Search This Blog

Wednesday, April 7, 2010

Facebook ကိုက်တဲ့ ရောဂါ

အသက် ၇၆ နှစ်ရှိပြီ ဖြစ်တဲ့ အမျိုးသမီးကြီးဟာ Clearview စွဲလမ်းမှု ကုသရေး ဆေးခန်းရဲ့ စင်္ကြန်လမ်းမှာ လျှောက်လာရင်း သူသွားချင်တဲ့ ကုသရေး ဌာနကို ရှာနေပါတယ်။ သူမဟာ ဘိန်းဖြူစွဲခြင်း ကုသရေးဌာန၊ ဆေးလိပ်စွဲခြင်း ကုသရေးဌာန၊ ဘင်ဂိုစွဲခြင်း ကုသရေးဌာန စတဲ့ ဆိုင်းဘုတ်တွေကို ဖြတ်ကျော် လာပြီးတဲ့ နောက်မှာတော့ သူမရှာနေတဲ့ "Facebook စွဲခြင်း ကုသရေးဌာန" ကို တွေ့သွားပါတယ်။

အဲဒီဌာနကတော့ ဆေးခန်းတစ်ခုလုံးမှာ အလုပ်အများဆုံး ဌာနပါ။ အခန်းထဲမှာ ကုသဖို့ စောင့်နေတဲ့သူ ၃ ဒါဇင် နီးပါးလောက် ရှိပါတယ်။ အတော်များများကတော့ သူတို့ရဲ့ ဘလက်ဘယ်ရီတွေ အိုင်ဖုန်းတွေကို မျက်နှာသေ တွေနဲ့ စိုက်ကြည့် နေကြပါတယ်။ ဆံပင်တွေ ရှုပ်ပွနေတဲ့ လူလတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်ကတော့ အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း "ငါ့နွားတွေကို နို့ညှစ်ရတော့မယ်။ ငါ့နွားတွေကို နို့ညှစ်ရတော့မယ်။" လို့ တဖွဖွ ရေရွတ် နေပါတယ်။

အသက် ၂၀ လောက် ယောက်ျားတစ်ယောက်ကတော့ ကြမ်းပြင်ပေါ်မှာ မှောက်ရင်း သူ့ရဲ့မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ထားပါတယ်။ ဘေးနားက ဆံပင်ကောက်ကောက်နဲ့ အမျိုးသမီးတစ်ယောက်က သူ့ကို နှစ်သိမ့်နေပါတယ်။

"ဘာမှ စိတ်မပူပါနဲ့။ အားလုံး အဆင်ပြေသွားမှာပါ။"
"ငါနားမလည်နိုင်တာပါ။ ငါ့ရဲ့ update က LOL တန်တဲ့ အရာမျိုးလို့ ထင်တာပဲ။ ဒါပေမယ့် ငါ့သူငယ်ချင်းတွေ တစ်ယောက်မှ Like ဆိုတဲ့ ခလုပ်ကလေးတောင် မနှိပ်ကြဘူး။"
"ဘယ်လောက်ကြာပြီလဲ။"
"ငါးမိနစ်လောက်တောင် ရှိသွားပြီ။ ဒါက ပြင်ပကမ္ဘာမှာ ၅ လနဲ့ ညီတယ်လေ။"

အသက် ၇၆ နှစ် အမျိုးသမီးကြီးက သူမရဲ့ နာမည်ကို ခေါ်တဲ့အထိ စောင့်နေပါတယ်။ နောက်တော့ သူမက ဧည့်ကြိုကောင်မလေး နောက်ကနေပြီး Facebook စွဲလမ်းမှု အကြံပေး အဲလ်ဖရက်ဇူးလူးရဲ့ ရုံးခန်းထဲကို လိုက်ဝင်သွားပါတယ်။

"ထိုင်ပါ အက်ဒ်နာ။ ပြီးရင် ဘယ်လိုစဖြစ်သလဲ ဆိုတာ ကျွန်တော့်ကို ပြောပြပါ။" သူက နွေးထွေးတဲ့ အပြုံးနဲ့ ဆီးကြိုပြီး ပြောပါတယ်။

