Search This Blog

Wednesday, March 20, 2013

ထူးထွေအံ့ရာ ပြည်မြန်မာ (၁)

နှစ်ပေါင်းများစွာ အချိန်ယူ တည်ဆောက်ထားပြီး အသားကျနေတဲ့ စနစ် တစ်ခုထဲမှာ ကျင်လည်လာတဲ့ သူတစ်ယောက် အဖို့ အခုမှ စလုံးရေစ ပြီး တည်ဆောက်နေတဲ့ စနစ်တစ်ခု ထဲမှာ အံဝင်ခွင်ကျ ဖြစ်အောင် နေရတာ သိပ်ပြီး လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ စိတ်ပျက်လက်ပျက် ဖြစ်စရာ၊ ရယ်စရာ မောစရာ၊ ဂွတီးဂွကျ ဖြစ်စရာ အဖြစ်တွေကို တစ်နေ့တစ်မျိုး မရိုးနိုင်အောင်ပဲ ကြုံနေရပါတယ်။

နိုင်ငံခြားမှာ အနေကြာတော့ ငွေဆိုတာ ပိုက်ဆံအိတ်ထဲမှာ၊ အိမ်က ဘီဒိုထဲမှာ များများစားစား သိမ်းထားလေ့ မရှိဘဲ ဘဏ်မှာ အပ်ထားပြီး လိုတဲ့အခါမှ လိုသလောက် ထုတ်သုံးတတ်တဲ့ အကျင့်မျိုး ဖြစ်လာခဲ့ပါတယ်။ အဲဒါကြောင့် မြန်မာပြည် ပြန်ရောက်ပြီး မကြာခင်မှာပဲ နာမည်ကျော် ပုဂ္ဂလိက ဘဏ်တစ်ခုမှာ စာရင်းရှင် စာရင်းသေ ငွေစာရင်းဖွင့်ဖို့ ရောက်ခဲ့ မိပါတယ်။

ဘဏ်မှာ စာရင်းဖွင့်တဲ့ အခါ သူများတွေကို ပိုက်ဆံ အထုတ်လိုက် ထမ်းမသွားဘဲ သူငယ်ချင်း တစ်ယောက် ရေးပေးလိုက်တဲ့ ချက်လက်မှတ်ကလေး တစ်စောင်ကို ကိုင်ပြီး ရောက်လာခဲ့ပါတယ်။ အဲဒီမှာ ထူးဆန်း အံ့ဩဖွယ်ရာတွေကို စပြီး ကြုံရတော့တာပါပဲ။ ကျွန်တော့် သူငယ်ချင်း ရေးပေးလိုက်တဲ့ ချက်လက်မှတ်က အဲဒီဘဏ်က ချက်လက်မှတ်ပါပဲ။ ဒါပေမယ့် ကျွန်တော့် သူငယ်ချင်းရဲ့ အကောင့်က အဲဒီဘဏ်ရဲ့ ရွှေဂုံတိုင် ဘဏ်ခွဲမှာ ဖြစ်နေပြီးတော့ ကျွန်တော် အကောင့်ဖွင့်တဲ့ ဘဏ်ခွဲက ကမာရွတ်ဘဏ်ခွဲ ဖြစ်နေပါတယ်။ ဘဏ်ခွဲချင်း မတူလို့ ချက်လက်မှတ်ကို ငွေထုတ်တာ အွန်လိုင်းခ ပေးရမယ်လို့ ဘဏ်ဝန်ထမ်း ကောင်မလေးက ပြောလာပါတယ်။ အဲဒီ ကောင်မလေး ပြောတာ ကြားကြားချင်း စိတ်ထဲမှာ တွေးမိတာတော့ ကျွန်တော်တို့ မြန်မာပြည်ကြီးမှာ အင်တာနက်သုံးခ ဈေးကြီးလွန်းလို့ ဟိုဘဏ်ကနေ ဒီဘဏ်ကို ငွေစာရင်းလွှဲတာတောင် အင်တာနက် သုံးခ ပေးရသေးသလား ဆိုပြီးတော့ပါ။ အင်တာနက် သုံးခ ဆိုတော့လည်း အင်တာနက် ဆိုင်မှာ သုံးသလောက် တစ်နာရီ ၅၀၀ လောက် ပေးရလေမလား စိတ်ထဲက တွေးမိပြန်ပါတယ်။ ဒါပေမယ့် အဲဒီကောင်မလေးက ၀.၀၄ ရာခိုင်နှုန်း ဖြတ်မယ် ဆိုမှ အွန်လိုင်းခ ဆိုတာ ဝန်ဆောင်ခ တစ်မျိုးပါလား ဆိုတာ သဘောပေါက်သွားပါတော့တယ်။ ဘဏ်ချင်း အတူတူ ဘဏ်ခွဲမတူလို့ ပိုက်ဆံဖြတ်တယ်ဆိုတာ ကျွန်တော့် အတွက်တော့ ထူးဆန်းပါပေ့ ကတွတ်ပီ အော်ရမလို ဖြစ်နေပါတယ်။

