တစ်ချိန်က ကျွန်တော် ပို့စ်မော်ဒန် ဝတ္ထုတွေကို စွဲစွဲလမ်းလမ်း ဖတ်ရှုခဲ့ပါတယ်။ စဖတ်ခါစက ဘာတွေရေးထားမှန်းလည်းမသိဘူးဆိုသော ခံစားမှုမျိုး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မင်းခိုက်စိုးစန်ရဲ့ ပို့စ်မော်ဒန် အနုပညာအကြောင်းရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ပြီးတဲ့ အချိန်မှာတော့ ကျွန်တော်ပို့စ်မော်ဒန် ဝတ္ထုတွေကို ခံစားတတ်လာပါတယ်။ မင်းခိုက်စိုးစန်ရေးထားတဲ့ ဆောင်းပါးက ဟန်သစ် သို့ ပင်လယ်မဂ္ဂဇင်းမှာ ဖော်ပြခဲ့တယ်လို့ ထင်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေက တော့ အဲဒီဆောင်းပါးနဲ့ ဇော်ဇော်အောင်ရဲ့ ဆောင်းပါးတွေထဲက ကျွန်တော်မှတ်မိသလောက် ပြန်ရေးထားခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အယူအဆတွေ မဟုတ်ပါဘူး။
အနုပညာဟာ ဘာအတွက်လဲ
အနုပညာသည် ပြည်သူအတွက် လို့ သရုပ်မှန်စာပေသမားတွေက ကြွေးကြော်ခဲ့ပါတယ်။ ရသစာပေသမားတွေကတော့ အနုပညာသည် အနုပညာအတွက် လို့ ကြွေးကြော်ခဲ့ကြပါတယ်။ ပို့စ်မော်ဒန်သမားတွေရဲ့ ကြွေးကြော်သံကတော့ အနုပညာသည် ဘာအတွက်မှ မဟုတ်ဘူးလို့ ဆိုပါတယ်။
တစ်နည်းအားဖြင့် ပြောရရင် စိတ်ထဲမှာ ဖန်တီးချင်တဲ့စိတ် ပေါ်လာလို့ အနုပညာတစ်ခု ဖန်တီးလိုက်တယ်။ ဖတ်ချင်ဖတ် မဖတ်ချင်နေ။ ဒါပေမယ့် စိတ်ရဲ့ ခံစားမှုအတိုင်း အကန့်အသတ်မဲ့ ဘောင်တွေအားလုံးကို ရိုက်ချိုးပြီး ဖန်တီးမှာပဲလို့ ဆိုလိုတယ်လို့ ထင်ပါတယ်။
အကန့်အသတ်များကို ရိုက်ချိုးခြင်း
ပို့စ်မော်ဒန် ဝတ္ထုတွေမှာ အချိန်ရဲ့ အကန့်အသတ်နဲ့ နေရာရဲ့ အကန့်အသတ်ကို ရိုက်ချိုးတတ်ကြပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် ပို့စ်မော်ဒန် ဝတ္ထုတစ်ပုဒ်ကို ဖတ်နေရာတာ အိပ်မက်တစ်ခုမက်နေသလို အဆက်အစပ်မဲ့တဲ့ ရုပ်ရှင်တစ်ခုကို ကြည့်နေရသလို အားလုံးဟာ ဖျပ်ခနဲ ဖျပ်ခနဲ ဖြစ်နေပါတယ်။ မင်းခိုက်စိုးစန်ရဲ့ ဝတ္ထုတွေမှာ ပထမစာကြောင်းမှာ ပန်းဆိုးတန်းမှာ လမ်းလျှောက်နေကြောင်း ဖော်ပြထားပေမယ့် နောက်တစ်ကြောင်းမှာ ပြင်သစ်နိုင်ငံ ရှောင်ဇယ်လီဇေ လမ်းမကြီးပေါ်ကို ရောက်သွားတာမျိုး စတဲ့ အရေးအဖွဲ့မျိုးကို တွေ့ရတတ်ပါတယ်။ ဒါ့အပြင် အခုအချိန်မှာ လက်ရှိခေတ်က ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ ဖြစ်နေပေမယ့် နောက်မကြာခင်စာကြောင်းတွေမှာ ကုန်းဘောင်ခေတ်ကို ပြန်ရောက်သွားတာမျိုး စတဲ့ အရေးအဖွဲ့ မျိုးကိုလည်း ပို့စ်မော်ဒန်ဝတ္ထုတွေမှာ တွေ့ရတတ်ပါတယ်။ မြတ်သစ်ရဲ့ ဝတ္ထုတစ်ပုဒ်မှာ “ပွနုပညာ အင်အေဲစ်သ” လို စကားလုံးအသုံးအနှုန်း အဆန်းတွေကို တွေ့ခဲ့ရဖူးပါတယ်။ တကယ်တော့ ဝတ္ထုရေးနေတဲ့ သူဟာ စကားလုံးဘောင်ရဲ့ အကန့် အသတ်ကို မခံချင်လို့ ရိုက်ချိုးထွက်ပြီး “အနုပညာသစ်အောင်ပွဲ” ဆိုတဲ့ စကားရဲ့ စကားလုံးတွေကို ချိုးဖျက်ပစ်လိုက်တာပါ။
ဖြေလျော့ချခြင်း (Juxtaposition)
သမာရိုးကျဝတ္ထုတွေမှာ ဇာတ်ရှိန်မြင့်လာတဲ့အချိန် (Climax) မှာ စာဖတ်နေတဲ့သူကို အလှည့်အပြောင်း တစ်ခုခုပေးတတ်ပါတယ်။ ပို့စ်မော်ဒန်ဝတ္ထုတွေမှာတော့ ဇာတ်ရှိန်မြင့်တက်လာတဲ့အချိန်မှာ ဖြေလျော့ချခြင်းကို လုပ်တတ်ကြပါတယ်။ ဥပမာပေးရရင် ဂျပန်ဝတ္ထုတစ်ခုမှာ ကလေးလေးရဲ့ အဖေနဲ့ အမေကို ကျားက ကိုက်သတ်သွားပါတယ်။ နောက် ကလေးနဲ့ ကျားနဲ့ ပြန်တွေ့တဲ့အခန်းကို ရေးပြပါတယ်။ ပုံမှန်အားဖြင့်တော့ ဒါဟာ ဇာတ်ရှိန်မြင့်လာပြီလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် အဲဒီဝတ္ထုဟာ ပို့စ်မော်ဒန် ဝတ္ထုဖြစ်တဲ့အတွက် ကလေးက ကျားကို ၂ နှစ်လီ ဘယ်လောက်လဲ၊ ၃ နှစ်လီ ဘယ်လောက်လဲ စသည်ဖြင့် အလီမေးတယ်ဆိုပြီး ဇာတ်ရှိန်ကို ဖြေလျော့ချထားပါတယ်။
ထပ်ပြန်တလဲလဲဖြစ်ခြင်း (Repetition)
စာကြောင်းတစ်ကြောင်းကို ထပ်ပြန်တလဲလဲရေးခြင်း ဒါမှမဟုတ် စကားတစ်ခွန်းကို ထပ်ပြန်တလဲလဲပြောခြင်းတို့ ဟာလည်း ပို့စ်မော်ဒန်စာပေရဲ့ အင်္ဂါရပ်လို့ ပြောလို့ရပါတယ်။ ကျွန်တော်ဖတ်ဖူးတဲ့ မြန်မာပို့စ်မော်ဒန် ဝတ္ထုတစ်ပုဒ်မှာ ရည်သွဲ့နွယ်ရေ ရက်စက် ဆိုတဲ့ စာကြောင်းတစ်ကြောင်းကိုပဲ ဝတ္ထုထဲမှာ ထပ်တလဲလဲရေးနေတာကို သတိထားမိခဲ့ဖူးပါတယ်။
ဒါကတော့ ကျွန်တော်မှတ်မိသလောက် ပို့စ်မော်ဒန် အနုပညာအကြောင်းကို ပြန်ရေးထားတာပါ။
မြန်မာပို့စ်မော်ဒန်ဝတ္ထုတိုတွေကို အင်တာနက်စာမျက်နှာတွေပေါ်မှာ ဖတ်ချင်တယ်ဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့ ဝက်ဘ်ဆိုဒ်ကို ညွှန်းလိုက်ပါရစေ။
http://lanolay.50megs.com/