Search This Blog

Saturday, May 30, 2009

Immigrant ကြောင်

တခါတလေ တိုက်အောက်မှာ လမ်းလျှောက်ရင်း ညောင်နာနာ ကြောင်တစ်ကောင် တလေ ကို တွေ့ရင် ကျွန်တော့်ဆရာသမား နဲ့ သူ့ရဲ့ ကြောင်အကြောင်းကို သတိရလို့ ပြုံးမိပါတယ်။ အမှန်တကယ်တော့ အဲဒီဇာတ်လမ်းက ကျွန်တော်တို့ ကျောင်းပြီးစ အချိန်လောက်ကဆိုတော့ အခုဆိုရင် ၇ နှစ်လောက် ကြာခဲ့ပါပြီ။ ဒါပေမယ့် ထူးထူးခြားခြား ဇာတ်လမ်းမို့ အခုထက်ထိ သတိရ နေပါတယ်။

ကျွန်တော့် ဆရာသမားဆိုတာက ကျွန်တော်တို့ ကျောင်းက အိုင်တီဌာနမှာ ကထိက ရာထူးနဲ့ အလုပ်လုပ် သွားခဲ့တဲ့ မြန်မာဆရာ ပါ။ ဆရာက ကျောင်းမှာရှိတဲ့ အခြား မြန်မာဆရာတွေလို တသီးတသန့် မနေတတ်ပဲ ကျွန်တော်တို့ မြန်မာကျောင်းသားတွေနဲ့ ရင်းရင်းနှီးနှီး နေတတ်ပါတယ်။ နေ့လည်ဖက် ထမင်းစားချိန် ဆိုရင် ကျွန်တော်တို့ မြန်မာကျောင်းသားတွေ စုတတ်တဲ့ အီလက်ထရွန်းနစ် ဌာနနဲ့ မက္ကင်နီကယ် ဌာန နားက စားသောက်တန်းကို ရောက်လာတတ် ပါတယ်။ အဲဒီစားသောက်တန်း ရဲ့ အပြင်ဖက် စားပွဲဝိုင်း ၄-၅ ဝိုင်းက ကျွန်တော်တို့ မြန်မာ ကျောင်းသားတွေ စတည်းချတတ်တဲ့ နေရာပါ။ အဲဒီနားမှာ မြန်မာကျောင်းသားတွေ သာမကပဲ ကြောင်တွေလည်း ပေါပါတယ်။ ဆရာလာရင် အဲဒီအနားမှာ ရှိတဲ့ ကြောင်တွေကို အစာ ချကွေျးလေ့ ရှိပါတယ်။ နောက်တော့မှ ဆရာ ကြောင်ချစ်တတ်မှန်း သိရပါတယ်။

တစ်နေ့တော့ ကျောင်းနားက ဝန်ထမ်းအိမ်ရာမှာ ရှိတဲ့ ဆရာ့ တိုက်ခန်းကို ကိစ္စတစ်ခုနဲ့ ရောက်သွားပါတယ်။ အဲဒီမှာ ကြောင်တစ်ကောင်ကို သတိထားမိပါတယ်။ ဝဝဖီးဖီး အသွေးအမွေး တောက်တောက်ပြောင်ပြောင် မဟုတ်တဲ့ သာမန်ကြောင် တစ်ကောင်ပါပဲ။ ဆရာ့ ကတော့ သူ့အိမ်အောက်မှာ လျှောက်သွား နေတာ တွေ့တာနဲ့ သနားလို့ အစာခေါ် ကွေျးထားရင်း အိမ်ပေါ် ရောက်လာတာ လို့ ဆိုပါတယ်။

စင်ကာပူမှာ ခွေးလေခွေးလွင့် မရှိပေမယ့် ကြောင်လေကြောင်လွင့်ကတော့ အလွန်ပေါပါတယ်။ အဲဒီ ကြောင်လေ ကြောင်လွင့်တွေဟာ သူတို့ကို သနားတတ်တဲ့သူတွေက လာကွေျးတဲ့ အစာကို စားရင်း အိမ်မရှိ ယာမရှိ ဒီအတိုင်းပဲ နေကြပါတယ်။ ကျွန်တော် သတိထားမိ သလောက်ကတော့ စလုံးက ကြောင်များ အလွန် အပျင်းထူ ပါတယ်။ ကြွက်မခုတ် ပါဘူး။ သူတို့ အလုပ်က အိပ်မယ်။ အစာလာကွေျးတဲ့သူ ရှိရင် စားမယ်။ အနားလာပြီး ပွတ်သပ်ပေးမယ့် သူရှိရင် ဇိမ်ခံမယ်။ ဒါအကုန် ပါပဲ။

နောက် လအနည်းငယ်လောက် ကြာပြီးတော့ ကျွန်တော့်ဆရာ ကျောင်းကနေ ထွက်ပြီး အနောက်နိုင်ငံ တစ်နိုင်ငံကို အပြီးတိုင် ပြောင်းရွှေ့ဖို့ အကြောင်း ပေါ်လာပါတယ်။ အဲဒီလို အကြောင်းပေါ်လာတော့ ဆရာက သူ့ကြောင်အတွက် စဉ်းစားပါတယ်။ ကြောင်ကို စင်ကာပူမှာ ပေးခဲ့ဖို့ကလည်း ဘယ်သူမှ မွေးမယ့်သူက မရှိ၊ ဒီအတိုင်း ထားခဲ့ရင်လည်း အစာ ကွေျးမယ့်သူ ရှိချင်မှ ရှိမယ် ဆိုပြီး တွေးမိပါတယ်။ အဲဒါနဲ့ စိတ်ချရအောင် မြန်မာနိုင်ငံက သူ့အိမ်ကို ပြန်ပို့ထားခဲ့မယ် ဆိုပြီး စီစဉ်ပါတယ်။

ဆရာ ပြန်ပြောပြချက် အရတော့ ကြောင်တစ်ကောင်ကို စင်ကာပူကနေ ထုတ်ဖို့ အတော် မလွယ်ပါဘူး။ လုပ်ရတဲ့ အလုပ်က အများကြီး ပါပဲ။ ပထမဆုံး ကြောင်ကို မှတ်ပုံတင်ပြီး တိရိစ္ဆာန် ဆရာဝန်ဆီမှာ ဆေးစစ် ရပါတယ်။ ကာကွယ်ဆေးလည်း ထိုးရပါတယ်။ အဲဒါတွေ အားလုံးပြီးမှ ဆေးစစ်ထားကြောင်းနဲ့ ဆေးထိုးထားကြောင်း အထောက်အထားတွေနဲ့ အတူ အင်မီဂရေးရှင်းမှာ ကင်းလွတ်ခွင့် သွားယူ ရပါတယ်။ စလုံး အင်မီဂရေးရှင်းကတော့ စာရွက်ထုတ်ပေးပြီး စင်ကာပူ ဘက်က ကိစ္စ အားလုံး ပြီးပြီ။ ပြသနာ မရှိဘူး။ သယ်သွားလို့ ရပြီ။ မင်းနိုင်ငံဘက်ကိုသာ အဆင်ပြေအောင် လုပ်ပါလို့ ပြောလိုက်ပါတယ်။ အဲဒါနဲ့ ဆရာလည်း ကြောင်ကို သယ်သွားဖို့ မြန်မာသံရုံးမှာ သွားမေးပါတယ်။ မြန်မာသံရုံး ကတော့ “ဒါမျိုးကိစ္စက လုပ်ရိုးလုပ်စဉ် မရှိဘူး။ ဘာစာရွက်စာတမ်းမှလည်း မရှိဘူး။ အဲဒီတော့ မင်းကြောင်ကို ခေါ်သာသွား။ ရန်ကုန်လေဆိပ် ရောက်မှ အဝင်မခံဘူး ဆိုရင်လည်း လေဆိပ်မှာပဲ လွှတ်ထားခဲ့ပေါ့ကွာ။ ဘယ်တတ်နိုင်မလဲ။ သတ္တဝါတစ်ခု ကံတစ်ခုပေါ့။” လို့ အားပေးစကား ပြောလိုက် ပါတယ်။

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းက တိရိစ္ဆာန် အတင်မခံပါဘူး။ အဲဒါကြောင့် ကြောင်မင်းကြီးသား စီးဖို့ Silk Air နဲ့ ပြန်ရပါတယ်။ ကြောင်ကို လှောင်အိမ်ထဲထည့် လက်ကဆွဲလို့ ကျွန်တော့်ဆရာ ပြည်တော်ပြန် သွားပါတယ်။ အားလုံးပေါင်း အပြီးအစီး စင်ကာပူ ဒေါ်လာ ၇၀၀ လောက် မြောက်သွားတယ် လို့ သိရပါတယ်။

ဒီလိုနဲ့ပဲ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးကို ရောက်သွားပါတယ်။ အကောက်ခွန် ဌာနရောက်တော့ အကောက်ခွန် အရာရှိက ဘာပါသလဲ လို့ မေးပါတယ်။ ဆရာက ကြောင်ပါတယ် လို့ ပြောတော့ သူတို့တစ်တွေ အတော်ကို စိတ်ဝင်စား သွားကြပါတယ်။ နိုင်ငံခြားက သယ်လာတဲ့ကြောင်ဆိုလို့ ရုပ်ရှင်ထဲက ကြောင်တွေလို ဝဝဖီးဖီး အမွှေးဖွားဖွားကြီးတွေ လို့ သူတို့ ထင်မှာပါ။ ဒါပေမယ့် လှောင်အိမ်ထဲက ညောင်နာနာနဲ့ အမွှေးမဖွားတဲ့ ကြောင်ကို တွေ့တော့ ကပ်စတန် အရာရှိတွေ အတော် စိတ်ညစ်သွား ကြပါတယ်။ ဆရာက ကြောင်သယ်တာ ပြသနာရှိသလား မေးတော့ ပြသနာမရှိဘူး ရတယ် လို့ ပြောပါတယ်။ ထုံးစံအတိုင်း ဘာပါသေးလဲ ထပ်မေးကြ ပါတယ်။ ဆရာကတော့ လောကွတ်ချော်ပြီး သူ့လက်ထဲက ဆွဲလာတဲ့ ပဲနို့ (Soya Bean) တွေနဲ့ ကပ်စတန်ကို ဧည့်ခံပါတယ်။ ပဲနို့မြင်တော့ ကပ်စတန်များ ဒုတိယမ္ပိ နှာခေါင်းရှုံ့ကြပါတယ်။ ကပ်စတန် အရာရှိက “ပဲနို့တော့ မသောက်ချင်ပါဘူး။ မင်းကြောင်ပဲ တိုက်လိုက်ပါတော့။” ဆိုပြီး လက်လျှော့သွားပါတယ်။

ဒီလိုနဲ့ ကျွန်တော်တို့တစ်တွေ မြန်မာပြည်ကနေ စင်ကာပူမှာ အပင်ပန်းခံ လာအလုပ်လုပ် PR ယူနေကြတဲ့ အချိန်မှာ စင်ကာပူက ကြောင်တစ်ကောင်တော့ ကျွန်တော့်ဆရာ ကောင်းမှုနဲ့ မြန်မာပြည်မှာ PR ဖြစ်သွား ပါတယ်။

Friday, May 29, 2009

တရားသူကြီး နှင့် ရှေ့နေဟာသများ

သူ့အကြောင်းပြချက်

လင်မယား နှစ်ယောက်ဟာ ကွာရှင်းပြတ်စဲဖို့ တရားရုံးကို သွားကြပါတယ်။ အဲဒီမှာ သူတို့ရဲ့ ကလေးရဲ့ အုပ်ထိန်းသူ ဘယ်သူဖြစ်သင့်သလဲ ဆိုတာကို အငြင်းပွားကြပါတယ်။ ဂျူရီလူကြီးတွေက သူတို့ နှစ်ယောက်စလုံးကို ဘာကြောင့် ကလေးရဲ့ အုပ်ထိန်းသူ ဖြစ်သင့်တယ်လို့ ထင်သလဲ ဆိုတာကို မေးပါတယ်။ ပထမဆုံး ဂျူရီလူကြီးတွေက အမျိုးသမီးကို မေးပါတယ်။ အဲဒီတော့ အမျိုးသမီးက
“ကျွန်မ ဒီကလေးကို ကိုးလလောက် ဝမ်းထဲမှာ လွယ်ထားရတယ်။ နောက်တော့ ကျွန်မ နာနာကျင်ကျင်နဲ့ မွေးဖွား ရတယ်။ အဲဒါကြောင့် ဒီကလေးဟာ ကျွန်မရဲ့ တစိတ်တပိုင်းလို့ ပြောရင် ရတယ်။” လို့ ပြောပါတယ်။ ဂျူရီလူကြီးတွေက အမျိုးသမီးရဲ့ အဖြေကို သဘောကျသွား ကြပါတယ်။
အဲဒီနောက်မှာတော့ အမျိုးသားကို အဲဒီမေးခွန်းကိုပဲ ထပ်မေးပါတယ်။
“ကောင်းပြီ။ ကျွန်တော် အကြွေစေ့ တစ်စေ့ကို ယူလိုက်တယ်။ ဖျော်ရည်ရောင်းတဲ့ စက်ထဲ ထည့်လိုက်တယ်။ အဲဒီမှာ ဖျော်ရည် ထွက်လာတယ်။ ကဲ အဲဒီဖျော်ရည်ဟာ ကျွန်တော် ပိုင်တာလား။ စက်ကပိုင်တာလား ပြောစမ်းပါ။” လို့ အမျိုးသားက သူ့ရဲ့ အကြောင်းပြချက်ကို ပြောပါတယ်။

လျှော့ဈေး


တရားသူကြီးက တရားခံကို ခပ်တင်းတင်းကြည့်ရင်း မေးတယ်။
တရားသူကြီး။ ။“မင်းထောင်ကျတာ ဘယ်နှစ်ခါ ရှိပြီလဲ။”
တရားခံ။ ။“၉ ခါရှိပါပြီ။ တရားသူကြီးမင်း။”
တရားသူကြီး။ ။“၉ခါ။ ဟုတ်လား။ ဒါဆိုရင် မင်းကိုငါ အကြီးလေးဆုံး ပြစ်ဒဏ်ပေးရလိမ့်မယ်။”
တရားခံ။ ။“အကြီးလေးဆုံး ပြစ်ဒဏ်။ ဟုတ်လား။ အမြဲလာနေကျ ဖောက်သည်ပဲ။ Discount လေးတော့ ပေးပါဦး။”

နည်းနည်းလေးပါ

တရားသူကြီးက မေးပါတယ်။
“မင်းအသက် ဘယ်လောက် ရှိပြီလဲ။ မင်းဟာ ကျမ်းကျိန်ပြီး ထွက်ဆိုနေတယ် ဆိုတာကို သတိရပါ။”
အဲဒီတော့ အမျိုးသမီးက “၂၁ နှစ်ကို လနည်းနည်း စွန်းပါပြီ။” လို့ ပြန်ဖြေပါတယ်။
“ဘယ်နှစ်လ စွန်းတာလဲ။” တရားသူကြီးက အတိအကျ မေးပါတယ်။
“၁၀၈ လ ပဲ စွန်းတာပါ။” လို့ အမျိုးသမီးက ပြန်ဖြေပါတယ်။

ဘယ်သူလဲ။ စဉ်းစားကြည့်စမ်း

တစ်နေ့မှာ လူငယ် တစ်ယောက်ဟာ စာတိုက်အတွင်းကို လမ်းလျှောက်ဝင်လာရင်း ထိပ်ပြောင်ပြောင်နဲ့ လူလတ်ပိုင်း တစ်ယောက်ဟာ ကောင်တာမှာ ရပ်ပြီး ရိုမန်းတစ်ဖြစ်တဲ့ တံဆိပ်ခေါင်းတွေကို ပန်းရောင်နဲ့ အသည်းပုံ လေးတွေပါတဲ့ စာအိတ်တွေမှာ ကပ်နေတာကို တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ရေမွှေးပုလင်းကို ထုတ်ပြီး အဲဒီစာအိတ်တွေရဲ့ အပေါ်မှာ ဖြန်းနေတာကိုလည်း တွေ့ရပါတယ်။ လူငယ်က စိတ်ဝင်စားတာနဲ့ အဲဒီလူဆီကို သွားပြီး ဘာလုပ်နေတာလဲ ဆိုတာကို သွားစပ်စုပါတယ်။

“ဘယ်သူလဲ။ စဉ်းစားကြည့်စမ်း လို့ အောက်က လက်မှတ်ထိုးထားတဲ့ ဗယ်လင်တိုင်းဒေး ကတ်ဒ် ၁၀၀၀ ကို ပို့မလို့ လုပ်နေတာ။” လို့ အဲဒီလူက ပြောပါတယ်။
လူငယ်က အံသြတကြီးနဲ့ “ဘာလို့အဲဒီလို လုပ်ရတာလဲ။” လို့မေးပါတယ်။
“ငါက ကွာရှင်းပြတ်စဲမှုတွေမှာ အထူးပြုတဲ့ ရှေ့နေလေ။” လို့ သူက ပြန်ဖြေပါတယ်။

စေတနာရှင်

တစ်နေ့မှာ ရှေ့နေတစ်ယောက်ဟာ သူ့ရဲ့ ကားကို မောင်းလာရင်း လမ်းဘေးမှာ လူတစ်ယောက် မြက်စားနေတာကို တွေ့ရပါတယ်။ အဲဒါနဲ့ ရှေ့နေက သူ့ရဲ့ ဒရိုင်ဘာကို ကားရပ်ခိုင်းပါတယ်။ နောက်တော့ အပြင်ကို ထွက်ပြီး အဲဒီလူကို မေးပါတယ်။
“မင်းဘာလို့ မြက်တွေ စားနေတာလဲ။”
“ကျွန်တော်က အရမ်းပဲ ဆင်းရဲပါတယ်။ ဘာကိုမှ စားဖို့ မတတ်နိုင်လို့ပါ။” လို့ အဲဒီလူက ဖြေပါတယ်။
“သနားစရာပဲ။ ငါ့အိမ်ကို လိုက်ခဲ့ပါလား။” လို့ ရှေ့နေက ခေါ်ပါတယ်။
အဲဒီလူက “ကျွန်တော့်မှာ မိန်းမနဲ့ ကလေး ၃ယောက်လည်း ရှိသေးတယ်။” လို့ ပြောတော့ ရှေ့နေက သူတို့ကိုပါ ခေါ်ခဲ့ဖို့ ပြောပါတယ်။ သူတို့ အားလုံးကားထဲကို ရောက်တော့ မြက်စားနေတဲ့လူက
“ကျွန်တော်တို့ကို အိမ်ခေါ်သွားတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားဟာ အလွန်ကြင်နာတတ်တဲ့သူပဲ။” လို့ ရှေ့နေကို ပြောပါတယ်။
ရှေ့နေကတော့ “မင်းကြိုက်မှာ သေချာတယ်။ ငါ့အိမ်က မြက်ပင်တွေက ၁ ပေလောက်ရှည်တယ်” လို့ ပြန်ပြောလိုက်ပါတယ်။

