Search This Blog

Thursday, August 20, 2009

ရောင်းကုန်တွေ ပုံစံကွဲရတဲ့ အကြောင်းရင်း

ကုန်ပစ္စည်းတွေရဲ့ ဒီဇိုင်းတွေဟာ ဘာဖြစ်လို့ တစ်ခုနဲ့ တစ်ခု မတူဘဲ သီးသန့် ပုံသဏ္ဌန်တွေ ဖြစ်နေကြရတာလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းတဲ့ မေးခွန်းတစ်ခုပါ။ CD နဲ့ DVD တွေ အရွယ်အစားချင်း တူရဲ့သားနဲ့ ဘာလို့ CD တွေရဲ့ ဘူးခွံကသေးပြီး DVD တွေ ရဲ့ ဘူးခွံက ကြီးနေရတာလဲ။ အမျိုးသားတွေ ဝတ်တဲ့ ဝတ်စုံတွေမှာ ညာဖက်က ကြယ်သီးတပ်တဲ့ ပုံစံ ဖြစ်နေပေမယ့် ဘာဖြစ်လို့ အမျိုးသမီးတွေ ဝတ်တဲ့ ဝတ်စုံတွေမှာ ဘယ်ဖက်က ကြယ်သီးတပ်တဲ့ ပုံစံ ဖြစ်နေတာလဲ။ ဘာဖြစ်လို့ နွားနို့ဗူးတွေက လေးထောင့်တွေ ဖြစ်ပြီး ကိုကာကိုလာ ဆဲဗင်းအပ်စတဲ့ အအေးဗူးတွေက အဝိုင်းတွေ ဖြစ်နေ ရတာလဲ။ ရေခဲသေတ္တာ အတော်များများရဲ့ အောက်အကန့် အအေးခန်းမှာ မီးလုံးပါပေမယ့် ဘာလို့ အထက်အကန့် ရေခဲခန်းမှာ မီးလုံး မပါရတာလဲ။

အဲဒီမေးခွန်းတွေ အားလုံးရဲ့ အဖြေက ဘောဂဗေဒ ရဲ့ အခြေခံ သဘောတရား တစ်ခု ဖြစ်တဲ့ သုံးငွေနဲ့ အကျိုးအမြတ် သဘောတရား (Cost-Benefit Principle) မှာ ရှိပါတယ်။ လူတွေဟာ ငွေ အပို သုံးလိုက် ရတဲ့အတွက် ပိုရလာတဲ့ အကျိုးအမြတ်ဟာ အပိုသုံးလိုက်ရတဲ့ ငွေကြေးထက်များမှသာ အလုပ်တစ်ခုကို လုပ်လိမ့်မယ် လို့ အဲဒီ သဘောတရားက ဆိုထားပါတယ်။ ဥပမာ အားဖြင့် လူတစ်ယောက်ဟာ စာအုပ် တစ်အုပ်ကို အိမ်အနီးအနားက ဆိုင်မှာ ၃ ဒေါ်လာနဲ့ ဝယ်လို့ ရပြီး အနည်းငယ် လှမ်းတဲ့ နေရာက ကုန်တိုက်တစ်ခု မှာ ၂ ဒေါ်လာနဲ့ ဝယ်လို့ ရနေတယ် ဆိုရင် ဘယ်နေရာမှာ ဝယ်သင့်သလဲ ဆိုတာကို တွေးပါလိမ့်မယ်။ ကုန်တိုက်ကို သွားဖို့အတွက် အသွားအပြန် ဘတ်စ်ကားခက ၁ ဒေါ်လာခွဲ ကျမယ် ဆိုရင် စာအုပ်တစ်အုပ်တည်း ဝယ်ဖို့ အတွက်တော့ ကုန်တိုက်ကို ကားခ အကုန်ခံ သွားမှာ မဟုတ်ပါဘူး။ အိမ်အနီးအနားက ဆိုင်မှာပဲ ၃ ဒေါ်လာပေးပြီး ဝယ်ကြမှာပါ။ အဲဒါက သုံးငွေနဲ့ အကျိုးအမြတ် သဘောတရားရဲ့ အခြေခံ ပါပဲ။ လူသုံးကုန် ပစ္စည်းတွေရဲ့ ဒီဇိုင်းတွေ ကွဲပြားခြားနား နေရတဲ့ အကြောင်းရင်းကလည်း အဲဒီလို သုံးငွေနဲ့ အကျိုးအမြတ် သဘောတရားပေါ်မူတည်နေပါတယ်။

