Search This Blog

Friday, December 31, 2010

ဘလော့ခ်အသစ် မိတ်ဆက်

ဘလော့ခ်ရေးတာ ၂ နှစ်ကျော် ကြာလာတော့ အရင်ကထက် စာရင် ပိုပြီး ပြောရဲ ဆိုရဲ ရေးရဲ ရှိလာတာ အမှန်ပါပဲ။ ပထမတစ်ချက်ကတော့ ဘလော့ခ် လောကထဲမှာ ကိုယ့်ထက် အသက်အားဖြင့် ဒါမှမဟုတ် ပညာအားဖြင့် ကြီးတဲ့သူတွေက ပေါ်ပေါ်တင်တင် တစ်မျိုး သိုင်းလောကထဲက မျက်နှာဖုံးစွပ် သိုင်းသမားများလို အမည်မသိနဲ့ တစ်မျိုး ရေးချင်တာရေး လုပ်ချင်တာ လုပ်နေကြတာကြောင့်ပါ။ သူတို့တောင် အဲဒီလို လုပ်ကြတော့ ကျွန်တော့်လို ပါမွှားကောင်က ဘာမှ မလုပ်ရဲ စရာ မရှိပါဘူး။ အစကတည်းက "ငါသည် ဘာကောင်မှမဟုတ်။ ဘာမှ သိက္ခာကျစရာ မရှိ" ဆိုတဲ့ ခံယူချက် စွဲကိုင်ထားတာမို့ မျက်နှာဖုံး မစွပ်ပဲ ပေါ်ပေါ်တင်တင် ပေါက်တတ်ကရ ရေးလို့ ဖြစ်နေပါတယ်။

ဒါပေမယ့်လည်း ဖူးနုသစ်ရဲ့ စတိုင်လ်ကို သီးသန့်ကလေး ထားချင်ပါတယ်။ နည်းပညာပိုင်း သိပ်ဆန်တဲ့ ပို့စ်တွေ မတင်ချင်သလို တခြား လုပ်ချင်ရာလုပ်ထားတဲ့ ပို့စ်တွေလည်း မတင်ချင်ပါဘူး။ ဒါနဲ့ပဲ ဘလော့ခ် အသစ်တွေ ထပ်ဖွင့် ဖြစ်ပါတယ်။ အဲဒီထဲက ကျွန်တော့်ရဲ့ ဘလော့ခ် ၃ခုကို မိတ်ဆက်ပေးချင်ပါတယ်။

ပထမတစ်ခုကတော့ ဖူးနုသစ် အခန်းဆက် ဝတ္ထုရှည်များ ဆိုတဲ့ ဘလော့ခ်ပါ။ ဒီဘလော့ခ်ကို ကျွန်တော် သဘောကျတဲ့ ဝတ္ထုရှည်တွေကို ဘာသာပြန်ပြီး တင်ဖို့ အတွက် ရည်ရွယ်ထားပါတယ်။ အခု ပထမဆုံး အနေနဲ့ Ken Follet ရဲ့ Pillar of the Earth ဆိုတဲ့ ဝတ္ထုကို ဘာသာပြန်ပြီး တင်နေပါတယ်။ ၆လ လောက် အတွင်းမှာ (၃) ခန်းကြီးများတောင် ပြီးသွားပြီ ဆိုတော့ ကျွန်တော့်ရဲ့ ဘာသာပြန်နှုန်းကို ခန့်မှန်းနိုင်ပါတယ်။ အခုမှ ဝတ္ထုရဲ့ ၅ ရာခိုင်နှုန်းတောင်မှ မပြီးသေးပါဘူး။ အချိန်ရရင် ရသလိုတော့ ဆက်တင် သွားပါ့မယ်။ ဘယ်လောက်ကြာမယ်တော့ မပြောတတ်သေးပါဘူး။ စိတ်ရှည်မယ် ဆိုရင်တော့ လာဖတ်ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။ အစက တော်တော်လေး ပြီးမှ ကြော်ငြာမယ် စဉ်းစားပေမယ့် Vista ရဲ့ ကောင်းမှုနဲ့ လူသိသွားတာကြောင့် စောစောစီးစီး ကြိုဖွင့်လိုက်ပါတယ်။ :D Adult Content Rate လုပ်ထားတာ ကတော့ တစ်ချို့ ဘာသာပြန်ထားတာတွေ နည်းနည်းကြမ်းတယ် ထင်လို့ပါ။

ဒုတိယတစ်ခုကတော့ ပန်းလောင် နည်းပညာ နယ်မြေသစ် ဆိုတဲ့ ဘလော့ခ်ပါ။ နည်းပညာဆန်တဲ့ ပို့စ်တွေကို သီးသန့်တင်ဖို့ ရည်ရွယ်ထားပါတယ်။ Telecommunications, Robotic, Automation နဲ့ Programming နဲ့ ဆိုင်တဲ့ ပို့စ်တွေ ဖြစ်ပါလိမ့်မယ်။ ဒီလထဲကမှ စရေးဖြစ်ပါတယ်။ ကိုယ်ရေးထားတဲ့ အတိုအစ Technical ပို့စ်တွေကို အချောသတ်ပြီး ပြန်တင်နေပါတယ်။ ပန်းလောင်ဆိုတဲ့ နာမည်ကတော့ ကျွန်တော့် အဘိုးအဘွားတွေ အခြေချခဲ့တဲ့ မြစ်သား ဒေသကို ရည်ညွှန်းထားပါတယ်။

တတိယ တစ်ခုကတော့ ဖွင့်ထားတာ ကြာပါပြီ။ ဒါပေမယ့်လည်း ဘလော့ခ် အသိုင်းအဝိုင်းက မိတ်ဆွေတွေပဲ သိကြပါတယ်။ Private လုပ်ထားလို့ပါ။ ဘာလို့ ပရိုက်ဗိတ် လုပ်ထားတာလဲ ဆိုရင်တော့ လူမြင်သူမြင် မပေါရဲ လို့ပါ။ ဒါပေမယ့်လည်း မမွန်နဲ့ မခင်ဦးမေတို့ရဲ့ အားပေးအားမြှောက်ပြုမှုကြောင့် ဒီဘလော့ခ်ကို Public ဖွင့်ဖို့ စဉ်းစား ဖြစ်ပါတယ်။ အခုတော့ အတော်လည်း ပေါရဲသွားပြီမို့ Public ဖွင့်လိုက်ပါတယ်။ ဒီဘလော့ခ်ကတော့ စာရေးတဲ့ ဘလော့ခ် မဟုတ်ပါဘူး။ စိတ်ကူးပေါက်ရင် ဂစ်တာတီး သီချင်းဆိုပြီး သီချင်းတွေကို တင်ထားတဲ့ ဘလော့ခ်ပါ။ ဂစ်တာက စတီးကတည်းက စနစ်တကျ သင်ခဲ့တာ မဟုတ်ဘဲ ဟို့လူဆီကနည်းနည်း ဒီလူ့ဆီကနည်းနည်း ရသလောက် ကပ်သင်ထားတာမို့ ကိုယ့်လက်သံကိုယ် စိတ်မချတာလည်း ပါပါတယ်။ အဲဒါကြောင့် ကြိုးတန်းကြွက်လျှောက် လက်သံများ စုစည်းမှု လို့ နာမည်ပေးထားပါတယ်။ နားထောင်ချင်ရင် ကိုယ့်ဒေါသနဲ့ကိုယ် နားထောင်ကြပါ။ နားမခံသာရင်လည်း စိတ်ထဲ ရှိတဲ့အတိုင်း ကွန်မန့်ရေးသွားလို့ ရပါတယ်။

၂၀၁၀ မှာ ဒီပို့စ်နဲ့ နှုတ်ဆက်လိုက်ပါတယ်။ အားလုံး အတွက် ပျော်စရာကောင်းတဲ့ ၂၀၁၁ ဖြစ်ပါစေ။

Tuesday, December 28, 2010

သိပ္ပံနည်းကျ မြန်မာစာ

ဗျည်း ၃၃လုံး ဇယား

အောက်က ဓာတ်ပုံနှစ်ပုံနဲ့ စာတွေကို ကိုငွေထွန်းရဲ့ Facebook ကနေ မလာပါတယ်။



မြန်မာစာဟာ လေ့လာသင်ကြားသူတွေ အတွက် သိပ္ပံနည်းကျ ဖြစ်တယ်ဆိုတာ ဒီဇယားကို လေ့လာကြည့်ရင် တွေ့ရပါ လိမ့်မယ်။ ဟ ထိုးကို လိုင်းတားထားတဲ့ အက္ခရာတွေနဲ့ပဲ တွဲလို့ ရပါတယ်။ တခြားအက္ခရာတွေနဲ့ တွဲလေ့ မရှိပါဘူး။



ပထမကော်လံက ဗျည်းတွေနဲ့ ပင့်ရစ်ဆွဲထိုး ဆိုတဲ့ သရတွေပေါင်းရင် ပြုလုပ်သူမပါဘဲ ဖြစ်တဲ့ ကြိယာတွေ ဖြစ်လာပါတယ်။ ဒုတိယကော်လံက ဗျည်းတွေနဲ့ ပင်ရစ်ဆွဲထိုး ဆိုတဲ့ သရတွေပေါင်းရင် ပြုလုပ်သူကြောင့်ဖြစ်တဲ့ ကြိယာတွေ ဖြစ်လာပါတယ်။

ဥပမာ - (ကျ နဲ့ ချ) ပစ္စည်းကျအောင် မောင်မောင်ကချထားခဲ့သည်။ (ကွဲနဲ့ခွဲ) အုန်းသီးကွဲအောင် ဓားနှင့်ခွဲရသည်။

အစိမ်းရောင် ကော်လံအချင်းချင်း ဆင့်လို့ ရပါတယ်။ အစိမ်းရောင်ကော်လံအောက်မှာ အနီရောင်ကော်လံ ဝင်ပြီး ပါဌ်ဆင့် ရေးလို့ ရပါတယ်။ အနီရောင်ကော်လံအောက်မှာ အစိမ်းရောင် ကော်လံကဝင်လို့မရပါဘူး။ နောက်ဆုံးကော်လံ အောက်မှာ အစိမ်းရောင်ရော အနီရောင်ရော ဝင်နိုင်ပါတယ်။
ဥပမာ - သတ္တိ၊ ဝတ္ထု၊ မန္တလေး၊ နန္ဒာ၊


ပင့်ရစ်ဆွဲထိုးနဲ့ ယူနီကုတ်

Unicode 4.0 မှာ မြန်မာစာက ယူနီကုတ် ဇယားထဲ စပြီး ပါလာပါတယ်။ ဒါပေမယ့် အဲဒီ ဇယားထဲမှာ ယပင့် ရရစ် ဝဆွဲနဲ့ ဟထိုး ဆိုတဲ့ ပင့်ရစ်ဆွဲထိုး သရတွေ ပါမလာပါဘူး။ အဲဒီဇယားကို စမြင်တဲ့ အချိန်တုန်း ကတော့ အတော်အံ့ဩမိတာ အမှန်ပါ။ ဘာလို့ ပင့်ရစ်ဆွဲထိုး မပါတာလဲ ဆိုတာ စဉ်းစားလို့ မရခဲ့ပါဘူး။ ဘန်ကောက်မှာ မြန်မာဝီကီပီးဒီးယား အတွက် အလုပ်ရုံဆွေးနွေးပွဲ သွားတက်တုန်း ဝင်းမြန်မာ System က ကိုဇော်ထွဋ်နဲ့ တွေ့မှ  ဇာတ်ရည်လည် သွားပါတယ်။

ယူနီကုတ် ၄.၀ အတွက် မြန်မာစာကို တင်သွင်းခဲ့တဲ့သူက မြန်မာလူမျိုး မဟုတ်ပါဘူး။ အဲဒီတော့ သူတို့က ရရစ်ကို ရကောက် ပါဌ်ဆင့်၊ ယပင့်ကို ယပက်လက် ပါဌ်ဆင့်၊ ဝဆွဲဆိုတာ ဝလုံး ပါဌ်ဆင့်၊ ဟထိုးဆိုတာ ဟရဲ့ ပါဌ်ဆင့်အဖြစ် ယူဆခဲ့ ပါတယ်။ မြန်မာတွေက အဲဒါ မဟုတ်ဘူးလို့ ငြင်းတာကို ဒီအတိုင်း လက်မခံပါဘူး။ သက်သေတွေ ပြခိုင်းပါတယ်။ စာရွက်စာတမ်းတွေ အကြိမ်ကြိမ် အခါခါ ရှာပြ သက်သေအထောက်အထားတွေ ပြပြီးတော့မှ ယူနီကုတ် ၅.၁ စံနှုန်း ထွက်လာတဲ့ အချိန်မှာ ပင့်ရစ်ဆွဲထိုးက ကုတ်ဒ်ပွိုင့်တစ်ခုအနေနဲ့ သတ်သတ် ပါလာပါတယ်။ ယူနီကုတ် စံနှုန်းဆိုတာ ကိုယ်ပြင်ချင်သလို ပြင်လို့ရတယ်။ လွတ်တဲ့နေရာ ကောက်ထည့်လို့ ရတယ်လို့ အထင် မရောက်စေချင်ပါဘူး။

ပန်ဂရမ်

ပန်ဂရမ်ဆိုတာ စာကြောင်းတစ်ကြောင်းတည်းမှာ အက္ခရာ အစုံအလင်ပါတဲ့ စာကြောင်းကို ခေါ်ပါတယ်။ A quick brown fox jumps over the lazy dog ဆိုတာ အင်္ဂလိပ်ဘာသာ ပန်ဂရမ်ပါ။ အဲဒီ စာကြောင်းမှာ အင်္ဂလိပ် အက္ခရာ A ကနေ Z အထိ အကုန်ပါပါတယ်။ မြန်မာစာ အတွက်လည်း ပန်ဂရမ်တစ်ခုကို လတ်တလောမှာ Lionslayer က ထွင်ခဲ့ပါတယ်။

သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။

အဲဒါကတော့  Lionslayer ထွင်ခဲ့တဲ့ မြန်မာပန်ဂရမ်ပါ။ က ကနေ အ အထိ ဗျည်း ၃၃ လုံးစလုံး ပါတဲ့အပြင် သရတွေလည်း အကုန်ပါပါတယ်။ ဒီပန်ဂရမ် ရအောင် သူဘယ်လို စဉ်းစားခဲ့သလဲ ဆိုတဲ့ အကြောင်းကို သူ့ရဲ့ ဘလော့ခ်ပို့စ် မှာ ဝေမျှ ထားပါတယ်။

Sunday, December 26, 2010

သန်းခေါင်ယံညထဲမှာ

စနေတနင်္ဂနွေလို ညဖက်တွေမှာ အလုပ်အားရင် သူတို့ လူစုဖြစ်ကြ ပါတယ်။ အဲဒီလို လူစုံရင်တော့ ထုံးစံ အတိုင်း သောက်ဖြစ်ကြ ပါတယ်။ သောက်ပြီးလို့ နည်းနည်းကောင်းလာတဲ့ အချိန်မှာတော့ ဂစ်တာတီးပြီး သီချင်းဆိုရင်ဆို ဒါမှမဟုတ်ရင်တော့ ငြင်းကြခုံကြနဲ့ ဖြစ်တတ် ကြပါတယ်။ အဲဒီတစ်ခါ သူတို့အားလုံး မူးလာတဲ့ အချိန်မှာ ခါတိုင်းလို မဟုတ်ဘဲ တစ်ယောက်က ဇာတ်လမ်းစလာပါတယ်။

"ဟေ့ကောင်။ ကောင်မလေး တစ်ယောက်ယောက် ဖုန်းနံပါတ် ပေးကွာ။"
သူတို့ သူငယ်ချင်းတွေထဲက မိန်းကလေး သူငယ်ချင်းများတဲ့ တစ်ယောက်ကို လည်ပင်းညှစ် တောင်းတာပါ။
"ဘယ်သူ့ ဖုန်းနံပါတ်လဲ။"
"ဟိုတစ်နေ့က တွေ့လိုက်တဲ့ မင်းသူငယ်ချင်း ဆံပင်ရှည်ရှည်နဲ့ ဟိုကောင်မလေးကွာ။"
"ဟာ။ မလုပ်နဲ့။ အဲဒါ ဘဲကြီးနဲ့ကွ။"
"ဟ ဘာဖြစ်သေးလဲ ဘဲရှိရှိ မရှိရှိပေါ့။ ငါက သူ့ကို ဖန်မှာမှ မဟုတ်တာ။ ပွားရုံသက်သက်ပဲ ဥစ္စာ။"

ဒီလိုနဲ့ နောက်ဆုံးတော့ အတောင်းခံရတဲ့သူက မပေးချင် ပေးချင်နဲ့ ဖုန်းနံပါတ် ပေးလိုက် ရပါတယ်။ ဖုန်းနံပါတ် ရသွားတော့ သူက အိမ်ဖုန်းကို ယူ စပီကာ ဖွင့်ပြီး ဖုန်းနံပါတ်ကို နှိပ်လိုက်ပါတယ်။
"ဟဲလို။"
"ဒီအချိန်ကြီး ဖုန်းဆက်ရတာ ဆောရီးပဲ။ အိပ်နေပြီလား။"
"မအိပ်သေးပါဘူး။ ဘယ်သူလဲ မသိဘူး။"
"ဘယ်သူလဲ မသိဘူးလား။ ဒီအသံကို ရင်းရင်းနှီးနှီးကြားဖူးတယ်လို့ မထင်ဘူးလား။"

