းမျိုး မဟုတ်ပဲ အရောင်း ကိုယ်စားလှယ် အသစ် ထပ်ရှာပြီး ငွေရှာတဲ့ သဘောမျိုးပါ။ Multi Level Marketing ဆိုတာ သာမန် တီဗွီ ကြော်ငြာဆိုင်းဘုတ် စတဲ့ သမာရိုးကျ ကြော်ငြာ နည်းလမ်းတွေ ကို မသုံးဘဲ အရောင်း ကိုယ်စားလှယ် အဆင့်ဆင့် ကနေ ကုန်ပစ္စည်း တွေကို ဖြန့်ဖြူးတဲ့ နည်းလမ်းပါ။ အဲဒီ နည်းလမ်း မှာမှ ကုန်ပစ္စည်း ဖြန့်ဖြူးလို့ရတဲ့ အမြတ်အစွန်းကို အဓိက မထားဘဲ ကိုယ်စည်းရုံးလို့ ရတဲ့ အရောင်း ကိုယ်စားလှယ်ရဲ့ အသင်းဝင်ကြေးကို အဓိကထားပြီး ပိုက်ဆံ ရှာတာကို ပိရိမစ် ရောင်းဝယ်ရေး လို့ အမျိုးအစား ခွဲခြားသတ်မှတ် ပါတယ်။

ဥပမာအားဖြင့် Mr. A က အဲဒီ စီးပွားရေး လုပ်ချင်တယ် ဆိုရင် သူ့အနေနဲ့ အရောင်း ကိုယ်စားလှယ် အဖွဲ့ဝင်ကြေး အကြမ်းမျဉ်း ဒေါ်လာ ၁ သောင်းခွဲ ပေးရပါတယ်။ အသင်းဝင် ပြီးရင် Mr.A က သူ့လို နောက်ထပ် အရောင်း ကိုယ်စားလှယ် လုပ်ချင်တဲ့ သူကို ရှာရပါတယ်။ အဲဒီမှာ သူက Mr. B နဲ့ Mr. C ကို အရောင်း ကိုယ်စားလှယ် အဖြစ် ဆွယ်နိုင်တယ် ဆိုရင် Mr. B နဲ့ Mr. C တို့ရဲ့ အဖွဲ့ဝင်ကြေး ဒေါ်လာ ၁သောင်းခွဲစီ ထဲက ဒေါ်လာ ၃၀၀၀ ကို ကော်မရှင် အနေနဲ့ ရပါတယ်။ အဲဒီမှာ Mr. B က Mr.D ကို အဖွဲ့ဝင် ဖြစ်အောင် ဆွယ်နိုင်တယ် ဆိုရင် Mr. B က ဒေါ်လာ ၃၀၀၀ ကို ကော်မရှင် အဖြစ်ရပြီး Mr. B ကို အသင်းဝင် ဖြစ်အောင် လုပ်ပေးခဲ့တဲ့ Mr. A ကတော့ ဒေါ်လာ ၁၅၀၀ ရပါတယ်။ အဲဒီလို ကိုယ်ဆွယ်ထားတဲ့ အသင်းဝင်တိုင်းရဲ့ ဆင့်ပွား အဆွယ်အပွားတွေ အားလုံးဆီကနေ အကျိုးအမြတ် ခံစားခွင့် ရတဲ့အတွက် ပိရမစ်ပုံစံ ဖြစ်နေလို့ ပိရိမစ် ရောင်းဝယ်ရေး လို့ ခေါ်ကြတာပါ။

ဆယ်မီနာ ပြီးတော့ နေလွင်နဲ့ အတူ အလုပ်လုပ်နေတဲ့ ဂျွန်ဆိုတဲ့ စလုံးတစ်ယောက်က သူ့ကို စကားစ ပါတယ်။
“မစ္စတာ ကျော် တစ်လ ဝင်ငွေ ဘယ်လောက် ရှိသလဲ ခန့်မှန်းခြေ ပြောပြလို့ ရမလား။”
“ကျွန်တော့်အတွက် ပြောပြရတာ အပန်းမကြီးပါဘူး။ ဒေါ်လာ ၃၀၀၀ ကျော်လောက်တော့ ရှိတာပေါ့။”
“ကိုယ်ပိုင် စီးပွားရေး လုပ်ဖို့ အစီအစဉ် မရှိဘူးလား။ ကျွန်တော်တို့နဲ့ အတူ စီးပွားရေး လုပ်မယ် ဆိုရင် တစ်လကို ဂဏန်း ၅လုံး ရှိတဲ့ ဝင်ငွေမျိုး ရနိုင်ပါတယ်။ ဒီပတ်ဝန်းကျင်မှာ ကြည့်လိုက်ပါ။ အားလုံး ဝင်ငွေကောင်းတဲ့ သူတွေချည်းပဲ။ တစ်လ ၃၀၀၀ လောက်ဆိုတာ ဒီမှာ အလုပ်လုပ်နေတဲ့ သူတွေအတွက် နည်းနည်းလေးပဲ ရှိပါတယ်။ အလုပ် ကြိုးစားတဲ့ သူတွေ အကုန်လုံး ဂဏန်း ၅လုံး ဝင်ငွေ ရှိကြတယ်။ ကျွန်တော်တို့ စီနီယာ တစ်ယောက်ဆို ကိုယ်ပိုင် ပုံနှိပ် လုပ်ငန်း လုပ်ခဲ့တာ ၁၀ နှစ်ကျော် ကြာတယ်။ အဲဒီ ဝင်ငွေနဲ့ ညီမျှတဲ့ ဝင်ငွေကို အခုလုပ်ငန်း လုပ်တဲ့ အချိန်မှာ ၆ လနဲ့ ပြန်ရှာနိုင်တယ်။”

သူက ဘာမှ ပြန်မပြောသေးတော့ ဂျွန်က ဆက်ပြောပါတယ်။

“မစ္စတာကျော် လုပ်ရမယ့် အလုပ်က ရိုးရိုးရှင်းရှင်း လေးပါ။ ဟောဒီမှာ Aromatherapy ပစ္စည်း တစ်ခု ရှိတယ်။ အဲဒီပစ္စည်းက အရမ်းကို အသုံးဝင်တယ်။ လူတိုင်း ကြိုက်တဲ့ ပစ္စည်း။ အဲဒီ ပစ္စည်းကို ဒေါ်လာ တစ်သောင်းခွဲနဲ့ ဝယ်လိုက်။ နောက်ပြီး ရင် အဲဒီလို ဝယ်မယ့်သူ ထပ်ရှာပေါ့။ မစ္စတာကျော်ကနေ ဆင့်ပွားလာတဲ့သူတွေ ဒီပစ္စည်းကို ဝယ်တိုင်း အကျိုးအမြတ်တွေက မစ္စတာကျော်ရဲ့ အိတ်ထဲကို ဝင်နေမှာပါ။”

အပြောကတော့ ရွှေမန်းပါပဲ။ ဒါပေမယ့် ကျော်စွာ့လို စီးပွားရေး အကွက် မြင်တဲ့သူ တစ်ယောက်ကို လာပြီး ချဉ်းကပ် မိတာကတော့ သူတို့ အမှားပါပဲ။ MLM အကြောင်းကို ကျော်စွာ တော်တော် နှံ့နှံ့စပ်စပ် လေ့လာဖူး ပါတယ်။ ဒီကောင်တွေရဲ့လုပ်ပေါက် ကိုလည်း ကျော်စွာ ကောင်းကောင်း ရိပ်မိပါတယ်။ လူအတော် များများမှာ သိမ်ငယ်စိတ် ဆိုတာ ရှိပါတယ်။ အခု ဒီကောင်တွေ လုပ်နေတဲ့ ပုံစံက သူတို့ရဲ့ ပစ္စည်း ဥစ္စာတွေ ဝင်ငွေတွေပြ၊ ကိုယ့်ဘာသာကိုယ် သိမ်ငယ်သွားအောင် လုပ်၊ နောက်မှ အဲဒီ သိမ်ငယ်စိတ်ကို နင်းပြီး အိပ်မက်တွေ ထိုးရောင်း လိုက်တာပါပဲ။

သူစိတ်ထဲကနေ ကြိတ်ပြုံးမိပါတယ်။ နောက်တော့ သူက ဂျွန်ကို “ငါ နေလွင်နဲ့ ခဏ ကိုယ်ရေးကိုယ်တာ ကိစ္စ စကားပြောချင်တယ်။ နားလည်မယ် ထင်ပါတယ်။” လို့ ပြောပြီး အတင်း ပထုတ်လိုက်တယ်။ ဂျွန်က သူပြောမယ့် ကိစ္စက ငွေရေးကြေးရေး ကိစ္စလို့ ထင်သွားပြီး တစ်နေရာကို ထွက်သွား ပါတယ်။ သူထွက်သွားတော့ သူက နေလွင့်ဘက်ကို လှည့်ပြီး မေးခွန်း ထုတ်လိုက် ပါတယ်။

“ဟေ့ကောင်။ မင်းတို့အလုပ်ထဲမှာ မြန်မာတွေ များလှချည်လားကွ။”
“ဒါပေါ့ကွာ။ စလုံး ဆိုတဲ့ကောင်တွေက စီးပွားရေး အမြင်မှ မရှိတာကွာ။ ဒီလုပ်ငန်းမှာ နိုင်ငံခြားသားတွေ များတယ်။ မြန်မာတွေလည်း အများကြီးပဲ။ ဘာပဲပြောပြော ငါတို့ မြန်မာတွေက စီးပွားရေး အမြင်ကျယ်တယ် လေကွာ။”
“ဟေ့ကောင်။ နေလွင်။ မင်း သောက်ရူးပဲကွ။ စလုံးတွေမှာ စီးပွားရေး လုပ်ငန်းရှင် ဖြစ်ချင်တဲ့စိတ် ငါတို့ မြန်မာတွေလောက် မရှိဘူး ဆိုတာ ငါလက်ခံလို့ ရတယ်။ ဒါပေမယ့် မင်း စလုံးမှာ နေလာတာ ဒီလောက် ကြာပြီ။ ဒီကောင်တွေ အကြောင်း အခုထိ မသိသေးတာ ငါအံ့သြတယ်။ ဒီကောင်တွေ ထောင့်စေ့အောင် မေးတတ်တဲ့ နေရာမှာ ငါတို့ထက်သာတယ်။ ကတ်သီးကတ်သတ် တွက်တတ်တဲ့ နေရာမှာလည်း အတူတူပဲ။ နောက်ပြီး ဒီကောင်တွေ က အားမနာတတ်ဘူး။ ငါတို့က တစ်ခုခု ပြန်မေးဖို့ ဆိုရင် ရွံ့သလို ကြောက်သလို ဖြစ်တတ်တယ်။ သူများကို စော်ကားသလို ဖြစ်မှာလည်း ကြောက်တတ်တယ်။ ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး လှည့်ပတ် မေးနိုင်ရင် ဟာကွက်တွေ အများကြီးပဲ။ ဒါနဲ့ နေပါဦး။ အဲဒီ လူတွေ အကုန်လုံးက လက်ထဲမှာ ပိုက်ဆံ ၁ သောင်းခွဲ ရင်းနှီးဖို့ ရှိကြ သတဲ့လား။”
“ဘယ်ရှိမလဲ။ ဒါပေမယ့် ဒီလောက်ကောင်းတဲ့ စီးပွားရေး အခွင့်အလမ်းပဲကွာ။ ဘယ်လက်လွတ် ခံမလဲ။ ရတဲ့ နေရာက ချေးငှား၊ ရှိတာ ရောင်းချပြီး လုပ်ကြတာပေါ့။”
“ဘယ်နှစ်ယောက် အရင်း ပြန်ရပြီလဲ။”
နေလွင်က မဖြေနိုင်ပဲ အင်းအဲ ဖြစ်နေပါတယ်။ နောက်မှ
“မင်း ခက်ခက် ကို သိတယ်မဟုတ်လား။”
“ဟို အင်ဂျင်ဝိုင်ကလေးကို ပြောတာမဟုတ်လား။ သိတာပေါ့။”
“ဘာလဲကွ။ အင်ဂျင်ဝိုင်။”
“စက်ဆီ ကို ပြောတာဟ။”
“ဟားဟား။ အေး ဟုတ်တယ်။ သူတော့ အရင်းကြေတဲ့ အပြင် အမြတ်ပါ တော်တော် ရနေပြီ။”
“မင်းနဲ့ တခြားကျန်တဲ့ သူတွေကရော။”
“လုပ်ကြတုန်းပဲဟ။ မရကြသေးဘူး။”
“ဘယ်တူမလဲဟ။ မင်းတို့လို နှုတ်က မသွက်တဲ့ ကောင်နဲ့ ခက်ခက်လို မွှတ်နေအောင် လည်တဲ့ ကောင်မလေးနဲ့။ ဟိုက တစ်ချက်နှစ်ချက် ညုလိုက်ရင် လျော်ချင်နေတဲ့ ကောင်တွေက အများကြီး။ မင်းတို့လို ကောင်တွေကျ ဘယ်သူက လျော်မှာလဲ။”
“အဲဒီလိုလည်း မဟုတ်သေးဘူးကွ။ ရှိသေးတယ်။ ကိုထွဋ်ဆိုရင် အစကတည်းက လုပ်တာ။ သူလည်း အခု ဆိုရင် အတော် ဝင်ငွေကောင်းနေပြီ။”
“မင်းတို့ကောင်တွေ ငအ တွေပဲကွာ။ မလေ့မလာပဲနဲ့ သောက်ရမ်း စွတ်စွတ်လုပ်တယ်။ ဟေ့ကောင်။ မင်းကိုငါ ပြောပြမယ်။ ပိရမစ် လုပ်ငန်းတွေမှာ ရှုံးတဲ့သူက ၈၈ ရာခိုင်နှုန်း ရှိတယ်။ အမြတ် ရတဲ့သူက ၁၂ ရာခိုင်နှုန်းပဲ ရှိတယ်။ ကိုထွဋ်လို လူမျိုး အမြတ်ရတယ် ဆိုတာ အဲဒီ ၁၂ ရာခိုင်နှုန်းထဲမှာ ပါနေလို့။ မင်းစဉ်းစားကြည့်ကွာ။ ငါက လူ ၆ ယောက်ရှာတယ်။ အဲဒီ လူ ၆ယောက်က နောက်ထပ် လူ ၆ယောက် ထပ်ရှာတယ်။ ၁၃ ဆင့်လောက် အောက်ဆင်းသွားရင် ၁၃ ဘီလီယံ ဖြစ်နေပြီ။ အဲဒါ ကမ္ဘာ့ လူဦးရေထက် ပိုများသွားပြီကွ။”
“ဟ။ ဒါပေမယ့် လူတိုင်းက တကယ့်ကို လုပ်နိုင်ကြတာမှ မဟုတ်တာ။ အဲဒီထဲမှာ ကိုယ်လုပ်နိုင်ရင် ကိုယ်စားရမှာပဲလေ။”
“ဟေ့ကောင်ရ။ လူတိုင်း ကမင်းလို တွေးကြမှာပဲလေ။ ပိုက်ဆံ ၁သောင်းခွဲ ပေးထားပြီး ဘယ်ကောင်က ဒူးနှန့်နေမှာလဲ။ အကုန်လုံးက ကိုယ်ပြန်ရမယ် ထင်လို့ပဲ ဒီလောက် ပိုက်ဆံ အကုန်ခံကြတာပေါ့။”

သူပြောတဲ့စကားကြောင့် နေလွင် တွေသွားပါတယ်။ အဲဒီအချိန်မှာပဲ ဂျွန်က မယောင်မလည်နဲ့ အနားကို ပြန်ရောက်လာပါတယ်။

“ဘယ်လိုလဲ မစ္စတာကျော်။ ဆွေးနွေးလို့ ပြီးပြီလား။”
“ပြီးပါပြီ။ ကျွန်တော် ပိုက်ဆံ ဘယ်လောက်ရရ ဥပဒေနဲ့ မကင်းတဲ့ လုပ်ငန်းတွေ မလုပ်ချင်ပါဘူး။”
သူ့စကားကြောင့် ဂျွန်ရော နေလွင်ပါ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားတယ်။ ဂျွန်က အကြောက်အကန် ငြင်းတယ်။

“ကျွန်တော်တို့ လုပ်ငန်းက ဥပဒေဘောင်အတွင်းက လုပ်တဲ့ လုပ်ငန်းပါ။”
“မဟုတ်သေးဘူး ဂျွန်။ စင်ကာပူမှာ MLM နဲ့ ပိရိမစ် ရောင်းဝယ်မှုကို ပိတ်ပင်တဲ့ ဥပဒေ ကို ပြဌာန်းထားတာ ၁၉၇၃ ခုနှစ် ကတည်းကပါ။ အမေရိကန် အပါအဝင် နိုင်ငံတွေ အတော်များများမှာလည်း ဥပဒေအရ ပိတ်ပင်ထားတယ်။ ကျွန်တော် လေ့လာဖူးတယ်။ ၂၀၀၀ ခုနှစ်မှာမှ စင်ကာပူမှာ ၁၉၇၃ ဥပဒေကို ခြွင်းချက်ပေးတဲ့ ပြင်ဆင်ချက် ဥပဒေ ထွက်ထားတယ်။ အဲဒီ ခြွင်းချက်ပေးထားတာကလည်း အာမခံ ကုမ္ပဏီတွေနဲ့ ရောင်းဝယ် ဖောက်ကားမှုကနေ အမြတ်အစွန်းကို ခွဲဝေပေးတဲ့ ကုမ္ပဏီတွေပဲ ပါပါတယ်။ အရောင်း ကိုယ်စားလှယ် အသစ် ထပ်ရှာပြီး အမြတ်အစွန်း ရှာတဲ့ ကုမ္ပဏီက ဥပဒေနဲ့ ငြိစွန်း နေတယ်။ ဒဏ်ငွေ ၂ သိန်းအထိ ဒါမှမဟုတ် ထောင် ၅ နှစ်အထိ ချလို့ ရတယ်။”

ကြည့်ရတာ သူကိုယ်တိုင်လည်း ကြားဖူးပုံ မပေါ်ပါဘူး။ သူ့ကို ပါးစပ် အဟောင်းသားနဲ့ ငေးကြည့် နေပါတယ်။ ကျော်စွာ ကိုယ်တိုင်တောင်မှ အရင်က အသေအချာ လေ့လာဖူးလို့ ဒီလောက် သိတာပါ။ ကျော်စွာက ပြောလက်စနဲ့ ဆက်ပြောတယ်။

“တီထွင်ကြံဆတဲ့နည်းနဲ့ လုပ်တဲ့ သာမန် MLM နဲ့ ပိရိမစ် ရောင်းဝယ်ရေးရဲ့ ကွာခြားချက်က အသိအသာ ကြီးပါ။ ခင်ဗျား ကျွန်တော့်ကို ပြတဲ့ Aromathreapy ပစ္စည်းကို စီးပွားရေး မျှော်လင့်ချက်သာ မရှိဘူး ဆိုရင် ဘယ်သူက ဝယ်မှာလဲ။ ကျွန်တော့်ကို ဒီအတိုင်းသာ လာရောင်းရင် ဒေါ်လာ ၅၀ တောင် ပေးမှာ မဟုတ်ဘူး။ ခင်ဗျားလည်း အဲဒီ မျှော်လင့်ချက်သာ မရှိရင် ဝယ်မှာ မဟုတ်ဘူး။ လူတိုင်း ကြိုက်တဲ့ ပစ္စည်းပဲ ထားအုံးဗျာ။ လူတိုင်းက ကိုယ်နည်းနည်း သဘောကျတာနဲ့ ပစ္စည်းဝယ်မှာမှ မဟုတ်တာ။ အားလုံးက နောက်ထပ် ပိုက်ဆံရှာလို့ ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီပစ္စည်းကို ဝယ်ကြတယ်။ အဲဒီတော့ ခင်ဗျားတို့လုပ်တာ ရိုးရိုး MLM မဟုတ်ဘဲ ပိရိမစ် ရောင်းဝယ်ရေး ဆိုတာ အရှင်းကြီးပဲ။ ပိုက်ဆံ ဘယ်လောက်ရရ ကျွန်တော်တော့ မလုပ်ဘူးဗျာ။ ပထမ အချက်က ကိုယ်နဲ့ ခင်မင်တဲ့ မိတ်ဆွေတွေရဲ့ ကိုယ့်အပေါ် ယုံကြည်မှုကို ရင်းပြီး သူတို့ကို အိပ်မက်တွေ ရောင်းစားရမယ်။ အဲဒီလူတွေနဲ့ အခင်အမင် ပျက်မယ်။ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေလည်း ကိုယ်ကြောင့် ဒုက္ခရောက် ရမယ်။ နောက်ဆို လူတော သူတော မတိုးဘူး ဖြစ်သွားလိမ့်မယ်။ အဲဒီတော့ ခင်ဗျားတို့ကို အကြံပေးချင်တာက ခင်ဗျားတို့လည်း လူဝင်ဆန့်ချင်သေးတယ် ဆိုရင် အချိန်မလွန်ခင် နောက်ဆုတ်လိုက်ပါ။”

အဖြစ်အပျက် ကတော့ ရယ်ရပါတယ်။ အစတုန်းက သူတို့နှစ်ယောက်က သူ့ကို ဆွယ်ဖို့ ခေါ်တာပါ။ ဒါပေမယ့် အခုတော့ သူက သူတို့နှစ်ယောက်ကို ဒီအထဲက ပြန်ဆွဲထုတ်တဲ့ အခြေအနေ ဖြစ်နေပါပြီ။ ကြည့်ရတာ သူတို့ နှစ်ယောက်စလုံးလည်း ဒီလုပ်ငန်းမှာ အတွေ့အကြုံ သိပ်ရှိသေးပုံ မပေါ်ပါဘူး။ အတွေ့အကြုံ ရှိတဲ့ ကောင်ဆိုရင်တော့ ဇွတ်အတင်းငြင်းမှာမို့ အတော်ကို ငြင်းရခုံရ ဦးမှာ သေချာပါတယ်။ ဂျွန်နဲ့ နေလွင် သူ့စကားအဆုံးမှာ ပါးစပ်အဟောင်းသားနဲ့ ဘာပြောရမှန်း မသိဖြစ်နေကြပါတယ်။ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်နေကြပါတယ်။

“ကဲ။ ခင်ဗျားတို့ စဉ်းစားကြပေါ့ဗျာ။ ခင်ဗျားတို့လို ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း လုပ်ချင်တဲ့သူတွေနဲ့ ဆုံခွင့်ရတာ ဝမ်းသာပါတယ်။ နောင်တစ်ချိန်မှာ MLM မဟုတ်ဘဲ တခြား စီးပွားရေး လုပ်ငန်းတစ်ခုခုကို လုပ်ဖို့ စိတ်ဝင်စားတယ် ဆိုရင် ပြန်ဆုံကြ သေးတာပေါ့။”

စကားအဆုံးမှာတော့ ကျော်စွာ လှည့်ထွက်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့ နှစ်ယောက်တော့ သူ့ကျောပြင်ကို စိုက်ကြည့်နေသလား။ တစ်ယောက်မျက်နှာ တစ်ယောက်ပဲ ကြည့်နေသလား။ နောက်တစ်ယောက်ကိုပဲ အချဉ်ဖမ်းဖို့ သွားကြပြီလားတော့ မပြောတတ်တော့ပါ။

Reference:
What's wrong with Multi-Level Marketing?
Singapore: Ministry of Trade and Industry: Multi-Level Marketing and Pyramid Selling
Wikipedia: Pyramid Scheme

Related Post:
ကိုနဗန - လင်ဇီးမုန်တိုင်း မွှေတဲ့နေ့ ( အပိုင်းတစ် )
ကိုနဗန - လင်ဇီးမုန်တိုင်း မွှေတဲ့နေ့ ( အပိုင်းနှစ် )

(ဒီပို့စ်ဖြစ်အောင် အချက်အလက်တွေ ပေးခဲ့တဲ့ Gunner နဲ့ MLM သမားတွေ အကြောင်း ရှင်းပြပေးတဲ့ မြန်မာ Tycoon ကြီး တို့ကို အထူးပဲ ကျေးဇူးတင် ပါတယ်။ :D )

Wednesday, March 25, 2009

ညမဖတ်ရ

ကျွန်တော်တို့ ငယ်ငယ်က နှစ်နှစ်ခြိုက်ခြိုက် ဖတ်ခဲ့တဲ့ စာအုပ်တွေထဲမှာ မြစကြာတို့ မှော်စက်ရှင်တို့ ရေးတဲ့ သိုက်တူးတဲ့ ဝတ္ထုတွေ၊ စုန်းကဝေ သရဲတစ္ဆေ ဝတ္ထုတွေလည်း ပါပါတယ်။ ယုတ္တိ မရှိပေမယ့် ဖတ်လို့ကတော့ အလွန် ကောင်းပါတယ်။ ငယ်ငယ်တုန်း ကတော့ ယုံတဝက် မယုံတဝက်နဲ့ပဲ ဖတ်ဖြစ်ပါတယ်။ ညမဖတ်ရ ရေးထားပေမယ့် ညဖက်မှာ ဖတ်ရင်လည်း ဘာမှ ထူးထူးခြားခြားတော့ ကြောက်စရာ မကြုံဖူးပါဘူး။

မြစကြာရဲ့ သိုက်တူးတဲ့ ဝတ္ထုတွေ ဆိုရင် ဖတ်ရတာ တရုတ်သိုင်းဝတ္ထု ဖတ်ရတဲ့ အတိုင်းပါပဲ။ သိုက်သွားတူးတုန်း သရဲကြီး ထွက်လာလိုက် သိုက်ဆရာက အင်းနဲ့ ကောက်ထုလိုက် သရဲကြီး ပြန်ထွက် ပြေးသွားလိုက်။ နောက်ထပ် သဘက်ကြီး တစ်ကောင် ထွက်လာလိုက်။ ဆေးတောင့်နဲ့ ကောက်ပစ်လိုက် သဘက်ကြီး ထွက်ပြေးသွားလိုက်။ အဲဒီလိုတွေ ရေးထားတာ တရုတ် သိုင်းဝတ္ထုထဲက လက်နက်ပုန်း ပစ်နေကြတဲ့ အတိုင်းပါပဲ။ နောက်ပြီး အရုပ်ကို စီရင်ပြီး စက်မဲ့ ယာဉ်မောင်းသလို သိုက်ထဲကို လွှတ်ပြီး စည်းဖျက်ခိုင်းတာမျိုး လည်း ပါပါသေးတယ်။ စက်ရုပ်ကား ကြည့်ရသလို ပါပဲ။ တရုတ်သိုင်း ဝတ္ထုထဲမှာ ဝူတန်ဂိုဏ်း၊ ရှောင်လင်ဂိုဏ်း ရှိသလို သိုက်ဆရာကလည်း သူ့ဂိုဏ်းနဲ့ သူပါ။ ငယ်ငယ်တုန်းကတော့ မြစကြာ ဝတ္တုဖတ်ပြီး စစ်ကိုင်းရောက်ရင် ပတ္တမြားစေတီမှာ သိုက်ရှိတယ်လို့ပဲ စိတ်ထဲမှာ ယုံနေပါတယ်။ ပတ္တမြားစေတီ ဆိုတာ စစ်ကိုင်းတောင်ကို မျက်နှာမူပြီး ကြည့်မယ်ဆိုရင် ဘယ်ဖက် အစွန်ဆုံးလောက်မှာ ရှိတဲ့ ဘုရားပါ။

