အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ မာလကီးယားသွားတော့ သားတော်တွေကို ကြီးစဉ်ငယ်လိုက် မင်းပြုဖို့ မှာခဲ့ပါတယ်။ ပထမဆုံး သားတော်ကြီး ဖြစ်တဲ့ နောင်တော်ကြီး လို့ခေါ်တဲ့ ဒီပဲယင်းမင်း နန်းတက်ပါတယ်။ တစ်နေ့တော့ နောင်တော်ကြီး တစ်ယောက် ညဖက် ဥယျာဉ်တော် ထဲမှာ မိဖုရားကြီးနဲ့ ပွားနေတုန်း ညီတော် မြေဒူးမင်းက သေနတ်နဲ့ ချောင်းပစ်လို့ ရှောဘရားသား ဖြစ်သွားပါတယ်။ မြေဒူးမင်း နန်းတက်တော့ အလောင်းမင်းတရား မှာခဲ့တာကို မသိချင်ယောင် ဆောင်ပြီး သူ့ညီ ဘိုးတော် ကို အိမ်ရှေ့အရာ မပေးပဲ သားဖြစ်သူ စဉ့်ကူးမင်းကို အိမ်ရှေ့ အရာ ပေးပါတယ်။ နောင်တော်ကြီးရဲ့ သား မောင်မောင်ကိုတော့ ဖောင်းကားရွာကို စားစေပါတယ်။ ဆင်ဖြူရှင်ခေါ်တဲ့ မြေဒူးမင်း လွန်တဲ့ အချိန်မှာတော့ သားဖြစ်သူ စဉ့်ကူးမင်း နန်းတက်ပါတယ်။
အချိန်ကတော့ ကုန်းဘောင် နေပြည်တော်မှာ စဉ့်ကူးမင်း အုပ်ချုပ်တဲ့ အချိန်ပါ။ စဉ့်ကူးမင်းကတော့ သူ့ရဲ့ ဒက်ဒီ ဖားသား ဆင်ဖြူရှင် လို အလုပ်မရှိ အကိုင်မရှိတိုင်း ယပက်လက်ကို သွားဖဲ့ မနေပဲ တိုင်းပြည်ထဲမှာပဲ လိမ့်နေပါတယ်။ အခုလည်း မနက်ကတည်းက အညာသီဟတော ဘုရားဖူး သွားမယ် ဆိုပြီး လစ်သွားလို့ နန်းတော်ထဲမှာ ကျန်တဲ့ မင်းမှုထမ်းတွေ အားလုံး ဖရီးရိုက် နေကြပါတယ်။ ဟယ်လီကော့ပတာ နဲ့ သွားတာ မဟုတ်တော့လည်း နေ့ချင်းပြန် ရောက်မှာ မဟုတ်မှန်း အားလုံးက သိထားကြပါတယ်။
နေဝင်ရီတရောမှာတော့ မြို့တံခါး စောင့်တဲ့ ဝန်ထမ်းတွေဟာ ထုံးစံအတိုင်း ဖြတ်သွားသမျှ လူတွေအားလုံးကို ဟောက်စား လုပ်နေကြပါတယ်။ ဒီလိုနဲ့ ညနေစောင်း ဘရားသား မသိတသိ အချိန်လောက်မှာ “လမ်းကြောင်း” ဆိုပြီး အော်သံ ကြားလို့ ဝန်ထမ်းတွေ အားလုံး လန့်သွားပါတယ်။ တံခါးစောင့် ဝန်ထမ်းတွေလည်း အံ့သြတကြီး နဲ့ အချင်းချင်း ပြောကြပါတယ်။
“ကွိုင်ပဲ။ ဘုရင်က မနက်ကမှ ထွက်သွားတာ မဟုတ်လား။ ဘယ်လိုကြောင့် ပြန်ရောက်လာတာလဲ။”
“အိမ်သာ တက်ချင်လို့ ဖြစ်မှာပေါ့။”
“နင့်ကြီးဒေါ်ကြီး။ အိမ်သာတက်ချင် လမ်းမှာ တက်မှာပေါ့။ တကူးတက နန်းတော်ကို ပြန်လာမလား။”
