Search This Blog

Wednesday, December 30, 2009

အရှေ့ဖက် ကမ်းခြေရဲ့ ညချမ်း

စင်ကာပူမှာ နေရတဲ့ဘဝက အတော်ကို မလွယ်ပါဘူး။ တခါတလေတော့ ကိုယ့်ဘာသာကိုယ် ဘာဖြစ်လို့ ဖြစ်နေမှန်း မသိအောင် ရှုပ်ရှက်ခတ် နေတတ်ပါတယ်။ အခုရက်ပိုင်းတော့ ပရော့ဂျက်တစ်ခုနဲ့ ချာလပတ်လည်နေတာကြောင့် နေ့မှန်း ညမှန်းမသိအောင်ကို ဖြစ်နေပါတယ်။ ညအိပ်ရင်လည်း စိတ်ဖြောင့်ဖြောင့် အိပ်လို့မရ။ တရေးနိုး အလုပ် ထလုပ်မယ်ဆိုပြီး နှိုးစက်ပေး။ နှိုးစက် မြည်ပြန်တော့လည်း ညစဥ်ရက်ဆက် အိပ်ရေးပျက်ထားတဲ့ အရှိန်နဲ့ မထနိုင်။ နှိုးစက်ပိတ် ပြန်အိပ် ဒီလိုနဲ့ သံသရာ လည်နေပါတယ်။ မျောက်များ ညအိပ်ရာဝင်နေတုန်း မြေကြီး ပျောက်သွားမှာ စိုးလို့ သစ်ပင်အောက်ဆင်း မြေကြီးကို လက်နဲ့ ၃ ချက် ပုတ်ကြည့်တယ် ဆိုတာကို သွားသတိရပါသေးတယ်။ ကိုယ်လည်း အဲဒီမျောက်တွေလို ဖြစ်နေပြီလား လို့ တွေးပြီး ပြုံးမိပါသေးတယ်။

ခရစ်စမတ် ရုံးပိတ်ရက်ရှည် ကို တခြားသူတွေက တွေးပြီး ပျော်နိုင်ပေမယ့် ကိုယ့်မှာတော့ မပျော်နိုင်ပါဘူး။ ခရစ်စမတ် အကြိုညကတော့ ဘာပဲဖြစ်ဖြစ် အားလုံးမေ့ပြီး တစ်ရက်လောက်တော့ အပြည့်အဝ အနားယူမယ်လို့ ဆုံးဖြတ်လိုက် ပါတယ်။ ဒီလိုနဲ့ အဲဒီညက အနောက်ဖက် ကမ်းခြေ (West Coast) က ပန်းခြံထဲ သူငယ်ချင်းတွေနဲ့ အတူ ရောက်သွားပါတယ်။ သွားရတဲ့ ရည်ရွယ်ချက်က ဂစ်တာတီးဖို့ သွားတာပါ။ စိတ်ကနေနိုင်ပေမယ့် လူက မလိုက်နိုင်တော့လို့ ည ၁ နာရီခွဲလောက် အိမ်ပြန်ရောက်လာပါတယ်။

အိမ်ရောက်တော့ အလုပ်နဲ့ ပတ်သက်တဲ့ အတွေးတွေ အားလုံးကို ခေါင်းထဲက ထုတ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်ပါတယ်။ မနက်ခင်း စောစောထ ဘလော့ဂါ ညီအစ်ကို မောင်နှမတွေရဲ့ အလှူကို သွားမယ်လို့ စဥ်းစားထားပေမယ့် မနက်ရောက်တော့ တော်တော်နဲ့ မထနိုင်ပါဘူး။ အိပ်ရာက နိုးတော့ ချက်ချင်းပဲ အလှူကို ပြေးပါတယ်။ ဘုန်းကြီးကျောင်းကို တစ်ခါမှ မရောက်ဖူးလို့ ဘယ်လို သွားရမလဲ စဥ်းစားနေတုန်း ဘတ်စ်ကားမှတ်တိုင်မှာပဲ ကိုဖိုးစိန် နဲ့ ကိုဘိုဘို (မိုးကုတ်သား) တို့နဲ့ ဆိုက်ဆိုက်မြိုက်မြိုက် တွေ့တာနဲ့ သူတို့နဲ့ အတူ ပါသွားပါတယ်။ အလှူမှာ နောက်ဆုံးရောက်တဲ့ ဧည့်သည် ၃ ယောက်မှာ ကျွန်တော် တစ်ယောက် အပါအဝင်ပါပဲ။

အလှူမှာ ကျွေးတဲ့ ထောပတ်ထမင်းက အတော်ကောင်းပါတယ်။ ထမင်းစားပြီးလို့ မကြာခင်မှာပဲ အားလုံး ပြန်ကြတာမို့ ကျွန်တော်ပါ ရောပြီ: ပြန်ခဲ့ပါတယ်။ ညနေဖက် လာဦးမှာလား မေးတော့ ကတိမပေးရဲပါဘူး။ နောက်တစ်နေ့ မနက် ကပ်စတန်မာ ဖုန်းဆက်မှာ ကြိုတွေးပြီး ရင်မောနေလို့ပါ။ ဒီညတော့ အလုပ်လုပ်မှ ဖြစ်မယ်လို့ ကိုယ့်ကိုယ်ကို ပြန်ပြီး နားချနေရပါတယ်။ ဒါပေမယ့်လည်း လာနိုင်အောင် ကြိုးစားမယ်လို့တော့ ပြောခဲ့ပါတယ်။ အိမ်ရောက်ပြီးတော့ အလုပ်လည်း မလုပ်ဖြစ်ပါဘူး။ ဟိုလိုလို ဒီလိုလို လုပ်နေပါတယ်။ အရင်တစ်ညက ၇ နာရီလောက် အိပ်ရပေမယ့် ၄ နာရီ ပြည့်အောင် မအိပ်ရတာ တစ်ပတ်လောက် ရှိပြီမို့ ခေါင်းထဲမှာ မကြည်မလင် ဖြစ်နေတုန်းပါပဲ။ ဒီလိုနဲ့ပဲ ပြန်အိပ်ပျော်သွားပါတယ်။ အိပ်ရာက နိုးတော့ ည ၉ နာရီလောက် ရှိပါပြီ။ ဟောလီးဒေးမို့ အလုပ်လုပ်ချင်စိတ် မရှိပါဘူး။ ဒါနဲ့ပဲ မနက်ဖြန် မနက်မှ ကပ်စတန်မာနဲ့ ကြည့်ရှင်းမယ် တွေးပြီး ဒီတစ်ညတော့ ဘလော့ဂါ ညီအစ်ကို မောင်နှမတွေနဲ့ အတူ သွားတွေ့ဦးမယ်လို့ စိတ်ဆုံးဖြတ်ချက် ချလို့ အိမ်က ထွက်ခဲ့ပါတယ်။

Eunos အမ်အာရ်တီ ရောက်မှ ကိုအင်ဒရူး (ရွက်လွှင့်ခြင်း) တစ်ယောက် အခုတလော ပျောက်ချက်သား ကောင်းနေတာ သတိရလို့ ဖုန်းဆက်ပြီး လှမ်းမေးပါတယ်။ ကိုအင်ဒရူးက အွန်လိုင်း မဝင်ဖြစ်တာ ကြာပြီမို့ ဒီနေ့ ပွဲရှိတာတောင် မသိဘူး ပြောပါတယ်။ နောက်တစ်ခေါက်မှ လာခဲ့တော့မယ်လို့ ပြောပါတယ်။ Eunos ကနေ အိစ်ကုတ် ကို ဘတ်စ်ကား စီးလာပြီး ကားမှတ်တိုင် ရောက်မှ ဘော်ဒါကြီး ကိုသီဟသစ် ဆီကို ဖုန်းဆက်လိုက်ပါတယ်။ ဘယ်မှာလဲ မေးတော့ ပါဆားရစ်စ် ကမ်းခြေမှာ ဆိုလို့ ငါတော့ နေရာမှားပြီဟ တွေးမိပြီး လန့်သွားပါတယ်။ နောက်မှ သူက သူတစ်ယောက်တည်း ပါဆားရစ်မှာ ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ အတူ ရှိနေတာ ကျန်တဲ့သူတွေ အိစ်ကုတ်မှာ ရှိတယ် ပြောမှ သက်ပြင်းချနိုင်ပါတယ်။ ဒါနဲ့ မမပြာ (ကောင်းကင်ပြာ) ဆီ ဖုန်းဆက်ကြည့်ပါတယ်။ မမပြာက မက်ဒေါ်နယ် အနားက ကျောက်ဆောင်မှာ ဆူညံပွက်လောရိုက်နေတဲ့ လူစုကို ရှာပြီး လာခဲ့ လို့ ပြောပါတယ်။

သူတို့နဲ့ တွေ့တော့ ည ၁၁ နာရီ ထိုးခါနီးပါပြီ။ တွေ့မယ့်တွေ့တော့ မနည်းမနောပါပဲ။ အရင်ဆုံဖူးခဲ့တဲ့ ဘလော့ဂါတွေရော တစ်ခါမှ မတွေ့ဖူးသေးတဲ့ သူတွေရော အများကြီးပါပဲ။ ရောက်ရောက်ချင်း ဂိမ်းကစားဖို့ ပြင်နေတာနဲ့ ကြုံပါတယ်။ ညီလေး တောင်ပေါ်သားက အခုလာတာ ကိုဇက်တီလို့ မိတ်ဆက်ပေးတော့ သူ့ဘလော့ခ် ဖတ်မရဘူး လို့ အော်လိုက်တဲ့ အသံ အရင်ဆုံး ကြားရပါတယ်။ :D ဒီလိုနဲ့ ကျွန်တော် တစ်ခါမှ မမြင်ဖူးတဲ့ ဘလော့ဂါ နှစ်ယောက်ကြား ဝင်ထိုင်ပါတယ်။ နောက်မှ တလနွန်နဲ့ ဏီ(န်)ကင်းဆိုတာ သိရပါတယ်။

ကစားကြတဲ့ ဂိမ်းကတော့ တစ်ယောက်ကို စာရွက် အလွတ်တစ်ရွက်စီ ပေးပြီး စာရွက်ထဲမှာ ကိုယ်လုပ်ခိုင်းချင်တာ တစ်ခုကို ရေးထည့် မဲလိပ်လိပ်ပြီး မဲလိပ်ကျရာ ရှေ့ထွက် လုပ်ပြရတာပါ။ ကျွန်တော် ရေးပေးလိုက်တဲ့ ဝူခုံးစတိုင်လ် လုပ်ပြပါ ဆိုတဲ့ မဲလိပ်ကို ကံဆိုးစွာ ပေါက်သွားတဲ့ သူကတော့ ညီလေး ဖိုးသင်္ကြန်ပါ။ အချင်းချင်း နှိပ်ကွတ်တဲ့ မဲတွေလည်း ပါပါတယ်။ တချို့မဲတွေမှာ ကိုဘိုဘိုတို့၊ ဆောင်းချမ်းမိုးတို့၊ မေလေးတို့ မြရေလျဥ်တို့ ပစ်မှတ် ဖြစ်သွားကြပါတယ်။ ကျွန်တော့် အလှည့်တော့ လူ ၅ ယောက်ကို ငါးသလောက်ပြုံး ပြုံးပြပါ ဆိုတဲ့ မဲပေါက်လို့ သိပ်မဆိုးလှပါဘူး။ ငါခူပြုံးလား ငါးသလောက်ပြုံးလား မသိပေမယ့် ပြုံးတော့ ပြုံးလိုက်ပါတယ်။ ဗီလိန်က ဘေးကနေ သုံးချောင်းထောက်ကြီးနဲ့ အစအဆုံး မှတ်တမ်း တင်နေပါတယ်။

ဂိမ်းဆော့လို့ ပြီးမှ ကိုသီဟသစ် ရောက်လာပါတယ်။ အားလုံး စားဖို့ သောက်ဖို့ ပြင်ကြပါတယ်။ မမပြာက ဇက်တီကို ကျွေးပါဦး ပြောတာ နောက်တောင် ကျနေပါသေးတယ်။ ကျွန်တော်က စားတာ ဘယ်နှစ်ခုမှန်း မသိအောင်ကို ဖြစ်နေပါပြီ။ မနက်ကလည်း အဲဒီလိုပါပဲ။ ဝရဲ့လား မေးတဲ့အချိန် ကျွန်တော် ထောပတ်ထမင်း ၂ ပန်းကန် တီးပြီး သွားပါပြီ။ :D အခုတလော အလုပ်ကြောင့် စားချိန်မမှန်လို့ အဲဒီလို ဖြစ်နေတာလားတော့ မပြောတတ်ပါဘူး။

စားလို့ ဝတော့ ဂစ်တာယူပြီး တီးပါတယ်။ ကိုဂျေး (မင်းကိုချစ်တဲ့သူ)၊ ကိုစည်သူနဲ့ နောက်တစ်ယောက် လာဂျွိုင်းပါတယ်။ လူတွေ များလွန်းလို့ အကုန်လုံး နာမည် လိုက်မမှတ် နိုင်တော့ပါဘူး။ နောက်တော့ ကိုဂျေးက ရက်ပ်သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ် ဆိုနေပါတယ်။ ခုန ဂိမ်းဆော့နေတဲ့ နေရာမှာ ကိုသီဟသစ်တို့ နောက်ဂစ်တာဝိုင်း တစ်ဝိုင်း စနေတာ မြင်တာနဲ့ သူတို့ နဲ့ သွားဝင် ထိုင်ပါတယ်။ သီချင်းတွေ ဆိုကြတာ ဘယ်နှစ်ပုဒ်မှန်းတောင် မမှတ်မိပါဘူး။ ကျွန်တော် တီးတာ ရပ်တော့ အိပ်နေတဲ့ ကိုဂျေးကို အတင်း သွားနှိုးပြီး တီးခိုင်းပါတယ်။ နောက်တော့ ဆောင်းချမ်းမိုး ဆက်တီးပါတယ်။ ကိုစည်သူ၊ ဗီလိန် နဲ့ ဖိုးသင်္ကြန်တို့လည်း တစ်ခါတစ်ခါ ဝင်တီးကြပါတယ်။ ရေတမာကတော့ အဲဒီနေ့က ချိုနေပါတယ်။ နောက်တော့ ကိုသီဟသစ်၊ ကိုဖိုးစိန်နဲ့ ရေတမာတို့ ထကကြပါတယ်။ ခေါင်သူကြီးက ကိုသီဟသစ်ပါ။ ဘယ်လို ကသလဲတော့ နီးစပ်တဲ့ သူများသာ မေးကြည့်ကြပါတော့။ :D

ဒီလိုနဲ့ တီးလိုက်ကြ ဆိုလိုက်ကြနဲ့ မနက် ၄ နာရီလောက် ဖြစ်သွားပါတယ်။ ဆိုတဲ့သီချင်းတွေကတော့ စိုင်းစိုင်းခမ်းလှိုင်၊ Big Bag၊ လေးဖြူ၊ အငဲက စလို့ လွှမ်းမိုးတို့ တွံတေးသိန်းတန်တို့ အထိပါပါတယ်။ မိုးရွာရင် မိုးရေချိုးမယ် မေမေလာရင် နို့စို့မယ် ဖေဖေလာရင် အုန်းသီးခွဲစားမယ် ဆိုတဲ့ ကိုင်ဇာရဲ့ မိုးသီချင်း၊ စာဥရေ ငါအရောက် ပြန်ခဲ့မှာ ဆိုတဲ့ သီချင်း၊ ဗဒင်ရဲ့ နေရာ သီချင်း၊ လွှမ်းမိုးရဲ့ ဟိုအစ်ကိုကြီးရဲ့ မခင်နှင်းဆီ စတဲ့ သီချင်းတွေကို အားလုံး ဝိုင်းဆိုကြတာ အမှတ်တရပါပဲ။

မနက် ၄ နာရီခွဲလောက် ရောက်တော့ အိပ်ချင်တာနဲ့ ဘေးနားက ကျောက်ထိုင်ခုံမှာ သွားခွေပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုမှ အိပ်လို့ အဆင်မပြေတော့ ၅ နာရီလောက် ထပြန်ခဲ့ပါတယ်။ ဂစ်တာဝိုင်းကတော့ အဲဒီအချိန်အထိ မသိမ်းသေးပါဘူး။ တီးတဲ့သူကတီး ဆိုတဲ့သူကဆို ဘေးနားမှာ ကျိုးတဲ့သူကကျိုး ဖြစ်နေကြပါတယ်။

အိမ်ရောက်တာနဲ့ တန်းအိပ်တော့ တာပါပဲ။ ကပ်စတန်မာဆီက ဖုန်းလာမှပဲ နိးပါတော့တယ်။ ဘယ်လို အခြေအနေရှိသလဲ မေးတော့ ဒီလိုပဲ ကြည့်ဖော ရတာပါပဲ။ မနေ့က တစ်နေ့လုံး ဘာမှမှ မလုပ်ဖြစ်တော့ ပရော့ဂျက်က ဘာတိုးတက်မှုမှ မရှိတာ။ အလုပ်က စိတ်ဖိအားတွေ အားလုံးကို မေ့ထားပြီး ခဏတာ ပျော်ရွှင်ခွင့်ရခဲ့တဲ့ ညတစ်ညအတွက် ဘလော့ဂါ ညီအစ်ကို မောင်နှမတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အမှတ်တရ ဖြစ်အောင် ပို့စ်လေးတစ်ပို့စ် အနေနဲ့ ရေးပြီး တင်ထားလိုက်ပါတယ်။

Wednesday, December 23, 2009

ကဗျာရွတ်တဲ့ည

အခုလက်ရှိ စိတ်ထဲမှာ ရှိနေတဲ့ ခံစားချက်နဲ့ ကိုက်ညီနေတဲ့ ကဗျာ တစ်ပုဒ်ကို မှတ်မိသလောက် ပြန်ရွတ်ကြည့်မိပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ဖတ်ဖူးခဲ့တဲ့ ကိုယောဟန်အောင်ရဲ့ ပျင်းရိဖွယ်ရာ ဆိုတဲ့ ကဗျာပါ။ ကိုယောဟန်အောင် ဆိုတာကတော့ ၁၉၈၈ ခုနှစ်က ကွယ်လွန်သွားခဲ့တဲ့ ဆေးတက္ကသိုလ် ၂ က ကျောင်းသားတစ်ယောက်ပါ။

ဘာလဲ
အခန်းကျဥ်းထဲ
သင်းကွဲခြံခတ်
ငတ်မွတ်မြည်တမ်း
လွမ်းတတ်သူလို
ငိုနေတာ မဟုတ်ဘူး....။

ငါဘာကို ချစ်ရမလဲ
ငါဘာကို မုန်းရမလဲ
ငါဘယ်သူ့ခြေလျှက်ရမလဲ

ခေါင်းကုတ်ဖွရင်း
စာတစ်ရွက်ချင်း
ပျင်းရိစွာလှန်လှော

ဦးနှောက် မှိုင်းခိုး တလိမ့်လိမ့်
တန်ခိုးရှင်တစ်ယောက်ရဲ့ အမိန့်နဲ့
ကိုယ့်ဘာသာကိုယ် ခြံခတ်နေရတဲ့
ပင့်ကူတစ်ကောင်ရဲ့ ဘဝဟာ
ပျင်းရိဖွယ်ရာ

ငါဆက်ပြီး
သည်းမခံနိုင်တော့...။

စတုတ္ထ အပိုဒ်ကတော့ မေ့နေလို့ မှတ်မိသလို ပြန်ရေးထားပါတယ်။ နောက်တစ်ခါတော့ ရာစုသစ်မြစ်ကျဥ်းထဲက ဆရာမ မေငြိမ်းရဲ့ ကဗျာ တစ်ပိုင်းတစ်စကိုလည်း စိတ်ထဲမှာ တီးတိုး ရေရွတ်နေမိပါတယ်။

ပန်းတွေကြွေ
လေပြေမတိုက်
မှောင်မိုက်တဲ့ည
ရှတတအချစ်... လွင့်နေ။

နောက်ထပ်ပြီး ရွတ်မိတာက မြန်မာစာ အုပ်စုထဲက အစ်ကိုကြီး တစ်ယောက်ရဲ့ ကဗျာပါ။ ရေးတဲ့သူ နာမည်တော့ မေ့နေပါပြီ။ ဟန်သစ် မဂ္ဂဇင်း က ကိုထိုက်တို့နဲ့ မတိမ်းမယိမ်း သူတို့ အုပ်စုထဲက တစ်ယောက်ဆိုတာပဲ မှတ်မိပါတယ်။

တိမ်တွေကမှောင်
ခြင်ထောင်တံခါးပေါက်
လပျောက်ပုန်းရှက်
သွေးသက် အလစ်စုတ်တဲ့
သေးနုတ်နုတ် အကောင်တွေ။

လောလောဆယ် ခြင်ထောင်ထောင်အိပ်စရာ မလိုပေမယ့် သူ့ကဗျာထဲက ရည်ညွှန်းထားတဲ့ ခြင်မဟုတ်ပေမယ့် သွေးစုတ်တတ်တဲ့ သေးနုတ်နုတ် ကြမ်းပိုးများနဲ့ နပန်းသတ်နေရပါတယ်။ နောက်တော့ ဆရာ မောင်သာနိုး ဘာသာပြန်ထားတဲ့ မာယာကော့ဖ်စကီးရဲ့ ဘောင်းဘီဝတ်မိုးတိမ်ထဲက ကဗျာ စာသား အချို့ကို သတိတရ ရေရွတ်နေမိပါတယ်။

မီးသတ်သမားတွေရေ
မင်းတို့ရဲ့ ဘွတ်ဖိနပ်ကြမ်းကြမ်းတွေကို သတိထားကြကွဲ့
မီးလောင်နေတဲ့ နှလုံးသားဆိုတာ
အနမ်းနဲ့ ငြှိမ်းမှ ရတယ်။

ငါ့ရင်ထဲမှာ အော်သံတစ်ခု ဝင်ရောက်နေထိုင်ပြုတယ် ဆိုတာနဲ့ စပြီး ငါအသံကုန်ခြစ် ဟစ်အော်လိုက်မှ ဖြစ်တော့မယ် ဆိုပြီး အဆုံးသတ်ထားတဲ့ အော်သံ ဆိုတဲ့ အစနဲ့ အဆုံးအပိုဒ်ပဲ မှတ်မိတော့တဲ့ ပို့စ်မော်ဒန် ကဗျာတစ်ပုဒ်ကိုလည်း မှတ်မိသလောက် ရွတ်လိုက်မိပါသေးတယ်။

ဘာရယ်မဟုတ်ပါဘူး။ တင်းကျပ်နေတဲ့ စိတ်တွေ လျော့သွားအောင် လှလှပပ ကဗျာလေးတွေ ရွတ်ကြည့်မိတာပါ။ ကဗျာ ချစ်တတ်တဲ့သူတွေနဲ့ မျှဝေခံစားချင်လို့ ပို့စ်တစ်ခု အနေနဲ့ တင်လိုက်ပါတယ်။

Saturday, November 21, 2009

ကြောင်စီကွေး လမ်းညွှန်

ကြောင်စီကွေး ဆိုတဲ့ စကားလုံးကို ကာတွန်းဆရာ မောင်ဝဏ္ဏက စသုံးခဲ့တာပါ။ ကြောင်စီကွေးဆိုတာက မိန်းကလေးတွေ တွေ့ရင် ကြောင်တယ်။ ရည်းစားရှိရင် နောက်က ဝင်တန်းစီတယ်။ (ဒါမှ သူ့ရည်းစား ချေးကားတိုက် သေသွားရင် အဆင်သင့် နေရာယူလို့ ရအောင်လို့ ဆိုပါတယ်။ :D ) အိမ်ရောက်တော့ အဲဒီ ကောင်မလေးတွေ အကြောင်း စဥ်းစားပြီး ကွေးကွေးလေး အိပ်တယ်။ အဲဒါကြောင့်မို့ ကြောင်စီကွေးလို့ ခေါ်တယ် လို့ သမိန်ပေါသွပ် ကာတွန်းစာအုပ် တစ်အုပ်ထဲမှာ အဓိပ္ပာယ် ဖွင့်ခဲ့ ဖူးပါတယ်။

တစ်ချို့ကလည်း ကြောင်စီကွေးရင်း အချိန်တန်တော့ နံပါတ်လေး ချိတ်သွားကြပါတယ်။ တစ်ချို့ကတော့ မနှစ်ကလည်း ကြောင်စီကွေး၊ ဒီနှစ်လည်း ကြောင်စီကွေး၊ နောင်နှစ်မှာလည်း ကြောင်စီကွေးနဲ့ ကြောင်စီကွေး ဘဝက လွတ်ဖို့ ဘယ်တော့မှ လမ်းမမြင် ဖြစ်နေကြပါတယ်။ ကြောင်စီကွေး ဘဝက ကျွတ်လွတ်ဖို့အတွက် တက်ကနီကွီး လေးတွေတော့ ရှိပါတယ်။ ကြောင်စီကွေးတဲ့ နေရာမှာ ပုံသေနည်း မရှိပေမယ့် ဆောင်ရန် ရှောင်ရန်လေးတွေတော့ သိဖို့လိုပါတယ်။

ဇီဝလောကတွေမှာ အီဗော်လူးရှင်း လို့ခေါ်တဲ့ ဆင့်ကဲဖြစ်ပေါ်ပြောင်းလဲမှုတွေ ရှိသလို ကြောင်စီကွေး လောကမှာလည်း အီဗော်လူးရှင်း ရှိပါတယ်။ ဘာလို့လဲဆိုတော့ မိန်းကလေးတွေရဲ့ အတွေးအခေါ်က ခေတ်နဲ့လိုက်ပြီး ပြောင်းလဲနေလို့ပါ။ အဲဒီတော့ အမိုက်စား အလန်စားလေးတွေ ကို ကြောင်ချင်ရင်တော့ ကြောင်စီကွေး တက်ကနီကွီးတွေကို ခေတ်မီအောင် ပြောင်းလဲ ထားဖို့ လိုပါတယ်။

ပထမဆုံး အဆင့်အနေနဲ့ ဘယ်လိုက စပြီး ကြောင်မလဲ ဆိုတဲ့ နည်းလမ်းပါ။ ခေတ်နဲ့ အလျော်ညီဆုံး အကောင်းဆုံး အကြံပေးချက် ကတော့ ဘယ်သူ့ဘယ်ဝါဆီကမှ သွယ်ဝိုက်ပြီး မချဉ်းကပ်ပဲ တိုက်ရိုက်ချဉ်းကပ်ဖို့ပါ။ ကောင်မလေးက တို့ကိုချစ်ရင် တို့အိမ်လိုက်ပြော တို့အိမ်ကကြိုက်ရင် တို့အိမ်ကလူနဲ့ ယူလိုက် ဆိုရင်တော့လည်း တမျိုးပေါ့။ အဲဒီလို မဟုတ်ပဲ ခေတ်ဟောင်းက နည်းအတိုင်း သူငယ်ချင်းကနေ တစ်ဆင့် ချဉ်းကပ်မယ်။ ယောက္ခမသား (ယောက်ဖခေါ်ရင် အရှုံးရှိနိုင် သေးတယ်။)ကနေ တဆင့် ချဉ်းကပ်မယ် ဆိုရင်တော့ အခန့်မသင့်ရင် ချောက်ကျ နိုင်ပါတယ်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကတော့ ကောင်မလေးကို ကြောင်ချင်တာကို တိုက်ရိုက်မကြောင်ပဲ သူ့သူငယ်ချင်း ကနေတဆင့် ချဉ်းကပ်ပါတယ်။ နောက်တော့ သူသွားကပ်တဲ့ ကောင်မလေးရဲ့ သူငယ်ချင်းက "ဟဲ့။ နင်နဲ့ငါ့ကို လူတွေပြောကုန်ကြပြီ။ ဘယ်လိုလုပ်မှာလဲ။" ဆိုမှ "ငါကြိုက်တာ နင့်ကိုမဟုတ်ဘူး။ နင့်သူငယ်ချင်းကို။" လို့ပြောပြီး အမြန် လစ်ပြေးခဲ့ရဖူး ပါတယ်။

ဒါပေမယ့် ခေတ်တွေ ဘယ်လိုပြောင်းပြောင်း မရိုးနိုင်တဲ့နည်းကတော့ အကြောင်ရိုက်တဲ့နည်းပါပဲ။ ကောင်မလေးတွေ အတော်များများက နည်းနည်း တွေဝေတတ်ပါတယ်။ ဒီအတိုင်း ဘလိုင်းကြီး သွားကြောင်ရင် ကောလွှတ်ချင် ကောလွှတ်ပေမယ့် အကြောင်ရိုက်ရင်တော့ ဇဝေဇဝါနဲ့ အူကြောင်ကြောင် ဖြစ်ပြီး စကားလက်ခံ ပြောတတ်ကြပါတယ်။ အဲဒီအချိန်မှာ ကိုယ်ပွားရင် ပွားတတ်သလို ကိုယ့်ဖက်ပါအောင် ဆွဲလို့ ရတာပါပဲ။

တစ်ခါတုန်းက ကျွန်တော့် သူငယ်ချင်းတွေ ကောင်မလေး အမိုက်စားလေး တစ်ယောက်ကို ပွားဖို့ သူထက်ငါ အပြိုင်အဆိုင် ကြိုးစားကြဖူးပါတယ်။ ဒါပေမယ့် ကောင်မလေးက သူ့ဆီဖုန်းဆက်ရင် စကားတစ်ခွန်း နှစ်ခွန်းပြန်ပြောပြီးတာနဲ့ ဖုန်းကိုဘေးချ ကက်ဆက်ဖွင့် ပေးထားခဲ့တာနဲ့ ဟိုလိုလို ဒီလိုလို ရှောင်ထွက်သွားတာနဲ့ ပညာမျိုးစုံပြတော့ တစ်ကောင်မှ မအောင်မြင်ပါဘူး။ နောက်ဆုံးပိတ် အကြောင်ရိုက်တဲ့ကောင်နဲ့ တွေ့မှပဲ ပွဲပြီးပါတော့တယ်။ ဟိုကောင်က ဖုန်းစဆက်ကတည်းက "မင်းကို နေ့လည်က ဘဲတစ်ယောက်နဲ့ တွေ့လိုက်တယ်။ ဘယ်ကကောင်လဲ။ ငါအရမ်းစိတ်ဆိုးတယ်။" ဆိုပြီး ဇာတ်လမ်းထွင် အကြောင်ရိုက်ပါတယ်။ အဲဒီလို ပြောတော့ ကောင်မလေးက အူကြောင်ကြောင်ဖြစ်ပြီး "မဟုတ်ရပါဘူး။ သူ့မှာ ဘယ်ကဘဲမှ မရှိရပါဘူး။" ဆိုပြီး အတင်းငြင်းပါတယ်။ ဟိုကောင်ကလည်း မလျှော့ဘူး။ ဟုတ်တယ်ချည်း စွတ်ပြောပါတယ်။ နောက်တော့ ကောင်မလေးက ဇဝေဇဝါနဲ့ သူ့ကို ပြန်တောင်းပန်တဲ့ အဖြစ်ရောက်သွားပါတယ်။ ဘယ်သူ့ကိုမှ ၅ မိနစ်ပြည့်အောင် စကားပြန်မပြော ဖူးတဲ့ ကောင်မလေးလည်း အဲဒီကောင်နဲ့ တွေ့မှ သူ့မှာ ဘဲမရှိကြောင်း ဖြေရှင်းချက် ထုတ်နေရတာနဲ့ နာရီဝက်လောက် လက်ခံစကား ပြောလိုက်ပါတယ်။ စင်ကာပူက စိတ်ဝင်စားစရာ ကောင်းတဲ့ အကြောင်ရိုက် ဇာတ်လမ်းများ ရှိပေမယ့် ဘလော့ခ်ပေါ် တင်ရေးရင် ဝိုင်းသမ ခံရမှာမို့ ရေးမပြတော့ပါဘူး။ :D

