Search This Blog

Wednesday, March 31, 2010

Overbooking သရဲ

ခရီးသွားတဲ့ အခါမှာ တခါတလေ လေကြောင်း ခရီးစဥ် Overbooking ဖြစ်တာကြောင့် အဆင်မပြေ တာတွေ ကြုံရတတ် ပါတယ်။ ခရီးသွား လုပ်ငန်းရဲ့ သဘောအရတော့ ဘွတ်ကင်လုပ်ထားတဲ့သူ အားလုံး အမြဲ ခရီးမသွား ဖြစ်တာကြောင့် အဲဒီလို အိုဗာဘွတ်ကင် လုပ်မှ ခေါက်ရေတိုင်းအတွက် ခရီးသည် အပြည့်နီးပါးရပြီး လေကြောင်းလိုင်း အတွက် တွက်ခြေ ကိုက်တယ်လို့ ဆိုပါတယ်။ များသောအားဖြင့် ဥရောပက လေကြောင်း ခရီးစဥ်တွေမှာ ကြုံရတတ်ပါတယ်။ တစ်ခါတုန်းက ဒိန်းမတ်က ကိုပင်ဟေဂင် လေဆိပ်မှာ လေယာဥ်ပျံ ပြောင်းစီးဖို့ စောင့်နေတုန်း အခုထွက်မယ့် လေယာဥ်ပျံမှာ လူပြည့် သွားတဲ့အတွက် ဒီလေယာဥ်ပျံနဲ့ မလိုက်ဘဲ နောက်လေယာဥ်ပျံနဲ့ လိုက်ဖို့ ဗော်လန်တီယာ လုပ်တဲ့ ခရီးသည် ရှိရင် ယူရို ၄၀၀ ပေးမယ်ဆိုပြီး စကင်ဒီနေးဗီးယန်း လေကြောင်းလိုင်း (SAS) ကနေ ကမ်းလှမ်းတာ ကြုံဖူးပါတယ်။

လေကြောင်းလိုင်းတွေမှာတင် မဟုတ်ဘဲ တချို့ ဟိုတယ်တွေ မှာလည်း အိုဗာဘွတ်ကင် လုပ်တတ်ပါတယ်။ တစ်ခါက မလေးရှားနိုင်ငံ ကွာလာလမ်ပူနဲ့ မနီးမဝေး ဆရမ်ဘန်း (Seremban) မြို့က စက်ရုံတစ်ခုကို စက်ပြင်ဖို့ ရောက်သွားခဲ့ ပါတယ်။ ညဘက် အိပ်ဖို့အတွက် စက်ရုံက သဘောကောင်းစွာနဲ့ ဟိုတယ်မှာ Deluxe Room တစ်ခန်း ဘွတ်ကင် လုပ်ထားပေး ပေမယ့် ဟိုတယ်ကို ရောက်သွားတော့ Deluxe Room မကျန်တော့ပါဘူး။ ဟိုတယ်က နှစ်သိမ့်တဲ့ အနေနဲ့ Suite တစ်ခန်း ကို Deluxe Room ဈေးနဲ့ ပေးပါတယ်။ ရင်းဂစ် ၁၂၀ ကျော် (စင်ကာပူ ဒေါ်လာ ၆၀ နီးပါး) ပဲ ပေးရပါတယ်။ အခန်းထဲ ရောက်သွားတော့ Home Theater တွေ၊ ရေချိုးခန်း အကျယ်ကြီးတွေနဲ့ အတော်ကို သားနားပါတယ်။ ပိုက်ဆံများ သုံးနိုင်ရင် တယ်ဇိမ်ရှိသကိုးလို့ အဲဒီတုန်းက တွေးမိ ခဲ့ပါတယ်။

ဟိုတစ်လောက စလုံး သူငယ်ချင်းတွေနဲ့ ဆုံရင်း အဲဒီ အကြောင်းကို စကားစပ်ပြီး ပြောမိပါတယ်။ သူငယ်ချင်း တစ်ယောက်က အိုဗာဘွတ်ကင်နဲ့ ပတ်သက်ပြီး သူတို့မိသားစု ကြုံတွေ့ဖူးတဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်း တစ်ပုဒ်ကို ပြန်ပြောပြ ပါတယ်။ မယုံရင် ပုံပြင်လို့မှတ်ပါ။ သူပြောပြတာက သရဲ ဇာတ်လမ်းပါ။

သူတို့မိသားစု မလေးရှားနိုင်ငံ မြို့တစ်မြို့ကို အပန်းဖြေခရီး သွားကြတဲ့ အချိန်ကပါ။ ပထမညက သူတို့ တည်းခိုမယ့် ဟိုတယ်ကို ရောက်သွားတော့ အခန်းတွေ အားလုံး ပြည့်နေပါပြီ။ သူ့ရဲ့ အဖေက အကြီးအကျယ်ကို ဒေါသထွက် ပါတယ်။ သေသေချာချာ ဘွတ်ကင် လုပ်ထားရသားနဲ့ အခန်း မရရကောင်းလား ဆိုပြီး တော့ ဟိုတယ်က ဧည့်ကြိုတွေကို အကြီးအကျယ် ပြသနာ ရှာပါတယ်။ ဟိုတယ်က ဧည့်ကြိုကောင်မလေးများကလည်း အနူးအညွှတ် တောင်းပန်ကြပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အဖေက အလျှော့မပေးပါဘူး။ အခန်း မရရအောင် လုပ်ပေး။ မရရင် ငါနဲ့တွေ့မယ် ဆိုပြီး ကြိမ်းပါတယ်။ နောက်ဆုံးတော့ တောင်းပန်လို့ မရတဲ့ အဆုံး ဟိုတယ်က ဧည့်ကြို ကောင်မလေးက သူတို့မိသားစုအတွက် အခန်းနှစ်ခန်းကို စီစဥ်ပေးလိုက် ပါတယ်။ တစ်ခန်းမှာ သူ့အဖေနဲ့ အမေ တည်းကြပြီး နောက်တစ်ခန်းမှာတော့ သူတို့ မောင်နှမနှစ်ယောက်နဲ့ သူ့အဒေါ်နဲ့ တည်းကြပါတယ်။

သူတို့ အခန်းထဲကို ဝင်ဝင်ချင်း သူ့ရဲ့ စိတ်ထဲမှာ မသိုးမသန့် ခံစားချက် တစ်ခု ခံစား လိုက်ရပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ ခရီးပန်းလာတဲ့ ဒဏ်ကြောင့် အခန်းထဲရောက်ပြီး မကြာခင်မှာပဲ သူတို့တွေ အိပ်ရာဝင်ကြပါတယ်။ မီးတွေ အားလုံး ပိတ်ပြီး အိပ်ပျော်ခါနီး ဆဲဆဲ အချိန်မှာ မျက်နှာကြက်ပေါ်ကနေ အကောင်တစ်ကောင် ဖြတ်သွားသလို ဝှီးကနဲ ဖြစ်သွားတာကို သတိထား လိုက်မိပါတယ်။ မျက်လုံးဖွင့်ကြည့်တော့ ဘာကောင်မှ မရှိပါဘူး။ အဲဒါနဲ့ပဲ သူတို့ ပြန်အိပ်နေကြပါတယ်။ ခဏနေတော့ ရေချိုးခန်းထဲက ရေကျသံ ပြင်းပြင်းကို ကြားရပါတယ်။ မီးဖွင့်ပြီး ထကြည့်တော့ ရေချိုးခန်းထဲက မျက်နှာသစ် ဘေစင်က ရေဘုံဘိုင်ခေါင်း အဆုံးထိ ပွင့်နေတာကို တွေ့ရပါတယ်။ သူ့အဒေါ်က ရေဘုံဘိုင်ခေါင်းကို ထပိတ်ပြီး နောက်တော့ သူတို့ ပြန်အိပ် နေကြပါတယ်။ သူတို့ စိတ်ထဲမှာ ဘာမှ ထူးထူးခြားခြား မဖြစ်သလို ပါပဲ။ မတော်တဆ လို့ပဲ ထင်ကြပါတယ်။

နောက်တော့ သူတို့အားလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြပါတယ်။ ဒီလိုနဲ့ ညသန်းခေါင် အချိန်ကို ရောက်လာပါတယ်။ မမြင်ရတဲ့ စွမ်းအင်တစ်ခုက ဆွဲငင် ညှို့ယူခံရတာကြောင့် သူ့ရဲ့ အစ်မဟာ အိပ်ရာက ထလာပါတယ်။ သူမ စိတ်ထဲမှာ အိပ်မက်မက်နေသလိုပဲ ခံစားနေ ရပါတယ်။ သူမ အိပ်ရာက ထလာပြီးတဲ့နောက်မှာ သူတို့ အိပ်နေတဲ့ အခန်းတံခါးက အလိုလို ပွင့်သွားပါတယ်။ သူမလည်း အဲဒီအခန်းတံခါးကနေ အပြင်ကို ထွက်လာခဲ့ ပါတယ်။ အခန်းရှေ့က စင်္ကြန်မှာ မီးလေးတွေက မှိန်ပျပျ ထွန်းထားပြီး လူတစ်ယောက်မှ မရှိပါဘူး။ သူမ အဲဒီလမ်းတလျှောက် အိပ်မွေ့ချ ခံထားရသူလို လမ်းလျှောက် လာပါတယ်။ နောက်တော့ စင်္ကြန်ရဲ့ အဆုံးမှာ ရှိတဲ့ အရေးပေါ် ထွက်ပေါက်တံခါးက ကျွီကနဲ အသာအယာ ပွင့်လာပါတယ်။ သူမလည်း သူမဘာသာ မသိလိုက်ပဲ အဲဒီ တံခါးကနေ လှေကားကို ထွက်လာခဲ့ပါတယ်။

သူမ အရေးပေါ်ထွက်ပေါက်ကို ကျော်လာပြီးတဲ့နောက်မှာတော့ တံခါးက အသာ ပြန်ပိတ်သွားပါတယ်။ လှေခါးထဲမှာ မီးရောင်မှိန်မှိန်လေးပဲ ရှိပါတယ်။ လူတစ်ဦးတစ်ယောက်မှ မရှိပါဘူး။ တံခါး ပြန်ပိတ်သွားပြီးတဲ့ နောက်မှာတော့ သူမ အိပ်မက်ကနေ လန့်နိုးလာသလို ချက်ချင်း သတိဝင်လာပါတယ်။သတိဝင်လာလာချင်း သူမ ဘယ်ရောက်နေသလဲ ဆိုတာကို သိလိုက်တော့ ကြက်သီးမွေးညှင်းတွေ ထလာပါတယ်။ သူမ တံခါးကို ပြန်ဆွဲဖွင့်ဖို့ ကြိုးစားပေမယ့် တံခါးက ပွင့်မလာပါဘူး။ အဲဒီအချိန်မှာပဲ တစ်စုံတစ်ယောက်က တဟားဟား နဲ့ အော်ရယ်လိုက်တဲ့ ရယ်သံ တိုးတိုး ကို လှေကားထဲမှာ ကြားလိုက် ရပါတယ်။ သူမလည်း အသံကုန် ဟစ်ပြီး တံခါးကို ဆွဲဖွင့်ပါတယ်။ တံခါးက ပွင့်မလာပါဘူး။ ရယ်သံက ရပ်မသွားဘဲ တဖြည်းဖြည်း ကျယ်လာပါတယ်။ ဒါပေမယ့်လည်း လှေခါးထဲမှာ လူတစ်ဦးတစ်ယောက်မှ မရှိပါဘူး။

သူမလည်း ကြောက်အားလန့်အားနဲ့ လှေခါးတလျှောက် အောက်တစ်ထပ်ကို လှေကားအတိုင်း ပြေးဆင်းလာခဲ့ ပါတယ်။ တဟားဟား အော်ရယ်သံက ဆက်တိုက် ကြားနေရတုန်းပါပဲ။ ခုနတုန်းက လိုပဲ သူမ အောက်ထပ်က အရေးပေါ်ထွက်ပေါက်ကို ဆွဲဖွင့်ပြီး အထဲကို ပြန်ဝင်ဖို့ ကြိုးစားပါတယ်။ အဲဒီတံခါးကလည်း ပွင့်မလာပါဘူး။ သူမ ကြောက်ရွံ့ ထိတ်လန့်စွာနဲ့ အသံကုန် ဟစ်ပြီး ငိုကြွေးနေမိပါတယ်။ ရယ်သံက ရပ်မသွားတဲ့ အပြင် သူမအဖြစ်ကို သဘောကျ လှောင်ရယ် နေသလို ဆက်တိုက် ကြားနေရပါတယ်။ လှေကားထဲက မီးရောင် မှိန်မှိန်ရယ်၊ ဖွင့်မရတဲ့ တံခါးချပ်တွေရယ်၊ ကြောက်စရာကောင်းတဲ့ ရယ်သံတွေရယ် စတာတွေကြောင့် သူမ လိပ်ပြာလွင့်မတတ် ခံစား ရပါတယ်။ သူမ နောက်ထပ် အောက်တစ်ထပ်ကို ပြေးဆင်းခဲ့ပါတယ်။ ရယ်သံက လှေကားတလျှောက် ကြားနေရပါတယ်။ အောက်ထပ်က တံခါးကို ဆွဲဖွင့်တော့လည်း ပွင့်မလာပါဘူး။ သူမရဲ့ ကြောက်စိတ်တွေ အဆုံးစွန် အထိ ရောက်နေပါပြီ။ ဘယ်အချိန် ဘယ်နေရာက ဘာကောင်ကြီး ပေါ်လာမလဲ ဆိုတာကို တွေးပြီး အကြီးအကျယ် ခြောက်ခြားနေမိပါတယ်။ ဒါပေမယ့် အကောင်အထည်တော့ ဘာမှ မမြင်ရပါဘူး။ သူမလည်း ကြောက်အား လန့်အားနဲ့ ခြေလှမ်းကုန် နောက်တစ်ထပ်ကို ပြေးဆင်းခဲ့ပါတယ်။ ရယ်သံက သူမနောက်က လိုက်လာနေတုန်းပါပဲ။ ဒီတခါ တံခါးကို ဆွဲအဖွင့်မှာတော့ တံခါးက ဝုန်းကနဲ ပွင့်သွားပါတယ်။

တံခါးပွင့်သွားတာနဲ့ သူမ အသံကုန်ခြစ်အော်ပြီး စင်္ကြန်တလျှောက် ပြေးဝင်ခဲ့ပါတော့တယ်။ ညကြီးသန်းခေါင် သူမရဲ့ အသံကုန် ခြစ်အော်တဲ့ ​အော်သံကြောင့် အခန်းတံခါးတွေ ပွင့်လာပြီး အခန်းထဲမှာ အိပ်နေတဲ့ သူတွေ အိပ်ရာကနေ ထလာကြ ပါတယ်။ သူမလည်း သွေးရူးသွေးတမ်းနဲ့ စင်္ကြန်တလျှောက် ခေါက်တုန့်ခေါက်ပြန် ပြေးနေမိပါတယ်။ နောက်ဆုံး အခန်းထဲက ထွက်လာတဲ့ အန်တီကြီး တစ်ယောက်က သူမကို လှမ်းဖမ်းပြီး ပွေ့ဖက် လိုက်တော့မှပဲ သူမပြေးနေတာတွေ ရပ်သွားပါတယ်။ သူမ အဲဒီ အန်တီကြီးရဲ့ ရင်ခွင်မှာ ခေါင်းကို အပ်ပြီး ရှိုက်ကြီးတငင် ငိုကြွေးမိပါတယ်။

