Search This Blog

Sunday, January 30, 2011

ပြဒါးတစ်လမ်း သံတစ်လမ်း

လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း ဆိုတဲ့ စကားက မြန်မာလူမျိုးတိုင်းနဲ့ မစိမ်းလှပါဘူး။ ကျွန်တော်တို့ မူလတန်းမှာ သင်ခဲ့ရတဲ့ ဖတ်စာအုပ်ထဲမှာတော့ အဲဒီစကားကို ကိုးကားပြီး ပုဂံမှာ ဘုရားပေါင်း ၄၄၄၆,၇၃၃ ဆူရှိခဲ့တယ်လို့ ရေးထားပါတယ်။ ဒါပေမယ့်လည်း အဲဒီ ကိန်းဂဏန်းက ဘယ်လိုမှကို မဖြစ်နိုင်တဲ့ ကိန်းဂဏန်းပါ။ အရိုးဆုံး အရှင်းဆုံးနည်း နဲ့ပဲ ဘုရားတစ်ဆူကို ဘေးက လူသွားလမ်းအပါအဝင် လျော့လျော့ပေါ့ပေါ့ ၁၅ ပေ ပတ်လည် ထားပြီး တွက်ကြည့်ပါ။ ပုဂံလို မြို့နေရာ မှာတင်မက အထက်အညာ ဒေသတစ်ခုလုံး မှာတောင် ဒီလောက်များတဲ့ ဘုရားတွေ ဆောက်စရာ မြေနေရာ မရှိဘူး ဆိုတာ အလွယ်တကူ တွက်ကြည့်လို့ ရပါတယ်။ နောက်ပိုင်းတော့ သမိုင်းပညာရှင်တွေက ဖြစ်နိုင်ခြေ ရှိတာ လှည်းဝင်ရိုးသံ (၄၄၄၆) ပဲ ဖြစ်နိုင်ပြီး နောက်က တညံညံက ကာရန် ကိုက်အောင် ထည့်ထားတာလို့ ဆိုကြပါတယ်။ သုတေသန ပညာရှင်တွေ မှတ်တမ်းပြုတော့ ပုဂံမှာ ရှိတဲ့ ဘုရား အရေအတွက်ကို ဂူကြီးအုတ်နီ (၂၂၁၇ ဆူ) ရှိတယ်လို့ ရေတွက် ခဲ့ကြပါတယ်။

ပုဂံမှာ မုဆိုးမက အစ ဘုရားတည်နိုင်တဲ့ ခေတ်တစ်ခေတ် ရှိခဲ့ဖူးတယ်လို့ ဆိုကြပါတယ်။ အဲဒီအကြောင်းကို ပြောရရင် ရှင်အဇ္ဇဂေါဏ အကြောင်းပါ တွဲပြီး ပါလာတတ် ပါတယ်။ ရှင်အဇ္ဇဂေါဏက ထေရဝါဒ ဘုန်းတော်ကြီး မဟုတ်ပါဘူး။ တစ်ချို့ကတော့ ရှင်အဇ္ဇဂေါဏတို့၊ ဘားမဲ့ တို့ဟာ သမထီးလို့ ခေါ်တဲ့ အရည်းကြီးတွေ ဖြစ်တယ်လို့ ပြောကြပါတယ်။ ရှင်အဇ္ဇဂေါဏက မင်းသိင်္ခ ဝတ္ထုတွေထဲမှာ ပါတတ်တဲ့ ဂမ္ဘီရ လမ်းစဉ်လိုက်တဲ့ သူပါ။ အဂ္ဂိရတ်ထိုးရင်း သံကို သေအောင် သတ်ဖို့ ကြိုးစားပါတယ်။

ပြဒါးသေ တဆွေဝ၊ သံသေ တပြည်ဝ လို့ ရှေးက ဆိုရိုး ရှိခဲ့ဖူးပါတယ်။ ပြဒါးကို သေအောင် သတ်နိုင်ရင် တစ်ဆွေလုံး တစ်မျိုးလုံးစာ ချမ်းသာမယ်။ သံကို သေအောင် သတ်နိုင်ရင်တော့ တပြည်လုံး ချမ်းသာမယ်လို့ ဆိုကြတာပါ။ ဒီနေရာမှာ ကတ်သီးကတ်သတ် စဉ်းစားမိတာကတော့ အဂ္ဂိရတ် ထိုးတဲ့သူတွေမှာ တခြား ဘိုးတော်တွေလို မုတ်ဆိတ်မွေး အရှည်ကြီး မရှိလောက်ဘူး ဆိုတာပါ။ မဟုတ်ရင် မတော်တဆ အဂ္ဂိရတ်ထိုးရင်း မုတ်ဆိတ်မွေး မီးလောင်လို့ ရှမ်ဘဲလား မရောက်ခင် ကွိုင်တက် သွားနိုင်ပါတယ်။ ရှင်အဇ္ဇဂေါဏ ဆီမှာ ရှိတဲ့ အဂ္ဂိရတ် ကျမ်းထဲမှာ ဓာတ်လုံးကို xစင် ကျွေးရမယ်လို့ ပါနေပြီး စင်ရဲ့ ရှေ့က စာလုံးကို ပျက်နေပါတယ်။ အဲဒီပျက်နေတဲ့ စာလုံးကို သူက ရွှေ လို့ ထင်ပြီး ဓာတ်လုံးကို ရွှေကျွေး ပါတယ်။  ကျွေးတယ် ဆိုတာက ဓာတ်လုံးရေ စားစား အားမနာနဲ့ ဆိုပြီး ကျွေးတာမျိုး မဟုတ်ပါဘူး။ ရွှေနဲ့ အတူရောပြီး ဖိုထိုးတာကို ပြောတာပါ။ အဲဒီလို ရွှေကျွေး ပေမယ့်လည်း ဓာတ်လုံးက မအောင်မြင် ပါဘူး။

ဒါနဲ့ ရှင်အဇ္ဇဂေါဏက ဘုရင်ကို အကူအညီ တောင်းပါတယ်။ ဘုရင်က သူ့ကို ဘတ်ကီး လာရိုက်နေတယ်လို့ ထင်တာမို့ ရွှေ ကျွေးလို့ ဓာတ်လုံးမအောင်ရင် ဘယ်နယ့်လုပ်မလဲ မေးပါတယ်။ အဲဒီတော့ ရှင်အဇ္ဇဂေါဏက ဓာတ်လုံး မအောင်ရင် သူ့မျက်လုံး နှစ်လုံး စလုံးကို ဖောက်ပစ်မယ်လို့ အာမခံပါတယ်။ ဘုရင်ရဲ့ စပွန်ဆာနဲ့ ရွှေကျွေးပေမယ့်လည်း ဓာတ်လုံးက မအောင်ပါဘူး။ အဲဒါနဲ့ ရှင်အဇ္ဇဂေါဏက သူ့ကတိအတိုင်း သူ့မျက်လုံး နှစ်လုံး စလုံးကို ဖောက်ပစ်လိုက် ပါတယ်။ အဲဒီလို ဖောက်ပစ်ပြီးတဲ့နောက်မှာတော့ ဓာတ်လုံးကို အတော် စိတ်နာသွားဟန် တူပါတယ်။ သူ့တပည့် တစ်ယောက်ကို ဓာတ်လုံး ပေးပြီး အိမ်သာတွင်းထဲကို ပစ်ချခိုင်းလိုက် ပါတယ်။

ဓာတ်လုံးဟာ အညစ်အကြေးတွေနဲ့ တွေ့တဲ့ အခါမှာ အရောင် တစ်လက်လက် ထွက်လာ ပါတယ်။ ရှင်အဇ္ဇဂေါဏ ဆီမှာရှိတဲ့ အဂ္ဂိရတ်ကျမ်းထဲမှာ ရေးထားတာက အမှန်တကယ်ကတော့ မစင်ပါ။ ရွှေစင် မဟုတ်ပါဘူး။ သူ့တပည့်က ဓာတ်လုံး အရောင်ထွက်နေတဲ့ အကြောင်းကို ပြန်ပြောတော့ သူ့တပည့်ကို တွင်းထဲက ဓာတ်လုံးကို သွားပြန် ကောက်ခိုင်းလိုက် ပါတယ်။ နောက်တော့ ဈေးထဲသွားပြီး ရတဲ့ မျက်လုံး နှစ်လုံး ဝယ်လာခဲ့လို့ မှာလိုက် ပါတယ်။ အချိန်က ဈေးကွဲချိန် ဖြစ်တော့ ဆိတ်မျက်လုံး တစ်လုံး နွားမျက်လုံး တစ်လုံး ပဲ ရလာ ပါတယ်။ အဲဒီ မျက်လုံးတွေကို ဓာတ်လုံးနဲ့ ပွတ်ပြီး ကောက်တပ်လိုက်တော့ မျက်လုံး ပြန်မြင် သွားတယ်လို့ ဆိုပါတယ်။ မပွတ်ခင် ဓာတ်လုံးကို ရေတော့ ဆေးဦးမယ်လို့ စဉ်းစားကြည့်မိ ပါသေးတယ်။ ဆိတ်တစ်ဖက် နွားတစ်ဖက် မို့ ဆိတ် (အဇ္ဇ) နဲ့ နွား (ဂေါဏ) ကို ပေါင်းပြီး ရှင်အဇ္ဇဂေါဏ လို့တွင်တယ် ဆိုပါတယ်။

ရှင်အဇ္ဇဂေါဏက သံတွေကို သူ့ဓာတ်လုံးနဲ့ ပွတ်လိုက်ရင် ရွှေဖြစ်သွားတယ်လို့ ပြောကြပါတယ်။ အဲဒါကြောင့် မုဆိုးမက အစ ဘုရားတည်နိုင်လောက်အောင် ပုဂံမှာ ချမ်းသာသွားတယ်လို့ ဒဏ္ဍာရီ ဆန်ဆန် ပုံပြင်တွေ ရှိခဲ့ပါတယ်။ ကျွန်တော် အဓိက ဆွေးနွေးချင်တဲ့ အကြောင်းက အဲဒီကိစ္စပါ။ အဂ္ဂိရတ် ထိုးလို့ ပြဒါးကနေ ရွှေဖြစ်တယ်၊ သံကနေ ရွှေဖြစ်တယ် ဆိုတဲ့ ကိစ္စတွေကို ဓာတုဗေဒ ရှုထောင့်ကနေ လှည့်ပြီး တွေးကြည့်ချင် ပါတယ်။ ပြဒါးကနေ ရွှေဖြစ်နိုင်တယ်လို့ ယုံကြည်ခဲ့တာတော့ မြန်မာပြည် တစ်ခုတည်းတင် မဟုတ်ပါဘူး။ အပြည်ပြည်ဆိုင်ရာ အဂ္ဂိရတ် ပညာရှင်များ အစည်းအရုံး က ယုံကြည်ခဲ့ဟန် တူပါတယ်။ (ရှိခဲ့ရင် ပြောတာပါ။ :D ) တကမ္ဘာလုံးမှာ ပြဒါးကို ရွှေဖြစ်အောင် လုပ်နိုင်မယ်လို့ ယုံတဲ့ အဂ္ဂိရတ်သမား အတော်များများ ရှိပါတယ်။ အိန္ဒိယကလည်း မဆလာနည်း၊ ဥရောပကလည်း သိုးဆောင်းနည်း၊ မြန်မာကလည်း မြန်မာ့နည်းနဲ့ ချဉ်းကပ်ပုံခြင်း ကွဲတာပဲ ရှိပါတယ်။ သူတို့ကို Alchemist လို့ အင်္ဂလိပ် ဘာသာမှာ ခေါ်ကြပါတယ်။ ဒါပေမယ့်လည်း သံကို ရွှေဖြစ်မယ်လို့ ယုံတာတော့ မြန်မာပဲ ရှိမယ် ထင်ပါတယ်။

