ကျောင်းမှာတုန်းက ကျွန်တော်တို့နဲ့ အတော်လေး ရင်းနှီးတဲ့ မြန်မာဆရာ တစ်ယောက် ရှိပါတယ်။ ဆရာက ကျွန်တော်တို့ ကျောင်းမှာ အလုပ်မဝင်ခင် အချိန်တုန်းက သုတေသနနဲ့ ဆိုင်တဲ့ လုပ်ငန်းခွင်၊ ကွန်ပြူတာ အမြင်အာရုံပိုင်းနဲ့ ဆိုင်တဲ့ လုပ်ငန်းခွင်တွေထဲမှာ နှစ်ကာလ အတော်များများ ကျင်လည်ခဲ့ဖူး ပါတယ်။ ကျွန်တော်တို့ အနေနဲ့က စင်ကာပူ ရောက်ခါစ ပြင်ပလုပ်ငန်းခွင် အကြောင်း ဗဟုသုတ မရှိတော့ ကျောင်းပြီးရင် ဘာလုပ်သင့်သလဲ ဆိုတဲ့ ကိစ္စကို ဆရာနဲ့ တိုင်ပင်ခဲ့ဖူးပါတယ်။
ဆရာက မင်းတို့ ဘွဲ့ရပြီးရင်တောင်မှ ပေါ်လီမှာ ဆရာလုပ်ဖို့တော့ မစဥ်းစားနဲ့။ အားမပေးဘူး ပြောလို့ ကျွန်တော်တို့ အံ့သြကြ ပါတယ်။ ဘာဖြစ်လို့လဲလို့ ဆရာ့ကိုမေးတော့ ဒီအလုပ်က လခကောင်းပေမယ့် ဆရာတစ်ယောက်ရဲ့ အရေးပါမှုက တော်ရုံတန်ရုံ မသိသာဘူး။ အချိန်မရွေး အစားထိုးလို့ ရတယ်။ ငါတို့ အခုသင်နေတဲ့ စာဆိုတာ တက္ကသိုလ်က ကျောင်းပြီးခါစ ဘွဲ့ရတစ်ယောက်ကို အချိန်မရွေး ကောက်ခန့်ပြီး သင်ခိုင်းလို့ ရတယ်။ ဘာမှ ခက်ခက်ခဲခဲလည်း မဟုတ်ဘူး။ အတွေ့အကြုံလည်း ဘာမှ ထူးထူးခြားခြား မရဘူး။ ပြင်ပလုပ်ငန်းခွင်ထဲက လူတွေနဲ့ ယှဥ်ရင် အချိန်ကြာလာတာနဲ့အမျှ ငါတို့ရဲ့ တန်ဖိုးက ကျလာတယ်လို့ ဆရာက ပွင့်ပွင့်လင်းလင်းပဲ ပြောပြပါတယ်။
ဆရာက ဆက်ပြီးတော့ ဖြစ်နိုင်ရင် စင်ကာပူမှာ အစိုးရအလုပ် မလုပ်နဲ့။ လခက အပြင်အလုပ်ထက် အများကြီးကောင်းတာ မှန်တယ်။ ဘောနပ်စ်တွေ ကောင်းတယ် ဆိုတာလည်း ဟုတ်တယ်။ ဒါပေမယ့် အစိုးရ အလုပ်ကို ဆက်မလုပ် ချင်တော့ဘူး ဆိုတဲ့ အချိန်ရောက်ရင် အပြင်မှာ မင်းတို့အတွက် နေရာက အတော် ရှားသွားပြီ။ အပြင်က အလုပ်ရှင် အတော်များများကလည်း အစိုးရအလုပ်က ထွက်လာတဲ့သူ ဆိုရင် သိပ်ပြီး မခန့်ချင်ကြဘူး။ လို့ ပြောပါတယ်။
