Search This Blog

Wednesday, February 20, 2013

ကြုံရဆုံရ ဘဝများ

ကျွန်တော် အမ်စတာဒမ် ရှီပိုး လေဆိပ်ထဲက ရထားဘူတာရုံမှာ ဂျာမနီကို သွားဖို့ ရထားစောင့်နေတုန်းပါ။ ကျွန်တော်နဲ့ ရထားလမ်း ခြားနေတဲ့ ပလက်ဖောင်းမှာ လူတစ်ယောက်ကို လှမ်းတွေ့လိုက်မိတယ်။ ဆံပင်ကောက်ကောက် အသားမည်းမည်း အရပ်မြင့်မြင့်နဲ့ အာဖရိက နွယ်ဖွား တစ်ယောက်ပုံစံမျိုးပါပဲ။ ညစ်ပေနေတဲ့ ဘောင်းဘီရှည်နဲ့ အင်္ကျီလက်တိုကို ဝတ်ထားတယ်။ လေဆိပ်က ဆင်းလာတဲ့ အဝတ်အစား တောက်တောက်ပြောင်ပြောင် လူတွေကြားမှာ သူ့ပုံစံက ထူးထူးခြားခြား ဖြစ်နေလို့ ချက်ချင်းပဲ သတိထားမိသွားတယ်။ နောက်တော့ သူ အအေးဗူးတွေ ရောင်းတဲ့ စက်တစ်လုံးဆီကို လျှောက်သွားတာ လှမ်းမြင်ရတယ်။ သူက လက်နှစ်ဖက်ကို ဆန့်  အအေးဗူးရောင်းတဲ့စက်ကို ဟိုဘက်ဒီဘက်ကိုင်ပြီး ခပ်ကြမ်းကြမ်း လှုပ်နေတယ်။ ဘေးပတ်ဝန်းကျင် ရထားလမ်း ပလက်ဖောင်းပေါ်က လူတွေ အကုန်လုံးက သူ့ကို ဝိုင်းကြည့်နေကြတယ်။ ခဏ အကြာမှာတော့ စက်ထဲက အအေးတစ်ဗူး ပြုတ်ကျလာတယ်။ အအေးဗူးကို ကောက် ဖွင့်သောက်ပြီး သူထွက်သွားတယ်။  ဒီလို တိုးတက်နေတဲ့ နိုင်ငံ၊ ဒီလို ခေတ်မီနေတဲ့ နိုင်ငံမှာ ဒီလို လူတန်းစားတွေလည်း ရှိနေသေးပါလား ဆိုတာ တွေးမိသွားတယ်။

=============

ချက်သမ္မတနိုင်ငံ ပါဒူဘီဆေးမြို့ ရောက်နေတုန်းမှာ ဟိုတယ်က သတင်းစာ တစ်စောင်ကို ကောက်ပြီး လှန်ကြည့်မိတယ်။ သတင်းစာထဲမှာ ဆောင်းတွင်း ဝင်လာပြီမို့ အိမ်ခြေယာခြေ မရှိတဲ့ လမ်းပေါ်ကလူတွေ ညအိပ်ဖို့ အစိုးရက မြို့တော်ပရက်ဂ်မြို့မှာ ယာယီတဲတွေ ဆောက်လုပ်ပေးမယ်ဆိုတဲ့ သတင်း ဖတ်လိုက်ရတယ်။ တခြားနေရာမှာ အခြေမဲ့ အနေမဲ့ ဖြစ်ရင် လမ်းဘေး အိပ်လို့ ရနိုင်ပေမယ့် ဒီလို နှင်းတွေကျပြီး ညဘက် သွေးခဲမတတ် အေးတဲ့ နိုင်ငံမှာ လမ်းဘေး အိပ်ရင်တော့ မနက်ခင်းမှာ အသက်ရှိသေးရင် ကံကောင်းတယ် ပြောရမှာပါပဲ။

