Search This Blog

Monday, August 30, 2010

မနီလာ ဒိုင်ယာရီ (၃)

မနီလာမှာ ကျွန်တော်ရှိနေတဲ့ အချိန်က ဖိလစ်ပိုင် တစ်နိုင်ငံလုံး ရွေးကောက်ပွဲ ကျင်းပလုဆဲဆဲ အချိန်ပါ။ အဲဒါကြောင့် မြို့ထဲမှာ ကားတွေနဲ့  စီတန်း လှည့်ပတ်ပြီး မဲဆွယ်နေကြတာ မကြာခဏ ကြုံရ ပါတယ်။ မြို့တော်ဝန် အရွေးခံမဲ့သူက ယာဥ်တန်းရဲ့ ရှေ့ဆုံး အမိုးပွင့်ကားတစ်စင်း ပေါ်မှာ မတ်တပ်ရပ်ပြီး လိုက်လာပါတယ်။ သူ့ရဲ့ အပေါင်းအပါတွေက နောက်မှာပါလာတဲ့ ကားတွေ ပေါ်ကနေ သူ့နာမည် ရေးထားတဲ့ စာတန်းတွေ အလံတွေကို ဝှေ့ယမ်းပြီး လိုက်အားပေး ကြပါတယ်။ အဲဒီလို ပုံစံနဲ့ မြို့ထဲကို လှည့်ကြတာပါ။ ရွေးကောက်ပွဲ အတွက် မဲဆွယ် ဟောပြောနေကြ တာလည်း နေရာတကာမှာ မကြာခဏ တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ဖိလစ်ပိုင်မှာ သုံးတဲ့ တာဂါးလော့ (Tagalog) စကားနဲ့ ပြောနေကြတာမို့ သူတို့ဘာတွေ ပြောနေ ကြသလဲတော့ နားမလည် ပါဘူး။ တာဂါးလော့ စကားမှာ မာဟာ ကီတာ (Mahal Kita) ဆိုတဲ့ နင့်ကို ငါချစ်တယ် အဓိပ္ပာယ် ရတဲ့ စကား တစ်လုံးပဲ နားလည်ပါတယ်။

ဖိလစ်ပိုင်က နိုင်ငံရေး အတော်နိုးကြားတဲ့ နိုင်ငံလို့ ထင်ရပါတယ်။ သတင်းစာ လွတ်လပ်ခွင့်လည်း အပြည့်အဝ ရှိပါတယ်။ အဲဒီအချိန်က GMA လို့ လူသိများကြတဲ့ အာရိုယိုနဲ့ သူတို့ဆီက ကျော်ဟိန်းလို နာမည်ကြီးတဲ့ မင်းသား ဖာနန်ဒို ပိုး ဂျူနီယာတို့ သမ္မတ ရွေးပွဲမှာ အားပြိုင်လို့ ကောင်းနေကြတဲ့ အချိန်ပါ။  အာရိုယိုက အရင်က ဖိလစ်ပိုင်ရဲ့ ဒုတိယ သမ္မတပါ။ သမ္မတ ဂျိုးဆက် အက်စထရာဒါ ပြုတ်သွားတဲ့ အတွက် သမ္မတ ဖြစ်လာခဲ့ ပါတယ်။ အာရိုယိုက အစောပိုင်းမှာ သမ္မတ အနေနဲ့ ဝင်အရွေး မခံဘူးလို့ ပြောထား ပြီးတော့မှ နောက်ပိုင်း စိတ်ပြောင်းသွားပြီး သမ္မတ အနေနဲ့ ဝင်အရွေးခံ ပါတယ်။ ဖိလစ်ပိုင် သတင်းစာမှာ ထောင်ထဲရောက်နေတဲ့ ဂျိုးဆက် အက်စထရာဒါကို အင်တာသွားဗြူးပြီး ရွေးကောက်ပွဲ အကြောင်း ထင်မြင်ချက် တောင်းတာမျိုးလည်း ပါတတ်ပါတယ်။ လက်ရှိ သမ္မတ ဖြစ်နေတဲ့ အာရိုယိုကို နှိပ်ကွပ်တဲ့ သတင်းမျိုးတွေလည်း ဖတ်ရတတ် ပါတယ်။ ဟိုတယ်မှာ နေတဲ့အချိန် ဆိုတော့ မနက်ခင်း မိုးလင်းရင် သတင်းစာ တစ်စောင်က အခန်းဝမှာ ရောက်နေတတ်တာမို့ သတင်းစာတော့ နေ့တိုင်း ဖတ်ဖြစ်ပါတယ်။

ရွေးကောက်ပွဲ အကြောင်း ခဏထားပြီး မနီလာရဲ့ ညတွေ အကြောင်းကို ဆက်ပါဦးမယ်။ ကလာယန်က ပြန်လာပြီးတော့ နောက်ပိုင်း ညတွေမှာတော့ မနီလာ ဟတ်ဒ်ရော့ခ် ကဖေးကိုပဲ ရောက်ဖြစ်ပါတယ်။ ဝင်ကြေး ယူအက်စ် ၇ ဒေါ်လာနဲ့ အဖျော်ယမကာ ၂ ခွက် အလကား သောက်ရတာမို့ အတော်တန်တယ် ပြောလို့ ရပါတယ်။ မှတ်မှတ်ရရ ကျွန်တော်တို့ အုပ်စုထဲက အင်ဂျင်နီယာ တစ်ယောက် အရက် မသောက်ချင်ဘူး ဆိုပြီး Long Island Tea ဆိုတာကို ဘာမှန်း ညာမှန်းမသိပဲ မှာသောက်တာ နောက်တော့မှ ကျွမ်းပစ်နေလို့ ဟိုတယ်ကို ထမ်းမပို့ရုံ တမယ် တွဲပြီး ပြန်ရပါတယ်။ Long Island Tea ဆိုတာ ရမ် နဲ့ စပ်ထားတဲ့ အဖျော်ယမကာ တစ်မျိုးပါ။

သုံးပတ်လောက် ကြာတော့ ဗီဇာကုန်သွားလို့ စင်ကာပူကို တပတ်လောက် ခဏပြန်ပြီးမှ မနီလာကို နောက်တစ်ခေါက် ထပ်ရောက် ဖြစ်ပါတယ်။ အဲဒီတုန်းက ဇာတ်လမ်းတစ်ခုကို ဒါမျိုးတွေလည်း ဖြစ်တတ်ပါတယ် ဆိုတဲ့ နာမည်နဲ့ ပို့စ်တစ်ခု ရေးခဲ့ဖူးပါတယ်။ ဒီတစ်ခါတော့ ကျွန်တော် တစ်ယောက်တည်း ပြန်ရောက်လာတာပါ။ ကျန်တဲ့ သူတွေအားလုံး နောက်မှ လိုက်လာမယ် ဆိုပြီး စင်ကာပူမှာ ကျန်နေခဲ့ကြပါတယ်။ စက်ရုံမှာ အနေကြာပြီမို့ ကျွန်တော်နဲ့ စက်ရုံက အင်ဂျင်နီယာတွေနဲ့ အဖွဲ့ကျ နေပါပြီ။ တစ်နေ့တော့ သူတို့ အုပ်စုထဲက ၃ ယောက် ရာထူးတက်တဲ့ အထိမ်းအမှတ် အနေနဲ့ နိုက်ကလပ်မှာ ပွဲလုပ်မှာမို့ ကျွန်တော့်ကို သူတို့နဲ့ အတူ လိုက်ခဲ့ဖို့ ခေါ်ပါတယ်။ အဲဒီ အချိန်က တစ်နေကုန် စက်ရုံထဲမှာ စက်တွေနဲ့ လုံးပမ်းပြီး ဖြစ်သမျှ ပြသနာ အားလုံးကို တစ်ယောက်တည်း ဒိုင်ခံ ရှင်းနေရတာမို့ ညနေဆိုရင် ဟိုတယ်မှာ ပြန်ပြီး နားချင်တဲ့စိတ်ပဲ ရှိပါတယ်။ ဘယ်ကိုမှ မသွားချင်ပါဘူး။ အဲဒါကြောင့် အလုပ်များနေလို့ မလိုက်ချင်ဘူးလို့ ယဥ်ယဥ်ကျေးကျေးပဲ အကြောင်းပြပြီး ငြင်းလိုက်ပါတယ်။ ဒါပေမယ့်လည်း သူတို့က ကျွန်တော်တို့ ကုမ္ပဏီရဲ့ ဖိလစ်ပိုင် ကန်းထရီး မန်နေဂျာ ကနေ တဆင့် ကျွန်တော့်ကို ပြောခိုင်းတာနဲ့ ငြင်းလို့ မရတော့ပဲ သူတို့ အုပ်စုနဲ့ အတူ  ပါသွားပါတယ်။ သူတို့ကတော့ မင်း ငါတို့နဲ့ ဒီည လိုက်လာလို့ နောင်တ မရစေရဘူးလို့ အာမခံပါတယ်။

စက်ရုံက စထွက်တော့ သုံးဘီးဆိုင်ကယ်နဲ့ ချောင်ကြိုချောင်ကြားက ထမင်းဆိုင် တစ်ဆိုင်ကို အရင်ဆုံး သွားကြပါတယ်။ ဒီလူတွေ ဘာကိစ္စနဲ့ ဒီလို ချောင်ကြိုချောင်ကြားက ထမင်းဆိုင်ကို လာရတာလဲ ဆိုတာ မတွေးတတ်လို့ ဘာလုပ်မလို့လဲ လို့ မေးကြည့် မိပါတယ်။ သူတို့က ဒီမှာ စပါယ်ရှယ်ဟင်း ရတယ်။ တခြားနေရာမှာ မရဘူး လို့ ပြောပြပါတယ်။ သူတို့ ပြောတဲ့ စပါယ်ရှယ်ဟင်းက တခြားတော့ မဟုတ်ပါဘူး။ ဖိုက်တင်းဘောပါ။ ကျွန်တော့်ကတော့ အဲဒီဟင်းကို နာမည်ကြားရုံနဲ့တင် မစားချင်တာနဲ့ ရိုးရိုးဟင်း တစ်မျိုးနဲ့ပဲ စားပါတယ်။ အဲဒီအချိန်က ဖိုက်တင်းဘောရဲ့ အစွမ်းသတ္တိများကို မကြားဖူး ပါဘူး။ သူတို့ကတော့ ဒီညအတွက် ဒါစားမှ ဖြစ်မယ်လို့ ကြုံးဝါးပြီး စားကြပါတယ်။

ထမင်းဆိုင်ကနေ ထွက်တော့ ဘတ်စ်ကား စီးပြီး ခရီးဆက်ခဲ့ကြ ပါတယ်။ ကျွန်တော်လည်း လိုက်သာ လိုက်လာရတယ်။ သူတို့ ဘယ်ကို ဦးတည်သွားနေတယ် ဆိုတာကို မသိပါဘူး။ မြို့လည်ခေါင် မဟုတ်တဲ့ နေရာတစ်နေရာကို ရောက်တော့ ဘတ်စ်ကားပေါ်က ဆင်းပြီး ဂျစ်ပနေး စီးကြပါတယ်။ အဲဒီနေရာကို ကူဘောင်း (Cubao) လို့ ခေါ်တယ်လို့ သူတို့က ကျွန်တော့်ကို ပြောပြပါတယ်။ နောက်ဆုံးတော့ ကျွန်တော်တို့ ဦးတည်သွားနေတဲ့ နိုက်ကလပ်ကို ရောက်ခဲ့ကြပါတယ်။

နိုက်ကလပ် အဝင်ဝမှာ လုံခြုံရေးအစောင့်တွေက ကျွန်တော်တို့ ဖုန်းတွေ အားလုံးကို စစ်ပါတယ်။ ကင်မရာ ပါတဲ့ ဖုန်းတွေ အားလုံးကို Memory ကတ်ဒ် ဖြုတ်ယူ ထားပါတယ်။ အဲဒီကတည်းက တစ်ခုခုတော့ တခုခုပဲ ဆိုတာ စိတ်ထဲမှာ သိလိုက်ပါတယ်။ ဝင်ကြေးကတော့ ပီဆို ၁၂၀ ဆိုတော့ စင်ကာပူ ၄ ဒေါ်လာလောက် ကျပါတယ်။ တံခါးဖွင့်ပြီး အထဲကို ဝင်လိုက်တော့ မျက်လုံးပြူးသွားပါတယ်။ အော် ဖိလစ်ပိုင်မှာ ဒီလောက် ဆင်းရဲတဲ့ ကောင်မလေးတွေလည်း ရှိသေးတယ် ဆိုတာကို ဆိုတာကို မျက်ဝါးထင်ထင် မြင်လိုက်ရလို့ပါ။

