Search This Blog

Tuesday, June 30, 2009

ဘောင်ဘင်ခတ်တဲ့ အိုးများ

“မပြည့်တဲ့အိုးက ဘောင်ဘင်ခတ်တယ်” လို့ မြန်မာ ဆိုရိုးစကား ရှိပါတယ်။ ပညာ မပြည့်စုံတဲ့သူတွေက ကိုယ့်မှာ ရှိတဲ့ မဖြစ်စလောက် ပညာလေးတွေနဲ့ပဲ လူအထင်ကြီး ခံရအောင် အသံကျယ်ကျယ် လောင်လောင်နဲ့ ဝါကြွားတတ်ကြတာမျိုးပါ။ တကယ့် ပညာရှင်များ ကြတော့လည်း ကိုယ့်ကိုယ်ကို နှိမ့်ချ မပြောတတ်ပေမယ့် ရှိတာထက် ပိုပြီး မပြောတတ်ကြ ပါဘူး။

ကျွန်တော် ဆယ်တန်း အောင်ပြီးခါစက ဟောပြောပွဲ တစ်ခုမှာ သမိုင်း ပါမောက္ခ ဒေါက်တာသန်းထွန်းနဲ့ ဆုံခွင့် ရလိုက်ပါတယ်။ ကျွန်တော်တို့ အင်္ဂလိပ် စကားပြော သင်တန်းမှာ လုပ်တဲ့ “ဗမာပညာရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပွဲ မှာပါ။ ဟောပြောပွဲ မစခင်မှာပဲ စိတ်အနှောင့်အယှက် ဖြစ်စရာ ကိစ္စတစ်ခု ကြုံရပါတယ်။ နာမည်နောက်မှာ ဘောဂဗေဒ ဆိုတဲ့ ဘွဲ့ထူး ထည့်ပြီး ရေးတတ်တဲ့ စာရေးဆရာ တစ်ယောက်က ဒေါက်တာသန်းထွန်းရဲ့ ကိုယ်ရေးရာဇဝင်ကို ဖတ်ပြီးတဲ့ နောက်မှာ ရိုက်ပေါက် ဖြစ်မယ့် စကားတစ်ခွန်း ပြောသွား ပါတယ်။ “ဆရာကြီးက ဟောပြောပွဲ ပြီးရင် မင်းတို့ကို မေးချင်ရာ မေးဖို့ ခွင့်ပေးထားတယ်။ ငါတော့ စဉ်းစားလို့ မရဘူး။ မင်းတို့လို ပညာအဆင့်အတန်းနဲ့ ဆရာကြီးလို ပညာရှင် တစ်ယောက်ကို ဘာမေးခွန်း မေးမှာလဲ။ မင်းတို့ ပညာနဲ့ ဆရာကြီးရဲ့ ပညာဆိုတာ မတန်တဆကို ကွာလွန်းတယ်။ မင်းတို့ မေးခွန်းမေးဖို့ မတန်ဘူး။” လို့ ပြောသွားတာပါ။

ဘုရားလို သဗ္ဗညုတ ဉာဏ်တော် ရထားတဲ့သူကိုတောင် တပည့်သာဝကတွေက မရှင်းမလင်းတာ ရှိရင် မေးခွင့် ရှိသေးတာ။ ဒေါက်တာသန်းထွန်းကလည်း ဘုရားမဟုတ် ကျွန်တော်တို့ကလည်း လမ်းဘေးက ကလေကချေ မဟုတ် ဆိုတာတွေးမိလို့ စိတ်ထဲမှာ အတော် ခံပြင်း သွားပါတယ်။ အဲဒီ ဘောဂဗေဒ ဘွဲ့ထူးခံတဲ့ စာရေးဆရာကို နှစ်တစ်နဲ့ ထပြီး ရိုက်ချင်စိတ် ပေါက်သွားပါတယ်။ အဲဒီ စာရေးဆရာကို ချဉ်သွားလိုက်တာလည်း အခုထက်ထိ သူရေးတဲ့ စာအုပ်တွေ ဆောင်းပါးတွေ ဘယ်လောက်နာမည်ကြီးကြီး ရှောင်ဖတ်တဲ့ အထိပါပဲ။ ဖတ်စရာ မရှိတဲ့ အဆုံးမှပဲ ဖတ်ဖြစ်ပါတော့တယ်။

ဒေါက်တာသန်းထွန်း ဟောပြောပွဲ စပြီးတော့မှ စိတ်ထဲမှာ မကျေမနပ် ဖြစ်တာတွေ နည်းနည်းလျော့သွားပါတယ်။ ဒေါက်တာသန်းထွန်းကတော့ စကားပြောတဲ့နေရာမှာ ပညာရှင် ပီသပါတယ်။ စကားကို အပိုအလိုမရှိ တိုတို ပြတ်ပြတ် ပြောတတ်ပါတယ်။ အရင် ဒေါက်တာသန်းထွန်းရဲ့ စာအုပ်တွေ ဖတ်ဖူးတုန်းက သူ့ကို မာနကြီးတယ်လို့ ထင်ခဲ့ ဖူးပါတယ်။ သူစကား ပြောတာကို နားထောင်ပြီးတော့မှ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး မပြောတတ်တဲ့ အကျင့်၊ အရှိကို အရှိအတိုင်း တည့်တိုး ပြောတတ်တဲ့ အကျင့် စတာတွေကြောင့် သူ့ကို မာနကြီးတယ်လို့ ထင်ရတယ် ဆိုတာကို သဘောပေါက်သွားပါတယ်။ ဒါပေမယ့် ခုနက စာရေးဆရာလိုတော့ ရိုက်ပေါက်ဖြစ်မယ့် တစ်ဖက်သားကို နှိမ့်ချတဲ့ စကားမျိုးတွေ မပြောပါဘူး။

ဒီလိုနဲ့ ဟောပြောပွဲ ပြီးလို့ နောက်ဆုံးမှာ အမေးအဖြေ လုပ်တဲ့ အချိန် ရောက်လာပါတယ်။ အဲဒီမှာ သူမေးခွန်းတွေ ဖြေတဲ့ပုံစံကို ပိုပြီး သဘောကျသွားပါတယ်။ ဋီကာချဲ့ပြီး တောင်ပြောမြောက်ပြော လျှောက်ပြော မနေပါဘူး။ လိုရင်းကိုပဲ တိုတိုနဲ့ ထိထိမိမိ ဖြေပါတယ်။ ကျောင်းသားတစ်ယောက်က “ပညာရေး စနစ်တစ်ခု ထိရောက်မှု ရှိတယ် မရှိဘူး ဆိုတာကို ဘာပေတံနဲ့ တိုင်းမလဲ” လို့ ဆရာလိုလို သဘာလိုလို လုပ်ပြီး ထမေးပါတယ်။ ဒေါက်တာ သန်းထွန်း က “မင်းအခု မမြင်ဘူးလား။” ဆိုပြီးတော့ တစ်ခွန်းတည်း ပြန်ဖြေလိုက်လို့ ကျွန်တော်တို့ အားလုံး ဝေါကနဲ ပွဲကျသွားပါတယ်။ အဲဒီ ဟောပြောပွဲ အပြီးမှာတော့ ဒေါက်တာ သန်းထွန်းကို တကယ့် ပညာရှင်တစ်ယောက် အနေနဲ့ ပိုပြီး လေးစား သွားမိပါတယ်။

ဒီလိုနဲ့ နောက်ထပ် ၆ လလောက် ကြာပြီးတော့ ကျွန်တော် ဂျီစီအီးဖြေဖို့ ကျူရှင် စတက်ဖြစ်ပါတယ်။ အဲဒီမှာ နောက်ဆရာသမား တစ်ယောက်နဲ့ ကြုံခွင့် ရခဲ့ပါတယ်။ ကျွန်တော်တို့ကို ရူပဗေဒ သင်တဲ့ ဆရာပါ။ အမေရိကန် က နျူးကလီးယား ရူပဗေဒနဲ့ ဘွဲ့လွန်ရလာတဲ့သူ၊ မြန်မာနိုင်ငံ အဏုမြူစွမ်းအင် သုတေသနဌာနမှာ အကြံပေးပုဂ္ဂိုလ် ၊ ဒေါက်တာဘွဲ့ ရထားတဲ့သူ စတဲ့ အရှိန်အဝါတွေကြောင့် ကျူရှင် စပြီး မတက်ခင်က နည်းနည်း ဖြုံနေမိပါတယ်။ ဒါပေမယ့် စာသင်ခန်းထဲ ရောက်တော့ အထင်နဲ့ အမြင် အတော်လေး ကွာနေပါတယ်။

ဆရာကြီး စာသင်တဲ့ ပုံစံက နိုင်ငံတကာက တက္ကသိုလ်တွေမှာ သင်တဲ့ ပုံစံမျိုးလို့ သိရပါတယ်။ စင်ကာပူမှာတောင် ဒါမျိုး မကြုံဖူးပါဘူး။ သြစတေးလျက ဆရာ တစ်ချို့တော့ အဲဒီနည်းနဲ့ သင်တာ တွေ့ဖူးပါတယ်။ သင်စရာ ရှိတာကို ထိထိမိမိ သင်တယ်။ ပြီးရင် ကျောင်းသားတွေကို အပြန်အလှန် မေးခွန်းထုတ် ခိုင်းတယ်။ ဆွေးနွေးခိုင်းတယ်။ ဆရာကြီးက ကျွန်တော်တို့ကို “မင်းတို့တွေ ငါသင်သမျှ ငြိမ်နားထောင်နေရင် နားလည်လို့ မမေးတာလို့ ငါမယူဆဘူး။ ရောချနေတာ လို့ပဲ ယူဆတယ်” လို့ ပြောပါတယ်။ စိတ်ထဲမှာ သံသယ ရှိရင် ပွင့်ပွင့်လင်းလင်းမေးပါလို့ တိုက်တွန်းပါတယ်။ အဲဒီမှာ ကျူရှင်တက်ပြီးမှ ဆရာကို အပြန်အလှန် မေးခွန်းထုတ်ရဲတဲ့ အကျင့်၊ လက်ချာမတက်ခင် စာကြိုဖတ်တတ်တဲ့ အကျင့် တွေရလာပါတယ်။ ဆရာကြီး ပြောခဲ့တဲ့ စကားတွေထဲမှာ အတော်ကို မှတ်သားလောက်စရာ ကောင်းတဲ့ စကားတစ်ခွန်း ရှိပါတယ်။။ “လူတစ်ယောက်က အားလုံးကို သူတတ်တယ်လို့ လာပြောရင် အဲဒီလူ ပုံမှန်မဟုတ်ဘူး။ ရူးနေတယ် ဆိုတာ မင်းတို့ သဘောပေါက်လိုက်။ ဘာသာရပ် တစ်ခုမှာ အားလုံး တတ်တဲ့သူ ဆိုတာ မရှိဘူး။ ငါတို့ ပါရဂူဘွဲ့ ရထားတဲ့ သူတွေတောင် ဘာသာရပ်ရဲ့ နယ်ပယ် တစ်ခုကိုပဲ ကျွမ်းကျင်တယ်။ ဥပမာ Nuclear Physics နဲ့ ပါရဂူ ဘွဲ့ရတဲ့သူက တခြား physics နယ်ပယ် မှာ အကျွမ်းကျင်ဆုံးသူ မဖြစ်နိုင်ဘူး။ ဘာသာရပ်တစ်ခုထဲမှာပဲ တခြားနယ်ပယ်တွေမှာ ကိုယ့်ထက် ကျွမ်းကျင်တဲ့ သူတွေ အများကြီး။” ဆိုတဲ့ စကားပါ။ မနှစ်ကတော့ ဧရာဝတီ မဂ္ဂဇင်းထဲမှာ ဆရာကြီးကို နျူးကလီးယား ဂန်းစတား လူဆိုးကြီး တစ်ယောက်လို ပုံစံပေါက်အောင် ရေးထား ဖွထားတာ တွေ့တော့ စိတ်မကောင်း ဖြစ်မိပါတယ်။

နောက်ဆရာ တစ်ယောက်ကတော့ “မင်းတို့ စာသင်တဲ့ အချိန် တစ်ခုခု နားမလည်တာရှိတိုင်း ဆရာကို မေးမယ်ဆိုတဲ့ အကျင့်ကို ဖျောက်။ ကိုယ့်ဘာသာကို ကိုးကား(Reference) စာအုပ်ကိုင်ပြီး အဖြေတွေ့အောင်ရှာ။ ဒီတစ်အုပ်ထဲမှာ အဖြေမရှိရင် နောက်တစ်အုပ်ထဲမှာ အဖြေရှိလိမ့်မယ်။ နောက်ဆုံး မရတဲ့ အဆုံးမှ ဆရာ့ကိုမေး။ အဲဒါဆိုရင် စာအုပ်တွေ ရှာဖတ်ထားတဲ့အတွက် မင်းခေါင်းထဲမှာ ဆွေးနွေးစရာတွေ အများကြီး ရှိနေလိမ့်မယ်။ ဆရာနဲ့ အပြန်အလှန် ဆွေးနွေးရင် မင်းတို့ ပိုတတ်မယ်။ ဆရာတစ်ယောက်တည်း ဆီကနေ မင်းတို့မေးသမျှ မေးခွန်းအတွက် အဖြေအကုန် ရှိနေမယ်လို့ တွေးရင် မင်းတို့ အဲဒီဆရာ တတ်သလောက်ပဲ တတ်မယ်။ ဆရာထက် ပိုတော်တဲ့သူ ဘယ်တော့မှ ဖြစ်လာမှ မဟုတ်ဘူး။” လို့ ဆုံးမဖူးပါတယ်။ အဲဒီ ဆုံးမစကားကို ကြားမှ ဆယ်တန်း ကျူရှင်သင်တဲ့ တစ်ချို့ ဆရာတွေက ကျောင်းသားတွေကို “ကျောင်းကဆရာ ရဲ့ အာဘော်တွေကို နားမယောင်နဲ့။ ငါ့အာဘော်ကိုပဲ နားထောင်။ မဟုတ်ရင် ရှုပ်ကုန်လိမ့်မယ်။” ဆိုပြီး မဟုတ်တရုတ် ဆုံးမတာတွေ သတိရလို့ ပြုံးမိပါသေးတယ်။ အဲဒီဆရာတွေ ပညာတကယ် မပြည့်ဝလို့ ကျောင်းသားဆီကနေ မေးလာမယ့် အပြန်အလှန်မေးခွန်းတွေကို မဖြေနိုင်လို့ သူတို့ကိုယ် သူတို့ ကြိုတင်ကာကွယ် ထားတယ် ဆိုတာကို သဘောပေါက်မိပါတယ်။ ကျွန်တော့် ဆရာတွေ ထဲမှာ အဲဒီလို ဆရာမျိုးနဲ့ မတွေ့ခဲ့ရတာပဲ ကံကောင်းတယ်လို့ ပြောရပါမယ်။

အွန်လိုင်းပေါ်မှာ အတော်အသင့်လောက် သိရုံတတ်ရုံနဲ့ ဆရာကြီး လုပ်နေတဲ့ ဘောင်ဘင်ခတ်နေတဲ့ အိုးလို လူစားမျိုးကို တွေ့ရရင် တကယ်ကို စိတ်ပျက်မိတာ အမှန်ပါပဲ။ “အော်။ တကယ့် ပညာရှင်ကြီးများ အခုလို လေကျယ်မနေဘူး။ ပြောစရာ ရှိတာပဲ ပြောတယ်။ ပညာက ပြည့်ဝပြီးသား ဆိုတော့ လူအထင်ကြီး ခံရအောင် တကူးတက လုပ်ယူနေစရာ မလိုဘူး။ တကယ် ပညာမပြည့်ဝတဲ့ သူများကတော့ လူအထင်ကြီးခံရအောင် တမင်တကာ လုပ်ယူရတယ်။” လို့ ကျွန်တော်နဲ့ ကြုံခဲ့ဖူးတဲ့ ပညာရှင်ကြီးတွေနဲ့ နှိုင်းယှဉ်ပြီး စဉ်းစားမိပါတယ်။ တစ်ခါတစ်လေတော့လည်း ကိုယ်ကိုယ်တိုင်ပဲ ဘောင်ဘင်ခတ်တတ်တဲ့ အိုးတစ်လုံး ဖြစ်နေပြီလားလို့ ကိုယ့်ဘာသာကိုယ် မလုံမလဲ ပြန်တွေးမိပါတယ်။

Monday, June 29, 2009

နယူတန်ရဲ့ နိယာမ

အိုင်ဆက် နယူတန် ပန်းသီးပင်အောက်မှာ ထိုင်နေတုန်း သူ့ရဲ့ ခေါင်းပေါ်ကို ပန်းသီး ပြုတ်ကျလို့ ကမ္ဘာ မြေကြီးရဲ့ ဆွဲငင်အား (Gravitational Force) အကြောင်းကို စဉ်းစားမိ သွားတယ် လို့ ဆိုပါတယ်။ နယူတန် ခေါင်းပေါ် ပန်းသီး ပြုတ်မကျပဲ ဒူးရင်းသီးသာ ပြုတ်ကျခဲ့ရင် ကမ္ဘာမြေပြင် ဆွဲငင်အား အကြောင်း စဉ်းစားဖို့တောင် အချိန်ရလိုက်မှာ မဟုတ်ဘူး ဆိုပြီးတော့ ငယ်ငယ်တုန်းက ဟာသ တစ်ခုထဲမှာ ဖတ်ဖူးပါတယ်။

ကမ္ဘာမြေကြီးမှာ ဆွဲငင်အား ရှိတယ် လို့ နယူတန်က ပြောသွားပါတယ်။ မာရဇ္ဇကတော့ “ဆွဲအား” ဆိုတဲ့ သီချင်းထဲမှာ “ကမ္ဘာမြေပြင်ထက် သူလေ ဆွဲအားကြီး” လို့ မိန်းကလေး တစ်ယောက်ကို တင်စားပြီး ဆိုပါတယ်။ သီချင်းကို သီချင်းလို မခံစားပဲ သိပ္ပံနည်းကျ တွေးကြည့်ရင်တော့ ရယ်စရာ ကြီးပါ။ ရူပဗေဒ သဘောတရား အရတော့ ဒြပ်ထု (Mass) ရှိရင် ဆွဲအား ရှိပြီး ဒြပ်ထု ကြီးရင် ဆွဲအားပိုကြီးတယ် လို့ ဆိုပါတယ်။ အဲဒီတော့ အဲဒီ မိန်းကလေးကသာ ကမ္ဘာမြေပြင်ထက် ဆွဲအားကြီးရင်တော့ ကမ္ဘာမြေပြင်ထက် ဒြပ်ထု ကြီးမှပဲ ဖြစ်မှာပါ။ အဲဒီလောက် အဆမတန် ခန္ဓာကိုယ်ကြီးတဲ့ မိန်းကလေးကိုတော့ ဘယ်သူမှ ကြိုက်လိမ့်မယ် မထင်ပါ။

အာခိမိဒိ စီးတဲ့မြင်းကို အာခိမိဒိ စည်းမျဉ်းလို့ ခေါ်တယ်လို့ လူရွှင်တော်တွေ ပျက်လုံး ထုတ်ဖူးပါတယ်။ နယူတန် စီးတဲ့မြင်းတော့ ဘာမြင်းလဲ မသိပါ။ နယူတန်ကတော့ ရွေ့လျားမှုဆိုင်ရာ နိယာမ(၃) ခုကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