မကြာခင်မှာပဲ ဟိုတယ်ဝန်ထမ်းတွေ ရောက်လာပါတယ်။ သူမရဲ့ အခန်းကို မေးတာ သူမ တော်တော်နဲ့ မဖြေနိုင်ပါဘူး။ နောက်ဆုံးတော့ သူမရဲ့ အခန်းနံပါတ်ကို ပြောတာနဲ့ ဟိုတယ် ဝန်ထမ်းက သူမရဲ့ အဖေနဲ့အမေကို သွားခေါ်လာပါတယ်။ သူမရဲ့ မိဘများကတော့ ခုနက ဘာတွေ ဖြစ်သွားတယ်ဆိုတာကို လုံးဝမသိလိုက်ပါဘူး။ သူမ ပြန်ပြောပြမှ အကြောင်းစုံ သိကြပါတယ်။ အဲဒီညက သူတို့ တစ်မိသားစုလုံး ချက်ချင်း ပစ္စည်းတွေကို သိမ်းဆည်းပြီး နောက်ဟိုတယ်တစ်ခုကို ညတွင်းချင်းပဲ ပြောင်းခဲ့ကြ ပါတယ်။

ကျွန်တော့် သူငယ်ချင်းက "အဲဒီလို ဖြစ်ပြီးတဲ့ နောက်မှာ ငါရလိုက်တဲ့ သင်ခန်းစာကတော့ နောက်ကို ဟိုတယ်မှာ အခန်းမရရင် ဘယ်တော့မှ အတင်းအကြပ် မတောင်းနဲ့ ဆိုတာပဲ။" လို့ ရယ်ပြီး ပြောပါတယ်။ အခုတလော ကိုအောင်(ပျူနိုင်ငံ) တို့ ကိုကြီးကျောက် (ရွှေရတုမှတ်တမ်း) တို့ရဲ့ သရဲဇာတ်လမ်းများ ဖတ်ပြီး သရဲ ဇာတ်လမ်း ရေးချင် စိတ်ပေါ်လာလို့ ရေးလိုက် ပါတယ်။ ကျွန်တော် ကိုယ်တိုင်တော့ အခုထိ တစ်ခါမှ သရဲနဲ့ နဖူးတွေ့ ဒူးတွေ့ မကြုံဖူးသေးပါဘူး။ ကျွန်တော့် သူငယ်ချင်းများကတော့ စကားစပ်မိတိုင်း သူတို့ ကြုံခဲ့ဖူးတဲ့ သရဲဇာတ်လမ်းနဲ့ သဘာဝလွန် ဇာတ်လမ်းတွေကို အမြဲ ပြန်ပြောပြလေ့ ရှိပါတယ်။

Saturday, March 27, 2010

အပျင်းပြေ ခေါင်းစားဖို့

အခုတလော ဟိုစဉ်းစား ဒီစဉ်းစားနဲ့ အတွေးထဲကို ရောက်လာတဲ့ ဖတ်ဖူးမှတ်ဖူးခဲ့တဲ့ ပဟေဠိကလေးတွေ ပြန်လည် ဝေမျှချင် ပါတယ်။ ဖြေနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မဖြေနိုင်ဘူး ဆိုရင် နောက် (၇) ရက် အကြာမှာ ကွန်မန့်ကနေ အဖြေထည့်ပေးပါ့မယ်။ Open Book ဖြစ်တဲ့အတွက် ဒီ ၇ ရက်အတွင်း ကိုယ်မဖြေနိုင်လို့ တခြားသူတွေကို ပြန်မေးချင်ရင်လည်း ရပါတယ်။ Mr. Google ကို အကူအညီ တောင်းချင်ရင်လည်း ရပါတယ်။ :D

ပထမဆုံး ပဟေဠိက ဝက်ဝံ ပဟေဠိပါ။ အဲဒီပဟေဠိကို မမေးခင် ဒီပဟေဠိ ဖြေတဲ့အခါမှာ သုံးရမယ့် အရပ်မျက်နှာ ရှာဖွေနည်းကို ပြောပါမယ်။ နေထွက်ရာ အရပ်ကို မျက်နှာမူပြီး လက်နှစ်ဖက်ကို ဆန့်တန်းပါ။ နေထွက်တဲ့ အရပ်က အရှေ့အရပ်။ ကျောဖက်က အနောက် အရပ်၊ လက်ယာဘက်က တောင်အရပ်၊ လက်ဝဲဘက်က မြောက်အရပ်လို့ မှတ်ယူပါ။ စပြီး မေးပါတော့မယ်။ တစ်ခါတုန်းက လူတစ်ယောက်ဟာ အပြင်ထွက်လာရင်း တောင်ဘက် အရပ်က ဝက်ဝံကြီး တစ်ကောင် လာနေတာကို တွေ့ရပါတယ်။ အဲဒါနဲ့ သူက မြောက်ဖက် အရပ်ကို လှည့်ပြီး သေနတ်နဲ့ ပစ်ထည့်လိုက်ပါတယ်။ အဲဒီမှာ အရှေ့ဖက် အရပ်က ဝက်ဝံက သေသွားပါတယ်။ လာနေတဲ့ ဝက်ဝံ၊ ပစ်လိုက်တဲ့ ဝက်ဝံနဲ့ သေသွားတဲ့ ဝက်ဝံဟာ တစ်ကောင်တည်းပါပဲ။ မေးခွန်းကတော့ အဲဒီ ဝက်ဝံရဲ့ အရောင်က ဘာအရောင်ပါလဲ။ အဲဒီအရောင်လို့ ပြောလို့ရတဲ့ အကြောင်းပြချက်က ဘာကြောင့်ပါလဲ။

အဓိပ္ပါယ် မရှိဘူး မထင်ပါနဲ့။ အဓိပ္ပာယ် မရှိတဲ့ အရာကို အဓိပ္ပာယ် ရှိအောင် စဉ်းစားနိုင်ရင် အဖြေရပါလိမ့်မယ်။ ဝက်ဝံနဲ့ ပတ်သက်တဲ့ ဗဟုသုတ နည်းနည်းတော့ လိုပါတယ်။ ဒီပဟေဠိကို တက္ကသိုလ် ဘုန်းနိုင်ရဲ့ ဝတ္ထုတို ပေါင်းချုပ် စာအုပ်ထဲမှာ တွေ့ဖူးတာပါ။ အင်တာနက်ပေါ်က နေရာတစ်ခု မှာလည်း တွေ့ဖူးပါတယ်။ အဲဒီအတွက် ကိုယ့်ဘာသာကိုယ်ပဲ ဖြေဖြေ အဖြေသိလို့ပဲ ဖြေဖြေ ဖြေနိုင်တဲ့သူ ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဒုတိယ ပဟေဠိကတော့ တံခါးပေါက် နှစ်ပေါက် ပဟေဠိပါ။ လူတစ်ယောက်ဟာ ကျောက်ဂူတစ်ခုထဲမှာ ရောက်နေ ပါတယ်။ အဲဒီ ကျောက်ဂူထဲမှာ လူလိမ်နဲ့ လူဖြောင့် လူနှစ်ယောက် ရှိပါတယ်။ လူလိမ်က သူပြောသမျှ စကားတိုင်းကို လိမ်ပြောတတ်ပါတယ်။ လူဖြောင့်ကတော့ သူပြောသမျှ စကားတိုင်းကို အမှန်အတိုင်းပဲ ပြောတတ်ပါတယ်။ အဲဒီကျောက်ဂူထဲကနေ အပြင်ကိုထွက်ဖို့ တံခါးပေါက် နှစ်ပေါက် ရှိပါတယ်။ တစ်ပေါက်ကထွက်ရင် မုချ သေမယ့် မရဏ တံခါးဖြစ်ပြီး နောက်တစ်ပေါက်ကတော့ တကယ့်ထွက်ပေါက် အမှန် ဖြစ်ပါတယ်။ လူလိမ်ရော လူဖြောင့်ရော ၂ယောက်စလုံးက ဘယ်တံခါးက မရဏတံခါး ဘယ်တံခါးက ထွက်ပေါက်ဆိုတာကို သိကြပါတယ်။ ပြသနာ ကတော့ အဲဒီ အပြင်ထွက်ချင်တဲ့ လူဟာ လူဖြောင့်က အမြဲတမ်း အမှန်ပြောတတ်တယ် လူလိမ်က အမြဲတမ်း လိမ်ပြောတတ်တယ် ဆိုတာကို သိထားပေမယ့် ဘယ်သူက လူလိမ်လဲ ဘယ်သူက လူဖြောင့်လဲ ဆိုတာကို မသိပါဘူး။ သူ့အနေနဲ့ ကျောက်ဂူထဲမှာ လူလိမ်ကို မေးမေး၊ လူဖြောင့်ကို မေးမေး၊ နှစ်ယောက်စလုံးပေါင်းမှ မေးခွန်း ၁ ခွန်းပဲ မေးခွင့်ရှိပါတယ်။ ပဟေဠိကတော့ သင်သာ အဲဒီလူနေရာမှာ ဆိုရင် မေးခွန်း ၁ ခွန်းထဲနဲ့ ထွက်ပေါက်အမှန်ကို သိအောင် ဘာမေးခွန်းကို မေးမှာပါလဲ။ မေးခွန်းကတော့ မင်းကြီးဒေါ်ကြီး နေကောင်းလား လို့ပဲမေးမေး၊ ထမင်းစားပြီးပြီလားပဲမေးမေး ကြိုက်တဲ့ မေးခွန်း မေးခွင့် ရှိပါတယ်။ ၁ ခွန်းထက်တော့ ပိုလို့ မရပါဘူး။

အဲဒီ ပဟေဠိကိုတော့ ဆေးတက္ကသိုလ်(၂) နှစ်လည်မဂ္ဂဇင်း တစ်အုပ်ထဲမှာ တွေ့ခဲ့ဖူးတာပါ။ ဒီမေးခွန်းကလည်း လွယ်မလိုနဲ့ အတော်စားပါတယ်။

နောက်တစ်ခုကတော့ ကားစင် ပဟေဠိပါ။ တစ်ခါက လူတစ်ယောက်ကို သတ်ဖို့အတွက် လူသတ်ကုန်းကို ခေါ်လာပါတယ်။ အဲဒီ လူသတ်ကုန်းမှာ ကားစင် အဖြူတစ်ခုနဲ့ ကားစင် အမည်းတစ်ခု ရှိပါတယ်။ လူသတ်သမားက သူသတ်မယ့်သူကို "ငါတို့မှာ စည်းကမ်းချက် တစ်ခုရှိတယ်။ အဲဒါက မင်းသေစေချင်တဲ့ နည်းအတိုင်း ငါသတ်ပေးနိုင်မယ် ဆိုရင် ကားစင်အဖြူမှာ သတ်ရမယ်။ မင်းသေစေချင်တဲ့ နည်းအတိုင်း သတ်ပေးလို့ မရဘူးဆိုရင် ကားစင် အမည်းမှာ ငါကြိုက်တဲ့နည်းနဲ့ သတ်ရမယ်။ မင်းဘယ်လိုနည်းနဲ့ သေချင်သလဲ ဆိုတာကိုပြော။ " လို့မေးပါတယ်။ အဲဒီမှာ အသတ်ခံရမယ့်သူက လေးလေးနက်နက် စဉ်းစားပြီး သူဘယ်လိုနည်းနဲ့ သေချင်တယ်ဆိုတာကို ပြောလိုက်ပါတယ်။ အဲဒီစကားကို ကြားတော့ လူသတ်သမားလည်း အတော်ကြာ စဥ်းစားပြီး "ငါတို့ စည်းကမ်းချက် အတိုင်း ဆိုရင် မင်းကို အဖြူမှာရော အမည်းမှာရော သတ်လို့ မရဘူး။" လို့ ပြောပြီး သတ်ခံရမယ့်သူကို လွှတ်ပေးလိုက်ပါတယ်။ သူဘယ်နည်းနဲ့ သေချင်တယ်လို့ ပြောသလဲ။ သူသေစေချင်တဲ့ နည်းက ဘာဖြစ်လို့ လက်ဝါးကပ်တိုင် အဖြူမှာရော အမည်းမှာရော သတ်လို့မရတာလဲ။ ဆိုတာက ဖြေရမယ့် အဖြေပါပဲ။

နောက်ဆုံး ပဟေဠိကိုတော့ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က သူငယ်ချင်း တစ်ယောက် မေးခဲ့ဖူးတာပါ။ ပျော်စရာကောင်းတဲ့ စနေတနင်္ဂနွေ ရုံးပိတ်ရက် ကျောင်းပိတ်ရက်များ ဖြစ်နိုင်ပါစေ။ ပျင်းနေရင် ခေါင်းစားဖို့ ပဟေဠိ တစ်ခုမဟုတ် ၃ ခုကြီးများတောင် ဖွက်လိုက်ပါတယ်။ :P

Friday, March 26, 2010

လေညင်းနဲ့ သစ်ရွက်

သူ့သူငယ်ချင်းရဲ့ ပေါင်မုန့်ရေစိမ်ကို ခွေးနင်းထားသလိုမျိုး မအီမသာ မျက်နှာကြီးကို ကြည့်ပြီး သူက စူးစမ်းသလို လှမ်းမေးတယ်။
"ဟေ့ကောင် ဘယ်လို ဖြစ်နေတာလဲ။"
"ငါ့ကောင်မလေးက ငါ့ကိုဖြတ်သွားပြီကွ။"
သူ့စကားကြောင့် ဘေးနားက သူငယ်ချင်းတွေကပါ စိတ်ဝင်စားလာကြပြီး အားလုံးက ဝိုင်းမေးကြတယ်။
"ဘယ်လိုဖြစ်တာလဲ။ မင်းတို့ ရည်းစားဖြစ်တာမှ မနေ့တစ်နေ့ကမှ မဟုတ်လား။"
"အေး။ ဟုတ်တယ်။ ငါတို့ ပထမဆုံး ချိန်းတွေ့တဲ့နေ့ပဲ ပြတ်သွားတာ။"
"ဟုတ်လား။ ဘာဖြစ်လို့လဲ။"
"မမေးစမ်းပါနဲ့ကွာ။ ငါပြန်မပြောချင်ဘူး။ ပြောရင် ရယ်လည်း ရယ်ချင်တယ်။"
"လုပ်စမ်းပါကွ။ ငါတို့ သိချင်လို့ပါ။"
သူတို့ အတင်းဝိုင်းမေးကြတော့မှ သူက မပြောချင်ပြောချင်နဲ့ သူ့ဇာတ်လမ်းကို ပြန်ပြောပြတယ်။
သူ့ဇာတ်လမ်း အဆုံးမှာတော့ သူတို့အားလုံး ရယ်လိုက်ကြတာ တော်တော်နဲ့ကို မရပ်နိုင် ကြတော့ဘူး။

----------------------------------------------------------------------------------------