ပထမဆုံး အနေနဲ့ ရေခဲသေတ္တာကို ဥပမာ အနေနဲ့ ကြည့်ပါ။ ရေခဲသေတ္တာရဲ့ တံခါးကို ဆွဲဖွင့်လိုက်ရင် မီးလုံးလင်းလာတာကို ရေခဲသေတ္တာ အများစုမှာ တွေ့ရပါ လိမ့်မယ်။ ရေခဲသေတ္တာ အတော်များများရဲ့ အောက်က အအေးကန့်မှာ မီးလုံးပါ ပေမယ့် အပေါ်က ရေခဲတဲ့ အကန့်မှာ မီးလုံး မပါကြတာ များပါတယ်။ ရေခဲသေတ္တာကို ဖွင့်လိုက်ရင် မီးလုံးလင်းလာဖို့ အတွက် အပေါ်ကန့်မှာပဲ တပ်တပ် အောက်အကန့်မှာပဲ တပ်တပ် မီးလုံးကို တပ်ဆင်ရတဲ့ ကုန်ကျစရိတ်ဟာ အတူတူ ပါပဲ။ ဒါဆိုရင် ဘာလို့ အအေးကန့်မှာ မီးလုံးတပ်ြပီး ရေခဲတဲ့ အကန့်မှာ မီးလုံး မတပ်ကြတာလဲ။

ရေခဲသေတ္တာထဲမှာ မီးလုံးတပ်ထားတဲ့ အတွက် ရရှိတဲ့ အကျိုး အမြတ်ကတော့ ပစ္စည်းရှာရတဲ့ နေရာမှာ ပိုပြီး လွယ်ကူစေပါတယ်။ ဒါပေမယ့် လူအများစုက အအေးကန့်ကို ပိုပြီး အသုံးများကြတဲ့ အတွက် အောက်အကန့်မှာ မီးလုံးတပ်တာက သုံးစွဲတဲ့သူကို ပိုပြီး အကျိုးများစေ ပါတယ်။ အပေါ်က ရေခဲတဲ့ အကန့်မှာပါ မီးလုံးတပ်မယ်ဆိုရင်တော့ ရေခဲသေတ္တာကို ထုတ်လုပ်ရတဲ့ ကုန်ကျစရိတ်က ပိုများသွားပါ လိမ့်မယ်။ သုံးစွဲသူတွေ ဖက်က အပေါ်ကန့်မှာ မီးလုံးတပ် ထားလို့ ရေခဲသေတ္တာကို ဈေးကြီးကြီး ပေးဝယ်ဖို့ လက်မတွန့်ကြဘူး ဆိုရင်တော့ အပေါ်အကန့်မှာလည်း မီးလုံးတပ် ကြမှာပါ။ ဒါပေမယ့် သုံးစွဲသူ အများစုက အပေါ်ကန့်မှာ မီးလုံးရှိရုံ တစ်ခုတည်းနဲ့တော့ ရေခဲသေတ္တာကို ဈေးအပို ပေးဝယ်ကြမှာ မဟုတ်တဲ့အတွက် ထုတ်လုပ်သူ သုံးစွဲသူ နှစ်ဦးနှစ်ဖက် စလုံး အတွက် အကျိုးအမြတ်ရှိအောင် အပေါ်အကန့်မှာ မီးလုံး မတပ်ကြတာ လို့ ယူဆလို့ ရပါတယ်။