ယောက်ျားလေး အများစုက ကောင်မလေး တစ်ယောက်ကို ကြိုက်ရင် ငြိမ်ငြိမ်နေလေ့ မရှိပါဘူး။ အနားမှာ ရှိသမျှသူ အကုန် လှည့်ပတ် ပြောတတ်ပါတယ်။ အဲဒီအခါမှာ တကယ် စိတ်ရင်းနဲ့ ကူညီတဲ့သူ ရှိသလို တတ်သလို မှတ်သလိုနဲ့ တလွဲဆရာကြီး လုပ်တဲ့သူ၊ အဆင်း ဘီးတပ်လွှတ်ပေးတတ်တဲ့သူတွေလည်း ရှိပါတယ်။ တပည့်မွေး မကောင်းသော ဆရာတွေ နာမည်ပျက် တတ်သလိုမျိုး ဆရာမွေးမကောင်းတဲ့ တပည့်တွေလည်း ဒုက္ခနဲ့ လှလှတွေ့တတ်ပါတယ်။

ဒီခေတ်က ကိုရီးယား ဇာတ်လမ်းတွဲခေတ်မို့ မိန်းကလေးက စတာ အထူးအဆန်း မဟုတ်ပါဘူး။ တစ်ခါက ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကို ကောင်မလေး တစ်ယောက်က ဖုန်းဆက်ပြီး လာပွားပါတယ်။ ကောင်မလေးက အမိုက်စားလေးပါ။ ဒီလိုနဲ့ အချိန်အတော်ကြာ ပွားပြီးတဲ့ နောက်မှာတော့ ကောင်မလေးက သူ့ကို အိမ်အပြန် လာကြိုဖို့ ခေါ်ပါတယ်။ ဟိုကောင်က အတွေ့အကြုံမရှိတော့ ဘာလုပ်ရမှန်း မသိပဲ နီးစပ်ရာ အစ်ကိုကြီး တစ်ယောက်ကို သွားပြီး အကြံ ​တောင်းပါတယ်။ ဟိုပုဂ္ဂိုလ်က "ကောင်မလေး ပိုစိတ်ဝင်စားအောင် ချိန်းတဲ့နေ့ သွားမတွေ့နဲ့။ ပစ်ထားလိုက်။" လို့ တလွဲ အကြံပေးလိုက်ပါတယ်။ သူ့အကြံကို လိုက်နာမိတဲ့ ရလာဒ်ကတော့ အဲဒီကောင်မလေးနဲ့ မတွေ့လိုက်ရတဲ့ အပြင် အဲဒီ ကောင်မလေးကို လုံးဝ ဆက်သွယ်လို့ မရတော့ တာပါပဲ။ အဲဒီအကြောင်းကို ကျွန်တော်တို့ကို လာပြန်ပြောပြတော့ "အသုံးမကျတဲ့ကောင်။ ဘာကိစ္စ ဟိုအစ်ကိုကြီးကို ဆရာ သွားတင်ရတာလဲ။ သူ့နည်းလမ်းသုံးရင် သူ့အရွယ် အဖွားကြီးတွေပဲ မင်းကြောင်လို့ရမှာပေါ့။ ဒီခေတ်ကြီးမှာ ကောင်မလေး တွေက သူတို့ကို ဂရုစိုက်တဲ့သူပဲ လိုချင်တာ။အဲဒီလို ဘာမှမဟုတ်သေးတဲ့ မိန်းကလေးမပြောနဲ့။ ကိုယ့်ရည်းစားတောင် ဂရုမစိုက်နိုင်ရင် ဂရုစိုက်နိုင်တဲ့ ကောင်နောက် ပါသွားမယ်ဆိုတာ မှတ်ထား။" ဆိုပြီး ဝိုင်းဆဲလွှတ်လိုက် ကြပါတယ်။

ရေးချင်တာတွေ ကျန်သေးပေမယ့် ဆင်ဆာ ဖြတ်နေပါတယ်။ စိတ်ဝင်စားရင်တော့ အပိုင်း(၂) ကို မျှော်ပါ။

Sunday, October 4, 2009

အလုပ်အကြောင်း တစေ့တစောင်း

ကျောင်းမှာတုန်းက ကျွန်တော်တို့နဲ့ အတော်လေး ရင်းနှီးတဲ့ မြန်မာဆရာ တစ်ယောက် ရှိပါတယ်။ ဆရာက ကျွန်တော်တို့ ကျောင်းမှာ အလုပ်မဝင်ခင် အချိန်တုန်းက သုတေသနနဲ့ ဆိုင်တဲ့ လုပ်ငန်းခွင်၊ ကွန်ပြူတာ အမြင်အာရုံပိုင်းနဲ့ ဆိုင်တဲ့ လုပ်ငန်းခွင်တွေထဲမှာ နှစ်ကာလ အတော်များများ ကျင်လည်ခဲ့ဖူး ပါတယ်။ ကျွန်တော်တို့ အနေနဲ့က စင်ကာပူ ရောက်ခါစ ပြင်ပလုပ်ငန်းခွင် အကြောင်း ဗဟုသုတ မရှိတော့ ကျောင်းပြီးရင် ဘာလုပ်သင့်သလဲ ဆိုတဲ့ ကိစ္စကို ဆရာနဲ့ တိုင်ပင်ခဲ့ဖူးပါတယ်။

ဆရာက မင်းတို့ ဘွဲ့ရပြီးရင်တောင်မှ ပေါ်လီမှာ ဆရာလုပ်ဖို့တော့ မစဥ်းစားနဲ့။ အားမပေးဘူး ပြောလို့ ကျွန်တော်တို့ အံ့သြကြ ပါတယ်။ ဘာဖြစ်လို့လဲလို့ ဆရာ့ကိုမေးတော့ ဒီအလုပ်က လခကောင်းပေမယ့် ဆရာတစ်ယောက်ရဲ့ အရေးပါမှုက တော်ရုံတန်ရုံ မသိသာဘူး။ အချိန်မရွေး အစားထိုးလို့ ရတယ်။ ငါတို့ အခုသင်နေတဲ့ စာဆိုတာ တက္ကသိုလ်က ကျောင်းပြီးခါစ ဘွဲ့ရတစ်ယောက်ကို အချိန်မရွေး ကောက်ခန့်ပြီး သင်ခိုင်းလို့ ရတယ်။ ဘာမှ ခက်ခက်ခဲခဲလည်း မဟုတ်ဘူး။ အတွေ့အကြုံလည်း ဘာမှ ထူးထူးခြားခြား မရဘူး။ ပြင်ပလုပ်ငန်းခွင်ထဲက လူတွေနဲ့ ယှဥ်ရင် အချိန်ကြာလာတာနဲ့အမျှ ငါတို့ရဲ့ တန်ဖိုးက ကျလာတယ်လို့ ဆရာက ပွင့်ပွင့်လင်းလင်းပဲ ပြောပြပါတယ်။

ဆရာက ဆက်ပြီးတော့ ဖြစ်နိုင်ရင် စင်ကာပူမှာ အစိုးရအလုပ် မလုပ်နဲ့။ လခက အပြင်အလုပ်ထက် အများကြီးကောင်းတာ မှန်တယ်။ ဘောနပ်စ်တွေ ကောင်းတယ် ဆိုတာလည်း ဟုတ်တယ်။ ဒါပေမယ့် အစိုးရ အလုပ်ကို ဆက်မလုပ် ချင်တော့ဘူး ဆိုတဲ့ အချိန်ရောက်ရင် အပြင်မှာ မင်းတို့အတွက် နေရာက အတော် ရှားသွားပြီ။ အပြင်က အလုပ်ရှင် အတော်များများကလည်း အစိုးရအလုပ်က ထွက်လာတဲ့သူ ဆိုရင် သိပ်ပြီး မခန့်ချင်ကြဘူး။ လို့ ပြောပါတယ်။

အဲဒါဆိုရင် ဘာလုပ်သင့်သလဲလို့မေးတော့ ဆရာက ကျောင်းပြီးခါစ အတွေ့အကြုံရမယ့် အလုပ်ကို ရှာလုပ်။ လခနည်းချင် နည်းမယ်။ ဒါပေမယ့် အတွေ့အကြုံများလာတာနဲ့ အမျှ မင်းတို့ရဲ့ တန်ဖိုးက တက်လာမယ်။ ကုမ္ပဏီမှာ အစားထိုးလို့ မရနိုင်တဲ့ အခြေအနေမျိုး ရောက်လာရင် လခဆိုတာ မင်းတို့နဲ့ ထိုက်တန်သလောက် ရမှာပဲ။ ဒီကုမ္ပဏီက မင်းတို့ကို ထိုက်တန်တဲ့ လခ မပေးရင် ထိုက်တန်တဲ့ လခပေးပြီး ခန့်မယ့် ကုမ္ပဏီတွေ အများကြီး ရှိတယ်။ အသာလေး ခုန်ကူး သွားရုံပဲ။ ဘာမှ စိတ်ပူစရာ မရှိဘူး။ ပရော်ဖက်ရှင်နယ် ဖြစ်အောင်သာ ကြိုးစား။ ရေရှည်မှာ မင်းတို့အတွက် မှားစရာ မရှိဘူးလို့ ဆရာက အကြံပေးပါတယ်။ ကျွန်တော်တို့ ကျောင်းပြီးတဲ့ အချိန်မှာတော့ ဆရာ ကိုယ်တိုင်လည်း ကျောင်းဆရာ ဘဝကို စွန့်လွှတ်ပြီး ပြင်ပလုပ်ငန်းခွင်ထဲ ပြန်ရောက် သွားပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်တဲ့ နှစ်တွေ ကြာလာတာနဲ့ အမျှ ဆရာ ပြောခဲ့တဲ့ စကားတွေ တကယ်မှန်တယ် ဆိုတာ သိလာပါတယ်။ လုပ်ငန်း အတွေ့အကြုံ ရှိတဲ့ ပရော်ဖက်ရှင်နယ် တစ်ယောက်အတွက် အလုပ် မရှားပါဘူး။ ဒီကုမ္ပဏီမှာ မလုပ်ချင်ရင် နောက်ကုမ္ပဏီတစ်ခုကို အသာလေး ကူးသွားလို့ ရပါတယ်။ ကိုယ့်ရဲ့ အတွေ့အကြုံနဲ့ ကိုက်မယ့် အလုပ်တွေ အများကြီး ရှိနေပါတယ်။ တစ်ခါတစ်လေ ကပ်စတန်မာ ဆပ်ပလိုင်ယာတွေ ဆီကနေ အလုပ်ပြောင်းလာဖို့ မသိမသာတစ်မျိုး သိသိသာသာ တစ်မျိုး စကားခေါ်တာမျိုးလည်း ကြုံရပါတယ်။ ကိုယ်ပိုင် လုပ်ငန်း လုပ်နိုင်မယ့် အခွင့်အလမ်းတွေလည်း အများကြီး တွေ့ရတတ် ပါတယ်။

ကုမ္ပဏီတစ်ခုမှာ စွဲစွဲမြဲမြဲ အကြာကြီး လုပ်တာမှ ကောင်းတယ်လို့လည်း ယူဆတတ်တဲ့ သူတွေလည်း ရှိပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောလို့ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လွန်ခဲ့တဲ့ လပိုင်းလောက်က ဆွေးနွေးကြည့်ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေ အားလုံးကတော့ တစ်လေသံတည်းပါပဲ။ ဒီထက် သာတဲ့ အလုပ်ရှိရင် ပြောင်းသာပြောင်း ဆိုပြီး အားလုံးက တညီတညွတ်တည်း ပြောကြပါတယ်။ သူတို့ ထောက်ပြတာကတော့ ဒီနေ့ခေတ်ကြီးမှာ ကုမ္ပဏီကို သစ္စာ ရှိစရာ မလိုဘူး။ ကုမ္ပဏီတွေကလည်း သူတို့ စီးပွားကျလာရင် မင်းအပေါ် သစ္စာ ရှိမှာ မဟုတ်ဘူး။ ဖြုတ်မှာပဲ။ အဲဒီတော့ ဘယ်သူ့မျက်နှာမှ ကြည့်နေစရာ မလိုဘူး။ ကိုယ့်အတွက်ပဲ ကိုယ်လုပ်လို့ အကြံပေးကြပါတယ်။

လုပ်ငန်းခွင် တစ်ခုတည်းမှာ ၁၀ နှစ်လောက် လုပ်လာပြီးမှ စက်ရုံက တရုတ်ပြည်ရွှေ့သွားလို့ ဘာဆက်လုပ်ရမှန်း မသိဘဲ ရတဲ့လခနဲ့ ရတဲ့နေရာမှာ အလုပ်ဝင်လုပ် နေရတဲ့သူတွေ၊ မနှစ်က ကမ္ဘာ့စီးပွားပျက်ကပ်ထဲမှာ လက်ရှိ ရှိနေတဲ့ အလုပ်ကနေ ဘာမှန်း မသိလိုက်ရဘဲ အလုပ်ပြုတ် သွားတဲ့ သူတွေကို ကြည့်ရင်တော့ သူတို့ ပြောတဲ့စကား မှန်တယ်ဆိုတာ သိသာပါတယ်။

ကိုယ့်အလုပ်မှာ အတွေ့အကြုံရတယ် ဆိုပေမယ့် တခြား ဒီထက်ပိုပြီး အတွေ့အကြုံရနိုင်တဲ့ နေရာတွေ အများကြီး ရှိသေးတယ် ဆိုတာ မျက်ကွယ်ပြု လို့ မရပါဘူး။ ဒီအလုပ်မှာ အခွင့်အလမ်းကောင်းတယ် ဆိုပေမယ့် ဒီထက်ပိုပြီး အခွင့်အလမ်းကောင်းတဲ့ နေရာတွေ အများကြီး ရှိသေးတယ် ဆိုတာကို မေ့ထားလို့ မရပါဘူး။ ဒီအလုပ်မှာ နှပ်နေလို့ ရတယ်ဆိုရင်တောင် အိပ်နေလို့ရတဲ့ အလုပ်တွေ အများကြီး ရှိသေးတယ်ဆိုတာ သိထားဖို့ လိုပါတယ်။ နောက်တစ်ခုက ကုမ္ပဏီတစ်ခုထဲမှာ စွဲစွဲမြဲမြဲလုပ်ရင် လခက ရာခိုင်နှုန်း အများကြီး တိုးဖို့ မလွယ်ပါဘူး။ တခြားကုမ္ပဏီကို အခုန် ကောင်းရင်တော့ လခက သိသိသာသာ တိုးသွားတတ်ပါတယ်။

ကျွန်တော်နဲ့ နီးစပ်သမျှ သူငယ်ချင်း အပေါင်းအသင်းတွေ အားလုံးကိုတော့ အတွေ့အကြုံ ပိုရမယ့် အလုပ် ပိုကောင်းမယ့်အလုပ်မျိုး တွေ့ရင် ခုန်သာခုန် လို့ပဲ အမြဲ တိုက်တွန်းလေ့ ရှိပါတယ်။ မလုပ်သင့်တာကို လုပ်တာမှ မှားတယ်လို့ ခေါ်တာ မဟုတ်ပါဘူး။ လုပ်သင့်တာကို လုပ်သင့်တဲ့ အချိန်မှာ မလုပ်မိရင်လည်း မှားတာပါပဲ လို့ပဲ ယူဆပါတယ်။

Sunday, September 20, 2009

လက်တစ်ကမ်းက အင်ဖော်မေးရှင်း

ဒီနေ့ခေတ်မှာ ပညာရှာချင်တဲ့ လူတွေ အတော်ကံကောင်းကြ ပါတယ်။ အင်တာနက်ရဲ့ အကျိုးကျေးဇူးကြောင့် အင်ဖော်မေးရှင်း တွေကို လိုရင် လိုသလောက် အများကြီး ရနိုင်ပါတယ်။ ကိုယ်မသိသေးတဲ့ အကြောင်းအရာ တစ်ခုကို သိချင်ရင် ဝီကီပိဒိယမှာ သွားရှာဖတ်လို့ ရပါတယ်။ အဲဒါမှ မကျေနပ်သေးရင် မစ္စတာ ဂူဂဲလ်ကို မေးလို့ ရပါတယ်။ ပညာရပ်တစ်ခုနဲ့ သက်ဆိုင်တဲ့ စာအုပ်စာတမ်းတွေ ဖတ်ချင်ရင် 4shared လို ဝက်ဘ်ဆိုဒ် တွေကနေ E-book တွေ လိုသလောက် Download လုပ်ပြီး ဖတ်လို့ ရပါတယ်။ နိုင်ငံတကာ တက္ကသိုလ်တွေက လက်ချာတွေကို ကြည့်ချင်ရင် MIT Open Courseware လို ဝက်ဘ်ဆိုဒ်တွေ၊ Open Courseware Consortium လို ဝက်ဘ်ဆိုဒ်တွေ၊ NPTel လို ဝက်ဘ်ဆိုဒ်တွေမှာ သွားပြီး ကြည့်နိုင်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှိနေခဲ့တဲ့ အချိန်တုန်းကတော့ အင်ဖော်မေးရှင်း ဆိုတာ ရှားပါး ပစ္စည်း တစ်ခုပါပဲ။ အဲဒီအချိန်က ရန်ကုန်မှာ အင်တာနက် ဆိုတာလည်း မရှိသေးတော့ နည်းပညာတွေကို လေ့လာရင်း ကိုယ်နားမလည်တဲ့ အရာတစ်ခု ဒါမှမဟုတ် ကိုယ်သိချင်တဲ့ အရာ တစ်ခုခု ရှိရင် မေးဖို့မြန်းဖို့ လူကို လိုက်ရှာရပါတယ်။ နည်းပညာနဲ့ ပတ်သက်တဲ့ မိတ္တူဆွဲထားတဲ့ စာအုပ်ကလေးများ ဖတ်ခွင့်ရရင်ပဲ အတော်ကို ကျေနပ် ရပါတယ်။ အားတဲ့အချိန်ကလေးတွေ British Council သွား ဒါမှမဟုတ် USIS သွားပြီး ကိုယ်စိတ်ဝင်စားတဲ့ ဆောင်းပါးကလေး တစ်ပုဒ်တစ်လေများ ဂျာနယ်ထဲမှာ စာအုပ်တွေထဲမှာ ဖတ်ခွင့်ရလိုက်ရင် ဝမ်းသာလို့ မဆုံးပါဘူး။

စင်ကာပူကို စရောက်လာတဲ့ အချိန်မှာတော့ အင်ဖော်မေးရှင်းတွေ များလွန်းတော့ ရုတ်တရက် အင်ဖော်မေးရှင်း ရှော့ခ် ဖြစ်သွားပါတယ်။ ကျွန်တော်တို့ ကျောင်းစာကြည့်တိုက်က စင်ကာပူမှာ နည်းပညာဆိုင်ရာ စာအုပ်တွေနဲ့ ပတ်သက်လို့ အစုံဆုံး စာကြည့်တိုက်တွေထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ၅ ထပ်ရှိတဲ့ စာကြည့်တိုက်မှာ ၃ ထပ်ကျော်လောက်က နည်းပညာဆိုင်ရာ စာအုပ်တွေနဲ့ ပြည့်နေပါတယ်။ ရန်ကုန်မှာတုန်းက C++ နဲ့ ပတ်သက်တဲ့ စာအုပ်တစ်အုပ် ဖတ်လို့ရဖို့ British Council စာကြည့်တိုက်မှာ အခြားသူတွေနဲ့ အလုအယက် ငှားခဲ့ရဖူးပါတယ်။ ကျောင်းစာကြည့်တိုက် မှာတော့ C++ နဲ့ ပတ်သက်တဲ့ စာအုပ်ချည်းပဲ စာအုပ်စင် နှစ်စင်လောက် ရှိပါတယ်။ အဲဒီလောက်များတော့ ဘယ်ကစလို့ ဘာကိုဖတ်ရမှန်းတောင် မသိတော့ပါဘူး။ အဲဒါတင် မကသေးပါဘူး။ ကျောင်းသားတွေ အနေနဲ့ Safari လို အွန်လိုင်း စာကြည့်တိုက်က E-book တွေကို ကြိုက်တဲ့နေရာကနေ အင်တာနက် သုံးပြီး ဖတ်လို့ရအောင် လုပ်ပေးထားပါတယ်။ စာကြည့်တိုက်ထဲမှာ အထပ်တစ်ထပ်ကို Multimedia Collection အနေနဲ့ သီးသန့် ထားပေးပြီး စီဒီရွမ်တွေ ဗွီဒီယိုတွေ ကြည့်လို့ရအောင် လုပ်ပေးထားပါတယ်။ အပြင်ကိုတော့ ငှားလို့ မရပါဘူး။ ပထမနှစ် ကျောင်းသားဘဝ တုန်းက ဒီဂျစ်တယ် အီလက်ထရွန်းနစ်နဲ့ ပတ်သက်တဲ့ ၁၈ ခွေတွဲ ဗွီဒီယို စီးရီး၊ Visual Basic နဲ့ ပတ်သက်တဲ့ ၁၆ ခွေတွဲ စီဒီရွမ်တွေကို အချိန်ရရင် ရသလို စာကြည့်တိုက်မှာ သွားကြည့်ဖြစ်တာကို မှတ်မိပါသေးတယ်။

အင်တာနက် သုံးဖြစ်တော့ အင်ဖော်မေးရှင်းက ပိုပြီး ဖောင်းပွလာပါတယ်။ အရင်က နည်းပညာနဲ့ ပတ်သက်တဲ့ ဂျာနယ် မဂ္ဂဇင်း အသစ်တွေကို ခက်ခက်ခဲခဲ ရှာဖတ်ရဖူးတော့ အင်တာနက်ထဲမှာ နည်းပညာနဲ့ ပတ်သက်တဲ့ ဂျာနယ် မဂ္ဂဇင်းတွေ အတော်များများကို အီးမေးလ်နဲ့ Subscribe လုပ်ထားလိုက်မိပါတယ်။ တစ်လလောက် ကြာတော့ ကျွန်တော် လက်လျှော့လိုက်ပါတယ်။ တစ်နေ့တစ်နေ့ ဒီလောက်များတဲ့ အီးမေးလ်တွေကို ကုန်အောင် မဖတ်နိုင်လို့ပါ။ အင်တာနက်ထဲမှာလည်း ကိုယ်စိတ်ဝင်စားတဲ့ ဝက်ဘ်ဆိုဒ်ကလေးများ ရှိရင်တော့ မကြာခဏ ဝင်ဖတ်ဖြစ်ပါတယ်။ အဲဒီအချိန်က ကျွန်တော် အရောက်ဖြစ်ဆုံး ဝက်ဘ်ဆိုဒ်ကတော့ အီလက်ထရွန်းနစ် နဲ့ ပတ်သက်တဲ့ Epanorama ပါ။

ဒါပေမယ့် အဲဒီလောက် အင်ဖော်မေးရှင်းတွေ များနေတော့လည်း ပြသနာက ရှိလာပါတယ်။ တွေ့သမျှ အကုန် လိုက်ဖတ်နေရင် ဒီတစ်သက်တောင် ပြီးမှာ မဟုတ်ပါဘူး။ ကိုယ်လိုချင်တဲ့ အင်ဖော်မေးရှင်းကို စိစစ်ပြီး ထုတ်ယူတတ်ဖို့ လိုလာပါတယ်။ အစက အဲဒီအချက်ကို သဘောမပေါက်တော့ ရှိသမျှ အကုန် လျှောက်ဖတ်ပြီး လိုရင်းကို မရောက်တော့ပါဘူး။ စာအုပ်တိုင်းကို ရှေ့ဖုံးကနေ နောက်ဖုံးအထိ ဖတ်နေဖို့ အချိန်မရှိပါဘူး။ ကိုယ်သိချင်တဲ့ အကြောင်းအရာကိုပဲ Index ကနေ ရှာပြီး ရွေးဖတ်တတ်တဲ့ အကျင့်ကို လုပ်လာရပါတယ်။ တကယ် စိတ်ဝင်စားတဲ့ စာအုပ်မှပဲ အစအဆုံး ဖတ်ဖြစ်ပါတော့တယ်။

နောက်တစ်ခုက Google ကို အရမ်းအားကိုးလာတဲ့ အချက်ပါ။ ကိုယ်ရှင်းမရတဲ့ ပြသနာ အတော်များများရဲ့ အဖြေကို Google ထဲမှာ ရှာတွေ့ဖူးတော့ ပြသနာတိုင်းရဲ့ အဖြေဟာ ဂူဂဲလ်မှာ ရှာလို့ရမယ်လို့ ထင်နေပါတယ်။ တက္ကသိုလ်ရောက်မှ အဲဒီအချက်မှားမှန်း သိပါတယ်။ ကျောင်းက ပရော့ဂျက်တွေ အဆိုင်းမင့်တွေရဲ့ အဖြေကို အင်တာနက်မှာ ဘယ်တော့မှ ရှာလို့ မတွေ့ခဲ့ ဖူးပါဘူး။ သမန်ကာ လျှံကာ သိချင်ရင် ကိစ္စမရှိပေမယ့် ပညာရပ်တစ်ခုကို နက်နက်နဲနဲ လိုက်စားချင်ရင်တော့ အခြေခံကောင်းကောင်း ရှိဖို့ လိုအပ်တယ်ဆိုတာကို တဖြည်းဖြည်း သဘောပေါက်လာပါတယ်။

အခု နောက်ပိုင်းမှာ ကိုယ့်ဘာသာကိုယ် ပြန်ဆင်ခြင်မိတဲ့ အချက်ကတော့ တစ်ခုခုကို စူးစိုက်ပြီး လုပ်ဖို့ပါ။ နည်းပညာဆိုတာ အကုန်လုံးကို သိချင်နေရင်တော့ မဖြစ်နိုင်ပါဘူး။ ကိုယ်စိတ်ဝင်စားတာကိုပဲ စူးစိုက်ပြီး လုပ်မှ ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ်ရင်တော့ ဟိုနားစပ်စပ် ဒီနားစပ်စပ်နဲ့ ဘာမှ ဟုတ်တိပတ်တိ ဖြစ်လာလိမ့်မယ် မထင်ပါဘူး။ နောက်တစ်ခုကတော့ အခြေခံနဲ့ ပတ်သက်လို့ စဥ်းစားမိ ပါတယ်။ ပညာရပ်တွေကို လေ့လာ လိုက်စားချင်ရင် အခြေခံ ကောင်းကောင်း ရှိဖို့ လိုအပ် ပါလိမ့်မယ်။ ဖြတ်လမ်းက သွားတာ သိပ်မကောင်း ပါဘူး။ ဖြတ်လမ်းနဲ့ သွားရင် ခရီးရောက်တာ မှန်ပေမယ့် တစ်နေရာ ရောက်ရင်တော့ တန့်သွားပြီး ရှေ့ဆက်ဖို့ ခက်ပါလိမ့်မယ်။ မသွားမဖြစ်လို့ ဖြတ်လမ်းနဲ့ သွားရင်လည်း အခြေခံတွေတော့ အချိန်ရရင် ရသလို ပြန်လေ့လာဖို့ လိုလိမ့်မယ်လို့ တွေးမိပါတယ်။ တစ်ခါတစ်လေတော့လည်း ဘာမှ မလုပ်ပဲ ပိုက်ဆံပဲ ရှာပြီး သူများတွေကို လုပ်ခိုင်း ကိုယ်က ဘေးကနေ ထိုင်ပြီး အားပေးနေတာပဲ ကောင်းမလားလို့ တွေးမိပါတယ်။ :D

Monday, September 14, 2009

ဒီဇိုင်းနာနဲ့ စက်ပြင်ဆရာ

မြန်မာနိုင်ငံမှာ ရှိနေတဲ့အချိန်တုန်းက မဂ္ဂဇင်းတစ်စောင်ထဲမှာ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ဖူးပါတယ်။ အဲဒီဆောင်းပါး ထဲမှာ ရေးထားတဲ့ အကြောင်းအရာကတော့ လူတစ်ယောက်က အင်ဂျင်နီယာ တစ်ယောက်ကို မင်းတို့ အင်ဂျင်နီယာ ဖြစ်နေပြီး စက်ပြင် ဆရာ တွေလောက်တောင်မှ မပြင်တတ်ကြဘူး လို့ ဝေဖန်ပါတယ်။ အဲဒီတော့ အင်ဂျင်နီယာက မင်းက အင်ဂျင်နီယာ ရဲ့ အလုပ်ကို မသိဘူး။ အင်ဂျင်နီယာရဲ့ အလုပ်ဆိုတာ စက်ပြင်တတ်ဖို့ မလိုဘူး။ ဒီဇိုင်းလုပ်တတ်ရင် ပြီးတာပဲ ဆိုပြီး ချေပပါတယ်။ အဲဒီအချိန်ကတော့ ကိုယ်က အင်ဂျင်နီယာလည်း မဟုတ် ဒီဇိုင်းဆိုတာလည်း ဘာမှန်းမသိတော့ သူတို့ရေးထားတာကို အဟုတ် ထင်ပါတယ်။ အင်ဂျင်နီယာဆိုတာ ဒီဇိုင်းလုပ်တတ်ရင် ပြီးတာပဲ မပြင်တတ်ရင်လည်း ကိစ္စမရှိဘူးလို့ စိတ်ထဲမှာ စွဲသွားပါတယ်။

ကျွန်တော်ကိုယ်တိုင် အင်ဂျင်နီယာ ဖြစ်လာပြီး ဒီဇိုင်းလုပ်ဖူးတဲ့ အချိန်မှ အဲဒီ အင်ဂျင်နီယာ ပြောတာ မှားနေမှန်း သိရပါတယ်။ အမှန်တကယ်ကတော့ အင်ဂျင်နီယာ အလုပ်ဆိုတာ လက်တွေ့နဲ့ ကင်းကွာလို့ မရတဲ့ အလုပ်ပါ။ အင်ဂျင်နီယာ တစ်ယောက်ဖြစ်ဖို့ သီအိုရီတွေ အလွတ်ကျက်နေရုံ၊ ပုစ္ဆာတွေ ချတွက်နေရုံနဲ့ မပြီးပါဘူး။ အဲဒီလို အင်ဂျင်နီယာတွေထဲမှာမှ ကိုယ်တိုင် ဒီဇိုင်းလုပ်နိုင်တဲ့ အင်ဂျင်နီယာ တစ်ယောက်ဖြစ်ဖို့ ပိုပြီးတော့ ခက်ပါတယ်။ စက်ပြင်ဆရာ တစ်ယောက်ကို ဒီဇိုင်းနာ ဖြစ်အောင် သင်ပေးဖို့ မလွယ်ဘူး ဆိုတာ မှန်ပေမယ့် အင်ဂျင်နီယာ တစ်ယောက်ဟာလည်း ကိုယ်တိုင် မပြင်တတ်ရင် ဒီဇိုင်းနာ ဖြစ်လာမှာ မဟုတ်ပါဘူး။

