ကျွန်တော် ရန်ကုန်မှာ နေခဲ့တဲ့ အချိန်တွေတုန်းက အောင်စာရင်းနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား စိတ်မလှုပ်ရှားဖူး ပါဘူး။ အခြေခံပညာ ကျောင်းသား ဘဝ တလျှောက်လုံး ဘယ်အတန်းပဲ ဖြေဖြေ စာမေးပွဲအောင်မှာ စိတ်ပူစရာ မလိုတာမို့ မနက်အိပ်ရာနိုးလို့ တခြားသူတွေ လာပြောမှပဲ အောင်စာရင်းကို သိတာ များပါတယ်။ ကိုယ်တိုင်လည်း သွားကြည့်ခဲ ပါတယ်။ ဒါပေမယ့် ဆယ်တန်း အောင်စာရင်း ထွက်တဲ့နေ့ကတော့ ကိုယ့်အောင်စာရင်းကိုယ် ဘာမှန်း ရေရေရာရာ မသိတာမို့ တစ်ညလုံး စောင့်ပြီး ကြည့်ဖြစ်ခဲ့ပါတယ်။
ကျွန်တော်တို့ ဆယ်တန်း ဖြေတဲ့နှစ် မတိုင်ခင်တစ်နှစ်က ဆယ်တန်း အောင်စာရင်းကို နတ်မောက်လမ်းက အဆင့်မြင့်ပညာ ဦးစီးဌာန ရုံးမှာ မနက် ၂ နာရီ ထုတ်ခဲ့ပါတယ်။ ကန်တော်ကြီး ဗိုလ်ချုပ်ပန်းခြံ အနားမှာ ရှိတဲ့ ရုံးကို ပြောတာပါ။ အဲဒီသတင်းကို ကြားထားတော့ ကျွန်တော်တို့လည်း စောစောစီးစီး အောင်စာရင်း သိရအောင် နတ်မောက်လမ်း မှာ သွားကြည့်ကြမယ်လို့ တိုင်ပင်ကြပါတယ်။ ဒါမျိုးကိစ္စ နှစ်ခါပြန် တိုင်ပင် စရာ မလိုပါဘူး။ သူငယ်ချင်း အားလုံးက သွားမယ်လို့ တညီတညွတ်တည်း သဘောတူ ကြပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ အောင်စာရင်း မထွက်ခင်ညမှာ ရန်ကုန်တစ်မြို့လုံးက ကျူရှင်အတူတက်တဲ့ သူငယ်ချင်းတွေ လှည့်ပတ်ခေါ်ပြီး နတ်မောက်လမ်းကို ချီတက်ခဲ့ကြပါတယ်။
နတ်မောက်လမ်းကို ရောက်တော့ ည ၉ နာရီပဲ ရှိပါသေးတယ်။ ဒါပေမယ့် နတ်မောက်လမ်းရဲ့ ဘယ်ညာ နှစ်ဖက်စလုံးမှာ ကားတွေ တန်းစီပြီး ထိုးထားကြပါတယ်။ ကျွန်တော်တို့လို အကြံနဲ့ လာစောင့်ကြတဲ့သူတွေ အတော်များပါတယ်။ အောင်စာရင်း ထွက်ဖို့ အတော်စောနေ သေးတာမို့ အားလုံး သိပ်စိတ်မလှုပ်ရှားကြသေးပါဘူး။ တစ်ချို့ကတော့ အတော်လေး ကောင်းနေကြတာ တွေ့ရပါတယ်။ ကားကက်ဆက်ကို အကျယ်ကြီး ဖွင့်ပြီးတော့ လမ်းမပေါ်မှာ ကတဲ့သူတွေက ကနေကြပါတယ်။ ကျွန်တော်တို့လည်း ပုံမှန်ဆိုရင် သူငယ်ချင်းတွေ အားလုံး ဒီလို ဆုံဖြစ်ဖို့ မလွယ်တာမို့ လမ်းဘေးမှာ ကားရပ်ပြီး ကားပေါ်မှာပဲ ပုလင်းထောင်ရင်း ဖောရှောရိုက်နေကြပါတယ်။ စကားပြောရင်း ပျင်းလာရင် လုပ်စရာမရှိ နတ်မောက်လမ်းပေါ် ခေါက်တုံ့ခေါက်ပြန့် ကားလျှောက်မောင်း ကြပါတယ်။
