Search This Blog

Tuesday, January 3, 2012

ပြောတိုင်း မယုံနဲ့ ပုတ်သင်ညို

တစ်ခါက ဂျာမနီနိုင်ငံမှာ မိသားစုတစ်စု ရှိခဲ့ပါတယ်။ အဲဒီမိသားစုမှာ အဖေက မကျန်းမာ သလို အမေကလည်း တီဘီ ရောဂါ ဖြစ်နေပါတယ်။ သူတို့ရဲ့ သားသမီးတွေထဲမှာ နားမကြားတာက တစ်ယောက်၊ မျက်စိမမြင်တာက တစ်ယောက်၊ တီဘီဖြစ်နေတာက တစ်ယောက် ရှိနေ ပါတယ်။ အဲဒီလို အခြေအနေမျိုး ဖြစ်နေရတဲ့ အထဲ အမေမှာ ထပ်ပြီး ကိုယ်ဝန်ရှိလာ ပြန်ပါတယ်။ အမေဖြစ်သူ အနေနဲ့ အဲဒီကလေးကို ဖျက်ချဖို့ စဉ်းစားပေမယ့် မဖျက်ချ လိုက်မိပါဘူး။ တကယ်လို့ အမေဖြစ်သူ အနေနဲ့ အဲဒီကလေးကို သာ ဖျက်ချ လိုက်မယ် ဆိုရင် ကမ္ဘာကျော် ဂီတ ပညာရှင် ဗီသိုဗင် ဆိုတာ ရှိလာမှာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။

အဲဒါက ကိုယ်ဝန်ဖျက်ချတာကို ဆန့်ကျင်တဲ့သူတွေ ပြောတတ်တဲ့ ဇာတ်လမ်းတစ်ခုပါ။ အမှန်တကယ် ကတော့  အဲဒီဇာတ်လမ်းမှာ အချက်အလက်တွေ အတော်များများ မှားနေ ပါတယ်။ ဗီသိုဗင်ဟာ သူ့အမေနဲ့ သူ့အဖေ မွေးခဲ့တဲ့ ကလေးတွေ ထဲမှာ အကြီးဆုံးပါ။ သူ့အမေရဲ့ အရင်အိမ်ထောင်နဲ့ မွေးခဲ့တဲ့ ပထမ ကလေးနှစ်ယောက် ဟာလည်း  အဖတ် မတင်ခဲ့ ပါဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ်ဝန် ဖျက်ချတာကို မှားတယ်လို့ ပြောချင်သူတွေ အတွက် လူတွေကို နားဝင်အောင် ပြောဖို့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွား ပါတယ်။

အဲဒါဆိုရင် လူပြောမများတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို လေ့လာကြည့်ရ အောင်ပါ ။ အဲဒီ ဇာတ်လမ်း ကလည်း ဂျာမနီ နိုင်ငံမှာ ဖြစ်ခဲ့တာ ပါပဲ။ တစ်ခါက ဂျာမန် အမျိုးသမီး တစ်ယောက်ဟာ ကိုယ်ဝန် ဖျက်ချဖို့ အတွက် ဆရာဝန် တစ်ယောက် ဆီကို ရောက်လာခဲ့ ပါတယ်။ ဆရာဝန်က အဲဒီ အမျိုးသမီးကို ကိုယ်ဝန် ဖျက်မချဖို့ အတွက် အမျိုးမျိုး နားချပြီး ပြန်လွှတ်လိုက် ပါတယ်။ အဲဒီဆရာဝန်ရဲ့ နားချမှုဟာ ဂျူး ခြောက်သန်းရဲ့ အသက်ကို ဆုံးရှုံးစေခဲ့ ပါတယ်။ ဟုတ်ပါတယ်။ အဲဒီ မွေးလာမယ့် ကလေးဟာ ဟစ်တလာ ပါ။

