Search This Blog

Friday, October 21, 2011

အကူအညီ လိုနေတဲ့ မြန်မာဝီကီ


သဘောအကျဆုံး ပုံတစ်ပုံလို့ ပြောပါရစေ။ ကယ်လီဖိုးနီးယားက ယူနီကုတ် ကွန်ဖရင့်မှာ ကိုငွေထွန်း ရိုက်လာတဲ့ပုံပါ။ Windows 8 မှာ ပါလာမယ့် Myanmar Language Support အတွက် မိုက်ခရိုဆော့ဖ်က Presentation လုပ်နေတာပါ။ ဘာလို့ သဘောကျတာလည်း မေးရင်တော့ အကြောင်းအချက်တွေ အများကြီး ရှိပါတယ်။ ပထမတစ်ချက်က ဝင်းဒိုးထဲမှာ မြန်မာစာကို တရားဝင် ပါလာတော့မှာမို့ သဘောကျပါတယ်။ နောက်ဆိုရင် ဝင်းဒိုးသုံးတဲ့အချိန် မြန်မာဖောင့် မြန်မာကီးဘုတ် စတာတွေ အင်စတောလ် လုပ်ဖို့ မလိုတော့မယ့် အပြင် နိုင်ငံခြားကို ရောက်နေတဲ့ အချိန် အင်တာနက် ကဖီးမှာ လေးထောင့်တုံးတွေချည်းပဲ မြင်ရမယ့်ဘေးက ဝေးပါတော့မယ်။ မိုက်ခရိုဆော့ဖ်က သုံးထားတဲ့ ကီးဘုတ် လက်ကွက်က မြန်မာ၃ ကီးဘုတ် လက်ကွက်ပါ။ အခု ကြည့်ရင်တော့ တစ်ချို့စာလုံးတွေ အထားအသို မှားနေတာ တွေ့ရပါတယ်။ ဒါပေမယ့် မြန်မာစာကို နားလည်တဲ့သူတွေ အခုအချိန်မှာ ပြန်ပြင်နေတာကြောင့် Windows 8 ထွက်လာတဲ့ အချိန်မှာတော့ သုံးဖို့ အသင့် ဖြစ်ပါလိမ့်မယ်။

ဒုတိယတစ်ချက်ကတော့ မိုက်ခရိုဆော့ဖ်က မြန်မာစာ အတွက် မြန်မာဝီကီပီးဒီးယားကို ကိုးကားပြီး Presentation လုပ်တဲ့အတွက် မြန်မာဝီကီပီးဒီးယားရဲ့ အက်ဒမင် တစ်ယောက် အနေနဲ့ လှိုက်လှိုက်လှဲလှဲ ဝမ်းသာပါတယ်။ ကျွန်တော်တို့ မြန်မာဝီကီကို စခဲ့တာ ၂၀၀၅ ခုနှစ် ဒီဇင်ဘာလက ဆိုတော့ အခုဆိုရင် ၆ နှစ် ပြည့်ပါတော့မယ်။ ဆောင်းပါးပေါင်း ၇၅၀၀ နီးပါး ရှိနေပါပြီ။ ဒါပေမယ့် လူနဲ့ လက်နက်နဲ့မမျှ ဖြစ်နေပါတယ်။ မြန်မာဝီကီပီဒီးယားကို တကယ်တမ်း ရည်ညွှန်းကိုးကား အနေနဲ့ သုံးစွဲနိုင်အောင် ဆောင်းပါးတွေ အများကြီး ထပ်ပြီး ရေးဖို့ လိုသေးတဲ့ အပြင် ရှိပြီးသား ဆောင်းပါးတွေကိုလည်း အချက်အလက်တွေ ထပ်ဖြည့်ဖို့၊ ပြင်ဆင်ဖို့၊ ဖတ်လို့ကောင်းအောင် တည်းဖြတ်ဖို့ စတဲ့ လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်။ အထူးသဖြင့် သိပ္ပံ၊ နည်းပညာ၊ဆေးပညာ နဲ့ အိုင်တီ ဆိုင်ရာ ဆောင်းပါးတွေ အများကြီး လိုနေပါတယ်။ 

