ရုပ်ရှင်တွေထဲက အတိုင်းသာ ဆိုရင်တော့ စက်ရုပ်ဆိုတာ “စက်ရုပ်ရေ” ဆိုတာနဲ့ ခပ်ပြီးသား အသင့် ဆိုတာမျိုး တွေးမိကြပါလိမ့်မယ်။ ဒါပေမယ့် ဒီနေ့ခေတ် လက်ရှိ နည်းပညာ လောက မှာတော့ စက်ရုပ်ဆိုတာ အဲဒီလောက် အထိ မတိုးတက်သေးပါဘူး။
ကျွန်တော်လည်း နည်းပညာကို ခုံမင်ရူးသွပ်တဲ့ ယောက်ျားလေး တစ်ယောက်ပီပီ စက်ရုပ်တွေကို စိတ်ဝင်စား ပါတယ်။ အဲဒါကြောင့် ကျောင်းတက်တဲ့ အချိန်မှာတောင်မှ စက်ရုပ် နည်းပညာတွေနဲ့ ပတ်သက်နေတဲ့ ဘာသာရပ်ကို ယူဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် စက်ရုပ်တွေ အကြောင်းကို ပိုပြီး သိလာတာနဲ့ အမျှ စက်ရုပ်ဆိုတာ ရုပ်ရှင်တွေ ဝတ္တုတွေ ထဲကလို မဟုတ်မှန်း သဘောပေါက်လာပါတယ်။ လူတွေရဲ့ စွမ်းဆောင်နိုင်ရည်နဲ့ အလွန်ပဲ ကွာခြားနေသေးတယ် ဆိုတာကိုလည်း သိလာရပါတယ်။
ကျောင်းမှာတုန်းက စက်ရုပ်တွေ ကစားတဲ့ ဘောလုံးပွဲကို ကြည့်ခဲ့ဖူးပါတယ်။ အဲဒီမှာ စက်ရုပ် ရှေ့တန်း တိုက်စစ်မှူးရဲ့ ဂိုးသွင့်တဲ့ အကွက်ကို ကြည့်ပြီး ကျွန်တော်တို့ အားလုံး အားရပါးရ ရယ်ခဲ့ရ ပါတယ်။ စက်ရုပ် ဂိုးသွင်းတဲ့ ပုံစံကတော့ စံတင်လောက်ပါတယ်။ ဂိုးရှေ့မှာ ရပ်နေတဲ့ ဂိုးသမား စက်ရုပ်ကို ဘော်ဒီချင်းတိုက်ပြီး ဂိုးသမားရွေ့သွားတဲ့ အချိန်ကျမှ ဘောလုံးကို ဂိုးထဲ ကန်ထည့်ပါတယ်။ အပြင်မှာ အဲဒီလို လုပ်ရင်တော့ အနီကတ် ပြခံရမလား မသိပါဘူး။
စက်ရုပ်နည်းပညာကို လေ့လာရင်း စက်ရုပ်နဲ့ လူသားတွေကြားမှာ တူညီတဲ့အချက်နဲ့ မတူညီတဲ့ အချက်တွေကို နှိုင်းယှဉ် ကြည့်မိပါတယ်။ ကျွန်တော်တို့ လူသားတွေ အတွက်တော့ လမ်းလျှောက် တတ်ခါစအရွယ်မှာ ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကို အသားမကျလို့ ခုန်ဆွခုန်ဆွ ဖြစ်နေတတ်ပါတယ်။ တဖြည်းဖြည်းချင်းနဲ့မှ ခြေထောက်ရဲ့ လှုပ်ရှားမှုကို ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားနဲ့ အသားကျအောင် ဦးနှောက်ကနေ တုံ့ပြန်ထိန်းချုပ် ပေးနိုင်လို့ လမ်းကောင်းကောင်း လျှောက်တတ် လာကြပါတယ်။ စက်ရုပ်ဆိုတာကတော့ ရုပ်ရှင်တွေထဲမှာသာ လပ်လျားလပ်လျားနဲ့ လျှောက်သွားနေတတ်ပေမယ့် အပြင်မှာတော့ လမ်းလျှောက်ဖို့ မပြောနဲ့ မတ်တပ်ရပ် နိုင်အောင် လုပ်ဖို့တောင် အတော် ခဲယဉ်းပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင်တော့ စက်ရုပ်ကို တည်ဆောက်တဲ့ နေရာမှာ လူလို ခြေထောက်နှစ်ချောင်းနဲ့ တည်ဆောက်ရင် မတ်မတ်ရပ်နိုင်အောင် ထိန်းချုပ်ဖို့ နည်းပညာ အနေနဲ့ ခက်ခဲ လို့ ဖြစ်ပါတယ်။ အဲဒါကြောင့် စက်ရုပ် တွေကို များသောအားဖြင့် ဘီးတပ်ပြီး သွားခိုင်းကြပါတယ်။
လူတွေက လမ်းလျှောက်တဲ့ အချိန်မှာ မျက်လုံးနဲ့ ရှေ့တည့်တည့်ကို ကြည့်ပြီး လျှောက်နိုင်ပေမယ့် စက်ရုပ်မှာတော့ မျက်လုံး မပါပါဘူး။ အဲဒီအတွက် ကိုယ်လိုချင်တဲ့ နေရာကို ရောက်အောင် သွားနိုင်ဖို့ အကြံအဖန် လုပ်ရပါတယ်။ လမ်းကြောင်း တစ်ခုတည်းကို ပုံသေ လှုပ်ရှားမယ့် စက်ရုပ်အတွက် အလွယ်ဆုံးနည်းကတော့ သတ္တု တစ်ခုခု နဲ့ ပြုလုပ်ထားတဲ့ လမ်းကြောင်း (Track) ကို ဆွဲပေးထားတာပါ။ လမ်းကြောင်း ဆွဲပေးထားတဲ့အတွက် စက်ရုပ်ဟာ အာရုံခံကိရိယာ (Sensor) တွေနဲ့ လမ်းကြောင်းကို ကြည့်ပြီး သွားလို့ ရပါတယ်။ တစ်ချို့ စက်ရုပ်တွေမှာတော့ လမ်းကြောင်းကို အသေဆွဲ မထားပဲ ကင်မရာ နဲ့ အာထရာလ်ဆောင်း လှိုင်းသုံး အာရုံခံ ကိရိယာ (Ultrasonic Sensor) တွေကို သုံးပြီး လမ်းကြောင်း ရှာကြပါတယ်။
အာထရာလ်ဆောင်း လှိုင်းသုံး အာရုံခံ ကိရိယာ ရဲ့ အလုပ်လုပ်ပုံကတော့ ကိရိယာကနေ သွားချင်တဲ့ အရပ်မျက်နှာ ဆီကို အာထရာလ်ဆောင်း လှိုင်းကို ထုတ်လွှတ်လိုက် ပါတယ်။ အဲဒီလှိုင်းက အဆီးအတား တစ်ခုနဲ့ တွေ့တဲ့ အချိန်မှာ နောက်ကို ပြန်ပြီး ကန်လာပါတယ်။ အဲဒီလို ပြန်ကန်လာတဲ့ လှိုင်းကို စက်ရုပ်ကနေ ပြန်ဖမ်းမိဖို့ ကြာတဲ့အချိန် အတိုင်းအတာ ပေါ်မူတည်ပြီး အရှေ့မှာ ရှိတဲ့ အတားအဆီးနဲ့ ဘယ်လောက် ဝေးသလဲ ဆိုတာကို တွက်လို့ ရပါတယ်။ ကင်မရာ နည်းပညာ သုံးထားတဲ့ စက်ရုပ် မှာတော့ ရှေ့က အရာဝတ္ထုဟာ ဘယ်လို အရာဝတ္ထုမျိုးလဲ ဆိုတာကို ဓာတ်ပုံရိုက်ပြီး ပုံသဏ္ဍန် သရုပ်ခွဲခြင်း (Image Analysis) လုပ်ပြီး ကြည့်ပါတယ်။ ဓာတ်ပုံကို သရုပ်ခွဲ ပြီးမှ ရှောင်သင့်ရင် ရှောင်ပြီး ရှေ့ဆက်သွားသင့်ရင် သွားပါတယ်။
