Search This Blog

Saturday, February 11, 2012

လူနာဘက်က ရှေ့နေလိုက်မယ်

ဒီတစ်ခါ ရန်ကုန်ပြန်ရတဲ့ အကြောင်းက ကျွန်တော့်အမျိုးသမီး မီးဖွားဖို့ ကိစ္စ အဓိကမို့ ရောက်ရောက်ချင်း အိမ်ကို ခဏဝင် ပြီးတာနဲ့ ဆေးရုံကို တန်းပြီး ရောက်သွားပါတယ်။ အဲဒီနောက်တော့ ဆေးရုံမှာ ၄ ရက်လောက် ဆက်တိုက် နေဖြစ်ပါတယ်။ ပုဂ္ဂလိက ဆေးရုံမို့လား မသိပါဘူး။ ဆေးရုံမှာ နေရတာ အတော် စိတ်ချမ်းသာစရာ ကောင်းပါတယ်။ ဆေးရုံနံ့ ဆိုလို့ လုံးဝ မရှိပါဘူး။ ကိုယ့်အခန်းနဲ့ကိုယ် နေရပြီး အခန်းထဲမှာ ရုပ်မြင်သံကြားစက် တပ်ထားတာက တစ်ကြောင်း၊ အဲဒီထက်ပိုပြီးကောင်းတာက ဝိုင်ယာလက်စ် အင်တာနက် ရှိနေတာက တစ်ကြောင်းမို့ပါ။ လက်ပ်တော့ပ် ပါမသွားပေမယ့် တယ်လီဖုန်းကို ဝိုင်ဖိုင် ဖွင့်ပြီး ဖေ့စ်ဘွတ်ခ် သုံးလို့ ရနေတာမို့ မဆိုးလှပါဘူး။ အင်တာနက်က နှေးလွန်းလို့ ဖေ့စ်ဘွတ်ခ်ထဲက Feed ကို Refresh လုပ်ရင်း တက်မလာခင် အိပ်ပျော်သွားတာတော့ တစ်ခါနှစ်ခါ ရှိတာပေါ့။

ဆေးရုံက ပံ့ပိုးပေးထားတာတွေ ကောင်းသလို ဆရာဝန် ဆရာမတွေကလည်း အတော် ဂရုတစိုက် ရှိကြပါတယ်။ အထူးကု ဆရာဝန်ကြီးတွေ မနက်တိုင်း Round ကြပါတယ်။ တာဝန်ကျတဲ့ ဆရာဝန်တွေ ဆရာမလေးတွေလည်း အချိန်မှန် လာပြီး လိုအပ်တာတွေ စမ်းသပ်စစ်ဆေး ပေးကြပါတယ်။ ပိုက်ဆံပေးထားတာကိုး ကောင်းမှာပေါ့လို့ ပြောချင်ရင်လည်း ပြောကြမှာပါ။ ပိုက်ဆံပေးပြီးမှ ဂရုမစိုက်လို့ စိတ်ညစ်ရတဲ့ အခါတွေ အများကြီး ရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စင်ကာပူလောက် ပိုက်ဆံမကုန်ဘဲ စင်ကာပူလို ကျန်းမာရေးစောင့်ရှောက်မှုမျိုး ရတာမို့ အားလုံးကိုခြုံငုံပြီး တန်တယ်လို့ ပြောလို့ ရပါတယ်။

ကျွန်တော် မြင်တာကို မြင်တဲ့အတိုင်း ပြောရရင် မြန်မာနိုင်ငံက ဆရာဝန်ကြီးတွေ အတော်ပင်ပန်း ကြပါတယ်။ မနက်ခင်း အစော ပုဂ္ဂလိက ဆေးရုံကိုပြေး၊ ပြီးရင် အစိုးရ ဆေးရုံကိုသွား ၊ ဆေးရုံကပြီးရင် အပြင်က အထူးကု ဆေးခန်းကြီးတွေကို လှည့်သွားနဲ့ တစ်နေ့လုံး မိုးလင်းက မိုးချုပ် အားတဲ့အချိန် ဆိုတာရော ရှိရဲ့လားလို့ စဉ်းစားမိပါတယ်။ ဆရာဝန်ကြီး တစ်ယောက်ဆိုရင် ကျွန်တော် နေခဲ့တဲ့ ဆေးရုံမှာ ညသန်းခေါင် တစ်နာရီလောက်မှ လာပြီး Round တယ်လို့ ပြောသံကြားရ ပါတယ်။ ညတစ်နာရီ လာ Round တော့ သူဘယ်အချိန် အိပ်သလဲ ဆိုတာတောင် စဉ်းစားရ ခက်သွားပါတယ်။

ကျွန်တော့် အမျိုးသမီး ဆေးရုံက ဆင်းလာပြီးတော့ တစ်ညနေ ညီအစ်ကိုတွေ သူငယ်ချင်းတွေနဲ့ စားသောက်ဆိုင် တစ်ဆိုင်မှာ ထိုင်ဖြစ်ပါတယ်။ ကျွန်တော်တို့ အထဲမှာ ဆရာဝန် နှစ်ယောက် ပါပါတယ်။ စားရင်းသောက်ရင်း စကားပြောကြရင်း မြန်မာနိုင်ငံက ဆရာဝန်တွေ အကြောင်း ရောက်သွားပါတယ်။ ကျွန်တော်တို့နဲ့ အတူလာတဲ့ သူငယ်ချင်း တစ်ယောက်က မြန်မာပြည်က ဆေးရုံဆေးခန်းတွေ ဆရာဝန်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဝိုင်းထဲက ဆရာဝန်ကို သူ့ခံစားချက်တွေ ရင်ဖွင့်ပါတယ်။ ဆရာဝန်ကတော့ ပြုံးပြီးတော့ပဲ နားထောင်နေပါတယ်။

ပထမဆုံး သူ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်း အထူးကု ဆရာဝန်ကြီး တစ်ယောက်ဆီမှာ သွားပြတုန်းက အတွေ့အကြုံကို ပြန်ပြောပြပါတယ်။ သူ့မှာ ဆီးအိမ် အောင့်လို့ အထူးကု ဆေးခန်း တစ်ခုမှာ ဆရာဝန်ကြီးနဲ့ ပြဖို့ ရောက်သွားပါတယ်။ ဆရာဝန်ကြီးက နေ့လည် ၁၂ နာရီ လာမယ် ပြောလို့ သူ့ကို လူနာတွေ အများကြီးက လာစောင့်နေပါတယ်။ နေ့လည် ၁ နာရီ ထိုးသွားပါတယ်။ ဆရာဝန်ကြီးက ပေါ်မလာပါဘူး။ ဆေးခန်းက ဆရာမတွေ မေးတော့လည်း ယောင်ဝါးဝါး လုပ်နေကြပါတယ်။ ၂ နာရီ ထိုးသွားပါတယ်။ ရောက်မလာ သေးပါဘူး။ လူနာတွေကလည်း စိတ်ရှည်လက်ရှည်နဲ့ စောင့်နေကြတုန်းပါပဲ။ နောက်ဆုံး နေ့လည် ၃ နာရီ ထိုးမှ ဆရာဝန်ကြီး ဆေးခန်းကို ရောက်လာပါတယ်။

