Search This Blog

Monday, July 26, 2010

မနီလာ ဒိုင်ယာရီ (၂)

မနီလာမှာ ကျွန်တော်တို့တည်းတဲ့ ဟိုတယ်က မာကာတီလို့ ခေါ်တဲ့ မြို့လည်ခေါင် ရပ်ကွက်မှာ ရှိပါတယ်။ တိတိကျကျ ပြောရရင်တော့ စီနီမာ စကွဲယားလို့ ခေါ်တဲ့ နေရာပါ။ ဟိုတယ်ရဲ့ ရှေ့နားမှာ ရှော့ပင်းမောလ် တစ်ခုရှိလို့ ညနေဖက်ဆိုရင် အဲဒီမှာ ထမင်းထွက်စားကြပါတယ်။ အစားအသောက် မျိုးစုံ လှည့်ပတ် စားဖြစ်ပေမယ့် မရိုးနိုင်တဲ့ KFC နဲ့ McDonald ကိုလည်း မကြာခဏ စားဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ KFC နဲ့ McDonald စားရင် ထမင်းပါ တွဲပြီးမှာလို့ ရပါတယ်။ ထမင်းကို ဘာဂါလို ပုံစံ စက္ကူနဲ့ ထုပ်ထားတဲ့ အထုပ်ကလေးနဲ့ ပေးပါတယ်။ နောက်ပိုင်းမှ သတိထားမိတာကတော့ မက်ဒေါ်နယ်လ်က တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မီနူးမတူပဲ ကွဲပြားတယ် ဆိုတာပါ။ ယူအက်စ်မှာ ရတဲ့ မီနူးမျိုး တခြားနိုင်ငံမှာ မရှိသလို ဖိလစ်ပိုင်မှာ ရှိတဲ့ မီနူးမျိုးလည်း တခြားနိုင်ငံမှာ မရှိပါဘူး။ ကြည့်ရတာကတော့ သူတို့ မာကတ်တင်း အဖွဲ့က နိုင်ငံအလိုက် လူတွေကြိုက်မယ့် အစားအစာကို လေ့လာပြီး မီနူးကို တစ်မျိုးစီထားတယ်လို့ ထင်ရပါတယ်။

ဖိလစ်ပိုင်မှာ နာမည်ကြီးတဲ့ တခြား Fast Food စားသောက်ဆိုင် တစ်ခုကတော့ Chow-King ပါ။ ချောင်ကင်းမှာ ခေါက်ဆွဲကြော်တို့ ထမင်းတို့လိုမျိုး တရုတ် အစားအစာတွေ ရပါတယ်။ ချောင် ဆိုတာ တရုတ်လို ကြော်တယ်လို့ အဓိပ္ပာယ်ရတယ်ဆိုတော့ ချောင်ကင်းကို အကြော်ဘုရင်လို့ မြန်မာမှု ပြုရမယ် ထင်ပါတယ်။ ချောင်ကင်း ဆိုင်ထဲဝင်သွားရင် အဲဒီမှာ တူကို ဘယ်လို သုံးရသလဲ ဆိုတာမျိုး လမ်းညွှန်ချက် ဆိုင်နံရံမှာ ချိတ်ထားတာကို တွေ့ရတတ်ပါတယ်။ ကျွန်တော် တွေ့ဖူးတဲ့ ဖိလစ်ပိုင်က လူအများစု တူကို ကျွမ်းကျွမ်းကျင်ကျင် မကိုင်တတ် ကြပါဘူး။ ကျွန်တော်တို့ တူကို ကျင်ကျင်လည်လည် ကိုင်တတ်တာကို သူတို့ တအံ့တသြ ဖြစ်နေတတ် ကြပါတယ်။

စားသောက်ဆိုင် အနေနဲ့ကတော့ ဥရောပ အစားအစာ ရောင်းတဲ့ ဆိုင်တွေနဲ့ ဂျပန် စားသောက်ဆိုင်တွေ အများကြီး ရှိပါတယ်။ အံ့သြစရာ ကောင်းတာ တစ်ခုက ဖိလစ်ပိုင်က ရှော့ပင်းမောလ်တွေမှာ သွားရင်းလာရင်း ဝယ်စားရင် အစားအသောက်ဈေးက စင်ကာပူနဲ့ မတိမ်းမယိမ်း ဖြစ်နေတာပါ။ ကျွန်တော်တို့ စင်ကာပူမှာ ရတဲ့ လခနဲ့ ဒီလို ဈေးမျိုး ပြသနာ မရှိပေမယ့် သူတို့ဆီမှာ ရတဲ့ လခနဲ့ ဒီလူတွေ ဘယ်လိုများ စားနေကြသလဲလို့ စဥ်းစားမရအောင် ဖြစ်ခဲ့ပါတယ်။