မှော်စက်ရှင် ဝတ္ထုတွေထဲမှာတော့ ကျွန်တော်တို့ ငယ်ငယ်က ယုံတမ်းစကားလို ကြားခဲ့ဖူးတဲ့ စုန်း ကဝေတွေရဲ့ အကြောင်းတွေကို ဝတ္ထုလို ရေးထားတာ ဖတ်ရပါတယ်။ ၁၂ ကြိုး ကဝေ၊ ၈ ကြိုးကဝေ (၆ ကြိုး ကဝေတော့ မပါပါဘူး။ အဲဒါက Iron Cross က ချစ်စမ်းမောင်ပါ။)၊ ဇော်ဂနီ၊ ဇော်ဂနက်၊ မောက်လုံး၊ မောက်ပြား၊ စုန်း၊ တစ္ဆေ စတာ တွေလည်း ပါပါတယ်။ မောက်လုံး မောက်ပြား ဆိုတာ ဘာကောင်လဲ ဆိုတာ အခုထက်ထိ မသိသေးပါဘူး။

ငယ်ငယ်က ကြားဖူးတဲ့ သရဲမီးတို့ စုန်းတောက်စားတယ်ဆိုတဲ့ အကြောင်းတွေလည်း ပါပါတယ်။ အမှန်တကယ်တော့ စုန်းတောက်စားတယ်ဆိုတာ ကဝေမတွေ Chatting လုပ်ကြတာပါ။ ဒါပေမယ့် သူတို့ခေတ်က အင်တာနက် မရှိတော့ လကွယ်ညတွေမှာ ကဝေမကြီးရဲ့ကိုယ်က မြေကြီးပေါ်မှာ ကျန်ခဲ့ပြီး မီးတောက် နေတဲ့ ခေါင်းပိုင်းက ပြတ်ပြီး ကောင်းကင်ပေါ်ကို တက်သွား ၊ ကောင်းကင်မှာ သူ့လို ခေါင်းချည်းပဲ တက်လာတဲ့ တစ်ခြားရွာက ကဝေမတွေနဲ့ စကားပြောကြ တာပါ။ မီးလုံးကြီးတွေ ကောင်းကင်မှာ ပျံနေတာ မြင်ရတော့ သရဲမီး ဒါမှမဟုတ် စုန်းတောက်စားတယ်လို့ ခေါ်ကြတာပါ။ ကဝေမများ တစ်နေရာက တစ်နေရာ သွားချင်ရင် လေယာဉ်ပျံလက်မှတ် ဝယ်စရာ မလိုသလို အင်မီဂရေးရှင်းလည်း ဖြတ်စရာ မလိုပါဘူး။ ထမီကောက် ခြုံလိုက်ရင် လင်းတ ဖြစ်ပြီး ကောင်းကင်ပေါ် ပျံသွားလို့ရပါတယ်။ ကဝေမကြီးက သူနဲ့ အစာမကြေတဲ့သူကို တိရိစ္ဆာန် ဖြစ်အောင် ပြုစားတာမျိုး သရဲသဘက်ကို အိမ်မှာ မွေးထားတာမျိုး တွေလည်း ရေးတတ်ပါတယ်။ ဘယ်လိုပဲ ပေါက်ကရ ရေးထားသည် ဖြစ်စေ ဖတ်လို့တော့ အလွန်ကောင်းပါတယ်။ ဒါပေမယ့် ဆင်ဆာ မရှိတဲ့ခေတ်မှာ ထွက်ထားတဲ့ ဝတ္တုတွေ ဆိုတော့ တစ်ချို့ ဝတ္တုတွေမှာ အောက်လမ်းဆရာတွေနဲ့ ကဝေမတွေ ပျစ်ပျစ်နှစ်နှစ် ဆဲဆိုကြတာ မျိုးတွေ ရေးထားတတ် ပါတယ်။ ဂျောက်ဂျက်တို့လောက် ဆဲတာကိုတော့ အဲဒီခေတ်က စာရေးဆရာတွေက ပျင်းတောင် ပျင်းသေးတယ် ပြောဦးမှာပါ။

စိတ်ဝင်စားစရာ ဝတ္တုတို နှစ်ပုဒ်ကိုတော့ အခုထက်ထိ သတိရနေပါတယ်။ ပီယဆေး ဖော်တဲ့ အကြောင်းပါ။ ပထမ ဝတ္တုထဲမှာတော့ ရွာထဲမှာ အစိမ်းသေသေတဲ့ အပျို မိန်းကလေး ရဲ့ အလောင်းကို သင်္ချိုင်းကုန်းက သွားဖော် ရင်သားကို ဖြတ်ပြီး လူဆီ ချက်တဲ့ အကြောင်း ရေးထားပါတယ်။ အဲဒါက ပီယဆေးလို့ ဆိုတာပါပဲ။ နောက်တစ်ခု ကတော့ ကိုယ်ဝန်ဆောင် မိန်းမကြီး မီးမဖွားနိုင်လို့ သေတဲ့ အလောင်းကို သင်္ချိုင်းကုန်းမှာ သွားပြန်ဖော်၊ အလောင်းကို ဆေးကြိမ်လုံးနဲ့ ရိုက်ပြီး ထခိုင်း၊ ပြီးတော့ သနပ်ခါးသွေးပြီး ပါးမှာ လိမ်းခိုင်း၊ နောက်မှ ပါးက အဲဒီ သနပ်ခါးဖတ်ကို ပြန်ခြစ်ယူပြီး ပုလင်းထဲထည့် ပီယဆေး အနေနဲ့ ဆောင်တဲ့ အကြောင်းပါ။ တွေးကြည့်တာနဲ့တင် ရွံစရာကြီးပါ။ စော်မကြည်လည်း ရှိပါစေတော့။ အဲဒီနည်းတွေနဲ့တော့ ပီယဆေး မလိုချင်တာ အမှန်ပါ။

သရဲ ဆိုတဲ့ အကြောင်းကို ကျွန်တော့်ရဲ့ သိပ္ပံဆရာမ တစ်ယောက်နဲ့ ဆွေးနွေး ကြည့်ဖူး ပါတယ်။ သိပ္ပံနည်းကျ ဖြစ်နိုင်မဖြစ်နိုင် ဆိုတာပါ။ ဆရာမကတော့ လူဆိုတာ ၃ ဖက်မြင် (3-Dimension) အထိပဲ မြင်ရတယ်။ ၄ ဖက်မြင် (4-Dimension) ဆိုရင် မမြင်ရတော့ဘူး။ အဲဒီတော့ သရဲက 4-Dimension ထဲမှာ ရှိနေရင် ဘယ်လိုလုပ် မြင်ရမလဲလို့ ပြောပါတယ်။ နောက်တစ်ခုက ကိုယ့်ဘာသာကိုယ် စဉ်းစားကြည့် တာပါ။ လူတစ်ယောက် မျက်စိရဲ့ဟာ လှိုင်းအလျား (wavelength) ၃၈၀ နာနိုမီတာကနေ ၇၅၀ နာနိုမီတာ အတွင်းမှာ ရှိတဲ့ အလင်းရောင်ကိုပဲ မြင်ရပါတယ်။ အဲဒီ လှိုင်းအလျားရဲ့ အပြင်ဖက်ဆိုရင် မျက်လုံးနဲ့ ကြည့်လို့ မမြင်ရပါဘူး။ သရဲရဲ့ အရောင်ဟာ အဲဒီ သတ်မှတ်ချက်ရဲ့ ပြင်ပ ရောက်နေမယ်ဆိုရင် ဘယ်မြင်ရ ပါ့မလဲ လို့ တွေးမိတာပါ။ အဲဒီလိုပဲ လူရဲ့ နားက ကြားနိုင်တဲ့ အသံဟာ ကြိမ်နှုန်း ၂၀ဟတ်ဇ် ကနေ ၄၀ကီလိုဟတ်ဇ် အထိပဲ ရှိပါတယ်။ ဒါပေမယ့် ခွေးကတော့ ၆၀ကီလိုဟတ်ဇ် အထိ ကြားရပါတယ်။ အဲဒါကြောင့် ခွေးတွေ သရဲတွေ့လို့ အူတယ်ဆိုတာ သရဲရဲ့ အသံဟာ ၄၀ကီလိုဟတ်ဇ်နဲ့ ၆၀ကီလိုဟတ်ဇ် ကြားမှာများ ရှိနေသလားလို့လည်း ရှာရှာကြံကြံ တွေးကြည့်မိဖူး ပါတယ်။

အခုတလောတော့ ကိုရာဇာကျော်ရဲ့ Clementi သရဲဇာတ်လမ်း က လက်ဆင့်ကမ်းကြတဲ့ အီးမေးလ်တွေမှာ ပလူပျံ နေပါပြီ။ ယုံသလား မေးရင်တော့ မယုံရမှာ ခပ်ခက်ခက် ပါပဲ။ ဘာလို့လဲဆိုတော့ Clementi သရဲ ဇာတ်လမ်းထဲ ပါသမျှ ဇာတ်ကောင် အတော် များများကို အပြင်မှာ သိနေပါတယ်။ သူတို့နဲ့ တွေ့မှပဲ မေးကြည့်ပါ ဦးမယ်။ အဲဒီလိုပဲ မမရဲ့ သရဲခြောက်သည်ဆိုသော မမတို့ အိမ်ကြီး ဇာတ်လမ်းကိုလည်း အားပေးကြတဲ့ သူတွေ အတော်များပါတယ်။

စင်ကာပူမှာတော့ သရဲတစ္ဆေကို လူအတော်များများ ယုံကြပါတယ်။ ကျွန်တော်တော့ စင်ကာပူ ရောက်တာ နှစ်တွေ ကြာပေမယ့် ဒီလောက် သရဲ အကြောင်း ပြောကြတဲ့ နိုင်ငံမှာ သရဲနဲ့ တစ်ခါမှ မတွေ့ဖူးသေးပါဘူး။ ကျွန်တော့် သူငယ်ချင်းထဲမှာတော့ ကိုယ်တွေ့ကြုံဖူးတာ ၄-၅ ယောက်ရှိပါတယ်။ညဖက်အိပ်နေတုန်း ဘေးကနေ တစ်ယောက်ယောက် အိပ်နေသလို အသက်ရှူသံ ပြင်းပြင်း ကြားရတာတို့၊ စားပွဲပေါ်က စာရွက် အထပ်လိုက်ကြီး လေမတိုက်ဘဲ စားပွဲရဲ့ အစွန်းတစ်ဖက်ကနေ အခြား တစ်ဖက်ကို သူ့ဘာသာသူ ရွေ့သွားတာတို့၊ ညတိုင်း ပြတင်းပေါက်မှန်ကနေ မျက်လုံးကြီး နှစ်လုံးက စိုက်ကြည့် နေတတ်တာတို့၊ မီးဖိုချောင်ထဲမှာ လူမရှိဘဲ အိုးခွက်ပန်းကန် ရွေ့သံတွေ ကြားရတာတို့၊ ရေချိုးခန်းထဲက ဘုံဘိုင်ခေါင်းက လူမရှိဘဲ ညကြီးသန်းခေါင် အဆုံးထိ ထပွင့်တာတို့ တစ်ယောက်တစ်မျိုး မရိုးရအောင် ကြုံကြပါတယ်။ ဟုတ်သလား မဟုတ်သလားတော့ မသိပါ။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်က သူအရင်နေတဲ့အိမ်မှာ ညဖက်တိုင်း ပြတင်းပေါက်ကနေ မျက်လုံးကြီး နှစ်လုံး စိုက်ကြည့်နေတယ် ဆိုတဲ့ အကြောင်း ပြောပြီးတဲ့ အခါမှာတော့ အဲဒီညမှာ ဘယ်သူမှ ပြတင်းပေါက်ကို စေ့စေ့ မကြည့်ရဲ ကြတာ အမှန်ပါပဲ။ အဲဒီလောက် သတ္တိကောင်းကြ တာပါ။

ယုံတာ မယုံတာကတော့ တကဏ္ဍ ပါပဲ။ သရဲဇာတ်လမ်းတွေကတော့ ဖတ်လို့ ကောင်းသလို နားထောင်လို့လည်း ကောင်းပါတယ်။ အနည်းဆုံး အပျင်းတော့ ပြေပါတယ်။ အလုပ်မရှိလို့ ပျင်းနေမယ် ဆိုရင်တော့ စင်ကာပူက သရဲဇာတ်လမ်းတွေ ဖတ်လို့ ရနိုင်တဲ့ အင်တာနက် စာမျက်နှာတစ်ခု ကို ညွှန်းလိုက်ပါ့မယ်။ http://www.hungzai.com ပါ။ ကိုယ့်ဒေါသနဲ့ ကိုယ်ဖတ်ပါ။ ညအိပ်မရရင်တော့ ကျွန်တော့်ကို မေတ္တာပို့ မနေပါနဲ့။

Tuesday, March 24, 2009

အင်ဂျင်နီယာတစ်ယောက် နှင့် မီးခိုးငွေ့များ

ကျွန်တော် အင်ဂျင်နီယာ ဖြစ်ခါစ လုပ်ငန်း အတွေ့အကြုံ နည်းတုန်း အချိန်မှာ ပေါက်တတ်ကရ လုပ်ခဲ့တာ မနည်းပါဘူး။ တစ်ချို့ အဖြစ်အပျက်တွေကတော့ အခုထက်ထိ မှတ်မှတ်ရရ ရှိနေတုန်း ပါပဲ။ အခြားသူတွေ ဆင်ခြင်နိုင်ဖို့ ဘယ်လိုတွေ ပေါက်တတ်ကရ လုပ်ခဲ့တယ် ဆိုတာကို ပြန်ပြောပြ ပါ့မယ်။

တစ်နေ့မှာ မလေးရှားနိုင်ငံ ဂျဟိုးဘာရူးမှာ ရှိတဲ့ စက်ရုံတစ်ရုံက ကျွန်တော့်ဆီကို ဖုန်းခေါ် ပါတယ်။ သူတို့ ဆီမှာ စက်ရပ်သွားပြီး ဘာဖြစ်မှန်းမသိလို့ လာကြည့်ပါဦးလို့ ပြောပါတယ်။ သူတို့ စက်ရုံမှာ ကျွန်တော်တို့ ရောင်းထားတဲ့ စက် ၃ လုံးက အာမခံ ပေးထားတဲ့ ကာလထဲမှာ ဖြစ်နေတာက တစ်ကြောင်း၊ တခြား စက်တွေနဲ့ ယှဉ်ကြည့်ရင် ကျွန်တော်တို့ စက်က ခဏခဏ ဒုက္ခပေး တတ်တာက တစ်ကြောင်းမို့ စက်ပျက်လို့ ခေါ်ပြီ ဆိုရင် အခမဲ့ ပြင်ပေးရတာ များပါတယ်။ အဲဒီ ဖုန်းလာပြီးတဲ့ နောက်မှာတော့ ကျွန်တော်လည်း ထုံးစံအတိုင်း အငှားကား တစ်တန်၊ ဘတ်စ်ကား တစ်တန်နဲ့ ဂျဟိုးကို သွားခဲ့ပါတယ်။ ရုံးကနေ မလေးရှားနယ်စပ် Woodland စစ်ဆေးရေး ဂိတ်အထိ အငှားကားစီး၊ ပြီးရင် ဘတ်စ်ကားနဲ့ နယ်စပ်တံတား ကိုဖြတ်၊ တခြားတစ်ဘက်ကမ်း ဂျဟိုးကို ရောက်မှ အငှားကား ထပ်ငှားပြီး စက်ရုံကို သွားရတာပါ။

ကျွန်တော် စက်ရုံကို ရောက်သွားတော့ စက်က တကယ်ပဲ ရပ်နေပါပြီ။ စက်ကို လှည့်ပတ် ကြည့်တော့ ရုပ်ပိုင်းဆိုင်ရာ အရ ဘာမှ ထိခိုက် ပျက်စီးထားတာ မတွေ့ရ ပါဘူး။ အဲဒါနဲ့လျှပ်စစ် ထိန်းချုပ်ရေး ခလုပ်ခုံ (Electrical Control Panel) ကို စစ်ဖို့ စက်ရဲ့ အဖုံးကို ဆွဲဖွင့်လိုက် ပါတယ်။ စက်ထဲကနေ ပလတ်စတစ် ညှော်နံ့က စူးစူးဝါးဝါး ထွက်လာပါတယ်။ တစ်ခုခုတော့ လောင်သွားပြီ ဆိုတာ သိလိုက်ရ တာပေါ့။ အဲဒီတော့ နှာခေါင်းကို အလုပ်ပေးပြီး ဘယ်ပစ္စည်း လောင်သွားသလဲ ဆိုတာကို အနံ့ခံ ပါတယ်။ စက်ပြင်ရင် အနံ့ခံရမယ် ဆိုတာတော့ ကျောင်းက သင်မပေးလိုက် ပါဘူး။ အနံ့က လျှပ်စစ် ခလုပ်ခုံကနေ ထွက်လာတာပါ။ လျှပ်စစ် ခလုပ်ခုံကို လှမ်းကြည့်တော့ အဲဒီမှာ တပ်ထားတဲ့ ကတ်ဒ်တစ်ကဒ်က အိုင်စီတစ်လုံး အရည်ပျော် ကျနေတာကို တွေ့လိုက်ရ ပါတယ်။ အိုင်စီ အရည်ပျော် လောက်အောင် ဖြစ်တယ် ဆိုတော့ တစ်ခုခု ရှော့ခ် ဖြစ်နေပြီ ဆိုတာ မှန်းလို့ ရပါတယ်။ အဲဒါနဲ့ စက်ကို ခလုပ်ပိတ်ပြီး ဘာဖြစ်တာလည်း ဆိုတာ လိုက်ရှာပါတယ်။ ဒါပေမယ့် စက်ကို ခလုပ်ပိတ်ထားတော့ ဘာဖြစ်တယ် ဆိုတာ ခန့်မှန်းရ မလွယ်ပါဘူး။ ဗို့အားကို တိုင်းကြည့်ဖို့မှ မဖြစ်နိုင်တာ။ စက်ထဲမှာ ရှိတဲ့ ထောင်ဂဏန်း လောက်ရှိတဲ့ ဝိုင်ယာကြိုးတွေကို တစ်ချောင်းချင်း လိုက်စစ်ဖို့က မလွယ်လှပါဘူး။

အဲဒီအချိန်မှာပဲ ကျွန်တော်နဲ့ ရင်းနှီးနေတဲ့ စက်ရုံထဲက အင်ဂျင်နီယာ တစ်ယောက် စက်အနားကို ရောက်လာ ပါတယ်။ သူက ကျွန်တော့်ကို မနက်က စက်ရပ်သွားလို့ စစ်ကြည့်တဲ့ အခါမှာ ဝိုင်ယာကြိုး တစ်ကြိုး ပြုတ်ထွက် နေတာကို သတိထားမိကြောင်း၊ အဲဒါနဲ့ ပြန်တပ်တာလည်း စက်က အလုပ် မလုပ်တဲ့ အကြောင်းကို ပြောပြ ပါတယ်။ အဖြေမှန်ရဖို့ နည်းနည်းတော့ နီးစပ်လာ ပါပြီ။ ကျွန်တော် သူ့ကို ပြန်တပ်ထားတယ် ဆိုတဲ့ ဝိုင်ယာကြိုးကို ပြခိုင်း လိုက်ပါတယ်။

အဲဒီ ဝိုင်ယာက ကွန်ပြူတာထဲမှာ ထည့်ထားတဲ့ ဆာဗိုမော်တာ ထိန်းချုပ်တဲ့ ကတ်ဒ်ကို ဓာတ်အား ပေးထားတဲ့ ဝိုင်ယာပါ။ ဆာဗို မော်တာ ဆိုတာက ရိုးရိုး သာမန် မော်တာတွေလို မဟုတ်ပဲ ကိုယ်ရွှေ့ချင်တဲ့ နေရာကို သုည နောက်က ဒသမ နှစ်လုံး သုံးလုံးလောက် တိကျတဲ့ ဒီဂရီ အကွာအဝေး အထိ ရွှေ့လို့ရတဲ့ မော်တာမျိုးပါ။ ကြည့်လိုက်တာနဲ့ သိလိုက်ပါပြီ။ သူက ပြုတ်နေတဲ့ ဝိုင်ယာကြိုးကို ပြန်ထည့်တဲ့ အချိန်မှာ ၅ဗို့ ဝိုင်ယာနဲ့ ၂၄ဗို့ ဝိုင်ယာ ကို သပ်သပ်စီ ပြန်မထည့်ဘဲ နှစ်ချောင်းပူးပြီး ထည့်ထား ပါတယ်။

မင်း လုပ်ထားတာလား မေးတော့ အင်ဂျင်နီယာက ဟုတ်တယ် သူလုပ်ထားတာ လို့ ပြောပါတယ်။ စက်ကို ပါဝါ ပြန်ဖွင့်ပြီး ခုန အိုင်စီ အရည်ပျော်တဲ့ ကတ်ဒ်ရဲ့ အဝင်ဗို့အားကို တိုင်းကြည့်တော့ ၅ ဗို့ ဖြစ်ရမယ့် အစား ၂၄ ဗို့ ဖြစ်နေပါတယ်။ သူကတော့ အကောင်းနဲ့ ပြင်တာပါပဲ။ ဒါပေမယ့် ကံဆိုးပြီး စက်က ပိုပျက်သွားပါတယ်။ လျှပ်စစ် သဘောတရား အရ ကြီးတဲ့ ဗို့အားနဲ့ ငယ်တဲ့ ဗို့အားတွေ့ရင် အမြဲတမ်း ကြီးတဲ့ ဗို့အားက လွှမ်းမိုးသွား တတ်ပါတယ်။ အဲဒါကြောင့် ၂၄ ဗို့နဲ့ ၅ ဗို့ ဝိုင်ယာ ၂ ချောင်းပူးသွားတဲ့ အခါမှာ ၅ ဗို့ ဝိုင်ယာထဲမှာ ၂၄ ဗို့ ဓာတ်အား စီးသွားပါတယ်။ အဲဒါကြောင့် ၅ ဗို့ ပေးထားတဲ့ ကတ်ဒ်ထဲကို ၂၄ ဗို့ ဝင်ပြီး ကတ်ဒ်လောင် သွားတာပါ။

ကျွန်တော်လည်း ဘာမှ ပြောမနေတော့ဘဲ သူမှားတပ်ထားတဲ့ ကြိုးကို ၂၄ ဗို့ နဲ့ ၅ ဗို့ သပ်သပ်စီ ဖြစ်သွားအောင် ပြန်ခွဲပေးလိုက်ပါတယ်။ ရုံးကို ဖုန်းပြန်ဆက်ပြီး ကျွန်တော့် အထက်က အင်ဂျင်နီယာကို ကတ်ဒ်လောင်သွားတဲ့ အကြောင်းနဲ့ ဘယ်လို ဖြစ်သွားတယ် ဆိုတဲ့ အကြောင်း လှမ်းပြောပြ လိုက်ပါတယ်။ အဲဒီ အင်ဂျင်နီယာကလည်း အဲဒါ ဆိုရင်တော့ အခု ဘာမှ လုပ်မရဘူး။ မနက်ဖြန်မှ သူ ကတ်ဒ်အသစ် ယူပြီး လာခဲ့မယ်။ ပြန်လာခဲ့တော့ လို့ ပြန်ပြောပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်း စက်ရုံက အင်ဂျင်နီယာကို အကျိးအကြောင်း ပြောပြပြီး ပြန်လာခဲ့ပါတယ်။

နောက်တစ်နေ့ မှာတော့ ကျွန်တော့် အထက်အရာရှိ အင်ဂျင်နီယာ စက်ရုံကို သွားမယ် ဆိုလို့ ကျွန်တော် ရုံးမှာပဲ နေပြီး တခြား လုပ်စရာ ရှိတာတွေ လုပ်နေပါတယ်။ နေ့လည်ပိုင်းလောက် မှာတော့ ဂျဟိုးက ဖုန်းဝင်လာ ပါတယ်။ ဒီတစ်ခါ ဆက်တဲ့သူ ကတော့ ကတ်ဒ်သွားလဲတဲ့ အင်ဂျင်နီယာပါ။ မနေ့က စက်ပျက်လို့ စက်ရုံက အင်ဂျင်နီယာတွေ ကြိုးမှားတပ်တာနဲ့ ကတ်ဒ်တစ်ကဒ် လောင်သွားတယ်လို့ မင်းပြောတယ်။ မင်းလုပ်ခဲ့တာ နောက်တစ်ကဒ် ထပ်ပြီး လောင်သွားတယ်။ မင်းသိလား။ လို့ မေးပါတယ်။ ကျွန်တော်လည်း မျက်လုံးပြူး သွားပါတယ်။ ဘယ်လို ဖြစ်တာလဲ မေးတော့ မင်းက ၂၄ ဗို့နဲ့ ၅ ဗို့ကို သေသေချာချာ မကြည့်ဘဲ ပြောင်းပြန် ထိုးခဲ့လို့ ၅ ဗို့ ဝင်ရမယ့် နေရာမှာ ၂၄ ဗို့ ဝင်ပြီး အဲဒီ ဓာတ်အားပေးထားတဲ့ ဆာဗိုကတ်ဒ်ပါ လောင်သွားပြီ လို့ ပြောပါတယ်။ ပိုဆိုးတာက ငါလည်း ဒီမနက် အဲဒါကို သတိမထားမိပဲ ဆာဗိုကတ်ဒ် အသစ်တစ်ကဒ် လဲထည့်မိလို့ အဲဒီကတ်ဒ် အသစ်ပါ ထပ်လောင် သွားတယ် လို့ ပြောပါတယ်။

စက်ရုံက အင်ဂျင်နီယာကြောင့် လောင်သွားတဲ့ ကတ်ဒ်က ဒေါ်လာ ၂၀၀ လောက်ပဲ တန်ပါတယ်။ ကျွန်တော့်ကြောင့် လောင်တဲ့ကတ်ဒ်က ဒေါ်လာ တစ်ထောင်ကျော် တန်ပါတယ်။ ကျွန်တော့် အင်ဂျင်နီယာက နောက်ဆိုရင် ဓာတ်အားပေးတဲ့ကြိုး (Power Cable) တွေနဲ့ ပတ်သက်ရင် ဘယ်တော့မှ ရမ်းမတုတ်နဲ့ ၊ Drawing ဖြစ်ဖြစ် လက်စွဲစာအုပ် ဖြစ်ဖြစ် အရင် သေချာအောင်ကြည့် ဆိုပြီးတော့ မှာပါတယ်။ အဲဒါက ပထမဆုံး ပြောပြချင်တဲ့ အဖြစ်အပျက်ပါ။

နောက်ထပ် အဖြစ်အပျက်ကလည်း အဲဒီစက်ရုံမှာပါပဲ။ ကျွန်တော့် အထက်အရာရှိ အင်ဂျင်နီယာ ပြောဖူးတဲ့ စကားတစ်ခွန်း ရှိပါတယ်။ ဆော့ဖ်ဝဲလ်ကို ပြင်ချင်တာပြင်၊ Backup ပဲ သိမ်းထား၊ မရရင် Backup ကို ပြန်ထည့် ဘာမှ ကြီးကြီးကျယ်ကျယ် မဖြစ်နိုင်ဘူး ဆိုတာပါ။ ဒါပေမယ့် အဲဒီတစ်ခါကတော့ သူ့စကား မှားသွားပါတယ်။ အဲဒီအခါက စက်မှာ တပ်ထားတဲ့ အပေါ်အောက် ရွေ့လျားတဲ့ ဆာဗိုမော်တာက ကောင်းကောင်း အလုပ်မလုပ် တာနဲ့ ကျွန်တော် ဆော့ဖ်ဝဲလ်ကို ဖွင့်ပြီး ကလိပါတယ်။ ဟိုပြင်ဒီပြင် နဲ့ ကောင်းမလား လို့ စမ်းကြည့်တာပါ။ အဲဒီမှာ ကျွန်တော် ဆော့ဖ်ဝဲလ် ထဲက စာကြောင်း တစ်ကြောင်းကို အမှတ်တမဲ့ ဖြုတ်လိုက် မိပါတယ်။ ပြီးတော့ စက်ထဲက အပေါ်အောက် ရွေ့တဲ့ မော်တာကိုပဲ သည်းကြီးမည်းကြီးနဲ့ ကြည့်နေမိ ပါတယ်။

