Search This Blog

Friday, May 25, 2012

ရှန်ဟိုင်း နေ့စွဲများ (၁)

အလုပ်ကိစ္စနဲ့ ဝေးဝေးလံလံ ခရီးမသွားဖြစ်တာ အတော်ကြာပါပြီ ။ ကုမ္ပဏီမှာလည်း အုန်းပင်တက် လက်မှတ်ရပြီး အင်ဂျင်နီယာ လုပ်နေရာကနေ အိုင်တီဌာနကို ရောက်နေတာ တစ်နှစ်ခွဲလောက် ရှိပြီမို့ ခရီးသွားဖို့ အတော် အလှမ်းဝေးနေပါတယ်။ အခုတလောတော့ ကုမ္ပဏီမှာ အလုပ်အရမ်းများနေလို့ အိုင်တီ ပရိုဂရမ်မာ အနေနဲ့ ထိုင်ခုံမှာ ကျောက်ချထိုင် နေရာကနေ အင်ဂျင်နီယာ တလှည့်ပြန်ဖြစ်ပြီး ခရီးထွက်ရမယ့် စခန်းကို ပြန်ရောက် လာပါတယ်။ ဒီတစ်ခါတော့ အရှေ့တိုင်းရဲ့ ပါရီမြို့ လို့ တင်စားခေါ်ဝေါ်ကြတဲ့ တရုတ်ပြည် အရှေ့ဘက်ခြမ်းက ရှန်ဟိုင်း မြို့တော်ပါ။

ခရီးမသွားရတာ ကြာလို့ တစ်မျိုးတော့ ဖြစ်နေပါတယ်။ လေယာဉ်ပျံပေါ်ရောက်တော့ စင်ကာပူ လေကြောင်းလိုင်းက ကိုယ်နဲ့ရင်းနှီးနေတဲ့ လေယာဉ်တွင်း ဖျော်ဖြေရေး ဆော့ဖ်ဝဲလ်တောင်
ပုံစံ တစ်မျိုး ပြောင်းနေပါပြီ ။ လေယာဉ်ပျံပေါ်မှာ စလုံးကနေ လေ့လာရေး လာတဲ့ အန်ဂလိကန် ဟိုက်စကူး နဲ့ တခြား အထက်တန်းကျောင်း တစ်ကျောင်း က ကလေးတွေ တစ်အုပ်ကြီး ပါပါတယ်။ ကလေးတွေ ဆိုပေမယ့် ၁၃-၁၄ နှစ်လောက်တွေတော့ ရှိကြပါပြီ။  ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံခြား ထွက်သွားတာ ဘဝခြား သွားသလို ထင်နေတဲ့သူတွေ ရှိကြသေး ပေမယ့် သူများနိုင်ငံတွေမှာတော့ နိုင်ငံခြားဆိုတာ ကလေးတွေ အတွက်တောင် အထူးအဆန်း မဟုတ်တဲ့ ကိစ္စ ဖြစ်နေပါပြီ။  သူများနိုင်ငံက ကလေးတွေ နိုင်ငံခြားကို လေ့လာရေး ခရီးတွေ ထွက်နေကြတာ မြင်ပြီး ကျွန်တော်တို့ နိုင်ငံက ကလေးတွေလည်း သူတို့လို နိုင်ငံခြား လေ့လာရေး သွားနိုင်မယ့် အခြေအနေ ဘယ်တော့ ရောက်မလဲလို့ စိတ်ထဲမှာ တွေးကြည့်မိပါတယ်။

လေဆိပ်က ဆင်းဆင်းချင်း ရှန်ဟိုင်းမြို့လယ်ခေါင်က ကုမ္ပဏီ တိုက်ခန်းကို တက္ကစီ ငှားသွားရင် ရပေမယ့် နည်းနည်းလေးတော့ ရှည်လျားလိုက်ရမှ စိတ်ကျေနပ်တာမို့ ဖြောင့်ဖြောင့်တန်းတန်း မသွားဖြစ်ပါဘူး။ မသွားခင် တစ်ရက်ကမှ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ဆီက သတင်း ရထားတဲ့ မက်လက်ဗ် ရထားကို စီးဖူးတယ် ရှိအောင် စီးကြည့်ဖို့ ကြံပါတယ်။ မက်လက်ဗ်ဆိုတာ Magnetic Levitation ကို အတိုကောက် ပြောတာပါ။ ဂျပန်က ကျည်ဆန် ရထားတွေနဲ့ နည်းပညာချင်း နည်းနည်းကွဲတယ်လို့ ကြားဖူးပါတယ်။ ဂျာမနီက နောက်ဆုံးပေါ် နည်းပညာပါ။ ရထားကို သံလမ်းပေါ်မှာ သံလိုက်နည်းနဲ့ တွန်းတင်ပြီး သွားတဲ့ ကျည်ဆန်ရထား တစ်မျိုးပါပဲ။ ဂျာမနီမှာ စမ်းသပ် အဆင့်ပဲ ပြေးနေပေမယ့် တရုတ်ပြည်မှာတော့ စီးပွားဖြစ် စဆွဲနေပါပြီ။ လေဆိပ်ကနေ လောရန်းလမ်း ဘူတာ တစ်ဘူတာပဲ သွားပါတယ်။ အဲဒီခရီးကို ပုံမှန်ဆိုရင် ယွမ် ၅၀ ပေးရပြီး လေယာဉ်ပျံလက်မှတ်ပြရင်တော့ လျော့ဈေး ၄၀ ယွမ်နဲ့ စီးလို့ ရပါတယ်။

