Search This Blog

Wednesday, December 28, 2011

ဟိုတစ်စ ဒီတစ်စ ဟာသများ (၃)

မူးရင်မမောင်းနဲ့

လူတစ်ယောက်ဟာ ပါတီပွဲတစ်ခုမှာ အရက်သောက်ရင်း အမူးလွန် သွားပါတယ်။ သူ့ရဲ့ သူငယ်ချင်းတွေက အိမ်ပြန်လိုက်ပို့ပေးမယ် ပြောကြပေမယ့်လည်း သူ့အိမ်က တစ်မိုင်လောက်ပဲ ဝေးတယ် ကိစ္စမရှိဘူးလို့ သူက ငြင်းပါတယ်။

ပါတီပွဲကနေအပြန် တိုက် ၅ တိုက်လောက် အရောက်မှာတော့ ရဲက သူ့ကားကို တားပါတော့တယ်။ နောက်တော့ ရဲက သူ့ဆီကနေ လိုင်စင်တောင်းကြည့်ပြီး သူ့ကို ကားထဲကနေ အပြင်ဖက် ထွက်ပြီး လမ်းလျှောက် ခိုင်းပါတယ်။ သူလမ်းစ လျှောက်နေတုန်းမှာပဲ ရဲတွေရဲ့ ရေဒီယိုက အသံမြည်လာပြီး လမ်းဒေါင့်က အိမ်တစ်အိမ်မှာ ဓားပြမှု ဖြစ်နေတယ်လို့ သတင်းပို့တဲ့ အသံ ကြားလိုက်ရပါတယ်။ ရဲတွေက သူ့ကို သူတို့ လမ်းထောင့်က ဓားပြမှု ကိုသွားဖြေရှင်းပြီး ပြန်လာခဲ့မယ် ဒီနေရာမှာ စောင့်နေပါလို့ မှာထားခဲ့ပြီး လမ်းဒေါင့်ကို ပြေးသွားကြ ပါတယ်။

သူဟာ အဲဒီနေရာမှာ အကြာကြီး စောင့်နေပေမယ့် ရဲတွေ ပြန်မလာတာနဲ့ နောက်ဆုံးမှာ အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူအိမ်ပြန်ရောက်တဲ့ အခါမှာတော့ သူ့မိန်းမကို သူအိပ်တော့မယ်။ တကယ်လို့ တစ်ယောက်ယောက်က သူ့ကို လာရှာခဲ့ရင် သူ တုပ်ကွေးမိနေလို့ တစ်နေကုန် အိပ်ရာထဲမှာ အိပ်နေတယ်လို့ ပြောဖို့ မှာထားခဲ့ပါတယ်။

နာရီအနည်းငယ် အကြာမှာတော့ ရဲတွေက သူ့အိမ်တံခါးကို လာခေါက်ပါတယ်။ သူတို့က မစ္စတာစမစ် ဒီမှာ ရှိသလားလို့ မေးတော့ သူ့မိန်းမက ရှိပါတယ်လို့ ပြန်ဖြေပါတယ်။ သူတို့က မစ္စတာ စမစ်နဲ့ တွေ့ချင်တယ် ပြောတော့ သူ့မိန်းမက သူတုပ်ကွေးမိနေလို့ တစ်နေကုန် အိပ်ရာထဲမှာ အိပ်နေတယ်လို့ ပြန်ဖြေလိုက် ပါတယ်။

ရဲတွေ ဆီမှာ သူ့ရဲ့ လိုင်စင်တွေက ရှိနေတုန်းပါ။ ရဲတွေက သူ့ကားကို ကြည့်ချင်တယ် ပြောတော့ သူ့မိန်းမက ဘာလို့ ကြည့်ချင်တာလဲလို့ ပြန်မေးပါတယ်။ ဒါပေမယ့် ရဲတွေက သူ့ကားကို ကြည့်ဖို့ အတင်းအကြပ် တောင်းဆိုတာနဲ့ သူ့မိန်းမက သူတို့ကို ကားဂိုဒေါင် ရှိတဲ့နေရာကို ခေါ်သွားပါတယ်။ သူမက ဂိုဒေါင်တံခါးကို ဖွင့်တဲ့ အချိန်မှာ ဂိုဒေါင်ထဲမှာ တွေ့လိုက်ရတာကတော့ ခေါင်မိုးပေါ်မှာ မီးရောင်တွေ တလက်လက်  လင်းနေဆဲ ဖြစ်တဲ့ ရဲကားကိုပါ။

သတင်းစာဆရာ 

လူတစ်ယောက်ဟာ တိရစ္ဆာန်ရုံထဲမှာ လမ်းလျှောက်လာတဲ့ အချိန် ကလေးမကလေး တစ်ယောက် ခြင်္သေ့လှောင်အိမ်ကို မှီနေတာကို မြင်လိုက်ရပါတယ်။ ရုတ်တရက် ဆိုသလိုပဲ ခြင်္သေ့က သူမ ဝတ်ထားတဲ့ ဂျာကင်ရဲ့ အနားစကို လှမ်းဆွဲလိုက်ပြီး ကလေးမလေးကို လှောင်အိမ်ထဲ ဆွဲသွင်းပြီး စားဖို့ လုပ်နေတာကို သူ လှမ်းတွေ့လိုက် ရပါတယ်။ ကလေးမကလေးရဲ့ မိဘတွေကတော့ လှောင်အိမ်ရှေ့မှာ အသံကုန်ခြစ်ပြီး အော်နေကြ ပါတယ်။

အဲဒီလူက လှောင်အိမ်ရဲ့ အနားကို ပြေးသွားပြီး ခြင်္သေ့ရဲ့ နှာနုကို လက်သီးနဲ့ ခပ်ပြင်းပြင်း ပိတ်ထိုး ထည့်လိုက်ပါတယ်။ နာသွားတဲ့ အတွက်ကြောင့် ခြင်္သေ့က နောက်ကို ခုန်ဆုတ်ပြီး ကောင်မလေးကို လွှတ်ပေးလိုက်ပါတယ်။ သူက ကောင်မလေးကို ကြောက်လန့်နေတဲ့ သူမ မိဘတွေဆီကို ပို့ပေးလိုက်ပါတယ်။

သတင်းသမား တစ်ယောက်က အဲဒီ မြင်ကွင်းကို အစအဆုံးမြင် လိုက်ပါတယ်။ နောက်တော့ သူက ကောင်မလေးကို ကယ်ဆယ်တဲ့သူကို ပြောပါတယ်။

"ဆရာ။ ဒါဟာ ကျွန်တော့်ဘဝမှာ ကြုံဖူးသမျှထဲက ယောက်ျားတစ်ယောက် ရဲ့ အရဲရင့်ဆုံး သူရဲကောင်း အဆန်ဆုံး အပြုအမူ တစ်ခုပါပဲ။"

"ဘာလို့လဲ။ ဒါမဖြစ်စလောက် ကိစ္စပါ။" လို့ အဲဒီလူက ပြန်ပြောပါတယ်။

"တကယ်ပါ။ ခြင်္သေ့က လှောင်အိမ်ထဲမှာ ရှိနေတယ်။ ဘုရားသခင်က ခြင်္သေ့လှောင်အိမ်ထဲက ဒင်နီယယ်ကို အကာအကွယ် ပေးခဲ့သလိုပဲ ကျုပ်ကိုလည်း အကာအကွယ် ပေးလိမ့်မယ် ဆိုတာ ကျုပ်သိတယ်။ အခု ကျုပ် ဒီကလေးမလေး အန္တရာယ် ဖြစ်နေတာ မြင်လိုက်ရတယ်။ အဲဒီအတွက် ကျုပ်မှန်တယ် ထင်တဲ့ ကိစ္စတစ်ခုကို လုပ်လိုက်တာပဲ။"

"ခင်ဗျား အိတ်ထဲမှာ သမ္မာကျမ်းစာအုပ်ကို တွေ့တယ်။ ခင်ဗျားက ရီပတ်ဘလစ်ကင်လား။" လို့ သတင်းစာ ဆရာက မေးပါတယ်။

"ဟုတ်ပါတယ်။ နောက်ပြီး ကျုပ် ခရစ်ယာန်ပါ။ အခု သမ္မာကျမ်းစာ သင်တန်းကို သွားမလို့။" လို့ အဲဒီလူက ပြန်ဖြေပါတယ်။

"ကောင်းပါပြီ။ ဒီအဖြစ်အပျက်ကို ဘယ်သူမှ မသိလိုက်ဘဲ ပျောက်ပျက်သွားတာမျိုး မဖြစ်စေရပါဘူး။ ကျွန်တော်က သတင်းစာ ဆရာပါ။ မနက်ဖြန် သတင်းစာမှာ ဒီသတင်းကို မျက်နှာဖုံး သတင်း အနေနဲ့ ပါလာစေရ ပါမယ်။" လို့ သတင်းစာ ဆရာက ပြောပြီး ထွက်သွားပါတယ်။

နောက်တစ်နေ့ မနက်မှာတော့ အဲဒီလူက သတင်းစာကို ဝယ်ပြီး မနေ့က သူလုပ်ခဲ့တဲ့ ကိစ္စ တကယ်ပဲ သတင်းစာထဲမှာ ပါလာသလားလို့ ကြည့်ပါတယ်။ ပထမဆုံး စာမျက်နှာမှာ ရေးထားတဲ့ သတင်းခေါင်းစဉ်ကတော့ "လက်ယာယိမ်းသူ ရီပတ်ဘလစ်ကင် ခရစ်ယာန် အခြေခံ ဝါဒီတစ်ဦးမှ အာဖရိကမှ ရွှေ့ပြောင်းလာသူအား တိုက်ခိုက်ပြီး သူ၏ နေ့လည်စာကို လုယူလိုက်ခြင်း" လို့ပဲ ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ကားမောင်းခြင်း

အမေရိကားကို အလည်လာတဲ့ ပုပ်ရဟန်းမင်းကြီးကို လာကြိုတဲ့ ကားဒရိုင်ဘာဟာ ပုပ်ရဟန်းမင်းကြီးရဲ့ အထုတ်အပိုးတွေကို ဇိမ်ခံကားထဲကို ထည့်ပြီးတဲ့အချိန်မှာတော့ ပုပ်ရဟန်းမင်းကြီးဟာ ပလက်ဖောင်းပေါ်မှာ ရပ်နေတာကို သတိထားလိုက်မိပါတယ်။

ဟုတ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးက ပလက်ဖောင်းပေါ်မှာ ရပ်နေဆဲပါ။

"ကျေးဇူးပြုပြီး အထဲ ဝင်ထိုင်ပါ ပုပ်ရဟန်းမင်းကြီး ခင်ဗျာ။ ကျွန်တော်တို့ သွားလို့ ရပါပြီ။" လို့ ဒရိုင်ဘာက ပြောပါတယ်။

အဲဒီတော့ ပုပ်ရဟန်းမင်းကြီးက "အင်း။ အမှန်အတိုင်း ပြောရရင်တော့ သူတို့ ငါ့ကို ဗာတီကန်မှာတုန်းက ဘယ်တော့မှ ကားပေးမမောင်းဘူး။ ဒီနေတော့ ကျုပ် ကားမောင်းချင်တယ်။"လို့ ပြောပါတယ်။

"အဲဒီလို လုပ်လို့ မဖြစ်ပါဘူး ခင်ဗျာ။ ကျွန်တော် အလုပ်ပြုတ်ပါလိမ့်မယ်။ တကယ်လို့ တစ်ခုခု ဖြစ်သွားရင် ဘယ်လို လုပ်မှာလဲ။" လို့ ဒရိုင်ဘာက ကန့်ကွက်ပါတယ်။ သူ့စိတ်ထဲမှာတော့ ဒီနေ့ အလုပ်မဆင်းမိရင် အကောင်းသားလို့ တွေးနေမိပါတယ်။

"ရပါတယ်။ မင်းကို မထိခိုက်စေရပါဘူး။" လို့ ပုပ်ရဟန်းမင်းကြီးက ပြန်ပြောပါတယ်။

ဒရိုင်ဘာက တွန့်ဆုတ် တွန့်ဆုတ်နဲ့ နောက်ခန်းထဲ ဝင်လိုက်ပြီး ပုပ်ရဟန်းမင်းကြီးကတော့ ယာဉ်မောင်းသူ နေရာမှာ ထိုင်လိုက်ပါတယ်။

လေဆိပ်ကနေ ထွက်လာပြီးတဲ့ အချိန်မှာတော့ ဒရိုင်ဘာဟာ အတော်နောင်တ ရသွားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပုပ်ရဟန်းမင်းကြီးက ကားကို တစ်နာရီ ၁၀၅မိုင်နှုန်း အထိ အရှိန်တင်ပြီး မောင်းနေလို့ပါ။

"ဖြည်းဖြည်းမောင်းပါ အရှင်။" လို့ ဒရိုင်ဘာက တောင်းပန်ပါတယ်။ ဒါပေမယ့် ပုပ်ရဟန်းမင်းကြီးက အဲဒီ အရှိန်နဲ့ ဆက်ပြီး မောင်းနေတာ နောက်ဆုံးမှ ရဲ ဆိုင်ကယ်ရဲ့ ဥဩဆွဲသံကို သူတို့ ကြားရတဲ့ အချိန်အထိပါပဲ။

"ဘုရားသခင်။ သွားပါပြီ။ ကျွန်တော့် လိုင်စင်တော့ အသိမ်းခံရပါပြီ။" လို့ ဒရိုင်ဘာက ညည်းလိုက်ပါတယ်။

ပုပ်ရဟန်းမင်းကြီးက ကားကို လမ်းဘေးဆွဲချလိုက်ပါတယ်။ ရဲက ကားနားကပ်လာတဲ့ အချိန်မှာတော့ သူက သူ့ရဲ့ ဘေးက မှန်တံခါးကို ချလိုက်ပါတယ်။ ဒါပေမယ့် ရဲက သူ့ကို တစ်ချက်ကြည့်ပြီး သူ့မော်တော်ဆိုင်ကယ် ဆီကို ပြန်လျှောက် သွားပါတယ်။ နောက်ပြီး သူ့ရဲ့ ရေဒီယိုကို ဖွင့်လိုက်ပါတယ်။ ဟိုဘက်က ပြန်ထူးသံ ကြားတဲ့ အချိန်မှာ ရဲသားက "ငါ ရဲမှူးနဲ့ စကားပြောချင်တယ်။"လို့ ပြောလိုက်ပါတယ်။
 ရဲမှူးက ရေဒီယိုကို ပြန်ထူးတဲ့ အချိန်မှာတော့ ရဲသားက သူ တစ်နာရီ ၁၀၅ မိုင်နှုန်းနဲ့ မောင်းလာတဲ့ ဇိမ်ခံကား တစ်စင်းကို တားလိုက်တဲ့ အကြောင်း ပြောပြပါတယ်။

"အဲဒါဆိုလည်း ဖမ်းလိုက်လေ။"လို့ ရဲမှူးက ပြောပါတယ်။

"ကျွန်တော်တို့ ဖမ်းလို့ မဖြစ်ဘူးထင်တယ်။ ကားထဲမှာ ပါတဲ့သူက တကယ့်ကို အရေးကြီးတဲ့ ပုဂ္ဂိုလ်"လို့ ရဲသားက ပြန်ပြောပါတယ်။

"တခြား အကြောင်းရော ရှိသေးလား။"လို့ ရဲမှူးက မေးပါတယ်။

"မရှိဘူး။ ဒါပေမယ့် အဲဒီကားပေါ်ပါတဲ့သူက တကယ့်ကို အရေးကြီးတဲ့ ပုဂ္ဂိုလ်မို့ပါ။" လို့ ရဲက ထပ်ပြောပါတယ်။

ရဲမှူး။  ။ "မင်းအခု တားလိုက်တာ ဘယ်သူလဲ။ မြို့တော်ဝန်လား။"

ရဲသား။ ။ "မဟုတ်ဘူး။ သူ့ထက် မြင့်တယ်။"

ရဲမှူး။ ။ "ပြည်နယ် အုပ်ချုပ်ရေးမှူးလား။"

ရဲသား။ ။ "မဟုတ်သေးဘူး။ သူ့ထက် မြင့်သေးတယ်။ "

ရဲမှူး။ ။" ကောင်းပြီ။ အဲဒါဆို ဘယ်သူလဲ။"

ရဲသား။ ။ "ကျွန်တော်တော့ ဘုရားသခင်လို့ ထင်တယ်။"

ရဲမှူး။ ။"နေပါဦး မင်းက ဘာလို့ ဘုရားသခင်လို့ ထင်ရတာလဲ။"

ရဲသား။ ။ "ဇိမ်ခံကားရဲ့ ဒရိုင်ဘာက ပုပ်ရဟန်းမင်းကြီးလေ။ "  
 
သတ်သေမှာလား

ပုံသဏ္ဍာန် ကြမ်းကြမ်းတမ်းတမ်း ရှိတဲ့ စက်ဘီးသမား တစ်စု စက်ဘီးစီးလာတဲ့ အချိန်မှာ ​ကောင်မလေး တစ်ယောက် တံတားပေါ်က ခုန်ချဖို့ ပြင်နေတာကို တွေ့လိုက်ရပါတယ်။ အဲဒီအတွက် သူတို့ ရပ်လိုက်ကြပါတယ်။

သူတို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ခန္ဓာကိုယ် ခပ်တောင့်တောင့်လူက သူ့စက်ဘီးပေါ်က ဆင်းပြီး ကောင်မလေးကို စကားလှမ်းပြောနေပါတယ်။

"မင်းဘာလုပ်နေတာလဲ။"

"ကျွန်မ ကိုယ့်ဘာသာကိုယ် သတ်သေမလို့။" လို့ သူမက ပြန်ပြောပါတယ်။

တကယ်တမ်းတော့ သူ့အနေနဲ့ ဂရုမစိုက်ပေမယ့် ရှိနေတဲ့ အခွင့်အရေးကို လက်လွတ်မခံချင်တာကြောင့် သူက မေးလိုက်ပါတယ်။
"ကောင်းပြီ။ မင်းခုန်မချခင် ငါ့ကို မနမ်းချင် ဘူးလား။"
သူမက သူ့ကို နမ်းလိုက်ပါတယ်။ အဲဒီလို နမ်းလိုက်တာဟာ တကယ့်ကို မက်မက်မောမောနဲ့ အကြာကြီးပါ။
သူမ သူ့ကို နမ်းပြီးသွားတဲ့ အချိန်မှာတော့ စက်ဘီးသမားက ပြောပါတယ်။
"တကယ်ပဲ။ ဒါဟာ ငါ့ဘဝမှာ ကြုံဖူးသမျှ ထဲက အကောင်းဆုံး အနမ်းပဲ။ မင်းအနေနဲ့ မင်းမှာ ပါလာတဲ့ ပါရမီကို အလဟသ ဖြုန်းမပစ်သင့်ဘူး။ မင်းအနေနဲ့ အများကြီး ဖြစ်နိုင်သေးတာပဲ။ ဘာဖြစ်လို့ မင်းသတ်သေမှာလဲ။"
"ကျွန်မရဲ့ မိဘတွေက ကျွန်မ မိန်းကလေးတစ်ယောက်လို ဝတ်တာကို သဘောမကျဘူး။"
 
သူချစ်တာ

လူတစ်ယောက်ဟာ သူ့အိမ်ရဲ့ ဝရန်တာမှာ သူ့မိန်းမနဲ့ အတူ ထိုင်ရင်း  ဘီယာ သောက်နေပါတယ်။ နောက်တော့ သူက ပြောလိုက်ပါတယ်။
"မင်းကိုငါချစ်တယ်။"
သူ့မိန်းမက ပြန်မေးပါတယ်။ "အဲဒီစကားက ရှင်ပြောနေတာလား။ ဘီယာက ပြောနေတာလား။"
သူက ပြန်ဖြေပါတယ်။ "ငါပြောနေတာ။ ဒါပေမယ့် ဘီယာကို ပြောနေတာ။"
 
ညစ်ညစ်ပတ်ပတ် ဟာသ

"မင်း ညစ်ညစ်ပတ်ပတ် ဟာသ ကြားချင်သလား။"

"ပြော။ ဘာလဲ။"

"တစ်ခါက မြင်းဖြူကြီးတစ်ကောင် ဗွက်ထဲ ပြုတ်ကျသွားတယ်။

တက္ကဆပ်မှာလို ဖြစ်သွားချင်သလား

ကောင်းဘွိုင်တစ်ယောက်ဟာ အရက်ဆိုင်တစ်ဆိုင်မှာ သောက်ဖို့အတွက် ရပ်လိုက်ပါတယ်။ ဒါပေမယ့်လည်း ကံမကောင်းတာက အဲဒီအရက်ဆိုင်မှာ သူစိမ်းတွေရဲ့ ပစ္စည်းတွေကို ခိုးယူသူတွေ ရှိတတ်ပါတယ်။ ကောင်းဘွိုင်ဟာ အရက်သောက်ပြီး ပြန်ထွက်လာတဲ့ အချိန်မှာတော့ သူ့မြင်း ပျောက်သွားတာကို သိလိုက်ရပါတယ်။

သူက ဘားထဲကို ပြန်ဝင်သွားပြီး သေနတ်ကို လေထဲကို ပစ်မြှောက်လိုက်ပါတယ်။ နောက်တော့ မကြည့်ဘဲ ခေါင်းပေါ်မှာ ပြန်ဖမ်းပြီး မျက်နှာကြက်ကို သေနတ်နဲ့ တစ်ချက် ပစ်ထည့်လိုက်ပါတယ်။

"ဘယ်ကောင် ငါ့မြင်းကို ခိုးသွားတာလဲကွ။" သူက အသံကျယ်ကျယ်နဲ့ အော်ပါတယ်။

ဘယ်သူမှ ပြန်မဖြေ ကြပါဘူး။

"ကောင်းပြီ။ ငါ နောက်တစ်ခွက် ထပ်သောက်မယ်။ ငါပြီးတဲ့ အချိန်မှာ မြင်းအပြင်ဘက်မှာ ပြန်ရောက် မနေရင်တော့ တက္ကဆပ်မှာ ငါလုပ်သလို လုပ်မယ်။ ငါတက္ကဆပ်မှာ တုန်းကလို မလုပ်ချင်ဘူးနော်။"

ဒေသခံတွေက ကောင်းဘွိုင် အဲဒီလို ပြောတာ ကြားတော့ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပါတယ်။ ကောင်းဘွိုင်ဟာ သူ့စကားအတိုင်း နောက်တစ်ခွက် ထပ်သောက်ပြီး အပြင်ကို ထွက်သွားပါတယ်။ အဲဒီအခါမှာတော့ သူ့မြင်းကို နေရာတကျ ပြန်တွေ့လိုက်ရပါတယ်။ သူက ကုန်းနှီးကို ပြင်ပြီး မြို့ထဲကနေ ဆက်ထွက်ဖို့ ပြင်ပါတယ်။ အရက်စပ်တဲ့သူက ကောင်းဘွိုင်ရဲ့ နောက်ကနေ ဘားအပြင်ဘက်ကို လိုက်သွားပါတယ်။ နောက်တော့ သူက ကောင်းဘွိုင်ကို စိတ်လှုပ်ရှားစွာနဲ့ မေးလိုက်ပါတယ်။

"မိတ်ဆွေ။ ခင်ဗျားမသွားခင် ပြောခဲ့ပါ။ တက္ကဆပ်မှာ ဘာဖြစ်သွားသလဲ။"

ကောင်းဘွိုင်က နောက်ကို လှည့်ပြီး ပြောလိုက်ပါတယ်။ "ကျုပ်အိမ်ကို လမ်းလျှောက် ပြန်ရတာပေါ့။"

Saturday, December 24, 2011

ပိုပြီးစိမ်းတဲ့မြက်

ကျွန်တော်တို့ အချိန်ပိုင်း အလုပ်လုပ်ရင်း ကျောင်းတက်ခဲ့တဲ့ အချိန်တုန်းက နားရက်ဆိုတာ မရှိသလောက် ရှားပါတယ်။ ကျောင်းပိတ်တဲ့ရက် ဆိုရင် အချိန်ပြည့်နီးပါး အလုပ်လုပ်ရင်း အချိန်ကုန် သွားတတ်ပြီး ကျောင်းဖွင့်တဲ့ရက်ဆိုရင်လည်း နေ့လည်ပိုင်း ကျောင်းတက်၊ တခါတလေ ညနေပိုင်း အလုပ်လုပ်နဲ့ အချိန်ကုန်သွား တတ်တာမို့ အလုပ်နဲ့ကျောင်း နှစ်ခုကြားမှာပဲ သံသရာလည် နေခဲ့ပါတယ်။ အဲဒီအချိန်ကတော့ ကျောင်းမြန်မြန်ပြီးချင်စိတ် ပေါက်ပါတယ်။  နားရက် မရှိတဲ့ ကိစ္စက အဓိက မဟုတ်ပါဘူး။ ဉာဏ်သိပ် မသုံးရဘဲ အချိန်ပဲ ရောင်းစားနေရတယ်လို့ စိတ်ထဲမှာ ခံစားမိတဲ့ အလုပ်ကို စိတ်ပျက်မိတာက အဓိက အကြောင်းပါ။

ကျောင်းပြီးလို့ အလုပ်ထဲ စဝင်ရတော့ အတော် ပျော်မိပါတယ်။ အင်ဂျင်နီယာ လုပ်ရတာ စားပွဲထိုးရတာ ထက်စာရင်တော့ အများကြီး သက်သာတယ်လို့ ထင်မိတာက တစ်ကြောင်း၊ ကိုယ် စိတ်ဝင်စားတဲ့ အလုပ် လုပ်နေရတာ တစ်ကြောင်းမို့ပါ။ ဒါပေမယ့်လည်း ခဏပါပဲ။ အလုပ်ဝင်လို့ ၃-၄ လ ကြာတော့ စိတ်ဖိစီးမှုက များလာပါတယ်။ အဲဒီ အချိန်က ကျွန်တော် ဆားဗစ် အင်ဂျင်နီယာ လုပ်နေတာမို့ အလုပ်ချိန် ပုံမှန် မရှိပါဘူး။ ကပ်စတန်မာက စက်ပျက်တယ် ဖုန်းဆက်ရင် ချက်ချင်းပြေးရပါတယ်။  ကပ်စတန်မာ အများစုရဲ့ စက်ရုံတွေက ၂၄ နာရီ လည်ပတ်နေကြတာမို့ ရုံးချိန် ပြင်ပမှာလည်း ဖုန်းခေါ်တတ်ပါတယ်။ အဲဒီတုန်းက သူငယ်ချင်းတွေနဲ့ ရုပ်ရှင်ကြည့်ဖို့ ရုပ်ရှင်ရုံနား ရောက်မှ ကပ်စတန်မာ ခေါ်လို့ ပြန်ပြေးရတာမျိုးလည်း ရှိခဲ့ ဖူးပါတယ်။ စင်ကာပူမြို့ထဲမှာ လှည့်ပတ်ပြီး သွားရတဲ့ အခါ ရှိသလို၊ တစ်ဖက်ကမ်း ကူးပြီး မလေးရှားက စက်ရုံတွေ သွားရတဲ့ အခါလည်း ရှိပါတယ်။ စက်သွားပြင်ရင်လည်း ပြန်ကောင်းလာတဲ့ အထိ၊ ဒါမမဟုတ် စပယ်ယာပတ် မရှိလို့ ဘာမှ ရှေ့ဆက်ပြီး လုပ်လို့မရတဲ့ အခြေအနေမျိုး အထိ ပြင်ရတတ်ပါတယ်။ တစ်ခါတစ်လေ ည ၂ နာရီ ၃ နာရီမှ အိမ်ပြန်ရောက်တတ်သလို စက်ရုံထဲမှာပဲ မိုးလင်းတဲ့ အထိ ပြင်ရတဲ့ အခါလည်း ရှိတတ်ပါတယ်။ ၁ နှစ်နီးပါး လောက်ကြာတော့ ကျွန်တော် ဘယ်လိုမှ ဆက်ပြီး သည်းမခံနိုင်တော့ပါဘူး။ အဲဒါကြောင့် အဲဒီ အလုပ်ကနေ ထွက်လာခဲ့ပါတယ်။