အဲဒီအချိန်မှာ အော်ပရေတာ တစ်ယောက်က ပုခုံးလာပုတ်ပြီး လက်ညှိုးထိုးပြလို့ ကြည့်လိုက်တော့ စက်ရဲ့ အောက်ဖက်က မီးခိုးတွေ အူပြီး ထွက်နေပါပြီ။ လှမ်းကြည့် လိုက်တော့ အဲဒီ အပေါ်အောက် ရွေ့တဲ့ ဆာဗိုမော်တာကို ထိန်းချုပ်ပေးတဲ့ ဆာဗိုဒရိုင်ဗာ (Servo Driver) ကနေ မီးခိုးတွေ အူပြီး ထွက်နေတာပါ။ အဲဒါနဲ့ စက်ရဲ့ ပါဝါကို အမြန် ပိတ်ချလိုက် ရပါတယ်။ ဆာဗိုဒရိုင်ဗာတော့ လောင်သွားပါပြီ။ ဘာလို့ လောင်ရတာလဲ ဆိုတာကို စဉ်းစားလို့ မရပါဘူး။ အဲဒါနဲ့ ခုန ကျွန်တော်ပြင်လိုက်တဲ့ ဆော့ဖ်ဝဲလ်ထဲက ကုတ်ဒ်ကို ပြန်ကြည့်မိ ပါတယ်။ ပုံမှန်အားဖြင့် အပေါ်အောက် ရွေ့လျားတဲ့ မော်တာတွေကို သူတို့ သယ်ဆောင်ရတဲ့ ဝန်ရဲ့ အလေးချိန်ကြောင့် အောက်ကို ပြုတ်မကျအောင် ရပ်ထားတဲ့ အချိန်တွေမှာ ဘရိတ်နဲ့ ထိန်းထား ရပါတယ်။ ရွှေ့ချင်တဲ့ အချိန်ကျမှ အဲဒီဘရိတ်ကို လွှတ်ပြီး ရွှေ့ရပါတယ်။ ရပ်သွားရင် ဘရိတ် ပြန်ဖမ်း ရပါတယ်။ ကျွန်တော် လုပ်လိုက်မိတာက မော်တာ မရွှေ့ခင် ဘရိတ်ကို လွှတ်ပေးတဲ့ ဆော့ဖ်ဝဲလ်ထဲက ကုတ်ဒ်ကို ဖျက်လိုက်မိတာပါ။ အဲဒီတော့ မော်တာက ဘရိတ်အုတ်ထားတဲ့ အချိန်မှာ ရွှေ့ဖို့ ကြိုးစားရင်း ဘရိတ်အားကို မကျော်နိုင်ပဲ လောင်သွားတာပါ။ ဖြစ်ပြီးမှတော့ မတတ်နိုင် ပါဘူး။ သင်္ခါရပဲ သဘောထားရတော့တာပေါ့လေ။

နောက်တစ်ခေါက်လည်း အဲဒီစက်ရုံမှာ ဖြစ်ခဲ့ပါတယ်။ အဲဒီတစ်ခါကတော့ ကျွန်တော် တို့ကို အချက်ပြကြိုး (Signal Wire) တွေက ဒုက္ခပေးတာပါ။ ပုံမှန်အားဖြင့် စက်ထဲက မော်တာကို ကိုယ်လိုချင်တဲ့ နေရာကို ရွှေ့ဖို့ အဲဒီ ဝိုင်ယာ တွေကနေ တစ်ဆင့် အချက်ပြလှိုင်း (Signal) တွေ ပို့ရပါတယ်။ ဒါပေမယ့် အဲဒီ အချက်ပြကြိုး တွေ အချင်းချင်း ဆက်ထားတဲ့ ကြားက Connector တွေက ချောင်နေရင် Signal အချို့ ပျောက်သွားတတ် ပါတယ်။ အဲဒီလို Signal ပျောက်သွားရင် မော်တာက ကိုယ်လိုချင်တဲ့ နေရာ မရောက်ခင် ရပ်သွားတတ်ပါတယ်။ ကျွန်တော်တို့ စက်က ဆားကစ်ပြားတွေကို ဖြတ်တဲ့စက် ဖြစ်တော့ မော်တာက ကိုယ်လိုချင်တဲ့ နေရာ မရောက်ရင် ဆားကစ်ပြားကို ဖြတ်ရမယ့် နေရာ သွားမဖြတ်ဘဲ တစ်ခြား တစ်နေရာမှာ သွားဖြတ်တော့ ဆားကစ်ပြားတွေ ဆုံးရှုံးမှု ရှိလာပါတယ်။ အဲဒါကြောင့် ဒီလောက်တောင် ဒုက္ခပေးတဲ့ Connector တွေ အကုန် ဖြုတ်ပစ်ကွာ ဆိုပြီး ကျွန်တော့် အထက် အင်ဂျင်နီယာက ကျွန်တော့်ကို ခိုင်းလိုက်ပါတယ်။ သူလုပ်ခိုင်းတာက အဲဒီ Connector တွေရဲ့ တစ်ဖက် တစ်ချက်မှာ တပ်ထားတဲ့ ဝိုင်ယာတွေကို ဖြုတ်ပြီး ဟိုဖက်ဒီဖက် ဝိုင်ယာချင်း တေ့ပြီး အသေဆက် သွားအောင် ခဲဆော်ဖို့ပါ။

ကျောင်းတုန်းက စမ်းတဝါးဝါးနဲ့ ခဲဆော်လာခဲ့ပေမယ့် အလုပ်ထဲ ရောက်တော့ မလုပ်မဖြစ်မို့ ကိုယ့်ဘာသာကိုယ်ပဲ ခဲဆော် ရပါတယ်။။ ဒါပေမယ့် အဲဒီလို ဝိုင်ယာတွေကို တေ့ပြီး ဆက်ရမယ့် အလုပ်က အတော် လက်ပေါက်ကတ် ပါတယ်။ ဝိုင်ယာတွေက စက်ထဲမှာ ရှိတာဆိုတော့ အပြင်ကို ထုတ်ပြီး ခဲဆော်ဖို့ ဆိုရင် အကုန်လုံး တစ်စစီ လိုက်ဖြုတ်ရမယ့် သဘော ရှိပါတယ်။ အဲဒီတော့ ကျွန်တော် ဝိုင်ယာတွေကို ဖြုတ်မနေ တော့ပဲ စက်ရဲ့ အနောက်ဖက် တံခါးပေါက်ကနေ စက်ထဲကို ဝင်ပြီး ခဲဆော်ပါတယ်။ စက်ရဲ့ အတွင်းပိုင်းက လူတစ်ရပ်စာ မမြင့်တော့ အဲဒီအထဲမှာ တွန့်လိမ်ကောက်ကွေး ဝင်ထိုင်ပြီး ကားဝပ်ရှော့ ဆရာများ ကားအောက်ထဲဝင် စက်ပြင်သလိုမျိုး စက်ထဲမှာ ကတ်သီးကတ်သတ် ဝင်ပြီး ခဲဆော် ရတာပါ။ ကျွန်တော် ဝိုင်ယာကြိုး ၁၀ ချောင်းလောက် ခဲဆော်ပြီးတဲ့ အချိန်မှာတော့ စက်ရဲ့ အရှေ့ဖက် တံခါးပေါက်ကနေ မျက်နှာတစ်ခု ပေါ်လာပါတယ်။ ရုတ်တရက် ဆိုတော့ ကြောင်သွားပါတယ်။ ကျွန်တော် တွေ့လိုက်ရတဲ့ လူက စက်ရုံက ဂျင်နရယ် မန်နေဂျာ ဖြစ်နေလို့ပါ။ ကျွန်တော်သူ့ကို ကြောင်ပြီး ကြည့်နေတုန်း သူက မင်းရဲ့ စက်ထဲမှာ မီးလောင်နေသလား လို့ မေးပါတယ်။ ကျွန်တော်လည်း ခဲဆော် လက်စကို ရပ်ပြီး စက်အပြင်ကို ထွက်လိုက် ပါတယ်။ အပြင်ဖက် ရောက်တော့ ပိုပြီး ပြာသွားပါတယ်။ ကျွန်တော့်စက်ရဲ့ ဘေးပတ်ပတ်လည်မှာ ဝိုင်းနေကြတာ ဂျင်နရယ် မန်နေဂျာ တစ်ယောက်တည်း မဟုတ်ပဲ သူ့လက်အောက်က မန်နေဂျာ အင်ဂျင်နီယာတွေ အကုန်လုံး နီးပါးပါပဲ။ ၁၅ ယောက်လောက် ရှိမယ် ထင်ပါတယ်။ သူတို့ အားလုံးက ကျွန်တော့်စက်ကို ပြူးပြဲပြီး ဝိုင်းကြည့်နေ ကြ ပါတယ်။ ကျွန်တော်လည်း စက်ရဲ့ အရှေ့ဖက် လျှပ်စစ် ခလုပ်ခုံကို အမြန် ပြေးပြီး ကြည့်လိုက်မိ ပါတယ်။ တွေ့လိုက်ရတာ ကတော့ ကတ်ဒ်တစ်ကဒ်မှာ အိုင်စီတစ်လုံး အရည်ပျော် ကျပြီး မီးခိုးတွေ အူနေတာပါ။ ဘာများ ဖြစ်သွားပါလိမ့်လို့ စဉ်းစားတော့မှ ခုန ခဲဆော်တုန်းက စက်ကို ပါဝါပိတ်ဖို့ မေ့သွားတယ် ဆိုတာ သတိထားမိ ပါတယ်။ စက်မှာ ပါဝါ ဖွင့်ထားတဲ့ အချိန် Signal သွားနေတဲ့ ဝိုင်ယာတွေကို ဖြုတ်ပြီး ခဲဆော်တော့ သူတို့နဲ့ ဆက်ထားတဲ့ ကတ်ဒ်က လောင်သွားတာပါ။ အချက်ပြကြိုး မဟုတ်ပဲ ဓာတ်အားပေးတဲ့ ကြိုးဆိုလို့ကတော့ ဓာတ်လိုက်မှာ အမှန်ပါပဲ။ ကျွန်တော် ဓာတ်လိုက်ပြီး မသေတာပဲ ကံကောင်းတယ် ပြောရပါမယ်။

အဲဒီအချိန်က စပြီး ကျွန်တော် စက်ပြင်တိုင်း သတိထားမိတဲ့ အချက်တွေကတော့ စက်ထဲမှာ ဓာတ်အားပေးတဲ့ ဓာတ်ကြိုး (Power Cable) တွေကို လဲစရာ ရှိရင်ပဲ ဖြစ်ဖြစ်၊ နေရာ ရွှေ့စရာ ရှိရင်ပဲ ဖြစ်ဖြစ် Drawing ကို အမြဲ ပြန်လှန် ကြည့်တတ်တာရယ်၊ ဆော့ဖ်ဝဲကို ပြင်တော့မယ် ဆိုရင် ဘာများ ဖြစ်နိုင်သလဲ ဆိုတာကို သေသေချာချာ ပြန်ကြည့်တာရယ်၊ စက်ကို အကြီးစား ပြင်ဆင်မှု လုပ်တော့မယ် ဆိုရင် ရှိသမျှ ပါဝါ အကုန်လုံးကို လိုက်ပိတ် တတ်တာရယ် စတာတွေပဲ ဖြစ်ပါတော့တယ်။

Monday, March 23, 2009

မြို့ပြတံငါတစ်ယောက်ရဲ့ မှတ်စုများ

စင်ကာပူ ဆိုတာ တစ်ချိန်တုန်းကတော့ တံငါလုပ်ငန်းနဲ့ အသက်မွေးတဲ့ နေရာတစ်ခုပါပဲ။ ဒါပေမယ့် အခု အချိန်မှာတော့ တိုးတက်တဲ့ မြို့ပြ တစ်ခု အဖြစ် ပြောင်းလဲခဲ့ပါပြီ။ လူတွေ ကားတွေနဲ့ မြို့ပြရဲ့ အရိပ်အငွေ့တွေ အမြဲတမ်း လွှမ်းခြုံနေတဲ့ နေရာမှာ သဘာဝနဲ့ နီးစပ်နိုင်ဖို့ ဆိုတာ အတော့်ကို ခဲယဉ်းတဲ့ ကိစ္စတစ်ခုပါပဲ။ အဲဒီလို ဆူညံ မွန်းကျပ်တဲ့ မြို့ပြ ပတ်ဝန်းကျင်ကနေ ခဏတာ ရုန်းထွက်နိုင်ဖို့ အတွက် သူ့ရဲ့ ရွေးချယ်မှုကတော့ စင်ကာပူမှာ တစ်ချိန်က အသက်မွေးဝမ်းကြောင်း အလုပ် ဖြစ်ခဲ့ပြီး အခုအခါမှာတော့ အပန်းဖြေနည်း တစ်မျိုး ဖြစ်နေတဲ့ ငါးမျှားခြင်း ပါပဲ။

စင်ကာပူမှာ ငါမျှားတဲ့သူ အမျိုးမျိုး အစားစား ရှိပါတယ်။ တစ်ချို့က ပင်လယ်ကမ်းစပ် နံဘေးက ဥယျာဉ်တွေထဲမှာ ငါးမျှားလေ့ ရှိကြပါတယ်။ တစ်ချို့ကတော့ ငါးမျှားဖို့ သီးသန့်လုပ်ထားတဲ့ ငါးကန်တွေမှာ ငါးမျှားလေ့ရှိကြပါတယ်။ ဒါပေမယ့် သူကတော့ အဲဒီလို နေရာမျိုးတွေမှာ ငါးမျှားလေ့ မရှိဘဲ သဘာဝကျကျ ပင်လယ်ပြင်ထဲကို ထွက်ပြီး ငါးမျှားလေ့ ရှိတဲ့သူပါ။

သူတို့လို လူစားမျိုးတွေအတွက် ရွေးချယ်စရာ ၂ မျိုး ရှိပါတယ်။ ပထမ တစ်မျိုးကတော့ စင်ကာပူ၊ မလေးရှား နဲ့ အင်ဒိုနီးရှား အနီးတဝိုက်မှာ ရှိတဲ့ ကေလောင်း (Kelong) လို့ ခေါ်တဲ့ ပင်လယ်ထဲမှာ တည်ဆောက်ထားတဲ့ ငါးဖမ်းစခန်းတွေပါ။ ကေလောင်းတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ပင်လယ်ထဲမှာ ငါးဖမ်းဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တံငါတွေက တည်ဆောက် တတ်ကြပါတယ်။ ပုံမှန်အားဖြင့် ၆ မီတာကနေ ၈ မီတာ အထိ နက်တဲ့ ပင်လယ်ထဲမှာ တည်ဆောက်ထားလေ့ ရှိပေမယ့် တစ်ချို့ ကေလောင်းတွေ ကတော့ ပိုပြီး နက်တဲ့ ပင်လယ်ပြင်ထဲမှာ တည်ဆောက်ထားလေ့ ရှိပါတယ်။ ကေလောင်းတွေရဲ့ မူလ ရည်ရွယ်ချက်က ငါးဖမ်းဖို့ သက်သက်ဖြစ်ပေမယ့် အခုလို ခေတ်ကာလမျိုးမှာ ပြုပြင်ထိန်းသိမ်းခ စရိတ်နဲ့ တွက်ခြေ မကိုက်တာကြောင့် မြို့ပြ ပတ်ဝန်းကျင်ကနေ ခေတ္တခဏ ရုန်းထွက်ချင်တဲ့ သူ့လို လူတွေ အတွက် အပန်းဖြေစရာ နေရာ အဖြစ် ငါးဖမ်းစခန်းနဲ့ တွဲဖက်ပြီး ဖွင့်လှစ်ထားလေ့ ရှိပါတယ်။

နောက်တစ်မျိုး ရွေးချယ်စရာ ရှိတာကတော့ စက်လှေငှားပြီး ပင်လယ်ထဲမှာ ငါးမျှားဖို့ နည်းလမ်းပါပဲ။ စင်ကာပူမှာ သူ့လို ငါးမျှားတာ ဝါသနာ ပါတဲ့သူတွေ အများကြီး ရှိပါတယ်။ တစ်ခါတစ်လေမှာတော့ အဲဒီလို လူမျိုးတွေ ၁၀ ယောက်လောက် စုပြီးတော့ စက်လှေတစ်စင်းကို ၂ ရက် ၃ ရက် အပြတ်ငှားပြီး ပင်လယ်ထဲထွက် ငါးမျှားလေ့ ရှိပါတယ်။ သူတို့ သွားလေ့သွားထ ရှိတဲ့ နေရာတွေကတော့ စင်ကာပူ ပိုင်နက် အဖြစ် နောက်ဆုံး သတ်မှတ်လိုက်တဲ့ ပီထရာ ဘရန်ကာ ကျွန်းအနီးက တောင်တရုတ်ပင်လယ် နဲ့ မလေးရှား ကမ်းရိုးတန်း အနီးတဝိုက်ပါပဲ။ ဒါပေမယ့် ဥပဒေ အရ သူတို့ အနေနဲ့ စင်ကာပူနဲ့ မလေးရှားရဲ့ ရေပိုင်နက်ထဲမှာ ငါးဖမ်းလို့မရပဲ နိုင်ငံတကာ ပင်လယ်ပြင်ထဲကို ထွက်ပြီးတော့ပဲ ငါးမျှားရပါတယ်။ အဲဒီလို ငါးမျှားတဲ့ နေရာမှာလည်း တစ်နေရာတည်းမှာ စက်လှေကို အသေ ကျောက်ချပြီး မျှားလေ့မရှိပဲ ငါးမိတာ အနည်းအများ ပေါ်မူတည်ပြီး နေရာ ရွှေ့လေ့ ရှိပါတယ်။

တစ်ချို့ စက်လှေသူကြီးတွေက အဲဒီလို နေရာ ရွှေ့ခိုင်းရင် အလုပ်ရှုပ်တယ် ဆိုပြီး ရွှေ့မပေးချင်ပါဘူး။ အဲဒီလို စက်လှေ သူကြီးမျိုးနဲ့ တွေ့ရင်တော့ သူတို့ အဲဒီစက်လှေကို နောက်တစ်ခါ ထပ်ငှားလေ့ မရှိပါဘူး။ တစ်ချို့ စက်လှေ သူကြီးတွေကတော့ စိတ်ပါလက်ပါ နေရာ ရွှေ့ပေးတဲ့ အပြင် ငါးစာပါ ရှာပေးလေ့ ရှိပါတယ်။ သူတို့ ငါးမျှားထွက်ရင် အဲဒီလို စက်လှေသူကြီးမျိုးကိုပဲ မှတ်ထားပြီး သူ့ရဲ့ စက်လှေကိုပဲ နောက်တစ်ခါ ပြန်ငှားလေ့ ရှိပါတယ်။

ငါးမျှားတယ် ဆိုတာ တချို့က ကံတရားနဲ့ အများကြီး ဆိုင်တယ်လို့ အထင်မှားကြ ပါတယ်။ ဒါပေမယ့် အမှန်တကယ် ကတော့ ကျွမ်းကျင်မှုနဲ့ အများကြီး ဆိုင်ပါတယ်။ လူနှစ်ယောက် ၂ ပေ လောက် အကွာမှာ ထိုင်ပြီး ငါးမျှား နေကြတဲ့ အခါမှာ တစ်ယောက်က ငါးတွေ ဆက်တိုက်မိနေပြီး နောက်တစ်ယောက်က ငါးသိပ်မမိတာကို ကံတရားလို့ ပြောရမှာ ခပ်ခက်ခက်ပါပဲ။ အမှန်တကယ်ကတော့ ငါးမျှားတဲ့ နေရာမှာ ငါးမျှားတဲ့ နည်းစနစ်တွေနဲ့ ငါးတွေရဲ့ သဘာဝကို ကျွမ်းကျင်ဖို့က တကယ်ကို လိုအပ်ပါတယ်။

ပထမဆုံး သတိထားရမယ့် အချက်ကတော့ ငါးမျှားချိတ်ပါ။ ကိုယ်မျှားချင်တဲ့ ငါးရဲ့ အရွယ်အစားပေါ် မူတည်ပြီး ငါးမျှားချိတ်ကို ရွေးရပါတယ်။ တစ်တောင်လောက် ရှိတဲ့ ငါးကို မျှားဖို့အတွက် ငါးမန်းမျှားတဲ့ နေရာမှာ သုံးတဲ့ ငါးမျှားချိတ်မျိုး သုံးရင် အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ အဲဒီလိုပဲ ငါးမျှားချိတ်ကို ဝယ်တဲ့ နေရာမှာလည်း အရည်အသွေးကောင်းတဲ့ ငါးမျှားချိတ်မျိုးကို ရွေးဝယ်တတ်ဖို့ လိုပါတယ်။ ဒါမှလည်း ငါးကို မိတဲ့အချိန်မှာ ငါးရဲ့ ရုန်းအားကြောင့် ငါးမျှားချိတ်က ကောက်ကွေး သွားတာတို့ ငါးလွတ်ထွက်သွားတာတို့ မဖြစ်ပဲ ရှိပါလိမ့်မယ်။

နောက်တစ်ချက်ကတော့ ငါးစာပါ။ ငါးလည်း လူလိုပါပဲ။ အကောင်းကြိုက်တတ်ပါတယ်။ လတ်ဆတ်တာကို ကြိုက်ပါတယ်။ ပုံမှန်အားဖြင့် သူတို့အနေနဲ့ ရေဘဝဲ အသားကို ငါးစာအတွက် သုံးလေ့ ရှိပါတယ်။ အဲဒီလို သုံးတဲ့ နေရာမှာ ရေဘဝဲကို ဈေးထဲက ဝယ်သွားပြီး ငါးစာအနေနဲ့ တပ်မယ် ဆိုရင် ငါးက သိပ်မကြိုက်ပါဘူး။ လတ်ဆတ်တဲ့ ရေဘဝဲအသားနဲ့ မျှားမှ ငါးက ပိုကြိုက်ပါတယ်။ ကေလောင်းတွေမှာ ငါးမျှားတဲ့ အချိန်မှာ ရေဘဝဲက လတ်လတ်ဆတ်ဆတ် ရနိုင်တာမို့ ပြသနာ မရှိပေမယ့် ပင်လယ်ထဲမှာ စက်လှေနဲ့ ထွက်ပြီး ငါးမျှားတဲ့ အချိန်မှာတော့ ရေဘဝဲ ရဖို့ တစ်မျိုးကြံရပါတယ်။ တစ်ချို့ စက်လှေသူကြီးတွေက သူတို့ အတွက် ရေဘဝဲကို ဖမ်းပေးလေ့ရှိပါတယ်။

သူတို့ ရေဘဝဲ ဖမ်းတဲ့ နည်းကတော့ စက်လှေရဲ့ ဘေးမှာ အင်မတန် အလင်းရောင်စူးတဲ့ မီးကို ရေထဲစိုက်ပြီး ထိုးထား ရပါတယ်။ အဲဒီလို ရေထဲကို ထိုးထားပြီ ဆိုရင် အလင်းရောင် ရှိတဲ့ နေရာကို ရေဘဝဲတွေ ရောက်လာတတ် ပါတယ်။ ရေဘဝဲတွေ ရောက်လာပြီလို့ ထင်ရတဲ့ အချိန်မှာတော့ မီးအလင်းရောင်ကို တဖြည်းဖြည်း လျှော့ချရ ပါတယ်။ မီးအလင်းရောင် လျော့သွားရင် ရေဘဝဲက မီးရောင် ပိုရဖို့ ရေနက်ထဲကနေ အပေါ်ကို တက်လာတတ် ကြပါတယ်။ တဖြည်းဖြည်းနဲ့ အပေါ်ကို ရောက်လာပြီ ဆိုမှ လက်ကိုင် ငါးဖမ်းပိုက်နဲ့ ရေဘဝဲကို ဖမ်းရပါတယ်။

တစ်ခါတစ်လေတော့လည်း သူတို့ ပင်လယ်ထဲ ထွက်တဲ့ အချိန်မှာ အနီးအနားမှာ ရှိတဲ့ ကေလောင်းကို ရေဒီယိုနဲ့ လှမ်းခေါ်ပြီး ရေဘဝဲ လာပို့ဖို့ လှမ်းမှာရပါတယ်။ အဲဒီလို လှမ်းမှာရင် ကေလောင်းကနေ ရေဘဝဲ လတ်လတ်ဆတ်ဆတ်ကို စက်တပ် သမ္ဗာန်နဲ့ လာပို့လေ့ရှိပါတယ်။ နောက်တစ်မျိုး သူတို့ သုံးလေ့ရှိတဲ့ ငါးစာကတော့ ပုစွန်အရှင်နဲ့ ငါးအရှင် သေးသေးကလေးတွေပါ။ အဲဒီလို ငါးစာမျိုးကို ပင်လယ်ထဲ မထွက်ခင် ကတည်းက ကြိုပြီး ရှာလာရ ပါတယ်။ ပုစွန်အရှင် ကတော့ ငါးတွေရဲ့ စိတ်ကြိုက် အစာပါပဲ။ ငါးသေးသေးကလေး တွေကိုလည်း ငါးကြီးတွေကို မျှားဖို့ အတွက် သုံးလေ့ ရှိပါတယ်။

ရေထဲကို ငါးစာချပြီး သွားတဲ့ အခါမှာတော့ အချိန်တန်ရင် ငါးက လာဟပ်မှာပဲ ဆိုပြီး ထားလို့ မရပါဘူး။ အဲဒီလို လုပ်မယ်ဆိုရင် လမ်းကြုံတဲ့ငါးက အစာတွေ့လို့ ဝင်ဟပ်မှပဲ ငါးကို ရပါလိမ့်မယ်။ အဲဒါကြောင့် ငါးမိဖို့ မသေချာပါဘူး။ ငါးစာချပြီးလို့ အချိန်အတော် ကြာတဲ့အထိ ငါးက လာမဟပ်ရင် ငါးစာကို တစ်ခြား တနေရာ ရွှေ့ပေးရ ပါတယ်။ ငါးစာကို ချပြီးတဲ့ အခါမှာ လာဟပ်မဲ့ ငါးကို စိတ်ဝင်စားအောင် ငါးမျှားကြိုးကို လှုပ်ပေး ရပါတယ်။ ငါးတွေက အစာရှာတဲ့ နေရာမှာ အကြားအာရုံကို သုံးတတ်ပါတယ်။ အဲဒီတော့ ငါးစာက လှုပ်နေမယ် ဆိုရင် ငါးက လာဟပ်နိုင်တဲ့ အခွင့်အလမ်း ပိုများပါတယ်။ အဲဒါမှ မရသေးဘူး ဆိုရင် ငါးစာကို လဲပေးရပါတယ်။ ငါးစမျှားတဲ့ အချိန် ကတည်းက ငါးစာ တစ်မျိုးတည်းကို သုံးပြီး မျှားမယ် ဆိုရင် ငါးကို ရဖို့ ရာခိုင်နှုန်း နည်းပါတယ်။