သုံးလေးငါးခွန်း ပြောပြီးတော့ ကောင်မလေးက သူ့ကို လာစားနေတဲ့ အကြောင်း သိသွားပါတယ်။ ဟိုဘက်ကလည်း အသံတိတ်သွားပါတယ်။ ခဏနေတော့ ဖုန်းထဲကနေ ယောက်ျားလေး အသံ ထွက်လာပါတယ်။

"မင်းတို့ ဘယ်ကကောင်တွေလဲကွ။ ငါ့ကောင်မလေးကို အချိန်မတော် ဖုန်းခေါ်ပြီး နှောင့်ယှက်တာ။"

စပီကာ ဖွင့်ထားတာမို့ အားလုံးကြားလိုက်ရပါတယ်။ တစ်ယောက်က တိုးတိုးပြောပါတယ်။

"ဟေ့ကောင်တွေ။ မြွေပဲကွ။ ကောင်မလေးက သူ့ဘဲကြီးနဲ့ နှပ်နေတာ။"

အဲဒီလို ပြောနေချိန်မှာပဲ ဟိုဘက်ကနေ မိုးမွှန်နေအောင် ဆဲပါတော့တယ်။ ဖုန်းပြောတဲ့ ကောင်ကတော့ ရုပ်တည်နဲ့ ဟန်မပျက်ပါဘူး။

"မင်းကရော ဘယ်ကကောင်လဲကွ။ ကောင်မလေးနဲ့ အခုအချိန်အထိ အချိန်မတော်ကြီး ရှိနေတာ။"
"မင်းအပူပါလားကွ။ ငါဘယ်သူဖြစ်ဖြစ်ပေါ့။"
"ပါတာပေါ့ကွ။ ငါ့ကို သူ့အဖေက သူ့သမီး စလုံးမှာ ကောင်းကောင်းနေမနေ ချက်ကင် လိုက်ခိုင်းထားတာ။ အဲဒီတော့ မင်းဘယ်သူလဲ ငါသိမှ ဖြစ်မှာပေါ့။"

ဟိုဘက်က အသံတိတ်သွားပါတယ်။ သူတို့အားလုံး ဒီဘက်ကနေ ပါးစပ်ပိတ်ပြီး ကြိတ်ရယ်ကြ ပါတယ်။

"နေပါဦး။ ခင်ဗျားက ဘယ်သူလဲ။"
"မင်းကို ငါပြောပြီးပြီလေကွာ။ သူ့အဖေရဲ့ မိတ်ဆွေပါလို့။ ပြောစမ်းပါဦး။ မင်းက ဘယ်သူလည်း။ ကောင်မလေးနဲ့ အခုအချိန်ထိ ရှိနေတယ် ဆိုတော့ ဘာသဘောလဲ။"

ချက်ကင်လိုက်နည်းကလည်း ကောင်မလေးကို ညကြီးသန်းခေါင် ဖုန်းဆက်ပွားရတယ် ဆိုတာ သိပ်တော့ ယုတ္တိ မရှိပါဘူး။ ဒါပေမယ့် ဟိုဘက်ကလည်း ရုတ်တရက်ဆိုတာ ထူပူနေပုံရပါတယ်။ ယုတ္တိ ရှိမရှိတောင် မစဉ်းစားနိုင် တော့ပါဘူး။

"ကျွန်တော်တို့ ရုပ်ရှင်ရုံမှာ ညလယ်ပွဲ ကြည့်နေကြတာပါ။ စိတ်မရှိပါနဲ့ အစ်ကိုရာ။ အစ်ကိုဘယ်သူမှန်း မသိလို့ပါ။"

ဟိုဘက်က လေသံ ရုတ်တရက် ပြောင်းသွားတာမို့ သူတို့အားလုံး ဒီဖက်ကနေ ပါးစပ်ပိတ်ပြီး အသားကုန် ရယ်ကြ ပါတယ်။

"ဟုတ်ရဲ့လားကွ။ နေစမ်းပါဦး။ ငါမင်းကောင်မလေးနဲ့ ပြောမယ်။ သူ့ကို ဟုတ်မဟုတ် မေးကြည့်ရမယ်။"

ကောင်မလေးက ဖုန်းလာကိုင် ပါတယ်။

"အစ်ကို သမီးပါ။ အစ်ကိုက ဘယ်သူလဲ မသိဘူး။"
"နင့် အဖေက ငါ့ကို စုံစမ်းခိုင်းလိုက်လို။ နင်ဘာတွေ လုပ်နေသလဲ သိအောင်။ စလုံးမှာ ကောင်မလေးတွေက သိပ်စိတ်ချရတာမဟုတ်ဘူး။ အခုပဲ ကြည့်ဦး။ ညကြီး အချိန်မတော်။ ကောင်လေး တစ်ယောက်နဲ့။"
"သမီးတို့ Mid-night ရှိုးကြည့်နေကြတာပါ အစ်ကိုရယ်။ အိမ်ကို ပြန်မပြောပါနဲ့။ တော်ကြာ တစ်မျိုး ထင်နေမှာ စိုးလို့ပါ။"

ဟိုဘက်ကလည်း အတည်ပေါက်နဲ့ လိမ်နေပါတယ်။ ဒီဘက်က ကောင်ကလည်း သူ့အဖေ အသိ ဆိုတဲ့ ဝိတ်သုံးပြီး ရုပ်တည်ကြီးနဲ့ ဖိန့်နေပါတယ်။

"အေးပါ။ အဲဒီလိုပဲ ထားလိုက်ပါတော့။ ဒါပေမယ့် နောက်တစ်ခါဆိုရင်တော့ ဘာသံညာသံတွေ မကြားချင်ဘူး။"

သူ ဖုန်းချ လိုက်တော့ ဘေးကကောင်တွေ အကုန်လုံး ဝါးကနဲ ဝိုင်းရယ်ကြပါတယ်။

"ဖြစ်မှ ဖြစ်ရလေကွာ။ ကောင်မလေးဆီ ဖုန်းဆက်ပွားတာ သူ့ဘဲကြီးနဲ့ နှပ်နေတဲ့သူနဲ့မှ တည့်တည့်တိုးရတယ်လို့။" တစ်ယောက်က ဝင်ပြောတော့ ဖုန်းဆက်တဲ့သူက
"ဟားဟားဟား။ ငါလည်း အစကတော့ ဒီအတိုင်း ဖုန်းပြန်ချလိုက် ဦးမလို့ပါ။ ဒါပေမယ့် ဟိုကောင်က ဘလိုင်းကြီး ထဆဲနေတာနဲ့ ငါလည်း အမြင်ကတ်ကတ်နဲ့ ကျပ် လွှတ်လိုက်တာ။ အဲဒီကောင်ကလည်း ငဒူပဲ။ အရှေ့မှာ သူ့ကောင်မလေးကို ပွားထားတာတောင်မှ သူ့အဖေ အသိလို့ ပြောတာ ယုံတာပဲ။" လို့ ပြန်ပြောပါတယ်။
"မွှန်ထူပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်သွားတာ နေမှာပေါ့။"

အဲဒီအချိန်မှာ နောက်တစ်ယောက်က တစခန်းထပါတယ်။
"ဒီတစ်ခါ ငါပွားမယ်ကွာ။ ငါ့ကို အလန်းဇယားကလေး တစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်တစ်ခုပေး။"
"ဟေ့ကောင်တွေ။ စွပ်လုပ်မနေနဲ့။ ရဲစခန်း ရောက်နေဦးမယ်။"
"ရပါတယ်ကွာ။ ဒီလောက် မဆိုးပါဘူး။ ဟေ့ကောင်။ ဒီတစ်ခါ ဘဲမရှိတဲ့ ကောင်မလေး ဖုန်းနံပါတ်ပေးကွာ။ လန်းတာလေး ပေးနော်။ ငါ အမှန်အကန် ပွားမယ်။"

ဒီတစ်ခါ နောက်တစ်ယောက်ဆီက နောက်ထပ် ဖုန်းနံပါတ် တစ်ခု ထွက်လာပါတယ်။ ဒီလိုနဲ့ နောက်တစ်ယောက်က ဇာတ်လမ်းစပြန်ပါတယ်။

"ဟဲလို"
"မနွယ်လား မသိဘူး။"
"ဟုတ်ပါတယ်။"
"မနွယ် ဘာလုပ်နေတာလဲ။"
"ရှင်က ဘယ်သူလဲ။ ဘာကိစ္စနဲ့ ဒီအချိန်ကြီး ဖုန်းဆက်ရတာလဲ။"
"အေးအေးဆေးဆေးပေါ့။ အဲဒီလောက်လဲ ဒေါသမကြီးနဲ့လေ။"

ဒီတစ်ခါတော့ ကောင်မလေးက အတော်မလွယ်ပါဘူး။ ယီးတီးယားတား မလုပ်နဲ့ ဇီးသီးနွားစား သွားမယ် ဆိုတဲ့ ပုံစံမျိုးပါ။ ပြောနေတဲ့ သူကလည်း ပါးစပ်က သိပ်မရဲတော့ ဟိုဘက်က စွပ် ကောနေတာနဲ့ပဲ စကားတွေ ကပေါက်တိ ကပေါက်ချာ ဖြစ်ကုန် ပါတယ်။

"ရှင်တို့ ရုတ်ရုတ် ယက်ယက် လာလုပ်မနေနဲ့နော်။ ဘာမှတ်နေလဲ။"
"မဟုတ်ပါဘူး။ ကျွန်တော့်ကို ရန်ကုန်က လူကြုံပေးခိုင်းလိုက်တာ။ ကျွန်တော် ပေးဖို့ မေ့နေလို့ အခုသတိရတဲ့ အချိန်မှ ဖုန်းဆက်ရတာပါ။"

သူ့စကား ကြားတော့ ဘေးကလူတွေ မျက်လုံးပြူးသွားပါတယ်။ ဟိုဘက်ကတော့ လေသံနည်းနည်း ပျော့သွားပါတယ်။

"အဲဒီလို စောစောစီးစီး ပြောပေါ့။ ရှင်က လာရစ်နေတဲ့ ပုံစံနဲ့ ဆိုတော့ ကျွန်မက ဘယ်သူမှန်း မသိ ဘယ်ဝါမှန်းမသိနဲ့။"
"အော်။ ဟုတ်ကဲ့။ ဆောရီးပါ။ ကျွန်တော်ကလည်း အခုလို အချိန်မတော် ဖုန်းဆက်ရတော့ အိပ်နေပြီ မှတ်လို့ အားနာလို့ပါ။"
"ဆောရီးပဲ။ ကျွန်မလည်း နည်းနည်း လွန်သွားတယ်။"
"ဟုတ်ကဲ့။ အဲဒါ ကျွန်တော် ဘယ်လို လာပေးရမလဲ မသိဘူး။"
"ကျွန်မ ဘယ်ကို လာယူရမလဲ။"
"ကျွန်တော်က အန်မိုကီယို အမ်အာရ်တီနားမှာ နေတာပါ။ နောက်နေ့ မြို့ထဲမှာ ချိန်းပြီး လာယူလိုက်ရင် ဖြစ်ပါတယ်။"
"ဟုတ်လား။ ကျွန်မလည်း အန်မိုကီယို အမ်အာရ်တီနားမှာ နေတာပဲ။ အခုတောင် အမ်အာရ်တီမှာ လာယူလိုက်ရင် ဖြစ်ပါတယ်။"
ဘေးက လူတွေ ဒီတစ်ခါတော့ တကယ် မျက်လုံးပြူးသွားကြပါတယ်။

"အခုမှ တကယ် ပျားတုတ်ပြီ။ ဟေ့ကောင် ဘယ်လိုလုပ်မှာလဲ။" ဘေးက တစ်ယောက်က အသံတိုးတိုးနဲ့ မေးပါတယ်။

ပြောနေတဲ့သူကလည်း ဖုန်းခွက်ကို လက်နဲ့အုပ်ပြီး ဘေးကို လှည့်ပြောပါတယ်။

"အခုမှတော့ မထူးဘူး။ အခု အချိန်ကျမှ နောက်တာ ဆိုလည်း အဆဲခံရတော့မယ်။ မထူးပါဘူးကွာ။ ကောင်မလေး လန်းတယ် ပြောတာပဲ။ တွေ့ဖူးသွားတာပေါ့။"

နောက်တော့ သူက ကောင်မလေးကို ဆက်ပြောပါတယ်။
"ဟာ။ အဆင်ပြေတာပေါ့။ ကျွန်တော် အခု လာပေးလိုက်မယ်လေ။"
"အင်း။ ဟုတ်ပြီ အဲဒါဆို အခု အမ်အာရ်တီမှာ လာယူလိုက်မယ်။ အမ်အာရ်တီရောက်ရင် ကျွန်မကို ဖုန်းဆက်လိုက်ပါ။"
ကောင်မလေးက ပြောပြီး ဖုန်းချသွားပါတယ်။ အားလုံးကတော့ မျက်လုံးပြူးနေကြပါပြီ။

"ဟေ့ကောင်။ ဘယ်မှာလဲ မင်းလူကြုံပစ္စည်း။"
"ကိစ္စမရှိဘူး။ ငါ့သူငယ်ချင်း တစ်ယောက်ကို သူ့အိမ်က ပေးလိုက်တဲ့ စားစရာ အထုပ် ရှိတယ်။ နာမည် ပြောင်းကပ်လိုက် တာပေါ့။ ဟိုကောင့်ကိုတော့ ငါပိုင်ပါတယ်။ နောက်နေ့မှ ကြည့်ပြောလိုက်မယ်။"
"မင်းဟာကလည်း ဘာမှန်းညာမှန်းမသိ။ ရင်းလိုက်ရတာက။"
"ကိစ္စမရှိပါဘူးကွာ။ အလန်း ဇယားကလေး တစ်ယောက်နဲ့ သိဖို့ ကျွမ်းဖို့ ဒီလောက်တော့ ရင်းရမှာပေါ့။"

ဒီလိုနဲ့ သူက စာရွက်တစ်ရွက်မှာ ကောင်မလေးရဲ့ နာမည်နဲ့ ဖုန်းနံပါတ်ရေး။ သူ့သူငယ်ချင်းရဲ့ လူကြုံပစ္စည်းထုပ်ကို နာမည်ခွာ၊ နံမည် ပြောင်းကပ်ပြီး အထုပ်ကလေး ကိုင်ပြီး အမ်အာရ်တီကို လစ်သွားပါတော့တယ်။ ကျန်တဲ့သူတွေ ကတော့ ဂွတ်လခ် ဝိုင်းလုပ်ပြီးလို့ ဆက်သောက်နေကြ ပါတယ်။ နာရီဝက်လောက်နေတော့ လူကြုံပစ္စည်းထုပ် ကိုင်ပြီး ဆင်းသွားတဲ့သူ ပြန်ရောက် လာပါတယ်။

"ကြက်သတုံး။ မင်းအတော်ဆိုးတဲ့ကောင်။" လို့ သူ့ကို ဖုန်းနံပါတ် ပေးတဲ့ကောင်ကို ဆဲပါတယ်။ ဟိုကောင်ကတော့ အခုမှ တဟားဟားနဲ့ ထပြီး ရယ်ပါတယ်။ အားလုံးက သူ့ကို ဘာဖြစ်တာလဲလို့ ဝိုင်းမေးကြပါတယ်။

"ငါ့ကို ခပ်မိုက်မိုက် ကောင်မလေး တစ်ယောက် ဖုန်းနံပါတ်ပေးပါ ဆိုတာ ဒီကောင်က လုပ်လွှတ်လိုက်တာ။ ငါအခုတွေ့ခဲ့တာ ဖက်တီးကြီး။"
"သိပ်မဝပါဘူးကွ။ ပြည့်တယ် ဆိုရုံလေးပါ။" လို့ ဖုန်းနံပါတ် ပေးတဲ့ကောင်က ပြောပြီး ထပ်ရယ်ပါတယ်။
"မင်းကြီးဒေါ် သိပ်မဝပါလားကွ။ နည်းတာကြီး မဟုတ်ဘူး။ ပွင့် လောက် ရှိတယ်။"
"အဲဒီတော့ မင်းဘယ်လို လုပ်ခဲ့သလဲ။"
"အခုကျမှတော့ မပေးလို့ ရမလားကွ။ ခပ်တည်တည်နဲ့ အထုပ်ပေးပြီး သွားလိုက်ပါဦးမယ် ဆိုပြီး ပြန်လာရတာပေါ့။"
အဲဒီစကားကြားတော့ ကျန်တဲ့ကောင်တွေပါ ဝိုင်းရယ်ကြပါတယ်။ သူတို့အားလုံး ရယ်နေကြတာ တော်တော်နဲ့ မပြီးတော့ ပါဘူး။

တခြားဖတ်ရန်


တယ်လီဖုန်းနဲ့ ချောက်ချတတ်သူများ
ရွှေမင်းသမီးသို့ အိပ်မက်ခြင်း

Thursday, December 23, 2010

တွဲကတဲ့ည

ကျွန်တော်တို့ စလုံးကို ရောက်လာခါစက ကွဲပြားနေတဲ့ ဓလေ့ထုံးစံတွေကြောင့် မကြာခဏ အံ့သြရတတ်ပါတယ်။ ယောက်ျားလေးနဲ့ မိန်းကလေး ပခုံးဖက် ပေါင်းကြတာတွေ၊ အတန်းထဲမှာ မိန်းကလေးတွေ ရှေ့မှာ လိင်ကိစ္စကို ပွင့်ပွင့်လင်းလင်း ပါးစပ်ထဲ တွေ့ကရာ ပြောတတ် ကြတာတွေကြောင့် ကျွန်တော်တို့မှာ ရွာက မြို့တက်လာတဲ့သူလို တခါတလေ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်ရပါတယ်။

