Search This Blog

Wednesday, September 29, 2010

လူတိုင်းမသုံးတဲ့ မိုဘိုင်းဖုန်း

လွန်ခဲ့တဲ့ ၈ နှစ် ၉ နှစ် လောက်က မြန်မာနိုင်ငံက မဂ္ဂဇင်းတစ်အုပ်ထဲမှာ ကာတွန်းတစ်ပုဒ်ကို ဖတ်လိုက် ရပါတယ်။ ကာတွန်းထဲမှာ ရေးထားတာကတော့ "ကိုရီးယားကားတွေ အဓိပ္ပာယ် မရှိပုံများကွာ။ အလုပ်ကြမ်းသမားက ဟင်းန်ဖုန်း ကိုင်တယ်။" ဆိုပြီးတော့ပါ။ ကာတွန်းကို ဖတ်ပြီး စိတ်ထဲမှာတော့ ဟင်းန်ဖုန်းဆိုတာ အဆောင်အယောင် တစ်ခုအဖြစ် ရှိနေစေတဲ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဆက်သွယ်ရေးစနစ် အတွက် စိတ်မကောင်း ဖြစ်မိပါတယ်။ နိုင်ငံတကာမှာတော့ ဟင်းန်ဖုန်းဆိုတာ သန့်ရှင်းရေးသမားနဲ့ လမ်းဘေးက မြေကြီးသယ်တဲ့သူ အပါအဝင် လူတိုင်းလိုလို ကိုင်ကြတယ် ဆိုတာ အထူး ရှင်းပြနေစရာလိုမယ် မထင်ပါဘူး။

နိုင်ငံခြားသား မိတ်ဆွေများ မြန်မာနိုင်ငံက ဂျီအက်စ်အမ် SIM ကတ်ဒ် တစ်ကတ်ဒ် ရဲ့ တန်ဖိုးကို ကြားရင် ဟိုက်ရှာလပတ်ရည် အော်သွားကြတာ များပါတယ်။ တို့နိုင်ငံမှာ ဂျီအက်စ်အမ် SIM ကတ်ဒ် တစ်ကတ်ဒ် ယူအက်စ် ဒေါ်လာ ၂၀၀၀ လောက် ပေးရတယ် လို့ ပြောရင် မင်းတို့ဆီမှာ ဂျီအက်စ်အမ် ဆင်းမ် ကတ်ဒ်ကို ရွှေအစစ်နဲ့များ လုပ်ထား သလားကွာ လို့ တအံ့တသြ မေးကြပါတယ်။ အမှန်တကယ်တော့ ဂျီအက်စ်အမ် ဆင်းမ်ကတ်ဒ်ကို ရွှေအစစ်နဲ့ လုပ်ရုံမကလို့ ပလက်တီနံနဲ့ လုပ်ရင်တောင် အဲဒီလောက်အထိ ဈေးကြီးစရာ အကြောင်း မရှိပါဘူး။

မွေးဌာနီက ဂျီအက်စ်အမ် ဖုန်းများ အကြောင်းကို ကြားခါစက မယုံနိုင်ပါဘူး။ အိမ်ထဲမှာ ပြောမရလို့ လမ်းမထွက် ပြောရတယ်တို့၊ ပြောရင်း သစ်ပင်အောက် ရောက်သွားရင် ပြတ်သွားတယ်တို့၊ ဖုန်း ၂ လုံး ဘေးချင်းကပ် ခေါ်တာတောင် ဆက်သွယ်မှု ဧရိယာ ပြင်ပ ရောက်နေတယ်တို့ အခြားသူတွေ ပြောတာ ကြားရတော့ အစကတော့ နောက်နေတယ်ပဲ ထင်ပါတယ်။ ကိုယ်တိုင် ပြန်ရောက်မှပဲ သူများတွေ ပြောတာ အပိုမဟုတ် တကယ် မဟုတ်မှန်း သိရပါတယ်။

ကျွန်တော့်အနေနဲ့ မိုဘိုင်းဖုန်း တွေ ဝိုင်ယာလက်စ် ကွန်ယက်တွေ အကြောင်း သင်ဖူးဖတ်ဖူးထားတာ ဆိုတော့ ဂျီအက်စ်အမ် ကွန်ယက်က ဘယ်လို အလုပ်လုပ် သလဲ ဆိုတာ နည်းနည်းပါးပါး တီးမိ ခေါက်မိ ရှိပါတယ်။



ဂျီအက်စ်အမ် ကွန်ယက်မှာ ဆဲလ်လို့ ခေါ်တဲ့ ဆက်သွယ်မှု ဧရိယာ တစ်ခုချင်းစီအတွက် အထိုင် အင်တင်နာ စခန်း (Base Transceiver Station) တစ်ခုစီ ရှိပါတယ်။ အဲဒီလို အင်တင်နာ စခန်း တစ်ခုစီကနေ ၁ မိုင် ပတ်လည် ၂ မိုင်ပတ်လည် အစရှိတဲ့ အင်တင်နာ ရဲ့ ပတ်လည် ဧရိယာ အတွင်းမှာ ရှိတဲ့ ဖုန်းတွေကို ဆက်သွယ်ပေး ပါတယ်။ ဒါပေမယ့်လည်း အထိုင်စခန်း တစ်ခုကနေ ဆက်သွယ်ပေးနိုင်တဲ့ ဖုန်းအရေအတွက် ဟာ အကန့် အသတ် ရှိပါတယ်။ အဲဒီ အတွက်ကြောင့် အသုံးပြုတဲ့သူ များလာရင် အထိုင်စခန်း မှာ ရှိတဲ့ အင်တင်နာရဲ့ ပါဝါကို လျှော့ပြီး နောက်ထပ် အထိုင်စခန်း တစ်ခု ထပ်ထည့် ပေးရပါတယ်။ ဥပမာ ၁ မိုင်ပတ်လည်မှာ ဖုန်း အလုံး ၁၀၀ ကို ထိန်းနိုင်တယ် ဆိုကြပါစို့။ အဲဒီ တစ်မိုင်ပတ်လည် အတွင်းမှာ အသုံးပြုသူ ၁၀၀ မက ရှိလာပြီဆိုရင် အင်တင်နာရဲ့ ပါဝါကို တမိုင်ကနေ မိုင်ဝက်ကို လျှော့ချပြီး နောက်ထပ် မိုင်ဝက်အတွက် အထိုင်စခန်း တစ်ခု ထပ်ထည့်ပေးရပါတယ်။ အဲဒီလို မလုပ်ဘူး ဆိုရင် အထိုင်စခန်းက ဆက်သွယ်ပေးနိုင်တဲ့ ဖုန်းဆက်သွယ်မှု ပြည့်သွားတဲ့ အခါမှာ အဲဒီ အထိုင်စခန်း ပတ်ပတ်လည်မှာ ရှိတဲ့ တခြားဖုန်းတွေ အဆက်အသွယ် လုပ်လို့ မရတော့ပါဘူး။ အဲဒါကြောင့် ဆက်သွယ်မှု ဧရိယာ ပြင်ပ ရောက်သွား ရတာပါ။

အဲဒီတော့လည်း ဆက်သွယ်ရေးမှာ အလုပ်လုပ်တဲ့ အင်ဂျင်နီယာ မိတ်ဆွေများကို နည်းနည်းပါးပါး တီးခေါက်ကြည့်မိပါတယ်။ ရန်ကုန်မှာ အထိုင်စခန်းတွေကို ဘယ်လို စီမံခန့်ခွဲသလဲလို့ မေးကြည့်တော့ ဂျီအက်စ်အမ် စနစ် စပြီး ဆင်ကတည်းက ဒီအတိုင်းပဲ။ ထပ်ဖြည့်တာ မရှိဘူးလို့ ပြန်ဖြေပါတယ်။ ဟိုတလောကတော့ ရန်ကုန်မှာ အထိုင်စခန်းတွေ ထပ်တိုးတယ်လို့ သတင်းထဲမှာ ဖတ်လိုက်ရပါတယ်။ ဒါပေမယ့်လည်း ဆင့်ပါးစပ် နှမ်းပက်သလိုမျိုး ဖြစ်နေသလားလို့ စဥ်းစား မိပါတယ်။

နောက်တစ်ခုက ဂျီအက်စ်အမ် စနစ်နဲ့ ပတ်သက်ပြီး ဖုန်းပြောရင်း ပြတ်သွားတတ်တဲ့ အကြောင်းကို နည်းနည်း ရှင်းပြချင် ပါတယ်။ စင်ကာပူမှာတော့ ဖုန်းပြောရင်း ဖုန်းပြတ်သွားတာ ရထားစီးတဲ့သူများ ကြုံဖူးကြပါလိမ့်မယ်။ ရထားက လှိုဏ်ခေါင်းထဲ ဝင်သွားရင် ပြောနေတဲ့လိုင်း ရုတ်တရက် ပျောက်သွားတတ်ပါတယ်။ ပုံမှန်အားဖြင့် မိုဘိုင်းဖုန်းဆိုတဲ့ အတိုင်း ဟင်းန်ဖုန်းဟာ သွားရင်းလာရင်းပြောဖို့ ဒီဇိုင်း လုပ်ထားတာပါ။ အဲဒါကြောင့် အင်တင်နာ စခန်းတစ်ခုကနေ မိနိုင်တဲ့ ဧရိယာရဲ့ အစပ်မှာ အနီးဆုံး အခြား အင်တင်နာ စခန်း တစ်ခုကနေလည်း ဖမ်းမိနိုင်အောင် ဒီဇိုင်းလုပ်ထား ရပါတယ်။ အဲဒီတော့ သွားရင်းလာရင်း အင်တင်နာ စခန်းရဲ့ နယ်မြေစပ်ကို ရောက်သွားပြီဆိုရင် BSC (Base Station Controller) လို့ခေါ်တဲ့ အင်တင်နာစခန်းတွေကို ထိန်းချုပ်တဲ့ နေရာကနေပြီး လက်ရှိ သုံးနေတဲ့ အင်တင်နာ စခန်းကနေ အချက်ပြလှိုင်းအား ပိုကောင်းတဲ့ အနီးဆုံး အင်တင်နာ စခန်းကို လွှဲပြောင်းပေးပါတယ်။ အဲဒါကို နည်းပညာဆိုင်ရာ စကားလုံး အနေနဲ့တော့ Handoff လုပ်တယ်လို့ ခေါ်ကြပါတယ်။ အကယ်၍ ဖုန်းက ဘယ်အင်တင်နာ စခန်းမှ မမိတဲ့ ကြားထဲကနေရာကို ရောက်သွားမယ် ဆိုရင် ပြတ်သွားနိုင်ပါတယ်။ နောက်တစ်ချက် ဖြစ်နိုင်တာကတော့ လွှဲပေးရမယ့် အင်တင်နာ စခန်းမှာ သုံးစရာ လိုင်းအပို မရှိဘူး ဆိုရင်လည်း ဖုန်းက ပြတ်သွားနိုင်ပါတယ်။ အင်တင်နာစခန်း တစ်ခုက အချက်ပြလှိုင်း ရုတ်တရက် ပျောက်သွားပြီး အခြားအင်တင်နာ စခန်းတစ်ခုက အချက်ပြလှိုင်း ရုတ်တရက် ပေါ်လာတယ်ဆိုရင်လည်း BSC ကနေ ချက်ချင်း လွှဲမပေးနိုင်တဲ့အတွက် ဖုန်းပြတ် သွားနိုင်ပါတယ်။ ရထား လှိုဏ်ခေါင်းထဲဝင်တဲ့ အဖြစ်က နောက်ဆုံးက အဖြစ်မျိုးပါ။

ရန်ကုန် ရောက်တော့ ကမ်းရိုးတန်းဖုန်း ဆိုပြီး အခေါ်အဝေါ် အသစ်တစ်ခုကို ကြားရပါတယ်။ တကယ်တော့ အဲဒီစနစ်ကို နာဂစ်မုန်တိုင်း အပြီး ကမ်းရိုးတန်း ဒေသတွေမှာ စပြီး တပ်ဆင်တဲ့အတွက် ကမ်းရိုးတန်း ဖုန်းလို့ နာမည်တွင်တာပါ။ ကမ်းရိုးတန်းဖုန်းဆိုတာ ဘာလဲလို့ မေးကြည့်တော့ ဒဗလျူ စီဒီအမ်အေ လို့ ပြန်ပြောကြပါတယ်။ ကမ်းရိုးတန်း ဖုန်းကို လူကြိုက်မများဘူးလို့လည်း ပြောကြပါတယ်။ ဘာလို့လည်း မေးတော့ စီဒီအမ်အေ မို့လို့ မကြိုက်တာလို့ ပြောကြပါတယ်။ လက်ကိုင်ဖုန်းတွေ ထွက်ခါစက စီဒီအမ်အေနဲ့ ဂျီအက်စ်အမ် ဆိုပြီး နှစ်မျိုးနှစ်စား ထွက်ထားတော့ အခု ဒဗလျူ စီဒီအမ်အေ ဖုန်းတွေကိုလည်း စီဒီအမ်အေနဲ့ အမှတ်မှားနေကြပါတယ်။ အမှန်တကယ်တော့ ဒဗလျူ စီဒီအမ်အေ ဆိုတာ အခု နိုင်ငံတကာမှာ သုံးနေတဲ့ 3G လို့ အများသိထားကြတဲ့ ဖုန်းစနစ်ပါ။  မြန်မာပြည်မှာ 3G ထက် 2G ကို ပိုပြီး လူကြိုက်များတယ် ဆိုတဲ့ ကိစ္စကတော့ စဥ်းစားမရနိုင်အောင်ပါပဲ။ ကိုယ်မသိသေးတဲ့ အကြောင်းအချက် တွေလည်း ရှိချင်ရှိမှာပေါ့။ ဒါပေမယ့်လည်း ဗီဒီယိုဖုန်း ခေါ်လို့ မရ၊ ဒေတာ ဆားဗစ် သုံးလို့မရတော့လည်း ဒဗလျူ စီဒီအမ်အေလည်း ရိုးရိုးလိုင်းနဲ့ ဘာမှမထူးပါဘူး။

စီဒီအမ်အေ ဖုန်းစနစ်ရဲ့ ထူးခြားချက်က အဲဒီစနစ်မှာ ဂျီအက်စ်အမ် စနစ်လိုမျိုး အသုံးပြုသူ တစ်ယောက်ချင်းစီကို အသုံးပြုတဲ့ အချိန်မှာ ကြိမ်နှုန်းတစ်ခု သီးခြား ပေးထားတာ မရှိပါဘူး။ စီဒီအမ်အေ ဖုန်းက ကြိမ်နှုန်းတွေ အားလုံးပေါ်မှာ လျှို့ဝှက် ကုတ်ဒ်သင်္ကေတသုံးပြီး လှိုင်းတွေကို ဖြန့်ကျက် လွှတ်ထုတ် ပေးပါတယ်။ အဲဒီတော့ တခြားဖက်က လျို့ဝှက် ကုတ်ဒ်သင်္ကေတ ဆင်တူ ရှိတဲ့ ဖုန်းကနေပဲ ဒီလှိုင်းတွေကို အဓိပ္ပာယ် ပြန်လို့ ရပါတယ်။ ကြားက နေ ဖြတ်နားထောင်ဖို့ကတော့ ဖုန်းကုမ္ပဏီက အလိုတူအလိုပါ ပါဝင်မှပဲ ရပါမယ်။