ကျွန်တော်တို့ စက်ပစ္စည်း ဒီဇိုင်းလုပ်တဲ့ သူတွေ အတွက်ကတော့ စာရွက်ပေါ်မှာ ကွန်ပြူတာထဲမှာ ချဆွဲ ချတွက်ထားတဲ့ ဒီဇိုင်းတွေက တွက်ထားတဲ့အတိုင်း အပြင်မှာ အလုပ်မလုပ်တာ များပါတယ်။ စက်တစ်လုံးကို တပ်ဆင်ပြီးသွားလို့ မှန်းထားတဲ့အတိုင်း အလုပ်မလုပ်ဘူး ဆိုရင် ဘာလို့ အလုပ်မလုပ်တာလဲ ဆိုတာကို ဒီဇိုင်းနာ ကိုယ်တိုင် အဖြေရှာရပါတယ်။ အဲဒီလို ပြင်ရဆင်ရတာဟာ အလုပ်လုပ်နေတဲ့ စက်တစ်လုံးကို ပြင်ရတာထက် အဆပေါင်းများစွာ ပိုခက်ပါတယ်။ လုံးဝ အလုပ်မလုပ်တဲ့ စက်တစ်လုံးကို လည်ပတ်အောင် လုပ်နိုင်တဲ့ ဒီဇိုင်းနာက လည်ပတ်နေပြီးသား စက်တစ်လုံး ပျက်သွားရင် ပြန်ပြင်ဖို့ ဆိုတာ ဘာမှ မခဲယဉ်းပါဘူး။ ကိုယ်တိုင် လက်တွေ့မလုပ်တတ်ရင်လည်း သူများ ခိုင်းရုံပါပဲ။ ဘယ်လို ခိုင်းရမလဲတော့ သိဖို့လိုပါတယ်။

နောက်တစ်ခုက စက်ပစ္စည်းတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေမှာတော့ ဒီဇိုင်းနာ ဆိုတာ ဆားဗစ်အင်ဂျင်နီယာတွေရဲ့ နောက်ဆုံး အားထားရာ လူပါ။ ဆားဗစ်အင်ဂျင်နီယာတွေ ပြင်မရဘူးဆိုပြီး လက်လျှော့လိုက်ရင် အဲဒီစက်ကို ဒီဇိုင်းနာတွေ ကိုယ်တိုင် ပြင်ရပါတယ်။ ဒီဇိုင်းနာကမှ မပြင်တတ်ဘူး ဆိုရင်တော့ ဘုရားသာ တပေတော့လို့ပဲ ပြောရပါလိမ့်မယ်။

တစ်ခါက ကျွန်တော် အလုပ်လုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီတစ်ခုမှာ ကုမ္ပဏီ အုပ်ချုပ်သူတွေက အခု လက်ရှိ သုံးနေတဲ့ နည်းပညာတွေကနေ အဆင့်ပိုမြင့်တဲ့ နည်းပညာတွေကို သုံးပြီး စက်တွေ ထုတ်လုပ်ဖို့ ကြံကြပါတယ်။ ပထမဆုံး ခြေလှမ်းအနေနဲ့ ကျွန်တော်တို့ တခါမှ မလုပ်ဖူးတဲ့ အရမ်းကို ခက်ခဲပြီး ရှုပ်ထွေးတဲ့ စက်တစ်လုံးကို အော်ဒါလက်ခံ လိုက်ပါတယ်။ ကျွန်တော်တို့ ဒီဇိုင်းအဖွဲ့ထဲမှာ ပါတဲ့ အင်ဂျင်နီယာတွေ အတော်များများက လူငယ်တွေပါ။ ပရော့ဂျက် မန်နေဂျာ ကိုယ်တိုင်ကလည်း လူငယ်ပါပဲ။ ဒါပေမယ့် စက်ဒီဇိုင်းနဲ့ ပတ်သက်လို့ ၁၀ နှစ်နီးပါး အတွေ့အကြုံ ရှိတဲ့သူပါ။ ကျွန်တော်တို့ အားလုံးအတွက်တော့ အဲဒီစက်ကို ဒီဇိုင်း လုပ်ရတာဟာ အတော်ကို ကြီးကျယ်တဲ့ စိန်ခေါ်မှု တစ်ခုပါပဲ။

မက္ကင်နီကယ် အင်ဂျင်နီယာတွေ အနေနဲ့ ၀.၀၄ မီလီမီတာ အကွာအဝေး အထိ အတိအကျ သွားနိုင်တဲ့ ဝင်ရိုးတွေကို ဒီဇိုင်းလုပ်ရတဲ့အတွက် ပုံမှန် စက်တွေကို ဒီဇိုင်းလုပ်ရတာနဲ့ ယှဥ်ရင် အတော်ကို ခက်ခဲပါတယ်။ အီလက်ထရစ်ကယ် အင်ဂျင်နီယာတွေ အနေနဲ့ကလည်း အဲဒီလို တိကျအောင် ရွေ့လျားနိုင်တဲ့ ဆာဗိုမော်တာ အတွက် စိတ်ချရတဲ့ ပါဝါဆပ်ပလိုင်းတွေ၊ ပါဝါကြိုးတွေကနေ ဆစ်ဂနယ် ကြိုးတွေကို အနှောင့်အယှက် မပေးဖို့ အစီအစဥ်ချရတာတွေ၊ ထောင်ပေါင်းများစွာသော ဝိုင်ယာကြိုးတွေ အစီအစဉ်တကျ သွားနိုင်ဖို့ ဒီဇိုင်းလုပ်ရတာတွေနဲ့ အတော်ကို ခက်ခက်ခဲခဲ လုပ်ရပါတယ်။ ကျွန်တော်တို့ ဆော့ဖ်ဝဲလ် သမားတွေကလည်း အဲဒီစက်ကို အတိအကျ ရွေ့လျားနိုင်အောင် ကွန်ပြူတာ အမြင်အာရုံစနစ် (Machine Vision) နဲ့ ဆာဗိုမော်တာတွေရဲ့ ရွေ့လျားမှုတွေကို ဆက်စပ်ရတာတွေ၊ စက်ကို သတ်မှတ်ထားတဲ့ အမြန်နှုန်းနဲ့ လည်ပတ်နိုင်အောင် ဆော့ဖ်ဝဲလ်ကို အမြန်ဆုံး Run နိုင်အောင် ညှိနှိုင်း ရတာတွေ၊ အာရုံခံကိရိယာ (Sensors) တွေက လာတဲ့ ဆစ်ဂနယ်တွေကို အမြန်ဆုံး တုန့်ပြန်နိုင်အောင် ဆော့ဖ်ဝဲလ်ကို ပြင်ဆင်ရတာတွေနဲ့ အတော့်ကို ခေါင်းစားပါတယ်။ ၃ လနဲ့ အပြီး လုပ်ဖို့ စီစဥ်ထားတဲ့ စက်ဟာ ၂ လခွဲ ကျော်လောက်နဲ့ ပြီးပေမယ့် အဲဒီစက်ကို သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းအတိုင်း ကိုက်အောင် ပြန်ပြင်ရတာ ၆ လနီးပါး ကြာပါတယ်။ စက်ကို တပ်ဆင်ပြီးတဲ့ အချိန်ကစပြီး ၆လလောက် ကြာတဲ့အချိန်အထိ ဟိုနားပြင်လိုက် ဒီနားပြင်လိုက် လုပ်နေရတုန်း ပါပဲ။ အစည်းအဝေး တစ်ခုမှာ ပရော့ဂျက် မန်နေဂျာက "ငါတို့ အင်ဂျင်နီယာ ဆိုတာမျိုးက ကိုယ်ဒီဇိုင်းလုပ်ရင် ဘာမဆို ဖြစ်မယ် ထင်ကြတာချည်းပဲကွ။ ငါတို့လည်း အရင်က ဒုံးပျံ ဒီဇိုင်း လုပ်ချင်ရင်လည်း လုပ်လို့ ရတယ် ထင်တာပဲ။ အခုတော့ သိသွားပြီကွ။ ငါတို့သာ ဒုံးပျံ ဒီဇိုင်း လုပ်ရင် အဲဒီ ဒုံးပျံက မိုးပေါ်တက်မှာ မဟုတ်ဘူး။" ဆိုပြီး ဟာသပြောလို့ ကျွန်တော်တို့ အားလုံး ဝိုင်းရယ်ကြပါတယ်။

စက်ပြင်ဆရာ တစ်ယောက်အနေနဲ့ ဒီဇိုင်းနာ တစ်ယောက်လို သိဖို့ မလိုပါဘူး။ ဒီနေရာမှာ တပ်ထားတဲ့ ပစ္စည်း အလုပ်မလုပ်ရင် အဲဒီပစ္စည်းကို ဖြုတ်လဲ ရုံပါပဲ။ ဆားကစ်ပြားတွေ ပြင်တာ အရမ်းတော်တဲ့ ကျွန်တော့်သူငယ်ချင်း တစ်ယောက်က သူဘယ်လိုပြင်သလဲ ဆိုတာ ပြောပြဖူးပါတယ်။ သူက "ဆားကစ်ပြားကို ကြည့်။ ထရန်စစ်စတာလို Active Component တွေက ပျက်ဖို့ ရာခိုင်နှုန်းများတယ်။ ဘာလို့ ပျက်သလဲ မသိရင် ငါတော့ အဲဒီလို ပစ္စည်းမျိုးတွေ အကုန် ဖြုတ်လဲ ပစ်လိုက်တာပဲ။ အဲဒါဆို ကောင်းဖို့ သေချာသလောက် ရှိတယ်။" လို့ ပြောပြပါတယ်။ ဒါပေမယ့် ဒီဇိုင်းနာတစ်ယောက် အနေနဲ့ကတော့ စက်ပြင်ဆရာ တစ်ယောက်ထက်မက သိထားဖို့ လိုပါတယ်။ ဘယ်လို ပစ္စည်းမျိုးကို ဘယ်နေရာမှာ သုံးရင် ပျက်တတ်တယ် ဆိုတာ သိဖို့ လိုပါတယ်။ ပစ္စည်းတစ်ခု က ခဏခဏ ပျက်နေရင် သူ့ရဲ့ ပြသနာ ဇာစ်မြစ်ကို လိုက်ရှာပြီး ရှင်းတတ်ဖို့ လိုပါတယ်။ အမြဲတမ်း ရွေ့လျားနေပြီး ခဏခဏ ပြတ်တတ်တဲ့ ဝိုင်ယာကြိုးမျိုးကို ဖြုတ်လဲဖို့ ခက်တဲ့နေရာမှာ ထည့်ထားတဲ့ ဒီဇိုင်းနာ မျိုးဆိုရင်တော့ ဆားဗစ်အင်ဂျင်နီယာတွေ ကောင်းကောင်း မေတ္တာပို့တာ ခံရတတ်ပါတယ်။

အခုအချိန်မှာသာ တစ်စုံတစ်ယောက်က အင်ဂျင်နီယာဆိုတာ ဒီဇိုင်းလုပ်တတ်ဖို့ပဲ လိုတယ် ပြင်တတ်ဖို့ မလိုဘူး လို့ ပြောခဲ့ရင်တော့ ကျွန်တော့်အနေနဲ့ အဲဒီအင်ဂျင်နီယာဟာ ကိုယ်တိုင် ဒီဇိုင်းတစ်ခါမှ မလုပ်ဖူးဘဲ လူအထင်ကြီးအောင် လျှောက်ပြောနေတဲ့ အင်ဂျင်နီယာလို့ပဲ သတ်မှတ်မိ ပါလိမ့်မယ်။

Monday, September 7, 2009

ဗိုက်ဆာနေတဲ့ သရဲများ

ရောမမြို့ကြီး မီးလောင်တာ နီရိုးဘုရင်က တယောထိုးမပျက်ဘူး လို့ ပြောကြတဲ့ စကား ရှိပါတယ်။ အမှန်တကယ်ကတော့ အဲဒီစကားဟာ အခြေအမြစ် မရှိပါဘူး။ ဒါမှမဟုတ်ရင်လည်း အချက်အလက်အားဖြင့် မှားနေတယ်လို့ ပြောရင်လည်း ရပါတယ်။ အကြောင်းကတော့ ရောမမှာ နီရိုးဘုရင် အုပ်ချုပ်နေတဲ့အချိန်က တယောဆိုတဲ့ တူရိယာ မပေါ်သေးပါဘူး။ အဲဒါကြောင့် သူတီးနေတာ မှန်ရင်တောင်မှ တယောမဟုတ်ပဲ တယောနဲ့တူတဲ့ တခြား တူရိယာ တစ်ခုခုပဲ ဖြစ်ပါလိမ့်မယ်။

အခု လောလောဆယ် စင်ကာပူမြို့ကြီးတော့ မီးလောင်မနေပါဘူး။ ဒါပေမယ့် မီးတွေတော့ အပြိုင်အဆိုင် ရှို့နေကြပါတယ်။ ဘာတွေ ရှို့နေသလဲ မေးရင် ဒေါ်လာတွေ မီးပုံရှို့နေကြပါတယ် လို့ ဖြေရပါလိမ့်မယ်။ ဒါပေမယ့် အမေရိကန် ဒေါ်လာ ယူရိုဒေါ်လာ စင်ကာပူ ဒေါ်လာတွေတော့ မဟုတ်ပါဘူး။ ဟဲလ်မန်းနီး ( Hell Money) လို့ ခေါ်တဲ့ ငရဲပြည်သုံး ဒေါ်လာတွေကို ရှို့နေကြ တာပါ။

အနောက်တိုင်းသားတွေ အတွက် ဂိုးတူဟဲလ် ဒါမှမဟုတ် ငရဲကိုသွား ဆိုတာ ကျိန်ဆဲတဲ့ စကားပါ။ ဒါပေမယ့် တရုတ်လူမျိုးတွေရဲ့ ဟဲလ်က အနောက်တိုင်းသားတွေ ယုံကြည်တဲ့ ဟဲလ် မဟုတ် သလို ကျွန်တော်တို့တွေ သိထားတဲ့ မဟာ အဝီစိတို့ ယောရုဝ တို့လို ငရဲကြီး ရှစ်ထပ်ထဲက ငရဲကို ပြောတာလည်း မဟုတ်ပါဘူး။ သူတို့ရဲ့ ငရဲ ဒါမှမဟုတ် ဟဲလ်ဆိုတာက သေပြီးနောက် ရောက်နေတဲ့ကမ္ဘာ (afterlife) ကို ဆိုလိုချင်တာပါ။ Nether World လို့လည်း ခေါ်ကြပါတယ်။

တရုတ်လူမျိုး အများစုကတော့ သေပြီးသား ဆွေမျိုးသားချင်းတွေကို ပစ္စည်းတစ်ခုခု သုံးဖို့စွဲဖို့ ပို့ပေးချင်ရင် မီးရှို့ ပြီး ပို့ပေးရတယ်လို့ အယူအဆ ရှိကြပါတယ်။ အသုဘ အခမ်းအနားတွေမှာ သေပြီးသားသူ သုံးဖို့ ငွေတွေ၊ ဝတ်ဖို့ အဝတ်အစားတွေ၊ စီးဖို့ကားတွေ၊ နေဖို့အိမ်တွေ မီးရှို့ပေးတတ် ကြပါတယ်။ တကယ့် အစစ်တွေတော့ မဟုတ်ပါဘူး။ စက္ကူနဲ့ လုပ်ထားတဲ့ ပုံစံလေးတွေပါ။ စင်ကာပူမှာ အဲဒီလို တမလွန်က လူတွေအတွက် မီးရှို့ပေးဖို့ စက္ကူနဲ့ လုပ်ထားတဲ့ ပစ္စည်းတွေ ချည်းပဲ သီးသန့်ရောင်းတဲ့ ဆိုင်တွေ ရှိပါတယ်။ အဲဒီဆိုင်တွေမှာ ရှိတဲ့ ပစ္စည်းကလည်း အစုံပါပဲ။ တစ်ခါက Singapore Dreaming ဆိုတဲ့ ရုပ်ရှင်ထဲမှာ မင်းသားက သူ့အဖေအတွက် ရေကူးကန်ပါတဲ့ တိုက်ကို မီးရှို့ပေးတာ မြင်လို့ ရေကူးကန်ကို ဘယ်လိုများ မီးရှို့ကြပါလိမ့်လို့ တွေးပြီး ပြုံးမိပါသေးတယ်။

ကျွန်တော်နဲ့ အတော်ခင်တဲ့ စလုံး သူငယ်ချင်း တစ်ယောက်ကို စကားကတ်ပြီး မေးဖူးပါတယ်။ မင်းတို့က အတုတွေ မီးရှို့တော့ သေပြီးသားသူက အတုတွေပဲ ရမှာပေါ့။ အစစ် ရှို့မှ သေပြီးသားသူက အစစ်ရမှာပေါ့ မဟုတ်ဘူးလား။ လို့ မေးတော့ ကျွန်တော့် သူငယ်ချင်းက ဘာမှ ပြန်မပြောပဲ ရယ်နေပါတယ်။ နောက်တော့ သူက တခါတလေတော့လည်း တကယ် ရယ်စရာ ကောင်းတယ်ကွ ဆိုပြီး သူ့ အမေအကြောင်းကို ပြောပြပါတယ်။ သူ့အဖေ မသေခင်တုန်းက ခရီး အတော်သွားတယ်လို့ ပြောပါတယ်။ သူ့အမေက သူ့အဖေ သုံးဖို့ ပစ္စည်းတွေကို မီးရှို့ပြီး ပို့ပေးတတ်ပါတယ်။ တစ်နေ့ တမလွန်က လူတွေအတွက် ပစ္စည်းတွေ ရောင်းတဲ့ဆိုင်ကို သွားရင်း ပတ်စ်ပို့ စာအုပ်တွေ့လို့ ဝမ်းသာအားရနဲ့ ဝယ်လာပြီး သူ့အဖေအတွက် မီးရှို့ပေးတယ် ပြောပါတယ်။ ကျွန်တော့် သူငယ်ချင်းကတော့ သေပြီးတာတောင်မှ ခရီးသွားဖို့ ပတ်စ်ပို့က လိုသေးသလားကွာ လို့ ပြောပြီး ရယ်ပါတယ်။

ကျွန်တော်တို့ မြန်မာပြည်မှာတင် ၄၅ ကျပ်တန် ၉၀ တန်လို ထူးထူးခြားခြား ပိုက်ဆံတွေ ရှိတာမဟုတ်ပါဘူး။ ငရဲပြည်သုံး ပိုက်ဆံမှာလည်း ၈ ဘီလျံတန် ရှိပါတယ်။ ၈ ဂဏန်းကို တရုတ်လူမျိုးတွေက ကံကောင်းတဲ့ ဂဏန်းလို့ အယူရှိတဲ့အတွက် ၈ ဘီလျံတန် ပိုက်ဆံ လုပ်ထားတာလို့ ပြောကြပါတယ်။ အဲဒီလို ၈ဘီလျံတန်တွေကို အုပ်လိုက် မီ:ရှို့လေ့ ရှိကြပါတယ်။ အနောက်တိုင်းသား စီးပွားရေး ပညာရှင် တစ်ယောက်ကတော့ ငရဲပြည်မှာ ပိုက်ဆံတွေ အဲဒီလောက် ပေါနေရင် ငွေကြေးဖောင်းပွပြီး ပေါင်မုန့်တစ်လုံးကို သန်းနဲ့ချီပေးပြီး စားရမှာပေါ့ လို့ တွက်ပြပါတယ်။ ငရဲပြည်သုံး ပိုက်ဆံနဲ့ ပတ်သက်ပြီး သတိပေးစရာ တစ်ခု ရှိပါတယ်။ တရုတ်လူမျိုးတွေ အနေနဲ့ အဲဒီပိုက်ဆံကို ငရဲပြည်မှာ သုံးဖို့ဆိုပြီးတော့သာ ရည်ရွယ်ကြပါတယ်။ အဲဒီတော့ လူအချင်းချင်း နောက်ပြောင်ပြီး ပေးတာကို လုံးဝ မကြိုက်ကြပါဘူး။ လူတစ်ယောက်ကို ငရဲပိုက်ဆံ ပေးတာဟာ အဲဒီလူကို သေဖို့ ကျိန်ဆဲတာနဲ့ အတူတူပဲလို့ တချို့က ယူဆကြပါတယ်။ အဲဒီလို ယုံကြည်ထားတဲ့ သူငယ်ချင်း မိတ်ဆွေတွေကို သွားပြီး မစမိအောင် သတိထား နိုင်ကြဖို့ပါ။

ဒီလက တရုတ်ပြက္ခဒိန်မှာ ၇ လမြောက် ဒါမှမဟုတ် သရဲလ ပါ။ အဲဒီအတွက် ငရဲပြည် တံခါးပွင့်ပြီး သရဲတွေ ကမ္ဘာပေါ်ကို အစာလာရှာကြတယ်လို့ တရုတ်လူမျိုးတွေမှာ အယူအဆ ရှိကြပါတယ်။ အဲဒါကြောင့် ဗိုက်ဆာနေသော သရဲများ ပွဲတော် (Hungry Ghost Festival) ကို ကျင်းပကြပါတယ်။ ကွယ်လွန်ပြီးသား ဆွေမျိုးသားချင်းတွေကို ဖိတ်ပြီး အစားအသောက်တွေ ကျွေးကြပါတယ်။ မြန်မာပြည်မှာတော့ တစ္ဆေကြီးပွဲလို့ ခေါ်ကြပါတယ်။ ငယ်ငယ်တုန်းကတော့ အဖိုးအဖွားတွေ တစ္ဆေကြီးပွဲ လုပ်တာ ကြုံဖူးပါတယ်။ အိမ်မှာ အစားအသောက်တွေ အလျှံပယ်ချက် နောက်ပြီးရင် ကွယ်လွန်ပြီးသား ဆွေမျိုးသားချင်းတွေ ရဲ့ အမည်ကို စာရွက်နဲ့ ရေးပြီး လာစားဖို့ ဖိတ်ကြပါတယ်။ လူစုံမစုံ သိချင်ရင် ကျပ်စေ့သုံးစေ့ကို ပစ်ပြီး စစ်ကြပါတယ်။ ကျပ်စေ့ သုံးစေ့လုံးက ခေါင်းချည်းပဲ ကျရင် လူစုံပြီလို့ သတ်မှတ်ကြပါတယ်။ ငယ်ငယ်ကတော့ အဖိုးက ကျပ်စေ့ သုံးစေ့ ပစ်တာကို ပိုက်ဆံကြဲတယ်ကွ ဆိုပြီး ဝိုင်းလုလို့ အဆူခံရဖူးပါတယ်။ :D

စင်ကာပူမှာတော့ ၇ လပိုင်းနဲ့ ပတ်သက်ပြီးတော့ အတော်လေး အယူသည်းကြပါတယ်။ အခုလက သရဲလဆိုတော့ သရဲတွေ လျှောက်သွားနေတယ်လို့ ယုံကြည်ကြပါတယ်။ သရဲတွေကို ဖျော်ဖြေဖို့ လမ်းဘေးမှာ စင်ထိုးပြီး ဇာတ်ပွဲတွေ လုပ်ကြပါတယ်။ အဲဒီလို ပွဲတွေကို ဝါရမ်ပွဲ (Wayang Show) လို့ ခေါ်ကြပါတယ်။ ရှေ့ဆုံး ၃တန်းကို ဒီပွဲမှာ ဗွီအိုင်ပီ ဖြစ်တဲ့ သရဲတွေကြည့်ဖို့ ချန်ထားရပါတယ်။ စလုံးက တရုတ်လူမျိုးတွေက ၇ လပိုင်းမှာ အိမ်တွေ ကားတွေ ဝယ်လေ့ မရှိကြပါဘူး။ မင်္ဂလာဆောင်လို အခမ်းအနားမျိုးကိုလည်း လုပ်လေ့ လုပ်ထ မရှိကြပါဘူး။ ရေကူးချင်တယ် ဆိုရင်တော့ ဒီလဟာ ရေကူးကန်မှာ လူအချောင်ဆုံး လပါပဲ။ စလုံးတွေ အတော်များများက သရဲက ရေနှစ်သတ်မှာစိုးလို့ ဒီလမှာ ရေကူးဖို့ ရှောင်ကြပါတယ်။ ညဖက်ဆိုရင်လည်း ကလေးတွေကို အပြင်မလွှတ်ကြပါဘူး။ သရဲက ဝင်ပူးမှာ စိုးလို့ပါ။

ဒီနှစ်မှာတော့ ထူးထူးခြားခြား သတင်းတစ်ခု ဖတ်လိုက်ရပါတယ်။ မကြာခင်မှာ ဖွင့်တော့မယ့် စင်ကာပူ က မရီနာဘေး (Marina Bay) ကက်စီနိုနဲ့ အပြိုင် စင်ကာပူ ကုမ္ပဏီတစ်ခုက သရဲတွေ ကစားဖို့အတွက် ကက်စီနိုတစ်ခု ဆောက်ပြီး ငှားနေတယ် ဆိုတဲ့ သတင်းပါ။ အဲဒီကက်စီနိုကို ဆောက်ဖို့ စင်ကာပူ ဒေါ်လာ ၆၅၀၀ ကုန်တယ်လို့ ဆိုပါတယ်။ ကက်စီနိုမှာ ရောက်လက် (Roulette)၊ ဘလက်ဂျက် နဲ့ ဂျက်ပေါ့ စက် (Jackpot Machine) တွေ ရှိပါတယ်။ မရီနာဘေး ကက်စီနိုက အနားမှာ အေတီအမ် စက် ထားမပေးဘူး ဆိုပေမယ့် သရဲကက်စီနို ရဲ့ အပြင်ဘက်မှာ အေတီအမ် စက် ထားပေးထားပါတယ်။ အေတီအမ် တောင် ပေါ့သေးသေး အေတီအမ် မဟုတ်ပါဘူး။ အေတီအမ်ရဲ့ အထက်မှာ လုံခြုံရေး ကင်မရာပါ တပ်ထားပါသေးတယ်။ အဲဒီ ကက်စီနိုကို နာရီပိုင်းနဲ့ ငှားချင်ရင် စင်ကာပူ ဒေါ်လာ ၁၀၀၀ ကျော် ပေးရမယ် လို့ ဆိုပါတယ်။ သရဲ ကက်စီနိုရဲ့ ဗွီဒီယိုကို ကြည့်ချင်ရင် အောက်မှာ လင့်ခ် ရေးပေးလိုက် ပါတယ်။

သရဲကက်စီနို အပိုင်း(၁)

သရဲကက်စီနို အပိုင်း(၂)

သရဲကက်စီနို အပိုင်း(၃)


Image Source: http://www.pennylicious.com/2006/07/18/hell-money/

Tuesday, September 1, 2009

ယုန်မြင်လို့ ချုံထွင်ပေမယ့်

အမှန်တကယ်ကတော့ ဒီနေ့က သူတို့ကျောင်းက ကျောင်းသားဟောင်းတွေ စင်ကာပူမှာ ပြန်ဆုံတဲ့ ပျော်ပွဲစား နေ့ပါ။ သူငယ်ချင်းတွေနဲ့ ပြန်ဆုံလို့ ပျော်ရမယ့်အစား အလွန် အကြွားသန်တဲ့ ဥက္ကာ ဆိုတဲ့ ငနဲသား တစ်ကောင်ကြောင့် ကောင်မလေးတွေ အားလုံး စိတ်ပိန် နေကြပါတယ်။ ဥက္ကာဆိုတဲ့ ပုဂ္ဂိုလ်က သူမိန်းမကျမ်း ဘယ်လို ကြေတယ် ဆိုတဲ့ အကြောင်း၊ သူ့ကို ကောင်မလေးတွေ ဘယ်လို ဝိုင်းကြိုက်ကြတဲ့ အကြောင်း၊ သူ့မှာ များလွန်းလို့ အချိန်ကိုက်အောင် မနည်း လုပ်နေရတဲ့ အကြောင်း၊ တခါတလေတော့ စိတ်ညစ်လွန်းလို့ ပတ်ပြေးနေရတယ် ဆိုတဲ့ အကြောင်းတွေ အော်ကျယ်အော်ကျယ်နဲ့ ပြောပြီး ကြွား နေပါတယ်။

သူ့ကို ကြည့်ပြီး ကောင်မလေးတွေ နှာခေါင်းရှုံ့ ကြပါတယ်။ နန္ဒာဆိုတဲ့ ကောင်မလေးက သူ့ဘေးက ကြည်ပြာဆိုတဲ့ ကောင်မလေးကို ကပ်ပြီး ပြောပါတယ်။
"ဟဲ့။ အဲဒီ ဥက္ကာဆိုတဲ့သူက သူ့ပုံစံ နဖူးပြောင်ပြောင် တိုက်ဂေါကြီးနဲ့ ကောင်မလေးတွေ ဝိုင်းနေတယ် ဆိုတာ ဖြစ်နိုင်ပါ့မလား။"
"အလကား။ လျှောက်ဖောနေတာ နေမှာပါ။ တကယ် ရှုပ်တဲ့သူက လူရှေ့သူရှေ့ အဲဒီလို ပြောမလားဟဲ့။ ဒီလောက် ကောင်မလေးတွေ အများကြီးကြားမှာ။ ဂွင်ပိတ်သွားမှာပေါ့။"
"အေးလေဟာ။ ဘာပဲဖြစ်ဖြစ်။ ဟုတ်တယ်ပဲ ထားဦး။ ဒီလောက် မိန်းကလေးတွေ အများကြီး ကြားထဲမှာ အဲဒီလို ပြောတာ အမြင်ကတ်စရာ ကောင်းတယ်။"
"နေဦး။ သူပြောသလောက် တကယ် စွမ်းမစွမ်း ငါတို့ နည်းနည်း စမ်းကြည့်ကြရအောင်။"
"ဟဲ့ ကြည်ပြာ။ နင်ဘာတွေ ပေါက်ကရကြံနေပြန်ပြီလဲ။ ငါ့ကို ပြောစမ်း။"
ကြည်ပြာက နန္ဒာ့နားကို ကပ်ပြီး တိုးတိုးလေး သူ့အကြံကို ပြောတော့ နန္ဒာက သဘောကျသလို ဟက်ဟက်ပက်ပက် ရယ်ပါတယ်။

အဲဒီလိုနဲ့ သူတို့ မိတ်ဆုံစားပွဲပြီးလို့ တစ်ပတ်နှစ်ပတ်လောက် ကြာသွားပါတယ်။ တစ်နေ့မှာတော့ ကြည်ပြာနဲ့ နန္ဒာ နှစ်ယောက်သား ရှေးဟောင်းပစ္စည်း ဖြစ်တော့မယ့် အကြွေစေ့ထည့်တဲ့ ဖုန်းတစ်လုံးဘေးမှာ ခေါင်းချင်းဆိုင်ပြီး သူတို့ အကြံကို အကောင်အထည် ဖော်ဖို့ လုပ်နေပါတယ်။ ကြည်ပြာက ဥက္ကာရဲ့ ဖုန်းနံပါတ်ကို နှိပ်ပြီး ခေါ်လိုက်ပါတယ်။
"ဟဲလို"
"ဟုတ်ကဲ့။ ပြောပါ။"
"ကိုဥက္ကာလား မသိဘူး။"
"ဟုတ်ပါတယ်။ ဘယ်သူလဲ မသိဘူး။"
"အော်။ သမီးနာမည်က သန္တာပါ။ ကိုဥက္ကာတော့ သိမှာမဟုတ်ဘူး။ သမီးက ဒီနေ့မှ ရန်ကုန်က ရောက်တာလေ။ ရန်ကုန်က ကိုဥက္ကာ သူငယ်ချင်းတစ်ယောက်က ဖုန်းနံပါတ် ပေးလိုက်လို့ပါ။"
"ဟုတ်လား။ ဘယ်သူများလဲ မသိဘူး။"
"နာမည်အရင်းက ပါးစပ်ဖျားတင် မေ့နေတယ်။ ဟို အသားဖြူဖြူ ပိန်ပိန်နဲ့ အစ်မကြီးလေ။ သမီးတို့က မဂွက်လို့ ခေါ်ကြတာပဲ။"

