Search This Blog

Sunday, March 11, 2012

အိမ်ပြန်ချင်တဲ့ အတွေး

ဒီနှစ်ထဲမှာ ကျွန်တော်တို့လို နိုင်ငံခြားမှာ အနေကြာတဲ့သူ တစ်ချို့ဆီကနေ မကြားရတာ ကြာပြီ ဖြစ်တဲ့ စကားတစ်ခွန်းကို ကြားနေရပါတယ်။ "အိမ်ပြန်ကြမယ်" ဆိုတဲ့ စကားပါ။ အဲဒီစကားကို ကြားမိတိုင်း ကျွန်တော့် စိတ်ထဲမှာတွေး နေတဲ့ အတွေးနဲ့ ထပ်တူ ဖြစ်နေတာမို့ ဒီအတွေးမျိုး ရှိတာ ငါတစ်ယောက်တည်း မဟုတ်ပါလား ဆိုပြီး ဝမ်းသာမိ ပါတယ်။

အရင်တုန်းက ကြည့်ခဲ့တဲ့ မြန်မာ ရုပ်ရှင်တွေထဲမှာတော့ မင်းသားက ဖြစ်ဖြစ် မင်းသမီးက ဖြစ်ဖြစ် နိုင်ငံခြားကို ထွက်သွားခဲ့ပြီ ဆိုရင် အပြီးတိုင် ခွဲခွာခြင်းလို့ အားလုံးက နားလည် ကြပါတယ်။ အခုတော့ နိုင်ငံခြား ထွက် အလုပ်လုပ်တယ် ဆိုတာ မြန်မာပြည်က လူတွေ အတွက် အထူးအဆန်း မဟုတ်တော့ပါဘူး။  ချင်းပြည်နယ်မှာ တရွာလုံးနီးပါး ယောက်ျား ရှိသမျှ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကြတယ်။ မွန်ပြည်နယ် ဘက်မှာလည်း အလားတူပါပဲ။ ဦးနှောက်တွေ ကာယအားတွေ နိုင်ငံခြားကို ယိုစီး ထွက်သွားတော့ ကျွန်တော်တို့ တိုင်းပြည်က လောင်စာ နည်းနေတဲ့ စက်လို  မောင်းနှင်အား မကောင်းဘဲ ဖွတ်ချက် ဖွတ်ချက် မောင်းနှင် နေရတဲ့ စက်တစ်ခုလို ချိနဲ့ပြီး ကျန်ရစ်ခဲ့ ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက သူ့မိန့်ခွန်း ထဲမှာ ဒီပုံစံ အတိုင်း ဆက်သွားနေရင် ခင်ဗျားတို့ကို ယိုးဒယားက ကျော်တက် သွားလိမ့်မယ်လို့ ပြောခဲ့ဖူး ပေမယ့်လည်း အခုတော့ ကျွန်တော်တို့ ယိုးဒယား နောက်မှာတောင် အတော်လေး ပြတ်ကျန် နေခဲ့ ပါပြီ။ ကျွန်တော်တို့ လုပ်နိုင်တာက ဆရာ အော်ပီကျယ် ကာတွန်းတစ်ခု ထဲကလို ကိုယ့်ထမင်း ကိုယ်စားပြီး နောက်ကျန်ခဲ့တာ ဘာဖြစ်လဲလို့ ဟန်ကိုယ့်ဖို့ ပြောရုံပဲ ရှိပါတော့တယ်။

ကျွန်တော်တို့ နိုင်ငံက လူတွေ တခြားနိုင်ငံမှာ အလုပ်သမား အဖြစ်နဲ့ သွားအလုပ်လုပ်တယ်။ ဘာဖြစ်လို့လဲ ဆိုတဲ့ မေးခွန်းကို ဖြေစရာ မလိုပါဘူး။ ကိုယ့်နိုင်ငံမှာ ကိုယ်နေရင် မိသားစုကို ဝမ်းဝအောင် ရှာဖွေ မကျွေးနိုင်လို့၊ ခါးလှအောင် မဆင်နိုင်လို့ မိသားစု အတွက် ဝမ်းဝအောင် ခါးလှအောင် နိုင်ငံခြား ထွက်ရတာ ပါပဲ။ ဘယ်သူကတော့ ကိုယ့်မိသားစုနဲ့ ခွဲပြီး ညနေစာ ထမင်းဝိုင်းမှာ ဖြစ်သလို ထမင်းစားချင် ပါ့မလဲ။ ဘယ်သူကတော့ ကိုယ်နဲ့ မရင်းနှီးတဲ့ သူစိမ်းတွေ ကြားမှာ ကျင်လည် ချင်ပါ့မလဲ။ ဘယ်သူကတော့ ကိုယ့်သားသမီးတွေကို ကိုယ်နဲ့ သိပ်ကီးမကိုက်တဲ့ ယဉ်ကျေးမှု ပတ်ဝန်းကျင်မှာ ကြီးပြင်းစေချင် ပါ့မလဲ။ တချို့တဝက် လောက်ကတော့ နိုင်ငံခြားကို သွားချင်လွန်းလို့ သွားတာ ဖြစ်ချင် ဖြစ်မှာပါ။ ဒါပေမယ့် အများစုကတော့ ရွေးစရာလမ်း နည်းနေလို့ ရှိတဲ့လမ်းကိုပဲ ရွေးထား ကြရတာ ပါပဲ။

ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံခြားမှာ အလုပ်လုပ်တော့ တခြားနိုင်ငံက စီးပွားရေး အဆောက်အအုံ တွေကို ကျွန်တော်တို့ရဲ့ ကာယအား ဉာဏအားတွေနဲ့ အထက်ရောက်အောင် တွန်းပို့ ပေးနေသလို ပါပဲ။ ကျွန်တော်တို့က ကိုယ့်ဝမ်းဝအောင် ရှာရင်း တခြားနိုင်ငံက စီးပွားရေးကို အထောက်အကူပြု နေကြတဲ့ အချိန်မှာ ကျွန်တော်တို့ နိုင်ငံကတော့ နစ်သည်ထက် နစ်ရင်း နောက်ကျန်နေရစ် ခဲ့ပါပြီ။

မြန်မာပြည်ကနေ ပြည်ပကို ထွက်လာခဲ့တဲ့ သူတွေထဲမှာ နိုင်ငံခြားမှာ အပြီးအပိုင် နေမယ် ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ထွက်လာခဲ့တဲ့သူက လူနည်းစုပဲ ရှိပါတယ်။ အားလုံးက ရည်မှန်းချက် တစ်ခုကြောင့်၊ အခြေအနေတစ်ခုကြောင့် ပြည်ပကို ရောက်လာကြပေမယ့် အချိန်တန်ရင်တော့ အိမ်ပြန်ဖို့ စိတ်ထဲမှာ တေးထားကြတာပါ။ အခု အိမ်ပြန်ဖို့ အချိန်တန်ပြီလား မေးရင်တော့ အရင်ကထက် စာရင် ပြန်ဖို့အတွက် အခြေအနေ အများကြီး ပေးလာပြီလို့ ပြောရမှာပါပဲ။

ကျွန်တော် ဒီတစ်ခေါက် မြန်မာပြည် ပြန်သွားတော့ အားလုံးက တက်ကြွနေကြပါတယ်။ အခုဆိုရင် နော်ဝေက မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့ထားတာတွေ ဖွင့်လိုက်ပါပြီ။ ဥရောပ သမဂ္ဂနဲ့ အမေရိကန်ကလည်း စီးပွားရေး ပိတ်ထားတာတွေကို ဖွင့်မယ့် အရိပ်အယောင်တွေ မြင်နေရပါပြီ။ နိုင်ငံခြား ကုမ္ပဏီတွေ အနေနဲ့ စီးပွားရေးဖွင့်ရင် မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ ဆွေးနွေး နေကြတဲ့ စကားသံ တွေလည်း ကြားနေရပါပြီ။ ကျွန်တော် တွေ့ခဲ့တဲ့သူ အားလုံးက စီးပွားရေး ပိတ်ဆို့ထားတာတွေ ပွင့်လာရင် ပေါ်လာမယ့် အလုပ်အကိုင် အခွင့်အလမ်း၊ စီးပွားရေး အခွင့်အလမ်းတွေ အတွက် မျှော်လင့်ချက် ရောင်ခြည်တွေ သန်းနေကြပါပြီ။

ဆရာ မြသန်းတင့် ဘာသာပြန်တဲ့ လေရူးသုန်သုန် ဝတ္ထုထဲက မှောင်ခိုကုန်သည် ရက်ဘတ္တလာ ပြောတဲ့ စကားတစ်ခွန်းက ကျွန်တော့် ခေါင်းထဲ စွဲနေပါတယ်။ နိုင်ငံတစ်ခု ပျက်စီးတဲ့ အချိန်နဲ့ နိုင်ငံတစ်ခု ပြန်လည် ထူထောင်တဲ့ အချိန်ဟာ စီးပွားရှာလို့ အကောင်းဆုံး အချိန်ပဲ ဆိုတဲ့ စကားပါ။ ၈၈ အရေးအခင်း ပြီးတော့ မြန်မာပြည်မှာ နေ့ချင်းညချင်း စီးပွားဖြစ်သွားတဲ့သူတွေ အများကြီးပါပဲ။ ဒီအခွင့်အလမ်းက အခု နောက်တစ်ပတ် ပြန်လည်လာ ပါပြီ။ အခွင့်အလမ်းကို ဆုပ်ကိုင်ပြီး ဘယ်လို အသုံးချကြမလဲ ဆိုတာတော့ ကိုယ့်အမြင်နဲ့ ကိုယ်ပါပဲ။