ဒါဆို ဂျီအက်စ်အမ် ဖုန်းကရော ကြားဖြတ်နားထောင်လို့ ရသလားလို့ မေးပါလိမ့်မယ်။ ဂျီအက်စ်အမ် ဖုန်းကလည်း ကြားကနေ ဖြတ်နားထောင်ဖို့ မလွယ်ပါဘူး။ ဟိုးအရင်တုန်းက နာမည်ကြီးခဲ့တဲ့ နာမည်ကျော် ၂ ယောက်ရဲ့ စကားပြော ကက်ဆက်ခွေမှာ ဆယ်လူလာ ဖုန်းကို ကြားဖြတ်ဖမ်းထားတယ် ဆိုတဲ့ အချက်ကတော့ ဖြစ်နိုင်ပါတယ်။ အဲဒီတုန်းက သုံးနေတဲ့ ဆယ်လူလာ စနစ်က ဂျီအက်စ်အမ် စနစ်မဟုတ်ပါဘူး။ AMPS လို့ ခေါ်တဲ့ အစောပိုင်း ဆယ်လူလာ စနစ် တစ်မျိုးပါ။ အဲဒီ စနစ်မှာ အသံလှိုင်းတွေကို ရေဒီယိုလှိုင်းပေါ်ကနေ တိုက်ရိုက်လွှင့်တာ ကြောင့် ကြားကနေ အဲဒီ ရေဒီယိုလှိုင်းကို ဖြတ်နားထောင်မယ် ဆိုရင် ဖြစ်နိုင်ပါတယ်။ ဒါတောင်မှ ဖြစ်နိုင်မဖြစ်နိုင် မသေချာပါဘူး။ ဥပမာ အမေရိကန်လို နိုင်ငံမျိုးမှာ AMPS အတွက် သုံးတဲ့ ကြိမ်နှုန်းတွေက FM ရေဒီယို လွှင့်တဲ့ ကြိမ်နှုန်းတွေနဲ့ ၁၀ ဆလောက် ကွာတာမို့ FM ရေဒီယိုနဲ့ ကြားဖြတ်ဖမ်းဖို့ ဆိုတာ မလွယ်လှပါဘူး။

ဂျီအက်စ်အမ် စနစ်မှာတော့ TDMA လို့ ခေါ်တဲ့ အချိန်အပိုင်းအခြားဖြတ်ပြီး ထုတ်လွှင့်တဲ့ စနစ် သုံးထားတဲ့ အတွက် ခိုးနားထောင်ဖို့ မလွယ်လှပါဘူး။ ဥပမာ ပေးရရင် ဖုန်း ၅ လုံးက တပြိုင်တည်း ပြောနေတယ် ဆိုရင် အဲဒီဖုန်းငါးလုံးက ထွက်လာတဲ့ အသံလှိုင်းတွေကို ရေဒီယိုလှိုင်း တစ်ခုထဲမှာ အချိန်အပိုင်းအခြားနဲ့ ၅ ပိုင်းပိုင်းပြီး လွှင့်ပါတယ်။ လွှင့်ထုတ်ချိန် ၁ စက္ကန့် ရှိတယ် ဆိုရင် အသံလှိုင်းတစ်ခု စီအတွက် ရေဒီယိုလှိုင်းပေါ်မှာ ၀.၂ စက္ကန့် အပိုင်းအခြား ရှိတဲံ နေရာ တစ်နေရာစီ ရပါတယ်။ ဖုန်းတစ်လုံးထဲ ပြောနေတယ် ဆိုရင်တောင်မှ ၀.၂ စက္ကန့် အပိုင်းအခြားကိုပဲ သုံးပြီး ကျန်တဲ့အချိန် အပိုင်းအခြားကို ဘာမှ မလွှင့်ပဲ ထားပါတယ်။ အဲဒီလိုမျိုး အသံလှိုင်းတွေကို စုပေါင်းပြီးမှ လှိုင်းတစ်ခု အနေနဲ့ လွှင့်ပါတယ်။ မလွှင့်ခင်မှာလည်း အသံလှိုင်းကို အင်နာလော့ အနေနဲ့ မလွှင့်ပဲ ဒီဂျစ်တယ် လှိုင်း အဖြစ် ပြောင်းပါသေးတယ်။ ဒါကြောင့်မို့ ဂျီအက်စ်အမ် ဖုန်းကို ကြားဖြတ်ပြီး ရေဒီယိုနဲ့ နားထောင်ဖို့ ဆိုတာ သာမန်လူအတွက် မဖြစ်နိုင် သလောက် ပါပဲ။

နောက်ဆုံးတစ်ခေါက် ရန်ကုန်ပြန်တော့ ရန်ကုန်မှာ ဂျီအက်စ်အမ်ဖုန်းတွေ အတော် ပေါလာပါပြီ။ ဒါပေမယ့် အလုပ်ကြမ်းသမား ဟင်းန်ဖုန်း ကိုင်နိုင်တဲ့ အခြေအနေတော့ မရောက်သေးပါဘူး။ အဲဒီအချိန်ကို ဘယ်တော့များမှ ရောက်ဦးမလဲလို့ မေးကြရင်တော့ Don't Cry ကို မြန်မာမှုပြုထားတဲ့ ရင်ဂိုရဲ့ သီချင်းထဲကလို တစ်နေ့နေ့ပေါ့ မေရယ်။ စိတ်ရှည်လက်ရှည် စောင့်ကွယ် လို့ပဲ ဆိုပြရလိမ့်မယ် ထင်ပါတယ်။ 

(ပုံကတော့ ဘယ်က ကူးမိမှန်းမသိပါ။ Google ကနေ ရှာထားတယ်ပဲ ထားလိုက်ပါတော့။ :D )

Thursday, September 23, 2010

ရယ်စရာ ပြုံးစရာ စကားပုံ ပုံပြင်များ

မြန်မာစကားမှာ ပုံပြင်ဒဏ္ဍာရီနဲ့ ဆက်စပ်နေတဲ့ စကားအသုံးအနှုန်း လေးတွေ ရှိတတ်ပါတယ်။ တချို့  အသုံးအနှုန်း တွေကတော့ အသုံးများလွန်းလို့ လူအများစုက စကားရဲ့ အဓိပ္ပာယ်ကို သိကြပေမယ့် အဲဒီစကားနဲ့ ဆက်စပ်နေတဲ့ ပုံပြင်ဒဏ္ဍာရီကို မကြားဖူး ကြပါဘူး။ အဲဒီလို စကားမျိုးတွေကို အကြောင်းသိတဲ့သူ ရှေ့မှာပြောမိရင် မထင်မှတ်ဘဲ ရယ်စရာ ဖြစ်တတ်ပါတယ်။ စကားအသုံးအနှုန်းနဲ့ ဆိုင်တဲ့ ပုံပြင်တွေ ထဲက ကြားဖူးဖတ်ဖူးတာ တချို့ကို ပြန်ပြောပြချင်ပါတယ်။ ဒါပေမယ့် ပုံပြင်တွေက တစ်တစ်ခွခွ ရှိပြီး နည်းနည်း ညစ်ပတ်တယ် ဆိုတဲ့ အကြောင်းတော့ ကြိုပြီး သတိပေးပါရစေ။

ပထမဆုံး ပြောပြချင်တာက သတိမမူ ဂူမမြင် ဆိုတဲ့ စကားပုံ အကြောင်းပါ။ တစ်ခါက ရွာတစ်ရွာမှာ အလွန်အပျင်းကြီးတဲ့ သစ်ခုတ်သမား လူပျင်းတစ်ယောက် ရှိပါတယ်။ သူဟာ တောထဲမှာ သစ်ခုတ်သွားရင် တခြားသစ်ခုတ်သမားတွေ သစ်ခုတ်နေတဲ့ အချိန် သစ်မခုတ်ပဲ အိပ်နေတတ်ပါတယ်။ ညနေစောင်းလို့ ပြန်ခါနီးမှ အနီးအနားရှိတဲ့ သစ်ကိုင်းခြောက်တွေ ကောက်ပြီး အိမ်ပြန်တတ်ပါတယ်။ အဲဒီအကြောင်းကို ရွာထဲကလူတွေက သူ့မိန်းမကို ပြောပြကြပါတယ်။ သူ့မိန်းမလည်း အစက မယုံပေမယ့် နောက်ပိုင်း ပြောပါများလာတော့ သူကိုယ်တိုင် တောထဲကို လိုက်ချောင်းပါတော့တယ်။ တောထဲမှာ သစ်တုံး ခေါင်းအုံးပြီး အိပ်နေတဲ့ သူ့ယောက်ျားကို တွေ့တော့ စိတ်ဆိုးသွားပါတယ်။ အိမ်ပြန်လာပြီးတဲ့နောက် ဒီယောက်ျားကို မှတ်လောက်အောင် ပညာပေးမှ ဖြစ်မယ်လို့ စိတ်ကူးပြီး အကြံထုတ် ပါတော့တယ်။ အကြံရသွားတဲ့ အခါမှာတော့ ရွာထဲက ဇာတ်ဆရာဆီကနေ ဘုရင် အဝတ်အစားတွေ သွားငှားပါတယ်။ အဲဒီလို ငှားပြီးတော့ နောက်တစ်နေ့ ဘုရင် အဝတ်အစားတွေ ဝတ်ပြီး သူ့ယောက်ျားရှိတဲ့ တောထဲကို လိုက်သွားပါတော့တယ်။

တောထဲရောက်သွားတော့ သူ့ယောက်ျား အိပ်နေတာကို တွေ့တော့ ဒေါသဖြစ်ဖြစ်နဲ့ ခြေထောက်နဲ့ ကန်ပြီး နှိုးပါတယ်။ လူပျင်းလည်း အိပ်ချင်မူးတူးနဲ့ ထလာတဲ့ အချိန် ဘုရင် အဝတ်အစားနဲ့ ဘေးမှာ ရပ်နေတာ ကိုတွေ့တော့ လန့်သွားပါတယ်။ ဘုရင်အဝတ်အစားနဲ့ မိန်းမက သူ့ယောက်ျားကို "မော်မဖူးနဲ့။" လို့ အမိန့်ပေးတာကြောင့် လူပျင်းလည်း မျက်နှာကို မော့မကြည့်ရဲပါဘူး။ နောက်တော့ ဘုရင်ယောင်ဆောင်ထားတဲ့ သူ့မိန်းမက ဗိုက်ဆာတယ် ရှိတာဆက်စမ်း ဆိုပြီး ပြောလို့ သူ့မှာပါလာတဲ့ ထမင်းထုပ် ထုတ်ကျွေးရပါတယ်။ ထမင်းစားပြီးတော့ သူ့မိန်းမက အိမ်သာတက်ချင်တယ် ဆိုပြီး ကျင်းတူး ခိုင်းပါတယ်။ လူပျင်းလည်း ကြောက်ကြောက်လန့်လန့်နဲ့ ကျင်းတူး ပေးရပါတယ်။ သူ့မိန်းမက အိမ်သာတက်ပြီးတော့ အီးကုန်းပေးစမ်း ဆိုပြီး ပြောတော့လည်း နံပေမယ့် နှာခေါင်းပိတ်ပြီး အီးကုန်းပေးရပါတယ်။

ညနေစောင်းလို့ အိမ်ပြန်လာတော့ လူပျင်းက သူ့မိန်းမကို ရင်ဖွင့်ပါတယ်။ ဒီနေ့တောထဲမှာ ဘုရင်နဲ့ တွေ့တယ်။ အတော်ဆိုးတဲ့ ဘုရင်ကွာ။ ငါ့ထမင်းထုပ်လည်း စားသွားသေးတယ်။ ပြီးတော့ ငါ့ကို အိမ်သာကျင်းလည်း တူးခိုင်းသေးတယ်။ ဒါတင် မကဘူး။ အီးပါကုန်းပေးလိုက်ရသေးတယ်။ လို့ သူ့မိန်းမကို ပြောပြပါတယ်။ သူ့မိန်းမက ရှင်တစ်နေ့ တစ်နေ့ တောထဲသွားပြီး အိပ်နေလို့ ရှင့်ကို ပညာပေးတာလို့ ပြောပြီး အခန်းထဲမှာ ချိတ်ထားတဲ့ ဘုရင် အဝတ်အစားတွေကို ပြပါတယ်။ အဲဒီတော့ လူပျင်းက အားလိုအားမရ ပြောလိုက်တာကတော့ "အဲဒါကြောင့် ငါထင်တော့ ထင်သား။ အီးကုန်းပေးတုန်းက ဒီဘုရင် ကပ္ပာယ်အိတ် မပါပါဘူးလို့။ သတိမမူတော့ ဂူမမြင်ဘူးပေါ့ကွာ။" ဆိုပြီးတော့ပါတဲ့။ အဲဒီက စပြီး သတိမမူ ဂူမမြင်ဆိုတဲ့ စကားပုံ ဖြစ်လာတယ်လို့ ဆိုရိုးရှိပါတယ်။

