Search This Blog

Thursday, April 1, 2010

လန်ဒန်-ဘေဂျင်း-စင်ကာပူ ရထားလမ်း

အရင်တစ်ပတ် စနေနေ့က စင်ကာပူနိုင်ငံထုတ် စထရိတ်တိုင်းမ် သတင်းစာရဲ့ မျက်နှာဖုံးမှာ ပါလာတဲ့ ဘေဂျင်း-လန်ဒန် ၂ရက်နဲ့ သွားမယ့် မီးရထားလမ်း ခရီးစဥ်က ဖတ်ရတဲ့သူ အတော်များများကို အံ့သြသွားစေပါတယ်။ စင်ကာပူမှာ မျက်နှာဖုံးသတင်း ပါလာရတဲ့ အကြောင်းကတော့ တရုတ်နိင်ငံက ဘေဂျင်း-လန်ဒန် ခရီးစဥ် အပြင် ဘေဂျင်းနဲ့ စင်ကာပူ မီးရထားလမ်း ဖောက်ဖို့ အတွက်လည်း အစီအစဥ် ရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အဲဒီရထားက ဘေဂျင်းကနေ စင်ကာပူကို တည့်တည့် သွားမှာတော့ မဟုတ်ပါဘူး။ ဒီဒေသအတွင်းမှာ ရှိတဲ့ မြန်မာ၊ ဗီယက်နမ်၊ ထိုင်းနဲ့ မလေးရှားကို တကွေ့တပတ်ကြီး ဖြတ်ပြီးမှ စင်ကာပူကို ရောက်မယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်၊ ဗီယက်နမ်မှာ ဟိုချီမင်း စီးတီး၊ မလေးရှားမှာ ကွာလာလမ်ပူ မြို့တွေကို ဖြတ်သွားမှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ မြစ်ကြီးနားမြို့ကိုပဲ ဖြတ်သွားမယ်လို့ စထရိတ်တိုင်းမ် သတင်းမှာ ရေးထား ပါတယ်။ အဲဒီ ရထားလမ်းမှာ ပြေးမယ့်ရထားက တစ်နာရီကို ကီလိုမီတာ ၃၂၀ ကျော် သွားနိုင်တဲ့ တရုတ်နိုင်ငံက နောက်ဆုံးထုတ် ကျည်ဆန်ရထားပါ။ ရထားလမ်းကို ၁၀နှစ်အတွင်းမှာ အပြီးဖောက်မယ်လို့ သိရပါတယ်။ သတင်းကို သိချင်ရင် စထရိတ်တိုင်းမ် အွန်လိုင်းစာမျက်နှာမှာ ကြည့်နိုင်ပါတယ်။

အဲဒီသတင်း ဖတ်ရတော့ မြန်မာနိုင်ငံကနေ စင်ကာပူကို ကျည်ဆန်ရထားနဲ့ သွားလို့ရတာတော့ ဟုတ်ပါပြီ။ စင်ကာပူ သွားဖို့အရေး မြစ်ကြီးနား အထိ ရထားသွားစီးရမယ် ဆိုတာကတော့ သိပ်တော့ အထာမကျဘူးလို့ စိတ်ထဲမှာ ထင်မိပါတယ်။ မြစ်ကြီးနားကို လေယာဥ်ပျံနဲ့ သွားပြီး ရထား သွားစီးရမယ့် အတူတူတော့ စင်ကာပူကိုပဲ လေယာဥ်ပျံနဲ့ သွားတော့မှာပေါ့လို့ တွေးပါတယ်။ စိတ်ထဲမှာ မကျေလည်တာနဲ့ Google ထဲမှာ ဟိုရှာဒီရှာနဲ့ လိုက်ရှာကြည့်လိုက်တော့မှ ဒါကြောင့်ကိုး ဆိုတာ သိသွားပါတယ်။

စထရိတ်တိုင်းမ် သတင်းက စင်ကာပူနဲ့ ဘေဂျင်းဆက်မယ့် ရထားလမ်း အကြောင်းကိုပဲ ဦးစားပေး ရေးထားပါတယ်။ တရုတ်နိုင်ငံက သတင်းစာမျက်နှာတွေထဲမှာတော့ စထရိတ်တိုင်းမ်မှာ မပါတဲ့ သတင်းတွေ ရှိပါသေးတယ်။ ဘေဂျင်းကနေ စင်ကာပူကို သွားတဲ့ ရထားလမ်းဟာ မြစ်ကြီးနားကိုပဲ ဖြတ်သွားမယ် ဆိုပြီး စထရိတ်တိုင်းမ်ထဲမှာ ရေးထားတာလည်း မှန်ပါတယ်။ ဒါပေမယ့် အဲဒီရထားလမ်းနဲ့ ဆက်စပ်ဖို့အတွက် ဒေသအတွင်း ရထားလမ်းတွေလည်းဖောက်ဖို့ တရုတ်နိုင်ငံက စီစဥ်နေတယ်လို့ ဆင်ဟွာ သတင်းစာမျက်နှာမှာ ရေးထားပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာတော့ မြစ်ကြီးနားကနေ မန္တလေးနဲ့ နေပြည်တော်ကို ဖြတ်ပြီး ရန်ကုန်အထိ ဖောက်မယ်လို့ အဲဒီမှာ တွေ့လိုက်ရပါတယ်။

