Search This Blog

Sunday, October 28, 2012

ရန်ကုန်မှတ်စုတိုများ (၁)

မျက်စိမှားသလား

တစ်နေ့ သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ အင်းစိန်ကနေ ကျောက်ကုန်းကို ညနေဘက် တက္ကစီ ငှားစီးပြီး ထွက်လာခဲ့တယ်။ ကျွန်တော် ငှားစီးလာတဲ့ ကားက တရုတ်ပြည်ထုတ် ချယ်ရီကျူကျူ ကားကလေးပါ။ ဒရိုင်ဘာက မင်းဓမ္မလမ်းထဲက ဖြတ်မောင်းလာတဲ့ အချိန်မှာ ကျွန်တော့်ကို ပြောပါတယ်။ ဟိုတစ်နေ့ကဗျာ။ ဒီနားမှာ ညဘက် ကားမောင်းလာတုန်း လမ်းပေါ်က လူတစ်ယောက် ရုတ်တရက် ပြေးထွက်လာတယ်။ ကျွန်တော်လည်း တိုက်မိမှာစိုးလို့ ကြောက်အားလန့်အားနဲ့ ဘရိတ်ဆောင့်အုပ်လိုက်တာ။ အနားရောက်တော့ ဘာမှ မရှိဘူးဗျာ။ ညဘက်မို့ မျက်စိမှားတယ် ထင်တာပဲ။ မျက်စိမှားလို့ တော်သေးတာပေါ့ဗျာ။ ကျွန်တော့်မှာတော့ လူကို တိုက်မိပြီ ထင်ပြီး ရင်ထိတ်သွားတာပဲ လို့ သူက ပြောတာပါ။ ကျွန်တော်က သူ့ကို ပြန်မေးတယ်။ ဘယ်နားမှာ ဖြစ်တာလဲပေါ့။ သူက တော်ဝင်လမ်း (ဝိတိုရိယ ဆေးရုံရှိတဲ့လမ်း) နဲ့ မင်းဓမ္မလမ်း ဆုံတဲ့ နေရာနားလောက်လို့ ပြောပါတယ်။ ကျွန်တော် သူ့မျက်နှာကို စေ့စေ့ကြည့်မိတယ်။ သူ့ပုံစံကတော့ အတည်ပြောနေတာပါပဲ။ ခင်ဗျား အဲဒီနေရာက အရင် သင်္ချိုင်းကုန်းနေရာ ဆိုတာ မသိဘူးလားလို့ မေးတော့ မသိဘူးလို့ သူကပြောပါတယ်။ သူ့ကို အသေအချာ အကဲခတ်ကြည့်တော့ တကယ် မသိတဲ့ပုံပါပဲ။ သရဲနဲ့ တွေ့တာလား။ မျက်စိမှားတာလား။ အတည်ပေါက်နဲ့ ကျွန်တော့်ကို ကြပ်နေတာလား စဉ်းစားရင်း အဖြေကို ရှာမတွေ့ခဲ့ပါဘူး။

တိုက်လိုက်ကြတဲ့ကား

ရန်ကုန်ကို ပြန်ရောက်ပြီး သိပ်မကြာပါဘူး။ ကားတိုက်တဲ့ ဇာတ်လမ်း တစ်ခု စပြီး ကြားရတယ်။ အင်းစိန် ကုန်းတံတား အဆင်းမှာ နွားနို့ပို့တဲ့သူ ဆယ်ဘီးကားနဲ့ ချိတ်ပါသွားပြီး ပြုတ်အကျမှာ အဲဒီ ဆယ်ဘီးကားနဲ့ပဲ ပြန်ကြိတ်မိတဲ့ အဖြစ်ပါ။ လူကတော့ တစ်စစီ ဖြစ်သွားတာပဲ။ လက်တွေ၊ တခြား ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ တစ်စစီ ပြန်ကောက်ရတယ်။ နောက်ထပ် သိပ်မကြာပါဘူး။ အဲဒီ နေရာနဲ့ မလှမ်းမကမ်းမှာပဲ နောက်တစ်ခေါက် ထပ်ကြိတ်ပြန်တယ်။ ဒီတစ်ခါတော့ ကုန်းတံတားနဲ့ မလှမ်းမကမ်း အရင်က ၅၀ကားတွေ ကွေ့လို့ ၅၀ကွေ့လို့ ခေါ်တဲ့ နေရာမှာ ရွှေပြည်သာ သွားတဲ့ ၅၇ ကားပေါ်က လူ ပြုတ်အကျမှာ နောက်က ကွန်တိန်နာကားက ကြိတ်မိတာပါ။ တစ်ချို့ကတော့ စပယ်ယာနဲ့ ရန်ဖြစ်လို့ စပယ်ယာက လက်သီးနဲ့ ထိုးလိုက်တဲ့အခါ ကားပေါ်က ပြုတ်ကျသွားတယ်လို့ ပြောကြတယ်။ နောက်နေ့တော့ ဘုန်းကြီးတွေ အဲဒီနေရာနားတစ်ဝိုက် ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ တစ်စစီ ဖြစ်ခဲ့တဲ့ နေရာတွေ အပါအဝင် လှည့်ပတ်ပြီး ပရိတ်ရွတ်ကြတယ် ကြားတယ်။

အဲဒီညက အိမ်ကို လမ်းလျှောက်ပြန်လာတုန်း အဲဒီပတ်ဝန်းကျင် အရောက် ကားတစ်စင်း ကျွန်တော့် အနောက်မှာ ဒပ်စတော့ အုပ်လိုက်တဲ့ အသံကြားတယ်။ လှည့်ကြည့်တော့ ဘာမှမတွေ့တာနဲ့ ဆက်လျှောက်လာခဲ့တယ်။ ကွမ်းယာဆိုင် ခဏဝင်နေတုန်း နောက်က မိန်းမကြီး တစ်ယောက် ရင်ဘတ်ကို ဖိပြီး ရောက်လာတယ်။ လူကို ကားက ဝင်တိုက်သွားတာ။ ကားကတော့ မောင်းပြေးသွားပြီတဲ့။ သူကမြင်လိုက်ရတဲ့သူဆိုတော့ သွေးပျက်နေပုံပဲ။ ခဏနေတော့ ကားတိုက်ခံရတဲ့သူကို ဆိုက်ကားပေါ်တင်ပြီး ဆေးရုံဖက်ကို ခေါ်သွားတာ မြင်လိုက်ရတယ်။ နောက်နေ့မနက်ကျတော့ သတင်းထွက်လာရော။ အဲဒီသူကို နောက်ကနေ တစ်ယောက်ယောက်က ဆောင့်တွန်းလိုက်လို့ ကားနဲ့ တိုက်မိသလိုမျိုး။ သရဲလက်ချက်လိုလို ဘာလိုလို။ ဒါပေမယ့် အဲဒီလူ မသေပါဘူး။ နောက်တော့ ဆေးရုံက ပြန်ဆင်းလာပါတယ်။ အဲဒီအချိန်ကျတော့ ဇာတ်လမ်းအမှန်ကို သိရတယ်။ လိုက်ထရပ်ကို မမောင်းတတ်မောင်းတတ် လူက တက်မောင်းရင်း လမ်းလယ်ခေါင်က လူကို အရှောင်မှာ လမ်းဘေးက လမ်းကူးမလို့ စောင့်နေတဲ့ လူကို ဝင်တိုက်မိတာ။ အရင်နေ့က ပြောနေကြသလို သရဲက ဆောင့်တွန်းလိုက်တာတွေ ဘာတွေ မကြားမိတော့ပြန်ဘူး။ ဒါပေမယ့် မကြာခင်မှာပဲ ၅၀ကွေ့မှာ ကားနှစ်စင်း တိုက်မိပြီး နောက်တစ်ယောက် ထပ်သေသွားပြန်တယ်။ ဆဲဗင်းဒေး နယူးထဲမှာ သတင်းရေးထားတာ ဖတ်ရတော့ ၅၀ကွေ့မှာ တိုက်တဲ့ ဇာတ်လမ်းက နောက်တစ်မျိုး။ သရဲလက်ချက်ဟုတ်ဟုတ် မဟုတ်ဟုတ် ရန်ကုန်က လမ်းကျဉ်းကျဉ်း တွေမှာ ကားတွေကို မဟားဒရားမောင်းနေတဲ့ ပုံမျိုးနဲ့တော့ ယာဉ်တိုက်မှု ခဏခဏ ဖြစ်တာ အဆန်းမဟုတ်ဘူးလို့ တွေးမိတယ်။

အသက်ကို ဖက်နဲ့ထုပ်

ရန်ကုန်မြို့က အဆောက်အဦးတစ်ခု ပေါ်ကို အလုပ်ကိစ္စတစ်ခုနဲ့ ရောက်ခဲ့ပါတယ်။ အဲဒီ အဆောက်အဦးက ဆယ့်နှစ်ထပ်လောက် မြင့်ပါတယ်။ တာဝန်ရှိတဲ့ အင်ဂျင်နီယာက အပေါ်တက်ကြည့်ဖို့ ကျွန်တော့်ကို ခေါ်တာနဲ့ လိုက်သွားပါတယ်။ သူနဲ့ ကျွန်တော် အဲဒီအဆောက်အဦးပေါ်ကို ဓာတ်လှေကားနဲ့ တက်လာခဲ့ကြပါတယ်။ ဓာတ်လှေကားကတော့ ဘုရားစူး ဓာတ်လှေကားပါ။ တက်တဲ့အချိန် တဂျုန်းဂျုန်းနဲ့ မြည်ပြီး လှုပ်ယမ်းနေပါတယ်။ ကျွန်တော့်မှာ ဓာတ်လှေကား စီးမိတာ မှားပြီလားလို့ တွေးရင်း ကြောက်ကြောက်နဲ့ အပေါ်ရောက်တဲ့ အထိ တက်ခဲ့ရပါတယ်။ အပေါ်ရောက်တော့ အင်ဂျင်နီယာက ကျွန်တော့်ကို ပြောပါတယ်။ ဓာတ်လှေကားကဗျာ။ ဘရိတ်မမိလို့ အတော်ပြင်ထားရတယ်။ ဒီကြားထဲ ပြင်တဲ့ကောင်တွေက ဘာတလွဲတွေ လုပ်သလဲ မသိဘူး။ အောက်ဆင်းခိုင်းတာ။ ဓာတ်လှေကားက အောက်မဆင်းဘဲ ဟိုးအပေါ် တက်ကပ်နေလို့ အတော်ပြင်ယူရတယ် လို့ ပြောပါတယ်။ ကျွန်တော့်မှာတော့ အဲဒီအပေါ်က အောက်ကို ပြန်ဆင်းတဲ့ အချိန် ဓာတ်လှေကား မခေါ်တော့ဘဲ လှေကားကနေပဲ ခြေအညောင်းခံ ဆင်းခဲ့ပါတော့တယ်။ ဓာတ်လှေကား စီးရင် ငါ အောက်ဆင်းခိုင်းတာ အောက်မဆင်းဘဲ အပေါ်တက်ကပ်နေလို့ လေထဲမှာ တွဲလောင်းကြီး ဖြစ်နေမလား။ ဘရိတ်မမိလို့ဘဲ ဂျုန်းကနဲ အောက်ကို အရှိန်နဲ့ ထိုးကျလေမလား စဉ်းစားပြီး တွေးကြောက်နေရမယ့် အဖြစ်ကို မခံစားနိုင်လို့ပါ။ ရန်ကုန်မှာ တစ်ခါတလေ ဘာမှ မဟုတ်တဲ့ ကိစ္စမှာ အသက်ကို ဖက်နဲ့ထုပ်ပြီး အလုပ်လုပ်ရတယ်လို့ စဉ်းစားရင်း ပြုံးမိပါသေးတယ်။

Saturday, October 20, 2012

ဝလုံးများနဲ့ည

ကြာတော့လည်း ကြာခဲ့ပါပြီ။ အခုဆိုရင် ဒီအဖြစ်အပျက်က ဆယ်စုနှစ် တစ်ခုလောက်တောင် ရှိပြီ ထင်ပါတယ်။ ဒါပေမယ့်လည်း အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အဖြစ်မို့ အခုထိ မှတ်မိနေတုန်းပါ။

ကျွန်တော်တို့ စင်ကာပူ ရောက်ခါစ အချိန်ကပါ။ အဲဒီအချိန်က ကျောင်းဆင်းပြီးရင် စားသောက်ဆိုင်မှာ အချိန်ပိုင်း စားပွဲထိုး တာမို့ ညဘက် အိမ်ကို ၁၁ နာရီလောက်မှ ပြန်ရောက် တတ်ပါတယ်။ အဲဒီနေ့ကတော့ အလုပ်ပြီးတဲ့ အချိန် နည်းနည်းစောတာမို့ အိမ်မပြန် သေးဘဲ အလုပ် အတူလုပ်တဲ့ သူငယ်ချင်း တစ်ယောက်နဲ့ အတူ သူ့အိမ်ကို လိုက်သွားခဲ့ပါတယ်။ ကျွန်တော်တို့ အားလုံးလိုလို ကျောင်း အနီးပတ်ဝန်းကျင်မှာ အိမ်ငှားနေကြတာမို့ သူငယ်ချင်းတွေ အတော်များများနဲ့ အိမ်ချင်း သိပ်မဝေးကြပါဘူး။

သူငယ်ချင်း အိမ်ရှေ့ ရောက်သွားတော့ စိတ်ထဲမှာ နည်းနည်း ထူးခြားနေသလို ခံစားရပါတယ်။ ပုံမှန်အားဖြင့် ရှိသမျှ တံခါး အကုန်ဖွင့်ပြီး ဆူညံ ပွက်လောရိုက် နေတတ်တဲ့ အိမ်က ဒီနေ့တော့ ထူးထူးခြားခြား တိတ်ဆိတ်နေပါတယ်။ အမြဲဖွင့်ထားတတ်တဲ့ အိမ်ရှေ့တံခါးကို ပိတ်ထားရုံသာ မကဘဲ တစ်ခါမှ မပိတ်ဖူးတဲ့ အိမ်ရှေ့က တရုတ်ကပ် မှန်တံခါးတွေပါ ပိတ်ထားတာ တွေ့ရလို့ နည်းနည်း အံ့သြ သွားပါတယ်။ ကျွန်တော်တင် မကပါဘူး။ အိမ်ရှင် ကျွန်တော့် သူငယ်ချင်းကလည်း အံ့သြနေပုံပါပဲ။ အိမ်ထဲမှာ မီးရောင်လင်းနေတာ တွေ့ရတော့ အိမ်ထဲမှာ လူရှိတယ် ဆိုတာတော့ သိလိုက် ရပါတယ်။

ကျွန်တော့် သူငယ်ချင်းက သူ့မှာ ပါလာတဲ့ အိမ်သော့ကို ထုတ်ပြီး တံခါးကို ဖွင့်ပါတယ်။ တံခါးပွင့်သွားတဲ့ အချိန်မှာတော့ ကျွန်တော်တို့ ရုတ်တရက် လန့်သွားပါတယ်။ အိမ်ထဲမှာ ဧည့်ခန်းအပြည့် ထိုင်နေတဲ့ လူအုပ်ကို တွေ့လိုက်ရလို့ပါ။ လူတွေ ဒီလောက်များပြီး အသံမထွက်ပဲ တိတ်ဆိတ်နေတာ တစ်ခုခုတော့ တစ်ခုခုပဲ ဆိုတာ သိလိုက်ရပါတယ်။ သူတို့ အားလုံးကလည်း တံခါးဝကို စူးစူးစိုက်စိုက် ကြည့်နေကြပါတယ်။ အိမ်ထဲက လူတွေကတော့ ကျွန်တော်တို့ နှစ်ယောက်ကို မြင်လိုက်ရလို့ စိတ်သက်သာရာ ရသွားတဲ့ ပုံပါပဲ။

အားလုံးပေါင်း ၇ ယောက် ၈ ယောက်လောက် ရှိမယ် ထင်ပါတယ်။ သူတို့ အားလုံးက လူလတ်ပိုင်း မြန်မာ အစ်ကိုကြီးတွေပါ။ ကျွန်တော်တို့ မြင်ဖူးတာ တစ်ယောက်မှ မပါပါဘူး။ ကျွန်တော်တို့က သူတို့ကို ပြုံးပြ နှုတ်ဆက်ပြီး အိမ်ထဲ ဝင်လာခဲ့ပါတယ်။ သူတို့ အချင်းချင်း စကား ဆက်ပြောနေကြပေမယ့် အသံကျယ်ကျယ် မပြောဘဲ အသံအုပ်အုပ်နဲ့ ပြောနေကြပါတယ်။

ကျွန်တော်တို့ ဧည့်ခန်းကို ဖြတ်ပြီး မီးဖိုခန်းထဲ ဝင်လာခဲ့ပါတယ်။ မီးဖိုခန်းထဲမှာတော့ ကျွန်တော့် သူငယ်ချင်း တစ်ယောက်  ရှိနေပါတယ်။ ကျွန်တော်တို့က သူ့ကို ဘာဖြစ်နေတာလဲ လို့ တိုးတိုးတိတ်တိတ် မေးကြည့်ကြ ပါတယ်။ ကျွန်တော့် သူငယ်ချင်းက "အဲဒါ ငါတို့ အသိ ဝလုံးတွေ။ သူတို့အိမ်ကို ဒီညနေ ရဲဝင်ဖမ်းလို့ ဘယ်ပြေးရမှန်း မသိတာနဲ့ ငါတို့အိမ် ရောက်လာတာ။" လို့ ပြောပြပါတယ်။ အဲဒီလို ပြောတာ ကြားလို့ ကျွန်တော် မျက်လုံးပြူး သွားပါတယ်။ ဝလုံး ဆိုတာ အိုဗာစတေးနေတဲ့သူကို ခေါ်တာပါ။ အရင်က အို လို့ ခေါ်ကြပေမယ့် အိုက အင်္ဂလိပ်စာလုံးမို့ နောက်တော့ ဝလုံးလို့ ပြောင်းပြီး ခေါ်ကြတာပါ။

နောက်တော့ ကျွန်တော်တို့ အိမ်ရှေ့ခန်းကို ပြန်ထွက်လာပါတယ်။ အိမ်ရှေ့ခန်းမှာ ဝလုံး အကိုကြီးတွေနဲ့ စကားထိုင်ပြောရင်း သူတို့ အကြောင်း တစွန်းတစ သိခဲ့ရပါတယ်။ သူတို့နေတာ စင်ကာပူ မြောက်ပိုင်းက ရပ်ကွက် တစ်ခုမှာ ဖြစ်ပြီး အိပ်ခန်း ၂ ခန်း ပါတဲ့ အိမ်ခန်းတစ်ခုမှာ အယောက် ၃၀ နီးပါး နေကြတယ် လို့ ပြောပါတယ်။ အဲဒီမှာ နေလာတာ ၈ နှစ်နီးပါး ရှိပြီလို့လည်း သိရပါတယ်။ သူတို့ ထဲက တချို့ လူတွေက တချိန်က တရားဝင် အလုပ်လုပ်ကိုင်ခွင့်နဲ့ နေတဲ့သူတွေနဲ့  Student pass နဲ့ နေတဲ့သူတွေလည်း ပါပါတယ်။ တရားဝင် လုပ်ကိုင်ခွင့် ကုန်တော့ မပြန်ပဲ အို လိုက်ကြတာပါ။ ဝလုံး ဆိုပေမယ့် ရုံးမှာ အလုပ်လုပ်တဲ့သူတောင် ရှိပါတယ်။ အဲဒီနေ့ ညနေကတော့ သူတို့ အိမ်အောက်ဆင်းပြီး 4D လို့ခေါ်တဲ့ လေးလုံးထီ ဆင်းထိုးနေကြတုန်း အိမ်ကို ရဲဝင်ဖမ်းတာနဲ့ ဘာမှ ယူချိန်မရဘဲ ပြေးလာကြတာပါ။ အိမ်မှာ ကျန်ခဲ့တဲ့ တချို့တော့ မိသွားတယ်လို့ ပြောပါတယ်။

မလေးရှား ဂျပန်လို နိုင်ငံမှာ အိုဗာစတေးက သိပ်ပြီး ရှော့ခ် မရှိပေမယ့် စလုံးမှာတော့ ပြသနာက အတော်ကြီးပါတယ်။ ပုံမှန်အားဖြင့် စင်ကာပူမှာ တရားဝင် Pass တစ်ခုခု ကိုင်ထားတဲ့သူ စတေးကုန်ပြီး ရက်နည်းနည်း ကျော်သွားလို့ လေဆိပ်မှာ မိရင် အချုပ်ထဲ ရောက်တတ်ပြီး စင်ကာပူဝင်ခွင့် တစ်နှစ် အပိတ် ခံရတတ်ပါတယ်။ အလည်အပတ် လာတဲ့သူ ရက်ကျော်ရင်တော့ အချုပ်ထဲ ရောက်ပြီး ကြိမ်ဒဏ်ပါ ခံရတတ် ပါတယ်။ သူတို့တင် မကဘူး အိုဗာစတေးကို လက်ခံထားမိရင် လက်ခံ ထားတဲ့ အိမ်ရှင်ပါ ထောင်ကျပါတယ်။ ကျွန်တော်တို့က အဲဒီ အချိန်က စင်ကာပူ ရောက်ခါစမို့ အဲဒီအကြောင်းတွေ သေသေချာချာ မသိပါဘူး။ အိုဗာစတေး မိရင် ကြိမ်ဒဏ်ချတယ် ဆိုတာလောက်ပဲ ကြားဖူးပါတယ်။

သူတို့နဲ့ ခဏ စကားပြောပြီးတော့ ကျွန်တော် အိမ်ပြန်လာခဲ့ပါတယ်။ ကျွန်တော့် သူငယ်ချင်းကလည်း အိမ်မှာ လူများနေလို့ ကျွန်တော်နဲ့ လိုက်အိပ်မယ် ဆိုပြီး ပါလာပါတယ်။ ပြသနာက နောက်တစ်နေ့မနက်မှ စတာပါ။ မနက်ခင်း မိုးလင်းတော့ ကျွန်တော့် သူငယ်ချင်းက သူ့ရည်းစားဆီကို ဖုန်းဆက်ပါတယ်။ ဖုန်းဆက်ရင်း ကျွန်တော့်အိမ်မှာ ညက အိပ်တယ်ပြောတော့ သူ့ရည်းစားက ဘာဖြစ်လို့လဲ မေးပါတယ်။ ကျွန်တော့် သူငယ်ချင်းက ညက အဖြစ်အပျက်ကို ပြောပြတော့ သူ့ရည်းစားက ပြာပြာသလဲနဲ့ နင်တို့အိမ်မှာ မိရင် နင်တို့တွေ အကုန် ထောင်ထဲ ရောက်ကုန်မယ်။ မသိဘူးလား။ လို့ ပြန်မေးပါတယ်။ ကျွန်တော့် သူငယ်ချင်းက လုံးဝ မသိတာပါ။ အဲဒါနဲ့ သူနဲ့ တအိမ်တည်း နေတဲ့ သူငယ်ချင်း တစ်ယောက်ကို ဖုန်းဆက်ပြီး ပြောပါတယ်။ သူ့ အိမ်က သူငယ်ချင်းက အလုပ်ထဲ ရောက်နေတာမို့ ခဏနေဦး။ ငါအလုပ်ထဲက လူတွေနဲ့ တိုင်ပင်ကြည့်ဦးမယ် ဆိုပြီး ပြန်ပြောပါတယ်။ ခဏနေတော့ သူ ဖုန်းပြန်ဆက်ပါတယ်။ "ငါ့မန်နေဂျာက ပြောတယ်။ အပေါင်းအသင်းက အပေါင်းအသင်း တကဏ္ဍပဲ ဒါပေမယ့် ဝလုံးကို အိမ်ခေါ်ထားရင် အိမ်ခေါ်ထားတဲ့သူပါ ထောင်ကျတယ်လို့ ပြောနေတယ်။ ကွိုင်ပဲကွ။" လို့ ကျွန်တော်တို့ကို ပြန်ပြောပါတယ်။

ဒါနဲ့ပဲ ကျွန်တော်တို့ ခဏနေတော့ သူ့အိမ်ကို ရောက်သွားကြပါတယ်။ သူတို့ အိမ်ကလူတွေ တစ်ယောက်မှ အိုဗာစတေးကို လက်ခံမိရင် ထောင်ကျတယ် ဆိုတဲ့ကိစ္စကို မသိပါဘူး။ အဲဒီအိမ်မှာ အူကြောင်ကျား သူငယ်ချင်း တစ်ယောက်လည်း ရှိပါတယ်။ သူကတော့ "ဟေ့ကောင်တွေ။ ဘာမှ စိတ်မပူနဲ့။ လွယ်လွယ်လေး။ ရဲလာဖမ်းရင် အနောက်ပေါက်ကနေ ခုန်ချခိုင်း လိုက်မယ်။ ငါတို့အိမ်က ၄ ထပ်ပဲ မြင့်တာ။ သူတို့ ဝလုံးတွေပဲ အေးဆေးပါ။" လို့ ပြောလို့ ကျွန်တော်တို့က သူ့ကို "ဟေ့ကောင် ဝလုံးလဲ လူပဲကွ။ မင်းက သူတို့ကို စူပါမင်းများ မှတ်နေသလား။ ၄ ထပ်တိုက်က ခုန်ချရင် သေမှာပေါ့ဟ။ မင်းရူးနေသလား။" ဆိုပြီး ဝိုင်းဆဲ ကြပါတယ်။

