Search This Blog

Tuesday, October 29, 2013

ဆင်ကျားပေါ၏ တခြားသော အကြောင်းများ

ဆင်ကျားပေါမှာ နေလာခဲ့တဲ့ ၁၃နှစ်မှာ ဆင်ကျားပေါ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို မျက်ခြည်မပြတ် လေ့လာဖြစ်ပါတယ်။ ဆင်ကျားပေါဟာ ကမ္ဘာမှာ စီးပွားရေး လုပ်လို့ အကောင်းဆုံး နိုင်ငံတွေထဲမှာ ယူကေပြီးရင် ဒုတိယ နေရာမှာ ရှိတဲ့ နိုင်ငံ၊ ကမ္ဘာမှာ ခရီးသည်တွေ ကျေနပ်မှု အရဆုံး လေဆိပ် ရှိတဲ့ နိုင်ငံ လိုမျိုး ကိစ္စတွေမှာ ကမ္ဘာ့ ထိပ်တန်း နေရာတွေမှာ ယူနိုင်ပေမယ့် သတင်းစာ လွတ်လပ်ခွင့် အနေနဲ့တော့ အောက်ဆုံး နိုင်ငံ ၃၀ ထဲမှာ ပါပါတယ်။ အဲဒီတော့ စင်ကာပူ အစိုးရက ထုတ်တဲ့ စထရိတ်တိုင်းလို သတင်းစာမျိုးဟာ စင်ကာပူ အကြောင်း လေ့လာတဲ့ အချိန် ကိုးကားစရာ အဖြစ် မလုံလောက်ဘူးလို့ မှတ်ယူလို့ ရပါတယ်။ တခြားသော အင်တာနက် စာမျက်နှာတွေ၊ ဖိုရမ်တွေကို အချိန်ပေးပြီး လေ့လာဖြစ်ခဲ့ပါတယ်။

စင်ကာပူဟာ တတိယကမ္ဘာ နိုင်ငံကနေ ပထမကမ္ဘာ နိုင်ငံ ဖြစ်လာခဲ့တဲ့ အကြောင်းမှာ ခေါင်းဆောင်မှု ကောင်းတယ် ဆိုတာထက် ပတ်ဝန်းကျင် နိုင်ငံတွေ ရှော်တာ၊ နေရာကောင်း တစ်ခုမှာ တည်ရှိနေတာ၊ စီးပွားရေး တိုးတက်ဖို့ အချိန်အခါကောင်းကို မီလိုက်တာတွေလည်း ပါဝင်ပတ်သက်နေတယ်ဆိုတာ သတိထားမိ ပါတယ်။ ဥပမာ အားဖြင့် အခု တရုတ်စီးပွားရေး တက်သလို တိုးတက်နေတဲ့ အချိန် စင်ကာပူ လွတ်လပ်ရေး ရရင် ဒီအခြေအနေ ရောက်လာစရာ မရှိဘူးလို့ ထင်ပါတယ်။ ဒါပေမယ့်လည်း အချိန်အခါကောင်းကို မြန်မာနိုင်ငံလို ပေါက်ကရ လုပ်မပစ်ဘဲ သူ့နိုင်ငံသူ တိုးတက်အောင် လုပ်သွားနိုင်တာတော့ ချီးကျူးစရာ ကောင်းပါတယ်။

အဲဒီလို နိုင်ငံကို တိုးတက်အောင် တွန်းပို့ပေးခဲ့တဲ့ စီးပွားရေး လုပ်ငန်းတွေထဲမှာ ကုန်ထုတ်လုပ်ငန်းတွေ၊ လေဆိပ်၊ ဆိပ်ကမ်းလုပ်ငန်းတွေ၊ သင်္ဘောကျင်းလုပ်ငန်းတွေက အဓိက နေရာက ပါပါတယ်။ ဒါပေမယ့်လည်း အခု အချိန်မှာတော့ အဲဒီ လုပ်ငန်းတွေဟာ ဒေသတွင်းက နိုင်ငံတွေရဲ့ ပြိုင်ဆိုင်မှုကို အလူးအလဲ တောင့်ခံနေရတဲ့ အနေအထား ရောက်နေပါပြီ။

စင်ကာပူ လွတ်လပ်ရေး ရခါစက နိုင်ငံခြား ကုမ္ပဏီ တွေ အလုံးအရင်းနဲ့ ဝင်လာပြီး စင်ကာပူမှာ စက်ရုံတွေဖွင့် ကုန်ထုတ်လုပ်ငန်းတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံ တိုးတက်လာတာနဲ့ အတူ လူနေမှု စရိတ်ကြီးလာခဲ့ပြီး အလုပ်သမားခတွေလည်း ဈေးကြီးလာခဲ့ပါတယ်။ အဲဒီ အချိန်မှာတော့ ကုမ္ပဏီတွေဟာ မြေနေရာနဲ့ အလုပ်သမားခ ဈေးပေါတဲ့ ပတ်ဝန်းကျင်က မလေးရှား၊ အင်ဒိုနီးရှားလို နိုင်ငံမျိုးတွေကို တဖြည်းဖြည်း ပြောင်းရွှေ့သွားခဲ့ပါတယ်။ ပြောင်းရွှေ့တဲ့ စက်ရုံတွေထဲမှာ တီဗွီနဲ့ အခြား အီလက်ထရွန်းနစ် လူသုံးကုန် ထုတ်တဲ့ စက်ရုံတွေ၊ ဆားကစ်ပြား ထုတ်တဲ့ စက်ရုံတွေ၊ ဆီမီးကွန်ဒတ်တာ ထုတ်တဲ့ စက်ရုံတွေ အများကြီး ပါသွားပါတယ်။ တကယ့်ကို အရည်အသွေးမြင့်ပြီး အကျိုးအမြတ်များတဲ့ ဝေဖာ (ချစ်ပ်) တွေ ထုတ်တဲ့ စက်ရုံတွေလိုမျိုး စက်ရုံတွေ လောက်ပဲ စင်ကာပူမှာ ကျန်ခဲ့ပါတော့တယ်။ ကျွန်တော်တို့ ကျောင်းဆင်းပြီးခါစ ၂၀၀၂ ပတ်ဝန်းကျင်လောက်က စင်ကာပူက စက်ရုံတွေ အတော်များများ အင်ဒိုနီးရှား မလေးရှားကို ပြောင်းတဲ့ ကိစ္စမှာ ပါဝင်ခဲ့ရဖူးပါတယ်။ အဲဒီလို အပြောင်းအလဲ တွေကြောင့် စင်ကာပူရဲ့ ကုန်ထုတ်လုပ်ငန်းဟာ အခု အရင်ကလို ရွှေထီးဆောင်းနိုင်တဲ့ အခြေအနေ မဟုတ်တော့ပါဘူး။

အဲဒီလိုပဲ လေဆိပ်လုပ်ငန်းမှာလည်း စင်ကာပူဟာ ဟောင်ကောင်၊ ကိုရီးယားလို ဒေသတွင်းက လေဆိပ်တွေရဲ့ ပြိုင်ဆိုင်မှုကို ခံခဲ့ရပါတယ်။ ချန်ဂီလေဆိပ်ဟာ ကမ္ဘာ့နံပါတ်တစ် နေရာမှာ ရဖို့ အရင်လို သာသာယာယာ မဟုတ်တော့ဘဲ အသည်းအသန် လုံးပမ်းနေရပါတယ်။ အဲဒီလိုပါပဲ။

ဆိပ်ကမ်းလုပ်ငန်းမှာလည်း စင်ကာပူ ဆိပ်ကမ်းဟာ ဝန်ဆောင်ခ ဈေးကြီးတဲ့ အတွက် သင်္ဘောကုမ္ပဏီတွေက ပိုပြီးသက်သာမယ့် နေရာကို ရှာလာပါတယ်။ စင်ကာပူ ဆိပ်ကမ်းနဲ့ ၁၀ မိုင်ကျော်မှာ ကပ်ဖွင့်လိုက်တဲ့ မလေးရှားရဲ့ တန်ဂျွန် ပီလာပတ်စ် ဆိပ်ကမ်းဟာ စင်ကာပူကို အလဲထိုးဖို့ ကြိုးစားတဲ့ မလေးရှားရဲ့ ခြေလှမ်းတစ်ခုပါပဲ။ အေပီမိုလာလို ကုမ္ပဏီကြီးတွေက မလေးရှားဖက်ကို ရွှေ့သွားတဲ့ အတွက် စင်ကာပူ ဆိပ်ကမ်းရဲ့ အလုပ် ၂၀ ရာခိုင်နှုန်းကျော် ဆုံးရှုံးခဲ့ရပါတယ်။ စင်ကာပူဟာ ဝန်ဆောင်ခကို လျှော့ချနိုင်ဖို့ ဆိပ်ကမ်းက လခများတဲ့ နိုင်ငံသား နိုင်ငံခြားသား ဝန်ထမ်းတွေကို ထောင်နဲ့ချီ အလုပ်ဖြုတ်ပစ်ခဲ့ပြီး လခနည်းတဲ့ နိုင်ငံခြားသား အလုပ်သမားတွေနဲ့ အစားထိုးဖို့  လုပ်ခဲ့ပါတယ်။ တန်ဂျွန် ပီလာပတ်စ် ဆိပ်ကမ်း ဒီထက်ပိုပြီး တိုးတက်လာမှာ ကြောက်တဲ့အတွက် ဂျဟိုးပြည်နယ်နဲ့ စင်ကာပူ ကြားမှာ ထိုးထားတဲ့ တံတားကို သင်္ဘောဖြတ်လို့ ရအောင် မြှင့်ဖို့ မလေးရှားရဲ့ တောင်းဆိုချက်ကို စင်ကာပူ အသည်းအသန် ငြင်းဆိုခဲ့ပါတယ်။ ခပ်ရွတ်ရွတ် မလေးရှား ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် ကတော့ မင်းတို့ဘက်က မြှင့်မပေးရင် ငါတို့ဘက်က တခြမ်းတည်း သင်္ဘော ဖြတ်လို့ ရအောင် မြှင့်မယ်ဆိုပြီး တံတားကို တခြမ်းတည်း မြှင့်ဖို့ ကြံခဲ့ပါတယ်။ မဟာသီယာ နောက် တက်လာတဲ့ မလေးရှား ဝန်ကြီးချုပ် ဘာဒါဝီ ကြောင့်သာ တံတားတစ်ခြမ်း မြှင့်မယ့် အစီအစဉ် ပျက်သွားခဲ့ရတာပါ။

သင်္ဘောကျင်း လုပ်ငန်းကတော့ အခုအထိ ပန်းပန်လျှက်ပါပဲ။ စင်ကာပူက သင်္ဘောကျင်းတွေဟာ အခုတော့ ရေနံတူး သင်္ဘောတွေကို မအားမလပ်နိုင်အောင် ဆောက်နေရဆဲမို့ အဲဒီ အပိုင်းမှာတော့ စင်ကာပူဟာ စင်ပေါ်က အနေအထားမှာ ရှိနေပါသေးတယ်။

စင်ကာပူဟာ သူ့နိုင်ငံ အတွက် အလုပ်သမားကောင်းတွေ မွေးထုတ်ပေးနိုင်ခဲ့ပေမယ့် စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင်တွေ အလုံအလောက် မွေးထုတ် မပေးနိုင်ခဲ့သလို၊ သုတေသန လုပ်ငန်းတွေမှာလည်း ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ခဲ့ပါဘူး။ ကိုရီးယား၊ ထိုင်ဝမ် လို နိုင်ငံမျိုးတွေကတော့ စင်ကာပူနဲ့ ယှဉ်ရင် အဲဒီနေရာမျိုးတွေမှာ သာ ပါတယ်။ ကိုရီးယား ထိုင်ဝမ်က အငယ်စား စီးပွားရေး လုပ်ငန်းတွေ အောင်မြင်ခဲ့ပြီး ကိုယ်ပိုင်တီထွင်တဲ့ ပစ္စည်းတွေ ကမ္ဘာ့ဈေးကွက်ကို လွှမ်းမိုးနိုင်ခဲ့တဲ့ အတွက် နည်းပညာ မရှိတဲ့ နိုင်ငံတွေက ပြိုင်ဆိုင်မှုတွေက သူတို့ နိုင်ငံတွေကို စင်ကာပူလောက် သက်ရောက်မှု မရှိခဲ့ပါဘူး။

အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေ မတိုးတက်ရတဲ့ အကြောင်းရင်းဟာ Singapore Technologies တို႕လိုမျိုး အစိုးရ ပါဝင်ပတ်သက်နေတဲ့ ကော်ပိုရေးရှင်း ကြီးတွေကြောင့် လုပ်ငန်း အငယ်စားတွေကို သတ်လိုက်သလို ဖြစ်ရတယ်လို့ တချို့က အပြစ်တင်ကြပါတယ်။ သုတေသန လုပ်ငန်းမှာလည်း စင်ကာပူ တက္ကသိုလ်နဲ့ အစိုးရ အဖွဲ့အစည်းတွေက လုပ်တဲ့ သုတေသန လုပ်ငန်းတွေဟာ ရေတို အကျိုးအမြတ် ရဖို့ ပေါ်ပင်နည်းပညာတွေ နောက်ကို လိုက်တဲ့ လုပ်ငန်းမျိုး ဖြစ်နေတာကြောင့် နည်းပညာ လောကတစ်ခုလုံးကို ပြောင်းလဲသွားစေမယ့် သုတေသန ရှာဖွေ တွေ့ရှိမှုမျိုး စင်ကာပူကနေ ပေါ်ပေါက်လာဖို့ ခဲယဉ်းပါတယ်။

နည်းပညာ မရှိရင် မဖြစ်ဘူး ဆိုတာ သိတဲ့ စင်ကာပူဟာ နည်းပညာနဲ့ ပတ်သက်တဲ့ စီးပွားရေး နယ်ပယ်ဖက်ကို ပြောင်းဖို့ ကြံပါတယ်။ အဲဒီ အခါမှာ အစိုးရရဲ့ ဦးတည်ရာက ဇီဝနည်းပညာ (Biotechnology) နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းဆီကိုပါ။ စင်ကာပူ အစိုးရက ဘိုင်အိုတက်ခ်နဲ့ ပတ်သက်ပြီး သူ့နိုင်ငံ စီးပွားရေးကို ဦးမော့လာစေဖို့ ကြံပါတယ်။ ကျောင်းသားတွေကို ဘိုင်အိုတက်ခ် ဖက် လိုက်ဖို့ အားပေးသလို၊ ဘိုင်အိုတက်ခ်နဲ့ ပတ်သက်တဲ့ နိုင်ငံခြား ကုမ္ပဏီတွေကိုလည်း ရင်းနှီးမြှုပ်နှံဖို့ အားပေးခဲ့ပါတယ်။ ဒါပေမယ့် ဘိုင်အိုတက်ခ် ဖက်မှာ အောင်မြင်ဖို့က ဘွဲ့ရ ရုံလောက်နဲ့ အလုပ်မဖြစ်ပါဘူး။ ပါရဂူ အဆင့်၊ မဟာ အဆင့်လောက် ဘွဲ့ရမှပဲ ဖြစ်ပါတယ်။ စင်ကာပူလို နိုင်ငံမျိုးမှာ ကျောင်းစရိတ် ကြီးတဲ့ အတွက် တစ်ကြောင်း၊ ကျောင်းမတက်ဘဲ အလုပ်လုပ်ရင် ရမယ့် လခက များတဲ့ အတွက်က တစ်ကြောင်း စင်ကာပူက ဘွဲ့ရ အတော်များများ မဟာ အဆင့်၊ ပါရဂူ အဆင့်ထိ ဆက်မတက်ချင် ကြပါဘူး။ အဲဒီတော့ ဇီဝနည်းပညာ နယ်မှာ ဒီပလိုမာ ရတဲ့သူတွေက တက်ခနစ်ရှင် အဆင့်နဲ့ အလုပ်ဖြစ်၊ ပါရဂူဘွဲ့ ရတဲ့သူတွေက ပညာရှင် အဆင့်နဲ့ အလုပ်ဖြစ်ကြပြီး ဘွဲ့ရတဲ့သူတွေကတော့ တောင်မရောက် မြောက်မရောက်နဲ့ ကြားမှာ ကန့်လန့် ဖြစ်နေကြပါတယ်။ နောက်ဆုံးတော့ ဘိုင်အိုတက်ခ်နဲ့ ပတ်သက်တဲ့ အသံတွေ တိတ်သွားပြန်ပါတယ်။

