Search This Blog

Tuesday, November 30, 2010

သွားရင်း လာရင်း စားရင်း သောက်ရင်း

အမြဲတမ်း ခရီးထွက်နေရတာ ကောင်းတဲ့ အချက် ရှိသလို မကောင်းတဲ့ အချက်တွေလည်း ရှိပါတယ်။ မကောင်းတဲ့ အချက်ကတော့ လူမှုရေးနဲ့ ပတ်သက်ရင် အတော် ပျက်ကွက်ပါတယ်။ အမြဲတမ်း ခရီးထွက်နေရတော့ သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ သာရေးနာရေးတွေ သွားဖို့ အဆင်မပြေပါဘူး။ အပေါင်းအသင်းတွေနဲ့လည်း အဆက်အသွယ် ပြတ်ပါတယ်။ ဒါတင် မကသေး ပါဘူး။ ပြသနာ ရှာတတ်တဲ့ ရည်းစားရှိရင် ခရီးထွက်တဲ့ ကိစ္စကြောင့် တစ်ချိန်လုံး စကားများ နောင်ဂျိန်ချ နေရပါတယ်။ ဒီထက် ပိုဆိုးရင် ခရီးထွက်နေတုန်း ကိုယ့်ရည်းစား သူများ မ သွားတာပါ ခံရတတ် ပါတယ်။

ကောင်းတဲ့ အချက်တွေထဲမှာတော့ နေ့တိုင်း အစားအသောက်ကို တစ်နေ့တစ်မျိုး မရိုးအောင် စားနေ ရတာ ပါပါတယ်။ ကျွန်တော် ကိုယ်တိုင်က အစားအသောက်နဲ့ ပတ်သက်ရင် အစွဲအလမ်း သိပ်မကြီးပါဘူး။ မြန်မာအစားအစာ ကို ကြိုက်ပေမယ့် ကိုယ်မစားဖူးတဲ့ အစားအသောက်ဆိုရင် စမ်းပြီး စားကြည့်ချင် ပါတယ်။ အဲဒီတော့ ခရီးထွက်ရင်း တွေ့ကရာ လျှောက်စားနေရတာ ကျွန်တော့် နဲ့ အတော် ကီးကိုက်ပါတယ်။

ကျွန်တော် ခရီးထွက်ရင် တစ်ယောက်တည်း သွားဖြစ်တာ နည်းပြီး ဒေသခံ အေးဂျင့်တွေနဲ့ အတူ သွားဖြစ်တာက ပိုများပါတယ်။ အဲဒီတော့ နေ့လည်စာ ညနေစာ အတွက် သူတို့ပဲ ဦးဆောင်ပြီး စီစဉ်ပေးလေ့ ရှိပါတယ်။ အစပိုင်းကတော့ သူတို့က ဘာစားမလဲ မေးရင် anything လို့ ပြန်ဖြေနေကျပါ။ အဲဒီ အန်းနီးသင်း ဆိုတဲ့ စကားက အမေရိကန် အေးဂျင့်တစ်ယောက်နဲ့ အတူသွားတဲ့ အခေါက်မှာတော့ မှတ်လောက် သားလောက် ဖြစ်သွားပါတယ်။ အဲဒီ အချိန် ကတော့ သူက နေ့လည်စာ ဘာစားမလဲ မေးတော့ ကျွန်တော်က အန်းနီးသင်း လို့ ဖြေလိုက်ပါတယ်။ ဒါဆိုလည်း Subway မှာ ဆင်းဒဝစ် သွားစားကြတာပေါ့ ဆိုပြီး သူက ခေါ်လို့ ကျွန်တော်တို့ Subway ကို ရောက်သွားကြပါတယ်။

အဲဒီအချိန် အထိ ကျွန်တော် စင်ကာပူမှာ Subway တစ်ခါမှ မစားဖူးပါဘူး။ ဆိုင်ရောက်တော့ ဆင်းဒဝစ်ထဲ ကြိုက်တာထည့် ဆိုတော့ ပျားတုတ် ပါတော့တယ်။ ကျွန်တော်က ဆင်းဒဝစ်ဆို ချိစ်နဲ့ ငါးသေတ္တာကလွဲရင် ဘာမှ သိတဲ့ကောင် မဟုတ်ပါဘူး။ ကောင်တာနောက်က ဆင်းဒဝစ် လုပ်တဲ့သူက ဟိုဟာထည့်မလား မေးရင်လည်း ထည့်လိုက် ဒီဟာ ထည့်မလား မေးရင်လည်း ထည့်လိုက် လုပ်နေတာနဲ့ နောက်တော့ ကောင်တာထဲ ရှိသမျှ အစာ အားလုံးနီးပါး ထည့်ထားတဲ့ ဆင်းဒဝစ် တစ်ခု ထွက်လာပါတယ်။ ဘယ်လိုနေသလဲ မေးရင် အရမ်း ကောင်းပါတယ် (စိတ်ပျက်ဖို့)။ ဆင်းဒဝစ်က ပထမတစ်ကိုက် ကိုက်လိုက်ရင် ချဉ် နောက်တစ်ကိုက် ကိုက်လိုက်ရင်ဖန် နောက်တစ်ကိုက် ကိုက်လိုက်ရင် ခါးနဲ့ ဘယ်လို အရသာ ရှိမှန်းကို မသိတော့ပါဘူး။ နောက်နေ့ကစပြီး ကျွန်တော့်ကို ဘာစားမလဲ မေးရင် နည်းနည်း လေသံ ပြောင်းသွားပါတယ်။ ဘာဖြစ်ဖြစ် ဆင်းဒဝစ်က လွဲလို့လို့ သူတို့ကို ပြောတတ်ပါတယ်။

အမေရိကန်က စားသောက်ဆိုင်တွေထဲမှာ Chili's နဲ့ Ruby Tuesday ကို သဘောကျပါတယ်။ အမေရိကား သွားရင် ဒီနှစ်ဆိုင်ပဲ အရောက်များလို့လားတော့ မသိပါဘူး။ အခု စင်ကာပူမှာ Chili's ဖွင့်နေတာ တွေ့ပေမယ့် သွားမစားဖြစ် သေးပါဘူး။ အမေရိကန် ရောက်ခါစက စားသောက်ဆိုင်မှာ အအေးထပ်ဖြည့်မလားလို့ စားပွဲထိုးက မေးတော့ စင်ကာပူမှာလို ပိုက်ဆံ ထပ်ပေးရမယ် မှတ်လို့ မဖြည့်ဘူးလို့ ငြင်းပါတယ်။ အေးဂျင့်က အလကား ဖြည့်ပေးတာ ဘာဖြစ်လို့ မဖြည့်တာလဲ လို့ မေးမှ အဲဒီမှာ အအေးက ဖရီးဖလိုးမှန်း သိပါတယ်။ တစ်ခါတစ်လေတော့ မက်ကဆီကန် စားသောက်ဆိုင်ကို ရောက်ဖြစ် ပါတယ်။ မက္ကဆီကန် အစားအစာထဲမှာတော့ Fajitas ကို သဘောကျပါတယ်။ ပလာတာလိုလို နံပြားလိုလို အပြားတွေအပြင် မက္ကဆီကန် ထမင်းတွေပါ ပါတာမို့ အရသာစုံတယ် လို့ ထင်ပါတယ်။ တစ်ခါကတော့ အေးဂျင့်က မွန်ဂိုးလီးယား အစားအစာ စားမလား မေးတော့  မဆိုးပါဘူး။ အပြောင်းအလဲပေါ့ ဆိုပြီး သဘောတူလိုက်ပါတယ်။ ဆိုင်ကိုသွားရင်း မွန်ဂိုးလီးယား အစားအစာ ဆိုတာ ဘယ်လိုများ နေမလဲလို့ စိတ်ထဲမှာ တွေးနေပါတယ်။ ဆိုင်ရောက်တော့မှ မွန်ဂိုးလီးယားစာဆိုတာ တရုတ်စာ မှန်း သဘောပေါက် ပါတယ်။ ဘာမှ မကွာသလိုပါပဲ။ ဆူရှီတောင် ပါလိုက်ပါသေးတယ်။ (မွန်ဂိုမှာလည်း ဂျပန်တွေ ရှိလို့ နေမှာပေါ့။ :D )

ဥရောပမှာတော့ အစားအသောက် တော်တော်များများနဲ့ ပါးစပ်တည့်ပါတယ်။ ပါးစပ်နဲ့ မတည့်တာကလည်း ခပ်ရှားရှား မို့ နေမှာပါ။ တစ်ခါတုန်းက ဟော်လန် တောင်ပိုင်း အိုင်ဒိုဗင်မှာ ဆော့ဖ်ဝဲလ် သွားပြင်ရင်း တစ်ပတ်လောက် နေဖြစ်ပါတယ်။ တစ်နေ့တော့ ညနေဖက် ဟိုတယ်မှာ နှပ်နေတုန်း ဟော်လန်ရုံးက အင်ဂျင်နီယာ ရှန်ပေါလ်က ညနေစာ သွားစားဖို့ လာခေါ်ပါတယ်။ ကျွန်တော်က သူတို့ဆီမှာ ဧည့်သည်မို့ ထုံးစံအတိုင်း ဧည့်ခံတဲ့ အနေနဲ့ လိုက်ကျွေးတာပါ။ အိုင်ဒိုဗင် ဈေးထဲ ရောက်သွားတော့ သူက ကျွန်တော့်ကို ပြင်သစ်စာ စားချင်သလား၊ အီတလီစာ စားချင်သလား မေးပါတယ်။ ကျွန်တော်က ဟော်လန် ရောက်နေတုန်း ဒတ်ချ်အစားအသောက် စားကြည့်ချင်တယ်လို့ ပြောတော့ သူက ရယ်ပါတယ်။ နောက်တော့ ငါတို့ ဒတ်ချ် အစားအစာက ဆိုင်ဖွင့် ရောင်းတဲ့သူ ရှားတယ်။ အိမ်မှာ ချက်စားတာပဲ များတယ်လို့ သူက ကျွန်တော့်ကို ပြန်ပြော ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးတော့ အီတလီ စားသောက်ဆိုင်ပဲ ရောက်သွားကြပါတယ်။

၂ ရက် ၃ ရက်လောက်နေတော့ ကျွန်တော်နဲ့ ဥရောပမှာ အလုပ်တွဲလုပ်နေကျ အင်ဂျင်နီယာ မာ့က်ခ် ဂျာမနီက ပြန်လာပြီး ကျွန်တော့်ဆီ ရောက်လာပါတယ်။ သူနဲ့ ကျွန်တော် စက်ရုံမှာ ဆော့ဖ်ဝဲလ်ကို အပြီးသတ်ပြီးတော့ ကျွန်တော် အမြဲ နေနေကျနေရာ အုတ်ဟောက်စ်ရွာကို ပြန်ခဲ့ပါတယ်။ လမ်းမှာ ကျွန်တော်က သူ့ကို ဟိုနေ့က ရှန်ပေါလ်နဲ့ ညနေစာ သွားစားတဲ့ အကြောင်း ပြောရင်း ဒတ်ချ်အစားအစာ စားချင်တယ် ပြောတာ မရှိဘူး ပြောတဲ့ အကြောင်း သူ့ကို ပြန်ပြောပြ ပါတယ်။ သူက ဟုတ်တယ်။ ဆိုင်တွေမှာ ဒတ်ချ်အစားအစာ ဆိုပြီး ရောင်းလေ့ ရောင်းထမရှိဘူး။ ဒါပေမယ့် မင်းစားချင်ရင်တော့ ငါစီစဉ်ပေးမယ်လို့ ပြောပါတယ်။ နောက်တော့ သူ့အိမ်ကို ဖုန်းဆက်ပြီး သူ့မိန်းမကို ညနေစာ တစ်ယောက်စာ ပိုချက်ထားဖို့ လှမ်းမှာလိုက် ပါတယ်။ ကျွန်တော်လည်း အားလည်းနာတယ် ခင်လည်းခင်တယ်လေ ဆိုပြီး ဒတ်ချ်အစားအသောက် စားဖို့ သူ့အိမ် လိုက်သွား ပါတယ်။ သူကျွေးတဲ့ ဒတ်ချ် အစားအစာက ဘာလဲဆိုတော့ ဝက်အူချောင်း အကြီးကြီး တစ်ချောင်း၊ အာလူး နည်းနည်းပါးပါးနဲ့ အရွက်ကြော် တစ်ပွဲပါပဲ။ သူက ဒါ ငါတို့ ဒတ်ချ်တွေ စားနေကျ အစားအစာပဲလို့ ပြောပါတယ်။ အင်း ဒါကြောင့်လည်း ဆိုင်ဖွင့် မရောင်းကြတာကိုး ဆိုပြီးတော့ ကျွန်တော်လည်း သဘောပေါက်သွားပါတယ်။

အစားအသောက် နာမည် မခေါ်တတ်တာ အစားအသောက် နာမည်ကို နားမလည်တာလည်း ကွိုင်တစ်မျိုး ပါပဲ။ အိုင်ယာလန်မှာ ရောက်နေတဲ့ အချိန်တုန်းက ဟိုတယ် စားသောက်ခန်းမမှာ မီနူးကြည့်ရင်း Goat Cheese ဆိုတာကို ဆိတ်သားနဲ့ ချိစ်လို့ ကိုယ့်ဘာသာကိုယ် ခပ်တည်တည် ဘာသာပြန်ပြီး မှာထည့်လိုက်ပါတယ်။ စိတ်ထဲမှာတော့ ဆိတ်သားကို mutton မရေးဘဲ Goat လို့ ရေးထားတာ နည်းနည်း ထူးဆန်းနေတယ် ထင်ပါတယ်။ မှာထားတာ ရောက်လာလို့ အသားတစ်တုံးမှ ပါမလာတော့မှပဲ Goat Cheese ဆိုတာ ဆိတ်နို့က လုပ်ထားတဲ့ ချိစ်ကို ခေါ်တာ ဆိုပြီး နားလည်သွား ပါတယ်။ အသိနောက်ကျတော့လည်း ချိစ်နဲ့ပဲ အသားမပါဘဲ ကျေနပ် လိုက်ရပါတယ်။

မွေးကတည်းက ထမင်းစားလာတော့ ထမင်းနဲ့ ဝေးတာ ကြာရင် ပါးစပ်က မနေနိုင်ပါဘူး။ ဘယ်လောက် ကောင်းတာတွေပဲ စားနေရ ပါစေ ထမင်းစားချင်စိတ် ပေါ်လာတာတော့ အမှန်ပါပဲ။ အဲဒီ အချိန် ထမင်းသာ စားရရင် ဘယ်လိုပဲ စားလိုက်ရ စားလိုက်ရ ဆိုတာမျိုး စိတ်ထဲ က ဖြစ်လာတတ် ပါတယ်။ ထမင်း အကြောင်းပြောရင် ပင်ဆယ်ဗေးနီးယားက သူငယ်ချင်းကို သတိရ ပါတယ်။ ကျွန်တော် အမေရိကန် ရောက်တဲ့ အခါတိုင်း သူနဲ့ ဖုန်းပြော ဖြစ်ပါတယ်။ တစ်နေ့တော့ ကျွန်တော်တို့ ထမင်း အကြောင်း စကားစပ်မိလို့ ပြောကြရင်း သူက ငါတို့ဆီမှာ ဆန်မရှိဘူးကွ လို့ ပြောလို့ ကျွန်တော် အတော်လေး အံ့အားသင့် သွားပါတယ်။ အဲဒါနဲ့ ကျွန်တော်က သူ့ကို အဲဒါဆို ခင်ဗျား ထမင်း ဘယ်လိုစားသလဲ မေးတော့ ငါ အရင်တစ်ခေါက်က ကယ်လီဖိုးနီးယားကို အလည်သွားတုန်းက 10 Kg ရှိတဲ့ ဆန်တစ်အိတ် ဝယ်လာတယ်။ အဲဒါနဲ့ စားချင်စိတ် ပေါ်လာတိုင်း ချက်စားနေရတာပဲ လို့ သူက ကျွန်တော့်ကို ပြောပြပါတယ်။ ကျွန်တော့် စိတ်ထဲမှာ အတော်တော့ ထူးဆန်းနေပါတယ်။ အဲဒါကြောင့် နောက်နေ့ အေးဂျင့်ကို မင်းတို့ အမေရိကန်မှာ ဆန်ဒီလောက်တောင် ရှားရသလား မေးတော့ အေးဂျင့်က မရှားပါဘူးဟ။ ဝယ်လို့ ရပါတယ်။ ရိုးရိုးဆန် မရှိရင်တောင် ဆူရှီလိပ်တဲ့ဆန်တော့ ဘယ်နေရာ မဆို ဝယ်လို့ ရပါတယ် လို့ ကျွန်တော့်ကို ပြန်ပြောပါတယ်။ မင်းသူငယ်ချင်း ဝယ်လို့ မရဘူး ဆိုတာ ဘယ်နားဝယ်ရမှန်း မသိလို့ နေမှာပါ ဆိုမှပဲ ကယ်လီဖိုးနီးယားကနေ ပင်ဆယ်ဗေးနီးယား အထိ လေယာဉ်နဲ့ 10 Kg ဆန်တစ်အိတ်ကို တကူးတက သယ်လာရတဲ့ သူ့အဖြစ်ကို စဉ်းစားပြီး ပြုံးမိပါတယ်။

