Search This Blog

Wednesday, April 29, 2009

Unofficial Guide to မင်းမဟာဂီရိ

အနော်ရထာမင်း မတိုင်ခင် အချိန်ကာလတုန်းက ပုဂံပြည်မှာ တြံတျစ် အယူူဝါဒ ဆိုတာ ရှိခဲ့ဖူး ပါတယ်။ တြံတျစ် အယူဝါဒ ရဲ့ သဘောတရားက ချစ်တာ ကြောက်တာ အစရှိတဲ့ ထင်ရာ မြင်ရာကို ကိုးကွယ်ကြတာပါ။ ဥပမာ အားဖြင့် လူတစ်ယောက်က ကျားကို ကြောက်တယ် ဆိုရင် ကျားရဲ့ ရုပ်ပုံကို ထုပြီးတော့ “ဟဲလို ကျား။ ငါ့ကို မကိုက်နဲ့။ မင်းကို ငါ ကောင်းကောင်း ပသပါ့မယ်။” ဆိုပြီးတော့ ကိုးကွယ် ပါတယ်။ ဟင်္သာလို ချစ်စရာ ကောင်းတဲ့ အကောင် ကလေးတွေ တွေ့ပြန်တော့လည်း “ဟေ့ ဟင်္သာ။ မင်းကို ကြည့်ရတာ ရေလည် လန်းတယ်ကွာ။ မင်းကို ကိုးကွယ်ပါ့မယ်။ ငါ့ကို ကံကောင်းအောင် စောင့်ရှောက်ပါ။” ဆိုပြီး အရုပ် ကို ထုလုပ် ကိုးကွယ်တတ် ကြပါတယ်။ အနော်ရထာ ဘုရင် ဖြစ်လာတဲ့ အချိန်မှာတော့ အဲဒီလို ကိုးကွယ်ကြတဲ့ အရုပ်တွေကို လိုက်သိမ်း ပါတယ်။ ပြီးတော့ “မင်းတို့ထက် မိုက်လို့ ဘုရင်လုပ်တာ။ အနော်ရထာကွ။ ဘာမှတ်လဲ။ မင်းတို့ ငါ့ထက်စွမ်းရင် အပြင် ထွက်ခဲ့ကြ။” လို့ စိန်ခေါ်ပြီး တိုက်တစ်တိုက် ထဲမှာ ထည့်ပိတ်လိုက်ပါတယ်။ ဘယ်အရုပ်မှ အပြင်ကို ထွက်လာတယ် မကြားမိပါဘူး။ အဲဒီတိုက်ကို နတ်လှောင်ကျောင်း လို့ ခေါ်ကြပါတယ်။

အဲဒီလို တြံတျစ်အယူဝါဒနဲ့ ထင်ရာမြင်ရာကို ကိုးကွယ်ကြတဲ့ နေရာမှာ တော၊ တောင်၊ မြစ်၊ ချောင်း စတဲ့ သက်မဲ့ တွေ အတော်များများ ပါဝင် နေပါတယ်။ ပုပ္ပါးတောင် အနီးတဝိုက်မှာ နေထိုင်ကြသူ တွေကတော့ ပုပ္ပါး တောင်ကြီးဟာ သူတို့ အတွက် စားနပ်ရိက္ခါတွေ ပေးတဲ့ ကျေးဇူးရှိတယ် ဆိုပြီး ပုပ္ပါးတောင်ကြီးကို ကိုးကွယ်ကြ ပါတယ်။ ပါဠိဘာသာစကားမှာ မဟာ ဆိုတာ ကြီးမြတ်ခြင်း ဖြစ်ပြီး ဂီရိ ဆိုတာကတော့ တောင် လို့ အဓိပ္ပါယ် ရပါတယ်။ အဲဒီတော့ ပုပ္ပါးတောင်ကို အဲဒီခေတ်တုန်းက ကြီးမြတ်သော တောင်ကြီး ဒါမှမဟုတ် မဟာဂီရိလို့ ခေါ်ကြပါတယ်။

အနော်ရထာ မတိုင်ခင် Long Long ago တုန်းက ပုဂံမှာ သေလည်ကြောင်ဆိုတဲ့ ဘုရင်တစ်ပါး ရှိခဲ့ဖူး ပါတယ်။ သေလည်ကြောင်ရဲ့ လက်ထက်မှာပဲ ပန်းပဲ မောင်တင့်တယ် ဆိုတဲ့ လူတစ်ယောက်လည်း ရှိခဲ့ပါတယ်။ မောင်တင့်တယ်ဟာ ကာလသားခေါင်းလိုမျိုး ဖြစ်နေတော့ လူချစ်လူခင် များပါတယ်။ အဲဒီလိုပဲ နောက်လိုက်နောက်ပါတွေလည်း အတော်များပါတယ်။ အဲဒီသတင်း ဘုရင့်ဆီကို ရောက်တော့ ဘုရင်လည်း “အင်း။ ဒီကောင် ငါ့ကို ကွိုင်ပူမယ့် ကောင်ပဲ။” ဆိုပြီး တွေးမိပါတယ်။ အဲဒါနဲ့ မောင်တင့်တယ်ကို နန်းတော်ကို ခေါ်ပါတယ်။ မောင်တင့်တယ်ကလည်း သူ့ကို သတ်ဖို့ခေါ်မှန်းသိတော့ ပတ်ပြေးနေပါတယ်။ သူ့ကို သွားရှာရင်လည်း လူချစ်လူခင် များတဲ့သူမို့ ဟိုလူက ဖွက်ပေး ဒီလူက ဖွက်ပေးနဲ့ ရှာလို့ကို မတွေ့နိုင်ပါဘူး။

နောက်ဆုံးတော့ သေလည်ကြောင် အကြံအဖန် လုပ်ပါတယ်။ မောင်တင့်တယ်ရဲ့ ညီမကို မိဖုရား မြှောက်လိုက်တာပါ။ မောင်တင့်တယ်ရဲ့ ညီမ မဒမ် သေလည်ကြောင် ဖြစ်သွားတဲ့့ အချိန်မှာတော့ ဘုရင်က သူ့ယောက်ဖကို နန်းတော်ကို ခေါ်ခိုင်းပါတယ်။ မောင်တင့်တယ်လည်း “ငါ့ယောက်ဖကြီး သေလည်ကြောင် ငါ့နှမ ယူထားပြီး ဒီလောက်တော့ မရက်စက်လောက် ပါဘူး။” လို့ တွေးပြီး နန်းတော်ကို သွားပါတယ်။ နန်းတော်ရောက်တော့ သူ့ယောက်ဖက မောင်တင့်တယ်ကို ဖမ်းပြီး မီးရှို့သတ်ပါတယ်။ မဒမ် သေလည်ကြောင်လည်း သူ့အစ်ကို အသတ်ခံရတာကို မကြည့်ရက်လို့ သူမပါ မီးပုံထဲ ခုန်ဆင်းပြီး သေပါတယ်။

ဒါပေမယ့် သေလည်ကြောင်က လူလည်ကြီး သားသမီးပါ။ မောင်တင့်တယ်ကို သတ်ပြီးတော့ သူ့အတွက် ရန်က မအေးသေးဘူး ဆိုတာကို သိပါတယ်။ မောင်တင့်တယ်မှာ ချစ်ခင်တဲ့သူတွေ နောက်လိုက်နောက်ပါတွေ များမှန်းသိတော့ ဒီကောင်တွေ ငါ့ကို ဝိုင်းသမရင် ခက်မယ် ဆိုပြီး မောင်တင့်တယ် ပုပ္ပါးတောင်ကို ရာသက်ပန် အပိုင်စားစေ ဆိုပြီး ပေးကွေျး လိုက်ပါတယ်။ မောင်တင့်တယ်ကို ချစ်ကြတဲ့သူများလည်း မောင်တင့်တယ် ပုပ္ပါးတောင် အပိုင်စား ရသွားတော့ နည်းနည်း ကျေနပ်သွားကြ ပါတယ်။ မဟာဂီရိ ကို အပိုင်စား လိုက်တော့ တြံတျစ်အယူဝါဒ ရှိတဲ့သူတွေလည်း ပုပ္ပါးကို Posting ကျလာတဲ့ မောင်တင့်တယ်ကို မင်းမဟာဂီရိ အနေနဲ့ ရောယောင်ပြီး ကိုးကွယ်ကြပါတယ်။

ဒီနေရာမှာ စဉ်းစားစရာ တစ်ခု ရှိပါတယ်။ ဘုရင်ဆိုတာ ရေမြေ့အရှင် ဖြစ်တယ်လို့ ပြောကြရင်တောင်မှ တိုင်းပြည်ကို သူသေတဲ့ အထိပဲ ပိုင်ပါတယ်။ သူသေရင် နောက်ဘုရင် တစ်ပါးက ဆက်ပိုင်မှာပါ။ သူတောင်မှ ရာသက်ပန် မပိုင်တဲ့ ပုပ္ပါးတောင်ကို မောင်တင့်တယ် ရာသက်ပန် အပိုင်စားစေ လုပ်တာက ဘောင်ကျော် နေပါတယ်။ ဒါပေမယ့် တခြားဘုရင်တွေက မောင်တင့်တယ်ကို နယ်ပြောင်းစေလည်း အမိန့်မထုတ်၊ ရာထူးလည်း တိုးမပေး၊ ရာထူးလည်း မချတော့ မောင်တင့်တယ် ပုပ္ပါးမှာပဲ ဆက်ပြီး မြဲနေပါတယ်။ အကယ်၍များ ဘုရင်တပါးပါးက အထွန့်တက်ပြီး မင်းကို ပုပ္ပါးတောင် အပိုင်စား ပေးတာ သေလည်ကြောင်။ ငါမဟုတ်ဘူး။ တခြားနေရာ သွားနေလို့ အမိန့်ထုတ်ရင် မောင်တင့်တယ် ဘယ်နား သွားနေမလည်း ဆိုတာ စဉ်းစားစရာပါ။

အဲဒါကတော့ မြန်မာလူမျိုးတွေရဲ့ အိမ်ထဲမှာ ချိတ်ထားတတ်တဲ့ အိမ်တွင်းအုန်းလို့ ခေါ်ကြတဲ့ အုန်းသီးတွေရဲ့ ပိုင်ရှင် မင်းမဟာဂီရိ အမည်ရ ပန်းပဲ မောင်တင့်တယ်ရဲ့ ရာဇဝင်ပါပဲ။ မောင်တင့်တယ် မီးရှို့ အသတ်ခံရလို့ မီးကို ကြောက်တဲ့အတွက် မီးဖွင့်တဲ့ အချိန်မှာ အုန်းသီးကို လိုက်ကာလေးနဲ့ ကာပေး ရတယ်လို့ ပြောကြပါတယ်။

Tuesday, April 28, 2009

2 in 1 ပရို ဂရမ်မာ

အခြားလူတွေ ကိုယ့်ကြောင့် တလွဲဖြစ်ခဲ့ရတာ ပြောပြီးတော့ ကိုယ်တိုင် ကြုံခဲ့ဖူးတဲ့ အဖြစ်အပျက် တစ်ခုကို သွားသတိရ မိပါတယ်။ အင်တာဗြူး အကြောင်းပါပဲ။

တစ်ခါက ကျွန်တော် အလုပ်ရှာနေရင်း သတင်းစာမှာ စိတ်ဝင်စားစရာ ကြော်ငြာတစ်ခုကို သတိထား လိုက်မိပါတယ်။ ပရိုဂရမ်မာ အလုပ်ခေါ်တာပါ။ ဒါပေမယ့် သူတို့ လိုအပ်တဲ့ ပညာ အရည်အချင်းက ကျွန်တော်ရထားတဲ့ အင်ဂျင်နီယာ ဒီပလိုမာ ဖြစ်နေပါတယ်။ အဲဒီ အင်ဂျင်နီယာ ဒီပလိုမာနဲ့ ပရိုဂရမ်မာ အဖြစ် အလုပ်ခေါ်တာ တခါမှ မတွေ့ဖူးတော့ ကျွန်တော်လည်း စိတ်ဝင်စားပြီး အီးမေးလ်နဲ့ အလုပ် လှမ်းလျှောက် လိုက်ပါတယ်။ ကုမ္ပဏီ နာမည်ကို ကြားဖူးတယ်လို့ ထင်ပေမယ့် သေသေချာချာ သတိမထားလိုက် မိပါဘူး။ လျှောက်လိုက်ရင် အနည်းဆုံး အင်တာဗြူးတော့ ခေါ်လောက်ပါတယ် လို့တော့ တွက်ထား မိပါတယ်။ ထင်တဲ့ အတိုင်းပါပဲ။ နောက်တစ်နေ့မှာတော့ အင်တာဗြူး လာခဲ့ပါ ဆိုပြီး ဖုန်းပြန်ဆက် ပါတယ်။ ဒါပေမယ့် သူတို့ လိပ်စာ ပြောပြတော့မှ ကျွန်တော် အင်တာဗြူး သွားရမယ့် နေရာက စင်ကာပူက နာမည်ကြီး ကုန်တိုက် တစ်ခု ဖြစ်နေတယ် ဆိုတာကို သတိထား လိုက်မိပါတယ်။

ခေါင်းတော့ အတော်စား သွားပါတယ်။ အလုပ်လုပ် ရမယ့်နေရာက ကုန်တိုက်။ လုပ်ရမယ့် အလုပ်က ပရိုဂရမ်မာ။ လိုအပ်တဲ့ ပညာ အရည်အချင်းက အင်ဂျင်နီယာ ဒီပလိုမာ။ အဲဒီ ၃ ခုကို ဆက်စပ်ပြီး တွေးတော့ ကျွန်တော် လုပ်ရမယ့် အလုပ်က ဘာအလုပ်လဲ ဆိုတာ လုံးဝ အဖြေမထွက် ပါဘူး။ ဒီလိုနဲ့ ချိန်းထားတဲ့ နေ့မှာတော့ ကျွန်တော် အဲဒီကုန်တိုက်ကို ရောက် သွားပါတယ်။ ကျွန်တော့်ကို အင်တာဗြူးတဲ့ ပုဂ္ဂိုလ်က ဘာအလုပ်လုပ်ဖူးလဲ ဘာအတွေ့အကြုံ ရှိသလဲ ဆိုတာတွေကို မေးပါတယ်။ အဲဒီမှာ Programming အကြောင်း၊ Database အကြောင်းနဲ့ ကွန်ပြူတာ ပြင်တဲ့ အကြောင်းတွေကို အဓိက ထားပြီးတော့ မေးပါတယ်။ သူ့မေးခွန်းတွေက သိပ်ပြီး ခက်ခက်ခဲခဲတော့ မဟုတ်လှ ပါဘူး။