နောက်တစ်ခုကတော့ အားနာလို့ ခါးပါတယ် ဆိုတဲ့ အကြောင်းပါ။ တစ်ခါက ရွာတစ်ရွာမှာ မိန်းမချင်း ကြိုက်နေကြတဲ့ စုံတွဲတစ်တွဲ ရှိပါတယ်။ အင်္ဂလိပ်လိုဆိုရင် လက်စဘီယံ ဂျပန်လို ဆိုရင်တော့ အိုနာဘဲ ခေါ်မယ် ထင်ပါတယ်။ မိန်းမချင်း ကြိုက်နေကြတယ် ဆိုပေမယ့် တစ်ယောက်က ယောက်ျားလျှာပါ။ ဒါပေမယ့် နှစ်ယောက်စလုံး မိန်းမ ဖြစ်နေတော့ အိမ်ထောင်ပြု လို့ မရဘဲ ဖြစ်နေပါတယ်။ ယောက်ျားလျှာက ရွာထိပ် သစ်ပင်က ရုက္ခစိုးဆီမှာ နေ့တိုင်း သွားပြီး သားဆုပန် ပါတယ်။ ယောက်ျားလျှာက နေ့တိုင်း သားဆုလာပန်ုတော့ ကြာလာတဲ့အခါမှာ ရုက္ခစိုးက အားနာလာပါတယ်။ အဲဒါနဲ့ သူက ကိုယ်ထင်ပြပြီး "ဟဲ့။မိန်းကလေး။ နင်တို့ မိန်းမချင်း ကြိုက်နေတဲ့ ကိစ္စ။ သား ရဖို့ ငါက ဘယ်လိုမှ ကူညီပေးလို့ မရဘူး။" လို့ ပြောပါတယ်။ ယောက်ျားလျှာက ရုက္ခစိုးကို တွေ့တော့ ဝမ်းသာအားရနဲ့ "ဒါက ရုက္ခစိုး ကူညီရင် ဖြစ်နိုင်ပါတယ်။ ရုက္ခစိုးနဲ့ ကျွန်မ ခါးအောက်ပိုင်းချင်း ခဏလဲ ရအောင်လေ။ နောက်တစ်ပတ် ကြာရင် ပြန်လဲတာပေါ့။" ဆိုပြီး အပူကပ်ပါတယ်။ ရုက္ခစိုးကလည်း "မဖြစ်သေးပါဘူး။ ငါက ထမိန်ကြီးနဲ့ နတ်သဘင် အစည်းအဝေး တက်ရင် ဘယ်လိုတက်ရမလဲ။" ဆိုပြီး ငြင်းပါတယ်။ ဒါပေမယ့် ယောက်ျားလျှာက အတင်း ဇွတ်ပြောတော့ ရုက္ခစိုးလည်း အားနာပြီး "ဒါဆို နတ်သဘင် အစည်းအဝေး မတိုင်ခင်တော့ ပြန်လာ လဲလှည့်။" လို့ ပြောပြီး သူ့ရဲ့ ခါးအောက်ပိုင်းနဲ့ ယောက်ျားလျှာရဲ့ ခါးအောက်ပိုင်းကို ခဏလဲပေး လိုက်ပါတယ်။ ယောက်ျားလျှာလည်း ရုက္ခစိုးရဲ့ ခါးအောက်ပိုင်း ရသွားတော့ သူကြိုက်တဲ့ ကောင်မလေးနဲ့ ယူပြီး ရုက္ခစိုးရဲ့ သစ်ပင်ဖက်ကို ခြေဦးတောင် မလှည့်တော့ပါဘူး။ ရုက္ခစိုးမှာ ထမိန်ကြီးနဲ့ နတ်သဘင် အစည်းအဝေးလည်း သွားလို့မရ ကိုယ်ထင်လည်း ပြလို့မရဘဲ မြွေကိုက်နေပါတယ်။ အဲဒါကတော့ အားနာလို့ ခါးပါတယ် ဆိုတဲ့ အကြောင်းပါ။

နောက်တစ်ခုကတော့ ကိုယ်စီးတဲ့မြင်း အထီးလား အမလား မသိဘူး ဆိုတဲ့ စကားပါ။ ဒီပုံပြင်ကတော့ အွန်လိုင်းမှာ ရှိတာမို့ ဖတ်ဖူးတဲ့သူလည်း ဖတ်ဖူး ပါလိမ့်မယ်။ တစ်ခါက ရွာတစ်ရွာရဲ့ အနားက တောအုပ်မှာ လူသားစားတဲ့ ဘီလူးမ တစ်ယောက် သောင်းကျန်းနေပါတယ်။ အဲဒါကြောင့် ရွာထဲကလူတွေ တောအုပ်ကို ဘယ်သူမှ ဖြတ်ပြီး မသွားရဲကြပါဘူး။ တစ်နေ့တော့ ရွာထဲက လူတစ်ယောက်က မြင်းစီးပြီး တောအုပ်ကို ဖြတ်သွားပါတယ်။ ဘီလူးမက သတ်စားမလို့ ဖမ်းတဲ့ အချိန်မှာ အဲဒီလူက လက်ဦးမှု ရပြီး ဘီလူးမကို ဖမ်းလိုက်နိုင်ပါတယ်။ ဘီလူးမက သူ့ကို မသတ်ပါနဲ့။ လွှတ်ပေးပါ။ လိုတဲ့ဆု ၃ ဆု ပြည့်စေရပါမယ် လို့ အာမခံပါတယ်။ အဲဒီလူက ငါ ပိုက်ဆံတွေ အပြည့်နဲ့ အိမ်တစ်လုံး လိုချင်တယ် လို့တောင်းတော့ ဘီလူးမက ရစေ ဆိုပြီး ဖန်ဆင်းလိုက်တာ ပိုက်ဆံ အပြည့်နဲ့ အိမ်တစ်လုံး ရ သွားပါတယ်။ ဒုတိယ အနေနဲ့ မိန်းမချောချောလေး တစ်ယောက် လိုချင်တယ် ဆိုပြီး ဆုတောင်းတော့လည်း ဘီလူးမတန်ခိုးနဲ့ မိန်းမ ချောချောကလေး တစ်ယောက် ရသွားပါတယ်။ တတိယဆု အနေနဲ့ ဘာတောင်းရမလဲ စဥ်းစားရင်း သူလည်း ယောက်ျားလေးတွေ လိုချင်တတ်တဲ့ ဆန္ဒတစ်ခု စိတ်ထဲမှာ ပေါ်လာပါတယ်။ အဲဒါကတော့ ကြီးလည်းကြီး ရှည်လည်ရှည်ချင်တယ် ဆိုတဲ့ ဆန္ဒပါ။ ဒါပေမယ့် ဆုတောင်းရမယ့်သူက ဘီလူးမဆိုတော့ ဆုတောင်းရမှာ နည်းနည်း ရှက်နေပါတယ်။ အဲဒါကြောင့် ဘယ်လို ဆုတောင်းရမလဲ စဥ်းစားရင်း သူစီးလာတဲ့မြင်းကို တွေ့တော့ အကြံရပြီး ငါ့ပစ္စည်း ဒီမြင်းရဲ့ ပစ္စည်းလိုမျိုး ဖြစ်ချင်တယ် ဆိုပြီး ဆုတောင်းလိုက်ပါတယ်။ မြင်းဆိုတာက ကြီးလည်းကြီး ရှည်လည်းရှည်တာကိုး။ ဘီလူးမက ပြည့်စေ ဆိုပြီး ဖန်ဆင်းလိုက်ပေမယ့် သူစီးလာတဲ့မြင်းက အထီးမဟုတ်ဘဲ အမဖြစ်နေတော့ လိုချင်တာ မရဘဲ မလိုချင်တာ ရသွားပါတယ်။

သတိမမူ ဂူမမြင်နဲ့ အားနာလို့ ခါးပါတဲ့ အကြောင်းက လူထုဦးလှရဲ့ အညာကျေးလက် ပုံပြင်များ စာအုပ်ထဲကပါ။ ကိုယ်စီးတဲ့မြင်း အထီးအမမှန်း မသိတဲ့ ပုံပြင်ကတော့ အွန်လိုင်းမှာ ဖတ်ဖူးတာပါ။

Monday, September 20, 2010

ဒဏ္ဍာရီလို ချိုမြိန်တဲ့ည

ရုံးမှာ ကွန်ပြူတာရှေ့ ထိုင်နေရင်း လူက ထိုင်ရမလို ထရမလို ဖြစ်နေပါတယ်။ လျို့ဝှက်ချက် တစ်ခုကို မျိုသိပ်ထားရတာ အတော်ကို ခက်ခဲတဲ့ အလုပ်တစ်ခုပါပဲ။ အပြစ်ရှိလို့ လျို့ဝှက်ထားတာမျိုး မဟုတ်ပဲ အကြောင်း တစ်စုံတစ်ခုကြောင့် လျို့ဝှက်ထားရတာ လူကို ပိုပြီး စိတ်ပင်ပန်း စေပါတယ်။ ဘာလုပ်ရမှန်း မသိတာနဲ့ပဲ အလုပ်ထဲ စိတ်မပါတော့ဘဲ အင်တာနက် ပေါ်က gothere.sg ဆိုတဲ့ စင်ကာပူမြို့တွင်း ခရီးသွားလမ်းညွှန်ကို အထပ်ထပ် အခါခါ ကြည့်နေမိပါတော့တယ်။ အဲဒီ ဝက်ဘ်ဆိုဒ်မှာ စင်ကာပူမြို့တွင်း တစ်နေရာက တစ်နေရာကို ဘတ်စ်ကားနဲ့ သွားရင် ဘယ်လောက်ကြာမယ် တက်ကစီနဲ့ သွားရင် ဘယ်လောက် ကြာမယ် ဆိုတာမျိုးကို ခန့်မှန်းခြေ တွက်လို့ ရတယ်လေ။ ကျွန်တော်ကတော့ ညနေ သွားရမယ့် ခရီးစဥ်တွေ အတွက် အချိန်ကို အကြိမ်ကြိမ် တွက်ချက် နေမိပါတယ်။

ညနေ ၆ နာရီ ထိုးတာနဲ့ ကွန်ပြူတာကို ပိတ်ပြီး နေရာကနေ အမြန် ထလာခဲ့ပါတယ်။ စိတ်ထဲမှာတော့ အိမ်နဲ့နီးနီးနားနား ရုံးကနေ ဝေးဝေးလံလံ ကပ်စတန်မာရုံးကို ပို့ထားတဲ့ ကုမ္ပဏီကို မေတ္တာပို့ နေမိပါတယ်။ ရုံးထဲက ထွက်ထွက်ချင်း လမ်းမပေါ်မှာ တက်ကစီ တစ်စင်းကို အသင့်ပဲ တွေ့လိုက် ရပါတယ်။ တက်ကစီ ပေါ်တက်ပြီး အိမ်ကို မောင်းဖို့ ကားသမားကို လမ်းညွှန်လိုက် ပါတယ်။ ရုံးက ထွက်ခါစ ကားနည်းနည်း ရှုပ်ပေမယ့် CTE လို့ ခေါ်တဲ့ Central Expressway ပေါ်ရောက်တော့ ကံကောင်း ထောက်မစွာနဲ့ ကားနည်းနည်း ရှင်းသွားပါတယ်။ လမ်းမှာ ကားမပိတ်ပါစေနဲ့လို့ပဲ စိတ်ထဲမှာ ကျိတ်ပြီး ဆုတောင်း နေရပါတယ်။ ရုံးကနေ အိမ်ကို ပြန်ရောက်တဲ့ အချိန်က အင်တာနက်ပေါ်မှာ တွက်ထားတဲ့ အချိန်နဲ့ ကွက်တိ နီးပါးကျတာမို့ အတော်လေး သဘောကျသွား မိပါတယ်။

အိမ်ပြန်ရောက်တော့ ညကတည်းက အသင့်ထည့်ထားတဲ့ ခရီးဆောင် အိတ်ထဲကို ထည့်ဖို့ ကျန်နေတဲ့ ပစ္စည်းတွေ သိမ်းကျုံးပြီး ထည့်လိုက်ပါတယ်။ နာရီဝက် အတွင်းမှာ ရေချိုးပြီးလို့ သွားဖို့လာဖို့ အသင့်ဖြစ်နေပါပြီ။ အဲဒါနဲ့ အိတ်ကို ဆွဲပြီး အမ်အာရ်တီကို ဆင်းလာခဲ့ပါတယ်။ ရထားပေါ်ရောက်တော့မှ ပြသနာက စတော့တာပဲ။ ခရီးဆောင်အိတ်ထဲ ပစ္စည်းတွေ ထည့်ပြီး ကမန်းကတမ်း ပိတ်ခဲ့ပေမယ့် အိတ်က မသုံးတာ ကြာလို့ အိတ်ဖွင့်တဲ့ လော့ခ်နံပါတ် မေ့နေတာပါ။ အမ်အာရ်တီ ထိုင်ခုံမှာ ထိုင်ရင်း နံပါတ် တစ်ခု လှည့်လိုက် ခလုပ်နှိပ်လိုက် လုပ်နေတဲ့ အတွက် ဘေးကလူတွေက ကွက်ကြည့်ကွက်ကြည့်နဲ့ ကြည့်နေကြ ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ၁၀ ချက်လောက် လှည့်အပြီးမှာ နံပါတ်က ဖြတ်ကနဲ ခေါင်းထဲမှာ ပေါ်လာတယ်။ အဲဒီနံပါတ်ကို လှည့်ပြီး ဖွင့်လိုက်တော့ အိတ်က ချောက်ကနဲ ပွင့်သွားပါတယ်။ တော်ပါသေးရဲ့လို့ တွေးပြီး အိတ်ကို ပြန်ပိတ်လိုက် မိပါတယ်။

ဒီလိုနဲ့ ၁ နာရီနီးပါး ရထားစီးပြီး နောက်ဆုံးတော့ လေဆိပ်ကို ရောက်လာခဲ့ပါတယ်။ လေဆိပ်မှာ Check-In ဝင်ပြီးမှ ညစာ မစားရသေးတာကို သတိရပါတယ်။ မတတ်နိုင်ဘူးလေ။ ညစာစားဖို့ အချိန်လည်း မရှိတော့ဘူး။ ဘတ်ဂျက် အဲယားလိုင်းပေါ်မှာ အလကား မကျွေးပေမယ့် ဝယ်စားလို့တော့ ရပါသေးတယ် လို့ တွေးပြီး အင်မီဂရေးရှင်းကို ဖြတ်ပြီး အထဲ ဝင်လာခဲ့ပါတယ်။ နောက်ဆုံး လုံခြုံရေးဂိတ်ကို မဖြတ်ခင် ဖုန်းဆက်ဖို့ သတိရလို့ အိတ်ထဲက ဖုန်းကိုထုတ်ပြီး ဆက်လိုက်ပါတယ်။ တစ်ဖက်က လူကို ခရီးသွားမယ့် ကိစ္စ ကြိုပြော မထားတာမို့ စိတ်ထဲမှာ မလုံမလဲ ဖြစ်နေပါတယ်။ အရေးထဲမှာ လေယာဥ်ပျံထွက်တော့မယ့် ကြော်ငြာသံက ထွက်လာလို့ တဖက်ကလူ ရိပ်မိသွားမှာ စိုးလို့ နောက်မှ ဆက်မယ် ပြောပြီး ကမန်းကတန်း ဖုန်းချပစ်လိုက် ရပါတယ်။

လုံခြုံရေးဂိတ်ကို ဖြတ်ပြီးမှ စိတ်က အတော်အေးသွားပါတယ်။ ခဏနေတော့ လေယာဥ်ထွက်ဖို့ ခေါ်သံကြားလို့ လေယာဥ်ပေါ် တက်လာခဲ့ပါတယ်။ လေယာဥ်ပျံပေါ်ရောက်တော့ စိတ်ထဲမှာ ပျော်သလိုလို ဖြစ်လာတယ်။ စိတ်ကလည်း အတော်လေး လှုပ်ရှားနေပါတယ်။ အဲဒါနဲ့ အိတ်ထဲက ဖုန်းထုတ်၊ ဖုန်းလိုင်း ဝိုင်ဖိုင်လိုင်းတွေ အကုန်ပိတ်လိုက်ပြီး သီချင်းနားထောင် နေမိပါတယ်။ အိပ်ဖို့ ကြိုးစားပေမယ့် ဘယ်လိုမှ အိပ်လို့ မရပါဘူး။ ခဏနေတော့ လေယာဥ်မောင် လေယာဥ်မယ်တွေက စားစရာ သောက်စရာ လာရောင်းတော့ ဈေးကြီးမှန်း သိပေမယ့် ဗိုက်အတော် ဆာနေတာမို့ ဝယ်စားလိုက် ပါတယ်။

