Search This Blog

Wednesday, December 23, 2009

ကဗျာရွတ်တဲ့ည

အခုလက်ရှိ စိတ်ထဲမှာ ရှိနေတဲ့ ခံစားချက်နဲ့ ကိုက်ညီနေတဲ့ ကဗျာ တစ်ပုဒ်ကို မှတ်မိသလောက် ပြန်ရွတ်ကြည့်မိပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ဖတ်ဖူးခဲ့တဲ့ ကိုယောဟန်အောင်ရဲ့ ပျင်းရိဖွယ်ရာ ဆိုတဲ့ ကဗျာပါ။ ကိုယောဟန်အောင် ဆိုတာကတော့ ၁၉၈၈ ခုနှစ်က ကွယ်လွန်သွားခဲ့တဲ့ ဆေးတက္ကသိုလ် ၂ က ကျောင်းသားတစ်ယောက်ပါ။

ဘာလဲ
အခန်းကျဥ်းထဲ
သင်းကွဲခြံခတ်
ငတ်မွတ်မြည်တမ်း
လွမ်းတတ်သူလို
ငိုနေတာ မဟုတ်ဘူး....။

ငါဘာကို ချစ်ရမလဲ
ငါဘာကို မုန်းရမလဲ
ငါဘယ်သူ့ခြေလျှက်ရမလဲ

ခေါင်းကုတ်ဖွရင်း
စာတစ်ရွက်ချင်း
ပျင်းရိစွာလှန်လှော

ဦးနှောက် မှိုင်းခိုး တလိမ့်လိမ့်
တန်ခိုးရှင်တစ်ယောက်ရဲ့ အမိန့်နဲ့
ကိုယ့်ဘာသာကိုယ် ခြံခတ်နေရတဲ့
ပင့်ကူတစ်ကောင်ရဲ့ ဘဝဟာ
ပျင်းရိဖွယ်ရာ

ငါဆက်ပြီး
သည်းမခံနိုင်တော့...။

စတုတ္ထ အပိုဒ်ကတော့ မေ့နေလို့ မှတ်မိသလို ပြန်ရေးထားပါတယ်။ နောက်တစ်ခါတော့ ရာစုသစ်မြစ်ကျဥ်းထဲက ဆရာမ မေငြိမ်းရဲ့ ကဗျာ တစ်ပိုင်းတစ်စကိုလည်း စိတ်ထဲမှာ တီးတိုး ရေရွတ်နေမိပါတယ်။

ပန်းတွေကြွေ
လေပြေမတိုက်
မှောင်မိုက်တဲ့ည
ရှတတအချစ်... လွင့်နေ။

နောက်ထပ်ပြီး ရွတ်မိတာက မြန်မာစာ အုပ်စုထဲက အစ်ကိုကြီး တစ်ယောက်ရဲ့ ကဗျာပါ။ ရေးတဲ့သူ နာမည်တော့ မေ့နေပါပြီ။ ဟန်သစ် မဂ္ဂဇင်း က ကိုထိုက်တို့နဲ့ မတိမ်းမယိမ်း သူတို့ အုပ်စုထဲက တစ်ယောက်ဆိုတာပဲ မှတ်မိပါတယ်။

တိမ်တွေကမှောင်
ခြင်ထောင်တံခါးပေါက်
လပျောက်ပုန်းရှက်
သွေးသက် အလစ်စုတ်တဲ့
သေးနုတ်နုတ် အကောင်တွေ။

လောလောဆယ် ခြင်ထောင်ထောင်အိပ်စရာ မလိုပေမယ့် သူ့ကဗျာထဲက ရည်ညွှန်းထားတဲ့ ခြင်မဟုတ်ပေမယ့် သွေးစုတ်တတ်တဲ့ သေးနုတ်နုတ် ကြမ်းပိုးများနဲ့ နပန်းသတ်နေရပါတယ်။ နောက်တော့ ဆရာ မောင်သာနိုး ဘာသာပြန်ထားတဲ့ မာယာကော့ဖ်စကီးရဲ့ ဘောင်းဘီဝတ်မိုးတိမ်ထဲက ကဗျာ စာသား အချို့ကို သတိတရ ရေရွတ်နေမိပါတယ်။

