Search This Blog

Saturday, July 11, 2009

ဗဲရီးချင်းမ်

အင်ဂျင်နီယာနဲ့ သင်္ချာဟာ နှစ်ချောင်းပေါင်းမှ တစ်ချောင်း ဖြစ်တဲ့ အီကြာကွေးလိုပဲ ခွဲမရအောင် တွဲနေတယ် လို့ အရင်တုန်းက ထင်ထားခဲ့ပါတယ်။ ကျောင်းတက်တုန်းက ရိတ်လိုက် ရှိတ်လိုက်နဲ့ Calculus တွေတွက်၊ Statistics တွေတွက် တစ်ချိန်လုံး လုပ်ခဲ့ရတာမို့ မသိရင်တော့ လုပ်ငန်းခွင်ထဲရောက်ရင် တစ်ချိန်လုံး ဒါတွေပဲ တွက်နေရမလို ပါပဲ။ ကျောင်းပြီးတဲ့ အချိန်မှာတော့ သုတေသန လုပ်တဲ့ လုပ်ငန်းခွင် (Research) ထဲ မရောက်ဘဲ အသုံးချ လုပ်ငန်းခွင် (Application) ထဲ ရောက်သွားတော့ အပေါင်းအနှုတ် အမြှောက်အစားကလွဲပြီး ကျန်တာက သိပ်ပြီး တွက်ချက်စရာ မလိုအပ်သလောက်ပါပဲ။ ကျန်တဲ့သူများလည်း ကိုယ့်လိုပဲ ယောင်ရွှီးလုပ်နေတဲ့သူ များပါတယ်။

ကျွန်တော် ကုမ္ပဏီတစ်ခု ကို အလုပ်ဝင်တော့ အဲဒီမှာ လက်ရှိ ရှိနေတဲ့ စက်တစ်လုံးကို အင်ဂျင်နီယာ တစ်ယောက် ဆီကနေ လက်လွှဲပြီး ယူရပါတယ်။ အဲဒီ စက်မှာ လက်ရှိ ရှိနေတဲ့ ဆော့ဖ်ဝဲလ်ကို ပြင်ရေးဖို့ပါ။ ဒါပေမယ့် အဲဒီ ဆော့ဖ်ဝဲလ်က တကယ့် အမှိုက်ပုံ အတိုင်း ရှုပ်ပွ နေတာပါပဲ။ ဘာဒီဇိုင်းမှ မယ်မယ်ရရမရှိဘဲ ရေးချင်တဲ့ နေရာမှာ ရေးချင်သလို ရေးထားပါတယ်။

ကျွန်တော် ပုံမှန် လုပ်နေကျ စက်တွေရဲ့ ရွေ့လျားတဲ့ ပုံစံက အလျားလိုက် ဒေါင်လိုက် ဒါမှမဟုတ် အပေါ်အောက် စတဲ့ မျဉ်းဖြောင့်တွေ အတိုင်း သွားပေမယ့် အဲဒီ စက်မှာတော့ စက်ဝိုင်းပုံ သွားတဲ့ ဝင်ရိုးတစ်ခု ပါနေပါတယ်။ မျဉ်းဖြောင့်အတိုင်း သွားရင် အပေါင်းအနှုတ် အမြှောက်အစားနဲ့ ဇာတ်လမ်း ပြတ်ပေမယ့် စက်ဝိုင်းပုံဆိုတော့ အဲဒီလောက်နဲ့ မပြီးပါဘူး။ အဲဒီ စက်ဝိုင်းပုံ အတိုင်း သွားတဲ့ ဝင်ရိုးကို ကြည့်နေရင်း ရွေ့တဲ့နေရာကို ဘယ်လို တွက်သလဲ ဆိုတာ ရုတ်တရက် ခေါင်းထဲက စဉ်းစားလို့ မရပါဘူး။ အဲဒါနဲ့ ဘေးမှာ ရှိနေတဲ့ မန်နေဂျာကို ဘယ်လို တွက်ထားသလဲလို့ မေးကြည့်ပါတယ်။ မန်နေဂျာက “ဆောရီးပဲ။ ငါလည်း မသိဘူး။ အဲဒါ အရင် ပရိုဂရမ်မာ ရေးသွားတာ။ ဗဲရီးချင်းမ် (Very Chim) ပဲ။” လို့ ပြောပါတယ်။

