Sunday, October 4, 2009

အလုပ်အကြောင်း တစေ့တစောင်း

ကျောင်းမှာတုန်းက ကျွန်တော်တို့နဲ့ အတော်လေး ရင်းနှီးတဲ့ မြန်မာဆရာ တစ်ယောက် ရှိပါတယ်။ ဆရာက ကျွန်တော်တို့ ကျောင်းမှာ အလုပ်မဝင်ခင် အချိန်တုန်းက သုတေသနနဲ့ ဆိုင်တဲ့ လုပ်ငန်းခွင်၊ ကွန်ပြူတာ အမြင်အာရုံပိုင်းနဲ့ ဆိုင်တဲ့ လုပ်ငန်းခွင်တွေထဲမှာ နှစ်ကာလ အတော်များများ ကျင်လည်ခဲ့ဖူး ပါတယ်။ ကျွန်တော်တို့ အနေနဲ့က စင်ကာပူ ရောက်ခါစ ပြင်ပလုပ်ငန်းခွင် အကြောင်း ဗဟုသုတ မရှိတော့ ကျောင်းပြီးရင် ဘာလုပ်သင့်သလဲ ဆိုတဲ့ ကိစ္စကို ဆရာနဲ့ တိုင်ပင်ခဲ့ဖူးပါတယ်။

ဆရာက မင်းတို့ ဘွဲ့ရပြီးရင်တောင်မှ ပေါ်လီမှာ ဆရာလုပ်ဖို့တော့ မစဥ်းစားနဲ့။ အားမပေးဘူး ပြောလို့ ကျွန်တော်တို့ အံ့သြကြ ပါတယ်။ ဘာဖြစ်လို့လဲလို့ ဆရာ့ကိုမေးတော့ ဒီအလုပ်က လခကောင်းပေမယ့် ဆရာတစ်ယောက်ရဲ့ အရေးပါမှုက တော်ရုံတန်ရုံ မသိသာဘူး။ အချိန်မရွေး အစားထိုးလို့ ရတယ်။ ငါတို့ အခုသင်နေတဲ့ စာဆိုတာ တက္ကသိုလ်က ကျောင်းပြီးခါစ ဘွဲ့ရတစ်ယောက်ကို အချိန်မရွေး ကောက်ခန့်ပြီး သင်ခိုင်းလို့ ရတယ်။ ဘာမှ ခက်ခက်ခဲခဲလည်း မဟုတ်ဘူး။ အတွေ့အကြုံလည်း ဘာမှ ထူးထူးခြားခြား မရဘူး။ ပြင်ပလုပ်ငန်းခွင်ထဲက လူတွေနဲ့ ယှဥ်ရင် အချိန်ကြာလာတာနဲ့အမျှ ငါတို့ရဲ့ တန်ဖိုးက ကျလာတယ်လို့ ဆရာက ပွင့်ပွင့်လင်းလင်းပဲ ပြောပြပါတယ်။

ဆရာက ဆက်ပြီးတော့ ဖြစ်နိုင်ရင် စင်ကာပူမှာ အစိုးရအလုပ် မလုပ်နဲ့။ လခက အပြင်အလုပ်ထက် အများကြီးကောင်းတာ မှန်တယ်။ ဘောနပ်စ်တွေ ကောင်းတယ် ဆိုတာလည်း ဟုတ်တယ်။ ဒါပေမယ့် အစိုးရ အလုပ်ကို ဆက်မလုပ် ချင်တော့ဘူး ဆိုတဲ့ အချိန်ရောက်ရင် အပြင်မှာ မင်းတို့အတွက် နေရာက အတော် ရှားသွားပြီ။ အပြင်က အလုပ်ရှင် အတော်များများကလည်း အစိုးရအလုပ်က ထွက်လာတဲ့သူ ဆိုရင် သိပ်ပြီး မခန့်ချင်ကြဘူး။ လို့ ပြောပါတယ်။

အဲဒါဆိုရင် ဘာလုပ်သင့်သလဲလို့မေးတော့ ဆရာက ကျောင်းပြီးခါစ အတွေ့အကြုံရမယ့် အလုပ်ကို ရှာလုပ်။ လခနည်းချင် နည်းမယ်။ ဒါပေမယ့် အတွေ့အကြုံများလာတာနဲ့ အမျှ မင်းတို့ရဲ့ တန်ဖိုးက တက်လာမယ်။ ကုမ္ပဏီမှာ အစားထိုးလို့ မရနိုင်တဲ့ အခြေအနေမျိုး ရောက်လာရင် လခဆိုတာ မင်းတို့နဲ့ ထိုက်တန်သလောက် ရမှာပဲ။ ဒီကုမ္ပဏီက မင်းတို့ကို ထိုက်တန်တဲ့ လခ မပေးရင် ထိုက်တန်တဲ့ လခပေးပြီး ခန့်မယ့် ကုမ္ပဏီတွေ အများကြီး ရှိတယ်။ အသာလေး ခုန်ကူး သွားရုံပဲ။ ဘာမှ စိတ်ပူစရာ မရှိဘူး။ ပရော်ဖက်ရှင်နယ် ဖြစ်အောင်သာ ကြိုးစား။ ရေရှည်မှာ မင်းတို့အတွက် မှားစရာ မရှိဘူးလို့ ဆရာက အကြံပေးပါတယ်။ ကျွန်တော်တို့ ကျောင်းပြီးတဲ့ အချိန်မှာတော့ ဆရာ ကိုယ်တိုင်လည်း ကျောင်းဆရာ ဘဝကို စွန့်လွှတ်ပြီး ပြင်ပလုပ်ငန်းခွင်ထဲ ပြန်ရောက် သွားပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်တဲ့ နှစ်တွေ ကြာလာတာနဲ့ အမျှ ဆရာ ပြောခဲ့တဲ့ စကားတွေ တကယ်မှန်တယ် ဆိုတာ သိလာပါတယ်။ လုပ်ငန်း အတွေ့အကြုံ ရှိတဲ့ ပရော်ဖက်ရှင်နယ် တစ်ယောက်အတွက် အလုပ် မရှားပါဘူး။ ဒီကုမ္ပဏီမှာ မလုပ်ချင်ရင် နောက်ကုမ္ပဏီတစ်ခုကို အသာလေး ကူးသွားလို့ ရပါတယ်။ ကိုယ့်ရဲ့ အတွေ့အကြုံနဲ့ ကိုက်မယ့် အလုပ်တွေ အများကြီး ရှိနေပါတယ်။ တစ်ခါတစ်လေ ကပ်စတန်မာ ဆပ်ပလိုင်ယာတွေ ဆီကနေ အလုပ်ပြောင်းလာဖို့ မသိမသာတစ်မျိုး သိသိသာသာ တစ်မျိုး စကားခေါ်တာမျိုးလည်း ကြုံရပါတယ်။ ကိုယ်ပိုင် လုပ်ငန်း လုပ်နိုင်မယ့် အခွင့်အလမ်းတွေလည်း အများကြီး တွေ့ရတတ် ပါတယ်။

ကုမ္ပဏီတစ်ခုမှာ စွဲစွဲမြဲမြဲ အကြာကြီး လုပ်တာမှ ကောင်းတယ်လို့လည်း ယူဆတတ်တဲ့ သူတွေလည်း ရှိပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောလို့ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လွန်ခဲ့တဲ့ လပိုင်းလောက်က ဆွေးနွေးကြည့်ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေ အားလုံးကတော့ တစ်လေသံတည်းပါပဲ။ ဒီထက် သာတဲ့ အလုပ်ရှိရင် ပြောင်းသာပြောင်း ဆိုပြီး အားလုံးက တညီတညွတ်တည်း ပြောကြပါတယ်။ သူတို့ ထောက်ပြတာကတော့ ဒီနေ့ခေတ်ကြီးမှာ ကုမ္ပဏီကို သစ္စာ ရှိစရာ မလိုဘူး။ ကုမ္ပဏီတွေကလည်း သူတို့ စီးပွားကျလာရင် မင်းအပေါ် သစ္စာ ရှိမှာ မဟုတ်ဘူး။ ဖြုတ်မှာပဲ။ အဲဒီတော့ ဘယ်သူ့မျက်နှာမှ ကြည့်နေစရာ မလိုဘူး။ ကိုယ့်အတွက်ပဲ ကိုယ်လုပ်လို့ အကြံပေးကြပါတယ်။

လုပ်ငန်းခွင် တစ်ခုတည်းမှာ ၁၀ နှစ်လောက် လုပ်လာပြီးမှ စက်ရုံက တရုတ်ပြည်ရွှေ့သွားလို့ ဘာဆက်လုပ်ရမှန်း မသိဘဲ ရတဲ့လခနဲ့ ရတဲ့နေရာမှာ အလုပ်ဝင်လုပ် နေရတဲ့သူတွေ၊ မနှစ်က ကမ္ဘာ့စီးပွားပျက်ကပ်ထဲမှာ လက်ရှိ ရှိနေတဲ့ အလုပ်ကနေ ဘာမှန်း မသိလိုက်ရဘဲ အလုပ်ပြုတ် သွားတဲ့ သူတွေကို ကြည့်ရင်တော့ သူတို့ ပြောတဲ့စကား မှန်တယ်ဆိုတာ သိသာပါတယ်။

ကိုယ့်အလုပ်မှာ အတွေ့အကြုံရတယ် ဆိုပေမယ့် တခြား ဒီထက်ပိုပြီး အတွေ့အကြုံရနိုင်တဲ့ နေရာတွေ အများကြီး ရှိသေးတယ် ဆိုတာ မျက်ကွယ်ပြု လို့ မရပါဘူး။ ဒီအလုပ်မှာ အခွင့်အလမ်းကောင်းတယ် ဆိုပေမယ့် ဒီထက်ပိုပြီး အခွင့်အလမ်းကောင်းတဲ့ နေရာတွေ အများကြီး ရှိသေးတယ် ဆိုတာကို မေ့ထားလို့ မရပါဘူး။ ဒီအလုပ်မှာ နှပ်နေလို့ ရတယ်ဆိုရင်တောင် အိပ်နေလို့ရတဲ့ အလုပ်တွေ အများကြီး ရှိသေးတယ်ဆိုတာ သိထားဖို့ လိုပါတယ်။ နောက်တစ်ခုက ကုမ္ပဏီတစ်ခုထဲမှာ စွဲစွဲမြဲမြဲလုပ်ရင် လခက ရာခိုင်နှုန်း အများကြီး တိုးဖို့ မလွယ်ပါဘူး။ တခြားကုမ္ပဏီကို အခုန် ကောင်းရင်တော့ လခက သိသိသာသာ တိုးသွားတတ်ပါတယ်။

ကျွန်တော်နဲ့ နီးစပ်သမျှ သူငယ်ချင်း အပေါင်းအသင်းတွေ အားလုံးကိုတော့ အတွေ့အကြုံ ပိုရမယ့် အလုပ် ပိုကောင်းမယ့်အလုပ်မျိုး တွေ့ရင် ခုန်သာခုန် လို့ပဲ အမြဲ တိုက်တွန်းလေ့ ရှိပါတယ်။ မလုပ်သင့်တာကို လုပ်တာမှ မှားတယ်လို့ ခေါ်တာ မဟုတ်ပါဘူး။ လုပ်သင့်တာကို လုပ်သင့်တဲ့ အချိန်မှာ မလုပ်မိရင်လည်း မှားတာပါပဲ လို့ပဲ ယူဆပါတယ်။

Sunday, September 20, 2009

လက်တစ်ကမ်းက အင်ဖော်မေးရှင်း

ဒီနေ့ခေတ်မှာ ပညာရှာချင်တဲ့ လူတွေ အတော်ကံကောင်းကြ ပါတယ်။ အင်တာနက်ရဲ့ အကျိုးကျေးဇူးကြောင့် အင်ဖော်မေးရှင်း တွေကို လိုရင် လိုသလောက် အများကြီး ရနိုင်ပါတယ်။ ကိုယ်မသိသေးတဲ့ အကြောင်းအရာ တစ်ခုကို သိချင်ရင် ဝီကီပိဒိယမှာ သွားရှာဖတ်လို့ ရပါတယ်။ အဲဒါမှ မကျေနပ်သေးရင် မစ္စတာ ဂူဂဲလ်ကို မေးလို့ ရပါတယ်။ ပညာရပ်တစ်ခုနဲ့ သက်ဆိုင်တဲ့ စာအုပ်စာတမ်းတွေ ဖတ်ချင်ရင် 4shared လို ဝက်ဘ်ဆိုဒ် တွေကနေ E-book တွေ လိုသလောက် Download လုပ်ပြီး ဖတ်လို့ ရပါတယ်။ နိုင်ငံတကာ တက္ကသိုလ်တွေက လက်ချာတွေကို ကြည့်ချင်ရင် MIT Open Courseware လို ဝက်ဘ်ဆိုဒ်တွေ၊ Open Courseware Consortium လို ဝက်ဘ်ဆိုဒ်တွေ၊ NPTel လို ဝက်ဘ်ဆိုဒ်တွေမှာ သွားပြီး ကြည့်နိုင်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှိနေခဲ့တဲ့ အချိန်တုန်းကတော့ အင်ဖော်မေးရှင်း ဆိုတာ ရှားပါး ပစ္စည်း တစ်ခုပါပဲ။ အဲဒီအချိန်က ရန်ကုန်မှာ အင်တာနက် ဆိုတာလည်း မရှိသေးတော့ နည်းပညာတွေကို လေ့လာရင်း ကိုယ်နားမလည်တဲ့ အရာတစ်ခု ဒါမှမဟုတ် ကိုယ်သိချင်တဲ့ အရာ တစ်ခုခု ရှိရင် မေးဖို့မြန်းဖို့ လူကို လိုက်ရှာရပါတယ်။ နည်းပညာနဲ့ ပတ်သက်တဲ့ မိတ္တူဆွဲထားတဲ့ စာအုပ်ကလေးများ ဖတ်ခွင့်ရရင်ပဲ အတော်ကို ကျေနပ် ရပါတယ်။ အားတဲ့အချိန်ကလေးတွေ British Council သွား ဒါမှမဟုတ် USIS သွားပြီး ကိုယ်စိတ်ဝင်စားတဲ့ ဆောင်းပါးကလေး တစ်ပုဒ်တစ်လေများ ဂျာနယ်ထဲမှာ စာအုပ်တွေထဲမှာ ဖတ်ခွင့်ရလိုက်ရင် ဝမ်းသာလို့ မဆုံးပါဘူး။

