Search This Blog

Tuesday, September 1, 2009

ယုန်မြင်လို့ ချုံထွင်ပေမယ့်

အမှန်တကယ်ကတော့ ဒီနေ့က သူတို့ကျောင်းက ကျောင်းသားဟောင်းတွေ စင်ကာပူမှာ ပြန်ဆုံတဲ့ ပျော်ပွဲစား နေ့ပါ။ သူငယ်ချင်းတွေနဲ့ ပြန်ဆုံလို့ ပျော်ရမယ့်အစား အလွန် အကြွားသန်တဲ့ ဥက္ကာ ဆိုတဲ့ ငနဲသား တစ်ကောင်ကြောင့် ကောင်မလေးတွေ အားလုံး စိတ်ပိန် နေကြပါတယ်။ ဥက္ကာဆိုတဲ့ ပုဂ္ဂိုလ်က သူမိန်းမကျမ်း ဘယ်လို ကြေတယ် ဆိုတဲ့ အကြောင်း၊ သူ့ကို ကောင်မလေးတွေ ဘယ်လို ဝိုင်းကြိုက်ကြတဲ့ အကြောင်း၊ သူ့မှာ များလွန်းလို့ အချိန်ကိုက်အောင် မနည်း လုပ်နေရတဲ့ အကြောင်း၊ တခါတလေတော့ စိတ်ညစ်လွန်းလို့ ပတ်ပြေးနေရတယ် ဆိုတဲ့ အကြောင်းတွေ အော်ကျယ်အော်ကျယ်နဲ့ ပြောပြီး ကြွား နေပါတယ်။

သူ့ကို ကြည့်ပြီး ကောင်မလေးတွေ နှာခေါင်းရှုံ့ ကြပါတယ်။ နန္ဒာဆိုတဲ့ ကောင်မလေးက သူ့ဘေးက ကြည်ပြာဆိုတဲ့ ကောင်မလေးကို ကပ်ပြီး ပြောပါတယ်။
"ဟဲ့။ အဲဒီ ဥက္ကာဆိုတဲ့သူက သူ့ပုံစံ နဖူးပြောင်ပြောင် တိုက်ဂေါကြီးနဲ့ ကောင်မလေးတွေ ဝိုင်းနေတယ် ဆိုတာ ဖြစ်နိုင်ပါ့မလား။"
"အလကား။ လျှောက်ဖောနေတာ နေမှာပါ။ တကယ် ရှုပ်တဲ့သူက လူရှေ့သူရှေ့ အဲဒီလို ပြောမလားဟဲ့။ ဒီလောက် ကောင်မလေးတွေ အများကြီးကြားမှာ။ ဂွင်ပိတ်သွားမှာပေါ့။"
"အေးလေဟာ။ ဘာပဲဖြစ်ဖြစ်။ ဟုတ်တယ်ပဲ ထားဦး။ ဒီလောက် မိန်းကလေးတွေ အများကြီး ကြားထဲမှာ အဲဒီလို ပြောတာ အမြင်ကတ်စရာ ကောင်းတယ်။"
"နေဦး။ သူပြောသလောက် တကယ် စွမ်းမစွမ်း ငါတို့ နည်းနည်း စမ်းကြည့်ကြရအောင်။"
"ဟဲ့ ကြည်ပြာ။ နင်ဘာတွေ ပေါက်ကရကြံနေပြန်ပြီလဲ။ ငါ့ကို ပြောစမ်း။"
ကြည်ပြာက နန္ဒာ့နားကို ကပ်ပြီး တိုးတိုးလေး သူ့အကြံကို ပြောတော့ နန္ဒာက သဘောကျသလို ဟက်ဟက်ပက်ပက် ရယ်ပါတယ်။