မှတ်ထား

လူသတ်မှု တစ်ခုမှာ တရားခံ ရှေ့နေက မှုခင်းဆရာဝန်ကို မေးခွန်းထုတ်ပါတယ်။
“ခင်ဗျား အဲဒီလူကို သေဆုံးကြောင်း အတည်ပြု လက်မှတ်မထိုးခင် သူ့ရဲ့ သွေးခုန်နှုန်းကို စမ်းသလား။ နှလုံးခုန်သံကို နားထောင်လား။ အသက်ရှူမရှူ ရော စစ်ရဲ့လား။”
“အဲဒါတွေတော့ မလုပ်ဘူး။” လို့ ဆရာဝန်က ပြန်ဖြေပါတယ်။
“အဲဒါဆိုရင် သေဆုံးကြောင်း အတည်ပြု လက်မှတ်ထိုးတော့ ခင်ဗျား သူသေနေပြီ ဆိုတဲ့အချက်ကို မသေချာဘူးပေါ့။ ဟုတ်လား။” လို့ ရှေ့နေက ဆရာဝန်ကို ထပ်မေးပါတယ်။
အဲဒီတော့ ဆရာဝန်က “အင်း။ အဲဒီလူရဲ့ ဦးနှောက်က ကျွန်တော့် စားပွဲပေါ်က ဖန်ပေါင်းချောင်ထဲမှာ ရောက်နေပြီ။ ဒါပေမယ့် သူ့အနေနဲ့ ရှေ့နေတော့ လုပ်စားလို့ ရသေးတယ် ဆိုတာကိုတော့ ကျွန်တော် မေ့သွားတယ်။” လို့ ပြန်နှိပ်ကွပ် ပါတယ်။

Tuesday, May 26, 2009

ပြုံးချင်စရာ အိန္ဒိယ ဟာသများ

မင်းတို့ပဲ စွမ်းသလား

နိုင်ငံရပ်ခြားက တိုးရစ်စ် တစ်ယောက်ဟာ ဒေလီ နဲ့ အက်ဂရာမှာ သူ့ကို လိုက်ပို့ဖို့ အိန္ဒိယ ဧည့်လမ်းညွှန် တစ်ယောက်ကို ငှားပါတယ်။ ဒေလီက ခံတပ်နီကြီး ကို ရောက်တဲ့အခါမှာတော့ ဗိသုကာ လက်ရာတွေကို သဘောကျလို့ ဘယ်နှစ်နှစ် ကြာအောင် ဆောက်ရသလဲ လို့မေးပါတယ်။ ဧည့်လမ်းညွှန်က “နှစ် ၂၀ ကြာပါတယ်။” လို့ ပြန်ဖြေပါတယ်။

“မင်းတို့ အိန္ဒိယက ကောင်တွေ ငပျင်းတွေပဲ။ ငါတို့ တိုင်းပြည်မှာ ဒါမျိုးဆောက်ရင် ၅ နှစ်နဲ့ ပြီးတယ်။” လို့ တိုးရစ်စ်က ပြန်ပြောပါတယ်။

အက်ဂရာကို ရောက်တဲ့ အခါမှာတော့ တာ့ဂ်ျမဟာရ် ဂူသချင်္ိုင်းကြီးရဲ့ အလှအပတွေကို သဘောကျလို့ ဘယ်နှစ်နှစ်ကြာအောင် ဆောက်ရသလဲလို့ မေးပြန်ပါတယ်။ ဒီတစ်ခါတော့ “ဆယ်နှစ်ပဲ ကြာပါတယ်။” လို့ ဧည့်လမ်းညွှန်က ပြန်ဖြေပါတယ်။

“မင်းတို့ အိန္ဒိယကကောင်တွေ အလုပ်လုပ်တာ အတော်နှေးတာပဲ။ ငါတို့ဆီမှာ ဆိုရင် ဒီလို အဆောက်အဦးမျိုးကို ၂ နှစ်ခွဲနဲ့ ဆောက်လို့ ပြီးတယ်။” လို့ တိုးရစ်စ်က ပြောပြန်ပါတယ်။

အဲဒီလိုနဲ့ တိုးရစ်စ်ဟာ သူသဘောကျသမျှ အဆောက်အဦးတိုင်းကို သူတို့ တိုင်းပြည်မှာ ဆိုရင် အချိန် ၄ ပုံ ၁ပုံလောက် သုံးရင် ပြီးတယ် ဆိုပြီးတော့ ပြောပါတယ်။ နောက်ဆုံးမှာတော့ သူတို့ဟာ ဒေလီက ကူတပ် မိုင်နာ တာဝါကြီး ကို ရောက်လာပါတယ်။ တိုးရစ်က “ဒါဘာကြီးလဲ” လို့ မေးတော့ ဧည့်လမ်းညွှန်က “မသိဘူး။ မနေ့က ညနေကအထိတော့ ဒါကြီး မရှိသေးဘူး။” လို့ ပြန်ဖြေ လိုက်ပါတယ်။

မှားတဲ့လိပ်စာ

ဆင်းရဲသားတစ်ယောက်ဟာ ဘုရားကျောင်း အပြင်ဘက်မှာ ထိုင်ပြီး ပိုက်ဆံတောင်း နေပါတယ်။ “ဘဂဝမ်ရဲ့ မေတ္တာနဲ့ ဒီလူဆင်းရဲ ဗိုက်ပြည့်အောင် ပိုက်ဆံလေး နည်းနည်းလောက် မစကြပါ။ ဘဂဝမ်က ခင်ဗျားတို့ကို စောင့်ရှောက်ပါ လိမ့်မယ်။” လို့ သူက အော်ဟစ် နေပါတယ်။ ဒါပေမယ့်လည်း ဘုရား လာရှိခိုးတဲ့ သူတွေက သူ့ကို ပိုက်ဆံ နည်းနည်းလေးပဲ ပေးကြပါတယ်။ စိတ်ပျက်လာတာနဲ့ သူတောင်းစားဟာ ဘုရားကျောင်းက ထွက်လာပြီး အရက်ဆိုင်တစ်ဆိုင် ရဲ့ အပြင်ဘက်မှာ ထိုင်နေပါတယ်။ “ဘဂဝမ်ရဲ့ မေတ္တာနဲ့ တစ်ပြား နှစ်ပြားလောက် စွန့်ကြဲကြပါ။” လို့ သူက အော်ပါတယ်။ ဆိုင်ထဲကနေ မူးပြီး ထွက်လာတဲ့ သူတွေက ရူပီး ငွေတွေကို သူ့ခွက်ထဲကို ထည့်သွားကြပါတယ်။ ဘုရားကို ကျေးဇူးတင်လို့ သူတောင်းစားက ဒီလို ပြောပါတယ်။ “ဟေး ဘဂဝမ်။ ကျွနု်ပ်တော့ နားမလည် နိုင်တော့ဘူး။ အသင် ကျွနု်ပ်ကို ပေးတာ လိပ်စာက တစ်မျိုး။ နေတော့ အခြားတစ်နေရာ။ ဘယ်လို ဖြစ်တာလဲ။”

မြို့တော်ဖြစ်အောင်

ဆိုနုက မအိပ်ခင် ဆုတောင်းနေပါတယ်။ “ ဘုရားသခင်။ ကျေးဇူးပြုပြီး နေပယ်လ်ကို အီတလီရဲ့ မြို့တော် ဖြစ်အောင် စောင်မတော်မူပါ။ ကျေးဇူးပြုပြီး စောင်မတော် မူပါ။”

“နေပါဦး။ မင်းက ဘာကိစ္စ နေပယ်လ် ကို အီတလီရဲ့ မြို့တော် ဖြစ်စေချင်ရတာလဲ။” လို့ ဆိုနု ရဲ့ အမေက မေးပါတယ်။

“ဘာလို့လဲ ဆိုတော့ ဒီတစ်ခါ ပထဝီ စာမေးပွဲမှာ အဲဒီလို ဖြေလိုက်လို့ပေါ့။” လို့ ဆိုနု က ပြန်ဖြေလိုက် ပါတယ်။

မာလိုးနိမ်း

တစ်ခါက နိုင်ငံခြားသား တစ်ယောက်ဟာ အိန္ဒိယကို ရောက်တော့ တက္ကစီ ငှားစီးပါတယ်။ တက္ကစီနဲ့ လျှောက်သွားရင်း တစ်နေရာ ရောက်တော့ အလွန်ခမ်းနားတဲ့ အိမ်ကြီး တစ်အိမ်ကို တွေ့ပါတယ်။ အဲဒါနဲ့ သူက တက္ကစီ ဒရိုင်ဘာကို “ဒါဘယ်သူ့ အိမ်ကြီးလဲ။” လို့ မေးတော့ တက္ကစီသမားက “မာလိုးနိမ်း” လို့ ပြန်ဖြေပါတယ်။

အဲဒီလိုနဲ့ ဆက်သွားရင်း တနေရာ အရောက်မှာ အပျံစား ကားကြီး တစ်စီးကို တွေ့ပြန် ပါတယ်။ အဲဒီ အခါမှာလည်း သူက “ဒါဘယ်သူ့ ကားကြီးလဲ။” လို့ မေးကြည့်ပါတယ်။ တက္ကစီ ဒရိုင်ဘာက “ မာလိုးနိမ်း” လို့ ပြန်ဖြေ ပြန်ပါတယ်။ နိုင်ငံခြားသားကတော့ မာလိုးနိမ်းဆိုတဲ့သူ အတော် ချမ်းသာတာပဲ လို့ တွေးပါတယ်။

အဲဒီလိုနဲ့ ဆက်သွားရင်း လမ်းမှာ အသုဘ တစ်ခုကို တွေ့ပြန်ပါတယ်။ အဲဒီအခါမှာ နိုင်ငံခြားသားက ဒါဘယ်သူ့ အသုဘလည်း မေးတော့ တက္ကစီသမားက “မာလိုးနိမ်း” လို့ ပြန်ဖြေပါတယ်။ နိုင်ငံခြားသားကတော့ “အော်။ မာလိုးနိမ်းကြီး သေရှာပြီကိုး။” လို့ သနားတဲ့ အသံနဲ့ ရေရွတ် လိုက်ပါတယ်။
(မာလိုးနိမ်း= မသိဘူး။) :D

သင့်တော်တဲ့ အလုပ်

အရောင်းသမားတစ်ယောက်ဟာ ကပ်စတန်မာကို ရိုင်းရိုင်းပျပျ ဆက်ဆံတဲ့အတွက် အလုပ် ထုတ်ခံရ ပါတယ်။ တစ်လလောက် ကြာတော့ အရောင်းမန်နေဂျာက သူ့ကို ရဲ အဝတ်အစားနဲ့ လမ်းလျှောက်လာတာကို တွေ့ရပါတယ်။

“အော် ဘာနဂါ။ လက်စသပ်တော့ မင်းက ရဲအဖွဲ့ထဲ ဝင်လိုက်တာကိုး။” လို့ အရောင်းမန်နေဂျာက ပြောပါတယ်။

“ဟုတ်တယ် ဆရာ။ ဒါ ကျွန်တော် တစ်ဘဝလုံး ရှာနေတဲ့ အလုပ်ပဲ။ ဒီအလုပ်မှာ ကပ်စတန်မာက အမြဲမှားတယ်။ (Customer is always wrong.)”

ဆက်သွယ်ရေး

ဆက်သွယ်ရေး လက်ချာတစ်ခုမှာ ဆရာက မေးပါတယ်။

“အနီအောက် ရောင်ခြည် ဆက်သွယ်ရေး (Infrared Communication) က မကောင်းဘူး ဆိုတာ ဘယ်လို ဥပမာ ပြမလဲ။”

ရွှတ်နောက်နောက် ကျောင်းသားတစ်ယောက်က “အိန္ဒိယ လူမျိုးတွေကို ကြည့်ပါ ဆရာ။ သူတို့ နဖူးမှာ အနီစက်ကလေးတွေ ရှိတယ်။ အဲဒါ သူတို့ အချင်းချင်း Infrared နဲ့ ဆက်သွယ် နေကြတာပါ။ ဒါပေမယ့် ဖမ်းလို့ရတဲ့လှိုင်း (reception) က မကောင်းတော့ သူတို့ ခေါင်းတွေကို ခါနေရတယ်လေ။ အဲဒါမှ လှိုင်းမိမှာကိုး။” လို့ ပြန်ဖြေပါတယ်။

အဲဒီမှာ ဆရာက စိတ်ပေါက်ပေါက်နဲ့ “သူတို့တွေ ငယ်ငယ်ကတည်းက အနီစက်က ရှိလာတာပဲ။ မင်းပြောသလိုဆို တသက်လုံး ဆက်သွယ်လို့ အဆင်မပြေဘူး ဖြစ်နေမှာပေါ့။” လို့ ပြန်တွယ် ပါတယ်။

ကျောင်းသားက “သူတို့ကို အပြာရောင် အစက် ပြောင်းတပ်ခိုင်းလိုက်ပါ ဆရာ။ အဆင်ပြေ သွားပါလိမ့်မယ်။ Bluetooth က Infrared ထက် သာပါတယ်။” လို့ ပြန်ပြောလိုက်ပါတယ်။

(Reader Digest Best Jokes ထဲက ဟာသတွေ၊ SMS က ရတဲ့ ဟာသတွေ ၊ တခြားမှာ ကြားဖူးတဲ့ ဟာသတွေ ကို စုစည်းထားတာပါ။)

Monday, May 25, 2009

ကြုံခဲ့ဖူးသမျှ ဗီဇာအကြောင်း

ကမ္ဘာပေါ်မှာ အမြင်ကတ်စရာ အကောင်းဆုံး အင်မီဂရေးရှင်းကို ရွေးပြပါ ဆိုရင် မလေးရှားကို ရွေးပြမိ ပါလိမ့်မယ်။ အလွန် အင်မတန် ရစ်ပါတယ်။ ပုံမှန်အားဖြင့် ကျွန်တော်တို့ အလုပ်ကိစ္စနဲ့ မလေးရှားကို သွားရင် အလည်အပတ် ဗီဇာနဲ့ပဲ သွားလေ့ရှိပါတယ်။ Business ဗီဇာက လျှောက်ရတာ နည်းနည်း အလုပ်ရှုပ်လို့ပါ။ အဲဒါကို မတော်တဆများ White Card ထဲမှာ Business နဲ့ လာတယ်လို့ ယောင်ယမ်းပြီး ခြစ်လိုက်မိရင် ပြသနာ ရှာလို့ မပြီးတော့ပါဘူး။ အဲဒါတွင် မကသေးဘူး။ နေထိုင်မယ့် လိပ်စာ ကို အပြည့်အစုံ ရေးမထား ရင်လည်း ရစ်တတ်ပါတယ်။ တခါတလေ စက်အတွက် အပိုပစ္စည်းတွေ လက်က ကိုင်သွားမိရင်လည်း ပြသနာရှာတတ် ပါသေးတယ်။ ဂျဟိုးဘာရူး ဘက်ကနေ မလေးရှားကို ကားနဲ့ဝင်ရင် သိပ်ပြသနာ မရှိပေမယ့် ကွာလာလမ်ပူနဲ့ ပီနန် လေဆိပ်က အင်မီဂရေးရှင်း အရာရှိများကတော့ အလွန်ကို ဆိုးရွားပါတယ်။ မလေးရှား အင်မီဂရေးရှင်းက မြန်မာပတ်စ်ပို့စ် တွေ့တာနဲ့ ပြသနာရှာဖို့ပဲ စဉ်းစားနေကြသလားတော့ မသိပါ။

ဥရောပ ကိုသွားရင်တော့ ရှန်ဂန်ဗီဇာနဲ့ပဲ သွားဖြစ်ပါတယ်။ ရှန်ဂန်ဗီဇာ ကိုင်ထားရင် ရှန်ဂန် သဘောတူညီချက်မှာ လက်မှတ် ထိုးထားတဲ့ နိုင်ငံတွေ အားလုံးကို ဗီဇာတစ်ခုတည်းနဲ့ ဝင်လို့ ရပါတယ်။ နယ်သာလန်၊ဂျာမနီ၊ ပြင်သစ်၊ စပိန်၊ ဘယ်လ်ဂျီယမ်၊ ဒိန်းမတ် အစရှိတဲ့ နိုင်ငံတွေမှာ နယ်စပ်ဂိတ်မရှိပါဘူး။ အဲဒီနိုင်ငံတွေရဲ့ နယ်နိမိတ်အတွင်းမှာ လွတ်လွတ်လပ်လပ် ကူးသန်းသွားလာလို့ ရပါတယ်။ လေဆိပ်တွေမှာ ဆိုရင်လည်း ရှန်ဂန်နိုင်ငံ အချင်းချင်း ကူးရင် လူဝင်မှုကြီးကြပ်ရေးဂိတ်ကို ဖြတ်စရာမလိုပါဘူး။ ရှန်ဂန် ဗီဇာကို ရှန်ဂန် နယ်နိမိတ်ထဲမှာ ပါတဲ့ နိုင်ငံ တစ်ခုခုရဲ့ သံရုံးမှာ လျှောက်လို့ ရပါတယ်။ ရှန်ဂန် နယ်နိမိတ်အကြောင်း အသေးစိတ် သိချင်ရင်တော့ ဒီမှာ ကြည့်နိုင် ပါတယ်။