ကျွန်တော်တို့ နေတဲ့ မာကာတီ စီနီမာ စကွဲယား ကနေ ၅ မိနစ် ၁၀ မိနစ် လောက် တက်ကစီနဲ့ သွားရင် ဂရင်းဘဲ့ (Green Belt) နဲ့ ဂလော်ရီယာတာ (Glorietta) လို့ခေါ်တဲ့ ရှော့ပင်းမောလ်တွေ အများကြီး ရှိတဲ့ နေရာကို ရောက်ပါတယ်။ ပုံမှာ ပြထားတာက ဂလော့ရီယာတာ အဆောက်အဦး နံပါတ် ၅ ပါ။ ကျွန်တော့်အတွက် စနေ တနင်္ဂနွေ နေ့လည်ပိုင်း တစ်ယောက်တည်း ပျင်းနေတဲ့ အချိန်မျိုးမှာ အချိန် သွားဖြုန်းတတ်တဲ့ နေရာပါ။ အဲဒီမှာ စားစရာ သောက်စရာ အစုံရှိတဲ့ အပြင် ဈေးဝယ်စရာတွေလည်း အစုံ ရှိပါတယ်။ ဂျပန်စာ၊ထိုင်းစာ၊ ကိုရီးယားစာစတဲ့ နိုင်ငံတကာ အစားအစာတွေ အစုံရှိပါတယ်။ တတိယ တစ်ခေါက် မနီလာကို ရောက်တော့ ဂလော့ရီယာတာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ အင်တာ ကွန်တီနင်တယ် (InterContinental) ဟိုတယ်မှာ ခဏတဖြုတ် တည်းဖြစ်တာမို့ အားအားရှိတိုင်း ဂလော့ရီယာတာထဲမှာပဲ လှည့်ပတ်ပြီး လျှောက်သွားဖြစ်ပါတယ်။ မနီလာ ရောက်ရင် မသွားမဖြစ် သွားသင့်တဲ့ နေရာတစ်နေရာ ဖြစ်တယ်လို့ ညွှန်းပါရစေ။

ကျွန်တော်နဲ့ အတူ မနီလာကို ပါလာတဲ့ အင်ဂျင်နီယာ အုပ်စုထဲမှာ အတော်များများက ကဲမယ်ဆိုတဲ့ သူတွေ ချည်းပါပဲ။ အတော်ကို မနိုင်တဲ့ မလေးတရုတ် အင်ဂျင်နီယာ တစ်ယောက် ပါပါတယ်။ သူက ညနေစောင်းရင် ဘယ်ကို လစ်ရမလဲ ဆိုတာ အမြဲ ချောင်းနေ တတ်တာပါ။ ကျွန်တော်တို့ကို အဖော်စပ်လို့ မရရင် တစ်ယောက်တည်း လစ်ပါတယ်။ ပထမနေ့က သူဇာတ်လမ်းစတာနဲ့ ကျွန်တော်နဲ့ နောက် ဖိလစ်ပိုင် အင်ဂျင်နီယာ တစ်ယောက်ပါ ကျွန်တော်တို့တည်းတဲ့ ဟိုတယ် ဘေးက ကာရာအိုကေ ရောက်သွားပါတယ်။ စင်ကာပူ ဒေါ်လာ ၃၀ လောက်နဲ့ ဘီယာ အဝသောက်လို့ ရတဲ့ အပြင် ဘေးကနေ ဖားမ ချောချော ကလေး တစ်ယောက်က သီချင်းဖွင့်ပေး ဘီယာငှဲ့ပေးနဲ့ ဧည့်ခံပါတယ်။ အဲဒီမှာ ရှိတဲ့ ကောင်မလေး အယောက် ၃၀ လောက်ထဲက ကိုယ့်ကို ဧည့်ခံဖို့ ကောင်မလေးကို စိတ်ကြိုက်ရွေးလို့ ရပါတယ်။ ကောင်မလေးကို နည်းနည်း အင်တာဗြူး ကြည့်တော့ ကာရာအိုကေမှာ အလုပ်လုပ်ဖို့ ဂျပန်မှာ သင်တန်း သွားတက်ထားတယ်လို့ ပြောပြ ပါတယ်။ ကာရာအိုကေ အလုပ်လုပ်ဖို့တောင် ဂျပန်မှာ သင်တန်း တက်ထားတယ်ဆိုတော့ နည်းနည်းတော့ ဖြုံသွားပါတယ်။