ကိုယ့်စီးပွားကိုယ်ရှာတာမို့  နိုင်ငံထူထောင်ရေးမှာ ပါဝင်မယ်တို့ နိုင်ငံအကျိုးပြုမယ်တို့ ဆိုတဲ့ လူအမြင် ကတ်စရာ စကားလုံး အကြီးကြီးတွေတော့ မသုံးချင်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံ ပြန်ပြီး စီးပွားရေး လုပ်ရင် ကိုယ့်ကုမ္ပဏီမှာ ဝန်ထမ်း ၁၀ ယောက် ခန့်ထားနိုင်ရင်တောင် နိုင်ငံအတွက် အလုပ်လက်မဲ့ ဦးရေ ၁၀ယောက် နည်းသွားမယ်။ ကိုယ်သိထားတဲ့ အသိပညာ အတတ်ပညာကို ကိုယ့်ဝန်ထမ်းတွေကို ဝေမျှပေးရင် နိုင်ငံအတွက် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်သောနည်းနဲ့ ဖြစ်စေ အကျိုးရှိမယ် ဆိုတာမျိုးတော့ စဉ်းစားလို့ ရပါတယ်။

နိုင်ငံခြား သတင်းစာ တစ်ချို့ကတော့ မြန်မာနိုင်ငံအာရှရဲ့ နောက်ထပ် ဖွံ့ဖြိုးလာမယ့် စီးပွားရေး လို့တင်စားပြီး ခေါ်နေကြ ပါပြီ။ အခု အခြေအနေကို ပြောင်းလဲမှု လှိုင်းလုံးအနေနဲ့ ယူဆခဲ့ရင်တော့ ဒီ လှိုင်းလုံးနဲ့အတူ လိုက်ပြီး စီးနင်းကြမလား၊ ဘေးကနေပဲ လက်ပိုက်ကြည့်ကြမလား ဆိုတာကိုတော့  ဆုံးဖြတ်ကြရမယ့် အချိန်ကောင်းပါပဲ။

5 comments:

Anonymous said...

ပြန်ချင်တယ်..
ပြန်ချင်တယ်...
ပြန်ရင် ကိုဇက်တီတို့လိုစီးပွားရေးလုပ်ငန်း
အကြီးကြီး လုပ်ရမှာတော့မဟုတ်..။
ဆန်ခေါက်ဆွဲရောင်းမှာ..။
အဲ့အချိန်ကျ လာအားပေးလိုက်ပေါ့။


ပေါက်

:P said...

ရက်ဘတ်တလာ ပြောတဲ့စကားကို တို့လည်း မှတ်မိတယ်..
ပေါက်ပြောတာနဲ့ အိမ်မှာ လင်မယား ၂ ယောက်ပြောမိတာနဲ့ တူတူပဲ...
လုပ်ငန်းပဲ ကွာတာ..
ပေါက် စီးပွားရေး ဒုတ်နဲ့ မထိုးချင်လို့ ဆန်ခေါက်ဆွဲတော့ မရောင်းပါဘူးလေ... အဟိ+

ZT said...

မပေါက်နဲ့ မဆင်။
တကယ်ရောင်းကြမှာလား။
ဆိုင်ဖွင့်ရင် သံချောင်းခေါက်လိုက်ပါ။ :P

:P said...

ဒေါင်..ဒေါင်..
သံချောင်းခေါက်ပေမယ့် ဆိုင်မဖွင့်ပါဘူးလေ....

Heartmuseum said...

အိမ်အပြီးပြန်မယ် လို့တော့....မဆုံးဖြတ် ရသေးဘူး။ အခြေအနေ ကြည့်အုံးမယ်.... နဂိုထဲက အသက်ကြီးရင် မြန်မာပြည် ပြန်မယ် ဆုံးဖြတ်ထားလို့ ကော်ဖီခြံကို မရောင်းပဲ ချန်ထားခဲ့တာ... ပြန်ရင် အဲမှာပဲ နေမလို့.... အခုစော ပြန်ဖြစ်မှာဆိုတော့.... ပြန်စီစဉ်ရမယ်။ရိုးရိုးသားသား လာဒ်ထိုးစရာ မလိုတော့ လောက်အောင် ပြောင်းနေရင်တော့ စီးပွားရေး တခုခု လုပ်မယ်။ ဟိုလူ့ဖား ဒီလူ့ဖားမှ ရပ်တည်လို့ ရမယ်ဆိုရင်တော့ ပြန်နေဖြစ်အုံးမယ် မထင်.. စဉ်းစားရအုံးမယ်။ ပေါက်က မေမြို့ မှာ ဆန်ခေါက်ဆွဲဆိုင် ဖွင့်ရင်တော့ နေတိုင်း လာစားဖြစ်တော့မှာပဲ.... :P