Search This Blog

Wednesday, March 21, 2012

ကရားဆူးတို့ပြည်

ကျွန်တော်တို့ စလုံးကို ရောက်ခါစ သက္ကရာဇ် ၂၀၀၀ မပြည့်တပြည့် အချိန်ကပါ။ တနင်္ဂနွေ ညတစ်ည ၉ နာရီလောက် မှာ သူငယ်ချင်းတွေနဲ့ အတူ ကော်ဖီသောက်ရင်း တော့ကီပွားဖို့ အိမ်နားက ဈေးထဲကို လမ်းလျှောက် ထွက်လာခဲ့ကြ ပါတယ်။ အဲဒီ ဈေးထိပ်မှာ မက်ဒေါ်လ်နယ် ဘာဂါဆိုင် တစ်ဆိုင် ရှိပါတယ်။ ဘာဂါဆိုင်ရှေ့မှာတော့ လူတွေ ဟိုနားတစ်စု သည်နားတစ်စု နဲ့ ထိုင်နေကြတာကို တွေ့ရ ပါတယ်။ တစ်ချို့က ပလက်ဖောင်းပေါ် အခင်းကလေးတွေ ခင်းပြီး ထိုင်နေသလို တစ်ချို့ကလည်း ဒီအတိုင်း ငုတ်တုပ် ထိုင်နေကြ ပါတယ်။ ခြေပစ်လက်ပစ် ထိုင်နေတဲ့သူတွေလည်း ရှိသလို ဂစ်တာ တီးနေတဲ့ သူလည်း ရှိပါတယ်။ မြန်မာပြည်မှာ လမ်းဘေး အဝတ်ခင်းပြီး ထိုင်တာ မထူးဆန်းပေမယ့် စင်ကာပူမှာတော့ လူတွေ လမ်းဘေး တန်းစီ ထိုင်နေတာ နည်းနည်း ထူးဆန်းတယ်လို့ ထင်ရ ပါတယ်။

သူတို့ ဘာလုပ်နေကြတာလဲလို့ ကျွန်တော်တို့ အချင်းချင်း ပြန်မေးကြပေမယ့် ဘယ်သူမှ ရေရေရာရာ မသိကြပါဘူး။ နာရီဝက်လောက် အကြာ ကျွန်တော်တို့ လက်ဖက်ရည်သောက်ပြီး ပြန်လာတော့ အဲဒီနေရာမှာ လူတွေ ပိုများ လာတာကို သတိထားမိ ပါတယ်။ မက်ဒေါ်လ်နယ်က မပိတ်သေးဘဲ အထဲက ကောင်တာမှာလည်း လူသိပ်မရှိတာမို့ ဘာဂါစားဖို့ တန်းစီ နေတာတော့ မဖြစ်လောက် ပါဘူး။ ဒီလိုနဲ့ သူတို့ ဘာလုပ် နေကြသလဲ ဆိုတာ ကျွန်တော်တို့ အချင်းချင်း ငြင်းကြခုံကြရင်းနဲ့ အိမ်ပြန် ရောက်လာခဲ့ ပါတယ်။

နောက်တစ်နေ့ မနက်တော့ ရှစ်နာရီ အတန်းရှိတာမို့ အိမ်ကနေ ၇ နာရီကျော်လောက် ထွက်လာခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့ နေတဲ့ နေရာက ဘူကစ်ပန်ဂျန်း လို့ခေါ်တဲ့ နည်းနည်းချောင်ကျတဲ့ နေရာမှာ ပါ။ ကျွန်တော်တို့ ကျောင်းရှိတဲ့ ဒိုဗာ ကိုရောက်ဖို့ ၄၅ မိနစ်လောက် သွားရပါတယ်။ ကျွန်တော်တို့ ကျောင်းသွားရင် နိအန်း ပေါ်လီတက်ခနစ် အနားမှာ ကားတစ်ဆင့် ပြောင်းစီးရပါတယ်။ နိအန်းပေါ်လီနား ရောက်တော့ ကားတွေ ပိတ်နေတာနဲ့ ကားက တစ်လိမ့်ချင်း လိမ့်နေရ ပါတယ်။ ကားပေါ်ကနေ လမ်းဘေးကို လှမ်းကြည့်တော့ နိအန်းကျောင်းရဲ့ လမ်းတစ်ဖက်ခြမ်းက မက်ဒေါ်လ်နယ် ဆိုင်ရှေ့မှာ ကားတွေ အများကြီး တန်းစီနေကြတာ လှမ်းတွေ့ရပါတယ်။ အဲဒါကတော့ Drive-Thru လို့ခေါ်တဲ့ ကားမောင်းရင်း ဘာဂါ ဝယ်ရတဲ့ နေရာပါ။ မက်ဒေါ်လ်နယ်မှာ လူတွေ ဘာကို ဒီလောက်တောင် သည်းကြီးမည်းကြီး တန်းစီ ဝယ်နေရသလဲ ဆိုတာ ပဟေဠိ ဖြစ်နေ ပါပြီ။ ဒီလိုနဲ့ ပုံမှန် ၄၅ မိနစ်လောက်နဲ့ ရောက်တဲ့ ကျောင်းကို ၁ နာရီခွဲ ၂ နာရီလောက် ဘတ်စ်ကား စီးပြီးမှပဲ ရောက်ခဲ့ ပါတော့တယ်။

ကျောင်းရောက်တော့ နောက်ကျတာ ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး။ အတန်းထဲမှာ ကျွန်တော့်လိုပဲ ကားပိတ်နေတာ ကြုံလို့ နှစ်ယောက် သုံးယောက် နောက်ကျ ကြပါတယ်။ အတန်းထဲ ရောက်မှ အတန်းထဲက စလုံး သူငယ်ချင်းတွေကို မက်ဒေါ်လ်နယ်မှာ ဘာဖြစ်နေသလဲ လို့ မေးကြည့်မိ ပါတယ်။ အဲဒီတော့မှပဲ ဇာတ်ရည်လည်ပါ တော့တယ်။ မက်ဒေါ်လ်နယ်မှာ ဟဲလိုကစ်တီ လို့ ခေါ်တဲ့ ကြောင်ရုပ်ကို တနင်္လာနေ့တိုင်း ရောင်းပါတယ်။ အဲဒီ အရုပ်က တစ်ပတ်ကို တစ်မျိုး မတူအောင် ရောင်းတာမို့ ဝယ်စုတဲ့ သူတွေက သဲကြီးမဲကြီး ဝယ်စုကြတဲ့ အကြောင်း၊ အရုပ်က အကန့်အသတ်နဲ့ ရောင်းတာမို့ မနက်ခင်း အရုပ်ရောင်းရင် မရလိုက်မှာ စိုးလို့ မက်ဒေါ်လ်နယ်ရှေ့မှာ ညအိပ် တန်းစီပြီး စောင့်ကြတဲ့ အကြောင်း သူငယ်ချင်း တစ်ယောက်က ရှင်းပြ ပါတယ်။ မက်ဒေါ်လ်နယ်မှာ တန်းစီဝယ်ရင်း မီးလ် ပါ အပါအဝင် ၁၀ ဒေါ်လာတောင် မကျတဲ့ အရုပ်တစ်ရုပ်ကို အပြင်မှာ ဒေါ်လာ ၅၀ နဲ့ ပြန်ပေးပြီး ဝယ်ကြတဲ့ အကြောင်းလည်း သူငယ်ချင်းက ပြန်ပြောပြပါတယ်။ နောက်တော့ ကျွန်တော့်ရဲ့ စလုံး သူငယ်ချင်းက ရယ်ရယ်မောမောနဲ့ ကရားဆူး ဆိုတာ ဒါပဲကွလို့ ပြောပါတယ်။

ကရားဆူး (Kiasu) ဆိုတာ စင်ကာပူမှာ သုံးတဲ့ ဗန်းစကားပါ။ သူများနောက် ကျန်နေခဲ့မှာကို ကြောက်တာ (afraid to lose) လို့ အဓိပ္ပာယ်ရပါတယ်။မနက်ခင်းမှ လာတန်းစီရင် ရရဲ့သားနဲ့ မရလိုက်မှာစိုးလို့ ညကတည်းက ညအိပ်ပြီး တန်းစီကြတာ ကရားဆူး စိတ်ဓာတ်ကို ပေါ်လွင်အောင် ပြတာပါ။ အဲဒါ အပြင် ကားရှိတဲ့ သူတွေကလည်း သူတို့ မရလိုက်မှာ စိုးလို့ ကားနဲ့ လာတန်းစီ ကြတဲ့အတွက် လမ်းတွေ ပိတ်တဲ့ အထိ ဖြစ်ကုန်ကြတာပါ။ စင်ကာပူမှာ သူ့ထက်ငါ အနိုင်မခံ အရှုံးမပေး ကရားဆူးကြတာ အထူးအဆန်း တော့လည်း မဟုတ်ပါဘူး။ ကလေး ပေါက်စနကို ကျောင်းကောင်းကောင်းမှာ ဝင်ခွင့်ရအောင် ကျောင်းရှေ့မှာ တိုကင်မပေးခင် ၃ ရက်လောက်လိုတဲ့ အချိန်ကတည်းက တဲထိုးပြီး စောင့်ကြမယ်။ တစ်ချို့ မိဘကလည်း ကလေးကို ကျောင်းကောင်းကောင်းမှာ ဝင်ခွင့် ရအောင် ကျောင်းနားနီးတဲ့ အိမ်တစ်အိမ်ကို တစ်လ နှစ်လ ပိုက်ဆံပေးပြီး ငှားမယ် ဆိုတာမျိုးတွေ လုပ်ကြပါတယ်။ အဲဒါအပြင် ကလေးတွေကို မူလတန်း ကျောင်းမတက်ခင် ကတည်းက အပြင်မှာ ကျူရှင်ပေါင်းစုံ ပို့ပြီး သူများ ကလေးထက် သာအောင် မောင်းတတ်ကြ ပါတယ်။