ဟိုဘက်ဘဏ်ကနေ ပိုက်ဆံ ထုတ်ပြီး ဒီဘက်ဘဏ်မှာ လာပြန်ထည့်ရင် ကုန်ကျမယ့် တက္ကစီဖိုးက သူပြောတဲ့ အွန်လိုင်းခထက် များနေတာမို့ အောင့်သက်သက်နဲ့ပဲ ပေးခဲ့ရပါတယ်။ အဲဒီမှာ ထူးဆန်းတာ တစ်ခု ထပ်တွေ့ရ ပြန်ပါတယ်။ ကျွန်တော် နိုင်ငံခြားမှာ ပထမဆုံး အကြိမ် အကောင့်စဖွင့်တော့ အခုလိုမျိုးပဲ မိတ်ဆွေ တစ်ယောက် ရေးပေးလိုက်တဲ့ ချက်လက်မှတ်ကို ယူပြီး ဖွင့်ခဲ့တာပါ။ အဲဒီလို အကောင့်ဖွင့်တဲ့ အခါ ချက်လက်မှတ်ထဲက ပိုက်ဆံကို စာရင်းထဲ ထည့်တာ၊​ အကောင့်ဖွင့်တာ၊ ငွေစုစာအုပ် ထုတ်တာ အားလုံး ကောင်တာ တစ်ခုမှာပဲ ကိစ္စ ပြတ်ပါတယ်။ မြန်မာပြည်မှာ ကြုံရတာကတော့ အတော်ကို ပေရှည်ပါတယ်။ လျှောက်လွှာရေးတာ ကောင်တာ တစ်ခု၊ စာရင်းရှင် အတွက် ငွေသွင်းတာ ကောင်တာတစ်ခု၊ ချက်လက်မှတ်ကို ငွေစုစာအုပ်ထဲ ထည့်တာက ကောင်တာ တစ်ခု၊ ချက်စာအုပ်ကို ထုတ်တာ ကောင်တာ တစ်ခု စုစုပေါင်း ကောင်တာ လေးခု တိတိ သွားရပါတယ်။ ဘဏ်စနစ်က အခုမှ အစပျိုးခါစမို့ ဒီလောက် ပေရှည်တာ ဖြစ်ပါ့လိမ့်မယ်။ နောက်ဆို တိုးတက်လာမှာပါလို့ပဲ စိတ်ထဲက ဖြေတွေးမိပါတယ်။