ဖုန်းထဲမှာ ထည့်ထားတဲ့ သီချင်းတွေ အားလုံးကို နားထောင်လို့ မပြီးခင်မှာပဲ ခရီးဆုံးကို ရောက်ပါတယ်။ ဒီတစ်ခေါက် ဘာမှ ထူးထူးခြားခြား ပါမလာတာမို့ လက်ဆွဲအိတ်ကလေး ဆွဲပြီး လေယာဥ်ပေါ်ကနေ ဆင်းခဲ့ပါတယ်။ အရင်တခါ လာတုန်းက အင်မီဂရေးရှင်းမှာ အကြာကြီး စောင့်ရပေမယ့် ဒီတစ်ခါတော့ အတော်လေး မြန်ပါတယ်။ အင်မီဂရေးရှင်း ဖြတ်ပြီးတော့ အိတ်ကလည်း သိပ်ကြာကြာ မစောင့်ရတာမို့ ခရီးဆောင်အိတ် ကလေးဆွဲပြီး တက်ကစီ ငှားတဲ့ နေရာဘက်ကို ထွက်လာခဲ့ ပါတယ်။ အဲဒီလေဆိပ်မှာ တက်ကစီက ပေါမှပေါပါ။ ကိုယ်သွားချင်တဲ့ နေရာကို ကောင်တာက ကောင်မလေးကို ပြောတော့ ကောင်မလေးက စာရွက်တစ်ရွက်မှာ အဲဒီနေရာရဲ့ နာမည်ကို ရေးပြီး တက်ကစီ သမားကို ပေးလိုက် ပါတယ်။ တက်ကစီပေါ် မှာတော့ ကားသမားနဲ့ ဘာမှ ထူးထူးခြားခြား မပြောဖြစ် ပါဘူး။ ပြောရင်လည်း သူ့စကား ကိုယ့်နားမလည် ကိုယ့်စကား သူနားမလည်မို့ ဘာမှ သိပ်မထူး ပါဘူး။

တက်ကစီပေါ်မှာ ထိုင်ရင်း အတိတ်က အကြောင်းတွေကို ပြန်တွေးနေမိတယ်။ အဝေးပြေး လမ်းမ ပေါ်မှာ မောင်းနေတဲ့ တက်ကစီပေါ်မှာ ထိုင်နေရင်း ဖုန်းကို နှိပ်ချင်တဲ့စိတ်ကို မနည်း ထိန်းထား ရပါတယ်။ ကီလိုမီတာ ၈၀ လောက် ဝေးတာ ဆိုတော့ တက္ကစီပေါ်မှာ တနာရီ နီးပါးတော့ ထိုင်လိုက် ရပါတယ်။ နောက်ဆုံး ဟိုတယ်ကို ရောက်တဲ့ အချိန်ကျတော့ ည ၁ နာရီ ထိုးနေပါပြီ။ ည ၁ နာရီလောက်မှ Check-In လုပ်မယ် ဆိုတဲ့ အကြောင်း ဟိုတယ်ကို အီးမေးလ် ကြိုပို့ ထားပြီးသားမို့ စိတ်ထဲမှာတော့ ဘာမှ ပူပင်မနေပါဘူး။ တက္ကစီသမားက သူ့ကို တစ်ပ် ပေးပါလို့ တောင်းနေလို့ ယူအက်စ် ၄ ဒေါ်လာ လောက်နဲ့ ညီမျှတဲ့ သူတို့ နိုင်ငံသုံး ပိုက်ဆံကို အိတ်ထဲက ထုတ်ပေးလိုက်တယ်။ စိတ်က အခုအချိန်မှာတော့ ပေးချင်ကမ်းချင်စိတ် အတော်ကိုများနေတယ်။ အဲဒီအချိန် တောင်းတဲ့သူ ရှိရင် ဆွဲကြိုးတောင် ချွတ်ပေး မိမလား မပြောတတ်ဘူး။

ဟိုတယ်မှာ အိတ်ချပြီးတော့ နေ့လည်က သေသေချာချာ ဝယ်လာတဲ့ အထုပ်ကလေးကို ဆွဲပြီး အောက်ဆင်းလာခဲ့တယ်။ ည ၁နာရီ ခွဲနေပြီ။ ဟိုတယ်ရှေ့က လမ်းမ အတိုင်း လျှောက်လာရင်းနဲ့ စိတ်က ဆက်ပြီး မထိန်း နိုင်တော့ဘူး။ တယ်လီဖုန်းကို ထုတ်ပြီး အမြဲ ခေါ်နေကြ နံပါတ် တစ်ခုကို နှိပ်လိုက်မိတယ်။ ခဏချင်းပဲ တစ်ဖက်က ပြန်ထူးသံ ကြားလိုက်ရတယ်။
"ဟဲလို။"
"မအိပ်သေးဘူးလား။"
"အင်း။ အခုပဲ အိပ်တော့မလို့။ အိပ်ရာထဲ ရောက်နေပြီ။"
"အောက် မဆင်းခဲ့ချင်ဘူးလား။"
"ဘာဖြစ်လို့လဲ။ ဒီအချိန်ကြီး ဘာကိစ္စ အောက်ဆင်းရမှာလဲ။"
"ကိုယ် အဆောင် အောက်မှာ ရောက်နေပြီ။"
"ဟင်။ ဟုတ်လို့လား။"
"အော်။ နောက်စရာ ကျနေတာပဲ။ တကယ်ပြောတာပေါ့။"
"အင်း။ အဲဒါဆိုလည်း ခဏစောင့်။ ဆင်းလာခဲ့မယ်။"

သူမကို တွေ့ရတော့မယ်ဆိုလို့ စိတ်အတော် လှုပ်ရှားနေပါတယ်။ အဆောင်ရှေ့က လမ်းအတိုင်း အဆောင်ဘက်ကို လျှောက်လာတော့ ခွေးနှစ်ကောင်က တရှိန်ထိုး ပြေးထွက်လာပြီး ဟောင်ပါတယ်။ ညဘက်ကြီး အဆောင်ရှေ့မှာ ခွေးကိုက်ခံရရင်တော့ ကျော်မကောင်း ကြားမကောင်း ဖြစ်တော့မှာပဲလို့ တွေးလိုက်မိတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ အဆောင်စောင့်တဲ့ သူတစ်ယောက် ဘေးနားက ပုခက်လို ခုတင်တစ်ခုမှာ အိပ်နေရာက ထလာပြီး ခွေးတွေကို မောင်းပေးပါတယ်။ နောက်တော့ ကျွန်တော့်ကို မှတ်မိသလို ပြုံးပြတာမို့ ကျွန်တော် သူ့ကို ပြန်ပြုံးပြ လိုက်မိပါတယ်။

ကျွန်တော် အဆောင်ဧည့်ခန်း ဘေးကနေ ဖြတ်ပြီး လှေခါးဖက် လျှောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ သူမ လှေခါးအောက် ရောက်နေပါပြီ။ ကျွန်တော့်ကို တွေ့တော့ တကယ်အံ့သြသွားတဲ့ ပုံပါပဲ။ ကျွန်တော် သူမကို လက်ထဲမှာ ကိုင်လာတဲ့ နှင်းဆီ ပန်းစည်းကလေးကို လှမ်းပေးလိုက်ပါတယ်။ ညသန်းခေါင် အချိန် မိုင်ပေါင်းထောင်ချီ ဝေးကွာတဲ့ နေရာက ချစ်သူ ရုတ်တရက် ရောက်လာပြီး ပန်းစည်းတစ်စည်း ကမ်းပေးတဲ့အချိန် သူမရင်ထဲမှာ ဘယ်လို ခံစားရမလဲတော့ မပြောတတ်ပါဘူး။ ဒီအချိန် အခိုက်အတန့်က ဘဝ တသက်တာလုံး အမှတ်တရ ဖြစ်သွားစေမှာတော့ အမှန်ပဲလို့ ယုံကြည်ပါတယ်။  သူမ မျက်နှာက အပြုံးက ခါတိုင်းထက် ပိုပြီး လှနေသလို စိတ်ထဲမှာ ထင်နေရပါတယ်။ ဘယ်အချိန်ပဲကြည့်ကြည့် ကျွန်တော့် ရင်ခုန်သံကို ကမောက်ကမ ဖြစ်သွားစေနိုင်တဲ့ သူမရဲ့ မျက်နှာကို ငေးစိုက်ကြည့်ရင်း ကျွန်တော့် ရင်ထဲမှာ ခါတိုင်းလိုပဲ လှုပ်ခတ်သွားပါတယ်။
"ဘယ်လို ရောက်လာတာလဲ။"
"လေယာဥ်ပျံနဲ့ လာတာပေါ့။ ကုန်းကြောင်း လျှောက်လာလို့မှ မရတာ။"
"ဘာလို့ ကြိုမပြောတာလဲ။ ပြောရင် လေဆိပ်မှာ လာကြိုမှာပေါ့။"
"မသိစေချင်လို့ မပြောတာပေါ့။ ဒီနေရာပဲ မလာတတ်တာ ကျလို့။"
"ဘယ်မှာနေမှာလဲ။ ဒီအချိန် အခန်းငှားလို့တော့ မရတော့ဘူး။ ကြိုပြောရင် စီစဥ် ပေးထားမှာပေါ့။"
"ဒီနားက ဟိုတယ်မှာ အခန်းငှားထားပြီးသား။ ဘာမှ စိတ်မပူနဲ့။"
သူမနဲ့ ကျွန်တော် အကြာကြီး စကားမပြောဘဲ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြပါတယ်။ ကျွန်တော့်အတွက် အချစ်ဆိုတဲ့ အရာကို ယုံကြည်စေခဲ့တဲ့ သက်သေပြချက်က သူမပါပဲ။ အဲဒီလိုပဲ ကျွန်တော့်ကို ချစ်ခြင်းမေတ္တာမှာ ချိုမြိန်တဲ့ အရသာနဲ့ မွှေးပျံ့တဲ့ ရနံ့ ရှိတယ် ဆိုတာကို ခံစားနားလည် စေခဲ့တာဟာလည်း သူမပါပဲ။ ကျွန်တော့် အသက် ရှင်သန်နေသမျှ စက္ကန့်မိနစ်တိုင်းကို အဓိပ္ပာယ် ရှိစေတာဟာလည်း သူမပါပဲလို့ ပြောရင် ပိုမယ် မထင်ပါဘူး။

"လမ်းလျှောက်ရအောင်လေ။" လို့ ကျွန်တော်က ပြောတော့ သူမက ပြုံးပြီး ခေါင်းငြိမ့်ပါတယ်။ တိတ်ဆိတ်တဲ့ ညချမ်းတစ်ခုထဲ သစ်ပင်တွေ အုံ့ဆိုင်းနေတဲ့ လမ်းမကြီးပေါ်မှာ ချစ်သူကို လက်တွဲပြီး လမ်းလျှောက်နေရတာ အိပ်မက်တစ်ခု လိုပါပဲ။ အဲဒီလိုနဲ့ စကားတွေ မကုန်နိုင်မခမ်းနိုင် ပြောကြရင်း လျှောက်သွားနေရတာ နာရီလက်တံ လည်နေတာကိုတောင် သတိမထားမိအောင် ပါပဲ။ ထိန်လင်းနေတဲ့ လမ်းမီးရောင် အောက်မှာ သူမမျက်နှာကို ငေးစိုက်ကြည့်ရင်း စကားတွေ ဖောင်ဖွဲ့ရင်း အချိန်တွေ ကုန်မှန်းမသိ ကုန်သွားပါတယ်။ ချစ်သူရှိနေရင် ကန္တာရကိုတောင် နတ်ဘုံထင်ရတယ် ဆိုတဲ့ အိုမာခေယမ်ရဲ့ ရူဘိုင်းယတ်ကဗျာထဲက စာသားကို သတိရမိပါတယ်။

နောက်တော့ သူမကို အဆောင် ပြန်ပို့ပြီး ကျွန်တော်လည်း ဟိုတယ်ကို ပြန်လာခဲ့ပါတယ်။ အမှန် တကယ်ကတော့ အဲဒီနေ့က သူမနဲ့ ကျွန်တော့်ရဲ့ ဘဝထဲက အမှတ်ရစရာ နေ့ပေါင်းများစွာထဲက နေ့တစ်နေ့ရဲ့ နှစ်ပတ်လည်နေ့ပါ။

Sunday, September 19, 2010

နေသားမကျတဲ့မြို့

နေ့ခင်းဖက် အပြင်သွားမလို့ အိမ်က ထွက်လာတော့ လမ်းမပေါ်မှာ မိန်းမကြီးတစ်ယောက် အိတ်တစ်လုံး လွယ်ထားပြီး ဆံပင်တွေ ဝယ်တယ် ဆံပင်တွေဝယ်တယ်လို့ အော်ရင်း လမ်းလျှောက်လာတာကို မြင်ရပါတယ်။ ဆံပင် အရောင်းအဝယ် အကြောင်း ဂျာနယ်တွေထဲမှာ မကြာခဏ ဖတ်ဖူးခဲ့ပေမယ့် ကိုယ်တိုင် တစ်ခါမှ မကြုံဖူးလို့ အထူးအဆန်းလို ဖြစ်နေတာတော့ အမှန်ပါပဲ။ ဈေးရှေ့က ဆိုင်တွေမှာ စာလုံးအကြီးကြီးတွေနဲ့ ရေးထားတဲ့ ဆံပင် တပိသာ ၉၇၀၀၀ ဆိုတဲ့ ဆိုင်းဘုတ်တွေကို မျက်လုံးထဲမှာ ပြေးပြီး မြင်ယောင်မိပါတယ်။ တို့နိုင်ငံက ထွက်တဲ့ ပစ္စည်းထဲမှာ ဆံပင်ပါတယ်လို့များ ပြောရမလားလို့ စိတ်ထဲကလည်း စဥ်းစားလိုက် မိပါတယ်။

