Search This Blog

Friday, April 30, 2010

အတောင်အလက် ပြည့်ပြီးခါမှ

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ညဖက် အပြင်ထွက်ရင်း ကျွန်တော့် မိတ်ဆွေတစ်ယောက်နဲ့ လက်ဖက်ရည်ဆိုင်မှာ ဆုံဖြစ်ကြပါတယ်။ ကျွန်တော်တို့ နှစ်ယောက်သား ဟိုအကြောင်း ဒီအကြောင်းတွေ ပြောနေကြရင်းက ရုတ်တရက် သူက ကျွန်တော့်ကို လေးလေးနက်နက် စကားတစ်ခွန်း ပြောပါတယ်။ "ငါတို့တွေ ကိုယ်လျှောက်မယ့် လမ်းကြောင်းကို ကိုယ့်ဘာသာ စိတ်ကြိုက်ရွေးခဲ့ ကြတာပဲ။ ဒါပေမယ့် ကိုယ်ရွေးချယ်ခဲ့တဲ့ လမ်းကြောင်းအတွက် တချိန်မှာ ပြန်ပြီး နောင်တ ရတာ မကောင်းဘူးကွ။ မင်းတော့ အဲဒီလို မဖြစ်စေနဲ့။ ငါကတော့ လွန်သွားပြီ။ အခုအချိန် ငါကိုယ်တိုင် ရွေးခဲ့တဲ့လမ်းအတွက် အကြီးအကျယ် နောင်တရသလို ခံစားနေရတယ်။ ငါတက္ကသိုလ်တက်ပြီး စာတွေ သင်ခဲ့တာ အလကား ဖြစ်သွားသလိုပဲ" ဆိုပြီးတော့ပါ ။ သူက အဲဒီအချိန်က ရန်ကုန်တက္ကသိုလ်က မြန်မာစာ အထူးပြုနဲ့ မဟာဘွဲ့ ရပြီးသားပါ။ နောက်တစ်ပတ်ဆိုရင် နိုင်ငံခြားထွက်ပြီး သင်္ဘောတက်ခါနီး ဖြစ်ပါတယ်။ သူဝါသနာပါတဲ့ မြန်မာစာနဲ့ အလုပ်လုပ်ခွင့် မရဘဲ ဘာမဆိုင်ညာမဆိုင် သင်္ဘောသား လုပ်ရတဲ့အတွက် သူနည်းနည်းလေး ပေါက်ကွဲနေတဲ့ပုံ ရှိပါတယ်။

နောက်တော့ သူက ကျွန်တော့်ကို "မင်း လူငယ်ခြေကျ ဆိုတဲ့ သီချင်း ကြားဖူးလား။" လို့ မေးပါတယ်။ သူပြောတဲ့ သီချင်းကို ကျွန်တော် ကြားဖူးပါတယ်။ တစ်ချိန်က တေးရေးဆရာ စိုင်းခမ်းလိတ်က စိုင်းထီးဆိုင် အတွက် ရေးပေးခဲ့တဲ့ သီချင်းပါ။ ဒါပေမယ့် ဆင်ဆာမလွတ်လို့ အဲဒီသီချင်းက ထွက်မလာပါဘူး။ နောက်တော့ ကိုမွန်းအောင် ပြန်ဆိုပါတယ်။ ဘွဲ့ရပြီး အလုပ်မရှိတဲ့ လူငယ်တွေ အကြောင်းကို ရေးထားတဲ့ သီချင်းပါ။ အဲဒါနဲ့ ကျွန်တော်က သူ့ကို ကြားဖူးကြောင်း ပြန်ပြောပါတယ်။ သူက "ငါတို့တွေ စာမေးပွဲတွင်းက မိန်းကလေးဆောင် ရှေ့မှာ အဲဒီသီချင်း သွားဆိုကြတယ်ကွ။ စာမေးပွဲတွင်း ဆိုတော့ ဂစ်တာလာတီးတာ ဘယ်သူမှ အရေးတယူ နားမထောင်ကြဘူး ပေါ့ကွာ။ ဒါပေမယ့် သီချင်း ဆုံးသွားတော့ အခန်းတွေ အကုန် မီးပွင့်လာပြီး မိန်းကလေးတွေ အကုန် အပြင်ထွက်လာကြတယ်ကွ။ နောက်တစ်ခေါက် ထပ်ဆိုပါဦး ဆိုပြီး ဝိုင်းအော်ကြလို့ နောက်တစ်ခေါက် ထပ်ဆို ပြခဲ့ရတယ်။ ငါတို့နဲ့ ခံစားချက်တူတဲ့သူတွေက အများကြီးပဲကွ။ " လို့ ရယ်ပြီး ဆက်ပြောပါတယ်။ (လူငယ်ခြေကျ ကို ကိုမွန်းအောင် ဆိုထားတာ နားထောင်ချင်ရင် ဒီလင့်ခ် မှာ နားထောင် လို့ရပါတယ်။)

