Search This Blog

Tuesday, March 1, 2011

ဟိုင်းဝေးကားပေါ်မှာ(၁)

သမိုင်းလမ်းဆုံမှာ ၁ နာရီကျော်လောက် ထိုင်ပြီးတဲ့ အချိန်မှာတော့ မြန်မာစံတော်ချိန် ဆိုတဲ့ စကားလုံးက ခေါင်းထဲမှာ ပေါ်လာပါတယ်။ ည ၁၀ နာရီကျော် ကတည်းက အင်းစိန် လမ်းမဘေးက ပလက်ဖောင်းမှာ ငုတ်တုပ်ထိုင်နေခဲ့တာမို့ ည ၁၁ နာရီကျော်လာတဲ့ အချိန်မှာတော့ နည်းနည်းတော့ နှာကစ် လာပါပြီ။ ချောင်းသာ သွားဖို့ ကားလက်မှတ် ဝယ်ထားတာ လက်မှတ်ဝယ်တုန်းက ဘယ်နေရာက စီးလို့ အဆင်ပြေမလဲ မေးတာမို့ သမိုင်းလမ်းဆုံက စီးလို့ အဆင်ပြေတယ်လို့ ပြောလိုက်မိပါတယ်။ အဲဒါဆိုရင် သမိုင်းလမ်းဆုံ ကောင်းကြိုက် ဒန်ပေါက် ဆိုင်ရှေ့မှာ ည ၁၀ နာရီ စောင့်နေပါလို့ ကားလက်မှတ် ရောင်းတဲ့သူက မှာလိုက်ပါတယ်။ အခုတော့ ည ၁၁ နာရီ ကျော်နေပါပြီ။ ချောင်းသာ သွားမယ့်ကားက ဘယ်ကမ္ဘာရောက်နေသလဲ မသိပါဘူး။

ဒီညတော့ နည်းနည်းစောသေးလို့လား မသိပါဘူး။ လမ်းမပေါ်မှာ လပ်လျားလပ်လျား လုပ်နေတဲ့ ပုဂ္ဂိုလ်များကို မမြင်မိပါဘူး။ ရန်ကုန်နဲ့ အဆက်ပြတ်နေတဲ့သူများနဲ့ ရန်ကုန်မှာ ညဘက် အပြင်ထွက်လေ့ မရှိတဲ့သူများတော့ ကျွန်တော်ပြောတဲ့ ပုဂ္ဂိုလ်များ အကြောင်း သိကြမယ် မထင်ပါဘူး။ ကျွန်တော်တို့ အတွက်တော့ ရန်ကုန်ပြန်ရောက်ရင် ညဘက် အိမ်ပြန်တဲ့ အချိန်က ၁၂ နာရီကျော် ပုံမှန် ပါပဲ။ အဲဒီလို အချိန်မျိုး ဆိုရင် သမိုင်းလမ်းဆုံ ဒါမှမဟုတ် စော်ဘွာကြီးကုန်းမှာ လမ်းမပေါ် လန်းလန်း လန်းလန်း လုပ်နေတဲ့ အဲဒီပုဂ္ဂိုလ်များကို မြင်ရတတ်ပါတယ်။ ကားလာရင် တားမယ်။ ပြီးရင် ယာဉ်မောင်းနာမည် ပြောပါ ဆိုပြီး မေးမယ်။ အဲဒီလို မေးပြီးရင် ဘယ်မှာနေသလဲ မေးမယ်။ ပြီးရင် ယာဉ်မောင်း ဘယ်သူ ဘယ်မြို့နယ်ကဆိုတာ လှမ်းအော်မယ်။ အဲဒီအချိန် ဟိုဘက်မှာ စကားပြောစက်ကိုင်ပြီး ဟန်ရေးတပြပြ လုပ်နေတဲ့ သူက အဲဒီနာမည်ကို ပြန်ရွတ်မယ်။ ဘာရည်ရွယ်ချက်နဲ့ အဲဒီလို လုပ်နေကြတယ်ဆိုတာ မသိပေမယ့် ဝတ်ကျေတမ်းကျေ လုပ်နေတယ် ဆိုတာတော့ သေချာပါတယ်။