ဘတ်စ်ကား မစီးဖြစ်တာ ကြာပြီမို့ အိမ်နားက ကားဂိတ်မှာ ဘတ်စ်ကား တစ်စင်းပေါ်တက်ခဲ့ပါတယ်။ ဘယ်စီးစီး နှစ်ရာ ဆိုတဲ့ ကားပေါ်မှာ မတ်တပ်ရပ်လိုက်ရင်း ဟိုကြည့်ဒီကြည့် လျှောက်ကြည့် နေမိပါတယ်။ အိတ်ထဲမှာ ပါတဲ့ ငါးရာတန် ထုတ်ပေးတော့ ကားသမားက နှစ်ရာတန် အစုတ် တစ်ရွက်နဲ့ တစ်ဆယ်တန် ၁၀ ရွက် အမ်းပါတယ်။ နှစ်ရာတန်က ဟောင်းနွမ်းစုတ်ပြတ်ပြီး မကိုင်ချင်စရာ ကောင်းလောက်အောင် ဖြစ်နေပါပြီ။ ဆယ်တန် ကို ကြည့်ရင်း ဒီမှာ တစ်ဆယ်တန် သုံးကြသေးတယ်ပေါ့လို့ တွေးနေတုန်းမှာပဲ အသေအချာ ကြည့်မိတော့ တစ်ဆယ်တန် ၁၀ ရွက်ကို ပင်နဲ့တွဲချုပ်ထားတာကို သတိထားလိုက် မိပါတယ်။ ဟိုတစ်နေ့က တူမတွေနဲ့ ကစားကွင်းသွားရင်း တစ်ရှူးထုတ် အမ်းတာကို သတိရမိ ပါသေးတယ်။ တစ်ရာတန် အစား တစ်ရှူးထုပ် တစ်ထုပ် အမ်းရင်း ဒီကစားကွင်းထဲမှာ တစ်ရှူးထုပ်ကို တစ်ရာတန် အနေနဲ့ ဘယ်နေရာမှာ သုံးသုံး သုံးလို့ ရတယ်လို့ လက်မှတ်ရောင်းတဲ့ မိန်းမကြီးက ပြောလိုက်ပါတယ်။ သူပြောတဲ့ အတိုင်းလည်း ရပါတယ်။ နောက်ထပ် လက်မှတ်ဝယ်တော့ တစ်ရှူးထုပ်ကိုပဲ တစ်ရာတန် အနေနဲ့ လက်ခံပါတယ်။

၂ မှတ်တိုင်လောက် စီးပြီးတော့ ကားပေါ်ကနေ ဆင်းခဲ့ပါတယ်။ စားနေကျ ကွမ်းယာဆိုင်က အစ်မကြီးကို ကျွန်တော့်အတွက် ကွမ်းယာ ၅ ရာဖိုး ပေးပါလို့ မှာရင်း အစ်မကြီးနဲ့ စကားကောင်းနေ မိပါတယ်။ ခါတိုင်းတော့ ဒီကွမ်းယာဆိုင်ဘေးက ခုံမှာ ကျွန်တော်နဲ့ သိတဲ့သူ တစ်ယောက်မဟုတ် တစ်ယောက် အမြဲလို တွေ့ရတတ်ပါတယ်။ အခုတော့ အားလုံး နိုင်ငံခြားထွက်တဲ့သူနဲ့ နယ်ရောက်နေကြတဲ့သူတွေနဲ့ တစ်ယောက်မှ မကျန်တော့ သလောက် ပါပဲ။

ကွမ်းယာဆိုင်က ထွက်လာတော့ လမ်းမပေါ်က တက်ကစီ တစ်စင်း တားလိုက်မိပါတယ်။ လှည်းတန်း သွားချင်လို့ ပြောတော့ မလိုက်တော့ဘူးလို့ ပြောပြီး မောင်းထွက် သွားပါတယ်။ နောက်တစ်စင်း ထပ်တားတော့ နှစ်ထောင် ပေးပါ ဆိုတာနဲ့ ဈေးမဆစ်တော့ဘဲ ကားရှေ့ခန်းက တက်လိုက်ခဲ့ပါတယ်။ နိုင်ငံခြားမှာတော့ တက်ကစီ စီးရင် ရှေ့ခန်းက စီးလေ့ မရှိပါဘူး။ သက်တောင့်သက်သာ နောက်ခန်းကပဲ စီးတတ်ပါတယ်။ အခုတော့ နောက်ခန်းက စီးရင် မှန်ချစရာ လက်ကိုင်မတွေ့တာနဲ့ ရှေ့ခန်းက တက်စီးခဲ့တာပါ။ သွားနေရင်း လမ်းမှာ အဖွားကြီးတစ်ယောက်နဲ့ လူငယ်တစ်ယောက် ကားကို တားပါတယ်။ သူတို့က စမ်းချောင်းသွားမယ် ဆိုပြီး နောက်ခန်းက တက်လိုက်ကြပါတယ်။ တက်ကစီတစ်စင်းထဲကို လူပေါင်းပြီး စီးကြတာလည်း ရန်ကုန် ယဥ်ကျေးမှုပါပဲ။ ဓာတ်ဆီ ချွေတာပြီး ကမ္ဘာ့ပတ်ဝန်းကျင်ကို ထိန်းသိမ်းတယ်လို့ ကြီးကြီးကျယ်ကျယ် ပြောရမလား မဆိုတတ် ပါဘူး။ နောက်ခန်းက ပါလာတဲ့ ကောင်လေးက မှန်ချချင်လို့ လက်ကိုင်မရှိဘူးလားလို့ မေးတော့ ကားသမားက မှန်ချတဲ့ လက်ကိုင်ကလေး ထုတ်ပေးပါတယ်။ မှန်ချချင်ရင် လက်ကိုင်ကို ကားသမား ဆီက တောင်းရတယ်လို့ မှတ်သား ထားလိုက် မိပါတယ်။ ကိုယ့်မြို့ပေမယ့်လည်း မနေတာ ကြာတော့ ထုံးစံတွေ အားလုံးက အသစ်အဆန်း ဖြစ်နေပါတယ်။

မနေ့က တက်ကစီ စီးတုန်းက အဖြစ်ကို ပြန်သတိရပါတယ်။ ကားနောက်ခန်းမှာ ကျွန်တော့်တူမနဲ့ အတူ ထိုင်လာရင်း စကားပြောနေတုန်း ဘေးက တံခါးက ရုတ်တရက် ပွင့်ထွက် သွားလို့ လန့်သွားပါတယ်။ တံခါး မကျလို့ နေမှာပါလေလို့ စိတ်ထဲက တွေးရင်း တံခါးကို ပြန်ဆောင့်ပိတ်လိုက်ပါတယ်။ ခဏနေတော့ နောက်တစ်ခေါက် ပြန်ပွင့်ထွက်သွားပြန်ပါတယ်။ လမ်းမှာ တံခါးက ခဏ ခဏ ပွင့်နေလို့ တံခါးနားကို ကပ်ပြီး မထိုင်ရဲတော့ ပါဘူး။ တက်ကစီ အကုန်လုံး ဒီလိုတော့ မဟုတ်ပါဘူး။ မြို့ထဲက အပြန် ပါရမီ တက်ကစီ တက်စီးတော့ တခြားတက်ကစီ ထက် ဈေးသက်သာတဲ့ အပြင် မကြုံစဖူး အဲယားကွန်း ဖွင့်မောင်းတာနဲ့ပါ ကြုံလိုက်ရပါသေးတယ်။

တချိန်ကတော့ ကျွန်တော်လည်း ရန်ကုန်လမ်းမပေါ် ဒီလိုပဲ လျှောက်သွားနေခဲ့ဖူးတာပါပဲ။ ၁၀ တန်း အောင်စာရင်း ထွက်တဲ့ညက ဘရိတ်မမိတဲ့ကားကို သူငယ်ချင်း တစ်ယောက်က တစ်နာရီ မိုင်၁၀၀ ကျော် မောင်းတာကို အပြုံးမပျက် ဘေးကနေ ထိုင်စီးခဲ့ဖူးတာ သတိရပါတယ်။ ဒါပေမယ့်လည်း ရန်ကုန်မှာ မနေတာကြာတော့ ရန်ကုန်ကလူတွေ ကားမောင်းတာကို ကြည့်ရင်း နည်းနည်းလန့်နေပါတယ်။ မလွတ်မှန်း သိရက်နဲ့ ခေါင်းအတင်း ထိုးထည့်ပြီး ကားတစ်စင်း တည်းပါ ဆိုပြီး လက်တစ်ချောင်း ထောင်ပြတာ၊ လမ်းမပေါ်မှာ စက်ဘီးတွေ ဆိုက်ကားတွေနဲ့ ပွတ်ကာသီကာ ရှောင်နေတာကို ကြည့်ရင်း ဘေးမှာ သည်းထိတ်ရင်ဖို ဖြစ်နေပါတယ်။ မျက်စိရှေ့မှာ လူအပြည့်တင်ထားတဲ့ ဘတ်စ်ကားကြီးတွေ ဟိုဘက်လူး သည်ဘက်လှိမ့် မောင်းနေတာကို ကြည့်ရင်းလည်း မျက်လုံးပြူးနေ မိပါတယ်။ လူတိုင်း လမ်းစည်းကမ်း လိုက်နာနေတဲ့ နိုင်ငံမှာတော့ ဒီလိုတွေသာ မောင်းကြရင် ယာဥ်တိုက်မှုတွေ ဖြစ်လိုက်မှာ နည်းမှာ မဟုတ်ပါဘူး။ အခုလို လူတိုင်းက ကြုံသလို လုပ်နေကြတော့လည်း အားလုံး သတိထားမောင်းကြတော့ သူ့အရပ်နဲ့ သူ့ဇာတ်တော့ အလုပ် ဖြစ်နေကြတာပါပဲ။

ညနေဖက် သူငယ်ချင်းတွေနဲ့ အတူ စားသောက်ဆိုင် တစ်ဆိုင်ထဲ ဝင်သွားတော့ စားပွဲထိုးများက ခါးတစ်ဝက်လောက် ဦးညွှတ်ပြီး အရိုအသေ ပေးကြပါတယ်။ စိတ်ထဲတော့ သိပ်ပြီး သဘောမတွေ့မိပါဘူး။ ကိုယ်တိုင် နိုင်ငံခြားမှာ နှစ်အတော်ကြာ စားပွဲထိုးဖူးပေမယ့် ကပ်စတန်မာကို ဒီလောက်အထိ အရိုအသေ မပေးဖူးတာ အမှန်ပါပဲ။  တို့နိုင်ငံကလူတွေ အရိုအသေ လွန်နေကြပြီလားလို့ စိတ်ထဲ တွေးမိပါတယ်။ အပေါ့သွားချင်လို့ အိမ်သာထသွားတော့ တစ်ရှူးပေပါ ကိုင်ပြီး အသင့်စောင့်နေတဲ့ ဆိုင်ဝန်ထမ်းကောင်လေး တစ်ယောက်ကို တွေ့မိပါတယ်။ ဆားဗစ်က ကောင်းလွန်းလှချည်လားလို့လည်း စိတ်ထဲမှာ တွေးလိုက်မိ ပါသေးတယ်။

တစ်နေကုန် လျှောက်သွားရင်း ည ၁၂ နာရီလောက် ရောက်တော့ သူငယ်ချင်းတွေနဲ့ အတူ ကမ္ဘာအေး ဘုရားလမ်းပေါ်က လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ ထိုင်ဖြစ်ပါတယ်။ စင်ကာပူမှာ လက်ဖက်ရည် ဘယ်လောက်ကောင်းတယ် ပြောပြော ရန်ကုန် လက်ဖက်ရည်ကိုတော့ မမီပါဘူး။ လက်ဖက်ရည် တစ်ခွက်သောက်ရင်း သူငယ်ချင်းတွေနဲ့ စကားပြောနေတုန်း ဘေးစားပွဲက ဝုန်းဒိုင်းကြဲတဲ့ အသံကြားလိုက်ရပါတယ်။ လှမ်းကြည့်တော့ တစားပွဲတည်း ထိုင်တဲ့သူ အချင်းချင်း ရန်ဖြစ်ရင်းက ပုလင်းနဲ့ ထရိုက်ကြတာပါ။ စားပွဲဝိုင်းမှာ ထိုင်နေတဲ့ ကောင်လေး ခေါင်းမှာ သွေးတွေဖြာကနဲ ကျပြီး စားပွဲက ထသွားတာကို မြင်လိုက်ရပါတယ်။ ဘေးနားက သူ့အပေါင်းအသင်းတွေက တွဲခေါ်သွားကြပါတယ်။ ရန်ကုန်မှာ နေတုန်းကတော့ ရန်ပွဲထဲမှာ ကိုယ်တိုင် ဆော်ဖူး နှက်ဖူး ပါတယ်။ ဒါပေမယ့် ကိုယ်ထိလက်ရောက် ရန်ဖြစ်တယ် ဆိုတာ ရှားပါးတဲ့ နိုင်ငံမှာ အနေကြာ လာတော့ ရန်ဖြစ်တယ်ဆိုတာ စိတ်ထဲမှာ အထူးအဆန်းလို ဖြစ်နေပါတယ်။

တကယ်တော့လည်း ဒီမြို့ဟာ ကျွန်တော်တစ်သက်လုံး နေထိုင်လာခဲ့တဲ့ မြို့ပါပဲ။ ဒါပေမယ့် ဒီမြို့ထဲမှာ မနေဘဲ အပြင်မှာ ထွက်နေလာတာကြာတော့ မျက်စိထဲမှာ အားလုံးဟာ အသစ်အဆန်းလို ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း ခဏပါပဲ။ ကိုယ့်မြို့မှာကိုယ် နေသားပြန်ကျဖို့က မြန်ပါတယ်။ ဒါပေမယ့် နေသား ပြန်ကျသွားတဲ့ အချိန်မှာတော့ နိုင်ငံခြားကို ပြန်ထွက်ခဲ့ ရတာပါပဲ။

Saturday, September 18, 2010

လည်ပြန်ခြင်း

>လွတ်လပ်စွာ ပေါက်ကွဲမှု

တီဗွီတွေအိပ် နာရီတွေမြူး
ရွက်ဖူးတွေနိုးထ
ညငှက်တွေပျံသန်း
လမ်းထက်မှာ တိတ်ဆိတ်ခြင်းတွေ။

တိမ်တွေက ညိုမှောင်
ခြင်ထောင်က တံခါးပေါက်
လပျောက်ပုန်းရှက်
သွေးသက်အလစ်စုတ်တဲ့
သေးနုပ်နုပ်ကောင်တွေ။

အားလုံးကိုမေ့ထား
ခွန်အားများ ခေါ်ယူ
စံပယ်ဖြူ သင်းပျံ့စေ။

နှလုံးသားထဲက
ပိုးစုန်းကြူးတစ်ကောင်
တောင်ပံလေဆန်ကိုဝဲ
အမှောင်ထဲဝင်တိုး
အမျိုးတွေမရှိတဲ့ည
အခုမှ လှပသွားတယ်။

ကဗျာတွေ...ထကြ
ကာရံတွေ...နိုးကြလေ
ကမ္ဘာမြေ အိပ်ချင်အိပ်ဦး
ဒသနဗုံး စနက်ဖြုတ်လိုက်ပြီ။


တင်မောင်ဆွေ

ခြေလှမ်းများ

အတိုးခြေလှမ်း
အဆုတ်ခြေလှမ်းတွေနဲ့
ခရီးရဲ့ နုတ်ခမ်းကို
လှမ်းမြင်ရန် ခက်ခဲလွန်းပါဘိ။
စမ်းတဝါးဝါး
လျှောက်သွားခဲ့တာ
ခုဆိုရင်
ဘဝပန်းချီအတော်ဟောင်းခဲ့ပြီ။

ဆန္ဒရမ္မက်တွေကြားမှာ
ခံစားမှုဝေဒနာလွန်ကဲလို့
လဲပြိုခဲ့ရသောညများ
တသသဖြစ်လောက်သောအကြောင်းအရာ
သေချာသယောင်ယောင်
မရေရာ သက္ကရာဇ်တွေဟာ
ခုတော့......
ပြက္ခဒိန်သင်းချိုင်းမှာလဲလျောင်းနေကြလေရဲ့။

တောင်းဆိုရင်း ပေးဆက်ခဲ့ရတာတွေ
ဖန်တစ်ရာတေနေပြီလေ။
မလိုအပ်တာတွေလည်း
မကြာမကြာရလိုရရဲ့။
အသိခက်တဲ့ ပုစ္ဆာတပုဒ်ဟာ
"ဘဝ"လို့ ထင်တယ်။

မြင်ကွင်းထဲမှာ
ရှာနေတဲ့အရာ
ပျောက်တတ်စမြဲပါ။
အာရုံလွန်ကဲမှုကြောင့် အမှုတစ်ရာပွေ
တစ်ခါသာ သေဆုံးရတဲ့ဘဝမှာ
စိတ်ခမျာ
အခါခါ သေဆုံးရတယ်။

မမြင်တတ်သူအဖို့
ဝေးလွန်းမှ သေးလွန်းမှမဟုတ်
နီးလွန်းက ကြီးလွန်းကလည်း
မမြင်တော့ပါချေ။

ကြိုးပမ်းခြင်းဆိုတဲ့ စိတ်စွမ်းအားသို့
မရောက်မချင်းတော့
ခြေလှမ်းများ...ခြေလှမ်းများဟာ။

ကိုဌေးဝင်း

မပျက်သော.......