Friday, November 26, 2010

အလျားအနံ မရှိပေမယ့်

ဘလော့ခ်ထဲမှာ ခပ်တည်တည်နဲ့ လူပျိုသိုးကြီးများ သိဖို့ ကောင်မလေးတို့ အကြောင်း တွေ ကြောင်စီကွေး လမ်းညွန် တွေ ရေးနေလို့ အကြောင်းမသိတဲ့ သူများကတော့ သိပ်စွံတယ် ထင်ချင် ထင်ပါမယ်။ အကြောင်းသိတွေကတော့ ဆဲကြပါတယ်။ ( သူတို့ကို နှိပ်ကွပ် ထားတာကိုး။ :D ) ဒါပေမယ့် နိုးပိန် နိုးဂိန် ဆိုသလိုမျိုး ကျွန်တော် ကိုယ်တိုင်လည်း လိမ့်နေအောင် ခံထားရတာတွေ ရှိဖူး ပါတယ်။ မွေးကတည်းက ရှက်ကြောနဲ့ ချက်ကြော မှားဖြတ်ထားတဲ့ သူမို့ ဒီတစ်ခါတော့ အရှက်မရှိစွာနဲ့ပဲ ကိုယ်ခံထားရတဲ့ အကြောင်း ပြန်ပြောပြပါဦးမယ်။

မေတ္တာဆိုတာ အလျားအနံ မရှိပေမယ့် အသွားအပြန် ရှိပါတယ် ဆိုတဲ့စကားကို ဘယ်ဂေါ်မစွံ ပညာရှိက ပြောခဲ့ သလဲတော့ မသိပါဘူး။ ရုပ်ရှင်တွေ ဝတ္ထုတွေထဲမှာသာ မင်းသားက မင်းသမီးကို အသည်းအသန် လိုက်ရင် နောက်ဆုံးတော့ ကြည်သွားကြ လေသတည်း ဆိုတာမျိုး ဖြစ်နိုင်ပါတယ်။ အပြင်မှာတော့ ကောင်မလေးက ကိုယ့်ကို မကြိုက်ဘူးဆိုရင်  ဂျွမ်းထိုးပြီးတော့ လိုက်လိုက်၊ ဒိုင်ဗင်ပစ်ပြီးတော့ပဲ လိုက်လိုက် ဟိုက ကိုယ့်ဘက်ကို တံတွေးတောင် လှည့်မထွေးဘူး ဆိုတာမျိုးတွေ ဖြစ်တတ် ပါတယ်။

ရာဇဝင်မှာ စာတင်ထားတဲ့ အသက် အငယ်ဆုံး မိန်းမပိုးသူကတော့ ရှင်မဟာ ရဌသာရ ပါ။ ကိုနဗန က သူ့ဘလော့ခ်ပို့စ် တစ်ခုထဲမှာ (၅)တန်းနဲ့ ကောင်မလေးကို ရည်းစားစာပေးတယ် လို့ ရေးတာ ဖတ်ရတော့ ကိုယ့်ထက် လက်စောင်း ထက်တဲ့ သူနဲ့ တွေ့နေပြီလို့ တွေးပြီး ရယ်မိပါတယ်။ ကျွန်တော်လည်း သူနဲ့ သိပ်မကွာလှ ပါဘူး။ ကောင်မလေး တစ်ယောက်ကို ဖုန်းဆက်ပြီး ပွားဖူးတာ (၆)တန်းက စပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အချစ်ဝတ္ထုတွေ ဖတ်ပြီး စိတ်ကူးယဉ်တာလား ရှေ့က နည်းပေးလမ်းပြတွေက သိပ်ကောင်းလွန်း နေသလားတော့ မသိပါဘူး။ အဲဒီတုန်းက ကောင်မလေး တစ်ယောက်ကို ချစ်နေတယ်လို့ ကိုယ့်ဘာသာကိုယ် ထင်ပါတယ်။ ဒါပေမယ့် အသက်က ငယ်နေမှန်း သိလို့ ရည်းစားစကား ပြောဖို့တော့ တွန့်နေပါတယ်။ ဖုန်းထဲမှာသာ ပွားရဲတာပါ။ အပြင်မှာတော့ တစ်ခန်းတည်း အတူတက်ပေမယ့် စကားတောင် မပြော ဖြစ်ပါဘူး။ အတန်းထဲမှာ ၂ ယောက်တွဲပြီး အဆင့် ၁ တွေ ဘာတွေ ရလိုက်သေးတော့ ဖူးစာပါတယ် ဆိုပြီး ကိုယ့်ဘာသာကိုယ် ကြိတ်ကျေနပ် နေပါတယ်။

ကိုယ့်ဘာသာကိုယ် အထင်ကြီးတတ်တဲ့ ယောက်ျားလေးများ ကိုယ်ကြိုက်တဲ့ ကောင်မလေး မှန်သမျှ ကိုယ့်ပြန်ကြိုက်မယ်လို့ တွေးကြပါတယ်။ ကျွန်တော်လည်း ထိုနည်းလည်းကောင်း ပါပဲ။ ကောင်မလေးဘက် ကလည်း ကိုယ့်ကို ကြိုက် နေတယ်လို့ ထင်ပါတယ်။ နောက်တော့ ဖုန်းဆက် ပွားတဲ့ အဆင့် လွန်သွားပါတယ်။ ၇ တန်းနှစ် ရောက်တော့ ကျူရှင် အပြန် လမ်းမှာ သွားစောင့်ပါတယ်။ ကျောင်းကဆင်းရင် လိုက်သွားပါတယ်။ ဒါပေမယ့် သူ့ကျူရှင်နဲ့ သူ့အိမ်နဲ့ကြားက လမ်းက လူအတော်ရှုပ်တာမို့ တော်ရုံတန်ရုံ သတ္တိနဲ့ စကား လိုက်ပြောရဲဖို့ မလွယ်ပါဘူး။ ကျွန်တော်က သတ္တိ အလွန်ကောင်းတော့ အဲဒီ လမ်းမပေါ်မှာတော့ ရည်းစားစကား လိုက်မပြောရဲ ပါဘူး။ ဒါနဲ့ပဲ လျှောက်ပြန်သံပေး၊ ခြေအေးဝမ်းယောင်၊ လှည့်ကြည့်ပြုံးပြန်၊ ထရံခွာသံစူး ဇာတ်လမ်းက စပါတယ်။ ၇ တန်းစာမေးပွဲပြီးတဲ့နေ့ ကောင်မလေးကို ရည်းစားစာ ပေးဖြစ် ပါတယ်။

အခုမှ  ပြန်စဉ်းစားတော့မှပဲ ကိုယ့်ဘာသာကိုယ် အတော်ချာတဲ့ကောင်ဆိုတာ သိလာပါတယ်။ အဲဒီတုန်းက ကောင်မလေးကို ရည်းစားစာ ပေးတာ လက်ထဲ ထည့်မပေးဘဲ စာအုပ်ငှားပြီး စာအုပ်ကြားထဲ ညှပ်ပေးပါတယ်။ ကိုယ်ကတောင် ကောင်မလေးကို ရည်းစားစာ ပေါ်တင် မပေးရဲရင် ကောင်မလေးက ရပါတယ်လို့ ဘယ်ပြောပါလိမ့် မလဲ။ သူက ကိုယ့်ကို သေလောက်အောင် ကြိုက်နေတယ် ဆိုရင်တော့ တစ်မျိုးပေါ့။ သူ့ကို မေးတော့ မသိဘူး ဘာစာလဲလို့ ပြန်မေး ပါတယ်။ အမှန်တကယ် အဲဒီအချိန် ရည်းစားစကား ပြောရမယ့် အချိန်ကောင်းပါ။ ဒါပေမယ့် ကိုယ်က အိညောင်ကွညောင် လုပ်နေတာနဲ့ပဲ ဇာတ်လမ်းက အီလည်လည်နဲ့ မျောသွားပါတယ်။ ဒီလိုနဲ့ ရည်းစားစာ ကိစ္စ မေ့မေ့ပျောက်ပျောက် ဖြစ်သွားပါတယ်။

ဒါပေမယ့် လျှောက်ပြန်သံပေး ဇာတ်လမ်းကတော့ မပြီးသေးပါဘူး။ အဲဒီအချိန် ကျွန်တော်က ကျောင်းပြောင်း သွားတာမို့ သူနဲ့ ကျွန်တော် ကျောင်းချင်း မတူတော့ပါဘူး။ အဲဒါကြောင့် သူ့အိမ်နား သွားပတ်ပါတယ်။ ကျူရှင် ဆင်းချိန် သွားကြောင် ပါတယ်။ အကယ်ဒမီရှော့တ်နဲ့ သူလာမယ့်လမ်းမှာ မိုးရေထဲ ထီးမဆောင်းဘဲ ငုတ်တုတ်ထိုင် စောင့်ပြဖူး ပါတယ်။ မိုးရေထဲ ငုတ်တုတ်ထိုင်နေတာ မြင်တော့ တစ်ချက်တော့ ငဲ့ကြည့်သွားပါတယ်။ စိတ်ထဲမှာတော့ ကိုယ့်ကို သနားသွားပြီ ထင်တာပါ။ အမှန်တကယ်တော့ ဖျားပြီးသေရင် နည်းတောင် နည်းသေးတယ်လို့ တွေးသွားတာ နေမှာပါ။ တကယ်လည်း ကံကောင်းလို့ မဖျားတာပါ။

ကောင်မလေးကလည်း အတော် မေတ္တာရှိပုံ ရပါတယ်။ ကျွန်တော် နေ့စဉ်ရက်ဆက် သွားစောင့်ရင် တခြားလမ်းက ပတ်ပြန် ပါတယ်။ ဖုန်းဆက်ရင်လည်း စကားအမြန် ဖြတ်ပြီး ချပစ်ပါတယ်။ တခါတလေ နောက်မဆက်နဲ့ တွေ ဘာတွေ ကစ်တတ် ပါတယ်။ ကိုယ့်ဘက်ကတော့ မလျှော့သေးပါဘူး။ ငယ်သေးလို့ အိမ်က ဆူမှာစိုးလို့ မကြိုက်တာ နေမှာ ဘာညာနဲ့ ကိုယ့်ဘာသာကိုယ် လျော့လျော့ပေါ့ပေါ့ တွေးထားပါတယ်။

ဒီလိုနဲ့ပဲ ရက်ကို လစား၊ လကို နှစ်စားပြီး ၃ နှစ်ကျော် ၄ နှစ်ထဲ ရောက်လာပါတယ်။ ရည်းစားစကားသာ မပြောဖြစ် တာပါ။ ပတ်ဝန်းကျင်မှာတော့ ကျွန်တော် အဲဒီကောင်မလေးကို လိုက်နေတာ အားလုံး သိကြပါတယ်။ ၁၀ တန်း အောင်စာရင်း ထွက်ပြီးတော့မှ ရည်းစားစကား ပြောဖြစ်ပါတယ်။ ရည်းစား စကားပြောဖြစ်တဲ့ပုံကလည်း ရယ်စရာပါ။ အဲဒီနေ့က ကျွန်တော် အကြီးအကျယ် ကွဲနေပါတယ်။ (ကွဲနေတယ်ပဲ ထားလိုက်ပါတော့။ တစ်ခုခုပေါ့။) အဲဒီ အချိန် ကြောက်တဲ့ လန့်တဲ့စိတ် နည်းနည်းမှ မရှိပါဘူး။ ဒါနဲ့ပဲ ကောင်မလေးကို ဖုန်းခေါ်ပြီး ရည်းစားစကား ပြောလိုက် ပါတယ်။ သူကလည်း အတော် ပြတ်သား ပါတယ်။။ ရည်းစားစကား ပြောလိုက်တာနဲ့ ဖုန်းချ သွားပါတယ်။ ဒါလည်း မလျှော့သေးပါဘူး။ နောက်တစ်ပတ် နှစ်ပတ် လောက်နေတော့ နောက်တစ်ခေါက် ဖုန်းဆက်ပြီး ရည်းစားစကား ထပ်ပြော ပါတယ်။

ရည်းစားစကား ပြောပြီးတော့ အဖြေတောင်းဖို့ တာဝန် ရှိလာပါတယ်။ ဒါနဲ့ပဲ ကောင်မလေး ကို သွားစောင့်ပြီး အဖြေတောင်းဖို့ ကြံပါတယ်။ အဲဒီအချိန် ကောင်မလေး မြို့ထဲက ကေအမ်ဒီမှာ သင်တန်း တက်နေတယ်လို့ သူငယ်ချင်း တစ်ယောက်က သတင်းပေးပြီး သူဘယ်အချိန် သင်တန်းက ပြန်လာတတ်တယ် ဆိုတာကိုပါ  ပြောပြ သွားပါတယ်။ ဒါကြောင့် သူ သင်တန်းဆင်းမယ့် အချိန်ကို မှန်းပြီး သွားစောင့်ပါတယ်။ မှတ်မှတ်ရရ ၃၄ လမ်း ကေအမ်ဒီထိပ်မှာ မတ်တပ်ရပ် စောင့်တာ တစ်နာရီကျော် နှစ်နာရီကျော် ကြာပါတယ်။ ကောင်မလေးကိုတော့ အရိပ်အယောင်တောင် မတွေ့ပါဘူး။ ညနေ သူငယ်ချင်းတွေကို ပြန်ပြောတော့ ကေအမ်ဒီ ဆိုတာ ၃၄လမ်းတင် ရှိတာ မဟုတ်ဘူး။ ဆိပ်ကမ်းသာလမ်းမှာလည်း ရှိတယ်ဟလို့ သူငယ်ချင်း တစ်ယောက်က ပြောပြီး ဆဲပါတယ်။

ဒီလိုနဲ့ စုံစမ်းရင်း သူ ဆိပ်ကမ်းသာလမ်းက ကေအမ်ဒီမှာ တက်တယ် ဆိုတာ သေချာသွားပါတယ်။ ကျွန်တော်လည်း ဆိပ်ကမ်းသာလမ်း ကေအမ်ဒီကို ရောက်သွားပါတယ်။ ဒီတစ်ခါတော့ သင်တန်းပါ အပ်ပစ်လိုက်ပါတယ်။ အဲဒီအချိန်ကတော့ ကြောင်ချင်လို့သာ ကွန်ပျူတာ သင်တန်းတက်တာပါ။ ကိုယ့်ဘာသာကိုယ် တစ်ချိန်ကျရင် ပရိုဂရမ်မာ ဖြစ်လာမယ်လို့ လုံးဝ မတွေးမိတာ အမှန်ပါပဲ။  သင်တန်း သွားတက်ရင်းနဲ့ပဲ ကောင်မလေးနဲ့ ပြန်တွေ့ ပါတယ်။ အဲဒါနဲ့ လူလစ်တဲ့ အချိန် အဖြေတောင်းဖို့ ကျားချောင်း ချောင်းနေရပါတယ်။ အခွင့်က တော်တော်နဲ့ မကြုံ ပါဘူး။ ဒီလိုနဲ့ ကောင်မလေး မွေးနေ့ ရောက်တော့ မွေးနေ့ကတ်ဒ်ပေးမယ် ဆိုပြီး သူတို့ သင်တန်း ရှိတဲ့ အပေါ်ထပ်ကို တက်သွားပါတယ်။ ကံကြမ္မာက အဲဒီနေ့ကတော့ ကိုယ့်ဘက်မှာ ရှိပါတယ်။ အခန်းတစ်ခန်းထဲမှာ တစ်ယောက်တည်း ထိုင်ပြီး စာဖတ်နေတဲ့ ကောင်မလေးကို လှမ်းတွေ့လိုက် ပါတယ်။ ဒါနဲ့ပဲ အခန်းထဲ ဝင်သွားပါတယ်။