“ဒါဆိုလည်း ဒီည ချန်ပီယံလိဂ် ကြည့်မလို့ လမ်းမှာ လိုင်းမမိ လို့ နေမှာပေါ့။”
“ငါတော့ မထင်ဘူး။ သူမရှိတုန်း နန်းတော်ထဲမှာ မှူးမတ်တွေ ရှမ်းကိုးမီး ဝိုင်းကောင်းနေတယ် ကြားလို့ လာပြန် Join တာ ဖြစ်မယ်။”
ဝန်ထမ်းတွေလည်း လမ်းကြောင်း အသံကြားတော့ လူတွေ အားလုံး လမ်းဘေးချရပ် အဲ လမ်းဘေးကို ဖယ်ဖို့ ပြင်ရပါတယ်။ မကြာခင်မှာပဲ ဘုရင်လည်း သူ့ရဲ့ နောက်လိုက်တွေနဲ့ အတူ ရောက်လာပါတယ်။ တံခါးစောင့် ဝန်ထမ်းက သူ့အဖော်ကို လက်ကုပ်ပြီး ပြောပါတယ်။
“ဟေ့ကောင်။ တွေ့လား။”
“ဘာလဲ။”
“မိဖုရားကြီး မပါဘူးကွ။ ဧကန္တ ဘုရင် မိဖုရားကြီးနဲ့ ရန်ဖြစ်ပြီး တင်းသွားလို့ ပြန်လာတာ ဖြစ်မယ်။”
“အေး။ ဟုတ်တယ်ကွ။ မနက်က ပါသွားတဲ့ သူတွေ အတော်များများလည်း မတွေ့ဘူး။”
ဘုရင်ကတော့ ထုံးစံအတိုင်း ကော့တော့ ကော့တော့နဲ့ နန်းတော်ကို ဦးတည်ပြီး သွားပါတော့တယ်။ နန်းတော်ထဲကို ရောက်တာနဲ့ Duty ကျတဲ့အမတ်တွေရော အိမ်ပြန်နှပ်နေတဲ့ အမတ်တွေပါ အားလုံး နန်းရင်ပြင်မှာ အခစား ဝင်ရမယ်ဆိုပြီး ချက်ချင်း အမိန့်ထုတ်ပါတယ်။ ညနေစောင်းကြီး မခေါ်စဖူး အခေါ်ထူးတော့ မှူးမတ်တွေအားလုံး အူလည် အူလည် နဲ့ပဲ နန်းရင်ပြင်ကို ရောက်လာကြပါတယ်။ နန်းတော်ထဲကို ခေါ်တာ မဟုတ်ပဲ နန်းရင်ပြင်ကို ခေါ်တာဆိုတော့ ဘောလုံးများ ကန်မလားလို့ တွေးချင် တွေးကြမှာပါ။ ဒီလိုနဲ့ပဲ နန်းရင်ပြင်မှာ အားလုံး တန်းစီပြီး ရပ်နေကြပါတယ်။ ခဏနေတော့ မှူးမတ်တစ်ယောက် ရေဖလားကြီး တစ်လုံးကိုင်ပြီး ရောက်လာပါတယ်။ ဝန်ကြီးတစ်ယောက်က သူ့ဘေးက ဝန်ကြီးကို ပြောပါတယ်။
“ဝန်ကြီး။ ဘယ်လိုထင်သလဲ။ သင်္ကြန်လဲ မဟုတ်ဘဲနဲ့။ ဟိုအမတ်က ဖလားကြီး ကိုင်လို့ပါလား။”
“ဧကန္တ ဘုရင် ခရီးသွားရာက အပြန် ဂျော်နီဝေါ့ကား ဝယ်လာလို့ ကျုပ်တို့ကို တိုက်ချင်လို့ ခေါ်တာ ဖြစ်မယ်။ အဲဒီ ဖလားထဲက ဂျော်နီ ဝေါ့ကားတွေ ထင်တယ်။”
“ဒါမျိုး ဆိုတော့လည်း ကျုပ်တို့ဘုရင်က ဘယ်ဆိုးလို့လဲ။”
ခဏနေတော့ အမတ်က ရပ်နေတဲ့ သူတွေ အားလုံးကို ဖလားထဲက အရည်တွေ လိုက်တိုက်ပါတယ်။ ခုန ဝန်ကြီး နှစ်ယောက်ကတော့ ဖလားထဲက အရည်တွေ သောက်ပြီးတော့ မျက်နှာ ရှုံ့သွားကြပါတယ်။