ဒို့တွေ...
နားလည်မှုတွေနဲ့
အနုပညာမျိုးဆက်
ပျိုးယှက်ကြဖို့။

ဒို့တွေ...
ရင်းနှီးမှုတွေနဲ့
လည်ပင်းဖက်
ခရီးဆက်ကြဖို့။

ဒို့တွေ...
ကဗျာလက်တွေနဲ့
လောကအမြင်
သန့်စင်ကြဖို့။

ဒို့တွေ...
ဂီတသံတွေနဲ့
သဘာဝကို
အလှဆင်ကြဖို့။

ရည်ရွယ်သမျှ
ဒီကစလို့
ပျက်ယွင်းကြေကွဲ
လွဲကြရပေမယ့်
သူငယ်ချင်း ,
သတင်းနားစွင့်
ရင်ကိုဖွင့်
ကမ်းလင့်ခင်ဆဲလေ။

တင်မောင်ဆွေ

သော့ချက်

တိုးတက်မှုအစ
ပဋိပက္ခကို အရင်းတည်တယ်။

တစ်ဖက်က
မိုင်ပေါင်းရာချီ ဦးနေပါစေ။

တစ်ဖက်သားတို့
အဆများစွာပိုတဲ့
ရုပ်ဝတ္ထုနဲ့ အနိုင်ယူနေပါစေ။

တိုးပွားလိုသူတစ်ယောက်သည်
ကြိုးစားနေသူဖြစ်ဘို့သာလိုသည်။

တိုးတက်လိုသူတစ်ယောက်သည်
စိတ်ပျက်လွယ်သူမဖြစ်ဘို့သာလိုသည်။

မဆုတ်မနစ်
စည်းစံနစ်ကိုအလေးထား
ပညာကိုအားပြု၍
အောင်မြင်မှု သို့
အစဥ်ရှေ့ရှုနေမယ်ဆိုရင်
ယှဥ်ရင်း...ပြိုင်ရင်း
အနိုင်လှေခါးသည်
ကြိုးစားသူတစ်ယောက်၏
ဖဝါးအောက်သို့
သေချာပေါက်ရောက်ရမည် မလွဲပေ။

ကိုဌေးဝင်း


အိမ်ပြန်ရောက်တော့ စာအုပ်သေတ္တာ ပြန်မွှေရင်း မြန်မာစာ မဟာဝိဇ္ဇာတန်းက အစ်ကိုကြီးတစ်ယောက် လက်ဆောင်ပေးခဲ့တဲ့ လက်ရေး ကဗျာစာအုပ်ကလေး တစ်အုပ်ကို တွေ့ပါတယ်။ အဲဒီစာအုပ်ထဲမှာ အပေါ်မှာ ရေးထားတဲ့ ကဗျာ ၄ ပုဒ်ပဲ ပါပါတယ်။ စာအုပ်ရဲ့ အမည်က "လည်ပြန်ခြင်း" (သို့) ခြေလှမ်းများမပျက်သော လွတ်လပ်စွာပေါက်ကွဲခြင်း၏ သော့ချက်များ ဖြစ်ပါတယ်။ အဲဒီကဗျာတွေကို စဖတ်ကတည်းက အတော်နှစ်ခြိုက်ခဲ့ဖူးတာမို့ အားလုံးအတွက် ပြန်ပြီး ဝေမျှလိုက်တာပါ။

Monday, September 6, 2010

အဆုံးထိအောင်ကျပ်

"​ဟေ့ကောင်။ ဘယ်လို ဖြစ်နေတာလဲဟ။"
လက်ပတ်နာရီကို မြှောက်ပြီး တကြည့်ကြည့်လုပ်နေတဲ့ မောင်မျိုးကို ကြည့်ပြီး ကျော်စွာက လှမ်းပြောလိုက် ပါတယ်။ စလုံးမှာ သူတို့ သူငယ်ချင်းတွေ မဆုံဖြစ်တာကြာလို့ ပင်နင်ဆူလာ ပလာဇာ အနောက်က ဒေါ်ရိတ်ကြီးဆိုင်လို့ သိကြတဲ့ နိုင်တီနိုင်းမှာ ဘီယာသောက်နေကြတာပါ။ ရန်ကုန်မှာ ဒေါ်ရိတ်ကြီးက မီးသတ် ရှေ့မှာ ရှိပြီး စလုံးမှာလည်း နိုင်တီးနိုင်းက မီးသတ်ရှေ့မှာ ရှိတာမို့ တချို့က နိုင်တီနိုင်းကို ဒေါ်ရိတ်ကြီးလို့ နာမည်ပေးထား ကြပါတယ်။
"အတော် နောက်ကျနေပြီ။ အိမ်မှာ မိန်းမ မျှော်နေတော့မယ်။"
"ခွီးတဲ့မှပဲ။ ဘာနောက်ကျတာလဲ။ မင်းမိန်းမနဲ့က နေ့တိုင်းတွေ့နေရတာ။ အခုလို သူငယ်ချင်းတွေ ဆုံဖို့ဆိုတာ လေးငါး ခြောက်လ နေလို့မှ တစ်ခါတောင် မလွယ်ဘူး။ တစ်ရက်တစ်လေတော့ လွှတ်ထားလိုက်စမ်းပါဟ။"
"မင်းတို့ ငါ့မိန်းမ အကြောင်း မသိဘူးနော်။ ငါ့မိန်းမက မင်းမိန်းမလို မဟုတ်ဘူး။"
"ဘာမဟုတ်တာလဲ။ ဟေ့ကောင်။ မှတ်ထား။ လွတ်လပ်ရေး ဆိုတာ တိုက်ယူမှ ရတာ။ ငါ့မိန်းမလည်း အရင်က ဒီလိုဆို ပူညံပူညံပဲ။ အခုတော့ ကျင့်သားရသွားလို့ ဘာမှ မပြောတော့ဘူး။ မိုးချုပ်တာ ကိစ္စမရှိဘူး။ ပြန်လာရင် ပြီးတာပဲ ဖြစ်သွားပြီ။ မိန်းမဆိုတာ ဒီလိုပဲ ကျင့်ပေးရတယ်။ "
မောင်မျိုးက သူ့ရှေ့က ဘီယာခွက်ကို ကောက်မော့ပြီး သက်ပြင်းချတယ်။
"မဟုတ်သေးဘူးနော်။ ငါအခု တစ်နာရီ နှစ်နာရီလောက် ပိုနေရင် နောက်ထပ် တစ်ရက် နှစ်ရက်လောက် ပြန်ချော့နေရမယ်။ မဖြစ်ပါဘူးကွာ။"
"ဟေ့ကောင်။ မင်းအခု သူငယ်ချင်းတွေနဲ့ သွားတာပဲ။ ပြောမထားဘူးလား။"
"ပြောတော့ ပြောထားတာပေါ့ကွာ။ ဒါပေမယ့် အခု မက်ဆေ့တွေ တစ်တီတီ ပို့ပြီး ပြန်မလာသေးဘူးလား မေးနေပြီ။ ငါလည်း အခု ခဏနေရင် ပြန်လာတော့မှာပါလို့ ပြောထားရတယ်။
"မင်းမိန်းမ ငါပြောပေးမယ်ကွာ။"
"မလုပ်ပါနဲ့ကွာ။ တကယ် မဖြစ်လို့ပါ။ နောက်တစ်ခေါက်ပေါ့။"
"ဟေ့ကောင်။ မပြန်နဲ့နော်။ မင်းပြန်ရင် အသိပဲ။"
"မဖြစ်ဘူးကွ။ ငါ့မိန်းမက ပိုအရေးကြီးတယ်။"
မောင်မျိုးက ပြောပြောဆိုဆို လက်တော့ပ် အိတ်ကလေး ကောက်ဆွဲပြီး ထိုင်ရာက ထလိုက်တယ်။
"ကဲ အားလုံးပဲ။ လစ်ပြီဟေ့။ နောက်တစ်ခေါက် ဆုံကြသေးတာပေါ့ကွာ။"
ပြောပြောဆိုဆိုနဲ့ လစ်ထွက်သွားတဲ့ မောင်မျိုးကို ကြည့်ပြီး သူငယ်ချင်းတွေ အားလုံး ဒေါကန်ပြီး ကျန်ခဲ့ကြတယ်။
"ဒီကောင်က လွန်လွန်းတယ်။ ဘော်ဒါအရင်းကြီးတွေကို အဲဒီလို ရှော်တာတော့ ဘယ်ကောင်းမလဲ။" လို့ ကျော်စွာက စပြောတယ်။
"အေးကွာ။ ကျွတ်ကြဲလိုက်တာကလည်း လွန်ပါရော။" မောင်သက်ကလည်း ဝင်ထောက်ခပါံတယ်။
"ဟေ့ကောင်။ ဒီကောင့်ကို နည်းနည်း ပညာပေး လိုက်ရအောင်။ မှတ်လောက် သားလောက်အောင်။" အစအဆုံး ငြိမ်နေတဲ့ ဖက်တီးက ဝင်ပြောပါတယ်။
"ဘယ်လို ကျပ် မှာလဲ။" လို့ မောင်သက်က ပြန်မေးတော့ "ဒီလိုကွ.." ဖက်တီးက သူ့ရဲ့ အကြံကို ပြောပြတယ်။ အားလုံးက မောင်မျိုးကို တင်းနေကြတာမို့ " ကောင်းတယ်" ဆိုပြီး ဝိုင်းထောက်ခံကြ ပါတယ်။

ဒီလိုနဲ့ သုံးလေးရက်လောက် ကြာပြီးတဲ့ အချိန်မှာတော့ မောင်မျိုးတစ်ယောက် အိမ်မှာ ရှိနေတဲ့အချိန် သူ့ဟင်းန်ဖုန်းက မြည်လာပါတယ်။ ဖုန်းလာတဲ့အချိန်က ကံမကောင်း အကြောင်းမလှစွာပဲ မောင်မျိုးတစ်ယောက် ရေချိုးခန်းထဲ ရောက်နေပါတယ်။ အပြင်မှာ ရှိနေတဲ့ သူ့မိန်းမ မချိုက သူ့ ဟင်းန်းဖုန်းကို ကောက်ကိုင်ပါတယ်။
"ဟဲလို"
"ကိုကို လားဟင်။" တစ်ဖက်က မိန်းကလေး အသံနဲ့မို့ မချို တစ်ယောက် ဇဝေဇဝါ ဖြစ်သွားပါတယ်။
"ဘယ်သူလဲ မသိဘူး။ ညီမလေး ဖုန်းမှားနေပြီထင်တယ်။"
"မမှားပါဘူး။ ဒါက ကိုကို့ဖုန်းပါ။ ကိုမျိုး ဖုန်း မဟုတ်ဘူးလား။" မချိုတစ်ယောက် အဲဒီလို ကြားလိုက်ရတော့ ဒေါသတွေ အလိပ်လိုက် ထွက်လာပါတယ်။
"ဟုတ်တယ်ဟေ့။ ဒါကိုမျိုးဖုန်း။ ငါက သူ့မိန်းမ။ နင်က ဘယ်သူလဲ။"
"အယ်။ အစ်မကလည်း လာနောက် နေပြန်ပြီ။ ကိုမျိုးက လူပျိုကြီးကို။ မသိတာ မှတ်လို့။ အစ်မက ကိုမျိုး အစ်မလား။"
မချိုတစ်ယောက်တော့ စွေ့စွေ့ခုန် နေပါပြီ။
"ဘာ လူပျိုကြီးလဲ။ နင့်ကို ဘယ်သူက လူပျိုကြီးလို့ ပြောသလဲ။"
"ကိုမျိုးက သမီးတို့ကို လူပျိုကြီးလို့ ပြောတာပဲ။ လူပျိုကြီးမှ ရည်းစားတောင် မထားဘူးတဲ့ လူပျိုကြီး လို့ ပြောတယ်။"
"မဟုတ်ဘူးဟေ့။ မဟုတ်ဘူး။ ငါက သူ့မိန်းမ။ ပေါင်းလာတာ ကြာပြီ။ နင်တို့ခေတ် ကောင်မလေးတွေ ရွကို ရွတယ်။ သူများ ယောက်ျားကို လူပျိုမှန်းမသိ လူအိုမှန်းမသိ။"
မချိုတစ်ယောက် ဖုန်းကို ဆောင့်ကြီးအောင့်ကြီး ပိတ်ပြီး စိတ်ထဲကတော့ သိကြသေးတာပေါ့ လို့ ကြိမ်းလိုက်ပါတယ်။ မောင်မျိုးတစ်ယောက်တော့ သူကြမ္မာငင်နေတာ မသိဘဲ ရေချိုးခန်းထဲမှာ သီချင်းလေး တစ်အေးအေးနဲ့ ရေချိုးနေပါတယ်။ ကံဆိုးမိုးမှောင်ကျချင်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူညည်းနေတဲ့ သီချင်းက အချစ်ကလေး ကိုယ့်ကိုနားလည်ပေးပါ ကလေးရယ် ဆိုတဲ့ ချစ်ကောင်းသီချင်း ဖြစ်နေတာပါပဲ။ မချိုတစ်ယောက် အပြင်ကနေ သီချင်းသံကို နားထောင်ရင်း ယမ်းပုံမီးကျ ဖြစ်နေပါတယ်။
 "ဒီမယ်။ ရှင် အတော်ထနေသလား။ ဘာကလေးလဲ။ ဒီမှာ ကိုယ့်မိန်းမကြီး ငုတ်တုတ် ရှိနေတာ သတိရစမ်းပါဦး။" မချိုတစ်ယောက် ဒေါသတကြီးနဲ့ အပြင်ကနေ ရေချိုးခန်းတံခါးကို တဝုန်းဝုန်း ထုရင်း အော်ပါတယ်။
 မောင်မျိုးတစ်ယောက် သီချင်းသံ တိတ်သွားပါတယ်။ "ဘာဖြစ်တာလဲ မိန်းမရ။ ကိုယ့်ဘာသာကိုယ် သီချင်းဆိုတာပဲ။ မဆိုရဘူးလား။" လို့မောင်မျိုးက ရေချိုးခန်းထဲကနေ ပြန်ပြောပါတယ်။
"ဘာလဲ။ ရှင်က ကျွန်မကို ဘတ်ချင်သေးလို့လား။ အခုပဲ ရှင့်ဟာမလေး ဖုန်းဆက်တယ်။ အပြင်ကို ထွက်ခဲ့စမ်းပါဦး။ အဲဒီကိစ္စရှင်းရအောင်။"
"ဘယ်ကဟာမလေးလဲ။ မင်းကတော့ ကွိုင်ပဲကွာ။"
မောင်မျိုးတစ်ယောက် ဝါးတားတားနဲ့ ရေချိုးခန်းထဲကနေ ထွက်လာပါတယ်။ သူ့မိန်းမ ဘာဖြစ်လို့ နှာကစ်နေသလဲ ဆိုတာကို သူ ဇဝေဇဝါ ဖြစ်နေပါတယ်။
"ပြောစမ်းပါဦး။ ရှင်က ဘယ်က ဟာမတွေနဲ့ အလေလိုက်နေရတာလဲ။" မချိုက အော်ပါတယ်။
"ဟ။ ဘာအလေလိုက်ရမှာလဲ။ ငါ ရုံးနဲ့ အိမ်။ အိမ်နဲ့ ရုံးကလွဲရင် သွားလေရာ နေရာမှာ မင်းတကောက်ကောက် လိုက်နေတာပဲ မဟုတ်ဘူးလား။ ငါက ဘယ်အချိန် သွားအလေလိုက်ရမှာလဲ။"
"အောင်မယ်။ ရှင် ကျွန်မကို ငထူငအ များမှတ်နေသလား။ ရှင် အိုဗာတိုင် အိုဗာတိုင်နဲ့ ကျွန်မကို ဘတ်ကီးရိုက်ပြီး အဲဒီဟာမလေးတွေနဲ့ ရှုပ်နေတာ မဟုတ်လား။"
"ဟာ။ မင်းကတော့ အတော်စားတာပဲ။ ရုံးမှာ အလုပ်ရှိမှတော့ အိုဗာတိုင် လုပ်ရမှာပေါ့။"
"ဒီမယ်။ ခုန ရှင့်ဟာမလေး ဖုန်းဆက်တယ်။ ကိုကို ရှိလားတဲ့။ ရှင်က ဒါတင်မကသေးဘူး။ ကိုယ့်ဘာသာကိုယ် ရည်းစား မရှိတဲ့ လူပျိုကြီးတောင် ပြောထားလိုက်သေးတယ်။"
"ကွိုင်ပဲ။ တစ်ယောက်ယောက် ငါ့ကို ကျပ်တာ နေမှာပါ။"
မချိုက ဒေါသထွက်လာတာနဲ့ ဘေးနားက ရှိတဲ့ စတီးဇလုံနဲ့ မောင်မျိုးကို ကောက်ထု ထည့်လိုက်ပါတယ်။ မောင်မျိုးလည်း ရုတ်တရက်မို့ အငိုက်မိပြီး ဘုထွက် သွားပါတယ်။
"တောက်" မောင်မျိုးတစ်ယောက် တောက်တချက် ခေါက်ပြီး မျက်နှာကြီး နီရဲသွားပါတယ်။ သူတစ်ခါမှ ဒါမျိုး မခံရဖူးတာကြောင့် အကြီးအကျယ် ပေါက်ကွဲသွားပါတယ်။ နောက်တော့ ဘီဒီုကိုဖွင့် အင်္ကျီအဝတ်အစား အမြန် ကောက်စွပ်ပြီး အိမ်ထဲကနေ ထွက်သွားပါတော့တယ်။