ဘဏ်စာအုပ် လျှောက်ရင်း ကျွန်တော့် ရှေ့မှာ တခြားသူတွေ အေတီအမ်ကတ်ဒ် လာလျှောက်ကြတာ တွေ့မိပါတယ်။ အဲဒါနဲ့ စောင့်ရတဲ့ အတူ မထူးဘူး။ ကျွန်တော်လည်း အေတီအမ် ကတ်ဒ် တစ်ကတ်ဒ်လောက်တော့ လျှောက်ဦးမှလို့ အကြံပေါ်မိပါတယ်။ ဒါနဲ့ အေတီအမ်ကတ်ဒ် လျှောက်ဖို့ ကောင်တာမှာ မေးကြည့်မိပါတယ်။ အစ်ကို မှတ်ပုံတင် မိတ္တူပါလား မေးလို့ ခေါင်းခါပြပါတယ်။ အဲဒါဆို မှတ်ပုံတင် မိတ္တူကူးပြီးမှ လာခဲ့ပါလို့ ကောင်တာက ဝန်ထမ်းကောင်မလေးက ပြန်ပြောပါတယ်။ ဒီလောက် ကြီးကျယ်တဲ့ ဘဏ်တစ်ခု ဖြစ်ပြီး မိတ္တူကူးစက်ကလေး တစ်လုံး ထားပေးဖို့၊ မိတ္တူကူးမယ့် ဝန်ထမ်း တစ်ယောက်လောက် ခန့်ပေးဖို့တောင် မတတ်နိုင်လောက်အောင် ချစ်တီးကျရသလား လို့ စိတ်ထဲကတော့ နည်းနည်း ကျွဲမြီးတို သွားပါတယ်။ ဒါပေမယ့်လည်း သူ့အရပ်နဲ့ သူ့ဇာတ်ပဲလေ လို့ စိတ်ထဲက တွေးပြီး မိတ္တူကူးဖို့ ဘဏ်အပြင်ကို ထွက်လာခဲ့ပါတယ်။ အဲဒီဘဏ်နဲ့ နီးနီးနားနားမှာ မိတ္တူကူးဆိုင် မရှိလို့ မိတ္တူကူးတဲ့ နေရာကို ၁၅ မိနစ်လောက် လျှောက်လိုက်ရပါတယ်။ ပထမဆုံး မိတ္တူဆိုင်တွေ့တော့ ဝမ်းသာ အားရနဲ့ ဝင်သွားမိပါတယ်။ မိတ္တူဆိုင်ထဲက ကောင်မလေးက အစ်ကို မီးပြတ်နေတယ် ဆိုတဲ့ စကားနဲ့ ဆီးကြိုနှုတ်ဆက်လို့ အောင့်သက်သက်နဲ့ ပြန်ထွက်လာခဲ့ရပါတယ်။ နောက်တစ်ဆိုင်တွေ့တော့လည်း အလားတူပါပဲ။ မီးပြတ်နေတယ် အစ်ကို ထားခဲ့ပြီး နောက်မှလာယူရင် ရမယ်။ ဆိုတဲ့ စကားကြားရလို့ အောင့်သီးအောင့်သက် ဖြစ်နေတဲ့ ကြားက ရယ်ချင် သွားမိ ပြန်ပါတယ်။ မှတ်ပုံတင်သာ ထားခဲ့မယ် ဆိုရင် ပျောက်မှာစိုးလို့ အသည်းအသန် ငြင်းကြလိမ့်ဦးမယ်ဆိုတာ ကြိုသိနေလို့ပါ။ ဒါနဲ့ပဲ စိတ်ကို လျှော့ပြီး လမ်းဘေးက လက်ဖက်ရည်ဆိုင် တစ်ဆိုင်ထဲဝင် ဝါးတီးဆွဲရင်း မီးပြန်လာမယ့် အချိန်ကို မျှော်နေမိပါတယ်။

နေ့လည်နေ့ခင်းမို့ ဟေး ဆိုတဲ့ အသံကိုတော့ မကြားရပါဘူး။ ဒါပေမယ့် စားလို့သောက်လို့ ပြီးတော့ မရရင်လဲ နောက်နေ့မှ ပြန်လာလျှောက်တော့မယ်လို့ စိတ်ပိုင်း ဖြတ်ပြီး လက်ဖက်ရည်ဆိုင်ထဲက ပြန်ထွက်လာခဲ့ပါတယ်။ မိတ္တူဆိုင် ရောက်သွားတော့ သမ္မာဒေဝ နတ်ကောင်းနတ်မြတ်များက ကြည့်မနေနိုင်လို့ တစ်ချိန်က အီးပီစီ အခုတော့ ဝိုင်အီးအက်စ်ဘီကို ကလိထိုးပြီး မီးလာခိုင်းလိုက်ပုံပါပဲ။ မီးပြန်လာနေပြီမို့ ဝမ်းမြောက်ဝမ်းသာ မိတ္တူ ကူးခဲ့ရပါတယ်။ မှတ်ပုံတင် မိတ္တူကလေး ကိုင်ပြီး ဘဏ်ကို ပြန်ရောက်တော့ ဝန်ထမ်း ကောင်မလေးက ပုံစံတစ်စောင်ကို ဖြည့်ခိုင်းပါတယ်။ ပုံစံထဲမှာ ကိုယ်ရေး အချက်အလက်တွေ ဖြည့်ပြီး ကောင်မလေးကို ပြန်ပေးတော့ ကောင်မလေးက အေတီအမ် လျှောက်လွှာမှာ ကျွန်တော့်ရဲ့ ငွေစာရင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မဖြည့်ဘဲ ဒီအတိုင်းထားတာကို သတိထားလိုက်မိပါတယ်။ နိုင်ငံခြားက ကွန်ပျူတာ စနစ်တွေလို ကိုယ်ရေးအချက်အလက် ရိုက်ထည့်လိုက်ရုံနဲ့ ကိုယ့်မှာ ရှိတဲ့ ငွေစာရင်းတွေနဲ့ ဆက်စပ်ပြီးသား ဖြစ်သွားမလား ဒီလိုဆိုရင်တော့ မဆိုးသေးဘူးပဲလို့ စိတ်ထဲက တွေးလိုက်မိပါတယ်။ ဒါပေမယ့်လည်း စိတ်ထဲက မနေနိုင်လို့ "ညီမ အစ်ကို့ အကောင့်နံပါတ်တွေ မဖြည့်တော့ဘူးလား။ သူ့ဘာသာသူ အလိုအလျောက် ချိတ်ပေးမှာလား။" လို့ ထုတ်မေးမိပါတယ်။ဒါပေမယ့် ကောင်မလေးရဲ့ ပြန်ဖြေတဲ့ စကားကြောင့် ဂုရုကွေးလို ဟိုက်ရှာလပတ်ရည် အော်ရမလို ဖြစ်သွားပါတယ်။ ကောင်မလေး ဖြေလိုက်တာကတော့ "အစ်ကို အေတီအမ်က အကောင့်သပ်သပ်လေ။ ငွေစုစာအုပ်က သပ်သပ်။ ချက် အကောင့်က သပ်သပ်။ ငွေစုစာအုပ်နဲ့ ချက်အကောင့် ချိတ်လို့ ရပေမယ့် အဲဒီအကောင့်တွေက အေတီအမ်နဲ့ ချိတ်လို့ မရဘူး။" ဆိုပြီးတော့ပါ။ ကိုယ့်ဘဏ်စာရင်းနဲ့ အေတီအမ်ကတ်ဒ် ချိတ်မရရင် နင့်မေကလွှားမို့ အေတီအမ်ကတ်ဒ် လျှောက်ရမှာလားလို့ ဘဏ်မန်နေဂျာဆီ ဝင်ပြီးပြောချင်စိတ် ပေါက်သွားပါတယ်။