နောက်တစ်ခု နှိုင်းယှဉ် ကြည့်စရာ ရှိတာက ခရီးဆောင် ကွန်ပြူတာတွေနဲ့ တီဗွီ ရေခဲသေတ္တာ အစရှိတဲ့ အခြား အိမ်သုံး လျှပ်စစ် ပစ္စည်းတွေပါ။ လက်ပ်တော့ပ် အများစုမှာ ၁၁၀ ဗို့ နဲ့ ၂၂၀ ဗို့ ဓာတ်အား ၂ မျိုး စလုံးကို သုံးလို့ ရပေမယ့် တီဗွီ ရေခဲသေတ္တာစတဲ့ အိမ်သုံးလျှပ်စစ် ပစ္စည်း အများစု မှာတော့ နိုင်ငံအလိုက် ၁၁၀ ဗို့ ဒါမှမဟုတ် ၂၂၀ ဗို့ ဗို့အား တစ်ခုတည်းကို ပဲ သုံးလို့ ရပါတယ်။ လက်တော့ပ်ဆိုတာက အသုံးပြုသူတွေက သွားလေရာ နေရာကို သယ်သွားတတ်တဲ့ ပစ္စည်းပါ။ အဲဒီအတွက် ၂၂၀ ဗို့ တစ်မျိုးတည်းပဲ သုံးလို့ ရမယ် ဆိုရင် ဂျပန်တို့ ယူအက်စ်တို့ စတဲ့ နိုင်ငံတွေကို သယ်သွားရင် ဓာတ်အား အပြောင်းအလဲ ကြောင့် သုံးဖို့ အဆင်မပြေ ဖြစ်ပါလိမ့်မယ်။ အဲဒီနိုင်ငံတွေမှာ သုံးချင်ရင် ၂၂၀ ဗို့ကနေ ၁၁၀ ဗို့ ပြောင်းဖို့ ထရန်စဖော်မာ လိုပါလိမ့်မယ်။ အဲဒါကြောင့် သုံးစွဲသူတွေ အနေနဲ့ ထရန်စဖော်မာ ပါပြီးသား ဗို့အား နှစ်မျိုးစလုံး သုံးလို့ ရတဲ့ လက်ပ်တော့ပ်ကို ဈေးနည်းနည်း အပိုပေးပြီး ဝယ်ဖို့ လက်နှေးမှာ မဟုတ်ပါဘူး။ ထုတ်လုပ်သူဖက်ကလည်း ထရန်စဖော်မာ ပါတာနဲ့ မပါတာ နှစ်မျိုးကို ထုတ်တာထက် စာရင် တစ်မျိုးတည်းကို ထုတ်လုပ်ရတာက ပိုပြီး ဈေးသက်သာ ပါတယ်။ ရေခဲသေတ္တာလိုမျိုး တီဗွီလိုမျိုး ပစ္စည်းမျိုးတွေ ကိုတော့ သုံးစွဲသူက သွားလေရာ ကို လျှောက်ပြီး သယ်သွားမှာ မဟုတ်ဘဲ အိမ်မှာပဲ ထားပြီး သုံးကြမှာပါ။ အဲဒီအတွက် ထရန်စဖော်မာ ပါပြီးသား ရေခဲသေတ္တာနဲ့ ထရန်စဖော်မာ မပါတဲ့ ရေခဲသေတ္တာနဲ့ ဈေးချင်း ကွာနေတယ် ဆိုရင် သုံးစွဲသူ အများစုက ဈေးသက်သာတဲ့ ထရန်စဖော်မာ မပါတဲ့ ရေခဲသေတ္တာကိုပဲ ရွေးဝယ်ကြမှာပါ။ အဲဒါကြောင့် ရေခဲသေတ္တာလို တီဗွီလို ပစ္စည်းမျိုးမှာ ထရန်စဖော်မှာ မပါပဲ လက်တော့ပ်တွေမှာတော့ ထရန်စဖော်မာ ပါပြီးသား ဖြစ်နေတယ် လို့ ယူဆ နိုင်ပါတယ်။