အောင်စာရင်း လာစောင့်တဲ့သူကတော့ လူအမျိုးစုံပါပဲ။ ယောက်ျားလေး မိန်းကလေး အကုန် ရှိသလို မိဘတွေလည်း ပါပါတယ်။ ည ၁၁ နာရီ ထိုးခါနီးတော့ လူက တဖြည်းဖြည်း များသထက် များလာပါပြီ။ ကျွန်တော်တို့လည်း စကားပြောရတာ အတော်များ နေပြီမို့ ဗိုက်ဆာလာကြပါပြီ။ ပါလာတဲ့ ပုလင်းတွေလည်း ပြောင်ပါပြီ။ အဲဒီအချိန်က ရန်ကုန်မှာ ညလုံးပေါက် ဖွင့်တဲ့ဆိုင် ဒီလောက် မများပါဘူး။ တရုတ်တန်းမှာ ဆိုင်တစ်ချို့ ရှိပေမယ့် ကျွန်တော်တို့တော့ ရှိမှန်းတောင်မသိပါဘူး။ ဒါကြောင့် ကိုယ်သိတဲ့ ညလုံးပေါက်ဆိုင်ကိုပဲ လစ်ခဲ့ကြပါတယ်။
ကိုယ်သိတဲ့ဆိုင် ဆိုတာ တခြားတော့ မဟုတ်ပါဘူး။ ရန်ကုန် အင်းစိန် လမ်းမကြီးပေါ်က ဘာတာမှတ်တိုင် မှာ ရှိတဲ့ ရွှေနှလုံးသားပါ။ စကားကြုံလို့ ပြောရရင် ဘာတာ ဆိုတာ တချိန်က စင်ကာပူက ဘာတာ ဖိနပ်ဆိုင် စက်ရုံတည်ခဲ့ဖူးတဲ့ နေရာမို့ ဘာတာလို့ ခေါ်တယ် ပြောကြပါတယ်။ မဆလခေတ် စက်ရုံတွေ ပြည်သူပိုင် သိမ်းတော့ ဘာတာလည်း ပါသွားတယ်လို့ ကြားခဲ့ဖူးပါတယ်။ ရွှေနှလုံးသားကတော့ ညလုံးပေါက် ဖွင့်တဲ့ဆိုင်မို့ ည သန်းခေါင်ပေမယ့် လူ အတော် စည်နေပါတယ်။ လက်ဖက်ရည်သောက် ထမင်းကြော် စားပြီးတော့ ည ၁၂ နာရီ ခွဲ လောက် ရှိနေပါပြီ။ ဒီလိုနဲ့ နတ်မောက်လမ်း ဘက်ကို ပြန်လစ်လာခဲ့ကြပါတယ်။
လမ်းရောက်တော့ မိုးက သည်းကြီးမည်းကြီး ရွာပါတယ်။ ကျွန်တော်တို့ က ဟိုင်းလပ်စ် ပစ်ကပ်နဲ့ လာကြတာမို့ နောက်ခန်းထဲမှာ အားလုံး ကြွက်စုတ် ဖြစ်ကုန်ကြပါတယ်။ ရန်ကုန်မှာ နေတုန်းကတော့ မိုးရေထဲ ထီးမဆောင်းဘဲ လျှောက်သွားရတာကို ဘာကြောင့်မှန်း မသိ သိပ်ပျော်တတ်ပါတယ်။ မိုးရေထဲ သူငယ်ချင်းတွေနဲ့ အတူ ချမ်းလို့ ပူးကပ်ထိုင်ရင်း နတ်မောက်လမ်းကို ပြန်ရောက်လာကြပါတယ်။ နတ်မောက်လမ်း ပြန်ရောက်တော့ မိုးတိတ်သွားပါပြီ။ သောက်ထားတဲ့ အရှိန်လည်း မိုးမိလို့ ဘယ်ရောက်သွားမှန်းတောင် မသိတော့ပါဘူး။ ခုနလိုပဲ လမ်းဘေးမှာ ကားရပ်ပြီး ထိုင်ရင်း ည ၁နာရီခွဲ လောက်ရောက်တော့ အခြေအနေကို သိချင်တာနဲ့ အဆင့်မြင့်ပညာ ရုံးဘက် တက်ခဲ့ကြပါတယ်။