ကျွန်တော့် အနေနဲ့ ကိုယ်ဝန်ဖျက်ချတာ မှားသလား မှန်သလား ဆွေးနွေးချင်တာ မဟုတ်ပါဘူး။ ဒီအကြောင်းက လူ့ကျင့်ဝတ် (Ethics)၊ လူ့ အခွင့်အရေး၊ တရားမျှတမှု စတာတွေ ရောထွေးနေတဲ့ ကိစ္စမို့ ဘယ်သူ မှန်တယ် ဘယ်သူမှားတယ် ဆိုတာ အလွယ်တကူ ပြောလို့ မရနိုင်ပါဘူး။ ကိစ္စတစ်ခုကို ကိုယ်လိုချင်တဲ့ ဥပမာပေးပြီး ကိုယ့်ဘက် ပါလာအောင် ဆွဲပြောလို့ ရတယ် ဆိုတဲ့ အကြောင်းကို ပြောချင် တာပါ။

ခုန ကိုယ်ဝန်ဖျက်ချတဲ့ အကြောင်းကိုပဲ ဥပမာ ထပ်ပေးပါဦးမယ်။ ၁၉၆၆ ခုနှစ် ဝန်းကျင် လောက်က ရိုမေးနီးယားနိုင်ငံမှာ နီကိုလိုင် ချောင်ရှက်စ်ကူး ဆိုတဲ့ အာဏာရှင် တစ်ယောက် အုပ်ချုပ်ခဲ့ ပါတယ်။ သူ့ရဲ့ လက်ထက်မှာ ရိုမေးနီးယား နိုင်ငံရဲ့ လူဦးရေကို တိုးပွားအောင် လုပ်ဖို့ အတွက် ကိုယ်ဝန်ဖျက်ချတာကို တားဆီးတဲ့ အမိန့်ထုတ်ခဲ့ ပါတယ်။ အဲဒါအပြင် ပဋိသန္ဓေ တားဆီးမှု တွေကိုလည်း ပိတ်ပင်ခဲ့ ပါတယ်။ အဲဒါတွင် မကသေးပါဘူး။ ဓမ္မတာ ရဲတပ်ဖွဲ့ လို့ ခေါ်တဲ့ သူ့ရဲ့အဖွဲ့တွေဟာ စက်ရုံ အလုပ်ရုံတွေကို လှည့်ပတ်ပြီး အမျိုးသမီးတွေ ကိုယ်ဝန် ရှိမရှိကို အမြဲ စစ်ဆေးလေ့ ရှိပါတယ်။ တကယ်လို့ အမျိုးသမီး တစ်ယောက်ဟာ အချိန်ကာလ အတော်ကြာတဲ့ အထိ ကိုယ်ဝန်မဆောင်နိုင်ဘူး ဆိုရင် အခွန်ပိုပြီး ပေးရပါတယ်။

ဒါပေမယ့် ချောင်ရှက်စ်ကူးဟာ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်း စွပ်ခဲ့တာ ပါပဲ။ သူ့ရဲ့ ပေါ်လစီကြောင့် တိုးပွားလာတဲ့ ကလေးတွေဟာ ကျောင်းစာမှာ မထူးချွန်သလို လုပ်ငန်းခွင် မှာလည်း အောင်မြင်တဲ့သူ နည်းပါတယ်။ နောင်တစ်ချိန်မှာတော့ အဲဒီ ပေါ်လစီကြောင့် မွေးဖွားလာတဲ့ အသက် ၁၃ နှစ်ကနေ ၂၀ ကြားမှာ ရှိတဲ့ ကလေးတွေက ဦးဆောင်ပြီး သူ့အစိုးရကို ဖြုတ်ချခဲ့တဲ့ အပြင် သူ့ကိုလည်း သေဒဏ်ပေးပြီး သတ်ပစ် ခဲ့ကြပါတယ်။ အဲဒီဇာတ်လမ်းကို နားထောင်ကြည့်ရင် ကိုယ်ဝန် ဖျက်ချမှုကို တားဆီးတဲ့ အတွက် ကွန်မြူနစ် အာဏာရှင် အစိုးရ တစ်ခု ရိုမေးနီးယားမှာ ပြုတ်ကျသွားခဲ့တယ်လို့ ဥပမာ ပေးလို့ ရပါတယ်။

