Search This Blog

Saturday, January 23, 2010

ပူနွေးလာတဲ့ ကမ္ဘာမြေကြီး

အခုအချိန် လူဖြစ်ရတာ မစားသာဘူး ဆိုရင် ပိုလာဘဲလ်လို့ ခေါ်တဲ့ ဝင်ရိုးစွန်း ဝက်ဝံတွေ ဖြစ်ရတာက ပိုပြီးတော့ မစားသာဘူးလို့ ပြောရလိမ့်မယ် ထင်ပါတယ်။ ပိုလာဘဲလ် တွေသာ လူတွေလို သတင်းစာဖတ် တီဗွီကြည့် လုပ်တတ်ကြမယ် ဆိုရင် အခုလောက်ဆို အတော် မျက်ခုံးလှုပ်နေလောက် ပါပြီ။ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် နောက်လာမယ့် ဆယ်နှစ်အတွင်းမှာ အာတိတ်ရေခဲပြင်ကြီး ပျောက်ကွယ်သွားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောနေကြတယ် မဟုတ်လား။ အာတိတ်ရေခဲပြင်ကြီးသာ ပျောက်သွားခဲ့ရင် ဝက်ဝံတွေ နေစရာ ရေခဲပြင် မရှိလို့ ရေပဲ ကူးနေကြမလား ဒါမှမဟုတ်ရင်လည်း ကမ္ဘာအရပ်ရပ်က တိရိစ္ဆာန်ရုံများကို ဂလိုဘယ် ဝမ်းမင်း ဘေးဒုက္ခသည် အနေနဲ့ပဲ ရောက်နေကြမလား မသိပါဘူး။

သဘာဝ ကတော့ သူ့ဘာသာသူ အားလုံးကို အချိုးညီအောင် လုပ်ပေးထားတာပါပဲ။ လူတွေက အောက်ဆီဂျင် ရှူသွင်းပြီး ကာဘွန်ဒိုင်အောက်ဆိုက်ဒ် ပြန်ထုတ်တယ်။ သစ်ပင်တွေက ကာဘွန်ဒိုင် အောက်ဆိုဒ် ကို လက်ခံပြီး အောက်ဆီဂျင် ပြန်ထုတ်ပေးတယ်။ ဒါပေမယ့် သဘာဝ ပတ်ဝန်းကျင်ကို ဖျက်တာက လူပါပဲ။ သက်ရှိထဲမှာ အဆင့်အမြင့်ဆုံး ဆိုတဲ့လူကပဲ သဘာဝကို ဇောက်ထိုးဖြစ်အောင် လုပ်နေကြတာပါ။ သဘာဝ အလျောက်ရှိနေတဲ့ သစ်တောတွေကို ရှင်းတယ်။ မြို့ပြတွေ ကျေးရွာတွေ အဖြစ် ပြောင်းလဲပစ်ကြတယ်။ အဲဒီလို လုပ်လိုက်တဲ့အတွက် ကာဘွန်ဒိုင်အောက်ဆိုဒ်ကို အောက်ဆီဂျင် ဖြစ်အောင် ပြောင်းပေးနိုင်တဲ့ သစ်ပင်တွေ နည်းသွားတယ်။ အခြားတစ်ဖက်မှာလည်း မြို့ပြတိုက်တာ အဆောက်အဦးတွေ အတွက်ကို လျှပ်စစ်ဓာတ်အား ပေးဖို့ လိုလာပါတယ်။ ကမ္ဘာအနှံ့အပြားမှာ သုံးနေတဲ့ လျှပ်စစ်ဓာတ်အားတွေက ကျွန်တော်တို့ မြန်မာနိုင်ငံက လောပိတ ရေအားလျှပ်စစ်လို သဘာဝက ရတာ မဟုတ်ပါဘူး။ လောင်စာသုံးတဲ့ ဓာတ်အားပေးစက်တွေနဲ့ ထုတ်လုပ် နေရတာပါ။ အဲဒီလို လောင်စာတွေ သုံးရတဲ့အတွက် ကာဘွန်တွေကို လောင်ကျွမ်း ပစ်ရတာကြောင့် ကာဘွန်ဒိုင်အောက်ဆိုဒ်တွေ ပိုထွက်လာပါတယ်။

အဲဒီမှာ မှန်လုံအိမ် အကျိုးသက်ရောက်မှု (Green House Effect) ဆိုတာ စဖြစ်လာပါတယ်။ အအေးပိုင်းဒေသ ပြင်ဦးလွင်လို နေရာမျိုးမှာတော့ မှန်လုံအိမ် စိုက်ခင်းတွေကို မြင်ဖူးကြမှာပါ။ မှန်လုံအိမ် (Green House) ဆိုတာက မှန်တွေနဲ့ အမိုးမိုးထားပြီး နေရောင်ခြည်က လာတဲ့ အပူရှိန်ကို အထဲမှာ သိုလှောင် အပြင်ဖက်ကို ပြန်မထွက်အောင် ထိန်းထားတဲ့ အဆောက်အအုံ မျိုးပါ။ ပုံမှန်အားဖြင့်တော့ ကမ္ဘာကြီးကို နေရောင်ခြည်တွေ ဝင်လာပြီးရင် အဲဒီ နေရောင်ခြည်က အပူဓာတ်တွေက ကမ္ဘာရဲ့ အပြင်ဘက်ကို ပြန်ထွက်သွားပါတယ်။ ဒါပေမယ့် ကာဘွန်ထုတ်လွှတ်မှုတွေ များလာတဲ့အတွက် ကမ္ဘာ့လေထုထဲမှာ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေက အလွှာတစ်ခုအနေနဲ့ တားထားပြီး မှန်လုံအိမ်နဲ့ အလားသဏ္ဌန်တူတဲ့ အကျိုးသက်ရောက်မှု တစ်မျိုးကို ဖြစ်စေပါတယ်။ နေရောင်ခြည်က လာတဲ့ အပူရှိန်တွေက ကမ္ဘာထဲကို ဝင်လာပြီးရင် အပြင်ကို ပြန်မထွက်နိုင်တော့ပဲ အထဲမှာပဲ ပိတ်မိနေကြပါတယ်။ အကျိုးဆက်ကတော့ ကမ္ဘာကြီး အပူရှိန်မြင့်တက်လာတာပါ။ ကမ္ဘာကြီး အပူရှိန်မြင့်တက်လာတဲ့ အတွက် ဝင်ရိုးစွန်းမှာ ရှိတဲ့ ရေခဲတွေ အရည်ပျော်ကျ ကုန်ပါတယ်။

ဝင်ရိုးစွန်းက ရေခဲတွေ အရည်ပျော်တဲ့ အချိန်မှာ တကမ္ဘာလုံးကို ဆက်စပ်လွှမ်းခြုံထားတဲ့ သမုဒ္ဒရာရေပြင်ရဲ့ မျက်နှာပြင်လည်း မြင့်တက်လာပါတယ်။ အဲဒီ အကျိုးဆက် တွေကို ချက်ချင်းလက်ငင်း ခံစားရတာက ကမ္ဘာပေါ်မှာ ကာဘွန်အများဆုံး ထုတ်လွှတ်တဲ့ တရုတ်တို့ အမေရိကားတို့လို စက်မှု ထွန်းကားတဲ့ နိုင်ငံတွေ မဟုတ်ပါဘူး။ တူဗာလူ (Tuvalu) နိုင်ငံလို ပစိဖိတ် သမုဒ္ဒရာထဲက ပင်လယ်ရေမျက်နှာပြင် အနိမ့်ပိုင်းမှာ ရှိတဲ့ ကျွန်းနိုင်ငံတွေက မဆီမဆိုင် ခံရပါတယ်။ အဲဒီနိုင်ငံတွေရဲ့ ကမ်းရိုးတန်းဒေသတွေ ရေအောက် ရောက်ကုန်ကြတယ်။ ကုန်းမြေထဲကို ဆားငံရေတွေ စိမ့်ဝင်လာတဲ့ အတွက် သူတို့ သုံးစွဲစရာ ရေတွင်းတွေ သုံးမရ ဖြစ်ကုန်ကြတယ်။ စိုက်ပျိုးမြေ တွေလည်း စိုက်ပျိုးလို့ မရလောက်အောင် ပျက်စီးကုန်ကြတယ်။ ပင်လယ်ရေမျက်နှာပြင် ဒီထက်ပိုပြီး မြင့်တက်လာရင် အဲဒီလို နိုင်ငံမျိုးတွေ တစ်နိုင်ငံလုံး ရေအောက်ကို ရောက်သွားဖို့ ရှိပါတယ်။ နယူးဇီလန် နိုင်ငံလို လူသားချင်း စာနာတတ်တဲ့ နိုင်ငံအချို့ကတော့ အဲဒီလိုမျိုး တနိုင်ငံလုံး ရေအောက်ထဲ ရောက်သွားခဲ့ရင် အဲဒီနိုင်ငံတွေက နိုင်ငံသားအချို့ကို သူတို့နိုင်ငံသား အဖြစ်လက်ခံပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။

ကမ္ဘာမြေကြီးကို အပူချိန် ဆက်ပြီးတော့ တက်မလာအောင် ထိန်းထားနိုင်ဖို့အတွက်ကတော့ လေထုထဲမှာ ရှိတဲ့ ကာဘွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့ပမာဏကို လျှော့ချဖို့ လိုအပ်ပါတယ်။ ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှု ကို လျှော့ချဖို့ အတွက် ကာဘွန်ပါတဲ့ ဓာတ်ဆီလို ဒီဇယ်လို လောင်စာတွေကို သုံးတဲ့ စက်သုံးယာဥ်တွေရဲ့ အသုံးပြုမှု ကို လျှော့ချဖို့နဲ့ လျှပ်စစ်ဓာတ်အား အသုံးပြုမှု ကို လျှော့ချဖို့ လိုအပ်ပါတယ်။

လွန်ခဲ့တဲ့ ၃-၄ နှစ်က ခရီးသွားရင်းနဲ့ ဥရောပက လေကြောင်းလိုင်း တစ်ခုပေါ်မှာ ကာဘွန် အော့ဖ်ဆက် လုပ်မလားလို့ မေးလာတာ ကြုံဖူးပါတယ်။ လေယာဥ်ပျံနဲ့ ခရီးသွားရတဲ့အတွက် ကာဘွန် ပါဝင်တဲ့ လောင်စာတွေကို လောင်ကျွမ်းပစ်ရပါတယ်။ အဲဒီအတွက် လေထုထဲမှာ ကာဘွန်ဒိုင်အောက်ဆိုဒ် ပမာဏကို ပိုများလာစေပါတယ်။ ကာဘွန် အော့ဖ်ဆက် ဆိုတာက ကိုယ့်ပယောဂနဲ့ လေထုထဲကို ရောက်သွားစေတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ကို လေထုထဲကနေ ပြန်ဖယ်ထုတ်ဖို့ ငွေအားနဲ့ တတပ်တအား ကူညီမလားလို့ မေးတာပါ။ အဲဒီပိုက်ဆံကို သစ်ပင်စိုက်တဲ့နေရာနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ လေအားသုံး နေရောင်ခြည်အားသုံး စွမ်းအင်ထုတ်လုပ်တဲ့ ပရော့ဂျက်တွေမှာ ပြန်သုံးဖို့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