နောက်တစ်နေ့တော့ Pub သွားချင်တယ် ဆိုတာနဲ့ ကျွန်တော်တို့ မြို့လည်ခေါင်က နာမည်ကြီး ကလာရန်း (Kalayan) ဘက်ကို ရောက်ဖြစ် ကြပါတယ်။ အဲဒီနေ့က လ အလည်ခေါင်တည့်တည့်ကြီး ဖြစ်နေတော့ Pub မှာ လူသိပ်မစည်ပါဘူး။ မလေးတရုတ် အင်ဂျင်နီယာ သကောင့်သားကတော့ ရောက်တာနဲ့ ကောင်မလေး တစ်ယောက်ကို မသွားပြီး အစအနကို ရှာလို့ မတွေ့တော့ပါဘူး။ ကျွန်တော်နဲ့ ဖိလစ်ပိုင် အင်ဂျင်နီယာ ပဲ Pub မှာ ကျန်ခဲ့ပါတယ်။ ကျွန်တော်တို့ အနားမှာ ကောင်မလေး ၃ ယောက်က ရစ်သီရစ်သီ လာလုပ်နေပြီး သူတို့ကို ခေါ်ဖို့ အတင်းပြောနေပါတယ်။ ကျွန်တော်တို့ နှစ်ယောက်က မခေါ်ချင်ဘူး အေးအေးဆေးဆေးပဲ သောက်ချင်တယ် ပြောတော့ သူတို့ကိုပါ အရက်ဝယ်တိုက်လို့ ပြောပါတယ်။ ဒါနဲ့ပဲ သူတို့ ၃ယောက်ကို အရက်ဝယ်တိုက်ပြီး လေပေးဖြောင့် နေကြပါတယ်။ ခဏနေတော့ ဖိလစ်ပိုင် အင်ဂျင်နီယာက ကောင်မလေး တစ်ယောက်ကို ခေါ်ပြီး Dancing Floor မှာ သွားက နေပါတယ်။ ကျွန်တော်နဲ့ မချော ၂ယောက်နဲ့ ကျန်ခဲ့ပါတယ်။ အဲဒီ ကောင်မလေးတွေထဲက ဂျေစီဆိုတဲ့ ကောင်မလေး တစ်ယောက်နဲ့ ပြောခဲ့တဲ့ စကားတွေက နောင်လာနောက်သားများ အတွက် သင်ခန်းစာ ယူစရာ ဖြစ်လို့ မှတ်တမ်းတင် ထားလိုက်ပါတယ်။

"နင့်နာမည်က ဂျေစီ ဆိုတော့ အင်္ဂလိပ်နာမည်လည်း မဟုတ်ပါဘူး။ ဘာနာမည်လဲ။ အတိုကောက်လား။"
"မဟုတ်ပါဘူး။ ဒီလိုပဲ လုပ်စားဖို့ နာမည် ပေးထားတာပေါ့။"
"ဘယ်လို။ လုပ်စားဖို့ နာမည် ပေးထားတယ် ဟုတ်လား။"
"အေးပေါ့။ ငါလည်း နောင်တစ်ချိန် ယောက်ျားယူမှာပဲ။ အဲဒီအခါကျ ငါ့ယောက်ျား သူငယ်ချင်းတွေက ငါ့နာမည်ကြီး ကြားတာနဲ့ ဒါအရင်တုန်းက ဟို Pub မှာ လုပ်စားနေတဲ့ ကောင်မလေး ဆိုပြီး မှတ်မိသွားရင် ဘယ်ဖြစ်မလဲ။ အဲဒီတော့ နာမည်ဝှက်ပေးထားရတာပေါ့"
"အွန်" (သူ့ကိုယူမယ့် ယောက်ျား ကိုယ်စား နင်သွားခြင်း။)

ကောင်မလေးတွေ ဒီလိုလောက ထဲက ရုန်းထွက်ဖို့ မစဥ်းစား ကြတော့ဘူးလားလို့ စဥ်းစားမိတာနဲ့ ရှေ့ဆက်ပြီး အင်တာဗြူးပါတယ်။
"ဒါနဲ့ နေပါဦး။ နင်က ဒီအလုပ်ပဲ တသက်လုံး လုပ်စားတော့မှာလား။"
"ဘယ်ဖြစ်မလဲ။ ဒီအလုပ် ဆိုတာ ငယ်တုန်း ရွယ်တုန်း လုပ်စားလို့ ရတာ။ အသက်ကြီးလာရင် လုပ်စားလို့မှ မလွယ်တာ။"
"အဲဒါဆို နင်ဘာလုပ်မလဲ။"
"ငါနေ့လည်ပိုင်း အားတဲ့အချိန် ကျောင်းတက်တယ်လေ။ ဘွဲ့ရပြီးမှပဲ အဲဒီအလုပ်နဲ့ လုပ်စားတော့မယ်။"
"နင် ဘာကျောင်းတက်နေတာလဲ။"
" ကောလိပ် တစ်ခုမှာ စီအက်စ် (Computer Science) နဲ့ ကျောင်းတက်နေတာ။ ကျောင်းပြီးရင် ပရိုဂရမ်မာ လုပ်စားမှာပေါ့။"