ကျည်ဆန်ရထား စီးချင်လို့ ရွစိတက်နေတာတော့ ငယ်ငယ်ကတည်းကပါပဲ။ အခုတော့ တစ်ကယ်ပဲ စီးဖြစ်သွား ပါပြီ။ တရိပ်ရိပ် အရှိန်ပြေးနေတဲ့ ရထားဟာ ရပ်ထားတဲ့ နေရာကနေ တောက်လျှောက် အရှိန်မြင့် လိုက်တဲ့ အခါ တစ်နာရီကို ၃၀၀ ကီလိုမီတာနှုန်း အထိ မြန်သွားပါတယ်။ ဒီလို ရထားလမ်းမျိုး ရန်ကုန်နဲ့ မန္တလေးကြားသာ ဆောက်လိုက်ရင်တော့ ရန်ကုန်နဲ့ မန္တလေး ၂ နာရီကျော်လောက်နဲ့ သွားလို့ ရမယ့် ပုံပါပဲ။ ရထားထဲမှာ ရထား ဘယ်အရှိန်နဲ့ သွားနေတယ်ဆိုတာ ပြနေတာမို့ တစ်နာရီ ၃၀၁ ကီလိုမီတာ နှုန်း အမြန်ဆုံး သွားနေတဲ့ အချိန် ဓာတ်ပုံ ရိုက်ယူလာပါတယ်။



ရထားပေါ်က ဆင်းပြီးတော့ သူများတွေနဲ့ ရောယောင်ပြီး ရထားကို ဓာတ်ပုံတစ်ပုံ ရိုက်လိုက်ပါသေးတယ်။



ရထားက တစ်ဘူတာပဲ သွားပါတယ်။ တစ်ဘူတာ သွားပြီးတော့ လော်ရန်းလမ်းမှာ ရပ်ပါတယ်။ လော်ရန်လမ်းကနေ တက္ကစီငှားပြီး ကုမ္ပဏီ တိုက်ခန်း ရှိတဲ့ နေရာကို ထွက်လာခဲ့ပါတယ်။ ရှန်ဟိုင်းကတော့ တကယ်ကို တိုးတက်နေတဲ့ မြို့တော်ပါပဲ။ မိုးမျှော်တိုက်ကြီးတွေ မိုးပျံလမ်းကြီးတွေနဲ့ မို့ သူနဲ့ ပုံစံတူတဲ့ ဘန်ကောက် မနီလာ ရောက်ဖူးသမျှ နေရာ အကုန်လုံးကို သတိတရ ဖြစ်သွားပါတယ်။ ရှန်ဟိုင်းမှာ ဗောက်စ်ဝက်ဂွန်ကားတွေ အတော်များတာ သတိထားမိပါတယ်။ ကျွန်တော်စီးလာတဲ့ တက္ကစီက ဗောက်စ်ဝက်ဂွန်၊ ဘေးနားက သတိထားမိတဲ့ တက္ကစီ အတော်များများလည်း ဗောက်စ်ဝက်ဂွန်တွေပါပဲ။ လိပ်ခုံးကားတော့ မဟုတ်ပါဘူး။ ဗောက်စ်ဝက်ဂွန် ကုမ္ပဏီက ထုတ်တဲ့ ဆန်တာနာ ဆိုတဲ့ တခြားကားအမျိုးအစားတွေပါ။ တက္ကစီတွေမှာ ထူးခြားချက်က တက္ကစီသမားရဲ့ ကားမောင်းတဲ့ နေရာကို ဘေးကနေ သံတန်းတွေ ကော်ပြားတွေနဲ့ ကာထားတာပါ။ အလွယ်တကူ ရန်ပြုလို့ မရအောင် ဓားပြတိုက်လို့ မရအောင် ကာထားတာလို့ပဲ ကိုယ့်ဘာသာကိုယ် ကောက်ချက်ချလိုက်ပါတယ်။

