Search This Blog

Tuesday, July 28, 2009

Password လုံခြုံရေး (၁)

Password နဲ့ ပတ်သက်တဲ့ သတိပေးချက် တွေကို မကြာခဏ ကြားဖူးကြမှာပါ။ အင်္ဂလိပ်စာလုံး အကြီးနဲ့ အသေးတွဲသုံးဖို့၊ နံပါတ်နဲ့ အက္ခရာ တွဲသုံးဖို့၊ #%&! အစရှိတဲ့ Special Character တွေ ထည့်သုံးဖို့၊ အဘိဓာန် ထဲက စကားလုံးတွေ မသုံးဖို့၊ စာလုံး အရေအတွက် များများ သုံးဖို့၊ QWERTY လိုမျိုး အစဉ်လိုက် စာလုံးတွေ မသုံးဖို့ ဆိုတဲ့ သတိပေးချက်မျိုး တွေကို ကြားရတတ် ပါတယ်။ဒါပေမယ့် ကွန်ပြူတာ အသုံးပြုသူ အများစုကတော့ ဘာအကြောင်းကြောင့် ဒီလို သတိပေးတယ် ဆိုတာကို သဘောမပေါက် ကြပါဘူး။ အလွယ်တကူ မှတ်လို့ မရအောင် အဲဒီလို လုပ်ခိုင်းတယ် လို့ပဲ ထင်တတ်ပါတယ်။

တကယ့် အကြောင်းရင်းမှန်ကတော့ အလွယ်တကူ မှတ်လို့ မရရုံတင် မကပါဘူး။ Password သူခိုးတွေ သုံးတတ်တဲ့ အဘိဓာန် တိုက်ခိုက်မှု (Dictionary Attack) ၊ ဘရုဖို့စ် တိုက်ခိုက်မှု (Brute Force Attack) စတဲ့ နည်းတွေကနေ ရှောင်နိုင်အောင်လည်း ပါဝင်ပါတယ်။ Password သူခိုး များဟာ ရေးထားပြီးသား ပရိုဂရမ်တွေ Script တွေကို သုံးပြီး Password ဖြည့်ရမည့် နေရာမှာ ဖြစ်နိုင်ခြေ ရှိတဲ့ Password တွေကို အလိုအလျောက် ဖြည့်ကြည့်ကြပါတယ်။ အဲဒီလို ပရိုဂရမ်တွေ ကလည်း ကိုယ်တိုင် ရေးစရာ မလိုပဲ အင်တာနက်မှာတင် အလွယ်တကူ ရှာလို့ ရနိုင် ပါတယ်။

အဘိဓာန် တိုက်ခိုက်မှု (Dictionary Attack) ဆိုတာကတော့ အဲဒီလို ရေးထားပြီးသား ပရိုဂရမ်ကို သုံးပြီး အဘိဓာန် ထဲမှာ ရှိတဲ့ အင်္ဂလိပ်စာလုံးတွေကို ပုံစံမျိုးစုံနဲ့ ပေါင်းစပ်ပြီး ဖြည့်ကြည့်တာကို ခေါ်ပါတယ်။ ဥပမာ အားဖြင့် night နဲ့ parking ပေါင်းပြီး nightparking ဆိုတဲ့ စာလုံးမျိုး၊ Bird နဲ့ Park ပေါင်းပြီး birdpark ဆိုတာမျိုးကို Password နေရာမှာ ဖြည့်ကြည့်ကြတာ မျိုးပါ။ အဲဒီတော့ ကိုယ့်ရဲ့ Password က အဘိဓာန် ထဲမှာ ရှိတဲ့ စာလုံးတွေကို သုံးထားတယ် ဆိုရင် အဘိဓာန် တိုက်ခိုက်မှု ကြောင့် Password သူခိုးတွေရဲ့ လက်ကို ရောက်သွားနိုင်ပါတယ်။ အဘိဓာန် တိုက်ခိုက်မှုကို သုံးတဲ့ Password သူခိုးအနေနဲ့ အင်္ဂလိပ် အဘိဓာန်သာ မကပဲ သူကြိုက်တဲ့ အဘိဓာန်ကို ပရိုဂရမ်ထဲမှာ အလွယ်တကူ ထည့်ပြီး သုံးလို့ရပါတယ်။ အဲဒါကြောင့် အင်္ဂလိပ် အဘိဓာန် မသုံးပဲ မလေးစကားလုံးလို အင်္ဂလိပ်စာနဲ့ ရေးထားတဲ့ စာလုံးမျိုးတွေကို သုံးရင်လည်း စိတ်မချရပါဘူး။ အဘိဓာန်ထဲက စကားလုံးတွေကို Password အနေနဲ့ မသုံးတာဟာ အကောင်းဆုံးပါပဲ။ Password သူခိုးတွေဟာ အဘိဓာန် တိုက်ခိုက်မှု ထဲမှာ qwerty, asdfg စတဲ့ ကီးဘုတ်ပေါ်မှာ ရှိတဲ့ ဂဏန်း အစဉ်လိုက် စာလုံးတွဲတွေကိုလည်း သုံးတတ်တဲ့ အတွက် ကီးဘုတ်ပေါ်မှာ ရှိတဲ့ အစဉ်လိုက် အက္ခရာတွေကို Password အနေနဲ့ ထားခြင်းမှလည်း ရှောင်သင့်ပါတယ်။

ဘရုဖို့စ် ဆိုတာကတော့ ဖြစ်နိုင်ခြေ ရှိတဲ့ စာလုံးတွေကို ပုံစံမျိုးစုံနဲ့ ဖြည့်ကြည့်တဲ့ တိုက်ခိုက်မှုပါ။ ဥပမာ အားဖြင့် ဘရုဖို့စ် နဲ့ တိုက်ခိုက်မယ့် Password သူခိုးက Password ၆လုံးစာ နေရာကို ကို 0 ကနေ 9 အထိ ဖြည့်ကြည့်မယ် ဆိုကြပါစို့။ ပရိုဂရမ်က Password ဖြည့်ရမယ့် နေရာမှာ 0 ကနေ 999999 အတွင်း ရှိ သမျှ ဂဏန်းတွေကို အလို အလျောက် ဖြည့်ကြည့်ပါတယ်။ ဖြစ်နိုင်ခြေ ရှိတဲ့ password အားလုံးပေါင်းက (106 + 105 + 104 + 103+ 102 + 10)= ၁၁ သန်းကျော် ရှိပါတယ်။ (10 က ဖြစ်နိုင်ခြေ ရှိတဲ့ 0 ကနေ 9 အထိ ဂဏန်း ၁၀ လုံးကို ရည်ညွှန်းပြီး ရှေ့ဆုံးက ပါဝါ 6 ကတော့ ဂဏန်း ၆ လုံးစာနေရာကို ရည်ညွှန်းပါတယ်။) ဒါပေမယ့် ၁၁ သန်းကျော် ဆိုတဲ့ ဂဏန်းကို ကွန်ပြူတာနဲ့ ဖြည့်ကြည့်ဖို့ မိနစ်ပိုင်း ပဲ ကြာပါတယ်။ အကယ်၍ ဂဏန်းချည်း သက်သက်မဟုတ်ပဲ အင်္ဂလိပ်အက္ခရာ စာလုံး အသေး ကိုပါ တွဲဖြည့်မယ် ဆိုရင်တော့ a ကနေ z အထိ အက္ခရာ ၂၆ လုံး ပိုလာပါပြီ။ အက္ခရာ ၃၆ လုံးအတွက် ဖြစ်နိုင်ခြေ ရှိတဲ့ ဂဏန်း အားလုံးပေါင်းက (366 + 365 + 364 + 363+ 362 + 36) = 2.2 ဘီလီယံ ကျော် ရှိပါတယ်။ အဲဒီအတွက် ပရိုဂရမ်ကို Run ရတဲ့ အချိန်က ဂဏန်း ချည်း သက်သက် ဖြည့်တာထက် စာရင် အဆ ၂၀၀ ကျော် ပိုကြာပါတယ်။ အင်္ဂလိပ်စာလုံး အကြီးအသေး၊ ဂဏန်းနဲ့ ကီးဘုတ် ပေါ်က ရိုက်ထည့်လို့ရတဲ့ Special Character ၃၂ လုံးကို တွဲဖြည့်မယ် ဆိုရင်တော့ စုစုပေါင်း အက္ခရာ ၉၄လုံး ဖြစ်တဲ့အတွက် ဖြစ်နိုင်ခြေ ရှိတဲ့ Password က ၆၉၇ ဘီလီယံ ကျော် ရှိပါတယ်။ ဂဏန်း ချည်းသက်သက် ဖြည့်တာထက် စာရင် အဆ ၆သောင်း နီးပါး ပိုကြာပါတယ်။ အဲဒီတော့ ကိုယ့်ရဲ့ Password ထဲမှာ အက္ခရာ အကြီးအသေး ဂဏန်း နဲ့ Special Character တွေ တွဲဖြည့်မယ် ဆိုရင် ဘရုဖို့စ် တိုက်ခိုက်မှုက နေ ရှောင်နိုင်ဖို့ အခွင့်အလမ်း များပါတယ်။ Password အလုံးရေ ၁၂ လုံးထက် ပိုမယ် ဆိုရင် အကောင်းဆုံးပါပဲ။

Password ကို မကြာခဏ ပြောင်းပါ ဆိုတာလည်း ဒါကြောင့်ပါပဲ။ ကိုယ့်ရဲ့ Password ကို တစ်စုံ တစ်ယောက်က စိတ်ရှည်လက်ရှည်နဲ့ နေ့တိုင်း တိုက်ခိုက်နေမယ် ဆိုရင် တစ်နေ့မဟုတ် တစ်နေ့တော့ ကိုယ့်ရဲ့ Password ကို ဖော်နိုင်မှာပါပဲ။ ဒါကြောင့် Password ကို မကြာခဏ ပြောင်းပေးတာဟာ ပိုပြီး လုံခြုံမှု ရှိစေပါတယ်။

ဒါပေမယ့် User တွေ အတွက် အဓိက ပြသနာက အဲဒီလို အားကောင်းတဲ့ Password ကို ဘယ်လို မှတ်မိအောင် လုပ်မလဲ ဆိုတဲ့ ပြသနာပါ။ အရိုးအရှင်းဆုံး Password ဖန်တီးနည်းကို အခုလို မှတ်သား ဖူးပါတယ်။ ဂဏန်းတွေ ပါတဲ့ အင်္ဂလိပ် စာကြောင်းတစ်ခုကို မှတ်မိအောင် လုပ်လိုက်ပါ။ ဥပမာ She have 3 cats 2 dogs and he is 5 feet 8 inches tall ဆိုတာမျိုးပါ။ ပြီးရင် ရှေ့ဆုံးစာလုံးတွေကို ယူပါ။ sh3c2dahi5f8it ဆိုပြီး ရပါတယ်။ နာမ်စားတွေကို အင်္ဂလိပ် အက္ခရာ အကြီး ပြောင်းလိုက်ပါ။ ပြီးရင် ကျန်တဲ့စာလုံးတွေမှာ (a = @ , h = # , p = % , s = $ ) စတာမျိုးတွေ အစားထိုးလိုက်ပါ။ အဲဒါဆိုရင် ခုန စာကြောင်းကနေ Sh3c2d@H!5f8!t ဆိုပြီး အလွယ်တကူ ခိုးလို့မရနိုင်တဲ့ Password တစ်ခု ထွက်လာပါလိမ့်မယ်။ မမှတ်မိရင် အင်္ဂလိပ်စာကြောင်းကို ပြန်စဉ်းစားပြီး အစပြန်ဖော်လို့ ရပါတယ်။ ရိုက်ပါများရင် မှတ်မိသွားပါလိမ့်မယ်။

အဲဒါဆိုရင် မေးစရာ နောက်တစ်ခု ရှိလာပါပြီ။ ကျွန်တော်တို့ရဲ့ အီးမေးလ်တွေ ကို ဘရုဖို့စ် တိုက်ခိုက်မှုနဲ့ Password ဖော်လို့ ရသလား ဆိုတာပါ။ ရာဟူး ဂျီမေးလ်စတဲ့ အီးမေးလ်တွေမှာ ဘရုဖို့စ် တိုက်ခိုက်မှုကို ကာကွယ်ဖို့အတွက် Catcha လို့ ခေါ်တဲ့ Word Verification ထည့်ထားပါတယ်။ Password ကို ၃ ခါ မှားနှိပ်မိရင် Word Verification ပေါ်လာပြီး Password နဲ့အတူ ကွန်ပြူတာ ဖန်သားပြင်မှာ ပေါ်လာတဲ့ စာလုံးတွေကို ရိုက်ထည့်ပေးရပါတယ်။ အဲဒီ လို ပေါ်လာတဲ့ စာလုံးတွေကို ကွန်ပြူတာ ပရိုဂရမ်နဲ့ အလွယ်တကူ ဖတ်လို့မရတဲ့ အတွက် ဘရုဖို့စ်နဲ့ တိုက်ခိုက်လို့ အလွယ်တကူ မရနိုင်ပါဘူး။ ဒါပေမယ့် ကွန်ပြူတာမှာ Optical Character Recognition လို့ ခေါ်တဲ့ ဖန်သားပြင်ပေါ်က စာလုံးတွေကို ဖတ်လို့ရတဲ့ နည်းပညာလည်း ရှိပါသေးတယ်။ အဲဒါကြောင့် စာလုံးတွေကို အတည့်အတိုင်း မရေးပဲ ရွဲ့စောင်း ရေးထားပြီး Word Verification ကို OCR နည်းပညာကို သုံးပြီး အလွယ်တကူ ဖတ်လို့ မရအောင် လုပ်ထားပါတယ်။ ကျွန်တော်တို့ သုံးနေကျ တစ်ချို့ဝက်ဘ်ဆိုဒ် (လုံခြုံရေး အရ အမည် မဖော်လိုပါ။) တွေမှာ Catcha မပါပါဘူး။ အဲဒီအတွက် ဘရုဖို့စ်နဲ့ တိုက်ခိုက်တဲ့ အခါမှာ ကိုယ့်ရဲ့ Password က အားနည်းနေရင် တခြားသူလက်ကို အလွယ်တကူ ရောက်သွားနိုင် ပါတယ်။ အဲဒါကြောင့် ကိုယ်သုံးနေတဲ့ ဝက်ဘ်ဆိုဒ်မှာ Catcha မပါမှန်း သိရင် Password ကို တတ်နိုင်သမျှ အားကောင်းအောင် လုပ်ထားပါလို့ အကြံပေးချင် ပါတယ်။

ဒါကတော့ Password ရွေးချယ်ရာမှာ သိထားသင့်တဲ့ အချက်တွေပါ။ နောက်ကြုံရင်တော့ Phishing Attack နဲ့ KeyLogger တွေ၊ ScreenLogger တွေ စတဲ့ Password သူခိုးများ သုံးတတ်တဲ့ နည်းတွေကို ရေးပါဦးမယ်။

(Certified Ethical Hacker Version 6 သင်ရိုးညွှန်းတမ်းကို ကိုးကားထားပါတယ်။)