စင်မြင့်ပေါ်မှာ Gun N' Roses ရဲ့ November Rain သီချင်းနဲ့ ကောင်မလေး တစ်ယောက် ကနေပါတယ်။ အဲဒီ ကောင်မလေးရဲ့ တစ်ကိုယ်လုံး မိတ်ကပ် လူးထားပါတယ်။ ဖိလစ်ပိုင်မှာ တွေ့ခဲ့ဖူးသမျှ တခြား ကောင်မလေးတွေနဲ့ ယှဥ်ရင် အဲဒီကောင်မလေးက တော်တော့်ကို ချောတယ်လို့ ပြောလို့ ရပါတယ်။ သူတို့က ကျွန်တော့်ကို ကလပ်ထဲ ခေါ်သွားပြီး စင်မြင့်ဘေးက ခုံတစ်ခုံမှာ နေရာချပေးပါတယ်။ ဧည့်သည်မို့လို့ မြင်ကွင်း အကောင်းဆုံး နေရာမှာ ချပေးတာ ဖြစ်မှာပါ။ ခဏနေတော့ ကောင်မလေးက စင်ပေါ်မှာ ကနေရင်း ကနေ စီးကရက် တစ်လိပ်ကို မီးညှိပြီး ထိုင်ချ လိုက်ပါတယ်။ နောက်တော့ ထိုင်ရက်နဲ့ ဆေးလိပ်သောက်ပြပါတယ်။ စီးကရက်ကို အပေါ်နှုတ်ခမ်းနဲ့ မသောက်ဘဲ အောက်နှုတ်ခမ်းနဲ့ သောက်ပြတာမို့ ကလပ်ထဲမှာ လက်ခုပ်သံတွေ ဆူညံသွားပါတယ်။

ကျွန်တော်နဲ့ အတူပါလာတဲ့ ဖိလစ်ပိုင် အင်ဂျင်နီယာ တစ်ယောက်က ငါအနောက်ထဲ ဝင်လိုက်ဦးမယ်။ ဆိုပြီး စပ်ဖြဲဖြဲနဲ့ ဝင်သွားပါတယ်။ ခဏနေတော့ နောက် ကောင်မလေး တစ်ယောက် တက်လာပါတယ်။ ကောင်မလေး ပုံစံက အခုမှ စပြီး ကဖူးတာ ဆိုတာ တော်တော် သိသာပါတယ်။ ဒီကောင်မလေး အလှည့်ကျတော့ အမေပေးတဲ့ လယ်တစ်ကွက်တောင် ထုတ်မကြွားလိုက် ရပါဘူး။ စင်ပေါ်ကနေ ပျောက်သွား ပါတယ်။ အဲဒီလိုနဲ့ နောက်ထပ် ကောင်မလေး တစ်ယောက် တက်လာ ပြန်ပါတယ်။ ဒီကောင်မလေးကတော့ ရှိသမျှ အကုန် ထုတ်ကြွားပါတယ်။ အဲဒီကောင်မလေး ကလို့ ပြီးသွားတော့ စင်ပေါ်က ဆင်းပြီး ကျွန်တော်တို့ စားပွဲကို ရောက်လာပါတယ်။ နောက်တော့ ကျွန်တော့်ဘေးမှာ ထိုင်နေတဲ့ အင်ဂျင်နီယာရဲ့ ပေါင်ပေါ် တက်ထိုင်ပါတယ်။ သူ့နောက်ကနေ စားပွဲထိုး တစ်ယောက်က အရက်ခွက် ကလေးတွေ ထည့်ထားတဲ့ ဗန်းကလေး ကိုင်ပြီး လိုက်လာပါတယ်။ ကောင်မလေးက ပေါင်ပေါ် တက်ထိုင်ပြီးတာနဲ့ ဗန်းထဲက အရက်တစ်ခွက် ယူသောက်ပါတယ်။ ခဏနေတော့ နောက်စားပွဲကို ကူးသွားပါတယ်။ စားပွဲထိုးက ဘီလ်စာရွက်ကလေး တစ်ရွက် လာပေးလို့ ကြည့်လိုက်တော့ ကောင်မလေး သောက်သွားတဲ့ အရက်ခွက်ဖိုး  ပီဆို ၁၅၀ ပါ။ ခုန ကောင်မလေး တက်ထိုင်သွားတဲ့ အင်ဂျင်နီယာက ဘီလ်စာရွက်ပေါ်မှာ လက်မှတ် ထိုးပေးလိုက်ပါတယ်။

ဒီလိုနဲ့ ညသန်းခေါင် အထိ ရော့ခ်ဂီတ သံစဥ်တွေကို ခံစားနေကြပါတယ်။ :D ရုပ်ရှင်ထဲမှာ ကြည့်ရတာနဲ့တော့ မတူပါဘူး။ နည်းနည်း ကွာပါတယ်။ စင်ပေါ်မှာ ကနေတဲ့ ကောင်မလေးတွေကလည်း ရက်ရက်စက်စက်ကို ချောကြလှကြ ပါတယ်။ ကျွန်တော့် စားပွဲက အင်ဂျင်နီယာတွေလည်း တစ်ယောက်ပြီး တစ်ယောက် မကြာခဏ ပျောက်ပျောက် သွားကြပါတယ်။ ညသန်းခေါင် ကျော်မှ ကျွန်တော်တို့ ပြန်ဖို့ ပြင်ကြပါတယ်။ ပြန်ခါနီး စားပွဲက ထလာတော့ စက်ရုံမှာ စည်းကမ်း အတင်းကျပ်ဆုံးလို့ သိထားတဲ့ ထိပ်ပြောင်မန်နေဂျာကြီး ကျွန်တော်တို့ ဘေးက ဆိုဖာခုံမှာ ကောင်မလေး ဘယ်တစ်ယောက် ညာတစ်ယောက်နဲ့ ထိုင်နေတာကို တွေ့လိုက် ပါတယ်။ တကယ်တော့လည်း ကျားဆိုတာက ကျားပါပဲ။  မန်နေဂျာကြီး ဘေးက ကောင်မလေး တွေလည်း သူတို့ ရှိသမျှ မခြွင်းမချန် အကုန် ထုတ်ကြွား ထားပါတယ်။။  မန်နေဂျာကြီးက ကျွန်တော့်ကို တွေ့တော့ ဘယ်လိုလဲ လို့ လှမ်းမေးပါတယ်။ အားလုံး အဆင်ပြေပါတယ် လို့ပဲ ပြန်ဖြေလိုက်ပါတယ်။

အမှန်တကယ်တော့ ဒီပွဲကို စပွန်ဆာ လုပ်တာက စက်ရုံကို ပစ္စည်းသွင်းတဲ့ ဆပ်ပလိုင်ယာ တစ်ယောက်ပါ။ ပြန်ခါနီးမှာ ကျွန်တော့် ရှေ့မှာ ပိုက်ဆံရေပြီး ရှင်းနေတာ တွေ့ရပါတယ်။ သူတို့ ရှင်းနေတဲ့ ပိုက်ဆံက ပီဆို ၄ သောင်းကျော်မို့ မျက်လုံးပြူး သွားပါတယ်။ စလုံးနဲ့ တွက်ကြည့်ရင် တစ်ထောင်နဲ့ တစ်ထောင့်ငါးရာ ကြားမှာ ရှိပါတယ်။ အဲဒါနဲ့ ကျွန်တော့် ဘေးက အင်ဂျင်နီယာကို များလှချည်လားဟ။ ငါတို့ ဘီယာ တပုလင်း သောက်တာမှ ပီဆို ၁၀၀ တောင် မကျဘူး။ ဘယ်လိုဖြစ်လို့ ၄ သောင်း ကျော်ရတာလဲ လို့ မေးတော့ ငါတို့တွေ အနောက်ထဲမှာ ဗွီအိုင်ပီခန်း ဝင်တာ ၂ နာရီကို ၂ ထောင် ကျတယ်လေကွာ လို့ ပြန်ဖြေပါတယ်။ အခုမှပဲ ကျွန်တော့် စားပွဲက အင်ဂျင်နီယာတွေ ဘာလို့ ပျောက်သွားရသလဲ ဆိုတာ သဘော ပေါက်ပါတယ်။

နောက်နေ့ စက်ရုံမှာ ပြန်တွေ့တဲ့ အချိန်ရောက်တော့ မန်နေဂျာတွေ ညက ကဲခဲ့တာ သူတို့ မဟုတ်သလိုပါပဲ။ အင်ဂျင်နီယာ တစ်ယောက်ကတော့ ညက အိမ်ပြန်ရောက်တော့ မိန်းမနဲ့ ပြသနာ တက်တယ်ကွ လို့ ပြန်ပြောပါတယ်။ ကျွန်တော်တို့ အားလုံးက ဘာဖြစ်လို့လဲ လို့ ဝိုင်းမေးကြတော့ ငါ့ပါးစပ်က ဆေးလိပ် နံ့မရဘဲ ကိုယ်က ဆေးလိပ်နံ့ ရနေလို့ ငါ့မိန်းမက စဥ်းစား မရ ဖြစ်နေတယ်။ အဲဒါနဲ့ ငါ့မိန်းမက ငါ့ကို ပြသနာ ရှာတာ။ ငါလည်း ဒီလိုပဲ လှည့်ပတ်ပြီး လိမ်ရတာပေါ့ကွာ။ သူသဘောမပေါက်လို့ တော်သေးတယ် လို့ ပြန်ပြောပြ ပါတယ်။ ကျွန်တော်တို့ အားလုံး သူ့စကားကို ကြားတော့ ဝိုင်းရယ်ကြပါတယ်။

မနီလာ ဒိုင်ယာရီကို ဒီမှာ တစ်ခန်းရပ်ပါဦးမယ်။

Sunday, August 29, 2010

ပလေဂျာရစ်စင်

ရုရှားက တက္ကသိုလ် တစ်ခုမှာ စာမေးပွဲ စစ်တဲ့အချိန် လူတွေ့ စစ်ဆေးမေးနေတုန်း ဆရာက ကျောင်းသား တစ်ယောက်ကို ကော်ဖီ သွားယူခိုင်းပါတယ်။ ကျောင်းသားက ကော်ဖီခွက်ထဲ အရက်ထည့်လာပြီး ဆရာ့ကို တိုက်ပါတယ်။ ဆရာက သဘောကျတာနဲ့ အဲဒီနေ့က လူတွေ့ အစစ်ခံရတဲ့ ကျောင်းသားတွေ အကုန်လုံး ဂရိတ် ၅ ရကြပါတယ်။ အဲဒီအကြောင်းကို ကော်ဖီခွက်ယူပေးတဲ့ ကျောင်းသားက နောက်နေ့ လူတွေ့ဖြေမယ့် ကျောင်းသားတွေကို သတင်းပေးပါတယ်။ နောက်နေ့မှာလည်း ဆရာက ကော်ဖီယူခိုင်းတော့ ကျောင်းသားတစ်ယောက်က ကော်ဖီခွက်ထဲ အရက်ထည့်ပြီး ဆရာ့ကို ပေးလိုက်ပါတယ်။ ဒါပေမယ့် အဲဒီနေ့က လူတွေ့ဖြေတဲ့ ကျောင်းသားတွေ အားလုံး ဂရိတ် ၃ ပဲ ရကြပါတယ်။ ကျောင်းသားတွေက ဆရာကို ဘာဖြစ်တာလဲ မေးတော့ ဆရာက ငါ ပလေဂျာရစ်စင် (Plagiarism) ကို လက်မခံဘူးကွလို့ ပြန်ပြောပါတယ်။ မောင်ကောင်းထိုက်ရဲ့ ဟာသတစ်အုပ်ထဲမှာ ဖတ်ဖူးတာပါ။

