Search This Blog

Wednesday, December 30, 2009

အရှေ့ဖက် ကမ်းခြေရဲ့ ညချမ်း

စင်ကာပူမှာ နေရတဲ့ဘဝက အတော်ကို မလွယ်ပါဘူး။ တခါတလေတော့ ကိုယ့်ဘာသာကိုယ် ဘာဖြစ်လို့ ဖြစ်နေမှန်း မသိအောင် ရှုပ်ရှက်ခတ် နေတတ်ပါတယ်။ အခုရက်ပိုင်းတော့ ပရော့ဂျက်တစ်ခုနဲ့ ချာလပတ်လည်နေတာကြောင့် နေ့မှန်း ညမှန်းမသိအောင်ကို ဖြစ်နေပါတယ်။ ညအိပ်ရင်လည်း စိတ်ဖြောင့်ဖြောင့် အိပ်လို့မရ။ တရေးနိုး အလုပ် ထလုပ်မယ်ဆိုပြီး နှိုးစက်ပေး။ နှိုးစက် မြည်ပြန်တော့လည်း ညစဥ်ရက်ဆက် အိပ်ရေးပျက်ထားတဲ့ အရှိန်နဲ့ မထနိုင်။ နှိုးစက်ပိတ် ပြန်အိပ် ဒီလိုနဲ့ သံသရာ လည်နေပါတယ်။ မျောက်များ ညအိပ်ရာဝင်နေတုန်း မြေကြီး ပျောက်သွားမှာ စိုးလို့ သစ်ပင်အောက်ဆင်း မြေကြီးကို လက်နဲ့ ၃ ချက် ပုတ်ကြည့်တယ် ဆိုတာကို သွားသတိရပါသေးတယ်။ ကိုယ်လည်း အဲဒီမျောက်တွေလို ဖြစ်နေပြီလား လို့ တွေးပြီး ပြုံးမိပါသေးတယ်။

ခရစ်စမတ် ရုံးပိတ်ရက်ရှည် ကို တခြားသူတွေက တွေးပြီး ပျော်နိုင်ပေမယ့် ကိုယ့်မှာတော့ မပျော်နိုင်ပါဘူး။ ခရစ်စမတ် အကြိုညကတော့ ဘာပဲဖြစ်ဖြစ် အားလုံးမေ့ပြီး တစ်ရက်လောက်တော့ အပြည့်အဝ အနားယူမယ်လို့ ဆုံးဖြတ်လိုက် ပါတယ်။ ဒီလိုနဲ့ အဲဒီညက အနောက်ဖက် ကမ်းခြေ (West Coast) က ပန်းခြံထဲ သူငယ်ချင်းတွေနဲ့ အတူ ရောက်သွားပါတယ်။ သွားရတဲ့ ရည်ရွယ်ချက်က ဂစ်တာတီးဖို့ သွားတာပါ။ စိတ်ကနေနိုင်ပေမယ့် လူက မလိုက်နိုင်တော့လို့ ည ၁ နာရီခွဲလောက် အိမ်ပြန်ရောက်လာပါတယ်။

အိမ်ရောက်တော့ အလုပ်နဲ့ ပတ်သက်တဲ့ အတွေးတွေ အားလုံးကို ခေါင်းထဲက ထုတ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်ပါတယ်။ မနက်ခင်း စောစောထ ဘလော့ဂါ ညီအစ်ကို မောင်နှမတွေရဲ့ အလှူကို သွားမယ်လို့ စဥ်းစားထားပေမယ့် မနက်ရောက်တော့ တော်တော်နဲ့ မထနိုင်ပါဘူး။ အိပ်ရာက နိုးတော့ ချက်ချင်းပဲ အလှူကို ပြေးပါတယ်။ ဘုန်းကြီးကျောင်းကို တစ်ခါမှ မရောက်ဖူးလို့ ဘယ်လို သွားရမလဲ စဥ်းစားနေတုန်း ဘတ်စ်ကားမှတ်တိုင်မှာပဲ ကိုဖိုးစိန် နဲ့ ကိုဘိုဘို (မိုးကုတ်သား) တို့နဲ့ ဆိုက်ဆိုက်မြိုက်မြိုက် တွေ့တာနဲ့ သူတို့နဲ့ အတူ ပါသွားပါတယ်။ အလှူမှာ နောက်ဆုံးရောက်တဲ့ ဧည့်သည် ၃ ယောက်မှာ ကျွန်တော် တစ်ယောက် အပါအဝင်ပါပဲ။