ပုံမှန်အားဖြင့် စက်လှေနဲ့ ငါးထွက်မျှားတဲ့ သူတိုင်းတော့ ငါးမျှားတတ်ကြတာ မဟုတ်ပါဘူး။ တစ်ချို့က အဖော်ကောင်းလို့ အပျော်လိုက်လာတတ်တဲ့ သူမျိုးပါ။ တစ်ချို့ကတော့ ငါးဖမ်းတာ ကြာလှပြီ ဖြစ်ပေမယ့် ငါးဖမ်းနည်းကို သင်ဖို့ စိတ်မဝင်စားပဲ ငါးမျှားတာ ကံတရားနဲ့ ဆိုင်တယ်လို့ပဲ ထင်နေတတ်တဲ့ လူစားမျိုးတွေပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ရဲ့ ငါးဖမ်းတဲ့ ခရီးစဉ် ပြီးဆုံးသွားတဲ့ အချိန်မျိုးမှာတော့ သူတို့လို ကျွမ်းကျင်တဲ့ ငါးဖမ်းသမားတွေမှာ ဖမ်းမိတဲ့ ငါးတွေ အများအပြား ရှိနေတတ်ပါတယ်။ အဲဒီလို အချိန်မျိုးဆိုရင် သူတို့က ငါးမမိတဲ့ တခြားသူတွေကို ပြန်ပြီး ဝေမျှ ပေးတတ် ပါတယ်။ ကိုယ်က ငါးကို ခုတ်ထစ်နေတဲ့ အချိန်မှာ ဘေးနားကနေ စားလို့ ကောင်းမှာပဲနော် လို့ လာပြောတာမျိုး ကြားရရင် မပေးလို့ ဘယ်ကောင်းပါ့မလဲ။ ကိုယ့်မှာ သူတို့ထက်ပိုပြီး ကျွမ်းကျင်မှု ရှိတယ် ဆိုပြီး ဂုဏ်ယူချင်တဲ့ စိတ်လည်း ပါတာပေါ့လေ။

ဘယ်လိုပဲ ဖြစ်ဖြစ် ငါးဖမ်းတာဟာ သူ့ရဲ့ အဓိက အသက်မွေးဝမ်းကြောင်း အလုပ် မဟုတ်ပါဘူး။ စင်ကာပူလို နိုင်ငံမျိုးမှာ အပျော်တမ်း ငါးဖမ်းတာ တစ်ခုတည်းနဲ့တော့ ရပ်တည်ဖို့ မဖြစ်နိုင်ပါဘူး။ အိမ်စရိတ် သားသမီး တွေရဲ့ ပညာရေး အတွက် ကုန်ကျမယ့် စရိတ်တွေ အများကြီး ရှိနေပါသေးတယ်။ အဲဒီအတွက် သူ့မှာ အချိန်ပြည့် အလုပ်တစ်ခု လုပ်နေရ ပါတယ်။ ၂ လ တစ်ခါလောက် ကေလောင်းကို သွားပြီး ငါးမျှားလိုက် တစ်နှစ်ကို ၂ ခါ ၃ခါလောက် ပင်လယ်ထဲ ထွက်ပြီး ငါးမျှားလိုက်နဲ့ပဲ မြို့ပြရဲ့ ပတ်ဝန်းကျင်က ခေတ္တခဏ ပြေးထွက်ပြီး အပန်းဖြေလေ့ ရှိပါတယ်။ သူနေ့စဉ် လုပ်နေတဲ့ အဓိက အသက်မွေး ဝမ်းကြောင်း အလုပ်ကတော့ ကွန်ပြူတာ ဆော့ဖ်ဝဲတွေ ရေးတဲ့ ပရိုဂရမ်မာ အလုပ် ဖြစ်ပါတယ်။

Thursday, March 19, 2009

တောင်နံရံမှာ ပန်းချီဆွဲကြသူများ

တစ်ခါတုန်းက မြင့်မားလှတဲ့ တောင်တွေရဲ့ အလယ်မှာ တည်ထားတဲ့ ရွာကလေး တစ်ရွာ ရှိတယ်။ အဲဒီရွာမှာ ရှိတဲ့ ရွာသူရွာသားတွေက တောင်ယာ စိုက်ခြင်းနဲ့ အသက်မွေး ကြတာပေါ့။ တောင်ယာသမားတွေထဲက တစ်ချို့ကတော့ အများနဲ့ မတူတဲ့ ဝါသနာတစ်မျိုး ရှိကြတယ်။ သူတို့ရဲ့ ဝါသနာကတော့ အားလပ်တဲ့ အချိန်တွေမှာ စိတ်ထွက်ပေါက် အနေနဲ့ တောင်နံရံတွေမှာ ပုံတွေ လျှောက်ဆွဲ တတ်ကြတာပါပဲ။

သူတို့ဆွဲတတ်ကြတဲ့့ ပုံတွေကတော့ အမျိုးမျိုးပါပဲ။ တစ်ချို့က ပတ်ဝန်းကျင် အလှကို သရုပ်ဖော်တဲ့ ပုံတွေဆွဲတယ်။ တစ်ချို့ကတော့ စိတ်ကူးတည့်ရာ တောင်ခြစ်မြောက်ခြစ် ခြစ်တတ်တယ်။ တစ်ချို့ကတော့ လမ်းညွှန်ဆိုင်းဘုတ်တွေ ဆွဲကြတယ်။ သူတို့လို ပုံဆွဲတဲ့သူတွေ ရှိသလို သူတို့ ဆွဲထားတဲ့ ပုံကို လာကြည့်တဲ့ တခြား ရွာသားတွေလည်း ရှိတာပေါ့။ အဲဒီထဲက တစ်ချို့ ရွာသားတွေ ကတော့ အားတဲ့အချိန် မင်းတို့ဆွဲတဲ့ ပုံတွေ လာကြည့်ရတာ စိတ်ချမ်းသာတယ်။ အပန်းပြေတယ် ဆိုပြီး အားပေးကြတယ်။ တစ်ချို့ကလည်း ဒီပုံကလေးကို ဒီနေရာမှာ ဒီလိုဆွဲလိုက်ရင်တော့ ပိုကောင်းမယ် ဆိုပြီး အကြံပေး တတ်ကြတယ်။ တစ်ချို့ကတော့ ဒီလို ပုံလေးတွေ သဘောကျတယ်။ နောက်ထပ် ဒီလိုပုံလေးတွေ ထပ်ဆွဲပါဦး ဆိုပြီး တောင်းဆိုတတ်ကြတယ်။ ဘယ်လိုပဲ ပြောပြော ပုံဆွဲတဲ့သူတွေကတော့ သူတို့ဆွဲထားတဲ့ ပုံတွေကို အရေးတယူ လာကြည့်တဲ့သူ ရှိရင် စိတ်ထဲမှာ ကြည်နူးနေကြတာပါပဲ။

အဲဒီအထဲမှာ အခြား လူတန်းစား တစ်မျိုးလည်း ရှိသေးတယ်။ သူတို့ကတော့ မင်းတို့ တောင်ခြစ်မြောက်ခြစ် လုပ်နေတာ အဓိပ္ပါယ်မရှိဘူး။ ပုံဆွဲရင်လည်း ပုံနဲ့တူအောင်ဆွဲ ဒါမှမဟုတ်ရင်လည်း အားလုံး အကျိုးရှိအောင် လမ်းညွှန်ဆိုင်းဘုတ် ရေးတာက ပိုကောင်းတယ်ဆိုပြီး အပြစ်ပြောတတ်ကြတယ်။ တစ်ချို့ကတော့ မင်းက ပုံလည်း မဆွဲတတ်ဘူး။ ဟိုဘက်က တောင်နံရံမှာ ဆွဲနေတဲ့သူကမှ မင်းထက်စာရင် အများကြီး ကြည့်လို့ ကောင်းသေးတယ်။ အဲဒီလို လိုက်ဆွဲပါလား။ ငါတို့မှာလည်း မင်းတို့ဆွဲတဲ့ ပုံတွေကို တမင်သက်သက် လာကြည့်ရတာ။ မင်းတို့က အဲဒီလို တောင်ခြစ် မြောက်ခြစ်တွေ လုပ်နေတော့ အလကား ငါတို့အတွက် အချိန်ကုန်တာပဲ ရှိတယ်။ ငါတို့လည်း အကျိုးမရှိဘူး ဆိုပြီး ပစ်ပစ်ခါခါ ပြောတတ်ကြပါတယ်။ ပန်းချီဆရာ တွေကတော့ အောင့်သက်သက်နဲ့ နားထောင်ရတာပေါ့။

ပန်းချီဆရာတွေရဲ့ စိတ်ထဲမှာတော့ မကြည့်ချင်ရင် ပုံဆွဲတဲ့ အနား မလာနဲ့ပေါ့ကွာ လို့ ပြန်ပြောချင်ပါတယ်။ ဒါပေမယ့် အဲဒီလို ပြောပြန်ရင်လည်း ရိုင်းတယ် ဆိုပြီး ဝိုင်းသမ ခံရမယ်။ အားတဲ့အချိန် စိတ်ထဲပေါ်လာတာ ဆွဲတာပဲ။ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် ဂရုမစိုက်ဘူး လို့ ပြောမိပြန်ရင်လည်း မင်းတို့မှာ ပန်းချီဆရာ စိတ်ဓာတ် မရှိဘူး။ ငါတို့ကတော့ တကူးတက လာကြည့်ရတယ်။ ဒီကောင်တွေက ငါတို့ လာကြည့်တဲ့သူရဲ့ မျက်နှာကိုတောင် မထောက်ဘူး ဆိုပြီး အကွေျး ခံရတတ်ပါတယ်။

အဲဒီလို ရွာသားတွေနဲ့ တွေ့ရင်တော့ ပန်းချီဆရာတွေလည်း ဦးနှောက် စားပါတယ်။ ဆွဲလက်စ တောင်ခြစ် မြောက်ခြစ်ကိုပဲ ဆက်ခြစ် ရတော့မလို အားလုံးကြိုက်တဲ့ ပုံကိုပဲ လိုက်ဆွဲရတော့မလို ဖြစ်နေတတ် ပါတယ်။ ကိုယ်စိတ်မပါပဲ သူများကြိုက်တဲ့ ပုံ လိုက်ဆွဲ ရတာတော့ သိပ်မနိပ်ပါဘူး။ ဒါပေမယ့်လည်း ကိုယ့်ဆီ တကူးတက လာတဲ့ သူတွေကိုလည်း အားနာ ရပါသေးတယ်။

အဲဒီလိုနဲ့ ပန်းချီဆရာတွေ ဘာလုပ်ရမှန်း မသိ ဖြစ်နေတဲ့ အချိန်မှာ မုတ်ဆိတ်မွှေးဖြူဖြူနဲ့ တောင်ဝှေး တစ်ချောင်း ဆွဲထားတဲ့ အဖိုးအိုတစ်ဦး ရောက်လာပါတယ်။ ပန်းချီဆရာ တွေလည်း အဖိုးကြီးကို နေရာထိုင်ခင်း ကောင်းကောင်းပေးပြီး ခရီးကြို ပါတယ်။ စိတ်လက် မချမ်းမသာ ဖြစ်နေတဲ့ ပန်းချီဆရာတွေကို တွေ့တော့ အဖိုးကြီးက ဘာလို့ စိတ်မချမ်းသာတာလည်း မေးတယ်။ အဲဒီတော့ ပန်းချီဆရာတွေက အကြောင်းစုံ ရှင်းပြတယ်။ အဖိုးကြီးက ခပ်ပြုံးပြုံးနဲ့ ပန်းချီဆရာတွေနဲ့ အမေးအဖြေလုပ်တယ်။

အဖိုးအို။ ။“မင်းတို့ ဒီပုံတွေ ဘာလို့ ဆွဲနေတာလဲ။”
ပန်းချီဆရာ။ ။“အားတဲ့ အချိန် စိတ်ထွက်ပေါက် အနေနဲ့ ဆွဲနေတာပါ။”
အဖိုးအို။ ။“ကောင်းပြီ။ မင်းတို့ လူသိများ ထင်ရှားချင်လို့ ဆွဲနေတာ မဟုတ်ဘူးလား။”
ပန်းချီဆရာ။ ။“ကျွန်တော်တို့ ဆွဲတဲ့ပုံကို အခြားသူတွေ ကြိုက်ရင်တော့ ပျော်တာပေါ့ အဘရယ်။ အပင်ပန်းခံ ဆွဲထားရတာမဟုတ်လား။ လူသိများရင်လည်း ပျော်တာပေါ့။ ကျွန်တော်တို့လည်း သာမန် ပုထုဇဉ်တွေပဲ။”
အဖိုးအို။ ။“ဒါဆို လူကြိုက်များတဲ့ ပုံချည်းပဲ ဆွဲလို့ရော မဖြစ်ဘူးလား။”
ပန်းချီဆရာ။ ။“အဲဒါဆိုရင် ကျွန်တော်တို့ စိတ်ထွက်ပေါက် ကို ကိုယ့်ဘာသာကိုယ် ပြန်ပိတ်သလို ဖြစ်သွားမှာပေါ့။ ကျွန်တော်တို့ရဲ့ အနုပညာ လွတ်လပ်ခွင့် (Artistic Freedom) ပျောက်သွားမှာပေါ့။”
အဖိုးအို။ ။“ဒါဆိုလည်း ကိုယ့်ဘာသာကိုယ် ဆွဲချင်တဲ့ပုံ ဆွဲပေါ့ကွာ။”
ပန်းချီဆရာ။ ။“အဲဒီလို လုပ်ပြန်တော့လည်း အဝေဖန်ခံရတယ် အဘရဲ့။”
အဖိုးအို။ ။“လူတိုင်းက ဝေဖန်တာလား။”
ပန်းချီဆရာ။ ။“လူတိုင်းတော့ မဟုတ်ပါဘူး အဘရယ်။ တစ်ချို့လူတွေပေါ့။ သူတို့က မျက်စိ စပါးမွှေး စူးကြတယ်။”
အဖိုးအို။ ။“လူတိုင်းက မင်းတို့ကို ဝေဖန်တာမှ မဟုတ်ပဲကွာ။ ဘာကိစ္စ ခေါင်းထဲထည့် နေရမှာလဲ။ လူ့အလို နတ်မလိုက်နိုင် ဆိုတဲ့ စကားလည်း ရှိတာပဲ။ လူတကာ ကြိုက်အောင် လုပ်ဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ မြည်းတစ်ကောင်နဲ့ သားအဖ နှစ်ယောက် ပုံပြင်လည်း မင်းတို့ ကြားဖူးမှာပေါ့။ ဘယ်လိုပဲ လုပ်လုပ် လူတွေရဲ့ အပြောက လွတ်မှာ မဟုတ်ဘူး။ အဲဒီတော့ ငါမင်းတို့ကို အကြံပေးချင်တာက ကိုယ့်ဘာသာကိုယ် ဆွဲစရာ ရှိတာဆွဲ။ ဘေးက လာဝေဖန်လို့ ဘာမှ စိတ်မကောင်း မဖြစ်နဲ့။ ကြိုက်တဲ့သူ ကြည့်လိမ့်မယ်။ မကြိုက်တဲ့သူ ကျော်သွားလိမ့်မယ်။ မင်းတို့ ဆွဲနေတဲ့ နေရာက အများပိုင် လမ်းမဘေးမှာ ဆွဲနေတာမှ မဟုတ်ပဲ။ တကူးတက လာကြည့်မှပဲ မြင်ရတာ။ လာကြည့်ပြီးမှ မကြိုက်ရင်လည်း ပြန်ပေစေပေါ့ကွာ။ တားလို့မှ မရတာ။ ကြိုက်တဲ့သူ နောက်တစ်ခေါက် ပြန်လာလိမ့်မယ်။ မင်းတို့ဘာသာ မင်းတို့ ဆွဲချင်ရာဆွဲတာ မင်းတိုကလွတ်လပ်ခွင့်။ လာကြည့်တာ မကြည့်တာက ကြည့်တဲ့ သူတွေရဲ့ လွတ်လပ်ခွင့်။ နာမည်ကြီးဖို့ တစ်ခုတည်း အတွက်တော့ စိတ်အပင်ပန်း ခံရတာ မတန်ပါဘူးကွာ။ အရေးကြီးတာတော့ ဘယ်သူဘာပြောပြော လျစ်လျူရှု နိုင်တဲ့ စိတ်ကလေး မွေးဖို့ပဲ။ အဲဒါမှလည်း မင်းတို့ရဲ့ စိတ်ထွက်ပေါက် မပိတ်ပဲ လုပ်ချင်ရာ လုပ်လို့ရမယ်။”

အဲဒီနေ့က စပြီး ပန်းချီဆရာတွေလည်း စိတ်ကူးတည့်ရာ ပုံပဲ ဆွဲပါတော့တယ်။ ကောင်းတဲ့ပုံ ရှိသလို မကောင်းတဲ့ပုံလည်း ရှိပါတယ်။ ဒါပေမယ့် ဘယ်သူ ဘာပြောပြော ဂရုမစိုက်တော့ပါဘူး။ အပြုသဘောနဲ့ ဝေဖန်တာတွေကို ကျေးဇူးတင် လက်ခံ ပေမယ့် အဖျက်သဘောနဲ့ ဝေဖန်တာတွေကိုတော့ အကုန် လျစ်လျူရှု ထားလိုက်ပါတယ်။ အဲဒီလို လုပ်တဲ့အတွက် ပန်းချီဆရာတွေကို ဝေဖန်တဲ့သူတွေ ပိုများလာပါတယ်။ ဒါပေမယ့် ပန်းချီဆရာတွေကတော့ ကိုယ်လုပ်ချင်ရာ လုပ်ရလို့ စိတ်ချမ်းသာ နေပါတော့တယ်။

(တောင်နံရံမှာ ပန်းချီဆွဲနေကြသော Blogsphere မှ မိတ်ဆွေသူငယ်ချင်းများနှင့် တကူးတက အချိန်ကုန်ခံ လာကြည့်ပြီး ဝေဖန်ကြသော စာဖတ်သူ များအတွက်)

စက်ရုပ်လူသား ဘဝများ

ပေါ်လီမှာ ကျောင်းတက်တဲ့ အချိန်တုန်းက ကျွန်တော်တို့ ဌာနမှာ ဂျာမနီက ဘွဲ့လွန် ရလာတဲ့ မြန်မာဆရာ တစ်ယောက် ရှိပါတယ်။ ကျွန်တော်တို့ အချင်းချင်း မြန်မာမှန်း သိကြပေမယ့် အခြား လူမျိုးခြားတွေရှေ့မှာ အခွင့်အရေး ယူတယ် ဖြစ်မှာစိုးလို့ တော်ရုံတန်ရုံ စကားမပြော ဖြစ်ကြပါဘူး။ တစ်နေ့တော့ ဆရာ့အခန်းကို သင်္ကြန်ပွဲ အတွက် အလှူခံဖို့ ရောက်သွားပါတယ်။ ဆရာက “မင်းတို့ အပင်ပန်းခံတာကို အလေ့အကျင့် ဖြစ်အောင် ကြိုးစားကွ။ လူဆိုတာ အလေ့အကျင့် မရှိရင် ဘယ်တော့မှ အပင်ပန်း မခံနိုင်ဘူး။ အလေ့အကျင့် ဖြစ်သွားရင် ပင်ပန်းတာ မသိသာ တော့ဘူး။ ဒို့ မြန်မာတွေ အပင်ပန်းမခံနိုင်တာ တွေ့ရတာ ငါတော့ အားမရဘူး။” ဆိုပြီး ကျွန်တော်တို့ကို ပြောလိုက်ပါတယ်။

အဲဒီတုန်းကတော့ ဆရာပြောတဲ့စကားကို သဘောမပေါက်တော့ ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်း နှစ်ယောက်သား ကြိတ်ရယ်ပြီး ပြန်ခဲ့ကြပါတယ်။ အပင်ပန်းခံတာနဲ့ အလေ့အကျင့် ဘယ်လို ဆက်စပ်ရမလဲ ဆိုတာ သဘောမပေါက် ခဲ့ပါဘူး။

ကျောင်းပြီးလို့ အလုပ်စဝင်တဲ့ အချိန်မှာ ဆရာပြောတဲ့ စကားကို ရေးရေးလေး သဘောပေါက် လာပါတယ်။ ကျွန်တော်တို့ လုပ်ရတဲ့ အလုပ်က ပင်ပန်းပါတယ်။ ၂၄ နာရီလုံး လည်ပတ်နေတဲ့ စက်ရုံတွေကို ဝန်ဆောင်မှု ပေးရတာ၊ နာရီနဲ့ အမျှ ငွေဖြစ်နေတဲ့ ကုန်ထုတ်လုပ်ငန်း တွေထဲမှာ ပါဝင်စီးမျောရတာ မစားသာပါဘူး။ ဒုတိယမြောက် ကုမ္ပဏီ ရောက်ပြီး ၄-၅ လလောက် ကြာတော့ အလုပ်က ဆက်တိုက် ဆိုသလို လုပ်ရတဲ့ အနေအထား ဖြစ်လာပါတယ်။ စနေ တနင်္ဂနွေ ပိတ်ရက်လည်း ရုံးပြန်သွားရ ပုံမှန်ရက်ဆိုရင်လည်း ည ၈နာရီ ၉ နာရီမှ အိမ်ပြန်ရ နဲ့ အလုပ်လုပ်ရတာ အတော် မစားသာပါဘူး။ တစ်ခါတစ်လေ တနင်္ဂနွေလို နေ့မျိုး အိမ်မှာ နေရင်းတောင် နိုင်ငံရပ်ခြားက စက်ကို အိမ်က ကွန်ပြူတာနဲ့ လှမ်းချိတ်ပြီး ပြင်ပေးရတာမျိုးတွေ အထိ ရှိတတ်ပါတယ်။ ကိုယ့်ဘာသာကိုယ်တော့ ငါအတော် အပင်ပန်းခံ ရတာပဲ ဆိုပြီး ပြန်သနားနေပါတယ်။ ဒါပေမယ့် အလေ့အကျင့်ကလေး ရှိလာတော့ စိတ်ထဲမှာ ပင်ပန်းတယ် ဆိုတာတောင် တခါတလေ မေ့နေပါတယ်။

တစ်နေ့မှာတော့ အလုပ်ကိစ္စတစ်ခုနဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူကို ရောက်သွားပါတယ်။ တိတိကျကျ ပြောရရင်တော့ ဆလန်ဂေါ (Selangor) ကိုပါ။ တနင်္လာနေ့မနက် အလုပ်ဝင်ဖို့ ဆိုတော့ တနင်္ဂနွေ ညနေဖက် ဖလိုက်နဲ့ ကွာလာလမ်ပူကို လိုက်သွားပြီး ညပိုင်းမှာ ရောက်သွားပါတယ်။ ဟိုတယ် ရောက်ပြီး ခဏနေတော့ ဗိုက်ဆာလာတာနဲ့ အောက်ဆင်းပြီး ဟိုတယ်ဘေးကပ်ရပ်က မလေးဆိုင်မှာ နာဆီလီမက် (အုန်းထမင်း) စားရင်း လက်ဖက်ရည် ဆင်းသောက်ဖြစ် ပါတယ်။ ရောက်လေရာ အရပ်မှာ တွေ့ကရာလူနဲ့ အဖွဲ့ကျတတ်တဲ့ ကျွန်တော့် ဝသီအတိုင်း စားရင်း သောက်ရင်း ဆိုင်ရှင် မလေးမနဲ့ စကားလက်ဆုံ ကျနေပါတယ်။ သူကလည်း ကျွန်တော် ဟိုတယ်ထဲက ထွက်လာတာ တွေ့တော့ ဘာကောင်မှန်းမသိလို့ အရေးတယူ စကားတွေ လာပြောနေပါတယ်။ ဆိုင်ရှင်က ကျွန်တော့်ကို ဘာလူမျိုးလဲ မေးလို့ မြန်မာလို့ ပြောပြလိုက်ပါတယ်။ သူက ဝမ်းသာအားရနဲ့ သူ့ဆိုင်မှာ မြန်မာရှိတယ်။ စကားပြော ရအောင် သူခေါ်ပေးမယ် ဆိုပြီး ပလာတာရိုက်တဲ့ အစ်ကိုကြီး တစ်ယောက်ကို သွားခေါ် ပေးပါတယ်။ အဲဒီအစ်ကိုကြီးက မွန်လူမျိုးပါ။ ကျွန်တော့်ထက် ၃ ၄ နှစ်လောက် ကြီးမယ် ထင်ပါတယ်။

ဆိုင်မှာလည်း လူရှင်းနေတော့ အဲဒီအစ်ကိုကြီးက ကျွန်တော်နဲ့ လာထိုင်ပြီး စကားပြောနေပါတယ်။ ဘယ်ကလာသလဲ ဘာညာနဲ့ မေးပြီးတဲ့နောက်မှာတော့ ခဏအကြာမှာ သူ့ အကြောင်းတွေ ပြောပြပါတယ်။ သူ့ရဲ့ အပြောအရဆိုရင် သူက မော်လမြိုင်ဘက်ကနေ စက်လှေနဲ့ လိုက်လာပြီး မလေးရှားကို ခိုးဝင်လာတာ လို့ ပြောပါတယ်။ သူ့မှာ နိုင်ငံကူးလက်မှတ်တွေ ဘာတွေ မရှိပါဘူး။ ရောက်ခါစက ဝပ်ရှော့တစ်ခုမှာ အလုပ်လုပ်ပြီး ဝပ်ရှော့မှာ မြန်မာတစ်ယောက်နဲ့ အင်ဒိုတွေ ရန်ဖြစ်တာနဲ့ ဝပ်ရှော့ပိုင်ရှင်က စိတ်ဆိုးပြီး မြန်မာတွေရော အင်ဒိုတွေပါ အကုန်နှင်ထုတ်လိုက်တယ် လို့ ပြောပါတယ်။

အဲဒီနောက်တော့ သူမြို့ထဲက အိန္ဒိယ ဆိုင်တစ်ဆိုင်မှာ ပလာတာ ဝင်ရိုက်ပါတယ်။ ဆိုင်ရှင်က သူတို့ကို တရားမဝင် နေမှန်းသိနေတော့ ညစ်ပြီး လခ မပေးပါဘူး။ တစ်လကျော်လောက် ထိ လခမရတော့ အဲဒီဆိုင်က ထွက်ပြီး တစ်ခြားဆိုင် ပြောင်းလုပ်တယ် လို့ ပြောပါတယ်။ အခုတော့ မနက်တိုင်း ၄ နာရီခွဲလောက် အိပ်ရာကထ၊ ကွာလာလမ်ပူ မြို့ထဲက ဆိုင်ကို သွားပြီး မနက် ၇ နာရီလောက်က စပြီး အလုပ်ဝင်၊ မနက်ကနေ ညနေအထိ ပလာတာရိုက်ပြီး ညနေမှာ ဆလန်ဂေါကို ပြန်၊ ညနေဘက်ဆိုရင် အခု ကျွန်တော်တို့ ထိုင်နေတဲ့ ဆိုင်မှာ ည ၁၂ နာရီလောက်အထိ ပလာတာ ရိုက်တယ် လို့ ပြောပြပါတယ်။ ကျွန်တော်တို့ အခု ထိုင်နေတဲ့ ဆိုင်က တစ်ခါတစ်လေ ညနေပိုင်း ပိတ်တာမို့ ညနေပိုင်းတော့ တစ်ခါတစ်လေ နားရတယ် လို့ သူက ပြန်ပြောပြ ပါတယ်။

ဘယ်လောက်ကြာကြာ လုပ်ဖို့ အစီအစဉ် ရှိသလဲလို့ မေးတော့ အခု သူရှာလို့ရတဲ့ ပိုက်ဆံနဲ့ သူ့မြို့မှာ တိုက်တစ်လုံး ဆောက်နေတာ ပြီးတော့မယ်။ အဲဒီအိမ် ဆောက်ပြီးသွားရင် အလုပ်လုပ်ဖို့ အရင်းအနှီး ရအောင် ပိုက်ဆံရှာပြီး ပြန်တော့မယ်လို့ ပြောပါတယ်။