နယူတန်ရဲ့ ရွေ့လျားမှု ဆိုင်ရာ ပထမ နိယာမမှာ “ပြင်ပက အားသက်ရောက်မှု မရှိရင် ရပ်နေသော အရာဝတ္ထုတွေက ရပ်မြဲ ရပ်နေပြီး ရွေ့လျားနေတဲ့ အရာဝတ္ထုတွေက ရွေ့လျားမြဲ ရွေ့လျား နေမယ်” လို့ ဆိုထားပါတယ်။ စဉ်းစားကြည့်ရင် လက်မခံနိုင်စရာ ကိစ္စပါ။ ဒါဆိုရင် ကားတွေ ဘာလို့ ဓာတ်ဆီ အကုန်ခံ မောင်းနေကြ သလဲ။ တွန်းလွှတ်လိုက်ရင် သူ့ အရှိန်နဲ့ သူ လိမ့်သွားမှာပေါ့။ လေယာဉ်ပျံတွေ ဘာလို့ ဆီအကုန်ခံပြီး ပျံနေကြသလဲ။ လေထဲရောက်ရင် ကိုယ်သွားချင်တဲ့ နေရာ ဦးတည်ပြီး ဖရီးရိုက်လိုက်ရင် ရောက်သွားမှာပေါ့။

နိယာမက ဒီအတိုင်း မလာပါဘူး။ ကန့်သတ်ချက် ပါပါတယ်။ ဒါပေမယ့် အဲဒီ နိယာမထဲမှာ ပြင်ပက အားသက်ရောက်မှု မရှိလျှင် ဆိုတဲ့ ကန့်သတ်ချက်တစ်ခု ပါပါတယ်။ မော်တော်ကားတွေ လမ်းမပေါ် မောင်းနေတဲ့ အချိန်မှာ ကားဘီးနဲ့ လမ်း ပွတ်တိုက်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ပွတ်တိုက်အား (Friction) တွေ ရှိပါတယ်။ လေထုကို ဖြတ်သန်းပြီး မောင်းနှင်ရတဲ့အတွက် လေထုနဲ့ ကားရဲ့ ကိုယ်ထည် ထိတွေ့တဲ့ ပွတ်တိုက်အားတွေ ရှိပါတယ်။ အဲဒီပွတ်တိုက်အားတွေကို ကျော်လွန်ဖို့ အတွက် အားသုံး ရပါတယ်။ ကတ္တရာ လမ်းမပေါ် ချောဆီလေးများ ဖြန်းထားပေးရင်တော့ ပွတ်တိုက်အား နည်းသွားတဲ့ အတွက် ဆီကုန် သက်သာပါလိမ့်မယ်။ ဒါပေမယ့် ဘရိတ်တော့ အုပ်လို့ ရမယ် မထင်ပါဘူး။ ဒီလိုပဲ လေယာဉ်ပျံ လေပေါ်ပျံတက်တဲ့ အချိန်မှာ ကမ္ဘာမြေပြင်ရဲ့ ဆွဲငင်အားကို ဆန့်ကျင်ပြီး သွားရတဲ့ အတွက် အားသုံး ရပါတယ်။

ပွတ်တိုက်အား တွေ ဆွဲငင်အားတွေ မရှိတဲ့ နေရာမှာ ဆိုရင်တော့ ယာဉ်ကို အားသုံးပြီး မောင်းနှင်ဖို့ မလိုပါဘူး။ ဥပမာ ဆိုရရင် အာကာသထဲမှာ လေထုလည်း မရှိ ဆွဲငင်အားတွေကလည်း ကင်းလွတ်နေတဲ့ အတွက် အာကာသယာဉ်ကို အားသုံးပြီး မောင်းနှင်ဖို့ မလိုပါဘူး။ ငယ်ငယ်တုန်းကတော့ လကို သွားတဲ့ အာကာသယာဉ် ဆီအတော် ကုန်မှာပဲလို့ တွေးဖူး ပါတယ်။ လက်တွေ့မှာတော့ လ ကို သွားတဲ့ အာကာသယာဉ်မှာ မိုင်ပေါင်း ၂သိန်း ၄သောင်းကျော်ကို ခရီးသွားဖို့ လောင်စာ သယ်သွားစရာ မလိုပါဘူး။ ကမ္ဘာမြေပြင်ရဲ့ ဆွဲအားကနေ လွတ်ကင်းအောင် အာကာသယာဉ်နဲ့ တွဲဆက်ထားတဲ့ ရော့ကက်တွေကနေ အကူအညီပေးပြီး တွန်းလွှတ် ပေးပါတယ်။ ကမ္ဘာ့ဆွဲငင်အားကနေ လွတ်ထွက်သွားတာနဲ့ လမ်းကြောင်းပြောင်းချင်တဲ့ အချိန်က လွဲပြီးတော့ မောင်းနှင်ဖို့ လောင်စာ မလိုတော့ပါဘူး။ အာကာသထဲ ရောက်သွားတာနဲ့ အာကာသယာဉ်ဟာ နယူတန်ရဲ့ ပထမနိယာမအတိုင်း သူ့နဂို ရှိပြီး သား အရှိန်နဲ့ ဆက်ပြီး သွားနေမှာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လေထုသာ မရှိရင် တစ်နေရာကနေ တစ်နေရာ လေယာဉ်ပျံနဲ့ သွားဖို့ ဆီကုန်မှာ မဟုတ်ဘူး လို့တော့ အတွေး မခေါင် ပါနဲ့။ အသက်ရှူဖို့တော့ လေထုက လိုပါသေးတယ်။

နယူတန်ရဲ့ ဒုတိယ နိယာမကတော့ F= ma ဆိုတဲ့ ညီမျှခြင်း ပါ။ အဲဒီ ညီမျှခြင်းအရ ဒြပ်ထုတစ်ခုကို အရှိန်မြှင့် (Accelerate) ဖို့ အတွက် အားလိုတယ် ဆိုတဲ့ သဘောမျိုး အဓိပ္ပါယ် ရပါတယ်။ ဒါပေမယ့် တခြား တစ်ဖက်ကနေ လှည့်ပြီး တွေးကြည့်လို့ ရပါသေးတယ်။ စတန့်သမား တွေ ကြိုးတန်း လမ်းလျှောက်ပြတဲ့ အချိန်မှာ အောက်ကနေ ပိုက်ကွန်လို မွေ့ရာလို အရာမျိုးတွေ ခံထားတာကို တွေ့ဖူးမှာပါ။ အပေါ်က ပြုတ်ကျတဲ့သူဟာ ဒီအတိုင်း ပြုတ်ကျရင် အရိုးတွေ ကျိုးကြေသွားမှာ ဖြစ်ပေမယ့် ပိုက်ကွန်ခံထားရင် ဘာလို့ အရိုးမကျိုးသလဲ ဆိုတာကို နယူတန်ရဲ့ ဒုတိယ နိယာမနဲ့ ရှင်းပြ နိုင်ပါတယ်။

အရှိန်ပြောင်းနှုန်း [Acceleration (a)] ဆိုတာ လက်ရှိအရှိန် [Current Velocity(v)] ကို မူလ အရှိန် [Initial Velocity (u)] က နေ ရောက်ဖို့ ကြာတဲ့ နှုန်းပါ။ ညီမျှခြင်း အနေနဲ့ a=(v-u)/t လို့ ရေးလို့ ရပါတယ်။ မူလအရှိန်ကို British က u သင်္ကေတ သုံးပြီး အမေရိကန်ကတော့ Vo (V sub zero) သင်္ကေတ သုံးပါတယ်။

ဥပမာ တစ်နာရီကို ၁၀ ကီလိုမီတာနှုန်း သွားနေတဲ့ ကားတစ်စီးဟာ တစ်နာရီ ၂၀ ကီလိုမီတာ နှုန်းကို ၁ စက္ကန့်အတွင်း အရှိန်ပြောင်းမယ် ဆိုရင် သူရဲ့ အရှိန်ပြောင်းတဲ့ နှုန်းက [(၂၀-၁၀)ကီလိုမီတာ/၁စက္ကန့်] ဖြစ်တဲ့အတွက် ၁စက္ကန့်ကို ၁၀ကီလိုမီတာ နှုန်း ရှိပါတယ်။ ဒါပေမယ့် အဲဒီလို အရှိန်မြှင့်ဖို့ အတွက် ၁၀ စက္ကန့် ကြာမယ် ဆိုရင်တော့ [(၂၀-၁၀) ကီလိုမီတာ/၁၀စက္ကန့်] ဖြစ်တဲ့အတွက် အရှိန်ပြောင်းတဲ့ နှုန်းက ၁ စက္ကန့်ကို ၁ ကီလိုမီတာနှုန်းပဲ ရှိပါတယ်။ အဲဒီတော့ အရှိန်ပြောင်းဖို့ ကြာတဲ့ အချိန် ပိုကြာသွားမယ် ဆိုရင် အရှိန်ပြောင်းနှုန်း (Acceleration) လျော့ကျသွားမှာ ဖြစ်ပါတယ်။

အမြင့်ပေါ်ကနေ ပြုတ်ကျလာတဲ့သူတစ်ယောက်ရဲ့ အရှိန်ပြောင်းနှုန်း ကတော့ ကမ္ဘာမြေမျက်နှာပြင်ရဲ့ ဆွဲငင်အား ဖြစ်တဲ့ တစ်စက္ကန့်ကို ၉.၈ မီတာနှုန်း (9.8 meter per second square) ဖြစ်ပါတယ်။ ဒုတိယ နိယာမကို ပြန်ကြည့်ရင် F= ma လို့ ဆိုထားတဲ့အတွက် အပေါ်ကနေ အရှိန်နဲ့ ကျလာတဲ့ လူတစ်ယောက် အတွက် မျက်နှာပြင်တစ်ခု နဲ့ ထိခိုက်မိတဲ့ အချိန်မှာ သက်ရောက်တဲ့အား (Force of Impact) ကို လျှော့ချချင်ရင် ဒြပ်ထုကို ပြောင်းလို့ မရတဲ့ အတွက် အရှိန်ပြောင်းနှုန်းကို လျော့ချပေးမှပဲ ဖြစ်နိုင်မှာပါ။ ညီမျှခြင်းအရ a က နည်း သွားရင် F က လိုက်နည်းသွားမှာ ဖြစ်ပါတယ်။ အဲဒီလို လျော့ချဖို့ အတွက် ဖြစ်နိုင်ခြေ အရှိဆုံး နည်းလမ်းကတော့ ရပ်တန့်တဲ့ အချိန်ကို ဆွဲဆန့် ပေးဖို့ ပဲ ဖြစ်ပါတယ်။ အမြင့်ကနေ ပြုတ်ကျလာတဲ့ သူတစ်ယောက်ဟာ ပိုက်ကွန်ပေါ်ကို ကျရင် ပိုက်ကွန်ကနေ တစ်ဆင့် ပြန်ခုန်ထွက် ပိုက်ကွန်ပေါ်ကို ပြန်ကျ အဲဒီလို အခြေအနေမျိုး ၂ခါ ၃ခါလောက် ဖြစ်တဲ့အတွက် သူ့ရဲ့ ရပ်တန့်ဖို့ ကြာတဲ့အချိန်ဟာ ပိုပြီး ကြာသွားပါတယ်။ အဲဒီအတွက်ကြောင့် အရှိန်ပြောင်းနှုန်း နည်းသွားပြီး ထိခိုက်တဲ့အားလည်း လျော့ကျ သွားရတာ ဖြစ်ပါတယ်။

အခု ခေတ်ပေါ် မော်တော်ကားတွေရဲ့ ကားခေါင်းတွေ လုံးနေရတာ အလှသက်သက် မဟုတ်ပါဘူး။ မော်တော်ကားကို တစ်ခုခုနဲ့ ထိခိုက်မိရင် ခေါင်းကို လိပ်ဝင်သွားအောင် ဒီဇိုင်း လုပ်ထားတာပါ။ အဲဒါမှလည်း ရပ်တန့်ဖို့ အချိန်ပိုကြာတဲ့ အတွက် တစ်ခုခုနဲ့ တိုက်မိရင် ကားထဲမှာ စီးလာတဲ့သူတွေ ထိခိုက်မှု နည်းမှာ ဖြစ်ပါတယ်။ မော်တော်ကားထဲမှာ ပါတဲ့ လေအိတ် (Air Bag) ဟာလည်း အဲဒီ သဘောတရားပါပဲ။ နယူတန်ရဲ့ ဒုတိယနိယာမကို သုံးပြီး လူကို အထိအခိုက်နည်းအောင် လုပ်ထားတာပါ။

တတိယ နိယာမကတော့ ရှင်းပါတယ်။ အရာဝတ္ထုတစ်ခုကို အားသက်ရောက်ရင် အဲဒီအရာဝတ္ထုက တူညီပြီး ဆန့်ကျင်ဖက် အရပ်ကို သက်ရောက်တဲ့ အားပြန်ထုတ်ပေးတယ် လို့ ဆိုထားပါတယ်။ ဖိုရမ်ထဲမှာ တစ်ယောက်က မေးခွန်းထုတ် ဖူးပါတယ်။ လူဝကြီး တစ်ယောက်က လူဖလံကလေး တစ်ယောက်ကို လက်သီးနဲ့ ထိုးရင် လူဖလံကလေးက နာပြီး လူဝကြီးက ဘာလို့ မနာရတာလဲ ဆိုပြီးတော့ပါ။ အဲဒါကတော့ အရာဝတ္ထုတွေရဲ့ ဒြပ်ထု (mass) နဲ့ သိပ်သည်းမှု (Density) မတူတဲ့အတွက် ထိတွေ့မှု (Interaction) ဖြစ်တဲ့နေရာမှာ လူဖလံကလေး ဖက်ကနေ F=ma အရ ဖြစ်လာတဲ့ ထိခိုက်မှုအားကို မခံနိုင်လို့ နာရခြင်း ဖြစ်ပါတယ်။ လူဖလံကလေးကသာ သံပြားနဲ့ ကာထားရင်တော့ လူဝကြီးပဲ နာမှာပါ။

ဇော်ဝင်းထွဋ်ရဲ့ ရော့ခ်တစ္ဆေ သီချင်းခွေထဲက “နယူတန်ရဲ့ တတိယ နိယာမ” ဆိုတဲ့ သီချင်းထဲ မှာ “အဆိုးများ လုပ်တော့ တန်ပြန် အဆိုးများ သက်ရောက် ရရှိရမှာ မလွဲဘူး။” လို့ ဆိုထားပါတယ်။ ကျွန်တော်တော့ မယုံပါဘူး။ မဟုတ်တရုတ်လုပ်ပြီး ကြီးပွားနေတဲ့သူတွေ တွေ့တိုင်း ရှေးဘဝက ကုသိုလ်ကံကောင်းလို့ ဆိုပြီး ဆင်ခြေ ပေးနေတာတွေ ကြားရတာ များတော့ စိတ်ပျက် လှပါပြီ။

သိပ္ပံပညာမှာ အမြဲတမ်း မှန်တဲ့ အရာကို နိယာမ (Law) လို့ ခေါ်ပြီး အမြဲတမ်း မှန်ကန်ကြောင်း မပြနိုင်တဲ့ အရာကို သီအိုရီ လို့ ခေါ်တယ် ဆိုပါတယ်။ နယူတန်ရဲ့ နိယာမဟာ အမြဲတမ်းတော့ မမှန်ပါဘူး။ အဆမတန် သေးငယ်တဲ့ ဒြပ်ထု နဲ့ အဆမတန် ကြီးမားတဲ့ ဒြပ်ထုတွေရဲ့ ရွေ့လျားမှုဟာ နယူတန်ရဲ့ နိယာမကို မလိုက်နာပါဘူး။ အဲဒါတွေနဲ့ ပတ်သက်ပြီး ရူပဗေဒမှာ စူပါကြိုးမျှင်လေး သီအိုရီ (Super String Theory) နဲ့ ရှင်းပြ နိုင်ပါတယ်။ အဲဒါအပြင် အိုင်းစတိုင်း ရဲ့ အယူအဆ အချို့ဟာလည်း နယူတန်ရဲ့ ယူဆချက်တွေကနေ ကွဲလွဲသွားတယ် လို့ ကြားဖူးပါတယ်။

မြန်မာအင်ဂျင်နီယာဖိုရမ် ထဲ သွားပြန်မွှေရင်း ရေးခဲ့ဖူးတဲ့ ပို့စ်တွေ တွေ့မိပါတယ်။ အင်ဂျင်နီယာ မဟုတ်တဲ့ သူတွေပါ စိတ်ဝင်စားနိုင်တယ် ထင်လို့ ဘလော့ခ်ပို့စ်တစ်ခု ဖြစ်အောင် အသွင်ပြောင်းပေးလိုက်ပါတယ်။

Wednesday, June 17, 2009

မောင်ပေါက်ကျိုင်း (Version 2009 )

ယုံချင်ယုံ မယုံချင်နေပါ။ “စဉ်ဆက်မပြတ် အကဲဖြတ်၍ အတန်းတင်ပေးရေး စီမံချက်” ဆိုတာ သရေခေတ္တရာ တို့ ဗိသနိုးတို့ဆိုတဲ့ အစောဆုံး မြို့ပြနိုင်ငံတွေ မပေါ်ခင် ကတည်းက ရှိခဲ့ဖူးပါတယ်။

အဲဒီခေတ်အခါတုန်းက တက္ကသိုလ်ပြည် ဒိသာပေါင်မုန့်ခြောက် (ဆောဒီး) ဒိသာပါမောက္ခ ဆရာကြီး ဆီမှာ မောင်ပေါက်ကျိုင်း ဆိုတဲ့ တပည့်တစ်ယောက် ရှိခဲ့ပါတယ်။ မောင်ပေါက်ကျိုင်းဟာ သင်ပေးသမျှထဲမှာ မာဂဓဘာသာ စကားလို့ ခေါ်တဲ့ တိရိစ္ဆာန် ဘာသာစကားကလွဲလို့ ဘာမှ သင်လို့ မရပါဘူး။ ဆရာကြီးလည်း မောင်ပေါက်ကျိုင်းရဲ့ တိုးတက်မှုကို ကြည့်ရင်း“လေပါတယ် မမြရင်ရယ်” လို့ပဲ အမြဲ ညည်းနေ ရပါတယ်။ ဒါပေမယ့် မောင်ပေါက်ကျိုင်းက“ဆရာ ဟိုဟာ လိုချင်လား။ ရစေမယ်။” “ဆရာ ဒီဟာလိုလား။ ဖြစ်စေရမယ်။” ဆိုတဲ့ ဖောရှောရိုက်တဲ့ နေရာမှာတော့ အင်မတန် တော်ပါတယ်။