ဒုတိယ အလုပ်မှာလည်း စဝင်ခါစက အဆင်ပြေပါတယ်။ နောက်ပိုင်းတော့ စိတ်အလိုမကျစရာ တွေ့ရတာပါပဲ။ အရင်ကတော့ ကိုယ့်ဘာသာကိုယ် ခရီးထွက်ရရင် ပျော်တယ် ထင်ခဲ့မိတာပါ။ ဒါပေမယ့် ခရီးထွက်ရ လွန်းတော့လည်း မစားသာ ပြန်ပါဘူး။ ဒုတိယ အလုပ်မှာ အလုပ်ဝင်ပြီး ၃ လ လောက်က စလို့ ဆက်တိုက် ခရီးထွက်ရပါတယ်။ စင်ကာပူမှာ နေရတဲ့ အချိန် ဆိုတာ မရှိသလောက် ရှားပါတယ်။ အများဆုံး ရုံးမှာ ထိုင်နေရရင် တစ်ပတ်နှစ်ပတ်ပါပဲ။ ပြီးရင် ခရီး ပြန်ထွက်ရ ပြန်ပါတယ်။ မလေးရှားနဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံ ထဲက စက်ရုံတွေကို ခေါက်တုံ့ခေါက်ပြန် ပြေးနေရပါတယ်။  ခရီးထွက်ရလွန်းတော့ ကျောင်းဆက်တက်ဖို့ အဆင်မပြေသလို တခြား ပြဿနာ တွေလည်း ရှိလာပါတယ်။ နောက်ဆုံးတော့ ခရီး အဲဒီလောက် ထွက်ရတာ မခံနိုင်တာက တစ်ကြောင်း၊ ကျောင်းဆက်တက်ချင်တာက တစ်ကြောင်းမို့ ထွက်တော်မူ နန်းကခွာခဲ့ ပြန်ပါတယ်။

တတိယ အလုပ်ရောက်တော့ တစ်နှစ်ခွဲလောက် အထိ အေးအေးဆေးဆေးပါပဲ။ ကျောင်းလည်း ဆက်တက် ဖြစ်သွားပြီး အလုပ်ကလည်း သာသာယာယာ ဖြစ်နေပါတယ်။ ကျွန်တော် ဒုတိယ အလုပ်မှာတုန်းက ခရီးသွားဖို့ လေဆိပ်ရောက်ရင် လေဆိပ်က ကြော်ငြာ ဆိုင်းဘုတ်တွေမှာ ခရီးရှည်သွားတဲ့ လေကြောင်း ခရီးစဉ်တွေကို ကြည့်ပြီး ငါလည်း အဲဒီလို သွားရရင် ကောင်းမှာပဲ လို့ စဉ်းစားခဲ့ဖူးပါတယ်။ အဲဒီလို စဉ်းစားခဲ့တာ တတိယအလုပ် ရောက်တော့ တကယ် ဖြစ်တော့တာပါပဲ။ နောက်ပိုင်း ကျွန်တော် ခရီးရှည်ချည်းပဲ သွားရပါတယ်။ တစ်ခါသွားရင် ၃ပတ်၊ ၁လ လောက် ကြာတာမို့ ကျောင်းနဲ့ အဆင်မပြေတော့ ပြန်ပါဘူး။ အဲဒါအပြင် ခရီးမထွက်တဲ့ အချိန်လည်း အလုပ်ထဲမှာချည်းပဲ အချိန်ကုန်တာမို့ စာလုပ်ဖို့ အချိန်ကို မရှိပါဘူး။ စာမေးပွဲလည်း ခဏခဏ ကျပါတယ်။ အဲဒီတော့ အလုပ်ထဲမှာ ရှာသမျှ ပိုက်ဆံ ကျောင်းကို လှူတန်း နေရတာနဲ့ ကုန်မှာပဲလို့ သဘောပိုက်ပြီး ဒီ အလုပ်က ထွက်ခဲ့ပြန်ပါတယ်။

ဒီလိုနဲ့ အလုပ် ၂ ခုလောက် ထပ်ပြောင်းပြီးတော့ အတော့်ကို သက်သာတဲ့ အလုပ်တစ်ခုကို ရောက်သွား ပါတယ်။ အဲဒီအလုပ်မှာတော့ တကယ့်ကို သက်သာတာပါ။ ရုံးမှာ မန်နေဂျာနဲ့ တစ်ပတ်တစ်ခါပဲ တွေ့ပြီး အလုပ်ရဲ့ တိုးတက်မှု အကြောင်း ဆွေးနွေးရပါတယ်။ အဲဒီ တစ်ပတ်လုံးလုံး ဘာလုပ်လုပ် ဘယ်သူမှ ဘာမှ မပြောပါဘူး။ အင်တာနက် သုံးတာလည်း တစ်ရုံးလုံး သူသူကိုယ်ကိုယ် သုံးကြတာမို့ ယူကျုဘ် ဖွင့်ကြည့်နေရင်တောင် လာပြောမယ့်သူ မရှိပါဘူး။ နောက်တော့ အသက်သာလွန် သွားပါတယ်။ ၂၀၀၈ စီးပွားကျတဲ့ အချိန်နဲ့ ကြုံတော့ ကျွန်တော်တို့ရုံးမှာ အလုပ်မရှိသလောက် ဖြစ်သွားပါတယ်။ ဒါပေမယ့် ကျွန်တော်က ကံကောင်းသူ စာရင်းထဲမှာ ပါပါတယ်။ လူလျှော့တဲ့ အထဲမှာ ပါမသွားဘဲ ကျန်နေခဲ့ပါတယ်။ ကျွန်တော်တို့ တစ်နေ့တစ်နေ့ ရုံးမှာ လုပ်စရာမရှိတိုင်း Timesheet ထဲမှာ လေ့လာသင်ယူခြင်းတွေပဲ ဖြည့်နေရပါတယ်။ ပထမတစ်ပတ် ဟိုဟာ သင်နေတယ် ဖြည့်လိုက်၊ နောက်တစ်ပတ် ဒီဟာ သင်နေတယ် ဖြည့်လိုက်နဲ့ စာရွက်ထဲမှာ ကြံဖန် ဖြည့်နေရပါတယ်။ အဲဒီလိုနည်းနဲ့ စခန်းသွား နေတာ ခြောက်လကျော် ကြာပါတယ်။ ရုံးကလည်း သူတို့ကိုယ်တိုင် အလုပ် ရှာမပေးနိုင်တာမို့ ဘာမှ မပြောပါဘူး။ အဲဒီလိုနဲ့ ကြာလာတော့ အလုပ်လုပ်ရတာ အတော့်ကို ပျင်းစရာ ကောင်းလာပါတယ်။ ခြောက်လကျော်မှ ကပ်စတန်မာ စက်ရုံတစ်ရုံမှာ သွားလုပ်ဖို့ ဖြစ်လာပါတယ်။

အဲဒီအချိန်မှာ အရင်က သိခဲ့ဖူးတဲ့ ဆပ်ပလိုင်ယာတွေရဲ့ ကောင်းမှုကြောင့် အပြင်ကအပ်တဲ့ အလုပ်တစ်ချို့ ရလာပါတယ်။ အဲဒါအပြင် သိဟောင်းကျွမ်းဟောင်းတွေ ဆီကတဆင့် အလုပ်အပ်ဖို့ လာပြီး ကမ်းလှမ်းတာတွေ ရှိလာပါတယ်။ အဲဒီအချိန်က ကိုယ့်ဘာသာကိုယ် ရပ်တည်ဖို့ ဖြစ်နိုင်တဲ့ အခြေအနေလို့ ထင်မိတာက တစ်ကြောင်း၊ ရုံးမှာလည်း အလုပ်က သက်သာလွန်းလို့ ပျင်းလာတာက တစ်ကြောင်းမို့ အလုပ်ထွက် ဖြစ်သွားပါတယ်။ ဒါပေမယ့်လည်း တွက်ကိန်းက နည်းနည်း လွဲသွားပါတယ်။ ကိုယ့်ဘာသာကိုယ် လုပ်တော့ ကြုံရတဲ့ အခက်အခဲတွေက အများကြီးပါပဲ။ ကပ်စတန်မာ ဆီက ရစရာ ရှိတဲ့ ပိုက်ဆံကို ကျောက်ခဲ အဆီညှစ်သလို တောင်းနေရတာ၊ တစ်ချို့ အလုပ်တွေက သူတို့သုံးချင်တဲ့ ဘတ်ဂျက်နဲ့ ကိုယ်လုပ်ပေးနိုင်တဲ့ အခြေအနေ မကိုက်တာ၊ တစ်ချို့ အလုပ်ကျတော့လည်း ရမယ်ထင်ပြီးမှ ကပ်လွဲသွားတာ မျိုးတွေနဲ့ ဆက်တိုက် ကြုံလာရပါတယ်။ ကြာလာတော့ တောင့်မခံနိုင်တော့ပါဘူး။ နောက်များမှပဲ တကျော့ပြန် ကြံစည်ဦးမယ် လို့ ကိုယ့်ဘာသာကိုယ် အားတင်းရင်း ကော်ပိုရိတ်ဝေါလ်ထဲကို ပြန်ပြီး ခြေဦးလှည့် ဖြစ်ခဲ့ပါတယ်။

အလုပ်တွေ အများကြီးပြောင်းပြီးမှ ပြန်စဉ်းစား ဖြစ်တာကတော့ လူ့အလို နတ်မလိုက်နိုင် ဆိုတဲ့ စကား မှန်မယ် ထင်တယ် လို့ပါပဲ။ စားပွဲထိုးနေတုန်းကတော့ ကာယနဲ့ မလုပ်ရဘဲ ဉာဏ်ပါတဲ့ အလုပ် ဖြစ်ရင် တော်ပြီးလို့ တွေးခဲ့ပါတယ်။ အင်ဂျင်နီယာ ဖြစ်ပြီး တစ်ပတ် ၇ ရက် တစ်ရက် ၂၄ နာရီ အမြဲ အသင့်အနေထားနဲ့ အလုပ်လုပ် နေရတော့လည်း ကိုယ်ပိုင် အချိန်ကလေး ရှိရင် တော်ပါပြီလို့ တွေးခဲ့မိ ပြန်ပါတယ်။ ခရီးတွေ ဆက်တိုက် ထွက်ရပြန်တော့လည်း ကျောင်းတက်ဖို့ အချိန်ကလေး ရှိရင် တော်ပါပြီ တွေးခဲ့ ပြန်ပါတယ်။ ဥရောပတို့ အမေရိကားတို့ အရင်က အရမ်းကို ရောက်ဖူးချင်ပေမယ့်လည်း အဲဒီဒေသတွေမှာ လှည့်ပတ်နေရပြန်တော့ တစ်ခါတစ်လေ လောက် သွားရရင် တော်ပါပြီ တွေးခဲ့ ပြန်ပါတယ်။ အလုပ်ကို သက်သက်သာသာ လုပ်ရရင် ကောင်းမယ် တွေးခဲ့ပေမယ့် အသက်သာ လွန်ပြန်တော့လည်း ပျင်းလာပြန်ပါတယ်။ ကိုယ်ပိုင်အလုပ် လုပ်ရင်ကောင်းမယ် ဆိုတဲ့ စိတ်ကူးကလည်း ဒီလောက် စီးပွားရေး အပြိုင်အဆိုင် များတဲ့ နိုင်ငံမှာ ကိုယ့်ဘာသာကိုယ် ရပ်တည်ဖို့ တော်ရုံတန်ရုံမလွယ်ဘူး ဆိုတာ လုပ်ကြည့်မှပဲ သိလာခဲ့ပါတယ်။

တခြားတစ်ဖက်က မြက်တော့ ပိုစိမ်းတယ်လို့ ထင်ခဲ့မိတာပါပဲ။ ဒါပေမယ့် တကယ်တမ်း မြက်ခင်းစိမ်းကို တွေ့ပြန်တော့လည်း အရိပ်ကောင်းကောင်းလေး ရရင် ကောင်းမှာပဲ၊ နောက်ခံ ရှုခင်းကောင်းကောင်း လေးပါရင် ပိုကောင်းမယ် စတာမျိုး တွေးမိပြန်ပါတယ်။ ဒါပေမယ့် ပြောင်းလဲခဲ့သမျှ အပြောင်းအလဲတွေ အတော်များများကိုတော့ လုပ်ချိန်တန်တဲ့ အချိန်မှာ လုပ်ခဲ့တယ်လို့ ကိုယ့်ဘာသာကိုယ် ယုံကြည်ပြီး ကျေနပ်ပါတယ်။ ဒါပေမယ့် အပြောင်းအလဲ မလုပ်နိုင်ခင် စပ်ကူးမတ်ကူး ကြားမှာတော့ တခြားဖက်က မြက်ခင်းကို တွေးပြီး စိတ်ဆင်းရဲနေမယ့် အစား ကိုယ့်ဘာသာကိုယ် ကျေနပ်အောင် ကြံဖန် နေရင် အကောင်းဆုံးပဲလို့ ထင်မိပါတယ်။

Thursday, December 22, 2011

ဟိုတစ်စ ဒီတစ်စ ဟာသများ (၂)

လက်ခုပ်တီးတဲ့သူ

ဒေါ်အောင်ဆန်းစုကြည် အတွက် "Walk On" ဆိုတဲ့ သီချင်းနဲ့ ရေးသားသီဆို ဂုဏ်ပြုခဲ့ဖူးတဲ့ ကမ္ဘာကျော် တေးဂီတ အဖွဲ့ U2 ကို ကြားဖူးကြမှာပါ။ ယူတူး အဖွဲ့ရဲ့ ခေါင်းဆောင်အဆိုတော် ဘိုနိုဟာ သူ့ကိုယ်သူ တခြားသူတွေထက် ပိုပြီး စိတ်ထားမြင့်တဲ့သူအဖြစ် အထင် ရောက်တတ်တယ်လို့ ဖျော်ဖြေရေး အသိုင်းအဝိုင်းထဲမှာ သိကြပါတယ်။

တစ်ခါတော့ စကော့တလန်နိုင်ငံ ဂလက်စဂိုမြို့မှာ ယူတူးအဖွဲ့ရဲ့ ဂီတဖျော်ဖြေပွဲ တစ်ခု လုပ်ပါတယ်။ အဲဒီပွဲမှာ ဘိုနိုက ပရိသတ်အားလုံးကို လုံးဝ ငြိမ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

အားလုံး ငြိမ်ကျသွားတဲ့ အချိန်မှာတော့ ဘိုနိုက စက္ကန့် အနည်းငယ်စီ ခြားပြီး လက်ခုပ်ကို တစ်ချက်ချင်း  ဖြည်းဖြည်းချင်း တီးပါတော့တယ်။ ပရိသတ်တွေ ငြိမ်နေတဲ့ အချိန်မှာပဲ သူက မိုက်ခရိုဖုန်းကနေ တဆင့် အခုလို ပြောလိုက်ပါတယ်။

"ကျွန်တော့်ရဲ့ လက်ခုပ်သံ တစ်ချက်တိုင်းမှာ အာဖရိက မှာရှိတဲ့ ကလေးငယ် တစ်ယောက် သေဆုံး နေပါတယ်။"

အဲဒီအချိန်မှာပဲ တိတ်ဆိတ်နေတဲ့ လူအုပ်ရဲ့ အရှေ့က စကော့တလန်လေသံ ဝဲဝဲနဲ့ အသံတစ်သံ ထွက်လာပါတယ်။

"အဲဒါဆိုလည်း မင်း လက်ခုပ် ဆက်မတီးပါနဲ့တော့လား မိစ္ဆာကောင် မျိုးမစစ်ရဲ့။"

ယုံကြည်မှု ရှိပါ

နိုင်ငံပေါင်းစုံမှာရှိတဲ့ ကုမ္ပဏီ အသီးသီးက အမှုဆောင် အရာရှိချုပ် အယောက် ၂၀ ဟာ လေယာဉ်ပျံ တစ်စင်းပေါ်ကို ဖိတ်ကြား ခံခဲ့ရပါတယ်။ လေယာဉ်ပျံပေါ် ရောက်တော့ ဒီလေယာဉ်ပျံဟာ ကမ္ဘာမှာ ပထမဆုံး မောင်းသူမဲ့ ဝန်ထမ်းမဲ့ လေယာဉ်ပျံ ဖြစ်ကြောင်း သူတို့ကို ပြောပြပါတယ်။

နောက်တော့ အမှုဆောင် အရာရှိချုပ် တစ်ယောက်ချင်းစီကို သီးသန့်တွေ့ဆုံပြီး ဒီလေယာဉ်ပျံရဲ့ အလိုအလျောက် မောင်းနှင်စနစ်မှာ သူ့ကုမ္ပဏီရဲ့ ဆော့ဖ်ဝဲလ်ကို သုံးထားကြောင်း ပြောပြပါတယ်။ အမှုဆောင် အရာရှိချုပ် ၁၉ ယောက်ဟာ အကြောင်းအမျိုးမျိုး ပြပြီး လေယာဉ်ပေါ်ကနေ ချက်ချင်း ဆင်းသွားကြ ပါတယ်။ မလေးရှားက အမှုဆောင် အရာရှိချုပ် တစ်ယောက်ပဲ လေယာဉ်ပေါ်မှာ ကျန်နေခဲ့ပြီး သူကတော့ လုံးဝ စိုးရိမ်တဲ့ ပုံစံ မပြပါဘူး။

ပထမဆုံး မောင်းသူမဲ့ လေယာဉ်ကိုစီးဖို့အတွက် ဘာဖြစ်လို့ သူ့မှာ ယုံကြည်မှုအပြည့် ရှိရတာလဲလို့ သူ့ကို မေးတော့ သူက ပြန်ဖြေပါတယ်။ "ဒီလေယာဉ်ပျံကို မောင်းဖို့ ဆော့ဖ်ဝဲလ်က ငါ့ကုမ္ပဏီရဲ့ အိုင်တီဌာနက ရေးတာ မှန်ရင်တော့ ဒီလေယာဉ်ပျံ လေပေါ်ကိုတောင် ရောက်မှာ မဟုတ်ဘူး။"

ကိုယ့်ကုမ္ပဏီကိုယ် ယုံကြည်မှု အပြည့်အဝရှိတယ် ဆိုတာ ဒါမျိုးပါပဲ။

ရှားလော့ဟုမ်း အမေ

မိုက်ကယ်က သူ့အမေကို အိမ်မှာ ညစာ လာစားဖို့ ခေါ်ပါတယ်။ ညစာစားနေတုန်းမှာ သူ့အမေက မိုက်ကယ့်ရဲ့ အခန်းဖော်က အတော်ချောတယ် ဆိုတာကို သတိပြုမိပါတယ်။ သူမအနေနဲ့ မိုက်ကယ်နဲ့ သူ့ အခန်းဖော်ရဲ့ ဆက်ဆံရေးကို သံသယ ဖြစ်နေခဲ့တာ ကြာပါပြီ။ အခုလို တွေ့လိုက်ရတော့ သူမအနေနဲ့ ပိုပြီး သိချင်လာပါတယ်။

တစ်ညနေလုံး သူတို့ နှစ်ယောက် ပြောဆိုဆက်ဆံနေပုံကို တွေ့ပြီးတဲ့ နောက်မှာတော့ သူမအနေနဲ့ သူတို့ကြားက ဆက်ဆံရေးဟာ သာမန်ထက် ပိုနေမလားလို့ တွေးမိလာပါတယ်။ သူ့အမေ ဘာတွေးနေတယ် ဆိုတာကို ရိပ်မိတဲ့ မိုက်ကယ်က "အမေ ဘာတွေးနေသလဲ ဆိုတာ ကျွန်တော် သိတယ်။ ဒါပေမယ့် ကျွန်တော်နဲ့ ဂျိုအန်း နှစ်ယောက်ကြားက ဆက်ဆံရေးဟာ အခန်းဖော် ဆိုတာထက် မပိုဘူးလို့ အမေ့ကို အတိအကျ ပြောနိုင်ပါတယ်။" လို့ သူ့အမေကို ပြောပါတယ်။

တစ်ပတ်လောက် ကြာတော့ ဂျိုအန်းက မိုက်ကယ့်ကို မေးပါတယ်။
"ရှင့်အမေ လာသွားပြီးကတည်းက ကျွန်မ ငွေရောင်ဇွန်း လှလှ ကလေးကို မတွေ့တော့ဘူး။ ရှင် သူယူသွားတယ်လို့ ထင်သလား။"

မိုက်ကယ်က "အင်း။ ငါလည်း အဲဒီလိုထင်တယ်။ ပိုပြီး သေချာအောင် ငါ့အမေကို စာရေးပြီး မေးလိုက်ပါဦးမယ်။" လို့ ပြန်ပြောပါတယ်။

မိုက်ကယ်က သူ့အမေဆီကို စာရေးပါတယ်။
"အမေ။ အမေ ကျွန်တော့်အိမ်က ငွေရောင် ဇွန်းလှလှကလေး တစ်ချောင်းကို ယူသွားသလား ယူမသွားဘူးလားတော့ မပြောတတ်ဘူး။ ဒါပေမယ့် အချက်အလက် အရတော့ အမေလာသွားပြီး ကတည်းက ဒီဇွန်းက ပျောက်နေတယ်။"

နောက်ထပ် ရက်အနည်းငယ် အကြာမှာ သူ့အမေဆီကနေ စာပြန်လာပါတယ်။ "သား။ မင်း ဂျိုအန်းနဲ့ အတူ အိပ်သလား မအိပ်ဘူးလားတော့ အမေ မပြောတတ်ဘူး။ ဒါပေမယ့် အချက်အလက် အရတော့ တကယ်လို့ ဂျိုအန်းသာ သူ့အိပ်ရာမှာသူ သူအိပ်တယ် ဆိုရင် အခု မင်းတို့ ဇွန်းကို ရှာတွေ့လောက် ပါပြီ။ ချစ်တဲ့ အမေ။"

ကပ်စတန်မာ ဆားဗစ်

ဗာဂျင် လေကြောင်းလိုင်းရဲ့ ဘိုးအင်း ၇၆၇ လေယာဉ်ပျံတွေ ဆက်လက်ပြီး မပျံသန်းတော့ တဲ့အတွက် ဖျက်သိမ်းလိုက်ရတဲ့ လေယာဉ်ခရီးစဉ်တွေထဲမှာ လူများတဲ့ လေယာဉ်ခရီးစဉ်တစ်ခုလည်း ပါပါတယ်။ အဆင်မပြေ ဖြစ်နေတဲ့ ခရီးသည်တွေကို လေကြောင်းလိုင်း ဝန်ထမ်း တစ်ယောက်တည်းကနေ​ တခြား လေကြောင်း ခရီစဉ်တွေမှာ ပြန်ပြီး ဘွတ်ကင် လုပ်ပေးနေရတော့ တန်းစီနေတဲ့ လူတန်းက အရှည်ကြီး ဖြစ်နေပါတယ်။ ရုတ်တရက် ဆိုသလိုပဲ ဒေါသဖြစ်နေတဲ့ ကပ်စတန်မာ တစ်ယောက်က လူအားလုံးကို ကျော်ပြီး စားပွဲရှေ့ကို ရောက်လာ ပါတယ်။
"ငါဒီလေယာဉ်ခရီးစဉ်နဲ့ လိုက်ရမှ ဖြစ်မယ်။ ပထမတန်းကနေ လိုက်ရမှ ဖြစ်မယ်။"  လို့ သူက ပြောပါတယ်။

ဝန်ထမ်းက ပြန်ပြောပါတယ်။ "ဆောရီးပါ ဆရာ။ ကျွန်မ အနေနဲ့ ရှင့်ကို ကူညီဖို့ ကြိုးစားပေးပါ့မယ်။ ဒါပေမယ့် ကျွန်မအနေနဲ့ ဒီခရီးသည်တွေကို အရင် အကူအညီ ပေးရပါလိမ့်မယ်။ ကျွန်မတို့ တစ်ခုခုတော့ စီစဉ် ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။"

သူက ကျေနပ်ပုံ မရပါဘူး။ သူ့နောက်က လူတွေ အားလုံး ကြားရအောင် သူက အသံကျယ်ကျယ်နဲ့ ထပ်ပြောပါတယ်။
"ငါ ဘယ်သူလဲ ဆိုတာ မင်းသိရဲ့လား။"

ဝန်ထမ်းက တုံ့ဆိုင်းမနေဘဲ သူ့ကို ပြုံးပြပြီး ကြေငြာချက် ထုတ်တဲ့ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက် ပါတယ်။
"ကျေးဇူးပြုပြီး နားဆင်ပါရှင်။ ကျေးဇူးပြုပြီး နားဆင်ပါရှင်။" ဆိုပြီး သူမ စပြောတော့ သူမရဲ့ အသံကို လေဆိပ် တာမင်နယ် တစ်ခုလုံးကနေ ပီပီသသ ကြားရပါတယ်။

"ကျွန်မတို့ရဲ့ ဂိတ်အမှတ် ၁၄ မှာ သူ့ကိုယ်သူ ဘယ်သူမှန်း မသိတဲ့ ခရီးသည် တစ်ယောက် ရောက်နေပါတယ်။ အကယ်၍ တစ်စုံတစ်ယောက်ကများ သူဘယ်သူလဲဆိုတာကို ပြောပြပေးနိုင်မယ် ဆိုရင် ဂိတ်အမှတ် ၁၄ ကို ကျေးဇူးပြုပြီး လာခဲ့ပေးပါ။"

သူ့အနောက်မှာ ရပ်နေတဲ့ သူတွေက ခွက်ထိုးခွက်လန် ရယ်ကြတဲ့ အခါမှာတော့ အဲဒီလူက ဗာဂျင် လေကြောင်းလိုင်းက ဝန်ထမ်းကို စူးစူးရဲရဲကြည့် အံကြိတ်ပြီး "F*** You!" လို့ ဆဲလိုက်ပါတယ်။

ဝန်ထမ်းက မျက်နှာတစ်ချက်မှ မမဲ့ဘဲ ပြုံးပြီး ပြန်ပြောပါတယ်။
"ဆောရီးပါ ဆရာ။ အဲဒီအတွက်လည်း တန်းစီရပါလိမ့်မယ်။"

အဆောင်ကူး

ကောလိပ်ကျောင်းရဲ့ ပထမနေ့မှာ ဆရာကြီးက ကျောင်းသားတွေကို အမှာစကား ပြောရင်း စည်းကမ်းချက် တစ်ချို့ကို ပြောပြပါတယ်။