ဘာလို့လဲ ဆိုတော့ ယာဉ်မောင်းနာမည် ဘယ်သူလဲ မေးပေမယ့် မှတ်ပုံတင်တို့ လိုင်စင်တို့ တောင်းမကြည့်ပါဘူး။ အဲဒီတော့ ပါးစပ်က ရွတ်လိုက်တဲ့ နာမည် မှန်မမှန် သူတို့ ဘယ်လိုမှ မသိနိုင်ပါဘူး။ တကယ်တမ်း မဟုတ်တရုတ် လုပ်မယ့်သူကရော သူ့နာမည် အမှန် ပြောမတဲ့လား ဆိုတာ သူငယ်တန်းကလေးတောင် မေးကြည့်ရင် သိမယ့် ကိစ္စမျိုးပါ။ အဲဒီတော့ သူတို့ ဘာရည်ရွယ်ချက်နဲ့ လပ်လျားလပ်လျား လုပ်နေကြသလဲ ဆိုတာကို စဉ်းစားလို့ မရတာ အမှန်ပါပဲ။ အဲဒီထက် ဆိုးတာကတော့ ကျွန်တော်နဲ့ ကျွန်တော်သူငယ်ချင်း လွန်ခဲ့တဲ့ နှစ်ရက်လောက်က မြို့ထဲက ပြန်လာတော့ အဲဒီ ပုဂ္ဂိုလ်တစ်ယောက်က နာမည် မေးပါတယ်။ ကျွန်တော့်သူငယ်ချင်းက သူ့နာမည် ပြောလိုက်ပေမယ့် ဟိုပုဂ္ဂိုလ်က တလွဲကြား တလွဲအော်လိုက်ပြီးတော့ သွားလို့ ရပြီ ပြောတာမို့ ကျွန်တော်တို့ ရယ်ခဲ့ရ ပါသေးတယ်။

ချောင်းသာ ကားကတော့ အခုထက်ထိ ပေါ်မလာ သေးပါဘူး။ ည ၁၀ နာရီခွဲလောက်က ချောင်းသာ သွားမယ့် ဘတ်စ်ကားတစ်စင်း ဒီနေရာကို လာသွားတာမို့ နေရာ မမှားတာတော့  အသေအချာပါပဲ။ အဲဒီကားကို မေးကြည့်တော့လည်း နောက်ကားလာလိမ့်မယ် စောင့်ပါလို့ ပြောသွားပါတယ်။ ဒီလိုနဲ့ လည်ပင်း ညောင်ရေအိုးဖြစ်ရင်း ည ၁၁ နာရီ ကို တော်တော်လေး စွန်းပြီးတဲ့ အချိန်မှာတော့ ကားရောက်လာပါတယ်။ ကားပေါ်က စာရွက်ကြီး ကိုင်ပြီး ဆင်းလာတဲ့ စပယ်ယာက ကိုယ့်နာမည် ခေါ်ပါတယ်။ လမ်းဘေး ပလက်ဖောင်းပေါ်က ခုံမှာ ထိုင်နေရတဲ့ ဒုက္ခက ကင်းသွားပြီမို့ ပျော်ပျော်ပါးပါးကြီးပဲ ကားပေါ် တက်လာခဲ့ပါတယ်။