ဒီလိုနဲ့ နှစ်ပြည့်သွားတော့ ဆရာကြီးလည်း“အင်း။ ဒီကောင့်ကို ကျောင်းပြီး ပေးမှပဲ ဖြစ်တော့မယ်။ မဟုတ်ရင် ငါဆရာလည်း သိက္ခါကျတယ်။ ဘာမှမတတ်လည်း ဒီလို ဖောရှော ရိုက်တတ်တာလေးနဲ့တော့ အပြင်မှာ လုပ်စားလို့ ရနိုင်ပါတယ်။” လို့ စဉ်းစားပြီး မောင်ပေါက်ကျိုင်းကို ခေါ်ပါတယ်။ နောက်တော့ “ကဲ။ ငါ့တပည့်။ မင်းဘာမှ မတတ်ပေမယ့်လည်း ဆရာ မင်းကို စီမံချက်နဲ့ အအောင်ပေးလိုက်မယ်။ ငါ့တပည့်တွေထဲမှာ မင်းက အတော် သိတတ်တဲ့ တပည့်ဆိုတော့ မင်းကို ဘောနပ်စ် အနေနဲ့ စကားကြီး ၃ခွန်းကို သင်ပေးလိုက်မယ်။” လို့ ပြောပါတယ်။ ပြီးတော့ မောင်ပေါက်ကျိုင်းကို “မေးပါများ စကားရ၊ သွားပါများ ခရီးရောက်၊ မအိပ်မနေ အသက်ရှည်။ ” ဆိုတဲ့ စကားကြီး ၃ ခွန်းကို သင်ပေးလိုက် ပါတယ်။ ဒီလိုနဲ့ စကားကြီး ၃ခွန်း ကို အလွတ်ကျက် ပြီးတဲ့ နောက်မှာ မောင်ပေါက်ကျိုင်းဟာ B.A(မာဂဓ) Hons နဲ့ ဘွဲ့ရပြီး တက္ကသိုလ်ကနေ ထွက်လာခဲ့ ပါတယ်။

မောင်ပေါက်ကျိုင်းဟာ တက္ကသိုလ်က ထွက်လာကတည်းက စကားကြီး (၃) ခွန်းကို တောက်လျှောက် ရွတ်လာ ခဲ့ပါတယ်။ အဲဒီလို ရွတ်လာရင်း “သွားပါများ ခရီးရောက် တဲ့ဟ။ သွားမှပဲ။” ဆိုပြီး တောက်လျှောက် မရပ်မနား လျှောက်လာခဲ့တာ နောက်ဆုံးမှာတော့ တိုင်းပြည်တစ်ပြည်ကို ရောက်လာခဲ့ပါတယ်။ သွားပါများ ခရီးရောက် ပေမယ့်လည်း မောင်ပေါက်ကျိုင်းလည်း လူထဲက လူပဲမို့ အတော်ပြိုင်း သွားပါတယ်။ အဲဒါနဲ့ တွေ့တဲ့ ကျောက်ဖျာတစ်ချပ် ပေါ်တက်ပြီး နှပ်နေပါတော့တယ်။

အဲဒီတိုင်းပြည်မှာ ဘုရင်လုပ်တဲ့သူတိုင်း ဘုရင်ဖြစ်ပြီး နောက်တစ်နေ့ မနက်မှာ အသေဆိုးနဲ့ သေရတာမို့ ဘုရင်လုပ်ချင်တဲ့သူ မရှိဘဲ အားလုံးက ကျွတ်ကြဲ နေကြပါတယ်။ ဒါနဲ့ ဘုရင်လုပ်မယ့် သူကို ရှာဖို့အတွက် စက်မှုဇုန်ထုတ် ဖုသ်သွင်းရထားကို လွှတ်လိုက်ပါတယ်။ ဖုသ်သွင်းရထားလည်း မြို့ထဲမှာ ပတ်နေရင်း ဓာတ်ဆီကုန်တော့ မောင်ပေါက်ကျိုင်း အိပ်တဲ့ ကျောက်ဖျာရှေ့မှာ ရပ်သွားပါတယ်။ မှူးမတ်တွေလည်း ဝမ်းသာအားရနဲ့ မောင်ပေါက်ကျိုင်းကို “ကျောက်ဖျာထက်မှာ စက်တော်ခေါ် ထတော်မူပါ အရှင်ဘုရား။” ဘာညာနဲ့ ဇာတ်ကြည့်တုန်းက ကျက်ထားတဲ့ စာအတိုင်း နှိုးကြပါတယ်။ ဒါနဲ့ မောင်ပေါက်ကျိုင်းလည်း နိုးလာပြီး “ဝှပ်စ် အပ်” လို့ မေးပါတယ်။ မှူးမတ်တွေကလည်း “ဝှပ်စ်မအပ်ဘူး။ ဘုရင်ရှာရင်း ဒီကို ရောက်လာတာ။ ဘုရင် လုပ်မယ်မဟုတ်လား။” မေးတော့ မောင်ပေါက်ကျိုင်းလည်း “ဂွင်တည့်ပြီဟ။ နေရင်းထိုင်ရင်း ဘုရင်ဖြစ်တာ။ ကြုံတုန်း ကြိုက်တုန်း ဘုရင်တော့ လုပ်လိုက်ဦးမှပဲ။” လို့ စဉ်းစားပြီး ဘုရင်လုပ်ဖို့ လက်ခံ လိုက်ပါတယ်။

ဒီလိုနဲ့ မောင်ပေါက်ကျိုင်းလည်း လစ်လပ်နေတဲ့ ဘုရင် ရာထူးကို လက်ခံလိုက်ပါတယ်။ ဘုရင် ဖြစ်ပြီးတော့ မောင်ပေါက်ကျိုင်းက “အင်း။ သိပ်တော့ မဟုတ်ဘူး။ တစ်ခုခုတော့ ကွိုင်ရှိလောက်တယ်။ ဘာလို့ ဘုရင်မင်းဆက်က ပြတ်သွားရတာလည်း မသိဘူး။” ဆိုပြီး စဉ်းစားမိ ပါတယ်။ နောက်တော့ ဆရာ သင်ပေးလိုက်တဲ့ “မေးပါများ စကားရ” ဆိုတဲ့စကားကို အမှတ်ရတာနဲ့ နန်းတော်ထဲ ရှိတဲ့သူတွေ ဆီမှာ လှည့်ပတ်ပြီး မေးပါတော့တယ်။ အဲဒီမှာ ဘုရင်လုပ်သမျှ လူတွေ ဘုရင်ဖြစ်ပြီး နောက်တစ်နေ့ မနက်ရောက်ရင် အသေဆိုးနဲ့ သေတာ တွေ့ရတယ် ဆိုတဲ့ ဇာတ်လမ်းကို ကြားသွားပါတော့တယ်။ အဲဒီလို အသေဆိုးနဲ့ သေရတဲ့ အကြောင်းရင်းကလည်း နဂါးတစ်ကောင်က ညဘက်ဆို ဘုရင်ကို လာပြီး ပေါက်သတ်လို့ ဆိုတာကိုလည်း ကြားလိုက်ရပါတယ်။

ညဖက်ရောက်တော့ မောင်ပေါက်ကျိုင်းလည်း “မအိပ်မနေ အသက်ရှည်” ဆိုတဲ့စကား လက်ကိုင်ထားလို့ မအိပ်ပဲ စောင့်ပါတယ်။ သူအိပ်မယ့် နေရာမှာတော့ ငှက်ပျောတုံး တစ်တုံးကို စောင်ခြုံပြီး ထားထားခဲ့ ပါတယ်။ ညသန်းခေါင်ရောက်တော့ ဘုရင်ကို ပေါက်သတ်ဖို့ နဂါးလည်း ဟိုကျော်ဒီခွနဲ့ ရောက်လာပါတယ်။ နဂါးလည်း အိပ်ရာပေါ်မှာ တွေ့တဲ့ ငှက်ပျောတုံးကို မောင်ပေါက်ကျိုင်းအမှတ်နဲ့ “လာထား။” ဆိုပြီး ပေါက်ထည့်လိုက် ပါတယ်။ ဒါပေမယ့် လူမဟုတ်ဘဲ ငှက်ပျောတုံး ဖြစ်နေတော့ သူ့အစွယ်က ငှက်ပျောတုံးထဲမှာ စိုက်နေပါတယ်။ အဲဒီအချိန်မှာ မောင်ပေါက်ကျိုင်းက ဓားတစ်ချောင်းနဲ့ ရောက်လာပြီး “နဂါးနိုင်ဓား ဦးထိပ်ထား ဖူးမျှော်ကန်တော့ ရှိခိုးလော့။ ကျန်ကျိုင်းကွ။ အဲလေ ပေါက်ကျိုင်းကွ။” ဘာညာနဲ့ တရုတ်သိုင်းကားထဲကလို ကြုံးဝါးပြီး ခုတ်ထည့်လိုက်တာ နဂါးလည်း တချက်တည်းနဲ့ ကြွသွားပါတော့တယ်။

နဂါးရန် အေးသွားပေမယ့်လည်း မိဖုရားကြီးက မောင်ပေါက်ကျိုင်းကို သိပ်အစာ မကြေပါဘူး။ အဲဒါနဲ့ ဒီအတိုင်းတော့ ဘုရင်လုပ်လို့ မရဘူး။ သူမေးတဲ့ စကားထာကို ဖြေနိုင်မှ ဘုရင် လုပ်ရမယ်။ အသက်ကြေး လောင်းရမယ် ဆိုပြီး ရစ်ပါတယ်။ မောင်ပေါက်ကျိုင်းကလည်း “ဒါလေးများ။ ကဲမေးစမ်း။” ဆိုပြီး ခွင့်ပြုလိုက် ပါတယ်။ အဲဒီမှာ မိဘုရားက “ထောင်ပေးလို့ဆုတ်၊ ရာပေးလို့ ချုပ်၊ ချစ်တဲ့သူ အရိုး ဆံထိုးလုပ်။” ဆိုပြီး စကားထာ ဝှက်ပါတယ်။ မောင်ပေါက်ကျိုင်းလည်း အဖြေကို စဉ်းစားပေမယ့် မရလို့ ပျားတုတ်နေပါတယ်။

စဉ်းစားရင်း နဲ့ Deadline က နီးလာပါပြီ။ ကျောင်းမှာ တုန်းက အဆိုင်းမင့်ဆိုရင် သူများဆီကချည်း ကူးလာတော့ အခု ကိုယ်တိုင်လုပ်ရမယ့် အချိန်ရောက်တော့ မြွေခြောက် ကိုက်နေပါပြီ။ ဒါနဲ့ မောင်ပေါက်ကျိုင်းလည်း စိတ်ပျက်လက်ပျက်နဲ့ ဥယျာဉ်ထဲ ထွက်လာပါတယ်။ ဥယျာဉ်ထဲရောက်တော့ Mr & Mrs. Black ဆိုတဲ့ ကျီးကန်း နှစ်ကောင် အပင်ပေါ်မှာ ကွိစိ ကွစ နဲ့ စကားပြောနေတာ ကြားလို့ မာဂဓ ဘာသာ အထူးပြုနဲ့ ဘွဲ့ရထားတဲ့ မောင်ပေါက်ကျိုင်းဟာ ကျီးကန်းတွေ စကားကို ချောင်းနားထောင်ပါတယ်။

Mr. Black ။ ။ “အသည်းရေ။ ဟိုမှာ ဘုရင်တော့ ညစ်နေပြီ တွေ့လား။”
Mrs. Black။ ။ “ဟုတ်လား ဒါလင်။ ဘာဖြစ်လို့လဲ။”
Mr. Black ။ ။“ဘာဖြစ်ရမလဲ။ မိဖုရား စကားထာ ဖွက်တာ မဖြေနိုင်လို့ အခုတော့ မြွေကိုက် နေပြီလေ။”
Mrs. Black။ ။“မိဖုရားက ဘာစကားထာ ဖွက်တာလဲဟင်။”
Mr. Black ။ ။“ထောင်ပေးလို့ဆုတ်၊ ရာပေးလို့ ချုပ်၊ ချစ်တဲ့သူ အရိုး ဆံထိုးလုပ်။ ဆိုပဲ။”
Mrs. Black။ ။“အတော် စားတဲ့ မိဖုရားပဲ။ ဒါနဲ့ အဲဒါက ဘာအဓိပ္ပါယ်လဲ။”
Mr. Black ။ ။“မသိချင် စမ်းပါနဲ့ကွာ။နောက်တော့ သိရမှာပေါ့။”
Mrs. Black။ ။“ဒါလင်နော်။ ဒီက သိချင်ပါတယ် ဆိုမှ။ ပြောမပြရင် စကားမပြောပဲ နေလိုက်မှာ။ ဘာမှတ်နေလဲ။”
Mr. Black ။ ။“ကဲ ဒါဆိုလည်း ပြောပြမယ်။ ဘုရင်ကို ပေါက်သတ်တဲ့ နဂါးက မိဖုရားရဲ့ ချစ်သူ။ အဲဒါ မိဖုရားက နဂါးရဲ့ အရေခွံကို အသပြာ တစ်ထောင်ပေးပြီး ဆုတ်တယ်။ ပြီးတော့ အဲဒီအရေခွံကို အသပြာတစ်ရာ ပေးပြီး ဝတ်စုံချုပ်တယ်။ အရိုးကိုတော့ ဆံထိုး လုပ်ထားတယ်။ အဲဒါကို ပြောတာ။”
Mrs. Black။ ။“အဲဒါဆို အသားတွေကရော။”
Mr. Black ။ ။“အသားတွေကတော့ တရုတ်ပြည် ပို့လိုက်ပြီ။”

မောင်ပေါက်ကျိုင်းလည်း သူလိုချင်တဲ့ အဖြေ ကျီးကန်းတွေ ဆီက ရလို့ ပျော်သွားပါတယ်။ ဒါနဲ့ နန်းတော်ကို ပြန်ပြီး မိဖုရားကို အဖြေ ပြောပြလိုက်ပါတယ်။ မိဖုရားလည်း မကျေနပ်ပေမယ့် သူမေးတဲ့ မေးခွန်းကို ဖြေနိုင်တဲ့ အတွက် အလျှော့ပေးလိုက် ရပါတယ်။

ဒီလိုနဲ့ မောင်ပေါက်ကျိုင်းနဲ့ မိဖုရားကြီးတို့ ပေါင်းသင်းနေထိုင်လာခဲ့ရင်းနဲ့ ကင်းပူး တက်လာပါတယ်။ မိဖုရားကြီးကနေ အမြွှာညီနောင် နှစ်ယောက်မွေးတာပါ။ အဲဒီ အမြွှာညီနောင်ကို စူဠာသမ္ဘဝ နဲ့ မဟာသမ္ဘဝလို့ အမည် ပေးကြပါတယ်။ အမြွှာညီနောင်ဟာ မွေးကတည်းက မျက်စိ မမြင်ပါဘူး။ မွေးကတည်းက သမားတော် ပေါင်းစုံနဲ့ ကုပေမယ့်လည်း အရွယ်ရောက်တဲ့ အထိ ထူးခြား မလာပါဘူး။

ဒါနဲ့ ဘုရင် မောင်ပေါက်ကျိုင်းက “ငါ့သားနှစ်ယောက် မျက်စိ မမြင်ဘူး ဆိုတာ တိုင်းပြည်မှာ ကျက်သရေ ယုတ်တယ်။ No One is above the law ပဲ။ အဲဒီတော့ ဒီနှစ်ယောက်ကို ဖောင်ပေါ်တင်ပြီး ရေထဲမျှောရမယ်။” လို့ အမိန့်ချပါတယ်။ မိဖုရားကြီးကလည်း သူ့သားနှစ်ယောက်ကို ချစ်တော့ “မင်းကြီး။ စဉ်းစားပါဦး။ No One is above the law ဆိုတာ ဥပဒေ အထက်မှာ နံပါတ် ၁ ရှိတယ်လို့ အဓိပ္ပါယ် ယူလို့လည်း ရပါတယ်။” ဘာညာနဲ့ ငိုပြပါတယ်။ ဒါပေမယ့် ဘုရင်ကတော့ စိတ်မပြောင်းပါဘူး။ ဒါနဲ့ စူဠာသမ္ဘဝ နဲ့ မဟာသမ္ဘဝကို သန်လျှက်တစ်ချောင်း ပေးပြီး ဖောင်ပေါ်တင်လို့ ဧရာဝတီ မြစ်ထဲ မျှောလိုက် ပါတော့တယ်။

မင်းသားနှစ်ယောက်ဟာ မျက်စိ မမြင်ရပေမယ့် အကြားအာရုံတော့ ထက်မြက်ပါတယ်။ သူတို့ မြစ်ထဲမှာ ဖောင်နဲ့ မျှောလာတုန်း စန္ဒမုခိ လို့ အမည်ရတဲ့ ဘီလူးမဟာ မင်းသား နှစ်ယောက်ကို မြင်တော့ ဖမ်းပြီး စားဖို့ ကြံပါတယ်။ ဒါပေမယ့် မင်းသားတွေက အသံကြားတော့ ဘီလူးမကို လက်ဦးမှု ရအောင် ဖမ်းနိုင်ခဲ့ပါတယ်။

ဘီလူးမက “ချမ်းသာပေးပါ။ လိုချင်တာ ရစေရပါမယ်။” လို့ အသနား ခံပါတယ်။ ဒါနဲ့ မင်းသားနှစ်ယောက်က သူတို့ကို မျက်စိမြင်အောင် ကုပေးစမ်းလို့ ခိုင်းပါတယ်။ ဘီလူးမက မင်းသားတွေကို မျက်စိ စကုတဲ့ အရပ်ကို နောင်အခါမှာ “စကု” လို့ တွင်ပြီး မျက်စိစပြီး အလင်းရတဲ့ အရပ်ကိုတော့ “စလင်း”လို့ တွင်တယ်လို့ ပြောကြ ပါတယ်။ (ပုံပြင်ထဲမှာ စစ်ပင်ကြီးကိုင်းနေတာ မြင်ရလို့ စစ်ကိုင်းခေါ်တယ်လို့ ပါပေမယ့် စလင်းကနေ စစ်ကိုင်းကို သွားချင်ရင် ဧရာဝတီကို ဆန်တက်မှ ရောက်မှာမို့ သိပ်မဟုတ်ဘူးလို့ ယူဆရပါတယ်။) အခုမှ မျက်စိမြင်တဲ့ စူဠာသမ္ဘဝလည်း “ဘီလူးမလေးလည်း မဆိုးပါဘူး။ သွားတက်ကလေးနဲ့ လန်းသားပဲ။” လို့တွေးပြီး စန္ဒမုခိကို ချစ်ရေးဆိုပါတယ်။ ဒါနဲ့ပဲ စန္ဒမုခိနဲ့ စူဠာသမ္ဘဝတို့ ငြိသွားကြ ပါတယ်။

ဒီလိုနဲ့ သူတို့ရဲ့ ဖောင်ဟာ အခု ပြည်မြို့ လို့ ခေါ်တဲ့ နေရာအနီးကို ရောက်လာကြပါတယ်။ အဲဒီအနားမှာ ရသေ့တစ်ပါးဟာ ရှူရှူး ဖလားဝါးရာကနေ သူ့ရဲ့ ကျင်ငယ်ကို သမင်မက သောက်မိလို့ ကိုဝင်းကြည်နဲ့ ဖြစ်ပြီး မိန်းကလေး တစ်ယောက်မွေးပါတယ်။ ရသေ့လည်း သမင်မက မွေးတဲ့ ကလေးကို ထိန်းကျောင်းရင်း အဲဒီမိန်းကလေးဟာ အရွယ်ရောက်လာ ပါတယ်။ သူမနာမည်က ဗေဒါရီလို့ ခေါ်ပါတယ်။