သူ့ကို ဆရာဝန်ကြီးက စမ်းသပ်မယ့် အလှည့်ရောက်တော့ ဆရာဝန်ကြီးက ဘာဖြစ်တာလဲလို့ မေးပါတယ်။ ကျွန်တော် ခုနက ဆီးစပ်က အောင့်နေတယ် ဆရာ။ ဒါပေမယ့် ဆရာ့ကို စောင့်ရင်းနဲ့ အောင့်တာတော့ ပျောက်သွားပြီ ပြောတော့ ဆရာဝန်ကြီးက သူနောက်ကျတာကို နောက်တယ်ထင်ပြီး ဟာကွာ လို့ ရေရွတ်ရင်းက မလုံမလဲ ဖြစ်သွားပါတယ်။ အမှန်တကယ်ကတော့ သူတကယ်ပဲ စောင့်နေရင်း အောင့်တာက ပျောက်သွားတာပါ။ ဆရာဝန်ကြီး နည်းနည်း စိတ်ခုသွားတာ သိတော့ သူက အမြန်အဆန် မဟုတ်ဘူး ဆရာ။ ကျွန်တော် တစ်ကယ်ပြောတာပါ။ ခုန မအောင့်ခင်တုန်းကတော့ ဒီနေရာက နာပါတယ် ဆိုပြီး သူနာတယ် ဆိုတဲ့ နေရာကို ပြပါတယ်။ သူက သူဘယ်တုန်းက စဖြစ်တယ်။ ဘယ်လောက်ကြာကြာ ဖြစ်တယ်။ တစ်နေ့ ဘယ်နှစ်ခါ ဖြစ်တယ် ဆိုတာတွေ ဆရာဝန်ကြီးကို ပြောပြချင်ပေမယ့် ပြောပြခွင့် မရလိုက်ပါဘူး။ ဆရာဝန်ကြီးက သူ့ကို စမ်းသပ်ပြီး ဆေးတွေ ရေးပေးလိုက်ပါတယ်။

အဲဒီမှာ ကျွန်တော့်သူငယ်ချင်းက သူ့မကျေနပ်ချက်ကို ပြောပြပါတယ်။ သူ့အထင်အရတော့ ဆရာဝန်ဆိုတာ လူနာပြောတဲ့ ရောဂါ လက္ခဏာတွေ အားလုံးကို သေသေချာချာ နားထောင်သင့်တယ်လို့ ထင်တဲ့အကြောင်း၊ အဲဒီလို နားမထောင်ဘဲ လက္ခဏာတစ်ခုလောက်ကို နားထောင် စမ်းသပ်ပြီး ရောဂါကုတယ် ဆိုရင် ဒီဆရာဝန် ဘယ်လောက်ပဲ ကျွမ်းကျင်တယ် ပြောပါစေ၊ ရောဂါအမှန်ကို သိနိုင်မယ်လို့ သူ့အနေနဲ့ ယုံကြည်ဖို့ ခက်ခဲတဲ့ အကြောင်း ပြောပြပါတယ်။

သူအဲဒီလို ပြောတော့ ဩစတေးလျမှာ အလုပ်လုပ်နေတဲ့ ကျွန်တော့် သူငယ်ချင်း ဆရာဝန် တစ်ယောက် ပြောပြတာကို သတိရမိပါတယ်။ ဩစတေးလျမှာ ဆေးကုရင် လူနာကို ရောဂါ အကြောင်း၊ ဆေးအကြောင်း အသေးစိတ် ရှင်းပြရတယ်လို့ သူပြောပြဖူးပါတယ်။ ဘာဖြစ်လို့ ဒီရောဂါ ဖြစ်နိုင်တဲ့အကြောင်း၊ ဘာဖြစ်လို့ ဒီဆေးကို ပေးရတဲ့အကြောင်း၊ ဒီဆေးကို သောက်လို့ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်တဲ့ အကြောင်း လူနာကို စိတ်ရှည်လက်ရှည် ရှင်းပြဖို့ လိုတယ်လို့ သူက ပြောပြဖူးပါတယ်။

လူနာရဲ့ စကားကို စိတ်ရှည်လက်ရှည် နားထောင်တာ ဆရာဝန်တစ်ယောက်ကို လူနာဘက်က ရှိတဲ့ ယုံကြည်စိတ်ချမှု တိုးပွားဖို့ အတွက် ရှိသင့်တယ်လို့ ထင်ပါတယ်။ လူနာတွေ အနေနဲ့ ဆရာဝန်ကို ဖြစ်သမျှ အကြောင်းစုံ ပြောလိုက်ရရင် စိတ်ထဲမှာ သက်သာတယ်လို့ ထင်တတ်ကြသလို၊ ဆရာဝန်က အကြောင်းစုံကို သိလို့ ပိုပြီး ထိထိရောက်ရောက် ကုနိုင်လိမ့်မယ်လို့ ကျွန်တော့် သူငယ်ချင်း ထင်သလိုပဲ ထင်တတ်ကြ ပါတယ်။

ဒါက ပထမ တစ်ပိုင်းပါ။ နောက်တစ်ပိုင်း အနေနဲ့တော့ ကျွန်တော့် သူငယ်ချင်းက ဆေးရုံဆေးခန်းတွေရဲ့ လုပ်ပုံကိုင်ပုံနဲ့ ပတ်သက်ပြီး သူမကျေနပ်တာကို ရင်ဖွင့်ပါတယ်။ သူ့မှာ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကြောင့် ဆေးသွင်းပြီး ဓာတ်မှန်ရိုက်ဖို့ လိုအပ်လာပါတယ်။ အဲဒါကြောင့် ဓာတ်မှန်ရိုက်ဖို့ လုပ်နေတဲ့ အချိန်မှာ ဆေးခန်းက သူ့ကို စာရွက်တစ်ရွက် လာပေးပါတယ်။ စာရွက်ကို ဖတ်ကြည့်တော့ အခုသွင်းမယ့် ဆေးဟာ ပင်လယ် ရေသတ္တဝါတွေကနေ ဖော်ထုတ်ထားတာ ဖြစ်တဲ့အတွက် ပင်လယ်စာနဲ့ မတည့်တဲ့သူ အနေနဲ့ နှလုံးခုန်ရပ်သွားနိုင်တယ် ဆိုတာကို နားလည် သဘောပေါက် ပါတယ် ဆိုတာကို လက်မှတ် ထိုးခိုင်းတဲ့ စာရွက်ပါ။

သူ အဲဒီစာရွက်ကို ဖတ်ပြီး မျက်လုံးပြူးသွားပါတယ်။ သူ့ကို လက်မှတ် ထိုးခိုင်းတဲ့ ဆရာဝန်မကို “ဆရာမ၊ နှလုံးခုန်ရပ်ရင် ကျွန်တော် သေသွားမှာပေါ့။ မဟုတ်ဘူးလား။” လို့ ပြန်မေးပါတယ်။ အဲဒီတော့မှ ဆရာဝန်မက “စိတ်မပူပါနဲ့။ နှလုံးခုန် ရပ်သွားရင် နှလုံးနှိုးစက်တွေ ရှိပါတယ်။” လို့ ပြန်ပြောပါတယ်။ သူက မကျေနပ်နိုင်သေးဘဲ “စက်မောင်းနေတုန်း မီးပြတ်သွားရင် ကျွန်တော်သေမှာလား။” လို့ ထပ်မေးပါတယ်။ ဆရာဝန်မက “မီးစက်တွေလည်း ရှိပါတယ်။ မီးပြတ်ရင် မီးစက်နှိုးမှာပေါ့။” လို့ ထပ်ဖြေပါတယ်။ သူ့စိတ်ထဲမှာတော့ မီးစက်ပါ ပျက်နေရင် ငါတော့ ကြွပြီလို့ တွေးလိုက်မိပါတယ်။