ပလေဂျာရစ်စင်ကို အရိုးရှင်းဆုံး အဓိပ္ပာယ်ဖွင့်ရင် ကူးချတာပဲ ပြောရပါမယ်။ ဒါပေမယ့် ပညာရေး လောကမှာ ပလေဂျာရစ်စင်ရဲ့ အဓိပ္ပာယ်က ကူးချတာထက် အများကြီး ပိုပြီး ကျယ်ဝန်းပါတယ်။ ပညာရေး ဆိုင်ရာ ရိုးသားမှု မရှိခြင်း (lack of academic integrity) လို့ ပြောရင် ရပါတယ်။ ကိုယ်လုပ်ရမယ့် အဆိုင်းမင့်ကို တခြားသူကို လုပ်ခိုင်းတာ၊ ကိုယ်လုပ်ရမယ့် ပရော့ဂျက်ကို သူများကို လုပ်ခိုင်းတာ၊ တခြားသူတစ်ယောက် ဆီကနေ အိုင်ဒီယာ ယူတာ၊ စာအုပ်ထဲမှာ ရေးထားတဲ့ စာသားကို ကိုးကားချက် မထည့်ပဲ ကိုယ်ပိုင် အိုင်ဒီယာလို ဝါကျ ပြောင်းရေးတာတွေကလည်း ပလေဂျာရစ်စင် ထဲမှာ ပါပါတယ်။

ငါးပိနဲ့လောက်၊ ရွှေနဲ့ကျောက် မကင်းကြသလို တက္ကသိုလ် ကျောင်းသား အများစုလည်း ပလေဂျာရစ်စင်နဲ့ မကင်းကြပါဘူး။ စင်ကာပူမှာတော့ ပလေဂျာရစ်စင်နဲ့ ပတ်သက်ရင် တခြားနိုင်ငံတွေလောက် သိပ်ပြီးတော့ တင်းတင်းကျပ်ကျပ် မရှိဘူး လို့ ထင်ပါတယ်။ ကျွန်တော်တို့ ပေါ်လီမှာ ကျောင်းတက်တဲ့ အချိန်က အဆိုင်းမင့် တစ်ခု ပေးလိုက်ရင် တွက်တဲ့ချက်တဲ့ အဆိုင်းမင့်ဆိုရင် တစ်ယောက်က လုပ်ပြီး တစ်ခန်းလုံး ဝိုင်းကူးကြတာပါပဲ။ ဆရာတွေကလည်း ဘာမှ သိပ်မပြောကြပါဘူး။ တစ်ခါက ကျွန်တော့် သူငယ်ချင်းများ ဆိုးဆိုးရွားရွား လုပ်ဖူးပါတယ်။ နောက်ဆုံးနှစ် ပရော့ဂျက် ရီပို့ကို ရှေ့နှစ်က လုပ်သွားတဲ့ သူတွေရဲ့ ရီပို့ကို ပြန်ကူးကြတာပါ။ ရီပို့ကို စစ်တဲ့ ဆရာကလည်း ဒီဆရာ တစ်ယောက်တည်းပါပဲ။ ဆရာက ရီပို့ကို ဖတ်ပြီးတော့ "မင်းတို့ တော်ရုံတန်ရုံ ကူးတာလောက် ဆိုရင် ငါဘာမှ မပြောဘူး။ အခုဟာက လွန်လွန်းတယ်။ ခေါင်းစဥ်မှာ စာလုံးပေါင်း မှားတာက အစ တူနေတယ်။ အဲဒီလောက်တော့ မဖြစ်သင့်ဘူး။" လို့ ပြောပါတယ်။ ဒါပေမယ့်လည်း ပြင်းပြင်းထန်ထန် အရေးယူတာတော့ မရှိပါဘူး။

တက္ကသိုလ် တက်တဲ့ အချိန်ကျတော့ တခြားနိုင်ငံ တက္ကသိုလ်တစ်ခုက လာဖွင့်တဲ့ အချိန်ပိုင်း ဒီဂရီ တက်ဖြစ်တာမို့ ပလေဂျာရစ်စင်နဲ့ ပတ်သက်ပြီး အရမ်း တင်းကျပ်တာကို ကိုယ်တွေ့ ကြုံရပါတယ်။ ကြုံဖူးသမျှ ဆရာထဲမှာ အီလက်ထရွန်းနစ် ဒီဇိုင်း ဘာသာ သင်တဲ့ အာဂျင်တီးနား ဆရာက အဆိုးဆုံးပါ။ သူပေးတဲ့ အဆိုင်းမင့်ကို အချင်းချင်း တိုင်ပင်တာတောင် ခွင့်မပြုပါဘူး။ ကျောင်းမှာ အဆိုင်းမင့် အကြောင်း ဆွေးနွေးနေတာ တွေ့ရင် တွေ့တဲ့နေရာမှာ ကျောင်းသားကတ်ဒ် တောင်းပြီး နာမည်မှတ် ပါတယ်။ စာကြည့်တိုက်ထဲမှာ တခြားသူ တစ်ယောက်ယောက် လုပ်ထားတဲ့ အဆိုင်းမင့်ကို ဖတ်ကြည့်နေတာ တွေ့ရင်လည်း စာကြည့်တိုက်ထဲ ဝင်လာပြီး နာမည်မှတ်ပါတယ်။ ကျောင်းသား တစ်ယောက်ကတော့ ကံဆိုးစွာနဲ့ အတန်းထဲမှာ တခြားသူ တစ်ယောက်ရဲ့ အဆိုင်းမင့်ကို ကူးနေတဲ့ အချိန် မိသွားလို့ အဲဒီ အဆိုင်းမင့်ကို သုည အပေးခံရပါတယ်။ 

အဲဒါဆို ဘယ်ဟာမှ ကူးလို့ မရဘူးလား ဆိုတော့ မဟုတ်ပါဘူး။ ပလေဂျာရစ်စင်မှာ မကူးရဘူးလို့ မကန့်သတ် ထားပါဘူး။ တခြားသူရဲ့ အိုင်ဒီယာကို ကိုယ့်အိုင်ဒီယာလို အယောင်မဆောင်ရဘူး လို့ပဲ ကန့်သတ်ထားတာပါ။ ပရော့ဂျက်လုပ်တဲ့ အချိန် စာတမ်းရေးတဲ့ အချိန်တော့ ပုံနှိပ်စာအုပ်တွေ၊ တခြားသူ ရေးထားတဲ့ စာတမ်းတွေကို ကိုးကား ရပါတယ်။ ဘယ်စာအုပ်က ကူးထားတယ် ဆိုတာ ကိုးကားချက် ထည့်ပြီး ကိုယ့်စာသားနဲ့ ပြန်ပြင် ရေးပေးရပါတယ်။ ရီပို့တွေကို မတင်ခင် ကျောင်းက ကွန်ပြူတာ ဆာဗာမှာ ရှိတဲ့ ဆော့ဖ်ဝဲလ်ထဲ ထည့်ပြီး ကိုယ့်ဘာသာကိုယ် စစ်ကြည့်ရင် ဘယ်စာကြောင်းက ဘယ်စာတမ်းက ကူးထားတယ် ဆိုတာမျိုးကို ဆော့ဖ်ဝဲလ်က နေ ပြန်ပြပါတယ်။ သူတို့ ဒေတာဘေ့စ်ထဲမှာ ကျောင်းက တခြား ကျောင်းသားတွေ တင်သွားခဲ့တဲ့ ရီပို့တွေ၊ အင်တာနက် ပေါ်မှာ တရားဝင် ဖြန့်ဝေထားတဲ့ ရီပို့တွေ၊ နိုင်ငံတကာ အီလက်ထရွန်းနစ်နှင့် အီလက်ထရစ်ကယ် အင်ဂျင်နီယာ အသင်း (IEEE) က ထုတ်ဝေထားတဲ့ စာတမ်းတွေ သိမ်းထားပြီး အဲဒီ စာတမ်းတွေနဲ့ တိုက်စစ် ကြည့်တာပါ။ တစိတ်တပိုင်းတော့ တူလို့ ရပါတယ်။ အများကြီး တူနေရင်တော့ ပြသနာ ရှိပါတယ်။ တဆင့်စကားနဲ့ ပြန်ကြားဖူးတာကတော့ မြန်မာ ကျောင်းသား တစ်ယောက် နောက်ဆုံးနှစ် ပရော့ဂျက် ရီပို့မှာ စာပိုဒ် ၂ ပိုဒ်ကို တခြားနေရာကနေ ကူးထားပြီး ရည်ညွှန်းချက် ထည့်ဖို့ မေ့သွားလို့ ၆ လ အစအဆုံး ပြန်လုပ်ရဖူးတဲ့ သာဓက ရှိဖူးတယ်လို့ ဆိုပါတယ်။

တချို့ ကျတော့လည်း ရိုးသားလွန်းလို့ ဟာသ ဖြစ်ပါတယ်။ မြန်မာ ကျောင်းသားတစ်ယောက်နဲ့ ပတ်သက်ပြီး တက္ကသိုလ် တစ်ခုလုံး ဟိုးလေး တကျော်ကျော် ဖြစ်သွားခဲ့တဲ့ အဖြစ် တစ်ခု ရှိပါတယ်။ သူက ရီပို့ မတင်ခင် ကျောင်းက ဆာဗာမှာ ထည့်ပြီး စစ်ကြည့်တော့ သူ့ရီပို့က တခြား ရီပို့တစ်ခုနဲ့ တချို့ နေရာတွေ သွားတူနေတာကို တွေ့ရပါတယ်။ အမှန်တကယ်ကတော့ အရင်ရီပို့ကလည်း သူပဲ ရေးပြီး တင်ခဲ့တာပါ။ ဒါပေမယ့် ကျောင်းက ဒေတာဘေ့စ်က တင်သမျှ ရီပို့ အကုန် သိမ်းထားတာမို့ အရင် ရီပို့နဲ့ တူနေတဲ့ အကြောင်း ပြန်ပြတာပါ။ အဲဒါကို သူက ပညာရေး ဆိုင်ရာ ရိုးသားမှု လွန်ကဲပြီး ရီပို့ ထဲမှာ ရည်ညွှန်းချက် ထည့်ပါတယ်။ အရင်ရီပို့ထဲက စာပိုဒ်တွေကို သူ့နာမည်နဲ့သူ ပြန်ပြီး ကိုးကားတာပါ။ အဲဒီ ရီပို့ကို စစ်တဲ့ ဆရာတွေက ကိုယ့်နာမည်ကိုယ် ပြန်ပြီး ကိုးကားထားတာ ဖတ်ပြီး ရယ်ကြပါတယ်။ ဒါမျိုး တခါမှ မကြုံဖူးဘူးလို့လည်း ပြောကြပါတယ်။ အဲဒီ မြန်မာ ကျောင်းသားလည်း ကျောင်းက ဘွဲ့ရသွားတဲ့ အချိန် တက္ကသိုလ်မှာ ပြောစမှတ် တွင်ကျန်ရစ်ခဲ့ပါတယ်။

Monday, August 23, 2010

မြို့ပြ အင်ဂျင်နီယာ တစ်ယောက် နဲ့ စကားပြောခြင်း

မြို့ပြအင်ဂျင်နီယာ ဆိုတဲ့ စကားလုံးကို ကြားရင် ကျွန်တော့် သူငယ်ချင်း တစ်ယောက် ပြောဖူးတဲ့ ရယ်စရာ အဖြစ်အပျက် တစ်ခုကို အမြဲတမ်း သတိရတတ် ပါတယ်။ ကျွန်တော့် သူငယ်ချင်းက ကျွန်တော်တို့နဲ့ တနှစ်တည်း ပေါ်လီမှာ မြို့ပြအင်ဂျင်နီယာ ဘာသာနဲ့ ဒီပလိုမာ ရထားပြီး ရန်ကုန်မှာလည်း စက်မှုတက္ကသိုလ်က မြို့ပြအင်ဂျင်နီယာ ဘာသာရပ်နဲ့ ကျောင်းပြီးထားတာပါ။ တစ်နေ့တော့ သူနဲ့ အတူတူ ကျောင်းပြီးတဲ့ သူငယ်ချင်းတစ်ယောက် အလုပ်ရှာရင်း ရန်ကုန်က ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုမှာ အလုပ်ရသွားပါတယ်။ ဆောက်လုပ်ရေး ကုမ္ပဏီ ပိုင်ရှင် သူဌေး က စက်မှုတက္ကသိုလ် ကျောင်းဆင်း ဘွဲ့လက်မှတ်ကို ကြည့်ပြီး "အတော်ပဲ။ ငါ့ဆီမှာ မြို့ပြ အင်ဂျင်နီယာ တစ်ယောက်မှ မရှိသေးဘူး။" ဆိုပြီး ပြောတော့ အလုပ် သွားလျှောက်တဲ့သူမှာ မျက်လုံးပြူး သွားပါတယ်။ ဆောက်လုပ်ရေး ကုမ္ပဏီ အကြီးကြီး တစ်ခုဖြစ်နေပြီး မြို့ပြအင်ဂျင်နီယာ တစ်ယောက်မှ မရှိဘူး ဆိုတော့ ဘယ်လိုများ အဆောက်အဦးတွေ ဆောက်နေသလဲ ဆိုပြီး စဉ်းစားရ ကျပ်သွားပါတယ်။