သေစမ်းဟဲ့ ရပ်ကွက်လူကြီး ဆိုပြီး ရွတ်ရမလိုပါပဲ။ ပရိုဂရမ်မာ ဆိုရင်တောင်မှ စိတ်မချရပါလားနော်လို့ပဲ ပြောလိုက်ချင် ပါတော့တယ်။ တစ်ချိန်က မြန်မာစာပေလောကမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့တဲ့ နုနုရည် (အင်းဝ) ရဲ့ နမ်းမှာလားမောင် မွှေးတယ်ရှင် ဆိုတဲ့ ဝတ္တုတို အကြောင်း သွားသတိရမိပါတယ်။ အဲဒီ ဝတ္ထုမှာ ကောင်မလေးက ကျောင်းတက်ဖို့ စရိတ်မရှိလို့ သူဌေးတစ်ယောက်ရဲ့ မယားငယ် အဖြစ်နဲ့ နေပြီး သူဌေးက သူ့ကို ထောက်ပံ့ပါတယ်။ အဲဒီကောင်မလေးက သူ့ရည်းစားကို ပြောတဲ့စကားမှာ "မသန့်ရှင်းတဲ့ ခန္ဓာကိုယ် ဆိုတာ မရှိဘူး။" လို့ ပြောခဲ့တာကြောင့် အဲဒီစကားနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ ဖြစ်ကုန်ပါတယ်။ နောက်တစ်ခု သတိရမိတာကတော့ မစန္ဒာရဲ့ ရီကွန်ဒီရှင် ဆိုတဲ့ ဝတ္ထုတိုပါ။ အဲဒီဝတ္ထုမှာ သင်္ဘောသားက သူ့အဖွားကို ကျွန်တော်က ကားတော့ ပိုက်ဆံမရှိလို့ ရီကွန်ဒီရှင် စီးရပေမယ့် မိန်းမတော့ Brand New လိုချင်တယ် ဆိုပြီး ပူဆာတော့ သူ့အဖွားက ကောင်မလေး တစ်ယောက်နဲ့ စပ်ပေးပါတယ်။ သနားစရာ သင်္ဘောသားမှာတော့ သူယူမယ့် ကောင်မလေးက ရီကွန်ဒီရှင် ဆိုတာ မသိရှာပါဘူး။ အဲဒီအကြောင်းကို ရေးထားတာပါ။ အခုလည်း ဒီကောင်မလေးကို ဘုမသိ ဘမသိ ယူတဲ့ကောင်တော့ နာပြီပဲလို့ တွေးမိပါတယ်။

အဲဒီအချိန်က ဖိလစ်ပိုင်မှာ ရွေးကောက်ပွဲ နီးနေပြီမို့ ဘယ်သွားသွား ရွေးကောက်ပွဲ အကြောင်းပဲ ကြားနေရပါတယ်။ ကျွန်တော်လည်း မချော ၂ယောက်နဲ့ စကားပြောရင်း မကြာခင် နိုင်ငံရေးဘက် ရောက်သွားကြပါတယ်။ ကောင်မလေး တစ်ယောက်က "ငါကတော့ ဘယ်သူတွေ ဘာပဲ ပြောနေနေ မားကို့စ်ကို ပဲ ကြိုက်တယ်။" လို့ ပြောပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က အောင်ဖေတို့ မားကို့စ်တို့ ဆိုတဲ့ ဘန်းစကားတွေ ခေတ်စားခဲ့ဖူးပါတယ်။ ညောင်းဆိုတဲ့ အဓိပ္ပာယ်ပါ။ အောင်ဖေက ဘယ်သူလည်း မသိပေမယ့် ဖာဒီနန် မားကို့စ်က ဖိလစ်ပိုင်က သမ္မတပါ။ ၈၆-၈၇ ခုနှစ် ဝန်းကျင်လောက်က အကြီးအကျယ် ခြစားမှုနဲ့ ဖိလစ်ပိုင် သမ္မတ အဖြစ်ကနေ ပြုတ်သွားခဲ့ပါတယ်။ သူက မားကို့စ်လို ဒီလောက် ခြစားနေတဲ့ သမ္မတကိုမှ ကြိုက်တယ် ဆိုတာနဲ့ အတော်လေး အံ့သြသွားပါတယ်။ ဒါနဲ့ သူ့ကို ဘာကြောင့်လဲလို့ မေးကြည့်ပါတယ်။ သူက "ဖိလစ်ပိုင်က မားကို့စ်လက်ထက် အအေးချမ်းဆုံးပဲ။ ရာဇဝတ်မှု ကြီးကြီးမားမားတွေ သိပ်မဖြစ်ဘူး။ အခုတော့ ဟိုနားကြည့် မိသားစုလိုက် သတ်ခံရတာနဲ့၊ ပြန်ပေးဆွဲတာနဲ့ ဘာကောင်းလို့လဲ။" လို့ ဆက်ပြောပါတယ်။ လူတစ်ကိုယ် အကြိုက်တစ်မျိုးပေါ့လို့ပဲ စိတ်ထဲမှာ မှတ်ထားလိုက်ပါတယ်။

အမှန်တကယ်ကတော့ ကျွန်တော်တို့ မအူမလည်နဲ့ ကလာယန်ကို ရောက်သွားကြတာပါ။ ကလာယန်က တိုးရစ်စ်တွေ နိုင်ငံခြားသားတွေ အများစုပဲ ခြေဦးလှည့်တတ် တဲ့ နေရာပါ။ ဒေသခံ ဖိလစ်ပိုင် လူမျိုးတွေကတော့ ပျော်ချင် ပါးချင်ရင် ကလာယန်ကို သိပ်မသွားကြပဲ မြို့လည်ခေါင်မဟုတ်တဲ့ ဆူကတ် (Sukat) တို့ ကျူဘောင်း (Cubao) တို့ဘက်ကို ယွန်းကြပါတယ်။ ဆူကတ်နဲ့ ကျူဘောင်းက ဒစ္စကိုတွေကိုတော့ နောက်ဆုံးအခေါက် မှပဲ ရောက်ြဖစ်ပါတယ်။ အဲဒီမှာ မျှော်လင့်မထားတာတွေ တွေ့ခဲ့တာကြောင့် အတော်လေး အံ့သြခဲ့ရပါတယ်။

ဖိလစ်ပိုင်မှာ ဓာတ်ပုံတစ်ပုံမှ မရိုက်ဖြစ်တာမို့ ဓာတ်ပုံကို ထုံးစံအတိုင်း Wikipedia ကနေပဲ ယူလိုက်ပါတယ်။

Saturday, July 24, 2010

မနီလာ ဒိုင်ယာရီ (၁)

ကျွန်တော်တို့ မြန်မာတွေ ကိုယ့်လူမျိုးကိုယ် ရွှေလို့ ခေါ်ကြပေမယ့် တခြားလူမျိုးများကိုတော့ တစ်မျိုးနဲ့ တစ်မျိုးမရိုးအောင် နာမည် အစုံ ပေးထားကြပါတယ်။ ဖိလစ်ပိုင်ကို ဖား၊ ဗီယက်နမ်ကို ဗျိုင်း၊ မလေးကို မလိုင်၊ ဆွီဒင်ကို သကြားလုံး စတဲ့ အခေါ်အဝေါ်တွေ မြန်မာတွေ ပါးစပ်ဖျားမှာ ကြားနေရတတ်ပါတယ်။  ဖားမနဲ့ ဗျိုင်းမကတော့ စလုံးက ပလေးဘွိုင်းတွေရဲ့ ပါးစပ်ဖျားမှာ မကြာခဏ ကြားရတတ်တဲ့ အခေါ်အဝေါ်တွေ ပါပဲ။

၂၀၀၄ ခုနှစ်လောက်က အလုပ်ကိစ္စနဲ့ ဖားတို့ရဲ့ မြို့တော် မနီလာမှာ အတော်လေးကြာအောင် နေဖြစ်ခဲ့ပါတယ်။ မနီလာကို သဘောကျစရာ အချက်တွေ အတော်များများရှိပါတယ်။ ပထမဆုံး အချက်က စလုံးနဲ့ ယှဥ်ရင် အားလုံးမဟုတ်ပေမယ့် အတော်များများ ဈေးသက်သာပါတယ်။ ဒုတိယ တစ်ချက်က မလေးရှားမှာ နေသလို ညဘက် အပြင်ထွက်ရင် ကျောမလုံတဲ့ ခံစားမှုမျိုး မရှိပါဘူး။ နောက်တစ်ချက်က ဖားတွေနဲ့ မြန်မာတွေနဲ့ စရိုက်ချင်း သိပ်မကွာတော့ ပေါင်းလို့ သင်းလို့ အဆင်ပြေ ပါတယ်။ အဲဒါအပြင် မနီလာမှာ ဖော်ရွေတဲ့ ဖားမ ချောချောလေးတွေ အများကြီး ရှိပါတယ်။

