Search This Blog

Monday, September 7, 2009

ဗိုက်ဆာနေတဲ့ သရဲများ

ရောမမြို့ကြီး မီးလောင်တာ နီရိုးဘုရင်က တယောထိုးမပျက်ဘူး လို့ ပြောကြတဲ့ စကား ရှိပါတယ်။ အမှန်တကယ်ကတော့ အဲဒီစကားဟာ အခြေအမြစ် မရှိပါဘူး။ ဒါမှမဟုတ်ရင်လည်း အချက်အလက်အားဖြင့် မှားနေတယ်လို့ ပြောရင်လည်း ရပါတယ်။ အကြောင်းကတော့ ရောမမှာ နီရိုးဘုရင် အုပ်ချုပ်နေတဲ့အချိန်က တယောဆိုတဲ့ တူရိယာ မပေါ်သေးပါဘူး။ အဲဒါကြောင့် သူတီးနေတာ မှန်ရင်တောင်မှ တယောမဟုတ်ပဲ တယောနဲ့တူတဲ့ တခြား တူရိယာ တစ်ခုခုပဲ ဖြစ်ပါလိမ့်မယ်။

အခု လောလောဆယ် စင်ကာပူမြို့ကြီးတော့ မီးလောင်မနေပါဘူး။ ဒါပေမယ့် မီးတွေတော့ အပြိုင်အဆိုင် ရှို့နေကြပါတယ်။ ဘာတွေ ရှို့နေသလဲ မေးရင် ဒေါ်လာတွေ မီးပုံရှို့နေကြပါတယ် လို့ ဖြေရပါလိမ့်မယ်။ ဒါပေမယ့် အမေရိကန် ဒေါ်လာ ယူရိုဒေါ်လာ စင်ကာပူ ဒေါ်လာတွေတော့ မဟုတ်ပါဘူး။ ဟဲလ်မန်းနီး ( Hell Money) လို့ ခေါ်တဲ့ ငရဲပြည်သုံး ဒေါ်လာတွေကို ရှို့နေကြ တာပါ။

အနောက်တိုင်းသားတွေ အတွက် ဂိုးတူဟဲလ် ဒါမှမဟုတ် ငရဲကိုသွား ဆိုတာ ကျိန်ဆဲတဲ့ စကားပါ။ ဒါပေမယ့် တရုတ်လူမျိုးတွေရဲ့ ဟဲလ်က အနောက်တိုင်းသားတွေ ယုံကြည်တဲ့ ဟဲလ် မဟုတ် သလို ကျွန်တော်တို့တွေ သိထားတဲ့ မဟာ အဝီစိတို့ ယောရုဝ တို့လို ငရဲကြီး ရှစ်ထပ်ထဲက ငရဲကို ပြောတာလည်း မဟုတ်ပါဘူး။ သူတို့ရဲ့ ငရဲ ဒါမှမဟုတ် ဟဲလ်ဆိုတာက သေပြီးနောက် ရောက်နေတဲ့ကမ္ဘာ (afterlife) ကို ဆိုလိုချင်တာပါ။ Nether World လို့လည်း ခေါ်ကြပါတယ်။

တရုတ်လူမျိုး အများစုကတော့ သေပြီးသား ဆွေမျိုးသားချင်းတွေကို ပစ္စည်းတစ်ခုခု သုံးဖို့စွဲဖို့ ပို့ပေးချင်ရင် မီးရှို့ ပြီး ပို့ပေးရတယ်လို့ အယူအဆ ရှိကြပါတယ်။ အသုဘ အခမ်းအနားတွေမှာ သေပြီးသားသူ သုံးဖို့ ငွေတွေ၊ ဝတ်ဖို့ အဝတ်အစားတွေ၊ စီးဖို့ကားတွေ၊ နေဖို့အိမ်တွေ မီးရှို့ပေးတတ် ကြပါတယ်။ တကယ့် အစစ်တွေတော့ မဟုတ်ပါဘူး။ စက္ကူနဲ့ လုပ်ထားတဲ့ ပုံစံလေးတွေပါ။ စင်ကာပူမှာ အဲဒီလို တမလွန်က လူတွေအတွက် မီးရှို့ပေးဖို့ စက္ကူနဲ့ လုပ်ထားတဲ့ ပစ္စည်းတွေ ချည်းပဲ သီးသန့်ရောင်းတဲ့ ဆိုင်တွေ ရှိပါတယ်။ အဲဒီဆိုင်တွေမှာ ရှိတဲ့ ပစ္စည်းကလည်း အစုံပါပဲ။ တစ်ခါက Singapore Dreaming ဆိုတဲ့ ရုပ်ရှင်ထဲမှာ မင်းသားက သူ့အဖေအတွက် ရေကူးကန်ပါတဲ့ တိုက်ကို မီးရှို့ပေးတာ မြင်လို့ ရေကူးကန်ကို ဘယ်လိုများ မီးရှို့ကြပါလိမ့်လို့ တွေးပြီး ပြုံးမိပါသေးတယ်။