“ဝန်ကြီး။ ခင်ဗျားပြောတော့ ဂျော်နီဆို။ အခုတော့ ရေတွေပါလား။”
“သေချာလည်း သောက်ကြည့်ပါဦး။ ဝှိုက်လေဘယ်လည်း ဖြစ်ချင် ဖြစ်မှာပေါ့။”
“ကျုပ်တော့ မထင်ဘူး။ အရသာကတော့ ရေပဲဗျ။”
“အဲဒါဆိုတော့ ဘာလဲ မသိဘူး။ ဘုရင်ကလည်း ရေတိုက်ချင်တာ ရေသန့်ဗူးဝယ်ပြီး အိမ်ပို့လိုက် ပြီးတာပဲ။ အခုတော့ တကူးတက နန်းတော်ထဲကို ခေါ်ပြီး တိုက်ရတယ်လို့။”
အားလုံး ရေသောက်ပြီးကြတော့ မှူးမတ်တစ်ယောက်က ကြေငြာပါတယ်။
“အခု ခင်ဗျားတို့တွေ အားလုံး ဘုရင်ကို သစ္စာတော်ခံတဲ့ အနေနဲ့ သစ္စာရေ သောက်ပြီးပြီ။ အဲဒီတော့ အခု ဘုရင်ရဲ့ သစ္စာကို ခင်ဗျားတို့ စောင့်သိကြ။”
မှူးမတ်တွေ ရွစိရွစိနဲ့ တိုးတိုးတိတ်တိတ် အသံတွေ ထွက်လာပါတယ်။
“ဘယ်နှယ့်ကြောင့် သစ္စာရေတိုက်ရတာလဲ။ ဒေးဗစ်ဘက်ဟမ် နဲ့ ဗစ်တိုးရီးယား ခဏခဏ မင်္ဂလာဆောင်တာ ကျနေတာပဲ။ အခုလည်း သူ့သစ္စာတော် ခံထားပြီးသားပဲ။ ဘာကိစ္စ နောက်တစ်ကြိမ် ရေထပ်တိုက်ရတာလဲ။ ကျုပ်တို့ ထပ်ဆင့် ရှင်းလင်းပွဲများ လုပ်ရဦးမလား မသိဘူး။”
“အေးဗျ။ ထူးတော့ ထူးခြားတယ်။”
အဲဒီအချိန် ခုန အမတ်ဆီကနေ အသံထွက်လာပါတယ်။
“ဘုရင် Briefing ပေးမယ်။ အားလုံး ငြိမ်ပါ။”
အမတ်တွေ အားလုံး ငြိမ်သွားပါတယ်။ ဘုရင်ကတော့ ခပ်တည်တည်နဲ့ အမှာတော်ခြွေနေပါတယ်။ ခုန ဝန်ကြီး နှစ်ယောက်လည်း ထုံးစံအတိုင်း တိုးတိုးတိတ်တိတ် ဆွေးနွေးနေ ကြပါတယ်။
“ဝန်ကြီး။ ဒီနေ့ ဘုရင့် အသံက ထူးခြား မနေဘူးလား။”
“ထူးခြားတာတော့ အမှန်ပဲ။ ဧကန္တ ဘုရင် ကာရာအိုကေ ဆိုတာများသွားလို့ အသံဝင်သွားပြီလား မသိဘူး။”
“ကျုပ်တော့ မထင်ဘူး။ ဟာ။ ကျူပ်သိပြီ။ ဝန်ကြီး သေသေချာချာ ကြည့်စမ်း။ ကျုပ်တို့တော့ ဘတ်ကီးရိုက် ခံလိုက်ရပြီ။ ဒါ စဉ့်ကူးမင်းမှ မဟုတ်တာ။ ဒါ စဉ့်ကူးမင်းရဲ့ ကာစင်ပဲ။”
“ဘာ ကာစင်လဲဗျ။ ကျုပ်ကတော့ ကာစင်ဆိုရင် ကာစင်ဘိုင် ကြက်သားသုပ်ပဲ သိတယ်။”
“ဟာ ဒီဝန်ကြီး နဲ့ ခက်တော့ တာပဲ။ ဝန်ကြီး လုပ်နေပြီး သိုးဆောင်း စကားလေး ဘာလေး သင်မထားဘူး။”
“ဒီမှာ။ ဝန်ကြီး လုပ်ဖို့ သိုးဆောင်းစကား တပ်စရာ မလိုဘူး။ သိုးလို ငြိမ်ငြိမ်ဆိမ်ဆိမ် နေတတ်ဖို့ပဲ လိုတယ်။”
