Search This Blog

Thursday, July 23, 2015

စိတ်တွန်းခြင်း

ဟင်းကောင်းလေးများ စားရရင် မိတ်ဆွေကောင်းကို သတိရ တတ်တယ် ဆိုပါတယ်။ ကျွန်တော်လည်း ကိုယ်ဖတ်ခဲ့တဲ့ အထဲက စာကောင်းပေကောင်းလေးများတွေ့ရင် ကိုယ်ကြားခဲ့တဲ့ အထဲက စွဲလောက်စရာ ကလေးများတွေ့ရင် ဘလော့ခ်ကို အစဉ်တစိုက် အားပေးလာခဲ့တဲ့ ပိတ်သတ်ကြီးကို သတိရပါတယ်။

မနေ့က ကျွန်တော်တို့ စီးပွားရေး တက္ကသိုလ် အမ်ဘီအေ တန်းမှာ ထုံးစံ အတိုင်း ဟောပြောပွဲကလေး တစ်ခု လုပ်ပါတယ်။ ကျွန်တော်တို့ ဆီမှာ လာလုပ်တဲ့ ဟောပြောပွဲ အတော်များများမှာ ယူတတ်ရင် တစ်ခုခုတော့ ရတတ်တာ ချည်းပါပဲ။ ဟောပြောပွဲက ၆ နာရီ စတာပေမယ့်လည်း မဟာရန်ကုန်မြို့ရဲ့ အလွန်သွားရ လာရ လွယ်ကူတဲ့ လမ်းမှာ မီးပွိုင့်မိလိုက် နည်းနည်း ရွေ့လိုက် ပြန်မိလိုက်နဲ့ သံသရာလည်နေတာနဲ့ တစ်ဝက်တစ်ပျက်ပဲ မှီလိုက်ပါတယ်။ ဒါပေမယ့် တစ်ပိုင်းတစ်စ မှီလိုက်သမျှက အနှစ်တွေ ချည်းပဲမို့ ပြန်ပြီး ဝေမျှချင်စိတ် ပေါက်ပါတယ်။ ဟောပြောတဲ့ အကြောင်းအရာက Motivation ပါ။

လူတစ်ယောက် အောင်မြင်ချင်ရင် ပထမဆုံး အရေးကြီးတာက အကောင်းမြင်တွေး တတ်ဖို့ပါပဲ။ အလုပ်တစ်ခုကို စလုပ်တဲ့ အချိန် မဖြစ်ပါဘူးကွာက စတွေးရင် ဘယ်လို ဖြစ်အောင် လုပ်နိုင်မှာလဲ။ မဖြစ်ပါဘူးကွာ ဆိုတဲ့ အချိန်မှာ မဖြစ်တဲ့ ပြသနာကို ဖြေရှင်းနိုင်ဖို့ လိုပါတယ်။  ဘဝ မှာ အနိမ့်အမြင့် ဆိုတာတွေလည်း အမြဲတမ်း ရှိပါတယ်။ တာတာ ကားကုမ္ပဏီ ပိုင်ရှင် ရာတန် တာတာကတော့ ဘဝမှာ ရှိတဲ့ အနိမ့်အမြင့်တွေဟာ ရှေ့ဆက်သွားဖို့ တွန်းအားပေးတဲ့ အရာတွေပါပဲ။ အီးစီဂျီစက်မှာတောင် မျဉ်းဖြောင့်ဆိုတာ သေပြီ ဆိုတာကို ပြနေတာလို့ ဆိုပါတယ်။ အခု အရမ်းကို အောင်မြင်နေတဲ့ တရုတ်နိုင်ငံက အလီဘာဘာ ဝက်ဘ်ဆိုက်ဒ် သူဌေး ဂျက်မား ဆိုရင် အလုပ်အင်တာဗျူးမှာ ၄၂ ကြိမ် တိတိ ငြင်းပယ်ချင်း ခံရဖူးပါသတဲ့။ အဲဒီလို အလုပ်ရှင် ၄၂ ယောက်ကတောင် မရွေးတဲ့သူ ကမ္ဘာကျော် ဘီလီယံနာ ဖြစ်နိုင်သေးရင် ကိုယ့်အဖြစ်ဟာ မဆိုးရွားသေးဘူး ဆိုတာ သဘောပေါက်ဖို့ ပါပဲ။