ချစ်သူနဲ့ ပထမဆုံးအကြိမ် တွေ့ရတာဟာ အလွန်ကို ရင်ခုန်စရာ ကောင်းတဲ့ အတွေ့အကြုံပါ။ ချစ်သူမဖြစ်ခင်က သူတို့နှစ်ယောက်က သူငယ်ချင်းလည်း မဟုတ် မိတ်ဆွေလည်းမဟုတ်ပဲ သူစိမ်းသက်သက်မို့ သူတို့နှစ်ယောက်ရဲ့ ပထမဆုံး အကြိမ် တွေ့ဆုံတဲ့နေ့က ပိုပြီး ရင်ခုန်စရာ ကောင်းနေပါတယ်။ အင်းလျားကန်ရေပြင်ကို ဖြတ်ပြီး တိုက်ခတ်လာတဲ့ လေပြေညင်းက သူ့ချစ်သူရဲ့ ဆံနွယ်စလေး တွေကို အသာအယာလေး တို့ထိ ဆော့ကစား သွားတယ်။ သူကတော့ ဘေးမှာ ထိုင်ပြီး လက်ပဲ လှမ်းကိုင်ရမလား ပုခုံးပဲ လှမ်းဖက်ရမလား မသိ မျောက်ခွေးလျားသီး ကိုင်မိသလို ဂဏှာမငြိမ် ဖြစ်နေတယ်။ ကောင်မလေးက ရှက်သလို မျက်နှာပေးနဲ့ ခေါင်းကို အသာလေး ငုံ့ထားတယ်။ ကောင်မလေး မျက်နှာကို စိုက်ကြည့်နေရင်း သူက ကောင်မလေး နားနားကပ်ပြီး တိုးတိုးလေး မေးလိုက်တယ်။
"ကိုယ့်ကို ချစ်လားဟင်။"
ကောင်မလေးက မဖြေဘူး။
"ကိုယ့်ကို ချစ်လားဟင် လို့။"
"ပြောပြီးပြီလေ။ ဘယ်နှစ်ခါ ထပ်ပြောရဦးမှာလဲ။"
"ထပ်ပြီးတော့ ပြောပါဦးကွာ။ ကိုယ်ထပ်ပြီး ကြားချင်သေးလို့ပါ။"
"တော်ပြီ။ ခဏခဏ မပြောချင်ဘူး။"
ပြောပြီးတော့ ကောင်မလေးက ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းငုံ့သွားတယ်။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွား သလိုပဲ။ အခုအချိန် အပ်ကျရင်တောင် တိန်ခနဲ မြည်တဲ့အသံကို ကြားရလောက်အောင် တိတ်ဆိတ်နေသလို သူ့စိတ်ထဲမှာ ခံစားရတယ်။ ကောင်မလေးရဲ့ ပေါင်ပေါ်မှာ တင်ထားတဲ့ လက်ဖောင်းဖောင်း ကလေးတွေကို သူ စိုက်ကြည့်နေမိတယ်။ အခုအချိန် လက်ကိုင်လိုက်ရင် စိတ်ဆိုးသွားမလားလို့ သူ့စိတ်ထဲမှာ တွေးတယ်။ အတွေးနဲ့တင် သူ့လက်ဖျားတွေလည်း အေးစက် လာသလိုပဲ။ ကတုန်ကယင် ဖြစ်လာတယ်။ နောက်တော့ သူတို့ ချစ်သူတွေ ဖြစ်နေကြပြီပဲ။ လက်ကိုင်ရုံနဲ့တော့ စိတ်ဆိုးစရာ မရှိလောက်ပါဘူးလို့ စိတ်ထဲမှာ ပြန်တွေးမိတယ်။ သူက မသိမသာနဲ့ ကောင်မလေးရဲ့ လက်ကို လှမ်းဆွဲလိုက်တယ်။ ကောင်မလေးက ရှက်သလိုနဲ့ ရုန်းတယ်။ ဒါပေမယ့် သူက မလွှတ်ဘူး။ ကောင်မလေးရဲ့ လက်ချောင်း ဖောင်းဖောင်းအိအိ ကလေးတွေကို အသာဆုပ်ကိုင်ပြီး မချင့်မရဲနဲ့ ဖြစ်ညှစ်လိုက်တယ်။

အပ်ကျသံ ကြားရမလောက် တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်မှာ အသံတစ်သံကို သူကြားလိုက်ရတယ်။ တိန်ခနဲ မြည်တဲ့ အပ်ကျသံတော့ မဟုတ်ပါဘူး။ ပီ ဆိုတဲ့ အသံရှည်ရှည်ကလေး တစ်ခုပါ။ ပထမတော့ သူရုတ်တရက် ကြောင်သွားတယ်။ ဒါပေမယ့် ဘာသံလဲ ဆိုတာ သိလိုက်တော့ သူရယ်ချင် သွားတယ်။ ဒါပေမယ့် ရယ်လို့လည်း မဖြစ်ဘူးလေ။ သူရယ်လိုက်ရင် ကောင်မလေး ရှက်ပြီး သူ့ကို စိတ်ဆိုးသွားလိမ့်မယ်။ ခုန ဘာသံလဲ ဆိုတာကို မကြားချင်ယောင် ဆောင်နေလိုက်တယ်။ ကောင်မလေးကတော့ သူ့ဘာသာသူ ရှက်ပြီး မျက်နှာကြီး နီရဲသွားတယ်။ သူဆုပ်ထားတဲ့ လက်ကို ရုန်းထွက်လိုက်တယ်။

ကောင်မလေးက သူ့ကို တစ်ချက်လှမ်းကြည့်တယ်။ ရယ်ချင်ပေမယ့် အတင်းအောင့်ထားရလို့ မချိုမချဉ် ဖြစ်နေတဲ့ သူ့မျက်နှာကို တွေ့တော့ ဒေါသတွေက သူ့ဘက် ပုံကျလာတယ်။
"ဘာဖြစ်နေတာလဲ။"
"ဘာမှမဟုတ်ပါဘူးကွာ။"
"ဘာဖြစ်နေတာလဲ။ ရှင့်မျက်နှာက။"
"အော်။ ဘာမှ မဟုတ်ပါဘူး ဆိုမှပဲ။"

ကောင်မလေးရဲ့ မျက်နှာက စူပုတ်ပုတ် ဖြစ်နေတယ်။ သူကလည်း မသိချင်ယောင် ဆောင်ထားပေမယ့်လည်း ခုန အကြောင်းကို ပြန်စဉ်းစားရင် စိတ်ထဲမှာ ရယ်ချင်တာ ထိန်းမနိုင် သိမ်းမရပဲ။ သူ့မျက်နှာကလည်း ဘယ်လိုမှ ဟန်ဆောင်ထားလို့ မရဘူး။ ကောင်မလေး ရှက်သွားတာကို သိလို့ သူစကားလွှဲပြီး ရယ်စရာတွေ ပြောဖို့ ကြိုးစားတယ်။

"တစ်ခါတုန်းကလေ ကိုယ့်သူငယ်ချင်းတစ်ယောက် မူးပြီး ဒီ ကန်ဘောင်က ထိုင်ခုံမှာ ညဖက် လာအိပ်တာ။ ဘယ်လောက်တောင် မူးနေသလဲ ဆိုရင် သူခိုးက ပုဆိုးချွတ် ခိုးသွားတာတောင် မသိဘူး။ နောက်တစ်နေ့ မနက် မိုးလင်းလို့ အမူးပြေမှ ဘောင်းဘီတိုနဲ့ အဆောင်ပြန်ရတယ်။"
သူက ပြောပြီး သူ့ဟာသကို သူ့ဘာသာ သဘောကျသလို ရယ်ဖို့ ကြိုးစားတယ်။ ကောင်မလေးကတော့ ခုနကိစ္စကို အတော်ရှက်သွားပုံပဲ။ သူပြောတာကို ပြုံးတောင် မပြုံးဘူး။ သူ့ဘာသာသူ ရယ်တာကို သူမကို လှောင်နေတယ်လို့ပဲ ထင်နေတယ်။သူက နောက်ထပ် ရယ်စရာတစ်ခု ထပ်ပြောဖို့ ကြိုးစားတယ်။

"နောက် အတွဲတစ်တွဲကတော့ ဒီမှာ လာချိန်းတွေ့တာ ဘယ်လောက်တောင် အာရုံများ နေသလဲ မသိဘူး။ အလစ်သမားက သူတို့နှစ်ယောက်စလုံး ဆီက ပိုက်ဆံအိတ် နှိုက်သွားတာကို နှစ်ယောက်စလုံး မသိလိုက်ကြဘူး။ ပြန်ခါနီးမှ နှစ်ယောက်စလုံး ပိုက်ဆံအိတ် မရှိတာ သိတယ်။ ဟားဟား။"
သူက ပြောပြီး နောက်တစ်ခါ ထပ်ရယ်တယ်။
"တော်ပါ။ သူများအတင်းတွေ။"
"ကိုယ်ရယ်စရာ ပြောတာပါကွာ။"
"တော်ပြီ။ လမ်းလျှောက်ရအောင်။"
ကောင်မလေးက ပြောပြောဆိုဆိုပဲ ထိုင်ရာက ထသွားတယ်။ ကောင်မလေးရဲ့ မျက်နှာကို လှမ်းကြည့်တော့ နည်းနည်း အရှက်ပြေသွားပြီလို့ ထင်ရတယ်။ ခုန တင်းနေတာတွေ နည်းနည်း လျော့သွားတယ်။ သူက ကောင်မလေး ဘေးက အသာ ကပ်လိုက်ရင်း လာခဲ့တယ်။

ကောင်မလေးက ခေါင်းကိုငုံ့မထားတော့ဘူး။ ကန်ရေပြင်ကို ဖြတ်တိုက်လာတဲ့ လေညင်းကြောင့် သူမ စိတ်ကြည်သွားပြီ ထင်ပါတယ်။ ဟိုကြည့်ဒီကြည့်နဲ့ လျှောက်လာတယ်။ ဒီလိုနဲ့ သူတို့ ကန်ဘောင်ရဲ့ အစပ်ကို ရောက်လာကြတယ်။ အဲဒီအချိန်မှာပဲ လေအဝှေ့ကြောင့် ကန်စပ်က သစ်ပင်ကြီးပေါ်က သစ်ရွက်ခြောက်ကလေး တစ်ရွက် ကြွေကျလာတာကို တွေ့လိုက်ရတယ်။ သစ်ရွက်ခြောက်ကလေးက မိုးပေါ်ကနေ လိမ့်ကာ လိမ့်ကာနဲ့ ကြွေကျလာတယ်။ သစ်ရွက်ခြောက်ကလေး လက်ခုပ် တစ်ဖောင်လောက် အမြင့်ကို ရောက်လာတော့ ကောင်မလေးက လေထဲကို ခုန်လိုက်တယ်။ ဘာရယ်မဟုတ်ပါဘူး။ ပဲများတာပေါ့။ နောက်တော့ သစ်ရွက်ခြောက်ကို လက်နဲ့လှမ်းဖမ်းလိုက်တယ်။ မထင်မှတ်ထားတဲ့ အချိန်မှာပဲ ခုန ပီဆိုတဲ့ အသံကို နောက်တစ်ခေါက် ထပ်ကြားလိုက်ရတယ်။ ဒီတစ်ခါတော့ အသံက ခုနထက် နည်းနည်းလေး ပိုကျယ်ပါတယ်။ သူဘယ်လိုမှ အောင့်ထားလို့ မရတော့ဘူး။ တဟားဟား နဲ့ အော်ရယ်လိုက်မိတော့တယ်။

ကောင်မလေး စိတ်ဆိုးမယ် ဆိုတာ သိပေမယ့် ဒီတစ်ခါတော့ သူဘယ်လိုမှ ထိန်းမရတော့ဘူး။ ရယ်နေတာ အတော မသတ်နိုင်တော့ဘူး။ ကောင်မလေးလည်း ရှက်ရမ်းရမ်းပြီး အကြီးအကျယ် ပေါက်ကွဲတော့တယ်။
"ဘာရယ်တာလဲ။"
"ဘာမှ မဟုတ်ပါဘူးကွာ။ သစ်ရွက်ကြွေတာကို သဘောကျလွန်းလို့ပါ။ ဟားဟား။"
"ရှင်က ကျွန်မကို လှောင်တာလား။"
"မဟုတ်ရပါဘူးကွာ။ တကယ် သစ်ရွက်ကြွေတာကို ရယ်ချင်လို့ပါ။"
သူမျက်နှာပိုး ပြန်သတ်ပေမယ့် ခုနအကြောင်းကို ပြန်စဉ်းစားမိတော့ သူ့စိတ်ထဲမှာ ထပ်ပြီး ရယ်ချင်လာတယ်။ အောင့်ထားရင်း ကနေ တဟားဟားနဲ့ နောက်တစ်ခေါက် အော်ရယ်လိုက်မိပြန်တယ်။ သူရယ်တာကို မြင်တော့ ကောင်မလေး မျက်နှာကြီး နီရဲပြီး ဒေါသတွေ အကြီးအကျယ် ထွက်လာတယ်။
"ရှင့်ကို ကျွန်မမုန်းတယ်။"
"အမ်။"
"တော်ပြီ။ ရှင်နဲ့ ကျွန်မ ဒီနေရာမှာ အပြတ်ပဲ။"
"နေပါဦး။ ကိုယ်ဘာလုပ်မိလို့လဲ။ ကိုယ့်ဘာသာကိုယ် ရယ်ချင်လို့ ရယ်တာပဲလေ။ သစ်ရွက်ကြွေတာ ရယ်စရာ မကောင်းဘူးလား။"
"တော်တော့။ ဘာမှ ထပ်ပြောမနေနဲ့တော့။ ကျွန်မ မကြားချင်ဘူး။"
ကောင်မလေးက ပြောပြီး လှည့်ထွက်သွားတယ်။ သူကနောက်က လိုက်ပြီး အတင်းခေါ်ဖို့ ကြိုးစားတယ်။ ကောင်မလေးက သူ့ဖက်လှည့်ပြီး ပြောတယ်။
"ရှင် လိုက်မလာနဲ့။ လိုက်မလာနဲ့လို့ ပြောနေတယ်နော်။ နောက်မှ ကျွန်မကို အဆိုးမဆိုနဲ့။"
သူလည်း ခုန ရယ်ချင်တာတွေ ဘယ်ရောက်သွားမှန်း မသိဘူး။ ငေါင်တောင်တောင်နဲ့ပဲ လမ်းလည်ခေါင်မှာ တစ်ယောက်တည်း ကျန်ရစ်ခဲ့တယ်။

(ငယ်ငယ်က သူငယ်ချင်းတစ်ယောက် ပြောပြဖူးတဲ့ ဇာတ်လမ်းပါ။)

Tuesday, March 16, 2010

နိယာမတွေ မှားပြီလား

အခုတလော သူငယ်ချင်းတွေ ပို့ပေးတဲ့ အီးမေးလ်တွေထဲမှာ လောင်စာမဲ့ လျှပ်စစ်နည်းပညာ ဆိုတဲ့ မြန်မာတိုင်းမ်က သတင်း တစ်ပုဒ်ကို ဖတ်လိုက် ရပါတယ်။ အဲဒီ သတင်းကို ကျွန်တော် အစအဆုံး အခေါက်ခေါက် အခါခါ ဖတ်ပြီး ညာဏ်မီသလောက် အမျိုးမျိုးလှည့်ပတ် စဥ်းစားကြည့်မိပါတယ်။ ကျွန်တော် ကိုယ်တိုင်ကပဲ ပိန်းလွန်းသလား နည်းပညာကပဲ လိုက်မမီအောင် မြင့်နေသလားတော့ မသိပါဘူး။ အဲဒီနည်းပညာကို ကျွန်တော် ဘယ်လိုမှ သဘောမပေါက်နိုင်ပါဘူး။