ညက အဲဒီအိမ်မှာ ၇ ယောက် ၈ ယောက်လောက် ရှိပေမယ့် ဒီမနက်တော့ ၄ ယောက်လောက်ပဲ ကျန်ပါတော့တယ်။ ကျန်တဲ့သူတွေက ပြောင်းသွား ကြပါပြီ။ အဲဒီအိမ်က သူငယ်ချင်း တစ်ယောက်က မျက်နှာပူပူနဲ့ပဲ သွားပြောရပါတယ်။ "အစ်ကိုတို့။ နေစရာ ရပြီ ဆိုရင်တော့ ပြောင်းပေး ကြပါ။ ကျွန်တော်တို့ ကူညီချင်ပေမယ့် အခန့်မသင့်ရင် ထောင်ကျမှာမို့ ကျွန်တော်တို့လည်း နေရထိုင်ရတာ စိတ်မလုံဘူး။" လို့ပါ။ ဝလုံး အစ်ကိုကြီးတွေက "အေးပါ။ အစ်ကိုတို့လည်း ငါ့ညီတို့ အခက်အခဲကို နားလည်ပါတယ်။ အခု အကိုတို့ အိမ်ရှာထားတာလည်း ရပါပြီ။ ညနေကျရင် ပြောင်းမှာပါ။ ဘာပဲဖြစ်ဖြစ် အစ်ကိုတို့ကို အခုလို ကူညီတဲ့ အတွက် ကျေးဇူးတင်ပါတယ်။" လို့ ပြန်ပြောမှ စိတ်အေး သွားရပါတယ်။

ကူညီချင်တာတော့ မှန်ပါတယ်။ ဒါပေမယ့် ထောင်နှုတ်ခမ်း လမ်းလျှောက်ပြီး ကူညီရမယ့် ကိစ္စတော့ ဘယ်သူမဆို တွန့်ကြတာ အမှန်ပါပဲ။ သူတို့ကိုလည်း အပြစ်မဆိုသာပါဘူး။ ဒီလိုနဲ့ ညနေဖက် အဲဒီ အစ်ကိုကြီးတွေ အိမ်ပြောင်းသွားမှပဲ သူတို့အားလုံး ဟင်းချ နိုင်ပါတော့တယ်။

Thursday, August 30, 2012

ရှန်ဟိုင်း ဘန်း

ရှန်ဟိုင်းက ပြန်ရောက်တာ သုံးလတောင် ပြည့်ခါနီးပါပြီ။ အလုပ်တောင် ထွက်ပြီးလို့ နောက်တစ်ပတ်ဆို ရန်ကုန်ကို အပြီးပြန်ဖို့ ပြင်ဆင် ထုတ်ပိုးနေပါပြီ။ ဒါပေမယ့် ရှန်ဟိုင်းရောက်တုန်းက ဘလော့ခ်ပေါ်တင်မယ် ဆိုပြီး အသေအချာ ရိုက်လာတဲ့ ဓာတ်ပုံ ဗွီဒီယိုကလေးတွေ သတိရလို့ ဒီပို့စ်ကို ရေးဖြစ်သွားပါတယ်။ ဘလက်ဘယ်ရီ က ကင်မရာနဲ့ ရိုက်လာတဲ့ ဓာတ်ပုံဗွီဒီယိုတွေမို့ ကွာလတီ မကောင်းရင် သည်းခံကြပါ။

ရှန်ဟိုင်းကို မသွားခင် အင်တာနက်မှာ ဘယ်နေရာ သွားလည်ရမလဲ ရှာကြည့်တော့  ဘန်း (The Bund ) လို့ ခေါ်တဲ့ နေရာကို ညွှန်းကြတာ တွေ့မိပါတယ်။ ပထမဆုံး ရောက်တဲ့နေ့က တည်းခဲ့တဲ့ ကုမ္ပဏီက တိုက်ခန်းနဲ့ ဆိုရင် မန္တလေး အခေါ် နှစ်ပြ လောက်ပဲ ဝေးပါတယ်။ ဒါပေမယ့် ရောက်တဲ့နေ့က လည်ရင်းပတ်ရင်း မိုးချုပ်သွားလို့ မရောက်ဖြစ်လိုက် ပါဘူး။ စနေတနင်္ဂနွေ ပိတ်ရက်မှာ သွားမယ် ကြံပေမယ့် စနေ တနင်္ဂနွေပါမကျန် အလုပ်ဆင်း နေရတာမို့ အကြံအစည်က တော်တော်နဲ့ အထမမြောက် ပြန်ပါဘူး။

ဒါပေမယ့်လည်း ရောက်ပြီး ၁၀ ရက်လောက် အကြာ နေ့လည်ပိုင်း အလုပ်စောပြီးသွားတဲ့ တစ်ရက်မှာတော့  ဘန်းကို သွားဖို့ စိတ်ကူး ပေါ်လာပါတယ်။ အဲဒါကြောင့် လေဆိပ်က မ လာတဲ့ မြေပုံတစ်ချပ်ကို ယူပြီး ထွက်လာ ခဲ့ပါတယ်။ တက္ကစီတစ်တန်၊ ရထားတစ်တန်နဲ့ စီးလာရင်း ပထမဆုံးနေ့က ရောက်ခဲ့တဲ့ ပီးပဲလ် စကွဲယားကို ပြန်ရောက်လာပါတယ်။




ပီးပဲလ် စကွဲယားကနေ ထွက်လာခဲ့ပြီး အဲဒီနားက နန်ကျင်း လူသွားလမ်း (Nanjing Pedestrian Street) ဘက်ကို လျှောက်လာခဲ့ပါတယ်။ မိုးက မဆိုစလောက် ရွာနေပေမယ့် ထီးမပါဘဲ လျှောက်လို့ရတဲ့ အနေအထားပါ။


အဲဒီကနေ တည့်တည့် လျှောက်လာခဲ့တော့ ဘန်းလို့ခေါ်တဲ့ နေရာကို ရောက်ပါတော့တယ်။ ဘန်းဆိုတာ ဟွမ်ပု မြစ်ကမ်းပါးမှာ လမ်းလျှောက်လို့ ရအောင် လုပ်ထားတဲ့ နေရာလေးပါ။ မြစ်ကမ်းပါးမှာ လုပ်ထားတဲ့ လျှောက်လမ်းက လမ်းသွယ် တစ်ခုစာ နီးပါး ကျယ်ပါတယ်။ အနီးပတ်ဝန်းကျင်မှာ ကိုလိုနီခေတ်က အဆောက်အဦးတွေ၊ ခေတ်မီတိုက်တွေနဲ့ အတော်ကို လှတဲ့ နေရာလေးပါပဲ။ မြစ်ထဲမှာ သွားနေတဲ့ သင်္ဘောတွေကို ကြည့်လို့ ရသလို မြစ်တစ်ဖက်ကမ်းက တိုက်တာ အဆောက်အဦးတွေကိုလည်း လှမ်းကြည့်လို့ ရပါတယ်။ ပိတ်ကားပြင်ပေါ်မှာ ဆက်လက် ရှုစားကြပါ။ :-)


မြစ်တစ်ဖက်ကမ်းက အရှေ့တိုင်း ပုလဲ တာဝါတိုင် (Oriental Pearl Tower) လို့ ခေါ်တဲ့ ရေဒီယိုနဲ့ တီဗွီ တာဝါတိုင်ကို တခြား မိုးမျှော်တိုက်တွေနဲ့ အတူ တွေ့ရတာပါ။ ညာဖက်ထောင့်က လေးထောင့်ကွက်ကလေးနဲ့ မြင်နေရတဲ့ အဆောက်အဦးကတော့ အခုလက်ရှိ ရှန်ဟိုင်းမှာ အမြင့်ဆုံးလို့ ခေါ်နိုင်တဲ့ ရှန်ဟိုင်း ကမ္ဘာ့ ငွေကြေး စင်တာ (Shanghai World Financial Center) ပါပဲ။


အခုပုံကတော့ လူသွားလမ်းကနေ လမ်းမဘက်ကို ပြန်ကြည့်ရင် တွေ့ရတဲ့ မြင်ကွင်းပါ။ အလယ်ခေါင်က နာရီစင်ကြီးနဲ့ အဆောက်အဦးကတော့ ကပ်စတန်ဟောက်စ် လို့ ခေါ်တဲ့ အကောက်ခွန် ရုံးပါ။


အကောက်ခွန်ရုံးရဲ့ဘေးမှာတော့ ဟောင်ကောင် ရှန်ဟိုင်း ဘဏ်လုပ်ငန်း ကော်ပိုရေးရှင်း ဒါမှမဟုတ် အိတ်ချ်အက်စ်ဘီစီ (HSBC) အဆောက်အဦး ရှိပါတယ်။ အိတ်ချ်အက်စ်ဘီစီက ဆောက်ခဲ့တာပေမယ့် အခုလက်ရှိတော့ ရှန်ဟိုင်း-ပူဒုံ ဖွံ့ဖြိုးရေးဘဏ်က အသုံးပြုနေပါတယ်။


အရှေ့ဖက်ကို လှမ်းမျှော်ကြည့်တော့ တွေ့ရတဲ့ ချိုင်းနားဘဏ် (Bank of China) အဆောက်အဦးပါ။


ရှေ့ကို ဆက်လျှောက်တော့ အအေးတွေ မုန့်တွေ ရောင်းနေတဲ့ ကားပေါက်စန ကလေး တစ်စင်းကို တွေ့ရပါတယ်။



ရှေ့ကို ဆက်လျှောက်လာရင်း တွေ့ရတဲ့ မြင်ကွင်းပါ။


အပေါ်က သင်္ဘောပုံ ဆောက်ထားတဲ့ စားသောက်ဆိုင်ကလေးကို အနီးကပ် ရိုက်ထားတာပါ။ မြစ်ထဲကို လှမ်းမျှော်ကြည့်ရင်တွေ့ရတဲ့ မြင်ကွင်းတွေကို အောက်မှာ ကြည့်နိုင်ပါတယ်။




မြစ်ထဲမှာ ကုမ္ပဏီတွေက အပျော်စီးလှေတွေ မောင်းနေတာလည်း တွေ့ခဲ့ရပါတယ်။


ရှန်ဟိုင်းဗောက်စ်ဝက်ဂွန်ကလှေပါ။
 

နောက်တစ်စင်းက ရှန်ဟိုင်း-ပူဒုံဖွံ့ဖြိုးရေးဘဏ်ကပါ။


ကျွန်တော် အပါအဝင် မြန်မာအများစု ဟွန်ဒိုင်းလို့ အသံထွက်ကြတဲ့ ယွန်ဒေ ကားကုမ္ပဏီက လှေပါ။



ဒါကတော့ ကိုရီးယား ကီယာ ကားကုမ္ပဏီကပါ။



တမေ့တမော လမ်းလျှောက်နေခဲ့တာ လာလမ်းအတိုင်း ပြန်လျှောက် လာတော့ မီးတွေတောင် ထွန်းနေကြပါပြီ။


ဘန်းမှာ ကင်းလှည့်နေတဲ့ ရဲကားပါ။ နန်ကျင်း လူသွားလမ်းဘက်ကို ပြန်လျှောက်ခဲ့တော့ အဲဒီဘက်မှာလည်း မီးတွေ ထွန်းနေကြပါပြီ။



လူပုံက အချဉ်ပုံပေါက်နေသလားတော့ မသိပါဘူး။ နန်ကျင်းလမ်းပေါ်မှာ ပေါက်ဖော်မ တစ်ယောက်က လူမှားသလိုနဲ့ အကြောင်လာရိုက်ပြီး အချဉ်ဖမ်းဖို့ ကြံပါတယ်။ ဒါပေမယ့် အချဉ်မဟုတ်လို့ ဆောရီးပြောပြီး လစ်ခဲ့ပါတယ်။ ယွမ်ငွေတွေ နည်းနေတာ သတိရလို့ ငွေလဲတဲ့နေရာ လိုက်ရှာပါတယ်။ တိုးရစ်စ် အင်ဖော်မေးရှင်း ကောင်တာကို မေးတော့ ဘဏ်ထဲကို ဝင်သွားပါလို့ ညွှန်တာနဲ့ ဘဏ်ထဲကို ဝင်လာခဲ့ပါတယ်။ ဒီအချိန်အထိ ဘဏ်က အလုပ်လုပ်သလား စဉ်းစားရင်း ဘဏ်ထဲ ဝင်ခဲ့တာ အထဲရောက်မှ ငွေလဲတဲ့စက်ကို တွေ့ရပါတယ်။ ကံဆိုးချင်တော့ အိတ်ထဲမှာ ပါလာတဲ့ စင်ကာပူ ဒေါ်လာ ငါးဆယ်တန်တွေ အကုန်လုံးကို စက်က မသိဘူး ပြောနေတာနဲ့ပဲ တပ်ခေါက် ပြန်ခဲ့ရပါတယ်။

ဘန်းရဲ့ အလှအပကို ကြည့်ချင်သူတွေ အတွက် ဗွီဒီယိုဖိုင်ပါ တင်ပေးလိုက်ပါတယ်။

video

video

Thursday, June 28, 2012

ကို့ရို့ကားယား ဥပဒေများ

အခုတလော ရူးအော့ဖ်လော ဒါမှမဟုတ် တရားဥပဒေ စိုးမိုးရေးပဲ ဆိုဆို စကားတစ်ခွန်းကို မကြာခဏ ကြားနေရပါတယ်။ ဥပဒေ အထက်မှာ မည်သူမျှ မရှိစေရ ဆိုတဲ့စကားကြီး ကြားရင် စိတ်ထဲမှာတော့ ပေါင်ချိန် ဇာတ်လမ်းထဲက ခွေးခေါင်း ဓားစက်တွေ၊ နဂါးခေါင်း ဓားစက်တွေ မြင်ယောင်လာမိပါတယ်။

ဥပဒေ ဆိုတာ လူတွေ လိုက်နာဖို့ အတွက် အထိန်းအကွပ် လုပ်ထားတဲ့ ကိစ္စပါ။ ဒါပေမယ့်လည်း တစ်ချို့သော ဥပဒေများကတော့ ကြားရတာ အတော်ကလေး ဂွတီးဂွကျ နိုင်ပါတယ်။ စင်ကာပူမှာ ပီကေ မစားရ၊ ပီကေ လက်ဝယ်မထားရ ဆိုတဲ့ ဥပဒေဟာ တခြားနိုင်ငံ သားတွေ အတွက်တော့ ရယ်စရာ ဖြစ်နေပါတယ်။ ပါးစပ်နဲ့ ဟဝှာ ပြုတာ နောက်ဆက်တွဲ မပါဘဲ သူ့ချည်းသက်သက် ဆိုရင် ဥပဒေနဲ့ မညီဘူး ဆိုတဲ့ စင်ကာပူရဲ့ ဥပဒေကိုလည်း စလုံးတွေ ကိုယ်တိုင်ကတောင် ရယ်စရာ တစ်ခု အနေနဲ့ ပြောတတ်ကြ ပါတယ်။ တစ်ချို့သော ဥပဒေများကတော့ နိုင်တီးဂွမ်တီး ဘိုးတော်ဘုရားကြီး လေးဘက်သွားတဲ့ အချိန်တုန်းက ရေးခဲ့ပေမယ့် အခု အချိန် ဥပဒေ စာအုပ်ထဲက ပြန်မဖျက်ဖြစ်တာမို့ ကျန်နေတာပါ။

ကျွန်တော်ရဲ့ ဘလက်ဘယ်ရီ ဖုန်းထဲမှာ အင်စတောလ် လုပ်ထားတဲ့ အံ့ဩစရာ အချက် ၅၀၀၁ ဆိုတဲ့ ဆော့ဖ်ဝဲလ်ထဲမှာ ပါတဲ့ ထူးထူးဆန်းဆန်း ဥပဒေတွေထဲက စိတ်ဝင်စားစရာ ဥပဒေ အချို့နဲ့ ပြုံးချင်စရာ ဥပဒေ အချို့ကို အားလုံး ဖတ်ရအောင် ရှယ်ပေးလိုက်ပါတယ်။

အမေရိကန်က ဥပဒေများ

(၁) ယူတားပြည်နယ်မှာ လူသေအလောင်း ရှေ့မှာ ကျိန်ဆဲတာ ဥပဒေနဲ့ မညီပါဘူး။

(၂) အိုင်ဒဟိုပြည်နယ်က ပိုကာတဲလိုး မြို့မှာ ပြုံးမပြဘဲ နေတာ ဥပဒေနဲ့ မညီပါဘူး။

(၃) နီဘရားစကားပြည်နယ်မှာ ဘားပိုင်ရှင်တစ်ယောက်က စွတ်ပြုတ်အိုးကို တည်မထားတဲ့ အချိန် ဘီယာရောင်းတာ ဥပဒေနဲ့ မညီပါဘူး။

(၄) ရုတ်ဒ်အိုင်းလန်းပြည်နယ် နယူးပေါ့တ်မြို့မှာ နေဝင်ပြီးတဲ့ အချိန် ဆေးတံသောက်တာ ဥပဒေနဲ့ မညီပါဘူး။

(၅) အာကင်ဆောပြည်နယ်မှာ "Arkansas" ဆိုတဲ့ ပြည်နယ်နာမည်ကို အာကင်ဆောလို့ အသံမထွက်ရင် ဥပဒေနဲ့ မညီပါဘူး။

(၆) ကင်တပ်ကီပြည်နယ်မှာ နောက်အိတ်ကပ်ထဲမှာ အိုင်စကရင်မ်ကို ထည့်သယ်တာ ဥပဒေနဲ့ မညီပါဘူး။


မုစ်သမင်

(၇) အလက်စကာပြည်နယ်မှာ တစ်စုံတစ်ယောက်က မုစ် လို့ခေါ်တဲ့ သမင်မျိုးကို အမဲလိုက်နေချိန်မှာ နားနားကပ်ပြီး တိုးတိုးပြောတာ ဥပဒေနဲ့ မညီပါဘူး။

(၈) အလက်စကာပြည်နယ်ရဲ့ ဥပဒေမှာ မုစ် သမင်ကို လေယာဉ်ပေါ်က ကြည့်တာ ဥပဒေနဲ့ မညီပါဘူး။

(၉) အိုဟိုင်းယိုးပြည်နယ် ကလိဗ်လန်းမှာ အမဲလိုက်လိုင်စင် မရှိဘဲ ကြွက်ဖမ်းတာ ဥပဒေနဲ့ မညီပါဘူး။

(၁၀) ဖလော်ရီဒါပြည်နယ်မှာ လူအများရဲ့ ရှေ့မှာ ရေကူးဝတ်စုံနဲ့ သီချင်းဆိုတာ ဥပဒေနဲ့ မညီပါဘူး။

(၁၁) မက်ဆာချူးဆက်ပြည်နယ်မှာ ရေမချိုးဘဲ အိပ်ရာဝင်ရင် ဥပဒေနဲ့ မညီပါဘူး။

(၁၂) ကင်တပ်ကီပြည်နယ်က အိုဟိုင်းယိုးမြစ်ထဲမှာ အင်ဒီယားနားပြည်နယ်က ငါးဖမ်းလိုင်စင် မရှိဘဲ ငါးဖမ်းရင် ဥပဒေနဲ့ မညီပါဘူး။

(၁၃) တက်ကဆပ်ပြည်နယ်က ကော်ပတ်ခရစ်စတီးမှာ အယ်လီဂိတ်တာ  လို့ ခေါ်တဲ့ နှာခေါင်းတို မိကျောင်းမျိုးကို အိမ်ထဲမှာ မွေးတာ ဥပဒေနဲ့ မညီပါဘူး။

(၁၄) ဝါရှင်တန်ပြည်နယ် ဘယ်လင်ဟန်က ဥပဒေ အဟောင်းတစ်ခုမှာ အမျိုးသမီးတစ်ယောက် ကနေတဲ့ အချိန် နောက်ကို ခြေလှမ်း ၃ လှမ်းထက် ပိုပြီး ဆုတ်ရင် ဥပဒေနဲ့ မညီပါဘူး။

(၁၅) အာကင်ဆောပြည်နယ်မှာ မီးသီးအပြာကို အရောင်းအဝယ် လုပ်ရင် ဥပဒေနဲ့ မညီပါဘူး။

(၁၆) အဆောက်အဦးကြီး တစ်ခုလုံးကို စာတိုက်ကနေ ပို့တာ အမေရိကန်တစ်နိုင်ငံလုံးမှာ ၁၉၁၆ ခုနှစ်က စပြီး ဥပဒေနဲ့ မညီဘူးလို့ သတ်မှတ်ထားပါတယ်။ အကြောင်းကတော့ လူတစ်ယောက်က တန် ၄ သောင်းရှိတဲ့ အိမ်တစ်လုံးကို ယူတားပြည်နယ်မှာ သယ်ယူပို့ဆောင်ခ သက်သာအောင် စာတိုက်ကနေ ပို့ဖူးလို့ပါ။

(၁၇) ဗာဂျီးနီးယားပြည်နယ်၊ နော်ဖော့မှာ လမ်းဘေးကို တံထွေးထွေးရင် ဥပဒေနဲ့ မညီပါဘူး။

(၁၈) ဂျော်ဂျီယာပြည်နယ် အတ္တလန္တာမှာ သစ်ကုလားအုပ်ကို တယ်လီဖုန်းတိုင် ဒါမမဟုတ် ဓာတ်တိုင်နဲ့ တွဲပြီး ချည်ထားတာဟာ ဥပဒေနဲ့ မညီပါဘူး။

(၁၉) ဝါရှင်တန်ပြည်နယ်၊ ဆီယက်တဲလ်မှာ ၆ ပေထက်ကျော်တဲ့ လက်နက်ကို ဖွက်ပြီး သယ်တာ ဥပဒေနဲ့ မညီပါဘူး။

(၂၀) အရီဇိုးနားပြည်နယ်မှာ ကုလားအုပ်ကို အမဲလိုက်တာ ဥပဒေနဲ့ မညီပါဘူး။

(၂၁) နယူးယောက်ပြည်နယ်မှာ တနင်္ဂနွေနေ့ နေ့လည်မတိုင်ခင် ဘယ်လို အရက်မျိုးကို ဝယ်ဝယ် ဥပဒေနဲ့ မညီပါဘူး။

(၂၂) ကန်းဆပ်ပြည်နယ်၊ နာတိုးမား မှာ ဝတ်စုံ အကျား ဝတ်ထားတဲ့သူတစ်ယောက်ကို ဓားနဲ့ပစ်တာ ဥပဒေနဲ့ မညီပါဘူး။

(၂၃) အမေရိကန် သမ္မတ သောမတ် ဂျက်ဖာဆန် တို့ခေတ်က ဗာဂျီးနီးယားပြည်နယ်မှာ ဘိလိယက်ထိုးတာ ဥပဒေနဲ့ မညီတဲ့ အတွက် သောမတ်ဂျက်ဖာဆန်ရဲ့ အိမ်ထဲမှာ ဘိလိယက်ခုံထားတဲ့ အခန်းကို ဝှက်ပြီး ဆောက်ထားရပါတယ်။

(၂၄) အီလီနွိုင်းပြည်နယ်ရဲ့ ဥပဒေက ဆံပင်ညှပ်သမားကို လက်နဲ့ မုတ်ဆိပ်ရိတ်တဲ့ ကရင်မ်ကို မျက်နှာပေါ် လိမ်းတာ ဥပဒေနဲ့ မညီဘူးလို့ ကန့်သတ်ထားပါတယ်။

(၂၅) နီဘရားစကားပြည်နယ်က တစ်ချို့သော ဘုရားရှိခိုးကျောင်းတွေမှာ လေချဉ်တက်တာ၊ နှာချေတာ ဥပဒေနဲ့ မညီပါဘူး။

(၂၆) ဗာဂျီးနီးယားပြည်နယ်က ပင်တဂွန်စစ်ဌာနချုပ်မှာ အိမ်သာတွေ လိုအပ်တာထက် နှစ်ဆပိုများ နေပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ပင်တဂွန်ကို ဆောက်တဲ့ အချိန်က လူဖြူနဲ့ လူမည်းကို အိမ်သာ သတ်သတ်စီ ခွဲဆောက်ရမယ် ဆိုတဲ့ ဥပဒေ ဗာဂျီးနီးယားမှာ ရှိခဲ့လို့ပါ။

(၂၇) မီချီဂန်ပြည်နယ် ဒက်ထရွိုက်က ဥပဒေစာအုပ်မှာ အယ်လီဂေတာ မိကျောင်းကို မီးသတ်ဘူးနဲ့ တွဲမချည်ရ ဆိုတဲ့ ဥပဒေ ရှိပါတယ်။

(၂၈) အမေရိကန် ဥပဒေမှာ ဘီယာကြော်ငြာတဲ့ အချိန် လူတစ်ယောက် ဘီယာသောက်နေတာကို မပြရဘူးလို့ ကန့်သတ်ချက် ရှိပါတယ်။

(၂၉) အရီဇိုးနားပြည်နယ်မှာ လူတစ်ယောက် ရေတောင်းသောက်တာကို မတိုက်ရင် ဥပဒေနဲ့ မညီပါဘူး။

(၃၀) အမေရိကန်ပြည်နယ် အတော်များများရဲ့ ဥပဒေမှာ လူတစ်ယောက် ဒေဝါလီခံရင် ဒါမှမဟုတ် လူမွဲစာရင်းခံရင် ကြွေးရှင်တွေ အနေနဲ့ အခြားပစ္စည်း အားလုံးကို သိမ်းနိုင်ပေမယ့် သူ့ရဲ့ လက်ထပ်လက်စွပ်ကို သိမ်းပိုင်ခွင့် မရှိဘူးလို့ ဥပဒေ ပြဌာန်းထားပါတယ်။

(၃၁) ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ဥပဒေမှာ အမျိုးသမီးတစ်ယောက် အိမ်နေရင်း ကုတ်အင်္ကျီနဲ့ ကားမောင်းခွင့် မရှိဘူးလို့ ကန့်သတ်ထားပါတယ်။

(၃၂) ကော်နက်တီကပ်ပြည်နယ် ဒယ်ဗွန်မှာ နေဝင်တဲ့ အချိန် နောက်ပြန်လမ်းလျှောက်တာ ဥပဒေနဲ့ မညီဘူးလို့ သတ်မှတ်ထားပါတယ်။

(၃၃) အမေရိကန်ရဲ့ ဥပဒေမှာ ကလေးတွေနဲ့ သက်ဆိုင်တဲ့ တီဗွီ အစီအစဉ်တွေမှာ တစ်နာရီကို ဆယ်မိနစ်ထက်ပိုပြီး ကြော်ငြာပါခွင့် မရှိဘူးလို့ ကန့်သတ်ထားပါတယ်။ စနေ တနင်္ဂနွေမှာ ဆိုရင် တစ်နာရီကို ဆယ့်တစ်မိနစ်ခွဲ အထိ ခွင့်ပြုပါတယ်။