ရုပ်ရှင်ထဲကလို ဆိုရင်တော့ "ကိုယ့်ကို အဖြေ မပေးသေးဘူးလား။" မေးရင် ကောင်မလေးက "ဟင့်အင်း။ စဉ်းစားဦးမယ်။" လို့ ပြောမယ်။ ဒါမှ မဟုတ်ရင် ရှက်သလိုနဲ့ ဘာမှ မပြောဘဲ နေမယ်။ အဲဒီလိုမျိုး ဖြစ်မှာပါ။ အပြင်မှာတော့ အဲဒီလို မဟုတ်ပါဘူး။ "ကိုယ် ရည်းစားစကား ပြောထားတာ ဘယ်လို သဘောရသလဲ။" မေးတော့ "ယူ့ကို ကိုယ် စိတ်မဝင်စားဘူး။" လို့ အပြတ်ပြောပါတယ်။ "မစဉ်းစားတော့ ဘူးလား။" မေးတော့လည်း စဉ်းစာလည်း မထူးဘူး ဆိုတဲ့ ပုံစံမျိုး ပြောပါတယ်။ အဲဒီထက် ပိုဆိုးတာက သူ့မွေးနေ့ဆိုပြီး ကတ်ဒ်သွားပေးတာ အဲဒီနေ့က သူ့မွေးနေ့ မဟုတ်လို့ အူကြောင်ကြောင်နဲ့ ပြန်လာ ရပါတယ်။

ဒါပေမယ့်လည်း ယောက်ျားများ အချစ်ရေး ကိစ္စနဲ့ ပတ်သက်ရင် နွားသိုးလို ဇွဲကောင်းတယ် ဆိုလားဘာလား ကြားဖူးပါတယ်။ ကျွန်တော်လည်း မလျှော့ပါဘူး။ နောက်နေ့တွေလည်း သင်တန်းက အပြန် ကြုံရင် ကြုံသလို လိုက်ပါတယ်။ သူကလည်း အရှောင်အတိမ်း အတော် ကောင်းပါတယ်။ အပြေးလည်း သန်ပါတယ်။ တခါတလေ မျက်စိရှေ့တင် ဘယ်ရောက်သွားမှန်း မသိအောင် ကိုယ်ရောင် ဖျောက်တတ် ပါတယ်။ ဒီလိုနဲ့ပဲ အချိန်တွေ ကုန်လို့ နိုင်ငံခြား ရောက်လာပါတယ်။

နိုင်ငံခြားရောက်တော့လည်း စိတ်က မလျှော့သေး ပါဘူး။ စာရေးပါတယ်။ ဖုန်းဆက်ပါတယ်။ စာတစ်စောင်မှ ပြန်မလာသလို ဖုန်းဆက်တိုင်းလည်း တစ်ခါမှ မတွေ့ပါဘူး။ ဘယ်တွေ့ပါ မလဲ။ သူအိမ်ပြောင်းသွားတာ ကိုယ်က သိမှမသိတာ။ ဒီလိုနဲ့ နိုင်ငံခြားမှာ တစ်နှစ်လောက်နေပြီးတော့ ရန်ကုန် ခဏပြန်ဖြစ်ပါတယ်။ ရန်ကုန် ပြန်ရောက်တော့ သူ့ကို သွားပြီး ပတ်ပါသေးတယ်။ သူတို့ တက်တဲ့ တက္ကသိုလ်မှာ သွားစောင့်ပါတယ်။ ကံဆိုးချင်တော့ အဲဒီကျောင်းမှာ အတန်းတူ သူငယ်ချင်း ယောက်ျားလေး တစ်ယောက်မှ မရှိပါဘူး။ သူငယ်ချင်းတွေ အကုန်လုံးက တခြားကျောင်း တစ်ကျောင်းကို ရောက်နေကြ ပါတယ်။ သူများကျောင်းထဲ တစ်ယောက်တည်း သွားစောင့်ရတာ အတော်ကို ငေါင်ကြောင်ကြောင်နိုင်တဲ့ ကိစ္စပါ။

ကျောင်းမှာ စောင့်နေရင်း သူ့ကို မတွေ့ပေမယ့် ငယ်ငယ်က တစ်ကျောင်းတည်း အတူ တက်ခဲ့ဖူးတဲ့ သူငယ်ချင်း ကောင်မလေး တစ်ယောက်နဲ့ သွားဆုံပါတယ်။ သူကလည်း ကိုယ့်ကို တွေ့တာနဲ့ ဘာလာလုပ်တယ် ဆိုတာ ချက်ချင်း တန်းပြီး သိပါတယ်။ အဲဒီ ကောင်မလေး ကျေးဇူးနဲ့ သူတို့ ဘယ်အတန်းမှာ တက်နေတယ် ဆိုတာတော့ သိလိုက် ရပါတယ်။ အဲဒီလိုနဲ့ သူတို့ အတန်းရှေ့ ရောက်သွားပါတယ်။ တခြားကျောင်းတွေတော့ ဘယ်လိုနေသလဲ မသိပါ။ သူတို့ ကျောင်းမှာတော့ အတန်းရှေ့ ရစ်သီရစ်သီ လုပ်နေတာ ကျွန်တော် တစ်ယောက်တည်း ရှိပါတယ်။ ခဏနေတော့ အတန်းထဲက ကောင်မလေး ၃ ယောက် ထွက်လာပါတယ်။ သူတို့က ကျွန်တော့်ဆီလာပြီး သူ့ကို လာစောင့်နေတာလား ဆိုပြီး မေးကြပါတယ်။ ကြည့်ရတာတော့ အတန်းထဲက ကျွန်တော့် ကျောင်းနေဖက် သူငယ်ချင်း ကောင်မလေး သတင်းပေးလိုက်တဲ့ ပုံပါပဲ။ ကျွန်တော်က ဟုတ်တယ် ဆိုတော့ အဲဒါဆို အတန်းထဲ လိုက်ခဲ့လေ ဆိုပြီး ခေါ်သွားပါတယ်။

အဲဒီကျောင်းက လူစိမ်းဝင်ရင် အတော်သိသာတဲ့ ကျောင်းပါ။ ကျွန်တော် အတန်းထဲ ဝင်လာတော့ ကောင်မလေးလည်း မနေနိုင်တော့ပဲ ကင်န်တင်း သွားရအောင် ဆိုပြီး အတန်းထဲက ထွက်လာပါတယ်။ အတန်းထဲမှာဆို ပိုဆိုးတယ် မဟုတ်လား။ ဒီလိုနဲ့ သူမနဲ့ ကျွန်တော် နှစ်ယောက်သား ကျောင်းကင်န်တင်းကို ရောက်ခဲ့ကြပါတယ်။ ရုပ်ရှင်ထဲကလို ဆိုရင်တော့ ဒန်တန့်ဒန်ပေါ့။ ကျောင်းကင်န်တင်းမှာ နောက်တစ်ခေါက် ရည်းစားစကား ထပ်ပြောပြီး အဖြေ တောင်းတော့ နောက်တစ်ခေါက် ထပ် အငြင်း ခံရပါတယ်။ ဘယ်လို လှည့်ပတ်ပြောပြော မရပါဘူး။ အဖြေက နိုးပါပဲ။ ဒီလိုနဲ့ပဲ ဇာတ်လမ်းက အဆုံးသတ် သွားပါတယ်။

ရှေးခေတ်ကလူတွေ သုံးနှစ် သုံးမိုး မိန်းမပိုးတာ လောက်တော့ ပျင်းတောင် ပျင်းသေးတယ် ပြောရမှာပါ။ ကျွန်တော် အဲဒီ ကောင်မလေးကို လိုက်ခဲ့တာ သုံး နှစ် သုံးမိုးရဲ့ ၃ ခါပြန် ကိုးနှစ်ကျော် ကြာပါတယ်။ မရတာက မရတာပါပဲ။ ဇွဲကောင်းတယ် ဆိုတာ တခြားနေရာမှာပဲ အသုံးဝင်တဲ့ပုံ ရှိပါတယ်။ အချစ်ရေးမှာတော့ ဇွဲကောင်းတယ် ဆိုတာ ကလည်း သုံးစားလို့ ရဟန် မတူပါဘူး။ ပို့စ်ရဲ့ ခေါင်းစဉ်ကို ဆက်ပြောရရင် မေတ္တာဆိုတာ အလျားအနံ မရှိသလို အသွားအပြန် ဆိုတာလည်း ရှိချင်မှ ရှိတတ် ပါတယ်လို့ ပြောရပါမယ်။

Tuesday, November 23, 2010

ဟိုဘက်လမ်းက မီးနီနီ ဒီဘက်လမ်းက မီးနီနီ

သိပ်မကြာသေးတဲ့ အချိန်ကာလ တစ်ခုက စင်ကာပူက စာအုပ်ဆိုင် တစ်ဆိုင်မှာ "No Money, No Honey" ဆိုတဲ့ စာအုပ်တစ်အုပ် တွေ့လို့ ဟိုလှန်ဒီလှန် ကြည့်မိပါတယ်။ အဲဒီစာအုပ်ထဲမှာ ရေးထားတဲ့ အကြောင်းတွေ ကတော့ စလုံးမှာ ရှိတဲ့ စက် နဲ့ ပတ်သက်တဲ့ ဖျော်ဖြေရေး လုပ်ငန်း တွေ အကြောင်းပါ။ အဲဒီ စာအုပ်အရ စင်ကာပူမှာ မီးနီ ရပ်ကွက် ၃ ခု ရှိတယ် လို့ ရေးထားပါတယ်။ ပထမဆုံး တစ်ခုကတော့ နာမည်ကျော် ဂေလန်းပါ။ နောက်တစ်ခုကတော့ မူစတာဖာ အနောက်နားမှာ ရှိတဲ့ ဒက်စကားလမ်းပါ။ တတိယ တစ်ခုက ဘယ်နေရာလဲ ကျွန်တော် မသိပါဘူး။

ဒက်စကားလမ်း အကြောင်း ဖတ်မိတော့ ကျွန်တော်တို့ စလုံး ရောက်ခါစက အဲဒီ လမ်းထဲကို ရောက်သွားတာ ပြန်သတိရမိ ပါတယ်။ အဲဒီအချိန် ကတော့ အားရင် တမြို့လုံးပတ်ပြီး လျှောက်သွားနေတာမို့ Little India လို့ ခေါ်တဲ့ ကုလားတန်းကို တခါတလေ ရောက်ဖြစ်ပါတယ်။ တစ်ခါတော့ Little India သွားရင်း စလုံးမှာ ရောက်တာကြာလို့ လူလည် ဖြစ်နေတဲ့ သူငယ်ချင်း တစ်ယောက်က "ဟေ့ကောင်တွေ။ နောက်ဖေးလမ်းကြားထဲ သွားမယ်။" ဆိုပြီး စပြောပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ တတွေ မူစတာဖာ ကုန်တိုက် အနောက်ဖက်မှာ ရှိတဲ့ ဒက်စကားလမ်းထဲကို ချော်တောငေါ့ပြီး ရောက်သွားကြ ပါတယ်။ ဘယ်လို နေသလဲ မေးရင်တော့ အတော်ကို အော်ဂလီဆန်စရာ ကောင်းတဲ့ နေရာပါ။ ဘာနံ့မှန်း မသိတဲ့ အနံ့ ဆိုးဆိုးရွားရွားတွေ ရှိပါတယ်။ လမ်းဘေးက အိမ်တွေထဲမှာ အိမ်ရှေ့တံခါး အကုန်ဖွင့်ထားပြီး အဲဒီ အိမ်တွေရဲ့ ဧည့်ခန်းတွေမှာ ပြင်ဆင်ပြီး ထိုင်နေတဲ့ အောက်အီးအီးအွတ် မအော်တဲ့ ကြက်တွေ ရှိပါတယ်။ ကြက်ဆိုပေမယ့်လည်း ဘုရားစူး ကြက်ပါ။ အသက်ကြီးကြီး အဖွားကြီးတွေ ဝတုတ်မကြီးတွေ များပါတယ်။ အဲဒီလမ်းထဲ ရောက်ရင် အန်ချင်စိတ် အလိုလို ဖြစ်ပါတယ်။

ငယ်ငယ်ချောချောလေးတွေ မရှိဘူးလားဆိုတော့ တစ်ယောက်တစ်လေတော့ တွေ့ရ တတ်ပါတယ်။ ကျွန်တော်တို့ ဒက်စကား လမ်းထဲက ဖြတ်လျှောက်ပြီး လမ်းထိပ်ထွက်လာတော့ အဲဒီမှာ စွပ်ကျယ် အင်္ကျီလို အင်္ကျီမျိုးနဲ့ စကတ် အတို ဝတ်ထားတဲ့ အသက် ခပ်ငယ်ငယ် ကောင်မလေး တစ်ယောက်ကို ကုလားတွေ အလုအယက် ဝိုင်းအုံကြည့်နေတာမြင်လို့ ကျွန်တော်တို့လည်း ရောယောင်ပြီး ဝင်ကြည့်ကြ ပါတယ်။ ကောင်မလေးက အသားဖြူဖြူ ချောချောလေးပါ။ အိမ်ရှေ့ထွက်ပြီး နည်းမျိုးစုံနဲ့ ကြာပစ် နေပါတယ်။ ခဏနေတော့ မနေနိုင် မထိုင်နိုင်တဲ့ ကုလားတစ်ယောက် လူအုပ်ထဲက ထွက်ပြီး အဲဒီ အိမ်ထဲ ဝင်သွား ပါတယ်။ ကျွန်တော်တို့ သူကို့ကြည့်ပြီး ရယ်ကြ ပါတယ်။ ဘာလို့လဲ ဆိုတော့ ကြည့်နေရင်းနဲ့မှ အဲဒီကောင်မလေးက ကောင်မလေး အစစ်မဟုတ်ဘဲ ဟော်မုန်းဆေး ထိုးထားတဲ့ ဖြတ်ဖောက်ချုပ်ကြီး ဆိုတာ သိလိုက်ရလို့ပါ။

စလုံးမှာ ဥပဒေအရ လမ်းမပေါ်ထွက်ပြီး ဖောက်သည်ခေါ်ရင် တရားမဝင်ပါဘူး။ မီးနီရပ်ကွက်တွေမှာတော့ တရားဝင် မှတ်ပုံတင်ပြီး အိမ်ထဲမှာ လုပ်စားခွင့် ရှိပါတယ်။ လုပ်စားမယ့် သူတွေ အနေနဲ့ ပုံမှန် ဆေးစစ်ရပါတယ်။ ဒါဆိုရင် စင်ကာပူမှာ မီးနီရပ်ကွက်က လွဲလို့ တခြားနေရာ ဘယ်နေရာမှ မရှိဘူးလားလို့ မေးချင်စရာပါ။ မယုံမရှိပါနဲ့။ စင်ကာပူ တစ်မြို့လုံး နေရာတကာမှာ ဘိ ချည်းပါပဲ။  ဒါပေမယ့် ပေါ်တင်တော့ မလုပ်ကြပါဘူး။ ဆပါး၊ မာဆပ်၊ Health စင်တာ စတဲ့ ခေါင်းစဉ် အမျိုးမျိုး တပ်ပြီး လုပ်စားကြပါတယ်။

