Search This Blog

Wednesday, April 10, 2013

ဟိုဟိုဒီဒီ တက္ကစီ စီးပါလို့

နိုင်ငံရပ်ခြားမှာ နှစ်ရှည်လများ နေလာခဲ့တဲ့ သူတစ်ယောက်အတွက် ရန်ကုန်မှာ အဓိက ကြုံတွေ့ရတဲ့ အဆင်မပြေမှု ကတော့ သွားရေးလာရေးပါပဲ။ အများပြည်သူသုံး ဘတ်စ်ကား ရထားတွေ ပေါပေါများများ ရှိပြီး  သွားရလာရ အဆင်ပြေတဲ့ ကမ္ဘာ့မြို့ကြီးတွေနဲ့ ယှဉ်ရင်တော့ နောက်မှာ နှစ်ပေါင်းများစွာ ပြတ်ကျန်နေခဲ့တာ အမှန်ပါပဲ။  စင်ကာပူ၊ လန်ဒန်၊ ဆစ်ဒနီ စတဲ့ မြို့ကြီးတွေ အသာထား၊ မနီလာ၊ ဘန်ကောက် စတဲ့ မြို့တွေနဲ့ ယှဉ်ရင်တောင် မှီနိုင်ဖို့ အဝေးကြီး လိုပါသေးတယ်။

နိုင်ငံခြား မထွက်ခင် အချိန်ကတော့ ကိုယ့် အသက်အန္တရာယ် ဆိုတာ ထည့်စဉ်းစားရ ကောင်းမှန်း မသိလို့က တစ်ကြောင်း၊ ငယ်တုန်း ရွယ်တုန်း သန်မာတုန်း ဖြစ်တာကလည်း တစ်ကြောင်းမို့ ခြေနင်းခုံမှာ ခြေထောက် တစ်ဖက်ချ စရာ နေရာ၊ တန်းမှာ လက်တစ်ဖက် ခိုစရာ တစ်နေရာ ရှိရင် လိုင်းကား တွယ်စီးဖြစ်တာပါပဲ။ ရုံးဆင်းရုံးတက် အချိန် ဘတ်စ်ကားအကြီးတွေထဲကို ဝင်စီးဖို့ ကျပြန်တော့လည်း ကားတွယ်စီး သလောက် အန္တရာယ် မများပေမယ့် အသက်ရှူလို့ မဝအောင် ကျပ်ပိသိတ်နေ (ဒါက မွန်သံ)၊ ပြတင်းပေါက်ကိုတောင် မမြင်ရအောင် လှောင်ပိတ်နေတဲ့ အနေအထားမို့ ကားတွယ်စီးဖို့ကိုပဲ ရွေးချယ် ဖြစ်တာများပါတယ်။ နယ်ကို ခရီးသွားတုန်းကဆို ယောက်ျားကလေးတွေ အပေါ်တက်ပေးပါဆိုလို့ ခေါင်မိုးပေါ် တက်စီးရ ပြန်ပါတယ်။ အခု အချိန် ပြန်စဉ်းစားတော့ ရှောဘရားသားနဲ့ အတော်နီးစပ်တယ်ဆိုတာကို ပြန်ဆင်ခြင် မိပါတယ်။

အခုတလောတော့ ရန်ကုန်မှာ ကားကို ခေါင်မိုးပေါ်က စီးရင် ဒဏ်ငွေငါးသောင်း၊ ဒရိုင်ဘာ စပယ်ယာ အချုပ်တစ်လ၊ ကားပါ တစ်လသိမ်းတယ် ဆိုတဲ့ စီမံချက် ရှိနေတော့ ရန်ကုန် ဆင်ခြေဖုံးက လာတဲ့ကားတွေ မြို့ထဲ ဝင်ခါနီးရင် ခေါင်မိုးပေါ်က လူတွေ အထဲကို သွင်းကြပါတယ်။ အခု အချိန်မှာတော့ ကားတွယ်စီးဖို့ မစဉ်းစားတော့ ပါဘူး။ ဘတ်စ်ကား အကြီးတွေ စီးဖို့ ကျပြန်တော့လည်း အဲဒီကားတွေက လမ်းပေါ်မှာ သူတို့ အကြီးဆုံး ဆိုပြီး စည်းမရှိ ကမ်းမရှိ ဝင်ချင်သလိုဝင် ထွက်ချင် သလိုထွက် ကားအများကြီး ရှိတဲ့လမ်းကို ကမူးရှူးထိုး မောင်းနေကြတာမို့ စီးဖို့ တွန့်နေပြန်ပါတယ်။ ဒါကြောင့်လည်း ဘတ်စ်ကား စီးဖို့ ဆိုတဲ့ ကိစ္စကို တော်ရုံတန်ရုံ မစဉ်းစားတော့ပဲ တက္ကစီ စီးရင်စီး၊ ဆိုက်ဂျဲရိုးနဲ့ သွားရင်သွား ဒါမှ မဟုတ် တက္ကစီ ငှားရင်ငှား ဆိုတဲ့ လမ်းသုံးလမ်းထဲက တစ်လမ်းမဟုတ် တစ်လမ်းပဲ ရွေးဖြစ်ပါတော့တယ်။