Wednesday, July 22, 2009

ဒိုင်ကြောင်များနဲ့ အချစ်ဇာတ်လမ်း

“ငါတော့ စိတ်ညစ်ပါတယ်ဟယ်။ သေသာ သေချင်တော့တာပဲ။”
“နင်ဘာဖြစ်လာပြန်ပြီလဲ။”
“လူတွေက ကောင်းကို မကောင်းပါဘူး ဝဏ္ဏရယ်။ ငါ့အကြောင်းကို ငါ့ကွယ်ရာမှာ မကောင်းပြောကြတယ်။”
“ဘာဖြစ်လဲဟ။ နင့်ရှေ့မှာ မပြောချင်လို့ နင့်နောက်မှာ ပြောတာပဲ။”
“နင်ကလဲ။ လုပ်ပြန်ပြီ။ ငါ့ကို လူတွေက အဲဒီလိုကြီး မြင်နေတော့ ဘယ်ကောင်းမလဲဟ။”
“နင်အသေအချာ စဉ်းစားကြည့်စမ်း။ လူတွေ နင့်ကို မကောင်းမြင်တယ် ထားဦး။ ဘယ်သူမှ နင့်ကို ၂၄ နာရီလုံး မကောင်းမြင် မနေနိုင်ဘူး။ နင့်မကောင်းကြောင်းကိုလည်း ၂၄ နာရီလုံး ထိုင်ပြော မနေနိုင်ဘူး။ မကောင်း မြင်တဲ့စိတ် ဆိုတာ သူတို့ စိတ်ထဲမှာ ခဏလေး ဖြစ်လာတဲ့စိတ်။ ခဏနေရင် ပျောက်သွားရော။ သူတို့ စိတ်ထဲ ခဏလေး ဖြစ်တဲ့ မကောင်းမြင်စိတ်အတွက် နင်က တချိန်လုံး တွေးပြီး စိတ်ညစ်နေတယ် ဆိုတာက မတန်ပါဘူးဟာ။ အဓိပ္ပါယ်လည်း မရှိပါဘူး။ ကိုယ့်ဘာသာကိုယ် လုပ်စရာ ရှိတာ လုပ်စမ်းပါဟာ။”
“ဒါပေမယ့်ဟာ ငါ့အကြောင်း မကောင်းပြောတော့ ငါနာမည်ပျက်တာပေါ့ဟ။”
“ဒီမှာ။ နင်စဉ်းစားစမ်း။ နောင် အနှစ် ၁၀၀ဆိုရင် နင်လည်း ဒီကမ္ဘာမှာ ရှိတော့မှာ မဟုတ်ဘူး။ ငါလည်း ဒီကမ္ဘာမှာ ရှိတော့မှာ မဟုတ်ဘူး။ နင့်ကို မကောင်းပြောတဲ့သူတွေလည်း တစ်ယောက်မှ ဒီကမ္ဘာမှာ ရှိတော့မှာ မဟုတ်ဘူး။ အကုန် မြေကြီးထဲ ရောက်နေပြီ။ နင့်ကို အခုလို မကောင်းပြောတဲ့ကိစ္စ လူတွေ သတိရဖို့ ဝေးလို့ နင်နဲ့ငါ့နာမည်ကိုတောင် သတိရတဲ့သူ ရှိရင် ကံကောင်းတယ်မှတ်။”

ဝဏ္ဏဆိုတာကတော့ ဆံပင်မဖြီးပဲ အဝတ်အစားကို ဖြစ်သလို ဝတ်တတ်တဲ့ အကောင်းမြင်သမား တစ်ယောက်ပါ။ အမြဲတမ်း ပြုံးနေတတ်ပြီး ဒိုင်ကြောင်တွေလည်း အမြဲလိုလို လွှတ်တတ်ပါတယ်။ သူ့ရဲ့ ရည်းစားကတော့ သဘောကောင်းပေမယ့် အမြဲတမ်း အရာရာကို စိုးရိမ်ကြောင့်ကြ နေတတ်တဲ့ မိန်းကလေးပါ။ သူတို့နှစ်ယောက် အမြဲတမ်း အဲဒီလို စကားမျိုးတွေ ပြောတတ်ပါတယ်။

“ငါ စိတ်အရမ်း ညစ်နေတယ်ဟ။”
“ဘာဖြစ်ပြန်ပြီလဲ။”
“မနက်ဖြန် စာမေးပွဲအတွက် ငါ စာတွေ သိပ်မရသေးဘူးဟ။ အမှတ်ကောင်းဖို့တော့ မလွယ်ပါဘူးဟယ်။”
“အော်။ ခက်ပြီ။ အကောင်းဆုံး ကြိုးစားပေါ့ဟာ။ စိတ်ပူစရာ မရှိပါဘူး။ ရချင်သလောက် ရပေစေပေါ့။ နင့်ကိုနင် ဘယ်လောက်ပိုင်သလဲ စဉ်းစားစမ်း။ လက်ဖျစ်တစ်တွတ်တောင် ပိုင်တာ မဟုတ်ဘူး။ သင်္ခါရ တရားအရ နင်နှာခေါင်းဖျားက ရှူလိုက်တဲ့လေ အဆုတ်ထဲ မရောက်ခင် နင် အသက်ပျောက်သွားနိုင်တယ်။ မမြဲတဲ့ သေရင် ကိုယ့်နောက်မပါမယ့် အရာတွေ အတွက် တွေးပြီး စိတ်ညစ် မနေစမ်းပါနဲ့ဟာ။”

“ငါ့သူငယ်ချင်းလေး သနားပါတယ်ဟယ်။”
“ဘာဖြစ်လို့လဲ။”
“သူ့ဘဲနဲ့လေ ၄-၅ နှစ်တွဲလာပြီးမှ အခု ကွဲသွားကြပြီ။”
“အော်။ ဒါများ အဆန်းလုပ်လို့ဟာ။ အတွဲဆိုတာ ယူဖြစ်မှ လင်မယားဖြစ်တာပဲ။ အခုဟာက မယူခင် ကွဲကြတာပဲ။ ယူပြီးမှ ကွဲရင် တစ်ခုလပ် ဖြစ်နေဦးမယ်။ မယူသေးခင် ကတည်းက အဆင်မပြေတဲ့နောက် ယူပြီးရင် ဘယ်လို လုပ်ကြမှာလဲ။ ဒီ ၄-၅ နှစ်တောင်မှ အဆင်မပြေရင် နောက် အနှစ် ၄-၅၀ ဘယ်လို ပေါင်းကြမှာလဲ။ ဖြစ်တတ်ပါတယ်ဟာ။”

ဒီလိုနဲ့ ဝဏ္ဏရဲ့ ဒိုင်တွေ အမြဲတမ်း ကြားနေရတာမို့ သူနဲ့ တွဲပြီး နှစ်နည်းနည်းလေး ကြာလာတော့ ကောင်မလေးလည်း အခြေအနေ အတော်လေး တိုးတက်လာပါတယ်။ အရင်လို အမြဲတမ်း စိုးရိမ် မနေတတ် တော့ပဲ အကောင်းမြင်စိတ်တွေ ဝင်လာပါပြီ။ ဝဏ္ဏလည်း သူ့ရည်းစားရဲ့ တိုးတက်မှုတွေကို ကြည့်ရင်း သူ့ရဲ့ လက်ချာတွေ အောင်မြင်တယ်ဆိုပြီး သဘောကျနေပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာပေါ့။

“ဟဲ့ ဝဏ္ဏ။ နင့်ကို ပြောစရာ ရှိတယ်။”
“ဘာလဲ။ ပြောလေ။”
“နင်နဲ့ ငါနဲ့ ပြတ်ရအောင်ဟာ။”
“လာနောက် မနေစမ်းပါနဲ့ဟာ။”
“မနောက်ဘူး။ ငါအတည် ပြောနေတာ။ ငါနောက် ရည်းစားရနေပြီ။”
“နင်ကလည်းဟာ လုပ်ရက်တယ်။ ဒီလောက် နှစ်တွေ အကြာကြီး တွဲလာပြီးမှ။”
“ဘာဖြစ်လဲဟာ။ နင်နဲ့ငါ ယူမှ လင်မယားဖြစ်တာပဲ။ အခု သမီးရည်းစား ကတည်းက ကွဲကြတော့ တခုလပ် မဖြစ်တော့ဘူးပေါ့ဟာ။ နင်နဲ့ငါ အခု ၃-၄ နှစ် အဆင်မပြေရင် နောင် အနှစ် ၃-၄၀ ဘယ်လို ရှေ့ဆက်ကြမလဲ။”
“နင်နဲ့ ငါနဲ့ အကြောင်းကို လူတိုင်း သိနေတယ်ဟ။ နင် လူတွေကို ဘယ်လို မျက်နှာပြမှာလဲ။”
“ကိစ္စမရှိပါဘူးဟာ။ လူတွေ ငါတို့ အကြောင်းကို ၂၄ နာရီလုံး တွေးနေ ပြောနေနိုင်တာမှ မဟုတ်တာ။ နောက်ပြီး နောင် အနှစ်၁၀၀ ကျရင် အခုလို မကောင်းပြောတဲ့သူတွေ အားလုံး မြေကြီးထဲ ရောက်ကုန်ပြီဟ။ ငါ့နာမည်ကို မှတ်မိရင် ကံကောင်း။”
“တော်ပါတော့ဟာ။ ငါတော့ အတော် ညစ်သွားပြီ။”
“နင်ကလည်း စိတ်မညစ်စမ်းပါနဲ့။ နင့်ကိုယ်နင် လက်ဖျစ် တစ်တွတ်တောင် ပိုင်တာ မဟုတ်ဘူး။ နင် အသက်ရှူတာ မဆုံးခင် အသက်ပျောက်သွားနိုင်တယ်လေဟာ။ ငါ့ကိုလည်း နင်ပိုင်တာမှ မဟုတ်တာ။ မမြဲတဲ့ အရာတွေ အတွက် တွေးပြီး စိတ်ညစ်မနေစမ်းပါနဲ့။”

စကားအဆုံးမှာတော့ ဝဏ္ဏတစ်ယောက် ပါးစပ် အဟောင်းသားနဲ့ ရယ်ရမလို ငိုရမလိုပဲ ဖြစ်နေပါတယ်။

Friday, July 17, 2009

လူပျိုသိုးကြီးများ သိဖို့ကောင်မလေးတို့အကြောင်း

ဒီရက်ပိုင်း ငံပြာရည်ပုံးထဲ ဆားခတ်ထားတဲ့ လေးလေးနက်နက် ပို့စ်တွေ များသွားပြီ။ စိတ်ရှုပ်လို့ ပေါ့ပေါ့ပါးပါး ပေါက်တတ်ကရ ရေးလိုက်ပါဦးမယ်။

အခုတလော အနီးပတ်ဝန်းကျင်မှာ ရှိတဲ့ လူပျိုကြီးများကို ဘာလို့ လူပျိုကြီး ဖြစ်နေရသလဲလို့ တစေ့တစောင်း အကဲခတ်ကြည့်ပါတယ်။ :D သူတို့တွေမှာ တူညီတဲ့ အချက် အတော်များများကို သွားတွေ့ပါတယ်။ အဓိက အချက်ကတော့ မိန်းကလေးတွေ အကြောင်းကို မသိကြပါဘူး။ ယောက်ျားလေးတွေ လိုပဲ ထင်တတ်ကြပါတယ်။ ဒါကြောင့်လည်း အခု အချိန်အထိ မစွံနိုင်ကြသေးတာပါ။ အဲဒါကြောင့် သိထားသလောက် တိုးတိုးတိတ်တိတ် ဘလော့ခ် ပေါ်ကနေ ပြောပြပါမယ်။ မှားသွားလည်း ကိစ္စမရှိပါဘူး။ ပြင်ပေးကြပါလိမ့်မယ်။ ဒီကိစ္စက ယူနီကုတ်ထက် ပိုပြီး ဆွေးနွေး ပေးမယ့်သူ ပေါပါတယ်။

ခေတ်ကြီးကတော့ အတော်ကို တိုးတက်လာပါပြီ။ ကျွန်တော်တို့ ငယ်ငယ်တုန်းကလို ကောင်မလေးကို တကူးတက လမ်းမှာစောင့်ပြီး ရည်းစားစကားလိုက်ပြောရတာတို့၊ ရည်းစားစာ လိုက်ပေးရတာတို့ လုပ်ဖို့ မလိုတော့ပါဘူး။ Gtalk တွေ၊ E-mail တွေ၊ SMS (Text) နည်းပညာတွေက ဒီနေရာမှာ အသုံးချလို့ ရပါတယ်။ တိုးတက်လာတဲ့ နည်းပညာကို အပြည့်အဝ အသုံးချတတ် ဖို့ပဲ လိုပါတယ်။

ပွားမယ် စဉ်းစားရင် စစချင်း ဆောက်နဲ့ထွင်းဆိုတာမျိုးကို ရှောင်ပါ။ Gtalk မှာ ခဏခဏ လာ Chat တယ်၊ အကြောင်းမရှိ အကြောင်းရှာ ဖုန်းဆက်တယ် ဆိုကတည်းက လာအီတယ် ဆိုတာကိုတော့ မိန်းကလေးတိုင်း အနည်းနဲ့ အများ သိပါတယ်။ စစချင်း သိပ်ပြီး ပေါ်တင်ကြီး မဖြစ်ဖို့တော့ လိုပါတယ်။ အစပိုင်းတော့ ကိုယ်မဟုတ် သလို အသာလေး ရူးချင်ယောင် ဆောင်နေပါ။ နည်းနည်း အခြေအနေ ကောင်းတယ် ထင်ရင် စကား ပြောရင်း တစ်ခွန်းစ နှစ်ခွန်းစ သွေးတိုးစမ်းကြည့်ပါ။ အခြေအနေကောင်းရင် ဆက်လှုပ်ရှားပါ။ အခြေ အနေ မကောင်းဘူး ထင်ရင် ရူးချင်ယောင်ဆောင်ပြီး ခဏပြန်ငြိမ်နေပါ။ တစ်ခါတစ်လေ တော့လည်း မှန်းရခက်ပါတယ်။ သူတို့က ကြိုက်ရဲ့သားနဲ့လည်း ပဲများပြီး အိုက်တင်တွေလည်း လုပ်တတ်ပါသေးတယ်။ တစ်ခါလောက် ငြင်းခံရရုံနဲ့ လက်မလျော့ပါနဲ့။ အခွင့်သာရင် နောက်တစ်ခေါက် ပြန်လှုပ်ရှားပါ။

စကားပြောတဲ့ နေရာမှာ သတိထားပြီး ပြောဖို့ လိုပါတယ်။ ကောင်မလေးများက ဆရာလိုလို သဘာလိုလို လုပ်တဲ့သူများ၊ အလွန်ကြွားတဲ့ သူများ၊ နေရာတကာ ဘုရားဒါယိကာ ဂိုက်ဖမ်းနေတဲ့ သူများကို သဘောမကျတာ များပါတယ်။ စကားပြောရင် တော့ပစ်တစ်ခုတည်းမှာ အကြာကြီး တမေ့တမော ပြောတတ်တဲ့ အကျင့်မျိုး ကလည်း မကောင်းပါဘူး။ ကိုယ့်မှာ အဲဒီအကျင့်တွေ ရှိနေရင် Chat တဲ့ အချိန်၊ ဖုန်းပြောတဲ့အချိန် သတိထားပြီး ဖျောက်ပါ။ သူ့ရဲ့ အခွင့်အရေး ၊လွတ်လပ်မှုနဲ့ ပတ်သက်ပြီး ချုပ်ချယ်တဲ့ စကားမျိုး မပြောမိဖို့ သတိထားပါ။ ဒါတွေက နောက်မှ ညှိယူလို့ ရပါတယ်။ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို သူက စမပြောဘဲ စပ်စပ်စုစု ထဲထဲဝင်ဝင် လိုက်မမေးပါနဲ့။ သူပြောရင်တော့ အလိုက်သင့် ဖော်လို လိုက်ပေးပါ။ အိုဘားမား အကြောင်း ကွန်ပြူတာ အကြောင်း စတာတွေဟာ ယောက်ျားလေးများ အချင်းချင်း ပြောရင် ကိစ္စမရှိပေမယ့် မိန်းကလေး တွေနဲ့ ပြောဖို့ သင့်လျော်တဲ့ တော့ပစ် မဟုတ်ပါဘူး။ ပွားတဲ့အချိန် တောင်စဉ်ရေမရ အရည်မရ အဖတ်မရ ကိစ္စမျိုးကို ဦးစားပေးပြီး ပြောပါ။

ကိုယ်က စဖို့ပဲ လိုပါတယ်။ နောက်ဆို သူတို့ကချည်းပဲ ပြောပါလိမ့်မယ်။ ဘယ်သူ့ကို မကျေနပ်တာတွေ ဘယ်မှာ ဘယ်လို အဆင်မပြေ ဖြစ်ခဲ့တာတွေ မကြားချင်မှ အဆုံး ကြားရပါလိမ့်မယ်။ နားထောင်ပေးလိုက်ပါ။ အကြံပေးဖို့ မလိုပါဘူး။ သူတို့ အတွက် သူတို့ ပေါက်ကွဲတာကို နားထောင်ပေးမယ့်သူပဲ လိုပါတယ်။ “ရုံးမှာ အဆင်မပြေရင် နောက်အလုပ် ပြောင်းလုပ်ပေါ့ကွာ။” “သူနဲ့ အဆင်မပြေဘူးလား။ ဒီလိုသူငယ်ချင်းမျိုးများ ပေါင်းမနေနဲ့။” ဆိုတဲ့ အကြံပေးတာမျိုးတွေကို ရှောင်ပါ။ မကျေနပ်ပေမယ့်လည်း အဲလိုတွေ ပြောရင် ပြသနာက ကိုယ့်ဘက် လှည့်လာနိုင်ပါတယ်။ နားထောင် ပေးရုံနဲ့ “ဟုတ်တာပေါ့။ ဒါမဖြစ်သင့်ဘူး။” ဆိုတာလောက်နဲ့တင် လုံလောက်ပါတယ်။