ရန်ကုန်မြို့မှာ အသားဖြူဖြူ ပိန်ပိန်နဲ့ ကောင်မလေးတွေ အများကြီး ရှိပါတယ်။ အဲဒီလို ရမ်းပစ်လိုက်ရင် မှန်ဖို့ များပါတယ်။ ဥက္ကာဆိုတဲ့ ငနဲသားကလည်း အတည်ပေါက်နဲ့ သူတို့ဆင်ထားတဲ့ ဂွင်ထဲကို တည့်တည့်ကြီး စွပ်ဝင်လာပါတယ်။
"အော်။ သိင်္ဂီ ကို ပြောတာလား မသိဘူး။"
"ဟုတ်မယ်ထင်တယ်။ သမီးတို့နဲ့က တိုက်ရိုက်သိတာ မဟုတ်ဘူး။ကြားက သူငယ်ချင်းတစ်ယောက်ကနေ တစ်ဆင့် သိတာ။ အဲဒီ အစ်မကြီးက စလုံးမှာ သူ့သူငယ်ချင်း ဥက္ကာ ဆိုတာ ရှိတယ်။ အရမ်း သဘောကောင်းတယ်။ လိုတဲ့ အကူအညီ ရှိရင် တောင်းလိုက်ပါ ဆိုလို့။ သမီးကလည်း ဒီနေ့မှ ရောက်တာလေ။ ဆွေမျိုးသားချင်း လည်း မရှိဘူး။ အခုတည်းတဲ့ အိမ်ကလည်း စလုံးတွေ ချည်းပဲ ဆိုတော့ သူပြောတာ နားမလည် ကိုယ်ပြောတာ သူနားမလည် ဖြစ်နေလို့။"
"အော်။ အေး။ ဟုတ်လား ကူညီရမှာပေါ့။ အကို ဘာအကူအညီပေးရမလဲ ပြောလေ။"
ဥက္ကာကတော့ စားနေကြ ကြောင်ဖားကြီး အသံနဲ့ ညီမငှေးကို အကိုကြီးက ကိုယ်ဖိရင်ဖိ စောင်မကြည့်ရှုပါ့မယ် ဆိုတဲ့ လေသံမျိုး ပြောနေပါတယ်။

"အားတော့ နားတယ် အစ်ကိုရယ်။ အခု လောလောဆယ် ညီမ ပိုက်ဆံလဲဖို့လည်း ဘယ်မှာ သွားလဲ ရမလဲ မသိဘူး။ တယ်လီဖုန်း ဝယ်ချင်တာလည်း ဘယ်မှာ ဝယ်ရမလဲ မသိဘူး။ အစ်ကို အိမ်နဲ့ နီးမလား မသိဘူး။ အစ်ကို့အိမ်နဲ့ နီးရင်တော့ တစ်ချက်လောက် လိုက်ပြ ပေးပါလား။"
"ဟာ။ ညီမလေးကလည်း ဘာအားနာ စရာ ရှိလဲ။ ကိုယ့်ြမန်မာ အချင်းချင်းပဲ။ ကူညီရမှာပေါ့။"
နန္ဒာက ဘေးကနေပြီး "ဟဲ့။ ပင်နင်ဆူလာမှာ တို့မြန်မာတွေ အများကြီးရှိတယ်။ သွားကူညီလိုက်ပါလားလို့ ပြောလိုက်ပါလား။" လို့ တိုးတိုး ကပ်ပြောလိုက်တော့ သူတို့နှစ်ယောက်လုံး ဖုန်းခွက်ကို လက်နဲ့ အုပ်ပြီး အသံမထွက်အောင် ရယ်ကြပါတယ်။ ကြည်ပြာက နောက်မျက်နှာပိုးသတ်ပြီး ဆက်ပြောပါတယ်။
"ညီမ အခုနေတဲ့ နေရာက ဘူတာရုံနားပဲ။ လိပ်စာကတော့ အိမ်မှာ ကျန်ခဲ့တယ်။ ဘူတာရုံက P နဲ့ စတာပဲ။ ဘာဆိုလဲ မသိဘူး။"
အမှန်တကယ်က သူတို့ အခုရောက်နေတဲ့ နေရာက မြို့လယ်ခေါင်နားက ဘူဂစ်လို့ ခေါ်တဲ့နေရာပါ။ အဲဒါကို ဟိုဘက်က ရမ်းသမ်း ပြောပါတယ်။
"အော်။ ပွန်ဂေါလ် ဆိုတဲ့ နေရာလား။"
ကြည်ပြာကလည်း ရောကြိတ်ပါတယ်။
"ဟုတ်မယ် ထင်တယ် အစ်ကို။ အစ်ကို အိမ်နဲ့ နီးရင် ဘူတာရုံကို လာခဲ့ပါလား။ ညီမတို့ အဲဒီကနေ စောင့်နေမယ်လေ။ ဘယ်လောက် ကြာမလဲ။"
နန္ဒာ ပါးစပ်ကို အုပ်ပြီ: ခွိကနဲ ရယ်ပါတယ်။
"အား။ အစ်ကို က အနောက်ဖက်ကနေ လာရမှာ။ မိနစ် ၅၀ လောက်တော့ ကြာမယ်ထင်တယ်။"
"အဝေးကြီးလား။ အဲဒါဆိုလည်း နေပါစေ။ အားနာစရာကြီး။"
"ကိစ္စမရှိပါဘူး။ အခု ညီမတို့ကို ကူညီမယ့်သူမှ မရှိတာ။ ဘယ်လောက်ဝေးဝေး လာပြီး ကူညီရမှာပေါ့။ တစ်နာရီလောက်တော့ စောင့်ရမယ်နော်။ ဖြစ်တယ် မဟုတ်လား။"

နန္ဒာက နှာခေါင်းကို လက်နဲ့ ပွတ်ပြပြီး "အတော်မွှန်တာပဲဟ။" လို့ တိုးတိုးပြောပြီး ရယ်ပါတယ်။
"ရပါတယ် အစ်ကို။ ညီမတို့က အကူအညီ လိုတာပဲ။ စောင့်ရမှာပေါ့။"
"အေးပါ။ မကြာပါဘူး။ အစ်ကို အမြန်ဆုံးလာခဲ့မယ်။"
"အော်။ ဟုတ်ပြီ အစ်ကို။ ညီမ မတွေ့ရင် နောက်တစ်နာရီ လောက်ကြာရင် ဖုန်းထပ်ဆက်လိုက်မယ်။"
"အေးအေး။ ကောင်းပြီ။"
ဖုန်းကိုချပြီးတော့ နန္ဒာက တဟားဟားနဲ့ အော်ရယ်ပါတယ်။ နောက်ပြီးတော့
"ဟဲ့ ကြည်ပြာ။ နင်အဲဒီ ဘဲကြီးကို ကောင်းကောင်း မောင်းလွှတ်လိုက်ပြီပေါ့။"
"သူ့ကိုယ်သူ လည်တယ် ပြောပြီး ကိုယ်နဲ့လည်း မသိပဲနဲ့ ဒီလောက် ကြောင်ချင်တာ။ ခံပေ့စေပေါ့ဟာ။ နေဦး။ မပြီးသေးဘူး။ နင်စောင့်ကြည့်ဦး။"

နောက် တစ်နာရီလောက် အကြာမှာတော့ ဥက္ကာဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက် စင်ကာပူ မြောက်ဖက်ဆုံး ပွန်ဂေါလ် ဘူတာရုံမှာ ဟိုကြည့်ဒီကြည့် ဟိုရှာ ဒီရှာနဲ့ မျောက်မီးခဲ ကိုင်မိသလို ဂဏှာမငြိမ် ဖြစ်နေပါတယ်။ နန္ဒာနဲ့ကြည်ပြာ နှစ်ယောက်သားတော့ ဈေးထဲမှာ ဟိုသွားဒီသွား ဟိုဟာဝယ် ဒီဟာဝယ်နဲ့ သူတို့ ကျပ်ထားတာကိုတောင် မေ့သလို ဖြစ်နေပါပြီ။ တစ်နာရီခွဲလောက်ကြာမှ နန္ဒာက
"ဟဲ့။ ဟိုဘဲကြီး အခုလောက်ဆို ပွန်ဂေါလ်မှာ ယောင်လည်လည် ဖြစ်နေလောက်ပြီ။"
"ဟယ်။ ဟုတ်ပါရဲ့။ ငါမေ့နေတယ်။ သူ့ကို နည်းနည်း ထပ်မောင်းရဦးမယ်။"
"ဘာလုပ် ဦးမလို့လဲဟ။"
"နေပါ။ နင် အသာကြည့်နေစမ်းပါ။"

ကြည်ပြာက အကြွေစေ့ဖုန်းကို ထပ်သွားပြီး ဥက္ကာ ဖုန်းနံပါတ်ကို နောက်တစ်ခေါက် ထပ်နှိပ်ပါတယ်။
"ဟဲလို။"
"ဟဲလို။ ကိုဥက္ကာ မရောက်သေးဘူးလား။ ညီမ စောင့်နေတာ ကြာလှပြီ။"
"ဟုတ်လား။ အကို ရောက်နေပြီလေ။ ဘယ်မှာလဲ။"
"ညီမ ဘူတာရုံ အဝင်အထွက် လုပ်တဲ့ နေရာမှာလေ။"
"ဟုတ်လား။ အကိုလည်း အဲဒီမှာပဲလေ။ မတွေ့ပါလား။"
"ညီမ အဲဒီမှာ ရပ်နေတာ နာရီဝက်လောက် ရှိသွားပြီ။"
"ဟုတ်လား။ ဒါနဲ့ ညီမ အခု ရောက်နေတာ ပွန်ဂေါလ် ဘူတာရုံ ဟုတ်ပါတယ်နော်။"
"နေဦး ခဏလေး။ ဆောရီး အစ်ကိုရေ။ မှားပြီ ထင်တယ်။ ပီအေ အက်စ်အိုင်အာ အာရ်အိုင်အက်စ် ဆိုလားပဲ။ ဘူတာရုံနာမည်က။"
" ဟာ။ သွားပါပြီကွာ။ အဲဒါ ပါဆားရစ်။ စင်ကာပူ အရှေ့ဖက်ဆုံးက ဘူတာရုံပဲ။"
"အစ်ကိုရယ်။ အားနာလိုက်တာ။ ထားလိုက်ပါတော့။ ညီမ ဘာသာပဲ မေးမြန်းပြီး လုပ်လိုက်ပါတော့မယ်။ အစ်ကိုလည်း အလကား အချိန်တွေ ကုန်တယ်။"
ဥက္ကာဆိုတဲ့ ပုဂ္ဂိုလ်ကတော့ ပေါက်တဲ့နဖူး မထူး ဒီလောက် လာပြီးမှတော့ မတွေ့ရရင် မပြန်ဘူး ဆိုတဲ့ ဇွဲမျိုးနဲ့
"ရပါတယ်။ ဒီလိုလည်း ဘယ်ဟုတ်မလဲ။ မှားတတ်တာပေါ့။ ခဏလေးထပ်စောင့်။ အကို အခု တက္ကစီ ငှားပြီး လာခဲ့မယ်။"
"အားနာစရာကြီး အကိုရယ်။ ပိုက်ဆံတွေ ကုန်နေပါဦးမယ်။ ကိစ္စက ဒီလောက်လည်း အရေး မကြီးပါဘူး။"
"အားမနာနဲ့။ အစ်ကိုက ကူညီချင်လွန်းလို့။ စောင့်နေနော်။ အကို နာရီဝက်လောက် ဆိုရင် ရောက်ပြီ။"

ဖုန်းကို ပြန်ချပြီးတော့ ကောင်မလေးနှစ်ယောက် လက်ဝါးချင်း ရိုက်ကြပါတယ်။ ကြည်ပြာက "ဒီလောက် မွှန်တာ ငါတော့ မကြုံဖူးပါဘူးဟယ်။" ဆိုပြီး အားရပါးရ ရယ်နေပါတယ်။
ဥက္ကာဆိုတဲ့ သကောင့်သား တစ်ယောက်တော့ ပါဆားရစ် ဘူတာရုံကို တက္ကစီနဲ့ လစ်ပါတော့တယ်။ ဟိုရောက်တော့ ဘယ်သူ့မှလဲ မတွေ့ရ။ ဖုန်းလာမလား မျှော်ပေမယ့်လည်း ဘယ်သူ့ဆီကမှမလာ နောက် တစ်နာရီလောက်ကြာမှ သူအကျပ်ခံလိုက်ရတယ်ဆိုတာကို သဘောပေါက်ပြီး ဆဲနည်းမျိုးစုံနဲ့ ပါးစပ်က ကြိတ်ဆဲနေပါတော့တယ်။

Thursday, August 27, 2009

Auto Roaming

Auto Roaming ဆိုတာက နိုင်ငံရပ်ခြားကို သွားတဲ့ အချိန်မှာ အခုလက်ရှိ သုံးနေတဲ့ ဖုန်းကိုပဲ ဆက်သုံးပြီး အဆက်အသွယ် လုပ်လို့ရတဲ့ ဝန်ဆောင်မှု တစ်မျိုးပါ။ ဈေးတော့ အတော်ကြီးပါတယ်။ ဒါပေမယ့်လည်း အလုပ်ကိစ္စနဲ့ သွားရတဲ့ အခါမျိုးမှာတော့ ကုမ္ပဏီက ဖုန်းဘီလ် ရှင်းပေးလေ့ ရှိတဲ့ အတွက် သုံးဖြစ်ပါတယ်။

အလုပ်စဝင်ခါစ အချိန်က အခြားသူတွေလို လကုန်မှ ပိုက်ဆံပေးရတဲ့ လိုင်းဖုန်းမျိုးမသုံးဘဲ ကတ်ဒ်ဝယ်ပြီး ဖြည့်ရတဲ့ Prepaid ဖုန်းကို သုံးပါတယ်။ အဲဒီအချိန်က စင်ကာပူမှာ သုံးတဲ့ ကတ်ဒ်ဖုန်းတွေအတွက် အော်တိုရုန်းမင်း မရပါဘူး။ မလေးရှားက စက်ရုံကို တချိန်လုံး သွားနေရတာဆိုတော့ ကုမ္ပဏီကို အမြဲတမ်း ဖုန်းပြန်ဆက်ပြီး စကားပြောနေရပါတယ်။ ဘော့စ်က လိုင်းဖုန်း လျှောက်ပါ။ ဖုန်းဘီလ် ပြန်ပေးပါ့မယ် ဆိုတာတောင် ဟိုရွှေ့ ဒီရွှေ့နဲ့ မလျှောက်ဖြစ်ပါဘူး။ နောက်ဆုံးတော့ ဘော့စ်လည်း စိတ်မရှည်တာနဲ့ ကုမ္ပဏီက ဖုန်းတစ်လုံး ထုတ်ပေးထားပါတယ်။

ကျွန်တော်ကတော့ အော်တိုရုန်းမင်းဆိုတာ ဈေးကြီးမှန်းသိတော့ မလေးရှား ရောက်နေတဲ့အချိန် တော်ရုံတန်ရုံ ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ ဖုန်းပြောလေ့ မရှိပါဘူး။ ကျွန်တော့် ဖုန်းကို အမြဲခေါ်နေကျ သူတွေ ဆိုရင်တော့ စင်ကာပူမှာ ရှိသလား မရှိဘူးလား ဆိုတာကို ဖုန်းခေါ်သံ နားထောင်တာနဲ့ သိကြပါတယ်။ ဖုန်းခေါ်လိုက်ရင် မြည်တဲ့အသံက မလေးရှားမှာ ဆိုရင် တစ်မျိုးပါ။ စင်ကာပူမှာ ရှိနေတဲ့ အချိန်နဲ့ မတူပါဘူး။ သူငယ်ချင်း အတော်များများကတော့ မသိကြလို့ နိုင်ငံခြား ရောက်နေရင်လည်း မကိုင်မချင်း ခေါ်ကြတာပါပဲ။ ကုမ္ပဏီ ပိုက်ဆံနဲ့ ပြောရတာဆိုတော့ အားနာပါနားနဲ့ လိုရင်း ကိစ္စလောက်ပဲ ပြောဖြစ်ပါတယ်။ အော်တိုရုန်းမင်းနဲ့ ပြောထားသမျှ ဖုန်းနံပါတ်တွေ အားလုံးက ဖုန်းဘီလ်ထဲမှာ ပါတာဆိုတော့ ဘယ်ဟာက အလုပ်ကိစ္စ ဘယ်ဟာက ကိုယ်ရေးကိုယ်တာ ကိစ္စဆိုတာ နံပါတ်ကို ကြည့်တာနဲ့ သိသာပါတယ်။ ဒါပေမယ့်လည်း ဘော့စ်ဆီကနေ တစ်ခါမှတော့ ကွန်ပလိန်း မလာပါဘူး။ နောက်တော့မှ ဘော့စ် ဘာလို့ ကွန်ပလိန်း မတက်သလဲ ဆိုတာကို သဘောပေါက်ပါတယ်။ ကျွန်တော့်လိုပဲ ကုမ္ပဏီက ဖုန်းထုတ်ပေးထားတဲ့ ဆားဗစ်အင်ဂျင်နီယာ နောက်တစ်ယောက် ရှိပါတယ်။ သူ့ ဖုန်းဘီလ်က တစ်လကို စင်ကာပူ ဒေါ်လာ ၁၀၀၀ ကျော် တခါတလေ ၂၀၀၀ နီးပါးအထိ ကျပါတယ်။ ကိုယ်ရေးကိုယ်တာ ပြောထားတာလည်း မနည်းမနောပါပဲ။ ဒါကြောင့် သူနဲ့ ယှဥ်လိုက်ရင် ကျွန်တော့် လို တစ်နေ့ကို ၅ မိနစ် ၁၀ မိနစ်လောက် ကိုယ်ရေးကိုယ်တာ ကိစ္စ ပြောတာကိုတော့ ကုမ္ပဏီက ပျင်းတောင် ပျင်းသေးတယ် လို့ ထင်မှာပါ။

တစ်ခါတော့ ဖိလစ်ပိုင်ကို ရက်ရှည် သွားမိတာ ဖုန်းဘီလ် မဆောင်သွားမိပါဘူး။ ဖိလစ်ပိုင်ရောက်ပြီး ၁၀ ရက်လောက်နေတော့ ဖုန်းက ပြတ်သွားပါတယ်။ စင်ကာပူကို ဖုန်းဆက်ြပီး ဖုန်းဘီလ်ဆောင်ခိုင်းပေမယ့်လည်း အော်တိုရုန်းမင်းက ပြန်မပွင့်တော့ပါဘူး။ စင်ကာပူကို တစ်ပတ်လောက် ခဏပြန်ပြီး နောက်တစ်ခေါက် ပြန်လာမှပဲ အော်တိုရုန်းမင်းနဲ့ ဖုန်းကို ပြန်ပြောလို့ရပါတယ်။

အော်တိုရုန်းမင်းမှာ အထွက်ကောလ်တွေက အဝင်ကောလ်ထက် ၂ ဆ ကျော်လောက် ဈေးကြီးပါတယ်။ နည်းနည်းလေး လူရည်လည်လာတော့ အော်တိုရုန်းမင်းကို ဒီအတိုင်း မပြောတော့ဘဲ Smart Roaming သုံးပြီး ပြောပါတယ်။ စမတ် ရုန်းမင်း ဆိုတာကတော့ အထွက်ကောလ်ကို အဝင်ကောလ် ဖြစ်အောင် လုပ်ပြီး ပြောတာပါ။ ကိုယ်က ဖုန်းခေါ်စရာ မလိုပဲ ကိုယ်ခေါ်ချင်တဲ့ ဖုန်းနံပါတ်ကို မက်ဆေ့ အနေနဲ့ ပို့ရပါတယ်။ ဥပမာအားဖြင့် ကျွန်တော်သုံးနေကျ ဖုန်းလိုင်းရဲ့ စမတ်ရုန်းမင်း နံပါတ်က နိုင်ငံအတော်များများမှာ 108 ပါ။ အဲဒီတော့ ကျွန်တော်က နိုင်ငံခြားရောက်နေတဲ့အချိန် စင်ကာပူနံပါတ် 6223 8888 ကို ခေါ်ချင်တယ်ဆိုရင် ဖုန်းမှာ *108*6562238888# လို့ ရိုက်ပြီး ဖုန်းခေါ်တဲ့ ခလုပ်ကို နှိပ်လိုက်ရပါတယ်။ (အဲဒါက ကျွန်တော့်ဖုန်းနံပါတ် မဟုတ်ပါဘူး။ စင်ကာပူ လေကြောင်းလိုင်းရဲ့ ဖုန်းနံပါတ်ပါ။ :D ) အဲဒါဆိုရင် တခြားဘက်က ဖုန်းကို အလိုအလျောက် ခေါ်ပေးပြီး တခြားဖက်က ဖုန်းကိုင်တာနဲ့ ကျွန်တော့်ဖုန်းမှာ ပြန်မြည်ပါတယ်။ တခြားဖက်က ဖုန်းမကိုင်မချင်း ၂ ခါ ၃ ခါ ခေါ်ပေးတတ်ပါတယ်။ တခြားဖက်မှာတော့ "International call in progress. Please Wait" ဆိုတာမျိုးကို ဖုန်းကိုင်တာနဲ့ ကြားရတတ်ပါတယ်။ အဲဒီလို စမတ်ရုန်းမင်းနဲ့ ပြောတဲ့အတွက် ဖုန်းဘီလ်က တစ်ဝက်လောက် သက်သာပါတယ်။

နိုင်ငံရပ်ခြားကို ရက်ရှည်လများ သွားမယ့်သူတွေ အတွက်တော့ ပိုပြီးတော့ သက်သာတဲ့ နည်းရှိပါတယ်။ VOIP လို့ခေါ်တဲ့ အင်တာနက်ဖုန်း ဝန်ဆောင်မှုပါ။ ဥပမာအားဖြင့် မလေးရှားကို ရက်ရှည်သွားမယ်ဆိုရင် မလေးရှား ရောက်တာနဲ့ မလေးရှားက ဆင်းမ် (SIM) ကတ်ဒ်တစ်ခု ဝယ်ပြီး VOIP ဝက်ဘ်ဆိုဒ်မှာ အဲဒီဖုန်းနံပါတ်ကို လက်ရှိဖုန်းနံပါတ် အဖြစ် ရိုက်ထည့်ပေးထားရပါတယ်။ ကိုယ့်ဖုန်းကိုတော့ VOIP ဝက်ဘ်ဆိုဒ် ကို Divert လုပ်ထားပေး ရပါတယ်။ အဲဒါဆိုရင် ကိုယ့်ဆီကို လာသမျှ အဝင်ကောလ်အားလုံးကို အဲဒီနံပါတ်ကနေ တဆင့် ခေါ်ပေးတဲ့အတွက် IDD အတွက်ပဲ ပေးရပါတယ်။ ရုန်းမင်း အတွက် ပေးစရာ မလိုပါဘူး။ ဖုန်းခက အများကြီး သက်သာပါတယ်။

ရုန်းမင်းနဲ့ ပတ်သက်ပြီး မှတ်မှတ်ရရ မြိန်နေအောင် တစ်ခါ ခံခဲ့ရဖူးပါတယ်။ အဲဒီတုန်းက ပိုလန်မှာပါ။ ကျွန်တော် ရောက်နေတဲ့ အချိန် ပိုလန်က ဂျီအက်စ်အမ် ကွန်ယက်က ဘာဖြစ်နေသလဲတော့ မသိပါဘူး။ အဝင်ကောလ်တွေ အားလုံး ဝင်ပြီးတာနဲ့ ပြတ်သွားပါတယ်။ နံပါတ်ပဲ မြင်ရပါတယ်။ စမတ်ရုန်းမင်းလည်း မရပါဘူး။ အဲဒါနဲ့ ဝင်သမျှ အရေးကြီးမယ်ထင်တဲ့ ဖုန်းတွေ အားလုံး ပြန်ခေါ်ရပါတယ်။ ကိစ္စရှိတာနဲ့ ရန်ကုန်ကိုလည်း ခေါ်ဖြစ်ပါတယ်။ ရန်ကုန် ကို ခေါ်သမျှ တစ်မိနစ်ကို ၄.၅ ဒေါ်လာနှုန်းနဲ့ ရှင်းရပြီး စင်ကာပူကို ခေါ်သမျှ တစ်မိနစ် ၃ ဒေါ်လာနီးပါး ရှင်းရပါတယ်။ ဖုန်းဘီလ်ထွက်လာတော့ တစ်ပတ်တည်းနဲ့ ဒေါ်လာ ၄၀၀ ကျော် ထိသွားပါတယ်။ စင်ကာပူကောလ်တွေ အတွက် ရုံးက ပြန်တောင်းလို့ ရလို့ တော်ပါသေးတယ်။

ကျွန်တော်တို့ ဩစတေးလျ ရောက်နေတဲ့ အချိန်တုန်းကတော့ အဖွဲ့ခေါင်းဆောင်က သတိပေးပါတယ်။ ရုန်းမင်း ဖွင့်ထားတဲ့သူတွေ မက်ဆေ့ မပို့ဘဲ ကိစ္စရှိရင် အချင်းချင်း ဖုန်းခေါ်ကြဖို့ပါ။ စင်ကာပူက လူတွေ တချိန်လုံး မက်ဆေ့ပို့တတ်တဲ့ အကျင့်ကို သိထားလို့လည်း ပါပါတယ်။ မက်ဆေ့ပို့တတ်တဲ့သူတွေ အတွက်တော့ ရုန်းမင်း သုံးတဲ့အချိန် သတိထားဖို့ လိုပါတယ်။ ရုန်းမင်းမှာ ဘယ်နိုင်ငံပဲ ဖြစ်ြဖစ် မက်ဆေ့အတွက် နှုန်းတစ်ခုတည်း ရှိပါတယ်။ တစ်ခုကို ၆၀ ဆင့် ထင်ပါတယ်။ အဲဒီတော့ ကိစ္စ ရှိရင် မက်ဆေ့ အပြန်အလှန် ပို့မယ့် အစား ဖုန်းခေါ်လိုက်တာက ပိုပြီး သက်သာပါတယ်။

တစ်ခါကတော့ ကုမ္ပဏီမှာ ပရော့ဂျက်တွေ အရမ်းများနေတဲ့ အချိန် ရန်ကုန်ပြန်တော့ မေးစရာ ရှိရင် လှမ်းမေးလို့ရအောင် ရန်ကုန်မှာ သုံးမယ့် ဖုန်းနံပါတ် ကုမ္ပဏီကို ပေးထားခဲ့ပါတယ်။ ကုမ္ပဏီကတော့ မြန်မာပြည်မှာ ရုန်းမင်း သုံးမရဘူး ဆိုလို့ တအံ့တဩ ဖြစ်နေပါတယ်။ မြန်မာပြည်မှာ ရုန်းမင်းက သုံးမရတာ မဟုတ်ပါဘူး။ သုံးချင်ရင် သုံးလို့ရတဲ့နည်းရှိပါတယ်။ ကိုယ့်ကို ဝန်ဆောင်မှုပေးတဲ့ ဖုန်းကုမ္ပဏီကနေ ဂြိုဟ်တုဖုန်း ငှားသွားလို့ ရပါတယ်။ အဲဒါဆိုရင် အခုလက်ရှိ သုံးနေတဲ့ ဖုန်းနံပါတ်နဲ့ ရန်ကုန်မှာ ဆက်သုံးလို့ရပါတယ်။ ဖုန်းငှားခကတော့ မသက်သာပါဘူး။ တစ်ပတ်ကို စင်ကာပူ ဒေါ်လာ ၂၀ ကျော် ပေးရပါတယ်။ ရန်ကုန်မှာ ပြောတဲ့အချိန် အဝင်ကောလ်အတွက် တစ်မိနစ်ကို ယူအက်စ်ဒေါ်လာ ၆၀ ဆင့် အထွက်ကောလ်အတွက် တစ်မိနစ်ကို ယူအက်စ်ဒေါ်လာ ၁ဒေါ်လာနဲ့ ၈၀ ဆင့် လောက် ကျပါတယ်။ ကျွန်တော်သုံးတဲ့ ဖုန်းကုမ္ပဏီက အင်တာနက်စာမျက်နှာမှာတော့ အလွန်ဝေးလံခေါင်ဖျားတဲ့ မြန်မာတို့ သီရိလင်္ကာတို့လို နိုင်ငံမျိုးကို သွားမယ်ဆိုရင် ဂြိုဟ်တုဖုန်း ငှားလို့ရတယ်လို့ ရေးထားပါတယ်။ လေယာဉ်ပျံနဲ့သွားရင် ၃ နာရီ မကြာတဲ့ မြန်မာပြည်က ဘယ့်နှယ့်ကြောင့် ဝေးလံခေါင်ဖျားတဲ့နေရာ (Remote Location) ဖြစ်နေရသလဲတော့ မသိပါဘူး။

ရုန်းမင်း သုံးမရတဲ့ နောက်တစ်နိုင်ငံကတော့ ဂျပန်ပါ။ ကျွန်တော် တိုကျို နာရီတာမှာ ထရန်စစ် ဝင်တဲ့အချိန်တိုင်း ဖုန်းခေါ်ဖို့ အကြိမ်ကြိမ် ကြိုးစားကြည့် ဖူးပါတယ်။ တစ်ခါမှ မရဖူး ပါဘူး။ နောက်မှ သိရတာက ဂျပန်မှာ သုံးတဲ့ စနစ်က ဂျီအက်စ်အမ် စနစ် မဟုတ်လို့ ဆိုတာ သိရပါတယ်။ ပိုဆိုးတာက ဟင်းန်ဖုန်း မသုံးဘဲ အများသုံးဖုန်းကို သုံးဖို့ ကြိုးစားတော့လည်း ဂျပန် အများသုံးဖုန်းများက စင်ကာပူ ခရက်ဒစ်ကတ်ဒ်ကို လက်မခံပါဘူး။ :D

နည်းပညာ အနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဖုန်းတစ်လုံးကို နိုင်ငံရပ်ခြားမှာ ပါဝါ ဖွင့်လိုက်မယ်ဆိုရင် ကိုယ့်ရဲ့ ဆင်းမ်ကတ်ဒ် နံပါတ်က အဲဒီနိုင်ငံမှာ ရှိတဲ့ ကွန်ယက်ကို ဆက်သွယ်ပါတယ်။ ဆင်းမ်ကတ်ဒ်နံပါတ် ကနေတဆင့် အဲဒီဖုန်းဟာ ဘယ်နိုင်ငံမှာ မှတ်ပုံတင်ထားသလဲ ဆိုတာကို အဲဒီနိုင်ငံရဲ့ ကွန်ယက်က သိပါတယ်။ အဲဒီတော့ မှတ်ပုံတင်ထားတဲ့ နိုင်ငံကို ဆက်သွယ်ပြီး ဒီဖုန်းဟာ ရုန်းမင်းဖွင့်ထားတာ ဟုတ်မဟုတ် အလိုအလျောက် စစ်ကြည့်ပါတယ်။ ရုန်းမင်းဖွင့် ထားတာ ဟုတ်တယ်ဆိုရင် ဖုန်းကွန်ယက်က လိုင်းကို ဖွင့်ပေးပါတယ်။