စင်ကာပူကို စရောက်လာတဲ့ အချိန်မှာတော့ အင်ဖော်မေးရှင်းတွေ များလွန်းတော့ ရုတ်တရက် အင်ဖော်မေးရှင်း ရှော့ခ် ဖြစ်သွားပါတယ်။ ကျွန်တော်တို့ ကျောင်းစာကြည့်တိုက်က စင်ကာပူမှာ နည်းပညာဆိုင်ရာ စာအုပ်တွေနဲ့ ပတ်သက်လို့ အစုံဆုံး စာကြည့်တိုက်တွေထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ၅ ထပ်ရှိတဲ့ စာကြည့်တိုက်မှာ ၃ ထပ်ကျော်လောက်က နည်းပညာဆိုင်ရာ စာအုပ်တွေနဲ့ ပြည့်နေပါတယ်။ ရန်ကုန်မှာတုန်းက C++ နဲ့ ပတ်သက်တဲ့ စာအုပ်တစ်အုပ် ဖတ်လို့ရဖို့ British Council စာကြည့်တိုက်မှာ အခြားသူတွေနဲ့ အလုအယက် ငှားခဲ့ရဖူးပါတယ်။ ကျောင်းစာကြည့်တိုက် မှာတော့ C++ နဲ့ ပတ်သက်တဲ့ စာအုပ်ချည်းပဲ စာအုပ်စင် နှစ်စင်လောက် ရှိပါတယ်။ အဲဒီလောက်များတော့ ဘယ်ကစလို့ ဘာကိုဖတ်ရမှန်းတောင် မသိတော့ပါဘူး။ အဲဒါတင် မကသေးပါဘူး။ ကျောင်းသားတွေ အနေနဲ့ Safari လို အွန်လိုင်း စာကြည့်တိုက်က E-book တွေကို ကြိုက်တဲ့နေရာကနေ အင်တာနက် သုံးပြီး ဖတ်လို့ရအောင် လုပ်ပေးထားပါတယ်။ စာကြည့်တိုက်ထဲမှာ အထပ်တစ်ထပ်ကို Multimedia Collection အနေနဲ့ သီးသန့် ထားပေးပြီး စီဒီရွမ်တွေ ဗွီဒီယိုတွေ ကြည့်လို့ရအောင် လုပ်ပေးထားပါတယ်။ အပြင်ကိုတော့ ငှားလို့ မရပါဘူး။ ပထမနှစ် ကျောင်းသားဘဝ တုန်းက ဒီဂျစ်တယ် အီလက်ထရွန်းနစ်နဲ့ ပတ်သက်တဲ့ ၁၈ ခွေတွဲ ဗွီဒီယို စီးရီး၊ Visual Basic နဲ့ ပတ်သက်တဲ့ ၁၆ ခွေတွဲ စီဒီရွမ်တွေကို အချိန်ရရင် ရသလို စာကြည့်တိုက်မှာ သွားကြည့်ဖြစ်တာကို မှတ်မိပါသေးတယ်။

အင်တာနက် သုံးဖြစ်တော့ အင်ဖော်မေးရှင်းက ပိုပြီး ဖောင်းပွလာပါတယ်။ အရင်က နည်းပညာနဲ့ ပတ်သက်တဲ့ ဂျာနယ် မဂ္ဂဇင်း အသစ်တွေကို ခက်ခက်ခဲခဲ ရှာဖတ်ရဖူးတော့ အင်တာနက်ထဲမှာ နည်းပညာနဲ့ ပတ်သက်တဲ့ ဂျာနယ် မဂ္ဂဇင်းတွေ အတော်များများကို အီးမေးလ်နဲ့ Subscribe လုပ်ထားလိုက်မိပါတယ်။ တစ်လလောက် ကြာတော့ ကျွန်တော် လက်လျှော့လိုက်ပါတယ်။ တစ်နေ့တစ်နေ့ ဒီလောက်များတဲ့ အီးမေးလ်တွေကို ကုန်အောင် မဖတ်နိုင်လို့ပါ။ အင်တာနက်ထဲမှာလည်း ကိုယ်စိတ်ဝင်စားတဲ့ ဝက်ဘ်ဆိုဒ်ကလေးများ ရှိရင်တော့ မကြာခဏ ဝင်ဖတ်ဖြစ်ပါတယ်။ အဲဒီအချိန်က ကျွန်တော် အရောက်ဖြစ်ဆုံး ဝက်ဘ်ဆိုဒ်ကတော့ အီလက်ထရွန်းနစ် နဲ့ ပတ်သက်တဲ့ Epanorama ပါ။

ဒါပေမယ့် အဲဒီလောက် အင်ဖော်မေးရှင်းတွေ များနေတော့လည်း ပြသနာက ရှိလာပါတယ်။ တွေ့သမျှ အကုန် လိုက်ဖတ်နေရင် ဒီတစ်သက်တောင် ပြီးမှာ မဟုတ်ပါဘူး။ ကိုယ်လိုချင်တဲ့ အင်ဖော်မေးရှင်းကို စိစစ်ပြီး ထုတ်ယူတတ်ဖို့ လိုလာပါတယ်။ အစက အဲဒီအချက်ကို သဘောမပေါက်တော့ ရှိသမျှ အကုန် လျှောက်ဖတ်ပြီး လိုရင်းကို မရောက်တော့ပါဘူး။ စာအုပ်တိုင်းကို ရှေ့ဖုံးကနေ နောက်ဖုံးအထိ ဖတ်နေဖို့ အချိန်မရှိပါဘူး။ ကိုယ်သိချင်တဲ့ အကြောင်းအရာကိုပဲ Index ကနေ ရှာပြီး ရွေးဖတ်တတ်တဲ့ အကျင့်ကို လုပ်လာရပါတယ်။ တကယ် စိတ်ဝင်စားတဲ့ စာအုပ်မှပဲ အစအဆုံး ဖတ်ဖြစ်ပါတော့တယ်။

နောက်တစ်ခုက Google ကို အရမ်းအားကိုးလာတဲ့ အချက်ပါ။ ကိုယ်ရှင်းမရတဲ့ ပြသနာ အတော်များများရဲ့ အဖြေကို Google ထဲမှာ ရှာတွေ့ဖူးတော့ ပြသနာတိုင်းရဲ့ အဖြေဟာ ဂူဂဲလ်မှာ ရှာလို့ရမယ်လို့ ထင်နေပါတယ်။ တက္ကသိုလ်ရောက်မှ အဲဒီအချက်မှားမှန်း သိပါတယ်။ ကျောင်းက ပရော့ဂျက်တွေ အဆိုင်းမင့်တွေရဲ့ အဖြေကို အင်တာနက်မှာ ဘယ်တော့မှ ရှာလို့ မတွေ့ခဲ့ ဖူးပါဘူး။ သမန်ကာ လျှံကာ သိချင်ရင် ကိစ္စမရှိပေမယ့် ပညာရပ်တစ်ခုကို နက်နက်နဲနဲ လိုက်စားချင်ရင်တော့ အခြေခံကောင်းကောင်း ရှိဖို့ လိုအပ်တယ်ဆိုတာကို တဖြည်းဖြည်း သဘောပေါက်လာပါတယ်။

အခု နောက်ပိုင်းမှာ ကိုယ့်ဘာသာကိုယ် ပြန်ဆင်ခြင်မိတဲ့ အချက်ကတော့ တစ်ခုခုကို စူးစိုက်ပြီး လုပ်ဖို့ပါ။ နည်းပညာဆိုတာ အကုန်လုံးကို သိချင်နေရင်တော့ မဖြစ်နိုင်ပါဘူး။ ကိုယ်စိတ်ဝင်စားတာကိုပဲ စူးစိုက်ပြီး လုပ်မှ ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ်ရင်တော့ ဟိုနားစပ်စပ် ဒီနားစပ်စပ်နဲ့ ဘာမှ ဟုတ်တိပတ်တိ ဖြစ်လာလိမ့်မယ် မထင်ပါဘူး။ နောက်တစ်ခုကတော့ အခြေခံနဲ့ ပတ်သက်လို့ စဥ်းစားမိ ပါတယ်။ ပညာရပ်တွေကို လေ့လာ လိုက်စားချင်ရင် အခြေခံ ကောင်းကောင်း ရှိဖို့ လိုအပ် ပါလိမ့်မယ်။ ဖြတ်လမ်းက သွားတာ သိပ်မကောင်း ပါဘူး။ ဖြတ်လမ်းနဲ့ သွားရင် ခရီးရောက်တာ မှန်ပေမယ့် တစ်နေရာ ရောက်ရင်တော့ တန့်သွားပြီး ရှေ့ဆက်ဖို့ ခက်ပါလိမ့်မယ်။ မသွားမဖြစ်လို့ ဖြတ်လမ်းနဲ့ သွားရင်လည်း အခြေခံတွေတော့ အချိန်ရရင် ရသလို ပြန်လေ့လာဖို့ လိုလိမ့်မယ်လို့ တွေးမိပါတယ်။ တစ်ခါတစ်လေတော့လည်း ဘာမှ မလုပ်ပဲ ပိုက်ဆံပဲ ရှာပြီး သူများတွေကို လုပ်ခိုင်း ကိုယ်က ဘေးကနေ ထိုင်ပြီး အားပေးနေတာပဲ ကောင်းမလားလို့ တွေးမိပါတယ်။ :D

Monday, September 14, 2009

ဒီဇိုင်းနာနဲ့ စက်ပြင်ဆရာ

မြန်မာနိုင်ငံမှာ ရှိနေတဲ့အချိန်တုန်းက မဂ္ဂဇင်းတစ်စောင်ထဲမှာ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ဖူးပါတယ်။ အဲဒီဆောင်းပါး ထဲမှာ ရေးထားတဲ့ အကြောင်းအရာကတော့ လူတစ်ယောက်က အင်ဂျင်နီယာ တစ်ယောက်ကို မင်းတို့ အင်ဂျင်နီယာ ဖြစ်နေပြီး စက်ပြင် ဆရာ တွေလောက်တောင်မှ မပြင်တတ်ကြဘူး လို့ ဝေဖန်ပါတယ်။ အဲဒီတော့ အင်ဂျင်နီယာက မင်းက အင်ဂျင်နီယာ ရဲ့ အလုပ်ကို မသိဘူး။ အင်ဂျင်နီယာရဲ့ အလုပ်ဆိုတာ စက်ပြင်တတ်ဖို့ မလိုဘူး။ ဒီဇိုင်းလုပ်တတ်ရင် ပြီးတာပဲ ဆိုပြီး ချေပပါတယ်။ အဲဒီအချိန်ကတော့ ကိုယ်က အင်ဂျင်နီယာလည်း မဟုတ် ဒီဇိုင်းဆိုတာလည်း ဘာမှန်းမသိတော့ သူတို့ရေးထားတာကို အဟုတ် ထင်ပါတယ်။ အင်ဂျင်နီယာဆိုတာ ဒီဇိုင်းလုပ်တတ်ရင် ပြီးတာပဲ မပြင်တတ်ရင်လည်း ကိစ္စမရှိဘူးလို့ စိတ်ထဲမှာ စွဲသွားပါတယ်။

ကျွန်တော်ကိုယ်တိုင် အင်ဂျင်နီယာ ဖြစ်လာပြီး ဒီဇိုင်းလုပ်ဖူးတဲ့ အချိန်မှ အဲဒီ အင်ဂျင်နီယာ ပြောတာ မှားနေမှန်း သိရပါတယ်။ အမှန်တကယ်ကတော့ အင်ဂျင်နီယာ အလုပ်ဆိုတာ လက်တွေ့နဲ့ ကင်းကွာလို့ မရတဲ့ အလုပ်ပါ။ အင်ဂျင်နီယာ တစ်ယောက်ဖြစ်ဖို့ သီအိုရီတွေ အလွတ်ကျက်နေရုံ၊ ပုစ္ဆာတွေ ချတွက်နေရုံနဲ့ မပြီးပါဘူး။ အဲဒီလို အင်ဂျင်နီယာတွေထဲမှာမှ ကိုယ်တိုင် ဒီဇိုင်းလုပ်နိုင်တဲ့ အင်ဂျင်နီယာ တစ်ယောက်ဖြစ်ဖို့ ပိုပြီးတော့ ခက်ပါတယ်။ စက်ပြင်ဆရာ တစ်ယောက်ကို ဒီဇိုင်းနာ ဖြစ်အောင် သင်ပေးဖို့ မလွယ်ဘူး ဆိုတာ မှန်ပေမယ့် အင်ဂျင်နီယာ တစ်ယောက်ဟာလည်း ကိုယ်တိုင် မပြင်တတ်ရင် ဒီဇိုင်းနာ ဖြစ်လာမှာ မဟုတ်ပါဘူး။

ကျွန်တော်တို့ စက်ပစ္စည်း ဒီဇိုင်းလုပ်တဲ့ သူတွေ အတွက်ကတော့ စာရွက်ပေါ်မှာ ကွန်ပြူတာထဲမှာ ချဆွဲ ချတွက်ထားတဲ့ ဒီဇိုင်းတွေက တွက်ထားတဲ့အတိုင်း အပြင်မှာ အလုပ်မလုပ်တာ များပါတယ်။ စက်တစ်လုံးကို တပ်ဆင်ပြီးသွားလို့ မှန်းထားတဲ့အတိုင်း အလုပ်မလုပ်ဘူး ဆိုရင် ဘာလို့ အလုပ်မလုပ်တာလဲ ဆိုတာကို ဒီဇိုင်းနာ ကိုယ်တိုင် အဖြေရှာရပါတယ်။ အဲဒီလို ပြင်ရဆင်ရတာဟာ အလုပ်လုပ်နေတဲ့ စက်တစ်လုံးကို ပြင်ရတာထက် အဆပေါင်းများစွာ ပိုခက်ပါတယ်။ လုံးဝ အလုပ်မလုပ်တဲ့ စက်တစ်လုံးကို လည်ပတ်အောင် လုပ်နိုင်တဲ့ ဒီဇိုင်းနာက လည်ပတ်နေပြီးသား စက်တစ်လုံး ပျက်သွားရင် ပြန်ပြင်ဖို့ ဆိုတာ ဘာမှ မခဲယဉ်းပါဘူး။ ကိုယ်တိုင် လက်တွေ့မလုပ်တတ်ရင်လည်း သူများ ခိုင်းရုံပါပဲ။ ဘယ်လို ခိုင်းရမလဲတော့ သိဖို့လိုပါတယ်။