ကျွန်တော့် သူငယ်ချင်း မြန်မာကျောင်းသား အတော်များများကတော့ မြန်မာအချင်းချင်းပဲ လှည့်ပတ်ပေါင်းတတ် ကြပေမယ့် ကျွန်တော်နဲ့ ပေါင်းတဲ့ သူငယ်ချင်း တွေထဲမှာတော့ မလေးတရုတ်တွေ၊ အင်ဒိုတရုတ်တွေလည်း ပါပါတယ်။ ဓလေ့ထုံးစံချင်း မတူလို့ အပေါင်းအသင်း မလုပ်ရဘူး ဆိုတာတော့ မဖြစ်သင့်ပါဘူး။ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ထဲမှာ ဒီလိုပဲ သူ့ယဉ်ကျေးမှု ကိုယ့်ယဉ်ကျေးမှု ညှိယူ ကြဖို့ပဲ ရှိပါတယ်။ ဒီလိုနဲ့ ကျွန်တော် ကျောင်းဆင်းချိန် တစ်ချို့မှာ အချိန်ပိုင်း အလုပ် မရှိရင် အင်တာနေရှင်နယ် ကျောင်းသား ကလပ်ဘ် အခန်းထဲမှာပဲ အချိန်ဖြုန်း ဖြစ်ခဲ့ ပါတယ်။ ကျွန်တော့်ထက် ပိုပြီး ဆိုရှယ်ကျတဲ့ သူငယ်ချင်းတွေလည်း ရှိပါတယ်။ သူတို့ကတော့ ကျောင်းဆင်းချိန် တွေမှာ ဆိုရှယ်ဒန့်စ် ကလပ်ဘ် မှာ သွားပြီး ကကြပါတယ်။

ဒီလိုနဲ့ တစ်နေ့တော့ အင်တာနေရှင်နယ် ကျောင်းသား ကလပ်ဘ်က သူငယ်ချင်းတွေက နှစ်ပတ်လည် ညစာစားပွဲနဲ့ ကပွဲ လုပ်မယ်ဆိုပြီး သတင်းပေးကြပါတယ်။ ညစာစားပွဲ သွားဖို့ သူငယ်ချင်းတွေကို လှည့်ပတ် အဖော်စပ်တော့ တစ်ယောက်ပဲ အဖော်စပ်လို့ ရပါတယ်။ ကျန်တဲ့သူတွေကတော့ လက်မှတ် ၁၅ ဒေါ်လာကို ဈေးများလို့ မလိုက်ချင်ဘူး ဆိုပြီး နေခဲ့ကြပါတယ်။ ညစာစားပွဲက ကျောင်းဝန်းထဲက ခန်းမ တစ်ခုမှာပဲ လုပ်တာပါ။ လက်မှတ်ထဲမှာ  ဖော်မယ်လ်  ဝတ်ခဲ့ပါလို့ ရေးထားတာနဲ့ ကျွန်တော်တို့ နှစ်ယောက်သား အင်္ကျီလက်ရှည် ဘောင်းဘီလက်ရှည်နဲ့ ကြောင်လျှာသီး လည်ပင်းမှာ ပတ်လို့ ချီတက်ခဲ့ကြ ပါတယ်။

ပြောမယ့်သာ ပြောရတာပါ။ စလုံးမှာက တော်ရုံတန်ရုံ ကြောင်လျှာသီး ပတ်စရာမလိုတဲ့ အတွက် ကျွန်တော် နက်ကတိုင် မစည်းတတ် ပါဘူး။ ညစာစားပွဲ ဝင်ခါနီးမှအတူပါလာတဲ့ သူငယ်ချင်းကို အကူအညီတောင်းပြီး ကမန်းကတန်း စည်းခိုင်းရပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်း ညစာစားပွဲထဲ ရောက်တော့ ကြောင်လျှာသီး ပတ်ထားတဲ့သူက လူအနည်းစုပဲ ရှိပါတယ်။ သူတို့ ပြောတဲ့ ဖော်မယ်လ် ဆိုတာက အင်္ကျီလက်ရှည် စတိုင်လ်ဘောင်းဘီ လောက်နဲ့တင်ပဲ ကိစ္စ ပြတ်ပါတယ်။

ဘူဖေးစားကြ ဟိုလူ စကားပြော ဒီလူ စကားပြောနဲ့ ညက နည်းနည်း နက်လာပါတယ်။ နောက်တော့ အစီအစဉ်တွေ အားလုံးပြီးပြီမို့ ကပွဲစဖို့ စားပွဲတွေ အားလုံးကို ရှင်းလိုက်ပါတယ်။ ဘေးမှာချထားတဲ့ ထိုင်ခုံတွေပဲ ကျန်ရစ်ခဲ့ပါတယ်။ အဲဒီနေ့က ကပွဲမှာ ကဖို့ အတွက်ဆိုပြီး ဆိုရှယ်ဒန့်စ် ကလပ်က ကျောင်းသားတွေက ကျွန်တော်တို့ကို တစ်ပတ်လောက် ကြိုပြီး ကကွက်တွေ လာသင်ပေးပါတယ်။ ဒါပေမယ့် ဘာမှန်းညာမှန်း မသိတော့ သင်မထား မိလိုက်ပါဘူး။

ကပွဲ အစီအစဉ်စတော့ ပထမဆုံးအနေနဲ့ မြူးမြူးကြွကြွ တီးလုံးတွေ စဖွင့်ကြပါတယ်။ ပထမဆုံး စဖွင့်တဲ့ သီချင်းက အဲဒီအချိန်က နာမည်ကြီး သီချင်း ဖြစ်တဲ့ Mambo No. 5 ပါ။ သီချင်းဖွင့်ပေမယ့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ဘယ်သူမှ မလှုပ်ကြပါဘူး။ အဲဒီအချိန် လူအုပ်ကြားထဲကို ပထမဆုံး ထွက်လာ တာကတော့ ဆိုရှယ်ဒန့်စ် ကလပ်က ကျွန်တော့် သူငယ်ချင်း မြန်မာကျောင်းသားနဲ့ မလေး တရုတ်မကလေး တစ်ယောက်ပါ။ သူတို့ နှစ်ယောက်စလုံး ကျွမ်းကျွမ်းကျင်ကျင် ကတတ်တာမို့ အတော် ကြည့်ကောင်းပါတယ်။ သူတို့ အတွဲထွက်က ပြီးတော့ နောက်မှာ တတွဲပြီး တစ်တွဲ ထွက်လာကြပါတယ်။ ဒါပေမယ့် လူတွေ ဝိုင်းအုံနေတဲ့ ကြားထဲမှာ ထွက်ကရတာမို့ တကယ် အကကျွမ်းတဲ့ သူတွေပဲ ထွက်ကရဲ ပါတယ်။ ကျန်တဲ့သူတွေကတော့ အသာငြိမ်နေကြပါတယ်။

ဒီလိုနဲ့ နာရီဝက်လောက် ကပြီးတော့ စီနီယာ ကျောင်းသားတွေက စလိုးဒန့်စ် ကကြမယ် ဆိုပြီးတော့ တီးလုံးကို စလိုး ပြောင်းလိုက်ကြပါတယ်။ ပြီးတော့ မီးကိုလည်း မှိန်ပစ်လိုက် ပါတယ်။ ခန်းမထဲမှာ မီးရောင်မှိန်မှိန်နဲ့ အတွဲတွေ အလျှိုအလျှို ထွက်လာကြ ပါတယ်။ အဲဒီအချိန်တုန်းကတော့ ကျွန်တော်က အင်မတန် ရိုးတာပါ။ ရည်းစား တစ်ယောက်မှ မထားဖူး သေးသလို မိန်းကလေးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံ ဆိုရင်လည်း ကောင်မလေးကို လမ်းမှာ ရည်းစားစကား လိုက်ပြောဖူးတာက လွဲရင် ဘာမှ မရှိပါဘူး။ ဟိုကြည့်ဒီကြည့် ကြည့်နေတုန်း မှာပဲ ကျွန်တော်နဲ့ အတူလာတဲ့ သူငယ်ချင်းက ဘေးနားက မလေး တရုတ်မကလေး တစ်ယောက် ကို သွားပွားပြီး ဒန့်စ် ဖလိုးထဲ လက်တွဲဝင်သွားတာ တွေ့လိုက် ပါတယ်။ အရှေ့ဖက်ကို လှမ်းကြည့်တော့ ကျောင်းမှာ ကပ္ပတိန် သင်တန်း လာတက်နေတဲ့ မြန်မာ အစ်ကိုကြီးကလည်း ကောင်မလေးတွေ တစ်ယောက်ပြီး တစ်ယောက်နဲ့ တွဲကပြီး ကောင်းစားနေတာ လှမ်းမြင်ရပါတယ်။

ကျွန်တော့် အတန်းဖော် အင်ဒိုနီးရှား တရုတ်ကတော့ ဘေးနားမှာ ငုတ်တုတ် ထိုင်နေတုန်း ပါပဲ။ ကျွန်တော်က သူ့ကို "ဟေ့ကောင်။ မင်းမကဘူးလား။" လို့ မေးတော့ သူက "ငါအတူ ကချင်တာ တစ်ယောက်ပဲ ရှိတယ်ကွ။" လို့ ညောင်နာနာ အသံနဲ့ ပြန်ဖြေ ပါတယ်။ အဲဒီကောင်က ကျောင်းက မြန်မာကောင်မလေး တစ်ယောက်ကို ကြိုက်နေတာပါ။ ပြီးတော့ ကျွန်တော့်ကို "ငါသူ့ကို တွဲကဖို့ သွားမေးရမလားဟင်။" လို့ လာမေးပါတယ်။ ကျွန်တော်က "သူ သဘောတူရင် ကပေါ့ကွ။ သူသဘောတူရင် ငါက မင်းကို ဘာကန့်ကွက်စရာ ရှိသလဲ။" လို့ ပြန်ပြောလိုက် ပါတယ်။ ဒီလိုနဲ့ ဒီကောင် မောင်းတင်ပြီး အရှေ့နားမှာ ထိုင်နေတဲ့ ကောင်မလေးဆီ ချီတက်သွားပါတယ်။ ခဏနေတော့ ရှုံ့မဲ့နေတဲ့ မျက်နှာနဲ့ ပြန်ရောက် လာပါတယ်။ "သူက ဘယ်သူနဲ့မှ မကချင်ဘူးတဲ့။" ဆိုပြီး ကျွန်တော့်ကို ပြန်ပြော ပါတယ်။ အဲဒါဆို မင်းမကတော့ဘူးလား လို့ မေးတော့ အဲဒီကောင်က အင်းအဲနဲ့ ပဲများနေပါတယ်။

အဲဒီလို ဖတ်လိုက်ရလို့ မြန်မာမိန်းကလေးများ အင်မတန် အရှက် အကြောက် ကြီးတယ်တော့ မထင်ပါနဲ့။ အဲဒီ ကောင်မလေးနဲ့ တခြား ကောင်မလေး တစ်ယောက် နှစ်ယောက် ကလွဲလို့ ကျန်တဲ့ ကောင်မလေးတွေကတော့ အလျှိုအလျှို ဒန့်စင်းဖလိုးထဲ ထွက်လာကြတာ ပါပဲ။ ကောင်မလေးတွေ တောင်မှ ကနေပြီး ကိုယ်က ဝင်မကရင် သိက္ခာကျတာပေါ့။ ဒါမျိုးတော့ ဘယ်ရလိမ့် မလဲ။ ကျွန်တော်လည်း ဘေးနားကို မျက်လုံး ဝဲကြည့်လိုက်တော့ တရုတ်မကလေး တစ်ယောက် တစ်ယောက်တည်း ထိုင်နေတာ တွေ့လိုက်ပါတယ်။ အဲဒါနဲ့ အနားသွားပြီး ငါနဲ့အတူကမလား မေးတော့ ကောင်မလေးက အိုကေလို့ ပြောပါတယ်။ ဒီလိုနဲ့ ကောင်မလေး လက်ကိုဆွဲလို့ ဒန့်စင်းဖလိုးထဲ ရောက်လာခဲ့ပါတယ်။

ကျွန်တော် ကတတ်သလား ဆိုတော့ ဘရိတ်ဒန့်စ် တို့ ရော့ခ်တို့ ရက်ပ်တို့တော့ ငယ်ငယ်က ကဖူးပါတယ်။ ဒါပေမယ့် ကပွဲခန်းမထဲက အကမျိုးတော့ တစ်ခါမှ မကဖူးတာ အမှန်ပါပဲ။ ဒါပေမယ့်လည်း ဘာခက်တာမှတ်လို့။ သူတို့လည်း ကတတ်တာမှ မဟုတ်တာ။ အဲဒီတော့ လက်တစ်ဖက်က ကောင်မလေးကို ခါးဖက် သူက ကိုယ့်ပုခုံးကိုင် ကျန်တဲ့ လက်တစ်ဖက်ကို ဆန့်ပြီး ဟိုလှည့်ဒီလှည့်ပေါ့။ ကောင်မလေးက ဝဝကစ်ကစ် လေးမို့ ဖက်လို့တော့ ကောင်းပါတယ်။ ကောင်မလေး တစ်ယောက်နဲ့ တစ်ခါမှ နီးနီးကပ်ကပ် မနေဖူးတာကြောင့် နည်းနည်းတော့ ကျွတ်ကြဲနေတာ အမှန်ပါပဲ။  သူ့ဝတ်စုံက ရေမွေးနံ့ သူ့မျက်နှာ ပေါ်က မိတ်ကပ်နံ့ နှုတ်ခမ်းနီနံ့တွေ အနီးကပ် ရနေတာကြောင့် မနေတတ် မထိုင်တတ် ဖြစ်နေပါတယ်။ မျက်နှာ နှစ်ခုကလည်း ထိလုမတတ် ကပ်နေတာမို့ သူတော့ ဘယ်လိုနေသလဲ မသိပါဘူး။ ကျွန်တော်တော့ ကျလိကျလိ ဖြစ်နေပါတယ်။ ၁ မိနစ်လောက် ကပြီးတော့ ကျင့်သားရ သွားပါတယ်။ ဒီလိုနဲ့ သီချင်းတစ်ပုဒ် ဆုံးတော့ အတော်လည်း မောသွားပြီမို့ ဘေးမှာ ပြန်ထိုင်လိုက်ကြပါတယ်။

ဒီလိုမျိုး အချိန်မှာတော့ စာတတ်ပါတယ်။ မောသွားသလား မေးပြီး ဘေးက အအေးခွက် ကလေး ဘာလေး ယူပေးပေါ့။ နောက်တော့ ကောင်မလေးနဲ့ မိတ်ဆက်ကြပါတယ်။ သူက ကျွန်တော်တို့ ကျောင်း Business School က ဖြစ်တဲ့ အကြောင်း၊ မလေးရှား ဆာရာဝပ် ကနေ ကျောင်းလာတက်တာ ဖြစ်တဲ့အကြောင်း၊ အခု ဒုတိယနှစ် တက်နေတယ် ဆိုတဲ့ အကြောင်းတွေ အပြင် နံမည်နဲ့ ပေဂျာ နံပါတ်ပါ ရလိုက်ပါတယ်။ အဲဒီ အချိန်က ဟင်းန်ဖုန်းက အတော် ဈေးကြီး ပါသေးတယ်။ အခု အလကားပေးနေတဲ့ မော်တိုရိုလာ ဖုန်းလို ပုံစံမျိုးတောင် လိုင်းနဲ့ ဝယ်ရင် ဒေါ်လာ ၃၅၀ ကျော် ပေးရပါတယ်။ အဲဒါကြောင့် အများစုက ပေဂျာပဲ ကိုင်ကြတာ များပါတယ်။ မသိသေးတဲ့ သူတွေ အတွက်  မိတ်ဆက် ပေးရရင်တော့ ပေဂျာဆိုတာ မီးခြစ်ဆံဗူး သာသာလောက် ရှိတဲ့ ကိရိယာ ကလေးပါ။ အဲဒီအပေါ်မှာ နံပါတ် ပေါ်တဲ့ Screen ကလေး တစ်ခု ပါပါတယ်။ တစ်ယောက်ယောက်က ကိုယ့်ကို ခေါ်လိုက်ရင် ခေါ်တဲ့သူရဲ့ ဖုန်းနံပါတ် အဲဒီ စခရင် ပေါ်မှာ ပေါ်ပါတယ်။ အဲဒါဆိုရင် ကိုယ်က အနီးဆုံး ဖုန်းတစ်လုံးကနေ ခေါ်တဲ့သူဆီကို ပြန်ဆက်သွယ်လို့ ရပါတယ်။