မိန်းကလေး တစ်ယောက်ကို အမြဲတမ်း ခယနေဖို့ မလိုပါဘူး။ အမြဲတမ်း အပေါ်စီးကနေ ပြောလို့လည်း မဖြစ်ပါဘူး။ မိန်းကလေးတွေက တသမတ်တည်း သွားနေတဲ့ ယောက်ျားမျိုးကိုလည်း သဘောမကျပါဘူး။ ရသစုံတာကို ပိုသဘော ကျပါတယ်။ တစ်ခါတစ်လေ ရန်ဖြစ်တာ စိတ်ကောက်တာ တွေတော့ ရှိမှာပါပဲ။ စိတ်ကောက်တာ သူတို့ အကျင့်ပါ။ အဲဒါကြောင့် “စိတ်မကောက်နဲ့။ မချော့တတ်ဘူး။” ဆိုတဲ့ စကားမျိုးကို ရည်းစားဖြစ်ပြီးရင် တောင်မှ ယောင်လို့မှ မပြောမိပါစေနဲ့။ မိန်းကလေးများ အလွန် အချော့ကြိုက်ပါတယ်။ ချော့တတ်အောင်တော့ ကျင့်ထားဖို့ လိုပါတယ်။

နောက်တစ်ခုက သတိတရ ဂရုစိုက်ဖို့ပါ။ မိန်းကလေးများ ဂရုစိုက်တာကို အင်မတန် သဘောကျပါတယ်။ “မိုးမိသွားလား။ ဖျားဦးမယ်။” “နေ့လည်စာ မစားရ သေးဘူးလား။ ဗိုက်အောင့်နေဦးမယ်။” “ဒီနေ့ အလုပ်တွေ အရမ်းပင်ပန်းတယ်လား။ နားပါဦးလား။” ဆိုတာမျိုးကို ပါးစပ်က အော်တိုမက်တစ် ထွက်အောင် လုပ်ထားပါ။ အပိုတွေ မပြောနဲ့ ပြောပေမယ့်လည်း သူတို့ ကိုယ်တိုင်က အဲဒီ အပိုတွေကိုပဲ သဘောကျပါတယ်။

အလွန် လက်တွေ့ကျတယ် ဆိုတဲ့ မိန်းမမျိုး ရှိပေမယ့် အလွန်ရှားပါတယ်။ ၉၉ ရာခိုင်နှုန်းက လက်တွေ့ကျတယ် ပြောရင်တောင် အင်မတန် နုပါတယ်။ ရိုမန်းတစ် ဖြစ်တာကို အလွန်သဘောကျပါတယ်။ ရိုမန်းတစ် ဖြစ်အောင် လုပ်ပြရင် အလုပ်အပိုတွေ လျှောက်လုပ်နေတယ် ပါးစပ်က ပြောပေမယ့် စိတ်ထဲကတော့ ကြိတ်ပြီး ကြည်နူးနေတတ် ကြပါတယ်။ ဥပမာ ပြရရင် ပန်းစည်းပေးတဲ့ ကိစ္စမျိုးပါ။ ရိုမန်းတစ် ဖြစ်တဲ့ ပန်းစည်းကလေး တစ်စည်းလောက်ရရင် သဘောမကျတဲ့ မိန်းကလေး မတွေ့ဖူးသေး ပါဘူး။ မိန်းကလေးကို လက်ဆောင်ပေးရင် ပစ္စည်းကို သတိထားရွေးပါ။ အသုံးဝင်မယ့် ပစ္စည်းမျိုးထက် အမှတ်တရ ဖြစ်မယ့် ပစ္စည်းမျိုး ဟတ်ထိမယ့် ပစ္စည်းမျိုးကို ဦးစားပေးပြီး ရွေးပါ။ ပိုက်ဆံ ကုန်ချင် ကုန်ပါစေ။

စေ့စေ့ကုပ်ကုပ် တွက်တတ် ချက်တတ်တဲ့ အကျင့်ကလည်း မကောင်းပါဘူး။ တွက်လွန်းလို့ ရည်းစား မရတဲ့သူများလည်း ရှိပါတယ်။ မိန်းကလေးများ သူတို့ကိုယ်တိုင်သာ ခွေျတာရင် ခွေျတာမယ် ကပ်စေးနည်း လွန်းတဲ့ ယောက်ျားကိုလည်း သဘောမကျပါဘူး။ ကလေးတစ်ယောက်မွေး ဒေါ်လာ ၆၀၀၀ လောက် ကုန်လို့ ကလေး ၂ ယောက် အမေယူရင် ဒေါ်လာ ၁၂၀၀၀ လောက် မြတ်တယ် လို့လည်း မတွက်ပါနဲ့။ ပုံမှန်လေးပဲ ကောင်းပါတယ်။ သိပ်တွက်လွန်းတာ မသင့်လျော်ပါဘူး။

ရည်းစားထားတာ တစ်ယောက်ပဲ ကောင်းပါတယ်။ တစ်ယောက်ထက် ပိုရင်တော့ ခေါင်းမွေးပြောင်နိုင် ပါတယ်။ အခုတော့ တစ်ယောက်တောင်မှ မရနိုင်သေးတဲ့ သူတွေ အတွက် ရည်ရွယ်ပါတယ်။ မခင်ဦးမေ ရဲ့ Nature of Women စီးရီး နဲ့ Tuition Intensive ကိုလည်း မဖတ်ရသေးရင် ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

Wednesday, July 15, 2009

ဖောင့်မသိတော့ ဇော်ဂျီ ယူနီကုတ်ထင်

မြန်မာ ယူနီကုတ်ဆိုတာ ဘာလဲ၊ ဇော်ဂျီက မြန်မာယူနီကုတ် စံနှုန်းကနေ ဘာတွေ လွဲနေသလဲ၊ ဘာကြောင့် ယူနီကုတ်စနစ်ကို ပြောင်းသုံးသင့်တာလဲလို့ ဇဝေဇဝါ ဖြစ်နေသူများကို ရှင်းပြဖို့ အတွက် ဒီပို့စ်ကို ရေးပါတယ်။

ဟိုးအရင် ကာလတွေတုန်းက ကွန်ပြူတာမှာ မြန်မာစာလုံးကို သိမ်းဆည်းတဲ့ အခါမှာ မြန်မာစာလုံး အဖြစ်မသိမ်းဆည်းပဲ အင်္ဂလိပ် စာလုံးနဲ့ ညီမျှတဲ့ နံပါတ် အဖြစ်နဲ့ပဲ သိမ်းဆည်းပါတယ်။ အကယ်၍ ကျွန်တော်တို့ သဝေထိုး (ေ) ကို ရိုက်ပြီး ကွန်ပြူတာ ထဲမှာ သိမ်းမယ်ဆိုရင် ကွန်ပြူတာက သဝေထိုးအနေနဲ့ မသိမ်းပဲ အင်္ဂလိပ်စာလုံး "a" နဲ့ ညီမျှတဲ့ နံပါတ် 97 အနေနဲ့ သိမ်းပါတယ်။ အဲဒီလို စနစ်မျိုး သုံးထားတဲ့ ဖောင့်ကို အက်စကီးဖောင့် (ASCII Font)လို့ ခေါ်ပါတယ်။ အက်စကီး ဖောင့်တွေဟာ တရုတ်၊ ကိုရီးယား ဘယ်ဘာသာ စကားကို မဆို အင်္ဂလိပ် အက္ခရာ ဒါမှမဟုတ် !@ အစရှိတဲ့ သင်္ကေတ (Symbol) တွေနဲ့ ညီမျှတဲ့ ဂဏန်းတွေ အဖြစ် ပြောင်းပြီး သိမ်းပါတယ်။ အက္ခရာ တစ်လုံးကို သိမ်းဖို့ ဂဏန်း ၂ လုံးစာ နေရာ ပေးရပါတယ်။ ဝင်းအင်းဝ၊ ဝင်းကလော ၊ CE စတဲ့ မြန်မာဖောင့်တွေဟာ အဲဒီလို စနစ်မျိုးနဲ့ အလုပ်လုပ်ပါတယ်။ အဲဒါကြောင့်မို့ ဝင်းအင်းဝနဲ့ ရေးထားတဲ့ စာကို မြန်မာ ဖောင့်မရှိတဲ့ အချိန် ဖတ်ရင် အင်္ဂလိပ် စာလုံးတွေ မြင်ရတာပါ။

ယူနီကုတ် စံနှုန်းမှာတော့ ဘာသာစကား တစ်ခုချင်းစီ အတွက် သီးသန့် ဂဏန်း (Codepoint) တွေ သတ်မှတ်ပေးထားပါတယ်။ တကမ္ဘာလုံးမှာ ရှိသမျှ ဘာသာစကားတွေ အတွက် ဂဏန်း ၂လုံးစာ နဲ့ မလောက်တဲ့ အတွက် အခြေ ၁၆ ရှိတဲ့(Hexadecimal) ဂဏန်း ၄လုံး သုံးထားပါတယ်။ အဲဒီအတွက် အက္ခရာ ၆သောင်း ၅ထောင်ကျော် ကို ယူနီကုတ် စနစ်မှာ ကွဲကွဲပြားပြား သိမ်းလို့ရပါတယ်။ မြန်မာစာ နဲ့ တိုင်းရင်းသား ဘာသာစကားများ ဖြစ်တဲ့ ရှမ်း၊မွန်၊ စကောကရင်၊ ပိုးကရင် စတဲ့ ဘာသာစကားတွေ အတွက် ယူနီကုတ် အဖွဲ့ (Unicode Consortium) က ယူနီကုတ်နံပါတ် 4096 ကနေ 4255 (Decimal) အတွင်းမှာ သတ်မှတ်ပေးထားပါတယ်။ အဲဒီတော့ ကျွန်တော်တို့ မြန်မာစာ သဝေထိုး “ေ” ကို ရိုက်ပြီး သိမ်းမယ် ဆိုရင် ယူနီကုတ် စံနှုန်းမှာ နံပါတ် 4145 အနေနဲ့ သိမ်းပေးပါတယ်။ ကမ္ဘာပေါ်မှာ ရှိသမျှ ဘာသာစကားတွေ အားလုံးထဲမှာ 4145 နဲ့ ညီမျှတဲ့ အက္ခရာ ဟာ မြန်မာ အက္ခရာ သဝေထိုး တစ်ခုပဲ ရှိပါတယ်။ အခြား ဘယ်ဘာသာ စကားမှာမှ မရှိပါဘူး။ အဲဒါကြောင့် မြန်မာယူနီကုတ်ဖောင့် မရှိရင် အဲဒီစာလုံးကို လေးထောင့်ကွက် အဖြစ်နဲ့ပဲ မြင်ရပါတယ်။

ဇော်ဂျီနဲ့ ယူနီကုတ် ဖောင့်တွေ ရဲ့ ကွာခြားချက်က အဲဒီမှာ စမြင်နိုင်ပါတယ်။ ယူနီကုတ်ဖောင့် (Myanmar3, Padauk, Parabaik, MyMyanmar) အစရှိတဲ့ ဖောင့်တွေက ယူနီကုတ် အဖွဲ့က Unicode 5.1 Standard မှာ သတ်မှတ်ပေးထားတဲ့ စံနှုန်းအတိုင်း အတိ အကျ လိုက်နာပြီး သတ်မှတ်ထားတဲ့ ဂဏန်းတွေနဲ့ စာလုံးတွေကို သိမ်းပါတယ်။ ဇော်ဂျီကတော့ ကိုယ့်ဘာသာကိုယ် သိမ်းချင်တဲ့ ဂဏန်းနဲ့ သိမ်းထားပါတယ်။ ဇော်ဂျီက သုံးတဲ့ ဇယားနဲ့ ယူနီကုတ် အဖွဲ့က တရားဝင် သတ်မှတ်ပေးထားတဲ့ ဇယား နှစ်ခုကို အောက်မှာ ယှဉ်ပြ ထားပါတယ်။


Unicode 5.1 စံနှုန်း ဇယား


ဇော်ဂျီတွင် သုံးသော ဇယား

ဒါပေမယ့် ရိုက်သမျှ ဂဏန်းကို မြန်မာစာအတွက် သတ်မှတ်ပေးထားတဲ့ ဂဏန်းတွေနဲ့ သိမ်းတိုင်းလည်း ယူနီကုတ်လို့ ပြောလို့ မရပါဘူး။ ယူနီကုတ် ဖောင့်တွေ လိုက်နာရမယ့် အခြား အချက်တွေ ရှိပါသေးတယ်။

ပထမအချက် အနေနဲ့ အခြားစာလုံးနဲ့ တွဲလိုက်လို့ ပုံစံပြောင်းသွားတဲ့ စာလုံးတွေ အတွက် ယူနီကုတ်ဖောင့်က စာလုံးပုံစံကို အလိုအလျောက် ပြောင်းပေးရပါတယ်။ ဥပမာ အားဖြင့် “နိုင်” ဆိုတဲ့ စာလုံးကို လေ့လာကြည့်ပါ။ “နိုင်” ဆိုတဲ့ စကားလုံးကို မြန်မာလို နငယ် လုံးကြီးတင် တစ်ချောင်းငင် င အသတ် ဆိုပြီး ရိုက်ရပါတယ်။ မြန်မာစာမှာ နငယ် အကြီးနဲ့ နငယ် အသေးဆိုပြီး ၂ မျိုး မရှိပါဘူး။ နငယ်က တစ်မျိုးပဲ ရှိပါတယ်။ မြင်ရတဲ့အချိန်မှာသာ နငယ် အကြီးနဲ့ အသေး ကွာသွားတာပါ။

ယူနီကုတ်ဖောင့်တွေမှာ နငယ်ကို တစ်ချောင်းငင်နဲ့ တွဲရိုက်လိုက်တာနဲ့ နငယ်အကြီးကို အသေး (န) အဖြစ် User မြင်အောင် အလိုအလျောက် ပြောင်းပေးပါတယ်။ ဒါပေမယ့် အကြီးပဲ ပြပြ အသေးပဲပြပြ နောက်ကွယ်မှာ နငယ်ကို သိမ်းထားတဲ့ ဂဏန်းကတော့ 4116 တစ်ခုတည်းပါပဲ။ ဇော်ဂျီဖောင့်မှာတော့ အဲဒီလို နည်းပညာ မပါပါဘူး။ နငယ် အသေးကို သပ်သပ် ရိုက်ပေးရပါတယ်။ ဇော်ဂျီဖောင့်မှာ နငယ် အကြီး ရိုက်ရင် 4116 နဲ့ သိမ်းပြီး အသေးရိုက်ရင် 4239 နဲ့ သိမ်းပါတယ်။ Smart Rendering မလုပ်ဘဲ သိမ်းထားတဲ့ အတိုင်း ပြန်ပြီး ရိုက်ပြ ပါတယ်။ ယူနီကုတ် ၅.၁ စံနှုန်းအရ ဇော်ဂျီက “န” အနေနဲ့ သုံးထားတဲ့ နံပါတ် 4239 ဟာ မြန်မာဘာသာ အတွက် သတ်မှတ်ထားတဲ့ ဂဏန်းမဟုတ်ပဲ ပလောင် ဘာသာစကားအတွက် သတ်မှတ်ထားတဲ့ ဂဏန်း ဖြစ်ပါတယ်။

အားလုံး ပြောနေကြတဲ့ ရရစ် ပြသနာဟာ လည်း ဒါပါပဲ။ ဇော်ဂျီမှာ ရရစ် အတွက် ယူထားတဲ့ ဂဏန်း ၈ လုံး တိတိ ရှိပြီး User အနေနဲ့ ကိုယ်သုံးချင်တဲ့ ရရစ်ကို ကိုယ့်ဘာသာကိုယ် ရွေးရပါတယ်။ ရရစ် အတွက် ယူသုံးထားတဲ့ ဂဏန်းတွေကတော့ ရှမ်းဘာသာစကား အတွက် သတ်မှတ်ပေးထားတဲ့ ဂဏန်းတွေပါ။ ယူနီကုတ် ဖောင့်တွေမှာတော့ သူနဲ့ တွဲဆက်ထားတဲ့ အက္ခရာတွေ ပေါ်မူတည်ပြီး ရရစ်က အလိုအလျောက် ပုံစံပြောင်း ပေးပါတယ်။ ရရစ်အတွက် 4156 ဂဏန်း တစ်လုံးကိုပဲ သုံးထားပါတယ်။