နောက်ထပ် ဇာတ်လမ်းတစ်ပုဒ်ကို ကြည့်ရအောင်ပါ။ ၁၉၉၀ နှစ်တွေ တုန်းက အမေရိကန် နိုင်ငံမှာ ရာဇဝတ်မှုတွေ တင်းကြမ်း ပြည့်နေခဲ့ ပါတယ်။ အဲဒီအချိန်က ဂျိမ်းစ် အလန် ဖောက်စ်လို့ အမည်ရတဲ့ ရာဇဝတ်မှု ရေးရာ ကျွမ်းကျင်သူ တစ်ယောက်က ရှေ့နေချုပ်ဆီကို အစီရင်ခံစာ တစ်စောင် တင်သွင်း ခဲ့ပါတယ်။ အဲဒီ အစီရင်ခံစာထဲမှာ ရာဇဝတ်မှု တွေနဲ့ ပတ်သက်ပြီး နောက်လာမယ့် ဆယ်စုနှစ် အတွင်း အကောင်းဆုံးနဲ့ အဆိုးဆုံး ဖြစ်နိုင်ခြေကို ရေးထားခဲ့ ပါတယ်။ အကောင်းဆုံး ဖြစ်နိုင်ခြေ ကတော့ နောက်ထပ် ဆယ်စုနှစ် တစ်ခု အတွင်းမှာ ဆယ်ကျော်သက်တွေ ကြားက လူသတ်မှုတွေ ၁၅ ရာခိုင်နှုန်း တိုးလာနိုင်တယ်လို့ ဆိုထား ပါတယ်။ အဆိုးဆုံးကတော့ နှစ်ဆ မက များလာနိုင်တယ် ဆိုတာပါပဲ။ ဒါပေမယ့် တကယ်တမ်းမှာတော့ အမေရိကန်က ဆယ်ကျော်သက်တွေရဲ့ လူသတ်မှုတွေဟာ ၁၅ ရာခိုင်နှုန်း တိုးမလာဘဲ ငါးနှစ် အတွင်းမှာ ၅၀ ရာခိုင်နှုန်းကျော် လျော့သွားခဲ့ပါတယ်။ မှုခင်း ရေးရာ ပညာရှင်တွေ ကတော့ ဒီကိစ္စဟာ ရဲတွေ ပိုများလာလို့၊ စီးပွားရေး တိုးတက်လာလို့ စတဲ့ အကြောင်းပြချက် တွေကို ပြောခဲ့ကြပါတယ်။ ဒါပေမယ့် စတီဗင် လဲဗစ် ဆိုတဲ့ လူငယ် စီးပွားရေး ပညာရှင် တစ်ယောက်ကတော့ ဒီကိစ္စရဲ့ အဖြေကို နောက်တစ်မျိုး ထုတ်ပြခဲ့ ပါတယ်။

၁၉၇၀ ကျော်တုန်းက တက္ကဆပ်ပြည်နယ် ဒါးလပ်စ်မြို့ မှာ နော်မာ မက်ကိုဗေး ဆိုတဲ့ အမျိုးသမီးငယ် တစ်ဦး ရှိခဲ့ပါတယ်။ သူမဟာ ပညာမတတ်၊ မူးယစ်ဆေးစွဲ၊ အရက်စွဲ စတဲ့ အခြေအနေမျိုးနဲ့ နေထိုင်လာခဲ့ရင်း တတိယ အကြိမ်မြောက် ကိုယ်ဝန်ရှိလာခဲ့ပါတယ်။ သူမဟာ အရင်ကလေး နှစ်ယောက်ကိုလည်း တခြားသူတွေ ဆီမှာ မွေးစားဖို့ ပေးပစ်ခဲ့ဖူး ပါတယ်။ အဲဒီအချိန်က အမေရိကန်မှာ ကိုယ်ဝန်ဖျက်ချတာဟာ ပြည်နယ် အချို့မှာသာ တရားဝင်ခဲ့ပြီး အဲဒီ ပြည်နယ်တွေ ထဲမှာ သူမ နေထိုင်တဲ့ တက္ကဆပ်ပြည်နယ် မပါဝင် ခဲ့ပါဘူး။ သူမဟာ တရားဝင် ကိုယ်ဝန် ဖျက်ချခွင့် ရရှိဖို့ အတွက် တရား ရင်ဆိုင်ရင်း နောက်ဆုံးမှာ အမေရိကန် တရားရုံးချုပ်ကို ရောက်သွားခဲ့ပါတယ်။ အမေရိကန် တရားရုံးချုပ်က အဲဒီအမှုမှာ သူမကို အနိုင်ပေးခဲ့ပြီး ကိုယ်ဝန်ဖျက်ချတာကို အမေရိကန် တစ်နိုင်ငံလုံးမှာ တရားဝင် အဖြစ် သတ်မှတ်ပေးခဲ့ ပါတယ်။ ဒါပေမယ့် အဲဒီ အချိန်မှာ သူမ အတွက် အတော် အချိန်နှောင်း သွားခဲ့ပြီမို့ အဲဒီကလေးကို မွေးဖွားခဲ့ပြီး တခြားသူ တစ်ယောက်ကို မွေးစားဖို့ ပေးပစ်ခဲ့ ပါတယ်။ နောင်တစ်ချိန်မှာတော့ မက်ကိုဗေးဟာ သူမရဲ့ ရပ်တည်ချက်ကို စွန့်လွှတ်ခဲ့ပြီး ကိုယ်ဝန်ဖျက်ချမှုကို ဦးဆောင် ဆန့်ကျင်တဲ့သူ တစ်ဦး ဖြစ်လာခဲ့ ပါတယ်။

