Search This Blog

Thursday, February 21, 2013

ကြုံရဆုံရ ဘဝများ

ကျွန်တော် အမ်စတာဒမ် ရှီပိုး လေဆိပ်ထဲက ရထားဘူတာရုံမှာ ဂျာမနီကို သွားဖို့ ရထားစောင့်နေတုန်းပါ။ ကျွန်တော်နဲ့ ရထားလမ်း ခြားနေတဲ့ ပလက်ဖောင်းမှာ လူတစ်ယောက်ကို လှမ်းတွေ့လိုက်မိတယ်။ ဆံပင်ကောက်ကောက် အသားမည်းမည်း အရပ်မြင့်မြင့်နဲ့ အာဖရိက နွယ်ဖွား တစ်ယောက်ပုံစံမျိုးပါပဲ။ ညစ်ပေနေတဲ့ ဘောင်းဘီရှည်နဲ့ အင်္ကျီလက်တိုကို ဝတ်ထားတယ်။ လေဆိပ်က ဆင်းလာတဲ့ အဝတ်အစား တောက်တောက်ပြောင်ပြောင် လူတွေကြားမှာ သူ့ပုံစံက ထူးထူးခြားခြား ဖြစ်နေလို့ ချက်ချင်းပဲ သတိထားမိသွားတယ်။ နောက်တော့ သူ အအေးဗူးတွေ ရောင်းတဲ့ စက်တစ်လုံးဆီကို လျှောက်သွားတာ လှမ်းမြင်ရတယ်။ သူက လက်နှစ်ဖက်ကို ဆန့်  အအေးဗူးရောင်းတဲ့စက်ကို ဟိုဘက်ဒီဘက်ကိုင်ပြီး ခပ်ကြမ်းကြမ်း လှုပ်နေတယ်။ ဘေးပတ်ဝန်းကျင် ရထားလမ်း ပလက်ဖောင်းပေါ်က လူတွေ အကုန်လုံးက သူ့ကို ဝိုင်းကြည့်နေကြတယ်။ ခဏ အကြာမှာတော့ စက်ထဲက အအေးတစ်ဗူး ပြုတ်ကျလာတယ်။ အအေးဗူးကို ကောက် ဖွင့်သောက်ပြီး သူထွက်သွားတယ်။  ဒီလို တိုးတက်နေတဲ့ နိုင်ငံ၊ ဒီလို ခေတ်မီနေတဲ့ နိုင်ငံမှာ ဒီလို လူတန်းစားတွေလည်း ရှိနေသေးပါလား ဆိုတာ တွေးမိသွားတယ်။

=============

ချက်သမ္မတနိုင်ငံ ပါဒူဘီဆေးမြို့ ရောက်နေတုန်းမှာ ဟိုတယ်က သတင်းစာ တစ်စောင်ကို ကောက်ပြီး လှန်ကြည့်မိတယ်။ သတင်းစာထဲမှာ ဆောင်းတွင်း ဝင်လာပြီမို့ အိမ်ခြေယာခြေ မရှိတဲ့ လမ်းပေါ်ကလူတွေ ညအိပ်ဖို့ အစိုးရက မြို့တော်ပရက်ဂ်မြို့မှာ ယာယီတဲတွေ ဆောက်လုပ်ပေးမယ်ဆိုတဲ့ သတင်း ဖတ်လိုက်ရတယ်။ တခြားနေရာမှာ အခြေမဲ့ အနေမဲ့ ဖြစ်ရင် လမ်းဘေး အိပ်လို့ ရနိုင်ပေမယ့် ဒီလို နှင်းတွေကျပြီး ညဘက် သွေးခဲမတတ် အေးတဲ့ နိုင်ငံမှာ လမ်းဘေး အိပ်ရင်တော့ မနက်ခင်းမှာ အသက်ရှိသေးရင် ကံကောင်းတယ် ပြောရမှာပါပဲ။