အဆင့်မြင့်ပညာရုံးရဲ့ သံတံခါးကတော့ သော့ခတ် ပိတ်ထားဆဲပါပဲ။ ခြံတံခါးဝမှာ ကျွန်တော်တို့လို ပြူတစ် ပြူတစ် လာလုပ်နေတဲ့သူတွေကတော့ မနည်းပါဘူး။ ရုံးဝင်းထဲမှာတော့ အခုပဲ မိုးရွာထားလို့ ဗွက်တွေ ထနေပါတယ်။ ဒီလိုနဲ့ ၂ နာရီ ထိုးသွားပါတယ်။ မနှစ်က ၂ နာရီ အောင်စာရင်း ထွက်ပေမယ့် ဒီနှစ်တော့ အောင်စာရင်း ထွက်မယ့် အရိပ်အယောင် တောင် မမြင်ရပါဘူး။ လာစောင့်နေတဲ့ သူတွေထဲမှာ မစောင့်နိုင်တော့တဲ့ သူတွေက အော်ကြပါတယ်။ နောက်တော့ ကျောင်းသားအုပ်စု တစ်စုက တံခါးကို ဝိုင်းတွန်းကြပါတယ်။ လူအုပ်နဲ့ တွန်းကြတော့ မကြာခင်မှာ သံကြိုးပတ်ပြီး ခတ်ထားတဲ့ သံတံခါးက အလယ်ခေါင်မှာ လူတစ်ယောက် ဝင်သာရုံလောက် ဟသွားပါတယ်။ အဲဒီမှာ ခုနဝိုင်းတွန်းနေတဲ့ ကျောင်းသား ၄-၅ ယောက်က ဟ သွားတဲ့ သံတံခါး အလယ်ကနေ ခြံထဲကို ဝင်သွားကြပါတယ်။ နောက်တော့ အထဲက ရုံးတံခါးကို သွားထု ကြပါတယ်။
အထဲကတော့ ဘာသံမှ မကြားရသေးပါဘူး။ ရုံးတံခါးကို သွားထုတာ အားမရတော့ ထိုပုဂ္ဂိုလ်များက တံခါး ပတ္တာကို ခဲနဲ့ထုပြီး ဖြုတ်ကြပါတယ်။ ၁၀ မိနစ်လောက် ပတ္တာကို ထုပြီးတော့ တံခါးက ပွင့်ထွက်သွားပါတယ်။ အဲဒီအခါမှာတော့ သူတို့ အုပ်စု "ဟေး" လို့ အော်ပြီး အထဲကို ပြေးဝင်သွားကြပါတယ်။ ကျွန်တော်တို့က ခြံတံခါးဝမှာပဲ ရပ်စောင့် နေကြတုန်းပါ။ ဝင်းထဲကို မရောက်သေးပါဘူး။ တံခါးပွင့်သွားတော့ ခြံဝက တခြားသူတွေပါ ဟနေတဲ့ သံတံခါး ကြားထဲကနေ အထဲကို ဝင်ကြပါတယ်။ ကျောင်းသားတွေတင် မကဘူး။ ကျောင်းသား မိဘတွေပါ အထဲကို ဝင်နေကြပြီမို့ ကျွန်တော်တို့လည်း ခြံတံခါးကြားကနေ တိုးဝှေ့ပြီး အထဲ ဝင်ခဲ့ကြပါတယ်။ အဲဒီ အချိန်မှာ ခုန ရုံးထဲဝင်သွားတဲ့ အုပ်စုက စိတ်ပျက်လက်ပျက်နဲ့ ပြန်ထွက်လာကြပါတယ်။ သူတို့ ခုန ရိုက်ဖွင့် လိုက်တဲ့ ရုံးက အောင်စာရင်းတွေ ထားတဲ့ ရုံးမဟုတ်ပါဘူး။ ဒီလိုနဲ့ သူတို့ နောက် အဆောက်အဦး တစ်ခုကို ခြေဦး လှည့်ကြ ပြန်ပါတယ်။
နောက်ထပ် အဆောက်အဦးရဲ့ တံခါးကို တဝုန်းဝုန်းနဲ့ သွားထုတော့ အထဲကနေ "ဖွင့်ပေးမယ်။" ဆိုတာမျိုး ပြန်အော်သံ ကြားရပါတယ်။ ဒီလိုနဲ့ ခဏနေတော့ တံခါးပွင့်လာပါတယ်။ အဲဒီအချိန်က မနက် ၂ နာရီ နဲ့ ၄၅ မိနစ်ပါ။ တံခါး ပွင့်ပွင့်ချင်း အောင်စာရင်း ကပ်ထားတဲ့ ကျောက်သင်ပုန်း တစ်ခုကို လူနှစ်ယောက်က သယ်ပြီး ထွက်လာတာမို့ အားလုံးက "ဟေး" ဆိုပြီး ဝိုင်းအော်ကြပါတယ်။ ကျောက်သင်ပုန်းရဲ့ ထိပ်မှာ မြို့နယ် နာမည် ရေးထားပါတယ်။ အဲဒါကြောင့် အဲဒီမြို့နယ်က