သူက ထပ်မေးပါတယ်။ “ဆရာမ။ ပင်လယ်စာနဲ့ ကျွန်တော်နဲ့ တည့်မတည့် ဘယ်လိုသိနိုင်မှာလဲ။” လို့ သူကမေးတော့ ဆရာဝန်မက “နည်းနည်း အရင် စမ်းသွင်းကြည့်မယ်လေ။ ဘာမှမဖြစ်ဘူးဆိုရင် ထပ်သွင်းမှာပေါ့။” လို့ ပြန်ဖြေပါတယ်။ ကျွန်တော်တို့နဲ့ အတူထိုင်နေတဲ့ ဆရာဝန်က အဲဒီနေရာမှာ ဝင်ထောက်ပါတယ်။ “အဲဒါ လျှောက်ပြောတာ။ တစ်ချို့ဆေးက နည်းနည်းသွင်းရင် မတည့်တဲ့သူမှာ ဘာမှ မဖြစ်ဘူး။ အများကြီး သွင်းမှ ဖြစ်တာ။ မင်းက ကွန်ပလိန်းတွေ စွပ်ပြီး တက်နေလို့ မင်းကို စိတ်ကျေနပ်အောင် ပြောတာ ဖြစ်မယ်။” လို့ သူက ဝင်ပြောပါတယ်။

ဒီလိုနဲ့ သူ့ကို စမ်းပြီး ဆေးနည်းနည်း စသွင်းပါတယ်။ ဆေးနည်းနည်း သွင်းပြီးတော့ ဆရာဝန်မက “ဘယ်လိုနေသလဲ။” လို့ မေးပါတယ်။ သူကတော့ ဆေးမထိုးခင်ကတည်းက နှလုံးခုန် ရပ်သွားနိုင်တယ် ဆိုတဲ့စာကို သတိရပြီး လန့်နေတာမို့ ဆေးစသွင်းလိုက်တော့ ခေါင်းထဲက ရိုးတိုးရိပ်တိပ် ဖြစ်လာသလို ခံစားလိုက်ရပါတယ်။ “ခေါင်းထဲကတော့ နည်းနည်း မူးလာသလိုပဲ။” လို့ပြောတော့ ဆရာဝန်မက တစ်ချက် တွန့်သွားပါတယ်။ နောက်မှ သူက ဆက်ပြီး “ရပါတယ် ဆရာမရယ်။ ကျွန်တော် အစကတည်းက လန့်နေလို့ ဖြစ်ပါလိမ့်မယ်။ ဘာမှ ဖြစ်လောက်မယ် မထင်ပါဘူး။ ဆက်သာသွင်းပါ။” လို့ ပြောလိုက်ပါတယ်။ ဒီလိုနဲ့ သူ့ရဲ့ ဆေးသွင်းပြီး ဓာတ်မှန်ရိုက်တဲ့ လုပ်ငန်း အောင်မြင်စွာ ပြီးဆုံး သွားပါတယ်။

သူကတော့ နှလုံးခုန်ရပ်တယ် ဆိုတာ ပေါ့ပေါ့တန်တန် ကိစ္စမဟုတ်တဲ့ အကြောင်း၊ အဲဒီလိုမျိုး ဖြစ်လာနိုင်တယ်ဆိုရင် တစ်ရာမှာ တစ်ယောက် ဖြစ်ခဲတဲ့ ကိစ္စပေမယ့် အဲဒီလို ပစ္စလက္ခတ် လုပ်တာကို သူသဘောမကျတဲ့ အကြောင်း၊ အဲဒါအပြင် နှလုံးခုန် ရပ်သွားနိုင်တယ် ဆိုတာကို သိရှိနားလည်တဲ့ အကြောင်း လက်မှတ်ထိုးခိုင်းတာကို ထမင်းစားရေသောက် အနေနဲ့ သဘောထားတာကို သူမကျေနပ်ဆုံး ဖြစ်တဲ့ အကြောင်း ဆက်ပြီး ရင်ဖွင့်ပါတယ်။ ဆေးခန်းဘက်က သူတို့ကို ထိခိုက်နိုင်တဲ့အတွက် သူတို့ဖက် သူတို့လုံအောင် ကာကွယ်တာ မှန်ပေမယ့် သူတို့သာ အဲဒီကိစ္စ ကို ပေါ့ပေါ့တန်တန် မထားဘဲ အသေအချာ ရှင်းပြမယ် ဆိုရင် လူနာတွေ အနေနဲ့ ဖြစ်လာမယ့် အန္တရာယ်ကို ကြိုတင်ပြီး တွက်ဆပြီး သူတို့စိတ်နဲ့ သူတို့ ဆုံးဖြတ်ချက် ချနိုင်မယ်လို့ ထင်တဲ့အကြောင်း ဆက်ပြောပါတယ်။

နောက်တော့ ကျွန်တော်တို့ ဆွေးနွေးပွဲက လူနာနဲ့ ဆရာဝန် နှစ်ဖက်စလုံးရဲ့ ချို့ယွင်းချက်တွေဆီကို ရောက်သွားပါတယ်။ ဟိုတစ်လောက ဂျာနယ်တွေထဲ ပါတဲ့ ဆရာဝန်နဲ့ လူနာ အကြောင်းတွေလည်း ဆွေးနွေးဖြစ်ကြ ပါတယ်။ ကျွန်တော်တို့ ဝိုင်းထဲက ဆရာဝန်က သူ့အမြင်ကို ပြောပြပါတယ်။ မြန်မာပြည်မှာ လူနာတွေ အနေနဲ့ ကိုယ့်စိတ်ထဲမှာ ငါဒါဖြစ်တယ်ထင်ပြီး အထူးကုဆီကို တန်းပြေးတာမျိုးက မှန်တယ်လို့ ပြောလို့ မရတဲ့ အကြောင်း၊ အထွေထွေ ရောဂါကု ဆရာဝန်နဲ့ အရင်ပြပြီးမှ ဆရာဝန်ညွှန်တဲ့ အထူးကုဆီ သွားသင့်တဲ့ အကြောင်း ပြောပြ ပါတယ်။ နောက်တော့ သူက ဆရာဝန် အချင်းချင်း သူတို့ ဆရာဝန်တွေထဲက တစ်ချို့ဆရာဝန်တွေရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး သူမကျေနပ်တာကို ပြောပြပါတယ်။ အထူးကုတစ်ချို့က လူနာကိုယ့်ဆီရောက်လာတာနဲ့ ကိုယ်အထူးပြုတဲ့ နယ်ပယ်နဲ့ ဆိုင်ဆိုင်မဆိုင်ဆိုင် စွတ်ရွတ်ပြီး ကုတာမျိုး လုပ်တတ်တဲ့ အကြောင်း၊ သူတို့ အထွေထွေ ရောဂါကု ဆရာဝန် ကနေ အထူးကု ဖြစ်လာတာ မှန်ပေမယ့် ကိုယ့်နယ်ပယ်ထဲက မဟုတ်ရင် တခြား အထူးကုကို ညွှန်းသင့်တယ်လို့ သူထင်တဲ့ အကြောင်း ပြောပြပါတယ်။ နောက်ပြီးတော့ သူက သူ့မကျေနပ်ချက် နောက်တစ်ခုကို ထပ်ပြောပါတယ်။ “ငါတို့ တိုင်းပြည်က တစ်ချို့ဆရာဝန်တွေက အတော်မာနကြီးကြတယ်ကွ။ သူတို့ကုလို့ မပျောက်ဘူး ပြောရင် မကျေနပ်ကြဘူး။ ဘာဆိုင်လဲကွာ။ လူနာတစ်ယောက်နဲ့ တစ်ယောက် တူတာမှ မဟုတ်တာ။ သူကုလို့ လူနာ တစ်ယောက်က ပျောက်ပေမယ့် တခြားလူနာက ပျောက်ချင်မှ ပျောက်မှာပေါ့။ အဲဒီလို တလွဲမာနတွေ ထားတာ ငါတော့ မဖြစ်သင့်ဘူး ထင်တယ်။” လို့ သူက ပြောပြပါတယ်။