ရသေ့လည်း တစ်နေ့တစ်နေ့ အဲဒီကလေးကို ထိန်းကျောင်းနေရတာနဲ့ တရားအလုပ် မလုပ်ဖြစ်ပါဘူး။ အဲဒါနဲ့ ဗေဒါရီကို နေ့လည်ဖက်ဆို အပြင်ကို ပထုတ်ဖို့ ကြံပါတယ်။ ဘူးသီးခြောက်မှာ အပ်နဲ့ အပေါက် သေးသေးကလေး ဖောက်ပြီး ရေခပ်ခိုင်းပါတယ်။ ဗေဒါရီလည်း အဲဒီ အပေါက်သေးသေးကလေးနဲ့ ရေခပ်ရတော့ တော်တော်နဲ့ ရေမပြည့်တဲ့အတွက် တစ်နေကုန် နီးပါး ခပ်ရပါတယ်။ အဲဒီတော့ ရသေ့လည်း သူ့ကျောင်းသင်္ခမ်းမှာ တစ်ယောက်တည်း စိတ်အေးလက်အေး တရားအားထုတ်လို့ ရပါတယ်။

တစ်နေ့တော့ အဲဒီလို မြစ်ကမ်းမှာ ရေခပ်နေတုန်း မင်းသားနှစ်ပါး ရောက်လာပါတယ်။မဟာသမ္ဘဝက ကောင်မလေး ချောချောလေးတွေ့တော့ “ဘာလုပ်နေတာလဲ” ဆိုပြီး ပစ်ကြည့်ပါတယ်။ ဗေဒါရီက “ရေခပ်နေတာပါ။” လို့ ပြန်ပြောပါတယ်။ မင်းသားလည်း ဘူးသီးခြောက်ကို ကြည့်ပြီး “ကြည့်စမ်း။ အရင်းအမြစ်တွေ အလဟသ ဖြစ်တယ်။ Innovative မဖြစ်ဘူး။ ကဲ အပေါက်ကို ချဲ့လိုက်မယ်။” ဆိုပြီး ဘူးသီးခြောက်က အပေါက်ကို သန်လျှက်နဲ့ ချဲ့ပေးလိုက်ပါတယ်။ ဒါနဲ့ ဗေဒါရီလည်း ရေကို အမြန်ခပ်လို့ ရတော့ ပျော်ပြီး ကျောင်းသင်္ခမ်းကို ပြန်သွားပါတယ်။

ရသေ့လည်း ဗေဒါရီ စောစောစီးစီး ပြန်လာတော့ အကျိုးအကြောင်းကို စုံစမ်းပါတယ်။ အဲဒါနဲ့ ဗေဒါရီဆီကနေ မင်းသားနှစ်ယောက် အကြောင်းကို ကြားတော့ သူတို့ကိုခေါ်ခဲ့ ခိုင်းပါတယ်။ မင်းသားနှစ်ယောက်ကို တွေ့တော့ “အင်း။ မဆိုးဘူး။ ပုံစံကတော့ ရုပ်ရှိ ရေလျှံ အမှန်အကန် ပုံပဲ။” လို့ တွေးပြီး သူ့ဆီမှာ ခေါ်ထားပါတယ်။ မဟာသမ္ဘဝလည်း ဘက်ပဲ့နေတာနဲ့ ဗေဒါရီကို ချစ်ရေးဆိုရာကနေ သူတို့ နှစ်ယောက် ကြိုက်သွားပါတယ်။

နောက်တော့ မဟာသမ္ဘဝနဲ့ ဗေဒါရီတို့ သရေခေတ္တရာ ဆိုတဲ့ ပြည်ကို တည်ထောင်ပြီး စူဠာသမ္ဘဝနဲ့ စန္ဒမုခိတို့ကတော့ ဗိသနိုးဆိုတဲ့ ပြည်ကို တည်ထောင်ပြီး နေကြပါ တော့တယ်။ အဲဒါကတော့ မြန်မာနိုင်ငံ အစ သရေခေတ္တရာတို့ ဗိသနိုးတို့နဲ့ ပတ်သက်တဲ့ ပါးစပ်ရာဇဝင် ပုံပြင်ပါပဲ။ ခေတ်နဲ့ လျော်ညီအောင် စကားပြောခန်းတွေကို ပြင်ဆင်ပြီး 2009 Version လုပ်ထားပါတယ်။

Thursday, June 11, 2009

Stay ရှောင်သူ တစ်ယောက်ရဲ့ မှတ်တမ်း

မောင်ဇေ တစ်ယောက် မလေးရှားကို စတေးရှောင်မယ် ပြောတော့ ကျွန်တော်တို့ အားလုံး မျက်ခုံးလှုပ် ကြပါတယ်။ မောင်ဇေလို အေးတိအေးစက် မပွင့်တပွင့် ပုံစံနဲ့ စင်ကာပူမှာ နေရတာ ပြသနာ မရှိပေမယ့် မလေးရှားလို လုတယ် ယက်တယ် တချိန်လုံးကြားနေရတဲ့ နိုင်ငံကို တစ်ယောက်တည်း သွားမယ် ဆိုတော့ ကျွန်တော်တို့အားလုံး သူ့အတွက် စိုးရိမ်ကြတာပါ။ သူနဲ့ အတူနေတဲ့ သူငယ်ချင်း မောင်အုပ် တစ်ယောက်လည်း အတော် ခေါင်းကျိန်း နေပါတယ်။ ဒီကောင့်ပုံစံက မျက်နှာမြင် လုချင်ပါစေ ဆိုတဲ့ ပုံစံမျိုးလို့ မလေးရှားမှာ အနေကြာဖူးတဲ့ သူငယ်ချင်း တစ်ယောက်က မှတ်ချက်ပေး ပါတယ်။

အခုနောက်ပိုင်း စင်ကာပူမှာ အလည်အပတ်နဲ့ အလုပ်လာရှာရင် အရင်တုန်းကလို ဗီဇာ ၃ လ မရတော့ပဲ လေဆိပ် အဝင်မှာ တစ်လ နဲ့ သက်တမ်းတိုး တစ်လ စုစုပေါင်း နှစ်လ ပဲ ရပါတော့တယ်။ မောင်ဇေက တကမ္ဘာလုံး စီးပွားပျက်ကပ် ဆိုက်နေတဲ့ အချိန် စင်ကာပူကို ရောက်လာတော့ ဗီဇာ ၂ လပြည့်ပေမယ့် အင်တာဗြူးတွေပဲ သွားရပြီး အလုပ်မရ သေးပါဘူး။ သူဘွဲ့ရထားတဲ့ ယူကေ ကျောင်းက Employment Pass Eligible Certificate (EPEC) ခေါ်တဲ့ အလုပ်ရှာတဲ့ တစ်နှစ်ဗီဇာ လျှောက်တဲ့နေရာမှာ အကျုံးဝင် ပေမယ့် တကယ်တမ်း လျှောက်တော့ ရီဂျက်ထိပါတယ်။ ဗီဇာကလည်း ထပ်တိုးလို့ မရတော့ ရန်ကုန်ပြန်မလား၊ စတေးရှောင်မလား နှစ်လမ်းပဲ ရွေးစရာ ကျန်ပါတော့တယ်။

ကျွန်တော်တို့ အားလုံးက သူ့ကို ရန်ကုန်ပြန်ပြီး အေးအေးဆေးဆေးမှ ပြန်လာခဲ့ဖို့ အကြံပေးပါတယ်။ မောင်ဇေကတော့ တစ်ပတ်လောက် မလေးရှားကို ထွက်ပြီး ပြန်ဝင်ကြည့်မယ်။ မရတော့လည်း ပြန်တာပေါ့လို့ ပြောပါတယ်။ ဒီလိုနဲ့ မောင်ဇေတစ်ယောက် မလေးရှားကို စတေးရှောင်တဲ့ တစ်ပတ်အတွင်း ကွာလာလမ်ပူမှာ နေဖို့ ထိုင်ဖို့ ကိစ္စတွေအတွက် မောင်အုပ်က အပူတပြင်း စုံစမ်း ပါတော့တယ်။ စင်ကာပူကို ပြန်ဝင်ဖို့ Re-Entry Visa လျှောက်တော့ ရတာနဲ့ ဒါဆိုရင် မဆိုးသေးဘူးလို့ တွက်မိကြပါတယ်။ ကံကောင်းချင်တော့ အဲဒီအတော အတွင်းမှာပဲ စင်ကာပူ တစ်ဖက်ကမ်းက ဂျဟိုးမှာ နေတဲ့ ကျွန်တော့်ညီဝမ်းကွဲ ဇော်လတ်နဲ့ အဆက်အသွယ် ရပါတယ်။ ဇော်လတ်က မလေးရှား လာရင် ဘာမှ ပြသနာ မရှိဘူး။ နေချင်ရင် သူ့အိမ် လာနေလို့ ရတယ် ဆိုတာနဲ့ မောင်ဇေတစ်ယောက် ကွာလာလမ်ပူကို စတေးရှောင်မယ့် အစီအစဉ် ဖျက်ပြီး ဂျဟိုးပဲ သွားတော့မယ် ဆိုပြီး အစီအစဉ် ပြောင်းသွားပါတယ်။

ဇော်လတ်က ဟိုဘက်ကမ်းသာ ကူးလာခဲ့။ မလေးရှား အင်မီဂရေးရှင်း အထွက် စီးတီး စကွဲယားကနေ သူစောင့်နေမယ် လို့ ကျွန်တော့်ကို လှမ်းပြောပါတယ်။ မောင်ဇေကို လမ်းညွှန်ပေမယ့် သူလည်း ဝါးတားတား ဖြစ်နေပုံ ပါပဲ။ နောက်ဆုံးတော့ မထူးပါဘူးကွာ။ ငါကိုယ်တိုင် မင်းကို ဟိုဖက်ကမ်း လိုက်ပို့ပါမယ်လို့ ကျွန်တော် အာမခံလိုက်ပါတယ်။

ကုန်းမကြီးကို ကူးပြီ

ကျွန်တော်နဲ့ မောင်ဇေတို့ မလေးရှား ကို ခရီးဆန့်ဖို့ ခရန်းဂျီး (Kranji) ဘူတာရုံမှာ တွေ့ကြပါတယ်။ ကျွန်တော် ဘူတာရုံကို ရောက်ပြီး မကြာခင်မှာပဲ ခရီးရှည် ထွက်တော့မယ့် ပုံစံနဲ့ ခရီးဆောင် အိတ်ကြီး တစ်လုံး ဆွဲလို့ မောင်ဇေတစ်ယောက် ဘူတာရုံကို ရောက်လာပါတယ်။ ဘယ်လို ဖြစ်တာလဲ မေးတော့ ပြန်စရာ ရှိရင် တခါတည်း ပြန်ရအောင် အကုန် ထည့်လာတာလို့ ပြောပါတယ်။ ဒါတောင် မောင်အုပ်က တားလို့ အိတ်နှစ်အိတ်ထဲမှာ တစ်အိတ်ကို ထားခဲ့တယ်လို့ ဆိုပါတယ်။

ကျွန်တော့်ကို အစ်ကို ကားလက်မှတ်က ဘယ်မှာ ဝယ်ရမှာလဲ။ အတော်ဝေးသလား လို့ မေးပါတယ်။ ဘာလက်မှတ်မှ မလိုဘူး။ စင်ကာပူထဲမှာ ဘတ်စ်ကားစီးသလို အီးဇီးလင့်ခ် ကတ်ဒ်သုံးပြီး ဘတ်စ်ကား တက်စီးသွားရုံပဲ။ ၁၅ မိနစ်လောက်ပဲ စီးရတယ် လို့ ကျွန်တော်က ပြန်ပြောလိုက် ပါတယ်။ ဒီလိုနဲ့ ရုံးဆင်းချိန် လူကြပ်တဲ့ နံပါတ် ၁၇၀ ဘတ်စ်ကားပေါ်ကို ကျွန်တော်တို့ နှစ်ယောက်သား ခရီးဆောင် အိတ်ကြီးတစ်လုံးနဲ့ ကိုးရိုးကားယား တက်ခဲ့ကြပါတယ်။ ခရန်းဂျီးကနေ ထွက်လို့ ဘတ်စ်ကား ၂ မှတ်တိုင် ၃ မှတ်တိုင်လောက် စီးပြီးတော့ စင်ကာပူ အင်မီဂရေးရှင်းကို ရောက်ပါတယ်။ စင်ကာပူ အင်မီဂရေးရှင်းနဲ့ မလေးရှား အင်မီဂရေးရှင်းမှာ ပြသနာ အထွေအထူးတော့ မရှိပါဘူး။ အင်မီဂရေးရှင်း အဆောက်အဦးထဲက ထွက်တော့ ကျွန်တော်ကိုယ်တိုင် နည်းနည်း ရွာလည်နေပါတယ်။ အဆောက်အဦး အသစ် ပြောင်းပြီးကတည်းက စီးတီးစကွဲယား ဘက်ကို မထွက်ဖြစ်လို့ အတော် ရှာယူလိုက် ရပါတယ်။ ဒါပေမယ့် အင်မီဂရေးရှင်း အဆောက်အဦး အသစ်က စီးတီး စကွဲယားနဲ့ ဆက်ရက် ပါပဲ။ စီးတီးစကွဲယားကနေ ထွက်ပြီးတော့ အပြင်ဖက်က ကျွန်တော်တို့ ထိုင်နေကျ မလေး စားသောက်ဆိုင်မှာ အသင့်စောင့်နေတဲ့ ဇော်လတ်နဲ့ တွေ့ပါတယ်။

ဇော်လတ်က ကျွန်တော့်ကို “စိတ်ချလက်ချသာ ထားခဲ့ ကိုဇက်တီ။ ပြန်မယ့်နေ့ ကျွန်တော်ကိုယ်တိုင် လာကင်း (Larkin) ဘတ်စ်ကားဂိတ်မှာ စင်ကာပူ ပြန်မယ့် ၁၇၀ ဘတ်စ်ကားပေါ် တင်ပေးလိုက်မယ်။” လို့ အာမခံပါတယ်။ မောင်ဇေကတော့ အဲဒီအချိန် ရောက်မှ “ သွားပြီ။ ကျွန်တော့် အိတ်ကို ခတ်ထားတဲ့ သော့တွဲ စင်ကာပူမှာ ကျန်ခဲ့ပြီ။ ကိစ္စတော့ မရှိပါဘူး။ သော့ဖျက်လိုက်မယ်” လို့ ပြောလို့ ကျွန်တော်တို့ အားလုံး ဝိုင်းရယ် ကြပါတယ်။ ဒါနဲ့ပဲ မောင်ဇေကို ဇော်လတ်နဲ့ ထားခဲ့ပြီး ကျွန်တော် စင်ကာပူ ပြန်လာခဲ့ပါတယ်။

ကျွန်းကို ပြန်လာခြင်း

မောင်ဇေ ဂျဟိုး ရောက်ပြီးတော့ အဲဒီ အပတ်ထဲမှာ ဇော်လတ်ဆီကို ဖုန်း တစ်ခါ နှစ်ခါ ဆက်ဖြစ်ပါတယ်။ အဆင်ပြေလား မေးတော့ အားလုံးအဆင်ပြေပါတယ်လို့ ဇော်လတ်က ပြောပါတယ်။ ကျွန်တော်လည်း မောင်ဇေကိစ္စ မေ့မေ့ပျောက်ပျောက် ပါပဲ။ ဒီလိုနဲ့ နောက်တစ်ပတ် တနင်္ဂနွေနေ့ မနက်ခင်း ကျွန်တော် အိပ်ရာထဲမှာ နှပ်နေတုန်း ဇော်လတ်ဆီက ဖုန်းလာပါတယ်။

“မောင်ဇေ ကို ကျွန်တော် အခုပဲ ကားပေါ်တင်ပေးလိုက်ပြီ။ ကျွန်တော် အိမ်တော့ မပြန်သေးဘူး။ မြို့လယ်ခေါင်မှာပဲ နည်းနည်း ပတ်လိုက်ဦးမယ်။ သူ စင်ကာပူထဲ ရောက်ပြီ ဆိုမှပဲ ကျွန်တော် ပြန်တော့မယ်။” လို့ ဇော်လတ်က ကျွန်တော့်ကို လှမ်းပြောတာပါ။

ကျွန်တော်လည်း ပြသနာ မရှိပါဘူး။ မောင်ဇေ စင်ကာပူထဲ ရောက်ရင်တော့ ဖုန်းဆက်မှာပဲ လို့ တွေးပြီး ပြန်အိပ်ပါတယ်။ နောက်ထပ် နာရီဝက်လောက်နေတော့ ဖုန်းထပ်လာပါတယ်။ ဒီတစ်ခါတော့ မောင်အုပ် ဆက်တာပါ။ “ကိုဇက်တီ။ မောင်ဇေတော့ မလေးရှားပြန်ရောက်သွားပြီ။” လို့ လှမ်းပြောပါတယ်။

ကျွန်တော်က ဘယ်လို ဖြစ်တာလဲ မေးတော့ “သူက အင်မီဂရေးရှင်းမှာ စင်ကာပူကနေ ရန်ကုန် ပြန်မယ် ပြောတယ်။ အဲဒါ လေယာဉ်လက်မှတ် Confirm လုပ်ပြီးပြီလား မေးတော့ မလုပ်ရသေးဘူး ဆိုတာနဲ့ အဲဒီက အရာရှိက ဒါဆိုရင် မင်းမလေးရှားကို ပြန်တော့ ဆိုပြီး ပြန်လွှတ်လိုက်တာ။” လို့ ပြောပါတယ်။

သူ့ရဲ့မလေးရှား ဗီဇာက တစ်ကြိမ်ပဲ ဝင်လို့ရတဲ့ ဗီဇာပေမယ့် စင်ကာပူ အင်မီဂရေးရှင်းက စတေးမကုန်သေးဘူး။ ပြန်ဝင်လို့ ရတယ်။ ဆိုပြီး စာရွက်တစ်ရွက် သူ့ပတ်စ်ပို့စ် မှာ ညှပ်ပြီး သူ့ကို နောက်စာအိတ် တစ်အိတ်နဲ့ အတူ မလေးရှားကို ပြန်လွှတ်လိုက်တာပါ။ အဲဒီစာအိတ်ကိုတော့ မလေးရှားရောက်ရင် သူတို့ ရေးတဲ့ လိပ်စာအတိုင်း ပို့ပေးလို့ မှာလိုက်ပါတယ်။ ဇော်လတ်တစ်ယောက် သူ့ကို စိတ်မချလို့ မြို့ထဲမှာ စောင့်နေတာနဲ့ အတော်ပါပဲ။ အင်မီဂရေးရှင်း အထွက်မှာပဲ သူတို့ နှစ်ယောက် ပြန်တွေ့ပြီး ဇော်လတ်တို့ နေတဲ့အိမ်ကို ပြန်သွား ကြပါတယ်။

ခဏနေတော့ ဇော်လတ်က ဖုန်းဆက် လာပါတယ်။ သူတို့ အိမ်အပြန် တက်ကစီ စီးတော့ တက်စီ ဒရိုင်ဘာက စလုံး ကိုဝင်ဖို့ လမ်းကြောင်းရှိတယ်။ ရိုက်မလား လို့ မေးတယ် ဆိုပါတယ်။ စလုံးကို လမ်းကြောင်းနဲ့ ရိုက်ပြီး ဝင်လို့ရတယ် ဆိုတာကတော့ နည်းနည်း ထူးဆန်း နေပါတယ်။ ဒါမျိုးကလည်း တစ်ခါမှ မကြားဖူး ပါဘူး။ မောင်ဇေကတော့ မလုပ်ချင်ဘူး။ ဒီအတိုင်းပဲ နောက်တကြိမ် ကြိုးစားကြည့်မယ် လို့ ပြောပါတယ်။