တခါတလေတော့လည်း ရှန်ဂန် မဟုတ်တဲ့ နိုင်ငံတစ်နိုင်ငံကို သွားတဲ့အချိန် ရှန်ဂန် နယ်နိမိတ်ထဲမှာ Transit ဝင်မိရင် အတော် ဇယားရှုပ်ပါတယ်။ ကျွန်တော် ပိုလန်ကို သွားတဲ့ အချိန်တုန်းက ပိုလန်က ရှန်ဂန် နယ်နိမိတ်ထဲမှာ မပါသေး ပါဘူး။ ကုမ္ပဏီက စီစဉ်ပေးလိုက်တဲ့ လေယာဉ်လက်မှတ်က စင်ကာပူ ကနေ ပိုလန်မြောက်ပိုင်း ဂဒိုင့်စ်မြို့ လေဆိပ် ကို တိုက်ရိုက် မသွားပါဘူး။ ဟော်လန်က အမ်စတာဒမ် နဲ့ ဒိန်းမတ်က ကိုပင်ဟေဂင် လေဆိပ် ၂ခု ကို Transit ခံထားပါတယ်။ အဲဒီတော့ အမ်စတာဒမ် လေဆိပ်ကို ရောက်တာနဲ့ ကိုပင်ဟေဂင် လေဆိပ်ကို လေယာဉ်ပျံ ပြောင်းမစီးခင် ရှန်ဂန် နယ်နိမိတ်ထဲ ဝင်တဲ့ အတွက် အင်မီဂရေးရှင်းကို ဖြတ်ရပါတယ်။ ကိုပင်ဟေဂင် ကနေ ဂဒိုင့်စ်ကို လေယာဉ်ပျံ ပြောင်းစီးတော့လည်း ရှန်ဂန် နယ်နိမိတ်ထဲကနေ ပြန်ထွက်တဲ့အတွက် အင်မီဂရေးရှင်းကို နောက်တစ်ခေါက် ထပ်ပြီး ဖြတ်ရပါတယ်။ ပိုလန်ရောက်မှ ဂဒိုင့်စ်မှာ အင်မီဂရေးရှင်း နောက်တစ်ခေါက် ပြန်ဝင်ရပါတယ်။ ပြန်လာတော့လည်း အဲဒီ အတိုင်းပါပဲ။

တခြားဗီဇာတွေနဲ့ မတူတဲ့ ရှန်ဂန်ဗီဇာရဲ့ ထူးခြားချက်က လျှောက်ရင် လျှောက်သလောက်ပဲ ပေးလေ့ရှိတာပါ။ ဥပမာ အမေရိကန်တို့ သြစတေးလျ တို့ကို ဝင်ရင် တခါတည်း ၃လ နေထိုင်ခွင့် ဗီဇာ တိုက်ရိုက်ထုပေးလေ့ ရှိပါတယ်။ ဒါပေမယ့် ရှန်ဂန် ဗီဇာကတော့ စလျှောက်ကတည်းက ၁၂ ရက်ကြာမယ်လို့ ဖောင်မှာ ဖြည့်ရင် ဗီဇာကို ၁၂ ရက်ပဲ ပေးပါတယ်။ အဲဒီလိုမျိုး ဆိုတော့ အလုပ်ရှုပ်လို့ ကျွန်တော်က တစ်ခါလျှောက်ရင် ၄၅ ရက် လျှောက်ပါတယ်။ ပြသနာက အဲဒီမှာ စတော့တာပါပဲ။ တတိယအကြိမ်မြောက် ရှန်ဂန် ဗီဇာတင်တဲ့ အချိန်မှာ ကျွန်တော့်ကို ၆ လအတွင်းမှာ ဗီဇာ ရက် ၉၀ ယူထားလို့ ထပ်ပေးလို့ မရတော့ဘူးလို့ ပြောပါတယ်။ အမှန်တကယ်တော့ ကျွန်တော် ရှန်ဂန်နယ်နိမိတ်ထဲမှာ နေတာ ရက် ၉၀ မရှိပါဘူး။ ကျွန်တော့် ကုမ္ပဏီရုံးက ဟော်လန် အခြေစိုက်တော့ ရှန်ဂန် နယ်နိမိတ်ကို ဝင်လိုက် ထွက်လိုက် လုပ်နေရတာ များတာနဲ့ ဗီဇာ မကုန်အောင် ကြာကြာ လျှောက်ထား တာပါ။ အဲဒီအကြောင်းကို ဟော်လန်သံရုံးကို ရှင်းပြတော့ ကျွန်တော့်ကို သွားခဲ့တဲ့ ခရီးစဉ်တွေကို စာနဲ့ ရေးပြီး အီးမေးလ်ပို့ပေးပါ လို့ ပြန်ပြောပါတယ်။ ဘာလုပ်ဖို့လဲ မေးတော့ မင်းကို ခဏခဏ ဗီဇာထုတ်ပေးနေရတာ အလုပ်ရှုပ်တယ်။ တစ်ခါတည်း အကြာကြီး ထုတ်ပေးထားမယ် လို့ ပြန်ပြော ပါတယ်။ နောက်တော့ ၆လ ရှန်ဂန်နယ်နိမိတ်ကို အကြိမ်ကြိမ် ဝင်ထွက်ခွင့် ဗီဇာ ထုတ်ပေးပါတယ်။ အနောက်နိုင်ငံများနဲ့ အလုပ်လုပ်ရတာ အဲဒါ တစ်ခုတော့ ကောင်းပါတယ်။ အကျိုးသင့် အကြောင်းသင့် ပြောပြရင် လက်ခံပြီး အဆင်ပြေအောင် လုပ်ပေးတတ် ပါတယ်။ အာရှက ရစ်တတ်တဲ့ အင်မီဂရေးရှင်းတွေ သံရုံးတွေနဲ့တော့ တခြားစီပါ။

အမေရိကန် ဗီဇာကတော့ ခန့်မှန်းရ ခက်ပါတယ်။ တစ်ခါတစ်လေ စာရွက်စာတမ်း အားလုံး ပြည့်စုံရဲ့သား နဲ့လည်း မရတတ်ပါဘူး။ ကျွန်တော်လည်း ပထမဆုံး အကြိမ် ဗီဇာ လျှောက်တုန်းက Reject ထုခံရ ပါတယ်။ အဲဒီတုန်းက ဒုတိယမြောက် ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ အချိန်ပါ။ ကျွန်တော်တို့ဆီက စက်ကိရိယာ အစိတ်အပိုင်းတွေ ဝယ်တဲ့ ပင်ဆယ်ဗေးနီးယား ပြည်နယ်က ကုမ္ပဏီတစ်ခုကို Technical Support အနေနဲ့ ကျွန်တော့် ကုမ္ပဏီက လွှတ်ပါတယ်။ ဗီဇာကိုတော့ ခရီးသွား အေးဂျင့်က တင်ပေးပါတယ်။ အမေရိကန် သံရုံးက အင်တာဗျူး ခေါ်တဲ့နေ့ သွားတော့ “မင်း စင်ကာပူမှာ နေတာ ဘယ်လောက်ရှိပြီလဲ။” “ အခု လခ ဘယ်လောက် ရသလဲ။” “မင်းအခု စင်ကာပူမှာ ဘယ်သူနဲ့ နေသလဲ။” “ဘာသွားလုပ်မှာလဲ။” “ဘယ်သူနဲ့ သွားမှာလဲ။” စတဲ့ မေးခွန်း ၄-၅ ခွန်း မေးပါတယ်။ ပြီးတော့ “ဝမ်းနည်းပါတယ်။ မင်းကို ဗီဇာထုတ်မပေးနိုင်ဘူး။” လို့ပြောပြီး ပတ်စ်ပို့ ရဲ့ နောက်ကျောမှာ ဒုံးဆို တံဆိပ်တစ်ခု ထုလိုက်ပြီး စာရွက်တစ်ရွက်နဲ့ အတူ ကျွန်တော့် ပတ်စ်ပို့ကို ပြန်ပေးလိုက် ပါတယ်။ အဲဒီစာရွက်မှာ ကတော့ 214(B) လို့ခေါ်တဲ့ အခုလက်ရှိ နေထိုင်တဲ့ နေရာမှာ အမေရိကန်က ပြန်လာလောက်အောင် တွယ်တာစရာ ဘာမှ မရှိတဲ့ အတွက် ဗီဇာ မပေးနိုင်ဘူး လို့ ရေးထားပါတယ်။ ကျွန်တော်နဲ့ အတူ သွားလျှောက်တဲ့ တရုတ်အင်ဂျင်နီယာက ၆ လ အကြိမ်ကြိမ် ဝင်ထွက်ခွင့် ဗီဇာ ရပြီး ဖိလစ်ပိုင် အင်ဂျင်နီယာကတော့ ၁၀ နှစ် အကြိမ်ကြိမ် ဝင်ထွက်ခွင့် ဗီဇာ ရပါတယ်။ ကျွန်တော် ဗီဇာလျှောက်ပြီး သိပ်မကြာခင်မှာပဲ ကျွန်တော်နဲ့ တစ်ကျောင်းတည်း အတူတူဆင်းတဲ့ မြန်မာသူငယ်ချင်း တစ်ယောက် ဗီဇာသွားလျှောက်ပါတယ်။ မျက်စိ မမြင်တဲ့ သံရုံးအရာရှိနဲ့ အင်တာဗျူး ဖြေရပြီး ဗီဇာရသွား ပါတယ်။ အမေရိကန် ဗီဇာ ဆိုတာလည်း တခါတလေတော့ ကံနဲ့ ဆိုင်တယ် လို့ သိသွားပါတယ်။

နောက်ထပ် ကုမ္ပဏီ တစ်ခု ပြောင်းတော့ ကျွန်တော့်ကို အမေရိကားကို ထပ်လွှတ် ပြန်ပါတယ်။ ဒီတစ်ခါတော့ စက်ပြင်ဖို့ လွှတ်တာပါ။ ကျွန်တော်က အရင်ဗီဇာ လျှောက်ဖူးတယ်။ မရဘူး လို့ ပြောပေမယ့် မန်နေဂျာက မရမချင်း လျှောက်ကွာလို့ ပြောတာနဲ့ နောက်တစ်ခေါက် ထပ်ပြီး တင်လိုက်ပါတယ်။ ကျွန်တော်လည်း လူလည်ကျပြီး ပိုင်ဆိုင်မှု အထောက်အထား အနေနဲ့ CPF Statement ကို ယူသွားပါတယ်။ CPF ဆိုတာ စင်ကာပူမှာ အမြဲတမ်းနေထိုင်သူတွေ နိုင်ငံသားတွေ လစဉ် လခရဲ့ ရာခိုင်နှုန်း ၂၀ ကို ထည့်ဝင်ရတဲ့ စာရင်းပါ။ အိမ်ဝယ်လို့ ရပါတယ်။ ဆေးကု လို့ရပါတယ်။ အငြိမ်းစားယူတဲ့ အခါ ပြန်ထုတ်လို့ ရပါတယ်။ ဒီတစ်ခါလည်း အရင်လို မေးခွန်းတွေ ထပ်ပြီး မေးပါတယ်။ ဒါပေမယ့် အဲဒီတစ်ခါတော့ ဗီဇာ ပေးလိုက်ပါတယ်။ Business B1 ဗီဇာပါ။

နောက်ထပ် ၆ လလောက် ကြာတော့ အမေရိကန် ဗီဇာကို နောက်တစ်ခေါက် ထပ်ဝင်ဖြစ်ပါတယ်။ အဲဒီအခါမှာ မေးခွန်းတွေ လျှောက်မေးပြီး နောက်ဆုံးကြတော့ စာအုပ်ထဲမှာ ပထမတစ်ခေါက်သွားထားတဲ့ ဗီဇာကို တွေ့တာနဲ့ ဘာမှ ဆက်မမေးတော့ဘဲ ဗီဇာထုတ်ပေးလိုက်ပါတယ်။ ပြန်လာပြီး နောက်ထပ် ၆ လလောက် ကြာတော့ တတိယတစ်ကြိမ် ထပ်လျှောက်ဖြစ်ပါတယ်။ ဒီတစ်ခါတော့ စာအုပ်ထဲမှာ အရင် အမေရိကန် ဗီဇာ ၂ ခုရှိပြီးသားမို့ မင်း Multiple-Entry ဗီဇာ ယူမလား မေးပြီး Multiple-Entry ၁နှစ် နှိပ်ပေးလိုက် ပါတယ်။ Business B1 ဗီဇာပါပဲ။ အဲဒီ ဗီဇာမှာ အလုပ်ကိစ္စနဲ့ သွားရင် အချိန်မရွေးသွားလို့ ရပေမယ့် အလည် မသွားရဘူး လို့တော့ ကန့်သတ်ထားပါတယ်။

မြန်မာနိုင်ငံကူး လက်မှတ်နဲ့ ဗီဇာမလွယ်ဘူး ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် မရဘူး ဆိုတာတော့ မဟုတ်ပါဘူး။ ကိုယ့်ဘက်က မှန်နေရင် ဘယ်နိုင်ငံပဲ ဖြစ်ဖြစ် ရဖို့ အခွင့်အလမ်း များတယ် ဆိုတာကိုတော့ အတွေ့အကြုံ အရ သိခဲ့ရပါတယ်။

Saturday, May 23, 2009

ခေါက်ဆွဲစားတဲ့ကား

သောကြာနေ့ညဆိုရင် မနက်ဖြန် ရုံးမတက်ရဘူး ဆိုတဲ့ အသိနဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေ သွားချင်ရာသွား၊ အိမ်ကို ပြန်ချင်တဲ့ အချိန်မှပြန် လုပ်လို့ရတဲ့ နေ့မျိုးပါ။ ဒီနေ့လည်း ရုံးကနေ အိမ်ကို ပြန်ရောက်တာ နောက်ကျပေမယ့် သူငယ်ချင်းတွေ အစ်ကိုတွေနဲ့ အတူ စင်ကာပူ မြို့လယ်ခေါင်က Orchard လမ်းမကြီး မှာ အပျင်းပြေ လမ်းသွားလျှောက်မယ် ဂိမ်းသွားဆော့မယ် ဆိုပြီး ထွက်ခဲ့ကြပါတယ်။ ဒါပေမယ့် ဘတ်စ်ကားဂိတ် ရောက်တော့ ကားထိုင်စောင့်ရင်း ကားမလာတာနဲ့ စိတ်ပြောင်းသွား ကြပါတယ်။ နောက်ဆုံးတော့ အနီးအနားမှာပဲ ညစာ သွားစားမယ် လို့ သဘောတူကြပြီး အေရာရာဂျာ အမြန်လမ်းမကြီး (Ayer Rajah Expressway) နဲ့ မလှမ်းမကမ်း West Coast လမ်းမ နံဘေးမှာ ရှိတဲ့ အေရာရာဂျာ စားသောက်တန်း ကို ရောက်သွားကြပါတယ်။

အေရာရာဂျာ စားသောက်တန်းမှာ မလေးအစားအစာ ကောင်းကောင်း ရပါတယ်။ ခေါက်ဆွဲကြော် (Mee Goreng)၊ ထမင်းကြော်နဲ့ ကြက်သား (Nasi Goreng Ayam)၊ ကြာဇံကြော် (Bee Hong Goreng)၊ ကီးမားပလာတာ (Mutabak) စတဲ့ အစားအစာတွေ စားလို့ အလွန်ကောင်းပါတယ်။ အဲဒီလို အစားအသောက် ကောင်းလွန်းလို့ လူတင်မကပဲ ကားပါလာစားတာကို ဒီနေ့ ကြုံလိုက်ရပါတယ်။

ကျွန်တော်တို့ စားသောက်တန်းရဲ့ ဒေါင့်စွန်းခုံကလေးမှာ ထိုင်ရင်း ရယ်စရာ တွေ ပြောနေကြတုန်းမှာ လူတစ်ယောက် “အား” လို့ အော်လိုက်တဲ့ အသံနဲ့ အတူ ကားတစ်စီး အရှိန်နဲ့ မောင်းလာတဲ့ အသံကို ကြားလိုက်ရပါတယ်။ ကျွန်တော် ထိုင်နေတဲ့ နေရာရဲ့ နောက်ကျောဖက်က အသံထွက်လာတာမို့ လှည့်ကြည့်မိပါတယ်။ ပလက်ဖောင်းပေါ်ကနေ ကားတစ်စီး စားသောက်တန်း ဖက်ကို ဦးတည်ပြီး အရှိန်ပြင်းပြင်းနဲ့ မောင်းလာတာကို တွေ့လိုက်ရလို့ အတော်လေး အံ့အားသင့် သွားပါတယ်။



အပေါ်က ပုံကတော့ ကားဖြတ်မောင်းလာတဲ့ ပလက်ဖောင်းပါ။ မျက်စိတမှိတ်အတွင်းမှာပဲ ကားက စားသောက်ဆိုင်တန်းထဲကို ဝင်လာပါတယ်။ စားသောက်ဆိုင်တန်းထဲမှာ စတီးလ်နဲ့ လုပ်ထားတဲ့ စားပွဲ ကုလားထိုင်တွေ ရှိပါတယ်။ အဲဒါတွေ အကုန်လုံးကို ကားက ဝင်တိုက်ပြီး နောက်ဆုံးမှာတော့ ငါးဆုပ်လုံးခေါက်ဆွဲ (Fish Ball Noodle) ရောင်းတဲ့ ဆိုင်ကို ဝင်တိုက်ပြီး ကားက ရပ်သွားပါတယ်။



ကျွန်တော် ထိုင်နေတဲ့ နေရာနဲ့ ကားဝင်တိုက်သွားတဲ့ နေရာက သိပ်မဝေးပါဘူး။ လှမ်းမြင်နေရပါတယ်။ ကျွန်တော့်စိတ်ထဲမှာ ထင်လိုက်တာကတော့ တစ်ယောက်ယောက်က စားသောက်ဆိုင်ထဲမှာ ထိုင်နေတဲ့ သူကို မကျေနပ်လို့ ကားနဲ့ တိုက်တယ်လို့ ထင်လိုက်တာပါ။ တကယ်တော့ မဟုတ်ပါဘူး။ ကားမောင်းတဲ့သူ အရက်အမူးလွန်ပြီး လမ်းမှား ဝင်လာတာပါ။ ကံကောင်းထောက်မစွာနဲ့ ဆိုင်ရဲ့ အဲဒီဘက်အခြမ်းမှာ စားသောက်နေတဲ့သူ တစ်ယောက်မှ မရှိတော့ ဘယ်သူ့ကိုမှ မထိခိုက်မိပါဘူး။ ကားမောင်းတဲ့သူ တစ်ယောက်ပဲ ဒဏ်ရာ ရပါတယ်။