ကျွန်တော်က အစသာ မရဲတာပါ။ စကားက စပြီးရင်တော့ အမျှင် မပြတ်အောင် ပွားနိုင်ပါတယ်။ ကောင်မလေးကို ဘာဝါသနာ ပါသလဲ။ စနေတနင်္ဂနွေ ဘာတွေ လုပ်တတ်သလဲ နဲ့ လျှောက်မေးပါတယ်။ ဒါက အရေးကြီးတဲ့ အပိုင်းမဟုတ်လား။ သူကတော့ ငါးမျှား ဝါသနာ ပါတယ် ပြောလို့ နည်းနည်းတွန့် သွားပါတယ်။ ကျွန်တော်က ဘာသာရေး ယုံကြည်ချက် နည်းနည်း ပြင်းထန်တဲ့အတွက် ခြင် ကြမ်းပိုးတောင် တတ်နိုင်ရင် သတ်ဖို့ လက်ရှောင်လေ့ ရှိပါတယ်။ အဲဒါကြောင့် နည်းနည်းတော့ စိတ်လေ သွားပါတယ်။ ဒီနေရာမှာ စကားကြုံလို့ စင်ကာပူက ဗုဒ္ဓဘာသာလို့ အမည်ခံထားတဲ့ သူတွေရဲ့ ယုံကြည်သက်ဝင်မှုကို နည်းနည်း ရှင်းပြပါမယ်။ သူတို့အတွက်တော့ စားဖို့သတ်တာ အပြစ်မရှိဘူး။ အပျော်သတ်တာတော့ အပြစ်ရှိတယ်လို့ ယူဆထားတဲ့သူတွေပါ။ ဒီကောင်မလေးကတော့ ခရစ်ယာန်လို့ ပြောပါတယ်။

 စကားပြောလို့ အားရသွားတော့ နောက်ကောင်မလေး တစ်ယောက်များ ရှိမလားလို့ ဘေးနားကို မျက်လုံး ဝဲကြည့်မိ ပါတယ်။ အားလုံးက ကိုယ့်အတွဲနဲ့ ကိုယ် ငြိမ့်နေကြပါပြီ။ ခုနက မကဘူးဆိုပြီး ပဲများနေတဲ့ အင်ဒိုတရုတ်လည်း အခုတော့ ကောင်မလေး တစ်ယောက်နဲ့ ဒန့်စင်း ဖလိုးထဲမှာ ငြိမ့်နေပါတယ်။ ညစာစားပွဲ မှာ လာပြီး သူများ သားသမီးတွေ ကြီးပွားနေတဲ့အချိန် ကိုယ်က တစ်ယောက်တည်း ထိုင်နေရင်တော့ မဖြစ်သေးဘူးလို့ တွေးမိပါတယ်။ အသစ်မတွေ့တော့လည်း အဟောင်းဆီပြန်သွားတာပေါ့။ ဒါနဲ့ ခုနက ကျွန်တော်နဲ့ ကတဲ့ ကောင်မလေးကို ကဦးမလား မေးတော့ သူက ကတာပေါ့ ပြောပါတယ်။ ဒီလိုနဲ့ ဒန့်စင်းဖလိုးထဲ ပြန်ရောက်ခဲ့ပြန်ပါတယ်။ ဒီတခါတော့ လက်ညောင်းသွားလို့ လက်မဆန့်တော့ပါဘူး။ ကိုယ်က သူ့ကိုဖက် သူက ကိုယ့်ကိုဖက်လို့ တီးလုံးနဲ့ အညီ ဒန့်စင်းဖလိုးထဲမှာ လှည့်ပတ်နေကြ ပါတယ်။ အဲဒီလောက် ဖက်ပြီးမှပဲ သဘောပေါက် သွားပါတယ်။ သူကလည်း အဖက်ခံချင်တာကိုး။ ဒါကြောင့်လည်း ကိုယ်ဖက် သူဖက်နဲ့ နှစ်ယောက်သား အဆင်ပြေ နေကြတယ် ဆိုတာပါ။ သီချင်း နှစ်ပုဒ်လောက် ဆုံးအောင် တွဲကပြီး တဲ့ အချိန်မှာတော့ လက်ရော ခြေထောက်ပါ ညောင်းသွားပါပြီ။ ဒါကြောင့်လည်း ခုံမှာပြန်ထိုင်ပြီး စကားပြော ကြပါတယ်။ ကျွန်တော်နဲ့ အတူလာတဲ့ သူငယ်ချင်းလည်း ကောင်မလေး တစ်ယောက်နဲ့ အတူ ပြန်ရောက်လာပါတယ်။ သူ့ကောင်မလေး ကိုယ့်မိတ်ဆက်ပေး ကိုယ့်ကောင်မလေး သူ့ မိတ်ဆက်ပေးနဲ့ နှစ်ယောက်သား ဟုတ်နေကြတာပါပဲ။ ကောင်မလေးက နောက်နေ့ သူ့ကို ပေဂျာခေါ်ဖို့ မှာလိုက်ပါတယ်။

ခဏနေတော့ ညစာစားပွဲ ပြီးလို့ အသီးသီး နှုတ်ဆက်ပြီး အိမ်ပြန်ခဲ့ ကြပါတယ်။ ကျွန်တော့် သူငယ်ချင်းကတော့ နောက်နေ့ ကောင်မလေးနဲ့ ဒိတ်ပြီး အပြင်တွေ ဘာတွေ လျှောက်သွား ကြပါသေးတယ်။ ကျွန်တော်ကတော့ ကပွဲခန်းမထဲက ဇာတ်လမ်းကို ကပွဲခန်းမထဲမှာပဲ ထားခဲ့လိုက်ပါတယ်။ ဟုတ်ကော ဟုတ်ရဲ့လားလို့ သံသယ ဖြစ်တဲ့သူ ရှိပါလိမ့်မယ်။ တကယ်ပါ။ အဟုတ်ပါ။ ဘာဇာတ်လမ်းမှကို မဆက်ဖြစ်ပါဘူး။ အဓိက အကြောင်းကတော့ ကောင်မလေးကို အပြင်မှာ တွေ့ရင် မမှတ်မိတာပါ။ အဲဒီနေ့ကတော့ ညစာစားပွဲ ဝတ်စုံနဲ့ ပြင်ဆင်ဖြီးလိမ်းပြီး လာကြတာမို့ အားလုံးက ရုပ်ပြောင်းနေကြပါတယ်။ အဲဒါအပြင် မီးကလည်း မှိန်ထားတော့ မျက်နှာတွေက မှောင်ထဲမှာ သိပ်မသဲကွဲပါဘူး။ အဲဒါကြောင့်လည်း နောက်နေ့ အပြင်မှာ ပြန်ကြည့်တော့ ဟိုကောင်မလေး လိုလို ဒီကောင်မလေး လိုလို ဖြစ်နေပါတယ်။ အဲဒီ အချိန်တုန်းက စိတ်ထဲမှာ နည်းနည်းပါးပါး ကွန်ဆာဗေးတစ် ဖြစ်တာလေးတွေ ကျန်နေသေးတဲ့ အတွက် နိုင်ငံခြားသူနဲ့ တွဲဖို့ တွန့်နေတာလည်း ပါပါတယ်။ အဲဒီတော့လည်း ဘာမှ ဇာတ်လမ်း မဆက်တော့ဘဲ တစ်ခန်းရပ်လိုက် ပါတယ်။

Wednesday, December 22, 2010

အရိုးစွဲ

လွန်ခဲ့တဲ့ လအနည်းငယ်လောက်က စင်ကာပူက မြန်မာစာပေ ဟောပြောပွဲမှာ ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) က ရသစာပေ အကြောင်း ပြောသွားခဲ့ပါတယ်။ သူကတော့ ဖိုးတောင်သူ့တဲ ဆိုတဲ့ ကျွန်တော်တို့ ငယ်ငယ်က သင်ခဲ့ဖူးတဲ့ ကဗျာကလေး တစ်ပုဒ်ကို ဥပမာ ပေးပြီး ပြောသွား ခဲ့တာပါ။ ဖိုးတောင်သူ့တဲ့ ကဗျာမှာ ချမ်းလွန်းလို့ ကိုယ့်တဲကိုယ် ပြန်ဖျက်ပြီး မီးလှုံခဲ့တဲ့ တောင်သူကြီး တစ်ယောက် အကြောင်းကို ရေးထားပါတယ်။ ဒါပေမယ့်လည်း ဒီကဗျာက ပေးတဲ့ ရသကို အခုခေတ်မှာ ပြန်ပြီး ထင်ဟပ်ကြည့်လို့ ရနေပါတယ်။ ကိုယ့်အိမ်ကိုပေါင်ပြီး နှစ်လုံးထီ ထိုးတဲ့သူတွေ ဘောလုံးပွဲလောင်းတဲ့ သူတွေဟာ ဖိုးတောင်သူ့တဲ ကဗျာထဲက တောင်သူကြီးလို လူစားမျိုးတွေပါလို့ ဆရာ မောင်စိန်ဝင်းက ပြောသွားခဲ့ပါတယ်။ ရသ စာပေဆိုတာ သူ့ကို ဖန်တီးတဲ့ ခေတ်က အကြောင်းအရာ တစ်ခုကို ဦးတည်ပြီး ရေးထားပေမယ့်လည်း ကွဲပြားခြားနားတဲ့ ခေတ်တစ်ခုမှာ ပုံသဏ္ဍန်တူတဲ့ အခြား အကြောင်းအရာ တစ်ခုနဲ့ ယှဉ်ထိုးပြီး ထင်ဟပ် ကြည့်လို့ ရပါတယ်။

အဲဒီကနေ ကျွန်တော့်ခေါင်းထဲမှာ ဆက်ပြီး အတွေးတွေ ပွားသွားပါတယ်။ ကျွန်တော် လွန်ခဲ့တဲ့ ၁၅ လောက်က ဖတ်ပြီး စိတ်ထဲမှာ စွဲကျန်နေတဲ့ ဝတ္ထုတစ်ပုဒ်ကိုလည်း ခေါင်းထဲမှာ ဖြတ်ကနဲ သတိရသွားပါတယ်။ ကျွန်တော့် ပတ်ဝန်းကျင်နဲ့ အဲဒီဝတ္ထုဟာ တိုက်ဆိုင်လွန်းလို့ပါ။ အဲဒီ ဝတ္ထုကတော့ ဆရာနေဝင်းမြင့် ရဲ့ ဆယ့်နှစ်ပွဲဈေးသည် ဝတ္ထုတို ပေါင်းချုပ်ထဲက နက်စ်ကော်ဖီ ဆိုတဲ့ ဝတ္ထုတို တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းကို ကျွန်တော် မှတ်မိသလောက် ပြန်ပြောပြပါ့မယ်။

ဝတ္ထုရဲ့ အဓိက အကြောင်းအရာကတော့ ချန်ထွန်းအောင် ဆိုတဲ့ ဗိုလ်တဲစောင့် တစ်ယောက် အကြောင်းပါ။ ချန်ထွန်းအောင်ဟာ ကော်ဖီကို စွဲစွဲမြဲမြဲ ကြိုက်ပါတယ်။ တစ်နေ့ကို ကော်ဖီတစ်ခွက် မသောက်ရရင် မနေနိုင်ပါဘူး။ သူနေတဲ့ ရွာမှာ တခြား ရွေးစရာ မရှိတော့ ချန်ထွန်းအောင် အတွက်တော့ ရွာထဲက မသားမနား ကော်ဖီဆိုင်ကလေးက ကော်ဖီရိုးရိုး ကိုပဲ အကောင်းစား အမှတ်နဲ့ သောက်နေ ရပါတယ်။ တစ်နေ့တော့ ချန်ထွန်းအောင် စောင့်တဲ့ ဗိုလ်တဲကို အရာရှိ မိသားစု တစ်စု ရောက်လာပါတယ်။ အရာရှိ မိသားစုရဲ့ ကျေးဇူးနဲ့ ချန်ထွန်းအောင်ဟာ နက်စ်ကော်ဖီကို သောက်ဖူးသွားပါတယ်။ ရိုးရိုးကော်ဖီကိုတောင်မှ နေ့စဉ် စွဲစွဲလမ်းလမ်း သောက်လာခဲ့တဲ့ ချန်ထွန်းအောင်ဟာ နက်စ်ကော်ဖီလို ကော်ဖီအကောင်းစားကို သောက်ရတဲ့ အချိန်မှာ အရူးအမူး စွဲလမ်း သွားပါတယ်။ အရာရှိ မိသားစုက သူ ကော်ဖီ ကြိုက်တတ်မှန်း သိတဲ့အတွက် သူတို့ ပြန်သွားတဲ့ အချိန်မှာ ချန်ထွန်းအောင်ကို နက်စ်ကော်ဖီ ပုလင်းလက်ဆောင် အဖြစ်ပေးခဲ့ပါတယ်။ ချန်ထွန်းအောင် အတွက်တော့ နက်စ်ကော်ဖီဟာ ကောင်းလွန်းလို့ နတ်ကော်ဖီ အဖြစ်တောင် ထင်မှတ်နေပါတယ်။ အဲဒီ ကော်ဖီပုလင်း ကုန်သွားတဲ့ အခါမှာတော့ ချန်ထွန်းအောင်ဟာ နက်စ်ကော်ဖီကို မသောက် ရလို့ ရူးမတတ် ဖြစ်နေပါပြီ။ သူတို့လို ရွာသေးသေးကလေးမှာ နက်စ်ကော်ဖီ ဝယ်လို့မရပါဘူး။ ဒီလိုနဲ့ပဲ သူဟာ နက်စ်ကော်ဖီကို စွဲလမ်းတဲ့ စိတ်နဲ့ နက်စ်ကော်ဖီ ပုလင်းကို လက်ထဲမှာ တင်းတင်းကျပ်ကျပ် ဆုပ်ရင်း သေသွားခဲ့ပါတယ်။ သူ့အသုဘချတဲ့ အချိန်မှာ လက်ထဲက နက်စ်ကော်ဖီ ပုလင်းကို ဖယ်ဖို့ ကြိုးစားပေမယ့် ဘယ်လိုမှ ဖယ်လို့ မရခဲ့ပါဘူး။

ဒီလိုနဲ့ပဲ နှစ်တွေ အကြာကြီး ကုန်လွန်သွားခဲ့ပါတယ်။ တစ်နေ့တော့ ရွာထဲက နွားကျောင်းသားကလေးတစ်ယောက်ဟာ သင်္ချိုင်းကုန်းမှာ ဆော့ရင်း အရိုးတစ်ချောင်း မြေကြီးထဲက ထွက်လာတာကို တွေ့ပါတယ်။ အရိုးက တစ်ခြား အရိုးတွေနဲ့ မတူဘဲ လက်ထဲမှာ ပုလင်းတစ်လုံးကို ဆုပ်ထားပါတယ်။ နွားကျောင်းသား ကလေးက အရိုးလက်ထဲက ပုလင်းကို ဖယ်ထုတ်ဖို့ ကြိုးစားပေမယ့် မအောင်မြင်ပါဘူး။ အဲဒီအရိုးကို မြင်တဲ့ လူကြီးတွေကတော့ ဒါဟာ ချန်ထွန်းအောင်ရဲ့ လက်ဖျံရိုးမှန်း တန်းသိကြပါတယ်။ ဒီလိုနဲ့ သူတို့ဟာ ချန်ထွန်းအောင်နဲ့ နက်စ်ကော်ဖီ ဇာတ်လမ်းကို ပြန်ပြောပြကြပါတယ်။ အဲဒီ အချိန်မှာတော့ ရွာထဲက ချန်ထွန်းအောင် သောက်နေကျ ကော်ဖီဆိုင်မှာတောင် နက်စ်ကော်ဖီသာမက နက်စ်ကော်ဖီထက် အများကြီး ပိုကောင်းတဲ့ ကော်ဖီတွေ ဝယ်လို့ ရတဲ့ အခြေအနေ ဖြစ်လာပါပြီ။ ချန်ထွန်းအောင်ရဲ့ အရိုးကတော့ နက်စ်ကော်ဖီပုလင်းကိုသာ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားတုန်းပါပဲ။

အဲဒီ ဝတ္ထုကနေ တဆင့် ကိုယ့်ဘာသာကိုယ် ဆက်ပြီး ခံစား ကြည့်ပါတယ်။ လူတွေဟာ တစ်စုံတစ်ခုကို ဆုပ်ကိုင်မိပြီဆိုရင် အသေအလဲ မလွတ်တမ်း ဆုပ်ကိုင်ထားတတ် ကြပါတယ်။ အဲဒီထက် ပိုကောင်းတာတွေ ရှိနေရင်တောင် မျက်ကွယ်ပြုပြီး ပြောင်းလဲဖို့ မကြိုးစားကြပါဘူး။ တစ်ခါတစ်လေမှာ ပြောင်းလဲပစ်ဖို့ ဝေးလို့ ပိုကောင်းတာကို စမ်းသပ်ကြည့်ဖို့တောင်မှ လက်တွန့် နေတတ်ကြပါတယ်။