စင်ကာပူ အစိုးရရဲ့ နောက်အကြံ တစ်ခုက ပညာရေး နဲ့ ပတ်သက်ပြီး စီးပွားရေး လုပ်စားဖို့ပါ။ အဲဒီအတွက် နိုင်ငံခြား တက္ကသိုလ်တွေကို စင်ကာပူမှာလာပြီး ဖွင့်ဖို့ ဖိတ်ခေါ်ပါတယ်။ အဲဒီလို ဖိတ်ခေါ်ခံရတဲ့ အထဲမှာ သြစတေးလျနိုင်ငံ နယူးဆောက်သ်ဝေးလ် တက္ကသိုလ်နဲ့ အင်္ဂလန်က ဝါးဝစ်ခ် တက္ကသိုလ်တို့ ပါပါတယ်။ နယူးဆောက်သ်ဝေးလ် တက္ကသိုလ်က စင်ကာပူမှာ တစ်နှစ်လောက် လာဖွင့်ပြီး တွက်ခြေမကိုက်တဲ့ အတွက် ကျောင်းကို ပိတ်ပြီး သြစတေးလျကို ပြန်သွားခဲ့ပါတယ်။ ဝါးဝစ်ခ် တက္ကသိုလ်ကတော့ ကျောင်းဖွင့်တဲ့ အဆင့်အထိတောင် မရောက်လိုက်ပါဘူး။ ကျောင်းဖွင့်ဖို့ သူတို့ တိုင်ပင်တဲ့ အစည်းအဝေးမှာ အင်္ဂလန်ဖက်က လူတွေက စင်ကာပူနိုင်ငံရဲ့ ပညာရပ်ဆိုင်ရာ လွတ်လပ်မှု (Academic Freedom) နဲ့ ပတ်သက်ပြီး အကြီးအကျယ် ဝေဖန်ကြပါတယ်။ အဓိက အကြောင်းရင်းကတော့ သူတို့ ကို မဖိတ်ခေါ်ခင် လတ်တလော ဖြစ်သွားခဲ့တဲ့ ကိစ္စတစ်ခု ကို အခြေခံပါတယ်။ နန်ယန်းနည်းပညာ တက္ကသိုလ်က ပညာရှင် ၂ ယောက်က စင်ကာပူမှာ ဖန်တီးလိုက်တဲ့ အလုပ်အကိုင် အတော်များများဟာ နိုင်ငံခြားသားတွေ ဆီကိုသာ ရောက်သွားတယ်လို့ ထုတ်ပြန်ခဲ့တဲ့ အတွက် အစိုးရကို ပြန်ပြီး တောင်းပန်ခဲ့ရတဲ့ သာဓက ရှိခဲ့ဖူးပါတယ်။ အဲဒီလို ပညာရှင်တွေ အနေနဲ့ သူတို့ရဲ့ တွေ့ရှိချက်တွေကို လွတ်လွတ်လပ်လပ် ထုတ်ပြန်နိုင်ခွင့် မရှိဘူး ဆိုရင် သူတို့ တက္ကသိုလ် စင်ကာပူမှာ လာဖွင့်ဖို့ အတော် စိုးရိမ်စရာ ကောင်းတဲ့ အနေအထားမှာ ရှိတယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

အကြံကုန်သွားတဲ့ စင်ကာပူ အစိုးရဟာ ဆားချက်ဖို့ ကြံပါတယ်။ သူတို့ အရင်က ဘယ်တော့မှ မလုပ်ဘူးလို့ ပြောခဲ့ဖူးတဲ့ ကက်စီနိုကို ဖွင့်ဖို့ ကြံတာပါ။ မရီနာဘေး ဆန်း နဲ့ ရီဆော့ဝေါလ် ဆန်တိုဆာ ကက်စီနို ၂ ခုဟာ စင်ကာပူ အစိုးရ အတွက် ဝင်ငွေ အတော်များများ ရှာပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တခြားတစ်ဖက်မှာတော့ စင်ကာပူ နိုင်ငံသားတွေရဲ့ လူမှုဘဝတွေကို အတော် ထိခိုက်ခဲ့ပါတယ်။ စလုံးမှာ ကျွန်တော် ငှားစီးခဲ့တဲ့ တက္ကစီသမား တစ်ယောက်ကတော့ ကက်စီနို အတွက် အိမ်ရောင်းခဲ့ရတဲ့ စလုံးတွေ မနည်းတော့ဘူးလို့ ပြောပြပါတယ်။ ကျွန်တော်တို့ မျက်စိရှေ့မှာလည်း ကက်စီနိုကြောင့် ဘဝပျက်ခဲ့ရတဲ့ စင်ကာပူ နိုင်ငံသားတွေကို မနည်းမနော တွေ့ခဲ့ဖူးပါတယ်။

စလုံး အစိုးရ ဂငယ်ကွေ့ ကွေ့တာ အဲဒီ တစ်နေရာထဲတင် မဟုတ်ပါဘူး။ တစ်ချိန်က စင်ကာပူ အစိုးရဟာ လူဦးရေ မတန်တဆ တိုးပွားလာမှာ ကြောက်တဲ့ အတွက် လူဦးရေကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ကလေးတွေ အများကြီး မွေးတဲ့ မိသားစုတွေကို အဆင်မပြေ ဖြစ်အောင် လုပ်ပြီး အစိုးရက ပေါ်လစီနဲ့ ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီလောက် အဆမတန် လူနေမှု စရိတ်ကြီးမြင့်ပြီး မိသားစု အတွက် အချိန်မပေးနိုင်လောက်အောင် အလုပ်များတဲ့ ပတ်ဝန်းကျင်မျိုးမှာ စင်ကာပူ နိုင်ငံသားတွေ သားသမီး များများစားစား မယူကြတာ အံ့ဩစရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခု အချိန်မှာတော့ စင်ကာပူ အစိုးရဟာ လူဦးရေများဖို့ လိုအပ်လာပြီလို သဘောပေါက်လာပါတယ်။ သူ့နိုင်ငံသားတွေက ကလေးအလုံအလောက် မမွေးနိုင်တဲ့ အတွက် စင်ကာပူဟာ နိုင်ငံခြားသားတွေကို ခေါ်ပြီး သူ့နိုင်ငံသား အဖြစ် ပြောင်းယူဖို့ ကြံပါတယ်။ ဒါပေမယ့် နိုင်ငံခြားသားတွေထဲမှာလည်း တစ်ချို့က အမေရိကား၊ ဩစတေးလျကို သွားဖို့ အတွက် စင်ကာပူကို အဆင့်တစ်ဆင့် အနေနဲ့ သဘောထားတဲ့သူက ထားမယ်၊ တစ်ချို့က ကိုယ့်နိုင်ငံမှာ စီးပွားရေး ပြန်လုပ်ဖို့ ပိုက်ဆံ လာရှာတဲ့သူက ရှာမယ် ဆိုတာမျိုးတွေ ရှိနေတော့ စင်ကာပူ အတွက် မှန်းချက်နဲ့ နှမ်းထွက် သိပ်မကိုက်လှပါဘူး။ အဲဒါ အပြင် သူ့နိုင်ငံသားတွေ ဆီက မကျေမနပ် အပြင်းအထန် ကန့်ကွက်သံတွေကြောင့် စင်ကာပူ အစိုးရရဲ့ နှစ်ပေါင်း ၄၀ ကျော် ထိုင်ခဲ့တဲ့ ထိုင်ခုံတောင် လှုပ်သလို ဖြစ်လာခဲ့ပါတယ်။

ဒီလို အခက်အခဲတွေ ကြားကနေ စင်ကာပူ ဘယ်လို ရုန်းထွက်ပြီး ရပ်တည်မလဲ ဆိုတာ အရမ်းကို စိတ်ဝင်စားစရာ ကောင်းတဲ့ အကြောင်းတစ်ချက်ဖြစ်ပါတယ်။ စင်ကာပူဟာ နောက်တစ်မျိုး ဘယ်လိုနည်းနဲ့ သူ့နိုင်ငံ စီးပွားရေး ကို ဦးမော့လာအောင် လုပ်ဦးမလဲ ဆိုတာကို စောင့်ကြည့်ရင်း လေ့လာကြည့်ကြ ရအောင်ပါ။

Saturday, July 6, 2013

ထူးထွေအံ့ရာ ပြည်မြန်မာ (၂)

ရန်ကုန်မြို့ကြီးမှာ ကားအရောင်းပြခန်းတွေ မှိုလိုပေါက်နေပေမယ့်လည်း ဟံသာဝတီ ကားပွဲစားတန်း၊ သီရိမင်္ဂလာစျေးနဲ့ စိန်ဂျွန်း ကားပွဲစားတန်းဆိုပြီးတော့ ကားပွဲစားတန်းတွေလည်း ရှိနေပြန်ပါတယ်။ သူငယ်ချင်း တစ်ယောက် စင်ကာပူမှာ အလုပ်လာလျှောက်တော့ အင်တာဗျူးတဲ့သူက မင်းအရင် ဘာလုပ်ဖူးသလဲ မေးပါတယ်။ ကားဝယ်ရောင်း လုပ်တယ်လို့ သူက ပြန်ဖြေလို့ အင်တာဗျူးတဲ့သူ မျက်စိလည်သွားဖူးပါတယ်။ ကားကို ဝယ်ပြီး ပြန်ရောင်းတာ ဘယ်လို အမြတ်ရမလဲ မေးလို့ သူ့မှာ အတော် အာပေါက်အောက် ရှင်းပြ ခဲ့ရပါတယ်။

မြန်မာပြည်မှာ ကားတွေ ရဲ့ အခေါ်အဝေါ်က မျက်စိလည်စရာ ကောင်းလှပါတယ်။ အကောင်ဗလောင်တွေ ၊ အထီးအမတွေ၊ နီးနီးစပ်စပ် အသံထွက်တွေကြောင့် အခုမှ စကြားခါစ လူတစ်ယောက် အတွက်တော့ ဇဝေဇဝါ ဖြစ်လောက်စရာ ပါပဲ။

ကျွန်တော် ပထမဆုံး စပြီး သိတဲ့ ကားကတော့ ရွှေငါးပါ။ ရွှေငါးဆိုတာကတော့ တိုယိုတာ မတ်တူး ၂၀၀၂ မော်ဒယ်လ် ပတ်ဝန်းကျင်တွေကို ခေါ်တာပါပဲ။ ကားခေါင်းက ရွှေငါးပုံနဲ့ တူလို့ ရွှေငါးလို့ ခေါ်တယ် ထင်ရပါတယ်။ ငယ်ငယ်တုန်းကတော့ သူငယ်ချင်း တစ်ယောက်က အဲဒီကား နာမည် မာ့ခ်တူး မဟုတ်ဘူး။ မာကီ ဆိုပြီး ငြင်းလို့ ကျွန်တော်တို့ သူငယ်ချင်းတွေ ကြားမှာ ဟာသလုပ်စရာ တစ်ခု ဖြစ်ခဲ့ဖူးပါတယ်။ MarkII ကို မာကီလို့ ဖတ်တာ သူ့ကိုလည်း အဆိုးမဆိုသာပါဘူး။

ရွှေငါး

နောက်တော့ စက်ရုပ် ဆိုတဲ့ကားကို မြင်ဖူးပါတယ်။ စက်ရုပ်ဆိုတာကတော့ တိုယိုတာ ကယ်လ်ဒီးနား ၂၀၀၂ မော်ဒယ်လ် အထက် ကားတွေကို ခေါ်တာပါ။ အဲဒီအထက် စောတဲ့ ကယ်လ်ဒီးနားတွေကိုတော့ ကြက်တူရွေးလို့ ခေါ်ကြပါတယ်။ အဲဒါကတော့ ကားပုံစံကို ကြည့်ပြီး ခေါ်ကြတာလို့ ထင်ရပါတယ်။ ၈၈ မော်ဒယ်လ် ပါဂျဲရိုးတွေကိုတော့ လူရုပ်လို့ ခေါ်ကြပြီး ဆူဇူကီး ဝက်ဂွန်ကလေးတွေကိုတော့ ခွေးရုပ် ခေါ်ကြပါတယ်။

ကြက်တူရွေး

စက်ရုပ်

ဖားပြုတ်လို့ ပြောနေကြတဲ့ ပါဂျဲရိုးကိုတော့ နာမည်ကြားဖူးပေမယ့် တော်တော်နဲ့ မမြင်ဖူးခဲ့ပါဘူး။ အသိတစ်ယောက် အိမ်ထဲမှာ ရပ်ထားတာ မြင်တော့မှ ဖားပြုတ်ဆိုတာ ဒီပါဂျဲရိုးကို ခေါ်တာကိုးလို့ ဆက်စပ်မိပါတယ်။ ဖားပြုတ်တွေက အော်တိုလော့ခ်ကျပြီး တောင်ပေါ်က ပြုတ်ကျတာ နှစ်စင်း သုံးစင်းရှိပြီလို့ သတင်းထွက်လို့ တစ်ချို့ လူတွေ မကြိုက်ကြပါဘူး။ သတင်းသာ ကြားပေမယ့် ဟုတ်မဟုတ်တော့ အတိအကျ မပြောတတ်ပါဘူး။

ဖားပြုတ်

ကားဝယ်ဖို့ လိုက်ရှာရင်း မိတ်ဆွေ ပွဲစားတစ်ယောက်က နစ်ဆန်း အေဒီဗင်န် တစ်စင်း စျေးသင့်တယ်။ ကြည့်ကြည့်ပါလားလို့ ပြပါတယ်။ ကားကို သွားကြည့်တုန်း သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်မေးတော့ မင်းကားက သမင်လား နွားလား လို့ မေးပါတယ်။ သမင်လည်း မဟုတ်ဘူး နွားလည်း မဟုတ်ဘူး ကားကွ လို့ ပြန်ပြောတော့ မဟုတ်ဘူးလေကွာ အေဒီဗင်န်မှာ သမင်နဲ့ နွား နှစ်မျိုး ရှိတယ် ပြောလို့ မှတ်သားလိုက်ရပြန်ပါတယ်။