ကျွန်တော်တို့ ငယ်ငယ်ကတော့ တက္ကသိုလ်ရောက်ရင် ကိုယ် ဝါသနာပါတဲ့ ဘာသာရပ်ကို သင်မယ်။ ကျောင်းပြီးရင် အဲဒီဘာသာရပ်နဲ့ သက်ဆိုင်တဲ့ အလုပ်လုပ်ရမယ်။ တကယ်သာ ဝါသနာ ပါရင် အောင်မြင်မယ်လို့ ထင်တတ်ပါတယ်။ ဒါပေမယ့်လည်း အသက်အရွယ် နည်းနည်းရလာတော့ တဖြည်းဖြည်း သဘောပေါက် လာပါတယ်။ ကျွန်တော်တို့ ကျောင်းမှာ သင်လာတဲ့ စာတွေက ကိုယ့်လုပ်ငန်းခွင်ထဲမှာ အသုံးတည့်ချင်မှလည်း တည့်မယ်။ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို လုပ်ချင်ပေမယ့်လည်း လက်တွေ့မှာတော့ အများစုက ဘဝရပ်တည်ရေးအတွက် ဝါသနာမပါဘဲ အဆင်ပြေတဲ့ အလုပ်ကို လုပ်နေရ တတ်တာ များပါတယ်။ တချို့ကတော့ ကျွန်တော်တို့ မြန်မာတွေပဲ ဒါမျိုးတွေ ကြုံနေရတယ် ထင်တတ်ပါတယ်။ ဒါပေမယ့် ဒီလိုကြုံနေရတာ ကျွန်တော်တို့ မြန်မာတွေချည်းပဲ တော့ မဟုတ်ပါဘူး။ တခြားနိုင်ငံတွေမှာလည်း အဲဒီလို လူမျိုးတွေ တွေ့ဖူးကြုံဖူးပါတယ်။

ပိုလန်က စက်ရုံတစ်ရုံမှာ ကွန်ပြူတာ ကွန်ယက်ကနေ တဆင့် စက်တွေကို ထိန်းချုပ်တဲ့ စနစ်တစ်ခု သွားပြီး ဆင်တဲ့ အချိန်တုန်းကပါ။ ဒီစနစ်က အိုင်ယာလန်က စက်ရုံတစ်ရုံမှာ ဆင်ပြီးသား စနစ်မို့ ပြသနာ အကြီးအကျယ် မရှိပါဘူး။ သိပ်မကြီးကျယ်တဲ့ ပြသနာ အသေးအမွှားတွေလောက်ပဲ ရှိပါတယ်။ အဲဒီထဲက ပြသနာ တစ်ခုကိုတော့ ကျွန်တော် ဘယ်လိုမှ မရှင်းတတ်ပါဘူး။ စက်ကို လှမ်းပြီး ဆက်သွယ်တဲ့ အချိန် စက်က ပိတ်ထားရင် ဖြစ်ဖြစ် ကွန်ယက်ကြိုး ပြုတ်နေရင် ဖြစ်ဖြစ် စက္ကန့် ၃၀ ကနေ ၁ မိနစ်လောက် အထိ စက်ကနေ ဘာမှ အကြောင်းပြန် မလာပါဘူး။ အဲဒီအချိန် ကျော်သွားမှပဲ စက်ကို ဆက်သွယ်လို့ မရတဲ့ အကြောင်း မက်ဆေ့ ပြန်လာပါတယ်။ အဲဒီအချိန် ကပ်စတန်မာက ကြာတယ် ဆိုပြီး သဘောမကျကြောင်း ကျွန်တော်တို့ကို ပြောပါတယ်။