"မိန်းကလေးဆောင်ကို ယောက်ျားလေးတွေ ဝင်ခွင့် မရှိဘူး။ ယောက်ျားလေးဆောင်ကို မိန်းကလေးတွေ ဝင်ခွင့် မရှိဘူး။ ဒီစည်းကမ်း ချိုးဖောက်တဲ့သူကို မိရင် ပထမဆုံး အကြိမ် အနေနဲ့ ဒဏ်ငွေ ဒေါ်လာ ၂၀ ရိုက်မယ်။"

သူက ဆက်ပြောပါတယ်။ "တကယ်လို့ ဒုတိယ အကြိမ် ထပ်ပြီး မိရင် ဒဏ်ငွေ ဒေါ်လာ ၆၀ ရိုက်မယ်။ တတိယ အကြိမ် ထပ်ပြီး မိရင် ဒေါ်လာ ၁၂၀ ရိုက်မယ်။ မေးစရာ ရှိလား။"

အဲဒီအချိန်မှာ ကျောင်းသားတစ်ယောက်က ထမေးပါတယ်။
"လပေးဆိုရင် ဘယ်လောက်ကျပါမလဲ ဆရာကြီး။"

(အင်တာနက်ပေါ်မှာ ဖတ်မိတဲ့ ဟာသတွေကို ဘာသာပြန်ထားတာပါ။)

Monday, December 19, 2011

ဟင်းန်ဖုန်း ပလာဇာ၊ မြဘုရားနဲ့ ကျောက်ဖယားမြစ် ရဲ့ နေ့စွဲများ

ကျွန်တော့်မှာ ခြေထောက်ဗွေပါလာလို့ ဟိုနိုင်ငံသွား ဒီနိုင်ငံသွား လုပ်နေရပေမယ့် မြန်မာပြည်နဲ့ အနီးဆုံး ဖြစ်တဲ့ ထိုင်းကိုတော့ တစ်ခါမှ မရောက် ဖြစ်ပါဘူး။ ထိုင်းက စက်ရုံကို ပို့ဖို့ စက်တွေ လုပ်ဖူး ပေမယ့်လည်း ပြီးခါနီးမှ တခြား ပရော့ဂျက် ပြောင်းလုပ်ရတာမို့ မသွားဖြစ်၊ ထိုင်းကို ပို့ဖြစ်တဲ့ စက် ကျပြန်တော့လည်း သဘောတွေကောင်းပြီး ဘာပြဿနာမှ မရှိတာမို့ မသွားဖြစ်ဘဲ ကပ်ပြီး လွဲနေပြန်ပါတယ်။ ဒီလိုနဲ့ နိုင်ငံခြား ရောက်တာ ဆယ်စုနှစ် တစ်ခုနီးပါး ရှိမှ ဘန်ကောက်ကို သွားဖို့ အရေးတကြီး ကိစ္စ ပေါ်လာပါတယ်။ ကျွန်တော့် ရည်းစား ထိုင်းမှာ ကျောင်းလာတက်တာမို့ သူ့ဆီ သွားလည်ဖြစ်တာပါ။ :D

ဘန်ကောက်ရောက်ပြီး နောက်တစ်နေ့ ကျွန်တော့် ရည်းစားက သူ့ လက်ပ်တော့ပ် မှာ ဝိုင်ယာလက်စ် သုံးမရလို့ ဆိုပြီး ကျွန်တော့်ကို ပြင်ခိုင်းပါတယ်။ ကျွန်တော်လည်း တတ်သည့် ပညာ မနေသာ ဆိုသလို ဉာဏ်နီ ဉာဏ်နက် တွေ အကုန် ထုတ်ပြီး ပြင်ပေမယ့်လည်း ကောင်းမလာ ပါဘူး။ အဲဒါကြောင့် ဝိုင်ယာလက်စ် အဒပ်ပတာ တစ်ခု ဝယ်တတ်ပြီး သုံးဖို့ စီစဉ်ကြပါတယ်။

ဒီလိုနဲ့ ကျွန်တော်တို့ နှစ်ယောက် ဘန်ကောက်မြို့ထဲ သွားရင်း လျှပ်စစ်ပစ္စည်းတွေ ရောင်းတဲ့ ပလာဇာ တစ်ခုဘက်ကို ခြေဦးလှည့်ခဲ့ကြပါတယ်။ ဘာပလာဇာလဲတော့ နာမည် မမှတ်မိ ပါဘူး။ ပလာဇာပေါ်မှာတော့ ဟင်းန်းဖုန်း အပိုပစ္စည်း ရောင်းတဲ့ဆိုင်တွေပဲ တွေ့ရ ပါတယ်။ ဒါ​ပေမယ့် ရှာဖွေလေ တွေ့ရှိလေ ဆိုတဲ့ အတိုင်း နောက်ဆုံးမှာတော့ ကွန်ပျူတာ ပစ္စည်းဆိုင်ကို သွားတွေ့ပါတယ်။ ဝိုင်ယာလက်စ် အဒပ်ပတာ ရှိသလား မေးတော့ ဆိုင်က ဘွားတော်က အဒပ်ပတာ တစ်ခု ထုတ်ပြပါတယ်။ ဘယ်လောက်လဲ မေးတော့ ကယ်ကူလေတာကြီး ထုတ်ပြီး ဘတ် ၁၀၀၀ လို့ နှိပ်ပြပါတယ်။ ကျွန်တော့်မှာ ကိုတီဇက်အေရဲ့ ဘန်ကောက် ခရီးစဉ် အစအဆုံး အပါအဝင် ဘလော့ခ်တွေ လှည့်ပတ်ဖတ်ထား တာမို့ ဘန်ကောက်မှာ ဈေးဆစ်ပြီး ဝယ်ရမယ် ဆိုတာတော့ သိထားပါတယ်။ အဲဒါနဲ့ ကျွန်တော့် ရည်းစားကို ဈေးဆစ်ဖို့ လှမ်းပြောလိုက် ပါတယ်။ သူက ကယ်ကူလေတာမှာ ၇၅၀ နှိပ်ပြတော့ ဟိုက ဝမ်းသာအားရနဲ့ ယူသွားလို့ ဆိုပါတယ်။ အဲဒီအချိန်ကျမှပဲ ခေါင်းထဲက ကယ်ကူလေတာက အလုပ်လုပ်ပါတယ်။ စင်ကာပူမှာတောင် ဝိုင်ယာလက်စ် အဒပ်ပတာ တစ်ခု ဒေါ်လာ ၂၀ လောက် ရှိတာမို့ ဘန်ကောက်မှာ ဒေါ်လာ ၃၀ ကျော် ကျတယ် ဆိုတော့ ကျွန်တော်တို့တော့ ဈေးတင်ရိုက်ခံ လိုက်ရပြီ ဆိုတာ သိလိုက်ပါတယ်။ ဒါပေမယ့်လည်း ဈေးက ကိုယ်ဆစ်ထားတဲ့ ဈေးမို့ အောင့်သက်သက်နဲ့ပဲ ဘတ် ၇၅၀ ပေးပြီး အဒပ်ပတာကို ယူလာခဲ့ကြပါတယ်။

ကျွန်တော် ဘန်ကောက် ရောက်တဲ့ အချိန်က ကဆုန်လပြည့်နေ့ ဝန်းကျင်ပါ။ လပြည့်နေ့နဲ့လည်း ကြုံနေတာမို့ ကျွန်တော်တို့ မြဘုရားကို သွားဖို့ စီစဉ်ပါတယ်။ သူတို့ ကျောင်းကနေ ဘတ်စ်ကား စီးရင် မြို့ထဲက အနုဆာဝါရီ ဒါမှမဟုတ် Victory Monument ခေါ်တဲ့ ကျောက်တိုင် နေရာကို ရောက်ပါတယ်။ ကျွန်တော်တို့ သွားစရာ ရှိရင် အဲဒီနေရာကို ကားစီးပြီးမှ အဲဒီကနေ တခြားနေရာကို ကားပြန်စီး ကြပါတယ်။ အကြောင်းကတော့ တခြားမှတ်တိုင်ကနေ ကားပြောင်း မစီးတတ်လို့ပါ။ ဒီလိုနဲ့ နှစ်ယောက်သား လမ်းညွှန်စာအုပ် တစ်အုပ်နဲ့ မြို့ထဲ ရောက်လာကြပါတယ်။ အနုဆာဝါရီ ရောက်တော့ လမ်းညွှန်စာအုပ်ထဲက ပါတဲ့ ဘတ်စ်ကားနံပါတ်ကို ရှာတွေ့တာမို့ အဲဒီကားကို တက်စီး ခဲ့ပါတယ်။ ဒါပေမယ့် လမ်းညွှန်စာအုပ်က ဘတ်စ်ကား နံပါတ်ကိုပဲ ညွှန်ထားတာပါ။ ဘယ်နှစ်မှတ်တိုင် စီးရမယ်လို့ ညွှန်မထားပါဘူး။ အဲဒါကြောင့် နှစ်ယောက်သား ဟိုကြည့်ဒီကြည့်နဲ့ ဘတ်စ်ကားပေါ်ကနေ မြဘုရား ကို ရှာလာကြပါတယ်။ ဒီလိုနဲ့ ကားစီးလာကြရင်း လမ်းကျတော့ အချွန်တွေ အတက်တွေနဲ့ အဆောက်အဦး အကြီးကြီး တစ်ခု တွေ့ပါတယ်။ မြဘုရားကို တွေ့ပြီမို့ နှစ်ယောက်သား အဲဒီ အနားက မှတ်တိုင်မှာ ကားပေါ်က ဆင်းခဲ့ကြပါတယ်။

မြန်မာပြည်မှာ ရွှေရောင်နဲ့ ဘုရားမြင်တိုင်း ရွှေတိဂုံဘုရား မဟုတ်သလို ထိုင်းမှာလည်း အချွန်အတက်နဲ့ အဆောက်အဦး မြင်တိုင်း မြဘုရား မဟုတ်ဘူး ဆိုတာကို ကားပေါ်က ဆင်းပြီးမှ သဘောပေါက်လိုက် ပါတယ်။ ဘာ အဆောက်အဦးကြီးလဲတော့ မသိပါဘူး။ မြဘုရား မဟုတ်တာတော့ အသေအချာပါပဲ။ မှားမှန်း သိပြီးတော့မှ နောက်ထပ် ဘတ်စ်ကား ထပ်မစောင့်ချင် တော့တာနဲ့ တက္ကစီနဲ့ပဲ ဆက်သွားမယ်လို့ သဘောတူ ကြပါတယ်။ အဲဒါနဲ့ လမ်းမပေါ်လာတဲ့ တက္ကစီ တစ်စီး တားလိုက်ပါတယ်။ တက္ကစီပေါ်ရောက်တော့ တက္ကစီသမားကို အီမာရယ်လ် ဗုဒ္ဓကို သွားချင်တယ်လို့ ပြောတော့ သူက ကျွန်တော်တို့ကို ထိုင်းလို ကွိစိကွစ တွေ ပြန်ပြောပါတယ်။ နောက်တစ်ခေါက် ထပ်ပြောတော့လည်း ကွိစိကွစ လုပ်ပြန်ပါတယ်။ အဲဒီတော့ သူ ကျွန်တော်တို့ပြောတာ နားမလည်ဘူးလို့ ကောက်ချက်ဆွဲ လိုက်လို့  ရပါတယ်။ လက်ဟန်ခြေဟန်နဲ့ ပြောရအောင်လည်း မြဘုရားကို ဘယ်လို ပုံသဏ္ဍာန် ပြရမှန်း စဉ်းစား မရပါဘူး။ နောက်မှ လမ်းညွှန်စာအုပ်ကို သွားသတိရပါတယ်။ လမ်းညွှန်စာအုပ်ကို ဖွင့်ပြီး မြဘုရားပုံ ပြတော့မှ တက္ကစီ မောင်းတဲ့သူက အိုကေလို့ ဆိုပါတယ်။

မြဘုရားရောက်တော့ သူက ကျွန်တော်တို့ကို တံခါးပေါက် တစ်ခုနား ကားရပ်ပေးပါတယ်။ ပိုက်ဆံရှင်းပြီး တံခါးပေါက်ကနေ အထဲဝင်လာတော့ ကျွန်တော့် ရည်းစားက တစ်ခုခု မှားနေပြီလို့ ပြောပါတယ်။ ဘာဖြစ်လို့လဲ မေးတော့ အရင်က မြဘုရားထဲ ဝင်ရင် ပိုက်ဆံ ပေးရတယ်။ အခု ဘယ်သူမှလဲ ပိုက်ဆံ မတောင်းကြဘူးလို့ သူက ကျွန်တော့်ကို ပြောပါတယ်။ အထဲဝင်လာတော့ ဘုရားကတော့ မမှားပါဘူး။ မြဘုရားပါပဲ။ ဒါပေမယ့် တံခါးပေါက်ကတော့ တိုးရစ်စ်တွေ ဝင်နေကျ တံခါးပေါက် မဟုတ်ပါဘူး။ မြဘုရားမှာ တိုးရစ်စ်တွေက ပင်မ တံခါးပေါက်ကြီးက ဝင်လေ့ ရှိပါတယ်။ အဲဒီမှာ တိုးရစ်စ်တွေ အတွက် ဝင်ကြေးကောက်တဲ့ နေရာရှိပါတယ်။ ကျွန်တော်တို့ကို တက္ကစီသမား ရပ်ပေးတဲ့ နေရာက တံတိုင်းဘေး ဝင်ပေါက်မို့ အဲဒီမှာ ဝင်ကြေးကောက်တဲ့သူ မရှိပါဘူး။ အဲဒီထိပ်က လုံခြုံရေးကလည်း ကျွန်တော်တို့ကို ထိုင်းရုပ်နဲ့ တူလို့ ထင်ပါတယ်။ ဘာမှ မပြောလိုက်ပါဘူး။ ဒါပေမယ့်လည်း ဘုရားလာပြီးမှ ဝင်ကြေးမပေးဘဲ ဝင်ရတာ ဘတ်ကီးရိုက်သလို ခံစားရလို့ စိတ်မသန့်တာမို့ ရှေ့ပေါက်က ပြန်ထွက် ဝင်ကြေးပေးပြီးမှ တစ်ခါ ပြန်ဝင်ကြပါတယ်။

ရည်းစားနဲ့ သွားတဲ့ အကြောင်းရေးတော့ ရိုမန်တစ် တဲ့ အကြောင်းလည်း ပါမှ ဖြစ်ပါဦးမယ်။ ဘန်ကောက်မှာ ဘာလုပ်ရင် ရိုမန်တစ် မလည်း လိုက်ရှာကြည့်တော့ ကျောက်ဖယားမြစ်ထဲ လှေစီးရင် ရိုမန်တစ်ဖြစ်မယ် ဆိုတဲ့ အဖြေရပါတယ်။ ဒီလိုနဲ့ တစ်ခေါက်တော့ ကျွန်တော်တို့ ကျောက်ဖယားမြစ်ထဲ လှေစီးဖို့ ထွက်လာခဲ့ကြ ပါတယ်။ အချိန်က ညနေစောင်းပါ။ ကားတစ်တန် ရထားတစ်တန်နဲ့ လာခဲ့ကြရင်း နောက်ဆုံးတော့ လှေဆိပ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ပါတယ်။ လှေပေါ်တက်လာတော့ ကျွန်တော်တို့ နှစ်ယောက်ကို အားလုံးက အထူးအဆန်း အနေနဲ့ ကွက်ကြည့်ကွက်ကြည့် လုပ်နေကြပါတယ်။ နိုင်ငံခြားသားမှန်း သိလို့ ကြည့်တာလား ဘာလားတော့ စဉ်းစားလို့ မရပါဘူး။ ဒီလိုနဲ့ပဲ ခဏနေတော့ သင်္ဘော စပယ်ယာက ပိုက်ဆံ လာတောင်းလို့ ပေးလိုက်ပါတယ်။

လှေထွက်တော့ လှေက မြစ်ကြောင်းအတိုင်း မထွက်ဘဲ မြစ်ကြောင်းကို ကန့်လတ်ဖြတ်ကြီး ထွက်သွား ပါတယ်။ ကျောက်ဖယားမြစ်ထဲမှာ လှေဆိပ်တွေက ဟိုဘက်ကမ်း ဒီဘက်ကမ်း ရှိတာဆိုတော့ ဟိုဘက်ကမ်းမှာ လူသွားတင် မလို့လို့ စိတ်ထဲမှာ ထင်လိုက်ပါတယ်။ ဒါပေမယ့် ဟိုဘက်ကမ်းရောက်တော့ လှေပေါ်မှာ ရှိသမျှ လူ အားလုံး ဆင်းသွားကြပါတယ်။ အဲဒီတော့မှ ကျွန်တော်တို့ စီးလာတဲ့ လှေက မြစ်ကြောင်းတလျှောက် သွားတဲ့ လှေမဟုတ်ဘဲ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းကို ကူးတဲ့ ဇက်သင်္ဘောလို လှေမျိုး ဆိုတာကို သဘောပေါက်လိုက် ပါတယ်။ ပုံမှန် နေ့လည်ပိုင်းဆိုရင် ကျောက်ဖယားမြစ်ထဲမှာ စုန်ဆန်သွားနေတဲ့ သင်္ဘောတွေ ရှိပေမယ့် ည ၇ နာရီလောက် ဆိုရင် မရှိတော့ဘူး ဆိုတာ ကျွန်တော်တို့ မသိခဲ့ ပါဘူး။ ဒီလိုနဲ့ပဲ ဟိုဘက်ကမ်းကနေ ဒီဘက်ကမ်းကို လှေနဲ့ ပြန်ကူးခဲ့ရင်း ရိုမန်တစ် လှေစီး ခရီးစဉ်ပြီးဆုံးသွားခဲ့ပါတယ်။

Thursday, November 17, 2011

ဂဏန်းများရဲ့ ဒဏ္ဍာရီ

ကျောက်ခေတ်လူသားတွေ အတွက်တော့ ကိန်းဂဏန်း ဆိုတာ လူဘယ်နှစ်ယောက် ရှိသလဲ ၊ မြှားဘယ်နှစ်ချောင်း ရှိသလဲ ၊ ကျွဲနွား ဘယ်နှစ်ကောင် ရှိသလဲ ဆိုတာ တွေကို ရေတွက်ဖို့ထက် မပိုပါဘူး။ ကိန်းဂဏန်း ဆိုတာ ရေတွက်ဖို့ သက်သက်ပဲ လိုအပ်တဲ့ အတွက် ၁၊ ၂၊ ၃၊ ၄ စတဲ့ ကိန်းပြည့်ဂဏန်းတွေက သူတို့အတွက် လုံလောက် ပါတယ်။ နွားဆိုတာ နှစ်ကောင်ခွဲ ရှိတယ်တို့ သုံးကောင်နဲ့ တစိတ် ရှိတယ် တို့ ဆိုတာမျိုး ရေတွက်စရာ မလိုဘူး မဟုတ်လား။ အဲဒီအတွက် အပိုင်းဂဏန်းတို့ အနှုတ်ဂဏန်း တို့ ဆိုတာတွေ ကျောက်ခေတ်မှာ မသုံးခဲ့ဘူးလို့ ယူဆရပါတယ်။

ဒါပေမယ့် လူသားတွေရဲ့ ယဉ်ကျေးမှု တဖြည်းဖြည်း တိုးတက်လာပြီး စိုက်ပျိုးမွေးမြူရေးတွေ၊ ရောင်းဝယ် ဖောက်ကားမှုတွေ ထွန်းကားလာတဲ့ အချိန်မှာတော့ အပိုင်းဂဏန်းဆိုတာ စပြီး လိုအပ်လာပါတယ်။ ထောပတ်၊ ဆန်စပါး စတာတွေရဲ့ အလေးချိန်၊လယ်ကွက်တစ်ခုရဲ့ အလျားဆိုတာတွေကို ပြဖို့အတွက် ကိန်းပြည့် တစ်မျိုးတည်းနဲ့ မလုံလောက် တော့ပါဘူး။ ထောပတ်ဆိုတာမျိုးတွေက နှစ်ပေါင် သုံးပေါင် တင် မဟုတ်ဘဲ နှစ်ပေါင်ခွဲ၊ သုံးပေါင်နဲ့ တစ်စိတ် စတာမျိုးတွေ  ဖြစ်နိုင်တယ် ဆိုတော့ အဲဒီ အချိန်မှာ လူတွေ အပိုင်းဂဏန်းကို စပြီး သုံးလာကြပါတယ်။ အဲဒီတုန်းက ဘေဘီလုံလို့ ခေါ်ပြီး အခုအီရတ်နိုင်ငံ နေရာမှာ ရှိတဲ့ ဘေဘီလုံ လူမျိုးတွေ၊ အီဂျစ်လူမျိုးတွေက အပိုင်းဂဏန်းတွေကို သုံးပြီး တွက်ချက်တတ် ကြပါတယ်။

အပိုင်းဂဏန်း ဆိုတာကလည်း ကိန်းပြည့်ကို အပိုင်းပိုင်းထားတာပါပဲ။ အပိုင်းဂဏန်းနဲ့ ပြလို့မရတဲ့ ဂဏန်းတွေ ရှိတယ် ဆိုတာကို သင်္ချာပညာရှင် ပိုက်သာဂိုရပ်စ်က စပြီး တွေ့ရှိခဲ့ပါတယ်။ ဥပမာအားဖြင့် စတုရန်း တစ်ခုရဲ့ ဒေါင့်ဖြတ်မျဉ်း ဘယ်လောက်ရှည်တယ် ဆိုတာ ပြချင်ရင် ကိန်းပြည့်တို့ အပိုင်းကိန်းတို့ စတာတွေနဲ့ ပြလို့ မရတော့ပါဘူး။ ဥပမာ
2 လို ဂဏန်းမျိုးကို အပိုင်းကိန်းနဲ့ ပြလို့ မရပါဘူး။ အဲဒီအခါမှာ အီရာရှင်နယ် (irrational) ကိန်း ဆိုတဲ့ ကိန်းတစ်မျိုးနဲ့ ပြမှ ရတယ် ဆိုတာ ကို တွေ့ခဲ့ပါတယ်။ စကြာဝဠာထဲမှာ ရှိတဲ့ အရာတွေ အားလုံးရဲ့ အနှစ်သာရဟာ ဂဏန်းသင်္ချာမှာ ရှိတယ်လို့ ယုံကြည်ခဲ့တဲ့ ပိုက်သာဂိုရပ်စ်ဟာ သူ့ရဲ့ ရှာဖွေတွေ့ရှိမှုကို အလွန်ကြီးကျယ်တဲ့ ရှာဖွေတွေ့ရှိမှု တစ်ခု အနေနဲ့ မှတ်ယူခဲ့ပါတယ်။ အဲဒီ အကြောင်းကို လျို့ဝှက်ချက် အနေနဲ့ ထားရှိခဲ့ပြီး သူ့ရဲ့ နောက်လိုက် နောက်ပါတွေ အားလုံးကို ဒီရှာဖွေတွေ့ရှိမှုနဲ့ ပတ်သက်ပြီး လျို့ဝှက်ထားဖို့ ကျိန်ဆိုခိုင်းခဲ့ပါတယ်။ အီရာရှင်နယ် ကိန်းအကြောင်း ထုတ်ပြောတဲ့သူကို သတ်ပစ်မယ် ဆိုတဲ့ အထိ ပြောခဲ့ပါတယ်။ ဒက်စ်ကရေးတီးရဲ့ လက်ထက်ရောက်မှ လူတွေ အားလုံး အီရာရှင်နယ် ဂဏန်း အကြောင်းကို ကောင်းကောင်း သိလာခဲ့ကြ ပါတယ်။

အီရာရှင်နယ် ကိန်းတွေ ပေါ်လာတဲ့ အချိန် အထိ အပေါင်းကိန်း တွေပဲ ရှိပါတယ်။ အနှုတ်ကိန်းဆိုတာ မရှိသေးပါဘူး။ ရေတွက်ရုံ တွက်ချက်ရုံတွက် အနှုတ်ကိန်းဆိုတာက မလိုအပ်ပါဘူး။ အဲဒီအတွက် ကိန်းပြည့်တွေ၊ အပိုင်းကိန်းတွေ၊ အီရာရှင်နယ် ကိန်းတွေ အားလုံးဟာ အပေါင်းကိန်းတွေပဲ ဖြစ်နေလေ့ ရှိပါတယ်။ အလယ်ခေတ် လို့ခေါ်တဲ့ ၁၁ ရာစု ဝန်းကျင်က ဟိန္ဒူတွေကတော့ အနှုတ်လက္ခဏာကိန်းကို စတင်ပြီး အသုံးပြုနေကြပါပြီ။ အရှေ့တိုင်းက ဗတ်ရှ်ကာ တို့လို ဟိန္ဒူပညာရှင် တွေက အနှုတ်ကိန်းတွေကို အသုံးပြုပြီး တွက်ချက်တဲ့ ကိစ္စတွေကို ပြုလုပ်ခဲ့ကြောင်း တွေ့ရပါတယ်။ အနောက်တိုင်း မှာတော့ အနှုတ်ကိန်း ဆိုတာက လိုအပ်ချက် အရ ထွက်ပေါ် လာခဲ့ ရတာပါ။ ရီနေဆွန်းခေတ်လို့ ခေါ်တဲ့ ၁၅ ရာစုလောက်မှာ ဗင်းနစ်တို့၊ ဖလော့ရင့် တို့လို အီတလီ မြို့ကြီးတွေမှာ ဘဏ်လုပ်ငန်းတွေ စတင် ထွက်ပေါ်လာပါတယ်။ ဘဏ်လုပ်ငန်း စတင်ထွက်ပေါ်လာတော့ ငွေချေးစနစ် ဆိုတာ ပေါ်ပေါက်လာပါတယ်။ ကုန်သည်တစ်ယောက် အနေနဲ့ ဘဏ်မှာ ရွှေချောင်း ၅ ချောင်း အပ်ပေမယ့် စီးပွားရေး လိုအပ်ချက်အရ ၂ ချောင်းကို ဘဏ်က ထပ်ချေးပြီး ၇ ချောင်း ပြန်ထုတ်တာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီတော့ သူ့ရဲ့ ဘဏ်စာရင်းမှာ အကြွေးတင်နေတယ် ဆိုတာကို ပြဖို့အတွက် အနှုတ်ဂဏန်းဆိုတာ သုံးဖို့ လိုအပ်လာပါတယ်။

ကိန်းပြည့်၊ အပိုင်းကိန်း၊ အီရာရှင်နယ်ကိန်း၊ အနှုတ်ကိန်း စတာတွေကို ကိန်းစစ် (real number) တွေလို့ ခေါ်လေ့ ရှိကြပါတယ်။ ကိန်းစစ် ဆိုတာ ရှိရင် ကိန်းမှာ ရော အင် ရှိသလား မေးစရာ ရှိပါတယ်။ ဟုတ်ပါတယ်။ ကိန်းတွေမှာလည်း အင် ရှိလို့ ကိန်းစစ်ဆိုတာ ပေါ်လာတာပါ။ ဒါပေမယ့် အဲဒီအင်က အင်္ဂုလိ တော့ မဟုတ်ပါဘူး။ အင်မေဂျင်နရီကိန်း (Imaginary Number) ဒါမှမဟုတ်ရင် စိတ်ကူးယဉ်ကိန်းလို့ ခေါ်ကြပါတယ်။ အင်မေဂျင်နရီကိန်း ဖြစ်လာတဲ့ ဇာတ်လမ်းက ဒီလို စပါတယ်။