ဗဲရီးချင်းမ် ဆိုတာက စင်းဂလိပ်ပါ။ အရမ်းကို ရှုပ်တယ်။ ခက်ခဲ နက်နဲတယ် ဆိုတဲ့ သဘောမျိုး အဓိပ္ပါယ် ရပါတယ်။ ဗဲရီးချင်းမ် ပေမယ့်လည်း မတတ်နိုင်ပါဘူး။ ပရိုဂရမ်ကို ပြင်ရေးရမှာ ဆိုတော့ အဲဒီ ပရိုဂရမ်ထဲမှာ အရင် ပရိုဂရမ်မာ ဘယ်လို တွက်ခဲ့သလဲ လိုက်ရှာရပါတယ်။ သူပြောတဲ့ ဗဲရီးချင်းမ် ဆိုတဲ့ ဖော်မြူလာကို တွေ့တော့ ကျွန်တော် ရယ်ချင်သွားပါတယ်။ “မနီ မနီ ထထ ၊ ထထ နီမ နီမ” ဆိုပြီး ကျွန်တော်တို့ ငယ်ငယ်က လင်္ကာရွတ်ပြီး တွက်ခဲ့ရတဲ့ တြီဂိုနိုမေတြီ (Trigonometry) ပါ။ တြီဂို ဆိုတော့လည်း အပေါင်းအနှုတ် အမြှောက်အစား တင်မကပဲ cos တို့ sin တို့ ဖော်မြူလာထဲမှာ ပါနေပါတယ်။ cos တွေ sin တွေ ပါတာနဲ့ ကျွန်တော့် မန်နေဂျာက သေသေချာချာ မကြည့်ပဲ ဗဲရီးချင်းမ် ဆိုပြီး ခပ်တည်တည်နဲ့ ရမ်းတုတ် ထည့် လိုက်တာပါ။ ကျွန်တော်လည်း ရယ်ချင်ပေမယ့် “အော်။ ဗဲရီးချင်းမ် ဆိုတာ ဒါလား။” လို့ပဲ စိတ်ထဲမှာ ဖြစ်မိပါတယ်။

ဒါပေမယ့် အဲဒီ စက်ဝိုင်းပုံ ဝင်ရိုးရဲ့ ဇာတ်လမ်းက ဒီလောက်နဲ့ မပြတ်သေးပါဘူး။ နောက် ၂ နှစ်လောက်နေတော့ အဲဒီစက်ကို မော်ဒယ်လ် အသစ်ထုတ်ပါတယ်။ အရင် ပရိုဂရမ်က အမှိုက်ထုပ်လို ဖြစ်နေတော့ ကျွန်တော်တို့ အဲဒီ ဆော့ဖ်ဝဲလ်ကို အစအဆုံး ဒီဇိုင်းထုတ်ပြီး ပြန်ရေးကြပါတယ်။ ဆော့ဖ်ဝဲလ်က ပြီးပေမယ့် အဲဒီ စက်က ဒုက္ခပေါင်း သောင်းခြောက်ထောင် ပေးနေပါတယ်။ စက်ကို စက်ရုံမပို့ခင် ဆော့ဖ်ဝဲလ်ရဲ့ တစ်ချို့ အပိုင်းတွေကို စမ်းဖို့ အချိန်မရလိုက်ပါဘူး။ မစမ်းလိုက်ရတဲ့ အပိုင်းထဲမှာ စက်ဝိုင်းပုံလည်တဲ့ ဝင်ရိုးလည်း ပါပါတယ်။ အဲဒီ အပိုင်းကို တာဝန်ယူပြီး ရေးတဲ့ ပရိုဂရမ်မာက “ငါရေးတော့ ရေးလိုက်တယ်။ မစမ်းရသေးဘူး။ မင်းဘာသာမင်း ကြည့်လုပ်လိုက်တော့။” ဆိုပြီး ပြောလိုက်ပါတယ်။ ကျွန်တော်ကတော့ သူအဲဒီလို ပြောလိုက်ကတည်းက သဘောပေါက် ပြီးသားပါ။ မစမ်းရသေးဘူး ဆိုကတည်းက အလုပ်မလုပ်ဘူး ဆိုတာ ၉၅ ရာခိုင်နှုန်း သေချာပါတယ်။