နောက်တစ်ခုက စက်ပစ္စည်းတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေမှာတော့ ဒီဇိုင်းနာ ဆိုတာ ဆားဗစ်အင်ဂျင်နီယာတွေရဲ့ နောက်ဆုံး အားထားရာ လူပါ။ ဆားဗစ်အင်ဂျင်နီယာတွေ ပြင်မရဘူးဆိုပြီး လက်လျှော့လိုက်ရင် အဲဒီစက်ကို ဒီဇိုင်းနာတွေ ကိုယ်တိုင် ပြင်ရပါတယ်။ ဒီဇိုင်းနာကမှ မပြင်တတ်ဘူး ဆိုရင်တော့ ဘုရားသာ တပေတော့လို့ပဲ ပြောရပါလိမ့်မယ်။

တစ်ခါက ကျွန်တော် အလုပ်လုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီတစ်ခုမှာ ကုမ္ပဏီ အုပ်ချုပ်သူတွေက အခု လက်ရှိ သုံးနေတဲ့ နည်းပညာတွေကနေ အဆင့်ပိုမြင့်တဲ့ နည်းပညာတွေကို သုံးပြီး စက်တွေ ထုတ်လုပ်ဖို့ ကြံကြပါတယ်။ ပထမဆုံး ခြေလှမ်းအနေနဲ့ ကျွန်တော်တို့ တခါမှ မလုပ်ဖူးတဲ့ အရမ်းကို ခက်ခဲပြီး ရှုပ်ထွေးတဲ့ စက်တစ်လုံးကို အော်ဒါလက်ခံ လိုက်ပါတယ်။ ကျွန်တော်တို့ ဒီဇိုင်းအဖွဲ့ထဲမှာ ပါတဲ့ အင်ဂျင်နီယာတွေ အတော်များများက လူငယ်တွေပါ။ ပရော့ဂျက် မန်နေဂျာ ကိုယ်တိုင်ကလည်း လူငယ်ပါပဲ။ ဒါပေမယ့် စက်ဒီဇိုင်းနဲ့ ပတ်သက်လို့ ၁၀ နှစ်နီးပါး အတွေ့အကြုံ ရှိတဲ့သူပါ။ ကျွန်တော်တို့ အားလုံးအတွက်တော့ အဲဒီစက်ကို ဒီဇိုင်း လုပ်ရတာဟာ အတော်ကို ကြီးကျယ်တဲ့ စိန်ခေါ်မှု တစ်ခုပါပဲ။

မက္ကင်နီကယ် အင်ဂျင်နီယာတွေ အနေနဲ့ ၀.၀၄ မီလီမီတာ အကွာအဝေး အထိ အတိအကျ သွားနိုင်တဲ့ ဝင်ရိုးတွေကို ဒီဇိုင်းလုပ်ရတဲ့အတွက် ပုံမှန် စက်တွေကို ဒီဇိုင်းလုပ်ရတာနဲ့ ယှဥ်ရင် အတော်ကို ခက်ခဲပါတယ်။ အီလက်ထရစ်ကယ် အင်ဂျင်နီယာတွေ အနေနဲ့ကလည်း အဲဒီလို တိကျအောင် ရွေ့လျားနိုင်တဲ့ ဆာဗိုမော်တာ အတွက် စိတ်ချရတဲ့ ပါဝါဆပ်ပလိုင်းတွေ၊ ပါဝါကြိုးတွေကနေ ဆစ်ဂနယ် ကြိုးတွေကို အနှောင့်အယှက် မပေးဖို့ အစီအစဥ်ချရတာတွေ၊ ထောင်ပေါင်းများစွာသော ဝိုင်ယာကြိုးတွေ အစီအစဉ်တကျ သွားနိုင်ဖို့ ဒီဇိုင်းလုပ်ရတာတွေနဲ့ အတော်ကို ခက်ခက်ခဲခဲ လုပ်ရပါတယ်။ ကျွန်တော်တို့ ဆော့ဖ်ဝဲလ် သမားတွေကလည်း အဲဒီစက်ကို အတိအကျ ရွေ့လျားနိုင်အောင် ကွန်ပြူတာ အမြင်အာရုံစနစ် (Machine Vision) နဲ့ ဆာဗိုမော်တာတွေရဲ့ ရွေ့လျားမှုတွေကို ဆက်စပ်ရတာတွေ၊ စက်ကို သတ်မှတ်ထားတဲ့ အမြန်နှုန်းနဲ့ လည်ပတ်နိုင်အောင် ဆော့ဖ်ဝဲလ်ကို အမြန်ဆုံး Run နိုင်အောင် ညှိနှိုင်း ရတာတွေ၊ အာရုံခံကိရိယာ (Sensors) တွေက လာတဲ့ ဆစ်ဂနယ်တွေကို အမြန်ဆုံး တုန့်ပြန်နိုင်အောင် ဆော့ဖ်ဝဲလ်ကို ပြင်ဆင်ရတာတွေနဲ့ အတော့်ကို ခေါင်းစားပါတယ်။ ၃ လနဲ့ အပြီး လုပ်ဖို့ စီစဥ်ထားတဲ့ စက်ဟာ ၂ လခွဲ ကျော်လောက်နဲ့ ပြီးပေမယ့် အဲဒီစက်ကို သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းအတိုင်း ကိုက်အောင် ပြန်ပြင်ရတာ ၆ လနီးပါး ကြာပါတယ်။ စက်ကို တပ်ဆင်ပြီးတဲ့ အချိန်ကစပြီး ၆လလောက် ကြာတဲ့အချိန်အထိ ဟိုနားပြင်လိုက် ဒီနားပြင်လိုက် လုပ်နေရတုန်း ပါပဲ။ အစည်းအဝေး တစ်ခုမှာ ပရော့ဂျက် မန်နေဂျာက "ငါတို့ အင်ဂျင်နီယာ ဆိုတာမျိုးက ကိုယ်ဒီဇိုင်းလုပ်ရင် ဘာမဆို ဖြစ်မယ် ထင်ကြတာချည်းပဲကွ။ ငါတို့လည်း အရင်က ဒုံးပျံ ဒီဇိုင်း လုပ်ချင်ရင်လည်း လုပ်လို့ ရတယ် ထင်တာပဲ။ အခုတော့ သိသွားပြီကွ။ ငါတို့သာ ဒုံးပျံ ဒီဇိုင်း လုပ်ရင် အဲဒီ ဒုံးပျံက မိုးပေါ်တက်မှာ မဟုတ်ဘူး။" ဆိုပြီး ဟာသပြောလို့ ကျွန်တော်တို့ အားလုံး ဝိုင်းရယ်ကြပါတယ်။

စက်ပြင်ဆရာ တစ်ယောက်အနေနဲ့ ဒီဇိုင်းနာ တစ်ယောက်လို သိဖို့ မလိုပါဘူး။ ဒီနေရာမှာ တပ်ထားတဲ့ ပစ္စည်း အလုပ်မလုပ်ရင် အဲဒီပစ္စည်းကို ဖြုတ်လဲ ရုံပါပဲ။ ဆားကစ်ပြားတွေ ပြင်တာ အရမ်းတော်တဲ့ ကျွန်တော့်သူငယ်ချင်း တစ်ယောက်က သူဘယ်လိုပြင်သလဲ ဆိုတာ ပြောပြဖူးပါတယ်။ သူက "ဆားကစ်ပြားကို ကြည့်။ ထရန်စစ်စတာလို Active Component တွေက ပျက်ဖို့ ရာခိုင်နှုန်းများတယ်။ ဘာလို့ ပျက်သလဲ မသိရင် ငါတော့ အဲဒီလို ပစ္စည်းမျိုးတွေ အကုန် ဖြုတ်လဲ ပစ်လိုက်တာပဲ။ အဲဒါဆို ကောင်းဖို့ သေချာသလောက် ရှိတယ်။" လို့ ပြောပြပါတယ်။ ဒါပေမယ့် ဒီဇိုင်းနာတစ်ယောက် အနေနဲ့ကတော့ စက်ပြင်ဆရာ တစ်ယောက်ထက်မက သိထားဖို့ လိုပါတယ်။ ဘယ်လို ပစ္စည်းမျိုးကို ဘယ်နေရာမှာ သုံးရင် ပျက်တတ်တယ် ဆိုတာ သိဖို့ လိုပါတယ်။ ပစ္စည်းတစ်ခု က ခဏခဏ ပျက်နေရင် သူ့ရဲ့ ပြသနာ ဇာစ်မြစ်ကို လိုက်ရှာပြီး ရှင်းတတ်ဖို့ လိုပါတယ်။ အမြဲတမ်း ရွေ့လျားနေပြီး ခဏခဏ ပြတ်တတ်တဲ့ ဝိုင်ယာကြိုးမျိုးကို ဖြုတ်လဲဖို့ ခက်တဲ့နေရာမှာ ထည့်ထားတဲ့ ဒီဇိုင်းနာ မျိုးဆိုရင်တော့ ဆားဗစ်အင်ဂျင်နီယာတွေ ကောင်းကောင်း မေတ္တာပို့တာ ခံရတတ်ပါတယ်။

အခုအချိန်မှာသာ တစ်စုံတစ်ယောက်က အင်ဂျင်နီယာဆိုတာ ဒီဇိုင်းလုပ်တတ်ဖို့ပဲ လိုတယ် ပြင်တတ်ဖို့ မလိုဘူး လို့ ပြောခဲ့ရင်တော့ ကျွန်တော့်အနေနဲ့ အဲဒီအင်ဂျင်နီယာဟာ ကိုယ်တိုင် ဒီဇိုင်းတစ်ခါမှ မလုပ်ဖူးဘဲ လူအထင်ကြီးအောင် လျှောက်ပြောနေတဲ့ အင်ဂျင်နီယာလို့ပဲ သတ်မှတ်မိ ပါလိမ့်မယ်။

Monday, September 7, 2009

ဗိုက်ဆာနေတဲ့ သရဲများ

ရောမမြို့ကြီး မီးလောင်တာ နီရိုးဘုရင်က တယောထိုးမပျက်ဘူး လို့ ပြောကြတဲ့ စကား ရှိပါတယ်။ အမှန်တကယ်ကတော့ အဲဒီစကားဟာ အခြေအမြစ် မရှိပါဘူး။ ဒါမှမဟုတ်ရင်လည်း အချက်အလက်အားဖြင့် မှားနေတယ်လို့ ပြောရင်လည်း ရပါတယ်။ အကြောင်းကတော့ ရောမမှာ နီရိုးဘုရင် အုပ်ချုပ်နေတဲ့အချိန်က တယောဆိုတဲ့ တူရိယာ မပေါ်သေးပါဘူး။ အဲဒါကြောင့် သူတီးနေတာ မှန်ရင်တောင်မှ တယောမဟုတ်ပဲ တယောနဲ့တူတဲ့ တခြား တူရိယာ တစ်ခုခုပဲ ဖြစ်ပါလိမ့်မယ်။

အခု လောလောဆယ် စင်ကာပူမြို့ကြီးတော့ မီးလောင်မနေပါဘူး။ ဒါပေမယ့် မီးတွေတော့ အပြိုင်အဆိုင် ရှို့နေကြပါတယ်။ ဘာတွေ ရှို့နေသလဲ မေးရင် ဒေါ်လာတွေ မီးပုံရှို့နေကြပါတယ် လို့ ဖြေရပါလိမ့်မယ်။ ဒါပေမယ့် အမေရိကန် ဒေါ်လာ ယူရိုဒေါ်လာ စင်ကာပူ ဒေါ်လာတွေတော့ မဟုတ်ပါဘူး။ ဟဲလ်မန်းနီး ( Hell Money) လို့ ခေါ်တဲ့ ငရဲပြည်သုံး ဒေါ်လာတွေကို ရှို့နေကြ တာပါ။

အနောက်တိုင်းသားတွေ အတွက် ဂိုးတူဟဲလ် ဒါမှမဟုတ် ငရဲကိုသွား ဆိုတာ ကျိန်ဆဲတဲ့ စကားပါ။ ဒါပေမယ့် တရုတ်လူမျိုးတွေရဲ့ ဟဲလ်က အနောက်တိုင်းသားတွေ ယုံကြည်တဲ့ ဟဲလ် မဟုတ် သလို ကျွန်တော်တို့တွေ သိထားတဲ့ မဟာ အဝီစိတို့ ယောရုဝ တို့လို ငရဲကြီး ရှစ်ထပ်ထဲက ငရဲကို ပြောတာလည်း မဟုတ်ပါဘူး။ သူတို့ရဲ့ ငရဲ ဒါမှမဟုတ် ဟဲလ်ဆိုတာက သေပြီးနောက် ရောက်နေတဲ့ကမ္ဘာ (afterlife) ကို ဆိုလိုချင်တာပါ။ Nether World လို့လည်း ခေါ်ကြပါတယ်။

တရုတ်လူမျိုး အများစုကတော့ သေပြီးသား ဆွေမျိုးသားချင်းတွေကို ပစ္စည်းတစ်ခုခု သုံးဖို့စွဲဖို့ ပို့ပေးချင်ရင် မီးရှို့ ပြီး ပို့ပေးရတယ်လို့ အယူအဆ ရှိကြပါတယ်။ အသုဘ အခမ်းအနားတွေမှာ သေပြီးသားသူ သုံးဖို့ ငွေတွေ၊ ဝတ်ဖို့ အဝတ်အစားတွေ၊ စီးဖို့ကားတွေ၊ နေဖို့အိမ်တွေ မီးရှို့ပေးတတ် ကြပါတယ်။ တကယ့် အစစ်တွေတော့ မဟုတ်ပါဘူး။ စက္ကူနဲ့ လုပ်ထားတဲ့ ပုံစံလေးတွေပါ။ စင်ကာပူမှာ အဲဒီလို တမလွန်က လူတွေအတွက် မီးရှို့ပေးဖို့ စက္ကူနဲ့ လုပ်ထားတဲ့ ပစ္စည်းတွေ ချည်းပဲ သီးသန့်ရောင်းတဲ့ ဆိုင်တွေ ရှိပါတယ်။ အဲဒီဆိုင်တွေမှာ ရှိတဲ့ ပစ္စည်းကလည်း အစုံပါပဲ။ တစ်ခါက Singapore Dreaming ဆိုတဲ့ ရုပ်ရှင်ထဲမှာ မင်းသားက သူ့အဖေအတွက် ရေကူးကန်ပါတဲ့ တိုက်ကို မီးရှို့ပေးတာ မြင်လို့ ရေကူးကန်ကို ဘယ်လိုများ မီးရှို့ကြပါလိမ့်လို့ တွေးပြီး ပြုံးမိပါသေးတယ်။