ကျွန်တော့် ခေါင်းထဲမှာတော့ ကျွန်တော်ကြုံခဲ့ရတဲ့ ပုဂ္ဂလိကဆေးရုံ၊ အစိုးရ ဆေးရုံနဲ့ အထူးကု ဆေးခန်းတွေကြား မအားမလပ်နိုင်အောင် ပြေးလွှားနေရတဲ့ အထူးကု ဆရာဝန်ကြီးတွေရဲ့ အကြောင်းကို စဉ်းစားမိပါတယ်။ သူတို့ ဒီလောက်တောင် မအားမလပ်နိုင်အောင် အလုပ်များနေရင် လူနာတွေရဲ့ ရောဂါလက္ခဏာကို အသေအချာ နားထောင်ဖို့ အချိန်ပေးနိုင်မှာ မဟုတ်ဘူးလို့လည်း တွေးမိပါတယ်။ ဒီလောက် လူနာတွေ များနေတာမို့ သူနဲ့ ဆိုင်မဆိုင် စဉ်းစားဖို့ အချိန်ကော ရှိပါ့မလားလို့လည်း တွေးမိပါတယ်။ ဆေးခန်းမရှားပေမယ့် အထူးကု ဆေးခန်းကိုမှ ပြေးချင်တဲ့၊ နာမည်ကြီး အထူးကုတွေနဲ့မှ ပြချင်တဲ့ လူနာတွေ ဘက်က မှားကြသလား၊ လာသမျှ လူနာကို ကုနိုင်အောင် အချိန်ကို ချုံ့ပြီး အကုန်လုံး ကြည့်ပေးနိုင်အောင် ကြိုးစားတဲ့ ဆရာဝန်ကြီးတွေ ဘက်က မှားတာလားလို့ စဉ်းစားရင်း ခေါင်းထဲမှာ ချာလပတ်ရမ်းထွက် သွားပါတယ်။

(ရန်ကုန်ပြန်ရင်း ဖေ့စ်ဘွတ်ခ်ထဲက နာမည်ကြီး ဒေါက်တာစိုးမင်း (ငွေစန်းရောင်) ရဲ့ “ဆရာဝန်ဘက်က ရှေ့နေလိုက်မယ်နဲ့ အခြားဓာတ်မှတ်စုများ” ဆိုတဲ့စာအုပ်ကို နေရာအနှံ့ ရှာဝယ်ပေမယ့် မရလို့ ဆရာစိုးမင်းကို သတိတရနဲ့ ဒီပို့စ်ကို လူနာဘက်က ရှေ့နေလိုက်မယ်လို့ နာမည်ပေးလိုက်ပါတယ်။)

Tuesday, February 7, 2012

ပေးရခက်ကြီး

ရန်ကုန်မှာ ကျွန်တော့် အမျိုးသမီး မွေးဖို့ အချိန်တန်တော့ သားဖွားနဲ့ မီးယပ်ဆရာဝန်မကြီးက ခွဲစိတ်မွေးဖို့ ဘယ်နေ့ မွေးချင်သလဲ လို့ မေးပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ နေ့စေ့ လစေ့ မရောက်ခင် နေ့တစ်နေ့ ရွေးဖို့ လိုလာပါတယ်။ Due Date က တရုတ်နဂါးနှစ် စပြီး တစ်ပတ်လောက် အကြာမှာမို့ နဂါးနှစ်ထဲလည်း ဝင်အောင် အဓိပတိဖွားလည်း ဖြစ်အောင် ဇန်နဝါရီ ၂၆ ရက် ကြာသပတေးနေ့ ကို ရွေးလိုက်ပါတယ်။ ကြာသပတေးသား မွေးမယ် ကြံထားတော့ သားကို ပေးဖို့ ကြာသပတေးနဲ့ စတဲ့ နာမည်တွေ အတော်များများ ခေါင်းထဲမှာ စဉ်းစားထားဖြစ်ပါတယ်။ လူမင်းက သူ့ကလေးကို ဧဝရက်လူမင်းလို့ ပေးတော့ တို့အလှည့်ကျ ဧဝရက်ထက် မြင့်အောင် မြင်းမိုရ်လို့ ပေးမယ်လို့ ကျွန်တော်တို့ နှစ်ယောက် ရယ်စရာ ပြောဖြစ်ကြ ပါသေးတယ်။

ဒါပေမယ့်လည်း ကလေးက ဇန်နဝါရီ ၂၆ အထိ မနေပါဘူး။ နဂါးနှစ် မဝင်ခင် စနေနေ့ မှာပဲ မွေးလိုက် ပါတယ်။ ကျွန်တော်တောင် ရန်ကုန်ပြန်မရောက်သေးပါဘူး။ စင်ကာပူက တိုက်ရိုက် လေယာဉ်လက်မှတ် မရလို့ ကွာလာလမ်ပူကနေ ပတ်ပြီး ရန်ကုန် ပြန်လာတာမို့ ကလေးမွေးတဲ့ အချိန် ကျွန်တော် ကေအယ်လ်ကို သွားတဲ့ လမ်းမှာပဲ ရှိနေပါသေးတယ်။ ရုပ်ရှင်တွေထဲကလို မွေးခန်း အပြင်ဖက်မှာ ခေါက်တုံ့ခေါက်ြပန် လမ်းလျှောက် အင်္ဂုလိမာလ သုတ် ရွတ် ဆိုတာမျိုးတွေ မလုပ်လိုက်ရပါဘူး။ ရန်ကုန် ရောက်ပြီးတော့ ဆေးရုံက ဆရာမတွေရဲ့ အပြောအရ ဇန်နဝါရီ ၂၆ မှာမွေးဖို့ ကျွန်တော်တို့လို ကြိုတင်စီစဉ် ထားတဲ့သူတွေ အများကြီး ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကျွန်တော့်သား မွေးပြီးတဲ့ အချိန် အဲဒီလို စီစဉ်ထားသူတွေ အားလုံးနီးပါး မွေးပြီးနေကြပြီး ၂ ယောက်ပဲ ကျန်တော့တယ်လို့ ပြောပြကြပါတယ်။