ပါဒူဘီဆေးကနေ ပရက်ဂ်ကို ပြန်လာတော့ လမ်းက သစ်ပင်တွေ ကြည့်ပြီး ချက်နိုင်ငံသား အင်ဂျင်နီယာရဲ့ စကားတွေ ခေါင်းထဲ ရောက်လာတယ်။ အရင်တုန်းက ချက်က လူတွေ ဆင်းရဲ လွန်းလို့ တစ်နေရာက တစ်နေရာကို လမ်းလျှောက် သွားရတယ်။ သူတို့တွေ သွားရင်လာရင်း ဗိုက်ဆာရင် စားလို့ရအောင် ရှေ့လူတွေက လမ်းဘေးဝဲယာမှာ သစ်သီးပင်တွေ စိုက်ထားပေးခဲ့တာ ဆိုတဲ့ စကားပါပဲ။ အရင်တုန်းက ချက်ကလူတွေ ဆင်းရဲတယ် ဆိုတော့ အခု ဘယ်လောက် ချမ်းသာ သွားကြပြီလဲ။ အခြေမဲ့ အနေမဲ့တွေ ဘယ်လောက် များသေးလဲ။ အစိုးရက ဆောင်းတွင်းမှာ အခြေမဲ့ အနေမဲ့တွေကို ညအိပ်ဖို့ တဲထိုးပေးတယ် ဆိုတော့ တခြား အချိန် ဘယ်လို စီစဉ်ပေးသလဲ ခေါင်းထဲမှာ ဆက်ကာ ဆက်ကာ တွေးလိုက်မိတယ်။ ချက်မှာ သက္ကလပ် တော်လှန်ရေးနဲ့ နိုင်ငံကို ဒီမိုကရေစီရအောင် နေ့ချင်းညချင်း ပြောင်းပေးနိုင်ပေမယ့် လူဆင်းရဲတွေ ချမ်းသာသွားအောင်တော့ နေ့ချင်းညချင်း ပြောင်းမပေးနိုင်ပါဘူး။

==============

ပိုလန်က ဆွာ့စ်ကီးမှာ ရောက်နေတုန်း စနေ တစ်ညနေ ထမင်းစားဖို့ ဟိုတယ် အောက်ထပ်က စားသောက်ဆိုင်ကို ဆင်းလာခဲ့ပါတယ်။ အောက်ထပ်ရောက်တော့ စားသောက်ဆိုင်က မရှိတော့ဘူး။ စားသောက်ဆိုင်နေရာက စားပွဲတွေ အားလုံးကို ရှင်းထားပြီး အဲဒီမှာ ပါတီပေးနေကြတယ်။ လူတွေ အများကြီး ကနေတာ ဒီတစ်ခါပဲ မြင်ဖူးတယ်။ အားလုံးကလည်း ပြုံးလို့ ပျော်လို့။ ကျွန်တော်တို့ စင်ကာပူက သင်္ကြန်တွေမှာ လုပ်လေ့ လုပ်ထ ရှိသလို လူတစ်ယောက်နဲ့ တစ်ယောက် မီးရထားတွဲလို ရှေ့နောက်ဆက်ပြီး ခန်းမထဲမှာ လှည့်ပတ်ကနေကြတာ အနည်းဆုံး လူ ၄၀ လောက် ရှိမယ် ထင်ရတယ်။ သူတို့ကို ကြည့်ပြီး အပျော်တွေပါ ကျွန်တော့်ဆီ ကူးစက်သွားတယ်။ ပိုလန်ဆိုတာ ဥရောပနိုင်ငံပေမယ့် စင်ကာပူနဲ့ ယှဉ်ရင် အတော် ဆင်းရဲတဲ့ နိုင်ငံပါ။ ကျွန်တော်တို့ စင်ကာပူက ဈေးနဲ့ ပိုလန်မှာ ပျော်ပျော်ပါးပါးကြီး သုံးလို့ ရတယ်။ ဟိုတယ်က ရေခဲသေတ္တာထဲမှာ ရှိတဲ့ အအေးပုလင်း ယူသောက်တာတောင် စင်ကာပူဒေါ်လာနဲ့ ပြား ၇၀ လောက်ပဲ ကျတာ။  ဒါပေမယ့်လည်း စင်ကာပူမှာ လူတွေ အများကြီး ဒီလိုမျိုး စိတ်လွတ်လက်လွတ် ပျော်ရွှင်နေတာ တစ်ခါမှ မတွေ့ ဖူးသလိုပဲ။ မိုက်ခရို အီကော်နော်မစ် ဘာသာမှာ ဖတ်ဖူးတဲ့ စီးပွားရေး ပညာရှင်တွေရဲ့ သုတေသန စာတမ်း တစ်ခု အရ ပိုက်ဆံပိုရှိရင် လူဟာ ပိုပျော်တယ်လို့ ဆိုကြတယ်။ ဒါပေမယ့် အခု အတွေ့အကြုံ အရ ပျော်ရွှင်မှုဆိုတာ ပိုက်ဆံနဲ့ တိုက်ရိုက် အချိုးမကျဘူး။ ပိုက်ဆံတွေ ပစ္စည်းဥစ္စာတွေ ရှိနေရင်တောင် ပျော်ရွှင်မှု ဆိုတာ သူ့ အလိုလို မလာဘူးလို့ ဆက်တွေးမိသွားတယ်။