ကျွန်တော်တို့ ရူပဗေဒကို စသင်တဲ့ အချိန်တုန်းက စွမ်းအင်တည်မြဲမှုနိယာမ (Law of Conservation of Energy) ဆိုတာ သင်ခဲ့ဖူးပါတယ်။ အဲဒီနိယာမမှာ စွမ်းအင် ဆိုတာ ဖန်တီးလို့မရ၊ ဖျက်ဆီးလို့မရ၊ စွမ်းအင် အသွင်တစ်မျိုးမှ အခြားတစ်မျိုးသို့ ကူးပြောင်း၍သာ ရသည်လို့ ဆိုထားပါတယ်။

အဲဒီလို စွမ်းအင် ပြောင်းလဲမှုတွေကို လေ့လာဖို့အတွက် ကားတစ်စီးရဲ့ ရွေ့လျားမှု ကို ဥပမာ အနေနဲ့ ကြည့်နိုင်ပါတယ်။ ကားတစ်စီးကို ရွေ့လျားဖို့အတွက် နည်းလမ်း အမျိုးမျိုး စဉ်းစားကြည့်လို့ ရနိုင်ပါတယ်။ ပထမနည်းလမ်းက ကားထဲကို လောင်စာဆီ ထည့်ပြီး မောင်းဖို့ပါ။ မော်တော်ကား အင်ဂျင် လည်ပတ်ဖို့အတွက် လောင်စာဆီကို အင်ဂျင်ထဲမှာ လောင်ကျွမ်း ပေါက်ကွဲ စေရပါတယ်။ အဲဒီလို လောင်စာဆီ လောင်ကျွမ်းတဲ့ အခါမှာ လောင်စာဆီထဲမှာ ပါတဲ့ဓာတု စွမ်းအင် (Chemical Energy) ကနေ အပူစွမ်းအင်(Heat Energy) အဖြစ် ပြောင်းလဲပြီး အင်ဂျင်ကို လည်ပတ်စေတဲ့ အရွေ့စွမ်းအင် (Kinetic Energy) ကို ဖြစ်စေပါတယ်။ နောက်တစ်နည်းကတော့ ကားကို လောင်စာဆီမထည့်ပဲ လူအားနဲ့ တွန်းလွှတ်ဖို့ပါ။ အဲဒီလို မော်တော်ကားကို လူအားနဲ့ တွန်းမယ်ဆိုရင် လူရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဓာတုစွမ်းအင်ကနေ မော်တော်ကားကို ရွေ့လျားစေဖို့ အတွက် အရွေ့စွမ်းအင် အဖြစ် ပြောင်းလဲပေးတယ်လို့ မြင်နိုင်ပါတယ်။ တတိယမြောက်နည်းကတော့ မော်တော်ကားကို အမြင့်ကနေ လှိမ့်ချဖို့ပါ။ ဘယ်အရာဝတ္ထု ပဲဖြစ်ြဖစ် အမြင့်တစ်ခုမှာ ရှိနေတယ်ဆိုရင် ကမ္ဘာမြေရဲ့ ဆွဲအားကို ဆန့်ကျင် ထားရတဲ့အတွက် သူ့မှာ အတည်စွမ်းအင် (Potential Energy) ရှိနေပါတယ်။ အဲဒီတော့ အမြင့်ကနေ အနိမ့်ကို ဆင်းရင် အတည်စွမ်းအင် လျော့သွားပါတယ်။ တစ်နည်းအားဖြင့် ပြောရရင်တော့ မော်တော်ကားကို အမြင့်ကနေ့ အနိမ့်ကို လှိမ့်ချမယ်ဆိုရင် ကားမှာ ရှိပြီးသား အတည်စွမ်းအင်တွေက အရွေ့စွမ်းအင် အဖြစ် ပြောင်းလဲသွားတယ်လို့ မြင်နိုင်ပါတယ်။

အဲဒီတော့ ကျွန်တော်တို့ ခြုံငုံသုံးသပ်လို့ ရတာက စွမ်းအင်တစ်ခု ဖြစ်ဖို့အတွက် အခြားစွမ်းအင်တစ်ခု လိုအပ်ပါတယ်။ အဲဒီလို စွမ်းအင် အသွင်ပြောင်းတဲ့နေရာမှာမှ အကျိုးသက်ရောက်မှု (Efficiency) ဘယ်လောက် ရှိသလဲဆိုတာကိုလည်း ထည့်ပြီး စဥ်းစားရပါတယ်။ အကျိုးသက်ရောက်မှု ဆိုတာက ဝင်လာတဲ့ စွမ်းအင်နဲ့ ပြန်ထွက်သွားတဲ့ စွမ်းအင် ရဲ့ အချိုးအစားပါ။ သူ့ရဲ့ ညီမျှခြင်းက

Efficiency = Energy Output /Energy Input

လို့ ရေးလို့ ရပါတယ်။

ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်စက်ကိရိယာ အမျိုးအစားမှ အကျိုးသက်ရောက်မှု ကို ရာနှုန်းပြည့်ဖြစ်အောင် မစွမ်းဆောင်နိုင် ပါဘူး။ ဘာဖြစ်လိုလဲ ဆိုတော့ စွမ်းအင်တစ်မျိုးကနေ အခြားတစ်မျိုးကို ပြောင်းတဲ့ နေရာမှာ မလိုလားအပ်တဲ့ အခြားစွမ်းအင်တွေ အနေနဲ့ လေလွင့်ဆုံးရှုံးမှု (Loss)တွေ အမြဲ ရှိတတ် ပါတယ်။ ဥပမာ အားဖြင့် မော်တော်ကား သွားတဲ့နေရာမှာ မလိုလားအပ်တဲ့ အပူစွမ်းအင်(Heat Energy)တွေ၊ အသံစွမ်းအင်(Sound Energy)တွေ ၊ တုန်ခါမှုကနေ လှိုင်းစွမ်းအင် (Wave Energy) တွေ ထွက်လာတတ်တဲ့အတွက် လောင်စာဆီက ထုတ်လိုက်တဲ့ ဓာတုစွမ်းအင်က အရွေ့စွမ်းအင် အဖြစ် ရာနှုန်းပြည့် ပြောင်းလဲ မသွားပါဘူး။ ရာခိုင်နှုန်း တချို့တဝက်သာ အရွေ့စွမ်းအင် အဖြစ် ပြောင်းလဲသွားပြီး ကျန်တဲ့ စွမ်းအင်တွေက မလိုလားအပ်တဲ့ အပူ၊ အသံ၊ လှိုင်းစွမ်းအင် တွေ အဖြစ် လေလွင့် ဆုံးရှုံးမှု ဖြစ်သွားပါတယ်။ အဲဒါကို ညီမျှခြင်း အနေနဲ့

Energy Input = Energy Output + Energy Loss
လို့ ရေးလို့ ရပါတယ်။

ကမ္ဘာပေါ်မှာ လိုအပ်နေတဲ့ စွမ်းအင်တွေ ရဖို့အတွက် စွမ်းအင် အသွင်တမျိုးကနေ အခြားတမျိုးကို ကူးပြောင်းခြင်း နည်းနဲ့ပဲ ရနိုင်ပါတယ်။ လျှပ်စစ်စွမ်းအင် (Electrical Energy) ရဖို့ အသုံးပြုတဲ့ နည်းတွေကို လေ့လာကြည့်ပါ။ ရေနွေးငွေ့သုံး ဘွိုင်လာမှာ ဆိုရင် အပူစွမ်းအင်(Heat Energy) ကနေ လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းပေးပါတယ်။ လောင်စာဆီသုံး မီးစက်တွေမှာ ဆိုရင် လောင်စာဆီကရတဲ့ ဓာတုစွမ်းအင်ကနေ လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးပါတယ်။ လေရဟတ်တို့ ရေရဟတ်တို့မှာ ဆိုရင် ရေစီးကြောင်း လေစီးကြောင်းတွေရဲ့ ရွေ့လျားမှုကလာတဲ့ အရွေ့စွမ်းအင် (Kinetic Energy) ကနေ လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးပါတယ်။ နျူကလီးယား ဓာတ်ပေါင်းဖိုမှာဆိုရင် နျူကလီယား စွမ်းအင် (Nuclear Energy) ကနေ လျှပ်စစ် စွမ်းအင်အဖြစ် ပြောင်းလဲပေးပါတယ်။ နေရောင်ြခည်သုံး လျှပ်စစ်ဓာတ်အားပေးစက်မှာ ဆိုရင်လည်း နေစွမ်းအင် (Solar Energy) ကနေ လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးပါတယ်။

စွမ်းအင်ဆိုတာ ဥုံဖွ ဆိုပြီး မန်းမှုတ်လိုက်လို့ လေထဲက နေ ရောက်လာတာမျိုး မဟုတ်ပါဘူး။ အခြားစွမ်းအင် တမျိုးကပဲ အသွင်ကူးပြောင်း လာတာပါ။ ယုတ်စွအဆုံး ဟိုတလောဆီက မြန်မာပြည်မှာ မဟာရွှေညာဏ်တော် စူးရောက်ပြီး နွားကနေ လျှပ်စစ်ထုတ်တယ်ဆိုတဲ့ ကုမ္ပဏီတောင်မှ နွားရဲ့ ရွေ့လျားမှုစွမ်းအင်တွေ ကနေ လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးတယ် ဆိုတာ မြင်နိုင်ပါတယ်။ ဒါပေမယ့် လေ့လွင့် ဆုံးရှုံးမှု မရှိတဲ့ စက်ကိရိယာ ဆိုတာ မရှိပါဘူး။ ကြာကြာမောင်းလို့ အပူချိန် တက်မလာတဲ့စက်၊ အသံမထွက်တဲ့စက်၊ တုန်ခါမှု လုံးဝမရှိတဲ့စက် ဆိုတာ ကမ္ဘာပေါ်မှာ မရှိသေးပါဘူး။ အဲဒီအတွက် စက်တိုင်းမှာ အပူစွမ်းအင်၊ အသံစွမ်းအင်၊ လှိုင်းစွမ်းအင်တွေက အလေအလွင့် အနေနဲ့ ထွက်လာတယ် ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။

ဒါဆိုရင် လောင်စာမဲ့ လျှပ်စစ်နည်းပညာ ဆိုတာနဲ့ ပတ်သက်ပြီး နည်းနည်းပါးပါး ဆန်းစစ်ကြည့်ရအောင်။ လောင်စာမဲ့ လျှပ်စစ်နည်းပညာမှာ သွင်းလိုက်တဲ့ စွမ်းအင်တွေကို အဆပွားနိုင်တယ် ဆိုရင် အဲဒီ ဆပွား သွားတဲ့ စွမ်းအင်တွေက ဘယ်က ရောက်လာတာလဲ။ စွမ်းအင်ဆိုတာ ဖန်တီးလို့ မရဘူးလို့ စွမ်းအင်တည်မြဲမှု နိယာမမှာ ဆိုထားပါတယ်။ အဲဒီအချက်သာ မှန်တယ်ဆိုရင် ကျွန်တော်တို့ နှစ်ပေါင်းရာနဲ့ချီပြီး ယုံကြည်လာခဲ့တဲ့ စွမ်းအင် တည်မြဲမှု နိယာမကြီး မှားနေပြီလို့ ပြောလို့ ရပါတယ်။ နောက်တစ်ချက်က ကမ္ဘာပေါ်မှာ ဘယ်စက်ကိရိယာမှ ရာနှုန်းပြည့် အကျိုးသက်ရောက်မှု (100% Efficiency) ဖြစ်အောင် မလုပ်နိုင်သေးတဲ့ အချိန်မှာ ရာနှုန်းပြည့်ထက် ၁၀ ဆလောက် ကျော်လွန်အောင် ဘယ်လိုများလုပ်ကြမလဲလို့ တွေးမရပါဘူး။ ကျွန်တော့် ညာဏ်လေး တထွာတမိုက်နဲ့ ညာဏ်မီအောင် စဥ်းစားကြည့်လို့ မရနိုင်ပါဘူး။

နိယာမဆိုတာ အမြဲတမ်း မှန်တယ်လို့တော့ မပြောလိုပါဘူး။ နယူတန် ရဲ့ ရွေ့လျားမှု ဆိုင်ရာ နိယာမတောင်မှ အလွန် သေးငယ်တဲ့ အရာ ဝတ္ထုတွေနဲ့ အလွန် ကြီးမားတဲ့ အရာဝတ္ထုတွေ အတွက် မှန်ကန်ခြင်း မရှိပါဘူး။ ဘယ်လိုပဲ ဖြစ်စေ စွမ်းအင်တည်မြဲမှု နိယာမကို ဆန့်ကျင်ပြီး စွမ်းအင်ကို ဖန်တီးယူလို့ ရနိုင်တယ် ဒါမှမဟုတ် အကျိုးသက်ရောက်မှု ကို ၁၀၀ ရာခိုင်နှုန်းထက်တောင် ကျော်လွန်အောင် လုပ်နိုင်တဲ့ စက်မျိုး တီထွင်နိုင်တယ် ဆိုရင်တော့ တီထွင်တဲ့သူ နိုဘယ်လ်ဆို တစ်ဆုထဲတင် မကဘူး အဲဒီနှစ်ချက်အတွက် နိုဘယ်လ်ဆု ၂ ဆုလောက် ရသင့်တယ်လို့ ကျွန်တော် မြင်ပါတယ်။

ကိုးကား။
http://www.myanmar.mmtimes.com/2010/upper/454/upper01.html

Sunday, March 14, 2010

ကျွတ်စဉ်

သူတယ်လီဖုန်းကို တင်းတင်းဆုပ်ရင်း အသက်ကို အဝရှူလိုက်တယ်။ နောက်တော့ ကောင်မလေးကို မေးလိုက်တယ်။
"အဖြေမပေးသေးဘူးလားဟင်။"
"ဒီအတိုင်း တော့ မရဘူး။"
"အဲဒါဆို ဘယ်လို လုပ်ရမလဲ။"
"ဆေးစစ်ပေးရမယ်။"
ကွိုင်တော့ စားပြီ။ ကောင်မလေး ဆီက အဖြေတောင်းတာ ဆေးစစ်ပေးရမယ် ဆိုတော့ စင်ကာပူမှာ S-Pass PR လျှောက်သလိုမျိုး ဖြစ်နေပြီ။
"ကျန်းမာ သန်စွမ်းကြောင်း Full Medical Checkup လုပ်ပေးရမှာလား။"
"အဲဒီလောက် မလိုပါဘူး။ အိတ်ချ်အိုင်ဗွီ ရှိလား မရှိလားပဲ သိချင်တာပါ။"
"နောက်တော့ စစ်ပေးမယ်လေ။"
"ဟင့်အင်း။ မရဘူး။ အဲဒါ အရင် သိချင်တယ်။"
"အင်း။ အဲဒါဆိုလည်း ရတယ်။ သွားစစ်လိုက်မယ်။"

ဖုန်းချ လိုက်ပြီးတော့ သူအတော်လေး ခေါင်းစားသွားတယ်။ ဘယ့်နှယ့် လုပ်ရပါ့မလဲ။ ရန်ကုန်မှာလို အသိ ဆရာဝန် တစ်ယောက်ကို ဆေးစာရေးခိုင်းပြီး အင်ထုတာမျိုးလည်း ဒီမှာက လုပ်ဖို့မလွယ်။ သွေးမစစ် ဖြစ်တာ နှစ်ပေါင်းများစွာ ကြာနေပြီ ဆိုတော့ အခုတကယ်တမ်း အိတ်ချ်အိုင်ဗွီ စစ်ဖို့ ဆိုတာက ဘာပဲဖြစ်ဖြစ် အနည်းနဲ့ အများတော့ လန့်စရာ ကောင်းနေတယ်။