ရန်ကုန်ရောက်လို့ ကလေးကို တွေ့ပြီးတော့ စင်ကာပူမှာ အတူနေခဲ့ဖူးတဲ့ ငယ်သူငယ်ချင်း တစ်ယောက်ဆီကို ရန်ကုန် ပြန်ရောက်နေတဲ့ အကြောင်း ဖုန်းလှမ်းဆက်လိုက်ပါတယ်။ သူက ကလေးမွေးတဲ့ အချိန် လှမ်းမေးပါ တယ်။ နောက်တစ်နေ့ ဇာတာတစ်စောင်နဲ့ အတူ ဆေးရုံကို ရောက်လာပါတယ်။ သူကတော့ ကျွန်တော့်ကို ကြာသပတေးနေ့ မွေးဖို့ ရွေးတဲ့ အတွက် အပြစ်တင်ပါတယ်။ ဇာတာအရ စနေက ကြာသပတေးထက် ပိုကောင်းတဲ့ အကြောင်း၊ ကလေးက သူ့ကံနဲ့သူ လာတာမို့ မင်းတို့ ဘယ်လိုရွေးရွေး သူမွေးသင့်တဲ့ အချိန် ထွက်လာတာပဲလို့ ကျွန်တော့်ကို ပြောပါတယ်။ သူ့အပြောအရတော့ ကလေးရဲ့ ဇာတာခွင်က အတော်ကို ကောင်းတယ်လို့ ဆိုပါတယ်။ သူက စီးပွားဖြစ် ဗေဒင်ဟောစားတဲ့သူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အတော် ထင်ရှားတဲ့ ဗေဒင်ဆရာ တစ်ယောက်ရဲ့ တပည့်ရင်းပါ။ အခု သူဗေဒင်ကို စွန့်လွတ်ပြီး တရားထိုင်နေတာ အတော်ကြာပြီ ဖြစ်ပေမယ့် ကျွန်တော်နဲ့က သူငယ်ချင်း အရင်းမို့ ကျွန်တော့် သားအတွက် သူတွက်ကြည့်ပေးတာလို့ ပြောပါတယ်။

အဲဒီနောက်တော့ ကလေးကို နာမည်ပေးဖို့ ကိစ္စစဉ်းစား ဖြစ်ပါတော့တယ်။ ကျွန်တော်က နာမည်နောက်မှာ အဖေနာမည် ထည့်ပေးတဲ့ အလေ့အထကို သဘောမကျပါဘူး။ အင်္ဂလိပ်တွေ တရုတ်တွေ မှာ ဆာရ် နိမ်း ရှိပေမယ့် ကျွန်တော်တို့ မြန်မာမှာ ဆာရ်နိမ်း ဆိုတဲ့ အလေ့အထ အရင်ကတည်းက မရှိခဲ့ပါဘူး။ အခုအချိန်မှ ထထွင်ရင်လည်း ဖြစ်လိမ့်မယ်လို့ မထင်ပါဘူး။ ဥပမာ အဖေနာမည် ဦးသီဟမို့ သားနာမည် နောက်မှာ သီဟ ထည့်ပေးပေမယ့်လည်း ဦးသီဟ ဆိုတာက တစ်ယောက်တည်း ရှိတာ မဟုတ်ပါဘူး။ တခြား ဦးသီဟ နာမည်နဲ့လူတွေ အများကြီး ရှိပါ သေးတယ်။ အဲဒီသူတွေကလည်း သူတို့ သားသမီးကို သီဟနဲ့ ဆုံးတဲ့ နာမည် ထည့်ပေးကောင်း ပေးပါလိမ့်မယ်။ အဲဒီတော့ သီဟနဲ့ ဆုံးရင် ငါ့အမျိုးပဲလို့ နောက်လူတွေက ကောက်ချက်ချရင် လွဲကုန်ပါလိမ့်မယ်။ အဖေနာမည် ပါချင်လို့ သက်သက် ထည့်ပေးတာ ဆိုရင်တော့ တစ်မျိုး ဖြစ်ပါလိမ့်မယ်။

နာမည်ပေးဖို့ အတွက် ကျွန်တော်သိတဲ့ နည်းစနစ်က နှစ်မျိုး ရှိပါတယ်။ ပထမတစ်နည်းက မြန်မာ့ရိုးရာ မဟာဘုတ် နည်းပါ။ ကလေးရဲ့ မွေးသက္ကရာဇ်ကို ၇ နဲ့စား အောင်လံထူစစ်သူကြီးပွဲ လင်္ကာအတိုင်း မဟာဘုတ်တိုင်ထူ ပြီး အထွန်း၊ သိုက်၊ ရာဇ၊ အဓိပတိ ကျတဲ့ နေ့နံတွေကို ရွေးပြီး ပေးတဲ့နည်းပါ။ ဒီနှစ်က မြန်မာ သက္ကရာဇ် ၁၃၇၃ နှစ်မို့ ၇ နဲ့ စားရင် ၁ ကြွင်းပါတယ်။ အဲဒီတော့ မဟာ ဘုတ်တိုင် ထူရင် အောက်က အတိုင်း ရပါတယ်။


ကလေးက အထွန်းဖွား စနေသားမို့ စနေနဲ့ စပြီး သိုက်၊ ရာဇ၊ အဓိပတိ ကျတဲ့ အင်္ဂါ၊ သောကြာနဲ့ ကြာသပတေးနံတွေနဲ့ တွဲပြီး ပေးဖို့ပါ။ အဲဒါကတော့ မဟာဘုတ်နည်းပါ။

နေ့နံ ဇယား

 ၁   တနင်္ဂနွေ  အ ဧ ဩ
 ၂  တနင်္လာ  က ခ ဂ ဃ င 
 ၃  အင်္ဂါ  စ ဆ ဇ ဈ ည
 ၄  ဗုဒ္ဓဟူး  လ ဝ
 ၅  ကြာသပတေး   ပ ဖ ဗ ဘ မ
 ၆  သောကြာ  သ ဟ
 ၇  စနေ  တ ထ ဒ ဓ န
 ၈  ရာဟု  ယ ရ

နောက်တစ်နည်းက မင်းသိင်္ခရဲ့ ၅၊၆၊၂ နည်းပါ။ မင်းသိင်္ခရဲ့ တွက်နည်းအရ မွေးနံကို ၁ ထားပြီး ၅ ခုမြောက်နေ့နံ၊ ၆ ခုမြောက်နေ့နံ၊ ၂ ခုမြောက်နေ့နံတွေနဲ့ နာမည်ကို စီဖို့ပါ။ ဥပမာဆိုရင် မင်းသိင်္ခရဲ့ နာမည် အရင်းက အောင်ထွန်း (တနင်္ဂနွေသား) ပါ။ အဲဒီတော့ တနင်္ဂနွေကို ၁ ထားပြီး ငါးခုမြောက် ကြာသပတေး (မင်း)၊ ၆ ခုမြောက် သောကြာ (သိင်) နဲ့ ၂ ခုမြောက် တနင်္လာ (ခ) တွဲပေးထားပါတယ်။ မင်းသိင်္ခပေးခဲ့တဲ့ နာမည်တွေ အဲဒီနည်း နဲ့ ပေးထားတာကို တွေ့နိုင်ပါတယ်။ နောက်ထပ် ဥပမာ ကြည့်ရင် နော်လယ်ထူး (ဗုဒ္ဓဟူးသမီး) ဆိုတဲ့ နာမည်မှာ ဗုဒ္ဓဟူးကို ၁ ထားပြီး ၅ ခုမြောက် တနင်္ဂနွေ (အေး)၊ ၆ ခုမြောက် တနင်္လာ (ချမ်း)၊ ၂ ခုမြောက် ကြာသပတေး (မေ) ဆိုပြီး အေးချမ်းမေကို မင်းသိင်္ခ နာမည်ပေးခဲ့တာလည်း တွေ့နိုင်ပါတယ်။ ကျွန်တော်က ၅၊၆၊၂ နည်းကို သိပ်မကြိုက်ပါဘူး။ နေ့နံမကိုက်တာက တစ်ကြောင်း၊ ၅၊၆၊၂ နံမည် ရှိတဲ့သူတွေက အတက်အကျ ကြမ်းတယ်လို့ ထင်တာက တစ်ကြောင်း မို့ပါ။