နောက်တော့ သူက သူတို့မှာ ကုန်တိုက်ကြီး ၃ ခု ရှိတဲ့အကြောင်း၊ အဲဒီကုန်တိုက်တွေက အရောင်းကောင်တာ တွေမှာ သုံးတဲ့ ဆော့ဖ်ဝဲလ် တွေကို သူတို့ အိုင်တီဌာနက ကိုယ်တိုင် ရေးထားတဲ့ အကြောင်း၊ အဲဒီ ဆော့ဖ်ဝဲလ်ကို ပြုပြင် ထိန်းသိမ်းရမှာ ဖြစ်တဲ့ အကြောင်း၊ အရောင်းကောင်တာက ကွန်ပြူတာတွေမှာ ဟတ်ဒ်ဝဲလ်ပိုင်း တစ်ခုခု ချို့ယွင်းခဲ့ရင်လည်း သွားပြီး ပြင်ပေးရမှာ ဖြစ်တဲ့အကြောင်း ကျွန်တော် လျှောက်ထားတဲ့ အလုပ်ရဲ့ အလုပ် တာဝန်တွေကို ပြောပြပါတယ်။ အဓိက အလုပ်ကတော့ အဲဒီ ဆော့ဖ်ဝဲလ် ကိုပဲ ကောင်းသည်ထက် ကောင်းအောင် ထပ်ရေးသွားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ နာရီဝက်လောက် အင်တာဗြူးပြီးတော့ သူက ကျွန်တော့်ကို ဘာမေးစရာ ရှိသလဲ လို့ မေးပါတယ်။ ကျွန်တော်လည်း စိတ်ထဲက သိချင်နေတာကို ထိန်းမထားနိုင် တော့ပါဘူး။ သူ့ကို ဖွင့်မေးလိုက် မိပါတယ်။ ခုနက ပြောသွားသမျှ အလုပ်တွေက အိုင်တီနဲ့ ဆိုင်တဲ့ အလုပ်တွေချည်းပဲ။ ဘာလို့ သတင်းစာမှာ ကြေငြာတော့ အင်ဂျင်နီယာ ဒီပလိုမာ ရှိရမယ် လို့ ကြေငြာရတာလဲ။ အဲဒီအလုပ်နဲ့ အင်ဂျင်နီယာ ဒီပလိုမာ ဘယ်လိုများ ပတ်သက်နေသလဲ ဆိုတာ သိချင်တယ်လို့ မေးမိပါတယ်။

အဲဒီတော့ သူက ငါတို့ဆီက ဝန်ထမ်းတွေ အားလုံးက စီးပွားရေးနဲ့ အိုင်တီ ဗဟုသုတပဲ ရှိကြတာ။ အင်ဂျင်နီယာ ဗဟုသုတ မရှိကြဘူး။ ဒါပေမယ့် ငါတို့ဆီမှာ ဓာတ်လှေကားတွေ လေအေးစက်တွေက ကုန်တိုက်တိုင်းမှာ ရှိတယ်။ အဲဒါတွေ ပျက်ရင် အပြင်က ကန်ထရိုက်တာတွေကို ခေါ်ပြီး ပြင်ခိုင်းရတယ်။ သူတို့ ဘာလုပ်နေသလဲ ဆိုတာ ငါတို့လည်း မသိဘူး။ အဲဒီ ကန်ထရိုက်တာတွေနဲ့ အလုပ်အတူတူ တွဲလုပ်ဖို့ ငါတို့ ဘက်က အင်ဂျင်နီယာ တစ်ယောက် ရှိဖို့ လိုတယ်လို့ ထင်တယ်။ ဒါပေမယ့် ဘာမှ မပျက်ရင်လည်း အဲဒီ အင်ဂျင်နီယာက အလုပ်မရှိပြန်ဘူး။ အဲဒီတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်သွားအောင် ပရိုဂရမ်ရေးတတ်တဲ့ အင်ဂျင်နီယာကို တစ်ခါတည်း အလုပ်ခေါ်လိုက်တာလို့ ရှင်းပြပါတယ်။ ကျွန်တော်လည်း စိတ်ထဲမှာ ရယ်ချင်တာ မနည်း အောင့်ထားရပါတယ်။ ပရိုဂရမ်မာ အလုပ်ခေါ်ပြီး လိုအပ်ရင် ဓာတ်လှေကား ပြင်ရမယ် ဆိုတာမျိုး ဒါပထမဆုံး ကြားဖူးတာ ပါပဲ။ Mr.Bean တောင် သူတို့လောက် မရယ်ရဘူး ပြောရမလို ပါပဲ။

သူက မင်းကို သဘောကျပေမယ့် အလုပ်ခန့်ဖြစ် မခန့်ဖြစ်တော့ မသေချာဘူးလို့ ဆက်ပြောပါသေးတယ်။ ဘာလို့လဲ မေးတော့ ငါတို့ ရုံးမှာ ဝန်ထမ်းတွေ အားလုံးက တရုတ်စကား ပြောကြတာ။ မင်းက တရုတ်စကား မပြောတတ်ဘူး ဆိုတော့ မင်းကို အလုပ်ခန့်ဖို့ အခက်အခဲ ရှိတယ်လို့ ပြောပါတယ်။ ကျွန်တော်လည်း အမြင်ကတ်ကတ်နဲ့ စင်ကာပူရဲ့ ရုံးသုံး ဘာသာစကားက အင်္ဂလိပ် ဘာသာစကား မဟုတ်ဘူးလား။ မင်းတို့ ကုမ္ပဏီနဲ့ ဆိုင်တဲ့ စာရွက်စာတမ်းတွေ အားလုံးကို အင်္ဂလိပ်လို မရေးကြဘူးလား။ တရုတ်လို ရေးကြတာ ပဲလားလို့ ကတ်သတ်ပြီး မေးလိုက်ပါတယ်။ အဲဒီတော့ သူက စာရွက်စာတမ်းကတော့ အင်္ဂလိပ်လို ရေးတာပါပဲ။ ဒါပေမယ့် ကုမ္ပဏီထဲမှာ အချင်းချင်း စကားပြောတာ အစည်းအဝေး လုပ်တာတွေမှာ တရုတ်လိုပဲ ပြောကြတယ် လို့ ပြောပါတယ်။ ဒါကြောင့်မို့ မင်းသာ ငါတို့ ဝန်ထမ်း ဖြစ်လာရင် ငါတို့အတွက် အခက်အခဲ ရှိတယ် လို့ ပြန်ဖြေပါတယ်။ နောက်တော့ ဆက်ပြောစရာ မရှိတာနဲ့ နှုတ်ဆက်ပြီး ပြန်လာခဲ့ပါတယ်။

ကြုံလည်း ကြုံတတ်ပါတယ်။ ပရိုဂရမ် ရေးရမယ်။ ဓာတ်လှေကား အဲယားကွန်းလည်း ပြင်ရဦးမယ်။ တော်ပါသေးတယ်။ ညဖက်အားရင် ညစောင့်ပါ လုပ်ပေးပါဦး ဆိုပြီး မခိုင်းတာပဲ သူတို့ကို ကျေးဇူးတင်ရ ပါဦးမယ်။

Monday, April 27, 2009

တလွဲတချော် အင်တာဗြူး

ကျွန်တော် ကုမ္ပဏီ ခပ်သေးသေး တစ်ခုမှာ အလုပ်လုပ်နေတဲ့ အချိန်တုန်းကပါ။ ကျွန်တော်တို့ ကုမ္ပဏီမှာ အလုပ်တွေက များပြီး အလုပ်သမားက နည်းနေတဲ့အတွက် အလုပ်နဲ့ လူနဲ့ မမျှဘူး ဖြစ်နေပါတယ်။ ရှိသမျှ လူ အကုန်လုံး ညဉ့်နက်တဲ့ အထိ အချိန်ပို လုပ်တာတောင်မှ အလုပ်တွေက မပြီးနိုင်ဘူး ဖြစ်နေပါတယ်။

တစ်နေ့မနက်မှာတော့ ကျွန်တော်လည်း ရုံးမှာ ထုံးစံအတိုင်း စက်ရုံကို ပို့ရတော့မယ့် စက်တွေကို စမ်းနေပါတယ်။ အဲဒီနေ့က ထုတ်လုပ်ရေး အပိုင်းက ဒါရိုက်တာက အရေးပေါ် အလုပ်ကိစ္စ ပေါ်လာတဲ့ အတွက် ရုံးရောက် ပြီးပြီးချင်းပဲ အင်ဒိုနီးရှား ဘာတမ် ကျွန်းကို လစ်သွားပါတယ်။ တခြား အရောင်း ဒါရိုက်တာတွေလည်း ထုံးစံအတိုင်း ရုံးကို မလာကြပါဘူး။ စီနီယာ အင်ဂျင်နီယာ နှစ်ယောက်စလုံးလည်း ထိုင်းကို ပရော့ဂျက်နဲ့ ရောက်နေကြပါတယ်။ ပြောရရင်တော့ ရုံးမှာ ကျွန်တော့်ထက် ကြီးတာ ဆင်ပဲ ရှိတယ် ဆိုတဲ့ အနေအထားမျိုးပါ။

အဲဒီအချိန် ဝပ်ရှော့ထဲကို စီနီယာ တက်ခနစ်ရှင်က အာယူး ရောက်လာပြီး ကျွန်တော့်ကို လာပြောပါတယ်။
“အပြင်မှာ အလုပ်လျှောက်မယ့်သူတွေ ရောက်နေကြပြီ။ သူဌေးလည်း မရှိဘူး။ ဘယ်လို လုပ်မှာလဲ။”
“ဘာအလုပ်လဲကွ။”
“သတင်းစာထဲမှာ အချိန်ပိုင်း အလုပ်သမား လုပ်ချင်တဲ့သူတွေ လူကိုယ်တိုင် လာလျှောက်ပါ ဆိုပြီး ကြေငြာထားလို့ လာလျှောက်တာလို့ ပြောတယ်။ ဒီနေ့နဲ့ မနက်ဖြန် နှစ်ရက် ဆိုပြီး သတင်းစာ ထဲမှာ ကြေငြာထားတယ်။”

ကျွန်တော်လည်း သူပြောမှသာ သိရတာပါ။ Walk-in အင်တာဗြူး ရှိတယ် ဆိုတာကို လုံးဝ မသိပါဘူး။
“ဘော့စ်ကတော့ မနက်ကတည်းက ဘာတမ် လစ်သွားပြီ။ ဖုန်းဆက်ကြည့်ပါလား။” လို့ ကျွန်တော်က အာယူးကို အကြံပေး လိုက်ပါတယ်။

အာယူးက “ငါဆက်ပြီးပြီ။ ပင်လယ်ထဲ ရောက်နေပြီ ထင်တယ်။ ဖုန်းခေါ်လို့ မရဘူး။” လို့ ပြန်ပြောပါတယ်။ စင်ကာပူနဲ့ ဘာတမ်က စပိဘုတ်နဲ့ ပင်လယ်ကို ဖြတ်ပြီး တစ်နာရီလောက် သွားရပါတယ်။ ပင်လယ်ထဲ ရောက်နေတဲ့ အချိန် စင်ကာပူလိုင်းရော အင်ဒိုနီးရှား လိုင်းပါ မမိတတ်ပါဘူး။ နောက်တော့ သူက ဆက်ပြီး “လောလောဆယ် ကုမ္ပဏီမှာ ရှိတဲ့သူထဲမှာ မင်းတစ်ယောက်တည်း အင်ဂျင်နီယာ ရှိတာ။ မင်းပဲ အင်တာဗြူး လိုက်ပေါ့ကွာ။” လို့ ကျွန်တော့်ကို ပြောပါတယ်။

တိုင်တော့ ပတ်နေပါပြီ။ သူတို့ သတင်းစာထဲမှာ ဘာကြေငြာထားမှန်းလဲ မသိ။ ဘယ်လိုလူကို လိုချင်မှန်းလဲ မသိဘဲနဲ့ ကျွန်တော်လည်း ဘာမေးရမယ်မှန်း မသိပါဘူး။ “သူတို့ ဘယ်လိုလူ ခေါ်ထားတာလဲ။” လို့ ကျွန်တော်က မေးတော့ “စက်မှုနဲ့ လျှပ်စစ်ပိုင်း လုပ်ဖို့ အချိန်ပိုင်း အလုပ်သမား ဆိုပြီး ခေါ်ထားတာပဲ။ ဒီမနက် ကြောင်ပေါင်း မှာ ကြေငြာထားတာ။” လို့ အာယူးက ပြန်ဖြေပါတယ်။

စင်ကာပူမှာ ကြောင်ပေါင်း (Lianhe Zao Bao) ၊ ဝမ်ပေါင်း (Lianhe Wan Bao) နဲ့ ရှင်မင်း (Shin Min Daily) ဆိုတဲ့ တရုတ်သတင်းစာ ၃ စောင် ရှိပါတယ်။ ကြောင်ပေါင်းက မနက်ခင်းထုတ်တဲ့ တရုတ်သတင်းစာ ဖြစ်ပြီး ဝမ်ပေါင်းကတော့ ညနေဖက် ထုတ်တဲ့ တရုတ်သတင်းစာ ဖြစ်ပါတယ်။ အဲဒီလို ကြားတော့ ကျွန်တော် ပိုပြီး ခေါင်းစား သွားပါတယ်။
“ကြောင်ပေါင်းမှာ ကြေငြာတယ် ဆိုကတည်းက တရုတ်စကား ပြောတဲ့သူပဲ ဖတ်မှာပေါ့။ ငါမှ တရုတ်စကား မတတ်တာ။ သူတို့ အင်္ဂလိပ်စကား မတတ်ရင် ငါက ဘယ်လို မေးရမှာလဲ။ လက်ဟန် ခြေဟန် နဲ့ မေးရမှာလား။”
ကျွန်တော်က အဲဒီလို ပြောတော့ အာယူး လည်း ခေါင်းကုတ်ပြီး အကြပ်ရိုက်သွားပါတယ်။
“အဲဒါဆို ဘယ်လို လုပ်ရမှာလဲ။”
“လုပ်မနေနဲ့။ ထုတ်လုပ်ရေးပိုင်းမှာ မင်းကခေါင်းဆောင်ပဲ။ မင်းပဲ အင်တာဗြူး လိုက်ပေါ့ကွာ။”ဆိုပြီး ကျွန်တော်လည်း အာယူးကို အချွန်နဲ့ မပေးလိုက်ပါတယ်။ ဘေးနားက အေအီး နှစ်ယောက်ကလည်း သူတို့ဆီ ရောက်မလာရင် ပြီးရော ဆိုပြီး “ဟုတ်တယ်။ မင်းလက်အောက်မှာ လုပ်ရမယ့် သူတွေ။ မင်းအင်တာဗြူး လုပ်တာ အကောင်းဆုံးပဲ။” ဘာညာနဲ့ ဝိုင်းပင့် ပေးကြပါတယ်။

အာယူးလည်း ကြံရာမရ ဖြစ်နေတဲ့ ပုံနဲ့ “ငါက ဘာမေးရမှာလဲကွ။” လို့ ကျွန်တော်တို့ကို ပြန်မေးပါတယ်။ ကျွန်တော်ကတော့ ခေါင်းထဲ ပေါ်လာတဲ့ အကြံ ပေးလိုက်ပါတယ်။
“ဒီလောက် လူတွေ အများကြီး။ စာရွက်တစ်ရွက်နဲ့ ဘောပင်တစ်ချောင်း ယူသွား။ နာမည်မေး။ ဘာလုပ်ဖူးသလဲ မေးကွာ။ ပြီးရင် ဘာလုပ်တတ်သလဲ မေးပြီး ရေးထားလိုက်။ ဖုန်းနံပါတ်လည်း မှတ်ထားလိုက်။ ညနေမှ သူဌေးကိုပြ။ သူစိတ်ဝင်စားရင် ပြန်ခေါ်လိမ့်မယ်။”

ဒီလိုနဲ့ အာယူးတစ်ယောက် စာရွက်တစ်ရွက် ဘောပင်တစ်ချောင်းနဲ့ အင်တာဗြူး ပါတော့တယ်။ ခါတိုင်း ဝပ်ရှော့ထဲမှာ အလုပ်လုပ်နေကျ အာယူးက အခန်းထဲမှာ အခန့်သား ထိုင်ပြီး အင်တာဗြူး နေတာကို ကျွန်တော်တို့လည်း အပြင်ဖက်က ကြည့်ပြီး ဟား နေကြပါတယ်။ သူ ခဏတဖြုတ် အခန်းပြင် ထွက်လာရင်လည်း ကျွန်တော်နဲ့ နောက်အေအီး ၂ ယောက်က သူ့ကို ဘော့စ် ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ဝိုင်းကျပ် ကြပါတယ်။ သူ့ပုံစံကလည်း အင်တာဗြူးသာ လုပ်နေပေမယ့် သူ့နဂို ပုံစံအတိုင်း စပ်ဖြဲဖြဲနဲ့ မျက်နှာပိုးက မသေပါဘူး။ ဆိုင်မှာ လက်ဖက်ရည်လာသောက်တဲ့ သူတွေကို ထိုင်စကားပြော နေတဲ့ ဆိုင်ရှင် တရုတ်လို ပုံစံမျိုး ဖြစ်နေပါတယ်။