နောက်တော့ ကုမ္ပဏီ ပိုင်ရှင်က "ငါ့ဆီမှာ ဂျီတီအိုင်က ဆင်းတဲ့ ကောင်လေးတွေတော့ ရှိတယ်ကွ။ သူတို့က မြို့ပြ အင်ဂျင်နီယာတော့ မဟုတ်ဘူး။" လို့ ဆက်ပြောပါတယ်။ အလုပ်လာလျှောက်တဲ့သူမှာ သိချင်တာနဲ့ "ဒါဆို သူတို့က ဘာနဲ့ ကျောင်းပြီးတာလဲ။" လို့ ပြန်မေးပါတယ်။ အဲဒီတော့ သူဌေးက "နေဦး။ သူတို့ အောင်လက်မှတ် ငါယူခိုင်းလိုက်မယ်။" ဆိုပြီး သူ့စာရေးမကို သူ့ဝန်ထမ်းတွေရဲ့ အောင်လက်မှတ်ကို သွားယူခိုင်းလိုက်ပါတယ်။ ခဏနေတော့ သူ့စာရေးမက အောင်လက်မှတ်တွေ ယူလာပြီး ပြပါတယ်။ အောင်လက်မှတ်တွေကို ကြည့်ပြီးတော့ မြို့ပြ အင်ဂျင်နီယာမှာ ဘာပြောရမှန်း မသိအောင် ဖြစ်သွားပါတယ်။ အောင်လက်မှတ်မှာ ရေးထားတာက A.G.T.I (Civil) ဆိုပြီးတော့ပါ။ နောက်မှ သူ သဘောပေါက် သွားပါတယ်။ စက်မှုတက္ကသိုလ် ဘွဲ့လက်မှတ်မှာ မြို့ပြအင်ဂျင်နီယာဘာသာလို့ မြန်မာလို ရေးထားပေမယ့် ဂျီတီအိုင် အောင်လက်မှတ်မှာတော့ မြန်မာလို ရေးမထားပါဘူး။ ဆောက်လုပ်ရေး ကုမ္ပဏီ ပိုင်ရှင်က Civil ကို မြို့ပြ အင်ဂျင်နီယာလို့ ခေါ်တယ် ဆိုတာ မသိလို့ သူအတော် လေသွားတယ် ဆိုတဲ့ အကြောင်း ကျွန်တော့် သူငယ်ချင်းကို ပြန်ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ မြို့ပြအင်ဂျင်နီယာ ဘာသာရပ်က လူကြိုက်အများဆုံး ဘာသာရပ် ဖြစ်ပေမယ့် စင်ကာပူ မှာတော့ လူကြိုက် အနည်းဆုံး ဘာသာရပ်တွေထဲမှာ ပါပါတယ်။ ကျွန်တော်တို့ ပေါ်လီ စတက်တော့ မက္ကင်နီကယ်နဲ့ မက်ကထရောနစ် က လူကြိုက် အနည်းဆုံး ဘာသာရပ်ပါ။ မြို့ပြ က နည်းနည်း အမှတ်မြင့်ပါတယ်။ ဒါပေမယ့် နောက် ၂နှစ် ၃နှစ်လောက် ကျွန်တော်တို့ ကျောင်းပြီးတဲ့ အချိန်မှာတော့ မြို့ပြက လူကြိုက်အနည်းဆုံး ဘာသာရပ် ဖြစ်သွားပါတယ်။ ကျောင်းဝင်ခွင့်ရပြီး ဘယ်လိုင်း ပေးရမှန်း မသိတဲ့ သူတွေကို မြို့ပြ အင်ဂျင်နီယာ ဘာသာရပ်ကို ပို့ပါတယ်။ မြို့ပြက အောက်ရောက် သွားပေမယ့် ဗိသုကာ (Architecture) ကတော့ အမှတ်မြင့်တုန်းပါပဲ။

ကျွန်တော်နဲ့ တစ်နှစ်တည်း မြို့ပြ မေဂျာမှာတက်တဲ့ ယောက်ျားလေးတွေ အားလုံးနီးပါးက ကျွန်တော့်ရဲ့ သူငယ်ချင်း အရင်းခေါက်ခေါက်တွေပါ။ အခုတော့လည်း အားလုံးနီးပါး ဒီလိုင်းထဲကနေ လစ်ပြေးကြပါပြီ။ ဒီလိုင်းထဲမှာ ဆက်ပြီး လုပ်စားနေတဲ့ သူဆိုလို့ တက္ကသိုလ် ဆက်တက်ပြီး ဒီဇိုင်း အင်ဂျင်နီယာ လုပ်နေတဲ့ တစ်ယောက်ပဲ ကျန်ပါတော့တယ်။ စလုံးမှာ မြို့ပြ အင်ဂျင်နီယာ ဒီပလိုမာနဲ့ အလုပ်လုပ်ရတာ မစားသာပါဘူး။ ဆိုက်ဒ်ထဲမှာ အလုပ်လုပ်တဲ့ သူတွေအတွက် စနေတနင်္ဂနွေ ပိတ်ရက်ဆိုတာ မရှိသလောက် ပါပဲ။ အဲဒါအပြင် တခြားသူတွေက အဲယားကွန်းခန်းထဲ ထိုင်ပြီး အလုပ်လုပ်နေတဲ့ အချိန် သူတို့ အလုပ်ကတော့ နေပူကြဲတဲ ထဲမှာပါ။

စလုံးက ဆောက်လုပ်ရေး လုပ်ငန်း အကြောင်း ကျွန်တော့် သူငယ်ချင်းက ပြန်ပြောပြ ပါတယ်။ သူတို့ အလုပ်က မြောင်းတွေ ဆောက်တဲ့ ကန်ထရိုက်တာ အလုပ်ပါ။ ကျွန်တော်တို့က သူ့ကို မြောင်းကန်ထရိုက်ကြီးလို့ နောက်ပြီး ခေါ်ကြပါတယ်။ မြောင်းဆိုတာက အဆောက်အဦးထဲမှာ ရှိတာမဟုတ်ဘဲ အပြင်မှာပဲ ရှိတာမို့ သူတို့ အမြဲတမ်း နေပူထဲမှာပဲ အလုပ်လုပ် ရပါတယ်။ သူကတော့ စင်ကာပူမှာ ပြောလိုက်ရင်တော့ စတန်းဒတ် စတန်းဒတ်နဲ့ တပြားမှ မလျှော့ဘူး။ ဆပ်ကန်ထရိုက်တာတွေ ကတော့ လစ်ရင် လစ်သလို လုပ်ချင်ရာ လုပ်နေကြတာကွ လို့ ပြောပါတယ်။

သူက သူ့ရဲ့ ကိုယ်တွေ့ အဖြစ်အပျက်တစ်ခုကို ပြောပြပါတယ်။ တစ်ခါက သူတို့ မြောင်းထဲကို ကွန်ကရစ် လောင်းဖို့ ကွန်ကရစ်မှာလိုက်တာ နည်းနည်း လိုသွားပါတယ်။ သူက တွက်ချက်ပြီး မှာလိုက်ပေမယ့် လိုသွားလို့ ဘာလုပ်ရမှန်း မသိပဲ ခေါင်းစား နေပါတယ်။ အဲဒီအချိန် မြေကြီးကော်တဲ့ စက်ကို လှမ်းကြည့်တော့ စက်မောင်းတဲ့သူက ဘာမပြော ညာမပြောနဲ့ ကွန်ကရစ် လိုနေတဲ့ အပေါက်ထဲကို မြေကြီးတွေ ကျုံးထည့်နေတာ မြင်လို့ မျက်လုံးပြူးသွားပြီး ရပ်ဦး ဆိုပြီး လှမ်းအော်ပြော ပါတယ်။ မင်းဘာလုပ်တာလဲလို့ သူက မြေကြီးကော်စက် မောင်းတဲ့ ဘင်္ဂလားကို လှမ်းမေးတော့ ဖိုမင်က ထည့်ခိုင်းလို့ ထည့်တာ လို့ ဘင်္ဂလားက ပြန်ဖြေ ပါတယ်။ ဖိုမင်ကို မေးတော့ ဒီလိုပဲ လုပ်နေကြ ဘာမှ ပြသနာ မရှိဘူးလို့ သူ့ကို ပြန်ပြောပါတယ်။ သူလည်း စိတ်လေ သွားပါတယ်။

စလုံးမှာ ဆောက်လုပ်ရေး လုပ်ငန်းက နည်းနည်း ကြမ်းတမ်းပါတယ်။ သူဌေး တချို့ကလည်း အတော်လေး ခွက်ကျ ပါတယ်။ ကျွန်တော့် သူငယ်ချင်းကတော့ သူ့သူဌေးရဲ့ ညစ်ပတ်ပုံ ပေါင်းစုံကို ကျွန်တော်တို့ကို ရင်ဖွင့်ပါတယ်။  "နေ့စား အလုပ်သမားတွေ ဆိုတာ အိုဗာတိုင် လုပ်မှ သူတို့အတွက် လကုန်ရင် ပိုက်ဆံကျန်တာ။ အဲဒီတော့ မင်းတို့ သူတို့ကို ငဲ့ညှာတဲ့ အနေနဲ့ စနေ တနင်္ဂနွေတွေ အလုပ်ဆင်း ပေးလိုက်ပါ။" လို့ သူတို့ကို သူဌေးက ပြောပြီး ပိုက်ဆံ မပေးဘဲ စနေတနင်္ဂနွေ ဆင်းခိုင်းပါတယ်။။ သူကတော့ "သူတို့ကို ငဲ့ညှာရတာ အရေးမကြီးဘူးကွ။ ငါတို့ကျတော့ ပိုက်ဆံမရပဲ တပတ် ၇ ရက် အလုပ်ဆင်းရတာကျတော့ ထည့်မပြောဘူး။" လို့ ညည်းပါတယ်။ 

အဲဒီသူဌေး ညစ်ပတ်ပုံများကလည်း ကြားရတာတောင် အော့နှလုံး နာစရာပါ။ တစ်နေ့တော့ သူတို့ သူဌေးရဲ့ အိမ်မှာ ခိုင်းတဲ့ အိမ်ဖော်ကောင်မလေးနဲ့ သူဌေးရဲ့ ညီမတို့ ရန်ဖြစ်ကြပါတယ်။ အိမ်ဖော် ကောင်မလေးက ဒေါသဖြစ်ပြီး ပြန်ချင်တယ် လို့ ပြောပါတယ်။ သူဌေးရဲ့ ညီမက ကောင်းပြီ။ နင်ပြန် စေချင်ရင် ပြန်ရမယ် ဆိုပြီးတော့ ပြန်ပြောပါတယ်။ နောက်တော့ ကောင်မလေးကို လေဆိပ်လိုက်ပို့ပြီး လေဆိပ်ရောက်မှ နင့်ကို အင်ဒိုနီးရှား ပြန်ဖို့ စင်ကာပူ လေကြောင်းလိုင်း Business Class ကနေ လက်မှတ် ဝယ်ပေးလိုက်တယ်။ လေယာဥ်ပျံ လက်မှတ်ခကို နင့်လခထဲက ဖြတ်လိုက်တယ် ဆိုလို့ အိမ်ဖော် ကောင်မလေးမှာ ချုံးပွဲချပြီး ငိုပါတော့တယ်။