အရင် တူတစ်ယောက် တူမတစ်ယောက်ကို မဟာဘုတ်နည်းနဲ့ နာမည်ပေးခဲ့ဖူးပေမယ့် ကလေးကို ကျွန်တော်နာမည်ပေးမယ် လုပ်တော့ ကျွန်တော့် သူငယ်ချင်းက အတင်း ဖျက်ပါတယ်။ သူကတော့ နာမည်ဆိုတာ အရေးကြီးတဲ့ အရာမို့ ရမ်းသမ်း မပေးသင့်တဲ့ အကြောင်း တရားချပါတယ်။ သူ့ကို နာမည်ပေးခိုင်းဖို့ ကျပြန်တော့လည်း အရင်တစ်ခါ ကျွန်တော့် သူငယ်ချင်း တစ်ယောက် သမီးကို နာမည်ပေးဖို့ သူ့ကို အကူအညီ တောင်းခဲ့ဖူးတာကို သတိရပါတယ်။ အရေးကြီးတဲ့ ကိစ္စမို့ သူ မလုပ်ချင်ဘူး ဆိုပြီး ငြင်းခဲ့ဖူးတာမို့ ဒီတစ်ခါလည်း သူနာမည် ရွေးပေးမှာ မဟုတ်ဘူးလို့ တွေးမိပါတယ်။

ဒီလိုနဲ့ သူနဲ့ တိုင်ပင်ပြီး မြို့ထဲက နာမည်ကြီး ဗေဒင်လက္ခဏာဆရာ တစ်ယောက်ဆီကို ရောက်သွားပါတယ်။ အဲဒီ ဆရာဆီမှာ နာမည်ပေးရင် ရိုးရိုးကို ကျပ်တစ်သောင်း၊ ရှယ် ဆိုရင် ကျပ် နှစ်သောင်း ကျပါတယ်။ ရိုးရိုးပေးမလား ရှယ်ပေးမလား ဆိုတော့ ၂သောင်းတန် ရှယ်ကိုပဲ ရွေးလိုက်ပါတယ်။ အဖေအမေနာမည်၊ မွေးတဲ့အချိန်၊ မွေးရပ်၊ စတာတွေကို မေးပြီးတော့ ၃ ရက်ကြာရင် လာပြန်ယူလို့ ချိန်းလိုက်ပါတယ်။ ပြန်ခါနီးမှ ယောက်ျားလေးလား မိန်းကလေးလား မေးဖို့ သတိရသွားတာမို့ ပြုံးမိပါသေးတယ်။ အဲဒီဆရာက ကျွန်တော့် တူမတစ်ယောက်ကို နာမည် လှလှကလေး တစ်ခု ပေးဖူးတာမို့ သူပေးတဲ့ နာမည်က လှလှကလေး ထွက်လာမယ်လို့ ထင်မိပါတယ်။

အဲဒီက ပြန်လာပြီးတော့ နောက်တစ်နေ့ မိတ်ဆွေ တစ်ချို့နဲ့ နာမည်အကြောင်း စကားပြောဖြစ် ပါတယ်။ မိတ်ဆွေ တစ်ယောက်က ဗေဒင်နဲ့ ပေးမယ် ဆိုရင် နောက်တစ်ယောက် ထပ်အပ်လိုက်၊ ပြီးမှ ကြိုက်တဲ့နာမည် ရွေးလို့ အကြံပေးတာကြောင့် အိမ်နားက နိုင်ငံကျော် ဗေဒင် လက္ခဏာ ဆရာ တစ်ယောက်ဆီကို ရောက်သွားပြန်ပါတယ်။ သူနဲ့တော့ လူကိုယ်တိုင် မဆုံလိုက်ရပါဘူး။ သူ့ရဲ့ စာရေးဆီမှာပဲ အချက်အလက်တွေပေးပြီး ပြန်လာခဲ့ပါတယ်။ တစ်ပတ်ကြာမယ်လို့ ပြောလိုက်ပါတယ်။ သူ့ဆီမှာတော့ ကျပ် တစ်သောင်း ကျပါတယ်။

ပထမ ဗေဒင်ဆရာက နာမည် ၃ ခု ရွေးပေးပြီး၊ ဒုတိယ ဗေဒင် ဆရာက နာမည် ၆ ခု ရွေးပေးပါတယ်။ ဒါပေမယ့် ကျွန်တော် တစ်ခုမှ မကြိုက်ပါဘူး။ နာမည်တွေက ရိုးလွန်းတယ်လို့ ထင်ပါတယ်။ ကိုယ့်တူ တူမတွေ တုန်းကတော့ နာမည် အဆန်းတွေ ပေးတဲ့ ဗေဒင် ဆရာတွေ ကိုယ့်အလှည့်ကျမှ ဘယ်နှယ့်ကြောင့် နာမည် ခပ်တုံးတုံးတွေ ပေးရသလဲလို့ စဉ်းစား မရ ပါဘူး။ဒါပေမယ့် ဗေဒင်ဆရာတွေက နာမည်တွင် မကဘူး သူတို့ နာမည်ပေးတဲ့ နည်းစနစ် တွေကိုပါ ရေးပေးလိုက်ပါတယ်။ သူတို့ နာမည်ပေးတဲ့ နည်းစနစ်တွေကို အပြန်ပြန် အလှန်လှန် ဖတ်ပြီး ဘယ်နည်းစနစ် ကောင်းသလဲဆိုတာ စဉ်းစားလို့ မရပါဘူး။ ဒါနဲ့ ကျွန်တော့်ရဲ့ ဘော်ဒါကြီးနဲ့ ပြန်တိုင်ပင် ရပါတယ်။

သူက အဲဒီဗေဒင်ဆရာ နှစ်ယောက် ပေးတဲ့ နာမည်တွေကို ကြည့်ပြီး ခေါင်းခါပါတယ်။ ဘယ်နှယ့်ကြောင့် ဒီနာမည်တွေ ပေးရတာလဲ မသိဘူး။ မကောင်းဘူးလို့ သူက ပြောပါတယ်။ နောက်တော့ သူက ကျွန်တော့်ကို မဟာဘုတ်၊ အင်္ဂဝိဇ္ဇာ ဆပွတ်တိုင် နဲ့ ကလေးရဲ့ ဇာတာခွင်ကို ချရေးပြီး သူ့ အယူအဆတွေကို ရှင်းပြပါတယ်။

မဟာဘုတ်နည်း အရ စနေ၊ အင်္ဂါ၊ သောကြာ၊ ကြာသပတေး နံတွေက ကောင်းပေမယ့် အင်္ဂဝိဇ္ဇာ ဆပွတ်တိုင်မှာတော့ အင်္ဂါနဲ့ သောကြာက နင်းကြမ်း ဖြစ်နေ (အောက်ကျနေ) ပါတယ်။ အဲဒီတော့ နာမည် အတွက် ရွေးစရာ စနေနဲ့ ကြာသပတေး နှစ်ခု ပဲ ကျန်ပါတယ်။ ကြာသပတေးက ဓမ္မာ သောက အင်းဝ ရာဇာဆိုတဲ့ စာချိုး အတိုင်း ရန်ဘက် ဖြစ်နေပါတယ်။ ကျွန်တော်က သူ့ကို ဓမ္မာ သောက က အိမ်ထောင်ရန်ပဲ ဘာဆိုင်လို့လဲလို့ ကွန်ပလိန်း တက်တော့ သူက ရန်ဆိုရင် ဘာရန်မှ မကောင်းဘူးလို့ ကျွန်တော့်ကို ပြန်ပြောပါတယ်။ နောက်ပြီးတော့ ဇာတာခွင်မှာ ကြာသပတေးက ပါပဂြိုဟ် ဖြစ်နေလို့ မရွေးသင့်ဘူးလို့ ထောက်ပြပါတယ်။

