Search This Blog

Sunday, October 31, 2010

ခရီးသွားရင်း လွဲချော်ခြင်းများ

ခရီး တစ်ခါ ထွက်ရင် ဆောင်ရန် ရှောင်ရန် အတွက် တစ်ခုခု သင်ခန်းစာ ရတတ်ပါတယ်။ ကိုယ်နဲ့ အကျွမ်းတဝင် မရှိတဲ့ အရပ်ဒေသမှာ ချောက်ကျပြီးမှ ရထားတဲ့ သင်ခန်းစာဆိုတော့ နည်းနည်းတော့ အဖိုးတန်ပါတယ်။ ဒီတစ်ကြိမ် ဒုက္ခရောက်လို့ နောက်တစ်ခါ ထပ်မဖြစ်အောင် သတိထားပေမယ့်လည်း နောက်တစ်ကြိမ်ကျရင် နောက်တစ်မျိုး အသစ်အဆန်း ကြုံရတာပါပဲ။

ပထမဆုံးတော့ Hand Carry နဲ့ ပတ်သက်ပြီး ရဖူးတဲ့ သင်ခန်းစာပါ။ ကျွန်တော် လေယာဉ်ပျံစီးရင် Hand Carry သယ်ဖို့ အတော် ဝန်လေးပါတယ်။ ပျင်းတယ်လို့ ပြောရင်လည်း ရပါလိမ့်မယ်။ ပထမဆုံး အကြိမ် ခရီးရှည် လေယာဉ်ပျံစီးတော့ လက်ပ်တော့ပ်၊ ဖတ်စရာ စာအုပ် တစ်အုပ်၊ အနွေးထည် နဲ့ စီးကရက်ဗူး က လွဲရင် Hand Carry ထဲမှာ ဘာမှ ထည့်မသွား မိပါဘူး။ အဲဒီတုန်းက စင်ကာပူ လေကြောင်းလိုင်းနဲ့ လော့စ်အိန်ဂျလိစ် ကို သွားတာပါ။ ဇနပုဒ်သား အမေရိကား သွားရမယ် ဆိုတော့လည်း ခါတိုင်းလို ပေါ့ပေါ့ပါးပါး ဝတ်စား မသွားပဲ ရှပ်အင်္ကျီ တွေ ဘာတွေနဲ့ သားသားနားနား ဖြစ်နေပါတယ်။

လေယာဉ်ပေါ်မှာကတော့ စင်ကာပူ လေကြောင်းလိုင်းရဲ့ ထုံးစံအတိုင်း Business Class မဟုတ်ပေမယ့်လည်း အစားအသောက်ကို တစ်မျိုးပြီး တစ်မျိုး ကျွေးပါတယ်။ ညနေစာ စားပြီးတော့ ရေခဲမုန့် လာကျွေးတော့ ချော့ကလက် ရေခဲမုန့်ပါ။ အရှေ့က ဖွင့်ထားတဲ့ ရုပ်ရှင်ကြည့်ရင်း စားလိုက်တာ ရေခဲမုန့် တစ်ဝက်ကျိုးတော့မှ အင်္ကျီပေါ် ရေခဲမုန့် ဖိတ်ကျတာ အတော်များမှန်း သတိထားမိပါတယ်။ ရှပ်အင်္ကျီ အပြာရောင်ပေါ်မှာ ချော့ကလက် ရေခဲမုန့် စွန်းနေတာ မြင်မကောင်းပါဘူး။ ဒါပေမယ့် Hand Carry ထဲ အင်္ကျီ တစ်ထည်တောင်မှ အပိုပါ မသွားတော့လည်း လဲစရာက မရှိပါဘူး။ လေယာဉ်ပျံပေါ် ​ရောက်မှ အဝတ်အစား တစ်စုံတစ်လေ ထည့်မလာ မိတာ အတော် မှားမှန်း သိပါတယ်။ တွိုင်းလက်ထဲသွားပြီး ရေနဲ့ သွားဆေး ပေမယ့်လည်း အစွန်းအကွက်က လျော့မသွားပါဘူး။ လေယာဉ်ပျံပေါ်မှာ အဲဒီ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေပါတယ်။ အနွေးထည် အင်္ကျီ ပါလာလို့ မသိမသာ အနွေးထည် အပေါ်က ထပ်ဝတ်ထားလိုက် ရပါတယ်။ ကြည့်ရ မဆိုးတော့ပေမယ့် နေရတာတော့ အတော်အိုက်ပါတယ် ဆိုသလိုမျိုး ဖြစ်သွား ပါတယ်။

အဲဒါကြောင့် နောက်တစ်ခေါက်က စပြီး ခရီးသွားတိုင်း Hand Carry ထဲမှာ အင်္ကျီ တစ် စုံ အမြဲတမ်း အပို ထည့်သွားတတ် ပါတယ်။ ဒါပေမယ့်လည်း နောက်တစ်ခါ ကျတော့ နောက်တစ်မျိုး ကြုံရပြန် ပါတယ်။ အဲဒီ အခါက အိုင်ယာလန်သွားတော့ လန်ဒန် ဟိသ်ရိုးမှာ လေယာဉ် ပြောင်းစီးရပါတယ်။ ဟိသ်ရိုးက တခြားလေဆိပ်နဲ့ မတူပါဘူး။ တခြားလေဆိပ်တွေမှာ Hand Carry အတွက် အိတ်တစ်လုံးနဲ့ လက်ပ်တော့ပ် တစ်လုံး သယ်ခွင့် ပေးပေမယ့် ဟိသ်ရိုးမှာက လက်တော့ပ် အပါအဝင်မှ အိတ်တစ်လုံးပဲ သယ်လို့ ရပါတယ်။ အစကတော့ ထရန်စစ် ဆိုလို့ ကိစ္စမရှိဘူး ထင်ပေမယ့် လန်ဒန်မှာ လေယာဉ်ဆင်းတော့ အင်မီဂရေးရှင်း အပြင်ထွက်ပြီး ပါလာတဲ့ အိတ်ကို Check-in လုပ်ခိုင်းပါတယ်။ အိုင်ယာလန် ဒပ်ဗလင် လေဆိပ်ရောက်တော့မှ စပြီး တိုင်ပတ် တော့တာပါပဲ။

ကျွန်တော်တို့ လေယာဉ်က လန်ဒန်မှာ ဆင်းပြီး သိပ်မကြာခင် နောက်လေယာဉ်တစ်စင်းကို ပြောင်းရတာ ဆိုတော့ အိုင်ယာလန် ရောက်တော့ လန်ဒန်မှာ အပြင်ထွက်ပြီး Check-in လုပ်လိုက်တဲ့ အိတ်က ပါလာပေမယ့် စင်ကာပူမှာ Check-in လုပ်လိုက်တဲ့ အဝတ်အစား အိတ်က ပါမလာပါဘူး။ လေဆိပ်က ကောင်တာကို မေးတော့ အိတ်မရောက်သေးဘူး။ ရောက်တာနဲ့ ဟိုတယ်ကို ပို့ပေးမယ် လို့ ပြောပါတယ်။ သူတို့က အိတ်ပို့ပေးဖို့ ဟိုတယ် လိပ်စာတောင်းတော့ ကျွန်တော် မသိပါဘူး။ ဟော်လန်က လာတဲ့ အေးဂျင့်နဲ့ ဒပ်ဗလင် လေဆိပ်မှာ တွေ့ပြီးမှ ဆက်သွားဖို့ စီစဉ်ထားတာ ဆိုတော့ ခရီးဆုံးက လိပ်စာကို ဟော်လန်က အေးဂျင့်ကပဲ သိပါတယ်။ သူ့လေယာဉ်က ဒပ်ဗလင်ကို မဆိုက်သေးပါဘူး။ အဲဒါနဲ့ သူရောက်လာတဲ့ အထိ စောင့်ပြီးတော့မှ  သူ့ကို ဖုန်းဆက်ပြီး ဟိုတယ် လိပ်စာ လှမ်းမေးရပါတယ်။ ဖုန်းထဲမှာ သူက Wexford လို့ ပြောလို့ ကျွန်တော် က ကြားတဲ့ အတိုင်း ကောင်တာကို ပြန်ပြောလိုက် ပါတယ်။ ဝက်စ်ဖို့ဒ်က ဒပ်ဗလင်ကနေ မိုင် ၁၀၀ လောက် ဝေးတဲ့ အတွက် အိတ်က ဘယ်အချိန် ရောက်လာမလဲ ဆိုတာတော့ မှန်းလို့ မရပါဘူး။

ဒီလိုနဲ့  ဟော်တယ်ကနေပြီး ကျွန်တော့် အိတ်ကို စောင့်ပါတယ်။ ပထမတစ်ရက် ရောက်မလာ ပါဘူး။ ပထမ တစ်ရက်နဲ့ ကိစ္စ မရှိသေးပါဘူး။ ကျွန်တော့် Hand Carry ထဲမှာ အဝတ်အစား တစ်စုံ အပိုပါလာသေးတယ် ဆိုတော့ လဲစရာ ရှိပါသေးတယ်။ သေချာအောင် နောက်တစ်နေ့ မနက် လေဆိပ်ကို ဖုန်းဆက် မေးကြည့်တော့ ပို့လိုက်ပြီ လို့ ပြောပါတယ်။ ဒါပေမယ့် ညနေစောင်းတော့လည်း ရောက်မလာသေးပါဘူး။ ကျွန်တော် မျက်လုံးပြူးနေပါပြီ။ လဲစရာ အင်္ကျီလည်း မကျန်တော့ ပါဘူး။ ညဘက် ပြန်ရောက်တာ မိုးချုပ်တော့ အပြင်ထွက်ဝယ်ဖို့လည်း အချိန်မမီ တော့ပါဘူး။ ဒါနဲ့ပဲ မနေ့က ဖြန့်လှန်းထားခဲ့တဲ့ အင်္ကျီ လေး အသာ ပြန်ဝတ် ရပါတယ်။ နောက်တစ်နေ့လည်း ရောက်မလာပါဘူး။ သေချာအောင် ဖုန်းဆက်မေးတော့ လိပ်စာ ရှာမတွေ့လို့ အိတ်က လေဆိပ်ပြန်ရောက်နေပြီ ပြောပါတယ်။ နည်းနည်းတော့ တင်းသွား ပါတယ်။ ဒီလောက် မြို့ကလေး သေးသေးကလေးမှာ ရှိတဲ့ ဟော်တယ် အကြီးကြီးကို ရှာမတွေ့ဘူး ဆိုတာ နည်းနည်းတော့ တရားလွန်ပါတယ်။ အဲဒါနဲ့ လိပ်စာကို ပြန်ပြောတော့မှ လေဆိပ်က လူတွေ Westport နဲ့ Wexford ကို နားကြားလွဲသွားတယ် ဆိုတာ သိလိုက်ရပါတယ်။ Westport က အိုင်ယာလန် မြောက်ဖက်မှာပါ။ ကျွန်တော်သွားတဲ့   Wexford  ကတော့ တောင်ဖက်မှာပါ။ ညနေမှပဲ အိတ်က ဟိုတယ်ကို ရောက်လာပါတယ်။ ဒီညနေမှ ရောက်မလာ ရင်လည်း နောက်နေ့ စက်ရုံကနေလစ်ပြီး အင်္ကျီ သွားဝယ်ဖို့ စီစဉ် ထားပြီးသားပါ။ နောက်ဆို ကိုယ်မသိတဲ့ နေရာသွားရင် Hand Carry ထဲ ရှိသမျှ အဝတ်အစား အကုန် ထည့်ယူရမယ့် ပုံပဲလို့ တွေးမိပါတယ်။ (အဲလောက်တော့လည်း မလုပ်ဖြစ်ပါဘူး။ :D ) မသွားခင် သွားရမယ့် ခရီးဆုံးက လိပ်စာ ကြိုမေးတတ်တဲ့ အကျင့်တစ်ခုတော့ ရသွားပါတယ်။

ပိုက်ဆံလဲတဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း သင်ခန်းစာ ယူစရာ ကြုံဖူးပါတယ်။ စင်ကာပူမှာ နိုင်ငံခြားပိုက်ဆံလဲရင် တခြားနိုင်ငံတွေထက်  သက်သာပါတယ်။ ပိုလန်လို ချက်ရီပတ်ဘလစ်လို သိပ်မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေမှာလည်း အတူတူပါပဲ။ ဒါပေမယ့် ဟော်လန်လို နိုင်ငံမျိုးမှာတော့ ပိုက်ဆံလဲနှုန်းချင်း သိပ်မကွာပေမယ့် ပိုက်ဆံလဲခ ကော်မရှင် ပေးရပါတယ်။ အဲဒီတော့ သိပ်မစားသာ လှပါဘူး။ ပထမဆုံး အခေါက် ချက်ရီပတ်ဘလစ်က ပြန်လာတော့ အိတ်ထဲမှာ ချက်နိုင်ငံ သုံးတဲ့ ပိုက်ဆံတွေ ပြန်ပါလာပါတယ်။ အဲဒါကို ချက်လေဆိပ်မှာ မလဲခဲ့ဘဲ ဟော်လန် ရောက်မှ လဲဖြစ်ပါတယ်။ သူတို့ရေးထားတဲ့ နှုန်းထားကြည့်တော့ ချက်မှာ လဲတာနဲ့ သိပ်မကွာလှပါဘူး။ ဒါပေမယ့် ပိုက်ဆံရတော့ မှန်းသလောက် မရတာမို့ ဖြတ်ပိုင်း စာရွက်ကလေးကို ပြန်ပြီး စစ်ကြည့်တော့ ကော်မရှင်ဆိုပြီး ဖြတ်ယူ ထားတာ ယူရို ၂၀ လောက်မို့ အတော် မြိန်သွားပါတယ်။

တခါတလေတော့ ပိုက်ဆံ လဲလို့မရလို့ သုံးစရာ မရှိတာလည်း ကြုံဖူးပါတယ်။ ပိုလန် ရောက်သွားတော့ ကျွန်တော်သွားတဲ့ စက်ရုံ ကျွန်တော်နေတဲ့ ဟိုတယ်က မြို့နဲ့ အတော်ဝေးတာမို့ ပိုက်ဆံလဲတဲ့ နေရာမရှိပါဘူး။ အိတ်ထဲမှာ ယူရို ပါလာပေမယ့် ပိုလန်မှာ ဇွာတာ (zloty) ပဲ သုံးလို့ ရတာမို့ ဘာမှ အသုံးမဝင် ပါဘူး။ နောက်ဆုံးတော့ ကြံရာမရတာနဲ့ အေတီအမ် စက်ကို သွား ပိုက်ဆံထုတ်ခ ပေးပြီး ခရက်ဒစ်ကတ်ဒ် ထဲကနေပဲ ပိုက်ဆံ ထုတ်သုံး လိုက်ရပါတယ်။

အေတီအမ် စက်နဲ့ ခရက်ဒစ် အကြောင်း ပြောရင်း ကျွန်တော်တို့ ကြုံခဲ့ဖူးတာ တစ်ခု ပြန်သတိရပါတယ်။ တစ်ခါက ကျွန်တော်တို့ ပြင်သစ်မှာ ကားမောင်းရင်း မိုင်နှုန်းကျော်လို့ ညကြီး သန်းခေါင် ရဲအဖမ်းခံရပါတယ်။ အဲဒီအကြောင်းကို နော်မန်ဒီရဲ့ည ဆိုတဲ့ ပို့စ်မှာ ရေးဖူးပါတယ်။ ရဲကို ဒဏ်ငွေဆောင်ဖို့ အေတီအမ်မှာ ပိုက်ဆံ သွားထုတ်တော့ ထူးထူးခြားခြား ကြုံရပါတယ်။ ကျွန်တော် ကိုယ်တိုင် မဟုတ်ပါဘူး။ ကျွန်တော်နဲ့ အတူသွားတဲ့ အေးဂျင့် ကြုံတာပါ။ သူ့မှာ ခရက်ဒစ်ကတ်ဒ် ၂ ကတ်ဒ် ပါပါတယ်။ ဘဏ်က ညဘက်ဆိုတော့ တံခါးပိတ်ထားပြီး အေတီအမ်ကို သွားဖို့ တံခါးပေါက်ဝမှာ ခရက်ဒစ်ကတ်ဒ် ဆွဲပြီး တံခါးဖွင့်ရပါတယ်။ သူ့ကတ်ဒ် ၂ ကတ်ဒ်ထဲက တစ်ကတ်ဒ်ကို တံခါးက လက်မခံပါဘူး။ အထဲရောက်လို့ အေတီအမ်မှာ ပိုက်ဆံ ထုတ်တော့ တံခါးဖွင့်လို့ရတဲ့ ကတ်ဒ်ကို စက်က လက်မခံပါဘူး။ နောက်တစ်ကတ်ဒ်နဲ့ပဲ ပိုက်ဆံ ထုတ်လို့ရပါတယ်။ အဲဒီအကြောင်း ကျွန်တော်တို့ ပြန်ပြောကြရင်း တစ်ကတ်ဒ်တည်းသာ ရှိရင် ပိုက်ဆံ ထုတ်ရမှာ မဟုတ်ဘူး ဆိုတဲ့ အကြောင်း ပြောဖြစ်ပါသေးတယ်။

ဒီပို့စ်ကို ရေးဖို့ ကြံနေတာ တစ်နှစ်လောက် ရှိပါပြီ။ နေ့ရွှေ့ညရွှေ့နဲ့ အခုမှပဲ ရေးဖြစ်တော့တာပါ။ ဆက်ရန်တွေ ရှိရင်လည်း ရှိပါဦးမယ်။ 

Thursday, October 28, 2010

သီတင်းကျွတ်တော့ ဘာဖြစ်လဲ

တစ်ခါက အမေရိကန်က ပြည်နယ်တစ်ခုမှာ လိင်တူချင်း လက်ထပ်လို့ ရတယ်လို့ ဥပဒေ ပြဌာန်းလိုက်ပါတယ်။ ဥပဒေ ပြဌာန်းပြီး နောက်တစ်နေ့ မှာပဲ ဂေး စုံတွဲတစ်တွဲ တရားရုံးမှာ လာပြီး လက်ထပ်ကြ ပါတယ်။ သူတို့လည်း ပြန်သွားရော လူတစ်ယောက်က မြင်းတစ်ကောင်နဲ့ အတူ ရောက်လာပါတယ်။ ပြီးတော့ တခြားသူတွေ လိင်တူချင်းတောင် လက်ထပ်လို့ ရသေးတာ သူလည်း သူ့မြင်းနဲ့ လက်ထပ်ချင်တယ် ဆိုပြီး တရားသူကြီးကို အရေးဆိုပါလေတယ်။ တရားသူကြီးလည်း ဘာပြောရမှန်း မသိဘဲ အကျပ်ရိုက်နေ ပါတယ်။ နောက်တော့ အကြံရတာနဲ့ မင်းနဲ့ မြင်းနဲ့တော့ လက်ထပ်လို့ ရတယ်။ ဒါပေမယ့် မင်းရဲ့မြင်းက အသက်မပြည့်သေးလို့ လက်ထပ်လို့ မရဘူးလို့ ပြောလွှတ်လိုက် ပါတယ်။ အဲဒါက ဖတ်ခဲ့ဖူးတဲ့ ဟာသ တစ်ခုပါ။

အခုအချိန် သီတင်းကျွတ်ပြီဆိုတော့ အာဝါဟ ဝိဝါဟက လူတကာ အပြောကြဆုံး တော့ပစ်ပါပဲ။ အမှန်တကယ်တော့ သီတင်းကျွတ်တာ မကျွတ်တာနဲ့ အိမ်ထောင်ပြုတာ ဘာမှ မပတ်သက်ပါဘူး။ ဘုရားကလည်း ဝါတွင်း ၃ လ လက်မထပ်ရဘူးလို့ ဘယ်ကျမ်းဂန် ထဲမှာမှ မဟောခဲ့ ပါဘူး။ ရှေးရိုးစွဲနဲ့သာ ဝါတွင်း လက်မထပ်ရဘူးတွေ ပြာသို လက်မထပ်ရဘူးတွေ လုပ်နေတာပါ။ ဝါတွင်းမှာ လက်ထပ်ရင် ဟိုတယ် ဘွတ်ကင် လုပ်ရတာတောင် ပိုလွယ် ပါသေးတယ်။ ပတ်ဝန်းကျင်နဲ့ အတိုက်အခံ လုပ်ရမှာ စကားများများ ပြောရမှာ တစ်ခုပဲ ရှော့တ် ရှိတာပါ။ ကြောင် ပြာသို၊ ခွေးတော်သလင်း၊ လူ မသေမချင်းလို့ ဆိုရိုးစကားတောင် ရှိသေးတာပဲ။