===============

ဆေးလိပ်သောက်တတ်တာ ကျန်းမာရေး ထိခိုက်ပေမယ့် တခါတလေ မိတ်ဆွေ အပေါင်းအသင်းတော့ တိုးစေတယ်။ အိုင်ယာလန် ဝက်စ်ဖို့ဒ်က စက်ရုံတစ်ရုံမှာ ကျွန်တော်တို့ ကုမ္ပဏီက ရောင်းထားတဲ့ ကွန်ပျူတာ ထိန်းချုပ် စနစ်တစ်ခု သွားပြင်နေတုန်းက အချိန်ကပါ။ တစ်နေ့ ကျွန်တော် စက်ရုံထဲ ကနေ အပြင်ထွက် ဆေးလိပ်သောက်တဲ့ တဲကလေးမှာ ဆေးလိပ်သောက်နေတုန်း လူတစ်ယောက် ရောက်လာတယ်။ သူပြောတဲ့ အင်္ဂလိပ်စကားက အိုင်းရစ် တွေလို မဝဲတာမို့ စကားပြောရတာ အဆင်ပြေတယ်။ သူနဲ့ စကားစပ်လို့ ပြောမိရင်း သူဟာ ဂျာမန် တစ်ယောက် ဆိုတာ သိလိုက်ရတယ်။ ဂျာမနီလို နိုင်ငံက စက်ရုံမှူးလို၊ မန်နေဂျာလို ရာထူးကြီးတဲ့ နေရာကို နိုင်ငံရပ်ခြားမှာ လာလုပ်တာ တွေ့ဖူးပေမယ့် သာမန် ဂျာမန် အင်ဂျင်နီယာ တစ်ယောက်က ပြည်ပမှာ အခြေစိုက် အလုပ်လုပ်နေတယ် ဆိုတာ တွေ့တော့ နည်းနည်းတော့ အံ့ဩသွားတယ်။ သူ့ကို မေးတော့ သူက ပြောပြတယ်။ ငါတို့ စက်ရုံ ဂျာမနီကနေ အိုင်ယာလန်ကို ရွှေ့မယ် ဆိုတော့ သူဌေးက ငါ့ကို မေးတယ်။ မင်း အိုင်ယာလန်ကို လိုက်သွားနိုင်ရင်တော့ အလုပ်ရမယ်။ ဂျာမနီမှာတော့ မင်းကို ပေးစရာ အလုပ်မရှိတော့ဘူး ဆိုလို့ ငါလိုက်လာတာလို့ သူက ပြောပြပါတယ်။ ပြည်ပ ထွက် အလုပ်လုပ်ရတာ နိုင်ငံ အခြေအနေမကောင်းတဲ့ ကျွန်တော်တို့တင် မကဘူး။ ဂျာမနီလို နိုင်ငံကြီးမှာလည်း ရှိတယ်။ ကိုယ့်မှာ ရှိတဲ့ ပညာက ကိုယ်နေထိုင်တဲ့ နိုင်ငံမှာ အသုံးမတည့်တော့ရင် နိုင်ငံခြား ရောက်တာပဲလို့ တွေးမိသွားတယ်။