အူကူလီလီ
(၃၄) ယူတားပြည်နယ် ဆော့တ်လိတ်စီးတီးမှာ အူကူလီလီ တူရိယာကို ဘာနဲ့မှ မပတ်ဘဲ လမ်းပေါ်မှာ သယ်ဆောင်တာကို တားမြစ်ပါတယ်။

(၃၅) လတ်ဗီးဂတ်စ်မြို့မှာ သွားတုကို ပေါင်တာ ဥပဒေနဲ့ မညီပါဘူး။

(၃၆) ဂျက်ဒင်နီယယ် ဝီစကီကို ထုတ်လုပ်တဲ့မြို့မှာ ဂျက်ဒင်နီယယ် ဝီစကီကို ဝယ်တာ၊ သောက်တာ ဥပဒေနဲ့ မညီပါဘူး။

နိုင်ငံတကာ ဥပဒေများ

(၁) ပြင်သစ်နိုင်ငံမှာ အခု အချိန်အထိ ဝက်ကို နပိုလီယံလို့ နာမည်ပေးတာ ဥပဒေနဲ့ မညီပါဘူး။

(၂) အီတလီနိုင်ငံ ဆီယဲနားမှာ မေရီ ဆိုတဲ့ နာမည်နဲ့ မိန်းကလေးတွေကို ပြည်တန့်ဆာလုပ်ရင် တရားဥပဒေနဲ့ မညီပါဘူး။

(၃) ပြင်သစ်နိုင်ငံမှာ ဂြိုဟ်သားရုပ် ရောင်းတာ ဥပဒေနဲ့ မညီပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လူရဲ့မျက်နှာ မဟုတ်တဲ့ အရုပ်ကို ရောင်းချတာ တရားမဝင်ဘူးလို့ ကန့်သတ်ထားလို့ပါ။

(၄) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ကားအနီ တစ်စင်းကို ပိုင်ဆိုင်တာ ဥပဒေနဲ့ မညီပါဘူး။

(၅) ဂရိနိုင်ငံ အေသင်မြို့မှာ ကားမောင်းတဲ့သူက အဝတ်အစားကို သပ်သပ်ရပ်ရပ် ဝတ်မထားရင် ဖြစ်ဖြစ်၊ ရေမချိုးထားရင် ဖြစ်ဖြစ် လိုင်စင်သိမ်းပိုင်ခွင့် ရှိပါတယ်။

(၆) အင်္ဂလန်မှာ မိန်းမကို လက်မထက်ပိုကျယ်တဲ့ အရာနဲ့ ရိုက်ခွင့် မရှိဆိုတဲ့ ဥပဒေ အဟောင်းရှိခဲ့တာကြောင့် "Rule of Thumb" ဆိုတဲ့ စကား ဖြစ်လာခဲ့ပါတယ်။

(၇) ဆွစ်ဇာလန်မှာ ကားတံခါးကို ဆောင့်ပိတ်တာ ဥပဒေနဲ့ မညီပါဘူး။

(၈) ဆွစ်ဇာလန် ဥပဒေမှာ နိုင်ငံသားတိုင်း ဗုံးခိုကျင်း တစ်ခု ပိုင်ရမယ် ဒါမှမဟုတ် အသုံးပြုနိုင်တဲ့ ဗုံးခိုကျင်း တစ်ခု ရှိရမယ် လို့ ဆိုပါတယ်။

(၉) ကနေဒါနိုင်ငံ ကွီးဘက်မှာ မာဂျရင်းရဲ့ အရောင်က ထောပတ်ရဲ့ အရောင်နဲ့ ကွဲလွဲရမယ် ဆိုတဲ့ ဥပဒေ ရှိပါတယ်။

(၁၀) အိုက်စလန်နိုင်ငံမှာ ခွေးမွေးတာ ဥပဒေနဲ့ မညီပါဘူး။

(၁၁) အင်္ဂလန်က လယ်သမားတွေဟာ ဥပဒေအရ သူတို့ရဲ့ ဝက်တွေကို ကစားစရာ ပေးထားရပါတယ်။

(Image Source: Wikimedia Foundation)

Thursday, May 31, 2012

ရှန်ဟိုင်း နေ့စွဲများ (၂)

ရှန်ဟိုင်းမြို့ ရောက်ပြီး နောက်တစ်နေ့ နံနက်စာကိုတော့ တကမ္ဘာလုံး ဆိုင်ရာ အမှတ်တံဆိပ် တစ်ခုဖြစ်တဲ့ ကေအက်ဖ်စီမှာပဲ စားပါတယ်။ ကေအက်ဖ်စီက ထူးမခြားနားပေမယ့် ကေအက်ဖ်စီမှာ စားခဲ့တဲ့ မနက်စာက ထူးခြားပါတယ်။ ဆန်ပြုတ်နဲ့ အီကြာကွေးပါ။ စင်ကာပူမှာ ဆို ပန်ကိတ်၊ မလေးရှားမှာဆို ကြက်သားနဲ့ ထမင်းကို မနက်စာ ရောင်းတာမို့ မကြာခင် အန်ကယ်လ်ဆမ်တို့ စီးပွားရေး ဖွင့်ပြီးလို့ ကေအက်ဖ်စီ မြန်မာပြည်ကို ရောက်လာခဲ့ရင် ကေအက်ဖ်စီ နန်းကြီးသုတ်တို့၊ ကေအက်ဖ်စီ မုန့်ဟင်းခါးတို့များ မနက်စာရောင်းဦးမှာလားလို့ တွေးမိပါတယ်။

အဲဒီမနက်ကမှ စင်ကာပူရုံးက ကျွန်တော့်ကို အချွန်နဲ့ မ လိုက်မှန်း သိပါတယ်။ မင်းကို ငါတို့ ရှန်ဟိုင်းရုံးက အင်ဂျင်နီယာ စကားပြန် လုပ်ပေးမယ်လို့ မှာလိုက်ပေမယ့် ကျွန်တော်နဲ့ တွဲလုပ်ရမယ့် ရှန်ဟိုင်းရုံးက အင်ဂျင်နီယာက အင်္ဂလိပ်စကားကို လုံးဝနီးပါး မပြောတတ် ပါဘူး။ ဒီလိုပဲ မီးစဉ်ကြည့် ကတာပေါ့လို့ စိတ်မှာမှတ်ရင်း သူနဲ့ အတူ လိုက်ခဲ့ပါတယ်။ ရှန်ဟိုင်းရုံးက မန်နေဂျာက စက်ရုံကို တက္ကစီနဲ့ သွားကြလို့ ကေအက်ဖ်စီက မထွက်ခင် မှာလိုက်ပေမယ့် အင်္ဂလိပ်လို ပြောလိုက်လို့လား မသိပါဘူး။ ပုဂ္ဂိုလ်က ကျွန်တော့်ကို ရထားဘူတာရုံ ခေါ်သွားပါတယ်။ ကျွန်တော်လည်း ပြောမနေတော့ပါဘူး။ ကိုယ့်ဘာသာကိုယ် ဆိုရင် စီးဖြစ်ဖို့ မသေချာတဲ့ ရထားကို သူနဲ့ အတူသွားတော့ စီးဖြစ်တယ်ဆိုပြီး လိုက်သွား ပါတယ်။ ကျွန်တော်တို့ စပြီး စီးခဲ့တဲ့ ဘူတာက မြို့လည်ခေါင်က ပီးပဲလ်စကွဲယား မြန်မာမှု ပြုရင် လူထု စတုရန်း ဒါမှမဟုတ် ပြည့်သူ့ရင်ပြင် ဘူတာရုံပါ။ ရထားပေါ်မှာ လူတွေ ပြည့်ကျပ်နေပါတယ်။

ရထားစီးလာတုန်း ရုတ်တရက် ရထားထဲမှာ သီချင်းသံ ကျယ်ကျယ်လောင်လောင် ထွက်လာ ပါတယ်။ သီချင်းသံက တိုးရာကနေ တဖြည်းဖြည်း ကျယ်လာတော့ ကျွန်တော့် စိတ်ထဲမှာ တစ်ယောက်ယောက်က ရထားပေါ်မှာ ထဂေါက်ပြီး ကက်ဆက်ဖွင့်နေတယ် ထင်လိုက်မိ ပါတယ်။ ကျွန်တော်တို့နား ရောက်လာမှ သားအမိနှစ်ယောက် ပိုက်ဆံ တောင်းနေတယ် ဆိုတာ တွေ့လိုက်ရပါတယ်။ အမေက ကက်ဆက်ကို ရင်ဘတ်မှာ လွယ်လို့ မိုက်ခရိုဖုန်းကို လက်ကကိုင် သီချင်းဆို၊ သမီးက ရှေ့က ပိုက်ဆံ ထည့်တဲ့ နို့ဆီခွက်လို ခွက်ကို ကိုင်ထား ပါတယ်။ လူတွေကြားထဲ တိုးရင်းဝှေ့ရင်း ပိုက်ဆံတောင်းနေတော့ ကျွန်တော်သာ မက ရှန်ဟိုင်းသားတွေပါ မျက်ခုံးပင့် ကြည့်နေကြ ပါတယ်။ ခဏနေတော့ ထိုင်ခုံရလို့ ဝင်ထိုင်လိုက် ပါတယ်။ ကျွန်တော့်ဘေးက မဒီက မုန့်တစ်ထုပ်ကို ဖောက်ရင်း အားရပါးရ စားနေပါတယ်။ ကျွန်တော် သိသလောက်တော့ ရထားပေါ် အစားမစားရ ကန့်သတ်တာ စင်ကာပူ တစ်နိုင်ငံတည်းပဲ ရှိမယ် ထင်ပါတယ်။ ကျွန်တော် ရထားစီးဖူးသမျှ နိုင်ငံတွေမှာ ဘယ်ရထားမှ မုန့်မစားရလို့ ကန့်သတ်တာ မတွေ့ဖူး ပါဘူး။ ဂျပန်မှာလည်း ရထားပေါ် မုန့်စားလို့ရတယ် ကြားဖူး ပါတယ်။ အမှတ်မထင် နံရံကို လှမ်းကြည့်တော့ ဆေးလိပ် မသောက်ရ၊ တံတွေး မထွေးရ၊ အမှိုက် မပစ်ရ၊ မတောင်းရ လို့ ရေးထားတာပဲ တွေ့ရပါတယ်။

ဒီလိုနဲ့ ဟွမ်ပိလမ်း ဘူတာ မှာ ကျွန်တော်တို့ ဆင်းကြပါတယ်။ အဲဒီကနေ တက္ကစီငှားပြီး ကျွန်တော် တည်းမယ့် ဟိုတယ်ကို ချီတက်ခဲ့ကြပါတယ်။ လမ်းဘေးက စက်ရုံတစ်ရုံရှေ့မှာ ဘူဒိုဇာ အသစ်၊ မြေတူးစက် အသစ်တွေ အစီးတစ်ရာလောက် တန်းစီ ရပ်ထားတာ တွေ့လို့ မျက်လုံးပြူးသွားပါတယ်။ ဘူဒိုဇာတွေ ဒီလောက်များများ တစ်ခါမှ မမြင်ဖူး လို့ပါ။ ဘေးက မြေကွက်လက်ထဲမှာ ဘူဒိုဇာတွေ စမ်းမောင်း နေတာလည်း တွေ့ပါတယ်။  တရုတ်ပြည်မှာ ဘတ်စ်ကားထုတ်၊ ဘူဒိုဇာထုတ်၊ လေယာဉ်ပျံထုတ်၊ သင်္ဘောထုတ်၊ ဂြိုဟ်တုထုတ် နဲ့ သူတို့ မထုတ်တာ မကျန်သလောက်ပဲ ထင်ပါတယ်။ တရုတ်လည်း သူ့အထွာနဲ့ သူပါပဲ လျော့တွက်လို့ မရပါဘူး။တရုတ်က လျော့တွက်လို့ မရပေမယ့် အနောက်ကို မမှီနိုင်သေးတာ ကိုယ်ပိုင် ဖန်တီးဖို့ မစဉ်းစားဘဲ တစ်ချိန်လုံး ကော်ပီကူးဖို့ စဉ်းစားနေတာနဲ့ ဖြစ်ကတတ်ဆန်း လုပ်တတ် တာတွေကြောင့် ဖြစ်မယ် ထင်ပါတယ်။

ခဏနေတော့ ကျွန်တော် တည်းရမယ့် ဟိုတယ်ကို ရောက်ပါတယ်။ ဒီဟိုတယ်မှာတော့ ဧည့်ကြိုတွေ အင်္ဂလိပ် စကား ပြောတတ်လို့ အဆင်ပြေပါတယ်။ ကျွန်တော် အခန်းထဲမှာ ခရီးဆောင်အိတ်နဲ့ လက်တော့ပ်အိတ် သွားထားပါတယ်။ ဟိုတယ်ခန်းကို တွေ့တော့ မျက်လုံးပြူးသွားပါတယ်။ အရင်က ဇာဂနာတို့ ပျက်ခဲ့ဖူးတဲ့ ပျက်လုံး အိမ်သာမှန်တပ်လို့ ဆောက်လုပ်ရေးက အလုပ်ပြုတ်သွားတယ် ဆိုတာကို သွားသတိရ လိုက်ပါတယ်။ ကျွန်တော့်ရဲ့ အခန်းက ရေချိုးခန်းရော၊ အိမ်သာပါ မှန်တပ် ထားပါတယ်။



အိတ်ထားပြီးတော့ စက်ရုံကို ထွက်ခဲ့ကြပါတယ်။ စက်ရုံက ကျွန်တော်တည်းတဲ့ ဟိုတယ်နဲ့ သိပ်မဝေးတော့ ပါဘူး။ ရှန်ဟိုင်း အိတ်စပို့တ် ပရိုဆက်ဆင်း ဇုန် ဆိုတဲ့ နေရာမှာပါ။ စက်ရုံကြီးက အကြီးကြီး ပါပဲ။ အလုပ်သမား ၅ သောင်း ရှိတယ်လို့ ကျွန်တော်နဲ့ အတူတူ အလုပ်လုပ်တဲ့ အေးဂျင့် ကုမ္ပဏီက အင်ဂျင်နီယာ တစ်ယောက်က နောက်နေ့ ပြောပြပါတယ်။ စက်ရုံထဲကို ကွန်ပျူတာ၊ ကင်မရာဖုန်း ယူလို့ မရတဲ့ အတွက် ကျွန်တော့်ရဲ့ ဖုန်းကို လုံခြုံရေးမှာပဲ ထားခဲ့ပါတယ်။ အလုပ်သမား ၅ သောင်းထဲမှာ လန့်လန်လန်း ကလေးတွေ အယောက် ၅ ထောင်လောက် ရှိမယ် ဆိုတာ ပြောရင် ပိုတယ် မထင်ပါနဲ့။ လုံခြုံရေးဝန်ထမ်းက အစ အလန်းစား လေးတွေပါ။ စက်ရုံထဲ ရောက်တော့ ရုံးက ကျွန်တော့်ကို နောက်တစ်ခါ ဖော လိုက်မှန်း သိလိုက်ရပြန်ပါတယ်။

စင်ကာပူမှာတုန်းက ပြောလိုက်တာ မင်းသွားရင် အသင့်စမ်းရုံပဲ စက်တွေ အကုန်ဆင်ပြီးပြီ ပြောပေမယ့် စက်တွေက တန်းစီထားရုံ သက်သက်ပါပဲ။ ဝိုင်ယာကြိုး၊ လေပိုက်ကအစ တစ်ခုမှ မချိတ်ရသေးပါဘူး။ ဒီလို အဖြစ်မျိုး တစ်ခါမက ကြုံခဲ့ဖူးပြီမို့ မထူးဆန်းတော့ပါဘူး။ ပထမဆုံးတစ်ခါ စပိန်မှာ စက်သွားဆင်တော့ အရေးကြီးတယ် ဆိုပြီး စင်ကာပူကနေ စက်ကို လေယာဉ်ပျံနဲ့ပို့၊ နောက်ကနေ စက်ရုံကို အမြန်လိုက်သွား ဆိုပြီးတော့ ဟိုရောက်တော့ စက်ရုံက မီးတောင် မသွယ်ရသေးပါဘူး။ နောက်တစ်ခါလည်း အမေရိကားမှာ စက်ဆင်ဖို့ အရေးကြီးတယ် စက်ရုံကို အမြန်သွားဆိုလို့ စင်ကာပူမှာ လုပ်လက်စ အလုပ်တွေ ထားပြီး ပြေးရတာ စက်ရုံ ရောက်တော့ စက်တောင် ရှာမတွေ့ပါဘူး။ စက်ကို လိုက်ရှာရင်း နောက်ဆုံးမှာတော့ စက်ရုံကို ပစ္စည်းအဝင် လက်ခံတဲ့ နေရာမှာ စင်ကာပူက ပို့လိုက်တဲ့ အတိုင်း သေတ္တာလိုက် ကလေး ချထားတာ တွေ့လို့ တူတွေ တူရွင်းတွေ စက်ရုံက ငှားပြီး ကိုယ်တိုင် သေတ္တာထဲက ထုတ်ရဖူးပါတယ်။

ခဏနေတော့ နေ့လည်စာ စားချိန် ရောက်ပြီမို့ ထမင်းစားခန်းကို ဆင်းခဲ့ကြပါတယ်။ စက်ရုံက အလုပ်သမားတွေကို ထမင်းလည်းကျွေး နေစရာလည်း ပေးပါတယ်။ ကျွန်တော်တို့ကိုလည်း ထမင်းစားဖို့ စက်ရုံက တိုကင် ထုတ်ပေးတာမို့ သူတို့နဲ့ အတူ ထမင်းစားခန်းမှာ ဝင်စား ပါတယ်။ စင်ကာပူမှာတုန်းက ကျွန်တော့် လုပ်ဖော်ကိုင်ဖက် တစ်ယောက်က အဲဒီ စက်ရုံကို သွားရင် အစားအသောက်က တို့ စင်ကာပူ စစ်တပ်မှာ ကျွေးသလောက်တောင် မကောင်းဘူးလို့ ပြောပြလိုက် ပါတယ်။ ဒါပေမယ့်လည်း သိပ်တော့ အဆိုးကြီး မဟုတ်လှ ပါဘူး။ ပုံစံခွက် တစ်ခွက်ယူ ကောင်တာကို သွားတော့ ကောင်တာကနေ ပုံစံခွက်ထဲကို ထမင်းတွေ ဟင်းတွေ ခပ်ထည့်ပေးပါတယ်။ ထမင်းပွဲ က ပုံစံနှစ်မျိုး ရှိပါတယ်။ ထမင်းမစားချင်တဲ့ သူအတွက် ခေါက်ဆွဲထည့်ပေးနေတဲ့ ကောင်တာလည်း ရှိပါတယ်။ ထမင်းစားပြီးတဲ့နောက်မှာ ထူးထူးခြားခြား တွေ့ရတာက ထမင်းစားခန်း ဘေးက ဆေးလိပ်သောက်တဲ့ အခန်းပါ။ လူတစ်ရာ နီးပါးလောက် ဆန့်ပါတယ်။ အဲဒီ အထဲမှာ ဆေးလိပ်သောက် နေတဲ့သူလည်း လူ တစ်ရာလောက် ရှိပါတယ်။ ရုရှားတွေ အရက်သောက်လို့ သက်တမ်းတိုကြ၊ တရုတ်တွေ ဆေးလိပ်သောက်လို့ သက်တမ်းတိုကြဆိုပြီး ကြားခဲ့ဖူးတာ ဟုတ်လောက်မယ် ထင်ပါတယ်။ စင်ကာပူရုံးမှာ ဆေးလိပ်သောက်တတ်တဲ့ အင်ဂျင်နီယာ ဒီလောက် မများပေမယ့် ဒီမှာတော့ ကျွန်တော်နဲ့ အတူသွားတဲ့ အေးဂျင့်၊ စက်ရုံက အင်ဂျင်နီယာတွေ အားလုံး တစ်ယောက်မကျန် ဆေးလိပ်သောက်ကြပါတယ်။

ညနေ ၅ နာရီ ကျော်မှ စက်ရုံကနေ ပြန်ခဲ့ပါတယ်။ ရှန်ဟိုင်းကို ရောက်သွားတာ ကိုယ်မရောက်ဖူးတဲ့ ဒေသကို ရောက်တယ်လို့ မခံစားရပါဘူး။ စင်ကာပူ မလေးရှား တရုတ်တွေ များတဲ့ စက်ရုံ အတော်များများကို လှည့်သွားဖူးလို့လားတော့ မပြောတတ်ပါဘူး။ တရုတ်ဆိုတာလည်း ကိုယ့်အတွက် အထူးအဆန်းမဟုတ် ဖြစ်နေတာကြောင့်လည်း ပါမယ် ထင်ပါတယ်။ ကျွန်တော့်စိတ်ထဲမှာ မန္တလေးကို ရောက်နေသလို ခံစားရပါတယ်။ တရုတ်စာတွေ နေရာတကာ တွေ့နေရတာ အပြင် ကားမောင်းတာလည်း မန္တလေးလို ဟိုနားက ခေါင်းထိုးထည့်၊ ဒီနားက ခေါင်းထိုးထည့် ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက် မောင်းနေ ကြတာ မို့ပါ။ စက်ရုံက အထွက်မှာ ဘလက်တက္ကစီ ဆွဲစားနေတဲ့သူတွေလည်း အများကြီး တွေ့ရပါတယ်။

ညနေရောက်တော့ ထမင်း စားဖို့ ဂွ ဖြစ်ပါတော့တယ်။ အနီးအနားက ဆိုင်တွေ လိုက်ကြည့်တာ အင်္ဂလိပ်လို ရေးထားတဲ့ ဆိုင် တစ်ဆိုင်မှ မတွေ့ပါဘူး။ အကုန်လုံး တရုတ်လို ရေးထားတာ ချည်းပါပဲ။လမ်းမပေါ် အပြန်ပြန် အလှန်လှန် လျှောက်ရင်း နောက်ဆုံးတော့ ပုံတွေ အများကြီး ချိတ်ထားတဲ့ ဆိုင်တစ်ဆိုင်ထဲကို ရောက်သွားပါတယ်။ ဆိုင်ထဲက ကောင်မလေးကို အင်္ဂလိပ်လို မီနူးရှိသလားမေးတော့ ဂြိုဟ်သားကို တွေ့တဲ့အလား ကျွန်တော့်ကို ပြူးပြဲ ကြည့်ပါတယ်။ နောက်တော့ နံရံက ပုံတွေ လိုက်ပြပါတယ်။ မပြောရင် မဖြစ်တော့ တာမို့ ခေါင်းထဲ ရှိသမျှ တရုတ်စကား ညှစ်ထုတ်ပြီး ပြောရပါတယ်။ တကယ်တော့လည်း စင်ကျားပူ ဆိုတာ အင်္ဂလိပ်စကားကို ရုံးသုံး လုပ်ထားတဲ့ တရုတ်တွေရဲ့ နိုင်ငံ မဟုတ်လား။ ကောင်မလေးက ဟင်းတစ်ပွဲကို လက်ညှိုးထိုးပြပြီး ဒါက နျူးယို (အမဲသား)လို့ ပြောပါတယ်။ ကျွန်တော်က အမဲသား မစားချင်ဘူး။ ကျူးယို ကျီးယို (ဝက်သားကြက်သား)ပဲ စားချင်တယ် ဆိုတော့ ဝက်သား တစ်ပွဲကို လက်ညှိုးထိုးပြပါတယ်။ အဲဒါ ယူမယ်ပြောတော့ လကျောင်း (ငရုတ်သီး) ပါတယ်လို့ ပြောလို့ ဟောင် (ကောင်းပြီ) လိုက်ပါတယ်။ နောက်တော့ ကြက်ဥပေါင်း တစ်ပွဲကို ထိုးပြလိုက်ပါတယ်။သူက အဲဒါ ကျီးသန့် လို့ ပြောတော့ သိတယ် အဲဒါယူမယ်လို့ ပြောလိုက် ပါတယ်။ နောက်တော့ ချောင်မြင့်န့်(ခေါက်ဆွဲကြော်)တစ်ပွဲ ယူမယ်ဆိုပြီး လက်ညှိုးထိုးပြ လိုက်ပါတယ်။




ဟင်းပွဲတွေ ရောက်လာမှ မှာလိုက်တာ အတော်များသွားမှန်း သိပါတယ်။ စားလို့ကုန်တာ မနှမြောဘူး သွန်ပစ်ရလို့ ကုန်ရင် ဒေါသဖြစ်တယ်လို့ တဖွဖွ ပြောတတ်တဲ့ မဟေသီ ကို သတိရသွား ပါတယ်။ ဝမ်းနည်းပါတယ်။ ဒီတစ်ခါတော့ တကယ်ကို ဝဲ ရတော့မှာပါ။ ဘယ်လိုမှ ကုန်အောင် မစားနိုင်ပါဘူး။ ဘယ်လောက် ကျမလဲ ခန့်မှန်းကြည့်ပါ။









ယွမ်နဲ့ဆို ၆၅ ယွမ်၊ စင်ကာပူဒေါ်လာ နဲ့ဆို ၁၃ ဒေါ်လာဝန်းကျင်၊ အမေရိကန် ဒေါ်လာ ၁၀ ဒေါ်လာ ဝန်းကျင် ကျပါတယ်။ မကုန်မချင်း ထိုင်စားပေမယ့် တစ်ဝက်တောင် ကုန်အောင် မစားနိုင်တာမို့ လက်လျှော့လိုက် ရပါတယ်။

မြင်ကွင်းလှလှ ကလေးတွေ ဓာတ်ပုံ ဗွီဒီယို ရိုက်ထားတာ တင်ချင်ပေမယ့် တရုတ်ပြည်မှာ ဘလော့ဂါ ဝင်မရလို့ ကျော်ခွပြီး တင်နေရတာမို့ စင်ကာပူ ပြန်ရောက်မှပဲ တင်ပါတော့မယ်။