အလှူမှာ ကျွေးတဲ့ ထောပတ်ထမင်းက အတော်ကောင်းပါတယ်။ ထမင်းစားပြီးလို့ မကြာခင်မှာပဲ အားလုံး ပြန်ကြတာမို့ ကျွန်တော်ပါ ရောပြီ: ပြန်ခဲ့ပါတယ်။ ညနေဖက် လာဦးမှာလား မေးတော့ ကတိမပေးရဲပါဘူး။ နောက်တစ်နေ့ မနက် ကပ်စတန်မာ ဖုန်းဆက်မှာ ကြိုတွေးပြီး ရင်မောနေလို့ပါ။ ဒီညတော့ အလုပ်လုပ်မှ ဖြစ်မယ်လို့ ကိုယ့်ကိုယ်ကို ပြန်ပြီး နားချနေရပါတယ်။ ဒါပေမယ့်လည်း လာနိုင်အောင် ကြိုးစားမယ်လို့တော့ ပြောခဲ့ပါတယ်။ အိမ်ရောက်ပြီးတော့ အလုပ်လည်း မလုပ်ဖြစ်ပါဘူး။ ဟိုလိုလို ဒီလိုလို လုပ်နေပါတယ်။ အရင်တစ်ညက ၇ နာရီလောက် အိပ်ရပေမယ့် ၄ နာရီ ပြည့်အောင် မအိပ်ရတာ တစ်ပတ်လောက် ရှိပြီမို့ ခေါင်းထဲမှာ မကြည်မလင် ဖြစ်နေတုန်းပါပဲ။ ဒီလိုနဲ့ပဲ ပြန်အိပ်ပျော်သွားပါတယ်။ အိပ်ရာက နိုးတော့ ည ၉ နာရီလောက် ရှိပါပြီ။ ဟောလီးဒေးမို့ အလုပ်လုပ်ချင်စိတ် မရှိပါဘူး။ ဒါနဲ့ပဲ မနက်ဖြန် မနက်မှ ကပ်စတန်မာနဲ့ ကြည့်ရှင်းမယ် တွေးပြီး ဒီတစ်ညတော့ ဘလော့ဂါ ညီအစ်ကို မောင်နှမတွေနဲ့ အတူ သွားတွေ့ဦးမယ်လို့ စိတ်ဆုံးဖြတ်ချက် ချလို့ အိမ်က ထွက်ခဲ့ပါတယ်။

Eunos အမ်အာရ်တီ ရောက်မှ ကိုအင်ဒရူး (ရွက်လွှင့်ခြင်း) တစ်ယောက် အခုတလော ပျောက်ချက်သား ကောင်းနေတာ သတိရလို့ ဖုန်းဆက်ပြီး လှမ်းမေးပါတယ်။ ကိုအင်ဒရူးက အွန်လိုင်း မဝင်ဖြစ်တာ ကြာပြီမို့ ဒီနေ့ ပွဲရှိတာတောင် မသိဘူး ပြောပါတယ်။ နောက်တစ်ခေါက်မှ လာခဲ့တော့မယ်လို့ ပြောပါတယ်။ Eunos ကနေ အိစ်ကုတ် ကို ဘတ်စ်ကား စီးလာပြီး ကားမှတ်တိုင် ရောက်မှ ဘော်ဒါကြီး ကိုသီဟသစ် ဆီကို ဖုန်းဆက်လိုက်ပါတယ်။ ဘယ်မှာလဲ မေးတော့ ပါဆားရစ်စ် ကမ်းခြေမှာ ဆိုလို့ ငါတော့ နေရာမှားပြီဟ တွေးမိပြီး လန့်သွားပါတယ်။ နောက်မှ သူက သူတစ်ယောက်တည်း ပါဆားရစ်မှာ ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ အတူ ရှိနေတာ ကျန်တဲ့သူတွေ အိစ်ကုတ်မှာ ရှိတယ် ပြောမှ သက်ပြင်းချနိုင်ပါတယ်။ ဒါနဲ့ မမပြာ (ကောင်းကင်ပြာ) ဆီ ဖုန်းဆက်ကြည့်ပါတယ်။ မမပြာက မက်ဒေါ်နယ် အနားက ကျောက်ဆောင်မှာ ဆူညံပွက်လောရိုက်နေတဲ့ လူစုကို ရှာပြီး လာခဲ့ လို့ ပြောပါတယ်။