လူနဲ့ စက်ရုပ် အခြားနားဆုံး အချက်ကတော့ အသိဉာဏ်ပါ။ စက်ရုပ်မှာ အသိဉာဏ်မရှိပါဘူး။ စက်ရုပ်တွေကို ကွန်ပြူတာ လိုပဲ မိုက်ခရို ကွန်ထရိုလာ ဒါမှမဟုတ် မိုက်ခရို ပရိုဆက်ဆာတွေနဲ့ ပရိုဂရမ် ရေးပြီး ထိန်းချုပ်ရပါတယ်။ အဲဒီ အတွက် စက်ရုပ်ဟာ ပရိုဂရမ်ထဲမှာ ရေးတဲ့ အတိုင်း၊ ခိုင်းတဲ့ အတိုင်းပဲ အလုပ် လုပ်တတ်ပါတယ်။ ခိုင်းထားတာထက် ပိုပြီး မလုပ်တတ် ပါဘူး။ ဉာဏ်တု (Artificial Intelligence)၊ ဦးနှောက် ထဲက ဆဲလ်တွေလို အလုပ်လုပ်ခြင်း (Neural Processing)၊ အတွေ့အကြုံပေါ်မူတည်ပြီး သင်ယူခြင်း (Experience-based Learning) စတဲ့နည်းပညာတွေ ရှိပေမယ့် အဲဒီ နည်းပညာတွေဟာ လူရဲ့ အသိဉာဏ်နဲ့ ယှဉ်ရင် အလွန် နုနယ်တဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။
အဲဒါဆိုရင် စက်ရုပ်တွေကို ဘာလို့ သုံးနေသေးသလဲ လို့ မေးစရာ ရှိလာပါတယ်။ စက်ရုပ်မှာ လူထက်သာတဲ့ အချက်တွေလည်း ရှိပါတယ်။ လူတစ်ယောက်က အလုပ်တစ်ခုကို ထပ်ခါတလဲလဲ လုပ်ရရင် ပျင်းရိ ငြီးငွေ့လာ တတ်ပါတယ်။ စက်ရုပ်ကတော့ အလုပ်တစ်ခုကို ထပ်ခါတလဲလဲ မပျင်း မရိ လုပ်နိုင်ပါတယ်။ နောက်တစ်ခုက တော့ တိုးတက်တဲ့ နိုင်ငံတွေမှာ ဂဟေဆော်တဲ့ အလုပ်လို အန္တရာယ်များပြီး လူရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အလုပ်တွေအတွက် စက်ရုပ်တွေကို သုံးပြီး လုပ်ကြပါတယ်။ အင်္ဂါဂြိုဟ်ကို ဆင်းသက်ပြီး လေ့လာတာတို့၊ ပင်လယ်ရေအောက် ကြမ်းပြင်ကို ငုပ်တာတို့ စတဲ့ လူသားရဲ့ အသက်အန္တရာယ် ရှိနိုင်တဲ့ အလုပ်တွေ အတွက်လည်း စက်ရုပ်တွေကို သုံးကြပါတယ်။
စက်ရုပ်ရဲ့ အကောင်းဆုံး အချက်ကတော့ အတိုင်းအတာ အတိအကျ အလုပ်လုပ်အောင် ထိန်းချုပ်လို့ ရတာပါ။ နည်းပညာ မြင့်မားတဲ့ စက်ရုပ်တွေမှာ မီလီမီတာ(10-3) ထက် အဆပေါင်းများစွာ သေးငယ်တဲ့ မိုက်ခရို မီတာ (10-6)၊ နာနိုမီတာ (10-9) စတဲ့ အလွန်သေးငယ်တဲ့ အတိုင်းအတာတွေ အထိ တိကျအောင် ထိန်းချုပ် လို့ ရပါတယ်။ အဲဒီအတွက် အရေးကြီးတဲ့ ခွဲစိတ်ကုသမှုလို နေရာမျိုးတွေ၊ အတိအကျ တပ်ဆင်ရမယ့် စက်ပစ္စည်းတွေ ၊ အီလက်ထရွန်းနစ် ကိရိယာတွေ အတွက် စက်ရုပ်ကို သုံးကြပါတယ်။
ွှTransformer တို့၊ Wall-E တို့ ထဲကလို စက်ရုပ်တွေ ဘယ်တော့လောက် ဖြစ်လာမလဲလို့ တစ်စုံတစ်ယောက်က ကျွန်တော့်ကို လာမေးရင်တော့ ကျွန်တော့် တသက်တော့ ဖြစ်လိမ့်မယ် မထင်ပါဘူးလို့ပဲ ဖြေမိပါလိမ့်မယ်။
15 comments:
စိတ်ဝင်စားစရာကြီး အကိုရာ....