အစကတော့ တစ်ယောက်ချင်း အင်တာဗြူးပေမယ့် ၄-၅ ယောက်လောက် ပြီးတော့ သူလည်း စိတ်မရှည်တော့ ပါဘူး။ တစ်ခါကို နှစ်ယောက် သုံးယောက် တပြိုင်တည်း ခေါ်ပြီး အင်တာဗြူးပါတော့တယ်။ အဲဒီလိုနဲ့ တစ်နေကုန် သူ အလုပ်မလုပ်နိုင်ပဲ အလုပ် လာလျှောက်သမျှသူတွေ ကို အင်တာဗြူးနေတာနဲ့ပဲ အချိန်ကုန် သွားပါတယ်။

ညနေဖက် ဒါရိုက်တာ ပြန်လာတော့မှ သူက နာမည်စာရင်း စာရွက်ကို ဒါရိုက်တာကို ပေးလိုက်ပါတယ်။ ဒါရိုက်တာကတော့ ကောင်းတယ် ဆိုပြီး ဘာမှ ထပ်မပြောပါဘူး။ နောက်တစ်နေ့မှာတော့ သတင်းစာထဲ အလုပ်ခေါ်ထားတဲ့ အတိုင်း နောက်တစ်သုတ် အလုပ် လာလျှောက်ကြပါတယ်။ အဲဒီနေ့ကတော့ ဒါရိုက်တာ ကိုယ်တိုင် အင်တာဗြူးတော့ လာလျှောက်သမျှ လူထဲက သူကြိုက်တဲ့သူ တော်တော်များများကို အလုပ်ခန့်လိုက်ပါတယ်။ ပထမနေ့ လာလျှောက်တဲ့ သူတွေကို ပြန်မခေါ်တော့ပါဘူး။

တကယ်တော့ ပထမနေ့က အလုပ်လာလျှောက်တဲ့ သူတွေထဲမှာ အတွေ့အကြုံ ရှိတဲ့သူတွေ ပါပေမယ့် ကံမကောင်းချင်တော့ ကျွန်တော်တို့နဲ့ တွေ့ပြီး တစ်ယောက်မှ အလုပ်မရကြပါဘူး။ ဒုတိယနေ့ လာလျှောက်တဲ့သူတွေကတော့ ကံကောင်းချင်လို့ သူဌေးနဲ့ တိုက်ရိုက်တွေ့ပြီး အလုပ်တန်းရ ကြပါတယ်။ အဲဒီတော့ အလုပ်ရှာတဲ့ နေရာမှာ ဝီရိယ ကောင်းတာက အရေးကြီး တယ် ဆိုရင် အပြည့်အဝတော့ မှန်မယ် မထင်ပါဘူး။ တခါတလေတော့ ကံကလည်း ကောင်းဖို့ လိုပါသေးတယ် လို့ တွေးမိ လိုက်ပါတယ်။

Tuesday, April 21, 2009

လုပ်ငန်းခွင်မှာ နေရာယူနည်း

ကုမ္ပဏီတွေမှာ အရွယ်အစားကြီးလာတာ နဲ့အမျှ ကိုယ့်ရဲ့ အရည်အချင်းကို ပေါ်လွင်အောင် ပြဖို့ ပိုပြီး ခဲယဉ်းလာ ပါတယ်။ အဲဒီတော့ ဒါရိုက်တာလို၊ VP လို ရာထူးမျိုးတွေ ကို မှန်းတဲ့ သူတွေအတွက် သူများထက် ပိုပြီး ခေါင်းတစ်လုံးမက သာနိုင်အောင် လုပ်ဖို့ လိုပါတယ်။ ကိုယ့်အနားမှာ ရှိတဲ့သူတွေကို နင်းကျော်ခွပြီး တက်နိုင်ပါမှ အထက်ကို ရောက်ပါလိမ့်မယ်။ ကျွန်တော် အခု ပြောချင်တဲ့ အချက်တွေ ကတော့ အဲဒီလို လူမျိုးတွေ သတိထားသင့်တဲ့ အချက်တွေ ပါပဲ။

ပထမဆုံးအချက် အနေနဲ့ နည်းပညာပိုင်းမှာ သူလိုငါလိုထက် ပိုပြီး မသိဖို့ လိုပါတယ်။ နည်းပညာ ပိုင်းမှာ ကိုယ်က သူများထက် ပိုပြီး ထူးချွန် နေမယ် ဆိုရင် ကိုယ့်ဘော့စ်က “ဒီကောင့်ကို ရာထူး တိုးပေးလိုက်ရင် ဒီကောင့်နေရာမှာ နောက်တစ်ယောက် အစားထိုးဖို့ ခက်မယ်။” ဆိုပြီး ရာထူးတိုးပေးဖို့ တွန့်နေ ပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်က နည်းပညာပိုင်းမှာ သူလိုငါလို ဖြစ်နေမယ် ဒါမှမဟုတ် သူများထက် ညံ့နေမယ် ဆိုရင်တော့ “ဒီကောင့်ကို ဒီနေရာမှာ ထားလည်း သုံးလို့ရမှာ မဟုတ်ဘူး။ မြန်မြန် ရာထူး တိုးပေး လိုက်တာ အေးတယ်။” ဆိုပြီး ရာထူး မြန်မြန် တိုးပေး ပါလိမ့်မယ်။

နောက်တစ်ချက် အနေနဲ့က ကြမ်းပိုးကို လက်ထဲမှာ ကိုင်ပြပြီး အဲဒါ လိပ်ပါဆိုတာကို ကိုယ့်လက်အောက် ငယ်သားတွေ သဘောပေါက်အောင် ရှင်းပြနိုင်တဲ့ အရည်အချင်း ရှိရပါမယ်။ အဲဒီလို ရှင်းပြတဲ့ အခါမှာလည်း “ဒီမှာ ကြည့်ကွာ။ ခြေထောက် တွေနဲ့။ နွားလည်း မဟုတ်ဘူး။ ဆိတ်လောက်လည်း အရွယ်မကြီးဘူး။ ကျောကုန်းကလည်း ခုန်းသေးတယ်။ ဒါမှ လိပ်မဖြစ်ရင် ဘယ်ဟာက လိပ်ဖြစ်တော့မလဲ။” စသည်ဖြင့် ကိုယ်လိုတဲ့ အချက်ကို ဆွဲပြီး ပြောတတ်ဖို့က ပိုအရေးကြီးပါတယ်။ ကိုယ့်လက်အောက် ငယ်သားတင်သာ မကပဲ ကိုယ်နဲ့ အမြဲ ဆက်ဆံနေတဲ့ ဝယ်သူ တွေကိုလည်း နားဝင်အောင် ပြောတတ်ရပါမယ်။

အဲဒီတော့ နောက်တစ်ချက် အနေနဲ့ အသံကျယ်ဖို့ လိုအပ် လာပါတယ်။ ဒါမှ ကိုယ့် လက်အောက် ငယ်သား တွေကို ကြမ်းပိုးကို လိပ်ဖြစ်ကြောင်း ရှင်းပြတဲ့ အခါမှာ လက်ခံအောင် ရှင်းပြဖို့ ပိုပြီး လွယ်ပါလိမ့်မယ်။ “ဒါလိပ်ကွ။ လိပ်။ လိပ်မဟုတ်ဘူး ဆိုတာ လက်မခံလို့ကို မရဘူး။” ဆိုတာမျိုးကို အသံကျယ်ကျယ်နဲ့ အော်ဟစ်ပြောနိုင်ရင် ကိုယ့်လက်အောက် ငယ်သားက လက်မခံချင်ရင် တောင်မှ နားငြီး သက်သာရင် ပြီးရော ဆိုပြီး လက်ခံသွား နိုင်ပါတယ်။

နောက်တစ်ချက် လိုအပ်တာ ကတော့ မေ့တတ်ရပါတယ်။ ဒါမှလည်း စကားကို ဒီနေ့တမျိုး မနက်ဖြန် တမျိုး ပြောလို့ ရပါမယ်။ ပထမနေ့က ကြမ်းပိုးကို လိပ်လို့ ပြောခဲ့ပေမယ့် နောက်တစ်နေ့ လိုအပ်လာရင် ပြန်ပြောင်း ပြောလို့ ရပါမယ်။ “မင်းတို့ကို လိပ်လို့ ဘယ်သူ ပြောသလဲကွ။ ဒါကြမ်းပိုးကွ။ အရှင်းကြီး။ ဒီလောက်လေး တောင်မှ မသိဘူးလား။” ဆိုတဲ့ လေသံမျိုးနဲ့ မနေ့က ပြောခဲ့တာ ကိုယ်ပဲ မဟုတ်သလို မေ့ချင်ယောင်ဆောင် (ရူးချင်ယောင်ဆောင်ပြီး) ပြောတတ် ရပါတယ်။

နောက်ဆုံး မတတ်သာလို့ ကိုယ်တာဝန်ယူ ရတော့မယ့် အခြေအနေ ရောက်ရင် ကိုယ့်ကြောင့် အမှားဖြစ်တာ မဟုတ်သလို လက်အောက်ငယ်သားကို လွှဲချတတ်ရပါတယ်။ ဝယ်သူက သူ ရလိုက်တာဟာ လိပ်မဟုတ်ဘူး ကြမ်းပိုး ဖြစ်နေတယ်လို့ ကိုယ့်ကို ပြသနာ ရှာလာခဲ့မယ် ဆိုရင် “ ဟုတ်တယ်။ ဒါမဖြစ်သင့်ဘူး။ ကျွန်တော့် လက်အောက်က ကောင်တွေ အစကတည်းက တလွဲတွေ တင်ပြ လာခဲ့လို့ မဖြစ်သင့်တာတွေ ဖြစ်ရတာပါ။ နောက်ကို ဒီလို မဖြစ်စေရဘူး။ ဒီကောင်တွေကို ပြင်းပြင်းထန်ထန် သတိပေး ပြီးပါပြီ။ ” အစချီပြီး ပြသနာဟာ ကိုယ့်ကြောင့် ဖြစ်ရပေမယ့် ကိုယ့်လက်အောက် ငယ်သားကြောင့် ဖြစ်ရသလို အပြစ်ကို လွှဲချတတ် ရပါတယ်။

နောက်တစ်ပိုင်း အနေနဲ့ ရုံးမှာ ရှိနေတဲ့ အချိန် လိုက်နာရမယ့် အချက်တွေပါ။ ပထမ အချက်က စားပွဲကို အမြဲတမ်း ဖွထားဖို့ လိုပါတယ်။ စားပွဲရှင်းနေရင် အလုပ်မလုပ်ဘူး လို့ အထင်မှား သွားနိုင်ပါတယ်။ စားပွဲက ပွနေရင်တော့ အလုပ်တွေ အရမ်းရှုပ် နေတယ်လို့ နည်းနည်းပါးပါးတော့ အမြင်မှား သွားနိုင်ပါတယ်။

ရုံးမှာ ဖုန်းပြောနေတဲ့ အချိန် တရုံးလုံး ကြားအောင် အသံ အကျယ်ကြီးနဲ့ အော်ဟစ် ပြောတတ်ဖို့လည်း လိုပါတယ်။ ဒါမှလည်း ဟုတ်ဟုတ် မဟုတ်ဟုတ် ကိုယ်အလုပ်လုပ် နေကြောင်း ဘော့စ် အပါအဝင် တရုံးလုံး သိနိုင် ပါတယ်။

ရုံးမှာ သူများထက် စောရောက်အောင် လာပြီး နောက်ကျမှ ပြန်ဖို့ကလည်း အရေးကြီးပါတယ်။ အလုပ် မလုပ်ချင်ရင် အင်တာနက် သုံးနေပါ။ ဘလော့ခ်လည်တာ၊ Facebook သုံးတာ အစရှိတာ တွေကို ရုံးမှာပဲ လုပ်ပါ။ ရုံးမှာ အိုင်တီ ဌာနက အဲဒီ ဝက်ဘ်ဆိုက်ဒ် တွေကို ပိတ်ထားတယ် ဒါမှမဟုတ် အင်တာနက် သုံးတာကို အမြဲ စောင့်ကြည့်နေတယ် ဆိုရင် မိုဘိုင်း အင်တာနက် တစ်ခုလောက် ဆောင်ထားပါ။ အိမ်မှာ ကွန်ပြူတာ ရှေ့ထိုင်ပြီး အချိန်ဖြုန်းရမယ့် အတူတူ ရုံးမှာပဲ သုံးပြီး အချိန်ကို ကိုယ့်တက်လမ်း အတွက် အသုံးချပါ။

ညနေဖက် ရောက်လာတဲ့ အီးမေးလ်ထဲက ကိုယ့်ရဲ့ အထက်အရာရှိကို ကော်ပီလုပ်ပြီး ပို့ရမယ့် အီးမေးလ်ကို ချက်ချင်း မပြန်ပါနဲ့။ ရေးပြီးရင် စာကြမ်းအနေနဲ့ သိမ်းထားပါ။ အိမ်ပြန်ရောက်တဲ့ အချိန် ည ၁ နာရီလောက်မှ နှိုးစက်ပေးပြီး စာကြမ်းနဲ့ သိမ်းထားတဲ့ အီးမေးလ်ကို အချိန်ပြောင်းပြီး ပို့ပါ။ ဒါမှ ကိုယ် ညနက်သန်းခေါင် အလုပ်လုပ်နေတယ် ဆိုပြီး လူအထင်ကြီး ခံရနိုင်ပါတယ်။

ဒါတွေကတော့ ကော်ပိုရေးရှင်းတွေမှာ ရာထူးကြီးတဲ့ သူဖြစ်ဖို့ အသုံးဝင်နိုင်တဲ့ အကြံပေးချက် တွေပါ။ ကိုယ့်ဉာဏ်စွမ်း ဉာဏ်စကို အသုံးပြုပြီး လိုအပ်သလို ပြုပြင် အသုံးချပါ။ မလုပ်တတ်လို့ မတော်တဆ အလုပ်ပြုတ် သွားရင်တော့ ကိုယ့်ဘာသာကို အတော် ရိုးသေးတာပဲ ဆိုပြီး ဂုဏ်ယူလိုက်ပါ။

Sunday, April 19, 2009

စမ်းတဝါးဝါး စင်ကာပူနေ့များ

စင်ကာပူကို မလာခင် အချိန်တုန်းက ရန်ကုန်မှာ ကျွန်တော်နဲ့ အမြဲတမ်း တွဲဖြစ်တဲ့ သူငယ်ချင်းက ကြယ်ငါးပွင့် သင်္ဘောသားပါ။ အမြဲတမ်းလိုလို စင်ကာပူကို သွားလိုက် ပြန်လိုက် လုပ်နေပါတယ်။ ကျွန်တော်က သူ့ကို စင်ကာပူမှာ ရထားက မြေပေါ်က သွားလား မြေအောက်က သွားလား မေးတော့ သူက မြေအောက်က သွားတယ် လို့ ဖြေပါတယ်။ အဲဒီလိုပဲ ကျွန်တော့် အိမ်နားမှာ စင်ကာပူကို အလုပ်ကိစ္စနဲ့ ခဏတဖြုတ် သွားဖူးတဲ့ အစ်ကိုကြီး တစ်ယောက်လည်း ရှိပါတယ်။ သူကတော့ စင်ကာပူမှာ ရထားဆိုတာ မိုးပေါ်ကပဲ သွားတယ်လို့ ပြောပါတယ်။ ကျွန်တော့်မှာ သူတို့ နှစ်ယောက် တစ်ယောက် တစ်မျိုးစီ ပြောတဲ့ စကားမှာ ဘယ်သူ့စကားကို ယုံရမလဲ မသိပါဘူး။ နှစ်ယောက်စလုံး ကလည်း စင်ကာပူ ရောက်ဖူးနေတာ သေချာတော့ ဇဝေဇဝါနဲ့ ဖြစ်နေပါတယ်။