နွားနို့ဗူးနဲ့ အအေးဗူး ကိစ္စက နည်းနည်း ပိုပြီး စိတ်ဝင်စားစရာ ကောင်းပါတယ်။ စတိုးဆိုင်တွေမှာ ကြည့်မယ်ဆိုရင် နွားနို့ထည့်တဲ့ ဗူး အများစုဟာ လေးထောင့်ပုံ ဖြစ်နေတာ တွေ့ရပေမယ့် ကိုကာကိုလာလို ဆဲဗင်းအပ်လို အအေးဗူးတွေမှာတော့ အဝိုင်းပုံ ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ လူအများစုက အအေးဗူးတွေကို လက်ကနေကိုင်ပြီး မော့သောက်ကြတာ များပါတယ်။ အဲဒီအတွက် အဝိုင်းပုံ ဖြစ်နေရင် လက်ထဲမှာ ကိုင်ရတာ ပိုပြီး လွယ်ကူစေပါတယ်။ နွားနို့ကိုတော့ လက်ကကိုင်မသောက်ပဲ ခွက်ထဲ ထည့်သောက်ကြတာ ပိုများပါတယ်။ အဲဒီတော့ လေးထောင့်ပုံ ဖြစ်နေရင်လည်း ကိစ္စ မရှိပါဘူး။ ဗူးတစ်ဗူးရဲ့ ပုံစံဟာ လေးထောင့်ဖြစ်နေမယ်ဆိုရင် စင်ပေါ်မှာရှိတဲ့ နေရာကို အပြည့်အဝ အသုံးချ နိုင်ပါတယ်။ အဝိုင်းဖြစ်နေမယ် ဆိုရင်တော့ ဘေးနားက နေရာတွေက အလဟသ ဖြစ်သွားမှာပါ။



ဒါပေမယ့် စတိုးဆိုင်တွေမှာ အအေးဗူးတွေကို ရိုးရိုးစင်မှာပဲ တင်ထားလို့ ရတဲ့အတွက် ဆိုင်မှာရောင်းတဲ့အချိန်မှာ ပိုက်ဆံ အပိုမကုန်ပါဘူး။ နွားနို့ဗူးတွေ ကိုတော့ အအေးပေးတဲ့ စင်နဲ့ တင်ထားရပါတယ်။ အဲဒီအတွက် ဆိုင်မှာတင်ရောင်းဖို့ ကုန်ကျငွေ (Operating Cost) ရှိပါတယ်။ အအေးပေးမထားရတဲ့ စင်မှာ သိပ်ပြီး ပြသနာ မရှိပေမယ့် အအေး ပေးထားရတဲ့ စင်မှာတော့ စင်နေရာ အလဟသ မဖြစ်ဖို့က အရေးကြီးပါတယ်။ အဲဒါကြောင့် အအေးပေးထားရတဲ့ စင်ပေါ်မှာ ထားရတဲ့ နွားနို့ဗူးတွေကို လေးထောင့် ပုံသဏ္ဌန် လုပ်ထားတာလို့ ယူဆလို့ ရပါတယ်။

