Search This Blog

Thursday, July 23, 2015

စိတ်တွန်းခြင်း

ဟင်းကောင်းလေးများ စားရရင် မိတ်ဆွေကောင်းကို သတိရ တတ်တယ် ဆိုပါတယ်။ ကျွန်တော်လည်း ကိုယ်ဖတ်ခဲ့တဲ့ အထဲက စာကောင်းပေကောင်းလေးများတွေ့ရင် ကိုယ်ကြားခဲ့တဲ့ အထဲက စွဲလောက်စရာ ကလေးများတွေ့ရင် ဘလော့ခ်ကို အစဉ်တစိုက် အားပေးလာခဲ့တဲ့ ပိတ်သတ်ကြီးကို သတိရပါတယ်။

မနေ့က ကျွန်တော်တို့ စီးပွားရေး တက္ကသိုလ် အမ်ဘီအေ တန်းမှာ ထုံးစံ အတိုင်း ဟောပြောပွဲကလေး တစ်ခု လုပ်ပါတယ်။ ကျွန်တော်တို့ ဆီမှာ လာလုပ်တဲ့ ဟောပြောပွဲ အတော်များများမှာ ယူတတ်ရင် တစ်ခုခုတော့ ရတတ်တာ ချည်းပါပဲ။ ဟောပြောပွဲက ၆ နာရီ စတာပေမယ့်လည်း မဟာရန်ကုန်မြို့ရဲ့ အလွန်သွားရ လာရ လွယ်ကူတဲ့ လမ်းမှာ မီးပွိုင့်မိလိုက် နည်းနည်း ရွေ့လိုက် ပြန်မိလိုက်နဲ့ သံသရာလည်နေတာနဲ့ တစ်ဝက်တစ်ပျက်ပဲ မှီလိုက်ပါတယ်။ ဒါပေမယ့် တစ်ပိုင်းတစ်စ မှီလိုက်သမျှက အနှစ်တွေ ချည်းပဲမို့ ပြန်ပြီး ဝေမျှချင်စိတ် ပေါက်ပါတယ်။ ဟောပြောတဲ့ အကြောင်းအရာက Motivation ပါ။

လူတစ်ယောက် အောင်မြင်ချင်ရင် ပထမဆုံး အရေးကြီးတာက အကောင်းမြင်တွေး တတ်ဖို့ပါပဲ။ အလုပ်တစ်ခုကို စလုပ်တဲ့ အချိန် မဖြစ်ပါဘူးကွာက စတွေးရင် ဘယ်လို ဖြစ်အောင် လုပ်နိုင်မှာလဲ။ မဖြစ်ပါဘူးကွာ ဆိုတဲ့ အချိန်မှာ မဖြစ်တဲ့ ပြသနာကို ဖြေရှင်းနိုင်ဖို့ လိုပါတယ်။  ဘဝ မှာ အနိမ့်အမြင့် ဆိုတာတွေလည်း အမြဲတမ်း ရှိပါတယ်။ တာတာ ကားကုမ္ပဏီ ပိုင်ရှင် ရာတန် တာတာကတော့ ဘဝမှာ ရှိတဲ့ အနိမ့်အမြင့်တွေဟာ ရှေ့ဆက်သွားဖို့ တွန်းအားပေးတဲ့ အရာတွေပါပဲ။ အီးစီဂျီစက်မှာတောင် မျဉ်းဖြောင့်ဆိုတာ သေပြီ ဆိုတာကို ပြနေတာလို့ ဆိုပါတယ်။ အခု အရမ်းကို အောင်မြင်နေတဲ့ တရုတ်နိုင်ငံက အလီဘာဘာ ဝက်ဘ်ဆိုက်ဒ် သူဌေး ဂျက်မား ဆိုရင် အလုပ်အင်တာဗျူးမှာ ၄၂ ကြိမ် တိတိ ငြင်းပယ်ချင်း ခံရဖူးပါသတဲ့။ အဲဒီလို အလုပ်ရှင် ၄၂ ယောက်ကတောင် မရွေးတဲ့သူ ကမ္ဘာကျော် ဘီလီယံနာ ဖြစ်နိုင်သေးရင် ကိုယ့်အဖြစ်ဟာ မဆိုးရွားသေးဘူး ဆိုတာ သဘောပေါက်ဖို့ ပါပဲ။