စင်ကာပူကို စရောက်တဲ့ နေ့က ယူးနို့စ် (Eunos) ဘူတာရုံကနေ ကလယ်မန်တီ (Clementi) အထိ ရထားစီး လိုက်တော့မှ စင်ကာပူမှာ ရထား ဆိုတာ မြေပေါ်ကရော မြေအောက်ကပါ သွားတယ် ဆိုတာ သိလိုက် ရပါတယ်။ နောက်တော့မှ ဇာတ်ရည်လည် ပါတယ်။ ကျွန်တော့် သူငယ်ချင်း ကြယ်ငါးပွင့် သင်္ဘောသားက သင်္ဘောဆိပ်ကမ်း ရှိတဲ့ တန်ဂျွန်ပါဂါ (Tanjong Pagar) ကနေ အဟောင်းတန်း ရှိတဲ့ ဘူဂစ်စ် (Bugis) အထိပဲ ရထား စီးဖူးတော့ ရထားဆိုတာ မြေအောက်က သွားတယ် လို့ပဲ သိပါတယ်။ အဲဒီ ဘူတာတွေကြားမှာ ရထားက မြေအောက်ကပဲ သွားပါတယ်။ ကျွန်တော့် အိမ်နားက အစ်ကိုကြီးကတော့ လေဆိပ်နားက တန်းပနိစ်(Tampines) ဘူတာကနေ အယ်လ်ဂျူးနိ (Aljunied) အထိပဲ ရထားစီးဖူးတော့ ရထားဆိုတာ မိုးပေါ်က သွားတယ် လို့ပဲ သိပါတယ်။ အဲဒီ ဘူတာတွေ ကြားမှာ ရထားက မိုးပေါ်ကပဲ သွားပါတယ်။ နှစ်ယောက်စလုံး ကိုယ့်အတွေ့အကြုံနဲ့တော့ ကိုယ်မှန်ကြပါတယ်။ မေးမိတဲ့ ကျွန်တော့် အမှားပါ။

စင်ကာပူမှာ ဆေးလိပ် ဈေးကြီးတယ် သတင်းကြားလို့ စင်ကာပူ မလာခင်က ဟိုရောက်ရင် ဆေးလိပ် မသောက်တော့ ဘူးကွာ ဆိုပြီး ဆုံးဖြတ်ပါတယ်။ အိမ်ကနေ လေဆိပ်ကို ထွက်တော့ ဆေးလိပ်ဘူးကို လုံးဝ ယူမလာခဲ့ ပါဘူး။ ဒါပေမယ့် လေဆိပ် ပြည်ပထွက်ခွာ အဆောက်အဦးထဲအထိ လိုက်ပို့တဲ့ ကျွန်တော့်မိတ်ဆွေ လေယာဉ်မှူး က “ဟေ့ကောင်။ စင်ကာပူမှာ ဆေးလိပ် ဈေးကြီးတယ်။ မင်းမားသားကြီး မသိအောင် ငါ့ဆေးလိပ်ဘူး ယူသွား။” ဆိုပြီး သူ့အိတ်ထဲက လန်ဒန် စီးကရက်ဘူးကို ကျွန်တော့် အိတ်ကပ်ထဲ ထည့်ပေးလိုက် ပါတယ်။ အဲဒီလိုနဲ့ စီးကရက်ဘူး တစ်ဘူးနဲ့ စင်ကာပူကို ရောက်လာခဲ့ပါတယ်။ ဆေးလိပ်ဘူး အိတ်ကပ်ထဲမှာ ပါလာတော့လည်း မနေနိုင်ပါဘူး။ သောက်ချင်တာ ပါပဲ။ ဒါပေမယ့် မီးခြစ်က ပါမလာတော့ တိုင်ပတ်နေပါတယ်။ စားသောက်ဆိုင်တန်းတွေမှာ မီးအလကားညှိလို့ ရတယ် ဆိုတာလည်း အဲဒီတုန်းက မသိပါဘူး။ ကျွန်တော်က မြန်မာနိုင်ငံမှာလိုပဲ ယမ်းမီးခြစ် ဝယ်ရင် ဈေးသက်သာမယ်။ ဂက်စ်မီးခြစ် ဝယ်ရင်တော့ ဈေးကြီးလိမ့်မယ် လို့ တွေးမိပါတယ်။ အဲဒါနဲ့ပဲ ကုန်စုံဆိုင်မှာ ယမ်းမီးခြစ် ဝယ်တော့ တစ်ဒေါ်လာ ပေးလိုက်ရပါတယ်။ စိတ်ထဲမှာတော့ ယမ်းမီးခြစ် တောင်မှ တစ်ဒေါ်လာ ပေးရရင် ဂက်စ်မီးခြစ် ဆိုရင်တော့ အတော် ဈေးကြီးမှာပဲလို့ တွေးမိပါတယ်။ ကျွန်တော် မသိတာက စင်ကာပူမှာ ယမ်းမီးခြစ်က ရှားပြီး ဂက်စ်မီးခြစ်က ပေါပါတယ်။ ဂက်စ်မီးခြစ် ဝယ်ရင် ၅၀ ဆင့် ပဲ ပေးရတယ် ဆိုတာ မသိပါဘူး။ အဲဒီလိုနဲ့ ကောင်းဘွိုင်လိုလို ဘာလိုလို ယမ်းမီးခြစ် တရှဲရှဲနဲ့ ဆေးလိပ်ခဲရင်း စင်ကာပူရဲ့ ပထမပတ် ကို ကျော်ဖြတ်ခဲ့ ရပါတယ်။

ကျွန်တော်တို့ စင်ကာပူ ရောက်လာခါစက အရက်ကို လုံးဝနီးပါး မသောက်ကြပါဘူး။ ဘယ်မှာ ဝယ်ရမှန်း မသိတာလည်း ပါပါတယ်။ မှတ်မှတ်ရရ သူငယ်ချင်း တစ်ယောက် အသည်းကွဲလာလို့ တစ်အိမ်လုံး စုပြီး ဂျော်နီဝေါ့ကား သောက်ဖြစ်ကြတဲ့ တစ်ခါက လွဲရင် မသောက်ဖြစ်ကြ ပါဘူး။ အဲဒီလိုနဲ့ပဲ ခရစ်စမတ် အချိန် ရောက်လာပါတယ်။ အိမ်က သူငယ်ချင်းတွေ စုပြီး ခရစ်စမတ် အထိမ်းအမှတ် အရက်သောက်ကြမယ်လို့ တိုင်ပင်ကြ ပါတယ်။ အဓိက အကြောင်းကတော့ မသောက်ရတာ ကြာလို့ သောက်ချင်လို့ ခေါင်းစဉ်တပ် တာပါ။ ရန်ကုန်မှာဆို ခေါင်းစဉ်တပ်စရာ မရှိရင် မနက်ဖြန်ကို ကြိုဆိုတဲ့ အထိမ်းအမှတ်ဆိုပြီးတော့တောင် ခေါင်းစဉ်တပ် ကြ ပါသေးတယ်။

ကျွန်တော်နဲ့ နောက်သူငယ်ချင်း တစ်ယောက်က မြို့ထဲ ထွက်ပြီး အရက်ဝယ်ကြပါတယ်။ ဈေးလည်း သက်သာမယ်။ မူးလည်း မူးရမယ် ဆိုတဲ့ အရက်မျိုးကို လိုက်ရှာကြပါတယ်။ အမှန်တကယ်ကတော အိမ်နားက ဈေးထဲမှာ မဲခေါင် လို ကြောင်နက်လို အရက်မျိုးကို ဈေးပေါပေါနဲ့ ဝယ်သောက်လို့ ရပါတယ်။ အဲဒါကို မသိတော့ မြို့ထဲက စူပါမတ်ကတ် တွေမှာ အရက်ပုလင်း လိုက်ရှာကြပါတယ်။ ဝိုင်က ဈေးပေါပေါနဲ့ ရပေမယ့် ဝိုင်သောက်ရင်လည်း မူးမှာ မဟုတ်ဘူး ဆိုပြီး အယ်လ်ကိုဟော ရာခိုင်နှုန်းများတဲ့ အရက်ကို တွေ့အောင် ရှာကြပါတယ်။ နောက်ဆုံးမှာတော့ ဗော့ဒ်ကာ တစ်ပုလင်း ဝယ်ဖြစ် သွားပါတယ်။ အဲဒီညက ခရစ်စမတ် အကြို ဆိုပြီး အိမ်မှာ ဗော့ဒ်ကာ ပုလင်း ကို ဝိုင်းဖြို ကြပါတယ်။ ဗော့ဒ်ကာကို တစ်ယောက်မှ မသောက်ဖူးကြတော့ ဘယ်လို စပ်ရမယ် ဆိုတာလည်း မသိကြပါဘူး။ ဒီအတိုင်းပဲ ရေခဲရေနဲ့ ရောပြီး သောက်ကြပါတယ်။ ညကျတော့ အတော်ကို ခံစားရ တာပါပဲ။ စင်ကာပူ ရာသီဥတုကပူ အိမ်မှာ အဲယားကွန်း မရှိ သောက်ထားတဲ့ ဗော့ဒ်ကာ ကလည်း ရင်ဘတ်ထဲကနေ လှိုက်ပူတော့ ကျွန်တော်တို့ အားလုံး အဲဒီညက တော်တော်နဲ့ အိပ်မရ ကြပါဘူး။

Tuesday, April 14, 2009

စစ်တုရင် ကစားသမားနှင့် စိတ်ကူး အပိုင်းအစများ

ကမ္ဘာ့စစ်တုရင် ချန်ပီယံဟောင်း ဘောရစ်စ် စပါစကီးဟာ ချန်ပီယံမဖြစ်ခင် အချိန်တုန်းက ကစားပွဲ တစ်ခုမှာ အရုပ်တစ်ရုပ်ကို အမှတ်မထင် ကိုင်လိုက်မိပါတယ်။ စစ်တုရင် ပြိုင်ပွဲတွေမှာ ကိုင်ကောင်ရွှေ့ ဒါမှမဟုတ် ကစားရုပ် တစ်ရုပ်ကို ကိုင်မိရင် အဲဒီ အရုပ်ကိုပဲ ရွှေ့ရမယ် ဆိုတဲ့ စည်းမျဉ်း စည်းကမ်း ရှိပါတယ်။ စပါစကီးဟာ အဲဒီ အရုပ်ကို ကိုင်ပြီးတဲ့ အချိန်မှာ ဘယ်အကွက်ကို ရွှေ့ရမလဲ ဆိုတာကို ကြည့်ပါတယ်။ အဲဒီ အရုပ်ကို ရှေ့ကို ရွှေ့ရင် အစားခံရမယ်။ နောက်ကို ပြန်ရွှေ့ရင်လည်း သူ့ရဲ့ ကစားကွက်တွေ ပိတ်ကုန်မယ်။ သူဟာ အဲဒီအရုပ်ကို လေထဲမှာ ကိုင်မြှောက်ရင်း စဉ်းစားပါတယ်။ နောက်ဆုံး ဘယ်လိုမှ စဉ်းစားလို့ မရတော့တဲ့ အဆုံးမှာ အဲဒီ အရုပ်ကို ကိုင်လျှက်နဲ့ပဲ စစ်တုရင် ခုံက ထထွက် သွားခဲ့ ပါတယ်။ နောက်တော့ သူဟာ လက်ထဲက အဲဒီအရုပ်ကို လွှတ်ပစ်လိုက် ပါတယ်။ စပါစကီးဟာ အဲဒီကစားပွဲကို အရှုံးပေးခဲ့ သလို အဲဒီ ပြိုင်ပွဲကနေလည်း နှုတ်ထွက် သွားခဲ့ပါတယ်။ နောင်တစ်ချိန် စစ်တုရင် ကစားခုံကို ပြန်ရောက်လာတဲ့ အချိန်မှာတော့ စပါစကီးဟာ အဲဒီလို နမော်နမဲ့ ကစားကွက်တွေကို ရှောင်ကြဉ်ခဲ့ပြီး ကမ္ဘာ့စစ်တုရင် ချန်ပီယံ သရဖူကို ဆောင်းနိုင်တဲ့ အထိ အောင်မြင်ခဲ့ ပါတယ်။

အချို့သော စစ်တုရင် ချန်ပီယံများကတော့ နည်းနည်း ကြောင်တောင်တောင် နိုင်ပါတယ်။ အလီခိုင် (အရင်ခေတ်က မြန်မာ စာအုပ်တွေ မှာတော့ အေလျာဟင် လို့ ရေးပါတယ်။ အင်္ဂလိပ် စာလုံးပေါင်းက Alekhine ပါ။) ဆိုတဲ့ စစ်တုရင် ချန်ပီယံဟောင်းဟာ ကစားပွဲ တစ်ခုမှာ သူ့ရဲ့ ပြိုင်ဖက်ကို မင်းဆီက နယ်ရုပ်တစ်ရုပ် ဖြုတ်ပေးရင် ငါ့လက်သန်းကို ဖြတ်ပေးမယ် ဆိုပြီး ကမ်းလှမ်း ဖူးပါတယ်။ အလီခိုင်ရဲ့ နယ်ရုပ် လေးရုပ်တိတိ ဘုရင်မ လဲခဲ့တဲ့ ကစားပွဲ တစ်ပွဲဟာလည်း စစ်တုရင် လောကမှာ သမိုင်းတွင် ကျန်ခဲ့ဖူး ပါတယ်။ အလီခိုင်ဟာ ထပ်ဆင့် ကမ္ဘာ့စစ်တုရင် ချန်ပီယံဟောင်း တစ်ဦး အဖြစ် ကျော်ကြားခဲ့ရုံသာ မကပဲ အလီခိုင်ခံစစ်လို့ အမည်ရတဲ့ သမရိုးကျ ခံစစ် တွေကနေ ဖောက်ထွက်သွားတဲ့ ခံစစ် တစ်မျိုးကို တီထွင်ခဲ့တာ ကြောင့်လည်း သူ့ရဲ့ နာမည် တွင်ကျန်ရစ် ခဲ့ပါတယ်။

အမေရိကန် နိုင်ငံရဲ့ တစ်ဦးတည်းသော ကမ္ဘာ့စစ်တုရင် ချန်ပီယံ ဖြစ်ခဲ့တဲ့ ဘော်ဘီဖစ်ရှာ ကတော့ ပေါင်းသင်း ဆက်ဆံရေး လူမှုရေးတွေမှာ အလွန် ညံ့ဖျင်းပါတယ်။ ဖစ်ရှာ ဟာလည်း ကြောင်တောင်တောင် စစ်တုရင် သမား တစ်ယောက်ပါပဲ။ ဒါပေမယ့် အလီခိုင်တို့ ဖစ်ရှာတို့ရဲ့ စစ်တုရင် ရွှေ့ကွက်တွေမှာ ကြည့်နေတဲ့ သူအားလုံး ရင်သပ်ရှုမော ဖြစ်သွားလောက်စေတဲ့ ဆန်းပြားလှပတဲ့ ရွှေ့ကွက်တွေ ပါဝင်တတ် ပါတယ်။