စင်ကာပူလို အီကွေတာ ရာသီဥတု ရှိတဲ့ နိုင်ငံမျိုးမှာတော့ ဘယ်အချိန်ပဲ ဖြစ်ဖြစ် ဒီအပူချိန်ပဲ ရှိတာကြောင့် ကမ္ဘာကြီး ပူနွေးလာတာကို အတော်များများက သတိမပြုမိ ကြပါဘူး။ ဆိုးဆိုးရွားရွား ဆောင်းရာသီ ရှိတဲ့ ဒေသတွေမှာတော့ အခုဆိုရင် ဆောင်းရာသီတွေမှာ အရင်ကလောက် မအေးတော့ဘူးလို့ ပြောကြပါတယ်။ ကျွန်တော် မီချီဂန်ြပည်နယ်ကို ဆောင်းရာသီမှာ ရောက်သွားတော့ အပူချိန်က ရေခဲအမှတ်အောက် ရောက်နေတာမို့ ခိုက်ခိုက်တုန်အောင် အေးပါတယ်။ သူတို့ကတော့ အရင်နှစ်တွေက ဒီထက် ပိုအေးတယ်။ ဒီနှစ်က သိပ်မအေးဘူးလို့ ပြောကြပါတယ်။ ပိုလန်မှာလည်း အဲဒီလိုပါပဲ။ အနှုတ် ၈ ဒီဂရီလောက် ရှိတဲ့ နေရာမှာ ကျွန်တော့်လို အီကွေတာက လာတဲ့ သတ္တဝါက မေးချင်း တဂတ်ဂတ် ရိုက်နေပေမယ့် သူတို့ကတော့ အေးအေးဆေးဆေးပါပဲ။ အရင်နှစ်က အနှုတ် ၂၀ ဒီဂရီ ကျော်တယ်လို့ ပြောကြပါတယ်။

ဟိုတစ်လောက ကိုပင်ဟေဂင်မှာ ရာသီဥတု အပြောင်းအလဲ အတွက် လုပ်တဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ အစည်းအဝေးကလည်း ဟိုလိုလို ဒီလိုလိုနဲ့ပဲ ပြီးသွားပါပြီ။ အစကတော့ ဆင်ဖမ်းမယ် ကျားဖမ်းမယ်နဲ့ ကာဘွန်ထုတ်လုပ်မှု ကို အခုပဲ လျှော့ချတော့ မလိုလို ဘာလိုလို လျှောက်အော်နေကြပြီး နောက်ဆုံးတော့လည်း ဘာရလာဒ်မှ မည်မည်ရရ ထွက်မလာဘဲ ဒီအတိုင်း ပြီးသွားပါတယ်။

ကမ္ဘာကြီး ပူနွေးလာတဲ့ အကြောင်းကို ရေးရင်း စဥ်းစားမိတာက အခု ကျွန်တော်ထိုင်နေတဲ့ အခန်းထဲမှာ ဖွင့်ထားတဲ့ လေအေးစက်နဲ့ မီးချောင်းတွေ ကလည်း ကမ္ဘာကြီး ပူနွေးလာဖို့ကို သွယ်ဝိုက်သောနည်းနဲ့ အထောက်အကူပေးနေတယ် ဆိုတာပါပဲ။

Thursday, January 21, 2010

ဆရာကျ လွန်းတယ်

သူရိန်တစ်ယောက် အပြတ်အသတ် ရှိုင်းနင်းဂွိုင်းနင်းတွေ လုပ်ပြီး ထွက်လာတာ မြင်တော့ သူ့သူငယ်ချင်းက စပ်ြဖဲဖြဲဖြင့် လှမ်းမေးသည်။
“ဟေ့ကောင်။ ဘယ်တုန်းဟ။”
“ကောင်မလေးနဲ့ ဒိတ်ထားတာပေါ့ကွ။”
“ဘယ်ကကောင်မလေးလဲ။ ထုံးစံအတိုင်း အွန်လိုင်းပေါ်မှာ တွေ့တာပဲလား။”
“ဒါပေါ့။ ဒါပေမယ့် ဒီတစ်ခါ ကောင်မလေးက အလန်းကလေးကွ။"
"ဟုတ်မှလည်း လုပ်ပါကွာ။ အချင်းချင်း ပတ်ကြပ်နေတာလည်း ဖြစ်နေဦးမယ်။"
"အော်။ မင်းကလည်း ဒီတစ်ခါက အမှန်အကန်။ ငါ ဝက်ဘ်ကမ်ပေါ်မှာလည်း တွေ့ပြီး သွားပြီ။ တယ်လီဖုန်းလည်း ပြောပြီးသွားပြီ။"
"အင်း။ ဒီလောက် သေချာရင်တော့ မဆိုးပါဘူး။ အေး ပြန်လာရင် တိုးတက်မှု ကို ရီပို့လုပ်။"
သူရိန်က သူ့သူငယ်ချင်းကို ခေါင်းဆတ်ပြရင်း အိမ်ကနေ ထွက်လာခဲ့တယ်။

တကယ်တမ်းတွေ့တော့ ကောင်မလေးက သိပ်မဆိုးလှပါ။ စင်းလုံးချော မဟုတ်ပေမယ့် တွဲမယ်ဆိုရင် တွဲပျော်တဲ့ အနေအထားရှိတယ်လို့ အကဲဖြတ်လို့ ရပါတယ်။ သူရိန်ကတော့ ယောက်ျားတို့ တပ်အပ်တဲ့ ပညာတွေနဲ့ ဘယ်လိုစပြီး လှုပ်ရှား ရမလဲ ဆိုတာကို စိတ်ထဲကနေ တွက်ချက်နေတယ်။

"ဆိုင်တစ်ဆိုင်လောက် ထိုင်ရအောင်လေ။ ​ရေဆာတယ်။" ကောင်မလေးက သူ့ကို စပြောတယ်။
သီအိုရီ အရဆိုရင်တော့ ကောင်မလေးနဲ့ အတူထိုင်တဲ့ ဆိုင်က လူရှင်းရမယ်။ ထိုင်တဲ့နေရာက ချောင်ကောင်းရမယ်။ ဒါပေမယ့် အခုလို နေရာမျိုးမှာတော့ လူရှင်းတဲ့ ဆိုင်ကို ရှာလို့မလွယ်။ လူရှင်းတယ်ပဲ ထားဦး ချောင်ကောင်းတဲ့ နေရာက ရဖို့မလွယ်။ အခုလို မြို့လည်ခေါင်မှာ ချိန်းလိုက်မိတာကို သူ့ဘာသာသူ ကြိတ်ဆဲနေမိတယ်။
"မက်ဒေါ်နယ်လ် မှာ ထိုင်မလား။" ကောင်မလေးက ဆက်မေးတယ်။
အေးလေ အခုမှတော့လည်း ဘာတတ်နိုင်မှာလဲ။ မက်ဒေါ်နယ်လ်ပဲ ထိုင်ရတော့မှာပေါ့။
"အင်း။ ထိုင်လေ။" လို့ သူရိန်က စိတ်မပါ့တပါနဲ့ ပြောလိုက်တယ်။
ဒီလိုနဲ့ သူတို့နှစ်ယောက် အအေးတစ်ယောက် တစ်ခွက်နဲ့ အာလူးကြော် တစ်ပွဲမှာပြီး မက်ဒေါ်နယ်လ်မှာ ဝင်ထိုင်ကြတယ်။ သူရိန်ကတော့ စိတ်ထဲမှာ နောက်ထပ် ခြေတစ်လှမ်း ဘယ်လိုလှမ်းရမလဲ တွေးနေတယ်။
"ရော့။ စားဦးလေ။"
ရုတ်တရက် ဆိုတော့ သူကြောင်သွားတယ်။ မိုင်ဂေါ့ဒ်။ သူငါ့ကို ခွံ့ကျွေးနေ တာပါလား။
ပါးစပ်နားဝဲလာတဲ့ အာလူးကြော်ကို ဖမ်းကိုက်လိုက်တာ ကောင်မလေး လက်ကို ကိုက်မိမလို ဖြစ်သွားတယ်။ ကောင်မလေးက လက်ကို ပြန်ရုတ်ပြီး ခစ်ကနဲ ရယ်လိုက်တော့ သူနည်းနည်း ရှက်သွားတယ်။ အော် ကိုယ့်ဘက်က တိုက်စစ်မစခင် သူ့ဘက်က စတိုက်လိုက်တာကို။ ထင်မှ ထင်မထားတာ။ ဆိုးတော့ မဆိုးဘူးလို့ သူရိန် စိတ်ထဲက တွေးလိုက်တယ်။

ဒီလိုနဲ့ ခဏတဖြုတ် ဟိုပွားဒီပွား ပွားပြီးတော့ မက်ဒေါ်နယ်လ်က ထွက်လာခဲ့တယ်။ သူရိန်က စိတ်ထဲမှာ နောက်ထပ် ဘာလုပ်ရမလဲ တွေ:နေတယ်။ သူ့စိတ်ထဲကတော့ လက်ကိုင်ပစ်လိုက်။ လက်ကိုင်ပစ်လိုက် လို့ သတိပေးနေတယ်။ လက်အကိုင်ကောင်းရင် တစ်ခါတစ်လေ ရည်းစားစကားတောင် ပြောစရာ မလိုဘူးလေ။ သူအဲဒီလို စိတ်ထဲက တွေးနေတုန်းမှာပဲ ကောင်မလေးက သူ့လက်ကို လာချိတ်တယ်။ မိုင်ဂေါ့ဒ်လို့ စိတ်ထဲက တလိုက်မိပြန်တယ်။ ဒီလောက် အခြေအနေ ကောင်းနေမှတော့ မထူးဘူး။ သူအရဲစွန့်ပြီး မေးလိုက်တယ်။

"ရုပ်ရှင်ကြည့်မလား။"
"ကြည့်လေ။ ကောင်းသားပဲ။"
မဆိုးဘူး။ အခြေအနေက အတော် ကောင်းနေပြီ။ ဒီလိုနဲ့ သူတို့နှစ်ယောက် ရုပ်ရှင်ရုံ ပေါ်ရောက်လာခဲ့တယ်။ သီအိုရီ အရတော့ ကောင်မလေးနဲ့ ရုပ်ရှင်ကြည့်ရင် ကောင်းတဲ့ကားထက် ပျင်းစရာကောင်းတဲ့ကား လူရှင်းတဲ့ကားကို ရွေးရမယ်လေ။ သူတို့ရှေ့က လူတစ်ယောက် ရုပ်ရှင်လက်မှတ် ဝယ်နေတဲ့ ထိုင်ခုံဇယားကို လှမ်းကြည့်တော့ သူဝယ်နေတဲ့ကားက လူအတော်ရှင်းနေတာကို သတိထားလိုက်မိတယ်။ အဲဒါနဲ့ ကားနာမည်ကို လှမ်းမှတ်လိုက်တယ်။