ချက်ချင်းပဲ ကားနားကို လူတွေ ဝိုင်းအုံလာကြပါတယ်။ ကားက မီးတွေ ပွင့်နေတုန်းပါပဲ။ ကျွန်တော်တို့ အနားနားကို ကပ်သွားတော့ ကားမောင်းတဲ့လူ သတိရနေပါသေးတယ်။ သူက ကားကို စက်နှိုးပြီး နောက်ပြန်ဆုတ် ထွက်ဖို့ ကြိုးစား နေပါတယ်။ ဒါပေမယ့်လည်း သူ့ကားက စတီးလ်ခုံတွေကို တိုက်ထားတာ ဆိုတော့ စတီးလ်ချောင်းတွေ က ကားအောက်က ပင့်ထားသလို ဖြစ်နေတော့ ပြန်ဆုတ်လို့ မရပါဘူး။ ဘေးနားကလူတွေက ကားကို နောက်ပြန်မဆုတ်ဖို့ ဝိုင်းအော်ကြပါတယ်။ နောက်ဆုံးတော့ ကားမောင်းတဲ့သူ ကားထဲက ထွက်လာပါတယ်။



ကျွန်တော့်ဘေးနားက တစ်ယောက်က ဖုန်းဆက်ပြီး အရေးပေါ် လှမ်းခေါ်ပြီးပါပြီ။ အရေးပေါ်က တော်တော်နဲ့ ရောက်မလာသေးပါဘူး။ ကားထဲက ဆင်းလာတဲ့ သူကတော့ မျက်နှာမှာ သွေးစွန်းနေပေမယ့် လမ်းလျှောက်နိုင်ပါသေးတယ်။ စကားလည်း ပြောနိုင်ပါသေးတယ်။ အဲဒီ နံဘေးနားက ဆိုင်ရှင် တရုတ်ကြီးနဲ့ စကားတွေ များနေကြပါတယ်။

ကျွန်တော်တို့လည်း အနားကပ် ဓာတ်ပုံရိုက်ပြီးတော့ ကားဝင်လာခဲ့တဲ့ လမ်းကြောင်းကို ကွင်းဆင်း လေ့လာရေး လုပ်ပါတယ်။ အဲဒီမှာ ကားက ဆိုင်ထဲကို ဝင်မလာခင် ပလက်ဖောင်းပေါ် တက်တက်လာချင်းမှာ ပလက်ဖောင်းဘေးမှာ ရပ်ထားတဲ့ ကားတစ်စီးကို နောက်မြီးကနေ အရင်ဆုံး ဝင်တိုက်လိုက်တယ် ဆိုတာကို တွေ့လိုက် ရပါတယ်။ အဲဒါကြောင့် လူတစ်ယောက် လန့်ပြီး အော်လိုက်တဲ့ အော်သံ ထွက်လာတာပါ။



အဲဒီကားကို တိုက်ပြီးတဲ့ နောက်မှာတော့ ဓာတ်တိုင်တွေနဲ့ အိမ်တွေကြား ပလက်ဖောင်း ပေါ်မှာ အရှိန်နဲ့ မောင်းလာပြီး နောက်ဆုံးမှာတော့ အမှိုက်ထည့်တဲ့ အုတ်ကန်နဲ့ ထောင်ထားတဲ့ အမှိုက်ပုံးကြားက ကပ်သီးကပ်သတ် ဝင်သွားပြီးမှ စားသောက်ကို ဝင်တိုက်တာပါ။ အဲဒီကား ကပ်သီးကပ်သတ် မောင်းဝင်သွားတဲ့ နေရာကို အောက်မှာ ကြည့်ပါ။



ကျွန်တော်တို့ လေ့လာရေး လုပ်နေတုန်းမှာပဲ တော်တီးတော်တီးနဲ့ သူနာပြုကား ရောက်လာပါတယ်။ ကားမောင်း လာတဲ့သူကတော့ မျက်နှာမှာ သွေးထွက်နေတာက လွဲလို့ အကောင်းအတိုင်း ရှိပါသေးတယ်။ တယ်လီဖုန်းတောင် ပြောနေပါသေးတယ်။



သူနာပြုတွေ ဆင်းလာပြီး ယာဉ်မောင်းကို ဘီးတပ်ကုလားထိုင်ပေါ် တင်ပြီး ခေါ်သွားကြပါတယ်။ အဲဒီတော့မှပဲ ကျွန်တော်လည်း ကားအနီးအနားကို ကပ်ပြီး ဓာတ်ပုံတွေ ရိုက်ခဲ့ပါတယ်။





စင်ကာပူက လူတွေကတော့ ထုံးစံအတိုင်း 4D (လေးလုံးထီ) ထိုးဖို့ ကားနံပါတ်ကို ဝိုင်းမှတ်ကြပါတယ်။ စိတ်ဝင်စားတဲ့သူများ မနက်ဖြန် ကံစမ်းနိုင်ပါတယ်။ အဲဒီကားနံပါတ်က ၉၅၅၃ ပါ။

ဘယ်လို ခံစားလိုက်ရသလဲ ဆိုတော့ နည်းနည်းတော့ သွေးပျက်သွားပါတယ်။ ငါထိုင်နေတဲ့ နေရာသာ အဲဒီကား မောင်းဝင်လာရင် ထပြေးဖို့ အချိန်မီမှာ မဟုတ်ဘူး ဆိုတာ တွေးမိလို့ပါ။ ကား မောင်းပြီး ဝင်လာတဲ့ အရှိန်က အရမ်းမြန်လွန်းပါတယ်။ အင်း ထိုင်နေရင်းလည်း အခန့်မသင့်ရင် မာလကီးယား သွားနိုင်တယ် တွေးမိတော့ စိတ်ထဲတော့ အတော်တုန်လှုပ်သွားပါတယ်။ မျက်စိရှေ့မှာတင် ဖြစ်သွားတဲ့ အက်ဆီးဒင့်ပါ။ ခေါက်ဆွဲစားတဲ့ ကားကို လေ့လာနိုင်ဖို့ တယ်လီဖုန်းနဲ့ ရိုက်လာတဲ့ ဓာတ်ပုံလေးတွေ တင်ပေးလိုက်ပါတယ်။ သတိဆိုတာ ပိုတယ် မရှိပါဘူး။ မျက်စိရှင်ရှင်နဲ့ ကိုယ့်အန္တရာယ်ကိုယ် ကြည့်ရှောင်ပါ။ အခန့်မသင့်လို့ကတော့ သတိတချက်လွတ်တာနဲ့ လျှပ်တပြက်အတွင်း ဂန့်သွားနိုင်ပါတယ် လို့တော့ အသိကလေး တစ်ခုတော့ ဒီနေ့ ရလိုက်ပါတယ်။ :D

Thursday, May 21, 2009

Wolfram Alpha ကို မေးခွန်းထုတ်ခြင်း

Wolfram Alpha ဆိုတာကတော့ သူ့ကိုမေးတဲ့ မေးခွန်းတွေကို အဖြေ ထုတ်ပေးတဲ့ Answer-Engine တစ်မျိုးပါ။ Google နဲ့ ကွဲပြားတဲ့ အချက်ကတော့ Wolfram Alpha က ကိုယ်ရှာလိုက်တဲ့ အချက်အလက်တွေ အတွက် ဝက်ဘ်ဆိုဒ်တွေ တသီတတန်းကြီးကို ချပြမှာ မဟုတ်ပဲ သူတွက်ချက်လို့ ရတဲ့ အဖြေကိုပဲ ထုတ်ပေးမှာပါ။ ဝက်ဘ်ဆိုဒ် လိပ်စာကတော့ http://www.wolframalpha.com ဖြစ်ပါတယ်။ အထူးသဖြင့် ကိန်းဂဏန်းနဲ့ သက်ဆိုင်တဲ့၊ အတွက်အချက်နဲ့ သက်ဆိုင်တဲ့ ဒါမှမဟုတ် အချက်အလက်နဲ့ သက်ဆိုင်တဲ့ အမေးအဖြေတွေ နဲ့ ပိုပြီး သင့်လျော်ပါတယ်။ မေလ ၁၅ ရက်နေ့က Wolfram Alpha ကို စတင် ထုတ်လွှတ် ခဲ့ပါတယ်။ မိတ်ဆွေတစ်ယောက်က ပြောပြလို့ စိတ်ဝင်စားတာနဲ့ ဝူဖရမ်ကို နည်းနည်း မေးခွန်းတွေ ထုတ်ကြည့် ခဲ့ပါတယ်။ ပထမဆုံးတော့ လွယ်လွယ်ကူကူ မေးခွန်းကနေ စမေးကြည့်ပါတယ်။

၁။ Current time in Yangon (ရန်ကုန်မှာ ဘယ်အချိန် ရှိပြီလဲ။)

၁၂ နာရီ ၄၂ မိနစ် ရှိပြီလို့ ဖြေပါတယ်။ စင်ကာပူနာရီနဲ့ ရန်ကုန်နာရီကိုတောင် နှိုင်းယှဉ်ပြလိုက်ပါသေးတယ်။ အောက်က ပုံမှာ ကြည့်ပါ။



နောက်မေးခွန်း တစ်ခု မေးကြည့်ပါမယ်။ ဒီတစ်ခါတော့ အချက်အလက်နဲ့ ဆိုင်တဲ့ မေးခွန်းပါ။

၂။ Population in China (တရုတ်ပြည်ရဲ့ လူဦးရေ ဘယ်လောက် ရှိလဲ။)

၂၀၀၇ ခုနှစ် စာရင်းဇယား အရ ၁.၃ ဘီလီယံလို့ ဖြေပါတယ်။ သူ့မှာ အချက်အလက်တွေတော့ သိမ်းထားပုံ ရပါတယ်။ အတွက်အချက် နည်းနည်းပါတာ မေးကြည့် ပါဦးမယ်။

၃။ How old will Obama be in 2015? (၂၀၁၅ ခုနှစ် ကျရင် အိုဘားမားရဲ့ အသက် ဘယ်လောက် ရှိပြီလဲ။)

၅၃ နှစ် လို့ ဖြေပါတယ်။ မဆိုးဘူး။ တွက်တတ်ချက်တတ်သားပဲ။ အဲဒီတော့ ခုန မေးခဲ့တဲ့ မေးခွန်းကို နည်းနည်း ကွန့်ပြီး ပြန်မေးကြည့် ပါဦးမယ်။

၄။ population of China in 2020 (၂၀၂၀ ခုနှစ်မှာ တရုတ်ပြည်မှာ လူဦးရေ ဘယ်လောက် ရှိမှာလဲ။)

Wolfram စိတ်ညစ် သွားပါပြီ။ သူ့မှာ အချက်အလက် မရှိပါဘူး။ အဲဒီတော့ No Data Available ပြောပြီး ရှိတဲ့ တရုတ်ပြည်ရဲ့ လူဦးရေ ဂရပ်ဖ်ကိုပဲ ပြန်ထုတ်ပြပါတယ်။ မြန်မာ ယူနီကုတ်အကြောင်း နည်းနည်း မေးခွန်း ထုတ်ကြည့် ပါဦးမယ်။

၅။ U+1025 (ယူနီကုတ် အက္ခရာအမှတ် ၁၀၂၅ အကြောင်းပြောပါ။)

“ဥ” အက္ခရာ ဖြစ်တယ်လို့ ပြောပြီး “ဥ” ရဲ့ ပုံကို ပြပါတယ်။ အဲဒီအက္ခရာဟာ မြန်မာ အက္ခရာ ဖြစ်တယ်လို့လည်း ဖြေပါတယ်။ နောက်တစ်ခါ က ကြီးကို မြန်မာလို ရိုက်ထည့်ကြည့်တော့ ကကြီး အက္ခရာနဲ့ ဆိုင်တဲ့ နည်းပညာ ဆိုင်ရာ အချက်အလက်တွေ ပေါ်လာပါတယ်။ ကောင်းပါပြီ။ Wolfram က သင်္ချာတော်တယ် ဆိုလို့ သင်္ချာနည်းနည်း မေးကြည့်ပါဦးမယ်။

၆။ Integrate 3x^3 + 2x^2 + 4x + 5 ( Integrate လုပ်ခိုင်းတာပါ။ သမူဟ လုပ်တယ်ဆိုပြီးတော့ မြန်မာလိုတော့ မပြန်တော့ပါဘူး။ :D )

အဖြေ တွက်ပေးပါတယ်။ ကျောင်းမှာ သင်္ချာတွက်ရတဲ့ အချိန်တုန်းက Wolfram သာ ရှိရင် အတော်ပဲ လို့ တွေးပါတယ်။ အခုလည်း တွက်တော့ တွက်နေရတုန်းပါပဲ။ နောက်ဆိုရင် နည်းနည်းတော့ အထောက် အကူပေးမှာပါ။ ဆက်သွယ်ရေး အင်ဂျင်နီယာ ဘာသာနဲ့ ဆိုင်တာ နည်းနည်း မေးကြည့်ပါမယ်။

၇။ Butterworth Filter (Butterworth Filter အကြောင်း မေးကြည့်တာပါ။)

မဆိုးပါဘူး။ Butterworth Filter နဲ့ ဆိုင်တဲ့ အချက်အလက်တွေ အတော်များများကို ပြပေးပါတယ်။ အာကာသအကြောင်း သိသလားလို့ မေးကြည့် ပါဦးမယ်။

၈။ Distance from Alpha Centauri to Earth (အယ်လ်ဖာ စင်တောရီ ကြယ်နဲ့ ကမ္ဘာနဲ့ ဘယ်လောက်ဝေးသလဲ။)

အလင်းနှစ် ၄.၃၉ နှစ် ဝေးတယ်လို့ ဖြေပါတယ်။ နီးနီးနားနားက မြို့တွေ အကွာအဝေးကို မေးရင်ကော သိမလား စမ်းကြည့်ချင်လာပါတယ်။

၉။ Distance from Yangon to Mandalay (ရန်ကုန်နဲ့ မန္တလေး ဘယ်လောက်ဝေးသလဲ။)

၃၅၇ မိုင်လို့ ဖြေပါတယ်။ အဲဒါက ကားလမ်းအရှည် မဟုတ်ပါဘူး။ မြေပုံပေါ်မှာ မျဉ်းဖြောင့်ဆွဲပြီး တိုင်းထားတဲ့ အကွာအဝေးပါ။ နောက်ဆုံးတော့ Wolfram ကွန်ပြူတာ ဟုတ်မဟုတ် စမ်းကြည့်ရပါမယ်။

၁၀။ Is Miley Cyrus pretty? ( Miley Cyrus လှသလားလို့ မေးကြည့်တာပါ။)

သူ မသိပါဘူးတဲ့။ Miley Cyrus ရဲ့ ကိုယ်ရေး အချက်အလက်အချို့ကိုတော့ ထုတ်ပေးပါတယ်။ ငတုံး။ လှသလား မလှသလား တောင် မကြည့်တတ်လို့ ကွန်ပြူတာ ဖြစ်နေတာ။

Wolfram နဲ့ ပျော်စရာကောင်းတဲ့နေ့ ဖြစ်နိုင်ပါစေ။

Sunday, May 17, 2009

အလယ်ခေါင်ကမျောက်

Consulting ကုမ္ပဏီမှာ အလုပ်စဝင်တော့ အရင်တုန်းက ကြားခဲ့ဖူးတဲ့ အိုင်တီဟာသ တစ်ခုကို ချက်ချင်း ပြေးပြီး သတိရမိပါတယ်။ အိုင်တီသမား တွေတော့ ကြားဖူးလိမ့်မယ် ထင်ပါတယ်။

တစ်ခါက တိုးရစ်စ်တစ်ယောက်ဟာ ဆီလီကွန် ဗယ်လီ မှာရှိတဲ့ တိရိစ္ဆာန် အရောင်းဆိုင်ကို ရောက်သွားပါတယ်။ အဲဒီမှာ မျောက် ၃ ကောင်ကို လှောင်ချိုင့်နဲ့ ထည့်ထားတာ တွေ့တော့ တိုးရစ်စ်က ဈေးမေးကြည့်ပါတယ်။ ပထမဆုံး ညာဖက် လှောင်အိမ်ထဲက မျောက်ကို ဈေးမေးတော့ ဆိုင်ရှင်က ဒေါ်လာ ၅၀၀ လို့ ပြောပါတယ်။ တိုးရစ်က ဘာလို့ မျောက်တစ်ကောင်က ဒီလောက်ဈေးကြီး ရတာလည်းလို့ မေးခွန်း ထုတ်တော့ ဒီမျောက်က C နဲ့ Assembly Language သုံးပြီး ကွန်ပြူတာ ပရိုဂရမ် ရေးတတ်လို့ ဈေးကြီးတာလို့ ဆိုင်ရှင်က ပြန်ဖြေပါတယ်။ အဲဒါနဲ့ ဘယ်ဖက် လှောင်အိမ်ထဲက မျောက်ကို ဈေးမေးကြည့်တော့ ဆိုင်ရှင်က ဒေါ်လာ ၁၀၀၀ လို့ပြောပါတယ်။ တိုးရစ်စ်က ဘာလို့ ဒီမျောက်က ပိုဈေးကြီးတာလဲလို့ ထပ်မေးပါတယ်။ ဆိုင်ရှင်ကတော့ ဒီမျောက်က C++, Java နဲ့ Object-Oriented Programming ပါ တတ်တယ်။ အဲဒါကြောင့် ဒေါ်လာ ၁၀၀၀ ဖြစ်နေတာလို့ ပြန်ဖြေပါတယ်။ နောက်ဆုံးတော့ အလယ်ခေါင် အပေါ်ဖက်မှာ ချိတ်ထားတဲ့ လှောင်အိမ်ထဲက မျောက်ကို ဈေးမေးကြည့်တော့ ဒေါ်လာ ၂၀၀၀ လို့ ပြောပါတယ်။ တိုးရစ်စ်လည်း အံ့သြသွားပါတယ်။ C++ နဲ့ JAVA တတ်တဲ့ မျောက်တောင် ဒေါ်လာ ၁၀၀၀ ပဲ ပေးရတာ ဒေါ်လာ ၂၀၀၀ ပေးရတဲ့ မျောက်က ဘာတွေများ တတ်လို့လဲ လို့ ဆိုင်ရှင်ကို မေးပါတယ်။ ဆိုင်ရှင်က ဒီမျောက်က ဘာတတ်သလဲ တော့ မသိဘူး။ ဘာမှ လုပ်တာလည်း မတွေ့ဘူး။ အမြဲတမ်း လှောင်အိမ်ထဲ ငုတ်တုတ်ထိုင်နေတာပဲ။ ဒါပေမယ့် သူ့ကိုယ်သူတော့ Consultant လို့ ပြောတယ်။ အဲဒါကြောင့် ဒေါ်လာ ၂၀၀၀ တန်နေတာလို့ ပြန်ဖြေပါတယ်တဲ့။ ကျွန်တော်လည်း ဘာတတ်သလဲတော့ မသိပါဘူး။ Consulting ကုမ္ပဏီမှာ အလုပ်ဝင်တော့လည်း အလိုလိုနေရင်း Consultant ဖြစ်သွားပါတယ်။

