ပိုလန်နိုင်ငံ တောမြို့ကလေးမှ ရထားပလက်ဖောင်းသည် မြန်မာနိုင်ငံတောမြို့ကလေးများမှ ရထားပလက်ဖောင်းကဲ့သို့ပင် အကာအရံမရှိ။ ကုန်ရထားများ ခရီးသည်တင်ရထားများက မကြာခဏဆိုသလို ဖြတ်သွားနေကြသည်။
ရထားလမ်းကိုဖြတ်ကူးတော့ ကျွန်တော်နှင့် ခရီးစဉ်တစ်ခုတည်း အတူတူသွားကြမည့် ခရီးသည် နှစ်ယောက် သုံးယောက်ကို လှမ်းတွေ့ရသည်။ သူတို့လည်း အနွေးထည် အထူကြီးများနှင့် ဆောင်းလေအေး၏ ဒဏ်ကို အံတုနေကြသည်။
ရထားပလက်ဖောင်းပေါ်တွင် ဟိုဟိုဒီဒီလျှောက်ရင်း အအေးပေါ့အောင် လုပ်နေမိသည်။ အကာအရံ မရှိသော ပလက်ဖောင်းထက်တွင် လေအေးတစ်ချက်ဝှေ့လိုက်တိုင်း ကျောထဲကစိမ့်သွားအောင် အေးသည်။ ရထားသံလမ်းပေါ်တွင် ဘယ်အချိန်က အသက်ပျောက်နေမှန်းမသိသော ကြောင်တစ်ကောင်ကို တွေ့ရသည်။ အခုလိုအေးသော အရပ်ဒေသတွင် ပုပ်သိုးသွားဖို့ဆိုသည်မှာ ဖြစ်နိုင်ခြေမရှိသော ကိစ္စဖြစ်သည်။
မကြာမီတွင် ကျွန်တော်စီးမည့်ရထား ဘူတာရုံသို့ဝင်လာသည်။ ရထားမှာ တွဲနံပါတ် ခုံနံပါတ်နှင့် မဟုတ်သဖြင့် ကြိုက်သည့်ခုံတွင် တက်စီး၍ရသည်။ ကျွန်တော် အနီးဆုံးတွဲတစ်တွဲသို့ တက်လိုက်သည်။ ကျွန်တော် တက်လိုက်သော တွဲမှာ သီးသန့်အခန်းများနှင့် ဖြစ်သည်။ တစ်ခန်းလျှင် နှစ်ယောက်ထိုင်ခုံ အနည်းငယ်စီပါသည်။ မှန်အလုံကာထားပြီး အပူပေးစက်ဖွင့်ထားသည်။
ကျွန်တော်ရထားလမ်းဘေးကို မှန်ပြတင်းပေါက်မှကြည့်ရင်းလိုက်ပါခဲ့သည်။ လမ်းဘေးဝဲယာတွင် နှင်းခဲများကို မျက်စိတစ်ဆုံးမြင်နေရသည်။ ရထားတွင်းတွင်မူ အပူပေးစက်ကြောင့် အပေါ်အင်္ကျီဝတ်စရာမလိုအောင် ပင် နွေးထွေးနေသည်။ မိနစ်နှစ်ဆယ်မျှစီးပြီးနောက် ကျွန်တော်သွားလိုသော ဂဒိုင့်ဂလော်နီ(Gdansk Glowny)သို့ ရောက်ခဲ့သည်။
ဘူတာရုံထဲမှ ထွက်တော့ အအေးဓာတ်နှင့် ပြန်လည် မိတ်ဆက်ရသည်။ ဘူတာရုံ အဆောက်အဦးမှာ ဗြိတိသျှခေတ်တွင် ဆောက်လုပ်ခဲ့သော မြန်မာနိုင်ငံမှ အဆောက်အဦးများနှင့် အလားသဏ္ဌန်တူသည်။
ကျွန်တော်ပထမဆုံး ရှာရသည် မှာ ငွေလဲလှယ်သောဆိုင်ဖြစ်သည်။ ကျွန်တော့်တွင် ယူရိုငွေများသာ ပါသဖြင့် ပိုလန်တွင် အလုပ်မဖြစ်။ အကြွေးဝယ်ကတ်မှ ပိုက်ဆံထုတ်သုံးနေရသည်။ အခုကျွန်တော် ယူရိုများကို ဇွာတာ(zloty)နှင့် လဲမှဖြစ်တော့မည်။ ဘူတာရုံအဝင်ဝနှင့် မလှမ်းမကမ်းတွင် ငွေလဲသောဆိုင်တစ်ဆိုင်တွေ့ ၍ ငွေလဲလိုက်သည်။ ဒုတိယမြောက် ကျွန်တော် လုပ်ချင်သော အလုပ်မှာ အင်တာနက်သုံးရန်ဖြစ်သည်။ ကျွန်တော် အီးမေးလ် မစစ်ဖြစ်သည်မှာ တစ်ပတ်ခန့်ရှိပြီ။ ကျွန်တော့်တွင် ခရီးဆောင် ကွန်ပြူတာပါသော်လည်း စက်ရုံထဲတွင် ရုံးက အီးမေးလ်သာစစ်ဖြစ်သည်။ အချိန်ကြာလွန်း၍ဖြစ်သည်။ အခုကျွန်တော်၏ ရာဟူး၊ ဟော့မေးလ် နှင့် ဂျီမေးလ် စာတိုက်ပုံးများကို စစ်ချင်သည်။ ဖိုရမ်ထဲသို့ဝင်၍ သူငယ်ချင်းများနှင့် တောင်စဉ်ရေမရ ပြောချင်သေးသည်။ အင်တာနက်ကဖီးကို ဘူတာရုံနှင့် မလှမ်းမကမ်းတွင် အခန့်သင့်တွေ့ရသည်။ ဘယ်လောက်ပေးခဲ့ရသည်ကို သေချာမမှတ်မိသော်လည်း ဥရောပရှိ အင်တာနက်ကဖီးများတွင် ဈေးအပေါဆုံး ဆိုသည်ကိုတော့ မှတ်မိသည်။ တစ်နာရီ ကို ၂ယူရို ၃ယူရိုနှင့် ညီမျှသော ပိုက်ဆံသာ ပေးရသည် ထင်သည်။
အင်တာနက်ကဖေးတွင် တနာရီခန့် အချိန်ဖြုန်းခဲ့ပြီးနောက် ကျွန်တော် နေ့လည်စာစားရန် သတိရသည်။ အခု ညနေ နှစ်နာရီကျော်နေပြီဖြစ်သည်။ ဘူတာရုံနှင့် မလှမ်းမကမ်းမှ စားသောက်ဆိုင် တစ်ဆိုင်ကို ရွေးလိုက်သည်။ ကျွန်တော်ကံကောင်းသည် မှာ စားသောက်ဆိုင် အစားအသောက်စာရင်းတွင် အင်္ဂလိပ်လိုရေးထားခြင်းဖြစ်သည်။ ဥရောပတွင် ခရီးသွားရသည်မှာ ပုံသေတွက်ဆ၍မရ။ အချို့ အရပ်ဒေသများမှ စားသောက်ဆိုင်များတွင် အင်္ဂလိပ်ဘာသာ အစားအသောက်စာရင်းမရှိ။ သူတို့အရပ်ဒေသသုံးစကားကို နားလည်သူမပါလျှင် မှန်းဆပြီးရမ်းကြိတ်ဖို့သာရှိသည်။
ဥရောပ အစားအစာများတွင် ကျွန်တော် အကြိုက်ဆုံးမှာ ပေါင်မုန့်ကို အလယ်တွင် အပေါက်ဖောက်၍ ထည့်ထားသော ခရမ်းချဉ်သီး ဟင်းချိုဖြစ်သည်။ ကျွန်တော် ပေါင်မုန့် ခရမ်းချဉ်သီးတစ်ပွဲနှင့် ငါးတစ်ပွဲမှာပြီး ထိုင်စောင့်နေလိုက်သည်။ အခုလိုအေးသော အရပ်ဒေသတွင် ဆေးလိပ်ကို အပြင်ထွင်သောက်ခိုင်းလျှင် အတော်မိုက်မဲရာကြမည်ဖြစ်သည်။ ထို့ကြောင့် စားသောက်ဆိုင်များတွင် ဆေးလိပ်သောက်ခွင့်ပြုထားသည်။ စားသောက်ဆိုင်ထဲတွင် ကြည့်ပျော်ရှုပျော်ရှိသော ကောင်မလေး နှစ်ယောက်သုံးယောက်ရှိသဖြင့် စောင့်ရသည်မှာ သိပ်ပြီး ငြီးငွေ့စရာမကောင်းပေ။ အစားအသောက်များ ရောက်လာသောအခါ ဗိုက်ဆာနေသဖြင့် စားရတာ အလွန်မြိန်လှသည်။