သူ့သူငယ်ချင်း ခပ်ရှုပ်ရှုပ် တစ်ကောင်ကို စိတ်ထဲမှာ သွားသတိရမိတယ်။ သူပြောပြတဲ့ အကြောင်းကိုပါ။ ရန်ကုန်မှာ အလုပ်အတွက် မဖြစ်မနေ ဆေးစစ်ရတော့မယ် ဆိုတော့ ဒီကောင် အတော်လန့်သွားတယ်။ အလုပ်က စစ်မှ အိတ်ချ်အိုင်ဗွီ ဆိုတာကြီး ပေါ်လာရင် အားလုံးကြားမှာ နာမည်ကြီးပြီး အကြီးအကျယ် အရှက်ကွဲမယ်။ ကိုယ့်ဘာသာကိုယ် ကြိုသိထားရင် အလုပ်က မစစ်ခင် အသာလေး လစ်ထွက်သွားလို့ ရတယ်ပေါ့။ သူကိုယ်တိုင်ကလည်း အန္တရာယ်များတဲ့ ကိစ္စတွေ လုပ်ထားဖူးတာ ဆိုတော့ တော်တော်လေး ကျွတ်ကြဲ နေတယ်။

ဒါနဲ့ပဲ လှည်းတန်းက ဆေးခန်း တစ်ခုမှာ သူ့ဘာသာသူ သွေးသွားစစ်တယ်။ သွေးစစ်တော့လည်း နာမည် အမှန် မပေးဘူး။ ပါးစပ်ထဲတွေ့တဲ့ နာမည်တစ်ခုနဲ့ ပေးထားခဲ့တယ်။ အဖြေ သွားယူရမယ့် နေ့ကြတော့ သူသွားမယူရဲ တော့ဘူး။ အိမ်က ကောင်လေး တစ်ယောက်ကို ခေါ်သွားပြီး ငါ့သူငယ်ချင်း တစ်ယောက် ဆေးစာ သွားယူပေးစမ်းပါ ဆိုပြီး ဆေးခန်းကို သွားခိုင်းတယ်။ သူကတော့ ကားပေါ်မှာပဲ ထိုင်စောင့်နေရစ်ခဲ့တယ်။ ဟိုကောင်လေး ဆေးစာသွားယူတဲ့ ၁၀ မိနစ်လောက်က သူ့အတွက် တကယ့် စိတ်အလှုပ်ရှားစရာ အကောင်းဆုံး အချိန်ပဲ။

ကားပေါ်မှာ ထိုင်စောင့်နေရင်း ကဏှာ မငြိမ်ဘူး။ ဆေးလိပ်ကို မီးညှိ လိုက်။ ရှိုက်လိုက်။ နောက် လွှင့်ပစ်လိုက်။ နောက်တစ်လိပ် ထပ်ညှိလိုက်နဲ့ စိတ်နဲ့ လူနဲ့ မကပ်ဘူး ဖြစ်နေတယ်။ ၁၀ မိနစ်လောက် နေတော့ ဟိုကောင်လေး ပြန်ရောက်လာတယ်။ လက်ထဲမှာ စာရွက်ကလေး ကိုင်လို့။ သူက စိတ်မရှည်သလို စာရွက်ကို ဆွဲယူတယ်။ ဒါပေမယ့် အဲဒီ စာရွက်ခေါက်ကလေးကို ဖွင့်မကြည့်ရဲဘူး။ စာရွက်ကို လက်နှစ်ဖက် ကြားထဲ ထည့်ပြီး ပွတ်နေတယ်။ နောက်ဆုံးတော့ သူ ဖဲဝိုင်းမှာ ဖဲပွတ်သလိုမျိုး စာရွက်ကို ပွတ်ကြည့်တယ်။ နက်ဂတစ် ဆိုတာ တွေ့ရတော့ သူ အတော်ပျော်သွားတာ ဟန်တောင် မဆောင်နိုင်ဘူး။ ကောင်လေးကတော့ ပြုံးစိစိနဲ့ ဓာတ်ပေါက်သွားပုံ ရတယ်။

အခုသူလည်း အဲဒီလို အဖြစ်မျိုး ကြုံနေပြီ။ ဘာမှ မဟုတ်တာ လုပ်မထားပေမယ့် အိတ်ချ်အိုင်ဗွီ စစ်ရမယ် ဆိုတော့ လန့်တာ အမှန်ပဲ။ တစ်ခါက မလေး ဆံပင်ညှပ်ဆိုင် တစ်ဆိုင်မှာ သတိမထားလိုက်မိလို့ ဓားအသစ် မလဲဘဲ ဓားအဟောင်းနဲ့ ဆံပင်ရိတ်တာ ခံလိုက်ရတာကို သွားသတိရတယ်။ လေးလုံးကိုက်နေတဲ့ သူငယ်ချင်း တစ်ယောက်နဲ့ နီးနီးနားနား အကြာကြီး နေခဲ့ဖူးတာကိုလည်း သွားသတိရတယ်။ အခုတလော ဘာမှမဟုတ်ပဲ တချိန်လုံး ဝမ်းလျှောနေတာလည်း သံသယ ဖြစ်မိတယ်။ ဖြစ်နိုင်ခြေက အတော်လေး နည်းပေမယ့် အဲဒီအချိန်တွေတုန်းကသာ အိတ်ချ်အိုင်ဗွီ ဝင်သွားရင် နားကားပြီလို့ တွေးလိုက် မိတယ်။ အိတ်ချ်အိုင်ဗွီ စစ်ရမယ့် ကိစ္စက တကယ့်ကို ကျွတ်စဉ်ကြီးပဲ။

အခုမှတော့လည်း မထူးတော့ပါဘူး။ ရှိနေရင်တော့ အခုမသိရလည်း နောင်တော့ သိရမှာပေါ့လို့ စိတ်ထဲမှာ တွေးလိုက်တယ်။ ပြသနာက တနင်္ဂနွေနေ့ကြီး ဖြစ်နေတယ်။ ဆေးခန်းတွေက ဒီနေ့ဆိုရင် ပိတ်တယ်။ မနက်ဖြန်မှပဲ ဆေးက စစ်လို့ရမယ်။ ဒါပေမယ့်လည်း မနက်ဖြန်မှ စစ်မယ်ဆိုရင် သူဒီည အိပ်ပျော်မယ် မထင်ဘူး။ တနင်္ဂနွေနေ့ ဖွင့်တဲ့ ဆေးခန်း ရှိလိုရှိငြား အင်တာနက်ထဲ ရှာကြည့်ရင်း သူ ဆေးခန်း တစ်ခု သွားတွေ့တယ်။ အော့ချက်က ဆေးခန်း။ တနင်္ဂနွေနေ့ ည ၆ နာရီက နေ ၈ နာရီ အထိ ဖွင့်တယ်။

ဆေးစစ်တဲ့ အကြောင်းကို ဖတ်ကြည့်တော့ သွေးဖောက်စရာ မလိုဘူး။ နာမည်လည်း ပေးစရာမလိုဘူး။ မိနစ် ၂၀ အတွင်း အဖြေသိရမယ်လို့ ရေးထားတယ်။ စင်ကာပူမှာ သွေးစစ်လို့ အိတ်ချ်အိုင်ဗွီ ပေါ့ဇတစ် ပေါ်ရင် ကိုယ့်ရဲ့မှတ်တမ်းက အစိုးရဆီမှာ ဝင်သွားမယ် ဆိုတာ သိတော့ ဘယ်သူမှ မစစ်ချင်ကြဘူး။ အဲဒါကြောင့် စင်ကာပူ အစိုးရက အမည်မသိ သွေးစစ်လို့ ရတဲ့ ပရိုဂရမ် တစ်ခု လုပ်ထားပေးတယ်။ အစကတော့ ဂေလန်း နားက ဆေးခန်းတွေမှာပဲ အဲဒီလို လုပ်လို့ရတယ်။ အခုတော့ တခြားဆေးခန်းတွေမှာပါ စီစဉ်ပေးထားပြီ။ အားလုံးပေါင်း ဆေးခန်း ၇ ခု ရှိတယ်။

နာရီကိုကြည့်တော့ ငါးနာရီခွဲနေပြီ။ အခုအချိန် သွားရင် အတော်လောက်ပဲ ဆိုပြီး ဘတ်စ်ကားစီးပြီး အော့ချက်ဘက်ကို ထွက်လာခဲ့တယ်။ လမ်းမှာတော့ သူတလမ်းလုံး အတွေးနယ်ချဲ့သွားတယ်။ ငါသာ အေကိုက်ရင် ဘာဆက်လုပ်မလဲ။ အခုခေတ် အိတ်ချ်အိုင်ဗွီ ရှိနေရင် ဆေးစားပြီး မသေအောင် တားထားလို့ရတယ် ဆိုတာ သိနေပေမယ့်လည်း အိမ်ထောင်ပြု ဖို့တော့ မဖြစ်နိုင်တော့ဘူး။ အဲဒါဆိုရင် ဘာလုပ်မလဲ။ ရွာပြန်ပြီး အေးအေးဆေးဆေး ခြံစိုက်စားတာပဲ ကောင်းမလား။ ဒါမှမဟုတ် မပင်မပန်း ပုံမှန် တော်ရုံသင့်ရုံ အလုပ်တစ်ခုပဲ ရှာပြီး နေတာ ကောင်းမလား။ စဉ်းစားရင်းနဲ့ သူအခု အရေးအကြီးဆုံးလို့ ထင်နေတဲ့ အရာတွေ အားလုံး ဘာမှ အရေးမကြီးတော့တာကို သဘောပေါက်လာတယ်။ ကျန်းမာရေးဆိုတာ အားလုံးထဲမှာ အရေးအကြီးဆုံးပဲ ဆိုတာ သူကောင်းကောင်း သဘောပေါက်လိုက်မိတယ်။ ဒီတစ်ခါ ဆေးစစ်လို့ အိတ်ချ်အိုင်ဗွီ မရှိဘူး ဆိုရင်တော့ နောက်ဆို အရေးမကြီးတာတွေ ဘာမှ မပူတော့ဘူးလို့ သူ့ဘာသာသူ သန္ဓိဌာန် ချလိုက်မိတယ်။

ဒီလိုနဲ့ အော့ချက် ရောက်လာတယ်။ ဆေးခန်းကို မြေပုံထဲ ရှာလာပေမယ့်လည်း တကယ်တမ်း ရှာတော့ မတွေ့ပြန်ဘူး။ အဲဒီနားမှာပဲ တဝဲလည်လည် ဖြစ်နေတယ်။ နောက်ဆုံးတော့ ဆေးခန်းကို ရှာလို့တွေ့သွားတယ်။ ဆေးခန်းထဲ ဝင်သွားတော့ အထဲမှာ ကောင်တာ ထိုင်နေတဲ့ လူတစ်ယောက်က လွဲရင် တခြားလူနာ မတွေ့ရဘူး။ ကောင်တာမှာ "အမည်မသိ အိတ်ချ်အိုင်ဗွီ စစ်ဆေးခြင်း ဒီမှာ ရပြီ။" ဆိုတဲ့ ကြော်ငြာတွေ့တော့ ဒီဆေးခန်းက သူရှာနေတဲ့ ဆေးခန်းဆိုတာ သေချာသွားတယ်။

ကောင်တာက လူက သူ့ကို မော့ကြည့်တယ်။
"အိတ်ချ်အိုင်ဗွီ စစ်ချင်လို့ပါ။" ဆိုတော့ သူက စာရွက်တစ်ရွက်နဲ့ ဖိုင်တွဲတစ်ခု ကို ထုတ်တယ်။ နောက်တော့ ကွန်ပြူတာထဲကို ကြည့်ပြီး အဲဒီအပေါ်မှာ နံပါတ်တစ်ခု ရေးလိုက်တယ်။
"ကျေးဇူးပြုပြီး ဒီပုံစံကလေးကို ဖြည့်ပေးပါ။ ပြီးရင် ပြောပါ။" ဆိုပြီး ပုံစံနဲ့ ဘောပင်ကို လှမ်းပေးရင်း သူ့ကို ပြန်ပြောတယ်။

ဖောင်ရဲ့ အပေါ်ဆုံးမှာ နောက်ဆုံး အန္တရာယ်များတဲ့ လိင်ဆက်ဆံမှု ပြုတဲ့နေ့ဆိုတာ ပါတယ်။ နောက်မေးခွန်းတွေ ကတော့ ပုံမှန် စစ်တမ်းကောက်သလို မေးခွန်းတွေပါ။ အသက်၊ ကျား/မ၊ လူမျိုး၊ နိုင်ငံသား နဲ့ ဂေးလား၊ ပုံမှန်လား၊ နှစ်ဖက်ချွန်လား ဆိုတဲ့ မေးခွန်းမျိုးတွေပါပဲ။ ဒါပေမယ့် နာမည်၊ အလုပ်အကိုင်၊ မှတ်ပုံတင်နံပါတ်စတဲ့ ကိုယ်ရေးအချက်အလက်တွေ တစ်ခုမှ မပါဘူး။ အန္တရာယ်ရှိတဲ့ လိင်ဆက်ဆံမှု သူလုပ်ဖူးတာမှ မဟုတ်တာ။ သူအဲဒီ အကွက်ကို ကွက်လပ် ချန်ထားခဲ့ပြီး ကျန်တဲ့ အကွက်တွေ ဆက်ဖြည့်တယ်။ အောက်ဆုံးမှာ အကယ်၍ ပေါ့ဇတစ် ဖြစ်နေခဲ့ရင် သွေးဖောက်ပြီး စစ်ဖို့ ဒေါ်လာ ၃၀ ပေးရမယ်။ သဘောတူမတူ ဆိုတာ ဖြည့်ရတယ်။ နောက်တော့ သူ ကောင်တာက လူကို အဲဒီ ပုံစံ ပြန်ပေးလိုက်တယ်။ ကောင်တာက လူက ဖိုင်ကို ယူပြီး ဘေးနားက အခန်းထဲ ဝင်သွားတယ်။ ပြန်ထွက်လာပြီးတော့ "ရတယ်။ ဝင်သွားလို့ ရပြီ။" ဆိုပြီးတော့ သူ့ကို ပြန်ပြောတယ်။

အခန်းထဲမှာ မျက်မှန်နဲ့ ထိပ်ပြောင်ပြောင် ဆရာဝန်တစ်ယောက် ထိုင်နေတယ်။ ဆရာဝန်က ပုံစံကို ကြည့်ရင်း သူ့ကို စူးစမ်းသလို မေးခွန်းထုတ်တယ်။
"အန္တရာယ်များတဲ့ ကိစ္စမျိုး တစ်ခါမှ မလုပ်ခဲ့ဖူးဘူး။ ဟုတ်လား။"
"ဟုတ်ပါတယ်။ ဒါပေမယ့် ကူးစက်နိုင်တယ်လို့ ထင်ရတဲ့ အခြေအနေတွေတော့ ရှိခဲ့ဖူးပါတယ်။"
"ဟုတ်လား။ အဲဒါ ဘယ်တုန်းကလဲ။"
"လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကပါ။"
"အိုကေ။ ဒါဆိုရတယ်။ ခြောက်လအတွင်း ဆိုရင်တော့ အဖြေက သေချာချင်မှ သေချာလိမ့်မယ်။"
ဆရာဝန်က ပြောပြီး သူ့အနောက်က စင်ပေါ်က အိတ်တစ်လုံးကို ဆွဲထုတ်ပါတယ်။ နောက်တော့ အိတ်ကို ဖောက်ပြီး အထဲက သစ်သားပြားလို အရာကလေး တစ်ခုကို ထုတ်လိုက်ပါတယ်။
"ဒီ စမ်းသပ်နည်းက သွေးဖောက်စရာ မလိုဘူး။ ပါးစပ်ကနေ စစ်တာ။ OraQuick လို့ခေါ်တယ်။ ဒါပေမယ့် ၉၉.၉၇ ရာခိုင်နှုန်း သေချာတယ်။ Antibody ကိုပဲ စစ်တာ။"