ကျွန်တော်နဲ့ အတော်ခင်တဲ့ စလုံး သူငယ်ချင်း တစ်ယောက်ကို စကားကတ်ပြီး မေးဖူးပါတယ်။ မင်းတို့က အတုတွေ မီးရှို့တော့ သေပြီးသားသူက အတုတွေပဲ ရမှာပေါ့။ အစစ် ရှို့မှ သေပြီးသားသူက အစစ်ရမှာပေါ့ မဟုတ်ဘူးလား။ လို့ မေးတော့ ကျွန်တော့် သူငယ်ချင်းက ဘာမှ ပြန်မပြောပဲ ရယ်နေပါတယ်။ နောက်တော့ သူက တခါတလေတော့လည်း တကယ် ရယ်စရာ ကောင်းတယ်ကွ ဆိုပြီး သူ့ အမေအကြောင်းကို ပြောပြပါတယ်။ သူ့အဖေ မသေခင်တုန်းက ခရီး အတော်သွားတယ်လို့ ပြောပါတယ်။ သူ့အမေက သူ့အဖေ သုံးဖို့ ပစ္စည်းတွေကို မီးရှို့ပြီး ပို့ပေးတတ်ပါတယ်။ တစ်နေ့ တမလွန်က လူတွေအတွက် ပစ္စည်းတွေ ရောင်းတဲ့ဆိုင်ကို သွားရင်း ပတ်စ်ပို့ စာအုပ်တွေ့လို့ ဝမ်းသာအားရနဲ့ ဝယ်လာပြီး သူ့အဖေအတွက် မီးရှို့ပေးတယ် ပြောပါတယ်။ ကျွန်တော့် သူငယ်ချင်းကတော့ သေပြီးတာတောင်မှ ခရီးသွားဖို့ ပတ်စ်ပို့က လိုသေးသလားကွာ လို့ ပြောပြီး ရယ်ပါတယ်။

ကျွန်တော်တို့ မြန်မာပြည်မှာတင် ၄၅ ကျပ်တန် ၉၀ တန်လို ထူးထူးခြားခြား ပိုက်ဆံတွေ ရှိတာမဟုတ်ပါဘူး။ ငရဲပြည်သုံး ပိုက်ဆံမှာလည်း ၈ ဘီလျံတန် ရှိပါတယ်။ ၈ ဂဏန်းကို တရုတ်လူမျိုးတွေက ကံကောင်းတဲ့ ဂဏန်းလို့ အယူရှိတဲ့အတွက် ၈ ဘီလျံတန် ပိုက်ဆံ လုပ်ထားတာလို့ ပြောကြပါတယ်။ အဲဒီလို ၈ဘီလျံတန်တွေကို အုပ်လိုက် မီ:ရှို့လေ့ ရှိကြပါတယ်။ အနောက်တိုင်းသား စီးပွားရေး ပညာရှင် တစ်ယောက်ကတော့ ငရဲပြည်မှာ ပိုက်ဆံတွေ အဲဒီလောက် ပေါနေရင် ငွေကြေးဖောင်းပွပြီး ပေါင်မုန့်တစ်လုံးကို သန်းနဲ့ချီပေးပြီး စားရမှာပေါ့ လို့ တွက်ပြပါတယ်။ ငရဲပြည်သုံး ပိုက်ဆံနဲ့ ပတ်သက်ပြီး သတိပေးစရာ တစ်ခု ရှိပါတယ်။ တရုတ်လူမျိုးတွေ အနေနဲ့ အဲဒီပိုက်ဆံကို ငရဲပြည်မှာ သုံးဖို့ဆိုပြီးတော့သာ ရည်ရွယ်ကြပါတယ်။ အဲဒီတော့ လူအချင်းချင်း နောက်ပြောင်ပြီး ပေးတာကို လုံးဝ မကြိုက်ကြပါဘူး။ လူတစ်ယောက်ကို ငရဲပိုက်ဆံ ပေးတာဟာ အဲဒီလူကို သေဖို့ ကျိန်ဆဲတာနဲ့ အတူတူပဲလို့ တချို့က ယူဆကြပါတယ်။ အဲဒီလို ယုံကြည်ထားတဲ့ သူငယ်ချင်း မိတ်ဆွေတွေကို သွားပြီး မစမိအောင် သတိထား နိုင်ကြဖို့ပါ။