ဒုတိယ အချက်အနေနဲ့ ယူနီကုတ်ဖောင့်တွေဟာ User က ရိုက်ထည့်လိုက်တဲ့ ဂဏန်းကို နောက်ကွယ်မှာ စံနှုန်းနဲ့ ညီတဲ့ အစီအစဉ် တကျ ပြန်စီပေးရပါတယ်။ အဲဒါကို Normalization လုပ်တယ်လို့ ခေါ်ပါတယ်။ User အနေနဲ့ “နိုင်” ဆိုတဲ့ စာလုံးကို “န” + “_ိ ”+ “ - ု” + “င” + “- ်” ဆိုပြီး ရိုက်ထည့်လို့ ရသလို “န” + “ - ု” + “_ိ ” + “င” + “- ်” ဆိုပြီး တော့လည်း ရိုက်လို့ ရပါတယ်။ “နိုင်” ဆိုတဲ့ စကားလုံးကို User အနေနဲ့ “_ိ ”+ “ - ု” (လုံးကြီးတင် တစ်ချောင်းငင်) နဲ့ပဲ ရိုက်ထည့်ထည့် “ - ု” + “_ိ ” (တစ်ချောင်းငင် လုံးကြီးတင်) နဲ့ပဲ ရိုက်ထည့်ထည့် ယူနီကုတ် ဖောင့်က နောက်ကွယ်မှာ “_ိ ”+ “ - ု” (လုံးကြီးတင် တစ်ချောင်းငင်) အဖြစ် ပြန် အစီအစဉ် ချပြီး သိမ်းပေးပါတယ်။ ဇော်ဂျီကတော့ အစီအစဉ် မချပဲ User ရိုက်ထည့်တဲ့ အတိုင်း သိမ်းပါတယ်။

သိမ်းချင်သလို သိမ်းကွာ ဖတ်လို့ရပြီးတာပဲ လို့ ပြောချင်တဲ့သူများလည်း ရှိပါလိမ့်မယ်။ ဖတ်လို့ ရတာ ဟုတ်ပေမယ့် ရှာတဲ့နေရာမှာ ရှော့ခ် ရှိပါတယ်။ ဇော်ဂျီဖောင့်နဲ့ ရှာချင်ရင် အစီအစဉ်တကျ ရိုက်ထည့်ထားတဲ့ စာကိုပဲ ရှာလို့ ရပါမယ်။ လုံးကြီးတင် တစ်ချောင်းငင် နဲ့ ရေးထားတဲ့ စာကို တစ်ချောင်းငင် လုံးကြီးတင် နဲ့ ပြန်ရှာရင်တွေ့မှာ မဟုတ်ပါဘူး။ အဲဒီလိုပဲ တစ်ချောင်းငင် လုံးကြီးတင် နဲ့ ရေးထားတဲ့စာကို လုံးကြီးတင် တစ်ချောင်းငင် နဲ့ ပြန်ရှာရင်လည်း တွေ့နိုင်မှာ မဟုတ်ပါဘူး။

ကွန်ပြူတာနဲ့ ဆက်စပ်ပြီး အလုပ်လုပ်နေသူများအတွက် နောက်ဥပမာ တစ်ခုကို ထပ်ပေးပါမယ်။ ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံ လူဦးရေ စစ်တမ်း ကောက်တဲ့ ဒေတာဘေ့စ် တစ်ခု လုပ်ချင်တယ် ဆိုပါစို့။ လူနှစ်ယောက်ဟာ နာမည်တူ အဖေနာမည်တူ ရှိနိုင်ပေမယ့် မှတ်ပုံတင် နံပါတ်တော့ အတူတူ မရှိနိုင်ပါဘူး။ အဲဒီတော့ လူတစ်ယောက်ကို ဒေတာဘေ့စ်ထဲမှာ ၂ ခါ ပြန်မထည့်မိအောင် ကျွန်တော်တို့အနေနဲ့ မှတ်ပုံတင် နံပါတ် Column ကို Unique Constraint အနေနဲ့ ထည့်ထား လိုက်ပါမယ်။ အဲဒီလို လုပ်တဲ့အတွက် User က မှတ်ပုံတင် နံပါတ် တစ်ခုတည်းကို ၂ ခါပြန်ထည့်မိရင် ဒေတာဘေ့စ်က လက်မခံဘဲ Error ပြန်လာပါလိမ့်မယ်။

အဲဒီ ဒေတာဘေ့စ်ကို ယူနီကုတ် ၅.၁ နဲ့ သိမ်းရင် မှတ်ပုံတင် နံပါတ်က နှစ်ခု မထပ် နိုင်ပါဘူး။ ဥပမာ ၅/စကန(နိုင်)၀၀၀၀၀၀ ဆိုတဲ့ မှတ်ပုံတင် နံပါတ်ကို ဒေတာဘေ့စ်ထဲမှာ တစ်ကြိမ်ပဲ ရိုက်ထည့်လို့ ရပါမယ်။ (နိုင်) ကို ရိုက်ထည့်တဲ့သူက “_ိ ”+ “ - ု” (လုံးကြီးတင် တစ်ချောင်းငင်) အစီအစဉ် နဲ့ ရိုက်ရိုက် “ - ု” + “_ိ ” (တစ်ချောင်းငင် လုံးကြီးတင်) အစီအစဉ်နဲ့ ရိုက်ရိုက် ယူနီကုတ်ဖောင့်က Normalize လုပ်ပေးတဲ့အတွက် နောက်ဆုံးမှာ ဒေတာဘေ့စ်ထဲကို “_ိ ”+ “ - ု” (လုံးကြီးတင် တစ်ချောင်းငင်) အစီအစဉ်နဲ့ပဲ ဝင်သွားပါလိမ့်မယ်။ ဇော်ဂျီနဲ့ ရိုက်ထည့်လို့ User က (နိုင်) ကို မှားယွင်းပြီး ရိုက်ထည့်ရင် “_ိ ”+ “ - ု” (လုံးကြီးတင် တစ်ချောင်းငင်) နဲ့ တစ်ခါ “ - ု” + “_ိ ” (တစ်ချောင်းငင် လုံးကြီးတင်) နဲ့တစ်ခါ မှတ်ပုံတင် နံပါတ် တစ်ခုတည်းကို ၂ ခါဝင်သွား နိုင်ပါတယ်။ လူဦးရေ စာရင်းလို သန်းဂဏန်း နဲ့ ရှိတဲ့ ဒေတာတွေထဲမှာ အဲဒီလို အမှားမျိုး မတော်တဆ ဖြစ်ခဲ့ရင် ကျွန်တော်တို့ အမှားကို တွေ့အောင် ရှာနိုင်ပါ့မလား။

အဲဒီဒေတာဘေ့စ်ကို ယူနီကုတ် ၅.၁ နားလည်တဲ့ ဒေတာဘေ့စ် (ဥပမာ MySQL Latest Version) အဖြစ် Convert လုပ်ရင် Error တက်ပါလိမ့်မယ်။ Database ထဲမှာ အစီအစဉ်တကျ သိမ်းထားတဲ့ စာက ပြသနာ မရှိပေမယ့် Normalize မလုပ်ဘဲ သိမ်းချင်သလို သိမ်းထားတဲ့စာကိုတော့ Database က သူနားလည်သလို Unicode Normalization လုပ်ပါလိမ့်မယ်။ အဲဒီအချိန်မှာ နံပါတ် ၂ ခု အတူတူ ဖြစ်သွားတဲ့ အတွက် Unique Constraint ကို ချိုးဖောက်မိပြီး ဒုက္ခနဲ့ လှလှ တွေ့ပေးနိုင်ပါတယ်။

ကျွန်တော် အရင်ပို့စ်မှာလည်း Database ထဲက Unicode Normalization အကြောင်း ပြောခဲ့ဖူးပါတယ်။ ဒေတာဘေ့စ်က မြန်မာစာလုံးတွေကို Normalize လုပ်ပေးတယ် ဆိုပေမယ့် ကိုယ်မှန်းထားတဲ့ အစီအစဉ်အတိုင်းတော့ ဝင်သွားဖို့တော့ မလွယ်ပါဘူး။ ဒေတာဘေ့စ်က မနောမယ ဒေတာဘေ့စ် ဖြစ်နေမယ် ဒါမှမဟုတ် ဒေတာဘေ့စ် အက်ဒမင်က ဒေးဗစ်ကော့ပါးဖီး ဖြစ်နေမယ် ဆိုရင်တော့လည်း တစ်မျိုးပေါ့။ :D

နောက်တစ်ခု ကွာတာကတော့ “က္က” လိုမျိုး ပါဌ်ဆင့် တွေ ရိုက်တဲ့ နေရာမှာပါ။ ပါဌ်ဆင့်တွေ အတွက် ယူနီကုတ်မှာ ဂဏန်း သတ်သတ် ပေးမထားပါဘူး။ ယူနီကုတ် စံနှုန်း အရ ပါဌ်ဆင့်နှစ်ခု ရဲ့ ကြားမှာ 4153 ဆိုတဲ့ ဂဏန်းကို ထည့်ပြီး သိမ်းပါတယ်။ ဖောင့်က 4153 ဆိုတဲ့ ဂဏန်းကို တွေ့ရင် ရှေ့နောက် ဂဏန်း နှစ်လုံးကို ဆက်ပြီး သူ့အလိုအလျောက် ပါဌ်ဆင့် အဖြစ် ရိုက်ပြ ပါတယ်။ ဥပမာ “က္က” ဆိုတဲ့ စာလုံးကို သိမ်း ချင်ရင် ယူနီကုတ် စံနှုန်းမှာ က ရဲ့ နံပါတ်က 4096 ဖြစ်တဲ့ အတွက် “4096 + 4153 + 4096” ဆိုပြီး သိမ်းပါတယ်။ User အနေနဲ့လည်း ကီးဘုတ်ပေါ်မှာ ~ အက္ခရာတွေ “Ctrl + Alt” တွေ ရိုက်စရာ မလိုဘဲ ပါဌ်ဆင့်ရဲ့ ဒုတိယ အက္ခရာ မရိုက်ခင်မှာ “4153” နဲ့ ညီမျှတဲ့ “Shift + f ” ကို ကီးဘုတ်ပေါ်ကနေ ရိုက်ထည့် လိုက်ရုံပါပဲ။ “က” + “Shift +f ” + “က” ဆိုရင် ကကြီး နှစ်လုံးဆင့် ဖြစ်ပါတယ်။

ဇော်ဂျီမှာတော့ ပါဌ်ဆင့်တွေကို ပါဌ်ဆင့်အတိုင်း သိမ်းပါတယ်။ အဲဒီအတွက် မြန်မာစာ အတွက် မဟုတ်ဘဲ ကရင် ဘာသာစကားအတွက် သတ်မှတ်ထားတဲ့ ဂဏန်း 4192 ကနေ 4220 အတွင်းက ဂဏန်းတွေကို ယူသုံးပြီး သိမ်းပါတယ်။

ဒီလောက်ဆိုရင် ဇော်ဂျီနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီ အများစုကို ရှင်းရှင်းလင်းလင်း သိကြပြီလို့ ထင်ပါတယ်။

အများမေးနေကြမေးခွန်းကလေး တွေကို အဆစ်အနေနဲ့ ဖြေပေးလိုက်ပါ့မယ်။

(၁) ဇော်ဂျီက ယူနီကုတ်ထက် ဘာလို့ ပိုမြန်အောင် Render လုပ်နိုင်ရတာလဲ။

ကျွန်တော်ခုန ပြောခဲ့တဲ့ ယူနီကုတ်ရဲ့ မရှိမဖြစ် စံနှုန်း Smart Rendering တွေ၊ Normalization တွေ ကို ဇော်ဂျီက တစ်ခုမှ လုပ်မထားတဲ့ အတွက် အဲဒီ နည်းပညာ ထည့်ထားတဲ့ ဖောင့်တွေနဲ့ ယှဉ်ရင် ပိုမြန်နေရတာပါ။

(၂) ယူနီကုတ် ဖောင့်တစ်ခုနဲ့ ရိုက်ထားတဲ့စာကို တခြားဖောင့်နဲ့ ကြည့်လို့ ရလား။ မြန်မာ ယူနီကုတ် စနစ်က လုံးဝ ပြည့်စုံပြီလား။

ယေဘူယျအားဖြင့် မြန်မာ ၃ နဲ့ ရိုက်ထားတဲ့ စာကို ပိတောက်နဲ့ ကြည့်လို့ရသလို ပိတောက် နဲ့ ရိုက်ထားတဲ့ စာကို မြန်မာ ၃ နဲ့ ကြည့်လို့ရပါတယ်။ အလားတူပဲ ယူနီကုတ် စံနှုန်းကို လိုက်နာတဲ့ ပုရပိုက်၊ မိုင်မြန်မာ စတဲ့ ဖောင့်တွေကို လည်း အလဲလဲ အလှယ်လှယ် သုံးလို့ရတယ်။ ကျွန်တော် ယူနီကုတ် သုံးရင် မြန်မာ ၃ ကီးဘုတ်နဲ့ ပိတောက်ဖောင့်ကို တွဲသုံးလေ့ ရှိပါတယ်။

စံနှုန်းကို လိုက်နာထားတယ် ဆိုပေမယ့် အဲဒီဖောင့်တွေမှာ ကွဲလွဲချက်လေးတွေ အနည်းအကျဉ်းတော့ ရှိနေပါတယ်။ ကျွန်တော်သိသလောက် ပြောရမယ် ဆိုရင် တစ်ချို့ ဆော့ဖ်ဝဲလ်တွေ ဝက်ဘ်ဆိုက်ဒ်တွေက ယူနီကုတ် ၅.၁ စံနှုန်းက အပြည့်အဝ အထောက် အပံ့ မပေးသေးပါဘူး။ အဲဒီတော့ Myanmar3 ကလွဲပြီး အခြားဖောင့်တွေမှာ အဲဒီလို နေရာတွေမှာ ကြုံရတတ်တဲ့ Bug တွေကို ရှောင်နိုင်ဖို့ အတွက် Workaround လုပ်ထားတာတွေ ပါပါတယ်။ အဲဒီတော့ သိမ်းဆည်းတဲ့ စနစ် (Storage) မှာ တူကြပေမယ့် ပြသတဲ့ စနစ် (Rendering) မှာတော့ ကွဲပြားမှုတွေ ရှိပါတယ်။ တချို့ Site တွေ (ဥပမာ Myanmar Wikipedia) ကို Myanmar3 နဲ့ ကြည့်မယ်ဆိုရင် တစ်ချို့ စာလုံးတွေ မှန်မှန်ကန်ကန် မပြနိုင်တာ တွေ့ရပါလိမ့်မယ်။ တခြားဖောင့်တွေနဲ့ ဆိုရင်တော့ အဆင်ပြေပါတယ်။ ဆော့ဖ်ဝဲလ်တိုင်းကလည်း Unicode 5.1 ကို သုံးလို့ မရပါဘူး။ ဥပမာ လူသုံးများတဲ့ Adobe Photoshop ပေါ်မှာ ယူနီကုတ် ၅.၁ ကို သုံးလို့ မရပါဘူး။

ယူနီကုတ် ၅.၁ ကို ရယူနိုင်တဲ့ နေရာတွေကို အောက်ကလင့်ခ်မှာ သွားကြည့်နိုင်ပါတယ်။
http://my.wikipedia.org/wiki/Wikipedia:Font#Unicode_5.1_Myanmar.2FBurmese_fonts
ကီးဘုတ်၊ ဖောင့်နဲ့ ကွန်ဗာတာ တွေအကြောင်းကို နောက်ပို့စ်မှပဲ အသေးစိတ် ရေးပါတော့မယ်။