ကောက်ရိုးပုံစောင့်ခွေး ပုံပြင်ထဲကလို ကိုယ်လည်းမယူ သူများကိုလည်း မယူစေချင်တာ၊ လူအမြင် ကတ်စရာ ကောင်းအောင် ချစ်တီးကျပြီး ပေါချောင်ကောင်း နှိုက်ချင်တာ၊ ကိုယ်အဆင်ပြေဖို့ တစ်ခုတည်း အတွက် တခြားသူတွေ အဆင်မပြေ ဖြစ်မှာကို နည်းနည်းမှ ထည့်မတွက်တတ်တာ  စတဲ့ အမူအကျင့် တွေကိုလည်း ကရားဆူးတယ် ခေါ်ကြပါတယ်။ ကျွန်တော်တို့ ကျောင်းတက်နေတုန်းက ကြုံဖူးတဲ့ အဖြစ်တွေ ရှိပါတယ်။

ကျွန်တော်တို့ ကျောင်းစာကြည့်တိုက်က စင်ကာပူမှာ နည်းပညာ နဲ့ ပတ်သက်တဲ့  စာအုပ်တွေ အစုံဆုံး စာကြည့်တိုက် တစ်ခုပါ။ ဒါပေမယ့် နောက်ဆုံးပေါ် နည်းပညာနဲ့ ပတ်သက်တဲ့ စာအုပ် တစ်ချို့ကို ငှားချင်လို့ ရှာရင် ကွန်ပျူတာ ကက်တလောက် ထဲမှာ ငှားမထားဘူး ဆိုတာ ပြနေပေမယ့် စာအုပ်စင်မှာ သွားရှာရင် မရှိပါဘူး။ စာကြည့်တိုက်က ဝန်ထမ်းတွေကို အကူအညီ တောင်းပေမယ့် သူတို့လည်း ရှာမတွေ့ ပါဘူး။ စာကြည့်တိုက်က ဝန်ထမ်းတွေနဲ့ ရင်းနှီးလာတဲ့ အခါမှ သူတို့က ဘာဖြစ်တယ် ဆိုတာကို ပြောပြ ပါတယ်။ စာအုပ်ကို ငှားချင်တဲ့ သူတစ်ချို့က အပြင်ကို ငှားသွားရင် စာရင်းမှာ ငှားသွားတဲ့ အကြောင်း ပြတဲ့ အတွက် တခြားသူက အဲဒီစာအုပ်ကို ရီဆာ့ဗ် လုပ်လို့ ရပါတယ်။ နောက်လူတစ်ယောက် ရီဆာ့ဗ် လုပ်ထားရင် စာအုပ် ရက်ပြည့်သွားတဲ့ အချိန် သက်တမ်း ထပ်တိုးလို့ မရပါဘူး။ ပြန်မအပ်ရင် နောက်ကျတဲ့ ရက်တိုင်း အတွက် ဒဏ်ကြေး ပေးရတဲ့အပြင် တခြား စာအုပ် ထပ်ငှားလို့ မရပါဘူး။ အဲဒီတော့ သူတို့က စာအုပ်ကို အပြင်ကို ငှားမသွားဘဲ စာကြည့်တိုက်ထဲမှာပဲ အဲဒီ ဘာသာရပ်နဲ့ မဆိုင်တဲ့ နေရာက စာအုပ်စင် တစ်စင်မှာ ဖွက်ထားခဲ့ပါတယ်။ နောက်တော့ ဖတ်ချင်တဲ့ အချိန်မှ စာကြည့်တိုက်မှာ လာဖတ်တာပါ။ စာကြည့်တိုက်မှာ စာအုပ်ပေါင်း သောင်းချီ ရှိတာမို့ မဆိုင်တဲ့ စင်မှာ တင်ထားခဲ့ရင် နေရာ မသိတဲ့သူ တစ်ယောက် ပြန်ရှာဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ တခြားသူလည်း ဖတ်လို့မရ၊ တခြားသူလည်း ငှားလို့မရ၊ သူတစ်ယောက်တည်း ဖတ်လို့ ရအောင် လုပ်ထားတာမို့ အတော့်ကို ဆိုးရွားတဲ့ အမူအကျင့် တစ်မျိုးပါပဲ။

မြို့ထဲက ဖုကော့ လို့ ခေါ်တဲ့ စားသောက်ဆိုင်တန်းတွေမှာ နေ့လည်စာ သွားစားရင်လည်း အဲဒီ ကရားဆူး စိတ်ဓာတ်ကို ပီပီပြင်ပြင် မြင်ရပါတယ်။  စားသောက်ဆိုင်တန်းမှာ နေရာဦးဖို့ အတွက် စားပွဲခုံပေါ်မှာ တစ်ရှူးထုပ် ကလေးတွေ တန်းစီပြီး ချထားတာကို မြင်ရတတ် ပါတယ်။ စားစရာ သွားမဝယ်ခင် လွတ်နေတဲ့ ခုံကို ရှာပြီး တစ်ရှူးထုပ်ချ နေရာဦးတတ် ပါတယ်။ တစ်ရှူးထုပ် အစား ထီးတို့ ပိုက်ဆံအိတ်တို့ ဖုန်းတို့ ချပြီး နေရာဦးခဲ့ရင် သူများ ခိုးရင် ပါသွားမှာမို့၊ နေရာလည်း ဦးရ၊ ခိုးသွားရင်လည်း တစ်ရှူးထုပ်က ပြားဂဏန်းပဲ တန်တာမို့ ပြဿနာ မရှိ ဆိုတော့ ထပ်ဆင့် ကရားဆူးတဲ့ နည်းပါ။

ဘတ်စ်ကား စီးရင်လည်း ကရားဆူးတဲ့ အမူအကျင့်တွေကို တွေ့ရပါတယ်။ ပြန်ဆင်းတဲ့ အချိန် ဆင်းရ လွယ်အောင် အထဲ မဝင်ဘဲ အပေါက်ဝမှာ ပြုံရပ်နေတာမျိုးပါ။ မြန်မာပြည်လို အလယ်ခေါင်မှာ ဆင်နှစ်ကောင် ဖင်ထောင်ကလို့ ရတယ် ပြောတတ်တဲ့ စပယ်ယာတွေလည်း မရှိ ဒတ်စတော့ အုပ်မယ့် ဒရိုင်ဘာလည်း မရှိတော့ အထဲကို မဝင်ကြပါဘူး။ တစ်ခါတစ်လေ မှတ်တိုင်မှာ ဘတ်စ်ကားပေါ် တက်ချင်တဲ့သူတွေ တစ်အုပ်ကြီး ရှိပေမယ့် အပေါက်ဝက လူတွေက အထဲ မဝင်တော့ ကားပေါ် တက်လို့ မရပါဘူး။ အလယ်ခေါင် ချောင်တဲ့ နေရာကို တိုးပြီး လမ်းပေါက်ကို ဖွင့်မပေးပဲ အပေါက်ဝ မှာပဲ ကားပေါ်တက်မယ့်သူတွေ ရှိနေတာကို မသိချင်ယောင် ဆောင်နေတတ်ကြ ပါတယ်။ အဲဒါအပြင် နှစ်ယောက်ထိုင် ခုံမှာ ဝင်ထိုင် ကြရင်လည်း ပြတင်းပေါက်နား ကပ်မထိုင်ဘဲ ဆင်းလို့လွယ်အောင် လူသွားလမ်းဘေးက ခုံမှာ ကပ်ထိုင်ကြ ပါတယ်။ အားလုံးနီးပါး အဲဒီလို ထိုင်နေကြတော့ နောက်ထပ် ထိုင်ချင်တဲ့သူတွေ အလွယ်တကူ ဝင်ထိုင်မရဘဲ ကသိကအောက် ဖြစ်ရပါတယ်။

ဘတ်စ်ကားစီးတဲ့ သူတွေတင် ကရားဆူးကြတာ မဟုတ်ပါဘူး။ ကိုယ်ပိုင်ကားစီးတဲ့ သူတွေလည်း ကရားဆူးကြပါတယ်။ စင်ကာပူမှာ တော်ရုံတန်ရုံလူ ကိုယ်ပိုင်ကား မစီးနိုင်ပါဘူး။ မြန်မာ မီနီဆလွန်းလို့ ခေါ်ကြတဲ့ ချယ်ရီ ကျူကျူတစ်စင်းတောင် အခုပေါက်ဈေးနဲ့ ဒေါ်လာ ၈ သောင်းကျော် ရှိပါတယ်။ ဒါလည်း တသက်လုံး စီးလို့ ရတာ မဟုတ်ပါဘူး။ ၁၀ နှစ်ပဲ စီးလို့ ရတာပါ။ ကားကို အဆင့်အတန်း တစ်ခု အနေနဲ့ အဲဒီလောက် ဈေးကြီးပေးဝယ်စီး ပေမယ့် ကားနဲ့ ပတ်သက်ရင် ချစ်တီးကျ ကြပြန်ပါတယ်။ စင်ကာပူကနေ မလေးရှားကို သွားတဲ့ ဟိုင်းဝေးလမ်းပေါ်မှာ ဆီတိုင်ကီထဲမှာ  ဆီ ၄ ပုံ ၃ ပုံ မရှိရင် ဒဏ်ရိုက်မယ် ဆိုတဲ့ ဆိုင်းဘုတ်တွေ ရှိပါတယ်။ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဘက် မလေးနိုင်ငံသား အင်ဂျင်နီယာ တစ်ယောက်က မလေးရှားမှာ အစိုးရက အထောက်အပံ့ ပေးထားတဲ့ အတွက် ဆီဖိုးက စင်ကာပူ ထက်စာရင် အများကြီး သက်သာတယ်။ အဲဒါကြောင့် မလေးရှားမှာ ဆီလာထည့်ကြလွန်းလို့ အဲဒီလို လုပ်ထားတာလို့ ပြောပြ ပါတယ်။ နောက်ပိုင်းတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ရယ်စရာ အဖြစ်တွေ အများကြီး ကြားရ ပါတယ်။