သင်္ချာပညာရှင်တွေ အနေနဲ့ ညီမျှခြင်းတွေကို ရှင်းရင်း တစ်ခါတစ်လေမှာ
-1 လို ဂဏန်းမျိုးတွေ ရလာတတ်ပါတယ်။ ဥပမာအားဖြင့် x2+1 = 0  ဆိုတဲ့ ညီမျှခြင်းမျိုးကို ရှင်းရင် x ရဲ့ တန်ဖိုးဟာ -1 ဖြစ်နေပါတယ်။ အစကတော့ -1 ဆိုတဲ့ ဂဏန်းဟာ သင်္ချာ ပညာရှင်တွေ အတွက် ဘယ်လိုမှ မဖြစ်နိုင်တဲ့ ဂဏန်းလို့ သတ်မှတ်ပြီး တွက်ချက်မှု တွေကို အဲဒီနေရာမှာ အဆုံးသတ်ခဲ့ကြ ပါတယ်။ ဒါပေမယ့် ဂျာမန် သင်္ချာပညာရှင် ဂေါ့စ် (Gauss) တို့ ဆွစ်လူမျိုး သင်္ချာပညာရှင် လီယိုနတ် အွိုင်လာ (Euler)တို့ကတော့ အဲဒီနေရာမှာတင် မကျေနပ်ကြပါဘူး။ အဲဒါကြောင့် -1 ကို ဂဏန်းတစ်လုံးနဲ့ ခဏ အစားထိုးပြီး တွက်ချက် ကြည့်တဲ့အခါမှာ ဖြေရှင်းလို့မရနိုင်တဲ့ ညီမျှခြင်း တစ်ချို့ကို ဖြေရှင်းလို့ ရသွားတာကို တွေ့ရပါတယ်။ အဲဒီကနေ -1  ကို အင်မေဂျင်နရီကိန်း အနေနဲ့  i လို့ သတ်မှတ်ပြီး တွက်ချက်တဲ့ ကွန်ပလက်စ်ကိန်း (Complex Number)  ဆိုတာ ထွက်ပေါ်လာခဲ့ ပါတယ်။ အင်ဂျင်နီယာတွေ အတွက်ကတော့ i ဆိုတာ လျှပ်စီးလမ်းကြောင်းကို ဖော်ပြတဲ့ သင်္ကေတ အဖြစ် နေရာတစ်ကာမှာ သုံးလေ့ ရှိတာကြောင့် i အစား j ဆိုတဲ့ ကိန်းကို ပြောင်းသုံးခဲ့ကြ ပါတယ်။ အဲဒီလိုနဲ့1 + 2j ၊ 3 + 4j အစရှိတဲ့ ကွန်ပလက်စ်ကိန်းတွေ ပေါ်ပေါက် လာခဲ့ကြ ပါတယ်။ အင်ဂျင်နီယာနဲ့ နည်းပညာဆိုင်ရာ ပြသနာတွေကို ဖြေရှင်းတဲ့ နေရာမှာ ပိုပြီး လွယ်ကူလာပါတယ်။

ကိန်းဂဏန်းတွေ အကြောင်းပြောရင်း  ဂျီစီအီး ကျူရှင် တက်တုန်းက သင်္ချာဆရာ ဦးစိုးနိုင် ပြောပြဖူးတဲ့ ဒဿမကိန်း အကြောင်းကလေး တစ်ခုကို အမှတ်ရ မိပါတယ်။ အရင်က ကွန်ပျူတာတွေကို အခုလောက် တွင်တွင်ကျယ်ကျယ် မသုံးကြသေးတာမို့ ဒဿမကိန်းတွေ ရှည်လျားလာရင် တွက်ရချက်ရ လွယ်ကူအောင် သုညအနောက် ဂဏန်း ၃ ခု ၊ ၄ခု စတဲ့ နေရာတွေမှာ ဖြတ်ပစ် တတ်ကြတဲ့ ထုံးစံ ရှိပါတယ်။ လကမ္ဘာပေါ်ကို ဂြိုဟ်တု လွတ်တော့ ဂြိုဟ်တုလမ်းကြောင်းကို တွက်ချက်တဲ့ ပညာရှင်တွေက ဒဿမကိန်းကို သုညရဲ့ နောက် ၂၇ လုံးမြောက်မှာ ဖြတ်လိုက်တယ်လို့ ဆိုပါတယ်။ အဲဒီလို ဒဿမ ၂၇ လုံး ဖြတ်ပစ်လိုက်တဲ့ အတွက် လကမ္ဘာပေါ်ကို တကယ် ဂြိုဟ်တု ရောက်သွားတဲ့ အချိန်မှာ သူတို့ မူလ တွက်ချက် ထားတဲ့ လမ်းကြောင်းကနေ သွေဖည်ပြီး မိုင်ပေါင်း ထောင်ပေါင်းများစွာ ဝေးတဲ့ နေရာမှာ ဂြိုဟ်တုက ရောက်သွားတယ်လို့ ဆိုပါတယ်။ ဂဏန်းက သေးသေးလေးပေမယ့် မိုင်ပေါင်း သိန်းချီတဲ့ အကွာအဝေးကို တွက်ချက်ရတဲ့ အခါမှာ ထောင်ဂဏန်းနဲ့ ချီပြီး ကွာသွားရတာပါ။

တစ်ခါက ကွန်ပျူတာ စနစ်အကြောင်း သင်တဲ့ လက်ချာတစ်ခုမှာ ဆရာ တစ်ယောက်က မေးဖူးပါတယ်။ လူတွေဟာ ကိန်းဂဏန်းတွေကို ရေတွက်ရင် ဘာဖြစ်လို့ အခြေ ၁၀ (base 10) ထားပြီး ဒက်ဆီမယ်ကိန်း (Decimal Number) အနေနဲ့ရေတွက်ကြတာလဲ ဆိုတဲ့ မေးခွန်းပါ။ ဘာဖြစ်လို့ ၉ ပြီးရင် ၁၀ ဖြစ်ရတာလဲ။ ၁၉ ပြီးရင် ၂၀ ဖြစ်ရတာလဲ။ ဘာဖြစ်လို့ ၇ ပြီးရင် ၁၀၊ ၁၇ ပြီးရင် ၂၀ စတာမျိုး ရေတွက်တဲ့အခြေ ၈ ဂဏန်း စတာမျိုးတွေကို မသုံးရတာလဲ ဆိုတဲ့ အဓိပ္ပာယ်ပါ။ ကြံကြံဖန်ဖန် ကတ်သီးကတ်သတ် တွေးတယ် ပြောရင်လည်း ပြောစရာပါပဲ။ ဒါပေမယ့် အီလက်ထရွန်းနစ်နဲ့ ကွန်ပျူတာ သမားတွေ အတွက်တော့ ဆားကစ်သုံးတဲ့ တွက်ချက်မှုတွေမှာ ဒက်ဆီမယ်သာ မကဘဲ အခြေ ၂ ရှိတဲ့ binary၊ အခြေ ၈ ရှိတဲ့ octal၊ အခြေ ၁၆ရှိတဲ့ Hexadecimal စတဲ့ ဂဏန်းတွေကို အမြဲ သုံးရလေ့ ရှိပါတယ်။ အဲဒီတော့ သူမေးတဲ့ မေးခွန်းက ကတ်သီးကတ်သတ် မဟုတ်ဘဲ စဉ်းစားစရာလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့်လည်း သူပေးတဲ့ အဖြေကတော့ ရှင်းရှင်းလေး ပါပဲ။ လူတွေမှာ လက်က ဆယ်ချောင်း ရှိတဲ့ အတွက် ကိန်းဂဏန်းတွေကို ရေတွက်တဲ့ အခါမှာ အခြေ၁၀ ကို သုံးလေ့ရှိတာ ဖြစ်ပါတယ်တဲ့။ အကယ်၍ လူတွေမှာသာ လက် ၈ ချောင်းပဲ ရှိခဲ့ရင်တော့ ကျွန်တော်တို့ အခြေ ၈ နဲ့ ဇာတ်လမ်း ပြတ်သွားနိုင်ပါတယ်။ အဲဒါဆိုရင် ကိုးနဝင်းလည်း မိုးလင်းနိုင်တော့မှာ မဟုတ်ဘူးလို့ပဲ တွေးမိပါတော့တယ်။


ကိုးကား။ ။ Signal Processing & Linear System By B.P. Lathi

Sunday, November 13, 2011

ကြုံရဆုံရ Technical Support ဘဝ (၂)

တစ်ခါက ကျွန်တော် အလုပ်ထဲမှာ ပြဿနာ အကြီးကြီး တစ်ခုနဲ့ တွေ့ပါတယ်။ အဖြစ်က ဒီလိုပါ။ အလုပ်ထဲမှာ ကျွန်တော်တို့ကို စမ်းချင်ရာ စမ်းဖို့ ၊ ကလိချင်သလို ကလိဖို့ ကွန်ပျူတာ တစ်လုံး ပေးထားတာ ရှိပါတယ်။ တစ်နေ့တော့ အဲဒီကွန်ပျူတာက ဟန်း သွားလို့ Restart ပြန်လုပ်ရပါတယ်။ Restart လုပ်ပြီးတော့ ကွန်ပျူတာမှာ လော့အင် ပြန်ဝင်ဖို့ ကီးဘုတ်ရှာတော့ မတွေ့တော့ ပါဘူး။ ကီးဘုတ်ကို ဘယ်ကောင် ဖြုတ်ယူသွားသလဲ မသိပါဘူး။ အဲဒါနဲ့ အိုင်တီ ဌာန ကိုဖုန်းဆက်ပြီး ကီးဘုတ် အပိုတစ်ခုလောက် ငှားဖို့ လှမ်းပြောလိုက်ပါတယ်။ ခဏနေတော့ အိုင်တီဌာနက တစ်ယောက် ကီးဘုတ်ကလေး တစ်ခုနဲ့ ရောက်လာပါတယ်။ ကီးဘုတ်ကို ကွန်ပျူတာမှာ ထိုးကြည့်တော့ အလုပ်မလုပ်ပါဘူး။


PS2 Connector
ကျွန်တော့် စိတ်ထင်တော့ ပီအက်စ်တူး ဖြစ်နေလို့ ထင်ပါတယ်။ ပီအက်စ်တူး ခေါင်း အဝိုင်း ကလေးတွေက ယူအက်စ်ဘီလိုမျိုး မဟုတ်ပါဘူး။ ကွန်ပျူတာ မဖွင့်ခင် တတ်ထားရင် ကီးဘုတ်သုံးလို့ရပေမယ့် ကွန်ပျူတာ ဖွင့်ပြီးမှ ထိုးထည့်ရင် မရတတ်ပါဘူး။ အဲဒါနဲ့ ကျွန်တော် ကွန်ပျူတာကို နောက်တစ်ကြိမ် Restart လုပ်ဖို့ လုပ်နေတုန်းမှာပဲ အိုင်တီက ကီးဘုတ် လာပို့တဲ့သူက "မင်းကြည့်ကွာ။ ကွန်ပျူတာက Philips ကီးဘုတ်က HP ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူး။" လို့ ပြောပါတယ်။ သူလက်ညှိုးထိုးပြတဲ့ နေရာကြည့်တော့ Philips မော်နီတာ တွေ့ပါတယ်။ တခြားသူက ကျွန်တော့်ကို အဲဒီလို လာပြောရင် သူမသိလို့ပါလို့ တွေးလို့ရပေမယ့် အိုင်တီဌာနက လူက အဲဒီလို ရုပ်တည်နဲ့ လာပြောတော့ ကျွန်တော် အတော် ရယ်ချင်သွားပါတယ်။မျက်နှာက စပ်ဖြီးဖြီး စိတ်ထဲမှာတော့ ကျလိကျလိ ဖြစ်နေပါတယ်။ မော်နီတာနဲ့ ကီးဘုတ် အမျိုးအစား မတူလို့ သုံးမရဘူး ဆိုတာ သူ့အလှည့်မှပဲ ကြားဖူးပါတော့တယ်။ IBM - Compatible ဆိုတဲ့ စကားကိုများ မကြားဖူးဘူးလား ငါ့လူရယ် လို့ပဲ စိတ်ထဲက ညည်းလိုက်မိပါတော့တယ်။

နောက်တစ်ခါကတော့ ကျွန်တော်တို့ ကုမ္ပဏီကို ပစ္စည်းရောင်းတဲ့ Vendor တစ်ယောက်နဲ့ ကြုံရတဲ့ အတွေ့အကြုံပါ။ ကျွန်တော်ကုမ္ပဏီ တစ်ခုကို အလုပ်ဝင်တော့ အဲဒီကုမ္ပဏီမှာ စက်တွေကို မြန်နိုင်သမျှ မြန်အောင် အရှိန်မြင့်ဖို့ ဆိုတဲ့ အလုပ်ပေးခံရပါတယ်။ ကျွန်တော့် အလုပ်က တစ်နေ့တစ်နေ့ ဆော့ဖ်ဝဲလ် ဘယ်လောက်မြန်အောင် အလုပ်လုပ်သလဲ စစ်၊ နှေးတာကို မြန်အောင် ပြင်ရေး၊ ဒါမှမဟုတ် ဟတ်ဒ်ဝဲလ် အသစ် ထည့်ထားရင် ဆော့ဖ်ဝဲကို ပြင်ရေး ဆိုတာမျိုးပါ။ အဲဒီစက်မှာ ဝေဖာ(Wafer) လို့ ခေါ်တဲ့ ဆီမီးကွန်ဒတ်တာ ပြားပေါ်ကနေ ချစ်ပ် ဖြစ်တော့မယ့် ဝေဖာ ကလေးတွေကို ကောက်ယူတဲ့ အစိတ်အပိုင်း တစ်ခု ပါပါတယ်။ အဲဒါကို ဆာဗိုမော်တာနဲ့ ကောက်ရင် အရှိန်နှေးလို့ ဗွိုက်စ်ကွိုင် (Voice Coil) လို့ ခေါ်တဲ့ အခြားကိရိယာ တစ်မျိုးကို ပြောင်းပြီးသုံးကြပါတယ်။

တစ်နေတော့ ဗန်ဒါက အဲဒီ ဗွိုက်စ်ကွိုင် အတွက် ထရိန်နင် လာပေးပါတယ်။ဗွိုက်စ်ကွိုင်က ပီအိုင်ဒီ ကွန်ထရိုးလို့ ခေါ်တဲ့ ထိန်းချုပ်မှု စနစ်တစ်မျိုးနဲ့ အလုပ်လုပ်တာမို့ ဗန်ဒါက ကျွန်တော်တို့ကို ပီအိုင်ဒီ ကွန်ထရိုး စနစ် အကြောင်းကို အသေးစိတ် ပြန်ရှင်းပြပါတယ်။ ကျွန်တော့်အတွက်တော့ ပီအိုင်ဒီ ကွန်ထရိုးဆိုတာ ကျောင်းမှာ သင်ဖူးပေမယ့် လက်တွေ့ အသုံးမချဖူးတာကြောင့် သူရှင်းပြတာတွေက အတော်ကို တန်ဖိုးရှိတယ် ထင်ပါတယ်။ အဲဒါကြောင့် ဂရုတစိုက် လိုက်မှတ်နေပါတယ်။ မရှင်းတာ ရှိရင် ပြန်မေးလိုက် စာအုပ်ထဲ ရေးမှတ်လိုက်နဲ့  အတော် အလုပ်ဖြစ်ပါတယ်။ တစ်သက်လုံး ဆာဗိုမော်တာတွေ ချိန်ညှိစရာ ရှိရင် စိတ်မှန်းနဲ့ပဲ ရမ်းကြိတ်လေ့ ရှိတာမို့ အခု သူပြောတာတွေက အတော်အသုံးဝင်ပါတယ်။ အဲဒီလိုနဲ့ သီအိုရီ အကြောင်း ရှင်းပြတာ ပြီးတော့ လက်တွေ့ ချိန်ညှိရတော့မယ့် အချိန်ရောက်လာပါတယ်။ အဲဒီအချိန်ကျတော့ ကျွန်တော်တို့ ထရိန်နင်ပေးတဲ့သူက ကျွန်တော်တို့ကို မင်းတို့ နောက်နာရီဝက်လောက်နေ ပြန်လာခဲ့ကြလို့ ပြောပါတယ်။ ကျွန်တော်တို့က ဘာလို့လဲ မေးတော့ သူက "ငါလည်း စိတ်မှန်းနဲ့ ရမ်းချိန် ကြည့်ရဦးမှာ။ ရတော့မှ မင်းတို့ကို ခေါ်လိုက်မယ်။" လို့ ပြောလိုက်တော့မှ ဒီလူလည်း ငါတို့နဲ့ ဘာမှ မထူးပါလား။ သီအိုရီ သိတာက သိတာ တခြား၊ ရမ်းကြိတ်တာတော့ ငါတို့လိုပဲ။ဆိုတာ သိလိုက်ရပါတော့တယ်။


ကျွန်တော်တို့ လုပ်ငန်းခွင်တွေမှာ ဆစ်ဂနယ်တွေ သယ်ဖို့အတွက် သုံးလေ့ရှိတဲ့ ဝိုင်ယာတွေက တခြား ဝိုင်ယာတွေနဲ့ မတူပါဘူး။ ဘေးပတ်ဝန်းကျင်က တခြားအနှောင့်အယှက် ဆစ်ဂနယ်တွေ ဝင်မလာအောင် ကာကွယ်ထားတဲ့ Shielded လို့ခေါ်တဲ့ အခွံတစ်ထပ် ဘေးမှာ ပါပါတယ်။ ပုံမှာကြည့်ရင် အဲဒီ ရှီးလ်ရဲ့ အပြင်ဘက်မှာ ဂရောင်းချ ဖို့ အတွက် ကြိုးတစ်ချောင်း ပါလာတာကို တွေ့ရမှာပါ။ အဲဒီမှာ နည်းနည်း ထူးခြားတာလေး ရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကျွန်တော်တို့ အော်တိုမေးရှင်း အလုပ်မှာ ဂရောင်းကို ကြိုးရဲ့ တစ်ဖက်စွန်းမှာပဲ ချလေ့ ရှိပါတယ်။ တခြားတစ်ဖက်စွန်းကို အလွတ်ထားရပါတယ်။ မဟုတ်ရင် အလုပ်မလုပ်ပါဘူး။ ဆက်သွယ်ရေး နယ်ပယ်မှာတော့ ဂရောင်းကို နှစ်ဖက်စလုံး ချရပါတယ်။ သူတို့ဆီမှာ ကြိုးကိုသွယ်ရတဲ့ အကွာအဝေးက ပိုရှည်လို့ ဖြစ်မယ် ထင်ပါတယ်။ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒီဂရောင်းကို တစ်ဖက်မှ ဆက်မထားရင်တော့ အဲဒီ ကြိုးရဲ့ အလုပ်လုပ်ပုံက သာမန် ဝိုင်ယာကြိုးနဲ့ ဘာမှ မခြားပါဘူး။ ဘာအနှောင့်အယှက်မှလည်း ကာကွယ် မပေးနိုင်ပါဘူး။

တစ်နေ့တော့ ကျွန်တော့် သူငယ်ချင်း တစ်ယောက် မော်တာ တစ်လုံးမှာ အဲဒီ ဘေးပတ်ဝန်းကျင် က Noise လို့ခေါ်တဲ့ အနှောင့်အယှက်တွေ ဒုက္ခပေးနေတာကြောင့် ထိုင်ပြီး ရှင်းနေရပါတယ်။ သူ့အနေနဲ့ Noise ရှိမှန်း သိပေမယ့် ဘယ်လို ရှင်းရမှန်း မသိပါဘူး။ သူ့ကြိုးကလည်း နှစ်ဖက်စလုံး ဂရောင်းချထားပါတယ်။ အဲဒီ အချိန်မှာ သူ့ရဲ့ မန်နေဂျာ ဖုန်းဆက်လာပါတယ်။ သူ့မှာ အဲဒီလို Noise ကြောင့် ပြသနာ တက်နေမှန်း သိတော့ သူ့မန်နေဂျာက ပြောပါတယ်။ ဂရောင်းဆိုတာ နှစ်ဖက်စလုံး မချရတဲ့ အကြောင်း။ တစ်ဖက်ပဲ ချရမယ့် အကြောင်းပါ။ အဲဒါနဲ့ သူ ဝိုင်ယာရဲ့ တစ်ဖက်ထိပ်က ဂရောင်းကို  ဖြုတ်လိုက်ပါတယ်။ ပြန်လုပ်ကြည့်တော့ Noise က နည်းတော့ နည်းသွားပါတယ်။ အရှင်းတော့ ပျောက်မသွားပါဘူး။ အဲဒီအချိန်မှာပဲ သူ့ရဲ့မန်နေဂျာ နောက်တစ်ခေါက် ဖုန်းထပ်ဆက်လာပါတယ်။ သူက အခြေအနေကို ပြန်ပြောပြလိုက်ပါတယ်။ အဲဒီအချိန် သူ့မန်နေဂျာရဲ့ စကားကို ကြားမှ သူ့မန်နေဂျာ တကယ်သိလို့ မဟုတ်ဘဲ ရမ်းတုတ်နေတဲ့ အကြောင်းသူ သဘောပေါက်သွားပါတယ်။ သူ့မန်နေဂျာ ပြောလိုက်တာကတော့ "တစ်ဖက်က ဂရောင်းဖြုတ်လို့ အလုပ်မလုပ်ဘူးဆိုရင်။ နှစ်ဖက်စလုံး ဖြုတ်လိုက်ကွာ။ ငါ့အတွေ့အကြုံအရတော့ အဲဒီလိုဆိုရင် အလုပ်လုပ်တာ တွေ့ဖူးတယ်။" ဆိုပြီးတော့ပါ။ ကျွန်တော့်သူငယ်ချင်းကတော့ ဂရောင်းကို နှစ်ဖက်စလုံး ဖြုတ်မှတော့ Shield လည်း တပ်မနေနဲ့တော့ပေါ့။ ဆိုပြီး ထရယ်ပါတော့တယ်။

Image Source: Wikipedia

ကြုံရဆုံရ Technical Support ဘဝ

Saturday, October 22, 2011

ကျောင်းတော်ကြီးရဲ့ နေ့စွဲများ

ပေါ်လီက ကျောင်းပြီးသွားတာ ဆယ်စုနှစ် တစ်ခုနီးပါး ရှိနေပေမယ့် စာအုပ်ငှားဖို့တော့ ကျောင်းကို အမြဲလိုလို ရောက် ဖြစ်ပါတယ်။ ကျောင်းထဲကို ပြန်ရောက်တော့လည်း အရင်တုန်းက ဒီနေရာမှာ ဘယ်လို ဖြစ်ခဲ့တယ် ဟိုနေရာမှာ ဘယ်လို ဖြစ်ခဲ့တယ် ဆိုတာတွေက ခေါင်းထဲမှာ အမြဲ ပေါ်လာတတ် စမြဲ ပါ။ ကျောင်းထဲရောက်ရင် ကျောင်းသားဘဝက ကြုံခဲ့ဖူးတဲ့ ရယ်စရာ မောစရာတွေကို ပြန်သတိ ရတတ် ပါတယ်။

အမ်အာရ်တီရထား ဘူတာရုံကနေ ကျောင်းထဲ စဝင်လိုက်ရင် အော်ဒီတိုးရီးယမ်းနဲ့ ကွန်ဗန်းရှင်း စင်တာ ရှိပါတယ်။ အဲဒီကနေ တည့်တည့် ဆက်လျှောက်ရင်တော့ မက္ကင်နီကယ် ဌာနက အဆောင်တွေ ဆီကို ရောက်ပါတယ်။ အရင်တုန်း ကတော့ အဲဒီ မက္ကင်နီကယ် ဌာနရဲ့ မြေညီထပ် Lab တွေရဲ့ အနားမှာ ပစ္စည်းထည့်တဲ့ လော့ကာတွေ ထားပါတယ်။ အဲဒီနေရာနား ရောက်တော့ ကျောင်းတုန်းက သူငယ်ချင်း နှစ်ယောက်ရဲ့ ဇာတ်လမ်းကို ပြန်သတိရ သွားပါတယ်။

တစ်နေ့မှာ ရန်ကုန်က ရောက်ခါစ ပထမနှစ် တက်နေတဲ့ ကျွန်တော့် သူငယ်ချင်း နှစ်ယောက် လော့ကာတွေ ထားတဲ့အနားကို ရောက်သွားကြပါတယ်။ တစ်ယောက်က စမေးပါတယ်။
"ဟေ့ကောင်။ ဒါတွေက ဘာတွေလဲ မင်းသိလား။"
နောက်တစ်ယောက်ကလည်း ရန်ကုန်က ရောက်ခါစမို့ လော့ကာကို မမြင်ဖူးပါဘူး။
"မသိဘူး။ ဘာတွေလဲ။"
"မင်းမသိရင် မှတ်ထား။ တို့ကျောင်းကို လာတဲ့စာတွေကို အဲဒီပုံးတွေထဲထည့်တာကွ။"
စင်ကာပူမှာ တိုက်တွေရဲ့ မြေညီထပ် တိုင်းမှာ အဲဒီတိုက် တစ်ခုလုံးမှာ ရှိတဲ့ အခန်း တစ်ခန်းချင်းစီ အတွက် စာထည့်တဲ့ ပုံးကလေးတွေ အဆင့်လိုက် အဆင့်လိုက် ရှိပါတယ်။ ကျောင်းက လော့ကာတွေရဲ့ ပုံစံကလည်း စာတိုက်ပုံးလို အဆင့်လိုက်ပါပဲ။ အောက်က ပုံကို ကြည့်ရင် စာတိုက်ပုံးနဲ့ လော့ကာ ဘယ်လို ကွဲသလဲ ဆိုတာ မြင်ပါလိမ့်မယ်။ ဒါပေမယ့် စာထည့်တဲ့ ပုံးက တထွာလောက်ပဲ ကျယ်ပြီး လော့ကာ ကတော့  တစ်တောင်လောက် ကျယ်ပါတယ်။ အဲဒီဇာတ်လမ်းကို ကျွန်တော်တို့ ပြန်ပြီး ကြားမိတော့ စာတိုက်ပုံးနဲ့ လော့ကာကို မှားမှ မှားရက်လေခြင်း ဆိုပြီး ရယ်ကြပါတယ်။



စာတိုက်ပုံးနှင့် လော့ကာ

အဲဒီမက္ကင်နီကယ် အဆောင်ကနေ ဘယ်ဘက်ကို ချိုးသွားရင် အီလက်ထရွန်းနစ် အဆောင်တွေ ရှိပါတယ်။ အီလက်ထရွန်းနစ် အဆောင်တွေရော မက္ကင်နီကယ် အဆောင်တွေပါ ရှစ်ထပ်စီ ရှိပါတယ်။ ကျွန်တော်တို့ ပုံမှန် လက်ချာ တက်နေကြ အခန်းတွေက အဲဒီ အီလက်ထရွန်းနစ် အဆောင်မှာ အများကြီးပါ။