Monday, May 28, 2012

ဘီယူဂျီ ဘတ်ဂ် ရှာဖွေသတ်

ဘတ်ဂ် (Bug) ဆိုတာ အင်္ဂလိပ်စာမှာ ပိုးကောင်ကို ခေါ်တာ ဖြစ်ပေမယ့် ကွန်ပျူတာ ဆော့ဖ်ဝဲလ်ထဲမှာ ဖြစ်တဲ့အမှားကိုလည်း ဘတ်ဂ်လို့ ခေါ်တာမှန်း သိကြမှာပါ။ ပိုးကောင်နဲ့ ဆော့ဖ်ဝဲလ်ထဲမှာ ဖြစ်တဲ့ အမှား ဘယ်လို ဆက်စပ်နေသလဲ ဆိုတဲ့ ဇာတ်လမ်းကိုတော့ ပရိုဂရမ်မာ တော်တော်များများ ကြားဖူးကြပါ လိမ့်မယ်။ ၁၉၄၇ ခုနှစ်က ဟားဗတ် တက္ကသိုလ်က မာ့ခ်တူး ဆိုတဲ့ ကွန်ပျူတာ တစ်လုံး ရုတ်တရက် ရပ်သွားပါတယ်။ အဲဒီတုန်းက အခုခေတ်လို အီလက်ထရွန်းနစ် ကွန်ပျူတာတွေ မပေါ်သေးပါဘူး။ စက်မှုအစိတ်အပိုင်းတွေကို လျှပ်စစ်နဲ့ မောင်းတဲ့ ကွန်ပျူတာ မျိုးပါ။ ကွန်ပျူတာ ရပ်သွားရတဲ့ အကြောင်းကို ရှာတော့ စက်ပစ္စည်းတွေကို ထိန်းချုပ်တဲ့ လျှပ်စစ် ရီလေး ခလုတ် တစ်ခုထဲမှာ ဘောက်ဖတ်တစ်ကောင် ညပ်နေတာကို သွားတွေ့ရပါတယ်။ အဲဒီ ဘောက်ဖတ်ကြောင့် ရီလေး အလုပ်မလုပ်တော့ပဲ ကွန်ပျူတာပါ ရပ်သွားခဲ့ရတာပါ။ အဲဒီအချိန်က စပြီး ကွန်ပျူတာမှာ အမှားဖြစ်ရင် ဘတ်ဂ် (ပိုးကောင်) တွေ့တယ်လို့ ဆိုကြပါတယ် လို့ ရာဇဝင် ရှိပါတယ်။

အမေရိကန်က ထုတ်တဲ့ အက်ဖ်-၁၆ တိုက်လေယာဉ်ပျံကို ဆော့ဖ်ဝဲလ် Simulator နဲ့ စမ်းသပ် မောင်းနှင်တဲ့ အချိန်တုန်းက တော်တော် ကြီးကြီးမားမား ဘတ်ဂ် တစ်ခုကို တွေ့ရတယ်လို့ ဆိုပါတယ်။ ပုံမှန် အနေနဲ့ အက်ဖ်-၁၆ အတွက် ကျွမ်းပစ်တယ် ဆိုတာ အသေးအဖွဲ ကိစ္စပါ။ ဒါပေမယ့် ဆော့ဖ်ဝဲလ် အမှားကြောင့် အီကွေတာပေါ် မောင်းနှင်တဲ့ အချိန် ကမ္ဘာမြေဆွဲအား ရုတ်တရက် မြင့်သွားတာကြောင့် လေယာဉ်ပျံက ဆော့ဖ်ဝဲလ်ထဲမှာ သူ့ဘာသာသူ ကျွမ်း ထပစ် ပါတယ်။ ဆင်မျူလေတာ ထဲမှာတော့ ပိုင်းလော့ သေမယ့် အနေအထားကို ပြပါတယ်။  နောက်ပြီးတော့ အက်ဖ်-၁၆ ကို စမ်းသပ်မောင်းနှင်နေတဲ့ အချိန် ပိုင်းလော့ တစ်ယောက်က ပြေးလမ်းပေါ် ရပ်ထားတုန်း လေယာဉ်ပျံ ဘီးကို ဆွဲတင် ကြည့်ပါတယ်။ ဘာဖြစ်သွားတယ် ထင်ပါသလဲ။ အက်ဖ်-၁၆ တစ်စင်း ဒန်အိုးဒန်ခွက် ဝယ်တဲ့ ကုလားဆီ ရောက်သွားပါတယ်။

ပရိုဂရမ်မာ အတွက်အချက် မှားလို့ အမေရိကန် တစ်နိုင်ငံလုံး မျိုးကန်းတော့ မလို ဖြစ်တဲ့ကိစ္စမျိုး ရှိဖူးတယ်လို့ ကြားဖူးပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ အမေရိကန်နဲ့ ဆိုဗီယက်ကြားမှာ စစ်အေး တိုက်ပွဲ ဆိုတဲ့ စစ်မတိုက်ပဲ တစ်ဖက်နဲ့ တစ်ဖက် အားပြိုင်နေတဲ့ ဖြစ်ရပ်ကြီး တစ်ခု ဖြစ်ခဲ့ကြတာ သိကြမှာပါ။ အဲဒီ အချိန်က အမေရိကန်မှာရော ဆိုဗီယက်မှာပါ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လှမ်းပစ်နိုင်တဲ့ တိုက်ချင်းပစ် ဒုံးကျည်တွေ ပေါ်မှာ နျူးကလီးယား ထိပ်ဖူးတွေ တပ်ပြီး ချိန်ထားကြပါတယ်။ အမေရိကန်နဲ့ ဆိုဗီယက် အချိန်မရွေး နျူးကလီးယား ဒုံးကျည်နဲ့ တစ်ဖက်နဲ့ တစ်ဖက် ပစ်နိုင်တဲ့ အနေအထားပါ။ ၁၉၈၃ မှာတော့ ဆိုဗီယက်က လွှတ်တင်ထားတဲ့ စောင့်ကြည့်ရေး ဂြိုဟ်တု တစ်ခုက တိမ်တိုက်တွေ အပေါ်မှာ နေရောင်ခြည် အလင်းပြန်တာကို အမေရိကန်က ဒုံးကျည် လွှတ်လိုက်တာ အဖြစ် အဓိပ္ပာယ် ပြန်လိုက် ပါတယ်။ အမေရိကန်က ဒုံးကျည် ၅ စင်း ပစ်လိုက်ပြီ ဆိုတဲ့ သတိပေးချက် ထွက်လာ တာကြောင့် အမေရိကန် ဒုံးကျည် ဆိုဗီယက်ကို မရောက်ခင် ဆိုဗီယက်ကနေ ပြန်ပြီးတော့ ဆော်ဖို့ ကြံပါတယ်။ ဒါပေမယ့် အဲဒီစနစ်ကို စောင့်ကြည့်နေတဲ့ ဗိုလ်မှူးကြီး တစ်ယောက်ကနေ အချိန်မီ ဆော့ဖ်ဝဲလ်အမှား အဖြစ် တားဆီးလိုက်နိုင်တဲ့ အတွက် အမေရိကန် နိုင်ငံကို ဆိုဗီယက်ကနေ နျူးကလီးယား ဒုံးကျည်နဲ့ အပစ်ခံရမယ့် အရေးကနေ သီသီကလေး လွတ်သွားပါတယ်။ အဲဒီဗိုလ်မှူးကြီးရဲ့ အပြောကတော့ အမေရိကန်ကသာ ဆိုဗီယက်ကို တကယ် ပစ်ချင်တယ် ဆိုရင် ဒုံးကျည် ၅ စင်းထဲတော့ ဘယ်ပစ်လိမ့်မလဲ လို့ ဆိုပါတယ်။

ကျောင်းတွေမှာ ပရိုဂရမ် ရေးတာ သင်ပေးတော့ ဘယ်လို စဉ်းစားရမယ် ဆိုတာသာ သင်ပေးပြီးတော့ ဒီဘတ်ဂ် (Debug) လို့ခေါ်တဲ့ ဘတ်ဂ်ကို ဘယ်လို ရှာရမယ် ဆိုတာ သင်မပေးကြပါဘူး။ တကယ်တော့ ဘတ်ဂ်ရှာတယ် ဆိုတာလည်း အတတ်ပညာ တစ်မျိုးပါပဲ။ ဘတ်ဂ်ရှာခြင်း အနုပညာဆိုပြီး စာအုပ်တစ်အုပ်တောင် ရေးလို့ ရလောက်ပါတယ်။ ဘယ်ပရိုဂရမ်မာမှ ဘတ်ဂ်များကင်းစင် ဆော့ဖ်ဝဲလ်တစ်ခွင် ဆိုပြီး ဘတ်ဂ်မရှိတဲ့ ပရိုဂရမ် မရေးတတ်ပါဘူး။ မမှားသော ရှေ့နေ၊ မသေသော ဆေးသမား ဆိုသလို ဘတ်ဂ်မရှိအောင် ရေးတတ်တဲ့ ဆော့ဖ်ဝဲလ် အင်ဂျင်နီယာလည်း မရှိပါဘူး။ စဉ်းစားတဲ့ အချိန် မှားသွားတာ ရှိတတ်သလို၊ သတိမမူမိတဲ့ တစ်နေရာမှာ အမှားဖြစ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်ဆော့ဖ်ဝဲလ်ကို တခြား ဆော့ဖ်ဝဲလ်တွေနဲ့ ပူးပေါင်းစစ်ဆင်ရေး လုပ်တဲ့ အချိန် တူတာတွေ တွဲလုပ် မတူတာတွေ ခွဲလုပ်လို့ မရဘဲ မတူတာတွေက ဒုက္ခပေးတာ မျိုးလည်း ရှိတတ် ပါတယ်။

ကွန်ပျူတာ သုံးတဲ့သူတိုင်း ရီပို့ လုပ်လိုက်ရမလား။ မိုက်ခရိုဆော့ဖ်ကို ရီပို့ လုပ်လိုက်ရမလား ဆိုတဲ့ စခရင်ကို မမြင်ဖူးတဲ့သူ မရှိသလောက် ရှားမှာပါ။ ကွန်ပျူတာ ကြည့်နေရင်း ဘာဖြစ်သွားမှန်း မသိတဲ့ စခရင်အပြာကြီးကိုလည်း မြင်ဖူးကြပါလိမ့်မယ်။ အရင်တုန်းက အလုပ်အတူ လုပ်ဖူးတဲ့ အင်ဂျင်နီယာ တစ်ယောက် ကတော့ သူ့ကို ကပ်စတန်မာက ဘတ်ဂ်မရှိတဲ့ ဆော့ဖ်ဝဲလ်လိုချင်တယ် ပြောလို့ အဲဒါဆို ဝင်းဒိုးလည်း သုံးမနေနဲ့လို့ ပြန်ငေါ့တာကို မှတ်မိပါ သေးတယ်။ ဝင်းဒိုးဆော့ဖ်ဝဲလ်လောက် ဘတ်ဂ်များတာ ဝင်းဒိုး ပဲ ရှိပါတယ်။ သို့ပေမယ့်လည်း မချစ်သော်လည်း အောင့်ကာနမ်း ဝင်းဒိုးမသုံးဘဲ လင်းနပ်စ် အက်ပဲလ်ပဲ သုံးရင် အင်တာပရိုက်စ်လောကမှာ လုပ်စားဖို့ မလွယ်တာကြောင့် ဝင်းဒိုးနဲ့တော့ ကင်းကွာလို့ မဖြစ်ပါဘူး။ 

တကယ်တမ်းတော့ ပရိုဂရမ် ရေးရတာ သိပ်ခက်တဲ့ ကိစ္စ မဟုတ်ပါဘူး။ ကွာလတီ ရှိတဲ့ ဆော့ဖ်ဝဲလ်ကို ရေးနိုင်ဖို့ ခက်တာပါ။ ကိုယ်ရေးထားတာ ဘယ်သူမှ နားမလည်၊ ဘယ်သူမှ ပြင်မရ၊ ကိုယ်တောင်မှ နောက်တစ်နှစ် လောက်နေ ပြန်ဖတ်ရင် ဘာတွေ ရေးထားမှန်း မသိဖြစ်နေမယ့် ပရိုဂရမ်မျိုး ရေးတတ်တဲ့ သူတွေလည်း ရှိပါတယ်။ အရှိန်ကို တစ်နာရီ မှာသွားတဲ့ မိုင်နှုန်း (miles per hour)နဲ့တိုင်း သလို  ဆော့ဖ်ဝဲလ် ကုတ်ဒ်ရဲ့ ကွာလတီကို WTF per minute နဲ့ တိုင်းတယ်လို့ ဆိုကြပါတယ်။ ဆော့ဖ်ဝဲလ်ထဲမှာ ရေးထားတဲ့ ကုတ်ဒ်ကို တစ်ခြား တစ်စုံတစ်ယောက်က ဖတ်မိရင် ပါးစပ်ကနေ တစ်မိနစ်ကို What the Fxxx ဘယ်နှစ်ခါ ရွတ်ရသလဲ ဆိုတဲ့ အတိုင်းအတာပါ။ ကုတ်ဒ်က ရှုပ်ပွနေလေ WTF များများ ရွတ်ရလေ ပါပဲ။ ဘတ်ဂ်ရှာတဲ့ အချိန် WTF/min မြင့်တဲ့ ဆော့ဖ်ဝဲလ်မျိုးနဲ့ တွေ့ရင်တော့ အတော် အကုသိုလ် များပါတယ်။  ဘတ်ဂ်မရှိတဲ့ ဆော့ဖ်ဝဲလ် ရေးဖို့ မဖြစ်နိုင်ပေမယ့် ဘတ်ဂ်ရှာဖို့ လွယ်တဲ့ ဆော့ဖ်ဝဲလ် တော့ ရေးဖို့ ဖြစ်နိုင်ပါသေးတယ်။

တစ်နေ့တစ်နေ့ ဘတ်ဂ်တွေ မွေးလိုက်၊ ဘတ်ဂ်တွေ သတ်လိုက်နဲ့ လုံးလည်ချာလည် လိုက်နေတဲ့ ပရိုဂရမ်မာ ဘဝမှာ အခု ဘလော့ခ်ပို့စ်ကလေး ရေးတာတောင် ဖိုင်းယားဖောက်စ်က ဘတ်ဂ်တက်ပြီး ကိုယ်ရေးနေတဲ့ပို့စ် တစ်ပိုင်းတစ်စ ပျောက်သွားတာကြောင့် ဩော်ဘတ်ဂ်ရယ်။ ဘတ်ဂ်နိုင်လွန်းတယ်လို့ပဲ ညည်းလိုက်ချင် ပါတော့တယ်။

Sunday, May 27, 2012

အပျောက်အရှ

ဒီနေ့တော့ အကြောင်းတိုက်ဆိုင်လို့ အရင်ကုမ္ပဏီမှာ အတူ လုပ်ခဲ့ဖူးတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက် အကြောင်းကို သတိရ သွားမိပါတယ်။ အဲဒီတုန်းက သူ့ကို ကြည့်လိုက်ရင် ဝပ်ရှော့ထဲမှာ အကြမ်းဝတ်တဲ့ ကုတ်အင်္ကျီဝတ်ပြီး စက်တွေဆင်နေတာ၊ စက်တွေ စမ်းနေတာ အမြဲတွေ့ရတော့ ကျွန်တော်တို့နဲ့ အဆင့်တူ လက်ထောက်အင်ဂျင်နီယာ တစ်ယောက်လို့ပဲ ထင်မိပါတယ်။ တစ်နေ့မှာ အမှတ်မထင် ကျွန်တော်တို့ ဌာနရဲ့ ဖွဲ့စည်းပုံကို ကြည့်မိတော့မှပဲ အံ့ဩစရာ ကောင်းစွာနဲ့ သူဟာ လက်ထောက်အင်ဂျင်နီယာ တစ်ယောက်မဟုတ်ဘဲ ဌာနခွဲမှူး (Section Head) တစ်ယောက်ဆိုတာ သိလိုက်ရပါတယ်။

နောက်မှ စကားစပ်မိလို့ သူ့အကြောင်း လုပ်ဖော်ကိုင်ဖက်တွေ ဆီကနေ ပြန်ကြားရပါတယ်။ သူဟာ ကျွန်တော်တို့လို အရင်က တစ်ချိန်လုံး ခရီးသွားနေရတဲ့ ဆားဗစ် အင်ဂျင်နီယာ တစ်ယောက်ပါ။ ဆားဗစ်အင်ဂျင်နီယာ ထဲမှာမှ အတော် ကျွမ်းကျင်လွန်းလို့  စီနီယာ အင်ဂျင်နီယာ အဆင့် ရထားတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတော့ သူ မက္ကဆီကိုမှာ စက်သွားဆင်ရင်း ပတ်စ်ပို့ ပျောက်သွားပါတယ်။ အဲဒီလို ပတ်စ်ပို့ ပျောက်သွားတဲ့ အတွက် သူ ဘယ်လောက်တောင် ဒုက္ခရောက်ခဲ့ရသလဲတော့ မပြောတတ်ပါဘူး။ နောက်ဆိုရင် ဘယ်ကိုမှ ခရီး မသွားတော့ဘူး ဆိုပြီး ခရီးသွားဖို့ လုံးဝ စိတ်နာသွားတဲ့ အထိပါပဲ။ ဘောစိက လက်မလွတ်ချင်တာနဲ့ ခရီးမထွက်ပါနဲ့တော့။ ထုတ်လုပ်ရေး ဘက်မှာပဲ ကြီးကြပ်ပါတော့ ဆိုပြီး သူ့ကို ဌာနခွဲမှူး ရာထူး ပေးထားတာပါ။

ခရီးသွားရင်း ပျောက်တယ် ရှတယ် ဆိုတာ နမော်နမဲ့ နိုင်လွန်းလို့ ဆိုပြီး ပြောမရပါဘူး။ ကျွန်တော့်လောက် တစ်ချိန်လုံး အိတ်ကပ်စမ်း၊ ပတ်စ်ပို့ ကို အမြဲထုတ်စစ်နေတဲ့သူတောင်မှ ပတ်စ်ပို့ တစ်ခါ ပျောက်ဖူးပါတယ်။ ဖြစ်ပုံက ဒီလိုပါ။ အဲဒီနေ့က ကျွန်တော် မလေးရှားက မလက်ကာကို အလုပ်ကိစ္စနဲ့ သွားပါတယ်။ စင်ကာပူ တစ်ဖက်ကမ်း ဂျဟိုးကနေ ကားစီးပြီး သွားတာပါ။ ပတ်စ်ပို့ကိုတော့ ထုံးစံ အတိုင်း လက်ပ်တော့ ဘေးအိတ်ထဲ ထည့်ထားပါတယ်။ ဒါပေမယ့်လည်း ကားပေါ်ရောက်တော့ အိတ်ကို စင်ပေါ် တင်ထားရတာနဲ့ ပတ်စ်ပို့ကို ကိုယ်နဲ့ မကွာ ထားချင်လို့ အိတ်ထဲက ထုတ်ပြီး အင်္ကျီ အိတ်ကပ်ထဲ ထည့်ထားလိုက်ပါတယ်။ ကားပေါ်မှာ စကားပြောရင်း အိပ်ပျော်သွား ပါတယ်။ မလက်ကာ ရောက်တော့ ကားဂိတ်မှာ တွိုင်းလက် ခဏဝင်ပြီး စက်ရုံကို ခရီးဆက်ခဲ့ပါတယ်။ စက်ရုံရောက်မှ လုံခြုံရေးကို ပြဖို့ အိတ်ထဲမှာ ပတ်စ်ပို့ နှိုက်ကြည့်တော့ မရှိတော့ပါဘူး။ ကျွန်တော့် ခေါင်းထဲမှာ အမှတ်ရ နေတာက ကားဂိတ်မှာ တွိုင်းလက် ဝင်တော့ အိတ်ထဲမှာ ဘာမှ မရှိတော့ဘူး ဆိုတာ ပါပဲ။ အဲဒါနဲ့ တက္ကစီဌားပြီး ကားဂိတ်ကို ပြန်ပြေးရပါတယ်။ ကားဂိတ်ရောက်တော့ ကျွန်တော်တို့ ဂျဟိုးကနေ စီးလာတဲ့ကားက ပြန်မထွက်သေးပါဘူး။ ကားပေါ်မှာလည်း လူတစ်ယောက်မှ မရှိ ကားသမားလည်း မရှိပါဘူး။ အဲဒါနဲ့ ကျွန်တော်တို့ အဲဒီဘေးမှာ ကားသမားကို နာရီဝက် နီးပါးလောက် ရပ်စောင့်နေရပါတယ်။

အဲဒီ နာရီဝက်မှာ ဘယ်လို ခံစားရသလဲ မေးရင် အတော် မြိန်တယ်လို့ ပြောရမှာပါပဲ။ မလေးရှားမှာ ပတ်စ်ပို့ပျောက်ရင် စင်ကာပူ ပီအာရ်ကတ်ဒ်နဲ့ မလေးရှားက ထွက်လို့ ရမရ မသိ၊ စင်ကာပူ ပြန်ဝင်လို့ ရမလား မရမလား မသိ အတော် ခေါင်းပူနေပါတယ်။ ထူပူနေတယ်ဆိုတာ အဲဒါမျိုးပြောတာ ဖြစ်ပါလိမ့်မယ်။ နာရီဝက်လောက်နေတော့ ကားသမား ရောက်လာပါတယ်။ သူ့ကို အကျိုးအကြောင်း ပြောပြတော့ ကားပေါ်တက်ရှာဖို့ တံခါး ဖွင့်ပေးပါတယ်။ ခုံဘေးမှာ၊ ခုံအောက်မှာ ကျနေသလား ကြည့်ပေမယ့် နီနီရဲရဲ ပတ်စ်ပို့ ကလေးကို အစအနတောင် ရှာမရ ပါဘူး။ ၅ မိနစ်လောက် ပြူးပြဲကြည့်ပြီး သွားပါပြီလို့ စိတ်လျော့လိုက်ပါတယ်။

ဖြစ်သမျှအကျိုး အဆိုးချည်းပဲ လို့ စိတ်ဒုံးဒုံးချရင်း ကားပေါ်က ပြန်ဆင်းခါနီးမှာတော့ အတူ လိုက်လာတဲ့ ကပ်စတန်မာ အဖိုးကြီးက ကျွန်တော်နဲ့ သူ ထိုင်တဲ့ ထိုင်ခုံ နှစ်ခုံကြားမှာ ညပ်နေတဲ့ ပတ်စ်ပို့ ကလေးကို ရှာတွေ့သွားပါတယ်။ လုတော့ မသိဘူး ဝတော့ အားကီး ဝမ်းသာသွားပါတယ်။ ရင်ဘတ်ထဲက အလုံးကြီးလည်း အဲဒီ အချိန်ကျမှ ကျသွားပါတော့တယ်။ မှတ်မှတ်ရရ အဖြစ်အပျက်ပါပဲ။

ကျွန်တော့် မိတ်ဆွေ တစ်ယောက်တော့ စင်ကာပူမှာ ခဏလာရင်း မလေးရှား တစ်ဖက်ကမ်းကူးပြီး  ဂျဟိုးဘာရူးမြို့ကို အလည်သွားတာ ဂျဟိုးမှာ အိတ်အခိုး ခံရလို့ ပတ်စ်ပို့ပါ ပါသွားပြီး ဒုက္ခ အကြီးအကျယ် ရောက်ဖူးပါတယ်။ ဂျဟိုးကနေ ကေအယ်လ် အထိသွား၊ ကေအယ်လ်က မြန်မာသံရုံးမှာ ပတ်စ်ပို့ ပြန်လျှောက်နဲ့ ဂျဟိုး တစ်ညနေ သွားရာကနေ မလေးရှားမှာ တစ်လလောက် သောင်တင်ခဲ့ဖူးပါတယ်။

ခရီးသွားရင် ပျောက်တာရှတာ ဘယ်လောက်ပဲ ဂရုစိုက်ပေမယ့် ဖြစ်တတ်ပါတယ်။ တစ်ယောက်တည်း သွားတဲ့ အချိန် ပိုက်ဆံအိတ်ပျောက်ရင်လည်း အကြီးအကျယ် ကွိုင်တတ် နိုင်သလို ဓားပြ တိုက်ခံရလို့ ပိုက်ဆံအိတ် ပါသွားရင်လည်း အကြီးအကျယ် ကွိုင်ပါပဲ။ အဲဒါကြောင့် ခရီးသွားတိုင်း ပိုက်ဆံနဲ့ ခရက်ဒစ်ကတ်ကို အနည်းဆုံး နှစ်နေရာ ခွဲပြီး ထည့်ထားပါတယ်။ မတော်တဆ ကျပျောက်ရင် ဖြစ်ဖြစ်၊ ဓားပြ တိုက်ခံရရင် ဖြစ်ဖြစ် ဆက်ပြီး လှုပ်ရှားလို့ ရအောင် လို့ပါ။

အကြောင်းတိုက်ဆိုင်လို့ ဒီအကြောင်းကို ရေးဖြစ်တယ် ဆိုတာတော့ ဒီကနေ့ သွားရင်း လာရင်း ခရက်ဒစ်ကတ် ကျပျောက် သွားလို့ပါ။ ပိုက်ဆံအိတ်ထဲ ထည့်ထားတဲ့ ခရက်ဒစ်ကတ်ဒ်တွေ ၂ နေရာ ခွဲထည့်လိုက်တော့ အိတ်ချောင်သွားတာမို့ ဆွဲထုတ်တဲ့ အချိန် ချောင်ပြီး ကျသွားတယ် ထင်ပါတယ်။ ဟိုတယ် ပြန်ရောက်လို့ ပိုက်ဆံအိတ် ဖွင့်တဲ့ အချိန်မှ ကတ်ဒ်ပျောက်သွားမှန်း သတိရပါတယ်။ စင်ကာပူကို ဖုန်းဆက် ခရက်ဒစ်ကတ်ဒ် လှမ်းပိတ်တာ ဖုန်းဖိုးတော့ ထွက်သွားပါတယ်။ တစ်ကတ်ဒ်တည်း ပျောက်သွားလို့ တော်ပါသေးတယ်။

ဘလော့ခ်ဖတ်လာ မိတ်သဟာ များလည်း ခရီးသွားရင်း ပတ်စ်ပို့တွေ၊ ပိုက်ဆံအိတ်တွေ၊ ခရက်ဒစ်ကတ်ဒ်တွေကို ပိုပိုမိုမို ဂရုစိုက်နိုင်အောင် သတိတရနဲ့ ပို့စ်ရေး တင်လိုက်ပါတယ်။