သူကတော့ ခေါင်းအသာငြိမ့်လိုက်တယ်။ ဆရာဝန်က သူ့ကို ပါးစပ်ဟခိုင်းပြီး အဲဒီ သစ်သားပြားကလေးနဲ့ သူ့သွားဖုံးတွေကို လိုက်ခြစ်တယ်။ နောက်တော့ အဲဒီ သစ်သားပြားကလေးကို ဆေးရည်ထည့်ထားတဲ့ ခွက်တစ်ခုထဲ ထည့်ပြီး "ရပြီ။ အပြင်က စောင့်နေပါ။ မိနစ် ၂၀ ကြာရင် ခေါ်လိုက်မယ်။" ဆိုပြီး ပြန်ပြောတယ်။

သူအပြင်ပြန်ထွက်လာတယ်။ ဆိုဖာပေါ်မှာ ထိုင်ရင်းနဲ့ ဂဏှာမငြိမ် ဖြစ်နေတယ်။ အိတ်ထဲက ဖုန်းကို ထုတ်ပြီး ဂိမ်းဆော့ နေပေမယ့်လည်း ဂိမ်းထဲမှာ အာရုံစိုက်လို့ မရဘူး။ အချိန်ကုန်ဖို့ပဲ သူ့စိတ်ထဲမှာ ရှိနေတယ်။ ဂိမ်းထဲက ခါတိုင်း နိုင်နေကြ စတိတ်ချ် တွေတောင် ဒီတစ်ခါတော့ ရှုံးနေတယ်။ ဒီလိုနဲ့ ပုံမှန် သူ နာရီဝက်လောက် ဆော့ရတဲ့ ဂိမ်းက ဆယ်မိနစ်နဲ့ ရှုံးသွားတယ်။ နောက်တစ်ခေါက် ပြန်စရတယ်။ ဒီတစ်ခါတော့ ဆေးခန်းထဲကို တခြားသူတွေ ဝင်လာတယ်။ မျက်နှာဖြူ တစ်ယောက် ဘုန်းကြီးတစ်ပါး နဲ့ တခြား တရုတ် ၄ ၅ ယောက်။ သူတို့က သူ့ဘေးမှာ ထိုင်ပြီး စကားတွေ ပြောနေကြတယ်။ နောက်တစ်ပွဲ မပြီးခင်မှာပဲ သူ့ကို ကောင်တာက လူက "ရပြီ။ ပြန်ဝင်သွားလို့ရပြီ။" ဆိုပြီး လှမ်းပြောတာကို ကြားလိုက်ရတယ်။

သူဆရာဝန်ရဲ့ အခန်းဖက်ကို ပြန်လှည့် လာတယ်။ ရင်ဘတ်ထဲမှာတော့ တဒိန်းဒိန်း ဖြစ်နေတယ်။ တံခါးခေါက်ပြီး တံခါးဖွင့်ဝင် လိုက်တော့ ဆရာဝန်က သူ့ရှေ့က Test လုပ်ထားတဲ့ သစ်သားပြားလို အရာကလေးကို စိုက်ကြည့် နေတယ်။ သူ့ရင်ဘတ် ထဲမှာ ထိတ်ခနဲ ဖြစ်သွားတယ်။ ဆရာဝန်က သူ့ကို ပြုံးကြည့်ပြီး
"ကွန်ဂရက် ကျူလေးရှင်း။ မင်းမှာ နက်ဂတစ် ပြနေတယ်။ ပေါ့ဇတစ် ဆိုရင် ဒီမှာ ၂ လိုင်း ပေါ်တယ်။ နက်ဂတစ် ဆိုရင်တော့ အပေါ်က တစ်လိုင်းတည်းပဲ။ ဒီမှာကြည့်။" ဆိုပြီး သစ်သားပြားကလေးကို ပြရင်း သူ့ကို လှမ်းပြောတယ်။
သူ အတော်လေး စိတ်သက်သာရာ ရသွားတယ်။
"မင်းက လွန်ခဲ့တဲ့ ခြောက်လအတွင်း ဘာမှ ဖြစ်မထားဘူး ဆိုတော့ နောက်တစ်ခါ ပြန်စစ် ဖို့ မလိုတော့ဘူး။ရပြီ။"
" ဆရာ။ ကျွန်တော့် နာမည်နဲ့ အိတ်ချ်အိုင်ဗွီ မရှိကြောင်း ဆေးစာ ထုတ်ပေးမှာလား။"
"မင်းလိုချင်လို့လား။ ဘာလုပ်ဖို့လဲ။"
"ကျွန်တော့် ကောင်မလေးကို ပြန်ပြောရမှာ မို့ပါ။"
"ဟားဟား။ ပြန်ပြီး ရီပို့ လုပ်ရမယ်ပေါ့။ ကောင်းတယ်။ ဂွတ်ဒ်။ ကိစ္စမရှိဘူး။ ငါစာရေးပေးလိုက်မယ်။"
ဆရာဝန်က သူဆေးခန်း နာမည်ပါတဲ့ စာရွက်တစ်ရွက် ကို ယူပြီး သူ့မှာ အိတ်ချ်အိုင်ဗွီ ကင်းရှင်းကြောင်း ရေးပေးလိုက်တယ်။ အောက်က သူ့လက်မှတ်ထိုးပြီး အဲဒီနေ့ နေ့စွဲကို တံဆိပ်တုံးနဲ့ နှိပ်ပေးလိုက်တယ်။ နောက်တော့ သူ့ကို အဲဒီစာရွက်ကို ကမ်းပေးလိုက်တယ်။
သူက "ကျေးဇူးပဲ။ သွားလိုက်ပါဦးမယ်။" ဆိုတော့ ဆရာဝန်က ပြုံးစိစိနဲ့ ခေါင်းငြိမ့်ပြတယ်။
သူစာရွက်ကို ကိုင်ပြီး ဆေးခန်းထဲက ထွက်လာတော့ မြေကြီးနဲ့ ခြေထောက်ထိတယ်လို့တောင် မထင်မိတော့ဘူး။

Wednesday, March 10, 2010

ဂန္ဓာလရာဇ်တိုင်းပြည်

မလေးရှားနယ်စပ် ဂျဟိုး(Johor) မှာ ရှိတဲ့ လာကင်း(Lerkin) ဘတ်စ်ကားဂိတ်ကနေ မလက်ကာ(Malecca)ကို သွားမယ့် အဝေးပြေးကားပေါ် ရောက်တော့ ကျွန်တော့် မျက်လုံးတွေ အတော်လေး ကျိန်းနေပြီ။ ညကတည်းက ဘတ်စ်ကားပေါ် ရောက်တဲ့အချိန်အထိ ၂ နာရီ ကျော်ပဲ အိပ်ရသေးလို့ အဝေးပြေးကား စီးရတဲ့ ၃ နာရီခရီးကို တလမ်းလုံး အိပ်လိုက်သွားမယ်လို့ မောင်းတင်လာတာပါ။ ဒါပေမယ့်လည်း အတူပါလာတဲ့ ကပ်စတန်မာ အဖိုးကြီးက အခုအချိန်ထိ စကားတွေ အမျှင်မပြတ် ပြောနေတုန်း။ အဲဒီအဖိုးကြီးက အသက် ၆၅ နှစ် ဝန်းကျင်လောက် ရှိပါပြီ။ ဟောင်ကောင်ဖွား စင်ကာပူ နိုင်ငံသားပါ။ သူကတော့ စကားပြောစရာ အဖော်ရှိလို့ အတော် ဝမ်းသာ နေတဲ့ပုံပဲ။ ကျွန်တော်ကတော့ အိပ်ချင်တာ မအိပ်ရလို့ အတော် ညစ်နေတယ်။ သူက ဟိုအကြောင်း ဒီအကြောင်းတွေ ပြောနေရင်းနဲ့ ကျွန်တော့်ကို မေးတယ်။
"ကောင်လေး။ မင်း တရုတ်ပြည် ရောက်ဖူးလား။"
"ဟင့်အင်း။ အခု အချိန်အထိ တစ်ခေါက်မှ မရောက်ဖူးဘူး။" လို့ ကျွန်တော်က ပြန်ဖြေလိုက်ပါတယ်။
"အခု လက်ရှိ တံခါးဖွင့် စီးပွားရေး ကျင့်သုံးနေတဲ့ တရုတ်ပြည်နဲ့ အရင်ခေတ် ၁၉၉၀ ရှေ့ပိုင်း တံခါးပိတ်ဝါဒ ကျင့်သုံးတဲ့ တရုတ်ပြည်က အတော် ကွာတယ်ကွ။" သူက ဆက်ပြောပါတယ်။
ကျွန်တော်လည်း စိတ်မပါ့တပါ အင်း လိုက်ပါတယ်။
"တရုတ်ပြည် စီးပွားရေး မတိုးတက်တာ မပြောနဲ့။ အရင် ဗဟိုက ချုပ်ကိုင်တဲ့ ပေါ်လစ်ဗျူရိုစနစ်တုန်းက အဲဒီက လူတွေက ပြည်သူပိုင် ပစ္စည်းဆိုပြီး လုပ်ချင်တိုင်း လုပ်နေကြတာကိုး။ ဒီလိုကွ။ ငါ ဟောင်ကောင်မှာ နေတုန်းက တရုတ်ပြည်ကို ဆားဗစ်စ် ခရီး ခဏခဏ သွားရတယ်။"
နောက်ပိုင်း သူဆက်ပြောတဲ့ အကြောင်းအရာတွေက စိတ်ဝင်စားစရာ ကောင်းတာနဲ့ ကျွန်တော် မအိပ်ြဖစ်တော့ပဲ တလမ်းလုံး သူ့ရဲ့ တရုတ်ပြည် ပုံပြင်တွေ နားထောင်ရင်း မလက်ကာကို ရောက်မှန်းမသိ ရောက်သွားပါတော့တယ်။

==========================================================

အဲဒီနေ့က ပီကင်းကို သူ့ လေယာဥ်ပျံဆိုက်တော့ လေယာဥ်က အတော်လေး နောက်ကျတယ်။ လေဆိပ်မှာ ဟိုတယ်ကို သွားမယ့်ကားက မရှိတော့ဘူး။ ပြသနာက အဲဒီတုန်းက တရုတ်ပြည်မှာ တက္ကစီဆိုတာ အတော်ကို ရှားတယ်။ အခုခေတ်လို အလွယ်တကူ ငှားလို့ မရနိုင်ဘူး။ တက္ကစီ မရလို့ လေဆိပ်မှာ အိပ်ဖို့ ဆိုတာကလည်း မဖြစ်နိုင် ပြန်ဘူး။ အဲဒီအချိန်က နိုင်ငံခြားသားတစ်ယောက်အတွက် တရုတ်ပြည်ထဲမှာ နေတဲ့ရက်တိုင်းကို ဟိုတယ်က သူတို့ဆီမှာ နေပါတယ်ဆိုတဲ့အကြောင်း ထောက်ခံချက်ရေးပေးရတယ်။ တရုတ်ပြည်ထဲမှာ ၇ ရက်နေပြီး ၆ရက်ပဲ ဟိုတယ်မှာ ရှိတယ်။ တစ်ရက်က ဘယ်မှာ ရှိသလဲဆိုတာ ရေးမထားဘူးဆိုရင်တော့ လေဆိပ်က အထွက်မှာ လူဝင်မှုကြီးကြပ်ရေးကနေ တစ်ဆင့် ရဲဆီကို တန်းပြီး ပို့တော့တာပဲ။ ရဲတွေရဲ့ ဟိုမေး ဒီမေး အစစ်ခံချက်တွေ အားလုံးလုပ်ပြီး သူတို့ကျေနပ်တယ်ဆိုမှ တရုတ်ပြည်က ပြန်ထွက်လို့ ရတယ်။ မဟုတ်ရင်တော့ ပြသနာ အကြီးအကျယ်တက် တတ်ပါတယ်။

ဒါပေမယ့် အဲဒီနေ့ကတော့ သူနည်းနည်းတော့ ကံကောင်းတယ်။ တခြားဟိုတယ်ကို သွားမည့် တိုးရစ်စ်တွေရဲ့ ကားတစ်စင်းက ရှိနေသေးတယ်။ အဲဒါနဲ့ သူတို့ကို အကူအညီတောင်းပြီး ကပ်လိုက်ရတယ်။ သူတို့တည်းတဲ့ ဟိုတယ်ကို လိုက်သွားပြီး ဟိုရောက်မှ ကြည့်စီစဥ်မယ် ဆိုပြီး လုပ်ရတယ်။ ဟိုတယ် ရောက်တော့လည်း အပြင်မှာ တက္ကစီက ငှားလို့ မရနိုင်ပြန်ဘူး။ ဟိုတယ်က ကားပဲ ငှားစီးရတယ်။ အံသြစရာ ကောင်းတာကတော့ ဟိုတယ်က သူ့ကို စီစဥ်ပေးတဲ့ တက္ကစီက ဂျာဂွာကား ဖြစ်နေတယ်။ တသက်နဲ့ တကိုယ် ဂျာဂွာ စီးရလိမ့်မယ်လို့ မစဥ်းစားမိပေမယ့် တကယ်တမ်း စီးမယ့် စီးရတော့လည်း ဂျာဂွာ ကို တက္ကစီ အနေနဲ့ စီးရပြန်တယ်။

မနက်ကျတော့ ၈ နာရီ စက်ရုံက ကားဟိုတယ်မှာ လာခေါ်တယ်။ သူတို့နဲ့အတူ စက်ရုံကို လိုက်သွားတာပေါ့။ စက်ရုံ ရောက်ပြီးတော့ အဲဒီမှာ ရှိတဲ့ အင်ဂျင်နီယာတွေကို စက်နဲ့ပတ်သက်ပြီး သင်တန်း ပေးရတယ်။ ၁၁ နာရီ ထိုးတော့ သင်တန်းကို ခဏနားပြီး ဟိုတယ်ကို ပြန်ရတယ်။ ထမင်းစားဖို့ပေါ့။ သူထမင်းစားဖို့ အတွက် စက်ရုံမှာ ဝယ်စားစရာ မရှိဘူး။ ဟိုတယ်ကို ပြန်စားရတယ်။ ဟိုတယ်မှာ ထမင်းစားပြီးလို့ နေ့လည် ၂ နာရီလောက်မှ စက်ရုံကကားက ပြန်လာခေါ်တယ်။ အဲဒီမှာ ထရိန်နင် ပြန်စ။ ညနေ ၅ နာရီ ထိုးတာနဲ့ ထရိန်နင်ကို ရပ်ပြီး အိမ်ပြန်ရုံပဲ။ အဲဒီမှာ တစ်နေ့ကို အလုပ်ချိန်က ၅ နာရီကျော်လောက်ပဲ ရှိတယ်။ ဘယ်သူမှ အချိန်ပို အလုပ်မလုပ်ကြဘူး။