ဓာတုဗေဒ သဘောတရားနဲ့ ကြည့်မယ်ဆိုရင် ပြဒါးနဲ့ ရွှေနဲ့က ဖွဲ့စည်းပုံခြင်း အတော် နီးစပ်ပါတယ်။ အောက်ကပုံမှာ ပြဒါးအက်တမ်ရဲ့ ဖွဲ့စည်းပုံ နဲ့ရွှေအက်တမ်ရဲ့ ဖွဲ့စည်းပုံကို နှိုင်းယှဉ်ပြထားပါတယ်။



ဓာတုဗေဒ အကြောင်း နည်းနည်း ပြန်ပြီး အစဖော်ပေး ပါရစေ။ အက်တမ် တစ်ခုရဲ့ အလယ်ဗဟို (nucleus) မှာ ပရိုတွန်တွေနဲ့ နျူထရွန်တွေ ရှိပါတယ်။ ပရိုတွန် အရေအတွက်နဲ့ ညီမျှတဲ့ အီလက်ထရွန်တွေဟာ ဘေးပတ်ပတ်လည်မှာ ရှိတဲ့ shell လို့ ခေါ်တဲ့ လမ်းကြောင်းတွေမှာ လှည့်ပတ်နေကြပါတယ်။ လမ်းကြောင်းတစ်ခုစီမှာ သတ်မှတ်ထားတဲ့ အီလက်ထရွန် အရေအတွက်ထက် ပိုပြီး မရှိနိုင်ပါဘူး။ ပထမလမ်းကြောင်းမှာ ၂ လုံး၊ ဒုတိယလမ်းကြောင်းမှာ ၈ လုံး၊ တတိယလမ်းကြောင်းမှာ ၁၈ လုံး၊ စတုတ္ထလမ်းကြောင်းမှာ ၃၂ လုံး၊ ပဉ္စမလမ်းကြောင်းမှာ ၃၂ လုံးအထိ ပဲ အများဆုံး ရှိနိုင်ပါတယ်။ လမ်းကြောင်းထဲမှာ အီလက်ထရွန် ပြည့်သွားရင် အီလက်ထရွန်ကို အလွယ်တကူ ဖယ်ထုတ်လို့ မရနိုင်တော့တဲ့ ဟီလီယမ်တို့ နီယွန်တို့လို့ လှုပ်ရှားမှုနည်းတဲ့ ဓာတ်ငွေ့ (inert gas) တွေ အဖြစ် ပြောင်းလဲသွား ပါတယ်။

ပြဒါးနဲ့ ရွှေရဲ့ အက်တမ် ဖွဲ့စည်းပုံကို နှိုင်းယှဉ်ကြည့်ရင် အီလက်ထရွန်တွေရဲ့ ပုံသဏ္ဌန်ဟာ စတုတ္ထမြောက်လမ်းကြောင်း အထိ အတူတူပါပဲ။ ပဉ္စမမြောက် လမ်းကြောင်းမှာတော့ ပြဒါးမှာ အီလက်ထရွန် နှစ်လုံး ရှိပေမယ့် ရွှေမှာ အီလက်ထရွန် တစ်လုံးတည်း ရှိပါတယ်။ အဲဒီတော့ ပြဒါးကနေ အီလက်ထရွန် တစ်လုံးကို ဖယ်ထုတ်နိုင်ရင် ရွှေနဲ့ ဖွဲ့စည်းပုံ တူသွားပါမယ်။ အီလက်ထရွန်ကို ဖယ်ထုတ်နိုင်ဖို့ စွမ်းအင် (Ionization Energy) လိုပါတယ်။ စွမ်းအင်ကလည်း သိပ်များများစားစား မဟုတ်ပါဘူး။

ဒါပေမယ့်လည်း ဇာတ်လမ်းက ထင်သလောက် မလွယ်ပါဘူး။ ပရိုတွန်တစ်လုံးဟာ လျှပ်စစ် ဓာတ်အားဖြင့် +1 ရှိပြီး အီလက်ထရွန် တစ်လုံးမှာ လျှပ်စစ် ဓာတ်အားဖြင့် -1 ရှိပါတယ်။ အီလက်ထရွန်နဲ့ ပရိုတွန် ညီနေရင် အဲဒီအက်တမ်ရဲ့ ဓာတ်ဟာ သုည ဖြစ်နေပါတယ်။ စွမ်းအင်သုံးပြီး ပြဒါးကနေ အီလက်ထရွန် တစ်လုံးကို ဖယ်ထုတ်နိုင်ပေမယ့် အလယ်ဗဟိုမှာ ရှိနေတဲ့ ပရိုတွန် အရေအတွက် ကတော့ ကွဲပြား နေဦးပါ။ ပြဒါးကနေ အီလက်ထရွန် တစ်လုံး ဖယ်ထုတ်လိုက်ရင် အလယ်ဗဟိုမှာ ပရိုတွန် တစ်လုံး ပိုနေတဲ့ အတွက် positive ion ပဲ ဖြစ်သွားပါမယ်။  အနီးအနားမှာ လွတ်လပ်စွာ ရွေ့လျားနေတဲ့ အီလက်ထရွန် တစ်ခုခု ရောက်လာရင် ခုနက ဖယ်ထုတ်လိုက်တဲ့ အီလက်ထရွန်နေရာကို အချိန်မရွေး ပြန်ဝင်လာနိုင်ပါတယ်။ အဲဒီအတွက် ပိုနေတဲ့ ပရိုတွန်ကိုပါ ထုတ်ဖို့ လိုလာပါမယ်။ အဲဒါအပြင် ရွှေမှာ နျူထရွန် ၁၁၈ လုံး ရှိပြီး ပြဒါးမှာ နျူထရွန် ၁၂၁ လုံး ရှိတဲ့အတွက် ပြဒါးကို ရွှေနဲ့ အလေးချိန် (atomic mass) ချင်း ညီသွားအောင်လို့ ပိုနေတဲ့ နျူထရွန် ၃လုံးကိုပါ ဖယ်ထုတ်ပစ်ရပါ့မယ်။

အီလက်ထရွန်ကို ဖယ်ထုတ်ရတာ လွယ်ပေမယ့် ပရိုတွန်နဲ့ နျူထရွန်ကို ဖယ်ထုတ်ရတာ မလွယ်ပါဘူး။ သိပ္ပံနည်းကျ လုပ်နိုင်တယ် ဆိုရင်တောင် အချိန် အတော်ယူရပါ့မယ်။ ငွေကုန်ကြေးကျလည်း အတော်များပါလိမ့်မယ်။ အဲဒီလို ဖယ်ထုတ်တဲ့ စရိတ်က ဖြစ်အောင်လုပ်နိုင်တဲ့ ရွှေပမာဏရဲ့ တန်ဖိုးထက်တောင် ပိုများလိမ့်မယ်လို့ ခန့်မှန်း ကြပါတယ်။ ပြဒါးကို ချက်ချင်း လက်ငင်း ဓာတ်လုံးနဲ့ ပွတ်လိုက်လို့ ရွှေဖြစ်သွားတယ်ဆိုရင်တော့ ပတ်ဝန်းကျင်က လူများ အဲဒီက ထွက်လာတဲ့ စွမ်းအင်ရဲ့ ဒဏ်ကို နျူးကလီးယားဗုံး ပေါက်သလောက် ခံစားရမလား မသိပါဘူး။

ပြဒါးကတောင် ရွှေဖြစ်ဖို့ အဲဒီလောက် ခက်ခဲနေမယ် ဆိုရင် သံကတော့ ပိုဆိုးပါတယ်။ ရွှေနဲ့သံရဲ့ အက်တမ် ဖွဲ့စည်းပုံခြင်းက တခြားစီပါပဲ။ ခဲ (Lead) နဲ့မှ နည်းနည်း ပိုပြီး နီးစပ်ပါဦးမယ်။


ပုံမှာ ကြည့်ရင် တွေ့နိုင်ပါတယ်။ ရွှေနဲ့သံရဲ့ အက်တမ်ဖွဲ့စည်းပုံခြင်းကတော့ မဆီလေးရယ်တဲ့မှ အိုမဆိုင် ဆိုသလို တခြားစီပါပဲ။ လမ်းကြောင်း(shell) အရေ အတွက်ချင်းတောင် မတူပါဘူး။ အလယ်ဗဟိုမှာရှိတဲ့ ပရိုတွန်နဲ့ နျူထရွန် အရေအတွက်ကလည်း ၃ ဆလောက် ကွာပါတယ်။ သံကို ရွှေဖြစ်အောင် ပြောင်းပေးနိုင်ဖို့က စူပါနိုဗာ ကြယ်ပေါက်ကွဲမှုလို နျူကလီးယားဗုံး အများကြီး တစ်ပြိုင်နက်တည်း ပေါက်သလောက် ပြင်းတဲ့ စွမ်းအင်မျိုးနဲ့မှ ရနိုင်ပါလိမ့်မယ်။

ဒါကြောင့်လည်း ပြဒါးတစ်လမ်း သံတစ်လမ်း လို့ ပြောတာ ဖြစ်ပါလိမ့်မယ်။ ပြဒါးက ရွှေဖြစ်ဖို့ဆိုရင် ရှိပြီးသား အီလက်ထရွန်တွေ ပရိုတွန်တွေ ထုတ်ပစ်ရမယ်။ သံကနေ ရွှေဖြစ်ဖို့ အတွက်တော့ အီလက်ထရွန် ပရိုတွန်တွေ ထပ်ထည့်ရမှာမို့ပါ။ ထည့်တာနဲ့ ထုတ်တာက တစ်လမ်းစီ မဟုတ်ဘူးလား။ :D

Thursday, January 20, 2011

ဘဝထဲက မှတ်တိုင်များ (၂)