ဒီလက တရုတ်ပြက္ခဒိန်မှာ ၇ လမြောက် ဒါမှမဟုတ် သရဲလ ပါ။ အဲဒီအတွက် ငရဲပြည် တံခါးပွင့်ပြီး သရဲတွေ ကမ္ဘာပေါ်ကို အစာလာရှာကြတယ်လို့ တရုတ်လူမျိုးတွေမှာ အယူအဆ ရှိကြပါတယ်။ အဲဒါကြောင့် ဗိုက်ဆာနေသော သရဲများ ပွဲတော် (Hungry Ghost Festival) ကို ကျင်းပကြပါတယ်။ ကွယ်လွန်ပြီးသား ဆွေမျိုးသားချင်းတွေကို ဖိတ်ပြီး အစားအသောက်တွေ ကျွေးကြပါတယ်။ မြန်မာပြည်မှာတော့ တစ္ဆေကြီးပွဲလို့ ခေါ်ကြပါတယ်။ ငယ်ငယ်တုန်းကတော့ အဖိုးအဖွားတွေ တစ္ဆေကြီးပွဲ လုပ်တာ ကြုံဖူးပါတယ်။ အိမ်မှာ အစားအသောက်တွေ အလျှံပယ်ချက် နောက်ပြီးရင် ကွယ်လွန်ပြီးသား ဆွေမျိုးသားချင်းတွေ ရဲ့ အမည်ကို စာရွက်နဲ့ ရေးပြီး လာစားဖို့ ဖိတ်ကြပါတယ်။ လူစုံမစုံ သိချင်ရင် ကျပ်စေ့သုံးစေ့ကို ပစ်ပြီး စစ်ကြပါတယ်။ ကျပ်စေ့ သုံးစေ့လုံးက ခေါင်းချည်းပဲ ကျရင် လူစုံပြီလို့ သတ်မှတ်ကြပါတယ်။ ငယ်ငယ်ကတော့ အဖိုးက ကျပ်စေ့ သုံးစေ့ ပစ်တာကို ပိုက်ဆံကြဲတယ်ကွ ဆိုပြီး ဝိုင်းလုလို့ အဆူခံရဖူးပါတယ်။ :D

စင်ကာပူမှာတော့ ၇ လပိုင်းနဲ့ ပတ်သက်ပြီးတော့ အတော်လေး အယူသည်းကြပါတယ်။ အခုလက သရဲလဆိုတော့ သရဲတွေ လျှောက်သွားနေတယ်လို့ ယုံကြည်ကြပါတယ်။ သရဲတွေကို ဖျော်ဖြေဖို့ လမ်းဘေးမှာ စင်ထိုးပြီး ဇာတ်ပွဲတွေ လုပ်ကြပါတယ်။ အဲဒီလို ပွဲတွေကို ဝါရမ်ပွဲ (Wayang Show) လို့ ခေါ်ကြပါတယ်။ ရှေ့ဆုံး ၃တန်းကို ဒီပွဲမှာ ဗွီအိုင်ပီ ဖြစ်တဲ့ သရဲတွေကြည့်ဖို့ ချန်ထားရပါတယ်။ စလုံးက တရုတ်လူမျိုးတွေက ၇ လပိုင်းမှာ အိမ်တွေ ကားတွေ ဝယ်လေ့ မရှိကြပါဘူး။ မင်္ဂလာဆောင်လို အခမ်းအနားမျိုးကိုလည်း လုပ်လေ့ လုပ်ထ မရှိကြပါဘူး။ ရေကူးချင်တယ် ဆိုရင်တော့ ဒီလဟာ ရေကူးကန်မှာ လူအချောင်ဆုံး လပါပဲ။ စလုံးတွေ အတော်များများက သရဲက ရေနှစ်သတ်မှာစိုးလို့ ဒီလမှာ ရေကူးဖို့ ရှောင်ကြပါတယ်။ ညဖက်ဆိုရင်လည်း ကလေးတွေကို အပြင်မလွှတ်ကြပါဘူး။ သရဲက ဝင်ပူးမှာ စိုးလို့ပါ။