ကျွန်တော် ပရိုဂရမ်ထဲမှာ ကြိုးစားပြီး ပြင်ကြည့်ပေမယ့် ဘယ်လိုမှ အဆင်မပြေပါဘူး။ အဲဒါနဲ့ အင်တာနက် ထဲမှာ ရှာကြည့်တော့ အဲဒီလို ကြာတဲ့အချိန် (TCP Timeout) က ပြင်ဖို့ မလွယ်ဘူး ဆိုတာ သွားတွေ့ပါတယ်။ အဲဒါနဲ့ စက်ရုံက အင်ဂျင်နီယာတွေကို အဲဒီဟာက ပြင်ဖို့ မဖြစ်နိုင်တဲ့ အကြောင်း ပြောပြပါတယ်။ အဲဒီတော့ ကပ်စတန်မာက ဘာလို့ ပြင်လို့မရတာလဲ လို့ ပြန်မေးပါတယ်။ ကျွန်တော်က အဲဒါက အများသုံးနေတဲ့ စံနှုန်းဖြစ်လို့ ပြင်ဖို့ မလွယ်ကူတဲ့ အကြောင်း ပြန်ရှင်းပြပါတယ်။ ကျွန်တော်တို့ အဲဒီလို ပြောနေတဲ့အချိန်မှာ စက်ရုံက ထုတ်လုပ်ရေးလိုင်းထဲမှာ လုပ်နေတဲ့ အင်ဂျင်နီယာ တစ်ယောက်က ဝင်ပြီး ပြောပါတယ်။ TCP မှာ အဲဒီလောက် ကြာတယ် ဆိုတာ ဟုတ်တယ်။ ဒါပေမယ့် အဲဒါကို ပြင်ချင်ရင် သိပ်မခက်ဘူး။ TCP နဲ့ လှမ်းပြီး မချိတ်ခင် မင်းကုတ်ဒ်ထဲမှာ Ping ရိုက်တဲ့ ကုတ်ဒ်တစ်ကြောင်း ထပ်ထည့်လိုက်။ Ping နဲ့ အဆင်မပြေရင် လှမ်းမချိတ်နဲ့။ တစ်ခါတည်း Error တမ်းပြီး ပြလိုက်။ Ping နဲ့ အဆင်ပြေမှ ဆက်လုပ်ပေါ့။ အဲဒါဆို ဒီလောက် ကြာအောင် မစောင့်ရတော့ဘူး လို့ ပြောပါတယ်။

ရုတ်တရက် ဆိုတော့ ကျွန်တော် အံ့အားသင့်သွားပါတယ်။ ကျွန်တော်တွေ့ဖူးတဲ့ ထုတ်လုပ်ရေးလိုင်းထဲမှာ အလုပ်လုပ်နေတဲ့ အင်ဂျင်နီယာတွေထဲမှာ ကွန်ပြူတာ ပရိုဂရမ်ရေးတတ်တဲ့သူ အတော်နည်းပါတယ်။ ရေးတတ်ရင်တောင်မှ အခုလို လက်တွေ့ကျတဲ့ အကြံညာဏ်မျိုး ပေးနိုင်တဲ့သူ ဆိုတာ မတွေ့ဖူးပါဘူး။ Ping က TCP တို့ UDP တို့လို Transport Protocol မဟုတ်ဘဲ Messaging Protocol (ICMP) သာ ဖြစ်တဲ့အတွက် သူပြောတဲ့နည်းက ဖြစ်နိုင်တဲ့နည်းဆိုတာကို ကျွန်တော် သဘောပေါက်ပါတယ်။ သူပြောတဲ့ အတိုင်း စမ်းကြည့်တော့ ပြသနာက ပြေလည်သွား ပါတယ်။ စက်က ဆက်သွယ်လို့ မရရင် ချက်ချင်း အကြောင်းပြန်ပါတယ်။