ဒုတိယ အချက်ကတော့ ကိုယ့်ဘေးနားက အဆိုးမြင် သမားတွေကို လျစ်လျူရှုဖို့ပါပဲ။ အဆိုးမြင်သမား ဆိုတာ နေရာတိုင်းမှာ ရှိပါတယ်။ အဲဒီ အဆိုးမြင်သမားတွေရဲ့ စကားတွေဟာ တော်ရုံတန်ရုံ စိတ်မခိုင်တဲ့သူကို ယိမ်းယိုင်သွားစေပါတယ်။ ဟောပြောတဲ့သူက ပုံပြင်ကလေး တစ်ပုဒ် ပြောပြပါတယ်။ တစ်ခါက ဖားတွေဟာ တာဝါတိုင်ကြီး တစ်တိုင်ကို တက်တဲ့ ပြိုင်ပွဲ လုပ်ကြပါတယ်။ အဲဒီ အခါမှာ ဘေးနားက တခြားဖားတွေက ဝိုင်းဟားကြပါတယ်။ ဒီလောက် မြင့်တဲ့ တာဝါတိုင်ကြီးကို မင်းတို့ ဘယ်လို တက်မှာလဲပေါ့။ အဲဒီအခါမှာ တစ်ချို့ဖားတွေက နောက်ဆုတ်သွားကြပါတယ်။ တစ်ချို့ဖားတွေက ဆက်တက်ဖို့ ကြံပါတယ်။ နောက်ဆုံးမှာတော့ ဖားတွေ အားလုံး နောက်ဆုတ်သွားပြီး ဖားတစ်ကောင်ပဲ ကျန်ခဲ့ပါတယ်။ အဲဒီ ဖားကတော့ ဘယ်သူပြောတဲ့ စကားမှ ဂရု မစိုက်ဘဲ စွတ်ရွတ်တက်တာ တိုင်ထိပ်ကို ရောက်သွားပါတယ်။ အဲဒီအခါမှာ မိုက်ခွက်ကြီး ကိုင်ပြီး ပဲများတဲ့ ဖားမ ကလေး တစ်ကောင်က အင်တာလာဗျူး ပါတယ်။
"ကိုကိုဖားရှင့်။ ဒီလောက်တောင် အများက မဖြစ်နိုင်ဘူး ဝိုင်းပြောနေတဲ့ ကြားက ဘယ်လို တွန်းအားတွေကြောင့် ထိပ်ဆုံး ရောက်အောင် တက်သွားတာလဲ။"
အဲဒီအခါ ဖားက လုံးမျက်ကယ် တောင်ကြောင်ကြောင်နဲ့ ပြန်ကြည့်ပါတယ်။ ဖားမလေးက နောက်တစ်ခေါက် ထပ်မေးပါတယ်။ အဲဒီအခါမှာ ဖားက "ငါ နားမကြားဘူး။" လို့ ပြန်ပြောပါသတဲ့။ အဲဒီလိုပဲ ကိုယ့်နားက အဆိုးမြင်တဲ့သူတွေရဲ့ စကားကို နားမကြားသလို ကျင့်ကြံနေနိုင်ရင် ဘဝမှာ အောင်မြင်ဖို့ ပိုများပါတယ်။