Monday, February 4, 2013

လွှတ်ချလိုက်တဲ့နေ့

မနက် အိပ်ရာကနိုးတော့ အိပ်ရာက ထချင်စိတ် သိပ်မရှိဘူး။ စင်ကာပူ အချိန် မနက် ၈ နာရီဆိုတာ ရန်ကုန်က အချိန်နဲ့ မနက် ၆ နာရီခွဲ မဟုတ်လား။ ကျွန်တော်ရဲ့ ဘိုင်အိုကလော့ခ် လို့ခေါ်တဲ့ ဇီဝနာရီက ရန်ကုန်အချိန်နဲ့ ပြန်ပြီး ထိန်းညှိထားတာ အချိန်ကာလကလေး တစ်ခု ရသွားပြီ ဆိုတော့ စင်ကာပူ အချိန်နဲ့ အလွယ်တကူ ပြန်ကိုက်လို့ မရပြန်ဘူး။

မျက်နှာသစ်ပြီးတော့ အိမ်မှာ အတော်များများက အလုပ်သွားဖို့ အသင့်ဖြစ်နေကြပြီ။ကျွန်တော်ကတော့ တစ်နေ့တာ သွားရမယ့် အချိန်ဇယားကို ခေါင်းထဲမှာ အစီအစဉ် ချကြည့်ရင်း တွေးနေမိတယ်။ ဒီလိုနဲ့ အိမ်က ထွက်တော့ မနက် ကိုးနာရီ ကျော်ခဲ့ပါပြီ။

ပထမဆုံး စင်ကာပူက မြန်မာတွေရဲ့ ဘူမိနက်သန် နေရာမှန် ပင်နီဆူလာကို ဝင်ခဲ့တယ်။ အဓိက အကြောင်းရင်းကတော့ ပင်နီဆူလာ ပလာဇာ အောက်ခြေက စာတိုက်ဘဏ်မှာ ဘဏ်စာရင်း အထောက်အထားကို စင်ကာပူ မှတ်ပုံတင်နံပါတ်ကနေ မြန်မာ နိုင်ငံကူးလက်မှတ် နံပါတ် ပြောင်းဖို့နဲ့ ညက ရိုက်လာတဲ့ လျှောက်လွှာတစ်စောင်ကို ပရင့်ထုတ်ဖို့ အတွက်ပါ။ ဘဏ်မှာလည်း လူက မရှိသလောက် ဖြစ်နေတယ်။ မိတ္တူဆိုင်မှာလည်း လူမရှိဘူး။ ခဏချင်းမှာပဲ လျှောက်လွှာကို ပရင့်ထုတ်လို့ ပြီးသွားခဲ့တယ်။

နောက်တော့ ပျော်ပျော်ပါးပါး လျှပ်စစ်ရထားကြီး စီးလို့ အိုင်စီအေလို့ ခေါ်တဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ဂိတ်စောင့် အာဏာပိုင် ရုံး ကို ချီတက်လာခဲ့တယ်။ ဒီရုံးကြီးကို အခေါက်ပေါင်းများစွာ ရောက်ဖူးတာမို့ ဘယ်အထပ်မှာ ဘာရှိတယ် ဆိုတာ လမ်းညွှန်ဖတ်ကြည့်စရာ မလိုလှပါဘူး။ ၅ ထပ်ကိုပဲ စက်လှေကားနဲ့ တန်းပြီးတက်လာခဲ့တယ်။