Reference: http://my.wikipedia.org/wiki/Wikipedia:Font

Tuesday, July 14, 2009

ဇော်ဂျီ နဲ့လူမိုက်အားပေး ဘလော့ဂါများ

ယူနီကုတ်နဲ့ ဇော်ဂျီပြသနာ တစ်ခါ ပေါ်လာပြန်ပါပြီ။ အပေါ်ယံကြည့်ရင် ဇော်ဂျီနဲ့ Myanmar3 ဖောင့် တိုက်ခိုက်နေတယ် ထင်ရပေမယ့် တကယ်တမ်းတော့ မဟုတ်ပါဘူး။ ယူနီကုတ် စံနှုန်းကို လိုက်နာတဲ့ဖောင့် ထုတ်လုပ်သူတွေ (မြန်မာ၃၊ ပိတောက်၊ ပုရပိုက်၊ မိုင်မြန်မာ) နဲ့ ယူနီကုတ် စံနှုန်းကို မလိုက်နာတဲ့ ဇော်ဂျီရဲ့ တိုက်ပွဲပါ။ အများနဲ့ တစ်ယောက်၊ အမှန်နဲ့ အမှား ပေမယ့် တစ်ယောက်တည်း ဖြစ်တဲ့သူ မှားနေတဲ့သူ ဖြစ်တဲ့ ဇော်ဂျီက အားသာနေပါတယ်။ ဘာလို့လဲ မေးရင်တော့ ကျွန်တော်တို့လို လူမိုက်အားပေး လုပ်နေတဲ့ ဘလော့ဂါတွေ ကြောင့်ပါပဲ။

ယူနီကုတ် ၅.၁ ဘက်က ရပ်တည်တဲ့ သူများ စကား အပြောအဆို မတတ်ကြပါဘူး။ အပြော မတတ်တော့ ဆဲသလို ဖြစ်ပါတယ်။ User တွေကို ဇော်ဂျီသုံးတဲ့အတွက် အနာဂတ်မှာ ဘာပြသနာတွေ ရှိလာနိုင်တယ်ဆိုတာ အေးအေးဆေးဆေး မရှင်းပြဘဲ ပြောင်ပြောင်တင်းတင်းကြီး စစ်မျက်နှာဖွင့် တိုက်ပါတယ်။ အမှန်တရား ပေမယ့်လည်း ပိသလေးဘေးပစ် ကြားရတော့လည်း ကြားရတဲ့သူတွေဘက်က အမြင်ကတ်စရာ ဖြစ်ပါတယ်။

ဇော်ဂျီဖက်ကတော့ ဒီတစ်ခါလည်း User တွေ ရဲ့ ရွေးချယ်မှု ဆိုတဲ့ ဓာတ်ပြားဟောင်းကြီး ဖွင့်လာပြန်ပါပြီ။ User တွေမှာ ရွေးချယ်မှု ရှိတာကို ကျွန်တော် လက်ခံပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်ဖို့ အတွက် သတင်းအချက်အလက်ကိုတော့ အမှန်အတိုင်း ပေးဖို့ လိုအပ်ပါတယ်။ လူညီညီ မညီညီ ဤဟာဤ ကျွဲဟာကျွဲ ပါပဲ။ User တွေ ဘယ်လောက် အသုံးများများ ဇော်ဂျီဟာ ဘယ်တော့မှ ယူနီကုတ် စံနှုန်း ဖြစ်လာမှာ မဟုတ်ဘူး ဆိုတာ User တွေ သိထားသင့်ပါတယ်။ ဘာလို့ မဖြစ်နိုင်တာလဲ မေးရင် ကျွန်တော် သိသလောက် ဖြေပါမယ်။ ဇော်ဂျီဟာ ယူနီကုတ် စံနှုန်းကို လုံးဝ မလိုက်နာ ထားပါဘူး။ ယူနီကုတ် စာတမ်းကို အကြမ်းမျဉ်း လှန်လှောပြီး ဖတ်ရင်တောင် တွေ့နိုင်တဲ့ အချက်အလက်တွေက အစ မသိချင်ယောင်ဆောင်ပြီး အလွယ်လမ်း လိုက်ထားပါတယ်။ Globalization ခေတ်ကြီးမှာ နိုင်ငံတကာ စံနှုန်းဆိုတာ အရေးပါတဲ့ နေရာကနေ ပါဝင်ပါတယ်။ နိုင်ငံတကာက သဘောတူထားတဲ့ စံနှုန်းကို မလိုက်နာဘဲ လုပ်နေကြအတိုင်း အားလုံးကို မြန်မာ့နည်း မြန်မာ့ဟန် နဲ့ သွားကြမယ် ဆိုပြီး ခေါင်းမာနေကြမယ် ဆိုရင်လည်း ကျွန်တော့် အနေနဲ့ အထူးတလည် ဘာမှ ထပ်ပြီး ပြောနေစရာ မရှိပါဘူး။

ဇော်ဂျီသုံးလို့ ဘာပြသနာမှ မရှိဘူး ဆိုပြီး ပြောနေကြပါတယ်။ အချိန်တန် ကွန်ဗာတာထဲထည့် ယူနီကုတ် ပြောင်းလိုက် ဖြစ်သွားတာပဲ ဆိုပြီး ပြောကြပါတယ်။ Database ထဲက Unicode Normalization ကိစ္စကို ဘယ်သူမှ ထည့်မပြော ကြပါဘူး။ ရူးချင်ယောင် ဆောင်နေကြပါတယ်။ ဒီကိစ္စဟာ စိတ်ကူးယဉ် ပြသနာ မဟုတ်ပါဘူး။ မြန်မာအွန်လိုင်း စွယ်စုံကျမ်းမှာ ကြုံခဲ့ဖူးပါတယ်။ ယူနီကုတ် ၅.၁ စနစ် ထွက်တော့ MySQL က သူတို့ ဒေတာဘေ့စ်ထဲမှာ မြန်မာစာ ကိုပါ ယူနီကုတ် စံနှုန်းအတိုင်း သိမ်းဆည်းလို့ ရအောင် လုပ်လိုက်ပါတယ်။ မြန်မာ အွန်လိုင်း စွယ်စုံကျမ်းရဲ့ နောက်ကွယ်မှာ MySQL ဒေတာဘေ့စ် ကို သုံးထားပါတယ်။ အဲဒီတော့ မြန်မာအွန်လိုင်း စွယ်စုံကျမ်း ထဲမှာ ယူနီကုတ် စနစ်မဟုတ်တဲ့ ဇော်ဂျီနဲ့ ရေးထားတဲ့ စာတွေ အကုန်လုံး သုံးမရအောင် ဖြစ်ကုန်ပါတယ်။ Backup ရှိလို့သာ တော်ပါသေးတယ်။ မြန်မာ အွန်လိုင်း စွယ်စုံကျမ်းမှာ ကိုယ့်ဒေတာဘေ့စ်ကိုယ် ကိုင်တာမို့ ဘာမှ ပြသနာ မရှိပါဘူး။ ဒေတာဘေ့စ်ကို မြန်မာစာ နားမလည်အောင် ရူးချင်ယောင် ဆောင်ခိုင်းလိုက်လို့ ရပါတယ်။ အကယ်၍ Google ကသာ သူတို့ရဲ့ ဒေတာဘေ့စ်ကို မြန်မာစာ နားလည်တဲ့ ဒေတာဘေ့စ် အဖြစ် Upgrade လုပ်လိုက်မယ် ဆိုရင် ကျွန်တော်တို့ Blogspot ပေါ်မှာ ဇော်ဂျီနဲ့ ရေးထားတဲ့ စာတွေ ဘာဖြစ်သွားမလဲ စဉ်းစားကြည့်ကြစမ်းပါ။ မြန်မာအွန်လိုင်း စွယ်စုံကျမ်းမှာ လုပ်တုန်းကလို ဒေတာဘေ့စ်ကို မြန်မာစာ နားမလည်အောင် ရူးချင်ယောင်ဆောင်ခိုင်းလို့ မရပါဘူး။ Blogspot ထဲမှာ ဒေတာဘေ့စ်ကို ကျွန်တော်တို့ လိုသလို ပြင်နိုင်တဲ့ အခွင့်အရေး မရှိပါဘူး။ ဒီကိစ္စ သေသေချာချာ သိချင်ရင် ကိုယ်တိုင်ကြုံခဲ့ဖူးတဲ့ ကိုစိုးမင်းတို့ ၊ မြန်မာသင်ကာတို့ ၊ အိုကိစံတို့ကို မေးကြည့်နိုင်ပါတယ်။

နောက်တစ်ခုက အခုလက်ရှိ Microsoft က မြန်မာစာကို တရားဝင် Support မလုပ်သေးပါဘူး။ Microsoft ကသာ မြန်မာစာကို တရားဝင် Support လုပ်ခဲ့မယ် ဆိုရင် နောက်ထပ် ပြသနာ တစ်ခု လာပါတော့မယ်။ Microsoft က ဇော်ဂျီ စံနှုန်းနဲ့ သွားမှာ မဟုတ်ပဲ နိုင်ငံတကာက သဘောတူထားတဲ့ ယူနီကုတ် စံနှုန်းနဲ့ပဲ သွားမှာပါ။ အဲဒါဆိုရင် ကျွန်တော်တို့မှာ Microsoft က ဆော့ဖ်ဝဲလ်တိုင်းကို Workaround လုပ်ပြီး သုံးချင်သုံး မသုံးချင်ရင်လည်း မြန်မာစာ မသုံးဘဲ ပစ်ထားလိုက်ဖို့ပဲ ရှိပါတယ်။

ဇော်ဂျီဖောင့် သုံးတာများ လွယ်လွယ်လေး Download တစ်ချက်လုပ် Install လုပ်လိုက် ပြီးသွားတာပဲ။ ဘာကိစ္စ ကြောင်ပူနေရတာလဲ မေးချင်တဲ့သူလည်း ရှိပါလိမ့်မယ်။ ကျွန်တော်တို့ အချိန်တိုင်းမှာ ကိုယ့်ကွန်ပြူတာနဲ့ကိုယ် အင်တာနက် သုံးဖို့ အခွင့်အရေး မရှိပါဘူး။ ကျောင်းက ကွန်ပြူတာ၊ ရုံးက ကွန်ပြူတာ၊ အင်တာနက် ကဖီးက ကွန်ပြူတာများနဲ့ အင်တာနက် သုံးရတဲ့ အခါများလည်း ရှိပါတယ်။ အဲဒီအခါမျိုးမှာ ကိုယ့်မှာ အက်ဒမင် အခွင့်အရေး မရှိတဲ့အတွက် ဖောင့်ကို ဒေါင်းလုပ်လုပ်ပြီး သုံးလို့ မရပါဘူး။

နိုင်ငံတကာကို ရောက်ရင် အတော် မျက်နှာငယ်ပါတယ်။ အင်တာနက် ကဖီးမှာ ကိုယ့်ဘေးက ဂျပန်က ဂျပန်စာတွေဖတ်၊ ကုလားက အိန္ဒိယစာတွေ ဖတ်နေတဲ့ အချိန်မှာ ကျွန်တော်တို့ကတော့ ဘာမှန်းမသိတဲ့ လေးထောင့်တုံးတွေပဲ ထိုင်ကြည့်နေရပါတယ်။ အကြံအဖန်လုပ် ဖောင့်သွင်းပြီး ဖတ်ဖို့ ကြိုးစားပေမယ့်လည်း အက်ဒမင် အခွင့်အရေး မရှိလို့ ဘာမှ လုပ်မရပါဘူး။ မြန်မာစာကို Windows ထဲမှာ Native Language တစ်ခု အနေနဲ့ ပါလာမယ့် အချိန်ကို ကျွန်တော်တို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့်လည်း အဲဒီ အချိန်ကျရင် Native Language Support ကို သုံးပြီး ဇော်ဂျီနဲ့ ရေးထားတဲ့ စာကို ဖတ်လို့ ရမှာ မဟုတ်ဘဲ ယူနီကုတ် ၅.၁ နဲ့ ရေးထားတဲ့ စာပဲ ဖတ်လို့ ရမယ် ဆိုတာကို User တွေ အနေနဲ့ သိထားသင့် ပါတယ်။

နောက်တစ်ခု က ဘာသာပြန် ကိစ္စပါ။ အခု Open Office.org 3.1 ကို မြန်မာလို ပြန်ပြီးပါပြီ။ ကျွန်တော်တို့ အနေနဲ့ အင်္ဂလိပ်စာ ကျွမ်းကျွမ်းကျင်ကျင် တတ်လို့ ကိစ္စ မရှိပေမယ့် အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် မတတ်တဲ့ မြန်မာတောသူတောင်သားတွေ ကွန်ပြူတာ သုံးနိုင်တဲ့ ခေတ်ကို မျှော်ကြည့် ရပါမယ်။ သူတို့ အတွက် ထည့်စဉ်းစား ပေးရပါမယ်။ ဆော့ဖ်ဝဲလ်တွေကို မြန်မာလို ပြန်နိုင်ရင် မြန်မာပြည်မှာ ကွန်ပြူတာကို အသုံးပြုနိုင်မယ့်သူ ပိုများ လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နာမည်ကြီး ဆော့ဖ်ဝဲလ် အသိုင်းအဝန်း (Community) အချို့ က ယူနီကုတ် စနစ်ကို မလိုက်နာတဲ့ ဇော်ဂျီကို ဘာသာပြန်တဲ့ နေရာမှာ သုံးဖို့လက်မခံပါဘူး။ သူတို့ အနေနဲ့ နိုင်ငံတကာ စံနှုန်းဖြစ်တဲ့ ယူနီကုတ် ၅.၁ ကိုပဲ လက်ခံပါတယ်။ ဒါပေမယ့်လည်း မြန်မာစာ အသုံးပြုသူ အများစုက ဇော်ဂျီကို သုံးနေကြတဲ့အတွက် ယူနီကုတ်နဲ့ ဘာသာပြန်မယ့်သူ နည်းနေပါတယ်။ အပေါ်ယံကြည့်ရင် မဆိုင်ဘူး ထင်ရပေမယ့် သေသေချာချာ စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ အားလုံးသာ ယူနီကုတ် ၅.၁ သုံးနေကြရင် ဆော့ဖ်ဝဲလ် ဘာသာပြန်မယ့်သူ ဒီထက်မက များလာနိုင်တယ် ဆိုတာ အသေအချာပါပဲ။

နောက်တစ်ခုက တိုင်းရင်းသား ဘာသာစကား ကိစ္စပါ။ ဒီကိစ္စကလည်း မှန်ပါတယ်။ ဇော်ဂျီက စကောကရင်၊ ပိုးကရင် အစရှိတဲ့ တိုင်းရင်းသား ဘာသာစကားတွေအတွက် သတ်မှတ် ထားတဲ့ ကုတ်ဒ်ပွိုင့်တွေကို ယူသုံးထားပါတယ်။ အဲဒီအတွက် တိုင်းရင်းသား ဘာသာစကားတွေ အတွက် ဇော်ဂျီက သီးသန့်ထုတ်ထားတဲ့ တိုင်းရင်းသား ဘာသာစကားဖောင့်ကို သုံးရင်သုံး မသုံးရင်တော့ မြန်မာစာနဲ့ တိုင်းရင်းသား ဘာသာစကားကို စာမျက်နှာ တစ်ခုတည်းမှာ အတူ မသုံးကြဖို့ပဲ ရှိပါတယ်။ စာဖတ်သူတွေ အရိပ်ပြရင် အကောင်မြင်တယ် ဆိုတာကို ကျွန်တော် ယုံကြည်ပါတယ်။ ဘာပြသနာ ရှိလဲ ဆိုတာ ကိုယ့်ဘာသာကိုယ် စဉ်းစားကြည့်ပါ။