ဒုတိယအကြိမ် ပြန်လာခြင်း

ဒီလိုနဲ့ နောက်ထပ် တစ်ပတ်လောက် ကြာသွားပါတယ်။ မောင်ဇေရဲ့ မလေးရှားမှာ နေထိုင်ခွင့် ၁၄ ရက် ရတာလည်း ကုန်ခါနီးပါပြီ။ မောင်အုပ်နဲ့ တိုင်ပင်တော့ မောင်အုပ်က ကျွန်တော် သူ့ လေယာဉ်ပျံ လက်မှတ်ကို ဝင်မယ့် နေ့နဲ့ တစ်ပတ်လောက် ခွာပြီး Confirm လုပ်ပေးလိုက်မယ်။ အဲဒါဆိုရင်တော့ သူဝင်လို့ ရမယ် ထင်ပါတယ် လို့ ပြောပါတယ်။ ဒါပေမယ့် ပြသနာက တက်ပါတယ်။ Confirm လုပ်ပေးလိုက်တဲ့ လေယာဉ်ပျံလက်မှတ် မောင်ဇေဆီကို အီးမေးလ်နဲ့ လှမ်းပို့လိုက်ပေမယ့် သူတို့နားက အင်တာနက်ဆိုင်မှာ ထုတ်စရာ ပရင်တာ မရှိပါဘူး။ ဒါနဲ့ ဘယ်လို လုပ်ရမှန်း မသိ ဖြစ်နေပါတယ်။

ဒီတစ်ခါလည်း မောင်ဇေကံကောင်းပါတယ်။ ကျွန်တော် ဂျဟိုးမှာ ဧည့်ခံပွဲ တစ်ခု သွားရဖို့ အကြောင်း ပေါ်လာ ပါတယ်။ ဇော်လတ်ကို လှမ်းပြောတော့ ဇော်လတ်က ကျွန်တော် သွားမယ့် နေရာကို သူသိတယ်။ လေယာဉ်ပျံလက်မှတ် အဲဒီမှာ သူတို့ လာယူမယ် လို့ ပြန်ပြောပါတယ်။ ဒီလိုနဲ့ မောင်အုပ်ဆီက လေယာဉ်ပျံလက်မှတ်ကို ယူပြီး ဂျဟိုးကို လစ်ခဲ့ပါတယ်။ ဒါပေမယ့် ရေးကြီး သုတ်ပြာနဲ့ ထွက်ခဲ့ရတော့ လေယာဉ်လက်မှတ်က အိမ်မှာ ကျန်နေခဲ့ပါတယ်။ လမ်းတဝက်ရောက်မှ သတိရလို့ တစ်အိမ်တည်း အတူနေတဲ့ ဖိုးလ ကို အကူအညီတောင်ပြီး လိုက်ပေးခိုင်းရပါတယ်။ ဒီလိုနဲ့ အဲဒီညက ဇော်လတ်နဲ့ မောင်ဇေတို့ နှစ်ယောက်ကို ဧည့်ခံပွဲ လုပ်တဲ့ စားသောက်ဆိုင် နေရာမှာ ချိန်းပြီး လေယာဉ်လက်မှတ်ကို ပေးလိုက် ပါတယ်။ မောင်ဇေတော့ မနက်ဖြန် စင်ကာပူ ပြန်ဝင်ရမှာမို့ တက်ကြွနေပါတယ်။

အဲဒီညက ဧည့်ခံပွဲက နောက်ကျမှ ပြီးလို့ ကျွန်တော် စင်ကာပူကို ညသန်းခေါင်ကျော်မှ ပြန်ရောက်ပါတယ်။ အဲဒါနဲ့ နောက်တစ်နေ့ မနက်ရောက်တော့ တော်တော်နဲ့ မထတော့ပါဘူး။ အိပ်ရာကနိုးတော့ ဖုန်းထဲမှာ Miss Call တွေွ တွေ့ပါတယ်။ မောင်အုပ် နဲ့ ဇော်လတ် ခေါ်ထားတာပါ။

ကျွန်တော် ပြန်ခေါ်တော့ မောင်အုပ်က “ကိုဇက်တီ။ မောင်ဇေတော့ မလေးရှား ပြန်ရောက်သွားပြန်ပြီ။” လို့ ပြောပါတယ်။

ဘယ်လို ဖြစ်တာလဲ မေးတော့ “အရင်တစ်ခါ လိုပဲ။ လေယာဉ်ပျံလက်မှတ်က Confirm လုပ်ထားပေမယ့် တစ်ပတ် ကွာနေလို့ ပေးမဝင်ဘူး။ သူ့အိတ်တွေ အားလုံးကို ဖွင့်ရှာပြီး အလုပ်လျှောက်တဲ့ စာရွက်တွေ တွေ့လို့ မင်း စင်ကာပူမှာ အလုပ်လာရှာတာ။ နောက်တစ်ခေါက်ထပ် ဝင်ခွင့် မပေးနိုင်ဘူးလို့ ပြောလိုက်တယ်။ အခု မလေးရှားဖက် ပြန်လွှတ်လိုက်ပြီ။” လို့ မောင်အုတ်က ပြောပါတယ်။

“သူ့မလေးရှား ဗီဇာက ဒီနေ့ကုန်ပြီလေ။ ဘယ်လို လုပ်မှာလဲ။” လို့ ကျွန်တော်က မေးတော့ “အခု သူ မလေးရှား အင်မီဂရေးရှင်းမှာ ရောက်နေပြီ။ ဟိုက သူက ခဏ ထိုင်စောင့်ခိုင်းထားတယ်။ ဗီဇာထပ်ပေးဖို့ စဉ်းစားနေတယ် ပြောတယ်။” လို့ မောင်အုတ်က ပြောပါတယ်။ တစ်နာရီလောက် ကြာတော့ ဇော်လတ်ဆီကနေ “မောင်ဇေကို ဗီဇာ ၃ ရက် ထပ်ပေးလိုက်တယ်။ ကျွန်တော်တို့ အိမ်ပြန်ရောက်နေပြီ။” ဆိုပြီး ဖုန်းလာပါတယ်။

ဇော်လတ်က သူတို့နှစ်ယောက် အင်မီဂရေးရှင်း အထွက်မှာ စင်ကာပူက အစ်မကြီးတစ်ယောက်နဲ့ တွေ့ခဲ့ကြောင်းနဲ့ အဲဒီအစ်မကြီးက သူတို့ကို အတော်များများ ရှင်းပြလိုက်တဲ့ အကြောင်းလည်း ပြောပါတယ်။ ဇော်လတ် ပြောလို့ ဆက်စပ်ကြည့်မိတော့ အဲဒီ အစ်မကြီးကလည်း စင်ကာပူက ဘလော့ဂါ တစ်ယောက် ဖြစ်နေပါတယ်။ အဲဒီ အစ်မကြီးက စာအုပ်ထဲမှာ စင်ကာပူ အင်မီဂရေးရှင်းက အနီရောင်တုံး ထုလိုက်ရင် နောက်တစ်ခေါက် ပြန်ဝင်ဖို့ အတော်ကိုု မလွယ်ဘူး လို့ ပြောလိုက်ပါတယ်။ မောင်ဇေက တော့ သူ့စာအုပ်ကို လှန်ကြည့်ပြီး အနီရောင်တုံး တွေ့သွားလို့ စိတ္တဇ ဖြစ်နေပါတယ်။ အနီတုံး ထိသွားပြီ။ ရန်ကုန်ပဲ ပြန်တော့မယ် လို့ ပြောနေပါတယ်။

ညနေရောက်မှ ဇော်လတ်နဲ့ ဖုန်းပြောဖြစ်တော့ ဇော်လတ်က “ ကိုဇက်တီ ကျွန်တော် သူ့စာအုပ်ကို ယူကြည့်ပြီးပြီ။ အနီတုံးဆိုလို့ မလေးရှား အထွက် အင်မီဂရေးရှင်းက ထုပေးတဲ့ အနီတုံးပဲ ရှိတယ်။ စလုံးက အနီရောင်တုံး မရှိဘူး။ မောင်ဇေ သေချာ မကြည့်ပဲ ပြောတာ။ ” လို့ ပြောမှ နည်းနည်း စိတ်အေး သွားရပါတယ်။

ပြည်တော်ပြန်တော့မယ်

ကျွန်တော်နဲ့ မောင်အုပ်တို့ မောင်ဇေကိစ္စကို ဘယ်လို လုပ်မှာလဲ ဆိုတာ ခေါင်းချင်းရိုက်ပြီး တိုင်ပင်ကြ ပါတယ်။ မောင်အုပ်ကတော့ ကွာလာလမ်ပူကနေပဲ ရန်ကုန် ပြန်ဖို့ လက်မှတ် ဝယ်ပေး လိုက်တော့မယ် လို့ ပြောပါတယ်။ ကျွန်တော်ကတော့ သူ့မှာ စင်ကာပူ လက်မှတ်ကြီး ရှိနေတာပဲ။ ကွာလာလမ်ပူ ကနေ စင်ကာပူ ထရန်စစ်နဲ့ ရန်ကုန် ပြန်ခိုင်းလိုက်ပေါ့ လို့ အကြံပေးပါတယ်။ ဒါနဲ့ ကျွန်တော်တို့ နှစ်ယောက်သား ပင်နီဆူလာကို ကွာလာလမ်ပူကနေ စင်ကာပူ လာတဲ့ လေယာဉ်လက်မှတ် ဝယ်ဖို့ ထွက်ခဲ့ကြ ပါတယ်။ ပင်နီဆူလာမှာ မေးတော့ အဲယားအေးရှား လက်မှတ်ကို ဒေါ်လာ ၁၀၀ ကျော်လောက် ရှိမယ် ပြောပါတယ်။ ဒါနဲ့ အဲဒီမှာ မဝယ်ဖြစ်တော့ပဲ အွန်လိုင်းကနေပဲ ဂျက်စတား လက်မှတ် ဝယ်လိုက်ကြပါတယ်။ ဂျက်စတား လက်မှတ်က ကွာလာလမ်ပူကနေ စင်ကာပူ အထိ ဒေါ်လာ ၅၀ တောင် မကျပါဘူး။

အဲဒီမှာ နောက်ထပ် ပြသနာ တစ်ခု က စပါတယ်။ မောင်ဇေကို တစ်ယောက်တည်း ကွာလာလမ်ပူကို လွှတ်လိုက်ဖို့ ကျွန်တော်တို့ နည်းနည်း မျက်ခုံးလှုပ် နေပါတယ်။ ဇော်လတ်ကလည်း အလုပ်ရှိသေးတော့ ကွာလာလမ်ပူ အထိ လိုက်မပို့ နိုင်ပါဘူး ။ ဒါနဲ့ KL မှာနေတဲ့ သူငယ်ချင်းတွေဆီ ဖုန်းဆက်ပြီး အကူအညီ တောင်းရပါတယ်။ ကျွန်တော့် အစ်ကိုတွေရဲ့ သူငယ်ချင်း ၂ ယောက် ရှိပေမယ့် သူတို့ နှစ်ယောက်စလုံးကို ဖုန်းခေါ်လို့ မရပါဘူး။ ကျွန်တော့်အစ်ကို ကိုဖြိုးကတော့ နောက်ဆုံး မဖြစ်ဘူး ဆိုရင် သူလိုက်ပို့ပေးမယ် လို့ ပြောပါတယ်။ ဒီတစ်ခါလည်း မောင်ဇေကံကောင်းပါတယ်။ ကျွန်တော့် အစ်ကိုလေးရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း တစ်ယောက်ဖြစ်တဲ့ ကိုသိန်းနဲ့ ချိတ်မိပါတယ်။ ကိုသိန်းက ကူညီပေးမယ် ပြောတာနဲ့ မောင်ဇေကို KL သွားတဲ့ ဘတ်စ်ကားပေါ် တင်ပေးလိုက်ပါတယ်။ ကိုသိန်းက မောင်ဇေကို KL ကားဂိတ်မှာ လာကြိုပြီး သူနေတဲ့ အိမ်ခေါ်သွားပါတယ်။ နောက်တစ်နေ့ မနက်ကျမှ သူ့ကို ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ် (KLIA) သွားတဲ့ ကားပေါ် တင်ပေး လိုက်ပါတယ်။

ကျွန်တော် မောင်ဇေကို သေသေချာချာ မှာလိုက်ပါတယ်။ KL မှာ Check-in လုပ်တဲ့အချိန် ရန်ကုန် ပြန်မယ့် လေယာဉ်လက်မှတ် ပြပြီး စင်ကာပူ ထရန်စစ်နဲ့ ရန်ကုန် ပြန်မယ်ပြော။ ပြီးရင် Baggage ကို တစ်ခါတည်း ရန်ကုန်အထိ တံဆိပ် ကပ်ခိုင်းလို့ မှာလိုက်ပါတယ်။ အဲဒါဆိုရင် စင်ကာပူမှာ Baggage ရွေးစရာ မလိုတော့ဘူး။ ရန်ကုန်ရောက်မှပဲ ရွေးလို့ရတယ် ဆိုတာ ပြောပြ လိုက်ပါတယ်။ အဲဒီနေ့မနက် ရုံးရောက်ပြီးတော့ သတိရလို့ မောင်ဇေကို ဖုန်းခေါ်ပါတယ်။ မောင်ဇေက “ကျွန်တော် ချန်ဂီ လေဆိပ်မှာ ရောက်နေပြီ အစ်ကို။ အခု အိတ်လိုက်ရှာ နေတယ်။” လို့ ပြောတော့ ဖြစ်ပြန်ပြီဟ လို့ တွေးမိပါတယ်။

“KL မှာ ရန်ကုန် တစ်ခါတည်း ပို့ပေးဖို့ မပြောလိုက်ဘူးလား။” လို့ မေးတော့ “ကျွန်တော် ထရန်စစ် လို့တော့ ပြောတယ် အစ်ကို။ သူတို့က လေယာဉ်လက်မှတ် တောင်းကြည့်ရုံပဲ ကြည့်တယ်။” လို့ ပြန်ပြောပါတယ်။

“အခု လက်ထဲက Baggage လက်မှတ်မှာ YGN ဆိုတဲ့ လက်မှတ်ပါလား။” လို့ ပြန်မေးတော့ “မပါဘူး အစ်ကို။ SIN ဆိုတာပဲပါတယ်။ အဲဒါနဲ့ ချန်ဂီက အင်ဖော်မေးရှင်း ကောင်တာ သွားမေးတော့ အိတ်က အပြင်ရောက်သွားပြီ။ အင်မီ ဂရေးရှင်းကို သွားပြောပါ။ လို့ ပြန်ပြောလိုက်တယ်” ဆိုပြီး မောင်ဇေက ပြန်ပြောပါတယ်။

“အခု ဘာလုပ်နေသလဲ။” မေးတော့ “ အင်မီဂရေးရှင်းက White Card ဖြည့်ပါ ဆိုလို့ ဖြည့်နေတယ်။” လို့ မောင်ဇေ ကပြောပါတယ်။

အဲဒါနဲ့ ကျွန်တော်လည်း စောင့်ကြည့်ဦးမယ် ဆိုပြီး ဒီအတိုင်း ထားလိုက်ပါတယ်။ ခဏနေတော့ မောင်ဇေ ဆီက Miss Call တွေ့ပါတယ်။ ပြန်ခေါ်တော့ ခေါ်လို့ မရပါဘူး။ အဲဒါနဲ့ မောင်အုပ်ဆီကို လှမ်းဆက်တော့ မောင်အုပ်က “ကျွန်တော်လည်း ဒီကောင့်ကို ခေါ်နေတာ အစ်ကို။ ဖုန်းပိတ်ထားတယ်။ လုံးဝ ခေါ်လို့ မရဘူး။” လို့ ပြောပါတယ်။

အဲဒီလိုနဲ့ စင်ကာပူက SilkAir မထွက်ခင် ၂နာရီခွဲ လောက်အထိ ကျွန်တော်နဲ့ မောင်အုပ်တို့ တစ်ယောက်တစ်လှည့် ဖုန်းခေါ်ကြပေမယ့် ဘာမှ မထူးပါဘူး။ ဇော်လတ်ကလည်း မောင်ဇေ ဖုန်းပိတ်ထားလို့ အခြေအနေ သိချင်လို့ ကျွန်တော့်ကို လှမ်းမေးပါတယ်။ ကိုသိန်းကလည်း ဇော်လတ်ဆီကို မောင်ဇေတစ်ယောက် အခြေအနေ ဘယ်လိုရှိလဲလို့ ဖုန်းဆက်ပြီး မေးပါတယ်။ အားလုံးက စိတ်ပူနေပေမယ့် မောင်ဇေ တစ်ယောက်တော့ အစအနတောင် ရှာမရဘဲ ပျောက်ချင်းမလှ ပျောက်နေပါတယ်။

မောင်အုပ်ကတော့ “ကျွန်တော် ဒီညနေ ရန်ကုန် အိမ်ကို ဖုန်းဆက်ကြည့်မယ်။ ပြန်မရောက်သေးဘူး ဆိုရင်တော့ ချန်ဂီကို လိုက်သွားပြီး စုံစမ်းကြည့်မယ်။” လို့ ကျွန်တော့်ကို ပြောပါတယ်။ ည ၈ နာရီလောက်မှ မောင်အုပ်ဆီက ဖုန်းလာပါတယ်။ “မောင်ဇေတော့ ရန်ကုန် ရောက်နေပြီ။ ” လို့ လှမ်းပြောပါတယ်။ နေ့လည်က ဘယ်လို ဖြစ်တာလဲ မေးတော့ မောင်ဇေရဲ့ ဇာတ်လမ်းကို ကျွန်တော့်ကို ပြန်ပြောပြပါတယ်။