အဲဒီလိုနဲ့ သူတို့ မိတ်ဆုံစားပွဲပြီးလို့ တစ်ပတ်နှစ်ပတ်လောက် ကြာသွားပါတယ်။ တစ်နေ့မှာတော့ ကြည်ပြာနဲ့ နန္ဒာ နှစ်ယောက်သား ရှေးဟောင်းပစ္စည်း ဖြစ်တော့မယ့် အကြွေစေ့ထည့်တဲ့ ဖုန်းတစ်လုံးဘေးမှာ ခေါင်းချင်းဆိုင်ပြီး သူတို့ အကြံကို အကောင်အထည် ဖော်ဖို့ လုပ်နေပါတယ်။ ကြည်ပြာက ဥက္ကာရဲ့ ဖုန်းနံပါတ်ကို နှိပ်ပြီး ခေါ်လိုက်ပါတယ်။
"ဟဲလို"
"ဟုတ်ကဲ့။ ပြောပါ။"
"ကိုဥက္ကာလား မသိဘူး။"
"ဟုတ်ပါတယ်။ ဘယ်သူလဲ မသိဘူး။"
"အော်။ သမီးနာမည်က သန္တာပါ။ ကိုဥက္ကာတော့ သိမှာမဟုတ်ဘူး။ သမီးက ဒီနေ့မှ ရန်ကုန်က ရောက်တာလေ။ ရန်ကုန်က ကိုဥက္ကာ သူငယ်ချင်းတစ်ယောက်က ဖုန်းနံပါတ် ပေးလိုက်လို့ပါ။"
"ဟုတ်လား။ ဘယ်သူများလဲ မသိဘူး။"
"နာမည်အရင်းက ပါးစပ်ဖျားတင် မေ့နေတယ်။ ဟို အသားဖြူဖြူ ပိန်ပိန်နဲ့ အစ်မကြီးလေ။ သမီးတို့က မဂွက်လို့ ခေါ်ကြတာပဲ။"

ရန်ကုန်မြို့မှာ အသားဖြူဖြူ ပိန်ပိန်နဲ့ ကောင်မလေးတွေ အများကြီး ရှိပါတယ်။ အဲဒီလို ရမ်းပစ်လိုက်ရင် မှန်ဖို့ များပါတယ်။ ဥက္ကာဆိုတဲ့ ငနဲသားကလည်း အတည်ပေါက်နဲ့ သူတို့ဆင်ထားတဲ့ ဂွင်ထဲကို တည့်တည့်ကြီး စွပ်ဝင်လာပါတယ်။
"အော်။ သိင်္ဂီ ကို ပြောတာလား မသိဘူး။"
"ဟုတ်မယ်ထင်တယ်။ သမီးတို့နဲ့က တိုက်ရိုက်သိတာ မဟုတ်ဘူး။ကြားက သူငယ်ချင်းတစ်ယောက်ကနေ တစ်ဆင့် သိတာ။ အဲဒီ အစ်မကြီးက စလုံးမှာ သူ့သူငယ်ချင်း ဥက္ကာ ဆိုတာ ရှိတယ်။ အရမ်း သဘောကောင်းတယ်။ လိုတဲ့ အကူအညီ ရှိရင် တောင်းလိုက်ပါ ဆိုလို့။ သမီးကလည်း ဒီနေ့မှ ရောက်တာလေ။ ဆွေမျိုးသားချင်း လည်း မရှိဘူး။ အခုတည်းတဲ့ အိမ်ကလည်း စလုံးတွေ ချည်းပဲ ဆိုတော့ သူပြောတာ နားမလည် ကိုယ်ပြောတာ သူနားမလည် ဖြစ်နေလို့။"
"အော်။ အေး။ ဟုတ်လား ကူညီရမှာပေါ့။ အကို ဘာအကူအညီပေးရမလဲ ပြောလေ။"
ဥက္ကာကတော့ စားနေကြ ကြောင်ဖားကြီး အသံနဲ့ ညီမငှေးကို အကိုကြီးက ကိုယ်ဖိရင်ဖိ စောင်မကြည့်ရှုပါ့မယ် ဆိုတဲ့ လေသံမျိုး ပြောနေပါတယ်။