ပွဲစားနဲ့ နောက်ထပ် ကြည့်ဖြစ်တဲ့ ကားကတော့ Nissan Tiida Latio ပါ။ အဲဒီကားကိုတော့ မသီတာ လားရှိုး လို့ သမုတ်ကြပြန်ပါတယ်။ အင်ဂျင်ပါဝါ နည်းနည်း ဆီစားသက်သာတဲ့ ကားတွေ လိုက်ကြည့်ပြန်တော့ ရန်ကုန်ကားစျေးကွက်မှာ နာမည်ကြီးတဲ့ ဘဲလဒ ခေါ် တိုယိုတာ ဘယ်လ်တာကို ကြည့်ဖြစ်ပြန်ပါတယ်။ တစ်ချိန်က ကျော်သူ့ကားလို့ နာမည်ကြီးခဲ့တဲ့ တိုယိုတာ အယ်လ်ဖတ်ဒ် ကိုတော့ အာရာဖတ်လို့ ခေါ်ကြပါတယ်။ နာမည်သာကြီးပေမယ့် နာရေးကူညီမှု အသင်းမှာ အာရာဖတ် တစ်စင်းမှ မတွေ့မိပါဘူး။ စက်ရုပ်တွေတော့ နာရေးကူညီမှု အသင်းမှာ သုံးတာ တွေ့မိပါတယ်။

တစ်နေ့တော သူငယ်ချင်း တစ်ယောက် နယ်က အမျိုးတွေ အတွက် လင်ခရူဇာ လိုက်ဝယ်ပါတယ်။ သူက ငါ့အမျိုးတွေက လင်ခရူဇာ အမ မကြိုက်ဘူး။ အထီးပဲ စီးမယ် ပြောတယ် ပြောလို့ မျက်လုံးကျယ် သွားရပြန်ပါတယ်။ ဟကောင်ရ လင်ခရူဇာမှာ အထီးနဲ့ အမ ရှိသေးလားလို့ မေးတော့ ရှိတယ်။ ဒီဇယ်နဲ့ လင်ခရူဇာကို အထီးလို့ ခေါ်တယ်။ ဓာတ်ဆီကားက အမ။ နယ်မှာ အမ စီးရင် လူ အထင်မကြီးဘူး။ အထီးစီးမှ လူရာဝင်တာကွ လို့ ပြောလို့ အံ့ဩရပြန်ပါတယ်။

ကားဝယ်တဲ့ အခါမှာ ကားမှာပါတဲ့ ပစ္စည်းတွေ အကြောင်း ပြောကြတာ ရှိပါသေးတယ်။ ဟိုင်းလပ် ဆာ့ဖ် တွေမှာ Intercooler ပါလို့ စက်ဖုံးပေါ်မှာ အပေါက်ပါတဲ့ကားကို နှာပေါက် ပါတယ်လို့ ခေါ်ကြပါတယ်။ Sun Roof တွေ တခြား အပေါက်တွေပါပါရင်တော့ အပေါက်စုံတယ် ခေါ်ကြပြန်ပါတယ်။

မြန်မာပြည် ကားဈေးကွက်မှာ ထူးခြားတာ သတိထားမိတာက လိုင်းပေါ်က ကားလို့ ပြောကြတဲ့ အရောင်းအဝယ် သွက်တဲ့ ဘယ်လ်တာ၊ မတ်တူးလို ကားမျိုးတွေက ဈေးရင်းထက် အတော်ကလေး ကြီးနေတတ်ပြီး လိုင်းပေါ်က မဟုတ်တဲ့ ကားတွေကတော့ ကားကောင်းတာတောင် ဈေးက သင့်ရုံပဲ ရှိတာပါပဲ။

ရန်ကုန်မြို့ ရောက်ပြီး တွေ့ခဲ့ကြုံခဲ့ရတဲ့ ကားတွေ အကြောင်းကို ထူးထွေအံ့ရာ ပြည်မြန်မာ အပိုင်း(၂) အနေနဲ့ ဝေမျှ လိုက်ပါတယ်။

Thursday, April 18, 2013

သင်္ကြန် ဗိုင်းရပ်စ်

သင်္ကြန်ပိုး မသေသေးတဲ့ သူတွေ အတွက် သင်္ကြန်တွင်း ရိုက်ထားတဲ့ ဓာတ်ပုံနဲ့ ဗွီဒီယို ဖိုင်တွေ တင်ပေးလိုက်ပါတယ်။

အကြိုနေ့ ညနေခင်း မဏ္ဍပ်ရှေ့မှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေပါ။




အကျနေ့က မဏ္ဍပ်ကို အလာ ကမ္ဘာအေး ဘုရားလမ်းမှာ ရိုက်ထားတဲ့ ပုံတွေပါ။

  




ဒါက အကြတ်နေ့က ရိုက်ထားတဲ့ ဗွီဒီယိုပါ။


အတက်နေ့ကတော့ ဓာတ်ပုံ ဗွီဒီယို မရိုက်ဖြစ်ပါဘူး။ ဘာကြောင့်လဲ ဆိုတာတော့ စုံစမ်းမေးမြန်းခြင်း သည်းခံပါ။ :P

Wednesday, April 10, 2013

ဟိုဟိုဒီဒီ တက္ကစီ စီးပါလို့

နိုင်ငံရပ်ခြားမှာ နှစ်ရှည်လများ နေလာခဲ့တဲ့ သူတစ်ယောက်အတွက် ရန်ကုန်မှာ အဓိက ကြုံတွေ့ရတဲ့ အဆင်မပြေမှု ကတော့ သွားရေးလာရေးပါပဲ။ အများပြည်သူသုံး ဘတ်စ်ကား ရထားတွေ ပေါပေါများများ ရှိပြီး  သွားရလာရ အဆင်ပြေတဲ့ ကမ္ဘာ့မြို့ကြီးတွေနဲ့ ယှဉ်ရင်တော့ နောက်မှာ နှစ်ပေါင်းများစွာ ပြတ်ကျန်နေခဲ့တာ အမှန်ပါပဲ။  စင်ကာပူ၊ လန်ဒန်၊ ဆစ်ဒနီ စတဲ့ မြို့ကြီးတွေ အသာထား၊ မနီလာ၊ ဘန်ကောက် စတဲ့ မြို့တွေနဲ့ ယှဉ်ရင်တောင် မှီနိုင်ဖို့ အဝေးကြီး လိုပါသေးတယ်။

နိုင်ငံခြား မထွက်ခင် အချိန်ကတော့ ကိုယ့် အသက်အန္တရာယ် ဆိုတာ ထည့်စဉ်းစားရ ကောင်းမှန်း မသိလို့က တစ်ကြောင်း၊ ငယ်တုန်း ရွယ်တုန်း သန်မာတုန်း ဖြစ်တာကလည်း တစ်ကြောင်းမို့ ခြေနင်းခုံမှာ ခြေထောက် တစ်ဖက်ချ စရာ နေရာ၊ တန်းမှာ လက်တစ်ဖက် ခိုစရာ တစ်နေရာ ရှိရင် လိုင်းကား တွယ်စီးဖြစ်တာပါပဲ။ ရုံးဆင်းရုံးတက် အချိန် ဘတ်စ်ကားအကြီးတွေထဲကို ဝင်စီးဖို့ ကျပြန်တော့လည်း ကားတွယ်စီး သလောက် အန္တရာယ် မများပေမယ့် အသက်ရှူလို့ မဝအောင် ကျပ်ပိသိတ်နေ (ဒါက မွန်သံ)၊ ပြတင်းပေါက်ကိုတောင် မမြင်ရအောင် လှောင်ပိတ်နေတဲ့ အနေအထားမို့ ကားတွယ်စီးဖို့ကိုပဲ ရွေးချယ် ဖြစ်တာများပါတယ်။ နယ်ကို ခရီးသွားတုန်းကဆို ယောက်ျားကလေးတွေ အပေါ်တက်ပေးပါဆိုလို့ ခေါင်မိုးပေါ် တက်စီးရ ပြန်ပါတယ်။ အခု အချိန် ပြန်စဉ်းစားတော့ ရှောဘရားသားနဲ့ အတော်နီးစပ်တယ်ဆိုတာကို ပြန်ဆင်ခြင် မိပါတယ်။

အခုတလောတော့ ရန်ကုန်မှာ ကားကို ခေါင်မိုးပေါ်က စီးရင် ဒဏ်ငွေငါးသောင်း၊ ဒရိုင်ဘာ စပယ်ယာ အချုပ်တစ်လ၊ ကားပါ တစ်လသိမ်းတယ် ဆိုတဲ့ စီမံချက် ရှိနေတော့ ရန်ကုန် ဆင်ခြေဖုံးက လာတဲ့ကားတွေ မြို့ထဲ ဝင်ခါနီးရင် ခေါင်မိုးပေါ်က လူတွေ အထဲကို သွင်းကြပါတယ်။ အခု အချိန်မှာတော့ ကားတွယ်စီးဖို့ မစဉ်းစားတော့ ပါဘူး။ ဘတ်စ်ကား အကြီးတွေ စီးဖို့ ကျပြန်တော့လည်း အဲဒီကားတွေက လမ်းပေါ်မှာ သူတို့ အကြီးဆုံး ဆိုပြီး စည်းမရှိ ကမ်းမရှိ ဝင်ချင်သလိုဝင် ထွက်ချင် သလိုထွက် ကားအများကြီး ရှိတဲ့လမ်းကို ကမူးရှူးထိုး မောင်းနေကြတာမို့ စီးဖို့ တွန့်နေပြန်ပါတယ်။ ဒါကြောင့်လည်း ဘတ်စ်ကား စီးဖို့ ဆိုတဲ့ ကိစ္စကို တော်ရုံတန်ရုံ မစဉ်းစားတော့ပဲ တက္ကစီ စီးရင်စီး၊ ဆိုက်ဂျဲရိုးနဲ့ သွားရင်သွား ဒါမှ မဟုတ် တက္ကစီ ငှားရင်ငှား ဆိုတဲ့ လမ်းသုံးလမ်းထဲက တစ်လမ်းမဟုတ် တစ်လမ်းပဲ ရွေးဖြစ်ပါတော့တယ်။

ရန်ကုန်မြို့မှာ အပေါများဆုံး သုံး ခု ရှိတယ်လို့ ဆိုကြပါတယ်။ အဲဒါကတော့ မော်တော်ကား အရောင်းပြခန်းရယ်၊ တယ်လီဖုန်း အရောင်းဆိုင်ရယ်၊ တက္ကစီရယ်ပါပဲ။ ရန်ကုန်မြို့မှာ တက္ကစီပေါတာ မှန်ပါတယ်။ ဒါပေမယ့် တက္ကစီစီးရတာ တကယ်တမ်းတော့ အဆင်မပြေလှပါဘူး။


ကျွန်တော် ကြုံခဲ့ဖူးသမျှမှာတော့ တက္ကစီ မောင်းတဲ့သူ တစ်ဝက်နီးပါး လောက်က ဈေးကို မတန်တဆ တောင်းချင်ကြပါတယ်။ ပုံမှန် နှစ်ထောင်နဲ့ ငှားစီးနေကျ လမ်းခရီးကို လေးထောင် တောင်းတဲ့သူကတောင်း၊ သုံးထောင့်ငါးရာ တောင်းတဲ့ သူကတောင်း ပါးစပ်ထဲ တွေ့ကရာဈေးတွေ တောင်းနေကြတာမို့ စီးရတာ သိပ်အဆင်မပြေပါဘူး။ တစ်ခါက နေ့ခင်းဖက် ကားရှင်းတဲ့ အချိန် မြို့ထဲ ဆိပ်ကမ်းသာလမ်းကနေ အင်းစိန် ကုန်းတံတားနားကို ကားငှားတာ ခုနစ်ထောင်တောင်းတာမို့ ခင်ဗျား တက္ကစီ မမောင်းဘဲ ဓားပြတိုက်စားပါလား လို့ စိတ်ချဉ်ပေါက်ပေါက်နဲ့ ဘုတော မိတဲ့ အထိပါပဲ။ အေးလေ။ ကိုယ့်ရုပ်ကလည်း အချဉ်ရုပ် ပေါက်နေသလား မှ မသိတာ။

တက္ကစီ ငှားစီးတဲ့ အခါ စျေးအနေနဲ့ အဆင်အပြေဆုံး ကား သုံးမျိုး သုံးစား ရှိပါတယ်။ ပထမ တစ်မျိုးက တရုတ်ဖြစ် ချယ်ရီကျူကျူ ဒါမှမဟုတ် မြန်မာမီနီလို့ ခေါ်တဲ့ ကားတွေပါပဲ။ အဲဒီ ကားပေါက်စန ကလေးတွေက ဆီစားသက်သာတော့ တော်ရုံတန်ရုံ စျေးသိပ်မတောင်း ကြပါဘူး။ နောက်တစ်မျိုးကတော့ သဘာဝ ဓာတ်ငွေ့နဲ့ မောင်းတဲ့ကားပါ။ အဲဒီကားတွေကလည်း ဆီဖိုး သက်သာတာမို့ တခြားကားတွေနဲ့ ယှဉ်ရင် စျေးသက်သာပါတယ်။ ကျွန်တော် ပြန်ရောက်ခါစ ဓာတ်ဆီနဲ့ မောင်းတဲ့ တက္ကစီကို စျေးဆစ်တော့ တက္ကစီမောင်းတဲ့ သူက ကျွန်တော့် ကားက ဆီ ကားမို့ပါ အစ်ကိုရယ် လို့ ပြောတာကို နားမလည်လို့ ခင်ဗျားကားက ဆီကား ဆိုတော့ တခြား ကားတွေက ရေထည့်မောင်းကြတာလားလို့ ပြန်မေးဖူးပါတယ်။ နောက်တစ်မျိုးကတော့ စုတ်ပြတ်နေတဲ့ တက္ကစီတွေပါပဲ။ အဲဒီကားတွေက အရည်ကျိုကို ပို့ရခါနီးပြီ ဆိုတော့ ကားပိုင်ရှင်တွေက အရည်ကျို မပို့ခင် ကားကိုမပြင်တော့ပဲ ပိုက်ဆံကို ရသလောက် လှိမ့်ရှာ ကြပါတယ်။ သူတို့ရဲ့ အုံနာကြေးဟာ တစ်ခြား ကားတွေထက် သက်သာတာမို့ ကားအစုတ်တွေ ငှားစီးရင် စျေးသက်သာပါတယ်။ တကယ်ကို ဘုရားစူး မပြင်ဘဲ ထားတာဆိုတော့ ကားစီးနေတဲ့ အချိန် မီးရထား စီးသလို ကြားနေရတဲ့ ဂျုံးဂျုံးဂျက်ဂျက် အသံတွေ၊ တံခါး ဖွင့်မရတဲ့ ဒုက္ခတွေကိုတော့ သည်းညည်း ခံရပါလိမ့်မယ်။ အခုတလောတော့ တက္ကစီတွေ ပေါလာတော့ စျေးသက်သာတဲ့ တက္ကစီမောင်းတဲ့သူနဲ့ စျေးကြီးတဲ့ တက္ကစီမောင်းတဲ့သူတွေ ကြားမှာ ပြဿနာတွေ တက်နေကြပါတယ်။ တစ်စင်းကို တားပြီး ဈေးဆစ်ရင် နောက်တစ်စင်းက နောက်မှာ အသင့်ဝင်ရပ်ပြီး စောင့်နေတာမျိုးပါ။ ရှေ့ကားနဲ့ စျေးမတည့်ရင် အသင့်ရှိတယ် ဆိုတဲ့ သဘောမို့ ရှေ့ကားက ကားဆရာက မတန်တဆ တောင်းမရတော့ဘဲ ဈေးလျှော့ပြီး လိုက်ရပါတယ်။ အဲဒီလို ခရီးသည်လုရင်း ရိုက်ပွဲတွေ အထိတောင် ဖြစ်ကြတယ်လို့ တက္ကစီမောင်းတဲ့သူ တစ်ယောက်က ပြောပြဖူးပါတယ်။