အအေးဗူးနဲ့ ပတ်သက်ပြီး နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတာက အအေးဗူးတွေရဲ့ ပုံသဏ္ဌန်ပါ။ ကမ္ဘာပေါ်မှာ အခုလက်ရှိ ရောင်းနေကြတဲ့ အအေးဗူး အများစုမှာ အကျယ်အဝန်းထက် အရှည်က ၂ ဆလောက် ပိုရှည်ပါတယ်။ ပုံမှန် အားဖြင့် ၁၂ စင်တီမီတာ လောက်ရှည်ပြီး ၆.၅ စင်တီမီတာလောက် အကျယ်အဝန်း ရှိပါတယ်။ အကယ်၍ အဲဒီ အအေးဗူးကို ၇.၈ စင်တီမီတာ အရှည် ၇.၆ စင်တီမီတာ အကျယ်အဝန်းနဲ့ ထုတ်လုပ်မယ်ဆိုရင် အခုလက်ရှိ ထည့်သွင်းထားနိုင်တဲ့ အအေးပမာဏကို ထည့်သွင်းထား နိုင်မှာပါ။ ဒါပေမယ့် အအေးဗူးကို ထုတ်လုပ်တဲ့ နေရာမှာတော့ အလူမီနီယံ ၃၀ ရာခိုင်နှုန်းလောက် ပိုပြီး သက်သာအောင် ထုတ်နိုင်ပါလိမ့်မယ်။ ဒါဆိုရင် ဘာဖြစ်လို့ အအေးဗူး ထုတ်တဲ့သူတွေက အဲဒီလို မထုတ်လုပ်ကြတာလဲ။


အဖြေကတော့ လူအများစုဟာ တုတ်တစ်ချောင်းကို လှဲထားတာနဲ့ ယှဥ်ရင် ထောင်ထားတာက ပိုရှည်တယ်လို့ ထင်တတ် ကြပါတယ်။ အဲဒါကို Vertical Illusion လို့ ခေါ်ပါတယ်။ အောက်က ပုံမှာ ကြည့်ပါ။ အလျားလိုက်နဲ့ ဒေါင်လိုက် တုတ်ချောင်းနှစ်ချောင်းရဲ့ အရှည်ဟာ အတူတူ ပါပဲ။ ဒါပေမယ့် ဒေါင်လိုက်ထောင်ထားတဲ့ တုတ်ချောင်းက ပိုရှည်တယ်လို့ ထင်ရပါတယ်။

အအေးဗူး ထုတ်လုပ်တဲ့သူ တစ်ယောက်က အလူမီနီယံကို အကုန်အကျ နည်းအောင် အအေးဗူးကို (၇.၈ x ၇.၆) စင်တီမီတာ အရွယ်အစား အတိုင်း ထုတ်လုပ်လိုက်မယ်ဆိုရင် သူ့ရဲ့ ပြိုင်ဖက် (၆.၅ x ၁၂) စင်တီမီတာ အရွယ်နဲ့ ထုတ်လုပ်တဲ့သူရဲ့ အအေးဗူးနဲ့ နှိုင်းယှဥ်ရင် ဈေးကွက်မှာ မျက်နှာပန်း လှမှာ မဟုတ်ပါဘူး။ စားသုံးသူတွေက ပိုရှည်တဲ့ အအေးဗူးမှာ အအေးပိုပါမယ်လို့ ယူဆကြပါလိမ့်မယ်။ အဲဒီအတွက် အလူမီနီယံ ပိုကုန် ပေမယ့်လည်း (၆.၅ x ၁၂) အရွယ်အစားနဲ့ပဲ ဆက်ပြီး ထုတ်လုပ်ကြတာလို့ ယူဆလို့ရပါတယ်။