တတိယ အချက်ကတော့ အလုပ် ကြိုးစားဖို့ပါပဲ။ ရပ်နေရင် ဘယ်မှ မရောက်ပါဘူး။ သွားနေဖို့ လိုပါတယ်။ ဒါပေမယ့် ကိုယ်သွားတဲ့ လမ်းက လမ်းကြောင်းမှန်ဖို့တော့ လိုပါတယ်။ လမ်းကြောင်း မသိရင်တော့ စမ်းတဝါးဝါး သွားရင်း လမ်းကြောင်းရှာရမှာပါပဲ။ အဲဒီလို သွားနေရင်း အခွင့်အလမ်းတွေ ဆိုတာ မကြာခဏ တွေ့ရမှာပါ။ ဒါပေမယ့် အခွင့်အလမ်း ရောက်လာတဲ့ အချိန် အမိအရ အသုံးချနိုင်ဖို့ ကိုယ့်ဘက်က ပြင်ဆင်မှုတော့ ရှိထားဖို့ လိုပါလိမ့်မယ်။ ဘာမှ မလုပ်ဘဲ ငုတ်တုတ်ထိုင်နေရင် အခွင့်အလမ်း ကိုယ့်ရှေ့ရောက်လာလည်း ယူဖို့ ကိုယ့်မှာ အဆင်သင့် ဖြစ်မှာ မဟုတ်ပါဘူး။

ကျွန်တော် မကြိုက်ဆုံး စကားထဲမှာ Try my best ဆိုတဲ့ စကားပါပါတယ်။ ကျွန်တော့် အမြင်အရတော့ အကောင်းဆုံးတော့ ကြိုးစားကြည့်မယ်ဆိုတာ နည်းနည်း လိုနေသေးတယ်လို့ ထင်ပါတယ်။ အက်ဒီဆင်က မီးလုံးကို အကြိမ်တစ်ထောင် စမ်းသပ်ပေမယ့် မအောင်မြင်ဘူးလို့ ကြားဖူးပါတယ်။ သူ့အနေနဲ့ အကြိမ်တစ်ထောင်မှာ လက်လျှော့လိုက်ပြီး I try my best လို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် အောင်မြင်ချင်တဲ့သူကတော့ ၁၀၀ ရာခိုင်နှုန်းထက် ကျော်လွန်ပြီး ကြိုးစားဖို့ လိုပါတယ်။ မအောင်မြင်ရင် ထပ်ကြိုးစား မအောင်မြင်ရင် ထပ်ကြိုးစား ဒီလိုနဲ့ပဲ အောင်မြင်ဖို့ လမ်းစပေါ် ရောက်လာမှာပါ။

အောင်မြင်ဖို့ အတွက် နောက်ထပ် လိုအပ်တဲ့ အချက်ကတော့ ကိုယ်လုပ်နေတဲ့ အလုပ်အပေါ်မှာ ချစ်မြတ်နိုးဖို့ပါ။ တနင်္လာနေ့ မနက် အလုပ်သွားဖို့ ကိုယ့်မှာ တွန်းအား မရှိဘူး ဆိုတာ တစ်ခုခု မှားနေလို့ပါ။ အလုပ်ကို တကယ် ချစ်တဲ့သူအတွက် အလုပ်လုပ် နေတဲ့ အချိန်ဟာ သူ့အတွက် စိတ်ကျေနပ်မှု အရဆုံး အချိန်ပါပဲ။ ဘဝ ဆိုတာ တိုတောင်းလွန်းပါတယ်။ တစ်ဘဝတည်း ရှိတာ နေထိုင်ဖို့ပါ။ အဲဒီတော့ ဘဝကို ကျေနပ်အောင် နေတတ်အောင် နေဖို့ပဲ လိုအပ်ပါတယ်။ ကျန်တာတွေက နောက်က လိုက်လာပါလိမ့်မယ်။

 အဲဒီတော့ အရေးကြီးတာက ကိုယ့်ဘာသာကိုယ် ပျော်သလား မပျော်ဘူးလား ဆန်းစစ်ကြည့်ဖို့ပါ။ အခု ပျော်နေသလား။ ပျော်နေတယ် ဆိုရင်တော့ ဘာမှ လုပ်စရာ မလိုပါဘူး။ ဒီအတိုင်း ဆက်နေသွားဖို့ပါဘဲ။ မပျော်ဘူး ဆိုရင်တော့ မပျော်တာကို လက်ခံနိုင်သလား လက်မခံ နိုင်သလား ဆက်မေးဖို့ လိုပါတယ်. မပျော်တာကို လက်ခံ နိုင်တယ် ဆိုရင် တော့ ဘာမှ ဆက်လုပ်ဖို့ မလိုပါဘူး။ ဒီအတိုင်း ဆက်နေရုံပါပဲ။ မပျော်တာကို လက်မခံနိုင်ဘူး ဆိုရင်တော့ လိုအပ်တာ တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ ပြောင်းလဲပစ်ဖို့ပါ။