တက္ကစီ ငှားစီးတဲ့ အခါ ကြုံရတဲ့ နောက်ထပ်ဒုက္ခ တစ်မျိုးလည်း ရှိပါသေးတယ်။ အဲဒါကတော့ လမ်းကျပ်ပြီဆိုရင် ဘယ်ကားမှ မလိုက်တော့ တာပါပဲ။ တစ်ခါက လပြည့်နေ့မို့ ရွှေတိဂုံ ဘုရား သွားချင်လို့ တက္ကစီ ငှားပါတယ်။ ဒါပေမယ့် ဘယ်သွားမလဲ ရွှေတိဂုံ ဘုရား ဆိုတာနဲ့ အားလုံးက မလိုက်တော့ဘူး ဆိုပြီး ငြင်းကြပါတယ်။ တက္ကစီငှားရင်း ကြာလာတော့ ဗိုက်ကလည်း ဆာ၊ လူကလည်း ညစ်လာတာနဲ့ ဘုရားနားက အောင်သုခမှာ ထမင်းအရင် ဝင်စားမယ် ပြီးမှပဲ သွားတော့မယ်လို့ ကြံလိုက်ပါတယ်။ တက္ကစီငှားတော့ ချက်ချင်း လိုက်ပါတယ်။ ကားပေါ်ရောက်မှ တက္ကစီသမား ပြောပြတာက ဘုရားဆိုရင် ကျွန်တော် မလိုက်ဘူး အစ်ကို၊ မနက်ကတည်းက ကားတွေ ပိတ်နေလို့ ဘယ်သူမှ မလိုက်ချင်ကြဘူးလို့ အကျိုးအကြောင်း ကျွန်တော့်ကို ရှင်းပြပါတယ်။

တက္ကစီ စီးတဲ့ အခါ ဂျိမ်းစဘွန်းလို တက္ကစီ မောင်းတတ်သူနဲ့ ကြုံရတတ်သလို၊ တစ်လမ်းလုံး ဖရုဿဝါစာတွေ ရွတ်နေတတ်တဲ့ ကားမောင်းသူလည်း ကြုံရတတ်ပါတယ်။ တစ်ခါတော့ ညဘက် လှည်းတန်းကနေ အိမ်အပြန် ကားတစ်စင်း ငှားစီးတာ ကားငှားတဲ့ အချိန် အသေအချာ မကြည့်မိဘဲ ကားပေါ်ရောက်လို့ မောင်းတဲ့သူ ကြည့်ပြီးတော့မှ လန့်သွားပါတယ်။ ကားမောင်းလာတာ သရဲတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ကို ကြည့်ပြီး ကျောချမ်းသွားတာတော့ အမှန်ပါပဲ။ တက္ကစီ မောင်းနေတဲ့ ကောင်လေးက အသက် ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ် လောက်ပဲ ရှိသေးလို့ပါ။ သူကတော့ အစ်ကို ကျွန်တော် လမ်းတော့ မသိဘူး လမ်းပြဦး ဆိုလို့ သူ့ကို ဒီကနေ တည့်တည့်ပဲ မောင်း။ ဘယ်မှ ကွေ့စရာ မလိုဘူးလို့ ညွှန်ပေးရပါတယ်။ ကျွန်တော်တို့ ၈ တန်း ၉ တန်း အရွယ်တုန်းကတော့ ဒီလိုပဲ သူငယ်ချင်းတွေ မောင်းတဲ့ ကားနဲ့ ဟိုသွားဒီသွား သွားနေတာပါပဲ။ ကြောက်ရ လန့်ရ ကောင်းမှန်းလည်း မသိပါဘူး။ အခု အချိန်တော့ စိတ်က ပြောင်းသွားပါပြီ။ ကိုယ် ငှားစီးလာတဲ့ ကားကို မောင်းလာတာ အသက်မပြည့်သေးတဲ့ ကောင်လေး တစ်ယောက်ဆိုတော့ နည်းနည်းတော့ လန့်တာ အမှန်ပါပဲ။ အစကတော့ သူ့အဖေကားများ အလစ်ယူမောင်းပြီး ပိုက်ဆံရှာနေသလား တွေးမိပါတယ်။ လမ်းမှာ တော့ကီပွားရင်းနဲ့မှ သူ ညနေတိုင်း ထွက်မောင်းတယ်လို့ သူက ပြောပြပါတယ်။ စီးနေရင်းနဲ့မှ သူ ကားမောင်းကျွမ်းမှန်း သိလို့ နည်းနည်း စိတ်သက်သာရာ ရသွားပါတယ်။

ဒီလိုနဲ့ တက္ကစီ စီးရတာ ဘယ်လိုမှ အဆင်မပြေလို့ ကားအမြန် ရှာရပါတယ်။ ကားမောင်းဖို့ စဉ်းစားရတာကလည်း တဒုက္ခပါပဲ။ စင်ကာပူမှာ ကားမောင်းရတာ သိပ်လွယ်ပါတယ်။ သူ့လမ်းသူမောင်း ကိုယ့်လမ်းကိုယ်မောင်း အရှိန်နဲ့မောင်းလည်း ပြဿနာ မရှိပါဘူး။ လူဖြတ်ပြေးမှာလည်း စိတ်ပူစရာ မလိုပါဘူး။ ရန်ကုန်မှာတော့ ဟိုအရှေ့က ဖြတ်ဝင် ဒီအရှေ့က ဖြတ်ဝင် ဟိုဘေးက ကျော်တက် ဒီဘေးက ကျော်တက် ဒီကြားထဲ လူကဖြတ်ပြေး စက်ဘီး ဆိုက္ကားက ကြားက ဖြတ်ဝင်ဆိုတော့ စတီယာရင် နောက် ထိုင်ဖို့ အတော်ကိုပဲ စဉ်းစား နေရပါတယ်။ ဒါပေမယ့်လည်း တက္ကစီကို စိတ်အတော် ကုန်နေပြီမို့ ဒီလမ်းကလွဲ ရွေးစရာ မရှိပဲ ဖြစ်နေပါတော့တယ်။

(Image Source: Wikimedia.org)

Thursday, April 4, 2013

ရွာအဝင် လမ်းဆီကနေ

ကုဋေ ၈၀ မက ချမ်းသာပေမယ့် ဖွဘုတ်ပေါ်မှာ အမြဲ ချူသံပါအောင် ညည်းတတ်တဲ့ သူငယ်ချင်းတစ်ယောက် က နေ့လည်တုန်းက မေးပါတယ်။ ရန်ကုန်မှာ လုပ်ငန်းကလေး စ ထားရင် ကောင်းမလား။ လို့ပါ။ ညဘက်ကျတော့ အင်္ဂလန်မှာ အမြဲတမ်း နေထိုင်သူ ဖြစ်နေတဲ့ သူငယ်ချင်းက ဖုန်းဆက်မေးပြန်ပါတယ်။ ရန်ကုန်မှာ စီးပွားရေး ပြန်လာလုပ်ရင် ကောင်းမလား။ ဆိုပြီးတော့ပါ။

ဟုတ်ကဲ့။ သူတို့နဲ့ ပြောဖြစ်ခဲ့တဲ့ မြန်မာပြည် လက်ရှိ အခြေအနေ အပေါ် ကျွန်တော့်ရဲ့ အမြင်ကို ပြောပြပါမယ်။ အခု အချိန်က ပြတ်ပြတ်သားသား ဆုံးဖြတ်ရမယ့် အချိန်ပါ။ ခေတ်အပြောင်းအလဲ ကို အမှီလိုက်ပြီး ကြီးပွားချင်သလား။ ဒါမှ မဟုတ် နိုင်ငံခြားမှာပဲ အခြေချမလား။ ဒါမှမဟုတ် နိုင်ငံခြားမှာ အရင်းအနှီး တစ်ခုခု ရအောင် စုပြီးမှ မြန်မာပြည်မှာ မရှိမရှား စီးပွားရေး လုပ်ငန်း တစ်ခုနဲ့ ရပ်တည်မလား။ တစ်ခုခုကို ရွေးဖို့ အချိန် ရောက်နေပါပြီ။ ရန်ကုန်မှာ စီးပွားရေး စလုပ်ရင် ကောင်းမလား မေးနေရမယ့် အချိန်မဟုတ်ပါဘူး။ နည်းနည်းတောင် နောက်ကျနေပါပြီ။ ဒါပေမယ့် လိုက်ရင်တော့ မှီနိုင်တဲ့ အနေအထားမှာ ရှိပါသေးတယ်။

ရန်ကုန်မှာ တစ်ချို့က လုပ်စားလို့ မကောင်းဘူး ပြောကြပါတယ်။ အရင်လို လုပ်စားလို့ မကောင်းဘူး ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဘာလို့ လုပ်စားလို့ မကောင်းတာလဲ မေးရင် အလုပ်မလုပ်ဘဲ ပိုက်ဆံ အလကားရနေတဲ့ ခေတ်က ကုန်တော့မယ့် အခြေအနေကို ရောက်နေလို့ပါ။ အလုပ်မလုပ်ဘဲ ဟိုမြေကလေးဝယ် မြတ်ရင် ပြန်ရောင်း၊ ဒီကားကလေးဝယ် မြတ်ရင် ပြန်ရောင်းဆိုတဲ့ ခေတ်ကတော့ ကုန်သလောက် ဖြစ်နေပါပြီ။ ဒါပေမယ့် ကြိုးစားပမ်းစား စီးပွားရေး လုပ်ချင်သူတွေ အတွက်တော့ အခွင့်အလမ်းတွေဆိုတာ မနည်းမနောပါပဲဆိုတာ တကယ် အလုပ်လုပ်နေတဲ့သူတွေကို မေးကြည့်ရင် သိနိုင်ပါတယ်။

အခုလို အချိန်မှာ စီးပွားရေး လုပ်ရတာ သေချာပေါက် ကံသေကံမ တွက်လို့ မရတဲ့ အလျော်အစားကြီးတဲ့ စွန့်စားမှု တွေတော့ ရှိပါတယ်။ ကက်စီနိုမှာ ဆစ်ဘို ဆိုတဲ့ အံစာတုံး ၃တုံး ကစားရသလို ပါပဲ။ စွန့်စားမှုကြီးရင် အရှုံးကြီးသလို ရလာဒ်က ကြီးပါတယ်။ စွန့်စားမှုနည်းရင် အရှုံးနည်းသလို ရလာဒ်ကလည်း နည်းပါတယ်။ လို့ ပြောရပါလိမ့်မယ်။

နောက်ကျနေပြီလို့ ပြောရတာကတော့ အပြိုင်အဆိုင် အရမ်းများလွန်းလို့ပါ။ ဥပမာ အနေနဲ့ ပြောပြပါ့မယ်။ အခုအချိန် ဝန်ကြီးဌာနတွေက ပစ္စည်းဝယ်ရင် အရင်ကလို လက်သိပ်ထိုးပြီး ဝယ်လို့ မရတော့ပါဘူး။ တင်ဒါ ဖွင့်ပြီး ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ရပါတယ်။ ကျွန်တော်တို့ တင်ဒါ ၂ ခါလောက် တင်ပြီးတဲ့ အချိန်မှာတော့ အပြိုင်အဆိုင် တကယ်များတယ် ဆိုတာကို သဘောပေါက် သွားပါတယ်။ ပစ္စည်းတစ်ခုကို ရန်ကုန်က ဆိုင်ရောင်းစျေးထက် ၂ သိန်းလောက် လျှော့ပြီး ဝင်ပြိုင်တဲ့ တင်ဒါ တစ်ခုမှာ ကျွန်တော်တို့ ကုမ္ပဏီက တင်တဲ့ဈေးဟာ ဈေးအနည်းဆုံးကနေ စရေရင် တတိယမြောက် နေရာမှာပဲ ရှိပါတယ်။ နောက်တင်ဒါ တစ်ခုမှာတော့ ကျွန်တော်တို့ ကုမ္ပဏီက တင်တဲ့ဈေးဟာ ​ဈေးအကြီးဆုံးကနေ စပြီး ရေရင် ဒုတိယနေရာမှာပဲ ရှိပါတယ်။ အဲဒီတော့ တင်ဒါပြိုင်ဖို့ ဆိုတဲ့ကိစ္စ အတွက်တော့ အဲဒီပစ္စည်းက ကိုယ်ရောင်းဝယ်နေကျ ပစ္စည်းမဟုတ်ရင်၊ ကိုယ့်အတွက် နိုင်ငံခြားမှာ အဆက်အသွယ် ရှိပြီးသား မဟုတ်ရင် နိုင်ဖို့ ရာခိုင်နှုန်း အလွန်နည်းတယ်ဆိုတာ သဘောပေါက်လိုက် မိပါတယ်။

ဒါဆိုရင် တင်ဒါ မပြိုင်ဘဲ ပစ္စည်းသွင်းပြီး စျေးကွက်ထဲ ဖြန့်ရင်ရော လို့ မေးစရာ ရှိလာပါတယ်။ ဒါလည်း မထူးပါဘူး။ မြန်မာပြည်မှာ အရောင်း အသွက်ဆုံး ဆောက်လုပ်ရေးပစ္စည်း တစ်ခုကို သွင်းဖို့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲမှာ လုပ်နေတဲ့ လူရင်း တစ်ယောက်ဆီမှာ တီးခေါက်ကြည့်မိပါတယ်။ သူက မင်းတို့ ၆ လ အကြွေးပေးနိုင်သလား။ အခု လက်ရှိ သွင်းနေတဲ့ ကုမ္ပဏီက ၆ လ အထိ ပိုက်ဆံ ပြန်မထုတ်ဘဲ အကြွေးပေးထား နိုင်တယ်။ မင်းတို့ အဲဒီလိုပေးနိုင်ရင်တော့ ရနိုင်တယ် ပြောလို့ တပ်လန် သွားခဲ့ရပါတယ်။ အဲဒါနဲ့ မြန်မာပြည်မှာ အခုမှ စပြီး ခေတ်စားလာတဲ့ ပစ္စည်းတစ်ခုကို စျေးကွက်ထဲ ဖောက်ဖို့ ကြံပြန် ပါတယ်။ သူငယ်ချင်းတစ်ယောက်နဲ့ စကားစပ်မိတော့ သူက အဲဒီပစ္စည်းကို ကွန်တိန်နာ အလုံးလိုက် သွင်းပြီး ရောင်းနေတယ် ဆိုတာ သိလိုက်ရ ပြန်ပါတယ်။