မှတ်မှတ်ရရ ရန်ကုန်မှာ အော်တိုရုန်းမင်း တစ်ခါပွင့် ဖူးပါတယ်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက် ကြုံလိုက်ရပါတယ်။ ရန်ကုန်မှာ ဗုဒ္ဓဘာသာ ညီလာခံ ရှိနေတဲ့ အချိန်ပါ။ မင်္ဂလာဒုံ လေဆိပ် ရောက်လို့ ဖုန်းဖွင့်လိုက်တာနဲ့ မလေးရှားမှ ကြိုဆိုပါတယ် ဆိုပြီး မက်ဆေ့ ဝင်တယ်လို့ ဆိုပါတယ်။ မလေးရှား ဖုန်းကုမ္ပဏီ တစ်ခုက ဝန်ဆောင်မှု ပေးတာကြောင့် ဖြစ်နိုင်ပါတယ်။ စင်ကာပူက ဖုန်းကို သုံးပြီး ဈေးသက်သက်သာသာနဲ့ ပြောခွင့်ရလိုက်တယ်လို့ သူက ပြောပါတယ်။ အကြောင်းမသိတော့ နောက်တစ်လ ရန်ကုန်ပြန်သွားတဲ့ သူငယ်ချင်းက ထပ်ပြီ: စမ်းကြည့်ပေမယ့် အဲဒီတစ်ခါတော့ ရုန်းမင်း မရတော့ ပါဘူး။ ကျွန်တော်တို့ ပြည်မြန်မာလည်း ဘယ်သောအခါမှ နိုင်ငံတကာ အဆင့်မီ ရုန်းမင်း သုံးလို့ရတဲ့ နိုင်ငံဖြစ်မလဲ ဆိုတာကို တွေးကြည့်မိပါတယ်။ ဖြစ်နိုင်တာကတော့ အိုင်ဒီဒီ နှုန်းတွေ ကမ္ဘာ့ အဆင့်မီ ဖြစ်တဲ့အချိန် ဆင်းမ်ကတ်ဒ်တန်ဖိုးတွေ ကမ္ဘာ့ အဆင့်မီ ဖြစ်တဲ့အချိန် ရောက်ရင်တော့ မြန်မာပြည်လည်း အော်တိုရုန်းမင်း သုံးလို့ ရလာမှာပါ။

Thursday, August 20, 2009

ရောင်းကုန်တွေ ပုံစံကွဲရတဲ့ အကြောင်းရင်း

ကုန်ပစ္စည်းတွေရဲ့ ဒီဇိုင်းတွေဟာ ဘာဖြစ်လို့ တစ်ခုနဲ့ တစ်ခု မတူဘဲ သီးသန့် ပုံသဏ္ဌန်တွေ ဖြစ်နေကြရတာလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းတဲ့ မေးခွန်းတစ်ခုပါ။ CD နဲ့ DVD တွေ အရွယ်အစားချင်း တူရဲ့သားနဲ့ ဘာလို့ CD တွေရဲ့ ဘူးခွံကသေးပြီး DVD တွေ ရဲ့ ဘူးခွံက ကြီးနေရတာလဲ။ အမျိုးသားတွေ ဝတ်တဲ့ ဝတ်စုံတွေမှာ ညာဖက်က ကြယ်သီးတပ်တဲ့ ပုံစံ ဖြစ်နေပေမယ့် ဘာဖြစ်လို့ အမျိုးသမီးတွေ ဝတ်တဲ့ ဝတ်စုံတွေမှာ ဘယ်ဖက်က ကြယ်သီးတပ်တဲ့ ပုံစံ ဖြစ်နေတာလဲ။ ဘာဖြစ်လို့ နွားနို့ဗူးတွေက လေးထောင့်တွေ ဖြစ်ပြီး ကိုကာကိုလာ ဆဲဗင်းအပ်စတဲ့ အအေးဗူးတွေက အဝိုင်းတွေ ဖြစ်နေ ရတာလဲ။ ရေခဲသေတ္တာ အတော်များများရဲ့ အောက်အကန့် အအေးခန်းမှာ မီးလုံးပါပေမယ့် ဘာလို့ အထက်အကန့် ရေခဲခန်းမှာ မီးလုံး မပါရတာလဲ။

အဲဒီမေးခွန်းတွေ အားလုံးရဲ့ အဖြေက ဘောဂဗေဒ ရဲ့ အခြေခံ သဘောတရား တစ်ခု ဖြစ်တဲ့ သုံးငွေနဲ့ အကျိုးအမြတ် သဘောတရား (Cost-Benefit Principle) မှာ ရှိပါတယ်။ လူတွေဟာ ငွေ အပို သုံးလိုက် ရတဲ့အတွက် ပိုရလာတဲ့ အကျိုးအမြတ်ဟာ အပိုသုံးလိုက်ရတဲ့ ငွေကြေးထက်များမှသာ အလုပ်တစ်ခုကို လုပ်လိမ့်မယ် လို့ အဲဒီ သဘောတရားက ဆိုထားပါတယ်။ ဥပမာ အားဖြင့် လူတစ်ယောက်ဟာ စာအုပ် တစ်အုပ်ကို အိမ်အနီးအနားက ဆိုင်မှာ ၃ ဒေါ်လာနဲ့ ဝယ်လို့ ရပြီး အနည်းငယ် လှမ်းတဲ့ နေရာက ကုန်တိုက်တစ်ခု မှာ ၂ ဒေါ်လာနဲ့ ဝယ်လို့ ရနေတယ် ဆိုရင် ဘယ်နေရာမှာ ဝယ်သင့်သလဲ ဆိုတာကို တွေးပါလိမ့်မယ်။ ကုန်တိုက်ကို သွားဖို့အတွက် အသွားအပြန် ဘတ်စ်ကားခက ၁ ဒေါ်လာခွဲ ကျမယ် ဆိုရင် စာအုပ်တစ်အုပ်တည်း ဝယ်ဖို့ အတွက်တော့ ကုန်တိုက်ကို ကားခ အကုန်ခံ သွားမှာ မဟုတ်ပါဘူး။ အိမ်အနီးအနားက ဆိုင်မှာပဲ ၃ ဒေါ်လာပေးပြီး ဝယ်ကြမှာပါ။ အဲဒါက သုံးငွေနဲ့ အကျိုးအမြတ် သဘောတရားရဲ့ အခြေခံ ပါပဲ။ လူသုံးကုန် ပစ္စည်းတွေရဲ့ ဒီဇိုင်းတွေ ကွဲပြားခြားနား နေရတဲ့ အကြောင်းရင်းကလည်း အဲဒီလို သုံးငွေနဲ့ အကျိုးအမြတ် သဘောတရားပေါ်မူတည်နေပါတယ်။

ပထမဆုံး အနေနဲ့ ရေခဲသေတ္တာကို ဥပမာ အနေနဲ့ ကြည့်ပါ။ ရေခဲသေတ္တာရဲ့ တံခါးကို ဆွဲဖွင့်လိုက်ရင် မီးလုံးလင်းလာတာကို ရေခဲသေတ္တာ အများစုမှာ တွေ့ရပါ လိမ့်မယ်။ ရေခဲသေတ္တာ အတော်များများရဲ့ အောက်က အအေးကန့်မှာ မီးလုံးပါ ပေမယ့် အပေါ်က ရေခဲတဲ့ အကန့်မှာ မီးလုံး မပါကြတာ များပါတယ်။ ရေခဲသေတ္တာကို ဖွင့်လိုက်ရင် မီးလုံးလင်းလာဖို့ အတွက် အပေါ်ကန့်မှာပဲ တပ်တပ် အောက်အကန့်မှာပဲ တပ်တပ် မီးလုံးကို တပ်ဆင်ရတဲ့ ကုန်ကျစရိတ်ဟာ အတူတူ ပါပဲ။ ဒါဆိုရင် ဘာလို့ အအေးကန့်မှာ မီးလုံးတပ်ြပီး ရေခဲတဲ့ အကန့်မှာ မီးလုံး မတပ်ကြတာလဲ။

ရေခဲသေတ္တာထဲမှာ မီးလုံးတပ်ထားတဲ့ အတွက် ရရှိတဲ့ အကျိုး အမြတ်ကတော့ ပစ္စည်းရှာရတဲ့ နေရာမှာ ပိုပြီး လွယ်ကူစေပါတယ်။ ဒါပေမယ့် လူအများစုက အအေးကန့်ကို ပိုပြီး အသုံးများကြတဲ့ အတွက် အောက်အကန့်မှာ မီးလုံးတပ်တာက သုံးစွဲတဲ့သူကို ပိုပြီး အကျိုးများစေ ပါတယ်။ အပေါ်က ရေခဲတဲ့ အကန့်မှာပါ မီးလုံးတပ်မယ်ဆိုရင်တော့ ရေခဲသေတ္တာကို ထုတ်လုပ်ရတဲ့ ကုန်ကျစရိတ်က ပိုများသွားပါ လိမ့်မယ်။ သုံးစွဲသူတွေ ဖက်က အပေါ်ကန့်မှာ မီးလုံးတပ် ထားလို့ ရေခဲသေတ္တာကို ဈေးကြီးကြီး ပေးဝယ်ဖို့ လက်မတွန့်ကြဘူး ဆိုရင်တော့ အပေါ်အကန့်မှာလည်း မီးလုံးတပ် ကြမှာပါ။ ဒါပေမယ့် သုံးစွဲသူ အများစုက အပေါ်ကန့်မှာ မီးလုံးရှိရုံ တစ်ခုတည်းနဲ့တော့ ရေခဲသေတ္တာကို ဈေးအပို ပေးဝယ်ကြမှာ မဟုတ်တဲ့အတွက် ထုတ်လုပ်သူ သုံးစွဲသူ နှစ်ဦးနှစ်ဖက် စလုံး အတွက် အကျိုးအမြတ်ရှိအောင် အပေါ်အကန့်မှာ မီးလုံး မတပ်ကြတာ လို့ ယူဆလို့ ရပါတယ်။

နောက်တစ်ခု နှိုင်းယှဉ် ကြည့်စရာ ရှိတာက ခရီးဆောင် ကွန်ပြူတာတွေနဲ့ တီဗွီ ရေခဲသေတ္တာ အစရှိတဲ့ အခြား အိမ်သုံး လျှပ်စစ် ပစ္စည်းတွေပါ။ လက်ပ်တော့ပ် အများစုမှာ ၁၁၀ ဗို့ နဲ့ ၂၂၀ ဗို့ ဓာတ်အား ၂ မျိုး စလုံးကို သုံးလို့ ရပေမယ့် တီဗွီ ရေခဲသေတ္တာစတဲ့ အိမ်သုံးလျှပ်စစ် ပစ္စည်း အများစု မှာတော့ နိုင်ငံအလိုက် ၁၁၀ ဗို့ ဒါမှမဟုတ် ၂၂၀ ဗို့ ဗို့အား တစ်ခုတည်းကို ပဲ သုံးလို့ ရပါတယ်။ လက်တော့ပ်ဆိုတာက အသုံးပြုသူတွေက သွားလေရာ နေရာကို သယ်သွားတတ်တဲ့ ပစ္စည်းပါ။ အဲဒီအတွက် ၂၂၀ ဗို့ တစ်မျိုးတည်းပဲ သုံးလို့ ရမယ် ဆိုရင် ဂျပန်တို့ ယူအက်စ်တို့ စတဲ့ နိုင်ငံတွေကို သယ်သွားရင် ဓာတ်အား အပြောင်းအလဲ ကြောင့် သုံးဖို့ အဆင်မပြေ ဖြစ်ပါလိမ့်မယ်။ အဲဒီနိုင်ငံတွေမှာ သုံးချင်ရင် ၂၂၀ ဗို့ကနေ ၁၁၀ ဗို့ ပြောင်းဖို့ ထရန်စဖော်မာ လိုပါလိမ့်မယ်။ အဲဒါကြောင့် သုံးစွဲသူတွေ အနေနဲ့ ထရန်စဖော်မာ ပါပြီးသား ဗို့အား နှစ်မျိုးစလုံး သုံးလို့ ရတဲ့ လက်ပ်တော့ပ်ကို ဈေးနည်းနည်း အပိုပေးပြီး ဝယ်ဖို့ လက်နှေးမှာ မဟုတ်ပါဘူး။ ထုတ်လုပ်သူဖက်ကလည်း ထရန်စဖော်မာ ပါတာနဲ့ မပါတာ နှစ်မျိုးကို ထုတ်တာထက် စာရင် တစ်မျိုးတည်းကို ထုတ်လုပ်ရတာက ပိုပြီး ဈေးသက်သာ ပါတယ်။ ရေခဲသေတ္တာလိုမျိုး တီဗွီလိုမျိုး ပစ္စည်းမျိုးတွေ ကိုတော့ သုံးစွဲသူက သွားလေရာ ကို လျှောက်ပြီး သယ်သွားမှာ မဟုတ်ဘဲ အိမ်မှာပဲ ထားပြီး သုံးကြမှာပါ။ အဲဒီအတွက် ထရန်စဖော်မာ ပါပြီးသား ရေခဲသေတ္တာနဲ့ ထရန်စဖော်မာ မပါတဲ့ ရေခဲသေတ္တာနဲ့ ဈေးချင်း ကွာနေတယ် ဆိုရင် သုံးစွဲသူ အများစုက ဈေးသက်သာတဲ့ ထရန်စဖော်မာ မပါတဲ့ ရေခဲသေတ္တာကိုပဲ ရွေးဝယ်ကြမှာပါ။ အဲဒါကြောင့် ရေခဲသေတ္တာလို တီဗွီလို ပစ္စည်းမျိုးမှာ ထရန်စဖော်မှာ မပါပဲ လက်တော့ပ်တွေမှာတော့ ထရန်စဖော်မာ ပါပြီးသား ဖြစ်နေတယ် လို့ ယူဆ နိုင်ပါတယ်။

နွားနို့ဗူးနဲ့ အအေးဗူး ကိစ္စက နည်းနည်း ပိုပြီး စိတ်ဝင်စားစရာ ကောင်းပါတယ်။ စတိုးဆိုင်တွေမှာ ကြည့်မယ်ဆိုရင် နွားနို့ထည့်တဲ့ ဗူး အများစုဟာ လေးထောင့်ပုံ ဖြစ်နေတာ တွေ့ရပေမယ့် ကိုကာကိုလာလို ဆဲဗင်းအပ်လို အအေးဗူးတွေမှာတော့ အဝိုင်းပုံ ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ လူအများစုက အအေးဗူးတွေကို လက်ကနေကိုင်ပြီး မော့သောက်ကြတာ များပါတယ်။ အဲဒီအတွက် အဝိုင်းပုံ ဖြစ်နေရင် လက်ထဲမှာ ကိုင်ရတာ ပိုပြီး လွယ်ကူစေပါတယ်။ နွားနို့ကိုတော့ လက်ကကိုင်မသောက်ပဲ ခွက်ထဲ ထည့်သောက်ကြတာ ပိုများပါတယ်။ အဲဒီတော့ လေးထောင့်ပုံ ဖြစ်နေရင်လည်း ကိစ္စ မရှိပါဘူး။ ဗူးတစ်ဗူးရဲ့ ပုံစံဟာ လေးထောင့်ဖြစ်နေမယ်ဆိုရင် စင်ပေါ်မှာရှိတဲ့ နေရာကို အပြည့်အဝ အသုံးချ နိုင်ပါတယ်။ အဝိုင်းဖြစ်နေမယ် ဆိုရင်တော့ ဘေးနားက နေရာတွေက အလဟသ ဖြစ်သွားမှာပါ။



ဒါပေမယ့် စတိုးဆိုင်တွေမှာ အအေးဗူးတွေကို ရိုးရိုးစင်မှာပဲ တင်ထားလို့ ရတဲ့အတွက် ဆိုင်မှာရောင်းတဲ့အချိန်မှာ ပိုက်ဆံ အပိုမကုန်ပါဘူး။ နွားနို့ဗူးတွေ ကိုတော့ အအေးပေးတဲ့ စင်နဲ့ တင်ထားရပါတယ်။ အဲဒီအတွက် ဆိုင်မှာတင်ရောင်းဖို့ ကုန်ကျငွေ (Operating Cost) ရှိပါတယ်။ အအေးပေးမထားရတဲ့ စင်မှာ သိပ်ပြီး ပြသနာ မရှိပေမယ့် အအေး ပေးထားရတဲ့ စင်မှာတော့ စင်နေရာ အလဟသ မဖြစ်ဖို့က အရေးကြီးပါတယ်။ အဲဒါကြောင့် အအေးပေးထားရတဲ့ စင်ပေါ်မှာ ထားရတဲ့ နွားနို့ဗူးတွေကို လေးထောင့် ပုံသဏ္ဌန် လုပ်ထားတာလို့ ယူဆလို့ ရပါတယ်။

အအေးဗူးနဲ့ ပတ်သက်ပြီး နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတာက အအေးဗူးတွေရဲ့ ပုံသဏ္ဌန်ပါ။ ကမ္ဘာပေါ်မှာ အခုလက်ရှိ ရောင်းနေကြတဲ့ အအေးဗူး အများစုမှာ အကျယ်အဝန်းထက် အရှည်က ၂ ဆလောက် ပိုရှည်ပါတယ်။ ပုံမှန် အားဖြင့် ၁၂ စင်တီမီတာ လောက်ရှည်ပြီး ၆.၅ စင်တီမီတာလောက် အကျယ်အဝန်း ရှိပါတယ်။ အကယ်၍ အဲဒီ အအေးဗူးကို ၇.၈ စင်တီမီတာ အရှည် ၇.၆ စင်တီမီတာ အကျယ်အဝန်းနဲ့ ထုတ်လုပ်မယ်ဆိုရင် အခုလက်ရှိ ထည့်သွင်းထားနိုင်တဲ့ အအေးပမာဏကို ထည့်သွင်းထား နိုင်မှာပါ။ ဒါပေမယ့် အအေးဗူးကို ထုတ်လုပ်တဲ့ နေရာမှာတော့ အလူမီနီယံ ၃၀ ရာခိုင်နှုန်းလောက် ပိုပြီး သက်သာအောင် ထုတ်နိုင်ပါလိမ့်မယ်။ ဒါဆိုရင် ဘာဖြစ်လို့ အအေးဗူး ထုတ်တဲ့သူတွေက အဲဒီလို မထုတ်လုပ်ကြတာလဲ။


အဖြေကတော့ လူအများစုဟာ တုတ်တစ်ချောင်းကို လှဲထားတာနဲ့ ယှဥ်ရင် ထောင်ထားတာက ပိုရှည်တယ်လို့ ထင်တတ် ကြပါတယ်။ အဲဒါကို Vertical Illusion လို့ ခေါ်ပါတယ်။ အောက်က ပုံမှာ ကြည့်ပါ။ အလျားလိုက်နဲ့ ဒေါင်လိုက် တုတ်ချောင်းနှစ်ချောင်းရဲ့ အရှည်ဟာ အတူတူ ပါပဲ။ ဒါပေမယ့် ဒေါင်လိုက်ထောင်ထားတဲ့ တုတ်ချောင်းက ပိုရှည်တယ်လို့ ထင်ရပါတယ်။

အအေးဗူး ထုတ်လုပ်တဲ့သူ တစ်ယောက်က အလူမီနီယံကို အကုန်အကျ နည်းအောင် အအေးဗူးကို (၇.၈ x ၇.၆) စင်တီမီတာ အရွယ်အစား အတိုင်း ထုတ်လုပ်လိုက်မယ်ဆိုရင် သူ့ရဲ့ ပြိုင်ဖက် (၆.၅ x ၁၂) စင်တီမီတာ အရွယ်နဲ့ ထုတ်လုပ်တဲ့သူရဲ့ အအေးဗူးနဲ့ နှိုင်းယှဥ်ရင် ဈေးကွက်မှာ မျက်နှာပန်း လှမှာ မဟုတ်ပါဘူး။ စားသုံးသူတွေက ပိုရှည်တဲ့ အအေးဗူးမှာ အအေးပိုပါမယ်လို့ ယူဆကြပါလိမ့်မယ်။ အဲဒီအတွက် အလူမီနီယံ ပိုကုန် ပေမယ့်လည်း (၆.၅ x ၁၂) အရွယ်အစားနဲ့ပဲ ဆက်ပြီး ထုတ်လုပ်ကြတာလို့ ယူဆလို့ရပါတယ်။

CD နဲ့ DVD တွေရဲ့ အရွယ်အစားကတော့ သမိုင်းကြောင်းနဲ့ ဆက်စပ်နေပါတယ်။ စီဒီတွေကို ထုတ်လုပ်တဲ့ အချိန်မှာ စီဒီအရောင်းဆိုင်တွေမှာ လက်ရှိ ရှိနေတာက ဓာတ်ပြားချပ်တွေပါ။ အဲဒီအတွက် ဓာတ်ြပား တင်တဲ့စင်မှာ အလယ်ခေါင်က အကန့်တစ်ခု ထည့်ရင် စီဒီနှစ်ချပ်ကို အဲဒီစင်ပေါ်မှာ တင်လို့ ရပါတယ်။ ဓာတ်ပြားချပ်ကနေ စီဒီကို အပြောင်းအလဲမှာ အရောင်းဆိုင်တွေ အနေနဲ့ ရှိပြီးသားစင်ကို အစားထိုး စရာ မလိုပါဘူး။ ဒါပေမယ့်လည်း DVD တွေကတော့ ဗီဒီယို တိပ်ခွေတွေကို အစားထိုးတာပါ။ အဲဒီအတွက်ကြောင့် ရောင်းချတဲ့ ဆိုင်တွေ အနေနဲ့ ပိုက်ဆံ အကုန်ခံပြီး လက်ရှိ ရှိနေပြီးသားစင်တွေကို အစားထိုးစရာ မလိုအောင် DVD ဘူးခွံတွေရဲ့ အရွယ်အစားကို ဗွီဒီယို တိပ်ခွေတွေရဲ့ အရွယ်အစား အတိုင်း ဖြစ်အောင် လုပ်ထားတာ လို့ သိရပါတယ်။

အမျိုးသမီးတွေရဲ့ ဝတ်စုံတွေမှာ ဘယ်ဖက်က စပြီး ကြယ်သီး တပ်ရတဲ့ ဒီဇိုင်း လုပ်ထားရတာလည်း သမိုင်းကြောင်းနဲ့ ဆက်စပ်နေပါတယ်။ ရှေးခေတ်တွေတုန်းက အမျိုးသားတွေက အင်္ကျီကို ကိုယ့်ဘာသာကိုယ် ဝတ်လေ့ ရှိကြပြီး အမျိုးသမီးတွေ အတွက် ကတော့ အစေခံတွေက ဝတ်ဆင်ပေးကြတာ များပါတယ်။ ကိုယ့်ဘာသာကိုယ် အင်္ကျီ ဝတ်မယ်ဆိုရင် ညာဖက်က ကြယ်သီး တပ်ရတာ အဆင်ပြေပေမယ့် အစေခံတွေက ဝတ်ပေးမယ် ဆိုရင်တော့ ဘယ်ဖက်က ကြယ်သီး တပ်ရတာက ပိုပြီး အဆင်ပြေပါတယ်။ အခုခေတ်မှာတော့ အမျိုးသမီးတွေ ဝတ်စုံကို ကိုယ်တိုင် ဝတ်နေကြပါပြီ။ ဒါပေမယ့်လည်း အင်္ကျီ ထုတ်လုပ်တဲ့သူ တစ်ယောက်က သူထုတ်လုပ်တဲ့ အမျိုးသမီး ဝတ်စုံကို ညာဖက်က ကြယ်သီးတပ်တဲ့ ဝတ်စုံ အဖြစ် ပြောင်းပြီး ထုတ်လုပ်မယ် ဆိုရင် သူ့အနေနဲ့ စွန့်စား ထုတ်လုပ်ရပါလိမ့်မယ်။ ဘယ်ဖက်က ကြယ်သီးတပ်တာကို အသားကျနေတဲ့ အမျိုးသမီးတွေက သူထုတ်လုပ်တဲ့ ဝတ်စုံကို ဝယ်ဖို့ စဥ်းစားကြပါလိမ့်မယ်။ အဲဒါကြောင့်လည်း အခုထက်ထိ အမျိုးသမီး ဝတ်စုံတွေကို ဘယ်ဖက်က ကြယ်သီးတပ်တဲ့ ဝတ်စုံတွေ အနေနဲ့ပဲ ထုတ်လုပ် ရောင်းချ နေကြတာလို့ စဉ်းစားကြည့်နိုင် ပါတယ်။

Ref: The Economic Naturalist; Why Economics explains almost everything by Robert H Frank

(Image source for Vertical Illusions: henryflynt.org)

Saturday, August 15, 2009

ကမ္ဘာကြီး လုံးသလား ပြားသလား

တစ်ခါတုန်းက ထင်ရှားတဲ့ သိပ္ပံပညာရှင်ကြီး တစ်ယောက်ဟာ ရိုးရိုးသာမန် ပြည်သူတွေကို နက္ခတ္တ ဗေဒနဲ့ ပတ်သက်ပြီး ဟောပြောခဲ့ ပါတယ်။ သိပ္ပံပညာရှင်ကြီးက ကမ္ဘာဟာ နေကို လှည့်ပတ် နေတဲ့အကြောင်း၊ နေကလည်း ဂယ်လက်ဆီလို့ ခေါ်တဲ့ ကြယ်အစုအဝေးကြီး တစ်ခုကို လှည့်ပတ်နေတဲ့ အကြောင်းတွေ ဟောပြောပါတယ်။ ဟောပြောပွဲ အပြီးမှာတော့ နောက်နားမှာ ထိုင်နေတဲ့ အဖွားကြီး တစ်ယောက်က “ဟေ့ သူငယ်။ မင်းရုပ်တည်နဲ့ လျှောက်ဖောမနေနဲ့။ ကမ္ဘာဆိုတာက အပြားကြီး။ အဲဒီကမ္ဘာကြီးကို ဧရာမ လိပ်ကြီး တစ်ကောင်က ကျောပေါ်မှာ ပိုးထားတာ။” လို့ ထပြောပါတယ်။ အဲဒီတော့ သိပ္ပံပညာရှင်ကြီးလည်း ငါးခူပြုံး၊ ငါးသလောက်ပြုံး၊ ငါးသလဲထိုးပြုံးမျိုး ပြုံးပြီးတော့ “ငွှားငွှား။ အဲဒီလို ဆိုရင် အဲဒီလိပ် ကြီးက ဘယ်ပေါ်မှာ ရပ်နေသလဲ။” လို့ ပြန်မေးပါတယ်။ အဲဒီအခါမှာတော့ အဘွားကြီးက “ကောင်လေး။ မင်းတော်တယ်။ ဒါပေမယ့် အဲဒီလိပ်က အခြားလိပ်တွေရဲ့ ကျောပေါ်မှာ တစ်ဆင့်ပြီး တစ်ဆင့် ထပ်ပြီး ရပ်နေတာပေါ့။” လို့ ပြန်ပြော ပါတယ်။ အဲဒီ ဟောပြောပွဲမှာပြောတဲ့ သိပ္ပံပညာရှင်ဟာ ဘာထရန် ရပ်ဆဲလ် (Bertrand Russell) ဖြစ်တယ်လို့ အချို့က ပြောကြပါတယ်။

ကမ္ဘာဆိုတာ လိပ်တွေ ဆင့်ကာ ဆင့်ကာ ထပ်ထားတဲ့ လိပ်မျှော်စင်ပေါ်က အပြားကြီး ဆိုတာ လူအများစု အတွက်တော့ ရယ်စရာ ကောင်းတဲ့ အတွေးအခေါ် တစ်ခု ဖြစ်မှာပါ။ ကမ္ဘာကြီးဟာ မပြားဘဲ လုံးနေတယ် ဆိုတဲ့ အယူအဆကိုတော့ ဂရိ တွေးခေါ်ပညာရှင် အရစ္စတိုတယ် (Aristotle) က စပြောခဲ့ပါတယ်။ ဘီစီ ၃၄၀ ဒါမှ မဟုတ် ခရစ်သက္ကရာဇ် မစခင် နှစ်ပေါင်း ၃၄၀ လောက်က သူ့ရေးခဲ့တဲ့ “ကောင်းကင်ဘုံပေါ်မှာ (On the Heaven) ” ဆိုတဲ့ စာအုပ်ထဲမှာ အရစ္စတိုတယ်က ကမ္ဘာဟာ လုံးဝန်းကြောင်း ပြနိုင်ဖို့အတွက် ငြင်းဆိုချက် နှစ်ခုကို ထည့်ရေးခဲ့ပါတယ်။

ပထမ အချက်ကတော့ လကြတ်တာနဲ့ ဆိုင်ပါတယ်။ ဘီစီ ၃၄၀ တုန်းက တီဗွီ မရှိ၊ ရုပ်ရှင်မရှိ ဆိုတော့ ဂရိတွေလည်း ညဖက် အားအားရှိတိုင်း ကောင်းကင်ကို မော့ကြည့် နေကြ သလားတော့ မသိပါဘူး။ အဲဒါကြောင့် ဂရိတွေဟာ လကြတ်တယ် ဆိုတာ နေ နဲ့ လကြားမှာ ကမ္ဘာက ခပ်တည်တည် ဝင်ရပ်လို့ လ ခမျာ ငုတ်တုတ်မေ့ပြီး အလင်းရောင် ပျောက်သွားတယ် ဆိုတဲ့ အချက်ကို သူတို့ လေ့လာ မိကြပါတယ်။ အဲဒီလိုပဲ လပေါ်မှာ ကျရောက်တဲ့ ကမ္ဘာရဲ့ အရိပ်ဟာ ဝိုင်းနေတယ် ဆိုတာကို လကြတ်တဲ့ အချိန်မှာ သူတို့ မြင်ရပါတယ်။ အကယ်၍ ကမ္ဘာသာ မလုံးဘဲ ပြားနေတယ် ဆိုရင် လပေါ်မှာ ကျတဲ့ ကမ္ဘာရဲ့ အရိပ်ဟာ ရှည်ရှည်မျောမျော ဘဲဥပုံကြီး ဖြစ်နေရမှာပေါ့လို့ အရစ္စတိုတယ်က ဆိုပါတယ်။ လကြတ်တယ် ဆိုတဲ့ အချိန်တိုင်းမှာ နေဟာ ကမ္ဘာရဲ့ အလယ်ခေါင်တည့်တည့် မှာချည်းပဲ ရှိမနေဘူး ဆိုရင်တော့ အဲဒီအချက်ဟာ မှန်မယ် လို့ သူက ဆိုပါတယ်။

နောက်တစ်ချက်ကတော့ ဂရိများဟာ အတော်ပဲ ခြေရှည်ကြပါတယ်။ အဲဒီလို သွားရင်း လာရင်းကနေ သူတို့ဟာ မြောက်ဖက်ကြယ် (North Star) ရဲ့ တည်နေရာကို လေ့လာ မိကြပါတယ်။ မြောက်ဖက်ကြယ်ရဲ့ တည်နေရာဟာ ကမ္ဘာရဲ့ မြောက်ဖက်ကျတဲ့ အပိုင်းကနေ ကြည့်တာထက်စာရင် တောင်ဖက်ကျတဲ့ အပိုင်းကနေ ကြည့်ရင် ပိုနိမ့်နေတယ် ဆိုတာကို ဂရိလူမျိုးတွေ သတိထားမိ ခဲ့ကြ ပါတယ်။ အကယ်၍ ကမ္ဘာသာ မလုံးဘဲ ပြားနေမယ် ဆိုရင် မြောက်ဖက်ကြယ်ရဲ့ တည်နေရာဟာ ဘယ်နေရာက ကြည့်ကြည့် အတူတူ ဖြစ်ရမှာပါ။ အရစ္စတိုတယ်ကတော့ ဂရိနဲ့ အီဂျစ်ကနေ ကြည့်ရင် မြောက်ဖက်ကြယ်ရဲ့ တည်နေရာဟာ မတူတဲ့ အတွက် ကမ္ဘာဟာ လုံးရမယ် လို့ ဆိုပါတယ်။