သမိုင်းလမ်းဆုံကနေ ဘုရင့်နောင်ဖက်ကို ထွက်ခဲ့ပေမယ့် ကျွန်တော်တို့ က နောက်ဆုံး တက်တာ မဟုတ်ပါဘူး။ နောက်ထပ် ကားပေါ်ကို ထပ်တက်ကြတဲ့ ခရီးသည်တွေ ကျန်ပါသေးတယ်။ ဘုရင့်နောင် လမ်းဆုံပြီးမှပဲ ကားပေါ်မှာ လူစုံသွားပါတယ်။ လူစုံသွားတော့ ကားပေါ်မှာ မိုက်ခရိုဖုန်းနဲ့ ကျွန်တော်တို့ မော်တော်ယာဉ်ဟာ ညောင်တုန်း အထိ မောင်းမှာ ဖြစ်တဲ့အကြောင်း၊ ညောင်တုန်းမှာ ညလယ်စာ စားဖို့ ကားရပ်ပေးမှာ ဖြစ်တဲ့ အကြောင်း၊ ညောင်တုန်းကနေ ပုသိမ်အထိ တောက်လျှောက်မောင်းမှာ ဖြစ်တဲ့ အကြောင်း၊ ပုသိမ် အထွက်မှာ ပေါက်တော ရပ်ပေးပြီးရင် တောင်အတက်လမ်းမှာ ဆင်တွေ ရှိတဲ့ အတွက် ပေါက်ချင်ရင်လည်း ကားရပ်ပေးမှာ မဟုတ်တဲ့ အကြောင်း၊  လိုအပ်တဲ့ အကူအညီ ရှိရင် ပိုက်ဆံချေးတာက လွဲရင် ကျန်တာ အကုန် အကူအညီတောင်းနိုင်တဲ့ အကြောင်း၊ အဲယားကွန်းအေးရင် ပိတ်ပေးဖို့ ပြောနိုင်ကြောင်း၊ အဲယားကွန်း အပေါက်ကို အဝတ်တွေ တစ်ရှူးတွေနဲ့ ထိုးမပိတ်ဖို့ မေတ္တာရပ်ခံ ပါကြောင်း ကြေငြာတာတွေ ကြားရပါတယ်။ အဲယားကွန်း ကိစ္စက ရှင်းပေမယ့် ပေါက်တော ကိစ္စကတော့ မရှင်းပါဘူး။ တောင်တက်လမ်းမှာ ပေါက်ချင်ရင် ဘယ်နှယ့်လုပ်ရပါ့။ ကားပေါ်မှာ ကြွတ်ကြွတ်အိတ်ထဲ ပေါက်ထည့်ပြီး ပြတင်းပေါက်ကနေ ဝဲရမှာလားလို့ စိတ်ထဲမှာ စဉ်းစားနေမိပါတယ်။ တဆက်တည်းမှာ အထက်တန်းကျောင်းမှာ ဆရာတစ်ယောက် ချောက်ကျဖူးတဲ့ အကြောင်းကိုလည်း သွားပြီး သတိရမိပါတယ်။

ကျွန်တော်တို့ တက်ခဲ့တဲ့ ကျောင်းမှာ ဖြစ်ခဲ့ဖူးတာပါ။ ကျောင်းသားနှစ်ယောက်က အပြင်ထွက်ဖို့ ဆရာ့ဆီမှာ ခွင့်တောင်းတော့ ဆရာက မင်းတို့ကောင်တွေ ခဏခဏ ထွက်နေတာပဲ။ ဒီလောက်တောင် မအောင့်နိုင်ရင်လည်း အတန်းထဲမှာပဲ ကိစ္စရှင်းလိုက်ကြဆိုပြီး ဘုတောပါတယ်။ အပြောခံရတဲ့ နှစ်ယောက်က ခပ်တည်တည်နဲ့ အခန်းရဲ့ နောက်ဆုံးကို သွား ပုဆိုးလှန်ပြီး နံရံကို ပန်းထည့်လိုက်တော့ ဆရာကြီးမှာ သူ့စကားနဲ့သူ ပြန်ပတ်ပြီး ချောက်ကျပါတော့တယ်။