သူတို့ ကောင်တာရှေ့ ရောက်တော့ အဲဒီကား ကြည့်မယ်ဆိုပြီး ပြောလိုက်တယ်။ ကောင်မလေးကလည်း မငြင်းဘူး။ ဒါပေမယ့် ရုတ်တရက် လက်မှတ်ရောင်းတဲ့ အဖွားကြီးက အသက်အကန့်အသတ် ရှိတယ်။ မှတ်ပုံတင်ပြပါလို့ တောင်းလာတယ်။ အဲဒါနဲ့ သူတို့ မှတ်ပုံတင် ထုတ်ပြလိုက်တယ်။ ကံကောင်းတဲ့ဆင်ကတော့ ပြေးရင်ကြံခင်းထဲ ဝင်သွားသလိုပေါ့။ ထိုင်ခုံဇယားကို ကြည့်တော့ အလယ်ခေါင်မှာ လူရှင်းနေတယ်။ အဲဒါနဲ့ အလယ်မှာ ထိုင်ရအောင် ပြောတော့ ကောင်မလေးက နောက်ဆုံးတန်းမှာ ထိုင်မယ် ပြောတယ်။ နောက်ဆုံးတန်း မထိုင်ချင်ပေမယ့်လည်း ဘာမှ ပြိုင်မငြင်း နေတော့ဘူး။

ရုပ်ရှင်ရုံထဲ ရောက်မှ ကားရွေးလိုက်တာ မှားမှန်းသိတယ်။ ရုပ်ရှင်က Rated လုပ်ထားတာ အကောင်းမဟုတ်ဘူး။ ကြောက်စရာ ကောင်းတဲ့ သရဲကားမို့လို့ Rated လုပ်ထားတာမှန်း သိလိုက်ရတယ်။ သူတောင်မှ ကြည့်ရင်းနဲ့ ကျောထဲက စိမ့်စိမ့်လာတယ်။ ရုံထဲက ထွက်ပြေးချင်စိတ်တောင် ပေါက်လာတယ်။ ဒါပေမယ့် ယောက်ျားတို့ တပ်အပ်တဲ့ ပညာအရ ခုံတန်း လက်ရမ်းပေါ်ကနေ ကောင်မလေး လက်ကို ကိုင်ထားတာပေါ့။ ရုတ်တရက် ကောင်မလေးက သူ့လက်ကို ဖြုတ်လိုက်တယ်။ နောက် သူ့လက်ကို လက်တန်းပေါ်ကနေ တွန်းဖယ်လိုက်တယ်။ ဘာများ ဖြစ်သွားပါလိမ့်လို့ တွေးနေတုန်း ကောင်မလေးက ခုံတန်း လက်ရမ်းကို ဆွဲမလိုက်တော့ တစ်ယောက် ထိုင်ခုံ နှစ်ခုံကနေ နှစ်ယောက်ထိုင်ခုံ ဖြစ်သွားတယ်။
"လက်တန်းက မလို့ရတယ် ဟုတ်လား။ ကိုယ်မသိဘူး။"
ကောင်မလေးက သူ့ကို မျက်စောင်းထိုးပြီး
"ဟင်း ပိန်းလိုက်တာလည်း လွန်ပါရော။ ရုပ်ရှင်ရုံမှာ နောက်ဆုံးတန်း တစ်တန်းပဲ လက်ရမ်း မလို့ရတယ်။ မသိဘူးလား။"
"ဟင့်အင်း။ မသိဘူး။"
စိတ်ထဲမှာတော့ ဒီကောင်မလေး အတော် ဆရာကျတယ်လို့ တွေးပြီး အတော်ဖြုံလာတယ်။ တွေးလို့ မဆုံးခင်ပဲ ကောင်မလေးက သူ့ပုခုံးပေါ် ခေါင်းမှီလာတယ်။ အခြေအနေတော့ ကောင်းတယ်။ ဒီလောက် ကောင်းရင်တော့ မြွေကိုက်မှာ အသေအချာပဲ ဆိုတာတွေးပြီး သူအသာလေး ရှော်ထားလိုက်တယ်။

သူတို့နှစ်ယောက် ရုပ်ရှင်ရုံက ထွက်လာတော့ ကောင်မလေးက သူ့လက်ကို ချိတ်လျှက်ပဲ။ ရုပ်ရှင်ရုံအောက်က လှေခါးရောက်တော့ အဲဒီမှာ ဘဲတစ်ယောက်က သူတို့နှစ်ယောက်ကို စိုက်ကြည့်နေတယ်။ ကောင်မလေးက အဲဒီဘဲကို လှမ်းတွေ့တော့ ပြုံးပြတယ်။ နောက်တော့ သူက ခပ်တည်တည်ပဲ ဆက်ပြောတယ်။
"ကိုရဲ။ ဒါ သမီး အစ်ကိုဝမ်းကွဲလေ ကိုသူရိန်တဲ့။"
"အစ်ကို။ ဒါက သမီးတို့နဲ့ အိမ်နီးချင်း ကိုရဲတဲ့။"
သူတို့နှစ်ယောက် စိတ်မပါ လက်မပါ လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။ လူကြီးလူကောင်းယောင် ဆောင်ကြတာပေါ့။ ဟိုပုဂ္ဂိုလ်က ဘယ်လိုနေမှန်း မသိပေမယ့်လည်း သူကတော့ အဲဒါ ဒီကောင်မလေးရဲ့ ဘဲပဲ ဆိုတာ အသေအချာ သိနေတယ်။ စိတ်ထဲမှာလည်း နည်းနည်း မျက်နှာပူသွားတယ်။ ကောင်မလေးကတော့ တစ်ချက်မှ မျက်နှာမပျက်ဘူး။
"နောက်မှ တွေ့မယ်နော်။" လို့ ဟိုပုဂ္ဂိုလ်ကို နှုတ်ဆက်ပြီး ခပ်တည်တည်နဲ့ ထွက်လာတယ်။ သူ့လက်ကို ဖြုတ်တောင် မဖြုတ်ဘူး။

အိမ်ပြန်ရောက်တော့ သူ့သူငယ်ချင်းတွေ ဝိုင်းမေးကြတယ်။
"ဘယ်လိုလဲကွ။"
သူကတော့ မအီမသာနဲ့ မဲ့ပြုံးပြုံးရင်း ဒီနေ့ ကြုံခဲ့တဲ့ အကြောင်းအရာကို ပြန်ပြောပြတယ်။ ဟိုကောင်တွေ အားလုံးက
"တွေ့မရှောင် ထင်တယ်ကွ။"
"linlogenation ဖြစ်နေတာဖြစ်မယ်။" (လင်လိုချင်နေးရှင်း ဟု အသံထွက်ပါသည်။)
စတာတွေနဲ့ တစ်ယောက်တစ်ခွန်း ဝိုင်းနှိပ်ကွပ် ကြတယ်။ သူကတော့ စိတ်ထဲမှာ အောင့်သက်သက်နဲ့ ခံနေရတယ်။
"မင်းဘယ်လို လုပ်မှာလဲ။"
"ဘယ်လို လုပ်ရမှာလဲကွ။ ရှော်လိုက်ရုံပေါ့။ ငါက ပွေးတယ်ဆိုပေမယ့် ဘဲရှိတဲ့ ကောင်မလေးတော့ လက်ရှောင်တယ်။ ပြသနာက နောက်မှာ ရှင်းရမှာ တသီတတန်းကြီး။" အဲဒီလိုပဲ သူက ပြန်ပြောလိုက်တယ်။

နောက်တော့ ဂျီတော့ခ်ထဲမှာ ကောင်မလေး အကောင့်ကို ဘလော့ခ် ပစ်လိုက်တယ်။
ဖုန်းကတော့ ပြသနာ မရှိပါဘူး။ နဂိုကတည်းက ကတ်ဒ်ဖုန်း နံပါတ်ပေးထားတာပဲ။ သူ့ ပါစင်နယ်ဖုန်း ပေးထားတာမှ မဟုတ်တာ။
ပြသနာက အဲဒီမှာ ပြီးပြီ ထင်ပေမယ့်လည်း မပြီးသေးဘူး။
နောက်တစ်ပတ်လောက် နေတော့ သူ့ဆီကို ဖုန်းလာတယ်။
"ဟဲလို။"
"ကိုသူရိန်လား။ ကျွန်တော် ကိုရဲပါ။ မှတ်မိလား မသိဘူး။"
ကွိုင်ကတော့ ဒီလောက် ရှောင်တာတောင် လာပတ်သေးတယ်လို့ သူ့စိတ်ထဲကတွေးလိုက်မိတယ်။ ဒါပေမယ့် ဟန်မပျက်ဘဲ ဆက်ပြောတယ်။
"မှတ်မိတာပေါ့။ ကျွန်တော်တို့ အရင်အပတ်ကတွေ့ခဲ့ကြသေးတယ်လေ။"
"အေးဗျာ။ ယောက်ျားချင်းပဲ။ ပွင့်ပွင့်လင်းလင်း ပြောကြတာပေါ့။"

ပုံစံကတော့ တည်နေပြီ။ ပွဲကြီးပွဲကောင်းတော့ ချရတော့မယ် ထင်တယ်လို့ တွေးမိတယ်။
"ခင်ဗျား သူ့အစ်ကိုဝမ်းကွဲ မဟုတ်ဘူး ဆိုတာ ကျွန်တော်သိတယ်။"
အဲဒါကို ယုံရင်တော့ မင်းလောက်ဒူတဲ့ကောင် ရှိမှာမဟုတ်ဘူးလို့ စိတ်ထဲက ပြောလိုက်တယ်။
"ကျွန်တော်က သူ့ရည်းစားပဲ။ ခင်ဗျားလည်း ရိပ်မိမှာပါ။"
"အင်း။ ကျွန်တော် အဲဒီလောက်တော့ ဓာတ်ပါတယ်။ အဲဒါကြောင့်လည်း ရှော်လိုက်တာပေါ့။"
"ရတယ်။ ကိစ္စမရှိဘူး။ ခင်ဗျားအကြောင်း ကျွန်တော် စုံစမ်းကြည့်ပြီးပြီ။ ခင်ဗျားလိုလူနဲ့ ဆို ကျွန်တော့်ရည်းစားကို စိတ်ချလက်ချ ထည့်ပေးလိုက်မယ်။ ကျွန်တော့်ကို အားနာစရာမရှိဘူး။ ခင်ဗျားကြိုက်ရင် ယူလိုက်ဗျာ။"