ဒါတွေက နည်းပညာ အားဖြင့် သိပ်မမြင့်လို့။ နည်းပညာ အားဖြင့် မြင့်တဲ့ ပစ္စည်းဆိုရင်တော့ ဖြစ်နိုင်တယ်လို့ ကြံမိ ပြန်ပါတယ်။ ကျွန်တော်တို့ အရောင်းပြခန်းမှာ ဂျာမနီက နည်းပညာ သုံးထားတဲ့၊ တပ်ဆင်တဲ့ နေရာမှာ နည်းပညာ ကျွမ်းကျင်ဖို့ လိုတဲ့ ပစ္စည်း တစ်ခုကို ပြပြီး ရောင်းဖို့ ကြံမိပြန်ပါတယ်။ အရောင်းပြခန်းကို ပစ္စည်း ရောက်မလာခင်မှာပဲ သူငယ်ချင်းရဲ့ သူငယ်ချင်း တစ်ယောက်က အရောင်းပြခန်းကို လာလည်ပါတယ်။ သူလည်း အဲဒီနည်းပညာနဲ့ ရန်ကုန်မှာ ပစ္စည်းတွေ ဆင်နေတယ် ဆိုတာ ကြားလို့ ပါးစပ်အဟောင်းသား ဖြစ်သွားရ ပြန်ပါတယ်။

ကျွန်တော် ကြံခဲ့တဲ့ ကိစ္စတွေထဲမှာ မြန်မာပြည် စျေးကွက်မှာ အလိုအပ်ဆုံး စက်ကိရိယာ တစ်ခုကို နောက်ဆုံးပေါ် နည်းပညာနဲ့ သုံးထားတဲ့ စက်တွေ သွင်းဖို့ဆိုတာလည်း ပါပါသေးတယ်။ ဒါပေမယ့်လည်း ဟိုတလောက ပြပွဲတစ်ခုကို သွားကြည့်တော့ ဂျပန် ကုမ္ပဏီတွေ ကိုယ်တိုင် အဲဒီ စက်ကိရိယာကို မြန်မာပြည်မှာ ရုံးဖွင့်ရောင်းနေကြတာ တွေ့ရသလို တရုတ်ကုမ္ပဏီတွေကလည်း အကြွေးနဲ့ ချရောင်းနေတာကို တွေ့ခဲ့ရပြန်ပါတယ်။

နောက်ထပ် ကြုံရတဲ့ ပြသနာ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ဆက်ဆံရတဲ့ ပြသနာပါ။ ကျွန်တော်တို့ ကုမ္ပဏီ သက်တမ်းက တစ်နှစ်တောင် မပြည့်သေးတာမို့ နိုင်ငံခြားကုမ္ပဏီ တွေ အတွက်တော့ ကျွန်တော်တို့ အဆင့်ဟာ လူမလေး ခွေးမခန့် အဆင့်မှာပဲ ရှိနေပါတယ်။ သူတို့ ဘက်ကလည်း မြန်မာပြည် စျေးကွက်မှာ လက်တွဲ လုပ်ရမယ့်သူဟာ တကယ်ကို ခိုင်မာတဲ့၊ ဒီစျေးကွက် အကြောင်းကို ကောင်းကောင်းသိတဲ့၊ သူတို့ အတွက် စီးပွားရေး အခွင့်အလမ်းသစ်တွေ အများကြီး ဖွင့်ပေးနိုင်မယ့် ကုမ္ပဏီမျိုးကို မျှော်လင့်တာ မဆန်းပါဘူး။ အဲဒီတော့ ကျွန်တော်တို့ တွေ အတွက် ဝင်တိုးရတာ ခက်နေပါတယ်။ ကျွန်တော်တို့ဘက်က တတ်နိုင်တာ တစ်ခုပဲ ရှိပါတယ်။ ကျွန်တော်တို့နဲ့ နိုင်ငံခြားမှာ နှစ်ပေါင်းများစွာ လက်တွဲလုပ်ဖူးတဲ့ ကုမ္ပဏီတွေကို ခေါ်လာဖို့ပါပဲ။ သူတို့ အတွက်တော့ ကျွန်တော်တို့ဟာ ကုမ္ပဏီ အနေနဲ့ သက်တမ်း မကြာသေးပေမယ့် လူကိုတော့ ကောင်းကောင်းသိတဲ့ အတွက် လက်တွဲလုပ်ဖို့ လိုလိုလားလား ရှိကြပါတယ်။

နိုင်ငံခြားကုမ္ပဏီတွေနဲ့ တွဲလုပ်တဲ့ နေရာမှာလည်း လူမျိုးစုံ တွေ့ရပါတယ်။ တကယ့် ကုမ္ပဏီကြီးတွေ ကတော့ သူတို့ရဲ့ ကိုယ်စားလှယ် အဖြစ်ပေးဖို့ အတော် အချိန်ယူပါတယ်။ ချက်ချင်း မပေးပါဘူး။ အစမ်းသဘောမျိုးနဲ့ တစ်နှစ်ပေး။ လျာထားချက် မှီအောင် ရောင်းနိုင်မှ ကိုယ်စားလှယ် ပေးပါတယ်။ ဂျပန်ကုမ္ပဏီတွေ ကျပြန်တော့လည်း စဉ်းစားလွန်းပါတယ်။ စျေးနှုန်းပေးဖို့ ပစ္စည်းရောင်းဖို့ ကိစ္စကို သူတို့ဘက်က မပိုင်မချင်း မရောင်းချင်ပါဘူး။ အဲဒီတော့ သူတို့နဲ့ လက်တွဲပြီး မြန်မာပြည် စျေးကွက်ကို ဖောက်ဖို့ ဆိုတာ အတော် ခက်ခဲနေပြန်ပါတယ်။ တရုတ်ကျပြန်တော့ တစ်မျိုးပါ။ ပစ္စည်းကတော့ အသေအလဲ ရောင်းချင်ပါတယ်။ ဒါပေမယ့် ကိုယ်နဲ့ ဆက်သွယ်တဲ့သူက တကယ်ရောင်းတဲ့သူလား ပွဲစားလား သိဖို့ ခက်ပါတယ်။ ဒီကြားထဲ ဂျင်းက ထည့်ချင်ပါသေးတယ်။ CE လက်မှတ်တောင် အတု လုပ်ပြီး ပေးတာ ကြုံဖူးလို့ သူတို့ဆီက လက်မှတ်ကို ယုံကြည်ဖို့ ခက်နေပါတယ်။

သူငယ်ချင်း တစ်ယောက်ရဲ့ ကုမ္ပဏီမှာ ကြုံလိုက်ရတာ ကြားဖူးပါတယ်။ တရုတ်က ပစ္စည်းဝယ်ဖို့ T/T (Telegraphic Transfer)  နဲ့ ပိုက်ဆံ လွှဲတာ တရုတ်က အကုန်ဘုန်းပြီး ပြေးသွားလို့ အတော် ခံလိုက်ရ ပါတယ်။ အဲဒီတော့ ကိုယ်မသိတဲ့ နာမည် မကြီးတဲ့ နိုင်ငံခြားကုမ္ပဏီက ပစ္စည်းဝယ်မယ် ဆိုရင် T/T သုံးမယ့် အစား L/C (Letter of Credit) သုံးရတာ ပိုပြီး စိတ်ချရပါတယ်။ T/T က ပစ္စည်းမဝယ်ခင် ပိုက်ဆံကြိုပို့ ရပေမယ့် L/C မှာတော့ ဘဏ်တစ်ခုက စာထုတ် ပေးထာတာမို့ စိတ်ချရပါတယ်။ ကိုယ့်ဆီကို ပစ္စည်းရောက်မှ ဘဏ်ကနေ ပိုက်ဆံ ထုတ်ပေးဖို့ အကြောင်းကြားလို့ ရပါတယ်။

နိုင်ငံခြား ကုမ္ပဏီနဲ့ လက်တွဲ လုပ်တဲ့ နေရာမှာ အရောင်းအဝယ် သက်သက်ဆိုရင် ရေရှည် အလုပ်မဖြစ်ပါဘူး။ ကျွန်တော်တို့ ဘက်က သူ့ပစ္စည်းကိုလည်း ယူရောင်း ပေးရသေး၊ ဈေးကွက်ထဲကို ဖောက်ဖို့လည်း ကိုယ့်ပိုက်ဆံနဲ့ ကိုယ် လုပ်ပေးရသေး ဆိုရင် မကိုက်ပါဘူး။ အဲဒီတော့ ကိုယ်နဲ့ အကျိုးတူ လုပ်ချင်တဲ့ ကုမ္ပဏီမျိုးကို ရှာရတာ ပိုပြီး အဆင်ပြေ ပါတယ်။ ကိုယ့်ကို စျေးကွက်ထဲမှာ ရပ်တည်နိုင်အောင် သူ့ဘက်က စျေးလျှော့ ရောင်းပေး၊ မားကက်တင်း အတွက် လိုအပ်ရင်လည်း သူတို့ဘက်က လူ ဒါမှမဟုတ် ငွေနဲ့ ပံ့ပိုးပေး၊ မြန်မာပြည်က စုံစမ်းလာရင်လည်း ကိုယ့်ကို ကျော်မရောင်းဘဲ ကိုယ့်ဆီ ပြန်လွှဲပေး ဆိုတဲ့ ကုမ္ပဏီမျိုးနဲ့မှ ရေရှည်လုပ်လို့ အဆင်ပြေမှာပါ။ အဲဒီလိုမှ မဟုတ်ရင်တော့ အပြိုင်အဆိုင်တွေ ကြားမှာ ကိုယ့်ဘက်က ခံရဖို့ ရှိပါတယ်။

နောက်ပြသနာကတော့ လူ ပြသနာပါပဲ။ ဒီမှာ ဝန်ထမ်း ရှာရတာ အတော်ခက်ပါတယ်။ မြန်မာပြည်မှာ အလုပ်လက်မဲ့တွေ များနေတယ် ပြောပေမယ့် ဘွဲ့ရထဲမှာ တကယ်ကို အလုပ်ခန့်လို့ ရမဲ့သူမျိုး ရှာရတာ ကျွန်တော်တို့လို ကုမ္ပဏီ အသေးတွေ အတွက် အတော်ကို ခက်ပါတယ်။ တကယ်ကို အလုပ်ခန့်လို့ ရနိုင်မဲ့ သူမျိုးကလည်း ကုမ္ပဏီ အသေးမှာ လုပ်ဖို့ စိတ်မဝင်စားပါဘူး။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း လုပ်ရင်လုပ်မယ် ဒါမှမဟုတ် ခိုင်ခိုင်မာမာ ရှိတဲ့ လခကောင်းတဲ့ ကုမ္ပဏီကြီးတွေမှာ လုပ်မယ်လို့ပဲ မှန်းကြပါတယ်။ အင်ဂျင်နီယာဘွဲ့ရမို့ အင်တာဗျူးကြည့်ပေမယ့် အခြေခံက အစ တစ်လုံးမှမသိ၊ ဒီအကြောင်းကို မင်းသိသလောက် ပြောစမ်းကွာ ဆိုပြီး ဖွင့်ပေးတာတောင် ဘာမှ မပြောနိုင်တော့ အလုပ်ထဲမှာ ခန့်ဖို့ အတော်ကို စဉ်းစားရပါတယ်။ ကျောင်းက သင်မပေးလိုက်တာ အပြစ်မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ဘာသာကိုယ် အင်ဂျင်နီယာလို့ ခံယူထားရင် အင်ဂျင်နီယာ အလုပ်လုပ် မယ်ဆိုရင် အင်ဂျင်နီယာနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို နှိုက်နှိုက်ချွတ်ချွတ် မဟုတ်တောင် အပေါ်ယံလောက်တော့ သိထားသင့်တယ်လို့ ကျွန်တော့် အနေနဲ့ ယူဆပါတယ်။

စီးပွားရေး လောကမှာ သတင်းအချက်အလက်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ လုပ်ဖော်ကိုင်ဖက်တွေကို ပေးရင် စာရွက် အောက်ကနေ ရေးလေ့ ရှိပါတယ်။ ဤစာများသည် ကျွန်တော် သိသမျှ အကောင်းဆုံး တင်ပြထားခြင်း ဖြစ်ပါသည်။ ဤစာရှိ အချက်အလက်များပေါ်တွင် အခြေခံ၍ လုပ်ခဲ့သော အလုပ်များကြောင့် ဖြစ်လာသော ကိစ္စ အဝဝ အတွက် တာဝန်ယူလိမ့်မည် မဟုတ်ပါ ဆိုတာမျိုးပါ။ အခုလည်း အဲဒီလို ပြောချင်ပါတယ်။ ဒီစာက ကျွန်တော် မြင်သမျှကို ဝေမျှ ရုံသက်သက်ပါပဲ။ အတိအကျ သိချင်ရင်တော့ ကိုယ်တိုင် လုပ်ကြည့်မှ သိပါလိမ့်မယ်။ ကျွန်တော် လုပ်နေတဲ့ လုပ်ငန်းနဲ့ ကွဲပြားတဲ့ လုပ်ငန်းမှာ တခြား အခြေအနေမျိုး ဖြစ်နေတာလည်း ရှိနိုင်ပါတယ်။

ကျွန်တော်နဲ့ အရင်းနှီးဆုံးသူ တစ်ယောက်ကတော့ ကျွန်တော် ကိုယ်တိုင် ဖောင်ဖျက်လာတာမို့ သူများကိုပါ ချောက်ချ နေတယ်လို့ ဝေဖန်ပါတယ်။ ကျွန်တော်ကတော့ ကိုယ့်ဘာသာကိုယ် ဖောင်ဖျက်တယ်လို့ မယူဆပါဘူး။ ကျွန်တော် စင်ကာပူမှာ အမြဲတမ်း နေထိုင်သူ အဖြစ်က စွန့်လွှတ် လာခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာ အသိအမှတ် ပြုတဲ့ ဘွဲ့တစ်ဘွဲ့ ရှိထားတဲ့သူမို့ အချိန်မရွေး တခြားနိုင်ငံ တစ်နိုင်ငံကို ပြန်သွားပြီး စင်ကာပူမှာထက် ပိုကောင်းတဲ့ လစာနဲ့ အလုပ်လုပ်လို့ ရနေ ပါသေးတယ်။ ဒါမှမဟုတ် မြန်မာပြည်က နိုင်ငံခြား ကုမ္ပဏီ တစ်ခုကို ရာထူးကြီးကြီးနဲ့ ဝင်လုပ်လို့ ရတဲ့ အခြေအနေရှိပါတယ်။ ဒါပေမယ့်လည်း အခု အချိန်မှာတော့ မြန်မာပြည်မှာ ကိုယ်ပိုင် စီးပွားရေး လုပ်ရတာ အကောင်းဆုံးလို့ မြင်ထားပါတယ်။

ဦးဇက်တီ မေတ္တာဝေတယ်။ မြန်မာပြည်မှာ ပြန်ပြီး အလုပ်လုပ်လိုသူများ အဆင်ပြေ အောင်မြင်ကြပါစေ။ နိုင်ငံခြားမှာ ဆက်နေလိုသူများလည်း လခတိုးပြီး ဘောနပ်စ်များများ ရနိုင်ကြပါစေ။ :P

Wednesday, March 20, 2013

ထူးထွေအံ့ရာ ပြည်မြန်မာ (၁)