နောက်တစ်ခုကတော့ ကိုယ့်ရဲ့ ပန်းတိုင်ကို ရှင်းရှင်းလင်းလင်း သိထားဖို့ပါပဲ။ ကိုယ်သွားနေတာ ဘယ်လမ်းကြောင်းလဲ။ ကိုယ်လုပ်နေတဲ့ အလုပ်တွေဟာ ကိုယ့်ရည်မှန်းချက် ပန်းတိုင်ကို ရောက်ဖို့ အထောက်အကူ တကယ် ဖြစ်မဖြစ် ဆိုတာကို သိဖို့ လိုပါတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်က ကိုယ့်ရည်မှန်းချက် ပန်းတိုင်ကို ဦးတည် မနေဘူး ဆိုရင် ဘာဖြစ်လို့ ဆက်လုပ်နေမှာလဲ။ ဒါပေမယ့် ကိုယ့်ရည်မှန်းချက် ပန်းတိုင်ကို ရှင်းရှင်းလင်းလင်း မသိရင် အဲဒီလို သုံးသပ်နိုင်မှာ မဟုတ်ပါဘူး။ ကိုယ့်ဘာသာကို သန်းကြွယ်သူဌေး ဖြစ်ချင်တာလား၊ အေးအေးလူလူ နေချင်တာလား၊ ရုပ်ရှင်မင်းသား ဖြစ်ချင်တာလား။ သမ္မတ ဖြစ်ချင်တာလား။ ရှင်းရှင်းလင်းလင်း သိဖို့ လိုအပ်ပါတယ်။

မနေ့က နားထောင်မိသမျှ ထဲက ပြန်မှတ်မိသလောက် ဝေမျှခြင်းပါ။ ကျွန်တော့် ရဲ့ ကိုယ်ပိုင် အတွေး အခေါ် အချို့လည်း ရောသမမွှေထားပါတယ်။ ဟောပြောတဲ့သူကတော့ မစ္စတာ Anil Panicker ဖြစ်ပါတယ်။

Monday, May 18, 2015

သစ်ဇ်အစ်ဇ် မြန်မာ

ဘာလိုလိုနဲ့ မြန်မာပြည် ပြန်ရောက်တာ နှစ်နှစ်ကျော်လို့ သုံးနှစ်ထဲ ဝင်ခဲ့ပါပြီ။ နိုင်ငံခြား အနေကြာတဲ့သူတွေ မြန်မာပြည် ပြန်ရောက်ရင် နေရတာ ကသိကအောက် ဖြစ်တယ်လို့ ပြောကြပေမယ့် တကယ်တမ်းမှာတော့ တစ်နှစ်လောက် ကြာရင် မြန်မာပြည်နဲ့ ပြန်ပြီး အသားကျသွားတာပါပဲ။ ဒီနေရာ ဘာလို့ နိုင်ငံခြားလို မဖြစ်သလဲဆိုပြီး နေရာတကာမှာ အင်တာနေရှင်နယ် ဆိုတဲ့ ပေတံကြီး ထုတ်တိုင်းနေရင်တော့ ပေမမှီ ဒေါက်မမှီ ပြစရာ အများကြီးပေါ့။ တခြား တဖက်မှာလည်း ဒီနေရာ ဒီလို စိတ်ဓာတ်မျိုးလေးတွေတော့ နိုင်ငံခြားမှာ တွေ့ရခဲတယ်လို့ ရှာကြံ ချီးကျူးရင်လည်း ချီးကျူးစရာလေးတွေ ပေါ်လာတတ်ပါတယ်။