"အားတော့ နားတယ် အစ်ကိုရယ်။ အခု လောလောဆယ် ညီမ ပိုက်ဆံလဲဖို့လည်း ဘယ်မှာ သွားလဲ ရမလဲ မသိဘူး။ တယ်လီဖုန်း ဝယ်ချင်တာလည်း ဘယ်မှာ ဝယ်ရမလဲ မသိဘူး။ အစ်ကို အိမ်နဲ့ နီးမလား မသိဘူး။ အစ်ကို့အိမ်နဲ့ နီးရင်တော့ တစ်ချက်လောက် လိုက်ပြ ပေးပါလား။"
"ဟာ။ ညီမလေးကလည်း ဘာအားနာ စရာ ရှိလဲ။ ကိုယ့်ြမန်မာ အချင်းချင်းပဲ။ ကူညီရမှာပေါ့။"
နန္ဒာက ဘေးကနေပြီး "ဟဲ့။ ပင်နင်ဆူလာမှာ တို့မြန်မာတွေ အများကြီးရှိတယ်။ သွားကူညီလိုက်ပါလားလို့ ပြောလိုက်ပါလား။" လို့ တိုးတိုး ကပ်ပြောလိုက်တော့ သူတို့နှစ်ယောက်လုံး ဖုန်းခွက်ကို လက်နဲ့ အုပ်ပြီး အသံမထွက်အောင် ရယ်ကြပါတယ်။ ကြည်ပြာက နောက်မျက်နှာပိုးသတ်ပြီး ဆက်ပြောပါတယ်။
"ညီမ အခုနေတဲ့ နေရာက ဘူတာရုံနားပဲ။ လိပ်စာကတော့ အိမ်မှာ ကျန်ခဲ့တယ်။ ဘူတာရုံက P နဲ့ စတာပဲ။ ဘာဆိုလဲ မသိဘူး။"
အမှန်တကယ်က သူတို့ အခုရောက်နေတဲ့ နေရာက မြို့လယ်ခေါင်နားက ဘူဂစ်လို့ ခေါ်တဲ့နေရာပါ။ အဲဒါကို ဟိုဘက်က ရမ်းသမ်း ပြောပါတယ်။
"အော်။ ပွန်ဂေါလ် ဆိုတဲ့ နေရာလား။"
ကြည်ပြာကလည်း ရောကြိတ်ပါတယ်။
"ဟုတ်မယ် ထင်တယ် အစ်ကို။ အစ်ကို အိမ်နဲ့ နီးရင် ဘူတာရုံကို လာခဲ့ပါလား။ ညီမတို့ အဲဒီကနေ စောင့်နေမယ်လေ။ ဘယ်လောက် ကြာမလဲ။"
နန္ဒာ ပါးစပ်ကို အုပ်ပြီ: ခွိကနဲ ရယ်ပါတယ်။
"အား။ အစ်ကို က အနောက်ဖက်ကနေ လာရမှာ။ မိနစ် ၅၀ လောက်တော့ ကြာမယ်ထင်တယ်။"
"အဝေးကြီးလား။ အဲဒါဆိုလည်း နေပါစေ။ အားနာစရာကြီး။"
"ကိစ္စမရှိပါဘူး။ အခု ညီမတို့ကို ကူညီမယ့်သူမှ မရှိတာ။ ဘယ်လောက်ဝေးဝေး လာပြီး ကူညီရမှာပေါ့။ တစ်နာရီလောက်တော့ စောင့်ရမယ်နော်။ ဖြစ်တယ် မဟုတ်လား။"

နန္ဒာက နှာခေါင်းကို လက်နဲ့ ပွတ်ပြပြီး "အတော်မွှန်တာပဲဟ။" လို့ တိုးတိုးပြောပြီး ရယ်ပါတယ်။
"ရပါတယ် အစ်ကို။ ညီမတို့က အကူအညီ လိုတာပဲ။ စောင့်ရမှာပေါ့။"
"အေးပါ။ မကြာပါဘူး။ အစ်ကို အမြန်ဆုံးလာခဲ့မယ်။"
"အော်။ ဟုတ်ပြီ အစ်ကို။ ညီမ မတွေ့ရင် နောက်တစ်နာရီ လောက်ကြာရင် ဖုန်းထပ်ဆက်လိုက်မယ်။"
"အေးအေး။ ကောင်းပြီ။"
ဖုန်းကိုချပြီးတော့ နန္ဒာက တဟားဟားနဲ့ အော်ရယ်ပါတယ်။ နောက်ပြီးတော့
"ဟဲ့ ကြည်ပြာ။ နင်အဲဒီ ဘဲကြီးကို ကောင်းကောင်း မောင်းလွှတ်လိုက်ပြီပေါ့။"
"သူ့ကိုယ်သူ လည်တယ် ပြောပြီး ကိုယ်နဲ့လည်း မသိပဲနဲ့ ဒီလောက် ကြောင်ချင်တာ။ ခံပေ့စေပေါ့ဟာ။ နေဦး။ မပြီးသေးဘူး။ နင်စောင့်ကြည့်ဦး။"