Friday, May 25, 2012

ရှန်ဟိုင်း နေ့စွဲများ (၁)

အလုပ်ကိစ္စနဲ့ ဝေးဝေးလံလံ ခရီးမသွားဖြစ်တာ အတော်ကြာပါပြီ ။ ကုမ္ပဏီမှာလည်း အုန်းပင်တက် လက်မှတ်ရပြီး အင်ဂျင်နီယာ လုပ်နေရာကနေ အိုင်တီဌာနကို ရောက်နေတာ တစ်နှစ်ခွဲလောက် ရှိပြီမို့ ခရီးသွားဖို့ အတော် အလှမ်းဝေးနေပါတယ်။ အခုတလောတော့ ကုမ္ပဏီမှာ အလုပ်အရမ်းများနေလို့ အိုင်တီ ပရိုဂရမ်မာ အနေနဲ့ ထိုင်ခုံမှာ ကျောက်ချထိုင် နေရာကနေ အင်ဂျင်နီယာ တလှည့်ပြန်ဖြစ်ပြီး ခရီးထွက်ရမယ့် စခန်းကို ပြန်ရောက် လာပါတယ်။ ဒီတစ်ခါတော့ အရှေ့တိုင်းရဲ့ ပါရီမြို့ လို့ တင်စားခေါ်ဝေါ်ကြတဲ့ တရုတ်ပြည် အရှေ့ဘက်ခြမ်းက ရှန်ဟိုင်း မြို့တော်ပါ။

ခရီးမသွားရတာ ကြာလို့ တစ်မျိုးတော့ ဖြစ်နေပါတယ်။ လေယာဉ်ပျံပေါ်ရောက်တော့ စင်ကာပူ လေကြောင်းလိုင်းက ကိုယ်နဲ့ရင်းနှီးနေတဲ့ လေယာဉ်တွင်း ဖျော်ဖြေရေး ဆော့ဖ်ဝဲလ်တောင်
ပုံစံ တစ်မျိုး ပြောင်းနေပါပြီ ။ လေယာဉ်ပျံပေါ်မှာ စလုံးကနေ လေ့လာရေး လာတဲ့ အန်ဂလိကန် ဟိုက်စကူး နဲ့ တခြား အထက်တန်းကျောင်း တစ်ကျောင်း က ကလေးတွေ တစ်အုပ်ကြီး ပါပါတယ်။ ကလေးတွေ ဆိုပေမယ့် ၁၃-၁၄ နှစ်လောက်တွေတော့ ရှိကြပါပြီ။  ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံခြား ထွက်သွားတာ ဘဝခြား သွားသလို ထင်နေတဲ့သူတွေ ရှိကြသေး ပေမယ့် သူများနိုင်ငံတွေမှာတော့ နိုင်ငံခြားဆိုတာ ကလေးတွေ အတွက်တောင် အထူးအဆန်း မဟုတ်တဲ့ ကိစ္စ ဖြစ်နေပါပြီ။  သူများနိုင်ငံက ကလေးတွေ နိုင်ငံခြားကို လေ့လာရေး ခရီးတွေ ထွက်နေကြတာ မြင်ပြီး ကျွန်တော်တို့ နိုင်ငံက ကလေးတွေလည်း သူတို့လို နိုင်ငံခြား လေ့လာရေး သွားနိုင်မယ့် အခြေအနေ ဘယ်တော့ ရောက်မလဲလို့ စိတ်ထဲမှာ တွေးကြည့်မိပါတယ်။

လေဆိပ်က ဆင်းဆင်းချင်း ရှန်ဟိုင်းမြို့လယ်ခေါင်က ကုမ္ပဏီ တိုက်ခန်းကို တက္ကစီ ငှားသွားရင် ရပေမယ့် နည်းနည်းလေးတော့ ရှည်လျားလိုက်ရမှ စိတ်ကျေနပ်တာမို့ ဖြောင့်ဖြောင့်တန်းတန်း မသွားဖြစ်ပါဘူး။ မသွားခင် တစ်ရက်ကမှ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ဆီက သတင်း ရထားတဲ့ မက်လက်ဗ် ရထားကို စီးဖူးတယ် ရှိအောင် စီးကြည့်ဖို့ ကြံပါတယ်။ မက်လက်ဗ်ဆိုတာ Magnetic Levitation ကို အတိုကောက် ပြောတာပါ။ ဂျပန်က ကျည်ဆန် ရထားတွေနဲ့ နည်းပညာချင်း နည်းနည်းကွဲတယ်လို့ ကြားဖူးပါတယ်။ ဂျာမနီက နောက်ဆုံးပေါ် နည်းပညာပါ။ ရထားကို သံလမ်းပေါ်မှာ သံလိုက်နည်းနဲ့ တွန်းတင်ပြီး သွားတဲ့ ကျည်ဆန်ရထား တစ်မျိုးပါပဲ။ ဂျာမနီမှာ စမ်းသပ် အဆင့်ပဲ ပြေးနေပေမယ့် တရုတ်ပြည်မှာတော့ စီးပွားဖြစ် စဆွဲနေပါပြီ။ လေဆိပ်ကနေ လောရန်းလမ်း ဘူတာ တစ်ဘူတာပဲ သွားပါတယ်။ အဲဒီခရီးကို ပုံမှန်ဆိုရင် ယွမ် ၅၀ ပေးရပြီး လေယာဉ်ပျံလက်မှတ်ပြရင်တော့ လျော့ဈေး ၄၀ ယွမ်နဲ့ စီးလို့ ရပါတယ်။

ကျည်ဆန်ရထား စီးချင်လို့ ရွစိတက်နေတာတော့ ငယ်ငယ်ကတည်းကပါပဲ။ အခုတော့ တစ်ကယ်ပဲ စီးဖြစ်သွား ပါပြီ။ တရိပ်ရိပ် အရှိန်ပြေးနေတဲ့ ရထားဟာ ရပ်ထားတဲ့ နေရာကနေ တောက်လျှောက် အရှိန်မြင့် လိုက်တဲ့ အခါ တစ်နာရီကို ၃၀၀ ကီလိုမီတာနှုန်း အထိ မြန်သွားပါတယ်။ ဒီလို ရထားလမ်းမျိုး ရန်ကုန်နဲ့ မန္တလေးကြားသာ ဆောက်လိုက်ရင်တော့ ရန်ကုန်နဲ့ မန္တလေး ၂ နာရီကျော်လောက်နဲ့ သွားလို့ ရမယ့် ပုံပါပဲ။ ရထားထဲမှာ ရထား ဘယ်အရှိန်နဲ့ သွားနေတယ်ဆိုတာ ပြနေတာမို့ တစ်နာရီ ၃၀၁ ကီလိုမီတာ နှုန်း အမြန်ဆုံး သွားနေတဲ့ အချိန် ဓာတ်ပုံ ရိုက်ယူလာပါတယ်။



ရထားပေါ်က ဆင်းပြီးတော့ သူများတွေနဲ့ ရောယောင်ပြီး ရထားကို ဓာတ်ပုံတစ်ပုံ ရိုက်လိုက်ပါသေးတယ်။



ရထားက တစ်ဘူတာပဲ သွားပါတယ်။ တစ်ဘူတာ သွားပြီးတော့ လော်ရန်းလမ်းမှာ ရပ်ပါတယ်။ လော်ရန်လမ်းကနေ တက္ကစီငှားပြီး ကုမ္ပဏီ တိုက်ခန်း ရှိတဲ့ နေရာကို ထွက်လာခဲ့ပါတယ်။ ရှန်ဟိုင်းကတော့ တကယ်ကို တိုးတက်နေတဲ့ မြို့တော်ပါပဲ။ မိုးမျှော်တိုက်ကြီးတွေ မိုးပျံလမ်းကြီးတွေနဲ့ မို့ သူနဲ့ ပုံစံတူတဲ့ ဘန်ကောက် မနီလာ ရောက်ဖူးသမျှ နေရာ အကုန်လုံးကို သတိတရ ဖြစ်သွားပါတယ်။ ရှန်ဟိုင်းမှာ ဗောက်စ်ဝက်ဂွန်ကားတွေ အတော်များတာ သတိထားမိပါတယ်။ ကျွန်တော်စီးလာတဲ့ တက္ကစီက ဗောက်စ်ဝက်ဂွန်၊ ဘေးနားက သတိထားမိတဲ့ တက္ကစီ အတော်များများလည်း ဗောက်စ်ဝက်ဂွန်တွေပါပဲ။ လိပ်ခုံးကားတော့ မဟုတ်ပါဘူး။ ဗောက်စ်ဝက်ဂွန် ကုမ္ပဏီက ထုတ်တဲ့ ဆန်တာနာ ဆိုတဲ့ တခြားကားအမျိုးအစားတွေပါ။ တက္ကစီတွေမှာ ထူးခြားချက်က တက္ကစီသမားရဲ့ ကားမောင်းတဲ့ နေရာကို ဘေးကနေ သံတန်းတွေ ကော်ပြားတွေနဲ့ ကာထားတာပါ။ အလွယ်တကူ ရန်ပြုလို့ မရအောင် ဓားပြတိုက်လို့ မရအောင် ကာထားတာလို့ပဲ ကိုယ့်ဘာသာကိုယ် ကောက်ချက်ချလိုက်ပါတယ်။

တိုက်ခန်းရောက်ပြီးတော့ တရုတ်ပြည်မှာ ရုံးထိုင်နေတဲ့ ရုံးက မန်နေဂျာတစ်ယောက်နဲ့ တွေ့ပါတယ်။ သူက အဲဒီတိုက်ခန်းမှာ နေတာပါ။ ဧည့်သည်လာရင် တည်းဖို့ အိပ်ခန်းတစ်ခန်း အပိုရှိပါတယ်။ ပစ္စည်းတွေ ထားပြီးတော့ သူက ကျွန်တော့်ကို ဘာလုပ်ချင်သလဲ မေးပါတယ်။ နေ့လည်က ၃ နာရီ ထိုးခါနီး လေယာဉ်ပျံပေါ်က ကျွေးတဲ့ နေ့လည်စာက ဗိုက်မဝတာမို့ ဗိုက်ဆာတယ် တစ်ခုခု စားချင်တယ်လို့ ပြောလိုက်ပါတယ်။ ဒီလိုနဲ့ အဲဒီနားက ခေါက်ဆွဲဆိုင်ကို ရောက်ခဲ့ပါတယ်။ ရှန်ဟိုင်းမှာမို့ တရုတ် ခေါက်ဆွဲဆိုင်လို့  ထင်ရင်တော့ မောင်လေး ညီမလေးတို့ အဖြေမှားသွားပါပြီ။ အာဂျီးဆန် ရာမန် ဆိုတဲ့ စင်ကာပူမှာ ရှိတဲ့ ဂျပန် ခေါက်ဆွဲဆိုင်ပါပဲ။ စင်ကာပူနဲ့ ယှဉ်ရင်တော့ အများကြီး ဈေးသက်သာပါတယ်။

ခေါက်ဆွဲစားပြီးတော့ အဲဒီနားတစ်ဝိုက် လမ်းလျှောက်ထွက်ခဲ့ပါတယ်။ ရှန်ဟိုင်း မြို့လည်ခေါင်မှာမို့ လူတွေအများကြီးပါပဲ။ စနေနေ့ နေ့လည်ဖြစ်နေတာက တစ်ကြောင်း၊ လူဦးရေ ၁၄သန်း ရှိတဲ့ မြို့တော် ဖြစ်နေတာကတစ်ကြောင်း ထင်ပါတယ်။ လူတွေကတော့ ကြိတ်ကြိတ်တိုးပါပဲ။ လမ်းလျှောက်ရင်းနဲ့ ဘေးက ကောင်လေးတစ်ယောက် အနားကပ် လာပြီး မာဆပ် လုပ်ချင်သလား လာမေးလို့ ခေါင်းခါ ပြလိုက်ပါတယ်။ ရုံးက လုပ်ဖော်ကိုင်ဖက် တစ်ယောက်က မသွားခင် မှာလိုက်ပါတယ်။ မာဆပ်သွားချင်ရင် တည့်တည့် ဝင်သွား၊ လမ်းဘေးမှာ ထွက်ခေါ်တာတွေနဲ့ မလိုက်နဲ့။ ပါးပါးလှီးလိမ့်မယ် ဆိုပြီးတော့ပါ။ ကြည့်ရတာတော့ သူကိုယ်တိုင် ခံခဲ့ရပုံပေါ်ပါတယ်။ ရုံးက မန်နေဂျာက သူ အနှိပ်သွားခံ မလို့ လိုက်မလား၊ အခန်းမှာပဲ ပြန်နားချင်သလားလို့ မေးပါတယ်။ မာဆပ်က ရိုးရိုးမာဆပ်ပဲ Hanky-Panky တွေ မပါဘူး။ ညောင်းရင်တော့ လိုက်ခဲ့ ဆိုတာနဲ့ပဲ သူနဲ့ လိုက်သွားဖြစ်ပါတယ်။

သူခေါ်သွားတဲ့ မာဆပ်ကလည်း အဲဒီနားတင်ပါပဲ။ အခန်းတစ်ခန်းထဲမှာ ဆိုဖာ ထိုင်ခုံ ၂ လုံးနဲ့ တယ်လီဗွီးရှင်း ရှိပါတယ်။ ခဏနေတော့ ကောင်မလေး ၂ ယောက် ဘာတွေ စိမ်ထားမှန်း မသိတဲ့ သစ်သား ရေနွေးဇလုံ တစ်လုံးစီ သယ်ပြီး ရောက်လာပါတယ်။ ရေနွေးထဲ ခြေထောက်ကို စိမ်ပြီးတော့ ပုခုံးကို နှိပ်ပေးပါတယ်။ ပုခုံးကို နှိပ်ပြီးတော့ ခြေထောက်ကို စနှိပ်ပါတော့တယ်။ သူတို့ ခြေဖဝါးနှိပ်တော့မှပဲ ကိုယ့်ခြေဖဝါးမှာ အကြောတွေ အတော်များမှန်း သဘောပေါက် ပါတော့တယ်။ ခြေချောင်း တစ်ချောင်းချင်းစီ ရဲ့ အကြောတွေကို ခြေဖဝါးမှာ ရှာနှိပ်သွားတာ လက်ဖျားခါလောက်ပါတယ်။ သူတို့ကတော့ နှိပ်ရင်း မန်နေဂျာနဲ့ ကွိစိကွစတွေ ပြောနေ ကြပါတယ်။ နှိပ်တာ ခံပြီးတော့ အတော် အညောင်းပြေ သွားပါတယ်။ မန်နေဂျာ ကျွန်တော့်ကို ပြောထားတဲ့ အတိုင်းပါပဲ။ ဟန်ကီပန်ကီ လုံးဝ မပါပါဘူး။

အနှိပ်ခန်းကထွက်တော့ ညနေ ၆ နာရီခွဲလောက် ရှိနေပါပြီ။ အဲဒီ အနားမှာ ရှိတဲ့ ရပ်ဖဲလ်စီးတီးကို ရောက်ခဲ့ပါတယ်။ စင်ကာပူက အင်္ဂလိပ်လူမျိုး ဆာရ် စတန်းဖို့ဒ် ရပ်ဖဲလ် တည်ခဲ့တဲ့ မြို့မို့လို့ ရပ်ဖဲလ်စီးတီး ရှိတာ ရှန်ဟိုင်းမှာ ဘာလို့ ရပ်ဖဲလ်စီးတီး ရှိရတာလဲ လို့ မေးစရာ ရှိပါလိမ့်မယ်။ စင်ကာပူ ကုမ္ပဏီ ကက်ပီတာ လန်း က ဆောက်ထားတာပါ။ ရပ်ဖဲလ်စီးတီးထဲ ဝင်တော့ စင်ကာပူက ရပ်ဖဲလ်စီးတီးထက် အများကြီး သားနားသလို ခံစားရပါတယ်။ အဓိကကတော့ နေရာကျယ်တာ ကြောင့် ဖြစ်မယ် ထင်ပါတယ်။ ဆိုင်တစ်ဆိုင်ထဲ ဝင်ကြည့်တော့ အင်္ကျီတွေက စလုံးက ရောင်းတဲ့ ဈေးထက်တောင် ကြီးပါသေးတယ်။ မန်နေဂျာကတော့ နာမည်ကြီးတဲ့ တံဆိပ် ဝယ်ချင်ရင် စင်ကာပူမှာပဲ ဝယ်။ ဒီမှာက သွင်းကုန်အခွန်ရော၊ ရောင်းတဲ့ အပေါ်မှာ ကောက်တဲ့ အခွန်ရော ဈေးကြီးတယ်လို့ ပြောပြပါတယ်။ အောက်က ဓာတ်ပုံကတော့ ရပ်ဖဲလ်စီးတီး အတွင်းပိုင်းမှာ ရိုက်ထားတာပါ။



ညနေစာ စားချိန် ရောက်ပြီမို့ ကျွန်တော်တို့ ညနေစာ စားဖို့ တက္ကစီ ငှားပြီး ထွက်ခဲ့ကြ ပါတယ်။ မန်နေဂျာကတော့ ဥက္ကဌကြီး မော်ရဲ့ နယ်က အစားအစာ လိုက်ကျွေးမယ် ပြောပါတယ်။ ဥက္ကဌကြီးမော်က ဟူနန် နယ်ကပါ။ တရုတ်ပြည်မှာ ယဉ်ကျေးမှုတော်လှန်ရေး ဆိုပြီး ရှိသမျှ ရှေးဟောင်း ပစ္စည်းတွေတွေ ဖျက်စီးခိုင်းခဲ့တဲ့ ဥက္ကဌကြီးမော်၊ တရုတ်စာလုံးကို ဖျောက်ပြီး အင်္ဂလိပ်စာလုံးနဲ့ တရုတ်စာကို ရေးခိုင်းဖို့ ကြံစည်ခဲ့တဲ့ ဥက္ကဌကြီးမော်၊ ပညာတတ်မြို့နေ လူငယ်တွေကို တောမှာဆင်း လယ်ထွန်းခိုင်းခဲ့တဲ့ ဥက္ကဌကြီးမော် တရုတ်ပြည်မှာတော့ လူတိုင်းအမှတ်တရ ရှိတုန်း နေမှာပါပဲ။

ဆိုင်ကိုရောက်တော့ လူအပြည့်ပေမယ့် သိပ်ကြာကြာ မစောင့်ရပါဘူး။ ဆိုင်ထဲမှာ နိုင်ငံခြားသားတွေလည်း အများကြီးပါပဲ။ စားပွဲထိုးက မီနူး ယူလာပေးတော့ မီနူးထဲမှာ မစ္စတာ မော်ရဲ့ အကြိုက် ပုဇွန်၊ မစ္စတာ မော်ရဲ့ အကြိုက် ဂဏန်း အဲဒီလိုမျိုးတွေ ရေးထားတာ တွေ့ရပါတယ်။ ဘာမှာရမှန်း မသိလို့ မန်နေဂျာကိုပဲ မှာခိုင်းလိုက်ပါတယ်။ ဝက်နံရိုး အစပ်ကင်၊ ဝက်သားအစပ်၊ တို့ဟူး အစပ်၊ အရွက်ကြော်၊ ဆေးဘဲဥဟင်း၊ ဆန်ပြားလို အပြားတွေနဲ့ အစပ်ဟင်း တွေ ရောက်လာပါတယ်။ တရုတ်စာမှာ အပူဟင်း (Hot Dish) နဲ့ အအေးဟင်း (Cold Dish) ရှိတယ် ဆိုတာ အဲဒီနေ့က လေယာဉ်ပျံပေါ်မှာ လျှောက်ကြည့်ရင်းမှ သတိထားမိပါတယ်။ အပူဟင်းက ချက်ချင်း ချက်ပြုတ်ထားတဲ့ဟင်း၊ အအေးဟင်းက ညကတည်းက
ပြင်ဆင်ထားတဲ့ဟင်း အဲဒီလိုမျိုး ကွဲပါတယ်။ ဟင်းတွေ အားလုံးက အစပ်တွေချည်းပဲမို့ ရှူးရှူးရှဲရှဲ စားနေရပါတယ်။ ဘီယာလည်း မှာပြီးသားမို့ ပုံမှန် မသောက်တာ ကြာပေမယ့် သောက်ဖြစ်ပါတယ်။ အမှန်တကယ်ကတော့ မူးရတဲ့ အရသာကို မကြိုက်လို့ အရက် ဘီယာကို တတ်နိုင်သလောက် မသောက်ဖြစ်တာပါ။ ဟင်းတွေက ရှူးရှူးရှဲရှဲမို့ မသောက်တာ ကြာပေမယ့် ဘီယာတစ်လုံး ကုန်တာတောင် နည်းနည်းလေးမှ ရီတီတီ မဖြစ်ပါဘူး။

ပိုက်ဆံရှင်းပြီးတော့ တိုက်ခန်းကို ပြန်ခဲ့ပါတယ်။ မအိပ်ခင် တိုက်ခန်းက လှမ်းမြင်နေရတဲ့ ရပ်ဖဲလ်စီးတီးနဲ့ အနားက မိုးမျှော်တိုက် တစ်ခုကို ဓာတ်ပုံ ရိုက်ဖြစ်ပါတယ်။




အင်တာနက် ဖွင့်ကြည့်တော့ဖွဘုတ်၊ ယူကျု ဝင်မရပါဘူး။ ဒါပေမယ့်လည်း တတ်သည့်ပညာ မနေသာ ဆိုသလို မြန်မာပြည်က အတတ်နဲ့ ကျော်ခွကြည့်တော့ နာမည်ကျော် တရုတ်ပြည်ရဲ့ ဖိုင်းယားဝေါလ်ကြီးကို ကျော်လို့ရတာ တွေ့ရပါတယ်။ နောက်နေ့များမှ ရှန်ဟိုင်း အတွေ့အကြုံတွေကို ဆက်ပါဦးမယ်။

Monday, April 30, 2012

လစ်ဘရယ်တစ်ယောက်ရဲ့ ညည်းချင်း

ဘာရယ်လို့ မဟုတ်ပါဘူး။
ယဉ်ကျေးမှု ပိုက်ကွန်နဲ့ ကိုယ့်ဟာကိုယ်ချည်တုပ်
မလှုပ်မယှက်နိုင် ဖြစ်နေသူတွေကို
ပုဆိုးနဲ့တိုက်ပုံ သမိုင်းကြောင်းမေး
သီချင်းကြီး တစ်ပုဒ်လောက် ချရေးခိုင်းခဲ့တာ
ငါ့ဘက်က မှားတာပါ။

ဘာရယ်လို့ မဟုတ်ပါဘူး။
ဝါဒဖြန့် မှိုင်းတွေကြား မူးယစ်
အမျိုးမစစ်မှာ တွေးပူနေသူတွေကို
သာကီဝင် မောင်နှမ ပြန်ယူကြတဲ့ အကြောင်းပြော
ဗြဟ္မာကြီး လေးဦးကစတဲ့ အယူဝါဒကို ဟောမိတာ
ငါ့ဘက်က မှားတာပါ။

ဘာရယ်လို့ မဟုတ်ပါဘူး။
လူနဲ့မူကို ခွဲခြားမမြင်
မျက်စိမှိတ် ထောက်ခံချင်သူတွေကို
Principle နဲ့ Idealistic သဘော
စောကြော မိခဲ့တာ
ငါ့ဘက်က မှားတာပါ။

ဘာရယ်လို့ မဟုတ်ပါဘူး။
ဒီမိုကရေစီလို့ တစာစာ ဟစ်ကြွေး
တသီးပုဂ္ဂလ လွတ်လပ်ခွင့်ကို မတွေးတဲ့
Conservative တွေရဲ့ကြားမှာ
လစ်ဘရယ်လို့ ခံယူမိခဲ့တာ
ငါ့ဘက်ကမှားတာပါ။

Wednesday, March 21, 2012

ကရားဆူးတို့ပြည်

ကျွန်တော်တို့ စလုံးကို ရောက်ခါစ သက္ကရာဇ် ၂၀၀၀ မပြည့်တပြည့် အချိန်ကပါ။ တနင်္ဂနွေ ညတစ်ည ၉ နာရီလောက် မှာ သူငယ်ချင်းတွေနဲ့ အတူ ကော်ဖီသောက်ရင်း တော့ကီပွားဖို့ အိမ်နားက ဈေးထဲကို လမ်းလျှောက် ထွက်လာခဲ့ကြ ပါတယ်။ အဲဒီ ဈေးထိပ်မှာ မက်ဒေါ်လ်နယ် ဘာဂါဆိုင် တစ်ဆိုင် ရှိပါတယ်။ ဘာဂါဆိုင်ရှေ့မှာတော့ လူတွေ ဟိုနားတစ်စု သည်နားတစ်စု နဲ့ ထိုင်နေကြတာကို တွေ့ရ ပါတယ်။ တစ်ချို့က ပလက်ဖောင်းပေါ် အခင်းကလေးတွေ ခင်းပြီး ထိုင်နေသလို တစ်ချို့ကလည်း ဒီအတိုင်း ငုတ်တုပ် ထိုင်နေကြ ပါတယ်။ ခြေပစ်လက်ပစ် ထိုင်နေတဲ့သူတွေလည်း ရှိသလို ဂစ်တာ တီးနေတဲ့ သူလည်း ရှိပါတယ်။ မြန်မာပြည်မှာ လမ်းဘေး အဝတ်ခင်းပြီး ထိုင်တာ မထူးဆန်းပေမယ့် စင်ကာပူမှာတော့ လူတွေ လမ်းဘေး တန်းစီ ထိုင်နေတာ နည်းနည်း ထူးဆန်းတယ်လို့ ထင်ရ ပါတယ်။