စလုံးတွေ မလေးရှားမှာ ဆီထည့်ရင် ကားထဲကို ဆီ များနိုင်သမျှ များများ ဝင်အောင် ကားကို လှုပ်ကြ ပါတယ်။ စောင်းကြပါတယ်။ ကားကို လှုပ်လိုက်လို့ စောင်းလိုက်လို့ ဆီ ဘယ်လောက် ထပ်ထည့်လို့ ရမလဲတော့ မပြောတတ်ပါဘူး။ ဒါပေမယ့် ပြောပလောက်တဲ့ ပမာဏ မဟုတ်တာတော့ သေချာပါတယ်။ နောက်တော့ အကြံ အဖန်တွေ လုပ်ကြပါတယ်။ ဆီဂေ့ချ်ကို ပြင်ကြတာပါ။ ဆီဂေ့ချ်ပြင်ထားတဲ့ ကားမှာ ခလုတ် အပိုတစ်ခု ပါပါတယ်။ ကပ်စတန် ဖြတ်ခါနီး အဲဒီ ခလုတ်ကို နှိပ်လိုက်ရင်  ဆီဂေ့ချ်က အပြည့်နီးပါး ပြောင်းသွားတာပါ။ နောက်ပြန်ဖြုတ်လိုက်ရင် ပုံမှန် ပြန်ဖြစ်သွားပါတယ်။ အခုနောက်ပိုင်းတော့ အဲဒီ ဆီဂေ့ချ် ပြင်တာတွေ့ရင် ချက်ချင်း ဖမ်းချုပ်တာမို့ သိပ်မလုပ်ရဲကြ တော့ပါဘူး။

နောက်တစ်ခုက စင်ကာပူမှာ အီးအာရ်ပီ လို့ ခေါ်တဲ့ အီလက်ထရွန်းနစ် လမ်းကြေးကောက်တဲ့ ဂိတ်တံခါးတွေ ရှိပါတယ်။ မြို့ထဲအဝင်လမ်းတွေနဲ့ ဟိုင်းဝေး လမ်းမတွေပေါ်မှာ တပ်ထားလေ့ ရှိပြီး အဲဒီအောက်က ဖြတ်မောင်းသွားတဲ့ ကားတွေကို လမ်းကြေးဖြတ် ပါတယ်။ ပုံမှန်ဆိုရင် ရုံးတက် ရုံးဆင်းချိန်တွေမှာ ကောက်လေ့ ရှိပြီး ညနေဖက် ဆိုရင် ၈ နာရီ ၉ နာရီ အထိ ကောက်လေ့ ရှိပါတယ်။ အီးအာရ်ပီ ဂိတ်က ည ၈ နာရီ ပိတ်တယ် ဆိုရင် ကားအတော်များများက ၈နာရီ မထိုးခင် အီးအာရ်ပီနဲ့ မနီးမဝေးမှာ မယောင်မလည် ရပ်စောင့်နေလေ့ ရှိကြပါတယ်။ ၈ နာရီ ထိုးလို့ ဂိတ်ပိတ်သွားပြီ ဆိုမှ အဲဒီဂိတ်ကို ဖြတ်ကြပါတယ်။ တစ်ခါတော့ ဖေ့စ်ဘွတ်ခ်ထဲ မိတ်ဆွေ တစ်ယောက် ဝေမျှ ထားတဲ့ ပုံတစ်ပုံကို တွေ့လိုက်ရပါတယ်။ အဲဒီပုံမှာ အီးအာရ်ပီ ဂိတ်နဲ့ အဲဒီ အရှေ့မှာ ရပ်စောင့်နေတဲ့ သိန်းပေါင်းများစွာတန်တဲ့ ဇိမ်ခံကားတစ်စင်းရဲ့ ပုံကို ရိုက်ပြထားပြီး အောက်မှာတော့ "အော်။ ငါ့လို ကားအစုတ် စီးတဲ့သူပဲ ဒီ ၂ ဒေါ်လာ လောက်ကို နှမြော တတ်တယ် မှတ်တာ။ ဒီလို ဇိမ်ခံကား စီးတဲ့ကောင်တွေလည်း ငါ့လိုပါပဲလား။ အတော် ကရားဆူးကြတယ်။" လို့ ရေးထားတာပါ။ သူ့ရဲ့စာကို ဖတ်ပြီး ကျွန်တော် ဟက်ဟက်ပက်ပက် ရယ်လိုက်မိ ပါတော့တယ်။

Monday, March 19, 2012

ဆင်းရဲခြင်း လွတ်ကင်းအောင်

အင်္ဂလိပ်လို မန်းနီး လို့ပဲ ခေါ်ခေါ် တရုတ်လို ချန် လို့ပဲ ခေါ်ခေါ် မြန်မာလို ရေ၊ ဝက် လို့ပဲ ခေါ်ခေါ် ငွေကြေးလို့ အဓိပ္ပာယ်ရတဲ့ ကြားခံပစ္စည်းတစ်ခုကို ပိုင်ဆိုင် သုံးစွဲတဲ့ ပမာဏဟာ လူတစ်ဦးနဲ့ တစ်ဦး မတူကြဘူး ဆိုတဲ့ အကြောင်းကို အထူးအထွေ ပြောပြ နေစရာ မလိုပါဘူး။ ပိုက်ဆံ ရှိတဲ့သူက ရှိတဲ့အတိုင်း သုံးတတ်ကြသလို ပိုက်ဆံ မရှိတဲ့ သူကလည်း ရှိတာနဲ့ ဖြစ်အောင် သုံးကြပါတယ်။ ပိုက်ဆံရှိတဲ့ သူတစ်ယောက် အတွက် ဒေါ်လာ ၄-၅ သောင်း ဆိုတာ လပ်စ် ဗီးဂတ်စ်က ဟိုတယ်တစ်ခုမှာ တစ်ညတာ တည်းခိုဖို့ စရိတ်ဖြစ်ပေမယ့် ပိုက်ဆံ မရှိတဲ့သူတွေ အတွက်တော့ အဲဒီ ပိုက်ဆံဟာ သူတို့ရဲ့ တစ်သက်တာ သုံးစွဲရတဲ့ငွေ ပမာဏထက် များပါတယ်။

ပိုက်ဆံရှိတဲ့သူ သူ့ဘာသာသူ ရှိကြတာ ပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့် ပိုက်ဆံ မရှိတဲ့သူတွေ မရှိကြ တာတော့ ပြဿနာ တစ်ခု ဖြစ်ပါတယ်။ ကံကံ၏ အကျိုး ပဲ ဆိုဆို၊ ဘုရားသခင်က မတရားဘူးပဲ ပြောပြော၊ ဤဒွန္တယာကြီးမှာ ဘုရားသခင် အလိုတော်အတိုင်း အားလုံး ဖြစ်နေတယ်ပဲ ထင်ချင်ထင် ဘယ်လိုပဲ ယူဆသည် ဖြစ်စေ ပိုက်ဆံ မရှိလို့ ကျန်းမာရေး၊ ပညာရေး အဘက်ဘက်က နိမ့်ကျနေတဲ့ သူတွေကို လူ့အဖွဲ့အစည်းထဲက လူတစ်ယောက် အနေနဲ့ လျစ်လျူရှု မထားပဲ တတ်နိုင်သလောက် ပြန်ပြီး ကြည့်ရှု စောင့်ရှောက် သင့်တယ် ဆိုတာကတော့  လူသားဆန်တဲ့ အတွေးအခေါ်၊ လူပီသတဲ့ အတွေးအခေါ် မျိုးလို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။

တရုတ်စကားပုံ တစ်ခုမှာ လူတစ်ယောက်ကို ငါးတစ်ကောင်ပေးရင် ထမင်းတနပ်ပဲ စားလို့ရမယ်။ သူ့ကို ငါးဖမ်းနည်း သင်ပေးရင်တော့ တစ်သက်လုံး စားလို့ ရမယ်လို့ ပြောထားတာ ရှိပါတယ်။ အမေရိကန် သမ္မတဟောင်း ကလင်တန်ကလည်း သူ့ရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိ စာအုပ်ထဲမှာ ဆင်းရဲတဲ့သူတွေကို ကူညီချင်ရင် ပေးကမ်းတာ (Hand Out) ထက် သူတို့ဘဝကို တိုးမြင့်အောင် ကူညီပေးတာ (Hand Up) က ပိုထိရောက်တယ်လို့ ရေးခဲ့ဖူးပါတယ်။ အဲဒီတော့ ဆင်းရဲတဲ့သူတွေကို သနားရင် ကြည့်ရှုစောင့်ရှောက် ချင်ရင် သူတို့ ဘဝကို တိုးတက်အောင် လုပ်ပေးတာက ပိုပြီး ထိရောက်တဲ့ နည်းလမ်း ဖြစ်ပါလိမ့်မယ်။

သမိုင်း အစဉ်အဆက်ကို ပြန်ကြည့်ရင် မြေရှင် ပဒေသရာဇ်တွေကြောင့် ကျောမွဲ လယ်သမား လူတန်းစားတွေ ရှိနေခဲ့တာ။ အရင်းရှင်တွေကြောင့် ဆင်းရဲတဲ့ အလုပ်သမား လူတန်းစားတွေ ရှိနေခဲ့တာ ဆိုပြီး ပဒေသရာဇ် တွေကို တော်လှန်သလို အရင်းရှင် စီးပွားရေး စနစ်ကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ကြ ဖူးပါတယ်။ အလုပ်လုပ်တဲ့ အလုပ်သမားတွေသာ အခွင့်အရေး အပြည့်အဝ ခံစားခွင့်ရမယ်။ အလုပ်သမားတွေ ကို ခေါင်းပုံဖြတ်တဲ့ အရင်းရှင် တွေကို ဖယ်ရှား ပစ်ရမယ်လို့ ကွန်မြူနစ် ဝါဒသမားတွေ ဆိုရှယ်လစ် ဝါဒသမားတွေ ကြုံးဝါးခဲ့ကြဖူးပါတယ်။ ဆိုဗီယက် ခေါင်းဆောင် ခရူးရှက်က တစ်ချိန်ကျရင် သူတို့ ဆိုဗီယက် အလုပ်သမား လူတန်းစားတွေ  ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေနဲ့ အမေရိကန် တွေကို ဖို့သတ်ပစ်မယ်လို့ ကြိမ်းဝါးခဲ့ဖူး ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ လူအများ မကောင်းဘူးလို့ မြင်ထားကြတဲ့ အရင်းရှင် အမေရိကန်က အောင်မြင်ခဲ့ပြီး အရင်းရှင် မဟုတ်ဘဲ ပြည်သူ့ အင်အားနဲ့ ကုန်ပစ္စည်း ထုတ်လုပ်ခဲ့တဲ့ ဆိုဗီယက် ပြည်ထောင်စုကတော့ တစစီ ဖြစ်တဲ့ အထိ ပြိုကွဲခဲ့ရ ပါတယ်။ ဆရာအောင်သင်းကတော့ တစ်ချိန်က ကွန်မြူနစ်တွေ တွက်ခဲ့တဲ့  အလုပ်သမားတွေရဲ့ လုပ်အားမှာ အရင်းရှင်တွေရဲ့ လုပ်ရည်ကိုင်ရည်နဲ့ ကြံစည် တွေးတောနိုင်စွမ်း တွေကို လုပ်အားတစ်ခု အနေနဲ့ ထည့်မတွက်ခဲ့တဲ့ အတွက် မှားသွားတယ်လို့ ပြောခဲ့ဖူးပါတယ်။  အခုအချိန်မှာတော့ အရင်းရှင်စနစ်လို့ လူတွေ သိထားတဲ့ စနစ်ထက် ကောင်းတဲ့ စနစ် တစ်ခု မရှိသေးတဲ့ အတွက် အကောင်းဆုံး စနစ်တစ်ခု အနေနဲ့ သုံးနေရပါတယ်လို့ အမေရိကန် သမ္မတ တစ်ယောက်က ဝန်ခံခဲ့ဖူးပါတယ်။