ရန်ကုန်မြို့မှာ အပေါများဆုံး သုံး ခု ရှိတယ်လို့ ဆိုကြပါတယ်။ အဲဒါကတော့ မော်တော်ကား အရောင်းပြခန်းရယ်၊ တယ်လီဖုန်း အရောင်းဆိုင်ရယ်၊ တက္ကစီရယ်ပါပဲ။ ရန်ကုန်မြို့မှာ တက္ကစီပေါတာ မှန်ပါတယ်။ ဒါပေမယ့် တက္ကစီစီးရတာ တကယ်တမ်းတော့ အဆင်မပြေလှပါဘူး။


ကျွန်တော် ကြုံခဲ့ဖူးသမျှမှာတော့ တက္ကစီ မောင်းတဲ့သူ တစ်ဝက်နီးပါး လောက်က ဈေးကို မတန်တဆ တောင်းချင်ကြပါတယ်။ ပုံမှန် နှစ်ထောင်နဲ့ ငှားစီးနေကျ လမ်းခရီးကို လေးထောင် တောင်းတဲ့သူကတောင်း၊ သုံးထောင့်ငါးရာ တောင်းတဲ့ သူကတောင်း ပါးစပ်ထဲ တွေ့ကရာဈေးတွေ တောင်းနေကြတာမို့ စီးရတာ သိပ်အဆင်မပြေပါဘူး။ တစ်ခါက နေ့ခင်းဖက် ကားရှင်းတဲ့ အချိန် မြို့ထဲ ဆိပ်ကမ်းသာလမ်းကနေ အင်းစိန် ကုန်းတံတားနားကို ကားငှားတာ ခုနစ်ထောင်တောင်းတာမို့ ခင်ဗျား တက္ကစီ မမောင်းဘဲ ဓားပြတိုက်စားပါလား လို့ စိတ်ချဉ်ပေါက်ပေါက်နဲ့ ဘုတော မိတဲ့ အထိပါပဲ။ အေးလေ။ ကိုယ့်ရုပ်ကလည်း အချဉ်ရုပ် ပေါက်နေသလား မှ မသိတာ။