အခုအခြေအနေက ကျွန်တော်တို့ လူနည်းနည်းနဲ့ ကျဲနေရတဲ့ အနေအထားမျိုး ပါ။ လက်ရှိ ဝီကီ ရေးနေတဲ့သူ အားလုံးမှာ ရှိနေတဲ့ တူညီတဲ့ စိတ်ဆန္ဒက ပြည်တွင်း ပြည်ပမှာ ရှိနေတဲ့ မြန်မာလူမျိုးတွေ အတွက် ရည်ညွှန်းကိုးကား လုပ်စရာ စွယ်စုံကျမ်း တစ်ခု ရှိနေစေချင်တဲ့ ဆန္ဒတစ်ခု ပါပဲ။ ဒီနှုန်းနဲ့ ဆက်သွားရင်တော့ နောက် ဆယ်နှစ်လောက် ကြာချင် ကြာသွားနိုင်ပါတယ်။ အားလုံး ဝိုင်းပြီး ကူညီ ပံ့ပိုးပေးနိုင်ရင် အမြန်ဆုံး အကောင်အထည် ပေါ်နိုင်မှာမို့ စိတ်ပါ ဝင်စားတဲ့သူ အားလုံးကို အကူအညီပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ ကိုယ်ရေးကိုယ်တာပါ။ ဓာတ်ပုံထဲမှာ ပြထားတဲ့ ဆောင်းပါးက အရင်လ က ကျွန်တော် ဘာသာပြန်ဖြစ်ခဲ့တဲ့ အာဖရိက အကြောင်းဆောင်းပါးပါ။ ကိုယ်ဘာသာပြန်ထားတဲ့ ဆောင်းပါး အခုလို မြင်လိုက်ရတဲ့အတွက် ဝမ်းသာပါတယ်။ ကျွန်တော့် အနေနဲ့ အခုလက်ရှိတော့ ဝီကီပီးဒီးယားမှာ နည်းပညာအကြောင်း ၊ အိုင်တီ အကြောင်း ဆောင်းပါးတွေ တစ်ခါတစ်လေ လောက်ပဲ ရေးဖြစ်ပါတယ်။ ဝီကီပီးဒီးယားမှာ မရှိ မဖြစ်လိုအပ်တဲ့ ဆောင်းပါးတွေ ရှိလာအောင် ကြိုးစားပြီး ရေးထည့်နေ ပါတယ်။ အဲဒါအပြင် ရည်ညွှန်း ကိုးကားဖို့အတွက် မရှိမဖြစ် ရှိသင့်တယ် ထင်တဲ့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံ အကြောင်း နဲ့ တခြား ပင်လယ်တွေ၊ မြစ်တွေ၊ မြို့တွေ၊ တောင်တွေ စတဲ့ ပထဝီနဲ့ သက်ဆိုင်တဲ့ ဆောင်းပါးတွေကို ဖြည့်ရေးဖြစ် နေပါတယ်။ ဒါလည်း ကျွန်တော်တို့ လက်ရှိ အခြေအနေမှာ အခက်အခဲ ရှိပါတယ်။ ဒီလောက်များတဲ့ ဆောင်းပါးတွေ ကျွန်တော်တို့ အခု လက်ချိုးရေရင် ၁၀ ယောက် မပြည့်တဲ့ လူနည်းစုနဲ့ ဘယ်လို ထိန်းသိမ်းနိုင်ပါ့မလဲ။ နောက်ထပ်လာပြီး ကူညီအားဖြည့်ပေးမယ့် သူတွေကို စောင့်မျှော်ရင်းလို့ပဲ ဆိုရပါလိမ့်မယ်။

တစ်ချိန်က မြန်မာဘလော့ခ်လောကမှာ ပြောနေကြတဲ့ "မြန်မာဝီကီကို ကူညီပါ။" ဆိုတဲ့ စကားကိုသုံးရင်းနဲ့ပဲ အားလုံးကို တတ်နိုင်သလောက် တစ်ယောက်တစ်ပုဒ် ပါဝင်ကူညီဖို့ ဖိတ်ခေါ်ပါရစေ။

(ဓာတ်ပုံအတွက် ကိုငွေထွန်းကို ကျေးဇူး အထူးတင်ပါတယ်။)

6 comments:

PAUK said...