အိမ်ထောင်ပြုတဲ့ ကိစ္စကို တစ်ချို့က ရန်သူတွေ အဝိုင်းခံရတဲ့ ရဲတိုက်ကြီးနဲ့ နှိုင်းကြပါတယ်။ အထဲက လူတွေက အပြင်ထွက်ချင်ပြီး အပြင်က လူတွေက အထဲဝင်ချင်တယ် ဆိုတဲ့ သဘောပါ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပုံပြင် တစ်ပုဒ်လည်း ကြားဖူး ပါသေးတယ်။ တစ်ခါက လူဆိုးတွေ ကန္တာရ တစ်ခုကို ဖြတ်သွားတော့ ရေတွင်းပျက်ကြီး တစ်ခုကို တွေ့ပါတယ်။ ရေတွင်းပျက်ကြီးထဲကို ငုံ့ကြည့်တော့ ရေတွင်းထဲမှာ အရောင် တလက်လက် တောက်နေတဲ့ စိန်တုံးတွေ တွေ့ရပါတယ်။ အဲဒါနဲ့ သူတို့ထဲက တစ်ယောက်ကို ရေတွင်းထဲ ဆင်းပြီး စိန်တုံးကို ယူခိုင်း ပါတယ်။ ရေတွင်းထဲ ဆင်းသွားတဲ့သူက အထဲရောက်မှ အရောင်တလက်လက် တောက်နေတာ စိန်တွေ မဟုတ်ပဲ အဆိပ်ပြင်းတဲ့ မြွေတွေရဲ့ မျက်လုံးတွေ ဆိုတာ သိရပါတယ်။ သူက အပေါ်က လူတွေကို မဆင်းခဲ့နဲ့။ ဒါစိန်တုံးတွေ မဟုတ်ဘူး။ မြွေတွေလို့ လှမ်းအော် ပြောပါတယ်။ အပေါ်က လူတွေကတော့ ဒီကောင် စိန်တုံးတွေကို တယောက်တည်း အပိုင်စီးချင်လို့ ကြံတာပဲ ထင်လို့ မယုံကြပါဘူး။ အဲဒါနဲ့ နောက်တစ်ယောက်ကို ထပ်ဆင်း ခိုင်းပါတယ်။ နောက်တစ်ယောက်ကလည်း အောက်ရောက်တော့ စိန်မဟုတ်ဘဲ မြွေတွေမှန်း သိလို့ မဆင်းခဲ့နဲ့လို့ အော်ပါတယ်။ အပေါ်မှာ ကျန်ခဲ့တဲ့ သူတွေက မယုံကြပါဘူး။ ဒါနဲ့ နောက်တစ်ယောက်ကို ထပ်ဆင်းခိုင်းပြန်ပါတယ်။ ဒီလိုနဲ့ တစ်ယောက်ဆင်းလိုက်။ မြွေမှန်းသိလိုက်။ အပေါ်က လူတွေက မယုံလိုက်နဲ့ တစ်ယောက်ပြီး တစ်ယောက် ရေတွင်းထဲ ဆင်းသွားကြတာ နောက်ဆုံးတော့ အားလုံး မြွေကိုက်ပြီး သေကုန် ပါတယ်တဲ့။ အဲဒါကြောင့် တစ်ချို့က ငါတို့က မြွေမှန်းသိလို့ ပြောတာ မင်းတို့က စိန်လို့ ထင်ရင်လည်း မင်းတို့ သဘောပဲလို့ ပြောကြပါတယ်။

အိမ်ထောင်ကျတယ် ဆိုတာ စိတ်ပါမှ ဖြစ်တာပါ။ အိမ်ထောင် မရှိတဲ့ သူတိုင်း မစွံလို့ မဟုတ်ပါဘူး။ (ဥပမာ စူပါစတား ဘလော့ဂါ ကိုကြီးကျောက် ကို ကြည့်ပါ။ :D ) ငယ်ငယ်တုန်းက ခင်မင်ခဲ့ဖူးတဲ့ မိတ်ဆွေ တစ်ယောက်ကတော့ မိန်းမဆိုတာ ယူရင် တစ်ယောက်ပဲ ရတယ်။ မယူရင် တစ်ယောက် မကဘူးကွ လို့ ပြောဖူးပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးတော့ သူ့မင်္ဂလာဆောင် ဖိတ်စာ ရောက်လာတာပါပဲ။ ခင်ဗျား ပြောတုန်းကတော့ ယူရင် တစ်ယောက်ပဲ ရမယ်ဆို အခု ဘယ်လိုဖြစ်သွားတာလဲလို့ မေးတော့ အမှန်တကယ်တော့ မယူရင် တစ်ယောက်မှ အဖတ်မတင်ဘူးကွ။ အဲဒါကြောင့် အဖတ်တင်သွားအောင် တစ်ယောက်တော့ ယူမှ ဖြစ်မယ်လို့ ပြန်ပြော သွားပါတယ်။

အခုတော့လည်း ခေတ်က ပြောင်းသွားပြန်ပြီလား မသိပါဘူး။ တလောက သူငယ်ချင်း တစ်ယောက်နဲ့တွေ့တော့ အခုခေတ်က အိမ်ထောင်ရှိတဲ့သူ ကိုမှ ပိုသဘောကျတဲ့ ကောင်မလေးတွေ အများကြီးပဲ။ လို့ ပြောလို့ အံ့အားသင့် သွားပါတယ်။ ဘာဖြစ်လို့လဲ မေးတော့ အိမ်ထောင်ရှိတော့ နောက်ပိုင်း သူတို့ကို လိုက်နွယ်မှာ စိတ်မပူရ ဘူးပေါ့။ အတည်လည်း ယူစရာ မလိုဘူးပေါ့။ လို့ ပြန်ဖြေပါတယ်။ အဲဒါ ငါတို့ ယောက်ျားလေးတွေ ပြောရမယ့် စကား မဟုတ်ဘူးလားလို့ မေးတော့လည်း ဒီခေတ် ကောင်မလေးတွေ ထဲမှာ ဒါမျိုးတွေ ရှိတယ်ဟ။ မင်းမယုံလည်း မတတ်နိုင်ဘူးလို့ ပြန်ပြော သွားပါတယ်။ ရည်းစားထားတာနဲ့ ယူရမယ်လို့ ဘယ်သူက ပြောသလဲ ဆိုတဲ့စကားကို မိန်းကလေးတွေ တစ်ယောက်မက ပြောတာ နားနဲ့ဆတ်ဆတ် ကြားဖူးတော့လည်း သူပြောတာ မယုံရခက် ယုံရခက်ပါပဲ။ တကယ့် အပြင်လောကမှာ သစ္စာတွေ မေတ္တာတွေ ကိုယ်ကျင့်တရားတွေကို တန်ဖိုး မထားတတ်တဲ့သူက အများသားပါ။

စကားကြုံလို့ ရယ်စရာ ပြောပါဦးမယ်။ နည်းနည်း ဇာတ်လမ်း ရှုပ်တတ်တဲ့ သူတစ်ယောက်ကို ကျွန်တော့် သူငယ်ချင်း တစ်ယောက်က ခင်ဗျား အခုလို ရှုပ်နေတော့ ခင်ဗျားမိန်းမကလည်း ခင်ဗျား နောက်ကွယ်မှာ ရှုပ်ချင် ရှုပ်နေမှာပေါ့။ အဲဒီလိုဆို ဘယ့်နယ့်လုပ်မလဲလို့ မေးဖူးပါတယ်။ သူပြန်ဖြေတဲ့ စကားက အံ့ဩစရာပါ။ ဒါကတော့ ကိုယ် ၅ ခါ သူ ၃ ခါလောက်တော့ ခွင့်လွတ်ရမှာပေါ့တဲ့။

အစကတည်းက ခပ်ရှုပ်ရှုပ် ဖြစ်နေတဲ့သူတွေ အတွက် အိမ်ထောင်ပြုတာ မပြုတာ သူတို့အတွက် ဘာမှ သိပ်မကွာပါဘူး။ အိမ်ထောင်ကျပြီးလို့ ခြေငြိမ်သွားတယ် ဆိုတာ တခြားနေရာမှ ခြေရှုပ်နေတဲ့သူတွေပါ။ ဒီလိုကိစ္စမှာမှ ခြေရှုပ်တတ်တဲ့ သူမျိုးတော့ အိမ်ထောင်ကျပြီးလည်း ခြေငြိမ်ဖို့ မလွယ်ပါဘူး။ ဇ ဆိုတာ ဖျောက်ရ ခက်ပါတယ်။ အဲဒီလို လူစားတွေကို သီတင်းကျွတ်ပြီ မစားရသေးဘူးလား မေးရင် ပြုံးပြုံးပါပဲ။ မရရင် မယူသေးဘူးလို့မှတ်လို့ ဖြေပါလိမ့်မယ်။

တချို့ကျတော့လည်း အိမ်ထောင် မပြုသေးဘူးလားလို့ မေးလိုက်ရင် တီကောင်ကို ဆားနဲ့တို့လိုက် သလို တွန့်သွား တတ်ပါတယ်။ ရည်းစား မရှိမှန်း သိသိကြီးနဲ့ မယူသေးဘူးလား မေးတာ တနည်းပြောရရင် အချွန်နဲ့ မတာပါပဲ။ အိမ်ထောင်ပြုတယ် ဆိုတာ ရှော့ပင်း ထွက်သလို စူပါမတ်ကတ်သွား ကြိုက်တဲ့ တစ်ယောက် ကောက်ယူ လုပ်လို့ ရတာမျိုးမှ မဟုတ်တာ။ တခြားသူတွေ ပြောတာ မခံချင်လို့ မရရတာ ကောက်ယူထားမယ် ဆိုရင်တော့ တကယ့်ကို မြွေပွေး ကိုက်ပါလိမ့်မယ်။ အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး ဤသုံးခု ချက်မပိုင် နောင်ပြင်နိုင်ခဲတဲ့ အရာမျိုးလို့ ရှေးစကား ရှိပါတယ်။ ဒါပေမယ့် ခေတ်က Tattoo တောင် ပြန်ဖျက်လို့ ရတဲ့ ခေတ်ဖြစ်နေတော့လည်း အဲဒီစကားမှန်တယ် ပြောရမှာ ခပ်ခက်ခက် ပါပဲ။

ဘယ်လိုပဲ ဖြစ်ဖြစ် အိမ်ထောင်ပြုပြီးမှတော့ ဖြစ်နိုင်ရင် သေတပန် သက်တဆုံး ပေါင်းကြတာ အကောင်းဆုံးပါပဲ။ ကိုယ်နဲ့ တသက်လုံး ပေါင်းရမယ့် သူက ကိုယ်နဲ့ စိတ်သဘောထားချင်း တထပ်တည်း မကျတောင် တယောက်နဲ့ တယောက် နားလည်ပေး နိုင်ဖို့တော့ အနည်းဆုံး လိုအပ်ပါတယ်။ နားလည် ပေးနိုင်သလား မပေးနိုင်ဘူးလား ဆိုတာတော့ မယူခင် နည်းနည်း အချိန်ယူပြီး လေ့လာကြည့်မှ သိပါလိမ့်မယ်။ အိမ်ထောင်ပြုပြီးမှ သူငယ်ချင်းနဲ့ တခါတလေ အပြင် ထွက်တာတောင် မသွားရ၊ ကိုယ်လုပ်နေကျ အလုပ်တွေလည်း မလုပ်ရ ဆိုတာမျိုးကတော့ မဖြစ်သင့် ပါဘူး။ အိမ်ထောင်ကျတဲ့ သူတိုင်း ဒီလို ဖြစ်သွားတာပဲ ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ အဲဒါ ကိုယ့်အိမ်ထောင်ဖက်ကို နားလည် ပေးနိုင်တဲ့ သူနဲ့ နားလည် မပေးနိုင်တဲ့ သူနဲ့ ကွာတာပါ။ (ဒီတစ်ခါတော့ တကယ်ကို အချွန်နဲ့ မပေးသလို ဖြစ်နေပြီ။ :D )

အဲဒီတော့ မရရင် ရတာယူမယ်လို့ ဆုံးဖြတ်ထားတဲ့ သူတွေကို ငယ်ငယ်က တီဗွီက နေ့တိုင်းလာနေတဲ့ ဒေါက်တာမောင်မောင် ရဲ့ မိန့်ခွန်းကို ပြင်ပြီး "ဆန္ဒတွေ မစောကြပါနဲ့။ အိမ်ထောင်ဆိုတာ ကျမှာပေါ့" လို့ ပြောချင် ပါတယ်။ မနေနိုင်လို့ ဖလမ်းဖလမ်း ထနေတဲ့သူတွေကိုတော့ see n be seen ရဲ့ see and be seen remix 4 ဆိုတဲ့ပို့စ်ကို ဖတ်ကြည့်စေချင်ပါတယ်။ ဆင်ခြင်စရာတွေ ရသွားပါလိမ့်မယ်။

ဒါမှမဟုတ် ဘေးပတ်ဝန်းကျင်က ဖိအားတွေ သိပ်များနေလို့ အိမ်ထောင်ပြုချင်တယ် ဆိုရင်တော့ အခုတလော ရေပန်းစား နေတဲ့ ထိုင်ဝမ်က ကောင်မလေးလို လုပ်လို့ ရပါတယ်။ အဲဒီ ကောင်မလေးကတော့ အသက် ၃၀ ပြည့်ပြီး သင့်တော်တဲ့သူ မတွေ့လို့ မင်္ဂလာဆောင်ဖို့ကလည်း အချိန်ကျပြီ ဆိုပြီးတော့ တစ်ယောက်တည်း ကိုယ့်ဘာသာကိုယ် မင်္ဂလာ ပြန်ဆောင် တစ်ယောက်တည်း ဟန်းနီးမွန်း ထွက်မယ်လို့ ပြောပါတယ်။ (တစ်မျိုးကြီးပဲ။) အဲဒီသတင်းကို ဒီမှာ ဖတ်ကြည့်လို့ ရပါတယ်။

ဒီလိုတွေ ရေးနေလို့ ကျွန်တော် အိမ်ထောင် ပြုတာကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်မှာ ဖလမ်းဖလမ်း ထနေတဲ့သူတွေ အချွန်နဲ့ ဝိုင်းမသူတွေ တွေ့နေရလို့ စိတ်ထဲ ရှိတဲ့ အတွေးစတွေ ချရေး ဖြစ်သွားတာပါ။

Friday, October 22, 2010

တောက်တဲ့ ကပ်တဲ့ သီအိုရီ

ကောင်မလေးတစ်ယောက် ကိုယ့်ကို ကြိုက်နေသလား ကြိုက်မနေဘူးလား မသေချာရင် သိပ္ပံနည်းကျ ဆန်းစစ်ကြည့်လို့ ရပါတယ်။ ပထမဆုံးအနေနဲ့ ကောင်မလေးက ကိုယ့်ကို ကြိုက်နေတယ်လို့ ယူဆလိုက်ပါမယ်။ အဲဒီ အယူအဆ မှန်မမှန် သိရအောင် စမ်းသပ်ကြည့်တဲ့ အနေနဲ့ ကောင်မလေးကို ရည်းစား စကား ပြောကြည့်ပါမယ်။ အဲဒီမှာ ကောင်မလေးက "ဟင့်အင်း" ဆိုပြီး ငြင်းလိုက်တယ် ဆိုပါစို့။ စမ်းသပ်ချက်တစ်ခု လွဲသွားပါပြီ။

ဒါဆိုရင် ကောင်မလေးက ငါ့ကို ကြိုက်တော့ကြိုက်တယ်။ ဒါပေမယ့် တစ်ခါတည်းနဲ့ အဖြေပြန်ပေးရင် သူ့ဘက်က ဈေးကျတယ် ထင်လို့ နေလိမ့်မယ်လို့ ယူဆကြည့်ပါမယ်။ အဲဒီ အယူအဆကို မှန်မမှန် သိအောင်လို့ စမ်းသပ်တဲ့ အနေနဲ့ နောက်တစ်ခေါက် ရည်းစားစကား ပြောကြည့်ပါမယ်။ ကောင်မလေးက နောက်တစ်ခေါက် "ဟင့်အင်း" ထပ်ပြောတယ်ပဲ ထားပါ။ ဒီစမ်းသပ်ချက်လည်း လွဲသွားပြန်ပါပြီ။

ဒီတစ်ခါတော့ နောက်တစ်မျိုး ယူဆကြည့်ပါမယ်။ သူငါ့ကို ကြိုက်တော့ ကြိုက်မယ်။ ရှက်နေလို့ နေလိမ့်မယ်။ ပွဲကြမ်းလိုက်ရင်တော့ အဖြေရကောင်းပါတယ်လို့ ယူဆကြည့်ပါမယ်။ အဲဒီ အယူအဆကို စမ်းသပ်တဲ့ အနေနဲ့ ဒီတစ်ခါတော့ ပါးစပ်ကတင် မဟုတ်ဘူး။ လက်ပါဆွဲပြီး ရည်းစားစကား ပြောကြည့်ပါမယ်။ အဲဒီမှာ ကောင်မလေးက ဖြန်းကနဲ ပါးရိုက်လိုက်တယ် ဆိုရင်တော့ ကိုယ့်အယူအဆ မှားနေတယ် ဆိုတာ သေချာပါပြီ။ (ရဲစခန်း မတိုင်သေးလို့ ငါ့ကို မမုန်းသေးပါဘူးလို့ ယူဆပြီး ထပ်စမ်းကြည့်ချင်တယ် ဆိုရင်လည်း သဘောပါပဲ။ :D ) အဲဒါဟာ သိပ္ပံပညာရှင်တွေ သီအိုရီတစ်ခုကို ဘယ်လို ချဉ်းကပ်ဖော်ထုတ်သလဲ ဆိုတာနဲ့ ပုံသဏ္ဌန် အတူတူပါပဲ။

သိပ္ပံပညာမှာ သီအိုရီတစ်ခုကို ဖော်ထုတ်မယ် ဆိုရင် ပထမဆုံး အတည်မပြုရသေးတဲ့ အယူအဆ(Hypothesis) တွေ စဉ်းစားရပါတယ်။ နောက်ပြီးတော့မှ စမ်းသပ်မှု (Experiment) တွေ ပြုလုပ်ပြီး အယူအဆတွေ ထဲက မှားနေတဲ့ ယူဆချက်တွေကို တစ်ချက်ချင်း ပယ်ထုတ်ရပါတယ်။ အဲဒီမှာမှ နောက်ဆုံးကျန်နေတဲ့ ယူဆချက်ကို မှားကြောင်း မပြနိုင်မချင်း ဖြစ်နိုင်တဲ့ သီအိုရီ အဖြစ် ယူဆကြပါတယ်။ သိပ္ပံပညာရှင်တွေ သစ်ရွက် ဘာလို့ ကြွေသလဲ လေ့လာကြပါတယ်။ ငါးဘယ်လို အသက်ရှူသလဲ လေ့လာကြပါတယ်။ အဲဒီလိုပဲ တောက်တဲ့ နံရံမှာ ဘယ်လို ကပ်နေသလဲ ဆိုတာကို လေ့လာတဲ့သူလည်း ရှိပါတယ်။

တောက်တဲ့ ဘာလို့ နံရံမှာ ကပ်သလဲ ဆိုရင် သာမန်လူ အများစုက သူတို့ ခြေထောက်မှာ ရှိတဲ့ စုပ်ခွက်တွေကြောင့် ကပ်ရတယ်လို့ ပဲ ယူဆကြ ပါတယ်။ သိပ္ပံပညာရှင်တွေက တောက်တဲ့ နံရံမှာ စုပ်ခွက်ကြောင့် ကပ်ရတယ် ဆိုတဲ့ အယူအဆကို ဒီအတိုင်း လက်မခံပါဘူး။ အဲဒီ အယူအဆ မှန်မမှန် အတည်ပြုဖို့ သူတို့ စမ်းသပ်မှု လုပ်ကြပါတယ်။ အကယ်၍ တောက်တဲ့ဟာ စုပ်ခွက်ကြောင့် ကပ်နေတယ်ဆိုရင် လေ ရှိနေဖို့ လိုအပ်ပါတယ်။ လေဟာနယ်ထဲမှာဆိုရင် စုပ်ခွက်က အသုံးမဝင်ပါဘူး။ အဲဒီတော့ သူတို့ လေဟာနယ် တစ်ခု ဖန်တီးပြီး တောက်တဲ့ ကပ်မကပ် လေ့လာကြည့် ကြပါတယ်။ လေဟာနယ် စမ်းသပ်ခန်းထဲမှာ တောက်တဲ့နဲ့ ပုတ်သင်ညိုကို နံရံမှာ ကပ်ခိုင်းကြည့်တော့ ပုတ်သင်ညိုက နားကားသွားပေမယ့် တောက်တဲ့ကတော့ အေးအေးဆေးဆေးပါပဲ။ အဲဒီတော့ သူတို့အနေနဲ့ တောက်တဲ့ဟာ စုပ်ခွက်ကြောင့် နံရံမှာကပ်တယ် ဆိုတဲ့ အယူအဆ မှားနေကြောင်း အတည်ပြုနိုင် ပါတယ်။