စင်ကာပူကို တခြားနိုင်ငံက သူငယ်ချင်းတွေ အလည်လာရင် ငါးပြတိုက်ကို ဝင်းဒိုး ရှော့ပင်း လိုက်ပို့ ရပါတယ်။ ငါးပြတိုက် ဆိုတာ စင်တိုဆာမှာ ရှိတဲ့ ရေအောက်ကမ္ဘာ မဟုတ်ပါဘူး။ ဖြူဖြူဖွေးဖွေး ရေဆေးငါးကြီးများကို မှန်ခန်းထဲမှာ ထည့်ပြထားတဲ့ ဂေလန်းလို့ အများသိကြတဲ့ ရပ်ကွက်ပါ။ ကျွန်တော်တို့က လိုက်ပြရုံပြတာပါ။ အထဲ ဝင်တာ မဝင်တာ ကတော့ ကိုယ့်ဒေါသနဲ့ ကိုယ်ပါပဲ။ ဂေလန်းမှာ မြန်မာတွေ ဘယ်လောက်တောင် အားပေးထားကြ သလဲတော့ မသိပါဘူး။ ခေါင်းတွေက အစ မြန်မာစကားနဲ့ ဈေးကြိုတတ် ကြပါတယ်။

အဖမ်းအဆီးတွေ မများခင် အချိန်တုန်းကတော့ လိုရောင်း ၁၄၊ လိုရောင်း ၁၂၊ လိုရောင်း ၈ (လိုရောင်းဆိုတာ မလေးဘာသာနဲ့ လမ်းသွယ်ကို ခေါ်တာပါ။) တို့ ဘေးမှာ စီတန်းပြီး ရပ်နေတဲ့ ကောင်မလေးတွေကို ပွဲဈေးတန်းလိုမျိုး စည်စည်ကားကား တွေ့ရတတ် ပါတယ်။ မလေးမ၊ အင်ဒိုမ၊ တရုတ်မ၊ ကုလားမ၊ အဖြူမ အစုံရှိပါတယ်။ လိုရောင်း ၈ က ဂေလန်းမှာ နာမည် အကြီးဆုံးလမ်းပါ။ အဲဒီမှာတော့ ရက်ရက်စက်စက် ချောတဲ့လှတဲ့ ပြည်ကြီး တရုတ်မတွေ ရှိပါတယ်။ သူတို့ ဘေးက ဖြတ်လျှောက်သွားရင် တရုတ်လို "ချွိမား" (သွားမလား) လို့ မေးပြီး ဈေးခေါ်ကြပါတယ်။ သူငယ်ချင်း တစ်ယောက်က ဆိုရင် အဲဒီတရုတ်မတွေကို ကြည့်ပြီး "ငါတို့ မိန်းမရရင်တောင်မှ ဒီလောက် ချောတာလှတာ ရပါ့မလား မသိဘူးကွာ။" လို့ ညည်းဖူး ပါတယ်။ လိုရောင်း ၁၂ မှာတော့ ပလက်ဖောင်းပေါ်က လျှောက်သွားရင် ကောင်မလေးတွေက အတင်း ဝိုင်းဆွဲကြတာမို့ ပလက်ဖောင်းပေါ်ကတောင် မလျှောက်ရဲ သလောက် ပါပဲ။ ရန်ကုန်က ရောက်ခါစ သူငယ်ချင်းတွေကို လိုက်ပို့ပေးတုန်းက ကျွန်တော်တို့ သူတို့ကို ဝိုင်းပြီး ချောက်ချ ကြပါတယ်။ သူတို့ကို ပလက်ဖောင်းပေါ်မှာ ရှေ့က အသာလေး လွှတ်ပေးပြီး ကျွန်တော်တို့က လမ်းမပေါ်က ပတ်လျှောက် ကြတာပါ။ သူတို့ ကောင်မလေးတွေ ဘေးဖြတ်သွားတုန်း အမဲဖျက်သလို ဝိုင်းဆွဲကြတာမို့ အားလုံး ပြေးပေါက်မှား ကုန်ပါတယ်။ အခုတော့ အဖမ်းအဆီးတွေ များလို့ အဲဒီလို လမ်းမပေါ်မှာ ရပ်နေတဲ့ ကောင်မလေးတွေ မရှိသလောက်ပါပဲ။

တစ်ခါကတော့ ဂေလန်းမှာ လမ်းလျှောက်ရင်း ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်း တစ်ယောက် အိမ်သာတက်ချင်လို့ ဒုက္ခရောက်ကြပါတယ်။ လူစုံတဲ့ ရပ်ကွက်မို့ အဲဒီအရပ်က တွိုင်းလက်တွေက အတော်ညစ်ပတ်ပါတယ်။ နောက်ဆုံးတော့ ကြံရာမရလို့ လမ်းဘေးက ထရန်စစ် ဟိုတယ် လို့ ခေါ်တဲ့ နာရီပိုင်းနဲ့ ငှားစားတဲ့ ဟိုတယ်တစ်ခုမှာ တစ်နာရီ အခန်းငှားပြီး အိမ်သာဝင်တက် ရပါတယ်။ သွားတာက ၄ ယောက်ပေမယ့် ဟိုတယ်က ၄ ယောက် တပြိုင်တည်း အခန်းထဲ ဝင်တာ လက်မခံလို့ ၂ ယောက်စီ ခွဲပြီး အပေါ်တက်ရပါတယ်။ မှတ်မှတ်ရရ ၁၅ ဒေါ်လာ ပေးပြီး အိမ်သာ တက်ခဲ့ရတာမို့ တသက်မှာ ဈေးအကြီးဆုံးပေးပြီး အိမ်သာ တက်ခဲ့ဖူးတာလို့ ပြောရပါလိမ့်မယ်။

Monday, November 22, 2010

FireFox မြန်မာဘာသာပြန် ဆော့ဖ်ဝဲလ်

မီးမြေခွေးကြီးကို မြန်မာလို သုံးလို့ ရပါပြီ။ FireFox မှာ မြန်မာစာ Plug-in ဘယ်လို အင်စတောလ်လုပ်ရမလဲ ဆိုတာကို သိချင်ရင်တော့ အောက်ကလင့်ခ်မှာ သွားကြည့်ပါ။

http://www.myanmars.net/winmyanmar/2009-11-04-13-07-36/80--firefox-browser-.html

မြန်မာဘာသာနဲ့ ဖိုင်းယားဖောက်စ်ရဲ့ Screen တွေကို ဒီလို တွေ့ရပါတယ်။



ပွင့်လာနေတယ်တဲ့။ Loading ကို မြန်မာမှု ပြုထားတာပါ။


ရွေ့တော့မှာလားတဲ့။ ကိုယ့်ကို ဘယ်လို ထားခဲ့မှာလဲ။ ဟတ်ကော့ကြီး ချန်ထားခဲ့မှာလားလို့ မေးနေပါတယ်။


ဒါကတော့ Tools ထဲက Options ကို မြန်မာမှု ပြုထားတာပါ။ အိုကေ ဆိုတာ မြန်မာလို ကောင်းပြီ လို့ အဓိပ္ပာယ်ရပါတယ်။ Cancel  ကတော့ပယ်ဖျက်ပါ လို့ ဆိုပါတယ်။ ဘိုလို သုံးနေကြမို့ မြန်မာလို မသိမှာစိုးလို့ ဘာသာပြန်ပေးတာပါ။ :P


ဒါကတော့ Encoding တွေကို မြန်မာလို ဘာသာပြန်ထားတာပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် သုံးနေကြ ဆော့ဖ်ဝဲလ်ကို မြန်မာလို သုံးကြည့်ရတော့ နည်းနည်း အသစ်အဆန်း ဖြစ်တာပေါ့။ ဘာသာပြန်ပေးသူများကို ကျေးဇူးတင်ပါတယ်။

Sunday, November 21, 2010

ကေပိုး

ကေပိုး (Kay Poh) ဆိုတာ စင်းဂလစ်ရှ်စကားပါ။ အင်္ဂလိပ်လို တိုက်ရိုက် ဘာသာပြန်မယ် ဆိုရင်တော့ busybody လို့ အဓိပ္ပာယ် ရပါတယ်။ ကိုယ့်အလုပ်ကိုယ် မလုပ်ဘဲဟိုနေရာ စပ်စပ် ဒီနေရာစပ်စပ် ဝင်ပါ တတ်တာမျိုးကို ခေါ်ပါတယ်။ ကျွန်တော်လည်း တခါတလေ နည်းနည်း ကေပိုး လုပ်တတ် ပါတယ်။  အိမ်အောက်မှာ မီးသတ်ကား လူနာတင်ကား တတီတီ တတော်တော် နဲ့ လာရင် ဆင်းကြည့်တတ်သလို အိမ်နားမှာ ခုနစ်အိမ်ကြား ရှစ်အိမ်ကြား ရန်ဖြစ်နေရင်လည်း ပြတင်းပေါက်က ထွက်နားထောင်တတ် ပါတယ်။ ကျွန်တော်တို့ အိမ်နားမှာ တစ်ရပ်ကွက်လုံး ကြားအောင် ရန်ဖြစ်တတ်တဲ့ မြန်မာမတွေ ရှိပါတယ်။ သူတို့ အော်သမျှ ဟစ်သမျှတွေက စလုံးတွေ ဘယ်လိုနေမယ် မသိပေမယ့် မြန်မာစကား နားလည်တဲ့ ကျွန်တော်တို့ အတွက်တော့ အတော် ရယ်စရာ ကောင်းတာတွေ ပါတတ် ပါတယ်။

ဒီနေ့တော့ အိမ်ပြန်လာကတည်းက ဖေ့စ်ဘွတ်ခ် ဝင်လိုက်၊ ဝီကီထဲမှာ ဟိုဟိုဒီဒီ လျှောက်ကြည့်လိုက် လုပ်နေတာ ည ၁၀ နာရီခွဲ နီးပါး ဖြစ်သွားပါတယ်။ ဘလော့ခ်ရေးဖို့တော့ အာရုံမရှိပါဘူး။ အဲဒီအချိန်မှာ အစ်ကိုက ဖုန်းဆက်ပြီး ဆိုင်ကို ခဏ သွားပေးပါ ဆိုတာနဲ့ ဆိုင်ဖက်ကို ထွက်လာ ခဲ့ပါတယ်။ ဆိုင်ကနေ အိမ်ကို ပြန်လာတော့ ၁၁ နာရီ ကျော်ပါပြီ။ အမ်အာရ်တီ နားက ဖြတ်ပြီး အိမ်ဖက်ကို လမ်းလျှောက်လာတဲ့ အချိန်မှာတော့ ထူးထူးခြားခြား ဖြစ်နေတာ စတွေ့လိုက် ရပါတယ်။

အမ်အာရ်တီက အထွက် လူသွားလမ်းနဲ့ ယှဉ်ရက် တိုက်တစ်လုံးဘေးမှာ လူတွေ ၄-၅ ယောက် အော်ဟစ်ပြီး ပြေးလွှားနေတာ လှမ်းတွေ့ရ တာပါ။ အတွင်းဘက် အခြမ်းမှာ ၃ ယောက်လောက် ပြေးနေပြီး အပြင်ဖက် အခြမ်းမှာ ၃ယောက်လောက် ပြေးနေကြ ပါတယ်။ ရန်ဖြစ်နေတာလား မသိမသာ လှမ်းကြည့်မိ ပါတယ်။ ရန်ဖြစ်တာ ဆိုရင်တော့ ကေပိုး လုပ်ပြီး ရဲကို ဖုန်းဆက်ခေါ် မလို့ပါ။ ဒါပေမယ့် လူသွားလမ်း အဆုံးကို ရောက်တော့ ရဲကားတစ်စီး ကို တွေ့လိုက် ရပါတယ်။ အဲဒီတော့ မြန်မာ ရုပ်ရှင်တွေ ထဲကလို့ ဇာတ်လမ်းပြီးလို့ ပြည်သူ့ရဲတွေ ရောက်လာပြီလား မသိဘူးလို့  တွေးလိုက်မိပါတယ်။

ဒါပေမယ့် ဒီတစ်ခါ နည်းနည်း ထူးခြားပါတယ်။ ဇာတ်လမ်းက ပြီးတဲ့ပုံ မပေါ်သေးပါဘူး။ ကျွန်တော် ရဲကားဘေးက ဖြတ်သွားတဲ့ အချိန်မှာ နောက်ထပ် ရဲကား ၂ စင်း လောက် ထပ်ပြီး ဝင်လာတာကို တွေ့ရပါတယ်။ စလုံးမှာ ပုံမှန် အမှု သေးသေးမွှားမွှားဆိုရင် ရဲကား ၂ စင်းလောက် ဒါမှ မဟုတ် ရဲ ၄-၅ ယောက်လောက်နဲ့ ကိစ္စ ပြတ်ပါတယ်။  နောက်ပြီး လူနာတင်ကားလည်း ပါလာတတ် ပါတယ်။ ဒီတစ်ခါတော့ ရဲတွေက နည်းနည်းနောနော မဟုတ်တဲ့ အပြင် လူနာတင်ကားလည်း မတွေ့ရတော့ နည်းနည်း ထူးခြားနေ ပါတယ်။ နောက်ထပ် ရောက်လာတဲ့ ရဲကားတွေက ဟိုင်းအေ့စ်လို ပုံစံ ပေါင်မုန့်ကားတွေပါ။ ကားတစ်စင်းကို ရဲ ၇ ယောက် ၈ ယောက်လောက် ပါပါတယ်။ ရဲဝတ်စုံနဲ့ ရဲတွေ ပါသလို အရပ်ဝတ် အရပ်စားနဲ့ ရဲတွေလည်း ပါပါတယ်။ အရပ်ဝတ်အရပ်စားနဲ့ ရဲတွေကို ရဲကားပေါ်မှာ စတွေ့တော့ ရဲဖမ်းလာတဲ့ တရားခံတွေ ထင်တာပါ။ ယူနီဖောင်းဝတ် ရဲတွေနဲ့ အတူတူ ကားပေါ်က ဆင်းလာမှပဲ အရပ်ဝတ်နဲ့ ရဲတွေ ဆိုတာ သိရတာပါ။

သူတို့တွေ ခုန လူ ၅ ယောက်လောက် ပြေးနေကြတဲ့ တိုက်ထဲကို ဝင်သွားကြပါတယ်။ ကျွန်တော်လှမ်းကြည့်တော့ ခုန ပြေးလွှားနေတဲ့ ထဲက အရပ်ဝတ်နဲ့ ရဲနှစ်ယောက်က ကောင်လေး ခပ်ငယ်ငယ် တစ်ယောက်ကို လက်ထိတ်ခတ်ပြီး ဖမ်းလာတာ တွေ့ရပါတယ်။ အဲဒါနဲ့ တိုက်ဘေးက ပတ်ပြီး ဆက်လျှောက်လာရင်း မလှမ်းမကမ်းကနေ ရပ်ကြည့် နေပါတယ်။ ပိုပြီး အံ့အားသင့်စရာ ကောင်းတာက အဲဒီလို ကြည့်နေတုန်းမှာ နောက်ထပ် ရဲကား ၄-၅ စင်း ထပ်ရောက်လာတာပါ။ ရဲအားလုံးပေါင်း အယောက် ၃၀ ကျော် ၄၀ နီးပါး လောက် ရှိမယ် ထင်ပါတယ်။ သူတို့တွေ အားလုံး ခုနက တိုက်ထဲကိုပဲ စုပြုံပြီး ဝင်သွားကြပါတယ်။