"အင်း။ ပြောရရင်တော့ ငါ့မြေးရဲ့ အပြစ်ပဲ။ သူက ငါ့ကို Facebook ကို ဝင်ဖို့ ဖိတ်တယ်လေ။ အဲဒီမတိုင်ခင်က ငါ Facebook ဆိုတာ ကြားတောင် မကြားဖူးဘူး။ ဒါပေမယ့် ငါက အမြဲတမ်း စာအုပ်ထဲ မျက်နှာအပ်ထားတဲ့ သူဆိုတော့ အဲဒါ ငါနဲ့သင့်တော်တဲ့ နေရာလို့ ထင်မိတာပေါ့။"
"ဘယ်လောက် အကြာမှာ စပြီး စွဲသွားသလဲ။"
"Profile တစ်ခု လုပ်တာထက်တောင် ပိုမြန်တယ်လို့ ထင်တာပဲ။ ငါ အနည်းဆုံး တစ်နေ့ကို ၈ ကြိမ် Facebook ကို ဝင်ဖြစ်တယ်။ ညဖက်မှာတော့ အများဆုံးပဲ။ တခါတလေဆိုရင် ငါညလယ်ခေါင်ကြီး ထပြီး ကြည့်မိတယ်။ အိန္ဒိယက ငါ့သူငယ်ချင်း အသစ်တစ်ယောက်က update တွေများ လုပ်ထားမလား ဆိုပြီးတော့ပေါ့။ ငါ့ယောက်ျားကတော့ မကြိုက်ဘူး။ သူကတော့ ပြောတယ်။ ခင်မင်မှု ဆိုတာ တန်ဖိုး ရှိတယ်။ Outsource မလုပ်သင့်ဘူးတဲ့။"
"Facebook မှာ ဘယ်အရာကို အကြိုက်ဆုံးလဲ။"
"အဲဒီနေရာမှာက ဘဝဆိုတာ တကယ် ရှိတယ်လို့ ခံစားရတယ်လေ။ တကယ့် အပြင်လောကမှာတော့ ငါ့မှာ သူငယ်ချင်း ၅ ယောက် ၆ ယောက်ပဲ ရှိတယ်။ Facebook ထဲမှာတော့ သူငယ်ချင်း ၆၇၄ ယောက်တောင် ရှိတယ်။ Juan Carlos Montoya နဲ့တောင်မှ သူငယ်ချင်း ဖြစ်သေးတယ်။"
"သူက ဘယ်သူလဲဟင်။"
"အဲဒါတော့ ငါမသိဘူး။ သူ့မှာ သူငယ်ချင်း ၄၀၀၀ တောင် ရှိတာဆိုတော့ နာမည်ကြီး တစ်ယောက် ဖြစ်မှာပေါ့။"
"အင်း။ ကျွန်တော်သိပြီ။ Facebook က ခင်ဗျားကို အဆက်အသွယ်တွေ ရအောင် အကူအညီပေးတာကိုး။"
"အင်း။ ဟုတ်ပါရဲ့။ ငါတော့ အထက်တန်းကျောင်းတုန်းက ကောင်မလေးတွေနဲ့တောင် ပြန်အဆက်အသွယ် ရတယ်။ ငါအခုထက်ထိ သူတို့ကို ကောင်မလေးတွေလို့ ခေါ်နေတုန်းပဲ။ ငါသူတို့နဲ့ အဆက်အသွယ် မရတာ နှစ်ပေါင်းများစွာ ကြာလှပြီ။ အဲဒီတော့ သူတို့ရဲ့ Profile တွေကို ကြည့်ပြီး ဘယ်သူကတော့ အငြိမ်းစား ယူသွားပြီ၊ ဘယ်သူကတော့ အလုပ်လုပ်နေတုန်းပဲ။ ဘယ်သူကတော့ ယောက်ျားနဲ့ ကွဲသွားပြီ။ ဘယ်သူကတော့ အပြင်မှာ ဇာတ်လမ်းတွေ ရှုပ်နေတယ်။ ဘယ်သူကတော့ အလုပ်ဖြစ်နေတယ် ဆိုတာမျိုး မှန်းဆကြည့်ရတာ ပျော်စရာ ကောင်းတယ်။ ငါက သူတို့ရဲ့ ဓာတ်ပုံတွေ လျှောက်ကြည့်နေရတာ။ သူတို့ရဲ့ update တွေ ဖတ်နေရတာကို ကြိုက်တယ်။ သူတို့ ဘယ်ကို အပန်းဖြေခရီး သွားကြတယ်။ ဘယ်ရုပ်ရှင် ကြည့်ကြတယ်။ သူတို့ရဲ့ အိမ်သာစက္ကူကို အပေါ်မှာ ချိတ်သလား အောက်မှာချိတ်သလား ဆိုတာတွေ ကို သိရတယ်လေ။ သူတို့ထဲက တချို့နဲ့ ဂိမ်းတစ်ခုကိုတောင် ငါဆော့နေတာ။"