ဒုတိယ အချက်ကတော့ ကိုယ့်ဘေးနားက အဆိုးမြင် သမားတွေကို လျစ်လျူရှုဖို့ပါပဲ။ အဆိုးမြင်သမား ဆိုတာ နေရာတိုင်းမှာ ရှိပါတယ်။ အဲဒီ အဆိုးမြင်သမားတွေရဲ့ စကားတွေဟာ တော်ရုံတန်ရုံ စိတ်မခိုင်တဲ့သူကို ယိမ်းယိုင်သွားစေပါတယ်။ ဟောပြောတဲ့သူက ပုံပြင်ကလေး တစ်ပုဒ် ပြောပြပါတယ်။ တစ်ခါက ဖားတွေဟာ တာဝါတိုင်ကြီး တစ်တိုင်ကို တက်တဲ့ ပြိုင်ပွဲ လုပ်ကြပါတယ်။ အဲဒီ အခါမှာ ဘေးနားက တခြားဖားတွေက ဝိုင်းဟားကြပါတယ်။ ဒီလောက် မြင့်တဲ့ တာဝါတိုင်ကြီးကို မင်းတို့ ဘယ်လို တက်မှာလဲပေါ့။ အဲဒီအခါမှာ တစ်ချို့ဖားတွေက နောက်ဆုတ်သွားကြပါတယ်။ တစ်ချို့ဖားတွေက ဆက်တက်ဖို့ ကြံပါတယ်။ နောက်ဆုံးမှာတော့ ဖားတွေ အားလုံး နောက်ဆုတ်သွားပြီး ဖားတစ်ကောင်ပဲ ကျန်ခဲ့ပါတယ်။ အဲဒီ ဖားကတော့ ဘယ်သူပြောတဲ့ စကားမှ ဂရု မစိုက်ဘဲ စွတ်ရွတ်တက်တာ တိုင်ထိပ်ကို ရောက်သွားပါတယ်။ အဲဒီအခါမှာ မိုက်ခွက်ကြီး ကိုင်ပြီး ပဲများတဲ့ ဖားမ ကလေး တစ်ကောင်က အင်တာလာဗျူး ပါတယ်။
"ကိုကိုဖားရှင့်။ ဒီလောက်တောင် အများက မဖြစ်နိုင်ဘူး ဝိုင်းပြောနေတဲ့ ကြားက ဘယ်လို တွန်းအားတွေကြောင့် ထိပ်ဆုံး ရောက်အောင် တက်သွားတာလဲ။"
အဲဒီအခါ ဖားက လုံးမျက်ကယ် တောင်ကြောင်ကြောင်နဲ့ ပြန်ကြည့်ပါတယ်။ ဖားမလေးက နောက်တစ်ခေါက် ထပ်မေးပါတယ်။ အဲဒီအခါမှာ ဖားက "ငါ နားမကြားဘူး။" လို့ ပြန်ပြောပါသတဲ့။ အဲဒီလိုပဲ ကိုယ့်နားက အဆိုးမြင်တဲ့သူတွေရဲ့ စကားကို နားမကြားသလို ကျင့်ကြံနေနိုင်ရင် ဘဝမှာ အောင်မြင်ဖို့ ပိုများပါတယ်။

တတိယ အချက်ကတော့ အလုပ် ကြိုးစားဖို့ပါပဲ။ ရပ်နေရင် ဘယ်မှ မရောက်ပါဘူး။ သွားနေဖို့ လိုပါတယ်။ ဒါပေမယ့် ကိုယ်သွားတဲ့ လမ်းက လမ်းကြောင်းမှန်ဖို့တော့ လိုပါတယ်။ လမ်းကြောင်း မသိရင်တော့ စမ်းတဝါးဝါး သွားရင်း လမ်းကြောင်းရှာရမှာပါပဲ။ အဲဒီလို သွားနေရင်း အခွင့်အလမ်းတွေ ဆိုတာ မကြာခဏ တွေ့ရမှာပါ။ ဒါပေမယ့် အခွင့်အလမ်း ရောက်လာတဲ့ အချိန် အမိအရ အသုံးချနိုင်ဖို့ ကိုယ့်ဘက်က ပြင်ဆင်မှုတော့ ရှိထားဖို့ လိုပါလိမ့်မယ်။ ဘာမှ မလုပ်ဘဲ ငုတ်တုတ်ထိုင်နေရင် အခွင့်အလမ်း ကိုယ့်ရှေ့ရောက်လာလည်း ယူဖို့ ကိုယ့်မှာ အဆင်သင့် ဖြစ်မှာ မဟုတ်ပါဘူး။

ကျွန်တော် မကြိုက်ဆုံး စကားထဲမှာ Try my best ဆိုတဲ့ စကားပါပါတယ်။ ကျွန်တော့် အမြင်အရတော့ အကောင်းဆုံးတော့ ကြိုးစားကြည့်မယ်ဆိုတာ နည်းနည်း လိုနေသေးတယ်လို့ ထင်ပါတယ်။ အက်ဒီဆင်က မီးလုံးကို အကြိမ်တစ်ထောင် စမ်းသပ်ပေမယ့် မအောင်မြင်ဘူးလို့ ကြားဖူးပါတယ်။ သူ့အနေနဲ့ အကြိမ်တစ်ထောင်မှာ လက်လျှော့လိုက်ပြီး I try my best လို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် အောင်မြင်ချင်တဲ့သူကတော့ ၁၀၀ ရာခိုင်နှုန်းထက် ကျော်လွန်ပြီး ကြိုးစားဖို့ လိုပါတယ်။ မအောင်မြင်ရင် ထပ်ကြိုးစား မအောင်မြင်ရင် ထပ်ကြိုးစား ဒီလိုနဲ့ပဲ အောင်မြင်ဖို့ လမ်းစပေါ် ရောက်လာမှာပါ။