ဟင်းကောင်းစားရရင် မိတ်ဆွေကောင်းကို သတိရတယ် ဆိုသလို မျိုးပါပဲ။ ပွဲက ကောင်းနေပြီဆိုတော့ ဒီလိုပွဲမျိုးတွေမှာ ကျွန်တော်နဲ့ အတူ လိုက်အားပေးတတ်တဲ့ သူငယ်ချင်းကို သတိရသွား ပါတယ်။ အဲဒါကြောင့် အိမ်ပေါ်မှာ ရှိနေတဲ့ သူငယ်ချင်းကို ဖုန်းဆက်ပြီး အိမ်အောက် ဆင်းလာဖို့ လှမ်းခေါ်လိုက်ပါတယ်။ ခုန ရဲတွေ ဝင်သွားတဲ့ တိုက်က ပြင်နေတာမို့ ဘေးမှာ သွပ်ပြားတွေ ကာထားပါတယ်။ အဲဒါကြောင့်မို့ အပြင်က လှမ်းကြည့်ရင် အထဲမှာ ဘာဖြစ်နေတယ် ဆိုတာ မမြင်ရပါဘူး။  ကျွန်တော် ရပ်နေတဲ့ နေရာနားမှာ ရှိတဲ့ ထမင်းဆိုင်ထဲက တရုတ်တွေလည်း ထွက်လာပြီး ကြည့်ကြပါတယ်။ သူတို့က အဲဒီတိုက်ရဲ့ ၇ ထပ် ၈ ထပ်လောက် အမြင့်ကို မော့ပြီး ကြည့်နေတာမို့ ကျွန်တော်လည်း သူတို့ ကြည့်တဲ့နေရာ လိုက်ကြည့်ပါတယ်။ ဘာမှ မတွေ့ရပါဘူး။ အနားက တရုတ် အဖွားကြီး တစ်ယောက် ရောက်လာပြီး ရဲတွေကလည်း အများကြီးပဲ။ ဘာဖြစ်နေသလဲ ဆိုပြီး အနားက တရုတ်တွေကို မေးနေသံ ကြားရပါတယ်။ သူတို့လည်း ဘာဖြစ်နေသလဲ ဆိုတာ ရေရေရာရာ မသိကြပါဘူး။

အဲဒီအချိန်မှာပဲ ကျွန်တော့် သူငယ်ချင်း ရောက်လာပါတယ်။ သူငယ်ချင်းရောက်လာတော့ အဖော်ရပြီမို့ ဒီထက်ပိုပြီး မြင်ကွင်းကောင်းတဲ့ နေရာက သွားကြည့်ကြဖို့ တိုင်ပင်ကြ ပါတယ်။ အဲဒါနဲ့ အမ်အာရ်တီဖက်ကို ပြန်လမ်းလျှောက်ခဲ့ ကြပါတယ်။

ဒီလိုနဲ့ တိုက်ကို တစ်ပတ်ပတ်ပြီးတော့ ကျွန်တော်တို့ အဲဒီ တိုက်နေရာကို ရှင်းရှင်းလင်းလင်း မြင်ရတဲ့ လူသွားလမ်းပေါ် ရောက်လာပါတယ်။ အဲဒီအချိန်မှာတော့ တိုက်အောက်မှာ စုပြုံ နေကြတဲ့ ရဲတွေကို လှမ်းတွေ့ရပါတယ်။ တိုက်အောက်ဖက် မှာတော့ ကောင်လေး ၃-၄ယောက် ငုတ်တုတ် ထိုင်ခိုင်းထားပြီး ဘေးမှာ ရဲတွေ စောင့်နေတာ တွေ့ရပါတယ်။ အခုလတ်တလော စလုံးမှာ ဖြစ်နေတာနဲ့ ဆက်စပ်ပြီး တွေးကြည့်ရင် ရဲတွေဘာလို့ ဒီလောက်များနေသလဲ ဆိုတာ စဉ်းစားလို့ ရသွားပါပြီ။ ဖမ်းထားတဲ့ ကောင်လေးတွေကလည်း အသက်ငယ်ငယ် ရဲတွေကလည်း အများကြီး ဆိုတော့ ဂန်းစတား ကိစ္စ ဖြစ်ဖို့ များပါတယ်။

ကျွန်တော်တို့ ဆက်လျှောက်လာပြီး အမ်အာရ်တီကနေ လူသွားလမ်းပေါ် ဆင်းတဲ့ တံတားပေါ်ကနေ ရပ်ကြည့်ကြ ပါတယ်။ အခုတော့ ရှင်းရှင်းလင်းလင်း မြင်နေရပါပြီ။ ရဲတွေကိုရော ဖမ်းထားတဲ့ ကောင်လေးတွေကိုရော အားလုံးကို ကွက်ကွက်ကွင်းကွင်း မြင်နေ ရပါတယ်။ ဆက်ပြီး ကြည့်နေတုန်းမှာပဲ မကြာခင် မင်္ဂလာဆောင်တော့မယ့် သူငယ်ချင်း စုံတွဲ အမ်အာရ်တီထဲကနေ ထွက်လာပါတယ်။ ကျွန်တော်တို့ကို ဘာဖြစ်တာလဲ မေးကြရင်း ပွဲကောင်းနေတယ် ဆိုတော့ သူတို့ပါ ဝင်ပြီး အားပေးကြ ပါတယ်။ ခုန ထိုင်ခိုင်းထားတဲ့ ကောင်လေးတွေ နေရာမှာ ကောင်မလေး ၃-၄ ယောက်ကိုပါ ထပ်ခေါ်လာတာ တွေ့ရပါတယ်။

မကြာခင် နောက်ထပ် သူငယ်ချင်း လင်မယား စုံတွဲတစ်တွဲ ထပ်ရောက်လာပြန်ပါတယ်။ သူတို့ကတော့ ခဏ စကားပြောပြီး ဆက်ထွက်သွားကြ ပါတယ်။ သူတို့ ထွက်သွားပြီးတော့ နောက်တစ်ခေါက် ထပ်ရောက်လာတာကတော့ ရဲပါ။ အရပ်ဝတ်နဲ့ ရဲ ၄ ယောက်လောက် ကျွန်တော်တို့ ဆီကို ရောက်လာကြပါတယ်။ ကျွန်တော်တို့ကို တွေ့တော့ ဖမ်းထားတာ မင်းတို့နဲ့ အသိတွေလားလို့ မေးပါတယ်။ ကျွန်တော်က မဟုတ်ဘူး။ ဆိုင်က ပြန်လာရင်း ရုတ်ရုတ်ယက်ယက် ဖြစ်နေတာ တွေ့ရလို့ ဘာလဲဆိုတာ ရပ်ကြည့်နေတာလို့ ဖြေလိုက်ပါတယ်။ ရဲက မစိုးရိမ်ပါနဲ့။ အားလုံး အေးဆေးပါလို့ ပြန်ပြော ပါတယ်။

နောက်တော့ သူတို့ရဲ့ ထုံးစံအတိုင်း အိုင်စီ တောင်းလို့ ကျွန်တော်တို့ အိုင်စီ ထုတ်ပေးလိုက်ပါတယ်။ အဲဒီတော့လည်း သူတို့က ထုံးစံ အတိုင်း နံပါတ်မှတ်ပါတယ်။ စလုံးမှာ အိုင်စီရကတည်းက နံပါတ်မှတ်ခံရတာ ဒီတစ်ခါတည်း မဟုတ်လို့ ရိုးနေပါပြီ။ ပထမဆုံး တစ်ခေါက်က ကလယ်မန်တီ မြောင်းဘေးမှာ သူငယ်ချင်းတွေ စာမေးပွဲပြီးတဲ့နေ့ ညသန်းခေါင် ဂစ်တာတီး သီချင်းဆိုနေတုန်း ပတ္တရောင်လှည့်တဲ့ ရဲကားနဲ့ တွေ့လို့ အိုင်စီနံပါတ် အမှတ်ခံရ ဖူးပါတယ်။ နောက်ထပ် ၂ခေါက် ကတော့ ရဲနဲ ဆိုင်တဲ့ကေ့စ် ဖြစ်နေတုန်း ဘေးမှာ ရှိနေလို့ သက်သေ အနေနဲ့ ထွက်ချက်ပေးပြီး အိုင်စီနံပါတ် အမှတ်ခံရ တာပါ။ အဲဒီလို ခဏခဏ ကြုံနေတော့လည်း အိုင်စီနံပါတ် အမှတ်ခံရတာ အဆန်း မဟုတ်တော့ပါဘူး။

နောက်တော့ ရဲက အခုတလော စလုံးမှာ ဖြစ်နေတာတွေ ကြားတယ် မဟုတ်လားမေးလို့ ကြားတယ်လို့ ပြန်ဖြေ လိုက်ပါတယ်။ အခုတလော ပါဆားရစ်မှာ ဖြစ်တဲ့ ဓားခုတ်လူသတ်မှု၊ ဘူကစ်ပန်ဂျန်းမှာ ဖြစ်တဲ့ ဓားခုတ်မှုတွေကြောင့် ဂန်စတား ကိစ္စ အတော် နာမည်ကြီး နေပါတယ်။ တခြားနေရာမှာဆို အံ့သြစရာ မဟုတ်ပေမယ့် စလုံးလို အမှုအခင်းနည်းတဲ့ နိုင်ငံမှာတော့ ဒီသတင်းတွေကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်နေပါတယ်။ ရဲက ကျွန်တော်တို့ကို  မသင်္ကာစရာ တစ်ခုခု တွေ့ရင် ရဲကို သတင်းပေးဖို့၊ အထူးသဖြင့် လူငယ် ဂန်းစတားတွေ ဒါမှမဟုတ် ဓားကိုင်ထားတဲ့ လူငယ်တွေ တွေ့ရင် ရဲကို ချက်ချင်း ဖုန်းဆက်ပေးဖို့ ပြောပါတယ်။ သူနဲ့ စကားပြောနေတုန်း မှာပဲ သတိထားမိတာက ခုနက ကျွန်တော်တို့ ဆီလာတဲ့ ရဲတွေ အားလုံး တစ်ယောက်မှ မရှိတော့ ပါဘူး။ ကျွန်တော်တို့ အိုင်စီတွေ ယူထားတဲ့ ရဲတစ်ယောက်ပဲ ကျန်ပါတော့တယ်။ ကျန်တဲ့သူတွေ အကုန် လစ်ကုန်ပါပြီ။ သူက ကျွန်တော်တို့ အိုင်စီတွေ ပြန်ပေးပြီးတဲ့ အခါ ခုန ကောင်လေး ကောင်မလေးတွေ ထိုင်ခိုင်းထားတဲ့ နေရာကို လှမ်းကြည့်တော့ ကောင်လေး ကောင်မလေးတွေ တစ်ယောက်မှ မရှိကြတော့သလို အဲဒီအနားမှာ စောင့်နေတဲ့ ရဲတွေလည်း တစ်ယောက်မှ မရှိတော့ပါဘူး။

အိမ်ဖက်ကို ပြန်လမ်းလျှောက်လာတော့ ခုန အိမ်နားမှာ ရပ်ထားတဲ့ ရဲကားတွေ အားလုံး လစ်သွားကြပါပြီ။ သူငယ်ချင်းကတော့ ပို့စ်အသစ် ဖတ်ရတော့မယ် လို့ နောက်ပါတယ်။ ဒီတစ်ခါ အိုင်စီနံပါတ် မှတ်ခံရလို့ နောက်တစ်ခေါက် ကြည့်ဦးမလား မေးရင်တော့ နောက်တစ်ခေါက် ကြုံရင်လည်း ကြည့်ဦးမှာပါ လို့ ဖြေရပါမယ်။
အိုင်စီနံပါတ် မှတ်ခံရတာ ကြောက်စရာ မဟုတ်ပါဘူး။ စလုံးမှာ နေရတာ တစ်နေ့လာ မဲပြာပုဆိုး ဘဝမို့ ဒါမျိုး ကြုံလို့မှ မကြည့်ရင် ပျင်းစရာ အတော် ကောင်းပါတယ်။  ဝါသနာကတော့ တားလို့ မရပါ လို့ပဲ ပြောရပါလိမ့်မယ်။

Monday, November 15, 2010

ရောက်တတ်ရာရာ (၁)

(၁) နောက်တာလား Google

လုပ်ဖော်ကိုင်ဖက်ဟောင်း တစ်ယောက်က ဖေ့စ်ဘွတ်ခ်မှာ ရေးထားလို့ စမ်းကြည့်မိပါတယ်။

၁။ Google Map ကို သွားပါ။
၂။ Get Direction ဆိုတာကို နှိပ်ပါ။
၃။ A ရဲ့ ဘေးမှာ Taiwan လို့ ရိုက်ပါ။
၄။ B ရဲ့ဘေးမှာ China လို့ ရိုက်ပါ။
၅။ Get Direction ဆိုတဲ့ Button ကို နှိပ်လိုက်ပါ။
၆။ နံပါတ်စဉ် ၂၄ ကို ဖတ်ကြည့်ပါ။

အောက်က ပုံမှာ ပြထားတဲ့ အတိုင်း တွေ့ရပါတယ်။



နောက်သလိုတော့ ဖြစ်နေပြီ။


(၂) သူရဲကောင်းနဲ့ ကြယ်

ဒီနှစ် စက်တင်ဘာလထဲမှာ စင်ကာပူမှာ လုပ်တဲ့ စာပေ ဟောပြောပွဲကို သွားတော့ စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) က မာရီလှတော ဆိုတဲ့ အမည်မထင်မရှားတဲ့ သူရဲကောင်းမ တစ်ယောက် အကြောင်းကို ပြောပြပါတယ်။ အဲဒီလို ပြောရင်းနဲ့ သူက သူရဲကောင်းတွေ သေရင် ကောင်းကင်မှာ ကြယ်ပွင့်ကလေးတွေ ဖြစ်တယ် ဆိုပြီးတော့ တင်စားပြီး ပြောပါတယ်။

စာရေးဆရာကတော့ ရသမြောက်အောင် တင်စားပြီး ပြောတာပါပဲ။ ဒါပေမယ့်  ကျွန်တော့် ခေါင်းထဲမှာ ရုတ်တရက် တွေးမိတာက ကမ္ဘာပေါ်မှာ လူဦးရေက ၅ ဘီလီယံ ပဲ ရှိတယ်။ စကြာဝဠာ တစ်ခုလုံး မပြောသေးနဲ့ဦး။ ကျွန်တော်တို့ အခု လက်ရှိနေထိုင်တဲ့ နဂါးငွေ့တန်း ဂယ်လက်ဆီ မှာတင် ရှိတဲ့ကြယ်ပေါင်းက ဘီလီယံ ၁၀၀ ကျော် ရှိပါတယ်။  အဲဒီတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ လူအားလုံး သူရဲကောင်း ဖြစ်ရင်တောင်မှ ကြယ်နဲ့ အချိုးအစားက မမျှဘူး ဖြစ်နေတယ် ဆိုပြီးတော့ပါ။ တခါတလေ တော့လည်း ပေါက်ကရ မတွေးဘဲ အနုပညာကို အနုပညာအတိုင်း ခံစားတာပဲ ကောင်းပါတယ်။

(၃) ဘာတစ္စတူတာ

 ဘန်ကောက်မှာ ဝီကီတွေ့ဆုံပွဲ သွားတော့ ကိုသင်ကာ ပြောပြတဲ့ ဟာသ တစ်ခုကို ပြန်ပြောပြချင် ပါတယ်။ မြန်မာစာမှာ ပါဌ်ဆင့်တွေ ရေးလို့ ပေါက်ကရ ဖြစ်ရတဲ့ အကြောင်းပါ။ ကမ္ဘာကျော် အာဂျင်တီးနား ဘောလုံးသမား ဘာတစ်စ်တူတာ (Batistuta) ရဲ့ နာမည်ကို စာရေးတဲ့သူ တစ်ယောက်က ကွန့်ပြီး ဘာတစ္စ တူတာ လို့ ရေးလိုက်ပါတယ်။ အဲဒီ ဘာတစ္စ တူတာ ဆိုတဲ့ နာမည်ကို ရုတ်တရက် တွေ့လိုက်တဲ့ ဘုန်းကြီးတစ်ပါးက ဒီပါဠိ စာလုံးကို ငါမတွေ့ဖူးသေးဘူး ဆိုပြီး ကျမ်းဂန်တွေ လျှောက်လှန်ပြီး ရှာပါသတဲ့။ အဲဒီတော့ ပါဌ်ဆင့်ဆိုတာ ဆင့်တိုင်းလည်း မကောင်းဘူးဆိုတဲ့ အတွေးစ ခေါင်းထဲမှာ ပေါ်လာ ပါတယ်။