"ကျွန်တော် တွေးကြည့်မယ်။ အဲဒါ Farmville မဟုတ်လား။"
"မဟုတ်ဘူး။ Mafia Wars။ ငါက Hitman။ အက်ဒ်နာကို ဘယ်သူမှ ရီးတီးယားတား လာလုပ်လို့ မရဘူး။"
"ခင်ဗျားအနေနဲ့ သူငယ်ချင်းတွေ ကို အပြင်မှာ တွေ့ကြည့်ရင် ပိုမကောင်းဘူးလား။
"ဟင့်အင်း။ မကောင်းဘူး။ Facebook ပေါ်မှာက ပိုလွယ်တယ်။ ငါတို့အနေနဲ့ ဘာမှ ဝတ်ကောင်းစားလှ ဝတ်နေစရာမလိုဘူး။ ရေချိုးပြီး ရေမွှေးတွေ ဘာတွေ ဆွတ်ဖို့ ပါးစပ်ဆေးဖို့တွေ ဘာတွေလည်း မလိုဘူး။ အဲဒါက Facebook မှာ အကောင်းဆုံး အချက်ပဲ။ ဘယ်သူ့ရဲ့ အနံ့ကိုမှ မရနိုင်ဘူး။ လူတိုင်းက စွဲဆောင်မှု ရှိတယ်လေ။ ဘာလို့လဲ ဆိုတော့ လူတိုင်းက Profile မှာပြဖို့ ပုံကောင်းကောင်း တင်ကြတာ ချည်းပဲ။ ငါ့ရဲ့ မိန်းကလေးလို့ ခေါ်တဲ့ အထဲက သူငယ်ချင်းတစ်ယောက်ရဲ့ Profile မှာ ပြထားတဲ့ ဓာတ်ပုံက အင်းငါ အသေအချာ ပြောရဲပါတယ်။ အိုင်ဆင်ဟောင်ဝါ ခေတ်က ဓာတ်ပုံဆိုတာ။"
"ခင်ဗျားကရော ဘယ်ပုံ သုံးသလဲ။"
"အင်း။ ငါ ၅ နာရီလောက် အချိန်ပေးပြီး Profile မှာ တင်ဖို့ပုံကို ရှာတယ်။ ဒါပေမယ့် ငါကြိုက်တာ တစ်ပုံမှ မတွေ့ဘူး။ အဲဒါကြောင့် အနီးအနားက အလှပြင်ဆိုင်ကို သွားဖို့ ငါဆုံးဖြတ်လိုက်တယ်။"
"ခင်ဗျားဘာသာ ပိုလှသွားအောင် ပြင်ဖို့လား။"
"မဟုတ်ဘူး။ ငါအဲဒီက ကောင်မလေး ငယ်ငယ်လေး တစ်ယောက်ရဲ့ ဓာတ်ပုံကို ယူဖို့။ အဲဒါ ငါအခု သုံးနေတဲ့ ပုံပဲ။"
"ခင်ဗျားရဲ့ သူငယ်ချင်းတွေက ခင်ဗျား အပြင်က ပုံနဲ့မတူတာကို သတိမထားမိကြ ဘူးလား။"
"တစ်ချို့ကတော့ သိတယ်။ ဒါပေမယ့် ငါသူတို့ကို ငါ ယောဂတွေ အများကြီး လုပ်တယ်လို့ ပြောထားတာပေါ့။"
"ဘယ်အချိန်က စပြီး Facebook သုံးတာ ပြသနာတစ်ခု ဖြစ်နေပြီလို့ ထင်လာတာလဲ။"
"အရင် တနင်္ဂနွေညကပေါ့။ ငါ Facebook ပေါ်မှာ ရှိနေတုန်း ငါ့ရဲ့ Wall ပေါ်မှာ ငါ့ယောက်ျား ရေးထားတဲ့ မက်ဆေ့ တစ်ခု တွေ့တယ်။ "ငါ လွန်ခဲ့တဲ့ ၅ ရက်က အိမ်ကနေ ပြောင်းသွားတယ်တဲ့။ မင်းသိသင့်တယ်လို့ ထင်လို့" ဆိုပြီးတော့ပေါ့။"
"အဲဒီတော့ ခင်ဗျားက ဘာလုပ်လိုက်သလဲ။"
"ဘာလုပ်ရမလဲ။ ရှင်းရှင်းလေးပဲ။ သူ့ကို Facebook သူငယ်ချင်းစာရင်း ထဲကနေ ဖျက်ပစ်လိုက်တာပေါ့။"