ဒီလိုနဲ့ ဘဏ်မှာ အောင်မြင်စွာနဲ့ ငွေစာရင်းဖွင့်ပြီး ပြန်လာခဲ့ပါတယ်။ စာရင်းဖွင့်ပြီး သုံးပတ်လောက် အကြာမှာတော့ ပိုက်ဆံ ထုတ်ချင်တာနဲ့ ရုံးနားနီးတဲ့ အဲဒီဘဏ်ရဲ့ ဘဏ်ခွဲတစ်ခုကို ချီတက်လာခဲ့ပါတယ်။ အဲဒီ အခါမှာလည်း ကိုယ့်အကောင့်ထဲက ဖြစ်ပေမယ့် ဘဏ်ခွဲချင်း မတူလို့ ဆိုပြီး အွန်လိုင်းခ ဆိုတာကြီးကို ထပ်ပြီး ပေးရပြန်ပါတယ်။ ကျွန်တော့် အတွက်လည်း ပိုက်ဆံက အရေးတကြီး လိုနေတာမို့ စိတ်မသက်သာစွာနဲ့ပဲ အဲဒီ အွန်လိုင်းခ ဆိုတာကြီးကို ထပ်ပြီး ပေးခဲ့ရပြန်ပါတယ်။ ပိုက်ဆံ ထုတ်ပြီး နောက်တစ်နေ့မှာတော့ ကိစ္စတစ်ခု ထပ်ပေါ်လာတာနဲ့ ပိုက်ဆံ ထပ်ထုတ်ဖို့ အဲဒီ ဘဏ်ခွဲဆီကို ချီတက်လာခဲ့ရ ပြန်ပါတယ်။ ပိုက်ဆံ ထုတ်ဖို့ ဖောင်တွေ အကုန်ဖြည့်ပြီးမှာ ကောင်တာက ကောင်မလေးက "အစ်ကို မနေ့ကတင် ပိုက်ဆံ ထုတ်ထားတယ်နော်။" လို့ ပြောလာပြန်ပါတယ်။ "ဘာဖြစ်လို့လဲ" လို့ ပြန်မေးတော့ "ငွေစုစာအုပ်ထဲက ပိုက်ဆံကို တစ်ပတ်မှာ တစ်ခါပဲ ထုတ်ခွင့်ရှိတယ်။ အခု အစ်ကို ထုတ်ချင်ရင်တော့ လုပ်ပေးလိုက်ပါ့မယ်။ ဖောင်ရဲ့ ထိပ်မှာတော့ အရေးကြီး ကိစ္စ ဆိုတာကလေး ရေးပြီး လက်မှတ်ထိုးပေးပါ"လို့ ထူးဆန်း အံ့ဩဖွယ်ရာ ပြန်ပြောပါတယ်။ ကျွန်တော်လည်း ဇဝေဇဝါနဲ့ ဘယ်နာ့ကြီးတုန်းဟလို့ တွေးရင်း သူပြောတဲ့ နေရာ လက်မှတ်ထိုးပေးလိုက်ရပြန်ပါတော့တယ်။

ကြုံခဲ့ရတဲ့ အဖြစ်အပျက်များကို ထူးထွေအံ့ရာ ပြည်မြန်မာ အပိုင်း(၁) အနေနဲ့ မှတ်တမ်းတင်အပ်ပါတယ်။ :D

7 comments:

ko 9 said...