ပါဒူဘီဆေးကနေ ပရက်ဂ်ကို ပြန်လာတော့ လမ်းက သစ်ပင်တွေ ကြည့်ပြီး ချက်နိုင်ငံသား အင်ဂျင်နီယာရဲ့ စကားတွေ ခေါင်းထဲ ရောက်လာတယ်။ အရင်တုန်းက ချက်က လူတွေ ဆင်းရဲ လွန်းလို့ တစ်နေရာက တစ်နေရာကို လမ်းလျှောက် သွားရတယ်။ သူတို့တွေ သွားရင်လာရင်း ဗိုက်ဆာရင် စားလို့ရအောင် ရှေ့လူတွေက လမ်းဘေးဝဲယာမှာ သစ်သီးပင်တွေ စိုက်ထားပေးခဲ့တာ ဆိုတဲ့ စကားပါပဲ။ အရင်တုန်းက ချက်ကလူတွေ ဆင်းရဲတယ် ဆိုတော့ အခု ဘယ်လောက် ချမ်းသာ သွားကြပြီလဲ။ အခြေမဲ့ အနေမဲ့တွေ ဘယ်လောက် များသေးလဲ။ အစိုးရက ဆောင်းတွင်းမှာ အခြေမဲ့ အနေမဲ့တွေကို ညအိပ်ဖို့ တဲထိုးပေးတယ် ဆိုတော့ တခြား အချိန် ဘယ်လို စီစဉ်ပေးသလဲ ခေါင်းထဲမှာ ဆက်ကာ ဆက်ကာ တွေးလိုက်မိတယ်။ ချက်မှာ သက္ကလပ် တော်လှန်ရေးနဲ့ နိုင်ငံကို ဒီမိုကရေစီရအောင် နေ့ချင်းညချင်း ပြောင်းပေးနိုင်ပေမယ့် လူဆင်းရဲတွေ ချမ်းသာသွားအောင်တော့ နေ့ချင်းညချင်း ပြောင်းမပေးနိုင်ပါဘူး။

==============

ပိုလန်က ဆွာ့စ်ကီးမှာ ရောက်နေတုန်း စနေ တစ်ညနေ ထမင်းစားဖို့ ဟိုတယ် အောက်ထပ်က စားသောက်ဆိုင်ကို ဆင်းလာခဲ့ပါတယ်။ အောက်ထပ်ရောက်တော့ စားသောက်ဆိုင်က မရှိတော့ဘူး။ စားသောက်ဆိုင်နေရာက စားပွဲတွေ အားလုံးကို ရှင်းထားပြီး အဲဒီမှာ ပါတီပေးနေကြတယ်။ လူတွေ အများကြီး ကနေတာ ဒီတစ်ခါပဲ မြင်ဖူးတယ်။ အားလုံးကလည်း ပြုံးလို့ ပျော်လို့။ ကျွန်တော်တို့ စင်ကာပူက သင်္ကြန်တွေမှာ လုပ်လေ့ လုပ်ထ ရှိသလို လူတစ်ယောက်နဲ့ တစ်ယောက် မီးရထားတွဲလို ရှေ့နောက်ဆက်ပြီး ခန်းမထဲမှာ လှည့်ပတ်ကနေကြတာ အနည်းဆုံး လူ ၄၀ လောက် ရှိမယ် ထင်ရတယ်။ သူတို့ကို ကြည့်ပြီး အပျော်တွေပါ ကျွန်တော့်ဆီ ကူးစက်သွားတယ်။ ပိုလန်ဆိုတာ ဥရောပနိုင်ငံပေမယ့် စင်ကာပူနဲ့ ယှဉ်ရင် အတော် ဆင်းရဲတဲ့ နိုင်ငံပါ။ ကျွန်တော်တို့ စင်ကာပူက ဈေးနဲ့ ပိုလန်မှာ ပျော်ပျော်ပါးပါးကြီး သုံးလို့ ရတယ်။ ဟိုတယ်က ရေခဲသေတ္တာထဲမှာ ရှိတဲ့ အအေးပုလင်း ယူသောက်တာတောင် စင်ကာပူဒေါ်လာနဲ့ ပြား ၇၀ လောက်ပဲ ကျတာ။  ဒါပေမယ့်လည်း စင်ကာပူမှာ လူတွေ အများကြီး ဒီလိုမျိုး စိတ်လွတ်လက်လွတ် ပျော်ရွှင်နေတာ တစ်ခါမှ မတွေ့ ဖူးသလိုပဲ။ မိုက်ခရို အီကော်နော်မစ် ဘာသာမှာ ဖတ်ဖူးတဲ့ စီးပွားရေး ပညာရှင်တွေရဲ့ သုတေသန စာတမ်း တစ်ခု အရ ပိုက်ဆံပိုရှိရင် လူဟာ ပိုပျော်တယ်လို့ ဆိုကြတယ်။ ဒါပေမယ့် အခု အတွေ့အကြုံ အရ ပျော်ရွှင်မှုဆိုတာ ပိုက်ဆံနဲ့ တိုက်ရိုက် အချိုးမကျဘူး။ ပိုက်ဆံတွေ ပစ္စည်းဥစ္စာတွေ ရှိနေရင်တောင် ပျော်ရွှင်မှု ဆိုတာ သူ့ အလိုလို မလာဘူးလို့ ဆက်တွေးမိသွားတယ်။