ကျွန်တော် အလုပ်ဝင်တဲ့ Consulting ကုမ္ပဏီမှာတော့ စူ့ထက်စူ လူစွမ်းကောင်းတွေ ချည်းပါပဲ။ အများစုက အတော်လေးကို ဆရာကျ ပါတယ်။ ဆော့ဖ်ဝဲလ် ဒီဇိုင်းကို ပျံနေအောင် လုပ်ပြနိုင်တဲ့သူ၊ ဒေတာဘေ့စ်ကို ကျွမ်းထိုးမှောက်ခုံ လုပ်ပြနိုင်တဲ့သူ၊ ပရိုဂရမ်ကို လန်ထွက်နေအောင် ရေးပြ နိုင်တဲ့သူ အဲဒီလို အမျိုးမျိုး တွေ့ရပါတယ်။ ဘွဲ့တွေကလည်း ဘာဘွဲ့တွေမှန်းကို မသိပါဘူး။ မာစတာ ဒီဂရီ ကိုင်ထားတဲ့သူ မရှားတဲ့အပြင် မာစတာ ဒီဂရီကို နှစ်ခု တွဲကိုင်ထားတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကုမ္ပဏီ စီးပွားရေး မကောင်းလို့ လူလျှော့တဲ့ အချိန်မှာတော့ မာစတာ ဒီဂရီ နှစ်ခု အပြင် နာမည်ကြီး အိုင်တီ လက်မှတ်တွေ တလှေကြီး ကိုင်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ပါသွားပါတယ်။ လက်မှတ် ဆိုတာ အလုပ်ရှာတဲ့ အချိန်မှာ ကိုယ့်ဘာသာကိုယ် ဈေးတင်ရောင်းဖို့၊ ရာထူးတက်တဲ့ အချိန်မှာ အထောက်အကူ ဖြစ်ဖို့တော့ မရှိမဖြစ် လိုပေမယ့် လက်မှတ်တွေ ကိုင်ထားပြီး တကယ် မတတ်ရင်တော့ အန္တရာယ် ရှိတယ်လို့ တွေးမိလိုက် ပါတယ်။

အစကတော့ အိုင်တီ ကုမ္ပဏီဆိုတော့ ကိုယ်တစ်ယောက်တည်း Engineering နယ်ပယ်က လာတယ်လို့ ထင်ပါတယ်။ တစ်ခါက Consultant တစ်ယောက်ကို 3G Network ဆိုတာက ဘာ Digital Signal Processing ဆိုတာက ဘယ်လို ဆိုပြီး ခပ်တည်တည်နဲ့ သွားဖောပါတယ်။ ဟိုပုဂ္ဂိုလ်ကလည်း ဘာမှ မပြောဘဲ ကျွန်တော်ပြောသမျှ နားထောင် နေပါတယ်။ နောက်တော့ ကျွန်တော်က သူ့ကို မင်းဘာနဲ့ ကျောင်းပြီးလာတာလဲ မေးတော့မှ ငါ အီလက်ထရောနစ် အင်ဂျင်နီယာဘွဲ့ ရလာတာလို့ ပြောပါတယ်။ မိကျောင်းမင်းကို ရေသွားခင်းပြ သလိုပါပဲ။ ဒါလည်း ကျွန်တော်က မလျှော့သေးပါဘူး။ စက်ရုံတွေထဲမှာ Semiconductor ထုတ်လုပ်ရေးတွေမှာ ဘယ်လို အလုပ်လုပ်တယ် ၊ စက်တွေ ဘယ်လို အလုပ်လုပ်တယ် ဘာညာနဲ့ ဆက်ပြီး ရွှီးနေပါသေးတယ်။ ကျွန်တော် ပြောသမျှ နားထောင်ပြီးတော့မှ အဲဒီ Consultant က နာမည်ကြီး အမေရိကန် ကုမ္ပဏီ တစ်ခု နာမည် ပြောပြီး ငါ အရင်တုန်းက အဲဒီကုမ္ပဏီရဲ့ Semiconductor ထုတ်လုပ်ရေး လိုင်းတစ်ခုမှာ Equipment Engineer လုပ်လာတာ လို့ ရယ်ပြီး ပြောပါတယ်။

ကုမ္ပဏီတစ်ခုလုံးက အိုင်တီသမားတွေ ချည်းပဲ ဖြစ်ရုံသာ မကပဲ ဆရာကျတဲ့ သူတွေ များတော့ အလုပ်လုပ်ရတဲ့ ပတ်ဝန်းကျင် ကတော့ အတော်ကောင်းပါတယ်။ ကိုယ်မတတ်လို့ အကူအညီ သွားတောင်းရင် အားလုံးက လိုလိုလားလား ပေးကြပါတယ်။ သူတို့ မကျွမ်းကျင်ပဲ ကိုယ် ကျွမ်းကျင်တဲ့ ကိစ္စဆိုလည်း ကိုယ့်ကို ပွင့်ပွင့်လင်းလင်း လာမေးကြတာပါပဲ။ မတတ်ပဲ ရုပ်တည်နဲ့ ဖိန့်နေတဲ့သူ ရှားပါတယ်။ ဒါပေမယ့် ကုမ္ပဏီ ကို စရောက်ခါစက ထူးထူးခြားခြား သတိထားမိတာကတော့ အလုပ်ချိန်မှာ တရုံးလုံး တိတ်ဆိတ်နေတာပါပဲ။ ဒီကုမ္ပဏီက လူတွေ တစ်ယောက်နဲ့ တစ်ယောက် စကားမပြောကြဘူးလား မသိဘူးလို့ တွေးမိပါတယ်။ နောက်တော့မှ သဘောပေါက် သွားပါတယ်။ ကုမ္ပဏီထဲမှာ ရှိတဲ့ ထိပ်ဆုံးကနေ စပြီး အောက်ဆုံးအထိ ဝန်ထမ်းတိုင်းလိုလို အလုပ်ချိန်မှာ ပြောစရာ ရှိရင် MSN ကနေပဲ ပြောကြပါတယ်။ လှမ်းပြောရင် ကြားနေပေမယ့် ဘယ်သူမှ အဲဒီလို မပြောပါဘူး။ အဲဒီတော့ ကုမ္ပဏီမှာ အလုပ်ချိန် Chat နေတာဟာ အထူးအဆန်း မဟုတ်ပါဘူး။ ( Gtalk ထဲမှာ မြန်မာလို Chat နေရင်တော့ အလုပ်ကိစ္စပြောနေတာ မဟုတ်မှန်း သိသာတာပေါ့။ :D )

အဲဒါတွင်သာ မကသေးပါဘူး။ အလုပ်ချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် အလုပ်နဲ့ မဆိုင်တဲ့ ကိစ္စတွေကို ရုံးထဲမှာ သီးသန့် လုပ်ထားတဲ့ ဖိုရမ်ပေါ်မှာ ဆွေးနွေး ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကိုယ်ရေးကိုယ်တာ သတင်းတွေကို Facebook ကနေ တဆင့် ဝေမျှကြပါတယ်။ ဒီပုံအတိုင်းသာ သွားရင်တော့ နောက်ဆို လူတွေ ကွန်ပြူတာသာ မရှိရင် အချင်းချင်း ဆက်သွယ်တတ်ကြပါဦးမလား မသိဘူးလို့တော့ အတွေးခေါင် မိပါတယ်။

Thursday, May 14, 2009

ဒုတိယဘာသာစကား

အင်္ဂလိပ် ဘာသာစကားဟာ နိုင်ငံတကာသုံး ဘာသာစကား ဖြစ်တော့ ဘာသာစကားမတူတဲ့ လူမျိုးအချင်းချင်း ဆက်သွယ်တဲ့ နေရာမှာ ကြားခံ အဖြစ်နဲ့ ကျွန်တော်တို့ သုံးလေ့ ရှိကြပါတယ်။ ဒါပေမယ့်လည်း မွေးကတည်းက ပြောလာတဲ့ ဘာသာစကားမဟုတ်တော့ လေယူလေသိမ်းနဲ့ အဓိပ္ပါယ်ဖွင့်တဲ့နေရာမှာ တလွဲတချော်တွေ ဖြစ်တတ်ပါတယ်။ နိုင်ငံခြား ရောက်တဲ့ အချိန်က စပြီး တမျိုးနဲ့ တမျိုး မရိုးနိုင်အောင် ကြုံရပါတယ်။

ပထမဆုံး ကြုံဖူးတာတော့ ပေါ်လီမှာ ပထမနှစ် တက်တုန်းကပါ။ ကျွန်တော်တို့ကို လျှပ်စစ်ရဲ့ သဘောတရား ဘာသာရပ် သင်တဲ့ဆရာက အိန္ဒိယကလာတဲ့ ဒေါက်တာ တစ်ယောက်ပါ။ သူ့ရဲ့ အတန်းကို စတက်ခါစက သူအမြဲ ပြောနေတတ်တဲ့ ဝိုးတေ့ နဲ့ ဂျီးရိုး ဆိုတာ ဘာပြောမှန်း အဓိပ္ပါယ်ဖွင့်လို့ မရပါဘူး။ သူပြတဲ့ ဆလိုက်ကို ကြည့်မှပဲ ဝိုးတေ့ ဆိုတာ Voltage ကို အသံထွက်မှန်း ဂျီးရိုးဆိုတာ zero လို့ ပြောမှန်း သဘောပေါက် ပါတော့တယ်။ ဇီးရိုးကို ဂျီးရိုးလို့ အသံထွက်တာတော့ အိန္ဒိယတွေတင် မကပဲ အင်ဒိုနီးရှား အချို့လည်း ပါပါတယ်။

နေရာဒေသ ကွဲပြားသွားတော့ လေယူလေသိမ်းတွေက ကွဲသွားပါတယ်။ အင်္ဂလိပ်စကား ပြောနေပေမယ့် တချို့ အရပ်ဒေသက လူတွေ ပြောတဲ့ လေယူလေသိမ်းကို နားလည်ဖို့ ခက်ပါတယ်။ တစ်ခါက ကျွန်တော် အလုပ်လုပ်ဖူးတဲ့ ကုမ္ပဏီတစ်ခုမှာ တောင်အာဖရိက ဌာနေ ကိုယ်စားလှယ် တစ်ယောက်ကို တယ်လီဖုန်းနဲ့ အကူအညီပေးဖို့ ကြိုးစားဖူးပါတယ်။ ကျွန်တော်တို့ နှစ်ယောက်သား ၅ မိနစ်လောက် ကြိုးစားပမ်းစား ပြောကြပေမယ့် ဟဲလို ရက်စ် နိုး ဆိုတာ လောက်ပဲ အသံဖမ်းလို့ ရပါတယ်။ ကျန်တာကတော့ သူပြောတဲ့ အင်္ဂလိပ် စကားကို ကျွန်တော် နားမလည်သလို ကျွန်တော်ပြောတဲ့ အင်္ဂလိပ် စကားကိုလည်း သူနားမလည် ပါဘူး။ နောက်ဆုံးတော့ နှစ်ယောက်စလုံး လက်လျှော့လိုက်ပြီး အီးမေးလ် အပြန်အလှန် ပို့ပြီး ပြောဖို့ သဘောတူညီချက် ယူလိုက်ကြ ပါတယ်။ အဲဒီတော့မှပဲ အဆင်ပြေ ပါတယ်။ အီးမေးလ်ထဲမှာတော့ ကျွန်တော်ရေးသမျှ သူနားလည်သလို သူရေးသမျှလည်း ကျွန်တော်နားလည်ပါတယ်။

အချို့အမေရိကန်တွေ ပြောတဲ့ အင်္ဂလိပ်စကား ကလည်း အသံဖမ်းရတာ ခက်ပါတယ်။ တစ်ခါက လေယာဉ်ပျံ နောက်ကျလို့ မလာဖြစ်ဘူး ဆိုတဲ့ အကြောင်းကို အမေရိကန် ရုံးက အင်ဂျင်နီယာ တစ်ယောက်ကို ဖုန်းနဲ့ လှမ်းပြောပါတယ်။ နောက်တစ်နေ့အတွက် အချိန်းအချက် လုပ်ကြတဲ့ အခါမှာ လိုရင်းကို မရောက်ပါဘူး။ တစ်ယောက်ပြောတဲ့ လေယူလေသိမ်းကို နောက်တစ်ယောက်က နားမလည်တာနဲ့ပဲ တိုင်ပတ် နေကြပါတယ်။ အဲဒါနဲ့ လက်လျှော့ပြီး SMS(Text) ပဲ အပြန်အလှန် ပို့ကြပါတော့တယ်။ SMS နဲ့မှပဲ အဆင်ပြေပါ တော့တယ်။

လေယူလေသိမ်းပြီးတော့ နောက်ပြသနာတစ်ခုက စကားလုံးအသုံးအနှုန်း ကိစ္စပါ။ ကိုယ့်ဘာသာစကားကို အင်္ဂလိပ်လို တိုက်ရိုက်ပြန်ရင် တစ်ခြားသူတွေ နားလည်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ အချင်းချင်း နောက်ပြီး ပြောလေ့ရှိကြတဲ့ This is my hot, not your hot (ဒါငါ့အပူ မင်းအပူ မဟုတ်ဘူး၊) နောက်ပြီးတော့ အင်္ဂလိပ်စာ ဆရာ အမြဲ ပြောလေ့ ရှိတဲ့ Hammer Hammer Water Bamboo (တူတူရေဝါး)၊ two body tiger (နှစ်ကိုယ်ကြား) ဆိုတာတွေလောက် မဆိုးပေမယ့် တစ်ခါတစ်လေတော့ ဒေသသုံးတဲ့ စကားကို အင်္ဂလိပ်လို ပြန်ရေးတော့ အဓိပ္ပါယ် ကောက်ရခက်တာမျိုး ဖြစ်တတ်ပါတယ်။

တစ်ခါက ကျွန်တော်တို့ ဟန်ဂေရီကို စက်တလုံး ရောင်းလိုက်ပါတယ်။ အဲဒီစက်က စက်ရုံရောက်သွားပြီးတော့ တစ်ပတ်လောက် ကြာတဲ့ အထိ ကောင်းကောင်း အလုပ်မလုပ်ပါဘူး။ ဟိုနေရာပြင် ဒီနေရာပြင် လုပ်နေရတုန်း ပါပဲ။ အဲဒါနဲ့ ဟန်ဂေရီ စက်ရုံက အင်ဂျင်နီယာ တစ်ယောက်က ကျွန်တော်တို့ကို အီးမေးလ်ပို့ပြီး ပြသနာ ရှာပါတယ်။ သူရေးထားတဲ့ အီးမေးလ်က ကျွန်တော်တို့ ဥရောပရုံး၊ စင်ကာပူရုံးမှာ ရှိတဲ့ အင်ဂျင်နီယာ မန်နေဂျာ တွေဆီကို ကော်ပီအနေနဲ့ လာပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း အဲဒီ ပရော့ဂျက်မှာ ပါနေတော့ ကျွန်တော့်ဆီကိုလည်း ကော်ပီတစ်စောင် ရောက်လာပါတယ်။ သူရေးထားတဲ့ အီးမေးလ်ထဲမှာ “I know we bought the banana product, but we don't expect this." ဆိုတာ ပါလာပါတယ်။ ကျွန်တော်တို့ ရောင်းလိုက်တာက စက်ပါ။ ဘယ်နှယ့်ကြောင့် ဟန်ဂေရီ ရောက်မှ ငှက်ပျောသီး ဖြစ်သွားရတာလဲ ဆိုပြီး စဉ်းစားရ ကျပ်သွားပါတယ်။ နောက်ပြီးတော့ စက်ကလည်း ဘားကုဒ်ရိုက်တဲ့ စက်ပါ။ ဖျော်ရည်ဖျော်စက်လည်း မဟုတ်ပါဘူး။ အဲဒီလိုနဲ့ စက်နဲ့ ငှက်ပျောသီးကို ဆက်စပ်စဉ်းစားရင်း နောက်ဆုံးတော့ အီဒီယမ် တစ်ခု အနေနဲ့ သုံးတာဖြစ်မယ် ဆိုပြီး သဘောပေါက် သွားပါတယ်။ ဒါပေမယ့် banana product ဆိုတဲ့ အီဒီယမ်က အဘိဓာန်ထဲမှာလည်း မရှိပါဘူး။