ဆင်းရဲမွဲတေမှုတွေကို တိုက်ဖျက်ဖို့ အတွက် ပထမဆုံး အနေနဲ့ လူတွေကို ဆင်းရဲတဲ့ သံသရာကနေ ဆွဲထုတ်နိုင်ဖို့ လိုအပ်ပါတယ်။ ဆင်းရဲလို့ ပိုက်ဆံ မရှိတဲ့သူ တစ်ယောက်အနေနဲ့ ရင်းနှီးစားစရာ မရှိလို့ နေ့ပြန်တိုး ယူရပါတယ်။ နေ့ပြန်တိုး ဆိုတာ တစ်နေ့ ကို ၁၀၀ ချေးရင် ၁၀ ရာခိုင်နှုန်းမက ပြန်ပေးရတတ်တာ မျိုးပါ။ အဲဒီလို ချေးထားတဲ့ ပိုက်ဆံအတွက် အတိုးပေးလိုက်ရတဲ့ အတွက် သူတို့မှာ စားစရာ ကျန်အောင်တောင် မနည်း လုပ်ရပါတယ်။ ဒါနဲ့ပဲ ဆင်းရဲတွင်းကနေ မထွက်နိုင်တော့ ပါဘူး။ ဆင်းရဲမှုကို တိုက်ဖျက်တဲ့ နေရာမှာ ဒီလို လူမျိုးတွေကို အကူအညီ ပေးဖို့ အတွက် မိုက်ခရိုငွေချေးလုပ်ငန်း (Microcredit) ဆိုတာတွေ ပေါ်ပေါက်လာ ခဲ့ရပါတယ်။ အဲဒီ ငွေချေးလုပ်ငန်းတွေရဲ့ အတိုးနှုန်းတွေဟာ နေ့ပြန်တိုး ပေးတဲ့ အတိုးနှုန်းလောက် မများသလို ဘဏ်တွေက ချေးတဲ့ အတိုးနှုန်းတွေလောက်လည်း မနည်းပါဘူး။ ငွေချေးတဲ့ နေရာမှာ အဆုံးခံရတာမျိုး နည်းအောင် အတိုးနှုန်းကနေ ပြန်ပြီး ကာဗာ ယူထားသလို ငွေချေးတဲ့ အေးဂျင့်အနေနဲ့ သူသိတဲ့ လူတွေကိုသာ ရွေးချယ်ချေးတာမျိုး၊ ငွေချေးတဲ့သူတွေကို အဖွဲ့အစည်းတစ်ခု အနေနဲ့ ဖွဲ့ထားပြီး အဲဒီ အဖွဲ့အစည်းထဲက လူတစ်ယောက် ထောက်ခံ ပေးမှ ငွေချေးလို့ ရတာမျိုး စတဲ့နည်းလမ်းမျိုးတွေနဲ့ ချေးထားတဲ့ ပိုက်ဆံတွေ မရှုံးအောင် ကာကွယ် ကြပါတယ်။ အဲဒီ လုပ်ငန်းကို အစက ဘဏ်တွေ အနေနဲ့ မဖြစ်နိုင်ဘူးလို့ ထင်ပြီး လျစ်လျူရှုခဲ့ကြပေမယ့် မိုက်ခရို ငွေချေးလုပ်ငန်း တွေရဲ့ အောင်မြင်မှုကို ဘဏ်တွေ အနေနဲ့ အသိအမှတ်  ပြုလာရပါတယ်။ ဂျေပီ မော်ဂန်လို ဘဏ်တွေ အနေနဲ့ မိုက်ခရို ငွေချေး ဌာနခွဲကို ဖွင့်ပြီး ဒီနယ်ပယ်ထဲကို ဝင်ရောက်လာခဲ့ ကြရပါတယ်။ မိုက်ခရို ငွေကြေး လုပ်ငန်းတွေဟာ ဘဏ်တွေ အတွက် အကျိုးအမြတ် များစေသလို ဆင်းရဲမွဲတေမှု ပပျောက်ရေး အတွက်လည်း အများကြီး အထောက်အကူ ပေးနိုင်ပါတယ်။

တစ်ခါက ကျွန်တော်နဲ့ တစ်ရုံးတည်း လုပ်ဖော်ကိုင်ဘက် စင်ကာပူနိုင်ငံသား တစ်ယောက်က သူ့ရဲ့ အင်ဒိုနီးရှား ခရီးစဉ်မှာ တွေ့ခဲ့ရတဲ့ အတွေ့အကြုံ တွေကို ပြန်ပြောပြပါတယ်။ သူအင်ဒိုနီးရှားက မြို့ငယ်ကလေး တစ်မြို့ကို ရောက်သွားတော့ လမ်းမတွေပေါ်မှာ လမ်းဘေးမှာ ရပ်နေခဲ့တဲ့ သူတွေ အများကြီး တွေ့ခဲ့ရတယ်လို့ သူက ပြောပါတယ်။ လူတွေ အများကြီး လမ်းဘေးမှာ ရပ်နေကြလို့ သူ့အနေနဲ့ ဒီလူတွေ ဘာလို့ ရပ်နေကြတာလဲလို့ စုံစမ်းကြည့်မိပါတယ်။ ဒေသခံ တစ်ယောက်က သူတို့ ဘာမှ လုပ်စရာ အလုပ် မရှိလို့ လမ်းဘေးမှာ ရပ်စကား ပြောနေကြ တာပေါ့လို့ ပြောတော့ သူအတော်အံ့ဩ သွားခဲ့ရပါတယ် လို့ သူက ကျွန်တော့်ကို ပြန်ပြောပြ ပါတယ်။ စင်ကာပူလို အိမ်ထောင်တစ်ခုမှာ ယောက်ျားရော၊ မိန်းမပါ အလုပ်လုပ် ကြပြီး၊ တစ်ချို့ မိသားစုဆို ကျောင်းနေတဲ့ ကလေးတွေပါ မချန် အချိန်ပိုင်း အလုပ်လုပ်ကြတဲ့ နိုင်ငံ တစ်နိုင်ငံက လူတစ်ယောက် အတွက်တော့  လူတွေ အလုပ်မရှိလို့ လမ်းဘေး ရပ်နေရတယ် ဆိုတာ အံ့ဩစရာ တစ်ခု ဖြစ်ရင် ဖြစ်မှာပါ။ ကျွန်တော်တို့ အတွက်တော့ ကိုယ်တိုင် အလုပ်မရှိ အကိုင်မရှိ လက်ဖက်ရည်ဆိုင်ထိုင် ဟေးလားဝါးလား လုပ်တဲ့ ဘဝကနေ နိုင်ငံခြား ရောက်လာခဲ့ တာမို့ လူတွေ အလုပ်မရှိလို့ ဂယောင် ရိုက်နေတာ အထူး အဆန်း မဟုတ်ပါဘူး။

လုပ်စရာ မရှိလို့ အလုပ်မလုပ်ကြဘူး။ အလုပ်မလုပ်တော့ ပိုက်ဆံမဝင်။ ပိုက်ဆံ မဝင်တော့ ဆင်းရဲတယ် ဆိုတဲ့ ဆက်စပ်မှုကို အထွေအထူး ရှင်းပြ နေဖို့ မလိုပါဘူး။ အဲဒီတော့ ဆင်းရဲမွဲတေမှုကို ပပျောက်အောင် လုပ်ဖို့အတွက် လူတွေကို အလုပ်အကိုင် ဖန်တီး ပေးဖို့ လိုအပ်ပါတယ်။ လမ်းဘေးမှာ ဈေးရောင်းတာထက် စက်ရုံမှာ ကာယအား သက်သက် အလုပ်သမားအနေနဲ့ အလုပ်လုပ်တာ ပိုက်ဆံ ပိုရတယ်ဆိုရင် ဘယ်သူမှ လမ်းဘေးမှာ ဈေးရောင်းနေမှာ မဟုတ်ပါဘူး။ လမ်းဘေးမှာလည်း ဈေးမရောင်းရ၊ ဈေးမရောင်းရင်လည်း တခြား လုပ်စရာ မရှိဆိုတဲ့ အခြေအနေမျိုးမှာ မြို့တော် အင်္ဂါရပ်နဲ့ ညီညွတ်အောင် ဆိုပြီး လမ်းဘေး ဈေးသည်ကို ဖမ်းတာမျိုးကတော့ ဝမရှိဘဲ ဝိလုပ်ချင်တဲ့ သဘောမျိုး ဖြစ်နေပါတယ်။