စားသောက်ပြီးနောက် ကျွန်တော် အနီးအနားရှိ စတိုးဆိုင်များ ၊ ဈေးတန်းများကို နှစ်နာရီ သုံးနာရီ မျှ လျှောက်ကြည့်နေမိသည်။ ညနေအနည်းငယ်စောင်းလာတော့ အပြင်မှာ နေရသည်မှာ တစ်စထက်တစ်စ ပို၍အေးလာသည်။ ကျွန်တော့်အတွက် အလုပ်သင့်ဆုံးမှာ ဟိုတယ်ကိုပြန်၍ အပူပေးစက် ဖွင့်ကာ ညနေခင်းကို ကုန်ဆုံးရန်ပင် ဖြစ်တော့သည်။ သို့သော်ဟိုတယ်သို့ မပြန်သေးမီ ကျွန်တော့် ကင်မရာတစ်လုံးနှင့် ဂဒိုင့်ဂလော်နီ၏ မဟာဆန်သော အဆောက်အဦးများ နှင့် ခေတ်ဆန်သော အဆောက်အဦးများ ရောယှက်နေသော မြင်ကွင်းကိုမှတ်တမ်းတင်နေမိလေသည်။
ဘူတာရုံတွင်းသို့ ပြန်ရောက်လာတော့ ကျွန်တော် ဘယ်စင်္ကြန်မှ ရထားစီးရမည်ကို ရှာမတွေ့။ ကျွန်တော် စုံစမ်းရေး ဋ္ဌာနကို ရှာရသည်။ သို့သော်စုံစမ်းရေး ဋ္ဌာနတွင် ထိုင်နေသော အမျိုးသမီးကြီးမှာ အင်္ဂလိပ်စကားမပြောတတ်။ ကျွန်တော့်မှာ တိုင်ပတ်နေသည်။
နောက်ဆုံးတော့ ကျွန်တော်၏လုပ်ရိုးလုပ်စဉ်အတိုင်း ရထားလက်မှတ်ကိုပြ၍ ခြေဟန်လက်ဟန်ဖြင့်မေးရသည်။ ထိုအခါမှ သူမက ကျွန်တော့်အား စာရွက်တစ်ရွက်ပေါ်တွင် ရထားစီးရမည့် စင်္ကြန်နှင့် ရထားထွက်မည့်အချိန်ကို ရေးပေးသည်။ စင်္ကြန်နံပါတ်မှာ အင်္ဂလိပ်လိုရေးထားသဖြင့် ရှာရသည်မှာ မခက်ပါ။ ရထားလာမည့် အချိန်စောနေသေးသော်လည်း ကျွန်တော်စင်္ကြန်ပေါ်သို့တက်ခဲ့သည်။
စင်္ကြန်ပေါ်အရောက်တွင် ပိုလန်လူမျိုးတစ်ယောက်က ကျွန်တော့်ကို ပိုလန်စကားဖြင့် စကားလာပြောသည်။ ကျွန်တော် နားမလည်ကြောင်းအင်္ဂလိပ်လိုပြန်ပြောမှ သူ့တွင် လမ်းစရိတ်မရှိ၍ ၅ ဇွာတာလောက်ပေးဖို့ အင်္ဂလိပ်လိုပြောသည်။ တကယ်မဟုတ်မှန်းသိသော်လည်း အန္တရာယ်ကင်း စကားနည်းရန်စဲ ဖြစ်ရန် ကျွန်တော်ထုတ်ပေးဖို့ ဆုံးဖြတ်လိုက်သည်။ သူများအရပ်ဒေသမှာ တစ်ယောက်တည်း အလုအယက်ခံရလျှင်စားသာမည် မဟုတ်ပေ။ ကျွန်တော် ပိုက်ဆံအိတ်ထုတ်ပြီးမှ မှားမှန်းသိသည်။ ကျွန်တော့် ပိုက်ဆံအိတ်ထဲတွင် လောလောလတ်လတ် လဲလာသည့် ပိုက်ဆံတွေ အများကြီးဖြစ်နေသည်။ ထိုငနဲက သူ့ကို ၁၀ ဇွာတာ ပေးဖို့ တောင်းလေတော့သည်။ ထိုအချိန်မှ ဘာမှမတတ်နိုင်။ ကျွန်တော့် အနီးတွင် အကူအညီပေးနိုင်မည့်သူလည်းမရှိ။ ပလက်ဖောင်းပေါ်တွင် အခြား အမျိုးသမီးနှစ်ဦးသာ ရှိသည်။ နောက်ဆုံးတော့ ပိုက်ဆံအိတ်တစ်ခုလုံး အလုခံရတာထက်စာရင် တော်သေးသည် ဟု သဘောထား၍ ထိုငနဲကို ၁၀ ဇွာတာပေးလိုက်ရသည်။ ကံကောင်းထောက်မ၍ ထိုငနဲမှာ ၁၀ ဇွာတာဖြင့် ကျေနပ်သွား၍တော်တော့သည်။