အဲဒါနဲ့ ကျွန်တော်လည်း သူ့ကို အခုလို အကြံပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောပြီးတော့ သူ့ရဲ့ ပရိုဂရမ်းမင်း နဲ့ ပတ်သက်တဲ့ ဗဟုသုတ အကြောင်း နည်းနည်း တီးခေါက်ကြည့်ပါတယ်။ အဲဒီတော့ သူက "ငါ တက္ကသိုလ်က ဘွဲ့ရခါစက ပရိုဂရမ်မာ နှစ်နှစ်လောက် လုပ်ဖူးတယ်။ နောက်မှ ထုတ်လုပ်ရေးလိုင်းထဲ ရောက်လာတာ" လို့ သူက ပြန်ပြောပြပါတယ်။ ဘာလို့ ပရိုဂရမ် ဆက်မရေးတော့တာလဲ မေးတော့ "ငါတို့ဆီမှာ ပရိုဂရမ်ရေးရင် ပိုက်ဆံ သိပ်မရဘူးကွ။ အခုအလုပ်လုပ်နေတဲ့ ကုမ္ပဏီက နိုင်ငံတကာ ကုမ္ပဏီ။ လခကောင်းတယ်။ ပရိုဂရမ်းမင်းကို ဝါသနာ ပါပေမယ့်လည်း ပိုက်ဆံရတဲ့အလုပ် လုပ်ရတာပေါ့ကွာ။" လို့ သူက ပြန်ဖြေပါတယ်။

သူပြောတဲ့ စကားကို ကြားရတော့ ကျွန်တော် အချိန် အတော်ကြာအောင် ငိုင်သွားပါတယ်။ ကျွန်တော့်ကို ပြောပြတဲ့သူကတော့ ဘာမှမဖြစ်သလို ခပ်ပြုံးပြုံးပါဘဲ။ တကယ်ဝါသနာ ပါတဲ့ ကျွမ်းကျင်တဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကြောင်း လုပ်ချင်ပေမယ့်လည်း လုပ်စရာ နေရာ မရှိလို့ မလုပ်ရတဲ့ သူ့လို လူမျိုးတွေ ကမ္ဘာပေါ်မှာ ဘယ်လောက်များနေလဲ ဆိုတာ တွေးမိပါတယ်။ ဒါပေမယ့် နောက်ဆုံးတော့လည်း ဘာပဲဖြစ်ြဖစ် ရထားတဲ့ ဘွဲ့လက်မှတ်သုံးပြီး ပိုက်ဆံရှာလို့ ရတာတော့ နည်းနည်းတော်သေးတယ် ပြောရမှာပေါ့ လို့ပဲ ဖြေပြီး တွေးလိုက်မိပါတယ်။

12 comments:

khin oo may said...

ဖတ်ပြီးသက်ပြင်းချလိုက်သည်။

Anonymous said...

:) လူလတ်ခြေကျတစ်ယောက်လာဖတ်တယ်။
တတ်ထားတဲ့ ပညာ အသုံးမချရတော့ ဘယ်ရမလဲ ယာက်ကျားယူပစ်လိုက်တယ်။ မှတ်ရော..
်မမွန်။

ရွှေရတုမှတ်တမ်း said...

အလို..သူကယောင်္ကျားယူပြီးဖြေရှင်းနည်းပြောပေမဲ့..အနော်တို့ကအဲလိုလုပ်ရင်..နာဘီဂျာ...

ရေတမာ said...

လူငယ်အရံခုံ တယောက်လာဖတ်သွားပါတယ်း)))) ရောင့်ရဲခြင်းနဲ့ ပြည့်ဝနေပြီးP

Rita said...