နောက်ဆုံး မနေနိုင်တော့ မန်နေဂျာကို လှမ်းမေးပါတယ်။ မန်နေဂျာက ငါလည်း အဲဒါစဉ်းစားနေတာ။ ဘာပြောတာလဲ မသိဘူး လို့ ပြန်ပြောပါတယ်။ နောက်တော့ ဥရောပရုံးက ဖုန်းလာတာနဲ့ စကားစပ်မိပြီး ငှက်ပျောသီး အကြောင်း သူတို့ကို မေးကြည့်ပါတယ်။ ဥရောပရုံးက အင်ဂျင်နီယာတွေ ကလည်း သူတို့လည်း အဲဒီ အီးမေးလ်ရတယ်။ ဘာအဓိပ္ပါယ် မှန်းတော့ မသိဘူးလို့ ဖြေပါတယ်။ နောက်တော့မှ အင်ဂျင်နီယာ တစ်ယောက်က သူ ဟန်ဂေရီကို ဖုန်းဆက်ဖြစ်ရင် မေးပြီး ပြန်ပြောမယ် ဆိုပြီးတော့ ပြောပါတယ်။ ကျွန်တော်တို့မှာ ငှက်ပျောသီး တစ်လုံးနဲ့ အားလုံး ပဟေဠိတွေ ဖြစ်နေကြပါတယ်။

ကျွန်တော်တို့ ဖုန်းပြောပြီး ခဏကြာမှ ဥရောပရုံးက အင်ဂျင်နီယာတစ်ယောက်က ငှက်ပျောသီး ရှင်းတမ်းကို အီးမေးလ်နဲ့ လှမ်းပို့ ပေးပါတယ်။ Banana Product ဆိုတဲ့ အသုံးအနှုန်းက ငှက်ပျောသီး ဆိုတာ အစိမ်း ဝယ်ပေမယ့် အချိန်တန်ရင် မှည့်ရတယ်။ အဲဒီလိုပဲ စက်ဆိုတာ ကျွန်တော်တို့ ကုမ္ပဏီမှာတုန်းက ကောင်းကောင်း အလုပ် မလုပ်ပေမယ့် စက်ရုံရောက်ရင်တော့ အလုပ် လုပ်ကို လုပ်ရမယ် ဆိုတဲ့ အဓိပ္ပါယ်ရကြောင်း ရေးထားပါတယ်။ အဲဒါ ဟန်ဂေရီမှာ ပြောလေ့ရှိတဲ့ စကားဖြစ်ပြီး အီးမေးလ်ပို့တဲ့သူက အင်္ဂလိပ်လို တိုက်ရိုက် ဘာသာပြန်လိုက်တာ လို့လည်း ရေးထားပါတယ်။ နောက်တော့လည်း ကျွန်တော်တို့ ကုမ္ပဏီမှာ အဲဒီလို အခြေအနေမျိုးနဲ့ ကြုံတဲ့ အခါတိုင်း အချင်းချင်း Banana Product လို့ပဲ ပြောလေ့ ရှိကြပါတော့တယ်။

Saturday, May 9, 2009

ပင်လယ်ထဲက ဂီတ



ယုတ္တိဗေဒမှာ ကျိုးကြောင်းဆီလျော်တဲ့ စဉ်းစားခြင်းကိုပဲ လက်ခံတယ်လို့ ဆိုပါတယ်။ ဥပမာအားဖြင့် မိုးဆိုတာ ကောင်းကင်ပေါ်က မရွာဘဲ မြေကြီးထဲက ရွာရင် လူတွေ ထီးဘယ်လို ဆောင်းကြမလဲ ဆိုတာမျိုးကို ကျိုးကြောင်း ဆီလျော်တဲ့ စဉ်းစားခြင်းလို့ မခေါ်ပါဘူး။ အဲဒါက အတွေးခေါင်တာ ဖြစ်သွားပါပြီ။ အဲဒီတော့ ကျွန်တော်တို့ ပင်လယ်ကမ်းစပ်မှာ ဂစ်တာထိုင်တီးရင်း လူတွေ သီချင်းဆိုသလို ငါးတွေရော သီချင်းမဆိုကြဘူးလား လို့ တွေးရင် အတွေးခေါင်တယ် လို့ သတ်မှတ်လို့ ရနိုင်မှာ ပါလား။

ရုတ်တရက် ကြည့်ရင် မဖြစ်နို်င်ဘူးလို့ ထင်ရပေမယ့် သီချင်းဆိုတဲ့ ငါးတွေ တကယ်ပဲ ရှိပါတယ်။ ဝေလငါး မျိုးနွယ်စု တစ်မျိုးဖြစ်တဲ့ ခါးကုန်းဝေလငါး (Humpback Whales) တွေဟာ တကယ်ပဲ သီချင်းဆိုကြ ပါတယ်။ ဝေလငါးကြီး ဂစ်တာကိုင်ပြီး “ပင်လယ်ပြင်ကို ဖြတ်ကျော်ချင်တယ် နှလုံးသားများလည်း လေးလံနေဆဲ အချစ်ရယ်။” ဆိုတဲ့ သီချင်း အော်ဆိုနေတယ် လို့တော့ ပုံဖော် မကြည့်ပါနဲ့။ ဝေလငါးက ဂစ်တာတော့ မတီးတတ်ပါဘူး။ သီချင်းပဲ ဆိုတတ်တာပါ။ အဲဒီ တွေ့ရှိချက်ဟာ အသစ် တွေ့ရှိချက်တော့ မဟုတ်ပါဘူး။ ၁၉၆၀ ခုနှစ်ကျော် ကတည်းက သိပ္ပံပညာရှင်တွေ ရှာဖွေ တွေ့ရှိခဲ့ကြပါတယ်။

သူတို့ ဆိုတဲ့ သီချင်းမှာ ပုံသဏ္ဍန် ရှိပါတယ်။ မြင်သာအောင် ဥပမာပေးရရင် “ငါပြောမယ် စိတ်မညစ်နဲ့ အခုထက။ ငါပြောမယ် စိတ်မညစ်နဲ့ အခုထက။” ဆိုတဲ့ အက်ဆစ်ရဲ့ သီချင်းလို ပုံစံမျိုးပါပဲ။ သီချင်းစာကြောင်း တစ်ကြောင်းကို ၂ ခါ ကနေ ၄ ခါအထိ ပြန်ဆိုပြီး သီချင်းတစ်ပိုဒ် ဖြစ်သွားပါတယ်။ သီချင်းတစ်ပိုဒ် ဆုံးသွားရင် နောက်တစ်ပိုဒ် ပြောင်းဆိုပါတယ်။ နောက်တစ်ပိုဒ်ကလည်း အဲဒီလို ပုံစံမျိုးပါပဲ။ စာကြောင်းတစ်ကြောင်းကိုပဲ ထပ်ခါတလဲလဲ ဆိုတာပါ။ အဲဒီလို သီချင်းအပိုဒ်မျိုး ၄ ပိုဒ်ကနေ ၆ ပိုဒ် အထိ ဆိုပြီးရင် ဝေလငါးတွေ ဆိုတဲ့ သီချင်း တစ်ပုဒ် ဖြစ်သွားပါပြီ။

လူတွေမှာ ဒိုရေမီဖာ သံစဉ် အနိမ့်အမြင့်တွေ ရှိသလို ဝေလငါးတွေ မှာလည်း သံစဉ်အနိမ့်အမြင့်တွေ ရှိပါတယ်။ ဝေလငါးတွေရဲ့ သံစဉ်တွေမှာ ညည်းညူသံ အရှည်ကြီးတွေ၊ ညည်းတွားသံ သဲ့သဲ့လေးတွေ၊ ဟိန်းသံတွေ၊ မေးရိုက်သံ လေးတွေ၊ ကျည်ကျည်ကျာကျာ အသံတွေ ပါတတ်ပါတယ်။ ဝေလငါးတွေထဲမှာ အထီးတွေပဲ သီချင်းဆိုလေ့ ရှိပြီး အုပ်စုလိုက် သီဆိုလေ့ ကြပါတယ်။ သူတို့ သီချင်းဆိုတဲ့ နေရာကလည်း သားပေါက်ရာ အရပ်တွေပါပဲ။ ယောက်ျားလေးတွေ အဆောင်ရှေ့ အုပ်စုလိုက် သွားသီချင်း ဆိုတဲ့ ပုံစံမျိုး ဝေလငါးထီးကလည်း အုပ်စုလိုက် သီချင်းဆိုပြီး ဝေလငါးမကို ကြူပါတယ်။ ဒါပေမယ့် သူတို့ ဆိုတဲ့ အသံဟာ သံပြိုင်တော့ မဟုတ်ပါဘူး။ Timing က နည်းနည်းလေးတော့ လွဲနေကြပါတယ်။ အကောင်းဆုံးဆိုနိုင်တဲ့ ဝေလငါးက ပေါ်ပြူလာ အဖြစ်ဆုံး ဝေလငါး ဖြစ်မှာပါ။

ဝေလငါးတွေ ဆိုတဲ့ သီချင်းတစ်ပုဒ်ဟာ ၈ မိနစ်က နေ ၁၆ မိနစ်လောက် ကြာတယ်လို့ ဆိုပါတယ်။ ဝေလငါးကို စီရီး ထုတ်ပေးလို့တော့ ရမယ် မထင်ပါဘူး။ သူတို့က စီးရီးလို သီချင်း အများကြီး ဆိုရတာ ဝါသနာပါဟန် မတူပါဘူး။ Single ခေါ်တဲ့ သီချင်းတစ်ပုဒ်ထဲ ပါတဲ့ ဓာတ်ပြားလိုပဲ သီချင်းတစ်ပုဒ် ကိုပဲ စွဲစွဲမြဲမြဲ ဆိုလေ့ ရှိပါတယ်။ သီချင်းဆုံးသွားတဲ့ အခါမှာတော့ သူတို့ဟာ ဒီသီချင်းကိုပဲ ထပ်ခါတလဲလဲ နာရီပေါင်းများစွာ ကြာအောင် ပြန်ဆိုလေ့ ရှိပါတယ်။

အဏ္ဏဝါဗေဒ ပညာရှင်တွေကတော့ ဝေလငါးတွေ သီချင်းဆိုတာ သားပေါက်တဲ့ အမူအကျင့် တစ်မျိုးလို့ပဲ ထင်ကြပါတယ်။ ဝေလငါးထီးက ဝေလငါးမကို သူဟာ အဖော်ကောင်းတစ်ယောက် ဖြစ်ပါတယ် လို့ ပြောတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမှ မဟုတ် သူ့ရဲ့ နယ်နိမိတ်ကို ကြေငြာတာလည်း ဖြစ်ချင်ဖြစ်မယ်လို့ ယူဆကြပါတယ်။

ဂျပန်တွေက “အားအီ ရှိတဲရု ရုရုရု” နဲ့ ဆိုတတ်ပြီး အင်္ဂလိပ်တွေက “I will love you babe, always” လိုမျိုး ဆိုတတ်ကြသလို အချစ်သီချင်းခြင်း တူပေမယ့် မြောက်ပစိဖိတ် မှာ ရှိတဲ့ ဝေလငါးတွေ ဆိုတဲ့ သီချင်းနဲ့ မြောက်အတ္တလန္တိတ်မှာ ရှိတဲ့ ဝေလငါးတွေ ဆိုတဲ့ သီချင်းဟာ မတူကြပါဘူး။

ဝေလငါးတွေ ဟာ သီချင်းတစ်ပုဒ်တည်းကိုပဲ အမြဲ ဆိုလေ့ ရှိပေမယ့် သူတို့ ဆိုတဲ့ သီချင်းကနေပဲ နောက်သီချင်း အသစ်တွေ ဖြစ်လာလေ့ ရှိပါတယ်။ Eminem သီချင်း ၂ ပုဒ်ကို ဖြတ်ညှပ်ကပ် လုပ်လိုက်လို့ တောဂေါ်လီ ဖြစ်သွားသလို မျိုးတော့ မဟုတ်ပါဘူး။ ဝေလငါးတွေကတော့ သီချင်းဆိုနေတဲ့ အချိန်မှာ သံစဉ်ကို နည်းနည်းချင်းစီ ပြင်ဆင်လေ့ ရှိပါတယ်။ သူတို့ဟာ ရှိပြီးသား သံစဉ်တွေကို ဖြုတ်မယ်။ နောက်ထပ် သံစဉ်အသစ်တွေ ထပ်ထည့်မယ်။ သီချင်းကို အရှေ့အနောက် ပြောင်းမယ် စတာတွေကို လုပ်ရင်း နှစ်ပေါင်းများစွာ ကြာတဲ့ အခါမှာတော့ သီချင်းအသစ်တစ်ပုဒ် ဖြစ်သွားပါတယ်။ တစ်ကောင်က စပြောင်းရင် နောက်အကောင်တွေက လိုက်ပြောင်း ကြပါတယ်။ ဝေလငါးတွေ ဘာလို့ သံစဉ်တွေကို ပြောင်းကြသလဲ ဆိုတာကိုတော့ သိပ္ပံပညာရှင်တွေ နားမလည်ကြပါဘူး။ ဆိုနေရင်း မေ့သွားတာ ဖြစ်ချင်ဖြစ်မယ် ဒါမှမဟုတ် အသစ်တီထွင် ကြံဆတာလည်း ဖြစ်ချင်ဖြစ်မယ် လို့ပဲ ယူဆကြပါတယ်။

ဒါပေမယ့် သိပ္ပံပညာရှင်တွေ အတွက် အခုထက်ထိ အဖြေရှာလို့ မရတဲ့ အချက်ကတော့ ဝေလငါးမှာ အသံပြွန်မပါပဲ ရှည်လျား ကျယ်လောင်တဲ့ သီချင်းသံတွေကို ဘယ်လို ဆိုကြသလဲ ဆိုတဲ့ အချက်ပါပဲ။ နှာခေါင်းတစ်နေရာကနေ အသံထွက်တယ်လို့ ယူဆကြပေမယ့် အဲဒီ အကြောင်းအရာကို အလုံးစုံ နားမလည် နိုင်ကြသေးပါဘူး။

ဝေလငါးတွေ သီချင်းဆိုတဲ့ အသံကို နားထောင်ချင်ရင် http://www.zoology.ubc.ca/~ford/HWsong.aiff မှာ နားထောင်လို့ ရပါတယ်။ ကျွန်တော်တော့ ဝေလငါး မဟုတ်တဲ့ အတွက် ခံစားလို့ မရပါဘူး။ ဘာတွေ အော်နေမှန်း မသိဘူးလို့ ထင်ပေမယ့် ဝေလငါးအော်တဲ့ အသံကို ကြားဖူးတယ် ရှိအောင်တော့ နားထောင်လိုက် ပါတယ်။

(Image: wikimedia.org)

ကိုးကား။ ။ (၁) http://oceanlink.island.net/oinfo/acoustics/accomplish.html
(၂) http://www.arl.nus.edu.sg/web/research/whale

Thursday, May 7, 2009

Open Office.org 3.1 မြန်မာ ဘာသာပြန် ဆော့ဖ်ဝဲလ်

၂၀၀၉ ခုနှစ် မေလ ၇ ရက်နေ့မှာ Open Office.org 3.1 ကို ဖြန့်ချီလိုက်ပါပြီ။ အဲဒီမှာ မြန်မာဘာသာ ပြန်ဆိုခြင်း အဆင့် ၁ ပြီးဆုံးသွားပြီ ဖြစ်တဲ့အတွက် မြန်မာဘာသာ User Interface ပါဝင်လာပါပြီ။ Open Source ဆော့ဖ်ဝဲလ် ဖြစ်တဲ့အတွက် အခမဲ့ ရယူနိုင်ပြီး ဝါသနာပါရင် ရေးထားတဲ့ Source Code ပါ ကြည့်လို့ရပါတယ်။ Open Office.org ဆော့ဖ်ဝဲလ်တွေ ပေါ်မှာ Myanmar3 ဖောင့်နဲ့ စမ်းရေးကြည့်ထားတဲ့ ပုံတွေကို အောက်မှာ တွေ့နိုင်ပါတယ်။ ပုံတွေကို မမြင်ရရင် ဒါမှမဟုတ် အကျယ်ချဲ့ မြင်ချင်ရင် ကလစ်နှိပ်ပြီး ကြည့်နိုင်ပါတယ်။

မြန်မာဘာသာ Menu တွေနဲ့ အတူ မြင်ရတဲ့ Microsoft Word နဲ့ ပုံစံတူတဲ့ OpenOffice.org Writer ရဲ့ပုံပါ။

ဖိုင်ကို သိမ်းမှာလားလို့ မြန်မာလို သတိပေးချက် ပေါ်ပါတယ်။

မြန်မာဘာသာ Menu တွေနဲ့ အတူ မြင်ရတဲ့ Microsoft Excel နဲ့ ပုံစံတူတဲ့ OpenOffice.org Calc ရဲ့ပုံပါ။ အစက နံပါတ်တွေ မြန်မာလို မပေါ်ပေမယ့် မာ့ခ် ကျေးဇူးနဲ့ ကိရိယာများ->နည်းစနစ်ကျစွာ အသုံးပြုထားသော သင်္ကေတများ အစု ကို ပြင်လိုက်တာ အခုတော့ မြန်မာလို ပေါ်ပါပြီ။ တွက်လို့ချက်လို့ပါ ရပါတယ်။ ဇယားထဲက ရန်ကုန်ဈေးနှုန်းများကတော့ မခင်ဦးမေ ဘလော့ခ် ကပါ။



Calc ထဲမှာ Right-Click နှိပ်လိုက်ရင် ပေါ်လာတဲ့ Pop-up Menu ပါ။

Calc ထဲက Tools->Options menu ကို မြန်မာမှုပြုထားတဲ့ ကိရိယာများ->ရွေးချယ်ပိုင်ခွင့်များ menu ပါ။

Microsoft Access နဲ့ ပုံစံတူတဲ့ Open Office.org Base ရဲ့ ဒေတာဘေ့စ် ဝဇ္ဖာတ် ပါ။ (Wizard ကို မှော်ဆရာ လို့ ဘာသာပြန်ရင် ပိုကောင်းမယ် ထင်တယ်။ :D)


Open Office.org Draw, Open Office.org Math နဲ့ Open Office.org Impress တို့ကိုလည်း မြန်မာဘာသာနဲ့ သုံးလို့ရပါပြီ။