CD နဲ့ DVD တွေရဲ့ အရွယ်အစားကတော့ သမိုင်းကြောင်းနဲ့ ဆက်စပ်နေပါတယ်။ စီဒီတွေကို ထုတ်လုပ်တဲ့ အချိန်မှာ စီဒီအရောင်းဆိုင်တွေမှာ လက်ရှိ ရှိနေတာက ဓာတ်ပြားချပ်တွေပါ။ အဲဒီအတွက် ဓာတ်ြပား တင်တဲ့စင်မှာ အလယ်ခေါင်က အကန့်တစ်ခု ထည့်ရင် စီဒီနှစ်ချပ်ကို အဲဒီစင်ပေါ်မှာ တင်လို့ ရပါတယ်။ ဓာတ်ပြားချပ်ကနေ စီဒီကို အပြောင်းအလဲမှာ အရောင်းဆိုင်တွေ အနေနဲ့ ရှိပြီးသားစင်ကို အစားထိုး စရာ မလိုပါဘူး။ ဒါပေမယ့်လည်း DVD တွေကတော့ ဗီဒီယို တိပ်ခွေတွေကို အစားထိုးတာပါ။ အဲဒီအတွက်ကြောင့် ရောင်းချတဲ့ ဆိုင်တွေ အနေနဲ့ ပိုက်ဆံ အကုန်ခံပြီး လက်ရှိ ရှိနေပြီးသားစင်တွေကို အစားထိုးစရာ မလိုအောင် DVD ဘူးခွံတွေရဲ့ အရွယ်အစားကို ဗွီဒီယို တိပ်ခွေတွေရဲ့ အရွယ်အစား အတိုင်း ဖြစ်အောင် လုပ်ထားတာ လို့ သိရပါတယ်။

အမျိုးသမီးတွေရဲ့ ဝတ်စုံတွေမှာ ဘယ်ဖက်က စပြီး ကြယ်သီး တပ်ရတဲ့ ဒီဇိုင်း လုပ်ထားရတာလည်း သမိုင်းကြောင်းနဲ့ ဆက်စပ်နေပါတယ်။ ရှေးခေတ်တွေတုန်းက အမျိုးသားတွေက အင်္ကျီကို ကိုယ့်ဘာသာကိုယ် ဝတ်လေ့ ရှိကြပြီး အမျိုးသမီးတွေ အတွက် ကတော့ အစေခံတွေက ဝတ်ဆင်ပေးကြတာ များပါတယ်။ ကိုယ့်ဘာသာကိုယ် အင်္ကျီ ဝတ်မယ်ဆိုရင် ညာဖက်က ကြယ်သီး တပ်ရတာ အဆင်ပြေပေမယ့် အစေခံတွေက ဝတ်ပေးမယ် ဆိုရင်တော့ ဘယ်ဖက်က ကြယ်သီး တပ်ရတာက ပိုပြီး အဆင်ပြေပါတယ်။ အခုခေတ်မှာတော့ အမျိုးသမီးတွေ ဝတ်စုံကို ကိုယ်တိုင် ဝတ်နေကြပါပြီ။ ဒါပေမယ့်လည်း အင်္ကျီ ထုတ်လုပ်တဲ့သူ တစ်ယောက်က သူထုတ်လုပ်တဲ့ အမျိုးသမီး ဝတ်စုံကို ညာဖက်က ကြယ်သီးတပ်တဲ့ ဝတ်စုံ အဖြစ် ပြောင်းပြီး ထုတ်လုပ်မယ် ဆိုရင် သူ့အနေနဲ့ စွန့်စား ထုတ်လုပ်ရပါလိမ့်မယ်။ ဘယ်ဖက်က ကြယ်သီးတပ်တာကို အသားကျနေတဲ့ အမျိုးသမီးတွေက သူထုတ်လုပ်တဲ့ ဝတ်စုံကို ဝယ်ဖို့ စဥ်းစားကြပါလိမ့်မယ်။ အဲဒါကြောင့်လည်း အခုထက်ထိ အမျိုးသမီး ဝတ်စုံတွေကို ဘယ်ဖက်က ကြယ်သီးတပ်တဲ့ ဝတ်စုံတွေ အနေနဲ့ပဲ ထုတ်လုပ် ရောင်းချ နေကြတာလို့ စဉ်းစားကြည့်နိုင် ပါတယ်။

Ref: The Economic Naturalist; Why Economics explains almost everything by Robert H Frank

(Image source for Vertical Illusions: henryflynt.org)

15 comments:

ကြည်ဖြူပိုင် said...

အမြန်တော့ပြေးလာဖတ်တယ်ပဲ..ဒါပေမယ့် အဆင်မပြေဘူးကွယ်....ဖောင့်ဒ်ထည့်ရမှာလား

life and live said...