မောင်ဇေတစ်ယောက် အင်ဖော်မေးရှင်း ကောင်တာ မှာ သူ့အိတ် ကို သွားစုံစမ်းတော့ ကောင်တာက အင်မီဂရေးရှင်းကို သွားပါလို့ ညွှန်လိုက်ပါတယ်။ အင်မီဂရေးရှင်း ရောက်တော့ သူက စင်ကာပူ ဝင်ချင်တယ်လို့ တစ်ခွန်းမှ မပြောပဲ ကျွန်တော့် အိတ် အပြင်ရောက်သွားလို့ ကူညီပါ ဆိုပြီး အကူအညီ တောင်းပါတယ်။ အင်မီဂရေးရှင်း အရာရှိက White Card ဖြည့်ပါ လို့ သူ့ကို ပြောပါတယ်။ အဲဒါနဲ့ သူလည်း ဘုမသိ ဘမသိ White Card ဖြည့်လိုက်ပါတယ်။ White Card ဖြည့်ပြီးတော့ အင်မီဂရေးရှင်း ကောင်တာကို ပြန်ရောက် သွားပါတယ်။ အဲဒီမှာ ပြသနာက စတော့ တာပါပဲ။ အင်မီဂရေးရှင်းက သူ့ပတ်စ်ပို့စ် နံပါတ်ကို ကွန်ပြူတာထဲ ရိုက်ထည့်ပြီးတာနဲ့ သူ့ကို သီးသန့်ခန်းထဲ ခေါ်သွားပါတယ်။ နောက်သူ့ကိုု မင်းဝင်လို့ မရဘူး လို့ ပြောလို့ သူက မဟုတ်ဘူး။ ကျွန်တော် ဝင်ချင်လို့ မဟုတ်ဘူး။ ကျွန်တော် ထရန်စစ် ဝင်တာ။ နေ့လည် ၂ နာရီခွဲ လေယာဉ်နဲ့ ရန်ကုန် ပြန်မှာ လို့ ပြောပါတယ်။ သူ့ဆီက လေယာဉ်လက်မှတ် တောင်းကြည့်တော့ သူဆီမှာ နောက်ဆုံး Confirm လုပ်ထားတဲ့ လက်မှတ် ပါမလာပါဘူး။ အဲဒီတော့ မင်းလက်မှတ် နေ့စွဲက စနေနေ့မှပဲ။ ဆိုပြီး အင်မီဂရေးရှင်းက ရစ်ပါတယ်။ သူက မဟုတ်ဘူး။ ပြောင်းပြီးပြီ။ မယုံရင် စစ်ကြည့်ပါ ဆိုတော့ သူတို့က စစ်ကြည့်တော့ သူ့လက်မှတ်က ဒီနေ့ နေ့လည် ၂ နာရီ Confirm လုပ်ထားတာ ဟုတ်တဲ့အကြောင်း တွေ့ပါတယ်။ ဒါပေမယ့် သူ့ကို ရဲအစောင့်အကြပ်နဲ့ အခန်းတစ်ခန်းထဲ ခေါ်သွားပါတယ်။ ခဏနေတော့ Sky Train နဲ့ နောက်တာမင်နယ် တစ်ခုကို ခေါ်သွားပါတယ်။ ကျွန်တော် မှန်းကြည့်ရသလောက်တော့ သူ့ကို ဆွဲစိသွားတာ Terminal 1 မှာ ဖြစ်ပြီးတော့ သူ့ကို ခေါ်သွားတာက Terminal 2 မှာပါ။

နောက်တာမင်နယ်ကို ရောက်တော့ သူ့ကို အခန်းတစ်ခန်း ထဲ ခေါ်သွားပါတယ်။ အဲဒီမှာ သူ့ရဲ့ ပတ်စ်ပို့ အပါအဝင် ကိုယ်နဲ့ အတူ ပါလာတဲ့ ပစ္စည်းတွေ အားလုံးကို လော့ကာ တစ်ခုထဲ ထည့်ပြီး သော့ခတ်ခိုင်းပါတယ်။ အဲဒီ လော့ကာမှာ သော့ နှစ်ခု ရှိပြီးတော့ အင်မီဂရေးရှင်းက အရာရှိနဲ့ သူနဲ့ တစ်ယောက်ကို သော့တစ်ချောင်း စီ သိမ်းရပါတယ်။ မောင်ဇေက သူ နေ့လည် ဖလိုက်နဲ့ ပြန်ရမှာ။ ဘယ်လို လုပ်မှာလဲ မေးတော့ စိတ်မပူနဲ့။ အဲဒီဖလိုက် ပေါ် တင်ပေးမယ်လို့ သူတို့က ပြန်ပြောပါတယ်။ မောင်ဇေလည်း သူဘာမှ မလုပ်ရဘဲ သူ့ကို ရာဇဝတ်သားလို ဆက်ဆံလို့ အတော်ကို တင်းနေပါတယ်။ အင်မီဂရေးရှင်း အရာရှိကို ငါထရန်စစ် ဝင်တာ။ ဘာဖြစ်လို့လဲ မေးတိုင်း အရာရှိက မင်း record တွေ ငါတို့မှာ အကုန်ရှိတယ် ချည်းပဲ နင်းကန် ပြောနေပါတယ်။ ကျွန်တော်တို့ကို လှမ်းအကြောင်းကြားဖို့ ဖုန်းထုတ်တော့လည်း မင်းနောက်တစ်ခါ ဖုန်းထုတ်ရင် ငါနဲ့ တွေ့မယ်လို့ အင်မီဂရေးရှင်းက သူ့ကို ကြိမ်းတယ်လို့ ဆိုပါတယ်။ အိမ်သာသွားရင်တောင်မှ အစောင့်အကြပ်နဲ့ သွားရတယ်လို့ ဆိုပါတယ်။

နေ့လည် ထမင်းစားချိန် ရောက်တော့ သူ့ကို ပန်းသီးတစ်လုံးနဲ့ အသားနည်းနည်း အရွက်ကြော်နည်းနည်း ပါတဲ့ ထမင်းဘူး တစ်ဘူး သူ့ကို လာပေးပါတယ်။ မောင်ဇေလည်း မစားဘူးကွာ ဆိုပြီး မစားပါဘူး။ ဒါပေမယ့် အခန်းထဲက လူတွေ အားလုံးကလည်း စားနေ အင်မီဂရေးရှင်းကလည်း သူ့ကို ပြူးတူးပြဲတဲ ဝိုင်းကြည့်နေ ဆိုတော့ နည်းနည်း ကျွတ်လာပြီး တစ်လုပ်နှစ်လုပ်လောက်တော့ ဟန်ပြ ဖွင့်စားလိုက်ပါတယ်။ နေ့လည် ၂ နာရီ ထိုးခါနီးတော့ သူက ငါ့လေယာဉ်ပျံ ထွက်တော့မယ်။ ဘယ်လို လုပ်မှာလဲ လို့ မေးပါတယ်။ အင်မီဂရေးရှင်း ကတော့ လေယာဉ် မထွက်ခင် ပို့ပေးမယ် ပြောပါတယ်။ အဲဒီလိုနဲ့ နေ့လည် ၂ နာရီ ကျော်မှ သူ့ကို လေယာဉ်ပျံပေါ် လိုက်တင် ပေးလိုက်ပါတယ်။ လေယာဉ်မယ်တွေ လက် သူ့ကို အပ်လိုက်ပြီး ရန်ကုန် အင်မီဂရေးရှင်းကို ပေးဖို့ ဆိုပြီး စာအိတ်တစ်လုံး ပေးလိုက်ပါတယ်။ သူ့ပတ်စ်ပို့မှာ တံဆိပ်မနှိပ်လိုက်ပေမယ့် မလေးရှားကို ပြန်ပို့တုန်းကလိုမျိုး လျှောက်လွှာစာရွက် တစ်ရွက် ညှပ်ပေးလိုက်ပါတယ်။

ရန်ကုန် ရောက်မှ အင်မီဂရေးရှင်းက အော်ဖစ်ဆာ အစ်မကြီးကို စာအိတ်နဲ့ အတူ သွားတွေ့ရပါတယ်။ ဟို အစ်မကြီးက စာအိတ်ဖွင့်ကြည့်ပြီး ဘယ်လို ဖြစ်လာတာလဲ။ မေးပါတယ်။ သူကတော့ ဖြစ်ကြောင်းကုန်စင် ပြန်ပြောပြပြီး ဘာပြသနာ ရှိသလဲ မေးတော့ ဟိုအစ်မကြီးက ဘာမှ ပြသနာ မရှိဘူး။ ရတယ် လို့ ပြောပါတယ်။ မောင်ဇေရဲ့ Baggage ကတော့ စင်ကာပူမှာ ကျန်ခဲ့ပါတယ်။ မောင်ဇေကတော့ စိတ်မလျှော့သေး ပါဘူး။ အစ်မ ကျွန်တော် စင်ကာပူ ပြန်သွားရင် ပြသနာ ရှိနိုင်သေးလား လို့ မေးပါတယ်။ ရန်ကုန် အင်မီဂရေးရှင်းကတော့ သူတို့လည်း အတိအကျ မသိဘူး။ ရန်ကုန်က စင်ကာပူ သံရုံးကိုပဲ သွားစုံစမ်းပါ လို့ ညွှန်လိုက်ပါတယ်။ မောင်ဇေကတော့ စလုံးကို နောက်တစ်ခေါက် ပြန်လာဦးမယ် လို့ ပြောပါတယ်။

မောင်အုပ်က ကျွန်တော့်ကို ကိုဇက်တီ မောင်ဇေရဲ့ အတွေ့အကြုံက နောက်လူတွေအတွက် အကျိုးရှိနိုင်တယ်။ ပို့စ်တစ်ခုလောက် ရေးပြီး တင်ပါလားလို့ မြှောက်ပေးလို့ အစကတည်းက ရေးဖို့ စဉ်းစားနေတဲ့ ကျွန်တော့်အတွက် အတော်ပဲ ဖြစ်သွားပါတယ်။

Monday, June 8, 2009

အိုဘားမားရဲ့ စကားပြောခြင်း အတတ်ပညာ

အမေရိကန် သမ္မတ ဘာရတ် အိုဘားမား မိန့်ခွန်းပြောတာဟာ အလွန်ပဲ နားထောင်လို့ ကောင်းပါတယ်။ သူဟာ စကားပြော ကောင်းလွန်းလို့ အချို့က သူ့ကို ပြောချည်း ပြောနေတယ် ဘာမှလည်း ဖြစ်အောင် မလုပ်နိုင်ဘူးလို့ ဝေဖန်ကြပါတယ်။

ဇွန်လ ၄ ရက်နေ့က အိုဘားမားဟာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ အာရပ်နဲ့ မွတ်ဆလင် ကမ္ဘာကို ဦးတည်တဲ့ မိန့်ခွန်းတစ်ခုကို ပြောခဲ့ပါတယ်။ သူ့ရဲ့ မိန့်ခွန်းဟာ အလွန် ဆွဲဆောင်မှု ရှိတဲ့အတွက် အဲဒီမိန့်ခွန်း ပြောတဲ့အချိန်မှာ သူသုံးခဲ့တဲ့ နည်းစနစ်တွေကို လက်လှမ်းမီသလောက် လေ့လာကြည့်မိပါတယ်။ ကျွန်တော့်အနေနဲ့ အကြောင်းအရာပိုင်းကို မသုံးသပ်ချင် ပါဘူး။ နည်းစနစ်ပိုင်းကိုပဲ သုံးသပ်ချင် ပါတယ်။အောက်က သုံးသပ်ချက် အားလုံးဟာ ကျွန်တော့် အမြင်သာ ဖြစ်တဲ့အတွက် ပြည့်စုံမှု ရှိမှာ မဟုတ်သလို အားလုံးမှန်တယ် လို့လည်း ယူဆလို့ မရပါဘူး။ ကိုယ့်ဘာသာကိုယ် ချင့်ချိန် တွေးတောနိုင်ပါတယ်။

ပရိသတ်နဲ့ တသားတည်း ဖြစ်ကြောင်း ပြောခြင်း

အိုဘာမားဟာ သူနဲ့ အာရပ်တွေ တသွေးတည်း တသားတည်း ဖြစ်တယ်ဆိုတဲ့ သဘောမျိုး ပြောကြားပြီး ဆွဲဆောင်ပါတယ်။ အိုဘားမားရဲ့ “ဆလမ် မာလေးကွမ်း” ဆိုတဲ့ နှုတ်ဆက်စကားအပြီးမှာ သူဟာ ပရိသတ်ရဲ့ သြဘာပေးမှုကို မိနစ်ဝက်ကျော်အောင် ရရှိခဲ့ပါတယ်။ အမေရိကန် သမ္မတ ရွေးကောက်ပွဲ တစ်လျှောက်မှာ သူ ထုတ်မသုံးခဲ့တဲ့ သူ့ရဲ့ အလယ်နာမည် ဟူစိန်ကို ပထမဆုံးအနေနဲ့ ထုတ်သုံးပြီး သူ့ကိုယ်သူ ဘာရတ် ဟူစိန် အိုဘားမား အနေနဲ့ မိတ်ဆက်ခဲ့ခြင်းဟာလည်း သူရဲ့ နည်းပရိယာယ် တစ်ခုပါပဲ။ သူ့ အဖေရဲ့ ကင်ညာနိုင်ငံက ဆွေမျိုးတွေမှာ မွတ်ဆလင်တွေ ပါဝင်နေတာ၊ သူ့ရဲ့ ကလေးဘဝကို မွတ်ဆလင် နိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့ အင်ဒိုနီးရှားမှာ ဖြတ်သန်းခဲ့တာ၊ ရှီကာဂိုက မွတ်ဆလင် အဖွဲ့အစည်းမှာ ကျင်လည်ခဲ့တာ တွေကို ပြန်ပြောခြင်းဟာလည်း သူဟာ မွတ်ဆလင်တွေနဲ့ မစိမ်းကြောင်း ထုတ်ဖော် ပြသွားတဲ့ နည်းပရိယာယ် တစ်ခုပါပဲ။

အမှန်ကို ထုတ်ဖော် ချီးကျူးခြင်း

လူတိုင်းက မြှောက်ပြောတာကို မကြိုက်ပါဘူး။ ဒါပေမယ့် အမှန်အတိုင်း ဖြစ်ခဲ့ဖူးတဲ့ ကိစ္စတစ်ခုကို ထုတ်ဖော် ချီးကျူးပြောဆို တာကိုတော့ လူတိုင်းက သဘောကျပါတယ်။ အိုဘားမားဟာ ကမ္ဘာ့သမိုင်းထဲမှာ မွတ်ဆလင်တွေရဲ့ အရေးပါတဲ့ ကဏ္ဍ တစ်ခု ဖြစ်တဲ့ ယဉ်ကျေးမှု ပြန်လည်ထွန်းကားလာတဲ့ခေတ် (Renaissance) မတိုင်ခင်က အချိန်တွေကို ပြန်လည်ထုတ်ဖော်ပြီး ချီးကျူးပါတယ်။ အဲဒီခေတ်က အနောက်တိုင်းမှာ နည်းပညာတိုးတက်မှုတွေ နှောင့်နေး နေခဲ့ပေမယ့် မွတ်ဆလင် ကမ္ဘာမှာ ဆေးပညာ၊ အက္ခရာသင်္ချာ၊ စက္ကူနဲ့ ပုံနှိပ်ခြင်း အတတ်ပညာ စတာတွေမှာ တိုးတက်လာခဲ့ပါတယ်။ အဲဒါတွေကို ပြန်လည် ထုတ်ဖော် ချီးကျူးခြင်းနဲ့ သူ့ကို သဘောကျအောင် ဆွဲဆောင် ခဲ့ပါတယ်။ အဲဒါအပြင် အမေရိကန် ပြည်ထောင်စုကို ပထမဆုံး အသိအမှတ် ပြုခဲ့တဲ့ နိုင်ငံဟာ မွတ်ဆလင် နိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့ မော်ရိုကို ဖြစ်တဲ့အကြောင်းကိုလည်း သတိတရ ထုတ်ဖော် ပြောခဲ့ပါတယ်။ မွတ်ဆလင်တွေဟာ အမေရိကန်မှာ ပျမ်းမျှ အမေရိကန်တွေထက် ပိုပြီး လူနေမှု အဆင့်အတန်း မြင့်မားတဲ့ အကြောင်းကို ထုတ်ဖော် ပြောခဲ့တာဟာလည်း သူ့ရဲ့ ပစ်ချက် တစ်ခုပါပဲ။

လူတိုင်းသိသော အမှန်တရားကို ပြောကြားခြင်း

ဒီမိန့်ခွန်းတစ်ခုတည်းနဲ့တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး လို့ အိုဘားမားက ပြောပါတယ်။ ဒါကတော့ သူ မပြောလည်း လူတိုင်းသိပါတယ်။ ဒါပေမယ့် အဲဒီလို ပြောခဲ့ခြင်းကြောင့် သူ့ကို ရိုးသားတဲ့သူ တစ်ယောက် အနေနဲ့ နားထောင်တဲ့ သူတွေက ထင်မြင်သွားစေပါတယ်။ ဒါ့အပြင် အီရတ်စစ်ပွဲဟာ အမေရိကန်ရဲ့ အမှား တစ်ခုလို့ လူအတော်များများ လက်ခံထားပါတယ်။ အိုဘားမား ကိုယ်တိုင် ဆီးနိတ်လွှတ်တော် အမတ်ဘဝက အီရတ်ကို ကျူးကျော်မယ့် ကိစ္စကို ကန့်ကွက်ခဲ့ဖူး ပါတယ်။ အဲဒီ ကိစ္စဟာ အမေရိကန် ရဲ့ အလွန် ဖြစ်ကြောင်း သူ ဝန်ခံခဲ့ပါတယ်။ နောက်တစ်ခုကတော့ အမေရိကန်နဲ့ အစ္စရေး ဆက်ဆံရေးဟာ အလွန်ခိုင်မာတယ်။ ဖြတ်လို့ မရဘူးဆိုတာ လူတိုင်းသိပါတယ်။ အဲဒီ အမှန်တရား ကိုလည်း သူ ဝန်ခံခဲ့ပါတယ်။ အဲဒီလို လူတိုင်းသိတဲ့ အမှန်တရားတွေကို ဝန်ခံခဲ့ခြင်းအားဖြင့် အိုဘားမားဟာ သူ့ကိုယ်သူ ရိုးသားသူ တစ်ယောက်အနေနဲ့ ပုံဖော်ခဲ့ပြီး လူတွေကို သူ့ဘက်ပါအောင် ဆွဲဆောင်ခဲ့ပါတယ်။

စကားလုံး အသုံးအနှုန်း

သတင်းဌာနတွေရဲ့ သုံးသပ်ချက်အရ အိုဘားမားဟာ မိန့်ခွန်း တစ်ခုလုံးမှာ အကြမ်းဖက်သမား (terrorist) ဆိုတဲ့ စကားလုံးကို တစ်လုံးမှ သုံးမသွားပါဘူး။ အစွန်းရောက် ဝါဒီ (Extremist) ဆိုတဲ့ စကားလုံကိုပဲ အစားထိုး သုံးစွဲ သွားပါတယ်။ အိုဘာမားရဲ့ လက်သုံးစကား “ငါဒီနေရာကနေ နှိမ့်ချစွာ ပြောဆိုပါတယ်။” ဆိုတာကို လည်း ထည့်သွင်းပြီး ပြောသွားပါတယ်။

ကိုယ်ဟန် အမူအရာ

မိန့်ခွန်းပြောတဲ့သူဟာ စာရွက်ကိုင်ပြီး ပြောရင် ကြည့်ရတာ အလွန် အရုပ်ဆိုးသလို နားထောင်နေတဲ့သူရဲ့ ရင်ထဲကိုလည်း ရောက်ဖို့ မလွယ်ပါဘူး။ အိုဘားမားဟာ မိနစ် ၅၀ ကျော် ကြာတဲ့ မိန့်ခွန်းကို စာရွက် လုံးဝ မကိုင်ဘဲ လက်တန်း ပြောသွားပါတယ်။ သူ့ရဲ့လက်ဟာ မိန့်ခွန်းပြောတဲ့ အချိန်တစ်လျှောက်လုံးမှာ စကားနဲ့အညီ လိုက်ပြီး လှုပ်ရှားနေပါတယ်။ လက်နှစ်ဖက်ကို ဘေးကို ဖွင့်ပြီး ပြောတဲ့ ကိုယ်ဟန်အမူအရာဟာ သူ့မှာ ပွင့်လင်းမှု ရှိတယ် အားလုံးကို ကြိုဆိုနေတယ် ဆိုတဲ့ အမူအရာ မျိုးပါပဲ။ လက်ညှိုးတစ်ချောင်ကို ထောင်ပြီး လက်ကို တံတောင်ဆစ်အထက်မှာ မြှောက်ထားတဲ့ အမူအရာမှာတော့ သူဟာ သြဇာအာဏာရှိတဲ့ လူတစ်ယောက် ဖြစ်တယ်ဆိုတာကို ပြနေပါတယ်။