===============

ဆေးလိပ်သောက်တတ်တာ ကျန်းမာရေး ထိခိုက်ပေမယ့် တခါတလေ မိတ်ဆွေ အပေါင်းအသင်းတော့ တိုးစေတယ်။ အိုင်ယာလန် ဝက်စ်ဖို့ဒ်က စက်ရုံတစ်ရုံမှာ ကျွန်တော်တို့ ကုမ္ပဏီက ရောင်းထားတဲ့ ကွန်ပျူတာ ထိန်းချုပ် စနစ်တစ်ခု သွားပြင်နေတုန်းက အချိန်ကပါ။ တစ်နေ့ ကျွန်တော် စက်ရုံထဲ ကနေ အပြင်ထွက် ဆေးလိပ်သောက်တဲ့ တဲကလေးမှာ ဆေးလိပ်သောက်နေတုန်း လူတစ်ယောက် ရောက်လာတယ်။ သူပြောတဲ့ အင်္ဂလိပ်စကားက အိုင်းရစ် တွေလို မဝဲတာမို့ စကားပြောရတာ အဆင်ပြေတယ်။ သူနဲ့ စကားစပ်လို့ ပြောမိရင်း သူဟာ ဂျာမန် တစ်ယောက် ဆိုတာ သိလိုက်ရတယ်။ ဂျာမနီလို နိုင်ငံက စက်ရုံမှူးလို၊ မန်နေဂျာလို ရာထူးကြီးတဲ့ နေရာကို နိုင်ငံရပ်ခြားမှာ လာလုပ်တာ တွေ့ဖူးပေမယ့် သာမန် ဂျာမန် အင်ဂျင်နီယာ တစ်ယောက်က ပြည်ပမှာ အခြေစိုက် အလုပ်လုပ်နေတယ် ဆိုတာ တွေ့တော့ နည်းနည်းတော့ အံ့ဩသွားတယ်။ သူ့ကို မေးတော့ သူက ပြောပြတယ်။ ငါတို့ စက်ရုံ ဂျာမနီကနေ အိုင်ယာလန်ကို ရွှေ့မယ် ဆိုတော့ သူဌေးက ငါ့ကို မေးတယ်။ မင်း အိုင်ယာလန်ကို လိုက်သွားနိုင်ရင်တော့ အလုပ်ရမယ်။ ဂျာမနီမှာတော့ မင်းကို ပေးစရာ အလုပ်မရှိတော့ဘူး ဆိုလို့ ငါလိုက်လာတာလို့ သူက ပြောပြပါတယ်။ ပြည်ပ ထွက် အလုပ်လုပ်ရတာ နိုင်ငံ အခြေအနေမကောင်းတဲ့ ကျွန်တော်တို့တင် မကဘူး။ ဂျာမနီလို နိုင်ငံကြီးမှာလည်း ရှိတယ်။ ကိုယ့်မှာ ရှိတဲ့ ပညာက ကိုယ်နေထိုင်တဲ့ နိုင်ငံမှာ အသုံးမတည့်တော့ရင် နိုင်ငံခြား ရောက်တာပဲလို့ တွေးမိသွားတယ်။

2 comments:

MgPM said...

ရန်ကုန်ရောက်တော့ အပေါ်က တွေ့ခဲ့တဲ့ လူတွေ အတွေ့အကြုံတွေမျိုး ရေးပါဦး ကိုယ်တွေ့တွေ ဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းသားဗျ။

Unknown said...

အဲ့လိုခရီးတွေ သွားချင်တယ်။
အခုလိုဝေမျှပေးတာကျေးဇူးတင်ပါတယ်။
အရေးအသားထဲမှာ သံဝေဂတွေကော ပါနေပါတယ်။

ကျေးဇူးတင်ပါတယ်