သူတို့နဲ့ တွေ့တော့ ည ၁၁ နာရီ ထိုးခါနီးပါပြီ။ တွေ့မယ့်တွေ့တော့ မနည်းမနောပါပဲ။ အရင်ဆုံဖူးခဲ့တဲ့ ဘလော့ဂါတွေရော တစ်ခါမှ မတွေ့ဖူးသေးတဲ့ သူတွေရော အများကြီးပါပဲ။ ရောက်ရောက်ချင်း ဂိမ်းကစားဖို့ ပြင်နေတာနဲ့ ကြုံပါတယ်။ ညီလေး တောင်ပေါ်သားက အခုလာတာ ကိုဇက်တီလို့ မိတ်ဆက်ပေးတော့ သူ့ဘလော့ခ် ဖတ်မရဘူး လို့ အော်လိုက်တဲ့ အသံ အရင်ဆုံး ကြားရပါတယ်။ :D ဒီလိုနဲ့ ကျွန်တော် တစ်ခါမှ မမြင်ဖူးတဲ့ ဘလော့ဂါ နှစ်ယောက်ကြား ဝင်ထိုင်ပါတယ်။ နောက်မှ တလနွန်နဲ့ ဏီ(န်)ကင်းဆိုတာ သိရပါတယ်။

ကစားကြတဲ့ ဂိမ်းကတော့ တစ်ယောက်ကို စာရွက် အလွတ်တစ်ရွက်စီ ပေးပြီး စာရွက်ထဲမှာ ကိုယ်လုပ်ခိုင်းချင်တာ တစ်ခုကို ရေးထည့် မဲလိပ်လိပ်ပြီး မဲလိပ်ကျရာ ရှေ့ထွက် လုပ်ပြရတာပါ။ ကျွန်တော် ရေးပေးလိုက်တဲ့ ဝူခုံးစတိုင်လ် လုပ်ပြပါ ဆိုတဲ့ မဲလိပ်ကို ကံဆိုးစွာ ပေါက်သွားတဲ့ သူကတော့ ညီလေး ဖိုးသင်္ကြန်ပါ။ အချင်းချင်း နှိပ်ကွတ်တဲ့ မဲတွေလည်း ပါပါတယ်။ တချို့မဲတွေမှာ ကိုဘိုဘိုတို့၊ ဆောင်းချမ်းမိုးတို့၊ မေလေးတို့ မြရေလျဥ်တို့ ပစ်မှတ် ဖြစ်သွားကြပါတယ်။ ကျွန်တော့် အလှည့်တော့ လူ ၅ ယောက်ကို ငါးသလောက်ပြုံး ပြုံးပြပါ ဆိုတဲ့ မဲပေါက်လို့ သိပ်မဆိုးလှပါဘူး။ ငါခူပြုံးလား ငါးသလောက်ပြုံးလား မသိပေမယ့် ပြုံးတော့ ပြုံးလိုက်ပါတယ်။ ဗီလိန်က ဘေးကနေ သုံးချောင်းထောက်ကြီးနဲ့ အစအဆုံး မှတ်တမ်း တင်နေပါတယ်။

ဂိမ်းဆော့လို့ ပြီးမှ ကိုသီဟသစ် ရောက်လာပါတယ်။ အားလုံး စားဖို့ သောက်ဖို့ ပြင်ကြပါတယ်။ မမပြာက ဇက်တီကို ကျွေးပါဦး ပြောတာ နောက်တောင် ကျနေပါသေးတယ်။ ကျွန်တော်က စားတာ ဘယ်နှစ်ခုမှန်း မသိအောင်ကို ဖြစ်နေပါပြီ။ မနက်ကလည်း အဲဒီလိုပါပဲ။ ဝရဲ့လား မေးတဲ့အချိန် ကျွန်တော် ထောပတ်ထမင်း ၂ ပန်းကန် တီးပြီး သွားပါပြီ။ :D အခုတလော အလုပ်ကြောင့် စားချိန်မမှန်လို့ အဲဒီလို ဖြစ်နေတာလားတော့ မပြောတတ်ပါဘူး။