ပထမဆုံး အကြိမ် မနီလာရောက်တော့ ပြပွဲကိစ္စနဲ့ ရောက်သွားတာမို့ ပြပွဲနဲ့ ဟိုတယ် ခေါက်တုံ့ခေါက်ပြန် ကူးရင်းနဲ့ပဲ အချိန်ကုန် ခဲ့ပါတယ်။ ပြပွဲခန်းမနားနီးတဲ့ ဟိုတယ်မှာပဲ နေဖြစ်တာကြောင့် မနီလာ မြို့ထဲကိုတောင်မှ မရောက်ြဖစ်ပါဘူး။ မပြန်ခင် တစ်ညမှ ဖိလစ်ပိုင် အေးဂျင့်က ကျွန်တော်တို့ ပြပွဲလာတဲ့ နိုင်ငံခြားသား တစ်အုပ်စုလုံးကို မြို့ထဲခေါ်သွားလို့ မနီလာကို ညဘက်တော့ မြင်ခဲ့ရပါတယ်။

နောက်အခေါက်တွေတော့ တည်းတဲ့ ဟိုတယ်ကလည်း မြို့လည်ခေါင်မှာ ရှိပြီး နေတာလည်း တစ်လကျော် နေဖြစ်ခဲ့တာမို့ မနီလာကို ကောင်းကောင်း လည်ပတ်ဖြစ်ခဲ့ပါတယ်။ မနက်ဆိုရင် မနီလာရုံးခွဲက မန်နေဂျာ တစ်ယောက်က ဟိုတယ်မှာ လာခေါ်ြပီး စက်ရုံကို ပို့ပေး၊ ညနေဆိုရင်လည်း ရုံးကကားနဲ့ စက်ရုံမှာ လာကြိုပြီး ဟိုတယ် ပြန်ပို့တာမို့ သွားရေးလာရေးကတော့ အဆင်ပြေပါတယ်။ အဲဒီမှာ ထူးထူးခြားခြား စနစ်တစ်ခုကို သတိထားမိခဲ့ပါတယ်။ မနီလာမှာ ကားတွေ အရမ်းပေါတော့ ယာဥ်ကြောပိတ်ဆို့မှု က အမြဲလိုလို ဖြစ်တတ်ပါတယ်။ ယာဥ်ကြောပိတ်ဆို့မှု ကို လျှော့လို့ရအောင် သူတို့ဆီမှာ စနစ်တစ်မျိုးကို တီထွင်ထားပါတယ်။ အဲဒါကတော့ ကားတစ်စင်းကို တစ်ပတ်မှာတစ်ရက် အပြင်ထွက်ခွင့် ပိတ်ထားတာပါ။ ဥပမာ ကားနံပါတ်က ၁ ဒါမှမဟုတ် ၂ နဲ့ ဆုံးရင် အဲဒီကားက တနင်္လာနေ့ အပြင်ထွက်လို့မရ၊ ၃ ဒါမှမဟုတ် ၄ နဲ့ဆုံးရင် အင်္ဂါနေ့ အပြင်ထွက်လို့ မရဆိုတာမျိုး လုပ်ထားတာပါ။ ကျွန်တော်တို့ ရုံးကတော့ အဲဒီပြသနာ ရှောင်လို့ရအောင် နံပါတ်မတူတဲ့ ကား ၂ စင်း ဝယ်ထားပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့အတွက်တော့ ဘယ်နေ့ပဲ ဖြစ်ဖြစ် စီးဖို့ကားက အဆင်ပြေပါတယ်။