(Forward mail ထဲက ရတဲ့ ဟာသတစ်ခုကို ဘာသာပြန်ထားတာပါ။)

10 comments:

khin oo may said...

ရယ်ရတယ်။
တော်ပါသေးရဲ့။အဲသလောက်တော့မဆိုးသေးဘူး။ အဲသတော့ဆရာဝန်ပြစရာမလိုပါဘူး.အင်း ဒါပေမဲ့ အဲသည် ဆရာဝန်လဲ ဖဘ စွဲမနေဘူးလို့ဘယ်သူပြောနိုင်မလဲနော့. ပြန်ခါနီးကျမှ ခင်များ ကို ကျွန်တောင် invite လုပ်လိုက်မယ်ဆိုမှခက်နေဦးမယ်။

khin oo may said...

ပြင်ပက သူငယ်ချင်းတွေ ကအတွေ့မခံကြ ဖုံးပြောရင်လက်မခံကြလို့ အင်တာနက်နဲ့မျက်နာအပ်ထားရခြင်းဖြစ်ပါတယ်။

အင်တာနက်မှာဆိုရင် စကားလက်ခံပြောကြတယ်။ စီပုံးမှာဆိုရင်စကားလက်ခံပြောကြတယ်။ အပြင်မှာ ဘယ်သူဘယ်ဝါဆိုတာမသိရဘူး ။ သိခွင့်မလဲမရှိဘူး. တွေ့ခွင့်လဲမရှိဘူး အတွေ့လဲမခံကြဘူး

စီပုံးထဲမှာဆိုရင်တော့သိတ်ချိုသာကြတယ်. ချစ်လဲသိတ်ချစ်ကြတယ။်

ကိုယ်လဲရုးပြီ.။

naychi said...

အန်တီကွန်ရဲ့ ပထမ ကွန်းမန့်အတိုင်းဖြစ်နေရင် ဒုက္ခ
း))))

:P said...

ဟားဟားဟား....
ကြိုက်သွားပြီ။ ရှေ့ကလူနာနှစ်ယောက်ကိုရေးထားတာလည်း ရယ်ရတယ်.. ဖဘ မှာ ၇ှဲလိုက်မယ်နော်.... ဟီးဟီး

ဧပရယ်လ်ပူး@ပူးတေ said...

အဖွားကြီး ပြန်ဖြေလိုက်တဲ့ နောက်ဆုံးစာကြောင်းလေးကို ကြိုက်တယ်... ပြီးတော့ ရီလိုက်ရတာ အသံတောင်ထွက်သွားတယ်...:)

ShwunMi- said...

:)

Phyo Maw said...

Facebook သူငယ်ချင်းစာရင်း ထဲကနေ ဖျက်ပစ်လိုက်တာပေါ့။

i also did this one. =D

ကိုရင်နော်ခင်လေးငယ် said...

ဟားးး ဟားးးး
စိတ်ကြည်နူး ရွှင်ပြုံးစရာလေးတွေ များများ ဘာသာပြန်ရေးပေးဖို့ တောင်းဆိုပါတယ်...
:) :D

ခင်မင်စွာ ချစ်ခြင်းအားဖြင့်...

Moe Cho Thinn said...

FB လူမမာတယောက် လာဖတ်ပါတယ်ကွယ်..

khin oo may said...

:D