ကျွန်တော် ဒီပြသနာကို အေးအေးဆေးဆေး ဖြေရှင်းချင်ပါတယ်။ အဲဒါကြောင့် မြန်မာအိုင်တီပရိုမှာ ဇော်ဂျီနဲ့ ယူနီကုတ် ၅.၁ အဖွဲ့တွေကြား ကြားဝင်ဖြန်ဖြေရေး လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်ရေးခဲ့တဲ့ ပို့စ်ရဲ့ ကော်ပီကို ဒီမှာ ဖတ်နိုင်ပါတယ်။ ပြသနာက ဇော်ဂျီဖောင့် ထုတ်လုပ်တဲ့သူတွေဖက်က အားလုံးနဲ့ ညှိနှိုင်းဖို့ မကြိုးစားဘဲ ငါတို့ဖောင့်ကို လူသုံးများတာ နိုင်ငံတကာ စံနှုန်း ဘာလို့ လိုက်နာရမှာလဲ ဆိုတဲ့ အပေါက်မျိုး ချိုးပါတယ်။ ဇော်ဂျီဖောင့် လူသုံးများရတဲ့ ကိစ္စမှာ User တွေကို သတင်းအချက်အလက် အမှားတွေ ပေးထားတယ် ၊ ယူနီကုတ် အစစ်အမှန် မဟုတ်ဘဲ ယူနီကုတ်လို့ နာမည် ခံထားတယ် ဆိုတဲ့ ကိစ္စတွေကို ဝန်မခံပါဘူး။ အဲဒီတော့ ကျွန်တော်တို့လည်း ရှေ့ဆက်ပြီး ဇော်ဂျီ User အနေနဲ့ လူမိုက်အားပေး လုပ်နေသင့်သလား မသင့်ဘူးလား ဆိုတာကို ကိုယ့်ဘာသာကိုယ် ပြန်သုံးသပ်ဖို့ လိုအပ်နေပြီ လို့ ထင်ပါတယ် ဆိုတဲ့ အကြောင်း အားလုံးကို တိုက်တွန်း လိုက်ရပါတယ်။

Saturday, July 11, 2009

ဗဲရီးချင်းမ်

အင်ဂျင်နီယာနဲ့ သင်္ချာဟာ နှစ်ချောင်းပေါင်းမှ တစ်ချောင်း ဖြစ်တဲ့ အီကြာကွေးလိုပဲ ခွဲမရအောင် တွဲနေတယ် လို့ အရင်တုန်းက ထင်ထားခဲ့ပါတယ်။ ကျောင်းတက်တုန်းက ရိတ်လိုက် ရှိတ်လိုက်နဲ့ Calculus တွေတွက်၊ Statistics တွေတွက် တစ်ချိန်လုံး လုပ်ခဲ့ရတာမို့ မသိရင်တော့ လုပ်ငန်းခွင်ထဲရောက်ရင် တစ်ချိန်လုံး ဒါတွေပဲ တွက်နေရမလို ပါပဲ။ ကျောင်းပြီးတဲ့ အချိန်မှာတော့ သုတေသန လုပ်တဲ့ လုပ်ငန်းခွင် (Research) ထဲ မရောက်ဘဲ အသုံးချ လုပ်ငန်းခွင် (Application) ထဲ ရောက်သွားတော့ အပေါင်းအနှုတ် အမြှောက်အစားကလွဲပြီး ကျန်တာက သိပ်ပြီး တွက်ချက်စရာ မလိုအပ်သလောက်ပါပဲ။ ကျန်တဲ့သူများလည်း ကိုယ့်လိုပဲ ယောင်ရွှီးလုပ်နေတဲ့သူ များပါတယ်။

ကျွန်တော် ကုမ္ပဏီတစ်ခု ကို အလုပ်ဝင်တော့ အဲဒီမှာ လက်ရှိ ရှိနေတဲ့ စက်တစ်လုံးကို အင်ဂျင်နီယာ တစ်ယောက် ဆီကနေ လက်လွှဲပြီး ယူရပါတယ်။ အဲဒီ စက်မှာ လက်ရှိ ရှိနေတဲ့ ဆော့ဖ်ဝဲလ်ကို ပြင်ရေးဖို့ပါ။ ဒါပေမယ့် အဲဒီ ဆော့ဖ်ဝဲလ်က တကယ့် အမှိုက်ပုံ အတိုင်း ရှုပ်ပွ နေတာပါပဲ။ ဘာဒီဇိုင်းမှ မယ်မယ်ရရမရှိဘဲ ရေးချင်တဲ့ နေရာမှာ ရေးချင်သလို ရေးထားပါတယ်။

ကျွန်တော် ပုံမှန် လုပ်နေကျ စက်တွေရဲ့ ရွေ့လျားတဲ့ ပုံစံက အလျားလိုက် ဒေါင်လိုက် ဒါမှမဟုတ် အပေါ်အောက် စတဲ့ မျဉ်းဖြောင့်တွေ အတိုင်း သွားပေမယ့် အဲဒီ စက်မှာတော့ စက်ဝိုင်းပုံ သွားတဲ့ ဝင်ရိုးတစ်ခု ပါနေပါတယ်။ မျဉ်းဖြောင့်အတိုင်း သွားရင် အပေါင်းအနှုတ် အမြှောက်အစားနဲ့ ဇာတ်လမ်း ပြတ်ပေမယ့် စက်ဝိုင်းပုံဆိုတော့ အဲဒီလောက်နဲ့ မပြီးပါဘူး။ အဲဒီ စက်ဝိုင်းပုံ အတိုင်း သွားတဲ့ ဝင်ရိုးကို ကြည့်နေရင်း ရွေ့တဲ့နေရာကို ဘယ်လို တွက်သလဲ ဆိုတာ ရုတ်တရက် ခေါင်းထဲက စဉ်းစားလို့ မရပါဘူး။ အဲဒါနဲ့ ဘေးမှာ ရှိနေတဲ့ မန်နေဂျာကို ဘယ်လို တွက်ထားသလဲလို့ မေးကြည့်ပါတယ်။ မန်နေဂျာက “ဆောရီးပဲ။ ငါလည်း မသိဘူး။ အဲဒါ အရင် ပရိုဂရမ်မာ ရေးသွားတာ။ ဗဲရီးချင်းမ် (Very Chim) ပဲ။” လို့ ပြောပါတယ်။

ဗဲရီးချင်းမ် ဆိုတာက စင်းဂလိပ်ပါ။ အရမ်းကို ရှုပ်တယ်။ ခက်ခဲ နက်နဲတယ် ဆိုတဲ့ သဘောမျိုး အဓိပ္ပါယ် ရပါတယ်။ ဗဲရီးချင်းမ် ပေမယ့်လည်း မတတ်နိုင်ပါဘူး။ ပရိုဂရမ်ကို ပြင်ရေးရမှာ ဆိုတော့ အဲဒီ ပရိုဂရမ်ထဲမှာ အရင် ပရိုဂရမ်မာ ဘယ်လို တွက်ခဲ့သလဲ လိုက်ရှာရပါတယ်။ သူပြောတဲ့ ဗဲရီးချင်းမ် ဆိုတဲ့ ဖော်မြူလာကို တွေ့တော့ ကျွန်တော် ရယ်ချင်သွားပါတယ်။ “မနီ မနီ ထထ ၊ ထထ နီမ နီမ” ဆိုပြီး ကျွန်တော်တို့ ငယ်ငယ်က လင်္ကာရွတ်ပြီး တွက်ခဲ့ရတဲ့ တြီဂိုနိုမေတြီ (Trigonometry) ပါ။ တြီဂို ဆိုတော့လည်း အပေါင်းအနှုတ် အမြှောက်အစား တင်မကပဲ cos တို့ sin တို့ ဖော်မြူလာထဲမှာ ပါနေပါတယ်။ cos တွေ sin တွေ ပါတာနဲ့ ကျွန်တော့် မန်နေဂျာက သေသေချာချာ မကြည့်ပဲ ဗဲရီးချင်းမ် ဆိုပြီး ခပ်တည်တည်နဲ့ ရမ်းတုတ် ထည့် လိုက်တာပါ။ ကျွန်တော်လည်း ရယ်ချင်ပေမယ့် “အော်။ ဗဲရီးချင်းမ် ဆိုတာ ဒါလား။” လို့ပဲ စိတ်ထဲမှာ ဖြစ်မိပါတယ်။

ဒါပေမယ့် အဲဒီ စက်ဝိုင်းပုံ ဝင်ရိုးရဲ့ ဇာတ်လမ်းက ဒီလောက်နဲ့ မပြတ်သေးပါဘူး။ နောက် ၂ နှစ်လောက်နေတော့ အဲဒီစက်ကို မော်ဒယ်လ် အသစ်ထုတ်ပါတယ်။ အရင် ပရိုဂရမ်က အမှိုက်ထုပ်လို ဖြစ်နေတော့ ကျွန်တော်တို့ အဲဒီ ဆော့ဖ်ဝဲလ်ကို အစအဆုံး ဒီဇိုင်းထုတ်ပြီး ပြန်ရေးကြပါတယ်။ ဆော့ဖ်ဝဲလ်က ပြီးပေမယ့် အဲဒီ စက်က ဒုက္ခပေါင်း သောင်းခြောက်ထောင် ပေးနေပါတယ်။ စက်ကို စက်ရုံမပို့ခင် ဆော့ဖ်ဝဲလ်ရဲ့ တစ်ချို့ အပိုင်းတွေကို စမ်းဖို့ အချိန်မရလိုက်ပါဘူး။ မစမ်းလိုက်ရတဲ့ အပိုင်းထဲမှာ စက်ဝိုင်းပုံလည်တဲ့ ဝင်ရိုးလည်း ပါပါတယ်။ အဲဒီ အပိုင်းကို တာဝန်ယူပြီး ရေးတဲ့ ပရိုဂရမ်မာက “ငါရေးတော့ ရေးလိုက်တယ်။ မစမ်းရသေးဘူး။ မင်းဘာသာမင်း ကြည့်လုပ်လိုက်တော့။” ဆိုပြီး ပြောလိုက်ပါတယ်။ ကျွန်တော်ကတော့ သူအဲဒီလို ပြောလိုက်ကတည်းက သဘောပေါက် ပြီးသားပါ။ မစမ်းရသေးဘူး ဆိုကတည်းက အလုပ်မလုပ်ဘူး ဆိုတာ ၉၅ ရာခိုင်နှုန်း သေချာပါတယ်။

အဲဒီစက်ကို ကျွန်တော်တို့ ဂျာမနီကို ပို့ပါတယ်။ စက်ရုံထဲရောက်တော့ စက်ကို စက်ရုံကို လွှဲမပေးခင် အဲဒီ စက်ဝိုင်းပုံ ဝင်ရိုးကို ကျွန်တော် စမ်းကြည့်ပါတယ်။ ထင်တဲ့ အတိုင်းပါပဲ။ နေရာတွေ လွဲနေပါတယ်။ အဲဒါနဲ့ စာရွက်တစ်ရွက်နဲ့ ဘောပင်တစ်ချောင်းယူပြီး ပုံဆွဲကြည့် ပါတယ်။ တြီဂို ဖော်မြူလာတွေ ချရေး ပြီး ပရိုဂရမ် နဲ့ တိုက်ကြည့်တော့လည်း ပရိုဂရမ်က မမှားပါဘူး။ ပရိုဂရမ်ထဲမှာ ရေးထားသမျှ ဖော်မြူလာတွေက အကုန် မှန်နေပါတယ်။ အဲဒါနဲ့ အိတ်ထဲက ကယ်ကူလေတာထုတ် ဂဏန်းရိုက်ထည့်ပြီး ထွက်လာတဲ့ အဖြေနဲ့ ကွန်ပြူတာက တွက်ပေးတဲ့ အဖြေကို တိုက်စစ်ကြည့်တော့ လွဲနေပါတယ်။ ကျွန်တော်လည်း အတော်ကို ခေါင်းစားသွားပါတယ်။ ကယ်ကူလေတာက ရိုက်ထည့်တဲ့ ဖော်မြူလာနဲ့ ပရိုဂရမ်ထဲမှာ ရေးထားတဲ့ ဖော်မြူလာက ချွပ်စွပ်တူနေပါရက်နဲ့ ဘာလို့ လွဲနေရတာလဲ ဆိုတာကို စဉ်းစားလို့ မရပါဘူး။ ဂဏန်းကို တစ်လုံးချင်း တွက်ကြည့်တော့မှပဲ cos တွေ sin တွေကို C# ပရိုဂရမ်က လက်ခံတဲ့ ဂဏန်းဟာ ဒီဂရီ (Degree) နဲ့ မဟုတ်ပဲ ရေဒီယံ (Radian) နဲ့ ဖြစ်နေတယ် ဆိုတာကို သွားပြီး သတိ ထားမိ ပါတော့တယ်။ ဒီဂရီတွေ အားလုံးကို ရေဒီယံ ပြောင်းပေးလိုက်တော့ နေရာတွေ အားလုံး မှန်သွားပါတော့တယ်။

အဲဒီ ခရီးမှာ ကျွန်တော်နဲ့ အတူတူ ဥရောပရုံးက အင်ဂျင်နီယာ တစ်ယောက်ပါပါတယ်။ အဲဒီ အင်ဂျင်နီယာက အလွန် အမေးအမြန်း ထူပါတယ်။ သူက ကျွန်တော် တစ်ခုခု ပြင်ရင် ဘာပြင်သလဲ ဆိုတာကို အသေးစိတ် သိချင်ပါတယ်။ ကျွန်တော်ကလည်း ရှင်းပြရတာ သိပ်ဝါသနာ ပါတော့ ဘုန်းကြီးရူးနဲ့ လှေလူး သွားတွေ့ကြ ပါတယ်။ ကျွန်တော်က သူ့ကို ပုံဆွဲပြပြီး ဒီ ဝင်ရိုးက ဒီလောက် လည်ရင် သူ့ရဲ့ လည်တဲ့ ဒီဂရီပေါ်မူတည်ပြီး အလျားလိုက် ဒေါင်လိုက် တည်နေရာကို ဘယ်လောက် လိုက်ပြောင်း ပေးရတယ် ဆိုတာ ကို ရှင်းပြပါတယ်။ ကျွန်တော် ထင်တဲ့ အတိုင်းပါပဲ။ သူက ကျွန်တော့်ကို အဲဒီ ဖော်မြူလာ ဘယ်က ရောက်လာသလဲ မေးပါတယ်။ ကျွန်တော်က “ဒါ အထက်တန်းမှာ သင်ရတဲ့ တြီဂိုနိုမေတြီလေ။ မှတ်မိလား။” မေးတော့ “ဆောရီးပဲ။ အထက်တန်း စာတော့ ငါမေ့သွားပြီ။” လို့ ပြောပါတယ်။ သူလည်း ကျွန်တော့် ရုံးက မန်နေဂျာနဲ့ ထူးမခြားနား ပါပဲ။ အဲဒါနဲ့ ကျွန်တော်လည်း သူ့ကို “ထားလိုက်တော့။ တြီဂို မှာ ဖော်မြူလာက ဒီလို ရှိတယ်။ အဲဒီမှာ ငါတို့မှာ ရှိတဲ့ ဂဏန်းက ဒီဂရီနဲ့။ ပရိုဂရမ်က ရေဒီယံ ပဲ လက်ခံတယ်။ အဲဒီတော့ ဒီဂရီကို ရေဒီယံ ပြောင်းပေးလိုက်တော့ အားလုံး အဆင်ပြေ သွားပြီ။” လို့ ဆက်ပြီး ရှင်းပြလိုက်ပါတယ်။ အဲဒီမှာ သူက နောက်တစ်ခွန်း ထပ်မေး ပါတယ်။ “ ဒီဂရီကို ရေဒီယံ ဘယ်လို ပြောင်းသလဲ ဆိုတာပါ။” ဒါလည်း သိပ်တော့ မဆန်းပါဘူး။ ကယ်ကူလေတာ သုံးနေကျ သူတွေ ဖော်မြူလာ မေ့နေတတ် ပါတယ်။ ဒါနဲ့ ကျွန်တော်က “ဒီဂရီကို ပိုင်(pi) နဲ့ မြှောက် ၁၈၀ နဲ့ စားရင် ရေဒီယံ ရတယ်လေ။” ဆိုပြီး ဖော်မြူလာ ပြောပြလိုက်ပါတယ်။ အဲဒီမှာ သူထပ်မေးတဲ့ မေးခွန်း တစ်ခုကြောင့် ကျွန်တော် အတော်လေး ရယ်ချင် သွားပါတယ်။ သူက ဆက်မေးတာက “ဒီဂရီကို ရေဒီယံပြောင်းတာ အဲဒီလို ပြောင်းရတယ်လို့ မင်းဘယ်လို သိသလဲ။ ” ဆိုတာပါ။ ကျွန်တော်လည်း ဘာဖြေရမှန်း မသိလို့ စိတ်ပေါက်ပေါက်နဲ့ “အဲဒါတော့ ငါလည်း မသိဘူး။ စာအုပ်ထဲ အဲဒီအတိုင်း ရေးထားတာပဲ။” လို့ ပြန်ပြောလိုက်ပါတယ်။