နှစ်ပေါင်းများစွာ အချိန်ယူ တည်ဆောက်ထားပြီး အသားကျနေတဲ့ စနစ် တစ်ခုထဲမှာ ကျင်လည်လာတဲ့ သူတစ်ယောက် အဖို့ အခုမှ စလုံးရေစ ပြီး တည်ဆောက်နေတဲ့ စနစ်တစ်ခု ထဲမှာ အံဝင်ခွင်ကျ ဖြစ်အောင် နေရတာ သိပ်ပြီး လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ စိတ်ပျက်လက်ပျက် ဖြစ်စရာ၊ ရယ်စရာ မောစရာ၊ ဂွတီးဂွကျ ဖြစ်စရာ အဖြစ်တွေကို တစ်နေ့တစ်မျိုး မရိုးနိုင်အောင်ပဲ ကြုံနေရပါတယ်။

နိုင်ငံခြားမှာ အနေကြာတော့ ငွေဆိုတာ ပိုက်ဆံအိတ်ထဲမှာ၊ အိမ်က ဘီဒိုထဲမှာ များများစားစား သိမ်းထားလေ့ မရှိဘဲ ဘဏ်မှာ အပ်ထားပြီး လိုတဲ့အခါမှ လိုသလောက် ထုတ်သုံးတတ်တဲ့ အကျင့်မျိုး ဖြစ်လာခဲ့ပါတယ်။ အဲဒါကြောင့် မြန်မာပြည် ပြန်ရောက်ပြီး မကြာခင်မှာပဲ နာမည်ကျော် ပုဂ္ဂလိက ဘဏ်တစ်ခုမှာ စာရင်းရှင် စာရင်းသေ ငွေစာရင်းဖွင့်ဖို့ ရောက်ခဲ့ မိပါတယ်။

ဘဏ်မှာ စာရင်းဖွင့်တဲ့ အခါ သူများတွေကို ပိုက်ဆံ အထုတ်လိုက် ထမ်းမသွားဘဲ သူငယ်ချင်း တစ်ယောက် ရေးပေးလိုက်တဲ့ ချက်လက်မှတ်ကလေး တစ်စောင်ကို ကိုင်ပြီး ရောက်လာခဲ့ပါတယ်။ အဲဒီမှာ ထူးဆန်း အံ့ဩဖွယ်ရာတွေကို စပြီး ကြုံရတော့တာပါပဲ။ ကျွန်တော့် သူငယ်ချင်း ရေးပေးလိုက်တဲ့ ချက်လက်မှတ်က အဲဒီဘဏ်က ချက်လက်မှတ်ပါပဲ။ ဒါပေမယ့် ကျွန်တော့် သူငယ်ချင်းရဲ့ အကောင့်က အဲဒီဘဏ်ရဲ့ ရွှေဂုံတိုင် ဘဏ်ခွဲမှာ ဖြစ်နေပြီးတော့ ကျွန်တော် အကောင့်ဖွင့်တဲ့ ဘဏ်ခွဲက ကမာရွတ်ဘဏ်ခွဲ ဖြစ်နေပါတယ်။ ဘဏ်ခွဲချင်း မတူလို့ ချက်လက်မှတ်ကို ငွေထုတ်တာ အွန်လိုင်းခ ပေးရမယ်လို့ ဘဏ်ဝန်ထမ်း ကောင်မလေးက ပြောလာပါတယ်။ အဲဒီ ကောင်မလေး ပြောတာ ကြားကြားချင်း စိတ်ထဲမှာ တွေးမိတာတော့ ကျွန်တော်တို့ မြန်မာပြည်ကြီးမှာ အင်တာနက်သုံးခ ဈေးကြီးလွန်းလို့ ဟိုဘဏ်ကနေ ဒီဘဏ်ကို ငွေစာရင်းလွှဲတာတောင် အင်တာနက် သုံးခ ပေးရသေးသလား ဆိုပြီးတော့ပါ။ အင်တာနက် သုံးခ ဆိုတော့လည်း အင်တာနက် ဆိုင်မှာ သုံးသလောက် တစ်နာရီ ၅၀၀ လောက် ပေးရလေမလား စိတ်ထဲက တွေးမိပြန်ပါတယ်။ ဒါပေမယ့် အဲဒီကောင်မလေးက ၀.၀၄ ရာခိုင်နှုန်း ဖြတ်မယ် ဆိုမှ အွန်လိုင်းခ ဆိုတာ ဝန်ဆောင်ခ တစ်မျိုးပါလား ဆိုတာ သဘောပေါက်သွားပါတော့တယ်။ ဘဏ်ချင်း အတူတူ ဘဏ်ခွဲမတူလို့ ပိုက်ဆံဖြတ်တယ်ဆိုတာ ကျွန်တော့် အတွက်တော့ ထူးဆန်းပါပေ့ ကတွတ်ပီ အော်ရမလို ဖြစ်နေပါတယ်။

ဟိုဘက်ဘဏ်ကနေ ပိုက်ဆံ ထုတ်ပြီး ဒီဘက်ဘဏ်မှာ လာပြန်ထည့်ရင် ကုန်ကျမယ့် တက္ကစီဖိုးက သူပြောတဲ့ အွန်လိုင်းခထက် များနေတာမို့ အောင့်သက်သက်နဲ့ပဲ ပေးခဲ့ရပါတယ်။ အဲဒီမှာ ထူးဆန်းတာ တစ်ခု ထပ်တွေ့ရ ပြန်ပါတယ်။ ကျွန်တော် နိုင်ငံခြားမှာ ပထမဆုံး အကြိမ် အကောင့်စဖွင့်တော့ အခုလိုမျိုးပဲ မိတ်ဆွေ တစ်ယောက် ရေးပေးလိုက်တဲ့ ချက်လက်မှတ်ကို ယူပြီး ဖွင့်ခဲ့တာပါ။ အဲဒီလို အကောင့်ဖွင့်တဲ့ အခါ ချက်လက်မှတ်ထဲက ပိုက်ဆံကို စာရင်းထဲ ထည့်တာ၊​ အကောင့်ဖွင့်တာ၊ ငွေစုစာအုပ် ထုတ်တာ အားလုံး ကောင်တာ တစ်ခုမှာပဲ ကိစ္စ ပြတ်ပါတယ်။ မြန်မာပြည်မှာ ကြုံရတာကတော့ အတော်ကို ပေရှည်ပါတယ်။ လျှောက်လွှာရေးတာ ကောင်တာ တစ်ခု၊ စာရင်းရှင် အတွက် ငွေသွင်းတာ ကောင်တာတစ်ခု၊ ချက်လက်မှတ်ကို ငွေစုစာအုပ်ထဲ ထည့်တာက ကောင်တာ တစ်ခု၊ ချက်စာအုပ်ကို ထုတ်တာ ကောင်တာ တစ်ခု စုစုပေါင်း ကောင်တာ လေးခု တိတိ သွားရပါတယ်။ ဘဏ်စနစ်က အခုမှ အစပျိုးခါစမို့ ဒီလောက် ပေရှည်တာ ဖြစ်ပါ့လိမ့်မယ်။ နောက်ဆို တိုးတက်လာမှာပါလို့ပဲ စိတ်ထဲက ဖြေတွေးမိပါတယ်။

ဘဏ်စာအုပ် လျှောက်ရင်း ကျွန်တော့် ရှေ့မှာ တခြားသူတွေ အေတီအမ်ကတ်ဒ် လာလျှောက်ကြတာ တွေ့မိပါတယ်။ အဲဒါနဲ့ စောင့်ရတဲ့ အတူ မထူးဘူး။ ကျွန်တော်လည်း အေတီအမ် ကတ်ဒ် တစ်ကတ်ဒ်လောက်တော့ လျှောက်ဦးမှလို့ အကြံပေါ်မိပါတယ်။ ဒါနဲ့ အေတီအမ်ကတ်ဒ် လျှောက်ဖို့ ကောင်တာမှာ မေးကြည့်မိပါတယ်။ အစ်ကို မှတ်ပုံတင် မိတ္တူပါလား မေးလို့ ခေါင်းခါပြပါတယ်။ အဲဒါဆို မှတ်ပုံတင် မိတ္တူကူးပြီးမှ လာခဲ့ပါလို့ ကောင်တာက ဝန်ထမ်းကောင်မလေးက ပြန်ပြောပါတယ်။ ဒီလောက် ကြီးကျယ်တဲ့ ဘဏ်တစ်ခု ဖြစ်ပြီး မိတ္တူကူးစက်ကလေး တစ်လုံး ထားပေးဖို့၊ မိတ္တူကူးမယ့် ဝန်ထမ်း တစ်ယောက်လောက် ခန့်ပေးဖို့တောင် မတတ်နိုင်လောက်အောင် ချစ်တီးကျရသလား လို့ စိတ်ထဲကတော့ နည်းနည်း ကျွဲမြီးတို သွားပါတယ်။ ဒါပေမယ့်လည်း သူ့အရပ်နဲ့ သူ့ဇာတ်ပဲလေ လို့ စိတ်ထဲက တွေးပြီး မိတ္တူကူးဖို့ ဘဏ်အပြင်ကို ထွက်လာခဲ့ပါတယ်။ အဲဒီဘဏ်နဲ့ နီးနီးနားနားမှာ မိတ္တူကူးဆိုင် မရှိလို့ မိတ္တူကူးတဲ့ နေရာကို ၁၅ မိနစ်လောက် လျှောက်လိုက်ရပါတယ်။ ပထမဆုံး မိတ္တူဆိုင်တွေ့တော့ ဝမ်းသာ အားရနဲ့ ဝင်သွားမိပါတယ်။ မိတ္တူဆိုင်ထဲက ကောင်မလေးက အစ်ကို မီးပြတ်နေတယ် ဆိုတဲ့ စကားနဲ့ ဆီးကြိုနှုတ်ဆက်လို့ အောင့်သက်သက်နဲ့ ပြန်ထွက်လာခဲ့ရပါတယ်။ နောက်တစ်ဆိုင်တွေ့တော့လည်း အလားတူပါပဲ။ မီးပြတ်နေတယ် အစ်ကို ထားခဲ့ပြီး နောက်မှလာယူရင် ရမယ်။ ဆိုတဲ့ စကားကြားရလို့ အောင့်သီးအောင့်သက် ဖြစ်နေတဲ့ ကြားက ရယ်ချင် သွားမိ ပြန်ပါတယ်။ မှတ်ပုံတင်သာ ထားခဲ့မယ် ဆိုရင် ပျောက်မှာစိုးလို့ အသည်းအသန် ငြင်းကြလိမ့်ဦးမယ်ဆိုတာ ကြိုသိနေလို့ပါ။ ဒါနဲ့ပဲ စိတ်ကို လျှော့ပြီး လမ်းဘေးက လက်ဖက်ရည်ဆိုင် တစ်ဆိုင်ထဲဝင် ဝါးတီးဆွဲရင်း မီးပြန်လာမယ့် အချိန်ကို မျှော်နေမိပါတယ်။

နေ့လည်နေ့ခင်းမို့ ဟေး ဆိုတဲ့ အသံကိုတော့ မကြားရပါဘူး။ ဒါပေမယ့် စားလို့သောက်လို့ ပြီးတော့ မရရင်လဲ နောက်နေ့မှ ပြန်လာလျှောက်တော့မယ်လို့ စိတ်ပိုင်း ဖြတ်ပြီး လက်ဖက်ရည်ဆိုင်ထဲက ပြန်ထွက်လာခဲ့ပါတယ်။ မိတ္တူဆိုင် ရောက်သွားတော့ သမ္မာဒေဝ နတ်ကောင်းနတ်မြတ်များက ကြည့်မနေနိုင်လို့ တစ်ချိန်က အီးပီစီ အခုတော့ ဝိုင်အီးအက်စ်ဘီကို ကလိထိုးပြီး မီးလာခိုင်းလိုက်ပုံပါပဲ။ မီးပြန်လာနေပြီမို့ ဝမ်းမြောက်ဝမ်းသာ မိတ္တူ ကူးခဲ့ရပါတယ်။ မှတ်ပုံတင် မိတ္တူကလေး ကိုင်ပြီး ဘဏ်ကို ပြန်ရောက်တော့ ဝန်ထမ်း ကောင်မလေးက ပုံစံတစ်စောင်ကို ဖြည့်ခိုင်းပါတယ်။ ပုံစံထဲမှာ ကိုယ်ရေး အချက်အလက်တွေ ဖြည့်ပြီး ကောင်မလေးကို ပြန်ပေးတော့ ကောင်မလေးက အေတီအမ် လျှောက်လွှာမှာ ကျွန်တော့်ရဲ့ ငွေစာရင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မဖြည့်ဘဲ ဒီအတိုင်းထားတာကို သတိထားလိုက်မိပါတယ်။ နိုင်ငံခြားက ကွန်ပျူတာ စနစ်တွေလို ကိုယ်ရေးအချက်အလက် ရိုက်ထည့်လိုက်ရုံနဲ့ ကိုယ့်မှာ ရှိတဲ့ ငွေစာရင်းတွေနဲ့ ဆက်စပ်ပြီးသား ဖြစ်သွားမလား ဒီလိုဆိုရင်တော့ မဆိုးသေးဘူးပဲလို့ စိတ်ထဲက တွေးလိုက်မိပါတယ်။ ဒါပေမယ့်လည်း စိတ်ထဲက မနေနိုင်လို့ "ညီမ အစ်ကို့ အကောင့်နံပါတ်တွေ မဖြည့်တော့ဘူးလား။ သူ့ဘာသာသူ အလိုအလျောက် ချိတ်ပေးမှာလား။" လို့ ထုတ်မေးမိပါတယ်။ဒါပေမယ့် ကောင်မလေးရဲ့ ပြန်ဖြေတဲ့ စကားကြောင့် ဂုရုကွေးလို ဟိုက်ရှာလပတ်ရည် အော်ရမလို ဖြစ်သွားပါတယ်။ ကောင်မလေး ဖြေလိုက်တာကတော့ "အစ်ကို အေတီအမ်က အကောင့်သပ်သပ်လေ။ ငွေစုစာအုပ်က သပ်သပ်။ ချက် အကောင့်က သပ်သပ်။ ငွေစုစာအုပ်နဲ့ ချက်အကောင့် ချိတ်လို့ ရပေမယ့် အဲဒီအကောင့်တွေက အေတီအမ်နဲ့ ချိတ်လို့ မရဘူး။" ဆိုပြီးတော့ပါ။ ကိုယ့်ဘဏ်စာရင်းနဲ့ အေတီအမ်ကတ်ဒ် ချိတ်မရရင် နင့်မေကလွှားမို့ အေတီအမ်ကတ်ဒ် လျှောက်ရမှာလားလို့ ဘဏ်မန်နေဂျာဆီ ဝင်ပြီးပြောချင်စိတ် ပေါက်သွားပါတယ်။