မနီလာမှာလည်း ဘန်ကောက်မှာလို မိုးပျံလမ်းတွေ ရှိပါတယ်။ ဖိလစ်ပိုင် စကိုင်းဝေး (skyway) က စင်ကာပူမှာ ဆောက်ထားတဲ့ အိတ်စ်စပရက်စ်ဝေးတွေနဲ့ သဘောတရားချင်း ပိုပြီးဆင်ပါတယ်။ သွားချင်တဲ့နေရာကို အနီးဆုံး ဝင်ပေါက်ကနေ စကိုင်းဝေးပေါ် တက်သွား၊ နီးတော့မှ ထွက်ပေါက်ကနေ ပြန်ဆင်းဆိုတဲ့ သဘောမျိုးပါ။ စင်ကာပူမှာ မြေပေါ်မှာ သွားပြီး မနီလာမှာ မိုးပေါ်ကနေ သွားတာတစ်ခုပဲ ကွာသွားပါတယ်။ နောက်ထပ် ကွာခြားချက် တစ်ခုက ဖိလစ်ပိုင်မှာ စကိုင်းဝေးက ဖြတ်တဲ့ကားတိုင်းကို ပိုက်ဆံကောက်ပါတယ်။ စင်ကာပူလို အချိန်ပေါ်မူတည်ပြီး ပေးရတာမဟုတ်ပါဘူး။ ဖြတ်တဲ့အချိန်တိုင်း ပေးရပါတယ်။ ခန့်မှန်းခြေ စင်ကာပူ ၂ ဒေါ်လာလောက် ပေးရပါတယ်။ ကျွန်တော်တို့ကတော့ ရုံးကပိုက်ဆံပေးတာမို့ သွားစရာ ရှိတိုင်း စကိုင်းဝေးကနေပဲ သွားပါတယ်။ အလုပ်ချိန် ပြင်ပတွေတော့ ရုံးက ကားမရှိတော့ ကိုယ့်အစီအစဥ်နဲ့ ကိုယ်ပဲ ကြုံသလို ကြိုက်သလို သွားရတာပါပဲ။


အစောပိုင်း ဖိလစ်ပိုင် ပါးမဝခင် အချိန်ကတော့ ဘယ်သွားသွား လမ်းမပေါ်တွေ့တဲ့ တက်ကစီကလေး တားပြီး စီးပါတယ်။ တက်ကစီခက စင်ကာပူ ဒေါ်လာနဲ့ ပြန်တွက်ကြည့်ရင် ပါးပါးလေးမို့ သိပ်မသိသာပါဘူး။ ဒါပေမယ့် အနေကြာလို့ လူပါးဝလာတော့လည်း အဲဒီမှာ ရှိတဲ့ ယာဥ်တွေ အားလုံး အစုံစီးဖြစ်တာပါပဲ။ မနီလာ မြို့ထဲမှာ ဟိုနားဒီနား သွားဖို့ ဂျစ်ပနေး (Jeepney) လို့ခေါ်တဲ့ ဂျစ်ကားတွေ ရှိပါတယ်။ ဂျစ်ကားက တစ်ခါစီးရင် ၅ ပီဆိုပဲ ပေးရတာမို့ အဲဒီအချိန် စလုံး ဒေါ်လာပေါက်ဈေးနဲ့ ပြန်တွက်ကြည့်ရင် ၁၅ ဆင့် လောက်ပဲ ရှိပါတယ်။ နောက်ဂျစ်ပနေးက သူသွားတဲ့ လမ်းကြောင်းမှာ မှတ်တိုင် မရှိဘဲ တားချင်တဲ့နေရာက တားပြီး ရပ်ချင်တဲ့ နေရာမှာ ရပ်ခိုင်းလို့ ရပါတယ်။ ဟိုနားဒီနား သွားဖို့တော့ ဂျစ်ပနေးပဲ စီးဖြစ်ပါတယ်။ တစ်ရက်တော့ စက်ရုံက အင်ဂျင်နီယာတွေနဲ့ အတူ အပြင်လိုက်သွားတော့ သုံးဘီး စီးဖြစ်ပါတယ်။ မနီလာက သုံးဘီးက မန္တလေး သုံးဘီးတို့ ဘန်ကောက်က တုတ်တုတ် တို့လို မဟုတ်ပါဘူး။ နောက်တွဲပါတဲ့ သုံးဘီးဆိုင်ကယ်ပါ။ နောက်ထဲမှာ ၄-၅ ယောက် ထိုင်စီးလို့ ရပါတယ်။ သူတို့နဲ့ လိုက်သွားရင်း ဘတ်စ်ကားလည်း စီးဖြစ်လိုက်ပါသေးတယ်။ မနီလာ ဘတ်စ်ကားကတော့ စင်ကာပူလောက် မသားနား ရန်ကုန်လောက် မဆိုးရွားဆိုတဲ့ အခြေအနေမျိုး ရှိပါတယ်။