အဲဒီနား ရောက်တော့ စာမေးပွဲ ဖြေတဲ့ နေ့တစ်နေ့ ကို သတိရမိပါတယ်။ အဲဒီနေ့က စာမေးပွဲ ပြီးတဲ့အချိန်မှာ ကျွန်တော် အန္တရာယ်ကို မလွယ်နိုင်တော့ ပါဘူး။ အပေါ့သွားချင်တာ အောင့်ထားလို့ မရတာနဲ့ အိမ်သာကို ပြေးခဲ့ပါတယ်။ အိမ်သာထဲ ရောက်သွားတော့ စိတ်ထဲမှာ အတော် ထူးခြားနေတယ် ဆိုတာ သိလိုက်ပါတယ်။ ယောက်ျားလေးတွေ မတ်တပ်ရပ် အပေါ့သွားတဲ့ ခွက်မျိုး မရှိလို့ပါ။ ကျောင်းက အတော် ညံ့တာပဲလို့ စိတ်ထဲမှာ ကျိန်ဆဲရင်း အခန်းထဲ ဝင်ပြီးတော့ပဲ ကိစ္စပြီး လိုက်ပါတယ်။ အိမ်သာခန်းထဲက ပြန်ထွက်လာတော့ ကျွန်တော် နည်းနည်း ဇဝေဇဝါ ဖြစ်သွားပါတယ်။ အိမ်သာထဲကို မိန်းကလေး တစ်ယောက် ဝင်လာတာ တွေ့လိုက်ရ လို့ပါ။ ဒီကောင်မလေး ယောက်ျားလေး အိမ်သာထဲ ဘာဝင်လုပ် တာလဲ လို့ စိတ်ထဲက တွေးလိုက်မိ ပါတယ်။ ကောင်မလေးကလည်း ကျွန်တော့်ကို ကြောင်ပြီး ကြည့်နေ ပါတယ်။ ကျွန်တော် သူ့ဘေးကနေ ဖြတ်ပြီး အပြင်ထွက်လိုက်တော့မှ အိမ်သာမှားဝင်တာ သူမဟုတ်ဘဲ ကျွန်တော်ဆိုတာ သိလိုက် ရပါတယ်။

တကယ်တော့ ဒီလိုပါ။ ပုံမှန် အနေနဲ့တော့ ကျွန်တော်တို့ ကျောင်းမှာ ယောက်ျားလေးသုံး အိမ်သာနဲ့ မိန်းကလေးသုံး အိမ်သာကို တထပ်ခြားစီ ထားပါတယ်။ ၁ ထပ်က ယောက်ျားလေး အိမ်သာ ဆိုရင်၊ ၂ ထပ်က မိန်းကလေးအိမ်သာ၊ ၃ ထပ်က ယောက်ျားလေး အိမ်သာ အဲဒီလို ပုံစံမျိုးပါ။  ကျွန်တော်တို့ လက်ချာ တက်တဲ့ အထပ်တိုင်းက တိုက်တိုက်ဆိုင်ဆိုင် ယောက်ျားလေး အိမ်သာ ရှိတဲ့ အထပ်တွေ ဖြစ်နေပါတယ်။ အဲဒီနေ့က စာမေးပွဲ ဖြေတော့ လက်ချာ တက်တဲ့ အထပ်မှာ မဟုတ်ဘဲ အခြား အထပ်တစ်ခုမှာ ဖြေရပါတယ်။ ဒါပေမယ့် ဒီအဆောင် ဒီအထပ်မှာ ယောက်ျားလေး အိမ်သာ ရှိတယ် ဆိုတာ စိတ်ထဲ စွဲနေတော့ မိန်းကလေးအိမ်သာထဲ မှားဝင်မိသွားတာပါ။ကံကောင်းတယ်လို့ ပြောရပါမယ်။ မိန်းကလေး အိမ်သာထဲဝင်မိတာ ကျောင်းမှာ ရုံးခန်း ရောက်လောက်တဲ့ အထိ အပြစ်ကြီးတယ် ဆိုတာ နောက်မှ ပြန်ကြားမိ ပါတယ်။

အဲဒီ အီလက်ထရွန်းနစ် အဆောင်ကနေ ညာဘက်ကို ဆက်သွားရင် ကျွန်တော်တို့ မြန်မာတွေ စုရပ် ဖြစ်တဲ့ Food Court 3  ရှိပါတယ်။အဲဒီ ဖုကုတ်ဒ်က နေ  ဘယ်ဘက်ကို ချိုးပြီး ဆက်သွားရင် လိုင်ဘရီကို ရောက်ပါပြီ။ လိုင်ဘရီ ပတ်ဝန်းကျင်မှာလည်း စာသင်ခန်းတွေ အများကြီး ရှိပါတယ်။ အထူးသဖြင့် ညနေပိုင်း အချိန်ပိုင်း ကျောင်းသား အများစု အဲဒီ စာသင်ခန်းတွေမှာ တက်ကြတာ များပါတယ်။ အဲဒီ စာသင်ခန်းတွေ မြင်တော့ ခေါင်းထဲမှာ နောက်ထပ် ရယ်စရာ အဖြစ်အပျက် တစ်ခုက ပေါ်လာပြန်ပါတယ်။

တစ်နေ့ ကျွန်တော့် သူငယ်ချင်း တစ်ယောက်က ပြောပါတယ်။
"ဟေ့ကောင်တွေ။ ငါလျို့ဝှက်ချက် တစ်ခု တွေ့ထားတယ်။"
"ဘာလဲ။"
"ငါတို့ကျောင်းမှာ ညနေဆိုရင် ဘူဖေးကျွေးတယ်ကွ။"
"ဟာဗျာ။ ပေါက်ပေါက်ရှာရှာ။ ဘယ်သူက ကျွေးမှာလဲ။"
"ငါ ဟိုတစ်နေ့က ကျောင်းမှာ နည်းနည်း မိုးချုပ် သွားတယ်။ အိမ်ပြန်တော့ လိုင်ဘရီနားက အဆောင်မှာ ဘူဖေးပြင်ထားတာ တွေ့တယ်ကွ။ ကော်ဖီတွေရော၊ မုန့်တွေရော အများကြီးပဲ။ အဲဒါနဲ့ ငါလည်း ပေါက်စီ တစ်ထုပ် နှိုက်လာခဲ့တယ်။ အိမ်မှာ ရေခဲသေတ္တာထဲ ထည့်စားတာ တော်တော်နဲ့ မကုန်ဘူးကွ။"

သူပြောတာ ကြားတော့ ကျွန်တော်တို့ ဟက်ဟက်ပက်ပက် ရယ်ကြပါတယ်။အမှန်တော့ ဒီလို ဖြစ်တာပါ။ ညနေပိုင်း ကျောင်းသား အားလုံးနီးပါးဟာ အလုပ်က တန်းပြီး ကျောင်းကို ပြေးလာရတာမို့ သူတို့မှာ ညနေစာ စားဖို့ အချိန်နည်းနေပါတယ်။ အဲဒါကြောင့် သူတို့ စားဖို့ မုန့်တွေကို Food Court မှာ အော်ဒါမှာ ထားကြပါတယ်။ ဖုကုတ်ဒ်က မုန့်ရောင်းတဲ့ သူက သူတို့ မှာထားတဲ့ အခန်းရဲ့ အပြင်ဘက်က စားပွဲတွေမှာ အစားအသောက်တွေကို လာပြီး ပြင်ထားပေး ပါတယ်။ သူတို့ကတော့ အားလပ်ချိန် ရတဲ့အခါမှာ အပြင် ထွက်ပြီး အဲဒီ အစာအသောက်တွေကို စားကြတာပါ။ အဲဒါကို ကျွန်တော်တို့ သူငယ်ချင်းက အစားအသောက်တွေ ဘူဖေးပုံစံ ပြင်ထားတာ မြင်လို့ ဘူဖေးကျွေးနေတာပဲ ဆိုပြီး ဝင်ကြိတ်ခဲ့ရုံမကဘဲ ပါဆယ်ပါ ဆွဲလာခဲ့တာပါ။ ဟိုကျောင်းသားတွေတော့ အားလပ်ချိန်မှာ စားစရာ မရှိရင် သူ့ကို ကောင်းကောင်း မေတ္တာပို့နေကြမှာပဲ လို့ တွေးလိုက်မိပါတယ်။ သူကိုယ်တိုင်လည်း နောက်တော့မှ အဖြစ်မှန်ကို သဘောပေါက်သွားပါတော့တယ်။

Friday, October 21, 2011

အကူအညီ လိုနေတဲ့ မြန်မာဝီကီ


သဘောအကျဆုံး ပုံတစ်ပုံလို့ ပြောပါရစေ။ ကယ်လီဖိုးနီးယားက ယူနီကုတ် ကွန်ဖရင့်မှာ ကိုငွေထွန်း ရိုက်လာတဲ့ပုံပါ။ Windows 8 မှာ ပါလာမယ့် Myanmar Language Support အတွက် မိုက်ခရိုဆော့ဖ်က Presentation လုပ်နေတာပါ။ ဘာလို့ သဘောကျတာလည်း မေးရင်တော့ အကြောင်းအချက်တွေ အများကြီး ရှိပါတယ်။ ပထမတစ်ချက်က ဝင်းဒိုးထဲမှာ မြန်မာစာကို တရားဝင် ပါလာတော့မှာမို့ သဘောကျပါတယ်။ နောက်ဆိုရင် ဝင်းဒိုးသုံးတဲ့အချိန် မြန်မာဖောင့် မြန်မာကီးဘုတ် စတာတွေ အင်စတောလ် လုပ်ဖို့ မလိုတော့မယ့် အပြင် နိုင်ငံခြားကို ရောက်နေတဲ့ အချိန် အင်တာနက် ကဖီးမှာ လေးထောင့်တုံးတွေချည်းပဲ မြင်ရမယ့်ဘေးက ဝေးပါတော့မယ်။ မိုက်ခရိုဆော့ဖ်က သုံးထားတဲ့ ကီးဘုတ် လက်ကွက်က မြန်မာ၃ ကီးဘုတ် လက်ကွက်ပါ။ အခု ကြည့်ရင်တော့ တစ်ချို့စာလုံးတွေ အထားအသို မှားနေတာ တွေ့ရပါတယ်။ ဒါပေမယ့် မြန်မာစာကို နားလည်တဲ့သူတွေ အခုအချိန်မှာ ပြန်ပြင်နေတာကြောင့် Windows 8 ထွက်လာတဲ့ အချိန်မှာတော့ သုံးဖို့ အသင့် ဖြစ်ပါလိမ့်မယ်။

ဒုတိယတစ်ချက်ကတော့ မိုက်ခရိုဆော့ဖ်က မြန်မာစာ အတွက် မြန်မာဝီကီပီးဒီးယားကို ကိုးကားပြီး Presentation လုပ်တဲ့အတွက် မြန်မာဝီကီပီးဒီးယားရဲ့ အက်ဒမင် တစ်ယောက် အနေနဲ့ လှိုက်လှိုက်လှဲလှဲ ဝမ်းသာပါတယ်။ ကျွန်တော်တို့ မြန်မာဝီကီကို စခဲ့တာ ၂၀၀၅ ခုနှစ် ဒီဇင်ဘာလက ဆိုတော့ အခုဆိုရင် ၆ နှစ် ပြည့်ပါတော့မယ်။ ဆောင်းပါးပေါင်း ၇၅၀၀ နီးပါး ရှိနေပါပြီ။ ဒါပေမယ့် လူနဲ့ လက်နက်နဲ့မမျှ ဖြစ်နေပါတယ်။ မြန်မာဝီကီပီဒီးယားကို တကယ်တမ်း ရည်ညွှန်းကိုးကား အနေနဲ့ သုံးစွဲနိုင်အောင် ဆောင်းပါးတွေ အများကြီး ထပ်ပြီး ရေးဖို့ လိုသေးတဲ့ အပြင် ရှိပြီးသား ဆောင်းပါးတွေကိုလည်း အချက်အလက်တွေ ထပ်ဖြည့်ဖို့၊ ပြင်ဆင်ဖို့၊ ဖတ်လို့ကောင်းအောင် တည်းဖြတ်ဖို့ စတဲ့ လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်။ အထူးသဖြင့် သိပ္ပံ၊ နည်းပညာ၊ဆေးပညာ နဲ့ အိုင်တီ ဆိုင်ရာ ဆောင်းပါးတွေ အများကြီး လိုနေပါတယ်။ 

အခုအခြေအနေက ကျွန်တော်တို့ လူနည်းနည်းနဲ့ ကျဲနေရတဲ့ အနေအထားမျိုး ပါ။ လက်ရှိ ဝီကီ ရေးနေတဲ့သူ အားလုံးမှာ ရှိနေတဲ့ တူညီတဲ့ စိတ်ဆန္ဒက ပြည်တွင်း ပြည်ပမှာ ရှိနေတဲ့ မြန်မာလူမျိုးတွေ အတွက် ရည်ညွှန်းကိုးကား လုပ်စရာ စွယ်စုံကျမ်း တစ်ခု ရှိနေစေချင်တဲ့ ဆန္ဒတစ်ခု ပါပဲ။ ဒီနှုန်းနဲ့ ဆက်သွားရင်တော့ နောက် ဆယ်နှစ်လောက် ကြာချင် ကြာသွားနိုင်ပါတယ်။ အားလုံး ဝိုင်းပြီး ကူညီ ပံ့ပိုးပေးနိုင်ရင် အမြန်ဆုံး အကောင်အထည် ပေါ်နိုင်မှာမို့ စိတ်ပါ ဝင်စားတဲ့သူ အားလုံးကို အကူအညီပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ ကိုယ်ရေးကိုယ်တာပါ။ ဓာတ်ပုံထဲမှာ ပြထားတဲ့ ဆောင်းပါးက အရင်လ က ကျွန်တော် ဘာသာပြန်ဖြစ်ခဲ့တဲ့ အာဖရိက အကြောင်းဆောင်းပါးပါ။ ကိုယ်ဘာသာပြန်ထားတဲ့ ဆောင်းပါး အခုလို မြင်လိုက်ရတဲ့အတွက် ဝမ်းသာပါတယ်။ ကျွန်တော့် အနေနဲ့ အခုလက်ရှိတော့ ဝီကီပီးဒီးယားမှာ နည်းပညာအကြောင်း ၊ အိုင်တီ အကြောင်း ဆောင်းပါးတွေ တစ်ခါတစ်လေ လောက်ပဲ ရေးဖြစ်ပါတယ်။ ဝီကီပီးဒီးယားမှာ မရှိ မဖြစ်လိုအပ်တဲ့ ဆောင်းပါးတွေ ရှိလာအောင် ကြိုးစားပြီး ရေးထည့်နေ ပါတယ်။ အဲဒါအပြင် ရည်ညွှန်း ကိုးကားဖို့အတွက် မရှိမဖြစ် ရှိသင့်တယ် ထင်တဲ့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံ အကြောင်း နဲ့ တခြား ပင်လယ်တွေ၊ မြစ်တွေ၊ မြို့တွေ၊ တောင်တွေ စတဲ့ ပထဝီနဲ့ သက်ဆိုင်တဲ့ ဆောင်းပါးတွေကို ဖြည့်ရေးဖြစ် နေပါတယ်။ ဒါလည်း ကျွန်တော်တို့ လက်ရှိ အခြေအနေမှာ အခက်အခဲ ရှိပါတယ်။ ဒီလောက်များတဲ့ ဆောင်းပါးတွေ ကျွန်တော်တို့ အခု လက်ချိုးရေရင် ၁၀ ယောက် မပြည့်တဲ့ လူနည်းစုနဲ့ ဘယ်လို ထိန်းသိမ်းနိုင်ပါ့မလဲ။ နောက်ထပ်လာပြီး ကူညီအားဖြည့်ပေးမယ့် သူတွေကို စောင့်မျှော်ရင်းလို့ပဲ ဆိုရပါလိမ့်မယ်။

တစ်ချိန်က မြန်မာဘလော့ခ်လောကမှာ ပြောနေကြတဲ့ "မြန်မာဝီကီကို ကူညီပါ။" ဆိုတဲ့ စကားကိုသုံးရင်းနဲ့ပဲ အားလုံးကို တတ်နိုင်သလောက် တစ်ယောက်တစ်ပုဒ် ပါဝင်ကူညီဖို့ ဖိတ်ခေါ်ပါရစေ။

(ဓာတ်ပုံအတွက် ကိုငွေထွန်းကို ကျေးဇူး အထူးတင်ပါတယ်။)

Thursday, October 20, 2011

ဘာစားရရင် ကောင်းမှာလဲ

စင်ကာပူကို စရောက်ကတည်းက တစ်ခုခုတော့ အကြီးအကျယ် မှားယွင်းနေတယ်လို့ ခံစားရတာက အစားအသောက် တွေရဲ့ အရသာပါပဲ။ စင်ကာပူမှာ ရတဲ့ အစားအသောက် တွေက ဆီနည်းပါတယ်။ အငန် နည်းပါတယ်။ အချိုမှုန့် နည်းပါတယ်။ အဲဒါကြောင့် တခါတလေတော့ အရသာ ရှိတာ မှန်သမျှ အကုန် နည်းနေသလား လို့ တောင် တွေးမိပါတယ်။

အစောပိုင်း အတွေးခေါင် မိတာကတော့ ကျန်းမာရေး ဝန်ကြီးဌာန ကများ အစားအသောက် တွေကို ဆီတွေ ဆားတွေ အချိုမှုန့်တွေ ပိုပိုသာသာ ထည့်ရင် ဒဏ်ရိုက်မယ်လို့ ညွှန်ကြား ထားသလား ဆိုပြီးတော့ပါ။ အမှန်တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ ဈေးကွက်ရဲ့ သဘောအရ သူ့နိုင်ငံသားတွေ ကိုယ်တိုင်က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် ပုံစံကို ကြိုက်နေလို့ အစားအသောက်တွေ ဒီလို အရသာ ဖြစ်နေရတယ် ဆိုတာကို နောက်တော့ သဘောပေါက် လာပါတယ်။

ကျွန်တော် အရင်ရုံးမှာတုန်းက နေ့ခင်းဘက် ထမင်းစား ထွက်ရင် ရုံးက လုပ်ဖော်ကိုင်ဖက် တွေနဲ့ အတူ အပြင်ထွက်ပြီး စားဖြစ် ပါတယ်။ ကျွန်တော်ကတော့ ထမင်းစားချိန် ဆိုရင် အရသာ ရှိတဲ့ အစားအစာမျိုး ကို ရွေးပြီး စားလေ့ ရှိပါတယ်။ ပထမနေ့ ဒန်ပေါက်စားလိုက်၊ နောက်တစ်နေ့ ကြက်သားဟင်းကို ယိုးဒယားလို အုန်းနို့နဲ့ ချက်ထားတာလေး စားလိုက်၊ နောက်တစ်နေ့ ဆီရွှဲရွှဲလေးနဲ့ ကြော်ထားတဲ့ ခေါက်ဆွဲကြော် စားလိုက်၊ နောက်တစ်နေ့ အနောက်တိုင်း ပုံစံ ကြော်ထားတဲ့ ကြက်သားအပြားနဲ့ အာလူးကြော်လေး စားလိုက် လုပ်နေတော့ နေ့လည်စာ အတူ ထွက်စားတဲ့ လုပ်ဖော်ကိုင်ဖက် တွေက မျက်ခုံးပင့်ကြပါတယ်။ မင်းစားတဲ့ အစားအစာတွေက ကိုလက်စထရော တွေ၊ အဆီဓာတ်တွေ အရမ်းများတယ် ရောဂါဖြစ်မှာ မကြောက်ဖူးလား လို့ မေးကြပါတယ်။ ကျွန်တော်က နေ့လည်စာလေး စားတာ ၊ ဒီလောက်နဲ့တော့ ဘာမှ ဖြစ်လောက်မယ် မထင်ပါဘူး။ ဖြစ်ကာမှ ဖြစ်ရောပေါ့ လို့ ပြန်ပြောမိ ပါတယ်။

ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်က ကျန်းမာရေး ဆိုတာ ဂရုစိုက်သင့်တဲ့ အကြောင်း၊ သူဆိုရင် အဲဒီလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာမျိုးကို တခါတရံမှသာ စားတဲ့ အကြောင်း တရားဟော ပါတယ်။ ကျွန်တော်တို့ အတွက်တော့ ကျန်းမာတဲ့ အစားအသောက် စားဖို့ တရားဟောတယ် ဆိုတာ နည်းနည်းတော့ ထူးဆန်းပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က အဖွားအိမ် သွားရင် အဖွားက ပန်းကန်တစ်ခုလုံးနီးနီး ဆီမြုပ်လု နီးပါး ဆမ်းထားတဲ့ လက်ဖက်သုပ်မျိုး၊ ဆီရွှဲနစ် နေအောင် ချက်ထားတဲ့ ဟင်းမျိုး ကျွေးတတ်ပါတယ်။ ကျွန်တော့် အဖိုး ဆရာဝန်က ဆီများလို့ ဆိုပြီး ကျန်းမာရေးနဲ့ မညီညွတ်ဘူး။ မစားနဲ့လို့ ။ တစ်ခါမှ မပြောဖူး ပါဘူး။ အဲဒီလိုပဲ အငန်လျှော့စားတို့ အချိုမှုန့် လျှော့ထည့်တို့လည်း ပြောလေ့ ပြောထ မရှိပါဘူး။ ကျန်းမာရေး အတွက်ဆိုရင် လှုပ်လှုပ်ရှားရှား နေဖို့၊ မနက်ခင်း အိပ်ရာက နိုးရင် ရေတစ်ခွက် အဝသောက်ဖို့ ဆိုတာမျိုးတွေပဲ ပြောတတ်ပါတယ်။ အဖိုးရော အဖွားရော နှစ်ယောက်စလုံး အသက် ၉၀ ကျော်အောင် နေသွားခဲ့ကြပါတယ်။ အဲဒီတော့ ကျန်းမာတဲ့ အစားအစာ စားမှ အသက်ရှည်မယ် ဆိုတာ ကျွန်တော့် အတွက်တော့ လက်ခံရမှာ နည်းနည်း ခက်နေပါတယ်။

ဒါပေမယ့် ကျွန်တော့်ရဲ့ စလုံး မိတ်ဆွေများကတော့ အစားအသောက်နဲ့ ပတ်သက်ရင် အတော် ဂရုစိုက် ကြတယ်လို့ ပြောရမှာပါပဲ။ အရင်တုန်းက စင်ကာပူမှာ ကျန်းမာရေးဝန်ကြီး ဖြစ်ခဲ့ဖူးတဲ့ ကောဘွန်ဝမ်းက သူ့မိန့်ခွန်း တစ်ခုမှာ ကျန်းမာတဲ့ အစားအသောက် စားဖို့ ပြောခဲ့ဖူး ပါတယ်။ သူဆိုရင် ချာကွေးတျောင်လို အစားအသောက်မျိုးကို တစ်နှစ် မှာ ၃ခါလောက်ပဲ စားတဲ့ အကြောင်း ပြောတာပါ။  ချာကွေးတျောင်ဆိုတာက ကွေးတျောင် ဆိုတဲ့ ခေါက်ဆွဲအပြားကို ဆီရွှဲရွှဲ နဲ့ ခရု၊ ကြက်ဥ စတာမျိုးတွေ ထည့်ပြီး ကြော်ထားတာပါ။ စလုံးမှာ ရှိတဲ့ သူတိုင်း သူ့လို တစ်နှစ်မှ ၃ ခါပဲ စားတယ် ဆိုရင်တော့ စင်ကာပူမှာ ချာကွေးတျောင် ဆိုတဲ့ အစားအသောက်တောင် ရှိတော့မှာ မဟုတ်ဘူးလို့ တွေးမိပါတယ်။

တစ်ခါက စလုံး အင်ဂျင်နီယာ တစ်ယောက်နဲ့ မလေးရှားကို အလုပ်ကိစ္စနဲ့ အတူသွားဖြစ် ကြပါတယ်။ စားသောက်ဆိုင်မှာ ဘာစားမလဲ ရွေးကြရင်း သူကတော့ ဆိတ်သား စွတ်ပြုတ်နဲ့ ပေါင်မုန့်ကို မှာပါတယ်။ နောက်တော့ ကျွန်တော့်ကို ဝမ်းသာအားရနဲ့ "ဒါမျိုး စင်ကာပူမှာ နေရာတကာ မရတော့ဘူးကွ။ ရရင်လည်း ဒီလောက် အရသာ မကောင်းဘူး။" လို့ ပြောပါတယ်။ ကျွန်တော်က ဘာဖြစ်လို့လဲ မေးတော့  "ဒီ ဆိတ်စွပ်ပြုတ်က အရသာ ရှိပေမယ့် ကိုလက်စထရော များတယ်။ အဲဒါကြောင့် စလုံးမှာ သိပ်မသောက် ကြဘူး။ လူတွေက သိပ်မသောက်ကြတော့ ဆိုင်တွေကလည်း မရောင်းကြတော့ဘူးပေါ့ကွာ။" လို့ ပြောပါတယ်။ ဘောဂဗေဒ သဘောအရ ဝယ်လိုအား ရှိမှ ရောင်းလိုအားက ရှိမှာ ဆိုတော့လည်း ကျန်းမာရေး ဂရုစိုက်တဲ့ သူတွေကြား ကိုလက်စထရောများတဲ့ အစားအသောက် သွားရောင်းတာ သီလရှင်ကျောင်းကို ဘီးနဲ့မှန် သွားရောင်းသလို ပါပဲ။

ကျွန်တော့်ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် စားဖို့ တရားဟောတဲ့ လုပ်ဖော်ကိုင်ဖက်က တစ်နေ့တော့ ပြောပါတယ်။ ငါ ဒီနှစ် ဆေးသွားစစ်တာ အဆီက မနှစ်ကထက် ပိုနေတယ်။ အဲဒီတော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာ ဘာစားသလဲ ဆိုတာ ပြန်စဉ်းစား ကြည့်တယ်။ ငါမနက်တိုင်း စားတဲ့ ကြာဇံကြော်က အဆီတွေ များနေတယ်။ နောက်ကို ကြာဇံကြော် နေ့တိုင်းမစားမှ ဖြစ်မယ် ဆိုပြီးတော့ပါ။ ကျွန်တော်လည်း ဘာပြောရမှန်း မသိအောင် ဖြစ်သွားပါတယ်။ သူ့လို အစားအသောက်ကို ဒီလောက် ဆင်ခြင်တဲ့သူတောင် ဒီလို ဖြစ်နေတယ် ဆိုရင်တော့ ကျွန်တော့်လို အစားအသောက် သောင်းကျန်းတဲ့သူ ဆိုရင် ဘယ်နား သွားနေရမလဲ မသိတော့ပါဘူး။

ပျော်ပျော်နေသေခဲ မော်တော်နေရေထဲ ဆိုသလို ကိုယ့်ပါးစပ်နဲ့ တွေ့တဲ့ အစားအသောက်ပဲ ခါတိုင်းလို ဆက်စားရမလား။ ဒါမှမဟုတ် နောက်ကျမှ နောက်တ မရအောင် အခုကတည်းက အစားအသောက် ရှောင်ရမလား ဇဝေဇဝါနဲ့ တွေးရင်း အဲဒီနေ့ နေ့လည်စာ အတွက်တော့ အုန်းနို့များများ ဆီရွှဲရွှဲနဲ့ ချက်ထားတဲ့ ကြက်သားဟင်း တစ်ခွက်ပဲ မှာစားလိုက်မိပါတော့တယ်။