ဒါဆိုရင် နောက်တစ်ခု ဖြစ်နိုင်ခြေ ရှိတာက ပွတ်တိုက်အား (Friction) ကိုသုံးပြီး ကပ်တာ ဖြစ်နိုင်ပါတယ်။ ပိုးဟပ်လို သတ္တဝါ တွေက မျက်နှာပြင် မညီတဲ့ နံရံတွေမှာ သွားတဲ့အခါ သူတို့ ခြေထောက်မှာ ရှိတဲ့ ချိတ်သေးသေးကလေး တွေနဲ့ ချိတ်ပြီး လျှောက်သွားကြပါတယ်။ မျက်နှာပြင်မညီတဲ့ နံရံမှာ ပွတ်တိုက်အားကို အသုံးပြုပြီး သွားတာပါ။ အဲဒီတော့ တောက်တဲ့ကရော ပိုးဟပ်လို နံရံကို ချိတ်နဲ့ ချိတ်ပြီး သွားတာ မဖြစ်နိုင်ဘူးလားလို့ မေးခွန်းထုတ်စရာ ရှိလာပါတယ်။ တောက်တဲ့ တစ်ကောင်နဲ့ ပိုးဟပ် တစ်ကောင်ကို ပြောင်ချောနေတဲ့ နံရံ တစ်ခုမှာ သွားခိုင်းကြည့်ပါတယ်။ ပိုးဟပ်က မျက်နှာပြင် ပြောင်ချော နေလို့ မသွားနိုင်တော့ပဲ ဂိ သွားပေမယ့် တောက်တဲ့ကတော့ "ပျင်းတောင် ပျင်းသေးတယ်။" သီချင်းဆိုပြီး အေးအေးဆေးဆေး ကပ်နေတုန်းပါပဲ။ အဲဒီတော့ တောက်တဲ့ နံရံမှာ ကပ်တာ ပွတ်တိုက်အားကြောင့် မဟုတ်မှန်းလည်း သိရပါပြီ။

နောက်တစ်ခု ဖြစ်နိုင်ခြေရှိတာက အီလက်ထရို စတက်တစ်အား (Electrostatic Charge) ပါ။ တစ်ချို့ အဝတ်အထည်တွေက အချင်းချင်း ပွတ်တိုက်ရင် အီလက်ထရို စတက်တစ် အားတွေဖြစ်ပြီး အချင်းချင်း တွယ်ကပ် တတ်ကြပါတယ်။ တောက်တဲ့ ကပ်တာလည်း အဲဒီလို အီလက်ထရို စတက်တစ် အားတွေကြောင့် ဖြစ်နိုင်မလား ဆိုပြီး စဉ်းစားကြည့် ကြပါတယ်။ ဒီကိစ္စကိုလည်း စမ်းသပ်ဖို့ လွယ်ပါတယ်။ အီထက်ထရို စတက်တစ်အားက အိုင်းယွန်း (ion) တွေ ရှိမှပဲ ဖြစ်တတ်ပါတယ်။ အဲဒီတော့ အိုင်းယွန်းတွေ ဖယ်ထုတ်ထားတဲ့ အပြား တစ်ပြား (ionized sheet) ပေါ်မှာ တောက်တဲ့ကို တင်ကြည့်ပါတယ်။ တောက်တဲ့က "မောင်လေး အဖြေ မှားပါတယ်ကွယ်။" လို့ ပြောပြီး ကပ်နေတုန်းပါပဲ။ ဒီတော့ အီလက်ထရို စတက်တစ် အားကိုလည်း ပယ်လိုက်လို့ ရပါပြီ။

ဒါဆိုရင် ဘာဖြစ်နိုင်ဦးမလဲ။ တစ်ချို့ အင်းဆက်တွေက ခြေထောက်ကနေ ကော်လိုမျိုး ပျစ်ချွဲချွဲ အရည်တစ်မျိုးကို ထုတ်ပြီး ကပ်တတ်ကြပါတယ်။ အဲဒီတော့ တောက်တဲ့ ခြေထောက်ကလည်း ကော်ရှိမလားလို့ စဉ်းစားစရာ ရှိလာပါတယ်။ အဲဒီလို အင်းဆက်တွေမှာ ကော်ထုတ်တဲ့ ဂလင်းဆဲလ်တွေ ခြေထောက်မှာ ရှိတတ်ပါတယ်။ ဒါပေမယ့် တောက်တဲ့ ခြေထောက်မှာ အဲဒီလို ဆဲလ်မျိုးတွေ မရှိပါဘူး။ အဲဒါအပြင် တောက်တဲ့ သွားခဲ့တဲ့ လမ်းကြောင်းမှာလည်း ကော်နဲ့ တူတာဆိုလို့ ဘာမှ မကျန်ခဲ့ပါဘူး။ အဲဒီတော့ ကော်ကြောင့် ကပ်တာလည်း မဖြစ်နိုင်ပါဘူး။

အဲဒီလိုနဲ့ သိပ္ပံပညာရှင်တွေ တောက်တဲ့ ဘာလို့ ကပ်သလဲ ဆိုတာကို နည်းမျိုးစုံနဲ့ လေ့လာရင်း သဲလွန်စ တစ်ခုကို သွားတွေ့ပါတယ်။ အဲဒါက ဘာလဲ ဆိုတော့ တောက်တဲ့က တစ်ချို့ မျက်နှာပြင်တွေမှာ တခြား မျက်နှာပြင် တွေထက်စာရင် ပိုကပ်တတ်တယ်လို့ ထင်ရပါတယ်။ စွမ်းအင်နည်းတဲ့ တက်ဖလွန် (Teflon) လို မျက်နှာပြင်မျိုးမှာဆိုရင် တောက်တဲ့က ကပ်အားနည်းတယ်လို့ ထင်ရပါတယ်။ အဲဒါကြောင့် တောက်တဲ့ဟာ သူတို့ ကပ်နေတဲ့ မျက်နှာပြင်က မော်လီကျူး အစုအဝေးကို တိုက်ရိုက်ဆက်နွယ်ပြီး ကပ်တယ်လို့ ယူဆလို့ ရပါတယ်။

အဲဒီ သဲလွန်စအပေါ် အခြေခံပြီးတော့ အမေရိကန် အော်ရီဂွန်ပြည်နယ် ပို့တ်လန်းက လူးဝစ်စ်အင်န် ကလက် ကောလိပ်မှာ ရှိတဲ့ ကယ်လာ အော်လ်တန် နဲ့ ကယ်လီဖိုးနီးယား ဘာကလေ တက္ကသိုလ်က ရောဘတ်ဖူးလ် တို့က ဆက်ပြီး လေ့လာကြပါတယ်။ တောက်တဲ့ရဲ့ ခြေထောက်မှာ ဆီတာ လို့ ခေါ်တဲ့ အမွှေးအမျှင် သေးသေးကလေးတွေ အတန်းလိုက် ရှိပါတယ်။ အဲဒီ ဆီတာတွေကို မိုက်ခရိုစကုပ်အောက်မှာ ကြည့်မယ် ဆိုရင် အဆုံးမှာ စပက်ကျူလာ လို့ခေါ်တဲ့ အမွှေးအမျှင် သေးသေးကလေး အခု ၄-၅၀၀ အဖြစ် ဖွာထွက် သွားတာကို တွေ့ရပါတယ်။ တောက်တဲ့ရဲ့ ခြေထောက် တစ်ချောင်းမှာ အဲဒီလို ဆီတာမျိုး ၅ သိန်းလောက် ရှိတတ်ပါတယ်။ ဆီတာ တစ်ချောင်းဟာ ဆံချည်မျှင်ရဲ့ ဆယ်ပုံတစ်ပုံလောက်ပဲ အချင်းဝက် ရှိပါတယ်။


 (Image: http://startswithabang.com)

အော်လ်တန်နဲ့ ဖူးလ် တို့ဟာ ဆီတာတစ်ချောင်းက ထုတ်နိုင်တဲ့အားကို တိုင်းတာဖို့အတွက် ဘက်စုံက ပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကို စုစည်းကြပါတယ်။ အဲဒီမှာ သူတို့ အတွက် ကြီးကျယ်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတော့တာပါပဲ။ ပထမ တစ်ချက်က ဆီော ငါးသိန်းထဲက တစ်ချောင်းတည်းသော ဆီတာကို ဖယ်ထုတ်ဖို့ပါ။ ကောက်ရိုးပုံထဲ ပျောက်တဲ့အပ်ကို ရှာရတာ လွယ်ပါတယ်။ (ကောက်ရိုးပုံကို မီးရှို့လိုက်ရင် ရှာလို့ လွယ်သွားပါတယ်။ ) ဒါပေမယ့် အသက်ရှင်နေတဲ့ တောက်တဲ့ရဲ့ ခြေထောက်က ဆီတာ တစ်ချောင်းကို သီးသန့်ဖယ်ထုတ်ပြီး တိုင်းဖို့ ဆိုတာ မလွယ်လှပါဘူး။ သူတို့ တောက်တဲ့ရဲ့ ခြေထောက်ကို အဏုကြည့်မှန်ပြောင်းနဲ့ ကြည့်ပြီး အဲဒီထဲက တစ်ချောင်းကို အဏုစိတ်တိုင်းတာတဲ့ ကိရိယာ အပေါ်ကို တွဲဆက် နိုင်ခဲ့ပါတယ်။

ဒုတိယ စိန်ခေါ်မှုကတော့ အဲဒီလောက် သေးငယ်တဲ့ အားကို ဘယ်လို တိုင်းတာ မလဲ ဆိုတဲ့ အချက်ပါ။ တောက်တဲ့ တစ်ကောင် နံရံမှာကပ်နေရင် သူ့ခြေထောက်က အားက ကမ္ဘာမြေဆွဲအားနဲ့ အတူတူ ၁၀ နယူတန် (၁ ကီလိုဂရမ်ကို သယ်နိုင်တဲ့အား) လောက် ရှိပါတယ်။ ခြေထောက် တစ်ချောင်းမှာ ဆီတာပေါင်း ၅ သိန်းလောက် ရှိတဲ့အတွက် ဆီတာ တစ်ချောင်းရဲ့ အားဟာ ၂၀ မိုက်ခရို နယူတန် လောက် ရှိမယ်လို့ မှန်းခြေအားဖြင့် တွက်ဆလို့ ရပါတယ်။ အဲဒီလောက် သေးငယ်တဲ့ အားကို တိုင်းတာဖို့ ဆိုတာကတော့ အတော်ပဲ ခက်ခဲပါတယ်။

ဆီတာရဲ့ အားကို တိုင်းတာဖို့အတွက် အော်လ်တန်နဲ့ ဖူးလ်တို့ဟာ စတန်းဖို့ဒ်က သောမတ်စ်ကင်န်နီဆိုတဲ့ မက္ကင်နီကယ် အင်ဂျင်နီယာ တစ်ယောက်ကို သူတို့ အဖွဲ့ထဲ ဆွဲသွင်းခဲ့ပါတယ်။ ကင်န်နီကတော့ အက်တမ်အဆင့်လောက်မှာ ရှိတဲ့ အားတွေကို တိုင်းတာတဲ့ ကိရိယာတွေနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူပါ။ သူတို့ဟာ သူတို့ သီးသန့် ဖယ်ထုတ်ထားတဲ့ ဆီတာနဲ့ ကင်န်နီရဲ့တိုင်းတာတဲ့ ကိရိယာကို တွဲဆက်ပြီးတဲ့ အခါမှာတော့ သေပြီဆရာ အော်ရတဲ့ အခြေအနေ ရောက်သွားပါတယ်။ ၂ လ တိတိ ဆီတာက သူတို့ တိုင်းတာတဲ့ ကိရိယာကို မကပ်တဲ့ အတွက် ဘာအားကိုမှ တိုင်းတာလို့ မရလို့ပါ။ အဲဒါကြောင့် သူတို့ဟာ သူတို့ရဲ့ တိုင်းတာမှုကို ခဏ ရပ်နားပြီး ပြန်စဉ်းစား ကြပါတယ်။

နောက်ဆုံးမှာတော့ သူတို့ အဖြေရှာလို့ တွေ့သွားပါတယ်။ တောက်တဲ့တွေဟာလည်း လူတွေလိုပါပဲ။ သူတို့ ခြေထောက်ကို အောက်ကို တွန်းပြီး လမ်းမသွားကြပါဘူး။ တောက်တဲ့တွေဟာ လမ်းသွားခါနီးရင် သူတို့ဟာ မျက်နှာပြင်ပေါ်မှာ ခြေထောက်ကို ချပါတယ်။ နောက်တော့ သူတို့ရဲ့ ခြေချောင်းတွေကို ကွေးနေရာကနေ ဆန့်ပြီး မျက်နှာပြင်ပေါ်ကို နောက်ပြန် ပွတ်တိုက်ပါတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် သစ်တောလို ထူထပ်နေတဲ့ သူတို့ရဲ့ ဆီတာတွေဟာ မျက်နှာပြင်ကို ဘေးတိုက် ပွတ်သပ် သွားကြပါတယ်။ တောက်တဲ့မ ယဉ်သာ လမ်းလျှောက်နည်း ဖြစ်မယ် ထင်ပါတယ်။

ဒီလိုနဲ့ သူတို့ဟာ သူတို့ရဲ့ တိုင်းတာတဲ့ လုပ်ငန်းကို ပြန်စကြပါတယ်။ ဒီတစ်ခါတော့ ဆီတာကို ရှေ့ကနေ မတိုင်းဘဲ ဘေးကနေ တိုင်းပါတယ်။ သူတို့ဟာ ဒေါင်လိုက်တည့်တည့်နဲ့ ဘေးတိုက်ကနေ တိုင်းတာဖို့ အတွက် နောက်ထပ် အာရုံခံကိရိယာ တစ်ခု ကို တည်ဆောက်ကြပါတယ်။  ဒီလို တိုင်းတာတဲ့ အခါမှာ ရလာတဲ့ အဖြေက သူတို့ အားလုံးကို အံ့အားသင့် စေပါတယ်။ ဆီတာ တစ်ချောင်းရဲ့ အားက ၂၀၀ မိုက်ခရို နယူတန် နီးပါး ရှိပါတယ်။ အဲဒီလောက်သေးတဲ့ အမွှေးအမျှင် လေးတစ်ခုက အဲဒီလောက် အားရှိတယ် ဆိုတာ အံ့သြစရာပါ။ ဆိုလိုတဲ့ သဘောကတော့ အဲဒီလို အမွှေးအမျှင်ပေါင်း ၂ သန်း ရှိတဲ့ တောက်တဲ့ တစ်ကောင်ဟာ ပေါင် ၉၀ လောက် ကို အသာလေးသယ်သွားနိုင်တယ် ဆိုတဲ့ သဘောပါပဲ။

တောက်တဲ့က ကပ်တာတော့ ဟုတ်ပါပြီ။ ဒါဆိုရင် သူ ဘယ်လို ပြန်ခွာသလဲ ဆိုတာ မေးစရာ ရှိလာပါတယ်။ ဒီတစ်ခါတော့ သူတို့ ကယ်လီဖိုးနီးယား ဘာကလေ တက္ကသိုလ်က ရော်နယ်လ်ဖီးရင်း ဆိုတဲ့ အင်ဂျင်နီယာတစ်ယောက် ဒီဇိုင်း လုပ်ထားတဲ့ ကိရိယာကို အသုံးပြုပြီး တိုင်းကြပါတယ်။ တောက်တဲ့ရဲ့ ခြေထောက်က အမွှေးဟာ ၃၀ ဒီဂရီ စောင်းလိုက်ရင် ဘာအားမှ မရှိတော့တာ တွေ့ရပါတယ်။ အဲဒီတော့ သူတို့ တွေ့ရှိချက်အရ တောက်တဲ့ဟာ ကျွန်တော်တို့ ကပ်ထားတဲ့ တိတ်တွေကို ပြန်ခွာသလိုမျိုး သူတို့ ခြေထောက်ကို ပြန်ခွာပြီး သွားတယ် ဆိုတာကို သိရပါတယ်။ ဒါကတော့ တောက်တဲ့ ဘယ်လို ကပ်သလဲ ဆိုတာကို လေ့လာတဲ့ စမ်းသပ်မှုပါပဲ။

တောက်တဲ့ အကြောင်း ပြောရင်း ကျွန်တော် အခန်းထဲက တောက်တဲ့ကို သတိရသွားပါတယ်။ ရန်ကုန်မှာ ကျွန်တော်နေတဲ့ အခန်းရဲ့ မျက်နှာကြက် ထုပ်တန်းမှာ အမြဲ လျှောက်သွားနေတတ်တဲ့ တောက်တဲ့ တစ်ကောင် ရှိပါတယ်။ ညဆိုရင် ကျွန်တော် အိပ်တဲ့ ခုတင်အပေါ်တည့်တည့်ကို ရောက်လာတတ်ပါတယ်။ တောက်တဲ့တောက်တဲ့ နဲ့ အော်ရင်း နောက်ဆုံးတစ်ခါ ကျရင်တော့ တဲ့ဟဲ့ဟဲ့ နဲ့ အသံရှည်ဆွဲပြီး အော်တတ်ပါတယ်။ ဒီကောင်တော့ မြန်မာပြည်မှာ တောက်တဲ့ ဖြစ်ရတာ အတော်ကံကောင်းတယ် ပြောရမှာပါပဲ။ မတော်လို့ အမေရိကားက ပုဂ္ဂိုလ် များနဲ့ သာ တွေ့သွားရင်တော့ ခြေထောက်က အမွှေးကို ဟိုဆွဲလိုက် ဒီဆွဲလိုက်နဲ့ ယားကျိကျိ နေမှာပဲလို့ တွေးမိပါသေးတယ်။

သူတို့ရဲ့ စမ်းသပ်မှု အကြောင်းကို ဒီထက်ပိုပြီး အသေးစိတ် သိချင်ရင်တော့ အောက်က အင်တာနက်စာမျက်နှာမှာ သွားကြည့်နိုင်ပါတယ်။

http://www.mhhe.com/biosci/genbio/raven6/lab1/labs/lab1/home.html

ကိုးကား။  ။ Biology by Raven Johnson (6th Edition)

Sunday, October 17, 2010

စကားလုံးတွေ သိပ်မလိုဘူး

သူလက်ပတ်နာရီ ကို စိတ်မရှည်သလို ငုံ့ကြည့်လိုက်မိသည်။ အမှန်တကယ်ဆို ဒီအချိန် သူမလာဖို့ ကောင်းပြီ။ ဘာလို့များ မလာသေးတာလဲလို့ စိတ်ထဲမှာ တွေးနေမိသည်။ သို့သော် သူခေါင်းပြန်မော့လိုက်သည့် အချိန်မှာပဲ မဝေ ဘတ်စ်ကားဂိတ်ဖက်ကို လျှောက်လာတာ တွေ့လိုက်ရသည်။ မဝေက သူ့ကို လှမ်းတွေ့သွားပြီး ပြုံးပြသည်။ သူ မဝေကို ပြန်၍ ပြုံးပြလိုက်မိသည်။

"ကိုကျော်။ ဘယ်က ပြန်လာတာလဲ။" မဝေက သူ့ကို လှမ်းမေးသည်။
"ကျွန်တော် သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ လာတွေ့ပြီး ပြန်လာတာပါ။"

စိတ်ထဲမှာတော့ ကျွန်တော် မဝေကို လာစောင့်နေတာပါဟု ပြောလိုက်ချင်သည်။ ဒါပေမယ့် အဲဒီလောက် ပြောဖို့ သူ့စိတ်ထဲမှာ မရဲ။ မဝေကို သူကြိုက်နေသည်မှာ မှန်သော်လည်း အခုထက်ထိ သူ အရိပ်အယောင်တောင် မပြဖူးသေး။ အဲဒါကြောင့် ကြိုပြီး စဉ်းစားထားသည့် အတိုင်းပင် လိမ်လိုက်မိသည်။

"မဝေ အခုမှ အလုပ်ပြီးတာလား။" သူက သိပြီးသား မေးခွန်းကို စကားလုပ်ပြီး မေးလိုက်သည်။
"ဟုတ်တယ်။ ပုံမှန်ပါပဲ။ အလုပ်က ဒီအချိန်ပြီးတာ။" မဝေက သူ့ကို ပြန်ဖြေသည်။ နောက်တော့ ဆက်ပြောသည်။
"အိမ်ပြန်မှာ မဟုတ်လား။ အတူတူ ပြန်ရအောင်လေ။"
မဝေကတော့ သူ့အကြောင်းကို ဘာမှမသိဘဲ ရိုးရိုးသားသား မိတ်ဆွေ တစ်ယောက်လိုပင် ပြန်ပြောသည်။ မဝေအိမ်က သူ့ အိမ်နှင့် သိပ်မဝေးလှပေ။ ၅ မိနစ်လောက်ပဲ လမ်းလျှောက်ရသည်။ မိတ်ဆွေ အချင်းချင်း ပြန်ပြီး ပိုးရပမ်းရတာ အတော် ကသိကအောက် နိုင်ပါလားလို့ သူ့စိတ်ထဲမှာ တွေးလိုက်မိသည်။