ရုတ်တရက် ထင်မထားတာ ကြားလိုက်ရတော့ ကြောင်သွားတယ်။ ဒါပေမယ့် ဒီကောင်တော့ ငါ့ကို ဘလိုင်းကြီး ထိုးထည့်နေပြီလို့ စိတ်ထဲကတွေးမိလို့ သူကမန်းကတန်း ငြင်းတယ်။
"ဟာ။ မဟုတ်ပါဘူး။ ကျွန်တော် သူများ အတွဲကြားထဲ ဝင်မရှုပ်ချင်ပါဘူး။ ခင်ဗျားတို့ဘာသာ ခင်ဗျားတို့ အေးအေးဆေးဆေး ဆက်တွဲကြပါ။"
"မဟုတ်သေးဘူးလေ။ ခင်ဗျားကို ကျွန်တော်က ကြည်ကြည်ဖြူဖြူနဲ့ ပေးနေတာပဲ။ ခင်ဗျား စိတ်ထဲ ရှင်းသွားအောင် လို့ပါ။"
"ရပါတယ်။ နေပါစေ။ ကျွန်တော် အဲဒီလို စိတ်မျိုးမရှိပါဘူး။ ခင်ဗျားရည်းစားကို ခင်ဗျားဘာသာပဲ စိတ်ရှင်းရှင်းနဲ့ ဆက်တွဲ။ ကျွန်တော့်ကြောင့် စိတ်အနှောင့်အယှက် မဖြစ်နဲ့။ ကျွန်တော် ရှော်လိုက်ပြီ။ စိတ်ချ။"

ဒီလိုနဲ့ ​သူရိန့်ခမျာ ကောင်မလေးကို မလိုချင်ကြောင်း အတော်လေး ငြင်းလိုက်ရတယ်။ ဖုန်းချပြီးတဲ့ အချိန်မှာတော့ သူ့စိတ်ထဲမှာ ရည်းစားလုလို့ ရန်ြဖစ်ကြတယ်ဆိုတာ ဘိုးတော်ဘုရားကြီး လေးဖက်ကုန်းတဲ့ခေတ်မှာ ကျန်ခဲ့ပြီ ထင်ပါတယ်လို့ပဲ တွေးလိုက်မိတော့တယ်။

Sunday, January 17, 2010

ပျော်ရွှင်မှု ဆိုတာ

ပျော်ရွှင်မှု ဆိုတာ ဘာလဲ။

ဒီမေးခွန်းက ကျွန်တော့် အချိန် အကြာကြီး စိတ်အနှောက်အယှက် ဖြစ်စေတဲ့ မေးခွန်း မဟုတ်ခဲ့ပါဘူး။ ဘာလို့လဲ ဆိုတော့ ဒီမေးခွန်းရဲ့ အဖြေကို ကျွန်တော်ကိုယ်တိုင် မသိလို့ပါ။

ဒီလိုမျိုး ဖြစ်နေတာ ကျွန်တော် တစ်ယောက်တည်းလား ဆိုတော့ မဟုတ်ပါဘူး။ ကျွန်တော် ကျော်လွန် ဖြတ်သန်းလာခဲ့တဲ့ နှစ်ပေါင်းများစွာထဲမှာ လူအမျိုးမျိုးနဲ့ ကြုံခဲ့ဖူးပါတယ်။ ချမ်းသာတဲ့သူတွေ ပါသလို ဆင်းရဲတဲ့သူတွေလည်း ပါတယ်။ သြဇာတိက္ကမ ကြီးတဲ့သူတွေ ပါသလို သာမန်လူတွေလည်း ပါတယ်။ သူရဲကောင်းတွေနဲ့ ပညာရှိတွေလိုမျိုး လောကကြီးမှာ ဘာကိုမှ မကျေမနပ် ဖြစ်စရာ မရှိတဲ့သူတွေ အပါအဝင် ကျွန်တော် တွေ့မြင်ခဲ့ရသမျှ လူတွေ အားလုံးဆီမှာ တစ်စုံတစ်ခု လိုအပ်နေသလို ကျွန်တော့် စိတ်ထဲမှာ အမြဲတမ်း ခံစားရပါတယ်။

တစ်ချို့လူတွေကတော့ သူတို့ဘာသာ ပျော်ရွှင်နေတယ်လို့ ထင်ရတယ်။ သူတို့ဘာသာ သူတို့ မတွေးမိကြလို့လည်း ဖြစ်ချင်ဖြစ်မယ်။ တစ်ချို့ကတော့ စီမံကိန်းတွေ ဆွဲကြတယ်။ "ငါယောက်ျားယူမယ်။ အိမ်ဝယ်မယ်။ ကလေးနှစ်ယောက်မွေးမယ်။ နယ်မှာ အပန်းဖြေဖို့ အိမ်တစ်လုံး ဝယ်မယ်။" စတဲ့ အတွေးတွေနဲ့ သူတို့ဘာသာသူတို့ အချိန်ပြည့် အလုပ်ရှုပ် နေကြတယ်။ တကယ်တော့ သူတို့ဟာ နွားရိုင်းသတ်သမားကို ရှာဖွေနေတဲ့ နွားရိုင်းတွေလိုပါပဲ။ သူတို့ဘာသာ သူတို့ သေသေချာချာ မတွေးကြဘူး။ လုပ်စရာရှိတာကိုပဲ လုပ်နေကြတယ်။ နောက်တော့ သူတို့ ကားတစ်စီး ပိုင်လာအောင် လုပ်နိုင် လာကြတယ်။ တစ်ချို့ဆို ဖယ်ရာရီလို ပြိုင်ကားမျိုးကို ဝယ်နိုင်တဲ့အထိပဲ။ သူတို့အတွက် တော့ ဘဝရဲ့ အဓိပ္ပာယ်ဆိုတာ ဒါပဲလို့ ထင်ကြတယ်။ ဒါကြောင့်မို့ သူတို့ ဒီမေးခွန်းကို ဘယ်တော့မှ မမေးမိကြဘူး။ ဒါပေမယ့်လည်း ဒီလိုအရာတွေ ရှိတာတောင်မှ သူတို့ရဲ့ မျက်ဝန်းတွေက သူတို့ ကိုယ်တိုင် သတိမထားမိတဲ့ ဝမ်းနည်းမှုတွေကို သစ္စာဖောက်ပြီး ဖော်ပြနေခဲ့တယ်။

လူတွေ အကုန်လုံး မပျော်မရွှင် ဖြစ်နေကြသလားတော့ ကျွန်တော်မသိဘူး။ ဒါပေမယ့် ကျွန်တော်သိတာကတော့ လူတွေ အမြဲတမ်း အလုပ်ရှုပ်နေကြတယ်။ အချိန်ပို အလုပ်ဆင်းကြတယ်။ ကလေးတွေကို ထိန်းကြတယ်။ ခင်ပွန်းယောက်ျားနဲ့ ဘဝရှေ့ရေးအတွက် အလုပ်အကိုင်နဲ့ တက္ကသိုလ်က ဘွဲ့တစ်ခုနဲ့ မနက်ဖြန် ဘာလုပ်ကြမလဲ၊ ဘာပဲ ဖြစ်ြဖစ် သူတို့ဘာသာ သူတို့ နိမ့်ကျတယ်လို့ မထင်ရမယ့် ဘာပစ္စည်းတွေကို ဝယ်ဖို့ လိုအပ်မလဲ။ စတာတွေနဲ့ပေါ့။

လူအနည်းစုကပဲ ကျွန်တော့်ကို "ငါတော့ မပျော်ဘူး" လို့ ပြောကြတယ်။ အများစုကတော့ "ငါ့အတွက် ကောင်းပါတယ်။ ငါလိုချင်သမျှ အရာအားလုံးကို ရနိုင်တဲ့ အခြေအနေရှိနေတာပဲ။" လို့ ပြောကြတယ်။

အဲဒါနဲ့ ကျွန်တော်က သူ့တို့ကို မေးတယ်။ "ဘယ်အရာက ခင်ဗျားကို ပျော်ရွှင်မှု ပေးနိုင်သလဲ။"

သူတို့က ပြန်ဖြေကြတယ်။ "ငါ့မှာ လူတစ်ယောက် အိပ်မက်မက်နိုင်တဲ့ အရာမှန်သမျှ ရှိတယ်။ မိသားစု၊ နေစရာအိမ်၊ အလုပ်အကိုင်နဲ့ ကျန်းမာရေး ကောင်းနေတာတွေပေါ့။"

အဲဒါနဲ့ ကျွန်တော်က ထပ်မေးတယ်။ "ခင်ဗျား ခဏတဖြုတ်လောက် ရပ်ပြီး ပြန်ဆင်ခြင်ကြည့် ဖူးသလား၊။ ဘဝ ဆိုတာ ဒီအရာတွေ အတွက် သက်သက်ပဲလားလို့။"

သူတို့က "ဟုတ်တယ်။ ဘဝ ဆိုတာဒါပဲ။" လို့ ပြန်ဖြေကြတယ်။

ကျွန်တော်က ခေါင်းမာမာနဲ့ ဆက်မေးတယ်။ "ဒါဆိုရင် ဘဝရဲ့ အဓိပ္ပာယ်ဆိုတာက အလုပ်လုပ်ဖို့၊ မိသားစု တစ်ခု ရှိဖို့၊ ကြီးပြင်းလာပြီး တစ်ချိန်မှာ ခင်ဗျားတို့ကို စွန့်ခွာသွားမယ့် ကလေးတွေ ရှိဖို့၊ တကယ့်ချစ်သူ စင်စစ်တွေ အဖြစ်ထက် သူငယ်ချင်းတွေနဲ့ ပိုတူမယ့် လင်မယား အဖြစ်ရှိနေဖို့ ဆိုတာပဲလား။ တစ်နေ့တော့ ခင်ဗျား အလုပ်ကနေ နားရမယ်။ အဲဒီအချိန်ကျရင် ခင်ဗျား ဘာဆက်လုပ်မှာလဲ။"