၁နာရီကို ကီလိုမီတာ ၃၂၀ကျော် သွားတဲ့ အဲဒီရထားဟာ မြစ်ကြီးနားကနေ ရန်ကုန်အရောက် ၄နာရီကျော် ကြာမယ်လို့ သိရပါတယ်။ အခုလက်ရှိ မြစ်ကြီးနား-ရန်ကုန် ရထားလမ်းက ကျည်ဆန်ရထား ပြေးလို့ မရတဲ့အတွက် အဲဒီရထားလမ်းကို မသုံးဘဲ ကျည်ဆန်ရထားအတွက် ရထားလမ်း အသစ် ဖောက်မှာပါ။ အဲဒီလို ရထားလမ်း ဖောက်ဖို့ တရုတ်က ငွေနဲ့ နည်းပညာပဲ စိုက်ထုတ်ပြီး မြန်မာနိုင်ငံ ကတော့ ဆောက်လုပ်တဲ့နေရာမှာ လိုအပ်တဲ့ ဓာတ်သတ္တု တွေနဲ့ အလုပ်သမားတွေ ပေးရမယ်လို့ သိရပါတယ်။ အဓိကက လိုအပ်တဲ့ ဓာတ်သတ္တု ကတော့ လစ်သီယမ်ပါ။ လစ်သီယမ်ကို ဘယ်မှာ သုံးမလဲတော့ သေသေချာချာ မသိပါဘူး။ ဒါပေမယ့် အလဲအလှယ် အနေနဲ့ မြန်မာနိုင်ငံအတွင်း ရထားလမ်းအတွက်တွင် မကပဲ တခြားရထား လမ်းပိုင်းတွေမှာ လိုအပ်တဲ့ ဓာတ်သတ္တုတွေလည်း တရုတ်ကို ရောင်းချပေးဖို့ သဘောတူ ထားတယ်လို့ သိရပါတယ်။

တရုတ်ကတော့ စေတနာတွေ ဗလပွနဲ့ လုပ်ပေးတာ မဟုတ်ပါဘူး။ သူ့အတွက် အကျိုးအမြတ်ရှိလို့ လုပ်ပေးတာပါ။ အခု ရထားလမ်းက တရုတ်ပြည်ထဲနဲ့ ပင်လယ်ထွက်ပေါက်ကို အလွယ်တကူ ဆက်ပေးဖို့လို့ ဆိုပါတယ်။ ဘယ်လိုပဲ ဖြစ်ြဖစ် ကိုယ့်ဘာသာကိုယ် ထွင်ရင် နောက် ဘယ်နှစ်နှစ်ကြာမယ်မှန်း မသိတဲ့ ရထားလမ်း တစ်ခု တရုတ်ကြီး ကျေးဇူးနဲ့ ရမယ် ဆိုတော့ မဆိုးသေးဘူးလို့ ထင်ပါတယ်။ နောက်ဆိုရင် ရန်ကုန်ကနေ စင်ကာပူကို သွားဖို့အတွက် မြစ်ကြီးနားကို ရထားစီးသွားပြီး မြစ်ကြီးနားကနေ စင်ကာပူကို ရထားနဲ့သွား အဲဒီလို ဆိုရင်တော့ မဆိုးသေးဘူးလို့ ဆိုရပါမယ်။ ဘယ်လိုပဲ ဖြစ်ြဖစ် လေယာဥ်ပျံလက်မှတ် အခက်အခဲ ဖြစ်တဲ့အချိန်ဆိုရင်တော့ အထောက်အကူ ဖြစ်မှာပါ။