တစ်ခါတော့ သူ့သူဌေးနဲ့ သူ့အလုပ်က မြန်မာ အလုပ်သမား ကောင်လေး တစ်ယောက်နဲ့ ပြသနာ တက်ကြပါတယ်။ တစ်ယောက် တစ်ခွန်း စကားများကြရင်း သူဌေးက ကောင်လေး ကို လက်သီးနဲ့ ထိုးထည့်လိုက် ပါတယ်။ အဲဒီ ကောင်လေးက ထွက်ပြေးပြီး ရဲကို သွားတိုင်ပါတော့တယ်။ ရဲက အကြံပေးမှုနဲ့ မြန်မာ အလုပ်သမား ကောင်လေးက သူဌေးကို အလုပ်သမား ဝန်ကြီးဌာန (MOM) ကနေ တစ်ဆင့် တရားစွဲပါတယ်။ တရားစွဲတဲ့ အချိန်မှာတော့ အဲဒီကောင်လေးက သူအိုဗာတိုင် မရတာတွေ မတရားသဖြင့် ပိုက်ဆံ အဖြတ်ခံရတာတွေ တိုင်တော့ MOM က အဲဒီသူဌေးကို ကောင်လေးရဲ့ ရပိုင်ခွင့် ဆုံးရှုံးထားတဲ့ ပိုက်ဆံတွေ အားလုံး ပြန်ပေးပြီး မြန်မာပြည် ပြန်ပို့ပေးဖို့ အမိန့်ချ လိုက်ပါတယ်။ ကောင်လေးကို ကုမ္ပဏီက လျော်ရမယ့် ပိုက်ဆံက စင်ကာပူ ဒေါ်လာ ထောင်ဂဏန်းပါ။

စင်ကာပူမှာ Work Permit နဲ့ အလုပ်လုပ်တဲ့သူတွေ ပြန်မယ် ဆိုရင် ကုမ္ပဏီက လေဆိပ်အရောက် လိုက်ပို့ပေးရပါတယ်။ လေဆိပ်ကို မပို့ပဲ ပတ်စ်ပို့ ပြန်ပေးရင် ထွက်ပြေးပြီး အိုဗာစတေး နေမှာ စိုးလို့ပါ။ သူ့ ကုမ္ပဏီက လေဆိပ်ရောက်ရင် ပေးစရာ ရှိတဲ့ ပိုက်ဆံ ပေးမယ်လို့ ပြောပြီး လေဆိပ်ကို လိုက်ပို့ပါတယ်။ လေဆိပ်ရောက်လို့ Check-in ဝင်ပြီးတဲ့ အချိန်ရောက်မှ လိုက်ပို့တဲ့ သူဌေး ညီမက မင်းကို ပိုက်ဆံ တပြားမှ မပေးနိုင်ဘူး ပြန်တော့ ဆိုပြီး ပတ်စ်ပို့ ပြန်ပေးရင်း ပြောပါတယ်။ ဟိုကောင်လေးကလည်း Check In လုပ်ပြီးတာ ဘာအရေးလဲ။ အိတ်ထဲမှာ ဘာပါတာမှတ်လို့။ ပိုက်ဆံမရရင် မပြန်ဘူး ဆိုပြီး လေယာဥ်ပေါ် မတက်ပါဘူး။ နောက်တော့ MOM ကနေ နောက်တစ်ကြိမ် တရား ထပ်စွဲပါတယ်။ ဒီတစ်ခါတော့ MOM က ကောင်လေးရဲ့ ပတ်စ်ပို့စ်နဲ့ သူ့ကို ပေးရမယ့် ပိုက်ဆံကို မြန်မာ သံရုံးကနေ တစ်ဆင့် ပေးပြီး မြန်မာသံရုံးက လေဆိပ် လိုက်ပို့ဖို့ ညှိနှိုင်းပေးလိုက်ပါတယ်။ အဲဒီလိုနဲ့ မြန်မာ ကောင်လေးမှာ သူရစရာ ရှိတဲ့ ပိုက်ဆံ ပြန်ရသွားပါတယ်။ (တစ်ခါတစ်လေလည်း သံရုံးကို Credit လေး ပေးလိုက်ပါဦးမယ်။ :D )

စင်ကာပူမှာ ၃လလောက် Site Supervisor လုပ်ပြီး ရန်ကုန်ပြန်သွားတဲ့ ကျွန်တော့် သူငယ်ချင်းကို ရန်ကုန် ဆံပင်ညှပ်ဆိုင်က ကောင်မလေးတွေက အညာက ပြန်လာတာလား မေးလို့ သူ့မှာ အတော်ဖု သွားပါတယ်။ ပြောရင်လည်း ပြောစရာပါ။ နေပူထဲမှာ နေတာကြာလို့ တရုပ်သွေးစပ်တဲ့ သူ့အသားတွေ မည်းတူးနေတာကြောင့် ကျွန်တော်တို့က သူ့ကို African Chinese လို့ နောက်ပြီး ခေါ်ကြတဲ့ အထိပါပဲ။ သူလည်း စလုံးက ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို အတော် စိတ်နာသွားပုံ ရပါတယ်။ အဲဒီတစ်ခါ ပြန်သွားပြီးကတည်းက ပြန်မလာ တော့ပါဘူး။

Sunday, August 22, 2010

ဂန္တဝင်မြောက် ဟင်းချက်နည်းများ

ကျွန်တော့် မိတ်ဆွေ တစ်ယောက်က ပြောဖူးပါတယ်။ အစားအသောက် ကောင်းကောင်း စားတတ်တဲ့သူက ကောင်းကောင်း ချက်တတ်တယ်။ မချက်တတ်တဲ့သူကလည်း ကောင်းကောင်းစားချင်တော့ ဟင်းချက်တတ်အောင် သင်ရင်းနဲ့ တတ်သွားကြတာပဲ ဆိုပြီးတော့ပါ။ သူပြောတဲ့ စကားက ကျွန်တော့်အတွက်တော့ မမှန်ပါဘူး။ ကျွန်တော်က အစားအသောက် ကောင်းကောင်း ကြိုက်တတ်ပေမယ့် ကောင်းကောင်း မချက်တတ်ပါဘူး။ စိတ်ကူးပေါက်ရင် တခါတလေ ထချက် ဖြစ်ပေမယ့်လည်း ဒီလက်ရာက ဒီလက်ရာပါပဲ။ တိုးတက် မလာပါဘူး။ ကောင်းကောင်း စားချင်ရင်တော့ တခြားသူ ချက်ထားတာပဲ စား ဖြစ်ပါတယ်။

တစ်ခါက အိမ်မှာ သူငယ်ချင်း တစ်ယောက်နဲ့အတူ ဝက်သားဟင်းချက် ကြပါတယ်။ အသားကို အပြားလိုက် လှီးထားပြီးသား အထုပ်ကို ချက်ကြတာပါ။ ဟင်းချက်နေရင်း ဆီက ထွက်မလာလို့ ဘယ်လိုဖြစ်တာပါလဲလို့ စဥ်းစားမရ ဖြစ်နေပါတယ်။ ဟင်းကျက်သွားပြီး စားကြည့်တော့မှ ချက်လိုက်တာ ဝက်သားမဟုတ်ဘဲ ကြက်သား ဖြစ်နေမှန်း သိရပါတယ်။ ဒါပေမယ့်လည်း ဆိုးတော့ မဆိုးပါဘူး။ ဟင်းဆိုတော့ စားလို့တော့ ဖြစ်ပါသေးတယ်။ ဒီလောက်ကတော့ ပါးပါးလေး ရှိပါသေးတယ်။ ကျွန်တော်တို့ စလုံးကို ရောက်ခါစက ဒီထက် အများကြီး ဆိုးတာတွေ ကြုံခဲ့ဖူးပါတယ်။

ပထမဆုံး ပြောပြချင်တာက စင်ကာပူကို ရောက်ခါစက တအိမ်တည်း အတူတူ နေဖူးတဲ့ သူငယ်ချင်း တစ်ယောက် အကြောင်းပါ။ ကျွန်တော်တို့ အဲဒီအချိန်က နိုင်ငံခြားရောက်ခါစဆိုတော့ ချွေတာရေး အနေနဲ့ အပြင်မှာ ဝယ်မစားပဲ အိမ်မှာပဲ ချက်စားဖြစ်တာ များပါတယ်။ အိမ်မှာ ထမင်းနဲ့ ဟင်းကို အလှည့်ကျ ချက်ကြပါတယ်။ ဟင်းဆိုတာ တခြား မဟုတ်ပါဘူး။ ကြက်ဥနဲ့ ကြက်အူချောင်းကို တစ်နေ့ တစ်မျိုး မရိုးရအောင် ကြော်တာပါ။ ကြက်ဥကို မွှေကြော်၊ မကျက်တကျက်ကြော် တစ်ခါတစ်လေတော့ ကြက်အူချောင်းကို တောက်တောက်စင်းပြီး ကြက်ဥနဲ့ ရောကြော် ဆိုတာမျိုး လုပ်ကြပါတယ်။ အဲဒီတုန်းက အတူနေဖူးတဲ့ သူငယ်ချင်း တစ်ယောက်ကတော့ ကြက်အူချောင်းကို အကြီးအကျယ် မုန်းသွားလို့ အခု အချိန်ထိ Hot Dog တောင် မစားတော့ပါဘူး။

သူ ကြက်ဥကြော်တာ ပထမဆုံး တွေ့ဖူးကတည်းက ကျွန်တော် သူ့ကို အကြီးအကျယ် လေးစားသွားပါတယ်။ အဲဒီလို ကြော်တာမျိုး တစ်ခါမှ မမြင်ဖူးလို့ပါ။ ဒယ်အိုးထဲ ဆီနည်းနည်းထည့် ကြက်ဥထည့် ဆိုတဲ့ အထိတော့ ပုံမှန်ပါပဲ။ ပြီးတော့ ဘာမပြော ညာမပြောနဲ့ ရေတစ်ခွက်ခပ်ပြီး လောင်းထည့်လိုက်ပါတယ်။ ပူနေတဲ့ ဆီထဲကို ရေလောင်းထည့်တော့ ဆီပေါက်တာ အမှန်ပါပဲ။ ဒီကောင်က မဟုတ်တရုတ်သာ လုပ်ပေမယ့် လူကတော့ လူလည်ပါ။ သူ့ကို ဆီပေါက်တော့မယ် ဆိုတာ ကြိုသိထားတဲ့ အတွက် လက်တစ်ဖက်က ဒန်အိုးဖုံး အသင့် ကိုင်ထားပါတယ်။ ရေထည့်ပြီးတာနဲ့ ဒယ်အိုးကို မျက်နှာ လွှဲပြီး ဒန်အိုးဖုံးကလေး ကို မြှောက်ပြီး ကာထားပါတယ်။ လက်တစ်ဖက်က ယောင်းမကိုင် နောက်တစ်ဖက်က ဒန်အိုးဖုံးကို မြှောက်ကာ မြှောက်ကာနဲ့ သူ ကြက်ဥကြော်တဲ့ ပုံစံက သိုင်းကစားနေတာနဲ့ ပိုဆင်ပါတယ်။

ကျွန်တော်က "ဟေ့ကောင်။ မင်းဘာလို့ ကြက်ဥထဲ ရေထည့်ကြော်တာလည်း" မေးတော့ "မင်းဘာသိ လို့လဲ။ ငါရန်ကုန်မှာတုန်းက အပူဖု ပေါက်လို့ ဆရာဝန်နဲ့ သွားပြဖူးတယ်။ ဆရာဝန်က မင်းဆီနဲ့ ကြော်တဲ့ အစားအစာတွေ စားတာများလို့ အပူကြီးလို့ ဖြစ်တာလို့ ပြောတယ်။ နောက်မဖြစ်အောင် ရေများများပါတာ စားလို့လည်း ပြောတယ်။ အဲဒီကတည်းက ငါ အပူမကြီးအောင်လို့ ဘာကြော်ကြော် ရေထည့်ပြီးမှ စားတယ်။" လို့ ပြန်ပြောပါတယ်။ သူပြောတဲ့ အတိုင်းလည်း တကယ် လုပ်ပါတယ်။ ကျွန်တော် သတိထားမိသလောက် သူဘာပဲကြော်ကြော် ရေထည့်ပြီး ကြော်ပါတယ်။ ကြက်အူချောင်း ကြော်ရင်ဖြစ်ဖြစ် အသီးအရွက် ကြော်ရင် ဖြစ်ဖြစ် ရေတစ်ခွက် အမြဲတမ်း လောင်းထည့်ပြီးမှ ကြော်တာကို တွေ့ရပါတယ်။ ထုံးစံအတိုင်း ဒန်အိုးဖုံးကတော့ အမြဲတမ်း လက်တစ်ဖက်က ကိုင်လျက် ပါပဲ။ ကျွန်တော်တို့တော့ စားစရာ မရှိလို့ သူ့ရဲ့ အပူနည်း ရေများ လက်ရာတွေကို ကြိတ်မှိတ်ပြီး စားရ ပါတယ်။