စားလို့ ဝတော့ ဂစ်တာယူပြီး တီးပါတယ်။ ကိုဂျေး (မင်းကိုချစ်တဲ့သူ)၊ ကိုစည်သူနဲ့ နောက်တစ်ယောက် လာဂျွိုင်းပါတယ်။ လူတွေ များလွန်းလို့ အကုန်လုံး နာမည် လိုက်မမှတ် နိုင်တော့ပါဘူး။ နောက်တော့ ကိုဂျေးက ရက်ပ်သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ် ဆိုနေပါတယ်။ ခုန ဂိမ်းဆော့နေတဲ့ နေရာမှာ ကိုသီဟသစ်တို့ နောက်ဂစ်တာဝိုင်း တစ်ဝိုင်း စနေတာ မြင်တာနဲ့ သူတို့ နဲ့ သွားဝင် ထိုင်ပါတယ်။ သီချင်းတွေ ဆိုကြတာ ဘယ်နှစ်ပုဒ်မှန်းတောင် မမှတ်မိပါဘူး။ ကျွန်တော် တီးတာ ရပ်တော့ အိပ်နေတဲ့ ကိုဂျေးကို အတင်း သွားနှိုးပြီး တီးခိုင်းပါတယ်။ နောက်တော့ ဆောင်းချမ်းမိုး ဆက်တီးပါတယ်။ ကိုစည်သူ၊ ဗီလိန် နဲ့ ဖိုးသင်္ကြန်တို့လည်း တစ်ခါတစ်ခါ ဝင်တီးကြပါတယ်။ ရေတမာကတော့ အဲဒီနေ့က ချိုနေပါတယ်။ နောက်တော့ ကိုသီဟသစ်၊ ကိုဖိုးစိန်နဲ့ ရေတမာတို့ ထကကြပါတယ်။ ခေါင်သူကြီးက ကိုသီဟသစ်ပါ။ ဘယ်လို ကသလဲတော့ နီးစပ်တဲ့ သူများသာ မေးကြည့်ကြပါတော့။ :D

ဒီလိုနဲ့ တီးလိုက်ကြ ဆိုလိုက်ကြနဲ့ မနက် ၄ နာရီလောက် ဖြစ်သွားပါတယ်။ ဆိုတဲ့သီချင်းတွေကတော့ စိုင်းစိုင်းခမ်းလှိုင်၊ Big Bag၊ လေးဖြူ၊ အငဲက စလို့ လွှမ်းမိုးတို့ တွံတေးသိန်းတန်တို့ အထိပါပါတယ်။ မိုးရွာရင် မိုးရေချိုးမယ် မေမေလာရင် နို့စို့မယ် ဖေဖေလာရင် အုန်းသီးခွဲစားမယ် ဆိုတဲ့ ကိုင်ဇာရဲ့ မိုးသီချင်း၊ စာဥရေ ငါအရောက် ပြန်ခဲ့မှာ ဆိုတဲ့ သီချင်း၊ ဗဒင်ရဲ့ နေရာ သီချင်း၊ လွှမ်းမိုးရဲ့ ဟိုအစ်ကိုကြီးရဲ့ မခင်နှင်းဆီ စတဲ့ သီချင်းတွေကို အားလုံး ဝိုင်းဆိုကြတာ အမှတ်တရပါပဲ။

မနက် ၄ နာရီခွဲလောက် ရောက်တော့ အိပ်ချင်တာနဲ့ ဘေးနားက ကျောက်ထိုင်ခုံမှာ သွားခွေပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုမှ အိပ်လို့ အဆင်မပြေတော့ ၅ နာရီလောက် ထပြန်ခဲ့ပါတယ်။ ဂစ်တာဝိုင်းကတော့ အဲဒီအချိန်အထိ မသိမ်းသေးပါဘူး။ တီးတဲ့သူကတီး ဆိုတဲ့သူကဆို ဘေးနားမှာ ကျိုးတဲ့သူကကျိုး ဖြစ်နေကြပါတယ်။