ကြုံတုန်း ကြိုက်တုန်း မြောက်ဖက်မှာ အလင်းဆုံးကြယ် အကြောင်းကို နည်းနည်း လေရှည် လိုက်ပါဦးမယ်။ အခုလက်ရှိ မြောက်ဖက်မှာ အလင်းဆုံးကြယ်ကတော့ ကျွန်တော်တို့ မြန်မာအခေါ်အဝေါ် ဓူဝံကြယ်လို့ ခေါ်တဲ့ ပိုလာရစ်စ် (Polaris) ကြယ်ပါ။ ပိုလာရစ်စ် ဟာ နက္ခတ္တဗေဒ အခေါ်အဝေါ် အာဆာမိုင်နာ ကြယ်တာရာစု (Ursa Minor Constellation) မှာ ရှိပါတယ်။ ကျွန်တော်တို့ ခုနှစ်စင်ကြယ်လို့ သိကြတဲ့ ကြယ် ၇ လုံးကတော့ အာဆာမေဂျာ ကြယ်တာရာစု (Ursa Major Constellation) မှာ ရှိပါတယ်။ ခုနှစ်စင်ကြယ်ကို အမေရိကန် ပြည်ထောင်စုနဲ့ ကနေဒါမှာ Big Dipper လို့ သိကြပြီး အင်္ဂလန် အိုင်ယာလန်စတဲ့ ဗြိတိသျှ ကျွန်းစုတွေမှာတော့ Plough လို့ သိကြပါတယ်။ ခရစ်သက္ကရာဇ် မပေါ်ခင် နှစ်ပေါင်း ၃၀၀၀ လောက်ကတော့ မြောက်ဖက်မှာ အလင်းဆုံးကြယ်ဟာ ပိုလာရစ် မဟုတ်ဘဲ ဒရာကို ကြယ်တာရာစု (Draco Constellation) မှာ ရှိတဲ့ သူဘန် (Thuban) ကြယ်ဖြစ်ပါတယ်။ သက္ကရာဇ် ၃၀၀၀ ပြည့်ရင်တော့ မြောက်ဖက်မှာ အလင်းဆုံးကြယ်ဟာ ပိုလာရစ်စ် မဟုတ်တော့ဘဲ စီးဖီးယပ်စ် ကြယ်တာရာစု (Cepheus Constellation) မှာ ရှိတဲ့ ဂမ်မာစီဖေး (Gamma Cephei) ကြယ် ဖြစ်လာလိမ့်မယ်လို့ ဆိုကြပါတယ်။

ဂရိတွေက တတိယမြောက် ငြင်းချက်တစ်ခုကိုလည်း ပြောကြပါသေးတယ်။ မိုးကုပ်စက်ဝိုင်းကနေ သင်္ဘောတွေ ရွက်လွှင့်လာတာကို မြင်ရတဲ့ အခါမှာ ရွက်တိုင်ကို အရင် မြင်ရပြီး ကိုယ်ထည်ကို နောက်မှ မြင်ရတာဟာလည်း ကမ္ဘာလုံးကြောင်း သက်သေပြချက် တစ်ခုပဲ ဖြစ်တယ်လို့ သူတို့က ဆိုကြပါတယ်။

အခုခေတ် အခါမှာတော့ အာကာသယာဉ်တွေ ဂြိုဟ်တုတွေ ပေါ်ကနေ ရိုက်ထားတဲ့ ကမ္ဘာရဲ့ ဓာတ်ပုံကို ကြည့်တာနဲ့ ကမ္ဘာဟာ လုံးတယ်ဆိုတဲ့ အချက်ကို ရှင်းရှင်းလင်းလင်း သိနိုင်ပါပြီ။ ဒါပေမယ့် အာကာသထဲကို ဂြိုဟ်တုတွေ မရောက်သေးခင် အချိန်တုန်းက လူတွေ ကမ္ဘာကြီး လုံးတယ် ဆိုတဲ့ အချက်ကို စဉ်းစားနိုင်ခဲ့တာကတော့ အတော်ကို အံ့သြချီးကျူးဖို့ ကောင်းတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

ကိုးကား
1. A Brief History of Time by Stephen Hawking
2. http://en.wikipedia.org/wiki/North_Star

Friday, August 14, 2009

စက်ရုပ်နဲ့လူ

ရုပ်ရှင်တွေထဲက အတိုင်းသာ ဆိုရင်တော့ စက်ရုပ်ဆိုတာ “စက်ရုပ်ရေ” ဆိုတာနဲ့ ခပ်ပြီးသား အသင့် ဆိုတာမျိုး တွေးမိကြပါလိမ့်မယ်။ ဒါပေမယ့် ဒီနေ့ခေတ် လက်ရှိ နည်းပညာ လောက မှာတော့ စက်ရုပ်ဆိုတာ အဲဒီလောက် အထိ မတိုးတက်သေးပါဘူး။

ကျွန်တော်လည်း နည်းပညာကို ခုံမင်ရူးသွပ်တဲ့ ယောက်ျားလေး တစ်ယောက်ပီပီ စက်ရုပ်တွေကို စိတ်ဝင်စား ပါတယ်။ အဲဒါကြောင့် ကျောင်းတက်တဲ့ အချိန်မှာတောင်မှ စက်ရုပ် နည်းပညာတွေနဲ့ ပတ်သက်နေတဲ့ ဘာသာရပ်ကို ယူဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် စက်ရုပ်တွေ အကြောင်းကို ပိုပြီး သိလာတာနဲ့ အမျှ စက်ရုပ်ဆိုတာ ရုပ်ရှင်တွေ ဝတ္တုတွေ ထဲကလို မဟုတ်မှန်း သဘောပေါက်လာပါတယ်။ လူတွေရဲ့ စွမ်းဆောင်နိုင်ရည်နဲ့ အလွန်ပဲ ကွာခြားနေသေးတယ် ဆိုတာကိုလည်း သိလာရပါတယ်။

ကျောင်းမှာတုန်းက စက်ရုပ်တွေ ကစားတဲ့ ဘောလုံးပွဲကို ကြည့်ခဲ့ဖူးပါတယ်။ အဲဒီမှာ စက်ရုပ် ရှေ့တန်း တိုက်စစ်မှူးရဲ့ ဂိုးသွင့်တဲ့ အကွက်ကို ကြည့်ပြီး ကျွန်တော်တို့ အားလုံး အားရပါးရ ရယ်ခဲ့ရ ပါတယ်။ စက်ရုပ် ဂိုးသွင်းတဲ့ ပုံစံကတော့ စံတင်လောက်ပါတယ်။ ဂိုးရှေ့မှာ ရပ်နေတဲ့ ဂိုးသမား စက်ရုပ်ကို ဘော်ဒီချင်းတိုက်ပြီး ဂိုးသမားရွေ့သွားတဲ့ အချိန်ကျမှ ဘောလုံးကို ဂိုးထဲ ကန်ထည့်ပါတယ်။ အပြင်မှာ အဲဒီလို လုပ်ရင်တော့ အနီကတ် ပြခံရမလား မသိပါဘူး။

စက်ရုပ်နည်းပညာကို လေ့လာရင်း စက်ရုပ်နဲ့ လူသားတွေကြားမှာ တူညီတဲ့အချက်နဲ့ မတူညီတဲ့ အချက်တွေကို နှိုင်းယှဉ် ကြည့်မိပါတယ်။ ကျွန်တော်တို့ လူသားတွေ အတွက်တော့ လမ်းလျှောက် တတ်ခါစအရွယ်မှာ ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကို အသားမကျလို့ ခုန်ဆွခုန်ဆွ ဖြစ်နေတတ်ပါတယ်။ တဖြည်းဖြည်းချင်းနဲ့မှ ခြေထောက်ရဲ့ လှုပ်ရှားမှုကို ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားနဲ့ အသားကျအောင် ဦးနှောက်ကနေ တုံ့ပြန်ထိန်းချုပ် ပေးနိုင်လို့ လမ်းကောင်းကောင်း လျှောက်တတ် လာကြပါတယ်။ စက်ရုပ်ဆိုတာကတော့ ရုပ်ရှင်တွေထဲမှာသာ လပ်လျားလပ်လျားနဲ့ လျှောက်သွားနေတတ်ပေမယ့် အပြင်မှာတော့ လမ်းလျှောက်ဖို့ မပြောနဲ့ မတ်တပ်ရပ် နိုင်အောင် လုပ်ဖို့တောင် အတော် ခဲယဉ်းပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင်တော့ စက်ရုပ်ကို တည်ဆောက်တဲ့ နေရာမှာ လူလို ခြေထောက်နှစ်ချောင်းနဲ့ တည်ဆောက်ရင် မတ်မတ်ရပ်နိုင်အောင် ထိန်းချုပ်ဖို့ နည်းပညာ အနေနဲ့ ခက်ခဲ လို့ ဖြစ်ပါတယ်။ အဲဒါကြောင့် စက်ရုပ် တွေကို များသောအားဖြင့် ဘီးတပ်ပြီး သွားခိုင်းကြပါတယ်။

လူတွေက လမ်းလျှောက်တဲ့ အချိန်မှာ မျက်လုံးနဲ့ ရှေ့တည့်တည့်ကို ကြည့်ပြီး လျှောက်နိုင်ပေမယ့် စက်ရုပ်မှာတော့ မျက်လုံး မပါပါဘူး။ အဲဒီအတွက် ကိုယ်လိုချင်တဲ့ နေရာကို ရောက်အောင် သွားနိုင်ဖို့ အကြံအဖန် လုပ်ရပါတယ်။ လမ်းကြောင်း တစ်ခုတည်းကို ပုံသေ လှုပ်ရှားမယ့် စက်ရုပ်အတွက် အလွယ်ဆုံးနည်းကတော့ သတ္တု တစ်ခုခု နဲ့ ပြုလုပ်ထားတဲ့ လမ်းကြောင်း (Track) ကို ဆွဲပေးထားတာပါ။ လမ်းကြောင်း ဆွဲပေးထားတဲ့အတွက် စက်ရုပ်ဟာ အာရုံခံကိရိယာ (Sensor) တွေနဲ့ လမ်းကြောင်းကို ကြည့်ပြီး သွားလို့ ရပါတယ်။ တစ်ချို့ စက်ရုပ်တွေမှာတော့ လမ်းကြောင်းကို အသေဆွဲ မထားပဲ ကင်မရာ နဲ့ အာထရာလ်ဆောင်း လှိုင်းသုံး အာရုံခံ ကိရိယာ (Ultrasonic Sensor) တွေကို သုံးပြီး လမ်းကြောင်း ရှာကြပါတယ်။

အာထရာလ်ဆောင်း လှိုင်းသုံး အာရုံခံ ကိရိယာ ရဲ့ အလုပ်လုပ်ပုံကတော့ ကိရိယာကနေ သွားချင်တဲ့ အရပ်မျက်နှာ ဆီကို အာထရာလ်ဆောင်း လှိုင်းကို ထုတ်လွှတ်လိုက် ပါတယ်။ အဲဒီလှိုင်းက အဆီးအတား တစ်ခုနဲ့ တွေ့တဲ့ အချိန်မှာ နောက်ကို ပြန်ပြီး ကန်လာပါတယ်။ အဲဒီလို ပြန်ကန်လာတဲ့ လှိုင်းကို စက်ရုပ်ကနေ ပြန်ဖမ်းမိဖို့ ကြာတဲ့အချိန် အတိုင်းအတာ ပေါ်မူတည်ပြီး အရှေ့မှာ ရှိတဲ့ အတားအဆီးနဲ့ ဘယ်လောက် ဝေးသလဲ ဆိုတာကို တွက်လို့ ရပါတယ်။ ကင်မရာ နည်းပညာ သုံးထားတဲ့ စက်ရုပ် မှာတော့ ရှေ့က အရာဝတ္ထုဟာ ဘယ်လို အရာဝတ္ထုမျိုးလဲ ဆိုတာကို ဓာတ်ပုံရိုက်ပြီး ပုံသဏ္ဍန် သရုပ်ခွဲခြင်း (Image Analysis) လုပ်ပြီး ကြည့်ပါတယ်။ ဓာတ်ပုံကို သရုပ်ခွဲ ပြီးမှ ရှောင်သင့်ရင် ရှောင်ပြီး ရှေ့ဆက်သွားသင့်ရင် သွားပါတယ်။

လူနဲ့ စက်ရုပ် အခြားနားဆုံး အချက်ကတော့ အသိဉာဏ်ပါ။ စက်ရုပ်မှာ အသိဉာဏ်မရှိပါဘူး။ စက်ရုပ်တွေကို ကွန်ပြူတာ လိုပဲ မိုက်ခရို ကွန်ထရိုလာ ဒါမှမဟုတ် မိုက်ခရို ပရိုဆက်ဆာတွေနဲ့ ပရိုဂရမ် ရေးပြီး ထိန်းချုပ်ရပါတယ်။ အဲဒီ အတွက် စက်ရုပ်ဟာ ပရိုဂရမ်ထဲမှာ ရေးတဲ့ အတိုင်း၊ ခိုင်းတဲ့ အတိုင်းပဲ အလုပ် လုပ်တတ်ပါတယ်။ ခိုင်းထားတာထက် ပိုပြီး မလုပ်တတ် ပါဘူး။ ဉာဏ်တု (Artificial Intelligence)၊ ဦးနှောက် ထဲက ဆဲလ်တွေလို အလုပ်လုပ်ခြင်း (Neural Processing)၊ အတွေ့အကြုံပေါ်မူတည်ပြီး သင်ယူခြင်း (Experience-based Learning) စတဲ့နည်းပညာတွေ ရှိပေမယ့် အဲဒီ နည်းပညာတွေဟာ လူရဲ့ အသိဉာဏ်နဲ့ ယှဉ်ရင် အလွန် နုနယ်တဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။

အဲဒါဆိုရင် စက်ရုပ်တွေကို ဘာလို့ သုံးနေသေးသလဲ လို့ မေးစရာ ရှိလာပါတယ်။ စက်ရုပ်မှာ လူထက်သာတဲ့ အချက်တွေလည်း ရှိပါတယ်။ လူတစ်ယောက်က အလုပ်တစ်ခုကို ထပ်ခါတလဲလဲ လုပ်ရရင် ပျင်းရိ ငြီးငွေ့လာ တတ်ပါတယ်။ စက်ရုပ်ကတော့ အလုပ်တစ်ခုကို ထပ်ခါတလဲလဲ မပျင်း မရိ လုပ်နိုင်ပါတယ်။ နောက်တစ်ခုက တော့ တိုးတက်တဲ့ နိုင်ငံတွေမှာ ဂဟေဆော်တဲ့ အလုပ်လို အန္တရာယ်များပြီး လူရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အလုပ်တွေအတွက် စက်ရုပ်တွေကို သုံးပြီး လုပ်ကြပါတယ်။ အင်္ဂါဂြိုဟ်ကို ဆင်းသက်ပြီး လေ့လာတာတို့၊ ပင်လယ်ရေအောက် ကြမ်းပြင်ကို ငုပ်တာတို့ စတဲ့ လူသားရဲ့ အသက်အန္တရာယ် ရှိနိုင်တဲ့ အလုပ်တွေ အတွက်လည်း စက်ရုပ်တွေကို သုံးကြပါတယ်။

စက်ရုပ်ရဲ့ အကောင်းဆုံး အချက်ကတော့ အတိုင်းအတာ အတိအကျ အလုပ်လုပ်အောင် ထိန်းချုပ်လို့ ရတာပါ။ နည်းပညာ မြင့်မားတဲ့ စက်ရုပ်တွေမှာ မီလီမီတာ(10-3) ထက် အဆပေါင်းများစွာ သေးငယ်တဲ့ မိုက်ခရို မီတာ (10-6)၊ နာနိုမီတာ (10-9) စတဲ့ အလွန်သေးငယ်တဲ့ အတိုင်းအတာတွေ အထိ တိကျအောင် ထိန်းချုပ် လို့ ရပါတယ်။ အဲဒီအတွက် အရေးကြီးတဲ့ ခွဲစိတ်ကုသမှုလို နေရာမျိုးတွေ၊ အတိအကျ တပ်ဆင်ရမယ့် စက်ပစ္စည်းတွေ ၊ အီလက်ထရွန်းနစ် ကိရိယာတွေ အတွက် စက်ရုပ်ကို သုံးကြပါတယ်။

ွှTransformer တို့၊ Wall-E တို့ ထဲကလို စက်ရုပ်တွေ ဘယ်တော့လောက် ဖြစ်လာမလဲလို့ တစ်စုံတစ်ယောက်က ကျွန်တော့်ကို လာမေးရင်တော့ ကျွန်တော့် တသက်တော့ ဖြစ်လိမ့်မယ် မထင်ပါဘူးလို့ပဲ ဖြေမိပါလိမ့်မယ်။

Monday, August 10, 2009

ဘဝလမ်းခွဲ

တခါတလေတော့လည်း ကျွန်တော်တို့ ဆယ်တန်း အောင်ခဲ့တဲ့ ၁၆ နှစ်ဆိုတဲ့ အရွယ်ဟာ တစ်ဘဝလုံးစာ အတွက် အသက်မွေး ဝမ်းကြောင်း လုပ်မယ့် အလုပ်ကို ရွေးချယ်ဖို့ စောလွန်း နေသေးသလားလို့ တွေးမိပါတယ်။ မြန်မာနိုင်ငံမှာ ဆယ်တန်းစာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့ အောင်ပြီး ရွေးချင်ရာ ရွေးခွင့် ရတယ်လို့ ပြောတဲ့ သူတွေ အတွက် တောင်မှ ရွေးချယ်စရာက သိပ်မများ လှပါဘူး။ ပတ်ဝန်းကျင်က ဖိအားတွေကြောင့် ဆရာဝန်လိုင်း၊ အင်ဂျင်နီယာလိုင်း၊ ကွန်ပြူတာ လိုင်း ဒီ ၃လိုင်း ထဲက တစ်လိုင်းကိုပဲ ရွေးဖြစ်ကြတာ များပါတယ်။ နိုင်ငံရပ်ခြား တိုင်းပြည် တွေမှာတော့ ကိုယ် ဝါသနာ ပါရာ ကိုယ်ရွေးတဲ့ လူငယ်တွေ အများအပြား ရှိကြပါတယ်။

အဲဒီ အကြောင်းကို စဉ်းစားရင်းနဲ့ ကျွန်တော်တို့ ဆယ်တန်းနှစ်က အတန်းထဲမှာ ဆရာ ပြောပြခဲ့ဖူးတဲ့ ဇာတ်လမ်း တစ်ပုဒ်ကို သွားပြီး သတိရမိပါတယ်။ ပုံမှန်အားဖြင့် ထူးချွန်တဲ့သူတွေ အကြောင်း ကြားရရင် ကျွန်တော့် စိတ်ထဲမှာ စွဲနေအောင် မှတ်မိတတ်တာမို့ ပြန်စဉ်းစားလိုက်တဲ့ အခါမှာ ဆရာ ပြောခဲ့ဖူးသမျှ အားလုံးလိုလို သတိရနေ ပါသေးတယ်။

ကျွန်တော် ဆယ်တန်းတက်ခဲ့တဲ့ အထက်တန်းကျောင်းက အ.ထ.က(၂) ကမာရွတ် ပါ။ ဆယ်တန်း ကျောင်းသား ဘဝရဲ့ နေ့တစ်နေ့ မှာတော့ ကျွန်တော်တို့ ကျောင်းရဲ့ ဒုကျောင်းအုပ်လည်းဖြစ် ကျွန်တော်တို့ရဲ့ ဇီဝဗေဒ ဆရာလည်း ဖြစ်တဲ့ ဆရာ ဦးပြည်သိမ်း အတန်းထဲကို ဝင်လာပါတယ်။ အဲဒီနေ့က သူ စာမသင်ပဲ ကျွန်တော်တို့ကို စကားတွေ ချည်းပဲ ပြောပါတယ်။ သူပြောခဲ့တဲ့ အကြောင်းအရာကတော့ ကျွန်တော်တို့ မကြာခင် ကြုံရတော့မယ့် အသက်မွေးဝမ်းကြောင်း ရွေးချယ်မှုနဲ့ ပတ်သက်တဲ့ အကြောင်းပါ။

ဆရာက ကျွန်တော်တို့ကို “မင်းတို့ ဆယ်တန်း (A) က ကျောင်းသား ကျောင်းသူတွေမို့ ဆရာ အခုလို တကူးတက အချိန်ယူပြီး စကား ပြောတာ။ ဒီကျောင်းမှာ (A) ခန်းရောက်ဖို့ တော်ရုံတန်ရုံ အရည်အချင်း ကြိုးစားမှုနဲ့ မရောက်ဖူးဆိုတာ မင်းတို့ ကိုယ်တိုင် သိပါတယ်။ အခု ဆယ်တန်း စာမေးပွဲ ဖြေပြီးရင် မင်းတို့ထဲက အတော်များများဟာ ဆေးတက္ကသိုလ် တက်ခွင့်ရမယ့် အမှတ်နဲ့ အောင်ကြမယ် ဆိုတာကိုလည်း ဆရာ သိထားတယ်။ ဒါပေမယ့်လည်း ဆရာ တွေ့လိုက်သမျှ ကျောင်းသား ကျောင်းသူတိုင်း လိုလိုက ဘာလုပ်မလဲလို့ မေးရင် ဆရာဝန်လုပ်မယ် လို့ပဲ ဖြေကြတယ်။ ဘာလို့ ဆရာဝန် လုပ်ချင်တာလဲ မေးရင်တော့ ဆရာဝန် အလုပ်က မွန်မြတ်လို့ပါလို့ ပြန်ဖြေကြတယ်။ မင်းတို့ အားလုံး မွန်မြတ်နေကြလို့ ငါတို့ နိုင်ငံ တိုးတက်လာမှာ မဟုတ်ဘူး။ နိုင်ငံ တိုးတက်ဖို့ အတွက် ငါတို့အနေနဲ့ ဘက်စုံ ကဏ္ဍစုံမှာ အသိပညာရှင် အတတ်ပညာရှင်တွေ အများကြီး လိုတယ်။ စိုက်ပျိုးရေးတို့ စီးပွားရေးတို့ စတဲ့ နေရာတွေမှာလည်း တကယ် ထူးချွန် ထက်မြက်တဲ့သူတွေ ရှိနေဖို့ လိုတယ်ကွ။ လူတော်တွေ အားလုံး ဆရာဝန် ဖြစ်နေကြရင်တော့ ငါတို့ နိုင်ငံအတွက် သိပ်မဟုတ်သေးဘူး လို့ ဆရာထင်တယ်ကွ။” လို့ အစချီပြီး ပြောပါတယ်။

နောက်တော့ ဆရာက “ဆရာ ဒီကျောင်းမှာ သင်လာတာ ကြာပြီ။ လူတော်ဆိုတဲ့သူတွေ တချိန်လုံး တွေ့နေရလို့ တော်ရုံတန်ရုံ တော်တဲ့သူလောက်ဆို ဆရာ့အတွက် ဘာမှ မထူးတော့ဘူးကွ။ ဥပမာ ပြောရရင် ဆရာ ဒီကျောင်းမှာ စသင်တဲ့ အချိန်ကတည်းက အခုအချိန်အထိ ဆယ်တန်း (A) ကနေ မြန်မာတစ်နိုင်ငံလုံး အဆင့် ၁ ကနေ ၁၀ အတွင်း တစ်ယောက်မှ မဝင်တဲ့နှစ်ဆိုတာ မရှိဖူးဘူးကွ။ အနည်းဆုံး တစ်ယောက်တော့ ဝင်တာပဲ။ မင်းတို့ မယုံရင် ပြန်ကြည့်လို့ ရတယ်။” လို့ ဆက်ပြောပါတယ်။ အရင်က မှတ်တမ်းတွေတော့ ပြန်မကြည့်မိလို့ မသိပါဘူး။ ကျွန်တော်တို့နှစ်ကတော့ မြန်မာတစ်နိုင်ငံလုံး ပထမ အပါအဝင် Top 10 မှာ ၅ ယောက် ဝင်ပါတယ်။

ဆရာက နောက်တော့ သူမှတ်မိနေတဲ့ တပည့်နှစ်ယောက် အကြောင်းကို ပြန်ပြောပြပါတယ်။ တစ်ယောက် ကတော့ မြန်မာတနိုင်ငံလုံး ပထမ ရခဲ့တဲ့ ကျောင်းသူ တစ်ယောက်ပါ။ ဆရာ့ ပြောပြချက်အရ မြန်မာ တစ်နိုင်ငံလုံး ပထမရတဲ့သူတွေ တစ်ယောက်မက သူသင်ခဲ့ဖူးပေမယ့် အဲဒီတစ်ယောက်ကတော့ အတန်းထဲမှာ စာကို လိုလိုချင်ချင် အာရုံစိုက် သင်ယူတတ်လို့ မှတ်မိနေတယ်လို့ ပြောပါတယ်။

နောက်တစ်ယောက် အကြောင်းကတော့ နည်းနည်းလေး ထူးခြားနေပါတယ်။ ဆရာက သူ့အကြောင်းကို ဒီလို ပြောပြပါတယ်။
“သူ့ကို ဆရာ မှတ်မိနေတာ Top 10 ဝင်လို့ မဟုတ်ဘူးကွ။ သူတော်တယ် ဆိုတဲ့ ပုံစံက တစ်မျိုး။ ဆရာ တွေ့ဖူးသမျှ ကျောင်းသားတွေ အားလုံး ထဲမှာ ရူပဗေဒ နဲ့ သင်္ချာမှာ ဒီကောင် အတော်ဆုံးပဲ။ ဆယ်တန်း ကျောင်းသား လို့သာ ပြောတယ်။ ဆယ်တန်းစာလောက်ကို ဒီကောင်က ဂရု မစိုက်ဘူး။ ဆယ်တန်းနှစ်မှာ သူတွက်နေတဲ့ ပုစ္ဆာတွေက တက္ကသိုလ် ပထမနှစ် ဒုတိယနှစ်မှာ သင်နေတဲ့ ပုစ္ဆာတွေ။ သူ့အဖေ အမေတွေက ပညာတတ် တွေဆိုတော့ သူ့ကို ကောင်းကောင်း လေ့ကျင့်ပေးထားတာ။ အိမ်မှာ ဆယ်တန်းစာ မသိလို့ မေးရင် ဒီလောက် လွယ်တဲ့စာ လာမေးရမလား ဆိုပြီး သူ့အဖေက ဆူတယ် လို့ ပြောတယ်။ ဆရာ သိပ္ပံခန်းထဲမှာ ထိုင်နေရင် ဒီကောင်က လာပြီး လကမ္ဘာကို အာကာသယာဉ်ဆင်းတာကို ရူပဗေဒမှာ ဘယ်လို တွက်တယ် ချက်တယ် ဆိုတာမျိုးတွေ လာဆွေးနွေးတတ် သေးတယ်ကွ။ တခါတလေ ဆရာ ကိုယ်တိုင်တောင် သူပြောသမျှ ပါးစပ် အဟောင်းသားနဲ့ နားထောင်နေရတာ။”

ကြားရတာတော့ အားကျစရာ အံ့သြစရာ ပါပဲ။ ဆရာက သူ့တပည့်အကြောင်းကို ဆက်ပြောပါတယ်။
“တစ်နေ့တော့ ဆရာ ဒီကောင့်ကို စမ်းဖို့ အခွင့်အရေး ပေါ်လာတယ်ကွ။ အဲဒီနေ့က ဆရာ အတန်းထဲမှာ ပုစ္ဆာတစ်ပုဒ်ကို ရှင်းပြနေတာ။ ရှင်းပြလို့ ပြီးတော့ ဆရာက နားလည်သလားလို့ ကျောင်းသားတွေကို မေးတော့ ကျောင်းသူတစ်ယောက်က သူ နားမလည်ဘူး လို့ ပြောတယ်ကွ။ အဲဒါနဲ့ ဆရာ နောက်တစ်ခေါက် ထပ်ရှင်းပြတယ်။ ပြီးတော့ အဲဒီကျောင်းသူကို နားလည်သလားလို့ ထပ်မေးတယ်။ အဲဒီ ကျောင်းသူကလည်း နားမလည်ဘူးလို့ ထပ်ပြောတယ်ကွ။ ဆရာလည်း အတော် အကြံရခက်သွားတယ်။ အဲဒီအချိန် ဆရာလည်း ဒီကောင့်ကို စမ်းချင်တာနဲ့ ဟေ့ကောင်။ လာဦး။ မင်းလာရှင်းပြလိုက် ဆိုပြီး သူ့ကို ရှင်းခိုင်းလိုက်တယ်။ ဒီကောင်က ဆရာ ရှင်းပြတဲ့ နည်းအတိုင်း မဟုတ်ဘဲ သူ့နည်းသူ့ဟန်နဲ့ နောက်တစ်မျိုး ရှင်းပြတယ်။ သူလည်း တစ်ခေါက် ရှင်းပြပြီးရော။ အဲဒီ ကျောင်းသူက သူ နားလည်သွားပါပြီလို့ ဆရာ့ကို ပြောတယ်။”

အဲဒီ ကျောင်းသားကို သဘောကျ သွားသလို ကိုယ့်တပည့်ကို အဲဒီလို ပွင့်ပွင့်လင်းလင်း ချီးကျူးရဲတဲ့ ဆရာ့ကိုလည်း လေးစားသွားပါတယ်။ ဆရာက သူ့ဇာတ်လမ်းကို ဆက်ပါတယ်။
“အောင်စာရင်းထွက်တော့ ဘယ်လို ဖြစ်တယ်ထင်သလဲ။ သူ စာရှင်းပြလိုက်တဲ့ ကောင်မလေးက ဘာသာစုံဂုဏ်ထူး ထွက်တယ်ကွ။ သူကတော့ လေးဘာသာ ဂုဏ်ထူးပဲ ပါတယ်။ သူ့အိမ်က သူ့ကို တက္ကသိုလ်မှာ ကိုယ်ကြိုက်တဲ့ ဘာသာတက်ဖို့ လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့် ပေးတယ်။ အဲဒီမှာ သူက ဆရာဝန် အင်ဂျင်နီယာ လိုင်း တစ်ခုမှ မရွေးဘဲ ရူပဗေဒ အထူးပြုကို ရွေးသွားတယ်။”