နက်စ်ကော်ဖီ ဝတ္ထုက ပေးတဲ့ ရသက ကျွန်တော့် အတွက်တော့ ရင်ထဲကို တိုက်ရိုက်ထိ ပါတယ်။ ပတ်ဝန်းကျင်မှာ လက်ရှိတွေ့ကြုံနေတဲ့ အဖြစ်အပျက်နဲ့ တိုက်ဆိုင်နေလို့ပါ။ ရွာထဲက ရိုးရိုးကော်ဖီဟာ ဝင်းအင်းဝဖောင့်တို့လို အရင်တုန်းက ပေါ်ခဲ့တဲ့ ဖောင့်တွေနဲ့ တူပါတယ်။ ကျွန်တော်တို့ ဘာမှ မရှိခင် တုန်းကတော့ ဒီကော်ဖီကိုပဲ သောက်ခဲ့ ရပါတယ်။ ဇော်ဂျီဖောင့်ကတော့ နက်စ်​ကော်ဖီနဲ့ တူပါတယ်။ ကျွန်တော့် အနီးပတ်ဝန်းကျင်က မိတ်ဆွေများကတော့ ချန်ထွန်းအောင်နဲ့ တူကြပါတယ်။ ချန်ထွန်းအောင် အရိုးက နက်စ်ကော်ဖီ ပုလင်းကို မလွတ်တမ်း ဆုပ်ကိုင် ထားကြသလိုမျိုး ကျွန်တော့် မိတ်ဆွေများကလည်း ဇော်ဂျီဖောင့်ကို အရိုးစွဲအောင် မလွတ်တမ်း ဆုပ်ကိုင်ထားကြပါတယ်။  အချိန်တွေ ပြောင်းလာတော့ ရွာထဲက ကော်ဖီဆိုင်မှာ နက်စ်ကော်ဖီထက် ကောင်းတဲ့ ကော်ဖီအကောင်းစားတွေ ရလာပါတယ်။ အဲဒီလိုပဲ အခု ဆိုရင် မြန်မာစာ တိုးတက်ရေးအတွက် အထောက်အကူ နည်းပညာတွေ အများကြီးပါတဲ့ ယူနီကုတ် စံနှုန်းညီတဲ့ ဖောင့်တွေ တစ်ခုပြီး တစ်ခု ထွက်လာနေပါပြီ။ ဝင်းအင်းဝကတောင်မှ ယူနီကုတ် စံနှုန်းနဲ့ ညီတဲ့ ဝင်းယူနီအင်းဝ ဖောင့်ကို အခမဲ့ ပေးထားပါပြီ။ ဘီဘီစီ၊ ဝီကီပီးဒီးယား၊ MRTV4၊ မြန်မာသမ္မာကျမ်းစာ စတဲ့ ဆိုက်ဒ်ကြီးတွေကလည်း ယူနီကုတ်ဖောင့် သုံးနေကြပါပြီ။

ဒါပေမယ့်လည်း ကျွန်တော့်မိတ်ဆွေတွေကို ယူနီကုတ် ပြောင်းသုံးဖို့ တိုက်တွန်းရတဲ့ ကျွန်တော့်အတွက်ကတော့ ချန်ထွန်းအောင်ရဲ့ လက်ဖျံရိုးကနေ နက်စ်ကော်ဖီပုလင်းကို ဖယ်ထုတ်ဖို့ ကြိုးစားတဲ့ နွားကျောင်းသားလိုပဲ ဖြစ်နေပါတယ်။
စာရိုက်ရတာ ပိုလွယ်တယ် ဆို​တော့လည်း စမ်းကြည့်ဖို့ တွန့်နေကြ ပါတယ်။ ကီးဘုတ်လက်ကွက် ပြောင်းစရာ မလိုပါဘူး ဆိုတာတောင်မှ ဘယ်သူမှ စမ်းမကြည့်ချင်ကြပါဘူး။  အားလုံးက အရိုးစွဲ နေကြပြီမို့ ကျွန်တော်လည်း မတတ်နိုင်တော့ပါ။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်တော့ နက်စ်​ကော်ဖီ အစား ရွာထဲက အဲဒီထက် ပိုကောင်းတဲ့ ကော်ဖီကိုပဲ သောက်ပါတော့မယ်။

Tuesday, December 21, 2010

Economist ရဲ့ အယ်လ်ဘမ် (၃)

Economist ရဲ့ ဓာတ်ပုံစာအုပ် တတိယပိုင်းပါ။  ဒီတစ်ခါတော့ စဉ်းစားစရာတွေ ပိုပြီး ပါသလိုပဲ။ သူရေးထားတာကို ဘာသာပြန်ရတာ အတော် ခက်ပါတယ်။ ကျွန်တော် ဘာသာပြန်ထားတာ မဖတ်ဘဲ အင်္ဂလိပ်လို ဖတ်ရင် ပိုကောင်းပါလိမ့်မယ်။ ဘာသာပြန်တာ မှားသွားရင်တော့ ကျွန်တော့်ရဲ့ အားနည်းချက်ပါ။ မြန်မာရေးတာကို မြန်မာက ဘာသာပြန်ရတာတောင် အတော် မလွယ်ဘူး။ :P


An increase in traffic population without commensurate increase in paved road has created traffic congestion. The total length of paved road almost remains the same as they were in the past (according to the World Bank’s World Development Indicator Statistics). This imbalance seems to have contributed significantly to environmental degradation and worsening air quality in the city of Yangon, which shows up in the warming temperature: 29 Degree Celsius (low) to 34 Degree Celsius (high), a distinct anomaly in a winter month of December. Long term solutions to this woe might include introducing mass transit, expanding road capacity, and devising a credible incentive mechanism through prudent urban planning and policy interventions.
လမ်းတွေကို မတိုးချဲ့ဘဲ ယာဉ်စီးရေတွေ များပြားလာတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်လာစေ ပါတယ်။ ခင်းထားတဲ့ လမ်းတွေရဲ့ စုစုပေါင်း အရှည်က ကမ္ဘာ့ဘဏ်ရဲ့ ကမ္ဘာ့တိုးတက်မှု ကိန်းညွှန်းပြ စာရင်းဇယား အရဆိုရင် အရင်အတိုင်း ပါပဲ။ အဲဒီလို မညီမျှမှုက ရန်ကုန် မြို့တော်ရဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေပြီး လေထု ညစ်ညမ်းမှုကို တိုးလာစေ ပါတယ်။ ရန်ကုန်ရဲ့ ဒီဇင်ဘာလမှာ ထူးထူးခြားခြား နဲ့ သိသိသာသာ မြင့်တက်လာတဲ့ အပူချိန် ၂၉ ဒီဂရီ ဆဲလ်စီးယပ် (အနိမ့်ဆုံး) နဲ့ ၃၄ ဒီဂရီ ဆဲလ်စီးယပ် (အမြင့်ဆုံး) က ဒီအချက်ကို ပြနေပါတယ်။ ဒီပြသနာကို ဖြေရှင်းဖို့ ရေရှည်စီမံကိန်း အနေနဲ့ လူအများကြီး သုံးလို့ ရတဲ့ ရထားတွေ စီစဉ်ပေးဖို့၊ လမ်းတွေ တိုးချဲ့ဖို့ ၊  မြို့တော်ကို စနစ်တကျ စီစဉ်ခန့်ခွဲခြင်းနဲ့ စည်းမျည်းစည်းကမ်း တွေ ချမှတ်ခြင်းကနေပြီး ဖြစ်နိုင်ခြေရှိတဲ့ တွန်းအားပေးမှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။ 

Unlike many countries, informal educational services and training centers play a vital role in the education system in Myanmar. They have been sprouting up in large quantities across the country to fill in the gap in the education market not being served by more conventional and formal educational institutions, and provide more rigorous learning opportunities. Consequently, the entire landscape of the city of Yangon is riddled with commercial signboards (as shown in picture) vying for student enrollment. It could be argued tenuously (as no empirical study has been done before) that the two sectors of education are complementary to each other. Hence, it is reasonable to expect that college graduates receiving education from both channels can expect to earn premium wages as compared to those not receiving extra training in the informal sector. At the extreme, a few private institutions that are perfect substitutions to the public ones have already begun operational and their numbers have been growing. Available anecdotal evidence suggest that this upward trend will continue in the following years, a sanguine new for those seeking employment in the private education sector.
တခြားနိင်ငံတွေနဲ့ မတူတာကတော့ သမာရိုးကျ မဟုတ်တဲ့ ပညာရေး ဝန်ဆောင်မှုတွေ နဲ့ သင်တန်းတွေက မြန်မာပြည်ရဲ့ ပညာရေးစနစ်မှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတာပါပဲ။ သူတို့ဟာ ပုံမှန် တက္ကသိုလ် ကောလိပ် တွေကနေ သင်မပေးနိုင်တဲ့ ကွက်လပ်တွေကို ဖြည့်ပေးနိုင်ဖို့အတွက် တစ်နိုင်ငံလုံးမှာ ပဲပင်ပေါက်လို ပွထနေအောင် ပေါ်လာပါတယ်။ တက္ကသိုလ်ကောလိပ်တွေနဲ့ ယှဉ်ရင် သူတို့ဆီမှာက ပိုပြီး ပြည့်စုံအောင် သင်ကြားနိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေပါတယ်။ အကျိုးဆက် အနေနဲ့ကတော့ ရန်ကုန်တစ်မြို့လုံးရဲ့ မြင်ကွင်းမှာ ပုံထဲမှာ ပြထားသလိုမျိုး ကြော်ငြာ ဆိုင်းဘုတ်တွေနဲ့ ပြည့်နှက်နေပြီး ကျောင်းသားတွေကို သူ့ထက်ငါ အပြိုင်အဆိုင် ခေါ်နေကြပါတာပါပဲ။ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိပဲ ငြင်းခုံနေကြတာ ( စနစ်တကျ ဘယ်သူမှ စစ်တမ်းကောက် မလေ့လာဖူးပါဘူး။) ကတော့ ဒီပညာရေး စနစ်နှစ်ခုဟာ တစ်ခုနဲ့ တစ်ခု အပြန်အလှန် သဟဇာတ ဖြစ်နေတယ် ဆိုတာပါပဲ။ အဲဒါကြောင့် မို့ ကျောင်းလည်းတက် သင်တန်းလည်းတက်တဲ့ ကောလိပ် ကျောင်းဆင်း တစ်ယောက်က သင်တန်းတွေ တက်မထားတဲ့ ကောလိပ်ကျောင်းဆင်း တစ်ယောက်နဲ့ ယှဉ်ရင် လခပိုများနိုင်ပါတယ်။ အဆုံးစွန်ထိ ကြည့်မယ် ဆိုရင် တက္ကသိုလ် ကောလိပ်တွေက ပေးတဲ့ပညာရေးကို အစားထိုးပေးနိုင်တဲ့ ကျောင်းတစ်ချို့ မြန်မာနိုင်ငံမှာ ရှိနေပြီ ဖြစ်ပြီးတော့ အဲဒီလို ကျောင်းမျိုးတွေရဲ့ အရေအတွက်ဟာ ပိုပြီးတော့လည်း တိုးပွား လာနေပါပြီ။ ကြားရတဲ့ စကားတွေပေါ် အခြေခံပြီး ပြောရမယ် ဆိုရင်တော့ ဒီလမ်းကြောင်းဟာ နောက်နှစ်အနည်းငယ် အထိ ရှိနေဦးမှာပါ။ အကောင်းမြင်ဘက်က လှည့်တွေးရင်တော့ ပုဂ္ဂလိက ပညာရေး နယ်ပယ်မှာ အလုပ်ရှာတဲ့သူတွေ အတွက်တော့ သတင်းကောင်းပေါ့။

A reminiscence of British Colonization.
ဗြိတိသျှ ကိုလိုနီခေတ်ရဲ့ အမှတ်ရစရာ တစ်ခုပါ။

A local produce market on the side of a commuter train station.
မြို့ပတ်ရထားလမ်းဘေးက ဒေသထွက် ပစ္စည်းတွေ ရောင်းနေတဲ့ ဈေးပါ။

The Rangoon University, which used to be a crown jewel of the Burmese education decades ago, boasted producing many great intellects during its glorious days. Many believe that had this great tradition been preserved or improved gradually, the Rangoon University could have been on a par with some of the best Universities in the world. In response to a recent budget cut proposal, the president of the University of California – Berkeley said “It takes many years to build a good university; it takes only a few years to make it a mediocre one.” Far from becoming a reputable university, the Rangoon University has become synonymous with decrepit dorms and buildings (shown in picture) surrounded by bushy and thick plants and weeds, and a deserted campus devoid of lively campus activities.
လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်လောက်က မြန်မာပြည်ရဲ့ ပညာရေးမှာ သရဖူဆောင်းခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ပါ။ သူရဲ့ တောက်ပတဲ့ နေ့ရက်တွေ တုန်းကတော့ ကြီးကျယ်တဲ့ ပညာရှင်တွေ ကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ မွေးထုတ်ပေးခဲ့တာပေါ့။ အများစုက ယုံကြည်နေကြတာတော့ အရင်တုန်းက ဒီလို ကြီးကျယ်ခဲ့တဲ့ အစဉ်အလာကို ထိန်းသိမ်းပြီး တဖြည်းဖြည်း မြှင့်တင်ခဲ့မယ် ဆိုရင် အခုအချိန် ရန်ကုန်တက္ကသိုလ်ဟာ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်တွေ ထဲမှာ တစ်ခု အပါအဝင် ဖြစ်နေမှာပါ ဆိုတာပါပဲ။ အခုလတ်တလော ဘဏ္ဍာရေး အသုံးစရိတ်တွေ လျော့ချဖို့ အဆိုပြုချက်နဲ့ ပတ်သက်လို့ ကယ်လီဖိုးနီးယား တက္ကသိုလ် ဘာကလေ ရဲ့ ဥက္ကဋ္ဌက "ကြီးကျယ်တဲ့ တက္ကသိုလ် တစ်ခု ဖြစ်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူရတယ်။ ဒါပေမယ့် အဲဒီကနေ သာမန် အခြေအနေကို ကျဆင်းသွားဖို့ အတွက်တော့ နှစ်အနည်းငယ်ပဲ လိုတယ်။" လို့ ပြောခဲ့ပါတယ်။ အသိအမှတ်ပြုခံရတဲ့ တက္ကသိုလ် ဖြစ်လာဖို့ ဝေးလို့ ရန်ကုန် တက္ကသိုလ်ကတော့ ပုံမှာတွေ့ရသလိုပဲ အိုမင်းနေတဲ့ ကျောင်းဆောင်တွေ အဆောက်အဦးတွေနဲ့ အတူ ခြုံပုတ်တွေ ပေါင်းမြက်တွေနဲ့ ဝန်းရံလို့ နေပါတယ်။ ကျောင်းသားတွေ မရှိတော့တဲ့ ကျောင်းဝန်းထဲမှာ အသက်ဝင်နေတဲ့ တက္ကသိုလ် တစ်ခုရဲ့ လှုပ်ရှားမှုတွေ ကင်းမဲ့လို့ပေါ့။

The run-down situation of the Rangoon University campus is starkly juxtaposed with the elegance of the historical Judson Church, which is sitting next to the campus and well preserved.
ယိုယွင်းနေတဲ့ ရန်ကုန် တက္ကသိုလ်နဲ့ ထင်ထင်ရှားရှား ကွာခြားနေတာကတော့ ကျက်သရေရှိစွာ ရပ်တည်နေတဲ့ သမိုင်းဝင် ယုဒသန် ဘုရားကျောင်း ပါပဲ။ ဒီအဆောက်အဦးက ရန်ကုန်တက္ကသိုလ်နဲ့ ဘေးချင်းကပ်လျှက်မှာ ရှိနေပြီးတော့ စနစ်တကျ ထိန်းသိမ်းထားတာကို တွေ့ရမှာပါ။

Symbols of human resiliency and sordid images of extreme poverty:
These people eke out a living by setting up stalls just a few inches away from a transit rail track in the city of Yangon and selling food to transit passengers. Only by providing gainful employment elsewhere and perhaps additional public services such as basic health care and job training programs will the dire consequences of abject poverty be alleviated.
ဘယ်လောက်ဆိုးရွားနေပေစေ ရပ်တည်နိုင်တယ်ဆိုတဲ့ လူသားတို့ ရှင်သန်မှုရဲ့ ပြယုဂ်နဲ့ အလွန်အမင်း ဆင်းရဲကျပ်တည်းခြင်းရဲ့ စိတ်ဓာတ်ကျစရာ ပုံရိပ်ပါ။ သူတို့ဟာ ဝမ်းဝဖို့အတွက် ရန်ကုန်မြို့ရဲ့ ရထားလမ်းကနေ လက်မအနည်းငယ်လောက် အကွာအဝေးမှာ ဆိုင်ခန်းလေးတွေဖွင့်ပြီးတော့ ရထားစီးခရီးသည်တွေကို အစားအသောက်တွေ ရောင်းနေကြတယ်။ သူတို့ကို လောက်လောက်ငင ဝင်ငွေရစေမယ့် အလုပ်အကိုင်တစ်ခု တခြားနေရာမှာ ဖန်တီးပေးနိုင်မှသာ ဒါမှမဟုတ် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု၊ အလုပ်အကိုင်အတွက် ထရိန်နင် ပရိုဂရမ် တွေလိုမျိုး ပြည်သူနဲ့ ဆိုင်တဲ့ အကျိုးဆောင်မှုတွေ လုပ်ပေးနိုင်မှသာ သူတို့ကို သနားစရာကောင်းတဲ့ ဆင်းရဲတွင်းရဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေ ကနေ လွတ်ကင်းစေမှာပါ။ 

Mini store on a commuter train: one can buy foods, herbal medicines, stationery, flowers, and household appliances on a commuter train.
မြို့ပတ်ရထားပေါ်က မီနီစတိုးကလေး တစ်ခုပေါ့။ ရထားပေါ်မှာ ခရီးသည်တွေ အနေနဲ့ စားစရာ၊ တိုင်းရင်းဆေး၊ စာရေးကိရိယာ၊ ပန်း နဲ့ အိမ်သုံးပစ္စည်းတွေကို ဝယ်ယူနိုင်ပါတယ်။ 