ဘာပဲပြောပြော တစ်ရုပ်လောက်တော့ လိုချင်မိသား...ဟိဟိ
လာဖတ်သွားဘာတယ် !
ဖတ်လို့ကောင်းဘာသည်
ဟီးဟီး...
ဖတ်တာဖတ်နေတာ
(သိတ်နားမလည်ဘူး )
မလိုက်နိုင်တာဖြစ်နိုင်ဘာတယ် ။
weekly 11 မှာပါတဲ့ မြန်မာပြည်က ဂျီတီအိုင် ဆရာကြီးတစ်ယောက်လုပ်သွားတဲ့ မော်တော်ကား ဆေးမှှုတ် တဲ့ စက်ရုပ်ဆိုတာ ဘယ်လိုဟာလဲမသိဘူး နော...။ (ဘာရယ်မဟုတ် ခေါင်းထဲပေါ်လာတာဝင်ပြောခြင်း)..။
မခိုင်းရပဲ အလိုအလျောက် အိမ်အလုပ်တွေ...လုပ်ပေးမယ့်စက်ရုပ်ပဲ လိုချင်တယ်တော့
mm
စက်ရုပ်ဆိုတာဒီလိုကိုး၊ ရုပ်ရှင်ထဲတော့ တော်မှတော်ပဲ:)
ကျွန်တော့်တသက်က ဘယ်နနှစ်မှမကျန်တော.ဘူးလား
Wall-E လောက်တော့မှီအုံးမှာပါ :P
Nice post. So impressive. Thank you.
လိုချင်တယ် အဲ့လို စက်ရုပ်.... အပျင်းပြေပေါ့... း)
Before I read this post, I hate the Robots. Now I dont hate. Because of your paragraph(8). Thanks
ကိုဂုတ်တီ အဲလေ ကိုဇက်တီ ဝယ်ချင်တာ ဝယ် နောက်ကျနေ ပိုက်ပိုက်ထုတ်ပေးတဲ့ စက်ရုပ်လေး တစ်ရုပ်လောက် လက်ဆောင်ပေးပါလားဟင်။ ဟိဟိ
စတာနော်
စက်ရုပ်ဗဟုသုတလေး လာမှတ်သွားပါတယ်နော်
မဖြစ်နိုင်ဘူးဆိုတာ မရှိပါ. မသိသေး မလုပ်တတ်သေးတာ အဖြေမရှိသေးတာဘဲ ရှိပါတယ်လို့ခံယူပါတယ်။
ကျွန်တော့်တစ်သက်လို့ဆိုထားတဲ့အတွက်ကိုတော့ အဖြေမပေးနိုင်ပါ။
ဒါဆို လဲ စိတ်အေးလက်အေး ပဲ မမျှော်တော့ ပါဘူး..
စက်ရုပ်ကလေးကို မွေးစားအမေက သူ့သားနေပြန်ကောင်းလာတော့ စွန့်ပစ်တဲ့ ကားကြည့်ပြီးထဲက လူလို ခံစားတက် တဲ့ စက်ရုပ် မလိုချင်တော့ ပါ..
မဖြစ်နို်င်ဘူးပေါ့။စက်ရုပ်ရေ..ဆိုရင် ရေတော့လိုချင်သား
စက်ရုပ်နည်းပညာအကြောင်း ဖတ်သွားပါတယ် ကိုZTရေ
ဟိုအရင်မဂ္ဂဇင်းထဲမှာ ဖတ်ဖူးတဲ့ စက်ရုပ်အကြောင်း ဟာသဝတ္ထု လေးအကြောင်းတောင် သတိရသွားတယ်
ခင်မင်စွာဖြင့်
သီဟသစ်
တို့လည်း စက်ရုပ်နဲ့ နည်းနည်းပါးပါး အလုပ်လုပ်နေပါသည်။
စပင်နိုဗက်ကျ ခေါ်ကြွားဦးမည် စိတ်ကူးလေးတွေ....
ဒန် တန် တန် တန်
Post a Comment