အဲဒါဆိုရင် ဘာလုပ်သင့်သလဲလို့မေးတော့ ဆရာက ကျောင်းပြီးခါစ အတွေ့အကြုံရမယ့် အလုပ်ကို ရှာလုပ်။ လခနည်းချင် နည်းမယ်။ ဒါပေမယ့် အတွေ့အကြုံများလာတာနဲ့ အမျှ မင်းတို့ရဲ့ တန်ဖိုးက တက်လာမယ်။ ကုမ္ပဏီမှာ အစားထိုးလို့ မရနိုင်တဲ့ အခြေအနေမျိုး ရောက်လာရင် လခဆိုတာ မင်းတို့နဲ့ ထိုက်တန်သလောက် ရမှာပဲ။ ဒီကုမ္ပဏီက မင်းတို့ကို ထိုက်တန်တဲ့ လခ မပေးရင် ထိုက်တန်တဲ့ လခပေးပြီး ခန့်မယ့် ကုမ္ပဏီတွေ အများကြီး ရှိတယ်။ အသာလေး ခုန်ကူး သွားရုံပဲ။ ဘာမှ စိတ်ပူစရာ မရှိဘူး။ ပရော်ဖက်ရှင်နယ် ဖြစ်အောင်သာ ကြိုးစား။ ရေရှည်မှာ မင်းတို့အတွက် မှားစရာ မရှိဘူးလို့ ဆရာက အကြံပေးပါတယ်။ ကျွန်တော်တို့ ကျောင်းပြီးတဲ့ အချိန်မှာတော့ ဆရာ ကိုယ်တိုင်လည်း ကျောင်းဆရာ ဘဝကို စွန့်လွှတ်ပြီး ပြင်ပလုပ်ငန်းခွင်ထဲ ပြန်ရောက် သွားပါတယ်။
လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်တဲ့ နှစ်တွေ ကြာလာတာနဲ့ အမျှ ဆရာ ပြောခဲ့တဲ့ စကားတွေ တကယ်မှန်တယ် ဆိုတာ သိလာပါတယ်။ လုပ်ငန်း အတွေ့အကြုံ ရှိတဲ့ ပရော်ဖက်ရှင်နယ် တစ်ယောက်အတွက် အလုပ် မရှားပါဘူး။ ဒီကုမ္ပဏီမှာ မလုပ်ချင်ရင် နောက်ကုမ္ပဏီတစ်ခုကို အသာလေး ကူးသွားလို့ ရပါတယ်။ ကိုယ့်ရဲ့ အတွေ့အကြုံနဲ့ ကိုက်မယ့် အလုပ်တွေ အများကြီး ရှိနေပါတယ်။ တစ်ခါတစ်လေ ကပ်စတန်မာ ဆပ်ပလိုင်ယာတွေ ဆီကနေ အလုပ်ပြောင်းလာဖို့ မသိမသာတစ်မျိုး သိသိသာသာ တစ်မျိုး စကားခေါ်တာမျိုးလည်း ကြုံရပါတယ်။ ကိုယ်ပိုင် လုပ်ငန်း လုပ်နိုင်မယ့် အခွင့်အလမ်းတွေလည်း အများကြီး တွေ့ရတတ် ပါတယ်။
ကုမ္ပဏီတစ်ခုမှာ စွဲစွဲမြဲမြဲ အကြာကြီး လုပ်တာမှ ကောင်းတယ်လို့လည်း ယူဆတတ်တဲ့ သူတွေလည်း ရှိပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောလို့ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လွန်ခဲ့တဲ့ လပိုင်းလောက်က ဆွေးနွေးကြည့်ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေ အားလုံးကတော့ တစ်လေသံတည်းပါပဲ။ ဒီထက် သာတဲ့ အလုပ်ရှိရင် ပြောင်းသာပြောင်း ဆိုပြီး အားလုံးက တညီတညွတ်တည်း ပြောကြပါတယ်။ သူတို့ ထောက်ပြတာကတော့ ဒီနေ့ခေတ်ကြီးမှာ ကုမ္ပဏီကို သစ္စာ ရှိစရာ မလိုဘူး။ ကုမ္ပဏီတွေကလည်း သူတို့ စီးပွားကျလာရင် မင်းအပေါ် သစ္စာ ရှိမှာ မဟုတ်ဘူး။ ဖြုတ်မှာပဲ။ အဲဒီတော့ ဘယ်သူ့မျက်နှာမှ ကြည့်နေစရာ မလိုဘူး။ ကိုယ့်အတွက်ပဲ ကိုယ်လုပ်လို့ အကြံပေးကြပါတယ်။
လုပ်ငန်းခွင် တစ်ခုတည်းမှာ ၁၀ နှစ်လောက် လုပ်လာပြီးမှ စက်ရုံက တရုတ်ပြည်ရွှေ့သွားလို့ ဘာဆက်လုပ်ရမှန်း မသိဘဲ ရတဲ့လခနဲ့ ရတဲ့နေရာမှာ အလုပ်ဝင်လုပ် နေရတဲ့သူတွေ၊ မနှစ်က ကမ္ဘာ့စီးပွားပျက်ကပ်ထဲမှာ လက်ရှိ ရှိနေတဲ့ အလုပ်ကနေ ဘာမှန်း မသိလိုက်ရဘဲ အလုပ်ပြုတ် သွားတဲ့ သူတွေကို ကြည့်ရင်တော့ သူတို့ ပြောတဲ့စကား မှန်တယ်ဆိုတာ သိသာပါတယ်။
ကိုယ့်အလုပ်မှာ အတွေ့အကြုံရတယ် ဆိုပေမယ့် တခြား ဒီထက်ပိုပြီး အတွေ့အကြုံရနိုင်တဲ့ နေရာတွေ အများကြီး ရှိသေးတယ် ဆိုတာ မျက်ကွယ်ပြု လို့ မရပါဘူး။ ဒီအလုပ်မှာ အခွင့်အလမ်းကောင်းတယ် ဆိုပေမယ့် ဒီထက်ပိုပြီး အခွင့်အလမ်းကောင်းတဲ့ နေရာတွေ အများကြီး ရှိသေးတယ် ဆိုတာကို မေ့ထားလို့ မရပါဘူး။ ဒီအလုပ်မှာ နှပ်နေလို့ ရတယ်ဆိုရင်တောင် အိပ်နေလို့ရတဲ့ အလုပ်တွေ အများကြီး ရှိသေးတယ်ဆိုတာ သိထားဖို့ လိုပါတယ်။ နောက်တစ်ခုက ကုမ္ပဏီတစ်ခုထဲမှာ စွဲစွဲမြဲမြဲလုပ်ရင် လခက ရာခိုင်နှုန်း အများကြီး တိုးဖို့ မလွယ်ပါဘူး။ တခြားကုမ္ပဏီကို အခုန် ကောင်းရင်တော့ လခက သိသိသာသာ တိုးသွားတတ်ပါတယ်။
ကျွန်တော်နဲ့ နီးစပ်သမျှ သူငယ်ချင်း အပေါင်းအသင်းတွေ အားလုံးကိုတော့ အတွေ့အကြုံ ပိုရမယ့် အလုပ် ပိုကောင်းမယ့်အလုပ်မျိုး တွေ့ရင် ခုန်သာခုန် လို့ပဲ အမြဲ တိုက်တွန်းလေ့ ရှိပါတယ်။ မလုပ်သင့်တာကို လုပ်တာမှ မှားတယ်လို့ ခေါ်တာ မဟုတ်ပါဘူး။ လုပ်သင့်တာကို လုပ်သင့်တဲ့ အချိန်မှာ မလုပ်မိရင်လည်း မှားတာပါပဲ လို့ပဲ ယူဆပါတယ်။