ဘူဖေးရောင်းတဲ့ ဆိုင်မှာ အလုပ်လုပ်တော့လည်း တစ်ခါတလေ စားပွဲ မထိုးဘဲ ဘူဖေးကောင်တာ ထိုင်ရပါတယ်။ ဘူဖေးကောင်တာ ထိုင်ရတာကတော့ တစ်မျိုး တစ်ဘာသာပါ။ ပုံမှန် အားဖြင့်တော့ အစားအသောက်က သိပ်ပြီး ပြင်ဆင်စရာ မလိုပါဘူး။ ပြင်ဆင်ပြီးသား အသားထုပ်တွေ ဟင်းသီးဟင်းရွက် အထုပ်တွေက ရေခဲသေတ္တာထဲမှာ အသင့် ရှိတတ် ပါတယ်။ အဲဒီအထုပ်တွေ ဖောက်ပြီး လိုက်ဖြည့်ရုံပါပဲ။ ဒါပေမယ့် ဘူဖေးကောင်တာမှာ ရှိတဲ့ အသားတွေ ဟင်းရွက်တွေ အသီးတွေ နာမည် လိုက်မှတ်ရတာတော့ အတော် ဦးနှောက်စား ပါတယ်။ အားလုံးပေါင်း အမျိုး ၁၀၀ လောက် ရှိတော့ တော်တော်နဲ့ မမှတ်မိပါဘူး။ အခုလို စင်ကာပူပါး ဝနေတဲ့ အချိန်ဆိုရင်တော့ အထွေအထူး သိပ်မှတ်စရာ လိုမယ် မထင်ပါဘူး။ အဲဒီအချိန်ကတော့ စလုံး ရောက်ခါစမို့ Chendol ဆိုတာလည်း ဘာမှန်း မသိ၊ Coleslaw ဆိုတာလည်း မသိ၊ Thousand Island Dressing ဆိုတာလည်း ဘာမှန်း မသိမို့ အတော်ကို မျက်စိလည် ပါတယ်။

ဒါတောင်မှ တခါတလေ ကပ်စတန်မာက လာမေးရင် ဘာမေးလို့ မေးလိုက်မှန်း မသိဘူး ဖြစ်တတ် ပါသေးတယ်။ တစ်ခါက ကပ်စတန်မာက တောင်ကေး ရှိလား ဆိုပြီး လာမေးပါတယ်။ မြန်မာပြည်က လာတဲ့သူပဲ။ ထောင်ကဲ ဆိုတာတော့ ဘောစိကို ခေါ်မှန်း သိတာပေါ့။ အဲဒါနဲ့ ဆူပါဗိုက်ဆာကို ခေါ်ပေးလိုက်ပါတယ်။  ဆူပါဗိုက်ဆာ ရောက်လာမှ သူလိုချင်တာ ပဲပင်ပေါက်မှန်း သိပါတယ်။ ဆူပါဗိုက်ဆာကို မေးကြည့်တော့ အဲဒါက တရုတ်စကားတော့ တရုတ်စကားပဲ ဒါပေမယ့် မန်ဒရင် မဟုတ်ဘူး။ ဒေသခံ စကားနဲ့ ခေါ်တာလို့ ရှင်းပြပါတယ်။ ဘူဖေးကောင်တာမှာ လုပ်တုန်း တစ်ချိန်လုံး ကြားနေရလို့ အလိုလို တတ်သွားတဲ့ တရုတ်စကား နှစ်လုံးကတော့ ဆီ နဲ့ ပုစွန်ပါ။ ခဏခဏ လာမေးကြလွန်းလို့ပါ။

ကျွန်တော်တို့ ဘူဖေးကောင်တာ ထိပ်မှာ အချဉ်ရည်နဲ့ ပဲငံပြာရည် ထည့်ထားတဲ့ ကွန်တိန်နာ နှစ်ခု ရှိပါတယ်။ ကပ်စတန်မာတွေ ဘာဘီကျူး လုပ်တဲ့နေရာမှာ သုံးလို့ ရအောင် ထားပေး တာပါ။ တစ်နေ့တော့ ပဲငံပြာရည် ကုန်သွားလို့ မန်နေဂျာမက ကျွန်တော့်ကို ဖြည့်ခိုင်းလိုက် ပါတယ်။ အဲဒါနဲ့ ပဲငံပြာရည် ကွန်တိန်နာ ကလေးကိုင် မီးဖိုထဲ ဝင်သွားပြီး ပဲငံပြာရည် ရှာပြီး ဖြည့်ပေးလိုက် ပါတယ်။ ပြီးတော့ ကွန်တိန်နာကို သူ့နေရာသူ ပြန်ထားလိုက် ပါတယ်။ နောက်တော့ ကိုယ့်ဘာသာကိုယ် လုပ်စရာ ရှိတာ ဆက်လုပ်နေလိုက်ပါတယ်။ ခဏနေတော့ ကျွန်တော့်ရဲ့ ပဲငံပြာရည် ကွန်တိန်နာကို ကိုင်ပြီး မန်နေဂျာမက မီးဖိုခန်းထဲ ဝင်လာပါတယ်။ ကျွန်တော့်ကို တွေ့တော့ ခုန ပဲငံပြာရည် ဖြည့်လိုက်တာ ဟုတ်လား လို့ လှမ်းမေးပါတယ်။ ကျွန်တော်က ဟုတ်တယ် ပြောတော့ ဘွားတော်က ထရယ်ပါတယ်။

ဘွားတော်က ဆိုင်မှာ ကျွန်တော်တို့ အားလုံးနဲ့ ပိစ်ဖြစ်တာမို့ တော်ရုံတန်ရုံမှားရင် ဘာမှ သိပ်မပြောတတ် ပါဘူး။ လာဦး ပဲငံပြာရည်ကို လာကြည့်ဦး ဆိုတော့ ကျွန်တော်လည်း ကွန်တိန်နာထဲက ပဲငံပြာရည်ကို ကြည့်ပါတယ်။ ဘာမှ မမှားပါဘူး။ အညိုရောင် ပဲငံပြာရည်ပါပဲ။ အဲဒီအချိန်ဘေးက မြန်မာ တစ်ယောက်က ​ဟေ့ကောင်။ အဲဒါ ပဲငံပြာရည် မဟုတ်ဘူး။ နှမ်းဆီတွေဟ။ လို့ ပြောမှ ကျွန်တော် ပဲငံပြာရည်နဲ့ နှမ်းဆီ မှားထည့်လိုက်မှန်း သိပါတယ်။ ဒီက နှမ်းဆီက အညိုရောင်မို့ မျက်စိမှောက် သွားတာပါ။ ဘွားတော်ကတော့ ငါလည်း အစက မသိဘူး။ ကပ်စတန်မာက ကွန်ပလိန်း လုပ်လို့။ ပဲငံပြာရည်ဆိုပြီး ထည့်လိုက်တာ ဘာတွေမှန်း မသိဘူး ဆိုမှ ကြည့်မိတာ ဆိုပြီး ကျွန်တော်တို့ကို ပြန်ပြော ပါတယ်။ အဲဒီလိုမျိုး ပဲငံပြာရည်နဲ့ နှမ်းဆီ မှားစရာ မရှိတာကိုမှ မှားခဲ့ဖူးတဲ့ ရာဇဝင်လည်း ရှိဖူးပါတယ်။

ဆိုင်မှာ ဘူဖေး လာစားတဲ့သူတွေထဲမှာ ကြုံခဲ့ဖူးတဲ့ ကပ်စတန်မာကလည်း လူအမျိုးမျိုးပါ။ တကယ့်ကို တန်အောင်စားတယ် ဆိုတဲ့သူမျိုးလည်း တွေ့ဖူးပါတယ်။ တစ်ခါက ဆိုင်မှာ တရုတ် အဖိုးကြီး တစ်ယောက် ဘူဖေး လာစားပါတယ်။ ဆိုင်ထဲကို ဝင်လာကတည်းက တခြားဘာမှ မစားပါဘူး။ ပုစွန်ချည်းပဲ ယူပြီး ကင်စားပါတယ်။ ပုစွန် တစ်ပန်းကန် ယူလိုက်။ ကင်လိုက်။ စားလိုက်။ နောက်တစ်ပန်းကန် ထပ်ယူလိုက်။ ကင်လိုက်။ စားလိုက်။ ၃ ခါမြောက်မှာတော့ ဆိုင်မှာ အသစ်ရောက်လာတဲ့ မန်နေဂျာ က ကျွန်တော်တို့ အနားကို ကပ်ပြီး အဲဒီ အဖိုးကြီးကို ကြည့်စမ်းပါဦးကွ။ သူ့မျက်နှာက ပုစွန်စားနေတယ် ဆိုတာနဲ့ မတူဘူး။ ငါပိုက်ဆံတွေ စားနေတယ်။ မင်းတို့ ဘာတတ်နိုင်သေးလဲ ဆိုတဲ့ မျက်နှာထားမျိုးကွ လို့  အသံတိုးတိုးနဲ့ ပြောပါတယ်။ ကျွန်တော်တို့မှာ သူ့စကားကြားမှ အဖိုးကြီး မျက်နှာကို ကြည့်မိပြီး ရယ်မိကြ ပါတယ်။

မလိမ့်တပတ်နဲ့ ဘူဖေးဝင်အုပ်တဲ့သူလည်း တွေ့ဖူးပါတယ်။ ဘူဖေးဆိုင် ဆိုတော့ ဝင်လာရင် ဘယ်နှစ်ယောက် ဝင်လာသလဲ ဆိုတာအပေါ်မူတည်ပြီး ပိုက်ဆံကောက်ပါတယ်။ တစ်နေ့တော့ လူငယ် ၃ ယောက် ဆိုင်ထဲဝင်လာပေမယ့် သူတို့က ၂ ယောက်ပဲ စားမယ်။ တစ်ယောက်က အအေးပဲ သောက်မယ် ဆိုလို့ ၂ ယောက်စာပဲ ပိုက်ဆံယူလိုက် ပါတယ်။ ဒါမျိုးက ထူးထူးခြားခြားမို့ သူတို့ဝိုင်းကို အားလုံးက မသိမသာ အကဲခတ်နေကြပါတယ်။ အစက ၂ ယောက်တည်း စားပေမယ့် ဆိုင်မှာ လူရှုပ်လာတဲ့ အချိန်ရောက်တော့ ကျန်တဲ့ တစ်ယောက်ကပါ ဝင်စား ပါတယ်။ ငွေသိမ်းကောင်တာမှာ ထိုင်တဲ့သူကလည်း လက်အလွန်မြန် ပါတယ်။ ချက်ချင်းပဲ တစ်ယောက်စာ ဘီလ်ထုတ်ပြီး ဝိုင်းကို သွားပို့လိုက် ပါတယ်။ အဲဒီတော့မှ သူတို့ မဟုတ်သလိုနဲ့ နောက်တစ်ယောက်စာ ထပ်ရှင်း ပါတယ်။