အဲဒီတော့ ကိုယ့်နိုင်ငံသားတွေ အလုပ်အကိုင် ရဖို့ အတွက် နိုင်ငံခြားက တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှု မျိုးကို အားပေးရ ပါမယ်။ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဆိုတဲ့ နေရာမှာလည်း အာရှနိုင်ငံတွေက အပြင် ဥရောပလို အမေရိကားကလို နိုင်ငံမျိုးတွေက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ အရေးကြီးပါတယ်။ အာရှက အလုပ်ရှင် တော်တော်များများ ကျွန်တော် ကြုံဖူးသလောက် ပြောရရင် အလုပ်သမား တစ်ယောက်ရဲ့ အခွင့်အရေး၊ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး စတာတွေကို ဂရုစိုက်တဲ့ နေရာမှာ ဥရောပကို ခြေဖျားတောင် မမှီပါဘူး။ လူမြင်ကောင်းအောင် လုပ်တာမျိုးလောက်ပဲ ရှိပါတယ်။ အလုပ်သမားတွေ ဘက်က ရွေးစရာ အခွင့်အရေး ရှိလာခဲ့ရင် အလုပ်ရှင်တွေ အနေနဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးကို ဂရုမစိုက်ဘဲ နေလို့ မရပါဘူး။ ကိုယ့်ဆီကို လာလုပ်ချင်အောင် သူများတွေနဲ့ တန်းတူ အခွင့်အရေး ပေးရမှာပါပဲ။

နောက်တစ်ခုက နိုင်ငံ တစ်ခုလုံး စီးပွားရေး တိုးတက်လာဖို့ လိုပါတယ်။ ကမ္ဘာ့ဘဏ် (World Bank) တို့၊ နိုင်ငံတကာငွေကြေးအဖွဲ့ (IMF) တို့ရဲ့ ပေါ်လစီ အတော်များများဟာ နိုင်ငံရဲ့ စီးပွားရေးကို မြှင့်တင်ဖို့ ရေရှည်အတွက် အဓိက ထားလုပ်တာမျိုးပါ။ အဲဒါတွေကြောင့် သူတို့ရဲ့ ပေါ်လစီတွေဟာ တစ်ချို့တဝက်ကို ရေတိုမှာ ထိခိုက်စေနိုင်ပါတယ်။ နိုင်ငံတစ်ခုလုံး စီးပွားရေး တိုးတက်ဖို့ အတွက် လုပ်တဲ့ နေရာမှာ ထိခိုက်သွားတဲ့သူတွေကို အစိုးရဖက်က တစ်နည်းတစ်ဖုံ ပြန်ကြည့်ဖို့  လိုအပ်ပါတယ်။ အစုအဖွဲ့တစ်ခုတည်း ဖွံ့ဖြိုးတိုးတက် သွားတာထက် စာရင် အားလုံး အတူတူ တိုးတက်သွားတာ (All-Inclusive-Growth) က ပိုကောင်းပါတယ်။ ဒီလို တိုးတက် ဖို့ ဆိုတာလည်း စီမံကိန်းအကောင်အထည်ဖော်သူတွေ ပေါ်လစီ ချမှတ်သူတွေ ဘက်က တတ်နိုင်သမျှ ထောင့်စေ့အောင် ဆွေးနွေးငြင်းခုံပြီးမှာ ပေါ်လစီတွေ စီမံကိန်းတွေကို အကောင်အထည် ဖော်ဖို့ လိုအပ်ပါတယ်။

ပျင်းလို့ အလုပ်မလုပ်ချင်လို့ ကျန်ခဲ့တဲ့သူတွေကို လျစ်လျူရှုလို့ ရပေမယ့် အလုပ်လုပ်ချင် ရဲ့သားနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကြောင့် အခွင့်အလမ်း ပျောက်သွားတဲ့ သူတွေကိုတော့ မျက်ကွယ် မပြုသင့်ပါဘူး။ ဥပမာအားဖြင့် ရန်ကုန်မှာ မြေအောက်ရထားလမ်း ဆောက်ရင် အတော်များများ အတွက်ကောင်း သွားတာ မှန်ပေမယ့် မြို့ပတ်ရထားပေါ် မှီခိုပြီး မြို့ထဲကို ကုန်စိမ်း သယ်ပို့နေရတဲ့ ဈေးသည် တွေ အတွက် ဘယ်လို စီစဉ်ပေးမလဲ ဆိုတာမျိုးပါ ထည့်စဉ်းစားသင့် ပါတယ်။ နိုင်ငံ တစ်ခုလုံး စီးပွားရေး တိုးတက်လာရင် လူတွေမှာ ဝယ်နိုင်အား သုံးနိုင်အား တွေ ပိုကောင်းလာမယ်။ အဲဒါဆိုရင် ဈေးရောင်း ဈေးဝယ် လုပ်တဲ့သူတွေ၊ ဝန်ဆောင်မှု ပေးတဲ့သူတွေ စတဲ့ စီးပွားရေး အဆောက်အအုံ တစ်ခုလုံးမှာ တစိတ်တဒေသ ပါဝင်နေတဲ့သူ အားလုံးအတွက် အကျိုးများနိုင် ပါတယ် ဆိုတဲ့အတွက် စီးပွားရေး အဆောက်အအုံ တစ်ခုလုံး တိုးတက်ဖို့ ဆိုတာကိုတော့ အဓိက ဦးတည်ချက် အနေနဲ့ လုပ်ရမှာ ပါပဲ။

စီးပွားရေး တစ်ခုတည်း တိုးတက်ရုံနဲ့ မရပါဘူး။ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေး စတာတွေကလည်း သူ့နေရာနဲ့သူ အရေးကြီးပါတယ်။ ဆေးရုံတွေ ဆောက်ပေးထားပြီး ဆေးရုံထဲမှာ ကျွမ်းကျင်တဲ့ ဆရာဝန် မရှိရင်၊ ဆေးဝါးပစ္စည်းမရှိရင်၊ ခေတ်မီ နည်းကိရိယာတွေ မရှိရင် မဖြစ်ပါဘူး။ အဲဒါအပြင် ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး နိုင်ငံသားတွေကို အထောက်အပံ့ပေးထားတဲ့ အစီအစဉ်တွေ အာမခံ လုပ်ငန်းတွေ မရှိရင်လည်း မဖြစ်သေးပါဘူး။ စင်ကာပူလို နိုင်ငံမျိုးမှာတောင် လူတန်းစေ့ နေနိုင်စားနိုင်တဲ့ မိသားစုတွေ မိသားစုဝင်ထဲက တစ်ယောက်ယောက် နာမကျန်း ဖြစ်လို့ အကြွေးလည်ပင်းခိုက်အောင် မွဲသွားတာ မျိုး ရှိတတ်ပါတယ်။ ပညာရေး နဲ့ ပတ်သက်ရင်လည်း ကျောင်းတွေ ရှိပြီး အထဲမှာ ကျောင်းသား မရှိရင် ကျောင်းတွေ ဆောက်ရတဲ့ ရည်ရွယ်ချက် မအောင်မြင်ပါဘူး။ ကျောင်းနေ အရွယ် ကလေးတွေ အပြင်မှာ ထွက်ပြီး ဈေးရောင်းနေရတဲ့ ဘဝက လွတ်ကင်းအောင် ကိစ္စကို ထည့်စဉ်းစား ပေးဖို့ လိုပါတယ်။  အဲဒီလို လုပ်ပေးနိုင်ဖို့ မိဘတွေမှာ လုံလောက်တဲ့ ဝင်ငွေ ရှိမှ ဖြစ်ပါလိမ့်မယ်။ အဲဒီတော့ ဆင်းရဲမွဲတေမှု လျော့ချတာဟာ နိုင်ငံရဲ့ လူ့စွမ်းအား အရင်းအမြစ်ကို ဖွံ့ဖြိုးအောင် သွယ်ဝိုက်သောနည်းနဲ့ အထောက်အကူ ပေးတာလို့ ပြောလို့ ရနိုင်ပါတယ်။

လမ်းပန်းဆက်သွယ်ရေး၊ ဆက်သွယ်ရေး နဲ့ ငွေကြေးဆိုင်ရာ  အခြေခံ အဆောက်အအုံတွေ ဖွံ့ဖြိုး တိုးတက်ဖို့ကလည်း ဆင်းရဲမွဲတေမှု တိုက်ဖျက်တဲ့ နေရာမှာ အရေးပါတဲ့ နေရာက ပါပါတယ်။ လယ်သမား တစ်ယောက်အနေနဲ့ ဆက်သွယ်ရေး ကောင်းလို့ မြို့ပေါ်မှာ ရနိုင်တဲ့ ဈေးကို သိနိုင်ရင်၊ မြို့ပေါ်က ကုန်သည်တွေနဲ့ အလွယ်တကူ ဆက်သွယ်နိုင်ရင် ကြားခံ ပွဲစားက နေတဆင့် ဈေးနှိမ်ရောင်းစရာ မလိုပါဘူး။ လမ်းပန်းဆက်သွယ်ရေး ကောင်းရင် မြို့ပေါ်ကို လယ်ယာထွက်ကုန်တွေ တင်ပို့တဲ့ နေရာမှာ စရိတ်စက နည်းနည်းနဲ့ တင်ပို့နိုင်မှာ ဖြစ်ပါတယ်။ အားလုံးကို ခြုံငုံသုံးသပ်ရရင် ဆင်းရဲမွဲတေမှု တိုက်ဖျက်ဖို့ အတွက် အားလုံးကို တဘရိတ်တည်း ဖြေရှင်းပေးနိုင်မယ့် ဩသဓ နတ်ဆေး မရှိပါဘူး။ ဘက်စုံကဏ္ဍစုံကို တိုးတက်အောင် လုပ်ဖို့ လိုအပ်ပါတယ်။

ကြယ်ငါးတွေ အကြောင်း ပုံပြင်ကို ကြားဖူးကြမှာပါ။ လူတစ်ယောက်က ကမ်းစပ်မှာ တင်နေတဲ့ ကြယ်ငါး တစ်ကောင်ကို ပင်လယ်ထဲ လွှင့်ပစ်တော့ ဘေးနားက လူတစ်ယောက်က ဒီမှာ တင်နေတဲ့ ကြယ်ငါးတွေ အများကြီး တစ်ကောင်တစ်လေကို ပင်လယ်ထဲ လွှင့်ပစ်လို့ ဘာထူးသွားမှာလဲလို့ မေးပါတယ်။ အဲဒီတော့ လွှင့်ပစ်တဲ့ သူက ပြန်ဖြေပါတယ်။ တခြား ကြယ်ငါးတွေ အတွက် မထူးခြားပေမယ့် ဒီတစ်ကောင် အတွက်တော့ ထူးခြား သွားမှာပေါ့ ဆိုတာပါ။ ကျွန်တော့် အတွက်ကတော့ လောဘကြီးတယ် ပြောချင် ပြောပါ။ ကြယ်ငါး တစ်ကောင်တစ်လေကို ကယ်ရရုံလောက်နဲ့ အားမရပါဘူး။ ကြယ်ငါးတွေ အားလုံးကို ကယ်ချင်ပါတယ်။ ကယ်ဆယ်ဖို့ အခွင့်အလမ်း မရှိသေးရင်တောင် ရှိအောင် ဖန်တီး ယူချင်ပါတယ်။ အခြေအနေမပေးလို့ မကယ်နိုင်ခဲ့ပေမယ့် အခြေအနေပေးရင်တော့ တစ်ကောင်တစ်လေကို ကယ်မယ့် အစား အားလုံးကို ကယ်နိုင်အောင် ကြိုးစားသင့်တယ်လို့ တွေးမိလိုက်ပါတယ်။