မှတ်သားစရာကောင်းတဲ့ စကားများ

အိုဘားမားရဲ့ မိန့်ခွန်းထဲက မှတ်သားစရာကောင်းတဲ့စကားတစ်ချို့ကို ရွေးထုတ် လိုက်ပါတယ်။

“ကျွန်တော်တို့ရဲ့ လတ်တလော အတွေ့အကြုံတွေက သင်ခန်းစာရခဲ့တာက နိုင်ငံတစ်နိုင်ငံရဲ့ ငွေကြေးစနစ်ဟာ မခိုင်မာဘူး ဆိုရင် နေရာအနှံ့အပြားမှာ ရှိတဲ့ ကြွယ်ဝမှုတွေကို အကျိုးသက်ရောက်စေတယ်။ အဖျားရောဂါ အသစ်တစ်ခုဟာ လူတစ်ယောက်မှာ ဖြစ်ပြီ ဆိုရင် လူသား အားလုံးအတွက် အန္တရာယ်ရှိတယ်။ နိုင်ငံတစ်နိုင်ငံက နျူးကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြိုးစားတယ် ဆိုရင် နိုင်ငံအားလုံးမှာ နျူးကလီးယား တိုက်ခိုက်ခံရမှု အတွက် အန္တရာယ်ရှိတယ်။ ကြမ်းတမ်းတဲ့ အစွန်းရောက်ဝါဒီတွေဟာ တောင်တန်းတစ်ခုမှာ အခြေပြု လှုပ်ရှားတယ် ဆိုရင် သမုဒ္ဒရာ တစ်ဖက်ကမ်းက လူတွေမှာ အန္တရာယ် ရှိတယ်။ ဒါဖာနဲ့ ဘော့စနီးယားမှာ အပြစ်မဲ့တဲ့သူတွေ အသတ်အဖြတ်ခံရတယ် ဆိုရင် ကျွန်တော်တို့အားလုံးရဲ့ စိတ်ဝိဉာဉ်တွေကို အစွန်းအထင်း ဖြစ်စေတယ်။ အဲဒါဟာ ၂၁ ရာစုမှာ ကျွန်တော်တို့ ကမ္ဘာကို ဝေမျှ နေထိုင် ကြတယ် ဆိုတဲ့ အဓိပ္ပါယ်ပဲ။”

“စစ်ပွဲတစ်ခုကို စရတာ လွယ်ပေမယ့် အဆုံးသတ်ဖို့ခက်တယ်။ အခြားလူတွေကို ထဲထဲဝင်ဝင် မြင်အောင် ကြည့်ရတာထက် အပြစ်တင်ရတာက ပိုလွယ်တယ်။ အခြားလူတစ်ယောက်နဲ့ ကိုယ်နဲ့ ကွဲပြားခြားနားတဲ့ အချက်ကို ရှာကြည့် ရတာက ကိုယ်နဲ့တူညီတဲ့အချက်ကို ရှာဖွေရတာထက် ပိုလွယ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ မှန်ကန်တဲ့ လမ်းကိုပဲ ရွေးသင့်တယ်။ လွယ်ကူတဲ့ လမ်းကို မရွေးသင့်ဘူး။”

ဂျော့ရှ်ဘုရှ်တုန်းကတော့ သတင်းစာ ဆရာ တစ်ယောက်က ဖိနပ်နဲ့ ပေါက်ခဲ့ပါတယ်။ အိုဘားမား အလှည့်မှာတော့ မိန့်ခွန်း ပြောနေတဲ့ အချိန်မှာ ပရိသတ်ထဲကနေ “ဘားရတ် အိုဘားမား။ we love you. ” လို့ အော်ဟစ်ပြီး အားပေးခံရတဲ့ အထိပါပဲ။ အိုဘားမားရဲ့ မိန့်ခွန်းစာသား အပြည့်အစုံနဲ့ ဗွီဒီယိုကို အောက်က လင့်ခ်မှာ ကြည့်နိုင်ပါတယ်။

Links:
Original Speech
အိမ်ဖြူတော်မှ ထုတ်ပြန်တဲ့ မိန့်ခွန်း ဗွီဒီယို

Thursday, June 4, 2009

ဂြိုဟ် ၈ လုံး ဖြစ်ရခြင်း အကြောင်း

ရစ်ချတ်ဖေးမင်း (Richard Feyman) လို ပေါက်တတ်ကရတွေး ပေါက်တတ်ကရမေးတတ်တဲ့ ကလေးဟာ တစ်ချိန်မှာ ကမ္ဘာကျော် ရူပဗေဒ ပညာရှင် ဖြစ်လာပါတယ်။ ကျွန်တော်လည်း ငယ်ငယ်တုန်းက ပေါက်တတ်ကရတွေး ပေါက်တတ်ကရမေး တတ်ပေမယ့် သိပ္ပံပညာရှင်တော့ ဖြစ်မလာပါဘူး။ :D

ကျွန်တော်တို့ သူငယ်တန်းတုန်းက ပတ်ဝန်းကျင် ဆိုတဲ့ ဘာသာရပ်တစ်ခု စာမေးပွဲမှာ ဖြေရပါတယ်။ သင်ရိုးညွှန်းတမ်း ထဲမှာ ပါတဲ့ ဘာသာရပ် မဟုတ်သလို စာသင်ခန်းထဲမှာလည်း သင်မပေးပါဘူး။ ကလေးတွေကို ပတ်ဝန်းကျင် လေ့လာမှု ဘယ်လောက် အားကောင်းသလဲ ဆိုတာကို စမ်းသပ်တဲ့ ဘာသာရပ်ပါ။ ကျောင်းအုပ် ဆရာကြီး နာမည် ဘယ်လိုခေါ်သလဲ၊ ခြေ ၄ ချောင်း ရှိတဲ့ သတ္တဝါတစ်ကောင်ကို ပြောပါ အစရှိတဲ့ မေးခွန်းတွေပါ။

အဲဒီ မေးခွန်းထဲမှာ ဆိုက်ကားမှာ ဘီး ဘယ်နှစ်ဘီး ရှိသလဲ ဆိုတဲ့ မေးခွန်းတစ်ခု ပါပါတယ်။ ကျွန်တော်က ၅ ဘီးလို့ ဖြေလိုက်ပါတယ်။ ဆိုက်ဂျဲရိုးကို နေ့စဉ်လိုလို မြင်နေ ရပေမယ့် သေသေချာချာ သတိထားပြီး မကြည့်မိ ပါဘူး။ ဘေးတွဲမှာ ဘီးတစ်ဘီးထဲ ပါပေမယ့် ကျွန်တော့် စိတ်ထဲမှာ ဘီးနှစ်ဘီး ပါတယ်လို့ ထင်နေပါတယ်။ အိမ်ပြန်ရောက်တော့ အိမ်က လူတွေအားလုံး ဆိုက်ကားမှာ ဘီး၅ဘီး ရှိတယ်ဆိုတဲ့ အဖြေကို ကြားတော့ အံ့သြကြ ပါတယ်။ ဆိုက်ကားမှာ ဘာလို့ ဘီး ၅ ဘီး ပါတာလည်း လို့ ဝိုင်းမေးကြပါတယ်။ ကျွန်တော်က ကျွန်တော့် အတွေးအတိုင်း စက်ဘီးမှာ ဘီးနှစ်ဘီး ပါတယ်။ ဘေးတွဲမှာ ဘီးနှစ်ဘီး ပါတယ် လို့ ပြောပါတယ်။ ဒါဆို နောက်တစ်ဘီးက ဘယ်က ရောက်လာတာလဲ မေးတော့ ဘီးပေါက်ရင် ဘယ်နှယ့်လုပ်မလဲ။ စပယ်ယာဘီး ပါရဦးမှာပေါ့ လို့ ပြန်ပြောတော့ အားလုံး ဝိုင်းရယ် ကြပါတယ်။

မကြာသေးတဲ့ အချိန်ကာလ တစ်ခုတုန်းက မူလတန်းတက်နေတဲ့ တူတူမတွေ နဲ့ စကားပြောဖြစ်ပါတယ်။ ပထမဆုံး ကျွန်တော့်တူကို ကောင်းကင်ပေါ်မှာ ဘာရှိသလဲ မေးတော့ လနဲ့တိမ် ၂ မျိုးရှိတယ် လို့ ပြန်ဖြေပါတယ်။ အဲဒါနဲ့ ကျွန်တော်က ကြယ်ရော မပါဘူးလား မေးတော့ သူက ဟင့်အင်း။ သူငယ်တန်းဆိုရင် ကောင်းကင်မှာ ၂ မျိုးပဲ ရှိတယ်။ အတန်းကြီးရင်တော့ များလာမှာပေါ့လို့ ပြန်ဖြေပါတယ်။

မြန်မာနိုင်ငံက ကျောင်းသုံးစာအုပ်တွေ ခေတ်ကို ဘယ်လောက် အမီလိုက်နိုင်သလဲ ဆိုတာကို ကျွန်တော် သိချင်ပါတယ်။ ကျွန်တော်တို့ ဆယ်တန်းတက်တော့ သင်ရိုးသစ် ပြောင်းတာ သိပ်မကြာသေးတဲ့ အချိန်ပါ။ ဒါပေမယ့် ပထဝီ ဘာသာရပ်မှာ သီးနှံအထွက်နှုန်း လူဦးရေ စတဲ့ ကိန်ုးဂဏန်းတွေကို လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်လောက်က ကိန်းဂဏန်းတွေ သုံးထားပါတယ်။ အစကတော့ အခုလက်ရှိ ကိန်းဂဏန်း သူတို့ဆီမှာ မရှိလို့ ထည့်မထားတာ လို့ ထင်ပါတယ်။ အမှန်ကတော့ အဲဒီလို မဟုတ်ပါဘူး။ စာမေးပွဲနီးလို့ ပထဝီ ဂျာနယ် ဝယ်ဖတ်တော့ ပထဝီ ဂျာနယ်ထဲမှာ လွန်ခဲ့တဲ့ တစ်နှစ် နှစ်နှစ်လောက်က ကိန်းဂဏန်းတွေ ပါပါတယ်။ အဲဒီတော့မှ သင်ရိုးအသစ်ဆိုတာ သင်ရိုးအဟောင်းကို ဖြတ်ညှပ်ကပ် လုပ်ထားပြီး ဘာမှ ပြင်ဆင်မှု လုပ်ထားတာ မဟုတ်တဲ့ အကြောင်း သဘောပေါက် သွားပါတယ်။ ဓာတုဗေဒ ဆိုရင်လည်း အတူတူပါပဲ။ တကမ္ဘာလုံး ဘယ်နေရာမှ မသုံးတော့တဲ့ အပြင် ခေတ်သစ်ရူပဗေဒ (Modern Physics) နဲ့လည်း ဆန့်ကျင်ဘက် ဖြစ်နေတဲ့ ဒေါ်တမ်ရဲ့ အက်တမ် သီအိုရီ (Dalton's Atomic Theory) ကို ကျွန်တော်တို့ သင်ရိုးသစ်ထဲမှာ ပြဌာန်းထားတုန်း ပါပဲ။ ကိုးတန်းနှစ်က ဒေါ်တမ်ရဲ့ အက်တမ် သီအိုရီထဲမှာ အက်တမ်တွေဟာ အမျိုးအစားတူရင် ဒြပ်ထုတူရမယ် လို့ သင်ရပြီး ဆယ်တန်းနှစ် ခေတ်သစ်ရူပဗေဒ မှာတော့ အမျိုးအစား တူပြီး ဒြပ်ထုမတူတဲ့ အက်တမ်ကို Isotopes လို့ ခေါ်တယ်လို့ သင်ရတော့ ကိုးတန်းစာ နဲ့ ဆယ်တန်းစာက ဆန့်ကျင်ဖက် ဖြစ်နေသလိုပါပဲ။

အခုတစ်ခါ မြန်မာ ကျောင်းသုံးစာအုပ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော် စိတ်ထဲမှာ သိချင်တဲ့ ကိစ္စကတော့ နေအဖွဲ့အစည်းထဲမှာ ဂြိုဟ် ၉ လုံး ရှိတယ် ရေးထားသလား ၈ လုံးရှိတယ် ရေးထားသလား ဆိုတာကိုပါ။ ၂၀၀၅ ခုနှစ်ထဲက နေအဖွဲ့အစည်း ထဲမှာ အဲရစ်(Eris) လို့ အမည်ရတဲ့ ဂြိုဟ်တစ်လုံးကို အာကာသ သိပ္ပံပညာရှင်တွေ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ အဲရစ် ရဲ့ ဒြပ်ထုဟာ လက်ရှိ ဂြိုဟ်အဖြစ် သတ်မှတ်ထားတဲ့ ပလူတိုဂြိုဟ်ထက် ၂၇ ရာခိုင်နှုန်းလောက် ပိုပြီးတော့ ကြီးနေပါတယ်။ အဲဒီတော့ အဲရစ်ကို တွေ့ခါစက နာဆာက နေအဖွဲ့အစည်း ထဲမှာ ၁၀ လုံးမြောက် ဂြိုဟ်ကို ရှာဖွေ တွေ့ရှိတယ် လို့ကြေငြာပါတယ်။

ဒါပေမယ့် ၂၀၀၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အာကာသ သမ္မဂ္ဂ (International Astronomical Union) ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်မှာ ဂြိုဟ်(Planet) ဆိုတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ပြောင်းလဲ သတ်မှတ်ခဲ့တဲ့ အတွက် အဲရစ်ကို ဂြိုဟ်လို့ မသတ်မှတ် နိုင်တဲ့အပြင် ပလူတိုကိုပါ ဂြိုဟ်စာရင်း ကနေ ပယ်ဖျက်ခဲ့ရ ပါတယ်။ ဂြိုဟ်ရဲ့ သွင်ပြင်လက္ခဏာ အဖြစ် အသစ် ပြင်ဆင်သတ်မှတ်တဲ့ အချက် (၃) ချက်ထဲက တတိယအချက် ဖြစ်တဲ့ “ဂြိုဟ်တစ်ခုဟာ သူ့ရဲ့ နေပတ်လမ်းကြောင်းထဲမှာ ရှိတဲ့ အခြား အရာဝတ္ထုတွေထက် သိသိသာသာ ဆွဲငင်အားကြီးမားရမယ်” ဆိုတဲ့ အချက်နဲ့ မကိုက်ညီလို့ပါ။ ပလူတို နဲ့ အဲရစ်ကို ဂြိုဟ်သိမ်ဂြိုဟ်မွှား (Dwarf Planet) အဖြစ် သတ်မှတ်လိုက်တဲ့ အတွက် နေအဖွဲ့အစည်း ထဲမှာ ဂြိုဟ် ၈ လုံး ပဲ ကျန်ပါတော့တယ်။

အဲဒါကြောင့် ကျွန်တော့်တူမကို နေအဖွဲ့အစည်းထဲမှာ ဂြိုဟ် ဘယ်နှစ်လုံး ရှိတယ်လို့ သင်ရသလဲ လို့ မေးကြည့်ပါတယ်။ သူက ၉ လုံး ရှိတယ် ပြောတော့ ကျွန်တော်က သူ့ကို အခု ၉လုံး မရှိတော့ဘူး ၈ လုံးပဲ ကျန်တော့တယ် လို့ ပြန်ပြောပြပါတယ်။ အဲဒီမှာ ကျွန်တော့်တူမ ပြန်မေးလိုက်တဲ့ စကားကြောင့် ကျွန်တော် ပါးစပ်မပိတ်နိုင်အောင် ရယ်မိပါတယ်။ သူ့မေးခွန်းကတော့ “ဘာလို့ ဂြိုဟ်က ၈ လုံးပဲ ကျန်ရတာလဲ။ တစ်လုံးက နာဂစ်မုန်တိုင်း တိုက်တုန်းက လွင့်ထွက်သွားလို့လား။” ပါတဲ့။

ကိုးကား။ ။ (၁) ပလူတို(မြန်မာဝီကီပိဒိယ)
(၂) အဲရစ် (ဂြိုဟ်သိမ်ဂြိုဟ်မွှား) (မြန်မာဝီကီပိဒိယ)
(၃) http://en.wikipedia.org/wiki/2006_definition_of_planet
(၄) http://en.wikipedia.org/wiki/Cleared_the_neighbourhood

Wednesday, June 3, 2009

စင်ကာပူမှာ စားဖို့ ဝါးဖို့

တစ်ချိန်တုန်းက စင်ကာပူမှာ မြန်မာနိုင်ငံလိုပဲ အစားအသောက်ကို အထမ်းနဲ့ လှည့်ရောင်းတဲ့ ဈေးသည်တွေ၊ လမ်းဘေးမှာ ချရောင်းတဲ့ ဈေးသည်တွေ ရှိခဲ့ဖူး ပါတယ်။ အဲဒီလိုလူတွေကို ဟော့ကာ(Hawker) လို့ ခေါ်ပါတယ်။ နောက်တော့ အစိုးရက လမ်းဘေးမှာ အစားအသောက် ရောင်းတဲ့သူတွေကို စုစည်းပြီး တစ်နေရာထဲမှာ ဆိုင်တန်းအနေနဲ့ ဖွင့်ပေးပါတယ်။ အဲဒါကြောင့် စားသောက်တန်းတွေကို ဟော့ကာ စင်တာ (Hawker Centre) လို့ ခေါ်တယ်လို့ ကြားဖူးပါတယ်။ နှစ်ကာလ ရွေ့လျားလာတော့လည်း စားသောက်ဆိုင် အသေးစား ကလေးတွေ တစုတစည်းတည်း ရှိတဲ့ ဆိုင်တိုင်းကို ဟော့ကာစင်တာ လို့ပဲ ခေါ်ကြပါတော့တယ်။

စင်ကာပူက အင်္ဂလိပ်စကား ပြောတဲ့ နိုင်ငံ ဖြစ်ပေမယ့် အစားအသောက်ကိုတော့ အင်္ဂလိပ်လိုသာမကပဲ တရုတ်စကား၊ မလေးစကား၊ ဟောက်ကျန့်(Hokkien)တရုတ်စကား၊ ဗန်းစကား အခေါ်အဝေါ် အမျိုးမျိုးနဲ့ ခေါ်ကြပါတယ်။ ကော်ဖီဆိုင် တွေမှာတောင် ကော်ဖီနဲ့ လက်ဖက်ရည်ကို အင်္ဂလိပ်လို မဟုတ်ဘဲ ဒေသသုံး စကားတွေ ရောသမမွှေပြီး ခေါ်လေ့ ရှိပါတယ်။ အင်္ဂလိပ်လို မှာလို့ ရပေမယ့် အင်္ဂလိပ်လို ကောင်းကောင်း မတတ်တဲ့ စားပွဲထိုးတွေနဲ့ တွေ့ရင်တော့ ကိုယ်လိုချင်တာ မရဘဲ တိုင်ပတ် နေတတ်ပါတယ်။ ဒါပေမယ့် သူတို့ သုံးလေ့ သုံးထ ရှိတဲ့ အသုံးအနှုန်းတွေကို သိရင်တော့ ကိုယ်ကြိုက်တဲ့ အရသာ မှာလို့ ရနိုင်ပါတယ်။ စားပွဲထိုးတိုင်း နားလည်တဲ့ ကော်ဖီဆိုင် အသုံးအနှုန်းတွေကတော့ ဒီလိုပါ။