ကျွန်တော်နဲ့ အတော်ခင်တဲ့ စလုံး သူငယ်ချင်း တစ်ယောက်ကို စကားကတ်ပြီး မေးဖူးပါတယ်။ မင်းတို့က အတုတွေ မီးရှို့တော့ သေပြီးသားသူက အတုတွေပဲ ရမှာပေါ့။ အစစ် ရှို့မှ သေပြီးသားသူက အစစ်ရမှာပေါ့ မဟုတ်ဘူးလား။ လို့ မေးတော့ ကျွန်တော့် သူငယ်ချင်းက ဘာမှ ပြန်မပြောပဲ ရယ်နေပါတယ်။ နောက်တော့ သူက တခါတလေတော့လည်း တကယ် ရယ်စရာ ကောင်းတယ်ကွ ဆိုပြီး သူ့ အမေအကြောင်းကို ပြောပြပါတယ်။ သူ့အဖေ မသေခင်တုန်းက ခရီး အတော်သွားတယ်လို့ ပြောပါတယ်။ သူ့အမေက သူ့အဖေ သုံးဖို့ ပစ္စည်းတွေကို မီးရှို့ပြီး ပို့ပေးတတ်ပါတယ်။ တစ်နေ့ တမလွန်က လူတွေအတွက် ပစ္စည်းတွေ ရောင်းတဲ့ဆိုင်ကို သွားရင်း ပတ်စ်ပို့ စာအုပ်တွေ့လို့ ဝမ်းသာအားရနဲ့ ဝယ်လာပြီး သူ့အဖေအတွက် မီးရှို့ပေးတယ် ပြောပါတယ်။ ကျွန်တော့် သူငယ်ချင်းကတော့ သေပြီးတာတောင်မှ ခရီးသွားဖို့ ပတ်စ်ပို့က လိုသေးသလားကွာ လို့ ပြောပြီး ရယ်ပါတယ်။

ကျွန်တော်တို့ မြန်မာပြည်မှာတင် ၄၅ ကျပ်တန် ၉၀ တန်လို ထူးထူးခြားခြား ပိုက်ဆံတွေ ရှိတာမဟုတ်ပါဘူး။ ငရဲပြည်သုံး ပိုက်ဆံမှာလည်း ၈ ဘီလျံတန် ရှိပါတယ်။ ၈ ဂဏန်းကို တရုတ်လူမျိုးတွေက ကံကောင်းတဲ့ ဂဏန်းလို့ အယူရှိတဲ့အတွက် ၈ ဘီလျံတန် ပိုက်ဆံ လုပ်ထားတာလို့ ပြောကြပါတယ်။ အဲဒီလို ၈ဘီလျံတန်တွေကို အုပ်လိုက် မီ:ရှို့လေ့ ရှိကြပါတယ်။ အနောက်တိုင်းသား စီးပွားရေး ပညာရှင် တစ်ယောက်ကတော့ ငရဲပြည်မှာ ပိုက်ဆံတွေ အဲဒီလောက် ပေါနေရင် ငွေကြေးဖောင်းပွပြီး ပေါင်မုန့်တစ်လုံးကို သန်းနဲ့ချီပေးပြီး စားရမှာပေါ့ လို့ တွက်ပြပါတယ်။ ငရဲပြည်သုံး ပိုက်ဆံနဲ့ ပတ်သက်ပြီး သတိပေးစရာ တစ်ခု ရှိပါတယ်။ တရုတ်လူမျိုးတွေ အနေနဲ့ အဲဒီပိုက်ဆံကို ငရဲပြည်မှာ သုံးဖို့ဆိုပြီးတော့သာ ရည်ရွယ်ကြပါတယ်။ အဲဒီတော့ လူအချင်းချင်း နောက်ပြောင်ပြီး ပေးတာကို လုံးဝ မကြိုက်ကြပါဘူး။ လူတစ်ယောက်ကို ငရဲပိုက်ဆံ ပေးတာဟာ အဲဒီလူကို သေဖို့ ကျိန်ဆဲတာနဲ့ အတူတူပဲလို့ တချို့က ယူဆကြပါတယ်။ အဲဒီလို ယုံကြည်ထားတဲ့ သူငယ်ချင်း မိတ်ဆွေတွေကို သွားပြီး မစမိအောင် သတိထား နိုင်ကြဖို့ပါ။

ဒီလက တရုတ်ပြက္ခဒိန်မှာ ၇ လမြောက် ဒါမှမဟုတ် သရဲလ ပါ။ အဲဒီအတွက် ငရဲပြည် တံခါးပွင့်ပြီး သရဲတွေ ကမ္ဘာပေါ်ကို အစာလာရှာကြတယ်လို့ တရုတ်လူမျိုးတွေမှာ အယူအဆ ရှိကြပါတယ်။ အဲဒါကြောင့် ဗိုက်ဆာနေသော သရဲများ ပွဲတော် (Hungry Ghost Festival) ကို ကျင်းပကြပါတယ်။ ကွယ်လွန်ပြီးသား ဆွေမျိုးသားချင်းတွေကို ဖိတ်ပြီး အစားအသောက်တွေ ကျွေးကြပါတယ်။ မြန်မာပြည်မှာတော့ တစ္ဆေကြီးပွဲလို့ ခေါ်ကြပါတယ်။ ငယ်ငယ်တုန်းကတော့ အဖိုးအဖွားတွေ တစ္ဆေကြီးပွဲ လုပ်တာ ကြုံဖူးပါတယ်။ အိမ်မှာ အစားအသောက်တွေ အလျှံပယ်ချက် နောက်ပြီးရင် ကွယ်လွန်ပြီးသား ဆွေမျိုးသားချင်းတွေ ရဲ့ အမည်ကို စာရွက်နဲ့ ရေးပြီး လာစားဖို့ ဖိတ်ကြပါတယ်။ လူစုံမစုံ သိချင်ရင် ကျပ်စေ့သုံးစေ့ကို ပစ်ပြီး စစ်ကြပါတယ်။ ကျပ်စေ့ သုံးစေ့လုံးက ခေါင်းချည်းပဲ ကျရင် လူစုံပြီလို့ သတ်မှတ်ကြပါတယ်။ ငယ်ငယ်ကတော့ အဖိုးက ကျပ်စေ့ သုံးစေ့ ပစ်တာကို ပိုက်ဆံကြဲတယ်ကွ ဆိုပြီး ဝိုင်းလုလို့ အဆူခံရဖူးပါတယ်။ :D

စင်ကာပူမှာတော့ ၇ လပိုင်းနဲ့ ပတ်သက်ပြီးတော့ အတော်လေး အယူသည်းကြပါတယ်။ အခုလက သရဲလဆိုတော့ သရဲတွေ လျှောက်သွားနေတယ်လို့ ယုံကြည်ကြပါတယ်။ သရဲတွေကို ဖျော်ဖြေဖို့ လမ်းဘေးမှာ စင်ထိုးပြီး ဇာတ်ပွဲတွေ လုပ်ကြပါတယ်။ အဲဒီလို ပွဲတွေကို ဝါရမ်ပွဲ (Wayang Show) လို့ ခေါ်ကြပါတယ်။ ရှေ့ဆုံး ၃တန်းကို ဒီပွဲမှာ ဗွီအိုင်ပီ ဖြစ်တဲ့ သရဲတွေကြည့်ဖို့ ချန်ထားရပါတယ်။ စလုံးက တရုတ်လူမျိုးတွေက ၇ လပိုင်းမှာ အိမ်တွေ ကားတွေ ဝယ်လေ့ မရှိကြပါဘူး။ မင်္ဂလာဆောင်လို အခမ်းအနားမျိုးကိုလည်း လုပ်လေ့ လုပ်ထ မရှိကြပါဘူး။ ရေကူးချင်တယ် ဆိုရင်တော့ ဒီလဟာ ရေကူးကန်မှာ လူအချောင်ဆုံး လပါပဲ။ စလုံးတွေ အတော်များများက သရဲက ရေနှစ်သတ်မှာစိုးလို့ ဒီလမှာ ရေကူးဖို့ ရှောင်ကြပါတယ်။ ညဖက်ဆိုရင်လည်း ကလေးတွေကို အပြင်မလွှတ်ကြပါဘူး။ သရဲက ဝင်ပူးမှာ စိုးလို့ပါ။

ဒီနှစ်မှာတော့ ထူးထူးခြားခြား သတင်းတစ်ခု ဖတ်လိုက်ရပါတယ်။ မကြာခင်မှာ ဖွင့်တော့မယ့် စင်ကာပူ က မရီနာဘေး (Marina Bay) ကက်စီနိုနဲ့ အပြိုင် စင်ကာပူ ကုမ္ပဏီတစ်ခုက သရဲတွေ ကစားဖို့အတွက် ကက်စီနိုတစ်ခု ဆောက်ပြီး ငှားနေတယ် ဆိုတဲ့ သတင်းပါ။ အဲဒီကက်စီနိုကို ဆောက်ဖို့ စင်ကာပူ ဒေါ်လာ ၆၅၀၀ ကုန်တယ်လို့ ဆိုပါတယ်။ ကက်စီနိုမှာ ရောက်လက် (Roulette)၊ ဘလက်ဂျက် နဲ့ ဂျက်ပေါ့ စက် (Jackpot Machine) တွေ ရှိပါတယ်။ မရီနာဘေး ကက်စီနိုက အနားမှာ အေတီအမ် စက် ထားမပေးဘူး ဆိုပေမယ့် သရဲကက်စီနို ရဲ့ အပြင်ဘက်မှာ အေတီအမ် စက် ထားပေးထားပါတယ်။ အေတီအမ် တောင် ပေါ့သေးသေး အေတီအမ် မဟုတ်ပါဘူး။ အေတီအမ်ရဲ့ အထက်မှာ လုံခြုံရေး ကင်မရာပါ တပ်ထားပါသေးတယ်။ အဲဒီ ကက်စီနိုကို နာရီပိုင်းနဲ့ ငှားချင်ရင် စင်ကာပူ ဒေါ်လာ ၁၀၀၀ ကျော် ပေးရမယ် လို့ ဆိုပါတယ်။ သရဲ ကက်စီနိုရဲ့ ဗွီဒီယိုကို ကြည့်ချင်ရင် အောက်မှာ လင့်ခ် ရေးပေးလိုက် ပါတယ်။

သရဲကက်စီနို အပိုင်း(၁)

သရဲကက်စီနို အပိုင်း(၂)

သရဲကက်စီနို အပိုင်း(၃)


Image Source: http://www.pennylicious.com/2006/07/18/hell-money/

Tuesday, September 1, 2009

ယုန်မြင်လို့ ချုံထွင်ပေမယ့်

အမှန်တကယ်ကတော့ ဒီနေ့က သူတို့ကျောင်းက ကျောင်းသားဟောင်းတွေ စင်ကာပူမှာ ပြန်ဆုံတဲ့ ပျော်ပွဲစား နေ့ပါ။ သူငယ်ချင်းတွေနဲ့ ပြန်ဆုံလို့ ပျော်ရမယ့်အစား အလွန် အကြွားသန်တဲ့ ဥက္ကာ ဆိုတဲ့ ငနဲသား တစ်ကောင်ကြောင့် ကောင်မလေးတွေ အားလုံး စိတ်ပိန် နေကြပါတယ်။ ဥက္ကာဆိုတဲ့ ပုဂ္ဂိုလ်က သူမိန်းမကျမ်း ဘယ်လို ကြေတယ် ဆိုတဲ့ အကြောင်း၊ သူ့ကို ကောင်မလေးတွေ ဘယ်လို ဝိုင်းကြိုက်ကြတဲ့ အကြောင်း၊ သူ့မှာ များလွန်းလို့ အချိန်ကိုက်အောင် မနည်း လုပ်နေရတဲ့ အကြောင်း၊ တခါတလေတော့ စိတ်ညစ်လွန်းလို့ ပတ်ပြေးနေရတယ် ဆိုတဲ့ အကြောင်းတွေ အော်ကျယ်အော်ကျယ်နဲ့ ပြောပြီး ကြွား နေပါတယ်။

သူ့ကို ကြည့်ပြီး ကောင်မလေးတွေ နှာခေါင်းရှုံ့ ကြပါတယ်။ နန္ဒာဆိုတဲ့ ကောင်မလေးက သူ့ဘေးက ကြည်ပြာဆိုတဲ့ ကောင်မလေးကို ကပ်ပြီး ပြောပါတယ်။
"ဟဲ့။ အဲဒီ ဥက္ကာဆိုတဲ့သူက သူ့ပုံစံ နဖူးပြောင်ပြောင် တိုက်ဂေါကြီးနဲ့ ကောင်မလေးတွေ ဝိုင်းနေတယ် ဆိုတာ ဖြစ်နိုင်ပါ့မလား။"
"အလကား။ လျှောက်ဖောနေတာ နေမှာပါ။ တကယ် ရှုပ်တဲ့သူက လူရှေ့သူရှေ့ အဲဒီလို ပြောမလားဟဲ့။ ဒီလောက် ကောင်မလေးတွေ အများကြီးကြားမှာ။ ဂွင်ပိတ်သွားမှာပေါ့။"
"အေးလေဟာ။ ဘာပဲဖြစ်ဖြစ်။ ဟုတ်တယ်ပဲ ထားဦး။ ဒီလောက် မိန်းကလေးတွေ အများကြီး ကြားထဲမှာ အဲဒီလို ပြောတာ အမြင်ကတ်စရာ ကောင်းတယ်။"
"နေဦး။ သူပြောသလောက် တကယ် စွမ်းမစွမ်း ငါတို့ နည်းနည်း စမ်းကြည့်ကြရအောင်။"
"ဟဲ့ ကြည်ပြာ။ နင်ဘာတွေ ပေါက်ကရကြံနေပြန်ပြီလဲ။ ငါ့ကို ပြောစမ်း။"
ကြည်ပြာက နန္ဒာ့နားကို ကပ်ပြီး တိုးတိုးလေး သူ့အကြံကို ပြောတော့ နန္ဒာက သဘောကျသလို ဟက်ဟက်ပက်ပက် ရယ်ပါတယ်။