စစ်တုရင် အားကစားသမား တစ်ယောက် ဖြစ်ဖို့အတွက် ထင်သလောက် မလွယ်ပါဘူး။ ထိုင်ခုံတစ်ခုံမှာ မထဘဲ ၄ နာရီ လုံးလုံး ထိုင်နေပြီး ကိုယ့်ရှေ့က ကစားခုံမှာ အာရုံစူးစိုက် ထားရတာ ထင်တာထက် ပိုပြီး ပင်ပန်းပါတယ်။ ပြိုင်ပွဲပြီးလို့ ထိုင်ခုံက ထလာတဲ့ အချိန်မှာ ရှုံးသည် ဖြစ်စေ နိုင်သည်ဖြစ်စေ ရှိသမျှ အားအင်တွေ အကုန်လုံး ကုန်ခမ်း သွားသလို ခံစားရ တတ်ပါတယ်။ ဒူးခိုင်အောင် ရပ်နိုင်ဖို့တောင် မလွယ်ပါဘူး။ ကမ္ဘာ့စစ်တုရင် ချန်ပီယံတွေကတော့ ထိုင်ခုံမှာ အချိန်ကြာကြာ ထိုင်ပြီး အာရုံစူးစိုက် နိုင်ဖို့ အတွက် လုံလောက်တဲ့ ကျန်းမာ သန်စွမ်းမှုမျိုး ရရှိအောင် ကျန်းမာရေး လိုက်စားလေ့ ရှိကြပါတယ်။ ကမ္ဘာ့ ချန်ပီယံဟောင်း ဂယ်ရီ ကက်စပါးရော့ ဟာ မနက်တိုင်း ၂ နာရီ ကြာအောင် ရေကူးတယ် လို့ ဆိုပါတယ်။ ကက်စပါးရော့နဲ့ ကက်စပါးရော့ရဲ့ အရင် ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ အနာတိုလီ ကားပေါ့ တို့ဟာ Red Meat လို့ ခေါ်တဲ့ ခြေလေးချောင်းသား ရှောင်ကြဉ်ခြင်း၊ အားကစား လိုက်စားခြင်း၊ ဆေးလိပ် အရက် လုံးဝ မသောက်ခြင်း အစရှိတဲ့ ကျန်းမာရေး လိုက်စားမှုတွေကို ပြုခဲ့ကြပါတယ်။

စစ်တုရင် ကစားသမား တစ်ယောက် ဖြစ်ဖို့ လေ့လာ သင်ယူမှုတွေလည်း အများကြီး လိုအပ် ပါတယ်။ အဖွင့်ပိုင်း (Opening) ကစားကွက်တွေ နဲ့ သီအိုရီတွေ၊ အလယ်ပိုင်း (Middle Game) သီအိုရီတွေ၊ ပွဲသိမ်းပိုင်း (End Game) သီအိုရီတွေကို လေ့လာ ရပါတယ်။ အဲဒီ သီအိုရီတွေကို ကိုယ်ပိုင်ဉာဏ်နဲ့ ပေါင်းစပ်ပြီးမှ စိတ်ကူးဉာဏ် ကွန့်မြူးပြီး ဗျူဟာဆင် ကစားရပါတယ်။ ရှေ့ကို ၂ ကွက် ၃ ကွက် ကြိုပြီး တွေးတတ်ရုံနဲ့ စစ်တုရင် ကစားသမား ကောင်း တစ်ယောက် ဖြစ်မလာ နိုင်ပါဘူး။ ကက်စပါးရော့ ဆိုရင် နောက်လာမယ့် အကွက် ၄၀ အထိ ကြိုတွေးလေ့ ရှိတယ် လို့ ဆိုပါတယ်။

တစ်ခါတုန်းက တစက္ကန့်ကို ရွှေ့ကွက်ပေါင်း သန်း ၁၀၀ တွက်ချက် နိုင်တဲ့ ဒိသော့ပ် (Deep Thought) လို့ အမည်ရှိတဲ့ အိုင်ဘီအမ်က ထုတ်လုပ်တဲ့ စူပါ ကွန်ပြူတာနဲ့ အဲဒီအချိန်က ကမ္ဘာ့စစ်တုရင် ချန်ပီယံ ကက်စပါးရော့တို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ကက်စပါးရော့က အနိုင်ရခဲ့ပါတယ်။ အဲဒါကြောင့် အိုင်ဘီအမ်က ဒိသော့ပ်ကို အဆင့်မြှင့်ပြီး တစက္ကန့်ကို ရွှေ့ကွက်ပေါင်း သန်း၂၀၀ တွက်ချက်နိုင်တဲ့ ဒိဘလူး (Deep Blue) လို့ အမည်ရတဲ့ စူပါကွန်ပြူတာကို ထုတ်လုပ်ခဲ့ပါတယ်။ ဒိဘလူးဟာ ကက်စပါးရော့ကို ပွဲတိုင်း နိုင်အောင် မထိုးနိုင်ပေမယ့် အမှတ် အသာနဲ့ အနိုင်ရခဲ့ပါတယ်။ ကက်စပါးရော့က အိုင်ဘီအမ်ကို နောက်တစ်ပွဲ ပြန်ထိုးဖို့ ကမ်းလှမ်းပေမယ့် အိုင်ဘီအမ်က လက်မခံဘဲ အနိုင်နဲ့ ပိုင်းခဲ့ပါတယ်။ အများစုကတော့ အိုင်ဘီအမ်ကို သူတို့ရဲ့ စတော့ရှယ်ယာတွေ ဈေးတက်ရုံ သက်သက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြိုင်ပွဲကို လုပ်ခဲ့တာလို့ စွပ်စွဲခဲ့ပါတယ်။

ဒီလောက် အကွက်တွေ အများကြီး တွက်ချက်နိုင်တဲ့ ကွန်ပြူတာဟာ ကက်စပါးရော့လို ချန်ပီယံကို ဘာဖြစ်လို့ ပွဲတိုင်း နိုင်အောင် မထိုးနိုင်တာလဲ ဆိုတာ စဉ်းစားစရာ ပါပဲ။ စစ်တုရင်သမား တစ်ယောက်ရဲ့ အမြင်နဲ့ရော ကွန်ပြူတာ ပရိုဂမ်မာ တစ်ယောက်ရဲ့ အမြင်နဲ့ပါ ကြည့်မယ် ဆိုရင် ကွန်ပြူတာကို သင်ပေးလို့ မရတဲ့ ကစားဟန်တွေ ရှိနေတယ် ဆိုတာကို တွေ့ရပါတယ်။ ပထမ တစ်မျိုးကတော့ အကောင်ကွေျး ကစားခြင်း (Sacrifice) ဖြစ်ပါတယ်။ ကွန်ပြူတာဟာ စစ်တုရင် ချန်ပီယံ တွေလို အကွက်သာဖို့ အကောင်ချကွေျးလေ့ မရှိပါဘူး။ ကက်စပါးရော့နဲ့ ကစားခဲ့တဲ့ ပွဲမှာ ကွန်ပြူတာဟာ အကွက်အသာ ရနေတဲ့ အချိန်မှာတောင် ပွဲပြီးဖို့ အားသွန် မကစားပဲ လွတ်နေတဲ့ နယ်ရုပ်ကို ပြေးစားတာ တွေ့လို့ ပရိသတ်တွေ ပွဲကျခဲ့ ရပါတယ်။ နောက်တစ်မျိုးကတော့ Maneuver လို့ ခေါ်တဲ့ ကွက်လှည့်ကွက်ပြောင်းပါ။ ကားပေါ့ ဟာ သူ့ရဲ့ ကစားပွဲ တစ်ခုမှာ ဘုရင်ရဲ့ လုံခြုံရေးအတွက် ဘုရင်ကို ကစားခုံရဲ့ ညာဖက်စွန်းကနေ ဘယ်ဖက်အစွန်ဆုံး၊ နောက်တစ်ခါ ဘယ်ဖက်အစွန်ဆုံးကနေ ညာဖက် အစွန်ဆုံး စသည်ဖြင့် ရွှေ့ပြီး အကွက်မနိမ့်အောင် ကစားပြ သွားတာကို တွေ့ဖူးပါတယ်။ ကွန်ပြူတာမှာ အဲဒီလို ကွက်လှည့်ကွက်ပြောင်း ကစားနိုင်စွမ်း မရှိသေး ပါဘူး။ အဲဒီလိုမျိုးတွေ ကစားနိုင်ဖို့ အတွက် ကွန်ပြူတာမှာ ဉာဏ်တု (Artificial Intelligence) နဲ့ သက်ဆိုင်တဲ့ စွမ်းဆောင်နိုင်ရည် ပိုင်းမှာ အားနည်း နေပါသေးတယ်။ အဲဒါကြောင့် စစ်တုရင်ဟာ သိပ္ပံပညာ သက်သက် မဟုတ်ဘဲ အနုပညာပါ ပါဝင်နေတယ်လို့ အချို့က ဆိုကြပါတယ်။

ကက်စပါးရော့ကတော့ ဒိဘလူး ကွန်ပြူတာနဲ့ ယှဉ်ပြိုင်ကစားတဲ့ ပွဲတစ်ပွဲမှာ ကွန်ပြူတာက နယ်ရုပ်တစ်ရုပ် ချကွေျးတာ တွေ့လို့ အံ့အားသင့်သွား ခဲ့တယ်လို့ ထုတ်ဖော် ပြောခဲ့ပါတယ်။ ကွန်ပြူတာဟာ တကယ်ပဲ လူလို တွေးတတ်လာပြီလား လို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ကက်စပါးရော့ဟာ ဒိဘလူး ကွန်ပြူတာကို အမှတ်နဲ့ ရှုံးနိမ့်သွားပြီးတဲ့ အခါမှာတော့ လူသား တန်ဖိုးကျမှုနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ထွက်ပေါ်လာ ပါတယ်။ လူဟာ ကွန်ပြူတာလောက် စွမ်းဆောင်ရည် မရှိတော့ဘူးလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ကျယ်ကျယ် လောင်လောင် ငြင်းခုံ လာကြပါတယ်။ စက်ရုပ်နဲ့လူ အကပြိုင်တဲ့ တာရာမင်းဝေရဲ့ ဝတ္ထု “အရှေ့မြို့ရိုးမှ မိုးရေစက်များ” ဟာ အဲဒီဂယက်ရဲ့ နောက်ဆက်တွဲ တစ်ခုလို့ ထင်မြင်မိ ပါတယ်။ ကျွန်တော့် အမြင်အရ ပြောရမယ် ဆိုရင်တော့ လူသားတွေရဲ့ ဖန်တီးမှုထက် ပိုကောင်းတဲ့ အနုပညာကို ဖန်တီး နိုင်တဲ့ ကွန်ပြူတာဆိုတာ မပေါ်ပေါက် သေးသရွေ့ လူသားရဲ့ တန်ဖိုးဟာ ကျသွားမှာ မဟုတ်သလို ကွန်ပြူတာဟာ လူသားထက် သာလွန်အောင် တွေးခေါ် နိုင်ဦးမှာ မဟုတ်သေး ပါဘူး။

Saturday, April 11, 2009

အန်ကယ်လ်ဆမ်တို့ဆီမှာ လေယာဉ်ပျံစီးခြင်း

ကမ္ဘာပေါ်မှာ နာရီအကြာဆုံး တိုက်ရိုက် ပျံသန်းတဲ့ လေကြောင်းခရီးစဉ်က စင်ကာပူ ကနေ နယူးယောက်ကို ပျံသန်းတဲ့ စင်ကာပူ လေကြောင်းလိုင်းရဲ့ ခရီးစဉ် ဖြစ်ပါတယ်။ စုစုပေါင်း ၁၈ နာရီ ကြာပါတယ်။ ဒုတိယမြောက် နာရီအကြာဆုံး တိုက်ရိုက် ခရီးစဉ် ကတော့ စင်ကာပူ-လော့စ်အိန်ဂျယ်လိစ် ခရီးစဉ်ပါ။ ကျွန်တော် ပထမဆုံး ခရီးရှည် လေယာဉ်စီးဖူးတာ ကလည်း အဲဒီ ဖလိုက် ဖြစ်ပါတယ်။ ၁၅ နာရီ ဝန်းကျင်လောက် ကြာပါတယ်။ ဘာဖြစ်လို့ ခရီး အရှည်ဆုံး ဖလိုက်တွေမှာ စင်ကာပူ လေကြောင်းလိုင်း တစ်ခုတည်းက နံပါတ် ၁ နဲ့ ၂ ဖြစ်နေရတာလည်း ဆိုတာကို တွေးကြည့်ဖူး ပါတယ်။ ဖြစ်နိုင်ခြေ ရှိတာကတော့ အခြား လေကြောင်းလိုင်း တွေရဲ့ အလုပ်သမား သမ္မဂ္ဂတွေက အဲဒီလောက် အချိန်ကြာတဲ့ ခရီးစဉ်ကို ခွင့်ပြုမှာ မဟုတ်လို့ပါ။ စင်ကာပူမှာတော့ အလုပ်သမား သမ္မဂ္ဂ (NTUC) ဆိုတာ စူပါမတ်ကတ်လို့ပဲ လူအများက သိထားကြတော့ ဘယ်သူမှလည်း အာညောင်းခံ ကန့်ကွက်ကြတယ် မထင်ပါဘူး။

အမေရိကား ကတော့ ဖလိုက် အချိန်မမှန်တဲ့ နေရာမှာလည်း နံပါတ် ၁ စွဲမယ့် နိုင်ငံ ဖြစ်မလား မသိပါ။ ဥရောပမှာ လေယာဉ်ပျံ အချိန်မမှန်ဘူး ဆိုတာ ကြုံရခဲပါတယ်။ အမေရိကား မှာတော့ အထူးအဆန်း မဟုတ်သလို ပါပဲ။ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလိုပဲ ပထမဆုံး အခေါက် ရောက်ရောက်ချင်း ပြောင်းစီးရမယ့် ဒင်န်ဗာကို သွားရမယ့် ဖလိုက်က ၁ နာရီ နောက်ကျပါတယ်။ နောက်အခေါက် တွေမှာလည်း လေယာဉ်ပျံ နောက်ကျတာ အချိန်မမှန်တာတွေ အမြဲလိုလို ကြုံရတတ် ပါတယ်။

တစ်ခေါက်ဆိုရင် အတော် ဆိုးရွားပါတယ်။ အဲဒီအခေါက်က တိုကျို နာရီတာ ကနေ စီးလာတဲ့ လေယာဉ် ရှီကာဂို လေဆိပ်ကို ရောက်တော့ လေယာဉ်ပျံ ပြောင်းစီးဖို့ အချိန်က အတော်စော နေပါတယ်။ ညနေ ၅ နာရီခွဲ မီချီဂန်ကို ဆက်စီးရမယ့် လေယာဉ်ပျံက ၈ နာရီ ကျော်မှ ထွက်မယ်ဆိုပြီး ကြေငြာထားပါတယ်။ ခရီးကလည်း ပန်းလာတာနဲ့ယူနိုက်တက် လေကြောင်းလိုင်းရဲ့ နားနေခန်းထဲမှာ အေးအေးဆေးဆေး နားပြီး စောင့်နေ ပါတယ်။ ၇ နာရီ ကျော်လောက်မှ ဆေးလိပ် ထွက်သောက်မယ် ဆိုပြီး အပြင်ကို ထွက်လာခဲ့ပါတယ်။ အပြင်ရောက်တော့ ကျွန်တော် စီးရမယ့် လေယာဉ်ပျံက ထွက်သွားပါပြီ။ အဲဒီတော့မှ ယူနိုက်တက်ရဲ့ ကောင်တာကို သွားပြီး ပြသနာ သွားရှာ ပါတယ်။ ကောင်တာက ဒီနေ့တော့ လေယာဉ်ပျံ မရှိတော့ဘူး နောက်နေ့မနက် အစောဆုံး လေယာဉ်ပျံနဲ့ စီစဉ်ပေးမယ်။ အခုညတော့ ဟိုတယ်မှာ တည်းဖို့ Discount ဘောင်ချာတစ်ခု ယူသွားဆိုပြီး ပေးလိုက်ပါတယ်။ ခရီးစဉ်ကိုလည်း အခမဲ့ ပြောင်းပေး လိုက်ပါတယ်။ အဲဒီညက အူကြောင်ကြောင်နဲ့ပဲ ရှီကာဂို လေဆိပ်နားက ဟိုတယ်မှာ တစ်ယောက်တည်း သွားအိပ် နေရပါတယ်။ အခုတော့ မသိတော့ပါ။ အဲဒီတုန်းက အမေရိကားမှာ လေယာဉ်ခရီးစဉ် အချိန်ရွှေ့ရင် ဒေါ်လာ ၁၀၀ ပေးရ ပါတယ်။ ကျွန်တော်တို့ အတွက်တော့ မပေးချင်ရင် အကြံအဖန် လုပ်လို့ရတဲ့ နည်းတစ်နည်း ရှိပါတယ်။ စင်ကာပူ ကိုဖုန်းဆက်ပြီး စင်ကာပူက ခရီးသွား အေးဂျင့်ကနေ တဆင့် လှမ်းပြောင်းခိုင်း တာပါ။ စင်ကာပူ အေးဂျင့်က လှမ်းပြောင်းပေးရင် ဒေါ်လာ ၁၀၀ ပေးစရာ မလိုပါဘူး။