အဲဒီစက်ကို ကျွန်တော်တို့ ဂျာမနီကို ပို့ပါတယ်။ စက်ရုံထဲရောက်တော့ စက်ကို စက်ရုံကို လွှဲမပေးခင် အဲဒီ စက်ဝိုင်းပုံ ဝင်ရိုးကို ကျွန်တော် စမ်းကြည့်ပါတယ်။ ထင်တဲ့ အတိုင်းပါပဲ။ နေရာတွေ လွဲနေပါတယ်။ အဲဒါနဲ့ စာရွက်တစ်ရွက်နဲ့ ဘောပင်တစ်ချောင်းယူပြီး ပုံဆွဲကြည့် ပါတယ်။ တြီဂို ဖော်မြူလာတွေ ချရေး ပြီး ပရိုဂရမ် နဲ့ တိုက်ကြည့်တော့လည်း ပရိုဂရမ်က မမှားပါဘူး။ ပရိုဂရမ်ထဲမှာ ရေးထားသမျှ ဖော်မြူလာတွေက အကုန် မှန်နေပါတယ်။ အဲဒါနဲ့ အိတ်ထဲက ကယ်ကူလေတာထုတ် ဂဏန်းရိုက်ထည့်ပြီး ထွက်လာတဲ့ အဖြေနဲ့ ကွန်ပြူတာက တွက်ပေးတဲ့ အဖြေကို တိုက်စစ်ကြည့်တော့ လွဲနေပါတယ်။ ကျွန်တော်လည်း အတော်ကို ခေါင်းစားသွားပါတယ်။ ကယ်ကူလေတာက ရိုက်ထည့်တဲ့ ဖော်မြူလာနဲ့ ပရိုဂရမ်ထဲမှာ ရေးထားတဲ့ ဖော်မြူလာက ချွပ်စွပ်တူနေပါရက်နဲ့ ဘာလို့ လွဲနေရတာလဲ ဆိုတာကို စဉ်းစားလို့ မရပါဘူး။ ဂဏန်းကို တစ်လုံးချင်း တွက်ကြည့်တော့မှပဲ cos တွေ sin တွေကို C# ပရိုဂရမ်က လက်ခံတဲ့ ဂဏန်းဟာ ဒီဂရီ (Degree) နဲ့ မဟုတ်ပဲ ရေဒီယံ (Radian) နဲ့ ဖြစ်နေတယ် ဆိုတာကို သွားပြီး သတိ ထားမိ ပါတော့တယ်။ ဒီဂရီတွေ အားလုံးကို ရေဒီယံ ပြောင်းပေးလိုက်တော့ နေရာတွေ အားလုံး မှန်သွားပါတော့တယ်။