မကြာခင် ဘတ်စ်ကားလာတော့ သူတို့နှစ်ယောက် ဘတ်စ်ကားပေါ် တက်ခဲ့ကြသည်။ နှစ်ထပ်ဘတ်စ်ကား အပေါ်ထပ်မှာ လူက ရှင်းနေသည်။ မဝေက ပြတင်းပေါက်နှင့် ကပ်လျှက်တွင် ဝင်ထိုင်ပြီး သူက မဝေဘေးမှာ ဝင်ထိုင်လိုက်သည်။ တကယ်တော့ သူတို့နှစ်ယောက် သာမန်ထက် မက ရင်းနှီးသော မိတ်ဆွေတွေ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့ နှစ်ယောက်ကြားမှာ ပြောစရာ စကားလုံးက မရှားပါး လှပါ။ 


သူကသာ မရိုးသားသော စိတ်ရှိနေ၍ မလုံမလဲ ဖြစ်နေသည်။ မဝေကတော့ ဘာမှ မထူးဆန်း သလိုပင်။ မဝေကို သူကြိုက်နေတဲ့ အကြောင်း ဘယ်ကနေစပြီး ဘယ်လို အရိပ်အယောင် ပြရမှန်း မသိအောင်ပင် ဖြစ်နေသည်။ မဝေ မျက်နှာကို မသိမသာ ခိုးကြည့်နေမိသည်။ မဝေကတော့ ဘာကိုမှ မသိသလိုပင် တရစပ် စကားတွေ ပြောနေသည်။ ခဏနေတော့ မဝေက မျက်လုံးပင့်ကြည့်တော့ သူမကို ငေးစိုက်ကြည့်နေသော သူနှင့် အကြည့်ချင်း ဆုံသွားသည်။ သူ့ကို စူးစူးရဲရဲ တစ်ချက်ကြည့်ပြီး မျက်နှာလွှဲ သွားသည်။ သူမ သိသွားပြီလားဟု သူတွေးလိုက်မိသော်လည်း သူမကတော့ ဘာမှ မဖြစ်သလိုပင် ပုံမှန် အတိုင်း ရှိနေသည်။

ရှေ့ခုံလက်တန်းကို ဆုပ်ထားသော မဝေ လက်ဖဝါးကို ဘေးတိုက် ကြည့်မိတော့ အမှတ်မထင် သူ တစ်ခုခုကို လှမ်းတွေ့ လိုက်သည်။ သူ ရုတ်တရက် ပြုံးလိုက်မိသည်။ မဝေက အဲဒါကို လှမ်းတွေ့သွားသည်။
"ကိုကျော်။ ဘာပြုံးတာလဲ။"
"ဘာမှ မဟုတ်ပါဘူး။ မဝေ လက္ခဏာကို အမှတ်တမဲ့ လှမ်းတွေ့လိုက်လို့ပါ။"
"ဘာတွေ့လို့လဲ။ ကိုကျော်က လက္ခဏာ ကြည့်တတ်လို့လား။"
"နည်းနည်းပါးပါးပေါ့။ အိမ်ထောင်ရေး နှလုံးသားရေး လောက်တော့ ကြည့်တတ်ပါတယ်။"
မဝေက သူမလက်ဖဝါးကို သူမ ပြန်ဖြန့်ကြည့်သည်။
"ဘာ ထူးခြားနေလို့လဲဟင်။"

သူက အမှတ်မထင် မဝေ လက်ကို လှမ်းဆွဲလိုက်သည်။ မဝေက မသိမသာ မျက်စောင်းတစ်ချက် ထိုးသည်။ လက္ခဏာ ကြည့်မယ် ဆိုတော့ သူမလည်း မပြောသာ။ အဋ္ဌာရသ (၁၈) ရပ်ထဲမှာ လက္ခဏာ ပညာ ပါတာ ဒါကြောင့်လား မသိဘူးဟု သူတွေးလိုက် မိသည်။
"မဝေ။ မကြာခင် အိမ်ထောင် ကျကိန်း ရှိတယ်။"
"ဟုတ်ပါ့မလား။ ကျွန်မမှာ ရည်းစားတောင်မှ မရှိတဲ့ဟာ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
ကျွန်တော် ရှိတယ်လေဟု ပြောလိုက်ချင်သော်လည်း သူ့ပါးစပ်ကို ဘရိတ်အုပ်လိုက်သည်။

"ဒီမှာကြည့်။ ဒါက နှလုံးလမ်းကြောင်း ဟဒယလေခ လို့ ခေါ်တယ်။ အဲဒီ ဟဒယ လေခနဲ့ လက်သန်း အောက်အဆစ် ကြားမှာ အိမ်ထောင်ရေး လမ်းကြောင်း ရှိတယ်။ အဲဒီ အိမ်ထောင်ရေး လမ်းကြောင်းက ဟဒယ လေခနဲ့ နီးရင် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင် ကျတတ်တယ်။ လက်သန်းနဲ့ နှလုံးလမ်းကြောင်းကြား တဝက်တိတိ လောက်ဆိုရင် ၂၅နှစ် ဝန်းကျင်မှာ အိမ်ထောင်ကျ တတ်တယ်။ အခု မဝေရဲ့ အိမ်ထောင်ရေး လမ်းကြောင်းက တဝက်အောက် နည်းနည်းလျော့ တယ်လေ။ အဲဒီတော့ မကြာခင် အိမ်ထောင်ကျတော့မယ်လို့ ပြောလို့ ရတာပေါ့။"
"ဟုတ်မယ် မထင်ပါဘူးလေ။"
သူက ပြောပြီး မဝေ လက်ကို မလွှတ်သေးဘဲ ဆက်ကိုင်ထားသည်။ ခဏနေမှ မဝေက အသာပြန်ရုန်းပြီး ထွက်သွားသည်။ နောက်တော့ သူတို့နှစ်ယောက် ခုန ဘာမှမဖြစ်ခဲ့သလိုပင် ဆက်လက်ပြီး စကားပြောနေကြသည်။ မဝေများ ရင်ခုန်သွားသလားဟု သူတွေးမိသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူရင်ခုန်သွားတာတော့ အမှန်ပင် ဖြစ်သည်။

------------------------------------------------------------------------------------------------------


အဲဒီနေ့ ပြီးတော့ သူနဲ့ မဝေ တော်တော်နှင့် ပြန်မတွေ့ဖြစ်ကြပေ။ သူလည်း ကျောင်းတစ်ဖက် အလုပ်တစ်ဖက်နှင့်မို့ မဝေကို နေ့တိုင်း အလုပ်က အပြန် သွားကြိုရန် မတတ်သာ။ ကျောင်းမှာလည်း အတန်း မတူကြတော့ မတွေ့ဖြစ်ကြပေ။ တစ်ပတ်လောက် ကြာပြီးမှ မဝေနှင့် အမှတ်မထင် ပြန်ဆုံဖြစ်သည်။ အဲဒီနေ့က သူ Lab ထဲမှာ ကွန်ပျူတာ သုံးနေစဉ် မဝေကို လှမ်းတွေ့လိုက်သည်။ မဝေကလည်း ကွန်ပြူတာ တစ်လုံးနှင့် အလုပ်ရှုပ်နေသည်။ သူ့ကိုတွေ့တော့ ထုံးစံအတိုင်း  ပြုံးပြပြီး လှမ်းနှုတ်ဆက်သည်။ မဝေ သူမစာနှင့်သူမ အလုပ်ရှုပ်နေသည်မို့ သူ မနှောင့်ယှက်ချင်ပါ။ သူ့နေရာမှ တချက်တချက် မသိမသာ လှမ်းခိုးကြည့်နေသည်မှ လွဲ၍ သွားစကား မပြောဖြစ်။

သူက ကွန်ပျူတာရှေ့ ပြန်လာပြီး ဟိုကြည့်ဒီကြည့် ကြည့်နေသည်။ ထိုစဉ် ဂျပန်က သူငယ်ချင်းတစ်ယောက် အွန်လိုင်းတက်လာတာ တွေ့သဖြင့် သူတို့နှစ်ယောက် စကားပြောဖြစ်ကြသည်။ သူငယ်ချင်းတွေ မတွေ့တာကြာတော့ ပြောစရာစကားကလည်း များလှသည်။ ဘယ်လောက်ကြာအောင် စကားထဲ မျောနေသလဲ ဆိုတော့ သူ့အနောက်မှာ မဝေ လာရပ်သည်ကိုပင် မသိလိုက်။ မဝေက သူ့ကို လှမ်းပြောသည်။
"Lab ပိတ်တော့မယ်။ မပြန်သေးဘူးလား။"
အဲဒီတော့မှ သူပြန်ပြီး သတိဝင်သွားသည်။
"အော်။ မဝေ ပြန်တော့ မလို့လား။ ကျွန်တော် သူငယ်ချင်းနဲ့ စကားကောင်း နေလို့။ အခု ခဏနေရင်ပြန်မှာ။"
"ကျွန်မ ပြန်တော့မယ်။"

မဝေက ပြောပြီး ထွက်သွားသည်။ ရသည့် အခွင့်အရေးကို လက်လွတ်ခံလို့ မဖြစ်ပါ။ အဲဒါကြောင့် သူငယ်ချင်းကို ကမန်းကတန်း စကားဖြတ်ပြီး ထထွက်ခဲ့သည်။ သူ Lab ထဲက ထွက်လာတော့ မဝေကို လှမ်းမမြင်ရတော့။ ဘတ်စ်ကားဂိတ် ရောက်သွားပြီ ထင်သည်။ ကားမလာခင် အမြန်ပြေးမှ ဖြစ်မည် ဆိုပြီး သူ ဘတ်စ်ကားဂိတ်ကို တက်သုတ်ရိုက် ထွက်လာခဲ့သည်။ လမ်းတဝက် အရောက်မှာပင် သူတို့ အိမ်ဘက် သွားသော ဘတ်စ်ကား ထွက်သွားသည်ကို မြင်လိုက်ရသည်။ မဝေတော့ ဒီကားနဲ့ ပါသွားလောက်ပြီဟု တွေးရင်း သူ လမ်းလျှောက်နေသော အချိန်ကို လျှော့လိုက်သည်။ ရင်ထဲမှာ မောသွားသည်။

ကားဂိတ်ကို ရောက်တော့ မဝေ ထိုင်နေတာ မြင်၍ အံ့ဩသွားမိသည်။ သူ မဝေကို လှမ်းပြောလိုက်သည်။
"မဝေ ခုနကားနဲ့ ပါသွားပြီ မှတ်နေတာ။"
"ကျွန်မ ပြန်တော့မလို့ပဲ။ ကိုကျော်လည်း ပြန်မယ်ဆိုတာ သိလို့ စောင့်နေတာ။"

သူ့ စိတ်ထဲမှာ နည်းနည်းတော့ လှုပ်ရှားသွားသည်။ ဘယ်မိန်းကလေးမှ သူ့ကို အခုလို ဂရုတစိုက် ရှိတာမျိုး မတွေ့ဖူးပါ။ သူတွေ့ခဲ့ဖူးသော ကောင်မလေးများကတော့ လမ်းမှာ စကားပြောရင် ထီးနဲ့ရိုက်မယ် ကြိမ်းတဲ့ ကောင်မလေးနဲ့ သူ့ကိုတွေ့ရင် တချိုးတည်း သုတ်ခြေတင် ပြေးတတ်သော ကောင်မလေး အဲဒီလို ကောင်မလေးမျိုးတွေပဲ ဖြစ်သည်။ မဝေနှင့်ကတော့ အစကတည်းက ခင်မင်ရင်းစွဲ ရှိနေတာကြောင့်လည်း ပါမည်။

"ကိုကျော်။ ကျောင်းက တခြားသူတွေလို စာလည်း သိပ်ကျက်တာ မတွေ့ဘူးနော်။" မဝေက သူ့ကိုမေးသည်။
"အော်။ ကျက်ပါတယ်။ ကျွန်တော်က စိတ်ပါမှ ထလုပ်တတ်တာမျိုးမို့ပါ။" သူ့စိတ်ထဲ နည်းနည်း မလုံမလဲ ခံစားရသည်။
"စပ်စုတယ်လို့ မထင်နဲ့နော်။ ကိုကျော် ဆယ်တန်းတုန်းက ဂုဏ်ထူး ဘယ်နှစ်ဘာသာ ပါသလဲ။"
"အော်။ ဒါလား။ ကျွန်တော်လည်း သူလိုငါလိုပါပဲ။ ၄ ဘာသာတော့ ပါတာပေါ့။"
"ဟုတ်လား။ အမှတ်ပေါင်းက ဘယ်လောက်ရသလဲ။"
"၄၀၀ ကျော်ပေါ့။"

မဝေ မျက်နှာက နည်းနည်း အံ့အားသင့်သွားသည့်ပုံ ပေါ်သည်။ သူ့ကို အဲဒီလောက် ထင်ထားပုံမရ။ သူ့စိတ်ထဲမှာ နည်းနည်း ရယ်ချင်သွားသည်။
"ဘာလဲ။ ကျွန်တော့်ပုံက အဲဒီလောက် အဖြစ်ရှိတဲ့ပုံ မပေါက်လို့လား။"


သူက မဝေကို စတော့ မဝေက အားနာသွားဟန်ဖြင့် ပြန်ပြောသည်။
"အဲဒီလိုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရုတ်တရက်တော့ အံ့ဩသွားတာပေါ့။ ကိုကျော့်ပုံစံက တခြားစာတော်တဲ့ ကျောင်းသားတွေနဲ့ ပုံစံမှ မတူတာ။ ဘယ်အချိန်ကြည့်ကြည့် ဟေးလားဝါးလားနဲ့။ "
"ဒါကတော့ ကျွန်တော့် နဂို အကျင့်ပါ မဝေရယ်။ ကျွန်တော့် သူငယ်ချင်းထဲမှာလည်း ဒီလိုကောင်တွေ အများကြီးပါ။"
 

သူက ပြန်ပြောလိုက်သည်။ မဝေက သူ့ကို ထပ်မေးသည်။
"အဲဒါဆို ဆေးတက္ကသိုလ် မှီတာပေါ့။ ဆေးကျောင်းက ဖွင့်နေပြီလေ။ ဘာလို့ မတက်တာလဲ။"
"ကျွန်တော်လား။ ဆရာဝန်လုပ်ဖို့ ဝါသနာ မပါဘူး။ ကျွန်တော့် အိမ်ကလည်း ရွေးချင်တာရွေးပါ ဆိုပြီး ခွင့်ပေးတယ်။ ကျွန်တော် ရန်ကုန်မှာ ဆေးကျောင်းတောင် မလျှောက်ဖြစ်ဘူး။"

မဝေက သက်ပြင်းတစ်ချက်ကို ချပြီး ဆက်ပြောသည်။
"ကျွန်မက ငယ်ငယ်ကတည်းက ဆရာဝန် အရမ်း ဖြစ်ချင်တာ။ ဒါပေမယ့် ဆေးတက္ကသိုလ် အမှတ်မမီဘူး။ အမှတ် နည်းနည်းနဲ့ ကပ်ပြုတ်သွားတယ်။"
မဝေကို ကြည့်ပြီး သူသနားသွားမိသည်။ အဲဒီအချိန်မှာပဲ ဘတ်စ်ကား လာတော့ သူတို့ ဘတ်စ်ကားပေါ်တက်ခဲ့သည်။  အဲဒီနေ့က သူမဝေကို အိမ်ပြန်လိုက်ပို့ရင်း စကားတွေ အများကြီး ပြောဖြစ်ကြသည်။

-------------------------------------------------------------------------------------------------
နောက်ပိုင်းတော့ သူမဝေ ဆီကို အမြဲ မကြာခဏ ဆိုသလို အကြောင်းမရှိ အကြောင်းရှာ ဖုန်းဆက်ဖြစ်သည်။ မဝေကလည်း သူ့ကို လက်ခံစကား ပြောသည်။ သူတို့နှစ်ယောက်ကြား ရင်းနှီးမှု အတိုင်းအတာက တဖြည်းဖြည်း ပို၍ တိုးလာခဲ့သည်။ ရှေ့ဆက်တိုးဖို့တော့ သူ့စိတ်ထဲမှာ မဝံ့မရဲ ဖြစ်နေမိသည်။ ဒီလိုနဲ့ သူလည်း မဝေ၏ ရင်ဖွင့်တာတွေကို နားထောင်ပေးသည့်သူ ဖြစ်မှန်းမသိ ဖြစ်လာခဲ့သည်။ တစ်နေ့တော့ သူတို့နှစ်ယောက် ညဘက် ဖုန်းပြောရင်း မိုးလင်းသွားခဲ့သည်။

နောက်တစ်နေ့တော့ မဝေက သူ့ကို ဖုန်းဆက်လာသည်။
"ကိုကျော်။ ကျွန်မ ကိုကျော့်ကို ပြောစရာ ရှိလို့။"
"ပြောလေ မဝေ။ ဘာဖြစ်လို့လဲ။"
"ပြောရမှာ အားတော့နားတယ်။ ကိုကျော်နဲ့ ကျွန်မ ပုံမှန် အတိုင်းပဲ နေကြရင် ကောင်းမယ်။ အခု ကျွန်မတို့ ပုံစံက အများအမြင်မှာ သိပ်ပြီး ကြည့်လို့ ကောင်းမှာ မဟုတ်ဘူး။"
"အော်။ ဘာဖြစ်သေးလဲ မဝေရယ်။ ဘယ်သူ့ ဂရုစိုက်ရမှာလဲ။"

ရိုးရိုးသားသား ခင်တာပါ ဆိုတဲ့ အသုံးအနှုန်းကို သူမသုံးရဲပါ။ သူ့ဘက်က မရိုးသားဘူး မဟုတ်လား။
"အဲဒီလိုလဲ မဟုတ်ဘူးလေ။ ပတ်ဝန်းကျင် ဆိုတာက ရှိသေးတယ်။ သူများတွေ အပြောခံရရင် မကောင်းဘူးပေါ့။"
"အဲဒီတော့။"
"ကိုကျော် ကျွန်မဆီကို ခဏခဏ ဖုန်းမဆက်ပါနဲ့။"
"မဝေ မကြိုက်ရင် ကျွန်တော် မဆက်တော့ပါဘူး။"
"အင်း။ ဆောရီးပဲ။"
ဖုန်းပြန်ချပြီး သူ့ရင်ထဲမှာ နည်းနည်းမော သွားသည်။ နောက်တော့ သူပြန်စဉ်းစားသည်။ မဝေက သူမ မကြိုက်လို့ ဖုန်းမဆက်ပါနဲ့လို့ ပြောတာမဟုတ်။ ပတ်ဝန်းကျင်ကြောင့်ဆိုတော့ သူ့ဘက်မှာ မဝေက ရှိနေသေးသည့်ပုံ ရှိသည်။

နှစ်ရက် သုံးရက်လောက်တော့ မဝေဆီကို ဖုန်းမဆက်ဖြစ်။ ဒါပေမယ့် နောက်တော့ သူ မသိချင်ယောင်ဆောင်ပြီး ဖုန်းပြန်ဆက်သည်။ မဝေကလည်း အရင်ပြောခဲ့တာ သူမ မဟုတ်သလိုပင် သူ့ကို ပြန်၍ လက်ခံ စကားပြောသည်။သူတို့ အခြေအနေက ပုံမှန် အတိုင်း ပြန်ဖြစ်သွားသည်။


ဒီလိုနဲ့ တစ်နေ့တော့ သူ အပြင်က ပြန်အလာ မဝေဆီ ဖုန်းဆက်ဖြစ်သည်။
"မဝေ။ ဘယ်ရောက်နေလဲ။"
"ကျွန်မလား။ တိုက်အောက်မှာ။ စာကျက်နေတယ် ။ ကိုကျော်ရော အခု ဘယ်မှာလဲ။"
"ကျွန်တော် အိမ်ပြန်လာတာ။ မဝေ တိုက်အောက်မှာ ရှိတယ်ဆိုရင် ကျွန်တော် ဝင်လာခဲ့မယ်လေ။"