အဲဒီလိုနဲ့ သူတို့ မိတ်ဆုံစားပွဲပြီးလို့ တစ်ပတ်နှစ်ပတ်လောက် ကြာသွားပါတယ်။ တစ်နေ့မှာတော့ ကြည်ပြာနဲ့ နန္ဒာ နှစ်ယောက်သား ရှေးဟောင်းပစ္စည်း ဖြစ်တော့မယ့် အကြွေစေ့ထည့်တဲ့ ဖုန်းတစ်လုံးဘေးမှာ ခေါင်းချင်းဆိုင်ပြီး သူတို့ အကြံကို အကောင်အထည် ဖော်ဖို့ လုပ်နေပါတယ်။ ကြည်ပြာက ဥက္ကာရဲ့ ဖုန်းနံပါတ်ကို နှိပ်ပြီး ခေါ်လိုက်ပါတယ်။
"ဟဲလို"
"ဟုတ်ကဲ့။ ပြောပါ။"
"ကိုဥက္ကာလား မသိဘူး။"
"ဟုတ်ပါတယ်။ ဘယ်သူလဲ မသိဘူး။"
"အော်။ သမီးနာမည်က သန္တာပါ။ ကိုဥက္ကာတော့ သိမှာမဟုတ်ဘူး။ သမီးက ဒီနေ့မှ ရန်ကုန်က ရောက်တာလေ။ ရန်ကုန်က ကိုဥက္ကာ သူငယ်ချင်းတစ်ယောက်က ဖုန်းနံပါတ် ပေးလိုက်လို့ပါ။"
"ဟုတ်လား။ ဘယ်သူများလဲ မသိဘူး။"
"နာမည်အရင်းက ပါးစပ်ဖျားတင် မေ့နေတယ်။ ဟို အသားဖြူဖြူ ပိန်ပိန်နဲ့ အစ်မကြီးလေ။ သမီးတို့က မဂွက်လို့ ခေါ်ကြတာပဲ။"

ရန်ကုန်မြို့မှာ အသားဖြူဖြူ ပိန်ပိန်နဲ့ ကောင်မလေးတွေ အများကြီး ရှိပါတယ်။ အဲဒီလို ရမ်းပစ်လိုက်ရင် မှန်ဖို့ များပါတယ်။ ဥက္ကာဆိုတဲ့ ငနဲသားကလည်း အတည်ပေါက်နဲ့ သူတို့ဆင်ထားတဲ့ ဂွင်ထဲကို တည့်တည့်ကြီး စွပ်ဝင်လာပါတယ်။
"အော်။ သိင်္ဂီ ကို ပြောတာလား မသိဘူး။"
"ဟုတ်မယ်ထင်တယ်။ သမီးတို့နဲ့က တိုက်ရိုက်သိတာ မဟုတ်ဘူး။ကြားက သူငယ်ချင်းတစ်ယောက်ကနေ တစ်ဆင့် သိတာ။ အဲဒီ အစ်မကြီးက စလုံးမှာ သူ့သူငယ်ချင်း ဥက္ကာ ဆိုတာ ရှိတယ်။ အရမ်း သဘောကောင်းတယ်။ လိုတဲ့ အကူအညီ ရှိရင် တောင်းလိုက်ပါ ဆိုလို့။ သမီးကလည်း ဒီနေ့မှ ရောက်တာလေ။ ဆွေမျိုးသားချင်း လည်း မရှိဘူး။ အခုတည်းတဲ့ အိမ်ကလည်း စလုံးတွေ ချည်းပဲ ဆိုတော့ သူပြောတာ နားမလည် ကိုယ်ပြောတာ သူနားမလည် ဖြစ်နေလို့။"
"အော်။ အေး။ ဟုတ်လား ကူညီရမှာပေါ့။ အကို ဘာအကူအညီပေးရမလဲ ပြောလေ။"
ဥက္ကာကတော့ စားနေကြ ကြောင်ဖားကြီး အသံနဲ့ ညီမငှေးကို အကိုကြီးက ကိုယ်ဖိရင်ဖိ စောင်မကြည့်ရှုပါ့မယ် ဆိုတဲ့ လေသံမျိုး ပြောနေပါတယ်။

"အားတော့ နားတယ် အစ်ကိုရယ်။ အခု လောလောဆယ် ညီမ ပိုက်ဆံလဲဖို့လည်း ဘယ်မှာ သွားလဲ ရမလဲ မသိဘူး။ တယ်လီဖုန်း ဝယ်ချင်တာလည်း ဘယ်မှာ ဝယ်ရမလဲ မသိဘူး။ အစ်ကို အိမ်နဲ့ နီးမလား မသိဘူး။ အစ်ကို့အိမ်နဲ့ နီးရင်တော့ တစ်ချက်လောက် လိုက်ပြ ပေးပါလား။"
"ဟာ။ ညီမလေးကလည်း ဘာအားနာ စရာ ရှိလဲ။ ကိုယ့်ြမန်မာ အချင်းချင်းပဲ။ ကူညီရမှာပေါ့။"
နန္ဒာက ဘေးကနေပြီး "ဟဲ့။ ပင်နင်ဆူလာမှာ တို့မြန်မာတွေ အများကြီးရှိတယ်။ သွားကူညီလိုက်ပါလားလို့ ပြောလိုက်ပါလား။" လို့ တိုးတိုး ကပ်ပြောလိုက်တော့ သူတို့နှစ်ယောက်လုံး ဖုန်းခွက်ကို လက်နဲ့ အုပ်ပြီး အသံမထွက်အောင် ရယ်ကြပါတယ်။ ကြည်ပြာက နောက်မျက်နှာပိုးသတ်ပြီး ဆက်ပြောပါတယ်။
"ညီမ အခုနေတဲ့ နေရာက ဘူတာရုံနားပဲ။ လိပ်စာကတော့ အိမ်မှာ ကျန်ခဲ့တယ်။ ဘူတာရုံက P နဲ့ စတာပဲ။ ဘာဆိုလဲ မသိဘူး။"
အမှန်တကယ်က သူတို့ အခုရောက်နေတဲ့ နေရာက မြို့လယ်ခေါင်နားက ဘူဂစ်လို့ ခေါ်တဲ့နေရာပါ။ အဲဒါကို ဟိုဘက်က ရမ်းသမ်း ပြောပါတယ်။
"အော်။ ပွန်ဂေါလ် ဆိုတဲ့ နေရာလား။"
ကြည်ပြာကလည်း ရောကြိတ်ပါတယ်။
"ဟုတ်မယ် ထင်တယ် အစ်ကို။ အစ်ကို အိမ်နဲ့ နီးရင် ဘူတာရုံကို လာခဲ့ပါလား။ ညီမတို့ အဲဒီကနေ စောင့်နေမယ်လေ။ ဘယ်လောက် ကြာမလဲ။"
နန္ဒာ ပါးစပ်ကို အုပ်ပြီ: ခွိကနဲ ရယ်ပါတယ်။
"အား။ အစ်ကို က အနောက်ဖက်ကနေ လာရမှာ။ မိနစ် ၅၀ လောက်တော့ ကြာမယ်ထင်တယ်။"
"အဝေးကြီးလား။ အဲဒါဆိုလည်း နေပါစေ။ အားနာစရာကြီး။"
"ကိစ္စမရှိပါဘူး။ အခု ညီမတို့ကို ကူညီမယ့်သူမှ မရှိတာ။ ဘယ်လောက်ဝေးဝေး လာပြီး ကူညီရမှာပေါ့။ တစ်နာရီလောက်တော့ စောင့်ရမယ်နော်။ ဖြစ်တယ် မဟုတ်လား။"

နန္ဒာက နှာခေါင်းကို လက်နဲ့ ပွတ်ပြပြီး "အတော်မွှန်တာပဲဟ။" လို့ တိုးတိုးပြောပြီး ရယ်ပါတယ်။
"ရပါတယ် အစ်ကို။ ညီမတို့က အကူအညီ လိုတာပဲ။ စောင့်ရမှာပေါ့။"
"အေးပါ။ မကြာပါဘူး။ အစ်ကို အမြန်ဆုံးလာခဲ့မယ်။"
"အော်။ ဟုတ်ပြီ အစ်ကို။ ညီမ မတွေ့ရင် နောက်တစ်နာရီ လောက်ကြာရင် ဖုန်းထပ်ဆက်လိုက်မယ်။"
"အေးအေး။ ကောင်းပြီ။"
ဖုန်းကိုချပြီးတော့ နန္ဒာက တဟားဟားနဲ့ အော်ရယ်ပါတယ်။ နောက်ပြီးတော့
"ဟဲ့ ကြည်ပြာ။ နင်အဲဒီ ဘဲကြီးကို ကောင်းကောင်း မောင်းလွှတ်လိုက်ပြီပေါ့။"
"သူ့ကိုယ်သူ လည်တယ် ပြောပြီး ကိုယ်နဲ့လည်း မသိပဲနဲ့ ဒီလောက် ကြောင်ချင်တာ။ ခံပေ့စေပေါ့ဟာ။ နေဦး။ မပြီးသေးဘူး။ နင်စောင့်ကြည့်ဦး။"

နောက် တစ်နာရီလောက် အကြာမှာတော့ ဥက္ကာဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက် စင်ကာပူ မြောက်ဖက်ဆုံး ပွန်ဂေါလ် ဘူတာရုံမှာ ဟိုကြည့်ဒီကြည့် ဟိုရှာ ဒီရှာနဲ့ မျောက်မီးခဲ ကိုင်မိသလို ဂဏှာမငြိမ် ဖြစ်နေပါတယ်။ နန္ဒာနဲ့ကြည်ပြာ နှစ်ယောက်သားတော့ ဈေးထဲမှာ ဟိုသွားဒီသွား ဟိုဟာဝယ် ဒီဟာဝယ်နဲ့ သူတို့ ကျပ်ထားတာကိုတောင် မေ့သလို ဖြစ်နေပါပြီ။ တစ်နာရီခွဲလောက်ကြာမှ နန္ဒာက
"ဟဲ့။ ဟိုဘဲကြီး အခုလောက်ဆို ပွန်ဂေါလ်မှာ ယောင်လည်လည် ဖြစ်နေလောက်ပြီ။"
"ဟယ်။ ဟုတ်ပါရဲ့။ ငါမေ့နေတယ်။ သူ့ကို နည်းနည်း ထပ်မောင်းရဦးမယ်။"
"ဘာလုပ် ဦးမလို့လဲဟ။"
"နေပါ။ နင် အသာကြည့်နေစမ်းပါ။"

ကြည်ပြာက အကြွေစေ့ဖုန်းကို ထပ်သွားပြီး ဥက္ကာ ဖုန်းနံပါတ်ကို နောက်တစ်ခေါက် ထပ်နှိပ်ပါတယ်။
"ဟဲလို။"
"ဟဲလို။ ကိုဥက္ကာ မရောက်သေးဘူးလား။ ညီမ စောင့်နေတာ ကြာလှပြီ။"
"ဟုတ်လား။ အကို ရောက်နေပြီလေ။ ဘယ်မှာလဲ။"
"ညီမ ဘူတာရုံ အဝင်အထွက် လုပ်တဲ့ နေရာမှာလေ။"
"ဟုတ်လား။ အကိုလည်း အဲဒီမှာပဲလေ။ မတွေ့ပါလား။"
"ညီမ အဲဒီမှာ ရပ်နေတာ နာရီဝက်လောက် ရှိသွားပြီ။"
"ဟုတ်လား။ ဒါနဲ့ ညီမ အခု ရောက်နေတာ ပွန်ဂေါလ် ဘူတာရုံ ဟုတ်ပါတယ်နော်။"
"နေဦး ခဏလေး။ ဆောရီး အစ်ကိုရေ။ မှားပြီ ထင်တယ်။ ပီအေ အက်စ်အိုင်အာ အာရ်အိုင်အက်စ် ဆိုလားပဲ။ ဘူတာရုံနာမည်က။"
" ဟာ။ သွားပါပြီကွာ။ အဲဒါ ပါဆားရစ်။ စင်ကာပူ အရှေ့ဖက်ဆုံးက ဘူတာရုံပဲ။"
"အစ်ကိုရယ်။ အားနာလိုက်တာ။ ထားလိုက်ပါတော့။ ညီမ ဘာသာပဲ မေးမြန်းပြီး လုပ်လိုက်ပါတော့မယ်။ အစ်ကိုလည်း အလကား အချိန်တွေ ကုန်တယ်။"
ဥက္ကာဆိုတဲ့ ပုဂ္ဂိုလ်ကတော့ ပေါက်တဲ့နဖူး မထူး ဒီလောက် လာပြီးမှတော့ မတွေ့ရရင် မပြန်ဘူး ဆိုတဲ့ ဇွဲမျိုးနဲ့
"ရပါတယ်။ ဒီလိုလည်း ဘယ်ဟုတ်မလဲ။ မှားတတ်တာပေါ့။ ခဏလေးထပ်စောင့်။ အကို အခု တက္ကစီ ငှားပြီး လာခဲ့မယ်။"
"အားနာစရာကြီး အကိုရယ်။ ပိုက်ဆံတွေ ကုန်နေပါဦးမယ်။ ကိစ္စက ဒီလောက်လည်း အရေး မကြီးပါဘူး။"
"အားမနာနဲ့။ အစ်ကိုက ကူညီချင်လွန်းလို့။ စောင့်နေနော်။ အကို နာရီဝက်လောက် ဆိုရင် ရောက်ပြီ။"

ဖုန်းကို ပြန်ချပြီးတော့ ကောင်မလေးနှစ်ယောက် လက်ဝါးချင်း ရိုက်ကြပါတယ်။ ကြည်ပြာက "ဒီလောက် မွှန်တာ ငါတော့ မကြုံဖူးပါဘူးဟယ်။" ဆိုပြီး အားရပါးရ ရယ်နေပါတယ်။
ဥက္ကာဆိုတဲ့ သကောင့်သား တစ်ယောက်တော့ ပါဆားရစ် ဘူတာရုံကို တက္ကစီနဲ့ လစ်ပါတော့တယ်။ ဟိုရောက်တော့ ဘယ်သူ့မှလဲ မတွေ့ရ။ ဖုန်းလာမလား မျှော်ပေမယ့်လည်း ဘယ်သူ့ဆီကမှမလာ နောက် တစ်နာရီလောက်ကြာမှ သူအကျပ်ခံလိုက်ရတယ်ဆိုတာကို သဘောပေါက်ပြီး ဆဲနည်းမျိုးစုံနဲ့ ပါးစပ်က ကြိတ်ဆဲနေပါတော့တယ်။