နောက် တစ်နာရီလောက် အကြာမှာတော့ ဥက္ကာဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက် စင်ကာပူ မြောက်ဖက်ဆုံး ပွန်ဂေါလ် ဘူတာရုံမှာ ဟိုကြည့်ဒီကြည့် ဟိုရှာ ဒီရှာနဲ့ မျောက်မီးခဲ ကိုင်မိသလို ဂဏှာမငြိမ် ဖြစ်နေပါတယ်။ နန္ဒာနဲ့ကြည်ပြာ နှစ်ယောက်သားတော့ ဈေးထဲမှာ ဟိုသွားဒီသွား ဟိုဟာဝယ် ဒီဟာဝယ်နဲ့ သူတို့ ကျပ်ထားတာကိုတောင် မေ့သလို ဖြစ်နေပါပြီ။ တစ်နာရီခွဲလောက်ကြာမှ နန္ဒာက
"ဟဲ့။ ဟိုဘဲကြီး အခုလောက်ဆို ပွန်ဂေါလ်မှာ ယောင်လည်လည် ဖြစ်နေလောက်ပြီ။"
"ဟယ်။ ဟုတ်ပါရဲ့။ ငါမေ့နေတယ်။ သူ့ကို နည်းနည်း ထပ်မောင်းရဦးမယ်။"
"ဘာလုပ် ဦးမလို့လဲဟ။"
"နေပါ။ နင် အသာကြည့်နေစမ်းပါ။"

ကြည်ပြာက အကြွေစေ့ဖုန်းကို ထပ်သွားပြီး ဥက္ကာ ဖုန်းနံပါတ်ကို နောက်တစ်ခေါက် ထပ်နှိပ်ပါတယ်။
"ဟဲလို။"
"ဟဲလို။ ကိုဥက္ကာ မရောက်သေးဘူးလား။ ညီမ စောင့်နေတာ ကြာလှပြီ။"
"ဟုတ်လား။ အကို ရောက်နေပြီလေ။ ဘယ်မှာလဲ။"
"ညီမ ဘူတာရုံ အဝင်အထွက် လုပ်တဲ့ နေရာမှာလေ။"
"ဟုတ်လား။ အကိုလည်း အဲဒီမှာပဲလေ။ မတွေ့ပါလား။"
"ညီမ အဲဒီမှာ ရပ်နေတာ နာရီဝက်လောက် ရှိသွားပြီ။"
"ဟုတ်လား။ ဒါနဲ့ ညီမ အခု ရောက်နေတာ ပွန်ဂေါလ် ဘူတာရုံ ဟုတ်ပါတယ်နော်။"
"နေဦး ခဏလေး။ ဆောရီး အစ်ကိုရေ။ မှားပြီ ထင်တယ်။ ပီအေ အက်စ်အိုင်အာ အာရ်အိုင်အက်စ် ဆိုလားပဲ။ ဘူတာရုံနာမည်က။"
" ဟာ။ သွားပါပြီကွာ။ အဲဒါ ပါဆားရစ်။ စင်ကာပူ အရှေ့ဖက်ဆုံးက ဘူတာရုံပဲ။"
"အစ်ကိုရယ်။ အားနာလိုက်တာ။ ထားလိုက်ပါတော့။ ညီမ ဘာသာပဲ မေးမြန်းပြီး လုပ်လိုက်ပါတော့မယ်။ အစ်ကိုလည်း အလကား အချိန်တွေ ကုန်တယ်။"
ဥက္ကာဆိုတဲ့ ပုဂ္ဂိုလ်ကတော့ ပေါက်တဲ့နဖူး မထူး ဒီလောက် လာပြီးမှတော့ မတွေ့ရရင် မပြန်ဘူး ဆိုတဲ့ ဇွဲမျိုးနဲ့
"ရပါတယ်။ ဒီလိုလည်း ဘယ်ဟုတ်မလဲ။ မှားတတ်တာပေါ့။ ခဏလေးထပ်စောင့်။ အကို အခု တက္ကစီ ငှားပြီး လာခဲ့မယ်။"
"အားနာစရာကြီး အကိုရယ်။ ပိုက်ဆံတွေ ကုန်နေပါဦးမယ်။ ကိစ္စက ဒီလောက်လည်း အရေး မကြီးပါဘူး။"
"အားမနာနဲ့။ အစ်ကိုက ကူညီချင်လွန်းလို့။ စောင့်နေနော်။ အကို နာရီဝက်လောက် ဆိုရင် ရောက်ပြီ။"

ဖုန်းကို ပြန်ချပြီးတော့ ကောင်မလေးနှစ်ယောက် လက်ဝါးချင်း ရိုက်ကြပါတယ်။ ကြည်ပြာက "ဒီလောက် မွှန်တာ ငါတော့ မကြုံဖူးပါဘူးဟယ်။" ဆိုပြီး အားရပါးရ ရယ်နေပါတယ်။
ဥက္ကာဆိုတဲ့ သကောင့်သား တစ်ယောက်တော့ ပါဆားရစ် ဘူတာရုံကို တက္ကစီနဲ့ လစ်ပါတော့တယ်။ ဟိုရောက်တော့ ဘယ်သူ့မှလဲ မတွေ့ရ။ ဖုန်းလာမလား မျှော်ပေမယ့်လည်း ဘယ်သူ့ဆီကမှမလာ နောက် တစ်နာရီလောက်ကြာမှ သူအကျပ်ခံလိုက်ရတယ်ဆိုတာကို သဘောပေါက်ပြီး ဆဲနည်းမျိုးစုံနဲ့ ပါးစပ်က ကြိတ်ဆဲနေပါတော့တယ်။

13 comments:

ကိုလူထွေး said...