သူများတွေလို အသက်မွေး ဝမ်းကြောင်းလိုင်းကို မရွေးဘဲ ရူပဗေဒကို ရွေးသွားတယ် ဆိုတာ တော်ရုံတန်ရုံ ခံယူချက်နဲ့တော့ ဖြစ်လိမ့်မယ် မထင်ပါ။ အဲဒီမှာ ပိုပြီး အံ့သြစရာ ကောင်းတဲ့ အကြောင်းတွေကို ဆရာက ဆက်ပြောပါတယ်။
“ဒီလိုနဲ့ သူ ရူပဗေဒ မေဂျာမှာ တက်နေရင်းနဲ့ ဒုတိယနှစ် စာမေးပွဲ ပြီးတော့ ဂုဏ်ထူးတန်း မဝင်လို့ သူ့ အဖေနဲ့ အကြီးအကျယ် ပြသနာ တက်ကြတယ်ကွ။ သူ့အဖေက ရူပဗေဒ ဆိုတာ မင်းရွေးခဲ့တဲ့ဘာသာ။ အခုတော့ ဂုဏ်ထူးတန်းတောင် ဝင်အောင် မဖြေနိုင်ဘူးလား ဆိုပြီး ဆူတာပေါ့ကွာ။ အဲဒီတော့ သူက သူ့အဖေကို ဂုဏ်ထူးတန်း မဝင်တာ ကျွန်တော် ညံ့လို့ မဟုတ်ဘူး။ ကျွန်တော့် အဖြေလွှာကို စစ်တဲ့ ဆရာက ညံ့လို့ ဆိုပြီး ပြန်ပြောတယ်ကွ။ သူ့အဖေကလည်း တက္ကသိုလ် အသိုင်းအဝိုင်းထဲကပဲ ဆိုတော့ ရူပဗေဒ ပါမောက္ခကို ကိုယ်တိုင် သွားတွေ့ပြီး ပြောတာပေါ့ကွာ။ ဆရာကြီး။ ကျွန်တော့်သားကတော့ သူဂုဏ်ထူးတန်း မဝင်တာကို သူညံ့လို့ မဟုတ်ဘူး။ သူ့အဖြေလွှာကို စစ်တာမှားလို့ လို့ ပြောနေတယ်။ ကျွန်တော်တော့ မယုံဘူး။ ဒါပေမယ့် ဆရာကြီး ပြန်ကြည့်ပေးလို့ ရမလားဆိုပြီး တော့ပေါ့ကွာ။ အဲဒါနဲ့ ရူပဗေဒ ပါမောက္ခကလည်း နည်းနည်းတော့ ထူးခြားနေတယ် ဆိုပြီး သူ့အဖြေလွှာတွေကို ပြန်ယူကြည့်တယ်ကွ။ အဲဒီတော့ သူပြောတာ အမှန်ပဲကွ။ သူဖြေထားတာတွေကို စာစစ်တဲ့ ဆရာက နားမလည်ဘူး။ ပါမောက္ခကတော့ နားလည်တယ်။ အဲဒါနဲ့ ပါမောက္ခက စာစစ်တဲ့ ဆရာကို ကျောင်းသားလောက်တောင် မသိဘူးလား ဆိုပြီး ခေါ်ဆူတော့တာပဲ။ သူ့ကိုလည်း ဂုဏ်ထူးတန်း တက်ဖို့ ပြောတယ်ကွ။ ဒါပေမယ့် သူက မြန်မြန် ကျောင်းပြီးအောင်ပဲ လုပ်ပြီး နိုင်ငံခြား ထွက်တော့မယ် ဆိုပြီး ဂုဏ်ထူးတန်း မတက်တော့ဘူး။ အခုတော့ အမေရိကားမှာ ရူပဗေဒနဲ့ ဒေါက်တာဘွဲ့ ယူပြီး တက္ကသိုလ် တစ်ခုမှာ ဆရာ လုပ်နေတယ်လို့ ကြားတယ်ကွ။”

ဆရာက သူ့တပည့်အကြောင်းကို အဲဒီလို ပြောပြီး အဆုံးသတ်ပါတယ်။ နောက်တော့ ကျွန်တော်တို့ကို “မင်းတို့လည်း ကိုယ်ဝါသနာပါတဲ့ လိုင်းမှာ တကယ်ထူးချွန်အောင် ရေဆုံးရေဖျား လိုက်နိုင်မယ် ဆိုရင် မဖြစ်နိုင်စရာ မရှိပါဘူး။ တကယ် ခံယူချက်ရှိဖို့နဲ့ ကြိုးစားဖို့ပဲ လိုတယ်။” လို့ ပြောပါတယ်။

ဆယ်တန်း စာမေးပွဲ ပြီးတဲ့ အခါမှာတော့ ကျွန်တော့် အတန်းဖော်တွေ ထဲမှာ ဆရာ ပြောခဲ့ဖူးတဲ့ ဆရာ့တပည့်လို အသက်မွေး ဝမ်းကြောင်း လိုင်းတွေ မရွေးဘဲ ကိုယ်ဝါသနာ ပါပြီး ပရော်ဖက်ရှင်နယ် မဟုတ်တဲ့ လိုင်းကို ရွေးသွားတယ် ဆိုတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ အမှတ်ကောင်းတဲ့သူ အားလုံး နိုင်ငံခြား ထွက်သွားတဲ့ သူတွေ ကလွဲလို့ အားလုံး ဆေးတက္ကသိုလ်၊ စက်မှု တက္ကသိုလ်၊ ကွန်ပြူတာ တက္ကသိုလ်နဲ့ စီးပွားရေး တက္ကသိုလ် တွေကိုပဲ ကိုယ်စီ ကိုယ်စီ ရောက်သွား ကြတာပါပဲ။ စက်မှုတက္ကသိုလ် တက်ခွင့်ရရဲ့ သားနဲ့ စီးပွားရေး တက္ကသိုလ် ရွေးသွားတယ် ဆိုတာလောက်ပဲ ကြားရတာ ရှိခဲ့ပါတယ်။

(ဆရာ ပြောတဲ့ ဆရာတပည့်ရဲ့ နာမည်ကို မှတ်မိပေမယ့် သူ့ရဲ့ Privacy အတွက် ထည့်မရေးဖြစ်တာ ခွင့်လွှတ် စေချင်ပါတယ်။ )

Sunday, August 9, 2009

လက်တွေ့ကျလွန်းလို့

“မောင်ရေ။ မ ရှော့ပင် သွားချင်လို့ လိုက်ပို့စမ်းပါ။”
“လုပ်ပြန်ပြီ။ ဒီရှော့ပင်။ ဘာမှ ဝယ်တာလဲမဟုတ်။ ဟိုငေး ဒီငေး။ ဟိုဟာ ကိုင်ကြည့် ဒီဟာ ကိုင်ကြည့်နဲ့။ အလကားသက်သက် အချိန် ဖြုန်းတဲ့ အလုပ်။”
“မောင်ကလဲ။ ပစ္စည်းအဆန်းလေးတွေ တွေ့ရတာပေါ့။ နောက်ဝယ်ချင်ရင် ဘယ်ဟာ ဝယ်ရမလဲ သိရတာပေါ့။”
“အေး။ မင်းတို့ကတော့ အားအားရှိ ဒါပဲလုပ်နေ။ ခဏနေ ဝယ်ပြန်ပြီ အိတ်။ ခဏနေ ဝယ်ပြန်ပြီ ဖိနပ်။ ဖိနပ် နဲ့ အိတ်လည်း အိမ်မှာ များလွန်းလို့ ဖိနပ်နဲ့ အိတ်ဆိုင်တောင် ဖွင့်လို့ရတယ်။”
“အော်။ ဒါကတော့ မိန်းကလေးပဲ။ ဒီလောက်တော့ ရှိမှာပေါ့။ မက သူများတွေလို Prada တွေ LV တွေ ဝယ်တာမှ မဟုတ်တာ။ ဒီလောက်နဲ့ ဘာဖြစ်မှာလဲ။”
“ဘာဖြစ်မှာလဲ။ ဟုတ်လား။ ပိုက်ဆံ ကုန်တာပေါ့ကွ။ ပစ္စည်းပဲ လိုအပ်မှ ဝယ်ပေါ့။ မလိုအပ်ပဲ ဘာကိစ္စ လျှောက်ဝယ် နေရတာလဲ။”
“မောင်ကတော့ ပြောလိုက်ရင် ဒီအတိုင်း ချည်းပဲ။ သူများ အတွဲတွေ ကြည့်စမ်းပါဦး။ စန္ဒါ့ ကောင်လေး ဆိုရင် သူ ရှော့ပင် ထွက်တိုင်း နောက်က ပါတယ်။ ပြီးရင် သူ့ရည်းစားနဲ့ လိုက်မလိုက် သူကိုယ်တိုင် ရွေးပေးတယ်။ မောင်ကတော့ မတတ်သာလို့ ပါလာရင်တောင် နောက်ကနေ တဝါးဝါးနဲ့ သမ်းနေတာ။”
“ငါမှ စိတ်မဝင်စားတာကွ။ ဘယ်လိုလုပ်ရမှာလဲ။”
------------------------------------------------------------------------------------------------
“အခုတင်နေတဲ့ ရုပ်ရှင်ကောင်းတယ်။ မတို့ ဒီတပတ် စနေ တနင်္ဂနွေ သွားကြည့် ရအောင်နော်။”
“ဘာကား မို့လဲ။”
“အချစ်ဇာတ်လမ်းလေး လေ။ ဟိုတလောက Trailer ထဲမှာ ကြည့်လိုက်ရတာ အတော် ကောင်းမယ့် ပုံပဲ။”
“မသွားစမ်းပါနဲ့ကွာ။ ရုပ်ရှင်ရုံထဲ သက်သက်မဲ့ ၂ နာရီလောက်ထိုင်ပြီး အချိန်ဖြုန်းရမဲ့ အလုပ်။ အဲဒီ ၂ နာရီ တခြား အလုပ်လုပ်တာမှ အကျိုးရှိသေးတယ်။”
“တခါတလေ ကြည့်တာပဲ။ ဘာဖြစ်သေးလဲ။”
“အဲဒီလို ကားမျိုး ကြည့်မယ့် အစား Science Centre သွားပြီး Documentaries တွေ ကြည့်တာမှ ဗဟုသုတ ရသေးတယ်။”
“လာပြန်ပြီ လား ဒီဗဟုသုတ။ အဲဒီ ဗဟုသုတတွေ ရှင့်ခေါင်းထဲမှာ ပြည့်နေလို့ ဘာသွားလုပ်မှာလဲ။ မ လည်း တခါတလေတော့ ကိုယ့်ရည်းစားနဲ့ကိုယ် ရိုမန်းတစ် ဖြစ်တဲ့ ရုပ်ရှင်လေး ဘာလေး ကြည့်ချင်သေးတာပေါ့။”
“ဟာကွာ။ ဒီအရွယ်ကြီးတွေ ရောက်နေပြီ။ ကလေးမဟုတ် သူငယ်မဟုတ် မကြီးမငယ်နဲ့ ရိုမန်းတစ် ချင်သေးတယ်။”
“ချစ်တာပဲ။ ဘယ်အရွယ်မှ ရိုမန်းတစ် ဖြစ်ရမယ် ဆိုတာ ရှိသေးလို့လား။ သူများတွေ အဖိုးကြီး အဖွားကြီး ဖြစ်တာတောင် ရိုမန်းတစ် ဖြစ်ကြတုန်း။”
“တော်စမ်းပါကွာ။ အရူးမထ စမ်းပါနဲ့။”
------------------------------------------------------------------------------------------------
“မောင်ရေ။ မတို့ ရှန်ဂရီလာမှာ မင်္ဂလာဆောင် ကြမယ်နော်။”
“အင်း။ မောင် တွက်ပြမယ်။ သေသေချာချာ စဉ်းစားကြည့်။ ရှန်ဂရီလာမှာ ဝိုင်း ၃၀ ဆိုရင်ကို ဒေါ်လာ သုံးသောင်းလောက် ဖြစ်နေပြီ။ အဲဒီ ဒေါ်လာ ၃ သောင်းကို တခြားနေရာမှာ ရင်းနှီးမြှုပ်နှံလိုက်ရင် ခဏအတွင်း ပိုက်ဆံတွေ အများကြီး ပွားလာနိုင်တယ်။”
“ဟာ။ မောင်ကလဲ။ မတို့ မိန်းကလေးတွေက တသက်မှာ တခါ မင်္ဂလာဆောင်ရတဲ့ ဥစ္စာ။ ခမ်းခမ်းနားနားတော့ လုပ်ချင်တာပေါ့။”
“အပိုတွေ မလုပ်စမ်းပါနဲ့ကွာ။ မင်္ဂလာဆောင်တဲ့ ကိစ္စက စိတ်ပင်ပန်း လူပင်ပန်း။ ပြီးရင် ဟိုလူ့ ရယ်ပြရ ဒီလူ့ရယ်ပြရနဲ့။ အဓိပ္ပါယ် မရှိတဲ့ အလုပ်တွေပါ။ ဘုန်းကြီးကျောင်း ဆွမ်းကွေျးလိုက်ရင် ပြီးနေတဲ့ ကိစ္စ။ ဘာဖြစ်လို့ ချဲ့ကားချင် နေရတာလဲ။”
“သူများတွေလည်း ကြည့်စမ်းပါဦး။ ဟိုလူ ကြည့်ရင် ရှန်ဂရီလာ။ ဒီလူ ကြည့်ရင် Fullerton။ အားလုံး ဟိုတယ် ကောင်းကောင်းတွေမှာ မင်္ဂလာဆောင်တာ ချည့်ပဲ။”
“ပကာသန တွေပါကွာ။ ကိုယ်တင် ဒုက္ခရောက်တာ မဟုတ်ဘူး။ မင်္ဂလာဆောင် လာတဲ့သူလည်း ဒုက္ခ ရောက်သေးတယ်။ ဝတ်ရ စားရ။ ပြီးရင် လက်ဖွဲ့ကိုလည်း ဟိုတယ်နဲ့ လိုက်အောင် လိုက်ပေးရ။ ဘာလုပ်မှာလဲကွာ။”
“ဘာပဲ ပြောပြော သူများတွေ လုပ်ပြီး ကိုယ်မလုပ်ရင် မျက်နှာငယ်တာပေါ့ကွာ။”
“ဘာမျက်နှာ ငယ်စရာ ရှိသလဲ။ ပကာသန မလုပ်လို့ မျက်နှာငယ်ကြေးဆိုရင်လည်း ငယ်ပေ့စေပေါ့ကွာ။ အဲဒီလိုမျိုးတွေ အထင်ကြီးစရာ မရှိပါဘူး။”
-------------------------------------------------------------------------------------------------
“မောင်ရေ။ စန္ဒါ့ ရည်းစားကတော့ Toyota Altis လေး ဝယ်လိုက်ပြီ။ သိလား။ အရမ်းမိုက်တာပဲ။”
“ဟုတ်လား။ အလကား သက်သက်ကွာ ပိုက်ဆံဖြုန်းတဲ့ အလုပ်တွေ လုပ်ပြန်ပြီ။”
“ဘာ ပိုက်ဆံဖြုန်းတာလဲ။ ကားဝယ်တော့ ပွဲနေပွဲထိုင် စီးရတာပေါ့။”
“မကလည်းကွာ။ ဒီနိုင်ငံမှာ တက်ကစီတွေ ရထားတွေ ဘတ်စ်ကားတွေ ဒီလောက် ပေါနေတဲ့ ဥစ္စာ။ ကိုယ်ပိုင်ကား ဆိုတာ စင်ကာပူမှာ မရှိမဖြစ် လိုအပ်တဲ့ အရာမှ မဟုတ်တာပဲ။ ယူအက်စ်တို့ သြစတေးလျတို့လို နိုင်ငံမျိုးမှာ ဆိုရင် မဝယ်မဖြစ်လို့ ဝယ်ရတယ် ဆိုရင် ထားပါတော့။ နောက်ပြီး ကားက ဆယ်နှစ်စီးပြီးရင် ဖျက်ပစ်ရမှာ။ ဒီဆယ်နှစ်အတွင်း ပေးလိုက်ရတဲ့ ပိုက်ဆံက ကိုယ့်အိတ်ထဲက ထွက်သွားမှာပဲ။ Robert Kiyosaki ရဲ့ Rich Dad Poor Dad ထဲကလို ဆိုရင် အဲဒီ ပိုက်ဆံက ကိုယ့်အိတ်ထဲကနေ လစဉ် ပေးနေရမယ့် ပိုက်ဆံ။ အဲဒီ ပိုက်ဆံကို ရင်းနှီးမြှုပ်နှံထားရင် ကိုယ့်အတွက် အပိုဝင်ငွေရတယ်။ ကိုယ့်လခရော ရင်းနှီးမြှုပ်နှံ ထားတာကနေ ရတဲ့ ပိုက်ဆံရော ဝင်ငွေ နှစ်ခု ဖြစ်လို့ ခဏ အတွင်း ကြီးပွားနိုင်တယ်။ နို့မဟုတ်ရင် ကိုယ့်လခက ကားဖိုး အကြွေးပဲ ဆပ်နေရတာမို့ အလဟသ ကုန်သွားမှာ။”
“သူများတွေ ကားစီးနေတော့ မ လည်း စီးချင်တာပေါ့။”
“ဝယ်မပေးဘူး မပြောပါဘူးကွာ။ ကိုယ်ပိုက်ဆံရှိရင် မ စီးဖို့ BMW Convertible ဝယ်ပေးမယ် ဟုတ်ပြီလား။”
-----------------------------------------------------------------------------------------------

ကိုလက်တွေ့ကြီးရေ
ကျွန်မနှုတ်ဆက်ခဲ့ပါတယ်။
ရှင်က နေရာတကာ လက်တွေ့ကျပေမယ့် ကျွန်မကတော့ နေရာတကာ လက်တွေ့ မကျနိုင်ဘူး။
ကျွန်မလည်း အခြား မိန်းကလေးများနည်းတူ ရှော့ပင် ထွက်ချင်တယ်။ ကိုယ့်ရည်းစားနဲ့ကိုယ် ရုပ်ရှင် သွားချင်တယ်။ အတူတူ လျှောက်လည်ချင်တယ်။ ဒါပေမယ့် ရှင်က မိန်းကလေးတွေရဲ့ စိတ်ကို နားမလည်ဘူး။
ရှင်လုပ်ချင်တာပဲ တစ်ခုတည်းပဲသိတယ်။
အခု ကျွန်မ နောက်တစ်ယောက်ကို အဖြေပေးလိုက်ပြီ။
သူက ကျွန်မကို အစစ အရာရာ ဂရုစိုက်တယ်။ ကျွန်မ ရှော့ပင်သွားမယ် ဆိုရင်လည်း သူကိုယ်တိုင် လိုက်ပို့ပေးတယ်။ ဘေးနားကနေ အကြံပေးတယ်။ ရုပ်ရှင် ကြည့်ဖို့ ဆိုရင်လည်း ကျွန်မကတောင် စပြောစရာ မလိုဘဲ သူကပဲ ကျွန်မကို ဦးဆောင်ပြီး ခေါ်သွားတယ်။ ရှင်နဲ့တော့ တခြားစီပဲ။
နောက်ပြီး ရှင့်လို သူများ သားသမီးကို ပစ္စလက္ခတ် လုပ်ဖို့ မစဉ်းစားဘူး။ ကျွန်မ ကို ဟိုတယ်မှာ တင့်တောင့်တင့်တယ် မင်္ဂလာဆောင်ယူမယ် ပြောတယ်။
ရှင့်ရဲ့ လက်တွေ့ကျတဲ့ အစီအစဉ်တွေ ရေရှည်မှာ ကောင်းလာနိုင်တာ မှန်ပေမယ့် ကျွန်မကတော့ ရှင့်ကို သည်းမခံနိုင်တော့ဘူး။ အဲဒီတော့ ကျွန်မနဲ့ လိုက်ဖက်မယ့် အိမ်ထောင်ဖက်ကိုပဲ ရွေးချယ် သွားပါတယ်။
ရှင်လည်း ရှင့်ရဲ့ စိတ်နဲ့ကိုက်မယ့် ရှင့်ရဲ့ လက်တွေ့ကျတဲ့ စီမံကိန်းတွေကို လက်ခံမယ့် အိမ်ထောင်ဖက်ကို ပဲ ရှာပါတော့။

တစ်ချိန်က ရှင့်ရဲ့

Friday, August 7, 2009

စူ့ထက်စူ လူစွမ်းကောင်းတွေ

ကျွန်တော်တို့နဲ့ မရှေးမနှောင်း စင်ကာပူ ရောက်ခဲ့ကြပြီး တစ်ကျောင်းတည်း အတူ တက်ခဲ့ကြတဲ့ မြန်မာကျောင်းသားတွေကတော့ စူ့ထက်စူ လူစွမ်းကောင်းတွေ ချည်းပါပဲ။ အနူတောမှာ လူချော ဖြစ်ကြတာလားတော့ မသိပါ။ :D ဒါပေမယ့် ထူးချွန်တာက တော့ အမှန်ပါပဲ။

ကျွန်တော်တို့ ကျောင်းစတက်တဲ့ နှစ်က ကျောင်းမှာ မြန်မာကျောင်းသား အယောက် ၈၀ လောက် ရှိပါတယ်။ ၇၀ ကျော်က ကျွန်တော်တို့နဲ့ တစ်နှစ်တည်း အတူတူ ရောက်တဲ့သူတွေပါ။ အဲဒီအထဲမှာမှ ရန်ကုန် စက်မှုတက္ကသိုလ်က တဝက်တပျက်နဲ့ ထွက်လာတဲ့သူက အယောက် ၅၀ လောက် ပါပါတယ်။

ကျောင်းနဲ့ ဝေးနေတာ ကြာပြီဆိုတော့ အားလုံးက ပညာကို အတော်လေး လိုလိုချင်ချင် ဖြစ်နေကြပါတယ်။ ကျွန်တော်တို့ကို ကွာလတီ ဘာသာ သင်တဲ့ မစ်(စ်) ကွမ် ဆိုတဲ့ ဆရာမကတော့ “မြန်မာကျောင်းသားတွေ knowledge hungry ဖြစ်နေကြတယ်။” လို့ မှတ်ချက် ပေးပါတယ်။ ပထမနှစ်မှာတော့ စာမေးပွဲတွေ ဖြေလိုက်တိုင်း အားလုံးလိုလိုရဲ့ အမှတ်တွေက ဝဲကားနေတာပါပဲ။

ကျောင်းက ဆရာဆရာမတွေကို မျက်လုံးပြူးအောင် လုပ်တဲ့သူတွေလည်း ပါပါတယ်။ မြို့ပြ အင်ဂျင်နီယာ ဘာသာက သူငယ်ချင်း တစ်ယောက်က ကျောင်းက သင်ပေးတဲ့ AutoCAD ကို လွယ်လွန်းတယ် ဆိုပြီး သူတို့ ဌာနမှာ ကွန်ပလိန်းတက်ပါတယ်။ အစကတော့ သူ့ကို ဌာနက လာနောက်နေတယ် ထင်တာပါ။ ဒါပေမယ့် သူက အတည်ပေါက် ပြောနေတော့ သူ့ကို နောက်ဆုံး အဆိုင်းမင့် တင်ရမယ့် ပုံနှစ်ပုံ ပေးပြီး ဆွဲခိုင်းပါတယ်။ သူက အဲဒီ ၂ ပုံကို တထိုင်တည်း တစ်နာရီအတွင်း ဆွဲပြလိုက်လို့ ဌာနက မင်းဒီလောက် တတ်ရင်လည်း သင်မနေနဲ့တော့ကွာ ဆိုပြီး Exemption ပေးလိုက်ပါတယ်။ ( AutoCAD အဲဒီလောက် ကျွမ်းတဲ့ ပုဂ္ဂိုလ်က အခုတော့ အမေရိကားမှာ စီးပွားရေးပညာ ဘာသာရပ်နဲ့ ပါရဂူဘွဲ့ စာတမ်းရေးနေပါတယ်။ :D )

နောက်ထပ် ကြားဖူးတာ တစ်ခု ရှိပါတယ်။ ဓာတု အင်ဂျင်နီယာ ဘာသာရပ် အတန်းမှာ ဆရာမက ညီမျှခြင်း တစ်ခု ပေးပြီး အဲဒီ ညီမျှခြင်းကို တနာရီ အတွင်း ညီအောင် ညှိပြနိုင် မလားလို့ ကျောင်းသားတွေကို စိန်ခေါ်ပါတယ်။ မြန်မာ ကျောင်းသား တစ်ယောက်က ၁၀ မိနစ်နဲ့ အဲဒီ ညီမျှခြင်းကို ညှိပြပါတယ်။ ဆရာမလည်း အတော်လေး ဖြုံသွားပါတယ်။ နောက်တော့ သူက မြန်မာ သူငယ်ချင်းတွေကို ဝန်ခံပါတယ်။ ဆယ်တန်း စာအုပ်ထဲက ညီမျှခြင်းကြီး ကွာ။ ငါအလွတ်ရနေတာ။ ချက်ချင်း အဖြေချရေးရင် မကောင်းလို့။ ၁၀ မိနစ်ကြာမှ ရေးတာလို့ ပါ။ သူကတော့ ကျွန်တော်တို့နှစ်က ဆယ်တန်း စာမေးပွဲမှာ မြန်မာ တနိုင်ငံလုံး ၁ ကနေ ၁၀ အတွင်း ဝင်တဲ့သူပါ။

စက်မှု အင်ဂျင်နီယာ ဘာသာရပ် အတန်းကတော့ တကယ့်လူတော်တွေချည်း စုနေတာပါ။ ကျွန်တော့် စီပုံးမှာ လာလာ အော်တတ်တဲ့ KT တို့ အတန်းပါ။ ကျွန်တော်တို့ ကျောင်းရဲ့ ထုံးစံက အမှတ် ၈၀ ကျော်ရုံနဲ့ ဂုဏ်ထူး မပေးပါဘူး။ အမှတ် ၈၀ ကျော်တဲ့သူက A ရပြီး အဲဒီအထဲကမှ Top 5 percent ကို ဂုဏ်ထူးပေးပါတယ်။ သူတို့အတန်းမှာ မြန်မာကျောင်းသားတွေ အားလုံးလိုလို သင်္ချာ ၁၀၀ ရကြလို့ ၉၉ မှတ်ရတဲ့သူတောင် ဂုဏ်ထူး မထွက်ဘူး လို့ ဆိုပါတယ်။

ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော် လုပ်လိုက်ပါဦးမယ်။ ကျွန်တော် အင်ဂျင်နီယာ ကျောင်းသားပေမယ့် Programming ကို အတော် ဝါသနာ ကြီးပါတယ်။ ကျောင်းမှာ သင်တဲ့ Programming က ကျွန်တော့် အတွက်တော့ အတော့်ကို လွယ်လွန်းနေပါတယ်။ ကိုယ့်အတွက်တင် မဟုတ်ဘဲ တခြား ဘာသာရပ်က သူငယ်ချင်းတွေ အတွက်လည်း Programming အဆိုင်းမင့်တွေ ပရော့ဂျက်တွေ ကြုံရင် ကြုံသလို ရေးပေးတတ် ပါတယ်။ ဝါသနာ ပါလွန်းလို့ ရေးချင်လွန်းလို့ကို ရေးတာပါ။ အတန်းထဲမှာ C Programming ဖြေရင် ၁၀၀ ရတာများပါတယ်။ အမြဲတမ်းတော့ မဟုတ်ပါဘူး။ ၃ ခါလောက် ၁၀၀ ရပြီး နောက်တစ်ခေါက် စာမေးပွဲ စစ်တော့ ဆရာက မင်းအမှတ် မပြောတော့ဘူးကွာ။ ကိုယ့်ဘာသာကိုယ်ပဲ သိလိုက်တော့လို့ ပြောပါတယ်။ အဲဒါတောင်မှ နှစ်ဆုံးလို့ အမှတ်ပေါင်းတော့ ၉၀ ကျော်ပဲ ရတာကြောင့် Top 5 percent မဝင်လို့ ဂုဏ်ထူး မထွက် ပါဘူး။

သင်္ကြန်ပြဇာတ်ထဲမှာ “အမေရေ။ သားတို့ ဆီမှာတော့ ၄လသင်တဲ့ ဘာသာကို ၄ ရက်နဲ့ ကျက်ပြီး ဂုဏ်ထူးတွေ ထွက်နေကြတယ်။” ဆိုပြီး ကျောင်းကို ပြောင်ကြပါတယ်။ စာက လွယ်လွန်းနေတာလားတော့ မသိပါဘူး။ အချင်းချင်းတော့ “စာမေးပွဲကျတယ် ဆိုတဲ့ကောင်က မနက်ဖြန် စာမေးပွဲ ရှိတာကို ဒီည စာမကျက်လို့လည်း ဖြစ်ချင် ဖြစ်မယ်။ ဒါမှမဟုတ် တစ်နှစ်လုံး ရှိသမျှ စာမေးပွဲ အကုန်လုံး စုတ်ပြတ်နေအောင် ဖြေခဲ့လို့လည်း ဖြစ်ချင် ဖြစ်မယ်။” လို့ ပြောကြပါတယ်။

ထူးထူးခြားခြား လက်ဖျားခါလောက်အောင် ဉာဏ်ကောင်းတဲ့သူများလည်း ရှိပါတယ်။ ဉာဏ်ကောင်းပေမယ့် စာမလုပ်တဲ့သူ တွေပါ။ ကျွန်တော်နဲ့ တအိမ်တည်း အတူ နေခဲ့ဖူးတဲ့ သူငယ်ချင်းတစ်ယောက် ရဲ့ အဖြစ်တစ်ခု ကို မှတ်မိနေပါတယ်။ အဲဒီတုန်းက သူဟာ နောက်တစ်နေ့ မနက် ဖိုင်နယ် စာမေးပွဲ ရှိတာကို စာမကျက်ဘဲ စောစောစီးစီး ဝင်အိပ်နေပါတယ်။ ည ၁၂ နာရီလောက် ရောက်တော့ နာရီ နှိုးစက်မြည်လို့ ထလာပါတယ်။ ကျွန်တော်ကတော့ စာထကျက်တယ် ထင်တာပါ။ မဟုတ်ပါဘူး။ ဘောလုံးပွဲ ထကြည့်တာပါ။ ဘောလုံးပွဲ ပြီးမှ စာအုပ်ရှာပါတယ်။ ပြီးမှ စာကျက်ပါတယ်။ အဲဒါလည်း သိပ်မဆိုးတဲ့ ဂရိတ်နဲ့ အောင်တာပါပဲ။

ကျွန်တော်နဲ့ ၃ နှစ်စလုံး ဘာသာရပ် အတူတူ တစ်တန်းတည်း တက်ခဲ့တဲ့ အစ်ကိုကြီး တစ်ယောက်လည်း ရှိပါတယ်။ ကျွန်တော်တို့ နောက်ဆုံးနှစ်မှာ သင်ရတဲ့ Control အင်ဂျင်နီယာ ဘာသာရပ်က ခက်လွန်းလို့ ကျောင်းသား အတော်များများ မလိုက်နိုင်ကြပါဘူး။ ကျွန်တော်တို့လည်း ထူးမခြားနားပါပဲ။ ကျွန်တော်ကတော့ Mid-term ဖြေခါနီးမှ ဒီအတိုင်းတော့ မဖြစ်သေးဘူးလို့ သတိရတာနဲ့ စာကြည့်တိုက်မှာ တစ်ပတ်လောက် အသည်းအသန် စာအုပ်ရှာဖတ်ပြီး အဲဒီဘာသာကို နားလည်အောင် လုပ်ပါတယ်။ ကျွန်တော့် ဘော်ဒါကြီးကတော့ အေးအေးဆေးဆေးပဲ သူ့အိမ်မှာ နှပ်နေပါတယ်။ တခန်းတည်း အတူတက်တာ ဆိုတော့ သူလည်း မရမှန်း ကျွန်တော် သိပါတယ်။ စာမေးပွဲ မဖြေခင် တရက်အလိုမှ သူက ဟေ့ကောင်။ ငါ့ကိုလည်း သင်ပေးဦး ဆိုလို့ ကျွန်တော်လည်း တတ်သလောက် မှတ်သလောက် ရှင်းပြလိုက်ပါတယ်။ စာမေးပွဲ ဖြေတော့ ကျွန်တော်က အောင်မှတ်နားမှာ ကပ်ကျပြီး သူကတော့ လွတ်လွတ်ကျွတ်ကျွတ်ကို အမှတ် ကောင်းကောင်းနဲ့ အောင်ပါတယ်။ အတန်းထဲမှာ ဆရာက ကျွန်တော့်ကို “မင်းနားမလည်ရင်လည်း မင်းသူငယ်ချင်းကို သင်ခိုင်းပေါ့ကွာ။” လို့ လာပြောလို့ ကျွန်တော်တို့ နှစ်ယောက် အားရပါးရ ရယ်ခဲ့ကြ ပါတယ်။