အဲဒီ အချိန်တုန်းက စင်ကာပူမှာ မြန်မာတွေ အခုလောက် မများသေးပါဘူး။ ကျွန်တော်တို့ ဆိုင်မှာတော့ စားပွဲထိုးက မြန်မာ ယောက်ျားလေး ချည်းပဲ ၇ ယောက် ရှိပါတယ်။ ကျွန်တော်တို့ အားလုံး တစ်ကျောင်းတည်း အတူတက်နေကြတဲ့ သူတွေမို့ ဆိုင်မှာ လာမလုပ်ခင် ကတည်းက အချင်းချင်း သိပြီးသား သူငယ်ချင်းတွေပါ။ တစ်နေ့တော့ လူအရမ်းကျတဲ့ အချိန် ကျွန်တော်တို့ အားလုံး ဆိုင်ထဲမှာ ပြေးလိုက် လွှားလိုက် အချင်းချင်း စလိုက် နောက်လိုက် လုပ်နေကြပါတယ်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကတော့ စားပွဲတစ်လုံးကို ဝုန်းဒိုင်းကြဲပြီး သိမ်းနေပါတယ်။ အဲဒီအချိန် နောက်တစ်ယောက်က လှမ်းအော်ပြီး နောက်ပါတယ်။

"ဟေ့လူ။ ဖြည်းဖြည်းပေါ့။ သိပ်စိတ်မကြီးနဲ့လေ။"
"မရဘူးကွ။ စိတ်ကြီးတယ်။ စနေသား။ နေတက်ရေတက်မှာ မွေးတာ။ ဘာမှတ်နေလဲ။"
"xx ရင်တောင် အံကြိတ်ခံတယ် ဆိုတာမျိုးလား။" နောက်တစ်ယောက်က ဝင်နှောက်ပါတယ်။

သူရပ်နေတဲ့ နေရာဘေးက စားပွဲမှာ ထိုင်နေတဲ့ အန်တီကြီး လက်ထဲက တူ လွတ်ကျသွား ပါတယ်။ အဲဒီဝိုင်းမှာ ကလေးတွေ အပါအဝင် မိသားစု တစ်စု  ထိုင်နေတာပါ။ နောက်တော့ အဲဒီစားပွဲက လူကြီးတွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဘာပြောရမှန်း မသိအောင် ပါးစပ် အဟောင်းသား ဖြစ်နေကြ ပါတယ်။ ကျွန်တော်တို့လည်း သိလိုက်ပါပြီ။ မြန်မာ မိသားစုဘေးမှာ မြန်မာလို ပေါက်တတ်ကရ ပြောမိပြီ ဆိုတာကိုပါ။ မျက်နှာပူပူနဲ့ ကိုယ်ဘာမှ မသိလိုက် သလို အသာလေး လစ်ပြေး ကြပါတယ်။ နောက်ဖေး မီးဖိုချောင်ထဲ ရောက်မှ တစ်ယောက်နဲ့ တစ်ယောက် ပြန်ပြောပြီး ရယ်မိကြ ပါတယ်။

ဆိုင်က အလုပ်သမားတွေ ထဲမှာတော့ ကျွန်တော်တို့ မြန်မာတွေက လွဲရင် မလေးရှား တရုတ်တွေ များပါတယ်။ စလုံး အတော်များများက ဆိုင်မှာ လာ အလုပ်လုပ်ရင် ပင်ပန်းလွန်းလို့ ခဏနဲ့ ပြေးကြတာ ချည်းပါပဲ။ ဆိုင်မှာ အချိန်ပြည့် အလုပ်လုပ်ကြတဲ့ ဆူပါဗိုက်ဆာ၊ မန်နေဂျာ၊ စားပွဲထိုး အတော်များများကလည်း မလေးတရုတ် တွေပါ။ စားပွဲထိုးထဲမှာတော့ မလေးတရုတ်မ တွေ များပါတယ်။ အဲဒီ အထဲမှာ အလန်စား ကလေးတွေတော့ တစ်ယောက်တလေ ပါလာတတ် ပါတယ်။

တစ်နေ့တော့ ကျွန်တော်တို့ အထဲက တစ်ယောက်က သူ့ဘာသာသူ တိတ်တိတ်ကလေး မလေး တရုတ်မကလေး တစ်ယောက်နဲ့ ဒိတ်ပါတယ်။ သူက တိတ်တိတ်ကလေး ဒိတ်တာပေမယ့် ကောင်မလေးက တိတ်တိတ် မနေပါဘူး။ သူဒိတ်ထားတဲ့ အကြောင်း မန်နေဂျာမကို ပြောသွား ပါတယ်။ လူစုံနေတဲ့ အချိန် မန်နေဂျာမက ပြန်ဖွတော့ ကျွန်တော်တို့ အားလုံး သူကြိတ်ကြံတာ သိသွားကြပါတယ်။ ညနေကျတော့ ဆိုင်ထဲမှာ သူတို့ အကြောင်းက ပွနေပါပြီ။ အားလုံး သူတို့နှစ်ယောက် ဘယ်လို ပြန်လာကြမလဲ ဆိုတာ စောင့်နေကြ ပါတယ်။ ဟိုလူကြီးမင်းကတော့ ညနေဘက် ဆိုင်ထဲကို သူမဟုတ်သလို အလုပ်လာဆင်းပါတယ်။ ကျွန်တော်တို့က သူ့ကို ဝိုင်းကြပ် ကြပါတယ်။ အစက မသိချင်ယောင် ဆောင်နေပေမယ့် ဒီနေ့ ဟိုကောင်မလေးနဲ့ ဒိတ်တာ ဘယ်လိုလဲ မေးတော့မှ ငြင်းမရတော့လို့ အဆင်ပြေပါတယ်ကွာ။ ကောင်မလေးက ငါ့ကို သိပ်ပြီး လူကြီးလူကောင်းဆန်တာပဲ လို့ပြောတယ်။ လို့  စပ်ဖြဲဖြဲနဲ့ ပြောပါတယ်။ ကောင်မလေးကလည်း တစ်ဆိုင်တည်းမှာ အတူ လုပ်လာတာ ကြာပြီမို့ ကျွန်တော်တို့နဲ့ ခင်နေတာကြောင့် ကောင်မလေးကိုလည်း သွားစကြပါတယ်။ ဒီနေ့ဒိတ် ဘယ်လိုလဲ မေးတော့။ နင့်သူငယ်ချင်းက အလိုက်တာ အလွန်ပဲ။ ငါ့ကို နေ့လည်စာကျွေးပြီး ပြန်လွှတ်လိုက်တယ်။ လို့ ပြောလို့ ကျွန်တော်တို့ ဝိုင်းရယ်ကြ ပါတယ်။ မန်နေဂျာမက နင်က ဘာလုပ်ချင်လို့လဲ မေးတော့ ဟင်။ ဒိတ်ပါတယ် ဆိုမှ။ နေ့လည်စာ စားရုံသက်သက်နဲ့တော့ ဘာလုပ်မှာလဲ။ ပျင်းစရာကြီး ဆိုလို့ ကျွန်တော်တို့မှာ ထပ်ရယ်ကြပါသေးတယ်။

Wednesday, January 19, 2011

အင်တာဗျူးများနဲ့ သီတင်းပတ်

ပထမဦးဆုံး အကြိမ် အမေးအဖြေ လုပ်ခဲ့ဖူးတဲ့ အင်တာဗျူးကတော့ ပါစင်နယ် ကွန်ပျူတာ မဂ္ဂဇင်းက ကိုဟန်ဇော်နဲ့ ဘန်ကောက်မှာတွေ့တုန်းက မြန်မာဝီကီပီးဒီးယား အကြောင်း ပြောဖြစ်ခဲ့တဲ့ အင်တာဗျူးပါ။ နောက်တော့ လောကအလှက မဟနစံနဲ့ ဝီကီပီဒီးယား ရေးနေသူတွေ အင်တာဗျူးမှာ တခြားသူတွေနဲ့ အတူ ဒုတိယ အကြိမ် ပြောဖြစ်ပါတယ်။

ဒီတစ်ပတ်ထဲတော့ တိုက်တိုက်ဆိုင်ဆိုင် အင်တာဗျူး နှစ်ခု ဆက်တိုက် ဖြေဖြစ်ပါတယ်။ ပထမတစ်ခုက ဘီဘီစီ မြန်မာပိုင်း အစီအစဉ်က ကိုချိုနဲ့ cool-tech ရဲ့ ထူးချက် အစီအစဉ် အတွက် မြန်မာဝီကီပီးဒီးယား အကြောင်း ပြောဖြစ်တာပါ။ နိုင်ငံတကာသုံး ဝီကီပီးဒီးယား ၁၀ နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။ နားထောင်ချင်ရင် အောက်က လင့်ခ်မှာ သွားနားထောင်နိုင် ပါတယ်။

http://www.bbc.co.uk/burmese/programmes/2011/01/110114_cooltech_myanamrwiki.shtml

နောက်တစ်ခုကတော့ လောကအလှ အွန်လိုင်းမဂ္ဂဇင်း မဟနစံနဲ့ ဖူးနုသစ် အကြောင်း ဗျူးဖြစ်ပါသေးတယ်။ ဖူးနုသစ်ကို အရင်က ဘာလို့ လွိုင်လင်လို့ နာမည်ပေးခဲ့သလဲ ဆိုတာကိုပါ ထည့်ပြောထားပါတယ်။ ဒါတောင်မှ မဟနစံက ရည်းစား အရင်က တာဝန်ကျခဲ့တဲ့ မြို့ဆိုတာကို အရင်ရည်းစား တာဝန်ကျခဲ့တဲ့မြို့လို့ အထင်မှားလို့ ပြန်ရှင်းလိုက်ရ ပါသေးတယ်။ :D စိတ်ဝင်စားရင် အောက်က လင့်ခ် မှာ သွားဖတ်ကြည့်နိုင်ပါတယ်။

http://www.lawka-ahla.com/news.php?item.1122

နာမည်အရင်းနဲ့ ပြောထားတာမို့ အစက တိတ်တိတ်ကလေး နေမလို့ပါ။ ဒါပေမယ့်လည်း ဒီနာမည်ကြီးလည်း လူတိုင်း သိနေပြီမို့ သိပ်မထူးတော့ပါဘူး။

Tuesday, January 18, 2011

ဘဝထဲက မှတ်တိုင်များ (၁)

နိုင်ငံခြားသွားလို့ စားပွဲထိုးကြတယ် ပန်းကန်ဆေးကြတယ် ဆိုတဲ့ အကြောင်း မြန်မာပြည်မှာ နေတုန်းကတော့ ဝတ္ထုတွေ ဆောင်းပါးတွေ ထဲမှာပဲ ဖတ်ဖူးပါတယ်။ တစ်ချိန်ချိန်မှာ ကိုယ်တိုင်ကြုံလိမ့်မယ်လို့ အဲဒီတုန်းက မထင်ခဲ့တာ အမှန်ပါပဲ။ ဟိုးအရင်ကတည်းက နိုင်ငံခြား ထွက်ဖို့ စိတ်ကူး ရှိပေမယ့် ဘွဲ့ရပြီးမှ နိုင်ငံခြား အတွေ့အကြုံရအောင် အလုပ် သွားလုပ်မယ် ဆိုတာမျိုး တွေးမိတာပါ။ နိုင်ငံခြားမှာ စားပွဲထိုးပြီး ဘဝကို ရုန်းကန် ရလိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဖူးပါဘူး။