စိတ်ဆိုးတုန်းသာ ဆိုးပေမယ့် တကယ်တမ်းကျတော့လည်း မချို မနေနိုင်ပါဘူး။ သူ့ယောက်ျားဆီ ဖုန်းဆက်တော့ ဖုန်းပိတ်ထားပါတယ်။ ဒါနဲ့ သူ့ယောက်ျားရဲ့ သူငယ်ချင်းတွေ ဆီကို ဖုန်းဆက်ပါတယ်။ ကျော်စွာ့ဆီကို ဖုန်းဆက်တဲ့ အချိန် မောင်မျိုးတစ်ယောက်ကလွဲလို့ ကျန်တဲ့သူတွေ အကုန် ရှိနေပါတယ်။
"ကိုကျော်စွာ။ ကိုမျိုးတစ်ယောက် လာသေးလား။"
ကျော်စွာကတော့ ပြသနာတော့ စနေပြီဆိုတာ သိလိုက်လို့ ပြုံးလိုက်ပါတယ်။
"ဟင့်အင်း။မလာဘူး မချို။ ဘာဖြစ်လို့လဲ။"
"ရှင့်သူငယ်ချင်းက ကောင်းကို မကောင်းပါဘူး။ ဘယ်က ကောင်မလေးတွေနဲ့ ဇာတ်ရှုပ်လာမှန်း မသိဘူး။ ခုန သူတို့ဖုန်းဆက်တော့ ကျွန်မနဲ့ တည့်တည့်တိုးတယ်။ သူက ကောင်မလေးတွေကို လူပျိုကြီးလို့ ပြောထားတယ်။"
"ဟုတ်လား။အဲဒါတော့ ဘယ်ကောင်းမလဲ။" ကျော်စွာက မသိသလိုနဲ့ ဆက်ကျပ်နေပါတယ်။
"ဟုတ်တယ်။ ကျွန်မလည်း ဒေါသထွက်တာနဲ့ ဇလုံနဲ့ ကောက်ထု လိုက်တယ်။ အဲဒါနဲ့ စိတ်ဆိုးပြီး အိမ်ပေါ်က ဆင်းသွားတယ်။"
အဲဒီလို ကြားတော့ ကျော်စွာ ခေါင်းပူသွားပါတယ်။ သူတို့ ကျပ်တုန်းက ဒီလောက်အထိ မရည်ရွယ်ပါဘူး။ ဒါနဲ့ပဲ သူက ကြားက ပြန်တောင်းပန်လိုက်ပါတယ်။
"ဆောရီးပဲ မချိုရယ်။ အဲဒါ ကျွန်တော်တို့ ကျပ်လိုက်တာပါ။ အဲဒီလောက် ဖြစ်မယ်မှန်း မသိလို့ပါ။ သူ မချိုကို ကြောက်တတ်မှန်း သိလို့ ကောင်မလေးတွေ ဖုန်းဆက်ရင် မချိုရှေ့မှာ ဘယ်လို ပြောရဆိုရမှန်း မသိ ကွိုင်တက်အောင် ဆိုပြီးတော့ ကျပ်လိုက်တာပါ။ ဟိုကောင်မလေးတွေကလည်း ဘရုတ်သုက္ခတွေ။ မချိုနဲ့ တွေ့တော့ မချိုကိုပါ ကျပ်သွားတယ် ထင်တယ်။"
"ရှင်တို့ အဲဒီလို လုပ်တာတော့ ဘယ်ကောင်းမလဲ။ သူများ လင်မယား ပြသနာတက်အောင်။"
"ကျွန်တော် တောင်းပန် ပါတယ် မချိုရယ်။ ဒီကောင် မိန်းမကြောက်တတ်မှန်း သိလို့ ကျွန်တော်တို့က သူ့ကို နည်းနည်း Lesson ပေးလိုက်တာ။ ဒီလောက် အထိ မရည်ရွယ်ပါဘူး။"
"ရှင်တို့ဆီ ရောက်လာရင် အိမ်ပြန်လွှတ်လိုက်ပါ။ ကျွန်မ ခုန ဖုန်းခေါ်တာ ဖုန်းပိတ်ထားလို့။"
မချို ဖုန်းချ သွားပြီးတော့ အားလုံးက ဘာဖြစ်တာလဲ ဝိုင်းမေးကြပါတယ်။ ကျော်စွာက အကြောင်းစုံ ပြန်ပြောပြတော့ သူတို့ စိတ်လည်းမကောင်း ရယ်လည်း ရယ်ချင် ဆိုသလို ဖြစ်နေကြပါတယ်။ မကြာခင်မှာပဲ မောင်မျိုးတစ်ယောက် ဖုန်းဆက်ပြီး သူတို့ ရှိတဲ့နေရာကို ရောက်လာပါတယ်။ ခေါင်းမှာ ဘုနဲ့ ရှူးရှူးရှဲရှဲ ဖြစ်နေတဲ့ မောင်မျိုးကို တွေ့တော့ သူတို့ စိတ်ထဲ ရယ်ချင် ပက်ကျိ ဖြစ်နေကြပါတယ်။
ဖက်တီးက စမေးပါတယ်။
"ဟေ့ကောင်။မောင်မျိုး ခေါင်းက ဘုနဲ့ ဘာဖြစ်လာတာလဲ။ မိန်းမဆော်လွှတ်လိုက်တာလား။"
"မဟုတ်ပါဘူးကွာ။ ရေချိုး ခန်းထဲ ချော်လဲ လို့ပါ။"
မောင်မျိုး စကားကို ကြားတော့ အားလုံးက ဝါးကနဲ ဝိုင်းရယ်ကြပါတယ်။ မောင်မျိုး ရုတ်တရက် ကြောင်သွားပါတယ်။ ရေချိုးခန်းထဲ ချော်လဲတာ ဘာများ ရယ်စရာ ပါလို့လဲ ဆိုပြီးတွေးပါတယ်။
"ဟေ့ကောင်။ အချင်းချင်း ဘတ်ကီး လာမရိုက်နဲ့။ မင်းမိန်းမ ခုနပဲ ဖုန်းဆက်တယ်။ သူ ဇလုံနဲ့ ထုလွှတ်လိုက်တာ မင်းဘုထွက်သွားတယ် ပြောတယ်။" ဖက်တီးက အဲဒီလို ပြောတော့ သူတို့ နောက်တစ်ခေါက် ထပ်ရယ်ကြပါတယ်။
"အေးကွာ။ ဘယ်လို ဖြစ်သွားမှန်းတောင် မသိလိုက်ဘူး။ ငါရေချိုးနေတုန်း ပြသနာ လာရှာပြီး ဘာမပြော ညာမပြောနဲ့ ထုလွှတ်လိုက်တာ။ အဲဒါနဲ့ ငါလည်း တင်းပြီး အိမ်က ထွက်လာတာ။"
"မင်းမိန်းမကို လိုတာထက် ပိုပြီး ကျွတ်ကြဲနေလို့ ငါတို့ မင်းကို နည်းနည်း Lesson ပေးလိုက်တာ။ အခု မင်းမိန်းမ သိသွားပြီ။ မင်းကို အိမ်ပြန်လာခဲ့ပါတဲ့။" ဖက်တီးက စကား အဆုံးမှာတော့ မောင်မျိုးတစ်ယောက် ပါးစပ်ကနေ မျိုးစုံအောင် ဆဲပါတော့တယ်။
နောက်တော့ "အဲဒါဆိုလည်း ငါအိမ်ပြန် လိုက်ဦးမယ်။" လို့ပြောပြီး မောင်မျိုးက ပြောပြီး လှည့်ထွက်မလို့ ပြင်ပါတယ်။ "ရောက်ပြီးမှတော့ ဘီယာ တစ်ပုလင်းလောက်တော့ သောက်သွားဦးလေကွာ။" လို့ တားတာတောင် မရတော့ပါဘူး။ "တော်ပြီ။ နေပစေတော့။ နောက်မှပဲ သောက်တော့မယ်။" လို့ ပြောပြီး လစ်သွားပါတယ်။

မောင်မျိုး တစ်ယောက် အိမ်ပြန်လာတော့ မချို အိမ်ရှေ့ခန်းမှာ ထိုင်စောင့်နေပါတယ်။ မောင်မျိုးက မျက်နှာသုန်သုန်မှုန်မှုန်နဲ့ အိမ်ထဲ ဝင်လာတော့ မချိုက ချက်ချင်း ထပြီး လက်မောင်းကို ဆွဲပါတယ်။ ပြီးတော့ "ကိုကို ချို့ကို စိတ်ဆိုးနေသလားဟင်။" လို့ မေးတော့ မောင်မျိုးတစ်ယောက် အရည်ပျော်ချင်သွားပါတယ်။ "ရုတ်တရက် ဆိုတော့ ချို ထူပူပြီး လုပ်မိလုပ်ရာ လုပ်လိုက်တာပါ။ ကိုကို့ နာသွားလို့ ချိုတကယ် စိတ်မကောင်းဘူး။" ပြောရင်း မချိုက ငိုပါတယ်။ မိန်းမတို့ရဲ့ လက်နက်ဟာ မျက်ရည်လို့ ပြောကြတယ် မဟုတ်လား။ မျက်ရည်ကျတာ တွေ့ရင် တော်ရုံတန်ရုံ စိတ်ဆိုးနေတဲ့ ယောက်ျားတွေ ပျော့သွားတတ်ပါတယ်။ ဒါပေမယ့်လည်း မောင်မျိုးတစ်ယောက် စကားတစ်ခွန်းမှ ပြန်မပြောသေးပါဘူး။ မချိုတစ်ယောက် နောက်ဆုံးလက်နက် ထုတ်သုံးလိုက်ပါတယ်။ ကြမ်းပြင်ပေါ်မှာထိုင်ပြီး "ကိုကို့ကို ပြစ်မှားမိတာ ရှိရင် ခွင့်လွှတ်ဖို့ တောင်းပန် ပါတယ်။" ဆိုပြီး ထိုင်ကန်တော့တော့ မောင်မျိုးတစ်ယောက် ဘုန်းကြီးပါစေ သက်ရှည်ပါစေပဲ ဆုပေးရမလား ခွင့်လွှတ်တယ်ပဲ ပြောရမလား ဘာပြန်ပြောရမှန်း မသိအောင်ပဲ ဖြစ်သွားပါတယ်။

Friday, September 3, 2010

မြန်မာဝီကီပိဒိယ မှတ်တမ်း

မြန်မာဝီကီပိဒိယ ရဲ့ နောက်ခံ သမိုင်းကြောင်းနဲ့ ပတ်သက်ပြီး မြန်မာဝီကီမှာ ပထမဆုံး မြန်မာဘာသာနဲ့ ဆောင်းပါး စရေးခဲ့ တဲ့သူ တစ်ယောက်၊ နောက်ပြီးတော့ မြန်မာဝီကီရဲ့ ပထမဆုံး မြန်မာ လူမျိုး sysop တစ်ယောက်ရဲ့ မှတ်တမ်းပါ။ အဲဒီလူက တခြားသူတော့ မဟုတ်ပါဘူး။ ကျွန်တော် ကိုယ်တိုင်ပါပဲ။ :D