အိမ်မှာ အတူနေတဲ့ သူငယ်ချင်း နောက်တစ်ယောက်ကတော့ "ဟေ့ကောင်။ ဒီကောင့်ကို လွှတ်ထားလိုက်။ ဟိုနေ့က ငါဒီကောင့်ထက် ဆိုးတဲ့သူ တွေ့ခဲ့ပြီးပြီ" လို့ ပြောပါတယ်။ ကျွန်တော်က "ဒီကောင့်ထက် ဆိုးတဲ့ကောင်ရော ရှိသေးလို့လား။" လို့ မေးတော့ " အေး။ ရှိတယ်။ ဟိုနေ့က တွေ့တဲ့ကောင်က ကြက်ဥကို ဆားမထည့်ပဲ ငံပြာရည်လောင်းထည့်ပြီး ကြော်တယ်။ ဘယ်လို အရသာ ရှိမလဲ ဆိုတာ မင်းစဉ်းစားကြည့်။" လို့ ပြန်ပြောပြ ပါတယ်။

ဒီလိုနဲ့ တစ်နေ့တစ်နေ့ ကြက်ဥနဲ့ ကြက်အူချောင်းချည်းပဲ စားနေရတော့ ငြီးငွေ့လာလို့ အသားဟင်း ချက်ဖို့ ကြံကြပါတယ်။ ဈေးသွားပြီး ကြက်တစ်ကောင်ဝယ် ချက်ဖို့ ပြင်ကြပါတယ်။ ဒါပေမယ့်လည်း ဟင်းချက်ဖို့ ဘယ်သူမှ မလှုပ်ကြတာနဲ့ ကြက်က ရေခဲသေတ္တာထဲမှာ ၃ ပတ်လောက် အနားယူနေပါတယ်။ ၃ ပတ်လောက် ကြာမှ ချက်ဖို့ စိတ်ကူးပေါက်တာနဲ့ ရေခဲသေတ္တာထဲကနေ ထုတ်ပါတယ်။ နောက်တော့ ကြက်ကို ဘယ်လို ချက်မလဲ တိုင်ပင်ကြပါတယ်။ တစ်ယောက်က "ဒီအတိုင်း ချက်ရင်တော့ ကောင်းမယ် မထင်ဘူး။ တစ်ခုခုတော့ ရောမှ ကောင်းမယ်။" လို့ အကြံပေးပါတယ်။ သူပြောချင်တာက အာလူးလို ဘူးသီးလိုမျိုး ရောဖို့ ပြောတာပါ။ ချက်မယ့်သူကလည်း "အေး။ ကောင်းတယ်။ ဟင်းများများ ရတာပေါ့။" ဆိုပြီးတော့ ထောက်ခံပါတယ်။ ခဏနေလို့ မီးဖိုချောင်ထဲ ရောက်သွားတော့ သူ ဂေါ်ဖီထုပ်တွေ လှီးနေတာ တွေ့ပါတယ်။ "ဒီနေ့ ဂေါ်ဖီကြော်မလို့လား။" လို့ မေးတော့ "မဟုတ်ဘူး။ ကြက်သားထဲ ထည့်မလို့။" လို့ ပြန်ဖြေပါတယ်။ ကျွန်တော်တို့ အားလုံးက "ဟ။ ကြက်သားထဲ ဂေါ်ဖီထည့် ချက်ရတယ်လို့ မကြားဘူးပါဘူး။"လို့ ဝိုင်းပြောတော့ "မင်းတို့ မစားဖူးလို့။ ငါက စားနေကြ။"လို့ ပြန်ပြောပါတယ်။ ဒါပေမယ့်လည်း အားလုံးက တခဲနက် ဝိုင်းကန့်ကွက်တာနဲ့ သူ့ရဲ့ ကြက်သားထဲ ဂေါ်ဖီထုပ် ထည့်ချက်မယ့် အစီအစဉ် ပျက်သွားပါတယ်။

ကြက်သားကို ဟင်းချက်ဖို့ အတွက် ပျင်းကြလို့ နောက်တစ်ခါတော့ ကြက်သားကို ကြော်စားဖို့ ကြံကြပါတယ်။ ပြသနာက ကျွန်တော့်သူငယ်ချင်းများက အမြင်ကတ်စရာ ကောင်းလောက်အောင် ချွေတာ ကြပါတယ်။ ကြက်သားကို ကြော်ရင် ဆီများများနဲ့ ဆီမြှုပ်အောင် ကြော်ရပါတယ်။ ဒါမှ ကြက်သားက တစ်တုံးလုံး ကျက်ပြီး စားလို့ ကောင်းတာပါ။ ဒါပေမယ့်လည်း ကြက်သား ကြော်တဲ့သူက ဆီကို ကြက်ဥကြော်သလို နည်းနည်းလေး ထည့်ကြော်တာမို့ ကြက်သားက အပြင်ဘက်ကပဲ ကျက်ပြီး အတွင်းထဲက မကျက်ပါဘူး။ ကြက်သားကြော် ကိုက်နေရင်းနဲ့ အထဲက အသားက အစိမ်းလို ဖြစ်နေတာမို့ ကြက်သားကြော်ကို တစ်ဝက်တပျက်နဲ့ လွှင့်ပစ်ရပါတယ်။

အခု အချိန်ထိ တစ်ခုခု ကြော်လို့ ဆီပေါက်ရင် ကျွန်တော့် သူငယ်ချင်း ဒန်အိုးဖုံးနဲ့ ကာတတ်တာကို အမြဲသတိရပြီး ရယ်ချင်ပါတယ်။ အဲဒီလိုပဲ ကြက်သားကြော်ရင်လည်း အတွင်းထဲက မကျက်တဲ့ ကြက်သားကြော် အကြောင်း သတိရလို့ အမြဲပဲ ပြုံးမိပါတယ်။

Friday, August 13, 2010

လက်ဟန်ခြေဟန် နားလည်မယ့် ကွန်ပြူတာ

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက လူတွေ စက်ရုပ်နဲ့ ပတ်သက်ပြီး အတော်လေး စိတ်ကူးယဥ် ခဲ့ကြ ပါတယ်။ အိမ်မှာ အိမ်မှုကိစ္စတွေ လုပ်ပေးမယ့် စက်ရုပ်တွေ၊ စားသောက်ဆိုင်မှာ စားပွဲထိုးပေးမယ့် စက်ရုပ်တွေ စတာမျိုးတွေကို စိတ်ကူးထဲမှာ ပုံဖော်ကြည့် ခဲ့ကြဖူးမှာပါ။ ဒါပေမယ့် ကွန်ပြူတာ နည်းပညာတွေ တိုးတက်လာသလောက် စက်ရုပ်နည်းပညာက တိုးတက်မလာပါဘူး။ လူရဲ့ အမြင်အာရုံကို တုပနိုင်တဲ့ နည်းပညာတွေ ကျယ်ကျယ်ပြန့်ပြန့် မရှိသေးတာကလည်း အဓိက အဟန့်အတား တစ်ခုအနေနဲ့ ပါဝင် ပါတယ်။ စက်ရုပ်ရဲ့ ဆုံးဖြတ်ချက်ချတဲ့ နည်းပညာဟာ ကွန်ပြူတာရဲ့ ဆုံးဖြတ်ချက်ချတဲ့ နည်းပညာနဲ့ ဆင်တူပါပဲ။ အဲဒီတော့ ကွန်ပြူတာက သူဘာမြင်ရသလဲ ဆိုတာကို ဆုံးဖြတ်နိုင်တဲ့ နည်းပညာ မတိုးတက်သေးတဲ့ အတွက် စက်ရုပ်မှာလည်း အဲဒီနည်းပညာ တိုးတက် မလာသေးပါဘူး။

လူရဲ့ အမြင်အာရုံနဲ့ ဦးနှောက် တွဲဖက် အလုပ်လုပ်တဲ့ ပုံစံက အသေအချာ လေ့လာကြည့်တော့ အတော်လေး အံ့သြဖို့ ကောင်းပါတယ်။ လူအုပ်ကြားထဲမှာ ကိုယ်နဲ့ ရင်းနှီးတဲ့ မျက်နှာတစ်ခုကို ချက်ချင်း မှတ်မိနိုင်တဲ့ ခံစားမှုမျိုးကို ကွန်ပြူတာမှာ လုပ်နိုင်အောင် လေ့ကျင့်ပေးဖို့ မလွယ်ပါဘူး။ ရှင်းရှင်းလင်းလင်း ဥပမာ ပြရရင် စားပွဲထိုးတစ်ယောက်ကို ကြည့်နိုင်ပါတယ်။ စားသောက်ဆိုင်မှာ လူတစ်ယောက် လာစားပြီး ပြန်သွားတဲ့ အခါမှာ စားပွဲပေါ်မှာ ကျန်ခဲ့တဲ့ အစားအသောက် အကြွင်းအကျန်တွေကို အမှိုက်ပုံးထဲ ထည့်ရမယ်၊ ပန်းကန်တွေ ခွက်တွေ ကို ပြန်သိမ်းရမယ် ဆိုတဲ့ အမြင်အာရုံခွဲခြားမှုမျိုးကို ဘယ်လူသား မဆို အလွယ်တကူ လုပ်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်ဟာက ကြက်ဥခွံ ဘယ်ဟာက ဖန်ခွက်ဆိုတာကို ခွဲခြားတတ်ဖို့ အတွက် စက်ရုပ်တစ်ရုပ်ကို လေ့ကျင့်ပေးဖို့တော့ မလွယ်လှပါဘူး။

ကွန်ပြူတာမှာ အမြင်အာရုံအားနည်း ကြပါတယ်။ အဲဒါဆိုရင် မျက်မှန်တပ်ပေးလိုက် လို့လည်း မဖြစ်သေးပါဘူး။ ကွန်ပြူတာက မမြင်ရတာ မဟုတ်ပါဘူး။ မြင်တာကို ဘာလဲဆိုတာ မခွဲခြားတတ်တာပါ။ အခုတော့ ကျွန်တော်လည်း ကွန်ပြူတာများ မျက်စိ အလင်းရရေးအတွက် ပရော့ဂျက်တစ်ခု လုပ်နေပါတယ်။ အောက်မှာ ပြထားတာကတော့ ဟိုတစ်လောက ကျောင်းက ပရော့ဂျက် စူပါဗိုက်ဆာက မင်းကြည့်ဖို့ ဆိုပြီး ကျွန်တော့်ကို ပို့ပေးလိုက်တဲ့ ဗွီဒီယိုပါ။ မိုက်ခရိုဆော့ဖ် XBox 360 ရဲ့ အနာဂတ် ရည်မှန်းချက်လို့ ပြောရမယ် ထင်ပါတယ်။



ကျွန်တော် လုပ်နေတဲ့ ပရော့ဂျက်ကလည်း အဲဒီလို ပုံစံမျိုးပါပဲ။ ကွန်ပြူတာကို လက်ဟန်ခြေဟန်နဲ့ အမိန့်ပေး စေခိုင်းတာကို နားလည်အောင် လုပ်ရမယ့် ပရော့ဂျက်ပါ။ ဒီနည်းပညာက အသစ်တော့ မဟုတ်ပါဘူး။ ကိုယ့်ရှေ့မှာ တခြားသူတွေ အတော်များများ လုပ်ခဲ့ပြီးသားပါ။ နည်းပညာ အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် မဖြစ်သေးတာ တစ်ခုပဲ ရှိပါတယ်။အမေရိကန်မှာ သုံးတဲ့ လက်ဟန်ခြေဟန် ဘာသာစကား (Sign Language)၊ သြစတေးလျမှာသုံးတဲ့ လက်ဟန်ခြေဟန် ဘာသာစကား၊ ဂျပန်မှာသုံးတဲ့ လက်ဟန်ခြေဟန် ဘာသာစကားတွေကို နားလည်တဲ့ စနစ်တွေကို ထွင်ခဲ့ကြ ပြီးပါပြီ။ အခုလက်ရှိမှာ တိုရှီဘာက သူတို့ရဲ့ နောက်ထုတ်မယ့် တီဗွီတွေမှာ ရီမု ကွန်ထရိုးမလိုဘဲ လက်ဟန်ခြေဟန်နဲ့ ထိန်းချုပ်လို့ ရတဲ့ နည်းပညာကို ထည့်သွင်းဖို့ ကြိုးစားနေပါတယ်။ တိုရှီဘာရဲ့ ပြပွဲမှာ ပြသွားတဲ့ ဗွီဒီယိုကို စိတ်ဝင်စားရင် ဒီမှာ ကြည့်လို့ ရပါတယ်။ နာမည်ကြီး လက်ကိုင်ဖုန်း ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Nokia ကတော့ မျက်နှာပြင်ကို ထိတွေ့စရာ မလိုပဲ လက်ဟန်ခြေဟန်နဲ့ အမိန့်ပေးလို့ ရမယ့် နည်းပညာကို နောက်ထွက်မယ့် Nokia ဖုန်းတွေမှာ ထည့်သွင်းဖို့ ကြိုးစားနေပါတယ်။ Google ရဲ့ Android ဖုန်းတွေ အတွက် ဒီနည်းပညာကို စမ်းသပ်နေတဲ့ သူတွေ ရှိတယ် ဆိုတာလည်း အံ့သြစရာ မကောင်းတော့ပါဘူး။