အပေါင်းအနှုတ် အမြှောက်အစား နဲ့ မပြီးဘဲ Cos တွေ Sin တွေ ထည့်တွက်မိတဲ့ အတွက် ကျွန်တော်မျိုးကြီး သေသင့်ပါတယ် လို့ တရုတ်ကားထဲကလို ပြောရမလို ပါပဲ။ နောက်ဆုံးတော့လည်း နေရာတကာ ရှင်းပြချင်မိတဲ့ ကိုယ့်ကိုယ်ပဲ သနားမိ ပါတော့တယ်။

Monday, July 6, 2009

ဖောင်းကားစား Remix

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ မာလကီးယားသွားတော့ သားတော်တွေကို ကြီးစဉ်ငယ်လိုက် မင်းပြုဖို့ မှာခဲ့ပါတယ်။ ပထမဆုံး သားတော်ကြီး ဖြစ်တဲ့ နောင်တော်ကြီး လို့ခေါ်တဲ့ ဒီပဲယင်းမင်း နန်းတက်ပါတယ်။ တစ်နေ့တော့ နောင်တော်ကြီး တစ်ယောက် ညဖက် ဥယျာဉ်တော် ထဲမှာ မိဖုရားကြီးနဲ့ ပွားနေတုန်း ညီတော် မြေဒူးမင်းက သေနတ်နဲ့ ချောင်းပစ်လို့ ရှောဘရားသား ဖြစ်သွားပါတယ်။ မြေဒူးမင်း နန်းတက်တော့ အလောင်းမင်းတရား မှာခဲ့တာကို မသိချင်ယောင် ဆောင်ပြီး သူ့ညီ ဘိုးတော် ကို အိမ်ရှေ့အရာ မပေးပဲ သားဖြစ်သူ စဉ့်ကူးမင်းကို အိမ်ရှေ့ အရာ ပေးပါတယ်။ နောင်တော်ကြီးရဲ့ သား မောင်မောင်ကိုတော့ ဖောင်းကားရွာကို စားစေပါတယ်။ ဆင်ဖြူရှင်ခေါ်တဲ့ မြေဒူးမင်း လွန်တဲ့ အချိန်မှာတော့ သားဖြစ်သူ စဉ့်ကူးမင်း နန်းတက်ပါတယ်။

အချိန်ကတော့ ကုန်းဘောင် နေပြည်တော်မှာ စဉ့်ကူးမင်း အုပ်ချုပ်တဲ့ အချိန်ပါ။ စဉ့်ကူးမင်းကတော့ သူ့ရဲ့ ဒက်ဒီ ဖားသား ဆင်ဖြူရှင် လို အလုပ်မရှိ အကိုင်မရှိတိုင်း ယပက်လက်ကို သွားဖဲ့ မနေပဲ တိုင်းပြည်ထဲမှာပဲ လိမ့်နေပါတယ်။ အခုလည်း မနက်ကတည်းက အညာသီဟတော ဘုရားဖူး သွားမယ် ဆိုပြီး လစ်သွားလို့ နန်းတော်ထဲမှာ ကျန်တဲ့ မင်းမှုထမ်းတွေ အားလုံး ဖရီးရိုက် နေကြပါတယ်။ ဟယ်လီကော့ပတာ နဲ့ သွားတာ မဟုတ်တော့လည်း နေ့ချင်းပြန် ရောက်မှာ မဟုတ်မှန်း အားလုံးက သိထားကြပါတယ်။

နေဝင်ရီတရောမှာတော့ မြို့တံခါး စောင့်တဲ့ ဝန်ထမ်းတွေဟာ ထုံးစံအတိုင်း ဖြတ်သွားသမျှ လူတွေအားလုံးကို ဟောက်စား လုပ်နေကြပါတယ်။ ဒီလိုနဲ့ ညနေစောင်း ဘရားသား မသိတသိ အချိန်လောက်မှာ “လမ်းကြောင်း” ဆိုပြီး အော်သံ ကြားလို့ ဝန်ထမ်းတွေ အားလုံး လန့်သွားပါတယ်။ တံခါးစောင့် ဝန်ထမ်းတွေလည်း အံ့သြတကြီး နဲ့ အချင်းချင်း ပြောကြပါတယ်။

“ကွိုင်ပဲ။ ဘုရင်က မနက်ကမှ ထွက်သွားတာ မဟုတ်လား။ ဘယ်လိုကြောင့် ပြန်ရောက်လာတာလဲ။”
“အိမ်သာ တက်ချင်လို့ ဖြစ်မှာပေါ့။”
“နင့်ကြီးဒေါ်ကြီး။ အိမ်သာတက်ချင် လမ်းမှာ တက်မှာပေါ့။ တကူးတက နန်းတော်ကို ပြန်လာမလား။”
“ဒါဆိုလည်း ဒီည ချန်ပီယံလိဂ် ကြည့်မလို့ လမ်းမှာ လိုင်းမမိ လို့ နေမှာပေါ့။”
“ငါတော့ မထင်ဘူး။ သူမရှိတုန်း နန်းတော်ထဲမှာ မှူးမတ်တွေ ရှမ်းကိုးမီး ဝိုင်းကောင်းနေတယ် ကြားလို့ လာပြန် Join တာ ဖြစ်မယ်။”

ဝန်ထမ်းတွေလည်း လမ်းကြောင်း အသံကြားတော့ လူတွေ အားလုံး လမ်းဘေးချရပ် အဲ လမ်းဘေးကို ဖယ်ဖို့ ပြင်ရပါတယ်။ မကြာခင်မှာပဲ ဘုရင်လည်း သူ့ရဲ့ နောက်လိုက်တွေနဲ့ အတူ ရောက်လာပါတယ်။ တံခါးစောင့် ဝန်ထမ်းက သူ့အဖော်ကို လက်ကုပ်ပြီး ပြောပါတယ်။
“ဟေ့ကောင်။ တွေ့လား။”
“ဘာလဲ။”
“မိဖုရားကြီး မပါဘူးကွ။ ဧကန္တ ဘုရင် မိဖုရားကြီးနဲ့ ရန်ဖြစ်ပြီး တင်းသွားလို့ ပြန်လာတာ ဖြစ်မယ်။”
“အေး။ ဟုတ်တယ်ကွ။ မနက်က ပါသွားတဲ့ သူတွေ အတော်များများလည်း မတွေ့ဘူး။”

ဘုရင်ကတော့ ထုံးစံအတိုင်း ကော့တော့ ကော့တော့နဲ့ နန်းတော်ကို ဦးတည်ပြီး သွားပါတော့တယ်။ နန်းတော်ထဲကို ရောက်တာနဲ့ Duty ကျတဲ့အမတ်တွေရော အိမ်ပြန်နှပ်နေတဲ့ အမတ်တွေပါ အားလုံး နန်းရင်ပြင်မှာ အခစား ဝင်ရမယ်ဆိုပြီး ချက်ချင်း အမိန့်ထုတ်ပါတယ်။ ညနေစောင်းကြီး မခေါ်စဖူး အခေါ်ထူးတော့ မှူးမတ်တွေအားလုံး အူလည် အူလည် နဲ့ပဲ နန်းရင်ပြင်ကို ရောက်လာကြပါတယ်။ နန်းတော်ထဲကို ခေါ်တာ မဟုတ်ပဲ နန်းရင်ပြင်ကို ခေါ်တာဆိုတော့ ဘောလုံးများ ကန်မလားလို့ တွေးချင် တွေးကြမှာပါ။ ဒီလိုနဲ့ပဲ နန်းရင်ပြင်မှာ အားလုံး တန်းစီပြီး ရပ်နေကြပါတယ်။ ခဏနေတော့ မှူးမတ်တစ်ယောက် ရေဖလားကြီး တစ်လုံးကိုင်ပြီး ရောက်လာပါတယ်။ ဝန်ကြီးတစ်ယောက်က သူ့ဘေးက ဝန်ကြီးကို ပြောပါတယ်။

“ဝန်ကြီး။ ဘယ်လိုထင်သလဲ။ သင်္ကြန်လဲ မဟုတ်ဘဲနဲ့။ ဟိုအမတ်က ဖလားကြီး ကိုင်လို့ပါလား။”
“ဧကန္တ ဘုရင် ခရီးသွားရာက အပြန် ဂျော်နီဝေါ့ကား ဝယ်လာလို့ ကျုပ်တို့ကို တိုက်ချင်လို့ ခေါ်တာ ဖြစ်မယ်။ အဲဒီ ဖလားထဲက ဂျော်နီ ဝေါ့ကားတွေ ထင်တယ်။”
“ဒါမျိုး ဆိုတော့လည်း ကျုပ်တို့ဘုရင်က ဘယ်ဆိုးလို့လဲ။”

ခဏနေတော့ အမတ်က ရပ်နေတဲ့ သူတွေ အားလုံးကို ဖလားထဲက အရည်တွေ လိုက်တိုက်ပါတယ်။ ခုန ဝန်ကြီး နှစ်ယောက်ကတော့ ဖလားထဲက အရည်တွေ သောက်ပြီးတော့ မျက်နှာ ရှုံ့သွားကြပါတယ်။

“ဝန်ကြီး။ ခင်ဗျားပြောတော့ ဂျော်နီဆို။ အခုတော့ ရေတွေပါလား။”
“သေချာလည်း သောက်ကြည့်ပါဦး။ ဝှိုက်လေဘယ်လည်း ဖြစ်ချင် ဖြစ်မှာပေါ့။”
“ကျုပ်တော့ မထင်ဘူး။ အရသာကတော့ ရေပဲဗျ။”
“အဲဒါဆိုတော့ ဘာလဲ မသိဘူး။ ဘုရင်ကလည်း ရေတိုက်ချင်တာ ရေသန့်ဗူးဝယ်ပြီး အိမ်ပို့လိုက် ပြီးတာပဲ။ အခုတော့ တကူးတက နန်းတော်ထဲကို ခေါ်ပြီး တိုက်ရတယ်လို့။”

အားလုံး ရေသောက်ပြီးကြတော့ မှူးမတ်တစ်ယောက်က ကြေငြာပါတယ်။
“အခု ခင်ဗျားတို့တွေ အားလုံး ဘုရင်ကို သစ္စာတော်ခံတဲ့ အနေနဲ့ သစ္စာရေ သောက်ပြီးပြီ။ အဲဒီတော့ အခု ဘုရင်ရဲ့ သစ္စာကို ခင်ဗျားတို့ စောင့်သိကြ။”
မှူးမတ်တွေ ရွစိရွစိနဲ့ တိုးတိုးတိတ်တိတ် အသံတွေ ထွက်လာပါတယ်။
“ဘယ်နှယ့်ကြောင့် သစ္စာရေတိုက်ရတာလဲ။ ဒေးဗစ်ဘက်ဟမ် နဲ့ ဗစ်တိုးရီးယား ခဏခဏ မင်္ဂလာဆောင်တာ ကျနေတာပဲ။ အခုလည်း သူ့သစ္စာတော် ခံထားပြီးသားပဲ။ ဘာကိစ္စ နောက်တစ်ကြိမ် ရေထပ်တိုက်ရတာလဲ။ ကျုပ်တို့ ထပ်ဆင့် ရှင်းလင်းပွဲများ လုပ်ရဦးမလား မသိဘူး။”
“အေးဗျ။ ထူးတော့ ထူးခြားတယ်။”
အဲဒီအချိန် ခုန အမတ်ဆီကနေ အသံထွက်လာပါတယ်။
“ဘုရင် Briefing ပေးမယ်။ အားလုံး ငြိမ်ပါ။”
အမတ်တွေ အားလုံး ငြိမ်သွားပါတယ်။ ဘုရင်ကတော့ ခပ်တည်တည်နဲ့ အမှာတော်ခြွေနေပါတယ်။ ခုန ဝန်ကြီး နှစ်ယောက်လည်း ထုံးစံအတိုင်း တိုးတိုးတိတ်တိတ် ဆွေးနွေးနေ ကြပါတယ်။
“ဝန်ကြီး။ ဒီနေ့ ဘုရင့် အသံက ထူးခြား မနေဘူးလား။”
“ထူးခြားတာတော့ အမှန်ပဲ။ ဧကန္တ ဘုရင် ကာရာအိုကေ ဆိုတာများသွားလို့ အသံဝင်သွားပြီလား မသိဘူး။”
“ကျုပ်တော့ မထင်ဘူး။ ဟာ။ ကျူပ်သိပြီ။ ဝန်ကြီး သေသေချာချာ ကြည့်စမ်း။ ကျုပ်တို့တော့ ဘတ်ကီးရိုက် ခံလိုက်ရပြီ။ ဒါ စဉ့်ကူးမင်းမှ မဟုတ်တာ။ ဒါ စဉ့်ကူးမင်းရဲ့ ကာစင်ပဲ။”
“ဘာ ကာစင်လဲဗျ။ ကျုပ်ကတော့ ကာစင်ဆိုရင် ကာစင်ဘိုင် ကြက်သားသုပ်ပဲ သိတယ်။”
“ဟာ ဒီဝန်ကြီး နဲ့ ခက်တော့ တာပဲ။ ဝန်ကြီး လုပ်နေပြီး သိုးဆောင်း စကားလေး ဘာလေး သင်မထားဘူး။”
“ဒီမှာ။ ဝန်ကြီး လုပ်ဖို့ သိုးဆောင်းစကား တပ်စရာ မလိုဘူး။ သိုးလို ငြိမ်ငြိမ်ဆိမ်ဆိမ် နေတတ်ဖို့ပဲ လိုတယ်။”
“တယ် ဒီလူနဲ့ အပြောရ အဆိုရ တယ်ကြပ်တာပဲ။ ကာစင်ဆိုတာ ညီအစ်ကို ဝမ်းကွဲကို ပြောတာ။ အခု ကျုပ်တို့ သစ္စာရေသောက်ပြီး သစ္စာတော်ခံလိုက်တာ စဉ့်ကူးမင်းရဲ့ အစ်ကိုဝမ်းကွဲ။ နောင်တော်ကြီး မင်းရဲ့ သား ဖောင်းကားစား ဗျ။”
“အော်။ ဒီလိုကိုး။”

ဒီလိုနဲ့ ဖောင်းကားစား မောင်မောင် တစ်ယောက် ရောင်တော်ပြန်နဲ့ ရောကြိတ်ပြီး ဘုရင် ဖြစ်လာခဲ့ပါတယ်။ အညာသီဟတော ဘုရားဖူး သွားတဲ့ စဉ့်ကူးမင်းကတော့ ကုလသမ္မဂ္ဂ အစည်းအဝေး သွားတက်တုန်း အာဏာသိမ်းခံ လိုက်ရတဲ့ ထိုင်းဝန်ကြီးချုပ် သက်ဆင် လို့ ဟတ်ကော့ကြီး ဖြစ်နေပါတော့တယ်။ ဖောင်းကားစား ကတော့ ဘုရင်အဖြစ်ကို အားရအောင်တောင် မလုပ်လိုက်ရပါဘူး။ ဘထွေးတော် ဖြစ်တဲ့ ကျွန်တော်တို့ “ဘိုးတော်ဘုရားကြီး လေးဘက်သွားတုန်းက” လို့ ပြောပြီး ခဏခဏ လေးဘက်သွား ခိုင်းတဲ့ ဘိုးတော် လို့ခေါ်တဲ့ ဗဒုံမင်းက ကုန်းဘောင်ကို တိုက်ခိုက်ပြီး အာဏာသိမ်းလိုက်တာကြောင့် ၇-ရက် ပဲ ဘုရင် လုပ်ခွင့် ရလိုက်ပါတယ်။

ဖောင်းကားစား အကြောင်း လူသိနည်းကြတာကြောင့် ဖောင်းကားစားကို ရီမစ်စ် ပြန်လုပ်ပေးလိုက်ပါတယ်။ မောင်ဖေငယ် ရေးတဲ့ ဖောင်းကားစားကို မှီငြမ်းပြုပါတယ်။