အဲဒီ ခရီးမှာ ကျွန်တော်နဲ့ အတူတူ ဥရောပရုံးက အင်ဂျင်နီယာ တစ်ယောက်ပါပါတယ်။ အဲဒီ အင်ဂျင်နီယာက အလွန် အမေးအမြန်း ထူပါတယ်။ သူက ကျွန်တော် တစ်ခုခု ပြင်ရင် ဘာပြင်သလဲ ဆိုတာကို အသေးစိတ် သိချင်ပါတယ်။ ကျွန်တော်ကလည်း ရှင်းပြရတာ သိပ်ဝါသနာ ပါတော့ ဘုန်းကြီးရူးနဲ့ လှေလူး သွားတွေ့ကြ ပါတယ်။ ကျွန်တော်က သူ့ကို ပုံဆွဲပြပြီး ဒီ ဝင်ရိုးက ဒီလောက် လည်ရင် သူ့ရဲ့ လည်တဲ့ ဒီဂရီပေါ်မူတည်ပြီး အလျားလိုက် ဒေါင်လိုက် တည်နေရာကို ဘယ်လောက် လိုက်ပြောင်း ပေးရတယ် ဆိုတာ ကို ရှင်းပြပါတယ်။ ကျွန်တော် ထင်တဲ့ အတိုင်းပါပဲ။ သူက ကျွန်တော့်ကို အဲဒီ ဖော်မြူလာ ဘယ်က ရောက်လာသလဲ မေးပါတယ်။ ကျွန်တော်က “ဒါ အထက်တန်းမှာ သင်ရတဲ့ တြီဂိုနိုမေတြီလေ။ မှတ်မိလား။” မေးတော့ “ဆောရီးပဲ။ အထက်တန်း စာတော့ ငါမေ့သွားပြီ။” လို့ ပြောပါတယ်။ သူလည်း ကျွန်တော့် ရုံးက မန်နေဂျာနဲ့ ထူးမခြားနား ပါပဲ။ အဲဒါနဲ့ ကျွန်တော်လည်း သူ့ကို “ထားလိုက်တော့။ တြီဂို မှာ ဖော်မြူလာက ဒီလို ရှိတယ်။ အဲဒီမှာ ငါတို့မှာ ရှိတဲ့ ဂဏန်းက ဒီဂရီနဲ့။ ပရိုဂရမ်က ရေဒီယံ ပဲ လက်ခံတယ်။ အဲဒီတော့ ဒီဂရီကို ရေဒီယံ ပြောင်းပေးလိုက်တော့ အားလုံး အဆင်ပြေ သွားပြီ။” လို့ ဆက်ပြီး ရှင်းပြလိုက်ပါတယ်။ အဲဒီမှာ သူက နောက်တစ်ခွန်း ထပ်မေး ပါတယ်။ “ ဒီဂရီကို ရေဒီယံ ဘယ်လို ပြောင်းသလဲ ဆိုတာပါ။” ဒါလည်း သိပ်တော့ မဆန်းပါဘူး။ ကယ်ကူလေတာ သုံးနေကျ သူတွေ ဖော်မြူလာ မေ့နေတတ် ပါတယ်။ ဒါနဲ့ ကျွန်တော်က “ဒီဂရီကို ပိုင်(pi) နဲ့ မြှောက် ၁၈၀ နဲ့ စားရင် ရေဒီယံ ရတယ်လေ။” ဆိုပြီး ဖော်မြူလာ ပြောပြလိုက်ပါတယ်။ အဲဒီမှာ သူထပ်မေးတဲ့ မေးခွန်း တစ်ခုကြောင့် ကျွန်တော် အတော်လေး ရယ်ချင် သွားပါတယ်။ သူက ဆက်မေးတာက “ဒီဂရီကို ရေဒီယံပြောင်းတာ အဲဒီလို ပြောင်းရတယ်လို့ မင်းဘယ်လို သိသလဲ။ ” ဆိုတာပါ။ ကျွန်တော်လည်း ဘာဖြေရမှန်း မသိလို့ စိတ်ပေါက်ပေါက်နဲ့ “အဲဒါတော့ ငါလည်း မသိဘူး။ စာအုပ်ထဲ အဲဒီအတိုင်း ရေးထားတာပဲ။” လို့ ပြန်ပြောလိုက်ပါတယ်။

အပေါင်းအနှုတ် အမြှောက်အစား နဲ့ မပြီးဘဲ Cos တွေ Sin တွေ ထည့်တွက်မိတဲ့ အတွက် ကျွန်တော်မျိုးကြီး သေသင့်ပါတယ် လို့ တရုတ်ကားထဲကလို ပြောရမလို ပါပဲ။ နောက်ဆုံးတော့လည်း နေရာတကာ ရှင်းပြချင်မိတဲ့ ကိုယ့်ကိုယ်ပဲ သနားမိ ပါတော့တယ်။

35 comments:

ကိုလူထွေး said...

ရေးပြန်ပြီး ခပ်မြင့်မြင့်တွေ...
မနဲကြီးလိုက်တက်တာ.. လမ်းမှာတင် ချော်ချော်ကျလို့...
ထိပ်မရောက်ခင်ပဲ လှည့်ပြန်သွားတယ်...

khin oo may said...

လူတိုင်းကိုအင်ဂျင်နီယာထင်နေသလား

khin oo may said...

ကြိုးစားဖတ်သွားသည်။

khin oo may said...

နစ်ခေါက်ဖတ်သည်။ နားလည်နိုးဖြင့်

khin oo may said...

လေကုန်ခံရှင်းနေသေးတယ်။ စိတ်ပုပ်စမ်းပါ။

kaungkinpyar said...

တို့ တို့လဲ နားမလည်ဘူး၊ ခက်တယ်

ZT said...

အမ်း။ တခုခုတော့ လွဲသွားပြီ ထင်တယ်။ အားလုံးပဲ ဆောရီးပါ။

Heartmuseum said...