တက္ကစီ ငှားစီးတဲ့ အခါ စျေးအနေနဲ့ အဆင်အပြေဆုံး ကား သုံးမျိုး သုံးစား ရှိပါတယ်။ ပထမ တစ်မျိုးက တရုတ်ဖြစ် ချယ်ရီကျူကျူ ဒါမှမဟုတ် မြန်မာမီနီလို့ ခေါ်တဲ့ ကားတွေပါပဲ။ အဲဒီ ကားပေါက်စန ကလေးတွေက ဆီစားသက်သာတော့ တော်ရုံတန်ရုံ စျေးသိပ်မတောင်း ကြပါဘူး။ နောက်တစ်မျိုးကတော့ သဘာဝ ဓာတ်ငွေ့နဲ့ မောင်းတဲ့ကားပါ။ အဲဒီကားတွေကလည်း ဆီဖိုး သက်သာတာမို့ တခြားကားတွေနဲ့ ယှဉ်ရင် စျေးသက်သာပါတယ်။ ကျွန်တော် ပြန်ရောက်ခါစ ဓာတ်ဆီနဲ့ မောင်းတဲ့ တက္ကစီကို စျေးဆစ်တော့ တက္ကစီမောင်းတဲ့ သူက ကျွန်တော့် ကားက ဆီ ကားမို့ပါ အစ်ကိုရယ် လို့ ပြောတာကို နားမလည်လို့ ခင်ဗျားကားက ဆီကား ဆိုတော့ တခြား ကားတွေက ရေထည့်မောင်းကြတာလားလို့ ပြန်မေးဖူးပါတယ်။ နောက်တစ်မျိုးကတော့ စုတ်ပြတ်နေတဲ့ တက္ကစီတွေပါပဲ။ အဲဒီကားတွေက အရည်ကျိုကို ပို့ရခါနီးပြီ ဆိုတော့ ကားပိုင်ရှင်တွေက အရည်ကျို မပို့ခင် ကားကိုမပြင်တော့ပဲ ပိုက်ဆံကို ရသလောက် လှိမ့်ရှာ ကြပါတယ်။ သူတို့ရဲ့ အုံနာကြေးဟာ တစ်ခြား ကားတွေထက် သက်သာတာမို့ ကားအစုတ်တွေ ငှားစီးရင် စျေးသက်သာပါတယ်။ တကယ်ကို ဘုရားစူး မပြင်ဘဲ ထားတာဆိုတော့ ကားစီးနေတဲ့ အချိန် မီးရထား စီးသလို ကြားနေရတဲ့ ဂျုံးဂျုံးဂျက်ဂျက် အသံတွေ၊ တံခါး ဖွင့်မရတဲ့ ဒုက္ခတွေကိုတော့ သည်းညည်း ခံရပါလိမ့်မယ်။ အခုတလောတော့ တက္ကစီတွေ ပေါလာတော့ စျေးသက်သာတဲ့ တက္ကစီမောင်းတဲ့သူနဲ့ စျေးကြီးတဲ့ တက္ကစီမောင်းတဲ့သူတွေ ကြားမှာ ပြဿနာတွေ တက်နေကြပါတယ်။ တစ်စင်းကို တားပြီး ဈေးဆစ်ရင် နောက်တစ်စင်းက နောက်မှာ အသင့်ဝင်ရပ်ပြီး စောင့်နေတာမျိုးပါ။ ရှေ့ကားနဲ့ စျေးမတည့်ရင် အသင့်ရှိတယ် ဆိုတဲ့ သဘောမို့ ရှေ့ကားက ကားဆရာက မတန်တဆ တောင်းမရတော့ဘဲ ဈေးလျှော့ပြီး လိုက်ရပါတယ်။ အဲဒီလို ခရီးသည်လုရင်း ရိုက်ပွဲတွေ အထိတောင် ဖြစ်ကြတယ်လို့ တက္ကစီမောင်းတဲ့သူ တစ်ယောက်က ပြောပြဖူးပါတယ်။

တက္ကစီ ငှားစီးတဲ့ အခါ ကြုံရတဲ့ နောက်ထပ်ဒုက္ခ တစ်မျိုးလည်း ရှိပါသေးတယ်။ အဲဒါကတော့ လမ်းကျပ်ပြီဆိုရင် ဘယ်ကားမှ မလိုက်တော့ တာပါပဲ။ တစ်ခါက လပြည့်နေ့မို့ ရွှေတိဂုံ ဘုရား သွားချင်လို့ တက္ကစီ ငှားပါတယ်။ ဒါပေမယ့် ဘယ်သွားမလဲ ရွှေတိဂုံ ဘုရား ဆိုတာနဲ့ အားလုံးက မလိုက်တော့ဘူး ဆိုပြီး ငြင်းကြပါတယ်။ တက္ကစီငှားရင်း ကြာလာတော့ ဗိုက်ကလည်း ဆာ၊ လူကလည်း ညစ်လာတာနဲ့ ဘုရားနားက အောင်သုခမှာ ထမင်းအရင် ဝင်စားမယ် ပြီးမှပဲ သွားတော့မယ်လို့ ကြံလိုက်ပါတယ်။ တက္ကစီငှားတော့ ချက်ချင်း လိုက်ပါတယ်။ ကားပေါ်ရောက်မှ တက္ကစီသမား ပြောပြတာက ဘုရားဆိုရင် ကျွန်တော် မလိုက်ဘူး အစ်ကို၊ မနက်ကတည်းက ကားတွေ ပိတ်နေလို့ ဘယ်သူမှ မလိုက်ချင်ကြဘူးလို့ အကျိုးအကြောင်း ကျွန်တော့်ကို ရှင်းပြပါတယ်။