ဝေးဟေးဟေး ။ ကိုစိုးမင်းနည်းလမ်းနဲ့ အဆင်ပြေသွားပြီ။ (Font ထည့်ပေမယ့် ဘာကွိုင်နေမှန်းကို မသိ။)
ဒီလိုပိစိပွစိလေးတွေမှာလည်း သမိုင်းကြောင်းတွေနဲ့ကိုး......... ရှာနိုင်ပေ့။ စိတ်ဝင်စားစရာပဲ။ ဘာပစ္စည်းထုတ်ဖို့ စိတ်ကူးရှိလဲ။

ZT said...

kyiphyupaing-> Please download Font package here, unzip it and copy to your C:\WinNT\Fonts.
http://www.mediafire.com/?dnm0ayn0whw

It is just a piece of cake :D

Ko Boyz said...

ကော်မန့်ပေးလို့ ရသွားပါလား။ ဘယ်လိုလုပ်လိုက်လဲ။

မာ့ခ် said...

If you put cocacola in square bottle, when you shake it will explode.

rounded one has stronger than square.

Thats why nuclear reactor tanks has rounded one.

# ကိုင်ရတာလွယ်ကူခြင်း is not main issue.

mark

Rita said...

:)
အင်ဂျင်နီယာဆိုတာ ဒါကိုး လို့ စိတ်ထဲအောက်မေ့သွားပါတယ်။

ကိုယ့်ဟာကိုယ်တော့ ကိုဇက်တီဟာတွေ ဖတ်မိရင် ယူထားတဲ့ ဘွဲ့တောင် ပြန်အပ်ချင်တယ် တကယ်။

ရုံးမှာ bracket design တွေ 10mm ပိုရှည်သွားလို့.. နောက်မှ ပြန်ချိန်ကြည့်တော့ .. လွန်သွားပြီ။ :)

Anonymous said...

Thanks for your post.

Noe Wai said...

ဒီblog ကို ဘာလို့များ wide screen နဲ့ဖတ်မှအဆင်ပြေအောင်လုပ်ထားတာလဲမသိဘူးနော် .. ကို ZT သူငယ်ချင်းတွေအားလုံးက နောက်ဆုံးပေါ် notebook တွေပဲသုံးကြလို့လားမသိဘူး.. J/k :)

TZA said...

ဇော်ဂျီနဲ့မန့်လို့ဖြစ်လားစမ်းကြည့်ပါရစေ..

တာယာပွကြီး said...

အားပါးပါး .. အစ်ကိုရေ့.... ရှာရှာဖွေဖွေ လည်းသိပါ့ဗျား...

တော်ချက်ဗျာ..

စန္ဒကူးမေ said...

wide screen လဲဖတ်မရ..ဘယ်လိုမှဖတ်မရဘူး.. လုပ်ပါအုံးး...
ဘာမှလဲမမြင်ရဘူး..ကွိစိကွစိလေးတွေဘဲတွေ့ရတယ်.. အကို့ဘလော့ဖတ်ဖို့ ဖောင့်သတ်သတ်ထည့်ရမှာလားဟင်..

ZT said...

Please install that font. Download link is located at top right corner. After installing Unicode font, you can read Myanmar Wikipedia too. :D

Phyo Maw said...

Hi bro!
Ald installed fonts n read this one hal hal just so u kno =D
Font size is ok but line height is kinda problem for me to read. just so u kno again =D

pm

နေညိုရင့် said...

Padauk Font နဲ့ တော့ ဖတ်လို့ ရသွားပြီ။ ဒါပေမယ့် size တော်တော်သေးတော့ နည်းနည်းပြူးပြီး ဖတ်ရတယ်..။ ဘာပဲဖြစ်ဖြစ် အဆင်ပြေသဗျ။

ဏီ(န်)ကင်း said...

တခါမှမစဉ်းစားဖူး။မသိဖူးပါဘူး။ဗဟုသုတတွေရပါတယ်