(၄) ပြုံးချင်စရာ အဓမ္မမှု

စင်ကာပူ စထရိတ်တိုင်းမ် သတင်းစာထဲမှာ ပြုံးချင်စရာ  အဓမ္မမှု တစ်ခု ကို ဖတ်ရပါတယ်။ ပြည်ကြီးက လာပြီး ဝရိန်ဆော်တဲ့ အလုပ်လုပ်နေတဲ့ တရုတ်တစ်ယောက်က သူ့လိုပဲ ပြည်ကြီးက လာပြီး ရုံးဝန်ထမ်းလုပ်နေတဲ့ တရုတ်မ တစ်ယောက်ကို ဟိုင်းဝေး လမ်းမဘေးမှာ အဓမ္မကျင့်တဲ့ အကြောင်း ရေးထားတာပါ။ အဓမ္မကျင့်တာတော့ ရယ်စရာ မဟုတ်ပါဘူး။ ဒါပေမယ့် အမှုသွား အမှုလာက ပြုံးချင်စရာပါ။ အဓမ္မကျင့်တဲ့သူက ကိစ္စပြီးတော့ တရုတ်မကို 'နင်နဲ့ ငါနဲ့ သူငယ်ချင်း ဖြစ်ရအောင်' ဆိုပြီး ဖုန်းနံပါတ် ပေးပါတယ်တဲ့။ တရုတ်မက ငြင်းပါတယ်။ ဒါ့အပြင် တရုတ်မရဲ့ ပျောက်သွားတဲ့ ဖုန်းကို သူပြန်ရှာပေးမယ်ဆိုပြီး အဲဒီတရုတ်က ကမ်းလှမ်းပါသတဲ့။ နောက်တစ်နေ့မှာတော့ တရုတ်မက ရဲကို ခေါ်ပြီး ပြန်လာတဲ့ အချိန် အဲဒီနေရာမှာ ဖုန်းလာရှာနေတဲ့ တရုတ်နဲ့ ပက်ပင်းတိုးလို့ ရဲက တစ်ခါတည်း ဖမ်းလိုက် ပါတယ်။  ဒီတရုတ် မြန်မာပြည်က ထုတ်တဲ့ အပြာစာအုပ်တွေများ ဖတ်သလား မသိဘူးလို့ ခေါင်းထဲမှာ ပေါက်တတ်ကရ တွေးမိပြန်ပါတယ်။

(၅) ဂန်းစတား ကိုင်တဲ့ဓား

စလုံးမှာ အခုတလော ဂန်းစတားတွေ သောင်းကျန်း နေကြပါတယ်။ ဟိုနေရာမှာ ဓားခုတ်မှု ဖြစ်လိုက် ဒီနေရာမှာ ဓားခုတ်မှု ဖြစ်လိုက်နဲ့ သတင်းထဲမှာ တွေ့တွေ့နေရပါတယ်။ သောင်းကျန်းနေတဲ့ ဂန်းစတားတွေကို စလုံးရဲက လိုက်ဖမ်းတာ အတော်များများ မိပါတယ်။ အဲဒီ သတင်းတွေကို ဖတ်ရင်း ဂန်းစတားတွေဆီက မိတဲ့ ဓားတွေ ဓာတ်ပုံနဲ့ ပြထားတာကို  ဝက်ဘ်ဆိုဒ်ထဲမှာ တွေ့ရပါတယ်။ စလုံးက ဂန်းစတားတွေ ကိုင်တဲ့ ဓားတွေ မြင်ရတော့ ဟက်ဟက်ပက်ပက် ရယ်မိ ပါတယ်။ သူတို့ ကိုင်တဲ့ဓားဆိုတာက ကျွန်တော်တို့ မီးဖိုချောင်ထဲမှာ သုံးနေကြ ဝက်သားခုတ်တဲ့ဓား ကြက်သွန်လှီးတဲ့ ဓားမျိုးတွေပါ။ ကရာတေး ကစားတဲ့ ကင်ဒိုဓားတောင် သွေးထားရင် ရောင်းခွင့်မရှိတဲ့ နိုင်ငံ ဆိုတော့လည်း ကြက်သွန်လှီးတဲ့ ဓားနဲ့ ရမ်းကားကြ တာပေါ့လေ ဆိုပြီး တွေးရင်း ပြုံးမိပါတယ်။

Sunday, November 7, 2010

အပျင်းပြေ ခေါင်းစားဖို့ (၂)

မိုက်ခရိုဆော့ဖ်က အင်တာဗျူး အကြောင်း ရေးထားတဲ့ စာအုပ်ကလေး  ဖတ်ကြည့်ရင်း စိတ်ဝင်စားစရာ ကောင်းတဲ့ ပဟေဠိ ကလေးတွေ သွားတွေ့ပါတယ်။ အဲဒီ အထဲက အချို့ကို အပျင်းပြေ ခေါင်းစားလို့ ရအောင် ဝေမျှ ပေးလိုက်ပါတယ်။

(၁) သင့်မှာ ၅ ဂါလံ ခွက် တစ်ခွက်နဲ့ ၃ ဂါလံ ခွက် တစ်ခွက် ရှိတယ်။ အဲဒီ ခွက် ၂ ခွက်ကို သုံးပြီး ရေ ၄ ဂါလံ အတိအကျ ရအောင် ဘယ်လို ချိန်မလဲ။

(၂) သင့်မှာ ဘိလိယက် ဘောလုံး ၈ လုံး ရှိတယ်။ အဲဒီ အထဲက ဘိလိယက် ဘောလုံးတစ်လုံးက တခြား ဘိလိယက် ဘောလုံးတွေနဲ့ ယှဉ်ရင် နည်းနည်း ပိုလေးနေတယ်။ ချိန်ခွင်ကို ၂ ခါပဲ သုံးပြီးတော့ အဲဒီအထဲက အလေးချိန် မတူတဲ့ ဘိလိယက် ဘောလုံးကို ဘယ်လို ရှာမလဲ။

(၃) သင့်မှာ ဖန်ပြွန် ၅ ခုနဲ့ ဆေးလုံးတွေ ရှိနေတယ်။ ဖန်ပြွန်တစ်ခုထဲက ဆေးလုံးတွေ အားလုံးက ပျက်စီးနေတယ်။ ပျက်စီးနေတဲ့ ဆေးလုံးတွေက ၉ ဂရမ် ရှိပြီးတော့ ပုံမှန် ဆေးလုံးတွေက ၁၀ ဂရမ် ရှိတယ်။ ပေါင်ချိန်စက်ကို တစ်ခါတည်း သုံးပြီးတော့ ပျက်စီးနေတဲ့ ဖန်ပြွန်ကို ဘယ်လို ရှာမလဲ။

(၄) ပြိုလဲကျတော့မယ့် တံတားတစ်ခုမှာ လူ ၄ ယောက် ညမှောင်နေတဲ့ အချိန် ဖြတ်ကူးဖို့ ကြိုးစားနေကြတယ်။ အဲဒီ လူ ၄ ယောက် တံတား ဟိုဖက်ကမ်း ဒီဖက်ကမ်း ကို ဖြတ်ကူးနိုင်တဲ့ အချိန်က တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး။ တစ်ယောက်က ၁ မိနစ်အတွင်း ဒီဘက်ကမ်းက ဟိုဘက်ကမ်းကို ဖြတ်ကူးနိုင်တယ်။ နောက်တစ်ယောက်က ၂ မိနစ်၊ နောက်တစ်ယောက်က ၅ မိနစ်၊ နောက်တစ်ယောက်က ၁၀ မိနစ် အတွင်းမှာ ဖြတ်ကူးနိုင်တယ်။ သူတို့ တံတားကို တစ်ခါ ဖြတ်ကူးရင် နှစ်ယောက်စီပဲ တံတားက လက်ခံနိုင်တယ်။ အဲဒီလို မဟုတ်ရင် တံတားက ပြိုကျသွားမယ်။ နောက်ပြီး တံတားကို ဖြတ်ကူးဖို့အတွက် လက်နှိပ်ဓာတ်မီး ရှိမှ ဖြစ်မယ်။ မဟုတ်ရင်လည်း ရေထဲ ပြုတ်ကျမယ်။ လက်နှိပ်ဓာတ်မီးက ၁ လက်ပဲ ရှိတယ်။  တံတားက နောက်ထပ် ၁၇ မိနစ် အကြာမှာ ပြိုကျတော့မယ်။ ဒီတံတားကို သူတို့ ၄ယောက်စလုံး ၁၇ မိနစ် အတွင်းမှာ ဘယ်လို ဖြတ်ကူး ကြမလဲ။

(၅) သင့်မှာ စနက်တံ ၂ ခု ရှိတယ်။ စနက်တံ တစ်ခုစီက အစအဆုံး လောင်ကျွမ်းဖို့ ၁ နာရီ တိတိ ကြာမယ်။ ဒါပေမယ့် စနက်တံရဲ့ လောင်ကျွမ်းတဲ့နှုန်းက တသမတ်တည်း မဟုတ်ဘူး။ အမြန် လောင်ကျွမ်းတဲ့ အပိုင်း ရှိသလို အနှေး လောင်ကျွမ်းတဲ့ အပိုင်းလည်း ရှိတယ်။ သင့်ကို စနက်တံတွေ မီးရှို့ဖို့ မီးခြစ်တစ်ခု ပေးထားမယ်။ ၄၅ မိနစ် တိတိ အချိန်ကို စနက်တံ ၂ ခု သုံးပြီး ဘယ်လို တိုင်းမလဲ။

(၆) သင်ဟာ ဝန်ထမ်းတစ်ယောက်ရဲ့ ၇ ရက်စာ လစာကို ရွှေတုံးတွေနဲ့ ပေးရမယ်။ သင့်မှာ ရွှေချောင်း ၁ ချောင်း ရှိပြီး အဲဒီ ရွှေချောင်းမှာ ၇ ပိုင်းပိုင်းနိုင်ဖို့ အတွက် အမှတ် မှတ်ထားပြီးသား ဖြစ်တယ်။ ဝန်ထမ်းက ၇ ရက်လုံး ပြီးမှ လစာ ပေးမယ့် အစား တစ်ရက်ပြီးတိုင်း သူ့ရဲ့ လစာနဲ့ ညီမျှတဲ့ ရွှေတုံးကို ပေးဖို့ ပြောတယ်။ ၇ ရက်ပြည့်ရင် ရွှေတွေ အားလုံးကို ဘဏ်က ငွေနဲ့ လဲလှယ်ပေးမယ်။ သင့်ကို ရွှေချောင်းကို ဖြတ်ဖို့ နှစ်ခါပဲ ခွင့်ပြုမယ်။ ဝန်ထမ်းရဲ့ လစာ ၇ ရက်စာ ကို ဘယ်လို ပေးမလဲ။

(၇) အခန်းထဲမှာ စားပွဲတင် မီးလုံး ၁ လုံး ရှိတယ်။ အခန်းရဲ့ အပြင်ဖက်မှာ မီးခလုပ် ၃ ခု ရှိတယ်။ အဲဒီအထဲက မီးခလုပ် တစ်ခုက မီးလုံးကို အဖွင့်အပိတ် လုပ်လို့ ရတယ်။  သင် အခန်းအပြင်ဖက်က မီး အဖွင့် အပိတ် လုပ်တဲ့ အချိန်မှာ အခန်းထဲကို လှမ်းမမြင်ရဘူး။ သင့်အနေနဲ့ အခန်းထဲကို တစ်ခါပဲ ဝင်ပြီး စုံစမ်းခွင့် ရှိတယ်။  ဘယ်မီးခလုပ်က မီးလုံးကို ထိန်းချုပ်တယ် ဆိုတာ ဘယ်လို သိနိုင်မလဲ။

William Poundstone ရဲ့ How would you move Mount Fuji ထဲကပါ။
အခြား ဖတ်ရန်။ အပျင်းပြေ ခေါင်းစားဖို့

Saturday, November 6, 2010

ရောက်တတ်ရာရာ မလက်ကာအကြောင်း

မလက်ကာဆိုတာ မလေးရှားနိုင်ငံထဲမှာ ရှိတဲ့ မြို့တစ်မြို့ပါ။ စင်ကာပူနဲ့ ကပ်လျှက်ရှိတဲ့ ဂျဟိုးပြည်နယ်ရဲ့ ဘေးက မလက်ကာ ပြည်နယ်ထဲမှာ ရှိပါတယ်။ စင်ကာပူကနေ ဆိုရင် ကီလိုမီတာ ၂၅၀ လောက် ဝေးပြီး ဘတ်စ်ကားနဲ့ သွားမယ် ဆိုရင် ၃ နာရီလောက် သွားရပါတယ်။ ဂျဟိုးကနေ ကွာလာလမ်ပူကို သွားတဲ့ အဝေးပြေးလမ်းမကြီးရဲ့ နံဘေးမှာ ရှိပါတယ်။

ကျွန်တော်တို့လို ဆီမီးကွန်ဒတ်တာနဲ့ ဆက်စပ် အလုပ်လုပ်နေတဲ့ သူတွေအဖို့တော့ မလက်ကာက မကြာခဏ ရောက်ဖြစ်တဲ့ နေရာ တစ်နေရာပါ။ အဲဒီမှာ Vishay, Infineon နဲ့ NS (National Semiconductor) ကုမ္ပဏီတွေက ပိုင်တဲ့ စက်ရုံကြီး ၃ ရုံရှိပါတယ်။ ကျွန်တော်ကတော့ ကုမ္ပဏီတွေ လှည့်ပတ်ပြောင်းနေပေမယ့် ဆီမီးကွန်ဒတ်တာနဲ့ မကင်းနိုင်တာမို့ ဆီမီးကွန်ဒတ်တာ ထုတ်လုပ်တဲ့ စက်တွေ၊ စက်ရုံမှာ သုံးတဲ့ ဆော့ဖ်ဝဲလ်တွေ အတွက် မကြာခဏ ရောက်ဖြစ်ပါတယ်။

အလုပ်ထဲမှာ အရင်က ကျွန်တော်နဲ့ အမြဲ အတူတူ အလုပ်တွဲလုပ်နေကျ အီလက်ထရစ်ကယ် အင်ဂျင်နီယာ တစ်ယောက် ရှိပါတယ်။ သူက မလက်ကာ သားပါ။ (မာလကာသား မဟုတ်ပါ။ :D) သူ့ဆီကနေ မလက်ကာနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေကို မကြာခဏ ဆိုသလို ကြားရတတ်ပါတယ်။ သူပြောပြဖူးတဲ့ တရုတ်နှစ်ကူး ဇာတ်လမ်းတစ်ပုဒ် က ဒီလိုပါ။ မလေးရှားမှာက ပြည်နယ်တိုင်းမှာ စူလတန် ဒါမှမဟုတ်ရင် ဒါတွတ် (Datuk) လို့ ခေါ်တဲ့ စော်ဘွားလိုလို ဘာလိုလို လူတွေ ရှိတတ်ပါတယ်။ မလက်ကာမှာ ရှိတာက ဒါတွတ်ပါ။ တစ်နှစ်တော့ မလက်ကာ ဒါတွတ်က တရုတ် နှစ်သစ်ကူးပွဲ လုပ်ဖို့ အတွက် တခြားပြည်နယ်တွေက ဒါတွတ်တွေ စူလတန်တွေ အားလုံးကို မလက်ကာ ပြည်နယ်ကို ဖိတ်ပါတယ်။ အဲဒီမှာ သူနဲ့ ပြည်နယ်ချင်း ကပ်လျှက် ဂျဟိုးပြည်နယ်က စူလတန်ကလည်း မလက်ကာကို လာပါတယ်။ ဂျဟိုး စူလတန်က မလက်ကာ ဒါတွတ်ကို "နောက်နှစ် ငါလာရင် တရုတ်နဂါး ကတာ မမြင်ချင်ဘူး။" ဆိုပြီး ပြောတယ်လို့ ဆိုပါတယ်။ မလက်ကာ ဒါတွတ်ကလည်း ဒေါသဖြစ်ဖြစ်နဲ့ "မမြင်ချင်ရင် မလာနဲ့ပေါ့ကွာ။ နောက်နှစ် မင်းကို မဖိတ်ဘူး။" လို့ ပြောလွှတ်လိုက်ပါတယ်တဲ့။ တရုတ်နှစ်ကူးမှာ တရုတ်နဂါးကတာ မမြင်ချင်ဘူး ဆိုတော့လည်း ဘယ်နှယ့် လုပ်ရပါ့ မလဲ။ အဲဒါနဲ့ နောက်နှစ်က စပြီး မလက်ကာမှာ တရုတ်နှစ်သစ်ကူးပွဲ လုပ်တိုင်း ဂျဟိုး စူလတန် တစ်ယောက်က လွဲပြီး ကျန်တဲ့ သူတွေ အားလုံး လာကြတယ် လို့ ဆိုပါတယ်။