မဝေက ဘာမှ ပြန်မပြော။ အဲဒီတော့ သဘောတူတယ်ပေါ့။ သူမဝေတို့ တိုက်အောက် ရောက်သွားတော့ မဝေက စားပွဲမှာ စာအုပ်တစ်အုပ် ဖတ်ရင်း ထိုင်နေသည်။ သူက မဝေ ဘေးခပ်စောင်းစောင်းက ခုံမှာ ဝင်ထိုင်လိုက်သည်။ နောက်တော့ သူနှင့် မဝေ ထုံးစံအတိုင်း ရောက်တတ်ရာရာတွေ ပြောဖြစ်ကြပြန်သည်။ ပြောနေရင်းနှင့် မဝေက သူ့ကို မေးသည်။
"ကျွန်မတို့ ကျောင်းပြီးတော့မယ်နော်။ ကျောင်းပြီးရင် ကိုကျော် ဘာလုပ်မှာလဲ။ တက္ကသိုလ် ဆက်တက် ဖြစ်ဦးမှာလား။"
"ကျွန်တော်လား။ ကျွန်တော်ကတော့ အလုပ် လုပ်မယ်။ ပြီးရင် ပိုက်ဆံနည်းနည်းစုပြီး အမေရိကား ဖြစ်ဖြစ် ဩစတေးလျ ဖြစ်ဖြစ် ဆက်ထွက်ပြီးမှ ကျောင်းဆက် တက်မယ် စဉ်းစားထားတယ်။"
"ဟိုမှာ အမျိုးတွေ ရှိလား။"
"အမျိုးတွေ ရှိလို့ မဟုတ်ပါဘူး။ ကျွန်တော် ကိုယ်တိုင်က ဒီနိုင်ငံမှာ ဘွဲ့ယူဖို့ အစကတည်းက အစီအစဉ် မရှိဘူး။ ဒီကိုလာတယ် ဆိုတာ အခိုက်အတန့် သဘောမျိုးပဲ။"
"ဟိုနိုင်ငံတွေက မဝေးလွန်းဘူးလား။"
"ဪ မဝေရယ်။ နိုင်ငံခြား ရောက်ပြီးမှတော့ ဝေးတယ် နီးတယ် ထည့်စဉ်းစား မနေတော့ပါဘူး။ မဝေကရော။"
"ကျွန်မကတော့ ဒီမှာပဲ ဆက်နေဖြစ်မှာပါ။" မဝေက ပြောရင်း ငိုင်သွားသည်။ သူမ၏ အမူအရာက တစုံတခုကို စိတ်မကောင်း ဖြစ်နေသည့် သဏ္ဌန် ပေါ်လွင်လာသည်။ သူဘာဆက် ပြောရမလဲ မသိတော့။ သူ တခြားကို ထွက်သွားတော့မယ် ဆိုလို့ ဝမ်းနည်းတာလား။ ဒါမှမဟုတ် တခြား အကြောင်းတစ်ခုကြောင့်ပဲ ဝမ်းနည်းတာလား။ သူမဝေခွဲတတ်။

မဝေက သူမ လက်နှစ်ဖက်ကို စားပွဲပေါ်မှာ ဆန့်ထားသည်။ သူက မဝေရဲ့ လက်ကို ဆုပ်ကိုင်လိုက်သည်။ မဝေက မရုန်း။ သူလည်း ဘာဆက်ပြောရမလဲ မသိတော့။ မဝေ မျက်နှာကို စိုက်ကြည့်နေမိသည်။ မဝေကတော့ သူ့ကို ပြန်မကြည့်ဘဲ စားပွဲကိုသာ ငုံ့ကြည့်နေသည်။ ခဏနေတော့ မဝေက သူမလက်ကို ပြန်၍ ရုတ်လိုက်သည်။  သူဘာလုပ်ရမလဲ။ မစဉ်းစားတတ်တော့။
"ကျွန်တော် ပြန်တော့မယ် မဝေ။" သူ မဝေကို နှုတ်ဆက်ပြီး လှည့်ထွက်လာခဲ့သည်။ အိမ်ဘက်ကို ပြန်လျှောက်လာရင်း သူ့စိတ်ထဲမှာ လေးလေးပင်ပင် ဖြစ်နေသည်။ သူဘာကို စိုးရိမ်နေသလဲမသိ။ အိမ်ပေါ် ပြန်ရောက်တော့ အဝတ် မလဲဖြစ်သေးဘဲ ထိုင်ခုံမှာ ထိုင်ရင်း စီးကရက် တစ်လိပ်ပြီး တစ်လိပ် မီးညှိပြီး အဓိပ္ပာယ်မဲ့စွာ ဖွာရှိုက်နေမိသည်။ ဘယ်လောက်တောင် ကြာသွားသည် မသိတော့။

အဲဒီအချိန်မှာ သူ့ဟင်းန်ဖုန်းက မြည်လာသည်။ သူဖုန်းကို လှမ်းယူလိုက်တော့ ဖုန်းက ပြန်ကျသွားသည်။ နံပါတ်ကို ကြည့်လိုက်တော့ မဝေရဲ့ နံပါတ်။ သူ ချက်ချင်းပဲ ပြန်ခေါ်လိုက်သည်။
"မဝေ။"
ဟိုဘက်က ပြန်ထူးသံ မကြားရ။ ရှိုက်သံလို ငိုသံလို ကြားရသည်။
"မဝေ။ ဘာဖြစ်နေတာလဲ။ ကျွန်တော် အခုလာခဲ့မယ်။"
"မလာနဲ့။ မလာနဲ့။ ရတယ်။ ဘာမှ မဖြစ်ဘူး။"
"မဟုတ်ဘူး။ ကျွန်တော် လာခဲ့မယ်။ မဝေ ခုန နေရာမှာပဲလား။"
"မဟုတ်တော့ဘူး။ အခု လမ်းမဘေးက ခုံတန်းမှာ။ ရတယ်။ မလာနဲ့ ။ကျွန်မ ဘာမှမဖြစ်ဘူး။ ခုန ရုတ်တရက်မို့ ကိုကျော့် ဖုန်းနံပါတ်ကို နှိပ်လိုက်မိတာ။"
"မရဘူး။ ကျွန်တော် အခု လာခဲ့မယ်။ အဲဒီမှာပဲ စောင့်နေနော်။"
သူ ဖုန်းကို ပိတ်ပြီး အိမ်ထဲက ပြန်ထွက်လာခဲ့သည်။ မဝေ ထိုင်နေသည်ဟု ပြောသော နေရာကို သူလျှောက်လာခဲ့သည်။
မဝေကို အဝေးကပင် လှမ်းမြင်နေရသည်။ ခုံတန်းမှာ ကျုံ့ကျုံ့ကလေး ထိုင်နေသည်။ ခုံတန်းနောက်မှီပေါ် လက်တင်ရင်း လမ်းမဘက်ကို ငေးနေသည်။ သူက မဝေဘေးမှာ ဝင်ထိုင်လိုက်သည်။ မဝေက သူ့ကို တစ်ချက် ပြန်ကြည့်သည်။ သူမ မျက်လုံးမှာ မျက်ရည်စို့နေသည်။ ငိုထားသည့်ပုံ ပေါ်သည်။

သူက မဝေကို ဘာစကားမှ မပြောမိ။ မဝေ လက်ဖဝါးကို အသာ ဖွဖွလေး ကိုင်လိုက်သည်။ မဝေက သူ့လက်ဖဝါးကို ပြန်ပြီး ညှစ်သည်။ သူက မဝေ မျက်နှာကို အနီးကပ် ကြည့်ပြီး ပြုံးပြလိုက်သည်။ မဝေက သူ့ကို ပြန်ကြည့်သည်။ သူမ၏ မျက်လုံးများကလည်း ပြုံးနေသည်။ သူတို့ နှစ်ဦး မျက်လုံးချင်း စကားပြောဖြစ်သည်။ သူတို့ နှစ်ယောက်အတွက် ဘာစကားလုံးမှ မလိုတော့။ အချစ်ဆိုတာ စကားနဲ့ ဖွင့်ပြောမှ ရတဲ့အရာမျိုးမှ မဟုတ်တာပဲ။ မဝံ့မရဲနှင့် မဝေကို သူလှမ်းဖက်လိုက်တော့ မဝေက သူ့ပုခုံးပေါ် ခေါင်းမှီလာသည်။ မဝေ နားနားကို ကပ်ပြီး သူပြောလိုက်မိသည်။
" ကျွန်တော် မဝေကို အရမ်းချစ်တယ်။"
မဝေက သူ့ကို မျက်စောင်းတစ်ချက်ထိုးသည်။
"သွားပါ။ လာပြောမနေနဲ့။ ရှင်က တစ်ချိန်ကျ တခြားနိုင်ငံ ထွက်သွားမယ့်သူ။"
"အော်။ မဝေ ဒါကြောင့် ဝမ်းနည်း သွားတာကိုး။"
"အံမယ်။ မဟုတ်ပါဘူး။ ဘယ်သူပြောသလဲ။"
"မဝေ။ ခုန ငိုနေတယ်လေ။"
"ရှင့်ကြောင့်များ ငိုရမတဲ့လား။ သူ့ကိုယ်သူ အတော် အထင်ကြီးတယ်။"
"ဝမ်းနည်းမနေပါနဲ့တော့ မဝေရယ်။ ကျွန်တော် သွားဖြစ်ရင် မဝေကိုပါ တစ်ခါတည်း ခေါ်သွားမှာပေါ့။"
"ဘယ်သူက ရှင့်နောက်လိုက်မယ် ပြောသေးလို့လဲ။ သူ့ရည်းစား ကျနေတာပဲ။ တကတည်းမှပဲ။"
"မဝေနဲ့ ကျွန်တော်နဲ့ အခု ချစ်သူတွေ ဖြစ်သွားကြပြီလေ။"
"ရှင့်ကို အဖြေဖြင့် မပေးရသေးပဲနဲ့။"
"ပြောဖို့ လိုသေးလို့လား မဝေရယ်။"
"လိုတာပေါ့။ ပါးစပ်နဲ့ ပြောမှ တရားဝင်တာ။"
"အဲဒါဆိုလည်း ပါးစပ်နဲ့ မပြောတော့ဘူး။ လက်တွေ့ပဲ ပြောလိုက်တော့မယ်နော်။"

သူ မဝေရဲ့ လက်ကလေးကို ကိုင်မြှောက်ပြီး လက်ဖမိုးကလေးကို ဖွဖွကလေး တစ်ချက်နမ်းလိုက်သည်။ မဝေကို လှမ်းကြည့်တော့ သူမ မျက်နှာက မျက်ရည်စတွေကြားမှာ ပြုံးနေသည်။

( ကိုဆိုဆီ ရဲ့ အချစ်ဝတ္ထုတွေကို ဖတ်ပြီး သဘောကျလို့ ဒီတစ်ခါတော့ အချစ်ဝတ္ထု တင်လိုက်ပါတယ်။ ဘလော့ခ်က Tag မှန်သမျှ မှာလည်း အချစ် ဆိုတဲ့ တဂ်က နှိပ်တဲ့သူ အများဆုံး မဟုတ်လား။ )

Thursday, October 14, 2010

ဘဝထဲက သီချင်းများ

ဘဝ အစိတ်အပိုင်း တစ်ချို့မှာ အမြဲ ကြားဖူးနေခဲ့တဲ့ သီချင်းသံတွေ ကြားမိရင် အဲဒီအချိန်က ကိုယ်ဖြတ်သန်းခဲ့ဖူးတဲ့ ဘဝ ကို ပြန်ပြောင်း အမှတ်ရမိတတ် ပါတယ်။ ကျောင်းသား ဘဝတုန်းက ဆိုခဲ့ပျော်ခဲ့ဖူးတဲ့ သီချင်းတွေ ရှိသလို အချိန်ပိုင်း အလုပ်သမား လုပ်နေတဲ့ အချိန်တုန်းက တနေကုန် မကြားချင်မှ အဆုံး ကြားနေရတဲ့ သီချင်းတွေလည်း ရှိခဲ့ဖူး ပါတယ်။

ထံတျာတေရှင်တို့လို မြန်မာသီချင်းကြီးတွေ ကြားမိရင် ပတ္တလား တတုံတုံနဲ့ ဆရာက အတန်းရှေ့က တီးပြီး နောက်က ကျောင်းသားတွေ အကုန် လိုက်ဆိုကြတဲ့ အထက်တန်း ကျောင်းသားဘဝကို သတိရမိ တတ်ပါတယ်။ အဲဒီတုန်းက အချိန်ကို ပြန်စဉ်းစားရင်း ရယ်စရာ အဖြစ်တစ်ခု ခေါင်းထဲ ပေါ်လာပါတယ်။ အထက်တန်းမှာ ကျွန်တော်တို့ ဂီတဆရာ နာမည်က  ဦးစိုးပီပါ။ တစ်နေ့တော့ သူ ပတ္တလား တီးနေတုန်း သူ့ရဲ့ တူနယ့်တယ် တူနယ့်တယ် ဆိုတဲ့ အလိုက်ကို ကျောင်းသားတစ်ယောက်က နောက်ကနေ ဗိုလ်စိုးပီ ထမိန်ခိုးသည် ဆိုပြီး သီချင်းလုပ်ဆိုပါတယ်။ ဆရာ ကြားသွားတော့ စိတ်တိုပြီး ပတ္တလားတီးတဲ့ တုတ်နဲ့ ထခေါက်လိုက်တာ နောက်ပြီး ဆိုတဲ့ကောင် ဘုထွက်သွားသလို တခန်းလုံးလည်း ပွဲကျသွားခဲ့ ရပါတယ်။

Westlife ရဲ့ သီချင်းတွေ ကြားရင်တော့ ကိုရီးယား စားသောက်ဆိုင်မှာ စားပွဲထိုးတုန်းက အချိန်ကို ပြန်သတိရတတ် ပါတယ်။ အဲဒီအချိန်က ည ၁၀ နာရီခွဲ ဆိုင်သိမ်းချိန် ရောက်လို့ ကပ်စတန်မာ မပြန်သေးရင် မသိမသာ သီချင်းသံကို တဖြည်းဖြည်း သွားကျယ်ပြီး ပညာရှိနည်းနဲ့ ကပ်စတန်မာကို ဆိုင်ထဲက မောင်းထုတ်တာမျိုး လုပ်တတ်ပါတယ်။ ကျွန်တော်တို့က ဆိုင်မပိတ်မချင်း ပြန်လို့ မရသလို တစ်ဝိုင်းတည်း ကပ်သီးကတ်သတ် ကျန်နေရင်လည်း ၁၀ နာရီခွဲ နောက်ပိုင်း ပိုက်ဆံ မရတာမို့ ကပ်စတန်မာကို အမြန်ဆုံး ပြန်ဖို့ ခေါင်းထဲရှိတဲ့ နည်းမျိုးစုံ သုံးရတာပါ။ နားဆူရင် တော်ရုံတန်ရုံ ကပ်စတန်မာ မခံနိုင်ပါဘူး။ ထွက်ပြေးတာ ပါပဲ။

ပြင်သစ်မုန့်ဖို Delifrance မှာ အချိန်ပိုင်း အလုပ်သမား အနေနဲ့ မုန့်သွားဖုတ် တုန်းကတော့ တနေကုန် တရုတ်သီချင်းသံပဲ ကြားရပါတယ်။ မုန့်ဖိုမှာ ကျွန်တော်ကလွဲရင် ကျန်တဲ့သူ အကုန် တရုတ် လူမျိုးမို့ သူတို့ အချင်းချင်း တရုတ်လိုပဲ ပြောကြသလို မိုးလင်းက မိုးချုပ် တရုတ်သီချင်းပဲ ဖွင့်တတ် ပါတယ်။ စင်ကာပူမှာ ကျိုဆန်းဆန်း လို့ တရုတ်လို ခေါ်တဲ့ 93.3 FM တရုတ် ရေဒီယိုကို အဲဒီမှာ တနေကုန် ဖွင့်ထားတတ်တာပါ။ Delifrance မှာ ၂ ပတ်လောက် အလုပ်လုပ်ပြီးတော့ တရုတ်သီချင်း အတော်များများ နားထဲ စွဲသွားပါတယ်။

တရုတ်သီချင်းများကလည်း မြန်မာနဲ့ မစိမ်းလှပါဘူး။ ဝိုင်ဝိုင်း မြန်မာလို ပြန်ဆိုပြီးသား များတာမို့ သီချင်း သံစဉ်တွေက နားယဉ် နေပါတယ်။ F4 ရဲ့ Meteor Rain ကို ကြားရင် စည်းသီချင်းကို သတိရသလို Wu Bai ရဲ့ သီချင်းတစ်ပုဒ် ကို ကြားရင် အချစ်မဲ့နိဂုံးကို သတိရတတ် ပါတယ်။ မြန်မာသီချင်းကြားနေကျ တရုတ်လို ကြားရတာ သိပ်မကွာလှပေမယ့် တရုတ်လို ကြားနေကျ သီချင်းကို မြန်မာလို ပြန်ကြားရတာတော့ နားထဲမှာ အတော် ကန့်လန့် ဖြစ်နေပါတယ်။

မလေးရှားက တရုတ်အဆိုတော် Guang Liang ရဲ့ Tong Hua သီချင်း နာမည်ကြီးလာတော့ စင်ကာပူမှာ နေရာတကာ အဲဒီသီချင်း ဖွင့်နေကြပါတယ်။ သီချင်းက နားထောင်ကောင်းတာမို့ အတော်လေး ကြိုက်မိသလို နားထဲလည်း အတော် စွဲသွားပါတယ်။ Guang Liang လည်း အဲဒီ တစ်ပုဒ်တည်းနဲ့ပဲ ကမ္ဘာကျော် တရုတ် အဆိုတော် ဖြစ်သွားပါတယ်။ တရုတ်သီချင်း အဲဒီလောက် နားထဲစွဲနေတော့ အဲဒီသီချင်းကို အာဇာနည်က ကိုယ့်အနားရှိစေချင် ဆိုပြီး ပြန်ဆိုတော့ အချိန် အတော်ကြာတဲ့ အထိ ခံစားလို့ မရတော့ပါဘူး။

တရုတ်သီချင်း အကြောင်း ပြောရင်း တရုတ်သီချင်းနဲ့ ပတ်သက်ပြီး ချောက်ကျခဲ့ဖူးတဲ့ ရယ်စရာ အဖြစ်တစ်ခုကို ပြန်ပြောပြ ချင်ပါတယ်။ ကျွန်တော်တို့ စင်ကာပူ ရောက်ခါစတုန်းကပါ။ အဲဒီ အချိန်က ကက်ဆက်ခွေ ခေတ်မကုန်သေးပါဘူး။ အင်တာနက်မှာ မြန်မာသီချင်းတွေကလည်း အခုလောက် မပေါသေးတော့ ကိုယ်နားထောင်ချင်တဲ့ မြန်မာသီချင်းကို ရန်ကုန်က ကက်ဆက်ခွေ ယူလာပြီး ကက်ဆက်ဖွင့် နားထောင် ဖြစ်ကြတာ များပါတယ်။

ဒီလိုနဲ့ တစ်နေ့တော့ သူငယ်ချင်း တစ်ယောက်က အပြင်က ပြန်လာရင်း လှေခါးမှာ တခြားသူ တစ်ယောက် လွှင့်ပစ်ထားတဲ့ ကက်ဆက်ခွေလေး တစ်ခွေ တွေ့လို့ ကောက်လာပါတယ်။ အိမ်ပြန်ရောက်တော့ ကက်ဆက်ထဲထည့် ဖွင့်ကြည့်တော့ ကက်ဆက်ကနေ တရုတ်သီချင်းနဲ့ တီးလုံး ငြိမ့်ငြိမ့်ကလေးတွေ ထွက်လာပါတယ်။ သီချင်းက ပုံမှန် သီချင်းနဲ့ မတူပဲ ဘုရားစာ ရွတ်နေတာနဲ့ ပိုတူပါတယ်။ ဒါပေမယ့်လည်း တီးလုံးနဲ့တွဲတော့ နားထောင်လို့တော့ အတော် ကောင်းပါတယ်။ အားလုံးက မဆိုးဘူးဟ ဆိုပြီး ဝိုင်းမှတ်ချက် ပေးကြပြီး နောက်တော့ အဲဒီအခွေကို အိမ်မှာ မကြာခဏ စိတ်ကူးတည့်ရင် တည့်သလို ဖွင့်နားထောင် ဖြစ်ပါတယ်။