ဝမ်းသာစရာကြီးး...။

TZH1985 said...

မြန်မာယူနီကုဒ်နဲ့ ပက်သက်ပြီး နည်းပညာ အကူအညီ ကောင်းကောင်း ပေးနိုင်တဲ့ နေရာ ရှိရင်ကောင်းမယ်...
Mac OSX Lion မှာ Firefox မှာ မြန်မာယူနီကုဒ် မမြင်ရ၊ Safari မှာပဲ မြင်ရတယ် ဘယ်လို setting change change မရ...
မြန်မာစာ လက်ကွက်များ တော်တော်ပြောင်းသွားလား မသိ... ယူနီကုဒ်နဲ့ ဇော်ဂျီ လက်ကွက် မတူလို့လာ မသိဘူး...
လက်ကွက်တွေ တော်တော်မတူ

Windows 7 စက်မှာ Font ထည့်ထားတယ် setting change စရာ မလိုဘဲ နှစ်မျိုးလုံး မြင်ရတယ်...

ဇော်ဂျီကလည်း ပစ်လို့မရ ဇော်ဂျီသုံးနေတဲ့ စာဖတ်တဲ့သူတွေ အများကြီး.... ရှာလို့ ရှိရင် ဇော်ဂျီနဲ့ ရှာကြတဲ့ သူတွေများတော့ မြန်မာယူနီကုဒ်ဆိုရင် ကိုယ်စာမျက်နှာ ရောက်လာဖို့ အခွင့်အရေးနည်း...

အင်း အဲလိုပေါ့... အကြံလေး ဘာလေး ဘာလုပ်သင့်ရင် ကောင်းမလဲ တစ်ဖွဲ့ထဲက နည်းပညာ အကူအညီများ ပေးနိုင်ရင်ကောင်းမယ်... အဖွဲ့အများကြီး ဆိုလည်း လည်ကုန်တာ...

ယူနီကုဒ်သုံးသင့်တာတော့ ဘယ်သူမှ ငြင်းလို့မရတဲ့အချက်ပါ။ စကတည်းက ဇော်ဂျီဆိုတာ မပေါ်လာရင် ကောင်းသား.. ဒါမှမဟုတ် သူက ယူနီကုဒ်စံ လိုက်နာ...ဖို့လုပ်... အင်း ပြောရရင် ပြောစရာက အများကြီးခင်ဗျ... ဒီလောက်ပဲပြောတော့မယ် ဟီးဟီး....

:P said...

ပျော်စရာကြီး

ZT said...

ကိုမောင်သန့် -> myanmarlanguage.org မှာ ယူနီကုတ်နဲ့ ပတ်သက်ပြီး အကူအညီ ပြည့်ပြည့်စုံစုံ ရနိုင်ပါတယ်။ သူတို့တွေလည်း Mac သုံးနေကြတာမို့ သူတို့ကို မေးရင်တော့ ဘယ်လိုလုပ်ရမလဲ သိပါလိမ့်မယ်။ နောက်ထပ် ယူနီကုတ်နဲ့ ပတ်သက်ပြီါ် အကူအညီ ရနိုင်တဲ့ Site က myanmaritpro.com ပါ။
မပေါက် နဲ့ မမစင် -> ကျွန်တော်လည်း ပျော်ပါသည်။ :D

Anonymous said...

တဖြည်းဖြည်းနဲ့တော့ ဇော်ဂျီနှင့်ဒီလိုဖျက်ဆီးမှု ရပ်ဆဲသွားမှာပါ။
ဇော်ဂျီဖွန့်လုပ်သူတွေ၊ ဖြန့်သူတွေကို တရားစွဲဖို့တော့ ကောင်းပါတယ်။

Anonymous said...

အစဉ်ပြေကလေး