အဲဒီလို ကိုယ်ဝန်ဖျက်ချမှုကို တရားဝင် ခွင့်ပြုလိုက်တဲ့ အတွက် ပညာမတတ်၊ ဆင်းရဲနွမ်းပါးပြီး နောင်တစ်ချိန်မှာ ရာဇဝတ်သား ဖြစ်လာဖို့ ရာခိုင်နှုန်း များတဲ့ ကလေး အတော်များများဟာ လူဖြစ်မလာ တော့ဘဲ  ဇာတ်သိမ်းသွားကြပါတယ်။ အဲဒီ အကျိုးဆက်ကြောင့် နောင် အနှစ် ၂၀ အကြာမှာ ရာဇဝတ်မှု ကျူးလွန်မယ့် ရာဇဝတ်သားတွေ လျော့နည်းသွားပြီး အမေရိကန်မှာ ရာဇဝတ်မှု ကျဆင်း သွားခဲ့ ရပါတယ်လို့ စတီဗင် လဲဗစ်က သုံးသပ် ပြခဲ့ ပါတယ်။ ဒါက ကိုယ်ဝန် ဖျက်ချတာကို ထောက်ခံသူတွေ အတွက် ဥပမာ ကောင်းပါပဲ။

အဲဒီ ဥပမာ နှစ်ခုကို ကြည့်ရင် ဆန့်ကျင်ဖက် ဖြစ်နေတာကို တွေ့ရပါမယ်။ ပထမ တစ်ခုကို ကြည့်ရင် ရိုမေးနီးယားမှာ ကိုယ်ဝန် ဖျက်ချတာကို ပိတ်ပင်လိုက်တဲ့ အတွက် တော်လှန်မယ့် သူတွေ ပေါ်ပေါက် လာပြီး အာဏာရှင် အစိုးရ ပြုတ်ကျသွားခဲ့တယ်။ ဒုတိယ တစ်ခုမှာတော့ ကိုယ်ဝန်ဖျက်ချတာကို တရားဝင် သတ်မှတ်လိုက်တဲ့ အတွက် အမေရိကန် တစ်နိုင်ငံလုံးမှာ ရာဇဝတ် အမှုအခင်းတွေ ကျဆင်းသွားခဲ့တယ်။

တကယ်လို့ ကျွန်တော်သာ ကိုယ်ဝန်ဖျက်ချတာကို ဆန့်ကျင်တဲ့ လူတိုင်းရှင်သန်ဖို့ အခွင့်အရေးရှိတယ် (right-to-live) ဆိုတဲ့ အခြေအနေမျိုးကို ထောက်ခံတဲ့ စကားမျိုး ပြောချင်တယ်ဆိုရင် ဗီသိုဗင် နဲ့ ရိုမေးနီးယားကို ဥပမာပေးပြီး ပြောမှာပေါ့။ တကယ်လို့ ကျွန်တော်သာ ကိုယ်ဝန်ဖျက်ချတာကို ထောက်ခံတဲ့ သူတစ်ယောက် ဖြစ်မယ် ဆိုရင် ဟစ်တလာ နဲ့ အမေရိကန် ရာဇဝတ်မှု အကြောင်းကို အသားပေးပြီး ပြောတော့မှာပေါ့။