ကျွန်တော့် အရင်ကုမ္ပဏီက အင်ဂျင်နီယာများ မလက်ကာမှာ ချောက်ကျခဲ့တဲ့ ဇာတ်လမ်း တစ်ပုဒ်လည်း ရှိပါသေးတယ်။ တစ်ခါက ကျွန်တော်နဲ့ လုပ်ဖော်ကိုင်ဖက် အင်ဂျင်နီယာ ၂ ယောက် မလက်ကာက စက်ရုံမှာ စက်သွားဆင် ကြပါတယ်။ စက်က စက်ရုံမှာ စမ်းနေတုန်း PLC ကတ်ဒ်တစ်ကတ်ဒ် လောင်သွားပါတယ်။ ကတ်ဒ်လောင် သွားတော့ မှာထားတဲ့ ကတ်ဒ်အသစ် တစ်ကတ်ဒ် မရောက်မချင်း သူတို့ ဘာမှ လုပ်လို့ မရပါဘူး။ အဲဒါကို ဉာဏ်ကြီးရှင် ၂ ယောက်က ရွှေဉာဏ်တော် စူးကြပါတယ်။

စက်ရုံထဲမှာ သူတို့လာပြီး ဆင်တဲ့ စက်နဲ့ ပုံစံတူ ကျွန်တော်တို့ ကုမ္ပဏီက ရောင်းထားတဲ့ စက်တစ်လုံး ရှိပါတယ်။ အဲဒီစက်က ပရိုဒတ်ရှင်း အတွက် လိုင်းထဲမှာ သုံးနေတာပါ။ သူတို့က အင်ဂျင်နီယာတွေကို ပြောပြီး စက်ကို ပရိုဒတ်ရှင်း ခဏ ရပ်ခိုင်းပါတယ်။ ပြီးတော့ စက်ထဲက ကတ်ဒ်ကို ဆွဲထုတ်ပြီး သူတို့စက်မှာ တပ်ကြည့်ကြပါတယ်။ ပြသနာကို မရှင်းဘဲ ကတ်ဒ် လဲထည့်တော့ နောက်ထပ်ထည့်တဲ့ ကတ်ဒ်ပါ လောင်သွားပါတယ်။ အဲဒီမှာ အကြီးအကျယ် ပြသနာ တက်တော့တာပါပဲ။ ပရိုဒတ်ရှင်းထဲက စက်က သူ့လျာထားချက် ပြည့်အောင် သုံးနေရတာပါ။ အဲဒီစက်က သူတို့ ပယောဂနဲ့ ဆက်ပြီး သုံးလို့ မရတော့တဲ့ အတွက် ပရိုဒတ်ရှင်း ရပ်သွားပါတယ်။ ကံဆိုးချင်တော့ အဲဒီလို စက်မျိုးထုတ်တာ ကျွန်တော်တို့ ကုမ္ပဏီ တစ်ခုတည်းပဲ ရှိပြီးတော့ အဲဒီစက်ရုံမှာလည်း လည်စရာကလည်း  တစ်လုံးတည်း ရှိပါတယ်။ အဲဒါနဲ့ စက်ရုံက ဒေါသဖြစ်ဖြစ်နဲ့ အဲဒီ ၂ယောက်စလုံးကို သူတို့ စက်ရုံကို နောက်ထပ် ဝင်ခွင့်မပေးဖို့ ဘလက်ခ်လစ်စ် ကြေငြာ လိုက်ပါတယ်။ ထူးထူးခြားခြား ကပ်စတန်မာ စက်ရုံမှာ အမည်မည်းစာရင်း ကြေငြာတာ ခံရဖူးတဲ့ အင်ဂျင်နီယာတွေ အနေနဲ့ သူတို့ ၂ ယောက်စလုံး ကျွန်တော်တို့ ကုမ္ပဏီမှာ ထူးထူးခြားခြား ပြောစမှတ်တွင် သွားပါတယ်။



Maritime Museum (Photo: wikimedia.org)
မလက်ကာဟာ UNESCO ရဲ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရာ ဒေသအဖြစ် ကြေငြာချက် စာရင်းဝင်တဲ့ မြို့တစ်မြို့ပါ။ အဲဒါကြောင့် မြို့ထဲမှာ ကြည့်စရာ ရှုစရာ အတော်ပေါပါတယ်။ စင်ကာပူမှာ အုန်းသီးကြီးများ တကားကား လုပ်နေတဲ့သူများ သွားသင့်တဲ့ မြို့တစ်မြို့ ဖြစ်တယ် ဆိုတာ အကြံပေးချင်ပါတယ်။ ဓာတ်ပုံရိုက်စရာ ရိုက်ကွင်း ကောင်းကောင်းတွေ အများကြီး ရှိပါတယ်။ စင်ကာပူကနေ မလက်ကာ သွားဖို့ကတော့ သိပ်မခက်ပါဘူး။ ခရန်းဂျီး (Kranji) အမ်အာရ်တီ ကနေပြီး နံပါတ် ၁၇၀ ဘတ်စ်ကားကို ဂိတ်ဆုံး စီးသွားရင် ဂျဟိုးဘက်က လာကင်း(Larkin) တာမင်နယ်မှာ ဂိတ်ဆုံးပါတယ်။ အဲဒီကနေ မလက်ကာ သွားတဲ့ အဝေးပြေးကား တက်စီးရင် ၃ နာရီလောက် စီးရပါတယ်။ မလေးရှား ရင်းဂစ် ၂၀ လောက်ပဲ ကျပါတယ်။ အဲဒီလို ရှည်ရှည်ဝေးဝေးတွေ လုပ်မနေချင်ဘူး ဆိုရင် စင်ကာပူ လာဗန်ဒါး (Lavender) နားမှာရှိတဲ့ ဂိုးဒင်းမိုင် အဆောက်အဦး (Golden Miles Complex) ကနေ မလက်ကာ ကားကို တိုက်ရိုက် စီးသွားလို့ ရပါတယ်။ ကားနဲ့မောင်းသွားမယ် ဆိုရင် စင်ကာပူ ကနေ ကွာလာလမ်ပူ သွားတဲ့ ဟိုင်းဝေးလမ်းကနေ အထဲကို နည်းနည်း ဝင်ရပါတယ်။

ဘလော့ခ်ပေါ်တင်ဖို့ ဓာတ်ပုံတွေ ကြိုးစားပမ်းစား ရိုက်ကြည့်ပေမယ့် ထုံးစံအတိုင်း အလုပ်မဖြစ်ပါဘူး။ အဲဒီတော့လည်း ထုံးစံအတိုင်း အင်တာနက်ကနေပဲ ရှာပြီး တင်လိုက်ပါတယ်။ ဒီသင်္ဘောကြီး ဘေးက ဖြတ်သွားတဲ့ အချိန် ညဖက်မို့ မီးတွေနဲ့ အတော်လှပါတယ်။ ဒါပေမယ့်လည်း ကားပေါ်က ရိုက်ရတာ တစ်ကြောင်း ဘလက်ဘယ်ရီက ကင်မရာက ညဖက် ရိုက်လို့ မကောင်းတာ တစ်ကြောင်းမို့ ကြည့်ဖို့ အဆင်ပြေတဲ့ပုံ မရလိုက်ပါဘူး။ အဲဒီနား ပတ်ဝန်းကျင်မှာ ဓာတ်ပုံ ရိုက်လို့ အတော်ကောင်းတယ် ဆိုတာတော့ သတိထားမိလိုက်ပါတယ်။

ကျွန်တော် ညဖက် နွန်ယာ (Nonya) အစားအသောက် သွားစားရင်း အဲဒီသင်္ဘော ဘေးကနေ ဖြတ်သွား ဖြစ်တာပါ။။ နွန်ယာဆိုတာက မြန်မာနိုင်ငံက ပန်းသေးတွေနဲ့ ခပ်ဆင်ဆင်ပါ။ တရုတ် လူမျိုးဖြစ်ပြီး မလေး အင်ဒိုနီးရှား ယဉ်ကျေးမှုနဲ့ ကြီးပြင်းလာတဲ့ သူတွေပါ။ မလက်ကာမှာ နွန်ယာ ယဉ်ကျေးမှုနဲ့ သက်ဆိုင်တာတွေ အများကြီး ရှိပြီးတော့ နွန်ယာ အစားအသောက်ကလည်း အတော် စားလို့ ကောင်းပါတယ်။ စင်ကာပူမှာ နွန်ယာ အစားအသောက် မြည်းကြည့်ချင် ရင်တော့ ဘူဂစ် ဂျန်းရှင်းနဲ့ မျက်စောင်းထိုးလောက် North Bridge လမ်းဘက် အခြမ်းမှာ နွန်ယာ ဘူဖေး ဆိုင် တစ်ဆိုင် ရှိပါတယ်။ သိပ်မဆိုးပါဘူး။ ဈေးကလည်း ၁၅ ဒေါ်လာ မကျော်တာမို့ စားလို့ တန်ပါတယ်။

မလက်ကာမှာ တခြား ဓာတ်ပုံရိုက်စရာ တူးမြောင်းတွေ၊ ၁၇ ရာစုက ဘုရားရှိခိုးကျောင်းတွေ နဲ့ တခြား ရှေးခေတ် ပုံစံဆောက်ထားတဲ့ အဆောက်အဦးတွေ အများကြီး ရှိပါတယ်။ မလက်ကာ အကြောင်းကို ဒီမှာ ရပ်ပါဦးမယ်။

Friday, November 5, 2010

ကြုံရဆုံရ Technical Support ဘဝ

Technical Support နဲ့ ပတ်သက်လို့ ဟာသတွေ မကြာခဏ ကြားရတတ် ပါတယ်။ တကယ့် အပြင်လောကမှာလဲ  Technical Support လုပ်ရင် ရယ်စရာ အဖြစ်တွေ တလွဲတချော်တွေ မကြာခဏ ကြုံရတာပါပဲ။ တစ်ခါတလေ ကြုံရတဲ့ အဖြစ်တွေက ရယ်ရမလို ငိုရမလို အဖြစ်အပျက်တွေပါ။

တစ်ခါက ကျွန်တော်တို့ စက်ရုံ တစ်ခုကို ရောင်းထားတဲ့ လေဆာစက်တစ်လုံးမှာ ပြသနာလေးတွေ ရှိနေလို့ ဥရောပရုံးက ဆားဗစ်အင်ဂျင်နီယာ တစ်ယောက်က သွားပြင်ပါတယ်။ သူက ကျွန်တော်တို့ကို ဖုန်းခေါ်ပြီး ဖြစ်နေတဲ့ ပြသနာတွေကို ဟိုမေးဒီမေး မေးပါတယ်။ ခဏနေတော့ သူ့ဖုန်းဘက်ထရီ ကုန်သွားလို့ ပြီးမှ ပြန်ဆက်မယ် ဆိုပြီး ဖုန်းချ သွားပါတယ်။ မိနစ် ၂၀ လောက် ကြာတော့ ဖုန်းပြန်ဆက် ပါတယ်။ ဒီတစ်ခါတော့ သူ့ဖုန်းကို ကျွန်တော်တို့ ဆီက အီလက်ထရစ်ကယ် အင်ဂျင်နီယာက ပြန်ဖြေပါတယ်။
"ဒီမှာ ပြသနာ အကြီးအကျယ် ဖြစ်နေပြီကွ။"
"ဘာဖြစ်လို့လဲ။"
"လေဆာက လုံးဝ အလုပ်မလုပ်တော့ဘူး။"
"ဟုတ်လား။ ဘယ်လို ဖြစ်တာလဲ။"
"ခုန ငါလာတုန်းက အလုပ်လုပ် နေသေးတယ်။ အခု လေဆာက ဘာမှ ထွက်မလာတော့ဘူး။"
နည်းနည်းတော့ စပြီး ခေါင်းစား နေပါပြီ။
"လေဆာမှာ ပါဝါလာသေးလား။"
"ဘယ်မှာ ကြည့်ရမှာလဲ။"
"စက်နောက်က တံခါးကို ဖွင့်လိုက်။ လေဆာပြွန်ရဲ့ နောက်မှာ ပါဝါမီးလုံး ရှိတယ်။ ပါဝါရှိရင် အဲဒီ မီးလုံး လင်းနေ လိမ့်မယ်။"
"အိုကေ။ ငါသွားကြည့်ဦးမယ်။"
အဲဒီလို ပြောပြီး သူမီးလုံးကို သွားကြည့်နေပါတယ်။ ခဏနေတော့ ပြန်ပြောပါတယ်။
"မီးမလင်းဘူးကွ။"
"အဲဒါဆို ဖြူးစ်ပြတ်တာ ဖြစ်နိုင်တယ်။ အဲဒီ မီးလုံးဘေးမှာ ဖြူးစ် ထည့်တဲ့ နေရာ ရှိတယ်။ အဲဒီ ဖြူးစ်ကို ထုတ်ပြီး ကောင်းမကောင်း မီတာနဲ့ တိုင်းကြည့်။"
သူ ဖြူးစ်ကို ရှာပြီး တိုင်းနေပါတယ်။ ဖြူးစ်ကို မီတာနဲ့ ထောက်ပြီး Resistance တိုင်းကြည့်ရင် ပြတ်မပြတ် သိနိုင်ပါတယ်။ သူက တိုင်းပြီးတော့ ပြန်ပြောပါတယ်။
"ဖြူးစ် မပြတ်ဘူးကွ။ ကောင်းနေသေးတယ်။"
"အဲဒါဆို လေဆာကို ဝင်တဲ့ ပါဝါ ဆပ်ပလိုင်းရှိတယ်။ အဲဒါကို တိုင်းကြည့်။ အထွက် ဗိုးတေ့ခ် ရှိလား။ မရှိရင် အဝင် ဗိုးတေ့ခ် ရှိသလား ဆိုတာပါ တိုင်းကြည့်လိုက်။"
သူ ခဏ ငြိမ်သွားပါတယ်။ ပါဝါဆပ်ပလိုင်းကို တိုင်းနေတဲ့ ပုံပါပဲ။ ခဏနေတော့ ပြန်ပြောပါတယ်။
"လေဆာကို သွားတဲ့ ပါဝါ ဆပ်ပလိုင်းမှာ အဝင်ဗိုးတေ့ခ် လည်း မရှိဘူး။ အထွက် ဗိုးတေ့ခ်လည်း မရှိဘူး။"
"ဒါဆိုရင် မိန်းလိုင်းက လာတဲ့ ဖြူးစ်ပြတ်တာလည်း ဖြစ်နိုင်တယ်။ ဒါနဲ့ နေပါဦး စက်က ပါဝါရော ဖွင့်ထားရဲ့လား။"
"ဖွင့်ထားပါတယ်ကွ။ ကွန်ပျူတာတောင် လာနေသေးတာပဲ။"
"အဲဒါဆိုရင် စက်အောက်ကို ငုံ့ကြည့်လိုက်။ အဲဒီမှာ ပလပ်ပေါက်တွေ ရှိတယ်။ လေဆာကို ဝင်တဲ့ ကြိုးက ပလပ်ကို ဖြုတ်ပြီး ပလပ်ထဲက ဖြူးစ်ကို စစ်ကြည့်ကောင်းသေးလားလို့။"
"ဘယ်က ပလပ်ပေါက်လဲကွ။"
"စက်အောက်မှာလေ။"
သူက စက်အောက် ငုံ့ကြည့်ပါတယ်။ ပြီးတော့ ပြန်မေးပါတယ်။
"ဘယ်ဟာက လေဆာ ပလပ်ပေါက်လဲကွ။"
"အဲဒီပေါ်မှာ လေဘယ်လ် ကပ်ထားတယ်လေ လေဆာ လို့။"
"နေဦး ကြည့်လိုက်ဦးမယ်။" ဆိုပြီး ကြည့်ပါတယ်။ ခဏနေတော့
"ဆောရီးပဲကွာ။ မင်းတို့ကို ဒုက္ခပေးရတာ။ အခု ငါဘာဖြစ်တာလဲ သိသွားပြီ။"
"ဟုတ်လား။ ဘာဖြစ်တာလဲ။"
"ခုန ငါ အဲဒီ ပလပ်ပေါက်ကို ဘာမှန်း မသိလို့ ဖြုတ်ပြီး ငါ့ဟင်းန်ဖုန်း အားသွင်းလိုက်တာ။ အခုမှပဲ အဲဒါ လေဆာကို သွားတဲ့ ပလပ်ပေါက်မှန်း သိတယ်။ ဆောရီး။"
"တိန်"