တက္ကစီ စီးတဲ့ အခါ ဂျိမ်းစဘွန်းလို တက္ကစီ မောင်းတတ်သူနဲ့ ကြုံရတတ်သလို၊ တစ်လမ်းလုံး ဖရုဿဝါစာတွေ ရွတ်နေတတ်တဲ့ ကားမောင်းသူလည်း ကြုံရတတ်ပါတယ်။ တစ်ခါတော့ ညဘက် လှည်းတန်းကနေ အိမ်အပြန် ကားတစ်စင်း ငှားစီးတာ ကားငှားတဲ့ အချိန် အသေအချာ မကြည့်မိဘဲ ကားပေါ်ရောက်လို့ မောင်းတဲ့သူ ကြည့်ပြီးတော့မှ လန့်သွားပါတယ်။ ကားမောင်းလာတာ သရဲတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ကို ကြည့်ပြီး ကျောချမ်းသွားတာတော့ အမှန်ပါပဲ။ တက္ကစီ မောင်းနေတဲ့ ကောင်လေးက အသက် ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ် လောက်ပဲ ရှိသေးလို့ပါ။ သူကတော့ အစ်ကို ကျွန်တော် လမ်းတော့ မသိဘူး လမ်းပြဦး ဆိုလို့ သူ့ကို ဒီကနေ တည့်တည့်ပဲ မောင်း။ ဘယ်မှ ကွေ့စရာ မလိုဘူးလို့ ညွှန်ပေးရပါတယ်။ ကျွန်တော်တို့ ၈ တန်း ၉ တန်း အရွယ်တုန်းကတော့ ဒီလိုပဲ သူငယ်ချင်းတွေ မောင်းတဲ့ ကားနဲ့ ဟိုသွားဒီသွား သွားနေတာပါပဲ။ ကြောက်ရ လန့်ရ ကောင်းမှန်းလည်း မသိပါဘူး။ အခု အချိန်တော့ စိတ်က ပြောင်းသွားပါပြီ။ ကိုယ် ငှားစီးလာတဲ့ ကားကို မောင်းလာတာ အသက်မပြည့်သေးတဲ့ ကောင်လေး တစ်ယောက်ဆိုတော့ နည်းနည်းတော့ လန့်တာ အမှန်ပါပဲ။ အစကတော့ သူ့အဖေကားများ အလစ်ယူမောင်းပြီး ပိုက်ဆံရှာနေသလား တွေးမိပါတယ်။ လမ်းမှာ တော့ကီပွားရင်းနဲ့မှ သူ ညနေတိုင်း ထွက်မောင်းတယ်လို့ သူက ပြောပြပါတယ်။ စီးနေရင်းနဲ့မှ သူ ကားမောင်းကျွမ်းမှန်း သိလို့ နည်းနည်း စိတ်သက်သာရာ ရသွားပါတယ်။

ဒီလိုနဲ့ တက္ကစီ စီးရတာ ဘယ်လိုမှ အဆင်မပြေလို့ ကားအမြန် ရှာရပါတယ်။ ကားမောင်းဖို့ စဉ်းစားရတာကလည်း တဒုက္ခပါပဲ။ စင်ကာပူမှာ ကားမောင်းရတာ သိပ်လွယ်ပါတယ်။ သူ့လမ်းသူမောင်း ကိုယ့်လမ်းကိုယ်မောင်း အရှိန်နဲ့မောင်းလည်း ပြဿနာ မရှိပါဘူး။ လူဖြတ်ပြေးမှာလည်း စိတ်ပူစရာ မလိုပါဘူး။ ရန်ကုန်မှာတော့ ဟိုအရှေ့က ဖြတ်ဝင် ဒီအရှေ့က ဖြတ်ဝင် ဟိုဘေးက ကျော်တက် ဒီဘေးက ကျော်တက် ဒီကြားထဲ လူကဖြတ်ပြေး စက်ဘီး ဆိုက္ကားက ကြားက ဖြတ်ဝင်ဆိုတော့ စတီယာရင် နောက် ထိုင်ဖို့ အတော်ကိုပဲ စဉ်းစား နေရပါတယ်။ ဒါပေမယ့်လည်း တက္ကစီကို စိတ်အတော် ကုန်နေပြီမို့ ဒီလမ်းကလွဲ ရွေးစရာ မရှိပဲ ဖြစ်နေပါတော့တယ်။

(Image Source: Wikimedia.org)

3 comments:

Anonymous said...

အင်းးးးးးးးးးးးးးး ....
လေးလံသော သက်ပြင်းကြီး

စင်စင်

Ko Boyz said...

တက်ကစီတွေ ဈေးပေါနေပြီဆို? ရန်ကုန်ပြန်ပြီး တက်ကစီ မောင်းစားဦးမှပါပဲလေ

vbspu ba 2nd year result roll number said...

I am very very impressed with your blog, I hope you will have more blogs or more articles to bring to readers. You are doing a very good job.