နည်းပညာပိုင်းကို စိတ်ဝင်စားသူတွေ အတွက်တော့ ကျွန်တော် အခုထက်ထိ ရှာဖွေတွေ့ရှိ ထားသလောက် အချက်အလက်တွေကို နည်းနည်း ဝေမျှချင်ပါတယ်။ ကွန်ပြူတာက လက်ဟန်အမူ အရာကို နားလည်အောင် လုပ်နိုင်ဖို့ အဆင့် (၄) ဆင့် ရှိပါတယ်။ ပထမဆုံး အဆင့်ကတော့ ကွန်ပြူတာကနေ လက်ဟန် အမူအရာကို ဖမ်းယူဖို့ အဆင့်ပါ။ အဲဒီလို လုပ်ဖို့ အတွက် Webcam လို ကိရိယာ မျိုးကနေ လှုပ်ရှားနေတဲ့ လက်ဟန် အမူအရာကို ဗွီဒီယို အနေနဲ့ ဖမ်းယူ ရပါတယ်။ ဗွီဒီယို ဆိုတာ တကယ်တမ်းတော့ ရုပ်ပုံတွေ အများကြီးကို ဆက်စပ်ထားတဲ့ ရုပ်ပုံစီးကြောင်း (Image Stream) တစ်ခုပါ။ အဲဒီ အထဲကနေ ရုပ်ပုံတွေကို လိုအပ်သလောက် သလောက် ပြန်ထုတ်ယူဖို့ လိုပါတယ်။ ဥပမာ အားဖြင့် တစ်စက္ကန့်ကို ၅ ပုံ နှုန်း ဒါမှမဟုတ် ၁၀ ပုံနှုန်း စတာမျိုးပါ။

ဒုတိယ အဆင့် အနေနဲ့ကတော့ အဲဒီလို ဖမ်းယူထားတဲ့ ရုပ်ပုံတွေထဲကနေ လက်ပုံစံကို သပ်သပ် ခွဲထုတ်ဖို့ ပါ။ ရုပ်ပုံရဲ့ နောက်ခံ မှာ စာအုပ်လည်း ရှိချင် ရှိနိုင်တယ် အဝတ်အစားတွေလည်း ရှိနေနိုင်တယ်။  အဲဒီလိုပဲ ပုံထဲမှာလည်း လက်တွင် မက မျက်နှာတွေ၊ ဆံပင်တွေ စတာတွေလည်း ရောပါနေနိင်ပါတယ်။ အဲဒီ အထဲကနေ လက်ကို ခွဲခြားသိနိုင်ဖို့ လိုပါတယ်။ ဒီနည်းပညာကတော့ အများနဲ့ သိပ်မစိမ်းလှပါဘူး။ အခုလက်ရှိ ကင်မရာတွေမှာ ပါနေတဲ့ မျက်နှာရွေးထုတ် နည်းပညာ (Face Detection Technology) လို ပုံစံမျိုးပါပဲ။

တတိယ အဆင့်ကတော့ ရွေးထုတ်ထားတဲ့ လက်ရဲ့ ပုံစံကို ကြည့်ပြီး ဘာပုံစံလည်း ဆိုတာ သရုပ်ခွဲဖို့ပါ။ ဒီနည်းပညာက လွယ်မလိုနဲ့ နည်းနည်း ခက်ပါတယ်။ လက်ဆိုပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက် အသားအရောင်ချင်း မတူသလို လက်အရွယ်အစားချင်းလည်း မတူပါဘူး။ ဒါ့အပြင့် လက်ပေါ်မှာ အမွှေးအမှင်တွေ အများကြီး ပေါက်နေတဲ့သူ အမွှေးအမှင် မရှိတဲ့သူဆိုတာလည်း ကွာပါသေးတယ်။ အဲဒီတော့ ကိုယ်ထွင်ထားတဲ့ စနစ်ကို လက်ပုံစံတွေ အများကြီး ပြပြီး သင်ကြားပေးဖို့ လိုပါတယ်။ ဒီနည်းပညာက ကွန်ပြူတာရဲ့ မှတ်ညာဏ်ထဲမှာ ရှိတဲ့ လက်ပုံစံကို ရုပ်ပုံထဲက လက်ပုံစံနဲ့ တူမတူ တိုက်ဆိုင်ကြည့်တာမျိုး မဟုတ်ပဲ တွေ့ရတဲ့ လက်ရဲ့ အနေအထားပေါ်မူတည်ပြီး ကွန်ပြူတာကို ဆုံးဖြတ်ချက် ချတတ်အောင် လေ့ကျင့် သင်ကြား ပေးရတာမျိုးပါ။

အဲဒီလို သရုပ်ခွဲပြီးတဲ့ အခါမှာတော့ လက်ပုံစံက ဘာပုံစံလဲ ဆိုတာ သိရပါပြီ။ အဲဒီအခါမှာ လက်မထောင်ထားတာလား၊ လက်မ အောက်စိုက်ထားတာလား၊ လက်ဝါးထောင် ထားတာလား၊ လက်သီးဆုပ်ထားတာလား စတာမျိုး ကို အဖြေထုတ်ပြဖို့က နောက်ဆုံး အဆင့်ပါ။

နည်းပညာပိုင်း စိတ်ဝင်စားသူတွေ အတွက် နည်းနည်း ထပ်ပြောပါဦးမယ်။ ကျွန်တော် လက်ရှိ အသုံးပြု ဖို့ ရွေးချယ်ထားတဲ့ Development Environment ကတော့ Visual Studio 2010 Professional နဲ့ OpenCV Library ပါ။ OpenCV မှာ ကွန်ပြူတာ အမြင်အာရုံနဲ့ ပတ်သက်တဲ့ Algorithm တွေ အတော်များများ ရေးပြီးသား ပါပါတယ်။ Algorithm အနေနဲ့ကတော့ Hand Detection အတွက် ADABoost Algorithm ကို သုံးဖို့နဲ့ Hand Recognition အတွက်ကတော့ Hidden Markov Model ကို သုံးဖို့ ရွေးထားပါတယ်။ နောက် ၄ လ အတွင်းမှာ အလုပ်ဖြစ်မဖြစ် သိရပါမယ်။ အဲဒီ ၄ လ အတွင်းတော့ ဘလော့ခ် ပုံမှန် မရေးနိုင်ရင် ခွင့်လွှတ်ကြဖို့ ကြိုပြီး တောင်းပန် ထားပါရစေ။

Tuesday, August 10, 2010

ငှက်နဲ့ မတူတဲ့လူ


စင်ကာပူက ဂျူရောင်း ငှက်ဥယျာဉ် (Jurong Bird Park) ကို ရောက်တုန်းက Hornbill  လို့ ခေါ်တဲ့ ငှက်တွေ အများကြီး တွေ့ရပါတယ်။ ပုံမှာ ပြထားတဲ့ ငှက်ပါ။ ငှက်ဆိုပေမယ့်လည်း အင်္ဂလိပ်နာမည်နဲ့ မြန်မာနာမည် တွဲမသိတော့ ဒီငှက်ကို တစ်နေရာရာမှာ မြင်တော့ မြင်ဖူးတယ်။ ဘာငှက်လဲ ဆိုတာ အတော်ကလေးကို စဉ်းစားယူ ရပါတယ်။ အဲဒီငှက်တွေ ဥဝပ်တဲ့ အချိန်မှာ သစ်ခေါင်းထဲမှာ ပိတ်ပြီး ဝတ်ကြတယ်။ အမက သစ်ခေါင်း အထဲမှာ အလုံပိတ်ပြီး ဥဝပ်တဲ့အချိန် အထီးက အပြင်ဖက် ကနေ သစ်ခေါင်းကို အပေါက်ဖောက်ပြီး အစာ ကျွေးတယ်ဆိုတဲ့ ငှက်ရဲ့ သဘာဝကို ဖတ်ရမှ အောက်ချင်းငှက် ဆိုတာ တွေးကြည့်လို့ ရပါတယ်။ အောက်ချင်းငှက်ဆိုတာ ချင်းပြည်နယ်ရဲ့ သင်္ကေတပါ။ အောက်ချင်းငှက်များမှာ အထီးအမ စုံတွဲနေတတ်ပြီး အထီးက သေရင် အမကပါ ကိုယ့်ဘာသာကိုယ် သတ်သေတတ်တယ်လို့ ကြားဖူးပါတယ်။ အသိဉာဏ် အဆင့်အတန်း နိမ့်တယ်လို့ သတ်မှတ်ထားတဲ့ တိရိစ္ဆာန်တွေမှာ သစ္စာရှိကြတယ် ဆိုတာ စဉ်းစား ကြည့်ရင် အံ့သြစရာ ကောင်းပါတယ်။ အမှန်တကယ်တော့ သစ္စာရှိတယ် မရှိဘူးဆိုတာကလည်း အသိဉာဏ် အဆင့်အတန်းနဲ့ သိပ်တော့ မဆိုင်လှပါဘူး။

ချစ်တာတွေ မေတ္တာတွေ အကြောင်း ပြောရင် ငယ်ငယ်တုန်းက ကြားနေကျ ကြင်နာတာက လျှပ်စစ်၊ တွယ်တာတာက ဗူးညွန့်၊ ရင်နာတာ မှောက်အိပ်လို့၊ သစ္စာနဲ့ မေတ္တာပေါင်းရင် ရွှေမန်းသဘင်ပေါ့ ဆိုတဲ့ ရွှတ်နောက်နောက် စကားတွေ တခါတလေ ခေါင်းထဲ ပေါ်လာတတ်ပါတယ်။ စိတ်ခံစားမှု ဆိုတာကလည်း ခက်တော့ ခက်ပါတယ်။ ခံစားနေရတဲ့ အချိန် နင်နင့်သည်းသည်း မခံမရပ်နိုင်အောင် ပြင်းထန်ပေမယ့်လည်း အနည်ထိုင်သွားတဲ့ အချိန်ကျတော့ ပြန်စဉ်းစားမိရင် ရယ်စရာတွေ ဖြစ်သွားတတ် တာပါပဲ။

လွန်လေပြီးသော နှစ်ပေါင်းများစွာကပါ။ ရှေးသရော အခါ ဗာရာဏသီပြည်မှာ ဒေဝဒတ်မင်းကြီး စိုးစံစဥ်ကတော့ မဟုတ်ပါဘူး။ ရှေးသရောအခါ စင်ကာပူမှာ ဂိုချောက်တောင် ဝန်ကြီးချုပ် ဖြစ်နေတဲ့ အချိန်တုန်း ကပါ။ ကျွန်တော်နဲ့ အတော်လေး ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက် သူနဲ့ နှစ်အကြာကြီး တွဲလာတဲ့ ရည်းစား သူများနောက် ပါသွားလို့ ဒေါတွေပွပြီး အကြီးအကျယ် ပေါက်ကွဲ နေပါတယ်။ တစ်နေ့တစ်နေ့ သူ့ပါးစပ်ကနေ မိန်းမ မကောင်းကြောင်း၊ မိန်းမတွေ စိတ်မချရတဲ့ အကြောင်းများကို မကြားချင်မှ အဆုံး ကြားရပါတယ်။ အဲဒီလူများ ကဗျာ ရေးတတ်ရင် မာဃဒေဝ လင်္ကာထက် အဆပေါင်း များစွာ ပြင်းထန်တဲ့ ကဗျာတွေ ထွက်လာလိမ့်မယ် ထင်ပါတယ်။