KT ၊ photovigor နဲ့ ဟန်သူ အပါအဝင် Singapore Polytechnic မှာ တစ်ကျောင်းတည်း အတူတက်ခဲ့ကြတဲ့ မြန်မာ သူငယ်ချင်းတွေ အတွက် အမှတ်တရ ရေးလိုက်ပါတယ်။

Wednesday, August 5, 2009

ယူနီကုတ် ပြောင်းဖို့လိုအပ်သမျှ

ယူနီကုတ် ပြောင်းဖို့အတွက် ဘယ်က စရမှန်း မသိတဲ့သူတွေ အတွက် အချက်အလက်တွေ အားလုံးကို တတ်နိုင်သမျှ စုစည်း ပေးထားပါတယ်။

ယူနီကုတ် ဖောင့် ထည့်သွင်းခြင်း

ပထမဆုံးအနေနဲ့ ယူနီကုတ်ဖောင့်တွေထဲက GPL(General Public License), OFL (Open Font License) နဲ့ ဖြန့်ဝေထားတဲ့ ဖောင့်တွေကို တစုတစည်းတည်း Zip ဖိုင်နဲ့ ထည့်ပြီး တင်ထားပါတယ်။ အောက်က လင့်ခ်မှာ ရယူနိုင်ပါတယ်။
Download Myanmar Unicode Fonts Here

"MyanmarUnicodeFonts.zip" ဆိုတဲ့ ဖိုင်ထဲမှာ Myanmar NLP က ထုတ်တဲ့ Myanmar3 ၊ Solveware Solution က ထုတ်တဲ့ ပုရပိုက် နဲ့ ပိတောက်-ဇော်ဂျီဖောင့် တွေ ပါဝင်ပါတယ်။

Zip File ကို ဖွင့်ပြီး အထဲမှာ ပါတဲ့ ဖောင့်တွေ အားလုံးကို C:\Windows\Fonts ဆိုတဲ့ Folder ထဲကို ကူးထည့်ပါ။ (Windows 2000 based system တွေမှာတော့ C:\WINNT\Fonts ဆိုတဲ့ Folder ဖြစ်ပါလိမ့်မယ်။) Administrator right ရှိဖို့တော့ တော့ လိုအပ်ပါလိမ့်မယ်။ အဲဒီလို Install လုပ်ပြီး သွားပြီ ဆိုရင်တော့ ယူနီကုတ်နဲ့ ရေးထားတဲ့ စာမျက်နှာတွေကို ဖတ်လို့ ရပါပြီ။

မြန်မာဝီကီပိဒိယ http://my.wikipedia.org စာမျက်နှာကို ကြည့်ပါ။ စာလုံးတွေ အကုန်လုံးကို အမှန်အတိုင်း မြင်ရတယ် ဆိုရင်တော့ Installation အောင်မြင်သွားပါပြီ။ (ကြုံတုန်း ကြိုက်တုန်း မြန်မာဝီကီပိဒိယပါ ကြော်ငြာဝင်လိုက်ပါတယ်။ :D )

ပိတောက်-ဇော်ဂျီဖောင့် ဆိုတာကတော့ အခုရက်ပိုင်းအတွင်း Myanmar IT Professional ဖိုရမ်က Lionslayer လက်စွမ်းပြ ထားတဲ့ ဖောင့်ပါ။ မူရင်း SIL International က ထုတ်တဲ့ ပိတောက်ဖောင့်ကို ဇော်ဂျီရဲ့ စာလုံးတွေနဲ့ အစားထိုးထား ပါတယ်။ အဲဒီအတွက် ပိတောက်ဖောင့်ကို သုံးထားပေမယ့် ဇော်ဂျီက စာလုံးတွေ အတိုင်း မြင်ရပါတယ်။ ပိတောက်-ဇော်ဂျီဖောင့်အကြောင်း အသေးစိတ် သိချင်ရင် ဒီမှာ ဖတ်လို့ရပါတယ်။

ယူနီကုတ် ကီးဘုတ် ထည့်သွင်းခြင်း

ယူနီကုတ် ကီးဘုတ်ကို တစ်ခါမှ မသုံးဖူးတဲ့ သူတွေ အတွက် စမ်းသုံးကြည့်ကြဖို့ အကြံပေးချင်ပါတယ်။ ကျွန်တော် အတွေ့အကြုံအရ ပြောရမယ် ဆိုရင် အခြား မြန်မာကီးဘုတ် သုံးဖူးတဲ့ သူတွေ အတွက် တပတ်အတွင်း ယူနီကုတ် ကီးဘုတ်နဲ့ အသားကျနိုင် ပါတယ်။ မြန်မာစာကို စာလုံးပေါင်းအတိုင်း ရိုက်ရတဲ့အတွက်လည်း ပိုမြန်အောင် ရိုက်နိုင်ပါတယ်။ ကောင်းတဲ့အချက်တစ်ချက်ကတော့ စံနှုန်းညှိထားတဲ့ အတွက် ယူနီကုတ် ကီးဘုတ်တစ်ခု ရှိရင် ဘယ်ယူနီကုတ် ဖောင့်ကို မဆို သုံးပြီး ရိုက်လို့ရပါတယ်။

Myanmar3 Installation package ကို အောက်က လင့်ခ်မှာ ရယူနိုင်ပါတယ်။

Download Myanmar3 Installation Package Here

အဲဒီ Package မှာ ဖောင့်၊ ကီးဘုတ်၊ လက်ကွက် နဲ့ ယူနီကုတ် ရိုက်နည်းတွေ တစုတစည်းတည်း ပါပါတယ်။ Install လုပ်ပြီးတဲ့အခါမှာ Start->Program Files->Myanmar3 ဆိုတဲ့ Menu အောက်မှာ ရှာလို့ ရနိုင်ပါတယ်။ ဒါပေမယ့် Installation လုပ်တဲ့နေရာမှာ မသေမချာ မရေမရာ ဖြစ်နေတဲ့ သူများအတွက် Unofficial Installation Guide ရေးထားပါတယ်။ အောက်က လင့်ခ်မှာ Download လုပ်လို့ရပါတယ်။

Download Myanmar3 Unofficial Installation Guide Here

ယူနီကုတ် ကီးဘုတ်ကို ဘယ်က စရမှန်း မသိဖြစ်နေတဲ့ သူများ အတွက် FAQ တစ်ခုလည်း ရေးထားပါတယ်။ အောက်ကလင့်ခ်မှာ Download လုပ်လို့ရပါတယ်။

Download Unicode Keyboard FAQ Here

ဇော်ဂျီလက်ကွက်ဖြင့် ယူနီကုတ် စာလုံးများ ရိုက်ခြင်း

ဇော်ဂျီလက်ကွက်ကိုပဲ ဆက်သုံးချင်တယ် ဆိုတဲ့ သူတွေ အတွက်တော့ ဇော်ဂျီလက်ကွက်နဲ့ ယူနီကုတ် ကီးဘုတ် ရှိပါတယ်။

ပထမဆုံး NHM Writer ကို Install လုပ်ဖို့ လိုအပ်ပါလိမ့်မယ်။
http://software.nhm.in/products/writer

ယူနီကုတ် ၅.၁ စာလုံး ဇော်ဂျီ လက်ကွက်နဲ့ ကီးဘုတ်ကို အောက်ကလင့်ခ်မှာ Download လုပ်ပါ။
http://novasteps.com/Unicode_5.1_Zawgyi_Layout.zip

NHM Writer ကို Install လုပ်တဲ့ အချိန် ကြိုက်တဲ့ဘာသာ စကားကို ရွေးပါ။ Install လုပ်ပြီးသွားရင် Run ပါ။ Taskbar ထဲက NHM အိုင်ကွန်ကို Right-Click နှိပ်ပြီး Settings ကို ရွေးပါ။ ပြီးရင် ခုန Download လုပ်ထားတဲ့ ကီးဘုတ် အသစ်ကို ထည့်ပါ။

ဒီကီးဘုတ်ရဲ့ လက်ကွက်ဟာ ဇော်ဂျီနဲ့ အတူတူ ပါပဲ။ ဇော်ဂျီလို DeadKey ကို သုံးလို့ရပါတယ်။ Special Key ']' ကို သုံးပြီး English punctuations တွေ နံပါတ်နဲ့ အက္ခရာတွေကို ရိုက်လို့ ရပါတယ်။

ဇော်ဂျီကီးဘုတ်ဖြင့် ယူနီကုတ်စာလုံးများ ရိုက်ခြင်း

ကီးဘုတ် ဒရိုင်ဘာ အသစ် ထပ်မထည့်ချင်ဘူး။ ရှိပြီးသား ဇော်ဂျီကီးဘုတ်နဲ့ပဲ ရိုက်ချင်တယ် ဆိုတဲ့သူတွေ အတွက်ကတော့ ကွန်ဗာတာ တစ်ခု ဒေါင်းလုပ် လုပ်ဖို့ လိုအပ်ပါလိမ့်မယ်။
Download Web-based Converter Here

ကွန်ဗာတာထဲမှာ ဇော်ဂျီနဲ့ ရိုက်ထည့်ပြီး ယူနီကုတ်စာလုံးပြောင်းလို့ ရပါတယ်။ ကွန်ဗာတာက အင်တာနက်စာမျက်နှာ ပုံစံ လုပ်ထားတဲ့ အတွက် စက်ထဲမှာ Install လုပ်ဖို့မလိုပါဘူး။ Zip File ထဲမှာ ပါတဲ့ Converter.htm ကို Webpage တစ်ခု အနေနဲ့ပဲ ဖွင့်ထားဖို့ လိုအပ်ပါလိမ့်မယ်။

ဘားဂလစ်ခ်ျသုံး၍ ယူနီကုတ် စာလုံးများ ရိုက်ခြင်း

မြန်မာစာကို လုံးဝ မရိုက်ဖူးဘူး မြန်မာကီးဘုတ်နဲ့လည်း အကျွမ်းတဝင် မရှိဘူး ဆိုတဲ့ သူတွေ အတွက် Seth Hetu နဲ့ မာ့ခ်တို့ ပူးပေါင်းပြီး ရေးထားတဲ့ ဝိဇ္ဖာ ဘားဂလစ်ခ်ျ စာရိုက်စနစ်ကို သုံးကြည့်ဖို့ အကြံပေး ချင်ပါတယ်။ ဝိဇ္ဇာ စာရိုက်စနစ်ဟာ မြန်မာကီးဘုတ် သိစရာ မလိုပဲ ဘားဂလိပ် စာလုံးတွေ အားလုံးကို မြန်မာစာလုံး အဖြစ် ပြောင်းပေးပါတယ်။ အဲဒါအပြင် ဝိဇ္ဖာဟာ ကွန်ပြူတာထဲမှာ Install လုပ်စရာ မလိုဘဲ သုံးလို့ရပါတယ်။

၁။ ဝိဇ္ဖာ စာရိုက်စနစ်ကို အောက်က လင့်ခ်မှာ ဒေါင်းလုပ် လုပ်ပါ။
waitzar_release_1.7.zip
၂။ Zip File ကို Extract လုပ်ပြီး Waitzar.exe ကို Run ပါ။ Windows ရဲ့ ညာဖက် အောက်ဆုံး ထောင့်မှာ ဝိဇ္ဖာအိုင်ကွန် ပေါ်လာပါလိမ့်မယ်။ Right-Click နှိပ်ပြီး Myanmar ကို ရွေးပါ။ ဒါမှ မဟုတ်ရင် Ctrl+shift ကို နှိပ်ပြီး မြန်မာစာ ပြောင်းလို့ ရပါတယ်။ ဝိဇ္ဖာဟာ ဇော်ဂျီနဲ့ ယူနီကုတ် ၅.၁ နှစ်မျိုးစလုံးအတွက် သုံးလို့ရပါတယ်။ Default Encoding က ယူနီကုတ် ၅.၁ ဖြစ်တဲ့အတွက် ယူနီကုတ် ရိုက်မယ်ဆိုရင် Encoding ပြောင်းစရာ မလိုပါဘူး။

ဝိဇ္ဖာနဲ့ စာရိုက်တဲ့ ပုံစံကို အောက်က ပုံမှာမြင်နိုင်ပါတယ်။ ဘားဂလိပ်က နေ မြန်မာစာလုံး တစ်လုံးထက်ပိုပြီး တူနေရင် ၁၊၂၊၃၊၄ ရွေးစရာ ပေါ်လာပါလိမ့်မယ်။ ကိုယ်ရွေးချယ်ချင်တဲ့ စာလုံးကို ၁၊၂၊၃၊၄ နှိပ်ပြီး ရွေးပါ။



ယူနီကုတ် မဟုတ်သော စာများကို ယူနီကုတ်သို့ ပြောင်းလဲခြင်း

ဇော်ဂျီနဲ့ ရေးထားတဲ့စာတွေကို ယူနီကုတ်စာလုံး တွေ အဖြစ် ပြောင်းချင်ရင် Web-based ကွန်ဗာတာ သုံးပြီး ပြောင်းလို့ ရပါတယ်။ ခုနလည်း ညွှန်းခဲ့ပါတယ်။ အဲဒီ ကွန်ဗာတာက Open Source အနေနဲ့ ဖြန့်ချီထားပါတယ်။

Download Web-based Converter Here

နောက်ထပ် Download ယူနိုင်တဲ့ ကွန်ဗာတာ တစ်ခုကတော့ Solveware Solution က ထုတ်တဲ့ စာရေးကြီး (Officer) ကွန်ဗာတာပါ။ Free Version ကို အောက်က လင့်ခ်မှာ ရယူနိုင်ပါတယ်။

Download Officer Converter Here

စာရေးကြီး ကွန်ဗာတာမှာတော့ ဇော်ဂျီ တစ်ခုတည်းသာ မကပဲ ဝင်းမြန်မာ၊ မြစေတီ၊ မြန်မာ၁ ဖောင့်နဲ့ ရိုက်ထားတဲ့ စာတွေကိုလည်း ယူနီကုတ် စံနှုန်းညီတဲ့ စာလုံးတွေ အဖြစ် ပြောင်းလို့ ရပါတယ်။ စာရေးကြီး ကွန်ဗာတာရဲ့ မြန်မာစာနဲ့ ရေးထားတဲ့ မီနူးတွေ ကို မြင်နိုင်ဖို့အတွက် စက်ထဲမှာ ပုရပိုက်ဖောင့် ရှိနေဖို့ လိုပါတယ်။ ပထမဆုံး ကျွန်တော် ညွှန်းခဲ့တဲ့ MyanmarUnicodeFont.zip ထဲမှာ ပုရပိုက်ဖောင့် ပါဝင်ပါတယ်။ ပုရပိုက်ဖောင့်ကို ဒီလင့်ခ် ကနေလည်း Download ယူနိုင်ပါတယ်။

Blogspot ပေါ်က ဘလော့ခ်တစ်ခုကို ယူနီကုတ်သို့ ပြောင်းခြင်း

Blogspot ပေါ်မှာ ဇော်ဂျီနဲ့ ရေးထားတဲ့ ဘလော့ခ်တစ်ခုကို စာရေးကြီး ဆော့ဖ်ဝဲလ် သုံးပြီး နာရီပိုင်းအတွင်း ယူနီကုတ် ဘလော့ခ် အဖြစ် ပြောင်းလဲပစ်လို့ ရပါတယ်။ ပို့စ် ၁၀၀ ကျော် ရှိတဲ့ ကျွန်တော့် ဘလော့ခ်ကို ပြောင်းတာ မိနစ် ၂၀ လောက် ကြာပါတယ်။ Blogspot ပေါ်က ဇော်ဂျီနဲ့ ရေးထားတဲ့ ဘလော့ခ်ကို ယူနီကုတ် ဘလော့ခ် အဖြစ် ပြောင်းလဲဖို့ ကျွန်တော် ဘလော့ခ် ၂ ခု ၃ ခုကို သုံးပြီး စမ်းသပ်ထားပါတယ်။ အသေးစိတ် လမ်းညွှန်ကို အောက်ကလင့်ခ်မှာ ရယူနိုင်ပါတယ်။

ဇော်ဂျီဘလော့ခ်ကို ယူနီကုတ် ပြောင်းလဲနည်း ရယူရန်

ယူနီကုတ် ပြောင်းတဲ့ နေရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ကူညီ ဖြေရှင်းပေးဖို့ Google Group တစ်ခု ရှိပါတယ်။ မေးချင်တာတွေ အခက်အခဲတွေကို Google Myanmar Unicode 2009 Group မှာ ပွင့်ပွင့်လင်းလင်း အားမနာတမ်း လာရောက်ဆွေးနွေးနိုင်ပါတယ်။

http://groups.google.com.sg/group/myanmar-unicode-2009

ဘယ်သူတွေ ပြောင်းသည် ဖြစ်စေ မပြောင်းသည် ဖြစ်စေ ကျွန်တော်တော့ ယူနီကုတ် ပြောင်းဖို့ အသင့် ဖြစ်နေပါပြီ။ ဖူးနုသစ်ကို ၂၀၀၉ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ကနေ စပြီး ယူနီကုတ် ၅.၁ နဲ့ပဲ မြင်ရပါတော့မယ်။ အဆင်မပြေ မှုတွေ ရှိခဲ့ရင် ဆောရီးပါ။

Credits:
Myanmar3 (MyanmarNLP)
Parabaik, Officer, Web-based Converter ( Solveware Solution)
Waitzar Input System (Seth Hetu, Ko Soe Min (Mark))
Padauk-Zawgyi (SIL International, Lionslayer, Alpha)
Unicode 5.1 Zawgyi Keyboard (Ko Ravi)

Sunday, August 2, 2009

ကျွန်ခံသူတို့ရဲ့ ပေါက်ကွဲသံစဉ်များ

ကျွန်ခံတယ် ဆိုတဲ့ စကားလုံးက ကြားရတာ အတော်ဆိုးပါတယ်။ ဒါပေမယ့်လည်း နိုင်ငံရပ်ခြား ရောက်နေတဲ မြန်မာလူမျိုးတွေရဲ့ ပါးစပ်က မကျေနပ်ချက်တွေ ပွင့်ထွက်လာတဲ့ အခါမှာ အဲဒီစကားလုံးကို အမြဲလိုလို ကြားရတတ်ပါတယ်။

ကျွန်တော့် အတွက်ကတော့ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလိုပါပဲ။ နိုင်ငံရပ်ခြား စရောက်ကတည်းက အဲဒီ စကားလုံးနဲ့ စပြီး မိတ်ဆက်ရပါတယ်။ ကျွန်တော် စင်ကာပူကို ရောက်ခါစက ဆော့ဖ်ဝဲလ် ကုမ္ပဏီ တစ်ခုမှာ မန်နေဂျာ ရာထူးနဲ့ အလုပ် လုပ်နေတဲ့ မြန်မာ အစ်ကိုကြီး တစ်ယောက်ရဲ့ အိမ်မှာ ခဏ နေဖြစ်ပါတယ်။ အဲဒီ အစ်ကိုကြီးက ကျွန်တော့်ကို “ငါတို့ သူများနိုင်ငံမှာ လာအလုပ်လုပ်တယ် ဆိုတာ ရှင်းရှင်း ပြောရရင်တော့ ကျွန်လာခံတာ ပဲကွ။ အဲဒီတော့ အချိန်ရှိတိုင်း သောက်လိုက် စားလိုက် လုပ်နေပြီး ရသမျှ ပိုက်ဆံတွေ လျှောက်ဖြုန်းပစ် မနေနဲ့။ အချိန်ဖြုန်း မနေနဲ့။ နိုင်ငံခြားက ပြန်ရင် ပိုက်ဆံဖြစ်ဖြစ် အတွေ့အကြုံ ဖြစ်ဖြစ် ကိုယ့်အတွက် တစ်ခုခုတော့ ပါအောင် လုပ်သွားကွ။” လို့ သတိပေး ခဲ့ဖူး ပါတယ်။ သူပြောတဲ့ စကားကို ပြန်စဉ်းစားကြည့်တော့ ဟုတ်သလိုပါပဲ။ နိုင်ငံရပ်ခြားမှာ အခြေချပြီး နေမယ် ဆိုတဲ့သူတွေ အတွက်ကတော့ အဲဒီစကားက အကျုံးမဝင် ပါဘူး။ ဒါပေမယ့် အချိန်တန်ရင် အိမ်ပြန်မယ်လို့ စိတ်ကူးထားတဲ့ သူတွေ အတွက်ကတော့ နိုင်ငံခြားမှာ လာအလုပ်လုပ်ပြီး ဘာမှ မပါဘဲ လက်ချည်းသက်သက် ပြန်သွားရင် ကိုယ့်ဘဝရဲ့ အချိန်တွေထဲက တစိတ်တပိုင်းကို အကြောင်းမဲ့ သက်သက် ရောင်းစားလိုက် သလိုပါပဲ။ လူတိုင်းကတော့ အဲဒီလို ထင်ချင်မှလည်း ထင်ပါလိမ့်မယ်။

ကျွန်တော် စလုံးမှာ နေပြီး ၂ နှစ်လောက် အကြာမှာတော့ ဆွေမကင်း မျိုးမကင်း သင်္ဘောသား တစ်ယောက် စင်ကာပူမှာ သင်္ဘော ဒေါက်တင်ဖို့ ရောက်လာပါတယ်။ သူတို့ သင်္ဘောမှာ ကြီးလေးကြီး ဆိုတဲ့ အကြီးဆုံး အရာရှိကြီး ၄ ယောက်က လွဲရင် ကျန်တဲ့ သင်္ဘောသား အားလုံးက မြန်မာတွေပါ။ အဲဒါနဲ့ သင်္ဘောသား အစ်ကိုကို “မြန်မာတွေနဲ့ အတူတူ လုပ်ရတာ ပျော်စရာကြီးနေမှာပဲနော်။ အရာရှိတွေပါ မြန်မာတွေ ဖြစ်ရင် ပိုကောင်းမယ်။” လို့ ပြောမိပါတယ်။ အဲဒီတော့ သူက “ငါတော့ မြန်မာ အရာရှိတွေအောက် မလုပ်ချင်ဘူး။ ဒီကောင်တွေက ကျွန်ပါး မဝဘူးကွ။ သူတို့ကိုယ် သူတို့ လခစား ဆိုတာကို မေ့နေကြတယ်။ ပိုက်ဆံပေးခိုင်းတာ တန်အောင် လုပ်ပေါ့ကွာ။ ကိုယ့်အဖေ ကုမ္ပဏီမှ မဟုတ်တာ။ အဲဒါကို သူတို့ နာမည်ကောင်းရဖို့ အောက်က သင်္ဘောသားတွေကို အတင်းဖိခိုင်းတယ်။ ငါတို့မှာက ပြဲနေအောင် လုပ်ရတယ်။ အဖြူကောင်တွေက အဲဒီလို မဟုတ်ဘူးကွ။ ဒီကောင်တွေက ကိုယ်လည်း လခစား သူလည်း လခစားဆိုတာ သဘောပေါက်တယ်။ အချိန်တန်လို့ အလုပ်ပြီးရင် ပြီးတာပဲ။ အရေး မပါတာတွေ လျှောက် မလုပ်ခိုင်းဘူး။ သူတို့ လက်အောက်မှာ အလုပ်လုပ်ရတာ ပိုကောင်းတယ်ကွ။” လို့ ပြန်ပြီး မှတ်ချက်ပေးပါတယ်။ အဲဒီတော့မှ ဒါမျိုးတွေလည်း ရှိသေးသကိုးလို့ သဘောပေါက်ပါတယ်။

ကျွန်တော် တွေးကြည့်မိပါတယ်။ မြန်မာလူမျိုးတွေ ခိုင်းကောင်းတယ် ဆိုတာ ဂုဏ်ယူစရာ တစ်ခုလား။ ခိုင်းကောင်းတာနဲ့ အလုပ် ကြိုးစားတာနဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ချင်း မတူဘူးလို့ ထင်ပါတယ်။ အလုပ်ကြိုးစားတယ် ဆိုတာ ဂုဏ်ယူစရာပေမယ့် ခိုင်းကောင်းတယ် ဆိုတာ ဂုဏ်ယူစရာ မဟုတ်တဲ့ အပြင် အ တယ်လို့တောင် တခြားသူတွေ ထင်စရာ ဖြစ်နေပါသေးတယ်။

ကျွန်တော် ကျောင်းပြီးတော့ ပထမဆုံး လုပ်ခဲ့တဲ့ ကုမ္ပဏီ ၂ ခုမှာ မြန်မာဝန်ထမ်း မရှိပါဘူး။ အဲဒါကြောင့် တတိယမြောက် ကုမ္ပဏီ ရောက်တဲ့ အချိန်မှာ မြန်မာဝန်ထမ်းတွေ အများကြီးတွေ့တော့ ပျော်သွားပါတယ်။ Engineering ဘက်မှာ ကျွန်တော် တစ်ယောက်တည်း ရှိပေမယ့် ထုတ်လုပ်ရေး အပိုင်းမှာ မြန်မာ Technician အယောက် ၂၀ လောက် ရှိပါတယ်။ သူတို့ကို ကျွန်တော်တို့ ကုမ္ပဏီကနေ ဆပ်ကန်ထရိုက်နဲ့ ငှားထားတာပါ။ သူတို့ကို လက်ရှိ အလုပ်ခန့်ထားတဲ့ ကုမ္ပဏီမှာလည်း မြန်မာဝန်ထမ်းတွေ မန်နေဂျာရာထူး အပါအဝင် အတော်များများ ရှိတယ်လို့ သိရပါတယ်။ ကျွန်တော်ကလည်း အမှတ် မရှိပါဘူး။ သူတို့ကို ထပ်မေးပါတယ်။ မြန်မာမန်နေဂျာတွေနဲ့ အလုပ်လုပ်ရတာ ဘယ်လို နေသလဲလို့ တီးခေါက်ကြည့်မိပါတယ်။

မြန်မာ အကိုကြီးတစ်ယောက်က “တို့ ကုမ္ပဏီက တစ်ချို့ မြန်မာ မန်နေဂျာတွေက သောက်ရူးတွေကွ။ အလကား ဘဝင်မြင့်နေတာ။ ဒီကောင်တွေ လည်း ကုမ္ပဏီ ဝန်ထမ်း ငါတို့လည်း ကုမ္ပဏီ ဝန်ထမ်းပဲကွာ။ ပိုက်ဆံရလို့ အလုပ်လာလုပ်နေကြတာပဲ။ အဲဒါကို သူတို့ကို ဆရာလို့ ခေါ်စေချင်တယ်။ အရေးမပါတဲ့ ကိစ္စကွာ။ ရာထူးကြီးတာနဲ့ ဘာကိစ္စ ဆရာ ခေါ်ရမှာလဲ။ သူတို့ ဆီက ပညာတွေ ငါတို့ကို သင်ပေးနေတာလည်း မဟုတ်ဘူး။ သူတို့ ကွေျးတဲ့ ထမင်း စားနေရတာလည်း မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ ဆိုရင်တော့ ထုံးစံပေါ့ကွာ။ အခု ဒီကောင်တွေက သူများနိုင်ငံ လာပြီး ကျွန်ခံနေတာတောင် အဲဒီ အကျင့်တွေ မဖျောက်နိုင်ဘူး။ သူတို့ကို ဆရာခေါ်တဲ့ကောင်တွေ ပစားပေးတယ်။ ငါတို့လို ဂွတိုက်တတ်တဲ့ ကောင်တွေကျတော့ ချောင်ထိုးထားတယ်။ တို့လူမျိုးတွေ ဒီပုံနဲ့ ဆိုရင်တော့ မလွယ်ပါဘူးကွာ။” လို့ ပယ်ပယ်နှယ်နှယ် ဆဲရင်း ရင်ဖွင့်ပါတယ်။

အဲဒီလိုပြောတော့ ရန်ကုန်မှာတုန်းက ဗြိတိသျှ သံရုံးမှာ ဝန်ထမ်းအဖြစ် အလုပ်လုပ်နေတဲ့ မြန်မာ အစ်ကိုကြီး တစ်ယောက် ပြောခဲ့တာ ကို သတိရ မိပါတယ်။ သူက ကျွန်တော်တို့ကို “ဟေ့့ကောင်တွေ။ အားရှိတိုင်း တွေ့သမျှ သူတိုင်းကို ရက်စ်ဆာ လုပ်မနေနဲ့။ ဆာတပ်ခေါ်ရအောင် ဒီကောင်တွေလည်း ဘာကောင်တွေမှ မဟုတ်ဘူး။ ငါတို့ သံရုံးမှာဆို သံအမတ်ကြီး ကိုတောင် ဘယ်သူမှ ဆာ တပ်မခေါ်ဘူး။” လို့ ပြောပြခဲ့ဖူးတာကို သွားသတိရမိ တာပါ။

ကျွန်တော် ကြုံခဲ့ဖူးသလောက်တော့ နိုင်ငံရပ်ခြားမှာ ရှိတဲ့ အင်ဂျင်နီယာ လုပ်ငန်းခွင်ထဲမှာ ဘယ်သူ့ ဘယ်သူမှ ဆရာခေါ်ရိုး ထုံးစံ မရှိပါဘူး။ ကျွန်တော်တို့ မန်နေဂျင်း ဒါရိုက်တာ၊ အမှုဆောင် အရာရှိချုပ် ၊ ဒါရိုက်တာ စတဲ့သူမျိုးတွေကို စကားပြောရင်တောင် နာမည်ရှေ့မှာ မစ္စတာ တပ်ခေါ်တာ လောက်ပဲ ရှိပါတယ်။ ဆာ ခေါ်တယ် ဆိုတာ မကြားဖူးသလောက် ပါပဲ။ အဲဒီလို ထုံးစံတွေကို သိရဲ့သားနဲ့ မြန်မာ လူမျိုး အချင်းချင်း ဆရာ အခေါ်ခံ ချင်သေးတဲ့ အဲဒီလို စိတ်ဓာတ်မျိုးတွေ ရှိနေသေးတယ် ဆိုတာတော့ ကြားရတာတောင် မယုံနိုင်စရာ ကောင်းပါတယ်။ နိုင်ငံရပ်ခြား ရောက်နေပြီးမှတော့ ဒီလို စိတ်ဓာတ်မျိုးတွေ ပြင်သင့်တာပေါ့ လို့ပဲ ကျွန်တော့်ကို ရင်ဖွင့်တဲ့ အစ်ကိုကြီး ဘက်ကပဲ ထောက်ခံ မိပါတယ်။

ဘာရယ် မဟုတ်ပါဘူး။ ဟိုတစ်နေ့က သူငယ်ချင်း တစ်ယောက်ဆီက “သူများနိုင်ငံ လခစားလုပ်ပြီး တသက်လုံး ကျွန်ခံ မနေနိုင်ဘူး” ဆိုပြီး ပေါက်ကွဲထွက်လာတဲ့ စကားကို ကြားတော့ ကျွန်ခံတယ် ဆိုတဲ့ စကားလုံးကို ဆက်စပ်ပြီး တွေးမိ သွားတာတွေပါ။ ကြုံခဲ့ဖူးတဲ့ အဖြစ်တွေကို ပြန်စဉ်းစားမိလို့ စိတ်ထဲ ပေါ်လာတာတွေ ချရေးဖြစ် သွားပါတယ်။