သူတို့ ဘာပြန်ဖြေကြသလဲ။ ဘာမှ ပြန်မဖြေကြဘူး။ သူတို့ စကားလမ်းလွှဲ သွားကြတယ်။ ဒါပေမယ့် သူတို့ဆီမှာ ဖုံးကွယ်ထားတဲ့ ဆန္ဒတွေ ရှိနေကြတယ်။ အမြဲတမ်း စိတ်ကူးယဥ် အိပ်မက်မက်နေတဲ့ အလုပ်ကိုင်အခွင့်အလမ်း တစ်ခုကို လုပ်ခွင့်ရအောင် စောင့်နေတဲ့ ကုမ္ပဏီ ပိုင်ရှင်၊ ပိုပြီး လွတ်လွတ်လပ်လပ် ဖြစ်ချင်တဲ့ ဒါမှမဟုတ် ပိုက်ဆံ ပိုရှိချင်တဲ့ အိမ်ရှင်မ၊ ဒါမှ မဟုတ် ကိုယ်က အလုပ်ကို ရွေးမလား အလုပ်က ကိုယ့်ကို ရွေးမလားဆိုတာ ဝေခွဲမရ ဖြစ်နေတဲ့ ဘွဲ့ရ ပညာတတ် အသစ်စက်စက်တွေ အဆိုတော် ဖြစ်ချင်တဲ့ သွားဆရာဝန်၊ နိုင်ငံရေး သမားဖြစ်ချင်တဲ့ အဆိုတော်၊ စာရေးဆရာ ဖြစ်ချင်တဲ့ နိုင်ငံရေးသမား နောက်တော့ လယ်သမား ဖြစ်ချင်တဲ့ စာရေးဆရာ စတာတွေပေါ့။

အခုကျွန်တော် ဒီစာကို ထိုင်ရေးနေတဲ့ လမ်းထဲမှာ ဖြတ်သန်းသွားလာနေတဲ့ လူတွေကို လှမ်းကြည့်ရင်း တွေးမိပါတယ်။ ကျွန်တော် လောင်းရဲတာကတော့ သူတို့မှာလည်း ဒီလိုခံစားမှုမျိုးတွေ ရှိလိမ့်မယ် ဆိုတာပါပဲ။ ကျွန်တော်ရှေ့က ခုနပဲ ဖြတ်လျှောက်သွားတဲ့ ကျက်သရေရှိတဲ့ အမျိုးသမီးဆိုရင် အသက်ကြီးမသွားအောင် ကြိုးစားနေမယ်၊ ပေါင်ချိန်မတက်အောင် ကြိုးစားနေမယ်။ ဘာလို့လဲဆိုတော့ အချစ်ဆိုတာ ဒီအရာတွေပေါ်မှာ မူတည်နေတယ်လို့ သူမတွေးချင်တွေးလိမ့်မယ်။ လမ်းရဲ့ တခြားဘက် အခြမ်းမှာ ကလေးနှစ်ယောက်နဲ့ စုံတွဲတစ်တွဲကို တွေ့ရတယ်။ သူတို့တွေဟာလည်း သူတို့ရဲ့ ကလေးတွေနဲ့ အပြင်မှာ ထွက်လည်နေတဲ့အချိန်မှာ အလွန်အမင်းပျော်ရွှင်နေကြလိမ့်မယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ သူတို့တွေရဲ့ မသိစိတ်က သူတို့ မရနိုင်တဲ့ အလုပ်တွေ၊ ဖြစ်လာနိုင်ခြေရှိတဲ့ ဝမ်းနည်းကြေကွဲစရာကောင်းတဲ့ အဖြစ်အပျက်တွေ အကြောင်းကို တွေးနေကြမယ်။ အဲဒီအရာတွေကို ဘယ်လိုကျော်လွှားမလဲ သူတို့ ဘာသာသူတို့ ကမ္ဘာပေါ်မှာရှိတဲ့ အန္တရာယ်တွေကနေ ဘယ်လိုကာကွယ်မလဲ ဆိုတာကို တွေးရင်း အလုပ်ရှုပ်ချင်ရင်လည်း ရှုပ်နေကြလိမ့်မယ်။

ကျွန်တော် ကျော်ကြားနေတဲ့ သူတွေရဲ့ ရုပ်ပုံတွေနဲ့ ပြည့်နှက်နေတဲ့ မဂ္ဂဇင်းတွေကို လှန်လှောပြီး ကြည့်မိတယ်။ လူတိုင်းက ရယ်မောနေကြတယ်။ လူတိုင်းက ပျော်ရွှင်နေကြတယ်။ လူတိုင်းဟာ အဲဒီဓာတ်ပုံတွေကို ရိုက်တဲ့အချိန်တုန်းက သူတို့ဘာသာ သူတို့ ပျော်ရွှင်ကြည်နူးနေကြတယ်။ ဒါပေမယ့် ညဖက်မှာ ဒါမှမဟုတ် မနက်ဖက်ရောက်တဲ့အခါမှာ သူတို့ ကြုံရတဲ့ အရာတွေက တမျိုးတမည် ဖြစ်နေနိုင်တယ်။
"ဒီလို မဂ္ဂဇင်း စာမျက်နှာတွေ ပေါ်မှာ ငါ့ပုံအမြဲ ပေါ်လာအောင်လို့ ငါဘာလုပ်ရမလဲ။"
"ဒီလို ဇိမ်ခံပစ္စည်းတွေ အားလုံးကို ဝယ်နိုင်ဖို့ ပိုက်ဆံ အလုံအလောက် ငါ့မှာ မရှိတာကို ဘယ်လို ဟန်ဆောင်ပြီး ဖုံးကွယ်ထား ရမလဲ။"
"ငါအခုလို ခမ်းနား ကြီးကျယ်တဲ့ ဘဝကို ပိုပြီးတော့ ဇိမ်ရှိအောင်၊ တခြားသူတွေထက် ပိုပြီး ထင်ရှားအောင် ဘယ်လို လုပ်ရမလဲ။"
"ဒီဓာတ်ပုံထဲမှာ အခုငါမြင်နေရတဲ့ ရယ်မောပြီး ပျော်ရွှင်နေတဲ့ မင်းသမီးနဲ့ အတူ မနက်ဖြန် မှာ ငါ့နေရာကို လုယူသွားနိုင်တယ်။"
"ငါ့ရဲ့ အဝတ်အစားတွေဟာ သူ့ရဲ့ အဝတ်အစားတွေ ထက်ပိုပြီး ကောင်းရဲ့လား။"
"ငါတို့ တစ်ယောက်ကို တစ်ယောက် ရွံမုန်းနေကြရင် ဘာလို့ ငါတို့ ဒီလောက်ထိ ပြုံးနေနိုင်သေးသလဲ။"

နောက်ဆုံးမှာတော့ ကျွန်တော်ဟာ ဂျော့ခ်လွစ်ဘော့်ခ် ရဲ့ စကားကို သတိရမိတယ်။
"ငါရှေ့လျှောက်ပြီး ပျော်ရွှင်တော့မှာ မဟုတ်ဘူး။ ဒါပေမယ့် အကြောင်းမဟုတ်ဘူး။ မပျော်ရွှင်ပေမယ့်လည်း ကမ္ဘာပေါ်မှာ တခြား အရာတွေ အများကြီး ရှိသေးတယ်။"

(Paulo Coelho ရဲ့ Warrior of the Light ထဲက What is happiness? ဘာသာပြန်ထားပါတယ်။)

Wednesday, January 13, 2010

သဘာဝ မိခင်ရဲ့ ပုံပြင်များ

ခြင်္သေ့နဲ့ ကြောင်များ

ခြင်္သေ့တစ်ကောင်ဟာ ကြောင်တွေ အစုဖွဲ့ပြီး စကားပြောနေတာကို သတိထားမိတယ်။ "ငါတော့ ဒီကြောင်တွေ အားလုံးကို စားပစ်မယ်။" လို့ ခြင်္သေ့က တွေးတယ်။

ဒါပေမယ့် ထူးထူးဆန်းဆန်းပဲ သူ့ရဲ့စိတ်ထဲမှာ ငြိမ်းချမ်းတဲ့ စိတ်ခံစားမှု တစ်ခု ဝင်လာတယ်။ အဲဒါကြောင့် ခြင်္သေ့ဟာ ကြောင်တွေနဲ့ အတူတူထိုင်ပြီး သူတို့ ဘာပြောနေကြသလဲ ဆိုတာကို နားထောင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ခြင်္သေ့ရှိနေတာကို သတိမထားမိတဲ့ ကြောင်တစ်ကောင်က စပြောတယ်။
"ကောင်းလိုက်တဲ့ ဘုရားသခင်။ ငါတို့တတွေ ဘုရားရှိခိုးနေတာ နေ့လည်ခင်း တစ်ခုလုံးပဲ။ ငါတို့ အတွက် ကောင်းကင်ကနေ ကြွက်တွေကို မိုးလို ရွာချဖို့ ဆုတောင်းထားတာပဲ။"
"အခုထက်ထိလည်း ဘာမှ ဖြစ်မလာဘူး။ ဘုရားသခင်ဆိုတာ တကယ် ရှိရဲ့လားလို့တောင် ငါသံသယ ဖြစ်တယ်။" လို့ နောက်ထပ် ကြောင်တစ်ကောင်က ဝင်ပြောတယ်။

ကောင်းကင်ကတော့ တိတ်ဆိတ်နေဆဲပါပဲ။ ဒီလိုနဲ့ ကြောင်တွေဟာ ဘုရားသခင်အပေါ် ယုံကြည်မှုတွေ ပျောက်ဆုံး လာကြတယ်။

ခြင်္သေ့က ထပြီး သူ့လမ်းသူ ဆက်လျှောက်သွားတယ်။

"အဖြစ်ကတော့ ရယ်စရာပဲ။ ငါက သူတို့ကို သတ်တော့မလို့။ ဒါပေမယ့် ဘုရားသခင်က ငါ့ကိုတားတယ်။ ဒါတောင်မှ သူတို့ ဘုရားသခင်ရဲ့ ဂုဏ်ကျေးဇူးတော်ကို မယုံကြည်ကြတော့ဘူး။ သူတို့ဟာ သူတို့အတွက် ဘာတွေ ပျောက်ဆုံးနေသလဲ ဆိုတာကို စိုးရိမ်ပူပန်နေရတာနဲ့ သူတို့အတွက် ဘယ်လို အကာအကွယ်မျိုးတွေ ပေးထားတယ် ဆိုတာကိုတောင် သတိမထားမိကြဘူး။" လို့လည်း စိတ်ထဲက တွေးမိတယ်။

တိတ်တဆိတ်

ပန်းသီးပင်တစ်ပင်ဟာ သူ့ရဲ့ အကိုင်းအခက်တွေမှာ ပန်းသီးတွေ ပြည့်နှက်နေတာကြောင့် လေတိုက်တာတောင်မှ သူ့ရဲ့ အကိုင်းအခက်တွေကို မလှုပ်ရှားနိုင်တော့ဘူး ဖြစ်နေတယ်။

"ဘာလို့ အသံထွက်ပြီး ဆူဆူညံညံဖြစ်အောင် မနေရတာလဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့အတွက် ဝင့်ကြွားမှု ဆိုတာ အနည်းနဲ့ အများတော့ လိုအပ်တာပဲ။ ငါတို့အနေနဲ့ တခြားသူတွေ အာရုံစိုက်ခံရအောင် လုပ်ဖို့ လိုတယ်လေ။" လို့ ဝါးပင်က ဝေဖန်တယ်။