ကျွန်တော် စင်ကာပူ စရောက်ပြီး တစ်နှစ်နီးပါးလောက် အကြာမှာ စားသောက်ဆိုင် တစ်ဆိုင်မှာ အချိန်ပိုင်း စားပွဲထိုး ဝင်လုပ်ဖြစ်ပါတယ်။ ကျွန်တော်တို့ အလုပ်လုပ်တဲ့ ဆိုင်က ကိုရီးယား စားသောက်ဆိုင်ပါ။ စားသောက်ဆိုင် ဆိုပေမယ့် ကပ်စတန်မာ ဆီက အော်ဒါယူ ဟင်းပွဲပြင် ရောင်းတဲ့ ဆိုင်မျိုး မဟုတ်ပါဘူး။ အသားအစိမ်း ဟင်းသီးဟင်းရွက် အစိမ်းတွေကို ဘူဖေးအနေနဲ့ ဘာဘီကျူး ရောင်းတဲ့ ဆိုင်မျိုးပါ။

စားပွဲထိုး အလုပ်ဝင်လုပ်တယ် ဆိုပေမယ့်လည်း စားပွဲထိုးတာ တစ်ခုတည်း လုပ်ရတာ မဟုတ်ပါဘူး။ တစ်ဆိုင်လုံးမှာ ရှိသမျှ အလုပ်ကို အလှည့်ကျ လုပ်ရပါတယ်။ စားပွဲထိုး၊ ဘူဖေးကောင်တာမှာ အစားအသောက်ပြင်၊ ငွေသိမ်းကောင်တာမှာ ထိုင် စတာတွေ လုပ်ရတတ်သလို အိုက်တိုးပဂေးဆန်လည်း ကြုံရင် ကြုံသလို လုပ်ရပါတယ်။ ပန်းကန်ဆေးတယ် ဆိုတဲ့ အလုပ်က သူများပြောတာ ကြားရရင်တော့ တော်ရုံတန်ရုံပဲ ပင်ပန်းတယ် ထင်ရပါတယ်။ ဒါပေမယ့် ကိုယ်တိုင်ဝင်လုပ်ကြည့်တော့ ထင်ထားတာထက် ပိုပင်ပန်းပါတယ်။

ကျွန်တော်တို့ အလုပ်လုပ်တဲ့ နေရာက ဘာဘီကျူးဆိုင် ဆိုတော့ ကပ်စတန်မာ ပြန်သွားရင် သူတို့ သုံးသွားခဲ့တဲ့ မီးဖိုပလိတ်ပြားကို ပြန်ဆေးရပါတယ်။ အသားကင်ထားတဲ့ ပလိတ်ပြားမှာ အသားတွေ တူးခြစ်ပြီး ကပ်နေတာမို့ အဲဒီမီးဖိုတွေကို ဒီအတိုင်း ဆေးလို့ မရပါဘူး။ ဓာတုဆေးရည် တွေ ထည့်ထားတဲ့ ကန်ထဲမှာ တစ်ညသိပ် စိမ်ထားရပါတယ်။ ပြီးမှ နောက်တစ်နေ့မနက် သံပြားနဲ့ တိုက်ပြီး ဆေးရပါတယ်။ ကျွန်တော်တို့ မနက်ပိုင်း အလုပ်ဝင်ရင် ညက စိမ်ထားတဲ့ မီးဖို တွေ ဆေးရတတ် ပါတယ်။ မီးဖို အလုံး သုံးလေးဆယ်ကို သံပြားနဲ့ ပြောင်အောင် ခြစ်ရတာ လက်မောင်းတော့ အတော့်ကို အောင့်တဲ့ အလုပ်ပါ။ ညနေပိုင်း အလုပ်ဝင်ရင်တော့ တခါတလေ ပန်းကန်ဆေးဖို့ အလှည့်ကျတတ်ပါတယ်။ ပန်းကန် အချပ် လေးငါးဆယ်လောက် ဆေးရတာ သိပ်မသိသာ ပေမယ့် ပန်းကန်ကို အချပ်ပေါင်း ရာနဲ့ ထောင်နဲ့ချီပြီး တစ်ညနေလုံး ဆေးရတာတော့ မသက်သာလှပါဘူး။ လက်အိတ် ဝတ်ထားပေမယ့် ရေနဲ့ တစ်ချိန်လုံး ထိနေရတာမို့ အတော်ကို ပင်ပန်းပါတယ်။ ပန်းကန်ဆေးပြီး ပြန်လာတဲ့ ညနေဆိုရင် တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နုံးချိပြီး ဖလက်ပြသွားတတ်ပါတယ်။

ကျွန်တော် ထရိန်နင်ဘဝနဲ့ စားသောက်ဆိုင်မှာ အလုပ်ဝင်ခါစ တစ်ရက်မှာ ပန်းကန်ဆေးဖို့ အလှည့်ကျ ပါတယ်။ စားသောက်ဆိုင်တွေမှာ ပုံမှန်ဆိုရင် ကြားရက်တွေ လူအဝင်နည်းတတ်ပြီး စနေ တနင်္ဂနွေလို နေ့မျိုးတွေမှာပဲ လူကျတတ်ပါတယ်။ အဲဒီနေ့က ကြားရက်ပေမယ့် မားသားဒေးနဲ့ တိုက်ဆိုင်သွားတဲ့ အတွက်ကြောင့် ဆိုင်မှာ လူအဝင်များပါတယ်။ ကြားရက်ဆိုတော့ ဆိုင်မှာ စနေတနင်္ဂနွေလောက် ဝန်ထမ်း မများပါဘူး။ မီးဖိုထဲမှာ ပန်းကန်ဆေးနေတာတော့ စနေ တနင်္ဂနွေဆိုရင် ၂ယောက် ရှိတတ်ပေမယ့် အဲဒီနေ့ကတော့ ကျွန်တော် တစ်ယောက်တည်းပါ။ မီးဖိုထဲမှာ ပန်းကန်ဆေးနေရင်းနဲ့ ကိုယ့်ဘေးမှာ ပန်းကန်တွေ အပုံလိုက် အပုံလိုက် ကျလာတော့ တဖြည်းဖြည်းနဲ့ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်လာပါတယ်။ ဘယ်လောက်မြန်အောင် ဆေးဆေး အလျင်မမီတော့ ပါဘူး။ ဘေးနားက ပန်းကန်ပုံကြီးကလည်း ကြီးသည်ထက် ကြီးလာ ပါတယ်။

အဲဒီအချိန် ဆိုင်မှာ အကြီးဆုံး တာဝန်ခံ စူပါဗိုက်ဆာ မီးဖိုခန်းထဲ ရောက်လာပါတယ်။ သူ့နာမည်က မစ္စတာတေပါ။ တေ က ကျွန်တော်နဲ့ ပန်းကန်ပုံကို တွေ့တော့ ပြုံးစိစိနဲ့ကြည့်ပြီး "ဘယ်လိုလဲ။ မလိုက်နိုင် တော့ဘူးလား။" လို့ လှမ်းနောက် ပါတယ်။ ပြီးတော့ "ဘာမှ စိတ်မပူနဲ့။ မင်းကို ငါကူမယ်။" ဆိုပြီး သူ့ရဲ့ အင်္ကျီလက်ရှည် အဖြူကို လက်ခေါက် အေပရွန်ပတ်ပြီး ပန်းကန်ဆေးတဲ့ နေရာ ဝင်လာပါတယ်။ သူဝင်လာပြီး ဆယ်မိနစ် ဆယ့်ငါးမိနစ် အတွင်းမှာ ကျွန်တော့်ဘေးက ပန်းကန်ပုံ အထပ်လိုက်ကြီး ပျောက်သွားပါတယ်။ မျက်စိရှေ့မှာတင် ဝုန်းဒိုင်းကြဲပြီး အဲဒီပန်းကန်ပုံကို ပျောက်သွားအောင် ဆေးလိုက်တာတော့ လက်ဖျားခါလောက်ပါတယ်။ သူပန်းကန် ဆေးပြီး ထွက်သွားတော့ သူ့အင်္ကျီ အဖြူလက်ရှည်မှာ ဘာအစွန်းအကွက်မှ ထင်မသွားပါဘူး။ ဒါကလည်း အလေ့အကျင့်ပဲ ဖြစ်မယ် ထင်ပါတယ်။

တစ်ဆိုင်တည်း အတူတူလုပ်တဲ့ သူငယ်ချင်း တစ်ယောက် ကတော့ ကျွန်တော်တို့ကို ပြောပါတယ်။ ငါရန်ကုန်မှာ တုန်းက ဆိုရင် ကိုယ်စားတဲ့ ထမင်းပန်းကန်တောင် ကိုယ်ဆေးတာ မဟုတ်ဘူး။ အမြဲတမ်း ဆေးပေးမယ့် အိမ်ဖော်က အသင့်။ စလုံးရောက်တော့ ကိုယ့်ပန်းကန် ကိုယ်ဆေးရတာပေါ့ကွာ။ အခုတော့လည်း ကိုယ့်ပန်းကန်တင် မကဘူး။ သူများ ပန်းကန်ပါ ဆေးနေရပြီ။ ဒါပေမယ့် ဘာကိစ္စညည်းနေရ မှာလဲ။ ဝက်ဖြစ်မှတော့လည်း မစင်ကြောက်စရာ မလိုပါဘူး။ ဆိုပြီးတော့ပါ။ သူပြောတာလည်း မှန်ပါတယ်။ ကျွန်တော်တို့ စားပွဲထိုးနေတဲ့ မြန်မာ အတော်များများ မြန်မာပြည် မှာတုန်းက ဘော်ကျော့ နေလာတဲ့ ကောင်တွေ များပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ဘဝကိုယ် ရုန်းရတဲ့ အချိန်ကျတော့လည်း ဒေါင်ကျကျ ပြားကျကျ ကျဲကြတာပါပဲ။ ခိုတယ် ကပ်တယ် ဆိုတဲ့သူ မရှိသလောက် ရှားပါတယ်။