ကျွန်တော် သူ့ဘဝနဲ့ ကျွန်တော့် ဘဝကို နှိုင်းယှဉ်ပြီး စဉ်းစားကြည့်ပါတယ်။ ကျွန်တော်ကတော့ နေ့တိုင်း နောက်အကျဆုံး ည၉ နာရီလောက် ဆို နားရပြီး နောက်တစ်နေ့မနက် ၇ နာရီခွဲလောက်အထိ အားချိန်ရပါတယ်။ စနေ တနင်္ဂနွေ ဆိုတာလည်း တစ်နေကုန် လုပ်စရာ မလိုပါဘူး။ သူ့လို နေ့တိုင်းသာ မနက်ကနေ ညနေအထိ လုပ်ရရင်တော့ ဘယ်လိုနေမလဲ မပြောတတ်ပါ။ သူ့လို အိမ်ဆောက်ဖို့ ဆိုတာလည်း ဝေးပါသေးတယ်။ ကျွန်တော့်ကို ဘယ်တော့ ပြန်မလဲ မေးရင်လည်း တစ်နေ့နေ့ပေါ့ ဆိုတဲ့ အဖြေက လွဲရင် ရေရေရာရာ အဖြေ မပေးနိုင်ပါဘူး။

သူအလုပ်လုပ်နေတဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ပြီး စဉ်းစားကြည့်တော့ ကိုယ့်ဘာသာကိုယ် ပင်ပန်းတယ်လို့ ပြောရမှာတောင် ရှက်လာပါတယ်။ အဲဒီနေ့က စပြီး ကျွန်တော် ကိုယ့်ဘာသာကိုယ် အလုပ်များလွန်းလို့ ပင်ပန်းတယ် ထင်မိတဲ့အခါတိုင်း ကျွန်တော်နဲ့ စကားပြောခဲ့ဖူးတဲ့ မွန်အမျိုးသား အစ်ကိုကြီးကို စိတ်ထဲမှာ သတိရမိရင် ငါဒီလောက် မဆိုးသေးပါဘူး လို့ တွေးပြီး နည်းနည်းတော့ စိတ်သက်သာရာ ရမိပါတယ်။

Tuesday, March 17, 2009

ဒတ်ခ်ျတစ်ယောက် ပြောပြတဲ့ ဟော်လန်အကြောင်း

ကျွန်တော် အလုပ်လုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီ တစ်ခုရဲ့ ဥရောပ ရုံးခွဲဟာ ဟော်လန်နိုင်ငံ တောင်ပိုင်းက မြို့ငယ်ကလေး တစ်မြို့မှာ ရှိပါတယ်။ ကျွန်တော် ဥရောပမှာ သွားဖြစ်တဲ့ ခရီး အတော်များများဟာလည်း ဟော်လန်ကို အခြေပြုပြီး သွားရတာ များပါတယ်။ ကျွန်တော်နဲ့ အတူတူ အလုပ်တွဲပြီး လုပ်ခဲ့ရတဲ့ အင်ဂျင်နီယာ အများစုဟာလည်း ဒတ်ခ်ျလူမျိုး တွေပါပဲ။ ကျွန်တော်တို့ တစ်တွေ အမြဲ မကြာခဏ ဆိုသလို စင်ကာပူ အကြောင်း၊ မြန်မာနိုင်ငံ အကြောင်းနဲ့ ဟော်လန် နိုင်ငံ အကြောင်းတွေ ဆွေးနွေး ဖြစ်ပါတယ်။ သူတို့နဲ့ ပြောဖြစ်တဲ့ အထဲက ဟော်လန်နိုင်ငံနဲ့ ပတ်သက်တဲ့ တစ်ချို့ အကြောင်းအရာ ကလေးတွေက စိတ်ဝင်စားစရာ ကောင်းပါတယ်။

ကျွန်တော့် လုပ်ဖော်ကိုင်ဖက် မာ့က်ခ် က သူတို့ ဟော်လန်နိုင်ငံမှာ ဆင်းရဲတဲ့ လူတန်းစားနဲ့ ချမ်းသာတဲ့ လူတန်းစား ကွာဟမှုကို ထိန်းသိမ်းထားတဲ့ ပုံစံကို ရှင်းပြပါတယ်။ အမြတ်ခွန်နဲ့ ထိန်းသိမ်းထားတာပါ။ မိဘကနေ သားသမီးကို အိမ်တစ်လုံး အမွေပေးချင်တယ် ဆိုရင် သားသမီးဘက်က အိမ်တန်ဖိုးရဲ့ ၄၀ ရာခိုင်နှုန်းကို အခွန်ဆောင် ပြီးမှ အမွေဆက်ခံခွင့် ရှိပါတယ်။ အဲဒီလိုပဲ မိသားစုပိုင် ကုမ္ပဏီတစ်ခုကို မိဘက သားသမီးကို လွှဲပေးချင်တယ် ဆိုရင် ကုမ္ပဏီတန်ဖိုးရဲ့ ၆၀ ရာခိုင်နှုန်းကို အခွန်ဆောင်ပြီးမှ သားသမီးက ဆက်ခံခွင့် ရှိပါတယ်။ အဲဒီတော့ အသက်ကြီးလာတဲ့ လူကြီးတွေ အတော်များများက သားသမီးကို အမွေ တိုက်ရိုက်မပေးတော့ပဲ သွယ်ဝိုက်သော နည်းနဲ့ပဲ ပေးကြ ပါတော့တယ်။ သူတို့ရဲ့ လုပ်နည်းလုပ်ဟန်ကတော့ အိမ်ကို ရောင်းချပြီး ပိုက်ဆံကို ဘဏ်ထဲ ထည့်ထား ပါတယ်။ နှစ်တိုင်းလိုလို သူတို့ နိုင်ငံခြားကို ခရီးအထွက် ပြပြီး နိုင်ငံခြားမှာ ပိုက်ဆံ ဘယ်လောက် သုံးခဲ့တယ် ဆိုပြီး အကောက်ခွန် စာရင်းကို ရှင်းပါတယ်။ နိုင်ငံခြားမှာ သုံးခဲ့တဲ့ ပိုက်ဆံအတွက် ငွေလက်ခံ ဖြတ်ပိုင်းက အရေးမကြီးပါဘူး။ နောက်မှ အဲဒီလို သုံးခဲ့တယ်လို့ ပြခဲ့တဲ့ ပိုက်ဆံတွေကို ငွေသားနဲ့ သားသမီးတွေဆီ ပြန်ပေးပါတယ်။ သူတို့ဆီမှာ အဲဒီလိုနည်းနဲ့ သားသမီး တွေကို အမွေပေးရပြီး အဲဒီလို ပိုက်ဆံကို ခြေအိတ်ထဲက လာတဲ့ပိုက်ဆံလို့ ခေါ်ကြောင်း ရှင်းပြပါတယ်။ အဲဒီအတွက် မိဘချမ်းသာတိုင်း သားသမီးက အလိုအလျောက် ချမ်းသာတာမျိုး မရှိတဲ့အတွက် ဆင်းရဲချမ်းသာ ကွာဟမှုကို ထိန်းထားနိုင်တယ် လို့ ပြောပါတယ်။

နောက်တော့ သူတို့ဆီက မှုခင်းနဲ့ ဆိုင်ပြီး အလွန် ပေါ့လျော့တဲ့ စနစ်ကို ရှင်းပြပါတယ်။ အမ်စတာဒမ်လို မြို့မှာ လူတစ်ယောက်က ဓားကိုင်ပြီး ဓားပြတိုက်တဲ့ အချိန် တစ်ပါးသူကို အနာတရ ဖြစ်အောင် မလုပ်ရင် သူ့ကို ရဲက တရားမစွဲဘဲ ကြာကြာ ဖမ်းထားလို့မရပါဘူး။ သက်သေ အလုံအလောက် ရှာရပါတယ်။ သက်သေ မရှိရင် ပြန်လွှတ်ပေးရပါတယ်။ အမှုစစ်တုန်းမှာလည်း ရိုက်နှက် နှိပ်စက်ခွင့် မရှိပါဘူး။ အရိုက်အနှက် ခံရရင် ရဲကို ပြန်ပြီး တရားစွဲလို့ ရပါတယ်။ အဲဒီတော့ ခုနက ဓားကိုင်ပြီး ဓားပြတိုက်လို့ ရဲက ဖမ်းသွားတဲ့ ကောင်က ခဏနေရင် အပြင်ပြန် ရောက်လာတာပဲ လို့ပြောပါတယ်။ “ကောင်းတော့ မကောင်းဘူးပေါ့ကွာ။ ရာဇဝတ်မှုကတော့ တစ်ချိန်လုံး ဖြစ်နေတာပဲ။ ကြီးကြီးမားမား မဖြစ်တာပဲ ရှိတယ်။” လို့ သူက ရှင်းပြပါတယ်။ “ဒါပေမယ့် အဲဒီလို အကြောင်း တွေကြောင့် ဟော်လန်မှာ ရဲဆိုရင် ဘယ်ကောင်ကမှ မကြောက်ကြဘူးကွ။ ဘယ်လ်ဂျီယမ်က ရဲတွေကတော့ လူညီတော့ အချုပ်ထဲ ရောက်လာရင် ဝိုင်းသမတယ်။ အဲဒီတော့ ငါတို့ဆီက ကောင်တွေက ဟော်လန်ရဲကို မကြောက်ဘူး။ ဘယ်လ်ဂျီယမ် ရဲကိုတော့ ကြောက်ကြတယ်။” လို့ သူက ရယ်ပြီး ပြောပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတဲ့ ကိစ္စတစ်ခုကတော့ ယုံကြည်ကိုးကွယ်မှုနဲ့ ဆိုင်တဲ့ ကိစ္စပါ။ သူတို့ ဒတ်ခ်ျလူမျိုး အတော်များများဟာ ခရစ်ယာန် ဘာသာဝင်တွေပါ။ ဒါပေမယ့် တော်ရုံတန်ရုံ လူလတ်ပိုင်းနဲ့ အဲဒီထက် ငယ်တဲ့သူတွေက ဘုရားကျောင်း တက်လေ့ မရှိပါဘူး။ ဘာလို့လဲ ဆိုပြီး မေးကြည့်တော့ “လူ့အဖွဲ့အစည်းထဲမှာ ဘယ်ဟာ ကောင်းတယ် ဘယ်ဟာ မကောင်းဘူး ဆိုတာ ဆင်ခြင်တုံတရား (Common Sense) နဲ့ တွေးပြီး ဆုံးဖြတ်လို့ ရတဲ့ ကိစ္စချည်းပဲ။ ဘုရားကျောင်း သွားလည်း ဒါတွေပဲ ထပ်ပြော ဦးမှာပဲ။ အဲဒီတော့ ဘုရားကျောင်း သွားတာ အသက် ၆၀ ကျော်တဲ့ ငါတို့ အမေလို လူကြီးတွေ လုပ်တဲ့ အလုပ်။ ငါ့တို့ အရွယ်တွေရဲ့ အလုပ်မဟုတ်ဘူး။” လို့ မာ့က်ခ် က ပြန်ဖြေပါတယ်။ အဲဒီ အယူအဆဟာ သူ့ရဲ့ အယူအဆ သက်သက် မဟုတ်ပါဘူး။ သူတို့နဲ့ ရွယ်တူ ဒတ်ခ်ျလူမျိုး အများစုမှာလည်း အဲဒီလို အယူအဆတွေ ရှိပါတယ်။ ဘုရားကျောင်းကို သွားတဲ့သူ နည်းတော့ ဘုရားကျောင်းမှာ ကောက်ခံလို့ရတဲ့ အလှူငွေလည်း နည်းလာပါတယ်။ အဲဒီအတွက် နာမည် မကြီးတဲ့ ဘုရားကျောင်း အချို့ဟာ ဆက်လက် ရပ်တည်ဖို့ အခက်အခဲ ဖြစ်လာပါတယ်။ ပြင်ဆင် ထိန်းသိမ်းခ မတတ်နိုင်တဲ့အတွက် ဘုရားကျောင်း အချို့ကို မြေနေရာနဲ့ အဆောက်အဦးပါ ရောင်းချရတဲ့ အထိ ဖြစ်လာပါတယ်။ အဲဒီမှာ ပေါက်တတ်ကရ လုပ်တတ်တဲ့ ကောင်တွေနဲ့ တွေ့တော့ ဘုရားကျောင်း အဆောက်အဦးနေရာကို နိုက်ကလပ် ဖွင့်လိုဖွင့်၊ အရက်ဘားဖွင့်လို့ဖွင့်နဲ့ ဖြစ်ချင်တိုင်းကို ဖြစ်နေကြ ပါတော့တယ်။ အဲဒါကြောင့် နောက်ပိုင်းမှာ ဘုရားကျောင်းတွေ ရောင်းချတဲ့ နေရာမှာ အထူးပြုတဲ့ ဘုရားကျောင်း ပွဲစားဆိုတာ ပေါ်လာတဲ့ အထိပါပဲ။ သူတို့ရဲ့ အဓိက အလုပ်က ဘုရားကျောင်းကို ပြတိုက်လိုမျိုး အတည်အတံ့ အလုပ်လုပ်မယ့်သူမျိုးကို ရှာဖွေပြီး ရောင်းပေးရတဲ့ အလုပ်မျိုးပါ။

အဲဒီကနေပြီး သူ့သမီး အကြောင်း စကားစပ်လို့ ပြောမိကြပါတယ်။ သူ့သမီးက အသက် ၆နှစ်လောက်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် စနေတနင်္ဂနွေလို နေ့မျိုးဆိုရင် သူ့သမီးရဲ့ သူငယ်ချင်း ကလေးလေးတစ်ယောက်က သူတို့အိမ်မှာ လာအိပ်ပါတယ်။ အဲဒီလိုပဲ တစ်ချို့အပတ်တွေမှာ သူ့သမီးက သူငယ်ချင်းအိမ် သွားအိပ်ပါတယ်။ ကျွန်တော့် စိတ်ထဲမှာတော့ ကလေးတွေ အဲဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့ဘာသာသူ လွှတ်ပေး ထားတာကို အတော် သဘောကျပါတယ်။ နောက်တော့ ဆက်ပြီး ကလေးတွေကို ရုပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်ပေးတဲ့ (Corporal punishment) အကြောင်း ပြောဖြစ် ကြပါတယ်။ ကျွန်တော်က စင်ကာပူမှာ “spare the rod, spoiled the child” (တုတ်ကို ခွေျတာတာဟာ ကလေးကို ဖျက်ဆီးတာပဲ။) လို့ ပြောနေတတ်ကြတဲ့ အကြောင်း ပြန်ပြောပြတော့ သူက စင်ကာပူက လူတွေ အတော် ဆိုးတဲ့ လူတွေပဲ လို့ ပြောပါတယ်။ အမှန်တကယ်တော့ ကျွန်တော် ကိုယ်တိုင်လည်း ကလေးတွေကို ရိုက်နှက် ဆုံးမတာကို လက်သင့် ခံချင်တဲ့သူ မဟုတ်ပါဘူး။ ကျွန်တော် စိတ်ဝင်စားလို့ သူ့သမီးကို ဘယ်လို ဆုံးမသလဲ ဆိုတာကို စပ်စု ကြည့်ပါတယ်။ သူပြောပြချက်အရ “ကလေးကို ပြောမရရင် သူ့ကို အခန်းထောင့်တစ်နေရာ ပို့ပြီး လုံးဝ ဥပေက္ခါ ပြုထား လိုက်တာပဲ။ သူစကား ပြောရင်လည်း ငါတို့ ပြန်မပြောဘူး။ သူဘာပြောပြော ဂရုမစိုက်ဘူး။ အဲဒီလိုမျိုး လုပ်ထား ပေးလိုက်တော့ သူ့အတွက် နောက်ပိုင်းမှာ အဲဒီလို မဟုတ်တာလုပ်ရင် လူ့အဖွဲ့အစည်းက ဝိုင်းကြဉ်တာ ခံရမယ်ဆိုတာကို တစ်ခါတည်း ခေါင်းထဲ ရိုက်သွင်းပြီးသား ဖြစ်သွားရော။” လို့ သူက ကျွန်တော့်ကို ရှင်းပြပါတယ်။

တစ်ချို့ကိစ္စတွေက အတုယူစရာ ကောင်းတဲ့ ကိစ္စတွေ ဖြစ်ပြီးတော့ တစ်ချို့ ကိစ္စတွေ ကတော့ စဉ်းစားစရာ တစ်ခုခု ခေါင်းထဲမှာ ကျန်ခဲ့တဲ့ ကိစ္စတွေပါ။ ရုပ်ဝတ္ထုပိုင်း ဆိုင်ရာ တိုးတက်မှု အနေနဲ့ ယှဉ်ကြည့်မယ် ဆိုရင် စင်ကာပူနဲ့ ဟော်လန် သိပ်မကွာလှပါဘူး။ လူ့အခွင့်အရေးကို လေးစား လိုက်နာမှုနဲ့ တိုးတက်တဲ့ လူ့အဖွဲ့အစည်း တစ်ခုရဲ့ တွေးခေါ် ယူဆမှု တွေမှာတော့ စင်ကာပူနဲ့ ဟော်လန်ဟာ အပြတ်အသတ်ကို ကွာလွန်းတယ် ဆိုတာ သတိပြုခဲ့ မိပါတယ်။

Friday, March 13, 2009

နေ့ခင်းဖက် မြည်တတ်သော ဖုန်းသံများ (၁)

ဖုန်းထဲမှာ ပေါ်လာတဲ့ သူတခါမှ မမြင်ဖူးတဲ့ နံပါတ် တစ်ခုကြောင့် စိတ်လှုပ်ရှားသွားတယ်။ ဒီရက်ပိုင်း အလုပ်တွေ လျှောက်ထားတာကလည်း များလှပြီ။ တစ်ခုမှ အခုထက်ထိ အကြောင်း မပြန်ကြသေး။ အခုတော့ ကံဇာတာ စန်းလဂ်က တက်လာပြီ ထင်ပါရဲ့။ သူဖုန်းကို ဖွင့်လိုက်တယ်။

“ဟဲလို”
“မစ္စတာ ထက်မြက်နဲ့ ပြောပါရစေ။”
“ဟုတ်ပါတယ်။ ကျွန်တော် ထက်မြက်ပါ။”
“မစ္စတာ ထက်မြက် စူပါမတ်ကတ် တစ်ခုမှာ လုပ်ခဲ့တဲ့ ကံစမ်းမဲ အစီအစဉ် တစ်ခုမှာ ပါဝင်ခဲ့ဖူးတယ် ထင်တယ်နော်။”

သွားပြီ။ အင်တာဗျူးတော့ မဟုတ်။ အူကြောင်ကြောင် အရောင်းသမား တစ်ကောင် ငါ့ဆီကိုတော့ ဆက်ပြန်ပြီ။ နည်းနည်းတော့ ပြန်စားပေးလိုက်ဦးမယ် လို့ တွေးပြီး ဆက်ပြောဖို့ ဆုံးဖြတ်လိုက်တယ်။

“ဘယ်စူပါမတ်ကတ်လဲ။”
“စူပါမတ်ကတ် တစ်ခုပဲလေ။”
“မဟုတ်သေးဘူးလေ။ အတိအကျ ပြောမှပေါ့။”
“Carrefour ပါ။”
“Carrefour ဟုတ်လား။ ကြားတောင် မကြားဖူးဘူး။”

ဟိုဖက်က ငနဲ နည်းနည်း စိတ်လေသွားပုံ ပေါက်တယ်။ ဒါပေမယ့် မလျှော့သေးဘူး။

“အဲဒါဆို NTUC ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ ကံစမ်းမဲ အစီအစဉ်က NTUC မှာလည်း ရှိပါတယ်။”

ဒီကောင်လည်း ခေသူတော့မဟုတ်။ NTUC တော့ မကြားဖူးဘူး ပြောလို့မရ။ စင်ကာပူမှာ လူတိုင်းလိုလို NTUC နဲ့ မကင်းကြ။ ဒီတော့ နောက်တစ်မျိုးဆက်ပြီး ဦးနှောက် စားဖို့ ကြံလိုက်တယ်။

“ဘယ်တုန်းကလည်း မသိဘူး။”
“လွန်ခဲ့တဲ့ ခြောက်လ လောက်ကပါ။”
“ဟုတ်လား။ အဲဒါဆိုရင်တော့ လူမှားတာ ဖြစ်လိမ့်မယ်။ ကျွန်တော် နိုင်ငံခြား ရောက်နေတာ တစ်နှစ်လောက် ရှိပြီ။ အရင်အပတ်ကမှ ပြန်ရောက်တာ။”

သူ့ကို ဖုန်းခေါ်တဲ့ ငနဲ အသံတိတ်သွားတယ်။ နောက်တစ်မျိုးကြံနေတဲ့ပုံပဲ။

“အဲဒါဆိုရင်တော့ အချိန်မှားသွားလို့ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ ကံစမ်းမဲ အစီအစဉ်က စခဲ့တာ အတော်ကြာပါပြီ။ မစ္စတာ ထက်မြက် နိုင်ငံခြား မသွားခင်က ထည့်ခဲ့တဲ့ ကံစမ်းမဲ ဖြစ်ပါလိမ့်မယ်။ ရက်စွဲလည်း စာရွက်မှာ ရေးမထားလို့ပါ။”

အင်း။ မဆိုးဘူးဟ။ ဒီကောင်လည်း အတော်လည်တဲ့ကောင်ပဲ လို့ စိတ်ထဲက တွေးရင်း ဆက်ပြောမိတယ်။

“ကောင်းပြီ။ အဲဒီတော့။”
“မစ္စတာ ထက်မြက် သြစတေးလျကို အသွားအပြန် နှစ်ယောက်စာ လေယာဉ်ပျံလက်မှတ် မဲပေါက်တယ် ဆိုတဲ့အကြောင်း လှမ်းအကြောင်း ကြားတာပါ။ အဲဒါ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ရုံးခန်းမှာ လာယူနိုင်ပါတယ်။”

လုပ်ပြန်ပြီဟ။ ဒီကောင်တွေ ငါ့များ အချဉ်မှတ် နေကြသလား မသိဘူး။ လေယာဉ်ပျံ လက်မှတ် မဲပေါက်တယ်။ နာရီ မဲပေါက်တယ် ပြောမယ်။ လောဘကြီးပြီး သွားယူရင် ဟိုမှာ ဘယ်သူမှ မဝယ်တဲ့ ခရီးသွား Package တွေ တခြား Package တွေ အတင်း ထိုးရောင်းမယ်။ Hard Selling Technique လို့ ခေါ်တာတွေပေါ့။ မဝယ်ဘူး ပြောလည်း မရ။ တစ်ယောက်ကို တစ်နာရီနှုန်း လောက်နဲ့ အရောင်းသမားတွေ တစ်ယောက်ပြီး တစ်ယောက် လဲသွားမယ်။ ဝယ်စရာ ပိုက်ဆံ မရှိဘူး ဆိုရင်လည်း အရစ်ကျ စနစ်နဲ့ ဝယ်ပါ ဘာညာနဲ့ ကိုယ့်ဆီက ပိုက်ဆံကို မရရအောင် ညှစ်ထုတ်မယ်။ အားနာတတ်တဲ့သူ နဲ့ စိတ်မခိုင်တဲ့သူ တော်တော်များများကတော့ နောက်ဆုံးမှာ စိတ်ပင်ပန်းတဲ့ ဒဏ်ကို မခံနိုင်လို့ ဈေးအသက်သာဆုံး ဒါမှမဟုတ် အရစ်ကျစနစ်နဲ့ ရောင်းတဲ့ Package တွေကို ဝယ်လိုက်မယ်။ သူတို့ စာချုပ်မှာ ကြံရာမရ လက်မှတ်ထိုး ခဲ့မယ်။ အရစ်ကျ စနစ် နဲ့ ဝယ်မိရင်တော့ ကိုယ်သုံးစရာ မလိုတဲ့ ကိစ္စတစ်ခု အတွက် လတိုင်း ပိုက်ဆံကုန်ဖို့သာ ပြင်ထား ပေတော့။ တဝက်တပျက်နဲ့ ရပ်လိုက်ရင်လည်း သွင်းထားသမျှ ပိုက်ဆံ အားလုံး ဆုံးမယ်။ မဟုတ်ရင်လည်း ကိုယ့်ပိုက်ဆံတွေက ထပ်ခါထပ်ခါနဲ့ ဝင်နေမယ်။

အားကစား ကလပ်တွေရဲ့ လုပ်ပုံကြတော့ တစ်မျိုး။ တစ်ရက် အခမဲ့ အစမ်း လာကစားပါ ဆိုလို့ အလကား ရတယ် ဆိုပြီး သွားကစားမိရင် မဝယ်မချင်း အခုလို ပုံစံနဲ့ သူတို့ ကလပ်မှာ မင်ဘာဝင်ဖို့ အတင်း စည်းရုံးမယ်။ အရင်တစ်ခေါက် ကတောင် ပြေးနိုင်လွန်းလို့ လွတ်လာခဲ့တာ။ အဲဒီတုန်းက သူ အားကစား ကလပ် တစ်ခုမှာ အလကားရလို့ တစ်ကြိမ် သွားကစားပြီး အမောဖြေနေတဲ့ အချိန် မှာပဲ အရောင်း ကောင်မလေး တစ်ယောက်က ကလပ်ကို နှစ်စဉ်ကြေး ထောင်ဂဏန်း ပေးပြီး အသင်းဝင်ဖို့ အတင်းလာပြီး စည်းရုံးတယ်။ မဝင်ဘူး ငြင်းတာလည်း မရ။ တစ်နာရီလောက် ကြာတော့ နောက် အရောင်းသမား တစ်ယောက် ပြောင်းသွားတယ်။ ဒုတိယမြောက် ကောင်မလေးကလည်း အဲဒီလိုပဲ အတင်း တွန်းထိုးပြီး စည်းရုံးတာပါပဲ။ ဝယ်မှပဲ လျှော့တော့မယ့် ပုံနဲ့။ နောက်ဆုံး ၁နာရီခွဲလောက် ကြာတော့ နားမခံနိုင်တော့ တာနဲ့ အကြံထုတ်စမ်း ဆိုပြီး ခေါင်းထဲက ဉာဏ်နီဉာဏ်နက် ဉာဏ်ပြာ ဉာဏ်ဝါတွေ ဖျစ်ညှစ်ပြီး ထုတ်ရတယ်။ နောက်တော့ ပြေးဖို့လမ်းကို စဉ်းစားမိသွားတယ်။ ခပ်တည်တည်နဲ့ တယ်လီဖုန်းကို ထုတ်ပြီး ကောက်ကိုင်လိုက်တယ်။ အမှန်တကယ်က ဘယ်သူမှ ဆက်တာ မဟုတ်ဘူး။ ပြီးမှ ဖိန့်တွေ သုံးပြီး အရမ်း အံ့သြ ထိတ်လန့်တဲ့ အသံတွေပြ၊ အကယ်ဒမီရှော့ခ် အိုက်တင်တွေနဲ့ အရမ်းကို အရေးကြီးတဲ့ပုံ လုပ်ပြီး “ငါ့အစ်မ ဆေးရုံကို အက်ဆီးဒင့်နဲ့ ရောက်နေတယ်။ အခု လိုက်သွားမှ ဖြစ်မယ်။” ဆိုပြီး တချိုးတည်း လစ်ခဲ့ရတယ်။ အရောင်း ကောင်မလေးတော့ ပါးစပ်အဟောင်းသားနဲ့ ကျန်ခဲ့တယ်။ သူမှာ ဘယ်တုန်းကမှ မရှိခဲ့သော အစ်မ ကယ်လို့သာ တော်တော့တယ်။ အခုလည်း တစ်ကောင် လာပြန်ပြီ။ ငါ့ကို လေယာဉ်ပျံ လက်မှတ်နဲ့ မျှားပြီး စည်းရုံးဖို့ ကြံနေပြန်ပြီ။ နည်းနည်းတော့ ဒုက္ခပေးမှ ရမယ် လို့တွေးပြီး ဆက်ပြီး ဦးနှောက်စား ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