"ငါ့အတွက်တော့ မလိုအပ်ပါဘူး။ ငါ့ရဲ့ သစ်သီးတွေဟာ ငါ့အတွက် အကောင်းဆုံး ကျော်ကြားမှု ကို ပေးနိုင်တာပဲ။" လို့ ပန်းသီးပင်က ပြန်ပြောလိုက်တယ်။

တကိုယ်ကောင်းဆန်တဲ့ ဒေစီပန်း

"ငါဟာ ဒေစီပန်းပွင့်တွေ ကြားထဲက မထူးခြားတဲ့ ဒေစီပန်း တစ်ပွင့်ပဲ။ တခြားသူတွေ ကြားထဲမှာ ငါ့ရဲ့အလှကို သတိပြုမိဖို့ဆိုတာ မဖြစ်နိုင်ဘူး။" လို့ ဒေစီပန်းပွင့် တစ်ပွင့်က တွေးတယ်။

နတ်သမီး တစ်ပါးက သူမ တွေးနေတာကို ကြားပြီး လှမ်းပြောတယ်။
"ဒါပေမယ့် မင်းက သိပ်လှတာပဲ မဟုတ်ဘူးလား။"
"ဒါပေမယ့် ငါက တစ်ယောက်တည်း အလှဆုံး ဖြစ်ချင်တာလေ။" လို့ ဒေစီပန်းက ပြန်ပြောတယ်။
သူမဆီက ညည်းညူသံတွေကို ထပ်မကြားချင်တော့တာနဲ့ နတ်သမီးက သူမကို မြို့လယ်ခေါင်ကွက်လပ် တစ်ခုကို သယ်သွားလိုက်တယ်။

ရက်အနည်းငယ်ကြာတော့ မြို့တော်ဝန်က အဲဒီကွက်လပ်မှာ ပြင်ဆင်မှုတွေ ပြု ဖို့အတွက် ဥယျာဥ်မှူး တစ်ယောက်နဲ့အတူ ရောက်လာခဲ့တယ်။
"ဒီနေရာမှာ ဘာမှ စိတ်ဝင်စားစရာ ကောင်းတာ မရှိဘူး။ မြေကြီးကို တူးပြီး ကြွေပန်းတွေ စိုက်စမ်းကွာ။" လို့ မြို့တော်ဝန်က ဥယျာဥ်မှူးကို ခိုင်းတယ်။
"ခဏစောင့်ပါဦး။ အဲဒီလို လုပ်ရင် ငါသေသွားမှာပေါ့။" လို့ ဒေစီပန်းက လှမ်းအော်ပြောတယ်။
"ဒီနေရာမှာ မင်းလို တခြားဒေစီပန်းတွေ ရှိမယ်ဆိုရင် ငါတို့အတွက် အပြင်အဆင် ကောင်းကောင်း လုပ်လို့ရတယ်။ ဒါပေမယ့် ဒီနေရာ တစ်ဝိုက်မှာ တခြား ဒေစီပန်းတွေ မရှိဘူး။ မင်းတစ်ယောက်တည်းနဲ့လည်း ဥယျာဥ်တစ်ခု ဖြစ်မလာနိုင်ဘူး။" လို့ မြို့တော်ဝန်က ပြန်ပြောတယ်။ နောက်တော့ သူဟာ ဒေစီပန်းကို မြေကြီးထဲကနေ ဆွဲနှုတ် ပစ်လိုက်တယ်။

(Paulo Coelho ရဲ့ Tales of Mother Nature ထဲက ပုံပြင်တစ်ချို့ကို ဘာသာပြန်ထားပါတယ်။)

Monday, January 11, 2010

ရေကြည်ရာ မြက်နုရာ

ကမ္ဘာဦး အစတုန်းကတော့ လူသားတွေအတွက် စုပေါင်းနေထိုင်ဖို့ ကျောက်ဂူတစ်ခု ရှိမယ်။ အမဲလိုက်ဖို့အတွက် အနီးအနားမှာ တောအုပ်တစ်ခု ရှိမယ်ဆိုရင် ရှင်သန်နေထိုင်ရေး အတွက် အဆင်ပြေ ပါတယ်။ နေလို့ ထိုင်လို့ ဖြစ်ပါတယ်။ လူ့ယဥ်ကျေးမှု နည်းနည်းလေး ပိုပြီး တိုးတက်လာတော့ တိရိစ္ဆာန်တွေ မွေးမြူတတ်လာ ကြပါတယ်။ အဲဒီတော့ တိရိစ္ဆာန်တွေအတွက် စားကျက်ကောင်းကောင်း ရဖို့။ နောက်ပြီးတော့ လူသားတွေ အတွက် မရှိမဖြစ်လိုအပ်တဲ့ သောက်ရေ ရဖို့အတွက် ရေကြည်ရာ မြက်နုရာ ဆိုတဲ့ နေရာတွေကို ပြောင်းရွှေ့ပြိး ​နေထိုင်လာကြပါတယ်။ နောက်ပိုင်း စိုက်ပျိုးရေး လုပ်ငန်းတွေ ထွန်းကားလာတဲ့ အချိန်မှာတော့ မြေသြဇာကောင်းတဲ့ မြစ်ဝှမ်းဒေသတွေကို ပြောင်းရွှေ့ပြီး စုပေါင်း နေထိုင်ခဲ့ကြလို့ အိန္ဒုမြစ်ဝှမ်းမှာ ရှိတဲ့ အိန္ဒုမြစ်ဝှမ်း ယဥ်ကျေးမှု လူ့အဖွဲ့အစည်း၊ နိုင်းမြစ်ဝှမ်းမှာ ရှိတဲ့ အီဂျစ် ယဥ်ကျေးမှု လူ့အဖွဲ့အစည်း စတာတွေ ပေါ်ပေါက်လာ ခဲ့ကြပါတယ်။ လူသားမျိုးနွယ်စုတွေဟာ စားဝတ်နေရေး အဆင်ပြေဖို့ အလုပ်အကိုင် နဲ့ သင့်တော်တဲ့ နေရာဒေသတွေကို ပြောင်းရွှေ့ခဲ့ကြတာ ဟိုးလွန်လေပြီးသော အတိတ်ကာလတွေ ကတည်းကပါပဲ။

ငယ်ငယ်တုန်းက မင်းသားစိုးသူ သရုပ်ဆောင်တဲ့ ရတနာမြေ ဆိုတဲ့ ရုပ်မြင်သံကြား ဇာတ်လမ်း တစ်ပုဒ်ကို ကြည့်ခဲ့ဖူးပါတယ်။ အဲဒီ ဇာတ်လမ်းထဲမှာ စိုးသူက အမေရိကား သွားခါနီးမှ မင်္ဂလာဒုံ လေယာဥ်ကွင်း အဝင်လမ်းထိပ်က "အမိနိုင်ငံတော်ကို ချစ်မြတ်နိုးပါ။" ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို ဖတ်ပြီ: နိုင်ငံခြား မသွားတော့ပဲ လှည့်ပြန်သွားတာ မှတ်မိပါတယ်။ ကိုစိုးသူလည်း ဒီတစ်ခါတော့ ဆိုင်းဘုတ် မဖတ်မိတော့ဘူး ထင်ပါတယ်။ အမေရိကား ရောက်နေပါပြီ။ နောက်ပြီးတော့ မင်္ဂလာဒုံ လေဆိပ် အဝင်လမ်းမှာ "ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ဆီသို့" ဆိုတဲ့ ဆိုင်းဘုတ် ချိတ်ထားတာ မှတ်မိပါသေးတယ်။ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီကို သွားချင်ရင် လေယာဥ်ပျံကွင်းကနေ လေယာဥ်ပျံ တက်စီး သွားလို့ ရတယ်လို့ ပြောတာလားလို့ တစ်ချို့က မေးကြပါတယ်။ အခုတော့ အဲဒီဆိုင်းဘုတ် မရှိတော့ပါဘူး။

သိပ်မကြာသေးတဲ့ အချိန်က ပင်နီဆူလာက စာအုပ်ဆိုင်မှာ သွားမွှေရင်း စာအုပ်တစ်အုပ် သွားတွေ့ပါတယ်။ အဲဒီစာအုပ်ကို ရေးတဲ့စာရေးဆရာက ကျွန်တော့်ထက် အသက် ၅ နှစ်ကျော် ငယ်တဲ့ ကျွန်တော်နဲ့ တစ်မြို့တည်းသား စာရေးဆရာကလေး တစ်ယောက်ပါ။ အဲဒီစာအုပ်ထဲမှာ ဆရာသမားကလေးက အမေကျော် ဒွေးဒေါ်လွမ်းတဲ့သူများ နိုင်ငံခြား သွားအလုပ်လုပ်တယ်လို့ ရေးထားလို့ ပြုံးမိပါတယ်။ အမိနိုင်ငံတော်ကို မချစ်လို့တော့ မဟုတ်ပါဘူး။ အခြေအနေအရ နိုင်ငံခြားမှာ နေနေရပေမယ့် မြန်မာနိုင်ငံကို ချစ်ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာဦး အစကလူတွေ လိုပါပဲ။ ရေကြည်ရာ မြက်နုရာ ရှာရင်း နိုင်ငံခြား တိုင်းပြည်မှာ နေထိုင်ရင်း အလုပ်လုပ်နေရပါတယ်။

နိုင်ငံခြားကို စထွက်လာကတည်းက တချိန်ကျရင် မြန်မာနိုင်ငံ ပြန်မယ် စဥ်းစားလာခဲ့ပါတယ်။ ကိုယ့်နိုင်ငံပြန် အကျိုးပြုမယ်လို့တော့ စကားကြီး စကားကျယ်တွေ မပြောချင်ပါဘူး။ ကိုယ်မွေးဖွားကြီးပြင်းလာခဲ့တဲ့ မြေကို ခင်တွယ်တာတော့ အမှန်ပါပဲ။ အခုလည်း အခါအခွင့်သင့်ရင် သင့်သလို မြန်မာပြည် ပြန်ဖို့ စဥ်းစား မိပါတယ်။ မြန်မာပြည်မှာ စင်ကာပူက Ne Water လို အိမ်သာထဲက ရေ ပြန်သောက်ရတာ မဟုတ်တဲ့ အတွက် ရေပိုကြည်ပါတယ်။ မြက်ကလည်း စင်ကာပူလို တကူးတက စိုက်ထားရတာ မဟုတ်တဲ့ အတွက် ပိုနုပါတယ်။ ဒါပေမယ့် ကိုယ်ရဲ့ အသက်မွေး ဝမ်းကြောင်းက မွေးမြူရေး မဟုတ်တော့ ရေကြည်ရုံ မြက်နုရုံနဲ့လည်း မြန်မာနိုင်ငံ ပြန်ဖို့ မဖြစ်နိုင်သေးပါဘူး။ အဓိက အကြောင်းရင်း ကတော့ ကိုယ်သင်ယူလာခဲ့တဲ့ အသက်မွေးဝမ်းကြောင်းနဲ့ အလုပ်လုပ်ကိုင် စားသောက်ဖို့အတွက် လုံလောက်တဲ့ အခြေခံ အဆောက်အအုံ (Infrastructure) မရှိသေးတာကြောင့်လိုပဲ ပြောရပါလိမ့်မယ်။