စိတ်အပျက်ဆုံး ကိစ္စ ပြောပြရရင်တော့ တန်းမစီတတ် ကြားဖြတ်တိုးတတ်တဲ့ ကိစ္စပါပဲ။ တခြားသူတွေ တန်းစီနေရာ မြင်ရက်နဲ့ ကိုယ်က ကြားဖြတ်ဝင်တာ အတော်ကို ဆိုးရွားတဲ့ အပြုအမူမျိုးပါပဲ။ စူပါမားကက်မှာ လူတွေ တန်းစီနေတာ မြင်ရက်နဲ့ တစ်ခုလေးပါ နှစ်ခုလေးပါနဲ့ ကြားဖြတ်ဝင်တဲ့သူမျိုးတွေ့ရင် အတော် စိတ်ကုန်မိပါတယ်။ တစ်ခါက စူပါမားကက်မှာ ကောင်တာရှေ့ ခြင်းတောင်းချတဲ့ အချိန် ဘွားတော် တစ်ယောက် ကိုယ့်ရှေ့က ပစ္စည်းဖြတ်တင်တော့ သူများတွေ တန်းစီနေတယ်လေ။ မမြင်ဘူးလား ဆိုပြီး ပြောလိုက် ပါတယ်။ အဲဒီတော့ သူ့ပစ္စည်း နည်းနည်းလေးနဲ့ တန်းစီ ရမှာလား ဆိုတဲ့ ပုံစံမျိုးပြောပြီး ကိုယ့်ကို မသိတတ်ရန်ကော ဆိုတဲ့ အကြည့်မျိုး ကြည့်လိုက် ပါသေးတယ်။ ကျွန်တော်က ဘာမှ ရှည်ရှည်ဝေးဝေး ဆက်ပြော မနေပါဘူး။ ကောင်တာမှာ ချထားတဲ့ သူ့ပစ္စည်းကို ဘေးဆွဲဖယ်ပစ် လိုက်ပါတယ်။ အဲဒီတော့ ဘုကြည့်ကြည့်ပြီး ကောင်တာကနေ ထွက်သွား ပါတော့တယ်။ အသေးအမွှားကိစ္စ ကိုယ့်အတွက် ဘာမှ မဖြစ်ဘူး ဆိုပေမယ့် ဒီလို အပြုအမူမျိုးဟာ လက်ခံနိုင်စရာ မရှိဘူး ဆိုတာ သိအောင် ပြရမယ်လို့ ကိုယ့်စိတ်ထဲမှာ ခံယူထားလို့ အဲဒီလို လုပ်လိုက်တာပါ။ မော်တော်ကား တန်းစီနေရင်လည်း ဘေးယာဉ်ကြောက ဖြတ်ဝင်လာရင် ခေါင်းထိုးထည့် ပစ်လိုက်တာပါပဲ။ တိုက်ခါမှ တိုက်ရော။ တခြားသူတွေ တန်းစီနေတာ မင်းတို့ ငါ့လောက် မလည်လို့ ဆိုတဲ့ ပုံစံမျိုးနဲ့ ကြားဖြတ်ဝင်တာ တန်းစီနေတဲ့သူတွေကို စော်ကားရာ ရောက်တယ် ဆိုတဲ့ အသိစိတ်ကလေးမျိုးမှ သူတို့မှာ မရှိတာ အံ့ဩစရာပါပဲ။