“ကျွန်တော် မအားဘူးဗျ။ အလုပ်လုပ်နေတယ်။”
“အလုပ်ချိန် လာစရာ မလိုပါဘူး။ အလုပ်ပြီးမှ ဆိုလည်း ရပါတယ်။”
“မဟုတ်ဘူး။ ကျွန်တော် ဒီရက်ပိုင်း အလုပ်အရမ်းများတယ်။ ည ၁၁ နာရီလောက်မှ ပြီးတယ်။ ခင်ဗျားတို့ ရုံးခန်းကို ည၁၂ နာရီ လာလို့ရမလား။”
“ည ၁၂ နာရီ။အဲဒီ အချိန်တော့ ရုံးမဖွင့်ဘူးဗျ။ ဒီလိုလုပ်ပါလား။ စနေ တနင်္ဂနွေရော မအားဘူးလား။ ကျွန်တော်တို့ စနေ တနင်္ဂနွေလည်း အလုပ်လုပ်ပါတယ်။”
“စနေ တနင်္ဂနွေလည်း မသေချာဘူး။ ကဲ ခင်ဗျားရော ကျွန်တော်ရော အဆင်ပြေ သွားအောင် ဒီလိုလုပ်ဗျာ။ လေယာဉ်ပျံ လက်မှတ်ကို စာတိုက်ကနေ ကျွန်တော့်ဆီ ပို့ပေးလိုက်။ ကျွန်တော် ကျသင့်တဲ့ စာပို့ခ ပေးပြီး ရွေးယူလိုက်မယ်။”
“အဲဒီလိုတော့ မဖြစ်ဘူးဗျ။ ရရှိကြောင်း လက်မှတ်ထိုး ပေးရမယ်။”
“ဒါလည်း ကိစ္စ မရှိပါဘူးဗျ။ အဲဒီစာရွက်နဲ့ ခင်ဗျားတို့ ကုမ္ပဏီ လိပ်စာ ထည့်ပေးလိုက်လေ။ ကျွန်တော် လက်မှတ်ထိုးပြီး စာတိုက် ကနေပဲ ပြန်ထည့် ပေးလိုက်မယ်။ ခင်ဗျားတို့ စင်ကာပူက စာပို့စနစ်က စိတ်မချစရာမှ မရှိတာ။”
“ဆောရီးပဲ။ မဖြစ်နိုင်လို့ပါ။ ကျေးဇူးတင်ပါတယ်။”
“ဘာလို့ မဖြစ်နိုင်ရတာလဲ။”
သူ့စကား ဆုံးအောင်ပင် နားမထောင်တော့ပါ။ ဟိုဖက်က ဖုန်းခေါ်သည့် ငနဲ ဂွပ်ကနဲ ချသွားတော့သည်။ မင်းတို့လည်တာလောက်တော့ ပျင်းတောင်ပျင်းသေးတယ်လို့ စိတ်ထဲကတွေးပြီး ထက်မြက်တစ်ယောက် ဟက်ဟက်ပက်ပက် အော်ရယ်လိုက်မိပါတယ်။

Wednesday, March 11, 2009

မိုးကာအင်္ကျီ

တစ်ခါတုန်းက မြန်မာနိုင်ငံမှာ ရွာတစ်ရွာကို သားဆက်ခြား စီမံကိန်းအတွက် ကျန်းမာရေး အဖွဲ့ တစ်ဖွဲ့က ကွင်းဆင်းပြီး ပညာပေး ပါတယ်။ ကျန်းမာရေး အဖွဲ့ထဲမှာ ပါဝင်တဲ့ သူတွေက ရွာသူရွာသားတွေကို ပဋိသနေ္ဓ တားဆီးရေး နဲ့ ပတ်သက်ပြီး ဟောပြောပြီးတဲ့ အခါမှာတော့ ကွန်ဒုံး အသုံးပြုနည်းကို လက်တွေ့ ပြသပါတယ်။ ဒါပေမယ့် ကျန်းမာရေး အဖွဲ့က ပွင့်ပွင်းလင်းလင်း ပြောရမှာ မရဲလို့ တစ်မျိုး ကြံပါတယ်။ ခြံစည်းရိုး လုပ်ထားတဲ့ ဝါးတိုင် တစ်ချောင်းကို ထောင်ပြီးတော့ အဲဒီတိုင်ရဲ့ ထိပ်မှာ ကွန်ဒုံးကို စွပ်ပြတာပါ။ သူတို့ကတော့ ဒီလောက်ဆိုရင် ရွာသားတွေ သဘောပေါက် လောက်တယ် ဆိုပြီး တွက်ထားပါတယ်။ သရုပ်ပြ အပြီးမှာတော့ ရွာသားတွေကို ကွန်ဒုံးတွေ ဝေငှ ပေးခဲ့ပါတယ်။ လအနည်းငယ် ကြာတဲ့ အချိန်မှာတော့ ကျန်းမာရေး အဖွဲ့ဟာ အဲဒီရွာကို နောက်တစ်ခေါက် ပြန်ရောက်လာပါတယ်။ သူတို့က ရွာသားတွေကို ကွန်ဒုံး အသုံးပြုရတာ အဆင်ပြေမပြေ မေးကြည့်ပါတယ်။ ဒါပေမယ့် ရွာသားတွေ က “တစ်ခြားကိစ္စတော့ အဆင်ပြေ ပါတယ် ဆရာရယ်။ ဒါပေမယ့် ညကြီးသန်းခေါင် အပြင် ထွက်ရတာ မြွေပါးကင်းပါး ကြောက်ရတယ်။ အဲဒါလေး တစ်ခုပါပဲ။” လို့ ပြန်ပြော ကြပါတယ်။ သဘောမပေါက်လို့ မေးကြည့်တော့ သူတို့က ခြံထဲကို ခေါ်သွားပြီး ပြပါတယ်။ ခြံစည်းရိုးတိုင်တွေမှာ အစီအရီ စွပ်ထားတဲ့ ကွန်ဒုံးတွေကို တွေ့လိုက်ရတဲ့ အခါမှာတော့ ကျန်မာရေး ပညာပေးတဲ့သူလည်း ပက်လက်လန်သွား ပါတော့တယ်။ ကျွန်တော်တို့ လူမျိုးတွေ ကျန်းမာရေး ပညာပေးတဲ့ နေရာမှာတောင် မပွင့်မလင်း လုပ်ကြလို့ ကြုံရတဲ့ အလွဲမျိုးပါ။

နောက်တော့ ကျွန်တော် ဆရာဝန်တစ်ယောက်နဲ့ စကားပြောဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော်က သူ့ကို “ဘာလို့ ကွန်ဒုံးကိစ္စနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း မဆွေးနွေး ရတာလဲလို့ မေးတော့ သူက “မဆွေးနွေးတာလည်း မပြောနဲ့လေကွာ။ အရင်တုန်းက ဆိုရင် ကွန်ဒုံးဆောင်တာ ရာဇဝတ်မှုတောင် မြောက်သေးတယ်။ အခုမှ နည်းနည်း တော်သွားတာ။” လို့ ကျွန်တော့်ကို ပြန်ပြောပြပါတယ်။ ကျွန်တော် စိတ်ဝင်စားပြီး ဆက်မေးမိပါတယ်။ သူ့ရဲ့ ပြောပြချက်အရ အရင်တုန်းက ဆိုရင် မိန်းကလေး တစ်ယောက်ကို ညဖက် မသင်္ကာလို့ ဖမ်းပြီး စစ်တဲ့အချိန်မှာ အိတ်ထဲမှာ ကွန်ဒုံးတွေ့ခဲ့ရင် သက်သေခံ ပစ္စည်းအနေနဲ့ သိမ်းပြီး ပြည့်တန်ဆာ အမှုနဲ့ တရားစွဲလို့ ရတယ်လို့ ဆိုပါတယ်။ အဲဒီတော့ လုပ်စားနေတဲ့ မိန်းကလေးတွေ အားလုံး အဲဒီပုဒ်မကို ကြောက်လို့ ဘယ်သူမှ ကွန်ဒုံး မဆောင်ရဲကြဘူး လို့ပြောပါတယ်။ နောက်မှ ကျန်းမာရေး နဲ့ ပြည်ထဲရေး ညှိနိုင်းပြီး အဲဒီ ပုဒ်မကို ဖျက်သိမ်းလိုက်တယ် လို့ သိရပါတယ်။

ဒီနှစ်ပိုင်းထဲမှာ မြန်မာနိုင်ငံကို ပြန်ရောက်ရင် ၄လုံးကိုက်တယ် ဆိုတဲ့ စကား မကြာခဏ ကြားနေ ရပါတယ်။ ၂လုံးထီ နဲ့ ၃လုံးထီ ရောဂါအကြောင်း ကြားဖူးပေမယ့် ၄လုံးကိုက်တယ် ဆိုတဲ့စကားကို အစက ကျွန်တော် သဘော မပေါက်ပါဘူး။ နောက်မှ ၄လုံးကိုက်တယ် အေကိုက်တယ် ဆိုတာ အေအိုင်ဒီအက်စ် ဖြစ်နေတာကို ခေါ်တာဖြစ်ကြောင်း သဘောပေါက်သွားပါတယ်။

ကျွန်တော်လည်း ဆရာဝန်ကို “ရွာတွေမှာ အေအိုင်ဒီအက်စ် ဖြစ်တဲ့သူတွေ ဘာလို့ ဒီလောက်များရတာလဲ။ ကိုယ့်အန္တရာယ်ကိုယ် မမြင်ကြဘူးလား၊” လို့ ဆက်မေးမိပါတယ်။ သူက “တစ်ချို့ ရွာတွေမှာ နေတဲ့သူတွေက အိတ်ခ်ျအိုင်ဗွီ ဘယ်လိုကူး တတ်တယ် ဆိုတာလည်း မသိဘူး။ ဖြစ်ရင် ကုမရဘူး ဆိုတာလည်း မသိဘူး။ သေတတ်တယ် ဆိုတာလည်း မသိဘူး။ အဲဒါကြောင့် ဒီလောက်များနေတာ။” လို့ ပြန်ဖြေပါတယ်။

နောက်တော့ သူက သူကိုယ်တိုင် ကြုံခဲ့ဖူးတဲ့ ရယ်စရာ တစ်ခု ကို ပြန်ပြောပြပါတယ်။ တစ်ခါက သူတို့အဖွဲ့ ရွာတစ်ရွာကို အေအိုင်ဒီအက်စ် ပညာပေး ဟောပြောဖို့ ရောက်သွားခဲ့ ပါတယ်။ ရွာသားတွေကို အေအိုင်ဒီအက်စ်ရဲ့ ဆိုးကျိုး၊ ဘယ်လို ကူးစက်တတ်တယ်၊ ဘယ်လို ကာကွယ်ရမယ် ဆိုတာတွေကို ပြောပြပါတယ်။ ဟောပြောပွဲ ပြီးတဲ့အခါမှာတော့ သူတို့က ရွာသားတွေ အတွက် ကွန်ဒုံးတွေ ဝေပါတယ်။ အဲဒီမှာ ရွာသားတစ်ယောက်က “ဆရာရယ်။ ဆရာတို့ အခုလုပ်နေတာက မိုးရေချိုးချင်လို့ မိုးရွာထဲထွက်မယ် ဆိုတဲ့သူကို မိုးကာအင်္ကျီ ဝတ်ခိုင်းသလိုပါပဲ။” လို့ ပြန်ပြောလိုက်လို့ သူတို့တတွေလည်း ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားခဲ့ရ ပါတော့တယ်။

Monday, March 9, 2009

အခါတော်ပေးတာက

လောကမှာ အပျော်ဆုံးနေ့ ၃ ရက် ရှိတယ် လို့ ပြောကြပါတယ်။ ထက်မြက်အတွက်တော့ ထောင်မကျဖူးတော့ ထောင်ကလွတ်ရင် ဘယ်လောက် ပျော်တယ် ဆိုတာကိုတော့ မသိပါ။ သာမဏေဘဝကနေ လူဝတ်လဲတာထက် စာရင် ဘုန်းကြီးဝတ်ရာကနေ လူထွက်တဲ့နေ့က ပိုပြီး ပျော်စရာ ကောင်းတယ် လို့ ထင်ပါတယ်။ အခုတော့ တတိယမြောက် အမျိုးအစားထဲမှာ ပါတဲ့ အပျော်ဆုံးနေ့ပေါ့။

ထက်မြက် တစ်ယောက် စိတ်တွေ အရမ်းကို လှုပ်ရှား နေပါတယ်။ သူ့ရင်ထဲက စိတ်လှုပ်ရှားမှုက မျက်နှာပေါ်မှာ ထင်ဟပ် နေပါတယ်။ ထက်မြက်ရဲ့ ဘေးမှာ ရပ်နေတဲ့ သူ့ရဲ့ချစ်သူ သီတာ ကလည်း သူ့လို ခံစား နေရတဲ့ ပုံစံမျိုး ပါပဲ။ ဘယ်တုန်းကမှ မျက်နှာချင်း ဆိုင်လို့ မရခဲ့တဲ့ ဘုဂလန့် ကျလွန်းတဲ့ သီတာ့ရဲ့ အဖေ သူ့ယောက္ခဖ ကြီးက သီတာ ရဲ့ နောက်မှာ ရှုတည်တည်နဲ့ ရပ်လို့။ ယောက္ခဖကြီးရဲ့ ဘေးမှာတော့ သူ့ရဲ့ ယောက္ခမကြီးပေါ့။ ထက်မြက်ရဲ့ အဖေနဲ့ အမေကတော့ ထက်မြက်ရဲ့ နောက်မှာ ရပ်နေကြတယ်။ ဘေးနား ပတ်ဝန်းကျင်က သူငယ်ချင်းတွေ အားလုံးကတော့ မျက်နှာပိုး သတ်ထားပေမယ့် စပ်ဖြဲဖြဲ မျက်နှာတွေ ကိုယ်စီနဲ့ပေါ့။ သူတို့ အခု ရောက်နေတဲ့ နေရာကတော့ စင်ကာပူနိုင်ငံရဲ့ ROM လို့ခေါ်တဲ့ လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာ မှတ်ပုံတင် ရုံးမှာပါ။

သူတို့ရဲ့ ရှေ့မှာထိုင်နေတဲ့ မင်္ဂလာ အခမ်းအနားကို ဦးဆောင်ဦးရွက် ပြုပေးမယ့် တရားသူကြီးက စာရွက်ကို ကောက်ကိုင်လိုက်တယ်။ တခန်းလုံး ရှိသမျှ လူတွေ အားလုံးတိတ်ဆိတ် သွားကြတယ်။ နောက်တော့ တရားသူကြီးက အခုလို အဓိပ္ပါယ် ရတဲ့ စကားကို အင်္ဂလိပ်လို စပြီး ပြောတော့တယ်။

“မင်္ဂလာအခမ်းအနား မစတင်ခင်မှာ မင်းတို့ အခုပြုတော့မယ့် ကတိသစ္စာနဲ့ သက်ဆိုင်တဲ့ အနှောင်အဖွဲ့တွေနဲ့ ကတိသစ္စာရဲ့ လေးနက်တည်ကြည်မှု ကို ကျွနု်ပ်ရဲ့ ဝတ္တရားအရ သတိပေးရ ပါလိမ့်မယ်။ လက်ထပ်ထိမ်းမြားခြင်း ဆိုတာဟာ ဥပဒေအရ ပြောရရင် ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် အခြားသူတွေကို ဘေးဖယ်ပြီး မိမိတို့ သဘောဆန္ဒအရ ဘဝတစ်ခုကို စတင်တဲ့ ပေါင်းစည်းခြင်း ကို ခေါ်ပါတယ်။
အခု မစ္စတာ ထက်မြက် နဲ့ မစ်စ် သီတာ တို့ဟာ ဒီနေရာကို လင်မယားအဖြစ် ပေါင်းစည်းဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကိုယ့်သဘောဆန္ဒနဲ့ကိုယ် လာရောက်ကြတယ် လို့ ကျွနု်ပ် နားလည်ထားတယ်။ အဲဒါ မှန်ပါသလား။”

“ဒီကောင်ကြီး ကောင်မလေးကို ဖျာရောင်းလာပါတယ်လို့ ပြောလိုက်ရမလား။”
သူတို့ နှစ်ယောက် ပြန်မဖြေခင်မှာ နောက်က လေသံတိုးတိုး ကလေးဖြင့် မြန်မာလို ပြောလိုက်သော သူ့သူငယ်ချင်း တစ်ယောက်ရဲ့ အသံကို ထက်မြက် ကြားဖြစ်အောင် ကြားလိုက်ရသေးတယ်။ နေနှင့်ဦးပေါ့ကွာ။ မင်းအလှည့် ရောက်မှ နာမယ်လို့ စိတ်ထဲက ကြိတ်ပြီး ကျိန်ဆဲလိုက်မိတယ်။

“မှန်ပါတယ်။” ထက်မြက်နဲ့ သီတာ နှစ်ယောက်စလုံးက ပြိုင်တူ ဖြေလိုက်ကြတယ်။

တရားသူကြီးက ထက်မြက်ဘက်ကို လှည့်ပြီးတော့ မေးတယ်။

“မစ္စတာ ထက်မြက် မင်းအနေနဲ့ ဒီအမျိုးသမီး မစ်စ် သီတာ ကို မင်းရဲ့ လက်ထပ် ထိမ်းမြားတဲ့ ဇနီးမယား အဖြစ် ပေါင်းသင်း ရယူပြီး တရားဝင် လက်ထပ် ထိမ်းမြားမှာ ဟုတ်ပါသလား။ မင်းအနေနဲ့ မင်းတို့ နှစ်ယောက်စလုံး အသက်ရှင် နေသမျှ ကာလပတ်လုံး သူမကို ချစ်မြတ်နိုးမယ်။ နှစ်သိမ့်မယ်။ တန်ဖိုးထားမယ်။ သူမ နာမကျန်း ဖြစ်တဲ့ အချိန်တွေမှာ ပြုစု စောင့်ရှောက်မယ်။ အခြားသူတွေ အားလုံးကို ဘေးဖယ်ပြီး သူမအပေါ်မှာ သစ္စာရှိမယ် ဆိုတာ ဟုတ်ပါသလား။”

“ဟုတ်ပါတယ်။” ထက်မြက်က စိတ်လှုပ်ရှားနေတဲ့ အသံကိုထိန်းရင်း ပြန်ဖြေလိုက်တယ်။

“မစ်စ် သီတာ၊ မင်းအနေနဲ့ ဒီအမျိုးသား မစ္စတာ ထက်မြက်ကို မင်းရဲ့ လက်ထပ် ထိမ်းမြားတဲ့ ခင်ပွန်းအဖြစ် ပေါင်းသင်းရယူပြီး တရားဝင် လက်ထပ် ထိမ်းမြားမှာ ဟုတ်ပါသလား။ မင်းအနေနဲ့ မင်းတို့ နှစ်ယောက်စလုံး အသက်ရှင် နေသမျှ ကာလပတ်လုံး သူ့ကို ချစ်မြတ်နိုးမယ်။ နှစ်သိမ့်မယ်။ တန်ဖိုးထားမယ်။ သူနာမကျန်းဖြစ်တဲ့ အချိန်တွေမှာ ပြုစု စောင့်ရှောက်မယ်။ အခြားသူတွေ အားလုံးကို ဘေးဖယ်ပြီး သူ့အပေါ်မှာ သစ္စာရှိမယ် ဆိုတာ ဟုတ်ပါသလား။”

“ဟုတ်ပါတယ်။” သီတာရဲ့ ပြန်ဖြေသံက ထက်မြက်အတွက် နားဝင်ချို လှပါတယ်။

“လက်စွပ်လဲ ကြမှာလား။” တရားသူကြီးက သူ့ကို လှမ်းမေးလိုက်တယ်။

လက်စွပ်။ လက်စွပ်ဆိုမှ သတိရတယ်။ လက်စွပ်ဝယ်ဖို့ လုံးဝ သတိမေ့သွားတာပဲ။ ထက်မြက် ဘာဆက်လုပ် ရမလဲ မသိတော့။ သူတို့ နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ယောင်တိယောင်တောင် ဖြစ်နေကြတယ်။ မိနစ်ပိုင်းလောက် ကြာလိမ့်မယ် ထင်တယ်။ သူ့ပုခုံးကို လာတို့သလို ထင်ရလို့ ထက်မြက် နောက်ကို လှည့်ကြည့် လိုက်တော့ အနောက်မှာ ရပ်နေတဲ့ သူငယ်ချင်း တစ်ယောက်က သူ့ကို မျက်နှာရိပ် မျက်နှာကဲဖြင့် လက်စွပ်ယူဖို့ ပြတာကို တွေ့လိုက်ရတယ်။ ထက်မြက် လက်လှမ်းပြီး ယူလိုက်တော့ သူ့လက်ဖဝါးပေါ်ကို လက်စွပ်နှစ်ကွင်း ရောက်လာတယ်။ အသာ ဆုပ်ကိုင်ယူပြီး လက်စွပ် ၂ကွင်းကို စားပွဲပေါ် ချလိုက်တယ်။ ဒါပေမယ့် လက်စွပ်တွေကို ကြည့်လိုက်တာနဲ့ သူတို့ မျက်လုံးပြူးသွားတယ်။ မိန်းကလေးဝတ်ဖို့ လက်စွပ်က စိန်တစ်လုံးထဲပါတဲ့ ရွှေလက်စွပ် ဖြစ်လို့ ကိစ္စမရှိပေမယ့် ယောက်ျားလေးဝတ် လက်စွပ်ကတော့ သူ့သူငယ်ချင်း ဝတ်တတ်တဲ့ နဝရတ်ကိုးပါး လက်စွပ်ကြီး ဖြစ်နေပါတယ်။ စားပွဲပေါ်က လက်စွပ်ကို ကြည့်ပြီး သီတာ့ရဲ့ သူငယ်ချင်းတွေ ခွိကနဲ ကြိတ်ရယ်လိုက်တဲ့ အသံကိုလည်း ကြားလိုက်ရတယ်။

အခုအခြေအနေမှတော့ မထူးတော့ပါဘူး။ ရှိတဲ့ လက်စွပ်နဲ့ပဲ ဇာတ်လမ်း ဆက်ကြရတာပေါ့။

တရားသူကြီးက မျက်လုံး တစ်ချက် ဝင့်ကြည့်တယ်။ ဘာမှတော့ မပြော။

“လက်စွပ် အဆင်သင့်ပါပဲ။ ” ထက်မြက်က လှမ်းပြောလိုက်တော့ တရားသူကြီးက “လက်စွပ်ကို တတိယမြောက် လက်ချောင်းမှာ ဝတ်ပေးကြပါ။ ပြီးရင် နောက်ကနေ လိုက်ဆိုကြပါ။”

ထက်မြက် နှင့် သီတာတို့ လက်စွပ်ကို တစ်ယောက်လက်မှာ တစ်ယောက် စွပ်ပေးလိုက်ကြသည်။

“အမြဲတသမတ်တည်း ရှိနေမယ့် သစ္စာတရားနဲ့ အဓွန့်ရှည်မယ့် ချစ်ခြင်းမေတ္တာတွေ ရဲ့ သင်္ကေတ အဖြစ် ဒီလက်စွပ်နဲ့ အတူ မင်းကို ငါ လက်ထပ်ပါ့မယ်။”

သူတို့ နှစ်ယောက်စလုံး နောက်က လိုက်ဆိုကြတယ်။

“မင်းတို့ နှစ်ဦးစလုံးက ငါ့ရဲ့ ရှေ့မှောက်မှာ လက်ထပ် ထိမ်းမြားပြီး အတူတကွ နေထိုင်ကြ ပါမယ်လို့ သဘော တူညီပြီး လေးလေးနက်နက် ကတိသစ္စာ ပြုခဲ့ပြီးပြီ ဖြစ်တဲ့အတွက် အခု အချိန်က စပြီး မင်းတို့ နှစ်ယောက်ကို အကြင် လင်မယား အဖြစ် ကြေငြာ လိုက်ပါပြီ။ မင်းအနေနဲ့ သတို့သမီးကို အခု နမ်းနိုင်ပါပြီ။”

ဘေးနားက လက်ခုပ်သံတွေ ထွက်လာတယ်။ ထက်မြက်က သီတာ့ကို ဆွဲယူပြီး နမ်းဖို့ ပြင်လိုက်တယ်။ သူမရဲ့ ခေါင်းကို ဆွဲမော့ပြီး နှုတ်ခမ်းကို နမ်းဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ မထင်မှတ်တာ တစ်ခုက ဖြစ်ပျက် သွားပါတယ်။ ထက်မြက်ရဲ့ ပုခုံးကို နောက်ကနေပြီး ဆောင့်ဆွဲလိုက်သလို ခံစားလိုက်ရပြီး ကြားလိုက်ရတာကတော့ သူ့ယောက္ခဖကြီးရဲ့ ဒေါသတကြီး အသံပါပဲ။

“ဟေ့ကောင်။ ဘာလုပ်တာလဲကွ။ ဒီမှာ လူကြီးတွေ အကုန်လုံး ရှိတယ်။ မင်း မြန်မာဆိုတာ မေ့နေပြီလား။ မင်းတို့ဘာသာ မင်းတို့ နမ်းချင်ရင် နောက်ကွယ်မှ နမ်းပေါ့။ အခု ငါတို့ မျက်နှာ ဘယ်သွားထား ရမှာလဲ။”

ဘေးနားက လက်ခုပ်တီးနေတဲ့ သူတွေ အားလုံး ကြောင်သွားကြပါတယ်။ ထက်မြက်လည်း ဆန့်ငင် ဆန့်ငင်နဲ့ ဘာလုပ်ရမှန်း မသိဘူး ဖြစ်သွားပါတယ်။ သီတာလည်း ငိုမဲ့မဲ့ နဲ့ မျက်နှာညှိုး သွားပါတယ်။ တရားသူကြီးကတော့ မြန်မာလို ပြောတာ ဘာမှ နားလည်ပုံတော့ မရပါဘူး။ ဒါပေမယ့်လည်း မျက်နှာပျက် သွားပါတယ်။ အားလုံး ဘာလုပ်ရမယ်မှန်း မသိ ဖြစ်နေကြတဲ့ အချိန်မှာပဲ တရားသူကြီးက ခေါင်းကို ခါရမ်းရင်း ပြောလိုက်ပါတယ်။

“ဝမ်းနည်းပါတယ်။ စင်ကာပူ နိုင်ငံရဲ့ ဥပဒေအရ မင်္ဂလာပွဲကို အထ မမြောက်ကြောင်း ကြေငြာ ရပါလိမ့်မယ်။ လက်ထပ်ဖို့ ကတိသစ္စာ ပြုနေတဲ့ အချိန်မှာ ဘယ်လို နှောက်ယှက်မှု မျိုးကိုမှ လက်ခံပေးလို့ မရပါဘူး။ အဲဒီတော့ ဥပဒေအရ နောက်ထပ် သုံးလအကြာမှာမှ နောက်တစ်ကြိမ် ကတိသစ္စာပြု လက်ထပ်ဖို့ ပြန်စီစဉ်ခွင့် ရှိပါတယ်။ ကျွန်တော် စိတ်မကောင်း ပါဘူး။”