ဟိုတယ်မှာလည်း ရောက်တာနဲ့ ချက်ချင်း ညစာစားဖို့ ပြေးရတယ်။ ပြသနာက စားသောက်ဆိုင်မှာ ဘာပဲရှိရှိ ည ၇ နာရီမထိုးခင် ပြီးအောင် စားရတယ်။ ည ၇ နာရီထိုးတာနဲ့ စားသောက်ဆိုင်က လူတွေက ဘာမေးမေး မရှိဘူးချည်း ပြောလွှတ်တော့တာပဲ။ ညဘက်တော့ အခန်းထဲပြန် ဂြိုဟ်တုကလာတဲ့ တီဗွီကြည့်ချင်ကြည့် ဒါမှမဟုတ်ရင်လည်း ကလပ်သွားပေါ့။ ဒီမှာ ကလပ် ဆိုတာက နိုင်ငံခြားသားတွေ အတွက် သီးသန့်လို ဖြစ်နေတာ။ ဈေးက နိုင်ငံခြားငွေနဲ့ ပေးရတာဆိုတော့ သူတို့ဆီက လူတွေ တော်ရုံတန်ရုံ မကပ်နိုင်ကြဘူး။ အဲဒါကြောင့် ကောင်မလေးတွေကို ကလပ်အတူ လိုက်ခဲ့ဖို့ ခေါ်တယ် ဆိုရင် ဝမ်းပန်းတသာနဲ့ လိုက်လာကြတာပဲ။

စက်ရုံနဲ့ ပတ်သက်ရင်လည်း ရယ်စရာတွေ အများကြီးပဲ။ စက်ရုံမှာ ဂျီအမ်ဖြစ်ဖြစ် အင်ဂျင်နီယာဖြစ်ဖြစ် သာမန်အလုပ်သမား ဖြစ်ဖြစ် အားလုံးက အစိုးရက ခန့်ထားတဲ့သူချည်းပဲ။ အဲဒီတော့ ဂျီအမ်ဖြစ်တာတောင် အလုပ်သမားကို ဖြုတ်ချင်တိုင်း ဖြုတ်လို့ မရဘူး။ အဲဒီတော့ အားလုံးက ရာထူးအတူတူလို ဖြစ်နေတယ်။ အဲဒီအထဲမှာ ဘယ်သူက အာဏာ အပြင်းဆုံး ဖြစ်သလဲ ဆိုတာ ပြောရင် ယုံနိုင်စရာတောင် မရှိဘူး။ စက်ရုံက ကားဒရိုင်ဘာက ပါဝါအကြီးဆုံးပဲ။ ဘယ်သူမဆို သူလိုက်ပို့ချင်မှ ဖြစ်တာလေ။ အဲဒီတော့ ဂျီအမ်ကလည်း ဒရိုင်ဘာကို ဖားရတယ်။ အင်ဂျင်နီယာကလည်း ဒရိုင်ဘာကို ဖားရတယ်။ သူကတော့ ရောက်တာနဲ့ ဒရိုင်ဘာကို နိုင်ငံခြားဆေးလိပ် တစ်ကာတွန်းလောက် လက်ဆောင် ပစ်ပေးလိုက်တာပဲ။ စီးကရက်ဆိုတာ တရုတ်ပြည်မှာ နေရာတကာ လာဘ်ထိုးလို့ကောင်းတဲ့ ပစ္စည်းလေ။ အဲဒီတော့ ဒရိုင်ဘာက သူ့ဆိုရင် မညည်းမညူ သွားချင်တဲ့နေရာ လိုက်ပို့ပေးတယ်။

ဗဟိုကနေ နေရာတကာ ချုပ်ကိုင်တဲ့ ပေါ်လစ်ဗျူရို စနစ်ရဲ့ မကောင်းပုံတွေက အဲဒီမှာ တွေ့ရတာပဲ။ သူက အင်ဂျင်နီယာတွေကို စက်အကြောင်း ရှင်းပြပြီးတော့ စက်ကို ဘယ်လိုပြင်ရမလဲ ဆိုတာ ဆက်သင်ပေးတယ်။ ဒါပေမယ့် အင်ဂျင်နီယာတွေက မလိုပါဘူး။ ဒီလောက်တန်ဖိုးကြီးတဲ့ စက်ကို ပျက်သွားရင်လည်း သူတို့မပြင်ချင်ပါဘူး လို့ ပြောကြတယ်။ အဲဒါဆို ပျက်ရင် ဘယ်လို လုပ်မလဲလို့မေးတော့ ခင်ဗျားပဲ လာပြင်ပေးပါလို့ သူတို့က ပြောတယ်။ သူက အဲဒီလိုဆို သူမအားရင် ဘယ့်နှယ့် လုပ်မလဲလို့ မေးတော့ မအားလည်း ကိစ္စမရှိပါဘူး။ အားတဲ့အချိန်မှ လာပေါ့။ ဒါမှမဟုတ်ရင် လမ်းကြုံတဲ့အချိန် ဝင်ပြင် သွားပေါ့လို့ ပြောတယ်။ မလာရင်လည်း စက်ကို ပိတ်ထားလိုက်မယ်။ သူတို့ အတင်းအကြပ် မခေါ်ပါဘူးလို့ ပြောကြတယ်။ ကောင်းရော။

အဲဒီအချိန်က တရုတ်ပြည်မှာ ပစ္စည်းကို ကိုယ်လိုချင်တာကို ဝယ်ချင်တိုင်း ဝယ်လို့မရဘူး။ ညဘက် အပြင်ဖက်ကို လမ်းလျှောက် ထွက်ရင် မှောင်နဲ့မည်းမည်း ဘာဆိုင်မှ ကြည့်စရာ မရှိဘူး။ အဲဒီအတွက် ကောင်းတာတစ်ခုက ပစ္စည်းပျောက်မှာ စိတ်မပူရဘူး။ တစ်နေ့တော့ သူပန်းခြံထဲ ခဏသွားထိုင်ရင်း သူ့ကင်မရာ ပန်းခြံထဲမှာ မေ့ကျန်ခဲ့တယ်။ ဟိုတယ်ပြန်ရောက်ပြီးမှ သတိရလို့ သွားကြည့်တော့ ကင်မရာက သူထားခဲ့တဲ့ နေရာမှာ ရှိနေသေးတယ်။ ဘေးမှာလူတွေ အများကြီး ရှိပေမယ့် ဘယ်သူမှ ယူမသွားကြဘူး။ လူတစ်ယောက် လက်ထဲမှာ နိုင်ငံခြားဖြစ် ကင်မရာတစ်လုံး ရှိနေပြီဆိုရင် ရဲက မျက်စိနောက် တော့မယ်လေ။ ဘယ်ကရသလဲ ဘာညာနဲ့ မီးခိုးကြွက်လျှောက်လိုက်တော့မယ်။ အဲဒီတော့ ပြသနာ အတက်ခံပြီး ဘယ်သူမှ သူများ ပစ္စည်း ယူမထား ကြတော့ဘူး။

ဒါပေမယ့် အခြားတစ်ဖက်မှာ ဆိုးတာလည်း ရှိသေးတယ်။ တစ်ခါက သူ ပီကင်းကနေ ရှန်ဟိုင်းကို ရထားနဲ့ သွားဖို့ ပီကင်းဘူတာရုံကို ရောက်သွားတယ်။ ပီကင်း ဘူတာရုံရောက်တဲ့ အထိ ဘာမှ မစားရသေးဘူး။ ဒါနဲ့ အနီးအနား လှည့်ပတ်ကြည့်တော့ ဘူတာရုံရှေ့မှာ မုန့်ဆိုင် တစ်ဆိုင်တွေ့တယ်။ အဲဒါနဲ့ ဝမ်းသာအားရ မုန့်ဆိုင်ကို သွားပြီးတော့ မုန့်တစ်ခု ဘယ်လောက်လဲ မေးတော့ ယွမ် ၂၀ လို့ ပြန်ဖြေတယ်။ အဲဒါဆိုရင် ၂ ခုလောက် ပေးပါဆိုတော့ ကူပွန်ပါလား လို့ ဆိုင်က ရောင်းတဲ့ ကောင်မလေးက မေးတယ်။ ဘာကူပွန်လဲ ဆိုတော့ အစားအသောက်က ဒီအတိုင်း ဝယ်လို့ မရဘူး။ ကူပွန်နဲ့ပဲ ရောင်းတယ်။ ကူပွန်မရှိရင် မရောင်းနိုင်ဘူး လို့ပြောတယ်။ သူက တစ်ခုကို ယွမ် ၁၀၀ ပေးပါ့မယ်။ ဗိုက်ဆာလွန်းလို့ ၂ ခုလောက် ရောင်းပါဆိုတာတောင် မရဘူး။ ကူပွန်နဲ့မှ ရောင်းမယ်ချည်းပဲ ပြောနေတယ်။ အဲဒီလိုနဲ့ သူအိတ်ထဲမှာ ယွမ် ၃ သိန်းလောက် ပါလာပြီး ထမင်း တနပ်စာငတ်ခဲ့ရတဲ့ အဖြစ်အပျက်မျိုး ကြုံခဲ့ရဖူးတယ်။

တရုတ်ပြည် ရထားကလည်း ရာဇဝင်တွင်မယ့် ရထားမျိုးပါပဲ။ အထက်တန်းမှာ ခုံရဖို့ တော်တော် မလွယ်ဘူး။ ရထားပေါ် ရောက်ပြီးမှ တွဲစောင့်ကို ပိုက်ဆံပေးပြီး စောင့်ရတယ်။ ပိုက်ဆံပေးတာတောင် မျက်နှာဖြုတွေနဲ့ အခြား နိုင်ငံသားတွေက ဦးစားပေး၊ ပြီးရင် သူတို့ နိုင်ငံခြား ပတ်စ်ပို့ ကိုင်ထားတဲ့ ဟောင်ကောင်သားတွေ၊ နောက်ပြီးမှ တရုတ်နိုင်ငံသားတွေ အဲဒီလိုမျိုး ဦးစားပေးက ခွဲသေးတယ်။ ရိုးရိုးတန်းတွေမှာကျတော့ အဲဒီလို မဟုတ်ဘူး။ ဦးရာလူ စနစ်နဲ့ ခုံကို ဦးကြတာ။ ကိုယ်က ခုံနေရာက ထသွားပြီဆိုရင် တခြားသူ တစ်ယောက်က ဝင်ထိုင်သွားရော။ အဲဒီလိုနဲ့ တစ်ခါက ၂၄ နာရီလောက် ကြာတဲ့ ရထားခရီးကို ထိုင်စရာ ခုံပျောက်သွားမှာ စိုးလို့ ထမင်းထမစား၊ ရေထမသောက်၊ အိမ်သာ ထမသွားဘဲ ကြိတ်မှိတ်ပြီး လိုက်ရတာမျိုးလည်း ရှိသေးတယ်။

========================================================

သူ့ရဲ့ တရုတ်ပြည် ဇာတ်လမ်းတွေက အတော့်ကို များပါတယ်။ ကျွန်တော်လည်း သူပြောတာတွေ နားထောင်ပြီးမှ အရင်တုန်းက တရုတ်ပြည် အခုလို မတိုးတက်ရတာ ဒါကြောင့်ကိုး ဆိုပြီးတော့ သဘောပေါက်ပါတယ်။ ဘိုးတော် ကတော့ သူ့စကားကို နားထောင်မယ့်သူ ရှိလို့ ဝမ်းသာအားရနဲ့ ကျွန်တော့်ကို တော်လျှောက်စကားတွေ ပြောလာတာ အသွား ၃ နာရီ အပြန် ၃ နာရီ ၆ နာရီကျော်ကျော်လောက်ကို ဆက်တိုက်ပါပဲ။

Monday, March 8, 2010

ချိုင်းနားပလိတ်

တစ်နေကုန် လို့မှ လူတစ်ယောက်နဲ့ စကားတစ်ခွန်းကို ဟုတ်တိပတ်တိ မပြောရတာ အတော်ကို ကသိကအောက် နိုင်ပါတယ်။ စကားပြောစရာ လူမရှိတာတော့ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်မှာ ရှိသမျှ လူအားလုံးနဲ့ ကိုယ်ပြောသမျှ စကား သူတို့က နားမလည် သူတို့ ပြောသမျှစကားလည်း ကိုယ်နားမလည် ဆိုတာမျိုး ဖြစ်နေတာပါ။ ကျွန်တော်က မြန်မာစကားကို ကောင်းကောင်း ပြောတတ်ပါတယ်။ သူတို့ကတော့ မြန်မာလို ပြောဖို့ ဝေလားဝေး အင်္ဂလိပ်စကားတောင် ဟုတ်တိပတ်တိ မပြောကြတော့လည်း အတော်လေးကို ကွိုင်စား ပါတယ်။ အင်္ဂလိပ်စကားကို ကမ္ဘာပေါ်မှာ နေရာတကာ ပြောတယ်ဆိုတာ အလကားလျှောက်ပြောတာနေမှာ။ စက်မှုထွန်းကားတဲ့ ဂျာမနီလို ဥရောပနိုင်ငံတွေမှာတောင် အင်္ဂလိပ်စကား မတတ်တဲ့သူတွေ တပုံတခေါင်းကြီး ရှိကြသေးတယ် လို့ စိတ်ထဲက တွေးမိပါတယ်။

အဲဒီနေ့က တနင်္ဂနွေနေ့ ရုံးနားရက်မို့ ခါတိုင်းထက် နောက်ကျမှ အိပ်ရာက ထဖြစ်တယ်။ အခန်းထဲက ထွက်လာပြီး မနက်စာ စားနေကျ နေရာ ရောက်တော့ ခါတိုင်း ဘူဖေးပြင်ထားတတ်တဲ့ မနက်စာက မရှိပါဘူး။ ဘယ်များ ရောက်သွားပါလိမ့်လို့ လိုက်ရှာနေတုန်း ဟိုတယ်က ဝန်ထမ်း အမျိုးသမီး တစ်ယောက်က စားပွဲတစ်လုံးပေါ်မှာ တစ်ယောက်စာ ပြင်ထားတဲ့ မနက်စာကို လက်ညှိုးထိုးပြတယ်။ သူ့ပါးစပ်က ဂျာမန်စကားတွေနဲ့ ရွှတ်ရှက်တွေ ပြောပေမယ့် ကျွန်တော် နားမလည်ဘူး။ ကျွန်တော်က ဒါကျွန်တော့်အတွက် မနက်စာလားလို့ အင်္ဂလိပ်လို မေးတော့လည်း သူက နားလည်သလား နားမလည်သလား မသိဘူး။ ဒီစားပွဲကိုပဲ လက်ညှိုးထိုးပြတယ်။ အဲဒီတော့လည်း နိုင်ငံတကာသုံး ဘာသာစကားဖြစ်တဲ့ လက်ဟန်ခြေဟန်နဲ့ပဲ ဒါကျွန်တော့် မနက်စာ ဆိုတာကို သဘောပေါက်လိုက် ရတော့တယ်။