ကြောက်မှာပေါ့ဗျာ.... ဘယ်ထိရဲပါ့မလဲ
သူရို့ အနောက်က လူတွေက Calculus အရမ်းညံ့တာကိုးဗျ။ ဟီးးးးး ဟီးးးးးးး
ကျွန်တော်လဲ ပါတယ်ဗျ။..... :P
အခုတော့ အတော်ကြိုးစားပြီး လုပ်နေပါတယ်။
သူတို့ ညံ့တဲ့နေရာမှာ ကိုယ်တော်ရင် အနေချောင်တယ်လေဗျ။ သဘောပေါက်တယ်နော်.... :D
ကိုzt အတွေ့အကြုံစုံ တာကိုတော့ မချီးကျူးပဲ မနေနိုင်ပါ။
တော်တယ်ဗျို့.....

myatnoe said...

ကိုဖူးနုသစ် သိပ်တော်တယ်။
ဟုတ်တယ်ဗျ။ ကျနော်တို့လဲ ကျောင်းမှာ သချင်္ာအရမ်းတွက်ခဲ့ရတော့ အပြင်လောကမှာလဲ သုံးရမှာပဲထင်ခဲ့တာ..။ ဆရာကလဲပြောတယ်လေ..အင်ဂျင်နီယာနဲ့ ကကူလေတာ သေခါမှခွဲတဲ့..။
ဟုတ်ဘူးဗျ.အလုပ်ခွင်ထဲမယ်သုံးတာ ဗဲရီးအီးစီး

အခုတခါ ကျနော် ကျောင်းပြန်ဆက်တက်တော့လဲ
ကျနော်လုပ်တဲ့ အပိုင်းမှာ သချာင်္ကို ခက်ခက်ခဲခဲ ဘာမှ မလုပ်ရပါဘူးဗျာ..။

ဒီက ကျောင်းသားတွေက ကျနော်တို့ သင်ခဲ့ရသလို သချင်္ာတွေ သင်ခဲ့ရပုံ မပေါ်ဘူးဗျ။

khin oo may said...

အခုလိုအားပေးကြတဲ့ heartmuesum နဲ့မြတနိုး်ကို ဇက်တီမှ ကျေးဇူးတင်ရှိပါကြောငး်။
အမှန်ကတော့သူကစုံတွဲပြောချင်တာပါ. အခွင့်မသာသေးလို့။ ကြိုးစားပါဇက်တီ။

မေဇင် said...

အင်ဂျင်နီယာ တွေတော့ နားလည်ပြီးတော့ အကျိုးရှိမယ်ထင်ပါတယ်..။နောင့် တို့လဲ နားမလည်ပေမယ့်..နဲနဲ တော့ သိရတာပေ့ာ... KO ZT တော်တယ်ဆိုတာကို... း)


ခင်မင်စွာဖြင့်..

ရေတမာ said...

မြင့်တော့ မြင့်တယ်ဗျ။ မနည်းကြိုးစားဖတ်သွားသည်။ အမေးအဖြေလေးတွေ ကြိုက်တယ်။

myo said...

တို့က အင်ဂျင်နီယာလည်း မဟုတ်ပဲ ဘာလို့နားလည်ရတာလဲ..
ဒါလည်း တခုခု မှားနေတာများလား..

ပုလုကွေး said...

စာတွေ စာတွေ ကျောင်းပြန်ကုန်ပီဗျ အခုအချိန်မှာ ဖော်မျူလာတစ်ခုခုများလာမေးရင် ဂူဂဲပဲ အားကိုးရှာလိုက်တာပဲ. ကဲကူလေတာနဲ့ ရရင် ကဲကူလေတာနဲ့ ရှင်းပေါ့ဗျာ..မရရင်တော့အင်တာနက်ထဲက နေရှာဖွေလိုက်တာပဲဗျ..အခုချိန်မှာ ခေါင်းထဲမှာ ဘာမှသိပ်မကျန်တော့သလောက်ပဲဗျ။။။ ငယ်ငယ်တုန်းကတော့ doubleတွေကော triple တွေကော ရှိတ်လိုက် ရိတ်လိုက်ရတာဗျာ.........

tmh said...

To ZT
တခုခု ်မှမလွဲ်ပါ. As I don't know how to type myanmar font, I copy some words from other comments. your post is good.I also didnot understand the application of maths when we was learning in MIT (mandalay Institute of Technology).

Anonymous said...

ဒီဂရီနဲ့ရေဒီယံပြောင်းတဲ့ဖော်မြူလာကို ခုမှ ပြန်သတိရသည်။
စကားမစပ် အပူချိန်အတိုင်းခံရရင် ဖာရင်ဟိုက်သိချင်လို့ ဆဲဆီးရပ်စ်ကနေ ပြန်တွက်ကြည့်မယ်လုပ်လုပ် 5/9 နဲ့လား 9/5 နဲ့လား မြှောက်တာလား..ဘာလုပ်မှန်းမေ့လိုက်....။

ကိုယ့်ကိုယ်ကို စိတ်ညစ်သွားတယ်..။


sdl

မောင်လေး said...