မိတ်/ရန် ဇယား

 မိတ် အောင်ပ ကုလား ဆွေသား တော်ရင်း 
 ရန် ဦးညို ခေမာ သုတာ ဝေရီ
 အိမ်ထောင်မိတ်   ဥဿာ စိန်ပန်း ဒန်းလှ ကိုရှာ
 အိမ်ထောင်ရန် ဓမ္မာသောက အင်းဝ ရာဇာ
 ဓာတ်မိတ် အန္တော ဂဗ္ဘေ စရေ ဝံသေ
 ဓာတ်ရန် ဦးဝေ စံကူး ရေဘူး တောသူ

အဲဒီတော့ နောက်ဆုံး ရွေးစရာ စနေ တစ်ခုပဲ ကျန်ပါတယ်။ ဒါပေမယ့် သူက စနေနံ တစ်ခုတည်းနဲ့ နာမည်ကို ပေးဖို့အတွက်လည်း အားမပေးပါဘူး။ မဟာဘုတ်တိုင်က နှစ်တိုင်း လည်နေတာမို့ မဟာဘုတ်တိုင်အရ စနေဂြိုဟ် အောက်တန်း ရောက်တဲ့ နှစ်မှာ တခြား ဂြိုဟ်ခွင်တွေက ပြန်ထိန်းပေးဖို့ လိုတယ် ပြောပါတယ်။ အဲဒီတော့ ကျွန်တော်တို့ စနေနဲ့ တွဲဖို့ နေ့နံ ရွေးဖို့ လိုလာပါတယ်။ အင်္ဂဝိဇ္ဇာမှာ ကောင်းတဲ့ နေ့နံက မဟာဘုတ်မှာ မကောင်း၊ မဟာဘုတ်မှာ ကောင်းတဲ့ နေ့နံက အင်္ဂဝိဇ္ဇာမှာ မကောင်း ဖြစ်နေတာမို့ အဲဒီအထဲက အကောင်းဆုံးနေ့နံ တစ်ခုကို ရွေးဖို့ ရှာတော့ ဗုဒ္ဓဟူးကို တွေ့ပါတယ်။ ဗုဒ္ဓဟူးက မဟာဘုတ်မှာ မရဏ ရောက်နေပေမယ့် အင်္ဂဝိဇ္ဇာမှာတော့ ဆပွတ်တိုင် ထိပ်ဆုံးမှာ ရှိပါတယ်။ အဲဒါအပြင် ဥဿာ စိန်ပန်း ဒန်းလှ ကိုရှာ ဆိုတဲ့ လင်္ကာအတိုင်း စနေနဲ့ မိတ်ဘက် ဖြစ်ပါတယ်။ နောက်တစ်ခုက သူ့ရဲ့ ဇာတာခွင်မှာ ရာဟု ဥစ် ရထားပါတယ်။ အဲဒီတော့ ရာဟုက သူ့ကို မကောင်းကျိုး ပေးမယ့် ဂြိုဟ် မဟုတ်ဘူးလို့ ယူဆလို့ ရပါတယ်။ အဲဒီအတွက်ကြောင့် ဗုဒ္ဓဟူးနံ လ၊ဝ ကို တိုက်ရိုက်မရွေးပဲ ရာဟု ဖြစ်တဲ့ ရ၊ယ ကို ရွေးမယ်လို့ ကြံကြပါတယ်။

ဒါပေမယ့် စနေနံမှာ ပြောစရာ ရှိပါသေးတယ်။ စနေနံရဲ့ အက္ခရာက တ၊ထ၊ဒ၊ဓ၊န ပါ။ နာမတြ ဆန်းကျမ်းဆိုတဲ့ နာမည်ပေးတဲ့ ကျမ်းအရ တ နဲ့ စတဲ့ ကလေးဟာ အသားအရောင် လုံးဝ ဖြူဆွတ်နေရပါမယ်။ ဝါဝင်းတဲ့ အသား၊ အနေတော် အသားအရေ ဆိုရင် ထ နဲ့ ဒ ကို ရွေးရပါတယ်။ ဓ နဲ့ နကတော့ အသားမည်းတဲ့သူနဲ့ ကိုက်ပါတယ်။ ကလေးက လုံးဝ ဆွတ်ဆွတ်ဖြူတဲ့ အသားအရောင် မဟုတ်မှာ သေချာတာကြောင့် ထ နဲ့ ဒ ထဲက တစ်လုံးနဲ့ စပြီး ပေးရမယ် လို့ အဓိပ္ပာယ်ရပါတယ်။ အဲဒါကြောင့် ထ၊ ဒ တစ်လုံးလုံးနဲ့စပြီး ယ၊ရ တစ်လုံးနဲ့ ဆုံးရမယ်လို့ ကောက်ချက်ဆွဲလို့ ရပါတယ်။ အစမှာ ထဆင်ထူး ဒဒွေးနဲ့ စပေမယ့် နောက်က လိုက်တဲ့ စာလုံးမှာတော့ စနေနံ ကြိုက်တဲ့ အလုံးကပ်လို့ ရတယ်လို့ သူက ရှင်းပြပါတယ်။ အဆုံးကိုတော့ ဗုဒ္ဓဟူးနဲ့ ဆုံးပေးဖို့ အကြံပေးပါတယ်။ နာမည်က အဲဒီ အတိုင်း ဆိုရင် ပေးဖို့ ခက်တာက တစ်ကြောင်း၊ ပထမ ဗေဒင်ဆရာ ပေးတဲ့နာမည်တွေမှာ စနေပြန်ပိတ်ထားတဲ့ နာမည်တွေ ပါတာက တစ်ကြောင်းမို့ ဗုဒ္ဓဟူးကို အလယ်ထား စနေနဲ့ ပြန်ပိတ်လို့ ရမလားလို့ စောဒက တက်ကြည့်တော့လည်း သူက နာမည်ဆိုတာ အင်္ဂဝိဇ္ဇာမှာ အညွန့် ဖြစ်နေရမယ်။ စနေနဲ့ ပြန်ပိတ်ရင် အောက်ပြန်ကျပြီး အညွန့် မဖြစ်တော့ဘူးလို့ ရှင်းပြပါတယ်။

အဲဒါကြောင့် အလယ်ခေါင်ကနေ ထည့်ဖို့ နောက်တစ်လုံးကို စဉ်းစားရပါတယ်။ အဲဒီတော့ သူက ကျွန်တော့်ကို ကလေး ဘာဖြစ်မယ်လို့ ထင်သလဲလို့ မေးပါတယ်။ ကျွန်တော်က ဒုတိယ ဗေဒင်ဆရာရဲ့ ဇာတာ အဟောမှာ အင်္ဂါနံ အလုပ်အကိုင်နဲ့ အကျိုးပေးမယ်လို့ ဟောထားတာ ပါတဲ့အကြောင်း ပြောပြပါတယ်။ အဲဒါဆိုရင် အင်္ဂါကို အလယ်က တစ်လုံးထည့်ပေးလို့ သူက ကျွန်တော့်ကို အကြံ ပေးပြန်ပါတယ်။ ဘာလို့လဲ ဆိုတော့ အင်္ဂဝိဇ္ဇာမှာ အင်္ဂါက အောက်ဖက် ရောက်နေပေမယ့် မဟာဘုတ်မှာ အင်္ဂါက သိုက်ဖြစ်နေတာ က တစ်ကြောင်း၊ သူ့ရဲ့ ဇာတာခွင်မှာ အင်္ဂါဂြိုဟ်က အရမ်းကို အားကောင်းနေတာက တစ်ကြောင်း၊ ဗုဒ္ဓဟူးနဲ့ ရှေ့က ကပ်လိုက်ရင် အန္တော ဂဗ္ဘေ စရေ ဝံသေ ထဲက စရေ ဆိုတဲ့ ဓာတ်မိတ်တွေ ဖြစ်နေတာက တစ်ကြောင်းမို့ အင်္ဂါ ထည့်ရင် ရမယ်လို့ သူက အကြံပေးပါတယ်။