အဲ့ဒါတွေမြင်လို့ မပြန်သေးတာ ဟီဟီ

စူးနွယ်လေး said...

အဲဒီကအကြောင်းတွေ အတွေ့အကြုံတွေ များများရေးပေးပါ... အင်ဖော်မေးရှင်းရလို့ စိတ်ဝင်စားတယ်။ ကျေးဇူးတင်ပါတယ်
ကိုZT :D

AMK said...

တိုးတက်အောင်လုပ်ဖို့  အချိန်မရှိတာလဲ မပြောပါနဲ့  ခုထိလွယ်တာ ကို ခက်အောင်လုပ်ထားတာ အကျင့်ပါနေလို့ ..ချစ်တီးသိပ်ကျတာပဲ ဒါဆို အေတီအမ် ကဒ်ကနေ ပိုက်ပိုက်ထုတ်ဖို့  အဲထဲ ပိုက်ဆံထည့် ရမှာပေါ့နော် လွယ်ဘူးနော် ကွိုင်ပဲ ဘယ်ဘဏ်လဲပြောသွားပါအုံး အကို ၇ဲ့ 

Anonymous said...

တို့ကတော့ အဲလိုထူးထွေတည့်အံရာသော်တွေ မကြုံချင်လို့ မြန်မာပြည်ပြန်ရောက်ထဲက ဘာအကောင့်မှ မဖွင့်ဘူး။ အေးရော။ ပတ်သက်မိရင်စိတ်တိုနေရအုံးမယ်။ အဲတော့ဘာဖြစ်လဲ။ ပိုက်ဆံအိတ်လေးတယ်။ သွားလေရာသယ်သွားရတယ်။ ပိုက်ဆံတွေက ညစ်ပတ်လို့ အိတ်ကလဲနံသေးတယ်။

Anonymous said...

အင်း..ရုံးက လူတွေကို ပြန်ချေပဖို့ ဆင်ခြေ ရပြီ..
အဲဒါတွေကို ကြိုတွေးမိလို့ မပြန်တာပါလို့..
=)
Hope smooth sailing for you in future!!
-m

ZT said...

It is KBZ Bank

မီးမီးငယ် said...

ကျမဒီတခါတော့ဘဏ်တခုနဲ့ ၊
တော်တော်စိတ်လေပါတယ်။
လွန်ခဲ့တဲ့ ၁ဝနှစ်နီးပါး အကောင့်ဟောင်းတခုကို
ပြန်အသက်သွင်းပြီးသုံးတာပေါ့။
ပိုက်ဆံလေးပြန်ထဲ့တာပါ။
ပြီးသူတို့ ရှေ့ မှာဘဲ ပြန်ထုတ်ကြည့်တယ်။
(စမ်းသပ်ကြည့်တာလေ)
လက်မှတ်မတူလို့ လက်မှတ်ဌာနကမထုတ်ပေးဘူးတဲ့
ဆရာ...တူအောင်ပြန်ထိုးဖို့ ၊
အခွင့်အရေးတရပ်ကြီးပေးပါတယ်။
သူတို့ ရှေ့ မှာသွင်းထားတာလေ..။
ခရီးကလည်းပမ်း၊ဒေါကလည်းပွ..။
ဒါနဲ့ လက်မှတ်ပြန်ပြင်ခိုင်းတယ်..။
အဲ...ဓါတ်ပုံကင်မရာကြီးကို သတိရတော့..၊
အားလုံးကို ဓါတ်ပုံရိုက်ယူထားလိုက်တယ်..။
အေးရော..နောက်တခါသွားထုတ်တာ၊ အဲဓါတ်ပုံတွေပြပြီး၊ပြောလိုက်တယ်။
လက်မှတ်ကို..ချွတ်ဆွတ်တူရအောင်၊ ကျုပ်ကလည်းစက်ရုပ်မဟုတ်ဘူး..လို့ ။