ကားကိစ္စနဲ့ ပတ်သက်ရင် ချစ်စရာ ကောင်းတဲ့ စိတ်ဓာတ်လေးတွေလည်း ရှိပါ သေးတယ်။ တစ်ခါက ဦးဝိစာရလမ်းမှာ ကားဘီးပေါက်တော့ ညဘက်ကြီး တစ်ယောက်တည်း ဘာလုပ်လို့ လုပ်ရမှန်း မသိ ဖြစ်နေ ပါတယ်။ တခြားသူတွေ ကားဘီးလဲတာ မြင်ဘူးပေမယ့် ကိုယ်တိုင် တစ်ခါမှ မလဲဘူးတော့ ဘယ်ကစ ဘာကိုင်ရမှန်း မသိ ဖြစ်တာမျိုးပေါ့။ အဲဒီ အချိန် လမ်းဘေးက ကောင်လေး တစ်ယောက်က အစ်ကို ကျွန်တော်ကူလုပ်ပေးမယ် ဆိုပြီး ကားဘီးကို ဝင်လဲပေးသွား ပါတယ်။ အစကတော့ ဒီကောင်လေး မုန့်ဖိုးရချင်လို့ ကိုယ့်ကို ကူတယ်ပဲ ထင်မိတာပါ။ ဒါပေမယ့် ကားဘီးလဲပြီးလို့ သူ့ကို မုန့်ဖိုးပေးတော့ အကျောက်အကန် ငြင်းပါတယ်။ အဲဒီတော့ ဘယ်လိုမှ သဘောမထား ပါနဲ့ကွာ။ မင်းကို ဘီယာ လိုက်မတိုက် နိုင်လို့ ကိုယ့်ဘာသာကိုယ်ပဲ ဝယ်သောက်လိုက်ပါ ဆိုပြီးတော့ အတင်းပေးရတယ်။ ကားအက်ဆီးဒင့် ဖြစ်တာလည်း နှစ်ခါလောက် ကြုံဖူးပါတယ်။ ကိုယ်တိုင်တော့ မဟုတ်ပါဘူး။ တစ်ခြားသူ ကားအက်ဆီးဒင့် ဖြစ်တာကို ကိုယ်က ဘေးက မနေနိုင် မထိုင်နိုင် သွားစပ်စု မိတာ။ အဲဒီလို အခါမျိုးဆို ကိုယ့်ထမင်းကိုယ်စား ကြီးတော် နွားကျောင်းပေးမယ့်သူတွေ အများကြီးပါပဲ။ ပထမတစ်ခေါက်က ဟယ်ရီယာ တစ်စင်း။ ယာဉ်ကြော ပြောင်းပြန် မောင်းလာတဲ့ ကားကို ရှောင်ရင်း လမ်းလည်တုံး ပေါ်တက် တစ်ခြမ်းစောင်း မှောက်သွား ပါတယ်။ လမ်းဘေးက လူတွေက ကားကို ဝိုင်းမပြီး တည့်ဖို့ ကြိုးစားပေးကြ ပါတယ်။ အနီးအနားက လူတွေရော ကိုယ့်လို ကားရပ်ပြီး စပ်စုတဲ့ သူတွေရော ပါတာပေါ့။ နောက်တစ်ခေါက်ကလည်း လိုက်ထရပ် တစ်စင်း တစ်ခြားကားနဲ့ တိုက်တာ မောင်းလာတဲ့ ကားကလူတွေက ကားရပ်ပြီး ဒရိုင်ဘာကို ကားထဲက ဆွဲထုတ်ပေးတယ်။ နောက်ပြီး သက်သေခံ လိုက်ဖို့ လိုရင် အချိန်မရွေး ခေါ်ပါဆိုပြီး ဖုန်းနံပါတ် ပေးသွား သေးတယ်။ လမ်းဘေးကလူတွေလည်း ခင်ဗျား မမှားဘူး။ ကျွန်တော်တို့ အားလုံး ခင်ဗျားဘက်က ရှိတယ် ဆိုပြီး ဝိုင်းအားပေးကြ သေးတယ်။ ဒါမျိုးအပြုအမူမျိုးကို ကိုယ့်ဘာသာကိုယ် တသီးတသန့် နေတတ်တဲ့ ယဉ်ကျေးမှု ရှိတဲ့ တိုင်းပြည်မျိုးမှာ ဘယ်လို သွားရှာ တွေ့လိမ့်မလဲလို့ စဉ်းစားမိ ပါတယ်။။