သူတို့ ဘာလုပ်နေကြတာလဲလို့ ကျွန်တော်တို့ အချင်းချင်း ပြန်မေးကြပေမယ့် ဘယ်သူမှ ရေရေရာရာ မသိကြပါဘူး။ နာရီဝက်လောက် အကြာ ကျွန်တော်တို့ လက်ဖက်ရည်သောက်ပြီး ပြန်လာတော့ အဲဒီနေရာမှာ လူတွေ ပိုများ လာတာကို သတိထားမိ ပါတယ်။ မက်ဒေါ်လ်နယ်က မပိတ်သေးဘဲ အထဲက ကောင်တာမှာလည်း လူသိပ်မရှိတာမို့ ဘာဂါစားဖို့ တန်းစီ နေတာတော့ မဖြစ်လောက် ပါဘူး။ ဒီလိုနဲ့ သူတို့ ဘာလုပ် နေကြသလဲ ဆိုတာ ကျွန်တော်တို့ အချင်းချင်း ငြင်းကြခုံကြရင်းနဲ့ အိမ်ပြန် ရောက်လာခဲ့ ပါတယ်။

နောက်တစ်နေ့ မနက်တော့ ရှစ်နာရီ အတန်းရှိတာမို့ အိမ်ကနေ ၇ နာရီကျော်လောက် ထွက်လာခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့ နေတဲ့ နေရာက ဘူကစ်ပန်ဂျန်း လို့ခေါ်တဲ့ နည်းနည်းချောင်ကျတဲ့ နေရာမှာ ပါ။ ကျွန်တော်တို့ ကျောင်းရှိတဲ့ ဒိုဗာ ကိုရောက်ဖို့ ၄၅ မိနစ်လောက် သွားရပါတယ်။ ကျွန်တော်တို့ ကျောင်းသွားရင် နိအန်း ပေါ်လီတက်ခနစ် အနားမှာ ကားတစ်ဆင့် ပြောင်းစီးရပါတယ်။ နိအန်းပေါ်လီနား ရောက်တော့ ကားတွေ ပိတ်နေတာနဲ့ ကားက တစ်လိမ့်ချင်း လိမ့်နေရ ပါတယ်။ ကားပေါ်ကနေ လမ်းဘေးကို လှမ်းကြည့်တော့ နိအန်းကျောင်းရဲ့ လမ်းတစ်ဖက်ခြမ်းက မက်ဒေါ်လ်နယ် ဆိုင်ရှေ့မှာ ကားတွေ အများကြီး တန်းစီနေကြတာ လှမ်းတွေ့ရပါတယ်။ အဲဒါကတော့ Drive-Thru လို့ခေါ်တဲ့ ကားမောင်းရင်း ဘာဂါ ဝယ်ရတဲ့ နေရာပါ။ မက်ဒေါ်လ်နယ်မှာ လူတွေ ဘာကို ဒီလောက်တောင် သည်းကြီးမည်းကြီး တန်းစီ ဝယ်နေရသလဲ ဆိုတာ ပဟေဠိ ဖြစ်နေ ပါပြီ။ ဒီလိုနဲ့ ပုံမှန် ၄၅ မိနစ်လောက်နဲ့ ရောက်တဲ့ ကျောင်းကို ၁ နာရီခွဲ ၂ နာရီလောက် ဘတ်စ်ကား စီးပြီးမှပဲ ရောက်ခဲ့ ပါတော့တယ်။

ကျောင်းရောက်တော့ နောက်ကျတာ ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး။ အတန်းထဲမှာ ကျွန်တော့်လိုပဲ ကားပိတ်နေတာ ကြုံလို့ နှစ်ယောက် သုံးယောက် နောက်ကျ ကြပါတယ်။ အတန်းထဲ ရောက်မှ အတန်းထဲက စလုံး သူငယ်ချင်းတွေကို မက်ဒေါ်လ်နယ်မှာ ဘာဖြစ်နေသလဲ လို့ မေးကြည့်မိ ပါတယ်။ အဲဒီတော့မှပဲ ဇာတ်ရည်လည်ပါ တော့တယ်။ မက်ဒေါ်လ်နယ်မှာ ဟဲလိုကစ်တီ လို့ ခေါ်တဲ့ ကြောင်ရုပ်ကို တနင်္လာနေ့တိုင်း ရောင်းပါတယ်။ အဲဒီ အရုပ်က တစ်ပတ်ကို တစ်မျိုး မတူအောင် ရောင်းတာမို့ ဝယ်စုတဲ့ သူတွေက သဲကြီးမဲကြီး ဝယ်စုကြတဲ့ အကြောင်း၊ အရုပ်က အကန့်အသတ်နဲ့ ရောင်းတာမို့ မနက်ခင်း အရုပ်ရောင်းရင် မရလိုက်မှာ စိုးလို့ မက်ဒေါ်လ်နယ်ရှေ့မှာ ညအိပ် တန်းစီပြီး စောင့်ကြတဲ့ အကြောင်း သူငယ်ချင်း တစ်ယောက်က ရှင်းပြ ပါတယ်။ မက်ဒေါ်လ်နယ်မှာ တန်းစီဝယ်ရင်း မီးလ် ပါ အပါအဝင် ၁၀ ဒေါ်လာတောင် မကျတဲ့ အရုပ်တစ်ရုပ်ကို အပြင်မှာ ဒေါ်လာ ၅၀ နဲ့ ပြန်ပေးပြီး ဝယ်ကြတဲ့ အကြောင်းလည်း သူငယ်ချင်းက ပြန်ပြောပြပါတယ်။ နောက်တော့ ကျွန်တော့်ရဲ့ စလုံး သူငယ်ချင်းက ရယ်ရယ်မောမောနဲ့ ကရားဆူး ဆိုတာ ဒါပဲကွလို့ ပြောပါတယ်။

ကရားဆူး (Kiasu) ဆိုတာ စင်ကာပူမှာ သုံးတဲ့ ဗန်းစကားပါ။ သူများနောက် ကျန်နေခဲ့မှာကို ကြောက်တာ (afraid to lose) လို့ အဓိပ္ပာယ်ရပါတယ်။မနက်ခင်းမှ လာတန်းစီရင် ရရဲ့သားနဲ့ မရလိုက်မှာစိုးလို့ ညကတည်းက ညအိပ်ပြီး တန်းစီကြတာ ကရားဆူး စိတ်ဓာတ်ကို ပေါ်လွင်အောင် ပြတာပါ။ အဲဒါ အပြင် ကားရှိတဲ့ သူတွေကလည်း သူတို့ မရလိုက်မှာ စိုးလို့ ကားနဲ့ လာတန်းစီ ကြတဲ့အတွက် လမ်းတွေ ပိတ်တဲ့ အထိ ဖြစ်ကုန်ကြတာပါ။ စင်ကာပူမှာ သူ့ထက်ငါ အနိုင်မခံ အရှုံးမပေး ကရားဆူးကြတာ အထူးအဆန်း တော့လည်း မဟုတ်ပါဘူး။ ကလေး ပေါက်စနကို ကျောင်းကောင်းကောင်းမှာ ဝင်ခွင့်ရအောင် ကျောင်းရှေ့မှာ တိုကင်မပေးခင် ၃ ရက်လောက်လိုတဲ့ အချိန်ကတည်းက တဲထိုးပြီး စောင့်ကြမယ်။ တစ်ချို့ မိဘကလည်း ကလေးကို ကျောင်းကောင်းကောင်းမှာ ဝင်ခွင့် ရအောင် ကျောင်းနားနီးတဲ့ အိမ်တစ်အိမ်ကို တစ်လ နှစ်လ ပိုက်ဆံပေးပြီး ငှားမယ် ဆိုတာမျိုးတွေ လုပ်ကြပါတယ်။ အဲဒါအပြင် ကလေးတွေကို မူလတန်း ကျောင်းမတက်ခင် ကတည်းက အပြင်မှာ ကျူရှင်ပေါင်းစုံ ပို့ပြီး သူများ ကလေးထက် သာအောင် မောင်းတတ်ကြ ပါတယ်။

ကောက်ရိုးပုံစောင့်ခွေး ပုံပြင်ထဲကလို ကိုယ်လည်းမယူ သူများကိုလည်း မယူစေချင်တာ၊ လူအမြင် ကတ်စရာ ကောင်းအောင် ချစ်တီးကျပြီး ပေါချောင်ကောင်း နှိုက်ချင်တာ၊ ကိုယ်အဆင်ပြေဖို့ တစ်ခုတည်း အတွက် တခြားသူတွေ အဆင်မပြေ ဖြစ်မှာကို နည်းနည်းမှ ထည့်မတွက်တတ်တာ  စတဲ့ အမူအကျင့် တွေကိုလည်း ကရားဆူးတယ် ခေါ်ကြပါတယ်။ ကျွန်တော်တို့ ကျောင်းတက်နေတုန်းက ကြုံဖူးတဲ့ အဖြစ်တွေ ရှိပါတယ်။

ကျွန်တော်တို့ ကျောင်းစာကြည့်တိုက်က စင်ကာပူမှာ နည်းပညာ နဲ့ ပတ်သက်တဲ့  စာအုပ်တွေ အစုံဆုံး စာကြည့်တိုက် တစ်ခုပါ။ ဒါပေမယ့် နောက်ဆုံးပေါ် နည်းပညာနဲ့ ပတ်သက်တဲ့ စာအုပ် တစ်ချို့ကို ငှားချင်လို့ ရှာရင် ကွန်ပျူတာ ကက်တလောက် ထဲမှာ ငှားမထားဘူး ဆိုတာ ပြနေပေမယ့် စာအုပ်စင်မှာ သွားရှာရင် မရှိပါဘူး။ စာကြည့်တိုက်က ဝန်ထမ်းတွေကို အကူအညီ တောင်းပေမယ့် သူတို့လည်း ရှာမတွေ့ ပါဘူး။ စာကြည့်တိုက်က ဝန်ထမ်းတွေနဲ့ ရင်းနှီးလာတဲ့ အခါမှ သူတို့က ဘာဖြစ်တယ် ဆိုတာကို ပြောပြ ပါတယ်။ စာအုပ်ကို ငှားချင်တဲ့ သူတစ်ချို့က အပြင်ကို ငှားသွားရင် စာရင်းမှာ ငှားသွားတဲ့ အကြောင်း ပြတဲ့ အတွက် တခြားသူက အဲဒီစာအုပ်ကို ရီဆာ့ဗ် လုပ်လို့ ရပါတယ်။ နောက်လူတစ်ယောက် ရီဆာ့ဗ် လုပ်ထားရင် စာအုပ် ရက်ပြည့်သွားတဲ့ အချိန် သက်တမ်း ထပ်တိုးလို့ မရပါဘူး။ ပြန်မအပ်ရင် နောက်ကျတဲ့ ရက်တိုင်း အတွက် ဒဏ်ကြေး ပေးရတဲ့အပြင် တခြား စာအုပ် ထပ်ငှားလို့ မရပါဘူး။ အဲဒီတော့ သူတို့က စာအုပ်ကို အပြင်ကို ငှားမသွားဘဲ စာကြည့်တိုက်ထဲမှာပဲ အဲဒီ ဘာသာရပ်နဲ့ မဆိုင်တဲ့ နေရာက စာအုပ်စင် တစ်စင်မှာ ဖွက်ထားခဲ့ပါတယ်။ နောက်တော့ ဖတ်ချင်တဲ့ အချိန်မှ စာကြည့်တိုက်မှာ လာဖတ်တာပါ။ စာကြည့်တိုက်မှာ စာအုပ်ပေါင်း သောင်းချီ ရှိတာမို့ မဆိုင်တဲ့ စင်မှာ တင်ထားခဲ့ရင် နေရာ မသိတဲ့သူ တစ်ယောက် ပြန်ရှာဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ တခြားသူလည်း ဖတ်လို့မရ၊ တခြားသူလည်း ငှားလို့မရ၊ သူတစ်ယောက်တည်း ဖတ်လို့ ရအောင် လုပ်ထားတာမို့ အတော့်ကို ဆိုးရွားတဲ့ အမူအကျင့် တစ်မျိုးပါပဲ။

မြို့ထဲက ဖုကော့ လို့ ခေါ်တဲ့ စားသောက်ဆိုင်တန်းတွေမှာ နေ့လည်စာ သွားစားရင်လည်း အဲဒီ ကရားဆူး စိတ်ဓာတ်ကို ပီပီပြင်ပြင် မြင်ရပါတယ်။  စားသောက်ဆိုင်တန်းမှာ နေရာဦးဖို့ အတွက် စားပွဲခုံပေါ်မှာ တစ်ရှူးထုပ် ကလေးတွေ တန်းစီပြီး ချထားတာကို မြင်ရတတ် ပါတယ်။ စားစရာ သွားမဝယ်ခင် လွတ်နေတဲ့ ခုံကို ရှာပြီး တစ်ရှူးထုပ်ချ နေရာဦးတတ် ပါတယ်။ တစ်ရှူးထုပ် အစား ထီးတို့ ပိုက်ဆံအိတ်တို့ ဖုန်းတို့ ချပြီး နေရာဦးခဲ့ရင် သူများ ခိုးရင် ပါသွားမှာမို့၊ နေရာလည်း ဦးရ၊ ခိုးသွားရင်လည်း တစ်ရှူးထုပ်က ပြားဂဏန်းပဲ တန်တာမို့ ပြဿနာ မရှိ ဆိုတော့ ထပ်ဆင့် ကရားဆူးတဲ့ နည်းပါ။

ဘတ်စ်ကား စီးရင်လည်း ကရားဆူးတဲ့ အမူအကျင့်တွေကို တွေ့ရပါတယ်။ ပြန်ဆင်းတဲ့ အချိန် ဆင်းရ လွယ်အောင် အထဲ မဝင်ဘဲ အပေါက်ဝမှာ ပြုံရပ်နေတာမျိုးပါ။ မြန်မာပြည်လို အလယ်ခေါင်မှာ ဆင်နှစ်ကောင် ဖင်ထောင်ကလို့ ရတယ် ပြောတတ်တဲ့ စပယ်ယာတွေလည်း မရှိ ဒတ်စတော့ အုပ်မယ့် ဒရိုင်ဘာလည်း မရှိတော့ အထဲကို မဝင်ကြပါဘူး။ တစ်ခါတစ်လေ မှတ်တိုင်မှာ ဘတ်စ်ကားပေါ် တက်ချင်တဲ့သူတွေ တစ်အုပ်ကြီး ရှိပေမယ့် အပေါက်ဝက လူတွေက အထဲ မဝင်တော့ ကားပေါ် တက်လို့ မရပါဘူး။ အလယ်ခေါင် ချောင်တဲ့ နေရာကို တိုးပြီး လမ်းပေါက်ကို ဖွင့်မပေးပဲ အပေါက်ဝ မှာပဲ ကားပေါ်တက်မယ့်သူတွေ ရှိနေတာကို မသိချင်ယောင် ဆောင်နေတတ်ကြ ပါတယ်။ အဲဒါအပြင် နှစ်ယောက်ထိုင် ခုံမှာ ဝင်ထိုင် ကြရင်လည်း ပြတင်းပေါက်နား ကပ်မထိုင်ဘဲ ဆင်းလို့လွယ်အောင် လူသွားလမ်းဘေးက ခုံမှာ ကပ်ထိုင်ကြ ပါတယ်။ အားလုံးနီးပါး အဲဒီလို ထိုင်နေကြတော့ နောက်ထပ် ထိုင်ချင်တဲ့သူတွေ အလွယ်တကူ ဝင်ထိုင်မရဘဲ ကသိကအောက် ဖြစ်ရပါတယ်။

ဘတ်စ်ကားစီးတဲ့ သူတွေတင် ကရားဆူးကြတာ မဟုတ်ပါဘူး။ ကိုယ်ပိုင်ကားစီးတဲ့ သူတွေလည်း ကရားဆူးကြပါတယ်။ စင်ကာပူမှာ တော်ရုံတန်ရုံလူ ကိုယ်ပိုင်ကား မစီးနိုင်ပါဘူး။ မြန်မာ မီနီဆလွန်းလို့ ခေါ်ကြတဲ့ ချယ်ရီ ကျူကျူတစ်စင်းတောင် အခုပေါက်ဈေးနဲ့ ဒေါ်လာ ၈ သောင်းကျော် ရှိပါတယ်။ ဒါလည်း တသက်လုံး စီးလို့ ရတာ မဟုတ်ပါဘူး။ ၁၀ နှစ်ပဲ စီးလို့ ရတာပါ။ ကားကို အဆင့်အတန်း တစ်ခု အနေနဲ့ အဲဒီလောက် ဈေးကြီးပေးဝယ်စီး ပေမယ့် ကားနဲ့ ပတ်သက်ရင် ချစ်တီးကျ ကြပြန်ပါတယ်။ စင်ကာပူကနေ မလေးရှားကို သွားတဲ့ ဟိုင်းဝေးလမ်းပေါ်မှာ ဆီတိုင်ကီထဲမှာ  ဆီ ၄ ပုံ ၃ ပုံ မရှိရင် ဒဏ်ရိုက်မယ် ဆိုတဲ့ ဆိုင်းဘုတ်တွေ ရှိပါတယ်။ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဘက် မလေးနိုင်ငံသား အင်ဂျင်နီယာ တစ်ယောက်က မလေးရှားမှာ အစိုးရက အထောက်အပံ့ ပေးထားတဲ့ အတွက် ဆီဖိုးက စင်ကာပူ ထက်စာရင် အများကြီး သက်သာတယ်။ အဲဒါကြောင့် မလေးရှားမှာ ဆီလာထည့်ကြလွန်းလို့ အဲဒီလို လုပ်ထားတာလို့ ပြောပြ ပါတယ်။ နောက်ပိုင်းတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ရယ်စရာ အဖြစ်တွေ အများကြီး ကြားရ ပါတယ်။

စလုံးတွေ မလေးရှားမှာ ဆီထည့်ရင် ကားထဲကို ဆီ များနိုင်သမျှ များများ ဝင်အောင် ကားကို လှုပ်ကြ ပါတယ်။ စောင်းကြပါတယ်။ ကားကို လှုပ်လိုက်လို့ စောင်းလိုက်လို့ ဆီ ဘယ်လောက် ထပ်ထည့်လို့ ရမလဲတော့ မပြောတတ်ပါဘူး။ ဒါပေမယ့် ပြောပလောက်တဲ့ ပမာဏ မဟုတ်တာတော့ သေချာပါတယ်။ နောက်တော့ အကြံ အဖန်တွေ လုပ်ကြပါတယ်။ ဆီဂေ့ချ်ကို ပြင်ကြတာပါ။ ဆီဂေ့ချ်ပြင်ထားတဲ့ ကားမှာ ခလုတ် အပိုတစ်ခု ပါပါတယ်။ ကပ်စတန် ဖြတ်ခါနီး အဲဒီ ခလုတ်ကို နှိပ်လိုက်ရင်  ဆီဂေ့ချ်က အပြည့်နီးပါး ပြောင်းသွားတာပါ။ နောက်ပြန်ဖြုတ်လိုက်ရင် ပုံမှန် ပြန်ဖြစ်သွားပါတယ်။ အခုနောက်ပိုင်းတော့ အဲဒီ ဆီဂေ့ချ် ပြင်တာတွေ့ရင် ချက်ချင်း ဖမ်းချုပ်တာမို့ သိပ်မလုပ်ရဲကြ တော့ပါဘူး။

နောက်တစ်ခုက စင်ကာပူမှာ အီးအာရ်ပီ လို့ ခေါ်တဲ့ အီလက်ထရွန်းနစ် လမ်းကြေးကောက်တဲ့ ဂိတ်တံခါးတွေ ရှိပါတယ်။ မြို့ထဲအဝင်လမ်းတွေနဲ့ ဟိုင်းဝေး လမ်းမတွေပေါ်မှာ တပ်ထားလေ့ ရှိပြီး အဲဒီအောက်က ဖြတ်မောင်းသွားတဲ့ ကားတွေကို လမ်းကြေးဖြတ် ပါတယ်။ ပုံမှန်ဆိုရင် ရုံးတက် ရုံးဆင်းချိန်တွေမှာ ကောက်လေ့ ရှိပြီး ညနေဖက် ဆိုရင် ၈ နာရီ ၉ နာရီ အထိ ကောက်လေ့ ရှိပါတယ်။ အီးအာရ်ပီ ဂိတ်က ည ၈ နာရီ ပိတ်တယ် ဆိုရင် ကားအတော်များများက ၈နာရီ မထိုးခင် အီးအာရ်ပီနဲ့ မနီးမဝေးမှာ မယောင်မလည် ရပ်စောင့်နေလေ့ ရှိကြပါတယ်။ ၈ နာရီ ထိုးလို့ ဂိတ်ပိတ်သွားပြီ ဆိုမှ အဲဒီဂိတ်ကို ဖြတ်ကြပါတယ်။ တစ်ခါတော့ ဖေ့စ်ဘွတ်ခ်ထဲ မိတ်ဆွေ တစ်ယောက် ဝေမျှ ထားတဲ့ ပုံတစ်ပုံကို တွေ့လိုက်ရပါတယ်။ အဲဒီပုံမှာ အီးအာရ်ပီ ဂိတ်နဲ့ အဲဒီ အရှေ့မှာ ရပ်စောင့်နေတဲ့ သိန်းပေါင်းများစွာတန်တဲ့ ဇိမ်ခံကားတစ်စင်းရဲ့ ပုံကို ရိုက်ပြထားပြီး အောက်မှာတော့ "အော်။ ငါ့လို ကားအစုတ် စီးတဲ့သူပဲ ဒီ ၂ ဒေါ်လာ လောက်ကို နှမြော တတ်တယ် မှတ်တာ။ ဒီလို ဇိမ်ခံကား စီးတဲ့ကောင်တွေလည်း ငါ့လိုပါပဲလား။ အတော် ကရားဆူးကြတယ်။" လို့ ရေးထားတာပါ။ သူ့ရဲ့စာကို ဖတ်ပြီး ကျွန်တော် ဟက်ဟက်ပက်ပက် ရယ်လိုက်မိ ပါတော့တယ်။

Monday, March 19, 2012

ဆင်းရဲခြင်း လွတ်ကင်းအောင်

အင်္ဂလိပ်လို မန်းနီး လို့ပဲ ခေါ်ခေါ် တရုတ်လို ချန် လို့ပဲ ခေါ်ခေါ် မြန်မာလို ရေ၊ ဝက် လို့ပဲ ခေါ်ခေါ် ငွေကြေးလို့ အဓိပ္ပာယ်ရတဲ့ ကြားခံပစ္စည်းတစ်ခုကို ပိုင်ဆိုင် သုံးစွဲတဲ့ ပမာဏဟာ လူတစ်ဦးနဲ့ တစ်ဦး မတူကြဘူး ဆိုတဲ့ အကြောင်းကို အထူးအထွေ ပြောပြ နေစရာ မလိုပါဘူး။ ပိုက်ဆံ ရှိတဲ့သူက ရှိတဲ့အတိုင်း သုံးတတ်ကြသလို ပိုက်ဆံ မရှိတဲ့ သူကလည်း ရှိတာနဲ့ ဖြစ်အောင် သုံးကြပါတယ်။ ပိုက်ဆံရှိတဲ့ သူတစ်ယောက် အတွက် ဒေါ်လာ ၄-၅ သောင်း ဆိုတာ လပ်စ် ဗီးဂတ်စ်က ဟိုတယ်တစ်ခုမှာ တစ်ညတာ တည်းခိုဖို့ စရိတ်ဖြစ်ပေမယ့် ပိုက်ဆံ မရှိတဲ့သူတွေ အတွက်တော့ အဲဒီ ပိုက်ဆံဟာ သူတို့ရဲ့ တစ်သက်တာ သုံးစွဲရတဲ့ငွေ ပမာဏထက် များပါတယ်။

ပိုက်ဆံရှိတဲ့သူ သူ့ဘာသာသူ ရှိကြတာ ပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့် ပိုက်ဆံ မရှိတဲ့သူတွေ မရှိကြ တာတော့ ပြဿနာ တစ်ခု ဖြစ်ပါတယ်။ ကံကံ၏ အကျိုး ပဲ ဆိုဆို၊ ဘုရားသခင်က မတရားဘူးပဲ ပြောပြော၊ ဤဒွန္တယာကြီးမှာ ဘုရားသခင် အလိုတော်အတိုင်း အားလုံး ဖြစ်နေတယ်ပဲ ထင်ချင်ထင် ဘယ်လိုပဲ ယူဆသည် ဖြစ်စေ ပိုက်ဆံ မရှိလို့ ကျန်းမာရေး၊ ပညာရေး အဘက်ဘက်က နိမ့်ကျနေတဲ့ သူတွေကို လူ့အဖွဲ့အစည်းထဲက လူတစ်ယောက် အနေနဲ့ လျစ်လျူရှု မထားပဲ တတ်နိုင်သလောက် ပြန်ပြီး ကြည့်ရှု စောင့်ရှောက် သင့်တယ် ဆိုတာကတော့  လူသားဆန်တဲ့ အတွေးအခေါ်၊ လူပီသတဲ့ အတွေးအခေါ် မျိုးလို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။

တရုတ်စကားပုံ တစ်ခုမှာ လူတစ်ယောက်ကို ငါးတစ်ကောင်ပေးရင် ထမင်းတနပ်ပဲ စားလို့ရမယ်။ သူ့ကို ငါးဖမ်းနည်း သင်ပေးရင်တော့ တစ်သက်လုံး စားလို့ ရမယ်လို့ ပြောထားတာ ရှိပါတယ်။ အမေရိကန် သမ္မတဟောင်း ကလင်တန်ကလည်း သူ့ရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိ စာအုပ်ထဲမှာ ဆင်းရဲတဲ့သူတွေကို ကူညီချင်ရင် ပေးကမ်းတာ (Hand Out) ထက် သူတို့ဘဝကို တိုးမြင့်အောင် ကူညီပေးတာ (Hand Up) က ပိုထိရောက်တယ်လို့ ရေးခဲ့ဖူးပါတယ်။ အဲဒီတော့ ဆင်းရဲတဲ့သူတွေကို သနားရင် ကြည့်ရှုစောင့်ရှောက် ချင်ရင် သူတို့ ဘဝကို တိုးတက်အောင် လုပ်ပေးတာက ပိုပြီး ထိရောက်တဲ့ နည်းလမ်း ဖြစ်ပါလိမ့်မယ်။