မီးသတ်သမားတွေရေ
မင်းတို့ရဲ့ ဘွတ်ဖိနပ်ကြမ်းကြမ်းတွေကို သတိထားကြကွဲ့
မီးလောင်နေတဲ့ နှလုံးသားဆိုတာ
အနမ်းနဲ့ ငြှိမ်းမှ ရတယ်။

ငါ့ရင်ထဲမှာ အော်သံတစ်ခု ဝင်ရောက်နေထိုင်ပြုတယ် ဆိုတာနဲ့ စပြီး ငါအသံကုန်ခြစ် ဟစ်အော်လိုက်မှ ဖြစ်တော့မယ် ဆိုပြီး အဆုံးသတ်ထားတဲ့ အော်သံ ဆိုတဲ့ အစနဲ့ အဆုံးအပိုဒ်ပဲ မှတ်မိတော့တဲ့ ပို့စ်မော်ဒန် ကဗျာတစ်ပုဒ်ကိုလည်း မှတ်မိသလောက် ရွတ်လိုက်မိပါသေးတယ်။

ဘာရယ်မဟုတ်ပါဘူး။ တင်းကျပ်နေတဲ့ စိတ်တွေ လျော့သွားအောင် လှလှပပ ကဗျာလေးတွေ ရွတ်ကြည့်မိတာပါ။ ကဗျာ ချစ်တတ်တဲ့သူတွေနဲ့ မျှဝေခံစားချင်လို့ ပို့စ်တစ်ခု အနေနဲ့ တင်လိုက်ပါတယ်။

7 comments:

ကိုရင်နော်ခင်လေးငယ် said...

ကိုဇက်တီ ရွတ်နေတဲ့ ကဗျာလေးတွေ
ပါးစပ်ကနေ ဖွဖွလေး လိုက်ရွတ်ကြည့်မိသွားတယ်..

း)

ခင်မင်စွာချစ်ခြင်းအားဖြင့်..

ကောင်းကင်ပြာ said...

တို့လဲ ကဗျာ လာရွတ်ပါတယ်...

Anonymous said...

ဒါဆို ဘလော့ဂါ ယောဟန်အောင် ဆိုတာကရော မတူဘူးလား၊

Rita said...

ကောင်းတယ်နော်။
စကားပြေနဲ့ စာရင် ကဗျာကို ဖတ်ခဲတော့ ကြိုက်လဲ ကြိုက်ခဲတယ်။

ဝတ္ထုလို မဂ္ဂဇင်းလို တခုခုရရင် အငမ်းမရ ဖတ်သလောက် ကဗျာဆို ကျော်သွားပြီး နောက်မှ ပြန်ဖတ်တာပေါ့ လုပ်တတ်တယ်။ နောက်ကျတော့လည်း မဖတ်ဖြစ်တော့ပြန်ဘူး။

အများအားဖြင့်တော့ ကဗျာကို ဖတ်ဖို့ ပျင်းတတ်တယ်။ ဒါကြောင့် သိပ်လဲ မရေးဖြစ်တာ။

ကြည်ဖြူပိုင် said...

ကဗျာရွတ်တာလာကြည့်ပြီး
လိုက်ရွတ်သွားတယ်...ကိုဇီတက်
:D

ရေတမာ said...

ဟုတ်ပါ့ သေးနုတ်နုတ်အကောင်တွေကို မုန်းတယ်။ နောက်ဆုံးအပိုဒ်ကို သဘောကျလိုက်တာ။ မီးလောင်နေတဲ့ နှလုံးသားကို အနမ်းနဲ့ ငြှိမ်းမှရမယ်တဲ့။ အကိုလည်း ကဗျာတွေ ရွတ်တယ်ဆိုတာ သိသွားပြီ

PhotoVigor said...

Hello...visiting your blog..
Happy posting