လက်စသတ်တော့ ကိုဥက္ကာဆိုတာ ကိုဇက်တီကို ပြောတာကိုး... မသိပါဘူးဗျာ... အဲဒီလောက်စွံမှန်း...

းဝ)

Law Shay said...

Pasir Ris is in the East side. (for correction).

Panggol (sorry for spelling) is quite close to west side.

ZT said...

Law Shay-> Yes, it was my mistake cos I was sleepy. :D Thanks for correction.

မေတ္တာရောင်ပြန် said...

ZT ရေ စာတွေကဖတ်လို့ မရဘူး။ ဘာဖြစ်တာလဲ မရောင်စက်ကဖြစ်တာလား ဘယ်ကလဲသိဘူး။ ကွန်မန့်က ဘာပေးရမှန်းကိုမသိလို့ ဖတ်မရတဲ့ အကြောင်းပြောသွားတယ်။

ခင်တဲ့မရောင်

ကြည်ဖြူပိုင် said...

အနော်လဲ ဖောင့်ကိုဒေါင်းတာဒေါင်းမရဘူး...အနော့်စက်တော့ကွိုင်နေပြီထင်ပ....စာတော့လာလာဖတ်တယ်..ဖောင့်ဒေါင်းမရတော့ဘာရေးတယ်မှန်းမသိ..ပုံဖော်ပြီးတော့တော့ရသလောက်ဖတ်သွားတယ်..ဒါပေမယ့်အကုန်ရဘူးရယ်...

Ko Paw said...

ကိုဥက္ကာ…အဲလေ…ကိုဇက်တီ…။ ကိုဇက်တီကတော့ ကောင်မလေးတွေ မနောကို ကြေညက်နေအောင် သိတယ်ထင်ပါ့။ ဇာတ်လမ်းဆင်ပြီးတော့တောင် ရေးနိုင်တယ်ဆိုတော့ကာ..။း-)

Anonymous said...

ကိုဇက်တီ ရေ....ပြသနာက ...စာဖတ်လို့ ရရင် comment တွေ ဖတ်မရဘူးဗျ..comment တွေ ဖတ်လို့ ရရင်...စာဖတ်မရဘူး...ဘီလိုဖြစ်တာပါလိမ့်း)
အဲ...ဒါပေမယ့် comment window ကို ဖွင့်လိုက်တော့လဲ comment တွေက ဖတ်လို့ ရပြန်ရော..
နောက် ဒါပေမယ့်က ....google reader နဲ့ ဖတ်မရပြန်ဘူးး) ..

Rita said...

ကိုယ်ကတော့ အားလုံးဖတ်လို့ရတယ်ဆိုတဲ့ အကြောင်းလာပြောတာပါ။

သူများတွေ မရတာ ကိုယ့်ကျ ဘယ်လိုဖြစ်လို့ ရနေမှန်း စဉ်းစားလို့ကို မရဘူး။

Phyo Maw said...

ဒါကြောင့် စလုံးမှာ စိမ်းကားတတ်သူတွေ များလာတာ။

သားကြီး said...

မွန်စာတွေရေးထားသလားလို့တောင်
အစက ထင်သွားတာ
ဘယ်လိုဖြစ်တာပါလိမ့်?

Anonymous said...

Hello KZT

i can't read too.

Anonymous said...

လာပြီးတော့ဖတ်သွားဘာကြောင်း....
မနိုင်ဘူးနော်...
အဖြစ်အပြက်ကတကယ်လား မသိ...
သနားဘာတယ် အဲဒီလိုကြီးဒကယ်လုတ်တာဆိုရင်တော့တကယ်ကိုစိတ်မကောင်းစရာပဲ ။ :P
တကယ်စေတနာအမှန် နဲ့လာတာဆိုရင်ပေါ့...
HZT

ကြည်ဖြူပိုင် said...

ဟီးဟီး
ဒါကတော့တကယ်ရီရတယ်
တကယ့်အဖြစ်အပျက်ကြီးလား