တိုက်ခန်းရောက်ပြီးတော့ တရုတ်ပြည်မှာ ရုံးထိုင်နေတဲ့ ရုံးက မန်နေဂျာတစ်ယောက်နဲ့ တွေ့ပါတယ်။ သူက အဲဒီတိုက်ခန်းမှာ နေတာပါ။ ဧည့်သည်လာရင် တည်းဖို့ အိပ်ခန်းတစ်ခန်း အပိုရှိပါတယ်။ ပစ္စည်းတွေ ထားပြီးတော့ သူက ကျွန်တော့်ကို ဘာလုပ်ချင်သလဲ မေးပါတယ်။ နေ့လည်က ၃ နာရီ ထိုးခါနီး လေယာဉ်ပျံပေါ်က ကျွေးတဲ့ နေ့လည်စာက ဗိုက်မဝတာမို့ ဗိုက်ဆာတယ် တစ်ခုခု စားချင်တယ်လို့ ပြောလိုက်ပါတယ်။ ဒီလိုနဲ့ အဲဒီနားက ခေါက်ဆွဲဆိုင်ကို ရောက်ခဲ့ပါတယ်။ ရှန်ဟိုင်းမှာမို့ တရုတ် ခေါက်ဆွဲဆိုင်လို့  ထင်ရင်တော့ မောင်လေး ညီမလေးတို့ အဖြေမှားသွားပါပြီ။ အာဂျီးဆန် ရာမန် ဆိုတဲ့ စင်ကာပူမှာ ရှိတဲ့ ဂျပန် ခေါက်ဆွဲဆိုင်ပါပဲ။ စင်ကာပူနဲ့ ယှဉ်ရင်တော့ အများကြီး ဈေးသက်သာပါတယ်။

ခေါက်ဆွဲစားပြီးတော့ အဲဒီနားတစ်ဝိုက် လမ်းလျှောက်ထွက်ခဲ့ပါတယ်။ ရှန်ဟိုင်း မြို့လည်ခေါင်မှာမို့ လူတွေအများကြီးပါပဲ။ စနေနေ့ နေ့လည်ဖြစ်နေတာက တစ်ကြောင်း၊ လူဦးရေ ၁၄သန်း ရှိတဲ့ မြို့တော် ဖြစ်နေတာကတစ်ကြောင်း ထင်ပါတယ်။ လူတွေကတော့ ကြိတ်ကြိတ်တိုးပါပဲ။ လမ်းလျှောက်ရင်းနဲ့ ဘေးက ကောင်လေးတစ်ယောက် အနားကပ် လာပြီး မာဆပ် လုပ်ချင်သလား လာမေးလို့ ခေါင်းခါ ပြလိုက်ပါတယ်။ ရုံးက လုပ်ဖော်ကိုင်ဖက် တစ်ယောက်က မသွားခင် မှာလိုက်ပါတယ်။ မာဆပ်သွားချင်ရင် တည့်တည့် ဝင်သွား၊ လမ်းဘေးမှာ ထွက်ခေါ်တာတွေနဲ့ မလိုက်နဲ့။ ပါးပါးလှီးလိမ့်မယ် ဆိုပြီးတော့ပါ။ ကြည့်ရတာတော့ သူကိုယ်တိုင် ခံခဲ့ရပုံပေါ်ပါတယ်။ ရုံးက မန်နေဂျာက သူ အနှိပ်သွားခံ မလို့ လိုက်မလား၊ အခန်းမှာပဲ ပြန်နားချင်သလားလို့ မေးပါတယ်။ မာဆပ်က ရိုးရိုးမာဆပ်ပဲ Hanky-Panky တွေ မပါဘူး။ ညောင်းရင်တော့ လိုက်ခဲ့ ဆိုတာနဲ့ပဲ သူနဲ့ လိုက်သွားဖြစ်ပါတယ်။