ကောင်တာကို ရောက်တော့ ပီအာရ် အပ်ချင်လို့ပါလို့ ပြောလိုက်တယ်။ လျှောက်လွှာ ရေးလာသလား မေးတော့ ပါလာတဲ့ လျှောက်လွှာကို ပြလိုက်တယ်။ ဝှိုက်ကတ်ဒ် ဖြည့်ပြီးပြီလား မေးတော့ ခေါင်းခါ ပြလိုက်တယ်။ ကောင်တာက အရာရှိက ဝှိုက်ကတ်ဒ် တစ်စောင်နဲ့ ကျူနံပါတ် တစ်ခု ထုတ်ပေး လိုက်တယ်။ ၁၉၉၉ ခုနှစ် စင်ကာပူ လာတုန်းက ဝှိုက်ကတ်ဒ်ကို တစ်ခါပဲ ဖြည့်ခဲ့ရ ဖူးတယ်။ နောက်ပိုင်း ကျောင်းသားကတ်ဒ်နဲ့ ဖြစ်သွားပြီး ဖြည့်စရာ မလိုတော့ဘူး။ အဲ ဒါပေမယ့် မြန်မာနိုင်ငံကတော့ ဘယ်အချိန် ပြန်ပြန် ဝှိုက်ကတ်ဒ် မဖြည့်ရဘူး ဆိုတာ မရှိဘူး။ စင်ကာပူမှာ ပီအာရ်ဖြစ်ခါစ အဝင်အထွက် တုံးထုရပေမယ့် နောက်ပိုင်း မထုရတော့ဘူး။ အခုနောက်ပိုင်း စက်နဲ့ ဖတ်လို့ရတဲ့ နိုင်ငံကူးလက်မှတ် ပြောင်းပြီးတော့ လူဝင်ကြီး အော်ဖစ်ဆာနဲ့တောင် တွေ့စရာ မလိုတော့ဘူး။ အော်တိုဂိတ်ကနေပဲ အဝင်အထွက် လုပ်ဖြစ်တော့တယ်။

ဝှိုက်ကတ်ဒ် ဖြည့်ပြီးတော့ ကျွန်တော့် အလှည့်မကျသေးလို့ ထိုင်ခုံမှာ ထိုင်စောင့်နေရတယ်။  အနီးအနားကို မျက်လုံး ဝှေ့ကြည့်ပြီး ကျွန်တော့်လို ပီအာရ်လာအပ်တဲ့သူ ဘယ်နှစ်ယောက်များ ရှိသလဲလို စပ်စုကြည့်မိတယ်။ ဒါပေမယ့် ပီအာရ် အပ်တဲ့သူက တစ်ယောက်မှ မရှိဘူး။ ကျွန်တော် တစ်ယောက်တည်းပဲ။ လူမိုက်လို့ ယူဆချင်ရင်လည်း ရပါတယ်။ ရှေ့ဆောင်လမ်းပြလို့ ယူဆချင်ရင်လည်း ရပါတယ်။ ကိုယ့်အမြင်နဲ့ ကိုယ်ပါပဲ။ :P

မိနှစ် ၂၀ နဲ့ နာရီဝက်ကြားလောက် စောင့်ပြီးတော့ ကျွန်တော့် အလှည့် ရောက်လာတယ်။ ပီအာရ်အပ်မယ့် လျှောက်လွှာ ထုတ်ပေးတော့ အရာရှိက လှမ်းယူပြီး ကျွန်တော့် နိုင်ငံကူးလက်မှတ်ကို လှန်ကြည့်တယ်။ တိုးထားတာ သိပ်မကြာသေးဘူး။ အပ်တော့ မလို့လားလို့ မေးတယ်။ ကျွန်တော်က ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်တယ်။ ရှည်ရှည်ဝေးဝေး ရှင်းပြ မနေတော့ဘူး။ နောက်မှ သူမှားသွားမှန်း သူ့ဘာသာသူ သိသွားပါတယ်။ ကျွန်တော် နောက်ဆုံးတစ်ခေါက် ပီအာရ် သက်တမ်းတိုးထားတာ ၂၀၀၇ ခုနှစ်က။ အဲဒီတုန်းက ၁၀ နှစ် တိုးလို့ ရတာမို့ ကျွန်တော့် ပီအာရ်သက်တမ်း ကုန်ဆုံးရက်က ၂၀၁၇ ဖြစ်နေတယ်။ တခြားသူတွေလို ၂၀၁၂ ကမှ ၅ နှစ်သက်တမ်း တိုးထားလို့ ၂၀၁၇ ဖြစ်တာ မဟုတ်ဘူးဆိုတာ သူသိသွားပါတယ်။