ကျောင်းသားတွေ သူတို့နောက်ကို လိုက်သွားကြပါတယ်။ ၃-၄ ဘုတ်လောက် ထွက်လာပြီးတော့ အပေါက်ဝမှာ ရှိနေတဲ့ သူတွေက အောင်စာရင်း ကပ်ထားတဲ့ ကျောက်သင်ပုန်းတွေကို ဝန်ထမ်းတွေ ဆီက လက်ကမ်းယူကြပါတယ်။ ဒီလိုနဲ့ တံခါးဝမှာ စောင့်နေတဲ့ သူတွေက တစ်ယောက်ပြီး တစ်ယောက် ကိုယ့်မြို့နယ် အတွက် ကျောက်သင်ပုန်းလာရင် သယ်သွားကြပါတယ်။ ကျွန်တော်တို့လည်း ကျွန်တော်တို့ စောင့်နေတဲ့ အောင်စာရင်း မလာသေးလို့ တံခါးဝမှာ ဆက်ပြီး စောင့်နေရပါတယ်။
သိပ်မကြာခင်မှာပဲ ကျွန်တော်တို့ "ကမာရွတ်" မြို့နယ် ကျောက်သင်ပုန်း ထွက်လာပါတယ်။ ကျွန်တော်တို့ လူစုထဲမှာ ကမာရွတ်က ဖြေတဲ့သူ အတော်များပါတယ်။ ကျွန်တော်တို့လည်း ဝမ်းသာအားရနဲ့ ကျောက်သင်ပုန်းကို ဝင်ထမ်းကြပါတယ်။ ကမာရွတ် အတွက် အောင်စာရင်း လာကြည့်တဲ့သူတွေက အတော်များပါတယ်။ ဒါကြောင့်မို့ ရွှံ့တွေ ဗွက်တွေထဲမှာ ကျောက်သင်ပုန်းကို ထမ်းရင်း နေရာ မချရသေးခင် အားလုံး အလုအယက် အောင်စာရင်း ဝိုင်းကြည့်ကြ ပါတယ်။ ကမာရွတ် ဘုတ်က အောင်စာရင်း ကြည့်ရတာ မျက်စိလည်စရာပါ။ ၃ဘာသာ၊ ၄ ဘာသာ၊ ၅ ဘာသာ ဂုဏ်ထူးတွေ တန်းစီနေတာမို့ ကိုယ့်အောင်စာရင်းကို မနည်းပြူးပြဲပြီး ရှာရပါတယ်။ တီတီစီနဲ့ ကမာရွတ် (၂) နာမည်ကြီး ကျောင်း ၂ကျောင်း ရှိတာမို့ ဂုဏ်ထူး ဒီလောက်များတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ကျွန်တော်တော့ အရင်ကတည်းက အမှတ်ကြိုကြည့်ထားလို့ ဂုဏ်ထူးထွက်တယ် ဆိုတာ သိထားတဲ့ ဘာသာတွေ အပြင် "လူမှုရေး" (ဝိဇ္ဇာတွဲ) တစ်ဘာသာပါ အပို ဂုဏ်ထူးပါလာလို့ ကျေနပ်သွားပါတယ်။
ကားမောင်းလာတဲ့ သူငယ်ချင်းကတော့ သူ့ အောင်စာရင်း ပါတဲ့ ကျောက်သင်ပုန်း ထွက်မလာသေးလို့ အပေါက်ဝမှာပဲ စောင့်ပြီး ကျန်ရစ်ခဲ့ပါတယ်။ သူက "အင်းစိန်" မှာ ဖြေတာပါ။ အတော်လေး ကြာမှ အင်းစိန် အောင်စာရင်းဘုတ် ထွက်လာပါတယ်။ အင်းစိန်က အောင်စာရင်း လာကြည့်တဲ့သူ များများစားစား မရှိပါဘူး။ ဒါကြောင့် အောင်စာရင်းဘုတ် အပေါက်ဝ ရောက်တော့ လုမယ့်သူ မရှိပါဘူး။ သူနဲ့ ကျွန်တော် နှစ်ယောက်တည်း အင်းစိန် အောင်စာရင်း ကပ်ထားတဲ့ ဘုတ်ကို သယ်ပြီး လာခဲ့ကြပါတယ်။ ဟိုကောင်ကတော့ စိတ်မရှည်တော့ ပါဘူး။ တခြား ဘယ်သူမှလဲ ပါမလာတော့ ဘုတ်ကို သယ်လာရင်းနဲ့ပဲ လမ်းမှာ ရပ်ပြီး အောင်စာရင်း ကြည့်ပါတယ်။ နောက်တော့ "ဟာကွာ။" ဆိုပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားပါတယ်။ မအောင်လို့တော့ မဟုတ်ပါဘူး။ သူ မှန်းထားသလောက် မရဘဲ ဂုဏ်ထူး ၂ ဘာသာထဲ ပါလို့ပါ။ ကျွန်တော်လည်း အောင်စာရင်းကပ်ထားတဲ့ ကျောက်သင်ပုန်းကို နေရာချပြီးတော့ အင်းစိန်ဘုတ်မှာ ကိုယ်ကြည့်ချင်တဲ့ နာမည် ရှာပါတယ်။ ကျွန်တော် ရှာတဲ့နာမည်က ရှေ့နားကပ်နေတာရော အဲဒီမှာ ဂုဏ်ထူးတွေ တပြုံတမကြီး ပါတာ သူတစ်ယောက်တည်း ရှိတာက တစ်ကြောင်းမို့ အလွယ်တကူပဲ ရှာတွေ့လိုက်ပါတယ်။
၃ နာရီခွဲ လောက်မှာတော့ ကျွန်တော်တို့ အားလုံး အောင်စာရင်းကြည့်လို့ ပြီးသွားကြပါပြီ။ ဒါကြောင့် ပြန်ဖို့ လူစုကြပါတယ်။ နောက်တော့ ကျွန်တော်တို့ ကားရပ်ထားတဲ့ နတ်မောက်လမ်းမပေါ်ကို ပြန်ဆင်းခဲ့ကြပါတယ်။ ကျွန်တော်တို့ လာတဲ့ ဟိုင်းလပ်စ်နဲ့ သူငယ်ချင်း တစ်ယောက်ရဲ့ ဗင်န်ကားတို့ ရှေ့ဆင့်နောက်ဆင့် ရပ်ထားကြတာမို့ ကားနားမှာ အားလုံး ပြန်ဆုံမိကြပါတယ်။ ဟိုကောင်က ဟိုဟာဖြစ်တယ်၊ ဒီကောင်က ဒီဟာဖြစ်တယ်နဲ့ တစ်ယောက်တစ်ပေါက် ပွက်လောရိုက်နေကြပါတယ်။ တစ်ယောက်မှတော့ စာမေးပွဲမကျ ကြပါဘူး။ ဒါပေမယ့် ကျွန်တော့် သူငယ်ချင်း အများစုက သူတို့ မှန်းထားသလောက် ဂုဏ်ထူးမထွက်လို့ မကျေမနပ် ဖြစ်နေကြပါတယ်။ ခဏနေတော့ သွားမယ် ဆိုပြီး အားလုံး ကားပေါ်တက်ပြီး လစ်ခဲ့ကြပါတယ်။
ရှေ့က ဗင်န် ပေါ်က သူငယ်ချင်းတွေက သူတို့ကားကို အရှိန်တင်ပြီး မောင်းထွက်သွားကြ ပါတယ်။ ကျွန်တော်တို့ သူတို့ကားကို နောက်ကနေ အမှီ လိုက်မောင်း ကြပါတယ်။ လူငယ်တွေမို့ စိတ်ညစ်ရင်လည်း ခဏပါပဲ။ အခုတော့ ကားပြိုင်မောင်းရင် ဟေးလားဝါးလား ပြန်လုပ်ကြ ပြန်ပါတယ်။ ကားပြိုင်မောင်းနေရင်းမှ သတိရပါတယ်။ ကျွန်တော်တို့ ကားက ဘရိတ် မမိပါဘူး။ အဲဒါကြောင့် တစ်ခုခု ဆိုရင် အရှိန် ထိန်းလို့ ရမှာ မဟုတ်ပါဘူး။ အဲဒါကို သတိရတဲ့ သူငယ်ချင်း တစ်ယောက်က "ဟေ့ကောင်တွေ။ အကုန် မသာပေါ်ကုန်မယ်။ ဖြေးဖြေးမောင်းကြပါဟ။" လို့ အော်ပြီး သတိပေး ပါတယ်။ ဒါပေမယ့်လည်း မရပါဘူး။ မောင်းတဲ့ကောင်တွေက စွတ်ရွတ်ပြီး မောင်းကြတာပါပဲ။ အခု အချိန်မှ ပြန်စဉ်းစားတာ အဲဒီညက အဲဒီလို ဘရိတ်မမိတဲ့ကားနဲ့ ကားပြိုင်မောင်းကြတာ အကုန်လုံး မာလကာပင် တက်သွားဖို့ ရာခိုင်နှုန်း အတော်များပါတယ်။ ကံကောင်းလို့သာ မသေကြတာပါ။