This vendor is selling cigarettes and snacks on a commuter train.
မြို့ပတ် ရထားပေါ်မှာ စီးကရက်နဲ့ မုန့်တွေ ရောင်းနေတဲ့ ဈေးသည် တစ်ယောက်ပါ။

A horticulturist is selling potted flowers to rail passengers.
ဥယျာဉ်စိုက်သူတစ်ယောက် ရထားပေါ်မှာ ပန်းအိုးနဲ့ ထည့်ထားတဲ့ ပန်းတွေ ရောင်းနေတာပါ။ 

A group of sellers is exchanging and sharing market information about local produce market while travelling on a commuter train. They make up a large number of merchants supplying vegetables to the local markets located across the city of Yangon.
ရထားပေါ်မှာ ခရီးသွားရင်းနဲ့ ဈေးနဲ့ ပတ်သက်တဲ့ သတင်းတွေ ဖလှယ်နေကြတဲ့ ဈေးသည် တစ်စုပါ။ သူတို့ဟာ ရန်ကုန် တမြို့လုံးမှာ ရှိနေတဲ့ ဈေးတွေကို ဟင်းသီးဟင်းရွက်တွေကို ပို့ဆောင်ပေးနေသူတွေရဲ့ အများစုပါပဲ။ 

Passengers and vendors are jockeying for a seat or perhaps a standing space on an approaching commuter train.
ဘူတာကို ဝင်လာတဲ့ ရထားပေါ်မှာ ထိုင်စရာ နေရာ ဒါမှမဟုတ် ရပ်စရာ တစ်နေရာ ရဖို့အတွက် အလုအယက် ပြေးလွှားနေကြတဲ့ ခရီးသည်တွေနဲ့ ဈေးသည်တွေပါ။

Monday, December 20, 2010

Economist ရဲ့ အယ်လ်ဘမ် (၂)

ဒုတိယပိုင်း ဆက်ပါဦးမယ်။ အပိုင်း ဘယ်လောက်များ မလဲတော့ မသိဘူး။ သူကိုယ်တိုင်ကလည်း ဆက်ရေး ဆက်ရိုက် ဆက်တင်နေဆဲမို့ပါ။


Perhaps the most well known market in Myanmar, BoGyoke Aung San Market (also known as Scott Market) provides a convenient place for shoppers.
မြန်မာပြည်မှာ အထင်ရှားဆုံး ဈေးလို့ ပြောရမယ် ထင်ပါတယ်။ စကော့ဈေးလို့ သိကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းဈေးပါ။ ဈေးဝယ်သူတွေ အတွက် သွားလို့လာလို့ အဆင်ပြေတဲ့နေရာမှာ ရှိပါတယ်။

An inside view of BoGyoke Aung San Market
ဗိုလ်ချုပ်အောင်ဆန်းဈေးရဲ့ အတွင်းပိုင်း မြင်ကွင်းပါ။

Jewelry section of BoGyoke Aung San Market
ဗိုလ်ချုပ်အောင်ဆန်းဈေးရဲ့ ရတနာဆိုင်တန်းပါ။

Yangon Trader Hotel.
ရန်ကုန် ကုန်သည်ကြီးများ ဟိုတယ်

While other societies in some countries are moving towards cashless societies, thanks to modern banking system pioneered by electronic transactions, we still prefer to use fiat money in large quantity to carry out daily economic transactions. You have to carry this amount of fiat money with you (as shown in the picture) to a store to buy, for instance, a refrigerator or a laptop computer.
တခြားနိုင်ငံတွေမှာ အီလက်ထရွန်နစ် ရောင်းဝယ်ဖောက်ကားမှုတွေက အစပြုပြီး ခေတ်သစ် ဘဏ်စနစ်နဲ့ စက္ကူမဲ့ ပိုက်ဆံသုံးဖို့ လမ်းကြောင်းကို ဦးတည် သွားနေကြပါပြီ။ ကျွန်တော်တို့ကတော့ စက္ကူပိုက်ဆံတွေ အများကြီးကို သယ်ဆောင်အသုံးပြုပြီး နေ့စဉ် ရောင်းဝယ်ဖောက်ကားမှုတွေကို လုပ်ဖို့ အားသန်နေကြတုန်းပါပဲ။ လက်တော့ပ် ကွန်ပြူတာ တစ်လုံး ဝယ်ဖို့ ဒါမှမဟုတ် ရေခဲသေတ္တာတစ်လုံး ဝယ်ဖို့အတွက် ပုံမှာ ပြထားသလိုမျိုး ပိုက်ဆံတွေ အများကြီးကို သယ်သွားဖို့ လိုအပ်ပါလိမ့်မယ်။

Please be forewarned that this picture was not taken in New Delhi or Bombay or Karachi or Islamabad; It was taken in Yangon, Myanmar. My Indian friend selling Indian food, one of my most favorite foods, on a roadside.
ဒီပုံက နယူးဒေလီမှာ၊ ဘုံဘေမှာ၊ ဒါမှမဟုတ် ကရာချိတို့ အစ်စလာမာဘတ်တို့မှာ ရိုက်ထားတဲ့ပုံ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ရိုက်ထားတဲ့ ပုံပါ။ ကျွန်တော်တို့ရဲ့ အိန္ဒိယနွယ်ဖွား သူငယ်ချင်း တစ်ယောက် ကျွန်တော် အကြိုက်ဆုံးထဲမှာ ပါတဲ့ ကုလား အစားအစာ တစ်မျိုးကို လမ်းဘေးမှာ ရောင်းနေတာပါ။

Laissez-faire in action: A Sunday morning view of a local market.
ကိုယ့်စိတ်ကြိုက် ရောင်းဝယ်ဖောက်ကားမှု ပြုနေကြတဲ့ Laissez-faire ဆိုတာရဲ့ ဥပမာကို တွေ့ရပါမယ်။ ရပ်ကွက်ထဲက ဈေးရဲ့ တနင်္ဂနွေမနက် မြင်ကွင်းပါ။

Dangerous yet happy ride: Those living in industrialized countries and who are loath to taking public transport should get cues from these passengers who risk their lives taking public transport.
အန္တရာယ်များပေမယ့် ပျော်ပျော်ပါးပါးကြီး စီးကြတာပေါ့။ စက်မှုထွန်းကား ပြီးတဲ့ နိုင်ငံကြီးတွေမှာ အများသုံး သယ်ယူပို့ဆောင်ရေးကို မနှစ်မြို့တဲ့သူတွေ အသက်နဲ့ရင်းပြီး သွားလာနေရတဲ့ ဒီခရီးသည်တွေကို မြင်စမ်းစေချင်တယ်။

Emmanuel Church located at the heart of Yangon: another concrete evidence pointing to the religious diversity in Myanmar.
ရန်ကုန်မြို့လယ်ခေါင်မှာ ရှိတဲ့ ဧမာနွေလ ဘုရားကျောင်းပါ။ မြန်မာပြည်မှာ ဘာသာတရား အမျိုးမျိုး အတူတကွ ယှဉ်တွဲပြီး ရှိနေကြတယ် ဆိုတာ အတွက် နောက်ထပ်ပြစရာ ခိုင်မာတဲ့ သက်သေ အထောက်အထား တစ်ခုပါပဲ။

Sunday, December 19, 2010

Economist ရဲ့ အယ်လ်ဘမ် (၁)

နိုင်ငံခြားကနေ ရန်ကုန်ကို ခဏ ပြန်သွားတဲ့ သူငယ်ချင်း တစ်ယောက် ရိုက်ထားတဲ့ ဓာတ်ပုံတွေပါ။ ဖေ့စ်ဘွတ်ခ်မှာ တွေ့ရင်း သဘောကျလို့ မ လာပါတယ်။ ရန်ကုန်ကို အလွမ်းပြေ ကြည့်လို့ ရအောင်က တစ်ကြောင်းပါ။ နောက်တစ်ခု ကတော့ တစ်ချို့ ဓာတ်ပုံတွေမှာ  ဓာတ်ပုံနဲ့ အတူ ရေးထားတဲ့ သူ့ရဲ့ အတွေးတွေကို သဘောကျလို့ပါ။ သူကတော့ အမေရိကန် တက္ကသိုလ် တစ်ခုကနေ ဘောဂဗေဒနဲ့ မာစတာ ပြီးထားတဲ့သူမို့ အရာရာကို စီးပွားရေး ပညာရှင် အမြင်နဲ့ တွေးတယ် ထင်ပါတယ်။ သူ့ကို ဓာတ်ပုံတွေနဲ့ စာသားတွေ ဘလော့ခ်ပေါ်တင်မယ် ပြောတော့ တင်ချင်တင်ပါ သူ့နာမည်တော့ မထည့်ပါနဲ့ ပြောလို့ နာမည်တော့ ဖျောက်ထားလိုက် ပါတယ်။



The external splendor of the two buildings, sitting on Sule Pagoda Raod, belies their near-zero occupancy rates. The construction kicked off approximately 20 years ago and has been delayed many years only to give way to the buildings sitting idle when the construction was completed. Is it a sign of the economy overheating even before it takes off? Or, is it simply losing it steam even before take-off with full load of passengers and cargo?
ခမ်းနားထည်ဝါနေတဲ့ အဆောက်အဦးနှစ်ခု။ ဆူးလေဘုရားလမ်း ပေါ်မှာ ရှိနေပါတယ်။ ဒါပေမယ့် ဒီအဆောက်အဦးတွေကို နေထိုင်အသုံးပြုတဲ့ သူက သုညနီးပါးပဲ။ သူတို့ကို လွန်ခဲ့တဲ့ နှစ်၂၀ လောက်က စဆောက်ခဲ့ပြီး ဆောက်နေဆဲ ကာလမှာ နှစ်တွေ အများကြီး နှောင့်နှေးခဲ့ရတယ်။ နောက်ဆုံး ဆောက်လို့ ပြီးသွားတဲ့ အချိန်မှာတော့ ဘာမှမသုံးပဲ ဒီအတိုင်းပဲ ပစ်ထားကြတာပေါ့။ ဒါဟာ စီးပွားရေး အဆောက်အအုံတစ်ခု မစတင်ခင်မှာပဲ အပူချိန်လွန် သွားတဲ့ သဘောလား။ ဒါမှမဟုတ်ရင် ခရီးသည်တွေ ကုန်ပစ္စည်းတွေ အပြည့်တင်ထားတဲ့ သင်္ဘောတစ်စင်း စပြီး မမောင်းရသေးခင်မှာပဲ ရေနွေးငွေ့ကုန်သွားတာလား။

Seems like a Gothic structure in Brussels, Belgium? Nope. It is an Anglican Church standing imposing on BoGyok Aung San Street.
ဘရပ်ဆဲလ်မြို့မှာ ရှိတဲ့ ဂေါသစ် ပုံစံ အဆောက်အဦးတွေ ထင်လို့လား။ မဟုတ်ဘူး။ ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်မှာ ရှိနေတဲ့ အင်ဂလိကန် ဘုရားရှိခိုးကျောင်း တစ်ခုရဲ့ ပုံပါ။


Believe it or not. The market price for this car is US$ 12000 (calculated at prevailing market exchange rate). The car barely runs requiring regular inspection and maintenance. Is it a sign of asset bubble or pent-up demand for automobiles?
ယုံမလားတော့ မသိဘူး။ ဒီကားရဲ့ တန်ဖိုးဟာ အခုလက်ရှိ ဒေါ်လာပေါက်ဈေးနဲ့ တွက်ရင် အမေရိကန် ဒေါ်လာ ၁၂၀၀၀ ရှိပါတယ်။ ဒီကားတွေဟာ အမြဲတမ်း စစ်ဆေးပြင်ဆင်နေရပြီး မောင်းလို့ ရတယ် ဆိုရုံပါပဲ။ ဒါဟာ ကုန်ပစ္စည်းတွေ အကြောင်းတစ်ခုခုကြောင့် မူရင်းဈေးကနေ မတရား ကြီးမြင့်သွားတာရဲ့ သင်္ကေတလား။ ဒါမှမဟုတ်ရင် မော်တော်ကားအတွက် ဝယ်လိုအား မတန်တဆ များနေတာလား။

An incubator of medical practitioners for more than half a century, Rangoon Medical School is an elite school having attracted top students since its inception
ဆရာဝန်တွေကို ရာစုနှစ်တစ်ဝက်ကျော် မွေးထုတ်ပေးခဲ့တဲ့ ရန်ကုန်က ဆေးတက္ကသိုလ်ရဲ့ ပုံပါ။ ဒီတက္ကသိုလ်ဟာ ထိပ်တန်းကျောင်း တစ်ကျောင်း ဖြစ်ပြီးတော့ စကတည်းက ထိပ်ဆုံးကျောင်းသားတွေကို ဆွဲဆောင်ခဲ့ပါတယ်။

A mosque standing beautifully in downtown Rangoon, which suggests our society is endowed with religious diversity.
ရန်ကုန်မြို့လယ်ခေါင်မှာ လှလှပပ ရပ်တည်နေတဲ့ ဗလီတစ်ခုပါ။ ဒါဟာ ကျွန်တော်တို့ နိုင်ငံရဲ့ လူ့အဖွဲ့အစည်းမှာ ကိုးကွယ်ရာ ဘာသာတရား ပေါင်းစုံနဲ့ ရပ်တည်နေတယ် ဆိုတာကို ဖော်ပြနေတဲ့ အချက်တစ်ချက်ပါပဲ။

Burmese way of capitalism: residents are responsible for paving their local road, which is not excusable, meaning anyone living in other community and who didn’t make financial contribution to this project can use this road free of charge. By the same token, residents of this community can use paved road in other communities free of charge. Will the provision of public good by local residents lead to an efficient allocation of resource? Or, do the residents have the right to collect toll from commuters and motorists for using their road?

ဒါဟာ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ အရင်းရှင်စနစ်ပါ။ ဒီရပ်ကွက်မှာ နေတဲ့သူတွေဟာ သူတို့လမ်းကို သူတို့ဘာသာ ခင်းရတယ်။ ဒါဟာ ရှောင်လွဲလို့ ရတဲ့ ကိစ္စမဟုတ်ဘူး။ တခြားရပ်ကွက်မှာ နေပြီး ဒီလမ်းခင်းတဲ့နေရာမှာ ပိုက်ဆံထည့်မထား တဲ့သူတွေက ဒီလမ်းကို ပိုက်ဆံ တပြားမှ မပေးဘဲ သုံးခွင့် ရှိကြတယ်။ အဲဒီလိုမျိုးပဲ ဒီရပ်ကွက်မှာ နေတဲ့သူတွေကလည်း တခြားရပ်ကွက်မှာ သူများတွေ ခင်းထားတဲ့ လမ်းတွေကို ပိုက်ဆံပေးစရာ မလိုပဲ သုံးခွင့် ရှိတယ်။ အများပြည်သူသုံးမယ့် ပစ္စည်းကို ဒေသခံပြည်သူတွေက ဝိုင်းဝန်ပံ့ပိုး ပေးရတာဟာ အရင်းအမြစ်တွေကို ခွဲခြမ်းစိတ်ဖြာတဲ့ နေရာမှာ ထိရောက်မှု ရှိပါ့မလား။ ဒါမှမဟုတ်ရင် ဒီရပ်ကွက်မှာ နေတဲ့သူတွေ အနေနဲ့ ဖြတ်သွားဖြတ်လာတွေ ဒီလမ်းကို သုံးတဲ့ ကားတွေကို လမ်းအသုံးပြုခ ကောက်ဖို့ သင့်မလား။


Rangoon General Hospital, the biggest public hospital in Rangoon.