ဘေးအိမ်က တရုတ်မများကတော့ အိမ်ဘေးက ဖြတ်သွားတုန်း တရုတ် သီချင်းသံကြားတော့ အိမ်ထဲကို မျက်လုံးပြူးပြီး ကြည့်ကြပါတယ်။ ကျွန်တော်တို့ကလည်း ငါတို့ မြန်မာတွေ တရုတ်တီးလုံး ဖွင့်နေတာကြားလို့ တရုတ်မတွေတော့ အံ့သြနေကြပြီ ထင်တယ်လို့ အချင်းချင်း ပြောပြီး ရယ်ဖြစ်ကြပါတယ်။ ဒီလိုနဲ့ နောက်နှစ် အိမ်ပြောင်းလာပြီးတော့ ကက်ဆက်ခွေလည်း ဘယ်ရောက်သွားမှန်း မသိသလို အဲဒီ တရုတ်သီချင်းခွေ ကိုလည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားပါတယ်။ ဒါပေမယ့် နောက်တစ်ခါ အဲဒီတီးလုံး ပြန်ကြားရတဲ့ အချိန်မှာတော့ မျက်လုံးပြူးရတာက ကျွန်တော်တို့ပါ။ ကျွန်တော်တို့ ကျောင်းက မြန်မာကျောင်းသားတစ်ယောက် မတော်တဆ သေဆုံးသွားတဲ့ အတွက် အသုဘ လိုက်ပို့ရင်း အသုဘမှာ ဒီတီးလုံးကို ထပ်ခါတလဲလဲ ဖွင့်နေတာ ကြားမှ ကျွန်တော်တို့ အိမ်မှာ အမြဲ ဖွင့်ခဲ့တဲ့ သီချင်းဟာ တရုတ် အသုဘ သီချင်းမှန်း သိလိုက်ရပါတယ်။ အဲဒီတော့မှပဲ ဘေးအိမ်က တရုတ်မတွေ မျက်လုံးပြူးရတဲ့ အကြောင်းက မြန်မာတွေ တရုတ်သီချင်းဖွင့်လို့ မဟုတ်ပဲ အိမ်ထဲမှာ အသုဘ သီချင်းခွေကို ဖွင့်နားထောင်ပြီး ငြိမ့်နေကြလို့ ဖြစ်တယ် ဆိုတာ သဘောပေါက်လိုက် ရပါတော့တယ်။

Monday, October 11, 2010

ယောက်ျားဆိုတာ အတွင်းစိတ်ကို သိနိုင်တဲ့သူ မဟုတ်ဘူး

မိန်းကလေးတွေ ဘက်က သူတို့နဲ့ ဆက်ဆံတဲ့ အခါမှာ ဘယ်ဟာ လုပ်ရမယ် ဘယ်ဟာတော့ဖြင့် မလုပ်ရဘူး ဆိုတဲ့ စည်းမျဉ်းစည်းကမ်း တွေကိုပဲ ကျွန်တော်တို့ အမြဲ ကြားနေရတယ်။ ဒီတစ်ခါ ကတော့ ယောက်ျားလေး တွေရဲ့ အမြင်တွေပါ။ ဒါက ယောက်ျားလေး တစ်ယောက်နဲ့ ဆက်ဆံတဲ့ အခါမှာ ဘယ်ဟာလုပ်ရမယ် ဘယ်ဟာ မလုပ်ရဘူး ဆိုတာ မိန်းကလေးတွေ သိထားသင့်တဲ့ အချက်တွေပါ။

(၁) ယောက်ျားလေးတွေ ဆိုတာ တခြားသူရဲ့ အတွင်းစိတ်ကို လိုက်ဖတ်နိုင်တဲ့သူတွေ မဟုတ်ဘူး။

(၂) အိမ်သာခွက် အဖုံးကို ငါထားခဲ့တဲ့ ပုံစံအတိုင်း မကြိုက်ရင် ကိုယ့်ဘာသာကိုယ် ထလုပ်လိုက်ပါ။ မင်းငယ်တော့တဲ့ အရွယ်လည်း မဟုတ်ဘူး။ အပေါ်တင်ထားတာ မကြိုက်ရင် ကိုယ့်ဘာသာကိုယ် အောက်ပြန်ချလိုက်ပေါ့။ ငါက အပေါ်တင်ထားတယ်။ မင်းက အောက်ချ စေချင်တယ်။ မင်းဘာသာမင်း အိမ်သာခွက်အဖုံးကို အပေါ်တင်ထားထား အောက်ပဲချထားထား ငါ မကျေမနပ်နဲ့ ပြောတာ ဘယ်နှစ်ခါများ မင်းကြားဖူးလို့လဲ။

(၃) တနင်္ဂနွေမှာ အားကစား လုပ်တယ် ဆိုတာ ငါ့အတွက် လပြည့်သလို ရေတက်သလို အမြဲဖြစ်တတ်တဲ့ အလုပ်တစ်ခုပဲ။ ဘာမှ လာပြော မနေနဲ့။

(၄) ရှော့ပင်းထွက်တာ အားကစား လုပ်သလို အမြဲလုပ်ရတဲ့ အလုပ်မဟုတ်ဘူး။ ငါတို့ ဘယ်တော့မှ အဲဒီလိုတွေးမှာ မဟုတ်ဘူး။

(၅) ငိုတယ်ဆိုတာ ခြိမ်းခြောက်ခြင်း တစ်မျိုးပဲ။

(၆) မင်းလိုချင်တာကို တောင်းပါ။ ဒီတစ်ခုကို ရှင်းရှင်းလင်းလင်းပဲပြောမယ်။ နည်းနည်းလေး အရိပ်အမြွက် ပြောတာလည်း အသုံးမဝင်မှာ မဟုတ်ဘူး။ အများကြီး အရိပ်အခြေ ပြလည်း အသုံးဝင်မှာ မဟုတ်ဘူး။ ရှင်းရှင်းလင်းလင်း အရိပ်အယောင် ပြလည်း အသုံးဝင်မှာ မဟုတ်ဘူး။ ပါးစပ်ကပဲ ပြောစမ်းပါ။

(၇)
ငါ့အတွက်တော့ Yes နဲ့ No ဆိုတာ  မေးခွန်းတိုင်းအတွက် လုံးဝပြည့်စုံ လုံလောက်တဲ့ အဖြေပဲ။

(၈) ငါမင်းကို ကူညီဖြေရှင်း ပေးစေချင်တဲ့ ပြသနာမျိုးကိုပဲ ငါ့ဆီကို ယူလာခဲ့ပါ။ ငါကတော့ ပြသနာ ဆိုရင် ရှင်းပေးရမယ် ဆိုတာပဲ သိတယ်။ သနားတာ ခံချင်ရင် မင်းရဲ့ မိန်းကလေး သူငယ်ချင်းတွေကိုပဲ ပြောပြလိုက်ပါ။

(၉) မင်း ၁၇ လလောက် ခေါင်းကိုက်နေတယ် ဆိုရင်တော့ ပြသနာ အကြီးအကျယ် ဖြစ်နေပြီ။ ဆရာဝန်နဲ့ သွားတွေ့လိုက်ပါ။

(၁၀) လွန်ခဲ့တဲ့ ၆ လလောက်က ငါပြောခဲ့ဖူးတဲ့ ဘယ်အကြောင်းပဲ ဖြစ်ဖြစ် စကားများတဲ့ နေရာမှာ ပြန်သုံးဖို့ မစဉ်းစားနဲ့။ တကယ်တော့ ၇ ရက်ကျော်ရင် ငါတို့ ပေးခဲ့တဲ့ မှတ်ချက် အားလုံးဟာ အကျုံးမဝင်တော့ဘူး။

(၁၁) မင်းကိုယ်တိုင်က Victoria’s Secret အတွင်းခံ ကြော်ငြာတဲ့ မိန်းကလေးလို ဝတ်မထားပဲနဲ့ ငါ့ကိုလည်း ဇာတ်လမ်းထဲက မင်းသားတွေ သရုပ်ဆောင်သလို လုပ်ပြလိမ့်မယ်လို့ မမျှော်လင်ပါနဲ့။

(၁၂) မင်းကိုယ်မင်း ဝနေတယ်လို့ ထင်ရင် မင်းတကယ် ဝနေလို့ပါ။ ငါ့ကို လာမေးနေလည်း မထူးဘူး။

(၁၃) ငါ ပြောလိုက်တဲ့ အကြောင်းအရာ တစ်ခုခုကို အဓိပ္ပာယ် ၂ မျိုး ပြန်လို့ရပြီး အဲဒီအထဲက အဓိပ္ပာယ်တစ်မျိုးဟာ မင်းကို ဝမ်းနည်းစေတယ် ဒေါသဖြစ်စေတယ် ဆိုရင် ငါ ဆိုလိုချင်တာက တခြားအဓိပ္ပာယ် တစ်ခုပါ။

(၁၄) မင်းအနေနဲ့ ငါ့ကို တစ်ခုခု လုပ်ဖို့ ပြောရင်ပြော ဒါမှမဟုတ်ရင် မင်းဘယ်လို ဖြစ်စေချင်တာလဲ ပြော။ ၂ ခုစလုံးတော့ မပြောနဲ့။ မင်းအနေနဲ့ အကောင်းဆုံး ဘယ်လိုလုပ်ရမလဲ ဆိုတာ သိနေရင် ကိုယ့်ဘာသာကိုယ်ပဲ ထလုပ်လိုက်ပါ။

(၁၅)ဖြစ်နိုင်မယ်ဆိုရင် မင်းပြောချင်တဲ့ အကြောင်းအရာကို ကြော်ငြာ လာနေတဲ့ အချိန်မှာပဲ ပြောပါ။

(၁၆) ခရစ်စတိုဖာ ကိုလံဘတ် အတွက် လမ်းပြ မလိုဘူး။ ငါ့အတွက်လည်း အဲဒီအတိုင်းပဲ။

(၁၇) ယောက်ျားလေးတွေ အားလုံးက အရောင် (၁၆) မျိုးပဲ မြင်တတ်တယ်။ Windows default settings လိုမျိုးပေါ့။ Peach ဆိုတာ စားလို့ ရတဲ့ အသီးပဲ။ Pumpkin ဆိုတာလည်း အသီးပဲ။ mauve ဆိုတာ ဘာအရောင်လည်း ငါ့ကို လာမမေးနဲ့။ မသိဘူး။

(၁၈) ယားနေရင်တော့ ကုတ်မှာပဲ။ ဒါ ငါ လုပ်နေကျ အလုပ်ပဲ။

(၁၉)အကယ်၍ ငါက မင်းကို "ဘာဖြစ်နေတာလဲ။" မေးလို့ "ဘာမှ မဖြစ်ပါဘူး။" လို့ ပြန်ဖြေရင် ငါကတော့ ဘာမှ မဖြစ်ဘူး ပုံမှန်အတိုင်း ရှိနေသလို ဆက်နေနေမှာပဲ။ မင်း လိမ်နေတာ မသိလို့ မဟုတ်ဘူး။ သိတယ်။ ဒါပေမယ့် ဆက်မေးဖို့ အတွက် အချိန်မဖြုန်း နိုင်ဘူး။

(၂၀)မင်းအဖြေမလိုချင်တဲ့ မေးခွန်းတစ်ခု ငါ့ကို မေးတော့မယ် ဆိုရင် မင်းမကြားချင်တဲ့ အဖြေတစ်ခု အတွက် ပြင်ဆင်ထားပါ။

(၂၁) ငါတို့ တစ်နေရာကို သွားတော့မယ် ဆိုရင် မင်းဘာပဲဝတ်ထား ဝတ်ထား အဆင်ပြေတယ်။ တကယ်ပြောတာ။

(၂၂) မင်းငါ့ကို ဘာတွေးနေတာလဲ မမေးနဲ့။ ဘေ့စ်ဘော အကြောင်း၊ သေနတ်အကြောင်း နဲ့ ဂေါက်သီးအကြောင်း မင်းဆွေးနွေးဖို့ အသင့်ပြင်ထားတယ် ဆိုရင်တော့ တစ်မျိုးပေါ့။

(၂၃) မင်းမှာ အဝတ်အစားတွေ အလုံအလောက် ရှိနေပြီ။

(၂၄) မင်းမှာ ဖိနပ်တွေ အလုံအလောက် ရှိနေပြီ။

(၂၅) ငါ့ခန္ဓာကိုယ်က ပုံသဏ္ဌန်မှန်ပါတယ်။ ဝတယ် ဆိုတာလည်း ပုံသဏ္ဌန်မှန်ခြင်း တစ်မျိုးပဲလေ။

မူရင်း။ http://jmm.aaa.net.au/articles/16136.htm

မှတ်ချက်။ သင့်ရည်းစား ဒါမှမဟုတ် ခင်ပွန်းဟာ အဲဒီအမျိုးအစားထဲမှာ မပါဘူး ဆိုရင်တော့ ကိုယ့်လက်က လွတ်မသွားအောင် ကောင်းကောင်း ထိန်းထားပါ။ နောက်တစ်ယောက်နောက်ကို အချိန်မရွေး ပါသွားနိုင် ပါတယ်။ :D

Saturday, October 9, 2010

၅ မိနစ် စီမံခန့်ခွဲမှု သင်ခန်းစာ

သင်ခန်းစာ(၁)
အိမ်တံခါး ခေါင်းလောင်းသံ ထွက်လာတဲ့ အချိန်မှာ မိန်းမဖြစ်သူက ရေချိုးခန်းထဲက ထွက်လာတဲ့ အချိန်ဖြစ်ပြီး ယောက်ျားဖြစ်သူကတော့ ရေချိုးခန်းထဲ ဝင်သွားတဲ့ အချိန် ဖြစ်ပါတယ်။ မိန်းမက သူမကိုယ်ကို မျက်နှာသုတ် ပုဝါနဲ့ ပတ်ပြီး အောက်ထပ်ကို ပြေးဆင်းသွားပါတယ်။ သူမ တံခါးကို ဖွင့်လိုက်တဲ့ အချိန်မှာတော့ ဘေးအိမ်မှာနေတဲ့ အိမ်နီးချင်း ဘော့ပ် တံခါးဝမှာ ရပ်နေတာကို တွေ့ရပါတယ်။

သူမ ဘာမှ မပြောရသေးခင်မှာပဲ ဘော့ပ်က စပြောပါတယ်။
"မင်းမျက်နှာသုတ်ပုဝါ ကို ဖြုတ်ချလိုက်ရင် ငါမင်းကို ဒေါ်လာ ၈၀၀ ပေးမယ်။"

ခဏ စဉ်းစားပြီးတော့ သူမ မျက်နှာသုတ်ပုဝါကို ဖြုတ်ချပြီး ဘော့ပ်ရှေ့မှာ အဝတ်မပါပဲ ရပ်နေလိုက်ပါတယ်။ စက္ကန့် အနည်းငယ် ကြာတော့ ဘော့ပ်က သူမကို ဒေါ်လာ ၈၀၀ ပေးပြီး လှည့်ထွက်သွားပါတယ်။ မိန်းမကလည်း သူမရဲ့ မျက်နှာသုတ် ပုဝါကို ပြန်ပတ်ပြီး အပေါ်ထပ်ကို ပြန်တက် လာခဲ့ပါတယ်။

သူမ ရေချိုးခန်း ရှေ့ကို ပြန်ရောက်တဲ့ အချိန်မှာတော့ သူမယောက်ျားက မေးပါတယ်။
"ခုန လာတာ ဘယ်သူလဲ။"
"ဘေးအိမ်က ဘော့ပ်လေ။" လို့ သူမက ပြန်ဖြေပါတယ်။
"ကောင်းတယ်။ သူငါ့ကို ပေးစရာ ရှိတဲ့ အကြွေး ဒေါ်လာ ၈၀၀ အကြောင်း ဘာပြောသွားသေးသလဲ။" လို့ သူမ ယောက်ျားက ပြန်မေးပါတယ်။

ပုံပြင်မှ ပေးသော သင်ခန်းစာ
အကယ်၍ သင်ဟာ သင်နဲ့ အကျိုးတူ လုပ်ကိုင်သူကို အကြွေး အရဲစွန့်မှု စတာတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အချိန်မီ ဝေမျှထားခဲ့မယ်ဆိုရင် သင့်အတွက် မလိုလားအပ်တဲ့ ဖော်ထုတ် ပြသမှုတွေကို ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။

သင်ခန်းစာ (၂)
ခရစ်ယာန် ဘုန်းကြီးတစ်ပါးဟာ သီလရှင် စစ်စတာ တစ်ယောက်ကို ကားကြုံတင်ခေါ်လာပါတယ်။ သီလရှင်က ကားထဲကို ဝင်ပြီးတဲ့နောက်မှာ ခြေထောက်ကို ချိတ်ထိုင်လိုက်တာကြောင့် သူမရဲ့ ဝတ်ရုံဟာ အောက်ကို လျှောကျသွားပြီး သူမရဲ့ ပေါင်တံ ပေါ်သွားပါတယ်။ ဖာသာလည်း ကားမောင်းရင်း တိုက်မိတော့ မလို ဖြစ်သွားပါတော့တယ်။

ကားကို ပြန်ထိန်းပြီးတဲ့ နောက်မှာတော့ သူဟာ ခိုးကြောင်ခိုးဝှက်နဲ့ သူ့ရဲ့ လက်ကို သူမ ပေါင်ပေါ်ကို လှမ်းတင်လိုက် ပါတယ်။ အဲဒီအချိန်မှာ သီလရှင်က ပြန်ပြောပါတယ်။
"ဖာသာ။ ဆာလမ် ၁၂၉ ကို သတိရပါ။"

ဖာသာက လက်ကို ပြန်ဖယ်လိုက် ပါတယ်။ ဒါပေမယ့် ဂီယာပြောင်းတဲ့ အခါမှာတော့ သူ့ရဲ့ လက်ကို သူမ ပေါင်ပေါ်ကို နောက်တစ်ခါ ပြန်တင်လိုက် ပြန်ပါတယ်။ သီလရှင်က နောက်တစ်ခေါက် ထပ်ပြောပါတယ်။
"ဖာသာ။ ဆာလမ် ၁၂၉ ကို သတိရပါ။"

ဖာသာက တောင်းပန်လိုက်ပါတယ်။
"ဆောရီးပဲ စစ်စတာ။ ကျုပ်လည်း သွေးနဲ့ကိုယ် သားနဲ့ကိုယ်ပဲလေ။"

ကွန်ဗင့်ကျောင်းကို ရောက်တဲ့အခါမှာတော့ သီလရှင်က သက်ပြင်းမော တစ်ချက်ကို ချပြီး သူမလမ်းကို သူမ ဆက်သွား ပါတော့တယ်။ ဘုရားကျောင်းကို ပြန်ရောက်တဲ့ အခါ ဖာသာဟာ အလျှင်အမြန်ပြေးပြီး  ဆာလမ် ၁၂၉ ကို ဖတ်ကြည့်တော့ အခုလို တွေ့ရပါတယ်။
"ရှေ့ဆက်ပြီး ရှာဖွေပါ။ အပေါ်ကို ထပ်သွားရင် ကျက်သရေနဲ့ ပြည့်စုံတဲ့ အရာကို တွေ့မယ်။"

ပုံပြင်မှပေးသော သင်ခန်းစာ
သင်ဟာ သင်ရဲ့ အလုပ်ကို ကောင်းစွာ နားလည် တတ်ကျွမ်းမှု မရှိပါက အခွင့်အလမ်းကောင်းကို လက်လွတ် ဆုံးရှုံး ရပါလိမ့်မယ်။

သင်ခန်းစာ(၃)
အရောင်းကိုယ်စားလှယ်၊ စာရေးမနဲ့ မန်နေဂျာတို့ဟာ နေ့လည်စာစားဖို့ လမ်းလျှောက်လာရင်း ရေနံဆီမီးအိမ် အဟောင်းတစ်လုံးကို လမ်းမှာ တွေ့ရပါတယ်။ သူတို့က မီးအိမ်ကို ပွတ်တိုက်လိုက်တဲ့ အခါမှာတော့ ဂျင်နီ ရုတ်တရက် ပေါ်ထွက်လာပါတယ်။
"သင်တို့ကို အလိုရှိတဲ့ ဆန္ဒတစ်ခုစီ ပြည့်စေရမယ်။" လို့ ဂျင်နီက သူတို့ကို ပြောပါတယ်။

"ငါအရင်ပြောမယ်။ ငါအရင်ပြောမယ်။" လို့ စာရေးမက စပြောပါတယ်။
"ငါ ဘဟားမားကျွန်းစုကို ရောက်ချင်တယ်။ စပိဘုတ်ကို မောင်းပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်ရတဲ့ ဘဝနဲ့ နေချင်တယ်။"
"ပြည့်စေ"လို့ ဂျင်နီက ပြောလိုက်တဲ့ အခါမှာတော့ သူမ ပျောက်ကွယ်သွားပါတယ်။

နောက်တော့ "ငါ့အလှည့်။ ငါ့အလှည့်။" လို့ အရောင်းကိုယ်စားလှယ်က ပြောပါတယ်။
"ငါ ဟာဝိုင်အီကို ရောက်ချင်တယ်။ ကမ်းခြေမှာ အပန်းဖြေရင်း ကိုယ်ပိုင် အနှိပ်သည်နဲ့ မကုန်နိုင် မခမ်းနိုင်တဲ့ ပင်နာ ကိုလာဒါ ကော့တေး တွေနဲ့ ငါ့ချစ်သူနဲ့ နေချင်တယ်။"
"ပြည့်စေ"လို့ ဂျင်နီက ပြောလိုက်တဲ့ အခါမှာတော့ သူလည်း ပျောက်ကွယ်သွားပြန် ပါတယ်။