ကျွန်တော့်ဆိုင် ဆူပါဗိုက်ဆာ မစ္စတာတေ က စားသောက်ဆိုင် လုပ်ငန်းနဲ့ ပတ်သက်ရင် အတော်ကို ကျွမ်းကျင်ပါတယ်။ သူက အနိမ့်ဆုံး စားပွဲထိုးဘဝကနေ ဆိုင်တာဝန်ခံ စူပါဗိုက်ဆာ ဖြစ်လာတဲ့သူမို့ အတော်ကို အောက်သက်ကြေတယ် ပြောလို့ ရပါတယ်။ ကျွန်တော် ထရိန်နင်ဘဝမှာ မီးဖိုဆေး ပန်းကန်ဆေးတာက စပြီး စားပွဲရှင်းတာ၊ စားပွဲဆက်တင်ပြင်တာ၊ ဘူဖေး ကောင်တာမှာ အစားအသောက်ပြင်တာ အလယ် ငွေသိမ်းကောင်တာ ကိုင်တာ ကပ်စတန်မာနဲ့ စကားပြောတာ အဆုံး အကုန်လုံးကို သူကိုယ်တိုင် အနီးကပ် သင်ပေးပါတယ်။

စားပွဲသိမ်းတာ အမှတ်တမဲ့ကြည့်ရင် ဘာမှ မခက်တဲ့ အလုပ်လို့ ထင်ရပါတယ်။ ဒါပေမယ့်လည်း စားပွဲပေါ် ရှုပ်ပွနေတာတွေကို အမြန်ရှင်းပြီး နောက်လာမယ့် ကပ်စတန်မာ အသင့်ထိုင်လို့ ရအောင် အချိန်တိုအတွင်းမှာ ပြင်ဆင်ရတာတော့ အတော် ခက်ပါတယ်။ ဆိုင်ရှေ့မှာ ကပ်စတန်မာတွေ တန်းစီ ရပ်စောင့်နေတဲ့အချိန်ဆိုရင် ဆိုင်ထဲက ကပ်စတန်မာ ထွက်သွားတာနဲ့ ကျန်ခဲ့တဲ့ စားပွဲကို ဝုန်းဒိုင်းကြဲပြီး ရှင်းရပါတယ်။

ပုံမှန်အားဖြင့် ကျွန်တော်တို့ စားပွဲ အမြန် သိမ်းတဲ့နည်းက ဒီလိုပါ။ ပထမဆုံး စားပွဲပေါ်မှာ ရှိရှိသမျှ ဇွန်းတွေ ခက်ရင်းတွေ တူတွေကို ဘယ်ညာ လက်နှစ်ဖက်နဲ့ ဆွဲသိမ်းပြီး တစ်နေရာမှာ ပုံလိုက် ပါတယ်။ ပန်းကန်ထဲမှာ ဇွန်းတွေ ခက်ရင်းတွေ မရှိတော့ရင် ကျန်တဲ့ ပန်းကန်တွေကို ရှင်းရတာ လွယ်သွားပါတယ်။ နောက်ပြီးရင် ပန်းကန်ပြား အကြီးဆုံး တစ်ချပ်ကို လက်မနဲ့ လက်သန်းကြားမှာ ညှပ်၊ လက်မကြားမှာ ပန်းကန်ပြား နောက်တစ်ချပ် ထပ်ထည့် လက်သန်းကြားမှာ ပန်းကန်ပြား တစ်ချပ်ထပ်ထည့် ပြီးတော့ ပန်းကန် သုံးချပ်ကို ကန်တော့ပုံ မျိုး ဖြစ်သွားအောင် ကိုင်လိုက် ရပါတယ်။ ပန်းကန် ထဲရှိသမျှ ကျန်တဲ့ အစားအစာတွေကို ကန်တော့ပုံ လုပ်ထားတဲ့ ပန်းကန် သုံးချပ်ထဲမှာ ပုံထည့် ပြီးမှ လွတ်သွားတဲ့ ပန်းကန်တွေကို လက်ဖနောင့် ပေါ်မှာ ပုံပြီး တင်ရပါတယ်။ ပန်းကန်ကို သိမ်းတဲ့နေရာမှာ ကြီးစဉ်ငယ်လိုက် သိမ်းရင် ပန်းကန်ပြားကို လက်ဖနောင့် ပေါ်မှာ ပုံပြီးတင်ရတာ ပိုလွယ်ပါတယ်။ အဲဒီတော့ သိမ်းရတာလည်း ပိုမြန်ပါတယ်။ ဒါပေမယ့် လက်က အလေ့အကျင့်တော့ လိုပါတယ်။ စလုပ်ခါစက လက်အတော်ညောင်းလို့ မြဲအောင် မကိုင်နိုင်ပါဘူး။ အချိန်ကြာလာတော့မှ အလေ့အကျင့်ရလို့ ပန်းကန်ပြားကို အပုံလိုက် လက်တစ်ဖက်တည်း ပေါ်မှာ ဟန်ချက်ညီအောင် ထိန်းကိုင် နိုင်လာပါတယ်။ စားပွဲထိုးတာ တစ်နှစ်လောက် ရှိတော့ လက်တွေ အတော်သန်လာတာ သတိထားမိပါတယ်။

ညနေပိုင်း ကျရင်တော့ တစ်မျိုးပါ။ ဆိုင်ပိတ်ခါနီးရင် ရှိသမျှ စားပွဲတွေမှာ တတ်ထားတဲ့ မီးဖိုတွေကို တစစီ ဖြုတ်ဆေးရပါတယ်။ မီးဖိုကို ဖြုတ်ပြီးရင် စားပွဲကို ဆပ်ပြာရေနဲ့ တိုက်ဆေးရပါတယ်။ ပြီးမှ နောက်တစ်နေ့မနက် အတွက် ဆက်တင် အသစ်ပြန်ခင်း ရပါတယ်။ စားပွဲတွေ ရှင်းပြီးရင်တော့ တစ်ဆိုင်လုံးကို တံမြက်စည်းလှည်းပြီး ကြမ်းတိုက်ကြပါတယ်။ စလုံးမှာ စားသောက်ဆိုင်တွေ ကျန်းမာရေးနဲ့ ညီညွတ်တာတော့ မပြောပါနဲ့တော့။ ကြမ်းပြင်ဆိုရင် ဝါသနာပါရင် လှဲအိပ်လို့ ရအောင် အထိ သန့်ရှင်းအောင် ထားပါတယ်။ ဒါပေမယ့်လည်း နောက်ကွယ်ကျရင်တော့ လုပ်ချင်ရာ လုပ်ကြပါတယ်။ ကျွန်တော်မြို့ထဲက ဆိုင်ကြီး တစ်ဆိုင်ကို ပြောင်းသွားတော့ ပန်းကန် ဆေးစရာ မလိုတော့ပါဘူး။ အဲဒီဆိုင်မှာ ပန်းကန်ဆေးဖို့ တရုတ်ပြည်က အဖိုးကြီးတွေ ငှားထားပါတယ်။ အဖိုးကြီးတွေကလည်း လစ်ရင် လစ်သလိုပါပဲ။ ဇွန်းခရင်း ပုံးထဲမှာ ရေစိမ်ထားတဲ့ ဇွန်းခက်ရင်းတွေ ထိုးထိုးထောင်ထောင် ထွက်နေရင်း လည်ရှည်ဖိနပ်နဲ့ ပုံးထဲ နင်းချကြပါတယ်။ ပန်းကန်ဆိုလည်း ဆပ်ပြာရည်နည်းနည်း သုတ်ပြီး ရေနွေးငွေ့စက်ထဲ ပစ်ထည့်လိုက်တာပါပဲ။ အဲဒါမျိုးတွေ မြင်နေရတော့ တခါတလေ ဆိုင်မှာ ထမင်းစားရင် မစားချင်လောက် အောင်ပါပဲ။ဇွန်းခက်ရင်းများ အမြင်မှာတော့ ပြောင်လက်နေအောင် တိုက်ချွတ်ထားပေမယ့် စားခါနီးတိုင်း အဖိုးကြီးရဲ့ လည်ရှည်ဖိနပ်ကြီး မျက်စိထဲမှာ ပြေးပြီး မြင်လို့ စားရမှာတောင် ခပ်ရွံ့ရွံ့ပါပဲ။

Tuesday, January 11, 2011

ဂိုးရှိုး

၂၀၁၀ ခုနှစ် ခရစ်စမတ် နယူးရီးယား ရုံးပိတ်ရက်တွေက စနေနေ့မှာ ကျတဲ့အတွက် တပတ် ၅ ရက် အလုပ်လုပ်တဲ့ ရုံးတွေက ဟောလီးဒေး ပြီးတော့ နောက်တစ်ပတ် တနင်္လာနေ့ ရုံးပိတ်ပေး ပါတယ်။ ကျွန်တော်တို့ ရုံးကတော့ တနင်္လာနေ့ ပိတ်မပေးပဲ ခွင့် ၃ရက် ပေါင်းပေးပြီး ကြိုက်တဲ့နေ့ ကိုယ့်ဘာသာကိုယ် ပိတ်လိုက်လို့ ခွင့်ပေးပါတယ်။ ဒီတော့လည်း ရန်ကုန် ပြန်ဖို့ စီစဉ်ထားတာနဲ့ အတော်ပဲ ဖြစ်သွားပါတယ်။

ဒါပေမယ့်လည်း ကုမ္ပဏီက စောစောစီးစီး ကြိုမပြောတော့ ခွင့် ၂ရက်နဲ့ တွက်ပြီး လေယာဉ်ပျံ လက်မှတ် ဝယ်ထားတာမို့ တစ်ရက်က ပိုနေပါတယ်။ လေယာဉ်ပြန်လက်မှတ် အတွက် ရက် သွားပြောင်းတော့လည်း ဘွတ်ကင် ပြည့်နေတယ်။ ရှေ့ရော နောက်ရော ရွှေ့မရပါလို့ လက်မှတ်ရောင်းတဲ့ အေးဂျင့်က အကြောင်းပြန်ပါတယ်။ ရန်ကုန်မှာ တစ်ရက် ပိုနေရလည်း မနည်းဘူး ဆိုပြီးတော့ အကြံအဖန်လုပ် ကြုတ်ကြက်လိ ရပါတယ်။

အကြံအဖန်ဆိုတာ တခြားတော့ မဟုတ်ပါဘူး။ ဂိုးရှိုးနဲ့ လေဆိပ်ကို တစ်ရက်ကြိုဆင်းတာပါ။ ခွင့်ကို တစ်ရက် စောယူပြီး လေဆိပ်ကို တစ်ရက်ကြို ဆင်းသွားပါတယ်။ လေဆိပ်ရောက်မှ ကောင်တာကို ပြောပြီး မနက်ဖြန် လက်မှတ် ဝယ်ထားတယ်။ ဒါပေမယ့်လည်း ဒီနေ့ ပြန်ချင်တယ်။ ခုံရှိရင် ထည့်ပေးပါ ဆိုတော့ ကံကောင်းထောက်မစွာနဲ့ ခုံတစ်ခုံ ရလိုက် ပါတယ်။ လက်မှတ်တစ်စောင်ကို နှစ်ခုံတော့လည်း သူတို့က မပေးပါ။ ဒီလိုနဲ့ပဲ ပျော်ရွှင်မြူးထူးစွာနဲ့Check in ဝင်လိုက်ပါတယ်။