ရန်ကုန်မှာ အကြီးဆုံး အများပြည်သူသုံး ဆေးရုံဖြစ်တဲ့ ရန်ကုန်ဆေးရုံကြီးပါ။
ဓာတ်ပုံတွေရော စာသားတွေပါ အသုံးပြုခွင့် ပေးတဲ့ သူငယ်ချင်း ကို အထူးပဲ ကျေးဇူးတင်ပါတယ်။

Saturday, December 11, 2010

အနော်ရထာ မတိုင်ခင် (Express Edition)

ပုဂံ ရာဇဝင်ကို တုတ်ထမ်းပြီးတော့ပဲ ပြောရမလား၊ ဓားထမ်းပြီးတော့ပဲ ပြောရမလား၊ မရှင်းဂန်းတွေ အေကေ-၄၇တွေ ကိုင်ပြီးတော့ပဲ ပြောရမလားတော့ မသိပါဘူး။ ရေးထားတာ ကတော့ တစ်ယောက်တစ်မျိုး ပါပဲ။ အရည်းကြီးတွေ ဆိုးတယ်ဆိုပြီး ရာဇဝင်ထဲမှာ ရေးထားပေမယ့်လည်း ဒေါက်တာသန်းထွန်းကတော့ အရည်းကြီးဆိုတာ သမိုင်းထဲ ရေးထားသလောက် မဆိုးဘူးလို့ ပြောခဲ့ဖူး ပါတယ်။ ပန်းဦး လွှတ်တယ် ဆိုတာလည်း စိတ်ကူးယဉ်သက်သက် တကယ် မရှိဘူးလို့ ဆိုခဲ့ဖူးပါတယ်။ စဉ်းစား ကြည့်ရင်လည်း ဟုတ်နိုင်စရာပါ။ ဘယ်သူက ကိုယ့်မိန်းမကို အရည်းကြီးဆီ လွှတ်ပြီး ပန်းဦး ဆက်ချင်ပါ့မလဲ။ မယားထိ ဓားကြည့် ဆိုသလို ပန်းဦးပို့မယ့် အစား ဓားနဲ့ နုပ်နုပ်စင်း ကြလို့ အရည်းကြီးလည်း အနော်ရထာ မတိုင်ခင် ကတည်းက အရည်းကြီး တုတ်ထိုးဖြစ်တာ ကြာလှရောပေါ့။ ဒီတစ်ခါတော့ အနော်ရထာ မတိုင်ခင် ပုဂံရာဇဝင်ကို Express Edition အနေနဲ့ ပြန်ပြောပြချင် ပါတယ်။

ပုဂံမြို့ကို တည်တဲ့မင်း၊ သရပါတံခါးကို ဆောက်ခဲ့တဲ့မင်းကို ပျဉ်ပြားမင်း လို့ ခေါ်ကြပါတယ်။ ဘာလို့ ပျဉ်ပြားမင်းလို့ ခေါ်သလဲ ဆိုတာကို ရာဇဝင်ထဲမှာ ရှာကြည့်တာတော့ မတွေ့ပါဘူး။ ပျဉ်ပြားတွေ တရုတ်ကို အိတ်စပို့လုပ်လို့ ပျဉ်ပြားမင်းလို့ တွင်တာလည်း ဖြစ်ချင်ဖြစ်မှာပါ။ အဲဒီ ပျဉ်ပြားမင်းကို တစ်ချို့ကတော့ ပျဉ်ဖြားမင်း လို့ ပြောကြပါတယ်။ ပျဉ်ပြားမင်းကြီး နတ်ရွာစံတော့ သူ့ရဲ့သား တန်နက်မင်းနန်းတက် ပါတယ်။

မြန်မာပြည်မှာ ကျင့်သုံးနေတဲ့ ဥပဒေ တစ်စိတ်တစ်ပိုင်းက ပုဂံခေတ်က ဆင်းသက်လာသလား မပြောတတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဖတ်ဖူး မှတ်ဖူးသလောက် မြန်မာနိုင်ငံ ဥပဒေထဲမှာ နိုင်ငံတော်ပုန်ကန်မှု အတွက် ပြစ်ဒဏ်က သေဒဏ် တစ်မျိုးတည်း ရှိပါတယ်။ ဒါပေမယ့် ခြွင်းချက်ကလေးတော့ ပါပါတယ်။ နိုင်ငံတော် ပုန်ကန်မှု အောင်မြင်ရင် ပြစ်ဒဏ်က လွတ်ကင်းခွင့် ရှိသည် ဆိုတာပါ။  ပုဂံခေတ်ကလည်း ဘုရင်ကို သေအောင် သတ်နိုင်ရင် ဘုရင် ဖြစ်ပါတယ်။ မသေမရှင် ဆိုရင်တော့ မဖြစ်ဘူး ထင်ပါတယ်။ တန်နက်မင်းလည်း မြင်းဇောင်းထဲမှာ သွားနေတုန်း မြင်းခံ ငခွေးက ဘုရင်ကို မြင်းချေးတွင်းထဲ တွန်းချပြီး ရှော့လိုက် ပါတယ်။ ဘုရင်ကို ရှော့လိုက်တဲ့ အတွက် မြင်းခံငခွေး ဘုရင် ဖြစ်လာပါတယ်။ အဲဒီဘုရင်ကို စလေငခွေးမင်းလို့ သိကြပါတယ်။

စလေငခွေး ဘုရင် ဖြစ်တော့ တန်နက်မင်းရဲ့ မိဖုရား တစ်ပါးလည်း ကိုဝင်းကြည်နဲ့ နန်းတော်ကနေ တိတ်တိတ်ကလေး လစ်သွားပါတယ်။ အဲဒီလိုနဲ့ ကြောင်ဖြူ အရပ်မှာ ဇာတ်မြှုပ်နေရင်း သားကလေး မွေးပါတယ်။ တန်နက်မင်းက သားကလေး မွေးရင် ကိုယ့်နာမည် ပေးပါလို့ မမှာခဲ့တော့လည်း ကြောင်ဖြူအရပ်မှာ မွေးလို့ ကြောင်ဖြူလို့ နာမည်ပေးတယ်လို့ ဆိုပါတယ်။ (မိဖုရားကြီး စစ်ကိုင်းတိုင်းထဲက နာဂတွေနေတဲ့ ဟိုမြို့မှာသာ သွားပြီး ဇာတ်မြှုပ်နေခဲ့ရင်တော့ မတွေးရဲ စရာပါ။) စလေငခွေးကိုတော့ သတ်မယ့်သူ မရှိပါဘူး။ ဒီဘုရင် အပြင်သွားရင် ဆင်တန်းတွေ မြင်းတန်းတွေနဲ့ သွားလို့လားတော့ မသိပါဘူး။ အဲဒီလိုနဲ့ စလေငခွေး အချိန်တန်လို့ မာလကာပင် တက်သွားတော့ သူ့ရဲ့သား သိန်းခိုမင်း နန်းတက်ပါတယ်။

တစ်နေ့တော့ သိန်းခိုမင်းဟာ တောကစား သွားပါတယ်။ တောထဲမှာ ဘာသွားကစားလဲတော့ ရာဇဝင်ထဲမှာ ရေးမထား ပါဘူး။ ရှမ်းကိုးမီးတို့ ၂၁ပေါက်တို့လည်း ဖြစ်ချင်ဖြစ်မှာပါ။ တောကစားရာက ပြန်လာတော့ ဘုရင်လည်း ဗိုက်ဆာလာ ပါတယ်။ အဲဒီတော့ အနီးအနားမှာ ရှိတဲ့ သခွားခင်းထဲမှာ သခွားသီး ဝင်ခူးစားပါတယ်။ နိုင်ငံတော်ထဲ ရှိရှိသမျှ ဘုရင့်ဘဏ္ဍာ မှတ်နေလို့ နေမှာပါ။ ဒါပေမယ့်လည်း သခွားခင်း ပိုင်ရှင် တောင်သူကြီးက သူ့အခင်းထဲ ဝင်လာပြီး ဘာမပြော ညာမပြောနဲ့ သခွားသီး ဝင်စားတာတွေ့တော့ ဘာကောင်မှန်း မသိလို့ ကျွေးထည့်လိုက်ပါတယ်။ သခွားသီးတော့ မဟုတ်ပါဘူး။ ဘုရင်လည်း အစားမတော် တလုပ် ဆိုသလို တောင်သူကြီး လက်ချက်နဲ့ ဂိ သွားပါတယ်။

သတ်ပြီးမှ ဘုရင်မှန်းသိတော့လည်း တောင်သူကြီးက အော်တိုငုတ်တုပ် ဘုရင် ဖြစ်သွားပါတယ်။ အဲဒီ ဘုရင်ကို တောင်သူကြီးမင်း၊ ညောင်ဦးစောရဟန်း၊ မင်းအိုချမ်းသာ စတဲ့ နံမည် အမျိုးမျိုး ခေါ်ကြပါတယ်။ အဲဒီအချိန်မှာ ခုန ဇာတ်မြုပ်နေတဲ့ မင်းသား ပြန်ပေါ်လာပါတယ်။ ကြောင်ဖြူမှာ မွေးတဲ့ ကြောင်ဖြူမင်းသားဟာ တောင်သူကြီးမင်း လက်ထက်မှာ ရွိုင်ရယ် ကွမ်းယာသည် ရာထူးကို ရပါတယ်။ ဘုရင်ကို နိုင်တီတူးနဲ့ စားမလား၊ စင်ကနယ်နဲ့ စားမလား၊ ဖာလာထည့်မလား ဂုံခါးထည့်မလား စတာမျိုး မေးပြီး ကွမ်းယာဆက်ရတဲ့ ရာထူးပါ။ အဲဒီခေတ်ကတော့ တော်ဝင် ကွမ်းယာတဲ့သူကို ကွမ်းဆော်လို့ ခေါ်ကြပါတယ်။

တစ်နေ့တော့ တုရွင်းတောင်ခြေမှာ မင်းလောင်းပေါ်တယ် ဆိုပြီးတော့ ဝီကီလိခ်စ် ကနေတစ်ဆင့် ဘုရင်ဆီကို သတင်း ရောက်လာ ပါတယ်။ ဘုရင်လည်း မင်းလောင်းဆိုတာ ဘာကောင်ကြီးမှန်း မသိလို့ ကြောင်ဖြူမင်းသားကို သွားကြည့်စမ်းဆိုပြီး ခိုင်းလိုက် ပါတယ်။ ကြောင်ဖြူမင်းသားလည်း ဘုရင်ခိုင်းလိုက်လို့ တုရွင်းတောင်ခြေသွားတုန်း လမ်းမှာ ဘုရင်အဝတ်အစားတွေ လေဘေးထည် အနေနဲ့ ရောင်းနေတာ တွေ့တာနဲ့ ဝယ်ဝတ်ပါတယ်။ (ရာဇဝင်ထဲမှာတော့ သိကြားမင်းက ပေးတယ် ရေးထားသလို အဖိုးကြီးတစ်ယောက်က ပေးတယ်လို့လည်း ရေးထားပါတယ်။) ကြောင်ဖြူမင်းသား နန်းတော် ပြန်လာတဲ့အချိန် ဘုရင်အဝတ်အစား ဝတ်လာတာမို့ တောင်သူကြီးမင်းလည်း ပုလ္လင်ပေါ်ကနေ "နင်ထွက်သွားစမ်း။ ထွက်သွားစမ်း။ အခုပဲ ထွက်သွားလိုက်တော့။" လို့ အော်ရင်း ပြုတ်ကျလို့ ဂန့် သွားပါတယ်။ ထက်ထက်မိုးဦးလို ပါးတောင် မရိုက်လိုက်ရပါဘူး။ ကွမ်းဆော် ရာထူးကို ယူပြီး ကြောင်ဖြူ အရပ်မှာ မွေးတဲ့ မင်းသား ဘုရင် ဖြစ်တော့ ကွမ်းဆော်ကြောင်ဖြူလို့ တွင်ပါတယ်။

တောင်သူကြီးမင်းက ညီအစ်မ ၃ယောက်ကို ယူထားပါတယ်။ အဲဒီမိဖုရား ၃ပါးကို တောင်ပြင်သည်၊ အလယ်ပြင်သည်နဲ့ မြောက်ပြင်သည် လို့ ခေါ်ကြပါတယ်။ (ကျောက်ပျဉ်သည်တော့ မပါပါဘူး။) ကွမ်းဆော်ကြောင်ဖြူ ဘုရင်ဖြစ်တော့ ဘုရင် ရွေးထားတယ် ဆိုကတည်းက အကိတ်ကလေးတွေ နေမှာပဲ ဆိုပြီးတော့ အဲဒီ ၃ယောက်ကို ဆက်ပြီး မိဖုရား မြှောက်ထား လိုက်ပါတယ်။ ဒါပေမယ့်လည်း ကြောင်ဖြူမင်း ပိုက်ဘောမိသွားပါတယ်။ မြောက်ပြင်သည်နဲ့ အလယ်ပြင်သည်ကို တောင်သူကြီးမင်းက ဂိုးသွင်းပြီးသားပါ ။ အဲဒီလိုနဲ့ မြောက်ပြင်သည်က နေ ကျဉ်စိုး (အိုင်စီ အိမ်ဘုရင် နဲ့ နံမည် ခပ်ဆင်ဆင် :D) နဲ့ အလယ်ပြင်သည် ကနေ စုက္ကတေး ဆိုတဲ့ မင်းသား နှစ်ပါးကို မွေးပါတယ်။ အငယ်ဆုံး မိဖုရားကိုတော့ ကြောင်ဖြူမင်း ကိုယ်တိုင် ဂိုးသွင်းပြီး အနော်ရထာကို မွေးပါတယ်။

ကျဉ်စိုးနဲ့ စုက္ကတေး အရွယ်ရောက်လာတော့ ကျောင်းအဖြူတစ်ဆောင် ဆောက်ပြီးတော့ ဘုရင်ကို အတင်းအကျပ် ရဟန်းဝတ်ခိုင်းပါတယ်။ ဘယ်လို အကျပ်ကိုင်သလဲတော့ မပြောတတ်ပါဘူး။ ဘလက်မေးလ် လုပ်တာလား၊ အင်တာနက်ပေါ်မှာ ဗွီဒီယိုတွေ တင်လိုက်မယ်ဆိုပြီး ခြိမ်းခြောက်တာလား ဆိုတာတော့ ရာဇဝင်ထဲမှာ ရေးမထားပါဘူး။ ဒီလိုနဲ့ ကျဉ်စိုးက ဘုရင် ဖြစ်လာပါတယ်။ ကျဉ်စိုးလည်း သက်ဆိုး မရှည်ပါဘူး။ ခြောက်နှစ်အကြာမှာ ရှောဘရားသား ဖြစ်သွားပါတယ်။

ကျဉ်စိုး ပြီးတော့ စုက္ကတေးက ဆက်ပြီး နန်းတက်ပါတယ်။ တစ်နေ့တော့ စုက္ကတေးက အနော်ရထာကို "ညီသားနောင်မယ်" လို့ခေါ်ပါတယ်။ အနော်ရထာကလည်း ဘာအဓိပ္ပာယ်မှန်း မသိလို့ ရဟန်းဝတ်နေတဲ့ သူ့အဖေ ကြောင်ဖြူမင်းကို သွားမေးပါတယ်။ ကြောင်ဖြူမင်းက "ဟဲ့ကောင်။ အနော်ရထာ။ နင်အဲဒီလောက် ပိန်းရသလား။ အဲဒါ နင့်ကို ငါရိုးမကျား လို့ ဆဲတာနဲ့ အတူတူပဲ။ မင်းအမေကို သိမ်းပိုက်မယ် လို့ ပြောတာ။" ဆိုပြီး တစ်ပ် ပေးလိုက်ပါတယ်။ ကြောင်ဖြူမင်းက ကိုယ့်ဆံပင်ကိုယ် ညှပ်နေရတယ် ဘာညာ ပြောတယ်တော့ ရာဇဝင်ထဲမှာ ရေးမထားပါဘူး။

အဲဒါကြောင့် အနော်ရထာ နည်းနည်း တင်းသွားပါတယ်။ ဒါနဲ့ပဲ ပုပ္ပားကို သွားပြီး လူစုပါတယ်။ နောက်တော့ ပုဂံကို ပြန်တိုက်ဖို့ ချီတက်လာပါတယ်။ အဲဒါကို စုက္ကတေး ကသိတော့ ။ "ဟေ့ကောင်။ အနော်ရထာ။ စစ်တိုက်မနေနဲ့။ မဆိုင်တဲ့သူတွေ အကုန်သေကုန်မယ်။ သတ္တိရှိရင် မင်းနဲ့ ငါနဲ့ တပွေချင်း ဆွဲမယ်။" ဆိုပြီး စိန်ခေါ်ပါတယ်။ အနော်ရထာက သဘောတူတော့ သူတို့နှစ်ယောက် ပုဂံမြို့ တစ်နေရာမှာ ချိန်းပြီး ဖိုက်ကြပါတယ်။ စီးချင်းထိုးပွဲမှာ စုက္ကတေးကို အနော်ရထာက လှံနဲ့ထိုးလိုက်တာ မြင်းပေါ်မှာ လှံနဲ့အတူ ပါသွားလို့ အဲဒီအရပ်ကို မြင်းကပါ အရပ်လို့ ခေါ်တယ် ဆိုကြပါတယ်။ စုက္ကတေး ကြွသွားတော့ အနော်ရထာ ဘုရင် ဖြစ်လာပါတယ်။

ဒါကတော့ ပျဉ်ပြားမင်း လက်ထက်ကနေ အနော်ရထာ ဘုရင်ဖြစ်လာတဲ့ အချိန်အထိ ပုဂံရာဇဝင် Express Edition ပါပဲ။

တခြားဖတ်ရန်

ဗျတ်ဝိဗျတ္တ For Dummies
ဖောင်းကားစား Remix
မောင်ပေါက်ကျိုင်း Version 2009
Unofficial Guide to မင်းမဟာဂီရိ

Saturday, December 4, 2010

ဘဝတစ်ဆစ်ချိုးများ

လူတစ်ယောက် အတွက် အသက်မွေးဝမ်းကြောင်း လုပ်စားမယ့် အလုပ်တစ်ခုကို ရွေးချယ်ဖို့ ဆုံးဖြတ်ချက် ချရမယ့် အချိန်ဟာ တစ်ချိန်မဟုတ် တစ်ချိန် ကြုံလာတတ် ပါတယ်။ အဲဒီလို အချိန်မှာ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ ကိုယ်ပိုင် အတွေ့အကြုံနဲ့ အသိပညာ အပေါ်မူတည်ပြီး ဆုံးဖြတ်ချက် ချတတ်ကြ ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ရဲ့ အသိပညာ နုနယ်နေရင် အတွေ့အကြုံ နည်းပါးနေရင် ဆုံးဖြတ်ချက် အမှားတွေ ချဖြစ်မှာ ပါပဲ။ အဲဒါကြောင့် ကိုယ့်ထက် အတွေ့အကြုံ များတဲ့သူတွေ ကိုယ့်ထက် အသိပညာ ပိုရှိတဲ့သူ တွေရဲ့ အကူအညီကို ယူရင် မမှားနိုင်ဘူးလို့ ထင်ခဲ့ဖူး ပါတယ်။ သေချာတာ တစ်ခုကကတော့ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်နဲ့ သက်ဆိုင်တဲ့ အတွေ့အကြုံ အသိပညာမျိုး ရှိတဲ့သူကသာ ကိုယ့်ကို အကြံကောင်း ဉာဏ်ကောင်း ပေးပြီး လမ်းကြောင်းမှန် ပေါ်တင်ပေးနိုင်မှာပါ။ အဲဒီလိုမှ မဟုတ်ရင်တော့ တခြားသူဆီက အကြံဉာဏ် တောင်းခါမှ ကိုယ်ပါစိတ်ဓာတ်ကျပြီး ဘာလုပ်ရမှန်း မသိ ဖြစ်တာမျိုးလည်း ကြုံရတတ်ပါတယ်။