Wednesday, July 1, 2009

ပုံသေကားကျ

ငါးကြင်းက ပါးဟက်နဲ့ အသက်ရှူတယ်။ ငါးခူကလည်း ပါးဟက်နဲ့ အသက်ရှူတယ်။ အဲဒါကြောင့် ငါးအားလုံးဟာ ပါးဟက်နဲ့ အသက်ရှူတယ် လို့ ယူဆရင် မှန်ပါ့မလား။ အဲဒီလို ကောက်ချက်ချရင် မှားပါတယ်။ ငါးတိုင်း ပါးဟက်နဲ့ အသက်မရှူပါဘူး။ ဥပမာ ဝေလငါး ဆိုရင် ရေပေါ်မှာ တက်ပြီး အသက်ရှူပါတယ်။ ယုတ္တိဗေဒမှာ အဲဒီလို အမှားမျိုးကို ခြုံငုံသုံးသပ်မှုကြောင့် ဖြစ်တဲ့ အမှားလို့ ခေါ်ကြောင်း ဖတ်ဖူး မှတ်ဖူးပါတယ်။

ကျွန်တော်တို့လည်း နိုင်ငံခြားသား အင်ဂျင်နီယာများကို တွေ့ရင် သူတို့ နိုင်ငံကို အစွဲပြုပြီး အမှတ်မထင် ပုံသေကားကျ တွက်တတ် ကြပါတယ်။ Stereotype လုပ်တတ် ကြပါတယ်။ အိန္ဒိယက လာတဲ့သူတွေ့ရင် ဒီကောင် မတတ်ရင်လည်း တတ်ချင်ယောင်ဆောင်မဲ့ ကောင်ပဲ၊ ဂျပန်က လာတဲ့သူ တွေ့ရင် ဒီကောင် ဆရာကျမယ့် ကောင်ပဲ။ တရုတ်က လာတဲ့သူ တွေ့ရင် ဒီကောင် ဖြစ်ကတတ်ဆန်း လုပ်မယ့်ကောင်ပဲ စတာမျိုးတွေ တွေးတတ်ကြ ပါတယ်။ ဒါပေမယ့် အဲဒီလို စတီရီယိုတိုက်ပ် တွေက အမြဲတော့ မမှန်တတ် ပါဘူး။

လွန်ခဲ့တဲ့ ၆ နှစ်ဝန်းကျင်လောက်က ကြုံခဲ့ဖူးတဲ့ အဖြစ်အပျက် တချို့ကို သတိရမိပါတယ်။ အဲဒီအချိန်က ကျွန်တော် အလုပ်ထွက်ပြီး နောက်အလုပ်အသစ်တစ်ခု ရှာနေတဲ့ အချိန်ပါ။ အလုပ်ထွက် ထားပေမယ့် အရင် အလုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီဟောင်းမှာ အချိန်ပိုင်းနဲ့ Technical Support လုပ်နေတုန်း ပါပဲ။ တစ်နေ့တော့ ကုမ္ပဏီဟောင်းရဲ့ ဘော့စ်က ကျွန်တော့်ကို ဖိလစ်ပိုင်နိုင်ငံမနီလာမြို့က စက်ပြပွဲကို Technical Support အနေနဲ့ သွားပေးမလား။ ရက်တွက်နဲ့ ရှင်းပေး ပါ့မယ် လို့ ကမ်းလှမ်း ပါတယ်။ အလုပ်မရှိတဲ့ အချိန်ကလည်းဖြစ် မနီလာကိုလည်း တစ်ခါမှ မရောက်ဖူးသေးတော့ သွားမယ်ဆိုပြီး လက်ခံလိုက်ပါတယ်။

ဒီလိုနဲ့ မနီလာရွှေမြို့တော် ကြီးကို ပထမဆုံး အကြိမ် ရောက်သွားပါတော့တယ်။ စက်ပြပွဲအတွက် အစအဆုံး စီစဉ်ပေးတာ ကတော့ ဖိလစ်ပိုင်က ကျွန်တော်တို့ရဲ့ အေးဂျင့် ကုမ္ပဏီ တစ်ခုပါ။ ကျွန်တော်တို့ ကုမ္ပဏီနဲ့ အတူ OMRON နဲ့ နောက်ထပ် ကမ္ဘာကျော် ဂျပန် ကုမ္ပဏီကြီး တစ်ခုလည်း ပြပွဲ ခန်းမဆောင်ထဲက အဲဒီ အေးဂျင့်ရဲ့ ပြခန်းထဲမှာ အတူတူ ပြကြဖို့ စီစဉ်ထားပါတယ်။ ကျွန်တော် ရောက်တဲ့ နေ့မှာပဲ ဂျပန် ကုမ္ပဏီကြီးက အင်ဂျင်နီယာ တစ်ယောက် ရောက်လာပါတယ်။ ဂျပန်လည်းဖြစ် ကမ္ဘာကျော် ကုမ္ပဏီကြီး တစ်ခုမှာ အလုပ်လုပ် နေတဲ့သူလည်း ဖြစ်တော့ အဲဒီ အင်ဂျင်နီယာကို အတော် ဆရာကျမယ့် လူပဲလို့ စိတ်ထဲမှာ ထင်မိပါတယ်။ အဲဒီအချိန်မှာ ကျွန်တော့် လုပ်သက်ကလည်း ၁ နှစ်ကျော်ပဲ ရှိသေးတဲ့ တွက် အဲဒီလို အင်ဂျင်နီယာမျိုးတွေနဲ့ ပုခုံးချင်းယှဉ် အလုပ်လုပ်ရမယ် ဆိုတော့ နည်းနည်းတော့ ဖြုံတာ အမှန်ပါပဲ။

ကျွန်တော်တို့ ရောက်ပြီး နောက်တစ်နေ့မှာတော့ ပြပွဲမှာ ပြဖို့အတွက် စက်တွေကို အသင့်ပြင် ကြပါတယ်။ တစ်ချိန်လုံး ကျွန်တော့်ကို ဒုက္ခပေးခဲ့တဲ့ စက်က ဒီတစ်ကြိမ်တော့ အတော်လေး သဘောကောင်းနေပါတယ်။ ရောက်ရောက်ချင်း စက်ထဲက ပါဝါကြိုး တစ်ချောင်း ပြုတ်နေလို့ စက်ဖွင့်လို့ မရတာပဲ ရှိပါတယ်။ အဲဒီ ဝိုင်ယာကြိုးကို ပြန်တပ်ပြီးတော့ အားလုံး အဆင်ပြေသွားပါတယ်။ ဒါနဲ့ပဲ ကျွန်တော်လည်း စက်ကို ရေချိန်ညှိတာ၊ အစမ်း လည်ပတ် ကြည့်တာတွေနဲ့ တစ်ညနေလုံး လုံးပန်းရင်း နောက်နေ့ ပြပွဲအတွက် ပြင်ဆင် နေပါတယ်။ ညနေ နည်းနည်းလေး စောင်းလာတဲ့ အချိန်မှာတော့ နာမည်ကြီး ဂျပန်ကုမ္ပဏီက အသစ်စက်စက် ရိုဘော့လက်တံ ၄ ခုပါတဲ့ စက်ဟာ ဖုန်း ကနဲ အသံနဲ့ အတူ မီးခိုးတွေ ထွက်လာပြီး ရပ်သွားပါတယ်။

ဂျပန် အင်ဂျင်နီယာက စက်ဘေးမှာ ခေါင်းကုပ်ပြီး ရပ်နေပါတယ်။ သူဘာဆက် လုပ်ရမယ် ဆိုတာကိုလည်း သိဟန် မတူပါဘူး။ သူ ဟိုကြည့်ဒီကြည့် လုပ်နေလို့ နောက်ဆုံး မနေနိုင်တာနဲ့ အေးဂျင့် ကုမ္ပဏီက ဖိလစ်ပိုင် အင်ဂျင်နီယာတွေက သူတို့ ကြည့်ပေးရမလား ကမ်းလှမ်းပါတယ်။ ဂျပန်ကလည်း ဝမ်းသာအားရ သဘောတူ ပါတယ်။ အဲဒီလိုနဲ့ ဖိလစ်ပိုင် အင်ဂျင်နီယာတွေ အခုမှ သူတို့ မြင်ဖူးတဲ့စက်ကို ကြိုးစားပမ်းစားနဲ့ အမှား ရှာကြပါတယ်။ နောက်ဆုံးမှာတော့ ဆားကစ်ပြားတွေ အများကြီးထဲက လောင်သွားတဲ့ ဆားကစ်ပြားကို သူတို့ ရှာတွေ့သွား ပါတယ်။ ဂျပန်အင်ဂျင်နီယာလည်း အဲဒီတော့မှ ဆားကစ်ပြားရဲ့ မော်ဒယ်လ်နံပါတ်ကို မှတ်ပြီး ဂျပန်ကို လှမ်းမှာပါတယ်။ ကျွန်တော်လည်း ဖိလစ်ပိုင် အင်ဂျင်နီယာတွေ ကို ဘာဖြစ်တာလဲ။ ဘာပစ္စည်း လဲရမှာလဲလို့ စပ်စု ကြည့်မိပါတယ်။ ဖိလစ်ပိုင် အင်ဂျင်နီယာတစ်ယောက်ကတော့ “အခု အချိန်မှာ အလဲသင့်ဆုံး ကတော့ ဂျပန် အင်ဂျင်နီယာပဲ။ ဘာမှလည်း မသိဘူး။” ဆိုပြီး အရွှန်းထဖောက်လို့ ကျွန်တော်တို့ အားလုံး ဝိုင်းရယ် ကြပါတယ်။ ဂျပန် အင်ဂျင်နီယာ ဆိုရင် တော်တယ်ဆိုပြီး ပုံသေကားကျ တွေးထားတဲ့ အတွေးဟာ အဲဒီ အင်ဂျင်နီယာနဲ့ တွေ့တော့ ပျက်သွားပါတယ်။

နောက်တစ်နေ့မှာတော ပြပွဲ စပါတယ်။ ပြပွဲစတဲ့ နေ့မှာပဲ ဂျပန်က နောက်ထပ် အင်ဂျင်နီယာ တစ်ယောက် စက်အပို ပစ္စည်းနဲ့ အတူ ရောက်လာပြီး ပြင်လိုက်တာ သူတို့ စက် ပြန်ကောင်းသွားပါတယ်။

အဲဒီ ပြပွဲထဲမှာ ကျွန်တော်တို့ အေးဂျင့် ကုမ္ပဏီက ထိုင်းနိုင်ငံ ရဲ့ ဌာနေ ကိုယ်စားလှယ် အရောင်းမန်နေဂျာ တစ်ယောက်ကို ထူးထူးခြားခြား သတိထားမိပါတယ်။ အင်္ဂလိပ်စကားကို တမင် လုပ်ပြောတာ မဟုတ်ပဲ လေယူလေသိမ်း အသံထွက်က အစ အနောက်တိုင်းသား တစ်ယောက်နဲ့ မခြား ပြောနိုင်ပါတယ်။ အင်္ဂလိပ်စကားကို အဲဒီလောက် ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်တာကြောင့် ကျွန်တော်သူ့ကို စင်ကာပူ ဟောင်ကောင်လို အင်္ဂလိပ်စကား ပြောတဲ့ နိုင်ငံ တစ်နိုင်ငံကလို့ ထင်လိုက် မိပါတယ်။ ကျွန်တော့် ဘော့စ်ရောက်လာပြီးတော့ ကျွန်တော့်ကို အဲဒီ ပုဂ္ဂိုလ်နဲ့ မိတ်ဆက်ပေး ပါတယ်။ နာမည် ကြားလိုက်တော့မှ အတော်လေး အံ့အားသင့်သွားပါတယ်။ အဲဒီပုဂ္ဂိုလ်က ဂျပန်လူမျိုးပါ။ ဂျပန်ထဲမှာ အင်္ဂလိပ်စကား ဒီလောက်ကောင်းအောင် ပြောတတ်တဲ့သူ တစ်ခါမှ မတွေ့ဖူးတော့ သူ့ကို ဂျပန်လို့ မထင်မိတာ အမှန်ပါပဲ။ ဂျပန်ဆို အင်္ဂလိပ် စကားပြော ညံ့တယ်လို့ တွေးထားတဲ့ နောက်ထပ် ပုံသေကားကျ အတွေး တစ်ခု ထပ်ပြီး ပျက်သွားပါတယ်။ နောက်မှ သူပြောပြလို့ ယူအက်စ်က အင်ဂျင်နီယာဘွဲ့ ရလာတဲ့သူ ဆိုတာ သိလိုက်ရပါတယ်။

ဒီလိုနဲ့ ပြပွဲပြီးတဲ့နေ့မှာ ညစာစားရင်း အိုမရွန် ကုမ္ပဏီရဲ့ စင်ကာပူ ရုံးခွဲ က မန်နေဂျာ တစ်ယောက်နဲ့ စကားပြော ဖြစ်ပါတယ်။ ကျွန်တော့်ကို ဘယ်နိုင်ငံကလည်း မေးတော့ မြန်မာနိုင်ငံကလို့ ပြန်ဖြေလိုက်ပါတယ်။ သူက ကျွန်တော့်ကို “အရင်တုန်းက မြန်မာဆိုရင် ဆောက်လုပ်ရေး အလုပ်သမား၊ တရားမဝင်နေတဲ့သူ ဒီလိုပဲ သိထားတာ။ ” လို့ ပြောပါတယ်။ ဒါလည်း မဆန်းပါဘူး။ အဲဒီအချိန်က စလုံးမှာ ပညာတတ် မြန်မာ ဦးရေ ဒီလောက် မများသေးပါဘူး။ အဲဒီတော့ စလုံးတွေကလည်း မြန်မာတွေကို အဲဒီလိုပဲ စတီရီယိုတိုက်ပ် လုပ်တတ် ကြပါတယ်။

နောက်တော့ သူက ဆက်ပြောပါတယ်။ “မင်းတို့ မြန်မာထဲမှာ အရမ်း ထက်တဲ့သူတွေ ရှိတယ် ဆိုတာ ငါအရင်က လုံးဝ ထင်မထားဘူး။ ငါတို့ ကုမ္ပဏီက System တွေ ဝိုင်အိုင်တီမှာ သွားပြီး ဆင်တုန်းကမှ သိလိုက်ရတယ်။ အီလက်ထရွန်းနစ် ဌာနက ဒေါက်တာ စန်းတင့်တို့ မစ္စတာ ဝင်းခိုင်မိုး တို့ ဆိုတာ တကယ့်ကို တော်တဲ့ သူတွေပဲ။ စင်ကာပူမှာ တော်ရုံတန်ရုံ အင်ဂျင်နီယာတွေ အလွယ်တကူ နားမလည်တဲ့ System တွေ သူတို့ကို ပြလိုက်တာ ချက်ချင်းပဲ သဘောပေါက်တယ်။ ချက်ချင်းပဲ ပြန်ပြီး အသုံးချတတ်တယ်။ အဲဒါကြောင့် သူတို့ နှစ်ယောက် နာမည်ကို ငါအခုထိ ကောင်းကောင်း မှတ်မိနေတယ်။” လို့ သူက ပြောပါတယ်။ တကယ့် ဂုရုတွေနဲ့မှ သွားတွေ့တာကိုး။ ဒီလောက်တော့ ရှိမှာပေါ့လို့ စိတ်ထဲကပဲ ပြောလိုက်မိ ပါတယ်။

ကျွန်တော့် အမြင်မှာတော့ လူတစ်ယောက် တော်တယ် ညံ့တယ် ဆိုတဲ့ ကိစ္စကို လူမျိုးကို လိုက်ပြီး Stereotype လုပ်လို့ ရတယ်လို့ မထင်ပါဘူး။ လူတစ်ယောက်ချင်းစီ ရဲ့ အရည်အချင်း ကြိုးစားမှုနဲ့ ပိုပြီး ပတ်သက်တယ် လို့ ထင်ပါတယ်။ တစ်ချို့ကျတော့လည်း “တို့မြန်မာတွေ သိပ်တော်တယ်ကွ။” ပြောပြီး တကယ် ထူးချွန်တဲ့ မြန်မာတွေ ရှိတာနဲ့ ကိုယ်ကပါ မဆီမဆိုင် အလိုလိုနေရင်း တော်နေသယောင် မသိမသာ ရောကြိတ်တတ် ကြပါတယ်။ တို့မြန်မာတွေ အားလုံး သိပ်တော်ကြတယ် ဆိုပြီး ပုံသေကားကျ ပြောတာနဲ့ ယှဉ်ရင်တော့ တို့မြန်မာထဲမှာ တကယ် တော်တဲ့သူတွေ ရှိတယ်လို့ ပြောတာက ပိုပြီး သဘာဝကျလိမ့်မယ်လို့ ထင်ပါတယ်။