အခုလို အင်ဖော်မေးရှင်း အဆမတန် ဖောင်းပွ နေတဲ့ ခေတ်ထဲမှာ ကိုယ်လိုချင်တာကို ဆွဲပြောနိုင်ဖို့ အတွက် ဥပမာ ရှာဖို့ အင်မတန် လွယ်ပါတယ်။ ဂူဂဲလ်ထဲမှာ ကိုယ်ရှာချင်တဲ့ ဥပမာကို ရိုက်ထည့်ပြီး ရှာလိုက်တာနဲ့ ကိုးကား အသုံးပြုနိုင်မယ့် ဥပမာ မျိုးတွေ တစ်ပုံ တစ်ပင် ထွက်လာနိုင်ပါတယ်။ အချိုမှုန့် မကောင်းဘူး ဆိုတာ အလွယ်တကူ ဥပမာ ရှာပြလို့ ရသလို အချိုမှုန့်ဟာ ပြောသလောက် မဆိုးဘူး ဆိုတာလည်း အလွယ်တကူ ဥပမာ ရှာပြနိုင် ပါတယ်။ ယုတ်စွ အဆုံး နွားနို့ သောက်တာ မကောင်းဘူး ဆိုတာမျိုးကိုတောင် ဥပမာ ရှာပြလို့ ရပါတယ်။

ကိုယ်လိုချင်ရာ ဆွဲပြောချင်တဲ့သူ ကတော့ သူပြောချင်တဲ့ အကြောင်းအရာကို တခါထဲနဲ့ ခေါင်းထဲ ရိုက်ထည့် နိုင်ဖို့  ဥပမာ ရှာပြောမှာ ပါပဲ။ အဲဒီလို အခြေအနေမှာ တခြားသူ ပြောသမျှ ဥပမာ ဥပမေယျတွေကို မျက်စိစုံမှိတ်ပြီး မယုံဖို့ လိုပါတယ်။ ကိုယ့်စဉ်းစားဉာဏ်နဲ့ ချင့်ချိန်ပြီး ယုံတတ်ဖို့ လိုပါတယ်။ မသေချာသေးရင် ဂူဂဲလ်မှာ အချိန်မရွေး ရှာပြီး သူပြောတာ မှန်သလား မမှန်သလား ဆန်းစစ်ကြည့်လို့ ရပါတယ်။

အခုလို ဆိုရှယ်နက်ဝပ်တွေ ခေတ်စားနေတဲ့ အချိန်မှာ လူပေါင်းစုံရဲ့ အတွေးအခေါ် ပေါင်းစုံဟာ ကျွန်တော်တို့ဆီကို အလုံးနဲ့ အရင်းနဲ့ လှိမ့်ဝင်လာနေပါပြီ။ အဲဒီအထဲမှာ အဆင့်တန်းမြင့်မြင့် အတွေးအခေါ်တွေ ပါသလို အခြေအမြစ် မရှိတဲ့ အတွေးအခေါ်တွေလည်း ပါပါတယ်။ ကျွန်တော်တို့ အနေနဲ့ တခြားသူ ဥပမာ အပေးကောင်းတိုင်း၊ ဇာတ်လမ်းကောင်းကောင်းကလေးတွေ ပြောတတ်တိုင်း သူတို့ ဆွဲခေါ်ချင်တဲ့ နောက်ကို မျောပါမသွားဘဲ ကိုယ့်ဘာသာကိုယ် လေ့လာ ဆန်းစစ်ပြီးမှ လက်ခံသင့်တယ် ဆိုတဲ့ အကြောင်း ခေါင်းထဲမှာ အတွေးစကလေးတစ်ခု ပေါ်လာမိ ပါတယ်။

ကိုးကား။ ။ Freakonomics by Levitt & Dubner

5 comments:

Anonymous said...

ဟုတ်ပါတယ်...
မှန်ပါတယ်....
ထောက်ခံပါတယ်....။

ပေါက်

Anonymous said...

I totally agreed with you Ko ZT.
BTW, which side are you on?

ZT said...

မပေါက် -> အချိုမှုန့်ပါတယ်။ :D
Anonymous -> I support legalization.

Anonymous said...

kaung par thi,
kyay zu

http://tinyurl.com/leiksar

Phyo Maw said...

အားပေးတယ် ဘရားသား