သမိုင်း အစဉ်အဆက်ကို ပြန်ကြည့်ရင် မြေရှင် ပဒေသရာဇ်တွေကြောင့် ကျောမွဲ လယ်သမား လူတန်းစားတွေ ရှိနေခဲ့တာ။ အရင်းရှင်တွေကြောင့် ဆင်းရဲတဲ့ အလုပ်သမား လူတန်းစားတွေ ရှိနေခဲ့တာ ဆိုပြီး ပဒေသရာဇ် တွေကို တော်လှန်သလို အရင်းရှင် စီးပွားရေး စနစ်ကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ကြ ဖူးပါတယ်။ အလုပ်လုပ်တဲ့ အလုပ်သမားတွေသာ အခွင့်အရေး အပြည့်အဝ ခံစားခွင့်ရမယ်။ အလုပ်သမားတွေ ကို ခေါင်းပုံဖြတ်တဲ့ အရင်းရှင် တွေကို ဖယ်ရှား ပစ်ရမယ်လို့ ကွန်မြူနစ် ဝါဒသမားတွေ ဆိုရှယ်လစ် ဝါဒသမားတွေ ကြုံးဝါးခဲ့ကြဖူးပါတယ်။ ဆိုဗီယက် ခေါင်းဆောင် ခရူးရှက်က တစ်ချိန်ကျရင် သူတို့ ဆိုဗီယက် အလုပ်သမား လူတန်းစားတွေ  ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေနဲ့ အမေရိကန် တွေကို ဖို့သတ်ပစ်မယ်လို့ ကြိမ်းဝါးခဲ့ဖူး ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ လူအများ မကောင်းဘူးလို့ မြင်ထားကြတဲ့ အရင်းရှင် အမေရိကန်က အောင်မြင်ခဲ့ပြီး အရင်းရှင် မဟုတ်ဘဲ ပြည်သူ့ အင်အားနဲ့ ကုန်ပစ္စည်း ထုတ်လုပ်ခဲ့တဲ့ ဆိုဗီယက် ပြည်ထောင်စုကတော့ တစစီ ဖြစ်တဲ့ အထိ ပြိုကွဲခဲ့ရ ပါတယ်။ ဆရာအောင်သင်းကတော့ တစ်ချိန်က ကွန်မြူနစ်တွေ တွက်ခဲ့တဲ့  အလုပ်သမားတွေရဲ့ လုပ်အားမှာ အရင်းရှင်တွေရဲ့ လုပ်ရည်ကိုင်ရည်နဲ့ ကြံစည် တွေးတောနိုင်စွမ်း တွေကို လုပ်အားတစ်ခု အနေနဲ့ ထည့်မတွက်ခဲ့တဲ့ အတွက် မှားသွားတယ်လို့ ပြောခဲ့ဖူးပါတယ်။  အခုအချိန်မှာတော့ အရင်းရှင်စနစ်လို့ လူတွေ သိထားတဲ့ စနစ်ထက် ကောင်းတဲ့ စနစ် တစ်ခု မရှိသေးတဲ့ အတွက် အကောင်းဆုံး စနစ်တစ်ခု အနေနဲ့ သုံးနေရပါတယ်လို့ အမေရိကန် သမ္မတ တစ်ယောက်က ဝန်ခံခဲ့ဖူးပါတယ်။

ဆင်းရဲမွဲတေမှုတွေကို တိုက်ဖျက်ဖို့ အတွက် ပထမဆုံး အနေနဲ့ လူတွေကို ဆင်းရဲတဲ့ သံသရာကနေ ဆွဲထုတ်နိုင်ဖို့ လိုအပ်ပါတယ်။ ဆင်းရဲလို့ ပိုက်ဆံ မရှိတဲ့သူ တစ်ယောက်အနေနဲ့ ရင်းနှီးစားစရာ မရှိလို့ နေ့ပြန်တိုး ယူရပါတယ်။ နေ့ပြန်တိုး ဆိုတာ တစ်နေ့ ကို ၁၀၀ ချေးရင် ၁၀ ရာခိုင်နှုန်းမက ပြန်ပေးရတတ်တာ မျိုးပါ။ အဲဒီလို ချေးထားတဲ့ ပိုက်ဆံအတွက် အတိုးပေးလိုက်ရတဲ့ အတွက် သူတို့မှာ စားစရာ ကျန်အောင်တောင် မနည်း လုပ်ရပါတယ်။ ဒါနဲ့ပဲ ဆင်းရဲတွင်းကနေ မထွက်နိုင်တော့ ပါဘူး။ ဆင်းရဲမှုကို တိုက်ဖျက်တဲ့ နေရာမှာ ဒီလို လူမျိုးတွေကို အကူအညီ ပေးဖို့ အတွက် မိုက်ခရိုငွေချေးလုပ်ငန်း (Microcredit) ဆိုတာတွေ ပေါ်ပေါက်လာ ခဲ့ရပါတယ်။ အဲဒီ ငွေချေးလုပ်ငန်းတွေရဲ့ အတိုးနှုန်းတွေဟာ နေ့ပြန်တိုး ပေးတဲ့ အတိုးနှုန်းလောက် မများသလို ဘဏ်တွေက ချေးတဲ့ အတိုးနှုန်းတွေလောက်လည်း မနည်းပါဘူး။ ငွေချေးတဲ့ နေရာမှာ အဆုံးခံရတာမျိုး နည်းအောင် အတိုးနှုန်းကနေ ပြန်ပြီး ကာဗာ ယူထားသလို ငွေချေးတဲ့ အေးဂျင့်အနေနဲ့ သူသိတဲ့ လူတွေကိုသာ ရွေးချယ်ချေးတာမျိုး၊ ငွေချေးတဲ့သူတွေကို အဖွဲ့အစည်းတစ်ခု အနေနဲ့ ဖွဲ့ထားပြီး အဲဒီ အဖွဲ့အစည်းထဲက လူတစ်ယောက် ထောက်ခံ ပေးမှ ငွေချေးလို့ ရတာမျိုး စတဲ့နည်းလမ်းမျိုးတွေနဲ့ ချေးထားတဲ့ ပိုက်ဆံတွေ မရှုံးအောင် ကာကွယ် ကြပါတယ်။ အဲဒီ လုပ်ငန်းကို အစက ဘဏ်တွေ အနေနဲ့ မဖြစ်နိုင်ဘူးလို့ ထင်ပြီး လျစ်လျူရှုခဲ့ကြပေမယ့် မိုက်ခရို ငွေချေးလုပ်ငန်း တွေရဲ့ အောင်မြင်မှုကို ဘဏ်တွေ အနေနဲ့ အသိအမှတ်  ပြုလာရပါတယ်။ ဂျေပီ မော်ဂန်လို ဘဏ်တွေ အနေနဲ့ မိုက်ခရို ငွေချေး ဌာနခွဲကို ဖွင့်ပြီး ဒီနယ်ပယ်ထဲကို ဝင်ရောက်လာခဲ့ ကြရပါတယ်။ မိုက်ခရို ငွေကြေး လုပ်ငန်းတွေဟာ ဘဏ်တွေ အတွက် အကျိုးအမြတ် များစေသလို ဆင်းရဲမွဲတေမှု ပပျောက်ရေး အတွက်လည်း အများကြီး အထောက်အကူ ပေးနိုင်ပါတယ်။

တစ်ခါက ကျွန်တော်နဲ့ တစ်ရုံးတည်း လုပ်ဖော်ကိုင်ဘက် စင်ကာပူနိုင်ငံသား တစ်ယောက်က သူ့ရဲ့ အင်ဒိုနီးရှား ခရီးစဉ်မှာ တွေ့ခဲ့ရတဲ့ အတွေ့အကြုံ တွေကို ပြန်ပြောပြပါတယ်။ သူအင်ဒိုနီးရှားက မြို့ငယ်ကလေး တစ်မြို့ကို ရောက်သွားတော့ လမ်းမတွေပေါ်မှာ လမ်းဘေးမှာ ရပ်နေခဲ့တဲ့ သူတွေ အများကြီး တွေ့ခဲ့ရတယ်လို့ သူက ပြောပါတယ်။ လူတွေ အများကြီး လမ်းဘေးမှာ ရပ်နေကြလို့ သူ့အနေနဲ့ ဒီလူတွေ ဘာလို့ ရပ်နေကြတာလဲလို့ စုံစမ်းကြည့်မိပါတယ်။ ဒေသခံ တစ်ယောက်က သူတို့ ဘာမှ လုပ်စရာ အလုပ် မရှိလို့ လမ်းဘေးမှာ ရပ်စကား ပြောနေကြ တာပေါ့လို့ ပြောတော့ သူအတော်အံ့ဩ သွားခဲ့ရပါတယ် လို့ သူက ကျွန်တော့်ကို ပြန်ပြောပြ ပါတယ်။ စင်ကာပူလို အိမ်ထောင်တစ်ခုမှာ ယောက်ျားရော၊ မိန်းမပါ အလုပ်လုပ် ကြပြီး၊ တစ်ချို့ မိသားစုဆို ကျောင်းနေတဲ့ ကလေးတွေပါ မချန် အချိန်ပိုင်း အလုပ်လုပ်ကြတဲ့ နိုင်ငံ တစ်နိုင်ငံက လူတစ်ယောက် အတွက်တော့  လူတွေ အလုပ်မရှိလို့ လမ်းဘေး ရပ်နေရတယ် ဆိုတာ အံ့ဩစရာ တစ်ခု ဖြစ်ရင် ဖြစ်မှာပါ။ ကျွန်တော်တို့ အတွက်တော့ ကိုယ်တိုင် အလုပ်မရှိ အကိုင်မရှိ လက်ဖက်ရည်ဆိုင်ထိုင် ဟေးလားဝါးလား လုပ်တဲ့ ဘဝကနေ နိုင်ငံခြား ရောက်လာခဲ့ တာမို့ လူတွေ အလုပ်မရှိလို့ ဂယောင် ရိုက်နေတာ အထူး အဆန်း မဟုတ်ပါဘူး။

လုပ်စရာ မရှိလို့ အလုပ်မလုပ်ကြဘူး။ အလုပ်မလုပ်တော့ ပိုက်ဆံမဝင်။ ပိုက်ဆံ မဝင်တော့ ဆင်းရဲတယ် ဆိုတဲ့ ဆက်စပ်မှုကို အထွေအထူး ရှင်းပြ နေဖို့ မလိုပါဘူး။ အဲဒီတော့ ဆင်းရဲမွဲတေမှုကို ပပျောက်အောင် လုပ်ဖို့အတွက် လူတွေကို အလုပ်အကိုင် ဖန်တီး ပေးဖို့ လိုအပ်ပါတယ်။ လမ်းဘေးမှာ ဈေးရောင်းတာထက် စက်ရုံမှာ ကာယအား သက်သက် အလုပ်သမားအနေနဲ့ အလုပ်လုပ်တာ ပိုက်ဆံ ပိုရတယ်ဆိုရင် ဘယ်သူမှ လမ်းဘေးမှာ ဈေးရောင်းနေမှာ မဟုတ်ပါဘူး။ လမ်းဘေးမှာလည်း ဈေးမရောင်းရ၊ ဈေးမရောင်းရင်လည်း တခြား လုပ်စရာ မရှိဆိုတဲ့ အခြေအနေမျိုးမှာ မြို့တော် အင်္ဂါရပ်နဲ့ ညီညွတ်အောင် ဆိုပြီး လမ်းဘေး ဈေးသည်ကို ဖမ်းတာမျိုးကတော့ ဝမရှိဘဲ ဝိလုပ်ချင်တဲ့ သဘောမျိုး ဖြစ်နေပါတယ်။

အဲဒီတော့ ကိုယ့်နိုင်ငံသားတွေ အလုပ်အကိုင် ရဖို့ အတွက် နိုင်ငံခြားက တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှု မျိုးကို အားပေးရ ပါမယ်။ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဆိုတဲ့ နေရာမှာလည်း အာရှနိုင်ငံတွေက အပြင် ဥရောပလို အမေရိကားကလို နိုင်ငံမျိုးတွေက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ အရေးကြီးပါတယ်။ အာရှက အလုပ်ရှင် တော်တော်များများ ကျွန်တော် ကြုံဖူးသလောက် ပြောရရင် အလုပ်သမား တစ်ယောက်ရဲ့ အခွင့်အရေး၊ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး စတာတွေကို ဂရုစိုက်တဲ့ နေရာမှာ ဥရောပကို ခြေဖျားတောင် မမှီပါဘူး။ လူမြင်ကောင်းအောင် လုပ်တာမျိုးလောက်ပဲ ရှိပါတယ်။ အလုပ်သမားတွေ ဘက်က ရွေးစရာ အခွင့်အရေး ရှိလာခဲ့ရင် အလုပ်ရှင်တွေ အနေနဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးကို ဂရုမစိုက်ဘဲ နေလို့ မရပါဘူး။ ကိုယ့်ဆီကို လာလုပ်ချင်အောင် သူများတွေနဲ့ တန်းတူ အခွင့်အရေး ပေးရမှာပါပဲ။

နောက်တစ်ခုက နိုင်ငံ တစ်ခုလုံး စီးပွားရေး တိုးတက်လာဖို့ လိုပါတယ်။ ကမ္ဘာ့ဘဏ် (World Bank) တို့၊ နိုင်ငံတကာငွေကြေးအဖွဲ့ (IMF) တို့ရဲ့ ပေါ်လစီ အတော်များများဟာ နိုင်ငံရဲ့ စီးပွားရေးကို မြှင့်တင်ဖို့ ရေရှည်အတွက် အဓိက ထားလုပ်တာမျိုးပါ။ အဲဒါတွေကြောင့် သူတို့ရဲ့ ပေါ်လစီတွေဟာ တစ်ချို့တဝက်ကို ရေတိုမှာ ထိခိုက်စေနိုင်ပါတယ်။ နိုင်ငံတစ်ခုလုံး စီးပွားရေး တိုးတက်ဖို့ အတွက် လုပ်တဲ့ နေရာမှာ ထိခိုက်သွားတဲ့သူတွေကို အစိုးရဖက်က တစ်နည်းတစ်ဖုံ ပြန်ကြည့်ဖို့  လိုအပ်ပါတယ်။ အစုအဖွဲ့တစ်ခုတည်း ဖွံ့ဖြိုးတိုးတက် သွားတာထက် စာရင် အားလုံး အတူတူ တိုးတက်သွားတာ (All-Inclusive-Growth) က ပိုကောင်းပါတယ်။ ဒီလို တိုးတက် ဖို့ ဆိုတာလည်း စီမံကိန်းအကောင်အထည်ဖော်သူတွေ ပေါ်လစီ ချမှတ်သူတွေ ဘက်က တတ်နိုင်သမျှ ထောင့်စေ့အောင် ဆွေးနွေးငြင်းခုံပြီးမှာ ပေါ်လစီတွေ စီမံကိန်းတွေကို အကောင်အထည် ဖော်ဖို့ လိုအပ်ပါတယ်။

ပျင်းလို့ အလုပ်မလုပ်ချင်လို့ ကျန်ခဲ့တဲ့သူတွေကို လျစ်လျူရှုလို့ ရပေမယ့် အလုပ်လုပ်ချင် ရဲ့သားနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကြောင့် အခွင့်အလမ်း ပျောက်သွားတဲ့ သူတွေကိုတော့ မျက်ကွယ် မပြုသင့်ပါဘူး။ ဥပမာအားဖြင့် ရန်ကုန်မှာ မြေအောက်ရထားလမ်း ဆောက်ရင် အတော်များများ အတွက်ကောင်း သွားတာ မှန်ပေမယ့် မြို့ပတ်ရထားပေါ် မှီခိုပြီး မြို့ထဲကို ကုန်စိမ်း သယ်ပို့နေရတဲ့ ဈေးသည် တွေ အတွက် ဘယ်လို စီစဉ်ပေးမလဲ ဆိုတာမျိုးပါ ထည့်စဉ်းစားသင့် ပါတယ်။ နိုင်ငံ တစ်ခုလုံး စီးပွားရေး တိုးတက်လာရင် လူတွေမှာ ဝယ်နိုင်အား သုံးနိုင်အား တွေ ပိုကောင်းလာမယ်။ အဲဒါဆိုရင် ဈေးရောင်း ဈေးဝယ် လုပ်တဲ့သူတွေ၊ ဝန်ဆောင်မှု ပေးတဲ့သူတွေ စတဲ့ စီးပွားရေး အဆောက်အအုံ တစ်ခုလုံးမှာ တစိတ်တဒေသ ပါဝင်နေတဲ့သူ အားလုံးအတွက် အကျိုးများနိုင် ပါတယ် ဆိုတဲ့အတွက် စီးပွားရေး အဆောက်အအုံ တစ်ခုလုံး တိုးတက်ဖို့ ဆိုတာကိုတော့ အဓိက ဦးတည်ချက် အနေနဲ့ လုပ်ရမှာ ပါပဲ။

စီးပွားရေး တစ်ခုတည်း တိုးတက်ရုံနဲ့ မရပါဘူး။ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေး စတာတွေကလည်း သူ့နေရာနဲ့သူ အရေးကြီးပါတယ်။ ဆေးရုံတွေ ဆောက်ပေးထားပြီး ဆေးရုံထဲမှာ ကျွမ်းကျင်တဲ့ ဆရာဝန် မရှိရင်၊ ဆေးဝါးပစ္စည်းမရှိရင်၊ ခေတ်မီ နည်းကိရိယာတွေ မရှိရင် မဖြစ်ပါဘူး။ အဲဒါအပြင် ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး နိုင်ငံသားတွေကို အထောက်အပံ့ပေးထားတဲ့ အစီအစဉ်တွေ အာမခံ လုပ်ငန်းတွေ မရှိရင်လည်း မဖြစ်သေးပါဘူး။ စင်ကာပူလို နိုင်ငံမျိုးမှာတောင် လူတန်းစေ့ နေနိုင်စားနိုင်တဲ့ မိသားစုတွေ မိသားစုဝင်ထဲက တစ်ယောက်ယောက် နာမကျန်း ဖြစ်လို့ အကြွေးလည်ပင်းခိုက်အောင် မွဲသွားတာ မျိုး ရှိတတ်ပါတယ်။ ပညာရေး နဲ့ ပတ်သက်ရင်လည်း ကျောင်းတွေ ရှိပြီး အထဲမှာ ကျောင်းသား မရှိရင် ကျောင်းတွေ ဆောက်ရတဲ့ ရည်ရွယ်ချက် မအောင်မြင်ပါဘူး။ ကျောင်းနေ အရွယ် ကလေးတွေ အပြင်မှာ ထွက်ပြီး ဈေးရောင်းနေရတဲ့ ဘဝက လွတ်ကင်းအောင် ကိစ္စကို ထည့်စဉ်းစား ပေးဖို့ လိုပါတယ်။  အဲဒီလို လုပ်ပေးနိုင်ဖို့ မိဘတွေမှာ လုံလောက်တဲ့ ဝင်ငွေ ရှိမှ ဖြစ်ပါလိမ့်မယ်။ အဲဒီတော့ ဆင်းရဲမွဲတေမှု လျော့ချတာဟာ နိုင်ငံရဲ့ လူ့စွမ်းအား အရင်းအမြစ်ကို ဖွံ့ဖြိုးအောင် သွယ်ဝိုက်သောနည်းနဲ့ အထောက်အကူ ပေးတာလို့ ပြောလို့ ရနိုင်ပါတယ်။

လမ်းပန်းဆက်သွယ်ရေး၊ ဆက်သွယ်ရေး နဲ့ ငွေကြေးဆိုင်ရာ  အခြေခံ အဆောက်အအုံတွေ ဖွံ့ဖြိုး တိုးတက်ဖို့ကလည်း ဆင်းရဲမွဲတေမှု တိုက်ဖျက်တဲ့ နေရာမှာ အရေးပါတဲ့ နေရာက ပါပါတယ်။ လယ်သမား တစ်ယောက်အနေနဲ့ ဆက်သွယ်ရေး ကောင်းလို့ မြို့ပေါ်မှာ ရနိုင်တဲ့ ဈေးကို သိနိုင်ရင်၊ မြို့ပေါ်က ကုန်သည်တွေနဲ့ အလွယ်တကူ ဆက်သွယ်နိုင်ရင် ကြားခံ ပွဲစားက နေတဆင့် ဈေးနှိမ်ရောင်းစရာ မလိုပါဘူး။ လမ်းပန်းဆက်သွယ်ရေး ကောင်းရင် မြို့ပေါ်ကို လယ်ယာထွက်ကုန်တွေ တင်ပို့တဲ့ နေရာမှာ စရိတ်စက နည်းနည်းနဲ့ တင်ပို့နိုင်မှာ ဖြစ်ပါတယ်။ အားလုံးကို ခြုံငုံသုံးသပ်ရရင် ဆင်းရဲမွဲတေမှု တိုက်ဖျက်ဖို့ အတွက် အားလုံးကို တဘရိတ်တည်း ဖြေရှင်းပေးနိုင်မယ့် ဩသဓ နတ်ဆေး မရှိပါဘူး။ ဘက်စုံကဏ္ဍစုံကို တိုးတက်အောင် လုပ်ဖို့ လိုအပ်ပါတယ်။

ကြယ်ငါးတွေ အကြောင်း ပုံပြင်ကို ကြားဖူးကြမှာပါ။ လူတစ်ယောက်က ကမ်းစပ်မှာ တင်နေတဲ့ ကြယ်ငါး တစ်ကောင်ကို ပင်လယ်ထဲ လွှင့်ပစ်တော့ ဘေးနားက လူတစ်ယောက်က ဒီမှာ တင်နေတဲ့ ကြယ်ငါးတွေ အများကြီး တစ်ကောင်တစ်လေကို ပင်လယ်ထဲ လွှင့်ပစ်လို့ ဘာထူးသွားမှာလဲလို့ မေးပါတယ်။ အဲဒီတော့ လွှင့်ပစ်တဲ့ သူက ပြန်ဖြေပါတယ်။ တခြား ကြယ်ငါးတွေ အတွက် မထူးခြားပေမယ့် ဒီတစ်ကောင် အတွက်တော့ ထူးခြား သွားမှာပေါ့ ဆိုတာပါ။ ကျွန်တော့် အတွက်ကတော့ လောဘကြီးတယ် ပြောချင် ပြောပါ။ ကြယ်ငါး တစ်ကောင်တစ်လေကို ကယ်ရရုံလောက်နဲ့ အားမရပါဘူး။ ကြယ်ငါးတွေ အားလုံးကို ကယ်ချင်ပါတယ်။ ကယ်ဆယ်ဖို့ အခွင့်အလမ်း မရှိသေးရင်တောင် ရှိအောင် ဖန်တီး ယူချင်ပါတယ်။ အခြေအနေမပေးလို့ မကယ်နိုင်ခဲ့ပေမယ့် အခြေအနေပေးရင်တော့ တစ်ကောင်တစ်လေကို ကယ်မယ့် အစား အားလုံးကို ကယ်နိုင်အောင် ကြိုးစားသင့်တယ်လို့ တွေးမိလိုက်ပါတယ်။

Sunday, March 11, 2012

အိမ်ပြန်ချင်တဲ့ အတွေး

ဒီနှစ်ထဲမှာ ကျွန်တော်တို့လို နိုင်ငံခြားမှာ အနေကြာတဲ့သူ တစ်ချို့ဆီကနေ မကြားရတာ ကြာပြီ ဖြစ်တဲ့ စကားတစ်ခွန်းကို ကြားနေရပါတယ်။ "အိမ်ပြန်ကြမယ်" ဆိုတဲ့ စကားပါ။ အဲဒီစကားကို ကြားမိတိုင်း ကျွန်တော့် စိတ်ထဲမှာတွေး နေတဲ့ အတွေးနဲ့ ထပ်တူ ဖြစ်နေတာမို့ ဒီအတွေးမျိုး ရှိတာ ငါတစ်ယောက်တည်း မဟုတ်ပါလား ဆိုပြီး ဝမ်းသာမိ ပါတယ်။

အရင်တုန်းက ကြည့်ခဲ့တဲ့ မြန်မာ ရုပ်ရှင်တွေထဲမှာတော့ မင်းသားက ဖြစ်ဖြစ် မင်းသမီးက ဖြစ်ဖြစ် နိုင်ငံခြားကို ထွက်သွားခဲ့ပြီ ဆိုရင် အပြီးတိုင် ခွဲခွာခြင်းလို့ အားလုံးက နားလည် ကြပါတယ်။ အခုတော့ နိုင်ငံခြား ထွက် အလုပ်လုပ်တယ် ဆိုတာ မြန်မာပြည်က လူတွေ အတွက် အထူးအဆန်း မဟုတ်တော့ပါဘူး။  ချင်းပြည်နယ်မှာ တရွာလုံးနီးပါး ယောက်ျား ရှိသမျှ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကြတယ်။ မွန်ပြည်နယ် ဘက်မှာလည်း အလားတူပါပဲ။ ဦးနှောက်တွေ ကာယအားတွေ နိုင်ငံခြားကို ယိုစီး ထွက်သွားတော့ ကျွန်တော်တို့ တိုင်းပြည်က လောင်စာ နည်းနေတဲ့ စက်လို  မောင်းနှင်အား မကောင်းဘဲ ဖွတ်ချက် ဖွတ်ချက် မောင်းနှင် နေရတဲ့ စက်တစ်ခုလို ချိနဲ့ပြီး ကျန်ရစ်ခဲ့ ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက သူ့မိန့်ခွန်း ထဲမှာ ဒီပုံစံ အတိုင်း ဆက်သွားနေရင် ခင်ဗျားတို့ကို ယိုးဒယားက ကျော်တက် သွားလိမ့်မယ်လို့ ပြောခဲ့ဖူး ပေမယ့်လည်း အခုတော့ ကျွန်တော်တို့ ယိုးဒယား နောက်မှာတောင် အတော်လေး ပြတ်ကျန် နေခဲ့ ပါပြီ။ ကျွန်တော်တို့ လုပ်နိုင်တာက ဆရာ အော်ပီကျယ် ကာတွန်းတစ်ခု ထဲကလို ကိုယ့်ထမင်း ကိုယ်စားပြီး နောက်ကျန်ခဲ့တာ ဘာဖြစ်လဲလို့ ဟန်ကိုယ့်ဖို့ ပြောရုံပဲ ရှိပါတော့တယ်။