Sunday, March 11, 2012

အိမ်ပြန်ချင်တဲ့ အတွေး

ဒီနှစ်ထဲမှာ ကျွန်တော်တို့လို နိုင်ငံခြားမှာ အနေကြာတဲ့သူ တစ်ချို့ဆီကနေ မကြားရတာ ကြာပြီ ဖြစ်တဲ့ စကားတစ်ခွန်းကို ကြားနေရပါတယ်။ "အိမ်ပြန်ကြမယ်" ဆိုတဲ့ စကားပါ။ အဲဒီစကားကို ကြားမိတိုင်း ကျွန်တော့် စိတ်ထဲမှာတွေး နေတဲ့ အတွေးနဲ့ ထပ်တူ ဖြစ်နေတာမို့ ဒီအတွေးမျိုး ရှိတာ ငါတစ်ယောက်တည်း မဟုတ်ပါလား ဆိုပြီး ဝမ်းသာမိ ပါတယ်။

အရင်တုန်းက ကြည့်ခဲ့တဲ့ မြန်မာ ရုပ်ရှင်တွေထဲမှာတော့ မင်းသားက ဖြစ်ဖြစ် မင်းသမီးက ဖြစ်ဖြစ် နိုင်ငံခြားကို ထွက်သွားခဲ့ပြီ ဆိုရင် အပြီးတိုင် ခွဲခွာခြင်းလို့ အားလုံးက နားလည် ကြပါတယ်။ အခုတော့ နိုင်ငံခြား ထွက် အလုပ်လုပ်တယ် ဆိုတာ မြန်မာပြည်က လူတွေ အတွက် အထူးအဆန်း မဟုတ်တော့ပါဘူး။  ချင်းပြည်နယ်မှာ တရွာလုံးနီးပါး ယောက်ျား ရှိသမျှ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကြတယ်။ မွန်ပြည်နယ် ဘက်မှာလည်း အလားတူပါပဲ။ ဦးနှောက်တွေ ကာယအားတွေ နိုင်ငံခြားကို ယိုစီး ထွက်သွားတော့ ကျွန်တော်တို့ တိုင်းပြည်က လောင်စာ နည်းနေတဲ့ စက်လို  မောင်းနှင်အား မကောင်းဘဲ ဖွတ်ချက် ဖွတ်ချက် မောင်းနှင် နေရတဲ့ စက်တစ်ခုလို ချိနဲ့ပြီး ကျန်ရစ်ခဲ့ ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက သူ့မိန့်ခွန်း ထဲမှာ ဒီပုံစံ အတိုင်း ဆက်သွားနေရင် ခင်ဗျားတို့ကို ယိုးဒယားက ကျော်တက် သွားလိမ့်မယ်လို့ ပြောခဲ့ဖူး ပေမယ့်လည်း အခုတော့ ကျွန်တော်တို့ ယိုးဒယား နောက်မှာတောင် အတော်လေး ပြတ်ကျန် နေခဲ့ ပါပြီ။ ကျွန်တော်တို့ လုပ်နိုင်တာက ဆရာ အော်ပီကျယ် ကာတွန်းတစ်ခု ထဲကလို ကိုယ့်ထမင်း ကိုယ်စားပြီး နောက်ကျန်ခဲ့တာ ဘာဖြစ်လဲလို့ ဟန်ကိုယ့်ဖို့ ပြောရုံပဲ ရှိပါတော့တယ်။

ကျွန်တော်တို့ နိုင်ငံက လူတွေ တခြားနိုင်ငံမှာ အလုပ်သမား အဖြစ်နဲ့ သွားအလုပ်လုပ်တယ်။ ဘာဖြစ်လို့လဲ ဆိုတဲ့ မေးခွန်းကို ဖြေစရာ မလိုပါဘူး။ ကိုယ့်နိုင်ငံမှာ ကိုယ်နေရင် မိသားစုကို ဝမ်းဝအောင် ရှာဖွေ မကျွေးနိုင်လို့၊ ခါးလှအောင် မဆင်နိုင်လို့ မိသားစု အတွက် ဝမ်းဝအောင် ခါးလှအောင် နိုင်ငံခြား ထွက်ရတာ ပါပဲ။ ဘယ်သူကတော့ ကိုယ့်မိသားစုနဲ့ ခွဲပြီး ညနေစာ ထမင်းဝိုင်းမှာ ဖြစ်သလို ထမင်းစားချင် ပါ့မလဲ။ ဘယ်သူကတော့ ကိုယ်နဲ့ မရင်းနှီးတဲ့ သူစိမ်းတွေ ကြားမှာ ကျင်လည် ချင်ပါ့မလဲ။ ဘယ်သူကတော့ ကိုယ့်သားသမီးတွေကို ကိုယ်နဲ့ သိပ်ကီးမကိုက်တဲ့ ယဉ်ကျေးမှု ပတ်ဝန်းကျင်မှာ ကြီးပြင်းစေချင် ပါ့မလဲ။ တချို့တဝက် လောက်ကတော့ နိုင်ငံခြားကို သွားချင်လွန်းလို့ သွားတာ ဖြစ်ချင် ဖြစ်မှာပါ။ ဒါပေမယ့် အများစုကတော့ ရွေးစရာလမ်း နည်းနေလို့ ရှိတဲ့လမ်းကိုပဲ ရွေးထား ကြရတာ ပါပဲ။

ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံခြားမှာ အလုပ်လုပ်တော့ တခြားနိုင်ငံက စီးပွားရေး အဆောက်အအုံ တွေကို ကျွန်တော်တို့ရဲ့ ကာယအား ဉာဏအားတွေနဲ့ အထက်ရောက်အောင် တွန်းပို့ ပေးနေသလို ပါပဲ။ ကျွန်တော်တို့က ကိုယ့်ဝမ်းဝအောင် ရှာရင်း တခြားနိုင်ငံက စီးပွားရေးကို အထောက်အကူပြု နေကြတဲ့ အချိန်မှာ ကျွန်တော်တို့ နိုင်ငံကတော့ နစ်သည်ထက် နစ်ရင်း နောက်ကျန်နေရစ် ခဲ့ပါပြီ။

မြန်မာပြည်ကနေ ပြည်ပကို ထွက်လာခဲ့တဲ့ သူတွေထဲမှာ နိုင်ငံခြားမှာ အပြီးအပိုင် နေမယ် ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ထွက်လာခဲ့တဲ့သူက လူနည်းစုပဲ ရှိပါတယ်။ အားလုံးက ရည်မှန်းချက် တစ်ခုကြောင့်၊ အခြေအနေတစ်ခုကြောင့် ပြည်ပကို ရောက်လာကြပေမယ့် အချိန်တန်ရင်တော့ အိမ်ပြန်ဖို့ စိတ်ထဲမှာ တေးထားကြတာပါ။ အခု အိမ်ပြန်ဖို့ အချိန်တန်ပြီလား မေးရင်တော့ အရင်ကထက် စာရင် ပြန်ဖို့အတွက် အခြေအနေ အများကြီး ပေးလာပြီလို့ ပြောရမှာပါပဲ။

ကျွန်တော် ဒီတစ်ခေါက် မြန်မာပြည် ပြန်သွားတော့ အားလုံးက တက်ကြွနေကြပါတယ်။ အခုဆိုရင် နော်ဝေက မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့ထားတာတွေ ဖွင့်လိုက်ပါပြီ။ ဥရောပ သမဂ္ဂနဲ့ အမေရိကန်ကလည်း စီးပွားရေး ပိတ်ထားတာတွေကို ဖွင့်မယ့် အရိပ်အယောင်တွေ မြင်နေရပါပြီ။ နိုင်ငံခြား ကုမ္ပဏီတွေ အနေနဲ့ စီးပွားရေးဖွင့်ရင် မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ ဆွေးနွေး နေကြတဲ့ စကားသံ တွေလည်း ကြားနေရပါပြီ။ ကျွန်တော် တွေ့ခဲ့တဲ့သူ အားလုံးက စီးပွားရေး ပိတ်ဆို့ထားတာတွေ ပွင့်လာရင် ပေါ်လာမယ့် အလုပ်အကိုင် အခွင့်အလမ်း၊ စီးပွားရေး အခွင့်အလမ်းတွေ အတွက် မျှော်လင့်ချက် ရောင်ခြည်တွေ သန်းနေကြပါပြီ။

ဆရာ မြသန်းတင့် ဘာသာပြန်တဲ့ လေရူးသုန်သုန် ဝတ္ထုထဲက မှောင်ခိုကုန်သည် ရက်ဘတ္တလာ ပြောတဲ့ စကားတစ်ခွန်းက ကျွန်တော့် ခေါင်းထဲ စွဲနေပါတယ်။ နိုင်ငံတစ်ခု ပျက်စီးတဲ့ အချိန်နဲ့ နိုင်ငံတစ်ခု ပြန်လည် ထူထောင်တဲ့ အချိန်ဟာ စီးပွားရှာလို့ အကောင်းဆုံး အချိန်ပဲ ဆိုတဲ့ စကားပါ။ ၈၈ အရေးအခင်း ပြီးတော့ မြန်မာပြည်မှာ နေ့ချင်းညချင်း စီးပွားဖြစ်သွားတဲ့သူတွေ အများကြီးပါပဲ။ ဒီအခွင့်အလမ်းက အခု နောက်တစ်ပတ် ပြန်လည်လာ ပါပြီ။ အခွင့်အလမ်းကို ဆုပ်ကိုင်ပြီး ဘယ်လို အသုံးချကြမလဲ ဆိုတာတော့ ကိုယ့်အမြင်နဲ့ ကိုယ်ပါပဲ။