မြန်မာပြည်က သူငယ်ချင်းများက ဘယ်တော့ အပြီးပြန်လာမလဲ မေးရင် မီးလာဖို့ စိတ်မပူရတဲ့နေ့ ပြန်လာခဲ့မယ်လို့ ပြန်ဖြေတတ်ပါတယ်။ ကွန်ပြူတာနဲ့ တချိန်လုံး အလုပ်လုပ်နေရတဲ့သူ မီးမလာရင် ဘာမှ လုပ်မရပါဘူး။ အချိန်ပြည့် မီးစက်မောင်းဖို့ ဆိုတာကလည်း သိပ်ပြီးတော့ ကျိုးကြောင်းသင့်လျော်တဲ့ ဖြေရှင်းနည်း မဟုတ်ပါဘူး။

တချို့ကတော့ စင်ကာပူလို ရေတောင် ဝယ်သောက်နေရတဲ့ နိုင်ငံ ဘာမှ အရင်းအမြစ် မရှိတဲ့ နိုင်ငံမှာ အလုပ်လာလုပ်နေရတာ ရင်နာတယ်လို့ ညည်းတတ်ကြပါတယ်။ စလုံးမှာ ဘာမှ မရှိဘူး ဆိုတာတော့ မမှန်ပါဘူး။ သူတို့ဆီမှာ ကျွန်တော်တို့ ဆီမှာ မရှိတဲ့ အခြေခံ အဆောက်အအုံ ခိုင်ခိုင်မာမာ ရှိပါတယ်။ စင်ကာပူမှာ ကျွန်တော် နေထိုင်လာတဲ့ ဆယ်နှစ်အတွင်း မီးပြတ်တယ်ဆိုတာ တစ်ခါပဲ ကြုံဖူးပါတယ်။ မြို့ ဟိုဘက်ထိပ်ကနေ ဒီဘက်ထိပ်ကို ၂ နာရီအတွင်း ရထားစီးသွားလို့ ရပါတယ်။ အင်တာနက် ဆိုတာ နေရာတကာမှာ ကြိုက်သလို သုံးလို့ရပါတယ်။ အခုနောက်ပိုင်း ဆိုရင် ကိုယ့်ရဲ့ မိုဘိုင်းဖုန်းကနေ ရောက်လေရာနေရာ အင်တာနက် သုံးနေလို့ ရပါသေးတယ်။

ဒါတင် ပဲလား ဆိုတော့ မကသေးပါဘူး။ ဥပမာ ပြရရင် ကျွန်တော်နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ စက်ပစ္စည်း တပ်ဆင်ရောင်းချတဲ့ စီးပွားရေး လုပ်ငန်းမျိုး အတွက် စင်ကာပူမှာ သင့်လျော်တဲ့ ဝန်ဆောင်မှုတွေ အလုံအလောက် ရှိပါတယ်။ စက်ပစ္စည်း တပ်ဆင်ရောင်းချတဲ့ လုပ်ငန်းတွေမှာ အချိန်ဟာ အသက်ပါပဲ။ ဘယ်သူကမှ စက်တစ်လုံးကို ဆင်ဖို့ တစ်နှစ် အချိန်မပေးပါဘူး။ အဲဒီတော့ ကျွန်တော်တို့ ရတဲ့အချိန် အတွင်းမှာ ပရော့ဂျက်ကို အမြန်ဆုံးပြီးအောင် တက်သုတ်ရိုက်ရပါတယ်။ စလုံးမှာ ကိုယ်လိုချင်တဲ့ ပစ္စည်းတစ်ခု ရှိရင် အချိန်မရွေး ဖုန်းဆက် အီးမေးလ်ပို့ပြီး မှာလိုက်လို့ ရပါတယ်။ ရွေးချယ်စရာ ပစ္စည်းရောင်းတဲ့သူတွေလည်း အများကြီး ရှိပါတယ်။ ပစ္စည်း ဝယ်ပြီးလို့ နည်းပညာ ဆိုင်ရာ အခက်အခဲ ရှိနေရင် နားလည်တတ်ကျွမ်းတဲ့သူကို ချက်ချင်း ဖုန်းဆက်ခေါ်ပြီး အကူအညီတောင်းလို့ ရပါတယ်။ ကိုယ်လိုချင်တဲ့ ပစ္စည်း စင်ကာပူမှာ မရှိဘူး ဆိုရင်တောင် DHL ၊ FedEx စတဲ့ ချောပို့ လုပ်ငန်း တွေနဲ့ ရက်ပိုင်းအတွင်း စင်ကာပူကို အရောက်မှာလို့ ရပါတယ်။ စက်တွေ ဆင်တာ အချိန်မှီ မပြီးရင် စက်ကို သင်္ဘောနဲ့ မပို့ဘဲ လေယာဥ်နဲ့ပို့ဖို့ ရွေးချယ်ခွင့် ရှိပါတယ်။ စင်ကာပူက နေ့စဥ်ထွက်နေတဲ့ ကုန်တင်လေယာဥ်တွေ အများကြီးပါပဲ။ ဒီစီးပွားရေး လုပ်ငန်းတစ်ခုတည်းတင် မကပါဘူး။ တခြားစီးပွားရေး လုပ်ငန်းတွေမှာလည်း သူတို့နဲ့ သက်ဆိုင်တဲ့ ဝန်ဆောင်မှုတွေကို အလွယ်တကူ ရနိုင်ပါတယ်။ ဒါမျိုး အထောက်အကူ ပေးနိုင်မယ့် ဝန်ဆောင်မှုတွေ ရှိနေတဲ့အတွက် စင်ကာပူမှာ စီးပွားရေး လုပ်ငန်းတွေ ကျွန်တော်တို့ နိုင်ငံထက် ပိုပြီး အလုပ်ဖြစ်ပါတယ်။

တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ ဆိုသလိုပဲ ကျွန်တော်တို့လည်း တစ်နေ့တော့ ဒီလို ဖြစ်လာမှာပါ။ ပုဂံက ဘယ်မှ မရွေ့ပေမယ့် တစ်နေ့တစ်လံ သွားနေဖို့တော့ လိုအပ်ပါသေးတယ်။ ဖေ့စ်ဘွတ်ထဲမှာ ဖိုရမ်ထဲမှာ မြန်မာပြည်ကြီးကို ချစ်တယ်။ မြန်မာပြည်ကနေ ဘယ်မှ မခွာနိုင်ဘူး ပြောပြီး နိုင်ငံခြားရောက်နေတဲ့ အစ်ကိုအစ်မများကို တစောင်းမြင်နေတဲ့ ညီငယ် ညီမငယ်တွေ ဒီပို့စ်ကို ဖတ်မိရင် နောင်တော် အစ်မတော်တွေ ဘာလို့ မြန်မာနိုင်ငံ ပြန်မလာသေးဘဲ နိုင်ငံခြားမှာ နေနေရသလဲ ဆိုတဲ့ အကြောင်းရင်းကို နားလည် သဘောပေါက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Monday, January 4, 2010

ရောက်တတ်ရာရာ နည်းပညာတွေ

ကျွန်တော် ငယ်ငယ်တုန်းကတော့ ကမ္ဘာမှာ ဘယ်လို နည်းပညာ အသစ်အဆန်းတွေ ပေါ်နေပြီ ဆိုတာမျိုးတွေကို စိတ်ဝင်စားတတ် ပါတယ်။ အဲဒီအချိန်ကတော့ အင်္ဂလိပ်စာ မဖတ်တတ်တာရယ် အနီးအနားမှာ ဖတ်စရာ စာအုပ်စာတမ်း မရှိတာတွေရယ်ကြောင့် မြန်မာလို ဖတ်လို့ရတဲ့ သုတစွယ်စုံ သိပ္ပံ မဂ္ဂဇင်း စတာတွေပဲ ဖတ်လေ့ရှိပါတယ်။ ၆ တန်း ရတန်း အရွယ်လောက်က သုတစွယ်စုံထဲမှာ ပါတဲ့ ဂြိုဟ်သား အကြောင်းတွေ ယူအက်ဖ်အို (Unidentified Flying Object) လို့ ခေါ်ကြတဲ့ အမျိုးအမည် မသိပျံသန်းနေတဲ့ အရာဝတ္ထုတွေ အကြောင်းကို စိတ်ဝင်တစားနဲ့ ဖတ်ပြီး အစ်ကိုတစ်ယောက်ကို ပြန်ပြောလေ့ ရှိပါတယ်။ ကျွန်တော် ပြောတာတွေ ကြားတဲ့ အစ်ကိုကတော့ မင်းဟာတွေက လွန်လွန်းပြီထင်တယ်။ ဒီလောက် ထူးဆန်းတာတွေ တွေ့မှတော့ နိုင်ငံခြားသတင်းထဲ သတင်းစာထဲ ပါလာလောက်ပြီပေါ့ကွ လို့ ဆင်ဆင်ခြင်ခြင် ပြောပါတယ်။ ကျွန်တော်ကတော့ နိုင်ငံခြား မဂ္ဂဇင်းထဲက ဘာသာပြန်ထားတာပဲ။ လိမ်တာ မဖြစ်လောက်ပါဘူးလို့ ပြန်ပြောတတ်ပါတယ်။ နောက်တော့ ဟန်သစ် မဂ္ဂဇင်းထဲမှာ သုတစွယ်စုံမှ ဘင်သံများ ဆိုတဲ့ ဆောင်းပါးပါလာပြီး အဲဒီဆောင်းပါးကို ဖတ်ရတဲ့ အခါမှ သုတစွယ်စုံက နိုင်ငံခြားက အပေါစား အပျော်ဖတ် မဂ္ဂဇင်းတွေထဲက ယုံတမ်းစကား ဆန်ဆန် သတင်းတွေကို ဘာသာပြန်ပြီး ထည့်နေမှန်း သဘောပေါက်ပါတယ်။ ဟန်သစ်က အဲဒီလို နှိပ်ကွပ် ပြီးနောက်ပိုင်းတော့ သုတစွယ်စုံထဲ အဲဒီလို သတင်းမျိုးတွေ ပါမလာတော့ပါဘူး။ ဒါပေမယ့် သုတစွယ်စုံကနေ ဆယ်လူလာ ဖုန်းအကြောင်းတွေ အီရီဒီယမ် ဂြိုဟ်တုဖုန်းနဲ့ ပတ်သက်တဲ့ အကြောင်းတွေစတဲ့ နည်းပညာနဲ့ ပတ်သက်တဲ့ အမှန်အကန် ဗဟုသုတ တချို့တဝက်တော့ ရလိုက်ပါတယ်။