Friday, October 14, 2011

ညွှန်းကိန်းများ

ညွှန်းကိန်း (Index) ဆိုတာ သူ့ရဲ့ အဓိပ္ပာယ်ကို နားလည်တဲ့ သူအတွက်တော့ အလွန်တန်ဖိုး ရှိတဲ့ ဂဏန်းတွေပါ။ ညွှန်းကိန်းတစ်ခု ရဲ့ နောက်ကွယ်မှာ အဓိပ္ပာယ်တွေ အများကြီး ရှိနေပါတယ်။ ဒီညွှန်းကိန်းဟာ မိုးတိမ်ကို ပြတာလား၊ မြေကြီးကို ပြတာလား၊ မျက်ရည်ကို ပြတာလား၊ ရယ်သံကို ပြတာလား ဆိုတာကတော့ အဲဒီညွှန်းကိန်းရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို သိမှပဲ သဘောပေါက် နိုင်ပါလိမ့်မယ်။

ဂျီဒီပီ ဆိုတဲ့ စကားလုံးကတော့ လူတိုင်းလိုလို ကြားဖူးကြမှာပါ။ စုစုပေါင်း ပြည်တွင်း ထွက်ကုန် (Gross Domestic Product) ကို အတိုကောက် ခေါ်တဲ့ အင်္ဂလိပ် စကားလုံးပါ။ ဥပမာ မြန်မာပြည်ရဲ့ ဂျီဒီပီ ဆိုရင် မြန်မာပြည်တွင် ဖုတ်သည် ဆိုတဲ့ အန်တီဂွက်စ်ရဲ့ ဘိန်းမုန့်လည်း ပါပါတယ်။ ရေသန့်ဘူး ထည့်ကြော်တယ် ဆိုတဲ့ တာရှည်ခံ အကြော်တွေလည်း ပါပါတယ်။ အရှေ့က တသက်လုံး စိုက်ခဲ့တာ၊ တို့ခေတ်မှာတော့ ခုတ်ရမည် မလွဲပါ ဆိုပြီး ကျွန်တော်တို့ ခေတ်မှာ အပြိုင်အဆိုင် ခုတ်ရောင်းနေကြတဲ့ ကျွန်း၊ပျဉ်းကတိုး စတဲ့ သစ်တွေလည်း ပါပါတယ်။ စီးပွားရေး ပိတ်တယ် ဒါတော့ မပါဘူး ဆိုပြီး တိုတယ်လ်က စုပ်ယူနေတဲ့ သဘာဝ ဓာတ်ငွေ့လည်း ပါပါတယ်။ မြန်မာပြည်ထဲက ထွက်ထွက်သမျှ ပစ္စည်းအကုန်လုံးဟာ မြန်မာပြည်ရဲ့ ဂျီဒီပီထဲမှာ ထည့်တွက်ပါတယ်။

ဒါဆိုရင် ကျွန်တော်တို့ နိုင်ငံသားကောင်း ပီသစွာနဲ့ အခွန်ထမ်းဆောင်ခွင့် ပြုပါရန် ဆိုပြီး စာတတန် ပေတတန်နဲ့ ရေးဖွဲ့ ငိုပြပြီးမှ အခွန်ဆောင်ခွင့်ရတဲ့ သံရုံးမှာ အခွန်ဆောင်ထားတဲ့ ငွေတွေ၊ ဘဏ်က ငွေထုတ်စက်မှာ အလကား ရသလို တန်းစီတိုးထုတ်ပြီး အိမ်ပြန်ပို့ထားတဲ့ ပိုက်ဆံတွေ မပါဘူးလားလို့ မေးစရာ ရှိပါတယ်။ မြန်မာပြည်ရဲ့ ပြည်ပမှာ ရှာထားတဲ့ ပိုက်ဆံက မြန်မာပြည်ရဲ့ ဂျီဒီပီမှာ အကျုံး မဝင်ပါဘူး။ ဂျီဒီပီဆိုတာ ပြည်တွင်း ထုတ်ကုန် သက်သက်ကို တိုင်းတာတဲ့ ကိန်းပါပဲ။ အဲဒီတော့ ကျွန်တော်တို့ နိုင်ခြံဂါးမှာ ရှာထားတဲ့ ပိုက်ဆံက အဲဒီနိုင်ငံရဲ့ ဂျီဒီပီမှာပဲ အကျုံးဝင်ပါတယ်။

ဒါဆို ကျွန်တော်တို့ ပြည်တွင်းကို ပြန်ပို့ထားတဲ့ ပိုက်ဆံတွေက စာရင်းမရှိ အင်းမရှိလို့ ထင်စရာ ရှိပါတယ်။ (တကယ်လည်း စာရင်းဘယ်သူ့ဆီမှ မရှိပါဘူး။) ဒါပေမယ့် အဲဒီလို နိုင်ငံသားတွေက ပြည်ပမှာ ရှာတဲ့ ပိုက်ဆံကို စုစုပေါင်း အမျိုးသား ထုတ်ကုန် (Gross National Product) ဒါမှမဟုတ် ဂျီအင်န်ပီမှာ ပြလို့ ရပါတယ်။ အမျိုးသား ဆိုပေမယ့် အမျိုးသမီးတွေ ရှာတဲ့ ပိုက်ဆံလည်း ပါပါတယ်။ မြန်မာပြည်ရဲ့ ဂျီအင်န်ပီမှာ မြန်မာပြည်ထဲက နိုင်ငံသားတွေ ကြက်ဆူပင် ပျိုးပြီးရောင်း၊ မြွေဖမ်းရောင်း လုပ်ရင်း အကျိုးအမြတ် ရတဲ့ ငွေရယ်၊ ပြည်ပက မြန်မာနိုင်ငံသားတွေ အလုပ်ထဲမှာ ဖေ့စ်ဘွတ်ခ်သုံးရင်း အလကား ရနေတဲ့ ငွေ၊ မိုးလင်းမိုးချုပ် တကယ် လုပ်ရတဲ့ငွေ စတာမျိုးတွေ ကို ပေါင်းထားတာပါ။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ဂျီအင်န်ပီ ထဲမှာတော့ တိုတယ်လ်က လာတူးသွားတဲ့ သဘာဝ ဓာတ်ငွေ့၊ မုံရွာမှာ ကနေဒါ အိုင်ဗင်ဟိုက လာဖြိုသွားတဲ့တောင် ဆိုတာတွေကိုတော့ ထည့်တွက်လို့ မရတော့ပါဘူး။ အဲဒါတွေက မြန်မာနိုင်ငံရဲ့ ဂျီဒီပီ ပေမယ့် သူတို့ နိုင်ငံတွေရဲ့ ဂျီအင်န်ပီနဲ့ပဲ သွားပြီး ဆိုင်ပါတော့တယ်။

အဲဒီတော့ ဂျီဒီပီကို ကြည့်ပြီး နိုင်ငံတစ်နိုင်ငံ ဝင်ငွေဘယ်လောက် ဖြောင့်သလဲ ဆိုတာ အကြမ်းမျဉ်း လောက်တော့ ခန့်မှန်းကြည့်လို့ ရမယ် ထင်ပါတယ်။ နိုင်ငံတကာ ငွေကြေးအဖွဲ့ လို့ခေါ်တဲ့ အိုင်အမ်အက်ဖ် ရဲ့ စာရင်းအရ မြန်မာပြည်ရဲ့ ၂၀၁၀ ခုနှစ် ဂျီဒီပီဟာ ၄၃ ဘီလီယံ ဒေါ်လာ နီးပါး ရှိပြီးတော့ လူတစ်ဦးချင်းရဲ့ ပျမ်းမျှ ဂျီဒီပီဟာ အမေရိကန် ဒေါ်လာ ၇၀၀ စွန်းစွန်း ရှိပါတယ်။ ကျွန်တော်တို့လည်း ခေသူတော့ မဟုတ်ပါဘူး။ တစ်နှစ်ကို ၄၃ ဘီလီယံ ဒေါ်လာဆိုတာ ကမ္ဘာ့နိုင်ငံ ၁၉၂ နိုင်ငံထဲမှာ အဆင့် ၁၀၀ မကျော်တဲ့ နေရာမှာ ရှိပါတယ်။

ဂျီဒီပီကို ပြလို့ ရှိရင် အမေရိကန် ဒေါ်လာနဲ့ပဲ ပြလေ့ ရှိပါတယ်။ ဒါပေမယ့် အမေရိကန် ဒေါ်လာဈေးက တသမတ်တည်း မရှိပါဘူး။ မခင်အေးမှာ တဈေး၊ ဘာလမ်းထဲ သွားရောင်းရင် တဈေး ဆိုတာမျိုး ပြောတာ မဟုတ်ပါဘူး။ အမေရိကန် တဒေါ်လာရဲ့ ပကတိတန်ဖိုးဟာ တစ်နေရာနဲ့ တစ်နေရာ မတူတာကို ပြောချင်တာပါ။ မြန်မာပြည်မှာ အမေရိကန် ၂ ဒေါ်လာ မြန်မာငွေ ၁၆၀၀ လောက်ဆိုရင် နေ့လယ်စာ စားလို့ ရပေမယ့် ဥရောပလို နေရာမျိုးမှာ အမေရိကန် ၂ ဒေါ်လာ နဲ့ ညီမျှတဲ့ ယူရိုငွေ နဲ့ ထမင်းစားလို့ မရပါဘူး။ အဲဒီလိုပဲ ဥရောပလို နေရာမှာ ဒေါ်လာတစ်သိန်းတောင် အကုန်ခံစရာမလိုပဲ လင်ခရူဆာလို ကားမျိုးကို ဝီခေါ်နေအောင် စီးလို့ ရပါတယ်။ မြန်မာပြည်မှာ သိန်း ၈၀၀ ဆိုရင်တော့ လင်ခရူဆာနဲ့ နည်းနည်း ဝေးနေပါသေးတယ်။ အဲဒီလိုပဲ ဒေါ်လာဈေးနှစ်ဆ ဖြစ်သွားလို့ မြန်မာပြည်က လူတွေ တဝက်လောက် ဆင်းရဲမသွားသလို ဒေါ်လာဈေးတစ်ဝက် ကျသွားလို့လည်း မြန်မာပြည်က လူတွေ နှစ်ဆ ချမ်းသာ မသွားပါဘူး။ အဲဒီလို ဒေါ်လှငွေရဲ့ ပကတိတန်ဖိုးဟာ နေရာပေါ်မူတည်ပြီး ကွဲပြားတဲ့ အတွက် ဂျီဒီပီရဲ့ ပကတိတန်ဖိုးကို သိဖို့ နည်းလမ်း ရှာရပါတယ်။

အဲဒီနေရာမှာ ဝယ်ယူနိုင်စွမ်းအား ကွာခြားမှုနှုန်း (Purchasing Power Parity) ဒါမှမဟုတ် ထရစ်ပယ်လ်ပီ ဆိုတာကို သုံးပါတယ်။ စျေးနှုန်းတစ်ခု ဥပဒေသကို မူတည်ပြီး ညှိနှိုင်းတာပါ။ ဥပမာ ငှက်ပျောသီး တစ်လုံး အမေရိကားမှာ ဘယ်လောက်တန်မယ်၊ မြန်မာပြည်မှာ ဘယ်လောက် တန်မယ်။ ဘီယာတစ်ခွက် အမေရိကားမှာ ဘယ်လောက် တန်မယ်။ မြန်မာပြည်မှာ ဘယ်လောက် တန်မယ်။ စတာမျိုး ကုန်စျေးနှုန်းတွေ ပေါ်မူတည်ပြီး ထရစ်ပယ်လ်ပီ က ပြောင်းသွားပါတယ်။

အဲဒီလို ဂျီဒီပီ ကို ထရစ်ပယ်လ်ပီနဲ့ ပြန်ညှိ လိုက်တဲ့ အခါမှာတော့ လူနေမှု စရိတ်ကြီးတဲ့ နိုင်ငံတွေရဲ့ ဂျီဒီပီဟာ ကျသွားပြီး လူနေမှု စရိတ်နည်းတဲ့ ဂျီဒီပီတွေရဲ့ ပကတိတန်ဖိုးဟာ တက်လာပါတယ်။ မြန်မာပြည်ရဲ့ ၂၀၁၀ ဂျီဒီပီကို ပီပီပီနဲ့ ပြန်ညှိလိုက်တော့ ၇၆.၅ ဘီလီယံ ဖြစ်သွားပါတယ်။ မြန်မာပြည်က ၄၃ ဘီလီယံဖိုး ထွက်တဲ့ ပစ္စည်းဟာ အမေရိကားလို နေရာမျိုးမှာဆိုရင် ၇၆.၅ ဘီလီယံ လောက် တန်လိမ့်မယ် ဆိုတဲ့ အဓိပ္ပာယ်ပါ။ မြန်မာနိုင်ငံက လူတစ်ဦးချင်းရဲ့ ဂျီဒီပီဟာ အဲဒီအခါမှာ အမေရိကန် ဒေါ်လာ ၁၂၅၀ ဖြစ်သွားပါတယ်။

မင်းပြောတော့ လူတစ်ဦးချင်းဝင်ငွေ အမေရိကန် ဒေါ်လာ ၁၂၅၀ တို့နိုင်ငံကြည့်တော့ ဘယ်နှယ့် ဖြစ်နေရတာလဲ မေးရင် ကျွန်တော်နဲ့ မဆိုင်ပါဘူး။ လွှတ်တော်ထဲမှာ သွားမေးကြပါ။ စတုတ္ထမဏ္ဍိုင်တွေကို မေးခိုင်းကြပါ။ အဲဒါဆိုရင် မင်းရဲ့ ဂျီဒီပီ ဆိုတာ ဘူးရှစ် ပဲလို့ ပြောရင်လည်း ခံရုံပါပဲ။ ဂျီဒီပီက နိုင်ငံရဲ့ စုစုပေါင်းဝင်ငွေ၊ အဲဒီငွေကို လူဦးရေနဲ့စားပြီး ရတဲ့ ပျမ်းမျှဝင်ငွေ ဒါတွေကိုပဲ ပြတာပါ။ ဒါပေမယ့် အဲဒီနိုင်ငံမှာ နေထိုင်တဲ့ ပြည်သူတွေအတွက် ဘယ်လောက် တိုးတက်မှု ရှိတယ်ဆိုတာကို မပြနိုင်ပါဘူး။

အဲဒီလိုမျိုး နိုင်ငံတစ်ခုချင်းမှာ ရှိတဲ့ ပြည်သူတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုတော့ လူသားဖွံ့ဖြိုးမှု ညွှန်းကိန်း (Human Development Index)  ဒါမှမဟုတ် အိတ်ချ်ဒီအိုင်နဲ့ တိုင်းပါတယ်။ လူသားဖွံ့ဖြိုးမှု ညွှန်းကိန်းမှာတော့ နိုင်ငံမှာရှိတဲ့ လူတွေရဲ့လူတစ်ဦးချင်း ပျမ်းမျှသက်တမ်း (Life Expectancy)၊ ပညာရေးဆိုင်ရာ ညွှန်းကိန်း (Education Index)၊ ဝင်ငွေ ညွှန်းကိန်း (Income Index) စတာတွေ ပါတတ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အိတ်ချ်ဒီအိုင်ကို ကြည့်ချင်းအားဖြင့် အဲဒီနိုင်ငံက နိုင်ငံသားတွေရဲ့ တိုးတက်မှုနှုန်းကို အကြမ်းမျဉ်း သိနိုင်ပါတယ်။

လူတစ်ယောက်ရဲ့ ပေါင်ချိန်ကို တိုင်းကြည့်ပြီး ဒီလူ ပုံမှန် အတိုင်းလား အဝလွန်နေသလား ဆိုတာကို မသိနိုင်ပါဘူး။ သူအရပ်ရှည်လို့ အလေးချိန်များတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီလိုပါပဲ။ အိတ်ချ်ဒီအိုင် တစ်ခုတည်းကိုပဲ ကွက်ကြည့်မယ်ဆိုရင် နိုင်ငံတစ်ခုရဲ့ တိုးတက်မှု ပမာဏကို မြင်နိုင်ပေမယ့် ဒီနိုင်ငံထဲက လူသားတွေ ညီတူညီမျှ တိုးတက်မှု ရှိရဲ့လား ဆိုတာကိုတော့ မမြင်နိုင်ပါဘူး။ အဲဒီလို ဆင်းရဲချမ်းသာ ကွာခြားမှုကိုတော ဂီနီ (Gini) ညွှန်းကိန်းလို့ ခေါ်တဲ့ ညွှန်းကိန်း တစ်ခုနဲ့ တိုင်းပါတယ်။ ဂီနီ က သုညဆိုရင် ဒီနိုင်ငံက လုံးဝညီမျှပြီး  ၁ ဆိုရင် ဒီနိုင်ငံက အတော်ကို မညီမမျှ ဖြစ်တယ်လို့ ပြောရပါမယ်။ ဘယ်နိုင်ငံမှာမှတော့ ဂီနီက သုည ဖြစ်မနေပါဘူး။ ဥရောပနိုင်ငံတွေက ဂီနီ က ၀.၂၄ ကနေ ဝ.၃၆ အတွင်း၊ အမေရိကန် မက္ကဆီကို က ဝ.၄ စွန်းစွန်း၊ စင်ကာပူကတော့ ထိုင်း၊ ကမ္ဘောဒီးယားရဲ့ နောက် ၀.၄၂ လောက်မှာ ရှိပါတယ်။

စင်ကာပူနိုင်ငံမှာ အိတ်ချ်ဒီအိုင် အရမ်းမြင့်ပေမယ့်  နိုင်ငံသားတွေအတွက် နိုင်ငံတော်က ကြည့်ရှု စောင့်ရှောက်ပေးတဲ့ အခွင့်အလမ်းတွေ ထောက်ပံ့ကြေးတွေမှာ တခြား ဖွံ့ဖြိုးပြီး နိုင်ငံတွေလောက် မရှိပါဘူး။ အဲဒီလို မရှိတဲ့ အတွက် ချမ်းသာတဲ့ သူက နင်းကန် ချမ်းသာပြီး ဆင်းရဲတဲ့သူက အရမ်းဆင်းရဲပါတယ်။ အဲဒီလို ဝင်ငွေ မညီမျှမှုကို ၂၀၁၀ နောက်ပိုင်းမှာ အိတ်ချ်ဒီအိုင်ထဲမှာ ထည့်တိုင်းပါတယ်။ အဲဒီ အခါမှာတော့ ဥရောပနိုင်ငံတွေက အဆင့်တက်လာပြီး အမေရိကန်လို နိုင်ငံမျိုးက အောက်ကို ထိုးဆင်းသွားပါတယ်။ စင်ကာပူ ဘယ်နား ရောက်သွားသလဲ ဆိုတာ စာရင်းထဲမှာ ရှာမတွေ့တော့ပါဘူး။

စာရင်းဇယားတွေက မသိရင်နှပ်ချလို့ ရပါတယ်။ မသိသူ ကြော်စား၊ သိသူလှော်စား လိုမျိုးပါပဲ။ အသုံးများနေကျ ကိန်းဂဏန်းတွေ အကြောင်း မသိတာလေးတွေ ရှိရင် သိရအောင် တတ်သလောက် မှတ်သလောက် မျှဝေပေးလိုက် ပါတယ်။

Tuesday, October 11, 2011

ဆာလောင်ပါ၊ ရူးသွပ်ပါ၊ ဒါပေမယ့်

အက်ပဲလ်ကုမ္ပဏီ တည်ထောင်တဲ့သူ စတိဂျော့ဗ် ကွယ်လွန်သွားပြီးတဲ့ နောက်တော့ စတန်းဖို့ဒ် တက္ကသိုလ်မှာ သူပြောခဲ့တဲ့ မိန့်ခွန်းကို ပြန်နားထောင်ဖြစ်ပါတယ်။ အဲဒီနောက်တော့ စတိဂျော့ဗ်ရဲ့ မိန့်ခွန်း၊ စတိဂျော့ဗ်ရဲ့ သမိုင်းကြောင်းကနေ စဉ်းစားစရာတွေ အများကြီး ရလာပါတယ်။ အိပ်မက်နောက်ကို လိုက်ဖို့။ ဆာလောင်ပါ ရူးသွပ်ပါ (Stay Hungry, Stay Foolish) ဆိုတဲ့ စကားတွေကနေ ဆင့်ပွားပြီး အများကြီး တွေးမိပါတယ်။

အသက်မွေးဝမ်းကြောင်း ရွေးချယ်ဖို့ အလုပ်ပြောင်းဖို့ ဆိုတာ တွေအတွက် "ဘာလုပ် ရရင် ကောင်းမှာလဲ။" ဆိုပြီး အကြံတောင်းတဲ့ မေးခွန်းမျိုးကို မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းတွေ ဆီကနေ မကြာခဏ ကြားခဲ့ရ ဖူးပါတယ်။  အရှင်းဆုံး ပြောရရင်တော့ အဲဒီလို အချိန်မျိုးမှာ ကိုယ့်ဘက်က အကြံဉာဏ်ပေးရတာ အတော်ခက်ပါတယ်။

စာအုပ်ကြီးထဲက လာတဲ့ အကြံဉာဏ်မျိုး ပေးမယ် ဆိုရင်တော့  လောကကြီးမှာ မဖြစ်နိုင်ဘူး ဆိုတာ မရှိသေးတဲ့အကြောင်း၊ မဖြစ်သေးတာပဲ ရှိတဲ့ အကြောင်း အဲဒါကြောင့် ခဏတာ အဆင်ပြေမယ့် အလုပ်မျိုးကို မစဉ်းစားပဲ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို တစိုက်မတ်မတ် လုပ်ဖို့ပဲ လိုတဲ့အကြောင်း၊ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို လုပ်မှသာ အောင်မြင်မှာ ဖြစ်တဲ့အကြောင်း ပဲ ပြောရမှာပါ။ ဒါပေမယ့် အိပ်မက်နောက်ကို ယုံကြည်ချက် တစ်ခုတည်းနဲ့ လိုက်လို့ မဖြစ်ပါဘူး။ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို တစိုက်မတ်မတ်လုပ်ရင် တိုးတက် ကြီးပွားနိုင်တဲ့ အခွင့်အလမ်း ရှိပေမယ့် လုံးဝ အောင်မြင်လိမ့်မယ် လို့တော့ လှေနံဓားထစ် တစ်ထစ်ချ ပြောလို့ မရတာ သေချာပါတယ်။

ဥပမာ အနေနဲ့ တစ်ခုလောက် စဉ်းစားကြည့်ရအောင်။ အခုအချိန် ဟားဗတ် မှာ တက်နေတဲ့ မိတ်ဆွေ တစ်ယောက်က သူ ဟားဗတ်ပညာရေးကို စိတ်မဝင်စားဘူး။ ကျောင်းထွက်ရင် ကောင်းမလား။ လို့ တိုင်ပင်တယ် ဆိုကြပါစို့။ အတိတ်ကို ပြန်ကြည့်ရင် မိုက်ခရိုဆော့ဖ် ပိုင်ရှင် ဘီလ်ဂိတ်က ဟားဗတ်က တဝက်တပျက်နဲ့ ကျောင်းထွက်ပြီး ကုမ္ပဏီထောင်လို့ ကြီးပွားသွားတာ ဥပမာ တွေ့နိုင်ပါတယ်။ အဲဒီလိုပဲ စတိဂျော့ဗ် ရိဒ်ကောလိပ် ကနေ တဝက်တပျက်နဲ့ ကျောင်းထွက်ပြီး သူလုပ်ချင်တာ လုပ်လို့ အောင်မြင်သွားတဲ့ ဥပမာ လည်း ရှိပါတယ်။ အဲဒီလို ဥပမာတွေရှိလို့ ဟားဗတ်တက္ကသိုလ်လို ကျောင်းမျိုးကနေ စိတ်မဝင်စားရင် ထွက်လို့ အကြံဉာဏ်ပေးရင် နည်းနည်း မိုက်မဲရာ ကျပါလိမ့်မယ်။

ဘာဖြစ်လို့လဲ မေးရင် အဖြေက ရှင်းရှင်းလေးပါပဲ။ ဟားဗတ် တက္ကသိုလ်က တဝက်တပျက် ကျောင်းထွက်တဲ့သူတွေ အများကြီးပါ။ ဘီလ်ဂိတ်က တစ်ယောက်တည်း ရှိပါတယ်။ စတန်းဖို့ဒ်က တဝက်တပျက်နဲ့ ကျောင်းထွက်တဲ့သူတွေ အများကြီးပါ။ စတိဂျော့ဗ်က တစ်ယောက်တည်း ရှိပါတယ်။ အဲဒီတော့ ဖြစ်နိုင်ခြေနဲ့ တွက်ရင် အဲဒီလို တက္ကသိုလ်မျိုးက တဝက်တပျက်နဲ့ ထွက်ပြီး သူတို့လို ကမ္ဘာကျော်အောင် အောင်မြင်တဲ့သူက ရာခိုင်နှုန်း အနည်းစုပဲ ရှိတယ်ဆိုတာ သက်သေပြစရာ မလိုတဲ့ ကိစ္စပါပဲ။ ဒါပေမယ့် ဟားဗတ်လို စတန်းဖို့ဒ်လို တက္ကသိုလ်တွေကနေ ကျောင်းပြီးတဲ့ သူတွေထဲမှာတော့ ဝင်ငွေကောင်းတဲ့သူ ဆိုတာ ရာခိုင်နှုန်း အများစု ရှိပါတယ်။ လူတစ်ယောက် အောင်မြင်ဖို့ အတွက် ယုံကြည်ချက် တစ်ခုတည်း မဟုတ်ဘဲ လုပ်ဆောင်နိုင်စွမ်းတွေ ဖြစ်နိုင်ခြေတွေလည်း လိုအပ်ပါသေးတယ်။ တခါတလေတော့ သူလို ငါလို လုပ်ဆောင်နိုင်စွမ်း ရှိသူတွေ အတွက် မိုးခါးရေ သောက်ပြီး လုံခြုံစိတ်ချရတဲ့ လမ်းကိုလည်း ရွေးတာက ပိုပြီး သင့်လျော်ပါတယ်။

ကြိုးစားရင် ဘာမဆို ဖြစ်တယ် ဆိုတဲ့ စကားမျိုးတွေ ငယ်ငယ်ကတည်းက ကျွန်တော်တို့ ဖတ်ခဲ့မှတ်ခဲ့ လေ့လာ ခဲ့ဖူးပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေတော့လည်း ဝိဉာဏ ဝါဒ (Idealism) တွေကို ဖယ်ပြီး လက်တွေ့ကျကျ သုံးသပ်ကြည့်ရအောင်ပါ။ ကိုယ့်အနားမှာ ကြိုးစားပြီး မဖြစ်မြောက်တဲ့သူတွေ မရှိဘူးလား ဆိုရင် ကျွန်တော့် အဖြေကတော့ အများကြီးပါလို့ ပြောရပါမယ်။ လမ်းကြောင်းမှားပေါ် ရောက်နေရင် ဘယ်လောက်ပဲ ကြိုးစားကြိုးစား အချည်းနှီးပါပဲ။ ဥပမာ အနေနဲ့ ကြည့်ရရင် ကျွန်တော် ရန်ကုန်ကနေ မန္တလေးကို သွားဖို့ အိမ်က ထွက်လာတယ်။ ကားကို မိုင် ၁၀၀ နှုန်းနဲ့ မောင်းနေတယ်။ ဒါဆိုရင် ကျွန်တော့်အနေနဲ့ အတော်ကို efficient  ဖြစ်တယ်လို့ ပြောရပါမယ်။ ဒါပေမယ့် ကျွန်တော် ကားမောင်းနေတာ ရန်ကုန်-မန္တလေး ဟိုင်းဝေး လမ်းမ မဟုတ်ဘဲ ရန်ကုန်-ပုသိမ် ဟိုင်းဝေးလမ်းမ ဆိုရင်တော့ တစ်နာရီကို မိုင် ၁၂၀ နှုန်း မောင်းလည်း အကျိုးမရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လမ်းကြောင်း လွဲနေတဲ့အတွက် ဘယ်တော့မှ မန္တလေးကို ရောက်မှာ မဟုတ်လို့ပါပဲ။ efficient နဲ့  effective ရဲ့ သဘောတရားဟာ တူသလို ရှိပေမယ့် တကယ်တမ်းတော့ ကွဲပြားပါတယ်။ အဲဒီတော့ ကြိုးစားရင် ဘာမဆို ဖြစ်တယ်ဆိုပေမယ့်  လမ်းကြောင်းမှန်ပေါ်မှာ ရှိနေက အတော် အရေးကြီးပါတယ်။