ခဏချင်းမှာပဲ သူဖြည့်စရာရှိတဲ့ ဖောင်တွေ ဖြည့်ပြီး စာရွက်တစ်ရွက်ကို ကျွန်တော့်ကို ထုတ်ပေး လိုက်တယ်။ ကျွန်တော် ပီအာရ်မဟုတ်တော့ဘူး ဆိုတဲ့ အကြောင်း အသိအမှတ် ပြုထားတဲ့ စာရွက်ပေါ့။ ပီအာရ် ပြန်အပ်တဲ့ အချိန် ယူသွားရတာ တွေက ပီအာရ် မှတ်ပုံတင်ကတ်ဒ်ရယ်၊ ပီအာရ် ကျခါစက ထုတ်ပေးတဲ့ အဝါရောင် ဝင်ခွင့်လက်မှတ်ရယ်၊ ပတ်စ်ပို့ရယ်၊ ပီအာရ် အပ်ချင်ကြောင်း ရေးထားတဲ့ လျှောက်လွှာတစ်စောင်ရယ်ပါပဲ။ အဲဒီစာရွက်ထဲမှာ ပီအာရ်မှတ်ပုံတင်ကတ်ဒ်နဲ့ ဝင်ခွင့်လက်မှတ်ကို ပြန်ရကြောင်း ရေးထားတယ်။ နောက်တော့ နိုင်ငံကူးလက်မှတ်ရဲ့ အနောက်ဘက် စာမျက်နှာမှာ ပီအာရ် မဟုတ်တော့ကြောင်း တံဆိပ်တုံး ထုပေးလိုက်ပြီး နေထိုင်ခွင့် တစ်လ နှိပ်ပေးလိုက်တယ်။

ကျွန်တော်က သူ့ကို စီပီအက်ဖ် လို့ခေါ်တဲ့ အစိုးရ ဆီမှာ စုထားတဲ့ စုဆောင်းငွေ ပြန်ထုတ်ဖို့ ဘာတွေ လုပ်ရမလဲ မေးကြည့် မိတယ်။ သူက အခု ထုတ်ပေးလိုက်တဲ့ စာရွက်ကို ယူပြီး အနီးဆုံး စီပီအက်ဖ်ရုံး တစ်ရုံးကို သွားပါလို့ ညွှန်လိုက်တယ်။ အနီးဆုံးက ဘယ်မှာလဲ ပြန်မေးတော့ ရော်ဘင်ဆင်လမ်း တန်ဂျွန်ပါဂါ ဘူတာရုံနားမှာ ရှိပါတယ်လို့ ညွှန်လိုက်ပါတယ်။

ဒါနဲ့ ဂိတ်စောင့်ရုံးက ထွက်တော့ ပျော်ပါးစွာနဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပီအာရ်မဟုတ်တော့ကြောင်း စတေးတပ်စ် တင်လိုက်တယ်။ စလုံး သူငယ်ချင်းတွေ၊ တခြားနိုင်ငံခြားသား သူငယ်ချင်းတွေ၊ မြန်မာသူငယ်ချင်းတွေဆီက တုံ့ပြန်ချက်တွေ ချက်ချင်းလက်ငင်း တက်လာကြတာပါပဲ။ သူငယ်ချင်းတွေကလည်း ကိုယ်တိုင်သာ မအပ်ကြတာ အပ်တဲ့သူတော့ ဝိုင်းပြီး ကွန်ဂရက်ကျူလိတ် လုပ်ကြတယ်။ :D ဒါနဲ့ ကျွန်တော်နဲ့ မရှေးမနှောင်း ဘလော့ဂါ ကိုပေါတို့ လင်မယားလည်း ပီအာရ်အပ်ဖို့ စောင့်နေကြတယ်လို့ ကိုပေါဆီက မက်ဆိ ရလိုက်တယ်။