Thursday, August 27, 2009

Auto Roaming

Auto Roaming ဆိုတာက နိုင်ငံရပ်ခြားကို သွားတဲ့ အချိန်မှာ အခုလက်ရှိ သုံးနေတဲ့ ဖုန်းကိုပဲ ဆက်သုံးပြီး အဆက်အသွယ် လုပ်လို့ရတဲ့ ဝန်ဆောင်မှု တစ်မျိုးပါ။ ဈေးတော့ အတော်ကြီးပါတယ်။ ဒါပေမယ့်လည်း အလုပ်ကိစ္စနဲ့ သွားရတဲ့ အခါမျိုးမှာတော့ ကုမ္ပဏီက ဖုန်းဘီလ် ရှင်းပေးလေ့ ရှိတဲ့ အတွက် သုံးဖြစ်ပါတယ်။

အလုပ်စဝင်ခါစ အချိန်က အခြားသူတွေလို လကုန်မှ ပိုက်ဆံပေးရတဲ့ လိုင်းဖုန်းမျိုးမသုံးဘဲ ကတ်ဒ်ဝယ်ပြီး ဖြည့်ရတဲ့ Prepaid ဖုန်းကို သုံးပါတယ်။ အဲဒီအချိန်က စင်ကာပူမှာ သုံးတဲ့ ကတ်ဒ်ဖုန်းတွေအတွက် အော်တိုရုန်းမင်း မရပါဘူး။ မလေးရှားက စက်ရုံကို တချိန်လုံး သွားနေရတာဆိုတော့ ကုမ္ပဏီကို အမြဲတမ်း ဖုန်းပြန်ဆက်ပြီး စကားပြောနေရပါတယ်။ ဘော့စ်က လိုင်းဖုန်း လျှောက်ပါ။ ဖုန်းဘီလ် ပြန်ပေးပါ့မယ် ဆိုတာတောင် ဟိုရွှေ့ ဒီရွှေ့နဲ့ မလျှောက်ဖြစ်ပါဘူး။ နောက်ဆုံးတော့ ဘော့စ်လည်း စိတ်မရှည်တာနဲ့ ကုမ္ပဏီက ဖုန်းတစ်လုံး ထုတ်ပေးထားပါတယ်။

ကျွန်တော်ကတော့ အော်တိုရုန်းမင်းဆိုတာ ဈေးကြီးမှန်းသိတော့ မလေးရှား ရောက်နေတဲ့အချိန် တော်ရုံတန်ရုံ ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ ဖုန်းပြောလေ့ မရှိပါဘူး။ ကျွန်တော့် ဖုန်းကို အမြဲခေါ်နေကျ သူတွေ ဆိုရင်တော့ စင်ကာပူမှာ ရှိသလား မရှိဘူးလား ဆိုတာကို ဖုန်းခေါ်သံ နားထောင်တာနဲ့ သိကြပါတယ်။ ဖုန်းခေါ်လိုက်ရင် မြည်တဲ့အသံက မလေးရှားမှာ ဆိုရင် တစ်မျိုးပါ။ စင်ကာပူမှာ ရှိနေတဲ့ အချိန်နဲ့ မတူပါဘူး။ သူငယ်ချင်း အတော်များများကတော့ မသိကြလို့ နိုင်ငံခြား ရောက်နေရင်လည်း မကိုင်မချင်း ခေါ်ကြတာပါပဲ။ ကုမ္ပဏီ ပိုက်ဆံနဲ့ ပြောရတာဆိုတော့ အားနာပါနားနဲ့ လိုရင်း ကိစ္စလောက်ပဲ ပြောဖြစ်ပါတယ်။ အော်တိုရုန်းမင်းနဲ့ ပြောထားသမျှ ဖုန်းနံပါတ်တွေ အားလုံးက ဖုန်းဘီလ်ထဲမှာ ပါတာဆိုတော့ ဘယ်ဟာက အလုပ်ကိစ္စ ဘယ်ဟာက ကိုယ်ရေးကိုယ်တာ ကိစ္စဆိုတာ နံပါတ်ကို ကြည့်တာနဲ့ သိသာပါတယ်။ ဒါပေမယ့်လည်း ဘော့စ်ဆီကနေ တစ်ခါမှတော့ ကွန်ပလိန်း မလာပါဘူး။ နောက်တော့မှ ဘော့စ် ဘာလို့ ကွန်ပလိန်း မတက်သလဲ ဆိုတာကို သဘောပေါက်ပါတယ်။ ကျွန်တော့်လိုပဲ ကုမ္ပဏီက ဖုန်းထုတ်ပေးထားတဲ့ ဆားဗစ်အင်ဂျင်နီယာ နောက်တစ်ယောက် ရှိပါတယ်။ သူ့ ဖုန်းဘီလ်က တစ်လကို စင်ကာပူ ဒေါ်လာ ၁၀၀၀ ကျော် တခါတလေ ၂၀၀၀ နီးပါးအထိ ကျပါတယ်။ ကိုယ်ရေးကိုယ်တာ ပြောထားတာလည်း မနည်းမနောပါပဲ။ ဒါကြောင့် သူနဲ့ ယှဥ်လိုက်ရင် ကျွန်တော့် လို တစ်နေ့ကို ၅ မိနစ် ၁၀ မိနစ်လောက် ကိုယ်ရေးကိုယ်တာ ကိစ္စ ပြောတာကိုတော့ ကုမ္ပဏီက ပျင်းတောင် ပျင်းသေးတယ် လို့ ထင်မှာပါ။

တစ်ခါတော့ ဖိလစ်ပိုင်ကို ရက်ရှည် သွားမိတာ ဖုန်းဘီလ် မဆောင်သွားမိပါဘူး။ ဖိလစ်ပိုင်ရောက်ပြီး ၁၀ ရက်လောက်နေတော့ ဖုန်းက ပြတ်သွားပါတယ်။ စင်ကာပူကို ဖုန်းဆက်ြပီး ဖုန်းဘီလ်ဆောင်ခိုင်းပေမယ့်လည်း အော်တိုရုန်းမင်းက ပြန်မပွင့်တော့ပါဘူး။ စင်ကာပူကို တစ်ပတ်လောက် ခဏပြန်ပြီး နောက်တစ်ခေါက် ပြန်လာမှပဲ အော်တိုရုန်းမင်းနဲ့ ဖုန်းကို ပြန်ပြောလို့ရပါတယ်။

အော်တိုရုန်းမင်းမှာ အထွက်ကောလ်တွေက အဝင်ကောလ်ထက် ၂ ဆ ကျော်လောက် ဈေးကြီးပါတယ်။ နည်းနည်းလေး လူရည်လည်လာတော့ အော်တိုရုန်းမင်းကို ဒီအတိုင်း မပြောတော့ဘဲ Smart Roaming သုံးပြီး ပြောပါတယ်။ စမတ် ရုန်းမင်း ဆိုတာကတော့ အထွက်ကောလ်ကို အဝင်ကောလ် ဖြစ်အောင် လုပ်ပြီး ပြောတာပါ။ ကိုယ်က ဖုန်းခေါ်စရာ မလိုပဲ ကိုယ်ခေါ်ချင်တဲ့ ဖုန်းနံပါတ်ကို မက်ဆေ့ အနေနဲ့ ပို့ရပါတယ်။ ဥပမာအားဖြင့် ကျွန်တော်သုံးနေကျ ဖုန်းလိုင်းရဲ့ စမတ်ရုန်းမင်း နံပါတ်က နိုင်ငံအတော်များများမှာ 108 ပါ။ အဲဒီတော့ ကျွန်တော်က နိုင်ငံခြားရောက်နေတဲ့အချိန် စင်ကာပူနံပါတ် 6223 8888 ကို ခေါ်ချင်တယ်ဆိုရင် ဖုန်းမှာ *108*6562238888# လို့ ရိုက်ပြီး ဖုန်းခေါ်တဲ့ ခလုပ်ကို နှိပ်လိုက်ရပါတယ်။ (အဲဒါက ကျွန်တော့်ဖုန်းနံပါတ် မဟုတ်ပါဘူး။ စင်ကာပူ လေကြောင်းလိုင်းရဲ့ ဖုန်းနံပါတ်ပါ။ :D ) အဲဒါဆိုရင် တခြားဘက်က ဖုန်းကို အလိုအလျောက် ခေါ်ပေးပြီး တခြားဖက်က ဖုန်းကိုင်တာနဲ့ ကျွန်တော့်ဖုန်းမှာ ပြန်မြည်ပါတယ်။ တခြားဖက်က ဖုန်းမကိုင်မချင်း ၂ ခါ ၃ ခါ ခေါ်ပေးတတ်ပါတယ်။ တခြားဖက်မှာတော့ "International call in progress. Please Wait" ဆိုတာမျိုးကို ဖုန်းကိုင်တာနဲ့ ကြားရတတ်ပါတယ်။ အဲဒီလို စမတ်ရုန်းမင်းနဲ့ ပြောတဲ့အတွက် ဖုန်းဘီလ်က တစ်ဝက်လောက် သက်သာပါတယ်။

နိုင်ငံရပ်ခြားကို ရက်ရှည်လများ သွားမယ့်သူတွေ အတွက်တော့ ပိုပြီးတော့ သက်သာတဲ့ နည်းရှိပါတယ်။ VOIP လို့ခေါ်တဲ့ အင်တာနက်ဖုန်း ဝန်ဆောင်မှုပါ။ ဥပမာအားဖြင့် မလေးရှားကို ရက်ရှည်သွားမယ်ဆိုရင် မလေးရှား ရောက်တာနဲ့ မလေးရှားက ဆင်းမ် (SIM) ကတ်ဒ်တစ်ခု ဝယ်ပြီး VOIP ဝက်ဘ်ဆိုဒ်မှာ အဲဒီဖုန်းနံပါတ်ကို လက်ရှိဖုန်းနံပါတ် အဖြစ် ရိုက်ထည့်ပေးထားရပါတယ်။ ကိုယ့်ဖုန်းကိုတော့ VOIP ဝက်ဘ်ဆိုဒ် ကို Divert လုပ်ထားပေး ရပါတယ်။ အဲဒါဆိုရင် ကိုယ့်ဆီကို လာသမျှ အဝင်ကောလ်အားလုံးကို အဲဒီနံပါတ်ကနေ တဆင့် ခေါ်ပေးတဲ့အတွက် IDD အတွက်ပဲ ပေးရပါတယ်။ ရုန်းမင်း အတွက် ပေးစရာ မလိုပါဘူး။ ဖုန်းခက အများကြီး သက်သာပါတယ်။

ရုန်းမင်းနဲ့ ပတ်သက်ပြီး မှတ်မှတ်ရရ မြိန်နေအောင် တစ်ခါ ခံခဲ့ရဖူးပါတယ်။ အဲဒီတုန်းက ပိုလန်မှာပါ။ ကျွန်တော် ရောက်နေတဲ့ အချိန် ပိုလန်က ဂျီအက်စ်အမ် ကွန်ယက်က ဘာဖြစ်နေသလဲတော့ မသိပါဘူး။ အဝင်ကောလ်တွေ အားလုံး ဝင်ပြီးတာနဲ့ ပြတ်သွားပါတယ်။ နံပါတ်ပဲ မြင်ရပါတယ်။ စမတ်ရုန်းမင်းလည်း မရပါဘူး။ အဲဒါနဲ့ ဝင်သမျှ အရေးကြီးမယ်ထင်တဲ့ ဖုန်းတွေ အားလုံး ပြန်ခေါ်ရပါတယ်။ ကိစ္စရှိတာနဲ့ ရန်ကုန်ကိုလည်း ခေါ်ဖြစ်ပါတယ်။ ရန်ကုန် ကို ခေါ်သမျှ တစ်မိနစ်ကို ၄.၅ ဒေါ်လာနှုန်းနဲ့ ရှင်းရပြီး စင်ကာပူကို ခေါ်သမျှ တစ်မိနစ် ၃ ဒေါ်လာနီးပါး ရှင်းရပါတယ်။ ဖုန်းဘီလ်ထွက်လာတော့ တစ်ပတ်တည်းနဲ့ ဒေါ်လာ ၄၀၀ ကျော် ထိသွားပါတယ်။ စင်ကာပူကောလ်တွေ အတွက် ရုံးက ပြန်တောင်းလို့ ရလို့ တော်ပါသေးတယ်။

ကျွန်တော်တို့ ဩစတေးလျ ရောက်နေတဲ့ အချိန်တုန်းကတော့ အဖွဲ့ခေါင်းဆောင်က သတိပေးပါတယ်။ ရုန်းမင်း ဖွင့်ထားတဲ့သူတွေ မက်ဆေ့ မပို့ဘဲ ကိစ္စရှိရင် အချင်းချင်း ဖုန်းခေါ်ကြဖို့ပါ။ စင်ကာပူက လူတွေ တချိန်လုံး မက်ဆေ့ပို့တတ်တဲ့ အကျင့်ကို သိထားလို့လည်း ပါပါတယ်။ မက်ဆေ့ပို့တတ်တဲ့သူတွေ အတွက်တော့ ရုန်းမင်း သုံးတဲ့အချိန် သတိထားဖို့ လိုပါတယ်။ ရုန်းမင်းမှာ ဘယ်နိုင်ငံပဲ ဖြစ်ြဖစ် မက်ဆေ့အတွက် နှုန်းတစ်ခုတည်း ရှိပါတယ်။ တစ်ခုကို ၆၀ ဆင့် ထင်ပါတယ်။ အဲဒီတော့ ကိစ္စ ရှိရင် မက်ဆေ့ အပြန်အလှန် ပို့မယ့် အစား ဖုန်းခေါ်လိုက်တာက ပိုပြီး သက်သာပါတယ်။