ဝန်ဆောင်မှုနဲ့ ပတ်သက်ရင်တော့ အတော်များများက အပြစ်မြင်ကြပါတယ်။ ကျွန်တော်ကတော့ သူ့အရပ်နဲ့ သူ့ဇာတ်ဆိုပြီး နားလည်ပေးဖို့ ကြိုးစားပါတယ်။ ဒီလို အခြေအနေမျိုး ဖြစ်လာအောင် သူတို့ ဘယ်လောက် ဆိုးရွားတဲ့ ကပ်စတန်မာတွေ အမြဲတစေ ကြုံတွေ့နေရသလဲ ဆိုတာ ကိုယ်မှ မသိနိုင်တာ။ ဒါပေမယ့် တခါတလေတော့ မျှော်လင့် မထားတဲ့ ဝန်ဆောင်မှုမျိုး ကြုံရ ပြန်ပါတယ်။ တစ်ရက် နာမည်ကြီး ထမင်းဆိုင် တစ်ဆိုင်မှာ ထမင်းစားနေတုန်း ဆိုင်ထဲက အဒေါ်ကြီး တစ်ယောက် ကျွန်တော်တို့ စားပွဲဘေး ရောက်လာတယ်။ ထမင်းဝိုင်းကို ကြည့်ပြီး ဘာမပြော ညာမပြော ကုန်ခါနီး ကျွန်တော့် ဟင်းခွက်ကို သိမ်းသွားတယ်။ ကျွန်တော်လည်း ဘာလုပ်ရမှန်း မသိ ကြောင်သွားတယ်။ ခဏနေတော့ ဟင်းခွက်ထဲ ဟင်းအပြည့် ပြန်ထည့်လာပြီး ကျွန်တော့် စားပွဲမှာ ပြန်လာချ ပေးတယ်။ အော်ဒီလိုကိုး ဆိုပြီး အဲဒီတော့မှ သဘောပေါက်သွား ပါတော့တယ်။

တခြားသူတွေတော့ စတိုးဆိုင် ပစ္စည်းဝယ်ရင် ပြချင်သလို မပြချင်သလို အရောင်းစာရေးတွေ ကြုံရတယ်လို့ ပြောကြ ပါတယ်။ ကျွန်တော်တော့ မကြုံဖူးပါဘူး။ ဥပဓိချင်းလည်း ကွာလို့ နေမှာပေါ့လေ။ အလဲ့။ ဒါပေမယ့် ဟိုတစ်နေ့က ကွန်ပျူတာကို မမ်မိုရီ သွားထပ်တိုးတော့ ဆိုင်ကကောင်လေးက အစ်ကို ကျွန်တော်တို့ ဆိုင်က တစ်ဆင့်ယူရောင်းတာ။ ဖွင့်မရဘူး။ အစ်ကို လုပ်ချင်ရင် ပင်ရင်းမှာ သွားလုပ်ပါ။ ကျွန်တော်တို့ ဆီမှာ လုပ်ရင် အာမခံ ပေးထားတာ ပျက်လိမ့်မယ် ပြောပါတယ်။ ညွှတ်ခြွာဖျား။ ဘယ့်နှာကြီးပါလိမ့်။ ကွန်ပျူတာ မမ်မိုရီ ထပ်ထည့်လို့ ဝရန်တီ ပျက်တယ်ဆိုတာ ဒီတစ်သက် ပထမဆုံး ကြားဖူးတာပါပဲ။ အဲဒါနဲ့ ကောင်လေး။ မမ်မိုရီ စိုက်တာမှ အာမခံ ပျက်ချင်ရင်လည်း ပျက်ပေ့စေ။ လို့ ပြောလိုက်တယ်။ အဲဒီလောက်မှ ခေါင်းမရှိတဲ့ ကောင်တွေနဲ့ ဆက်ပြီး အလုပ်လုပ်စရာ အကြောင်းမရှိဘူးလို့ စိတ်ထဲမှာ တွေးမိတာလည်း ပါပါတယ်။ အဲဒီတော့လည်း ကောင်လေးက ကွန်ပျူတာက ဝရန်တီ တံဆိပ် မပျက်အောင် ကြိုးစားပမ်းစား ခွာပြီး လုပ်ပေးရှာပါတယ်။

နေးတစ် စပီကာ အသံနဲ့ ပြောရရင်တော့ သူ့အရပ်ဒ်နဲ့ သူ့ဇာတ်ဒ် ပါပဲ။ တကယ်တော့လည်း လောကကြီးကို နေရာတကာ ကောင်းတာလေးတွေ ရှာကြံမြင်တတ်ရင် စိတ်ချမ်းသာစရာလေးတွေတော့ တွေ့မိမှာ အမှန်ပါပဲ။