“တယ် ဒီလူနဲ့ အပြောရ အဆိုရ တယ်ကြပ်တာပဲ။ ကာစင်ဆိုတာ ညီအစ်ကို ဝမ်းကွဲကို ပြောတာ။ အခု ကျုပ်တို့ သစ္စာရေသောက်ပြီး သစ္စာတော်ခံလိုက်တာ စဉ့်ကူးမင်းရဲ့ အစ်ကိုဝမ်းကွဲ။ နောင်တော်ကြီး မင်းရဲ့ သား ဖောင်းကားစား ဗျ။”
“အော်။ ဒီလိုကိုး။”
ဒီလိုနဲ့ ဖောင်းကားစား မောင်မောင် တစ်ယောက် ရောင်တော်ပြန်နဲ့ ရောကြိတ်ပြီး ဘုရင် ဖြစ်လာခဲ့ပါတယ်။ အညာသီဟတော ဘုရားဖူး သွားတဲ့ စဉ့်ကူးမင်းကတော့ ကုလသမ္မဂ္ဂ အစည်းအဝေး သွားတက်တုန်း အာဏာသိမ်းခံ လိုက်ရတဲ့ ထိုင်းဝန်ကြီးချုပ် သက်ဆင် လို့ ဟတ်ကော့ကြီး ဖြစ်နေပါတော့တယ်။ ဖောင်းကားစား ကတော့ ဘုရင်အဖြစ်ကို အားရအောင်တောင် မလုပ်လိုက်ရပါဘူး။ ဘထွေးတော် ဖြစ်တဲ့ ကျွန်တော်တို့ “ဘိုးတော်ဘုရားကြီး လေးဘက်သွားတုန်းက” လို့ ပြောပြီး ခဏခဏ လေးဘက်သွား ခိုင်းတဲ့ ဘိုးတော် လို့ခေါ်တဲ့ ဗဒုံမင်းက ကုန်းဘောင်ကို တိုက်ခိုက်ပြီး အာဏာသိမ်းလိုက်တာကြောင့် ၇-ရက် ပဲ ဘုရင် လုပ်ခွင့် ရလိုက်ပါတယ်။
ဖောင်းကားစား အကြောင်း လူသိနည်းကြတာကြောင့် ဖောင်းကားစားကို ရီမစ်စ် ပြန်လုပ်ပေးလိုက်ပါတယ်။ မောင်ဖေငယ် ရေးတဲ့ ဖောင်းကားစားကို မှီငြမ်းပြုပါတယ်။
19 comments:
မောင်မောင်နာမည်နဲ့ လူတွေက သိပ်လပ်ကီးမကောင်းကြဘူး...
88 တုန်းကလဲ ဒေါက်တာမောင်မောင် တယောက် သိပ်မခံလိုက်ဘူးလေ... းP
ကောင်းလိုက်တဲ့ ရီမစ်ပဲ ztရေ၊ မဖောင်းကားလိုက်ရဘူး၊ နာမည်နဲ့တော့ လွဲသွားတာပေါ့လေ၊
စဉ့်ကူးမင်း ဇာတ်သိမ်းနဲ့ ဘိုးတော်ဘုရားက ဖောင်းကားစားကို ပယ်ပယ်နယ်နယ်
ကိုင်လိုက်တာပါ ဖြည့်ရေးရင် ပိုမိုက်မယ်ဗျ။
အရေးအသားကတော့ ပြောရန်မလို ကိုzt
လက်ရာမို့ ကြိုက်ပြီးသားဗျို့။
ဖောင်းကားပြီးရင်..
မင်းတုန်း..
သီပေါတွေရော လာအုန်းမှာလားး..
ပေါက်
remix ကရေလည်မိုက်တယ်။ဟိဟိ။ကို ZT နောက်ကိုသူများရေလာတိုက်ရင်အရမ်းမသောက်နဲ့အုန်းနော်.။
အရမ်း ရီရတာပဲ..။ ဖတ်ပြီး ဝန်ကြီး တွေ အမှုထမ်းတွေ ပြောတာကို ရီနေရတယ်..ရုံးမှာ မို့ မနဲကြီ သတိထားရတယ်။ း) 7 ရက်ပဲခံတဲ့ သစ္စာရေ လဲ ဘုမသိ ဘမသိ သောက်လိုက်ရသေးတယ်..။
ဂွတ်လိုက်တဲ့ remix..