တစ်ခါကတော့ ကုမ္ပဏီမှာ ပရော့ဂျက်တွေ အရမ်းများနေတဲ့ အချိန် ရန်ကုန်ပြန်တော့ မေးစရာ ရှိရင် လှမ်းမေးလို့ရအောင် ရန်ကုန်မှာ သုံးမယ့် ဖုန်းနံပါတ် ကုမ္ပဏီကို ပေးထားခဲ့ပါတယ်။ ကုမ္ပဏီကတော့ မြန်မာပြည်မှာ ရုန်းမင်း သုံးမရဘူး ဆိုလို့ တအံ့တဩ ဖြစ်နေပါတယ်။ မြန်မာပြည်မှာ ရုန်းမင်းက သုံးမရတာ မဟုတ်ပါဘူး။ သုံးချင်ရင် သုံးလို့ရတဲ့နည်းရှိပါတယ်။ ကိုယ့်ကို ဝန်ဆောင်မှုပေးတဲ့ ဖုန်းကုမ္ပဏီကနေ ဂြိုဟ်တုဖုန်း ငှားသွားလို့ ရပါတယ်။ အဲဒါဆိုရင် အခုလက်ရှိ သုံးနေတဲ့ ဖုန်းနံပါတ်နဲ့ ရန်ကုန်မှာ ဆက်သုံးလို့ရပါတယ်။ ဖုန်းငှားခကတော့ မသက်သာပါဘူး။ တစ်ပတ်ကို စင်ကာပူ ဒေါ်လာ ၂၀ ကျော် ပေးရပါတယ်။ ရန်ကုန်မှာ ပြောတဲ့အချိန် အဝင်ကောလ်အတွက် တစ်မိနစ်ကို ယူအက်စ်ဒေါ်လာ ၆၀ ဆင့် အထွက်ကောလ်အတွက် တစ်မိနစ်ကို ယူအက်စ်ဒေါ်လာ ၁ဒေါ်လာနဲ့ ၈၀ ဆင့် လောက် ကျပါတယ်။ ကျွန်တော်သုံးတဲ့ ဖုန်းကုမ္ပဏီက အင်တာနက်စာမျက်နှာမှာတော့ အလွန်ဝေးလံခေါင်ဖျားတဲ့ မြန်မာတို့ သီရိလင်္ကာတို့လို နိုင်ငံမျိုးကို သွားမယ်ဆိုရင် ဂြိုဟ်တုဖုန်း ငှားလို့ရတယ်လို့ ရေးထားပါတယ်။ လေယာဉ်ပျံနဲ့သွားရင် ၃ နာရီ မကြာတဲ့ မြန်မာပြည်က ဘယ့်နှယ့်ကြောင့် ဝေးလံခေါင်ဖျားတဲ့နေရာ (Remote Location) ဖြစ်နေရသလဲတော့ မသိပါဘူး။

ရုန်းမင်း သုံးမရတဲ့ နောက်တစ်နိုင်ငံကတော့ ဂျပန်ပါ။ ကျွန်တော် တိုကျို နာရီတာမှာ ထရန်စစ် ဝင်တဲ့အချိန်တိုင်း ဖုန်းခေါ်ဖို့ အကြိမ်ကြိမ် ကြိုးစားကြည့် ဖူးပါတယ်။ တစ်ခါမှ မရဖူး ပါဘူး။ နောက်မှ သိရတာက ဂျပန်မှာ သုံးတဲ့ စနစ်က ဂျီအက်စ်အမ် စနစ် မဟုတ်လို့ ဆိုတာ သိရပါတယ်။ ပိုဆိုးတာက ဟင်းန်ဖုန်း မသုံးဘဲ အများသုံးဖုန်းကို သုံးဖို့ ကြိုးစားတော့လည်း ဂျပန် အများသုံးဖုန်းများက စင်ကာပူ ခရက်ဒစ်ကတ်ဒ်ကို လက်မခံပါဘူး။ :D

နည်းပညာ အနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဖုန်းတစ်လုံးကို နိုင်ငံရပ်ခြားမှာ ပါဝါ ဖွင့်လိုက်မယ်ဆိုရင် ကိုယ့်ရဲ့ ဆင်းမ်ကတ်ဒ် နံပါတ်က အဲဒီနိုင်ငံမှာ ရှိတဲ့ ကွန်ယက်ကို ဆက်သွယ်ပါတယ်။ ဆင်းမ်ကတ်ဒ်နံပါတ် ကနေတဆင့် အဲဒီဖုန်းဟာ ဘယ်နိုင်ငံမှာ မှတ်ပုံတင်ထားသလဲ ဆိုတာကို အဲဒီနိုင်ငံရဲ့ ကွန်ယက်က သိပါတယ်။ အဲဒီတော့ မှတ်ပုံတင်ထားတဲ့ နိုင်ငံကို ဆက်သွယ်ပြီး ဒီဖုန်းဟာ ရုန်းမင်းဖွင့်ထားတာ ဟုတ်မဟုတ် အလိုအလျောက် စစ်ကြည့်ပါတယ်။ ရုန်းမင်းဖွင့် ထားတာ ဟုတ်တယ်ဆိုရင် ဖုန်းကွန်ယက်က လိုင်းကို ဖွင့်ပေးပါတယ်။

မှတ်မှတ်ရရ ရန်ကုန်မှာ အော်တိုရုန်းမင်း တစ်ခါပွင့် ဖူးပါတယ်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက် ကြုံလိုက်ရပါတယ်။ ရန်ကုန်မှာ ဗုဒ္ဓဘာသာ ညီလာခံ ရှိနေတဲ့ အချိန်ပါ။ မင်္ဂလာဒုံ လေဆိပ် ရောက်လို့ ဖုန်းဖွင့်လိုက်တာနဲ့ မလေးရှားမှ ကြိုဆိုပါတယ် ဆိုပြီး မက်ဆေ့ ဝင်တယ်လို့ ဆိုပါတယ်။ မလေးရှား ဖုန်းကုမ္ပဏီ တစ်ခုက ဝန်ဆောင်မှု ပေးတာကြောင့် ဖြစ်နိုင်ပါတယ်။ စင်ကာပူက ဖုန်းကို သုံးပြီး ဈေးသက်သက်သာသာနဲ့ ပြောခွင့်ရလိုက်တယ်လို့ သူက ပြောပါတယ်။ အကြောင်းမသိတော့ နောက်တစ်လ ရန်ကုန်ပြန်သွားတဲ့ သူငယ်ချင်းက ထပ်ပြီ: စမ်းကြည့်ပေမယ့် အဲဒီတစ်ခါတော့ ရုန်းမင်း မရတော့ ပါဘူး။ ကျွန်တော်တို့ ပြည်မြန်မာလည်း ဘယ်သောအခါမှ နိုင်ငံတကာ အဆင့်မီ ရုန်းမင်း သုံးလို့ရတဲ့ နိုင်ငံဖြစ်မလဲ ဆိုတာကို တွေးကြည့်မိပါတယ်။ ဖြစ်နိုင်တာကတော့ အိုင်ဒီဒီ နှုန်းတွေ ကမ္ဘာ့ အဆင့်မီ ဖြစ်တဲ့အချိန် ဆင်းမ်ကတ်ဒ်တန်ဖိုးတွေ ကမ္ဘာ့ အဆင့်မီ ဖြစ်တဲ့အချိန် ရောက်ရင်တော့ မြန်မာပြည်လည်း အော်တိုရုန်းမင်း သုံးလို့ ရလာမှာပါ။

Thursday, August 20, 2009

ရောင်းကုန်တွေ ပုံစံကွဲရတဲ့ အကြောင်းရင်း

ကုန်ပစ္စည်းတွေရဲ့ ဒီဇိုင်းတွေဟာ ဘာဖြစ်လို့ တစ်ခုနဲ့ တစ်ခု မတူဘဲ သီးသန့် ပုံသဏ္ဌန်တွေ ဖြစ်နေကြရတာလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းတဲ့ မေးခွန်းတစ်ခုပါ။ CD နဲ့ DVD တွေ အရွယ်အစားချင်း တူရဲ့သားနဲ့ ဘာလို့ CD တွေရဲ့ ဘူးခွံကသေးပြီး DVD တွေ ရဲ့ ဘူးခွံက ကြီးနေရတာလဲ။ အမျိုးသားတွေ ဝတ်တဲ့ ဝတ်စုံတွေမှာ ညာဖက်က ကြယ်သီးတပ်တဲ့ ပုံစံ ဖြစ်နေပေမယ့် ဘာဖြစ်လို့ အမျိုးသမီးတွေ ဝတ်တဲ့ ဝတ်စုံတွေမှာ ဘယ်ဖက်က ကြယ်သီးတပ်တဲ့ ပုံစံ ဖြစ်နေတာလဲ။ ဘာဖြစ်လို့ နွားနို့ဗူးတွေက လေးထောင့်တွေ ဖြစ်ပြီး ကိုကာကိုလာ ဆဲဗင်းအပ်စတဲ့ အအေးဗူးတွေက အဝိုင်းတွေ ဖြစ်နေ ရတာလဲ။ ရေခဲသေတ္တာ အတော်များများရဲ့ အောက်အကန့် အအေးခန်းမှာ မီးလုံးပါပေမယ့် ဘာလို့ အထက်အကန့် ရေခဲခန်းမှာ မီးလုံး မပါရတာလဲ။

အဲဒီမေးခွန်းတွေ အားလုံးရဲ့ အဖြေက ဘောဂဗေဒ ရဲ့ အခြေခံ သဘောတရား တစ်ခု ဖြစ်တဲ့ သုံးငွေနဲ့ အကျိုးအမြတ် သဘောတရား (Cost-Benefit Principle) မှာ ရှိပါတယ်။ လူတွေဟာ ငွေ အပို သုံးလိုက် ရတဲ့အတွက် ပိုရလာတဲ့ အကျိုးအမြတ်ဟာ အပိုသုံးလိုက်ရတဲ့ ငွေကြေးထက်များမှသာ အလုပ်တစ်ခုကို လုပ်လိမ့်မယ် လို့ အဲဒီ သဘောတရားက ဆိုထားပါတယ်။ ဥပမာ အားဖြင့် လူတစ်ယောက်ဟာ စာအုပ် တစ်အုပ်ကို အိမ်အနီးအနားက ဆိုင်မှာ ၃ ဒေါ်လာနဲ့ ဝယ်လို့ ရပြီး အနည်းငယ် လှမ်းတဲ့ နေရာက ကုန်တိုက်တစ်ခု မှာ ၂ ဒေါ်လာနဲ့ ဝယ်လို့ ရနေတယ် ဆိုရင် ဘယ်နေရာမှာ ဝယ်သင့်သလဲ ဆိုတာကို တွေးပါလိမ့်မယ်။ ကုန်တိုက်ကို သွားဖို့အတွက် အသွားအပြန် ဘတ်စ်ကားခက ၁ ဒေါ်လာခွဲ ကျမယ် ဆိုရင် စာအုပ်တစ်အုပ်တည်း ဝယ်ဖို့ အတွက်တော့ ကုန်တိုက်ကို ကားခ အကုန်ခံ သွားမှာ မဟုတ်ပါဘူး။ အိမ်အနီးအနားက ဆိုင်မှာပဲ ၃ ဒေါ်လာပေးပြီး ဝယ်ကြမှာပါ။ အဲဒါက သုံးငွေနဲ့ အကျိုးအမြတ် သဘောတရားရဲ့ အခြေခံ ပါပဲ။ လူသုံးကုန် ပစ္စည်းတွေရဲ့ ဒီဇိုင်းတွေ ကွဲပြားခြားနား နေရတဲ့ အကြောင်းရင်းကလည်း အဲဒီလို သုံးငွေနဲ့ အကျိုးအမြတ် သဘောတရားပေါ်မူတည်နေပါတယ်။

ပထမဆုံး အနေနဲ့ ရေခဲသေတ္တာကို ဥပမာ အနေနဲ့ ကြည့်ပါ။ ရေခဲသေတ္တာရဲ့ တံခါးကို ဆွဲဖွင့်လိုက်ရင် မီးလုံးလင်းလာတာကို ရေခဲသေတ္တာ အများစုမှာ တွေ့ရပါ လိမ့်မယ်။ ရေခဲသေတ္တာ အတော်များများရဲ့ အောက်က အအေးကန့်မှာ မီးလုံးပါ ပေမယ့် အပေါ်က ရေခဲတဲ့ အကန့်မှာ မီးလုံး မပါကြတာ များပါတယ်။ ရေခဲသေတ္တာကို ဖွင့်လိုက်ရင် မီးလုံးလင်းလာဖို့ အတွက် အပေါ်ကန့်မှာပဲ တပ်တပ် အောက်အကန့်မှာပဲ တပ်တပ် မီးလုံးကို တပ်ဆင်ရတဲ့ ကုန်ကျစရိတ်ဟာ အတူတူ ပါပဲ။ ဒါဆိုရင် ဘာလို့ အအေးကန့်မှာ မီးလုံးတပ်ြပီး ရေခဲတဲ့ အကန့်မှာ မီးလုံး မတပ်ကြတာလဲ။

ရေခဲသေတ္တာထဲမှာ မီးလုံးတပ်ထားတဲ့ အတွက် ရရှိတဲ့ အကျိုး အမြတ်ကတော့ ပစ္စည်းရှာရတဲ့ နေရာမှာ ပိုပြီး လွယ်ကူစေပါတယ်။ ဒါပေမယ့် လူအများစုက အအေးကန့်ကို ပိုပြီး အသုံးများကြတဲ့ အတွက် အောက်အကန့်မှာ မီးလုံးတပ်တာက သုံးစွဲတဲ့သူကို ပိုပြီး အကျိုးများစေ ပါတယ်။ အပေါ်က ရေခဲတဲ့ အကန့်မှာပါ မီးလုံးတပ်မယ်ဆိုရင်တော့ ရေခဲသေတ္တာကို ထုတ်လုပ်ရတဲ့ ကုန်ကျစရိတ်က ပိုများသွားပါ လိမ့်မယ်။ သုံးစွဲသူတွေ ဖက်က အပေါ်ကန့်မှာ မီးလုံးတပ် ထားလို့ ရေခဲသေတ္တာကို ဈေးကြီးကြီး ပေးဝယ်ဖို့ လက်မတွန့်ကြဘူး ဆိုရင်တော့ အပေါ်အကန့်မှာလည်း မီးလုံးတပ် ကြမှာပါ။ ဒါပေမယ့် သုံးစွဲသူ အများစုက အပေါ်ကန့်မှာ မီးလုံးရှိရုံ တစ်ခုတည်းနဲ့တော့ ရေခဲသေတ္တာကို ဈေးအပို ပေးဝယ်ကြမှာ မဟုတ်တဲ့အတွက် ထုတ်လုပ်သူ သုံးစွဲသူ နှစ်ဦးနှစ်ဖက် စလုံး အတွက် အကျိုးအမြတ်ရှိအောင် အပေါ်အကန့်မှာ မီးလုံး မတပ်ကြတာ လို့ ယူဆလို့ ရပါတယ်။