ဒီတစ်ခါတော့ "ကောင်းပြီ။ ရှင့်အလှည့်။" လို့ ဂျင်နီက မန်နေဂျာကို ပြောပါတယ်။
မန်နေဂျာက ပြောလိုက်တာက ဒီလိုပါ။
"ငါသူတို့ နှစ်ယောက်ကို ထမင်းစားချိန် ပြီးရင် ရုံးမှာ ပြန်တွေ့ချင်တယ်။"

ပုံပြင်မှ ပေးသော သင်ခန်းစာ
သင့်ရဲ့ ဘော့စ်ကို အရင် ပြောပါစေ။

သင်ခန်းစာ(၄)
လင်းယုန်ငှက် တစ်ကောင်ဟာ သစ်ပင်ပေါ်မှာ ဘာမှ မလုပ်ပဲ ထိုင်နေပါတယ်။  ယုန်ငယ်တစ်ကောင်က လင်းယုန်ကို တွေ့တော့ လှမ်းမေးလိုက်ပါတယ်။
"ငါလည်း မင်းလို ဘာမှမလုပ်ပဲ ထိုင်နေလို့ မရဘူးလား။"
"ရရမှာပေါ့။ ဘာလို့ မရရ မှာလဲ။" လို့ လင်းယုန်ငှက်က ပြန်ဖြေပါတယ်။

အဲဒီအခါမှာတော့ ယုန်ဟာ သစ်ပင်အောက်က မြေကြီးမှာ ဘာမှမလုပ်ပဲ အနားယူနေ ပါတယ်။
အဲဒီအချိန် ရုတ်တရက် မြေခွေးတစ်ကောင် ပေါ်ထွက်လာပြီးတော့ ယုန်ငယ် အပေါ်မှာ ခုန်အုပ်ပြီး ကိုက်စားလိုက် ပါတော့တယ်။

ပုံပြင်မှ ပေးသော သင်ခန်းစာ
ဘာမှ မလုပ်ပဲ ထိုင်နေချင်တယ် ဆိုရင် သင့်အနေနဲ့ အလွန့် အလွန်ကို မြင့်တဲ့ တစ်နေရာမှာ ထိုင်နေဖို့ လိုပါတယ်။

သင်ခန်းစာ (၅)
ကြက်ဆင်နဲ့ နွာသိုးတို့ အလ္လာပ သလ္လာပ ပြောနေကြပါတယ်။
"ငါ ဒီသစ်ပင်ရဲ့ ထိပ်ဆုံးကို တက်နိုင်တဲ့သူ ဖြစ်ရင် သိပ်ကောင်းမှာပဲ။ ဒါပေမယ့် ငါ့မှာ ခွန်အား မရှိဘူး။" လို့ ကြက်ဆင်က သက်ပြင်းချရင်း ပြောပါတယ်။
"ကောင်းပြီ။ မင်းငါ့ရဲ့ မစင်ကို မင်းနည်းနည်းစားကြည့်ပါလား။ အဲဒီအထဲမှာ အာဟာရ အပြည့်ပါတယ်ကွ။" လို့ နွားသိုးက ပြန်ပြောပါတယ်။

ကြက်ဆင်က နွားချေး တစ်တုံးကို ထိုးဆိတ် စားသုံးကြည့် ပါတယ်။ မကြာခင်မှာပဲ သူ့အတွက် သစ်ပင်ရဲ့ အနိမ့်ဆုံး အကိုင်းကို ရောက်အောင် တက်နိုင်ဖို့ အားရှိလာတာကို တွေ့ရပါတယ်။ နောက်တစ်နေ့မှာ နွားချေး အနည်းငယ်ကို ထပ်စားပြီးတဲ့ အခါမှာတော့ ဒုတိယ အကိုင်း အထိ တက်နိုင်တာကို တွေ့ရပါတယ်။ နောက်ဆုံး ၄ ရက်မြောက်တဲ့ ညမှာတော့ ကြက်ဆင်ဟာ သစ်ပင်ရဲ့ ထိပ်ဆုံးမှာ ဂုဏ်ယူဝံ့ကြွားစွာ နားနေ နိုင်တာကို တွေ့ရပါတယ်။

လယ်သမား တစ်ယောက်က မကြာခင်မှာ ကြက်ဆင်ကို တွေ့သွားပြီး သူ့ကို သေနတ်နဲ့ ပစ်ချ လိုက်ပါတော့တယ်။

ပုံပြင်မှပေးသော သင်ခန်းစာ
Bull Shit က သင့်အား အထက်သို့ ရောက်စေနိုင်ပါတယ်။ ဒါပေမယ့် အဲဒီနေရာမှာတော့ ကြာရှည်နေဖို့ ထိန်းသိမ်း ပေးမှာတော့ မဟုတ်ပါဘူး။

သင်ခန်းစာ (၆)
ငှက်ငယ် တစ်ကောင်ဟာ ဆောင်းတွင်းမှာ တောင်ဘက် အရပ်ကို ပြန်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ အလွန် အေးတာကြောင့် ငှက်ငယ်မှာ အေးခဲပြီး ကျယ်ပြန့်သော ကွင်းပြင်ရှိတဲ့ မြေကြီးပေါ်ကို ကျလာခဲ့ ပါတယ်။ သူ ထိုနေရာမှာ လဲလျောင်းနေတဲ့ အချိန်မှာ နွားတစ်ကောင် ရောက်လာပြီး သူ့အပေါ်မှာ မစင်စွန့် သွားပါတယ်။

အေးခဲနေတဲ့ ငှက်ငယ်ဟာ မစင်ပုံထဲမှာ လဲလျောင်းနေရင်း အလွန် နွေးထွေးနေတာကို သတိပြုမိ သွားပါတယ်။ မစင်က သူ့ကို အေးခဲနေရာမှ ပြန်ပြီး ပူနွေးလာစေ ပါတယ်။ သူဟာ ထိုနေရာမှာ နွေးနွေးထွေးထွေးနဲ့ ပျော်လာတာကြောင့် မကြာခင်မှာ ရွှင်မြူးစွာ သီချင်း ဆိုပါတော့တယ်။

ဘေးနားက ဖြတ်သွားတဲ့ ကြောင်တစ်ကောင်က ငှက်ရဲ့ သီချင်းဆိုသံကို ကြားတော့ လာရောက် စူးစမ်း ပါတယ်။
အသံနောက်ကို လိုက်လာရင်း ကြောင်ဟာ ငှက်ငယ်ကို မစင်ပုံအောက်မှာ တွေ့သွားတာကြောင့် တူးဖော်ပြီး ကိုက်စားလိုက် ပါတော့တယ်။

ပုံပြင်မှပေးသော သင်ခန်းစာ
(၁) သင့်အပေါ်ကို Shit လုပ်သူတိုင်းသူဟာ သင့်ရဲ့ ရန်သူ မဟုတ်ပါ။
(၂) သင့်ကို Shit ထဲမှ ဆယ်ထုတ် သူတိုင်းလည်း သင့်ရဲ့ မိတ်ဆွေ မဟုတ်ပါ။
(၃) သင် deep shit အတွင်း ရောက်နေတဲ့ အချိန်မှာ သင့်ပါးစပ်ကို ပိတ်ထားတာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

ငါးမိနစ် စီမံခန့်ခွဲမှု သင်ခန်းစာ ဤတွင် ပြီး၏။ :P

ဖော်ဝပ်မေးလ် တစ်ခုကို ဘာသာပြန်လိုက်တာပါ။

Wednesday, October 6, 2010

ရှေ့ဆက်ရန် ခရီး

မြန်မာအိုင်တီ ပရော်ဖက်ရှင်နယ်မှာ တင်ထားတဲ့ Lionslayer ရဲ့ပို့စ် ပါ။ သဘောကျလို့ ခွင့်ပြုချက်တောင်းပြီး ပြန်လည်ဝေမျှ လိုက်ပါတယ်။


ဇာတ်လမ်းအစ

ကျွန်တော်တို့ ပလန်းနက်ဆိုက်မှာ ဇော်ဂျီဖောင့်ကို စ မိတ်ဆက်တုန်းက ဟာ... ဒီဆိုက် မိုက်တယ်.. မြန်မာလိုရော အင်္ဂလိပ်လိုရော ရေးလို့ရတယ်.. ဇော်ဂျီဆိုတာကလည်း ကမ္ဘာ့အဆင့်မီ ယူနီကုတ်ဖောင့်ဆိုပါလား ဆိုပြီးတော့ စွဲစွဲမြဲမြဲ စသုံးဖြစ်ခဲ့တယ်။ အဲဒီတုန်းက ဖိုရမ်စွဲပြီး နေ့နေ့ညည အဲမှာပဲ တော်တော် အချိန်ုကုန်ခဲ့သေးတယ်။ အဲဒီတုန်းက ခုခေတ်ဖိုရမ်တွေလို အခုရေး အခုတက် မဟုတ်ဘူးဗျ။ အက်မင်တွေ မော်ဒရေတာတွေက တစ်ရက်သုံးကြိမ် စစ်စစ်ပြီးမှ တင်ပေးတယ်။ အဲတော့ သူတို့ ဆင်ဆာလွတ်အောင် ရေးရပြုရတာ တစ်လုပ်၊ သူတို့တင်ပေးတာကို တမျှော်မျှော်မော့ရတာက တစ်လုပ်။ ပလန်းနက်မှာ တစ်နှစ်ကျော်လောက် တောက်လျှောက်ရေးလိုက်သေးတယ်။ အဲဒီတုန်းက ပလန်းနက်ဖိုရမ်မာများဆိုပြီး ဘားလမ်းက မစ္စတာဘရောင်းမှာ ခဏခဏ တွေ့ကြတာ မှတ်မိသေးတယ်။

နံပတ်တစ် ဇော်ဂျီ

နောက်တော့ ပလန်းနက်ကြီး ခဏခဏဒေါင်းပြီး ရေးထားသမျှတွေ ပြောင်ကုန်တာနဲ့ပဲ စိတ်ကုန်ပြီး မရေးဖြစ်တော့တော့ဘူး။ ပလန်းနက်မှာ စွဲစွဲမြဲမြဲရေးဖြစ်တဲ့ ဖိုရမ်မာတွေဟာ နောက်တော့ ဘလော့ဂါတွေ ဖြစ်ကုန်ကြပါတယ်။ ဘလော့ဂါဖြစ်တော့လည်း သုံးနေကျ ဇော်ဂျီနဲ့ပဲ ရေးကြတယ်။ အဲဒီတုန်းက တခြား ရွေးချယ်စရာ ဖောင့် များများစားစား မရှိဘူးဗျ။ ဇော်ဂျီသာလျှင် တစ်ခုတည်းသော ရွေးချယ်စရာပဲ။ အဲဒီတုန်းက ကျွန်တော်တို့ရဲ့စိတ်ထဲမှာ ဇော်ဂျီသာလျှင် ကမ္ဘာသုံး မြန်မာစာအတွက် တစ်ခုတည်းသော အဖြေ ဖြစ်တယ်လို့ တွေးမိပါတယ်။ ဇော်ဂျီဖောင့် ပေါ်ပြူလာဖြစ်လာတဲ့ အကြောင်းရင်းတွေကို စစ်တမ်းချကြည့်ရင် ဒီလိုတွေ့မယ်။

၁) ဆိုရှယ်ဆိုက်ဖြစ်တဲ့ ပလန်းနက်က စခြင်း။ အဲဒီတုန်းက ပုဂံနက် ရပ်သွားပြီးတဲ့နောက် ပလန်းနက်ဟာ ပြိုင်ဘက်မရှိ နံပတ်တစ် လူအဝင်ဆုံး ဖိုရမ်ပါ။

၂) ကီးဘုတ်မလိုခြင်း။ ကီးဘုတ်မပါဘဲ Text box မှာတင် ရေးလို့ရအောင် Java Script နဲ့ လုပ်ထားပေးတယ်။

၃) ပြိုင်ဘက်မရှိခြင်း။ ဇော်ဂျီ စပေါက်တော့ သူနဲ့ပြိုင်စရာ ဘာအခမဲ့ဖောင့်မှ မရှိပါ။

၄) ကြော်ငြာအားကောင်းခြင်း။ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ဂျာနယ်တွေမှာ ဇော်ဂျီယူနီကုတ် ဇော်ဂျီယူနီကုတ် ဆိုပြီး ခဏခဏ ပါတယ်။ အချင်းချင်းကြားမှာလည်း ပါးစပ်ကြော်ငြာဟာ အတော်ထိရောက်ပါတယ်။

၅) ဝိုင်းဝန်းကူညီကြခြင်း။ မြန်မာရှေးဦးဘလော့ဂါတွေဖြစ်တဲ့ ကိုမောင်လှ၊ ညီလင်းဆက်ဘလော့စတာတွေမှာ ဇော်ဂျီကို ဘယ်လို စီအက်စ်အက်စ် ရေးနည်း၊ Embed လုပ်နည်း၊ နောက် ဇော်ဂျီဖောင့် သွင်းနည်း၊ ကီးဘုတ်ရိုက်နည်း စတာတွေကို အသေးစိတ်လမ်းညွှန် ရေးပေးထားတာ နောက်လူတွေအတွက် အင်မတန် အထောက်အကူ ဖြစ်ပါတယ်။ အခုတောင် ဘလော့စရေးတဲ့လူတွေဟာ အဲဒီပို့စ်တွေကို Google ပြီး လိုက်ကြည့်လုပ်နေရတုန်းပါပဲ။ ဇော်ဂျီမှာပါတဲ့ အမှားတွေ၊ Bugs တွေကိုလည်း ဝိုင်းပြင်ပေးကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဇော်ဂျီဖောင့်
ပရင့်ထုတ်၊ PDF ထုတ်လို့ရှိရင် တချို့စာလုံးနေရာတွေမှာ အင်္ဂလိပ် အက္ခရာတွေလာပေါ်နေတဲ့ ပြဿနာကို Fix လုပ်ပေးဖူးတယ်။

၆) ဘယ် OS မှာမဆို အလုပ်ဖြစ်ခြင်း။ ဇော်ဂျီဟာ Font Shape ကလွဲပြီး ဘာနည်းပညာမှ ထည့်မထားတဲ့ ဖောင့် ဖြစ်တဲ့အတွက် နေရာတော်တော်များများမှာ သုံးရ အဆင်ပြေတယ်။ အထူးသဖြင့် မြန်မာတွေရဲ့ လက်စွဲ ဂျီတော့။

ဇော်ဂျီဟာ ယူနီကုတ် မဟုတ်ဆိုပါလား


ကဲ ဒီအချိန်မှာ တခြားတစ်ဘက်ကို ကြည့်ရအောင်။ ကျွန်တော်ဟာ ယူဇာနေရာက ပြောနေတာဖြစ်တဲ့အတွက် ဘယ်ခုနှစ်က ဘယ်ဗားရှင်းက ဘာဖြစ်တယ် ဆိုတာတွေ အမှတ်အသား မရှိပါ။ ဘာက ဘယ်လို အကြောင်းအကျိုးတွေ ဖြစ်သွားတယ်ဆိုတာ ကြည့်ပါမယ်။ ဒီလိုဇော်ဂျီကို အရှိန်အဟုန်နဲ့ သုံးလာရင်းနဲ့ တစ်နေ့တော့ စာစောင်တစ်ခုဆီက အသံထွက်လာပါတယ်။ "ဇော်ဂျီဟာ ယူနီကုတ် မဟုတ်၊ ယူနီကုတ်အစစ် ရှိတယ်"။ ဟိုရှာဒီရှာနဲ့ နောက်ဆုံး မိုင်မြန်မာကို သွားတွေ့ပါတယ်။ ဒါပေမယ့် မိုင်မြန်မာရဲ့စျေးကွက်ဗျူဟာက သိပ်မနိပ်လှပါ။ ကွန်ပျူတာက အခြေခံဖောင့်တွေကို မိုင်မြန်မာပြောင်းပစ်ပါတယ်။ မိုင်မြန်မာသွင်းပြီးတဲ့နောက် ကွန်ပျူတာက မြန်မာစာတွေ ဖြစ်ကုန်ပါရော။ ပိုဆိုးတာက ရှိလက်စ ဇော်ဂျီပါ မမြင်ရတော့။ အဲဒီတော့ သွင်းပြီးပြန်ထုတ် မုန့်ဖက်ထုပ် လို့ပဲ ပြောပါရစေတော့။

တေတေကနိတ် အန်လယ်ပီ

ဒီအချိန် မြန်မာ အန်လယ်ပီက လုပ်နေတဲ့ မြန်မာဝမ်း၊ မြန်မာတူးတွေကို တော်ရုံတန်ရုံလူ မကြားဖူးပါဘူး။ မကြားဖူးဆို မီဒီယာတွေမှာလည်းမပါ၊ သတင်းထုတ်ပြန်တာလည်းမလုပ် နဲ့ "တိုးတိုးတိတ်တိတ် ကြိတ်မှိတ်လို့သာ ဖွင့်ဟမပြောပေမယ့်" ဆိုတဲ့ သီချင်းစာသားလိုပဲ မပြောတော့ မသိပါ။ မသိတော့ မသုံးပါ။ သိသွားတော့လည်း မြန်မာဝမ်း စမ်းတော့ မြန်မာတူးထွက်၊ မြန်မာတူး စမ်းတော့ မြန်မာသရီးထွက်ဆိုတော့ ယူဇာတွေရဲ့ စိတ်ထဲမှာ ယူနီကုတ်ဆိုတာ အမြဲပြောင်းနေတယ်ဆိုတဲ့ စိတ်မျိုးလေး ဝင်သွားပါတယ်။ အပြစ်တင်လိုတာ မဟုတ်ပါ။ ဖြစ်ခဲ့တာကို ပြောလိုရင်း ဖြစ်ပါတယ်။

ဆန့်ကျင်ဘက်ရလဒ်

နောက်တစ်ခုက ယူနီကုတ် လုပ်နေတဲ့လူတွေဟာ သူတို့ဟာ မြန်မာစာတိုးတက်ရေးအတွက် ကိုယ်ကျိုးစွန့်ပြီး လုပ်နေရတယ်၊ အဲဒါကို ယူဇာတွေက ဇော်ဂျီကြောင့် မကောင်းမြင်ရမလားဆိုပြီး ဘုတိုက်ချင်တဲ့ စိတ် အနည်းနဲ့ အများဝင်နေပုံ ရပါတယ်။ အဲဒီမှာတင် ယူနီကုတ်အကြောင်းပြောကြရင် ဇော်ဂျီဖောင့်ကို ချိုးချိုးနှိမ်နှိမ် ပြောပါတယ်။ လူဆိုတာ စပရိန်လိုပဲ ဖိရင် ကန်တတ်တဲ့သဘောရှိတဲ့အတွက် လူအများစုကြီးဟာ ဇော်ဂျီဘက်ပဲ ရောက်ကုန်ပါတော့တယ်။ ယူနီကုတ်သမားတွေလည်း နေရင်းထိုင်ရင်း လူကြမ်းမင်းသား ဖြစ်မှန်းမသိ ဖြစ်ကုန်ကြပါတော့တယ်။


ရပ်သွားတဲ့ ဇော်ဂျီ

ဇော်ဂျီဟာ စထွက်တာကနေ ခုထိ ဗားရှင်းပေါင်း မြောက်များစွာ ထွက်ခဲ့တာ နောက်ဆုံးအထိဆိုရင် ၁၂ မျိုး ရှိပါတယ်။ ဒီထဲမှာ ဂျီတော့ဟက်ခ် အေရီရယ်ဟက်ခ် စတဲ့ စစ္စတမ်ဖိုင်တွေကို အစားထိုးပစ်တာ၊ Internet Explorer မီးမြေခွေး အစရှိတဲ့ ဘရောက်ဇာတွေရဲ့ အခြေခံ CSS ကို ဇော်ဂျီဖြစ်အောင် ပြောင်းပစ်တာ အစရှိတာတွေလည်း ပါပါတယ်။ ရလဒ်ကတော့ အဲဒီလိုမျိုးဇော်ဂျီ Installer တွေကို သုံးထားရင် ဘယ်ယူနီကုတ် သွင်းသွင်း ဇော်ဂျီကလွဲလို့ မမြင်ရတော့တဲ့ ပြဿနာတွေ ဖြစ်လာပါတယ်။ ဇော်ဂျီကိုယ်တိုင်မှာလည်း ရှေးဦး ဗားရှင်းတွေကို နောက်ပိုင်းဗားရှင်းနဲ့ကြည့်ရင် မမြင်ရတော့တဲ့ ပြဿနာတွေ ဖြစ်လာတယ်။ အဲဒီမှာတင် ဇော်ဂျီအဖွဲ့ဟာ ဇော်ဂျီဗားရှင်း အချင်းချင်း မကိုက်တာကို ကာကွယ်ဖို့အတွက် ဗားရှင်းအသစ် ဆက်ထုတ်ခြင်းကို ရပ်ဆိုင်းလိုက်ပါတော့တယ်။