ရေဒီယမ်ဟာ (အက်စ် ညီမျှခြင်း အာ အမြှောက် သီတာ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ) ထောင့်တခုရဲ့ တခြားယူနစ်တခုဖြစ်ကြောင်းပါ။ စင်္ကာပူဒေါ်လာနဲ့
အမေရိကန်ဒေါ်လာလိုပေါ့။ ဗမာပြည်မှာ အနည်းဆုံး ကောလိပ်ပထမနှစ်ရဲ့ သချင်္ာကိုတက်ဖူးမှ နားလည်နိုင်ပါမယ်။ (မသိဘဲနဲ့ ဆရာဝင်လုပ်သွားသည်)

Anonymous said...

ပြောဖို့မေ့လို့...။
ZT ရဲ့အတွေ့အကြုံတွေ ဖတ်ရတိုင်း ကျေနပ်သွားတယ်...
ကိုယ်ညံ့ပေမယ့် တော်တဲ့ ကိုယ့်လူမျိုးတွေရှိနေလို့....။

sdl

သက်ဝေ said...

ဖတ်ရင်းနဲ့ တလက်စတည်း စဉ်းစားသွားတယ်
ငါဘာလို့ သေသေချာချာ နားမလည်တာလဲလို့...
Sin တွေ Cos တွေ ရယ် ဒီဂရီနဲ့ ရေဒီယံရယ်...
တော်တော်လေး စဉ်းစားလိုက်ရတယ်...

စင်စင်ပြောသလိုပါပဲ...
ကိုယ်ညံ့ပေမယ့် ကိုZT လို တော်တဲ့ ကိုယ့်လူမျိုးတွေ ရှိနေပေလို့သာပဲ....

မီးမီးချစ် said...

လိုက်မော့ ကြည့်ရတာ ဇတ်တောင် ငြောင်းသွားတယ်.. ဒါတောင် ကျောင်းတုန်းက မီးချစ် က သချာင်္ကို မညံ့ဘူး..ကိုZT ကတော်တော် မှတ်နိင်တာပဲ..တော်လိုက်တာ..

Rita said...

တော် တော်တား တော်တက်စ် ပါလားနော်

အင်ဂျင်နီယာတိုင်းကို လူထင်နေသလား
(မမ KOM နဲ့ ပြောင်းပြန်ပြောကြည့်တာ)

ကိုယ်တော့ ငယ်ငယ်တုန်းက သင်ခဲ့ရတာတွေ နှမျောတာ။

little bird said...

ဝေးးး တူတို့ နားမလည်ပေမယ့် နာနားလည်တယ် ZT ရေ ဟဟဟဟ ဟုတ်တယ် သူတို့က calculator သုံးနေကြဆိုတော့ သိပ်မသိဘူးရယ် ငါလေ ရယ်လိုက်ရတာ အူတွေကို နာနေတာပဲ ပြောလိုက်ပါလား ဘယ်လိုရသလဲ ဆိုရင် နင့်အမေ ဘိုးတော် က ပေးတာဟေ့ ဆိုပြီးတော့လေ ဟားးးးဟားးးးးးးးးးး

Rita said...

ဒါနဲ့ တအားရှင်းပြချင်တယ်ဆို တခုလောက်မေးပါရစေ။ program က calculator မှာလို deg ကို လက်မခံဘဲ radium ကိုပဲ လက်ခံတယ်ဆိုတာ ဘယ်လို သိသွားတာလဲဟင်

ZT said...

Microsoft MSDN Library ထဲမှာ ပြန်ကြည့်တာပါ။ :D

ဘာတွေတုန်း said...

ကျောင်းပြီးတာ လပိုင်းပဲရှိသေးတယ် ဒီဂရီ ရေဒီယမ်တွေ မေ့တေ့တေ့ ... ဟိ :D

သီဟသစ် said...

ကိုZT ရေ

တစ်ခုခုမမှားပါ။ ဖတ်ရတာ ကျေနပ်သွားတယ်။ ဆင်ဆင်ကိုပြောလိုက်ပါအုံး ဖုန်းထဲက converter software သုံးလိုက်ပါလို့ :D

ခင်မင်စွာဖြင့်
သီဟသစ်

မဟာဆန် said...