အဲဒီတော့ တ၊ထ နဲ့စ အင်္ဂါနံကို အလယ်ကခံ ရ၊ယ နဲ့ ပိတ်ဆိုတဲ့ နောက်ဆုံး အတည်ပြုချက် ရပါတယ်။ သူနဲ့ တွေ့လို့ အိမ်ပြန်အရောက်မှာ စဉ်းစားစရာ သိပ်မကျန်တော့တာမို့ အဲဒီ အတိုင်း နာမည် တစ်လုံး ရွေးဖြစ်သွားပါတယ်။ သူဒီလောက် ပြောထားတာတောင် ကျွန်တော်က စိတ်တိုင်း မကျသေးပါဘူး။ ပထမ ဗေဒင်ဆရာ ပေးတဲ့ နည်းတွေထဲက ဂဏန်းဗေဒင် နည်းနဲ့ ပြန်ကိုက်ကြည့်မိ ပြန်ပါတယ်။ ဂဏန်းဗေဒင်နည်း အရ အင်္ဂလိပ်လို နံမည်ကို ပေါင်းကြည့်ရင် သူမွေးတဲ့ ဂဏန်းနဲ့ ကိုက်ရမယ်လို့ ပထမဗေဒင် ဆရာက ပြောလိုက်ပါတယ်။ ဥပမာ အောင်ထွန်း ဆိုတဲ့သူက ၁၂ ရက်နေ့မှာ မွေးရင် ၃ ဂဏန်းသမားပါ။ နာမည်ကို အားလုံးပေါင်းပြီး မွေးဂဏန်းနဲ့ ညီဖို့ ထွန်းကို TUN နဲ့ ပေါင်းမှ ညီပါတယ်။ HTUN နဲ့ ဆိုရင် မညီပါဘူး။ အဲဒီတော့ သူ့နာမည် အတည့်အတိုင်း မပေါင်းဘဲ မွေးဂဏန်းနဲ့ ညီအောင် နည်းနည်း အကြံအဖန် လုပ်ပြီး ပေါင်းရပါတယ်။

A U N G         T U N
1+6+ 5+3 + 4+6+5 = 3 0 (3 + 0) = 3

ဂဏန်းဗေဒင် ဇယား

 1     A I J Q Y  
 2  B K R
 3  C G L S
 4  D M T
 5  E H N X
 6  U V W
 7  O Z
 8  F P

နာမည်ကို ရွေးပြီးတော့ သူ့ဆီကို လှမ်းပြောလိုက်ပါတယ်။ သူက နာမတြ ဆန်းကျမ်းနဲ့ ပြန်တိုက်စစ်ပြီး ရွေးထားတဲ့ နာမည်အရ ၆ ပေခွဲ လောက် အရပ်ရှိမှ ကိုက်မယ်၊ မဟုတ်ရင် မကိုက်ဘူး။ အဲဒါကြောင့် နည်းနည်းပြန်ပြင်လိုက်လို့ ပြောပါတယ်။ ကျွန်တော်က ခေါင်းထဲမှာ ပြင်ပြီးသားနာမည် အသင့်ရှိတာနဲ့ သူ့ကို ထပ်ပြောလိုက်ပါတယ်။ သူက စာအုပ်ပြန်လှန်ပြီး နာမတြ ဆန်းကျမ်းထဲက အချက် ၁၀ ချက်မှာ ၉ ချက်နဲ့ ညီတယ်။ အင်္ဂဝိဇ္ဇာတိုင်မှာ အပေါ်ကို တည့်တည့်မတက်ပဲ အောက်ကနေ ပတ်တက်တဲ့ အတွက် အရမ်း အဆင့်မြင့်တဲ့ အလုပ်အကိုင်၊ ပညာရေးလို ကိစ္စမျိုးမှာ အနောက်အယှက် ရှိနိုင်တယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ သူ့ဇာတာခွင်က အရမ်းကို ကောင်းလွန်းလို့ ကျော်နိုင်မှာပါ လို့ အကြံပေးပါတယ်။ ၁၀ ချက်မှာ ၉ ချက်နဲ့ ညီတယ် ဆိုပေမယ့် နောက်တစ်ချက်က မညီတာ မဟုတ်ပါဘူး။ သွားကိုကြည့်ပြီး ပြောရတာမို့ ကလေးက သွားမပေါက်သေးတော့ ပြောမရပါဘူး။

ပထမ ဗေဒင်ဆရာပေးလိုက်တဲ့ ဟောစာတမ်းမှာ မှတ်သားစရာ အချက်တစ်ချက် ပါပါတယ်။ မြတ်စွာဘုရားက နာမသိဒ္ဓိ ဇာတ်တော်မှာ နာမည်ကြောင့် ကံဆိုးကံကောင်း မဖြစ်နိုင်၊ နာမည်ကြောင့် ကံမပြောင်းနိုင်ဘူးလို့ အတိအလင်း ဟောကြားခဲ့တယ်လို့ ဗေဒင်ဆရာက ဟောစာတမ်း အောက်ဆုံးမှာ ရေးပေးလိုက်ပါတယ်။ ကျွန်တော် ဗေဒင်ဆရာဆီမှာ နာမည် သွားပေးတယ် ကြားတော့ အဖေက နာမည်ဆိုတာ ပညတ်သာ ဖြစ်တဲ့ အကြောင်း ပရမတ် မဟုတ်တဲ့ အတွက် အရေးမကြီးကြောင်း တရားချ ပါတယ်။ အမှန်တကယ်တော့ ကျွန်တော်တို့ လင်မယား နှစ်ယောက်စလုံးကလည်း နည်းနည်း ရွတ်တွတ်တွတ် ရှိပါတယ်။ မင်္ဂလာဆောင်တာတောင် ပြဿဒါးနေ့မှာ ဆောင်ခဲ့တာပါ။ ဒါပေမယ့်လည်း ကိုယ့် အတွက် မဟုတ်ဘဲ ကလေးအတွက်မို့ မြန်မာ့ရိုးရာ ဗေဒင်နည်းနဲ့ ပေးရင် ကောင်းမယ်လို့ ယူဆပြီး နောက်ဆုံးတော့ တ၊ထ နဲ့ စပြီး အင်္ဂါနံ အလယ်မှာခံ ရ၊ယ နဲ့ ဆုံးတဲ့ နာမည်တစ်လုံး ရွေးဖြစ်လိုက် ပါတော့တယ်။

ဆက်လက်လေ့လာလိုပါက
http://my.wikipedia.org/wiki/မဟာဘုတ်
http://my.wikipedia.org/wiki/နေ့နံအကြောင်း_သိမှတ်စရာများ