သူ့ဘာသာသူ မိန်းမ မကောင်းကြောင်း ပြောရုံနဲ့တင် မပြီးသေး ပါဘူး။ အဲဒီလို ပြောရင်းက "ဟေ့ကောင်။ မင်းရည်းစားကို လည်း သတိထားဦး။ သူများနောက် ပါသွားလို့ မင်းလည်း ငါ့လို ဖြစ်နေဦးမယ်။" ဆိုပြီးတော့ မြှားဦးက ကျွန်တော့်ဘက် လှည့်လာပါတယ်။ ကျွန်တော်က သူ့ကို "မဆိုင်လိုက်တာဗျာ။ ဒီခေတ်ကြီးမှာ ယောက်ျားလေး သူငယ်ချင်း ရှိတာ အထူးအဆန်းလား။ ခင်ဗျား ရည်းစား သူများနောက် ပါတိုင်း ကျွန်တော့် ရည်းစားလည်း သူများနောက် ပါရမှာလား။ မိန်းမဆိုတာ တစ်မျိုးတည်း ရှိတာမှ မဟုတ်တာ။ ကျွန်တော့် ရည်းစား အကြောင်းလည်း ခင်ဗျားသိတာပဲ။ အဲဒီလို မိန်းမမျိုးမှ မဟုတ်တာ။" လို့ ပြန်ပြီး နှိပ်ကွပ် ပါတယ်။ သူက "ဟေ့ကောင်။ မင်းရည်းစားအကြောင်း ငါသိတာထက် ငါ့ရည်းစား အကြောင်း ငါပိုသိတယ်။ ငါလည်း အစက ထင်မထားဘူး။ ခံလိုက်ရတော့မှသာ ခံလိုက်ရပြီ ဆိုပြီး သိလိုက်ရတာ။ မင်းကို ငါ့လို ဖြစ်မှာစိုးလို့ စေတနာနဲ့ သတိပေးတာကွ။" လို့ ကျွန်တော့်ကို ပြန်ပြောပါတယ်။ ကျွန်တော်လည်း သူနဲ့ ပြိုင်မငြင်းတော့ ပါဘူး။ ဒီလူ အသည်းကွဲလို့ လိုက်ရမ်းနေတာ ဆိုပြီးတော့ပဲ လွှတ်ထားပေးလိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော်မှားပြီး သူမှန် သွားပါတယ်။ မကြာခင် ကျွန်တော်လည်း သူ့လို ခံလိုက်ရပါတယ်။

ကိုယ့်ရည်းစား တခြားသူ ဖြတ်အုပ်သွားတာ ဘယ့်နှယ့်နေသလဲ ဆိုတာတော့ ကိုယ်တိုင် ကြုံဖူးတဲ့ သူမှပဲ သိပါလိမ့်မယ်။ အတော်ကို မခံချိမခံသာနဲ့ အနေရ အထိုင်ရခက်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေ အရပ်ရပ်ကြောင့် ကိုယ့်ရည်းစားက မလွန်ဆန်နိုင်လို့ ပါသွားတယ် ဆိုရင် နည်းနည်း တော်ပါသေးတယ်။ ဒါပေမယ့် ကိုယ့်ရည်းစား ကိုယ်တိုင်က ကိုယ့်ကို ကန်ထုတ်ခဲ့ပြီး စိတ်ပါလက်ပါနဲ့ လိုက်သွားတာ ဆိုရင်တော့ အတော်ကို အခံရခက် ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ဒါမျိုးကိစ္စတွေ တွေ့ဖူး ကြုံဖူးပေမယ့် ကိုယ်တိုင် ကြုံလာတဲ့အချိန်မှာတော့ ဘယ်လိုမှ မယုံနိုင် ပါဘူး။ ကြီးကြီးကျယ်ကျယ် ပြောရရင် ဂျူးလီယက် ဆီဇာကို သူ့လူယုံ ဘရုတပ်က အနီးကပ် လုပ်ကြံသွားသလိုမျိုး လူယုံသတ်တဲ့ ကိစ္စမျိုးပါ။ ကိုယ်အယုံကြည်ဆုံးသူက ကိုယ့်ကို တေ့ဖြုတ်သွားတဲ့ အတွက် ရုတ်တရက် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင် ဖြစ်သွားပါတယ်။

ကျောင်းမှာတုန်းကတော့ ရည်းစားရှိတဲ့ မိန်းကလေးများကို သူငယ်ချင်းထဲက တစ်ယောက်ယောက်က ကြိုက်မိရင် အချင်းချင်း  "ချသာချ ငါ့လူ။ 2 ကောင်းရင် 1 ပြုတ်တယ်။" ဆိုပြီးမြှောက်ပေးကြပါတယ်။  ကိုယ်ခံရတဲ့ အလှည့်ရောက်မှ ဒါမျိုး မြှောက်ပေးတာ ကောင်းမကောင်း ပြန်ဆင်ခြင်ဖို့ သတိရပါတယ်။ ဒါတွေကို ကိုယ်ကျင့်တရားတွေ သစ္စာရှိမှုတွေ ဆိုတဲ့ ရှုထောင့်က ကြည့်ရင်တော့ အမှားလို့ မြင်ရင် မြင်နိုင်ပါတယ်။ ဒါပေမယ့်လည်း လူတိုင်းမှာ ကိုယ့်ရွေးချယ်ခွင့်နဲ့ကိုယ် ရှိကြတာ မဟုတ်လား။ ကိုယ့်ရွေးချယ်ခွင့်က သူများကို မထိခိုက်ရင် ကောင်းတယ် ဆိုပေမယ့် ဘယ်သူမဆို ကိုယ့်စိတ်ဆန္ဒကို ဦးစားပေးတတ်တဲ့သူက ပိုများပါတယ်။ အဲဒီတော့လည်း မှားတယ်လို့ ပြောရမှာ ခက်ပါတယ်။

မိန်းကလေးပဲ ဖြစ်ဖြစ် ယောက်ျားလေးပဲ ဖြစ်ဖြစ် လက်ရှိ ရည်းစားကို ပစ်ထားခဲ့ပြီး နောက်ရည်းစားနဲ့ ပါသွားဖို့က အခြေအနေတွေ အများကြီး ရှိပါတယ်။ အများဆုံး တွေ့ရတတ်တဲ့ အခြေအနေကတော့ ရည်းစားနဲ့ တနယ်စီ တစ်နေရာစီ ဖြစ်နေတာမျိုးပါ။ ကျွန်တော့် သူငယ်ချင်းတွေကတော့ မောင်မလာ မောင်သာငတ် မောင့်နေရာမှာ လူမလပ် ဆိုပြီး ပေါက်တတ်ကရ ပြောကြပါတယ်။ မီးဝေးတဲ့ချိတ်က မာလာတယ် ဆိုတာမျိုး အနေဝေးတော့လည်း သံယောဇဉ်ဆိုတာမျိုးက အေးခဲသွားတယ်လို့ ဆင်ခြေပေးတဲ့သူက ပေးပါလိမ့်မယ်။ ဒါပေမယ့် လက်တွဲဖော်ဆိုတာမျိုးက ကံမကောင်း အကြောင်းမလှရင် တစ်ချိန်မဟုတ် တစ်ချိန် တစ်နေရာစီ ခွဲနေရတာမျိုး ကြုံရမှာပါ။ အဲဒီလို အခြေအနေမျိုးမှာမှ တောင့်မခံနိုင်ရင်တော့ ရှေ့ဆက်ပြီး လက်တွဲတာထက် စာရင် လမ်းခွဲကြတာကပဲ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ စောစောစီးစီး ကွဲတာက နောက်မှ ကွဲတာထက် အများကြီး ခံသာပါတယ်။

နောက်တစ်မျိုးကတော့ ဘုမသိ ဘမသိနဲ့ ရည်းစား တစ်ယောက် ကောက်ထားမိပြီး တကယ်ကြိုက်တဲ့သူနဲ့ တွေ့သွားတဲ့ အချိန်ကြတော့ ရထားတဲ့ ရည်းစားကို ပစ်ထားခဲ့ပြီး ကိုယ်တကယ်ကြိုက်တဲ့သူနောက် ပါသွားတတ်တာမျိုးပါ။ မောင့်ကို အချစ်ဆုံးလို့တော ပြောတာပေါ့။ မောင့်ထက်ပိုချစ် ရမယ့်သူ မတွေ့သေးခင် အချိန်ထိ ဆိုတာတော့ ဘယ်သူမှ ထည့်မပြောကြ ပါဘူး။ တကယ်တော့လည်း အဲဒီလိုမျိုး အဓိပ္ပာယ် ကောက်လို့ ရပါတယ်။ နောက်တစ်မျိုးက ကိုယ့်ရည်းစားကို ချစ်ပေမယ့်လည်း ဘယ်လိုမှ ဒဏ်မခံနိုင်လို့ ကိုယ်နဲ့ သင့်တော်မယ့်သူ တစ်ယောက်ကို ရှာသွားတာလည်း ဖြစ်နိုင်ပါတယ်။ ချစ်တာတွေ မေတ္တာတွေက အရာရာ အားလုံးကို ကျော်ဖြတ်နိုင်တယ် ဆိုတာ ဝတ္ထုတွေ ရုပ်ရှင်တွေထဲမှာပဲ ရှိပါတယ်။ အပြင်မှာတော့ တခါတလေ အဲဒီ အရာရာက ပိုအရေးကြီးတတ်ပါတယ်။ ကိုယ်နဲ့ ဘယ်လိုမှ ညှိနှိုင်းလို့ မရတဲ့ စိတ်သဘောထားချင်း မတိုက်ဆိုင်တဲ့ ချစ်သူမျိုးကို ဘဝတလျှောက်လုံး လက်တွဲဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ သည်းမခံနိုင်တဲ့ အဆုံးမှာ ဘေးက သူ့ထက်သာတဲ့တစ်ယောက် ရှိရင် အဲဒီတစ်ယောက်နောက် ပါသွားကြ တာပါပဲ။

ကိုယ့်ပတ်ဝန်းကျင်မှာ တစ်ခါကြုံဖူးလို့ အားလုံး ဒီပုတ်ထဲက ဒီပဲ ချည်းပဲ လို့ တွေးရင်တော့လည်း မှားပါလိမ့်မယ်။ တစ်ချို့ ကျတော့လည်း အံ့သြစရာ ကောင်းအောင် သစ္စာကြီး ကြပါတယ်။ ညနေက အပြင်ထွက်ရင်း လမ်းမှာ ကျောင်းတုန်းက နာမည်ကြီး အချောအလှ ကောင်မလေးတစ်ယောက်ကို အမှတ်မထင် လှမ်းတွေ့ လိုက်ပါတယ်။ သူကတော့ သူ့ကို ကြိုက်တဲ့သူတွေ ဝိုင်းဝိုင်းလည်နေပေမယ့်လည်း သစ္စာရှိရှိနဲ့ အဝေးတနေရာမှာ ရှိနေတဲ့ သူ့ရည်းစားကို နှစ်တွေ အကြာကြီး စောင့်ပြီး လက်ထပ်သွား ခဲ့ပါတယ်။ ပုံမှန်ပေမယ့်လည်း ချီးကျူးစရာ ကောင်းတဲ့ အမျိုးအစားထဲမှာ ပါပါတယ်။ တကယ်တော့လည်း ဒါမျိုးကိစ္စက ပုံသေနည်း မရှိတဲ့ ကိစ္စပါ။ တစ်ယောက်ကြုံဖူးတာနဲ့ အားလုံးကို ဝါးလုံးရှည်နဲ့ သိမ်းကျုံးရမ်းလို့တော့ မဖြစ်သေးပါဘူး။ အခြေအနေ အချိန်အခါ လူတစ်ယောက်ချင်းစီရဲ့ စိတ်နဲ့ပဲ သက်ဆိုင်တယ်လို့ ပြောရပါလိမ့်မယ်။

အခုတော့လည်း အချိန်ကြာလာတော့ စိတ်ထဲမှာ ဘာခံစားချက်မှ မရှိတော့ပါဘူး။ သူငယ်ချင်းတွေနဲ့ စကားကြုံလို့ ပြောမိရင်တောင်မှ ရယ်စရာလို ပြောလို့ ဖြစ်နေပါပြီ။ ဘဝတစ်ကွေ့မှာ ကိုယ့်ကို သင်ခန်းစာ တစ်ခု ပေးသွားတဲ့ အတွက် နောက်ကြုံရင် ကျေးဇူးတင် စကားတောင် ပြောရ ကောင်းမလား စဉ်းစားမိပါတယ်။