သီတာက ရုတ်တရက် ငိုချလိုက်ပါတယ်။ ထက်မြက်လည်း ဒေါသတွေ အလိပ်လိုက် ထွက်ပြီး မျက်နှာကြီး နီရဲ လာပါတယ်။ သီတာ့ရဲ့ အဖေကြီးကတော့ မျက်လုံးကြီး ပြူးပြီး ဘာဆက်ပြောရမှန်း မသိအောင် ဖြစ်နေပါတယ်။ သီတာ့ရဲ့ အမေကတော့ “ရှင်..ရှင်” နဲ့ ဘာစကားမှ ဆက်ပြီး ထွက်မလာဘဲ သူ့ယောက်ျားကို ရန်တွေ့ဖို့ ကြိုးစားနေပါတယ်။ ကျန်တဲ့ သူတွေ အားလုံးလည်း ဘာလုပ်ရမယ်မှန်း မသိ ဖြစ်နေ ကြပါတယ်။ ဒီလိုနဲ့ပဲ ထက်မြက်နဲ့ သီတာတို့ရဲ့ မင်္ဂလာ လက်မှတ် ရေးထိုးပွဲဟာ မအောင်မြင်စွာနဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။

Friday, March 6, 2009

တီဗွီ လက်နှိပ်စက် တွဲထားတာ အဲဒါ ကွန်ပြူတာ

ကျွန်တော်တို့ ပေါ်လီကျောင်းသားဘဝတုန်းက သင်္ကြန်သံချပ်ထဲမှာ
“မြန်မာကျောင်းသား အတော်ဆုံး အရာ
ကွန်ပြူတာ နဲ့ အင်္ဂလိပ်စာ
ကွန်ပြူတာဟာ ဘာလဲမေး
တီဗွီ လက်နှိပ်စက် တွဲရက်လေး။”
ဆိုပြီးတော့ ထည့်ရေးခဲ့ဖူးပါတယ်။ ကျွန်တော်တို့ မြန်မာ ကျောင်းသားတွေရဲ့ ကွန်ပြူတာနဲ့ အကျွမ်းတဝင် ဖြစ်ပုံလေးတွေကို အချင်းချင်း ပြန်ပြီး နောက်ထားတာပါ။

ပြောပြရင် ယုံချင်မှလည်း ယုံပါလိမ့်မယ်။ ပထမဆုံး ကျွန်တော့် အဖြစ်အပျက်ကနေ စပြောပြပါ့မယ်။ ကျွန်တော်တို့ ပထမနှစ်က ကျောင်းမှာ C Programming သင်ရပါတယ်။ ကျွန်တော်တို့က ရန်ကုန်မှာ ကတည်းက သင်တန်းတက် လာခဲ့ဖူးတော့ Programming စာမေးပွဲ ဆိုရင် အမြဲတမ်း အမှတ်ကောင်းတတ် ပါတယ်။ အတန်းထဲမှာ Programming စာမေးပွဲ ဖြေရင် အမှတ်များလို့ ဆရာကလည်း ကျွန်တော့်ကို သတိထားမိ နေပါတယ်။ တစ်နေ့တော့ ကွန်ပြူတာခန်း ထဲမှာ Programming စာမေးပွဲ ဖြေရင်းနဲ့ ကွိုင်တက် ပါတယ်။ ပရိုဂရမ်ကို ရေးပြီးသွားတဲ့ အချိန်မှာ ပြင်လို့ မရတာပါ။ စာကြောင်းထဲမှာ စာလုံး အသစ်တစ်လုံး ထပ်ထည့် လိုက်ရင် စာလုံးက ထပ်မတိုးသွားဘဲ နဂို ရှိပြီးသား စာလုံးကို ဖျက်ပြီး ထပ် ရိုက်နေပါတယ်။ အဲဒီတော့ စာလုံးတစ်လုံး ပြင်ချင်ရင် စာကြောင်း တစ်ကြောင်းလုံးကို ပြန်ပြီး ရိုက်နေရပါတယ်။ ပထမ တစ်လုံး နှစ်လုံးက သိပ်မသိသာ ပေမယ့် နောက်တော့ ခွေျးပြန်လာပါတယ်။ နောက်ဆုံး ကြံရာ မရတဲ့ အဆုံး ဆရာ့ကို လှမ်းခေါ် ရပါတယ်။ ဆရာက ဘာဖြစ်တာလဲ မေးတော့ ကျွန်တော့်ရဲ့ အဖြစ်အပျက်ကို ပြန်ပြောပြ ပါတယ်။ အဲဒီတော့မှ ဆရာက ရယ်ပြီး မင်းပရိုဂရမ်တွေ ဒီလောက် ရေးတတ်ပြီး ဒါတောင် မသိဘူးလား။ မင်းကွန်ပြူတာမှာ Insert နှိပ်ထားလို့ အဲဒီလို ဖြစ်နေတာ။ နောက်တစ်ချက် ထပ်နှိပ်လိုက် လို့ ပြောသွားပါတယ်။ အဲဒီတော့မှ Text Editor တွေထဲမှာ Insert ကို တစ်ချက်နှိပ်ထားရင် စာလုံးက အပိုထပ် ထည့်လို့ မရဘဲ ရှိပြီးသား စာလုံးပေါ် ထပ်ရိုက်တတ်တယ် ဆိုတာ သိသွား ပါတော့တယ်။

ကျွန်တော့်ထက် ဆိုးတဲ့သူတွေကို နောက်တော့ တွေ့ဖူးသွားပါတယ်။ ဒုတိယနှစ် စတက်ခါစ အချိန်တုန်းကပါ။ ကျောင်းက ကွန်ပြူတာခန်းထဲမှာ အင်တာနက် သုံးနေတုန်း အခုမှ ပထမနှစ် စတက်တဲ့ မြန်မာ ကျောင်းသား တစ်ယောက်က “ဟေ့လူ။ ဒီမှာ လာကြည့်စမ်းပါဦး။ ကျွန်တော် စာရိုက်တာ အင်္ဂလိပ်စာက စာလုံးအကြီး (Capital Letter) မပေါ်ဘူး ဖြစ်နေလို့။” ဆိုပြီး အကူအညီ လာတောင်းပါတယ်။ အဲဒီလို ကြားလိုက်ရတော့ စိတ်ထဲမှာ နည်းနည်း ထူးဆန်း သွားပါတယ်။ ဒါမျိုး ကျွန်တော်လည်း တစ်ခါမှ မကြားဖူးလို့ပါ။ အဲဒါနဲ့ သူကွန်ပြူတာ နှိပ်နေတဲ့ နေရာကို ထသွားပြီး ကြည့်ပါတယ်။ “ဘယ်လို ဖြစ်တာလဲ။ ပြစမ်းပါဦး။” လို့မေးတော့ သူက ကီးဘုတ်ကို ကြိုးစားပမ်းစား ဆောင့်ကြီးအောင့်ကြီးနဲ့ နှိပ်ပြပါတယ်။ ထွက်လာသမျှ စာလုံးတွေက အသေးတွေ ချည်းပါပဲ။ ဒါပေမယ့် ကျွန်တော် သတိထားမိ လိုက်တာက သူ Shift ကီးကို မနှိပ်ဘဲ ဒီအတိုင်း နှိပ်နေတာကိုပါ။ ကျွန်တော်က သူ့ကီးဘုတ်ပေါ်မှာ Shift ကီးကို နှိပ်ပြီး စာလုံးတစ်လုံး နှိပ်လိုက်တော့ Capital Letter ပေါ်လာပါတယ်။ အဲဒီတော့မှ သူက “သြော်။ စာလုံးအကြီး ပေါ်စေချင်ရင် ဒီခလုတ် နဲ့ တွဲပြီးနှိပ် ရတယ်လား။” ဆိုပြီး ပြောရှာပါတယ်။ ကျွန်တော်ကတော့ စင်ကာပူ လာတဲ့အထဲမှာ ကျွန်တော့်ထက် ပိုပြီး ကွန်ပြူတာ အခြေခံ ကောင်းတဲ့သူတွေ ရှိနေသေးတယ် ဆိုတာ သိလိုက်ရလို့ အားငယ်နေတာတွေ ပျောက်သွားပါတယ်။

နောက်သူငယ်ချင်း တစ်ယောက်ကတော့ တစ်မျိုး ဟာသ လုပ်ပြန်ပါတယ်။ ကျွန်တော်တို့ ကျောင်းစဝင်တဲ့ အချိန်မှာ ကျောင်းက အီးမေးလ်သုံး ဖို့နဲ့ အင်တာနက် သုံးဖို့အတွက် Password တစ်ခုစီ ထုတ်ပေးပါတယ်။ Password က ထုံးစံအတိုင်း ဂဏန်းနဲ့ အက္ခရာတွေ တွဲထားတဲ့ Password မျိုးပါ။ အဲဒါကို သူက ရှုပ်လိုက်တာကွာ ဆိုပြီး ကိုယ့်ဘာသာကိုယ် ပြန်ပြောင်းပါတယ်။ ဒါပေမယ့် သူ့မှာ Password ကို ဘယ်စာလုံး ပြောင်းရမလဲ စဉ်းစားလို့ မရရှာပါဘူး။ Password အသစ်ပြောင်းပြီးမှ မေ့သွားရင် ဒုက္ခဆိုပြီး သူ့အတန်းဖော် ကို တိုင်ပင် ပါတယ်။ သူ့အတန်းဖော်ကလည်း အကြံကောင်း ပေးလိုက်ပါတယ်။ Password မေ့မှာ စိုးရင် Q ၇ လုံးသာ ရိုက်ထည့်ထားလိုက် ဆိုပြီးတော့ပါ။ အဲဒီနေ့က စပြီး ကျွန်တော့် သူငယ်ချင်း အီးမေးလ် စစ်တိုင်း Q ၇ လုံး ရိုက်နေတာကို မြင်ရပါတော့တယ်။

နောက်ထပ် သူငယ်ချင်း နှစ်ယောက် ကတော့ တစ်မျိုးပါ။ နှစ်ယောက်သား အဆိုင်းမင့် တင်ဖို့အတွက် ကွန်ပြူတာခန်းထဲမှာ သွားပြီး စာရိုက်ကြပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်စလုံး ကီးဘုတ် လက်ကွက်နဲ့ အကျွမ်းတဝင် မရှိကြပါဘူး။ အဲဒီမှာ သူတို့ နှစ်ယောက် ဖြေရှင်းခဲ့တဲ့ နည်းက ကျောင်းမှာ ပြောစမှတ်တွင် ခဲ့ပါတယ်။ တစ်ယောက်က ဒီလို အကြံပေးပါတယ်။ “ကီးဘုတ်ကို ခလယ်ကနေ တစ်ဝက်ဝက်မယ်။ ငါတို့ ရိုက်ချင်တဲ့ စာလုံး မတွေ့ရင် မင်းက ညာဖက် အခြမ်းကို ရှာ ။ ငါက ဘယ်ဘက် အခြမ်းကို ရှာမယ်။” ဆိုပြီးတော့ပါ။ အဲဒီလိုနဲ့ သူတို့မှာ ရှာမတွေ့တဲ့ အင်္ဂလိပ် စာလုံးတိုင်းကို ကီးဘုတ်မှာ တစ်ယောက်က ညာဖက် နောက်တစ်ယောက်က ဘယ်ဖက် တွေ့အောင်ရှာပြီး အဆိုင်းမင့်ကို ပြီးအောင် ရိုက်ခဲ့ကြပါတယ်။

Thursday, March 5, 2009

အမှတ်တရ အိန္ဒိယခရီး (၃)

အိန္ဒိယ ရောက်ပြီး ဒုတိယနေ့ကတော့ ဘာမှ ထူးထူးခြားခြား ပြောစရာ မရှိပါ။ မနက်ခင်း ကတည်းက စက်ရုံသွားပြီး မနက်ခင်းပိုင်းမှာ စက်ကို ဘယ်လို သုံးရတယ် ဆိုတာကို အော်ပရေတာတွေကို သင်ပေးရပြီး ညနေပိုင်းမှာတော့ အင်ဂျင်နီယာတွေကို စက်ကို ဘယ်လို Setup လုပ်ရတယ်၊ ဘယ်လို ပြင်ရတယ် ဆိုတာတွေကို သင်ပေးရပါတယ်။ အော်ပရေတာတွေက သိပ်ပြီး မမေးကြပေမယ့် အင်ဂျင်နီယာတွေကတော့ ကတ်သီးကတ်သတ် ဝိုင်းမေးကြပါတယ်။ သူတို့ မေးသမျှ ဖြေနိုင်လို့ တော်ပါသေးတယ်။ ညနေစောင်းမှ သင်တန်းပေးလို့ ပြီးတော့ တာ့ဂ်ျမဟာရ်လည်း မရောက်တော့ပါဘူး။

တာ့ဂ်ျမဟာရ်က အိန္ဒိယက အက်ဂရာ ဒေသမှာ ရှိပြီး ရှားဂျာဟန် ဆိုတဲ့ မူဂယ်ဘုရင်က သူ့ရဲ့ ဇနီးတစ်ယောက် ဖြစ်တဲ့ (သူ့မှာ ဇနီးတွေ အများကြီး ရှိပါတယ်။) မန်တဇ်မဟာရ် ကို ချစ်မြတ်နိုးလွန်းလို့ လွမ်းဆွတ်တသ ရည်စူးပြီး တည်ဆောက်ခဲ့တဲ့ ဂူသင်္ချိုင်းကြီး တစ်ခု ဖြစ်ပါတယ်။ အချစ်ရဲ့ ခမ်းနားကြီးကျယ်တဲ့ သင်္ကေတလို့ ပြောရင် မမှားပါဘူး။ နောက်တစ်နေ့ ညနေ ပြန်တော့မှာ ဖြစ်လို့ တာ့ဂ်ျမဟာရ်သွားမယ့် အကြံ ကိုတော့ လက်လျှော့ လိုက်ပါတယ်။

နောက်ဆုံးနေခဲ့တဲ့ နေ့က သောကြာနေ့ပါ။ ကံကောင်းထောက်မစွာပဲ အစမ်း ထုတ်လုပ်တဲ့ ပစ္စည်းတွေ အကုန်လုံး စံချိန်စံညွှန်း မီပါတယ်။ နောက်တစ်နေ့ စနေနေ့မှာ သူတို့ Pilot-run ကို အကြီးအကျယ် လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ အိန္ဒိယ အင်ဂျင်နီယာက ကျွန်တော့်ကို စနေနေ့ ညနေမှ ပြန်ဖို့ အတင်းဆွဲ ပါတယ်။ ပြသနာ ဖြစ်ရင် သူတို့ ရှင်းမရမှာ စိုးလို့ပါ။ ကျွန်တော်ကတော့ စင်ကာပူ မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်။ စနေနေ့လည်း ရုံးပြန်သွားရဦးမယ် လို့ သူ့ကို ဘတ်ကီး ရိုက်ထားပါတယ်။ လိုတာရှိရင် ဖုန်းဆက်လိုက်လေ လို့တော့ မှာခဲ့ပါတယ်။ အမှန်တော့ ရုံးက သွားစရာ မလိုပါဘူး။ စနေ တနင်္ဂနွေ အေးအေးဆေးဆေး နားချင်လို့ အကြံအဖန် လုပ်တာပါ။

ညနေခင်း မှာတော့ စင်ကာပူက လာတဲ့ ဂျပန် အင်ဂျင်နီယာက ကျွန်တော်တို့ကို အနောက်တိုင်း စားသောက်ဆိုင် တစ်ခုမှာ ညစာ လိုက်ကွေျးပါတယ်။ အစားအသောက် ကတော့ မထူးခြားပါဘူး။ ထူးခြားတာက စားနေတဲ့အချိန်မှာ စားပွဲထိုးတွေက ဆိုင်ရဲ့ တစ်နေရာမှာ စုပြီး သံချပ်ထိုးသလို လက်ခုပ်တီးပြီး သံပြိုင် အော်ကြတာပါ။ ဘာထုံးစံလဲတော့ မသိပါ။ သူတို့ရဲ့ အိန္ဒိယသံဝဲဝဲ သံချပ်ထဲမှာ Chicken Bone ဆိုတဲ့ တစ်လုံးပဲ နားလည်လိုက် ပါတယ်။ စားသောက်ဆိုင်က ပြန်ထွက်တော့ ဂျပန်က သူတို့ကို ဟိုတယ် အရင် ပြန်ပို့ပေးပါလို့ ပြောလို့ သူတို့ကို ဟိုတယ် ပြန်ပို့ခဲ့ပါတယ်။

လမ်းမှာ ဂျပန်အင်ဂျင်နီယာနဲ့ ကျွန်တော် ဂျပန်လို တွတ်နေကြလို့ အိန္ဒိယ အင်ဂျင်နီယာက သူမသိစေချင်တဲ့ အကြောင်းမို့ ဂျပန်လို ပြောနေတယ် ထင်သလားတော့ မသိပါ။ ဘေးကနေ မျက်နှာကြီး မဲနေပါတယ်။ အမှန်တကယ်တော့ ကျွန်တော်တို့ နှစ်ယောက် ပါးစပ်ထဲ တွေ့ကရာ လျှောက်ပြောနေကြတာပါ။ ဂျပန်ကို ဟိုတယ်မှာ ပို့ထားခဲ့ပြီးမှ သူပြောပြလို့ အဲဒီဂျပန်က ရိုးရိုး အင်ဂျင်နီယာ မဟုတ်ဘဲ သူတို့ ကုမ္ပဏီရဲ့ အာရှ-ပစိဖိတ် ဒေသမှာ အကြီးဆုံး ဘောစိ ဆိုတာ သိလိုက်ရပါတယ်။ လက်စသပ်တော့ သူ့အကြောင်း သူ့ဘောစိကို တိုင်မှာ လန့်နေတာကိုး ဆိုတာ အဲဒီတော့မှ သဘောပေါက် သွားပါတယ်။ ငါတို့ ဒီလိုပဲ ရောက်တတ်ရာရာ ပြောနေကြတာ ပါကွာဆိုမှ သူ့ရဲ့ ခုနက ပုပ်သိုးနေတဲ့ မျက်နှာက ပြန်ကြည်လာပါတယ်။

ဟိုတယ်မှာ သူတို့ကို ချထားခဲ့ပြီး ကျွန်တော်တို့ လေဆိပ်ဆင်းခဲ့ကြပါတယ်။ လေယာဉ်ပျံ ထွက်ဖို့ ၃ နာရီလောက် လိုပါသေးတယ်။ ဒါပေမယ့် လမ်းမှာ ယာဉ်ကြောတွေ ပိတ်နေလို့ နယူးဒေလီ လေဆိပ်ကို ရောက်ဖို့ ၂ နာရီ လောက် ကြာသွားပါတယ်။ ကျွန်တော် လေဆိပ်ရောက်တော့ လေယာဉ်ပျံထွက်ဖို့ ၄၅ မိနစ်လောက်ပဲ လိုပါတော့တယ်။ ပထမဆုံး လုံခြုံရေးဂိတ် ကို ဖြတ်ပြီးတော့ Check-in ဝင်ဖို့ ကောင်တာ လိုက်ရှာတာ မတွေ့တော့ပါဘူး။ အဲဒီအနားမှာ ရှိတဲ့ သူတွေကို လိုက်မေးတော့ ကျွန်တော့်ကို လမ်းညွှန်ပေးကြ ပါတယ်။ ဒါပေမယ့် သူတို့ပြောတဲ့ နေရာမှာလည်း ရှာမတွေ့ပါဘူး။ လေယာဉ်ထွက်ဖို့ အချိန်ကလည်း နီးနေပါပြီ။ ကျွန်တော်လည်း ဂျွတ်စ်ကိုက် နေပါပြီ။

စင်ကာပူ လေကြောင်းလိုင်းက ပုံမှန် လေယာဉ်ပျံ မထွက်ခင် ၁ နာရီ ကြိုပြီး ကောင်တာ ပိတ်တတ်ပါတယ်။ နောက်ဆုံးတော့ ဟိုလူ့မေး ဒီလူ့မေးနဲ့ စင်ကာပူ လေကြောင်းလိုင်း ကောင်တာကို ရှာတွေ့သွားပါတယ်။ ကောင်တာကို ရှာမတွေ့ရတဲ့ အကြောင်းရင်း ကတော့ သူတို့က ကောင်တာပိတ်လိုက်ပြီ ဖြစ်လို့ မီးတွေပါ ပိတ်လိုက်လို့ပါ။ ကံကောင်း ထောက်မစွာပဲ အဲဒီမှာ စင်ကာပူ လေကြောင်းလိုင်းက ဝန်ထမ်းတစ်ယောက် ရှိနေ ပါသေးတယ်။ ကျွန်တော် သူ့ဆီသွားပြီး Check-in လုပ်ချင်တယ် ပြောတော့ မရတော့ဘူး။ ကောင်တာ ပိတ်သွားပြီ ဆိုပြီး လက်မခံ တော့ ပါဘူး။ နောက်မှ သူက Business Class က ခရီးသည်လား လို့ ပြန်မေးပါတယ်။ နောက်သလိုတော့ ဖြစ်နေပြီ။ လေယာဉ်ပျံစီးတိုင်း ဘယ်တုန်းကမှ Business Class က မစီးဖူးပါဘူး။ Business Class ခရီးသည် ဆိုရင်တော့ လုပ်ပေးမယ် လို့ သူက ပြောပါတယ်။ အခု လေယာဉ်ပျံနဲ့ ပါသွားဖို့ပဲ Business Class က ပြောင်းစီးရမလို ပုံစံပါပဲ။ အကြံရတာနဲ့ ကျွန်တော့် အိတ်ထဲက ကတ်ဒ် ကလေး ထုတ်ပြပြီး ငါ Business Class က ခရီးသည်တော့ မဟုတ်ဘူး Star Alliance Gold Member ပါ။ ကူညီပါ ဆိုပြီး အထွန့်တက် ကြည့်ပါတယ်။ သူက ဝေါ့ကီတော့ကီ ကိုထုတ်ပြီး နောက်ဆုံးအိတ် လာမယ် ဆိုပြီး လှမ်းပြောလိုက်တာ ကြားရမှ ပျော်သွားပါတယ်။ အဲဒီနားမှာ အိတ်ဆိုလို့ ကျွန်တော့်အိတ်တစ်လုံးပဲ ရှိပါတော့တယ်။ အဲဒီ ကတ်ဒ်ပြားကလေး ကယ်လိုက်လို့ တော်ပါသေးတယ်။

ကိစ္စတစ်ခုတော့ ငြိမ်းသွားပါပြီ။ ဒါပေမယ့် နောက်ထပ် ရှင်းရမယ့် ကိစ္စတွေ ရှိပါသေးတယ်။ လူဝင်မှုကြီးကြပ်ရေး ကောင်တာမှာတော့ ၂ ယောက်လောက်ပဲ စောင့်ရပါတယ်။ အဲဒီ ကောင်တာ ဖြတ်ပြီးတဲ့ အချိန်မှာတော့ လေယာဉ်ပျံထွက်ဖို့ နာရီဝက်တောင် မလိုတော့ပါဘူး။ အထဲဝင်လိုက်တော့ ရှေ့မှာ လုံခြုံရေး စစ်ဖို့ စောင့်နေတဲ့ လူတန်းက လူ ၇၀ လောက် ရှိပါတယ်။ ဒီလူတန်းကိုသာ နောက်က ဝင်တန်းစီရင်တော့ လေယာဉ်ပျံ ဘင်္ဂလား ပင်လယ်အော်ပေါ်က ဖြတ်ပျံတဲ့အချိန် ကျမှပဲ လုံခြုံရေးဂိတ်က ထွက်ရမယ့်ပုံ ရှိပါတယ်။ သနားစဖွယ် မျက်နှာကလေးနဲ့ ကျွန်တော့်မှာ လေယာဉ်ပျံ အချိန်နီးနေလို့ ကြားဖြတ် ပါရစေ ဆိုပြီး နောက်ဆုံးကနေ စပြီး တောင်းတောင်းပန်ပန်နဲ့ပဲ ရှိသမျှလူ အကုန် ကျော်တက် ရပါတယ်။ လုံခြုံရေး ကောင်တာမှာတန်းစီ နေတဲ့သူတွေ အထဲမှာ ရစ်တတ်တဲ့သူ မပါတာ ကံကောင်းပါတယ်။ ကျွန်တော့်လိုမျိုး ဖြစ်တဲ့သူ တစ်ယောက်ကို အမ်စတာဒမ် လေဆိပ်မှာ တွေ့ဖူးပါတယ်။ ကျွန်တော်တို့က သူ့ကို ကြားဖြတ်ခွင့် ပေးပေမယ့် အရှေ့က အဖြူကောင် တစ်ယောက်က ရစ်ပြီး ကြားဖြတ်ခွင့် မပေးလို့ အဲဒီကောင်လေးတွေ လေယာဉ်ပျံ လွတ်သွား ကြပါတယ်။

ဒီလိုနဲ့ပဲ တန်းစီနေတဲ့ လူအကုန်လုံးကို ကျော်တက်ပြီး ရှေ့ဆုံး ရောက်သွားပါတယ်။ လုံခြုံရေးဂိတ်ကို ဖြတ်ပြီးတော့ ၁၅ မိနစ်ပဲ လိုပါတော့တယ်။ လေယာဉ်ထွက်မယ့် အပေါက်ကို အသားကုန် သွန်ရတော့တာပါပဲ။ အပေါက်ဝ ရောက်မှ ဂိတ်စောင့်တဲ့ ကောင်မလေးက ဖြေးဖြေးလုပ်ပါ လေယာဉ်ပျံ မထွက်သေးပါဘူး ဆိုလို့ နည်းနည်း အမောပြေသွားပါတယ်။ လေယာဉ်ပျံပေါ် ရောက်တော့ ခြေပစ်လက်ပစ်ပါပဲ။ ဒါပေမယ့် အဲဒီ အပြန်ခရီးမှာ ကိုယ်နဲ့ တစ်ပါတည်း ယူလို့ရတဲ့ အိတ်က တစ်အိတ်တည်း သယ်လို့ရတာမို့ ခရီးဆောင် ကွန်ပြူတာကို အဝတ်အစားထည့်တဲ့ ကျောပိုးအိတ်ထဲ ထည့်သယ် လာခဲ့ပါတယ်။ စင်ကာပူ ပြန်ရောက်တော့ ကွန်ပြူတာရဲ့ မှန်မှာ အပေါ်ကနေ အောက်အထိ ဒေါင်လိုက် အစင်းကြောင်း တစ်ကြောင်း အိန္ဒိယပြန် လက်ဆောင်အနေနဲ့ ရလိုက်ပါတယ်။

Wednesday, March 4, 2009

အမှတ်တရ အိန္ဒိယခရီး (၂)

အိန္ဒိယ ရောက်ပြီး နောက်တစ်နေ့ မနက်မှာတော့ စောစောစီးစီးပဲ အိပ်ရာက ထခဲ့ပါတယ်။ စောစောထဖြစ်တာ အခြားအကြောင်းကြောင့်တော့ မဟုတ်ပါဘူး။ စင်ကာပူထက် ၂ နာရီခွဲ နောက်ကျနေလို့ပါ။ နယူးဒေလီမှာ မနက် ၇နာရီက စင်ကာပူမှာ မနက် ၉ နာရီခွဲ ဖြစ်နေပြီဆိုတော့ လန်းလန်းဆန်းဆန်းပဲ မနက် ၇ နာရီ မှာ အိပ်ရာက ထလို့ ရပါတယ်။