ဒီလိုနဲ့ လှိုင်သာယာ အက်ဖ်အမ်အိုင် မြို့တော်ကို ကျော်အပြီးမှာတော့ ကျွန်တော် အိပ်ပျော်သွားပါတယ်။  ညောင်တုန်းမှာ ကားရပ်မှပဲ နိုးပါတော့တယ်။ ဒီနေ့တော့ ဘာမှ ထူးထူးခြားခြား စားချင်စိတ် မရှိပါဘူး။ ဒါနဲ့ပဲ လက်ဖက်ရည် တစ်ခွက် မှာသောက်ရင်း ချစ်လှစွာသော ဇနီးနဲ့ စကားထိုင်ပြော နေဖြစ်ပါတယ်။ ၁၅ မိနစ်လောက် ကြာပြီးတော့ ကားပြန်ထွက်ဖို့ အချိန်ရောက်လာတာနဲ့ ကားပေါ်ပြန်တက်ခဲ့ပါတယ်။ ကားပေါ် ရောက်ပေမယ့် ကားက မထွက်နိုင်သေးပါဘူး။ အဲဒီအချိန်မှာမှ တခု သတိထားလိုက်မိပါတယ်။ ကားပေါ်မှာ လူဖြူတစ်ယောက် ပါလာတာပါ။ သိုးဆောင်းလား နွားဆောင်းလား ဘာလူမျိုးလည်းတော့ မသိပါဘူး။ အဲဒီ အဖြူပုဂ္ဂိုလ်က အရှေ့မှာ ကားယားကားယား လုပ်နေရင်း သူ့ရဲ့ ခရီးဆောင် လွယ်အိတ် မရှိတော့ဘူးလို့ ပြောပါတယ်။ တိုင်တော့ ပတ်ပြီဆိုတာ သိလိုက်ပါတယ်။ ဒီပုံစံနဲ့တော့ ချောင်းသာတော့ ရောက်ဦးမှာပဲ။ ခဏအကြာမှာတော့ ကားပေါ်မှာ လူစုံသလောက် နီးပါး ဖြစ်နေပေမယ့် အဲဒီ အဖြူပုဂ္ဂိုလ်ရဲ့ ဘေးမှာ ထိုင်တဲ့ သကောင့်သားကလေး တစ်ယောက်ကတော့ ပြန်ပေါ်မလာပါဘူး။ အဲဒီတော့လည်း အားလုံးက ဒီသကောင့်သားကလေးပဲ ဒီအိတ်ကို အလစ်သုတ်ပြေးပြီလို့ တညီတညွတ်တည်း မှတ်ချက် ချလိုက်ကြပါတယ်။

ကားပေါ်က ဒရိုင်ဘာတွေ စပယ်ယာတွေ အားလုံး အလုပ်ရှုပ် ကုန်ကြပါတယ်။ အောက်ဆင်း ဟိုရှာ ဒီရှာ လုပ်ရင်း ရဲစခန်းပဲ သွားတိုင်ရတော့မလို အလစ်သုတ်သွားတဲ့ ကောင်နောက်ပဲ လိုက်ဖမ်းရတော့မလိုနဲ့ မြွေကိုက် ကုန်ကြပါတယ်။ စပယ်ယာ တစ်ယောက်ကတော့ အဲဒီကောင်လေးက ရန်ကုန်က တစ်ယောက်တည်း တက်လာပြီး ချောင်းသာမှာ ရောက်နှင့်ပြီးတဲ့ မိသားစုနောက်ကို လိုက်တာလို့ ပြောတဲ့အကြောင်း ပြန်ပြောပြပါတယ်။ ကားပေါ်က အခြားခရီးသည်များလည်း ပွစိ ပွစိနဲ့ ရေရွတ်ကုန်ကြပါတယ်။ ကျွန်တော့် ရှေ့မှာ ထိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကတော့ အဖြူကောင်လည်း သူ့ပစ္စည်းသူ ဂရုစိုက်သင့်တာပေါ့။ ဒါမျိုးက တို့ စင်ကာပူမှာတောင် မရဘူးလို့ ပြောနေသံ ကြားလိုက် ရပါတယ်။ သူလည်း ကျွန်းပိစိကွေးက ပြန်လာတဲ့ တစ်ကျွန်းပြန် ဖြစ်တဲ့ အကြောင်းကို သိလိုက်ရပါတယ်။ ကျွန်းပိစိကွေးမှာ ဘာထူးခြားသလဲ ဆိုတော့ မလစ်ရင် မခိုးပါဘူး။ လစ်ရင်တော့ ခိုးပါတယ်။ ရယ်စရာကောင်းတာက ကားဘေးမှာ ပစ္စည်းများ ပျောက်တတ်တဲ့အတွက်ကြောင့် ကိုယ့်ပစ္စည်းကို ဂရုစိုက်ကြဖို့ နေရာအနှံ့ စာရေးထားတာ ပါပဲ။ တစ်ယောက်က အဲဒီစာတမ်းကို လက်ညှိုးထိုးပြပြီး မြန်မာလို ရေးထားတာကိုး။ နိုင်ငံခြားသားက ဘယ်ဖတ်တတ်မလဲ ပြောလို့ အားလုံး ဝိုင်းရယ်ကြပါတယ်။