အိမ်ရောက်တာနဲ့ တန်းအိပ်တော့ တာပါပဲ။ ကပ်စတန်မာဆီက ဖုန်းလာမှပဲ နိးပါတော့တယ်။ ဘယ်လို အခြေအနေရှိသလဲ မေးတော့ ဒီလိုပဲ ကြည့်ဖော ရတာပါပဲ။ မနေ့က တစ်နေ့လုံး ဘာမှမှ မလုပ်ဖြစ်တော့ ပရော့ဂျက်က ဘာတိုးတက်မှုမှ မရှိတာ။ အလုပ်က စိတ်ဖိအားတွေ အားလုံးကို မေ့ထားပြီး ခဏတာ ပျော်ရွှင်ခွင့်ရခဲ့တဲ့ ညတစ်ညအတွက် ဘလော့ဂါ ညီအစ်ကို မောင်နှမတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အမှတ်တရ ဖြစ်အောင် ပို့စ်လေးတစ်ပို့စ် အနေနဲ့ ရေးပြီး တင်ထားလိုက်ပါတယ်။

11 comments:

khin oo may said...

ရသလောက်မှန်းဖတ်သွားသည်
ဇတ်ရည်တော့လည်ပါသည်
အလုပ်များ.
များတဲ့ကြားထဲ့သွား
ဂစ်တာတီး
မနက်လေးနာရီထိုး.တစ်နေရာခွေ.အိပ်မရ
ဝိုင်းကတော့စည်နေဆဲ
ပျော်ရွင်အမှတ်ရနေမိကြောင်းရေးထားတာကိုပညာရှိနည်းဖြင့်မှန်းဖတ်သွားသည်။

Heartmuseum said...

မနာလိုဘူးဗျာ........ :D

ရေတမာ said...

ပြန်တွေးတိုင်း ပျော်စရာကြီးအကိုရေ။ အကိုလာပေလို့ပဲ မဟုတ်ရင် တီးတဲ့သူက နိုင်မှာမဟုတ်ဘူး။ အလုပ်အဆင်ပြေပါစေ အကိုရေ

နွေးနေခြည် said...

ဟင်
တွေ့လည်း မတွေ့လိုက်ဘူး (ညနေပွဲမလာဖြစ်ဘူးလေ) ဟိ

နှင်းဆီပန်းချစ်တဲ့ကောင်မလေး said...

ကတောက် နာလိုက်တာ ကိုဂုတ်တီရဲ့ ငါးသလောက်ပြုံးကိုမမြင်လိုက်ရဘူးးး
ခဏလေးဝိုင်းကထွက်လိုက်မိပါတယ်။ဟင်းးး
နောက်တပွဲပေါ့ကွာ။ မောင်နှမတွေ စုမိတဲ့ဒီလိုညလေးကိုအမြဲအမှတ်ရနေမှာပါ.
(အခုမှဘဲ နွေးနေခြည်အကူအညီနဲ့ ဖတ်လို့ရတော့တယ် :P)

ကြည်ဖြူပိုင် said...

ကောင်းတယ် တစ်ခါတစ်ခါကျတော့ စိတ်ညစ်စရာတွေမေ့ထားပြီး ပျော်မယ်ထင်တာလိုက်လုပ်တာ အကောင်းဆုံး
နောက်နေ့ကျလူကအသစ်ဖြစ်ပြီး အလုပ်တွင်တာပေါ့။

ခုတော့အနော် ၂ထွေက နေတယ် Zawgyi_oneပြောင်းလိုက်
Padauk-Zawgyi ပြောင်းလိုက်နဲ့ လက်တော့အတော်သွက်လာပြီ။ဟားဟား

kaungkinpyar said...

တို့လဲ ပျော်ပါ၏

Vigor said...

Yup, all these you know C,C++,PLC, JAVA, VB, BASIC, C#, JavaFX Script,PHP etc. make you busy :D
So, you don't ask me to learn all these rubbish, alright??? :)

ThuHninSee said...

Happy newyear....
:)

ခင်မင်းဇော် said...

အမ အခု ပိတောက် ဖောင့် ဒေါင်းလုပ် အင်စတော လုပ်လိုက်ပြီ။ ဖတ်လို့ရသွားပြီဟေးးးး အဲဒါလာအကြောင်းကြားတာ...
ပျော်ရွှင်သော ၂၀၁၀ ကို သာ ဆုံရပါစေ...

Anonymous said...

ဖောင့်ပြောင်းပြီးကတည်းက..အခုမှဖတ်လို့ရတော့တယ်
တူတူလည်ကြတာပျော်စရာကြီးပါ့လား..
ကိုဇက်တီလဲပျောက်ချက်သားကောင်းနေတယ်အခုတလော


ပေါက်