ကျောင်းတုန်းက calculus ကတော့ သေလုမျောပါး မူးနောက်နေတာပဲ။ ကျောင်းပြီးတော့ ခုထိ သုံးလဲ သုံးရဘူး။ ကိုးတန်းတုန်းက sin cos ကို ပြန်နွှေးပေးလို့ ကျေးဇူးနော်။ ဟုတ်သားပဲ.. ကို zt က အလွန်ခက်တဲ့ degree to radian conversion ကို သွားသုံးတာကိုး ...သူက ဘယ်သိမှာလဲလို့..အဟီး

Ko Boyz said...

တစ်ကယ် အကျိုးများတဲ့ ပို့စ်ပါ။
ကျေးဇူးတင်ပါတယ်။
ဒီဂရီတွေ ရေဒီယံတွေ မေ့နေတာကို ပြန်အစဖော်ပေးပါတယ်။
ဆင်ဆင်အတွက် - ဖာရင်ဟိုက်ကနေ ဆဲလ်စီးယပ်စ်ကိုပြောင်းတာကတော့ အလွတ်ကျက်ထားလိုက်ပေါ့။
C is equal to five by nine into F minus 32.
C=5/9 (F-32).
တစ်ခုပဲ ကျက်ပါ။ ကျန်တဲ့ တစ်ခုကိုတော့ ကိုယ့်ဖာကို ပြန်ပြောင်းလိုက်ပါ။ တစ်ခုထဲပဲ မှတ်ပါ။ နှစ်ခုမှတ်ရင်ရောတတ်တယ်။

sin dan lar said...

Thank u Ko Boyz, Thiha Thit & ZT.

Anonymous said...

ဒီလို မြန်မာလူတော်များရှိတာ ဂုဏ်ယူပါတယ်။
ညည

မီယာ said...

ZT တို့တော့ သေချာ ၂ခေါက်ဖတ်သွားတယ်။ သူများရေးထားတာကို ရှင်းရတာထက် အစက ပြန်ရေးတာ ပိုမြန်တယ်ထင်တာပဲ။ မြန်မာကွ လို့ ဂုဏ်ယူသွားတယ် မောင်လေးရေ

နွေးနေခြည် said...

ကိုဇက်တီအတွက် ဂုဏ်ယူသွားပါတယ်။ ကိုယ်တိုင်တော့ googling ဖြစ်နေတာကြာပီ.. ဟိ း)

Anonymous said...

ပိုက်သာဂိုးရပ် ကြီးပြောပြတာလို့ ပြောလိုက်ပါလား။ ဒါဆို အဲဒီကောင်ကြီးက မင်းသူငယ်ချင်းလားလို့ မေးမလားမသိဘူးနော်။ :D

Anonymous said...

ဒါမျိုးပိုစ့်လေးတွေ များများရေးပေးပါဦး.. တကယ်ကို ဖတ်လို့လဲကောင်း ဦးဏှောက်ကိုလဲ ဉာဏ်အလင်းဖွင့်ပေးရာ ရောက်လို့ ကို ဇက်တီမှာ အကျိုးကျေးဇူး များလှပါကြောင်း..

aungmyinthtay said...

ကိုzt,ကျနော်က အစ်ကို reader တစ်ယောက်ပါ။ကျနာ်အလုပ်လုပ်တဲ ့ကုမ္ပဏီက HYUNDAI AND KIA MOTOR CO,LTD ရဲ ့supplier ကုမ္ပဏီပါ။CNC၊MCT စက်တွေနဲ ့ ့production လုပ်ရပါတယ်။CNC/MCT စက်တွေမှာ ပရိုဂရမ် အလွယ်ရေနည်းနဲ ့အခြေခံသဘောတရားလေးတွေသိချင်ပါတယ်။professional တစ်ယောက်အနေနဲ ့မဟုတ်ပဲ production လုပ်သားတစ်ယောက်နေနဲ ့ သိသင် ့တာလေးတွေကို ပို ့စ်တစ်ခုနေနဲ ့ဖြစ်စေ၊အီးလ်မေးနဲ ့ဖြစ်စေ ရေးပေးစေချင်ပါတယ်။လေ ့လာလို ့ရမယ်စာအုပ်တွေလည်းလမ်းညွှန်ပေးပါ။
aung2004.83@gmail.com