ဖတ်ချင်သေးတယ်.. း)
တော်ကီတွေ လန်းဒယ်...
remix က အကို့လက်ရာဆိုရင်တော့ ကောင်းပြီးသားမှန်းသိတယ်..
ပျော်ရွင်ပါစေ
အဲဒီအောကာင်းမေ့တေ့တေ့ဖြစ်နေပြီ။
ဖောင်းကားစားမောင်မောင် နန်းသက်၇ရက်ပဲခံတာပဲ မှတ်မိတာ..။ ခုတော့ မေ့မှာမဟုတ်တော့ဘူး....။
တပြုံးပြုံးနဲ့ဖတ်သွားပါတယ်။
ထီပေါက်ရင် ကိုztကို သမိုင်းကျမ်း ပေါင်းချုပ်ထုတ်ပေးမယ်... း)
ဘုရင်မရှိတော့ ဝန်ကြီးတွေ ဖရီးရိုက်နေတယ်ဆိုလို့ ကိုယ့်များ စောင်းပြောသလားလို့.... ရုံးမှာ မန်နေဂျာမရှိရင် အဲဂလိုပဲ ဟဲဟဲ
ဦးZTရာဇဝင်တော်ကြီး ဖတ်သွားပြီ
လန်းတယ်ဗျာ
ထပ်ရေးပါဗျို့
ခင်မင်စွာဖြင့်
သီဟသစ်
ZT ရေးတာ ဖတ်လို့ကောင်းတယ် ကိုယ့်ဘာသာ ရီနေရတယ်။ ငယ်ငယ်တုန်းကသာ ဒါမျိုးဖတ်ခဲ့ရရင် သမိုင်း ၁၀၀ ရမှာ ကျိန်းသေတယ်
ဖောင်ကားစားမောင်မောင် ၇ ရက်
သမိုင်းဆို ဒါပဲ မှတ်မိတယ်
ကျန်တဲ့မင်းတွေဘယ်လောက်ခ့လဲ မသိပါ။
ပုံပြင်လေး လို ဆိုတော့ မမေ့တော့ဘူး..
စာဆို မရဘူး.. သမိုင်း စာမေးပွဲ ဆို ခုနစ် တွေ ရက်တွေ ဘယ်တော့မှ မထည့်ဘူး.. း)) မမှတ်မိလို ့
ဟေးးးး နာတော့ အူတက်ပြီး သေတော့မယ် ဟေးးးး ရေးလဲ ရေးတတ်ပါ့ ခွီးးခွွီးးးးးး
စာဖတ်ပြီးရီသွားပါတယ်
နောင်တော်ကြီးမင်းက သက်တော် ၂၉ လောက်မှာ ရိုးရိုးရောဂါနဲ့ နတ်ရွာစံတာပါ။ ခမည်းတော်ရဲ့ ဆန္ဒကို လိုက်နာတဲ့အနေနဲ့ သူ နန်းတက်စကတည်းက ဆင်ဖြူရှင် (မြေဒူးမင်း)ကို သူ့မှာ သားတော်လေး မောင်မောင် ရှိပါရက်နဲ့ အိမ်ရှေ့ပေးခဲ့တာပါ။
မြေဒူးမင်း သေနတ်နဲ့ပစ်လို့ နောင်တော်ကြီး နတ်ရွာစံရတယ်ဆိုတာ မှားနေပါတယ်။
နောင်တော်ကြီးကို ဆင်ဖြူရှင်က သေနတ်နဲ့ ပစ်သတ်တယ် ဆိုတဲ့ ဇာတ်လမ်းက မောင်ဖေငယ် ရေးတဲ့ ဖောင်းကားစား (ရတနာပုံ နန်းတွင်း လျှို့ဝှက် ဇာတ်လမ်းများ) ကို ကိုးကား ထားပါတယ်။
ဒါလဲရယ္ရတာဘဲ
ချီးကျူးတယ်
သမိုင်းကို မပျင်းအောင် စိတ်ဝင်စားဖွယ် ဟာသလေးတွေနဲ့ ဆွဲခေါ်သွားတာ
ကျောင်းမှာ ဒီပုံစံနဲ့သာသင်ရင် ကျောင်းသားတွေစာကျက်ဖို့ ဘယ်လိုလိမ့်မတုန်း
ခဏနဲ့ မှတ်မိမှာသေချာတယ်.
Post a Comment