(ရထားတဲ့ ဘွဲ့လက်မှတ်သုံးပြီး ပိုက်ဆံရှာလို့ ရတာတော့ နည်းနည်းတော်သေးတယ် )

ဘာမှ မတတ်ခဲ့တာ တော်သေးတယ်။
အကုန် အလုပ်ထဲရောက်မှ ပြန်သင်ရတာချည်းပဲ။ တတ်အောင်သင်ခဲ့ရင် အလကား အချိန်ကုန်နေဦးမယ်။

Phyo Maw said...

ထမင်းစားလက်မှတ်ရပြီ အလုပ်မရသေးသူပါ။ ^_^

sosegado said...

ရထားတဲ့ ဘွဲ့နှင့် လုပ်စားလို့ မရဘူးထင်ပြီးကာမှာ၊ တစ်ပတ်လည်ခဲ့ပါတယ်၊ အရာရာတိုင်းဟာပြောင်းလဲနေသမို့ upgrade နှင့် ပြောင်းလည်းပစ်ဘို့လိုပါမယ်၊ ထုတ်လုပ်ရေးဘက်ရောက်နေတဲ့သူက တစ်ချိန်မှာ ပရိုဂရမ်ပြန်ရေးရင် ရေးဖြစ်ဦးမှာပါ၊ အသက်မွေးဝမ်းကျောင်း အတတ်မဟုတ်လား၊ ထင်မြင်ချက်လေးပါ။

T T Sweet said...

မွန်းအောင် ဆိုထားတဲ့ လူငယ်ခြေကျ သီချင်းလေး သွားနားထောင်ခဲ့ပါတယ်။ တစ်ခါမှ မကြားဘူးပါ။ ခေတ်ကို ထင်ဟပ်စေတဲ့ သီချင်း နှစ်ပေါင်းများစွာကြာလှပြီ... ခေတ်ကိုပိုထင်ဟပ်စေလာတယ်။

ကိုလူထွေး said...

မမွန်အကြံပေးတိုင်းသာ လိုက်လုပ်ရရင်...

ဟင်းဟင်း...

မတွေးရဲဘူး...

းဝ)

ဖိုးသင်္ကြန် said...

အိမ်က အတင်းတိုက်တွန်းလို့ ဂွမကိုင်ရပဲ တူကိုင်ခဲ့ရသူပါ
ခုကျပြန်တော့လည်း ဘာမဆိုင် ညာမဆိုင် မြေကြီးစစ်ရတဲ့ တီကောင်ဖြစ်နေပြန်ပါသကော အကိုရာ...

သက်ဝေ said...

လူငယ်ခြေကျသီချင်းကို အရင်က နာမည်ပဲ ကြားဖူးတာ အခုမှ နားထောင်ဖူးတော့တယ်...
Thanks for Sharing Ko ZT…

ywartharlay-ytu said...

ကျောင်းပြီးတော့ စာတစ်ပုဒ်ရေးဖြစ်သေးတယ်. ကျောင်းပြီးကာစ တက်သစ်စကို ဘယ်ကမှ လက်မခံ၊ အလုပ်မရတော့ လုပ်သက်မရှိ၊ ရတဲ့အလုပ်က ၀မ်းမ၀၊ ကျနော်လည်း အစက ပရိုဂရမ်မာလုပ်ဖို့ စိတ်ဝင်စားတယ်။ နောက်တော့ system analysis ကို အားသန်သွားတယ်။ ဒါပေမယ့် ဖြစ်လာတာက တခြား။ ခုတ်ရာတခြား ရှရာတခြားပါဗျာ။ ဈေးကွက်နောက်ကို လိုက်ရင်း လိုက်ရင်း...ကိုယ်ကိုတိုင်ပျောက်ဆုံးနေတာကြာပြီ။ ဒီရောက်ပြန်တော့ ပရိုဂရမ်မာတွေက ဦးမော့နေတော့ အင်ဂျင်နီယာကနေ ပြန်ပဲလှည့်ရတော့မလိုလို...