ဒီမနက်ဟိုတယ်မှာ တည်းတဲ့သူက သိပ်များများစားစား မရှိလို့ မနက်စာကို ဘူဖေးပြင်မထားဘူး ဆိုတာ သဘောပေါက်လိုက် မိပါတယ်။ သူတို့ဆီမှာ စနေတနင်္ဂနွေ နေ့တွေ ဆိုရင် ဘယ်သူမှ အလုပ်မလုပ်ကြဘူးလေ။ သောကြာနေ့ညဆိုရင် အားလုံး အိမ်ပြန်ကုန်ကြပြီ။ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက် ဥရောပရုံးက အင်ဂျင်နီယာက သောကြာနေ့ ညနေကတည်းက ဟော်လန်ကို ပြန်သွားပါတယ်။ စနေနေ့က ကျွန်တော် တစ်ယောက်တည်း စက်ရုံသွား အလုပ်လုပ်ခဲ့ပေမယ့် ဒီနေ့တော့ တနင်္ဂနွေမို့ အလုပ် လုပ်ချင်တာတောင် သူတို့က ဥပဒေအရ မဖြစ်နိုင်ဘူး ဆိုပြီး လုပ်ခွင့် မပေးပါဘူး။ သူတို့ အဖြူတွေ ထင်ကြသလို ကျွန်တော်တို့ အာရှသားတွေပဲ ရူးလို့ မနားမနေ အလုပ်လုပ်ကြတာလား ကျွန်တော်တို့ စလုံးက လူတွေ ထင်သလို ဥရောပက ကောင်တွေပဲ အပျင်းထူကြသလားတော့ မပြောတတ်ပါဘူး။ တစ်ဖက်ကကြည့်တော့ လက်ဖဝါး နောက်တစ်ဖက်က ကြည့်ပြန်တော့လည်း လက်ဖမိုးပေါ့။

မနက်စာ စားပြီး လုပ်စရာမရှိလို့ အခန်းထဲ ပြန်ခွေနေရတယ်။ ကွန်ပြူတာ ရှိပြီး အင်တာနက် သုံးမရတာလည်း အတော်ကို ဆိုးတဲ့ ကိစ္စပါပဲ။ အင်တာနက် မရှိတော့လည်း လက်တော့ပ် ထဲပါလာတဲ့ သီချင်းလေးတွေ ဖွင့်နားထောင် အီလက်ထရွန်းနစ် စာအုပ်တွေ ဟိုလှန်ဒီလှန်ပေါ့။ ဒီလိုနဲ့ပဲ နေ့လည်စာ စားချိန် ရောက်လာတော့ အခန်းထဲက ပြန်ထွက်လာခဲ့တယ်။

ဒီမြို့မှာ နေတာ တစ်ပတ်ကျော် ကြာပြီဆိုတော့ စားသောက်ဆိုင် ဘယ်နေရာ ရှိတယ် ဆိုတာတော့ ကောင်းကောင်း သိနေပါပြီ။ စားသောက်ဆိုင် ရောက်တော့ ပြသနာက စတော့တာပဲ။ ရေးထားသမျှ အစားအသောက်စာရင်းက ဂျာမန်လိုတွေ။ ကိုယ်ကလည်း ဂျာမန်စကားဆိုရင် ငယ်ငယ်တုန်းက Telematch ထဲမှာ ကြားဖူးနေကြ သရိုင်း စပိုင်း အိုင်း ဆိုတာကလွဲရင် ဘာမှ တတ်တာမဟုတ်တော့ အတော်လေး အခက်တွေ့ပါတယ်။ ကောင်တာနား မယောင်မလည် သွားရပ်ရင်း သူများ မှာတာ ကြည့်နေရတယ်။ သူများမှာတာကို လက်ညှိုး ထိုးပြပြီး ဒါမျိုးပေးပါ ဆိုပြီး မှာမယ်ဆိုတဲ့ အကြံနဲ့ပါ။ ဖြစ်ချင်တော့ အဲဒီနေ့ ကျမှ တခြားသူတွေ ကလည်း အာလူးကြော်နဲ့ အအေးကလွဲရင် ဘာမှ မစားကြဘူး။ နောက်ဆုံးတော့ မထူးပါဘူး ဆိုပြီး ခပ်တည်တည်နဲ့ အစားအသောက် စာရင်း ဆိုင်းဘုတ်ကို လက်ညှိုး ထိုးပြပြီး မှာလိုက်ရတယ်။ သူက ပြန်မေးတော့ သိသလိုလိုနဲ့ ခေါင်းညှိတ် ပြလိုက်တယ်။ ကော်ဖီဆိုတာကတော့ အင်တာနေရှင်နယ် ဘာသာစကား ထင်ပါတယ်။ ကော်ဖီကိုတော့ ကောင်တာက လူက နားလည်ပါတယ်။ ဒီလိုနဲ့ ကော်ဖီတစ်ခွက် အပြင် ကြက်သားလား ငါးလား မသိ ကြော်ထားတာနဲ့ အာလူးကြော်တစ်ပွဲ စားဖို့ ရလိုက်ပါတယ်။

ဘာမှန်း မသိပေမယ့်လည်း ဗိုက်ဆာတော့ စားရတာပါပဲ။ ဒီလိုနဲ့ ဘာမှန်းမသိတဲ့ အစားအစာကို စားရင်းနဲ့ ဘေးနားက စားပွဲတွေကို မသိမသာ အကဲခတ်ကြည့်မိတယ်။ တကယ်ပါပဲ။ ဘယ်သူကမှ အင်္ဂလိပ်စကား မပြောကြဘူး။ စင်ကာပူ လေကြောင်းလိုင်း ဖလိုက်ပေါ်မှာ အမြန်သင်တဲ့ ဘာသာစကား ဗွီဒီယို မကြည့်မိတာ မှားလေခြင်းလို့ အခုမှ နောင်တရမိတယ်။ တရက်တည်းနဲ့ ဘာမှ တတ်မှာ မဟုတ်တောင် အနည်းဆုံး ကြက်သားနဲ့ ငါးတော့ ဘယ်လို ခေါ်သလဲသိရင် မဆိုးလှဘူး လို့တော့ စိတ်ထဲမှာ ထင်မိတယ်။

စားလို့သောက်လို့ ပြီးတော့ စားသောက်ဆိုင်နဲ့ မလှမ်းမကမ်းက အင်တာနက် ကဖေးထဲကို ဝင်လိုက်မိတယ်။ ဦးဘတူနဲ့ တတူတည်းတူနေကြတဲ့ ဆရာတွေတော့ သဘောကျ ကြမှာ အမှန်ပဲ။ Ubuntu တော့ မဟုတ်ပါဘူး။ ဘာ Distribution လဲ တစ်ခါမှ မမြင်ဖူးတဲ့ Linux တစ်ခုပါပဲ။ Windows မဟုတ်တာတော့ လုံးဝ သေချာပါတယ်။ အင်တာနက် သုံးဖို့အတွက် ကိုကာကိုလာကို စက်က ဝယ်သောက် သလိုပဲ ပုံးထဲကို အကြွေစေ့ ထည့်ရတယ်။ ယူရို တစ်ကျပ်စေ့ တစ်စေ့ကို ၁၅ မိနစ် သုံးလို့ရတယ်။ တစ်နာရီကို ၄ ယူရိုပေါ့။

အီးမေးလ်ဖွင့်ကြည့်တော့ ဖော်ဝပ်မဟုတ်တဲ့ အီးမေးလ်တစ်စောင် တွေ့လို့ ပျော်သွားတယ်။ အင်္ဂလိပ်လို ရေးထားတာမို့ တော်ပါသေးရဲ့။ မြန်မာဖောင့်နဲ့သာ ရေးထားရင်တော့ ဒုက္ခနဲ့လှလှ တွေ့ဦးမယ်။ အင်တာနက် ကဖေးမှာ မြန်မာဖောင့် က Download လုပ်လို့မရဘူး။ ဒီလိုမှမဟုတ်ရင်တော့ ကျွန်တော့် သူငယ်ချင်း တစ်ယောက် လုပ်သလို ဟေ့ကောင်။ ငါ့အီးမေးလ် ဝင်ကြည့်။ ပြီးရင် ငါ့ကို မြန်မာလို ရေးထားတာ ဖတ်ပြဆိုပြီး တယ်လီဖုန်းနဲ့ တစ်ယောက်ယောက်ကို ဖတ်ပြခိုင်းတာမျိုး လုပ်ရမယ် ထင်ပါတယ်။ စာရေးပို့တဲ့သူက Nothing special to say ဆိုပေမယ့်လည်း အဲဒီ Nothing Special to say ကပဲ ဘာမှ စကားပြောစရာ မရှိတဲ့ အချိန် အတော်လေး စိတ်သက်သာရ ရသွားတယ်။ မနေနိုင်မထိုင်နိုင် ဖိုရမ်တွေ ဝင်ကြည့်ပြန်တော့ လေးထောင့်တုံးနဲ့ abcdefg တွေပဲ တွေ့ရလို့ စိတ်တိုလာတယ်။ လုပ်ထားဟ Unicode ရ ။ ဦးနီကုတ်ကြီး Native မဖြစ်သေးသရွေ့တော့ ဒါမျိုးဒုက္ခတွေ ကြုံရဦးမှာပဲ။ အဲဒီလိုနဲ့ အင်တာနက် ကဖေးမှာ နာရီဝက်လောက် အချိန်ဖြုန်းပြီး ဟိုတယ် ပြန်လာခဲ့တယ်။

ဟိုတယ်ပြန်ရောက်တော့လည်း ကွန်ပြူတာကို ဖွင့်။ ပြီးတော့ ဟိုကလိ ဒီကလိပေါ့။ ဒီမလာခင် စပါးကြီးမြွေတစ်ကောင် ကွန်ပြူတာထဲ ဖမ်းထည့်လာခဲ့လို့ တော်ပါသေးရဲ့။ စပါးကြီးမြွေ ဆိုတာ တခြားတော့ မဟုတ်ပါဘူး။ သူများတွေ ပြောပြောနေကြတဲ့ Python ပေါ့။ Python ကို လျှောက်ကလိရင်း တချို့ Feature လေးတွေကို အတော် သဘောကျမိတယ်။ ဒါနဲ့ မသင်္ကာလို့ MSDN Library လေး ဖွင့်ကြည့်တော့ .NET ထဲမှာလည်း Python ထဲက ကိုယ်သဘောကျတဲ့ Feature လေးတွေ ရှိပြီးသား ဖြစ်နေတာကို တွေ့ရတယ်။ မိုက်ခရိုဆော့ဖ်တို့ အကူးသန်ပုံများကတော့ ပုဂံခေတ်ကသာ ဘီလ်ဂိတ်ရှိရင် ညောင်ဦးဖီးတောင် သူရဲကောင်း စာရင်း ဝင်မယ် မထင်ဘူး။

ညနေစောင်းမှ ဟိုတယ်ကနေ ညစာစားဖို့ ပြန်ထွက်လာခဲ့တယ်။ ဒီတစ်ခါတော့ ဟိုဖက်ြခမ်းမှာ ပီဇာ ရောင်းတဲ့ ဆိုင်တစ်ဆိုင်ကို စိတ်ထဲက ပြေးမြင်လိုက်မိတယ်။ နေ့လည်စာကို ဘာမှန်း ညာမှန်းမသိ ကြိတ်ထားရတော့ ညနေစာလေးတော့ ကောင်းကောင်း စားချင်စိတ် ပေါ်နေတာပါ။ အဲဒီဆိုင်မှာ ချိုင်းနား ပလိတ်လို့ သူတို့ အခေါ်အဝေါ်နဲ့ ပြထားတဲ့ ခေါက်ဆွဲကြော် ပန်းကန်ကြီးကို စိတ်ထဲက ပြေးမြင်မိတယ်။ ဒီပုံကြီး လက်ညှိုးထိုးပြရင်တော့ ခေါက်ဆွဲကြော်တော့ စားရမှာပဲ။ မှားစရာတော့ မရှိဘူးလို့ မောင်းတင်ပြီး အဲဒီဆိုင်ကို ချီတက်လာခဲ့တယ်။

နည်းနည်းတော့ လမ်းပို လျှောက်ရတာပေါ့။ ဒါပေမယ့်လည်း စားသောက်ဆိုင်ရောက်လို့ ခေါက်ဆွဲကြော်ပုံကြီး မြင်ရတော့ ပင်ပန်းလာတာတွေ အမောပြေသွားတယ်။ အားရပါးရပဲ ကောင်တာနောက်က လူကို ခေါက်ဆွဲကြော် ပန်းကန်ပုံကြီးကို လက်ညှိုး ထိုးပြပါတယ်။ ဒါပေမယ့် ကောင်တာကလူက ကျွန်တော့်ကို ဂျာမန်လိုတွေ ပြန်ပြောနေတယ်။ ကျွန်တော်ကလည်း ဘယ်ရမလဲ။ ဒီခေါက်ဆွဲကြော်ပန်းကန်ပဲ လက်ညှိုးထိုးပြတာပေါ့။ ဟိုလူက ထပ်မေးပြန်တယ်။ ကျွန်တော်ကလည်း လုံးဝ မလျှော့ဘူး။ ဒါဆိုဒါပဲ။ ဒီပုံကိုပဲ လက်ညှိုးပြန်ထိုးပြတယ်။ ဟိုက စိတ်မရှည်သလို နဲ့ ခေါင်းရမ်းပြီး နောက်တစ်ခေါက် ထပ်မေးပြန်တယ်။ ကိုယ်ကလည်း နောက်တစ်ခေါက် လက်ညှိုးထိုးပြပြန်တယ်။

အဲဒီအချိန် မနေနိုင်တော့လို့ ထင်ပါတယ်။ ဆိုင်ထဲက ဒေါင့်စားပွဲမှာ ထိုင်နေတဲ့ တစ်ယောက်က ကျွန်တော့်ကို အင်္ဂလိပ်လို လှမ်းအော်တယ်။ "He asked you sweet or sour" တဲ့။ လက်စသတ်တော့ အချဥ်လား အချိုလား မေးတာကိုး။ အဲဒီတော့ ကျွန်တော်က Sweet လို့ ပြန်အော်တယ်။ သူက ကောင်တာနောက်က လူကို ဂျာမန်လို လှမ်းအော်ပြောတယ်။ ဆိုင်ထဲက လူတွေအားလုံး ကျွန်တော်တို့ နှစ်ယောက် အင်္ဂလိပ်လို အပြန်အလှန် ပြောကြတာကို သဘောကျလို့ အားလုံး ဝိုင်းရယ်ကြတယ်။ ကျွန်တော့်များ ရှက်တယ် ထင်လို့လား။ ဘယ်ရှက်လိမ့်မတုန်း။ မွေးကတည်းက ချက်ကြောနဲ့ ရှက်ကြော မှားဖြတ်ထားတာ။ စပ်ြဖဲဖြဲနဲ့ပေါ့။ ကောင်တာနောက်ကလူလည်း အဲဒီတော့မှ ခေါင်းတညိမ့်ညိမ့်နဲ့ ကျွန်တော့် ခေါက်ဆွဲကြော်ကို စပြီး ကြော်တော့တယ်။ ဒီလိုနဲ့ပဲ ချိုင်းနားပလိတ် လား စီးနားပလိတ်လား မသိ သူတို့ အခေါ် တရုတ်ခေါက်ဆွဲကြော် ချိုရဲရဲနဲ့ပဲ ကျွန်တော့် ညနေစာကို ပြီးဆုံးလိုက်ရပါတော့တယ်။