အမေရိကန်မှာ လေယာဉ်ပျံစီးရင် ကိုယ့်ဘေးနားက အတူတူ စီးလာတဲ့ သူတွေနဲ့တော့ အမြဲလိုလို စကားလက်ဆုံ ကျလေ့ ရှိပါတယ်။ ကိုယ်က စမပြောရင်တောင် သူတို့က လာပြောတတ်ပါတယ်။ ဂျပန်မှာ ဖျော်ဖြေရေး လုပ်ပြီး ပြန်လာတဲ့ ရှီကာဂိုက လူမည်း ဂီတသမား၊ အလက်စကာမှာ တောရိုင်း တိရိစ္ဆာန်တွေကို ကာကွယ်ဆေး သွားထိုးပြီး ပြန်လာတဲ့ လူမှု ဝန်ထမ်း အမျိုးသမီး၊ အရှေ့တောင် အာရှနိုင်ငံတစ်ခုက အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့ မျက်နှာဖြူ အမျိုးသမီး ၊ ဆီလီကွန် တောင်ကြားက ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုမှာ စီမံခန့်ခွဲရေး ဝန်ထမ်း ဖြစ်နေတဲ့ အိန္ဒိယလူမျိုး စတဲ့ လူအမျိုးမျိုးနဲ့ ကြုံခဲ့ဖူး ပါတယ်။ သူတို့နဲ့ မဟုတ်ရင်တောင် လေယာဉ်မယ် အဖွားကြီးတွေနဲ့ အမြဲလိုလို စကားပြော ဖြစ်ပါတယ်။ စင်ကာပူ လေကြောင်းလိုင်းက ဝန်ထမ်းတွေက မျက်နှာက အမြဲပြုံးနေ တတ်ပေမယ့် တရင်းတနှီး စကားပြောလေ့ မရှိပါဘူး။ ယူနိုက်တက် လေကြောင်းလိုင်းက ဘွားတော်ကြီး များကတော့ မျက်နှာက ပြုံးမနေ ပေမယ့် သူတို့ကိုယ်တိုင် ဖော်ဖော်ရွေရွေ စကားတွေ ဖောင်နေအောင် ပြောတတ်ကြ ပါတယ်။ တစ်ခါတစ်လေ လေယာဉ်မယ် တစ်ယောက်တည်း ပါတဲ့ လေယာဉ်ပျံမျိုး စီးရရင် လုံခြုံရေး သရုပ်ပြရင်း နောက်ပြောင် ပြောတာမျိုးလည်း ကြားဖူးပါတယ်။

အမေရိကားမှာ လေယာဉ်ပျံစီးရင် အတော် စိတ်ကသိကအောက် ဖြစ်တဲ့ ကိစ္စကတော့ Random လုံခြုံရေး စစ်ဆေးတဲ့ ကိစ္စပါ။ ကျွန်တော်တို့ အင်ဂျင်နီယာ ဝေါဟာရ မှာတော့ Random ဆိုတာ အားလုံးအတူတူ ဖြစ်နိုင်ခြေ ရှိတယ် (Equally Likely) လို့ အဓိပ္ပါယ် ရပါတယ်။ ဒါပေမယ့် သူတို့ Random က အဲဒီလို ဟုတ်ဟန် မတူပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော် အမြဲတမ်းလိုလို Random အရွေးခံရတတ် လို့ပါ။ မဲနှိုက်ရင် တစ်ခါမှ မပေါက်တတ်တဲ့ကောင်က Random Security Check မှာ အမြဲတမ်း အရွေးခံ နေရတာတော့ သွေးရိုးသားရိုး မဖြစ်နိုင်ပါ။ လူဖြူမဟုတ်သူများ အင်္ဂလိပ်နာမည် မဟုတ်သူ များကို Random လို့ ခေါ်တယ် ထင်ပါတယ်။

လေဆိပ်များ ရောက်ရင် စင်ကာပူပြန် လက်ဆောင်ပေးဖို့ အမှတ်တရ ပစ္စည်း အမြဲလိုလို ဝယ်လေ့ ရှိပါတယ်။ အမှတ်တရ ပစ္စည်းကလည်း Made in China ပါပဲ။ ကျွန်တော့် မိတ်ဆွေ တစ်ယောက်ကတော့ Made in USA လက်ဆောင်ပေးချင်ရင် အမေရိကန် ဒေါ်လာသာ လက်ဆောင်ပေးလိုက်ကွာ အဲဒီထက် စစ်တာတော့ မရှိဘူးလို့ ပြောပါတယ်။

Wednesday, April 8, 2009

SARS ဖြစ်တုန်းက သင်္ကြန်

စင်ကာပူမှာ သင်္ကြန်ကျရတာလည်း ကျွန်တော်တို့လို ရေဆော့ချင်တဲ့သူမျိုး အတွက်တော့ သိပ်မမိုက် ပါဘူး။ ကျောင်းတွေမှာ လုပ်တဲ့ သင်္ကြန်ပွဲတွေ သွားရင် ပြဇာတ်၊ စတိတ်ရှိုး တမေ့တမောကြည့်၊ အားလုံးပြီးလို့ ရေဆော့မယ်ဆိုရင် အချိန်က အများဆုံး ၂နာရီလောက်ပဲ ကျန်တာ များပါတယ်။ ပင်နီဆူလာ ပလာဇာမှာ သင်္ကြန် သွားကျ ပြန်တော့လည်း ကောင်မလေးတွေ ရေမလောင်းခင် မြန်မာမလား စလုံးမလား ကွဲအောင် အရင် ခွဲရတာက အလုပ် တစ်ခုပါပဲ။ စလုံးတွေက သင်္ကြန်မကျပဲ သူတို့ဘာသာ သူတို့ သွားလာနေကြတာ ဆိုတော့ စလုံးမ ကို မြန်မာမ မှတ်လို့ ရေမှားလောင်း မိပြီး ပြသနာတက် ကြတာကလည်း နှစ်တိုင်းပါပဲ။ အခုလို မြန်မာ ကောင်မလေးတွေ စလုံးမနဲ့ ပိုတူလာပြီဆိုရင် ဒီနှစ် ပိုတောင် မှားကြလိမ့်ဦးမယ် ထင်ပါတယ်။ တိုပါးယိုး ဘုန်းကြီးကျောင်း သင်္ကြန် မှာကတော့ အားလုံး မူးရူးပြီး လုပ်ချင်ရာ လုပ်နေကြတာ သူတို့ကို လိုက်လို့ကို မမီပါဘူး။

ဒါပေမယ့် စင်ကာပူမှာ ထူးထူးခြားခြား သတိရစရာ သင်္ကြန်ပွဲ ကလေးတစ်ခု ကြုံခဲ့ဖူး ပါတယ်။ မှတ်မှတ်ရရ ၂၀၀၃ ခုနှစ်ကပါ။ အဲဒီနှစ်က စင်ကာပူမှာ SARS လို့ခေါ်တဲ့ ကူးစက်မြန် ပြင်းထန် တုတ်ကွေးရောဂါ ဆိုတာကြီး ပျံ့နှံ့နေပါတယ်။ မိတ်အင် ချိုင်းနား SARS ရောဂါဟာ လူကို သေစေလောက်တဲ့ အထိ ဒုက္ခပေးနိုင်ပါတယ်။ တံတွေး သလိပ် စတာတွေကနေ တဆင့် အလွယ်တကူ ပျံ့နှံ့နိုင်တာကြောင့် လူစုလူဝေးနဲ့ လုပ်တဲ့ အခမ်းအနားတွေ အားလုံးကို မလုပ်ပဲ ရပ်ထားကြ ပါတယ်။ နိအန်း ပေါ်လီကတော့ စောစောစီးစီး သင်္ကြန်လုပ်လိုက်တဲ့ အတွက် လွတ်သွားပါတယ်။ တခြားကျောင်း တွေကတော့ အားလုံး စီစဉ်ပြီးမှ သင်္ကြန်ပွဲ လုပ်ခွင့် မရကြ ပါဘူး။

ကျွန်တော်တို့ကျောင်းမှာလည်း သင်္ကြန်အတွက် အားလုံးစီစဉ် ပြီးခါမှ လုပ်ခွင့်မရတဲ့ အတွက် အားလုံး စိတ်ပျက်လက်ပျက် ဖြစ်နေကြပါတယ်။ အဲဒီတော့ ဖျော်ဖြေမယ့် အစီအစဉ်တွေ ထဲမှာ ပါတဲ့သူတွေ အားလုံး စုပြီး တစ်နေရာမှာ သင်္ကြန် သွားကျဖို့ စီစဉ်ခဲ့ကြပါတယ်။ ပါဆားရစ် (Pasir Ris) ကမ်းခြေက ရှလေး (Chalet) တစ်ခုမှာ အခန်းငှားပြီး ကျွန်တော်တို့ လက်သိပ်ထိုး သင်္ကြန်ပွဲ လုပ်ခဲ့ပါတယ်။ အဓိကကတော့ သင်္ကြန်ပွဲအတွက် ဖျော်ဖြေရေး အစီအစဉ်မှာ တက်တက်ကြွကြွ လုပ်နေကြတဲ့ သူတွေပါ။ ကျွန်တော်တို့ကတော့ ကျောင်းပြီး သွားပေမယ့် ကဲရမယ် အသံကြားတော့ မနေနိုင်လို့ သွားကြ ပါတယ်။ တိုးတိုးတိတ်တိတ် ကြိတ်လုပ်တာတောင် လူက လေးငါးဆယ်လောက် ရှိပါတယ်။

ကျွန်တော်တို့ ငှားထားတဲ့ အခန်းတွေက ရှလေးရဲ့ အပေါ်ထပ် မှာပါ ။ ယောက်ျားလေးတွေ အတွက် တစ်ခန်း၊ မိန်းကလေးတွေ အတွက် တစ်ခန်းဆိုပြီး နှစ်ခန်း ငှားထားပါတယ်။ အခန်း တစ်ခန်းစီမှာ အိပ်ခန်း နှစ်ခန်းနဲ့ ဧည့်ခန်း ထမင်းစားခန်း ပါတဲ့ အတွက် အတော်ကို ကျယ်ကျယ်ဝန်းဝန်း ရှိပါတယ်။ နှစ်ခန်းကို ကပ်ရက် ငှားထားပြီး စရောက်ကတည်းက အလယ်ခေါင်က ဆက်ထားတဲ့ တံခါးကို ဖွင့်ထားလိုက်တော့ နေရာက ပိုပြီး ကျယ်ကျယ် လွင့်လွင့် ဖြစ်သွားပါတယ်။ ဟိုဘက်ဒီဘက်လည်း လွတ်လွတ်လပ်လပ် ကူးလို့ သန်းလို့လည်း အဆင်ပြေ ပါတယ်။ စီစဉ်ထားတဲ့ အတိုင်းပဲ ညနေပိုင်းက စပြီး အားလုံး ကိုယ့်အစီအစဉ်နဲ့ကိုယ် အလျှိုလျှို ရောက်လာကြ ပါတယ်။

ဘာဘီကျူး လုပ်တဲ့ နေရာက အဆောက်အဦး အပြင်ဖက်က မြက်ခင်းပြင်မှာပါ။ အဲဒီမှာ ရေဘုံဘိုင်ခေါင်း ရှိပြီး လွတ်လွတ်လပ်လပ် ရေဆော့ လို့ ရပါတယ်။ ညနေစာ စားသောက် နေတုန်းမှာပဲ ခွက်တွေ ပုံးတွေနဲ့ ဝုန်းဒိုင်းကြဲပြီး ရေ စလောင်းကြ ပါတော့တယ်။ အနီးအနားမှာ စားသောက်နေတဲ့ သူတွေ တစ်ယောက်မှ မကျန်ပါဘူး။ ရေလောင်း မခံချင်တဲ့ သူတွေက အပေါ်ထပ် အခန်းကို ပြန်တက်ပြေး ကြပါတယ်။ သူတို့လည်း ရေသာ မဆော့ကြတယ်။ မကြည့်ပဲလည်း မနေနိုင် ပါဘူး။ တခြားသူတွေ ရေဆော့တာကို အပေါ်ထပ် တက်တဲ့ လှေခါးကနေ လှမ်းပြီး ကြည့်ကြပါတယ်။ ကျွန်တော်တို့လည်း တစ်ယောက်မကျန် ရေစိုရမယ် ဆိုတဲ့ စီမံကိန်းနဲ့ တစ်ခြား လှေခါးကနေ အပေါ်ထပ်ကို ပတ်ပြီးတက် နောက် လှေခါးမှာ ကြည့်နေတဲ့ သူတွေအားလုံးကို အရှေ့အနောက် ညှပ်ပိတ်ပြီး ရွှဲအောင် လောင်းကြပါတယ်။ ဝရန်တာမှာ ကြည့်နေတဲ့ သူတွေလည်း အလစ်အငိုက် ဖမ်းပြီး လောင်းကြ ပါတယ်။ အခန်းထဲ ဝင်ပုန်းနေတဲ့ သူတွေကိုလည်း အခန်းအပြင် မထွက်ထွက်အောင် ညာခေါ်ပြီး လောင်းကြပါတယ်။ သိပ်မကြာခင်မှာပဲ အားလုံးနီးပါး ရေစိုကုန်လို့ ပွဲက ပိုပြီး စည်သွားပါတယ်။

ဒန်အိုးတွေကလည်း ပါလာသေးတော့ ဒန်အိုးကနေ ရတဲ့ အိုးမည်းတွေနဲ့ တစ်ယောက် မျက်နှာ တစ်ယောက် သုတ်ကြပါတယ်။ ဒါပေမယ့် လူက များတော့ အိုးမည်းက မလောက် ပါဘူး။ အဲဒီတော့ မုန့်လုံးရေပေါ် လုပ်ဖို့ ယူလာတဲ့ ဂျုံမှုန့် အထုပ်တွေ ဖောက်ပြီး တစ်ယောက်မျက်နှာ တစ်ယောက် လိုက်သုတ် ကြပါတယ်။ အဲဒီ ဂျုံမှုန့်က ရေနဲ့ ရောလိုက်တော့ အိုးမည်းထက် ပိုပြီး သုတ်ရတာ လွယ်ပါတယ်။ ခဏအကြာ မှာတော့ အဲဒီ အနားမှာ ရှိတဲ့သူ အားလုံး မျောက်ဖြူတွေလို မျက်နှာတွေ ဖွေးဖွေးဖြူ နေကြပြီး တစ်ယောက်နဲ့ တစ်ယောက် ကြည့်ပြီး ရယ်နေကြ ပါတော့တယ်။