နောက်တစ်ခုက ပတ်ဝန်းကျင်ပါ။ အခုဆိုရင် စတိဂျော့ဗ်နဲ့ ပတ်သက်ပြီး အတော်များများက ပြောကြပါတယ်။ မိဘက ငယ်ငယ်ကတည်းက စွန့်ပစ်သွားတဲ့သူ။ တက္ကသိုလ်က တဝက်တပျက် နဲ့ ထွက်လာတဲ့သူ။ ဒီလောက် အောင်မြင်တယ် ဆိုရင် တခြားသူတွေ အတွက် မအောင်မြင်တာ ဆင်ခြေပေးစရာ မရှိဘူးလို့ ဆိုကြပါတယ်။ ဒါပေမယ့် တခြားတစ်ဖက်က အသံတွေကို ကြားရင် သူတို့ပြောတာနဲ့ ဆန့်ကျင်ဘက် တွေကို ကြားရပါလိမ့်မယ်။ စတိဂျော့ဗ်ရဲ့ အဖေအရင်း ဟာ ဆီးရီးယားနိုင်ငံသား အာရပ် တစ်ယောက်ပါ။ အဲဒီတော့ ဆီးရီးယားနိုင်ငံသား တွေက ပြောကြပါတယ်။ စတိဂျော့ဗ်သာ သူ့အဖေ ရှိတဲ့ ဆီးရီးယားမှာ ကြီးပြင်းခဲ့မယ်ဆိုရင် အက်ပဲလ်ကုမ္ပဏီ ဆိုတာ ဖြစ်လာနိုင်စရာ အလားအလာ မရှိဘူးလို့ ဆိုကြပါတယ်။ သူတို့ပြောတဲ့ စကားကို တိုးတက်ပြီးသား နိုင်ငံက လူတွေ အဖို့ လက်ခံနိုင်ချင်မှ လက်ခံနိုင်လောက်ပေမယ့် ကျွန်တော်တို့လို ခံစားဖူးတဲ့ သူတွေကတော့ သူတို့ ပြောတဲ့ စကားကို နားလည်နိုင် ပါတယ်။ လူတစ်ယောက် အောင်မြင်တိုးတက်ဖို့ ရေခံမြေခံ နဲ့ ပတ်ဝန်းကျင် လိုပါတယ်။ အမေရိကန်တွေရဲ့ အိပ်မက်မှာ အာဖရိကသားက မွေးတဲ့သူ သမ္မတ ဖြစ်နိုင်ပေမယ့် အိုဘားမားလို လူမျိုး မြန်မာပြည်မှာသာ ကြီးရင် ဧည့်နိုင်ငံသား မှတ်ပုံတင် ကိုင်ခွင့်ရရင်တောင် ကံကောင်းတယ် ပြောရပါမယ်။ အဲဒီတော့ အခွင့်အလမ်းရှိတဲ့ ပတ်ဝန်းကျင် တစ်ခုမရှိရင် အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

အဓိက အားဖြင့် ပြောချင်တာကတော့ အောင်မြင်မှု ဆိုတာ ယုံကြည်ချက် တစ်ခုတည်းနဲ့ ဖြစ်မလာနိုင်ပါဘူး။ ဖြစ်နိုင်ခြေ (Potential) ရှိရပါမယ်။ လမ်းကြောင်းမှန်ဖို့ လိုပါတယ်။ ပတ်ဝန်းကျင် ကောင်းဖို့ လိုပါတယ်။ အဲဒီအချက်တွေ ရှိမနေရင် အရင်ဆုံး ရှိအောင် ဖန်တီးယူဖို့ လိုပါတယ်။ အဲဒါမှ အောင်မြင်ဖို့ လမ်းစဆိုတာ နီးစပ်လိမ့်မယ်လို့ တွေးမိပါတယ်။

Wednesday, September 28, 2011

Teach Yourself အနန္တသူရိယ in 10 Minutes

ရာဇဝင်ကို ပြန်ပြောင်း လှန်လှောင်းပြီး ကျန်ကျောင်းလို ကြည့်ရင် မြန်မာ့သမိုင်းထဲမှာ ရှေးအကျဆုံး ကဗျာ သုံးပုဒ် ကို တွေ့ရပါမယ်။ ကဗျာ ၃ပုဒ်ထဲမှာ ရှေးအကျဆုံး ကဗျာ ကတော့ သေလဉ်ကြောင်မင်း လက်ထက်က ရေးခဲ့တဲ့ "သိုးကလေ" အစချီထားတဲ့ ရွှေနှင့်ယိုးမှား ပန်းစကား ကဗျာပါ။ အဲဒီကဗျာရဲ့ နောက်ခံ သမိုင်းကြောင်းကို Unofficial Guide to မင်းမဟာဂီရိ ဆိုတဲ့ ပို့စ်မှာ ရေးခဲ့ဖူးပါတယ်။ ဒုတိယမြောက် ရှေးအကျဆုံး တစ်ပုဒ်ကတော့ ကျန်စစ်သားမင်း လက်ထက်က ရေးခဲ့တဲ့  မြကန်သာ ကဗျာပါ။ တိုင်းမသိတော့ ဗာရာဏသီ၊ မင်းမသိတော့ ဗြဟ္မဒတ်၊ ကဗျာစာဆို မသိတော့ အနောနိမတ်စ် ဆိုသလို အဲဒီကဗျာနှစ်ပုဒ်ကို ရေးခဲ့တာက အနောနိမတ်စ် ဆိုသူ များ ပါပဲ။  တတိယမြောက် ကဗျာက တော့ "သူတည်းတစ်ယောက်" အစချီတဲ့ မျက်ဖြေလင်္ကာပါ။ ဒီကဗျာကိုတော့ ရေးတဲ့သူက အနန္တသူရိယ အမတ်လို့ အတိအကျ ဆိုကြပါတယ်။ အဲဒီကဗျာဟာ ဦးကုလား ရာဇဝင်၊ မှန်နန်းရာဇဝင်စတဲ့ ရာဇဝင်တော်ကြီးတွေ မှာ ပါပေမယ့်လည်း အသုံးအနှုန်း တစ်ချို့ဟာ မြောက်တက်ပြီး ပုဂံခေတ်နဲ့ နှိုင်းယှဉ်လျှင် အပြတ်ကို ဂွမ်းနေတာမို့ တချို့က ပုဂံခေတ်က ကဗျာ ဟုတ်ချင်မှ ဟုတ်မယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့်လည်း ဒီကဗျာရဲ့ အဓိပ္ပာယ်နဲ့ နောက်ခံသမိုင်းကြောင်းကတော့ စိတ်ဝင်စားစရာပါ။

ကျန်စစ်သားရဲ့ မြေးတော် အလောင်းစည်သူ မင်းကြီးမှာ မင်းရှင်စော နဲ့ နရသူဆိုတဲ့ သားတော် နှစ်ပါး ရှိပါတယ်။ တစ်နေ့တော့ နရသူက သူ့ရဲ့ ခမည်းတော် အလောင်းစည်သူမင်းကြီးကို ရွှေဂူကြီး ဘုရားထဲ ဘတ်ကီးရိုက် ခေါ်သွားပြီးတော့ ခေါင်းအုံးတွေ စောင်တွေနဲ့ ဖိသတ်လိုက် ပါတယ်။ အဲဒါကြောင့် အလောင်းစည်သူ တကယ်ပဲ အလောင်းဖြစ်သွား ရှာပါတယ်။  အလောင်းစည်သူ သေတော့ သားတော်ကြီး မင်းရှင်စောက ဘုရင် ဖြစ်လာပါတယ်။ ဒါပေမယ့် မင်းရှင်စော ဘိသိက်သွန်းမြောက်ပြီး ဘုရင်ဖြစ်တဲ့ နေ့မှာပဲ နရသူက ညနေစာ စားပွဲတော်မှာ အဆိပ်ခတ် သတ်လိုက်ပြန်ပါတယ်။ ဒီလိုနဲ့ နရသူ ဘုရင်ဖြစ်လာပါတယ်။

နရသူ ဘုရင်ဖြစ်လာတော့ မိုက်ကယ်တွေ လျှောက်လုပ်ပါတော့တယ်။ နရသူ အဲဒီလို ကြမ်းကြမ်းရမ်းရမ်း အုပ်ချုပ်တာကို ပုဂံပြည်သူပြည်သားတွေ  ကြည့်မရကြပါဘူး။ ဒါပေမယ့်လည်း နရသူက "ပုဂံမှာ ဘုရင်တွေ ပိုနေလို့ တမလွန်ကိုတောင် အိတ်စပို့ ပို့နေရတာ။ မည်သို့သော ကန့်ကွက်မှုများ ရှိသည်ဖြစ်စေ ပုဂံကို ဆက်လက်အုပ်ချုပ်သွားမည်" ဆိုပြီးတော့ ဆက်ပြီး အုပ်ချုပ်ပါတယ်။ နောက်တော့ သူ့ကို ဆက်လာတဲ့ ဘောလိဝုဒ်က ကုလား မင်းသမီးကိုပါ သတ်ပစ်လိုက်တဲ့ အတွက် ကုလားဘုရင်တွေကပါ နရသူကို တင်းသွားကြ ပါတယ်။ အဲဒါကြောင့် နရသူကို သမဖို့ အတွက် ဆူဆိုက်အကြမ်းဖက်သမား ကုလားဟူးရား ၈ ယောက်ကို လွှတ်လိုက် ပါတယ်။ ကုလား ဟူးရား ၈ ယောက်က နရသူကို ဘိသိက်မြှောက် ပေးမယ်လို့ ဘတ်ပြီး သန်လျှက်နဲ့ ဝိုင်းကျွေးလိုက်ကြတာကြောင့် နရသူ ကြွသွားပါတယ်။ နရသူကို သတ်ပြီးတော့ ကုလားဟူးရားတွေ သူတို့ဘာသာ ဆူဆိုက် လုပ်လိုက်ကြပါတယ်။ ကုလားတွေက ဝိုင်းလျှော့လိုက်လို့ သေသွားတာမို့ နရသူကို ကုလားကျမင်းလို့ နောက်လူတွေက ခေါ်ကြပါတယ်။ နရသူသေတော့ သူ့မှာ မင်းယဉ် နရသိင်္ခနဲ့ နရပတိစည်သူ ဆိုတဲ့ သားနှစ်ယောက် ကျန်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ထဲမှာ သားတော်အကြီး မင်းယဉ်နရသိင်္ခက ဘုရင်ဖြစ်လာပါတယ်။

ဘုရင်ကို ဆိုရင် အကိတ်ကလေးတွေ အလန်းကလေးတွေ မိဖုရားအဖြစ် ဆက်ချင်တဲ့သူက ပေါပါတယ်။ တစ်ခါတော့ မင်းယဉ်နရသိင်္ခ မြင်းစိုင်းဝက်ဝံ လို့ခေါ်တဲ့ အရပ်ကို ဖလမ်းဖလမ်းထရင်း ရောက်သွား ပါတယ်။ အဲဒီအရပ်က တောထဲမှာနေတဲ့ ပြော့လူမျိုးတွေက ဘုရင်ကို သမီးကညာ တစ်ပါး ဆက်ပါတယ်။ အဲဒီ သမီးကညာ ရဲ့ အမည်က ဝေဠုဝတီလို့ ခေါ်ပါတယ်။ ပါဠိလို ဝါးကို ဝေဠုလို့ ခေါ်တာမို့ ဝေဠုဝတီဆိုတာ ပရင့်ဆက်စ် အော့ဖ်ဝါးလို့ တိုက်ရိုက် ဘာသာပြန်ရမယ် ထင်ပါတယ်။ ဝါးပင်က မွေးတာမို့ သူမမှာ အဲဒီလို နာမည်တွင်တယ် ဆိုပါတယ်။။ ဒဏ္ဍာရီလို့ပဲ မှတ်လိုက်ပါတော့။ ဝါးပင်က မွေးတယ် ဆိုတာ အမှန်အတိုင်း ပြောရရင်တော့ အင်္ဂုလိ ပဲ ဖြစ်ဖို့ များပါတယ်။ ပြော့လူမျိုးတွေ ဆက်တဲ့ ဝေဠုဝတီမှာ ချို့ယွင်းချက် တစ်ခု ရှိပါတယ်။ အဲဒါကတော့ နားရွက် နည်းနည်း ကျယ်နေတာပါ။ ဒါကို ဘုရင်မြင်တော့ "နားကျယ်နဲ့ ဝမ်းပျက်လိလိ" လို့ မိန့်တယ် ဆိုပါတယ်။ မိဖုရားနားကျယ်တာနဲ့ ဘုရင် ဘယ်လို ဝမ်းပျက်မလဲ ဆိုတာတော့ ဆက်စပ်ကြည့်လို့ မရပါဘူး။ အဲဒီ စကားကို အဓိပ္ပာယ် မဖော်တတ် တဲ့ အတွက် နားကျယ်တဲ့ အတွက် မမိုက်၊ အဲဒီအတွက် အီဖေကို ဘုရင် မကြိုက်လို့ပဲ အဓိပ္ပာယ်ပြန်လိုက်ပါမယ်။

ဘုရင် မကြိုက်တော့ ညီတော် နရပတိစည်သူကို စွန့်လိုက်ပါတယ်။ နရပတိစည်သူ လက်ထဲရောက်တော့ နရပတိစည်သူရဲ့ အမေ ဝေဠုဝတီရဲ့ ယောက္ခမကြီးက သူ့ချွေးမရဲ့ နားကို ပလတ်စတစ် ဆာဂျရီ လုပ်ပေးလိုက် ပါတယ်။ နားပြင်ပြီး ရှိုင်းနင်းဂွိုင်းနင်းတွေ လုပ်လိုက်တော့ ဝေဠုဝတီက အတော် လန်းသွား ပါတယ်။ တစ်နေ့တော့ ယောက္ခမကြီးက သူ့ချွေးမကို နန်းတော်ထဲ ခေါ်လာတဲ့ အခါ မင်းယဉ်နရသိင်္ခမှာ လွတ်သော ဖစ်ရှ် ဘစ်တယ်ဆိုပြီး ကြိတ်မနိုင် ခဲမရတွေ ဖြစ်နေပါတယ်။ခယ်မတော် ဝေဠုဝတီ ကို ကြည့်ရင်း ဖီးလ်တွေ တက်နေပါတယ်။ ဒါပေမယ့် သူလည်း ကလိမ်ကကျစ် လုပ်တဲ့နေရာတော့ အဖေ နရသူရဲ့ သွေးပါပါတယ်။ ဒီလိုနဲ့ ဉာဏ်နီ ဉာဏ်နက် ဉာဏ်ခရမ်းရောင် ဉာဏ်လိမ္မော်ရောင်တွေ ထုတ်ပြီးတော့ ညီတော်ကို ပထုတ်ဖို့ ကြံပါတယ်။ ငဆောင်ချမ်းမှာ သူပုန်ထလို့ သွားတိုက်စေဆိုပြီး ညီတော်ကို ပထုတ်လိုက်ပါတယ်။

နရပတိစည်သူကလည်း အချဉ်တော့ မဟုတ်ပါဘူး။ သူက ဘုရင် သွားဆိုလို့သာ သွားရပေမယ့် သိပ်မသင်္ကာပါဘူး။ ဒါကြောင့် သူ့ရဲ့ ဘော်ဒီဂတ် မြင်းခံတော် ငပြည့်ကို အကြောင်းထူး ရင် သတင်းပို့ဖို့ သူ့မြင်းကို ပေးပြီး မှာခဲ့ပါတယ်။ နရပတိစည်သူက သစ်ဆိမ့်အရပ်ကို ရောက်တော့ ငဆောင်ချမ်းမှာ သူပုန် မရှိကြောင်း ကြားတာမို့ သူ့အစ်ကို သူ့ကို ဂျင်းထည့်လိုက်ပြီ ဆိုတာ သိသွားပါတယ်။ နရပတိစည်သူ စစ်ထွက်သွားတော့ သူ့အစ်ကိုက  ဝေဠုဝတီကို မိဖုရားအဖြစ် ဆွဲစိလိုက် ပါတယ်။ အဲဒီသတင်းကို ကြားကြားချင်း ငပြည့်လည်း မြင်းကို ဒုန်းစိုင်းစီးပြီး နရပတိစည်သူ နောက်ကို လိုက်ပါတယ်။  အဲဒီလိုနဲ့ ညနေစောင်းတော့ ငါးဘတ်ချောင်းကို ရောက်လာခဲ့ပါတယ်။ ငပြည့်လည်း နေဝင်ရီတရောမို့ ချောင်းထဲမှာ ရေမရှိတာကို ရေထင်ပြီး ဖြတ်မကူးရဲပါဘူး။ မြင်းကလည်း အတော်ပြိုင်းနေပြီမို့ ချောင်းဘေးက တောထဲမှာပဲ တစ်ညစာ ကျိုးနေလိုက်ပါတယ်။ နရပတိစည်သူနဲ့ အလွန်နီးနေပြီမို့ မြင်းက သူ့သခင်ရဲ့ အနံ့ကို ရလို့ တစ်ညလုံး ဟီတယ်ဆိုပါတယ်။ နရပတိစည်သူလည်း သူ့မြင်းဟီသံကို ကြားတော့ မနေနိုင်မထိုင်နိုင်ဖြစ်ပြီး "ငါ့မြင်းအသံဆိုရင် ခေါင်းအုံးပေါက်စမ်းကွာ" ဆိုပြီး ခေါင်းအုံးကို လက်သီးနဲ့ ထိုးလိုက်တာ ခေါင်းအုံးပေါက်သွားတယ် ဆိုပါတယ်။ ဒီမင်းသားလည်း လူလည်ပါ။ အမှန်တကယ်ဆို အုတ်နံရံ ဖြစ်ဖြစ် ၊ သစ်ပင် ဖြစ်ဖြစ် ထိုးကြည့်သင့်ပါတယ်။ 

နောက်တစ်နေ့ တော့ ငပြည့်က သူ့ရဲ့ အာစရိ နရပတိ စည်သူကို သတင်းပို့ပါတယ်။ နရပတိ စည်သူက ဒေါခွီးပြီး ပတ်ရမ်းပါတယ်။ ငပြည့်ကို ညက ဘယ်မှာ အိပ်သလဲ မေးတော့ သူနဲ့ မနီးမဝေး တစ်နေရာမှာ အိပ်တယ်ဆိုတာ သိသွားပါတယ်။  "ဒီလောက် အရေးကြီးတဲ့ ကိစ္စငါ့ကို သတင်းမပို့ဘဲ နှပ်နေတယ်။ ငါတို့ အတွက် အချိန်ဟာ ကားပါမစ်လို တန်ဖိုးရှိတယ်။ ခဏကြံရင် ထရံတောင် ခြံတိုင်ဖြစ်တယ်ဆိုတာ မသိဘူးလား။" ဆိုပြီး သတ်ပစ်လိုက်ပါတယ်။  ငပြည့်မှာ ဆန္ဒန်ဆင်မင်းဇာတ်နဲ့ စေတနာက ဝေဒနာဖြစ်ရတယ် ဆိုပြီး ငိုပြဖို့တောင် အချိန်မရလိုက်ပါဘူး။ ငပြည့် အလောင်းကို ရေထဲမျှောလိုက်ပြီး တစ်နေရာမှာ သွားတင်နေတော့ အဲဒီနေရာမှာ နတ်ကွန်းဆောက် ကိုးကွယ်တယ် လို့  ပြောကြပါတယ်။  ငပြည့်ဟာ အခု နတ်လောကမှာ ဆရာကြီးတစ်ဆူ ဖြစ်နေတဲ့ မြင်းဖြူရှင်နတ်လို့  ပြောကြပါတယ်။

နောက်တော့ သူ့ရဲ့ ပီအေ အောင်စွာငယ်ကို ခေါ်ပြီး မင်းယဉ်နရသိင်္ခကို လုပ်ကြံဖို့ ခိုင်းလိုက်ပါတယ်။ အောင်စွာငယ်ကို မက်လုံးပေးတဲ့ အနေနဲ့ ဘုရင်ကို သတ်ပြီးရင် ဘုရင့်မိဖုရားထဲက ကြိုက်တဲ့ တစ်ယောက် ပေးမယ်ကွာ ဆိုပြီး ပြောလိုက်ပါတယ်။ အောင်စွာငယ်လည်း မိဖုရားတစ်ယောက်တော့ ရရချည်သေးရဲ့ ဆိုပြီး ဘုရင်ကို လုပ်ကြံလိုက်ပါတယ်။ နောက်တော့ နရပတိစည်သူ နန်းတော် ပြန်ရောက်ပြီး ဘုရင် ဖြစ်ပါတယ်။ အဲဒီအချိန်မှာ အောင်စွာငယ်က သူ့ကို မင်းယဉ်နရသိင်္ခရဲ့ မိဖုရားတွေထဲ က တစ်ယောက်ကို စွန့်ဖို့ တောင်းပါတယ်။ ဒါပေမယ့် အရင် ဘုရင်ရဲ့ မိဖုရားတွေက "မောင်လေးရယ်။ မမတို့က မောင်လေးနဲ့ ဆိုရင် မရီးတော်တယ်လေ။ အဲဂလို မလုပ်ပါနဲ့လားကွယ်။" ဆိုပြီး ငိုပြကြတော့ နရပတိစည်သူ စိတ်ပြောင်းသွားပါတယ်။  အဲဒါကြောင့် မင်းကို တခြားတစ်ယောက်ပေးမယ်။ ငါ့မရီးတော်တွေတော့ မယူနဲ့တော့ ဆိုပြီး အောင်စွာငယ်ကို ကပ်ချုပ်ကြည့်ပါတယ်။ အောင်စွာငယ်က ဘုရင် ကတိမတည်ဘူး ဆိုပြီး ထွီဆိုပြီး တံတွေး ထွေးလိုက်တဲ့ အတွက် ဘုရင်က နှာကစ်ပြီး ထတီးလိုက်တာ ဂန့်သွားပါတယ်။ နောက်တော့ ငါ့ ပီအေကို ငါကတိပေးထားပြီး မတည်တာ ငါမှားတာပဲ လို့ တွေးမိပြီး အောင်စွာငယ်ကို နတ်ကွန်းဆောက် ကိုးကွယ်စေလို့ အမိန့်ချလိုက်ပါတယ်။ အဲဒါကတော့ ၃၇ မင်းထဲက အောင်စွာနတ်ပါ။

နောက်တော့ သူတို့ခေတ်က ထုံးစံအတိုင်း မင်းယဉ်နရသိင်္ခနဲ့ ဆက်နွယ်နေတဲ့ သူတွေကို ဖြုတ်ထုတ်သတ် လုပ်ပါတော့တယ်။ အဲဒီ အထဲမှာ မင်းယဉ်နရသိင်္ခရဲ့ အထိန်းတော်သား အနန္တသူရိယ အမတ်လည်း ပါပါတယ်။ အနန္တသူရိယက သူ့ကို မကွက်မျက် ခင်မှာ ဘုရင်ကို ဆက်ဖို့ ကဗျာတစ်ပုဒ် ရေးခဲ့ပါတယ်။ ကဗျာကို ဖတ်ပြီး အနန္တသူရိယကို လွှတ်စေ အမိန့်ချတော့ ပါးကွက်အာဏာသားတွေက သတ်ပြီးကြောင်း ပြောပါတယ်။ အဲဒီတော့လည်း ပါးကွက်အာဏာသားတွေကို ငါ့အမိန့်မစောင့်ရကောင်းလား ဆိုပြီး ထပ်ပြီး သတ်ပြန်ပါတယ်။ အဲဒီလို သူသတ် ကိုယ်သတ် အားလုံးသတ်တဲ့ ခေတ်ထဲက ထွက်လာတဲ့ ကဗျာကတော့ ကဗျာဆရာ သေခါနီး ခံစားချက်တွေ တနင့်တပိုးနဲ့ ရေးခဲ့တဲ့ ကဗျာမို့ စာသားတွေ အမှန်အကန်နဲ့ သမိုင်းတွင်ကျန်ရစ်ပါတယ်။


သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ
ဓမ္မတာတည်း။


ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ
မတ်ပေါင်းရံလျှက်၊ ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ၊ မင်းချမ်းသာကား
သမုဒ္ဒရာ၊ ရေမျက်နှာထက်
ခဏတက်သည်၊ ရေပွက်ပမာ
တသက်လျာတည်း။


ကြင်နာသနား၊ ငါ့အားမသတ်
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ
လူတကာတို့၊ ခန္ဓာခိုင်ကြည်
အတည်မမြဲ၊ ဖောက်လွဲတတ်သည်
မချွတ်စသာ၊ သတ္တဝါတည်း။


ရှိခိုးကော်ရော်၊ ပူဇော်အကျွန်
ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါတ်
သံသာစက်၌၊ ကြိုက်လတ်တုံမူ
တုံ့မယူလို၊ ကြည်ညိုစိတ်သန်
သခင်မွန်ကို၊ အပြစ်မဲ့ရေး
ခွင့်လျှင်ပေးသည်၊ သွေးသည်နိစ္စာ
ငါ့ခန္ဓာတည်း။