ဆက်စပ်မှု ရှိမရှိ မသိပေမယ့် ဒီနေ့က စပြီး မြန်မာသံရုံးမှာ စက်ကနေ ဖတ်လို့ရတဲ့ ပတ်စ်ပို့ (Machine Readable Passport) ပြောင်းလဲဖို့အတွက် ပတ်စ်ပို့ သက်တမ်းတိုးတာကို တစ်လ ရပ်နားမယ်လို့ ကြေငြာထားပါတယ်။ အဲဒီကိစ္စနဲ့ ဆက်စပ်ပြီး ကျွန်တော်တို့တွေ အကြာကြီး မျှော်လင့် ခဲ့ရတဲ့ အိပ်မက်ကြီး တစ်နှစ် နှစ်နှစ်အတွင်း အကောင်အထည် ပေါ်တော့မယ်လို့လည်း သတင်းကြား ရပါတယ်။ အာဆီယံ ဒေသအတွင်း မြန်မာပတ်စ်ပို့ ကိုင်ပြီး ဗီဇာမလိုပဲ သွားလာနိုင်ဖို့ ဆိုတဲ့ ကိစ္စပါ။ ဗီဇာ မလိုဘဲ သွားလာနိုင်ဖို့ ပထမဆုံး လိုအပ်တဲ့ ပတ်စ်ပို့စ်ကို ပြောင်းလဲတာလို့ ကြားရပါတယ်။ မကြာခင်မှာ နောက်အဆင့်တွေ ဆက်ပြီး သွားတော့မယ် လို့လည်း ပြောပါတယ်။ ဗီဇာကင်းလွတ် သွားလာနိုင်မယ် ဆိုပေမယ့်လည်း ဝင်ခွင့်ပေးဖို့ မပေးဖို့ ဆိုတဲ့ ကိစ္စကတော့ သက်ဆိုင်ရာ နိုင်ငံရဲ့ လူဝင်မှု ကြီးကြပ်ရေး အပေါ်မှာပဲ မူတည်လိမ့်မယ်လို့ ဆိုပါတယ်။ နောက်ဆိုရင် စင်ကာပူ၊ မလေးရှား၊ ထိုင်းကို ဗီဇာမလိုပဲ လျှောက်သွားလို့ ရမယ်ဆိုရင်တော့ ဘယ်လိုပဲ ဖြစ်ြဖစ် မဆိုးလှပါဘူးလို့ပဲ ပြောရပါမယ်။

အခုအချိန်ထိ မသိသေးတဲ့ သူများတော့ အားနာပါတယ်။ ဒီနေ့ ဧပြီလ ၁ရက်နေ့ပါ။ တရုတ်-ဘေဂျင်း-စင်ကာပူ ရထားလမ်း ကိစ္စနဲ့ မြစ်ကြီးနားကို ဖြတ်သွားမယ် ဆိုတဲ့ သတင်းကတော့ အမှန်အကန် သတင်းပါ။ ကျန်တာကတော့ အေပရယ်ဖူးလ်ပါ။ ပျော်စရာကောင်းတဲ့ အေပရယ်လ်ဖူးနေ့ ဖြစ်ပါစေ။ ဟဟ...ဠအ။ ဟဟ...ဠအ။

7 comments:

ဂ်စ္တူး ( မံုရြာ ) said...

ကိုဇီတီရေ
ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ
သတင်းတွေဖတ်ရတာတော်တော်သဘောကျတယ်-
အင်း- - - တဖြေးဖြေးတော့ပြောင်းလဲသွားမှာပါ-
အားလုံးကောင်းသွားမှာပါစေ-----
ဟုတ်ဘူးလား

:P said...

မုန်း...................ဒယ်....................

နွေးနေခြည် said...

မနှစ်က ခံခဲ့ရပြီးတော့ ဒီနှစ် သိပ်မခံလိုက်ရဘူး။ သိနေတယ်လေ..း)))

တာယာပွကြီး said...

ဟဲဟဲ .... ဟဲ.... ဟဲ

မနှစ်က ခံထားရလို့... ဒီနှစ်ကျတော့ Straits Times ကပါ ဧပြီဖူး...၀င်လုပ်သလား ထင်မိသေး... သဗျား.... ခိခိ..... ကိုZT တို့ ရေးချက်ကတော့ ဆရာကျလွန်းတယ်... ဗျာ (ဟဲ... ပိုစ့် ခေါင်းစဉ်တခု... နဲနဲ ခိုးသုံးသွားသဗျ)

စာရေးသူ.... စာဖတ်သူအားလုံးပဲ... ပျော်ရွှင်သော ဖူး... ဖြစ်ပါစေ.... အဲအဲ.. ပျော်ရွှင်သော အေးဗျီ ဖူး... ဖြစ်ပါစေ... ဗျို့

ငါ့အစ်ကို ကြီး.... ယပလက်ကို ပိုအဆင်ပြေပြေ သွား နိင်ပဟ.... ရေးးးးးးးးးးးး

ရွှေရတုမှတ်တမ်း said...

ရန်ကုန်မြစ်ကြီးနားရထားပေါ်မှာ..အကိုကြီးစား ရင်...ညီမလေးရွတယ်..တို့ဘာတို့..အော်ပြီးဈေး ရောင်းတဲ့သူမပါရင် မစီးချင်ပါဘူး..ပျင်းပါတယ်

ShwunMi- said...

:)
ဘာကိုရေးနေမှန်းမသိ မျက်စိလည်ပြီး အောက်ဆုံးစာကြောင်း အရင်ဖတ်မိတယ်..

သက်ဝေ said...

အဟုတ်မှတ်လို့ ဖတ်နေတာ...
မုန်း...................ဒယ်....................