ကိုယ့်စီးပွားကိုယ်ရှာတာမို့  နိုင်ငံထူထောင်ရေးမှာ ပါဝင်မယ်တို့ နိုင်ငံအကျိုးပြုမယ်တို့ ဆိုတဲ့ လူအမြင် ကတ်စရာ စကားလုံး အကြီးကြီးတွေတော့ မသုံးချင်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံ ပြန်ပြီး စီးပွားရေး လုပ်ရင် ကိုယ့်ကုမ္ပဏီမှာ ဝန်ထမ်း ၁၀ ယောက် ခန့်ထားနိုင်ရင်တောင် နိုင်ငံအတွက် အလုပ်လက်မဲ့ ဦးရေ ၁၀ယောက် နည်းသွားမယ်။ ကိုယ်သိထားတဲ့ အသိပညာ အတတ်ပညာကို ကိုယ့်ဝန်ထမ်းတွေကို ဝေမျှပေးရင် နိုင်ငံအတွက် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်သောနည်းနဲ့ ဖြစ်စေ အကျိုးရှိမယ် ဆိုတာမျိုးတော့ စဉ်းစားလို့ ရပါတယ်။

နိုင်ငံခြား သတင်းစာ တစ်ချို့ကတော့ မြန်မာနိုင်ငံအာရှရဲ့ နောက်ထပ် ဖွံ့ဖြိုးလာမယ့် စီးပွားရေး လို့တင်စားပြီး ခေါ်နေကြ ပါပြီ။ အခု အခြေအနေကို ပြောင်းလဲမှု လှိုင်းလုံးအနေနဲ့ ယူဆခဲ့ရင်တော့ ဒီ လှိုင်းလုံးနဲ့အတူ လိုက်ပြီး စီးနင်းကြမလား၊ ဘေးကနေပဲ လက်ပိုက်ကြည့်ကြမလား ဆိုတာကိုတော့  ဆုံးဖြတ်ကြရမယ့် အချိန်ကောင်းပါပဲ။

Friday, March 2, 2012

နည်းပညာ ကုမ္ပဏီများ အကြောင်း အတွေးစများ

အိုင်တီပစ္စည်းတွေ ရောင်းတဲ့ ဖူနန်မောလ်မှာ မမ်မိုရီ စတစ် တစ်ခု သွားဝယ်ရင်း ခေါင်းထဲမှာ ကုန်ပစ္စည်း အမှတ်တံဆိပ် တစ်ခုရဲ့ နာမည်ကို အမှတ်မထင် သတိရမိပါတယ်။ Iomega ဆိုတဲ့ တံဆိပ်ပါ။ ကျွန်တော်တို့ စင်ကာပူ ရောက်ခါစ ၂၀၀၀ ခုနှစ် ဝန်းကျင်လောက်က အတော်ကို နာမည်ကြီးခဲ့ပါတယ်။ အဲဒီအချိန်က အများစု Diskette လို့ ခေါ်တဲ့ Floppy Disk တွေပဲ သုံးနေကြတာမို့ ဖိုင်တွေ သိမ်းတဲ့ ဆည်းတဲ့နေရာမှာ အတော်ကို ဒုက္ခရောက် ပါတယ်။ ဒစ်စ်ကတ်ဒ်တစ်ခုမှာ ၁.၄၄ မက်ဂါဗိုက် ထက် ပိုပြီး သိမ်းလို့ မရတာမို့ ကျွန်တော်တို့ အင်ဂျင်နီယာ ကျောင်းသားတွေ အတွက်ကတော့ အဲဒီ ဖိုင်တွေ သိမ်းဖို့ ကိစ္စက ပြဿနာ တစ်ခုပါ။ ပုံတွေ သိမ်းရင် အဆင်ပြေအောင် ဒစ်စ်ကတ်ဒ်ကို ဗူးလိုက် ဆောင်ထားရပါတယ်။ ပြန်သုံးချင်ရင်လည်း တစ်ခုချင်း မွှေနှောက် ရှာရပါတယ်။


အိုင်အိုမီဂါ ဇစ်ပ်ဒစ်စ်
အဲဒီ အချိန်မှာ အိုင်အိုမီဂါရဲ့ ဇစ်ပ်ဒရိုက်ဗ် (Zip Drive) က ကျွန်တော်တို့ အတွက် အတော်လေး အသုံးတည့် လာပါတယ်။ ဇစ်ပ် ဒရိုက်ဗ် နဲ့သုံးတဲ့ ဇစ်စ်ဒစ်စ် (Zip Disk) တွေမှာ ၁၀ မက်ဂါဗိုက် ကနေ စပြီး ၁၀၀ မက်ဂါဗိုက်၊ ၇၀၀ မက်ဂါဗိုက် လောက် အထိ သိမ်းလို့ ရပါတယ်။ ဒစ်စ်ကတ်ဒ်လို ဗူးလိုက် မသွားစရာလည်း မလို၊ ရှာချင်ရင်လည်း ဒစ်စ် တစ်ခုတည်းမို့ အတော်ကို အဆင်ပြေ ပါတယ်။ ဒါပေမယ့် ဇစ်ပ်ဒစ်စ် ရဲ့ အားနည်းချက်က သူ့ ဒစ်စ်ကို သုံးဖို့ ကွန်ပျူတာမှာ ဇစ်ပ်ဒရိုက်ဗ် တစ်ခု အပို တပ်ရတာပါ။ ဇစ်ပ်ဒရိုက် တပ်ထားတဲ့ ကွန်ပျူတာမှာပဲ ဇစ်ပ်ဒစ်စ် တွေကို သုံးလို့ ရပါတယ်။ အိုင်အိုမီဂါဆိုတာ အဲဒီလို ဇစ်ပ်ဒစ်စ် တွေ၊ ဇစ်ပ်ဒရိုက်ဗ်တွေကို မူပိုင် ထုတ်လုပ်တဲ့ သူမို့ အိုင်တီ ပစ္စည်းရောင်းတဲ့ ဆိုင်တွေ သွားရင် အိုင်အိုမီဂါ ဒစ်စ်တွေ၊ အိုင်အိုမီဂါ ဒရိုက်ဗ်တွေကို မမြင်ချင်မှ အဆုံး မြင်ရပါတယ်။ ဒါပေမယ့် ဈေးပေါတဲ့ စီဒီရေးစက်၊ စီဒီဓာတ်ပြားတွေနဲ့ မမ်မိုရီ စတစ်တွေ ထွက်လာခဲ့တာဟာ အိုင်အိုမီဂါကို အရောင်းကျသွားဖို့ ဖြစ်လာစေခဲ့ တာပါပဲ။

မမ်မိုရီ စတစ်က သယ်ရတာလည်း ပိုလွယ်၊ သူ့ ကို သုံးဖို့ အတွက် ကွန်ပျူတာမှာလည်း ယူအက်စ်ဘီ အပေါက်ရှိရုံနဲ့ သုံးလို့ ရတာမို့ ဇစ်ပ်ဒစ်စ်တွေ ထက်စာရင် အများကြီး ပို အဆင်ပြေပါတယ်။ မမ်မိုရီ စတစ်တွေ တွင်တွင်ကျယ်ကျယ် သုံးလာကြတဲ့ အချိန်မှာတော့ အိုင်အိုမီဂါ ဆိုတဲ့ ကုန်အမှတ် တံဆိပ် တစ်ခုဟာ ကွန်ယက်ထဲမှာ ဒေတာ သိမ်းတဲ့သူတွေ လောက်ပဲ သိကြ ပါတော့တယ်။ စီးပွားရေး လုပ်ငန်းတစ်ခုမှာ သူများနဲ့ မတူ တီထွင်ကြံဆ တတ်ရင် အကျိုးရှိတာ မှန်ပေမယ့် အသစ်ထွက်လာတဲ့ နည်းပညာနဲ့ အတူ ကိုယ့်ထက်ပိုပြီး တီထွင်ကြံဆ တတ်တဲ့သူ ပေါ်လာရင် ကွဲတော့ တာပါလားလို့ စဉ်းစားလိုက်မိပါတယ်။

နည်းပညာ ဆိုတာ ထုတ်လုပ်တဲ့သူ တစ်ယောက်တည်းမှာတင် အကျိုးရှိတာ မဟုတ်ပါဘူး။ အဲဒီ နည်းပညာကို ထိထိရောက်ရောက် အသုံးချနိုင်တဲ့ သူတွေမှာပါ အကျိုးရှိပါတယ်။ အမေရိကန်က ဘဲလ်စမ်းသပ်ခန်းမှာ ထရန်စစ္စတာ တစ်ခု ရှာတွေ့ခဲ့ပြီးတဲ့နောက်မှာ ဂျပန် အင်ဂျင်နီယာ တစ်ယောက်က အဲဒီ ထရန်စစ္စတာ နည်းပညာကို အသုံးပြုနိုင်ဖို့ မှတ်ပုံတင်ခဲ့ ပါတယ်။ အဲဒီ နည်းပညာကို အကောင်းဆုံး အသုံးချနိုင်တဲ့ အတွက် ဆိုနီ ဆိုတဲ့ ကုမ္ပဏီ တစ်ခု အောင်မြင်လာတယ်လို့ ပြောရင် မမှားလောက် ပါဘူး။