နောက်ပိုင်း အင်္ဂလိပ်စာကလေး မတောက်တခေါက် ဖတ်တတ်တဲ့ အချိန်ရောက်တော့ ဗြိတိသျှ ကောင်ဆယ်လ်မှာ ရှိတဲ့ နည်းပညာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ စဖတ်ဖြစ်ပါတယ်။ အလွယ်ဖတ် အင်္ဂလိပ်စာနဲ့ ရေးထားတာကြောင့် နားလည်လွယ် ပါတယ်။ အဲဒီမှာ လေဆာ နဲ့ မေဆာ အကြောင်းတွေ စပြီး သိခဲ့ရပါတယ်။ လေဆာကတော့ လူတိုင်း ကြားဖူးပါတယ်။ LASER ဆိုတာက Light Amplification by Stimulated Emission of Radiation ကို အတိုကောက် ခေါ်တာပါ။ လျှပ်စစ်သံလိုက် ရေဒီယို သတ္တိကြွ နယ်ပယ်တစ်ခုထဲမှာ အလင်းကို စူးစိုက် လွှတ်ထုတ်ထားတယ် ဆိုတာမျိုး အဓိပ္ပာယ်ဖွင့်လို့ရပါတယ်။ သိပ္ပံရုပ်ရှင်ကား များထဲမှာတော့ လေဆာသေနတ်တွေကိုင်ပြီး တစ်ယောက်နဲ့ တစ်ယောက် ပစ်နေကြတာမျိုး တွေ့ရမှာပါ။ အပြင်မှာတော့ အဲဒီလောက် မလွယ်ပါဘူး။ လူတစ်ယောက်ကို လောင်ကျွမ်းနိုင်တဲ့ အားမျိုးရှိတဲ့ လေဆာမျိုးကို ရဖို့ လေဆာပြွန် အကြီးကြီးတစ်ခု လိုပါတယ်။ ကျွန်တော်တို့ စက်ရုံအလုပ်ရုံတွေမှာ သုံးတဲ့ ကာဘွန်ဒိုင် အောက်ဆိုက်ဒ် ဒါမှမဟုတ် YVO4 လေဆာမျိုးတွေမှာ အားကောင်းတဲ့ ပါဝါဆပ်ပလိုင်း လိုပါတယ်။ အဲဒီထက် ပိုပြီး အားကောင်းတဲ့ YAG လေဆာလို လေဆာ အမျိုးအစားတွေ ဆိုရင် အအေးခံဖို့အတွက် ရေပိုက်ပါ လိုအပ်ပါတယ်။ ရုပ်ရှင်ထဲကလို ပစ္စတို သာသာလောက် ရှိတဲ့ သေနတ်ဆိုရင်တော့ ပြပွဲတွေမှာ သုံးတဲ့ လေဆာပွိုင်တာလောက် ပြင်းတဲ့ လေဆာမျိုးလောက်ပဲ ရမယ်ထင်ပါတယ်။ အဲဒါဆိုရင်တော့ လူကို ပြာကျဖို့တော့ ဖြစ်နိုင်မယ် မထင်ပါဘူး။ မျက်စိတည့်တည့် ထိုးရင်တော့ ကြာကြာနေ မျက်စိပျက်တာ မျိုးလောက်တော့ ဖြစ်နိုင်ပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ နည်းပညာကတော့ မေဆာပါ။ ဒေးဗစ်ကော့ပါးဖီးရဲ့ မျက်လှည့်ပွဲကို ရုပ်မြင်သံကြားမှာ ကြည့်ဖူးတဲ့သူတွေတော့ ဒေးဗစ်ကော့ပါးဖီး တရုတ်ပြည်က မဟာရံတံတိုင်းကြီးကို ဟိုဖက်ဒီဖက် ဖောက်ပြီး ထွက်ပြတာ တွေ့ဖူးပါလိမ့်မယ်။ သိပ္ပံနည်းကျ စဥ်းစားရင် ဖြစ်နိုင်သလား ဆိုတော့ ဖြစ်နိုင်ပါတယ်။ နံရံတစ်ခုထဲမှာ ရှိတဲ့ ဒြပ်ဝတ္ထုတွေကို သူတို့ရဲ့ သဘာဝကြိမ်နှုန်း (Natural Frequency)အတိုင်း မေဆာနဲ့ တုန်ခါစေရင် နံရံကို သာမန်လူတစ်ယောက်က လေကို ဖြတ်သလို ဖောက်ထွက် သွားလို့ ရနိုင်တယ် လို့ သိပ္ပံပညာရှင်တွေက တွေးကြပါတယ်။ ဒေးဗစ်ကော့ပါးဖီးတော့ မေဆာ သုံးတယ် မထင်ပါဘူး။ သူ့နည်း သူ့ဟန်တော့ ရှိမှာပါ။ MASER ဆိုတာက Microwave Amplification by Stimulated Emission of Radiation ရဲ့ အတိုကောက်ပါ။ လေဆာနဲ့ သဘောတရားခြင်း အတူတူပါပဲ။ ဒါပေမယ့် မေဆာမှာတော့ အလင်းအစား မိုက်ခရိုဝေ့ဖ်ကို သုံးပါတယ်။ နောက်ပိုင်းတော့ မိုက်ခရိုဝေ့ဖ် အစား M ကို မော်လီကျူလာအနေနဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် ပြောင်းလဲ လိုက်ကြပါတယ်။

သိပ္ပံဝတ္ထုတွေ ဖတ်ရင်း တွေ့လာတဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ နည်းပညာတစ်ခုကတော့ Teleporting လို့ခေါ်တဲ့ နည်းပညာပါ။ စိတ်ကူးယဥ်ဆန်ဆန် နည်းပညာတစ်ခုပါပဲ။ အပြင်မှာ လက်တွေ့ဖြစ်လာဖို့တော့ မဖြစ်နိုင်သလောက်ပါပဲ။ တယ်လီပို့တင်းကတော့ လူတစ်ယောက်ကို တစ်နေရာမှာ တစ်စစီ ဖြိုခွဲပြီး တယ်လီဖုန်းထဲမှာ အသံလှိုင်းတွေ လွှင့်ထုတ်သလို တခြားနေရာ တစ်ခု ကို လွှင့်ထုတ် အဆုံးသတ်နေရာရောက်မှ အကုန်ပြန်ဆက်ဆိုတဲ့ သဘောတရားမျိုးပါ။ သိပ္ပံဝတ္ထုတွေ ထဲမှာတော့ လူတွေက တစ်နေရာကနေ တယ်လီပို့တင်းလုပ် တခြားဂြိုဟ်တစ်ခု ဒါမှမဟုတ် အာကာသယာဥ်ပေါ်မှာ ပြန်ပေါ်လာတယ် ဆိုတာမျိုး ရေးထားတာ ဖတ်ဖူးပါတယ်။ ဖြစ်နိုင်သလား ဆိုရင်တော့ မဖြစ်နိုင်သလောက်ပါပဲ။ လူတစ်ယောက်ကို တစ်စစီ ဖြိုခွဲနိုင်တယ် ဆိုပါစေဦး အဲဒီဖြိုခွဲထားတဲ့ အစိတ်အပိုင်းတွေကို လုံလောက်တဲ့ တိကျမှုနဲ့ မှတ်တမ်းတင်ဖို့ အလွန်ခက်ခဲ ပါလိမ့်မယ်။ ဒါ့အပြင် တခြားနေရာတစ်ခုမှာ တပုံစံတည်းတူတဲ့ လူတစ်ယောက်ကို တစ်စစီ ပြန်ပြီး ဆက်စပ်ဖို့ ဆိုတာက နည်းပညာ ပိုင်းအရ မဖြစ်နိုင်သလောက်ပါပဲ။ နည်းနည်း လွဲသွားရင်တောင် မြွေပွေး အကောင် အကြီးကြီး ကိုက်ပါပြီ။ ပိုပြီး ဆိုးတာက အဲဒီလို လုပ်လို့ရကြေးဆိုရင် ဆက်သွယ်ရေး နည်းပညာမှာ သုံးသလို ကော်ပီတွေ ပွားပြီး လူကို နှစ်ယောက်သုံးယောက် တစ်ပြိုင်တည်း ဖြစ်အောင် ပြန်ထုတ်လို့ ရမလား ဆိုတာကလည်း စဥ်းစားစရာ တစ်ခုပါ။ လူကို ကော်ပီကူးလို့ ရပြီထားပါဦး စိတ်ကို ဘယ်လို အပြောင်းအရွှေ့ လုပ်ကြမလဲ ဆိုတာလည်း နောက်ထပ် စဥ်းစားစရာရှိတဲ့ အချက်တစ်ချက်ပါပဲ။

အီလက်ထရွန်းနစ်နဲ့ ပတ်သက်ပြီးတော့လည်း နည်းနည်း ဖတ်မှတ်လိုက်ရတာတွေ ရှိပါတယ်။ လူတစ်ယောက် တစ်ခုခုကို စဥ်းစားရင် သူ့ရဲ့ ဦးနှောက်ထဲကနေ လျှပ်စစ်သံလိုက်လှိုင်းတွေ ထွက်လာတယ်လို့ ဆိုပါတယ်။ အဲဒီ လျှပ်စစ်သံလိုက်လှိုင်းတွေရဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုနိုင်ရင် လူတစ်ယောက်ရဲ့ စိတ်အကြံကို သိနိုင်ပါလိမ့်မယ်။ အဲဒီလိုသာ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ခဲ့ရင် လူတွေမှာ Privacy ဆိုတာ ရှိတော့ မှာ မဟုတ်ပါဘူး။ လူတွေပိုပြီး ခွင့်လွှတ်တတ်လာကြမလား ထပဲ သတ်ကြမလားတော့ မသိပါဘူး။ လူတွေ အရှိကို အရှိအတိုင်း လက်ခံနိုင်ကြဖို့ လိုလာလိမ့်မယ်လို့ ထင်ပါတယ်။ အခုလို အလိမ်တွေ အညာတွေနဲ့ ဟန်ဆောင်မှုတွေ ပျောက်သွားကြလိမ့်မယ်လို့ ထင်ပါတယ်။ သမီးရည်းစားတွေရဲ့ ကြားက ဆက်ဆံရေးလည်း တစ်မျိုးတစ်ဖုံ ပြောင်းသွားနိုင်ပါတယ်။ ယဥ်ကျေးမှု ဆိုတာကြီးပဲ တစ်မျိုးတစ်ဖုံ ပြောင်းသွားမလား ဒါမှမဟုတ် ယဥ်ကျေးမှု ဆိုတာကြီးကို မပြောင်းလဲချင်လို့ပဲ အဲဒီလို နည်းပညာမျိုးတွေကို မတိုးတက် မပြန့်ပွားအောင် ဟန့်တားကြမလား ဆိုတာတော့ မပြောတတ်ပါဘူး။