ဒီနှစ်မှာတော့ ထူးထူးခြားခြား သတင်းတစ်ခု ဖတ်လိုက်ရပါတယ်။ မကြာခင်မှာ ဖွင့်တော့မယ့် စင်ကာပူ က မရီနာဘေး (Marina Bay) ကက်စီနိုနဲ့ အပြိုင် စင်ကာပူ ကုမ္ပဏီတစ်ခုက သရဲတွေ ကစားဖို့အတွက် ကက်စီနိုတစ်ခု ဆောက်ပြီး ငှားနေတယ် ဆိုတဲ့ သတင်းပါ။ အဲဒီကက်စီနိုကို ဆောက်ဖို့ စင်ကာပူ ဒေါ်လာ ၆၅၀၀ ကုန်တယ်လို့ ဆိုပါတယ်။ ကက်စီနိုမှာ ရောက်လက် (Roulette)၊ ဘလက်ဂျက် နဲ့ ဂျက်ပေါ့ စက် (Jackpot Machine) တွေ ရှိပါတယ်။ မရီနာဘေး ကက်စီနိုက အနားမှာ အေတီအမ် စက် ထားမပေးဘူး ဆိုပေမယ့် သရဲကက်စီနို ရဲ့ အပြင်ဘက်မှာ အေတီအမ် စက် ထားပေးထားပါတယ်။ အေတီအမ် တောင် ပေါ့သေးသေး အေတီအမ် မဟုတ်ပါဘူး။ အေတီအမ်ရဲ့ အထက်မှာ လုံခြုံရေး ကင်မရာပါ တပ်ထားပါသေးတယ်။ အဲဒီ ကက်စီနိုကို နာရီပိုင်းနဲ့ ငှားချင်ရင် စင်ကာပူ ဒေါ်လာ ၁၀၀၀ ကျော် ပေးရမယ် လို့ ဆိုပါတယ်။ သရဲ ကက်စီနိုရဲ့ ဗွီဒီယိုကို ကြည့်ချင်ရင် အောက်မှာ လင့်ခ် ရေးပေးလိုက် ပါတယ်။

သရဲကက်စီနို အပိုင်း(၁)

သရဲကက်စီနို အပိုင်း(၂)

သရဲကက်စီနို အပိုင်း(၃)


Image Source: http://www.pennylicious.com/2006/07/18/hell-money/

9 comments:

ရွက်လွင့်ခြင်း said...

ဟဲဟဲ အခု နေရာဦးထားတာ
ရုံကစက်က ယူနီကုတ် မထည့်ထားရသေးလို့ 
အိမ်ကျမှ ပြန်ဖတ်ဦးမယ်း)

Ko Boyz said...

အပေါ်က တစ်ယောက်ကွန်မန့်ကို ဘလော့မှာ ဖတ်တော့ စာတွေ ကကျိုးကကြောင်ဖြစ်နေတယ်။
အခု ကော်မန့်ရေးဖို့ ကော်မန့်ဘော့က်စ်ကိုဖွင့်တော့ ကောင်းကောင်းပြန်မြင်နေရတယ်...။ အဲဒါလာပြောတာ။

Thant said...

ဖတ်လို့လဲ မရဘူး..ဖတ်ချင်တယ်..ဖတ်ချင်တယ်.. ( ကိုယ့်ဘာသာကိုယ် တိုးတိုးလေးရွတ်နေတာပါ )

ကြည်ဖြူပိုင် said...

ဒေါင်းလို့မရပါဘူးဆိုမှရေးထားတာအနော်
စိတ်ဝင်စားတဲ့ သရဲအကြောင်းကြီး။
သရဲကဗိုက်ဆာနေတာဆိုတော
့ပိုတောင်စိတ်ဝင်စားတယ်။ခုကျဖတ်လို့လဲရဘူး။။:(

sin dan lar said...