အားရအောင် ရေဆော့ ကြပြီးမှ အားလုံး အခန်းထဲမှာ ပြန်ပြီး အဝတ်လဲကြ ပါတယ်။ အားလုံး အဝတ်လဲ ပြီးတော့မှ အခန်းတံခါး ပိတ်ပြီး အခန်းထဲမှာ ကိုယ့်ဘာသာကိုယ် ဖျော်ဖြေရေး အစီအစဉ် စကြ ပါတယ်။ ကျောင်းက သင်္ကြန်ပွဲ အတွက် အက တိုက်ထားတဲ့ သူတွေလည်း အလကား မဖြစ်အောင် ဆိုတဲ့ အကြံကလည်း တစ်ခုပေါ့။ နောက်တော့ ကျောင်းမှာ ကဖူးတဲ့ သူမှန်သမျှ အကုန်လုံး မရမက အတင်းခေါ်ပြီး ကခိုင်းပါတယ်။

အားလုံးပြီးတော့ အပြင်ဖက် မြက်ခင်းပြင်ကို ထွက်ပြီး တီးဝိုင်း စပါတယ်။ တီးဝိုင်း ဆိုပေမယ့်လည်း ကီးဘုတ် တီးတဲ့သူက တစ်ယောက် ဂစ်တာ တီးတဲ့သူက နှစ်ယောက်နဲ့ အပြင်မှာ ဆိုချင်ရာ သီချင်း အော်ဆို ကြတာပါ။ မှတ်မှတ်ရရ အဲဒီအချိန်က လေးဖြူရဲ့ “အရေးမကြီးဘူး” စထွက်ခါစ အချိန်ပါ။ သောက်ချင်တဲ့ သူတွေက ဘေးမှာသောက် မသောက်ချင်လည်း အဲဒီမှာ သီချင်း ဝင်အော်ကြနဲ့ ဆူညံ ပွက်လောရိုက် နေတာပါပဲ။ နောက်တော့ ကျွန်တော်တို့က ဂစ်တာ ဆက်တီးရင်း ကျန်ခဲ့ပေမယ့် တစ်ဖွဲ့က အခန်း ပြန်ပြီး ဂိမ်းဆော့ ကြပါတယ်။ ခဏကြာတော့ အခန်းထဲမှာ ဂိမ်းဆော့လို့ အားမရ တာနဲ့ ပင်လယ်ကမ်းခြေဖက် ထွက်ပြီး ဆက်ဆော့ ကြပါတယ်။ ကျွန်တော်တို့လည်း သူတို့နဲ့ အတူ ပင်လယ်ကမ်းခြေဖက် ပါသွား ပါတယ်။ ကျွန်တော်တို့ အုပ်စုက သူတို့ဘေးမှာ ထိုင်ပြီး ဂစ်တာ ဆက်တီးကြ ပါတယ်။ ည ၂ နာရီလောက် ရောက်တော့ အားလုံးလည်း အတော်ပြိုင်း ကုန်ကြပါပြီ။ အဲဒါနဲ့ အခန်းကို ပြန်လာခဲ့ ကြပါတယ်။

အခန်းပြန်ရောက်တော့ အခန်းထဲမှာ ဖဲဝိုင်းက အကြီးအကျယ် ကောင်းနေပါပြီ။ လူများလွန်းလို့ နှစ်ဝိုင်းတောင် ခွဲထား ရပါတယ်။ ကျွန်တော်တို့ ကျောင်းရဲ့ ဂုဏ်ဆောင် ပရော်ဖက်ရှင်နယ် ဖဲသမားတွေ အများကြီး ပါပေမယ့် အဲဒီနေ့ကတော့ ဝိုင်းက သိပ်မကြမ်း ပါဘူး။ အပျော်ဆော့တာ ဆိုတော့ အားလုံး ထိန်းပြီး ဆော့ကြ ပါတယ်။ ကျွန်တော်ကတော့ ဖဲမရိုက်နိုင် တော့ပါဘူး။ ပင်ပန်းတာနဲ့ ဘေးမှာပဲ အသာလေး ခွေနေပါတယ်။ မနက် ၄ နာရီ ကျော်တဲ့ အထိ အခန်းထဲမှာ ဝင်အိပ်တဲ့သူ မရှိပါဘူး။ ဖဲသမားများ ကလည်း အတော် ဇွဲကောင်းကြ ပါတယ်။ မိုးလင်းမှပဲ ဝိုင်းသိမ်း ကြပါတယ်။

နောက်တစ်နေ့ ပြန်ခါနီး အခန်းပြန်အပ်တော့ ဟိုတယ် မန်နေဂျာနဲ့ အတော်ကို စကားပြောလိုက် ရပါတယ်။ ပြသနာက ညနေဖက်က တစ်ယောက်နဲ့ တစ်ယောက် ဂျုံမှုန့်တွေနဲ့ သုတ်ရင်း ဟိုတယ်ထဲ ပတ်ပြေး ထားတော့ ဟိုတယ် ကော်ရစ်ဒါတွေ လှေခါးတွေမှာ ဂျုံမှုန့်တွေ ပေပွပြီး ဖွေးဖွေးဖြူ နေပါတယ်။ ဟိုတယ် မန်နေဂျာ ဘွားတော်က အဲဒါတွေ လှည့်ပတ်ကြည့်ပြီး ကျွန်တော်တို့ကို ပွစိပွစိနဲ့ မကျေမနပ် ပြောပါတယ်။ ဒါ လူတွေ လုပ်တာ မဟုတ်ဘူး မကောင်းဆိုးဝါးတွေ လုပ်တာ ဘာညာနဲ့ အတော်ကို ရစ်နေပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးတော့ ဘွားတော်ကို ဖောရှော လျှောက်ရိုက်ပြီး ပြီးသွားပါတယ်။

နောက်နှစ်တွေတော့ အဲဒီလို သင်္ကြန်မျိုး ထပ်မလုပ်ဖြစ်ပါဘူး။ SARS ပြသနာ မရှိတော့လို့ သင်္ကြန်ကို ကျောင်းမှာပဲ လုပ်ဖြစ်ပါတယ်။ ဒါပေမယ့် နောက်နှစ်တွေ စင်ကာပူမှာ သင်္ကြန် ကျရတာ အဲဒီနှစ်ကလောက် ပျော်စရာ ကောင်းတယ်လို့ကို မထင်တော့ ပါဘူး။

Monday, April 6, 2009

ပန်းရောင် နဲ့ အပြာရောင်

ငယ်ငယ်ကတည်းက ပေါင်းခဲ့တဲ့ တစ်ချို့ သူငယ်ချင်းများနဲ့ ပြန်ဆုံရင် စိတ်ထဲရှိတာ ပွင့်ပွင့်လင်းလင်း ပြောလို့ ရပါတယ်။ ဘာမှ အားနာ နေစရာ မလိုသလို စိတ်ဆိုးမှာလည်း ကြောက်နေစရာ မလိုပါဘူး။ စိတ်ဆိုးတယ် ပြောလည်း ထဆဲလိုက်ရင် ဟီးဟီး ဟားဟားနဲ့ စိတ်ဆိုးပြေသွား တတ်တာ မျိုးပါ။ ဟိုတလောက မဆုံတာကြာတဲ့ သူငယ်ချင်း တစ်ယောက်နဲ့ ဆုံဖြစ်ပါတယ်။ ထုံးစံအတိုင်း ဟိုဟိုဒီဒီ ပြောပြီးတဲ့ နောက်မှာတော့ သူက မေးလာပါတယ်။
“ဟေ့ကောင်။ ပန်းရောင်ကတ်ဒ် လဲပြီးပြီလား။”
“ဟင့်အင်း။ မလဲရသေးဘူး။ လဲဖို့လည်း အစီအစဉ်မရှိဘူး။ ”
“ဘာလို့မလဲတာလဲ။”
“ဖီးလ်မလာလို့ပေါ့ကွ။”
“ဘာကိစ္စ ဖီးလ်မလာရတာလဲ။”
“အမိ နိုင်ငံတော်ကြီးကို အင်မတန်မှ ချစ်မြတ်နိုးလို့ ပေါ့ကွာ။”
ကျွန်တော်က စပ်ဖြဲဖြဲ မျက်နှာနဲ့ ပြန်ဖြေလိုက် ပါတယ်။ ခက်တော့ ခက်နေပြီ။ ကိုယ့် ဘာသာ ကိုယ် မလဲချင်လို့ အပြာရောင် ကဒ်နဲ့ နေတာလည်း မနေရပါလား။ အလကား နေရင်း လာပြီး ခလုတ်တိုက် နေကြတယ်။ စင်ကာပူ မှာ ပန်းရောင် မှတ်ပုံတင် ကတ်ဒ် ကိုင်တဲ့သူက နိုင်ငံသား ဖြစ်ပြီး အပြာရောင် မှတ်ပုံတင် ကတ်ဒ် ကိုင်တဲ့သူ ကတော့ ပီအာရ် ခေါ် အမြဲတမ်း နေထိုင်သူ ဖြစ်ပါတယ်။ အချိန်တွေက ပြောင်းလာပါပြီ။ တစ်ချိန်တုန်း ကတော့ ကျွန်တော်တို့ သူငယ်ချင်းတွေ ထဲမှာ စင်ကာပူ နိုင်ငံသား ခံတဲ့သူကို အထူးအဆန်းလို ဝိုင်းပြောကြ ပေမယ့် အခုတော့လည်း စင်ကာပူ နိုင်ငံသား မခံတဲ့ ကျွန်တော်ကပဲ လူထူးလူဆန်း ဖြစ်နေပါပြီ။

သူက ကျွန်တော့်ကို ပြန်သမ ပါတယ်။
“အမှိုက်ပုံကိုများ ချစ်နေရသေး တယ်ကွာ။”
“သြော်။ ဒါကတော့ကွာ။ အမှိုက်ပုံမှာ မွေးတော့လည်း အမှိုက်ပုံကိုပဲ ချစ်ရမှာပေါ့။ ကိုယ်မွေးတဲ့နေရာက အမှိုက်ပုံ ကိုယ်မှ မရှင်းရင် ဘယ်သူက လာရှင်းမှာလဲ။ နောက်ပြီး မင်းတို့ အမှိုက်ပုံ ထင်နေပေမယ့် ငါမှ မထင်တာကွာ။ ရွှေရောင်လွှမ်းတဲ့ တိုင်းပြည် Golden Land လေကွာ။”
အဲဒီမှာ ထုံးစံအတိုင်း သူက ဓာတ်ပြားဟောင်းကြီး စဖွင့်လာပါတယ်။
“တစ်လ ကို ၁၅၀ တော့ သက်သာတယ်ကွာ။ မင်း ပိုက်ဆံတွေ သိပ်ပေါနေလား။”
ကျွန်တော်တို့ ကျောင်းပြီးခါစက ပီအာရ်ဆိုရင် တစ်လ ဒေါ်လာ ၁၅၀ အခွန်ဆောင် ရပါတယ်။ ထွက်ပြီးသား ဆင်စွယ်တို့ ပြန်ဝင်ရိုး မရှိတဲ့ ထုံးစံအတိုင်း အခုအချိန် အထိလည်း ကျွန်တော်တို့ တစ်လကို ဒေါ်လာ ၁၅၀ နဲ့ ဆောင်နေရတုန်း ပါပဲ။
“၁လ ၁၅၀ဆိုတာ ငါတို့ ဘီယာဖိုး တောင် မရှိဘူး။ မိန်းကလေးတွေ အတွက်လည်း အလှပြင် စရိတ်တောင် မရှိဘူး။ အဲဒီတော့ အမိနိုင်ငံတော်ကြီးကို တစ်လ ၁၅၀ ပေးပြီး ချစ်မြတ်နိုးတယ် လို့ပဲ သဘောထား လိုက်ပါတယ်ကွာ။ ”
အဲဒီလို ကျွန်တော်က ပြန်ပြီး ပြောလိုက်ပါတယ်။ အဲဒီတော့ နောက် ပြောနေကျ ဇာတ်လမ်း တစ်ပုဒ် လာပါတယ်။
“မင်း အိမ် မဝယ်ဘူးလား။”
“ဟင့်အင်း။ ငါ HDB မဝယ်ဘူး။ ကွန်ဒိုမီနီယံ ဝယ်မှာ။ ဟားဟား။”
တမင်သက်သက် ညစ်ပြီး ပြောမှန်းသိတော့ သူငယ်ချင်းက ဆဲပါတယ်။ စင်ကာပူ နိုင်ငံသား အနေနဲ့ HDB လို့ခေါ်တဲ့ အစိုးရ ဆောက်တဲ့ အိမ်ဝယ်ရင် အစိုးရ အိုးအိမ်ဌာနက ပိုက်ဆံချေးလို့ ရတဲ့အတွက် အတိုးနှုန်း သက်သာပါတယ်။ အစိုးရက အိမ်ဝယ်ဖို့ လျှော့ပေးတဲ့ ပိုက်ဆံ သောင်းဂဏန်း လည်း ရပါတယ်။ နောက်ပြီး အိမ်အသစ် ဝယ်မယ်ဆိုရင် နိုင်ငံသားမှ ဝယ်ခွင့် ရှိပါတယ်။ ကွန်ဒိုနဲ့ လုံးချင်းအိမ် ဝယ်ရင် နိုင်ငံသားနဲ့ နိုင်ငံခြားသား ဘာမှ မကွာပါဘူး။ တမင်သက်သက် စကားကတ် ပြီးတော့သာ ပြောရတာပါ။ ကွန်ဒိုမီနီယံ ဝယ်နိုင်လောက်အောင် ကျွန်တော် မချမ်းသာ သေးပါဘူး။
ဒီနည်းနဲ့ မရတော့ သူက နောက်တစ်မျိုး ထပ်ပြောပါတယ်။
“အနည်းဆုံးကွာ စလုံး ပတ်စ်ပို့ ကိုင်ရင် သွားချင်တဲ့နိုင်ငံ သွားလို့ရတာပေါ့။”
“အောင်မယ်။ တစ်ခြားကောင် သွားပြော ယုံချင်ယုံမယ်။ ငါတော့ မယုံဘူး။ မြန်မာ ပတ်စ်ပို့စ်နဲ့ရော သွားလို့မရတာ ကျနေတာပဲ။ ငါ့ပတ်ပို့စ်ထဲမှာ အမေရိကန်၊ သြစတေးလျ၊ ယူကေ၊ ရှန်ဂန် အားလုံး Multiple-Entries Visa နှိပ်ဖူးတယ်ကွာ။ အမှန်အကန် သွားမယ် ဆိုရင် ရပါတယ်ဟ။ အခုနောက်ပိုင်း ဗီဇာမပေးတဲ့ နိုင်ငံ မတွေ့သလောက်ပါပဲ။”
“မဟုတ်ဖူးလေကွာ။ တစ်ချို့ နိုင်ငံ တွေကို ဗီဇာ မလိုပဲ ဝင်လို့ရတယ်။”
“ငါကတော့ ဗီဇာ လျှောက်ရတာ တစ်ခါတစ်လေတော့ ပိုတောင် ဝမ်းသာသေးတယ်။ ရုံးက လွှတ်လို့ မသွားချင်တဲ့ အချိန်ဆို ဗီဇာ အကြောင်းပြ ပတ်ပြေးလို့ရတယ်။ ဟိုတစ်ခါ ဟန်ဂေရီ သွားခိုင်းတုန်းက ငါ စာမေးပွဲ ရှိနေလို့ မသွားချင်ဘူး။ အဲဒါနဲ့ ဗီဇာ အကြောင်းပြပြီး ငါ့အောက်က စလုံး တစ်ယောက်ကို အတင်း ထိုးထည့် ပေးလိုက်တယ်။ ဟိုကောင်ကတော့ စလုံးဆိုတော့ ဗီဇာ လျှောက်စရာ မလိုတော့ အိုကေပေါ့ကွာ။”
နောက်တော့ ကျွန်တော်က သူ့ကို ကျွန်တော့် သူငယ်ချင်းတစ်ယောက်ရဲ့ ဇာတ်လမ်းကို ရယ်စရာ အနေနဲ့ ပြန်ပြောပြပါတယ်။
“အဲဒီ ပုဂ္ဂိုလ်လေ။ ပန်းရောင်ကတ်ဒ် သွားပြောင်းတာ။ အင်မီဂရေးရှင်းမှာ လျှောက်လွှာ တင်ပြီး နှစ်ပတ်လောက် နေမှ စိတ်ကူး ပေါက်ပြီး လျှောက်လွှာကို သွားပြန် ဖျက်တယ်။ ဟိုက မရဘူး ပြောတာလည်း မရဘူး။ အတင်းပဲ။ ပီအာရ် သိမ်းချင်လည်း သိမ်းလိုက်ပါ။ ကျွန်တော် တကယ်ကို ဆန္ဒမရှိ လို့ပါ ဆိုပြီး သွားငိုပြတာနဲ့ ဟိုက သူ့လျှောက်လွှာကို နောက်ဆုံး ပြန်ပေးလိုက်တယ်။ ရာဇဝင်ကို တွင်ရောပဲ။”
“သူက ဘာလို့ သွားပြန်ဖျက် ရတာလဲ။”
“သူပြန်ပြောတာတော့ သူများတွေ လျှောက်လို့ စိတ်ပါပြီး လိုက်လျှောက်တာ။ လျှောက်လွှာ တင်ပြီးမှ စဉ်းစားရင်းနဲ့ ဘယ်လိုမှ ခံစားလို့ မရလို့ ဆိုပဲ။ ဟားဟား”
“ဒါနဲ့ နေပါဦး။ ငါအကောင်း မေးမယ်။ မင်းက စလုံး မပြောင်းချင်ဘူးဆိုတာ အဓိကက ဘာကြောင့်မို့လဲ။ ကောင်းကောင်း ဖြေစမ်းပါ။”
“အမှန်တကယ် ပြောရရင် ဒီနိုင်ငံကြီးမှာ တစ်သက်လုံးတော့ မနေချင်ဘူး။ ငါ အသက်ကြီး လာတဲ့ အချိန် ခေါင်းချဖို့ မစဉ်းစားဘူး။ ဒီနိုင်ငံက ပင်စင်စား အဖိုးကြီးတွေလို ကျားထိုးလိုက်၊ ဘီယာသောက်လိုက်၊ ဂေလန်းသွားလိုက်နဲ့ ဘဝကို ကုန်ဆုံးဖို့ မရည်ရွယ် ဘူးကွာ။ မြန်မာနိုင်ငံပြန် လက်ဖက်ရည်ဆိုင် ထိုင်လိုက်၊ အာလူးဖုတ်လိုက် နဲ့ အချိန်ကုန်ရတာ ပိုကောင်းမယ်။ နောက်တစ်ခုက ပီအာရ်ပြန်အပ်ရင် ၁ လအတွင်း စီပီအက်ဖ်ထဲက ငါတို့ထည့်ထားတဲ့ ပိုက်ဆံတွေ အားလုံး ပြန်ထုတ်သွားလို့ရတယ်။ ငါတို့ နောက်ထပ် ၄ နှစ် ၅နှစ် ထပ်လုပ်ပြီးရင် အဲဒီပိုက်ဆံက ဂဏန်း ၆ လုံး ဖြစ်နေ ပြီကွာ။ ဒီပိုက်ဆံနဲ့ တစ်ခြားတစ်နိုင်ငံ အေးအေးဆေးဆေး သွားနှပ်နေလို့ ရတယ်။”