သူငယ်ချင်းတွေ အားလုံးကို လှည့်ပတ်ပို့ပြီး ကျွန်တော်တို့ အိမ်ပြန်ရောက်တော့ မနက် ၅ နာရီ ကျော်ပါပြီ။ အဲဒီနှစ်က စပြီး နောက်ထပ် ၂ နှစ်လောက် ဆက်တိုက် ဆယ်တန်း အောင်စာရင်း ထွက်တဲ့ညဆိုရင် ညဘက် အောင်စာရင်း သွားသွားကြည့်ဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့ အခင်ဆုံး သူငယ်ချင်းတစ်ယောက်က ၃ နှစ် အထိ မအောင်လို့ သူ့အတွက် အောင်စာရင်း လိုက်ကြည့်ပေးရင်း နှစ်တိုင်း သွားကြည့် ဖြစ်ကြတာပါ။ နောက်နှစ်တွေတော့ နတ်မောက်လမ်းမှာ အောင်စာရင်း မကပ်တော့ပါဘူး။ ဗိုလ်တထောင် ၆ မှာပဲ သွားကြည့်ဖြစ်ပါတယ်။ ရန်ကုန်မှာ ဆယ်တန်း အောင်စာရင်းတွေ ထွက်ပြီဆိုတဲ့ သတင်းကြားလို့ လွန်ခဲ့တဲ့ ၁၅ နှစ်က အောင်စာရင်း ကြည့်ဖြစ်ခဲ့တဲ့ညကို အမှတ်တရ ပြန်ရေးလိုက် တာပါ။
9 comments:
သြော် ၁၅ နှစ်တောင်ရှိသွားပြီကိုး။
ကားပေါ်မှာ မိုးရွာလို့ အတူပူးကပ်ထိုင် ကြတုန်းက အင်းစိန်ကကောင်မလေးကော မပါဘူးလား။
အပေါ်က ဘယ်သူများလဲလို့။ အချင်းချင်း အချွန်နဲ့ လာမသကိုး။ ဆရာ HWO ရေ။
ဆယ့်ငါးဆိုတော့ အင်း ကိုဇတ်တီကြီးက ၃၀+ ပဲ...ဟိဟိ
အနောနိဆု :D
အဲလိုအကြောင်းအရာမျိုးတွေ ဖတ်ရတာ ကြိုက်လိုက်တာ။ (သွားကြည့်ဖူးလို့တော့ မဟုတ်ဘူး။)
ဖတ်ရပျော်စရာကြီး..။
စာတော်လိုက်ကြတာ.။
ဟင်းးးး..။
ပေါက်
အချွန်နဲ့ မ တာမဟုတ်ပါဘူးဗျာ။ ချွန်စေချင်လို့ ဖေးဖေးမမ ပြောပေးတာပါ။ :D
Anonymous ဆိုလို့တမျိုးမထင်ပါနဲ့ Google ID က၀င်ရတာခက်လွန်းလို့ Anonymous နဲ့ဝင် မန့် လိုက်တာပါ။ ၁၀ ခါ လောက်ကြိုးစားပြီးပြီ။ ဟိုဟာ မှားနေတယ် ဒီဟာမှားနေတယ်နဲ့။ အမြင်ကပ်လို့မ၀င်တော့ဘူး။
I'm pretty sure that the one you looked for is your wife..... :D
Yes....
once in our Life time.
I still remember the day for releasing the 10th std result.
I also went to NatMauk. :)
I was there 1 year earlier than you:P
KT
Consider you were lucky to see all the result list. For us, some of our friend's name cannot find because some remove the paper away after they saw the result. sad.
KT
Post a Comment