ကွန်ပြူတာကို စသုံးကတည်းက အင်္ဂလိပ်လို သုံးလာခဲ့တော့ မြန်မာလို တွေ့ရတဲ့ အခါမှာ ဝါးတားတား ဖြစ်နေတာတော့ အမှန်ပါပဲ။ ဒါပေမယ့် အသုံးများနေတဲ့ ဆော့ဖ်ဝဲလ်တစ်ခု ကို မြန်မာလို တွေ့ရတဲ့ အတွက် အမှန်တကယ် ဝမ်းသာ မိပါတယ်။ ဆော့ဖ်ဝဲလ် တစ်ခုလုံးကို မြန်မာဘာသာ ဖြစ်အောင် ကြိုးစားပြီး ဘာသာပြန်ခဲ့တဲ့ ကိုဝဏ္ဏကိုကို နဲ့ အဖွဲ့ကို ကျေးဇူးတင် ပါတယ်။ ကွန်ပြူတာသုံး မြန်မာဘာသာ ဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးပါတဲ့ မှတ်တိုင်တစ်ခု လို့ ထင်မြင်မိပါတယ်။

Download လုပ်ချင်ရင်တော့ http://my.openoffice.org မှာ ဆွဲနိုင်ပါတယ်။ Windows နဲ့ Linux package တွေ ရနိုင်ပါတယ်။

Configure လုပ်ဖို့ အတွက် http://my.openoffice.org/files/documents/292/4213/readme_OOo_my.pdf ကို ကိုးကား နိုင်ပါတယ်။

Wednesday, May 6, 2009

ဘွန်ဂျိုး အာဘွား

တစ်ခါက ကျွန်တော်တို့ ကုမ္ပဏီရဲ့ စင်ကာပူရုံးကို ပြင်သစ် အင်ဂျင်နီယာ တစ်ယောက် အလုပ်ကိစ္စနဲ့ အလည်ရောက် လာပါတယ်။ ကျွန်တော်တို့လည်း ဧည့်သည်လာရင် လုပ်နေကျ အတိုင်း သူ့ကို အလုပ်ရုံထဲ လှည့်ပတ် ပြပါတယ်။ အလုပ်ရုံထဲ လျှောက်ကြည့်ပြီးတဲ့ အခါမှာတော့ ကျွန်တော်တို့ အားလုံး ဧည့်ကြိုကောင်တာနားက ဆက်တီခုံတွေမှာ ထိုင်ရင်း ရောက်တတ်ရာရာ ပြောနေ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ရုံးက အဝယ်တော် စလုံးမ အလန်ကလေး တစ်ယောက် ဘေးနားကနေ ဖြတ်လျှောက်သွားပါတယ်။ ကောင်မလေး ဖြတ်လျှောက်သွား ပြီးတော့ ပြင်သစ်က “ကောင်မလေးက လှတယ်ကွ။ နမ်းချင်စရာလေး။” လို့ ပြောပါတယ်။

ကျွန်တော်တို့လည်း နောက်တယ် မှတ်လို့ ပြုံးရုံပဲ ပြုံးပြီး ဘာမှ ပြန်မပြောကြပါဘူး။ အဲဒီမှာ သူက ဆက်ပြီး “ငါသွားနမ်းလို့ ရမလား မသိဘူး။” လို့ ပြောတော့ ကျွန်တော်တို့ အားလုံး မျက်လုံးပြူးသွား ကြပါတယ်။

စလုံး အင်ဂျင်နီယာ တစ်ယောက် ကတော့ “နမ်းချင်ရင် သွားနမ်းပေါ့။ စင်ကာပူမှာ ကံမကောင်းရင်တော့ ကြိမ်ဒဏ်ပဲ။” လို့ ပြန်ပြောပါတယ်။

ပြင်သစ်က အံ့သြတဲ့ ပုံစံနဲ့ “မင်းတို့တွေ သူ့ကို မနမ်းဖူးဘူးလား။ ဒီလောက် လှတာ။” ဆိုပြီး မေးပြန် ပါတယ်။

ကျွန်တော်တို့ အားလုံး ဝိုင်းရယ်ကြပါတယ်။ “နမ်းရအောင် ငါ့ရည်းစားမှ မဟုတ်တာ။ ပါးထရိုက်ရင် ဘယ်နှယ့်လုပ်မလဲကွ။” လို့ စလုံး အင်ဂျင်နီယာက ပြန်ပြော ပါတယ်။

ပြင်သစ်က “ရည်းစားမှ နမ်းလို့ရတာမှ မဟုတ်တာ။ ငါတို့ဆီမှာတော့ ရုံးမှာ ဒီလိုပဲ နမ်းနေကြတာပဲ။” ဆိုပြီး ကျွန်တော်တို့ကို ပြောပါတယ်။ ကျွန်တော်တို့လည်း သူပြောတဲ့ စကားကို သိပ်သဘော မပေါက်လို့ ရယြ်ပီးတော့ပဲနေခဲ့ ကြပါတယ်။

ဒီလိုနဲ့ပဲ နောက် လေးငါးလလောက် အကြာမှာတော့ ကျွန်တော် အလုပ်ကိစ္စနဲ့ ပြင်သစ်နိုင်ငံက စက်ရုံတစ်ရုံကို ရောက်သွားခဲ့ပါတယ်။ ပထမဆုံးနေ့ ကျွန်တော်တို့ စက်ရုံကို ရောက်တော့ အချိန်က မနက်ခင်း အတော် စောနေ ပါသေးတယ်။ စက်တွေရဲ့ တာဝန်ခံ ကျွန်တော်တို့နဲ့ အတူတူ အလုပ်လုပ်ရမယ့် ပြင်သစ် အင်ဂျင်နီယာ ရုံးကို ရောက်မလာ သေးပါဘူး။ ကျွန်တော်တို့ သူ့ကို ရုံးခန်းထဲကနေပဲ ထိုင်စောင့်နေကြပါတယ်။ ရုံးခန်းထဲမှာတော့ ပြင်သစ်သူ အမိုက်စား ကလေးတွေ တပုံတပင် ပါပဲ။

ခဏနေတော့ ပြင်သစ် အင်ဂျင်နီယာ ရုံးကို ရောက်လာပါတယ်။ သူရုံးထဲကို ဝင်ဝင်လာချင်းမှာပဲ ကောင်းသော နံနက်ခင်းပါလို့ အဓိပ္ပါယ်ရတဲ့ “ဘွန်ဂျိုး(Bonjour)” လို့ နှုတ်ဆက်ပြီး အဝင်ဝနားမှာ ပရင့်ထုတ် နေတဲ့ ကောင်မလေး တစ်ယောက်ကို ဖက်နမ်းလိုက် ပါတယ်။ ကောင်မလေးကလည်း သူ့ကို ပြန်နမ်းပါတယ်။ ရုတ်တရက် မထင်မှတ်တာ တွေ့လိုက်ရတော့ ကျွန်တော်လည်း အံအားသင့် သွားပါတယ်။ သူတို့ကတော့ ခပ်တည်တည် ပါပဲ။ သူတို့ အရမ်းခင်တဲ့ မိတ်ဆွေတွေ နေမှာပါလေ လို့တော့ စိတ်ထဲက တွေးမိပါတယ်။

ခဏနေတော့ ပြင်သစ်က သူထိုင်တဲ့ ခုံရှိတဲ့ နေရာကို လျှောက်လာပါတယ်။ အဲဒီမှာ နောက်ထပ် ကောင်မလေး တစ်ယောက်က ထိုင်နေရာက ထလာပြီး ဘွန်ဂျိုး လို့ နှုတ်ဆက် ပါတယ်။ နောက်တော့ အာဘွား လုပ်ကြ ပြန်ပါတယ်။ ငါ့ကောင် စော်အတော် ကြည်တာပဲဟ ဆိုပြီးတော့ စိတ်ထဲက တွေးနေ မိပါတယ်။ တွေးလို့မှ မဆုံးသေးဘူး။ နောက်တစ်ယောက် ထလာပြီး အာဘွား လုပ်ပြန်ပါတယ်။ သူတို့ ရုံးတက်တာလည်း ကလပ်တက် နေသလို ပါပဲ။

ကျွန်တော်နဲ့ အတူပါလာတဲ့ ဒတ်ခ်ျအင်ဂျင်နီယာက “ဒါက ပြင်သစ်မှာပဲ ရှိတာကွ။ ငါတို့ ဟော်လန် မှာတောင် ဒါမျိုး မရှိဘူး။” လို့ ပြောပါတယ်။

ကျွန်တော်က ဒတ်ခ်ျကို “မင်းပါ ဝင်နမ်းလေကွာ။” လို့ စ တော့ ဒတ်ခ်ျက တဟားဟားနဲ့ အော်ရယ်ပြီး “ဒါက ပြင်သစ်တွေရဲ့ ယဉ်ကျေးမှု ငါတို့ ယဉ်ကျေးမှု မဟုတ်ဘူး။” လို့ ပြန်ပြောပါတယ်။

အဲဒီလိုနဲ့ ပြင်သစ် အင်ဂျင်နီယာ သူထိုင်တဲ့ ခုံနားမှာ ရှိတဲ့ ကောင်မလေး အတော်များများနဲ့ အာဘွား လုပ်ပြီးတဲ့ အခါမှာတော့ ကျွန်တော်တို့ဆီကို ရောက်လာပါတယ်။ ကျွန်တော်တို့ ခဏတဖြုတ် ထိုင်ပြီး အလုပ်ကိစ္စ နည်းနည်းပါးပါး ဆွေးနွေးဖြစ် ကြပါတယ်။ ဆွေးနွေးလို့ပြီးတဲ့ အခါမှာတော့ စက်ကို သွားကြည့်ဖို့ ရုံးရှိတဲ့ စက်ရုံရဲ့ အပေါ်ထပ်ကနေ ထုတ်လုပ်ရေး ဌာန ရှိတဲ့ အောက်ထပ်ကို ဆင်းလာ ခဲ့ကြပါတယ်။ ပြင်သစ် အင်ဂျင်နီယာရဲ့ ဇာတ်လမ်းက မပြီးသေးပါဘူး။ လမ်းမှာ သူနဲ့ နှုတ်ဆက်သမျှ အော်ပရေတာ ကောင်မလေးတွေ အကုန်လုံးနဲ့ အာဘွား လုပ်ပါတယ်။ တစ်ချို့ ကောင်မလေးတွေကလည်း သူရှိတဲ့ နေရာကို တကူးတက လာပြီး အာဘွား လုပ်ကြ ပါတယ်။ နောက်ထပ် ပြင်သစ် အင်ဂျင်နီယာ တစ်ယောက် ထပ်ရောက် လာတော့လည်း အော်ပရေတာ ကောင်မလေးတွေနဲ့ အာဘွား လုပ်ကြပြန် ပါတယ်။ ကျွန်တော်တို့လည်း အထူးအဆန်းမို့လို့ တအံ့တသြ နဲ့ပဲ ကြည့်နေမိပါတော့တယ်။

ဒတ်ခ်ျက ကျွန်တော့်ကို “မင်းပြင်သစ်မှာ အလုပ်မလုပ်ချင်ဘူးလား။” လို့ ပြုံးစိစိနဲ့ မေးပါတယ်။

ကျွန်တော်လည်း ဘာမှ ပြန်မပြောဘဲ ရယ်နေလိုက် ပါတယ်။ ပြန်တွေးကြည့်တော့မှ စင်ကာပူကို လာလည်တဲ့ ပြင်သစ် အင်ဂျင်နီယာ ပြောသွားတဲ့ “ရည်းစားမှ နမ်းလို့ရတာမှ မဟုတ်တာ။ ငါတို့ဆီမှာတော့ ရုံးမှာ ဒီလိုပဲ နမ်းနေကြ တာပဲ။” ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို သဘောပေါက် သွားပါတော့တယ်။

Tuesday, May 5, 2009

သတ်ပုံမှားတဲ့ကျား

မာလိုင်းယွန်း (Merlion) လို့ခေါ်တဲ့ စင်တိုဆာကျွန်းပေါ်မှာ ရှိတဲ့ စင်ကာပူ အထိမ်းအမှတ် ရုပ်ထုကြီးဆီကို လတ်တလော အလည်ရောက် ဖြစ်ပါတယ်။ မာလိုင်းယွန်း ရုပ်ထုထဲကို ဝင်ရတာ တန်တယ်လို့ ထင်ရအောင် ရုပ်ထုထဲမှာ စင်ကာပူရဲ့ နောက်ခံ သမိုင်းကြောင်းနဲ့ မာလိုင်းယွန်းရဲ့ နောက်ကြောင်းရာဇဝင်ကို ရိုက်ထားတဲ့ ရုပ်ရှင်ကို ပြပါတယ်။ မျက်စိနောက်အောင် သတိထားမိ တာကတော့ အဲဒီရုပ်ရှင်ထဲမှာ ခြင်္သေ့ရော မာလိုင်းယွန်းပါ ပုံစံက ပြောင်စပ်စပ်နဲ့ပါ။ ခက်တာက ရုပ်ရှင်ကို ငြိမ်ငြိမ်ဆိတ်ဆိတ် မကြည့်နိုင်ပဲ စိတ်ထဲက တောင်တွေးမြောက်တွေး လျှောက်တွေးနေမိပါတယ်။

စန်းနီလာ အူတားမား လို့ ခေါ်တဲ့ မလေးမင်းသားဟာ တောလိုက်ထွက်ရင်း မလေးကျွန်းဆွယ် တစ်နေရာကနေ စင်ကာပူကျွန်း နေရာကို လှမ်းတွေ့တယ် လို့ ဆိုပါတယ်။ အဲဒီမှာ မှန်ပြောင်းမရှိဘဲ တွေ့တယ် ဆိုတော့ ဘယ်နေရာက ဖြစ်နိုင်သလဲ ဆိုပြီး တွေးကြည့်ပါတယ်။ ဖြစ်နိုင်ခြေကို တွေးကြည့်ရင်း စင်ကာပူနဲ့ အနီးဆုံး ဂျဟိုးပြည်နယ်ရဲ့ တစ်နေရာကနေ တွေ့တာ ဖြစ်မယ်လို့ ကိုယ့်ဘာသာကိုယ် ကောက်ချက်ဆွဲ ကိုယ့်ဘာသာကိုယ် အတည်ပြု လိုက်ပါတယ်။

အဲဒါနဲ့ မင်းသားဟာ စင်ကာပူ ကျွန်းနေရာကို အဖော်အပေါင်း တစ်သိုက်နဲ့ လှေစီးပြီး ခရီးထွက် လာပါတယ်။ စိတ်ထဲမှာတော့ အတော် အရစ်ရှည်တဲ့ မင်းသားပဲ လို့ မှတ်ချက်ပေး မိပါတယ်။ အကြောင်းရင်းကတော့ ဒီလိုပါ။ မလေးရှား ကုန်းမကြီးနဲ့ စင်ကာပူကျွန်း နှစ်ခုကြားက အနီးဆုံး နေရာတွေက သိပ်မဝေးလှပါဘူး။ အခု မလေးရှားနဲ့ စင်ကာပူကို ဆက်ထားတဲ့ ကော့စ်ဝေး တံတားနေရာ ဆိုရင် မိနစ် နှစ်ဆယ်လောက် လမ်းဖြတ်လျှောက်ရင် ရောက်ပါတယ်။ ကျွန်တော် ကိုယ်တိုင် အင်မီဂရေးရှင်း အဆောက်အဦးအသစ် မဖွင့်ခင် အချိန်တုန်းက ဘတ်စ်ကား စောင့်ရတာ စိတ်မရှည်ရင် ဖြစ်ဖြစ်၊ ညသန်းခေါင်ကျော်လို့ ဘတ်စ်ကား မရှိတော့ရင် ဖြစ်ဖြစ် ခဏခဏ လမ်းဖြတ်လျှောက်ဖူး ပါတယ်။ ဝလုံးလို့ ခေါ်ကြတဲ့ အိုဗာစတေး တစ်ချို့ဆိုရင် မလေးရှားကနေ စင်ကာပူကို ရေကူးပြီးတောင် လာကြပါသေးတယ်။ အဲဒီလို နီးတဲ့ နေရာကနေ ပင်လယ်ကို မဖြတ်ဘဲ ဝေးတဲ့နေရာကနေ သွားဖြတ်လို့ ဒီမင်းသားကို အတော် အရစ်ရှည်တဲ့ မင်းသားလို့ မှတ်ချက်ချ မိတာပါ။

သွားရင်လာရင်း ပင်လယ်ထဲမှာ နဂါးနဲ့ တွေ့ပါတယ်။ တရုတ်လူမျိုးတွေ ပြောတဲ့ ပုံပြင်ဆိုတော့ နဂါးပါလာတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ဇာတ်လမ်းထဲမှာတော့ နဂါးကလည်းလာ လှိုင်းလေကလည်း ကြီးတော့ မင်းသားက သူ့ရဲ့ သရဖူကို ဖြုတ်ပြီး ပင်လယ် မင်းတရားကြီးကို လက်ဆောင်ပေး လိုက်ပါတယ်။ အဲဒီတော့ လှိုင်းလေငြိမ်ပြီး နဂါးလည်း ပျောက်သွားပါတယ်။ အခုခေတ် စင်ကာပူမှာ လာဘ်ပေးလာဘ်ယူဆိုတာ မရှိသလောက် ရှားပေမယ့် သမိုင်းကြောင်းမှာတော့ လာဘ်ထိုးတာ ပါတယ်ကွ လို့ ထပ်ပြီး မှတ်ချက်ပေးမိ ပြန်ပါတယ်။ အခုခေတ်အခါမှာ စင်ကာပူကို ဝင်ဖို့ အင်မီဂရေးရှင်းကို လာဘ်ထိုးရင်တော့ ချန်ဂီကို ရောက်သွားနိုင်ပါတယ်။ ချန်ဂီလေဆိပ်ကို ပြောတာ မဟုတ်ပါဘူး။ ချန်ဂီ အကျဉ်းထောင်ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