၂၀၀၅ ခုနှစ် နေ့ရောညပါ အင်တာနက် သုံးနေတဲ့ အချိန်က အင်တာနက်ပေါ်မှာ ဝီကီပိဒိယ (Wikipedia) လို့ခေါ်တဲ့ အွန်လိုင်း စွယ်စုံကျမ်း တစ်ခု ရှိတယ်ဆိုတဲ့ အကြောင်းကို သိခဲ့ရပါတယ်။ ဝီကီပိဒီယကို ဂျင်ဘိုဝေးလ် (Jimbo Wales) က စတင် တည်ထောင်ခဲ့ပြီး ကမ္ဘာတဝှမ်းလုံးမှာ ရှိတဲ့ လူတွေရဲ့ အသိပညာတွေကို တစ်နေရာထဲမှာ စုစည်းနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စခဲ့တယ်လို့ သိရပါတယ်။ ဝီကီပိဒိယမှာ အင်္ဂလိပ် ဘာသာတစ်ခုတည်းတင် မဟုတ်ဘဲ ဘာသာပေါင်းစုံနဲ့ ရေးထားတယ် ဆိုတာ သိခဲ့ရလို့ ကျွန်တော် ဝီကီကို မြန်မာဘာသာနဲ့ ရှိမရှိ ရှာကြည့်ပါတယ်။ အဲဒီမှာ my.wikipedia.org ဆိုတဲ့ မြန်မာ ဝီကီပိဒီယကို စပြီး တွေ့ခဲ့ပါတယ်။ မြန်မာ ဝီကီပိဒိယ လို့ ပြောပေမယ့် ရေးထားသမျှ အားလုံးဟာ အင်္ဂလိပ် ဘာသာနဲ့ ပါပဲ။ မြန်မာ ဝီကီပိဒိယ ကို စပြီး တည်ထောင်ခဲ့တဲ့ သူဟာလည်း မြန်မာမဟုတ်ပဲ Tristanb လို့ အမည်ရတဲ့ နိုင်ငံခြားသား တစ်ယောက် ဖြစ်နေတာကို တွေ့ရပါတယ်။

ဒီနေရာမှာ မြန်မာ ဝီကီပိဒိယက ဘာဖြစ်လို့ mm.wikipedia.org မဖြစ်ဘဲ my.wikipedia.org ဖြစ်နေရသလဲ ဆိုတဲ့ အကြောင်းကို နည်းနည်း ရှင်းပါ့မယ်။ ဝီကီပိဒိယက နိုင်ငံကို ကိုယ်စား မပြုပါဘူး။ ဘာသာစကားကို ကိုယ်စားပြုပါတယ်။ ISO 639-1  စံနှုန်း သတ်မှတ်ချက် အရ မြန်မာဘာသာစကားရဲ့ ကုတ်ဒ်က my ပါ။ အဲဒါကြောင့် မြန်မာဝီကီပိဒိယက my.wikipedia.org ဖြစ်နေရပါတယ်။

မြန်မာဝီကီပိဒိယကို တွေ့ပြီးတော့ ကျွန်တော် ဝီကီပိဒိယကို မြန်မာလို ဖြစ်အောင် ဘယ်လို လုပ်ရင် ကောင်းမလဲ ကြံပါတယ်။ ပထမဆုံး တွေ့ရတဲ့ အခက်အခဲကတော့ အဲဒီအချိန်တုန်းက အလကားရတဲ့ မြန်မာယူနီကုတ်ဖောင့် ရှာမတွေ့တာပါ။ အဲဒီအချိန်က မြစေတီ ဖောင့်၊ BIT ဖောင့်စတဲ့ ယူနီကုတ်ဆန်ဆန် (Pseudo-Unicode) ဖောင့်တွေ ရှိပါတယ်။ ဒါပေမယ့် အလကား မပေးပါဘူး။ အဲဒါနဲ့ ကျွန်တော်ကိုယ်တိုင် အလကားရတဲ့ ယူနီကုတ်ဖောင့် တစ်ခု ဖြစ်အောင် ကြံစည်ခဲ့ ပါတယ်။ ကျွန်တော်နဲ့ အွန်လိုင်း မှာ ခင်ခဲ့တဲ့ ဆန်ဖရန် စစ်စကို က Sarge ဆိုတဲ့ မြန်မာ အစ်ကိုကြီး တစ်ယောက်က အဲဒီအချိန်က မြန်မာ ယူနီကုတ်ဒ်နဲ့ ပတ်သက်ပြီး အကြံတွေ အတော်များများ ပေးခဲ့ပါတယ်။ ဒါပေမယ့် အခက်အခဲ အမျိုးမျိုးကြောင့် ယူနီကုတ်ဒ် ဖောင့်ကို ပြီးအောင် မလုပ်ဖြစ်ခဲ့ပါဘူး။

အဲဒီလို ရှေ့မရောက် နောက်မရောက် ဖြစ်နေတဲ့ အချိန်မှာ Myanmar NLP က Myanmar1 ကို GPL နဲ့ စပြီး ဖြန့်ခဲ့ပါတယ်။ Myanmar1 စဖြန့်ပြီး သိပ်မကြာခင်မှာပဲ Myanmar1 ကို သုံးပြီး မြန်မာ ဝီကီပိဒိယ ကို စရေးခဲ့ပါတယ်။ မြန်မာဝီကီကို စရေးတဲ့ အချိန်က ကျွန်တော် တစ်ယောက်တည်းပါပဲ။ နောက်ထပ် နိုင်ငံခြားသား တစ်ယောက် ရှိပေမယ့်လည်း သူက ခရစ်ယာန် ဘာသာနဲ့ ဆိုင်တဲ့ ဆောင်းပါးတွေကို ပဲ တင်ပါတယ်။ သူကိုယ်တိုင် ရေးတာတော့ ဟုတ်ဟန် မတူပါဘူး။ သူနဲ့ ခင်မင်တဲ့ မိတ်ဆွေတွေကို မြန်မာလိုရေးခိုင်းပြီး သူက တင်တဲ့ ပုံပေါ်ပါတယ်။ သူ့ကို ဘာသာပြန် ပေးတဲ့သူထဲမှာလည်း အတော်ဆိုးရွားတဲ့သူတွေ ပါပါတယ်။ တချို့စာလုံးတွေကို ဘာမဆိုင် ညာမဆိုင် ညစ်တီးညစ်ပတ် စကားလုံးတွေနဲ့ ဘာသာပြန်ထားတာမို့ အမြင်မတော်လို့ ဝင်ပြင်ရပါတယ်။ အဲဒီလိုနဲ့ ကိုယ်စိတ်ဝင်စားတဲ့ ဆောင်းပါးလေးတွေ အင်္ဂလိပ် ဝီကီကနေ မြန်မာ ဘာသာပြန်လိုက် ကိုယ်သိထားတဲ့ သမိုင်းကြောင်းတွေကို ဆောင်းပါး တစ်ပုဒ်တစ်လေနဲ့ တင်လိုက် လုပ်ရင်းကနေ နောက်တော့ ဆောင်းပါး အပုဒ် ၂၀ ကျော် ဖြစ်လာပါတယ်။ Sysop က ဘယ်ရောက်နေမှန်း မသိလို့ ပြင်ချင်တာ ပြင်မရ ဖျက်ချင်တာ ဖျက်မရ ဖြစ်နေတာကြောင့် sysop လျှောက်လိုက်ပါတယ်။ ရေးတဲ့သူကလည်း ကိုယ်တစ်ယောက်တည်း တည်းဖြတ်တဲ့သူကလည်း ကိုယ်တစ်ယောက်တည်း ဆိုတော့ ထောက်ခံမဲ မရှိ ကန့်ကွက်မဲ မရှိနဲ့ပဲ မြန်မာ ဝီကီမှာ sysop ဖြစ်သွားပါတယ်။

ဒါပေမယ့် အဲဒီအချိန်မှာ အလုပ်ကိစ္စနဲ့ ခရီးတွေ ဆက်တိုက် ထွက်ဖြစ်တာနဲ့ မြန်မာဝီကီနဲ့ အတော်လေး အဆက်ပြတ် သွားပါတယ်။ ၂၀၀၈ ခုနှစ်ထဲမှာတော့ အွန်လိုင်းမှာ ဟိုကြည့်ဒီကြည့် ရှာရင်းနဲ့ မြန်မာဝီကီ ပိဒိယ အကြောင်း ငြင်းခုံနေကြတာ သွားတွေ့ ပါတယ်။ အဲဒီအချိန် ဖောင့်ကိစ္စ ဝင်းရှင်းရင်းနဲ့ မြန်မာဝီကီမှာ ဆောင်းပါး ပြန်ရေး ဖြစ်ပါတယ်။

အဲဒီအချိန်က မြန်မာဝီကီပိဒိယရဲ့ Sysop ရွေးပွဲက ပွဲကြီးပွဲကောင်းပါ။ တစ်ယောက်ကို တင်လိုက် ကျန်တဲ့သူတွေက ဝိုင်းကန့်ကွက်လိုက်နဲ့ Sysop အသစ် အနေနဲ့ ဘယ်သူမှ ဖြစ်မလာ ကြပါဘူး။ နောက်တော့ ဟင်္သာဆိုတဲ့ နစ်ခ်နိမ်းနဲ့ အမေရိကားမှာ နေတဲ့ မြန်မာတစ်ယောက် Sysop ဖြစ်လာပါတယ်။ ကျွန်တော်က ဝီကီကို ရေးချင်လို့သာ ရေးနေပေမယ့် ဝီကီပိဒိယနဲ့ ပတ်သက်ရင် ဗဟုသုတ နည်းပါတယ်။ ဟင်္သာကတော့ အင်္ဂလိပ် ဘာသာ ဝီကီမှာလည်း ရေးနေတာမို့ ဝီကီနဲ့ ပတ်သက်ပြီး အတော်လေး အတွေ့အကြုံ ရှိပါတယ်။ ဝီကီပိဒိယ ဒီအခြေအနေအထိ ဖြစ်လာတာ ဟင်္သာရဲ့ ပံ့ပိုးမှုတွေ အများကြီး ပါတယ် ဆိုတာ မှတ်တမ်းတင် ထားချင်ပါတယ်။

နောက်ထပ် ပွဲကြီးပွဲကောင်း တစ်ခုကတော့ ဝီကီကို ဇော်ဂျီနဲ့ ရေးဖို့ ကြိုးစားကြရင်းက ဝီကီ နှစ်ခြမ်းကွဲ သွားတာပါ။ ဝီကီပိဒိယက ယူနီကုတ်ဒ် ၅.၁ နဲ့ ရေးတာမို့ ဇော်ဂျီနဲ့ ရေးချင်တဲ့သူများက wikimyanmar.org မှာ သွားရေး ကြပါတယ်။ အခုတော့လည်း တသွေးတည်း တသားတည်း ဖြစ်သွားပြီလို့ ပြောရမလား မသိပါဘူး။ ဝီကီမြန်မာက ဆောင်းပါးတွေ အားလုံးနီးပါး မြန်မာဝီကီပိဒိယမှာ ကူးထည့်ပြီးပါပြီ။  မြန်မာပြည် ထဲမှာလည်း ကိုငွေထွန်း ဦးဆောင်ပြီး မြန်မာ ဝီကီပိဒိယကို ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် ကြိုးပမ်း နေပါတယ်။

အားလုံး သိချင်နေမယ်လို့ ထင်တဲ့ မေးခွန်းကို မမေးရင်လည်း ကျွန်တော် ဖြေချင်ပါတယ်။ ဝီကီပိဒိယကို ဘာလို့ ဇော်ဂျီနဲ့ မရေးပဲ ယူနီကုတ် ၅.၁ နဲ့ ရေးရသလဲ ဆိုတဲ့ မေးခွန်းပါ။ ဝီကီပိဒိယရဲ့ ပေါ်လစီ အရ ယူနီကုတ် စံနှုန်းညီတဲ့ ဖောင်နဲ့ စံနှုန်း မညီတဲ့ ဖောင့်ဆိုရင် စံနှုန်းညီတဲ့ ဖောင့်ကို ဦးစားပေးပါတယ်။ ဝီကီကို ဇော်ဂျီ ပြောင်းဖို့ အကြီးအကျယ် ဖိုက်တင်ချ ခဲ့ကြပါသေးတယ်။ ဒါပေမယ့် မအောင်မြင်ပါဘူး။ ဇော်ဂျီက လူသုံးများပေမယ့် ယူနီကုတ် စံနှုန်း မညီပါဘူး။ ဧရာကလည်း ၅.၂ သာ အော်နေပေမယ့် ယူနီကုတ် စံနှုန်း မညီပါဘူး။ ဒါကြောင့် မြန်မာဝီကိပိဒိယမှာ ယူနီကုတ် ၅.၁ စံနှုန်းကိုက်ညီတဲ့ မြန်မာ၃၊ ပုရပိုက်၊ ပိတောက်၊ မိုင်မြန်မာ စတဲ့ ဖောင့်တွေနဲ့ ရေးနေဖတ်နေ ကြတာပါ။

ဝီကီမှာ နည်းပညာ အကြောင်း၊ အတ္ထုပတ္တိ၊ အာကာသ အကြောင်း ဟိုအကြောင်း ဒီအကြောင်းတွေ စိတ်ကူးတည့်ရင် တည့်သလို ရေးဖြစ်ပါတယ်။ အများဆုံး လုပ်ဖြစ်တာကတော့ အင်္ဂလိပ်ဘာသာ ဝီကီကနေ မြန်မာဘာသာကို ပြန်တာပါ။ ဝီကီရေးတာလည်း ဘလော့ဂင်းလိုပါပဲ။ စွဲမိရင် အတော်ဖြတ်ဖို့ ခက်ပါတယ်။ ဒါပေမယ့် အာရုံရတဲ့ အလုပ်ကို လုပ်နေတာမို့ စိတ်ရှုပ်စရာလို့တော့ မထင်မိပါဘူး။

တခြားဘာသာစကားနဲ့ ရေးထားတဲ့ ဝီကီပိဒိယတွေလိုပဲ မြန်မာဝီကီမှာလည်း ဆောင်းပါး သိန်းဂဏန်း မြင်ချင်တဲ့ ဆန္ဒရှိပါတယ်။ တယောက် နှစ်ယောက်နဲ့ လုပ်လို့ မဖြစ်နိုင် ပေမယ့် အားလုံးလက်တွဲပြီး လုပ်ကြရင်တော့ ဖြစ်လာမှာပါ။ အားလုံးရဲ့ ကူညီပံ့ပိုးမှု အသိပညာ ဝေမျှမှုတွေကို မြန်မာဝီကီပိဒိယကနေ ကြိုဆိုနေပါတယ် ဆိုတဲ့ အကြောင်း မြန်မာဝီကီ ရေးတဲ့သူတွေရဲ့ ကိုယ်စား ဖိတ်ခေါ်ပါရစေ။ http://my.wikipedia.org မှာ လာရောက် ဖတ်ရှုရင်း အသိပညာတွေ ဝေမျှ ပေးနိုင်ပါတယ်။