ဒီလိုနဲ့ ဘဏ်မှာ အောင်မြင်စွာနဲ့ ငွေစာရင်းဖွင့်ပြီး ပြန်လာခဲ့ပါတယ်။ စာရင်းဖွင့်ပြီး သုံးပတ်လောက် အကြာမှာတော့ ပိုက်ဆံ ထုတ်ချင်တာနဲ့ ရုံးနားနီးတဲ့ အဲဒီဘဏ်ရဲ့ ဘဏ်ခွဲတစ်ခုကို ချီတက်လာခဲ့ပါတယ်။ အဲဒီ အခါမှာလည်း ကိုယ့်အကောင့်ထဲက ဖြစ်ပေမယ့် ဘဏ်ခွဲချင်း မတူလို့ ဆိုပြီး အွန်လိုင်းခ ဆိုတာကြီးကို ထပ်ပြီး ပေးရပြန်ပါတယ်။ ကျွန်တော့် အတွက်လည်း ပိုက်ဆံက အရေးတကြီး လိုနေတာမို့ စိတ်မသက်သာစွာနဲ့ပဲ အဲဒီ အွန်လိုင်းခ ဆိုတာကြီးကို ထပ်ပြီး ပေးခဲ့ရပြန်ပါတယ်။ ပိုက်ဆံ ထုတ်ပြီး နောက်တစ်နေ့မှာတော့ ကိစ္စတစ်ခု ထပ်ပေါ်လာတာနဲ့ ပိုက်ဆံ ထပ်ထုတ်ဖို့ အဲဒီ ဘဏ်ခွဲဆီကို ချီတက်လာခဲ့ရ ပြန်ပါတယ်။ ပိုက်ဆံ ထုတ်ဖို့ ဖောင်တွေ အကုန်ဖြည့်ပြီးမှာ ကောင်တာက ကောင်မလေးက "အစ်ကို မနေ့ကတင် ပိုက်ဆံ ထုတ်ထားတယ်နော်။" လို့ ပြောလာပြန်ပါတယ်။ "ဘာဖြစ်လို့လဲ" လို့ ပြန်မေးတော့ "ငွေစုစာအုပ်ထဲက ပိုက်ဆံကို တစ်ပတ်မှာ တစ်ခါပဲ ထုတ်ခွင့်ရှိတယ်။ အခု အစ်ကို ထုတ်ချင်ရင်တော့ လုပ်ပေးလိုက်ပါ့မယ်။ ဖောင်ရဲ့ ထိပ်မှာတော့ အရေးကြီး ကိစ္စ ဆိုတာကလေး ရေးပြီး လက်မှတ်ထိုးပေးပါ"လို့ ထူးဆန်း အံ့ဩဖွယ်ရာ ပြန်ပြောပါတယ်။ ကျွန်တော်လည်း ဇဝေဇဝါနဲ့ ဘယ်နာ့ကြီးတုန်းဟလို့ တွေးရင်း သူပြောတဲ့ နေရာ လက်မှတ်ထိုးပေးလိုက်ရပြန်ပါတော့တယ်။

ကြုံခဲ့ရတဲ့ အဖြစ်အပျက်များကို ထူးထွေအံ့ရာ ပြည်မြန်မာ အပိုင်း(၁) အနေနဲ့ မှတ်တမ်းတင်အပ်ပါတယ်။ :D

Thursday, February 21, 2013

ကြုံရဆုံရ ဘဝများ

ကျွန်တော် အမ်စတာဒမ် ရှီပိုး လေဆိပ်ထဲက ရထားဘူတာရုံမှာ ဂျာမနီကို သွားဖို့ ရထားစောင့်နေတုန်းပါ။ ကျွန်တော်နဲ့ ရထားလမ်း ခြားနေတဲ့ ပလက်ဖောင်းမှာ လူတစ်ယောက်ကို လှမ်းတွေ့လိုက်မိတယ်။ ဆံပင်ကောက်ကောက် အသားမည်းမည်း အရပ်မြင့်မြင့်နဲ့ အာဖရိက နွယ်ဖွား တစ်ယောက်ပုံစံမျိုးပါပဲ။ ညစ်ပေနေတဲ့ ဘောင်းဘီရှည်နဲ့ အင်္ကျီလက်တိုကို ဝတ်ထားတယ်။ လေဆိပ်က ဆင်းလာတဲ့ အဝတ်အစား တောက်တောက်ပြောင်ပြောင် လူတွေကြားမှာ သူ့ပုံစံက ထူးထူးခြားခြား ဖြစ်နေလို့ ချက်ချင်းပဲ သတိထားမိသွားတယ်။ နောက်တော့ သူ အအေးဗူးတွေ ရောင်းတဲ့ စက်တစ်လုံးဆီကို လျှောက်သွားတာ လှမ်းမြင်ရတယ်။ သူက လက်နှစ်ဖက်ကို ဆန့်  အအေးဗူးရောင်းတဲ့စက်ကို ဟိုဘက်ဒီဘက်ကိုင်ပြီး ခပ်ကြမ်းကြမ်း လှုပ်နေတယ်။ ဘေးပတ်ဝန်းကျင် ရထားလမ်း ပလက်ဖောင်းပေါ်က လူတွေ အကုန်လုံးက သူ့ကို ဝိုင်းကြည့်နေကြတယ်။ ခဏ အကြာမှာတော့ စက်ထဲက အအေးတစ်ဗူး ပြုတ်ကျလာတယ်။ အအေးဗူးကို ကောက် ဖွင့်သောက်ပြီး သူထွက်သွားတယ်။  ဒီလို တိုးတက်နေတဲ့ နိုင်ငံ၊ ဒီလို ခေတ်မီနေတဲ့ နိုင်ငံမှာ ဒီလို လူတန်းစားတွေလည်း ရှိနေသေးပါလား ဆိုတာ တွေးမိသွားတယ်။

=============

ချက်သမ္မတနိုင်ငံ ပါဒူဘီဆေးမြို့ ရောက်နေတုန်းမှာ ဟိုတယ်က သတင်းစာ တစ်စောင်ကို ကောက်ပြီး လှန်ကြည့်မိတယ်။ သတင်းစာထဲမှာ ဆောင်းတွင်း ဝင်လာပြီမို့ အိမ်ခြေယာခြေ မရှိတဲ့ လမ်းပေါ်ကလူတွေ ညအိပ်ဖို့ အစိုးရက မြို့တော်ပရက်ဂ်မြို့မှာ ယာယီတဲတွေ ဆောက်လုပ်ပေးမယ်ဆိုတဲ့ သတင်း ဖတ်လိုက်ရတယ်။ တခြားနေရာမှာ အခြေမဲ့ အနေမဲ့ ဖြစ်ရင် လမ်းဘေး အိပ်လို့ ရနိုင်ပေမယ့် ဒီလို နှင်းတွေကျပြီး ညဘက် သွေးခဲမတတ် အေးတဲ့ နိုင်ငံမှာ လမ်းဘေး အိပ်ရင်တော့ မနက်ခင်းမှာ အသက်ရှိသေးရင် ကံကောင်းတယ် ပြောရမှာပါပဲ။

ပါဒူဘီဆေးကနေ ပရက်ဂ်ကို ပြန်လာတော့ လမ်းက သစ်ပင်တွေ ကြည့်ပြီး ချက်နိုင်ငံသား အင်ဂျင်နီယာရဲ့ စကားတွေ ခေါင်းထဲ ရောက်လာတယ်။ အရင်တုန်းက ချက်က လူတွေ ဆင်းရဲ လွန်းလို့ တစ်နေရာက တစ်နေရာကို လမ်းလျှောက် သွားရတယ်။ သူတို့တွေ သွားရင်လာရင်း ဗိုက်ဆာရင် စားလို့ရအောင် ရှေ့လူတွေက လမ်းဘေးဝဲယာမှာ သစ်သီးပင်တွေ စိုက်ထားပေးခဲ့တာ ဆိုတဲ့ စကားပါပဲ။ အရင်တုန်းက ချက်ကလူတွေ ဆင်းရဲတယ် ဆိုတော့ အခု ဘယ်လောက် ချမ်းသာ သွားကြပြီလဲ။ အခြေမဲ့ အနေမဲ့တွေ ဘယ်လောက် များသေးလဲ။ အစိုးရက ဆောင်းတွင်းမှာ အခြေမဲ့ အနေမဲ့တွေကို ညအိပ်ဖို့ တဲထိုးပေးတယ် ဆိုတော့ တခြား အချိန် ဘယ်လို စီစဉ်ပေးသလဲ ခေါင်းထဲမှာ ဆက်ကာ ဆက်ကာ တွေးလိုက်မိတယ်။ ချက်မှာ သက္ကလပ် တော်လှန်ရေးနဲ့ နိုင်ငံကို ဒီမိုကရေစီရအောင် နေ့ချင်းညချင်း ပြောင်းပေးနိုင်ပေမယ့် လူဆင်းရဲတွေ ချမ်းသာသွားအောင်တော့ နေ့ချင်းညချင်း ပြောင်းမပေးနိုင်ပါဘူး။

==============

ပိုလန်က ဆွာ့စ်ကီးမှာ ရောက်နေတုန်း စနေ တစ်ညနေ ထမင်းစားဖို့ ဟိုတယ် အောက်ထပ်က စားသောက်ဆိုင်ကို ဆင်းလာခဲ့ပါတယ်။ အောက်ထပ်ရောက်တော့ စားသောက်ဆိုင်က မရှိတော့ဘူး။ စားသောက်ဆိုင်နေရာက စားပွဲတွေ အားလုံးကို ရှင်းထားပြီး အဲဒီမှာ ပါတီပေးနေကြတယ်။ လူတွေ အများကြီး ကနေတာ ဒီတစ်ခါပဲ မြင်ဖူးတယ်။ အားလုံးကလည်း ပြုံးလို့ ပျော်လို့။ ကျွန်တော်တို့ စင်ကာပူက သင်္ကြန်တွေမှာ လုပ်လေ့ လုပ်ထ ရှိသလို လူတစ်ယောက်နဲ့ တစ်ယောက် မီးရထားတွဲလို ရှေ့နောက်ဆက်ပြီး ခန်းမထဲမှာ လှည့်ပတ်ကနေကြတာ အနည်းဆုံး လူ ၄၀ လောက် ရှိမယ် ထင်ရတယ်။ သူတို့ကို ကြည့်ပြီး အပျော်တွေပါ ကျွန်တော့်ဆီ ကူးစက်သွားတယ်။ ပိုလန်ဆိုတာ ဥရောပနိုင်ငံပေမယ့် စင်ကာပူနဲ့ ယှဉ်ရင် အတော် ဆင်းရဲတဲ့ နိုင်ငံပါ။ ကျွန်တော်တို့ စင်ကာပူက ဈေးနဲ့ ပိုလန်မှာ ပျော်ပျော်ပါးပါးကြီး သုံးလို့ ရတယ်။ ဟိုတယ်က ရေခဲသေတ္တာထဲမှာ ရှိတဲ့ အအေးပုလင်း ယူသောက်တာတောင် စင်ကာပူဒေါ်လာနဲ့ ပြား ၇၀ လောက်ပဲ ကျတာ။  ဒါပေမယ့်လည်း စင်ကာပူမှာ လူတွေ အများကြီး ဒီလိုမျိုး စိတ်လွတ်လက်လွတ် ပျော်ရွှင်နေတာ တစ်ခါမှ မတွေ့ ဖူးသလိုပဲ။ မိုက်ခရို အီကော်နော်မစ် ဘာသာမှာ ဖတ်ဖူးတဲ့ စီးပွားရေး ပညာရှင်တွေရဲ့ သုတေသန စာတမ်း တစ်ခု အရ ပိုက်ဆံပိုရှိရင် လူဟာ ပိုပျော်တယ်လို့ ဆိုကြတယ်။ ဒါပေမယ့် အခု အတွေ့အကြုံ အရ ပျော်ရွှင်မှုဆိုတာ ပိုက်ဆံနဲ့ တိုက်ရိုက် အချိုးမကျဘူး။ ပိုက်ဆံတွေ ပစ္စည်းဥစ္စာတွေ ရှိနေရင်တောင် ပျော်ရွှင်မှု ဆိုတာ သူ့ အလိုလို မလာဘူးလို့ ဆက်တွေးမိသွားတယ်။

===============

ဆေးလိပ်သောက်တတ်တာ ကျန်းမာရေး ထိခိုက်ပေမယ့် တခါတလေ မိတ်ဆွေ အပေါင်းအသင်းတော့ တိုးစေတယ်။ အိုင်ယာလန် ဝက်စ်ဖို့ဒ်က စက်ရုံတစ်ရုံမှာ ကျွန်တော်တို့ ကုမ္ပဏီက ရောင်းထားတဲ့ ကွန်ပျူတာ ထိန်းချုပ် စနစ်တစ်ခု သွားပြင်နေတုန်းက အချိန်ကပါ။ တစ်နေ့ ကျွန်တော် စက်ရုံထဲ ကနေ အပြင်ထွက် ဆေးလိပ်သောက်တဲ့ တဲကလေးမှာ ဆေးလိပ်သောက်နေတုန်း လူတစ်ယောက် ရောက်လာတယ်။ သူပြောတဲ့ အင်္ဂလိပ်စကားက အိုင်းရစ် တွေလို မဝဲတာမို့ စကားပြောရတာ အဆင်ပြေတယ်။ သူနဲ့ စကားစပ်လို့ ပြောမိရင်း သူဟာ ဂျာမန် တစ်ယောက် ဆိုတာ သိလိုက်ရတယ်။ ဂျာမနီလို နိုင်ငံက စက်ရုံမှူးလို၊ မန်နေဂျာလို ရာထူးကြီးတဲ့ နေရာကို နိုင်ငံရပ်ခြားမှာ လာလုပ်တာ တွေ့ဖူးပေမယ့် သာမန် ဂျာမန် အင်ဂျင်နီယာ တစ်ယောက်က ပြည်ပမှာ အခြေစိုက် အလုပ်လုပ်နေတယ် ဆိုတာ တွေ့တော့ နည်းနည်းတော့ အံ့ဩသွားတယ်။ သူ့ကို မေးတော့ သူက ပြောပြတယ်။ ငါတို့ စက်ရုံ ဂျာမနီကနေ အိုင်ယာလန်ကို ရွှေ့မယ် ဆိုတော့ သူဌေးက ငါ့ကို မေးတယ်။ မင်း အိုင်ယာလန်ကို လိုက်သွားနိုင်ရင်တော့ အလုပ်ရမယ်။ ဂျာမနီမှာတော့ မင်းကို ပေးစရာ အလုပ်မရှိတော့ဘူး ဆိုလို့ ငါလိုက်လာတာလို့ သူက ပြောပြပါတယ်။ ပြည်ပ ထွက် အလုပ်လုပ်ရတာ နိုင်ငံ အခြေအနေမကောင်းတဲ့ ကျွန်တော်တို့တင် မကဘူး။ ဂျာမနီလို နိုင်ငံကြီးမှာလည်း ရှိတယ်။ ကိုယ့်မှာ ရှိတဲ့ ပညာက ကိုယ်နေထိုင်တဲ့ နိုင်ငံမှာ အသုံးမတည့်တော့ရင် နိုင်ငံခြား ရောက်တာပဲလို့ တွေးမိသွားတယ်။

Monday, February 4, 2013

လွှတ်ချလိုက်တဲ့နေ့

မနက် အိပ်ရာကနိုးတော့ အိပ်ရာက ထချင်စိတ် သိပ်မရှိဘူး။ စင်ကာပူ အချိန် မနက် ၈ နာရီဆိုတာ ရန်ကုန်က အချိန်နဲ့ မနက် ၆ နာရီခွဲ မဟုတ်လား။ ကျွန်တော်ရဲ့ ဘိုင်အိုကလော့ခ် လို့ခေါ်တဲ့ ဇီဝနာရီက ရန်ကုန်အချိန်နဲ့ ပြန်ပြီး ထိန်းညှိထားတာ အချိန်ကာလကလေး တစ်ခု ရသွားပြီ ဆိုတော့ စင်ကာပူ အချိန်နဲ့ အလွယ်တကူ ပြန်ကိုက်လို့ မရပြန်ဘူး။