နောက်တစ်ခု နှိုင်းယှဉ် ကြည့်စရာ ရှိတာက ခရီးဆောင် ကွန်ပြူတာတွေနဲ့ တီဗွီ ရေခဲသေတ္တာ အစရှိတဲ့ အခြား အိမ်သုံး လျှပ်စစ် ပစ္စည်းတွေပါ။ လက်ပ်တော့ပ် အများစုမှာ ၁၁၀ ဗို့ နဲ့ ၂၂၀ ဗို့ ဓာတ်အား ၂ မျိုး စလုံးကို သုံးလို့ ရပေမယ့် တီဗွီ ရေခဲသေတ္တာစတဲ့ အိမ်သုံးလျှပ်စစ် ပစ္စည်း အများစု မှာတော့ နိုင်ငံအလိုက် ၁၁၀ ဗို့ ဒါမှမဟုတ် ၂၂၀ ဗို့ ဗို့အား တစ်ခုတည်းကို ပဲ သုံးလို့ ရပါတယ်။ လက်တော့ပ်ဆိုတာက အသုံးပြုသူတွေက သွားလေရာ နေရာကို သယ်သွားတတ်တဲ့ ပစ္စည်းပါ။ အဲဒီအတွက် ၂၂၀ ဗို့ တစ်မျိုးတည်းပဲ သုံးလို့ ရမယ် ဆိုရင် ဂျပန်တို့ ယူအက်စ်တို့ စတဲ့ နိုင်ငံတွေကို သယ်သွားရင် ဓာတ်အား အပြောင်းအလဲ ကြောင့် သုံးဖို့ အဆင်မပြေ ဖြစ်ပါလိမ့်မယ်။ အဲဒီနိုင်ငံတွေမှာ သုံးချင်ရင် ၂၂၀ ဗို့ကနေ ၁၁၀ ဗို့ ပြောင်းဖို့ ထရန်စဖော်မာ လိုပါလိမ့်မယ်။ အဲဒါကြောင့် သုံးစွဲသူတွေ အနေနဲ့ ထရန်စဖော်မာ ပါပြီးသား ဗို့အား နှစ်မျိုးစလုံး သုံးလို့ ရတဲ့ လက်ပ်တော့ပ်ကို ဈေးနည်းနည်း အပိုပေးပြီး ဝယ်ဖို့ လက်နှေးမှာ မဟုတ်ပါဘူး။ ထုတ်လုပ်သူဖက်ကလည်း ထရန်စဖော်မာ ပါတာနဲ့ မပါတာ နှစ်မျိုးကို ထုတ်တာထက် စာရင် တစ်မျိုးတည်းကို ထုတ်လုပ်ရတာက ပိုပြီး ဈေးသက်သာ ပါတယ်။ ရေခဲသေတ္တာလိုမျိုး တီဗွီလိုမျိုး ပစ္စည်းမျိုးတွေ ကိုတော့ သုံးစွဲသူက သွားလေရာ ကို လျှောက်ပြီး သယ်သွားမှာ မဟုတ်ဘဲ အိမ်မှာပဲ ထားပြီး သုံးကြမှာပါ။ အဲဒီအတွက် ထရန်စဖော်မာ ပါပြီးသား ရေခဲသေတ္တာနဲ့ ထရန်စဖော်မာ မပါတဲ့ ရေခဲသေတ္တာနဲ့ ဈေးချင်း ကွာနေတယ် ဆိုရင် သုံးစွဲသူ အများစုက ဈေးသက်သာတဲ့ ထရန်စဖော်မာ မပါတဲ့ ရေခဲသေတ္တာကိုပဲ ရွေးဝယ်ကြမှာပါ။ အဲဒါကြောင့် ရေခဲသေတ္တာလို တီဗွီလို ပစ္စည်းမျိုးမှာ ထရန်စဖော်မှာ မပါပဲ လက်တော့ပ်တွေမှာတော့ ထရန်စဖော်မာ ပါပြီးသား ဖြစ်နေတယ် လို့ ယူဆ နိုင်ပါတယ်။

နွားနို့ဗူးနဲ့ အအေးဗူး ကိစ္စက နည်းနည်း ပိုပြီး စိတ်ဝင်စားစရာ ကောင်းပါတယ်။ စတိုးဆိုင်တွေမှာ ကြည့်မယ်ဆိုရင် နွားနို့ထည့်တဲ့ ဗူး အများစုဟာ လေးထောင့်ပုံ ဖြစ်နေတာ တွေ့ရပေမယ့် ကိုကာကိုလာလို ဆဲဗင်းအပ်လို အအေးဗူးတွေမှာတော့ အဝိုင်းပုံ ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ လူအများစုက အအေးဗူးတွေကို လက်ကနေကိုင်ပြီး မော့သောက်ကြတာ များပါတယ်။ အဲဒီအတွက် အဝိုင်းပုံ ဖြစ်နေရင် လက်ထဲမှာ ကိုင်ရတာ ပိုပြီး လွယ်ကူစေပါတယ်။ နွားနို့ကိုတော့ လက်ကကိုင်မသောက်ပဲ ခွက်ထဲ ထည့်သောက်ကြတာ ပိုများပါတယ်။ အဲဒီတော့ လေးထောင့်ပုံ ဖြစ်နေရင်လည်း ကိစ္စ မရှိပါဘူး။ ဗူးတစ်ဗူးရဲ့ ပုံစံဟာ လေးထောင့်ဖြစ်နေမယ်ဆိုရင် စင်ပေါ်မှာရှိတဲ့ နေရာကို အပြည့်အဝ အသုံးချ နိုင်ပါတယ်။ အဝိုင်းဖြစ်နေမယ် ဆိုရင်တော့ ဘေးနားက နေရာတွေက အလဟသ ဖြစ်သွားမှာပါ။



ဒါပေမယ့် စတိုးဆိုင်တွေမှာ အအေးဗူးတွေကို ရိုးရိုးစင်မှာပဲ တင်ထားလို့ ရတဲ့အတွက် ဆိုင်မှာရောင်းတဲ့အချိန်မှာ ပိုက်ဆံ အပိုမကုန်ပါဘူး။ နွားနို့ဗူးတွေ ကိုတော့ အအေးပေးတဲ့ စင်နဲ့ တင်ထားရပါတယ်။ အဲဒီအတွက် ဆိုင်မှာတင်ရောင်းဖို့ ကုန်ကျငွေ (Operating Cost) ရှိပါတယ်။ အအေးပေးမထားရတဲ့ စင်မှာ သိပ်ပြီး ပြသနာ မရှိပေမယ့် အအေး ပေးထားရတဲ့ စင်မှာတော့ စင်နေရာ အလဟသ မဖြစ်ဖို့က အရေးကြီးပါတယ်။ အဲဒါကြောင့် အအေးပေးထားရတဲ့ စင်ပေါ်မှာ ထားရတဲ့ နွားနို့ဗူးတွေကို လေးထောင့် ပုံသဏ္ဌန် လုပ်ထားတာလို့ ယူဆလို့ ရပါတယ်။

အအေးဗူးနဲ့ ပတ်သက်ပြီး နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတာက အအေးဗူးတွေရဲ့ ပုံသဏ္ဌန်ပါ။ ကမ္ဘာပေါ်မှာ အခုလက်ရှိ ရောင်းနေကြတဲ့ အအေးဗူး အများစုမှာ အကျယ်အဝန်းထက် အရှည်က ၂ ဆလောက် ပိုရှည်ပါတယ်။ ပုံမှန် အားဖြင့် ၁၂ စင်တီမီတာ လောက်ရှည်ပြီး ၆.၅ စင်တီမီတာလောက် အကျယ်အဝန်း ရှိပါတယ်။ အကယ်၍ အဲဒီ အအေးဗူးကို ၇.၈ စင်တီမီတာ အရှည် ၇.၆ စင်တီမီတာ အကျယ်အဝန်းနဲ့ ထုတ်လုပ်မယ်ဆိုရင် အခုလက်ရှိ ထည့်သွင်းထားနိုင်တဲ့ အအေးပမာဏကို ထည့်သွင်းထား နိုင်မှာပါ။ ဒါပေမယ့် အအေးဗူးကို ထုတ်လုပ်တဲ့ နေရာမှာတော့ အလူမီနီယံ ၃၀ ရာခိုင်နှုန်းလောက် ပိုပြီး သက်သာအောင် ထုတ်နိုင်ပါလိမ့်မယ်။ ဒါဆိုရင် ဘာဖြစ်လို့ အအေးဗူး ထုတ်တဲ့သူတွေက အဲဒီလို မထုတ်လုပ်ကြတာလဲ။


အဖြေကတော့ လူအများစုဟာ တုတ်တစ်ချောင်းကို လှဲထားတာနဲ့ ယှဥ်ရင် ထောင်ထားတာက ပိုရှည်တယ်လို့ ထင်တတ် ကြပါတယ်။ အဲဒါကို Vertical Illusion လို့ ခေါ်ပါတယ်။ အောက်က ပုံမှာ ကြည့်ပါ။ အလျားလိုက်နဲ့ ဒေါင်လိုက် တုတ်ချောင်းနှစ်ချောင်းရဲ့ အရှည်ဟာ အတူတူ ပါပဲ။ ဒါပေမယ့် ဒေါင်လိုက်ထောင်ထားတဲ့ တုတ်ချောင်းက ပိုရှည်တယ်လို့ ထင်ရပါတယ်။

အအေးဗူး ထုတ်လုပ်တဲ့သူ တစ်ယောက်က အလူမီနီယံကို အကုန်အကျ နည်းအောင် အအေးဗူးကို (၇.၈ x ၇.၆) စင်တီမီတာ အရွယ်အစား အတိုင်း ထုတ်လုပ်လိုက်မယ်ဆိုရင် သူ့ရဲ့ ပြိုင်ဖက် (၆.၅ x ၁၂) စင်တီမီတာ အရွယ်နဲ့ ထုတ်လုပ်တဲ့သူရဲ့ အအေးဗူးနဲ့ နှိုင်းယှဥ်ရင် ဈေးကွက်မှာ မျက်နှာပန်း လှမှာ မဟုတ်ပါဘူး။ စားသုံးသူတွေက ပိုရှည်တဲ့ အအေးဗူးမှာ အအေးပိုပါမယ်လို့ ယူဆကြပါလိမ့်မယ်။ အဲဒီအတွက် အလူမီနီယံ ပိုကုန် ပေမယ့်လည်း (၆.၅ x ၁၂) အရွယ်အစားနဲ့ပဲ ဆက်ပြီး ထုတ်လုပ်ကြတာလို့ ယူဆလို့ရပါတယ်။

CD နဲ့ DVD တွေရဲ့ အရွယ်အစားကတော့ သမိုင်းကြောင်းနဲ့ ဆက်စပ်နေပါတယ်။ စီဒီတွေကို ထုတ်လုပ်တဲ့ အချိန်မှာ စီဒီအရောင်းဆိုင်တွေမှာ လက်ရှိ ရှိနေတာက ဓာတ်ပြားချပ်တွေပါ။ အဲဒီအတွက် ဓာတ်ြပား တင်တဲ့စင်မှာ အလယ်ခေါင်က အကန့်တစ်ခု ထည့်ရင် စီဒီနှစ်ချပ်ကို အဲဒီစင်ပေါ်မှာ တင်လို့ ရပါတယ်။ ဓာတ်ပြားချပ်ကနေ စီဒီကို အပြောင်းအလဲမှာ အရောင်းဆိုင်တွေ အနေနဲ့ ရှိပြီးသားစင်ကို အစားထိုး စရာ မလိုပါဘူး။ ဒါပေမယ့်လည်း DVD တွေကတော့ ဗီဒီယို တိပ်ခွေတွေကို အစားထိုးတာပါ။ အဲဒီအတွက်ကြောင့် ရောင်းချတဲ့ ဆိုင်တွေ အနေနဲ့ ပိုက်ဆံ အကုန်ခံပြီး လက်ရှိ ရှိနေပြီးသားစင်တွေကို အစားထိုးစရာ မလိုအောင် DVD ဘူးခွံတွေရဲ့ အရွယ်အစားကို ဗွီဒီယို တိပ်ခွေတွေရဲ့ အရွယ်အစား အတိုင်း ဖြစ်အောင် လုပ်ထားတာ လို့ သိရပါတယ်။

အမျိုးသမီးတွေရဲ့ ဝတ်စုံတွေမှာ ဘယ်ဖက်က စပြီး ကြယ်သီး တပ်ရတဲ့ ဒီဇိုင်း လုပ်ထားရတာလည်း သမိုင်းကြောင်းနဲ့ ဆက်စပ်နေပါတယ်။ ရှေးခေတ်တွေတုန်းက အမျိုးသားတွေက အင်္ကျီကို ကိုယ့်ဘာသာကိုယ် ဝတ်လေ့ ရှိကြပြီး အမျိုးသမီးတွေ အတွက် ကတော့ အစေခံတွေက ဝတ်ဆင်ပေးကြတာ များပါတယ်။ ကိုယ့်ဘာသာကိုယ် အင်္ကျီ ဝတ်မယ်ဆိုရင် ညာဖက်က ကြယ်သီး တပ်ရတာ အဆင်ပြေပေမယ့် အစေခံတွေက ဝတ်ပေးမယ် ဆိုရင်တော့ ဘယ်ဖက်က ကြယ်သီး တပ်ရတာက ပိုပြီး အဆင်ပြေပါတယ်။ အခုခေတ်မှာတော့ အမျိုးသမီးတွေ ဝတ်စုံကို ကိုယ်တိုင် ဝတ်နေကြပါပြီ။ ဒါပေမယ့်လည်း အင်္ကျီ ထုတ်လုပ်တဲ့သူ တစ်ယောက်က သူထုတ်လုပ်တဲ့ အမျိုးသမီး ဝတ်စုံကို ညာဖက်က ကြယ်သီးတပ်တဲ့ ဝတ်စုံ အဖြစ် ပြောင်းပြီး ထုတ်လုပ်မယ် ဆိုရင် သူ့အနေနဲ့ စွန့်စား ထုတ်လုပ်ရပါလိမ့်မယ်။ ဘယ်ဖက်က ကြယ်သီးတပ်တာကို အသားကျနေတဲ့ အမျိုးသမီးတွေက သူထုတ်လုပ်တဲ့ ဝတ်စုံကို ဝယ်ဖို့ စဥ်းစားကြပါလိမ့်မယ်။ အဲဒါကြောင့်လည်း အခုထက်ထိ အမျိုးသမီး ဝတ်စုံတွေကို ဘယ်ဖက်က ကြယ်သီးတပ်တဲ့ ဝတ်စုံတွေ အနေနဲ့ပဲ ထုတ်လုပ် ရောင်းချ နေကြတာလို့ စဉ်းစားကြည့်နိုင် ပါတယ်။

Ref: The Economic Naturalist; Why Economics explains almost everything by Robert H Frank

(Image source for Vertical Illusions: henryflynt.org)