Sunday, September 18, 2011

ဘဏ်နှင့် လူတို့ အကြောင်း

ဒီနေ့ နိုင်ငံခြားသား မိတ်ဆွေတစ်ယောက်နဲ့ ကိုယ့်နိုင်ငံ အကြောင်း စကားစပ်လို့ ပြောမိ ပါတယ်။ သူက မြန်မာနိုင်ငံကို အကြိမ်ကြိမ် အခါခါ ရောက်ဖူးတဲ့ သူမို့ မြန်မာပြည်က စနစ်တွေ လုပ်ပုံကိုင်ပုံတွေနဲ့ အတော်လေး အကျွမ်းတဝင် ရှိပါတယ်။ မင်းတို့နိုင်ငံ ပြောင်းလဲဖို့ ဆိုရင်တော့ စိတ်ချရတဲ့ ဘဏ်စနစ်တစ်ခုတော့ မဖြစ်မနေ လိုတယ်လို့ သူက ကျွန်တော့်ကို ပြောပါတယ်။ သူပြောတဲ့ စကားကို ကျွန်တော် ထောက်ခံပါတယ်။ ကျွန်တော်တို့ နိုင်ငံ ငွေရေးကြေးရေးအရ ပြောင်းလဲပစ်ဖို့ စိတ်ချရတဲ့ ဘဏ်စနစ်က မဖြစ်မနေ လိုပါတယ်။ အဲဒီ စကားပြောပြီးတော့ ဟိုဟိုဒီဒီ တွေးရင်း ဘဏ်နဲ့ ပတ်သက်တဲ့ ကျွန်တော် ကြုံဖူးတဲ့ ရယ်စရာ မောစရာ အဖြစ်အပျက် ကလေးတွေကို ပြန်ပြီးတွေးမိပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက် ကျွန်တော်တို့ စင်ကာပူကို စရောက်တော့ ရန်ကုန်မှာ အေတီအမ် ခေါ်တဲ့ အလိုအလျောက် ငွေထုတ်စက်တွေ ခေတ်မစားသေးပါဘူး။ (အခုလည်း ခေတ်မစားသေးဘူး ထင်ပါတယ်။ :D ) အဲဒါကြောင့် ကျွန်တော်တို့ ဘဏ်မှာ အကောင့် သွားဖွင့်ရင် ဘဏ်က ပိုက်ဆံထုတ်ဖို့ အေတီအမ် ကတ်ဒ် တစ်ကတ်ဒ် ထုတ်ပေးတာကို သဘော အကျကြီး ကျ နေကြ ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့မှာ အေတီအမ်ကို အခုမှ စသုံးတတ်တာမို့ အတော် ဒုက္ခရောက်ကြရပါတယ်။ စက်ထဲကို ကတ်ဒ်ထိုးထည့် လိုက်ရင် ပိုက်ဆံကို ဂဏန်းရိုက်ပြီး မထုတ်တတ်တာမို့ အမြဲတမ်း ဒေါ်လာ ၅၀ ချည်း ထုတ်နေ ရတာမျိုး ဖြစ်တတ်သလို တစ်ခါတစ်လေ အပေါ်ခလုပ်နဲ့ အောက်ခလုပ် မှားနှိပ်မိလို့ ဒေါ်လာ ၁၀၀၀ ထွက်လာ တာကြောင့် ဘဏ်မှာ သွားပြန် ထည့်ရတာမျိုးလည်း ရှိတတ်ပါတယ်။ အဲဒီအချိန်က ငွေသွင်းစက် မရှိသေးတာမို့ ပိုက်ဆံ ထည့်ချင်ရင် ဘဏ်မှာ တန်းစီပြီး ထည့်ရပါတယ်။

ကျွန်တော့် သူငယ်ချင်းတစ်ယောက်ကတော့ အေတီအမ် ကတ်ဒ်ကို သဘောကျလွန်းလို့ တွေ့ကရာ ဘဏ်တိုင်းမှာ အကောင့် လျှောက်ဖွင့်ပါတယ်။ အဲဒီအချိန်က ပိုက်ဆံ ၅၀၀ ထည့်ရင် အကောင့်ဖွင့်လို့ ရပါတယ်။ သူ့မှာ ပိုက်ဆံ ၅၀၀ ထည့်လိုက် အကောင့်တစ်ခု ဖွင့်လိုက်၊ နောက်ပြီးရင် အဲဒီပိုက်ဆံကို ပြန်ထုတ်လိုက်၊ နောက်ဘဏ်တစ်ခု ထပ်သွားလိုက် အကောင့်တစ်ခု ထပ်ဖွင့်လိုက်နဲ့ တစ်ပတ်လောက် ကြာတော့ အိတ်ထဲမှာ အေတီအမ်ကတ်ဒ် အထပ်လိုက် ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း လကုန်မှ ကောင်းကောင်း တိုင်ပတ် ပါတော့တယ်။ ဘဏ်တွေက စုငွေ အကောင့်ထဲမှာ ပိုက်ဆံ ၅၀၀ ပြည့်အောင် မရှိရင် ဝန်ဆောင်ခ အနေနဲ့ ပိုက်ဆံ ၂ ဒေါ်လာ ဖြတ်ပါတယ်။ သူ့မှာ ဘဏ်အကောင့်တွေ အများကြီးနဲ့ အကောင့်တစ်ခုကို ၂ ဒေါ်လာစီ အဖြတ်ခံလိုက်ရတော့ အတော်နင်သွားပါတယ်။ အဲဒီတော့မှ ဘဏ်တွေမှာ အကုန်လိုက်ပြီး အကောင့်တွေ ပြန်ပိတ်ရပါတယ်။ အတော်လေး မှတ်လောက်သားလောက် ရှိသွားပါတယ်။

နောက်တစ်ယောက်ရဲ့ အဖြစ်ကတော့ အတော် ရယ်ရပါတယ်။ သူတစ်နေ့ အေတီအမ် စက်မှာ ပိုက်ဆံ သွားထုတ်ပါတယ်။ ဒါပေမယ့် သူ့ကတ်ဒ်က တစ်ခုခု မှားနေတယ် ထင်ပါတယ်။ ကတ်ဒ်ကို စက်ထဲ ထည့်လိုက်ပြီးရင် စက်က လက်မခံဘဲ ပြန်ထုတ်ပါတယ်။ သူက ကတ်ဒ်ကို ပြန်ထည့်ပါတယ်။ စက်က ပြန်ထုတ်ပါတယ်။ နှစ်ခါ သုံးခါ စက်က လက်မခံဘဲ ပြန်ထုတ်တော့ သူဒေါသ ထွက်လာပါတယ်။ အဲဒါကြောင့် နောက်တစ်ခါ စက်ထဲကို ကတ်ဒ်ထည့်တဲ့ အချိန်မှာ ကတ်ဒ်ကို ပြန်ထွက် မလာအောင်  စက်ထဲထည့် ပြီးတာနဲ့ နောက်ကနေ ဖုန်းကတ်ဒ်နဲ့ ဖိပြီး တွန်းထား လိုက်ပါတယ်။ ဒီတစ်ခါတော့ စက်က ကတ်ဒ်ကို ပြန်မထုတ်တော့ပါဘူး။ ဘယ်တော့မှလည်း ပြန်ထွက် မလာတော့ပါဘူး။ ကတ်ဒ်ကို သိမ်းပစ်လိုက်ပါတယ်။ ဘဏ်မှာ ကတ်ဒ်သွားပြန်လုပ်တော့ ကတ်ဒ်ဖိုး ဒဏ်ကြေး ၅ ဒေါ်လာ ပေးလိုက် ရပါတယ်။

ငွေသွင်းစက်တွေက ကျွန်တော်တို့ စင်ကာပူရောက်ပြီး ၂ နှစ် ၃ နှစ်ကြာမှ စပေါ်လာတာပါ။ အဲဒီစက်တွေ စပေါ်လာခါစက သူငယ်ချင်းတစ်ယောက်က စက်နဲ့ ပိုက်ဆံ သွားသွင်းပါတယ်။ ဒါပေမယ့် စက်က ပိုက်ဆံ ရေ တတ်တယ်ဆိုတာကို သူမသိပါဘူး။ အဲဒါကြောင့် ပိုက်ဆံ ၅၀၀ သွားသွင်းတာကို ၅၀ တန် တစ်ရွက်စီ ထည့်ပါတယ်။ ၅၀ တန် တစ်ရွက်ထည့်လိုက် စက်က လက်ခံလိုက် နောက်ထပ် ဆက်ရန် ခလုပ်နှိပ်လိုက် ထပ်ထည့်လိုက်နဲ့ နောက်တော့ စက်က ပိုက်ဆံ ထပ်ပြီး လက်မခံတော့ပါဘူး။ အကုန်ပြန်ထုတ် ပေးလိုက်ပါတယ်။ သူ့မှာ နောက်တစ်ခါ ထပ်ကြိုးစားလည်း ဒီလိုပါပဲ။ နောက်ဆုံး ဘဏ်က ကောင်မလေးကို အကူအညီ သွားတောင်းတော့မှ ဟိုက သူ့ပိုက်ဆံ အထပ်လိုက်ကို ယူပြီး စက်ထဲကို တစ်ခါတည်း ထည့်ပေးလိုက်ပါတယ်။ အဲဒီတော့မှပဲ တစ်ခါတည်း ကိစ္စပြတ် သွားပါတော့တယ်။ ဂျပန်က လာလည်တဲ့ သူငယ်ချင်း တစ်ယောက်ကတော့ ဝေဖန်ပါတယ်။ မင်းတို့ စင်ကာပူမှာ သူများ အကောင့်ထဲကို ပိုက်ဆံ ထည့်ဖို့ ကိုယ့်ဘဏ်ကတ်ဒ်ကို စက်ထဲထည့် စကားဝှက် နှိပ်ပြီးမှ ထည့်လို့ရတယ်။ ကိုယ့်အကောင့်ထဲကို မသိတဲ့သူက ပိုက်ဆံတွေ အများကြီး လာထည့်သွားမှာ စိုးလို့လားကွလို့ သူက ပြောပါတယ်။

ဘဏ်တွေ အကြောင်းပြောရင် စီးပွားရေး ပိတ်ဆို့မှုကြောင့် ဒုက္ခရောက်ရတဲ့ သူ တစ်ယောက် အကြောင်းပါ ကြုံတုန်းကြိုက်တုန်း ပြောပြပါမယ်။ ကျွန်တော်တို့ ကျောင်းက သူငယ်ချင်း တစ်ယောက်ကို နိုင်ငံခြားမှာရှိတဲ့ သူ့မိသားစုက Western Union လိုမျိုး ပိုက်ဆံလွှဲတဲ့ အေးဂျင့် ကုမ္ပဏီ တစ်ခုကို သုံးပြီး ငွေပို့လိုက်ပါတယ်။ ဒါပေမယ့် သူ ပိုက်ဆံသွားထုတ်တော့ ထုတ်မရပါဘူး။ ဘာဖြစ်လို့လဲ မေးတော့ မင်းနာမည်က အမေရိကန်နဲ့ ဥရောပက အမည်မည်း စာရင်း ကြေငြာထားတဲ့ အထဲမှာ ပါတယ်။ အဲဒါကြောင့် ထုတ်ပေးလို့ မရဘူးလို့ ရီမစ် လုပ်တဲ့ နေရာက အေးဂျင့်က သူ့ကို ပြောလိုက်ပါတယ်။ အဲဒီလိုနဲ့ သူ့မှာ နိုင်ငံခြားမှာ ရှိတဲ့ သူ့မိသားစုကနေ ပိုက်ဆံ မှာလို့ မရတော့ပါဘူး။ တကယ်တော့ သူ့အမျိုးတွေ အဆွေတွေမှာ နိုင်ငံခြားက စီးပွားရေး ပိတ်ဆို့လောက်တဲ့ သူမျိုးတွေ မပါပါဘူး။ ဒါဆို သူ့နာမည်က ဘာလို့ စီးပွားရေး ပိတ်ဆို့ခံရတဲ့ စာရင်းထဲ ပါနေသလဲ လို့ မေးရင်တော့ ရယ်စရာ ကောင်းပါတယ်။ သူ့နာမည်က အစိုးရ အဖွဲ့ဝင် ဗိုလ်ချုပ်တစ်ယောက်နဲ့ နာမည်တူနေတာပါ။ ဒီတစ်ခါတော့ နာမည်ချင်း တူနေတာ ဂျွတ်စ်ကိုက်တယ် လို့ပဲ ပြောရမယ် ထင်ပါတယ်။

ဒါကတော့ နိုင်ငံ ရပ်ခြားမှာ ကြုံခဲ့ဖူးတဲ့ ဘဏ်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ ပါပဲ။အားလုံး ပြုံးရွှင်နိုင်ဖို့ ဝေမျှ ပေးလိုက်ပါတယ်။


ခပ်ဆင်ဆင် ပို့စ်များ။ ။ ဓာတ်လှေကား
                                   MRT ဇာတ်လမ်းစုံ
                                  စင်ကာပူမှာ ကြုံခဲ့သမျှ အမှတ်တရများ
                                  စျေးဝယ်မှားတဲ့ ဟာသများ

Sunday, September 11, 2011

ကမ္ဘာကို ကိုင်လှုပ်ခဲ့သော နေ့စွဲတစ်ခု

လွန်ခဲ့တဲ့ ဆယ်နှစ်တိတိ ကျွန်တော် နောက်ဆုံးနှစ် ကျောင်းတက်နေဆဲ အချိန်ကပါ။ အဲဒီနေ့က အင်္ဂါနေ့ဖြစ်ပြီးတော့ ကျွန်တော့်အတွက် အချိန်ပိုင်း အလုပ်လုပ်ဖို့ မရှိတာမို့ ညနေခင်းဘက် စာကြည့်တိုက်မှာ စာဖတ်နေဖြစ်ပါတယ်။ ကျွန်တော် အိမ်ပြန်လာတော့ စင်ကာပူ စံတော်ချိန်နဲ့ ည ၉ နာရီ ကျော် လောက် ရှိပါပြီ။

အိမ်ထဲကို လှမ်းဝင်လိုက်တော့ အိမ်ရှေ့ ဧည့်ခန်း ထဲက တီဗွီရှေ့မှာ သူငယ်ချင်း နှစ်ယောက် တီဗွီ ထိုင်ကြည့်နေတာကို တွေ့ရပါတယ်။ ကျွန်တော် အိမ်ပေါ် ရောက်ရောက်ချင်းမှာပဲ သူငယ်ချင်း တစ်ယောက်က "ချကုန်ပြီကွ" လို့ လှမ်းပြောလိုက်ပါတယ်။ တီဗွီကို လှမ်းကြည့်တော့ စီအင်န်အင်န် ချန်နယ် ကနေ  ပြနေတဲ့ မီးလောင်နေတဲ့ မိုးမျှော်တိုက်ကြီး တစ်ခုရဲ့ပုံနဲ့ အတူ "America Under Attack" ဆိုတဲ့ စာတမ်းအောက်မှာ ထိုးထားတာကို တွေ့လိုက်ရ ပါတယ်။

ကျွန်တော် မေးတောင် မမေးရပါဘူး။ ကျွန်တော့် သူငယ်ချင်းက ဘာဖြစ်နေသလဲ ဆိုတာကို ပြောပြပါတယ်။ "အကြမ်းဖက်သမားတွေက ခရီးသည်တင် လေယာဉ်ပျံကြီးတွေကို ပြန်ပေးဆွဲပြီး နယူးယောက်က ဝေါလ်ထရိတ် စင်တာ ကို ဝင်တိုက်တာကွ။ ပထမက ဝေါလ်ထရိတ် စင်တာနဲ့ လေယာဉ်ပျံ တစ်စင်း တိုက်မိတယ်လို့ ကြေငြာတာ။ မတော်တဆလား တမင်လုပ်တာလား မသိကြဘူး။ ခုနလေးတင်ပဲ နောက်ထပ် လေယာဉ်ပျံ တစ်စင်းက ဝေါလ်ထရိတ်စင်တာ နောက် တာဝါ တစ်ခုကို ဝင်တိုက်တာ။ အဲဒီတော့ အကြမ်းဖက်သမားတွေ လက်ချက်ဆိုတာ သေချာသွားပြီပေါ့။"

ရုတ်တရက် ဆိုတော့ မယုံနိုင်စရာ ပါပဲ။ လေယာဉ်ပျံ ပြန်ပေးဆွဲတယ်ဆိုတာ အထူးအဆန်း မဟုတ်ပေမယ့် ပုံမှန်ကတော့ လေယာဉ်ပျံကို ပြန်ပေးဆွဲပြီး ငွေညှစ်တာ ဓားစာခံခေါ်တာ လောက်ပဲ အရင်က ကြားခဲ့ဖူး ပါတယ်။ အခုတော့ လေယာဉ်ပျံကို ပြန်ပေးဆွဲပြီး အဆောက်အဦးကို ဝင်တိုက်တယ် ဆိုတာ ဒီလူတွေ စိတ်မှ မှန်ကြရဲ့လားလို့ စဉ်းစားမိလိုက်ပါတယ်။

ကျွန်တော်တို့ တီဗွီရှေ့မှာ ထိုင်ပြီး ဘယ်သူ့ လက်ချက် ဖြစ်နိုင်သလဲ ဆိုတာကို ထင်မြင်ချက် ပေးနေပါတယ်။  ကျွန်တော်တို့ အဲဒီအချိန်က အိုစမာဘင်လာဒင် ဆိုတာ နာမည်တောင် မကြားဖူးပါဘူး။ အဲဒီအချိန်မှာပဲ တီဗွီက သတင်း ထပ်ကြေငြာပါတယ်။ နောက်ထပ် လေယာဉ်ပျံတစင်းက ပင်တဂွန် အဆောက်အဦးထဲကို ထိုးဆင်းတယ် ဆိုတဲ့ အကြောင်းပါ။ ကြားရတာနဲ့တင် အတော်လေး ဖျား သွားပါတယ်။ တစ်နေ့တည်းမှာ လေယာဉ်ပျံ ၃ စင်းကို ပြန်ပေးဆွဲပြီး အဆောက်အဦးကို ဝင်တိုက်တယ် ဆိုတာ တော်ရုံတန်ရုံ ကြီးကျယ်တဲ့ အကြမ်းဖက်မှု မဟုတ်ပါဘူး။

ကျွန်တော်တို့ စီအင်န်အင်န်၊ဘီဘီစီ၊ စီအင်န်ဘီစီ စတဲ့ သတင်းလိုင်းတွေကိုပဲ တစ်ခုပြီး တစ်ခု ပြောင်းကြည့်နေ ဖြစ်ပါတယ်။ ပထမ လေယာဉ်ပျံ မြောက်ဘက်တာဝါကို ဝင်တိုက်ပြီးတဲ့ အချိန်မှာ သတင်းဌာနတွေ အားလုံးက သတင်းယူဖို့ ဝေါလ်ထရိတ်စင်တာ နေရာကို ရောက်နေတာမို့ ဒုတိယမြောက် လေယာဉ်က တောင်ဘက် တာဝါကို ဝင်တိုက်တဲ့ အချိန် တီဗွီကင်မရာ အတော်များများမှာ လေယာဉ်က အဆောက်အအုံကို ဝင်တိုက်တာကို Live အနေနဲ့ ရိုက်ကူး ထားနိုင်ပါတယ်။ အဲဒါကို သတင်းဌာနတွေက မကြာခဏ ပြန်လွှင့် နေကြပါတယ်။ မကြာခင်မှာပဲ လေယာဉ်ပျံတွေ အားလုံးကို အနီးဆုံး လေယာဉ်ကွင်းမှာ ဆင်းဖို့ ညွှန်ကြားထားကြောင်း၊ အမေရိကန်ကို လာတဲ့ နိုင်ငံတကာ ဖလိုက်တွေကိုလည်း အဆင်းမခံတော့တဲ့ အကြောင်း ကြေငြာပါတယ်။ သတင်းကနေ အမေရိကားမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို ဆက်တိုက် ကြေငြာနေပါတယ်။ အမေရိကန် သမ္မတ အိမ်ဖြူတော်ကနေ အန္တရာယ်ကင်းတဲ့ နေရာ တစ်ခုကို ထွက်သွားပြီ ဖြစ်တဲ့အကြောင်း၊ ပျောက်နေတဲ့ လေယာဉ်ပျံတွေ နောက်ကို လိုက်ရှာနေတဲ့အကြောင်းတွေပါ။

မီးလောင်နေတဲ့ တိုက်ပေါ်ကနေ ကြံရာမရနဲ့ ခုန်ချနေတဲ့ သူတွေကို မြင်ရတာ အတော် စိတ်မချမ်းသာစရာ ကောင်းပါတယ်။ နောက်မှ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုအကြောင်းကို ပြန်ဖတ်ဖြစ်တော့ တစ်ချို့လူတွေက ရဟတ်ယာဉ်နဲ့ လာကယ်မယ် ထင်ပြီး အပေါ်ဆုံးထပ်ကို ပြေးတက်ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အပေါ်ဆုံးထပ်က အမိုးပေါ်ကို ထွက်တဲ့ တံခါးက ပိတ်ထားတာမို့ အမိုးပေါ်ကို တက်လို့မရဘူးလို့ ဆိုပါတယ်။ အဲဒါအပြင် မီးအရှိန်က ပြင်းလွန်းတော့ ရဟတ်ယာဉ်ဆင်းဖို့လည်း အန္တရာယ် အတော်ကြီး တာကြောင့် ရဟတ်ယာဉ်လည်း မဆင်းဖြစ်ဘူးလို့ ဆိုပါတယ်။

တီဗွီမှာ လေယာဉ်ပျံ ၂ စင်း ပျောက်နေတဲ့ အကြောင်း ကြေငြာတာ ကြားရပါတယ်။ ဘာတွေ ဆက်ဖြစ်ဦးမှာလဲလို့ စဉ်းစားရင်းနဲ့ တီဗွီကို ဆက်ကြည့်နေမိပါတယ်။ မီးခိုးတွေ အူနေတဲ့ ဝေါလ်ထရိတ်စင်တာ အဆောက်အအုံ ၂ ခုကို အဝေးကနေ ရိုက်ပြတာကို ကြည့်ရတာ စိတ်မကောင်းစရာပါ။

၁၀ နာရီ လောက်မှာတော့ ဒုတိယမြောက် လေယာဉ်နဲ့ အတိုက်ခံရတဲ့ တောင်ဘက် တာဝါက ပထမဆုံး ပြိုကျပါတယ်။ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ တီဗွီ အစီအစဉ်မှာ မိုးမျှော်တိုက်ကြီး တစ်ခု ပြိုကျတာကို ရိုက်ပြတာ အတော် တုန်လှုပ်ဖို့ ကောင်းပါတယ်။ လူတွေလည်း ဟိုပြေးသည်ပြေးနဲ့ ကမ္ဘာပျက်နေသလိုပါပဲ။ နောက် နာရီဝက်လောက်နေတော့ ပထမ အတိုက်ခံရတဲ့ မြောက်ဘက် တာဝါ ပြိုကျပါတယ်။ ကျွန်တော်တို့ စိတ်ထဲမှာတော့ ပထမ အတိုက်ခံရတဲ့ တာဝါက အရင်ပြိုကျပြီး ဒုတိယ အတိုက်ခံရတဲ့ တာဝါက နောက်မှ ပြိုကျတယ်လို့ ထင်တာပါ။ နောက်မှ သူငယ်ချင်းတွေနဲ့ ငြင်းကြခုံကြရင်း သတင်း ပြန်ရှာဖတ်တော့မှ ဒုတိယမြောက် အတိုက်ခံရတဲ့ တောင်ဘက်တာဝါက အရင် ပြိုကျတယ် ဆိုတာ သတိထားမိပါတယ်။

ပျောက်နေတဲ့ လေယာဉ်ပျံ နှစ်စင်းထဲက တစ်စင်းနောက်ကို တိုက်လေယာဉ် တစ်စင်းက လိုက်ပြီး ဆက်သွယ်တော့ အဲဒီ လေယာဉ်ပျံ ပြန်ပေးဆွဲခံရတာ မဟုတ်မှန်း သိရပါတယ်။ သာမန် အဆက်အသွယ် ပြတ်နေတာ သက်သက်ပါ။ မကြာခင်မှာပဲ လေဆိပ်မှာ ဆင်းသွားတယ် ဆိုတဲ့ အကြောင်း ကြားရပါတယ်။ နောက်လေယာဉ်ပျံတစ်စင်းကတော့ ပင်ဆယ်ဗေးနီးယားမှာ ပျက်ကျသွားတယ်လို့ ကြားရပါတယ်။ လေယာဉ်ပေါ်က ခရီးသည် တစ်ချို့က မြေပြင်ပေါ်က လူတွေကို ဆက်သွယ်တော့ အဲဒီမနက်က တခြားလေယာဉ်တွေ ပြန်ပေးဆွဲခံရပြီး အဆောက်အဦးတွေကို ဝင်တိုက်တယ် ဆိုတဲ့ အကြောင်း ကြားရတယ်လို့ ဆိုပါတယ်။ အဲဒီတော့ ခရီးသည်တွေက အကြမ်းဖက်သမားတွေ ဆီကနေ လေယာဉ်ကို ပြန်လုဖို့ ကြိုးစားတော့ အကြမ်းဖက်သမားတွေက မထိန်းနိုင်တော့ဘဲ လေယာဉ်ကို ကျွမ်းထိုး ပစ်လိုက်တယ်လို့ သိရပါတယ်။ နောက်ဆုံး ထိန်းမနိုင်တော့တဲ့ အဆုံးမှာ လေယာဉ်ကို မြေပြင်ကို ထိုးချ လိုက်ကြတာပါ။ အဲဒီအချိန်ကတော့ ပျက်ကျသွားတဲ့ လေယာဉ်ပျံက အိမ်ဖြူတော်ကို ဝင်တိုက်မယ်လို့ အများစုက ခန့်မှန်းကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဖမ်းမိတဲ့ အကြမ်းဖက်သမား တစ်ယောက်ရဲ့ ဝန်ခံချက်အရ အဲဒီလေယာဉ်ဟာ အမေရိကန် လွှတ်တော် ကျင်းပလေ့ ရှိတဲ့ ကက်ပီတိုလ် အဆောက်အဦးကို တိုက်ခိုက်ဖို့ ရည်ရွယ်တယ် ဆိုတာ ပြန်ပြီး သိရပါတယ်။

ခဏနေတော့ အမေရိကန် သမ္မတ ဘုရှ်က တီဗွီကနေ "Make No Mistake" ဆိုတဲ့ သမိုင်းဝင် စကားနဲ့ မိန့်ခွန်းကို ပြောခဲ့ပါတယ်။ စက်တင်ဘာ အယ်လဲဗင်း တိုက်ခိုက်မှုဟာ တကမ္ဘာလုံးကို ဂယက် ရိုက်ခဲ့တာပါ။ ကမ္ဘာ့စီးပွားရေးမှာ မျှော်လင့်မထားတဲ့ ရုတ်တရက် စီးပွားကျဆင်းမှု တစ်ခု ဖြစ်ခဲ့ပြီးတော့ ကုမ္ပဏီ အတော်များများကို ထိခိုက်စေခဲ့ပါတယ်။ အမေရိကန်နဲ့ စီးပွားရေး အဆက်အသွယ် အများအပြားရှိတဲ့ စင်ကာပူလို နိုင်ငံ အနေနဲ့ စီးပွားရေးကို အတော်လေး ထိခိုက်ခံခဲ့ရပါတယ်။ အလုပ်ပြုတ်တဲ့သူတွေလည်း ဒုနဲ့ဒေးပါ။ နောက် ၆ လလောက်မှာ ကျွန်တော်တို့ ကျောင်းပြီးတော့ စီးပွားရေး နည်းနည်း ပြန်တက်လာပြီမို့ အလုပ်အကိုင် အခွင့်အလမ်း နည်းနည်း ပြန်ပွင့်လာခဲ့ပါတယ်။ ကုမ္ပဏီက လူတွေဆီမှာတော့ စက်တင်ဘာ ၁၁ ရဲ့ ဂယက်ကြောင့် ထိခိုက်ခဲ့ရတဲ့ ဇာတ်လမ်းတွေကို အဲဒီအချိန်အထိ ကြားနေရဆဲပါ။

ကိုးကား။ ။ http://my.wikipedia.org/wiki/စက်တင်ဘာ_၁၁_တိုက်ခိုက်မှု
Image Source: Wikimedia Foundation