Kopi (ကိုပီ) - ကော်ဖီ
Teh (တေ) - လက်ဖက်ရည်
Kopi-C (ကိုပီစီး) - နို့စိမ်းနဲ့ ဖျော်ထားတဲ့ ကော်ဖီ
Teh-C (တေစီး) - နို့စိမ်းနဲ့ ဖျော်ထားတဲ့ လက်ဖက်ရည်
Kopi-Kau (ကိုပီကောင်း) - ကော်ဖီခါးခါး
Kopi Peng (ကိုပီပိန်း) - ကော်ဖီအေး
Teh Peng (တေပိန်း) - လက်ဖက်ရည်အေး
Kopi Siew Tai (ကိုပီရှူးတိုင် - ကော်ဖီ သကြားနည်းနည်း
Teh Siew Tai (တေရှူးတိုင်) - လက်ဖက်ရည် သကြားနည်းနည်း
Kopi Ka Tai (ကိုပီကတိုင်) - ကော်ဖီ သကြားများများ
Teh Ka Tai (တေကတိုင်) - လက်ဖက်ရည် သကြားများများ
Kopi-O (ကိုပီအို) - ဘလက်ကော်ဖီ
Teh-O (တေအို) - လက်ဖက်ရည် နို့ဆီမပါ
Kopi-Kosong (ကိုပီကိုဆုန်) - ဘလက်ကော်ဖီ သကြားမပါ
Teh-Kosong (တေကိုဆုန်) - လက်ဖက်ရည် နို့ဆီမပါ သကြားမပါ

ကိုဆုန် ဆိုတာက သုညကို မလေးလို ပြောတာပါ။ သူများပြောတာ နားထောင်ပြီး နည်းနည်း ကျင့်ပြော ကြည့်ပါ။ ကျွန်တော်တော့ ကော်ပီစီး ကို မပီမသ ပြောမိလို့ ကော်ဖီတစ်ခွက် တီးတစ်ခွက် ရတာ နှစ်ကြိမ် မကပါဘူး။ :D

မလေး အစားအစာ စားဖို့ကတော့ မလေးစကား နည်းနည်းပါးပါး နားလည်ထားရင် မှာရတာ ပိုပြီး အဆင်ပြေပါတယ်။ မလေး အစားအသောက် နာမည် အတော်များများက ဒီနားမှာပဲ ပတ်လည်ရိုက် နေပါတယ်။ ဂိုရင် (Goreng) ဆိုတာ အကြော်ကို ခေါ်ပါတယ်။ မီး(Mee) ဆိုတာက ခေါက်ဆွဲ၊ ဘီးဟွန်း(Bee Hoon) ဆိုတာက ကြာဇံ ၊ နာဆီ (Nasi) က ထမင်း လို့ အဓိပ္ပါယ် ရပါတယ်။ အဲဒီတော့ ခေါက်ဆွဲကြော် ဆိုရင် မီးဂိုရင်၊ ကြာဇံကြော် ဆိုရင် ဘီးဟွန်း ဂိုရင်၊ ထမင်းကြော် ဆိုရင် နာဆီဂိုရင် ခေါ်ပါတယ်။ ကြက်ကို အာရမ် (Ayam) ခေါ်ပြီး ငါးကို အိကန်း (Ikan) ခေါ်ပါတယ်။ ထမင်းကြော်ထဲ ကြက်သားကြော် ထည့်ချင်ရင် နာဆီ ဂိုရင် အာရမ် (Nasi Goreng Ayam) လို့ မှာလို့ ရသလို ငါးသေးသေးလေးတွေနဲ့ ကြော်ထားတဲ့ ထမင်းကြော် စားချင်ရင်တော့ နာဆီ ဂိုရင် အိကန်း ဘေလိစ်(Nasi Goreng Ikan Billis) လို့ မှာလို့ ရပါတယ်။

ဆိတ်ကို ကမ်ဘင်း ( Kambing) လို့ ခေါ်ပြီး အမဲသားကိုတော့ ဒါဂင်း(Daging) လို့ ခေါ်ပါတယ်။ စွတ်ပြုတ်ကတော့ စွပ်(Sup) ပါပဲ။ ဆိတ်စွတ်ပြုတ် သောက်ချင်ရင် ကမ်ဘင်းစွပ် လို့ မှာလို့ ရပြီး အမဲသား စွတ်ပြုတ် သောက်ချင်ရင်တော့ ဒါဂင်းစွပ် လို့ မှာလို့ ရပါတယ်။ ကမ်ဘင်းစွပ်က ကိုလက်စထရောများလို့ ဆိုပြီး စလုံးမှာ ရောင်းတဲ့ဆိုင် နည်းသွားပါပြီ။

စင်ကာပူက တရုတ်အစားအစာ အချို့မှာ ခရု (Cockle) ကို ထည့်တတ်ကြပါတယ်။ ကွေးတျောင် လို့ ခေါ်တဲ့ ခေါက်ဆွဲအပြားကို ကြော်ထားတဲ့ ချာကွေးတျောင် (Char Kway Teow) နဲ့ စင်ကာပူ အုန်းနို့ ခေါက်ဆွဲ (Laksa) တို့မှာ ခရု ထည့်တတ်ကြပါတယ်။ ကျွန်တော်က ခရု မကြိုက်ပါဘူး။ ခရု မစားချင်ရင် မိုက်ဟမ် (Mai Hum) လို့ မှာလို့ ရပါတယ်။ မိုက်ဟမ်က ဟောက်ကျန့် စကားပါ။ ခရု မလိုချင်ဘူး ဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။

တခါကတော့ အလုပ်မရှိ အကိုင်မရှိ အင်တာနက်ထဲမှာ စင်ကာပူမှာ နာမည်အကြီးဆုံး ဟော့ကာ စင်တာတွေကို ရှာကြည့်မိတော့ ဒီလင့်ခ် မှာ သွားတွေ့ပါတယ်။

http://www.visitsingapore.com/publish/stbportal/en/home/where_to_eat/f_b_experiences/uniquely_singapore/where_to_find_local.html


Raffles Place ဘူတာရုံနားက လောပါဆပ် (Lau Pa Sat) နဲ့ ဒူးရင်းသီးနားမှာ ရှိတဲ့ ဂလပ်တွန်ဘေး (Glutton Bay) ကိုတော့ စင်ကာပူမှာ နေတဲ့သူ အတော်များများ ရောက်ဖူးကြမှာပါ။ အဲဒီတော့ အကျယ် မပြောတော့ပါဘူး။ အဲဒီစာရင်းထဲ ပါတဲ့ အခြား ဟော့ကာစင်တာတွေထဲမှာ Maxwell Food Centre က အစားအသောက် အတော်စုံပါတယ်။ ဈေးလည်း ပေါပါတယ်။ Tanjong Pagar ဘူတာရုံကနေ လမ်းလျှောက်ပြီး သွားလို့ ရသလို တရုတ်တန်းကနေ ဘတ်စ်ကားစီးသွားရင်လည်း ရောက်ပါတယ်။ တခြား စားသောက်တန်း တွေတော့ အစုံ မရောက်ဖူးသေးလို့ မသိပါဘူး။ အဲဒီစာရင်းထဲ မပါတဲ့ အခြား နာမည်ကြီး ဟော့ကာစင်တာ တစ်ခုကတော့ Old Airport Road မှာ ရှိပါတယ်။ မြို့လယ်ခေါင်နဲ့ မနီးမဝေးပါ။ အဲဒီမှာ အစားအသောက် အတော်စုံသလို သမ္မတတောင် မှာစားရတယ်လို့ နာမည်ကြီးတဲ့ ရိုဂျတ် (Rojak) ဆိုင် နဲ့ ရောင်းမလောက် ငှက်ပျောကြော် (Pisang Goreng ) ဆိုင် ရှိပါတယ်။

စလုံးမှာ ရှိတဲ့သူများ ဝါးတီးကောင်းကောင်း ဆွဲနိုင်ဖို့ ရည်ရွယ်ပါတယ်။ ကျန်ခဲ့တာလေးများ ရှိရင် ဖြည့်စွက်ပေးနိုင်ပါတယ်။ :D

Monday, June 1, 2009

ဟိုတစ်စ ဒီတစ်စ ဟာသများ

ကိစ္စမရှိဘူး

အဖိုးကြီးကို သူ့သူငယ်ချင်းက ပြောပါတယ်။
“ခင်ဗျားမိန်းမ ကားဒရိုင်ဘာနဲ့ လိုက်ပြေးသွားတယ် လို့ ကြားလိုက်ရတယ်။ စိတ်မကောင်းပါဘူးဗျာ။”
အဖိုးကြီးက ပြန်ပြောပါတယ်။
“ကိစ္စမရှိပါဘူး။ ကျွန်တော် ကားမောင်းနိုင်ပါသေးတယ်။”


သိပ်သိရင် မဖြစ်ဘူး

ကောင်လေးက သူ့အမေကို ပြောပါတယ်။
“အမေ။ ကျွန်တော်တော့ စာဆက်မသင်ချင်တော့ဘူး။”
သူ့အမေက အံ့သြတကြီးနဲ့ “ဘယ်လို ဖြစ်တာလဲ။” လို့ မေးပါတယ်။
အဲဒီတော့ ကောင်လေးက ဒီလို ပြန်ဖြေပါတယ်။
“ဟိုတစ်နေ့က ကျွန်တော် ကြားလိုက်ရတယ် အမေ။ လူတစ်ယောက်ဟာ သိတာတွေ များလွန်းလို့ သေနတ်နဲ့ ပစ်သတ် ခံလိုက် ရတယ်တဲ့။”

ဘယ်သူထင်လဲ


အမျိုးသမီးတစ်ဦးဟာ သူမရဲ့ အိမ်ထဲကနေ လမ်းမပေါ်ကို အထိတ်တလန့်နဲ့ ပြေးထွက်လာပြီး အော်ပါတယ်။ “ကယ်ကြပါဦး။ ကယ်ကြပါဦး။ ကျွန်မသားလေး အကြွေစေ့တစ်စေ့ကို မျိုချပြီး အသက်ရှူ လမ်းကြောင်းပိတ်နေလို့။ ကျွန်မလည်း မလုပ်တတ်တော့ဘူး။”

အနားမှာ ရှိတဲ့လူတွေ အားလုံး မျက်နှာလွှဲသွားကြပါတယ်။ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကပဲ အမျိုးသမီးရဲ့ အိမ်ထဲကို ပြေးဝင်သွားပါပြီး သူမရဲ့ သားကို ရှာပါတယ်။ နောက်တော့ အဲဒီကလေးကို ခြေထောက်ကနေ ဇောက်ထိုးကိုင်ပြီး လှုပ်ရမ်းပါတယ်။ နောက်ဆုံးတော့ အကြွေစေ့ဟာ ကောင်လေးရဲ့ ပါးစပ်ထဲကနေ ထွက်ကျလာပါတယ်။

အမျိုးသမီးကတော့ ဝမ်းသာအားရနဲ့ “ကျေးဇူးတင်လိုက်တာရှင်။ ရှင်ဟာ ဆရာဝန်လား။” လို့ မေးပါတယ်။

အမျိုးသား ကတော့ “မဟုတ်ပါဘူး။ ကျွန်တော် အမြတ်ခွန် ဌာန ကပါ။” လို့ ပြန်ဖြေလိုက်ပါတယ်။

အကြောင်းရင်း

နပ်စ်မချောချောလေးက ဆရာဝန်ကို ပြောပါတယ်။
“ဒေါက်တာ။ ဒီလူငယ်ကို ကျွန်မ သွေးခုန်နှုန်း စမ်းလိုက်တိုင်း ပိုပြီး မြန်မြန်လာတယ်။ သူ့ကို စိတ်ငြိမ်ဆေး ပေးလိုက်ရမလား။”
ဆရာဝန်က ပြန်ဖြေပါတယ်။
“မလိုပါဘူး။ နောက်တစ်ခါ စမ်းမယ်ဆိုရင် သူ့မျက်လုံးကိုသာ အဝတ်နဲ့ စည်းထားလိုက်ပါ။”

ဘာလုပ်စားမှာလဲ

ဆရာ။ ။ “မင်းလုပ်သမျှ အကုန်အမှားချည်းပဲ။ ဒီပုံအတိုင်းသာဆိုရင် ကျောင်းပြီးရင် မင်းဘာလုပ်စားမှာလဲ။”
တပည့်။ ။ “စိတ်မပူပါနဲ့ ဆရာ။ ကျွန်တော် မိုးလေဝသ သတင်း ကြေငြာတဲ့သူ လုပ်မှာပါ။”

လူမိုက်ငှား

ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့အစည်းအဝေးမှာ ကုမ္ပဏီ ဥက္ကဌက ထပြီး စကားပြောပါတယ်။
“ငါ့ရဲ့ အတွင်းရေးမှူးမနဲ့ ရှုပ်နေတဲ့သူ ဘယ်သူ ရှိသလဲ။”
အားလုံးငြိမ်နေကြပါတယ်။ အဲဒီတော့ ဥက္ကဌက နောက်တစ်ခွန်း ထပ်မေးပါတယ်။
“ကောင်းပြီ။ ဒီလို ထားလိုက်။ ငါ့ရဲ့ အတွင်းရေးမှူးမနဲ့ မရှုပ်တဲ့သူ ဘယ်သူ ရှိသလဲ။”
ဒီတစ်ခါလည်း အားလုံး ငြိမ်နေကြ ပြန်ပါတယ်။ အချိန်အတော်လေး ကြာမှ တစ်ယောက်က ထပြောပါတယ်။
“ကျွန်တော် ရှိပါတယ်။”
ဥက္ကဌက ပြန်ပြောပါတယ်။
“ကောင်းပြီ။ မင်းသူ့ကို အလုပ်ဖြုတ်လိုက်။”

လေးချင်လေးပါစေ

ဝယ်သူ။ ။ “ဝတ္ထုစာအုပ် တစ်အုပ်လောက် ဝယ်ချင်လို့။ ကူညီပါဦး။”
စာအုပ်ဆိုင်ဝန်ထမ်း။ ။ “ရပါတယ် မဒမ်။ ဝယ်ချင်တဲ့ စာအုပ်နာမည် ဒါမှမဟုတ် စာရေးဆရာနာမည်လေး ပြောပါလား။”
ဝယ်သူ။ ။ “အင်း။ အဲဒီလိုမျိုးတော့ မရှိဘူး။ မင်းငါ့ကို သင့်တော်တဲ့ စာအုပ်တစ်အုပ်လောက် အကြံပေးလို့ ရမလား။”
စာအုပ်ဆိုင်ဝန်ထမ်း။ ။ “ရပါတယ်။ ဒါနဲ့ ပေါ့ပေါ့ပါးပါး စာအုပ်လိုချင်လား။ လေးလေးပင်ပင် စာအုပ် လိုချင်လား။”
ဝယ်သူ။ ။ “ပေါ့တာ လေးတာ ကိစ္စမရှိပါဘူး။ ငါ့ကားက ဆိုင်အပေါက်ဝမှာတင် ရပ်ထားတာပါ။”

အလှအပ နဲ့ အသိဉာဏ်

အမျိုးသား။ ။ “မိန်းမတွေ ဟာ ဘာဖြစ်လို့ အလှအပကို အသိဉာဏ်ထက် ပိုပြီး ဂရုစိုက်ကြသလဲ ဆိုတာကို ငါတော့ စဉ်းစားလို့ မရဘူး။”
အမျိုးသမီး။ ။ “ဒါကတော့ ရှင်းပါတယ်။ ယောက်ျားတွေက ဘယ်လောက်တုံးတုံး မျက်စိတော့ မကန်းကြဘူးလေ။”

ဘယ်သူရှိသေးလို့လဲ

ကျော်ကြားတဲ့ ရုပ်ရှင်မင်းသားတစ်ယောက်ကို စိတ်ပညာရှင်က မေးခွန်းမေးပါတယ်။
“ခင်ဗျားရဲ့ မိန်းမကို သစ္စာဖောက် ဖူးသလား။”
မင်းသားက ဒီလို ပြန်ဖြေပါတယ်။
“သူ့ကို သစ္စာမဖောက်ရင် ဘယ်သူ့ကို သွားပြီး သစ္စာဖောက်ရမှာလဲ။”

မယုံကြဘူး

တရားသူကြီး။ ။ “အရင်တစ်ခေါက် မင်းကိုငါ ဒီနေရာမှာ တွေ့တုန်းက မင်းကို ဒီနေရာမှာ ငါ ထပ်မမြင်ချင်ဘူးလို့ ပြောခဲ့တယ်။ မင်းမှတ်မိလား။”
တရားခံ။ ။ “မှတ်မိပါတယ် တရားသူကြီးမင်း။ ဒီရဲသားတွေကို ကျွန်တော် အဲဒီအတိုင်း ပြောပြပါတယ်။ ဒါပေမယ့် သူတို့က ကျွန်တော့်ကို မယုံကြဘူး။”

မတတ်နိုင်ဘူး

ဆရာဝန်တစ်ယောက်ဟာ ဂွကျတဲ့ လူ့မလိုင် တစ်ယောက်ကို စမ်းသပ်ဖို့ အခြေအနေ ဖြစ်လာပါတယ်။
“ကောင်းပြီ။ ခင်ဗျား ဘာဖြစ်သလဲ ကျွန်တော့်ကို ပြောပါ။” လို့ ဆရာဝန်က ပြုံးပြုံးရွှင်ရွှင်နဲ့ မေးပါတယ်။
“ကျွန်တော် ဘာဖြစ်သလဲ ဆိုတာကို ရှာဖွေဖို့က ခင်ဗျား အလုပ်ပဲလေ။” လို့ လူ့ဂွစာက ပြန်ပြောပါတယ်။
ဆရာဝန်က ခဏ စဉ်းစားပြီး ပြောပါတယ်။
“ကောင်းပြီ။ ကျွန်တော့်ကို တစ်နာရီလောက် အချိန်ပေးပါ။ ကျွန်တော့်သူငယ်ချင်း တစ်ယောက်ကို သွားခေါ်ချင်လို့ပါ။ သူက တိရိစ္ဆာန် ဆရာဝန်လေ။ ကျွန်တော် သိသမျှ လူထဲမှာ မေးခွန်းမမေးပဲ ရောဂါရှာနိုင်တဲ့ သူဆိုလို့ သူတစ်ယောက်တည်းပဲ ရှိတယ်။

စာလုံးပေါင်းမှားရခြင်း

ဝယ်သူ။ ။ “ခင်ဗျားဆိုင် ပြတင်းပေါက်က ကြော်ငြာထားတဲ့ စာတမ်းမှာ ဘာလို့ စာလုံးပေါင်းရော သဒ္ဒါရော အမှားတွေ အများကြီး ဖြစ်နေရတာလဲ။”
ဆိုင်ရှင်။ ။ “ဒါက ဒီလိုပါ။ အဲဒီစာတမ်းကို တွေ့တော့ လူတွေက ကျွန်တော့်ကို ငတုံးငအ လို့ ထင်ပြီး ကျွန်တော့်ဆီက ဝယ်ရင် ပေါချောင်ကောင်း ရမယ်လို့ ထင်ရတယ်။ အဲဒီ ကြော်ငြာ ချိတ်လိုက်တဲ့အချိန်က စပြီး ကျွန်တော့်ဆိုင် ရောင်းကောင်းလာတော့ တာပါပဲ။”

(Reader Digest Best Jokes ထဲက ဟာသတွေကို ဘာသာပြန်ထားတာပါ။)