ကျွန်တော် ဖိလစ်ပိုင် ရောက်ခါစက ဖိလစ်ပီနိုနဲ့ ဖိလစ်ပီနာကို ကွဲကွဲပြားပြား မသိပါဘူး။ သူတို့ဆီမှာ ယောက်ျားလေးကို ဖိလစ်ပီနို ခေါ်ပြီး မိန်းကလေးကို ဖိလစ်ပီနာ ခေါ်ပါတယ်။ မနီလာမှာ တွေ့ရတဲ့ ဖိလစ်ပီနာ ဖားမကလေးများက စလုံးမှာ တွေ့နေကြ အိမ်ဖော် လာလုပ်တဲ့ ဖားမများလို ရုပ်ကြမ်းကြီးတွေ မဟုတ်ပါဘူး။ ချောချောလှလှလေးတွေ အများကြီး ရှိပါတယ်။ အများစုက အင်္ဂလိပ်စကား ဖြောင့်အောင်တန်းအောင် မပြောတတ်ပေမယ့် ဆက်သွယ်လို့ ရအောင်တော့ ပြောတတ်ပါတယ်။ နောက်ပြီးတော့ ဖိလစ်ပီနာတွေက အတော်လေး ဖော်ရွေပါတယ်။ ကျွန်တော်တို့တော့ အခန်းထဲမှာ ပျင်းလို့ လုပ်စရာ မရှိရင် ဧည့်ကြိုကောင်တာမှာ ရှိတဲ့ ဒါမှမဟုတ် ဟိုတယ်ထဲက ကော်ဖီဆိုင်မှာ ရှိတဲ့ ဖိလစ်ပီနာ ချောချောလေးများနဲ့ အပျင်းပြေ တောင်စဥ် ရေမရ သွားပွားနေကြတာပါပဲ။

တကယ်တော့ ဖိလစ်ပိုင်ကို မလေးရှားလောက် မဆိုးဘူးလို့ စိတ်ထဲမှာပဲ ခံစားရတာပါ။ မနီလာက မလေးရှားထက် အများကြီး ပိုကြမ်းပါတယ်။ လေဆိပ်မှာ လုံခြုံရေးစောင့်တဲ့ အစောင့်များက စက်သေနတ် ကိုင်စောင့်ပါတယ်။ ရှော့ပင်းစင်တာတွေ ဟိုတယ်တွေမှာ လုံခြုံရေး ယူတဲ့ အစောင့်တွေကလည်း တကယ့် သေနတ် အစစ်ကို ခါးချိတ်ပြီး စောင့်ကြပါတယ်။ ကျွန်တော် ရောက်တဲ့ ညက စလုံး တရုတ်တယောက်နဲ့ ဟိုတယ်ဧည့်ကြိုကောင်တာကလူတွေနဲ့ စကားများနေတာ တွေ့ရပါတယ်။ ပြသနာက စလုံးတရုတ်က အပြင်က အပြန်မှာ ကောင်မလေး တစ်ယောက်ကို မလာပြီး ဟိုတယ်ပေါ်ခေါ်လာတော့ ဧည့်ကြိုကောင်တာက မှတ်ပုံတင်ခိုင်းလို့ပါ။ စလုံးတရုတ်က သူနဲ့ အတူတူ ခေါ်လာတဲ့ ကောင်မလေးကို မှတ်ပုံတင်ရမယ် ဆိုတာကို မကျေနပ်လို့ ပြသနာရှာပါတယ်။ ဟိုတယ်ကလည်း လုံခြုံရေးအရ မတင်လို့ မဖြစ်ဘူး ဆိုပြီး အတင်းကို မှတ်ပုံတင်ခိုင်းပါတယ်။ ​နောက်ဆုံးတော့လည်း စလုံးတရုတ်က အောင့်သီးအောင့်သက်နဲ့ သူခေါ်လာတဲ့ ကောင်မလေးကို သူ့အခန်းမှာ မှတ်ပုံတင် လိုက်ရပါတယ်။

မနီလာနဲ့ ပတ်သက်လို့ ပြောစရာတွေ အများကြီး ကျန်ပါသေးတယ်။ မနီလာရဲ့ အစားအသောက်တွေ၊ စိတ်ဝင်စားစရာ ကောင်းတဲ့ ညဘက် အပန်ုးဖြေစရာတွေ၊ လှုပ်လှုပ်ရှားရှား စိတ်ဝင်စားစရာ ကောင်းတဲ့ ရွေးကောက်ပွဲ အကြောင်းတွေကို နောက်ပို့စ်တွေမှာ ဆက်ရေးပါဦးမယ်။ 

(Jeepney ပုံကို Wikipedia က ယူထားပါတယ်။)