ထိုငနဲထွက်သွားပြီး ကျွန်တော့်တွင် နောက်ထပ်ဒုက္ခတစ်မျိုးတွေ့ရလေသည်။ ကျွန်တော်ရပ်စောင့်နေသော ပလက်ဖောင်းတွင် ၅ မိနစ်တစ်စီးလောက် ရထားလာနေသည်။ ထို့ကြောင့် ကျွန်တော်သွားရမည့် ရထားလာလျှင်ကျွန်တော် ဘယ်ရထားမှန်း အတိအကျသိမည်မဟုတ်ပေ။ ရထားအချိန်အတိအကျ လာမှသာလျှင် ကျွန်တော်သိနိုင်မည်။
ဒီလိုနှင့်ကျွန်တော့်ရထားဆိုက်မည့် အချိန်လောက်တွင် ပလက်ဖောင်းသို့ ရထားတစ်စီးဆိုက်လာသည်။ ရထားပေါ်မှ ဆင်းလာသူများကို အင်္ဂလိပ်လိုမေးတော့ တစ်ယောက်မှ နားမလည်။ နောက်ဆုံး ရထားဝန်ထမ်းတစ်ဦးအား လက်မှတ်ပြတော့ ဟုတ်တယ် ဟုပြောသည်။ ကျွန်တော်ရထားပေါ်သို့တက်ခဲ့သော်လည်း စိတ်ထဲတွင် ဇဝေဇဝါဖြစ်နေသည်။ အပြင်တွင်လည်း အလင်းဓာတ်လျော့နည်း၍ ညမှောင်စ ပြုလာပြီဖြစ်သည်။ ရထားဘေးဝဲယာကို ကြည့်လာသော်လည်း အဆောက်အဦးတစ်ခုမျှ ကျွန်တော်မမှတ်မိ။ ရထားပေါ်မှာ မိနစ်နှစ်ဆယ်လောက်ကြာတော့ ကျွန်တော်နည်းနည်း စိုးရိမ်စပြုလာသည်။ နောက်ဆုံးတော့ လမ်းမှားသွားလည်း တက်စီငှားပြန်ရုံရှိတာပေါ့ ဟု တွေးပြီး စိတ်ကို ဒုံးဒုံးချလိုက်သည်။
ထိုအချိန်တွင် ကျွန်တော်နေသော နေရာနှင့် မနီးမဝေးရှိဘူတာရုံနားမှ သင်းချိုင်းကုန်းကို ဘွားကနဲမြင်လိုက်ရသည်။ ကျွန်တော့်တစ်သက်နှင့်တစ်ကိုယ်တွင် သင်းချိုင်းကုန်းကို မြင်၍ လှိုက်လှိုက်လှဲလှဲ ဝမ်းသာခဲ့သော အချိန်ဆို၍ ဒီတစ်ကြိမ်သာရှိမည်ထင်သည်။ ကျွန်တော်ထိုင်နေရာမှ ထ၍ ဆင်းဖို့ပြင်လိုက်သည်။
ရထားပေါ်မှဆင်းလိုက်တော့ အပြင်တွင် အလွန်အေးနေပြီ။ ကျွန်တော် ကုတ်အင်္ကျီကို တင်းတင်းစေ့ဝတ်ရင်းဟိုတယ်သို့ လမ်းလျှောက်ပြန်ခဲ့သည်။ ဟိုတယ်ရောက်တော့ သိပ်မဆာသော်လည်း ညစာတစ်ထပ်စားလိုက်ရသည်။ ဒီအရပ်ဒေသတွင် ၂၄ နာရီ စားသောက်ဆိုင်မရှိ။ စောစောစီးစီးမစားလျှင် ညစာလွတ်ဖို့သာရှိသည်။ အခန်းပြန်ရောက်တော့ အတော်ပင်မှောင်နေပြီ။ ပြတင်းပေါက်မှ အပြင်ကိုကြည့်တော့ နှင်းတွေ တဖွဲဖွဲကျနေတာ မြင်ရသည်။ ကျွန်တော် အလွန်အကျွံအေးသော ရာသီဥတုကို မုန်းသော်လည်း နှင်းပွင့်ဖြူဖြူတွေကိုတော့ နှစ်သက်သည်။ ပြတင်းပေါက်အပြင်ဘက်မှ နှင်းများ၊ အဝေးဆီမှ ရထားခုတ်မောင်းသံ နှင့် အထီးကျန်နေသော ညတစ်ညကို ဟိုတယ် ဂရက်ဂါ (Hotel Gregor) ၏ အခန်းငယ်တစ်ခုတွင် ကျွန်တော် ကုန်လွန်ဖြတ်သန်း ခဲ့ရလေသည်။