ဇာတ်လမ်းကို ဆက်ပါဦးမယ်။ စင်ကာပူကျွန်းပေါ်ကို အရောက်မှာ မင်းသားနဲ့ ခြင်္သေ့ကြီးတစ်ကောင် တွေ့ပါတယ်။ ခြင်္သေ့က မင်းသားကို အစပိုင်းမှာ ဟောက်စား လုပ်ကြည့်ပေမယ့် မင်းသားနဲ့ ခြင်္သေ့ အကြည့်ချင်းဆုံပြီးတဲ့ နောက်မှာ သူတို့နှစ်ယောက် နားလည်မှု စာချွန်လွှာ လက်မှတ် မထိုးဘဲ နားလည်မှု ရသွားကြပါတယ်။ ဂုရုကွေးလို ဟိုက်ရှာလပတ်ရည် အော်ရမလိုပါပဲ။ စင်ကာပူ လေသံနဲ့ ဆိုရင်တော့ ဝါလားဝေး ပေါ့။ ခြင်္သေ့ကို တွေ့တဲ့အတွက် မလေး ဘာသာနဲ့ ဆင်းဂါးပူရ(ဆင်းဂါး = ခြင်္သေ့) + (ပူရ = မြို့တော်) လို့ နာမည်ပေး လိုက်တယ် ဆိုပါတယ်။ နောင်တစ်ချိန်မှာတော့ မင်းသားနဲ့ တွေ့ခဲ့တဲ့ နဂါးနဲ့ ခြင်္သေ့အတွက် အမှတ်တရအနေနဲ့ စင်ကာပူ အထိမ်းအမှတ် ရုပ်ထုကို ရေသတ္တဝါ ငါးနဲ့ ခြင်္သေ့ရုပ်ထု တို့ ဆက်ပြီး မာလိုင်းယွန်း (Mer= ပင်လယ်) + (Lion = ခြင်္သေ့) အနေနဲ့ သတ်မှတ်ခဲ့တယ် ဆိုပါတယ်။

အငြင်းပွားစရာတွေ စပါပြီ။ သမိုင်းပညာရှင်တွေက စင်ကာပူမှာ ခြင်္သေ့ရှိဖူးတယ် ဆိုတာကို လက်မခံပါဘူး။ အာရှနွယ်ဖွား ခြင်္သေ့တောင် စင်ကာပူမှာ မရှိနိုင်ဘူး လို့ ဆိုကြပါတယ်။ အဲဒီအကြောင်းကို သိတော့ အဲဒီခြင်္သေ့ဘယ်က ရောက်လာသလဲ စဉ်းစား ကြည့်ပါတယ်။ ကမ္ဘာမြေကြီးကို ဥက္ကာခဲကြီးနဲ့ တိုက်ပြီး ခြင်္သေ့များ စင်ကာပူမှ မျိုးတုံးပျောက်ကွယ် သွားတယ် လို့ ဆိုရအောင်လည်း စန်းနီလာ အူတားမား ခြင်္သေ့နဲ့ တွေ့ခဲ့တာ နှစ် ၇၀၀ လောက်ပဲ ရှိပါသေးတယ်။ မဖြစ်နိုင်ပါဘူး။ မာဒါဂတ်စကား ကာတွန်းကားထဲက ခြင်္သေ့ အဲလက်စ်လို ရေထဲမျောလာတယ် ဆိုရအောင်လည်း အဲဒီခေတ်က ခြင်္သေ့ကို တစ်နေရာက တစ်နေရာ သင်္ဘောနဲ့ သယ်ကြမယ် မထင်ပါဘူး။ အဲဒီတော့ သမိုင်းပညာရှင်တွေ ပြောသလို သူတွေ့ခဲ့တာ ခြင်္သေ့မဟုတ်ဘဲ မာလာယန်ကျား ဖြစ်နိုင်တယ် ဆိုတာကိုပဲ လက်ခံ ရပါတော့တယ်။

အဲဒီတော့ မလေးမင်းသား ခြင်္သေ့နဲ့ကျား မခွဲတတ်တာနဲ့ မြို့နာမည်ပါ လွဲသွားတယ် လို့ ဆိုရပါမယ်။ စန်းနီလာ အူတားမား သာ ကျားကို ကျားမှန်း သိခဲ့ရင် စင်ကာပူရ မဖြစ်ဘဲ ဟာရီမောပူရ ဖြစ်သွားမှာပါ။ မလေးဘာသာနဲ့ ကျားကို ဟာရီမော လို့ ခေါ်ပါတယ်။ အခုဆိုရင်တော့ နှစ်ကာလ ရွေ့လျားတော့ စင်ကာပူ မဟုတ်ပဲ ဟာရီမောပူ ဖြစ်လာနိုင်ပါတယ်။ မြို့ကို နိမိတ်ပုံ သုံးတဲ့ နေရာမှာလည်း လိုင်းယွန်း စီးတီး မဖြစ်ဘဲ တိုင်းဂါးစီးတီး ဖြစ်သွားပါလိမ့်မယ်။ အဲဒီလိုပဲ စင်ကာပူရဲ့ အထိမ်းအမှတ်ဟာလည်း မာလိုင်းယွန်း မဖြစ်ဘဲ မာတိုင်းဂါးကြီးပဲ ဖြစ်နေမှာပါ။ ကျွန်တော်တို့ လည်း စင်ကာပူကို လာတယ် ဆိုရင် မြန်မာ ဘန်းစကားနဲ့ စလုံးသွားတယ် မပြောရဘဲ ငါတော့ ဟ သွားပြီ လို့ ပြောရမလား မသိပါဘူး။

(Image Credit to : wikimedia.org)

Sunday, May 3, 2009

အယူသီးမှု နှင့် ထုံးတမ်းစဉ်လာ

၁၃ ဂဏန်းကို နိမိတ် မကောင်းဘူး ဆိုပြီး ပြောကြတဲ့သူ အတော်များ ပေမယ့် ဘာလို့ နိမိတ် မကောင်းတာလဲ ဆိုတာကို မေးရင်တော့ သိတဲ့သူ နည်းပါတယ်။ လူအများစု လက်ခံထားတဲ့ သီအိုရီကတော့ ခရစ်တော်ရဲ့ နောက်ဆုံး ညစာစားပွဲမှာ သစ္စာဖောက် တပည့်သာဝက ဂျူးဒပ်ဟာ ၁၃ ယောက်မြောက် နေရာမှာ ထိုင်ခဲ့ ပါတယ်။ အဲဒါကြောင့် အနောက် တိုင်းသားတွေက ၁၃ ဂဏန်းကို နိမိတ်မကောင်းတဲ့ ဂဏန်းအဖြစ် ယူဆကြ တယ်လို့ ဆိုပါတယ်။ အင်္ဂလိပ်စာမှာ ၁၃ ဂဏန်းကို ကြောက်တတ်တဲ့ ရောဂါ ကို Triskaidekaphobia လို့ ခေါ်ပါတယ်။ ဒါပေမယ့်လည်း လွှမ်းခြုံဆက်စပ်နေတဲ့ ကမ္ဘာ (Globalization) မှာ အတွေးအခေါ် ကူးစက်မှုတွေက အရမ်းကို မြန်ပါတယ်။ အနောက် တိုင်းသားတွေ ၁၃ ဂဏန်း မကောင်းဘူး ပြောတာနဲ့ အရှေ့တိုင်းက လူတွေပါ ၁၃ ဂဏန်း မကောင်းဘူးလို့ လိုက်ပြောကြ ပါတယ်။ ဘာမဆိုင် ညာမဆိုင် မြန်မာပြည်က လယ်တွင်း ကိုးခရိုင်မှာပါ ပေါင်းချင်း ၁၃ ခရီး မသွားကောင်းဘူး ဆိုပြီး ကွန့်တဲ့သူ တွေ ရှိပါတယ်။ အံ့သြစရာတစ်ခု အနေနဲ့ သတိထားမိခဲ့တာ ကတော့ ရန်ကုန်က ကုန်သည်ကြီးများ ဟိုတယ်မှာ ၁၃ ထပ် မရှိဘဲ ၁၂ ထပ်နဲ့ ၁၄ ထပ် ကြားက အထပ်ကို A လို့ ရေးထားတာပဲ ဖြစ်ပါတယ်။ ၁၃ ဂဏန်းကို ကံမကောင်းတဲ့ ဂဏန်းအဖြစ် ဘယ်လိုပဲ ပြောကြပေမယ့် တကမ္ဘာလုံးက လက်ခံကြတာတော့ မဟုတ်ပါဘူး။ အိန္ဒိယ နိုင်ငံမှာ ၁၃ ဂဏန်းကိုပဲ လပ်ကီးကောင်းတဲ့ ဂဏန်းလို့ ယူဆကြတဲ့ ဆစ်ခ် ဘာသာဝင် တွေ ရှိပါသေးတယ်။

တရုတ် ကိုရီးယားနဲ့ ဂျပန်ဘာသာစကားမှာ ၄ ဂဏန်းရဲ့ အသံထွက်ဟာ သေခြင်းတရားဆိုတဲ့ စကားလုံးရဲ့ အသံထွက်နဲ့ နီးစပ်ပါတယ်။ အဲဒါကြောင့် ထိုင်ဝမ်အပါအဝင် တရုတ်၊ကိုရီးယား၊ ဂျပန် နိုင်ငံတွေမှာ ၄ ဂဏန်းကို သေခြင်းတရားနဲ့ ဆက်စပ်နေတဲ့ ဂဏန်းတစ်ခု အနေနဲ့ ကြောက်ရွံ့ကြပါတယ်။ တရုတ်လူမျိုးတွေဟာ နှစ်သစ်ကူးနေ့မှာ ၄ ဆိုတဲ့ ဂဏန်းကို မပြောရဘူး ဆိုတဲ့ အထိ အယူသီးမှု ရှိပါတယ်။ ၄ ဂဏန်းကို ကြောက်ရွံ့တဲ့ ရောဂါကိုတော့ အင်္ဂလိပ်ဘာသာမှာ Tetraphobia လို့ ခေါ်ကြပါတယ်။

မြန်မာပြည်က အယူသည်းမှုတွေဟာ အခြား ပြည်ပက တင်သွင်းတဲ့ ပစ္စည်းများလိုပဲ နိုင်ငံပေါင်းစုံကနေ လာကြပါတယ်။ တစ်ခါတစ်လေတော့လည်း နိုင်ငံခြားက လာတဲ့ အယူအဆတွေကို ဘိုးစဉ်ဘောင်ဆက်ပဲ ရှိခဲ့ဖူးသလို ထင်ယောင်ထင်မှား ဖြစ်တတ်ကြပါတယ်။ မြန်မာ ရုပ်ရှင် ဗွီဒီယိုတွေထဲမှာ ရိုက်ပြတတ်တဲ့ အဖြစ်ဆိုးတစ်ခု နဲ့ ကြုံတဲ့ အခါတိုင်းမှာ ပန်းအိုး ကျကွဲတာတို့ မှန်ကျကွဲတာတို့ဟာ အနောက်တိုင်းက လာတဲ့ အယူသီးမှု တွေပဲ ဖြစ်ပါတယ်။ အနောက်တိုင်းမှာတော့ မှန်ကျကွဲရင် ၇ နှစ်တိတိ ကံမကောင်းဘူးလို့ ယူဆကြပါတယ်။ အဲဒါကို ပြန်ဖြေဖို့ ကျကွဲခဲ့တဲ့ မှန်ကို လရောင်အောက်မှာ မြေကြီးထဲ သွားမြှုပ်ရတယ်လို့လည်း ဆိုကြပါတယ်။ အဲဒီလိုပဲ ညဘက် လက်သည်းခြေသည်း မညှပ်ကောင်းဘူး ဆိုတာကလည်း တရုတ်လူမျိုး တွေရဲ့ တောက်တယ်ကျင်း ကျမ်းက လာတဲ့ အယူသီးမှုပဲ ဖြစ်ပါတယ်။ လက်ဖဝါး ယားရင် ပိုက်ဆံဝင်မယ်၊ ခြေဖဝါး ယားရင် ခရီးထွက်ရမယ်၊ ကြက်သွန်ဖြူက မကောင်းဆိုးဝါးတွေရဲ့ ရန်က ကာကွယ်ပေးနိုင်တယ်၊ ခွေးအူရင် လူမမာ သေခါနီးပြီ ဆိုတာမျိုး တွေကတော့ မြန်မာလူမျိုး တစ်မျိုးတည်းတွင်သာ မကပဲ လူမျိုးခြားတွေမှာပါ ရှိတတ်တဲ့ အယူသီးမှု တွေပဲ ဖြစ်ပါတယ်။

အယူသီးတာက အချိန်ကြာလာရင် ထုံးတမ်းစဉ်လာ တစ်ခု ဖြစ်သွားတတ် ပါတယ်။ မင်္ဂလာဆောင်တွေမှာ သတို့သမီးကို မျက်နှာဖုံး အုပ်တာဟာ မကောင်းဆိုးဝါးတွေရဲ့ မျက်လုံးကနေ မမြင်နိုင်အောင် ကာကွယ်တဲ့ သဘောမျိုးနဲ့ စခဲ့တာ ဖြစ်ပါတယ်။ အခုတော့လည်း သတို့သမီးရဲ့ မျက်နှာဖုံးဟာ ဖက်ရှင် တစ်ခု ဖြစ်သွားပါပြီ။ အသုဘ အခမ်းအနား တွေမှာ ပြုလုပ်နေကျ ထုံးတမ်း စဉ်လာ တစ်ချို့ဟာ အယူသီးမှုကို အခြေခံခဲ့ ပေမယ့် အခုတော့ အယူသီးမှုု မဟုတ်တော့ဘဲ ထုံးတမ်းစဉ်လာ ဖြစ်နေပါပြီ။ ပန်းခွေဆိုတာ သေသွားတဲ့ သူတွေရဲ့ ဝိဉာဉ်တွေကို ချုပ်နှောင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စပြီး လုပ်ခဲ့တာပါ။ နှစ်ကာလ ကြာတော့ အယူသီးတာကို ဘယ်သူမှ သတိမရတော့ဘဲ အမှတ်တရ အနေနဲ့ ပို့တဲ့ လွမ်းသူ့ ပန်းခွေ ဖြစ်သွားပါတယ်။ အဲဒီလိုပဲ စစ်ဖက်ဆိုင်ရာ အသုဘ အခမ်းအနားတွေမှာ သေနတ်ဖောက်တာ သရဲတွေကို ခြောက်လှန့်ထုတ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စခဲ့တယ် လို့ သိရပါတယ်။ အခုခေတ် မှာတော့ ဂုဏ်ပြုတဲ့ အနေနဲ့ သေနတ်ဖောက်တဲ့ ထုံးတမ်းစဉ်လာ ဖြစ်သွားခဲ့ပါပြီ။

ပြောပါများ ကြားပါများတော့ အယူသီးတာကိုတောင် သတိမထားမိ သလို ဖြစ်တတ်ပါ သေးတယ်။ မွေးနေ့ကိတ် ပေါ်က ဖယောင်းတိုင်တွေကို တစ်ချက်တည်းနဲ့ မှုတ်ပြီး လိုရာ ဆုတောင်းရင် ပြည့်တယ် ဆိုတာမျိုး၊ ကြယ်ကြွေတဲ့အချိန် ဆုတောင်းရင် ပြည့်တယ် ဆိုတာမျိုး၊ လောင်းကစားလုပ်တဲ့နေရာမှာ စလုပ်တဲ့သူဟာ ကံကောင်းတတ်တယ် ဆိုတာမျိုးကို ကျွန်တော်တို့တစ်တွေ အယူသီးတာမှန်းတောင် တခါတလေ မေ့နေတတ်ကြပါတယ်။ အဲဒီလိုပဲ သမီးရည်းစားချင်း လက်ကိုင်ပုဝါ ရေမွှေးပုလင်း လက်ဆောင်ပေးရင်ကွဲမှာ စိုးရိမ်လို့ စတိသဘောနဲ့ ပိုက်ဆံ အနည်းအကျဉ်း ယူပြီး အရောင်းအဝယ် သဘောမျိုး ဖြစ်အောင် လုပ်ကြတာလည်း အယူအသီးမှု တစ်ခု ပါပဲ။ တစ်ခါတစ်လေတော့လည်း အယူသီးတာကို ကျွန်တော်တို့ မသိဘဲ တကယ်ဖြစ်သလို ထင်တဲ့ ကိစ္စတွေ လည်း ရှိတတ်ပါတယ်။ ရေနစ်တဲ့ သူတစ်ယောက်ဟာ မနစ်ခင် သုံးခါတိတိ ရေပေါ်ကို ပြန်ပေါ်တယ် ဆိုတာ တကယ် မဟုတ်ပဲ အယူသီးမှု တစ်ခု သက်သက်သာ ဖြစ်ပါတယ်။

ဆိုင်ဘာခေတ်ရဲ့ အယူသီးမှုကတော့ ဆက်တွဲ အီးမေးလ် (Chain E-mail) တွေကို အပြန်အလှန် ပို့ကြတာမျိုးပါ။ အခုချက်ချင်း ဘယ်နှစ်ယောက်ကို မပို့ရင် ရည်းစားနဲ့ ကွဲမယ် ဆိုတာမျိုး၊ ဆွေမျိုးသားချင်းထဲက တစ်ယောက်သေမယ် ဆိုတာမျိုးတွေနဲ့ ခြိမ်းခြောက်ပြီး အီးမေးလ်တွေကို ဖော်ဝပ် လုပ်ခိုင်း ကြပါတယ်။ တစ်ခါတစ်လေတော့လည်း ရုပ်ပုံကလေး တစ်ပုံကို ဖော်ဝပ်လုပ်ပြီး ဒီရုပ်ပုံက ကံကောင်းခြင်းတွေ ယူဆောင်လာတယ် ဆိုတာမျိုးလည်း လုပ်တတ်ကြပါသေးတယ်။ အံ့သြစရာ ကောင်းလောက်အောင်ပဲ ပညာတတ် ကွန်ပြူတာ အသုံးပြုသူ အတော်များများက ချိန်း အီးမေးလ်တွေရဲ့ အကြောင်းကို သေသေချာချာ မစဉ်းစားပဲ မဆင်မခြင် ဖော်ဝပ် လုပ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် အခု စိတ်ချရတာက နောက်မှ နောင်တရ တာထက် ကောင်းတယ် ဆိုတာမျိုး တွေးကြပါတယ်။ ဘယ်လိုပဲ တွေးသည်ဖြစ်စေ အီးမေးလ်တစ်ခုက ကိုယ့်ကံကြမ္မာကို ပြောင်းလဲ သွားနိုင်တယ် ဆိုတဲ့ အယူသီးမှုမျိုးကိုတော့ ခေတ်ပညာတတ် တစ်ယောက်မှာ လုံးဝ မရှိသင့်ဘူး လို့ပဲ ယူဆမိပါတယ်။