ဒီလိုနဲ့ ရထား ၄ ဘူတာ စီးပြီး စီပီအက်ဖ် ရုံးက ချီတက်လာခဲ့တယ်။ စီပီအက်ဖ်ရုံးက တန်ဂျွန်ပါဂါ ဘူတာနဲ့ မျက်နှာချင်းဆိုင် လမ်းကူးလိုက်တာနဲ့ ရောက်တာပါပဲ။ ရုံးရောက်ပြီးတော့ ကျူနံပါတ် ယူတော့ မိနစ် ၈၀ လောက် စောင့်ရဦးမယ်။ ပြီးမှ ပြန်လာခဲ့ပါလို့ ပြောလိုက်တယ်။ ဒါနဲ့ ပင်နီဆူလာ တစ်ခေါက်ပြေး၊ နေ့လည်စာစားရင်း အလုပ်ကိစ္စ နည်းနည်း ရှိတာ ဆက်လုပ်နေမိတယ်။

စီပီအက်ဖ်ရုံးကို ပြန်လာတော့ ကျူနံပါတ်က ကျော်သွားပြီ။ ဒါပေမယ့် သူတို့ကို သွားပြောတော့ ချက်ချင်းပဲ ပြန်ခေါ် ပေးပါတယ်။ နောက်တော့ သူတို့ ရှေ့မှာ စီပီအက်ဖ် ဝက်ဘ်ဆိုက်ဒ်ထဲ လော့အင်ဝင်၊ ပြန်ထုတ်ဖို့ ဘဏ်စာရင်းနံပါတ်တွေ ရိုက်ထည့်ပေးရတယ်။ စီပီအက်ဖ်နဲ့ ပတ်သက်လို့ကတော့ အစိုးရဆီက ပီအာရ်အနေနဲ့ တစ်ချို့နေရာတွေမှာ လျှော့ဈေး ယူထားတာတွေ မရှိရင် အကုန်ပြန်ရတယ်လို့ ပြောပါတယ်။ ပုံမှန် အကောင့်၊ အထူးအကောင့်၊ ကျန်းမာရေး အကောင့် ရှိသမျှ အကုန်လုံးပါပဲ။ အားလုံး ရဖို့ အလုပ်လုပ်ရက် ၁၀ ရက် ကနေ ၁၅ ရက် အတွင်း စောင့်ရမယ်လို့ အရာရှိက ပြောလိုက်ပါတယ်။ အချိန်အားဖြင့် ၂ ပတ်ကနေ ၃ ပတ်အတွင်းပေါ့။ ရင်းနှီးမြှုပ်နှံထားတဲ့ အကောင့်တွေလည်း အလိုအလျောက် ပိတ်သွားပေးမယ်လို့ သူမက ပြောပြလိုက်ပါတယ်။ တကယ်လို့ ပိုက်ဆံ ထုတ်တဲ့ အချိန် ရင်းနှီးမြှုပ်နှံထားတဲ့ အကောင့်ထဲက ပိုက်ဆံတွေ ပြန်ဝင်မလာသေးဘူး ဆိုရင် နောက်တစ်သုတ် ထပ်ထုတ်ဖို့ လျှောက်လို့ ရတယ်လို့ ပြောလိုက်ပါတယ်။

အားလုံး ပြီးသွားတော့ စိတ်ထဲမှာ ပေါ့ပါးသွားသလိုပဲ။ ဆုပ်ကိုင်ထားတဲ့ အရာတစ်ခုကို လွှတ်ချ လိုက်ရတာ အတော် ပေါ့သွားသလို ခံစားရတယ်။ မျက်နှာစာအုပ်ထဲက ဘလော့ဂါ မိတ်ဆွေ တစ်ယောက်ရဲ့ ကွန်မန့်ကို သတိရလိုက်တယ်။ ကျွန်တော်တို့ဟာ ကမ္ဘာမြေမှာတောင် အမြဲတမ်း နေထိုင်သူတွေ မဟုတ်ပါဘူး ဆိုတာပါ။ အဲဒီတော့ နိုင်ငံတစ်နိုင်ငံရဲ့ အမြဲတမ်းနေထိုင်သူ မဟုတ်တော့တာ ဘာများ ထူးဆန်းသလဲလို့ ဆက်တွေးမိသွားတယ်။