မျက်နှာသစ်ပြီးတော့ အိမ်မှာ အတော်များများက အလုပ်သွားဖို့ အသင့်ဖြစ်နေကြပြီ။ကျွန်တော်ကတော့ တစ်နေ့တာ သွားရမယ့် အချိန်ဇယားကို ခေါင်းထဲမှာ အစီအစဉ် ချကြည့်ရင်း တွေးနေမိတယ်။ ဒီလိုနဲ့ အိမ်က ထွက်တော့ မနက် ကိုးနာရီ ကျော်ခဲ့ပါပြီ။

ပထမဆုံး စင်ကာပူက မြန်မာတွေရဲ့ ဘူမိနက်သန် နေရာမှန် ပင်နီဆူလာကို ဝင်ခဲ့တယ်။ အဓိက အကြောင်းရင်းကတော့ ပင်နီဆူလာ ပလာဇာ အောက်ခြေက စာတိုက်ဘဏ်မှာ ဘဏ်စာရင်း အထောက်အထားကို စင်ကာပူ မှတ်ပုံတင်နံပါတ်ကနေ မြန်မာ နိုင်ငံကူးလက်မှတ် နံပါတ် ပြောင်းဖို့နဲ့ ညက ရိုက်လာတဲ့ လျှောက်လွှာတစ်စောင်ကို ပရင့်ထုတ်ဖို့ အတွက်ပါ။ ဘဏ်မှာလည်း လူက မရှိသလောက် ဖြစ်နေတယ်။ မိတ္တူဆိုင်မှာလည်း လူမရှိဘူး။ ခဏချင်းမှာပဲ လျှောက်လွှာကို ပရင့်ထုတ်လို့ ပြီးသွားခဲ့တယ်။

နောက်တော့ ပျော်ပျော်ပါးပါး လျှပ်စစ်ရထားကြီး စီးလို့ အိုင်စီအေလို့ ခေါ်တဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ဂိတ်စောင့် အာဏာပိုင် ရုံး ကို ချီတက်လာခဲ့တယ်။ ဒီရုံးကြီးကို အခေါက်ပေါင်းများစွာ ရောက်ဖူးတာမို့ ဘယ်အထပ်မှာ ဘာရှိတယ် ဆိုတာ လမ်းညွှန်ဖတ်ကြည့်စရာ မလိုလှပါဘူး။ ၅ ထပ်ကိုပဲ စက်လှေကားနဲ့ တန်းပြီးတက်လာခဲ့တယ်။

ကောင်တာကို ရောက်တော့ ပီအာရ် အပ်ချင်လို့ပါလို့ ပြောလိုက်တယ်။ လျှောက်လွှာ ရေးလာသလား မေးတော့ ပါလာတဲ့ လျှောက်လွှာကို ပြလိုက်တယ်။ ဝှိုက်ကတ်ဒ် ဖြည့်ပြီးပြီလား မေးတော့ ခေါင်းခါ ပြလိုက်တယ်။ ကောင်တာက အရာရှိက ဝှိုက်ကတ်ဒ် တစ်စောင်နဲ့ ကျူနံပါတ် တစ်ခု ထုတ်ပေး လိုက်တယ်။ ၁၉၉၉ ခုနှစ် စင်ကာပူ လာတုန်းက ဝှိုက်ကတ်ဒ်ကို တစ်ခါပဲ ဖြည့်ခဲ့ရ ဖူးတယ်။ နောက်ပိုင်း ကျောင်းသားကတ်ဒ်နဲ့ ဖြစ်သွားပြီး ဖြည့်စရာ မလိုတော့ဘူး။ အဲ ဒါပေမယ့် မြန်မာနိုင်ငံကတော့ ဘယ်အချိန် ပြန်ပြန် ဝှိုက်ကတ်ဒ် မဖြည့်ရဘူး ဆိုတာ မရှိဘူး။ စင်ကာပူမှာ ပီအာရ်ဖြစ်ခါစ အဝင်အထွက် တုံးထုရပေမယ့် နောက်ပိုင်း မထုရတော့ဘူး။ အခုနောက်ပိုင်း စက်နဲ့ ဖတ်လို့ရတဲ့ နိုင်ငံကူးလက်မှတ် ပြောင်းပြီးတော့ လူဝင်ကြီး အော်ဖစ်ဆာနဲ့တောင် တွေ့စရာ မလိုတော့ဘူး။ အော်တိုဂိတ်ကနေပဲ အဝင်အထွက် လုပ်ဖြစ်တော့တယ်။

ဝှိုက်ကတ်ဒ် ဖြည့်ပြီးတော့ ကျွန်တော့် အလှည့်မကျသေးလို့ ထိုင်ခုံမှာ ထိုင်စောင့်နေရတယ်။  အနီးအနားကို မျက်လုံး ဝှေ့ကြည့်ပြီး ကျွန်တော့်လို ပီအာရ်လာအပ်တဲ့သူ ဘယ်နှစ်ယောက်များ ရှိသလဲလို စပ်စုကြည့်မိတယ်။ ဒါပေမယ့် ပီအာရ် အပ်တဲ့သူက တစ်ယောက်မှ မရှိဘူး။ ကျွန်တော် တစ်ယောက်တည်းပဲ။ လူမိုက်လို့ ယူဆချင်ရင်လည်း ရပါတယ်။ ရှေ့ဆောင်လမ်းပြလို့ ယူဆချင်ရင်လည်း ရပါတယ်။ ကိုယ့်အမြင်နဲ့ ကိုယ်ပါပဲ။ :P

မိနှစ် ၂၀ နဲ့ နာရီဝက်ကြားလောက် စောင့်ပြီးတော့ ကျွန်တော့် အလှည့် ရောက်လာတယ်။ ပီအာရ်အပ်မယ့် လျှောက်လွှာ ထုတ်ပေးတော့ အရာရှိက လှမ်းယူပြီး ကျွန်တော့် နိုင်ငံကူးလက်မှတ်ကို လှန်ကြည့်တယ်။ တိုးထားတာ သိပ်မကြာသေးဘူး။ အပ်တော့ မလို့လားလို့ မေးတယ်။ ကျွန်တော်က ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်တယ်။ ရှည်ရှည်ဝေးဝေး ရှင်းပြ မနေတော့ဘူး။ နောက်မှ သူမှားသွားမှန်း သူ့ဘာသာသူ သိသွားပါတယ်။ ကျွန်တော် နောက်ဆုံးတစ်ခေါက် ပီအာရ် သက်တမ်းတိုးထားတာ ၂၀၀၇ ခုနှစ်က။ အဲဒီတုန်းက ၁၀ နှစ် တိုးလို့ ရတာမို့ ကျွန်တော့် ပီအာရ်သက်တမ်း ကုန်ဆုံးရက်က ၂၀၁၇ ဖြစ်နေတယ်။ တခြားသူတွေလို ၂၀၁၂ ကမှ ၅ နှစ်သက်တမ်း တိုးထားလို့ ၂၀၁၇ ဖြစ်တာ မဟုတ်ဘူးဆိုတာ သူသိသွားပါတယ်။

ခဏချင်းမှာပဲ သူဖြည့်စရာရှိတဲ့ ဖောင်တွေ ဖြည့်ပြီး စာရွက်တစ်ရွက်ကို ကျွန်တော့်ကို ထုတ်ပေး လိုက်တယ်။ ကျွန်တော် ပီအာရ်မဟုတ်တော့ဘူး ဆိုတဲ့ အကြောင်း အသိအမှတ် ပြုထားတဲ့ စာရွက်ပေါ့။ ပီအာရ် ပြန်အပ်တဲ့ အချိန် ယူသွားရတာ တွေက ပီအာရ် မှတ်ပုံတင်ကတ်ဒ်ရယ်၊ ပီအာရ် ကျခါစက ထုတ်ပေးတဲ့ အဝါရောင် ဝင်ခွင့်လက်မှတ်ရယ်၊ ပတ်စ်ပို့ရယ်၊ ပီအာရ် အပ်ချင်ကြောင်း ရေးထားတဲ့ လျှောက်လွှာတစ်စောင်ရယ်ပါပဲ။ အဲဒီစာရွက်ထဲမှာ ပီအာရ်မှတ်ပုံတင်ကတ်ဒ်နဲ့ ဝင်ခွင့်လက်မှတ်ကို ပြန်ရကြောင်း ရေးထားတယ်။ နောက်တော့ နိုင်ငံကူးလက်မှတ်ရဲ့ အနောက်ဘက် စာမျက်နှာမှာ ပီအာရ် မဟုတ်တော့ကြောင်း တံဆိပ်တုံး ထုပေးလိုက်ပြီး နေထိုင်ခွင့် တစ်လ နှိပ်ပေးလိုက်တယ်။

ကျွန်တော်က သူ့ကို စီပီအက်ဖ် လို့ခေါ်တဲ့ အစိုးရ ဆီမှာ စုထားတဲ့ စုဆောင်းငွေ ပြန်ထုတ်ဖို့ ဘာတွေ လုပ်ရမလဲ မေးကြည့် မိတယ်။ သူက အခု ထုတ်ပေးလိုက်တဲ့ စာရွက်ကို ယူပြီး အနီးဆုံး စီပီအက်ဖ်ရုံး တစ်ရုံးကို သွားပါလို့ ညွှန်လိုက်တယ်။ အနီးဆုံးက ဘယ်မှာလဲ ပြန်မေးတော့ ရော်ဘင်ဆင်လမ်း တန်ဂျွန်ပါဂါ ဘူတာရုံနားမှာ ရှိပါတယ်လို့ ညွှန်လိုက်ပါတယ်။

ဒါနဲ့ ဂိတ်စောင့်ရုံးက ထွက်တော့ ပျော်ပါးစွာနဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပီအာရ်မဟုတ်တော့ကြောင်း စတေးတပ်စ် တင်လိုက်တယ်။ စလုံး သူငယ်ချင်းတွေ၊ တခြားနိုင်ငံခြားသား သူငယ်ချင်းတွေ၊ မြန်မာသူငယ်ချင်းတွေဆီက တုံ့ပြန်ချက်တွေ ချက်ချင်းလက်ငင်း တက်လာကြတာပါပဲ။ သူငယ်ချင်းတွေကလည်း ကိုယ်တိုင်သာ မအပ်ကြတာ အပ်တဲ့သူတော့ ဝိုင်းပြီး ကွန်ဂရက်ကျူလိတ် လုပ်ကြတယ်။ :D ဒါနဲ့ ကျွန်တော်နဲ့ မရှေးမနှောင်း ဘလော့ဂါ ကိုပေါတို့ လင်မယားလည်း ပီအာရ်အပ်ဖို့ စောင့်နေကြတယ်လို့ ကိုပေါဆီက မက်ဆိ ရလိုက်တယ်။

ဒီလိုနဲ့ ရထား ၄ ဘူတာ စီးပြီး စီပီအက်ဖ် ရုံးက ချီတက်လာခဲ့တယ်။ စီပီအက်ဖ်ရုံးက တန်ဂျွန်ပါဂါ ဘူတာနဲ့ မျက်နှာချင်းဆိုင် လမ်းကူးလိုက်တာနဲ့ ရောက်တာပါပဲ။ ရုံးရောက်ပြီးတော့ ကျူနံပါတ် ယူတော့ မိနစ် ၈၀ လောက် စောင့်ရဦးမယ်။ ပြီးမှ ပြန်လာခဲ့ပါလို့ ပြောလိုက်တယ်။ ဒါနဲ့ ပင်နီဆူလာ တစ်ခေါက်ပြေး၊ နေ့လည်စာစားရင်း အလုပ်ကိစ္စ နည်းနည်း ရှိတာ ဆက်လုပ်နေမိတယ်။

စီပီအက်ဖ်ရုံးကို ပြန်လာတော့ ကျူနံပါတ်က ကျော်သွားပြီ။ ဒါပေမယ့် သူတို့ကို သွားပြောတော့ ချက်ချင်းပဲ ပြန်ခေါ် ပေးပါတယ်။ နောက်တော့ သူတို့ ရှေ့မှာ စီပီအက်ဖ် ဝက်ဘ်ဆိုက်ဒ်ထဲ လော့အင်ဝင်၊ ပြန်ထုတ်ဖို့ ဘဏ်စာရင်းနံပါတ်တွေ ရိုက်ထည့်ပေးရတယ်။ စီပီအက်ဖ်နဲ့ ပတ်သက်လို့ကတော့ အစိုးရဆီက ပီအာရ်အနေနဲ့ တစ်ချို့နေရာတွေမှာ လျှော့ဈေး ယူထားတာတွေ မရှိရင် အကုန်ပြန်ရတယ်လို့ ပြောပါတယ်။ ပုံမှန် အကောင့်၊ အထူးအကောင့်၊ ကျန်းမာရေး အကောင့် ရှိသမျှ အကုန်လုံးပါပဲ။ အားလုံး ရဖို့ အလုပ်လုပ်ရက် ၁၀ ရက် ကနေ ၁၅ ရက် အတွင်း စောင့်ရမယ်လို့ အရာရှိက ပြောလိုက်ပါတယ်။ အချိန်အားဖြင့် ၂ ပတ်ကနေ ၃ ပတ်အတွင်းပေါ့။ ရင်းနှီးမြှုပ်နှံထားတဲ့ အကောင့်တွေလည်း အလိုအလျောက် ပိတ်သွားပေးမယ်လို့ သူမက ပြောပြလိုက်ပါတယ်။ တကယ်လို့ ပိုက်ဆံ ထုတ်တဲ့ အချိန် ရင်းနှီးမြှုပ်နှံထားတဲ့ အကောင့်ထဲက ပိုက်ဆံတွေ ပြန်ဝင်မလာသေးဘူး ဆိုရင် နောက်တစ်သုတ် ထပ်ထုတ်ဖို့ လျှောက်လို့ ရတယ်လို့ ပြောလိုက်ပါတယ်။

အားလုံး ပြီးသွားတော့ စိတ်ထဲမှာ ပေါ့ပါးသွားသလိုပဲ။ ဆုပ်ကိုင်ထားတဲ့ အရာတစ်ခုကို လွှတ်ချ လိုက်ရတာ အတော် ပေါ့သွားသလို ခံစားရတယ်။ မျက်နှာစာအုပ်ထဲက ဘလော့ဂါ မိတ်ဆွေ တစ်ယောက်ရဲ့ ကွန်မန့်ကို သတိရလိုက်တယ်။ ကျွန်တော်တို့ဟာ ကမ္ဘာမြေမှာတောင် အမြဲတမ်း နေထိုင်သူတွေ မဟုတ်ပါဘူး ဆိုတာပါ။ အဲဒီတော့ နိုင်ငံတစ်နိုင်ငံရဲ့ အမြဲတမ်းနေထိုင်သူ မဟုတ်တော့တာ ဘာများ ထူးဆန်းသလဲလို့ ဆက်တွေးမိသွားတယ်။