ခဏနေတော့ အောက်ဆင်းပြီး ကေပိုး လုပ်နေကြတဲ့သူ အချို့ ကားပေါ်ကို ပြန်တက်လာပါတယ်။ အိတ်ကို ထမင်းဆိုင်ဝင်း အပြင်က ပိတ်ထားတဲ့ ကွမ်းယာဆိုင် ထဲမှာ မွှေနှောက်ပြီး ပစ်ခဲ့တဲ့ အကြောင်း၊ ကောင်လေးကိုတော့ မတွေ့ရတော့တဲ့ အကြောင်း သူတို့ဆီက သတင်းကြားရပါတယ်။ အဖြူကောင်လည်း သူ့အိတ်သူ ပြန်ရပြီမို့ ကျေနပ်သွားပါတယ်။ တစ်ချို့ကတော့ ပိုက်ဆံ ၇ သောင်း ပါသွားတယ် လို့ ပြောကြပါတယ်။ တစ်ချို့ကတော့ အိတ်ထဲမှာ စာရွက်စာတမ်းတွေချည်းမို့ ဘာမှ ပါမသွားဘူးလို့ ပြောကြပါတယ်။ ဘယ်သူပြောတာ အမှန်လဲတော့ ကိုယ်တိုင် ကေပိုး မလုပ်လိုက်ရလို့ မသိလိုက်ပါဘူး။ ဒီလိုနဲ့ ကားပေါ်မှာ ပြန်အိပ်ပျော်လာခဲ့တာ ဆင်များရှိသည် ဝိတ်မလျှော့ရ ဆိုတဲ့ နေရာကို ရောက်မှပဲ နိုးပါတော့တယ်။

8 comments:

Anonymous said...

ခါတိုင်း ကေပိုး လုပ်နေကျလူက တကယ့်ပွဲကြီး
ပွဲကောင်းမှ မလုပ်ရကောင်းလားး..။


ဆက်လက်အားပေးနေပါသည်..။

ပေါက်

Raymond.Kyaw Minn Naing said...

ကေပိုးဆိုတာ ဘာလဲ ဟင်

nyimuyar said...

for R.KMN => http://www.phoonuthit.com/2010/11/blog-post_21.html

Johnnie Htoo Myint Maung said...

> ကေပိုးဆိုတာ ဘာလဲ ဟင်

အဲဒါက အိပ်ချင်မူးတူးတဲ့ ရေးထားတာ။
ကားစောင့်ရလို စိတ်ဆိုးပြီး ဇဝေဇဝါနှင့် ဘာဆက်လုပ်ရမှန်း မသိလို့ စပိုးစပတ်နှင့် ရေးလိုက်လို့ ဒီအခြေရောက်သွားတာ ။

Sint Si said...

I think ကေ​ပိုး​ဆို​တာ curious about others.

သီဟသစ် said...

ချစ်လှစွာသော ဇနီး ဆိုပါလား
:D
အချစ်ငှက်ကလေးများ အမြဲပျံစေသတည်း :P

ဘတ်တိုး said...

သိုးဆောင်းလား နွားဆောင်းလား ဘာလူမျိုးလည်းတော့ မသိပါဘူး။>>>>>:P

sosegado said...

ကဲခေျာင်းသာရောက်ရင် ဘယ်လုိ ကေပုိး လုပ်ဦးမလဲ ဆုိတာ ေစာင့္်ဖတ်ပါမယ်။