ကျွန်တော်တို့ နိုင်ငံက လူတွေ တခြားနိုင်ငံမှာ အလုပ်သမား အဖြစ်နဲ့ သွားအလုပ်လုပ်တယ်။ ဘာဖြစ်လို့လဲ ဆိုတဲ့ မေးခွန်းကို ဖြေစရာ မလိုပါဘူး။ ကိုယ့်နိုင်ငံမှာ ကိုယ်နေရင် မိသားစုကို ဝမ်းဝအောင် ရှာဖွေ မကျွေးနိုင်လို့၊ ခါးလှအောင် မဆင်နိုင်လို့ မိသားစု အတွက် ဝမ်းဝအောင် ခါးလှအောင် နိုင်ငံခြား ထွက်ရတာ ပါပဲ။ ဘယ်သူကတော့ ကိုယ့်မိသားစုနဲ့ ခွဲပြီး ညနေစာ ထမင်းဝိုင်းမှာ ဖြစ်သလို ထမင်းစားချင် ပါ့မလဲ။ ဘယ်သူကတော့ ကိုယ်နဲ့ မရင်းနှီးတဲ့ သူစိမ်းတွေ ကြားမှာ ကျင်လည် ချင်ပါ့မလဲ။ ဘယ်သူကတော့ ကိုယ့်သားသမီးတွေကို ကိုယ်နဲ့ သိပ်ကီးမကိုက်တဲ့ ယဉ်ကျေးမှု ပတ်ဝန်းကျင်မှာ ကြီးပြင်းစေချင် ပါ့မလဲ။ တချို့တဝက် လောက်ကတော့ နိုင်ငံခြားကို သွားချင်လွန်းလို့ သွားတာ ဖြစ်ချင် ဖြစ်မှာပါ။ ဒါပေမယ့် အများစုကတော့ ရွေးစရာလမ်း နည်းနေလို့ ရှိတဲ့လမ်းကိုပဲ ရွေးထား ကြရတာ ပါပဲ။

ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံခြားမှာ အလုပ်လုပ်တော့ တခြားနိုင်ငံက စီးပွားရေး အဆောက်အအုံ တွေကို ကျွန်တော်တို့ရဲ့ ကာယအား ဉာဏအားတွေနဲ့ အထက်ရောက်အောင် တွန်းပို့ ပေးနေသလို ပါပဲ။ ကျွန်တော်တို့က ကိုယ့်ဝမ်းဝအောင် ရှာရင်း တခြားနိုင်ငံက စီးပွားရေးကို အထောက်အကူပြု နေကြတဲ့ အချိန်မှာ ကျွန်တော်တို့ နိုင်ငံကတော့ နစ်သည်ထက် နစ်ရင်း နောက်ကျန်နေရစ် ခဲ့ပါပြီ။

မြန်မာပြည်ကနေ ပြည်ပကို ထွက်လာခဲ့တဲ့ သူတွေထဲမှာ နိုင်ငံခြားမှာ အပြီးအပိုင် နေမယ် ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ထွက်လာခဲ့တဲ့သူက လူနည်းစုပဲ ရှိပါတယ်။ အားလုံးက ရည်မှန်းချက် တစ်ခုကြောင့်၊ အခြေအနေတစ်ခုကြောင့် ပြည်ပကို ရောက်လာကြပေမယ့် အချိန်တန်ရင်တော့ အိမ်ပြန်ဖို့ စိတ်ထဲမှာ တေးထားကြတာပါ။ အခု အိမ်ပြန်ဖို့ အချိန်တန်ပြီလား မေးရင်တော့ အရင်ကထက် စာရင် ပြန်ဖို့အတွက် အခြေအနေ အများကြီး ပေးလာပြီလို့ ပြောရမှာပါပဲ။

ကျွန်တော် ဒီတစ်ခေါက် မြန်မာပြည် ပြန်သွားတော့ အားလုံးက တက်ကြွနေကြပါတယ်။ အခုဆိုရင် နော်ဝေက မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့ထားတာတွေ ဖွင့်လိုက်ပါပြီ။ ဥရောပ သမဂ္ဂနဲ့ အမေရိကန်ကလည်း စီးပွားရေး ပိတ်ထားတာတွေကို ဖွင့်မယ့် အရိပ်အယောင်တွေ မြင်နေရပါပြီ။ နိုင်ငံခြား ကုမ္ပဏီတွေ အနေနဲ့ စီးပွားရေးဖွင့်ရင် မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ ဆွေးနွေး နေကြတဲ့ စကားသံ တွေလည်း ကြားနေရပါပြီ။ ကျွန်တော် တွေ့ခဲ့တဲ့သူ အားလုံးက စီးပွားရေး ပိတ်ဆို့ထားတာတွေ ပွင့်လာရင် ပေါ်လာမယ့် အလုပ်အကိုင် အခွင့်အလမ်း၊ စီးပွားရေး အခွင့်အလမ်းတွေ အတွက် မျှော်လင့်ချက် ရောင်ခြည်တွေ သန်းနေကြပါပြီ။

ဆရာ မြသန်းတင့် ဘာသာပြန်တဲ့ လေရူးသုန်သုန် ဝတ္ထုထဲက မှောင်ခိုကုန်သည် ရက်ဘတ္တလာ ပြောတဲ့ စကားတစ်ခွန်းက ကျွန်တော့် ခေါင်းထဲ စွဲနေပါတယ်။ နိုင်ငံတစ်ခု ပျက်စီးတဲ့ အချိန်နဲ့ နိုင်ငံတစ်ခု ပြန်လည် ထူထောင်တဲ့ အချိန်ဟာ စီးပွားရှာလို့ အကောင်းဆုံး အချိန်ပဲ ဆိုတဲ့ စကားပါ။ ၈၈ အရေးအခင်း ပြီးတော့ မြန်မာပြည်မှာ နေ့ချင်းညချင်း စီးပွားဖြစ်သွားတဲ့သူတွေ အများကြီးပါပဲ။ ဒီအခွင့်အလမ်းက အခု နောက်တစ်ပတ် ပြန်လည်လာ ပါပြီ။ အခွင့်အလမ်းကို ဆုပ်ကိုင်ပြီး ဘယ်လို အသုံးချကြမလဲ ဆိုတာတော့ ကိုယ့်အမြင်နဲ့ ကိုယ်ပါပဲ။

ကိုယ့်စီးပွားကိုယ်ရှာတာမို့  နိုင်ငံထူထောင်ရေးမှာ ပါဝင်မယ်တို့ နိုင်ငံအကျိုးပြုမယ်တို့ ဆိုတဲ့ လူအမြင် ကတ်စရာ စကားလုံး အကြီးကြီးတွေတော့ မသုံးချင်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံ ပြန်ပြီး စီးပွားရေး လုပ်ရင် ကိုယ့်ကုမ္ပဏီမှာ ဝန်ထမ်း ၁၀ ယောက် ခန့်ထားနိုင်ရင်တောင် နိုင်ငံအတွက် အလုပ်လက်မဲ့ ဦးရေ ၁၀ယောက် နည်းသွားမယ်။ ကိုယ်သိထားတဲ့ အသိပညာ အတတ်ပညာကို ကိုယ့်ဝန်ထမ်းတွေကို ဝေမျှပေးရင် နိုင်ငံအတွက် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်သောနည်းနဲ့ ဖြစ်စေ အကျိုးရှိမယ် ဆိုတာမျိုးတော့ စဉ်းစားလို့ ရပါတယ်။

နိုင်ငံခြား သတင်းစာ တစ်ချို့ကတော့ မြန်မာနိုင်ငံအာရှရဲ့ နောက်ထပ် ဖွံ့ဖြိုးလာမယ့် စီးပွားရေး လို့တင်စားပြီး ခေါ်နေကြ ပါပြီ။ အခု အခြေအနေကို ပြောင်းလဲမှု လှိုင်းလုံးအနေနဲ့ ယူဆခဲ့ရင်တော့ ဒီ လှိုင်းလုံးနဲ့အတူ လိုက်ပြီး စီးနင်းကြမလား၊ ဘေးကနေပဲ လက်ပိုက်ကြည့်ကြမလား ဆိုတာကိုတော့  ဆုံးဖြတ်ကြရမယ့် အချိန်ကောင်းပါပဲ။

Friday, March 2, 2012

နည်းပညာ ကုမ္ပဏီများ အကြောင်း အတွေးစများ

အိုင်တီပစ္စည်းတွေ ရောင်းတဲ့ ဖူနန်မောလ်မှာ မမ်မိုရီ စတစ် တစ်ခု သွားဝယ်ရင်း ခေါင်းထဲမှာ ကုန်ပစ္စည်း အမှတ်တံဆိပ် တစ်ခုရဲ့ နာမည်ကို အမှတ်မထင် သတိရမိပါတယ်။ Iomega ဆိုတဲ့ တံဆိပ်ပါ။ ကျွန်တော်တို့ စင်ကာပူ ရောက်ခါစ ၂၀၀၀ ခုနှစ် ဝန်းကျင်လောက်က အတော်ကို နာမည်ကြီးခဲ့ပါတယ်။ အဲဒီအချိန်က အများစု Diskette လို့ ခေါ်တဲ့ Floppy Disk တွေပဲ သုံးနေကြတာမို့ ဖိုင်တွေ သိမ်းတဲ့ ဆည်းတဲ့နေရာမှာ အတော်ကို ဒုက္ခရောက် ပါတယ်။ ဒစ်စ်ကတ်ဒ်တစ်ခုမှာ ၁.၄၄ မက်ဂါဗိုက် ထက် ပိုပြီး သိမ်းလို့ မရတာမို့ ကျွန်တော်တို့ အင်ဂျင်နီယာ ကျောင်းသားတွေ အတွက်ကတော့ အဲဒီ ဖိုင်တွေ သိမ်းဖို့ ကိစ္စက ပြဿနာ တစ်ခုပါ။ ပုံတွေ သိမ်းရင် အဆင်ပြေအောင် ဒစ်စ်ကတ်ဒ်ကို ဗူးလိုက် ဆောင်ထားရပါတယ်။ ပြန်သုံးချင်ရင်လည်း တစ်ခုချင်း မွှေနှောက် ရှာရပါတယ်။


အိုင်အိုမီဂါ ဇစ်ပ်ဒစ်စ်
အဲဒီ အချိန်မှာ အိုင်အိုမီဂါရဲ့ ဇစ်ပ်ဒရိုက်ဗ် (Zip Drive) က ကျွန်တော်တို့ အတွက် အတော်လေး အသုံးတည့် လာပါတယ်။ ဇစ်ပ် ဒရိုက်ဗ် နဲ့သုံးတဲ့ ဇစ်စ်ဒစ်စ် (Zip Disk) တွေမှာ ၁၀ မက်ဂါဗိုက် ကနေ စပြီး ၁၀၀ မက်ဂါဗိုက်၊ ၇၀၀ မက်ဂါဗိုက် လောက် အထိ သိမ်းလို့ ရပါတယ်။ ဒစ်စ်ကတ်ဒ်လို ဗူးလိုက် မသွားစရာလည်း မလို၊ ရှာချင်ရင်လည်း ဒစ်စ် တစ်ခုတည်းမို့ အတော်ကို အဆင်ပြေ ပါတယ်။ ဒါပေမယ့် ဇစ်ပ်ဒစ်စ် ရဲ့ အားနည်းချက်က သူ့ ဒစ်စ်ကို သုံးဖို့ ကွန်ပျူတာမှာ ဇစ်ပ်ဒရိုက်ဗ် တစ်ခု အပို တပ်ရတာပါ။ ဇစ်ပ်ဒရိုက် တပ်ထားတဲ့ ကွန်ပျူတာမှာပဲ ဇစ်ပ်ဒစ်စ် တွေကို သုံးလို့ ရပါတယ်။ အိုင်အိုမီဂါဆိုတာ အဲဒီလို ဇစ်ပ်ဒစ်စ် တွေ၊ ဇစ်ပ်ဒရိုက်ဗ်တွေကို မူပိုင် ထုတ်လုပ်တဲ့ သူမို့ အိုင်တီ ပစ္စည်းရောင်းတဲ့ ဆိုင်တွေ သွားရင် အိုင်အိုမီဂါ ဒစ်စ်တွေ၊ အိုင်အိုမီဂါ ဒရိုက်ဗ်တွေကို မမြင်ချင်မှ အဆုံး မြင်ရပါတယ်။ ဒါပေမယ့် ဈေးပေါတဲ့ စီဒီရေးစက်၊ စီဒီဓာတ်ပြားတွေနဲ့ မမ်မိုရီ စတစ်တွေ ထွက်လာခဲ့တာဟာ အိုင်အိုမီဂါကို အရောင်းကျသွားဖို့ ဖြစ်လာစေခဲ့ တာပါပဲ။

မမ်မိုရီ စတစ်က သယ်ရတာလည်း ပိုလွယ်၊ သူ့ ကို သုံးဖို့ အတွက် ကွန်ပျူတာမှာလည်း ယူအက်စ်ဘီ အပေါက်ရှိရုံနဲ့ သုံးလို့ ရတာမို့ ဇစ်ပ်ဒစ်စ်တွေ ထက်စာရင် အများကြီး ပို အဆင်ပြေပါတယ်။ မမ်မိုရီ စတစ်တွေ တွင်တွင်ကျယ်ကျယ် သုံးလာကြတဲ့ အချိန်မှာတော့ အိုင်အိုမီဂါ ဆိုတဲ့ ကုန်အမှတ် တံဆိပ် တစ်ခုဟာ ကွန်ယက်ထဲမှာ ဒေတာ သိမ်းတဲ့သူတွေ လောက်ပဲ သိကြ ပါတော့တယ်။ စီးပွားရေး လုပ်ငန်းတစ်ခုမှာ သူများနဲ့ မတူ တီထွင်ကြံဆ တတ်ရင် အကျိုးရှိတာ မှန်ပေမယ့် အသစ်ထွက်လာတဲ့ နည်းပညာနဲ့ အတူ ကိုယ့်ထက်ပိုပြီး တီထွင်ကြံဆ တတ်တဲ့သူ ပေါ်လာရင် ကွဲတော့ တာပါလားလို့ စဉ်းစားလိုက်မိပါတယ်။

နည်းပညာ ဆိုတာ ထုတ်လုပ်တဲ့သူ တစ်ယောက်တည်းမှာတင် အကျိုးရှိတာ မဟုတ်ပါဘူး။ အဲဒီ နည်းပညာကို ထိထိရောက်ရောက် အသုံးချနိုင်တဲ့ သူတွေမှာပါ အကျိုးရှိပါတယ်။ အမေရိကန်က ဘဲလ်စမ်းသပ်ခန်းမှာ ထရန်စစ္စတာ တစ်ခု ရှာတွေ့ခဲ့ပြီးတဲ့နောက်မှာ ဂျပန် အင်ဂျင်နီယာ တစ်ယောက်က အဲဒီ ထရန်စစ္စတာ နည်းပညာကို အသုံးပြုနိုင်ဖို့ မှတ်ပုံတင်ခဲ့ ပါတယ်။ အဲဒီ နည်းပညာကို အကောင်းဆုံး အသုံးချနိုင်တဲ့ အတွက် ဆိုနီ ဆိုတဲ့ ကုမ္ပဏီ တစ်ခု အောင်မြင်လာတယ်လို့ ပြောရင် မမှားလောက် ပါဘူး။

နည်းပညာနဲ့ ပတ်သက်ပြီး နားလည် တတ်ကျွမ်းတဲ့သူ တစ်ယောက် ဦးဆောင်တိုင်း၊ ကုမ္ပဏီမှာ တော်တဲ့ တတ်တဲ့သူတွေ ရှိတိုင်း ဒီကုမ္ပဏီ အောင်မြင်တာ မဟုတ်ပါဘူး။ ရှော့ကီ (Schottky) ဆိုတဲ့ နာမည်ကို အီလက်ထရွန်းနစ်နဲ့ ရင်းနှီးတဲ့သူတိုင်း ကြားဖူးကြ မှာပါ။ ဂျာမန် ရူပဗေဒ ပညာရှင် ဝေါလ်တာ ရှော့ကီဟာ ရှော့ကီ ဒိုင်အုတ်လို့ ခေါ်တဲ့ အီလက်ထရွန်းနစ် လျှပ်ခံ ပစ္စည်းတစ်ခုကို တီထွင်ခဲ့တဲ့ အတွက် ကမ္ဘာကျော် ခဲ့ပါတယ်။ ရှော့ကီဟာ နည်းပညာမှာ တော်ပေမယ့် စီမံခန့်ခွဲမှု ပိုင်းမှာတော့ အတော့်ကို ရှော်ပါတယ်။ အဲဒါကြောင့် ကုမ္ပဏီထောင်ပြီး စီးပွားရေး လုပ်တဲ့ အချိန်မှာ သူ့ကုမ္ပဏီဟာ မအောင်မြင်ခဲ့ပါဘူး။  လူ မကောင်းလို့လား ဆိုတော့ မဟုတ်ပါဘူး။ ရှော့ကီနဲ့ အဆင်မပြေလို့ သူ့ကုမ္ပဏီက ထွက်သွားတဲ့ သူတွေက တစ်ချိန်မှာ ဖဲယားချိုင်း ဆီမီးကွန်ဒပ်တာ (Fairchild Semiconductor) လိုမျိုး နာမည်ကြီး ကုမ္ပဏီတွေကို ဆီလီကွန် တောင်ကြားမှာ တည်ထောင် ခဲ့ကြတဲ့ သူတွေ ဖြစ်လာပါတယ်။

စီးပွားရေး လုပ်ငန်း တစ်ခုမှာ အိုင်ဒီယာက အရေးကြီးပါတယ်။ အိုင်ဒီယာဆိုတာ ကိုယ်ပိုင် မဖြစ်ရင်တောင်မှ သူများရဲ့ အိုင်ဒီယာကို ကိုယ့်အလှည့်မှာ အကောင်းဆုံး ဖြစ်အောင် လုပ်နိုင်ရင် သူများကို ကျော်တက် နိုင်တာပါပဲ။ အဲဒီ အတွက် အကောင်းဆုံး ဥပမာကတော့ Facebook ပါ။ လူမှု ကွန်ယက်ပဲ ခေါ်ခေါ် ဆိုရှယ်နပ်ဝပ် ပဲ နာမည်ပေးပေး ဒီအိုင်ဒီယာဟာ မာ့က်ခ် ဇူကာဘတ်ခ်ရဲ့ ပထမဆုံး အိုင်ဒီယာ မဟုတ်တာတော့ အသေအချာပါပဲ။ Friendster, Hi5, MySpace စတဲ့ နာမည်ကျော် ဆိုရှယ် နက်ဝပ်တွေ ဖေ့စ်ဘွတ်ခ်ရဲ့ ရှေ့မှာ အများကြီး ပေါ်ခဲ့ဖူးပါတယ်။ သူတို့တွေ အားလုံး ဖေ့စ်ဘွတ်ခ်လောက် အောင်မြင်အောင် ဘယ်သူမှ မလုပ်နိုင်ခဲ့ ကြပါဘူး။ ဖေ့စ်ဘွတ်ခ်က ရှိပြီးသား အိုင်ဒီယာကို အကောင်းဆုံး သုံးပြီး ဈေးကွက်ထဲကို ဝင်လာခဲ့တာမို့ နောက်ပေါက်တဲ့ ရွှေကြာပင်ပေမယ့် အားလုံးကို ကျော်တက်သွားခဲ့ ပါတယ်။ မာဖီးယားဝါး (Mafia War) တို့ ဖမ်းဗေးလ် (FarmVille) တို့လို ဂိမ်းတွေကလည်း ဖေ့စ်ဘွတ်ခ်ရဲ့ အောင်မြင်မှုမှာ တစ်စိတ်တစ်ပိုင်း အထောက်အကူ ပေးခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ဂူဂယ်လ် ပလပ်စ်က အိုင်ဒီယာ အသစ်နဲ့ ဖေ့စ်ဘွတ်ခ်ကို ကျော်တက်ဖို့ ကြိုးစားပေမယ့် အခုထက်ထိ မယှဉ်နိုင်သေးတာ အမှန်ပါပဲ။

ကိုယ်က အိုင်ဒီယာကောင်း ဈေးကွက်မှာ အအောင်မြင်ဆုံး ဖြစ်နေပေမယ့် ကိုယ့်ထက် အိုင်ဒီယာကောင်းပြီး နောက်ဆုံးပေါ် နည်းပညာကို အကောင်းဆုံး အသုံးချ သွားသူတွေ နဲ့တွေ့ရင် အရေးနိမ့်သွားနိုင်တာမျိုးလည်း ရှိတတ်ပါတယ်။ တစ်ချိန်က လက်ကိုင်ဖုန်း ဈေးကွက်မှာ ဖင်လန်ကုမ္ပဏီ နိုကီယာရဲ့ တယ်လီဖုန်းကို ဘယ်သူမှ မယှဉ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် စမတ်ဖုန်း နည်းပညာတွေမှာ သူ့ရဲ့ ပြိုင်ဘက်တွေကို မယှဉ်နိုင်တဲ့ အတွက်၊ သူ့ပြိုင်ဘက်တွေရဲ့ အိုင်ဒီယာတွေထက် ကောင်းအောင် မလုပ်နိုင်တဲ့ အတွက် နိုကီယာဟာ အိုင်ဖုန်းနဲ့ အန်းဒရွိုက်သုံးထားတဲ့ ဖုန်းတွေကို သူ့ရဲ့ ဈေးကွက် ဝေစု အများကြီး ခွဲပေးလိုက်ရပါတယ်။ အဲဒီတော့ အခုလို အပြိုင်အဆိုင်များတဲ့ ဈေးကွက်မှာ ကိုယ့်ကုမ္ပဏီ အနေနဲ့ သူများထက် အမြဲတမ်း ပိုပြီး ဆန်းသစ်အောင် လုပ်နိုင်ပါမှ ကြံ့ကြံ့ခံနိုင်မှာပါ။

ကုမ္ပဏီ တစ်ခုဟာ ပစ္စည်းတစ်ခုကို ထုတ်လုပ်ဖို့ စခဲ့တယ် ဆိုပေမယ့် ဒီထက် အကျိုးအမြတ်များမယ့် ပစ္စည်းမျိုး ထုတ်ဖို့ ရှိလာရင် နောက်အိုင်ဒီယာ တစ်ခုနောက်ကို လိုက်ရမှာပါ။ ကိုယ့်ရှိပြီးသား အိုင်ဒီယာ တစ်ခုတည်းမှာပဲ အမြဲတမ်း တွယ်ကပ်နေလို့ မရပါဘူး။ အခုနာမည်ကျော်ကြားနေတဲ့ ဘီအမ်ဒဗလျူ ကားကုမ္ပဏီဟာ စပြီး တည်ထောင်တဲ့ အချိန်တုန်းက လေယာဉ်ပျံ အင်ဂျင်တွေ ထုတ်ဖို့ စတင်ခဲ့တာပါ။ နောက်တော့ ဘီအမ်ဒဗလျူ ဆိုင်ကယ် အဲဒီကမှ တဆင့် ဘီအမ်ဒဗလျူ ကားထုတ်ပြီး အခုတော့ ဇိမ်ခံကား ဈေးကွက်မှာ ဝေစုတော်တော်များများ ရနေပါပြီ။ အဲဒီလိုပါပဲ။ ကျွန်တော်တို့ အခုသုံးနေတဲ့ ဝင်းဒိုး စက်လည်ပတ်ရေးစနစ် တွေ ထုတ်လုပ်တဲ့ မိုက်ခရိုဆော့ဖ် ကုမ္ပဏီဟာလည်း တစ်ချိန်က ပရိုဂရမ်းမင်း ဘာသာစကားတွေ ထုတ်လုပ်ရောင်းချဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စတင်ခဲ့တာပါ။ အဲဒီကမှ တဆင့် အကျိုးအမြတ်များတဲ့ DOS နဲ့ ဝင်းဒိုး ဆီကို ကူးပြောင်းလာခဲ့တာပါ။ စီးပွားရေး လုပ်ငန်း တစ်ခု တည်ထောင်တဲ့ နေရာမှာ စတင်တည်ထောင်တဲ့ အချိန်က အိုင်ဒီယာထက် ဒီစီးပွားရေးလုပ်ငန်းကို လုပ်နေရင်းမှ တွေ့လာတဲ့ အိုင်ဒီယာတွေကလည်း ကုမ္ပဏီကို အမြင့်ဆုံး ရောက်အောင် တွန်းပို့ ပေးနိုင်တယ်လို့ ပြောရင် မှားမယ် မထင်ပါဘူး။

အဲဒီတော့ အားလုံးကို ခြုံငုံသုံးသပ် ကြည့်ရရင် နည်းပညာနဲ့ ဆိုင်တဲ့ ကုမ္ပဏီ တစ်ခု အောင်မြင်ဖို့ ဆိုတာ ရှိပြီးသား နည်းပညာကိုလည်း အကောင်းဆုံး အသုံးချ နိုင်ရမယ်။ စီမံခန့်ခွဲမှုလည်း တတ်ကျွမ်းရမယ်။ နောက်ထပ် အသစ်ပေါ်လာတဲ့ နည်းပညာတွေကို အသုံးချဖို့လည်း အမြဲတမ်း ကြံဆ နေရမယ်။ အခွင့်အလမ်း အသစ်တွေကိုလည်း မျက်ခြေမပြတ် ကြည့်နေရမယ် လို့ ပေါင်းစပ် ပြောရမယ် ထင်ပါတယ်။ ဒီလောက် အပြိုင်အဆိုင်များတဲ့ ကမ္ဘာ့ဈေးကွက်ကြီးထဲမှာ ကိုယ်တိုင်ဝင်ကြဲ ချင်တယ် ဆိုရင်တော့ သူများထက် ပိုပြီး ဆန်းသစ်နိုင်မှ၊ တီထွင်ကြံဆနိုင်မှ ကိုယ့်အတွက် နေရာ တစ်နေရာစာ ရှိနိုင်မှာ ဖြစ်ပါတယ်လို့ သုံးသပ်မိပါတယ်။ 

(Image Source: Wikimedia Foundation )