လေဆိပ်ကို မနက် ၄ နာရီ ဆင်းသွားတာမို့ ညက တရေးမှ မအိပ်လိုက်ရပါဘူး။ အင်မီဂရေးရှင်း ဖြတ်ပြီးတော့ ဖလမ်းဖလမ်း ထပြီး ဖေ့စ်ဘွတ်ခ်ဝင် စတေးတပ် အပ်ဒိတ် လုပ်လိုက် ပါသေးတယ်။ မနက်ခင်း အစောကြီးမို့ ဂိတ်တောင် မဖွင့်သေးတာကြောင့် ဂိတ်ရှေ့က တစ်ယောက် ထိုင်ခုံ နှစ်ခုံကို ကန့်လန့်ဖြတ်ပြီး ဒန်းလော့ မွေ့ရာ အမှတ်နဲ့ စန့်စန့်ကြီး တစ်နာရီလောက် အိပ်ပစ်လိုက် ပါတယ်။

လေယာဉ်ပျံပေါ်ရောက်တာနဲ့ ဘာမှစဉ်းစားမနေပဲ အိပ်ဖို့ ကြံပါတယ်။ စင်ကာပူလို ကိုယ့်နိုင်ငံ မဟုတ်တဲ့ နိုင်ငံမှာ ဝှိုက်ကဒ် ဖြည့်စရာ မလိုပေမယ့် အမိမြေ ဖြစ်တဲ့ မြန်မာနိုင်ငံ ပြန်တဲ့အခါမှာတော့ ဝှိုက်ကဒ် ဖြည့်ရ ပါတယ်။ ကျွန်တော်ကတော့ ဝှိုက်ကတ်ဒ်ကို လေယာဉ်ပေါ် တက်မလာခင် ကတည်းက ဖြည့်ပြီးသားမို့ ဖြည့်စရာ မလိုတော့ပါဘူး။ ဘေးနားမှာ ထိုင်တဲ့ နည်းနည်း အသက် ခပ်လတ်လတ် မဒီ တစ်ယောက်ကတော့ အိုင်ဖုန်းတစ်လုံး ဝှိုက်ကဒ် တစ်ကဒ်နဲ့ အလုပ်တွေ ရှုပ်နေပါတယ်။

"Last Name, First Name, Middle Name တဲ့။ နာမည်ကို ပြောင်းပြန် ပြန်ရေးရမှာလား။"
"ယောက်ျား။ ပြောဦး။ ဒီမှာ ဗီဇာ နံပါတ်တဲ့။ ဘာဖြည့်ရမှာတုန်း။"
"မလိုဘူးပေါ့နော်။ အင်းအင်း။ ဟုတ်ပြီ။"
"ဘာကိစ္စနဲ့ သွားတာလဲတဲ့။ အိမ်ပြန်တာလေ။ အဲဒါ ဒီအထဲမှာမှ မပါတာ။ ဘယ်လို လုပ်ရမလဲ။"
"Other ပေါ့နော်။"
"အလုပ်အကိုင်တဲ့။ ဘာလုပ်သလဲ ရေးရမှာပေါ့့နော်။"
"အန်အာရ်စီနံပါတ်တဲ့။ အဲဒါက ဘာကြီးတုန်း။"
"မှတ်ပုံတင် နံပါတ်လား။ အော်အော်။ ဟုတ်ပြီ။"
"မြန်မာပြည်လိပ်စာတဲ့။ အဲဒါက ဘယ်လို ဖြည့်ရမှာတုန်း"
"ရန်ကုန်က အိမ်လိပ်စာလား။ အမှတ် xxx ----လမ်း အဲဒါဆို ရပြီပေါ့နော်။"
တော်ပါသေးရဲ့။ အဖေနာမည် ဘယ်သူလို့ ဖြည့်ရမလဲ မမေးပေလို့။ ကျွန်တော်တင် မကဘူး။ ဘေးနားက ပုဂ္ဂိုလ်လည်း သူဖုန်းပြောတာကို နားထောင်ပြီး ပြုံးစိစိ ဖြစ်နေပါတယ်။

ခဏနေတော့ လေယာဉ်ပျံလုံခြုံရေး သရုပ်ပြတာရော လေယာဉ်ပျံတက်တာရော ဘာမှ မသိလိုက်တော့ ပါဘူး။ တစ်ရာကို တစ်ဆယ်တိုးနဲ့ ကောင်းကောင်း ယူပစ်လိုက်တာ ထမင်းလာကျွေးမှပဲ နိုးပါတော့တယ်။ ထမင်းစားပြီး ပြန်အိပ် လိုက်တာလည်း မင်္ဂလာဒုံ လေယာဉ်ကွင်းကို လေယာဉ်ပျံ ဆင်းမှပဲ နိုးပါတော့တယ်။

ရန်ကုန်ရောက်တော့ အေးဂျင့်မှာလိုက်တဲ့ အတိုင်း ဆာကူရာ တာဝါက ပိုးသားလေကြောင်း ရုံးကို ပြေးရပါတယ်။ သူတို့ကို ဂိုးရှိုးနဲ့ တစ်ရက် ကြိုဆင်းလာတဲ့အကြောင်း ပြောတော့ System ထဲမှာ ထည့်ပေး ပါတယ်။ အဲဒီလို မပြောရင် နောက်တစ်နေ့မှာ No Show အနေနဲ့ သူတို့ System မှာ ပေါ်ပြီး အပြန်အတွက် ဘွတ်ကင်ပါ အလိုလို Cancel ဖြစ်သွားတယ်လို့ ကောင်တာမှ လုံမပျိုကြီးက ရှင်းပြလိုက်ပါတယ်။ အဲဒီအတွက် No Show Fee လည်း ပေးရတယ် လို့ ပြောပါတယ်။ လေဆိပ်ကောင်တာမှာ တစ်ခါတည်း လုပ်ခိုင်းလိုက်ရင်လည်း ရတယ်လို့လည်း လုံမပျိုကြီးက ရှင်းပြလိုက်ပါတယ်။ System က တစ်ရက် ကြိုဆင်းသွားတာ သူ့အလိုလို မသိဘူးလားလို့ ဆော့ဖ်ဝဲလ် အင်ဂျင်နီယာ ပီပီ စဉ်းစားပါတယ်။ Requirement ရေးတဲ့သူ လိုသွားလို့လား ဆော့ဖ်ဝဲလ်ရေးတဲ့သူက အဆစ် ကလေးတောင် ရေးထည့် မပေးလိုက်တာလား စတဲ့ လား ၂ ကောင် စိတ်ထဲမှာ ပေါ်လာ ပါတယ်။ Check in လုပ်တဲ့ ကောင်တာက အမျိုးသမီးကလည်း သူ့ဆီမှာ ပြင်လို့ ရရင် ဘာလို့ ပြင်မပေးလိုက်တာလည်း ဆိုတဲ့ လားတစ်ကောင်လည်း ပါပါသေးတယ်။

ရန်ကုန်မြို့ကြီးကတော့ အရင်အတိုင်းပါပဲ။ နည်းနည်းပါးပါး ပြောင်းလဲတာလေးတွေတော့ သတိထားမိပါတယ်။ နေရာတကာ ကွန်ကရစ်လမ်း ဖြစ်နေတာရယ်၊ ဆောင်းတွင်းကြီးမှာ မိုးတွေ သည်းကြီးမည်းကြီး ရွာနေတာရယ်၊ မီးတွေ ပုံမှန်လာနေတာရယ်၊ အရင်ကထက် ပိုပြီး ဟင်းန်းဖုန်းကိုင်တဲ့သူ ပိုများလာတာရယ် က ဒီတစ်ခါတွေ့ခဲ့ရတဲ့ ထူးခြားချက် ကလေးတွေပဲ ဆိုပါတော့။ အရေးကြီးတဲ့ ကိစ္စ ထည့်မရေးဘူးလား မေးရင် မရေးသေးပါဘူး။ လောလောဆယ် ရေးဖို့ အာရုံမရသေးလို့ပါ။ ဆင်ဆာက အားလုံး လွတ်ပါတယ်။ :D

Tuesday, January 4, 2011

ဒွဖ်ဖြူ ဒွဖ်မည်း တကောင်တည်း

ညဘက် ကောင်းကင်ကို မော့ကြည့်ပြီး ကြယ်တွေ ကိုကြည့်ရင် ပုံမှာ ပြထားတဲ့ ကြယ်စု ကို ပထမဆုံး ရှာကြည့် ဖြစ်ပါတယ်။ လိပ်တာရာလို့ ငယ်ငယ်တုန်းက သိထားဖူးတဲ့ ကြယ်စုပါ။ ဘေးက ကြယ် ၄လုံးက လိပ်ရဲ့ ခြေထောက် ၄ချောင်း၊ အလယ်ခေါင်က ၃ လုံးတန်းနေတဲ့ ကြယ်တွေက အူ၊ ထိပ်ဖက်က တြိဂံပုံ ကြယ်သုံးလုံးက ခေါင်းလို့ ဦးလေး တစ်ယောက်က ပြောပြဖူး ပါတယ်။ နိုင်ငံတကာ အာကာသ လေ့လာတဲ့ သူတွေကတော့ ဒီကြယ်စုကို အိုရိုင်းယွန်း (Orion) လို့ သိကြ ပါတယ်။ ကိုဗဒင် သီချင်းထဲမှာ စပ်ဖူးတဲ့ ကုန်းမြင့် ထက်က ကြည့်နေ သူလည်း တွေ့နိုင်သလို ကမ်းဘေးနားက ကြည့်နေ သူလည်း တွေ့ရပါတယ် ဆိုတဲ့ အိုရိုင်းယွန်း ကြယ်စုဟာ ဒီကြယ်စု ပါပဲ။

ကျွန်တော် ကြယ်တွေကို စိတ်ဝင်စား ပါတယ်။ ဒါပေမယ့် တခြားသူတွေလိုတော့ အနုပညာ ခံစားမှု အလှအပတစ်ခု အနေနဲ့ စိတ်ဝင်စားလို့ မရပါဘူး။ ကြယ်တွေနဲ့ ပတ်သက်လို့ တင်စား ပြောတာ ဖွဲ့နွဲ့ပြောတာတွေ ကြားရရင် သိပ္ပံနဲ့ ဆက်စပ်ပြီး တွေးမိတာမို့ တစ်ခါတစ်လေ စိတ်ထဲမှာ ကျလိကျလိ ဖြစ်တတ်ပါတယ်။ 