အဲဒီလမှာ သရဲတွေကိုကျွေးထားတဲ့ မုန့်မျိုးတွေကို အပြင်မှာ လူတွေ စားလေ့မရှိဘူးဆိုတာရောဟုတ်လား...။

ငယ်ငယ်က စားခဲ့တဲ့ မုန့်မျိုးတွေ ကျွေးထားတာတွေ့လို့၊
မုန့်ကြက်ဥတို့ ၊ မုန့်ပဲလှော်တို့..။

မုန့်ပဲလှော်ကြိုက်လို့ ဝယ်စားမယ်လုပ်ပြီးမှ အဲလိုပြောလို့ မစားဖြစ်တော့ဘူး...။

ZT said...

ဘာဖြစ်သေးတုန်း။ စားပေါ့။ သရဲကို ကျွေးထားတဲ့ လိမ္မော်သီးတောင် ယူစားတဲ့သူ ရှိသေးတာပဲ။ :D

သရဲ လာလုစားရင် နည်းနည်း ခွဲကျွေးလိုက်ပေါ့။ :P

Waing said...

တရုတ်ပြက္ခဒိန်ရဲ့ ၇လပိုင်း ၁၅ရက်နေ့ မရောက်မီနဲ့ အဲ့ဒီနေ့ရောက်တိုင်း တရုတ်လူမျိုးမှန်ရင် ရိုးရာပွဲတစ်ခုလုပ်ပြီး သေဆုံးသွားတဲ့ ဘိုးဘွားတွေကို တိုင်တည်ပြီး ကန်တော့ကြပါတယ်။ ငွေစက္ကူတွေ ရှို့ပေးတာဟာလည်း မိမိတို့ရဲ့စီးပွားရေးလည်းတက်၊ သေသူတွေလည်း သုံးစွဲနိုင်အောင်ဆိုပြီး အယူတစ်ခုအနေနဲ့ အခုထက်ထိ စက္ကူတွေ မီးရှို့နေကြတာပါ။ ၀ိုင်းတို့ရန်ကုန်မှာတုန်းကဆိုရင် ပါပါး၊မာမားနဲ့ အားမတို့တွေ ခဏခဏ ကန်တော့ပွဲလုပ်တယ်။ အဲ့ဒီနေ့ဆို မာမားကို ၀ိုင်းကူပြီးလုပ်ပေးရတာ အမောပဲ..အနီးအနားက အိမ်တွေကိုလည်း ဝေပေးရတယ်။ ဒီနှစ်တော့ ၀ိုင်းတို့အိမ်မှာ ကိုယ်တိုင်မကန်တော့နိုင်ပေမယ့် ရုံးမှာတော့ ကန်တော့ဖြစ်ခဲ့တယ်။ ဘာပဲပြောပြော ရိုးရာဆိုတာရှိခဲ့ရင်တော့ ပယ်လို့မရတာအမှန်ပါ။

တောင်ပေါ်သား said...

အိမ်ရောက်မှ ဖောင့်ထည့်လိုက်တယ် ခုဖတ်လို့ ရသွားပြီး) ပျော်စရာကြီးးးးးးးး) သရဲလအကြောင်းလေး ဖတ်သွားတယ်အကိုရေ ကျနော့်အလုပ်နားမှာတော့ စက္ကူတွေ မီးရှို့ထားတာ ဒုနဲ့ဒေးပါပဲ ဘူးဂစ်နားမှာလေ တရုတ်ဘုံကျောင်းမှာလဲ ဆုတောင်းတဲ့လူတွေ အများကြီးပဲ မြင်ခဲ့ရဖူးတယ်


လေးစားလျက်
တောင်ပေါ်သား

ရွက်လွင့်ခြင်း said...

ကျွန်တော်အသိ စလုံး တစ်ယောက်ဆိုရင် အဲလို ကန်တော့၊ မီးရှို့ ပြီးရင် မုန့် တွေကို နဲနဲစီဖဲ့ပြီး အရပ်လေးမျက်နှာ လျှောက်ပစ်ရော
မေးကြည့်တော့ သူရဲကြီးတွေ စားတဲ့အခါ သူရဲ ကလေးတွေက တိုးလို့ မရလို့  အဲလိုပစ်ပေးတာတဲ့
း)