ကျွန်တော် နိုင်ငံခြားကို မထွက်ခင် ရန်ကုန်မှာ အကြာကြီး ရွာလည် နေခဲ့ဖူး ပါတယ်။ ပထမဆုံးတစ်နှစ် နိုင်ငံခြားကို ထွက်ဖို့ ကြိုးစားတာ မအောင်မြင်ပါဘူး။ ကျောင်းလျှောက်တာ ကိုယ်တက်ချင်တဲ့ ကျောင်းကမရ ရတဲ့ကျောင်းကလည်း ဈေးအရမ်းကြီးလို့ မတက်နိုင် ဆိုသလိုမျိုး ဖြစ်တာကြောင့် ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေပါတယ်။ အဲဒီအချိန်မှာ နိုင်ငံခြားက အလုပ်လုပ်ပြီး ပြန်လာတဲ့ မိတ်ဆွေတစ်ယောက်နဲ့ တွေ့ပါတယ်။ သူနဲ့ ကျွန်တော် နိုင်ငံခြား အကြောင်း ဆွေးနွေးဖြစ်ရင်း ကျွန်တော်က ကျောင်းလျှောက်တာ မရလို့ နည်းနည်း အကြံပေးပါဦးလို့ သူ့ဆီက အကြံဉာဏ် တောင်း ပါတယ်။ သူက ကျွန်တော့်ကို မင်းကျောင်းတက်ပြီးရင်လည်း အလုပ်လုပ်ရမှာပဲ။ အဲဒီတော့ ဘာကိစ္စ ကျောင်းတက် နေဦးမှာလဲ။ အလုပ်ပဲ တစ်ခါတည်း သွားလုပ်ပေါ့ ဆိုပြီး အကြံပေးပါတယ်။ သူက ကျွန်တော့်ကို ကိုရီးယား ထွက်ဖို့ ဂျပန်သွားဖို့ လမ်းစတွေ ပြောပြပါတယ်။ လိုအပ်တာ အားလုံး ကူညီမယ် လို့လည်း ပြောပါတယ်။ ကျွန်တော်လည်း သူ့စကား နားထောင်ပြီး ဇဝေဇဝါ ဖြစ်သွားပါတယ်။ တကယ်လို့ အဲဒီအချိန်ကသာ ကျွန်တော် သူပြောတဲ့ အကြံအတိုင်း လိုက်လုပ်ခဲ့မယ်ဆိုရင် အခုအချိန် အင်ဂျင်နီယာ ဖြစ်လာစရာ အကြောင်း မရှိပါဘူး။ ဒါပေမယ့် ကျွန်တော် နိုင်ငံခြားမှာ ကျောင်းတက်ချင်တဲ့ စိတ်က သိပ်ပြင်းနေတော့ သူပြောတဲ့ အကြံအတိုင်း မလုပ်မိပါဘူး။

ဒီလိုနဲ့ နောက်ထပ် ၂ လ ၃လလောက် ကြာတော့ စင်ကာပူမှာ ကျောင်းတက်ပြီး ပြန်လာတဲ့ သူငယ်ချင်း တစ်ယောက်နဲ့ ဆုံဖြစ်ပါတယ်။ ကျွန်တော်က သူ့ကို ကျောင်းလျှောက်ပေးဖို့ အကူအညီတောင်းတော့ ပုဂ္ဂိုလ်က ကျွန်တော့်ကို အင်ဂျင်နီယာ လုပ်တာ အကြောင်း မဟုတ်ဘူး။ ဒါပေမယ့် အီလက်ထရွန်းနစ် နဲ့ ပတ်သက်တဲ့ အင်ဂျင်နီယာလိုင်းတွေကို မရွေးဖို့ နားချပါတယ်။ မရိန်း အင်ဂျင်နီယာရင်း နဲ့ ကျောင်းတက်ပြီး လခကောင်းတဲ့ ဆာဗေယာ အလုပ်လုပ်ဖို့ သင်္ဘော အင်ဂျင်နီယာ လုပ်ဖို့ တိုက်တွန်းပါတယ်။ ကျွန်တော် ဝါသနာ ပါတာက အီလက်ထရွန်းနစ်နဲ့ ရိုဘော့တစ်ပေမယ့် သူပြောတဲ့ စကားကို နားယောင်သွား ပါတယ်။ အဲဒါနဲ့ စင်ကာပူကို ကျောင်းလျှောက်တော့ ကျွန်တော် အဲဒီလိုင်းတွေ တစ်လိုင်းမှ မလျှောက် ဖြစ်ပါဘူး။ မရိန်း အင်ဂျင်နီယာရင်းနဲ့ စလုံးကို ကျောင်းလှမ်းလျှောက်ပြီး ကျောင်းဝင်ခွင့် ရသွားပါတယ်။ ကျောင်းဝင်ခွင့် ရပြီးတော့ ကျွန်တော် မပျော်ပါဘူး။ ကိုယ်ဝါသနာ မပါတဲ့ လိုင်းကို တက်ရမှာမို့ နည်းနည်း စိတ်လေနေပါတယ်။

အဲဒီအချိန်မှာတော့ အခုလက်ရှိ သင်္ဘောပေါ်မှာ ကုန်းချုပ်လို့ ခေါ်တဲ့ ချိဖ်အော်ဖစ်ဆာ ဖြစ်နေတဲ့ ကျွန်တော့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း နဲ့ ဆုံဖြစ်ပါတယ်။ သူက အဲဒီတုန်းက ကဒက်လို့ ခေါ်တဲ့ အလုပ်သင် အရာရှိပါ။ သူက ကျွန်တော့်ကို မင်းနိုင်ငံခြား ကျောင်းသွားတက်ပြီး သင်္ဘောသား လုပ်မယ် ဆိုတဲ့ ကိစ္စ။ ငါလုံးဝ အားမပေးဘူး။ နိုင်ငံခြားမှာ ကျောင်းသွားတက်ပြီးမှတော့ ကုန်းပေါ်မှာပဲ အလုပ်လုပ်တော့။ ငါတို့လို ငယ်ငယ်ကတည်းက သင်္ဘောသား ဖြစ်ချင်လှပါတယ် ဆိုတဲ့ကောင်တောင် အခု တကယ် သင်္ဘောပေါ် ရောက်တော့ အတော် ညစ်နေပြီ။ မင်းလို ဝါသနာ မပါတဲ့ကောင် သင်္ဘောပေါ် ရောက်ရင် ပိုဆိုးမယ်။ အဲဒီတော့ စိတ်ကူးမလွဲနဲ့ တခြားလိုင်းရွေးလို့ အကြံပေးပါတယ်။ ကျန်တဲ့သူ အတော်များများကလည်း ဝိုင်းဖျက်ကြ ပါတယ်။ အဖေကတော့ မင်းလုပ်ချင်တယ် ဆိုရင် လုပ်ပေါ့။ ရေထဲမှာ တချိန်လုံး နေနေရမယ့် ကိစ္စတော့ ထည့်စဉ်းစားပေါ့ကွာလို့ ပြောပါတယ်။ ဒီလိုနဲ့ ကျွန်တော် တခြားလိုင်း ပြောင်းလျှောက်လိုက်တဲ့ အတွက် မရိန်းအင်ဂျင်နီယာ မဖြစ်ခဲ့ပါဘူး။ အဲဒီ ဆုံးဖြတ်ချက် မှန်သလား မှားသလား ဆိုတာ အခုချိန် ပြန်စဉ်းစားကြည့်တော့ ဝါသနာဘက်က ကြည့်ရင် မှန်ပါတယ်။ အခု ကျွန်တော် ကိုယ်စိတ်ပါတဲ့ ကိုယ်ပျော်တဲ့ အလုပ်လုပ် နေရပြီးထိုက်သင့်တဲ့ လစာရနေတဲ့ အတွက် စိတ်ချမ်းသာ ရပါတယ်။ ပိုက်ဆံဘက်က လှည့်တွေးရင်တော့ မှားပါတယ်။ ကျွန်တော်နဲ့ အတူတူ တစ်ကျောင်းတည်း တက်ပြီး သင်္ဘော အင်ဂျင်နီယာ ဖြစ်နေတဲ့ သူငယ်ချင်းက အခုအချိန် တစ်လကို လစာ ယူအက်စ်ဒေါ်လာ တစ်သောင်းကျော် ရနေ ပါတယ်။ ကျွန်တော့်ရဲ့ တစ်နှစ်ဝင်ငွေက သူ့ရဲ့ ၃ ၄ လစာ ဝင်ငွေကို မမီပါဘူး။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်တော့ အခု အချိန်ထိ မရိန်း အင်ဂျင်နီယာ မလုပ်မိတာကို မှားတယ်လို့ မယူဆတာ အမှန်ပါပဲ။

ဒီလိုနဲ့ ကျွန်တော် စင်ကာပူ ရောက်လာတော့ ကျွန်တော့် စိတ်ဝင်စားမှုက တစ်မျိုး ပြောင်းသွားပြန်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော် ကွန်ပျူတာနဲ့ ပရိုဂရမ်းမင်းကို စပြီး စိတ်ဝင်စားလာပါတယ်။ အိမ်မှာ အားရင် ကိုယ့်ဘာသာကိုယ် ကွန်ပျူတာကို ကလိ နေတတ်သလို ပရိုဂရမ် ရေးနေတတ် ပါတယ်။ အဲဒီအချိန်မှာ သူငယ်ချင်း အတော်များများက ကျွန်တော့်ကို လှောင်ကြပါတယ်။ မင်းအင်ဂျင်နီယာ ဖြစ်မယ့်ကောင်။ ပရိုဂရမ်းမင်း မိုးပျံအောင် တော်နေပေစေဦး။ ဘာမှ သုံးစားလို့ မရဘူး။ ဆိုပြီး ဝိုင်းနှိပ်ကွပ်ကြ ပါတယ်။ ကျွန်တော်ကတော့ ကိုယ်ဝါသနာပါတာ ကိုယ်လုပ်တာ ဘယ်သူ့ ဂရုစိုက် ရမှာလဲ။ အလုပ်ထဲမှာ သုံးမရလည်း ငါ့ဘာသာငါ အပျော် ရေးမှာပေါ့။ ဘာဖြစ်သေးလဲ ဆိုပြီး ပြန်ပြောပါတယ်။ အဲဒီအချိန်တုန်းကတော့ ကျွန်တော်တို့ အားလုံး နိုင်ငံတကာ လုပ်ငန်းခွင် အတွေ့အကြုံ မရှိကြတော့ အင်ဂျင်နီယာနဲ့ ပရိုဂရမ်းမင်းကို ဆက်စပ်ပြီး မတွေးတတ်ကြပါဘူး။ ပရိုဂရမ်မင်း ဆိုတာ အင်ဂျင်နီယာ နယ်ပယ်မှာ အသုံးဝင်တဲ့ နည်းပညာ တစ်ခု ဆိုတာလည်း မသိခဲ့ကြပါဘူး။

ဒီလိုနဲ့ ကျောင်းပြီးလို့ အလုပ်ရှာတဲ့ အချိန် ရောက်လာပါတယ်။ ကျွန်တော်နဲ့ တစ်နှစ်တည်း အတူတူ ကျောင်းပြီးတဲ့သူတွေ ကိုယ်စီကိုယ်ငှ အလုပ်ရသွားကြပေမယ့် ကျွန်တော် အလုပ်မရပါဘူး။ ယောင်လည်လည် ဖြစ်နေပါတယ်။ အလုပ်ကို ရွေးရှာနေတာကြောင့်လည်း ပါပါတယ်။ အဲဒီအချိန်မှာ ကျွန်တော့် သူငယ်ချင်းရဲ့ ဦးလေး တစ်ယောက် အိမ်လာလို့ သူနဲ့ ကျွန်တော် စကားပြောဖြစ်ပါတယ်။ သူက ကျွန်တော် အလုပ်ရှာနေတယ် ဆိုတာ သိတော့ သူအကူအညီပေးမယ် သူ့ အလုပ်မှာ ပြောပေးမယ် လို့ပြောပါတယ်။ သူက အလုပ်ရုံတစ်ခုက ဖိုမင်ပါ။ နောက်တော့ သူက ကျွန်တော့်ကို မင်းပုံဆွဲတတ်လားလို့ မေးပါတယ်။ ကျွန်တော် အင်ဂျင်နီယာ ပေမယ့် Drawing အတော့်ကို ညံ့ပါတယ်။ အဲဒါကြောင့် ကျွန်တော်က သူ့ကို အမှန်အတိုင်းပဲ ကျွန်တော် Drawing သိပ်မကောင်းတဲ့ အကြောင်း ပြောပါတယ်။ အဲဒါဆိုရင် မင်း Machining အကြောင်း နားလည်လားလို့ သူက မေးပါတယ်။ ဝပ်ရှော့ကလည်း ကျောင်းမှာ ကျွန်တော် အမုန်းဆုံး ဘာသာတွေထဲမှာ ပါပါတယ်။ ဝပ်ရှော့လုပ်ဖို့ ကျွန်တော် လုံးဝ ဝါသနာ မပါပါဘူး။ အဲဒါလည်း ကျွန်တော်မရတဲ့ အကြောင်း ကျွန်တော်သူ့ကို ပြောပါတယ်။ မင်းက အင်ဂျင်နီယာ လုပ်နေပြီး ဝပ်ရှော့လည်း မရ ပုံဆွဲလည်း မရဆိုတော့ ဘာလုပ်စားမှာလဲ ဆိုပြီး သူက ကျွန်တော့်ကို မေးပါတယ်။ အမှန်တကယ် ကျွန်တော် ကျွမ်းကျင်တဲ့ အလုပ်က ကွန်ထရိုးနဲ့ ပရိုဂရမ်းမင်းပါ။ ကွန်ထရိုးနဲ့ ဆိုင်တဲ့ နည်းပညာတွေကို စိတ်ဝင်စားလို့ ကျောင်းမှာကတည်းက အဲဒါနဲ့ ပတ်သက်တာတွေကိုပဲ အထူးပြု လိုက်စားပါတယ်။ အဲဒီအချိန်မှာ အလုပ်မရလို့ ညစ်နေရတဲ့ အထဲ သူက အဲဒီလို မေးလိုက်လို့ ကျွန်တော် အူကြောင်ကြောင် ဖြစ်သွားပါတယ်။ ငါလုပ်ခဲ့တာများ မှားနေသလား၊ ဒီပညာတွေနဲ့ ငါတကယ်ပဲ လုပ်စားလို့ မရတော့ဘူးလား ဆိုပြီး ဇဝေဇဝါ ဖြစ်သွားပါတယ်။

ဒါပေမယ့်လည်း နောက်ဆုံးတော့ ကွန်ထရိုးနဲ့ ပရိုဂရမ်းမင်း ကြောင့်ပဲ ကျွန်တော် အလုပ်ရခဲ့ပါတယ်။ ကိုယ်ဝါသနာ ပါတဲ့ လိုင်းမို့ အစဉ်တစ်စိုက် လိုက်စားဖြစ်တာမို့လည်း အလုပ်ထဲမှာ ပရော်ဖက်ရှင်နယ် အနေနဲ့ နေရာတစ်ခု ရခဲ့ပါတယ်။ ကျောင်းစာ ပြင်ပ ဝါသနာ အလျောက် လေ့လာထားတာ တွေကြောင့် အလုပ်ထဲမှာ အခြားသူတွေထက် ပိုပြီး လုပ်နိုင်တာလည်း အမှန်ပါပဲ။ အခုတော့လည်း ကိုယ်ဝါသနာပါတာ ကိုယ်လုပ်ခဲ့တာ ကိုယ့်စိတ်တိုင်းကျ ဘဝလမ်းကြောင်းကို ပုံဖော်ခဲ့တာ မမှားခဲ့ဘူး ဆိုတာ သိရလို့ အထိုက်အလျောက်တော့ စိတ်ချမ်းသာ ရပါတယ်။

တစ်ခါတစ်လေတော့လည်း ဘယ်သူဘာပြောပြော ကိုယ်ဝါသနာ ပါတာ ကိုယ်လုပ်တာ အကောင်းဆုံးပါပဲ။ ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ ဖြစ်နိုင်ခြေကို ကိုယ့်ဘာသာကိုယ်ပဲ သိပါတယ်။ ကိုယ့်ဘာသာကိုယ် ယုံကြည်မှု ရှိဖို့ပဲ လိုပါတယ်။ တခြားသူတွေ ပြောတဲ့စကား နားယောင်ပြီး ဟိုလိုလို  ဒီလိုလို ဖြစ်နေရင် တောင်မရောက် မြောက်မရောက်နဲ့ ဗုံမဟုတ် ပတ်မဟုတ်ပဲ ဖြစ်နေမှာပါ။

သက်ဆိုင်သောပို့စ်
ဘဝလမ်းခွဲ