အနုပညာရှင်တွေက ကြယ်တွေကို တင်စားဖွဲ့နွဲ့ စရာ အနေနဲ့ မြင်ပါတယ်။ ဒါပေမယ့် သူတို့တွေ တယ်လီစကုပ် ကြည့်ကြရင် ကောင်းမယ်လို့လည်း တခါတလေ တွေးမိပါတယ်။ ဘာလို့လဲ ဆိုတော့ ကြယ်အကြောင်း ဖွဲ့နွဲ့ကြရင် တစ်ခါလာလည်း ကြယ်ဖြူ တစ်ခါလာလည်း ကြယ်ဖြူနဲ့ပဲ ကြယ်တွေက တချိန်လုံးပဲ ဖြူနေကြ လို့ပါ။ ကောင်းကင်မှာ ရှိတဲ့ ကြယ်တွေကို တယ်လီစကုပ်နဲ့ ကြည့်ရင် ဒါမှမဟုတ် ကြယ်တွေကို ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ကြည့်ရင် အပြာရောင်ကြယ်တွေ နဲ့ အနီရောင်ကြယ်တွေပါ တွေ့ရတတ်ပါတယ်။ လူအများစုက ကြယ်တွေကို အဖြူရောင် အနေနဲ့ အမြဲတမ်း တွေ့နေရတော့လည်း ကြယ်နီတွေ ကြယ်ပြာတွေ အကြောင်းရေးရင် ခံစားလို့ ရပါ့မလား ဆိုတာကလည်း ရှိပါသေးတယ်။

စကြာဝဠာထဲမှာ ရှိတဲ့ ကြယ်တွေက ရောင်စုံရှိတတ်ပါတယ်။ ကျွန်တော်တို့ သိထားတာက အနီရောင်က ပူတဲ့ အရောင် အပြာရောင်က အေးတဲ့ အရောင်ဆိုပြီးတော့ပါ။ ဒါပေမယ့်လည်း ကြယ်တွေမှာတော့ နေလောက် အပူရှိန် ပြင်းတဲ့ ကြယ်တွေက အနီရောင် ရှိပြီး အဲဒီထက် ပိုပြီး အပူရှိန် ပြင်းတဲ့ ကြယ်တွေက အပြာရောင် ရှိတတ်ပါတယ်။ မီးတောက်တွေ အပူရှိန် ပြင်းလာရင် အနီရောင် မဟုတ်တော့ပဲ ပြာလဲ့လဲ့ ဖြစ်လာတတ်တဲ့ သဘောမျိုးပါ။ အဲဒီတော့ တကယ်တမ်းမှာတော့ အပြာရောင်က အနီရောင် နဲ့ ယှဉ်ရင် ပိုပူတယ်လို့ ပြောလို့ ရပါတယ်။ မျက်ထောင့်နီကြီးနဲ့ စိုက်ကြည့်တယ် ဆိုတာနဲ့ မျက်ဝန်းလဲ့ပြာပြာနဲ့ စိုက်ကြည့်တယ် ဆိုတာ ဘယ်ဟာက ပိုပူမလဲ ဆိုတာ စဉ်းစား စရာပါ။

မော်တော်ကားတွေ ကြာကြာ မောင်းရင် ဓာတ်ဆီကုန်သလို ကြယ်တွေလည်း ကြာကြာ လောင်ရင် လောင်စာကုန် ပါတယ်။ အဲဒီလို အခါမျိုးမှာတော့ အရွယ်အစားပေါ် မူတည်ပြီး ဘဝပြောင်းကြ ပါတယ်။ ကျွန်တော်တို့ရဲ့ နေ က အလယ် အလတ်စားကြယ် စာရင်းမှာ ပါပါတယ်။ အဲဒီလို ကြယ်မျိုးက လောင်ကျွမ်းစရာ လောင်စာကုန်ရင် ပြန့်ကားပြီး ထွက်လာတတ် ပါတယ်။ ကမ္ဘာကြီး ၂၀၁၂ မှာ ပျက်ပျက် မပျက်ပျက် နောက်ထပ် နှစ်ပေါင်း ၅ ဘီလီယံ ကြာရင်တော့ ပျက်မှာ အသေအချာ ပါပဲ။ အဲဒီအခါမှာ နေဟာ ပြန့်ကားထွက်လာပြီး ကမ္ဘာပတ် လမ်းကို ကျော်သွားမှာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ အဲဒီအချိန်မှာ ကမ္ဘာဟာ ပိုပြီးဝေးတဲ့ လမ်းကြောင်းတစ်ခုကို လွင့်ထွက်သွားလိမ့်မယ်လို့ ပြောတဲ့ သိပ္ပံပညာရှင်တွေ ရှိသလို အဲဒီအချိန် မတိုင်ခင်ကပဲ ကမ္ဘာကို နေက ဝါးမျိုးပစ်လိမ့်မယ်လို့ ပြောတဲ့ သိပ္ပံပညာရှင် တွေလည်း ရှိပါတယ်။

ကားတွေ ဓာတ်ဆီကုန်ရင် ဆီဆိုင်မှာ ဝင်ထည့်လို့ရပေမယ့် ကြယ်အတွက် လောင်စာကုန်ရင်တော့ ဖြည့်ပေးမယ့်သူ မရှိပါဘူး။ လောင်ကျွမ်းစရာ ကုန်ရင်တော့ ကြယ်ဟာ အနီရောင် မဟုတ်တော့ဘဲ ဝှိုက်ဒွဖ်လို့ ခေါ်တဲ့ ဖြူဖျောဖျော့ ကြယ်တစ်လုံး အဖြစ် ပြောင်းသွားပါလိမ့်မယ်။ မင်းခိုက်စိုးစန်လို ကဗျာဆရာသာ မြင်ရင်တော့ မန္တလာရေ ခရုသင်းစွဲနေတဲ့ မြို့ကြီးလို့ ဖွဲ့ခဲ့ဖူးသလို ဆိုလာ​ရေ ခရုသင်းစွဲနေတဲ့ ကြယ်ကြီးလို့များ ဖွဲ့ဦးမလား မသိပါ။ ဝှိုက်ဒွဖ် ဆိုတာကလည်း အလင်းရောင် ထွက်နေသရွေ့ပဲ ဖြူနေပါတယ်။ နောက်ဆုံး အလင်းရောင် ထွက်စရာ ကုန်သွားရင်တော့ ဒွဖ်ဖြူတစ်ပွေတည်း ဖြူရာကမည်းလို့ ဒွဖ်မည်းလို့ ခေါ်တဲ့ ဘလက်ဒွဖ်အဖြစ် ဘဝပြောင်းသွားရပါတယ်။

ကျားကြီးရင် ခြေရာကြီးတယ် ဆိုကြပါတယ်။ ကြယ်ကြီးရင်တော့ အသက်တိုပါတယ်။ ဒြပ်ထုကြီးမားတဲ့ ကြယ်တွေဟာ သက်ဆိုး မရှည်ကြပါဘူး။ သူတို့ဟာ ဒြပ်ထုကြီးမားတဲ့အတွက် ပြင်ပက ဗဟိုထုထဲကို ပိုပြီး ဖိနှိပ်တဲ့ အတွက် တခြား ကြယ်တွေထက် ပိုပြီး မြန်မြန်ဆန်ဆန် လောင်ကျွမ်းကြ ပါတယ်။  နေထက် ပိုကြီးတဲ့ ကြယ်တွေကတော့ စူပါနိုဗာလို့ ခေါ်တဲ့ ကြယ်ပေါက်ကွဲမှုနဲ့ အဆုံးသတ်ရ ပါတယ်။ စူပါနိုဗာ ကြယ်ပေါက်ကွဲပြီးတဲ့ နောက်မှာတော့ ကြယ်တွေဟာ နျူထရွန်ကြယ် အဖြစ် ဘဝ ပြောင်းသွားရပါတယ်။ နျူထရွန်ကြယ်ဆိုတာကတော့ ဆွဲငင်အား ကြီးလွန်းလို့ အက်တမ်ပတ်လမ်းက အီလက်ထရွန်တွေတောင် လပ်လျားလပ်လျား လမ်းမသလား နိုင်တော့တဲ့ အခြေအနေပါ။ နျူထရွန် တွေချည်းသက်သက် နျူထရွန် သာအမိ နျူထရွန် သာအဖ လုပ်ကြပြီး ပေါင်းစပ်သွားကြ ပါတယ်။ နျူထရွန်ကြယ်ထဲက ဒြပ်ထု လက်ဖက်ရည် တစ်ဇွန်းစာဟာ ကမ္ဘာရဲ့ အလေးချိန်လောက် ရှိမယ် ဆိုကြ ပါတယ်။

ကြယ်က အဲဒီထက် ပိုကြီးရင်တော့ ဘလက်ဟိုး ဘဝနဲ့ အဆုံးသတ်ရလေ့ ရှိပါတယ်။ ဘလက်ဟိုးကတော့ စားမှာပဲ စားမှာပဲ ငါ့ကိုလာ မတားနဲ့ ဆိုသလို သူ့အနား ကပ်လာသမျှ အကုန် ဆွဲစား ပစ်ပါတယ်။ ဘလက်ဟိုးနဲ့ တွေ့ရင် အလင်းရောင်တောင် လွတ်လမ်းမရှိပါဘူး။ ဘလက်ဟိုး ဖြစ်ရတဲ့ အကြောင်းကတော့ လူဝကြီး ဝလွန်းလို့ လမ်းမလျှောက်နိုင်ပဲ ပုံကျတဲ့ ပုံစံ လိုပါပဲ။ ကြယ်ဖက်တီးကြီးလည်း ဝိတ်ကများလွန်းလို့ သူ့ဘာသာသူ ကျွံကြပြီး ဘလက်ဟိုး ဖြစ်ရပါတယ်။ ဒါပေမယ့်လည်း စူပါနိုဗာ ကြယ်ပေါက်ကွဲမှုတွေက သက်ရှိတွေ ဖြစ်ဖို့ အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကြ ပါတယ်။ စူပါနိုဗာ ကြယ်ပေါက်ကွဲမှုကနေမှ တဆင့် ဓာတုဗေဒ ဒြပ်ပေါင်းတွေ ဖြစ်ပေါ်လာတတ် တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ စကြာဝဠာထဲမှာ စူပါနိုဗာတွေကတော့ တဝုန်းဝုန်း တဒိုင်းဒိုင်း ပေါက်ကွဲနေကြတာပါပဲ။ တခြား ဂယ်လက်ဆီတွေက စူပါနိုဗာတွေကို ကမ္ဘာကနေ တစ်နှစ်ကို အခု ၃၀၀လောက် မြင်ရတယ် ဆိုကြပါတယ်။

လောလောဆယ်တော့ ဘယ်နေရာကနေပဲ ကြည့်ကြည့် ကြယ်ကို မမြင်ရပဲ တိမ်ပဲ မြင်ရတဲ့ နေရာမှာ နေတဲ့အတွက် ကြယ်တွေကို ခေါင်းထဲက ခဏ ထုတ်ထားပါတယ်။ အခွင့်အခါသင့်ရင်တော့ ကွဲကွာနေတဲ့ အချစ်ဟောင်းနဲ့ ပြန်ဆုံသလို ကြယ်တွေကိုလည်း ပြန်လေ့လာ ဖြစ်ဦးမယ် ထင်ပါတယ်။