သူခေါ်သွားတဲ့ မာဆပ်ကလည်း အဲဒီနားတင်ပါပဲ။ အခန်းတစ်ခန်းထဲမှာ ဆိုဖာ ထိုင်ခုံ ၂ လုံးနဲ့ တယ်လီဗွီးရှင်း ရှိပါတယ်။ ခဏနေတော့ ကောင်မလေး ၂ ယောက် ဘာတွေ စိမ်ထားမှန်း မသိတဲ့ သစ်သား ရေနွေးဇလုံ တစ်လုံးစီ သယ်ပြီး ရောက်လာပါတယ်။ ရေနွေးထဲ ခြေထောက်ကို စိမ်ပြီးတော့ ပုခုံးကို နှိပ်ပေးပါတယ်။ ပုခုံးကို နှိပ်ပြီးတော့ ခြေထောက်ကို စနှိပ်ပါတော့တယ်။ သူတို့ ခြေဖဝါးနှိပ်တော့မှပဲ ကိုယ့်ခြေဖဝါးမှာ အကြောတွေ အတော်များမှန်း သဘောပေါက် ပါတော့တယ်။ ခြေချောင်း တစ်ချောင်းချင်းစီ ရဲ့ အကြောတွေကို ခြေဖဝါးမှာ ရှာနှိပ်သွားတာ လက်ဖျားခါလောက်ပါတယ်။ သူတို့ကတော့ နှိပ်ရင်း မန်နေဂျာနဲ့ ကွိစိကွစတွေ ပြောနေ ကြပါတယ်။ နှိပ်တာ ခံပြီးတော့ အတော် အညောင်းပြေ သွားပါတယ်။ မန်နေဂျာ ကျွန်တော့်ကို ပြောထားတဲ့ အတိုင်းပါပဲ။ ဟန်ကီပန်ကီ လုံးဝ မပါပါဘူး။

အနှိပ်ခန်းကထွက်တော့ ညနေ ၆ နာရီခွဲလောက် ရှိနေပါပြီ။ အဲဒီ အနားမှာ ရှိတဲ့ ရပ်ဖဲလ်စီးတီးကို ရောက်ခဲ့ပါတယ်။ စင်ကာပူက အင်္ဂလိပ်လူမျိုး ဆာရ် စတန်းဖို့ဒ် ရပ်ဖဲလ် တည်ခဲ့တဲ့ မြို့မို့လို့ ရပ်ဖဲလ်စီးတီး ရှိတာ ရှန်ဟိုင်းမှာ ဘာလို့ ရပ်ဖဲလ်စီးတီး ရှိရတာလဲ လို့ မေးစရာ ရှိပါလိမ့်မယ်။ စင်ကာပူ ကုမ္ပဏီ ကက်ပီတာ လန်း က ဆောက်ထားတာပါ။ ရပ်ဖဲလ်စီးတီးထဲ ဝင်တော့ စင်ကာပူက ရပ်ဖဲလ်စီးတီးထက် အများကြီး သားနားသလို ခံစားရပါတယ်။ အဓိကကတော့ နေရာကျယ်တာ ကြောင့် ဖြစ်မယ် ထင်ပါတယ်။ ဆိုင်တစ်ဆိုင်ထဲ ဝင်ကြည့်တော့ အင်္ကျီတွေက စလုံးက ရောင်းတဲ့ ဈေးထက်တောင် ကြီးပါသေးတယ်။ မန်နေဂျာကတော့ နာမည်ကြီးတဲ့ တံဆိပ် ဝယ်ချင်ရင် စင်ကာပူမှာပဲ ဝယ်။ ဒီမှာက သွင်းကုန်အခွန်ရော၊ ရောင်းတဲ့ အပေါ်မှာ ကောက်တဲ့ အခွန်ရော ဈေးကြီးတယ်လို့ ပြောပြပါတယ်။ အောက်က ဓာတ်ပုံကတော့ ရပ်ဖဲလ်စီးတီး အတွင်းပိုင်းမှာ ရိုက်ထားတာပါ။



ညနေစာ စားချိန် ရောက်ပြီမို့ ကျွန်တော်တို့ ညနေစာ စားဖို့ တက္ကစီ ငှားပြီး ထွက်ခဲ့ကြ ပါတယ်။ မန်နေဂျာကတော့ ဥက္ကဌကြီး မော်ရဲ့ နယ်က အစားအစာ လိုက်ကျွေးမယ် ပြောပါတယ်။ ဥက္ကဌကြီးမော်က ဟူနန် နယ်ကပါ။ တရုတ်ပြည်မှာ ယဉ်ကျေးမှုတော်လှန်ရေး ဆိုပြီး ရှိသမျှ ရှေးဟောင်း ပစ္စည်းတွေတွေ ဖျက်စီးခိုင်းခဲ့တဲ့ ဥက္ကဌကြီးမော်၊ တရုတ်စာလုံးကို ဖျောက်ပြီး အင်္ဂလိပ်စာလုံးနဲ့ တရုတ်စာကို ရေးခိုင်းဖို့ ကြံစည်ခဲ့တဲ့ ဥက္ကဌကြီးမော်၊ ပညာတတ်မြို့နေ လူငယ်တွေကို တောမှာဆင်း လယ်ထွန်းခိုင်းခဲ့တဲ့ ဥက္ကဌကြီးမော် တရုတ်ပြည်မှာတော့ လူတိုင်းအမှတ်တရ ရှိတုန်း နေမှာပါပဲ။