စင်ကာပူက နိုင်ငံသားတွေ ပီအာရ်တွေ အနေနဲ့ ရသမျှလခရဲ့ ၂၀ ရာခိုင်နှုန်းကို ကိုယ့်ဖက်ကထည့် အလုပ်ရှင်ဖက်ကနေ ၁၄.၅ ရာခိုင်နှုန်း ထည့်ပြီး အစိုးရ ဆီမှာ ပိုက်ဆံ စုထားရပါတယ်။ အဲဒီ ပိုက်ဆံကို စီပီအက်ဖ်လို့ ခေါ်ပါတယ်။ အိမ်ဝယ်လို့ ရပါတယ်။ သားသမီးတွေ ပညာရေးအတွက် သုံးလို့ရပါတယ်။ အသက် ၅၅ နှစ်ကျော်မှ ပင်စင်အတွက် ဒေါ်လာ ၁သိန်း ၂ သောင်း ချန်ပြီး ကျန်သမျှ ပိုက်ဆံကို အရစ်ကျ ပြန်ထုတ်လို့ ရပါတယ်။

ကျွန်တော်က ဆက်ပြောလိုက်ပါတယ်။
“မင်းတို့ ဘာသာ မင်းတို့ ပြောင်းချင်လို့ ပြောင်းကြတာ ပဲကွာ။ အပြစ်တင်စရာ အကြောင်း မရှိ ပါဘူး။ လူတိုင်းလူတိုင်း ကိုယ့်အကြောင်းပြချက်နဲ့ ကိုယ်ရှိတာပဲ။ တစ်ချို့ကွာ ပြန်လို့မလွယ်တဲ့ အခြေအနေကြောင့် ပြောင်းတယ်ကွာ။ တစ်ချို့ကတော့ ကိုယ်မွေးတဲ့ နိုင်ငံမှာတောင် နိုင်ငံသား မဟုတ်ဘဲ ဧည့်နိုင်ငံသား ဖြစ်နေလို့ တစ်ခြား နိုင်ငံမှာ နိုင်ငံသား ခံတယ်ကွာ။ တစ်ချို့က တတိယနိုင်ငံ တစ်ခုကို ကူးရတာ လွယ်အောင် ပြောင်းတယ်ကွာ။ မင်းတို့မှာလည်း အခွန် မဆောင် ချင်လို့၊ အိမ်ဝယ်ချင်လို့ စတဲ့ အကြောင်းပြချက်တွေ အမျိုးမျိုး ရှိကြတာ ပဲကွာ။ ဒါပေမယ့် မပြောင်းချင်တဲ့ သူတွေ မှာလည်း အကြောင်းပြချက် ရှိကြတယ် လေကွာ။ ငါ့မှာလည်း ငါ့ရွေးချယ်ခွင့်နဲ့ငါ ရှိတာပဲ။ အဲဒါကိုမှ မင်းက မပြောင်းဘူးလား။ ရူးနေလား ဆိုရင်တော့ ငါက ဆဲလွှတ်မှာ ပဲကွာ။”

ကတ်ဒ်ပြား အရောင်မတူကြတော့ပေမယ့် ကျွန်တော်တို့ သူငယ်ချင်းတွေ ကြားမှာတော့ ဘာမှ ပြောင်းလဲမသွားပါဘူး။ ကျွန်တော်တို့ တတွေ မြန်မာလို ပြောနေကြတုန်း ပါပဲ။ မြန်မာလို ဆဲနေကြတုန်း ပါပဲ။
“ဟေ့ကောင်။ ငါ မတော်တဆ အချုပ်ထဲ ရောက်သွားရင် အာမခံလေးတော့ လာလုပ်ပေးဦး။ အဲဒီနေရာတော့ ပီအာရ်က မတတ်နိုင်ဘူး။”
အဲဒီလို ပြောတော့ ကျွန်တော့် သူငယ်ချင်းက ကျွန်တော့်ကို ဆဲပါတယ်။

Wednesday, April 1, 2009

ဝမ်းမြောက်စရာ သတင်းကောင်းများ

ကြားရတဲ့ သတင်းတွေက ကိုယ့်နားကိုယ် မယုံနိုင်လောက်အောင်ပါပဲ။

အခွန်ကိစ္စကို အကြောင်းပြုပြီး နိုင်ငံသားအဖြစ်က စွန့်လွှတ်တဲ့သူ များလာတာက တစ်ကြောင်း၊ နိုင်ငံခြားမှာ အလုပ်လုပ်တဲ့သူတွေ အရင်ကထက် ပိုများလာတာက တစ်ကြောင်း စတာတွေကြောင့် နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား တွေရဲ့ ဝင်ငွေခွန်ကို ၁၀ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ လျှော့ပြီး ကောက်ခံဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။ အခြားတစ်ဖက်မှာလည်း အဲဒီလို လျှော့ကောက်တဲ့အတွက် အစိုးရ ဘဏ္ဍာငွေ လျော့မသွားအောင် အခွန်ဆောင်တဲ့ သူတွေကို ကားပါမစ်တွေ ပြန်ချ ပေးသွားမယ်လို့ ဆိုပါတယ်။ လူတွေ အခွန် ဆောင်ချင်စိတ် ရှိအောင် စည်းရုံးတဲ့ သဘောပါ။ အရင်ကလောက် များများစားစား ချပေးမှာ မဟုတ်ပေမယ့် သတ်မှတ်ထားတဲ့ အခွန်ပမာဏကို ပေးသွင်း ပြီးသူတိုင်း ကားဝယ်ယူ တင်သွင်းခွင့် ပါမစ် ရမယ်လို့ သိရပါတယ်။ ဒါပေမယ့် သိပ်ဟောင်းနေတဲ့ ကားတွေကို တင်သွင်းခွင့်ပေးမှာ မဟုတ်ပဲ ၂၀၀၄ ခုနှစ် နောက်ပိုင်း ထုတ်တဲ့ကားတွေကိုပဲ တင်သွင်းခွင့်ပေးသွားမယ် လို့လည်း သိရပါတယ်။

ဆိုးရွားလာတဲ့ ရန်ကုန်မြို့က ဂျီအက်စ်အမ် ကွန်ယက်ကြောင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနဲ့ အပြိုင် ကုမ္ပဏီ တစ်ခုကို လုပ်ပိုင်ခွင့် ချပေးမယ်လို့ ကြားရပါတယ်။ အဲဒီအတွက် ပုဂံ ဆိုက်ဘာတက်ခ်နဲ့ နိုင်ငံခြား တယ်လီဖုန်း ကုမ္ပဏီတစ်ခု ဖက်စပ် လုပ်ဖို့ စီစဉ် နေတယ်လို့လည်း သိရပါတယ်။ အခုလောလောဆယ် ပုဂံနဲ့ ဖက်စပ်လုပ်ဖို့ စကားပြောနေတဲ့ ကုမ္ပဏီတွေထဲမှာ ထိုင်းနိုင်ငံက Shin Corp၊ စင်ကာပူက SingTel တို့အပြင် ထူးထူးခြားခြား ဥရောပ ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Vodafone လည်း ပါဝင်နေ ပါတယ်။ W-CDMA လို့ခေါ်ကြတဲ့ 3G service၊ Blackberry Pushmail Service၊ I-phone Data plan တွေပါ ပေးနိုင်ဖို့ စီစဉ်နေတယ် လို့ သိရပါတယ်။

အခြားတစ်ဖက်မှာလည်း MPT က နိုင်ငံခြား ကုမ္ပဏီ တစ်ခုနဲ့ ပူးပေါင်းပြီး အင်တာနက် ကွန်ယက်တွေ တိုးချဲ့သွားဖို့နဲ့ ဝန်ဆောင်မှု အသစ်တွေ ပေးသွားဖို့ စီစဉ်နေတယ် လို့ သိရပါတယ်။ MPT က ပေးမယ့် ဝန်ဆောင်မှု အသစ်တွေထဲမှာ Pfingo၊ Skype တို့လို VOIP ဝန်ဆောင်မှုတွေပါ ပါဝင်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကို လှမ်းကြူချင်သူ များအတွက် ဝမ်းမြောက်စရာပါ။

နောက်တစ်ခုကတော့ ကမ္ဘာ အရပ်ရပ်မှာ နေထိုင်တဲ့ မြန်မာတွေ အတွက် သတင်းကောင်း တစ်ခုပါ။ နိုင်ငံခြား ကုမ္ပဏီ တစ်ခုကနေ မြန်မာ အစားအစာ ချက်ပြုတ်နည်းကို လေ့လာပြီး ကမ္ဘာအနှံ့အပြားမှာ မြန်မာစားသောက်ဆိုင်တွေ ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အဲဒီ ကုမ္ပဏီဟာ လောလောဆယ် ကမ္ဘာ အရပ်ရပ်မှာ တရုတ်နဲ့ထိုင်း စားသောက်ဆိုင် အမြောက်အများ ဖွင့်လှစ်ထား ပါတယ်။ အဲဒီ အစီအစဉ်ကို အကောင်အထည် ဖော်နိုင်ဖို့ ပြင်သစ်စားဖိုမှူး ၅ယောက် ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ ရန်ကုန်မှာ မြန်မာအစားအစာကို သုတေသန လုပ်နေတယ်လို့ ကြားရပါတယ်။ သူတို့ မြန်မာစားသောက်ဆိုင် ဖွင့်လှစ်ဖို့ စီစဉ်နေတဲ့ နေရာတွေမှာ လော့စ်အိန်ဂျယ်လိစ်၊ ဆန်ဖရန် စစ္စကို ၊ နယူးယောက် စတဲ့ အမေရိကန် နိုင်ငံက မြို့ကြီးတွေ၊ ဆစ်ဒနီ၊ မဲလ်ဘုန်း စတဲ့ သြစတေးလျ မြို့ကြီးတွေ၊ လန်ဒန်၊ ပဲရစ်၊ ဘာလင်၊ မြူးနစ် စတဲ့ ဥရောပ မြို့ကြီးတွေ ပါဝင်တယ်လို့ သိရပါတယ်။

စင်ကာပူမှာ အမြဲတမ်းနေထိုင်သူတွေ၊ မလေးရှား ဗီဇာ ရှိတဲ့သူတွေ အတွက်လည်း သတင်းကောင်း တစ်ခု ရှိပါတယ်။ ဘတ်ဂျက် လေကြောင်းလိုင်း တစ်ခု ဖြစ်တဲ့ AirAsia ကို ရန်ကုန်-ဂျဟိုးဘာရူး၊ ရန်ကုန်-ပီနန် ခရီးစဉ် ပြေးဆွဲဖို့ ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။ ဂျဟိုးဘာရူး Senai လေဆိပ်ကနေ စင်ကာပူ နိုင်ငံအတွင်းကို ရောက်ဖို့ ၄၅ မိနစ် လောက်ပဲ ကြာပါတယ်။ အဲဒီတော့ နောက်ဆို စင်ကာပူမှာ နေတဲ့သူတွေ ဝါသနာ ပါရင် စနေ၊ တနင်္ဂနွေ အိမ်ပြန်လို့ ရမယ့် သဘောပါ။ AirAsia ရဲ့ အဆိုအရ အဲဒီ ခရီးစဉ်တွေကို သူ့လေကြောင်းလိုင်းရဲ့ တခြား ခရီးစဉ်တွေလိုပဲ ဈေးနှုန်း သတ်မှတ်မယ်လို့ သိရပါတယ်။ ရန်ကုန်-ဂျဟိုး ခရီးစဉ်ကို ပုံမှန်အားဖြင့် မလေးရှား ရင်းဂစ် ၃၀၀-၄၀၀ (စင်ကာပူ ဒေါ်လာ ၁၀၀-၂၀၀) လောက်နဲ့ ပြေးဆွဲ ပေးသွားမယ် လို့ ဆိုပါတယ်။

အခု ပြောသွားတဲ့ သတင်းတွေက တကယ့်ကို မယုံနိုင်စရာပါပဲ။ ကျွန်တော်လည်း မယုံပါဘူး။ တကယ်မှ မဟုတ်တာ။ ကျွန်တော် ကြားချင်တဲ့ သတင်းတွေပါ။ ပျော်စရာ ကောင်းတဲ့ April Fool နေ့ ဖြစ်ပါစေ။

Happy April Fool Day. :D