ကျွန်တော့်ရဲ့ ကိရိယာ တန်ဆာပလာတွေ စက်အပိုပစ္စည်းတွေ ထည့်ထားတဲ့ အိတ် နဲ့ ခရီးဆောင် ကွန်ပြူတာအိတ်ကလေးကို ဆွဲပြီး မနက်စာ စားအပြီးမှာ စက်ရုံကို ထွက်ခဲ့ပါတယ်။ ကျွန်တော်တို့ စက်ရောင်းထားတဲ့ ဂျပန် ကုမ္ပဏီက ဒေသခံ အိန္ဒိယ အင်ဂျင်နီယာက ကျွန်တော့်ကို ဟိုတယ်မှာ လာခေါ်ပါတယ်။ ဒရိုင်ဘာကို မြင်တော့မှ မနေ့ညက ကျွန်တော့်ကို လေဆိပ်မှာ လာကြိုတဲ့ကားက အငှားကား မဟုတ်ဘဲ သူ့ရဲ့ ကား ဆိုတာကို သိရပါတယ်။

မနေ့ညက မိုးရွာထားတော့ တလမ်းလုံး ဗွက်တွေ ချည်းပါပဲ။ လမ်းမပေါ်မှာတော့ မဟုတ်ပါဘူး။ လမ်းဘေးမှာ ပြောတာပါ။ စင်ကာပူ မှာ မြင်ရခဲတဲ့ အရာထဲမှာ ဗွက်လည်း ပါပါတယ်။ လမ်းမှာ ကားဒရိုင်ဘာက ခဏ ဆိုပြီး ကားရပ်ပြီး ဆင်းသွားပါတယ်။ ဘာလို့ပါလိမ့် ဆို လှမ်းကြည့်တော့ လမ်းဘေးမှာ ငုတ်တုတ်ထိုင်နေတာ မြင်မှ ဝိတ်လျှော့ဖို့ ကားရပ်တာမှန်း သိရပါတယ်။ ဒါလည်းပဲ မြန်မာနိုင်ငံနဲ့ မခြားပါလား လို့ တွေးမိပါသေးတယ်။

ဒီတစ်ခေါက်က ဆော့ဖ်ဝဲ ပြင်ဖို့လာရတာ မဟုတ်ပါဘူး။ စက်ပြင်ဖို့ရယ် စက်ရုံမှာ Training ပေးဖို့ရယ် Pilot-run မှာ အသင့်နေပြီး ဖြစ်လာတဲ့ ပြသနာ ရှင်းပေးဖို့ရယ် လာရတာပါ။ Pilot-run ဆိုတာက တကယ့် ထုတ်လုပ်ရေး မစခင် အချိန်မှာ ထုတ်လုပ်ရေး လုပ်မယ့် တကယ့် ပစ္စည်းတွေနဲ့ စက်တွေ အားလုံးကို စမ်းသပ်တာပါ။ စက်က ကျွန်တော်တို့ စက်တွေ ချည်းပဲ မဟုတ်ပါဘူး။ တခြား ဂျပန်စက်တွေလည်း လိုင်းထဲမှာ ရှိပါသေးတယ်။

အမှန်တကယ်ကတော့ ကျွန်တော် ပြင်ရမယ့် စက်က အသစ်စက်စက် အခုမှ စင်ကာပူက ပို့လိုက်တဲ့ လေဆာနဲ့ ဘားကုဒ် တွေကို ပုံနှိပ်တဲ့ စက်ပါ။ စင်ကာပူမှာ ၁ လတိတိ Buy-off လုပ်နေတာ ဘာဒုက္ခမှ မပေးပါဘူး။ Buy-off ဆိုတာက စက်ရုံက စက်ကို မဝယ်ခင် သူတို့ရဲ့ လိုအပ်ချက်နဲ့ ကိုက်မကိုက် စက်ရုံမှာ သုံးဖို့အသင့်ဖြစ်မဖြစ် စမ်းသပ်တာပါ။ ဒါပေမယ့် အိန္ဒိယကို ရောက်ပြီး ၁ ရက် ၂ ရက် အကြာမှာတော့ စက်မှာ တပ်ထားတဲ့ လေဆာက အစက်ကလေး တစ်စက်က လွဲလို့ ဘာကိုမှ ပုံမနှိပ်တော့ပါဘူး။ စက်ကို သွားပြီး ဆင်တဲ့ ဆားဗစ် အင်ဂျင်နီယာနဲ့ Sales Engineer ကလည်း စက်နဲ့ ပတ်သက်ပြီး အတွေ့အကြုံ သိပ်မရှိတော့ စက်ကို ဒီအတိုင်း ထားခဲ့ပြီး ပြန်လာပါတယ်။ Pilot-run လည်း နီးနေပြီ ဆိုတော့ ကျွန်တော့်ကို အားလုံး သွားရှင်းစေ ဆိုပြီး လွှတ်လိုက်တာပါ။

အမှန်တကယ်တော့ လေဆာကို ကျွန်တော်လည်း မပြင်တတ်ပါဘူး။ ပြင်လို့ ရတယ်ပဲ ထားဦး လေဆာကို စက်ရုံမှာ ပြင်ဖို့က ဘယ်လို နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ အထူး ပြုလုပ်ထားတဲ့ ပစ္စည်း ကိရိယာတွေ လိုပါတယ်။ နောက်ပြီး လေဆာကို ကျွန်တော်တို့ ကုမ္ပဏီက လုပ်တာ မဟုတ်ပါဘူး။ အမေရိကန်ကနေ တိုက်ရိုက် မှာထားတာပါ။ အဲဒါကြောင့် စင်ကာပူရုံးကနေ အလုပ်လုပ်တာ သေချာတဲ့ လေဆာ အသစ်စက်စက် တစ်စုံကို အိန္ဒိယက စက်ရုံကို ပို့ထားပါတယ်။ ကျွန်တော် လုပ်ရမယ့် အလုပ်က လေဆာကို တစ်စစီ ဖြုတ်လဲရုံပါပဲ။ ပြင်လို့ မရရင် ဒါမှမဟုတ် ပြင်လို့ မတတ်ရင်တော့ တစ်စစီ ဖြုတ်လဲတဲ့ နည်းတစ်နည်းပဲ ရှိပါတယ်။ လေဆာရောင်းတဲ့ ကုမ္ပဏီကတော့ လေဆာကတ်ဒ် ဒါမှမဟုတ် လေဆာခေါင်း (Laser Head) မှာ ပြသနာ ရှိနိုင်တယ်လို့ အကြံပေးလိုက်ပါတယ်။

အဲဒီနေ့က ကျွန်တော့် ခေါင်းထဲမှာ အကြံတစ်ခု ရှိပါတယ်။ စောစောစီးစီး စက်ပြင်လို့ ပြီးသွားရင် သူတို့ကို တာ့ဂ်ျမဟာရ်ကို လိုက်ပို့ ခိုင်းဖို့ပါ။ အဲဒီ နေရာကနေ သိပ်မဝေးဘူး လို့ ပြောပါတယ်။ စက်ရုံထဲကို ကျွန်တော် ရောက်သွားတော့ အိန္ဒိယ အင်ဂျင်နီယာ ၅ ယောက်က စာအုပ်နဲ့ ဘောပင်ကလေးတွေ ကိုယ်စီ ကိုင်ပြီး စောင့်နေပါတယ်။ ဒီနေ့ Training မဟုတ်သေးဘူး။ စက်က အရင် ပြင်ရဦးမှာ လို့ ပြောတော့ မဟုတ်ဘူး ကျွန်တော် စက်ဘယ်လို ပြင်တယ် ဆိုတဲ့ အကြောင်းကို သူတို့ ရီပို့ ရေးရမယ် လို့ ပြောပါတယ်။ ကွိုင်တော့ စားပြီ ဆိုတာကို သိလိုက်ရပါတယ်။ အဲဒီ အချိန်ကနေ စပြီး ကျွန်တော် လုပ်သမျှ ကို နောက်ကနေ စာအုပ်နဲ့ လိုက်မှတ်ပါတော့တယ်။

ကိုယ့်ဘာသာကိုယ် စက်ပြင်ရတာ ဒုက္ခ မရောက်ပေမယ့် နောက်က အင်ဂျင်နီယာ ၅ ယောက်က ဘာပဲလုပ်လုပ် စာအုပ်ကိုယ်စီနဲ့ လိုက်ရေးနေတော့ အလိုလို နေရင်း ခေါင်းပူလာပါတယ်။ တော်ပါသေးရဲ့။ ခေါင်းကုတ်တာတွေ စုတ်သပ်တာတွေ မှတ်တမ်းထဲ ထည့်မရေး ကြပေလို့။

စပါပြီ။ ကျွန်တော် ကွန်ပြူတာကို စပြီး အဖုံးဖွင့်ပါတယ်။ လေဆာကတ်ဒ်ကို ဖြုတ်ပြီး ပါလာတဲ့ ကတ်ဒ် အသစ်နဲ့ လဲပါတယ်။ စက်ကို စမ်းပါတယ်။ မကောင်းသေးပါဘူး။

ကွန်ပြူတာနဲ့ လေဆာကို ဆက်ထားတဲ့ ဖိုင်ဘာ ဓာတ်ကြိုး (Fibreoptics Cable) ကို ဖြုတ်လဲ ပါတယ်။ စက်ကို စမ်းပါတယ်။ မကောင်းသေးပါဘူး။

ထင်သလောက်တော့ မလွယ်ဘူးဟ လို့ တွေးမိပါတယ်။ နောက်ဆုံး မလုပ်ချင်တဲ့ အလုပ်ကို လုပ်ရပါပြီ။ လေဆာခေါင်းကို ဖြုတ်လဲရတာပါ။ ကျွန်တော်လဲဖို့အတွက် လေဆာခေါင်း အသစ်တစ်လုံး အသင့် ရှိပါတယ်။ ဖြုတ်ရ တပ်ရတာ လွယ်ပေမယ့် ပြန်ချိန်ရတာ နည်းနည်း လက်ဝင်ပါတယ်။ ပုံနှိပ်မယ့် ပစ္စည်းရဲ့ အပေါ်တည့်တည့်မှာ သတ်မှတ်ထားတဲ့ အမြင့် အတိုင်း Focus ပြန်ချိန်ရတာပါ။ ၅ စင်တီမီတာ အတွင်း ဝင်အောင် ချိန်ရပါတယ်။ အယ်လ်ကီးနဲ့ ဟိုလှည့်ဒီလှည့်ပေါ့။ လေဆာခေါင်း လဲပြီးသွားတော့ ဒီတစ်ခါတော့ ရလောက်ပြီ ဆိုပြီး စက်ကို စမ်းကြည့်ပါတယ်။ အလုပ်မလုပ် ပါဘူး။

မြွေတော့ ကိုက်ပြီ ဆိုပြီး တွေးလိုက် မိပါတယ်။ လဲစရာကလည်း ကုန်ပါပြီ။ စက်က မကောင်းသေးပါဘူး။ အဲဒီတော့လည်း ထုံးစံအတိုင်း စင်ကာပူက လေဆာရောင်းတဲ့ ကုမ္ပဏီကို ဖုန်းလှမ်းဆက်ပြီး ခေါင်းစားရပါတယ်။ သူတို့က တစ်ခြား ကွန်ပြူတာ တစ်လုံးနဲ့ စမ်းကြည့်ပါ ဆိုပြီး အကြံပေးပါတယ်။ ကွိုင်တော့ တက်နေပါပြီ။ စင်ကာပူက ပို့လိုက်တဲ့ အပိုပစ္စည်းထဲမှာ ကွန်ပြူတာ မပါပါဘူး။ ဒါပေမယ့် ကွန်ပြူတာက နေရာတကာ ရှိတာ ဆိုတော့ စက်ရုံက အင်ဂျင်နီယာတွေကိုပဲ ကွန်ပြူတာ တစ်လုံး ရှာခိုင်းရပါတယ်။ သူတို့က ကျွန်တော့်အတွက် ကွန်ပြူတာ တစ်လုံး ယူလာပေးပါတယ်။ ကြည့်ရတာ သိပ်မသားနားပေမယ့် သုံးလို့တော့ ရပါသေးတယ်။ ကွန်ပြူတာကို အဖုံးဖွင့်ပြီး ဘာဆက်လုပ်ရမလဲ စဉ်းစားနေပါတယ်။

အဲဒီမှာ ပစ္စည်းတစ်ခုကို သွားပြီး သတိထား မိပါတယ်။ Dongle လို့ ခေါ်ကြတဲ့ Hardware-lock ပါ။ လေဆာကုမ္ပဏီက သူတို့ရဲ့ ဆော့ဖ်ဝဲလ်ကို ခိုးပြီး ကူးလို့မရအောင် Dongle တစ်ခု ထည့်ပေးထားပါတယ်။ အဲဒီ Dongle ကို ကွန်ပြူတာမှာ တပ်ထားမှ ဆော့ဖ်ဝဲလ်ကို သုံးလို့ရပါတယ်။ မဟုတ်ရင် သုံးလို့မရပါဘူး။ အခု လက်ရှိ စက်မှာ တပ်ထားတဲ့ Dongle က မော်လ်ဒယ်လ်အသစ် USB Port မှာ တပ်ထားတာ ဖြစ်ပြီး ကျွန်တော့်မှာ ပါလာတဲ့ Dongle ကတော့ Parallel Port လို့ ခေါ်တဲ့ ဟိုးအရင်က ပရင်တာတွေ တပ်တဲ့ နေရာမှာ တပ်ရတဲ့ မော်လ်ဒယ် အဟောင်းပါ။ ဒါလေးတော့ လဲကြည့်ဦးမှပဲ ဆိုပြီး USB Port က Dongle ကို ဖြုတ်ပြီး ကျွန်တော့်မှာ ပါလာတဲ့ Dongle ကလေးကို တပ်ကြည့်ပါတယ်။ စက်ကို စမ်းကြည့်တော့ ဘားကုတ်ဒ်က ထွက်လာပါပြီ။ ဟုတ်မှ ဟုတ်ရဲ့လားလို့ မျက်လုံး ပွတ်ကြည့်မိပါတယ်။ နောက်တစ်ခေါက် ပြန်စမ်းတော့လည်း အဲဒီအတိုင်းပါပဲ။

သေချာအောင် ပြန်စမ်းရပါဦးမယ်။ လေဆာဟက်ကို အဟောင်း ပြန်တပ် လိုက်ပါတယ်။ ဘားကုတ်ဒ်က ထွက်နေတုန်းပါပဲ။ ဖိုင်ဘာကြိုးကို အဟောင်းနဲ့ ပြန်လဲပြီး တပ်ပါတယ်။ ဘားကုတ်ဒ်က မပျောက်သေးပါဘူး။ ကွန်ပြူတာထဲက ကတ်ဒ်ကို အဟောင်းနဲ့ ပြန်လဲပြီး တပ်ပါတယ်။ ဘားကုတ်ဒ်က ထွက်နေတုန်းပါပဲ။ ပိုပြီး သေချာအောင် Dongle ကို အဟောင်း ပြန်ထည့်ကြည့်ပါတယ်။ ထွက်လာတာက ဘားကုဒ်မဟုတ်ဘဲ အစက်တစ်စက်ပါ။ သေချာသွားပါပြီ။ Dongle က ဒုက္ခပေးတယ် ဆိုတာ။ ဒီနေ့ ကံမကောင်းပါလား ဆိုပြီး တွတ်ပီလိုသာ ပြောလိုက်ချင် ပါတော့တယ်။ Dongle လို ၅ မိနစ်အတွင်း လဲလို့ ပြီးနိုင်တဲ့ ပစ္စည်းကို အရင်ဆုံး လဲမကြည့်မိတော့ တစ်နေကုန် တခြား ပစ္စည်းတွေ ဖြုတ်လိုက် တပ်လိုက်နဲ့ အချိန်ကုန် သွားပါတယ်။ အားလုံးပြီးတော့ ညနေ ၄ နာရီ ထိုးနေပါပြီ။ ဒီနေ့တော့ တာ့ဂ်ျမဟာရ် သွားမယ့် အစီအစဉ်ကို စွန့်လွှတ်လိုက်ရပါပြီ။

အားလုံး သိမ်းဆည်းပြီး ဟိုတယ်ကို ပြန်လာခဲ့ပါတယ်။ ညနေခင်း အပြင်မထွက်တော့ဘဲ ဟိုတယ်က စားသောက်ဆိုင်မှာပဲ ဒန်ပေါက် စားလိုက်ပါတယ်။ ဒန်ပေါက်ကတော့ ရှယ်ပါပဲ။ မြေအိုးကလေးနဲ့ ဒန်ပေါက်ထမင်းကို အပြည့်ထည့်ထားပြီး အထဲမှာ ကြက်သားတုံးကို မြှုပ်ထားပါတယ်။ အရသာကလည်း အတော် ရှိပါတယ်။ စားသောက်ပြီးတော့ ဟိုတယ်မှာ စာအုပ်ဆိုင်တစ်ဆိုင်တွေ့လို့ သွားကြည့်ပါတယ်။ အဲဒီဆိုင်မှာ ကျွန်တော့်အကြိုက် စာရေးဆရာ Paulo Coelho ရဲ့ စာအုပ်တွေကို စီးရီးလိုက် တွေ့ရပါတယ်။ အိန္ဒိယမှာ ပုံနှိပ်တာဆိုတော့ ဈေးက စင်ကာပူမှာထက် တဝက်မက သက်သာပါတယ်။ သူ့ရဲ့ နာမည်အကြီးဆုံး စာအုပ်ဖြစ်တဲ့ Alchemist ကို မဖတ်ရသေးတာနဲ့ အဲဒီကနေ ဝယ်လာခဲ့ပါတယ်။ အဲဒီညနေမှာပဲ ကျွန်တော်တို့ စက်ရောင်းထားတဲ့ ဂျပန်ကုမ္ပဏီရဲ့ စင်ကာပူ ရုံးခွဲက ဂျပန်တစ်ယောက်နဲ့ စလုံး တရုတ် တစ်ယောက် ဟိုတယ်ကို ရောက်လာပါတယ်။

Tuesday, March 3, 2009

ကျွန်တော် နှစ်သက်သော Firefox Add-ons များ

Internet Explorer နဲ့ Netscape Navigator ကနေ စပြီး သုံးလိုက်တာ အခုဆိုရင် Opera, Konqueror, Safari, Chrome အထိ Browser တွေ စုံသလောက် ရှိနေပါပြီ။ ဒါပေမယ့် အခုအချိန် အထိတော့ Mozilla Firefox ဟာ ကျွန်တော့်ရဲ့ အကြိုက်ဆုံး Browser ပါပဲ။ Firefox ကို ကြိုက်ရတဲ့ အဓိက အကြောင်းရင်း ကတော့ Add-ons တွေ ထည့်ပြီး အင်တာနက် သုံးရတာကို ပိုပြီး လွယ်ကူစေလို့ပါပဲ။ Firefox မှာ Add-ons တွေ အများကြီး ရှိတဲ့ အထဲက ကျွန်တော် နှစ်သက်သဘောကျမိတဲ့ Add-ons လေးတွေနဲ့ မိတ်ဆက် ပေးပါရစေ။


Dictionary Search

အင်တာနက်ထဲမှာ လျှောက်ကြည့်တဲ့အခါ အလွန်အသုံးဝင်တဲ့ Add-on တစ်ခုပါ။ အင်္ဂလိပ်စာက ကျွန်တော်တို့ရဲ့ မိခင်ဘာသာစကား မဟုတ်တဲ့အတွက် သတင်းဖတ်တဲ့နေရာနဲ့ အခြား အင်တာနက် စာမျက်နှာတွေကို ကြည့်တဲ့ နေရာမှာ ကျွန်တော်တို့ မသိတဲ့ အင်္ဂလိပ် စကားလုံးတွေကို အမြဲ တွေ့ရတတ် ပါတယ်။ အဲဒီအခါမျိုးမှာ Dictionary Search ရှိနေရင် အဘိဓာန် ကို လှန်ကြည့်ဖို့ မလိုပါဘူး။ စာလုံးကို Select လုပ် Right-Click နှိပ်ပြီး "Search Dictionary for" ဆိုတာကို ရွေးလိုက်ရုံပါပဲ။


Tab အသစ်တစ်ခုထဲမှာ အခမဲ့ အဘိဓာန် ဝက်ဆိုက်ဘ် တစ်ခုဖြစ်တဲ့ http://www.tfd.com ကနေ အဓိပ္ပါယ် ပြန်ထားတဲ့ စကားလုံးကို ပြပါလိမ့်မယ်။


Dictionary Search Add-ons ကို ထည့်သွင်းဖို့ အောက်မှာ ပြထားတဲ့ လင့်ခ်မှာ ရယူနိုင်ပါတယ်။
https://addons.mozilla.org/en-US/firefox/addon/68


All-in-one Gestures

ကျွန်တော် Firefox ကို စွဲစွဲမြဲမြဲ သုံးဖြစ်တဲ့ အကြောင်း တွေထဲမှာ All-in-one Gesture က အဓိက ကျတဲ့ အကြောင်းရင်း တစ်ရပ်ပါပဲ။ အဲဒီ Add-on ကို ထည့်သွင်းထားခဲ့ရင် တစ်ချိန်လုံး Toolbar ကိုသွားပြီး ကလစ်နှိပ်နေစရာ မလိုဘဲ အခုလက်ရှိ Screen ပေါ်က Mouse Pointer ရှိနေတဲ့ နေရာကနေ Right-click နှိပ်ပြီး အမူအရာ ပြလိုက်ရင် Firefox က ကိုယ်အမိန့်ပေးတဲ့ အတိုင်း လုပ်ပေးပါလိမ့်မယ်။

ကျွန်တော် အခုလက်ရှိ Tab ကနေ နောက် Tab တစ်ခု ကို ပြောင်းဖို့အတွက် အမိန့်ပေးချင်ရင် Right-click နှိပ် အပေါ်ကို ဆွဲတင် ညာဘက်ကို ကွေ့ ပြလိုက်ရုံပါပဲ။ Next Tab ကို အလိုအလျောက် ကူးသွားပါလိမ့်မယ်။



အခုလက်ရှိ စာမျက်နှာကို Refresh လုပ်ချင်ရင်တော့ Right-click နှိပ် အပေါ်ကိုဆွဲတင် အောက်ကိုဆွဲချ လုပ်ပြ ရုံပါပဲ။ အခု လက်ရှိ စာမျက်နှာကို Refresh လုပ်ပေးပါလိမ့်မယ်။



All-in-one Gesture ကို ထည့်သွင်းပြီးရင် အမူအရာကို ကိုယ်လိုအပ်သလို ပြောင်းလို့ ရပါတယ်။ Tools Menu ထဲကနေ Add-on ကို သွားပြီး Add-ons ပေါ်လာတဲ့ အခါမှာ All-in-one Gesture ကို ရွေးချယ် လိုက်ပါ။ ပြီးရင် Options ကနေ တစ်ဆင့် Gesture Customization ကို ရွေးချယ်ပြီး အခု လက်ရှိ ရှိနေတဲ့ အမူအရာတွေ အားလုံးကို ကြည့်လို့ရသလို ကိုယ့်စိတ်ကြိုက်လည်း ပြောင်းလဲနိုင်ပါတယ်။



All-in-One Gestures ကို အောက်က လင့်ခ်မှာ ရယူနိုင်ပါတယ်။
https://addons.mozilla.org/en-US/firefox/addon/12


Morning Coffee

မနက်ခင်း မိုးလင်းလို့ ရုံးရောက်ရင် ပထမဆုံး လုပ်တဲ့အလုပ်က အင်တာနက်ထဲ ဝင်တဲ့ အလုပ်ပါ။ အဲဒီအချိန်မှာ ကျွန်တော်ပုံမှန် ဖွင့်နေကျ အင်တာနက် စာမျက်နှာတွေ ရှိပါတယ်။ ကျွန်တော့်ရဲ့ G-mail, Hotmail စတာတွေကို ဖွင့်မယ်။ Facebook ကို ဖွင့်မယ်။ ဘလော့ခ်ကို ဖွင့်မယ်။ သွားနေကျ ဖိုရမ်တွေကို ဖွင့်မယ်။ အဲဒါတွေကို တစ်ခုချင်းစီ လို်က်ဖွင့်စရာ မလိုအောင် Morning Coffee က အကူအညီပေးပါတယ်။ မနက်တိုင်း ဖွင့်မယ့် စာမျက်နှာတွေအားလုံးကို Morning Coffee မှာ ထည့်သွင်း သိမ်းဆည်းထားရုံပါပဲ။ မနက်ခင်း ကွန်ပြူတာ ဖွင့်တဲ့ အချိန်မှာ Toolbar ပေါ်က ကော်ဖီခွက်ကလေးကို နှိပ်လိုက်တာနဲ့ အားလုံးကို တပြိုင်နက်တည်း ဖွင့်ပေးပါလိမ့်မယ်။



မနက်ခင်းအတွက် ကော်ဖီခွက်ကလေးကို အောက်က လင့်ခ်မှာ ရယူနိုင်ပါတယ်။
https://addons.mozilla.org/en-US/firefox/addon/2677


Time-tracker

ကျွန်တော် အင်တာနက် သုံးရင် တမေ့တမော စည်းမရှိ ကမ်းမရှိ သုံးတတ်ပါတယ်။ အဲဒီလို အခါမှာ ကိုယ့်ဘာသာကိုယ် အင်တာနက် သုံးနေတာ ဘယ်လောက် ကြာပြီလဲ သိဖို့အတွက် Time-tracker ကို ထည့်သွင်းထားပါတယ်။ Time-Tracker ကနေ အခုအချိန် အထိ အင်တာနက် သုံးတာ ဘယ်လောက်ကြာပြီ ဆိုတာကို ပြပေးနေပါတယ်။ ကိုယ့်ဘာသာကိုယ် သတိပေးဖို့အတွက် အသုံးဝင်တဲ့ Add-on တစ်ခုပါ။



Timer ကြည့်ပြီး ၄၅ မိနစ်ပဲ ရှိသေးတယ် တော့ မထင်ပါနဲ့။ သုံးနေတာ ၂ နာရီခွဲလောက် ရှိသွားပါပြီ။ ခုနက Timer ကို Reset လုပ်ထားလို့ပါ။ :D

Time-tracker ကို အောက်က လင့်ခ်မှာ ရယူနိုင်ပါတယ်။
https://addons.mozilla.org/en-US/firefox/addon/1887

Firefox ထဲမှာ သုံးလို့ရတဲ့ တစ်ခြား Add-ons တွေ အများကြီး ရှိပါသေးတယ်။ Better G-mail လို Add-on ကို ထည့်ထားရင် G-mail သုံးတဲ့အချိန် Attach လုပ်ထားတဲ့ ဖိုင်အမျိုးအစားကို အိုင်ကွန် ကလေးတွေနဲ့ ပြတာမျိုး၊ FasterFox လို အင်တာနက် သုံးတဲ့အချိန် Connection ၂ ခု ၃ ခု တစ်ပြိုင်နက်တည်း ဖွင့်ပြီး Page Loading ကို ပိုမြန်အောင် လုပ်ပေးတာမျိုး စသည်ဖြင့် အများကြီးပါပဲ။

စိတ်ပါရင် https://addons.mozilla.org/en-US/firefox/ မှာ စိတ်ကြိုက် သွားမွှေ နိုင်ပါတယ်။ ဒီတစ်ခါတော့ စိတ်ကူးပေါက်လို့ နည်းပညာ အကြောင်း ရေးလိုက်ပါတယ်။ အတော်များများက Firefox သုံးနေကျတဲ့ သူတွေ ဆိုတော့ မသိသေးခဲ့ရင် အသုံးဝင် လောက်ပါတယ် ဆိုပြီး ရည်ရွယ်ပါတယ်။ သိပြီးရင်တော့ အပျင်းပြေပေါ့။ :D