ဆိုင်ကိုရောက်တော့ လူအပြည့်ပေမယ့် သိပ်ကြာကြာ မစောင့်ရပါဘူး။ ဆိုင်ထဲမှာ နိုင်ငံခြားသားတွေလည်း အများကြီးပါပဲ။ စားပွဲထိုးက မီနူး ယူလာပေးတော့ မီနူးထဲမှာ မစ္စတာ မော်ရဲ့ အကြိုက် ပုဇွန်၊ မစ္စတာ မော်ရဲ့ အကြိုက် ဂဏန်း အဲဒီလိုမျိုးတွေ ရေးထားတာ တွေ့ရပါတယ်။ ဘာမှာရမှန်း မသိလို့ မန်နေဂျာကိုပဲ မှာခိုင်းလိုက်ပါတယ်။ ဝက်နံရိုး အစပ်ကင်၊ ဝက်သားအစပ်၊ တို့ဟူး အစပ်၊ အရွက်ကြော်၊ ဆေးဘဲဥဟင်း၊ ဆန်ပြားလို အပြားတွေနဲ့ အစပ်ဟင်း တွေ ရောက်လာပါတယ်။ တရုတ်စာမှာ အပူဟင်း (Hot Dish) နဲ့ အအေးဟင်း (Cold Dish) ရှိတယ် ဆိုတာ အဲဒီနေ့က လေယာဉ်ပျံပေါ်မှာ လျှောက်ကြည့်ရင်းမှ သတိထားမိပါတယ်။ အပူဟင်းက ချက်ချင်း ချက်ပြုတ်ထားတဲ့ဟင်း၊ အအေးဟင်းက ညကတည်းက
ပြင်ဆင်ထားတဲ့ဟင်း အဲဒီလိုမျိုး ကွဲပါတယ်။ ဟင်းတွေ အားလုံးက အစပ်တွေချည်းပဲမို့ ရှူးရှူးရှဲရှဲ စားနေရပါတယ်။ ဘီယာလည်း မှာပြီးသားမို့ ပုံမှန် မသောက်တာ ကြာပေမယ့် သောက်ဖြစ်ပါတယ်။ အမှန်တကယ်ကတော့ မူးရတဲ့ အရသာကို မကြိုက်လို့ အရက် ဘီယာကို တတ်နိုင်သလောက် မသောက်ဖြစ်တာပါ။ ဟင်းတွေက ရှူးရှူးရှဲရှဲမို့ မသောက်တာ ကြာပေမယ့် ဘီယာတစ်လုံး ကုန်တာတောင် နည်းနည်းလေးမှ ရီတီတီ မဖြစ်ပါဘူး။

ပိုက်ဆံရှင်းပြီးတော့ တိုက်ခန်းကို ပြန်ခဲ့ပါတယ်။ မအိပ်ခင် တိုက်ခန်းက လှမ်းမြင်နေရတဲ့ ရပ်ဖဲလ်စီးတီးနဲ့ အနားက မိုးမျှော်တိုက် တစ်ခုကို ဓာတ်ပုံ ရိုက်ဖြစ်ပါတယ်။




အင်တာနက် ဖွင့်ကြည့်တော့ဖွဘုတ်၊ ယူကျု ဝင်မရပါဘူး။ ဒါပေမယ့်လည်း တတ်သည့်ပညာ မနေသာ ဆိုသလို မြန်မာပြည်က အတတ်နဲ့ ကျော်ခွကြည့်တော့ နာမည်ကျော် တရုတ်ပြည်ရဲ့ ဖိုင်းယားဝေါလ်ကြီးကို ကျော်လို့ရတာ တွေ့ရပါတယ်။ နောက်နေ့များမှ ရှန်ဟိုင်း အတွေ့အကြုံတွေကို ဆက်ပါဦးမယ်။

4 comments:

Heartmuseum said...

ဆက်ပါ... ဆက်ပါ..... စိတ်ရှည်ရှည်နဲ့ စောင့်ဖတ်ပါ့မယ်။ ..... :P

သက်ဝေ said...

ရှန်ဟိုင်းကို လိုက်လည်တယ်...း)

Anonymous said...

Read

Pifpif

Raymond.Kyaw Minn Naing said...

Hanky Panky !