နည်းပညာနဲ့ ပတ်သက်ပြီး နားလည် တတ်ကျွမ်းတဲ့သူ တစ်ယောက် ဦးဆောင်တိုင်း၊ ကုမ္ပဏီမှာ တော်တဲ့ တတ်တဲ့သူတွေ ရှိတိုင်း ဒီကုမ္ပဏီ အောင်မြင်တာ မဟုတ်ပါဘူး။ ရှော့ကီ (Schottky) ဆိုတဲ့ နာမည်ကို အီလက်ထရွန်းနစ်နဲ့ ရင်းနှီးတဲ့သူတိုင်း ကြားဖူးကြ မှာပါ။ ဂျာမန် ရူပဗေဒ ပညာရှင် ဝေါလ်တာ ရှော့ကီဟာ ရှော့ကီ ဒိုင်အုတ်လို့ ခေါ်တဲ့ အီလက်ထရွန်းနစ် လျှပ်ခံ ပစ္စည်းတစ်ခုကို တီထွင်ခဲ့တဲ့ အတွက် ကမ္ဘာကျော် ခဲ့ပါတယ်။ ရှော့ကီဟာ နည်းပညာမှာ တော်ပေမယ့် စီမံခန့်ခွဲမှု ပိုင်းမှာတော့ အတော့်ကို ရှော်ပါတယ်။ အဲဒါကြောင့် ကုမ္ပဏီထောင်ပြီး စီးပွားရေး လုပ်တဲ့ အချိန်မှာ သူ့ကုမ္ပဏီဟာ မအောင်မြင်ခဲ့ပါဘူး။  လူ မကောင်းလို့လား ဆိုတော့ မဟုတ်ပါဘူး။ ရှော့ကီနဲ့ အဆင်မပြေလို့ သူ့ကုမ္ပဏီက ထွက်သွားတဲ့ သူတွေက တစ်ချိန်မှာ ဖဲယားချိုင်း ဆီမီးကွန်ဒပ်တာ (Fairchild Semiconductor) လိုမျိုး နာမည်ကြီး ကုမ္ပဏီတွေကို ဆီလီကွန် တောင်ကြားမှာ တည်ထောင် ခဲ့ကြတဲ့ သူတွေ ဖြစ်လာပါတယ်။

စီးပွားရေး လုပ်ငန်း တစ်ခုမှာ အိုင်ဒီယာက အရေးကြီးပါတယ်။ အိုင်ဒီယာဆိုတာ ကိုယ်ပိုင် မဖြစ်ရင်တောင်မှ သူများရဲ့ အိုင်ဒီယာကို ကိုယ့်အလှည့်မှာ အကောင်းဆုံး ဖြစ်အောင် လုပ်နိုင်ရင် သူများကို ကျော်တက် နိုင်တာပါပဲ။ အဲဒီ အတွက် အကောင်းဆုံး ဥပမာကတော့ Facebook ပါ။ လူမှု ကွန်ယက်ပဲ ခေါ်ခေါ် ဆိုရှယ်နပ်ဝပ် ပဲ နာမည်ပေးပေး ဒီအိုင်ဒီယာဟာ မာ့က်ခ် ဇူကာဘတ်ခ်ရဲ့ ပထမဆုံး အိုင်ဒီယာ မဟုတ်တာတော့ အသေအချာပါပဲ။ Friendster, Hi5, MySpace စတဲ့ နာမည်ကျော် ဆိုရှယ် နက်ဝပ်တွေ ဖေ့စ်ဘွတ်ခ်ရဲ့ ရှေ့မှာ အများကြီး ပေါ်ခဲ့ဖူးပါတယ်။ သူတို့တွေ အားလုံး ဖေ့စ်ဘွတ်ခ်လောက် အောင်မြင်အောင် ဘယ်သူမှ မလုပ်နိုင်ခဲ့ ကြပါဘူး။ ဖေ့စ်ဘွတ်ခ်က ရှိပြီးသား အိုင်ဒီယာကို အကောင်းဆုံး သုံးပြီး ဈေးကွက်ထဲကို ဝင်လာခဲ့တာမို့ နောက်ပေါက်တဲ့ ရွှေကြာပင်ပေမယ့် အားလုံးကို ကျော်တက်သွားခဲ့ ပါတယ်။ မာဖီးယားဝါး (Mafia War) တို့ ဖမ်းဗေးလ် (FarmVille) တို့လို ဂိမ်းတွေကလည်း ဖေ့စ်ဘွတ်ခ်ရဲ့ အောင်မြင်မှုမှာ တစ်စိတ်တစ်ပိုင်း အထောက်အကူ ပေးခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ဂူဂယ်လ် ပလပ်စ်က အိုင်ဒီယာ အသစ်နဲ့ ဖေ့စ်ဘွတ်ခ်ကို ကျော်တက်ဖို့ ကြိုးစားပေမယ့် အခုထက်ထိ မယှဉ်နိုင်သေးတာ အမှန်ပါပဲ။

ကိုယ်က အိုင်ဒီယာကောင်း ဈေးကွက်မှာ အအောင်မြင်ဆုံး ဖြစ်နေပေမယ့် ကိုယ့်ထက် အိုင်ဒီယာကောင်းပြီး နောက်ဆုံးပေါ် နည်းပညာကို အကောင်းဆုံး အသုံးချ သွားသူတွေ နဲ့တွေ့ရင် အရေးနိမ့်သွားနိုင်တာမျိုးလည်း ရှိတတ်ပါတယ်။ တစ်ချိန်က လက်ကိုင်ဖုန်း ဈေးကွက်မှာ ဖင်လန်ကုမ္ပဏီ နိုကီယာရဲ့ တယ်လီဖုန်းကို ဘယ်သူမှ မယှဉ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် စမတ်ဖုန်း နည်းပညာတွေမှာ သူ့ရဲ့ ပြိုင်ဘက်တွေကို မယှဉ်နိုင်တဲ့ အတွက်၊ သူ့ပြိုင်ဘက်တွေရဲ့ အိုင်ဒီယာတွေထက် ကောင်းအောင် မလုပ်နိုင်တဲ့ အတွက် နိုကီယာဟာ အိုင်ဖုန်းနဲ့ အန်းဒရွိုက်သုံးထားတဲ့ ဖုန်းတွေကို သူ့ရဲ့ ဈေးကွက် ဝေစု အများကြီး ခွဲပေးလိုက်ရပါတယ်။ အဲဒီတော့ အခုလို အပြိုင်အဆိုင်များတဲ့ ဈေးကွက်မှာ ကိုယ့်ကုမ္ပဏီ အနေနဲ့ သူများထက် အမြဲတမ်း ပိုပြီး ဆန်းသစ်အောင် လုပ်နိုင်ပါမှ ကြံ့ကြံ့ခံနိုင်မှာပါ။

ကုမ္ပဏီ တစ်ခုဟာ ပစ္စည်းတစ်ခုကို ထုတ်လုပ်ဖို့ စခဲ့တယ် ဆိုပေမယ့် ဒီထက် အကျိုးအမြတ်များမယ့် ပစ္စည်းမျိုး ထုတ်ဖို့ ရှိလာရင် နောက်အိုင်ဒီယာ တစ်ခုနောက်ကို လိုက်ရမှာပါ။ ကိုယ့်ရှိပြီးသား အိုင်ဒီယာ တစ်ခုတည်းမှာပဲ အမြဲတမ်း တွယ်ကပ်နေလို့ မရပါဘူး။ အခုနာမည်ကျော်ကြားနေတဲ့ ဘီအမ်ဒဗလျူ ကားကုမ္ပဏီဟာ စပြီး တည်ထောင်တဲ့ အချိန်တုန်းက လေယာဉ်ပျံ အင်ဂျင်တွေ ထုတ်ဖို့ စတင်ခဲ့တာပါ။ နောက်တော့ ဘီအမ်ဒဗလျူ ဆိုင်ကယ် အဲဒီကမှ တဆင့် ဘီအမ်ဒဗလျူ ကားထုတ်ပြီး အခုတော့ ဇိမ်ခံကား ဈေးကွက်မှာ ဝေစုတော်တော်များများ ရနေပါပြီ။ အဲဒီလိုပါပဲ။ ကျွန်တော်တို့ အခုသုံးနေတဲ့ ဝင်းဒိုး စက်လည်ပတ်ရေးစနစ် တွေ ထုတ်လုပ်တဲ့ မိုက်ခရိုဆော့ဖ် ကုမ္ပဏီဟာလည်း တစ်ချိန်က ပရိုဂရမ်းမင်း ဘာသာစကားတွေ ထုတ်လုပ်ရောင်းချဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စတင်ခဲ့တာပါ။ အဲဒီကမှ တဆင့် အကျိုးအမြတ်များတဲ့ DOS နဲ့ ဝင်းဒိုး ဆီကို ကူးပြောင်းလာခဲ့တာပါ။ စီးပွားရေး လုပ်ငန်း တစ်ခု တည်ထောင်တဲ့ နေရာမှာ စတင်တည်ထောင်တဲ့ အချိန်က အိုင်ဒီယာထက် ဒီစီးပွားရေးလုပ်ငန်းကို လုပ်နေရင်းမှ တွေ့လာတဲ့ အိုင်ဒီယာတွေကလည်း ကုမ္ပဏီကို အမြင့်ဆုံး ရောက်အောင် တွန်းပို့ ပေးနိုင်တယ်လို့ ပြောရင် မှားမယ် မထင်ပါဘူး။

အဲဒီတော့ အားလုံးကို ခြုံငုံသုံးသပ် ကြည့်ရရင် နည်းပညာနဲ့ ဆိုင်တဲ့ ကုမ္ပဏီ တစ်ခု အောင်မြင်ဖို့ ဆိုတာ ရှိပြီးသား နည်းပညာကိုလည်း အကောင်းဆုံး အသုံးချ နိုင်ရမယ်။ စီမံခန့်ခွဲမှုလည်း တတ်ကျွမ်းရမယ်။ နောက်ထပ် အသစ်ပေါ်လာတဲ့ နည်းပညာတွေကို အသုံးချဖို့လည်း အမြဲတမ်း ကြံဆ နေရမယ်။ အခွင့်အလမ်း အသစ်တွေကိုလည်း မျက်ခြေမပြတ် ကြည့်နေရမယ် လို့ ပေါင်းစပ် ပြောရမယ် ထင်ပါတယ်။ ဒီလောက် အပြိုင်အဆိုင်များတဲ့ ကမ္ဘာ့ဈေးကွက်ကြီးထဲမှာ ကိုယ်တိုင်ဝင်ကြဲ ချင်တယ် ဆိုရင်တော့ သူများထက် ပိုပြီး ဆန်းသစ်နိုင်မှ၊ တီထွင်ကြံဆနိုင်မှ ကိုယ့်အတွက် နေရာ တစ်နေရာစာ ရှိနိုင်မှာ ဖြစ်ပါတယ်လို့ သုံးသပ်မိပါတယ်။ 

(Image Source: Wikimedia Foundation )