တစ်ခါတလေ တော့လည်း ကိုယ့်ကို support လုပ်တဲ့သူက အူကြောင်ကြောင် လုပ်သွားတာလည်း ခံရဖူးပါတယ်။ ကျွန်တော် စင်ကာပူမှာ ဥရောပကနေ လာဖွင့်တဲ့ စက်ရုံတစ်ရုံမှာ ကုမ္ပဏီက လွှတ်လို့ ကန်ထရိုက်နဲ့ ပရိုဂရမ်မာ လုပ်နေတဲ့ အချိန်ကပါ။ သူတို့ ဆီက ဆော့ဖ်ဝဲလ်က Web-based လို့ခေါ်တဲ့ Webpage လို ပုံစံမျိုးတွေ ရေးထားတာပါ။ အဲဒီ Webpage တွေကို ကြည့်ဖို့ Windows Mobile တာမင်နယ်ကနေ ကြည့်ရပါတယ်။ Windows Mobile ပေါ်မှာ Webpage ကို ကြည့်တဲ့ Browser ကလည်း Internet Explorer တွေ FireFox တွေ မဟုတ်ပါဘူး။ သူတို့ ဘာသာ သူတို့ ရေးထားတဲ့ Browser ပါ။

တစ်နေ့တော့ ဆော့ဖ်ဝဲလ်ကို စမ်းရင်း ပြသနာ တစ်ခု တွေ့ပါတယ်။  အဲဒါကတော့ တကယ်မရှိတဲ့ လင့်ခ် တစ်ခုကို ကလစ်နှိပ်လိုက်ရင် Error တက်ပြီး Browser တစ်ခုလုံး Crash ဖြစ်သွားတာပါ။ ကျွန်တော် အဲဒီပြသနာကို အမျိုးစုံ လှည့်ပတ်ပြီး စမ်းကြည့်ပါတယ်။ နောက်ဆုံး ကောက်ချက်ချလို့ ရတာကတော့ ပြသနာက Windows Mobile ပေါ်မှာပဲ ဖြစ်တယ် ဆိုတာပါပဲ။ ကျွန်တော် သူတို့ရဲ့ Browser အတွက် ရေးထားတဲ့ ကုတ်ဒ်ကို ကြိုးစားပြီး ပြင်ကြည့်ပါတယ်။ Error တက်ရင် တက်လာတဲ့ Error ကို ဖမ်းဖို့ ကြိုးစားပေမယ့် ဘယ်လိုမှ မမိပါဘူး။ Browser က Crash ဖြစ်တာပါပဲ။ နောက်ဆုံး ကျွန်တော် Windows Message Loop ထဲအထိ ဝင်ပြီး Error ကို ဖမ်းဖို့ ကြိုးစားပါတယ်။ ဒါလည်း မအောင်မြင်ပါဘူး။

Team Lead ကို မေးတော့လည်း Team Lead က ဝါးတားတားပါ။ သူက ဆော့ဖ်ဝဲလ်ထဲက လောဂျစ်တွေကို ကောင်းကောင်း နားလည်ပေမယ့် နည်းပညာပိုင်း ဆိုရင် သိပ်မသိပါဘူး။ ဒါပေမယ့် သူက ကျွန်တော့်ကို ကူညီဖို့ ကြိုးစားပါတယ်။
"ဒီလိုလုပ်ကွာ။ မင်းပြသနာကို ဘယ်လို ပြန်ခေါ်ရတယ် ဆိုတာ တစ်ဆင့်ချင်း သေသေချာချာ မှတ်ထားလိုက်။ ပြီးရင် မင်းနဲ့ငါနဲ့ ဥရောပက ဆော့ဖ်ဝဲလ် အာခီတက် ဆီ ဖုန်းခေါ်ကြမယ်။"

နောက်တော့ သူနဲ့ ကျွန်တော်နဲ့ ဥရောပက အာခီတက်ဆီကို ဖုန်းခေါ်ကြပါတယ်။ ကျွန်တော့် ကွန်ပျူတာကို အွန်လိုင်းကနေ Share လုပ်ပြီး သူ့ကို ပြပါတယ်။ သူက ကြည့်ပြီးတော့ ကျွန်တော်က သူ့ကို ဘယ်လို ဖြေရှင်းဖို့ ကြိုးစားတယ်။ မအောင်မြင်ဘူး ဆိုတဲ့ အကြောင်းပါ ရှင်းပြပါတယ်။ သူက ဟိုကြည့်ဒီကြည့် ကြည့်ပြီးတော့ စကားတစ်ခွန်း ပြန်ပြောပါတယ်။ မှတ်သားလောက်စရာပါပဲ။
"အေးကွာ။ ဘယ်လိုရှင်းရမလဲ ဆိုတာ ငါတို့ Google ထဲမှာ ရှာကြည့်ကြတာပေါ့။"
"!@#$%^&*"

Google ထဲမှာ ရှာတာတော့ သူပြောမှလား။ ဘယ်ပရိုဂရမ်မာ မဆို ရှင်းမရရင် Google ကို အရင်ဆုံး အားကိုးကြတာပဲ မဟုတ်ဘူးလား။ အခု မေးတယ် ဆိုမှတော့ Google ထဲမှာ မတွေ့လို့ပေါ့။ အဲဒီလို အူကြောင်ကြောင် support များနဲ့လည်း ကြုံခဲ့ဖူးပါတယ်။

Tuesday, November 2, 2010

ဆစ်ဒနီမှာ သဝေထိုးခဲ့စဉ်က

လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဆစ်ဒနီကို ရောက်ခဲ့ပါတယ်။ ဆစ်ဒနီနဲ့ မနီးမဝေးက မြို့တစ်မြို့မှာ ရှိတဲ့ ကျွန်တော့်ကျောင်းကို Lab လုပ်ဖို့ သွားရင်း လမ်းကြုံလို့ ဝင်ခဲ့တာပါ။ ဆစ်ဒနီကနေ တဆင့် သွားရတာမို့ ရောက်ရောက်ချင်း ကျောင်းရှိတဲ့မြို့ ကို မသွားသေးဘဲ ဆစ်ဒနီမြို့ထဲမှာ သဝေထိုးခဲ့ ပါတယ်။

လေဆိပ်ကနေ ရထားစီးလာပြီး စင်ထရယ် စတေရှင်မှာ မြို့ခံ သူငယ်ချင်း တစ်ယောက်နဲ့ ဆုံပါတယ်။ အဲဒီကနေမှ Circular Quay ဘူတာရုံကို ရထားစီးပြီး အော်ပရာဟောက်စ်ကို ချီတက်ခဲ့ကြ ပါတယ်။ ဆိပ်ကမ်းမှာ အဘော်ရီဂျင်းနီးစ်တွေ ဒစ်ဂျရီဒူးလို့ ခေါ်တဲ့ ပြောင်းကြီးမှုတ်ပြီး ဖျော်ဖြေနေတာ တွေ့တာနဲ့ ဓာတ်ပုံတစ်ပုံ ရိုက်ခဲ့ ပါသေးတယ်။

အဘော်ရီဂျင်းနီးစ်တွေ ဖျော်ဖြေနေတာပါ။

အလည်ခေါင်က ဘာအကွက်ကြီးလဲ ဆိုတော့ ကင်မရာ Lens ကို ဖုန်သုတ်ဖို့ မေ့သွားလို့ပါ။ အော်ပရာဟောက်စ်ရဲ့ အမှတ်တရ လက်ဆောင် သစ်သားပြားက အိမ်ရှေ့ဧည့်ခန်းမှာ ချိတ်ထားလို့ ပုံကိုတော့ အရင်ကတည်းက တွေ့ဖူးနေတာ ကြာပါပြီ။ အဲဒီ အချိန်မှပဲ အော်ပရာဟောက်စ်ကို တကယ် ရောက်ဖူးပါ တော့တယ်။ ဆိပ်ကမ်းကို လှည့်ပတ်ကြည့်ပြီး သူငယ်ချင်းကို ဟိုမေးဒီမေး လျှောက်မေး ဖြစ်ပါတယ်။ 

လက်ဆောင် ပစ္စည်းဆိုင်ထဲ ဝင်ကြည့်ဖြစ်ပေမယ့် ကျွန်တော့် သူငယ်ချင်းက ဒီမှာ မဝယ်နဲ့ ဈေးကြီးတယ်။ နေ့လည်မှ တရုတ်တန်းမှာ သွားဝယ်ကြမယ် ပြောလို့ ဘာမှတော့ မဝယ်ဖြစ်ခဲ့ပါဘူး။ အဲဒီကနေ မြို့ထဲ လမ်းလျှောက်လာကြ ပါတယ်။ ကျွန်တော် ရောက်သွားတာ တနင်္ဂနွေနေ့ မနက် ဆိုတော့ ဆစ်ဒနီ မြို့တစ်မြို့လုံး တိတ်ဆိတ် ခြောက်ကပ် နေပါတယ်။ ကျွန်တော့် သူငယ်ချင်းကတော့ ဒီမှာတော့ ဒီလိုနေ့မျိုး အပြင်မှာ ဘယ်သူမှ လျှောက်သွား မနေကြဘူး။ ကိုယ့်ခင်ရာမင်ရာ မိတ်ဆွေတွေ အိမ်ကိုပဲ သွားတတ် ကြတယ်လို့ ပြောပြ ပါတယ်။ အဖေက သူတို့ ဩစတေးလျမှာ နေတုန်းက သောကြာ စနေ နှစ်ရက်ဆိုရင် တရုံးလုံး အပြတ် သောင်းကျန်းကြပြီး တနင်္ဂနွေ ဆိုရင်တော့ အိမ်ထဲခွေနေ ကြတယ် လို့ ပြောပြတာ ပြန်သတိရမိ ပါသေးတယ်။ လမ်းမှာ ဖုန်းကတ်ဒ် ဝင်ဝယ်ပြီးတော့ ဗစ်တိုးရီးယား ဘုရင်မ အဆောက်အအုံကို လျှောက်ခဲ့ကြပါတယ်။ အဆောက်အဦးထဲမှာတော့ ဓာတ်ပုံ လျှောက်ရိုက် ဖြစ်ပါတယ်။

ဗစ်တိုးရီးယား အဆောက်အဦးထဲက တိုင်လုံးကြီးကို ရိုက်လာတာပါ။

ဗစ်တိုးရီးယား အဆောက်အဦး ထဲက နာရီပါ။

အဆောက်အဦးထဲ ဟိုကြည့်ဒီကြည့် လျှောက်ကြည့်ပြီးတော့ ဒါလင်ဟာဘာ ဘက်ကို လျှောက်ခဲ့ကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ဒါလင်ဟာဘာမှာ နာဂစ်မုန်တိုင်း ရန်ပုံငွေ အတွက် လုပ်နေတဲ့ မြန်မာ ဖျော်ဖြေပွဲနဲ့ ကြုံပါတယ်။

နေပူကြီးထဲမှာ မင်းသမီး အဝတ်အစားနဲ့ ကနေကြတာ တွေးကြည့်ရုံနဲ့တင် အတော်အိုက်ပါတယ်။

ဓာတ်ပုံမှာ နေ့စွဲတောင် ပါသေးတယ်။

မြန်မာပွဲနဲ့တွေ့တော့ စင်ကာပူမှာ မစားရတဲ့ မြန်မာအစားအစာ ရှမ်းခေါက်ဆွဲ စားလိုက်ပါတယ်။ :P

အဲဒီကနေ ဆက်ပြီး တရုတ်တန်းကို ချီတက်ခဲ့ပါတယ်။ တရုတ်တန်းမှာတော့ လက်ဆောင်ပေးစရာ ပစ္စည်းတွေ ဝယ်လို့ အတော် ကောင်းပါတယ်။ ခုန ဝယ်လာတဲ့ ဖုန်းကတ်ဒ်လည်း သူငယ်ချင်း Activate လုပ်ပေးလို့ ပြောလို့ ရသွားပါတယ်။ ကိုယ့်ဘာသာကိုယ် Activate လုပ်ရင် သူတို့ ပြောတဲ့ လေသံကိုယ်နားမလည် ကိုယ်ပြောတဲ့ လေသံ သူနားမလည်နဲ့ အတော်ကို ရွာပတ်ဦးမှာပါ။ ဩစတေးလျမှာ ၅ ရက်လောက် နေတာ သူငယ်ချင်းတွေ ဖုန်းကတ်ဒ်တစ်ကဒ် ကုန်အောင် မပြောနိုင်ပေမယ့် ကျွန်တော်ကတော့ ၂ ကတ်ဒ်ခွဲလောက် ကုန်အောင် ပြောခဲ့ပါတယ်။

မြို့ထဲ ပတ်ပြီး ညနေစောင်းမှပဲ ရထားနဲ့ ကျောင်းရှိတဲ့ မြို့ကို သွားဖြစ်ပါတယ်။ တည်းမယ့် ဟိုတယ် ရောက်တော့ စင်ကာပူက လာတဲ့သူ အတော်များများ စင်ကာပူနဲ့ ယှဉ်ရင် ဈေးပေါတဲ့ ဘီယာတွေ ဝိုင်တွေ နင်းကန်မော့ပြီး အားလုံးလိုလို ကောင်းနေကြပါပြီ။

ဟိုတယ် ရောက်ရောက်ချင်း ရယ်စရာ တစ်ခုနဲ့ ကြုံရပါတယ်။ ကျွန်တော်နဲ့ အတူနေတဲ့ အခန်းဖော်က မေဂျာတူ မော်လဒိုက် နိုင်ငံသားပါ။ ကောင်တာမှာ သော့ယူပြီး အခန်းထဲ ဝင်သွားတော့ မီးတွေ အားလုံး ပိတ်ထားပြီး အခန်းထဲမှာ ဘယ်သူမှ ရှိတဲ့ပုံ မပေါ်ပါဘူး။ အဲဒီအချိန် ဖုန်းမြည်လာပါတယ်။ အတန်းထဲက တရုတ်မ တစ်ယောက်ဆက်ပြီး မော်လဒိုက်သား ကို မေးတာပါ။ ကျွန်တော်က မရှိဘူး ပြောတော့ ဘယ်သွားလဲလို့ မေးပါတယ်။ မသိဘူးလို့ ဖြေနေတုန်းမှာပဲ ဘေးနားမှာ ရှိတဲ့ ခုတင်ပေါ်က စောင်အဖြူထဲကနေ မည်းမည်း မည်းမည်းနဲ့ ဝုန်းကနဲ ဘာကြီးလဲ မသိဘူး ထွက်လာပါတယ်။ ရုတ်တရက် ဆိုတော့ လန့်ဖြန့်သွား ပါတယ်။ နောက်မှ စောင်အဖြူထဲက ထွက်လာတာ မော်လဒိုက်သား ကုလား ဆိုတာ သိလိုက်ရမှပဲ ပြုံးမိပါတယ်။ လူကောင်က ခပ်သေးသေး အသားကမည်းမည်း မီးပိတ်ပြီး စောင်အဖြူထဲ ဝင်နေတော့ ရုတ်တရက် ဘာမှန်း မသိလိုက်တာပါ။

မပြန်ခင် တစ်ရက်မှပဲ ဆစ်ဒနီကို ပြန်ရောက်ပြီး ညဘက် လည်ဖြစ်ပါတယ်။ သူငယ်ချင်းနေတဲ့ နေရာ ကိုရီးယားတွေ ပေါတဲ့ Strathfield မှာပဲ ညအိပ် ဖြစ်ပါတယ်။ အဲဒီညကတော့ ကက်စီနိုနဲ့ pub ပဲ ရောက်ခဲ့ပါတယ်။ သောကြာ စနေ မဟုတ်လို့ နိုက်ကလပ်တွေ ပိတ်ထားတာနဲ့ ကလပ်တော့ မရောက်ဖြစ်ခဲ့ပါဘူး။