အောင်မြင်ဖို့ အတွက် နောက်ထပ် လိုအပ်တဲ့ အချက်ကတော့ ကိုယ်လုပ်နေတဲ့ အလုပ်အပေါ်မှာ ချစ်မြတ်နိုးဖို့ပါ။ တနင်္လာနေ့ မနက် အလုပ်သွားဖို့ ကိုယ့်မှာ တွန်းအား မရှိဘူး ဆိုတာ တစ်ခုခု မှားနေလို့ပါ။ အလုပ်ကို တကယ် ချစ်တဲ့သူအတွက် အလုပ်လုပ် နေတဲ့ အချိန်ဟာ သူ့အတွက် စိတ်ကျေနပ်မှု အရဆုံး အချိန်ပါပဲ။ ဘဝ ဆိုတာ တိုတောင်းလွန်းပါတယ်။ တစ်ဘဝတည်း ရှိတာ နေထိုင်ဖို့ပါ။ အဲဒီတော့ ဘဝကို ကျေနပ်အောင် နေတတ်အောင် နေဖို့ပဲ လိုအပ်ပါတယ်။ ကျန်တာတွေက နောက်က လိုက်လာပါလိမ့်မယ်။

 အဲဒီတော့ အရေးကြီးတာက ကိုယ့်ဘာသာကိုယ် ပျော်သလား မပျော်ဘူးလား ဆန်းစစ်ကြည့်ဖို့ပါ။ အခု ပျော်နေသလား။ ပျော်နေတယ် ဆိုရင်တော့ ဘာမှ လုပ်စရာ မလိုပါဘူး။ ဒီအတိုင်း ဆက်နေသွားဖို့ပါဘဲ။ မပျော်ဘူး ဆိုရင်တော့ မပျော်တာကို လက်ခံနိုင်သလား လက်မခံ နိုင်သလား ဆက်မေးဖို့ လိုပါတယ်. မပျော်တာကို လက်ခံ နိုင်တယ် ဆိုရင် တော့ ဘာမှ ဆက်လုပ်ဖို့ မလိုပါဘူး။ ဒီအတိုင်း ဆက်နေရုံပါပဲ။ မပျော်တာကို လက်မခံနိုင်ဘူး ဆိုရင်တော့ လိုအပ်တာ တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ ပြောင်းလဲပစ်ဖို့ပါ။

နောက်တစ်ခုကတော့ ကိုယ့်ရဲ့ ပန်းတိုင်ကို ရှင်းရှင်းလင်းလင်း သိထားဖို့ပါပဲ။ ကိုယ်သွားနေတာ ဘယ်လမ်းကြောင်းလဲ။ ကိုယ်လုပ်နေတဲ့ အလုပ်တွေဟာ ကိုယ့်ရည်မှန်းချက် ပန်းတိုင်ကို ရောက်ဖို့ အထောက်အကူ တကယ် ဖြစ်မဖြစ် ဆိုတာကို သိဖို့ လိုပါတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်က ကိုယ့်ရည်မှန်းချက် ပန်းတိုင်ကို ဦးတည် မနေဘူး ဆိုရင် ဘာဖြစ်လို့ ဆက်လုပ်နေမှာလဲ။ ဒါပေမယ့် ကိုယ့်ရည်မှန်းချက် ပန်းတိုင်ကို ရှင်းရှင်းလင်းလင်း မသိရင် အဲဒီလို သုံးသပ်နိုင်မှာ မဟုတ်ပါဘူး။ ကိုယ့်ဘာသာကို သန်းကြွယ်သူဌေး ဖြစ်ချင်တာလား၊ အေးအေးလူလူ နေချင်တာလား၊ ရုပ်ရှင်မင်းသား ဖြစ်ချင်တာလား။ သမ္မတ ဖြစ်ချင်တာလား။ ရှင်းရှင်းလင်းလင်း သိဖို့ လိုအပ်ပါတယ်။

မနေ့က နားထောင်မိသမျှ ထဲက ပြန်မှတ်မိသလောက် ဝေမျှခြင်းပါ။ ကျွန်တော့် ရဲ့ ကိုယ်ပိုင် အတွေး အခေါ် အချို့လည်း ရောသမမွှေထားပါတယ်။ ဟောပြောတဲ့သူကတော့ မစ္စတာ Anil Panicker ဖြစ်ပါတယ်။

1 comment:

PAUK said...

ကျနော့စက်က
ယူနီကုတ် ဘလော့တွေ ပဲ ဖတ်လို့ ရတော့တယ် ...