လူသုံးများနေတာ စံ (standard) လုပ်လိုက်ပါတော့လား


ဇော်ဂျီစလုပ်တော့ အဲဒီအချိန်အထိ အတည်ဖြစ်ခဲ့တဲ့ အစောပိုင်း ယူနီကုတ်စံကို အက္ခရာနေရာ တော်တော်များများ တူအောင် ကြည့်ပြီး လုပ်ခဲ့ပါတယ်။ ဒါပေမယ့် မြန်မာစာရဲ့ ရှုပ်ထွေးတဲ့ ရေးသားပုံ၊ စာလုံးပြောင်းလဲပုံတွေကို ကာမိဖို့အတွက် အက္ခရာနေရာ တော်တော်များများကို တိုင်းရင်းသားတွေအတွက် ဖယ်ထားတဲ့နေရာက ယူသုံးခဲ့ပါတယ်။ ဥပမာအားဖြင့် ဇော်ဂျီမှာ ရရစ် အကြီးအသေး ခေါင်းတို ခြေတို စတာတွေနဲ့ ရရစ်ပုံစံ ရှစ်မျိုး ရှိပါတယ်။ ဗျည်း ၃၃ လုံးမှာလည်း ဗျည်းတစ်လုံးစီအတွက် အကြီးတစ်လုံး၊ ပါဌ်ဆင့်အသေးတစ်လုံး နှစ်လုံးစီ အနည်းဆုံး ရှိပါတယ်။ စာရိုက်ရင်လည်း အမြင်အတိုင်းရိုက်ရတဲ့အတွက် "ကို" ဆိုတဲ့ စာလုံးကို ရိုက်မယ်ဆိုရင် တချို့က ကကြီး လုံးကြီးတင် ပြီးမှ ချောင်းငင်နဲ့ ရိုက်ပြီး တချို့က ကကြီးချောင်းငင် ပြီးမှ လုံးကြီးတင်နဲ့ ရိုက်ပါတယ်။ လူအပေါ်မူတည်ပြီး စာရိုက်ပုံတွေ ကွဲသွားတဲ့အတွက် မြန်မာဝေါဟာရ တစ်လုံးအတွက် စာလုံးအတွဲအစပ် ဖြစ်နိုင်ခြေ မြောက်မြားစွာ ရှိနေပါတော့တယ်။

ဒီအချိန်မှာ ရှမ်းတိုင်းရင်းသားတစ်ယောက်ဟာ ဗမာစာရော ရှမ်းစာပါ တွဲရိုက်ချင်ပြီ ဆိုပါတော့။ ဇော်ဂျီကို သုံးလို့ မရနိုင်တော့ပါဘူး။ "ကဲ ဒီပြဿနာကို အလွယ်ဖြေရှင်းမယ်ကွာ။ ရှမ်းမှာ လိုနေတဲ့ အက္ခရာတွေကို မွန်စာထဲက ယူသုံးမယ်။ မွန်စာ အတွက်ရော။ လွယ်ပါတယ်။ ကရင်စာထဲက ယူသုံးမယ်။ ကဲ ကရင်စာအတွက်ရော။ တခြားဘာသာထဲက ယူသုံးမယ်ကွာ။ အဲ ဘာသာတတ်တဲ့လူလည်း မြန်မာနိုင်ငံမှာ မရှိလောက်ပါဘူး။" ... ကျွန်တော်တို့ ပြဿနာတစ်ခုကို မနုတ်လောက် တစ်ဆယ်ချေးဆိုသလိုမျိုး ကလေးတုန်းကလို အလွယ် ပြီးပြီးရော ဖြေရှင်းချင်လို့ မရတော့ပါဘူး။

တစ်ချိန်က မြန်မာစာ စာလုံးပြောင်းလဲပုံအတွက် နည်းပညာ မရှိသေးလို့ ဇော်ဂျီကို အဲဒီအတိုင်း ထုတ်လိုက်ရပါတယ်လို့ ဆိုခဲ့ရင် အခုခေတ်မှာ စာလုံး ပြောင်းလဲပုံတွေကို ဖြေရှင်းဖို့ နည်းမျိုးစုံ ရှိနေပါပြီ။ ဒါပေမယ့် ဇော်ဂျီဟာ ပြောင်းတော့မှာ မဟုတ်ပါ။ ဇော်ဂျီ ၂၀၀၉ ကို ဂျပန်နိုင်ငံက ကွန်ပျူတာပညာရှင်တစ်ဦးဖြစ်တဲ့ ကိုစိုးမင်းက ဖြစ်မြောက်အောင်မြင်အောင် ကြိုးစားခဲ့ပေမယ့် လူသုံးများတဲ့ ဇော်ဂျီဗားရှင်းနဲ့ အမှန်မမြင်ရတဲ့အတွက် ဇော်ဂျီအဖွဲ့က ယူမသုံးခဲ့ပါ။ ကျွန်တော်ထပ်ပြောပါမယ်။ ဇော်ဂျီဟာ ရပ်သွားပါပြီ။ ရပ်နေတာဟာ Standard ဖြစ်နေတာမဟုတ်ပါ။ ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ ပုံပြင်ထဲကလို ဇာတ်ထဲကအတိုင်း ပလို့ဂျိ ဆိုတာနဲ့ ခြေထောက်ကို ခေါင်းမှာ လှမ်းချိတ်လိုက်တာ ပြန်ဖြုတ်မရတော့ပဲ လှုပ်မရ ပြုမရ ဖြစ်နေတဲ့ ပုံပါ။


ယူနီကုတ် ဆိုတာ ဖောင့်သက်သက်မဟုတ်

ယူနီကုတ်စနစ်၊ အိုင်အက်စ်အိုစနစ်တွေနဲ့ အကြိမ်ကြိမ် တိုက်စစ်ပြီးတဲ့နောက် ကွန်ပျူတာသုံး မြန်မာစာဟာ စိတ်ချလက်ချ သုံးစွဲနိုင်တဲ့ အဆင့် ရောက်ခဲ့ပါပြီ။ Unicode Consortium က ထုတ်ပြန်တဲ့ Chart အရ Unicode 5.2 ဟာ မြန်မာစာအတွက် အတည် ဖြစ်သွားပါပြီ။ အများစုက ယူနီကုတ်ဆိုတာ ဖောင့်တစ်မျိုးလို့ စိတ်ထဲ စွဲနေကြတာ များပါတယ်။ ယူနီကုတ်ဆိုတာ အမှန်တော့ ကွန်ပျူတာသုံး မြန်မာစာအတွက် သတ်မှတ်ထားတဲ့ စံ တစ်ရပ်ပါ။ ယူနီကုတ်စနစ်နဲ့ ကိုက်ညီဖို့အတွက် သူ့စည်းမျဉ်းတွေ ရှိပါတယ်။

၁) မြန်မာစာအတွက် သတ်မှတ်ထားသည့် အက္ခရာများသည် Unicode 5.2 Chart ထဲကအတိုင်း နေရာ အတိအကျ ရှိရမည်။

၂) မည်သည့် ယူနီကုတ် Encoding မဆို ဗျည်းမှ စရမည်။ ယင်းနောက်မှ ဗျည်းတွဲ၊ သရ၊ Tone/ဗျည်း၊ အသတ် လိုက်ရမည်။ ဥပမာ " ပြောင်း" ဆိုတဲ့ စာလုံးကို ယူနီကုတ်မှာ "ပ + ြ- + ေ + ာ + င + -် + း" ရယ်လို့ စီပါတယ်။ မြန်မာစာ အသံစဉ် အရလည်း မှန်ပါတယ်။ ပ + ရ + အောင်း ။

ဒီနေရာမှာ မြန်မာတွေ ပြဿနာတက်တာပါပဲ။ သဝေထိုးက စရေးနေကျဆိုတော့ ဗျည်းနောက် သဝေထိုးရောက်သွားတာကို မနေတတ် မထိုင်တတ် ဖြစ်ကုန်ကြပါတယ်။ အမှန်က စာလုံးစီပုံမှာ အနောက်ရောက်သွားခြင်းဟာ ပြဿနာကြီးတစ်ရပ် မဟုတ်ပါ။ အမြင်မှာ သဝေထိုးအရှေ့က ရောက်နေဖို့သာ အဓိက ဖြစ်ပါတယ်။

ယူနီကုတ်၏ အားသာချက်

ယူနီကုတ်သုံးရင် မြန်မာစာဟာ ပိုလွယ်ပြီးတော့ ရှင်းသွားပါတယ်။ ယူနီကုတ်ရဲ့ အားသာချက်တွေကို ဒီလို စာရင်းလုပ်ပြလို့ ရပါတယ်။

၁) ယူနီကုတ်မှာ အက္ခရာတိုင်းစီအတွက် နေရာ တစ်ခုစီသာ ရှိပါတယ်။ ဥပမာ ကကြီးဟာ အပေါ်မှာနေနေ၊ ပါဌ်ဆင့်လိုက်လို့ အောက်မှာနေနေ ပုံစံပြောင်းသွားတာသာ ဖြစ်ပါတယ်။ ကကြီးအတွက် ကုတ်ပွိုင့်နေရာကတော့ တစ်ခုသာ ရှိပါတယ်။ ရရစ်ဟာလည်း တစ်မျိုးသာရှိပြီး စာလုံးကိုလိုက်လို့ သူ့အလိုလို ပုံစံပြောင်းလဲသွားခြင်းမျှသာ ဖြစ်ပါတယ်။ အဋ္ဌမ ဆိုတဲ့စာလုံးဟာ အဋ်ဌမ ဆိုတဲ့စာလုံးကို ချုံ့ထားခြင်းဖြစ်ပါတယ်။ ယူနီကုတ်မှာဆိုရင် စာတစ်လုံးစီဖြစ်ပြီး ပုံစံပြောင်းနေခြင်းမျှသာ ဖြစ်ပါတယ်။

၂) ဘယ်စာလုံးအတွက်မဆို စာလုံးစီပုံ တစ်မျိုးသာ ရှိတဲ့အတွက် Search Engine တွေ ရှာရတာလည်းလွယ်သွားပါတယ်။

၃) ဝေါဟာရတွေ စီစဉ်ရင် အက္ခရာစဉ်အလိုက် အလွယ်တကူ စီနိုင်ပါတယ်။ ဇော်ဂျီမှာဆိုရင် "က ၊ ကေ နဲ့ ကြ" ဟာ ကကြီးအစဉ်ထဲမှာ ရှိသင့်ပေမယ့် မရှိပါဘူး။ "ကေ"ဟာ သဝေထိုးခေါင်းစဉ်အောက်ရောက်ပြီး "ကြ"ဟာ ရရစ် ခေါင်းစဉ်အောက် ဝင်သွားပါတယ်။

၄) ဘယ် OS မဆို ဘယ်ဆော့ဝဲမဆို မြန်မာစာအထောက်အကူထည့်မယ်ဆိုရင် ယူနီကုတ်သာ ထည့်မှာ ဖြစ်ပါတယ်။

၅) Data တွေဟာ တစ်ခုနဲ့တစ်ခု တိုက်ရိုက်ပြောင်းလဲနိုင်ပါတယ်။ ဆိုလိုတာက ဒီစက်မှာ Cat လို့ ရိုက်ထည့်ရင် ကမ္ဘာတစ်ဘက်ခြမ်းက ဟိုဘက်စက်မှာ ဘာဖောင့်မှ အသစ်သွင်းစရာ မလိုပဲ Cat လို့ မြင်နိုင်ပါတယ်။ ဘယ်နိုင်ငံကလူမဆို မြန်မာစာကိုကြည့်ချင်ရင် တစ်မျိုးတည်း အလွယ်တကူ မြင်နိုင်မှာ ဖြစ်ပါတယ်။

ကီးဘုတ် ကိစ္စ

ဇော်ဂျီသုံးနေရာက ယူနီကုတ်စသုံးတော့ ယူဇာအတော်များများ ကွန်ပလိန်းတက်ကြတာက ကီးဘုတ် ပြဿနာပါ။ အမှန်က ယူနီကုတ်အတွက် ကီးဘုတ်တစ်မျိုးမက ရှိပါတယ်။ အရင်လာအရင်ရိုက်ရတဲ့စနစ်၊ သဝေထိုးကလွဲရင် ကျန်တာ အရင်လာ အရင်ရိုက်ရတဲ့ စနစ်၊ ဇော်ဂျီရိုက်သလို ရိုက်လို့ရတဲ့ စနစ် ၊ ဘားဂလိပ်နဲ့ ရိုက်တဲ့စနစ် စသည်ဖြင့် အစုံရှိပါတယ်။ အဲဒီ Information အစုံအလင်အတွက် myanmarlanguage.org မှာ တင်ပေးဖို့ ကြိုးစားနေပါတယ်။

မူပိုင်ခွင့်

အင်တာနက်မှာ အလကားရတာဆို ကောက်သုံးလိုက်တာပါပဲ၊ ဘာလိုင်စင်မှလည်း ဂရုစိုက်မနေပါဘူး၊ ဆော့ဝဲတွေ အင်စတောလုပ်ရင် အစမှာပါတဲ့ လိုင်စင်သဘောတူညီချက်တွေကို ကျော်ဖတ်ပစ်တာပဲ ဆိုတဲ့လူက များပါတယ်။ ဒါပေမယ့် ဖောင့်ကိစ္စတွေမှာတော့ လိုင်စင်က အရေးကြီးလာပါတယ်။ ဇော်ဂျီက အခမဲ့ဖြစ်ပေမယ့် လိုင်စင်ကိစ္စ ရှင်းရှင်းလင်းလင်း မရှိပါ။ ဖောင့်ပုံစံရဲ့ မူရင်းပိုင်ရှင် နဲ့ အခြားဝယ်ထားသူတစ်ယောက်တို့က မူပိုင်ခွင့် ကိစ္စတွေပြောထားတာကို ဖတ်လိုက်ရပါတယ်။ ဖောင့်တစ်ခုမှာ မူပိုင်ခွင့်ရယူထားတာရှိရင် အခြားသူတွေအနေနဲ့ -

၁) အဲဒီဖောင့်ကို ပြုပြင် ပြောင်းလဲပိုင်ခွင့် မရှိပါ။ (ကျွန်တော် ဇော်ဂျီကို အခြေခံပြီး ပိတောက်ဇော်ဂျီဆိုတဲ့ ယူနီကုတ်ဖောင့် လုပ်ထားတာ ရှိပါတယ်။ အဲဒါကို ဖျက်ချပစ်ဖို့ စဉ်းစားနေပါတယ်။)

၂) အဲဒီဖောင့်ကို ဝက်ဘ်ဆိုက်တွေမှာ Embed လုပ်ပိုင်ခွင့်မရှိပါ။ EOT, woff, svg, java font စတာတွေနဲ့ ကိုယ့်ဆိုက်မှာ ဖောင့်မပါဘဲ ပေါ်အောင်လုပ်ထားရင် မူပိုင်ခွင့်နဲ့ ငြိပါတယ်။

၃) Software တွေမှာ Embed ထည့်ခွင့် မရှိပါ။

တစ်ဘက်မှာ နောက်ဆုံးထွက်တဲ့ ယူနီကုတ်ဖောင့်တွေဖြစ်တဲ့ ပိတောက်၊ ပုရပိုဒ်၊ မြန်မာ၃၊ မာစတာပိယူနီစံ၊ သံလွင် စတဲ့ ဖောင့်တွေဟာ လိုင်စင်ကို အတိအကျ ဖော်ပြထားကြပြီး အားလုံးလိုလိုဟာ Opensource ပေးထားတဲ့ လွတ်လပ်ဖောင့်တွေ ဖြစ်နေတာ တွေ့ရပါတယ်။ လွတ်လပ်ဖောင့်ဖြစ်တဲ့အတွက် ဝေမျှခြင်း၊ မိမိကိုယ်တိုင် ပြုပြင်ပြောင်းလဲခြင်း၊ တချို့ဆိုရင် ပြန်လည်ရောင်းချခြင်းတို့ကို ခွင့်ပြုထားတာမျိုး ရှိပါတယ်။ လိုင်စင်အဓိပ္ပါယ်ရှင်းလင်းချက်တွေကိုတော့ myanmarlanguage.org မှာ တင်ပေးဖို့ ကြိုးစားနေကြပါတယ်။

မြန်မာစာတိုးတက်ရေး

ယူနီကုတ်ဟာ အစိုးရပိုင်းမှာ တွင်တွင်ကျယ်ကျယ် သုံးနေပေမယ့် အွန်လိုင်းလောကမှာ လူသုံးနည်းနေသေးတာတော့ အမှန်ပါ။ ယူဇာလမ်းညွှန် နည်းနေခြင်း၊ ကြော်ငြာအားနည်းခြင်း (မရှိသလောက်ဖြစ်ခြင်း)၊ ယူနီကုတ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရရှိနိုင်ဖို့ ခက်ခဲခြင်း၊ အကူအညီတောင်းရန်နေရာ ရှာမရခြင်း တို့ကလည်း ယူနီကုတ်အသုံးပြုခြင်းကို ဟန့်တားတဲ့ အရာတွေ ဖြစ်ပါတယ်။

ယူနီကုတ်သွင်းလိုက်ရင် ဇော်ဂျီဖတ်မရတော့ခြင်း၊ ကီးဘုတ်မရိုက်တတ်ခြင်း၊ ဇော်ဂျီကီးဘုတ်နဲ့ ယူနီကုတ်ကီးဘုတ် ငြိကြခြင်း စတာတွေဟာလည်း ဖြေရှင်းဖို့လွယ်ပေမယ့် အများဆုံးကြုံနေရတဲ့ အခက်အခဲတွေ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီအချက်တွေကို ကျော်လွှားပြီး
၁) ယူဇာတွေရဲ့စက်ထဲကို ယူနီကုတ်ရောက်သွားဖို့၊ ယူနီကုတ်နဲ့ ရေးထားတာတွေ ဖတ်နိုင်ဖို့
၂) ယူနီကုတ်ကို စရိုက်ဖို့၊ စသုံးဖို့
၃) ယူနီကုတ်ကို တွင်တွင်ကျယ်ကျယ် သုံးဖို့
တွေဟာ ကျွန်တော်တို့ သွားရမယ့် လမ်းတစ်ဆင့်ချင်း ဖြစ်ပါတယ်။



ရောင်နီဦး

အချုပ်ပြောရမယ်ဆိုရင် ဇော်ဂျီဟာ ကျွန်တော်တို့ အွန်လိုင်းမြန်မာစာဖွံ့ဖြိုးရေးအတွက် အများကြီး အထောက်အကူပေးခဲ့တာ ငြင်းမရပါ။ ကျွန်တော်ကတော့ ဇော်ဂျီကို မြန်မာစာအတွက် အရေးပါတဲ့ လှေကားတစ်ထစ်လို့ တင်စားချင်ပါတယ်။ သို့ပေမယ့် ဒီလှေကားထစ်မှာတင် ပေတေပြီး ရပ်နေလို့ မရပါ။ မြန်မာစာ နိုင်ငံတကာမှာ တွင်တွင်ကျယ်ကျယ် ဖွံ့ဖြိုးလာဖို့ ယူနီကုတ်ကို မသုံးမဖြစ် သုံးရမှာ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီး လှေကားထစ်များကို ဆက်လှမ်းတက်ရဦးမှာ ဖြစ်ပါတယ်။ တကယ်လို့ မိတ်ဆွေဟာ မြန်မာစာ နိုင်ငံတကာမှာ တွင်ကျယ်ရေး တိုးတက်ရေးကို လျင်လျင်မြန်မြန် မြင်ချင်တယ် ဆိုရင်တော့ နောက်မှ ဆိုတဲ့ ဆင်ခြေတွေ ပေးမနေတော့ဘဲ ယူနီကုတ်ကို ဒီနေ့ပဲ စသုံးကြည့်လိုက် ကြပါစို့။

Read more:

http://my.wikipedia.org/wiki/Myanmar_Unicode

http://www.thanlwinsoft.org/ThanLwinSoft/MyanmarUnicode/

http://mmitpros.ning.com/forum/topics/myanmar3-keyman-and-msklc

http://www.bamarlay.com/2010/04/bamarlays-experience-with-myanmar-u...

http://www.myanmarlanguage.org/

http://www.myanmars.net/winmyanmar/win-myanmar-5-2009/usage-.html

http://www.dhammabank.com/?PID=B&SID=1&CID=B&BID=12&amp...

Original Post here


အချိန်ပေးပြီး ဒီပို့စ်ကို ရေးတဲ့ အတွက် Lionslayer ကို ကျေးဇူးတင်ပါတယ်။ ယူနီကုတ် စံနှုန်း လိုက်နာတဲ့ ဖောင့်များနဲ့ မလိုက်နာတဲ့ ဖောင့်များ စာရင်းကို အောက်က လင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။

ယူနီကုတ် စံနှုန်း လိုက်နာသော ဖောင့်များ

ယူနီကုတ် စံနှုန်း မလိုက်နာသော ဖောင့်များ